ဝေဒနာသတ်ရင် တဏှာသေပုံ (၂)
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ မင်္ဂလာတိုက်၌ ဟောကြားတော်မူအပ်သော
” ဝေဒနာသတ်ရင် တဏှာသေပုံ (၂) “
နေ့အလုပ်ပေးတရားတော်
၈-၁၀-၆၁
ဘယ်အကျိုးငှာ တရားနာကြသတုံး
အားလုံး ဒကာ ဒကာမတို့ တရားနာကြတယ် ဆိုတဲ့ ဥစ္စာ ဘယ်အကျိုးငှာ တရားနာကြသတုံးလို့ မေးလို့ရှိရင် ဖြင့် ဒုက္ခခပ်သိမ်းကင်းငြိမ်းဖို့ တရားနာတယ်လို့ စိတ်ထဲကမှတ်ရမယ် (မှန်ပါ့) တရားနာကြတာ ဘယ်အကျိုးငှာပါလိမ့် (ဒုက္ခခပ်သိမ်း ကင်းငြိမ်းဖို့ပါ ဘုရား)။
ဒုက္ခခပ်သိမ်း ကင်းငြိမ်းဖို့ တရားနာကြတယ်ဆိုလို့ရှိရင်ဖြင့် ဝိဝဋ္ဋကုသိုလ်ဖြစ်ပါတယ် (မှန်ပါ့) အဲဒီတော့ ဒီဒုက္ခခပ်သိမ်းကင်းငြိမ်းဖို့ နာကြတယ်ဆိုတာသိတော့ တခါပြန်တွေး ဪ ဒီဒုက္ခသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဘယ်ကများ လာပါလိမ့်မလဲလို့ ပြန်တွေးတဲ့အခါကျတော့ ဒုက္ခသစ္စာက အကျိုးသစ္စာဖြစ်နေတော့ ဪ ဒို့သည်ကားလို့ ဆိုလို့ရှိရင် ဘုံဘဝလိုချင်ခန္ဓာလိုချင်တဲ့ တဏှာက လာတာကိုးလို့ ဆိုတာလဲ တွေးလုံးထုတ်လိုက်ပါ (မှန်ပါ့ ဘုရား)။
ဒုက္ခသစ္စာဘယ်က လာပါလိမ့်
ဒုက္ခသစ္စာဘယ်က လာပါလိမ့် (ခန္ဓာလိုချင်တဲ့ တဏှာက လာပါတယ် ဘုရား) ဘုံဘဝနဲ့ခန္ဓာ လိုချင်တဲ့ တဏှာကလာတယ် (မှန်ပါ့ ဘုရား)။
ဒကာကြွယ် ရှင်းပြီနော် (ရှင်းပါပြီ ဘုရား) အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဪ တရားနာရ တာသည်ကား ဒုက္ခငြိမ်းချင်လို့၊ ဒုက္ခငြိမ်းချင်လို့ရှိရင် ဒီဒုက္ခဘယ်က လာသတုံးလို့ ဆက်တွေးပြန်တော့ တဏှာ ဥပါဒန်တွေက လာပြီး သကာလ နေကြတာပဲဆိုတာလဲ သိကြပြီ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒီတဏှာတွေကို သတ်ဖို့ရာအရေး ဒကာ ဒကာမတို့ နည်းယူတာလည်း တရားနာ အစစ်လို့မှတ်ပါ (မှန်ပါ့) ဒီတဏှာသတ်ဖို့ နည်းယူပြီး သကာလ မှတ်သားနေကြတာသည် တရားနာတာ အစစ်လို့မှတ်ပါ (မှန်ပါ့ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခပေးလေသမျှ တဏှာလောဘဆိုတာသိပြီ (မှန်ပါ့) တဏှာ လောဘကလဲ သူသည် ယခုအခါမှာ ဘယ်မှာနေပါလိမ့်မလဲလို့ ဒကာ ဒကာမတွေက အမြစ်အရင်းရှာလိုက်တာပေါ့ (မှန်ပါ့ ဘုရား)။
တဏှာလောဘ အမြစ်အရင်းရှာလိုက်တဲ့အခါ ကျလို့ရှိရင်ဖြင့် မိမိခန္ဓာမှာ ခင်နေတယ်လို့မှတ်ပါ (မှန်ပါ့ ဘုရား)။
တဏှာလောဘသည် ဘယ်မှာခင်တွယ်နေပါလိမ့် (မိမိခန္ဓာမှာ ခင်တွယ်နေပါတယ် ဘုရား) မိမိခန္ဓာမှာ ခင်တွယ်နေတယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေကမှတ်ပါ (မှန်လှပါ ဘုရား)။
မိမိခန္ဓာမှာလည်း အတွယ်တာဆုံး ဘယ်ဟာတုံးလို့ တစ်ခါဝေဖန်ဦး (မှန်လှပါ ဘုရား) မိမိခန္ဓာမှာလည်း အတွယ်တာဆုံးဘယ်ဟာတုန်းလို့ ဝေဖန်လိုက်တဲ့ အခါကျတော့ ခန္ဓာကောင်းစားချင်တယ် (မှန်ပါ့ ဘုရား)။
ဝေဒနာကြောင့် ဒီတဏှာဖြစ်တာ
ခန္ဓာတည်းမှာ ဆင်းရဲတာကို မစားရမည့်၊ မသောက်ရမည့်ဆင်းရဲတွေကို ဆင်းရဲတဲ့ ဝေဒနာကြောင့် ဒီတဏှာဖြစ်တာ (မှန်ပါ့ ဘုရား)။
ချမ်းသာသည်ထက် ချမ်းသာခြင်းကို အလိုရှိသောကြောင့်လဲ ဒီတဏှာဖြစ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) လူတန်းစေ့ နေချင်သောကြောင့်လဲတဲ့ ၊ ဒီတဏှာဖြစ်တယ် (မှန်လှပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ တဏှာဟာ ဝေဒနာသုံးပါးကြောင့်ဖြစ်တာ (မှန်ပါ့) ဝေဒနာသုံးပါးကြောင့်ဖြစ်တယ် လို့မှတ်ထားလိုက်တော့မှ ဪ ဒါဖြင့် ဝေဒနာသတ်ရင် တဏှာပြတ်မှာဘဲ (မှန်ပါ့ ဘုရား)။
ဝေဒနာသတ်ရင် (တဏှာပြတ်မှာပါ ဘုရား) တဏှာ ပြတ်လိမ့်မယ်ဆိုတာ ဒကာကြွယ်တို့ ဒကာသစ်တို့ ဦးမာဒင်တို့ ဦးသန်းမောင်တို့ သိရောပေါ့ဗျာ (သိပါပြီ ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့က ဒကာ ဒကာမတွေ တရားနာတာ ဒုက္ခသစ္စာချုပ်ချင်လို့၊ ဒုက္ခသစ္စာသည် သမုဒယသစ္စာ ကြောင့်ဖြစ်တယ်၊ သမုဒယသစ္စာသည် ဘယ်ကလာသတုန်း ဝေဒနာကလာတယ် (မှန်ပါ့ ဘုရား) ဆိုတော့ လက်သည် အကြောင်းတွေ့ပါပြီ (တွေ့ပါပြီ ဘုရား)။
ဒုက္ခသစ္စာ ဘယ်ကလာတာတုံး (တဏှာက လာပါတယ် ဘုရား) တဏှာ သမုဒယကလာတယ် (မှန်ပါ့) တဏှာသမုဒယသည် ဘယ်ကလာတာတုံးမေးပြန်တော့ (ခန္ဓာက လာပါတယ် ဘုရား)။
ခန္ဓာငါးပါးရှိရာတွင် ဘယ်ခန္ဓာက အကြီးဆုံး လာသတုန်းမေးပြန်တော့ (ဝေဒနာက္ခန္ဓာက လာပါတယ် ဘုရား)။
ဒါကလေးဟာ အင်မတန် အရေးကြီးတဲ့အချက်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်ထားစမ်းပါ (မှန်ပါ့ ဘုရား)။
ပြန်မေးပါဦးမယ် ဒကာ ဒကာမတို့နော် (မှန်ပါ့) ခန္ဓာကိုယ်ကြီးမှာ ဘဝတိုင်း အိုဘေး, နာဘေး, သေဘေးတွေ သင့်တယ် (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ကြောင့် ဒီခန္ဓာကိုယ်ကြီးဟာ ဘဝတိုင်း အိုဘေး, နာဘေး, သေဘေးတွေ သင့်ရပါလိမ့်မလဲလို့ မေးလို့ရှိရင်ဖြင့် တပည့်တော်တို့ ဘုံဘဝခင်တွယ်တဲ့ တဏှာကြောင့်ဘဲ (မှန်ပါ့) ဆိုနိုင်ကြပြီလား (ဆိုနိုင်ပါတယ် ဘုရား)။
ဒီတဏှာသည် သူဘယ်မှာနေပါလိမ့်မလဲ
ဒီတဏှာသည် ယခု သူ ဘယ်မှာနေပါလိမ့်မလဲလို့ မေးတော့လက်ရှိခန္ဓာမှာနေတယ် (မှန်ပါ့ ဘုရား) ဘယ်မှာ နေပါလိမ့် (လက်ရှိခန္ဓာမှာ နေပါတယ် ဘုရား)။
လက်ရှိ ခန္ဓာငါးပါးမှာလဲ သူအများဆုံး ဘယ်နေရာမှာသူသည်ကားလို့ဆိုလို့ရှိရင် တွယ်တာနှစ်သက်ပြီး သကာလ နေပါလိမ့်မလဲလို့ တစ်ခါတွေးဦး (ဝေဒနာက္ခန္ဓာမှာပါ ဘုရား) ဝေဒနာက္ခန္ဓာမှာနေတယ် (မှန်ပါ့) သဘောကျ ပြီလား (ကျပါပြီ ဘုရား)။
ဘယ်မှာနေပါလိမ့် (ဝေဒနာက္ခန္ဓာမှာ နေပါတယ် ဘုရား) ဦးမာဒင်တို့ ဦးသန်းမောင်တို့ မှတ်ပါနော် (မှန်ပါ့) ဦးဘထွေးတို့မှတ် သေသေချာချာ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ခန္ဓာထဲမှာ ဝေဒနာရှိတယ် (ရှိပါတယ် ဘုရား) ခန္ဓာထဲမှာ စိတ်ချမ်းသာ လက်ချမ်းသာ နေချင်တယ်ဘုရား ဆိုတော့ သုခဝေဒနာကို သူ သဘောကျတယ် (မှန်ပါ့ ဘုရား)။
မကျန်းမမာ မချမ်းသာနဲ့ဖြင့် မနေချင်ပါဘူးဘုရား ဆိုတော့ဒုက္ခဝေဒနာကို သူကြောက်တယ် (ကြောက်ပါတယ် ဘုရား) တပည့်တော်တို့သည်ကားလို့ ဆိုရင်ဖြင့် မျက်စိ, နား, နှာခေါင်း, အင်္ဂါကြီးငယ်တွေ ရှိကြပါတယ်ဘုရား၊ ဒါတွေကလဲ မြင်ချင်ကြားချင်ကြတယ်ဘုရား၊ စားချင်ကြတယ်ဘုရား ဆိုလို့ရှိရင်လဲ ဥပေက္ခာဝေဒနာကြောင့်လဲ (မှန်ပါ့ ဘုရား)။
ဒီတဏှာ ဘယ်ကလာပါလိမ့်မလဲ
ဒါဖြင့် ဒကာသစ်ရေ ဒီတဏှာ ဘယ်ကလာပါလိမ့်မလဲ (ဝေဒနာက လာပါတယ် ဘုရား) ဝေဒနာက လာတဲ့ တဏှာ၊ ဒီ တဏှာ သည် ကျုပ်တို့ ခင်ဗျားတို့ကသာ လက်ခံမှုကြီး ရှိနေကြမယ် ဆိုလို့ရှိရင်ဖြင့် တဏှာဟာ သမုဒယသစ္စာ ဖြစ်သောကြောင့် ဒုကသစ္စာနဲ့ဘဲ ခင်ဗျားတို့ အချိန်ကုန်ရတော့မယ် (မှန်ပါ့ ဘုရား)။
ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သေသေချာချာ ဪ တဏှာသတ်ချင်ရင် တဏှာကိုမသတ်နဲ့ ၊ ဝေဒနာကို သတ်ပါ (မှန်ပါ့)၊ တဏှာသေစေချင်ရင် ဝေဒနာကို ရှုပါ (မှန်ပါ့ ဘုရား)။
တဏှာသေစေချင်ရင် (ဝေဒနာကို ရှုရပါ့မယ် ဘုရား)။
တော်တော်အရေးကြီးတယ်နော် (မှန်ပါ့) ဦးမာဒင် – တဏှာသေစေချင်ရင် တဏှာရှုရမှာလား၊ တဏှာ့ရေ သောက်မြစ် ဖြတ်ရမှာသား (တဏှာ့ရေသောက်မြစ် ဖြတ်ရမှာပါ ဘုရား) အင်း ဘာတွေ့ကြပါလိမ့် (ဝေဒနာတွေ့ ပါတယ် ဘုရား)။
မှတ်ကြပါ မှတ်ကြပါ ဒကာ ဒကာမတို့ ဪ ဝေဒနာတွေ့ပါတယ်၊ တဏှာ၏ရေသောက်မြစ် ဝေဒနာပါကလား ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
ဒါ့ကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဝေဒနာပစ္စယာ တဏှာလို့ဟောတာ (မှန်ပါ့ ဝေဒနာ ပစ္စယာ = ဝေဒနာတည်းဟူသော အကြောင်းကြောင့်၊ တဏှာ = တဏှာသည်၊ ဥပ္ပဇ္ဇာတိ = ဖြစ်၏ တဲ့ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
တဏှာသေရင် နိဗ္ဗာန်ရောက်ပါတယ်
ဪ ဒီတဏှာသည်ကား လို့ဆိုရင် ဒကာ ဒကာမတို့ ဝေဒနာကြောင့် ဖြစ်တာတဲ့ (မှန်ပါ့) ဒါဖြင့် တဏှာသေရင် နိဗ္ဗာန်ရောက်ပါတယ်ဆိုသဖြင့် တဏှာရေသောက်မြစ်ကို မဖြတ်လို့ရှိရင် တဏှာပြတ်ပါ့မလား (မပြတ်ပါ ဘုရား)။
အဲဒါကြောင့် ဦးမာဒင် သေသေချာချာမှတ်စမ်းပါ၊ ဝေဒနာရှုလိုက်ရင် တဏှာပြတ်တယ် (မှန်ပါ့ ဘုရား)။
ဝေဒနာဖြစ်ပျက် မြင်လိုက်လို့ရှိရင် (တဏှာပြတ်ပါတယ် ဘုရား) တဏှာပြတ်တယ်လို့ဆိုတာ မှတ်ထားတော့ မှ ဒါ့ကြောင့် ဒကာ ဒကာမတွေ ဝေဒနာကို ဖြစ်ပျက်မြင်မှ (ဝါ) အနိစ္စမြင်မှ (ဝါ) ခယဝယမြင်မှ ၊ ကုန်တာပျောက် တာမြင်မှ (မှန်ပါ့) မြင်တဲ့ဉာဏ်ကလေးဝင်မှ တဏှာသေတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
ဝေဒနာတို့၏ ကုန်တာ ပျောက်တာကို မြင်တဲ့ဉာဏ်ဝင်လာမှတဏှာသေတယ် (မှန်ပါ့) သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
ဒါ ဘာကိုဟောချင်လို့လဲလို့ မေးတဲ့အခါကျမှ ဒကာကြွယ်သတိထားနားထောင်ပါ (မှန်ပါ့ ဘုရား)။
သိကြားမင်းကြီးက တာဝတိံသာနတ်ပြည်မှာ နတ်ဥယျာဉ်ပျော်ပါးမယ်လို့ ဧရာဝဏ်ဆင်ကြီး စီးပြီး သကာလ နတ်သမီး, နတ်သားတွေနဲ့ ဥယျာဉ်ထွက်လာတယ် (မှန်ပါ့) ဥယျာဉ်ပေါက် ရောက်ခါရှိသေးတယ်၊ သူ့စိတ်ထဲမှာ စိတ်ကူး တခုပေါ်ပါတယ် (မှန်ပါ့ ဘုရား)။
ဆင်းရဲလေသမျှ တဏှာကဘဲ
ဘာအတွေးတခု ပေါ်သတုန်းလို့ မေးတဲ့အခါကျတော့မှ လောကကြီးမှာ ဆင်းရဲလေသမျှ တဏှာကလဲ (မှန်ပါ့) လောကကြီးမှာ ဆင်းရဲလေသမျှ တဏှာကဘဲ (မှန်ပါ့) လောကကြီးမှာ ဆင်းရဲပေးတဲ့လက်သည်ရှာလို့ရှင် တဏှာက ပေးထားချည်းမှတ်ပါ (မှန်ပါ့ ဘုရား)။
လောကကြီးမှာ ဘယ်သူဆင်းရဲနေသတဲ့ ဆိုလို့ရှိရင် ဘယ့်နှယ်ပြောကြမလဲ (တဏှာက ပေးထားပါ ဘုရား) ဪ တဏှာကပေးတဲ့ ဆင်းရဲပဲ ( မှန်ပါ့) သဘောကပြီလား (ကျပါပြီ ဘုရား)။
မယုံရင် စဉ်းစားကြည့်ပါ ဒကာ ဒကာမတို့ သူများထက်ချမ်းသာချင်ရင် သူများထက် ပိုပြီး အဆင်းရဲ ခံရလိမ့်မယ် (မှန်ပါ့ ဘုရား)။
သူများထက် ချမ်းသာချင်တာက တဏှာ (မှန်ပါ့ ဘုရား) သူများထက်ပိုဆင်းရဲတာက ဒုက္ခ (မှန်ပါ့) အဲဒီ သူများထက်ပိုပြီး ဆင်းရဲရတဲ့ဒုက္ခကို ဘယ်သူပေးတာတုန်း (တဏှာက ပေးတာပါ ဘုရား) သူများထက် ပိုချမ်းသာချင်တဲ့ တဏှာကပေးတာ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတွေကလဲ ဆွမ်းတော်တင်တာက သူများထက် သာချင်တယ် (မှန်ပါ့)၊ သူများထက်သာပြီး ချမ်းသာချင်လို့ရှိရင် သူများထက် ဒကာ ဒကာမတို့ တဏှာပိုတယ်လို့ ဆိုလက် (မှန်ပါ့ ဘုရား)။
တဏှာပိုလို့ရှိရင်ဖြင့် သူများထက် ပိုဆင်းရဲခံရမယ်ဆိုတာလဲ ဧကန်ဘဲ (ဧကန်ပါ ဘုရား)၊ ဒကာကြွယ် ရိပ်မိပြီ လား (ရိပ်မိပါပြီ ဘုရား)။
သူများထက် ပိုပြီး သကာလ ချမ်းသာခြင်းကို အလိုရှိတဲ့၊ တဏှာများတဲ့ပုဂ္ဂိုလ်သည် သူများထက် ပိုမိုပြီး သကာလ အရင်းအနှီးများရမယ်၊ အလုပ်အကိုင်ပိုရမယ်၊ အလုပ်အများကြီး လုပ်ရမယ်၊ မိတ်ဆွေအများကြီးဖွဲ့ရမယ်၊ ဒကာ ဒကာမတို့ ဟိုပို့ ဒီပို့ အများကြီးပို့ရမယ် (မှန်ပါ့ ဘုရား)။
ဒါသူများထက်ချမ်းသာခြင်းကို အလိုရှိတဲ့ တဏှာများလို့ ဆင်းရဲခြင်းများတယ်လို့ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)။
ဦးမာဒင် ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) ဦးသန်းမောင်ကော ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) ဆင်းရဲခြင်း များတာသည် ကိုယ့်တဏှာများလို့ ဆင်းရဲခြင်းများတာ (မှန်ပါ့ ဘုရား)။
သို့သော် ခင်ဗျားတို့ ဒကာ ဒကာမတွေကတော့ ဘယ်သူဟာဖြင့် တော်လိုက်တာ ၊ ငွေထားစရာ မရှိလောက် အောင် ပေါတယ်၊ ဆင်ရဲခြင်းများတာတော့ သွားမကြည့်ဘူး (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ကြောင့် ဆင်းရဲခြင်းများရပါလိမ့်
သူက ဘယ့်နှယ်ကြောင့် ဆင်းရဲခြင်းများရပါလိမ့်မတုန်းဆိုပြန်တော့လဲ သူများထက် ချမ်းသာချင်တဲ့ တဏှာ ကြောင့် သူ့မှာဆင်းရဲခြင်းတွေ ဘယ့်နှယ်ဖြစ်ရသတုန်း (များပါတယ် ဘုရား)။
အဲဒီ ဆင်းရဲခြင်းများတာကိုပင်လျှင် တကာကြွယ်တို့လူစုတွေလဲ အားကျနေတယ် (ကျပါတယ် ဘုရား) ဘယ်လို အားကျသတုံးလို့ မေးတော့ ဒီအခြေအနေမျိုး ဘယ့်တော့ ရောက်ပါ့မတုန်း (မှန်လှပါ)။
ဪ ဒကာ ဒကာမတို့ ဒီအခြေအနေမျိုး ဘယ်တော့ရောက်ပါ့မတုန်းဆိုတာ ဒီဆင်းရဲကြီး ဘယ်တော့ရပါ့မလဲ (မှန်လှပါ) ဒါဉာဏ်နဲ့တွေး (မှန်ပါ့ ဘုရား)။
ဉာဏ်နဲ့တွေးလိုက်တော့ ဘယ့်နှယ်တုန်း (ဒီဆင်းရဲကြီး ဘယ်တော့ရပါ့မလဲ ဘုရား)။
ဒါရှိတဲ့လူကို မရှိတဲ့လူက တွေးလုံးက ဒကာသစ် ဒါမျိုးမလွဲဘူး (မလွဲပါ ဘုရား) ဪ သူတို့အခြေအနေမျိုး ဘယ်တော့ ရောက်ပါ့မတုန်းလို့ ဆိုတဲ့ဥစ္စာ ဆင်းရဲကြီးသမားကို ဒကာကြွယ် အားကျတယ် (ကျပါတယ် ဘုရား)။
သူတို့အခြေမျိုး ဘယ်တော့ရောက်ပါ့မတုန်း ကျုပ်တို့ဖြင့် ဒီဘဝမှာ ရောက်မှ ရောက်နိုင်ပါ့မလား၊ ဒီလိုများ တွေးလိုက်သေးတယ် (မှန်ပါ့ ဘုရား)။
ဒီဆင်းရဲကြီး ကျုပ်ဖြင့် ရင်မှာဆိုင်ရပါ့မလား (မှန်ပါ့ ဘုရား) ဘာဖြစ်ကြတာတုန်း ၊ ဦးမာဒင် ဒီဥစ္စာ ဘာတုန်းဗျ ပြောကြစမ်းပါဦး ဒီဆင်းရဲကြီး ရင်မှာဆိုင်ရပါ့မလားလို့ သေသေချာချာ အဓိပ္ပါယ်ကတော့ ဒကာကြွယ် ဒီရောက်တယ် (ရောက်ပါတယ် ဘုရား)။
အရူးသုံးချက်က အုပ်ချုပ်နေလို့
သို့သော် မသိတဲ့ပုဂ္ဂိုလ်တွေကတော့ ဒါချမ်းသာတယ် ထင်နေကြလို့ ဪ သူတို့မှာဖြင့် သညာဝိပ္ပလ္လာသ၊ ဒိဋ္ဌိဝိပ္ပလ္လာသ၊ စိတ္တဝိပ္ပလ္လာသ ဆိုတဲ့၊ အရူးသုံးချက်က အုပ်ချုပ်နေလို့ ဒီဆင်းရဲကြီးမျိုး ဘယ်တော့ ရပါ့မတုံးလို့ ပြောတာ (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒီဆင်းရဲကြီးမျိုး ဘယ်တော့ရပါ့မလဲဆိုတဲ့ ပုဂ္ဂိုလ်ဟာအရူးလို့မှတ်ပါ (မှန်ပါ့ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (အရူးလို့ပါ ဘုရား) ဒကာကြွယ်တို့လဲ နဂိုရ်က တော်တော်ရူးခဲ့တယ်နော် (ရူးခဲ့ပါတယ် ဘုရား) တော်တော်ရူးခဲ့တယ် ၊ ဦးမာဒင်တို့ အရူးကြီးတွေဆိုတာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
သူများလာကြည့် တိုက်တွေ တာတွေနဲ့ နိုင်ငံခြားသားတွေမှာ တစ်စက္ကန့်ဘယ်လောက် ဝင်ငွေရှိတယ် ဆိုတာတွေ ကြားဘူးရတော့ အင်း ဒီအခြေအနေများ ဘယ်တော့ ရောက်ပါ့မတုန်း ရောက်နိုင်မယ်တောင် မထင်ဘူး (မှန်လှပါ ဘုရား)။
ဝမ်းများတောင် နည်းလိုက်သေးတယ် (မှန်ပါ့) ဒီဒုက္ခကြီး ကိုယ့်ဆီမရောက်မှာစိုးလို့ ဝမ်းများတောင် နည်းလိုက် သေးတယ်(မှန်ပါ့) ဒါလောက်သိအောင် ဖောက်ပြန်ပါတယ်ဆိုတဲ့ ဥစ္စာကို ဦးလှဘူး သိလောက်ပါပြီ (သိလောက် ပါပြီ ဘုရား) မသိကြသေးဘူးလား (သိကြပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒီဥစ္စာ ဒကာ ဒကာမတို့ လူ့ပြည်မှာဆင်းရဲသေတော့ အပါယ်ဆိုတော့ ဦးမာဒင် အမြတ်ပြောစမ်း (မရှိပါ ဘုရား)။
ဆင်းရဲလေတော့ အပါယ်သွားရတယ်
ဦးသန်းမောင် အမြတ်ပြောစမ်းပါ (အမြတ်မရှိပါ ဘုရား) အမြတ်မရှိဘူးနော် (မရှိပါ ဘုရား)။
လူ့ပြည်မှာ ဆင်းရဲလေတော့ အပါယ်သွားရတယ် ဆိုတော့ ဒါဘဲခင်ဗျားတို့ ဒုက္ခရောက်ဖို့ ကြိုးစားနေကြတယ် ဆိုတာပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
အားလုံး ဒကာ ဒကာမတွေ အဲဒါတွေ ဘုန်းကြီးများက ဖွင့်ဟပြီး သကာလ အကျယ့်တဝင့် မပြောဘူး ၊ပဋိစ္စ သမုပ္ပါဒ်အကြောင်းအကျိုး ဆက်မပြဘူးဆိုရင် အလွန်အားကျတဲ့အလုပ်ပါလား (မှန်ပါ့) အလွန်အားကျတဲ့ အလုပ်ဆိုရင် လွဲပါ့မလား၊ (မလွဲပါ ဘုရား) တယ်ဆိုးပါကလား (ဆိုးပါတယ် ဘုရား)။
ဒါဖြင့် ဘုရားလဲမပွင့် သာသနာနဲ့ ကြုံလို့ ဘုရားဟောသည့်အတိုင်း ဟောပြော နည်းပေးကောင်းနဲ့ မကြုံလို့ ရှိရင်ဖြင့်လဲ တရားတစ်ပွဲလုံး တွေးကြတာပေါ့ ဆင်းရဲချည်း တောင့်တမည့် ပုဂ္ဂိုလ်ကြီးဘဲလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား)။
ဘာတောင့်တကြမတုန်း (ဆင်းရဲချည်းတောင့်တကြ ပါမယ် ဘုရား) ဒကာကြွယ်ယုံရဲ့လား (ယုံပါတယ် ဘုရား) ဘုရားလဲမရှိတော့ဘူး ၊ ဘုန်းကြီးတို့၊ ဘုရား အမွေခံပြီး ဟောတဲ့ ပုဂ္ဂိုလ်တွေလဲ မရှိကြတော့ဘူး ဆိုရင် ကျန်တဲ့ပုဂ္ဂိုလ်တွေက ဘာတွေများ တောင့်တကြပြီး သကာလ သူတို့စိတ်ထဲမှာ နေကြလိမ့်မလဲလို့ တရားတစ်ပွဲလုံးတွေးရင် ဘာကိုတောင့်တ နေကြမယ်ထင်သတုန်း (ဆင်းရဲချည်း တောင့်တမှာပါ ဘုရား)။
ဘာတွေတောင့်တနေကြလဲ
ကဲ ပေါ်ပြီ (မှန်ပါ့) ဘာတွေတောင့်တနေကြလဲ (ဆင်းရဲချည့် တောင်းတနေမှာပါ) ဒကာကြွယ်ဟုတ်ပြီလား (ဟုတ်ပါတယ် ဘုရား)။
သူတို့မှာ အမှတ်မှားဆိုတဲ့ သညာဝိပ္ပလ္လာသ၊ အသိမှားဆိုတဲ့ စိတ္တဝိပ္ပလ္လာသ၊ အယူကိုက မှားနေပြီဆိုတဲ့ ဒိဋ္ဌိ ဝိပ္ပလ္လာသတွေ လွှမ်းမိုးဖုံးအုပ်နေကြတယ် (မှန်ပါ့ ဘုရား)။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မြင်လဲမမြင်ဘူးရှုလဲ မရှုတတ်ဘူးဆိုရင်ဖြင့် ဦးမာဒင်တို့ ဦးသန်းမောင် တို့ဒီတဏှာသေပါ့မလား (မသေပါ ဘုရား) မသေရင် သူ့ကိုဒုက္ခပေးတော့မယ် (မှန်ပါ့) တဏှာမသေရင် ဒုက္ခပေးတော့ မယ် (မှန်ပါ့) မပေးဘူးလား (ပေးပါတယ် ဘုရား)။
ဆင်းရဲဘယ်ကလာသတုံး၊ တဏှာကလာတယ်၊ တဏှာဘယ်ကလာသတုံး၊ ဝေဒနာကလာတယ်၊ သဘောကျ ပြီလား (ကျပါပြီ ဘုရား) ဒါဖြင့် ဝေဒနာနဲ့ တဏှာကြားကို ကျုပ်တို့မဂ်ဝင်ကြစို့ (မှန်လှပါ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။
အလုပ်ပေးတော့မယ်၊ ဒကာ ဒကာမတို့ ဘယ်ကြားမှာမဂ်ဝင်ရမလဲ (ဝေဒနာနဲ့တဏှာကြားမှာ မဂ်ဝင်ရပါ့မယ်
ဪ ဒါကြောင့် ဘုန်းကြီး ကြီးကြီးကျယ်ကျယ် ပြောတယ်လို့ ဦးသန်းမောင်တို့ ၊ ဦးဘထွေးတို့က မဆိုနဲ့ပေါ့ဗျာ (မှန်ပါ့ ဘုရား) ဘုရားဖြစ်တဲ့နေရာဟာ စင်စစ်တော့ ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ မဟုတ်ပါဘူး၊ ဝေဒနာနဲ့တဏှာကြားမှာ သဗ္ဗညုတဉာဏ်ရပါတယ် (မှန်ပါ့ ဘုရား)။
ဘုရားဖြစ်တဲ့နေရာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ဪ ဘုရားဖြစ်တဲ့နေရာ ခင်ဗျားတို့က ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ ဘုရားဖြစ်တယ်လို့ ပြောကြတာက အမြင်ဋ္ဌာနကိုပြောတာပါ (မှန်ပါ့ ဘုရား)။
တကယ်အတွင်းအကျကျ ပဋိစ္စသမုပ္ပါဒ်နဲ့ ပိုင်းခြားပြီး ပြောကြပါစို့ဆိုတော့ ဝေဒနာနဲ့ တဏှာကြားမှာ မဂ်ဝင်လို့ ဒီနေရာမှာ သဗ္ဗညုတဉာဏ်တော်ရပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဝေဒနာနဲ့ တဏှာကြားမှာ ဘုရားဖြစ်တာ
ဒါဖြင့် ဘုရားဖြစ်သော ဘယ်နေရာပါလိမ့် (ဝေဒနာနဲ့ တဏှာကြားမှာပါ ဘုရား) အဲဒီမှာ ဗောဓိပင်နဲ့ ရွှေပလ္လင် ရှိတယ်၊ ဝေဒနာနဲ့ တဏှာကြားမှာ ဘုရားဖြစ်တာကိုး (မှန်ပါ့ ဘုရား)။
ဒါခင်ဗျားတို့က အိန္ဒိယသွားပြီး ဘုရားဖြစ်တဲ့နေရာသွားရဦးမယ် (မှန်ပါ့) မသွားရဘူးလို့ ဘုန်းကြီးတို့က မဆိုပါဘူး ဟိုမှာက အထည်ဘုရားပါ၊ သန္တာန်တော်ဘုရားပါ၊ တကယ်ဉာဏ်တော်ဘုရား ခန္ဓာပဋိစ္စသမုပ္ပါဒ်ဖြတ်တဲ့ ဘုရားက ဝေဒနာနဲ့ တဏှာကြားမှာ သဗ္ဗညုတဉာဏ်တော်ဝင်လာတယ်(မှန်ပါ့)။
ဘုရားဖြစ်တဲ့နေရာအစစ်ကို သိပလား (သိပါပြီ ဘုရား) ဝေဒနာနဲ့ တဏှာကြားမှာ သဗ္ဗညုတ ဉာဏ်တော် ပေါ်တာကိုဆိုပါတယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ကဿပမြတ်စွာဘုရားကျတော့ ဘယ်နေရာဖြစ်ပါလိမ့်မတုံးလို့ အိန္ဒိယမှာဘဲလား၊ ဒီပြင်နေရာမှာဘဲလားလို့ မေးစရာတွေရှိချင်ရှိနေလိမ့်မယ် (မှန်ပါ့ ဘုရား)။
အခုဟာတော့ မေးစရာ မလိုတော့ဘူး မည်သည့် မြတ်စွာဘုရားမဆို ဝေဒနာနဲ့ တဏှာကြားမှာ ဘုရားဖြစ်တယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ခင်ဗျားတို့အားလုံး တရားတစ်ပွဲလုံး ဒကာ ဒကာမတွေလဲ သောတာပန်ဖြစ်ချင်ရင်လဲ ဝေဒနာနဲ့ တဏှာကြားမှာ ဖြစ်မယ် (မှန်ပါ့ ဘုရား)။
သကဒါဂါမ်ဖြစ်ချင်ရင်လဲ (ဝေဒနာနဲ့တဏှာကြားမှာ ဖြစ်ရမယ်) သဘောကျပလား (ကျပါပြီ ဘုရား) ဒကာကြွယ်ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒို့သောတာပန် ဖြစ်ရမည့်နေရာ
ကောင်းပြီ ဒါဖြင့် အားလုံဒကာ ဒကာမတွေ ဒီနေ့ဟောမည့် တရားသည် ဒို့သောတာပန် ဖြစ်ရမည့်နေရာ၊ ဒို့ ဒီနေရာမှ တပါး တခြားသောနေရာမှာ သောတာပန် ဖြစ်စရာမရှိဘူး (မှန်ပါ့ ဘုရား)။
ဒီကြားမှာ ဒို့မဂ်အစစ် ဝင်လိုက်ရလို့ရှိရင် ဒီနေရာ ဒို့သောတာပန်ဖြစ်နိုင်တယ် တရားဟော နေတုန်းဘဲ ဝေဒနာနဲ့ တဏှာကြားမှာ ဝေဒနာဖြစ်ပျက်မြင်လို့ တဏှာချုပ်သွားလို့ရှိရင် ဒီနေရာမှာ သောတာပန်တည်မှာဘဲ (မှန်ပါ့ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူတဲ့ မြတ်စွာဘုရားတွေ ဘယ်နေရာမှာများ ဘုရားဖြစ်သွားကြပါလိမ့် (ဝေဒနာနဲ့ တဏှာကြားမှာပါ ဘုရား)။
အဲဒါ သေသေချာချာမှတ်ပါ (မှန်ပါ့) ဒီဒကာ ဒကာမတွေလဲ သောတာပန် သကဒါဂါမ် ရဟန္တာဖြစ်ချင်ကြ လို့ရှိရင် ဒ့ီပြင်နေရာမဖြစ်ပါဘူး (မှန်ပါ့ ဘုရား)။
ခန္ဓာထဲမှာ ဝေဒနာပေါ်တယ်၊ ဝေဒနာပေါ်လာတဲ့အခါ ဒကာ ဒကာမတို့က ဖြတ်ကနဲဖြစ်ပျက်ကို ရှုချပါ (မှန်ပါ့ ဘုရား)။
ဖြတ်ကနဲ ဖြစ်ပျက် ရှုချလိုက်တဲ့ အခါကျတော့ နောက်ကတဏှာလုံးလုံး သေသွားတဲ့အခါကျလို့ ရှိရင်ဖြင့် ဪ ဝေဒနာနောက်ကနေပြီး သကာလ တဏှာမဖြစ်ခင် သောတာပန်တည်တယ်၊ သကဒါဂါမ်တည်တယ်၊ ရဟန္တာ ဖြစ်တယ်ဆိုတာ ဒီတာနေရာဘဲရှိတယ် (မှန်ပါ့ ဘုရား)။
ဒါကြောင့် ခင်ဗျားတို့၊ ခင်ဗျားတို့ ဘာမှ မပူကြနဲ့ ဒကာ ဒကာမတို့ ဝေဒနာနောက်က မဂ်သာလိုက်နိုင်အောင် လုပ်စမ်းပါ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဒ့ီပြင်တရားနာထားတဲ့၊ ဟိုတိုက်ထဲမှာ နေ့လည်ကပြောထားတဲ့စိတ်တွေ အရှုခိုင်းတော့ အဲဒီအထဲ မှာလဲ ဝေဒနာပါလျှက်ချည်းမှတ်လိုက် (မှန်ပါ့) ဒီအထဲတော့ ဝေဒနာပါလျှက် ချည်းဘဲ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါ ပြီ ဘုရား)။
ရှုတဲ့မဂ်သာဝင်ပါစေ
အဲဒါကြောင့် ဘာမှမပူဘဲနဲ့ စိတ်ရှုတဲ့ ပုဂ္ဂိုလ်ကလဲ ဝေဒနာပါလို့ စိတ်နောက်က တဏှာမလာဘဲနေမှာဘဲ (မှန်ပါ့) ဝေဒနာနောက်ကလဲ (တဏှာမလာဘဲနေမှာပါ ဘုရား) တဏှာမလာတဲ့ နေရာဘဲ ရှုတဲ့မဂ်သာဝင်ပါစေ (မှန်ပါ့ ဘုရား)။
ဒါကြောင့် စိတ္တာနုပဿနာရှုလဲ နိဗ္ဗာန်ရောက်တယ် ဆိုတာ ဝေဒနာပါနေလို့ (မှန်ပါ့) ဝေဒနာ နုပဿနာရှုလဲ သောတပန် သကဒါဂါမ် အနာဂါမ်တည်ပြီး နိဗ္ဗာန်ရောက်နိုင်တယ်ဆိုတဲ့ ဥစ္စာလဲ ဝေဒနာမို့ စိတ်နဲ့ ဝေဒနာဟာ သမ္ပယုတ္တဓမ္မ (မှန်ပါ့ ဘုရား)။
သမ္ပယုတ္တဓမ္မဆိုတာက ဒကာ ဒကာမတို့ မသိဘဲနေမှာစိုးတယ် ၊ မီးနဲ့ အလင်းဟာ ဒကာ ဒကာမတို့ မသိဘဲ နေမှာစိုးတယ်၊ မီးနဲ့ အလင်းဟာ ဒကာ ဒကာမတို့ မီးနည်းနည်းကလေးခြစ်လိုက်တဲ့အခါ နည်းနည်းကလေးပူတဲ့မီးဟာ နည်းနည်းလင်းတာဘဲ (မှန်ပါ့ ဘုရား)။
မီးနဲ့ အလင်းဟာ
များများမီးခဲကြီးရင် (များများလင်းပါတယ် ဘုရား) ဒီထက်ပိုမိုကြီးရင် (ဒီထက် ပိုမိုလင်းပါတယ် ဘုရား)။
ဒါဖြင့် မီးနဲ့ အလင်းဟာ ဒကာသစ် ဘယ်သူ အရင်ဖြစ်သတုန်း မေးလို့ရှိရင် ဘယ့်နှယ်ဖြေပါ့မလဲ (တပြိုင်နက် တည်းပါ ဘုရား)။
ဦးမာဒင် ဘယ့်နှယ်ဆိုပါ့မလဲ (တပြိုင်နက်တည်း လင်းပါတယ် ဘုရား) ဦးသန်းမောင်တို့ရော (တပြိုင်နက်တည်း လင်းပါတယ် ဘုရား) ဦးဘထွေး ဘယ်လိုပါလိမ့် (တပြိုင်နက်တည်း လင်းပါတယ် ဘုရား)။
ကဲ ဝေဒနာနဲ့ စိတ်နဲ့ဟာလဲ တပြိုင်နက်ဖြစ်တယ်၊ ကြိုက်တာရှု (မှန်ပါ့ ဘုရား) ကြိုက်တာရှုပါ၊ တပည့်တော်က ဝေဒနာမြင်ပါတယ်ဘုရားဆိုရင် ဝေဒနာရှု။
တပည့်တော်ကတော့ ဘုန်းကြီးပေးထားတဲ့ စိတ်ဘဲ ကျေနပ်ပါတယ်ဘုရား ဆိုလို့ရှိရင် စိတ်ကို ရှုနေတာ ကျေနပ် တယ်ဆိုလဲအတူတူပဲ (မှန်လှပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီ သတိပဋ္ဌာန်နှစ်ပါးကို ကြိုက်ရာရှု၊ ဝေဒနာကင်းတာလဲမပါဘူး၊ စိတ်ကင်းတာလဲ မပါဘူး (မှန်ပါ့) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား) ဒါကြောင့်နည်းမရလဲ မရှိပါစေနဲ့ဆိုတာ သတိပေးလိုက်ပါတယ် (မှန်ပါ့ ဘုရား)။
နည်းမရ မရှိကြပါစေနဲ့ စိတ်ရှုလဲ ဝေဒနာပါတာပဲ၊ ဝေဒနာရှုလဲ စိတ်ပါတာပဲ ၊ ကြိုက်တာကိုရှုပါ (မှန်ပါ့ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် သိကြားမင်းကြီးအကြောင်းပဲ ဆက်ကြပါစို့ သိကြားမင်းကြီးက ဥယျာဉ်လဲရောက်ပါရော တဏှာ အမြန်ကုန်တဲ့နည်းဟာ ဘယ်နည်းပါလိမ့်မလဲ။
တဏှာမကုန်သ၍ ဒုက္ခမကုန်ဘူး၊ တဏှာကုန်တဲ့နည်း ဘယ်နည်းပါလိမ့်မတုန်းလို့ ဆင်စီးရင်း ဥယျာဉ်ထဲ ပျော်ပါးမယ်လို့ကြံစည်ရင်းမတ္တနဲ့ ဒီအတွေးတခု ဒကာကြွယ် ပေါ်လာတယ် (မှန်ပါ့ ဘုရား)။
တဏှာအမြန်ကုန်တဲ့နည်း
တဏှာအမြန်ကုန်တဲ့နည်း ဘယ်နည်းပါလိမ့်မတုံး (မှန်ပါ့) ဒီတဏှာကြောင့် တစ်သံသရာလုံး လူတိုင်းစေ့ ဒုက္ခဖြစ်နေတယ်(မှန်ပါ့ ဘုရား)။
ဒီတွေးလုံးသည်ကား လို့ဆိုရင် တော်တော်ကြာ ငါ့မှာ ပျော်လိုက် ပါးလိုက်နဲ့ ငါးပါးအာရုံ ကာမဂုဏ်တွေထဲ ရောက်သွားလို့ရှိရင် ကိစ္စတွေက များသွားပြီ၊ ဒီအကြံအစည်ကလေးတောင် ပျောက်သွားလိမ့်မယ် ၊ မြန်မြန် လူ့ပြည်ဆင်း မှပဲဆိုပြီး သာဝတ္တိပြည်ပုဗ္ဗာရုံကျောင်းတိုက် ပြာကယာပြေးတယ် (မှန်ပါ့ ဘုရား)။
ဟိုမှာ နတ်သမီး, နတ်သားတွေနဲ့ ဆင်ကြီးကို ရပ်ထားပစ်ခဲ့တယ် (မှန်ပါ့) ကွေးတဲ့လက် ဆန့်သလောက် အချိန်နဲ့ ပုဗ္ဗာရုံကျောင်း ရောက်လာတယ်လို့ မှတ်လိုက်တာပေါ့ ဦးမာဒင်ရာ (မှန်ပါ့ ဘုရား)။
ဒီတွင်မှ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကို လျှောက်တယ် တဏှာ အမြန်ကုန်တဲ့နည်းကို အရှင်ဘုရား တပည့်တော် သိချင်ပါတယ်ဘုရား (မှန်ပါ့) ဒကာ ဒကာမတွေ အင်မတန်အရေးတကြီးအလိုရှိတယ် (မှန်ပါ့ ဘုရား)။
ကိတ္တာဝတာ နုခေါ ဘန္တေ၊
ဘိက္ခုတဏှာ သင်္ခယ ဝိမုတ္တော ဟောဟိ။
အရှင်ဘုရား တဏှာကို အမြန်ကုန်အောင် ဘယ့်နှယ်လုပ်ရပါမတုန်း၊ အဲဒီနည်းကို ပေးသနားတော်မူပါ၊ မြန်မြန် ပေးပါဆိုတဲ့ ဥစ္စာကိုလဲ သူလျှောက်တယ် (မှန်ပါ့ ဘုရား)။
ဘယ်နှယ့်ကြောင့် လျှောက်ရပါလိမ့် ဟိုမှာ ဥယျဉ်မှာပျော်ပါးမလို့ ပြင်ဆင်ပြီးသား ဆင်ကိုတောင် ခဏရပ်ထား ခဲ့ပြီး ဆင်ပေါ်က ဆင်းခဲ့ရတယ် (မှန်ပါ့) ဥယျာဉ်ပေါက်ဝရောက်ပြီးသား။
တဏှာနဲ့ ဉာဏ်နဲ့ စစ်ထိုးနေရတယ် (မှန်ပါ့) ဉာဏ်ကလဲလိုချင်တယ်၊ တဏှာဘက်ကိုလဲ ပြန်ပြီးသွားချင်တယ် (မှန်ပါ့ ဘုရား)။
ဒါကြောင့် အရှင်ဘုရား တပည့်တော်အား မြန်မြန် ဟောတော်မူပါဆိုတော့
ယံ ကိဉ္စိ ဝေဒနံ ဝေဒယတိ သုခံ ဒုက္ခံ ဝါ အဒုက္ခ မသုခံပါ။
ဝေဒနာခံစားတာ သုံးမျိုးရှိတယ်
ဒကာ သိကြားမင်း ၊ ဝေဒနာ ခံစားတယ်၊ ဝေဒနာခံစားတာ သုံးမျိုးရှိတယ် (မှန်ပါ့)။
အဲဒီတော့ စာလို ပြောနေလို့ရှိရင် ဒကာ ဒကာမတို့ ခန္ဓာထဲ ဝေဒနာပေါ်တာ သိမှာမဟုတ်ဘူး (မှန်ပါ့)။
ဒီလို ကြည့်လိုက်ပါ ဒကာ ဒကာမတို့ သန္တာန်၌ ကိုယ်၏ချမ်းသာခြင်း စိတ်၏ချမ်းသာခြင်းဆိုတာ သုခဝေဒနာ (မှန်ပါ့ ဘုရား)။
မှတ်ထားပါ မှတ်ထားပါ၊ စိတ်ထဲမှာ ချမ်းသာရင်လဲ သုခဝေဒနာပဲ (မှန်ပါ့) ကိုယ့်ပေါ်မှာ ချမ်းသာရင်လဲ (သုခဝေဒနာပါ ဘုရား)။
ဒီနှစ်ခုတော့ဖြင့် ဦးမာဒင်တို့ ဦးသန်းမောင်တို့ ခွဲနိုင်လောက်ပါတယ် (ခွဲနိုင်ပါတယ် ဘုရား)။
ကိုယ်၏ ချမ်းသာခြင်းရော ရှိတဲ့အခါ မလာဘူးလား (လာပါတယ် ဘုရား) စိတ်၏ချမ်းသာခြင်းရော (လာပါ တယ် ဘုရား) ရှိတာဘဲ တစ်ခါတလေနော် (မှန်ပါ့)။
အဲဒါ ဘာဝေဒနာခေါ်ကြမယ် (သုခဝေဒနာပါ ဘုရား) မှတ်ထားမှတ်ထား၊ ဒကာ ဒကာမတို့ ဒီဥစ္စာ သိကြားမင်း ကို ဘုရားဟောနေတယ် (မှန်ပါ့)။
ကိုယ်၏ချမ်းသာခြင်း စိတ်၏ချမ်းသာခြင်းဟာ (သုခဝေဒနာပါ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား) ဪ ဒါဖြင့် သုခဝေဒနာတော့ဖြင့် နှစ်မျိုးကိုးလို့ မှတ်လိုက်တာပေါ့ (မှန်ပါ့)။
ကိုယ်၏ချမ်းသာခြင်းလဲ (သုခဝေဒနာပါ ဘုရား) စိတ်၏ချမ်းသာခြင်းလဲ (သုခဝေဒနာပါ ဘုရား) ဦးဘထွေးတို့ သေသေချာချာမှတ်ပါ အခုမှ တွေ့ရတဲ့လူတွေမို့ ဒါသင်ပေးနေတယ်လို့ မှတ်ကြပါ (မှန်ပါ့)။
ပေါ်တဲ့နေရာကို မသိသေးဘူး
ဒါက ခင်ဗျားတို့ ဪ သုခဝေဒနာလို့သာ သိသေးတယ် ပေါ်တဲ့နေရာကို မသိသေးဘူး (မှန်ပါ့)။
အဲဒီတော့ ကိုယ်၏ ချမ်းသာခြင်း ဆိုတာ ကိုယ်ပေါ်မှာ ဥပမာမယ် ကျောကအိုက်နေတယ် ဟုတ်လား (မှန်ပါ့ ဘုရား) လေကလေးလာတဲ့ဘက် ကျောလှည့်ပေးလိုက်တော့ ကျောပေါ်မှာချမ်းသာတယ်ဆိုတာ မလာဘူးလား (လာပါတယ် ဘုရား)။
အဲဒါကိုယ်၏ချမ်းသာခြင်းပဲ (မှန်ပါ့ ဘုရား) ဘယ်လိုပင် အိုက်တဲ့အထဲမှာ ဒကာ ဒကာမတွေ အလုံပိတ်ပြီး သကာလ ကိုယ်ရခဲ့တဲ့ငွေတွေကို ရေတွက်နေတဲ့အခါ လူသိမှာစိုးလို့ တံခါးတွေပိတ်ပြီး သကာလ ဘယ်လိုပင်အိုက်အိုက် စိတ်ထဲက ချမ်းသာတယ် (ချမ်းသာပါတယ် ဘုရား) အဲဒါကျတော့ သုခဝေဒနာ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား) စိတ်၏ချမ်းသာခြင်းဆိုတဲ့ သုခဝေဒနာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကိုယ်၏ ချမ်းသာခြင်းက ကိုယ်ပေါ်မှာ ပေါ်သနော် (မှန်ပါ့) စိတ်၏ချမ်းသာခြင်းက (စိတ်ပေါ်မှာ ပေါ်ပါတယ် ဘုရား) ဝမ်းထဲမှာ ပေါ်တယ်ဆိုပါတော့ (မှန်ပါ့ ဘုရား) ရှင်းပြီလား တကာကြွယ် (ရှင်းပါပြီ ဘုရား)။
ခုနက တံခါးပိတ်ပြီး ငွေတွေ ရေတွက်နေတဲ့အခါ ကျလို့ရှိရင်ဖြင့် ဝမ်းထဲက မပြုံးဘူးလား (ပြုံးပါတယ် ဘုရား) အဲဒါစိတ်၏ ချမ်းသာခြင်း (မှန်လှပါ ဘုရား)။
ဘယ့်နှယ် အင်မတန်အိုက်နေတော့, အင်မတန်လှောင်နေတာဘဲ၊ ဒီအထဲမှာ မှောင်ကျနေပြီး ချောင်ကျနေတဲ့ အထဲမှာပဲ လူသိမှာစိုးလို့ ကိုယ့်အပြင် လင်မယား, ကိုယ့်သားသမီးလောက်နဲ့ အတွင်းကျကျလူနဲ့များ စာရင်းအင်းချုပ်ပြီး သကာလ ငွေနဲ့စာရင်းနဲ့ ကိုက်နေတဲ့ အချိန်ကျတော့ အိုက်မှန်းလဲ မသိဘူး၊ ပူမှန်းလဲ မသိဘူး စိတ်ချမ်းသာနေတယ် (မှန်ပါ့) အဲဒါ စိတ်၏ ချမ်းသာခြင်း (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်းဟာ သုခဝေဒနာ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
မှတ်ထားပါ မှတ်ထားပါ ရှိလျက်နဲ့ မသိလို့ ပြောနေရတယ် (မှန်ပါ့)။
ကိုယ်၏ဆင်းရဲခြင်း စိတ်၏ဆင်းရဲခြင်း
ကဲ ဒကာသစ် ရှေ့သွားကြဦးစို့ (မှန်ပါ့) အိုက်လိုက် ၊ ပူလိုက်တာလဲ ပြင်ဘက်မှာ နေပူထဲမှာလဲ မပြောနဲ့တော့ ဟိုနေရာသွားလဲ အိုက်၊ ဒီနေရာလာလဲအိုက် တကိုယ်လုံးအိုက်နေတာပဲ (မှန်လှပါ ဘုရား) အဲဒါ ကိုယ်၏ဆင်းရဲခြင်း (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
တခါ ကိုယ့်အိမ်ကြည့်လိုက်ပြန်တော့ မျက်နှာကျက်ကလဲမပါ၊ အမိုးကလဲ ပူလိုက်တာ (မှန်ပါ့)။
ပြတင်းပေါက်တွေ ကြည့်လိုက်ပြန်တော့လဲ ထို့အတူဘဲ လုံခြုံလိုက်တာနဲ့ လေမှမဝင်သာ ကိုယ် တတ်နိုင်တဲ့ ပစ္စည်းကလေးနဲ့ ကိုယ်တတ်နိုင်သလောက် ဆောက်ထားတာကိုး (မှန်ပါ့) အဲဒီကျတော့ စိတ်၏ ဆင်းရဲခြင်းလာတယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် နေပူ, လေပူ တွေ့တဲ့အခါ ကိုယ်ဆင်းရဲတာက ကိုယ်ဆင်းရဲခြင်း (မှန်ပါ့) ကိုယ့်အိမ် ကိုယ့်ယာကြည့်တော့ အလိုမကျတာတွေ တွေ့ရတာက စိတ်ဆင်းရဲခြင်း (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) အဲဒါ ဒုက္ခဝေဒနာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကိုယ်၏ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်း (ဒုက္ခဝေဒနာပါ ဘုရား) နှစ်ခုစလုံး ဒုက္ခဝေဒနာ (မှန်ပါ့) ပြိုင်တော့ မပေါ်ဘူး (မပေါ်ပါ ဘုရား)။
ပြိုင်တော့ မပေါ်ဘူး၊ သို့သော် ရှင်းအောင်လို့ ဒီနေရာလဲပေါ်တယ်၊ ဝမ်းထဲမှာ ပေါ်တယ်ဆိုတာ သိအောင်လို့ ပြောရပါတယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ကိုယ်၏ ဆင်းရဲ, ချမ်းသာကင်းမှု (ဥပေက္ခာ ဝေဒနာပါ ဘုရား) စိတ်၏ ဆင်းရဲချမ်းသာကင်းမှု (ဥပေက္ခာ ဝေဒနာပါ ဘုရား) ဥပေက္ခာဝေဒနာလဲ နှစ်မျိုးပဲ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဥပေက္ခာ ဝေဒနာ
ကိုယ်၏ ဆင်းရဲ, ချမ်းသာကင်းမှု (ဥပေက္ခာ ဝေဒနာပါ ဘုရား) စိတ်၏ ဆင်းရဲချမ်းသာကင်းမှု (ဥပေက္ခာ ဝေဒနာပါ ဘုရား) ဥပေက္ခာဝေဒနာလဲ နှစ်မျိုးပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ကောင်းပြီဒါဖြင့် မျက်စိကမြင်ကာ မတ္တကြားကာမတ္တနံကာမတ္တ လျှာပေါ်မှာ စားကာ မတ္တကျတော့ ဥပေက္ခာ ဝေဒနာ (မှန်လှပါ ဘုရား)။
သဘောကျပြီလား (ကျပါပြီ ဘုရား) ဝမ်းထဲမှာ တစ်ခါထဲ ကဲကွာ ကံသာလျှင်အမိ သံသာလျှင်အဖ ကမ္မဿ ကာဆိုပြီး သူတို့ကိုလျစ်လျူရှုတဲ့ စိတ်ကလေး ပေါ်တာရှိသေးတယ် (မှန်ပါ့ ဘုရား)။
သားတွေ, သမီးတွေ, ပစ္စည်းတွေရော ကမ္မဿကာဆိုပြီး လျစ်လျူရှုထားတယ် (မှန်ပါ့)၊ အဲဒီလျစ်လျူ ရှုတဲ့စိတ်ကလေးဟာလဲ ဝမ်းထဲမှာပေါ်တဲ့ ဥပေက္ခာပါပဲ (မှန်ပါ့ ဘုရား)။
ဒါဖြင့် မျက်စိ, နှာခေါင်း, လျှာမှာလဲ ဥပေက္ခာဘဲ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား) ဝမ်းထဲမှာလဲ လျစ်လျူရှုတဲ့အခါ ဥပေက္ခာပဲ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာသုံးမျိုးပြီးသွားပြီ (ပြီးပါပြီ ဘုရား) ကိုယ့်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်း၊ သုခဝေဒနာ (မှန်ပါ့) ကိုယ်၏ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်း (ဒုက္ခဝေဒနာ) သဘောကျပလား (ကျပါပြီ ဘုရား)။
ကဲ တစ်ခါဒီကိုယ်ပေါ်မှာပဲတဲ့၊ မျက်စိ, နား, နှာခေါင်းလျှာမြင်ကာ မတ္တ၊ စားကာ မတ္တဘာဆိုမတုံး (ဥပေက္ခာ ဝေဒနာပါ ဘုရား)။
ဝမ်းထဲမှာ ခန္ဓာတွေ ကမ္မဿကာထားတဲ့ အချိန်ကလေးပါသေးတယ် အဲဒီကမ္မဿကာထားတဲ့ ဝေဒနာကလေး ကျတော့ (ဥပေက္ခာဝေဒနာပါ ဘုရား) ဪ ဒါဖြင့် ဝေဒနာတွေသိပါပြီ (မှန်ပါ့ ဘုရား)။
အနိစ္စလို့ရှုပါ၊ ရာဂကင်းအောင် ရှုပါ
အဲဒီတော့ သိကြားမင်းက ဘုရားလျှောက်တယ်၊ တဏှာကုန်တဲ့တရား တပည့်တော် ဟောကြားတော်မူပါ ဘုရား ဆိုတော့ သိကြားမင်း အပြင်ဝေဒနာကို သုခ, ဒုက္ခ, ဥပေက္ခာ ဝေဒနာကို ခံစား၏။ အဲဒါတွေကို အနိစ္စလို့ရှုပါ၊ ရာဂကင်းအောင် ရှုပါ (မှန်ပါ့ ဘုရား)။
ချုပ်အောင်ရှုပါ၊ တဖန်ချုပ်အောင်ရှုပါ (မှန်ပါ့) ထိုကဲ့သို့ ရှုလိုက်လို့ရှိရင် ကွာ တဲ့၊ အနိစ္စလို့ရှု၊ ရာဂကင်း အောင်သာ ရှုမယ်ဆိုလို့ရှိရင်ဖြင့် တောင့်တမှု, ကြောင့်ကျမှု, တဏှာအကုန်သေပါတယ်(မှန်ပါ့ ဘုရား)။
ဘာသေသတဲ့ (တောင့်တမှု၊ ကြောင့်ကြမှု, တဏှာသေပါတယ် ဘုရား)။
အဲ တောင့်တတာတွေ ကြောင့်ကျတာတွေ, အကုန်သေပါတယ်၊ အဲဒီသေတဲ့အခါကျလို့ရှိရင် တဏှာသေတယ် ဆိုတော့ ဥပါဒါန်သေတယ် (မှန်ပါ့ ဘုရား)။
ဥပါဒါန်သေလို့ရှိရင် ဘယ်လောကမှ မင်းမဖြစ်တော့ဘူးတဲ့ (မှန်ပါ့) လူ့ပြည်လောက, နည်ပြည်လောက, ဗြဟ္မာပြည်လောကဆိုတဲ့၊ ပျက်စီးတတ်တဲ့ လောကထဲမှာ မဖြစ်တော့ဘူး ၊ ဒါကိုကြိုးစားပါ (မှန်ပါ့ ဘုရား)။
အဲဒါအင်မတန်ကောင်းတဲ့ တရားဘဲ၊ သိကြားမင်းကို ဘုရားကဟောကြားလိုက်ပါတယ် (မှန်ပါ့) လုပ်နည်းကို ပေးလိုက်တယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒကာ ဒကာမတို့ သိကြားမင်းကို ဘုရားက ဘာပေးလိုက်ပါလိမ့် ( လုပ်နည်းပေးလိုက်ပါတယ် ဘုရား) ဘယ်အနု ပဿနာပေးလိုက်ပါလိမ့်လို့မေးတော့မှ ဝေဒနာ နုပဿနာပေးလိုက်ပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
တဏှာ၏ ရေသောက်မြစ် ဝေဒနာဘဲ
ကိုင်း ဒကာ ဒကာမတို့ အမြန်ဆုံး တဏှာ ကုန်အောင် ဝေဒနာနုပဿနာပေးသဖြင့် တဏှာ၏ ရေသောက်မြစ် ဝေဒနာဘဲဆိုတာ မှန်လိုက် (မှန်ပါ့ ဘုရား)။
ဒါကြောင့် ဝေဒနာရှုရင် တဏှာချုပ်တယ် (မှန်ပါ့) တဏှာချုပ်ရင် ဒုက္ခမျိုးစုံသိမ်းတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့မှာ အခုတွေ့စရာ ဒုက္ခတွေ မနည်းလှဘူးနော် (မှန်ပါ့) ခန္ဓာကိုယ်ကြီးကလဲ တနေ့မှရပ်ထားလို့မရဘူး၊ အိုတဲ့ဆီချည်းပြေးနေတယ် (မှန်ပါ့ ဘုရား) ရပ်ထားလို့များ ရကြပါရဲ့လား (မရပါ ဘုရား)။
မေတ္တာပို့ ရပ်ကြလေဗျာ (မရပါ ဘုရား) အဟံအဝေရာဟောမိငါတော့ဖြင့် ရန်မရှိဘဲ မအိုတဲ့ဆီ မပြေးရပါလို ၏လို့ မေတ္တာပို့ကြည့် (မရပါ ဘုရား) မရဘူး၊ ပြေးတာဘဲ အိုတဲ့ဆီပဲပြေးတယ် (မှန်ပါ့ ဘုရား)။
ဟ မင်းအပြေးသန်လှချည့်လားလို့ မမေးပါနဲ့၊ ကျုပ်ထုံးစံဒါပဲလို့ ဖြေပါလိမ့်မယ် (မှန်ပါ့ ဘုရား)။
ခန္ဓာကြီးက ကျုပ်ထုံးစံပဲလို့ ဖြေပါလိမ့်မယ် (မှန်ပါ့) ကျုပ်ဒီနေရာတွင် မရပ်သေးပါဘူးဗျ၊ အိုတဲ့ဆီတွင် ပြေးမှာမဟုတ်ပါဘူး၊ ကျုပ်ဝတ္တရားရှိသေးတယ်ဆိုပြီး နာတဲ့ဆီကို ပြေးဦးမယ် (မှန်ပါ့) အိုရာကထပြီး နာရာပြေးဦးမယ် (မှန်ပါ့) ဘယ်သူ့ဝတ္တရားပါလိမ့် (ခန္ဓာကြီး၏ ဝတ္တရားပါ ဘုရား)။
အဲဒါအခု ဒကာ ဒကာမတွေ တရားနာရင်းလဲ ဒီခန္ဓာကြီးက ပြေးလျှက်, လွှားလျှက်ပဲ (မှန်ပါ့ ဘုရား)။
ကျုပ်ဝတ္တရား မကုန်သေးဘူး၊ သချုႋင်းကျအောင် ပြေးရဦးမည် (မှန်ပါ့) ခန္ဓာကြီးက သူ့ဝတ္တရား မကုန်သေး ဘူးတဲ့ (မှန်ပါ့ ဘုရား)။
ဘယ်ကျအောင်ပြေးရမလဲ (သချုႋင်းကျအောင်ပြေးရပါ့မယ်) သေရာဋ္ဌာနကျအောင်ပြေးရဦးမယ် (မှန်ပါ့) ဘယ်သူ့ဝတ္တရားပါလိမ့် (ခန္ဓာ့ဝတ္တရားပါ ဘုရား)။
ဟာ ဦးမာဒင်တို့ ၊ ဦးသန်းမောင်တို့ ၊ ဦးဘထွေးတို့ ၊ ဒကာကြွယ်တို့ ခန္ဓာကြီး ဆိုတောင်းတော့ဖြင့် ခင်ဗျားတို့က ဒီအပြေးကလေးမျိုး အိုရာကနာရာ, ပြေးရပါလို၏၊ နာရာက သေရာ, ပြေးရပါလို၏လို့ ခင်ဗျားတို့ တောင်းထားတဲ့ ဆုကဖြင့် ဒီဘဝဘုရားလဲမတတ်နိုင်ဘူး၊ ဘုန်းကြီးတို့ အညံ့စားက အသာထားပါ (မှန်ပါ့ ဘုရား)။
ဘုရားကို မတတ်နိုင်ဘူး၊ အိုရာက, နာရာ, ပျိုရာက, အိုရာ, ပြေးရလို၏ဆိုတာ ဘယ်သူတတ်နိုင်သလဲ (မတတ်နိုင်ပါ ဘုရား)။
ပျိုရာက, အိုရာ, ပြေးရပါလို၏ (မတတ်နိုင်ပါ ဘုရား) အိုရာကနာရာ, ပြေးရပါလို၏ (မတတ်နိုင်ပါ ဘုရား) နာရာက, သေရာပြေးရပါလို၏ (မတတ်နိုင်ပါ ဘုရား)။
တဏှာနဲ့ဆုတောင်းထားလို့ရတာ
ဟာ ဒီလေးခု ခင်ဗျားတို့အလိုလိုရတာလား တဲ့ ၊ တဏှာနဲ့ဆုတောင်းထားလို့ ရတာလား (တဏှာနဲ့ ဆုတောင်း ထားလို့ရတာပါ ဘုရား)။
အမယ်လေး ဒကာ ဒကာမတွေ တဏှာနဲ့ ဆုတောင်းတယ်၊ ပျိုရာက, အိုရာပြေးရပါလို၏။ (မှန်ပါ့) ဘယ့်နှယ်တုံး၊ ဒကာ ဒကာမတို့ ဆုတောင်း မိကြသလား (တောင်းမိပါတယ် ဘုရား)။
ဦးမာဒင် ဒါလောင်တောင်တော့ ဆိုးဝါးမထင်ပါဘူး၊ ခင်ဗျားတို့ အခြေအနေဟာ (ဆိုးပါတယ် ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
လူဖြစ်ရပါလို၏ ဆိုတဲ့အထဲမှာ ဒါတွေအတွင်း ဝင်သွားတယ် (မှန်ပါ့ ဘုရား) ပျိုရာက, အိုရာကို ပြေးရပါလို၏ (မှန်ပါ့) နာရာကသေရာကော (ပြေးရပါလို၏ပါ ဘုရား) အဲဒါတွေ လူဖြစ်ရပါလို၏ ဆိုတဲ့အထဲမှာ အတွင်းဝင်လာတယ် (မှန်ပါ့ ဘုရား)။
ဒကာကြွယ် ဘယ်အထဲ အတွင်းဝင်လာသလဲ (လူဖြစ်ရပါလို၏ဆိုတဲ့အထဲမှာ အတွင်းဝင်ပါတယ် ဘုရား) ဦးမာဒင် တောင်းမိသလား (တောင်းမိပါတယ် ဘုရား)။
ဒကာကြွယ်ကော တောင်းမိလို့ရတာဘဲ (မှန်ပါ့) လိမ်နေရင် အပိုပဲ ၊ ခန္ဓာကသက်သေခံသွားပြီး (မှန်ပါ့ ဘုရား) ခန္ဓာကသက်သေမခံဘူးလား (ခံပါတယ် ဘုရား)။
ဒါဖြင့် ပျိုရာက, အိုရာ ရောက်ပြန်လဲ ဒုက္ခသစ္စာ(မှန်ပါ့) အိုရာက နာရာရောက်ပြန်လဲ (ဒုက္ခသစ္စာပါ ဘုရား) နာရာက, သေရာရောက်ပြန်လဲ (ဒုက္ခသစ္စာပါ ဘုရား)။
ဒုက္ခသစ္စာ မသိတာနဲ့
ဪ ခင်ဗျားတို့ ဒုက္ခသစ္စာ မသိတာနဲ့ တပည့်တော်တို့လူဖြစ်ပြီး ဤသုံးလမ်းကိုဖြင့် မလွဲတမ်း လှမ်းပါရစေ (မှန်ပါ့) တော်တော်ရူးခဲ့ကြတယ်နော် (မှန်ပါ့ ဘုရား) ဦးဘထွေး ဘယ့်နှယ်ဆိုမလဲ (ရူးခဲ့ပါတယ် ဘုရား)။
ဒီရူးချက်က သူများ နှိပ်စက်တာလား တဲ့၊ ကိုယ့်ကိုယ်ကိုနှိပ်စက်တာလား (ကိုယ့်ကိုယ်ကို နှိပ်စက်တာပါ ဘုရား) ဒီလေးချက်ကလေ (မှန်ပါ့) ဟာ တယ်ကြောက်စရာကောင်းပါလား (ကောင်းပါတယ် ဘုရား)။
လင်မယားရန်ဖြစ်တဲ့အခါကျလို့ရှိရင် မယားက ယေကျ်ားလုပ်တဲ့ ပုဂ္ဂိုလ်ကလဲ ကိုယ်က ဘာမှ လုပ်ဖို့ မစွမ်းနိုင်တော့ကိုယ်ရင်ကိုယ်ထုသလို ဖြစ်တာ (မှန်ပါ့) ဘယ်သူနှိပ်စက်ပါလိမ့် (ကိုယ့်ကိုယ်ကို နှိပ်စက်ပါတယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ လူဖြစ်ရပါလို၏ ဆုဟာ ဘာပါလိမ့် (ကိုယ့် ကိုယ်ကို နှိပ်စက်တာပါ ဘုရား)။ ကိုယ့်ရင် ကိုယ်ထုတဲ့ဖြစ်ခြင်း (မှန်ပါ့ ဘုရား)။
နတ်ဖြစ်ရပါလို၏ ဆိုတာကော (ကိုယ့်ရင် ကိုယ်ထုတာပါ ဘုရား) ဗြဟ္မာဖြစ်ရပါလို၏ (ကိုယ်ရင် ကိုယ်ထုတာ ပါ ဘုရား)။
ဟာ ခင်ဗျားတို့ဟာ အတော်ခက်နေပြီ၊ ရင်ထုတဲ့ဂိုဏ်း လဲမဟုတ်ပါဘူး ဟင် (မှန်ပါ့) အတော်ဆိုးနေပါလား (ဆိုးပါတယ် ဘုရား)။
မသိတော့ဪ ဘာကို မသိရှာပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့မှ အိုတာ ဒုက္ခသစ္စာ ဇရာပိဒုက္ခကို သူမသိဘူး (မှန်ပါ့) ဗျာဓိဒုက္ခသစ္စာကော (သူမိသပါ ဘုရား)။
ဇာတိပိဒုက္ခကော (မသိပါ ဘုရား) သစ္စာမသိလို့ တောင်းရှာတာ (မှန်ပါ့ ဘုရား)။
မသိလို့ တောင်းမိတာကတဏှာ
ဒုက္ခသစ္စာမသိလို့ တောင်းကြတယ်လို့ဆိုတော့ ဪ မသိတာ ဘယ်သူပါလိမ့်မတုံးလို့ မေးရင် ဘယ့်နှယ်ဖြေမလဲ (အဝိဇ္ဇာပါ ဘုရား) တောင်းတာ ဘယ်သူတုံးမေးတော့ တဏှာ (မှန်ပါ့ ဘုရား)။
သစ္စာမသိတာက (အဝိဇ္ဇာပါ ဘုရား) မသိလို့ တောင်းမိတာက (တဏှာပါ ဘုရား)။
ခင်ဗျားတို့ ဘုရားရှေ့သွားပြီး သကာလ တခါတည်း မသိတဲ့ အဝိဇ္ဇာနဲ့၊ တောင်းတတ်တဲ့တဏှာနဲ့ တောင်းလိုက် တာကိုး (မှန်ပါ့ ဘုရား)။
သစ္စာမသိ အဝိဇ္ဇာနဲ့ အရမ်းလိုချင်တဲ့တဏှာနဲ့တွဲပြီး ခင်ဗျားတို့က လူ့ပြည်, နတ်ပြည် အကြိမ်ကြိမ်ခံစားရပါလို၏ (မှန်ပါ့) ဘယ်သူနဲ့ တောင်းလိုက်တာပါလိမ့် (အဝိဇ္ဇာ တဏှာနဲ့ တောင်းပါတယ် ဘုရား)။
ထည့်ဦး ထည့်ဦး မသိတဲ့အဝိဇ္ဇာနဲ့ တောင်းတတ်တဲ့ တဏှာနဲ့ ရောပစ်လိုက်တယ် (မှန်ပါ့ ဘုရား) အဲဒါ ဘယ်ရှေ့မှာတောင်းကြတာတုန်း (ဘုရားရှေ့မှာ တောင်းကြတာပါ ဘုရား)။
ထည့်ပါဦး သံဃာတွေရှေ့ကော (တောင်းပါတယ် ဘုရား) မတောင်းဘူးလား (တောင်းပါတယ် ဘုရား) မပြည့်မှာကော စိုးရိမ်သေးသလား (စိုးရိမ်ပါတယ် ဘုရား)။
ဟာ သွားပြီ သွားပြီ ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား) သွားပြီ ခင်ဗျားတို့ဟာ တော်တော့ကိုနာပြီ (မှန်ပါ့) ဒီအထဲမှာ နည်းနည်းကလေး နာမှာစိုးနေလို့ အကြိမ်ကြိမ်လို့ ထည့်လိုက်သေးတယ် (မှန်ပါ့) ဘာဖြစ်လို့ပါလိမ့် (အနာနည်းမှာစိုးလို့ပါ ဘုရား)။
အမယ်လေး ကြိမ်လုံးနဲ့ တစ်ခါရိုက်တာကို ဆယ်ခါလောက်ရိုက်ပါလို့ ထပ်ပြီး တောင်းသလိုကျနေပြီ (မှန်ပါ့) အတော်ဆိုပါကလား (ဆိုးပါတယ် ဘုရား)။
ကိုယ်ရူးချက် သန်တာကများတယ်
ဒကာ ဒကာမတွေ ဒီဟာကျတော့လဲ ဘုန်းကြီးများကပြောရတာက နည်းတယ်နော် (မှန်ပါ့) ကိုယ်ရူးချက် သန်တာကများတယ် (များပါတယ် ဘုရား)။
ဒါ အခု ဘုန်းကြီးတို့ပြောဆိုတဲ့ သစ္စာတရားကို မနာသေးတဲ့လူအပေါင်းဟာ ဒကာကြွယ် ဦးမာဒင် ဦးသန်းမောင် ဦးဘထွေးကို အကုန် ဒီအတိုင်းဘဲ (မှန်ပါ့ ဘုရား)။
ဒီအတိုင်းသွားတာဘဲ၊ မသိတာက ဘာပါလိမ့် (အဝိဇ္ဇာပါ ဘုရား) တောင်းတာက (တဏှာပါ ဘုရား) ရတော့ ဒုက္ခသစ္စာလေးချက်ရတယ် (မှန်ပါ့) ဇာတိ ဒုက္ခသစ္စာရတယ်၊ ဇရာ ဒုက္ခသစ္စာ (ရပါတယ် ဘုရား) ဗျာဓိ ဒုက္ခသစ္စာ (ရပါတယ် ဘုရား) မရဏ ဒုက္ခသစ္စာ (ရပါတယ် ဘုရား)။
ကဲ ခင်ဗျားတို့ ဆုပြည့်လိုက်တာက ဒီလေးချက်ပဲ (မှန်ပါ့) ဇာတိ ဇရာ ဗျာဓိ မရဏ ရပါတယ် တဲ့ (မှန်ပါ့ ဘုရား)။
ဘယ်နှယ်ကြောင့် ရရပါလိမ့်မတုံး လို့ မေးတဲ့အခါကျတော့မှ ဒကာကြွယ် မသိတာက ဘာတုံး (အဝိဇ္ဇာ ပါ ဘုရား)။
အရမ်းလိုချင်တာက (တဏှာပါ ဘုရား) ဪ မသိတဲ့လူအရမ်းလိုချင်လို့ရတဲ့ပစ္စည်း ဒုက္ခလေးချက် (မှန်ပါ့ ဘုရား)။
ရတဲ့ပစ္စည်းက (ဒုက္ခလေးချက်ပါ ဘုရား) အဲဒါကြောင့် ဘာလှူလှူတန်းတန်း ဘုန်းကြီးတို့က အလှူမခံဘူး (မှန်ပါ့) အလှူမခံတာက ဘာဖြစ်လို့ အလှူမခံသတုံး အရှင်ဘုရား ဒကာ ဒကာမတွေက ကုသိုလ်မဖြစ်ရအောင်လားလို့ မေးလိမ့်မယ် (မှန်ပါ့ ဘုရား)။
သစ္စာမသိခင် မလုပ်နဲ့
မဟုတ်ဘူးတဲ့၊ သစ္စာသိပြီးလို့ရှိရင် ဝိပဿနာရှုလို့ သစ္စာတွေမြင်လာတော့မှ ဒုက္ခမှ လွတ်ချင်လို့ဆိုတော့ အလှူခံပါတယ် (မှန်ပါ့) ဒီဟာကို ပြန်ရချင်တယ်ဆိုရင်တော့ အလှူမခံဘူး ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒါ့ကြောင့် ခင်ဗျားတို့ ဘာဘဲလှူလှူ သစ္စာမသိခင် မလုပ်နဲ့ (မှန်ပါ့) သစ္စာမသိခင် လုပ်လိုက်လို့ရှိရင် မသိတာက အဝိဇ္ဇာ၊ တောင်းတာက တဏှာ (မှန်ပါ့) ရတာက ဒုက္ခသစ္စာ (မှန်ပါ့) ဘယ်မှာ အမြတ်ပါသေးသလား (မပါ-ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒါကြောင့် မသိတဲ့လူလုပ်တဲ့ပစ္စည်းဟာ ဒကာ ဒကာမတို့ အအိုရှိလျက်နဲ့ အအိုရှာတာ (မှန်ပါ့) အနာရှိလျက်နဲ့ (အနာရှာတာပါ ဘုရား)အသေရှိလျက်နဲ့ (အသေရှာတာပါ ဘုရား)။
အဲ မသိတဲ့နိုင်ပုဂ္ဂိုလ် လှူတာ တန်းတာ ပေးတာ၊ ကမ်းတာဟာ ဒါပြန်ရတယ် (မှန်လှပါ ဘုရား) ဒီတော့ ဦးမာဒင်တို့ ဦးသန်းမောင်တို့ အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။
အဲ ဆရာသမားက ပြင်မပေးလို့ရှိရင် ဒီအတိုင်းသွားတော့မှာဘဲ (မှန်ပါ့ ဘုရား)။
ကိုယ့်ဆရာသမားလဲ သင်ထားသေးတယ်၊ ကဲ မင်းတောင်းတဲ့အတိုင်း ပြည့်စေကွာ ဆိုတော့ မင်းဒုက္ခလေးချက်နဲ့ အသက်ထွက်စေဟေ့ (မှန်ပါ့) ဒါဘဲကျတယ် (ကျပါတယ် ဘုရား)။
ဒုက္ခလေးချက်နဲ့ (အသက်ထွက်ရပါမယ် ဘုရား) ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား) ဒုက္ခလေးချက်နဲ့ ဂျွမ်းထိုးမှောက်ခုန် ဖြစ်စေဟေ့ဆိုတာနဲ့ကော (အတူတူပါ ဘုရား)။
ကဲ ဒါနဲ့ သိကြားက တဏှာကုန်တဲ့ နည်းကို လိုချင်ပါတယ်ဘုရား လို့လျှောက်တော့ မနေ့ကလဲ ပြောခဲ့ပါပြီ ဒကာ ဒကာမတို့ ဝေဒနာကိုရှုပါတဲ့ (မှန်ပါ့) ဘယ်လိုရှုရမှာတုံး မေးတဲ့အခါကျတော့မှ အနိစ္စာ နုပဿနာ ရှုပါတဲ့ (မှန်ပါ့) အနိစ္စလို့ရှုပါ (မှန်ပါ့ ဘုရား)။
ဘယ်လိုအရှုခိုင်းပါလိမ့်
ဒကာ ဒကာမတို့ ဘယ်လိုအရှုခိုင်းပါလိမ့် (အနိစ္စလို့အရှုခိုင်းပါတယ်ရား) အနိစ္စလို့ ရှုစမ်းကွာ တဲ့ ဘုရားကို ကရှုနည်းသင်တာနော် (မှန်ပါ့ ဘုရား)။
ဝေဒနာသုံးပါးတွင် ပေါ်ရာ ဝေဒနာတပါးပါးကို အနိစ္စလို့ရှုပါတဲ့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အနိစ္စလို့ရှုပါဆိုတော့ ဝေဒနာမပေါ်ခင် ရှုရမှာလား ဝေဒနာပေါ်တုံးရှုရမှာလားလို့ မးလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဝေဒနာပေါ်တုန်းပဲရှုပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘယ်အချိန် ရှုရမှာတုံး (ဝေဒနာ ပေါ်တုံး ရှုရမှာပါ ဘုရား)။
ပေါ်တုံးလို့ ရှုပြန်ငြားသော်လဲ ၊ ပေါ်ဆဲမှာ ရှုတဲ့ဉာဏ်က မပေါ်နိုင်လို့ သူပေါ်ပြီးမှရှုပါ (မှန်ပါ့ ဘုရား) မှတ်မိပလား (မှတ်မိပါပြီ ဘုရား)။
သူပေါ်ပြီးမှ (ရှုရမှာပါ ဘုရား) ဘာကြောင့်တုံး ဆိုတော့ နှစ်ခုပြိုင်ပေါ်နေမှာလဲ ဝတ္တရားမဟုတ်ဘူး (မှန်ပါ့) ဉာဏ်နဲ့ ဝေဒနာနဲ့၊ ဦးမာဒင် ပြိုင်ပေါ်နိုင်ပါ့မလား (မပေါ်နိုင်ပါ ဘုရား)။
မပေါ်နိုင်တော့ တခုပေါ်လို့ ချုပ်ပျောက်ပြီးမှ ဉာဏ်ကနောက်မှ ပေါ်ရမှာပါ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဉာဏ်က နောက်မှ ပေါ်တယ်
ဒါဖြင့်ဝေဒနာက ရှေ့ကပေါ်တယ်၊ ဉာဏ်က နောက်မှ ပေါ်တယ် (မှန်ပါ့) ဒါဖြင့် ဝေဒနာ ဖြစ်ပျက်ပြီးသည် အခြားမဲ့မှ ဉာဏ်ပေါ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဝေဒနာဖြစ်ပျက်ပြီးသည့် အခြားမဲ့မှ (ဉာဏ်ပေါ်ပါတယ် ဘုရား) ဉာဏ်ပေါ်တယ်ဆိုတာ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ကို ဒကာ ဒကာမတို့ ဒီမှာဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဝေဒနာသုံးမျိုး ရှုဖို့ရာ ဟောထားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ခင်ဗျားတို့ရှုတဲ့အခါ သတိထားပါ (မှန်ပါ့) ဒါဟာ ငါနိဗ္ဗာန်ရောက်ဖို့ ခရီး တဝက်ရောက်ပြီ (မှန်ပါ့) ဒါကဖြင့် နိဗ္ဗာန်ရောက်ပြီ (မှန်ပါ့) ကိုယ့်ဟာကိုယ်ဘဲ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။
သေသေချာချာ ဒကာ ဒကာမတွေ ယခုပြောတဲ့ အချက်ဟာဖြင့် အရေးအကြီးဆုံးပဲဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။
ခန္ဓာကိုယ်ကြီးထဲမှာ သုခဝေဒနာပေါ်လာတဲ့ ဒကာကြွယ်တို့က ဖြစ်ပျက်ပဲရှုနေ (မှန်ပါ့) ဒုက္ခဝေဒနာပေါ်လဲ (ဖြစ်ပျက်ရှုရပါ့မယ် ဘုရား)။
ဖြစ်ပြီးပျက်တဲ့တရားဆိုလို့ ရှုတာဘဲ (မှန်ပါ့) ဥပေက္ခာဝေဒနာပေါ်ရော (ဖြစ်ပြီးပျက်တဲ့ တရားပါ ဘုရား)။
ဖြစ်ပြီး ပျက်တဲ့တရားပဲလို့ရှုတော့ ဒီနောက် တဏှာ ဥပါဒါန်က ခါတိုင်းတော့ ဝေဒနာ ပစ္စယာ တဏှာ ဥပါဒါန် (မှန်ပါ့ ဘုရား)။
အခုတော့ မဂ်ကလေးက ကြားဝင်လိုက်တယ် (မှန်ပါ့) တဏှာဥပါဒါန်ကံတွေ ထုံးစံအတိုင်း မရှုဘဲ နေရင်တော့ ဒီသုံးခုလာရမယ် (မှန်ပါ့ ဘုရား)။
မရှုဘဲနေလို့ ဒီကိုလာတော့ ဪ ဘုန်းကြီးက ဒီဒကာ ဒကာမတွေ အမေ မိဘဆွေမျိုးဉာဒကာ မောင်နှမ တွေမတော်ဘူး၊ သူမရှိခဲ့လို့ အရှုခိုင်းတာ (မှန်ပါ့ ဘုရား)။
သူလဲအနိစ္စတရားပါကလား
အရှုခိုင်းတော့ ဖြစ်ဆိုတာလဲ ဝေဒနာမဟုတ်တော့ဘူး၊ အင်း သူလဲအနိစ္စတရားပါကလား (မှန်ပါ့) သဘောကျ ပြီလား (ကျပါပြီ ဘုရား) ဒီတရားက ဝေဒနာဖြစ်သလား (အနိစ္စဖြစ်ပါတယ် ဘုရား) ဖြစ်ပြီး မရှိတာပဲ သူသိလိုက်တယ် (မှန်ပါ့ ဘုရား)။
ဝေဒနာရယ်လို့ သူမတွေ့တော့ဘူး (မတွေ့ပါ ဘုရား) ဖြစ်ပြီး ပျက်သွားတာဘဲတွေ့တယ်၊ ဖြစ်ပြီး ပျက်သွားတာဘဲ တွေ့တယ်၊ ဖြစ်ပြီး ပျက်သွားတာပဲ တွေ့တယ် ၊ ဖြစ်ပြီး မရှိတာပဲ တွေ့တယ် (မှန်ပါ့)။
ဒါဘဲ သူတွေ့လိုက်တော့ ဝေဒနာက္ခန္ဓာကို သူစွန့်ပြီးသားဖြစ်ပါတယ် (မှန်ပါ့) ဟောဒီနောက်က တဏှာတွေလဲ လာခွင့်မပေးသောကြောင့် ဒကာ ဒကာမတို့ တဏှာလဲ စွန့်တယ် (မှန်ပါ့)။
ဒါဖြင့် မဂ္ဂင်ငါးပါး ရှုနေလို့ရှိရင် ရှေ့က ဖြစ်ပျက်ကို မြင်တယ်၊ နောက်က တဏှာ ဥပါဒါန် ချုပ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာရှုရှု, စိတ်ရှုရှု ဖြစ်ပျက်မြင်တဲ့ မဂ်ဝင်လာလို့ ရှိရင် ဖြစ်ပျက်မြင်တဲ့ဉာဏ်ကလေး ဟာ ခင်ဗျားတို့ ရလို့ရှိရင်ဖြင့် ရှေ့ကခန္ဓာလဲ စွန့်ပါတယ် (မှန်ပါ့) ဝေဒနက္ခန္ဓာ လာသေးရဲ့လား (မလာပါ ဘုရား) ဖြစ်ပျက်ပဲတွေ့တော့တာကိုး (မှန်ပါ့ ဘုရား) ဝေဒနာရယ်လို့ တွေ့သေးရဲ့လား (မတွေ့ပါ ဘုရား)။
ဒါ့ကြောင့် ဦးမာဒင်တို့ မှတ်လိုက်စမ်းပါ ၊ ဪ ခန္ဓာစွန့်တဲ့ ဥစ္စာ ဖြစ်ပျက်တွေ့တာကိုး (မှန်ပါ့ ဘုရား) ဒီဘက်က တဏှာစွန့်တယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ခန္ဓာစွန့်က တဏှာစွန့်တယ်လို့
ဒါဖြင့် ဝိပဿနာဉာဏ်သည် ဟောဒါ အလယ်ကဟာ ဝိပဿနာဉာဏ်ပဲ (မှန်ပါ့) ခန္ဓာစွန့်က တဏှာစွန့်တယ်လို့ မှတ်လိုက် (မှန်ပါ့) ဝိပဿနာလုပ်နေလို့ရှိရင် ဘာစွန့်ပါလိမ့် (ခန္ဓာစွန့်, တဏှာစွန့်ပါတယ် ဘုရား)။
ဒါသေသေချာချာ တရားတပွဲလုံး အရေးတကြီးမှတ်လိုက်စမ်းပါ (မှန်ပါ့) ဒို့ ဝိပဿနာလုပ်နေတာ ဘာကျေးဇူး ရှိပါလိမ့်မတုန်းမေးတော့ (ခန္ဓာစွန့် တဏှာစွန့်ပါတယ် ဘုရား) ရှေ့ကခန္ဓာစွန့်တယ်၊ နောက်က တဏှာစွန့်တယ် (မှန်ပါ့ ဘုရား)။
ရှေ့က (ခန္ဓာစွန့်ပါတယ် ဘုရား) နောက်က (တဏှာစွန့်ပါတယ် ဘုရား) အဲဒါ ဝိပဿနာဉာဏ်လို့ မှတ်လိုက် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဝိပဿနာ လုပ်နေတဲ့ ပုဂ္ဂိုလ်များမှာ ဝိပဿနာဉာဏ်သည် ဒကာ ဒကာမတို့အတွက် ဘာကို ရွက်ဆောင်ပါလိမ့် မတုန်းဆိုတော့ ရှေ့က ခန္ဓာစွန့်တယ် (မှန်ပါ့) နောက်က (တဏှာစွန့်ပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
နောက်က တဏှာစွန့်တယ် ဆိုကတည်းကိုက ဒကာ ဒကာမတွေက ဪ နောက်က တဏှာပေါ်ခွင့်မပေးဘဲကိုး (မှန်ပါ့)။
ဝေဒနာ, ပစ္စယာ, တဏှာလာသေးရဲ့လား (မလာပါ ဘုရား) ရှေ့ကလဲ ဝေဒနာရယ်လို့ကော နာမည်ရှိသေး ရဲ့လား (မရှိပါ ဘုရား) အနိစ္စဘဲရှိတယ် (မှန်ပါ့)။
ဒါ့ကြောင့် အနိစ္စသာဖြစ်သွားသောကြောင့် ဝေဒနာက္ခန္ဓာက မရှိတော့ဘူး (မှန်ပါ့) ဒါ့ကြောင့် ဝေဒနာက္ခန္ဓာလဲ စွန့်နောက်ပိုင်းက တဏှာလဲ စွန့်တယ် (မှန်ပါ့)။
ဒါဖြင့် ဝိပဿနာဉာဏ်သည် ဒကာ ဒကာမတို့ ခန္ဓာစွန့်, တဏှာစွန့် (မှန်ပါ့) ဒကာကြွယ် ဒါကို သေသေချာချာ မှတ်ပါ (မှန်ပါ့)။
ဝိပဿနာရှုတဲ့ပုဂ္ဂိုလ်များ ဘယ်ဟာကို စွန့်လေ့ရှိပါသလဲ (ခန္ဓာစွန့်, တဏှာစွန့်ပါ ဘုရား) ခန္ဓာလဲ စွန့်တယ်, တဏှာလဲ စွန့်တယ် (မှန်ပါ့)။
ဒုက္ခနဲ့ ဒုက္ခဖြစ်ကြောင်းကို ဝိပဿနာဉာဏ်က သိမ်းတယ်
ခန္ဓာစွန့်လိုက်တဲ့အတွက်လဲ တဲ့ ဒကာ ဒကာမတို့ ဒုက္ခသိမ်းတာပဲ (မှန်ပါ့) တဏှာစွန့်လိုက်တဲ့အတွက်လဲ ဒုက္ခဖြစ်ကြောင်းသိမ်းတာပဲ (မှန်ပါ့) ဒါဖြင့် ဒုက္ခနဲ့ ဒုက္ခဖြစ်ကြောင်းကို ဝိပဿနာဉာဏ်က သိမ်းတယ် (မှန်ပါ့)။
ဝိပဿနာဉာဏ်သည် ဘာများ ကျုပ်တို့ကို သယ်ယူပို့ဆောင်ပါလိမ့် (ဒုက္ခနဲ့ ဒုက္ခဖြစ်ကြောင်း သိမ်းပါ တယ် ဘုရား) ဒုက္ခဖြစ်ကြောင်းနဲ့ ဒုက္ခကိုဖြင့် မင်းတို့ကို မပေးတော့ဘူးဆိုပြီး ဝိပဿနာဉာဏ်က တာဝန်ခံတယ် (မှန်ပါ့)။
ဒါဖြင့် ဦးမာဒင်တို့, ဒကာကြွယ်တို့က စဉ်းစား၊ ဪ ဝိပဿနာဟာ တယ်ကျေးဇူးမျာပါကလား (မှန်ပါ့) ဒကာ ဒကာမတို့ ဝိပဿနာဟာ ဘယ့်နှယ်တဲ့ (ကျေးဇူးများပါတယ် ဘုရား)။
ကျေးဇူးသိပ်များတယ်၊ ဒါ့ကြောင့် ဘယ်နေရာ ရောက်ရောက် ခင်ဗျားတို့ ဪ ကိုယ့်ကယ်တင်တာက ဝိပဿနာပါကလား (မှန်ပါ့) ခန္ဓာ့ဒုက္ခလဲ ခင်ဗျားတို့ကို မပေးတော့ဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ဘယ်သူက ဝန်ခံသတုံး (ဝိပဿနာက ဝန်ခံပါတယ် ဘုရား)။
ရှုတဲ့ပုဂ္ဂိုလ်မှာ ခန္ဓာဒုက္ခလဲ နောက်ထပ် မပေးဘူးလို့ တာဝန်ခံတယ် (မှန်ပါ့) တဏှာပေးမည့်ဒုက္ခကိုလဲ မပေးစေတော့လို့ (တာဝန်ခံပါတယ် ဘုရား) ဘယ်သူက တာဝန်ခံပါလိမ့် (ဝိပဿနာက တာဝန်ခံပါတယ် ဘုရား)။
ဒကာကြွယ် သိပ်ကောင်းပါကလား (ကောင်းပါတယ် ဘုရား) ဦးသန်းမောင်တို့ ဦးဘထွေးတို့ လုပ်ထိုက်တယ်နော် (လုပ်ထိုက်ပါတယ် ဘုရား) နောက်ခန္ဓာဒုက္ခလဲ မပေးတော့ဘူးတဲ့ (မှန်ပါ့) နောက်တဏှာဆက်မည့် ပဋိစ္စသမုပ္ပါဒ်တွေကော (မပေးတော့ပါ ဘုရား) ဦးမာဒင် ဘယ်သူက တာဝန်ခံသလဲ (ဝိပဿနာဉာဏ်က တာဝန်ခံပါတယ် ဘုရား)။
သူက တာဝန်ခံတယ်၊ သူပေါ်အောင်ကျုပ်တဲ့ အားထုတ်တဲ့အတွက် သူက ကျုပ်တို့ကို ရွက်ဆောင် သွားတယ် (မှန်ပါ့) ငါ့ကို မင်းတို့ ခင်လို့ရှိရင် ငါက မင်းတို့ကို ရွက်ဆောင်မယ် (မှန်ပါ့)။
ဝိပဿနာဉာဏ်က ဒုက္ခနှစ်ခု ကယ်တင်မယ်
ဒကာ ဒကာမတွေက ဝိပဿနာဉာဏ် ဝမ်းထဲရောက်အောင်အားထုတ်လို့ရှိရင် ဝိပဿနာဉာဏ်က ဒုက္ခနှစ်ခု ကယ်တင်မယ် (မှန်ပါ့) ဒုက္ခဖြစ်ကြောင်းနဲ့ ဒုက္ခကို (ကယ်တင်မှာပါ ဘုရား) မလုပ်ထိုက်ဘူးလား (လုပ်ထိုက်ပါ တယ် ဘုရား)။
ဒကာ ဒကာမတို့ လုပ်ထိုက်တယ်လို့ သေသေချာချာ မှတ်ပါ (မှန်ပါ့) ဝိပဿနာတန်ခိုး ဘယ်လောက် ကြီးတယ် ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ကျုပ်ဖြင့် နိဗ္ဗာန် မျက်မှောက် မပြုနိုင်သေးဘူး ဝိပဿနာဉာဏ်ဘဲ ရှိသေးတယ်လို့ ညည်းလုံးမထုတ်လိုက်ပါနဲ့ (မှန်ပါ့) ဖြစ်ပျက်မြင်ရင်ကို ခင်ဗျားတို့ ကိစ္စနှစ်ခုပြီးပါပြီး (မှန်လှပါ ဘုရား) ခန္ဓာလဲစွန့်၊ တဏှာလဲစွန့်ပါတယ်၊ ဝိပဿနာဉာဏ်က (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒကာကြွယ် သိပ်အဖိုးတန်ပြီ (တန်ပါတယ် ဘုရား) ခန္ဓာကလဲ ဒုက္ခသစ္စာ၊ တဏှာက သမုဒယသစ္စာ (မှန်ပါ့) ဒီသစ္စာနှစ်ပါးကို မရစေပါဘူးတဲ့ ရှေ့ကို (မှန်ပါ့) ။
ဒါဖြင့် ဒုက္ခဖြစ်ကြောင်းနဲ့ ဒုက္ခကိုဖြင့် ဝိပဿနာဉာဏ်က မပေးတော့ပါဘူးတဲ့ ဝိပဿနာလုပ်ပါ (မှန်ပါ့)။
တကယ် ဝန်ခံရဲတယ် (ရဲပါတယ် ဘုရား) ဘယ်ဉာဏ်ပါလိမ့် (ဝိပဿနာဉာဏ်ပါ ဘုရား) ဝိပဿနာဉာဏ်တယ် အဖိုးတန်ပါကလား (တန်ပါတယ် ဘုရား)။
အဲဒါလောက်ကျအောင် မသိတော ဒကာ ဒကာမတွေက ဝိပဿနာမလုပ်ဖြစ်ကြဘူး (မှန်ပါ့)။
အခုတော့ဖြင့် စူဠတဏှာင်္ခယသုတ်ဆိုပြီး သာကာလ မူလပဏ္ဏပါဠိတော်မှာ ဟောတဲ့အတွက် ဒကာ ဒကာမ တွေသည် ကားလို့ဆိုရင် တစ်သံသရာလုံး ဒါလုပ်ခဲ့မိပါသလား (မလုပ်ခဲ့မိပါ ဘုရား)။
ဒါကြောင့် ဒီခန္ဓာကြီး အိုဘေး, နာဘေး, သေဘေး ခန္ဓာကြီးနဲ့ နေရတယ် (မှန်ပါ့)။
ဝိပဿနာမလုပ်မိလို့
ဒီတဏှာ ခိုင်းလိုက်တာလဲ ဒို့မှာ ကျွန်သပေါက် အဖြစ်နဲ့ လူလား မမြောက်နိုင်ဘဲ အမျိုးမျိုး အဖုံအဖုံ ဒုက္ခ ရောက်ကုန်ပြီ (မှန်ပါ့) ဝိပဿနာမလုပ်မိလို့ ခန္ဓာဒုက္ခလဲ ခံနေရတယ် (မှန်ပါ့ ဘုရား) တဏှာခိုင်းစေတဲ့ ဒုက္ခကော (ခံနေရပါတယ် ဘုရား)။
အင်း ဒို့နောက်တုန်းက ဒီတရားမျိုးနဲ့ ဒီအလုပ်မျိုး လုပ်ခဲ့ပုံမရဘူး (မှန်ပါ့) ပေါ်လာတယ် (မှန်ပါ့) မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
ဒါ ဝိပဿနာဉာဏ်သတ္တိ
ဒကာ ဒကာမတို့ ဒါ ဝိပဿနာဉာဏ်သတ္တိရှိသေးတယ် (မှန်ပါ့) ဝိပဿနာဉာဏ်သည် ခင်ဗျားတို့ကို ဘယ်ဟာ ကယ်တင်သတုံး ၊ ခန္ဓာဒုက္ခနဲ့ တဏှာဒုက္ခတွေကို (ကယ်တင်ပါတယ် ဘုရား)။
တခါတည်း သူက သယ်ယူပို့ဆောင်တယ် (မှန်ပါ့ ဘုရား) ဟောဒီတဏှာကြောင့် ရောက်မည့်အပါယ်ကိုလဲ မရောက်စေဘူး (မှန်ပါ့) ဟောဒီဒုက္ခကိုလဲ နောက်မပေးဘူး (မှန်ပါ့ ဘုရား) ဘယ်သူက တာဝန်ခံတုံး (ဝိပဿနာက တာဝန်ခံပါတယ် ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကဲ…ယနေ့ ဒီတွင်တော်ကြဦးစို့။
သာဓု…သာဓု…သာဓု။