ကိုယ့် ကိုယ်သနားရင် မဂ္ဂင်လုပ်ပါ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ မင်္ဂလာတိုက်၌ ဟောကြားတော်မူအပ်သော
” ကိုယ့် ကိုယ်သနားရင် မဂ္ဂင်လုပ်ပါ “
”ဝေဒနာသတ်ရင် တဏှာသေပုံ(၁)”
နေ့အလုပ်ပေးတရားတော်
(၇-၁၀-၆၁)
သိကြားမင်းကြီးက ဥယျာဉ်မှာ
ဘုရားသခင် ကိုယ်တော်မြတ်ကြီး ပုဗ္ဗာရုံကျောင်းမှာ သီတင်းသုံးနေစဉ် တာဝတိံသာနတ်ပြည်က သိကြားမင်းကြီးက ဥယျာဉ်မှာ နတ်သား၊ နတ်သမီးတွေနဲ့၊ ပျော်မယ်ပါးမယ်လို့ ထွက်လာတုန်း၊ စိတ်ကူးတခု ပေါ်လာတယ်လို့ ဒကာကြွယ် မှတ်ထားရမယ် (မှန်လှပါ ဘုရား)။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ပုဗ္ဗာရုံကျောင်းမှာသီတင်းသုံးနေတယ်၊ တာဝတိ ံသာမှာ ရှိတဲ့သိကြားကလဲ အပျော်ဆိုပြီး သကာလ နတ်သား၊ နတ်သမီးတွေ အစုံနဲ့၊ ဧရာဝဏ် ဆင်ကြီးစီးပြီး သကာလ ဥယျာဉ်ထဲ ထွက်ပြီးလာတော့ ဥယျာဉ်ပေါက်ဝရောက်ရင်ဘဲ၊ စိတ်ကူးကလေးတမျိုးပေါ်လာတယ် (မှန်ပါ့ ဘုရား)။
ကာမဂုဏ်ကြားထဲကမှ အလင်းရောင်ကလေးဖြစ်တဲ့ စိတ်ကလေးတခုပေါ်လာတယ် ( မှန်ပါ့) ကာမဂုဏ်တွေ အင်မတန်ထူပြောနေတုန်း၊ ပျော်မယ် ပါးမယ် လုပ်တုန်း၊ နိဗ္ဗာန်ရောက်ချင်တဲ့ စိတ်ကူးကလေးက ဖြတ်ထိုးပေါ်လာတယ်လို့ မှတ်ရမယ်နော် (မှန်လှပါ ဘုရား)။
အဲဒီနိဗ္ဗာန်ရောက်ချင်တဲ့ ဖြတ်ထိုး ကလေးဟာ ဘာပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ဆင်ပေါ်မှာ သူစီးပြီး ဥယျာဉ်ထွက်လာရင်ဘဲ တဏှာအမြန်ကုန်တဲ့နည်းဟာ ဘယ်နည်းပါလိမ့်မတုံးဆိုတဲ့ စိတ်ကူးကလေး ပေါ်လာတယ် (မှန်ပါ့ ဘုရား)။
တဏှာကိုအမြန်ကုန်စေတဲ့နည်း
ဒါသူသိတာတော့မဟုတ်ဘူး၊ ဒကာကြွယ်ရ တဏှာကိုအမြန်ကုန်စေတဲ့နည်းဟာ ဘယ်နည်းများ ရှိပါလိမ့်မတုံး ဆိုတဲ့ တွေးလုံးကလေးပေါ်လာတယ် (မှန်ပါ့ ဘုရား)။
သို့သော် ဘုန်းကြီးတို့ ဒကာဒကာမတွေ မှတ်စရာကတော့ဖြင့် ဪ တဏှာကုန်ရင် နိဗ္ဗာန်ရောက်တာဘဲ (မှန်ပါ့ ဘုရား)။
တဏှာကုန်ရင် (နိဗ္ဗာန်ရောက်ပါတယ် ဘုရား) နိဗ္ဗာန်ရောက်တယ်လို့ ဘုန်းကြီးတို့ ဒကာဒကာမတွေ မှတ်ထား ပါ (မှန်ပါ့ ဘုရား)။
အဲဒီတော့ နိဗ္ဗာန်ကိုလဲ ဘုန်းကြီး ဒီနေရာမှာ ရှင်းချင်ပါတယ်၊ နိဗ္ဗာန်ဆိုတဲ့ ဥစ္စာသည် ဦးမာဒင်တို့၊ ဦးသန်းမောင် တို့ မှတ်စရာက ဪ-ခန္ဓာဝန်ထမ်းရတဲ့ ဒုက္ခလဲမရှိဘူး၊ ကျွေးမွေးသုတ်သင်နေရတဲ့ ဒုက္ခကော (မရှိပါ ဘုရား)။
သူများဝမ်းခေါင်းထဲ အောင်းရတဲ့ဒုက္ခကော (မရှိပါ ဘုရား) ခါးကိုင်း၊ နားထိုင်း၊ သွားကျိုး၊ ဆံဖြူရောဂါထူတဲ့ ဒုက္ခကော (မရှိပါ ဘုရား)။
ပြီးတော့ လူမမာကြီးဖြစ်ပြီး သူ့အားကိုးရတော့ မလိုလို ငါ့အားကိုရးတော့မလိုလို၊ ဒီဝေဒနာမှ ထမြောက်ဘို့ ဆိုတဲ့န စိတ်၏ပင်ပန်းခြင်း၊ ကိုယ်၏ပင်ပန်းခြင်း၊ မထနိုင် မကြွနိုင်ပင်ပန်းတဲ့ ဗျာဓိဒုက္ခကော (မရှိပါ ဘုရား) သေခါနီးမှာ ဝိညာဏ်က မချုပ်နိုင်လို့ ဟိုနိမိတ်တွေ၊ ဒီနိမိတ်တွေ ထင်လာပြီး မျက်ရည်ကြီးငယ် ကျရတဲ့ဒုက္ခကော (မရှိပါ ဘုရား)။
သေခါနီးမှ ဒကာ ဒကာမတို့ ကြပ်ကြပ်စဉ်းစားပါနော် သေခါနီးမှာ ဗြုန်းကနဲ ဝိညာဏ်ချုပ်သွားတယ်လို့ မအောက်မေ့ဘဲနဲ့ ကိုယ်လုပ်ထားတဲ့ကုသိုလ်၊ ကိုယ်ပြုထားတဲ့ ကုသိုလ်၏ သွားရတဲ့လမ်းခရီးကိုမြင်တဲ့ ကိုယ်တယောက်ထဲ မြင်ရတဲ့ အမှတ်အသားတွေ ဦးမာဒင်-ရှိသေးတယ် (မှန်လှပါ ဘုရား)။
မသေခင်ကမြင်ရတဲ့ အမှတ်အသားတွေ
မသေခင်ကမြင်ရတဲ့ အမှတ်အသားတွေ ရှိပြီး သကာလ သေတယ်ဆိုကတည်းကိုက သားရေး၊ သမီးရေး စီးပွားရေးနဲ့ အချိန်ကုန်နေတဲ့ပုဂ္ဂိုလ်တွေ၊ ဝိပဿနာအလုပ် မလုပ်ဘဲနဲ့ သစ္စာမမြင်ဘဲနဲ့နေတဲ့ပုဂ္ဂိုလ်တွေကျတော့ ခွေးနက်ကြီးတွေထင် ငရဲမီးတွေမြင် ဝိညာဏ်ကမချုပ်သေး အသက်မသေသေးဘူးပေါ့ဗျာ (မှန်လှပါ ဘုရား)။
အဲဒီမှာ တခါတည်း ဦးမာဒင်တို့ – ဦးသန်းမောင်တို့ ခေါင်းအုံးပေါ်မှာ မျက်ရည်ကြီးငယ်ကျတယ် (မှန်ပါ့ ဘုရား)။
ဦးဘတွေးတို့ ခေါင်းအုံးပေါ်မှာ မျက်ရည်ကြီးငယ် ကျတယ်နော် (မှန်ပါ့) ဘာဖြစ်လို့ ကျပါလိမ့်မတုံးလို့ ဒကာကြွယ်တို့ ဦးလှဘူးတို့ မေးလို့ရှိရင် သူသွားရမည့်လမ်း သူတစ်ယောက်ထဲမြင်ပြီး သကာလ ငါအနေမှားခဲ့လို့ အရောက်တော့ဖြင့် မှားရတော့မှာလဲ၊ ကိုယ်ကျိုးနည်းပေါ့ဆိုပြီး မျက်ရည်ကျတယ် (မှန်ပါ့) ဒီအချိန်မှာ ဝိညာဏ်မချုပ်သေး ဘူးဗျ (မချုပ်ပါ ဘုရား)။
ဒကာ ဒကာမတို့ ဒီအချိန်မှာ ဘာတုံး (ဝိညာဏ် မချုပ်သေးပါ ဘုရား)။
ဒကာကြွယ်-ဖုံးလေသမျှ ကုန်းမှပေါ်ဆိုတဲ့ လောကီဥပမာလိုဘဲ တသက်လုံးတော့ဖြင့် လျှာအရိုးမရှိတာနဲ့ ကျုပ်တို့လဲ စိတ်ကောင်း စိတ်မြတ်တော့ ရှိပါတယ်၊ မအားမလပ်သေးလို့ သူတော်ကောင်းအလုပ် မလုပ်ရသေးတာပါ၊ ဖုံးနေတာပေါ့ဗျာ (မှန်လှပါ) ဖုံးရင်းမတ္တနဲ့ သေပေါက် သေဝသို့ရောက်လာတော့ ဒီအမြင်တွေ မသေခင်ကမြင်ရတယ် (မှန်လှပါ ဘုရား)။
ကိုယ့်အရေး ဘာမှမပါလို့
မသေခင်ကမြင်ရတော့ မျက်ရည်ကြီးငယ်တွေကျပြီး သကာလ ဪ ငါ့မှာလဲ သားကျွန်၊ မယားကျွန် ဆွေကျွန် မျိုးကျွန်တွေ ခံရတာနဲ့ ကိုယ့်အရေး ဘာမှမပါလို့ အခုမြင်ရတဲ့ ငါသွားရမည့်လမ်းကဖြင့် လမ်းဆိုး လမ်းကြမ်း အပါယ် လေးပါးပါကလား (မှန်လှပါ ဘုရား)။
ငရဲသွားရမည့်ပုဂ္ဂိုလ်က ငရဲမီးတွေမြင်လာတယ် (မြင်လာပါတယ် ဘုရား) ခွေးနက်ကြီးတွေ လာဆွဲမည့်ပုံ မြင်လာတယ် (မှန်ပါ့ ဘုရား)။
တောင်ကြီးတွေ ချောက်ကြီးတွေ ကြားကြီးတွေ မြင်လာတယ် (မှန်ပါ့) ဦးမာဒင်တို့-ဦးသန်းမောင်တို့ ဦးဘထွေး တို့ ဒီအချိန်ကျမှ ပြင်ဆင်ချိန်ရသေးရဲ့လား (မရပါ ဘုရား) အခုရသေးတယ်လို့ အောက်မေ့ပါ (မှန်ပါ့ ဘုရား)
အခုငါတို့သည် ခဲခဲယဉ်းယဉ်းနဲ့ ဆရာသမားဆီမှာလာပြီး ဆည်းကပ်တာ၊ ဪ ဟိုချိန်မှာ ကိုယ်ကျိုးနည်းပေါ့ ဆိုတဲ့ ခေါင်းအုံးပေါ်မှာ မျက်ရည်တွေကျပြီး သားလဲမတတ်နိုင်၊ သမီးလဲ မတတ်နိုင်ဘဲနဲ့ ကိုယ်သွားရမည့်လမ်းကြီး ကိုယ်မြင်ပြီးတော့ ဝမ်းနည်းတဲ့ကိစ္စကြီး မဖြစ်ရအောင်လို့ပါလား (မှန်ပါ့) သိပ်ကြောက်စရာကောင်းပါလား (ကောင်းပါ တယ် ဘုရား)။
အဲဒါ ခင်ဗျာတို့ ပျော်သလောက် ဒုက္ခတွေ ရမယ်ဆိုတဲ့ အဓိပ္ပါယ်ကော ဒကာကြွယ်ရှင်းပလား (ရှင်းပါပြီ ဘုရား)
အဲဒီကိစ္စကလဲ ဒကာ ဒကာမတို့ စပ်မိလို့ ပြောပါတယ်နော် သိကြားမင်းကြီး အကြောင်းလဲ ဟောမှာဘဲ (မှန်ပါ့ ဘုရား)။
ဝိပဿနာ မြန်မြန်အားထုတ်
ဒါဘာလုပ်တာတုံး ဆရာဘုန်းကြီးက ညှပ်ပြီး ဒီစကား ဘာပြောတာတုံး ဆိုလို့ရှိရင်ဖြင့် ဪ ဆရာကောင်း သမားကောင်း ဆိုတာ ဒကာ ဒကာမတို့ အနာဂတ် လှမ်းပြီး မြင်တဲ့အတွက် တပည့်-ဒကာ ဒကာမတွေကို ဟေ့ ဒီလိုမနေနဲ့ဟေ့၊ ဝိပဿနာ မြန်မြန်အားထုတ်၊ ဝိပဿနာ အားမထုတ်လို့ရှိရင် ဒီကိစ္စကို မင်းတွေ့ရလိမ့်မယ် (မှန်ပါ့ ဘုရား)။
မျက်ရည်ကြီးငယ်ကျတဲ့ကိစ္စ သေခါနီး ဘယ်သူမှမပြောနိုင်ဘဲနဲ့ ကိုယ်တယောက်တည်း မျက်ရည်ကျ ဝမ်းနည်း ပြီးသကာသ ဦးမာဒင်-ဝိညာဏ်ချုပ်သွားတယ် (မှန်ပါ) မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား)။
ရှိတဲ့ပစ္စည်းတွေက ဘာကယ်ဖော်ရသလဲ (မရပါ ဘုရား) အင်မတန် ကိုယ်ကျိုးနည်းပြီဆိုတဲ့အဓိပ္ပါယ် မရောက်ဘူး လား (ရောက်ပါတယ် ဘုရား)။
ဒါက လူတိုင်းတွေ့ရမည့် အလုပ်-လုပ်မထားတဲ့ပုဂ္ဂိုလ်မှာ (မှန်ပါ့) ရဟန်းသော၊ လူသော၊ နတ်သော အကုန်တွေ့ ရမည့်ကိစ္စ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ဟာ အခု ဆရာဘုန်းကြီး ဒီအလုပ်လုပ်ရင် ဒီကိစ္စ မတွေ့ရပါဘူး၊ မျက်ရည်ကြီးငယ် ကျရတဲ့ကိစ္စမတွေ့ရပါဘူး၊ ပြုံးပြီး သကာလ ဒကာ ဒကာမတွေ သေရပါလိမ့်မယ် (မှန်ပါ့) ဒီအခု ဘုန်းကြီးပြောတဲ့ အတိုင်းသာလုပ်ပါ (မှန်ပါ့) ပြုံးပြီး သကာလ သေရမယ် (မှန်ပါ့ ဘုရား)။
ပြုံးပြီး သကာလ သေရတာက တခြားကြောင့် မဟုတ်ဘူးတဲ့ ဒကာ ဒကာမတို့ ဒီအလုပ်သဘောတွေက မဂ်ဉာဏ်တွေက ဝမ်းထဲရောက်ပြီး သကာလ နေတော့ နိဗ္ဗာန်ကြီးကိုမြင်၍သော်၎င်းင်း၊ ထိုသို့မဟုတ်ရင်လဲ ဟိုသုဂတိသွား ရမည့် လမ်းခရီးတွေက အဲဒီကမှတဆင့်ကူးပြီး နိဗ္ဗာန်သွားရမည့် သုဂတိခရီးက နတ်ရထားတွေ လာဆိုက်ပြီး ကြိုနေတာ မြင်၍သော်လည်းကောင်း၊ ဪ-ငါတော့ဖြင့် သုဂတိကနေ နိဗ္ဗာန်ကူးရမှာဘဲ ဆိုပြီး သူသွားရမည့် ခရီးကလူ့ပြည်နေရတဲ့ ခရီးထက် ရှင်းလင်းပြီး ချမ်းသာလာတာတွေမြင်နေရတော့ ဒကာကြွယ် ပြုံးပြီးနေတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ပြုံးပြီးသေ စေချင်လို့ဟေ့
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နေ့တိုင်း ဆရာဘုရားကြီးက ဘာကြောင့် ဒါလောက်တောင် ကြိုးစားပြီး ပြောနေပါလိမ့်မတုန်း တနေ့တကြိမ် နှစ်ကြိမ် အမြဲပြောတွေ့တိုင်းလဲ ဆုံးမနေပါလိမ့်မတုန်း ဆိုတော့ ဪ-ပြုံးပြီးသေ စေချင်လို့ဟေ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်လို သေစေချင်လို့ပါလိမ့် (ပြုံးပြီးသေစေချင်လို့ပါ ဘုရား) ဘာဖြစ်လို့တုံး မေးတဲ့အခါကျတော့မှ မသေရ မည့်လမ်းကလဲ မဟုတ်တော့ ဒကာကြွယ် သေကြရမှာ (မှန်ပါ့ ဘုရား)။
အဲဒီသေခါနီးမှာ ဒီဒကာ ဒကာမတွေ ဘုန်းကြီးတို့ကလဲ အချိန်မမှီလို့ ကိုယ်ခိုင်းတုန်းက သူတို့က ဘာမှမလုပ် ခဲ့လို့ မဂ္ဂင်လမ်းမ တော်ကြီးကလဲ မတွေ့ရှာကြလို့ သေခါနီးမှ မဲ့ရွဲ့ပြီး သကာလ ကိုယ်ကျိုးနည်းပေါ့ အကြောတွေကဆွဲ၊ မြင်ရတဲ့ နိမိတ်တွေကလာတော့ ကိုယ်တယောက်တည်း မြင်နေတာ ဘယ်လိုမှပြောလို့မဖြစ် (မှန်ပါ့ ဘုရား)
ကြောက်စရာ လန့်စရာတွေ၊ ဓားတွေ၊ လှံတွေမြင်ရ ခွေးနက်ကြီးတွေ လာဆွဲတာမြင်ရ၊ ငရဲမီးတွေ ဟုန်းဟုန်း တောက်နေတာမြင်ရ (မှန်ပါ့ ဘုရား)။
ဒီလိုမြင်ရတော့မှ ဪ ဒို့နေခဲ့သ၍ဟာဖြင့် ယခုအချိန်ဖြင့် လုံးလုံးအဆိုးတွေပေါ်ပါပေါ့လား ဆိုပြီး ဒကာကြွယ် မျက်ရည်ကျတယ် (မှန်ပါ့ ဘုရား)။
မျက်ရည်ကျပြီး သကာလ ဦးသန်းမောင်တို့ ဦးမာဒင်တို့၊ ဦးဘထွေးတို့၊ ဝိညာဏ်ချုပ်တယ် (မှန်ပါ့) ချုပ်သည်နဲ့ တပြိုင်နက်တည်း မြင်နေရသည့်နေရာ ရောက်တာဘဲ (မှန်ပါ့) ကဲဘယ်ကယ်ချိန် ယူချိန်ရှိသေးသလဲ (မရှိပါ ဘုရား) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။
ဒါဖြင့် ဒီဟာမတွေ့ရမှာလား၊ တွေ့ရမှာလား သေကိစ္စဆိုတာမေးတော့ ပိုက်ဆံရှိတဲ့လူလဲ တွေ့ရမှာဘဲ မရှိတဲ့ လူလဲ (တွေ့ရမှာပါ ဘုရား)။
အဲဒါမဂ္ဂင်လမ်းမတော်
သို့သော် အဲဒီအချိန်ကျမှ ပြင်ပေ၊ ဆင်ပေးလို့လဲမရဘူး (မရပါ ဘုရား) အခုဘုန်းကြီး ပြင်ပေးနေတဲ့ မဂ္ဂင်အလုပ် ဝမ်းထဲရောက်လို့ရှိရင် အဲဒါမဂ္ဂင်လမ်းမတော်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
ဒီလမ်းကနေပြီး ရှောက်သွားတော့ မအို မသေ အမြဲ နေတဲ့ တခါမှ မတွေ့ဘူးတဲ့ ချမ်းသာရှိတဲ့ နေရာကို မြင်ရင်လဲ မြင်ရ၊ ရောက်လဲရောက်ရလိမ့်မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီဥစ္စာဘုရားကိုက အကြိမ်ကြိမ် ဆုံးမတော်မူတယ် (မှန်ပါ့) မင်းမပေါ့နဲ့၊ မင်းမပေါ့နဲ့၊ သေခါနီးမှ မျက်ရည်ကြီးငယ် မကျရစ်နဲ့ ဆိုတဲ့ဥစ္စာ အကြိမ်ကြိမ် ဒကာကြွယ် ဆုံးမတယ် (မှန်ပါ့ ဘုရား)။
ဒကာဒကာမတို့ ဒီဥစ္စာ အရေးမကြီးဘူးလား၊ ကြီးသလား (ကြီးပါတယ် ဘုရား) ဒါဖြင့် အခုကလဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မဂ္ဂင်အလုပ်ကို လုပ်ပြီး၊ ပြင်ပြီးသား၊ ဆင်ပြီးသားရှိနှင့်ကြပါစေ၊ ပြင်ပြီးသားရှိတဲ့ ပုဂ္ဂိုလ်ကျတော့ ပြုံးပြီး သကာလ ရွှေအိုးရသလို စိတ်ထဲမှာပြုံးနေတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ဪ ဒို့ဖြစ် မဲ့သေ၊ ရွဲ့သေအဖြစ်ဖြင့် လူပုံ အလည်မှာ အရှက်မခွဲချင်ပါဘူး၊ သံသရာမှာလဲ ကိုယ်ကျိုးမနည်းချင်ပါဘူး (မှန်ပါ့ ဘုရား)။
ပြုံးသေအဖြစ်နဲ့ လူပုံအလယ်မှာလဲ တင့်တင့်တယ်တယ် (မှန်ပါ့) ရောက်ရာဌာနလဲ ဒုက္ခခပ်သိမ်း ငြိမ်းတဲ့ဆီသွား ရအောင် မဂ္ဂင်ဘဲကယ်မည့်သူ-သူရှိတယ်ဆိုပြီး မဂ္ဂင်အလုပ်ဖြင့် အရိုးကျေကျေ အရေချောက်ချောက် ဆိုပြီး သကာလ ဒကာ ဒကာမတွေကြိုးစားပါဆိုတာ သိကြားမင်းအကြောင်း မပြောခင် ဒကာကြွယ်တိုက်တွန်းပါတယ် (မှန်ပါ့ ဘုရား)။
ဦးမာဒင်တို့၊ ဦးဘထွေးတို့၊ ဦးသန်းမောင်တို့၊ ကိုယ့်အရေးနော် (မှန်ပါ့) ခင်ဗျားတို့ အခုရှိတဲ့အလုပ်အကိုင် တွေ အရောင်းအဝယ်တွေ၊ ရွှေတွေ၊ ငွေတွေ၊ တိုက်တွေ တာတွေ့ဟာ ဒကာကြွယ်အလကားနော် (အလကားပါ ဘုရား)။
သေမည့်ရောဂါ တားနိုင်တဲ့သဘောမပါဘူး
ရောဂါတခုသက်သာအောင် သေမည့်ရောဂါ တားနိုင်တဲ့သဘောမပါဘူး (မှန်ပါ့ ဘုရား) ပါ-ပါရဲ့လား (မပါ-ပါ ဘုရား)။
တဏှာမြှောက်လို့သာ ကျုပ်တို့မြောက်ပြီး သကာလ ဒို့တော်သေးရဲ့ နေသာ ထိုင်သာ ရှိသေးရဲ့ဆိုပြီး၊ ပြောနေတာ (အမှန်ပါ့)အားကိုးစရာအစစ်က မဂ္ဂင်ဘဲရှိတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အားကိုးစရာအချက်က (မဂ္ဂင်ဘဲရှိပါတယ် ဘုရား)။
မဂ္ဂင်ဆိုတာကလဲ ဒကာ ဒကာမတွေ ဘုန်းကြီးများက ပေးလိုက်တော့ အလွယ်ကလေးပါ (မှန်ပါ့) မရ-အရ ယူပါဆိုတာဖြင့် လှိုက်လှိုက်လှဲလှဲ တောင်းပန်တယ် (မှန်ပါ့) ဒါမရလို့ရှိရင် ဖြင့် မဲ့ရွဲသေပြီး သကာလ အသေဆိုးနဲ့ ရောက်ရာမှာ အနေဆိုးဖြင့် ခင်ဗျားတို့ ရကြတော့မယ်(ကြုံရပါ့မယ် ဘုရား)။
ဒီမဂ္ဂင်အလုပ်ရပြီးသား ပုဂ္ဂိုလ်များတော့ အသေကောင်းရောက်ရာမှာ အနေကောင်း (မှန်လှပါ့ ဘုရား) အနေ ကောင်းဆိုတာ နိဗ္ဗာန် (မှန်ပါ့)။
အဲဒါကြောင့် ဒကာ ဒကာမတွေ လုံ့လ၊ ဝီရိယမလျှော့နဲ့ (မှန်ပါ့) ဒီလို လမ်းနှစ်လမ်းကို ပြနိုင်တဲ့ခေတ်ကလဲ သာသနာရှိအုန်းမှ (မှန်ပါ့) သာသနာ ရှိပြန်တော့လဲတဲ့ ပြောတတ်ဆိုတတ်တဲ့ပုဂ္ဂိုလ်နဲ့ ကြုံဦးမှ (မှန်ပါ့) လမ်းပေးတတ်တဲ့ ပုဂ္ဂိုလ်နဲ့ ကြုံဦးမှ (မှန်ပါ့ ဘုရား)။
လမ်းပေးတတ်တဲ့ပုဂ္ဂိုလ် ရှိနေပြန်တော့လဲ ခင်ဗျားတို့နဲ့ ဆုံဦးမှ၊ မဆုံရင်တော့ အလကား (မှန်ပါ့ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ တော်တော်သေးရဲ့၊ အသေကလဲ မစောသေး (မှန်ပါ့) ရှုတတ်တဲ့ မဂ်ဉာဏ်ကလေးလဲ ရထားတယ် (မှန်ပါ့) ဒါကလေးပဲ အားကိုးရမှာပဲဆိုတော့ ရှုရင်းမတ္တနဲ့ မင်းစိတ်ချတော့ဆိုတာ အလုပ်က ပြောပါလိမ့်မယ် (မှန်ပါ့)။
ရှုရင်းမတ္တနဲ့ အလုပ်က ပြောပါလိမ့်မယ်
ရှုရင်းမတ္တနဲ့ (အလုပ်က ပြောပါလိမ့်မယ် ဘုရား) မင်းစိတ်ချတော့ဆိုတာ ဘုန်းကြီး ပြောတာက နည်းပါသေး တယ် အလုပ်က သက်သေခံပါလိမ့်မယ် (မှန်ပါ့) ခင်ဗျားတို့ကိုယ်တိုင် ဒုက္ခချုပ်တာ ဖြစ်ရပါလိမ့်မယ် (မှန်ပါ့)။
ဪ ကိုယ့်ဒုက္ခဇာတ်သိမ်းပြီး ကိုယ်ငြိမ်းတို့ ကိုယ့်အတွက်ဖြင့် ကျုပ်ဖြင့် သေမှာလဲ မကြောက်ဘူး၊ ရောက်ရာ ဌာနမှာလဲ ကျုပ်တို့သည် လမ်းဆုံးပါပြီ ခရီးသည် မဟုတ်တော့ပါဘူး (မှန်ပါ့ ဘုရား)။
ကိုယ့်အလောင်း ကိုယ်ထမ်းပြီး သွားနေတာ ဟိုဘုံ-ဒီဘုံက ခရီးသည်ကိုဗျ (မှန်ပါ့) ဒီလမ်းတွေလဲ ဒို့ ရုပ်သိမ်းပါပြီ ဆိုပြီး သကာလ ရှင်တုန်းကတည်းက တရားအားထုတ်နေကတည်းကသိနေပြီ (မှန်ပါ့)။
အဲဒါကြောင့် အကြွေးတရားလဲ မဟုတ်ဘူး၊ လက်ငင်းတရားလဲ ဖြစ်နေတော့ ဦးမာဒင်တို့ ဦးသန်းမောင်တို့ ဦးဘထွေးတို့ ဪ ဒီပြင်ဟာတွေ ချိတ်ထားမဟေ့ (မှန်ပါ့) ကိုယ့်အရေး ကိုယ်ကြီးမလား (မှန်ပါ့) ဆိုတဲ့ဥစ္စာ ဒီနေ့ စိတ်ပြောင်းပစ်ပါ (မှန်ပါ့) မပြောင်းရင် မဖြစ်ပါဘူးနော် (မှန်ပါ့) မပြောင်းရင် မဖြစ်လို့ လေးလေးနက်နက်ဘဲ ဦးမာဒင် ပြောနေတယ် (မှန်လှပါ ဘုရား)။
ဒီလိုမှ မပြောလို့ရှိရင်လဲ ခင်ဗျာတို့က အားကိုးစရာ သာမညကလေး အားကိုးမှာစိုးရတယ် (မှန်ပါ့) အားကိုးစရာ သာမညဆိုတာ ခင်ဗျားတို့ ပင်လယ်ထဲ သင်္ဘောပျက်တဲ့အခါကျတော့ ငှက်ပျောတုံး ကလေးတခု ရထားတယ် ထားပါတော့ (မှန်ပါ့)။
အားကိုးစရာ အစစ်မဟုတ်ဘူး
ဪ အလွန်ခံလှရင် ခုနှစ်ရက်ဘဲ၊ သင်္ဘော ပျက်လို့ ငှက်ပျောတုံးရလို့ ငှက်ပျောတုံးပေါ် ခွစီးပြီး သကာလ နေရရှာတယ်ဆိုငြားသော်လဲ ဦးဘထွေးတို့ ဦးသန်းမောင်တို့ စိတ်ချရပါမလား (စိတ်မချရပါ ဘုရား) ငှက်ပျောတုံးက ပုပ်ရိပြီးသွားတော့ လူပါမြုပ်မယ် (မှန်ပါ့) အဲဒါမျိုးဟာလည်း အားကိုးစရာ အစစ်မဟုတ်ဘူး (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
တခါ ဝါးဖောင်ကလေးတခု တွေ့ပြန်တယ် သူလဲ ဝါးဖောင်ကလေးကလဲ ပင်လယ်ထဲ ဟိုလည်၊ ဒီလည်နဲ့ ရောက်နေလို့ကိုယ်က သင်္ဘောပျက်လို့ တွေ့ပြန်လဲ သူကလဲ ပင်လယ်ဒီရေတွေဝဲတွေနဲ့ တွေ့လို့ရှိရင် ဦးမာဒင် ကစင့်ကရဲ သွားမယ် (သွားမှာပါ ဘုရား) အင်း-အားကိုးလို့ မဖြစ်သေးပါဘူး (မဖြစ်ပါ ဘုရား)။
တကယ် မဂ္ဂင်ဖောင်ကြီး ဘယ်လမ်း၊ ဘယ်လေ၊ ဘယ်ရေနဲ့မှ ဘယ်လေနဲ့မှ မပျက်နိုင်တဲ့ မဂ္ဂင်ဖောင်ကြီး ရထားလို့ရှိရင် ဒကာ ဒကာမတို့ စိတ်ချတော့ (မှန်ပါ့)။
ဒါ့ကြောင့် မဂ္ဂင် ဝမ်းထဲရောက်ပါစေ၊ မဂ္ဂင် ဝမ်းထဲရောက်ကြပါစေ၊ မဂ္ဂင်ဝမ်းထဲရောက်လို့ရှိရင် မုချ အားကိုးရ ပါတယ်ကွ-ဆိုပြီး ဘုရားက ကိုးကွယ်ရာရှာကြဆိုတဲ့ဥစ္စာများ မဂ္ဂင်ကို သေသေချာချာပေးတယ် (မှန်ပါ့) ဒကာကြွယ် သဘောကျပလား (ကျပါပြီ ဘုရား) ဒါဖြင့် ဘာအားကိုးကြမလဲ (မဂ္ဂင်အားကိုးကြရပါမယ် ဘုရား)။
မဂ္ဂင်အားကိုးကြရမယ်
အားလုံး ဒကာ ဒကာမတို့ အမိအဖတွေ၊ ဆွေမျိုးဉာဒကာတွေ ထားပြီး သကာလ ဘုရား ဟောတော်မူတာရော၊ ဘုရားဟောတဲ့အလုပ်လဲ ခင်ဗျားတို့ မဂ္ဂင်ဖောင်ကြီးလဲ ကိုယ်ပိုင် ရပါစေဆိုပြီး သကာလ အခုတော့ဖြင့် သဘောၤပျက်တုန်း ဘယ်ဆွဲရမှန်းမသိဖြစ်နေတယ် (မှန်ပါ့)။
ဒါ့ကြောင့် ဒါနဖောင်လေးလောက်လဲ ငှက်ပျောတုန်းလောက်မို့ ဦးမာဒင် သိပ်အားမကိုးလောက်ဘူး (မှန်ပါ့) သီလဖောင်ကလေးကလဲ ဝါးဖောင်လောက်ဖြစ်နေတော့ တယ်အားမကိုးရဘူး (မှန်ပါ့) ရက်အနည်းငယ်သာခံပြီး တော်တော်ကြာ ကစင့်ကရဲသွားပြန်တာပဲ (မှန်ပါ့)။
အဲဒီတော့ ဝိပဿနာမဂ္ဂင်ဖောင်ကြီးတခုသာလျှင် ဘယ်လှိုင်း ဘယ်လေ၊ ဘယ်ဝဲဂယက်နဲ့ ကြုံငြားသော်လဲ သူက တုန်ခြင်း၊ လှုပ်ခြင်း၊ ပျက်စီးခြင်းမရှိတဲ့ မဂ္ဂင်ရထားမဂ္ဂင်ဖောင်ကြီးကို ဖြစ်ပျက်ရှုလို့ရှိရင် ရပါတယ် (မှန်ပါ့) နောက်ဖြစ်ပျက်အဆုံး နိဗ္ဗာန်မြင်လဲ ကိုယ်ပိုင်ရပါတယ် (မှန်ပါ့)။
ငါ့ဖောင်ကို မင်းစီးခဲ့လို့ မခေါ်နိုင်ဘူး
အဲဒီ ဖောင်ကြီးကလဲ ခင်ဗျားတို့ ဒါနပြုသလို မမှတ်နဲ့ ခင်ဗျားတို့ သီလဆောက်တည်သလို မမှတ်နဲ့ (မှန်ပါ့ ဘုရား) ယောက်ျားလုပ်လို့ရှိရင် ယောက်ျားသာပိုင်တဲ့ မဂ္ဂင်ဖောင် (မှန်ပါ့) မိန်းမလုပ်လို့ရှိရင် (မိန်းမသာပိုင်တဲ့ မဂ္ဂင်ဖောင်ပါ ဘုရား) ငါ့ဖောင်ကို မင်းစီးခဲ့လို့ မခေါ်နိုင်ဘူး (မှန်ပါ့) မခေါ်နိုင်ဘူး၊ ဒါတခြားစီ (မှန်ပါ့)။
အဲဒါကြောင့် ဘုန်းကြီး ဆုံးမတယ်၊ ယောက်ျား လုပ်တဲ့ ပုဂ္ဂိုလ်ကလဲ ဪ မင်းတို့ သွားလှူဒါန်း၊ ပေးကမ်း၊ မင်းတို့သွား-မင်းတို့အားထုတ်၊ ဒို့ကို ပြန်လာရင် အမျှပေး၊ အဲဒါက ဒါနကုသိုလ်၊ သီလကုသိုလ် ရတယ်နော် (မှန်ပါ့ ဘုရား) မဂ်စစ်ဖောင်ကြီးကုသိုလ်က ဦးမာဒင် မရပါဘူး (မရပါ ဘုရား) ကိုယ်လုပ်မှ ကိုယ်ရတယ် (မှန်ပါ့)။
မယုံလို့ရှိရင် ခင်ဗျားတို့ ဂုဏ်တော်အဆုံးကို ရွတ်ကြည့်လိုက်၊ ပစ္စတ္တ ဝေဒိတဗ္ဗော ဝိညူဟိ (မှန်ပါ့) ဒါ လူတိုင်းရတယ် (မှန်ပါ့)။
ရပေမဲ့ ခင်ဗျားတို့က ဒါ-ဘာဆိုနေတာတုံးဆိုပြီး မစဉ်စားပဲ၊ ခင်ဗျားတို့က တရားရှိခိုးနေရုံသာ လုပ်နေကြတယ် (မှန်ပါ့) တရားရှိခိုးထဲဘဲ ထည့်သုံးတယ် (သုံးနေပါတယ် ဘုရား)။
စင်စစ်အဓိပ္ပါယ်က ဒီလိုပါပဲ၊ ပစ္စတ္တံ၊ အသီးအသီး၊ ဝိညူဟိ၊ ပညာရှိမဂ္ဂင် အားထုတ်တဲ့ ပုဂ္ဂိုလ်တို့သာလျှင် ဝေဒိ တဗ္ဗော၊ ရအပ်၏။ သိအပ်၏-တဲ့ အသီးသီးရတယ်၊ ကိုယ်လုပ်ကိုယ်ရတယ် (မှန်ပါ့ ဘုရား)။
အသီးသီးရတယ် ဟေ့
သားသမီးလုပ်သားသမီးရတယ်၊ အဖေအမေ မဂ္ဂင်လုပ်ရင် (အဖေအမေရပါတယ် ဘုရား) အသီးသီးရတယ် ဟေ့-တဲ့၊ ဒါတယောက်ဖောင်ပေါ်တယောက် ကူးတက်ပြီး လိုက်မယ်ဆိုလို့ မရဘူးတဲ့ (မှန်ပါ့) ရှင်းပလား ရှင်းပါပြီဘုရား။
ဒကာ ဒကာမတို့ ပါဠိရွတ်ပါဦး (ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ) ဝိညူဟိ၊ မဂ္ဂင်အလုပ် အားထုတ်တဲ့ ပုဂ္ဂိုလ်တို့ သည်သာ ပစ္စတ္တံ၊ အသီးအသီး (မှန်ပါ့ ဘုရား)။
ဝိညူဟိဆိုတဲ့ဥစ္စာ ဝိပဿနာ အလုပ်လုပ်တဲ့ ပညာရှိမှ (မှန်ပါ့) ပစ္စတ္တံ၊ အသီးအသီး၊ ယောက်ျားလုပ်ရင် ယောက်ျားတယောက်တည်းရတယ်၊ မိန်းမလုပ်ရင် (မိန်းမတယောက်တည်းရပါတယ် ဘုရား)။
အသီးသီးသာရနိုင်ကြတယ်၊ တယောက်က အကုန်ဆွဲပြီး ဒီဖောင်ပေါ်လိုက်ခဲ့တော့ တို့မအိုရာ၊ မသေရာ၊ မနာရာ မစိုးရိမ်ရာလိုက်ခဲ့လို့ ယောက်ျားက မဂ္ဂင်ဖောင်ရလို့ မိန်းမနှင့်တကွသား သမီး ဆွေမျိုးဉာဒကာတွေကို ဦးမာဒင်တို့ ဦးသန်းမောင်တို့ မခေါ်နိုင်ဘူးတဲ့ (မခေါ်နိုင်ပါ ဘုရား)။
ပါဠိတော်ကြည့်ပါလား၊ ဝိညူဟိ၊ ပညာရှိတို့သည်၊ ပစ္စတ္တံ အသီးသီးဆိုတော့ ကဲ သူများပါသေးသလား (မပါ- ပါ ဘုရား) အသီးအသီး တယောက်စီပဲတဲ့၊ လုပ်တဲ့တယောက်သာ ရမယ်တဲ့၊ ကျန်တဲ့ပုဂ္ဂိုလ် (မရပါ ဘုရား)။
ကဲ-ခင်ဗျားတို့က ဒါနတရားတို့ သီလတရားတို့ ရော့ငါလုပ်ထားတယ်၊ အမျှယူတော့ဆိုလို့ရတယ်၊ ဒီလို မအောက်မေ့နဲ့ (မှန်ပါ့) မဂ္ဂင်အလုပ်က ဒီလိုမဟုတ်ဘူးတဲ့ (မှန်ပါ့) တယ်ကွာခြားပါလား (ကွာပါတယ် ဘုရား)။ ဒကာကြွယ် ဒါကြောင့် ကိုယ့်သားမယားများ တိုက်တွန်းလဲကြည့်ဟေ့၊ ပါဠိက ဘုရားဟောထားတာက ဒီလိုရှိ တယ်၊ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ (မှန်ပါ့ ဘုရား)။
ဝိညူဟိ၊ မဂ္ဂင်အလုပ်ကို အားထုတ်သော ပုဂ္ဂိုလ်တို့သည်၊ ပစ္စတ္တံ၊ ကိုယ့်အတွက် ကိုယ့်အတွက်ဟုတ်လား (မှန်ပါ့) ဝေဒိတဗ္ဗော၊ သိအပ်ခံစားအပ်၏တဲ့၊ ကံ ကိုယ့်အတွက်သာ ကိုယ်ရတယ် (မှန်ပါ့)သူများမရဘူး (မရပါ ဘုရား) ရိမ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ကိုယ့်အလုပ် ကိုယ်လုပ်ပါ
အဲဒီတော့ သားမောင်ခင်ပွန်းတို့ ခင်ဗျားတို့ ချစ်ကြ ခင်ကြ ကြင်နာကြတယ်ဆိုလို့ရှိရင်ဖြင့်လုပ်ပါ ကိုယ့်အလုပ် ကိုယ်လုပ်ပါလို့ တိုက်တွန်းတယ် (မှန်ပါ့ ဘုရား)။
ယောက်ျားလုပ်တဲ့ ပုဂ္ဂိုလ်ကလဲ မိန်းမကို ကိုယ့်အလုပ် ကိုယ်လုပ်ပါ၊ မဂ္ဂင်အလုပ်ဟာဟေ့ အမျှပေးလို့မရဘူးတဲ့ (မှန်ပါ့) ဦးမာဒင် ဘာတဲ့တုံး (မဂ္ဂင်အလုပ်ဟာ အမျှပေးလို့မရပါ ဘုရား)။
ကိုယ်သောတာပန် တည်တာကို မိန်းမ သောတာပန်တည်ပါစေလို့ ဆုတောင်းလို့မရဘူး (မှန်လှပါ) ကိုယ်သကဒါ ဂါမ်တည်တာကို (မိန်းမသကဒါဂါမ်တည်ပါစေလို့ ဆုတောင်းလို့မရပါ ဘုရား) မရဘူး ဦးလှဘူးရာ၊ ဒါတွေ အသီးသီးသာရ တယ်ဟေ့ (သေချာပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ်လုပ်မှ ကိုယ်ရတယ် ဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။
အဲဒီတော့ ကိုယ့်ကိုယ်ကို သနားရင် ကိုယ်လုပ်ပါ (မှန်ပါ့) ဘုန်းကြီးဘာမှ တိုက်တွန်းစရာမလိုဘူး (မလိုပါဘူး) ကိုယ့်ကိုယ်ကို တခါတည်း ဝဲထဲမှာ၊ ငရဲထဲမှာမှ ထွက်ချင်လို့ သေခဏ်းရှင်ခဏ်း၊ ဒါတွေနဲ့ ပြတ်ချင်ပါပြီ၊ ကိုယ့်ကိုယ်ကို သနားတဲ့အတွက်သာလုပ်တော့ ဘုန်းကြီးကြည်ညိုလို့ မလုပ်နဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်လိုစိတ်ထားရှိရမလဲ (ကိုယ့် ကိုယ်ကိုသနားတဲ့အတွက် လုပ်ရပါ့မယ် ဘုရား) ကိုယ့်ကိုယ်ကို သနားတဲ့အတွက် လုပ်ပါတော့ (မှန်ပါ့ ဘုရား)။
ကိုယ့်ကိုယ်ကို ဆုံးမ
ပျင်းတဲ့အချိန်ကလေး ဝင်လာတယ်၊ ဒါကလေးဟာ အားထုတ်မယ်၊ ထိုင်ပြီးလဲ အားထုတ်မယ်၊ သွားရင်းလဲ အားထုတ်မယ်လို့ စိတ်ကူးတော့ ဒီအလုပ်မလုပ်ဖြစ်တဲ့ သဘောကလေးကိစ္စကလေးတွေ များလွန်းလို့ဆိုရင် ဪ မင်းတို့နှယ် မိုက်လိုက်တာ ကိုယ့်ကိုယ် သနားတဲ့အထဲ မင်းမပါဘူး (မှန်ပါ့) ကိုယ့်ကိုယ်ကို ဆုံးမရတယ် (မှန်ပါ့ ဘုရား)။
ကိုယ့်ကိုယ် သနားတဲ့အထဲမှာ(မင်းမပါ-ပါဘူး) ဪ မင်းဟာ ကိုယ့်ကိုယ်ကိုမှ မသနားတဲ့ ပုဂ္ဂိုလ်က သူများများ အန္တရာယ်ကင်းပါစေ၊ ဘေးရှင်းပါစေ၊ မင်းလောကွတ်ချော်တာအလကား၊ သူများမေတ္တာပို့တာလေ (မှန်ပ့ါ ဘုရား)။
ကိုယ့်ကိုယ်မှ မသနားတဲ့ပုဂ္ဂိုလ်ဟာ ခင်ဗျားတို့ သူများမေတ္တာပို့ရင် ခင်ဗျားတို့ အမှန်ယူကြမလား၊ လောကွတ်ဆို ကြမလား (လောကွတ်ပါ ဘုရား) ရိပ်မိလား (ရိပ်မိပါပြီ ဘုရား)။
အဲဒါလောက်ပြောလို့ရှိရင်ဖြင့် ဪ ပါဠိတော်ကြီးကရှိ ဘုရားမြတ်စွာတို့ အဆူဆူ ဒီအတိုင်း ဟောသွားတော် မူကြတယ်၊ ကိုယ်လုပ်မှကိုယ်ရမယ်၊ ပစ္စတ္တံ၊ ဝေဒိတဗ္ဗော၊ ဝိညူဟိ ဆိုတာ ခင်ဗျားတို့ လူတိုင်းရပါတယ် (မှန်ပါ့ ဘုရား)။
ကိုယ်မဂ္ဂင်လုပ်မှ မဂ်ရမယ်
မရကြဘူးလား (ရပါတယ် ဘုရား) အခုတော့ရှင်းပြီ၊ ကိုယ်မဂ္ဂင်လုပ်မှ မဂ်ရမယ် (မှန်ပါ့) သူတပါးကို ငါ့မဂ္ဂင် ဖောင်ပေါ်လိုက်ခဲ့လို့ခေါ်လို့ (မရပါ ဘုရား) သေချာပလား (သေချာပါပြီ ဘုရား)။
အဲဒီတော့ကို ခင်ဗျားကို လောကကြီးထဲက ဘယ်လိုဖြစ်နေသတုံးလို့ မေးတဲ့အခါကျတော့ ငါ့တို့တော့ မသွားနိုင် ဘူးမင်းတို့သွားကြ မင်းတို့သွားရတာလဲ၊ ဒို့က ဒီကနေပြီး အတူတူပေါ့ကွာ (မှန်ပါ့)။
အဲဒါ-ဒါနကုသိုလ် သာဓုခေါ်လို့ရတယ် (မှန်ပါ့) မဂ္ဂင်ကျတော့ (မရပါ ဘုရား) ဒီပါဠိတော် ရွတ်လိုက်ပါ ဒကာကြွယ် ဘာတဲ့ (ပစ္စတ္တံ၊ ဝေဒိတဗ္ဗော၊ ဝိညူဟိ)။
ပစ္စတ္တံ၊ အသီးသီး ကိုယ်လုပ်မှကိုယ် (မှန်ပါ့) ဝိညူဟိ ပညာရှိမှတဲ့ (မှန်ပါ့) ပညာရှိမှ အသီးအသီး ကိုယ်လုပ်မှ မဂ္ဂင်ကိုယ်ရတယ်၊ သားမယားများ မပေးနိုင်ဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ပစ္စတ္တံ၊ ဝေဒိတဗ္ဗော၊ ဝိညူဟိ၊ သိသဖြင့် မိန်းမကလဲ ယောက်ျားလုပ်နေတာ ကိုယ်တဝက် ဆိုင်နေတယ်လို့ မယူလိုက်ပါနဲ့ (မှန်ပါ့) ဒါန အမွေလိုမဟုတ်ဘူး (မှန်ပါ့) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။
ကိုယ်လုပ်မှကိုယ်ရ
ဒါဖြင့် ဦးမာဒင် ဘယ့်နှယ်လုပ်ကြမလဲ (ကိုယ်လုပ်မှကိုယ်ရပါတယ် ဘုရား) ကိုယ့်အလုပ်ကိုယ်ပိုင်ဖြစ်အောင် လုပ်ကိုင် (မှန်ပါ့) ဒါမှ ခုနင်က မဲ့သေတွေရုပ်သိမ်း၍ ပြုံးသေအဖြစ်သို့ ပြောင်းပါလိမ့်မယ် (မှန်ပါ့ ဘုရား)။
မဲ့သေရုပ်သိမ်း၍ (ပြုံးသေအဖြစ်သို့ပြောင်းပါလိမ့်မယ်) ပြုံးသေအဖြစ်သို့ ပြောင်းပါလိမ့်မယ်ဆိုတဲ့ ဥစ္စာ လောကကြီးမှာ လူတလုံးလုပ်ပြီး သကာလ လူပုံအလယ်မှာ တင့်တင့်တယ်တယ်နဲ့ နေနိုင်ငြားသော်လည်း သေခါနီးမှ မဲ့သေမျက်ရည်ကျရတော့ အရှက်ကွဲလိုက်တဲ့ဖြစ်ခြင်း မပြောနဲ့တော့ (မှန်ပါ့) ကြောက်စရာမကောင်းဘူးလား (ကောင်းပါ တယ် ဘုရား)။
အရှက်ကွဲတာမှ အကြီးအကျယ် အရှက်ကွဲတာဘဲ (မှန်ပါ့) သံသရာဘက်ကျတော့လဲ အလိုလေး၊ အလာလေးနဲ့ သံရည်ပူတွေစားပြီး သကာလ သံပြားကြီးရဲရဲပေါ်မှာအိပ်ပြီး သကာလ ပဲခွပ်တွေနဲ့ တိရစ္ဆာန်ခုတ်သလိုခုတ်ပြီး ရွေချနေတဲ့ သွေးတွေက မီးတွေကတောက်ပြီး ကိုယ့်ပြန်လောင်နေတဲ့ကိစ္စ ငရဲကိစ္စ (မှန်ပါ့ ဘုရား)။
ဒါတွေကျတော့ တွေးမှတွေးဝံ့ကြရဲ့လား (မတွေးဝံ့ပါ ဘုရား) မတွေးဝံ့ဘူးဆိုတာ ဦးမာဒင်တို့၊ ဦးသန်းမောင်တို့၊ ဦးဘထွေးတို့ သေချာတော့မယ် (သေချာပါတယ် ဘုရား)။
သွားမှကြည့်ရဲပါ့မလား (မကြည့်ရဲပါ ဘုရား) ကိုယ်ကိုယ်တိုင်ဖြစ်ရမယ်ဆို ခံရဲပါ့မလား (မခံရဲပါ ဘုရား) အဲဒါမဂ္ဂင်ကတော့ ကယ်နိုင်တယ်နော် (မှန်ပါ့) ဒကာကြွယ် ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။
ဒါလောက် ခင်ဗျားတို့ကို အကျိုးအကြောင်းသိပြီး သကာလ ဒီအလုပ်မလုပ်ဖြစ်ကြတဲ့ အထဲမှာ ထည့်ပါတော့ ဆိုတာ ဘုန်းကြီး တိုက်တွန်းဘို့တောင် မလိုဘူး၊ ကိုယ့် ကိုယ်သနားရင်လုပ် (မှန်ပ့ါ) ဘယ်လိုမှာသတုံး (ကိုယ့်ကိုယ် သနားရင် လုပ်ရပါ့မယ် ဘုရား)။
ခန္ဓာကပြောတာကို ဉာဏ်က ခေါင်းငြိမ့်လိုက်ပါ
ကိုယ့်ကိုယ် သနားရင်ဖြင့် လုပ်ကြပါ။ ပိုက်ဆံလဲ မကုန်ပါဘူး၊ ဉာဏ်ထုတ်ရုံပါ (မှန်ပါ့) ဉာဏ်ကလေးနဲ့ ခန္ဓာ လှည့်ကြည်လိုက်လို့ရှိရင် ခန္ဓာကပြောတာကို ဉာဏ်က ခေါင်းငြိမ့်လိုက်ပါ (မှန်လှပါ ဘုရား)။
ခန္ဓာက အနိစ္စပြောရင် ဪ အနိစ္စကိုးလို့ ဉာဏ်ကခေါင်းငြိမ့်လိုက်ပါ (မှန်ပါ့) ခန္ဓာက ဒုက္ခကိုပြောရင် (ဒုက္ခလို့ခေါင်းငြိမ့်ပါ ဘုရား)။
ဉာဏ် ဪ ဒါဒုက္ခလို့ ပြောတယ်ဆိုပြီး ဉာဏ်ကလိုက်နေပါ (မှန်ပါ့) ဦးမာဒင် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
မပြောတဲ့ ခန္ဓာရယ်လို့ ရှိရဲ့လား (မရှိပါ ဘုရား) မပြောတဲ့ ခန္ဓာရယ်လို့မရှိတာ ဘုန်းကြီး ရှင်းပါ့မယ် (မှန်ပါ့ ဘုရား)။
မပြောတဲ့ ခန္ဓာရယ်လို့ မရှိပါဘူး၊ ခန္ဓာကဘာတုံးဆိုလို့ရှိရင်ဖြင့် ဝေဒနာက္ခန္ဓာဆိုလို့ရှိရင် ဝေဒနာက ကျုပ် သုခဝေဒနာကလေးဖြစ်ပြီး၊ ပျက်ပြီဆိုတာ ကလေးဟာ ခန္ဓာကပြောတယ် (ပြောပါတယ် ဘုရား) ဒုက္ခဝေဒနာကလေး ဖြစ်ပြီး၊ ပျက်ပြီးဆိုတာကော (ပြောပါတယ် ဘုရား)။
ဥပေက္ခာဝေဒနာကလေးက ဖြစ်ပြီး ပျက်ပြီဆိုတာကော (ခန္ဓာကပြောပါတယ် ဘုရား) ခန္ဓာကပြောတာ ဉာဏ်က ခေါင်းငြိမ့်လိုက် (မှန်ပါ့ ဘုရား)။
မဂ္ဂင်ဆိုတာ ဒီဉာဏ်ကိုဆိုတာ
ခန္ဓာပြောတာကို ခေါင်းငြိမ့်ပြီး လိုက် လိုက်မယ်ဆိုလို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ခန္ဓာက အပြောသမား၊ ဉာဏ်က ခေါင်းငြိမ့်သမား ဆိုတော့ ဒီဉာဏ်သည် အားလုံးမှတ် ဘယ်လှိုင်း ဘယ်လေ ဘယ်ဂယက်မှ မမြုပ်နိုင်တဲ့ မဂ္ဂင်ဆိုတာ ဒီဉာဏ်ကိုဆိုတာ (မှန်ပ့ါ) သေချာကြပလား (သေချာပါပြီ ဘုရား)။
ဘယ်လှိုင်း၊ ဘယ်လေ၊ ဘယ်ဂယက်မှ မဖျက်ဆီးနိုင်ဘူး ဆိုတဲ့ ဥစ္စာ လောကဓ လေတွေဘာပဲ တိုက်တိုက် မပျက်စီးဘူးဆိုတဲ့ ဥစ္စာ ဒီမဂ္ဂင်ကိုဆိုတာ (မှန်ပါ့ ဘုရား) ခေါင်းငြိမ့်တဲ့ ဉာဏ်သည့် မဂ္ဂင်ပါပဲ (မှန်ပါ့) ဒကာကြွယ် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ကဲ ဦးမာဒင်တို့၊ ဦးသန်းမောင်တို့ နားလည်ပြီလား (နားလည်ပါပြီ ဘုရား) ဒါဖြင့် ကိုယ့်ကိုယ် သနားရင် ဘာလုပ်ရမလဲ (မဂ္ဂင်အလုပ်-လုပ်ရပါမယ် ဘုရား)။
မဂ္ဂင်အလုပ်ဟာ တခြားမှာရှိသလား (မဟုတ်ပါ ဘုရား) ခန္ဓာကပြောတာ ဉာဏ်ကခေါင်းငြိမ့်တာ မဂ္ဂင်ဘဲလို့ မှတ်လိုက်(မှန်ပါ့ ဘုရား)။
ခန္ဓာကပြောတာကို ဉာဏ်က ခေါင်းငြိမ့်ရင် ဒါမဂ္ဂင်သာမှတ် (မှန်ပါ့) ဪ ဒါဖြင့် မဂ်ဖိုလ်ရပါလို၏လို့ ဆုတောင်းလို့ ဝမ်းထဲရောက်လာတာလား၊ ခန္ဓာကပြောတာ ခေါင်းငြိမ့်တဲ့အတွက် အဲဒီဉာဏ်က မဂ္ဂင်ဖြစ်တာလားမေးရင် ဘယ့်နှယ် ဖြေမလဲ (ဉာဏ်က မဂ္ဂင်ဖြစ်ဘာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်သူက မဂ္ဂင်ဖြစ်သလဲ (ဉာဏ်က မဂ္ဂင်ဖြစ်ပါတယ် ဘုရား) အဲဒါကြောင့် ဒကာ ဒကာမတွေတို့ ဉာဏ်ဟာ မဂ္ဂင်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ကိုယ့်ခန္ဓာက ပြောလို့ ကိုယ့်ခေါင်းငြိမ့်လို့ ကိုယ်မဂ္ဂင်ရတာ၊ ဒကာ ဒကာမတို့ ကိုယ့် မဂ္ဂင်ဖောင်ကြီး ဟာ ကိုယ့်ဝမ်းထဲမှာဖြစ်တယ် (မှန်ပါ့ ဘုရား)။
သားသမီးဝမ်းထဲမှာဖြစ်တဲ့လား (မဖြစ်ပါ ဘုရား) ခင်ပွန်းမတွေဝမ်းထဲမှာကော (မဖြစ်ပါ ဘုရား) ဒါ့ကြောင့် ဝိညူဟိဉာဏ်နဲ့ ခေါင်းငြိမ့်တဲ့ ပုဂ္ဂိုလ်တို့သည်သာလျှင်၊ ပစ္စတ္တံ အသီးသီး ဝေဒိတဗ္ဗော ရအပ်သိ အပ်၏တဲ့ (မှန်ပါ့) ဉာဏ်နဲ့ခေါင်းငြိမ့်တဲ့ ပုဂ္ဂိုလ်ရတာ၊ ဘယ်သူပေးလို့မှ ရတာမဟုတ်ဘူး (မှန်ပါ့ ဘုရား)။
ကိုယ်ရထားပေမဲ့ သားများ၊ မယားများ သူတို့ခေါင်းမငြိမ့်ရင် သူတို့မရဘူး (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒါ့ကြောင့် ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် သနားရင် ဘာလုပ်ရမလဲ (မဂ္ဂင်အလုပ် လုပ်ရပါမယ် ဘုရား) မဂ္ဂင် အလုပ် လုပ်ရမယ်ဆိုတဲ့ ဥစ္စာဖြင့် ထိပ်မှာသံမှိုစွဲသလို ဒကာကြွယ် မှတ်ရမယ် (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
တဏှာကုန်တဲ့နည်းကိုပြောမလို့
ဒီဥစ္စာ ဘုန်းကြီး ဘာပြောနေတာတုံးလို့ မေးလို့ရှိရင်ဖြင့် တဏှာ သင်္ခယသုတ်တော်ကို ပြောမလို့ (မှန်ပါ့) တဏှာသင်္ခယဆိုတာ တဏှာက တဏှာ၊ သင်္ခယက ကုန်တာ၊ တဏှာကုန်တဲ့နည်းကိုပြောမလို့ (မှန်ပါ့) မဂ္ဂင်ရတဲ့ပုဂ္ဂိုလ် ဟာ တဏှာကုန်တာဘဲ (မှန်ပါ့ ဘုရား)။
အဲဒါကြောင့် သိကြားမင်းကြီးသည် ဥယျာဉ်တော်ထွက်ရင်းမတ္တနဲ့ ဧရာဝဏ်ဆင်ကြီးစီးပြီး သကာလ အပျော် အပါးရယ်လို့ နတ်သား၊ နတ်သမီးတွေနဲ့ ထွက်လာတုန်းဘဲ တဏှာ အမြန်ဆုံးကုန်တဲ့နည်း (ဝါ) မဂ္ဂင်ဖောင်ကို ကိုယ်ပိုင်ရ တဲ့နည်းဟာဖြင့် ဘယ်နည်းပါလိမ့်မလဲလို့ သူ့စိတ်ထဲမှာ ပေါ်လာတယ် (မှန်ပါ့ ဘုရား)။
ပေါ်လာရင် ပေါ်လာခြင်း ဪ ဒီဥယျာဉ်ထဲမှာ နတ်သား၊ နတ်သမီးတွေနဲ့ ပျော်လိုက် ပါးလိုက်၊ တီးကြမှုတ်ကြ၊ ခုန်ကြလို့ရှိရင် အခုပေါ်လာတဲ့တဏှာ အမြန်ကုန်တဲ့နည်းဟာ ဘယ်နည်းပါလိမ့်မတုံးဆိုတဲ့ တွေးလုံးကလေးပျောက်သွား ချေရဲ့ (မှန်ပါ့ ဘုရား)။
ဆိုပြီးကပြာကယာ ဆင်ပေါ်ကဆင်းပြီး ပုဗ္ဗာရုံကျောင်း ဘုရား သီတင်းသုံးနေကုန်း ဦးမာဒင်ရောက်လာတယ် (မှန်ပါ့) ကွေးသောလက် ဆန့်သလောက် အချိန်နဲ့ ရောက်လာတယ် (မှန်ပါ့ ဘုရား)။
အဲဒီတွင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို သူက ဝင်လျှောက်တယ်။
ကိတ္တာဝတာ နုခေါ ဘန္တေ၊
တဏှာသင်္ခယ ဝိမုတ္တော ဟောတိ။
ဘယ်ကဲ့သို့များ အားထုတ်ရလို့ရှိရင်ဖြင့် တဏှာ အမြန်ကုန်တဲ့ မဂ္ဂင်ဖောင်ကြီး ကိုယ်ပိုင်ရပါ့မလဲ (မှန်ပါ့ ဘုရား) ဒါမေးတာဘဲ (မှန်ပါ့ ဘုရား)။
အရှင်ဘုရား တပည့်တော်ကလဲ ဥယျာဉ်ထဲမှာ ပျော်မလို့ပါးမလို့ အဆင်သင့်ပြင်ဆင်ထားပြီးသား၊ ဥယျာဉ် ပေါက်ဝမှာ သတိရတာနဲ့ ထွက်လာတာပါဘုရား မြန်မြန်ဟောပါ။
တဏှာ အမြန်ဆုံးကုန်တဲ့နည်း တပည့်တော်သိချင်ပါတယ် (မှန်ပါ့) မဂ္ဂင်ဖောင်ကြီးကို ကိုယ်ပိုင်ရချင်တယ် ပြောတာပါပဲ (မှန်ပါ့ ဘုရား)။
ဝေဒနာ ဘယ်နှစ်ပါးရှိသလဲ
အဲဒီတွင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သိကြားမင်းကျကတော့ သိကြားမင်းနဲ့ သင့်လျော်တဲ့ တရားကို ဟောတယ်လို့မှတ်ပါ (မှန်ပါ့) မင်းခန္ဓာကိုယ်ထဲမှာ ဝေဒနာသုံးပါးရှိသဟေ့တဲ့ (မှန်ပါ့ ဘုရား)။
သိကြားကို ဟောပြီ ဒကာ ဒကာမတို့ သိကြားခန္ဓာထဲမှာ ဝေဒနာ ဘယ်နှစ်ပါးရှိသလဲ (သုံးပါးရှိပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ခင်ဗျားတို့ခန္ဓာထဲမှာလဲ ဒကာကြွယ် သုံးပါးပဲရှိတယ် (မှန်ပါ့) တခါတလေ ဝမ်းသာတယ်ဆိုတဲ့ စိတ်ကလေးကော မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
အဲဒါ သုခဝေဒနာပဲ (မှန်ပါ့) တခါတလေ ကျုပ်ဖြင့် စိတ်ပျက်တယ်ဆိုတာကော (ဒုက္ခဝေဒနာပါ ဘုရား) ကျုပ်ဖြင့် နေရတာ ဝမ်းသာဝမ်းနည်း ကင်းပါရဲ့ဆိုတော့ (ဥပေက္ခာ ဝေဒနာပါ ဘုရား)။
အဲဒီတော့ ဝမ်းသာတာလဲ ဝမ်းသာတဲ့စိတ်ကို ကျုပ်တို့ နောက်ကနေပြီး သကာလ ရှိသေးသလားလို့ နေ့လယ်က ဟောတဲ့အတိုင်း ရှိသေးသလား ကြည့်နေ (မှန်ပါ့) မရှိဘူးလို့ သိရင် မဂ္ဂင်ရပြီ (မှန်လှပါ ဘုရား)။
ဝမ်းနည်းတဲ့စိတ်ကလေး ပြန်ကြည့်၊ တာရှည် ဝမ်းနည်းမနေနဲ့၊ ဒီဝမ်းနည်းတဲ့စိတ်ကလေးဟာ ရှိသေးသလား မရှိဘူးလား ပြန်ကြည့် (မှန်လှပါ)။
မရှိမှန်းသိလို့ရှိရင် မဂ်ရပြီအောက်မေ့ (မှန်ပ့ါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဝမ်သား ဝမ်းနည်းတဲ့ စိတ်ကလေး ပေါ်နေတယ်၊ ဝေဒနာကလေးတွေ ပေါ်နေတယ်၊ စိတ်နဲ့ဝေဒနာဟာ အတူတူယှဉ်ဖြစ်တာဘဲ (မှန်ပါ့ ဘုရား)။
ရှိသေးသလားလို့ ပြန်ကြည့်
ဒါကလေးပေါ်လာလဲ ရှိသေးသလားလို့ ပြန်ကြည့်၊ ကြည့်လိုက်တော့ ဘာတွေ့မယ်ထင်သတုံး (မရှိတာတွေ့ပါ တယ် ဘုရား) မရှိတာတွေ့တော့ မရှိတာသည် ဒကာ ဒကာမတို့ အနိစ္စ၊ သိတာသည် (မဂ္ဂပါ ဘုရား)။
ဒါက ဒကာ ဒကာမတွေ တရားတပွဲလုံးဘဲ တွေးကြတော့၊ ဒီမဂ်ဟာ အလိုလိုပေါ်လာတာလား၊ မရှိတာသိုလိ့ ပေါ်တာလား (မရှိတာသိလို့ ပေါ်လာတာပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေက ခင်ပွန်းမတွေက မရှိတာ သိတော့ သူတို့မဂ်မရဘူး (မှန်ပါ့) ယောက်ျားတွေက ဘုန်းကြီးပြောတဲ့အတိုင်း ဝိပဿနာရှုလိုက်လို့ မရှိတာသိလိုက်ရင် (မဂ်ရပါတယ် ဘုရား)။
အဲဒီမဂ်ကို ကဲ မင်းအမျှယူလိုက်တော့ဆိုလို့ ရပါမလား (မရပါ ဘုရား) ဘယ်ရမလဲ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်ဖြတ်တာ ဦးမာဒင် (မှန်ပါ့ ဘုရား)။
ကိုယ့်ဝမ်းထဲမှာရှိတဲ့ ပဋိစ္စသမုပ္ပါဒ်ကို (ကိုယ်ဖြတ်ပါတယ် ဘုရား) ကိုယ့်မဂ္ဂင်ကဖြတ်တယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။
ဟို ဒကာမသန္တာန် သားသမီးသန္တာန်မှာသွားပြီး ဒီမဂ်ကဖြတ်နိုင်ရဲ့လား (မဖြတ်နိုင်ပါ ဘုရား) ဒါ့ကြောင့် မဂ်ကို အမျှပေးလို့ မရဘူးဆိုတော့ ခုနင်က ပါဠိဟာ ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘာတဲ့တုန်း ပြန်ရွတ်လိုက်စမ်း (ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ) ဝိညူဟိ=ဝိပဿနာအားထုတ်တဲ့ ပုဂ္ဂိုလ်တို့သည် သာလျှင်၊ ပစ္စတ္တံ=အသီးအသီး-ကိုယ်ပိုင် (မှန်ပါ့) ဟော-အသီးအသီးကိုယ်ပိုင်ရတယ် (မှန်ပါ့) ဝေဒိတဗ္ဗော=သိအပ်၏ -ရအပ်၏ ဪ-ကိုယ်အားထုတ်မှ ကိုယ်ရတယ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတွေ ဘာတဲ့ (ကိုယ်အားထုတ်မှ ကိုယ်ရပါတယ် ဘုရား) ဘေးက သာဓု-တမ်းတနေလို့ (မရပါ ဘုရား)။
ခင်ဗျားတို့က ဘယ်သူ ဘာလုပ်တယ်ဆိုရင် သာဓု-သာဓု-တဲ့ (မှန်ပါ့) အဲ-သာဓု တမ်းတမရဘူး (မှန်ပ့ါ) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ဒါန အမျှပေးလို့ရတယ်
ခင်ဗျားတို့က နဂိုက သာဓု တမ်းတနေတော့ ရတယ်လို့ ထင်နေတယ် (မှန်ပါ့) ရပါတယ်တဲ့ ခင်ဗျားတို့ထင်တာ ဒါန အမျှပေးလို့ရတယ်၊ သီလဆောက်တည်တာတွေ အမျှ အမျှ အမျှ ဆိုရင် သာဓုခေါ်ပါက ရတယ် (မှန်ပါ့ ဘုရား)။
ဒီမဂ်ဉာဏ်ကတော့ သူ့ဝမ်းထဲသူဖြစ်တာ၊ ဖြစ်နေသောကြောင့် သူ့ပဋိစ္စသမုပ္ပါဒ်သာ သူဖြတ်တာ၊ သူများ ပဋိစ္စသမုပ္ပါဒ်ကို ဦးမာဒင် ဖြတ်ပေးရဲ့လား (မပေးပါ ဘုရား)။
ဒါဖြင့် ဒီမဂ်သည်ကားလို့ ဆိုရင်ဖြင့် ကိုယ့်သန္တာန်သာဖြစ်၍ ကိုယ့်ပဋိစ္စပ္ပါဒ် ကိုယ်ဖြတ်တဲ့မဂ်ဖြစ်နေသော ကြောင့် ကိုယ်သာရတယ် (မှန်ပါ့ ဘုရား)။
ကိုယ်သာလျှင် ဒုက္ခစက်ကို ဖြတ်ပေးသောကြောင့် ကိုယ်သာလျှင် နိဗ္ဗာန်ရတယ် (မှန်ပါ့) သူများတော့ (မရပါ ဘုရား) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ကဲ ဒါခင်ဗျားတို့ ဆိုင်ရာ ဆိုင်ရာကိုလဲ ရှေးမူတွေ ပျောက်ပြီး သကာလ ရှေးမူပျောက်မယ် ဆိုတာကတော့ သာဓုတမ်းတနေပြီး သကာလ အချောင်ယူတာ ရှိသေးတယ် (မှန်ပ့ါ) မရှိဘူးလား (ရှိပါတယ် ဘုရား)။
အဲဒါက ဒါနတွေ၊ သီလတွေရတယ်၊ တကယ့် မဂ်ဉာဏ် ဖိုလ်ဉာဏ် ပြုံးပြီး သေရမည့်ဉာဏ်ကတော့ သာဓု တမ်းတမရဘူးလို့ မှတ်ထားပါ (မှန်ပ့ါ) ရိပ်မိလား (ရိပ်မိပါပြီ ဘုရား)။
အဲ ဝိပဿနာအလုပ်မျိုးကတော့ သာဓုတမ်းသမားနဲ့ တခြားစီလို့ ဒကာကြွယ်က သေသေချာချာမှတ်ပါ (မှန်ပါ) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။
အဲဒီတွင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သိကြားမင်းကို အမြန် မဂ္ဂင်ဖောင်ကို ရချင်တယ်ဆိုလို့ရှိရင်ဖြင့် ဝေဒနာသုံးပါးရှိတယ်၊ အဲဒီသုံးပါးကို ငါပေးတဲ့မဂ္ဂင်နဲ့ ဒါတွေကို အပျက်အမြင်နဲ့ ဉာဏ်ကလေးသွင်းလိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
ဒါတွေ ဘာတဲ့ (အပျက်မြင်တဲ့ဉာဏ်သွင်းရပါမယ်) ဝေဒနာ အပျက်မြင်တဲ့ဉာဏ်ကလေး သွင်းလိုက်စမ်းပါ တဲ့ (မှန်ပါ့ ဘုရား)။
အပျက်မြင်တဲ့ဉာဏ်ကလေးသွင်းလိုက်
ဝေဒနာ အပျက်မြင်တဲ့ဉာဏ်ကလေးသွင်းလိုက်တော့ ဝေဒနာပစ္စယာ တဏှာ မလာတော့ဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဝေဒနာပစ္စယာ တဏှာ လာသေးရဲ့လား (မလာပါ ဘုရား) အပျက်မြင်တဲ့မဂ်က ဝင်ဖြတ်တယ် (မှန်ပ့ါ) သဘောပါပလား (ပါ-ပါပြီ ဘုရား)။
ထုံးစံကတော့ဖြင့် ဝေဒနာ ပစ္စယာ တဏှာ (မှန်ပါ့) အဲဒါဝိပဿနာမလုပ်တဲ့ ပုဂ္ဂိုလ်ကိုဟောတဲ့ ပါဠိတော်လို့ မှတ်လိုက် (မှန်ပါ့ ဘုရား)။
ဘယ်သူ့ဟောတာပါလိမ့် (ဝိပဿနာမလုပ်တဲ့ ပုဂ္ဂိုလ်ကို ဟောတာပါ ဘုရား) မဂ်ရအောင်မလုပ်တဲ့ပုဂ္ဂိုလ်ကို ဟောတဲ့ပါဠိ (မှန်ပါ့) မဂ်ရအောင် လုပ်တဲ့ပုဂ္ဂိုလ်ကို ဟောတဲ့ ပါဠိတော်က ခင်ဗျားတို့က မရဘူး (မှန်ပါ့) ကဲ ဘုန်းကြီး သင်ပေးပါ့မယ်။
သုခဝေဒနာကလေးဟာ ဝမ်းထဲမှာ ချမ်းသာတာကလေး ပေါ်တယ်၊ အဲဒီ ချမ်းသာတာကလေးကို ခင်ဗျား တို့က ရှိသေးသလား မရှိဘူးလား ကြည့်လိုက်တော့ ဖြစ်ပြီး ပျက်သွားပြီလို့ မသိဘူးလား (သိပါတယ် ဘုရား)။
ဒါဖြင့် ဖြစ်ပျက်က ဝေဒနာ (မှန်ပါ့) သိတာက မဂ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဖြစ်ပျက်က အနိစ္စ၊ သိတာက (မဂ်ပါ ဘုရား) ကိုင်း-ခင်ဗျားတို့ကို အမြင်ပြပြီ (မှန်ပါ့) ဒကာ ဒကာမတို့ အမြင်ပြလိုက်တဲအခါကျတော့ ဝေဒနာနောက်က မဂ်လိုက်တယ် (အမှန်ပါ့) ဦးမာဒင် ဘာလိုက်သလဲ (ဝေဒနာနောက်က မဂ်လိုက်ပါတယ် ဘုရား)။
ဦးသန်းမောင်တို့ ဦးဘထွေးတို့ ကြည့်စမ်း ပါဠိတော်ကို ဝေဒနာ့နောက်က ဘာလိုက်သတုံး (မဂ်လိုက်ပါတယ် ဘုရား) ဝေဒနာက ဖြစ်ပျက် ဖြစ်သွားတယ်၊ ဖြစ်ပျက်ကို ဒီဉာဏ်က မြင်လိုက်တော့ ဉာဏ်က မဂ်ဖြစ်သွားတယ် (မှန်ပါ့ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ရထားတဲ့ပါဠိတော်က ဝေဒနာပစ္စယာ တဏှာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဒီကဝေဒနာကို မဟုတ်တော့ဘူး၊ ဖြစ်ပျက်ဆိုကတည်းက အနိစ္စဖြစ်သွားပြီ (မှန်ပါ့ ဘုရား)။
အနိစ္စနောက်က ပညာလိုက်တယ်
ဒါဖြင့် ဝေဒနာပစ္စယာ-ဒီမှာတော့ အနိစ္စပစ္စယာ ပညာ(မှန်ပါ့) အနိစ္စနောက်က ပညာလိုက်တယ် (မှန်ပါ့) ဝေဒနာပစ္စယာ တဏှာပျောက်သွားတယ် (ပျောက်သွားပါတယ် ဘုရား)။
ပျောက်ထွက်သွားတော့ ဒီဥစ္စာ ဘယ်လိုပုဂ္ဂိုလ်များပျောက်တာတုံးဆိုတော့ ဒီခန္ဓာကြီး၏ ဝေဒနာ ပေါ်တိုင်း ပေါ်တိုင်း ဖြစ်ပျက်ရှုတဲ့ ပုဂ္ဂိုလ်မှာသာ တဏှာပျောက်တယ် (မှန်ပါ့) ဖြစ်ပျက်ရှုတဲ့ပုဂ္ဂိုလ်မှာ တဏှာပျောက်ပြီး မဂ်ရတယ် (မှန်ပါ့ ဘုရား)။
ကြည့်ပါ ကြည့်ပါ-ဒကာ ဒကာမတို့ တဏှာပျောက်ပြီး (မဂ်ရပါတယ် ဘုရား)။
ဒါဖြင့် သိကြားကမေးတယ်၊ အရှင်ဘုရား တဏှာကို အမြန်ကုန်စေနိုင်တဲ့တရားကို တပည့်တော်ကို ဟောတော်မူ ပါဆိုတော့ ဝေဒနာရှုတဲ့ (မှန်ပါ့ ဘုရား)
ဒကာ ဒကာမတို့ ဘယ့်နှယ်ပြောလိုက်ပါလိမ့် (ဝေဒနာရှုလို့ ပြောလိုက်ပါတယ် ဘုရား) ဝေဒနာရှုလို့ ခိုင်းလိုက် တယ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ မြင်ကြပလား (မြင်ပါတယ် ဘုရား) ဝေဒနာရှုတော့ ဝေဒနာမြင်ရသလားတဲ့ ဖြစ်ပြီးပျက်ဘာ မြင်ရသလား (ဖြစ်ပြီးပျက်တာ မြင်ရပါတယ် ဘုရား)။
ဒါဖြင့် ဖြစ်ပျက်-ဖြစ်ပျက်၊ ရှုတာက မဂ်ဆိုတော့ ဦးမာဒင်တို့က စဉ်းစား၊ ဝေဒနာပစ္စယာလို့ကို အသံထွက်စရာ မပါဘူး (မှန်ပါ့ ဘုရား)။
သူက ဝေဒနာကို ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) သူက ဖြစ်ပျက်အနိစ္စ (မှန်ပါ့) ဒီဘက်ကဟာကော (ဖြစ်ပျက်အနိစ္စပါ ဘုရား) ဒီဘက်ကဟာကော (ဖြစ်ပျက်အနိစ္စပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ရထားတဲ့ ပါဠိတော်က မရှုတဲ့ပုဂ္ဂိုလ်ဆိုတာ (မှန်ပါ့) ရွတ်စမ်း ရွတ်စမ်း ဒကာကြွယ် ခင်ဗျား ရထားတဲ့ ပါဠိတော် (ဝေဒနာ ပစ္စယာ တဏှာ ပါ ဘုရား) အဲဒါ ဘယ်ပုဂ္ဂိုလ်ကို ဆိုတာဘုံး (မရှုတဲ့ပုဂ္ဂိုလ်ကို ဆိုတာပါ ဘုရား)။
ကဲ ကျေနပ်တော့ ဦးမာဒင်တို့ ကျေနပ်တော့ (မှန်ပါ့) ကျေနပ်ပြီ ဦးသန်းမောင်တို့လဲ (မှန်ပါ့) ဝေဒနာပစ္စယာ (တဏှာပါ ဘုရား)။
ရှုတဲ့ပုဂ္ဂိုလ်ကျတော့
ရှုတဲ့ပုဂ္ဂိုလ်ကျတော့ နောက်က ရှုတဲ့စိတ်လာတော့ ဝေဒနာသည်ကားလို့ ဆိုရင် ဝေဒနာတော့ ဝေဒနာဘဲ၊ ကြည့်လိုက်တဲ့အခါကျတော့ မရှိတာပဲတွေ့တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
မရှိတာတွေ့တော့ ခင်ဗျားတို့ ရထားတဲ့ ပါဠိတော်က ပျက်ပြီး သကာလ ခင်ဗျားတို့ နိဗ္ဗာန်ရောက်ပြီတဲ့၊ ပါဠိတော် ပေါ်လာတယ် (မှန်လှပါ ဘုရား)။
နိဗ္ဗာန်ရောက်ပြီဆိုတဲ့ ပါဠိတော်ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) ဝေဒနာနိရောဓါ၊ တဏှာနိရောဓေါ (မှန်ပါ့ ဘုရား)။
ဟော တခါတည်းထွက်လာတယ် (မှန်ပါ့) ဒီဟာတော့ ဝေဒနာမချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား) ချုပ်သွားလို့ ဖြစ်ပျက်ဖြစ်တာကိုး (မှန်ပါ့ ဘုရား)။
ဝေဒနာနိရောဓါ-(တဏှာနိရောဓေါပါ ဘုရား) ဟော တဏှာနိရောဓေါဆိုတော့ တဏှာချုပ်အောင် လုပ်နိုင် တာမဂ်ဘဲ (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ကြောင့်တုံးဆိုတော့ ဝေဒနာ ချုပ်တာကို မဂ်ကမြင်လိုက်လို့ တဏှာနေရာမှာလဲ မဂ်ပေါ်တယ် (မှန်ပါ့) ဝေဒနာနေရာမှာလဲ နိရောဓ ဖြစ်တယ်၊ ဝေဒနာ ချုပ်သွားတယ် (မှန်ပါ့ ဘုရား)။
တဏှာချုပ်ရင်ဘာတုံး
ဝေဒနာကလေး၏ ချုပ်ပျောက် သွားတာကို မြင်လိုက်တဲ့အတွက် ဝေဒနာနိရောဓါ (တဏှာနိရောဓေါပါ ဘုရား) ကိုင်း ဒကာ ဒကာမတို့ တဏှာနိရောဓေါတိနိဗ္ဗာန်ဘဲ (မှန်ပါ့ ဘုရား)။
တဏှာချုပ်ရင်ဘာတုံး (နိဗ္ဗာန်ပါ ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ တဘဝထက်၊ တဘဝ တဏှာပါး၍ ကိလေသာတွေ ခေါင်းပါးပြီး သကာလ နိဗ္ဗာန်မဂ်ဖိုလ် ကြီးရက်တိုတိုနဲ့ ရပါရစေဘုရား ဆိုရုံနဲ့မရပါဘူး (မှန်ပါ့) ရှုရင် သူ့ဟာသူချုပ်မယ် (မှန်ပါ့ ဘုရား)။
ရှုရင် (သူ့ဟာသူချုပ်မှာပါ ဘုရား) ဦးမာဒင် ဘာတဲ့တုံး (ရှုရင်သူ ဟာသူချုပ်မှာပါ ဘုရား) ဆုတောင်း နေရုံနဲ့ တော့ မချုပ်ဘူး (မှန်ပါ့) ရှုလိုက်ရင်တော့ (ချုပ်ပါတယ် ဘုရား)။
ရှုလိုက်တော့ ဒါကလေး ဖြစ်ပျက်ဖြစ်သွားတယ် (မှန်ပါ့) ဖြစ်ပျက်ဖြစ်သွားတော့ ဝေဒနာချုပ်မသွားဘူးလား (ချုပ်သွားပါတယ် ဘုရား) ဖြစ်ပျက် ဖြစ်သွားတော့ အနိစ္စဖြစ်သွားပြီ (မှန်ပါ့ ဘုရား)။
ဒါဖြင့် အနိစ္စဆိုတာက မရှိတာကိုဆိုတာ (မှန်ပါ့) ဒီဝေဒနာဟာ ဝေဒနာလား၊ နိရောဓလား (နိရောဓပါ ဘုရား) ဝေဒနာနိရောဓါ (တဏှာနိရောဓဓါ) တဏှာနိရောဓေါ တိမဂ္ဂေါ နိရောဓဆိုတာ မဂ်ပေါ်တာဆိုတော့ ဒီမဂ်လာ မရှုတဲ့ ပုဂ္ဂိုလ်ပိုင်သလား၊ ရှုတဲ့ပုဂ္ဂိုလ်ပိုင်သလား (ရှုတဲ့ပုဂ္ဂိုလ်ပိုင်ပါတယ် ဘုရား) အမျှပေးစမ်း ဒါဖြင့် (မရပါ ဘုရား)။
ကဲ သေချာပလား (သေချာပါပြီ ဘုရား) အမျှပေးလို့ မရပါဘူး (မှန်ပါ့) ခင်ဗျားတို့ဟာ ခင်ဗျားတို့ လောကွတ် ချော်ပြီးပေးတောင် မဂ်ကမလိုက်ဘူး (မှန်ပါ့) လိုက်ပါမလား (မလိုက်ပါ ဘုရား) မလိုက်ပါဘူးဆိုတာဖြင့် ဒကာကြွယ် သေချာပြီ (သေချာပါပြီ ဘုရား)။
ဝေဒနာသုံးပါးလှည့်ပြီးရှု
ကဲ ဒါဖြင့် သိကြားမင်းကြီးက ဥယျာဉ်ထွက်ရင်း မတ္တနဲ့ တဏှာအမြန်ချုပ်တဲ့တရား တပည့်တော်ကို ဟောတော်မူ ပါလို့ လူ့ပြည်ဆင်းပြီး ပုဗ္ဗာရုံကျောင်းမှာ လျှောက်တော့ ဝေဒနာသုံးပါးလှည့်ပြီးရှုလို့ ဟောတယ် (မှန်ပါ့) ဘယ်သူဟော ပါလိမ့် (ဘုရားက ဟောပါတယ် ဘုရား) အဲဒါ တဏှာ အမြန်ချုပ်တဲ့နည်းဘဲ ဆိုလိုက်တော့ ဦးမာဒင် ကျေနပ်လောက်ပြီ (ကျေနပ်ပါပြီ ဘုရား)။
သိကြားမင်းလျှောက်လို့ ဘုရားက ဟောရတဲ့အဓိပ္ပါယ်မှာလဲ ဒကာ ဒကာမတို့ သံသယမရှိပါနဲ့တော့ (မှန်ပါ့)။
ဒီနေ့ နာရတဲ့ပုဂ္ဂိုလ်တွေသည်ကားလို့ ဆိုလို့ရှိရင် ဪ-သိကြားမင်းလျှောက်လို့ မဂ္ဂင်အမြန်ရတဲ့နည်း ဟော တော်မူပါဘုရား (ဝါ) တဏှာ အမြန်ချုပ်တဲ့နည်း ဟောတော်မူပါဘုရားဆိုတော့ ဆရာဘုန်းကြီးက အခု ပုံစံနဲ့ ပြလိုက်တော့ ဝေဒနာဖြစ်တိုင်း ဖြစ်တိုင်းကြည့်လိုက်တော့ ဉာဏ်နဲ့ ကြည့်လိုက်တော့ နှစ်ခုကလဲ ပြိုင်ပြီး မဖြစ်ကောင်းဘူး၊ ချုပ်တာဘဲ မြင်ရမှာဘဲ (မှန်ပါ့) ချုပ်တာက ဘယ်သူချုပ်သတုံး (ဝေဒနာချုပ်တာပါ ဘုရား)။
ဒါဖြင့်ပါဠိထည့်လိုက် ဝေဒနာနိရောဓါ (တဏှာနိရောဓေါပါ ဘုရား) တဏှာ နိရောဓေါ-ဆိုတော့တာဘဲ မဂ်ဘဲ (မှန်ပါ့) သေချာပလား (သေချာပါပြီ ဘုရား) ဪ ဒါဖြင့် ဝေဒနာချုပ်တာမြင်ရင် မဂ်ရတာဘဲ (မှန်ပါ့)။
ဝေဒနာချုပ်တာမြင်ရင် မဂ်ရပါတယ်
ဘယ့်နှယ်တုံး (ဝေဒနာချုပ်တာမြင်ရင် မဂ်ရပါတယ် ဘုရား)။
ဪ-ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ခန္ဓာက ဘာခန္ဓာပါလိမ့် (ဝေဒနာက္ခန္ဓာပါ ဘုရား) ဘယ်တော့ ဝေဒနာများက ကင်းသတုံး (မကင်းပါ ဘုရား)။
ချမ်းသာတဲ့အခါလဲ ဝေဒနာနဲ့ (မှန်ပါ့) ဆင်းရဲတဲ့အခါ (ဆင်းရဲတဲ့ဝေဒနာပါ ဘုရား) ချမ်းသာ ဆင်းရဲကင်းတဲ့ အခါ ဥပေက္ခာဝေဒနာနဲ့ (မှန်ပါ့) ဝေဒနာ ဒကာ ဒကာမတွေ သန္တာန် ပြတ်သေးရဲ့လား (မပြတ်ပါ ဘုရား)။
အဲဒီတော့ ဒီဝေဒနာသုံးပါးကိုလှည့်ပြီး ခန္ဓာကြီး လှည့်ရှုနေလိုက်တယ်၊ ပေါ်ရာလိုက်ရှု (မှန်ပါ့) ပေါ်ရာလိုက်ရှု လိုက်တော့ ဝေဒနာမြင်သလား ချုပ်တာမြင်သလား (ချုပ်တာမြင်ပါတယ် ဘုရား) ဒါဖြင့် ချုပ်တာကချုပ်တာ မြင်တာက မဂ်ပါ (မှန်ပါ့)။
ဒါဖြင့် ချုပ်တာက ဘယ်သူတုန်းမေးတော့မှ ဝေဒနာ နိရောဓါ (တဏှာနိရောဓေါပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဝေဒနာနိရောဓါ နောက်က ချုပ်တာ မြင်တဲ့မဂ် မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)။
အဲဒီတော့ မဂ်က တဏှာလာဘို့ရာ အခွင့်ပေးသေးသလား (မပေးပါ ဘုရား) ဒါဖြင့် တဏှာနိရောဓေါ (မှန်ပါ့) တဏှာနိရောဓေါတိမဂ္ဂေါပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဦးမာဒင် သေပျော်တဲ့တရား (မှန်ပါ့) သေပျော်တဲ့တရားဆိုတာ ချီးမြှောက်ပြောတယ်လို့ မယူလိုက်ပါနဲ့ (မှန်ပါ့) ဒီဒကာ ဒကာမတွေ ဒီအတိုင်းလုပ်လို့ရှိရင်ဖြင့် အခုလုပ် အခုရနိုင်တယ် (မှန်ပါ့)။
အခုလုပ်ရင် (အခုရနိုင်ပါတယ် ဘုရား) အခုရနိုင်တော့ ဒီဥစ္စာက ဪ-သူများ ရသလား လုပ်တဲ့လူဘဲ ရသလား (လုပ်တဲ့လူပဲ ရပါတယ် ဘုရား) ဦးလှဘူး သဘောကျပလား (ကျပါပြီ ဘုရား) ဒါဖြင့် ပါဠိတော်ရွတ်ပါဦး (ဝေဒနာနိရောဓါ- တဏှာနိရောဓေါပါ ဘုရား)။
ဟော “ပစ္စတ္တံ ဝေဒိတဗ္ဗောဝိညူဟိ” လာကိုက်တယ် (မှန်ပါ့ ဘုရား) ပစ္စတ္တံ=အသီးအသီး၊ ဝိညူဟိဝေဒိတဗ္ဗော= လုပ်တဲ့လူသာ ဒီမဂ်ရ၏ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အသီးသီးရတယ်၊ ဟိုဘက်က ဒကာဒကာမတွေ လုပ်လဲ ဟိုဘက်က ဒကာ ဒကာမတွေ မဂ်ရတယ် (မှန်ပါ့ ဘုရား) ဒီဘက်က ဒကာက သူ့အလုပ် သူလုပ်နေရင်တော့ (မရပါ ဘုရား) ဟိုမှာ အိမ်မှာ သားရေး၊ သမီးရေး၊ စီးပွား ရေးနဲ့ နေလို့တော့ မရနိုင်ဘူး-တဲ့ ဒီမဂ်က (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဦးမာဒင် “ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ” ဆိုတဲ့ အဓိပ္ပါယ်ကလေးဟာလဲ ယနေ့ ကိုယ်လုပ်မှ ကိုယ်ရတယ် ဆိုတာ ရှင်းသွားပြီး (ရှင်းပါပြီ ဘုရား)။
သူများ အမျှပေးလို့လဲ (မရပါ ဘုရား) မရဘူးဆိုတာ ရှင်းသွားတော့ ဒကာကြွယ် နေရာကျပြီ (ကျပါပြီ ဘုရား) အိမ်မှာရှိကြတဲ့ ခင်ခင်တို့ မြေးကလေးတို့ ဟုတ်လား (မှန်ပါ့) သူတို့ မလုပ်တော့ ရပါ့မလား (မရပါ ဘုရား)။
ဘယ့်နှယ်ကြောင့် မရသတုန်း မေးတဲ့အခါကျတော့ သူမှဖြစ်ပျက်ကိုမှ မမြင်ဘဲကိုးဗျ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
သေခါနီးကျတော့ ဒီမဂ်နဲ့ဘဲ
ဒါဖြင့် ဒကာ ဒကာမတို့သည် ဒီမဂ်ရတော့ကို ခုနင်က သေခါနီးကျတော့ ဒီမဂ်နဲ့ဘဲ ကျုပ်တို့ကရှုပြီး ဒီမဂ် ကလေးနဲ့ နေလိုက်တဲ့အခါကျတော့ နောက်ခန္ဓာ ရမည့် ဘဝတွေကောမြင်သေးသလား (မမြင်ရပါ ဘုရား) ဘဝချုပ်ငြိမ်း တာပဲ မြင်နေတယ် (မှန်ပါ့)။
နောင်လာမည့်ဒုက္ခတွေ အကုန်လာသေးရဲ့လား (မလာပါ ဘုရား)။
လူ့ဘောင်ဒုက္ခ၊ နတ်ဘောင်ဒုက္ခ ပဒေသာပင်တွေ မြင်သေးရဲ့လား (မမြင်ရပါ ဘုရား) ငရဲမီး-ငရဲမီးလျှံတွေ ကော (မမြင်ရပါ ဘုရား)။
အင်း ဒုက္ခသိမ်းပေးပေါ့ ဆိုတဲ့ နိဗ္ဗာန်ဘဲ မြင်ရမယ် (မှန်ပါ့) မပြုံးပေဘူးလား (ပြုံးပါတယ် ဘုရား)။
အဲဒီလို ရထားတဲ့ပုဂ္ဂိုလ်ဟာ ပြုံးသေဖြစ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒီအလုပ် မလုပ်တဲ့ပုဂ္ဂိုလ်က တော့ဖြင့် မဲ့သေနဲ့ ရွဲ့သေများပါဘဲ (မှန်ပါ)။
ဒီအလုပ် မလုပ်တဲ့ ပုဂ္ဂိုလ်ကဖြင့် (မဲ့တာနဲ့ ရွဲ့သေများများပါတယ် ဘုရား) ဒါဖြင့် သေကာနီးမှ အလောင်းကျ အောင် အရှက်ကွဲအုံးမယ် (မှန်ပါ့)။
ဘယ့်နှယ်ဆိုကြမလဲ (အလောင်းကျအောင် အရှက်ကွဲတုန်းပါ ဘုရား) ဒကာကြွယ် ကွဲချင်သေးသလား အရှက် (မကွဲချင်တော့ပါ ဘုရား)။
ဒါဖြင့် ဒီဟာ ကိုယ်ပိုင်ရအောင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ့်ကိုယ်ကို သနားသောအားဖြင့်လုပ်ပါ (မှန်ပါ့ ဘုရား)။
ဘုန်းကြီး မကြည်ညိုချင် မကြည်ညိုဘဲနေ ကိစ္စမရှိဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ကိုယ့်ကိုယ် သနားရင်လုပ်ပါ (မှန်ပါ့ ဘုရား)။
အနေဆိုးနဲ့ အသေဆိုး
ဪ ဘုန်းကြီးတို့က ဒို့ကိုဆုံးမပေးတယ်လို့ ဘုန်းကြီးတွင် ကြည်ညိုနေလို့ အပိုဘဲ (မှန်ပါ့) ကိုယ့် ကိုယ်ကို ဪ ငါ့မှာအနေဆိုးနဲ့ အသေဆိုး အရောက်ဆိုးဒါတွေဟာ ကိုယ့်အတွက် အရေးကြီးနေပါလား ဆိုပြီး ကိုယ့်ကိုယ် သနားတာနဲ့လုပ်ပါ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘာဖြစ်လို့ ဒီအလုပ် လုပ်ရမှာတုံး (ကိုယ့် ကိုယ်သနားလို့ လုပ်ရမှာပါ ဘုရား)။
ဒါဖြင့် မလုပ်တဲ့ပုဂ္ဂိုလ်တွေကျတော့ ဦးဘထွေးတို့၊ ဦးသန်းမောင်တို့ ဘယ်လိုများ ဆုံးဖြတ်ချက်ချမတုံး (ကိုယ့်ကိုယ် သနားတဲ့ပုဂ္ဂိုလ်ပါ ဘုရား)။
အင်း အရောင်းနဲ့ အချိန်ကုန်နေ၊ အဝယ်နဲ့ အချိန်ကုန်နေ၊ စီးပွားရေးနဲ့ အချိန်ကုန်နေတဲ့ ပုဂ္ဂိုလ်များကျတော့ သွားရာဂတိကလဲ အပါယ်သွားရာဘို့က များနေတယ် (မှန်ပါ့ ဘုရား)။
တကယ်လို့ နတ်ရွာသုဂတိသွားလဲ ခဏဘဲ (မှန်ပါ့) ဟိုကျတော့လဲ ပဋိသန္ဓေ နေခြင်းဆင်းရဲ၊ အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲနဲ့လဲ တွေ့ရဦးမယ် (မှန်ပါ့) မတွေ့ရပေဘူးလား (တွေ့ရပါတယ် ဘုရား)၊
အဲဒီပုဂ္ဂိုလ်တွေကျတော့ သူတို့လိုရင်းမပါဘူး၊ ဘာများလုပ်နေကြပါလိမ့်မလဲလို့ ခင်ဗျားတို့ အခု ဘုန်းကြီး ပေးထားတဲ့ ဉာဏ်မျက်လုံးနဲ့ တပ်ကြည့်လိုက် (မှန်ပါ့ ဘုရား)။
တပ်ကြည့်လိုက်တော့ ဘယ်လိုပုဂ္ဂိုလ်တွေတုံးလို့ ဆုံးဖြတ်ချက်ချ (ကိုယ့်ကိုယ် မသနားတဲ့ ပုဂ္ဂိုလ်တွေပါ ဘုရား) ဒကာကြွယ် ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။
ဒီအသုံးဟာ ဦးမာဒင် အင်မတန် အရေးကြီးလို့ ပြောပါတယ် (မှန်ပါ့) ကိုယ့်ကိုကိုယ် သနားတဲ့ပုဂ္ဂိုလ်နဲ့ မသနားတဲ့ပုဂ္ဂိုလ် ဘယ်ဟာကများသတုန်း (မသနားတဲ့ပုဂ္ဂိုလ်က များပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ပေါက်လွတ်ပဲစားထားတဲ့ ပုဂ္ဂိုလ်
ကိုယ့်ကိုယ်ကိုယ် မသနားတဲ့ ပေါက်လွတ်ပဲစားထားတဲ့ ပုဂ္ဂိုလ်များတယ် (များပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါကြောင့် ဘုရားကို ကောသလမင်းကြီးလျှောက်တဲ့တချက်ကို ခင်ဗျားတို့ကို ကြားထိုပြီးတော့ ဆုံးမလုံး တလုံး ပေးလိုက်ပါတယ် (မှန်ပါ့ ဘုရား)။
အရှင်ဘုရားတဲ့၊ လူများဟာ ကိုယ့်ကိုယ်ကိုယ် သနားတယ်ဆိုပြီး ရောင်းကာ ဝယ်ကာနဲ့ မုသားကလေးတွေနဲ့ အမျိုးမျိုးအဖုံဖုံ အသင့်အတင့်လဲ လိမ်လည် ကောက်ကျစ် လှည့်ပတ်ပြီး သကာလ အပြောကလေးနဲ့ ဖုံးပြီးစားနေကြတဲ့ ပုဂ္ဂိုလ်များဟာ ကိုယ့်ကိုယ်ကိုယ် သနားတဲ့ပုဂ္ဂိုလ် ဟုတ်ပါသေးရဲ့လားတဲ့ (မှန်ပါ့ ဘုရား)။
ဟာ ဒကာကြီးအတွေးဟာ သိပ်မှန်တာဘဲတဲ့ အဲဒါ ကိုယ့်ကိုယ်ကိုယ် သနားတဲ့ပုဂ္ဂိုလ် မဟုတ်ဘူးတဲ့ (မှန်ပါ့) ကိုယ့် ကိုယ်ကိုကိုယ် ဝအောင်ကျွေးမွေးနေပေမယ့် ကိုယ့်ကိုကိုယ် သနားတဲ့ပုဂ္ဂိုလ်မဟုတ်ဘူး (မှန်ပါ့ ဘုရား)။
ရောင်းရေး ဝယ်ရေးနဲ့ စီးပွားရေးနဲ့ လိမ်လည်ကောက်ကျစ်၍ အမျိုးမျိုးအဖုံဖုံပေါ့ဗျာ (မှန်ပါ့) အဲဒါနဲ့ ရှာကြံကျွေး နေတာ ကိုယ့်ကိုယ်ကိုယ် သနားတာမဟုတ်ဘူးတဲ့၊ ဒီဥစ္စာ ကိုယ့်ကိုကိုယ် မသနားတဲ့ပုဂ္ဂိုလ်၏အလုပ်လို့ ဘုရားက အဖြေပေးလိုက်တယ် (မှန်ပါ့) ဦးမာဒင် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ကိုယ့် ကိုယ်သနားတဲ့ပုဂ္ဂိုလ်၏ အလုပ်က မဂ္ဂင် (မှန်ပါ့) ကိုယ့် ကိုယ် မသနားဘဲနဲ့ လုပ်နေတဲ့ ပုဂ္ဂိုလ်၏ အလုပ်က သားရေး၊ သမီးရေး၊ စီးပွားရေး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိုယ့်ကိုယ် မသနားတဲ့ အလုပ်က (သားရေး၊ သမီးရေး စီးပွားရေးပါ ဘုရား) ကိုယ့်ကိုယ် သနားတဲ့ အလုပ်က (မဂ္ဂင်အလုပ်ပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ဟာ ခင်ဗျားတို့ ချိန်ကျပေတော့ (မှန်ပါ့) ဘုန်းကြီးက နမူနာချိန်ခွင့်ကလေးသာ ပေးလိုက်တယ် (မှန်ပါ့ ဘုရား)။
ငါဟာ ကိုယ့်ကိုယ်ကိုယ် သနားတာ တနေ့ တနေ့ ဘယ်နှစ်နာရီတုံး မသနားတာ ဘယ်နှစ်နာရီတုံး၊ နာရီနဲ့ချိန် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
မလုပ်မိတဲ့အချိန်
မလုပ်မိတဲ့အချိန်ကျတော့ ဘယ့်နှယ်တဲ့ဗျာ (ကိုယ့်ကိုယ် မသနားတဲ့အချိန်ပါ ဘုရား) လုပ်မိတဲ့အချိန်ကျတော့ (သနားတဲ့အချိန်ပါ ဘုရား) အချိန်နဲ့ တွက်လိုက်တဲ့အခါကျတော့ မိုက်ချိန်လိမ်မာချိန် ပေါ်လာတယ်(မှန်ပါ့ ဘုရား)။
ဒါဖြင့် မိုက်ချိန်က ခင်ဗျားတို့ ကိုယ်ပိုင်တွက်ကြည့်လို့ရှိရင်ဖြင့် အင်မတန်များလိမ့်မယ် (များပါတယ် ဘုရား) လိမ်မာချိန်ကော (နည်းပါတယ် ဘုရား)။
ဒါဖြင့် တလမ်းသွားများ ဖြစ်နေကြမလား၊ သို့သော်လဲ တဲ့ ဒကာ ဒကာမတို့ ရွှေတကျပ်သားနဲ့ ဂွမ်းခွက် တဆက်နဲ့ ထည့်ချိန်ကြည့်လို့ရှိရင် ဂွမ်းခွက်တဆယ်ကတော့ လေးမှာဘဲ (မှန်ပါ့) တန်ဘိုးကိုကြည့်ရင်တော့ ရွှေတကျပ် သားကများတယ် (များပါတယ် ဘုရား)။
အဲဒီတော့ ဒီမဂ္ဂင်အလုပ်ကို လုပ်လို့ရှိရင် ဂွမ်းခွက်တဆယ်တွေဟာ အကုန်ပျောက်ပါတယ်၊ တန်ဘိုးကိုသာ ကြည့်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
တန်ဘိုးက (ရွှေကကြီးပါတယ် ဘုရား) သူကကြီးတယ် သူရွှေကိုး ဟိုက ဂွမ်းခွက်တဆယ်က ဘာလုပ်ဖို့တုန်း (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ တနေ့ မနက်တကြိမ်၊ ညတကြိမ်၊ နေ့လယ်အားထုတ်လဲ ထုတ်ပေါ့ဗျာ (မှန်ပါ့) တန်ဘိုး များတဲ့ဥစ္စာဖြင့် သူဘဲဆိုတော့ ခင်ဗျားတို့ တသက်လုံးမိုက်လာတာ ဒီရွှေနဲ့ဘဲကြည့် (မှန်ပါ့ ဘုရား)။
တသက်လုံး မလိမ်မာခဲ့နဲ့၊ အခုသိတဲ့အချိန် လိမ်မာလိုက် (မှန်ပါ့) အကုန်ပျောက်တယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါကလဲ ဝတ္ထုသက်သေ သာဓကနဲ့တကွ အထောက်အထားတွေ ဒကာကြွယ်သိပ်များပါတယ်၊ သို့သော် ရှည်နေမှာစိုးလို့ ဒီနေ့ ဆုံးမလုံးများပြီးတော့ နှစ်လုံးထဲဘဲ တရားပါတယ် (မှန်ပါ့ ဘုရား)။
တရားက နှစ်လုံးပါတယ်
တရားက နှစ်လုံးပါတယ် ရူတဲ့ပုဂ္ဂိုလ်မှာ ဝေဒနာနိရောဓါ-(တဏှာနိရောဓေါပါ ဘုရား) ဟော တဏှာနိရောဓေါ ဖြစ်တဲ့ မဂ်ပေါ်တယ်တဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) မရှုတဲ့ပုဂ္ဂိုလ်တော့ ဝေဒနာပစ္စယာ (တဏှာပါ ဘုရား) ဟော တဏှာ ဥပါဒါန် ကံ ဇာတိ ဇာရာ မရဏ သွားပြီ (မှန်ပါ့) ဒါ ကွာတယ် (မှန်ပါ့ ဘုရား)။
ရှုတဲ့ပုဂ္ဂိုလ်က သံသရာပြတ်တယ် (မှန်ပါ့ ဘုရား) မရှုတဲ့ပုဂ္ဂိုလ်က (သံသရာဆက်ပါတယ် ဘုရား) သံသရာ ဆက်တယ်ဆိုတာ ကဲ အားလုံး ဒကာ ဒကာမတွေ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
သံသရာဆက်တယ်ဆိုတဲ့ အသွားဟာလဲ ဒကာကြွယ် သိပ်အရုပ်ဆိုးတယ်နော် (ဆိုးပါတယ် ဘုရား) သံသရာ ဆက်တယ်ဆိုတာ ဘာတွေဆက်တာတုံးလို့မေးတော့မှ အိုဘေး၊ နာဘေး၊ သေဘေး အပါယ်ဘေးမပြတ်သေးတာ (မှန်ပါ့ ဘုရား)။
သံသရာဆက်တယ်ဆိုတာ (အိုဘေး၊ နာဘေး၊ သေဘေး အပါယ်ဘေးမပြတ်သေးတာပါ ဘုရား) သံသရာ ပြတ်တယ်ဆိုတာက အိုဘေး၊ နာဘေး၊ သေဘေး အပါယ်ဘေးကလွတ်တာ (မှန်ပါ့) ကဲ ဘယ်လောက်ခြားနားသလဲ (ခြားနားပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒီနေ့ ဒို့ လုပ်လို့ရှိရင် ဘယ်ခရီးပေါက်တယ်၊ ဒို့ လုပ်လို့ရှိရင် ဘယ်ခရီးဆက်တယ်ဆိုတာ နှစ်လုံးရှင်း သွားပြီး (မှန်ပါ့ ဘုရား)။
လုပ်တဲ့ပုဂ္ဂိုလ်ကျတော့ ဝေဒနာနိရောဓါ (တဏှာနိရောဓေါပါ) တဏှာနိရောဓဆိုတာ မဂ်ပေါ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
မဂ်ရတော့ ကိလေသာတွေကုန်တယ်၊ ကိလေသာ ကုန်သွားတော့၊ ကိလေသာကုန်တာလဲ တဏှာနိရောဓေါ နိဗ္ဗာန်ဘဲ (မှန်ပါ့) ဪ အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်ဟာ နိဗ္ဗာန်ရတယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကဲ မလုပ်တဲ့ ပုဂ္ဂိုလ်ကျတော့ ဒီဝေဒနာ တွေကတော့ ပေါ်မှာဘဲနော် (မှန်ပါ့) ဝေဒနာပစ္စယာ (တဏှာပါ ဘုရား) တဏှာပစ္စယာ(ဥပါဒါနံ) ဥပါဒါနပစ္စယာ (ကမ္မဘဝေါ) ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။
ပဋိသန္ဓေနေရမည့်ဘဝပေါင်း
ဟောသွားပြီတဲ့ ဇာတိပေါင်း ဘယ်လောက်မှန်းမသိဘူး (မှန်ပါ့) ပဋိသန္ဓေနေရမည့်ဘဝပေါင်း ဘယ်လောက် မှန်းမသိဘူးတဲ့ (မှန်လှပါ) ဘယ်လောက် ကြောက်စရာကောင်းသတုန်း (ကောင်းပါတယ် ဘုရား)။
ဒါဘယ်ပုဂ္ဂိုလ်မှာ ဆက်သွားသတုံး (မရှုတဲ့ပုဂ္ဂိုလ်မှာပါ ဘုရား) အလုပ်-မလုပ်တဲ့ ပုဂ္ဂိုလ်များ ဆက်သွားတယ် (မှန်ပ့ါ ဘုရား)။
ဒါဖြင့် အလုပ်-လုပ်တဲ့ ပုဂ္ဂိုလ်ကျတော့ ဒါတန်းထားလိုက်၊ ဒီမဂ္ဂင်သွင်းလိုက်၊ ဝေဒနာပေါ်တိုင်း ပေါ်တိုင်းဟာ ဒါကလေးတွေဟာ ရှိသေးသလား၊ ကြည့်လိုက်တဲ့အခါကျတော့ မရှိမှန်းမသိဘူးလား (သိပါတယ်ဘုရား မရှိတာက အနိစ္စပါ၊ သိတာက (မဂ္ဂပါ ဘုရား)။
ဒီမဂ်ဝင်လိုက်တဲ့အတွက်
ဒီမဂ်ဝင်လိုက်တဲ့အတွက် ဒီအစဉ်ကြီးဟာ တန်းမလို့ – တန်းစရာမဆက်အစပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား)။
မပေါ်တဲ့အတွက် ဒီဘက်မှာ တဏှာချုပ်၊ ဥပါဒါန်ချုပ်၊ ကံချုပ်တယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ဘယ်သူက ချုပ်စေတာတုံး (မဂ်ကချုပ်စေတာပါ ဘုရား)။
ဒါဖြင့် တပည့်တော်တို့ဟာ ဝေဒနာပစ္စယာ တဏှာကိုဖြင့် ရပ်ပါပြီ (မှန်ပါ့) ဝေဒနာ နိရောဓါ၊ တဏှာ နိရောဓေါနဲ့ပဲ၊ တပည့်တော်တို့ ကြိုးစားပါတော့မယ်ဆိုတဲ့ဥစ္စာ ကိုယ့်ကိုယ်သနားရင် ဆုံးဖြတ်ချက်ချ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ဒီနေ့ ဒီတွင်တော်ကြဦးစို့။
သာဓု…သာဓု…သာဓု။