12706

မာတိကာသို့

ကိုယ့်ကိုယ်ကို ပဋိစ္စသမုပ္ပါဒ်နဲ့ ဆုံးမနည်း

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မင်္ဂလာကျောင်း၌ ဟောကြားတော်မူအပ်သော

ကိုယ့်ကိုယ်ကို ပဋိစ္စသမုပ္ပါဒ်နဲ့ ဆုံးမနည်း

ထောပတ်ဆီသာဖြစ်စေပြီး အိုးခြမ်းပဲ့ မဖြစ်စေနဲ့

နေ့အလုပ်ပေးတရားတော်

(၁-၁၂-၆၁)

တရားအားထုတ်နည်း

ဒကာ ဒကာမတွေ တရားအားထုတ်နည်းကို သင်ပေးရမယ်ဆိုတဲ့ဥစ္စာလဲ ခဏခဏပဲ၊ မရသေးတဲ့ပုဂ္ဂိုလ် ရအောင်၊ ရပြီးသားပုဂ္ဂိုလ် မြဲအောင်ဆိုတာ ဒကာကြွယ် သင်ပေးရတယ်နော် (မှန်ပါ့)။

တရားအားထုတ်နည်းဆိုတဲ့ဥစ္စာက ပဋိစ္စသမုပ္ပါဒ်ကို ကြည့်ပါတဲ့၊ ပဋိစ္စသမုပ္ပါဒ် ဆိုတဲ့ဥစ္စာ တခြားမှတ်မနေနဲ့ ဒကာ ဒကာမတွေက ခန္ဓာပဲလို့ မှတ်ပါ (မှန်ပါ့)။

အဲ့ဒီတော့ ပဋိစ္စသမုပ္ပါဒ်ထဲမှာ ဒကာ ဒကာမတွေ ကြည့်လိုက်တော့ ၂-နံပါတ်ထဲမှာ ဝိညာဏ်ဆိုတာလဲ ပဋိသန္ဓေစိတ်လို့ မှတ်ပါ (မှန်ပါ့)။

နာမ်ရုပ်ဆိုတဲ့ ဥစ္စာကတော့ ဒကာ ဒကာမတွေ သန္တာန်ရှိတဲ့ ဖဿတို့ ဝေဒနာတို့ သညာတို့ကို ဆိုတယ် (မှန်ပါ့) ရုပ်ဆိုတာကတော့ ကိုင်တွယ်ရတာကို ဆိုပါတယ် (မှန်ပါ့)။

ချိန်တွယ်ရတာ (ရုပ်ပါ ဘုရား) အဲ့ဒါတွေကို ဆိုပါတယ်၊ ချိန်တွယ်မရတဲ့ ဝေဒနာ, သညာတွေကတော့ဖြင့် ဒါတွေဟာ နာမ်လို့ မှတ်ထားလိုက်ပါ (မှန်ပါ့)။

သဠာယတန ဆိုတာ

သဠာယတန ဆိုတာကလဲ ရုပ်နဲ့ နာမ် တွဲနေတယ်၊ ရုပ်နဲ့ နာမ် ဘယ်လိုတွဲသတုန်းဆိုတော့ စက္ခု, သောတ, ဃာန, ဇိဝှာ ကာယဆိုတဲ့ ငါးခုသော အာယတန လို့ခေါ်တယ်၊ စိတ်ကိုတော့ မနာယတန လို့ခေါ်တော့ ပေါင်းလိုက် တဲ့အခါ ခြောက်ခုသွားဖြစ်တယ် (မှန်ပါ့)။

အဲ့ဒါ သဠာယတန ဆိုတာက ရုပ်ငါးခု စိတ်တစ်ခုကို ခေါ်တယ် (မှန်ပါ့)။

ဖဿကတော့ ဖဿ စေတသိကပဲလို့ မှတ်လိုက်တာပေါ့ (မှန်ပါ့) ဝေဒနာကတော့ (ဝေဒနာ စေတသိက်ပါ ဘုရား) ဝေဒနာစေတသိက်လို့မှတ်တော့ ဪ ၂ နံပါတ်ထဲ(စက်ဝိုင်းဒေသနာ ၂-အကွက်) ပါတာတွေဟာ နာမ်တွေ ရုပ်တွေပါလားလို့ သိသွားတယ် (မှန်ပါ့)။

ခန္ဓာဖွဲ့လိုက်တော့ ဝေဒနာ ဝေဒနာက္ခန္ဓာ၊ ဖဿက သင်္ခါရက္ခန္ဓာ၊ နာမ်ရုပ်တွေကလဲ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ရူပက္ခန္ဓာတွေနဲ့ ပေါင်းလိုက်တော့ ဒကာကြွယ်ရေ ၂ နံပါတ်ထဲ ပါတာတွေဟာ ခန္ဓာငါးပါး (မှန်ပါ့)။

၂ နံပါတ်ထဲ ပါတာတွေက (ခန္ဓာငါးပါးပါ ဘုရား)။

ကောင်းပြီ အဲ့ဒီ ၂ နံပါတ်ထဲ ခန္ဓာငါးပါးတွေ သိထားတော့ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာလို့ တခြားလား အောက်မေ့တယ်၊ ခန္ဓာငါးပါးတွေပါလားဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

နောက်ခန္ဓာဖြစ်ကြောင်းနဲ့ မဆက်ဖို့

ဒီခန္ဓာသည် နောက်ခန္ဓာဖြစ်ကြောင်းနဲ့ မဆက်ဖို့ (မှန်ပါ့ ဘုရား)။

ဒီခန္ဓာသည် (နောက် ခန္ဓာဖြစ်ကြောင်းနဲ့ မဆက်ဖို့ပါ ဘုရား)။

ကြပ်ကြပ် ကြည့်ထားပါ ဒကာ ဒကာမတို့၊ ဒါ ယခုရထားတဲ့ ဒကာ ဒကာမတွေ သန္တာန်မှာ နေ့တိုင်းပေါ်တဲ့ စိတ်တွေပေါ့ဗျာ (မှန်ပါ့)။

နေ့တိုင်းပေါ်တဲ့ရုပ်၊ နေ့တိုင်းပေါ်တဲ့စိတ်တွေပဲ (မှန်ပါ့ ဘုရား) ခန္ဓာဖွဲ့လိုက်တော့ ခန္ဓာဘယ်နှစ်ပါးဖြစ်သတုန်း (ခန္ဓာငါးပါးဖြစ်ပါတယ် ဘုရား)။

ခန္ဓာငါးပါးဖြစ်သွားတော့ ဒီမှာ မြားကလေးပြတယ်နော် (မှန်ပါ့) စပ်ချင်လို့ရှိရင် စပ်နိုင်ပါတယ်၊ မစပ်ချင် လို့ရှိရင်လဲ ဒီကြိုးကလေးတွေက ဖြတ်နိုင်ပါတယ် (မှန်ပါ့)။

မစပ်ချင်ရင် (ကြိုးကလေးတွေက ဖြတ်နိုင်ပါတယ် ဘုရား) ဖြတ်နိုင်ပါတယ်၊ ကြိုးတန်းပေါ် လိုက်လို့ရှိရင်ဖြင့် ဒါဖြတ်လမ်းပါပဲ၊ မဖြတ်ချင်လို့ရှိရင်ဖြင့်လဲ ဒကာ ဒကာမတွေ ထုံးစံအတိုင်းနေရင် စပ်သွားတာပဲဆိုတာ ထင်ရှားပါတယ် (မှန်ပါ့)။

အဲ့ဒီတော့ ဝိပဿနာ လုပ်နည်းသင်တော့မယ်ဆိုတော့ ဒကာ ဒကာမတွေ ဪ ဒီမှာနံပါတ်က ၂၊ ဒီနံပါတ်က ၃ (မှန်ပါ့) ၂ နဲ့ ၃ ကို မကူးအောင်လုပ်တာ ဝိပဿနာလို့ မှတ်ပါ။ (မှန်ပါ့)။

ဘယ့်နှယ်ဖြေကြမလဲ (၂ နဲ့ ၃ မကူးအောင်လုပ်တာ ဝိပဿနာပါ ဘုရား) ၂ နဲ့ ၃ မဆက်အောင်နော် (မှန်ပါ့) ပြတ်သွားအောင်လုပ်တာ၊ ဘာခေါ်ကြမယ် (ဝိပဿနာပါ ဘုရား)။

ဪ ဝိပဿနာဆိုတာ တိုတိုပြောတော့ ခန္ဓာနဲ့ ခန္ဓာဖြစ်ကြောင်း မဆက်ဖို့ဘဲ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဘာနဲ့ဘာတဲ့ (ခန္ဓာနဲ့ ခန္ဓာဖြစ်ကြောင်း မဆက်ဖို့ပါ ဘုရား) ဒီက ခန္ဓာပေါ့ဗျာ ဒီကခန္ဓာထဲက ပေါ်လာတဲ့ တရားတွေက ခန္ဓာဖြစ်ကြောင်း (မှန်လှပါ) အဲ့ဒီတော့ ခန္ဓာနဲ့ ခန္ဓာဖြစ်ကြောင်း မဆက်ဖို့ (မှန်ပါ့ ဘုရား)။

ဝိပဿနာလုပ်တာသည် ဘယ်ကျိုးငှာပါလိမ့် (ခန္ဓာနဲ့ ခန္ဓာဖြစ်ကြောင်း မဆက်ဖို့ပါ ဘုရား) ခန္ဓာရယ်၊ ခန္ဓာ ဖြစ်ကြောင်းရယ် မဆက်အောင် ဝိပဿနာဉာဏ်သွင်းရမယ် (မှန်ပါ့)။

ဒါဖြင့် ဝိပဿနာဉာဏ်သည် ဒကာ ဒကာမတို့ ဒီအစပ်ကလေးက ဖြတ်တာပဲဆိုတာ မှတ်ထားစမ်းပါ (မှန်လှပါ ဘုရား)။

ဝိပဿနာဉာဏ်ဆိုတာ ဘာပါလိမ့်

ဝိပဿနာဉာဏ်ဆိုတာ ဘာပါလိမ့် (အစပ်ကလေး ဖြတ်တာပါ ဘုရား)။

ဘယ်သူနဲ့ ဘယ်သူစပ်မှာ စိုးရိမ်ရပါလိမ့်မတုန်းမေးတော့ ခန္ဓာနဲ့ ခန္ဓာဖြစ်ကြောင်းစပ်မှာ စိုးရိမ်ရတယ် (မှန်ပါ့) သဘောပါပြီလား (ပါပါပြီ ဘုရား)။

ခန္ဓာနဲ့ ခန္ဓာဖြစ်ကြောင်းစပ်မှာ သိပ်စိုးရိမ်ရတယ် (မှန်ပါ့ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဪ ငါတို့ဆရာဘုန်းကြီးက ဘုရားဟောတဲ့အတိုင်း တိုက်တွန်း၊ ဝိပဿနာလုပ်ကြ၊ ဝိပဿနာလုပ်ကြလို့ ဆိုတဲ့ဥစ္စာ အဓိပ္ပါယ်ပေါ်သွားပြီ ဒကာကြွယ်ရေ (ပေါ်ပါပြီ ဘုရား)။

ခန္ဓာနဲ့ နောက်ခန္ဓာဖြစ်ကြောင်း စပ်သွားမှာ ဘုရားသိပ်စိုးရိမ်တယ် (မှန်ပါ့) မစိုးရိမ်ဘူးလား (စိုးရိမ်ပါတယ် ဘုရား)။

လက်ရှိခန္ဓာနဲ့ နောက်ခန္ဓာဖြစ်ကြောင်းနဲ့ စပ်သွားမယ်ဆိုလို့ရှိရင်ဖြင့် အနာဂတ်ခန္ဓာ ဒုက္ခသစ္စာကြီးလာမယ် (မှန်ပါ့) စပ်သည်နှင့် တစ်ပြိုင်နက်တည်း သမုဒယသစ္စာ ပေါ်မယ် (မှန်ပါ့ ဘုရား)။

ခန္ဓာနဲ့ ခန္ဓာဖြစ်ကြောင်း စပ်လိုက်လို့ရှိရင် ဖြစ်ကြောင်းပေါ်ရင် သမုဒယသစ္စာ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒီသမုဒယသစ္စာသာ လာမယ်ဆိုရင် နောက် ဒုက္ခသစ္စာနဲ့ ဒီအဆက်ဟာ ဆက်ရတော့မယ် (မှန်ပါ့) ဒီအစပ်ဟာ မစပ်ပါနဲ့ဆိုလို့ရရဲ့လား (မရပါ ဘုရား)။

အေး ဒါတွေသိတော့မှ ဝိပဿနာ မလုပ်လို့ရှိရင်ဖြင့် ဒကာကြွယ် တို့၊ ဦးလှဘူး တို့၊ မောင်ဘသော် တို့ စဉ်းစားပါနော် (မှန်ပါ့)။

နောက် ဒုက္ခသစ္စာဖြစ်ကြောင်းနဲ့ ဆက်တော့မှာပဲ (မှန်လှပါ) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဘာနဲ့ ဆက်မှာ စိုးရိမ်ရသလဲ (နောက် ဒုက္ခဖြစ်ကြောင်းနဲ့ ဆက်မှာ စိုးရိမ်ရပါတယ် ဘုရား)။

ဒါဖြင့် နောက်ဒုက္ခဖြစ်ကြောင်းနဲ့ ဆက်မှာကို ဒကာ ဒကာမတွေက သိနေတော့ ယခုလဲ အိုဘေး, နာဘေး, သေဘေးနဲ့ နေရတဲ့ ခန္ဓာကြီး ၂ နံပါတ်မှာ (မှန်ပါ့)။

နောက် အိုဘေး, နာဘေး, သေဘေးနဲ့စပ်ကြောင်းကို လုပ်မယ်ဆိုလို့ရှိရင် စပ်ရတော့မှာပဲ (စပ်ရမှာပါ ဘုရား)။

စပ်ကြောင်းကိုလုပ်ရင် (စပ်ရတော့မှာပါ ဘုရား)။

ဝိပဿနာမဂ်နဲ့ ဖြတ်ရပါမယ်

အဲဒီတော့ ဒီစပ်ကြောင်းပြတ်သွားဖို့ရာဟာ ဘာမှဖြတ်နိုင်သတုန်းလို့ ဒကာကြွယ် မေးရင် ဘယ့်နှယ်ပြောပါ့ မတုန်း (ဝိပဿနာမဂ်နဲ့ ဖြတ်ရပါမယ် ဘုရား) ဝိပဿနာမဂ်နဲ့ ဖြတ်ရမှာပဲ (မှန်ပါ့)။

ဒီထက်ပိုမိုပြီး သကာလ အားထုတ်နိုင်လို့ရှိရင်ဖြင့် လောကုတ္တရာမဂ်ရရင် ပိုပြတ်တယ် (မှန်ပါ့) ဝိပဿနာမဂ် ရရင်လဲ ပြတ်တာပါပဲ (မှန်ပါ့)။

လောကုတ္တရာမဂ် ရလို့ရှိရင်လဲ အမြစ်နဲ့တကွ ပိုပြီးပြတ်တယ်လို့ မှတ်လိုက်ပါ (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ၂ နဲ့ ၃ မကူးအောင် ဘာလုပ်ကြမယ် (ဝိပဿနာမဂ်နဲ့ ဖြတ်ရပါမယ်) ဝိပဿနာကို အားထုတ်ရမယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ ခင်ဗျားတို့က အင်မတန်ထုံ, အင်မတန် ပျင်းလွန်းလို့ ပုံစံကြီးနဲ့ ဒကာကြွယ် ပြနေရတယ် (မှန်လှပါ ဘုရား)။

ပြောရုံကလေးနဲ့ မပြီးတာနဲ့ အမြင်ပါ တစ်ခါတည်းပြပြီး သကာလ နေရတော့ ဪ တို့အတွက်ဟာဖြင့် အခါကောင်း အခွင့်ကောင်းဖြင့် ကြုံပေါ့ဆိုတဲ့ဥစ္စာ ကိုယ့်အတွက် ဝမ်းသာကြမယ် (မှန်ပါ့ ဘုရား)။

အင်မတန်မှ ဝမ်းသာစရာကောင်းပါတယ် (ကောင်းပါတယ် ဘုရား) ၂ နဲ့ ၃ မကူးတာ ဝိပဿနာမှ တတ်နိုင် တယ် (မှန်ပါ့) မဂ်မှ တတ်နိုင်တယ် (မှန်ပါ့)။

ဘာနဲ့ဘာ မကူးဖို့လဲ (၂ နဲ့ ၃ မကူးဖို့ ဝိပဿနာမှ တတ်နိုင်ပါတယ် ဘုရား)။

ကြည့်လေ ၂ ဒုက္ခသစ္စာထဲက ၃ သမုဒယသစ္စာ ပွားလာရင် ၄ ဒုက္ခသစ္စာဆိုတာ လာလိမ့်မယ် (လာပါတယ် ဘုရား) မလာပါနဲ့ဆိုလို့ (မရပါ ဘုရား)။

အဲ့ဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒုက္ခ, သမုဒယ၊ သမုဒယ, ဒုက္ခ (မှန်ပါ့) မဂ္ဂနဲ့နိရောဓကြား မညှပ်ဘူး (မှန်ပါ့)။

သံသရာခရီးသည်ဆိုတာ သမုဒယဒုက္ခ, သမုဒယဒုက္ခ လှည့်နေတာ သံသရာခရီးသည် ခေါ်ပါတယ် (မှန်ပါ့)။

သံသရာခရီးသည်ဆိုတာ ဘာပါလိမ့် (သမုဒယနဲ့ ဒုက္ခ လှည့်နေပါတယ် ဘုရား) သမုဒယ, ဒုက္ခ၊ နောက်တစ်ခါ လာပြန်တော့ကော (သမုဒယ, ဒုက္ခ လာပါတယ် ဘုရား) နောက်တစ်ခါ လာပြန်တော့ (သမုဒယ, ဒုက္ခ လာပါတယ် ဘုရား)။

သမုဒယက အကြောင်း၊ ဒုက္ခက အကျိုး (မှန်ပါ့) သမုဒယ ဆိုတာ ဆင်းရဲကြောင်း၊ ဒုက္ခဆိုတာ ဆင်းရဲကျိုး (မှန်ပါ့ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဆင်းရဲကြောင်းနဲ့ ဆင်းရဲကျိုးတွေလှည့်နေတယ်

ဘာတွေလှည့်သတုန်းလို့ မေးတော့မှ ဆင်းရဲကြောင်းနဲ့ ဆင်းရဲကျိုးတွေလှည့်နေတယ် (မှန်ပ့ါ) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒကာကြွယ် နောက်တုန်းက ဘယ်လိုများနေခဲ့, ထိုင်ခဲ့ပါလိမ့်မတုန်း (ဆင်းရဲကြောင်းနဲ့ ဆင်းရဲကျိုး လှည့်နေ ပါတယ် ဘုရား)။

ဟုတ်သားပဲ၊ ဒီမှာ ဆင်းရဲကြောင်း, ဆင်းရဲကျိုး၊ ဆင်းရဲကြောင်း၊ ဆင်းရဲကျိုး၊ သမုဒယနဲ့ ဒုက္ခချည်း လှည့်နေတယ် (မှန်ပါ့)။

ဘာများရောနေသတုန်း (ဘာမှမရောပါ ဘုရား) မဂ္ဂဆိုတဲ့ နိဗ္ဗာန်ရောက်ကြောင်းကလဲမပါ (မှန်ပါ့) နိရောဓ ဆိုတဲ့ နိဗ္ဗာန်ရောက်ကြောင်းလဲမရောက်၊ ဒီအထဲမှာ ပါကိုမပါဘူး (မပါခဲ့ပါ ဘုရား)။

ဪ ငါတို့ နောက်တုန်းက ဘယ်လိုများ နေခဲ့ထိုင်ခဲ့ရပါလိမ့်မတုန်းဆိုတော့ သူများပြောသံကြားတော့ ခင်ဗျားတို့က ပြောချင်တာပြောလိမ့်မယ် (မှန်ပါ့)။

နတ်လဲဖြစ်ခဲ့ဖူးပြီ ဘုရား၊ ဗြဟ္မာလဲ ဖြစ်ခဲ့ဖူးပါပြီဘုရား ဒါ အမျိုးမျိုးပြောနေမှာပါ (မှန်ပါ့)။

အဲ့ဒါ သစ္စာနားမလည်တော့ ဒီအတိုင်း ပြောနေတယ် (ပြောပါတယ် ဘုရား) သစ္စာ နားလည်တဲ့ ပုဂ္ဂိုလ်ကတော့ နောက်ကဖြစ်ခဲ့တာဆိုလို့ရှိရင်ဖြင့် အော့ချင်အန်ချင်လောက်အောင်ပဲ စက်ဆုပ်ပါတယ် (မှန်ပါ့)။

ဘာကြောင့်တုန်းလို့ မေးတဲ့အခါကျတော့ မောင်ဘထော် ရေ ဆင်းရဲကြောင်းနဲ့ ဆင်းရဲကျိုး လှည့်နေတယ် (လှည့်နေပါတယ် ဘုရား)။

ဦးဘအုန်း ဘာလှည့်နေသတုနး (ဆင်းရဲကြောင်းနှင့် ဆင်းရဲကျိုး လှည့်နေပါတယ် ဘုရား)။

ခင်ဗျားတို့ အခုပါလာတဲ့ စာရွက်ကလေးကြည့်လိုက်ရင် သိပါပြီ (သိပါပြီ ဘုရား) ဘာနဲ့ ဘာလှည့်နေသတုန်း ဆင်းရဲကြောင်းနှင့် ဆင်းရဲကျိုး လှည့်နေပါတယ် ဘုရား)။

ဪ ဒါဖြင့် ဆင်းရဲတာရယ် ဟုတ်လား (မှန်ပါ့) ချမ်းသာတာရယ် ပါခဲ့ကြတယ် (ပါခဲ့ပါတယ် ဘုရား) မျက်ရည်ကြီးငယ် ကျခဲ့တာရယ်၊ သေပွဲဝင်တာရယ် ဒါပဲရှိတယ် (မှန်ပါ့၊ ဒါပဲရှိပါတယ် ဘုရား)။

ဘယ်ဟာတွေနဲ့ နေခဲ့ရသတုန်းဆိုတော့မှ အပူလောင်နေတာရယ်၊ အပူလောင်လို့ သေတာရယ် ဒါပဲရှိတယ် (မှန်ပါ့ ဘုရား)။

အပူလောင်နေတာရယ်၊ အပူလောင်လို့ သေတာရယ်

ဦးဘအုန်း ဘာရှိသတုန်း (အပူလောင်နေတာရယ်၊ သေတာရယ် ဒါပဲရှိပါတယ် ဘုရား) သမုဒယသစ္စာက ပူတတ်တဲ့တရား၊ အပူလောင်လို့သေရတာက ဒုက္ခသစ္စာ (မှန်ပါ့ ဘုရား)။

ဒါဖြင့် အပူနဲ့ လောင်စာပဲ ရှိတယ်ဆိုတော့ မီးနဲ့လောင်စာပဲ လှည့်နေတယ် (မှန်ပါ့) မီးတစ်လှည့်, လောင်စာ တစ်လှည့် (မှန်ပါ့)။

ဪ ဒကာကြွယ် နောက်တုန်းက စကြာဝတေးမင်းကြီးများ ဖြစ်ခဲ့လေသလားလို့ သူများကမေးရင်ဖြင့် ပြောသံကြားတော့ဖြင့် ဟုတ်မှာပေါ့ဘုရား အစစ်ကတော့ဖြင့် မီးရယ်, လောင်စာရယ် လှည့်လောင်နေတာပဲလို့ မှတ်လိုက်ပါ။ (မှန်ပါ့) သဘောကျကြပြီလား (ကျပါပြီ ဘုရား)။

ဘာလှည့်နေသတုန်း (မီးနဲ့လောင်စာပဲ လှည့်နေပါတယ် ဘုရား)။

ဘယ်တော့ အေးငြိမ်းခြင်းရခဲ့သလဲလို့မေးလို့ရှိရင် ဘယ့်နှယ်ဖြေကြမလဲ (ဘယ်တော့မှ မရခဲ့ပါ ဘုရား)။

ဪ ဒီအေးငြိမ်းခြင်း မရခဲ့တာ, ချမ်းသာခြင်းမရခဲ့တာ ဘာကြောင့်ပါလိမ့်မတုန်း ဆိုလို့ရှိရင်ဖြင့် မီးဆက် သွားလို့ လောင်စာထဲက မီးပြန်ဖြစ်တယ် (မှန်ပါ့)။

ဒီဘက်က သမုဒယသစ္စာဆိုတာက ဒကာ ဒကာမတွေ သိတဲ့အတိုင်း အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ဘဝ ဆိုတာကတော့ မီးတွေ (မှန်ပါ့)။

ဒီဘက် ဝိညာဏ် နာမ်ရုပ် သဠာယတန ၂ နံပါတ်တွေက လောင်စာတွေ (မှန်ပါ့) လောင်စာထဲကနေပြီး သကာလ မီးတွေ တစ်ခါပြန်ထွက်လာတယ် (မှန်ပါ့)။

လောင်စာထဲကနေပြီး (မီးတွေ ပြန်ထွက်လာပါတယ် ဘုရား) သမုဒယသစ္စာမီးတွေ ပြန်ပေါ်လာတယ် (မှန်ပါ့) မီးတွေ ပြန်ပေါ်လာပြန်တော့ လောင်စာတစ်ခါဖြစ်ပြန်တယ် (မှန်ပါ)။

ဒါဖြင့် ဒကာ ဒကာမတို့ မီးဖြစ်လိုက် လောင်လိုက်၊ မီးဖြစ်လိုက် လောင်လိုက်နဲ့ ဦးဘအုန်း ဘယ်တော့များ ချမ်းသာခဲ့တာပါသတုန်း (ဘယ်တော့ကမှ မပါခဲ့ပါ ဘုရား) မောင်ဘသော် ပါသေးသလား (မပါပါ ဘုရား)။

အဲ့ဒါတွေကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ အတိအလင်း ဟောတယ်၊ ဆရာဘုန်းကြီးကလဲ အခု ဘုရားဟောတော်မူတဲ့အတိုင်း ပြပြီး သကာလ နေတယ်၊ ခင်ဗျားတို့ မမြင်နိုင်လို့ ပုံစံကြီးချပြရပြန်တယ် (မှန်ပါ့)။

အဲ့ဒီတော့ တပည့်တော်တို့ဖြင့် ဘုရား၊ ဒီအဝိုင်းစက်ကြီးဖြင့် မလည်ချင်ပါဘူး၊ ဒါစိတ်ဆုံးဖြတ်ချက် ချရလိမ့်မယ် (မှန်ပါ့ ဘုရား)။

မီးတစ်လှည့် လောင်စာတစ်လှည့်

အဝိုင်းစက်ကြီးတော့ (မလည်ချင်ပါ ဘုရား) မီးတစ်လှည့် လောင်စာတစ်လှည့်တော့ ဘုရား ကြောက်လှပါပြီ (မှန်ပါ့ ဘုရား)။

မီးတစ်လှည့် လောင်စာတစ်လှည့်တော့ (ကြောက်လှပါပြီ ဘုရား)။

ကြောက်လှပါပြီဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေမှာ စဉ်းစားကြည့်၊ သားပူ, သမီးပူ, ဆွေပူ, မျိုးပူ တွေကလဲ ခန္ဓာထဲက ပေါက်ဖွားတာ (မှန်ပါ့)။

ဟာ ဒါဖြင့် ထင်းထဲက မီးဖြစ်ပြန်ပြီ (မှန်ပါ့) ထင်းထဲက မီးဖြစ်ပြန်တယ်ဆိုတာ ဟောဒီ ခန္ဓာကြီးက ထင်းပါပဲ။ ဟောဒီထင်းထဲက မီးဖြစ်လာပြန်တယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ထင်းထဲက မီးဖြစ်လာတယ်၊ မီးဖြစ်လို့ တစ်ခါ မီးထဲကနေပြီး သကာလ လောင်စာတစ်ခု ကူးလောင်ပြန်တာပဲ (မှန်ပါ့) မလောင်ဘူးလား (လောင်ပါတယ် ဘုရား)။

အဲ့ဒါတွေသိတော့ ဪ သံသရာဒုက္ခဆိုတာ ဒါပါပဲ (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် ဒီဒုက္ခကြီး လက်စမသတ်နိုင်ပါလိမ့်မလဲလို့ မောင်ဘသော် တို့၊ ဒကာကြွယ် တို့ မေးဖို့ အချိန်ရောက်ပါပြီ (ရောက်ပါပြီ ဘုရား)။

အေး မင်းတို့ ကလျာဏမိတ္တ ဆိုတဲ့ ဆရာကောင်း မတွေ့ခဲ့တော့ကွာ မင်းတို့သည် ၂ နဲ့ ၃ မကူးခဲ့လို့ မရဘူးဟေ့ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် လောင်စာနဲ့ မီးချည်းလှည့်နေရပါလိမ့်မတုန်း

တပည့်တော် ဘယ့်နှယ်ကြောင့် လောင်စာနဲ့ မီးချည်းလှည့်နေရပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့မှ တပည့်တော်တို့ ကလျာဏမိတ္တ ဆိုတဲ့ ဆရာကောင်း သမားကောင်း မတွေ့ခဲ့ဘူးဘုရား (မှန်ပါ့)။

မတွေ့တော့ ဘာဖြစ်သတုန်းလို့မေးတော့ ၂ ကနေပြီး ၃ ဘက် ကူးသွားတယ် (မှန်ပါ့)။

၂ ခန္ဓာငါးပါးထဲက ၃ ခန္ဓာငါးပါး မီးထတောက်တယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

၂ ခန္ဓာငါးပါးထဲက ၃ ခန္ဓာငါးပါးမီးတွေ ထ,ထပြီး တောက်နေပြီဘုရားလို့ ဆိုလို့ရှိရင် မလွဲပါဘူး (မလွဲပါ ဘုရား)။

အဲ့ဒီ ၂ ခန္ဓာငါးပါးထဲက ၃ ဆိုတဲ့ တဏှာဥပါဒါန် ဘဝတွေကလဲ (မှန်ပါ့) တဏှာဥပါဒါန် ဘဝ အဝိဇ္ဇာ သင်္ခါရတွေကများ (မှန်ပါ့)။

ကိုင်း ဒကာ ဒကာမတို့ သူများပြောတာ မယုံလို့ရှိရင်ဖြင့် ဥပမာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မနက်က ရောင်းဝယ်ပြီးကြပြီလားလို့ မေးလို့ရှိရင်ဖြင့် ပြီးခဲ့ပါပြီဘုရား၊ တချို့လဲ မပြီးသေးဘူး၊ သိမ်းလာခဲ့ရတာပဲ အစရှိသည်နဲ့ လျှောက်ကြမယ် (မှန်ပါ့) မလျှောက်ပေဘူးလား (လျှောက်ပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့် ဒီလို လျှောက်ရပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ ခုနက ရောင်းဝယ်ကိစ္စ တဏှာဥပါဒါန် ကံတွေဟာ ဒကာ ဒကာမတို့ သူများအထဲမှာ ပေါ်တာလား၊ ကိုယ့်ခန္ဓာထဲမှာပဲ ရောင်းဝယ် ကိစ္စတွေက ပေါ်လာတာလား (ကိုယ့်ခန္ဓာထဲမှာ ပေါ်လာတာပါ ဘုရား)။

အဲ ဒါဖြင့် ဒကာ ဒကာမတို့ ၂ ထဲက ၃ ကူးနေကြတယ် (မှန်ပါ့) ဘယ်လိုဆိုကြမယ် (၂ ထဲက ၃ ကူးနေ ကြပါတယ် ဘုရား)။

၂ နံပါတ်က လောင်စာ၊ ၃ နံပါတ်က မီး

ဪ ဒါဖြင့် ၂ နံပါတ်က လောင်စာ၊ ၃ နံပါတ်က မီး (မှန်ပါ့) ထင်းထဲက မီးဖြစ်လာကြတယ် (မှန်လှပါ) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဘာဖြစ်လာကြသလဲ (ထင်းထဲက မီးဖြစ်လာကြပါတယ် ဘုရား)။

ဒီ မီးကနေပြီး နောင်ထင်းတစ်ခု သူလုပ်ဦးတော့မယ် (မှန်လှပါ) ၄ နံပါတ် သူက သွားတော့မယ် (မှန်ပါ့) မသွားပါနဲ့ဆိုလို့ ရသေးရဲ့လား (မရပါ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတွေ ရောင်းဝယ်နေတဲ့ ခန္ဓာကြီးထဲကနေပြီး တဏှာဥပါဒါန်ကံတွေ ပေါက်ပွားလာ သလားလို့ မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ပေါက်ပွားပါတယ် ဘုရား)။

ဒီလောက် ပေါက်ပွားလို့ရှိရင် ဒကာ ဒကာမတို့ နောက် ဇာတိ ဇရာမရဏ ဆိုတဲ့ ၃ နံပါတ်ဖြင့် တပည့်တော်တို့ ဖြစ်ရဦးမှာလားမေးရင် ဘယ့်နှယ်ဖြေကြမလဲ (ဖြစ်ရပါမယ် ဘုရား) နိယာမ တရားလို့ဆိုတာ မှတ်ထားကြပါ (မှန်ပါ့)။

အဲ့ဒါကြောင့် ဒကာကြွယ် ရေ အမြင် ပြောတဲ့အခါကျတော့ ရှင်းပါပြီနော် (မှန်ပါ့)။

ဒကာကြွယ် ဘယ်ကဖြတ်မတုန်းလို့ မေးခွန်းထုတ်လို့ရှိရင်ဖြင့် ကဲ ပဋိစ္စသမုပ္ပါဒ် က ဒကာကြွယ် သိပြီ မဟုတ်လား (သိပါပြီ ဘုရား)။

၁ အစပ်ကတော့ ဖြတ်လို့မရဘူး (မရပါ ဘုရား) ၂ အစပ်ကတော့ ဖြတ်မယ်ဆိုရင် (ရပါတယ် ဘုရား)။

၁ အစပ်ကတော့ လွန်ပြီးကျွံပြီး ဖြစ်နေတယ် (မှန်ပါ့) ဘာဖြစ်လို့တုန်း၊ အတိတ်ဘဝက လုပ်ခဲ့ပြီးဖြစ် သောကြောင့် ဒီအစပ်ဟာတော့ ဒီဘက်ရောက်နေပြီ (မှန်ပါ့)။

ကျုပ်တို့က ဒီဘက်ရောက်နေတယ် ဒီ လှမ်းဖြတ်လို့မရဘူး (မှန်ပါ့) ဒီဟာကလေးတော့ မဆက်ချင်လဲဖြစ်တယ် (မှန်ပါ့ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား) ဆက်ချင်လဲ ဖြစ်တယ် (မှန်ပါ့)။

အဲဒီတော့ ဆက်ချင်လဲဖြစ်ဆိုတော့ မနက်က ခန္ဓာထဲက ဒကာ ဒကာမ တွေနေပြီး ၂ နံပါတ်ထဲကနေပြီး ၃ နံပါတ်ဆိုတဲ့ တဏှာ, ဥပါဒါန်, ကံ, အဝိဇ္ဇာ, သင်္ခါရတွေ ပေါက်ပွားခဲ့ကြသလားလို့ မေးခဲ့လို့ရှိရင် ပေါက်ပွားခဲ့ကြ တယ်လို့ ဒကာကြွယ် ဖြေရမယ် (မှန်ပါ့) မဖြေရဘူးလား (ဖြေရပါတယ် ဘုရား)။

အင်း ဘယ်နှယ့်ကြောင့် ဖြေရပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့ တပည့်တော်တို့ ထုံးထမ်းက ဒီလိုပဲဘုရား (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

မသေရခင်က သေကြောင်းရှာတယ်

ဒကာ ဒကာမတွေ ထုံးတမ်းက မသေရခင်က သေကြောင်းရှာတယ် (မှန်ပါ့)။

မသေရခင်က (သေကြောင်းရှာပါတယ် ဘုရား) ဒီဥစ္စာမသေခင်၊ မသေခင်တာတွေက ဘာတွေတုန်း၊ သေကြောင်း (မှန်ပါ့)။

ဒါဖြင့် မသေခင်က နောက်ထပ်သေကြောင်းရှာတယ် (မှန်ပါ့)။

မသေခင်က (နောက်ထပ် သေကြောင်းရှာပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ လုပ်နေတဲ့ အလုပ်ကဖြင့် မသေခင်က သေကြောင်းရှာတဲ့အလုပ် လုပ်နေတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ခင်ဗျားတို့ကလေးတွေကျတော့ အော်လိုက်တာ၊ ဒီကောင်ကလေးက သေချင်ပြန်ပြီလားတဲ့ (မှန်ပါ့) အော်ကြ တယ်၊ ခင်ဗျားတို့ (အော်ကြပါတယ် ဘုရား)။

ဒီကောင်ကလေးဟာ သေချင်ပြီလားလို့ ဒကာကြွယ်တို့လဲ စိတ်ဆိုးတဲ့အခါ ပြောမိတယ် (ပြောမိပါတယ် ဘုရား)။

ဘာဖြစ်လို့တုန်းဆိုတော့ ဒီကလေးသည်ကားလို့ဆိုရင် ငြိမ်ငြိမ်မနေပဲနဲ့ ဆော့နေလို့ (မှန်ပါ့) ဒီကောင်လေး သေချင်ပြန်ပြီထင်တယ်တဲ့ (မှန်ပါ့) မပြောကြဘူးလား (ပြောကြပါတယ် ဘုရား)။

ဒကာကြွယ်တို့ကိုလည်း ဘုန်းကြီးက ပြောရလိမ့်မယ်၊ ဒကာကြွယ်တို့သည်ကားလို့ ဆိုရင်ဖြင့် ဒီခန္ဓာကိုယ်ကြီးဟာ ငြိမ်ငြိမ်မနေပဲနဲ့ တဏှာ, ဥပါဒါန်, ကံတွေ ထပ်ပြီးလုပ်နေပြန်လို့ ရှိရင်ဖြင့် ဘယ်နှယ့်ဆိုရမလဲ (သေချင်ပြန်ပြီလား) သေချင်ပြန်ပြီလား မေးရမယ် (မှန်ပါ့)။

ဦးဘအုန်း၊ ဒါမေးရမှာပဲ (မှန်ပါ့) ဒိပြင်ဘာမေးစရာရှိသတုန်း (မရှိပါ ဘုရား)။

နောက်က ဒကာ ဒကာမတွေ အခုပြောတဲ့အကြောင်း နားလည်ပြီလား (နားလည်ပါတယ် ဘုရား)။

ခန္ဓာထဲကနေပြီး သကာလ တဏှာ, ဥပါဒါန်, ကံတွေကမလုပ်ကြဘူးလား (လုပ်ပါတယ် ဘုရား) အဲဒီတော့ ဒါဘယ်နှယ့်ဆိုတာ (သေချင်ကြလို့ လုပ်တာပါ ဘုရား) သေချင်ပြန်ပြီလားလို့လဲ မေးဖို့ရှိတယ် (မှန်ပါ့)။

သေပွဲဟာတွေ့ရမယ်

ဒီဟာလုပ်လို့ရှိရင်ဖြင့် ဒီခန္ဓာ ဇာတိ, ဇရာ, မရဏဆိုတဲ့ သေပွဲဟာတွေ့ရမယ် (မှန်ပါ့) မတွေ့ပါနဲ့ဆိုလို့ (မရပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့က ကလေးသာဆုံးမတယ် ကိုယ့်ကိုယ်တော့ မဆုံးမဘူး (မဆုံးမပါ ဘုရား) ဒကာကြွယ် ဘာဖြစ်နေတာတုန်းဗျ မသိလို့ပါဘုရား (မှန်ပါ့) မသိလို့ပါ၊ ဒကာ ဒကာမတို့နော် (မှန်ပါ့)။

အခုလို ပဋိသမုပ္ပာဒ် စက်ရဟတ်ကြီးလည်ပုံကို ကိုယ်တိုင်ကလဲ မသိတော့ ဖြစ်နေတာမသိဘူး (မှန်ပါ့)။

အခုတော့ဖြင့် အရောင်းအဝယ် ရိုးရိုးက ကိစ္စမရှိဘူး ထားပါတော့နော် (မှန်ပါ့) ပရိယာယ်တွေ မာယာတွေ နဲ့ အမျိုးမျိုး အဖုံဖုံ ရရာရကြောင်း လုပ်တဲ့အခါကျလို့ရှိရင် ကိုယ့်ကိုယ်ကို ဆုံးမပါနော် (မှန်ပါ့) ဆော့ပြန်ပြီလား၊ မင်းသေချင်ပြန်ပြီလားသာမေး (မှန်ပါ့ ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်နှယ့်မေးကြမယ် (ဆော့ပြန်ပြီလား၊ သေချင်ပြန်ပြီလားလို့ မေးရပါမယ် ဘုရား) ဒီအမေးဟာ ဒကာကြွယ် တည့်, မတည့် စဉ်းစား (တည့်ပါတယ် ဘုရား) အင်မတန်တည့်တယ် (မှန်ပါ့)။

ဒီခန္ဓာကြီးထဲက ဒါပေါက်ပွားလာတော့ ဒါသေကြောင်းတွေ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒီကျတော့ မသေချင်ပါဘူးဆိုတော့ အနာဂတ်ဘဝရပါ့မလား (မရပါ ဘုရား) မရတော့ ဒီဟာကလေးတွေ ပေါက်ပွားတိုင်း ပေါက်ပွားတိုင်း ဒီကလေးဟာ ဆော့လိုက်တာ သေချင်လို့လားတဲ့ (မှန်ပါ့ ဘုရား) ဒီလူကြီးဟာလဲ ဆော့လိုက်တာ ဘယ်နှယ့်ဆိုရမလဲ (သေချင်လို့လားပါပဲ ဘုရား)။

ဒကာကြွယ် သူများမပြောနဲ့၊ ကိုယ့်ကိုယ်ကိုပြောပါဟုတ်လား၊ ဟုတ်လား (မှန်ပါ့) သူများမပြောပါနဲ့ တဲ့ ဘယ်သူဆုံးမရမလဲ (ကိုယ့်ကိုယ်ကို ဆုံးမရပါမယ် ဘုရား)။

အေး မင်းဟာ သေချင်ပြန်ပြီလားကွ (မှန်ပါ့) ဒကာကြွယ် မမေးသင့်ဘူးလား (မေးသင့်ပါတယ် ဘုရား)။

သေချင်ပြန်ပြီလားဆိုတဲ့ ဥစ္စာ နောက်ဆုံးပိတ် ဒုက္ခဆိုတဲ့ ဥစ္စာက သေရတဲ့ကြားမှာ မင်းပဋိသန္ဓေ နေချင်ပြန် ပြီလား၊ အိုချင်ပြန်ပြီလားလဲပါတယ် (မှန်ပါ့) မပါဘူးလား (ပါ ပါတယ် ဘုရား)။

ကိုယ်လုပ်နေတဲ့အလုပ်ဟာ သေကြောင်း ကြံတဲ့အလုပ်

အဲဒါတွေ ကျကျနန ဘုန်းကြီးတို့ ဒကာ ဒကာမတွေသိတော့ ကိုယ်လုပ်နေတဲ့အလုပ်ဟာ သေကြောင်း ကြံတဲ့အလုပ်၊ တယ်များတယ် (များပါတယ် ဘုရား)။

ဟိုမှာ ကြိုးဆွဲချသေဖို့ ကြိုးချည်နေတဲ့ ပုဂ္ဂိုလ်ကမှ ဪ ဘေးကသိတဲ့ပုဂ္ဂိုလ်က မြင်တော့သေကြောင်းကြံ နေရှာတယ် (မှန်ပါ့)။

ဒကာကြွယ်တို့ကပြောမယ် တယ်မိုက်သကိုး၊ ဝဋ်မကင်းဘဲကိုး၊ ဒါကြောင့် သူ့ဟာသူ သေကြောင်းကြံနေတယ် (မှန်ပါ ဘုရား)။

ခင်ဗျားတို့ ခန္ဓာကြီးက တဏှာ, ဥပါဒါန်, ကံတွေပေါက်ပွားလာတာကလဲ ဘာလာလုပ်တာတုန်း (သေကြောင်း ကြံတာပါ ဘုရား) ဒါဖြင့်အတူတူပဲ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အမယ်လေး ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရင်းရင်းနှီးနှီးနဲ့ အခုနားလည်လို့သာ ဒကာကြွယ်ရှင်းတာနော် (မှန်ပါ့ ဘုရား)။

တချို့ ဒကာ ဒကာမတွေက သေကြောင်းကြံနေတဲ့ အလုပ်ကိုပဲ ကျုပ်အကောင်းလုပ်နေတာလို့ ပြောသေးတယ် (ပြောပါတယ် ဘုရား)။

ဒီလိုမှ မလုပ်လို့ရှိရင် ကျုပ်ဘာစားမလဲလို့ ဒကာကြွယ်ဆင်ခြေများ လဲလိုက်သေးတယ် (မှန်ပါ့)။

ကဲ ဒီဒကာ ဒကာမတွေက ပဋိသမုပ္ပါဒ် စက်ရဟတ်ကြီး ကြည့်လိုက်တဲ့အခါကျတော့ သူလုပ်နေတဲ့ အလုပ်ဟာ ဘာလုပ်နေတာတုန်းဆိုတာ သေကြောင်းကြံနေတာ (မှန်ပါ့ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒီဟာတွေပေါ်လာရင် သေကြောင်းကြံနေတာပဲ (မှန်ပါ့) နောက်ထပ်မသေချင်ပါဘူးဆိုလို့ ၄,နံပါတ် ဇရာ မရဏ လွတ်နိုင်ပါ့မလား (မလွတ်နိုင်ပါ ဘုရား)။

ဒကာကြွယ် ခင်ဗျားသည်ကား လို့ဆိုရင်ဖြင့် အိမ်မှာအရောင်းအဝယ် လုပ်ပြီး သကာလ နေတာဟာ လူသာဓု ခေါ်၊ နတ်သာဓုခေါ် လုပ်နေတာလား၊ ကိုယ့်ဟာကိုယ်သေကြောင်း ကြံနေတာလား (ကိုယ့်ဟာကိုယ် သေကြောင်းကြံ နေတာပါ ဘုရား) ဒကာ ဒကာမတွေ ရိပ်မိသွားပြီ (ရိပ်မိပါပြီ ဘုရား)။

သေချင်သေးလို့ ပြန်လုပ်တာပဲ

ရိပ်မိသွားပြီ၊ သေချင်သေးလို့ ပြန်လုပ်တာပဲ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား) သေချင်သေးလို့ တဏှာဥပါဒါန် ခန္ဓာထဲက ပေါက်ပွားလာတာ (မှန်ပါ့)။

ဒါကြောင့် ဒကာ ဒကာမတွေ ကိုယ့်ဟာကိုယ် ကလေးတော့ဆုံးမတတ်တယ် (မှန်ပါ့)။

ဒကာကြွယ်ကြီးတို့ အသက်အရွယ်က ကြီးတယ်၊ မောင်ဘသော်တို့ ကြီးလာသော်လည်း ကိုယ့်ကိုယ် မဆုံးမတတ် ဘူး (မဆုံးမတတ်ပါ ဘုရား) ကဲ ယနေ့တော့ ဆုံးမတတ်ပြီ (ဆုံးမတတ်ပါပြီ ဘုရား)။

ဒီတရားတွေ ပေါက်ပွားလာလို့ရှိရင်ဖြင့် ကိုယ့်ကိုယ်ဘယ်လို ဆုံးမကြမယ် (မင်းသေချင်သေးလို့လား) မင်းသေချင်သေးလို့လားသာမေး (မှန်ပါ့)။

ဒကာကြွယ် ဘယ်နှယ့်မေးမတုန်း (မင်းသေချင်သေးလို့လားလို့ မေးတတ်ပါပြီ ဘုရား) ဦးဘအုန်းကကော (သေချင်သေးလို့လား မေးပါမယ် ဘုရား)။

သေချင်သေးလို့လားမှတစ်ပါး ဒိပြင်မေးစရာ မရှိဘူး (မှန်ပါ့ ဘုရား) သေချင်သေးလို့ သေကြောင်းကြံတဲ့ တရားတွေပေါ်လာတယ် (မှန်ပါ့ ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒါတွေ သိတော့မှ ဪ တို့အဖြစ်သည်ကားလို့ဆိုရင် ဆရာမကူလို့ ရှိရင်ဖြင့် ကိုယ့်အလုပ်နဲ့ ကိုယ်ဆိုရင် သေကြောင်းကြံတဲ့ အလုပ်ချည့် လုပ်နေတာကိုး (မှန်ပါ့)။

ကိုယ့်သဘောနဲ့ ကိုယ်ဆိုရင်ဖြင့် (သေကြောင်းကြံတဲ့ အလုပ်ချည့်လုပ်နေပါတယ် ဘုရား) နို့ အခုသေရပြီလားလို့ မေးတော့ ဘယ်နှယ့်ဖြေကြမလဲ (သေရပါပြီ ဘုရား) အိုဒါဖြင့် အသေရှာ နေတာပါလား (မှန်ပါ့)။

သေလို့ အားမရလို့လား

အခု မသေခင်က အသေရှာထားတဲ့ အလုပ်ကို လုပ်နေတယ်လို့ မောင်ဘသော်တို့ဆိုရင် မလွဲပါဘူး (မလွဲပါ ဘုရား) သေလို့ အားမရလို့လားလို့ မေးရင်လဲ ပြီးတာပဲ၊ ဟုတ်တာပဲ (မှန်ပါ့ဟုတ်ပါတယ် ဘုရား)။

သေလို့အားမရလို့ လာမေးရင်ကော (ဟုတ်ပါတယ် ဘုရား) ဟုတ်ပါတယ်လို့ပဲ ဒကာ ဒကာမတွေက ဖြေရမယ် (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ သေကြောင်းကြံတဲ့ အလုပ်ဟူသရွေ့ဟာဖြင့် ခင်ဗျားတို့သည်ကားလို့ဆိုရင် မသေခင်က သေကြောင်းကြံသောကြောင့် အသေရှိလျက်နဲ့ အသေရှာတယ်ဆိုတာ မလွဲပါဘူး၊ လွဲသေးသလား (မလွဲပါ ဘုရား)။

ဒီအထဲကမှ ဒကာ ဒကာမတို့ ဝိညာဏ်, နာမ်ရုပ်တွေဟာ မသေမှမသေရသေးဘဲ၊ မသေခင်က ခန္ဓာထဲက ဒါတွေလုပ်နေတယ် (မှန်ပါ့)။

ဒါတွေလုပ်မှ နောက်တစ်ခါသေရမယ် (မှန်ပါ့) ဒီကြားမှာ ဇရာ မရဏ ရှိသေးတယ်၊ သေရဦးမှာပဲ (မှန်ပါ့)။

အဲဒီတော့ မသေခင်က ဘာလုပ်နေသတုန်း (သေကြောင်းကြံနေပါတယ် ဘုရား) အသေကိုရှာနေတယ် (မှန်ပါ့ ဘုရား) ဘယ်နှယ့်ဖြေကြမလဲ (မသေခင်က အသေရှာနေပါတယ် ဘုရား)။

ဪ ဒါဟာ မသေခင်က အသေရှာတယ် ဆိုတော့ ဒကာ ဒကာမတို့ မိုက်လွန်းတယ် (မှန်ပါ့)။

ဘယ်နှယ့် အပြစ်တင်ရမလဲ (မိုက်လွန်းတယ် အပြစ်တင်ရပါမယ် ဘုရား) မိုက်လွန်းတယ်မှတစ်ပါး တခြားအပြစ် တင်စရာဘာမှမရှိပါဘူး (မရှိပါ ဘုရား) သဘောပါပြီလား (ပါ, ပါပြီ ဘုရား)။

ကိုင်းဒါဖြင့် တစ်ခါတော့ဖြင့်ကွာ အတိတ်အကြောင်းကြောင့် ဒီတစ်ခါ သေချင်သေရပါစေတော့၊ နောက်တစ်ခါ သေကြောင်းကြံတဲ့ အလုပ်ကို မလုပ်တော့ပါဘူးလို့ ဒီနေ့ဆုံးဖြတ်ချက်ချ (မှန်ပါ့)။

နောက်ဘဝက သေကြောင်းကြံခဲ့လို့ ယခုဘဝတော့ သေရဦးမယ်၊ နောက်တော့ဖြင့် မသေပါဘူး၊ သေကြောင်း ကြံတဲ့ အလုပ်မလုပ်တော့ပါဘူးလို့ဆိုတဲ့ စိတ်ဟာယခုအချိန်မှာပေါ်ဖို့ အခွင့်အခါရောက်ပြီ (ရောက်ပါပြီ ဘုရား) မရောက် သေးဘူးလား (ရောက်ပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပာဒ်ကြီးကို ဖြတ်ရလိမ့်မယ်

အဲဒီတော့ ဒီရောက်ရုံနဲ့လဲ မပြီးသေးတော့ နောက်သေကြောင်းကြံတဲ့ အလုပ်မလုပ်တော့ပါဘူးလို့ ပါးစပ်က ပြောလို့လဲ မပြီးတော့ ဒီလာမယ့် ၂နဲ့၃ကူးမယ့် ပဋိစ္စသမုပ္ပာဒ်ကြီးကို ဖြတ်ရလိမ့်မယ် (ဖြတ်ရမှာပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

၂နဲ့ ၃ကူးတဲ့ ပဋိစ္စသမုပ္ပာဒ်ကို (ဖြတ်ရမှာပါ ဘုရား) ဘာနဲ့ဖြတ်ကြမယ် (မဂ်နဲ့ဖြတ်ရပါမယ် ဘုရား) မဂ်နဲ့ဖြတ်ဖို့ ပဲ အားကိုးစရာရှိတော့တယ်၊ တခြားအားကိုးစရာရှိသေးရဲ့လား (မရှိပါ ဘုရား)။

အေး ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဪ တော်သေးတယ်၊ ဘာဖြစ်လို့တုန်းဆိုလို့ရှိရင်ဖြင့် မဂ်နဲ့ဖြတ်လိုက်လို့ အားလုံးပဲ တရားတစ်ပွဲလုံးပဲ လျှောက်တယ် (မှန်ပါ့ ဘုရား)။

ဘာနဲ့ဖြတ်မယ် (မဂ်နဲ့ဖြတ်ပါမယ် ဘုရား) မဂ်နဲ့ဖြတ်မယ်လို့ တရားတစ်ပွဲလုံး လျှောက်ကြတော့ ဪ ဖြတ်စရာ လက်နက်ကလေး သူတို့သိသေးတယ် (မှန်ပါ့ ဘုရား)။

ဒီလို ပဋိစ္စသမုပ္ပာဒ်ကြီး နားမလည်တဲ့ ပုဂ္ဂိုလ်များ ဘာနဲ့ဖြတ်မတုန်းမေးတော့ အိုကျုပ်တို့ဖြင့် ကုသိုလ်လုပ်ရမှာပဲ (မှန်ပါ့)။

ဦးဘအုန်း ဒါနဲ့ဖြေမယ် (ဖြေပါတယ် ဘုရား) ကျုပ်ဒါကုသလိုလုပ်ရမှာပဲ၊ မတတ်နိုင်ဘူး (မှန်ပါ့)။

သူ့ဟာ ဘာကုသိုလ်တုန်း၊ ဖြတ်တဲ့ကုသိုလ်လား၊ အသေရှာတဲ့ကုသိုလ်လားလဲ သူမသိဘူး (မသိပါ ဘုရား) သူ့ဟာကကုသိုလ်လုပ်ရမှာပဲ တစ်ခုသာ သူသိတယ် (မှန်ပါ့)။

အဲဒီတော့ ဦးဘအုန်း မလိုလားဗျာ (လိုပါတယ် ဘုရား) လိုတယ်တဲ့၊ တချို့ကုသိုလ်က ဒကာကြွယ်နတ်ရွာသုဂတိ ပို့လိုက်တော့ အသေတစ်ခုတွေ့တယ် (မှန်ပါ့) မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)။

ဗြဟ္မာ့ပြည်ပို့လိုက်တော့ကော (အသေတစ်ခုတွေ့ပါတယ် ဘုရား) အသေတစ်ခု တွေ့ပြန်တယ်ဆိုတော့ အင်း သေကြောင်းကြံပြန်တာပဲ (မှန်ပါ့)။

သေကြောင်းကြံတဲ့ အလုပ် သူလုပ်မိပြန်တော့လည်း ဦးဘအုန်း အသေလွတ်ပါ့မလား (မလွတ်ပါ ဘုရား)။

ဒါကြောင့် ဝဋ္ဋဒါန ဝဋ္ဋသီလတွေကို မောင်ဘသော် ကြောက်ရမယ်ဆိုတာ (မှန်ပါ့) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဘာ့ကြောင့်တုန်း၊ သေကြောင်းကြံအလုပ်မို့ (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဘာတဲ့တုန်း (သေကြောင်းကြံတဲ့အလုပ်ပါ ဘုရား) သေကြောင်းကြံတဲ့ အလုပ်မို့ ကြောက်ရပါတယ်ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ဝိဝဋ္ဋဒါနနဲ့ ဝိဝဋ္ဋသီလကိုလုပ်

ကိုင်း ဒါဖြင့် ဝဋ္ဋဒါန, ဝဋ္ဋသီလ မလုပ်ပဲနဲ့ ဝိဝဋ္ဋဒါနနဲ့ ဝိဝဋ္ဋသီလကိုလုပ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဝိဝဋ္ဋဒါန, ဝိဝဋ္ဋသီလလုပ်လို့ ရှိရင်ဖြင့် သဗ္ဗဒါနံဓမ္မဒါနံဇိနာတိဆိုတဲ့ ဓမ္မဒါနကို ခင်ဗျားတို့ လုပ်ရလိမ့် မယ် (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဓမ္မဒါန ဆရာဘုန်းကြီးက လုပ်ဖို့ပြောတယ် ခင်ဗျားတို့က မသိသေးတဲ့ ပုဂ္ဂိုလ်ပြောဖို့ အရေးကြီး ပါတယ် (မှန်ပါ့ ဘုရား)။

သနားကြလို့ရှိရင်ဖြင့် ဒီပဋိပ္ပသမုပ္ပာဒ် လည်နည်းကိုလဲ ပြောပေးကြပါ (မှန်ပါ့) ဖြတ်နည်းကိုလဲ (ပြောပေးရ ပါမယ် ဘုရား)၊ ပြောပေးကြစမ်းပါဆိုတာ အလွန်အရေးကြီးလို့မှာပါတယ် (မှန်ပါ့)။

ဦးဘအုန်း မပြောသင့်ဘူးလား (ပြောသင့်ပါတယ် ဘုရား)၊ ရန်ဖြစ်မယ့်လူတော့ မပြောနဲ့ပေါ့ဗျာ (မှန်ပါ့)။

ဟာ သူဖြင့် မသိတဲ့လူပဲ၊ သေရမှာကြောက်တဲ့ ပုဂ္ဂိုလ်လဲ ရှိပါလိမ့်ဦးမယ် (ရှိပါတယ် ဘုရား) အဲဒီလို ပုဂ္ဂိုလ်ကျ တော့ မောင်ဘသော်တို့ ဘာလုပ်ရမလဲ (ပြောရပါမယ် ဘုရား)။

ပြောပေးရမယ် ဆုံးမပေးရမယ်၊ ဓမ္မဒါနလုပ်ရမယ် (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် သူများကို ဓမ္မဒါနလုပ် ကိုယ်သိပြီးမှ လုပ်ရမှာဖြစ်နေတော့ ဒကာကြွယ်ရေ ၂နဲ့၃မကူးအောင် ကိုယ်ကိုယ်တိုင် သိအောင် အရင်လုပ်ကြဦးစို့ (မှန်ပါ့)။

ဘာလုပ်ရမယ် (ကိုယ်သိအောင် အရင်လုပ်ရပါမယ် ဘုရား)။

၂နဲ့၃ဆိုတော့ ဘုန်းကြီးမှာလဲ သက်သာသွားတယ် (မှန်ပါ့) ၂,ထဲမှာလဲ ငါးခုတောင် ရေရမှာကိုး၊ ၃,ထဲမှာလဲ ငါးခုတောင်ပါနေတယ် (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် ဂဏန်းနဲ့ပဲ ဟောနေတယ်ဆိုတာ ဒကာ ဒကာမတွေ သိပါပြီ (သိပါပြီ ဘုရား)။

ပုံစံကြည့်လိုက်တော့လဲ ဪ ၂,က ဒါတွေကိုး၊ ဒါတွေကိုး၊ ၃ကဒါတွေဒါတွေကိုးဆိုတာ မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့်ဦးဘအုန်း ၂နဲ့၃ မကူးတဲ့နည်း လုပ်ကြပါစို့ (မှန်ပါ့) ဘာလုပ်ရမယ် (၂နဲ့၃ မကူးတဲ့နည်း လုပ်ရပါမယ် ဘုရား)။

ကိုင်း သေသေချာချာ မှတ်ကြပါ၊ ဒါသင်ပါတော့မယ်နော် (မှန်ပါ့)။

ကွာ တဲ့၊ ၂နဲ့၃ မကူးတဲ့နည်း အင်္ဂုတ္တိရ်မှာ လာတယ်။

အနိစ္စကို အနိစ္စလို့ သိတယ်

”အနိစ္စ ယေဝ ဓမ္မာနံ အနိစ္စန္တိ ပဿတိ၊ သာယံ ဟောတိ သမ္မာဒိဋ္ဌိ” အနိစ္စကို အနိစ္စလို့ သိတယ်၊ ဥပမာ ဝေဒနာကလေး တစ်ခုထားပါတော့၊ ဖြစ်ပြီးပျက်တာ ဘာခေါ်ကြမယ် (အနိစ္စပါ ဘုရား)။

အဲဒီတော့ အနိစ္စကိုတဲ့ အနိစ္စလို့သိလို့ရှိရင် ဒီနေရာမှာ သမ္မာဒိဋ္ဌိဝင်တယ် (မှန်ပါ့) ဝေဒနာကလေးတွေ အနိစ္စကို အနိစ္စလို့သိရင် သိတဲ့သမ္မာဒိဋ္ဌိက ဒီနေရာမှာ ဝင်လိုက်တာပဲ (မှန်ပါ့)။

ဒီအဆက်ကလေး ဘာဖြစ်သွားသတုန်း (ပြတ်သွားပါတယ် ဘုရား) သဘောပါပြီလား (ပါ ပါပြီ ဘုရား)။

၂,က ဒကာ ဒကာမတို့ ၃ကို ကူးသလား၊ ပြတ်ထွက်သလား (ပြတ်ထွက်သွားပါတယ် ဘုရား) ပြတ်တယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အနိစ္စံ ယေဝ ဓမ္မာနံ အနိစ္စန္တိ ပဿတိ၊ သာယံဟောတိ သမ္မာဒိဋ္ဌိ (မှန်ပါ့)။

ဦးဘအုန်း ဘာတဲ့တုန်း (သမ္မာဒိဋ္ဌိပါ ဘုရား) သမ္မာဒိဋ္ဌိဆိုတာမဂ်ပဲ (မှန်ပါ)။

သမ္မာဒိဋ္ဌိဆိုတာ (မဂ်ပါ ဘုရား) မဂ်သည်ကားလို့ဆိုရင် ဒီအစပ်ဖြတ်ချတယ် (မှန်ပါ့) ဘာဖြစ်လို့တုန်းဆိုတော့ အနိစ္စကို အနိစ္စလို့သိလို့ (မှန်ပါ့) ဝေဒနာကလေးဟာ ဘာတဲ့ (အနိစ္စပါ ဘုရား) သိတာက ဒီနေရာ မဂ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် အနိစ္စကိုသိရင် ပြတ်တယ် (မှန်ပါ့) ဒုက္ခကိုသိရင် (ပြတ်ပါတယ် ဘုရား) အနတ္တကိုသိရင် (ပြတ်ပါတယ် ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဪ ဒါဖြင့် မသိတဲ့ပုဂ္ဂိုလ်မပြတ်ဘူး၊ သိတဲ့ပုဂ္ဂိုလ် (ပြတ်ပါတယ် ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အသိပညာလောက် အရေးကြီးတာ ဒကာကြွယ်ရှာမတွေ့ဘူး (မတွေ့ပါ ဘုရား) သံသရာပြတ်ဖြင့် သူပဲ(မှန်ပါ့) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဝေဒနာပေါ်တိုင်း ပေါ်တိုင်း အနိစ္စလို့ မှတ်ပါ

ဒါဖြင့် ဒီလိုလုပ်ကြစို့ ဒကာ ဒကာမတို့၊ အနိစ္စကိုတစ်ခါတည်း မြင်အောင်ကြည့်ပါ၊ ဘယ်လိုကြည့်ရမှာတုန်း လို့မေးတဲ့အခါကျလို့ ရှိရင်ဖြင့် အနိစ္စသည် ဒါကလေးဖြင့် ဝေဒနာကိုမဟုတ်ဘူး၊ အနိစ္စကလေးပဲလို့ တစ်ခါတည်း မှတ်ပစ်ပါ (မှန်ပါ့) ဝေဒနာပေါ်တိုင်း ပေါ်တိုင်း အနိစ္စလို့ မှတ်ပါ (မှန်ပါ့)။

အနိစ္စ ပဋိသံဝေဒီ=အနိစ္စလို့ ထိုးထွင်းလို့သိပါ (မှန်ပါ့) ဒါဖြင့် ဝေဒနာကလေးပေါ်လာရင် ဒကာ ဒကာမတို့ အနိစ္စလို့ အရင်မှတ်၊ ပြီးတော့မှ အနိစ္စလို့သိ (မှန်ပါ့)။

ဝေဒနာကလေး ပေါ်လာရင် ဘယ်နှယ့်လုပ်မလဲ (အနိစ္စလို့ သိရပါမယ် ဘုရား)။

သတတံ=အမြဲ၊ သမိတံ=မပြတ်၊ ဒါကလေးတွေ ပေါ်လာရင် ဒါအနိစ္စပဲလို့၊ အဗ္ဗောကိဏ္ဏံ တဲ့၊ ဒကာ ဒကာမတို့ မပြတ်ကြိုးစားပါ-တဲ့ (မှန်ပါ့) မပြတ်ကြိုးစားပါတဲ့။

အဗ္ဗောကိဏ္ဏံ=သူ့ကို ရှုနေတုန်းကို အနိစ္စကလေးလို့မှတ်၊ သိပြီး သကာလ ရှုနေတုန်းကို အဗ္ဗောကိဏ္ဏံ ဆိုတာ ဒကာကြွယ်မှတ်လိုက်စမ်း၊ တစ်ပါးသောတရား ဒီကြားထဲမှာ မဝင်စေနဲ့တဲ့ (မှန်ပါ့)။

အနိစ္စလို့မှတ်၊ အနိစ္စလို့သိ၊ အနိစ္စရှုနေတုန်းကို တစ်ပါးသောတရား မဝင်နေနဲ့တဲ့ (မှန်ပါ့ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

တစ်ပါးသော ကိစ္စဆိုတာ သားကိစ္စ, သမီးကိစ္စ, ဆွေကိစ္စ, မျိုးကိစ္စ ဆိုတဲ့ ဝိတက်တွေပေါ့ဗျာ (မှန်ပါ့) အဲဒါတွေ ဘာတုန်း (မဝင်စေရပါ ဘုရား)၊ မဝင်စေနဲ့နော် ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)။

ကိုယ်က အနိစ္စလို့မှတ်ထား၊ အနိစ္စလို့သိ၊ အနိစ္စလို့ရှု၊ ခပ်များများကလေး ရှုနေပါ (မှန်ပါ့)။

အဲဒီ ရှုနေတဲ့ ၁၀မိနစ် ၁၅မိနစ်အတွင်းမှာဖြင့် သားရေး, သမီးရေ, စီးပွားရေးဆိုတဲ့ စိတ်တွေမဝင်စေနဲ့ (မှန်ပါ့ ဘုရား) ဦးဘအုန်း မဝင်စေနဲ့နော် (မှန်လှပါ ဘုရား)။

”သတတံ သမိတံ အဗ္ဗောကိဏ္ဏံ စေတသာ အဓိမုစ္စ မာနောပညာယပရိယောဂဟမာနော” ပညာနဲ့သာ တစ်ခါတည်း ခင်ဗျားတို့ ဒီနေရာ ဒီနေရာ၌ သတိကို အသာထားပြီး သကာလ ပညာနဲ့သာ စူးစူးစိုက်စိုက်လုပ်လိုက် စမ်းပါ (မှန်ပါ့)။

ကိလေသာကြားမညှပ်ပဲနဲ့

ဒါဖြင့် ကိလေသာကြားမညှပ်ပဲနဲ့ ကြားကမခိုပဲနဲ့ပေါ့ဗျာ ဖြစ်ပျက်နဲ့ မဂ်နဲ့ကြားထဲမှာ အားလုံး ဒကာ ဒကာမတို့ ကိလေသာကြားမခိုဘဲနဲ့ လုပ်လိုက်မယ်ဆိုလို့ရှိရင် များများမလုပ်ရပါဘူး ဒကာ ဒကာမတို့၊ မနက်အားထုတ် ညနေရပါ တယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) ကိလေသာ ကြားမခိုစေနဲ့ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဘယ်လိုလုပ်ကြမယ် (ကိလေသာ ကြားမခိုစေပဲ လုပ်ရပါမယ် ဘုရား) ကိလေသာ ကြားမခိုလို့ရှိရင်ဖြင့်-တဲ့ အဗ္ဗောကိဏ္ဏံ တစ်ပါးသော ကိလေသာမရောပဲနဲ့ပေါ့ဗျာ (မှန်ပါ့) စေတသာ အဓိမုစ္စမာနော=စိတ်ဟာတစ်ခါတည်း ဒကာ ဒကာမတို့ ဖြစ်ပျက်ဆီချည့် လွှတ်ပေးပါ (မှန်ပါ့)။

ပညာယပရိယောဂဟမာနော=ပညာနဲ့လဲ ဒါဖြစ်လိုက်ပျက်လိုက် ဖြစ်လိုက်ပျက်လိုက် နေတာပဲ၊ အပျက်ချည့်မြင် ရင်ပေါ့ဗျာ (မှန်ပါ့)။

အဲဒီလိုချည့် ရှုနေမယ်ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ၁၅မိနစ်အတွင်းလဲ သူသည် ဖြစ်ပျက်ချုပ်သွားနိုင်တယ် (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်တွေ ချုပ်ပြီး သကာလ ဖြစ်ပျက်တွေဆုံးတဲ့နိဗ္ဗာန်ကို အာရုံပြုနိုင်တယ် (မှန်ပါ့) တစ်ခါတည်းကို မြင်နိုင်တယ် (မှန်ပါ့)။

အဲဒါကြောင့် ဘုရားက “သော အာသာဝါနံ ယော” တစ်ခါတည်း အာသာဝကုန်ပါတယ်ကွ-တဲ့၊ အာသဝကုန် တယ်ဆိုတာ ဒီဘက်ကဟာတွေက အာသဝချည့်မှတ်ပါ (မှန်ပါ့)။

တဏှာဆိုတာ ဒကာ ဒကာမတို့ သိတဲ့အတိုင်းတဲ့၊ ကာမသဝတွေပဲ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့) ဒီသဝဆိုတာ လဲ အဝိဇ္ဇာသဝဆိုတာလဲ အဝိဇ္ဇာသဝဆိုတာလဲ အဝိဇ္ဇာသဝပဲ (မှန်ပါ့) အာသဝ ဒီဘက်ကလာတဲ့တရားတွေ အကုန် ကုန်ပါတယ် (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ အနိစ္စလို့မှတ်၊ အနိစ္စလို့ သိပေါ့ဗျာ (မှန်ပါ့)။

တစ်ပါးသော ကိလေသာ မရောအောင်သိနေကြမယ်ဆိုရင် တစ်ခါတည်း သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာဖြစ်နိုင်တယ်၊ တစ်ပါးသော ကိလေသာ မရောစေနဲ့ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ပညာနဲ့လဲ စူးစိုက်လိုက်ပါ

ဒါဖြင့် ဝေဒနာငါးမျိုးရှိတဲ့ အနက်က ပေါ်တိုင်းပေါ်တိုင်း အနိစ္စလို့မှတ် (မှန်ပါ့) အနိစ္စလို့သိ (မှန်ပါ့) အနိစ္စလို့လဲ ရှုကြပါ (မှန်ပါ့) ပညာနဲ့လဲ စူးစိုက်လိုက်ပါ (မှန်ပါ့) တစ်ပါးသော ကိလေသာလဲ ကြားမခိုစေနဲ့ (မှန်ပါ့) ဒီလိုဆိုရင်ဖြင့် တစ်နာရီအတွင်း နာရီဝက်အတွင်းမှာပဲ နိဗ္ဗာန်တွေ့နိုင်တယ် (မှန်ပါ့) ကြိုးစားကြနော် (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့်ဒကာ ဒကာမတို့ ဖြစ်ပျက်ရှုတတ်ကြပြီလား (ရှုတတ်ပါပြီ ဘုရား) ဖြစ်ပျက်ဟာ အနိစ္စကိုး (မှန်ပါ့ ဘုရား) အနိစ္စလို့မှတ် အနိစ္စလို့ရှု အနိစ္စလို့သိပေးပါ (မှန်ပါ့ ဘုရား)၊ အနိစ္စလို့မှတ် အနိစ္စလို့ရှု အနိစ္စလို့ သိပေးပါ (မှန်ပါ့ ဘုရား) ကိလေသာ ကြားမခြားပဲနဲ့ သိပေးပါ (မှန်ပါ့ ဘုရား)။

ထိုကဲ့သို့ သိပေးလို့ရှိရင် အာသဝေါကုန်ပါတယ် (မှန်ပါ့ ဘုရား)၊ ဘယ်အာသဝေါတုန်းဆိုတာ ဒိဋ္ဌာသဝတို့ ဝိစိကိစ္ဆာဆိုတဲ့ အဝိဇ္ဇာသဝတို့ ကုန်ပါတယ် (မှန်ပါ့) မကုန်ပေဘူးလား (ကုန်ပါတယ် ဘုရား)။

ဒိဋ္ဌိဝိစိကိစ္ဆာ အာသဝတွေ အရင်ပယ်ချမယ် (မှန်ပါ့) ဝိစိကိစ္ဆာဆိုတာ အဝိဇ္ဇာဆိုတာ အဝိဇ္ဇာထဲက ပါပဲတဲ့၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဲဒီလိုရှုလိုက်တဲ့အခါ “ဖျတ်” ဆို ဒကာ ဒကာမတို့ ၂ကနေ ၃မကူးဘူး (မကူးပါ ဘုရား) မကူးတော့ ဒီအဆက် ကလေးက ဘာဖြစ်သွားတုန်း (ပြတ်သွားပါတယ် ဘုရား) အဆက်ကလေးဟာ အပြတ်ဖြစ်သွားတယ် (မှန်ပါ့) ပြတ်သွား တော့ သောတပန်တည်ရော (မှန်ပါ့)၊ အာသဝကုန်တဲ့ အခါကျတော့ နိဗ္ဗာန်မြင်ရော (မှန်ပါ့) ဒိဋ္ဌာသဝနဲ့ အဝိဇ္ဇာသဝ အချို့ကုန်သွားတယ် (မှန်ပါ့)၊ ဒိဋ္ဌာသဝကတော့ အကုန်ကုန်တယ်၊ အဝိဇ္ဇာသဝက ဝိစိကိစ္ဆာကုန်တာပေါ့ဗျာ (မှန်ပါ့) အဲဒီလို ကုန်သွားတော့ သောတာပန်တည်တယ် (မှန်ပါ့)။

ဖြစ်ပျက်ဆုံးတော့ နိဗ္ဗာန်မြင်သွားတယ်

သောတပန်တည်တော့ အပါယ်လေးပါးက “စတူဟပါယေဟိစဝိပ္ပမုတ္တော” သဘောကျပြီလား (ကျပါပြီ ဘုရား) “သဟာဝဿ ဒဿန သမ္ပဒါယ” (မှန်ပါ့)။

ဒဿနသမ္ပဒါယ=နိဗ္ဗာန်မြင်သည်နဲ့၊ သဟာဝ=တကွသာလျှင် ဖြစ်ပျက်ဆုံးတော့ နိဗ္ဗာန်မြင်သွားတယ် (မှန်ပါ့)။

တသာ ဓမ္မော ဇဟိတာဘဝန္တိတဲ့၊ ဒိဋ္ဌိဝိစိကိစ္စာ သီလဗ္ဗတ ပရာမာသတွေ ကုန်သွားပြီတဲ့ (မှန်ပါ့) သဘောကျပြီ လား (ကျပါပြီ ဘုရား)။

နိဗ္ဗာန်မြင်မှ ကုန်သဟေ့တဲ့ (မှန်ပါ့) နိဗ္ဗာန်မမြင်သေးရင် (မကုန်ပါ ဘုရား) မကုန်သေးဘူးဆိုတာ သဘောကျပြီ လား (ကျပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါနဲ့ နိဗ္ဗာန်မြင်တော့ ကုန်ပြီဆိုကြပါစို့ (မှန်ပါ့) သောတာပန်တည်ပြီ ဆိုကြပါစို့ (မှန်ပါ့)။

ကဲ နိဗ္ဗာန်မြင်သွားပြီ၊ ဘာကြောင့်တုန်းလို့ မေးတဲ့အခါကျတော့ ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာ အဖြစ်ကဖြင့် ဒီဘက်ကူးသေရဲ့ လား (မကူးပါ ဘုရား) ကျန်တဲ့ တဏှာဥပါဒါန်တွေက ကူးချင်ကူးပါစေ (မှန်ပါ့) ကိစ္စမရှိဘူး၊ ဒါကူးတာ (မှန်ပါ့) ကိုယ့် အပါယ်သွားမယ့် တရားကတော့ ဒီဘက်မကူးတော့ဘူး (မှန်ပါ့ ဘုရား)။

အပါယ်မသွားတဲ့တရားတွေ ကူးတာကတော့ ဒကာ ဒကာမတို့ သိပ်ကြောက်စရာမရှိဘူး (မှန်ပါ့) ဒိဋ္ဌိဝိစိကိစ္ဆာကို တော့ ဒီအဆက်ကနေပြီး ဖြတ်လိုက်ပြီ (မှန်ပါ့)။

သောတပတ္တိမဂ်က ဖြတ်လိုက်တော့ အခုတရားနာနေတာ ဘာတုန်းဘုရားဆိုတာ သောတပန် မပယ်နိုင်တဲ့ တဏှာဥပါဒါန်က ကျန်သေးတယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ကူးချင်ကူးပါစေ၊ ကျုပ်တို့အပါယ်ကျတဲ့ တရားကတော့ (မကူးတော့ပါ ဘုရား) မကူးတော့ပါဘူး ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့)။

သုဂတိ သွားမယ့်တရားတွေ ကူးနေတယ်

ဒကာကြွယ် ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား) အပါယ်သွားတရားကတော့ ၂နဲ့ ၃ကူးသေးရဲ့လား (မကူးပါ ဘုရား) သုဂတိ သွားမယ့်တရားတွေ ကူးနေတယ် (မှန်လှပါ)။

အဲဒီတော့ ကျုပ်တို့မှာ တာဝန်အေးရပြီ ဆိုလို့ရှိရင်ဖြင့်မှန်ပြီလို့ ဦးဘအုန်းဆိုရမယ် (မှန်ပါ့) တာဝန်အေးသွားပြီ (မှန်ပါ့) မအေးသေးဘူးလား (အေးပါပြီ ဘုရား) ရှင်းသွားပြီနော် (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဒီနည်းကို ဘုရားတပည့်တော်တို့ဖြင့် ဖြစ်ပျက်တွေ၏အဆုံး မြင်ပါပြီဘုရား၊ အနိစ္စလို့မှတ်၊ အနိစ္စလို့ ရှု၊ အနိစ္စလို့ သိတာနဲ့ပဲ တစ်ပါးသော တရားတွေ ဖျတ်ခနဲ မရောဘဲ နေတာနဲ့ တပည့်တော်တို့ ဖြစ်ပျက်တွေ အကုန်ချုပ်တဲ့ နိဗ္ဗာန်ကြီး မြင်ပါပြီဆိုတော့ ခုနင်က သုံးဆယ့်တစ်ဘုံဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ မကူးတော့ဘူး (မှန်ပါ့)။

မကူးတော့အပါယ်သွားနိုင်သေးရဲ့လား (မသွားနိုင်ပါ ဘုရား) မသွားနိုင်တော့ သောတာပန်တည်ပြီလို့ မှတ်လိုက် ပါ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

မသွားတော့ ဘာတဲ့ (သောတာပန်တည်ပါပြီ ဘုရား) ဒိဋ္ဌိဝိစိကိစ္ဆာကတော့ မကူးတော့ဘူး (မကူးပါ ဘုရား) ၂နဲ့၃ မကူးတော့ပါဘူး (မှန်ပါ့) သဘောပါပြီလား (ပါပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒီလိုကူးပြီးတော့ ဘယ်လိုများ ကျေးဇူးရှိပါလိမ့်မလဲလို့ ဒကာကြွယ်မေးဖို့လိုတယ်နော် (မှန်ပါ့)။

အဲဒီတော့ မဟာဝဂ္ဂ သံယုတ်ပါဠိတော် ဝတ္ထုကလေးက ဘယ်လိုလာသတုန်းဆိုတော့ မဟာနာမ်မင်းကြီးပေါ့ ဗျာ၊ သာကီဝင်မင်းမျိုးတွေ (မှန်ပါ့) အဲဒီ မဟာနာမ်မင်းကြီးက သောတာပန် သကဒါဂါမ် တည်ပြီးပြီ (မှန်ပါ့)။

သူက မနက်ကတည်းက ဘုရားကျောင်းတော်သွားတယ်၊ မနက် ဘုရားကျောင်းတော်သွားပြီး ညနေကျလို့ရှိရင် ကပ္ပိလဝတ်ပြည်ထဲ ပြန်လာတယ်လို့ မောင်ဘသော်တို့က မှတ်ရမယ် (မှန်ပါ့)။

အဲဒီလို ပြန်လာတော့ ကပ္ပိလဝတ်ပြည်ကလဲ စောင်းသံတွေရော၊ ဆိုင်းသံတွေရော၊ ဗုံသံတွေကရော၊ ဆင်တွေ ရော၊ မြင်းတွေရော အင်မတန် စည်ကားတဲ့မြို့ကိုး (မှန်လှပါ)။

ဆင်တွေကလွတ်လာ၊ မြင်းတွေက လွတ်လာ၊ သူကကျောင်းတော်က ပြန်လာတော့လဲ ဒါတွေ တိမ်းရှောင်နေ ရတယ် (မှန်ပါ့ ဘုရား)။

သောတာပန်ကတော့ တည်ပြီးသားနော် (မှန်ပါ့)။

ဒါတွေ တိမ်းရှောင်နေရတာက သူ့စိတ်မှာ ခုနင်က ဖြစ်ပျက်တွေ လက်လွတ်သွားတယ် (မှန်ပါ့) ဖြစ်ပျက် လက်လွတ်သွားတယ်၊ ဘာဖြစ်လို့တုန်း၊ တိမ်းရှောင်နေရလို့ (မှန်ပါ့ ဘုရား)။

ငါသေသွားမယ်ဆိုရင်တော့

ဖြစ်ပျက်တွေ လက်လွတ်၊ ဘုရားဂုဏ်, တရားဂုဏ်တွေလဲ (လက်လွတ်ပါတယ် ဘုရား) လက်လွတ်ပြီး သကာလ နေတော့ ဦးဘအုန်း သူကတွေးတယ်၊ ဪ ငါသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒီအချိန် ငါသေသွားမယ်ဆိုရင်တော့ ဘယ်များသွားပါလိမ့်မလဲ၊ သူ့ဟာသူ တွေးလိုက်တယ် (မှန်ပါ့) သူ့အတွေးလုံးဟာ ဒီအတိုင်း ပေါ်လာတယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါနဲ့ နက်ဖြန် ဘုရားတော့ လျှောက်မှပဲ၊ မလျှောက်လို့ရှိရင် မဖြစ်ဘူး (မှန်ပါ့)။

နေ့တိုင်းလဲ ငါကျောင်းကိုသွားတယ်၊ တရားလဲ အားထုတ်တယ်၊ တရားဓမ္မတွေလဲ ဆွေးနွေးလို့၊ ပြန်လာတဲ့ အချိန်ကျရင် ကပ္ပိလဝတ်မြို့ကလဲ ဆင်တွေက လွတ်လာလို့ရှောင်ရ၊ မြင်းတွေကလဲ လွတ်လာလို့ရှောင်ရ၊ တီးတာမှုတ်တာ တွေကလဲ များလွန်းလို့၊ ဒါတွေကလဲ စိတ်အနှောင့်အယှက်တွေကဖြစ်၊ ဒီအချိန်များ သေသွားမယ် ဆိုရင်ဖြင့်၊ ဆင်နင်း မြင်းနင်းလို့ သေသွားမယ်ဆိုရင်ဖြင့် ငါသည်အပါယ်လေးပါး လွတ်မှာမဟုတ်ဘူးလို့ သူ့စိတ်ထဲအောက်မေ့နေတယ် (မှန်ပါ့ ဘုရား)။

သောတပန်ကတော့ တည်ပြီးသား ဖြစ်နေတယ်၊ သူအောက်မေ့ပုံကတော့ တစ်မျိုးဖြစ်နေတယ် (မှန်ပါ့)။

ဒါနဲ့နက်ဖြန်ကျတော့ ဦးဘအုန်း ဘုရားကို လျှောက်တော့တယ် (မှန်ပါ့)။

အရှင်ဘုရား ကပ္ပိလဝတ်ပြည်က သိပ်စည်ကားတယ်ဘုရား၊ ဒီတော့ တပည့်တော် ကျောင်းကပြန်တဲ့ အချိန် ကျရင် ဆင်တွေက လွတ်လာ၊ မြင်းတွေကလွတ်လာ၊ ခြေလျင်တပ်တွေကလာကြတယ်၊ ရှောင်ရ တိမ်းရ၊ တီးသံ မှုတ်သံတွေ ကလဲ နားထဲရှုပ်ပြီး သကာလ နေတော့ သတိဟာဖြစ်ပျက်တွေလွတ်ပါ တယ်ဘုရား (မှန်ပါ့)။

အနိစ္စတွေ တပည့်တော်မရှုနိုင်အောင်ဘဲဖြစ်နေတယ် (မှန်ပါ့) ဒါကိုထားပါတော့ဘုရား ဘုရားဂုဏ်, တရားဂုဏ်, သံဃာဂုဏ်တောင် မတွေးနိုင်တဲ့ အခြေအနေရောက်နေတယ် (မှန်ပါ့)။

အဲဒါကြောင့် တပည့်တော် ဒီအချိန်များ သတိလွတ်တဲ့အချိန်မေ့သွားလို့ရှိရင် မကောင်းသော သေခြင်းတော့ ဖြစ်လိမ့်မယ်ထင်တယ်၊ သူ့ဟာသူ သံသယနဲ့လျှောက်တယ် (မှန်ပါ့)။

အဲဒီတွင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မဟာနာမ်မင်းကြီး မကောင်းသောသေခြင်း မသေပါဘူးကွာ၊ မင်းစိတ်ချပါ၊ မင်းမှာရှိတဲ့သဒ္ဓါ၊ မင်းမှာရှိတဲ့သီလ၊ မင်းမှာရှိတဲ့စာဂ၊ မင့်မှာရှိတဲ့ အကြားအမြင်၊ မင်းမှာရှိတဲ့ ပညာဆို တဲ့ သူတော်ကောင်း ရတနာငါးပါးရှိတယ်၊ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာပေါ့ဗျာ (မှန်ပါ့)။

အဲဒီတော့ သူတော်ကောင်းရတနာငါးပါးကကွာ တဲ့၊ ငါပြောပြမယ်၊ မင်းခန္ဓာကိုယ်ကြီးကတော့ မင်းသေသွား တယ်ထားပါတဲ့၊ ခန္ဓာကိုယ်ကြီးကတော့ဖြင့် မြေထဲ မမြှုပ်ကြလို့ ရှိရင် ကျီး, လင်းတတို့ စွန်ရဲတို့ ခွေးတို့အစာဖြစ်မှာပဲ (မှန်ပါ့)။

အထက်သွားမှာပဲတဲ့

သဒ္ဓါ, သီလ, သုတ, စာဂ, ပညာကတော့ အထက်သွားမှာပဲတဲ့ (မှန်ပါ့) အသားအရိုးကသာ အောက်မှာမြှုပ်မှာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

သဒ္ဓါ, သီလ, သုတ, စာဂ, ပညာကတော့ အထက်သုဂတိသွားမယ် (မှန်ပါ့) ကဲ ရှင်းနေပြီ (ရှင်းပါပြီ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကဲကွာ ငါဥပမာပြမယ်ဟေ့၊ မင်းသေသေချာချာမှတ်ပါ၊ ရေထဲ မြစ်ထဲမှာ ထောပတ်ဆီအိုးမှောက်လို့ အိုးချင်း တိုက်ပြီးကွဲကျတယ်ကွာတဲ့၊ အိုးခြမ်းပဲ့ကတော့ မြစ်ထဲအောက်ရောက်အောင် သွားမှာပဲ၊ ဆီ ထောပတ်ကတော့ပါသွား သည့်တိုင်အောင် အပေါ်ပြန်တက်မယ်တဲ့ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ထို့အတူတူပဲတဲ့ မင်းခန္ဓာကြီးကသာလျှင် မြေစာရင်လဲဖြစ်မယ်၊ ခွေးစားကျီးစာ လင်းတစာရင်လဲဖြစ်မယ် (မှန်ပါ့ ဘုရား)။

မင့် သဒ္ဓါ, သီလ, သုတ, စာဂ, ပညာဆိုတဲ့သောတာပန်တည်ပြီးသား ဒီငါးပါးကိန်းပြီးသားတွေ ကတော့ သုဂတိအထက်ပဲ ဆောင်မယ် (မှန်ပါ့)။

ထောပတ်အိုးကွဲတော့ အိုးခြမ်းပဲ့သာ ရေထဲကျသနော် (မှန်ပါ့) ထောပတ်ဆီတွေက အပေါ်တက်လျက် (မှန်ပါ့ ဘုရား)။

ဒီအတိုင်းပဲတဲ့၊ ဒုက္ခချုပ်လို့ နိဗ္ဗာန်မြင်တဲ့ ပုဂ္ဂိုလ်များ အတွက်ကတော့ဖြင့် ဒကာ ဒကာမတို့လူသာ အလောင်း မြှုပ်ခံရမယ်တဲ့၊ ကိုယ့်ရှိတဲ့ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာကတော့ သုဂတိပဲ သွားရမယ် (မှန်ပါ့) သုဂတိပဲဆောင် ပို့မယ် (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခချုပ်တဲ့ နိဗ္ဗာန်ကို အာရုံပြုနိုင်အောင် လုပ်ရလိမ့်မယ် (လုပ်ရမှာပါ ဘုရား) ခုနက နည်းနဲ့လုပ်ပါ (မှန်ပါ့)။

နည်းလဲ ပထမကပေးခဲ့ပါပြီ (မှန်ပါ့) နည်းလဲပေးခဲ့တဲ့အတွက် ဒီနည်းရလို့ ဒီလိုသေရပါမယ် ဆိုတာလဲ ဒီနေ့ နှစ်ခုစပ်ပြောတယ် (မှန်ပါ့)။

ဆီအိုး ထောပတ်အိုးကွဲတော့

နှစ်ခုစပ်ပြီးပြောတယ် ဒကာကြွယ်ရေ (မှန်ပါ့) ဆီအိုး ထောပတ်အိုးကွဲတော့ အိုးခြမ်းပဲ့တွေကတော့ ဒကာ ကြွယ်မြစ်ထဲ အောက်ရောက်အောင် သွားမှာပဲ (မှန်ပါ့)။

ဆီထောပတ်တို့ကတော့ အောက်မှာနေမလား၊ အပေါ်တက်မလား (အပေါ်တက်လာမှာပါ ဘုရား)။

ဒီမှာပဲ ဒုက္ခချုပ်တဲ့ နိဗ္ဗာန်မြင်တဲ့ ပုဂ္ဂိုလ်များကဖြင့် ဒကာ ဒကာမတို့ သေသေချာချာမှတ်ပါ၊ ခန္ဓာသာလျှင် မြေမြှုပ်ခံရမယ် (မှန်ပါ့)။

သဒ္ဓါ, သီလ, သုတ, စာဂ, ပညာဆိုတဲ့သူတော်ကောင်းရတနာတွေကရှိပြီးသား ဖြစ်နေတော့ သူတို့ကအထက်ကို သာဆောင်တယ် (မှန်ပါ့)။

အိုးခြမ်းပဲ့လိုမြုပ်သွားလိမ့်မယ်လို့ ဦးဘအုန်းတို့ မယူပါနဲ့ (မှန်ပါ့) တစ်ခြားစီပေါ့ဗျာ ရှင်းကြပြီလား (ရှင်းပါ ပြီ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ အိုးခြမ်းပဲ့ဖြစ်အောင်တော့ စိတ်မကူးကြပါနဲ့ (မှန်ပါ့) ဆီထောပတ်ဖြစ်အောင် (စိတ်ကူးရပါမယ် ဘုရား)။

စိတ်ကူးရုံကလေးနဲ့မဖြစ်ဘူး (မှန်ပါ့) တို့ ဆီထောပတ်မဖြစ်ဖြစ်အောင် လုပ်မယ်၊ သောတာပန်တည်အောင် လုပ်မယ် (မှန်ပါ့) သဘောပါကြပြီလား (ပါ ပါပြီ ဘုရား)။

သောတာပန်တည်အောင်လုပ်ရမယ်

ဒကာကြွယ် ဘယ်လိုလုပ်ရမယ် (သောတာပန်တည်အောင်လုပ်ရပါမယ် ဘုရား) လုပ်နည်းရပြီလား ဒကာကြွယ် (ရပြီ ဘုရား)။

အနိစ္စလို့ဖြစ်တဲ့ဝေဒနာလေး သို့မဟုတ် စိတ်ကလေးဖြစ်ဖြစ်မှတ်၊ အနိစ္စလို့သိ၊ အနိစ္စလို့ ဉာဏ်ထဲသက်ဝင် (မှန်ပါ့)။

တစ်ပါးသော ကိလေသာမရောဘဲနဲ့ ပညာနဲ့သာ ရှုလိုက်ပါဆိုရင်ဖြင့် အပါယ်သွားတဲ့အာသဝ ကုန်တာပဲ (မှန်ပါ့ ဘုရား)။

ဒါကြောင့် အနိစ္စလို့မှတ်၊ အနိစ္စလို့သိ၊ အနိစ္စလို့ရှု (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

တစ်ပါးသောကိလေသာမရောဘဲနဲ့ ပညာနဲ့သိနေလို့ရှိရင်ဖြင့် သောတာပန်တည်တာပါပဲ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

မလုပ်တတ်စရာရှိသေးသလား (မရှိပါ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ ခုနင်ကပြောသလို သဒ္ဓါ, သီလ, သုတ, စာဂ, ပညာက မြေမြှပ်မခံရဘူး၊ အိုးခြမ်းပဲ့သဘောဖြစ်သွားတယ် (မှန်ပါ့) သူကဆီသဘောဖြစ်ပြီး အပေါ်တက်ပါတယ် (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ အလုပ်လဲတတ်ပါတယ်၊ အခုမြင်တဲ့ အဖြစ်မျိုးလဲ ကြိုက်ပါပြီ (မှန်ပါ့)။

ဒကာကြွယ်၊ ဒီအဖြစ်က (လွဲစရာမရှိပါ ဘုရား)။ လွဲစရာမရှိပါဘူးဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒီအဆက်ပြတ်သွားတာလဲ ၂နဲ့၃ မကူးတာလဲ သေချာပါပြီ၊ ကူးချင်ကူးပါစေ၊ အပါယ်သွားတဲ့ အကူးတော့ (မဟုတ်ပါ ဘုရား) သုဂတိသွားတဲ့ အကူးပဲကျန်ရစ်တယ် (မှန်ပါ့)။

ဒီတော့ အားငယ်စရာစိတ်ထား ပြောစရာမရှိပါဘူး၊ မလုပ်တဲ့ပုဂ္ဂိုလ်အတွက်တော့ ဘုန်းကြီးမပြောလိုပါဘူး၊ လုပ်တဲ့ပုဂ္ဂိုလ်အတွက် ဆရာသမားလဲ ရိုသေမယ်၊ ကိုယ့်ကိုယ်လဲ သနားမယ် မဟုတ်လား (မှန်ပါ) ဒီလို ဆိုလို့ရှိရင်ဖြင့် ဒကာကြွယ် လုပ်ထိုက်ပါတယ် (မှန်ပါ)။

မသေခင်ကလေး ပြောနေတာ

ဒါလဲ ဒီအချိန် ဒီကာလ ဒီဆရာသမားနဲ့ ဒီခန္ဓာကလေးကလဲ မသေခင်ကလေး ပြောနေတာ (မှန်ပါ) နာနေ ရင်တောင်မှ အတော်ပြည့်သွားပြီ (မှန်ပါ) ပြောချိန် နာချိန်ဆိုတာလဲ မလွယ်လှပါဘူး (မှန်ပါ)။

ပြောချိန် နာချိန်၊ ပြောတတ်တဲ့ ဆရာနဲ့ တွေ့ဖို့လဲ မလွယ်၊ နာတတ်တဲ့ နားနဲ့ပြည့်စုံဖို့ကလဲ မလွယ် (မှန်ပါ) ပြောတတ်တဲ့ ဆရာနဲ့တွေ့လဲ နာတတ်တဲ့ နားနဲ့တွေ့လဲ ကျန်ခန္ဓာတွေက မလိုက်ပြန်လဲ ဦးဘအုန်းမရဘူး (မှန်ပါ) ရပါ့မလား (မရပါ ဘုရား)။

ကိုင်း ဒါဖြင့် အထိသုံးပါးညီဖို့ရာ ဒကာကြွယ်မလွယ်ပါလား (မလွယ်ပါ ဘုရား)။

အထိသုံးပါးညီဖို့ (မလွယ်ပါ ဘုရား) အဲဒီတော့ အခုတော့ဖြင့် ညီနေတယ် (မှန်ပါ) ပြောတတ်တဲ့ ဆရာလဲရှိတယ်၊ ထောင်တတ်တဲ့ နားလဲ (ရှိပါတယ်) ကျန်းမာရေးကလဲ ခန္ဓာမှာ (ပြည့်စုံပါတယ် ဘုရား)။

အဲဒီတော့ ဒီအချိန်ပဲ ခင်ဗျားတို့ အကောင်းဆုံးအချိန်အခါ (မှန်ပါ့) နောက်ကိုအဆိုးချိန်သာ လာမယ်၊ အကောင်း ချိန်ကတော့ (မလာပါ ဘုရား) မလာတော့ဘူးဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် အနိစ္စတစ်လုံးတည်းနဲ့ ကိစ္စပြီးတယ် (မှန်ပါ)။

အင်္ဂုတ္တိုရ် ပါဠိတော်က “သော အာသဝါနံ ခယာ” လို့ဆိုတယ်၊ အာသဝ ကုန်ပါတယ်ကွ တဲ့၊ သူတစ်လုံးရှုတာ နဲ့ (မှန်ပါ့)။

အနိစ္စလို့မှတ်၊ အနိစ္စလို့သိ၊ အနိစ္စလို့ရှုပါ

အနိစ္စလို့မှတ်၊ အနိစ္စလို့သိ၊ အနိစ္စလို့ရှုပါ၊ ကိလေသာမခြားပဲနဲ့ ပညာနဲ့သာ မိအောင် ရှုလိုက်စမ်းပါ (မှန်ပါ့) ဘယ်နည်းနဲ့မှ အိုးခြမ်းပဲ့ မဖြစ်ပါဘူး (မှန်ပါ့)။

ထောပတ်ဆီသာ ဖြစ်ရမယ်ဆိုတာလဲ သေသေချာချာ မဟာဝဂ္ဂသံယုတ်မှာ ဟောထားတယ်၊ ရှုနည်းက အင်္ဂုတ္တိုရ်မှာဟောတယ် (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတွေ ဒီဥစ္စာလုံလောက်ပြီလို့ယူပါ (မှန်ပါ့) တို့နာလဲ နာမယ်၊ လုပ်လဲ လုပ်မယ်ဆိုလို့ ရှိရင်ဖြင့် ကိုယ့်ကိုယ်ကို သနားသဖြင့် လုပ်လိုက်စမ်းပါ (မှန်ပါ့)။

ဘယ်လိုပြော လုပ်ပါလိမ့် (ကိုယ့်ကိုယ်ကို သနားသဖြင့် လုပ်လိုက်ပါ ဘုရား) မလုပ်ရင် ကိုယ့်ကိုယ်ကို မေးလိုက်၊ ဪ မင်းကိုယ်မှ မင်းသနားတဲ့ ပုဂ္ဂိုလ်မဟုတ်လို့ရှိရင်ဖြင့် မင်းထက်မိုက်တာ ငါရှာမတွေ့ဘူးလို့ ဆုံးမပါ (မှန်ပါ့)။

ကိုယ့်ကိုယ်ကိုမှ မသနားရင် သူ့ထက်မိုက်ရှိသေးရဲ့လား (မရှိပါ ဘုရား) သဘောပါသလား (ပါပါပြီ ဘုရား)။

အဲဒီတော့ မလုပ်ဖြစ်တဲ့အချိန် ဘယ်နှယ့်ဆိုကြမလဲ (ကိုယ့်ကိုယ်ကို မသနားတဲ့ပုဂ္ဂိုလ်ပါ ဘုရား) မင်းဟာ ကိုယ်ကိုယ်မှ သနားတတ်တဲ့ ပုဂ္ဂိုလ်မဟုတ်ဘူး၊ မင်းလောက်လျှော်တဲ့ပုဂ္ဂိုလ် ရှာမတွေ့ဘူးလို့ ဆုံးမပါ (မှန်ပါ့)။

သနားတဲ့စိတ်ပေါ်လာရင်ဒါလုပ်ရမှာပဲ

ထိုကဲ့သို့ ဆုံးမလိုက်ပြီဆိုမှဖြင့် ကိုယ့်ကိုယ်ကို ဆုံးမခက်ငြားသော်လည်း သနားတဲ့စိတ်ပေါ်လာလို့ ရှိရင်ဖြင့် ဒါလုပ်ရမှာပဲ (မှန်ပါ့) သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

ဒါဖြင့် လုပ်နည်းက အင်္ဂုတ္တိုရ် လုပ်လို့ခရီးပေါက်တဲ့အကြောင်းကို ထောပတ်နဲ့အိုးခွဲပြသလို ဦးဘအုန်းရေ အဲဒါက မဟာဝဂ္ဂသံယုတ် ပါဠိတော်မှာ လာပါတယ် (မှန်ပါ့) ဒါဖြင့် လုပ်နည်းမှန်ရင် ဒီအဖြစ်မှန်ရမယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ မမှန်မှာလဲ မစိုးရိမ်နဲ့၊ ဆရာကောင်းက လမ်းပြပြီး သကာလ နေတာ၊ ဘုရားဟောတော် မူတာကို မလွဲအောင် ပြောနေတာဆိုတာကိုလဲ ဒကာကြွယ်ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။

အဲဒီတော့ ကိုယ့်အတွက် စိုးရိမ်စရာမရှိဘူး၊ လုံ့လဝီရိယ ကလေးနဲ့ ပြင်းထန်၊ ကိုယ့်ကိုယ်ကို သနားတဲ့စိတ် မွေးပြီး လုံ့လဝီရိယ ပြင်းထန်လို့ရှိရင်ဖြင့် ထောပတ်ဖြစ်ရမယ်၊ အိုးခြမ်းပဲ့ မဖြစ်ဘူးဟေ့ (မှန်ပါ့) သဘောပါပြီလား (ပါပါပြီ ဘုရား)။

ကဲ … ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု … သာဓု … သာဓု။