12702

မာတိကာသို့

ဒိဋ္ဌိအလေးဓာတ်ကြီးပါသွားရင် သံသရာမှာ မြုပ်ကြရဦးမည့်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ် ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့၌ ဟောကြားတော်မူအပ်သော

ဒိဋ္ဌိအလေးဓာတ်ကြီးပါသွားရင် သံသရာမှာ မြုပ်ကြရဦးမည့်

တရားတော်

သလ္လဆိုတဲ့ လိစ္ဆဝီမင်းသား

ဒကာ ဒကာမတွေ မှတ်စရာကလေးတွေ ရှေ့ပိုင်းက သတိထားပြီး နားထောင်ပါ၊ ဝေသာလီပြည်မှာ မြတ်စွာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သီတင်းသုံးပြီး နေတဲ့အခါမှာ သလ္လဆိုတဲ့ လိစ္ဆဝီမင်းသား တစ်ယောက်၊ အဘယဆိုတဲ့ လိစ္ဆဝီမင်းသားတစ်ယောက်၊ ပေါင်းနှစ်ယောက်ဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးနဲ့ တွေ့ကြတယ်၊ တွေ့ကြတော့ သူတို့ နဂိုက မှတ်ထားတာက သီလစင်ကြယ်ရင်ပြီးရော တရားကျင့်ဖို့မလိုဘူး။

သူတို့ဆရာ တိတ္ထိတွေက ဟောထားတော့ ဒီနှစ်ခုနဲ့ပဲ သီလစင်ကြယ်ပြီး သကာလ အကျင့်ကို မကျင့်ဘဲနေရင် ပြီးတာပဲ။ ဒါနဲ့ပဲ ဩဃလေးပါး ကူးမြောက်နိုင်ပါတယ်ဟု ဟောထားပါတယ်လို့ သလ္လဆိုတဲ့ လိစ္ဆဝီက ဘုရားကို လျှောက်တယ် (မှန်ပါ့ ဘုရား)။

သီလစင်ကြယ်ရင်ပြီးရော အကျင့်ကိုတော့ မကျင့်နဲ့၊ စက်ဆုပ်စရာပဲဆိုပြီး သကာလ အကျင့်မလိုဘူး၊ သီလ လုံခြုံရင်ပြီးတာပဲလို့ မှာထားတယ်တဲ့ (မှန်ပါ့)။

အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောတယ်၊ သာမညတရား အဖို့အစုပဲလို့ မှတ်ထားပါလို့ ဘုရားက ဆုံးဖြတ်ချက်ချတယ်။

သီလဆိုတော့ သာမည တရား အဖို့အစု

သီလဆိုတော့ သာမည တရား အဖို့အစုလို့ မောင်နိုင် မောင်ဘမှီ တို့ မှတ်ရမယ်နော် (မှန်ပါ့)။

အဘယ့်ကြောင့် သာမည တရားအဖို့အစုလို့ ဆိုရသတုန်းဆိုတော့ အခု ငါးပါးသီလ ယူကြတယ်၊ ဒကာ ဒကာမ တွေကို ဘုန်းကြီးကလဲ ပေးတယ်။ ပါဏာတိပါတာ ဝေရမဏိ၊ အဒိန္နာဒါနာ ဝေရမဏိ၊ ကာမေသုမိစ္ဆာစာရာ ဝေရမဏိ ဆိုတာ ကာယကံ၊ ဒါနဲ့ ကိုယ်နဲ့ မလွန်ကျူးရင် ကိုစံလှ တို့၊ ကိုစောမောင် တို့ ပြီးတာပဲ မဟုတ်လား (မှန်ပါ့)။

အထူးအားထုတ်နေစရာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) မလွန်ကျူးရင် ပြီးတာပဲနော် (မှန်ပါ့)။

တစ်ခါ မုသာဝါဒ ဆိုတာလဲ စကားမပြောဘဲ နေလိုက်လို့ရှိရင် မုသာဝါဒဖြစ်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

သေရည်သေရက် မသောက်လဲ ပြီးသွားတာပဲ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဒါ့ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သီလဆိုတာ ကွာတဲ့ သာမည တရားအဖို့အစုပါနေတဲ့ ကာယကံ, ဝစီကံကလေးလောက်သာ လုံခြုံပြီး သကာလ နေပြီး မနောကံ ဗွက်ပေါက်နေတာမသိလို့ တိတ္ထိတွေက မသိလို့ ဟောတာပါလို့ ဘုရားက အဖြေပေးလိုက်တယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

သီလတစ်ခုက ငါးပါးပေးလိုက်တဲ့အခါ ကာယကံ, ဝစီကံပဲ ပါတယ်၊ ကိုစောမောင် ကိုစံလှ တို့ (မှန်ပါ့) မနောကံပါရဲ့လား (မပါပါ ဘုရား) သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

ဒါဖြင့် အရေးကြီးတာက ခင်ဗျားတို့မှာ မနောကံက အကုသိုလ် အဖြစ်ဆုံးကိုးဗျ (မှန်ပါ့)။

အဲဒီတော့ကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါ ဥပမာပြမယ် သလ္လရာတဲ့၊ မင်းသေသေချာချာ မှတ်ပါတဲ့ (မှန်ပါ့ ဘုရား)။

အင်ကြင်းပင်ဥပမာ

လူတစ်ယောက်သည် ဓားမကြီးကိုင်ပြီး သကာလ တောထဲမှာ အင်ကြင်းပင်ကြီး ဖြောင့်ဖြောင့် တွေ့တယ်ကွာတဲ့၊ အင်မတန် သစ်လွင်တဲ့ အင်ကြင်းပင်ကြီးကိုတွေ့တယ်။

မြစ်ကို ကူးမလို့ လှေခုတ်ဖို့ လိုက်ရှာတဲ့အခါ အင်မတန် လှေလုပ်ဖို့သင့်တော်တဲ့ အင်ကြင်းပင်ကြီးကို တွေ့တယ် ကွာတဲ့။

အဲ့ဒီ အင်ကြင်းပင်ကြီးကို အဖျားကိုဖြတ်ကွ၊ အရင်းကိုဖြတ်ကွတဲ့၊ လှေပုံသဏ္ဌာန်လုပ်ကွတဲ့၊ ပါးပွတ်ပြီး သကာလ ဟိုဘက် ဒီဘက်ချကွတဲ့။ ကျောက်တွေ ဘာတွေနဲ့ တိုက်ပြီး သကာလ ချောကွ။ သို့သော် အတွင်းကိုတော့ ဘာမှမနှိုက်နဲ့၊ မနှိုက်ဘဲနဲ့ ပင်လယ်ကြီး ကူးကြည့်စမ်းပါလားကွ၊ မြစ်ကြီးကူးကြည့်စမ်းပါလားကွ၊ ဒီတုံးကြီးချပြီး သကာလ ဆိုတော့ လှေမှာ အတွင်းက ထွင်းရမှသာလျှင် မောင်နိုင်၊ မောင်ဘမှီ တို့ လိုရင်းမဟုတ်လား၊ ရေပေါ်မှာပေါ့ကွာ (မှန်ပါ့) နို့မဟုတ်လို့ရှိရင် ပေါ်စရာအကြောင်းရှိရဲ့လား (မရှိပါ ဘုရား)။

ဒီလိုနဲ့ပဲ မင်းတို့ကူးကြည့်ပါတဲ့၊ ကူးတဲ့ပုဂ္ဂိုလ်ရော၊ ဒီတုံးကြီးရော တစ်ခါတည်း နစ်မြုပ်ဖို့ရာ အကြောင်းမှ တစ်ပါး ဘာမှမရှိဘူးတဲ့ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဘာကြောင့်တုန်းဆိုတော့ ငါဘုရားသခင် ကိုယ်တော်မြတ်ကြီး ပြပါ့မယ်ကွာတဲ့ (မှန်ပါ့)။

ငါ့ကိုယ်, ငါဟာ ဆိုတဲ့ ဒိဋ္ဌိတွေ မောင်နိုင်, မောင်ဘမှီ တို့ ဒီရုပ်နာမ်အပေါ်မှာ ငါ့ကိုယ်, ငါ့ဟာဆိုတဲ့ ဒိဋ္ဌိ အစွဲကြီးက သီလမျှလောက်နဲ့ ဒိဋ္ဌိအစွဲပြုတ်ပါ့မလား (မပြုတ်ပါ ဘုရား)။

ဒါဖြင့် ဒိဋ္ဌိရှိလို့ အပါယ်ရောက်သွားတယ်ဆိုတာ ဒကာ ဒကာမတွေလဲ သိပြီလားဖြစ်ပါလိမ့်မယ် (သိပါတယ် ဘုရား)။

သောတာပန်တည်တယ်ဆိုတာ

သောတာပန်တည်တယ်ဆိုတာ ဒိဋ္ဌိဝိစိကိစ္ဆာပယ်လို့ အပါယ်လေးပါးတံခါးပိတ်ပြီး သောတာပန် တည်တယ် ဆိုတာက အထင်အရှား မဟုတ်လား (မှန်ပါ့)။

အဲဒီတော့ ခုနက သီလမြုပ်တတ်တဲ့ ဒိဋ္ဌိကို ပယ်ပါရဲ့လား (မပယ်ပါ ဘုရား) သီလကျင့်ရုံမျှနဲ့ ဒိဋ္ဌိပြုတ်ပါ့ မလား (မပြုတ်ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အင်ကြင်းပင်ကြီး ပါးပွတ်ပြီး သကာလ အရင်းအဖျားဖြတ်ပြီး လှေပုံသဏ္ဌာန်ခုတ်ပြီး ဝမ်းတွင်းကအစာတွေ မထုတ်ဘဲ ကူးသလိုပဲဟေ့တဲ့။

သံသရာကူးတော့တာပဲတဲ့၊ ကူးပင်ကူးငြားသော်လည်း မြုပ်ရမှာသာ ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဘုရား သေသေ ချာချာ ရှင်းမပြဘူးလား (ပြပါတယ် ဘုရား) ကိုစံလှ ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။

ဒါဖြင့် မောင်နိုင်, မောင်ဘမှီ တို့က သီလကလေးလောက်နဲ့ပဲ တင်းတိမ်ပြီး နေကြလို့ရှိရင်ဖြင့် ဝမ်းစာမထုတ်တဲ့ လှေကြီးလိုပဲ မြုပ်ဦးမယ်ဆိုတာ ဘာမှ သံသယမရှိကြပါနဲ့ (မှန်ပါ့) သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

သီလကလေးလောက်နဲ့ မတင်းတိမ်နေပါနဲ့ဆိုတာ သီလဆိုတာ သာမည ဓမ္မအစုကလေးမျှသာ ဖြစ်တယ်လို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သလ္လကို သေသေချာချာ ဟောတဲ့အတွက် ဥပမာပုံနဲ့ ပြလိုက်တော့လဲ မောင်နိုင်, မောင်ဘမှီ တို့ မရှင်းဘူးလား (ရှင်းပါတယ် ဘုရား)။

လှေလုပ်လောက်တဲ့ အင်ကြင်းပင်ကြီး အရင်းအဖျားဖြတ်ပြီး သကာလ ၊ ပါးတွေ ဘာတွေ ပုတ်ပြီး သကာလ ၊ ကျောက်တွေ ဘာတွေနဲ့ချော၊ လှေသဏ္ဌာန်လုပ်ပြီး သကာလ ထား၊ ကိုစောမောင် ဒီအတိုင်း တက်စီးပြီး ကူးကြည့်စမ်း ပါလား၊ ရပါ့မလား (မရပါ ဘုရား) မြုပ်မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဘာကြောင့်တုန်း ဝမ်းစာမထုတ်လို့ဆိုတဲ့ အဓိပ္ပာယ်က ပါနေတယ် (ပါပါတယ် ဘုရား) ရှင်းပြီလာ (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက်မရှုတော့ ဒိဋ္ဌိကွာပါ့မလား

ဒီမှာပဲ ကာယကံ, ဝစီကံလောက်နဲ့ ပြင်ဘက်ကနေပြီး ပွတ်တိုက်နေလို့ အထဲမှာ မနောကံ ဗွက်ပေါက်ပြီး ဒီ ဒိဋ္ဌိဝိစီ ကိစ္ဆာတွေ ရှုပ်နေတာတွေကို ဒကာ ဒကာမတွေက ဖြစ်ပျက်မရှုတော့ ဒိဋ္ဌိကွာပါ့မလား (မကွာပါ ဘုရား)။

မကွာတော့ ဒိဋ္ဌိအလေးဓာတ်ကြီးက ဝမ်းထဲမှာ ရှိနေလို့ ဘယ်နည်းနဲ့မှ ကူးမြောက်ဖို့ မရောက်နိုင်သေးဘူး ဆိုတာကိုလဲ ဘုရားက သလ္လတို့, အဘယတို့ကို သေသေချာချာ ဟောပြန်တော့ ေဩာ် ကိလေသာ ရေယာဉ်ကြီးကို ကူးပင်ကူးငြားသော်လဲတဲ့ ဒကာ ဒကာမတို့ အင်ကြင်းပင်မှာ အတွင်းက အစာတွေထုတ်ပြီး မပစ်လိုက်တဲ့အတွက် ဟိုမှာဘက်ကမ်းတည်းဟူသော နိဗ္ဗာကူးချင်ငြားသော်လဲ ကိလေသာရေယာဉ်ထဲမှာသာ မြုပ်ရတယ်ဆိုတဲ့ အဓိပ္ပာယ် ပြောတာ (မှန်ပါ့) သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ကို သတိပေးပါတယ်၊ ေဩာ် သီလကလေး ဆောက်တည်ပြီး သကာလ သီလကလေးယူပြီး အိပ်လိုက်မယ်၊ သီလကလေးယူပြီး သကာလ သွားစရာ လာစရာရှိ သွားမယ်ဆိုတဲ့ သာမည အစုကလေးနဲ့ တင်းမတိမ် ပါနဲ့လို့ ဘုန်းကြီးက ဘုရားဟောတာကြည့်ပြီး သကာလ သေသေချာချာ ဒကာ ဒကာမတွေအား ပြောကြားနေတယ် (မဟန်ပါ့ ဘုရား) သဘောပါသလား (ပါပါတယ် ဘုရား)။

သီလက မနောကံ ဒိဋ္ဌိတွေ ပယ်နိုင်ပါရဲ့လား

ဒါဖြင့် သီလက မနောကံ ဒိဋ္ဌိတွေ ပယ်နိုင်ပါရဲ့လား (မပယ်နိုင်ပါ ဘုရား) မပယ်နိုင်ကတည်းက ဒိဋ္ဌိမပယ်ရင် အပါယ်လွတ်ပါ့မလား (မလွတ်ပါ ဘုရား)။

ဒါဖြင့် သည်ပုဂ္ဂိုလ်သည်ကားလို့ဆိုရင်ဖြင့် အကူးမတတ်သေးဘူး ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒါကြောင့် အားလုံးသော ဒကာ ဒကာမတွေ တို့ဥပုသ်စောင့်နေတာပဲကွာ ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမ တွေက ဟာ ဒီဥစ္စာ အင်ကြင်းပင်ကြီး အဖျားအရင်း ပြတ်ပြီး သကာလ ဝမ်းစာမထုတ်ဘဲနဲ့ လှေခုတ်ကူးနေတဲ့ နိဗ္ဗာန် ရောက်ချင်လို့ဆိုပြီး ကူးတော့ကူးတာပဲ မောင်နိုင်, မောင်ဘမှီ တို့ရ ဟင် (မှန်ပါ့) ရောက်နိုင်ပါ့မလား (မရောက်နိုင် ပါ ဘုရား)။ ဘာကြောင့်တုန်းလို့ မေးတော့ ဝမ်းစာမထုတ်လို့ (မှန်ပါ့)။

ဒါဖြင့် ဝမ်းထဲမှာရှိတဲ့ မနောကံစွဲနေတဲ့ ငါ့ကိုယ် င့ါဟာ ကိုစံလှတို့, ကိုစောမောင်တို့ စွန့်ပစ်နိုင်တဲ့ သဘောကို ကျင့်ဦးမှပေါ့ဗျာ (မှန်ပါ့) သဘောပါကြပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒိဋ္ဌိဝိစိကိစ္ဆာကွာတဲ့ အကျင့်ကို ဒကာ ဒကာမတို့ မကျင့်သေးသရွေ့ ကာလပတ်လုံးဖြင့် အမြုပ်ဓာတ် မလွတ်သေးပါဘူးဆိုတာကို ဆုံးဖြတ်ချက် ချကြပါ (မှန်ပါ့) အမြုပ်လွတ်ပါ့မလား (မလွတ်ပါ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဘုရားပေးတဲ့ ဥပမာနဲ့လဲ မောင်နိုင်, မောင်ဘမှီ တို့က ကျေနပ်လောက်ပါပြီ (မှန်ပါ့)။

လှေပုံသဏ္ဌာန်သာ သူထွင်းနေတယ်

အင်ကြင်းပင်ကြီး ခုတ်ပြီးကွာ လှေပုံသဏ္ဌာန်သာ သူထွင်းနေတယ်၊ ဝမ်းစာတွေတော့ သူထုတ်ပါရဲ့လား (မထုတ်ပါ ဘုရား)။

မထုတ်ဘဲနဲ့ လှေပေါ်ခွစီးပြီး ဟိုမှာဘက်ကမ်းဆိုတဲ့ ကမ်းကိုကူးခဲ့သော် အလယ်တွင် နစ်လိမ့်မယ်၊ အစ,တွင် နစ်လိမ့်မယ်ဆိုတာ ဒကာ ဒကာမတို့ သံသယရှိဖို့လိုသေးသလား (မလိုပါ ဘုရား) သဘောပါကြပြီလား (ပါပါပြီ ဘုရား)။ ဒါဖြင့် သီလထက် မြတ်တာ ဘာရှိသေးသလဲကွလို့ ပြောတဲ့ အပြောတွေကိုလဲ ဒကာ ဒကာမတွေက ကြည့် ရှောင်ဖို့ အရေးကြီးတယ် (မှန်ပါ့)။

သီလအပေါ်မှာ အညွန့်တပ်ပါဦးဆိုတာကိုလဲ ဟောထိုက် မဟောထိုက် (ဟောထိုက်ပါတယ် ဘုရား) သဘောပါ ကြပြီလား (ပါပါပြီ ဘုရား)။

ဘာ့ကြောင့်တုန်းလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် ဒိဋ္ဌိဟာ အလေးဓာတ်လား၊ အပေါ့ဓာတ်လားလို့ မေးတော့ သောတာပတ္တိမဂ်ရတဲ့ ပုဂ္ဂိုလ်တွေမှာ အပါယ်လေးပါးမှ လွတ်တယ်ဆိုတာ ဒိဋ္ဌိလွတ်သွားတာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သီလလောက်က ဒိဋ္ဌိပယ်နိုင်ပါရဲ့လား (မပယ်နိုင်ပါ ဘုရား) မပယ်နိုင်တော့ ဝိပဿနာမှ ဒိဋ္ဌိ ပယ်နိုင်တယ် ဆိုတာကော သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒိဋ္ဌိ မပြုတ်သရွေ့ ဒကာ ဒကာမတို့ အပါယ်နဲ့ လွတ်ရေး, ကျွတ်ရေး မရှိသေးဘူးဆိုတာကော ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒိဋ္ဌိ အလေးဓာတ်ပါနေတဲ့အတွက် ဤမှာ ဘက်ကမ်းမှ ကိုစောမောင် ဟိုမှာဘက်ကမ်း မရောက်နိုင်ဘူးကွတဲ့ (မှန်ပါ့) ဒီလှေကြီးဟာ ရောက်ပါ့မလား (မရောက်ပါ ဘုရား) လှေက ပုံသဏ္ဌာန်သာ ရှိတာကိုးဗျ၊ ဝမ်းစာထုတ်ရဲ့လား (မထုတ်ပါ ဘုရား) မထုတ်တော့ မြုပ်ရမယ်ဆိုတာက အထူး ပြောဖို့ လိုသေးသလား (မလိုပါ ဘုရား)။

ဒါ့ကြောင့် ရှေးက ဒကာ ဒကာမတွေက တစ်ချို့ သီလကလေး အားကိုးပြီး သကာလ အားမကိုးနဲ့လို့ ဆရာ ဘုန်းကြီးက မဟောသေးဘူး၊ ဟိုမှာ ဘက်ကမ်းတော့ မရောက်ဘူးလို့ ဟောရတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာ အညွန့်တပ် လိုက်တာပေါ့

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ သီလကလေး ဆောက်တည်ပြီး သကာလ ခင်ဗျားတို့ ဝိပဿနာ အညွန့်တပ် လိုက်တာပေါ့ဗျာ (မှန်ပါ့) ဝိပဿနာ အညွန့်တပ်လိုက်တော့ သီလကံ, ကာယကံ, ဝစီကံ လုံပြီး သကာလ ဝိပဿနာက မနောကံ ဖြစ်နေတဲ့ ဒိဋ္ဌိတွေကို ဖြစ်ပျက်မြင်အောင် ကြည့်တဲ့အခါကျလို့ရှိရင် ငါ့ကိုယ် ငါ့ဟာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။

ငါ့ကိုယ်, ငါ့ဟာ မဟုတ်ဘူးဆိုကတည်းက ဒိဋ္ဌိက ငါ့ကိုယ် ငါ့ဟာ ထင်တာ ဒိဋ္ဌိဖြစ်ပြီး သကာလ နေတော့ ငါ့ကိုယ် ငါ့ဟာ မဟုတ်ကြောင်း ကောင်းကောင်းသိသွားတော့ ဒီယောဂီပုဂ္ဂိုလ်မှာ ဒိဋ္ဌိ မပြုတ်ဘူးလား (ပြုတ်ပါတယ် ဘုရား)။

ဒါဖြင့် ဒီပုဂ္ဂိုလ်ကတော့ဖြင့် ဒကာ ဒကာမတို့ ဒီခန္ဓာကြီးနဲ့ပဲ ဟိုမှာဘက်ကမ်း ကူးမယ်ဆိုလို့ရှိရင် မရောက်ပေ ဘူးလား (ရောက်ပါတယ် ဘုရား)။

အဲဒီတော့ ခန္ဓာကိုယ်ကြီးက ဘာနဲ့တူသတုန်းဆိုလို့ရှိရင် ကိုစောမောင် မှတ်စမ်း၊ လှေနဲ့တူတယ် (မှန်ပါ့) ဝိပဿနာအလုပ်လုပ်တဲ့ ပုဂ္ဂိုလ်က လှေထွင်းနေတဲ့ ပုဂ္ဂိုလ်နဲ့ မတူဘူးလား (တူပါတယ် ဘုရား)။

လှေထွင်းနေတဲ့ ပုဂ္ဂိုလ်သည် လှေထွင်းပြီးမှ သူသည်ချ, စီးခဲ့သည်ရှိသော် တဏှာတည်းဟူသော ရေယာဉ်ပေါ်မှ ဖြတ်ပြီး သကာလ ဤမှာဘက်ကမ်းတည်းဟူသော သမ္မာဒိဋ္ဌိနယ်မှ ဟိုမှာဘက်ကမ်းတည်းဟူသော သက္ကာယဒိဋ္ဌိတို့၏ ချုပ်ရာဖြစ်တဲ့ နိဗ္ဗာန်ရောက်လိမ့်မယ်ဆိုတဲ့ဥစ္စာ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အတွင်းမထွင်းလို့ရှိရင် မရဘူးလို့ ပြောတဲ့တရားပဲ (မှန်ပါ့) သဘောပါကြပြီလား (ပါ-ပါပြီ ဘုရား)။

အတွင်းက မစင်ကြယ်ရင်တော့

အတွင်းက မစင်ကြယ်ရင်တော့ မရနိုင်ပါဘူးဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် အတွင်းစင်ကြယ်အောင် ခန္ဓာကိုယ်ထဲမှာ အလေးဓာတ် ဘယ်သူတုန်းလို့ မေးလို့ရှိရင် ဒိဋ္ဌိ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား) ဒိဋ္ဌိအလေးဆုံးပဲ မဟုတ်လား (မှန်ပါ့)။

အဲဒါကြောင့် ဒိဋ္ဌိပြုတ်တော့ ဒကာ ဒကာမတွေ စဉ်းစားကြည့်ပါ၊ အပါယ်လွတ်တယ်လို့ မဆိုဘူးလား (ဆိုပါတယ် ဘုရား) ဒိဋ္ဌိမပြုတ်တော့ (အပါယ်မလွတ်ပါ ဘုရား)။

ဒါဖြင့် သီလက ဒိဋ္ဌိပြုတ် မပြုတ် (မပြုတ်ပါ ဘုရား) ကာယကံကိုးဗျ၊ ဒိဋ္ဌိက မနောကံ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မနောကံဒိဋ္ဌိ မပြုတ်သရွေ့ ကာလပတ်လုံး သီလကလေးလောက်နဲ့ဖြင့် ဒကာ ဒကာမတို့ မတင်းတိမ် ပါနဲ့ သီလပေါ်မှာ မနောကံတည်းဟူသော အညွန့်ကိုတပ်ပြီး မနောကံအလုပ်လုပ်ပါမှ ဒိဋ္ဌိပြုတ်တော့မယ်ဆိုတဲ့ ဥစ္စာကို ဘုရားက အင်ကြင်းပင်ကြီး ခုတ်ပြီးပြတဲ့ ဥပမာနဲ့ သလ္လကို ဟောတာ (မှန်ပါ့) သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ လုပ်ဖြစ်အောင် လုပ်ရလိမ့်မယ်၊ ဒီအညွှန့်ကို တပ်ဖြစ်အောင် တပ်ရလိမ့်မယ်။

ဝမ်းစာမထွင်းတဲ့ လှေဟာဖြင့် ကိုစောမောင် ဘယ်နည်းနဲ့မှ ဟိုဘက်ကမ်း မရောက်ဘူး (မှန်ပါ့) စီးသူရော သစ်တုံးရော မြုပ်မှာပဲ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဝမ်းစာထွင်းပြီး သကာလ လှေလုပ်ခဲ့သည်ရှိသော် ဘယ်လိုမြုပ်တတ်တဲ့ အသားဖြစ်စေ ကိုစံလှ တို့ ပေါ်ရမယ် (မှန်ပါ့) မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။

အဲ့ဒါတွေ နားလည်တော့မှ အားလုံး ဒကာ ဒကာမတွေ ဘုန်းကြီးများက လေးလေးနက်နက် သတိပေးလိုက် တာက ဒကာ ဒကာမတို့ ဥပုသ်ကလေး စောင့်ကာမျှနဲ့ တင်းတိမ်မနေဘူးလို့ ဆိုထိုက် မဆိုထိုက် (ဆိုထိုပါတယ် ဘုရား)၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

ဒိဋ္ဌိ အလေးဓာတ်တွေ

ဒါဖြင့် ဥပုသ်လဲ စောင့်ကြပါ၊ စောင့်ပြီး သကာလ ဒကာ ဒကာမတွေက ဒိဋ္ဌိ အလေးဓာတ်တွေကိုလဲ ဉာဏ်နဲ့ ကော်ထုတ်ပြီး သကာလ အပေါ့ဓာတ် ဖြစ်အောင် လုပ်ပါမှ “စတူဟာပါယေဟိစ ဝိပ္ပမုတ္တော” အပါယ်လေးပါးမှ လွတ်တော့ မယ်ဆိုတဲ့ဥစ္စာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အခုပြောတဲ့ အဓိပ္ပာယ်သည်ကားလို့ဆိုရင် ဘုန်းကြီးက ကြံဖန်တန်ဆာဆင်ပြောတဲ့ အသွားလဲမဟုတ်လို့ တိကနိပါတိအင်္ဂုတ္ထိုရ်မှာ သလ္လနဲ့ အဘယကို သေသေချာချာဟောသည် ဖြစ်လေသောကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် သီလကလေးလောက်နဲ့ တင်းတိမ်မနေဘဲနဲ့ သမာဓိပညာနဲ့ တွဲလွှတ်ပြီး သကာလ ခန္ဓာထဲကကြိုက်ရာ သတိပဋ္ဌာန်လေးပါး တစ်ပါးပါးရဲ့အပျက်ကိုရှုပါ။ ရှုလိုက်လို့ရှိရင် အပျက်မြင်လို့ရှိရင်ဖြင့် ငါမဟုတ်လို့ ပျက်တာပဲ၊ ငါ့ဥစ္စာမဟုတ်လို့ (ပျက်တာပါ) ဆိုတော့ ဒိဋ္ဌိက ဘယ့်နှယ်နေသလဲ (ပြုတ်သွားပါတယ် ဘုရား)။

အဲ ဒိဋ္ဌိပြုတ်သွားတဲ့အခါကျတော့ ခုနကသစ်တုံးကြီးကို ဆောက်နဲ့ထွင်းသလို ဉာဏ်ဆောက်နဲ့ထွင်းလိုက်တဲ့ အတွက် လှေသဖွယ်ဖြစ်ပြီး သကာလ ဒီခန္ဓာကြီးဟာ ဟိုမှာဘက်ကမ်းကူးပါလိမ့်မယ်လို့ ဘုရားက သေသေချာချာ အမိန့်ထုတ်တယ် (မှန်ပါ့) သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာ တို့ လုပ်ရမယ်ဆိုတဲ့ အကြောင်းကိုလဲ သူပြောပြန်တာပဲ (မှန်ပါ့) ကျေနပ်ပြီလား (ကျေနပ် ပါပြီ ဘုရား)။

သလ္လနဲ့ အဘယကို သေသေချာချာ ဟောတဲ့အတွက် တိတ္ထိတွေ ဟောသလို သီလကလေးလုံပြီးတော့ မကျင့်ဘဲ နေရင် ပြီးတာပဲဆိုသည့် ဥစ္စာသည် ကဲ မောင်နိုင်, မောင်ဘမှီ တို့ ပုံပမာနဲ့ပြောလိုက်တော့လဲ မရှင်းဘူးလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာအလုပ် လုပ်ပါ

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ သီလလဲဆောက်တည်ကြပါလို့ ပြောတယ်နော် (မှန်ပါ့)။

သီလဆောက်တည်ပြီး သကာလ ဒီအတိုင်းမနေပါနဲ့၊ ဝိပဿနာအလုပ် လုပ်ပါဆိုတဲ့ဥစ္စာ လှေဖြစ်အောင်လို့ ဝမ်းစာတွေ အထွင်းခိုင်းသလို ဟိုဘက်ကမ်း ကူးနိုင်အောင်လို့ ဒိဋ္ဌိ ဖြုတ်ခိုင်းနေတာပဲ (မှန်ပါ့)။

အဲဒီတော့ ဒိဋ္ဌိဟာ အလေးဓာတ်လား၊ အပေါ့ဓာတ်လားဆိုတာ စဉ်းစားကြည့်ပါ (အလေးဓာတ်ပါ ဘုရား)။

ဒေဝဒတ်ကြီးဟာ ငါဘုရားဖြစ်ချင်တယ်ဆိုပြီး ငါနှိပ်စက်ချလိုက်တာ တစ်ခါတည်း အခု အဝီစိရောက်နေပြီ (မှန်ပါ့ ဘုရား)။

ကောကာလိကတို့လဲ တစ်ခါတည်း ငါနှိပ်စက်ချလိုက်တဲ့ ဥစ္စာ ဒကာ ဒကာမတို့ အခု အဝီစိမှာ ကျမနေဘူး လား (ကျနေပါတယ် ဘုရား)။

သုပ္ပဗုဒ္ဓ ဆိုတဲ့ ဒီဒေဝဒတ်ရဲ့အဖေဟာလဲ ငါ့သမီး ပစ်ထားခဲ့တယ်၊ ငါ သူ့တော့ဖြင့် ဘယ်နည်းနဲ့မှ ရိုသေ ကိုင်းညွတ်ခြင်း ငါတော့ မပေးနိုင်ဘူးဆိုတာနဲ့ဘဲ မြေမျိုပြီး သကာလ အဝီစိမရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ စဉ်စားမိပါပြီ၊ သီလဟာ ဒိဋ္ဌိ မပြုတ်ဘူး (မှန်ပါ့) သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

သီလမှာ ဒိဋ္ဌိပြုတ်ပါရဲ့လား (မပြုတ်ပါ ဘုရား) ဒိဋ္ဌိသည်ကားလို့ဆိုရင် ဝိပဿနာ မနောကံနဲ့ ကြိုးစားမှ ဒိဋ္ဌိ ပြုတ်မယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ မမှာထိုက်ဘူးလား (မှာထိုက်ပါတယ် ဘုရား) သီလကလေးနဲ့ တင်းတိမ်မနေပါနဲ့၊ ဝိပဿနာ အညွန့်တပ်ပါလို့ဆိုတာ လှေဝမ်းစာ ထွင်းပါလို့ ပြောတာ (မှန်ပါ့) သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

ဝမ်းစာမထွင်းရင်တော့ (မြုပ်မှာပါ ဘုရား) အဲ မောင်ဘမှီ တို့ , မောင်နိုင် တို့ ကူးကြည့်စမ်းပါကွာ မြစ်တစ်ခုကို မြုပ်မှာပဲ စီးသူရော၊ ပစ္စည်းရော၊ ဘယ့်နှယ်နေသတုန်း (မြုပ်မှာပါ ဘုရား)။

အဲ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သီလကလေးလုံခြုံရုံနဲ့ တင်းတိမ်မနေကြနဲ့ဆိုတာ သလ္လ တို့ အဘယ တို့ကို သေသေချာချာ ကိုယ်တော်တိုင် ဟောသည် ဖြစ်လေသောကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အညွှန့်မတပ်ရင် မဖြစ်တာ ထင်ရှားလာပြီဆိုသဖြင့် ဘာမှသံသယမရှိဘဲနဲ့ မှတ်ကြရတော့မယ် (မှန်ပါ့) မှတ်ထိုက်ပြီလား (မှတ်ထိုက်ပါပြီ ဘုရား)။

ဝမ်းစာဆိုတဲ့ ဒိဋ္ဌိကိုဖြင့် ထွင်းပါ

ဘယ်သူက ဘာပြောပြော ဒကာ ဒကာမတို့ ဒီမှာကိုယ်တော်တိုင် ဟောထားတဲ့အတွက် ဒကာ ဒကာမတို့သည် ဝမ်းစာဆိုတဲ့ ဒိဋ္ဌိကိုဖြင့် ထွင်းပါ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဲ ဒိဋ္ဌိပြုတ်လို့ရှိရင်ဖြင့် ဝမ်းစာထွင်းသောကြောင့် ဤခန္ဓာကိုယ်တော်ကြီးဟာ ပေါ်ပါပြီတဲ့၊ မမြုပ်ပါဘူး (မှန်ပါ့)။

ဒါဖြင့် ခန္ဓာကိုယ်ကြီးမှာ ပေါ်ခန္ဓာ၊ မြုပ်ခန္ဓာ နှစ်မျိုးရှိတာပေါ့ (မှန်ပါ့) ဒိဋ္ဌိရှိရင် (မြုပ်ခန္ဓာပါ) ဒိဋ္ဌိပြုတ်ရင် (ပေါ်ခန္ဓာပါ ဘုရား)။

ပေါ်ခန္ဓာ ဖြစ်နေသောကြောင့် ဒကာ ဒကာမတို့ ခုနက ဝတ္ထုကိုလဲ ထောက်လိုက်လို့ရှိရင် ဒိဋ္ဌိဆွဲချလိုက်တာ ချည်းပဲ (မှန်ပါ့) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ဒေဝဒတ်ကလဲ ငါဘုရားဖြစ်ချင်တယ်ဆိုတော့ ဒိဋ္ဌိဆွဲမကျဘူးလား (ကျပါတယ် ဘုရား)။

ကောကာလိက ကလဲ ထို့အတူပဲတဲ့။ ငါတို့ သာသနာသာကြီးပွားချင်တယ်ဆိုတဲ့ ငါဒိဋ္ဌိကြောင့် ကောကာလိကလဲ ငရဲကျတယ် (မှန်ပါ့)။

ယသော်ဓယာ အဖေ သုပ္ပဗုဒ္ဓလဲ ငါ့သမီး ခင်ပွန်းပဲ၊ ငါ့သမီးလဲ ပစ်ထားခဲ့သေးတယ်၊ ငါသူ့ကို ဘယ်မှာ ကြည်ညိုနိုင်ပါ့မလဲဆိုပြီး သကာလ ငါဆိုတဲ့အစွဲက နှိပ်ချလိုက်တာနဲ့ ခုနှစ်ရက်ရှိတော့ မြေမမျိုဘးူလား (မျိုပါတယ် ဘုရား)။

ဒါ ဘယ်သူ့ကြောင့် ကျသွားသတုန်းလို့ မေးလို့ရှိရင် ဒကာ ဒကာမတို့ သိလောက်ပါပြီ (သိပါပြီ ဘုရား) ဘာတုန်း (ဒိဋ္ဌိဆွဲချလိုက်တာပါ) ဒိဋ္ဌိ ဆွဲချလိုက်တယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒါကြောင့် ဒီလို ကြားနာရပြန်တော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ အင်ကြင်းပင်ကြီး ဥပမာပြလိုက်လို့ ဝမ်းစာထွင်း မထွင်းကိုလဲ ထူးထူးခြားခြား မပြောဘူးလား (ပြောပါတယ် ဘုရား)။

မထွင်းဘဲနဲ့စီးရင် မြုပ်တယ်ကွာ

မထွင်းဘဲနဲ့စီးရင် မြုပ်တယ်ကွာ ထွင်းပြီးစီးရင် ရောက်တယ်ကွ၊ မသေချာကြဘူးလား (သေချာပါတယ် ဘုရား)။

အဲ့ဒီ သေချာတာတွေကို သေသေချာချာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဘွင်းဘွင်းကြီး ပြောတဲ့အတွက် ဒကာ ဒကာမတွေက တင်းတိမ်နေတာကလေးကို အညွန့်တပ်ပေးပါဆိုတာကိုဖြင့် မရှောင်မလွှဲသာဘဲနဲ့ကို တပ်ရတော့ မယ် (မှန်ပါ့)။

သီလဆောက်တည်တိုင်း ဆောက်တည်တိုင်း ဒကာ ဒကာမတို့ ဝိပဿနာဖြင့် အညွန့်တပ်ကြပါ (မှန်ပါ့) သဘောပါပြီလား (ပါပါပြီ ဘုရား)။

ဘာလုပ်ကြမယ် (ဝိပဿနာအညွန့် တပ်ကြရပါမယ် ဘုရား)။

ဝိပဿာအညွန့် မတပ်လို့ရှိရင်ဖြင့် မြုပ်မယ်ဆိုတာဟာ ဒကာ ဒကာမတို့ သီလတန်ခိုးကြောင့် နတ်ပြည်ရောက် သွားမယ်၊ ဈာန်ရရင် ဘဝဂ်ဘုံတိုင်အောင် ရောက်ချင်ရောက်သွားမယ်ပေါ့ဗျာ (မှန်ပါ့)။

သို့သော် အလေးဓာတ် ပါသွားတဲ့အတွက် ဘာဖြစ်မတုန်း (ပြန်မြုပ်မှာပါ ဘုရား) ပြန်မြုပ်မယ်ဆိုတာ သဘောကျ ပြီလား (ကျပါပြီ ဘုရား)။

ပြီးတော့ကို ဒကာ ဒကာမတွေ ဒါကသီလတွင် တင်းတိမ်မနေနဲ့၊ ဝိပဿနာဖြည့်စွက်ပါဆိုတာကို ဒကာ ဒကာမတွေအား တိုက်တွန်းတဲ့ ဝတ္ထုပဲ (မှန်ပါ့)။

သီလတွင် ဘာတုန်း (မတင်းတိမ်ပါနဲ့ ဘုရား) ဘာဖြည့်စွက်ရမတုန်း (ဝိပဿာနာဖြည့်စွက်ရပါမယ် ဘုရား)။

ဝိပဿနာ ဖြည့်စွက်ပါဆိုတော့ ဝိပဿနာလုပ်နည်းကိုတော့ အမျိုးမျိုးပဲ နေ့တိုင်းဟောနေတာပေါ့ဗျာ (မှန်ပါ့)။

တစ်ခါ ဒကာ ဒကာမတွေမှာ ဘုရားက ဒိဋ္ဌိ အလေးဓာတ်ကြောင့် မြုပ်သွားတာတဲ့ကွ (မှန်ပါ့)။

သီလသမားမြုပ်ရတာသည် ဘာကြောင့် မြုပ်တယ်ဆိုတာကလဲ သဘောပါပြီလား (ပါပါပြီ ဘုရား) ဒိဋ္ဌိ အလေးဓာတ် ကျန်နေလို့ မြုပ်ရတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

သီလသမားတွေသည် ဒကာ ဒကာမတို့ တစ်ဖန်မြုပ်ရတာ ဘယ့်နှယ်ကြောင့်ပါလိမ့် (ဒိဋ္ဌိအလေးဓာတ်ပါလို့ပါ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဘုရားက ဒိဋ္ဌိကို ပဓာနထားတယ်၊ ဝိစိကိစ္ဆာကို ပဓာနထားရဲ့လား (မထားပါ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေကလဲ ပါဠိတော်လာတာဖြစ်နေသောကြောင့် ခင်ဗျားတို့က သေသေချာချာမှတ် ပါတဲ့။ ဒိဋ္ဌိပြုတ်ရင် ဝိစိကိစ္ဆာ အထူးဖြုတ်စရာမရှိလို့ မှတ်လိုက် (မှန်ပါ့) သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

ငါ, ငါ့ဥစ္စာ ဖြုတ်လို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ ဝိစိကိစ္ဆာဆိုတဲ့ သံသယပြုတ်တာပါပဲ (မှန်ပါ့)။

ဒိဋ္ဌိဖြုတ်ပြီးသား ပုဂ္ဂိုလ်မှာ ဝိစိကိစ္ဆာအထူးဖြုတ်နေစရာ မရှိတော့ဘူး (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒိဋ္ဌိဖြုတ်ရင် ဝိစိကိစ္ဆာ ပြုတ်တယ်

ဒါဖြင့် ကိုစောမောင် ဘာဖြုတ်ရင် ဘာပြုတ်သလဲ (ဒိဋ္ဌိဖြုတ်ရင် ဝိစိကိစ္ဆာ ပြုတ်ပါတယ် ဘုရား)။

နောက်က ဒကာ ဒကာမတွေ ဘာဖြုတ်ရင် ဘာပြုတ်သတုန်း (ဒိဋ္ဌိဖြုတ်ရင် ဝိစိကိစ္ဆာ ပြုတ်ပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ဖြစ်ပျက်မြင်တဲ့ ဒကာ ဒကာမတွေသည် ဘုရားက ဒီလိုဟောထားပါတယ်၊ ဒိဋ္ဌိဖြုတ်ရင် ဝိစိကိစ္ဆာ ပြုတ်တယ်လို့ဟောထားတယ်၊ ရှင်အာနန္ဒာက မေးတယ်။ အရှင်ဘုရားတဲ့ လောကကြီးထဲမှာ မြဲသလား မမြဲဘူးလားဆိုတဲ့ အမေးတွေဟာ ဒါ ဒိဋ္ဌိ အမေးတွေချည်းပါပဲတဲ့၊ အဲဒီအမေးတွေ စင်ကြယ်သွားတဲ့ ပုဂ္ဂိုလ်မှာ ဘယ်လိုများ ကျေးဇူးခံစားရပါလိမ့်မလဲတဲ့။

ဒီအမေးတွေကို သဘောကျပြီး ဒီဥစ္စာ သူတို့မေးနေတာ မြဲသလား မမြဲဘူးလား မေးဖို့လိုသေးသလား (မလိုပါ ဘုရား)။

”သဗ္ဗေ သင်္ခါရာ အနိစ္စ၊ သဗ္ဗေ သင်္ခါရာ ဒုက္ခ၊ သဗ္ဗေဓမ္မာ အနတ္တ” ဆိုတော့ ေဩာ် လောကကြီးထဲမှာ မြဲတဲ့ တရားလဲမရှိဘူး၊ အနိစ္စတရားသာရှိတာပဲ၊ မမြဲတဲ့တရားချည်းရှိတာပဲဆိုတာ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

အဲဒီကဲ့သို့ သဘောပါတဲ့ ပုဂ္ဂိုလ်ကျတော့ ဝိစိကိစ္ဆာပြုတ်ပြီးသား ဖြစ်တယ်လို့ဟောတယ် (မှန်ပါ့)။

ဘာကြောင့်တုန်းဆိုလို့ရှိရင် သူသိထားတယ်၊ ဒိဋ္ဌိပြုတ်တဲ့ပုဂ္ဂိုလ်ဟာ အကြောင်းချုပ်လို့ အကျိုးချုပ်တယ်၊ အကြောင်းမချုပ်လို့ (အကျိုးမချုပ်ပါ ဘုရား) အကြောင်းချုပ်ရင် (အကျိုးချုပ်ပါတယ် ဘုရား)။

ဒါကြောင့် အကြောင်းချုပ်လို့ အကျိုးချုပ်တယ်လို့ သိထားတဲ့ပုဂ္ဂိုလ်က ဘာကြောင့်ချုပ်ပါလိမ့်မလဲဆိုတဲ့ ဝိစိကိစ္ဆာ လာသေးရဲ့လား (မလာပါ ဘုရား)။

အကြောင်းချုပ်ရင် အကျိုးချုပ်တယ်

အကြောင်းဖြစ်ရင် (အကျိုးဖြစ်ပါတယ်) အကြောင်းချုပ်ရင် (အကျိုးချုပ်ပါတယ် ဘုရား)။

အဲဒီလိုသိထားတော့ အကြောင်းဖြစ်လို့ အကျိုးဖြစ်တယ်၊ အကြောင်းချုပ်လို့ အကျိုးချုပ်တယ်ဆိုတာ ဒကာ ဒကာမတွေက အဖြစ်အပျက်ကို သိမထားဘူးလား (သိထားပါတယ် ဘုရား) ဖြစ်ပျက်သိထားတော့ ဘယ့်နှယ်ကြောင့် ဖြစ်ပါလိမ့်မတုန်းဆိုတဲ့ ဝိစိကိစ္ဆာ ဝင်ခွင့်ရသေးရဲ့လား (မရပါ ဘုရား)။

ဘယ့်နှယ်ကြောင့် ချုပ်ပါလိမ့်မလဲဆိုတဲ့ ဝိစိကိစ္ဆာကိုကော (မလာပါ ဘုရား) ဒါဖြင့် ဒိဋ္ဌိပြုတ်ကတည်းက ဘာတုန်း (ဝိစိကိစ္ဆာ ပြုတ်ပါတယ် ဘုရား)။

အကြောင်းဖြစ်၍ အကျိုးဖြစ်တယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား) အကြောင်းချုပ်၍ (အကျိုးချုပ်ပါတယ် ဘုရား)။

ဒါဖြင့် အဖြစ်နဲ့အပျက် မြင်တဲ့ပုဂ္ဂိုလ်ဟာ ဝိစိကိစ္ဆ အထူးသတ်စရာလိုသေးသလား (မလိုပါ ဘုရား)။

အဲ့ဒါကြောင့် ကိုစောမောင်တို့ရေ ဒါကလေးတော့ ထူးထူးခြားခြားမှတ်ပါ၊ ရှင်အာနန္ဒာကို ဘုရားကိုယ်တော် တိုင်ဟောလို့ ဒိဋ္ဌိပြုတ်တဲ့ ပုဂ္ဂိုလ်များ ဝိစိကိစ္ဆာ အထူးဖြုတ်စရာမလိုဘူးဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့) သဘောပါ ကြပြီလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဖြစ်တာနဲ့ပျက်တာ မြင်တိုင်း, မြင်တိုင်း ဒိဋ္ဌိဝိစိကိစ္ဆာသည် ပြုတ်နေတာပဲ (ပြုတ်ပါတယ် ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ်ဟာ ဒိဋ္ဌိပြုတ်နေတာ

ကိုင်း ဒါလောက်ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ဆရာကောင်း၊ သမားကောင်းနဲ့ တွေ့ကြုံနေတာလဲ တစ်ကြောင်း၊ ကျမ်းအမျိုးမျိုးနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတာတွေကို ညှိနှိုင်းပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးပြောတာ တစ်လုံးတစ်လေမှ မမှားရအောင် ပြောနေတဲ့အတွက် ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ်ဟာ ဒိဋ္ဌိပြုတ်နေတာ (မှန်ပါ့) ဝိစိကိစ္ဆာ ကကော (ပြုတ်ပါတယ် ဘုရား)။

ဒိဋ္ဌိ ဝိစိကိစ္ဆာပြုတ်တော့ကို သီလပဗ္ဗတပရာမာသ, ဆိုတာတော့ ဗုဒ္ဓဘာသာဝင်တွေမှာ ရှိဖို့ခဲယဉ်းလို့ ဟောဖို့ သိပ်မလိုလှဘူး (မှန်ပါ့)။

နွားတို့အကျင့်၊ ခွေးတို့အကျင့်ဟာ နိဗ္ဗာန်ရောက်ကြောင်းလို့ ဘယ်သူများထင်သေးသတုန်း (မထင်ပါ ဘုရား)။

အဲဒီတော့ အဲဒီအကျင့်မျိုးကတော့ အိန္ဒိယမှာရှိတဲ့ အချို့ပုဂ္ဂိုလ်တွေကို ရည်ရွယ်ထားတာနော် (မှန်ပါ့)။

အဲဒီတော့ ဒီမှာဖြင့် မောင်နိုင်, မောင်ဘမှီတို့ ဖြစ်ပျက်မြင်ရင် ဘာပြုတ်သတုန်း (ဒိဋ္ဌိဝိစိကိစ္ဆာပြုတ်ပါတယ် ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို့ သီလကလေးနဲ့ တင်းတိမ်မနေနဲ့၊ ဖြုတ်တတ်တဲ့ တရားနှစ်ခုကိုလဲ ကိုစောမောင် ဖြုတ်လိုက်ပါဦး (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဖြုတ်တတ်တဲ့ တရားနှစ်ပါးကိုလဲ (ဖြုတ်ရမှာပါ ဘုရား) ဖြုတ်ရမှာဆိုလို့ရှိရင်ဖြင့် “ဖြုတ်” ဆိုတာ ကိုယ့်ခန္ဓာကို ငါ ငါ့ဥစ္စာထင်လို့ ဖြုတ်ကြတာကိုးဗျ (မှန်ပါ့)။

အဲဒီတော့ ငါ ငါ့ ဥစ္စာ မထင်ဘဲနဲ့ စိတ်ကလေးပေါ်လာလာ ဝေဒနာလေး ပေါ်လာလာ ဒကာ ဒကာမတွေ သန္တာန်မပေါ်တဲ့ အချိန်လဲမရှိတော့ အဲဒီအဖြစ်အပျက်ကလေးကို ခင်ဗျားတို့ရှုပေး (မှန်ပါ့)။

ဒါ ဘာလုပ်နေတာပါလိမ့်မတုန်းဆိုတာကော ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) ဘာလုပ်နေတာတုန်း (ဝမ်းစာ ထွင်းနေတာပါ ဘုရား) ဘယ်ဝမ်းစာတွေ ထွက်သွားအောင်လို့ ထွင်းပါလိမ့် (ဒိဋ္ဌိဝိစိကိစ္ဆာပါ ဘုရား)။

နိဗ္ဗာန်ကူးမယ်ဆိုရင်

အဲ ဒိဋ္ဌိဝမ်းစာ အလေးဓာတ်တွေ ထွက်သွားအောင်လို့ ဖြုတ်နေတာ ဖြစ်သောကြောင့် ဤခန္ဓာတည်း ဟူသော လှေကို အားထုတ်တဲ့ ယောဂီပုဂ္ဂိုလ်ဟာ ဒိဋ္ဌိထွင်းပြီးသာ လှေကြီးနဲ့ ဟိုမှာဘက်ကမ်း နိဗ္ဗာန်ကူးမယ်ဆိုရင်ဖြင့် ရောက်ပါ့မယ် ကွာလို့ ဘုရားက တာဝန်ခံတယ် (မှန်ပါ့)။

ဒိဋ္ဌိမထွင်းဘဲနဲ့သာ ကူးမယ်ဆိုရင်ဖြင့် မြုပ်လိမ့်မယ်ကွတဲ့ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အားလုံးတရားနာကြတဲ့ ပုဂ္ဂိုလ်တွေ ဘုန်းကြီးမှာတာက ဘယ်လိုမှာသတုန်းလို့ဆိုလို့ရှိရင် သီလထက် ကောင်းတာ ဘာရှိသေးသတုန်းလို့လဲ ပြောချင်ပြောကြမယ် (မှန်ပါ့) မပြောပေဘူးလား (ပြောပါတယ် ဘုရား)။

အဲဒီပြောတဲ့ ပုဂ္ဂိုလ်တွေရှိခဲ့သော် ခင်ဗျားဟာ အင်ကြင်းပင်ကြီး အလုံးလိုက် မထွင်းဘဲနဲ့ လှေလုပ်စီးနေတာကိုး၊ အဲဒီတော့ ဝမ်းစာတွေ ထွင်းပါဦး၊ ဒါနဲ့ကူးလို့ မရပေဘူးဆိုတာကို သေသေချာချာ ဥပမာနဲ့ပြသည်ဖြစ်လေသောကြောင့် တစ်ယောက်တစ်ယောက်လဲ အားပေးကြပါ (မှန်ပါ့) မပေးထိုက်ဘူးလား (ပေးထိုက်ပါတယ် ဘုရား)။

သူ့ခမျာ စေတနာကောင်းနဲ့ ဥပုသ်စောင့်နေတာဗျ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)

စေတနာ သူ့ထက်ကောင်းတာ ရှိသေးသလား (မရှိပါ ဘုရား)။

တစ်လ လေးသီတင်းရယ် ရှစ်သီတင်းရယ် စီးပွားရေး ဘယ်လိုနေနေကွာ ဒီဟာကတော့ အရယူမယ်ဆိုတော့ နည်းတဲ့စေတနာလား (မနည်းပါဘူး)။

စေတနာကောင်းပေးမယ့်လဲ ဗဟုသုတ ဆရာသမားကောင်း မတွေ့ပြန်လို့ရှိရင်လဲ တင်းတိမ်တာ စောသွားလို့ ရှိရင်လဲ ကိုစံလှ မှားမယ် (မှားပါတယ် ဘုရား)။

တင်းတိမ်တာက မတင်းတိမ်လောက်ဘဲနဲ့ ဒကာ ဒကာမတို့ တင်းတိမ်နေလိုရှိရင်ဖြင့် မမှားပေဘူးလား (မှားပါ တယ် ဘုရား)။

ကိုစောမောင် ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား) အားလုံး ဒကာ ဒကာမတွေကော ကျေနပ်ပြီလား (ကျေနပ် ပါပြီ ဘုရား)။

ဒါဖြင့် ငါးပါးသီလဆိုတာက မဆောက်တည်လဲ ရှိ၊ ဆောက်တည်ကော (ရှိပါတယ် ဘုရား)။

ဒီလိုရှိနေတော့ သီလရှိတဲ့ ပုဂ္ဂိုလ်တွေမှာ ဝိပဿနာ အညွှန့်မတပ်ရင် မဖြစ်ဘူးဆိုတော့ ဒီဝတ္ထုက သက်သေခံ နေတယ် (မှန်ပါ့) မခံပေဘူးလား (ခံပါတယ် ဘုရား)။

ဒါဖြင့် ကြိုးစားကြပါ၊ ကြိုးစားကြပါဆိုတာ ဒကာ ဒကာမတွေက ဒီက ပြန်လို့ရှိရင်ဖြင့် နာရီဝက်ရတဲ့ ပုဂ္ဂိုလ် နာရီဝက်ထိုင်ပေါ့ဗျာ (မှန်ပါ့)။

ဒါ ဒိဋ္ဌိဖြုတ်နေတာ၊ ဝမ်းစာထွင်းနေတာပဲ၊ ဟိုမှာဘက်ကမ်းကူးဖို့ လှေကြီးဖြစ်အောင်လို့။

ဟိုမှာ ဘက်ကမ်းကူးလို့ရတဲ့ ပုဂ္ဂိုလ်၏အလုပ်

ကဲ ဒါဖြင့် ကိုစောမောင် မလုပ်မဖြစ်တဲ့ အလုပ်က ပေါ်လာကြပြီလား (ပေါ်လာပါပြီ ဘုရား) ဝမ်းစာထွင်းနေတဲ့ အလုပ်ဟာ ဟိုမှာ ဘက်ကမ်းကူးလို့ရတဲ့ ပုဂ္ဂိုလ်၏အလုပ် (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်တည်းဟူသော ဟိုမှာဘက်ကမ်း ကူးလို့ရတဲ့ ပုဂ္ဂိုလ်၏ အလုပ်ကဖြင့် ဝမ်းစာမထွင်းရင် မဖြစ်ပါဘူး (မှန်ပါ့ ဘုရား) ဒီလောက်လေးတာ ရှိကို မရှိဘူး (မှန်ပါ့)။

ဒေဝဒတ်ကြီးဟာ ခင်ဗျားတို့ ကျုပ်တို့ စဉ်းစားကြည့်ပါ။ အလေးချိန် ခင်ဗျားတို့ ကျုပ်တို့နဲ့ အတူတူပဲနေမှာပါပဲ (မှန်ပါ့)။

သို့သော် ဒိဋ္ဌိဆွဲချလိုက်တာ မြေကြီးကိုအက်ပြီး အောက်ရောက်သွားတယ် (မှန်ပါ့) မရောက်ဘူးလား (ရောက် ပါတယ် ဘုရား)။

အဲ့ဒါ လူအလေးချိန် လေးတာလား၊ ဒိဋ္ဌိလေးလို့လား ဒိဋ္ဌိလေးလို့ပါ ဘုရား) သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

အားလုံးမြေမျိုတဲ့ ပုဂ္ဂိုလ်မှာ လူအလေးချိန် ခင်ဗျားတို့ ကျုပ်တို့နဲ့ အတူတူပါပဲ၊ ဘယ့်နှယ်ကြောင့် သူသည်ကား လို့ဆိုရင် မြေကြီးအက်ပြီး သကာလ အဝီစိကျအောင် အက်ပြီး သကာလ ရောက်ရပါလိမ့်မတဲ့တုန်း အမေးထုတ်လို့ရှိရင် ခန္ဓာလေးတာ မဟုတ်ဘူး၊ ဒိဋ္ဌိလေးတာ (မှန်ပါ့) သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

ဘာလေးပါလိမ့် (ဒိဋ္ဌိလေးတာပါ ဘုရား) ဒိဋ္ဌိလေးတာ ဒကာ ဒကာမတွေ ကြည့်စမ်းပါလား၊ တစ်ခါတစ်လေများ ခန္ဓာကိုယ်ကြီးများ လေးနေတဲ့အခါ ကိုစောမောင်၊ ရှိသေးတယ် (ရှိပါတယ် ဘုရား)။

စိတ်လေးလိုက်တာတဲ့၊ စိတ်လေးလို့ရှိရင် ငါ့သား, ငါ့သမီးဆိုတဲ့ ဒိဋ္ဌိဝင်လို့ လေးတာ (မှန်ပါ့)။

ငါ့သားများ ဘာဖြစ်မတုန်း၊ ငါ့သမီးများ ဘာဖြစ်မတုန်း၊ ငါ့ပစ္စည်းများ ဘာဖြစ်မတုန်း၊ ငါ့အိမ် ငါ့တိုက်များ ဘာဖြစ်မတုန်းဆိုတဲ့ အဲဒီငါဝင်လာရင် လေးလာတာပဲ (မှန်ပါ့) သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

စိတ်လေးတာ ဘယ်သူဝင်လာလို့တုန်း (ငါဝင်လာလို့ပါ ဘုရား) ငါဝင်လာလို့ဆိုတော့ အဲဒီပုဂ္ဂိုလ်ဟာ ထ,ရတာလဲ လေးလေး ပြောရတာရော (လေးလေးပါ ဘုရား)။

သူ့မှာ အကုန် အလေးနဲ့ချည်း မသွားဘူးလား။

ဘယ်သူ့ကြောင့် လေးပါလိမ့်မတုန်း

အင်း ကိုစောမောင် တို့ ကိုစံလှ တို့က ဘယ်သူ့ကြောင့် လေးပါလိမ့်မတုန်း (ဒိဋ္ဌိကြောင့်ပါ ဘုရား)

ငါ့သား ဘာဖြစ်မတုန်းဆိုလို့ လေးတာကိုး (မှန်ပါ့) ငါ့သမီး ဘာဖြစ်မတုန်းလို့ဆိုလို့ရော (လေးပါတယ် ဘုရား) ငါ့ပစ္စည်း ဘယ်သူများ ကြံစည်ကြမတုန်းဆိုလို့ကော (လေးပါတယ် ဘုရား)။

အဲဒီစိတ်လေးတိုင်း စိတ်လေးတိုင်းဟာ ဒကာ ဒကာမတို့ ဘာထင်ကြသတုန်း (ဒိဋ္ဌိပါ ဘုရား)။

ဒိဋ္ဌိကြောင့် လေးတာ ခင်ဗျားတို့ ဂုဏ်ယူမနေနဲ့ (မှန်ပါ့) သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

စိတ်လေးလိုက်တာ စိတ်လေးလိုက်တာဆိုတော့ ထ,တာကလဲ ခပ်လေးလေး၊ ပြောတာကလဲ ခပ်လေးလေး၊ အိပ်ပြန်လဲ ခပ်နွဲ့နွဲ့ ဟင် ဒီလိုကော မနေဘူးလား (နေပါတယ် ဘုရား)။

ထ,ပြန်လို့ရှိရင်လဲ ခပ်လေးလေး၊ ကိုစောမောင် လာမလာ (လာပါတယ် ဘုရား)။

ဒါဘယ်သူ့ကြောင့် လေးနေတာလဲ (ဒိဋ္ဌိကြောင့်လေးနေပါတယ် ဘုရား) ငါဘာဖြစ်ဦးမှာလဲဆိုတဲ့ ဝိစိကိစ္ဆာ ကြောင့်ကော (လေးပါတယ် ဘုရား)။

အဲ ဒိဋ္ဌိဝိစိကိစ္ဆာ ဝင်လိုက်ပြီဆိုမှဖြင့် ဘယ့်နှယ်ဖြစ်လာသလဲ (လေးလာပါတယ် ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒီ လေးရင်း မိတ္တနဲ့များ ဒကာ ဒကာမတို့ စုတိစိတ်ကျသွားလို့ရှိရင်ဖြင့် ဘယ်သူ့မှ ဗေဒင်မမေးပါနဲ့ သွားပြီ၊ ငရဲသာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့)။

ဘယ်သူက ဆွဲချသွားသတုန်း (ဒိဋ္ဌိက ဆွဲချသွားပါတယ် ဘုရား)။

ဒိဋ္ဌိက ဆွဲချသွားလိုက်တာ ဒကာ ဒကာမတို့ ကယ်မယ့် ယူမယ့်သူ ပေါ်လာသေးရဲ့လား (မပေါ်လာပါ ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိဖြုတ်ကြပါစို့လို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ကဲ ဒိဋ္ဌိဖြုတ်ရအောင် ဒကာ ဒကာမတို့ ဒီနေ့ ဝိပဿနာတရားကိုး၊ ဒိဋ္ဌိဖြုတ်တာသည် အလုပ်လုပ်မှ ပြုတ်တယ် (မှန်ပါ့ ဘုရား)။

အသိနဲ့ ပြုတ်တာက ဉာတပရိညာတဲ့၊ အဲ့ဒါက ခဏပြုတ်သွားတာကွတဲ့ (မှန်ပါ့) မဂ်နဲ့ဖြုတ်မှ သေသေချာချာ ပြုတ်မှာကိုးဗျ (မှန်ပါ့) မဂ်နဲ့ဖြုတ်မှ အပြုတ်အစစ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

မပွားများဘဲနဲ့ စာသိပေသိနဲ့ ပြုတ်တာကဖြင့် တဒင်္ဂပြုတ်တာပဲတဲ့၊ ကိလေသာကတော့ ဒကာ ဒကာမတို့ ဝမ်းထဲမှာ အနုသယသဘောနဲ့ ကိန်းလျက်ပါပဲ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ပွားများပြီး မဂ်နဲ့ဖြုတ်မှ

ဒါဖြင့် ပွားများပြီး မဂ်နဲ့ဖြုတ်မှ အပြုတ်နော် (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် မနေ့က တရားပဲ ဒကာ ဒကာမတို့၊ မနေ့က ဝေဒနာမှာဆုံးတယ်၊ ဒီနေ့ စိတ်မှာဆုံးကြရအောင် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့၊ ခင်ဗျားတို့မှာ ဇရာမရဏ ရှိပါရဲ့လား (ရှိပါတယ် ဘုရား) အိုမှုကြီးလဲ နေ့တိုင်းရှိတယ်၊ ခဏခဏတိုးနေတယ်ဆိုတာ သေချာနေတယ် (မှန်ပါ့) သေခါနီးကကော ဖြစ်မှဖြစ်ကြရဲ့လား (ဖြစ်ပါတယ် ဘုရား)။

တရားဟောစကထက် အခု နည်းကျတယ်ဆိုတော့ အိုမှု သေမှုကတော့ ကျုပ်တို့ ခန္ဓာကိုယ်ထဲမှာ ရှိပြီးသား အတိုင်းပဲလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါဖြင့် ဒီအိုမှု, သေမှုကို မောင်နိုင်, မောင်ဘမှီ တို့က လက်သည်ရှာကွ (ဇာတိက လာပါတယ် ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကိုစံလှ ဘယ်ကလာသတုန်း (ဇာတိက လာပါတယ် ဘုရား) အားလုံး ဒကာ ဒကာမတွေ (ဇာတိကလာပါတယ် ဘုရား)။

ဇာတိဆိုတာ ပဋိသန္ဓေနော် (မှန်ပါ့) ပဋိသန္ဓေနေမှုရှိတဲ့ ပုဂ္ဂိုလ်ဖြင့် အိုမှု, သေမှုက ပြေးလို့လွတ်ပါ့မလား၊ အမေးထုတ်လိုက်တယ် (မလွတ်ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ပဋိသန္ဓေနေမှုနဲ့ အိုမှု, သေမှု ဘယ်ဟာ ကြောက်စရာကောင်းသတုန်း (ပဋိသန္ဓေနေမှုက ကြောက်စရာကောင်းပါတယ် ဘုရား)။

ဟုတ်သားပဲ ပဋိသန္ဓေက သမုဒယသစ္စာ (မှန်ပါ့) အိုမှု သေမှုက ဒုက္ခသစ္စာ (မှန်ပါ့) ကိုစောမောင် ကျေနပ် ပြီလား (ကျေနပ်ပါပြီ ဘုရား)။

ပဋိသန္ဓေက (သမုဒယသစ္စာပါ ဘုရား) သမုဒယဆိုတာ သူ့ကြောင့်ဆိုတော့ သမုဒယမဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) သူက သမုဒယသစ္စာ၊ ဒီနှစ်ခုက (ဒုက္ခသစ္စာပါ ဘုရား)။

သမုဒယသစ္စာကို ကျုပ်တို့ပယ်ခဲ့သော်

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ သမုဒယသစ္စာကို ကျုပ်တို့ပယ်ခဲ့သော် ကျုပ်တို့ ဒုက္ခသစ္စာ လာဦးမလား (မလာပါ ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

သမုဒယပယ်ခဲ့သော် (ဒုက္ခသစ္စာမလာပါ ဘုရား) ဒါဖြင့် ဘယ်ဘဝမှ မလိုချင်တဲ့ဉာဏ်နဲ့ ကျုပ်တို့ နေကြ ထိုင်ကြမယ်ဆိုရင်ဖြင့် ဘယ်အိုသေမှ မလာပါဘူး (မှန်ပါ့)။

ဒီအိုသေ နှစ်ခုလာသေးရဲ့လား (မလာပါ ဘုရား) သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဇာတိက ဘာသစ္စာ (သမုဒယသစ္စာပါ) ဇရာ မရဏက (ဒုက္ခသစ္စာပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သမုဒယနဲ့ ဒုက္ခ ဘယ်ဟာသာပြီး ကြောက်ရမတုန်း (သမုဒယကြောက်ရပါမယ်) သမုဒယကြောက်လိုက်လို့ရှိရင် ကိုစောမောင် ဒုက္ခလာသေးရဲ့လား (မလာပါ ဘုရား)။

အဲ ခင်ဗျားတို့က ဘာဖြစ်ရပါလို၏ ညာဖြစ်ရပါလို၏ဆိုတော့ သမုဒယကို ဖြစ်အောင်လုပ်တာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

လူ, ဖြစ်ရပါလို၏။ နတ်,ဖြစ်ရပါလို၏ဆိုတော့ သမုဒယ ဖြစ်ရပါလို၏၊ သမုဒယဖြစ်မှ ဒုက္ခဖြစ်မှာ (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဘာဖြစ်မှ ဘာဖြစ်မှာတုန်း (သမုဒယဖြစ်မှ ဒုက္ခဖြစ်မှာပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ကိုစောမောင် ပဋိစ္စသမုပ္ပါဒ် ပဋိလောမ ပြတယ်နော် (မှန်ပါ့) ပဋိလောမပြတော့ သစ္စာနှစ်ပါး ကွဲလွဲမသွားဘူးလား (ကွဲသွားပါတယ် ဘုရား)။

ဒါက ဘုရားသခင် ကိုယ်တော်မြတ်ကြီး သေသေချာချာဟောတာနော် (မှန်ပါ့) ဘုရားဟောလို့ ဘုန်းကြီးတို့ ရဲရဲပြောပြီး သကာလ နေတာ၊ ဖြစ်စဉ်ကလဲ ကိုက်လွန်းလို့ ငြင်းစရာလဲမလိုပါဘူး (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဇာတိ ဘယ်ကလာပါလိမ့် (ကမ္မဘဝက လာပါတယ် ဘုရား)။

ေဩာ် ဒါဖြင့် ဒကာ ဒကာမတွေ ကံကလုပ်လိုက်တာ ကံကောင်းလို့ ဇာတိဖြစ်လာတာလား၊ ကံဆိုးလို့ ဇာတိ ဖြစ်တာလား (ကံဆိုးလို့ပါ ဘုရား)။

အဘယ့်ကြောင့် ကံဆိုးလို့ ဇာတိဖြစ်လာသတုန်းလို့ အမေးထုတ်ခဲ့သော် ကံက သမုဒယသစ္စာ၊ ဇာတိက ဒုက္ခသစ္စာလာဖြစ်တယ် (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကံက ဘာသစ္စာ (သမုဒယသစ္စာပါ ဘုရား) ဇာတိက (ဒုက္ခသစ္စာပါ ဘုရား) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ဘာကြောင့်တုန်းဆိုတော့ ကံကအကြောင်း၊ အကြောင်းဆိုတော့ သမုဒယမကျဘူးလား( ကျပါတယ် ဘုရား)။

ဇာတိက (အကျိုးပါ ဘုရား) အကျိုးဆိုတော့ ဇာတိကို ဘုရားက ဘာသစ္စာဟောသတုန်း (ဒုက္ခသစ္စာဟောပါ တယ် ဘုရား)။

ကံကြောင့် ဒုက္ခ ရောက်တာ

အဲဒီတော့ ဒကာ ဒကာမတို့ သိပြီးသားအတိုင်းပါတဲ့၊ ဘုန်းကြီး ကြံဖန်ဟောစရာမလိုတော့ ကံကြောင့် ဒုက္ခ ရောက်တာ (မှန်ပါ့) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဘယ်သူ့ကြောင့်များ ဒုက္ခရောက်ပါလိမ့် (ကံကြောင့်ဒုက္ခရောက်ပါတယ် ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် တစ်နေ့ကလဲ စကားသုံးခဲ့ပြီ၊ ဉာဏ်အမိ ဉာဏ်အဖ လုပ်ကြစမ်းပါလို့ဆိုတာ ကိုစောမောင် ပြောထိုက် မပြောထိုက် (ပြောထိုက်ပါတယ် ဘုရား)။

ခင်ဗျားတို့ လုပ်နေတာက ဘာတုန်း (ကံအမိ, ကံအဖပါ ဘုရား)။

အဲ ကံအမိ, ကံအဖကို ပြောင်းပေး၊ ဒီနေရာမှ ဉာဏ်အမိ၊ ဉာဏ်အဖ ဖြစ်အောင်လုပ် (မှန်ပါ့) ဒီဒုက္ခသစ္စာ မြင်ပြီး ကုသိုလ်လုပ်ပေါ့ဗျာ (မှန်ပါ့)။

ကံလဲ ပါသွားတာပဲ၊ သို့ပေမယ့် ကံက ပြဋ္ဌာန်းသလား၊ ဉာဏ်က ပြဋ္ဌာန်းသလား (ဉာဏ်ကပြဋ္ဌာန်းပါတယ် ဘုရား)။

အဲ ဒုက္ခသစ္စာ သိပြီးလုပ်တဲ့ စေတနာမျိုးကျတော့လုပ်ပါတဲ့၊ ဝဋ်ကျွတ်ချင်လို့ လုပ်တာပဲ၊ လှူဒါန်း ပေးကမ်း အကုန်လုပ်ကြပါလို့ သတိပေးလိုက်တယ် (မှန်ပါ့) မပေးထိုက်ဘူးလား (ပေးထိုက်ပါတယ် ဘုရား)။

ဘာဖြစ်လို့တုန်းဆိုတော့ ကံအမိ, ကံအဖဆိုရင် ဒုက္ခလာမယ်၊ ဉာဏ်အမိ, ဉာဏ်အဖ ဦးစီးပြီး သကာလ ဟောဒီ ဒုက္ခကြီးကို မရချင်လို့ လုပ်ပါတယ်ဆိုတော့ ဒါနနဲ့လဲလုပ်၊ သီလနဲ့လဲလုပ်၊ ကိုစောမောင် မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

သို့သော် ဘယ်သူဦးစီးသလဲ (ဉာဏ်ဦးစီးပါတယ် ဘုရား)။ အဲ ဉာဏ်ဦးစီးတော့ စိုးရိမ်၊ ကံဦးစီးမှာတော့ စိုးရိမ်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဉာဏ်ဦးစီးပြီးလုပ်တဲ့ အလှူအတန်း

ဉာဏ်ဦးစီးပြီးလုပ်တဲ့ အလှူအတန်း အပေးအကမ်းကျတော့ ဟောဒီ ဒုက္ခတွေ လွတ်တယ် (မှန်ပါ့)။

ကံဦးစီးရင် ဒကာ ဒကာမတို့ သိတဲ့အတိုင်းပဲ ဝဋ်ကံလို့မှတ်ပါ (မှန်ပါ့) ဉာဏ်ဦးစီးရင် ဝဋ်ကျွတ်တယ်လို့မှတ်ပါ (မှန်ပါ့)။

ဒါဖြင့် ကံဦးစီးတာကျတော့ ဝဋ္ဋကုသိုလ် (မှန်ပါ့) ဉာဏ်ဦးစီးတာကျတော့ (ဝိဝဋ္ဋကုသိုလ်ပါ) ရှင်းနေတဲ့ သူ့ဟာ ငြင်းစရာလိုသေးသလား (မလိုပါ ဘုရား) သဘောပါသလား (ပါပါပြီ ဘုရား)။

တစ်ခါ သွားပါဦး သွားပါဦး ဒကာ ဒကာမတို့ ကံဘယ်ကလာပါလိမ့် (ဥပါဒါန်က လာပါတယ် ဘုရား)။

ဒီကတည်းက သေချာနေပြီ၊ ကိုစောမောာင် ဥပါဒါန်က ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒု ပါဒါန်ဆိုတဲ့ ဥပါဒါန်တရားလေးပါး မရှိဘူးလား (ရှိပါတယ် ဘုရား)။

ဒီဥပါဒါန်အကြောင်းက ဘာဖြစ်တာတုန်း (ကံဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် ဥပါဒါန်က ဘာသစ္စာတုန်း (သမုဒယသစ္စာပါ ဘုရား) ကံက (ဒုက္ခသစ္စာပါ ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ ကံကြောင့် ဒုက္ခဖြစ်နေတယ်ဆိုတာပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ဒကာ ဒကာမတို့ အခုလူ့ဘဝ ဘယ်သူပို့လိုက်ပါလိမ့် (ကံပို့လိုက်ပါတယ် ဘုရား) ကံပို့လိုက်တော့ အခု စားမှု သောက်မှု ရှာရတာနဲ့ကော (ခွဲလို့မရပါဘူး) အနာရောဂါကော (ခွဲလို့ မရပါ ဘုရား) မလွတ်ပါဘူး။ ကျွေးလိုက် မွေးလိုက် ရတာလဲ အားရဲ့လား (မအားပါ ဘုရား) ကျွေးကျိုးကော နပ်ကဲ့လား (မနပ်ပါ ဘုရား) မနပ်တာလဲ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ကျွေးရင်း မွေးရင်းနဲ့ အိုပွဲ, နာပွဲကြီး ခင်းနေတာ ခန္ဓာက (မှန်ပါ့) မခင်းဘူးလား (ခင်းပါတယ် ဘုရား)။

ကျွေးရှင်, မွေးရှင်ရယ်လို့ ခင်ဗျားတို့ကို ခန္ဓာက ငဲ့ရဲ့လား (မငဲ့ပါ ဘုရား) မငဲ့ဘူးဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဥပါဒါန်က သစ္စာဘာသစ္စာ (သမုဒယ သစ္စာပါ ဘုရား) ကံက (ဒုက္ခသစ္စာပါ ဘုရား)။

ေဩာ် ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ကံက ဒုက္ခသစ္စာဟေ့ ဆိုတဲ့ဥစ္စာ ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။

ကံက လောကီလား၊ လောကုတ်လား

ကံက လောကီလား၊ လောကုတ်လား၊ တစ်ခါပြန်မေး (လောကီပါ ဘုရား) လောကီကံ။

ဒါကြောင့် ဇာတိလာတာပေါ့၊ လောကုတ္တရာကံဖြင့် ဇာတိလာပါ့မလား (မလာပါ ဘုရား)။

ဒါဖြင့် ကံဟာ လောကီစိတ် ရှစ်ဆယ့်တစ်ထဲက အပါအဝင်ဖြစ်နေတော့ ယှဉ်ဖော်ယှဉ်ဖက်အဖြစ်နဲ့ သူမပါ ဘူးလား (ပါပါတယ် ဘုရား) ပါရင် ဒုက္ခသစ္စာမှတစ်ပါး ဘာမှ မဖွဲ့နဲ့ သူ့ကို (မှန်ပါ့) သဘောပါပြီလား (ပါပါပြီ ဘုရား)။

အဲ့ဒီကျအောင် နားမလည်တဲ့ ပုဂ္ဂိုလ်ကတော့ဖြင့် ကံပဲ အားကိုးနေဦးမှာပဲ (မှန်ပါ့)။

ကံသာ သေသေချာချာ စဉ်းစားကြည့်တော့ ဘယ်ထဲကဖြစ်နေသလဲ (ဒုက္ခသစ္စာပါ ဘုရား)။

အဲ ကံဒုက္ခသစ္စာကို ခင်ဗျားတို့က အမွှန်းတင်ပြီး သကာလ နေကြမယ်ဆိုလို့ရှိရင်ဖြင့် ဇာတိကို ငါပေးပါမယ် ပြောမှာပဲ (မှန်ပါ့) ဇရာ မရဏကော (ပေးမှာပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဝိဝဋ္ဋဉာဏ် ဦးစီးကြပါဆိုတဲ့ စကားကိုဖြင့် မသုံးရင် မဖြစ်တော့ဘူး (မှန်ပါ့ ဘုရား) သဘောပါပြီလား (ပါပါပြီ ဘုရား)။

ဥပါဒါန် ဘယ်ကလာပါလိမ့် (တဏှာကလာပါတယ်) တဏှာက ဘာသစ္စာ (သမုဒယသစ္စာပါ) ဥပါဒါန်က (ဒုက္ခသစ္စာပါ ဘုရား)။

ကဲ ခင်ဗျားတို့ ဒုက္ခရောက်နေတာဟာ ဒီဥပါဒါန်တွေကြောင့် ဒုက္ခရောက်နေတာ (မှန်ပါ့) သားစွဲ, သမီးစွဲနဲ့ စွဲလုံးဟူသ၍ ဘာဆိုကြပါ့မယ် (ဥပါဒါန်ပါ ဘုရား)။

အဲ ဥပါဒါန်ကြောင် စားမဝင် အိပ်မပျော်တွေ မလာဘူးလား၊ လာသလား (လာပါတယ် ဘုရား)။

ဘယ်သူ့ကြောင့် ဒုက္ခဖြစ်နေတာလဲ (ဥပါဒါန်ကြောင့်ပါ ဘုရား) ဥပါဒါန်ကြောင့် ဒုက္ခဖြစ်နေတယ်ဆိုတော့ ဒုက္ခဖြစ်အောင် ဘယ်သူက ကျေးဇူးပြုသတုန်း (တဏှာက ကျေးဇူးပြုပါတယ် ဘုရား)။

ဒါဖြင့် တဏှာက သမုဒယသစ္စာ၊ ဥပါဒါန်က (ဒုက္ခသစ္စာပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒကာ ဒကာမတို့၊ ခင်ဗျားတို့ သားရေး သမီးရေး၊ စီးပွားရေးကြောင့် ဒုက္ခဖြစ်နေတာကော ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဥပါဒါန်ရှိတဲ့ပုဂ္ဂိုလ် ဒုက္ခဖြစ်တာ

ကောင်းပြီ ဥပါဒါန်ရှိတဲ့ပုဂ္ဂိုလ် ဒုက္ခဖြစ်တာ (မှန်ပါ့) ဥပါဒါန်လွတ်တဲ့ ပုဂ္ဂိုလ်ဟာ (ဒုက္ခမရှိပါ ဘုရား) ဒုက္ခ သိမ်းတာပဲဆိုတာ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သစ္စာ သေသေချာချာ မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ်ထဲက ဘာပါသတုန်း (သမုဒယနဲ့ ဒုက္ခသာ ပါပါတယ်) ကိုစောမောင် ရှင်းပြီလား (ရှင်းပါပြီ ဘုရား)

အားလုံး ဒကာ ဒကာမတွေ ဒါ အင်မတန် သတိထားဖို့ ကောင်းပါတယ် အခုဥစ္စာ (မှန်ပါ့)။

သမုဒယနဲ့ ဒုက္ခပါတယ်ဆိုကတည်းကိုက ဒီ ပဋိစ္စသမုပ္ပါဒ်လွတ်မှ ချမ်းသာတော့မယ် (မှန်ပါ့) ဒီပဋိစ္စသမုပ္ပါဒ် လွတ်တာက ဘာတုန်းလို့ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ နိရောဓနဲ့ မဂ္ဂမှ လွတ်မယ် (မှန်ပါ့)။

ဒီ ပဋိစ္စသမုပ္ပါဒ်ထဲတော့ ဘာပါနေသတုန်း (သမုဒယနဲ့ ဒုက္ခ ပါပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ သီးသန့်လုပ်ယူရမှာက မဂ္ဂနဲ့ နိရောဓ လုပ်ယူရမယ် (မှန်ပါ့) မလုပ်ရင်ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)။

နိရောဓ မဂ္ဂ မပါသရွေ့

ဒါဖြင့် ဒကာ ဒကာမတို့ နိရောဓ မဂ္ဂ မပါသရွေ့ ကာလပတ်လုံး ဒီသံသရာကြီး ပြတ်ပါ့မလား (မပြတ်ပါ ဘုရား) သဘောပါကြပြီနော် (ပါပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် စဉ်းစားပါဦး ဒကာ ဒကာမတို့ ဒီတဏှာက ဘယ်ကလာသတုန်း (ဝေဒနာက လာပါတယ် ဘုရား)။

ဝေဒနာက လာတယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဝေဒနာက ဘာသစ္စာ (သမုဒယသစ္စာပါ) တဏှာက (ဒုက္ခသစ္စာပါ ဘုရား)။

အဲ တဏှာကြောင့် ဒုက္ခဖြစ်နေတယ်ဆိုတာကော မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒကာ ဒကာမတို့ ဒီတဏှာဟာ ဝေဒနာက လာတယ်ဆိုတော့ ဝေဒနာနောက်က ဝေဒနာကို ဖြစ်ပျက်ရှုတဲ့ မဂ္ဂင်မသွင်းခဲ့သော် ဒကာ ဒကာမတို့ မနေ့ကလဲ ပြောခဲ့ပါတယ်၊ ဒီတဏှာ လာမှာပဲ (လာမှာပါ ဘုရား) ဒီမဂ်ဝင်ရင်တော့ (မလာပါ ဘုရား)။

ဒါဖြင့် သူက ဖြစ်ပျက်ပါမှ ဒီကရှုတာက မဂ်ဖြစ်မယ် (မှန်ပါ့)။

ဒါဖြင့် ဒီကြားဝင်မှ ဒါတွေပြတ်မယ် (မှန်ပါ့ ဘုရား)။

ဘုရားက ဘယ်နေရာမှာ ဖြစ်သတုန်း

ဒါကြောင့် မနှစ်က ဟောခဲ့ပါတယ်၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို ဘုရားက ဘယ်နေရာမှာ ဖြစ်သတုန်း ဆိုတော့ ခင်ဗျားတို့ သိထားတာက ဗောဓိပင်နဲ့ ရွှေပလ္လင်ပေါ်မှာ (မှန်ပါ့)။

ဗောဓိပင်နဲ့ ရွှေပလ္လင်ဆိုတာ ဒကာ ဒကာမတွေ အမြင်ပြောတာ၊ သေသေချာချာ စဉ်းစားတော့ ဝေဒနာနဲ့ တဏှာကြားမှာ ဘုရားဖြစ်တယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဘယ်မှာ ဘုရားဖြစ်ပါလိမ့် (ဝေဒနာနဲ့ တဏှာကြားမှာပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ မိုးကလဲ ရွာတယ်၊ ဒီနေ့ ဒီတွင် သိမ်းပါဦးတော့။

ကဲ …ယနေ့ ဒီတွင် တော်ပါဦး။

သာဓု …သာဓု …သာဓု။