ဝေဒနာခေါ်ရာကို အသွားမလွဲစေနဲ့
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ် ဆရာတော်ဘုရားကြီး
မိုးကုတ်မြို့၌ ဟောကြားတော်မူအပ်သော
ဝေဒနာခေါ်ရာကို အသွားမလွဲစေနဲ့
ဝေဒနာ နုပဿနာ – တရားတော်
အမှားပေါ်အောင်လို့ ဟောနေတယ်
ပဋိစ္စသမုပ္ပါဒ်ကို ဒကာ ဒကာမတွေ ပဋိလောမဆိုတဲ့ သဘောနဲ့ ပြန်ပြီးဟောနေတာသည် အမှားပေါ်အောင်လို့ ဟောနေတယ်လို့ မောင်နိုင်၊ မောင်ဘမှီ တို့ မှတ်ရမယ် (မှန်ပါ့) ဒါကို မပြောလို့ရှိရင် အမှားဟာ မသိဘူး၊ ကိုယ့်ဟာကိုယ် မှန်တယ်ပဲ ထင်နေသေးတာပဲ (မှန်ပါ့)။
အဲ့ဒါကြောင့် ပဋိစ္စသမုပ္ပါဒ် အဆုံးကနေပြီး သကာလ ဒကာ ဒကာမတွေ စ,ပြပြီးတော့မှ ဝိပဿနာရှုပြီး သကာလ ၎င်း ပဋိစ္စသမုပ္ပါဒ် ဖြစ်ရမယ်ဆိုတဲ့ဥစ္စာပေါ်လာပြီ (မှန်ပါ့)။
ဒကာ ဒကာမတွေ အို, သေ ဆိုတဲ့ ဒီဘက်ကနှစ်ခု ပြထားတယ်။ ဒီဘက်နှစ်ခုဟာ ဘာပါလိမ့် (အိုသေပါ ဘုရား) ပါဠိလိုတော့ ဇရာ, မရဏ ပေါ့လေ (မှန်ပါ့)။
အဲ့ဒီ ဇရာ မရဏ ဒကာ ဒကာမတွေမှာ အခုလက်ရှိလား၊ လက်မဲ့လားလို့မေးရင် ဘယ့်နှယ်ပြောကြမလဲ (လက်ရှိပါ ဘုရား)။
လက်ရှိဖြစ်ပြီး သကာလ နေတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်နေတော့ ဒီနှစ်ခုဟာလဲ သစ္စာအားဖြင့် ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။
သစ္စာအားဖြင့်လဲ ဒုက္ခသစ္စာဖြစ်နေတယ်ဆိုတာ ရှင်းနေတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဘာရ,ရ ပါလို၏ တွေ့ကြုံရပါလို၏လို့ ဆုတောင်းကောင်း, မတောင်းကောင်း အခုကတည်းက ဝေဖန်ကြည့်ပါ (မတောင်းကောင်း ပါ ဘုရား)။
ဘာကြောင့်တုန်းလို့ အမေးထုတ်ခဲ့သော် ဒုက္ခသစ္စာနှစ်ခု ဖြစ်နေသောကြောင့် လည်းကောင်း၊ ဇရာလဲ ဒုက္ခသစ္စာ၊ အိုမှုဆိုတာ ကိုယ်ကိုယ်တိုင်လဲ မအိုချင်တဲ့ စိတ်ထားက လူတိုင်းရှိကြပါလိမ့်မယ်၊ ကိုယ်ကိုယ်တိုင် မသေချင်တဲ့ စိတ်ထား ကလဲ လူတိုင်း ရှိကြပါလိမ့်မယ်။
အကန်းမို့ တောင်းတာပဲ
အဲ့ဒါကြောင့် ဒီဇရာ, မရဏဆိုတဲ့ တရားနှစ်ခု ပဋိစ္စသမုပ္ပါဒ်အဆုံး ဒီနှစ်ခုသည်ကားလို့ဆိုရင် ဆုတောင်း၍ မယူကောင်းသောတရား၊ တောင်းခဲ့သော ဒီပုဂ္ဂိုလ်သည် အကန်းမို့ တောင်းတာပဲလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။
ဇရာ, မရဏ တွေ့ရပါလို၏လို့ တောင်းခဲ့သော် ဘယ်လိုလုပ်ဆိုကြမလဲ (အကန်းပါ ဘုရား) အဲ အကန်းမို့ တောင်းတာ၊ ဗာလ ပုထုဇဉ်လူမိုက်မို့ တောင်းတာဆိုတာကို ရဲရဲတင်းတင်း အခု ဒကာ ဒကာမတွေ ဆိုနိုင်ကြပြီလား (ဆိုနိုင်ပါတယ် ဘုရား)။
ဪ ဇရာ, မရဏ တွေများ ဆုတောင်းယူတဲ့ပုဂ္ဂိုလ်များဟာဖြင့် ဒုက္ခသစ္စာ မသိရှာလို့ဘဲလို့ ကိုခင်လှ ဆိုနိုင်မလား (ဆိုနိုင်ပါတယ် ဘုရား)။
တောင်းကောင်း၊ မတောင်းကောင်း (မတောင်းကောင်းပါ ဘုရား)။
ဒုက္ခသစ္စာဆိုတာ ဒကာ ဒကာမတို့ ပိုင်းခြားထားပြီး သကာလ မင်းဟာမင်း နေရစ်ပါကွာလို့ ပြောရမှာနော် (မှန်ပါ့ ဘုရား)။
ဒုက္ခသစ္စာတို့နောက် မလိုက်ဘဲနဲ့ မင်းဟာမင်း နေရစ်လို့ ဒီလိုပိုင်းခြားပြီး သကာလ ထားရစ်ခဲ့ရမှာကို ဘုန်းကြီး တချို့မသိတဲ့ ဒကာ ဒကာမတွေက လူပျိုပျိုရွယ်ရွယ်ကလေး ဖြစ်ရပါလို၏ဆိုရင် လူအိုက နေမှာမဟုတ်ပါဘူး (မှန်ပါ့) နေပါ့မလား (မနေပါ ဘုရား)။
လူပျိုဖြစ်ရပါလို၏ဆိုရင်
လူပျိုဖြစ်ရပါလို၏ဆိုရင် လူအို လိုက်လာမယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား) လူသေလိုက်လာမယ် ဆိုတာကော (သဘောကျပါပြီ) အဲ့ဒါ ဘာသစ္စာတွေတုန်း (ဒုက္ခသစ္စာပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ဟာ ခင်ဗျားတို့ ပျိုနေတာ၊ သူ့သဘောကတော့ဖြင့် အိုဘက်သွားနေတယ်၊ သေဘက်သွားနေတယ်ဆိုတာ ငြင်းစရာမရှိအောင် မှန်ပါတယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။
အဲ့ဒီ ဇရာ မရဏ သည် ဘုန်းကြီးတို့ ဒကာ ဒကာမတွေပဲ စဉ်းစားကြပါတော့၊ လာစရာအကြောင်း မရှိဘဲနဲ့တော့ မလာတန်ဆိုတဲ့ အိမ်မှာ ဧည့်သည်ရောက်လို့ရှိရင် လာစရာအကြောင်းရှိလို့ သူလာသလို၊ သူဘယ်က လာပါလိမ့်မတုန်း ဆိုတဲ့ လက်သည်အကြောင်းတော့ ရှာဖို့ကောင်းတယ် (မှန်ပါ့)။
ကောင်းတဲ့အခါကျလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ လက်သည်ရှာရင် ဇာတိပဲတွေ့မယ် (မှန်ပါ့) လက်သည်ရှာရင် ဘာတွေ့မလဲ (ဇာတိတွေ့ပါမယ် ဘုရား)။
ဒါကြောင့် ဘုရားက ဇာတိပစ္စယာ ဘယ့်နှယ်ဟောသလဲ (ဇရာမရဏပါ ဘုရား) ဇာတိပစ္စယာ၊ ဇရာ မရဏ လို့ ကိုစောမောင် တို့ ဆိုထားတော့ ဪ ဇာတိရှိလို့ ဇရာ မရဏ လာတာကိုး (မှန်ပါ့ ဘုရား)။
ဇာတိကိုလဲ မတောင်းကောင်းပါဘူး
ဇာတိ အကြောင်းမဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) ဇရာ မရဏက (အကျိုးပါ ဘုရား) အကျိုးဖြစ်နေတော့ ဒါဖြင့် ဇရာ မရဏသာ ဆုမတောင်းကောင်းတာ မဟုတ်သေးပါဘူး၊ ဇာတိကိုလဲ မတောင်းကောင်းပါဘူး (မှန်ပါ့) သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
ဇာတိကိုကော (မတောင်းကောင်းပါ ဘုရား) ဘာကြောင့်တုန်းလို့ဆိုရင်ဖြင့် ဇာတိလို့ရှိရင် ဇရာ မရဏ လုပ်မယ့် လက်သည်တစ်ယောက်ပဲလို့ ကိုစောမောင် တို့ ပြောလို့ရှိရင် ငြင်းနေဖို့ မလိုတော့ဘူး (မလိုပါ ဘုရား)။
မလိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ဇာတိကြောင့် ဇရာ မရဏ ဖြစ်နေတာ အထင်အရှား ဖြစ်ပြီး သကာလ နေတော့ အင်း ဒီဥစ္စာသည်ကားလို့ဆိုရင် ဇာတိ တောင်းရင် ဇရာ မရဏ လိုက်လာမှာပဲနော် (မှန်ပါ့ ဘုရား)။
ပဋိသန္ဓေနေမှု တောင်းတဲ့ပုဂ္ဂိုလ်သည် အိုမှု, သေမှု တို့ဖြင့် ရှောင်လွှဲလို့ လွတ်ကင်းစရာအကြောင်း မရှိဘူး (မှန်ပါ့) ရှိပါ့မလား (မရှိပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဇရာ မရဏနဲ့ ဇာတိ ဘယ်ဟာကြောက်စရာကောင်းသတုန်း (ဇာတိ ကြောက်စရာ ကောင်းပါတယ် ဘုရား)။
ဘာကြောင့်တုန်းဆိုတော့ အကြောင်းဖြစ်နေလို့ (မှန်ပါ့) အကြောင်းဆိုတော့ အကျိုးကိုဖြင့် ပေးတော့မှာပဲ ဆိုတာ မှန်နေမယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဇာတိ ဘယ်က လာပါလိမ့်မတုန်း
ကောင်းပြီ၊ ဒီဇာတိကို ဒကာ ဒကာမတွေက တစ်ခါ ဘယ်ကလာသတုန်း၊ ဇာတိ ဘယ်က လာပါလိမ့်မတုန်းလို့ ဒကာ ဒကာမတွေက လက်သည် ရှာလိုက်လို့ရှိရင်ဖြင့် တွေ့မှာပဲ။
ဇာတိဟာ ကံလုပ်တဲ့ ပုဂ္ဂိုလ်က လာတာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ဇာတိကဘာတုန်း (ကံလုပ်တဲ့ ပုဂ္ဂိုလ်က လာတာပါ ဘုရား)။
ဒါကြောင့် ပါဠိတော်သာ ရွတ်ကြပေတော့၊ ခင်ဗျားတို့ ဘယ့်နှယ်တဲ့တုန်း၊ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။
ဟော ဒါ ဘုန်းကြီးကပြောတာမဟုတ်ပါဘူး။ သူ့ဖြစ်စဉ်အတိုင်း ဓမ္မသဘောကို ဒီဟာတွေ ဘုရားက နာမည် တပ်ပေးတာ (မှန်ပါ့ ဘုရား)။
ဖြစ်စဉ်ကို နာမည်တပ်ပေးတာ၊ ဘုရားမပွင့်လဲ သတ္တဝါတွေမှာ ပဋိစ္စသမုပ္ပါဒ်အတိုင်း သွားနေကြတော့ ဘုရားပွင့် လာတော့ နာမည်တပ်ပေးတာသာ ရှိတယ်လို့ ကိုစံလှ တို့၊ ကိုစောမောင် တို့ မှတ်ရမယ် (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ကံလုပ်တဲ့ ပုဂ္ဂိုလ် ဘာရမလဲ (ဇာတိရပါ့မယ် ဘုရား)။
ကံမလုပ်ပါနဲ့ ဉာဏ်လုပ်ပါ
ဒါဖြင့် ဘုန်းကြီးက ပြောလိုက်တယ်။ မင်းတို့ ကံမလုပ်ကြနဲ့ဆိုလို့ရှိရင် ဒကာ ဒကာမတွေဟာ ဆက်နေမှာ စိုးတဲ့အတွက် ကံမလုပ်ပါနဲ့ ဉာဏ်လုပ်ပါလို့ သွင်းလိုက်တယ်နော် (မှန်ပါ့ ဘုရား)။
ဥပမာမယ် ဒါနပေးလိုက်တယ်။ ဒုက္ခဝဋ်မှကျွတ်တဲ့ နိဗ္ဗာန်ရောက်ရပါလို၏ဆိုရင် ဒီကံသည် ဒကာ ဒကာမတို့ ဉာဏ်ဦးစီးတယ် (မှန်ပါ့ ဘုရား)။
ဒုက္ခဝဋ်မှ ကျွတ်မှ ကျွတ်ရပါလို၏ဆိုတော့ ဒုက္ခမြင်တာ ကံလား၊ ဉာဏ်လား (ဉာဏ်ပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ မနေ့က ပြောခဲ့တယ်။ ကံအမိ ကံအဖ ဖြုတ်ပြီး ဉာဏ်အမိ, ဉာဏ်အဖကလေး ဒီနေရာတပ်လိုက်လို့ရှိရင် ကိုစောမောင် ပြီးသွားတယ် (မှန်ပါ့) မပြီးဘူးလား (ပြီးပါတယ် ဘုရား)။
လှူကြ, ပေးကြ, ကမ်းကြပေါ့ဗျာ (မှန်ပါ့) သို့သော် ဉာဏ်အမိ, ဉာအဖကို ဒုက္ခမြင်တဲ့ လှူဒါန်းပေးကမ်းခဲ့သည် ရှိသော် ဇာတိဒုက္ခသစ္စာ ရပါ့မလား (မရပါ ဘုရား)။
ဇရာ မရဏ ဒုက္ခသစ္စာကော (မရပါ ဘုရား) ဒါဖြင့် ဇာတိ ဇရာ မရဏ ဒုက္ခသစ္စာ လွတ်တယ်လို့ မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဒါက ဝိပါက ဝဋ်တဲ့၊ ဝိပါက ဝဋ်ဆိုတာ ဟောဒီအကြောင်းကြောင့် ဟောဒီအကျိုးတွေ လာတာ၊ အကျိုးဆိုတာ ဝိပါက သဘောကျပြီလား (ကျပါပြီ ဘုရား) ဒီဝိပါကဝဋ် ကိုစောမောင် ကျွတ်, မကျွတ် (ကျွတ်ပါတယ် ဘုရား)။
ဒါဖြင့် မလှူနဲ့၊ မပေးနဲ့၊ မကမ်းနဲ့ဆိုတာလား (ဉာဏ်ဦးစီးလိုက်လို့ ဆိုတာပါ ဘုရား)။
ဉာဏ်ဦးစီးလိုက်တဲ့အခါကျတော့ကို အနာဂတ်ဘဝဖြစ်တဲ့ ဒီသုံးခုဟာ အနာဂတ်ဘဝပဲ (မှန်ပ့ါ) အနာဂတ် ဘဝဖြစ်တဲ့ ဇာတိ ဇရာ မရဏ ချုပ်ရာကိုသာလျှင် ရချင်ဆန္ဒ ပြင်းပြပြီးလုပ်လို့ရှိရင် ခန္ဓာကိုယ်ပေါင်နှံပြီး သကာလ လှူပါတဲ့။ ကျေးဇူးများပါတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ထောင်ကျချင်လို့ မလုပ်နဲ့၊ ထောင်ထွက်ချင်လို့ ငွေထိုးရင် ကောင်းတယ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ငွေထိုးတဲ့ ပုဂ္ဂိုလ်မှာလဲ ဒကာ ဒကာမတို့ အမျိုးမျိုးရှိတယ်နော်။ ထောင်ကျချင်လို့ ငွေထိုးတဲ့ ပုဂ္ဂိုလ်ကျတော့ မောင်နိုင် မောင်ဘမှီ တို့က ဘယ့်နှယ် အမှုသည်ပါလိမ့်မတုန်း၊ ကိုယ်ထောင်ကျဖို့ ကိုယ်ငွေထိုးရတယ်။
ကျုပ်ကို ထောင်ချဖြစ်အောင် ချပါ
ကျုပ်ကို ထောင်ချဖြစ်အောင် ချပါလို့ ငွေထိုးတဲ့ အမှုသည်ကျတော့ ဒကာ ဒကာမတွေက ဘယ်လိုဆိုကြမလဲ (လူမိုက်ပါ ဘုရား)။
ကိုစောမောင် (မှန်ပါ့ လူမိုက်ပါ ဘုရား) ထောင်လွတ်ချင်လို့ ငွေထိုးခဲ့သော် (လူလိမ္မာပါ ဘုရား)။
ဒီမှာလဲ ဒကာ ဒကာမတို့ ထောင်လွတ်ချင်လို့ ခင်ဗျားတို့ အလှူအတန်းတွေဆိုတာ ငွေကုန်ကျတာပေါ့။ သဘာကျပြီလား (ကျပါပြီ ဘုရား)။
အဲ့ဒီတော့ ထောင်လွတ်ချင်လို့ ငွေထိုးလို့ ရှိရင်ဖြင့် ဇာတိထောင်၊ ဇရာ မရဏထောင်၊ ဗျာဓိ သောကပရိဒေဝထောင် ကြီးထဲ ကျစရာရှိသေးရဲ့လား (မရှိပါ ဘုရား)။
အဲ့ဒီတော့ တူပေမယ့်လဲ ငွေထိုးတာနဲ့ အတူတူပါပဲတဲ့။ ဒကာ ဒကာမတို့ ထောင်လွတ်ချင်လို့ ငွေထိုးရင် လူလိမ္မာ (မှန်ပါ့) ဒါ ဆိုထိုက် မထိုက် (ဆိုထိုက်ပါတယ် ဘုရား)။
လောကဖြစ်စဉ်လဲ ဒီအတိုင်းလို့ မပြောနိုင်ကြဘူးလား (ပြောနိုင်ပါတယ် ဘုရား) ဒီမှာလဲ လှူကြ, ပေးကြ, ကမ်းကြ ဇာတိထောင်၊ ဇရာမရဏထောင် ကျအောင်တော့ ကိုစောမောင် ဒီအလှူမပေးနဲ့ (မှန်ပါ့) ဇာတိထောင်၊ ဇရာမရဏထောင်မှ လွတ်တဲ့အလှူမျိုးကျတော့ (ပေးပါတယ် ဘုရား)။
ဒါဖြင့် ဇာတိကို ဒုက္ခသစ္စာမှန်း၊ ဇရာကို ဒုက္ခသစ္စာမှန်း၊ မရဏကို ဒုက္ခသစ္စာမှန်းသိတဲ့ ပုဂ္ဂိုလ်မှာလဲ ထောင်ထွက်တဲ့ အလုပ်လုပ်မှာကိုးဗျ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ထောင်ထွက်တဲ့ အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်က သစ္စာသိတဲ့ပုဂ္ဂိုလ်မှလုပ်တာ ကိုစံလှ (မှန်ပါ့) သစ္စာမသိတဲ့ပုဂ္ဂိုလ်က (မလုပ်ပါ ဘုရား)။
ဒီထောင်ပဲ ကျချင်တယ်၊ နောက်ဘဝလူဖြစ်ရပါလို၏ဆိုတော့ ဒီဇာတိ ဖြစ်ရပါလို၏၊ ဒီ ဇရာ၊ မရဏ ဖြစ်ရပါလို၏ ဆိုတော့ ဒကာ ဒကာမတို့ ဒါတွေဟာ ထောင်ကြီးသက်သက်ပဲ ဆိုတာကော သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ကိုစံလှ တို့၊ ကိုစောမောင် တို့ သစ္စာမသိတဲ့ပုဂ္ဂိုလ် လှူမှုတန်းမှုဟာဖြင့် ထောင်ကျဖို့ ငွေထိုးတဲ့ ပုဂ္ဂိုလ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
သစ္စာမသိတဲ့ ပုဂ္ဂိုလ် လှူမှုပေးမှု
ဘာမသိတဲ့ ပုဂ္ဂိုလ်ပါလိမ့် (သစ္စာမသိတဲ့ပုဂ္ဂိုလ်ပါ ဘုရား) အဲ သစ္စာမသိတဲ့ ပုဂ္ဂိုလ် လှူမှုပေးမှု၊ ကမ်းမှု၊ လုပ်ခဲ့သော် လောကပုံပြင်မှာ ဘယ်သူနဲ့တူသတုန်းဆိုလို့ရှိရင်ဖြင့် ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။
ကိုယ်ထောင်ကျချင်လို့ ဘာလုပ်တာတုန်း (ငွေထိုးတာပါ ဘုရား) ကောင်းကြသေးရဲ့လား (မကောင်းပါ ဘုရား)။
ဒါ ဝဋ်ဆုတောင်းတဲ့ပုဂ္ဂိုလ်၊ ဟောဒီ ဝဋ်သုံးခု ဆုတောင်းတဲ့ပုဂ္ဂိုလ်ဟာဖြင့် ထောင်ကျချင်လို့ ငွေထိုးတာနဲ့ အတူတူပဲ (မှန်ပါ့ ဘုရား)။
မှန်မှန်ပြောလို့ရှိရင်ဖြင့် ဒါဟာ ဦးဘလေး ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား) ဘာသစ္စာတုန်းသာ အကဲခတ် လိုက်တော့၊ ဘာမှငြင်းမနေနဲ့တော့၊ ဒီသုံးခုဟာ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။
ကြည့် ဓမ္မစကြာသွားကြည့်လဲ ဇာတိပိဒုက္ခာ၊ ဇရာပိဒုက္ခာ၊ မရဏမ္ပိ ဒုက္ခံ ဆိုတာ ဘုရားအဆူဆူ မစွန့်တဲ့ တရားပါပဲတဲ့။ ဒုက္ခသစ္စာမို့ ဒုက္ခသစ္စာချည်းပြောတာပဲ၊ ကိုစံလှ ငြင်းနေဖို့လိုသေးသလား (မလိုပါ ဘုရား)။
ဒါဖြင့် လူ့ဇာတိလဲ (ဒုက္ခသစ္စာပါ ဘုရား) နတ်ဇာတိကော (ဒုက္ခသစ္စာပါ ဘုရား) ဗြဟ္မဇာတိကော (ဒုက္ခသစ္စာပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခမရောက်အောင် လူ့ပြည်ရောက်ကြောင်း၊ နတ်ပြည်ရောက်ကြောင်း၊ ဗြဟ္မာ့ပြည် ရောက်ကြောင်းလုပ်တဲ့ ပုဂ္ဂိုလ်များသည် ဒုက္ခရောက်ချင်လို့လုပ်တာ (မှန်ပါ့ ဘုရား)။
ဒါ ဘယ်သူ့မှ မပြောဘဲနဲ့ မှန်နေတဲ့ စကားပဲလို့ဆိုရင် မောင်နိုင်၊ မောင်ဘမှီ တို့ ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား) ပေါ်ကြပြီလား (ပေါ် ပါပြီ ဘုရား)။
ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ပြင်ဖို့ဆင်ဖို့သည်ကားလို့ဆိုရင် လှူဒါန်း ပေးကမ်းတိုင်း၊ တရားဓမ္မ ကြိုးစားတိုင်း ဒကာ ဒကာမတို့သည် ဒီဒုက္ခသစ္စာမှ လွတ်ချင် ကျွတ်ချင်လို့ လှူဒါန်းပေးကမ်းမှသာလျှင် ဒုက္ခကျွတ် မှာပဲ၊ ကိုစောမောင် ရ (မှန်ပါ့ ဘုရား)။
ဒုက္ခရချင်လို့ လုပ်ခဲ့သော် ရမှာပဲ။ ဒုက္ခပဲပြန်ရမယ်ဆိုတာ သဘောပါပြီလား (ပါ ပါပြီ ဘုရား)။
ဒီကံသည် နှစ်မျိုးရှိတယ်
ကိုင်း ဒါဖြင့် ဒီကံသည် နှစ်မျိုးရှိတယ်ဆိုတာကော သဘောကျပြီလား (ကျပါပြီ ဘုရား) ဉာဏ်ဦးစီးတဲ့ ကံ၊ တဏှာ ဦးစီးတဲ့ကံ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘယ်ကံကို ရှောင်ရမှာတုန်း (တဏှာဦးစီးတဲ့ကံကို ရှောင်ရမှာပါ ဘုရား) ဉာဏ်ဦးစီးတဲ့ကံကို ဆောင်ရမယ် (မှန်ပါ့ ဘုရား)။
ဒါကလေးပြင်ဖို့တော့ ကိုစောမောင် တို့ ဝန်လေးစရာမလိုပါဘူး (မလိုပါ ဘုရား) မောင်နိုင် မောင်ဘမှီ တို့ကော (မလိုပါ ဘုရား)။
မလိုပါဘူးကွ၊ ငွေထိုးပြီး ထောင်ကျခံတာတော့ ဒီထက်မိုက်တာမရှိဘူး။ မင်းတို့ပဲ တွေးကြပါတော့တဲ့။ ရှာတွေ့ စရာ ရှိသေးသလား (မရှိပါ ဘုရား) ကိုစံလှ ရေ (မရှိပါ ဘုရား)။
ဒီနေရာမှာ ကံလုပ်တဲ့အခါမှာ ကိုစံလှ အတော်ငွေကုန်တယ် (မှန်ပါ့)။ အတော်ခြိုးခြံပြီး လုပ်ကြရတယ်ဆိုတာ ကော သဘောပါပြီလား (ပါ ပါပြီ ဘုရား)။
အဲ့ဒီမှာ လုပ်လဲလုပ်ရသေးတယ်။ ဇာတိ, ဇရာ, မရဏ ထောင်ထဲလဲ ကျရသေးတယ်ဆိုတော့ ဪ ဒါဖြင့် အင်မတန်ဆိုးဝါးတဲ့ လူမိုက်တို့၏ လမ်းပဲလို့ဆိုလို့ရှိရင်လဲ မငြင်းကြပါနဲ့တော့ (မှန်ပါ့)။ ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား)။
လူမိုက်တို့၏ သွားရာလမ်း
ဘယ်သူတို့၏ သွားရာလမ်းပါလိမ့် (လူမိုက်တို့၏ သွားရာလမ်းပါ ဘုရား) လူမိုက်တို့၏ သွားရာလမ်း ဆိုတာ ကောင်းကောင်းကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ နေရာကျပြီ ဆရာဘုန်းကြီးသည် အထွတ်အထိပ်ဖြစ်တဲ့ ဒုက္ခဝဋ်မှ ကျွတ်တဲ့ အလှူမျိုး အတန်းမျိုးကိုသာလျှင် ဒကာ ဒကာမတွေ ကြိုးစားကြပါဆိုတာ တိုက်တွန်းတယ်နော် (မှန်ပါ့ ဘုရား)။
ဒုက္ခရောက်မယ့် ငွေထိုးထောင်ကျအလုပ်ကိုဖြင့် ကိုစောမောင် တို့ ရှောင်ပါ ကြဉ်ပါဆိုတာ အထပ်ထပ် သတိပေးတယ် (မှန်ပါ့) ရှင်းကြပြီလား ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား)။
တဏှာဦးစီးတဲ့ကံကိုဖြင့် (ရှောင်ရပါမယ်) ဉာဏ်ဦးစီးတဲ့ကံကို (ဆောင်ရပါမယ်) အဲ့ဒီတော့ ဉာဏ်ဦးစီးရင် ဒီကံက ဉာဏ်နောက်လိုက်ရမယ် (မှန်ပါ့) တဏှာဦးစီးလို့ရှိရင် ဒီကံသည် တဏှာနောက်ကို လိုက်ရတော့မယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဉာဏ်ဦးစီးရင် ဒီကံက (ဉာဏ်နောက်လိုက်ရပါမယ်) ဉာဏ်နောက်လိုက်တော့ သူက နောက်လိုက်ဖြစ်နေတော့ သူလုပ်ချင်တာလုပ်လို့ရသေးရဲ့ (မရပါ) တဏှာဦးစီးတဲ့ကံကျတော့ တဏှာကို သူကျော်လွန် ထွက်နိုင်ရဲ့လား (မထွက်နိုင်ပါ) မထွက်နိုင်တော့ တဏှာခိုင်းသလို ကံလက်သမားသည် ခန္ဓာအိမ်တွေ မဆောက်ရပေဘူးလား (ဆောက်ရပါတယ် ဘုရား) ကိုစောမောင် တယ်ကြောက်စရာကောင်းသဗျာ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေ့ပြောတာသည် ဝိပဿနာ မပြောသေးဘဲနဲ့ ခင်ဗျားတို့ရဲ့ မိုက်မှုဟာ ဒီအပြစ် ရှိတယ်။ လိမ္မာမှုဟာ ဒီပြစ်လွတ်တယ်ဆိုတာ ဝေဖန်ပြောတုန်း (မှန်ပါ့) သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
လိမ္မာမှုဟာ ဒီအပြစ်လွတ်တယ်
မိုက်မှုဟာ ဒီအပြစ်သင့်တယ်၊ လိမ္မာမှုဟာ ဒီအပြစ်လွတ်တယ်။ ထောင်ကျလွတ်နဲ့ ထောင်ကျမလွတ်ကို ရှင်းပြနေတယ် (မှန်ပါ့) ကောင်းကောင်းကျေနပ်ပြီလား (ကျေနပ်ပါပြီ)။
ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမ တို့ ကံလာတယ်ဆိုတော့၊ ကံကြောင့် ဇာတိဖြစ်ရတယ်ဆိုတာတော့ ဒါသေချာပြီ နော် (သေချာပါပြီ ဘုရား)။
ကောင်းပြီ၊ ဒီကံက ဘယ်ကလာပါလိမ့်မတုန်း မေးကြဦး (ဥပါဒါန်ကလာပါတယ်) ဪ ဥပါဒါန်ဆိုတာ ဒကာ ဒကာမတို့ ယခုဘဝ ယခုခန္ဓာကိုယ်လဲ စွဲလမ်းတာ ဥပါဒါန်ပဲ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
နောက်ခန္ဓာတွေ စွဲလမ်းတာကော (ဥပါဒါန်ပါ ဘုရား) နောက်ခန္ဓာတွေ ရချင်တာကော (ဥပါဒါန်ပါ ဘုရား)။
ဪ ဒါဖြင့် ဒီကံဟာ ကိုစောမောင် ဥပါဒါန်ကို မကျော်နိုင်တော့ဘူး (မကျော်နိုင်ပါ ဘုရား) ကျော်နိုင်သေး ရဲ့လား (မကျော်နိုင်ပါ ဘုရား)။
ဥပါဒါနပစ္စယာ ကမ္မဘဝေါကိုး (မှန်ပါ့) ငါကြောင့်ဖြစ်တာ ငါရကြိုက်သလိုစီမံကွ၊ မပြောပေဘူးလား (ပြောပါ တယ် ဘုရား) ဥပါဒါန်တည်းဟူသော ကံကြောင့် မင်းကံဖြစ်ရတာ၊ မင်းဟာ ငါမွေးတဲ့သား မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ် ဘုရား) ငါ့ဩဇာ လိုက်နာရမယ်ဆိုတော့ ဥပါဒါန်ဩဇာကို ကံလိုက်နာတယ် (မှန်ပါ့ ဘုရား)။
ဥပါဒါန်ဩဇာကို ကံက လိုက်နာနေ
ဒကာ ဒကာမ တို့ ဘယ်သူ့ဩဇာကို ဘယ်သူက လိုက်နာသတုန်း (ဥပါဒါန် ဩဇာကို ကံကလိုက်နာပါတယ်) အဲ ဥပါဒါန်ဩဇာကို ကံက လိုက်နာနေတယ်ဆိုတာလဲ ပဋိစ္စသမုပ္ပါဒ်ရတဲ့ ပုဂ္ဂိုလ်အပေါင်းဖြင့် ဒါငြင်းဖို့မလိုဘူး၊ ကိုစောမောင် ငြင်းချင်သေးသလား (မငြင်းချင်ပါ ဘုရား) ဘယ်သူ့ဩဇာ လိုက်နေသတုန်း (ဥပါဒါန်ဩဇာ လိုက်နေ ပါတယ် ဘုရား)။
အဲ ဥပါဒါန်ဆိုတာက နောက်ဘဝ စွဲလမ်းတာလဲ ကာမုပါဒါန်၊ သဘောကျပြီလား (ကျပါပြီ) အဲဒီတော့ နောက်ဘဝ စွဲလမ်းတဲ့ ကာမုပါဒါန်၊ နောက်ဘဝ လူကောင်း နတ်ကောင်း ဖြစ်ချင်တဲ့ ကာမုပါဒါန်က စွဲလမ်းခြင်းကြောင့် ဖြစ်ရတဲ့ကံသည် ကိုစံလှ ဘယ်နည်းမှ ဥပါဒါန်၏ သဘောကို မလိုက်လျောဘဲ မနေနိုင်တော့ဘူး (မှန်ပါ့) သဘောပါ ကြပြီလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ကိုစောမောင် တို့၊ မောင်နိုင် တို့ ဪ ဒီလိုပြောလိုက်တော့မှ ဪ ကံပေမယ့်လဲ တဏှာဦးစီးနေ တယ်ဆိုတာ တဏှာဥပါဒါန် ရောလျက် ဦးစီးမနေဘူးလား (စီးပါတယ် ဘုရား)။
ဒါဖြင့် ခုနကပြောတဲ့အတိုင်း မောင်နိုင်၊ မောင်ဘမှီ တို့က ကျေနပ်ပြီလား (ကျေနပ်ပါပြီ) ဉာဏ်ဦးစီးတဲ့ ကံလို့ ဆိုမလား (မဆိုနိုင်ပါ ဘုရား) ကိုစောမောင် ဘယ်သူဦးစီးသလဲ (တဏှာဦးစီးပါတယ် ဘုရား)။
တဏှာဦးစီးတဲ့ကံ
အဲ တဏှာဦးစီးတဲ့ကံဆိုတော့ တဏှာနဲ့ ဥပါဒါန်ကတော့ အနုနဲ့အရင့် ကွာခြားခြင်းကြောင်း တဏှာပါပဲ (မှန်ပါ့) ကောင်းကောင်းကျေနပ်ကြပြီလား (ကျေနပ်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဥပါဒါနပစ္စယာ ကမ္မဘဝေါဆိုတာများ ငြင်းနေဖို့လိုသေးသလား (မလိုပါ ဘုရား) ငြင်းလို့ရှိရင်လဲ ခင်ဗျားတို့ အင်မတန်မှားမယ်တဲ့၊ ဘာကြောင့်တုန်းဆိုတော့ ဒီလမ်းမကြီးဟာ ကိုယ်သွားနေတဲ့ လမ်းမကြီးကို ပင်လျှင် ကိုယ်မသိလို့ ငြင်းတာပဲ၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ရှေ့တစ်ဆင့် တက်ပါဦးတဲ့၊ ဒီဥပါဒါန် ဘယ်ကလာသတုန်းဆိုတော့ အို တဏှာ ကလေးက တဏှာကြီးဖြစ်တာ (မှန်ပါ့)။
လိုချင်ကလေးက လိုချင်ကြီးဖြစ်တာ ထူးသေးရဲ့လား (မထူးပါ ဘုရား) တဏှာနဲ့ ဥပါဒါန်ဆိုတာ လောဘချင်းပဲ မဟုတ်လား (မှန်ပါ့ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ တဏှာကလာတယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ) ဒါဖြင့် တဏှာ ဩဇာကို ဥပါဒါန်က ခံရတယ် (မှန်ပါ့ ဘုရား)။
ဥပါဒါန်ဩဇာကို (ကံက ခံရပါတယ်) ကံဩဇာကို ဟောဒီ ဇာတိက ခံပေတော့၊ ကံအမိ, ကံအဖ စီမံသလို ခံပေတော့၊ မင်း ကိုးလခွဲ ဆယ်လလောက် အငတ်အပြတ်နေတော့ကွာဆိုတော့ ဒီကံက စီမံတော့ ဒီကောင်ကလေးဟာ အမိဝမ်းခေါင်းထဲမှာ ကိုးလခွဲ ဆယ်လလောက် အငတ်အပြတ်နဲ့ မနေရဘူးလား (နေရပါတယ် ဘုရား) ဘယ်သူက စီမံတာတုန်း (ကံစီမံတာပါ ဘုရား)။
ကံကလဲ ဒကာ ဒကာမတို့ သူ့သဘောနဲ့ စီမံတာလား၊ သူ့အထက်က အရှင်သခင်တို့ သဘောနဲ့ စီမံတာလား (သူ့အထက်က အရှင်သခင်တို့ သဘောအတိုင်း စီမံတာပါ ဘုရား)။
တဏှာ ဥပါဒါန် အရှင်သခင်တွေ
အဲ တဏှာ ဥပါဒါန် အရှင်သခင်တွေ ဩဇာအာဏာကို မလွန်ဆန်နိုင်တာနဲ့ ကိုစောမောင် ကံသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် လုပ်ရရှာတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဟ ချောက်ထဲ တွန်းချလိုက်ပါလို့ ဒီနှစ်ခုက ဩဇာပေးတော့ ကံက တစ်ခါတည်း ဇာတိချောက်ထဲ တွန်းချတယ် (မှန်ပါ့ ဘုရား)။
ဇရာချောက်ကော (တွန်းပါတယ်) မရဏချောက်ကော (တွန်းချပါတယ်) ကောင်းကောင်း သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့၊ ဒကာ ဒကာမတွေဟာ ဒီလို ဆရာကောင်း သမားကောင်းတွေ့တုန်းမှာ ဒီဥစ္စာ မဖျက်တော့ ပါဘူးဆိုလို့ရှိရင် ငွေထိုး ထောင်ချည်းကျဦးတော့မှာပဲ (မှန်ပါ့) ကိုစံလှ ဘယ့်နှယ်ဆိုမလဲ (ငွေထိုးထောင်ကျပါ ဘုရား) သဘာပါကြပြီလား (ပါပါပြီ ဘုရား)။
ဒါကြောင့် ဒကာ ဒကာမတို့ ကံပေါ်မှာ ဘယ်သူခြယ်လှယ်နေတာဆိုတာ သဘောပါပြီလား (ပါပါပြီ) တဏှာ ဥပါဒါန်က (ခြယ်လှယ်နေပါတယ် ဘုရား)။
တဏှာ ဥပါဒါန်က ကုသလာဓမ္မာလား၊ အကုသလာဓမ္မာလား (အကုသလာ ဓမ္မာပါ ဘုရား) ဒါဖြင့် အကုသလာ ဓမ္မာဆိုတဲ့ မကောင်းတဲ့ တရားက အုပ်ချုပ်ပြီး သကာလ နေတော့ မကောင်းတဲ့ကံကိုပဲ ကဲ မောင်နိုင်၊ မောင်ဘမှီ တို့ ကလဲ ဆိုကြပေတော့ (မှန်ပါ့ ဘုရား)။
သူ့အထက် ဆရာကြီးက လူယုတ်မာနှစ်ယောက်ကိုး (မှန်ပါ့) လူယုတ်မာလက်အောက်ခံဆိုတော့ အင်း သူလဲ ယုတ်မာတာပဲ (မှန်ပါ့) ဆိုနိုင် မဆိုနိုင် (ဆိုနိုင်ပါတယ်) ကဲ ကောင်းကောင်း ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။
ဒုက္ခသစ္စာမြင်တဲ့ ပုဂ္ဂိုလ်
ဒါကြောင့် ဒကာ ဒကာမတို့ ဒုက္ခသစ္စာမြင်တဲ့ ပုဂ္ဂိုလ်လုပ်တဲ့ အလုပ်မှာပဲ ဉာဏ်ဦးစီးတော့တယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)
ဒုက္ခမသိတဲ့ ပုဂ္ဂိုလ်ကဖြင့် လုပ်ချင်တာ လုပ်နေတာပဲ ဉာဏ်ဦးစီးသေးရဲ့လား (မစီးပါ) ဉာဏ်ဦးမစီးတော့ ဉာဏ်နေရာမှာ ဘယ်သူ ဝင်နေသတုန်းဆိုတော့ တဏှာ, ဥပါဒါန် ဝင်နေတယ် (မှန်ပါ့) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် နောက်ဆုတ်လက်သည်ကို လိုက်လိုက် လိုက်လိုက် ဖမ်းလိုက်တဲ့အခါ တဏှာ, ဥပါဒါန်ပဲ တွေ့တာပဲ (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
နောက်ဆုတ်လိုက်တဲ့အခါကျတော့ ဘာတွေတွေ့သလဲ (တဏှာ ဥပါဒါန်တွေ့ပါတယ်) အေး တဏှာ, ဥပါဒါန် ပဲ တွေ့နေတယ်ဆိုသဖြင့် ကျေနပ်ကြပါတော့တဲ့၊ ဒီလက်သည်မှတစ်ပါး အမိုက်ဆုံးလက်သည်ဖြင့် ရှာမတွေ့တော့ပါဘူး ဆိုတာ သဘောပါပြီလား (ပါပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ အလုပ်ပြကြပါစို့။ ဒီနှစ်ခုကို ခင်ဗျားတို့က သစ္စာဖွဲ့လိုက်တော့ကို သမုဒယသစ္စာ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒီဟာတွင် ဖြစ်ကြောင်းကိုးကွ၊ ဒါဖြင့် သူ့ကို ဘာဆိုကြမလဲ (သမုဒယသစ္စာပါ ဘုရား) ဒီလေးခုက (ဒုက္ခသစ္စာပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် သမုဒယသစ္စာ မပယ်ပဲနဲ့ ကိုစောမောင် ဒီဒုက္ခသစ္စာတွေတော့ ဘယ်နည်းနဲ့မှ ဝဋ်မကျွတ်ဘူး (မှန်ပါ့) သဘောပေါက်ကြပြီလား (ပါပါပြီ ဘုရား)။
သမုဒယသစ္စာ မပယ်ပဲနဲ့ ဒီဒုက္ခသစ္စာလေးချက်ကိုတော့ဖြင့် ကိုစံလှ မငြင်းမဆန် ခံရတော့မယ် (မှန်ပါ့) ကျုပ်တို့ ခင်ဗျားတို့ ကြုံရတော့မယ် (မှန်ပါ့) မကြုံပါနဲ့ဆိုလို့ ရမှာလား (မရပါ ဘုရား)။
ကောင်းပါပြီ၊ ဒါဖြင့် ဒီသမုဒယသစ္စာကို ဘုရားက ပယ်ရမည့်တရားတဲ့ သဘောကျပြီလား (ကျပါပြီ ဘုရား) ဒုက္ခသစ္စာကို နောက်ထပ်မတွေ့အောင် လုပ်ရမယ့်တရား (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
သမုဒယတော့ ပယ်ရမယ်
သမုဒယကတော့ ဘာတုန်း (ပယ်ရပါမယ်) သမုဒယတော့ ပယ်ရမယ်၊ ဒုက္ခတော့ဖြင့် နေရစ်လို့ ထားခဲ့ရမယ် (မှန်ပါ့ ဘုရား)။
သမုဒယတော့ သတ်ပစ်ရမယ် ကိုစောမောင် (မှန်ပါ့) ဒုက္ခသစ္စာတော့ နေရစ်လို့ ထားခဲ့ရမယ် (မှန်ပါ့) ကဲ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
ဒုက္ခသစ္စာတော့ ဘာလုပ်ရမလဲ (နေရစ်လို့ ထားခဲ့ရပါမယ် ဘုရား) သမုဒယသစ္စာတော့ (ပယ်ရပါမယ်) အဲ ပယ်ရမယ်၊ သတ်ကိုပစ်ရမယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။
ဒါဖြင့် ခင်ဗျားတို့ ပယ်ရမည့်တရားကို ခင်ဗျားတို့က ခေါင်းဆောင်ထားတယ်။ ဒုက္ခရောက်မယ့်တရားတော့ ဟုတ်လား ပွေ့ဖက်ပြီး သကာလ ခင်ဗျားတို့က သိမ်းဆည်းရာ ရောက်နေတယ် (မှန်ပါ့) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)
ဖယ်ရမယ့်တရားတော့ ခေါင်းဆောင်တင်ထားတယ် ဟုတ်လား။ နေရစ်တော့ဆိုရမယ့်တရားတော့ လိုက်ခဲ့ပါ ခေါ်တယ် (မှန်ပါ့ ဘုရား)။
ဒုက္ခသစ္စာကျတော့ ခင်ဗျားတို့က ဘယ့်နှယ်တုန်း (လိုက်ခဲ့ပါခေါ်ပါတယ်) လိုက်ခဲ့ပါ၊ ကျုပ်နဲ့အတူတူ နေရအောင် ဆိုတဲ့သဘော မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
ဘယ့်နှယ်လုပ်ကြတာလဲ (ကန့်လန့်လုပ်ပါတယ် ဘုရား)။
သမုဒယသစ္စာ ပယ်ရမယ်ဆိုတဲ့ တရားကျတော့လဲ ခင်ဗျားတို့က လက်သပ်မွေးတယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
သမုဒယသစ္စာကျတော့ ဘုရားက ဘာတဲ့ (ပယ်ရပါမယ်) အဲဒါကျတော့ ဘယ့်နှယ်တုန်း (လက်သပ်မွေးပါ တယ် ဘုရား)။
ခင်ဗျားတို့တော့ဖြင့် ဂြိုလ်မွေးမိတာ
လက်သပ်မွေးတယ် ဆိုသဖြင့် သူ့ကို လက်သပ်မွေးကတည်းက ခင်ဗျားတို့တော့ဖြင့် ဂြိုလ်မွေးမိတာနဲ့ အတူတူပဲ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) ဂြိုလ်ဝင်တာပဲဆိုတာ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
လောဘကို ခေါင်းဆောင်ထားမိ၊ ဥပါဒါန်ကို ခေါင်းဆောင်ထားမိကတည်းက ဒီဂြိုလ်လောက်ကြီးတာ ရှိသေး ရဲ့လား (မရှိပါ ဘုရား)။
ဒီဘဝမှာ ဂြိုလ်ဝင်တယ်ဆိုလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ ပစ္စည်းဆုံးရှုံးရုံနဲ့ လူမမာရုံပဲ ရှိမှာဘဲ၊ သေတန်တာ သေရုံပဲ ရှိမှာပဲ (မှန်ပါ့) ဘဝပေါင်းများစွာတော့ ဒုက္ခမရောက်ဘူး (မှန်ပါ့)။
သူ့ကိုသာ လက်သပ်မွေးထားလိုရှိရင် ဘဝပေါင်းများစွာ ဇာတိပေါင်း ရေတွက်နိုင်ပါ့မလား (မရေတွက်နိုင် ပါ) ကိုစောမောင် ဇရာပေါင်း (မရေတွက်နိုင်ပါ ဘုရား)။
မရဏပေါင်း (မရေတွက်နိုင်ပါ) ဘယ်သူ့ကို ကျုပ်တို့ လက်သပ်မွေးမိလို့ပါလိမ့် (တဏှာကိုပါ ဘုရား) ပယ်ရမယ့် တရားကို ကျုပ်တို့ လက်သပ်မွေးမိလို့ (မှန်ပါ့ ဘုရား)။
ထားပစ်ခဲ့ရမည့် တရားကို ကျုပ်တို့ကိုယ်တိုယ် လုပ်ရတယ်၊ သူ့လက်သပ်မွေးမိတာ ဒါကိုယ်ပိုင်ဖြစ်သွားတယ် (မှန်ပါ့)ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
သမုဒယသစ္စာ လက်သပ်မွေးမိလို့ ဟုတ်လား၊ ဒုက္ခသစ္စာ ဘာဖြစ်ရမလဲ (ကိုယ်ပိုင် ဖြစ်ရပါတယ်) အမလေး နာလိုက်တဲ့ ဖြစ်ခြင်း၊ မနာဘူးလား ဒကာ ဒကာမတို့ (နာပါတယ် ဘုရား)။
ဘယ်သူ့လက်သပ်မွေးမိသတုံး (သမုဒယ လက်သပ်မွေးမိပါတယ်) သမုဒယ လက်သပ်မွေးမိတော့ ကျုပ်တို့ ကိုယ်ပိုင်ပစ္စည်း ဘာဖြစ်လာသတုံး (ဒုက္ခဖြစ်လာပါတယ်) ဒါသေသေချာချာ မှတ်ပါ ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။
သမုဒယသစ္စာ လက်သပ်မွေးမိလို့
သမုဒယသစ္စာဘာတုံး (လက်သပ်မွေးမိပါတယ်) လက်သပ်မွေးမိလို့ မောင်နိုင် လာလတ္တံ့ ဒုက္ခတွေ ဘယ်သူ့ ပစ္စည်းဖြစ်မလဲ (ကိုယ်ပိုင်ပစ္စည်း ဖြစ်ပါတယ်) အဲဒါ တစ်သံသရာလုံးဟာ ဒီအတိုင်းဖြစ်နေခဲ့တာပဲ (မှန်ပါ့) ငြင်းဖို့ များလိုသေးသလား (မလိုပါ ဘုရား)။
တစ်သံသရာလုံးဟာ ဒကာ ဒကာမတို့ ဘယ်သူ့ အဖော်လုပ်နေသတုံး (ဒုက္ခသစ္စာ အဖော်လုပ်နေပါတယ်) အဲ ဒုက္ခသစ္စာ အဖော်လုပ်နေတယ်၊ ဘယ်သူ့ကို လက်သပ်မွေးပါလိမ့် (သမုဒယသစ္စာကို လက်သပ်မွေးပါတယ်) အဲ ဒါဖြင့်
တဏှာဒုတိယော ပုရိသော၊ ဒီဃမဒ္ဓါန သံသာရံ။
ဣဌာဘာဝံ ယထာဘာဝံ၊ သံသာရံ နာတိဝတ္တတိ။
တစ်ခါတည်း ပါဠိတော်တွေမှာ ဘုရားကဟောတယ်၊ တဏှာကို အဖော်လုပ်နေတဲ့ ပုဂ္ဂိုလ်မှာဖြင့် ဒုက္ခနဲ့ ခွဲ မရတော့ဘူးကွ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
တဏှာအဖော်လုပ်နေတဲ့ ပုဂ္ဂိုလ်ဟာ (ဒုက္ခနှင့် ခွဲမရတော့ပါ ဘုရား) ဒုက္ခနဲ့ အိုးစားကွဲမယ်လို့ ပြောလိုက်တယ် (မှန်ပါ့) ကဲ ဟောထိုက် မဟောထိုက် (ဟောထိုက်ပါတယ် ဘုရား)။
ကောင်းပြီ ဒါဟာ ဘုန်းကြီးက ဟန်သာရှေ့ကနေပြီး ပြပြီး သကာလ ထားပါတယ်တဲ့ ။ ဒကာ ဒကာမတွေ၏ ဖြစ်စဉ်ကို နှစ်ပိုင်း ပိုင်းပြောနေတာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကိုစောမောင် ဘယ်နှပိုင်း ပိုင်းပြောနေတာလဲ (နှစ်ပိုင်း ပိုင်းပြောနေတာပါ ဘုရား) ရှေ့ပိုင်းက သမုဒယသစ္စာ၊ နောက်ပိုင်းက (ဒုက္ခသစ္စာပါ ဘုရား) ဒါပဲရှိတယ်၊ ဒကာ ဒကာမတို့ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဝေဒနာကလာတယ်
ကောင်းပြီ ဒီတဏှာ, ဥပါဒါန်ကို လက်သည်ရှာကြဦးစို့ဆိုတော့ ဘယ်ကလာပါလိမ့်မလဲ ဆိုလို့ရှိရင်လဲ ဒကာ ဒကာမတို့ ဝေဒနာကလာတယ်လို့ ခင်ဗျားတို့ လူတိုင်း ဖြေရမှာပဲ (မှန်ပါ့ ဘုရား)။
တဏှာ, ဥပါဒါန် ဘယ်ကလာသလဲ (ဝေဒနာက လာပါတယ် ဘုရား)။
ဪ ဒါဖြင့် ဝေဒနာပစ္စယာ တဏှာကိုး၊ ကိုစောမောင် ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား) မလိုတော့ ပါဘူတဲ့၊ ဘုရားမပွင့်လဲ ဒီအတိုင်းမဟုတ်လား (မှန်ပါ့) ဘုရားပွင့်လဲ မဖြတ်ကြရင် ဒီအတိုင်းပေါ့ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်ဖြတ်မှုကအရေးကြီးတယ် (မှန်ပါ့ ဘုရား)။
ဘုရားမပွင့်ပေမယ့် ကိုယ့်ပဋိစ္စသမုပ္ပါဒ် မဖြတ်ရင် ဒီအတိုင်းနေမှာပဲ (မှန်ပါ့) ဘုရားသခင်ကိုယ်တော်မြတ်ကြီး တွေပွင့်သွားတာ လူတွေကုန်ပါတော့လား၊ မေးစရာကော မရှိဘူးလား (ရှိပါတယ် ဘုရား)။
ဘုရားတွေ ဂင်္ဂါသဲမှုန်နဲ့အမျှ ပွင့်သွားပြီဆိုတော့လူတွေရော၊ နတ်တွေရော သဲမှုန်နဲ့စာမယ်ဆိုရင် ဘုရားတစ်ဆူ ဆူမှာ သတ္တဝါကုဋေရှစ်ဆယ်နဲ့ ဗိုလ်ခြေတစ်သိန်း နောက်ဆုံးပိတ်မပါဘူးလားဗျာ (ပါပါတယ် ဘုရား)။
ကုန်ပါတော့လားလို့ ခင်ဗျားတို့ကမေးလို့ရှိရင် သူ့ ပဋိစ္စသမုပ္ပါဒ်က တန်းလျက်ပဲ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘုရားပွင့်လဲ သူဖြတ်ရဲ့လား (မဖြတ်ပါ ဘုရား) မဖြတ်တော့ သူနဲ့ဘုရားပွင့်တာနဲ့ ဘာဆိုင်သတုန်း (မဆိုင်ပါ ဘုရား) သဘောပါပြီလား (ပါပါပြီ ဘုရား)။
ကိုယ့် ပဋိစ္စသမုပ္ပါဒ်ကို ကိုယ်ဖြတ်ဖို့
ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားပွင့်လဲ ကိုယ့် ပဋိစ္စသမုပ္ပါဒ်ကို ကိုယ်ဖြတ်ဖို့က ပိုအရေးကြီးတော့တယ် ဆိုတာ ပေါ်လာပြီလား (ပေါ် ပါပြီ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဘုရားပွင့်ဖို့တွေ့ချင်တာဟာ ဒကာ ဒကာမတို့ခင်ဗျားတို့ တွေ့ချင်တာဟာ တစ်ခြားဟာတော့ မဟုတ်ပါ ဘူး၊ တရားနာချင်တာပါပဲ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
တရားနာရုံသာ နာလို့သာဖြင့် ကိုစောမောင် မပြီးသေးဘူး (မှန်ပါ့) ကိုယ့်ပဋိစ္စသမုပ္ပါဒ် ဖြတ်တဲ့နည်းလိုချင် လို့ဆိုရင် သိပ်ကောင်းတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒီဝေဒနာသည် ဒကာ ဒကာမတို့ ဘာလုပ်ရမယ့်တရားတုန်းလို့ မေးလို့ရှိရင် ပွားရမယ့်တရားဖြစ် တယ်။ သဘောကျပြီလား (ကျပါပြီ ဘုရား)။
တဏှာအားကြီးတဲ့ပုဂ္ဂိုလ် ဝေဒနာရှုလို့ပြောထားတဲ့ ဥစ္စာဟုတ်မှ ဟုတ်ရဲ့လားလို့ ခင်ဗျားတို့ ငြင်းဖို့မလိုဘူး (မှန်ပါ့) သူ့နောက်က ဘာလိုက်လေ့ရှိသတုန်း (တဏှာလိုက်လေ့ရှိပါတယ် ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ရာဂစရိုက်၊ လောဘစရိုက်ကြီးတဲ့ ပုဂ္ဂိုလ်မှာ ဝေဒနာနုပဿနာ ပေးဆိုတာများ ငြင်းဖို့လို သေးသလား (မလိုပါ ဘုရား)။
ဝေဒနာနောက်ကဘာလိုက်လေ့ ရှိသတုန်း
ဘာကြောင့်တုန်းဆိုတော့ သူ့ပဋိစ္စသမုပ္ပါဒ် ခင်ဗျားတို့လုံလောက်အောင် မပြဘူးလား (ပြပါတယ် ဘုရား) ဝေဒနာနောက်ကဘာလိုက်လေ့ ရှိသတုန်း (တဏှာလိုက်လေ့ရှိပါတယ် ဘုရား)။
ဒါဖြင့် ဝေဒနာနောက်က တဏှာလိုက်လေ့ရှိပြီး သကာလ နေတာကလဲ ကမ္ဘာနဲ့ မြေစာဆိုသလိုပဲ မခွဲတမ်း လိုက်တယ်ဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။
အဲ မခွဲတမ်းလိုကတာ သေချာတဲ့အတွက် တဏှာအားကြီးတဲ့ပုဂ္ဂိုလ်မှာ ဝေဒနာရှုမှသာလျှင် ပြတ်တော့မယ်ဆို တာငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား)။
ဘယ့်နှယ့်ကြောင်းတုန်းလို့ မောင်နိုင်၊ မောင်ဘမှီတို့က မေးချင်သလား၊ မမေးနဲ့တော့ ဝေဒနာပစ္စယယာ (တဏှာပါ ဘုရား)။
ဒါဖြင့် ဝေဒနာနုပဿနာဟာ ဘယ်လိုပုဂ္ဂိုလ် ရှုကောင်းသတုန်းလို့ဆိုတဲ့ ဥစ္စာ ယနေ့အဓိပ္ပာယ် ထွက်လာပြီ (ထွက်လာပါပြီ ဘုရား) မထွက်သေးဘူးလား (ထွက်လာပါပြီ ဘုရား)။
တဏှာများတဲ့ ပုဂ္ဂိုလ်၊ လောဘများတဲ့ပုဂ္ဂိုလ် ဘယ်ဟာရှုရမတုန်း (ဝေဒနာရှုရပါမယ် ဘုရား) ဘယ်သူကပြော သတုန်းလို့ဆိုတော့ သူ့ဖြစ်စဉ်ကပြောတယ် (မှန်ပါ့ ဘုရား)။
ကိုစောမောင် ဘယ်သူပြောသတုန်း (သူ့ဖြစ်စဉ်ကပြောပါတယ် ဘုရား)။
ဒကာ ဒကာမတို့ သေချာပြီလား (သေချာပါပြီ ဘုရား)ဘယ်သူကပြောသတုန်း (သူ့ဖြစ်စဉ်က ပြောပါတယ် ဘုရား)။ သူ့ဖြစ်စဉ်က ငြင်းလို့ရရဲ့လား (မရပါ ဘုရား) ဒီအတိုင်းမှတစ်ပါး သူဒီပြင်လမ်းခွဲသွားသေးသလား (မခွဲပါ ဘုရား) ဝေဒနာမရှုတဲ့ပုဂ္ဂိုလ် ဘာလာမယ် (တဏှာလာမယ် ဘုရား)။
ဒါဖြင့် ပစ္စည်းများများ၊ သားသမီးချစ်စရာများများ ပုဂ္ဂိုလ်မှာ မောင်နိုင်, မောင်ဘမှီ ဘာပေးမှ တော်ပါ့မတုန်း (ဝေဒနာပေးမှ တော်ပါမယ် ဘုရား) ဝေဒနာ နုပဿနာပေးရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဘာပေးရမလဲ (ဝေဒနာနုဿနာ ပေးရပါမယ် ဘုရား) ဝေဒနာနုပဿနာ ပေးရမယ်ဆိုတဲ့ ဥစ္စာက ကဲမောင်နိုင်, မောင်ဘမှီတို့ တရားတစ်ပွဲလုံး ဒကာ ဒကာမတွေပဲ စဉ်းစားကြပါတော့တဲ့၊ တဏှာစရိုက်ရှိတဲ့ ပုဂ္ဂိုလ် ဝေဒနာပေး လို့ဆိုတဲ့ ဥစ္စာဟာ တပည့်တော်တို့ဖြင့် ဝေဒနာနဲ့တော်မှ တော်ပါ့မလားလို့ သံသယမရှိနဲ့ (မှန်ပါ့ ဘုရား) သဘောကျပြီ လား (ကျပါပြီ) ကိုစောမောင် သံသယရှိသေးသလား (မရှိပါ ဘုရား)။
ဘယ်အချိန်မှ မကင်းဘူး
ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာ ဘယ်အချိန်ကင်းသတုန်းလို့ ဘုန်းကြီးကပဲမေးပါရစေ၊ ဒကာ ဒကာမတို့ (ဘယ်အချိန်မှ မကင်းပါ ဘုရား) ဘယ်အချိန်မှ မကင်းဘူး (မှန်ပါ့ ဘုရား)။
ဒါဖြင့် တပည့်တော်တို့ ဘယ်အချိန်မှ မကင်းလို့ရှိရင် ဘယ်အချိန်မဆို တပည့်တော်တို့ သန္တာန်မှာ ဒကာ ဒကာမတွေ သန္တာန်မှာ ဝေဒနာသာ အကုန်ချုပ်ကြည့်စမ်း ဆိုတော့ ဝေဒနာအကုန်ချုပ်ကြည့်စမ်း ကိုစောမောင်၊ သုခလဲ မရှိတော့ဘူး၊ ဒုက္ခကော (မရှိတော့ ဘုရား) ဥပေက္ခာရော (မရှိတော့ပါ ဘုရား) မရှိတော့ သတ္တဝါတွေကို ပျောက်ထွက် သွားတယ် (မှန်ပါ့) အကုန်ပျောက်မယ်၊ မပျောက်ဘူးလား (ပျောက်ပါတယ် ဘုရား)။
တစ်ခါတစ်လေ သုခနဲ့အသက်ရှင်နေတာကိုး၊ တစ်ခါတစ်လေကျတော့ (ဒုက္ခနဲ့အသက်ရှင်ပါတယ် ဘုရား) ဒီသုံးခုနဲ့လွဲပြီး အသက်ရှင်နေတဲ့ တရား ကိုစံလှရှိသေးသလား (မရှိပါ ဘုရား) သဘောပါပြီလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဝေဒနာတွေကို ဒကာ ဒကာမတွေက ကုန်အောင် လိုက်မယ် ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ သေသေချာချာ ခင်ဗျားတို့သည် ဝေဒနာကုန်လို့ရှိရင်ဖြင့် ခန္ဓာ ဒုက္ခသစ္စာကုန်မှာပဲ (မှန်ပါ့ ဘုရား) မကုန်သေးဘူးလား (ကုန်ပါတယ် ဘုရား)။
ဝေဒနာကုန်ရင် (ခန္ဓာဒုက္ခသစ္စာကုန်ပါတယ် ဘုရား) ကိုစောမောင် ဒါသူများပြောတာ၊ ခင်ဗျားတို့ဖြစ်စဉ်ကိုက် လား (ဖြစ်စဉ်ကိုက်ပါ ဘုရား) အားလုံ ဒကာ ဒကာမတွေ ဘယ်လိုဆုံးဖြတ်ကြမယ် (ဖြစ်စဉ်ကိုက်ပါ ဘုရား) ဖြစ်စဉ်ကိုက် ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ခင်ဗျားတို့ခန္ဓာကြီးဟာ ဘုရားက ဘာခန္ဓာလို့ဟောသတုန်း (ဝေဒနာက္ခခန္ဓာပါ ဘုရား) ဝေဒနာက္ခန္ဓာ ဟောလိုက် တော့ကို ဘယ်အချိန်တုန်းလို့ မေးတော့လဲ အချိန်တိုင်း (မှန်ပါ့ ဘုရား)။
သုခဝေဒနာ ရှိတဲ့အချိန်မှာ သုခဝေဒနာက္ခန္ဓာပဲ၊ ဒုက္ခဝေဒနာရှိတဲ့အခါမှာရော (ဒုက္ခဝေဒနာက္ခန္ဓာပါ ဘုရား) တစ်ခါတလေ ဥပေက္ခာဝေဒနာက္ခန္ဓာနဲ့ကော မရှိကြဘူးလား (ရှိပါတယ် ဘုရား) သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
ဘယ်အချိန်ဝေဒနာကင်းသတုန်း
ဒါဖြင့် ကိုစောမောင်တို့ ကိုစံလှတို့ ဘယ်အချိန်ဝေဒနာကင်းသတုန်း (မကင်းပါ ဘုရား) ဘယ်အချိန်မှ မကင်း လို့ရှိရင်ဖြင့်တဲ့ ဘယ်အချိန်မဆို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝေဒနာက ဧဟိ -လာခဲပါ့၊ ပဿ – ရှုပါဆိုတာ ခေါ် မခေါ် (ခေါ်ပါတယ် ဘုရား) သို့သော် ခင်ဗျားတို့ သွား, မသွား (မသွားပါ ဘုရား) ကိုစောမောာင် သွားရဲလား (မသွားပါ ဘုရား)။
ဘာဖြစ်လို့ ဒီဒကာ ဒကာမတွေ မသွားပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့ကို ခင်ဗျားတို့ သွားတာက သွားတဲ့အခါကျတော့ သွားပါတယ်တဲ့၊ ကျောမှာယားတယ် ကိုစောမောင်၊ ကျောမှာ ဘာဝေဒနာပေါ်သတုန်း (ဒုက္ခ ဝေဒနာပေါ်ပါတယ် ဘုရား) အဲဒီမှာ အယားပျောက်ချင်တဲ့ သဘောဆိုတဲ့ တဏှာနဲ့တော့ သွားဖျောက်တယ် (မှန်ပါ့) ဝေဒနာကခေါ်လို့သွားတာ (မှန်ပါ့) ဝေဒနာမခေါ်ရင် (မသွားပါ ဘုရား) အင်း တဏှာနဲ့သွားတယ်၊ ခင်ဗျားတို့ ဉာဏ်နဲ့ မသွားဘူး (မှန်ပါ့)။
ဒါဖြင့် “ ဧတိပဿိကော” ဆိုတဲ့ ဥစ္စာသည် ခေါ်တယ်ဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား) ဧဟိ- လာခဲ့ပါ၊ ပဿ – ရှုပါလို့၊ ကဲ ဒကာ ဒကာမတွေ ဘုရားဟောတော်မူတာ ကိုက်ပြီလား (ကိုက်ပါပြီ ဘုရား)။
ဥပမာ ခြေထောက်မှာ အနာတွေဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ခြေထောက်မှာပဲ နာတာကလေးကိုသွားပြီး သကာလ နှိပ်ကြ နယ်ကြတယ် ကိုယ့်ဟာကိုယ်လေ (မှန်ပါ့)။
ဒါဉာဏ်နဲ့ သွားတာလား
ကိုစောမောင် ဒါဉာဏ်နဲ့ သွားတာလား၊ တဏှာနဲ့သွားတာလား (တဏှာနဲ့သွားတာပါ ဘုရား) ဘယ်သူကခေါ်လို့ တုန်း (ဝေဒနာကခေါ်ပါတယ် ဘုရား)။ ခေါ်ပေမယ့် ခင်ဗျားတို့အသွားလွဲနေတယ် (မှန်ပါ့) ဘာနဲ့သွားရသတုန်း (တဏှာနဲ့ သွားပါတယ် ဘုရား) သွားရမှာက ဘာနဲ့သွားရမှတုန်း (ဉာဏ်နဲ့သွားရမှာပါ ဘုရား)။
အဲ အခုတော့ဖြင့် ဝေဒနာပစ္စယော, တဏှာကျတော့ ခင်ဗျားတို့က သွားတတ်တယ်၊ ဝေဒနာနဲ့ခေါ်တိုင်း, ခေါ်တိုင်း ဒကာ ဒကာမတို့တဏှာနဲ့တော့ (သွားပါတယ်) တဏှာနဲ့သွားတော့ ဝေဒနာပစ္စယာ တဏှာသာဖြစ်တယ်၊ သဘောကျပြီလား (ကျပါပြီ) ဘာဖြစ်သွားသတုန်း (ဝေဒနာပစ္စယာ တဏှာပါ ဘုရား)။
ဉာဏ်နဲ့သွားလိုက်တော့ ဝေဒနာပစ္စယ ပညာလို့ ဒီကြားမှာ ဉာဏ်နဲ့သွားလိုက်လို့ရှိရင် ဒကာ ဒကာမတို့ ဝေဒနာပစ္စယာပညာဖြစ်မယ်၊ ဝေဒနာခေါ်ရာကိုသွား ကိုစောမောင် (မှန်ပါ့ ဘုရား) ဘာဖြစ်သွားမလဲ (ပညာဖြစ်သွား ပါမယ် ဘုရား)။
အဲ ဝေဒနာကလေးသည် ကားလို့ဆိုရင် ဒါဝေဒနာပဲ၊ ဒါအနိစ္စပဲလို့သာ သွားကြည့်စမ်းပါ၊ ဝေဒနာကတော့ခေါ် မှာပဲ (မှန်ပါ့) တဏှာလဲသူခေါ်မှာပဲ၊ ဉာဏ်ကိုကော (ခေါ်ရမှာပါ ဘုရား)။
အဲဒီတော့ခင်ဗျားတို့ တဏှာနဲ့ဘာနဲ့သွားရမလဲ (ဉာဏ်နဲ့သွားရပါမယ် ဘုရား)။
ခင်ဗျားတို့သွားနေကျလမ်းက
အဲ တဏှာနဲ့တော့သွားတတ်တယ်၊ ဉာဏ်နဲ့တော့မသွားတတ်ဘူးဆိုတဲ့ ဥစ္စာကလေးကို ဘုန်းကြီးများက သင်ပေး တာပဲ (မှန်ပါ့) ခင်ဗျားတို့သွားနေကျလမ်းက (တဏှာနဲ့သွားပါတယ် ဘုရား)။
ဒီတစ်ခါ တဏှာနဲ့မသွားပါနဲ့၊ ဉာဏ်နဲ့သွားပါလို့ ကိုစံလှ ဒါကလေးကို ပြင်ပေးတာပဲ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဘုရားပွင့်တာသည် တဏှာနဲ့သွားနေကျတာကို ဉာဏ်နဲ့သွားဖို့ ဟောတော်မူဖို့ ပွင့်လာတာ (မှန်ပါ့ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘုရားပွင့်တော်မူတဲ့ အဓိပ္ပာယ်သိပြီလား (သိပါပြီ ဘုရား) သတ္တဝါတွေ တဏှာနဲ့သွားရင် ဒီချောက်ကျမယ် ဆိုတာမြင်တော်မူတယ်၊ တဏှာ, ဥပါဒါန်, ကံ, ဇာတိ, မရဏ ချောက်မကျပေဘူးလား (ကျပါတယ် ဘုရား)။
ဉာဏ်နဲ့သွားပါလို့ ကိုယ်တော်မြတ်ကြီး ဟောချင်ပြောချင်လွန်းလို့ ဒကာ ဒကာမတွေ ဘုရားအဖြစ်ကို မရရ အောင်ကြိုးစားလာတယ်ဆိုတာသဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဘုရားက ဘာနဲ့သွားစေချင်သလဲ (ဉာဏ်နဲ့သွားစေချင်ပါတယ် ဘုရား) ခင်ဗျားတို့ထုံးစံက ဘာနဲ့သွားနေ သလဲ (တဏှာနဲ့သွားနေပါတယ် ဘုရား)။
အဲဒီတော့ကို ဘုရားပွင့်လာတဲ့ အဓိပ္ပာယ်လဲပေါ်ကြပြီ (ပေါ်ပါပြီ ဘုရား)။
လောကတ္ထစရိယံ
ဘုရားသည်ကား လို့ဆိုရင် ဘယ်အသွားနဲ့ သွားဖို့ရာ ဘုရားအဖြစ်ကို ယူထားသတုန်း၊ သတ္တဝါတွေကို ဟောချင် လို့ “လောကတ္ထစရိယံ” ဆိုတဲ့ လောကလူတွေအတွက် ကျင့်လာတယ်ဆိုတာလဲ ဒကာ ဒကာမတွေကို ဉာဏ်နဲ့သွားပါလို့ ဟောချင်လွန်းလို့ ဘုရားအဖြစ်ကို ယူလာတာဆိုတာ သဘောပါကြပြီလား (ပါပါပြီ ဘုရား) ကိုစောမောင် ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။’
ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်သန္တာန် ဘုရားပွင့် မပွင့်ဟာဖြင့် ဘုရားရှေ့ကထားလို့ ဘုရားပွင့်လာတာ မဟုတ်သေးဘူး (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
သူက ဉာဏ်နဲ့သွားဆိုတဲ့နေရာမှာ ဉာဏ်နဲ့သွားမှသာလျှင် ဒကာ ဒကာမတွေဘာဖြစ်မလဲ (ဘုရားနဲ့တွေ့ပါမယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့သန္တာန်မှာ တစ်နေ့ဘယ်နှစ်ခါ ဘုရားနဲ့တွေ့လဲဆိုတော့ “ဧဟိပဿိကော” ခေါ်ရာကို ဉာဏ်နဲ့ သွားမိလို့၊ ဧဟိ – လာခဲ့၊ ပဿ – ရှုပါလို့ ဆိုတဲ့အတိုင်းဉာဏ်နဲ့သွားဖြစ်လို့ရှိရင် ခင်ဗျားတို့သန္တာန်မှာ ဘုရားတွေ့ နေတာပဲ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
တဏှာနဲ့သွားနေလို့ရှိရင် ဘုရားကိုမပွင့်ဘူး၊ ခင်ဗျားတို့သန္တာန်မှာ ထုံးစံအတိုင်းနေတာပဲ၊ ဘုရားဟောထားတာ ကတခြား၊ ခင်ဗျားတို့ သွားနေတာကတစ်ဖုံ၊ ဒီ့အပြင်ဘာရှိသတုန်း (မရှိပါ ဘုရား)။
ဒါဖြင့် ကိုယ့်သန္တာန် ဘုရား ပွင့်မပွင့် သိပြီလား (သိပါပြီ ဘုရား) ဝေဒနာပေါ်တိုင်း ပေါ်တိုင်း ဉာဏ်နဲ့သွားရင် (ဘုရားပွင့်ပါတယ် ဘုရား)။
သံသရာခရီးသည် အလုပ်လုပ်တာ
ဝေဒနာပေါ်တိုင်းပေါ်တိုင်း တဏှာနဲ့သွားနေရင် (ဘုရားမပွင့်ပါ ဘုရား) မပွင့်ပါဘူးတဲ့၊ သံသရာခရီးသည် အလုပ်လုပ်တာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘယ်သူ့အလုပ်လုပ်ပါလိမ့် (သံသရာခရီးသည် အလုပ်လုပ်ပါတယ် ဘုရား) သံသရာခရီးသည်ဆိုတာက ဘုရား မပွင့်လဲ သူ့လမ်းသူသွားတာပဲ ကိုစောမောင်ရေ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဘုရားပွင့်မပွင့် ဘာနဲ့ချိန်ကြပါ့မယ်၊ ဧတိပဿိကော လို့ တရားတွေကတော့ ခေါ်မယ်၊ ဝေဒနာသုံးမျိုးက ဘယ်အခါမဆို ခေါ်နေမှာပဲ၊ သုခဝေဒနာကော (ခေါ်ပါတယ် ဘုရား)။
သုခဝေဒနာကလဲ ခေါ်တယ် ဒကာ ဒကာမတို့၊ ခင်ဗျားတို့ကြည့်ပါလား၊ သုခဝေဒနာက ခေါ်တာများ သေချာ လိုက်တာ၊ ဥပမာ မောင်နိုင်, မောင်ဘမှီတို့က အိုက်နေတယ် ဆိုကြပါစို့ကွာနော် (မှန်ပါ့) အိုက်နေတဲ့အခါမှာ လေပြည် လေညှင်းကလေး တိုက်တဲ့အခါကျတော့ကို ကျုပ်ဗျာ အခုမှ နေကောင်းတယ်လို့ ပြောတော့ကို ဒီကျော လေတိုက်လို့ ရှိရင် ကျောမှာအေးသွားတယ်၊ ရင်ကလေးအိုက်လို့ရှိရင် ရင်မှာအေးသွားတယ်ဆိုတာ အဲဒီအေးတဲ့ဆီပဲ ခင်ဗျားတို့ တဏှာကရောက်သွားလို့သာလျှင် ကျုပ်ဖြင့် အခုမှ နေကောင်းသွားတယ်ဆိုတာ ပြောတာဗျ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဝေဒနာခေါ်မခေါ် (ခေါ်ပါတယ် ဘုရား)။
ကိုစောမောင် သုခဝေဒနာကရော (ခေါ်ပါတယ် ဘုရား) ဒုက္ခဝေဒနာကရော (ခေါ်ပါတယ် ဘုရား)။
ဒုက္ခဝေဒနာကလဲ အယားဖျောက်ပေးပါဦး၊ နှိပ်ပေးပါဦး၊ နင်းပေးပါဦး၊ မခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား)။
သုခဝေဒနာကလဲ ခေါ်တယ်ဆိုတော့ ဧဟိ – လာခဲ့၊ ပဿ – ရှုပါ၊ မခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား) ခေါ်ပေမယ့် ခင်ဗျားတို့က အသွားက လွဲနေတယ်၊ ဘာနဲ့သွားနေသလဲ (တဏှာနဲ့သွားနေပါတယ် ဘုရား)။
ဘုရားပွင့်လာတာက ဘယ်အကျိုးငှာတုန်း
ဘုရားပွင့်လာတာက ဘယ်အကျိုးငှာတုန်း၊ ပညတ်နဲ့သွားဖို့ ပွင့်လာတာ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေက ကိုယ့်အသွားကမဟန်လို့ပေါ့ဗျာ (မှန်ပါ့) သာသနာပသွား သွားနေတယ်လို့ စွဲ ချက်တင်လိုက်ရင်လဲ ကိုစောမောင် မငြင်းပါနဲ့ (မငြင်းပါ ဘုရား) သာသနာပ ဒီအတိုင်းသွားနေတာပဲ မဟုတ်လား (မှန်ပါ့) သာသနာတွင်းသွား ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)။
သာသနာတွင်းသွားဆိုတာက ဒကာ ဒကာမတို့ ဝေဒနာခေါ်တယ်လို့ ဆိုလို့ရှိရင်ဖြင့် ကျုပ်ဟာဖြစ်ပါပြီ၊ ကျုပ် ဟာပျက်ပါပြီ၊ ခင်ဗျားကြည့်ပါဦး၊ မပြောဘူးလား (ပြောပါတယ် ဘုရား)။
ဟာ မကြည့်ဘူး၊ ခင်ဗျားတို့က ကြည့်လိုက်ရင်လဲ မဂ်ဖြစ်မှာပဲ (မှန်ပါ့ ဘုရား)။
ကြည့်လိုက်ရင် ဘာဖြစ်မယ် (မဂ်ဖြစ်ပါမယ်) မကြည့်လိုက်ရင် ဘာဖြစ်မလဲ (တဏှာဖြစ်ပါမယ်) မကြည့်ရင် တော့ တဏှာတော့ တဏှာမဟုတ်ဘူး၊ ကြည့်လျက်နဲ့တဏှာဖြစ်တာက သူ့ဟာက (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
အယားပျောက်တယ်ဆိုတာ ဒကာ ဒကာမတို့ ယားတာက ဒုက္ခဝေဒနာ ဟုတ်လား (မှန်ပါ့) ပျောက်စေချင်တာ ကတဏှာကိုး (မှန်ပါ့)။
ဘာနဲ့ သွားသတုန်း (တဏှာနဲ့သွားပါတယ် ဘုရား) ယားတာက ဒုက္ခဝေဒနာ၊ ပျောက်စေချင်တဲ့သဘောနဲ့ သွားတာ (တဏှာပါ ဘုရား)။
ဒါကြောင့် ဝေဒနာပစ္စယာ တဏှာဆိုတာဟာ ဒကာ ဒကာမတို့ သူများပြောလား၊ ကိုယ်နေ့တိုင်း အလုပ်လုပ် နေတာလား (ကိုယ်နေ့တိုင်း အလုပ်လုပ်နေတာပါ ဘုရား)။
ဧဟိ-လာခဲ့ပါ၊ ပဿ-ကျုပ်ကိုကြည့်ပါ
ဒါဖြင့် ဧဟိပဿိကောထဲ သွင်းလိုက်ပါလား၊ ဧဟိ – လာခဲ့ပါ၊ ပဿ – ကျုပ်ကိုကြည့်ပါဆိုတော့ ခင်ဗျားတို့ဟာ သွားတော့ သွားတယ်၊ ကြည့်တော့ ကြည့်ခဲ့တယ်။ တဏှာနဲ့ကြည့်တယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား) ဉာဏ်နဲ့ (မကြည့်ပါ ဘုရား)။
ဪ ဒါကလေး တစ်လုံးထည့်လိုက်ရလို့ ရှိရင် နိဗ္ဗာန်ရောက်မှာပါလားလို့သာ မှတ်ပါတော့ (မှန်ပါ့) ဟုတ်လား (မှန်ပါ့ ဘုရား)။
တဏှာနဲ့သွားမယ့်နေရာ ဘာနဲ့ သွားလိုက်သတုန်း (ဉာဏ်နဲ့သွားပါတယ် ဘုရား) တဏှာနဲ့သွားမယ့်နေရာ ဉာဏ်နဲ့သွားလိုက်တော့ ဒီဝေဒနာကလေးဟာ သုခဖြစ်ဖြစ်၊ ဒုက္ခဖြစ်ဖြစ်၊ ဪ ဒါကလေးဟာ ဉာဏ်နဲ့သွားလိုက်တဲ့ အခါကျတော့ ပေါ်တာကလေးသိ၊ မောင်နိုင်တို့ဟင် (မှန်ပါ့)။
မရှိတာကော (သိပါတယ် ဘုရား) ပေါ်တာလဲသိ၊ ပျက်တာလဲသိဆိုတော့ သမုဒယဓမ္မာနုပဿီ ဝါ ဝယဓမ္မာ နုပဿီ ဝါ ဆိုတဲ့အတိုင်း ဝေဒနာကိုရှုတော့တာပါပဲ။ မရှုဘဲနေသေးရဲ့လား (မနေပါ ဘုရား)။
အဲ ဉာဏ်နဲ့ သွားတဲ့အခါကျတော့ ဖြစ်တာနဲ့ပျက်တာပဲ တွေ့တယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဝေဒနာနဲ့ခေါ်လို့ တဏှာနဲ့ သွားတဲ့အခါကျတော့ အခုမှ အယားပျောက်သွားတယ်ဆိုပြီး သကာလ ယားလို့ ပျောက်ချင်လို့ သွားတော့ တဏှာမနေဘူလား (နေပါတယ် ဘုရား)။
ပျောက်သွားတဲ့အခါကျတော့ နောက်ဒီလိုလုပ်မှပဲဆိုတဲ့ ဥပါဒါန် လိုက်လာတယ် (မှန်ပါ့) မလိုက်ဘူလား (လိုက်ပါတယ် ဘုရား) သဘောပါပြီလား (ပါပါပြီ ဘုရား)။
အင်း ဒါဖြင့် ဧဟိပဿိကော ဟာ ဒကာ ဒကာမတို့ကောင်းကောင်း သဘောကျပါတော့လို့ ဆိုတာ ယနေ့ ပြောလိုက်တယ် (မှန်ပါ့) ကဲ ကိုစောမောင် ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။
ခေါ်မခေါ် (ခေါ်ပါတယ် ဘုရား) စဉ်းစားကြည့်ပါ။ ညကြီး မှောင်ကြီးထဲတောင် ခင်ဗျားတို့သည် ကိုယ့်လက် ကလေးနဲ့ ပေါင်ယားရင် ပေါင်ကုတ်တာပဲ၊ ကျောယားရင် (ကျောကုတ်ပါတယ် ဘုရား)၊ ခြေဖဝါးကယားရင် (ခြေဖဝါး ကုတ်ပါတယ် ဘုရား)။
ဉာဏ်နဲ့သွားလိုက်လို့ရှိရင်ဖြင့်
ကဲ ခေါ်လို့လား၊ မခေါ်လို့လား (မခေါ်လို့ပါ ဘုရား) ဘာနဲ့သွားနေကြသလဲ (တဏှာနဲ့သွားပါတယ် ဘုရား) ဉာဏ်နဲ့သွားလိုက်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့အနိစ္စတွေ့မယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
တဏှာနဲ့ သွားလို့ရှိရင် ဒကာ ဒကာမတို့သည်ကားလို့ဆိုရင် ဝေဒနာပစ္စယာ တဏှာဆိုပြီး သကာလ ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ်တန်း ဉာဏ်နဲ့သွားရင် ပြတ်မယ်။ သဘောကျပြီလား (ကျပါပြီ ဘုရား)။
တဏှာနဲ့သွားရင် ဆက်မယ် (မှန်ပါ့)။
ဒါဖြင့်ခင်ဗျားတို့ ဒီအလုပ်ဟာ ဘုန်းကြီးတို့ပြောပေးတာကလေးပဲ အကူအညီပေးပါတယ်။ သွားနေကျလမ်း ပါလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
သွားနေကျလမ်း ဟုတ်ကြပါရဲ့လား (ဟုတ်ပါတယ် ဘုရား)။
ဝေဒနာခေါ်ရာကို ခင်ဗျားတို့မသွားဘူးလား (သွားပါတယ် ဘုရား)။
စဉ်းစားကြည့်ပါ၊ ရန်ကုန်မှာ အရောင်းအဝယ်ကောင်းတယ်ဆိုတော့ ရန်ကုန်မပြေးကြဘူးလား (ပြေးပါတယ် ဘုရား) ဝေဒနာခေါ်ရာ သေသေချာချာသွားတာ၊ မသွားဘူးလား (သွားပါတယ်) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဟိုမှာသံယောဇဉ်ကလေး ရှိတယ်ဆိုလို့ရှိရင် သံယောဇဉ်ကလေး နေမကောင်းဘူးလို့ကြားလိုက်လို့ရှိရင် နေ မကောင်းတဲ့ ဒုက္ခဝေဒနာက ဒီကအမေ မိဘတွေ အကုန်ခေါ်တော့တာပဲ (မှန်ပါ့) မခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား)။
ဟိုကလေးက လာခဲ့ပါလို့ ခေါ်တာလား၊ ဝေဒနာက ခေါ်တာလား (ဝေဒနာကခေါ်တာပါ ဘုရား) သဘောကျပြီ လား (ကျပါပြီ ဘုရား)။
ဟိုမှာပျော်စရာ ပါးစရာရှိသတဲ့၊ ဒါဖြင့်သွားဦးမှပဲ ဆိုတာလဲ သုခဝေဒနာကခေါ်တာ (မှန်ပါ့) ကိုစောမောင် မခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား)။
အသွားမလွဲစေနဲ့
ဒါဖြင့် ဧဟိ – လာခဲ့၊ ပဿ – ရှုပါလို့ ဝေဒနာမှာလဲ နှစ်ခု ရှိမရှိ (ရှိပါတယ် ဘုရား) အဲဒါ အသွားမလွဲစေနဲ့ လို့ ယနေ့ရှင်းရှင်းလင်းလင်းပြောတယ် (မှန်ပါ့)။
အသွားလွဲရင်ဖြင့် တဏှာနဲ့သွားရင် နောက်က ဥပါဒါန်လိုက်မယ် (မှန်ပါ့) ကံနောက်ကလိုက်မယ်။ မလိုက်ပေ ဘူးလား (လိုက်ပါတယ် ဘုရား)။
ဇာတိကော (လိုက်ပါတယ်) ဇရာ မရဏကော (လိုက်ပါတယ်) သူခေါ်တဲ့ဆီကို ဉာဏ်နဲ့သွားလိုက်ရှိရင်ဖြင့် သူဘာဖြစ်နေသတုန်း ကြည့်လိုက်တဲ့အခါကျတော့ သူဖြစ်ပြီး ပျက်သွား, သေတာတွေ့မှာပဲ (မှန်ပါ့) မတွေ့ပေဘူးလား (တွေ့ပါတယ် ဘုရား)။
မဂ္ဂင်ငါးပါးနဲ့တွေ့တယ်ဆိုကတည်းက ဒါဟာဘုရားဟောတားတဲ့အတိုင်း ခင်ဗျားတို့ဘုရားပွင့်တဲ့အလုပ်လုပ် တာလို့မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲဒီကတည်းက ဘုရားပွင့်သည်နှင့်တစ်ပြိုင်နက်တည်း၊ ကိုယ့်ဉာဏ်ဝင်လာသည်နဲ့ တစ်ပြိုင်နက်တည်း လာနေ ကျ ပဋိစ္စသမုပ္ပါဒ် တဏှာချုပ်၊ ဥပါဒါန်ချုပ်၊ ကံချုပ် ဟင် (မှန်ပါ့) နောက်အနာဂတ်ဘဝ ဇာတိ ဇရာ မရဏကော (ချုပ်သွားပါတယ် ဘုရား)။
အတွေ့အမှန်ပဲလား
ကိုစောမောင်၊ ဒါသူများပြောလားတဲ့။ အတွေ့အမှန်ပဲလား (အတွေ့အမှန်ပါ ဘုရား)။
အဲဒါကြောင့် တရားဟာကွာ နာတော့နာခဲ့ရပါတယ်။ ကောင်းလဲကောင်းပါတယ် ဆိုတာဟာ ခင်ဗျားတို့ဟာ ပြောသံကြားတောင်းတာ (မှန်ပါ့) အခုဟာကတော့ ကိုယ့်ခန္ဓာထဲ ကိုယ်ဖျောက်ကြတယ်။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဘာဖျောက်ကြတာတုန်း (ကိုယ့်ခန္ဓာထဲ ကိုယ်ဖျောက်ကြပါတယ် ဘုရား) ဒီဧဟိပဿိကောနဲ့ ပြောလိုက်တော့ ပိုမပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
အင်း ဒုက္ခဝေဒနာကလဲ ဒကာ ဒကာမတွေ ကိုယ့်သန္တာန်မှာ ကိုယ့်ဒုက္ခဝေဒနာကလဲ ကိုယ်ခေါ်တာပဲ (မှန်ပါ့) ကိုယ့်သားသမီးဒုက္ခ ဝေဒနာကရော (ကိုယ်ခေါ်ပါတယ်)။
သူတို့က ကျွေးချင် မွေးချင်လို့တဲ့၊ ကန်တော့ချင်လို့တဲ့၊ လာပါဦးဆိုတော့ ဟိုကသုခဝေဒနာကနေပြီး ဒီအမေမိဘ ပင့်ယူတာပဲ၊ မပင့်ဘူးလား (ပင့်ပါတယ် ဘုရား)။
ပင်တဲ့အခါကျတော့ ကိုစောမောင်တို့ ဘယ့်နှယ့်နေကြသလဲ (သွားပါတယ် ဘုရား) ဘယ်သူပင့်တာတုန်း (ဝေဒနာ ကပင့်တာပါ ဘုရား)။
အဲ သားသမီးက ပင့်တာမဟုတ်ဘူး၊ ဝေဒနာကနေ ပင့်နေတာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) ရှင်းကြပြီ လား (ရှင်းပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတွေ သေသေချာချာ စဉ်းစားလို့ရှိရင် ဧဟိပဿိကော ဟုတ်ပါရဲ့လား (ဟုတ်ပါတယ် ဘုရား)။
ဆရာကပြောတဲ့ တာဝန်ပဲ
အဲဒါအသွားမလွဲစေနဲ့ဆိုတာ ဆရာ့တာဝန် (မှန်ပါ့) ဆရာကပြောတဲ့ တာဝန်ပဲဟုတ်လား (မှန်ပါ့) ခင်ဗျားတို့က မလွဲအောင် သွားလို့ရှိရင် ဒါနားထောင်တဲ့ အဓိပ္ပာယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
ဟာ အရွဲ့တိုက်မယ် ဘုရားဆိုလို့ရှိရင်လဲ မတတ်နိုင်ဘူးပေါ့ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
သို့သော် များသောအားဖြင့်လဲ ဝိပဿနာအလုပ်ကင်းနေတဲ့ ပုဂ္ဂိုလ်ဟာ အရွဲ့တိုက်တာများတယ် (မှန်ပါ့)။
ကိုစံလှ ဘယ့်နှယ်တုန်း (အရွဲ့တိုက်တာများပါတယ် ဘုရား) မများဘူးလား (များပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီအရွဲ့တိုက်တော့ ဘုရားကိုလဲ အရွဲ့တိုက်ရာရောက်တယ်၊ ဧဟိပဿိကောဆိုတဲ့ ဥစ္စာကိုလဲ၊ တရားဂုဏ်တော်ကိုလဲ ခင်ဗျားတို့သည် ပယ်ရာမရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
ဒါဖြင့် ဘုရားပယ်, တရားပယ်တွေကို ဆိုရင်လဲ ကိုစောမောင် စကားကြီးတယ်လို့သာ ဆိုရမယ်။ ဖြစ်စဉ်ကတော့ ကိုက်နေတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဘုရားပွင့်မှ ဒီကြားမှာ ဉာဏ်ထိုးနိုင်မယ်၊ မဟုတ်ဘူးလား (မှန်ပါ့)။
တရားကလဲ ခေါ်ပါလျက်သားနဲ့ မသွားခဲ့လို့ရှိရင်ဖြင့် ခင်ဗျားတို့သည် ခင်ဗျားတို့သန္တာန် ဘုရားလဲ မပွင့်ဘူး၊ တရားလဲမရှိဘူး (မှန်ပါ့)။
ဘယ့်နှယ့်ဆိုကြမယ် (တပည့်တော်တို့သန္တာန်မှာ ဘုရားမပွင့် ဘုရားမရှိဖြစ်နေပါတယ် ဘုရား)။
ဘုရားလဲ မပွင့်ဘူး၊ တရားလဲမရှိဘူး
ဘုရားလဲ မပွင့်ဘူး၊ တရားလဲမရှိဘူးဆိုတာတော့ ကိုစောမောင်၊ တော်တော်ကြီးတဲ့ စကားပါလား (မှန်ပါ့) သို့သော်တဲ့ ဧဟိပဿိကော ခင်ဗျားတို့ သဘောကျထားတော့ကို ဪ ဟုတ်သားပဲ ဘုရားပွင့်မှ ဒီနေရာ ဒါလာတာ (မှန်ပါ့ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒီနေရာ မဂ္ဂင် လာနိုင်တာကိုး၊ ဘုရားမပွင့်ရင် ဘယ်တော့များ လာဖူးသတုန်း (မလာပါ ဘုရား) ဝေဒနာပစ္စယာ တဏှာသာ လာနေကြတယ် (မှန်ပါ့) မဂ်လာတယ်လို့ ထုံးစံရှိရဲ့လား (မရှိပါ ဘုရား)။
ကဲ ဒါဖြင့် ဘုရားပွင့်တဲ့ သဘောဟာလဲ ကိုယ်အလုပ်လုပ်မှ ကိုယ့်သန္တာန်ဘုရားပွင့်တာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
တစ်ခါ တရားတွေကလဲ တရားအတိုင်းလုပ်ပါမှ ကိုစောမောင်ရဲ့ တရားကျင့်တာကိုး (မှန်ပါ့)။
ဒါဖြင့် ဒီနေရာမှာ ဝေဒနာသုံးမျိုးကဖြင့် လှည့်ခေါ်နေမှာပဲ (မှန်ပါ့) ဉာဏ်နဲ့သွားကြပါ့ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဝေဒနာသုံးမျိုးကတော့ (ခေါ်နေမှာပါ) သွားတော့ ဘာနဲ့သွားကြမလဲ (ဉာဏ်နဲ့သွားရပါမယ် ဘုရား)။
အဲ ဉာဏ်နဲ့သွားလိုက်လို့ရှိရင်ဖြင့် ဉာဏ်ဆိုတာအမှန်သိတာ (မှန်ပ့ါ) ဪ သူဒီနေရမှာဖြစ်ပြီး ဒီနေရာမှာပျက် သွားတယ်လို့ ဉာဏ်ကသိတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဉာဏ်ဒီလိုသိတာ၊ တဏှာကတော့ ဒီလိုမှမဟုတ်ဘဲ၊ ဝေဒနာဖြစ်ခဲ့သော် တဏှာလိုက်လာတယ်၊ မလိုက်ဘူး လား (လိုက်ပါတယ် ဘုရား)။
တဏှာနောက်တော့ စွဲလမ်းတယ် မလာဘူးလား
သူသွားတော့ သဘောကျပြီးပြန်ခဲ့တယ်။ သဘောကျတဲ့ တဏှာနောက်တော့ စွဲလမ်းတယ် မလာဘူးလား (လာပါတယ် ဘုရား)။
ကာယကံ, ဝစီကံတွေက (လာပါတယ် ဘုရား) အဲ ကမ္မဘဝမဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။
ကမ္မဘဝပစ္စယာယာ လာရင်တော့ ကယ်မရတော့ဘူး။ ရပါ့မလား (မရပါ ဘုရား) ဘာလာတော့မလဲ (ဇာတိ လာပါတော့မယ်) ဇာတိဇရာဆိုတဲ့ အနာဂတ်ဘဝဟာ ကိုစောမောင်ဆက်မှာလား၊ မဆက်ဘူးလား (ဆက်မှာပါ ဘုရား)။
ဖြတ်လို့ရသေးရဲ့လား (မရပါ ဘုရား)။
ဒါဖြင့် ဒီပုဂ္ဂိုလ်သည် ချောက်ကျတဲ့ပုဂ္ဂိုလ်၊ ချောက်လွတ်တဲ့ပုဂ္ဂိုလ် ဘယ်ပုဂ္ဂိုလ်ထဲသွင်းမလဲ (ချောက်ကျတဲ့ ပုဂ္ဂိုလ်ပါ ဘုရား)။
အဲဒါကြောင့် ရှောင်ကြပါဆိုတာ သေသေချာချာလေးလေးနက်နက်ပြောနေတာ (မှန်ပါ့) သဘောပါပြီလား (ပါပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ယနေ့ည ဟောတဲ့တရားမှာ မောင်နိုင်, မောင်ဘမှီ အသွားမလွဲစေနဲ့ (မှန်ပါ့)။
ဘာဟောပါလိမ့် (အသွားမလွဲစေပါနဲ့ ဘုရား) ဒီတစ်လုံးပဲ ပါပါသေးတယ် ဒကာဒကာမတို့ (မှန်ပါ့) ဝေဒနာ ကဖြင့် ခေါ်မှာပဲတဲ့၊ သုခလာလဲ (ခေါ်မှာပဲ ဘုရား) ဒုက္ခလာလဲ (ခေါ်မှာပါပဲ ဘုရား) ဥပေက္ခာကကော (ခေါ်မှာပါ ဘုရား) ခင်ဗျားတို့က ဘယ့်နှယ်တုန်း (အသွားမလွဲစေရပါ ဘုရား)။
အသွားမလွဲစေနဲ့ဆိုတော့
အသွားမလွဲစေနဲ့ဆိုတော့ ဥပေက္ခာဝေဒနာက ခေါ်ပုံကလေး ဒကာ ဒကာမတွေကို မလာရသေးဘူး ကိုစော မောင် (မှန်ပါ့)။
ဥပေက္ခာဆိုတာ မျက်လုံးက ဖွင့်ချင်တယ်ဆိုရင် မမြင်ဘူးလား (မြင်ပါတယ် ဘုရား) မြင်သည်နှင့်တစ်ပြိုင်နက် တည်းမြင်တာကလေးဟာ သဘောကျလိုက်တာဆိုတာ တစ်ခါတည်း ဥပေက္ခာဝေဒနာ နောက်ကနေပြီး သကာလ မြင်တာကလေးဟာ သဘောကျတယ်လို့ခင်ဗျားတို့ တဏှာနဲ့သွားချင်သွားမယ် (မှန်ပါ့) မသွားပေဘူးလား (သွားပါ တယ် ဘုရား)။
မြင်တာကလေး သဘောကျတယ်ဆိုလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ တဏှာနဲ့သွားတာမကျဘူးလား (ကျပါတယ် ဘုရား)။
မြင်တဲ့ဥပေက္ခာ ဝေဒနာကလေးဟာ မြင်ပြီးပျက်တာပဲဆိုရင် ဘာနဲ့သွားမလဲ (ဉာဏ်နဲ့သွားပါ့မယ်) အဲ ကိုစောမောင် သဘောကျပြီလား (ကျပါပြီ ဘုရား)။
မြင်တာကလေး သဘောကျတယ်ဆိုရင် ဘာနဲ့သွားသတုန်း (တဏှာနဲ့သွားပါတယ် ဘုရား)။
မြင်တာက ဥပေက္ခာဝေဒနာ သဘောကျတယ်ဆိုတော့ ဥပေက္ခာ ဝေဒနာနောက်ကို တဏှာလိုက်သွားတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် မြင်တာကလေး သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် မြင်ပြီးပျက်သွားတာကိုးလို့ ဆိုတော့မြင်တဲ့ ဥပေက္ခာဝေဒနာ က နေပြီး ဉာဏ်ခေါ်ယူတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဧဟိပဿိကောကဖြင့်
ဒါဖြင့် ဧဟိပဿိကောကဖြင့် ဘယ်တရားမဆိုရှိတယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။
သုခဝေဒနာမှာလဲ ဘာရှိသတုန်း (ဧဟိပဿိကော ရှိပါတယ် ဘုရား) ဒုက္ခဝေဒနာမှာရော (ဧဟိပဿိကော ရှိပါတယ် ဘုရား) ဥပေက္ခာဝေဒနာမှာကော (ဧဟိပဿိကော ရှိပါတယ် ဘုရား) ဒါဖြင့် ဒကာ ဒကာမတွေ သဘောပါ ပြီလား (ပါပါပြီ ဘုရား)။
ဧဟိကဘာပါလိမ့် (လာပါ) ပဿိက (ရှုပါ) ဒါဖြင့် ဘယ်ဝေဒနာကမဆို သူ့ကိုလာပါရှုပါ၊ ကိုစောမောင်မခေါ် ဘူးလား (ခေါ်ပါတယ် ဘုရား)။
အဲဒီတော့ ကျုပ်တို့ ဝိပဿနာ အထူးရှာနေရမှာလား၊ ဒီပါဠိတစ်လုံးနဲ့ပဲ အကုန်ပြီးပြီလားလို့မေးရင် ဘယ့်နှယ် ပြောကြမလဲ (တစ်လုံးနဲ့ပြီးနိုင်ပါတယ် ဘုရား) သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
တစ်လုံးနဲ့ပဲ အကုန်ပြီးတယ်ဆိုတော့ သူကခေါ်တိုင်းသွား သဘောကျပြီလား (ကျပါပြီ ဘုရား)။
သူကခေါ်တိုင်းသွားရင် ဒီဉာဏ်သည်ကားလို့ဆိုရင် ခေါ်တိုင်းသာသွားနေလို့ ရှိရင်ဖြင့်ဉာဏ်သည် ပထမတော့ ဖြင့်ခေါ်တိုင်းသွားတဲ့ ဉာဏ်နုကလေးပေါ့ဗျာ၊နောက်ကျတော့ ခေါ်တိုင်းသွားတဲ့ ဉာဏ်ရင့်ကြီးမဖြစ်ပါဘူးလား (ဖြစ်ပါတယ် ဘုရား) ဖြစ်ရမယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။
သူကမခေါ်ပေဘူးလား
အဲ နောက်ကျတဲ့အခါကျတော့ကို သူလဲဖြစ်ပျက် ဖြစ်ပျက်ကနေပြီး ခေါ်တာမျိုး၊ ကျုပ်ကိုလာကြည့်ပါဦး။ ကျုပ်သည် အသေကောင်ပါပဲလို့ မုန်းစရာကြီးအဖြစ်နဲ့ကော သူကမခေါ်ပေဘူးလား။ (ခေါ်ပါတယ် ဘုရား)။
တော်တော်ကြာကျလို့ရှိရင် မုန်းတဲ့ပုဂ္ဂိုလ်ဖြစ်ပြီး သကာလ ဒီကသွားပါများတဲ့ ပုဂ္ဂိုလ်သည်ကားလို့ဆိုလို့ရှိရင် မုန်းနေကျပုဂ္ဂိုလ်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒီဝေဒနာကနောက်ကျတော့ ဒီဒုက္ခကြီး ကြည့်နေရတာပဲတဲ့၊ ကြည့်တဲ့ပုဂ္ဂိုလ် ကခေါ်တိုင်းသွားနေရတော့ ကျုပ်ဖြင့် ကြည့်ကိုမကြည့်ချင်ဘူးဆိုတာ လာမလားမလာဘူးလား (လာပါမယ် ဘုရား)။
မကြည့်ချင်ရင် သူပေါ်ပါဦးမလား (မပေါ်ပါ) ဒါဖြင့် ဝေဒနာဆုံးတယ်၊ မဆုံးဘူးလား (ဆုံးပါတယ် ဘုရား)။
ဝေဒနာဆုံးတယ်ဆိုတော့ ကိုစောမောင်၊ ကိုစံလှစဉ်းစားစမ်း၊ ခန္ဓာဆုံးတာမှ ဟုတ်ရဲ့လား (ဟုတ်ပါတယ်) ဝေဒနာက္ခန္ဓာကိုးဗျ (မှန်ပါ့) သဘောပါပြီလား (ပါပါပြီ ဘုရား)။
ဝေဒနာဆုံးတော့ သူတို့ယှဉ်ဖော်ယှဉ်ဖက်ဖြစ်တဲ့ သညာ, သင်္ခါရ, ဝိညာဏ်သူတို့က ဖြစ်စေတဲ့ ရုပ်တွေကျုပ်တို့ နေရစ်ဦးမယ်ဆိုလို့ရပါ့မလား (မရပါ) ဒါကြောင့်ဝေဒနာဟာ ဝေဒနိန္ဒြေချုပ်လို့ရှိရင်ဖြင့် ဘာကျန်ရစ်စရာများ ရှိသေး သလဲ (မရှိပါ ဘုရား)။
ဝေဒနာကုန်အောင် ရှုနိုင်သောရဟန်း
ဒါ့ကြောင့် “ ဝေဒနာနံခယောဘိက္ခု “ ဝေဒနာနံ-ဝေဒနာတို့ကို၊ ခယော-ကုန်အောင် ရှုနိုင်သော၊ ဘိက္ခု-ရဟန်းသည် နိစ္ဆာတော နိတ္တဏှော-တဏှာမရှိသည်ဖြစ်၍၊ ပရိနိဗ္ဗုတော ကိလေသာ ပရိနိဗ္ဗာန်စံသည် ဟောတိ-ဖြစ်၏၊ ဒီဘဝကိလေသာတွေ ကုန်တော့တာပဲတဲ့ (မှန်ပါ့ ဘုရား)။
ကိလေသာ နှစ်ပါးကုန်သွားတော့ ဒီဟာတွေလာပါ့ဦးမလား (မလာပါ ဘုရား) အနာဂတ်ဘဝပေါ်ပါဦးမလား (မပေါ်ပါ ဘုရား)။
ဒါဖြင့် ဘုရားဟောတော်မူတာ ကိုစံလှတို့, ကိုစောမောင်တို့ ကုန်အောင်ရှုဆိုတဲ့ သဘောကလေးဟာ ဘယ် သဘောပါပါလား (ပါပါတယ် ဘုရား)
ဒါဖြင့် ဝေဒနာတစ်လုံးနဲ့လဲ နိဗ္ဗာန်ရောက်နိုင်တယ်ဆိုတာလဲ သေချာကြပြီလား (သေချာပါပြီ ဘုရား)။
ကိလေသာ ပရိနိဗ္ဗာန်စံဆိုတာ ဘယ်တော့လာဦးမှာတုန်း (မလာပါ) မလာလို့ရှိရင်ဖြင့် ကိလေသာ ပရိနိဗ္ဗာန် စံသွားပြီ၊ ချုပ်သွားပြီဆိုရင်ဖြင့် ကိလေသာကြောင့် ဖြစ်မယ့် ဝဋ်တွေဟာ တစ်ခါတည်း ကိလေသာဝဋ် ကျွတ်သွားတော့ ဟောဒီ ကမ္မဝဋ်က ဘယ့်နှယ်နေသတုန်း (ကျွတ်သွားပါတယ်) သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
ဪ ဒါဖြင့် ဝေဒနာမြင်အောင်ကြည့်၊ ဝေဒနာဖြစ်ပျက်ကို မြင်အောင်ကြည့်၊ ဝေဒနာဖြစ်ပျက် မုန်းအောင် ကြည့်၊ ဝေဒနာဖြစ်ပျက် ဆုံးအောင်ကြည့်ဆိုတဲ့ဉာဏ်သုံးဆင့်ဟာ ကိုစောမောင်တို့ ကောင်းကောင်းကျေနပ်ဖို့ပဲ (မှန်ပါ့) ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။
ရှုစရာက သူ့အရင်လာတွေ့တာပဲ
ဒါကဘယ့်နှယ့်ကြောင့် ဒီလိုဟောရတာတုန်းလို့ မေးတဲ့အခါကျတော့ ဝေဒနာနုပဿနာရယ်လို့ ဘုရားက သီးသန့်ထားခဲ့လို့၊ ပဋိစ္စသမုပ္ပါဒ်မှာလဲ ရှုစရာက သူ့အရင်လာတွေ့တာပဲဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒီဟာတွေကတော့ ပယ်ရမယ့်တရား၊ ဒီဟာတွေကပိုင်းခြားထားပစ်ခဲ့ရမယ်ဆိုတော့ ဒီသမုဒယသစ္စာချုပ်ပါမှ ဒီဒုက္ခသစ္စာ ကျုပ်တို့နောက် မလိုက်မှာကိုးဗျ (မှန်ပါ့) သူသာရှိနေလို့ရှိရင် ဒါတွေကချုပ်ပါ့မလား (မချုပ်ပါ ဘုရား)။
ဒါဖြင့် သမုဒယသစ္စာပယ်၊ ဒုက္ခသစ္စာမလိုက်ခဲ့နဲ့လို့ ပိုင်းခြားခဲ့၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ဝေဒနာခေါ်ရာကို ကျုပ်တို့သွားရမှာလား၊ မသွားရဘူးလား (သွားရမှာပါ) ဘာနဲ့သွားရ မလဲ (ဉာဏ်နဲ့သွားရပါမယ် ဘုရား)။
ထုံးစံက ဘာနဲ့သွားလေ့ရှိသတုန်း (တဏှာနဲ့သွားလေ့ရှိပါတယ်) တဏှာနဲ့သွား လို့ရှိရင် ဒုက္ခက္ခန္ဓဿဖြစ်မယ် (မှန်ပါ့) ဒုက္ခက္ခန္ဓဿ သမုဒယောဟောတိ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ခင်ဗျားတို့ပြောတဲ့ ဒုက္ခက္ခန္ဓဿ သမုဒယောဟောတိ ပြတယ်၊ ဒီဒုက္ခအစုကြီးလာမယ်၊ ဒီဒုက္ခအစုကြီးမလာ ဘူးလား (လာပါတယ် ဘုရား)။
ဒီတဏှာတွေက လိုက်ပါရောဗျ၊ ဝေဒနာနောက်ကနေပြီး၊ ဒါဝေဒနာ ခေါ်တော့ခေါ်ပါရဲ့၊ တဏှာနဲ့သွားတယ်၊ ဥပါဒါန်နဲ့စွဲတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ကိလေသဝဋ်အဖြစ်ပေဘူးလား (ဖြစ်ပါတယ်) ကိလေသဝဋ် ဖြစ်လို့ရှိရင်ဖြင့် ဥပါဒါနပစ္စယော ကမ္မဘဝေါဆိုတော့ ဟောဒီမှာ ကမ္မဝဋ်ပေါ်လာတယ် (မှန်ပါ့)။
မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) ကမ္မဝဋ်ပေါ်လို့ရှိရင် အနာဂတ်ဘဝ ဝိပါကဝဋ်ဆိုတာ လာမှာလား မလာဘူးလား (လာမှာပါ) ဒါဖြင့် ဝဋ်ဆက်ပြီး (မှန်ပါ့)။
အသွားတတ်တော့ ဝဋ်ပြတ်တယ်
အသွားမတတ်တော့ (ဝဋ်ဆက်ပါတယ်) အသွားတတ်တော့ (ဝဋ်ပြတ်ပါတယ်) ဝဋ်ပြတ်တယ်ဆိုတော့ ကိလေ သဝဋ်က စပြတ်တယ် (မှန်ပါ့)။
ပြီးတော့ ကမ္မဝဋ်ကတော (ပြတ်ပါတယ်) ဒီဘက်က ဝိပါကဝဋ်ကော (ပြတ်ပါတယ်) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဝဋ်ပြတ်တာသည်ကားလို့ဆိုရင် အသွားတော်မှ ဝဋ်ပြတ်မှာ (မှန်ပါ့) အသွားမတော်ရင် (ဝဋ်ဆက်ပါ တယ် ဘုရား) ဝဋ်ဆက်မယ်ဆိုတော့ ဪ ဒါဟာ သူများပြောလား၊ တို့သန္တာန်၏ဖြစ်စဉ်ကို တို့ဟာတို့ဖြတ်ဖို့ ဟောတာလားလို့ မေးလို့ရှိရင် ခင်ဗျားတို့ဘယ့်နှယ့်ဖြေပါ့မလဲ (ကိုယ့်ဟာကိုယ်ဖြတ်ဖို့ ဟောတာပါ ဘုရား)။
ကိုယ့်ဟာကိုဖြတ်ဖို့ဟောတာနော် ဒကာဒကာမတို့တဲ့ ခင်ဗျားတို့ ဒါန, သီလ, အမျှဝေလို့ မရဘူးဆိုတာကရော သဘောကျပြီလား (ကျပါပြီ) ကိုယ့်ဟာကိုယ် ဒီကြားကို ဉာဏ်ဝင်မှ (မှန်ပါ့ ဘုရား)။
ဒါနပေးလှူပြီး သကာလ သားတွေ သမီးတွေအမျှယူကြရပါတယ်။ မရဘူးလို့ဟောကို မဟောဘူး (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
သို့သော် ကိုယ့်ပဋိစ္စသမုပ္ပါဒ်ကို ဖြတ်မှုကျလာတော့ဖြင့် သူများကပေးတဲ့အမျှနဲ့ ကိုယ်ပြတ်မှာလား (မပြတ်ပါ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။
သူများပေးတဲ့အမျှနဲ့ ကိုယ်ပြတ်လို့ရှိရင်ဖြင့် ဘုရားဖြစ်ရင် ဘုရား၏ အမျိုးတွေဟူသရွေ့အဝီစိသွားစရာ တစ်ယောက်မှမပါဘူး၊ ဒေဝဒတ်လဲမသွားနိုင်ဘူး ဒေဝဒတ် အဖေလဲ သွားစရာလိုသေးသလား၊ အမျှပေးနိုင်လို့ရှိရင် သဘောကျပြီလား (ကျပါပြီ) ပေးနိုင်ရဲ့လား (မပေးနိုင်ပါ ဘုရား)။
ဒါဖြင့် ဒကာဒကာမတို့ ကိုယ်တိုင်လုပ်မှ ကိုယ်တိုင်ရမှာဖြင့် သားလုပ်ရင် သားရမယ်။ သမီးလုပ်ရင် (သမီးရမှာပါ ဘုရား) သဘောပါပြီလား (ပါပါပြီဘုရာ)။
ဒါဖြင့် ဒီဟာက အမျှယူလို့ရတဲ့ အလုပ်မဟုတ်ဘူး (မှန်ပါ့) ကိုစောမောင် ဘယ့်နှယ်ဆိုကြမလဲ (မရပါ ဘုရား) အမျှဆိုတာ မောင်ဘမှီရဲ့ သူပေးတဲ့အဖို့ဘာဂကို အမျှဆိုတာ မဆိုကြဘူးလား (ဆိုပါတယ် ဘုရား)။
ကိုယ့်ဉာဏ်နဲ့ကိုယ်ဖြတ်ရမယ်
အဲဒီအမျှမျိုး ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်ဖြတ်ရမှာ ဖြစ်နေတော့ ကိုယ့်ဉာဏ်နဲ့ကိုယ်ဖြတ်ရမယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အမျှပေးလို့ (မရပါ) မရဘူးဆိုတာသဘောပါပြီလား (ပါပါပြီ ဘုရား)။
ဪ ဒါဖြင့် ဒကာဒကာမတို့ ကိုယ့်အလုပ်ကိုယ် လုပ်ကြဟုတ်လား (မှန်ပါ့) ကိုယ့်အလုပ်ကိုယ် လုပ်ကြဆိုတဲ့ ဟာသည် ဒကာ ဒကာမတို့ “အတ္တာဟိ အတ္တနော နာထော”ဆိုတာ၊ ဒါကြောင့် ဒါလာဟောတာ (မှန်ပါ့) သဘောကျပြီ လား (ကျပါပြီ ဘုရား)။
မိမိလုပ်ရမယ့် မဂ္ဂင်အလုပ်သည်သာလျှင် မိမိ၏ဝတ်ကျွတ်ရာပဲ၊ သူတစ်ပါးက ကိုးကွယ်ရာ မဖြစ်ပါဘူးတဲ့ ကိုစောမောင်ရ (မှန်ပါ့ ဘုရား)။
ဒါဖြင့်ကိုယ်လုပ်တဲ့ မဂ္ဂင်မှတစ်ပါး ဘုန်းကြီးတို့ ဒကာ ဒကာမတို့ကယ်မယ့်သူ ယူမယ့်သူရှိသေးရဲ့လား (မရှိပါ)။
ဒါကြောင့် သူတို့မလုပ်လို့ ကိုယ်မလုပ်ဘူးဆိုတာ ဒါဟာဒီစိတ်တွေ မမွေးပါနဲ့ဆိုတာ ကိုစောမောင်တိုက်တွန်း သင့် မတိုက်တွန်းသင့် (တိုက်တွန်းသင့်ပါတယ်) သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
ဒါဖြင့်ဝေဒနာမှာ ဘာဂုဏ်ရှိသတုန်းလို့ မေးလို့ရှိရင် ဧဟိပဿိဂုဏ်ရှိတယ် (မှန်ပါ့) ဘာရှိသတုန်း(ဧဟိပဿိဂုဏ် ရှိတယ်) ဧဟိက ဘာပါလိမ့် (လာပါ ဘုရား) ပဿက (ရှုပါ ဘုရား)။
ဒါဖြင့် ဝေဒနာဖြင့် အမြဲမပြတ်ပေါ်လိမ့်မယ်၊ ခြေလှမ်းမလွဲဖို့ သိပ်အရေးကြီးတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)
တဏှာနဲ့ မလှမ်းဘဲနဲ့ ဉာဏ်နဲ့သာ လှမ်းပေးစမ်းပါ ဒကာ ဒကာမတို့၊ ဝဋ်ပြတ်ပါလိမ့်မယ် (မှန်ပါ့) ဆိုထိုက် ပြီလား(ဆိုထိုက်ပါတယ် ဘုရား)။
ဟောဒီကိလေသာဝဋ်ကော (ပြတ်ပါတယ်) ဟော ဒီကမ္မဝဋ်ကော (ပြတ်ပါတယ်) ဟောဒီ ဝိပါကဝဋ်တွေ(ပြတ် သွားပါတယ် ဘုရား)။
အသွားတော်လို့ နေရာကျတာ
ဒါဖြင့် သူများပြောလား၊ အသွားတော်လို့ နေရာကျတာလား (အသွားတော်လို့ နေရာကျတာပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့သည်အင်မတန် သွားထိုက်တဲ့နည်းကို ဆရာဘုန်းကြီးက ယနေ့ရှင်းရှင်းလင်းလင်း မပြောဘူး လား (ပြောပါတယ် ဘုရား)။
သွားရမယ်နော် ဒကာဒကာမတို့ (မှန်ပါ့) ဝေဒနာရှိရာကို ဘာနဲ့သွားကြမလဲ (ဉာဏ်နဲ့သွားကြပါမယ် ဘုရား)။
အဲ ဝေဒနာရှိရာ ဉာဏ်နဲ့လိုက်သွားတော့ကို သွားသာသွားရတယ်၊ ဝေဒနာလဲမတွေ့ဘူး၊ ဒကာ ဒကာမတို့ တွေ့သေးရဲ့လား (မတွေ့ပါ ဘုရား)။
ဝေဒနာမတွေ့တော့ ဝေဒနာမရှိတာတော့ တွေ့လိမ့်မယ် (မှန်ပါ့) ဝေဒနာတော့ဖြင့် (မတွေ့ပါ ဘုရား) ဘာတွေ့ မလဲ (မရှိတာတွေ့မှာပါ ဘုရား)။ မရှိတာတွေ့တော့ မရှိတာက အနိစ္စ၊ သွားတာက မဂ္ဂဖြစ်သွားတယ် (မှန်ပါ့)။
မရှိတာက (အနိစ္စပါ) သွားတာက (မဂ္ဂပါ) ဪ ဒါဖြင့် မဂ်ဆိုတာသည်ကား ဆိုလို့ရှိရင် ကိုစောမောင် ဧဟိပဿိကောဆိုတဲ့ အတိုင်းခေါ်ရာကို သွားမှာသာလျှင် မဂ်ရမှာနော် (မှန်ပါ့)ခေါ်ရာကို မသွားလို့ရှိရင် (မဂ်မရပါ ဘုရား)။
ဒါဖြင့် ဧဟိပဿိကောဆိုတာ အနိစ္စလဲ ဧဟိပဿိကော ဒုက္ခကော (ဧဟိပဿိကောပါ ဘုရား) အနတ္တကော (ဧဟိပဿိကောပါ ဘုရား) အနိစ္စ ဒုက္ခမှလွတ်တဲ့နိဗ္ဗာန်ကော (ဧဟိပဿိကောပါ ဘုရား)
ဧဟိပဿိကောပဲ၊ ဒါတွေ သူခေါ်တိုင်းသွားနေရင်း နိဗ္ဗာန်တွေ့တော့မယ်၊ မတွေ့ပေဘူးလား (တွေ့ပါတယ် ဘုရား)။
ဒါဖြင့် ခေါ်တိုင်းသွားရင် ပထမ အနိစ္စတွေ့မယ်၊ နောက်ကို အနိစ္စအဆုံးတွေ့မယ် (မှန်ပါ့)သဘောကျပြီလား (ကျပါပြီ ဘုရား)။
အနိစ္စက အနိစ္စနော် (မှန်ပါ့) ဖြစ်ပြီးပျက်တာက (အနိစ္စပါ ဘုရား) အနိစ္စအဆုံးက (နိစ္စပါ) သဘောကျပြီလား (ကျပါပြီ ဘုရား)။
အနိစ္စ, အနိစ္စကဘာပါလိမ့်၊ ဖြစ်ပြီးပျက်သောကြောင့် သူ့ကိုဘာခေါ်ကြမယ် (အနိစ္စ) အနိစ္စအဆုံးကဘာတုန်း (နိစ္စပါ ဘုရား)။
အနိစ္စအဆုံးမှာ နိစ္စရှိတယ်
ဒါဖြင့် အနိစ္စအဆုံးမှာ နိစ္စရှိတယ် (မှန်ပါ့) အနိစ္စဆီသွားလို့ရှိရင်ဖြင့် အနိစ္စနောက်ကို ဆက်လိုက်သွားလို့ ရှိရင်အနိစ္စဟာလဲ အနိစ္စအဆုံးရှိတယ် (မှန်ပါ့) မရှိပေဘူးလား (ရှိပါတယ် ဘုရား) ဒုက္ခမှာကော (ဒုက္ခအဆုံးရှိပါတယ် ဘုရား)။
အဲ ရှုချင်တာသာရှု၊ အဆုံးကျအောင် လိုက်လို့ သတိပေးလိုက်ပါတယ် (မှန်ပါ့)။
သူကတော့ဖြင့် ခေါ်မှာပဲ၊ အနိစ္စကလဲ ဧဟိပဿိကော၊ အနိစ္စအဆုံးကလဲ (ဧဟိပဿိကောပါ ဘုရား)။
အဲ့ အနိစ္စကလဲ ဧဟိ- လာခဲ့ပါ၊ ပဿ-ရှုပါပဲ (မှန်ပါ့ ဘုရား) ခေါ်မှာပဲ (မှန်ပါ့)။
အဲဒီတော့ ဒကာ ဒကာမတို့ အသွားမလွဲဖို့ အရေးဟာ ကိုယ့်အရေး (မှန်ပါ့) ဘယ့်နှယ်ဆိုကြမလဲ (အသွားမလွဲ ဖို့အရေးဟာ ကိုယ့်အရေးပါ ဘုရား)။
အဲ့ဒီလို သွားတဲ့ပုဂ္ဂိုလ်ဟာဖြင့် အနိစ္စတွေ့လို့ရှိရင် အနိစ္စအဆုံးကို သေသေချာချာတွေ့ပါလိမ့်မယ်ဆို ငြင်းဖို့ လိုသေးသလား (မလိုပါ ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ တစ်သံသရာလုံး အသွားလွဲနေကြလို့ ဒုက္ခတွေ့ကြတာ (မှန်ပါ့) သဘောပါသလား (ပါပါပြီ ဘုရား)။
အသွားလွဲနေလို့ ဒုက္ခတွေ့တာ
တစ်သံသရာလုံး ဘာပါလိမ့် (အသွားလွဲနေလို့ ဒုက္ခတွေ့တာပါ ဘုရား)။
အဲ ယခုဆရာဘုန်းကြီးနဲ့တွေ့ပြီ၊ ဘုရားလဲပွင့်အောင်၊ ခင်ဗျားတို့သန္တာန်မှာ သွားတဲ့ဆီလဲ အသွားတည့်အောင် သာ သွားမယ်ဆိုလို့ရှိရင် သံသရာပြတ်မယ် (မှန်ပါ့)။
ဆုတောင်းလို့ ပြတ်မှာလား၊ အသွားတတ်မှ ပြတ်မှာလား (အသွားတတ်မှပြတ်မှာပါ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်ကိုဖြင့် ရပါလို၏ ဆုတောင်းနေရုံနဲ့မရဘူး (မှန်ပါ့) အသွားတည့်ရမယ် (မှန်ပါ့)။
အနိစ္စအဆုံးမှာ ဘာရှိသတုန်း (နိဗ္ဗာန်ရှိပါတယ်) နိစ္စ နိဗ္ဗာန်ရှိတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)ဒုက္ခ ကိုစပြီး တွေ့အောင်ရှာနိုင်တဲ့ပုဂ္ဂိုလ်ဟာ ဒုက္ခအဆုံးတော့ တွေ့မယ် (တွေ့ပါမယ် ဘုရား)။
ဒါဖြင့် ဒုက္ခမလဲ ဧဟိပဿိကောနဲ့ မခေါ်ပေဘူးလား (ခေါ်ပါတယ်) ဒုက္ခအဆုံးမှာကကော (ခေါ်ပါတယ်) ခေါ်မှာပဲ၊ ခေါ်ရာသွား ခင်ဗျားတို့သဘောကျပြီလား (ကျပါပြီ ဘုရား)
ဒါဖြင့် ဒီတရားကလေးဟာလဲ ဖြစ်ပြီးပျက်တယ်၊ ဘယ်သူတားလို့ရသတုန်း (မရပါ ဘုရား) မရလို့ရှိရင် ဒါဟာ အနတ္တခေါ်ရာကိုလဲ ဉာဏ်နဲ့သွား (မှန်ပါ့) သဘောပါပြီလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ခေါ်တိုင်းခေါ်တိုင်းသွားတော့ ဒီသင်္ခါရ အနတ္တဟာလဲ အဆုံးမရှိပေဘူးလား (ရှိပါတယ် ဘုရား) ရှိတော့ အနတ္တ နိဗ္ဗာန်တစ်မျိုး မတွေ့ပေဘူးလား (တွေ့ပါတယ် ဘုရား) အဲဒါလဲ ဧဟိပဿိကောနဲ့ခေါ်လျက်ပါပဲ (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့တရားတော်ကဖြင့် သွားတတ်တဲ့နည်းနဲ့သာ သွားလို့ရှိရင်ဖြင့် ခင်ဗျားတို့ကို ကယ်တင် မလို့ခေါ်တာလဲရှိတယ်၊ မသွားတတ်လို့နစ်မွန်းအောင် ခင်ဗျားတို့ သွားတာလို့ရှိရင်လဲ ခင်ဗျားတို့နစ်မွန်းမှာပဲ (မှန်ပါ့)။
သွားတတ်လို့ရှိရင်လဲ နစ်မွန်းခြင်းမှလဲ ပျောက်ကင်းမှပဲဆိုတာ ငြင်းနေဖို့လိုသေးသလား (မလိုပါ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။
အသွားတတ်တော့ ဝေဒနာနိရောဓာတဏှာနိရောဓော
ဒါဖြင့် အသွားတတ်တော့ ဝေဒနာနိရောဓာ တဏှာနိရောဓောဖြစ်တယ် (မှန်ပါ့) အသွားမတတ်တော့ ဝေဒနာ ပစ္စယာ (တဏှာပါ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။
အသွားမတတ်ရင် (ဝေဒနာပစ္စယာ တဏှာပါ ဘုရား) အသွားတတ်ရင် (ဝေဒနာနိရောဓာ တဏှာနိရောဓော ပါ ဘုရား)။
ဟော ဝေဒနာနိရောဓော ဆိုတော့ သွားလိုက်ကတည်းက ဝေဒနာချုပ်တာ တွေ့တာကိုး (မှန်ပါ့) မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)။
ဝေဒနာချုပ်တာပဲ တွေ့တယ်ဆိုတော့
ဝေဒနာချုပ်တာပဲ တွေ့တယ်ဆိုတော့ ဒီမဂ် ဝင်မလာဘူးလား (လာပါတယ်) မဂ်ဝင်လာတော့ ဒီဘက်ကတဏှာ တွေဟာ လာသေးရဲ့လား (မလာပါ ဘုရား) မလာပဲနဲ့နိရောဓောဖြစ်တယ် (မှန်ပါ့)။
ဒါဖြင့် ဒါကလေး မှတ်သွားကြ၊ အသွားတည့်ရင် ဝေဒနာနိရောဓော (တဏှာနိရောဓော) ဒါဖြစ်ရမယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
အသွားမတည့်ပါဘူး၊ သွားတော့ သွားတာပဲ ဆိုတော့ ဝေဒနာပစ္စယာ (တဏှာပါ ဘုရား) ဝေဒနာပစ္စယာတဏှာ ဆိုတော့ ဒီဘက်က ဝဋ်တွေမလာပေဘူးလား (လာပါတယ် ဘုရား)။
ကဲ ဒီထက် သေချာစရာရှိသေးရဲ့လား (မရှိပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကဲ …ယနေ့ ဒီတွင် တော်ပါဦး။
သာဓု … သာဓု … သာဓု။