12612

မာတိကာသို့

”ဒိဋ္ဌိဝိစိကိစ္ဆာပြုတ်ရေး”

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ မင်္ဂလာတိုက်၌ ဟောကြားတော်မူအပ်သော

”ဒိဋ္ဌိဝိစိကိစ္ဆာပြုတ်ရေး”

နေ့အလုပ်ပေးတရားတော်

(၃-၁၀-၆၁)

ဝိပဿနာမလုပ်ခင် ဒိဋ္ဌိသုံးမျိုးကိုဖြုတ်ရမယ်

ဒကာကြီး ဦးမာဒင်ရဲ့ မိတ်ဆွေတွေ ဝိပဿနာမလုပ်မီဘာလုပ်ရမလဲလို့ မေးလျှင် ဝိပဿနာမလုပ်မီ ဒိဋ္ဌိသုံးမျိုး ဖြုတ်ရမယ် ဒါမှတ်ထားကြပါ (မှန်ပါ့ ဘုရား)။

ဝိပဿနာမလုပ်ခင် ဘာမှမလုပ်နဲ့ဦး ဝိပဿနာမလုပ်ခင် ဒိဋ္ဌိသုံးမျိုးကိုဖြုတ်ရမယ် (မှန်ပါ့) ဒိဋ္ဌိသုံးမျိုးကို မဖြုတ်ဘဲနဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝိပဿနာလုပ်လို့ရှိရင် အလကားပဲ၊ ကုသိုလ်သာဖြစ်တယ်၊ မဂ်ဖိုလ်တော့ မရနိုင်ဘူး (မှန်လှပါ ဘုရား)။

ဒါဖြင့် ဝိပဿနာမလုပ်မီ ဦးမာဒင်ကြီးတို့ ဒီက ဒကာကြီးများတို့ ဘာလုပ်ရမတုန်းလို့ မေးလို့ရှိရင် ဒိဋ္ဌိဖြုတ်ရ မယ်လို့ မှတ်ရမယ် (မှန်လှပါ ဘုရား)။

နည်းနည်းနားပါဦး သည်းခံ နားထောင်ကြပါ။

နောက်လူတွေအတွက်နည်းနည်းပြောမယ် (မှန်ပါ့) နောက်က ဒကာ ဒကာမကြီးတွေလဲ သေသေချာချာနား ထောင်ကြ၊ ခဲခဲယဉ်းယဉ်းလာကြရတယ်နော် (မှန်လှပါ ဘုရား) မြင်ကြရသော်လဲမင်းတို့က နည်းနည်း ကုန်း, ပြုပေး (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေက ဒါက တရားဟောတာ မဟုတ်ပါဘူးတဲ့ နည်းပေးနေတာလို့ မှတ်ရမယ်နော် (မှန်လှပါ ဘုရား)။

ဝိပဿနာမလုပ်မီ ဘာလုပ်ရမတုံးလို့ မေးလို့ရှိရင် ဒိဋ္ဌိသုံးမျိုးဖြုတ်ရမယ် (မှန်ပါ့) ဦးမာဒင် ဘာလုပ်ရမတုံး (ဒိဋ္ဌိသုံးမျိုးဖြုတ်ရပါမယ် ဘုရား)။

ဝိပဿနာ ဘာမှမလုပ်နဲ့ဦး ခင်ဗျားတို့အားလုံးဘဲ မှတ်ကြပါနော် (မှန်ပါ့) ဝိပဿနာကို ဘာမှမလုပ်နဲ့ အသိဉာဏ် ကို အရင်ပေးရမယ် (မှန်လှပါ ဘုရား)။

အသိဉာဏ်အရင်ပေးတော့ကို ခင်ဗျားတို့ဝမ်းထဲမှာက ဒိဋ္ဌိသုံးမျိုးတွင် နှစ်မျိုးကတော့ သေသေချာချာကပ် တယ်၊ သုံးမျိုးစလုံးတော့လဲ မကပ်တဲ့ဘူး၊ သို့သော် ဘယ်ဟာ, ဘယ်ဟာကပ်မယ်လို့လဲ အမှန်မသိတော့ ဒီကမေးကြည့် မှဘဲသိမယ် (မှန်ပါ့ ဘုရား)။

ဒီ ဒကာ ဒကာမတွေမှာ ဘုရားအဆူဆူနဲ့လွဲ ၊ အပါယ်ငရဲနဲ့ ဒုက္ခသစ္စာ ခန္ဓာကိုယ်ကြီးနဲ့ ဒီလို နေရစ်ရတာ ထောက်လို့ရှိရင် ဒိဋ္ဌိသုံးမျိုးက ကန့်ကွက်လို့ဘဲမှတ်ပါ (မှန်ပါ့ ဘုရား)။

ကိုယ့်ကိုယ်မှာ အခု ဘုရားအဆူဆူနဲ့လွဲ, ခန္ဓာဝန်ကြီး ထမ်းပြီး သံသရာထဲ ရှောက်လည်၊ ဒါဘာဖြစ်နေလို့တုန်း လို့ မေးလို့ရှိရင်ဖြင့် ဒိဋ္ဌိသုံးမျိုးရှိရာတွင် နှစ်မျိုးကပ်နေလို့ဘဲ (မှန်ပါ့ ) ဒါမှတ်ထားပါ တကာမကြီးတွေနော် (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိရော ဝိစိကိစ္ဆာရော ရှင်းပြီးတဲ့အခါမှ

ဒါဝိပဿနာ အားမထုတ်မီ ဒိဋ္ဌိသုံးမျိုး ရှိရာတွင် နှစ်မျိုးတော့ဖြင့် ကပ်နေတယ်၊ အဲဒီနှစ်မျိုးကို ခွါပြီးမှသာလျှင် ဒိဋ္ဌိက စင်မယ် (မှန်ပါ့) ဒိဋ္ဌိစင်ပြီးမှ ဝိစိကိစ္ဆာစင်အောင် တခါလုပ်ပေးရဦးမယ် (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိဆိုတဲ့အမှား စင်ပြီးသည့်နောက် ဒိဋ္ဌိသုံးမျိုးဖြင့် ရှင်းပြီဘုရား၊ တပည့်တော်တို့ဉာဏ်ထဲမှာ ရှင်းသွားပြီ၊ ဒီ ဒိဋ္ဌိသုံးမျိုးတော့ တပည့်တော်တို့သန္တာန်မှာ မရှိတော့ဘူးဆိုတော့မှ ဝိစိကိစ္ဆာကို ရှင်းပေးမယ် (မှန်ပါ့ ဘုရား)။

ဝိစိကိစ္ဆာကို ရှင်းပေးလို့ ဒိဋ္ဌိရော ဝိစိကိစ္ဆာရော ရှင်းပြီးတဲ့အခါကျတော့မှ ခန္ဓာကိုယ်ထဲမှာ အနိစ္စတရားရှိ တာကို ဘုန်းကြီးက လက်ညှိုးညွှန်ပြတော့မှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေအားထုတ်ရမှာဘဲ (မှန်ပါ့ ဘုရား)။

နို့ မဟုတ်ဘဲ အဲဒီကျမှ ရုပ်ထဲနာမ်ထဲ ဝေဒနာထဲစိတ်ထဲမှာ ဟိုကဒီအတိုင်းသာ ဟောလို့ရှိရင် ဒီအထဲမှာကို ဒိဋ္ဌိဝင်နေတယ် (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိဝင်နေလို့ရှိရင် ဘယ်လိုဘဲ အာပေါက်အောင် အားထုတ် နိဗ္ဗာန်မရဘူးလို့မှတ် ဘုရားက တထစ်ချ ဆုံးဖြတ် ချက်ချပေးတယ် (မှန်ပါ့ ဘုရား)။

အကြင်ပုဂ္ဂိုလ်သည် ဒိဋ္ဌိသုံးမျိုးရှိ၏။ ထိုပုဂ္ဂိုလ်သည် နိဗ္ဗာန်ရလိမ့်မယ်လို့ ငါမဟောဘူးတဲ့၊ ဒိဋ္ဌိသုံးမျိုး ရှိရာတွင် နှစ်မျိုးတော့ဖြင့် ကိန်းနေလိမ့်မယ်၊ အဲဒါရှင်းမပေးဘဲနဲ့ မင်းတို့နိဗ္ဗာန်ရလိမ့်မယ်လို့ ငါဘုရား ဘယ်တော့မှ မဟောဘူးတဲ့ (မှန်ပါ့ ဘုရား)။

ရှေးရှေးသော ဘုရားတွေလဲ ဒိဋ္ဌိမကင်းဘဲနဲ ဝိပဿနာအားထုတ်လို့ မဂ်ဖိုလ်ရလိမ့်မယ်လို့ ရှေးဘုရားတွေလဲ မဟောဘူးတဲ့ (မှန်ပါ့ ဘုရား)။

အဲဒီတော့ အခုအားကြိုးမာန်တက် လာကြတဲ့ ဒကာ ဒကာမတွေလဲ ဝိပဿနာ နောက်ပါလား သံသယရှင်းမှုက အရင်ပါလား၊ ဝိပဿနာက နောက်ပါလား၊ သံသယရှင်းမှုက အရင်ပါလား၊ ဒါကို (၁) နံပါတ်ထား (မှန်ပါ့) နားလည်ကြပြီ နော် (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိရှင်းမှုကို (၁) ထားကြပါ

ဒိဋ္ဌိရှင်းမှုကို (၁) ထားကြပါ (မှန်ပါ့) အဲဒါရှင်းပြီးသည့်နောက်မှ ဝိပဿနာကို (၂) ထားပါ (မှန်ပါ့) ဒိဋ္ဌိပြုတ်ရင် ဝိစိကိစ္ဆာ အလိုလိုပြုတ်သွားတာပါဘဲ။

ဒါအခြေနဲ့ တကွလုပ်ကြတော့မယ်လို့ ပါရမီဖြစ်ရုံမဟုတ်ဘဲနဲ့ဟာ တပည့်တော်တို့ ယခုရ နိဗ္ဗာန်ကို ယခုယူမှာဘဲ ဆိုလို့ရှိရင်ဖြင့် ဒါသုံးမျိုးကို ဒိဋ္ဌိ ကို (၁) နံပါတ်ရှင်း၍ ဝိစိကိစ္ဆာ (၂) နံပါတ် ရှင်းပြီးတော့ ဝိပဿနာ (၃) နံပါတ်ကျမှ အလုပ်လုပ်လို့ရှိရင်တော့ဖြင့် ဒါလမ်းအမှန်ဆုံးဘဲလို့ မှတ်ကြပါ (မှန်ပါ့ ဘုရား)။

ဘုရားလက်ထက်က အနုရာဓဆိုတဲ့ ရဟန်းကလေး တရားအားထုတ်နေတယ်၊ သတ္တဝါရှိတယ်၊ သတ္တဝါရှိတယ် သတ္တဝါသေရင် နိဗ္ဗာန်သွားတယ်၊ သူ့စိတ်ထဲမှာ (မှန်ပါ့ ဘုရား)။

သတ္တဝါရှိသလားဆိုတဲ့ ဒိဋ္ဌိကပ်နေတယ် (မှန်ပါ့) သတ္တဝါသေရင် နိဗ္ဗာန်သွားသလားဆိုတဲ့ ဝိစိကိစ္ဆာလဲရှိတယ် (မှန်ပါ့ ဘုရား)။

ဒီနှစ်ခုရှိနေလို့ ဘုရားကျောင်းတော် အနီးကလေးမှာ အားထုတ်နေတယ်၊ ရကိုမရဘူး (မှန်ပါ့) နောက်ဘုရားက ရှင်းပေးရတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီအသိရှင်းပေးပြီး အားထုတ်မှ ရတာကိုဘုရား ကိုယ်တော်တိုင် ရှင်းပေးလို့ အနုရာဓ ရဟန်းကလေး ရသွားတာကိုထောက်သဖြင့် လည်းကောင်း၊ ရှင်ယမကကို ဥစ္ဆေဒဒိဋ္ဌိကပ်နေလို့ ရှင်သာရိပုတ္တရာ ဖြေရှင်းပေးမှ ရဟန္တာ ဖြစ်တာကို ထောက်သဖြင့်လည်းကောင်း၊ ဒိဋ္ဌိမကွာ၊ ဝိစိကိစ္ဆာ မပယ်ရှားနိုင်လို့ရှိရင် ဘယ်လိုဘဲ အားထုတ်အားထုတ် ကုသိုလ်သာဖြစ်မယ် နိဗ္ဗာန်မရဘူး (မှန်လှပါ) ဒါသေသေချာချာ မှတ်ကြပါ (မှန်လှပါ ဘုရား)။

ဒိဋ္ဌိဝိစိကိစ္ဆာ မကွာဘဲနဲ့ ဝိပဿနာ အားထုတ်နေကြလို့ရှိရင် ကုသိုလ်သာရမယ်၊ နိဗ္ဗာန်မဂ်ဖိုလ်မရ (မှန်လှပါ) ဒါသေသေချာချာမှန်ကြပါ ဆရာရင်း ဒကာရင်းမို့ ပြောနေတာ (မှန်ပါ့ ဘုရား)။

အင်မတန် အရေးကြီးပါတယ်၊ ခင်ဗျားတို့ အရောက်ကြီးရောက်လာလို့ အင်မတန်ဘဲ ဘုန်းရှိကံရှိတဲ့ ပုဂ္ဂိုလ် တွေမို့ တွေ့ကြတာပါဘဲ (မှန်ပါ့) နို့မဟုတ်ရင် တွေ့ဘို့မလွယ်ပါဘူး (မှန်ပါ့ ဘုရား)။

သမာဓိသာဖမ်းနေပါ

ကဲ ဒါဖြင့် ဝိပဿနာ မလုပ်မီ ဒိဋ္ဌိသုံးမျိုးခွါရမယ် (မှန်လှပါ) ဘာမှ ဝိပဿနာ မလုပ်ပါနဲ့ဦး၊ ခင်ဗျားတို့ ဒီရောက်လာတယ်၊ သမာဓိသာဖမ်းနေပါ (မှန်ပါ့ ဘုရား)။

သမာဓိသာဖမ်းနေပါ၊ ဝိပဿနာကို ဘုန်းကြီး ပေးကိုမပေးသေးဘူး (မှန်ပါ့) စိတ်ကိုနှာခေါင်းထဲထားပြီး သကာလ ရှုတာသိ ရှိုက်တာသိသာလုပ်နေ ပင်ပင်ပန်းပန်းမလုပ်နဲ့ စိတ် မပြေးရုံဘဲထိန်းထားကြပါ (မှန်ပါ့ ဘုရား)။

ဒိပြင်ဘာမှဖြစ်ပျက်တွေ ဝိပဿနာတွေမလုပ်ပါနဲ့ (မှန်ပါ့) မလုပ်ပါနဲ့တဲ့၊ လုပ်လို့ရှိရင် ခင်ဗျားတို့ ဒိဋ္ဌိမကွာ ဝိစိကိစ္ဆာမဖယ်ရှားဘဲနဲ့ လုပ်နေလို့ရှိရင် ဦးမာဒင်တို့ အပိုပါဘဲ (မှန်ပါ့) ကုသိုလ်သာဖြစ်၍ မဂ်ဉာဏ်ဖိုလ်ဉာဏ်မရဘူး (မှန်ပါ့ ဘုရား)။

ကုသိုလ်ကတော့ ရေအိုးစင်တည်လဲ ကုသိုလ်ဖြစ်တာဘဲ (မှန်ပါ့) ကုသိုလ်ကတော့ အလွယ်ကလေးပါ (မှန်ပါ့) မဂ်ဉာဏ်ဖိုလ်ဉာဏ် ရဖို့သာခဲယဉ်းတာ (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ ကုသိုလ်ရရင် မဂ်ဉာဏ်ဖိုလ်ဉာဏ် ရလိမ့်မယ်လို့ အောက်မေ့တယ် ၊ တခြားစီ (မှန်လှပါ) ကုသိုလ် ဖြစ်တာတခြား မဂ်ဉာဏ်ဖိုလ်ဉာဏ်ရတာ တခြားလို့မှတ်ပါ (မှန်ပါ့) ဒါကြပ်ကြပ်စဉ်းစားပြီး နားထောင်ပါ (မှန်ပါ့ ဘုရား)။

ခန္ဓာဖြစ်စဉ်နဲ့ ခွါရမယ်

ကိုင်း ဒါဖြင့် ပြောတော့မယ်၊ ဒိဋ္ဌိအရင် ခွါလိုက်မယ်၊ ဒိဋ္ဌိခွါတဲ့ အခါ ဘာနဲ့ခွါရမတုံးလို့ မေးတဲ့အခါကျ တော့ ခင်ဗျားတို့ ခန္ဓာဖြစ်စဉ်နဲ့ ခွါရမယ်လို့ မှတ်ပါ (မှန်ပါ့ ဘုရား)။

ခန္ဓာဖြစ်စဉ်က ဘာတုံးလို့ မေးတဲ့အခါကျတော့ ရှေးဦးစွာ နာရီကိုကြည့်လိုက်၊ ကြည်လိုက်တော့ ရှေ့ကနာရီ မကြည့်ခင်တုန်းက နာရီမြင်တဲ့စိတ်ကလေးက မျက်လုံးထဲမှာမပေါ်ဘူး (မှန်ပါ့) အခုနာရီနဲ့ တည့်လိုက်တဲ့အခါကျတော့ မှ နာရီမြင်တဲ့စိတ်ကလေးက ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ဒကာမကြီးတွေ နဂိုကနာရီမြင်တဲ့စိတ်ဟာ မျက်လုံးထဲမှာ ရှိနှင့်သလား၊ နာရီဘက်ကိုလှည့်လိုက်မှ ပေါ်လာ သလား အကဲခတ်စမ်း (နာရီဘက်လှည့်လိုက်မှ ပေါ်လာပါတယ် ဘုရား) နာရီဘက်လှည့်လိုက်မှ ပေါ်လာတယ် (မှန်ပါ့) နဂိုက မျက်လုံးထဲမှာ ရှိကိုမရှိဘူး၊ နာရီမြင်တဲ့စိတ်ကတော့ မရှိဘူး (မှန်ပါ ဘုရား)။

နာရီဘက် မလှည့်လိုက်လို့ရှိရင် နာရီမြင်တဲ့စိတ် (မရှိပါ ဘုရား)။

ဪ ဒါဖြင့် ဒီစိတ်ကလေးဟာ က အသစ်ကိုးလို့ မဆိုထိုက်ဘူးလားဆိုထိုက်သလာ (ဆိုထိုက်ပါတယ် ဘုရား) အသစ်စိတ်ကလေးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဪ အခုမှ နာရီနဲ့အသား မျက်လုံးနဲ့ အသားဆိုတာ ရုပ်အသားတွေပေါ့ဗျာနော် (မှန်ပါ့) နာရီဆိုတဲ့ဒြပ် နဲ့ ဒီအသားမျက်လုံးနဲ့ နှစ်ခုတည့်တဲ့အခါကျတော့မှ နာရီကိုမြင်တဲ့ နာမ်စိတ်ကလေးပေါ်လာတယ် (မှန်ပါ့ ဘုရား)။

နာရီကိုမြင်တော့ ဘာပေါ်သလဲ (နာမ်စိတ်ကလေး ပေါ်ပါတယ် ဘုရား) နာမ်စိတ်ကလေးပေါ်တယ်၊ ဒါစိတ်ကို နာမ်လို့မှတ်ထားလိုက်တာပေါ့ (မှန်ပါ့) နာမ်စိတ်ကလေးပေါ်တယ် လို့မှတ်ထားလိုက်ပါ (မှန်ပါ့ ဘုရား)။

ဒါကလေးဟာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက စိတ်ကလေးပါလားဆိုတာတော့ အထူး ပြောဘို့မလိုတော့ ပါဘူး (မှန်ပါ့) အသစ်ဘဲ (မှန်ပါ့ ဘုရား)။

ဒကာမကြီးတွေ အသစ်လား, အဟောင်းလားမေးရင်ဘယ့်နှယ်ဖြေကြမလဲ (မသစ်ပါ ဘုရား)။

အသစ်ဘဲ ဒါကို မေးလဲကြည့်ကြနော်၊ နားမလည်လဲမေး (မှန်ပါ့) နားမလည်လဲ မေးပါ၊ မေးရင်လဲ ဖြေကြ အသစ်ပဲလို့ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။

အသစ်ဆိုတာက

အသစ်ဆိုတာက နဂိုက ရှိနှင့်တာလဲမဟုတ်၊ ဖြစ်မယ်လို့ စောင့်နေတဲ့သဘောလဲ မဟုတ်ဘူး (မှန်ပါ့) နဂိုကလဲ မျက်လုံးထဲ ရှိနှင့်တဲသဘောမဟုတ်ဘူး၊ ဖြစ်မယ်လို့ မျက်လုံးအနားကပ်နေတယ်လို့ ဒီသဘောနဲ့လဲ မယူလိုက် ပါနဲ့ မှန်နဲ့လူတွေနဲ့ တည့်မှ အရိပ်ပေါ်သလိုမှတ်တာပေါ့ (မှန်ပါ့ ဘုရား)။

မှန်နဲ့ လူနဲ့တည့်မှ (အရိပ်ပေးပါတယ် ဘုရား) ဒီမှာလဲ မြင်စိတ်ကလေးဟာ ဒီက အသားမျက်လုံးနဲ့ ဟိုကနာရီ အဆင်းနဲ့ သွားတည့်မှ ဖျတ်ကနဲဆို မြင်စိတ်ကလေး ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

ဪ ဒါဟာ ဘာကလေးတုံးလို့ မေးလို့ရှိရင် မြင်တဲ့စိတ်ဘုရာ့ (မှန်ပါ့) မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါက ဘာစိတ်ပါလိမ့် (မြင်စိတ်ပါ ဘုရား) မြင်တဲ့စိတ်တဲ့ ဪ မြင်တဲ့စိတ်ပေါ်တယ် (မှန်ပါ့ ဘုရား)။

မြင်တဲ့စိတ်ကလေး ပေါ်လာတယ်၊ မြင်တဲ့စိတ်ဟာ မြင်တဲ့စိတ်ဘဲ၊ ယောင်္ကျားလဲမဟုတ်ဘူး၊ မိန်းမလဲမဟုတ်ဘူး၊ မြင်တဲ့စိတ်ဟာ မြင်တဲ့စိတ်ဘဲလို့ မှတ်ထားလိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

သူ့ကို နာရီနဲ့ မျက်လုံးနဲ့ တည့်လို့ရှိရင် ပေါ်လာတဲ့နာမ်ဓမ္မ မြင်တဲ့စိတ်ကိုယောက်ျားလို့လဲမဆိုနိုင်ဘူး၊ မိန်းမလို့လဲ မဆိုနိုင်ဘူး၊ မြင်တဲ့စိတ် ဆိုရမှာဘဲ (မှန်လှပါ ဘုရား)။

ဒီ့ပြင်ဘာဆိုစရာရှိသေးသလဲ (မဆိုနိုင်ပါ ဘုရား) ဘာမှမဆိုနိုင်တော့ မြင်စိတ်ဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အိမ်ကပါလာတာလား, ရန်ကုန်က ပါတာလားလို့ မေးပြန်တော့ မဟုတ်ပါဘုရား၊ ဒီနာရီနဲ့ သူ့မျက်လုံးနဲ့ တည့်မှ ပေါ်လာတာ (မှန်ပါ့) အသစ်လား, အဟောင်းလာမေးရင်လဲ ဘယ်နှယ်ဖြေကြမလဲ (အသစ်ပါ ဘုရား)။

အသစ်လဲ အသစ်ဘဲ၊ မြင်တတ်တဲ့စိတ်လဲ မြင်တတ်တဲ့စိတ်ဘဲလို့ဆိုတာ ခင်ဗျားတို့ ရှင်းနေပါပြီ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒါကလေးပေါ်တဲ့အချိန်မှာ ဒီ အခုတရားနာနေတဲ့ ဒကာ ဒကာမတွေ တွေးတာပေါ့၊ ဪ အခုမှ ပေါ်လာတဲ့ အသစ်စိတ်ကလေးဘဲ၊ ယောက်ျားလဲမဟုတ်ဘူး၊ မိန်းမလဲမဟုတ်ဘူး၊ ငါလဲမဟုတ်ဘူး၊ သူလဲ မဟုတ်ဘူး၊ မြင်တဲ့စိတ်သက်သက်ကလေးဘဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ငါကော, သူကော, ယောက်ျားကော, မိန်းမကော ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) မဟုတ်ဘူးတဲ့၊ မြင်တဲ့ စိတ်ပဲမှတ်လိုက်တာပေါ့ (မှန်ပါ့ ဘုရား)။

မြင်စိတ်ဟာ မြင်စိတ်ဘဲ

ကောင်းပြီ ဒါဖြင့် မြင်တဲ့စိတ်ကလေးတော့ဖြင့် တပည့်တော်တို့ သိပြီဘုရား၊ ငါလဲမဟုတ်ဘူး၊ သူလဲမဟုတ်ဘူး မိန်းမလဲမဟုတ်ဘူး၊ ယောက်ျားလဲမဟုတ်ဘူး၊ ပုဂ္ဂိုလ်လဲမဟုတ်ဘူး၊ သတ္တဝါလဲမဟုတ်ဘူး၊ မြင်စိတ်ဟာ မြင်စိတ်ဘဲ၊ မြင်တတ်တဲ့သဘောကလေးဘဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

မြင်တတ်တဲ့သဘောကလေးလို့ မှတ်ထားပါ၊ မြင်ပြီးတော့ ဒီ ဒကာ ဒကာမတွေက မြင်ပြီး သကာလ တချို့ ဒကာ ဒကာမတွေက မြင်ပြီး သကာလ တချို့ ဒကာ ဒကာမတွေကျတော့ နာရီဆိုင်သွား နာရီမြင်တယ်၊ မြင်ပြီး မြင်တတ်တဲ့ဓမ္မကလေးလဲ ပျက်စီးသွားပြီး လိုချင်တဲ့ဓမ္မကလေး ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

လိုချင်တဲ့ ဓမ္မကလေးပေါ်လာတယ်၊ ခုနင်ကတော့ မြင်စိတ် (မှန်ပါ့) အခုတော့ လိုချင်တဲ့စိတ် (မှန်ပါ့ ဘုရား)။

ဪ ဒကာ ဒကာမတို့ ခုနင်က စိတ်နဲ့ ဒီစိတ်နဲ့ တူရဲ့လားလို့မေးတော့ ဘယ့်နှယ့်ဖြေကြမလဲ (မတူပါ ဘုရား) ခုနင့်က မြင်စိတ်၊ အခု လိုချင်တဲ့စိတ် (မှန်ပါ့) မြင်တဲ့စိတ်က မြင်ပြီးချုပ်သွားတယ်၊ လိုချင်တဲ့စိတ် အစားထိုးထားခဲ့တယ် (မှန်ပါ့) သဘောကျပြီနော် (မှန်ပါ့ ဘုရား)။

လိုချင်တဲ့စိတ် အစားထိုးထားတော့ ဪ သူကလဲတမျိုးဘဲ ၊ သူက ခုနင့်ကလို မြင်တာမဟုတ်ဘူး၊ လိုချင်တာ (မှန်ပါ့) သူက မမြင်ဘူး၊ လိုချင်တာဘဲ (မှန်ပါ့ ဘုရား)။

ခုနင်က တရားကတော့လဲ မြင်တယ်၊ မလိုချင်ဘူး (မှန်ပါ့) အခုတရားကတော့ လိုချင်တယ်၊ မမြင်ဘူး၊ သူက မြင်တတ်တဲ့သတ္တိမရှိဘူး၊ လိုချင်တာဘဲ (မှန်ပါ့)၊ ဒီကတည်းကိုက သူတို့နှစ်ခုက ခြားခြားနားနားဘဲ (မှန်ပါ့) သတ္တိချင်းမတူဘူး (မတူပါ ဘုရား) တူသေးရဲ့လား (မတူပါ ဘုရား)။

မတူဘူးလို့မှတ်ပါ၊ ဪ မြင်တဲ့စိတ်ကတော့မြင်တာဘဲ သူချုပ်သွားပြန်တော့လဲ ဝမ်းထဲမှာ တစိတ်ကို သူ အစားထိုးထားခဲ့တယ် (မှန်ပါ့ ဘုရား)။

မြင်တဲ့စိတ်က မျက်လုံးထဲမှာမြင်ပြီး မျက်လုံးထဲမှာဘဲ သူ့သက်တမ်းစေ့ကာနဲ့ သေသွားတယ်၊ လိုချင်တဲ့စိတ် အစားထိုးပစ်ခဲ့တယ် (မှန်လှပါ) လိုချင်တဲ့စိတ် ဝမ်းထဲမှာပေါ်အောင် အစားထိုးပစ်ခဲ့တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာကို အစားထိုးထားခဲ့သလဲ

မြင်တဲ့စိတ်က ဘာကို အစားထိုးထားခဲ့သလဲ (လိုချင်တဲ့စိတ်ကို အစားထိုးထားခဲ့ပါတယ် ဘုရား) အစားထိုး တော့ သူ့မျက်လုံးထဲ ချုပ်ပျောက်ပြီး သကာလ ဝမ်းထဲမှာသွားပြီး အစားထိုးတယ် (မှန်ပါ့) ဝမ်းထဲမှာ လိုချင်တဲ့စိတ် ပေါ်အောင် အစားထိုးပစ်ခဲ့တယ် (မှန်လှပါ) ဒါက အကြောင်းအကျိုး ဆက်ပုံကိုပြတယ် (မှန်ပါ့ ဘုရား)။

ဪ ဒါဖြင့် မြင်တဲ့စိတ်ကလဲ မြင်တတ်တာဘဲ လိုချင်တတ်တာမဟုတ်ဘူး၊ လိုချင်တဲ့စိတ်ကလဲ လိုချင်တာဘဲ ရှိတာဘဲ မြင်တတ်တာမဟုတ်ဘူး (မှန်ပါ့)။

သူက ဝမ်းထဲရောက်သွားပြီး (မှန်ပါ့) သူက လိုချင်တာဘဲ ရှိတယ်၊ နာရီမြင်သလားမမြင်ပါဘူး၊ သူများလက်ညှိုး ထိုးသွားပြီး ကျုပ်လိုချင်တာဆိုတာဘဲ (မှန်ပါ့)။

သူများ လက်ညှိုးထိုးသွားတာကို (ကျပ် လိုချင်တာပါ ဘုရား) ကျုပ်လိုချင်တာလို့ ဆိုတော့ သူ လက်ညှိုးထိုး တာမဟုတ်ဘူး (မှန်ပါ့) သူ လိုချင်တဲ့ဘက်ကနေတယ် (မှန်ပါ့)။

မြင်းခြံဆေးလိပ် လောကီဥပမာ

အဲဒီတော့ လောကီဥပမာ ပြောကြစမ်းပါလို့ ပြောတဲ့အခါတော့ ဘယ်မှာ ဆေးပုံသဏ္ဍာန် ဘယ်လိုတဲ့ ၊ ခင်ဗျားတို့ဆေးနဲ့ပတ်သက်နေတော့ (မှန်ပါ့ ဘုရား)။

ဟာ မြင်းခြံမှာ ဆေးပုံသဏ္ဍာန် ဘယ်လိုတဲ့ ပြောသံကြားတယ် အချိန်ကလဲ ဘယ်လောက်တဲ့၊ ဈေးကလဲ ဘယ်လောက်တဲ့ ဘယ်ကျွန်းက ထွက်လာတယ်၊ ကျုပ်တို့ ယူခဲ့စမ်းပါ မှာချင်မှာတာ (မှန်ပါ့) မြင်လို့မှာတာလား မမြင် ဘဲနဲ့မှာတာလား (မမြင်ဘဲနဲ့ မှာတာပါ ဘုရား)။

ဒါဖြင့် မှာတဲ့လူကတခြား၊ မြင်တဲ့လူကတခြား (မှန်ပါ့) မြင်တဲ့လူကဟိုမှာ သူ မြင်းခြံရောက်ခဲ့ပြီ ကျွန်းထဲ ရောက်ခဲ့ပြီ (မှန်ပါ့) အဲဒီက တခြား၊ ရိပ်မိပလား (မှန်ပါ့) ခင်ဗျားတို့ ဆေးအကြောင်း နားလည်ပါတယ်၊ ဆေးလိပ် ဒကာ ဒကာမတွေက ပြည့်နေတာကိုး (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် မြင်တဲ့လူကတခြား၊ မှာတဲ့လူကတခြား ဆိုသလိုပေါ့ဗျာ (မှန်ပါ့)။

ဒါဖြင့် မြင်တဲ့ လူကလဲ မြင်သာမြင်တယ် သူမဝယ်ခဲ့ဘူး (မှန်ပါ့) မှာတဲ့လူကလဲ ဝယ်ခဲပါတော့ သူမှာတယ် ဆိုတော့ မြင်တဲ့လူကလဲ လာပြောကတည်းကိုက ခင်ဗျားတို့ကို မြင်ခဲ့တာသာ ပြောတာပါ၊ ဝယ်ခဲ့တာ ပြောတာမဟုတ်ဘူး (မှန်ပါ့) ခင်ဗျားတို့ကလဲ ဝယ်ခဲ့ပါသာပြောတာ မြင်တာမဟုတ်ပါဘူး။ တခြားစီပေါ့ (တခြားစီပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် မြင်စိတ်က မျက်လုံးထဲမှာ ပေါ်ပြီး ချုပ်သွားပြီး ဝယ်ချင်တဲ့စိတ်က ဝမ်းထဲမှာ လာပေါ်တယ် (မှန်ပါ ဘုရား) သဘောကျပလား (မှန်ပါ့) ဒါဖြင့် တခြားစီ၊ မြင်တဲ့စိတ်ကတခြား၊ လိုချင်တဲ့စိတ်က တခြား (မှန်ပါ့)။

တခြားစီဘဲဆိုတော့ ဪ မြင်တာဟာ မြင်တဲ့စိတ်ကတခြား၊ လိုချင်တဲ့စိတ်က တခြား၊ စိတ်တော့ စိတ် ချည်းဘဲ (မှန်ပါ့) စိတ်ချင်းတူရဲ့လား (မတူပါ ဘုရား)။

မြင်တဲ့စိတ်က မျက်လုံးမှာပေါ်တယ်၊ လိုချင်တဲ့စိတ် ဝမ်းထဲကနေတယ် (မှန်ပါ့) ပေါ်ရာဌာနလဲ တခြားစီ၊ သူတို့လဲ (တခြားစီပါ ဘုရား)။

ဘုန်းကြီး ဘာဟောနေတုံးလို့ ဒကာကြီး, ဒကာမကြီးတို့မေးလို့ရှိရင်ဖြင့် တခြားစီမှန်းသိအောင် ပြောနေတာ (မှန်ပါ့ ဘုရား)။

ဒါဘဲမှတ်ပါ၊ အခြေနဲ့တကွ ဟောနေရလို့ မလွယ်ဘူး (မှန်ပါ့ ဘုရား) မလွတ်ဘူး၊ ခင်ဗျားတို့ ဘဝများစွာ သံသရာက ခုနင်က ပြောခဲ့တယ်၊ ဒါမပြတ်လို့ ခန္ဓာဝန်ထမ်းသမား ဖြစ်နေတယ် (မှန်ပါ့)။

ဒါဖြင့် မြင်တဲ့စိတ်က တခြား၊ လိုချင်စိတ်ကတခြား၊ သဘောကျပလား (ကျပါပြီ ဘုရား)။

မြင်တဲ့စိတ်က (တခြားပါ ဘုရား) လိုချင်စိတ်က (တခြားပါ ဘုရား)။

ဒါပေါ်လာပြီ၊ လိုချင်တာကလဲ သာမညလိုချင်တာရှိတယ်၊ ဒါမရရင် မဖြစ်ဘူး ဆိုတဲ့ လိုချင်တာမျိုးလဲရှိတယ် မရှိဘူးလား (ရှိပါတယ် ဘုရား)။

ပထမ လိုချင်မှု အသေးစားကလေးဖြစ်တော့ မရရင် မနေနိုင်ဘူးဆိုတဲ့ ကိစ္စက ဒုတိယလာတယ် (မှန်ပါ့) လိုချင်တာမှာ ဒုတိယဘဲ (မှန်ပါ့)။

လိုချင်မှုအသေးစားလား လိုချင်မှုအကြီးစားလား

သူပေါ့ ဒကာ ဒကာမတို့ ခုနင်ကလို လိုချင်မှုအသေးစားလား လိုချင်မှုအကြီးစားလား အခုပေါ်နေတာ (လိုချင်မှု အကြီးစားပါ ဘုရား)။

ဒါဖြင့် လိုချင်မှုအသေးမရှိဘူး (မှန်လှပါ ဘုရား) အသေးကအကြီးကို အစားထိုးပစ်ခဲ့တယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

အသေးက (အကြီးအစားထိုးပစ်ခဲ့ပါတယ် ဘုရား) ဒါဖြင့် သူလဲ တမျိုးဘဲ (မှန်လှပါ ဘုရား) တဏှာ, ပစ္စယာ, ဥပါဒါနံ၊ လိုချင်မှုကလေးဟာ တဏှာ (မှန်ပါ့) သူကနေပြီး ဥပါဒါန် ကျေးဇူးပြုလိုက်တယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မြင်မှုက လိုချင်မှုကို ကျေးဇူးပြုတယ် (မှန်ပါ့) လိုချင်မှုကလေးက လိုချင်မှုကြီးကို အစားထိုးထားတယ် (ဝါ) ကျေးဇူးပြုခဲ့တယ် (မှန်ပါ့) ဒါ-မှတ်ပါ (မှန်ပါ့)။

လိုချင်တော့ ခင်ဗျားတို့ အလွန်လိုချင်နေတဲ့ပုဂ္ဂိုလ်ဟာတဲ့ ငြိမ်ငြိမ်နေမလားတဲ့ ကာယကံနဲ့ ငွေထုတ်ပေးမယ် ဝစီကံနဲ့ဘယ်သူ့ဆီကို ငွေလွှဲလိုက်တယ်၊ အဲဒီသွားယူပါ၊ ခင်ဗျားအဲဒီက ငွေထုတ်ပြီးဝယ်ခဲ့ပါ ဆိုတဲ့ ကာယကံ လာမလား မလာဘူးလား (လာမှာပါ ဘုရား)။

ကမ္မဘဝလာတယ်

ဒါဖြင့် လိုချင်ကြီး ချုပ်သွားပြီး သကာလ ခုနင်က ကာယကံ ဝစီကံ ဖြစ်တဲ့ ကမ္မဘဝလာတယ်၊ ကမ္မဘဝပေါ်သွားပြီး ရှင်းပလား (ရှင်းပါပြီ ဘုရား) ကာယကံ, ဝစီကံ ပေါ်လာတယ် မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ဒါဖြင့် ကာယကံ, ဝစီကံ ပေါ်လာတော့ကို လိုချင်မှုက ကျေးဇူးပြုထားတယ်၊ အစားထိုးထားတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အခု ဒီနေ့ ပြောလိုက်တာ ဦးမာဒင် စိတ် ဘယ်နှယ်မျိုးရှိသွားပလဲ (သုံးမျိုးရှိသွားပါပြီ ဘုရား) ဘယ်က မတုန်းဗျ (လေးမျိုးရှိသွားပါပြီး ဘုရား)။

စောစောစီးစီးက မှားနေတယ်၊ တော် တော်သေးရဲ့အိမ်ကျရင် အကုန်များပျောက်ချည်ရဲ့။

ဒါမြင်တာနော် (မှန်ပါ့ ဘုရား) မြင်စိတ်ကလေးပြီးတော့မှ လိုချင်တာ၊ စွဲလမ်းတာ၊ ဒါက အားထုတ်တာ (မှန်ပါ့ ဘုရား)။

မြင်တယ်၊ လိုချင်တယ်၊ စွဲလမ်းတယ်၊ အားထုတ်တယ်၊ (မှန်လှပါ) ဒါယူပေါ်နေတုန်းလဲ နောက်ဆုံးခုမရှိဘူး၊ တခုချုပ်သွားမှ နောက်တခုလာတယ်၊ ဒီတခု ချုပ်သွားတော့မှ ဒီတခုလာတယ်၊ ဒီတခုချုပ်သွားတော့မှ ဒီတခုလာတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ပြတော့မယ်တဲ့၊ ဒါခင်ဗျားတို့ကို သက္ကယဒိဋ္ဌိ ခွါနေတာ သဿတဒိဋ္ဌိခွါနေတာ၊ ဥစ္ဆေဒဒိဋ္ဌိ ခွါနေတာ နောက်ရှင်းပေးမယ် (မှန်ပါ့ ဘုရား)။

ဒါကိုနားလည်မှ သဿတ ဥစ္ဆေဒရှင်းလို့ရမှာ (မှန်လှပါ) နို့မဟုတ်လို့ရှိရင် ခင်ဗျားတို့ ဒိဋ္ဌိမကွာဘဲနဲ့ ဆိုလို့ရှိ ရင်ဖြင့် ဒါကလေးတွေဟာ ငါမြင်တယ်၊ ငါလိုချင်တယ်၊ ငါကိုယ်မရတာပြောလိုက်တယ်၊ ငါကိုယ်တိုင်ကို ကာယကံ ဝစီကံနဲ့ကိုတခါတည်း ကပ်ကပ်ကြပ်ကြပ် ကျုပ်တော့မလိုက်နိုင်ဘူး၊ အရယူခဲ့ပါဆိုတဲ့၊ အဓိပ္ပါယ်မျိုး၊ ကာယကံ ဝစီကံနဲ့ကို ပြောတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဪ-မြင်စိတ်ချုပ်ပြီးတော့မှလိုချင်တာ ဝမ်းထဲမှာပေါ်တယ် (မှန်ပါ့) လိုချင်တာ ချုပ်ပျောက်ပြီးတော့မှ ဘာလာသတုံး (စွဲလမ်းတာလာပါတယ် ဘုရား) စွဲလမ်းတာ ချုပ်ပျောက်ပြီးတော့မှ အားထုတ်တာ (မှန်ပါ့) အားထုတ်တာဆိုတာ ကမ္မဘဝ (မှန်လှပါ ဘုရား)။

စာထည့်သွင်းကြစို့

ကဲ စာထည့်သွင်းကြစို့ ဒါကဖြစ်စဉ်၊ ကြားဘူးနာဝလဲသွင်းကြစို့နော် (မှန်ပါ့) မြင်မှု၊ မြင်မှုရှိသောကြောင့် မြင်တဲ့သဘောရှိသောကြောင့် မြင်တာသည် လိုချင်မှုအား ကျေးဇူးပြုတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

မြင်တာသည် (လိုချင်မှုအား ကျေးဇူးပြုပါတယ် ဘုရား) ဒါဖြင့် မြင်တာချုပ်သွားပြီ ခင်ဗျားတို့ အခုလိုချင်မှုနဲ့ နေတယ် (မှန်ပါ့ ဘုရား)။

လိုချင်မှုသည် အသက်တမ်းစေ့လို့ ၁-၂ ဆိုရင် သူ့အသက်တမ်းကုန်လို့ ချုပ်သွားပြီး စွဲလမ်းမှု အစားထိုးခဲ့တယ် (မှန်ပါ့ ဘုရား)။

စွဲလမ်းမှုအစားထိုးပြီး စွဲလမ်းမှု ချုပ်သွားတဲ့အခါကျတော့ အားထုတ်မှုကို သူအစာထိုးထားခဲ့တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ အလုပ်တခုဟာ ဘယ်စိတ်ပေါ်ပြီးမှ အလုပ်တခု အထမြောက်သတုံးလို့ မေးဘို့လိုလာတယ် (လိုလာပါတယ် ဘုရား) ၁-၂-၃-၄ လေးနံပါတ် စိတ်ကျမှ အလုပ်တခုအထမြောက်လာတယ် (မှန်ပါ့) မှတ်ထားကြပါ။

လေးစိတ်ကျမှ (အလုပ်တခု အထမြောက် လာပါတယ် ဘုရား) အလုပ်တခု အထမြောက်တယ်ဆိုသလိုပေါ့ဗျာ ဒီကနေ စစ်ကိုင်းသွားတယ် တံတားက လေးဂုံးကျော်ပြီးမှ ရောက်မယ်ဆိုသလိုပေါ့ ရောက်တာတွက်လိုက်ရင် လေးဂုံး ကျော်ရမှာဘဲ (မှန်ပါ့ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် မြင်တာကလဲမြင်စိတ်၊ မလိုချင်တတ်ပါဘူး (မှန်ပါ့) မြင်ပြီးတော့ သူ့အသက်တမ်း စေ့တော့ ချုပ်သွားတာဘဲ (မှန်ပါ့ ဘုရား)။

မြင်တာသည်၊ ပုဂ္ဂိုလ်သတ္တဝါလား

ဒါဖြင့် မြင်တာသည်၊ ပုဂ္ဂိုလ်သတ္တဝါလား၊ ယောကျ်ားလား၊ မိန်းမလားလို့ ဒကာကြီးတွေ မေးရင် ဘယ့်နှယ် ဖြေကြမလဲ (မဟုတ်ပါ ဘုရား)။

မြင်တာမြင်တဲ့စိတ်ဘဲဘုရား၊ မြင်စိတ်သက်သက်ဘဲ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဪ မြင်စိတ် သက်သက်ဘဲ ဆိုတော့ ပုဂ္ဂိုလ်သတ္တဝါယောကျ်ားမိန်းမ ငါသူတပါးဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။

ဒါက သက္ကာယဒိဋ္ဌိဖြုတ်တာ (မှန်ပါ့) ဪ ဒါမြင်စိတ်ကလေး ပေါ်လာလို့ရှိရင် မြင်စိတ်ကလေးဟာ သူမြင်တဲ့ အလုပ်လုပ်တာဘဲ၊ ငါနဲ့မရောစေနဲ့ (မှန်ပါ့) ငါနဲ့မရောစေနဲ့ (မှန်ပါ့ ဘုရား)။

ကောင်းပြီး ဒါဖြင့် မြင်စိတ်ကလေးဟာတော့ဖြင့် သူ့အသက်တမ်း ၁-မှာ ဖြစ်ပြီး ၂-မှာ ပျောက်သွားတယ် (မှန်ပါ့) သူဘာအစားထိုးထားသတုန်းလို့ မေးတဲ့အခါကျတော့ မြင်စိတ်ကလေးကသူလဲချုပ်သွားရော၊ လိုချင်တဲ့တရား ကလေး အစားထိုး ထားခဲ့တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ခင်ဗျားတို့ ပစ္စည်းတခုကို မြင်ပြီးမှလိုချင်တာ (မှန်ပါ့) မြင်တဲ့စိတ် ချုပ်သွားတော့မှ လိုချင်တဲ့ စိတ်ကလေးက နောက်ကပေါ်လာတာ (မှန်ပါ့ ဘုရား)။

ဒါဖြင့် မြင်တဲ့စိတ်သည် ဘာကို အစားထိုးထားခဲ့သတုံး (လိုချင်တဲ့စိတ်ကို အစားထိုးထားခဲ့ ပါတယ် ဘုရား) ကောင်းပြီ ဒါလိုချင်တဲ့စိတ်ကလေးမှတ်ထား (၂) နံပါတ် (မှန်ပါ့ ဘုရား)။

ဒီလိုချင်တဲ့စိတ်ကလေးဟာလဲ အခုမှပေါ်လာတာ (မှန်ပါ့ ဘုရား) အခုမှ ပေါ်လာတာ ၊ ခင်ဗျားတို့အိမ်က ပါလာတာမဟုတ်ဘူး (မပါပါ ဘုရား)။

အခုမှပေါ်လာတော့ သူလဲအသစ်ကလေးဘဲ၊ သဘောကျပြီနော် (မှန်ပါ့) ဒီအသစ်ကလေးဘဲ၊ သူလဲပုဂ္ဂိုလ် သတ္တဝါဟုတ်ရဲ့လားလို့ မေးလိုက်တယ် (မဟုတ်ပါ ဘုရား)။

မဟုတ်ရင်ဘာတုန်း မေးတော့မှ (လိုချင်တဲ့စိတ်ပါ ဘုရား) လိုချင်တဲ့စိတ်ကလေး ပေါ်တာရှိတာဘဲ၊ ရှင်းပလား (ရှင်းပါပြီ) လိုချင်တဲ့စိတ်ကလေး သီးသန့်ပေါ်တာပဲလို့ အားလုံးမှတ်ကြပါ (မှန်ပါ့ ဘုရား)။

သို့သော် အလိုလိုပေါ်သလားလို့ စကားတလုံးတိုးလာတယ် (မှန်ပါ့) အလိုလိုမပေါ်ပါဘူး၊ မြင်တဲ့စိတ်က အစားထိုးထားခဲ့တာ (မှန်လှပါ) သဘောကျပလား (ကျပ်ပါပြီ ဘုရား)။

သူမရှိသောအားဖြင့် ကျေးဇူးပြုသွားတာ

မြင်တဲ့စိတ်က (အစားထိုးထားခဲ့တာပါ ဘုရား) အစားထိုးထားခဲ့တာ၊ ငါတော့ဖြင့် သေရတော့မယ်၊ မင်းဒီနေရာ နေရစ်ပါဆိုပြီး မဆိုသော်လဲ ဆိုဘိသကဲ့သို့ နတ္တိပစ္စယော သူမရှိသောအားဖြင့် ကျေးဇူးပြုသွားတာ (မှန်ပါ့ ဘုရား)။

နတ္တိပစ္စယော ဆိုတာဒါဘဲ၊ နတ္တိကအရင်ဟာ၊ ပစ္စယောနောက်ပေါ်တာ (မှန်ပါ့) အရင်စိတ်မရှိဘဲနဲ့ ဒါကလေး ပေါ်အောင် ကျေးဇူးပြုတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒီစိတ်ဟာအလိုလိုပေါ်တာလား အကြောင်း ကင်းသလားမေးရင် ဘယ့်နှယ် ဖြေကြမလဲ (အကြောင်းမကင်းပါ ဘုရား)။

ဒါဖြင့် မြင်စိတ်တည်းဟူသော အကြောင်းကြောင့် လိုချင်စိတ်တည်းဟူသော အကျိုးပေါ်တယ် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

မြင်စိတ်တည်းဟူသော အကြောင်းကြောင့် (လိုချင်စိတ်တည်းဟူသော အကျိုးပေါ်ပါတယ် ဘုရား) လိုချင်တဲ့ စိတ်အကျိုးပေါ်တယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် အကြောင်းအကျိုး ဆက်-မဆက် (ဆက်ပါတယ် ဘုရား) ချုပ်သွားတဲ့တရားနဲ့ ဒီတရားနဲ့ (အကြောင်း အကျိုးဆက်ပါတယ် ဘုရား)။

ဆက်သွားတယ် ဆိုလို့ရှိရင်ဖြင့် အကြောင်းအကျိုးတော့ဆက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) အကြောင်းအကျိုးဆက်တယ်လို့ မသိဘူးလား (သိပါတယ် ဘုရား)။

မြင်တဲ့တရားက ချုပ်သွားပြီးပြီ (မှန်ပါ့) သို့သော်အကြောင်းအကျိုးဆက်ပြီးတော့ လိုချင်တဲ့တရားကို သူအစားထိုး ထားခဲ့တယ် (မှန်ပါ့ ဘုရား)။

မထိုးဘူးလား (ထိုးပါတယ် ဘုရား) အကယ်၍ မထိုးရင် ခင်ဗျားတို့ မြင်ပြီးသေတယ် (မှန်ပါ့) မြင်ပြီးရင်သေဘို့ဘဲ (မှန်ပါ့ ဘုရား)။

စိတ်မရှိရင် သေတာဘဲ

စိတ်မရှိရင် မဖြစ်တော့ရင် သေမှာဘဲ (မှန်ပါ့) အစားထိုသေးလို့ ခင်ဗျားတို့မသေးတာကိုး (မှန်ပါ့) စိတ်မရှိရင် သေတာဘဲ၊ လူတိုင်းလူတိုင်းအလုပ်က မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

ဒီရုပ်ကြီးကတော့ စိတ်မရှိရင် သေတာပဲ၊ ရုပ်ကြီး သူ့ဟာသူနေ၊ သူ့ကိုမသာထမ်းပို့လိုက်၊ စိတ်မရှိလို့သေတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့မသေအောင် ဘယ်သူ့အစားထိုး ပစ်ခဲ့သတုံးလို့မေးရင် ဘယ့်နှယ်ဖြေကြမလဲ (မြင်စိတ်က အစားထိုးပစ်ခဲ့ပါတယ် ဘုရား)။

အဓိပ္ပါယ်ဆိုတာ နည်း-နည်း နည်းနည်းမှ ပိုရှင်းမယ်နော် (မှန်ပါ့) နည်းနည်းမှ ပိုရှင်းမယ်၊ ခင်ဗျားတို့က ဘာမှမပါဘူး၊ ဗလာချည်းလာတာ၊ ဒီကျမှအကုန်လုပ်ရမှာ (မှန်ပါ့ ဘုရား)။

ခလေးကလေးမွေးလာတာ အဝတ်တစ်ထည် ရွှေတွဲလဲ ၊ ငွေတွဲလဲမပါဘူးဗျ၊ နောက်မှဆင်ရမှာချည်းဘဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) ဘာမှမပါခဲ့ဘူး၊ ဒီကျမှအကုန်ဆင်ရမှာချည်းဘဲ (မှန်ပါ့ ဘုရား)။

ဦးမာဒင်ကြီးတို့များ ဘာမှမပါဘူးလား ဟင် (မှန်ပါ့ ဘုရား) တုံးလုံးလာခဲ့တာနဲ့ အတူတူဘဲ (မှန်ပါ့) လောကုတ္တရာမျက်လုံးနဲ့ ကြည့်တော့ ခင်ဗျားတို့မှာ တုံးလုံးလာခဲ့တယ် (မှန်ပါ့ ဘုရား)။

ဘာမှမပါဘူး (မှန်ပါ့) ဘာမှမပါခဲ့ဘူး၊ ပါလာပြန်တော့လဲ အမှားတွေ ပါလာခဲ့တယ်၊ ဒိဋ္ဌိအမှားတွေ (မှန်လှပါ ဘုရား)။

ဒါဖြင့်လိုချင်တဲ့ စိတ်ကလေးဟာ ဒကာ ဒကာမတို့ အလိုလိုပေါ်လာတာလား၊ အစားထိုးထားခဲ့တာလား (အစားထိုးထားခဲ့တာပါ ဘုရား)။

ဒါဖြင့်ချုပ်သွားတဲ့ မြင်စိတ်တည်းဟူသော အကြောင်းမကင်းဘူးပေါ့ (မှန်လှပါ ဘုရား) ကင်းသေးရဲ့လား (မကင်းပါ ဘုရား) လိုချင်တဲ့အကြောင်း မကင်းဘူးနော် (မှန်လှပါ ဘုရား)။

ဒါဖြင့် ဪ အရင်ချုပ်သွားတဲ့ အကြောင်းကြောင့်အခုလိုချင်တဲ့ စိတ်အကျိုးတရား ပေါ်လာပေတယ်လို့ ဆိုတာခင်ဗျားတို့ ငြင်းဘို့မလိုတော့ဘူး (မလိုပါ ဘုရား) လိုသေးသလား (မလိုပါ ဘုရား)။

မလိုလို့ရှိရင်ဖြင့် ဥစ္ဆေဒဒိဋ္ဌိဆိုတာ ဒီအကြောင်းချုပ်သွားရင် မြင်စိတ်ကလေးချုပ်သွားရင် ဘာမှအစားမထိုးဘုူး လို့ ယူတာ ဥစ္ဆေဒဒိဋ္ဌိ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာမှအစားမထိုးရင် (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား) အခုတော့အစားထိုးသွားတာ မြင်လိုက်သဖြင့် အကြောင်းအကျိုး ဟာပြတ်သေးရဲ့လား (မပြတ်ပါ ဘုရား) မပြတ်သေးလို့ရှိရင်ဖြင့်တဲ့ ၊ ဥစ္ဆေဒဒိဋ္ဌိ လွတ်သွားတယ်( လွတ်သွားပါတယ် ဘုရား)။

ဒိဋ္ဌိခွါတုန်းရှိသေးတယ်

ဒါသေသေချာချာမှတ်ပါ၊ ဒိဋ္ဌိခွါတုန်းရှိသေးတယ် ၊ ဖြစ်ပျက်မရှုနဲ့ဦး (မှန်ပါ့) ဒိဋ္ဌိရှိလျက်နဲ့ ဝိပဿနာရှုရင် နိဗ္ဗာန်မရဘူး (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဝိပဿနာကို အခြေကနေပြီး တည်ရတဲ့အတွက် ဦးမာဒင် ဝုန်းကနဲရော့ကွာ ဒါလုပ်တော့ ဆိုရင် အဲဒါသိပ်နည်းကျလှတဲ့ဆရာ မဟုတ်သေးဘူး (မှန်ပါ့ ဘုရား)။

နည်းမကျသေးဘူး၊ လိုရင်းအကျိုးမရနိုင်ဘူး (မှန်ပါ့) အခြေမပါဘူး၊ ပိဋကတ်သုံးပုံမမွှေနှောက်နိုင်လို့ မှန်စုနဲ့ ပြောနေတာ (မှန်လှပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီအကြောင်းနဲ့ ဒီအကျိုးဟာ ဆက်သလား (ဆက်ပါတယ် ဘုရား) ဆက်တော့ကို ဒီအကြောင်းဟာ သူ့ဟာ သူချုပ်သွားပြီ ဘာမှမရှိဘူးဆိုရင် ဥစ္ဆေဒဒိဋ္ဌိ (မှန်လှပါ ဘုရား)။

အခုတော့ ဒီဟာဆက်ပေးခဲ့တယ်ဆိုတော့ ဥစ္ဆေဒဒိဋ္ဌိယူသေးရဲ့လား (မယူပါ ဘုရား) မယူတော့ဘူး၊ သဘောကျပလား (ကျပါပြီ) ဒါဖြင့် ဥစ္ဆေဒဒိဋ္ဌိစင်သွားပြီ (မှန်ပါ့ ဘုရား)။

ဥစ္ဆေဒဒိဋ္ဌိဆိုတာက ဒီအကြောင်းတရားက ချုပ်သွားပြီ၊ သူ့ဟာသူချုပ်သွားတာဘဲ၊ သူဘာမှ အစားမထိုးခဲ့ဘူး ဆိုရင် ဥစ္ဆေဒဒိဋ္ဌိစင်ပြီး (မှန်ပါ့ ဘုရား)။

အခုတော့ အစားထိုးမထိုး (ထိုးပါတယ် ဘုရား) မြင်တဲ့စိတ်က ဘာကိုအစားထိုးခဲ့သလဲ (လိုချင်တဲ့စိတ်ကို အစားထိုးခဲ့ပါတယ် ဘုရား)။

လိုချင်တဲ့စိတ်ကို အစားထိုးခဲ့တာ ဒီစိတ်မလာရင် ခင်ဗျားတို့ ဗိုင်းဗိုင်းလဲသေတယ် (မှန်ပါ့) မြင်ပြီးသေမှာဘဲ စိတ်နဲ့အသက် ရှင်ရတာကိုးဗျ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာနဲ့ အသက်ရှင်ရတာတုံး (စိတ်နဲ့ အသက်ရှင်ရတာပါ ဘုရား) အစားထိုးလို့ ရှင်နေတာ (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ ရန်ကုန်ကလာ စိတ်တစိတ်မှမရှိဘူး၊ ဒီစိတ်နဲ့အစားထိုးတဲ့ စိတ်နဲ့ အသက်ရှင်နေတာ (မှန်ပါ့) ကဲ ဒါဖြင့် ဥစ္ဆေဒဒိဋ္ဌိ စင်ပုံကို သဘောကျပလား (ကျပါပြီ ဘုရား)။

အရမ်းယူလို့လဲ မရဘူး၊ ဒီဥစ္စာ အတော် အရေးကြီးတယ်၊ အတော်အရေးကြီးပါတယ် (မှန်ပါ့) တကယ်တမ်း လိုချင်လို့လာတာ၊ ခင်ဗျားတို့ ကုသိုလ်ဖြစ်လာတာ မဟုတ်ဘဲကိုး (မှန်ပါ့ ဘုရား)။

ကုသိုလ်ဖြစ်လာတယ်ဆိုရင်တော့ ဘုန်းကြီးက ကုသိုလ်ဖြစ်တရားဟောပေးမှာပေါ့ (မှန်ပါ့) အခုဟာတော့ မဟုတ်ဘူး၊ နိဗ္ဗာန်လိုချင်လို့လာတာ (မှန်ပါ့ ဘုရား)။

ကုသိုလ်ဖြစ်တရားနဲ့ နိဗ္ဗာန်လိုချင်တဲ့တရား

ကုသိုလ်ဖြစ်တရား ဟောတာမဟုတ်ဘူး (မှန်လှပါ) ကုသိုလ်ဖြစ်တရားနဲ့ နိဗ္ဗာန်လိုချင်တဲ့တရာ တခြားစီ (မှန်ပါ့ ဘုရား)။

ရှေးကတော့ ဦးမာဒင်တို့က ရှေးတုံးက ကြားဖူးတာနဲ့ ကုသိုလ်ရရင် နိဗ္ဗာန်ရတယ် အောက်မေ့တယ် (မှန်လှပါ ဘုရား)။

ဟာ ဘာဟုတ်လိမ့်မတုန်း၊ ကုသိုလ်ရတာတခြား၊ နိဗ္ဗာန်ရတာတခြားဘဲ (မှန်ပါ့) ကာမာဝစရ ကုသိုလ်ဆိုတာ နိဗ္ဗာန်မှ တိုက်ရိုက်မရနိုင်ဘဲ၊ ဟင် (မှန်ပါ့) လောကုတ္တရာကုသိုလ်မှ နိဗ္ဗာန်ရနိုင်တာ (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် ဒါကလေးဟာ အသစ်ပေါ်တော့ပေါ်တာဘဲတဲ့၊ သို့သော် သူသည်သူတပါးက အစားထိုးလို့ ပေါ်တာ ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ) အလိုလိုပေါ်တာလား၊ အစားထိုးလို့ ပေါ်တာလား (အစားထိုးလို့ ပေါ်တာပါ ဘုရား)။

ဒါဖြင့် အစားထိုးတဲ့တရား၏ စွမ်းရည်သတ္တိကို သူခံယူရတယ် (မှန်ပါ့) မယူရဘူးလား (ယူရပါတယ် ဘုရား) ခံယူလို့ပေါ့ ဒါကြောင့် သူပေါ်နိုင်တာ၊ နို့မဟုတ်ပေါ်ပါ့မလား (မပေါ်ပါ ဘုရား)။

အခုတော့ ပေါ်တာကိုသိလိုက်သဖြင့် ချုပ်သွားတဲ့တရားနဲ့သူနဲ့ အကြောင်းအကျိုး ပြတ်သလား၊ မပြတ်ဘူးလား (မပြတ်ပါ ဘုရား)။

အဲ ပြတ်တယ်ယူရင် ဥစ္ဆေဒဒိဋ္ဌိ (မှန်ပါ့) အခုတော့ မပြတ်မှန်းသိတော့ ဥစ္ဆေဒဒိဋ္ဌိစင်သွားပြီ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) မပြတ်မှန်းသိလို့ (ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ် ဘုရား)။

သက္ကာယဒိဋ္ဌိကတော့ အစောကြီးက စင်ခဲ့ပါပြီ (မှန်ပါ့) အခုဥစ္ဆေဒဒိဋ္ဌိပြောနေတယ် (မှန်လှပါ ဘုရား) ရှင်းပြီ နော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီဓမ္မကလေးဟာ လိုချင်တဲ့ စိတ်ကလေးပေါ်တယ်၊ ဖြတ်ဆိုသူလဲသက်တမ်းစေ့တော့ ၁-၂ ဆိုချုပ်သွားပြီ၊ အလွန်လိုချင်တဲ့ ဥပါဒါန်အစားထိုးပြီ (မှန်ပါ့ ဘုရား)။

ဒါပုဂ္ဂိုလ်လား၊ သတ္တဝါလား၊ မေးလိုက်တယ် (မဟုတ်ပါ ဘုရား) အလွန်လိုချင်တဲ့စိတ်ဘဲ (မှန်ပါ့ ဘုရား)။

ဒါသက္ကာယ ဒိဋ္ဌိပြုတ်တာ

ဒါသက္ကာယ ဒိဋ္ဌိပြုတ်တာ (မှန်ပါ့) အလွန်လိုချင်တဲ့စိတ်လို့ယူလိုက်တော့ သက္ကယဒိဋ္ဌိဖြုတ်လိုက်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာစိတ်ဖြစ်သတုံး (အလွန်လိုချင်တဲ့စိတ်ဖြစ်ပါတယ် ဘုရား) ပုဂ္ဂိုလ်လား သတ္တဝါလား၊ ယောကျ်ားလား၊ မိန်းမလား၊ မေးလိုက်တယ် မဟုတ်ပါ ဘုရား)။

အဲ မဟုတ်ဘူးဆိုကတည်းက ခင်ဗျားအဘို့ သက္ကယဒိဋ္ဌိပြုတ်ပြီ (မှန်ပါ့) (၁) နံပါတ် သက္ကာယဒိဋ္ဌိ ပြုတ်သွားပြီ နော် (မှန်ပါ့) ပုဂ္ဂိုလ် သတ္တဝါမှမဟုတ်ဘဲကိုး၊ အလွန်ကိုခင်တဲ့စိတ်ဘဲ (မှန်လှပါ) ရှင်ပြီနော် (မှန်ပါ့ ဘုရား)။

ကဲ တခါသွားပါဦးတဲ့ ဒီစိတ်ကလေးဟာ သူ့အလိုလိုပေါ်လာတာလား၊ လိုချင်တဲ့စိတ်က အစားထိုးခဲ့ တာလား (လိုချင်တဲ့စိတ်က အစားထိုးခဲ့တာပါ ဘုရား)။

အစားထိုးခဲ့တယ်ဆိုတော့ သူ့မှာအကြောင်း ကင်းရဲ့လား (မကင်းပါ ဘုရား) မကင်းတော့ဘူး၊ အကြောင်းအကျိုး ဆက်နေသောကြောင့် အကြောင်းအကျိုး မဆက်ဘူးလို့ယူရင် ဥစ္ဆေဒဒိဋ္ဌိ(မှန်ပါ့) အခုတော့ ဆက်နေတယ် ယူသဖြင့် ဥစ္ဆေဒဒိဋ္ဌိလွတ်သွားတယ် (လွတ်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့်ခင်ဗျားတို့မှာ သက္ကာယဒိဋ္ဌိကောရှိသေးရဲ့လား (မရှိပါ ဘုရား) ဥစ္ဆေဒဒိဋ္ဌိကော (မရှိပါ ဘုရား)။

သဿတဆက်ပြမယ်

ကောင်းပြီ တခါ သဿတ ဆက်ပြမယ်၊ သဿတဒိဋ္ဌိချုပ်ပုံ ကို (မှန်ပါ့) အခု နှစ်ခုပြုတ်သွားပြီ (မှန်ပါ့) နားမလည်သေးရင် နက်ဖြန်ထပ်ပြောမယ် (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် အခုအစားထိုးထားခဲ့တယ်တဲ့၊ လိုချင်တဲ့စိတ်က အလွန်လိုချင်တဲ့စိတ်ကို အစားထိုးထားခဲ့တယ်၊ သူကလဲ သူ့အသက်တမ်းကို တခါတည်းမှတ်ထားကြပါဦး၊ သူ့အသက်တမ်းက (၁) နဲ့ (၂) ပဲရှိတယ် (မှန်ပါ့) (၁) မှာ ဖြစ်တယ်၊ (၂) မှာပျက်တယ်၊ ဒါတရားတခုတခုမှာ (မှန်ပါ့ ဘုရား)။

စိတ်တခုတခု၏ အသက်သည် (၁) မှာဖြစ်၍ (၂) မှာပျက်တယ် (မှန်ပါ့) ဥပါဒ်နဲ့တင်ဘဲ (မှန်ပါ့ ဘုရား)။

စိတ္တယမိုက်မှာ လာတဲ့အတိုင်းပေါ့ဗျာ (မှန်ပါ့) ဋ္ဌီဆိုတာအပိုပါပဲ၊ ဟိုဘက်ပျက်မလို့ ညွတ်တာရှိတာပဲ၊ ဘာမှ မထူးပါဘူး (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီဓမ္မကလေးဟာ ခိုင်မှာလား၊ မြဲမှာလား၊ မေးကြရင် ခင်ဗျားတို့ဘယ့်နှယ်ဖြေကြမယ် (မမြဲပါ ဘုရား) ဒါဖြင့် မမြဲတာသိသဖြင့် သဿတဒိဋ္ဌိပြုတ်တယ် (မှန်ပါ့ ဘုရား)။

အစားထိုးတာ သိသဖြင့် (ဥစ္ဆေဒဒိဋ္ဌိပြုတ်ပါတယ် ဘုရား) ဒါဖြင့် ဒိဋ္ဌိဘယ်နှစ်ခုပြုတ်သတုံး (သုံးခုပြုတ်ပါတယ် ဘုရား) မှတ်မိပြီနော် (မှန်ပါ့) ရှင်းရဲ့လား (ရှင်းပါတယ် ဘုရား)။

လူသစ်တွေက

ဒါကိုဖြုတ်ပေးတာ ဒီနေ့နာရီစေ့နေပြီ (မှန်ပါ့) ဒီဟာတွင်ဘဲ ဖြုတ်ကြပါဦးတဲ့၊ ဒီနေ့လုပ်စရာက လူသစ်တွေက နှာခေါင်းနားမှာ စိတ်ကလေးထားပြီးတော့ လေထွက်တာသိဝင်တာသိ၊ ထွက်တာသိ၊ ဝင်တာသိ၊ ဘယ်လောက်ရတယ် နက်ဖြန်ဒီတရား ဆွေးနွေးလာတဲ့အခါကျတော့ ဘယ်လောက် ရနိုင်တာဘုရားလို့ လျှောက်နိုင်ရင် တော်ပါပြီ၊ ဘာမှ ဖြစ်ပျက်တွေဟာတွေ အနိစ္စတွေ မရှုပါနဲ့ဦး (မှန်ပါ့ ဘုရား)။

ရှုနေရင် ခင်ဗျားတို့ မောမှာစိုးလို့ ဒိဋ္ဌိသုံးမျိုး ခင်ဗျားတို့ကို ပြန်ရှင်းပေးဦးမယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။