12611

မာတိကာသို့

ပုဏ္ဏသုတ်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ မင်္ဂလာတိုက်၌ ဟောကြားတော်မူအပ်သော

ပုဏ္ဏသုတ်

နေ့အလုပ်ပေး တရားတော်

(၁-၁၀-၆၁)

ဘုရားပွင့်နေတာ ဘယ်သွားကြမတုန်း

ဒီနေ့ အဘိဏှာသုတ် ပြောရလိမ့်မယ် အလုပ်စခန်းမှာ၊ မြတ်စွာဘုရား သခင်ကိုယ်တော်မြတ်ကြီး၊ သာဝတ္တိပြည် ဇောတဝန်ကျောင်းမှာ သီတင်းသုံးနေတယ်၊ သုနာပရန္တတိုင်းက ကုန်သည်ကြီး နှစ်ယောက်၊ တခါတလေ ညီက လှည်း ငါးရာနဲ့လာတယ်၊ တခါတလေ အစ်ကိုက သာဝတ္ထိပြည်ကို လှည်းငါးရာနဲ့လာပြီး အရောင်းအဝယ်လုပ်ကြတယ်၊ အစ်ကို လာတဲ့အခါ ဇေတဝန်ကျောင်းတော်နဲ့ မနီးမဝေးမှာ လှည်းတပ်ကြီး ချပြီး သကာလ နေပါတယ်။

ထိုကဲ့သို့ နေတဲ့အချိန်မှာ ဝတ်ဖြူစင်ကြယ်တွေနဲ့ ပန်းနံ့သာတွေကိုင်ပြီး ဇေတဝန်ကျောင်း သွားတာတွေ မြင်လိုက်တယ် လှည်းခေါင်းဆောင်က၊ ဒါတွေ ဘယ်သွားကြသတုန်းလို့ တဦးတယောက်သော ပုဂ္ဂိုလ်ကို မေးလိုက်တယ်။

အို-အသင် ဘယ်ကတုန်း၊ လောကသုံးပါးမှာ ထင်ရှားတဲ့ ဘုရားပွင့်နေတာ ဘယ်သွားကြမတုန်း မေးတဲ့ဥစ္စာ အသင်-ဘယ်အရပ်ကတုန်း-တဲ့။

ကျုပ် သုနာပရန္တတိုင်းက ဖြစ်ပါတယ်၊ အို-ပစ္စန္တရာဇ် ဇနပုဒ်ကမို့ မေးတာဘဲ၊ ဒီလောက် ကျော်ကြားနေတာ တောင် သူ ဒါကို ဘယ်သွားမလို့တုံး မေးနေတယ်၊ ဘုရားပွင့်နေတာ သင်မသိဘူးလားတဲ့၊ မသိဘူးလို့ ပြန်ပြောတယ်။

ဘုရားပွင့်တယ်လို့ ကြားရင်လဲ ရိုးတွင်းချဉ်ဆီကျအောင်ဘဲ ပီတိသောမနဿတွေ ဖောက်ထွင်းပြီး သကာလ စိမ့်သွားတယ်၊ တော်တော်ကြည်ညိုပစ်လိုက်တယ် (မှန်ပါ့)။

ဒါနဲ့ သူ့စိတ်ထဲ အရောင်းအဝယ်တွေ အသာချိန်ထားပြီးတော့ တရားနာလိုက်မှဘဲဆိုပြီးတော့ လိုက်သွားတယ်၊ လိုက်သွားတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သတ္တဝါများနဲ့ ဆိုင်တဲ့တရားတွေ ဟောတယ်။

တရားနာပြီး သူပြန်လာတယ်

ထိုကဲ့သို့ ဟောနေတဲ့အချိန်မှာ ဪ အရောင်းနဲ့အဝယ်နဲ့ စာရေး စာချီတွေနဲ့ အုပ်ချုပ်ပြီး သကာလ အလုပ်-လုပ်နေရတာ တခြားမဟုတ်ဘူး၊ ခန္ဓာ့ကျွန်ခံနေတာ၊ တဏှာ့ကျွန်ခံနေရတာ၊ အခု ပြောတော်မူတဲ့အလုပ်ကြီးက ခန္ဓာ့ ဒုက္ခမှလွတ်ရေး၊ တဏှာခိုင်းစေမှုမှလဲ ကျွတ်ရေးဆိုတော့ ဒီအရောင်းအဝယ်နဲ့လှည်း လှည်းအစီးငါးရာနဲ့ ဟိုမြို့လည်လိုက်, ဒီမြို့လည်လိုက်၊ ဟိုကဟာ သည်ကိုသယ်ပြီးပြန်၊ ဒီကဟာ ဟိုကို သယ်ပြီးပြန်၊ ဘာမှလဲ မဟုတ်ဘူး၊ ဒီတရားမျိုးတော့ သင်္ကန်းဝတ်ပြီး အားထုတ်မှဘဲ တော်မယ်ဆိုပြီး သကာလ တရားနာပြီး သူပြန်လာတယ်၊ သူ့လှည်းဝိုင်းသို့ ရောက်တယ် (မှန်ပါ့)။

လှည်းဝိုင်းရောက်တဲ့အခါ အုပ်ချုပ်တဲ့စာရေးကြီးကိုသူပြောလိုက်တယ်၊ ဟေ့-သည်ပစ္စည်းတွေဟာ ဘာက ဘယ်လောက်နဲ့ နည်းတဲ့ပစ္စည်းတွေ မဟုတ်ပါဘူးကွာ၊ အဲဒါ မင်းတို့ဘဲ ရောင်းချပြီးတော့ကို စာရေးဘဲ အုပ်ချုပ်ပြီး ပြန်သွားတော့ ငါတော့ဖြင့် ဒီပစ္စည်းကို ညီကို အကုန်လွှဲလိုက်ပြီ၊ အလိုမရှိတော့ဘူးလို့ ပြောပြီးလွှဲတယ် (မှန်ပါ့ ဘုရား)။

တယ်လဲထက်ပါလားလို့ ဆိုစရာအကြောင်း ရှိတယ်နော် (မှန်ပါ့) အင်မတန်ပါ ထက်ပါလားလို့ဆိုစရာ အကြောင်း ရှိတယ်၊ ဒီဟာ ဘဝက ပါရမီပါလို့ချည်း ဒီလိုဖြစ်တာ မဟုတ်ဘူး၊ တရားထူး တရားမြတ် နာရလို့ ဖြစ်လာတာ (မှန်ပါ့ ဘုရား)။

တရားထူးတရားမြတ်လို့

တရားထူးတရားမြတ် နာရတဲ့အခါကျတော့ ဒီအာရုံနဲ့ တရားထူးအာရုံနဲ့ဟာက တခြားစီပဲ၊ တရားအာရုံက သိမ့်မွေ့ ဒီအာရုံက ကြမ်းတမ်းတယ်၊ ကြမ်းတမ်းတဲ့အပြင် အပါယ်လေးပါးရောက်ကြောင်း ပြောရဆိုရ ရောင်းရဝယ်ရ၊ ဒါနဲ့ပဲ ဉာဏ်ကရင့်ပြီး သကာလ လာပြီးလွှဲလိုက်တယ်။

လွဲလိုက်ပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးထံ သင်္ကန်းဝတ်ဖို့ လျှောက်ပြီး ဘုရားက ကိုင်း-လွှဲပြီးလို့ ရှိရင်လဲ သင်္ကန်းဝတ်တာပေါ့ကွာ၊ သင်္ကန်းဝတ်ပြီး သူတရားအားထုတ်ကြည့်တယ်၊ ဇေတဝန် ကျောင်းတွင်းမှာဘဲ (မှန်ပါ့ ဘုရား)။

ဒီအရပ်ဟာ သူ့စိတ်ထဲမှာ တရားသာအားထုတ် နေရတယ်၊ မပျော်မွေ့ဘူး (မှန်ပါ့)၊ မပျော်မွေ့တာနဲ့ ဘုရားထံ သွားလျှောက်တယ်၊ တပည့်တော်ဟာ တပည့်တော်အရပ်ဖြစ်တဲ့ *သုနာပရန္တဆိုတဲ့အတိုင်းကို *(အခုမန်းစက်တော်ရာ နေရာသို့ ဆိုကြသည်)။

တပည့်တော်သွားပြီး အားထုတ်ချင်တယ်၊ တပည့်တော်ကို တရားအကျဉ်းချုပ်ကလေးနဲ့လိုရင်း ဆိုက်ဆိုက်ကို တပည့်တော်အား သနားတော်မူပါဆိုတော့မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကဲကွာ အကျဉ်းချုပ်လေးဘဲ ပေးပါမယ်။

အကျဉ်းချုပ်လေးဘဲ ပေးတယ်

မင်းဒီတိုင်းသာ အားထုတ်ပါပြီဆိုပြီး သကာလ တရားအကျဉ်းချုပ်ပေးတယ်လို့ အောက်မေ့ရမယ် (မှန်ပါ့ ဘုရား)။

ဟော ဒီဘက်က အဆင်းရူပါရုံကွာတဲ့၊ အဲ-ရူပါရုံဆိုသဖြင့် ရွှေလဲရူပါရုံဘဲ၊ ငွေလဲရူပါရုံဘဲ (မှန်ပါ့)၊ ရူပါရုံဆိုသဖြင့် ခင်ဗျားတို့ ရွှေကြည့်လိုက်လဲဝင်းနေတယ်။

အဲဒါ ရူပါရုံဘဲ၊ လူကြည့်လိုက်လဲ ချောတယ် လှတယ်ထင်တာ ရူပါရုံဘဲ (မှန်ပါ့)၊ ကိုယ့်မျက်စိထဲကဟာ မြင် တာဟူသ၍ ရူပါရုံချည်း မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

အဲဒီရူပါရုံတွေကို သန္တိခေါပုဏ္ဏ၊ သူ့ဘွဲ့တော် နာမည်က ပုဏ္ဏတဲ့၊ ရဟန်းဖြစ်တော့ မဟာပုဏ္ဏလို့ခေါ်တာပေါ့ဗျာ၊ သူ့ညီ စူဠပုဏ္ဏကလဲ ရှိပါတယ်၊ သူ့အရပ်မှာ ကျန်နေရစ်ပါတယ် (မှန်ပါ့ ဘုရား)။

သန္တိခေါ ပုဏ္ဏစက္ခုဝိညေယျာ၊ ဒါတွေဟာ မင်းမျက်စိနဲ့ မြင်တဲ့ပစ္စည်း အာရုံငါးပါး အာရုံတွေပါဘဲတဲ့၊ ဣဋ္ဌာ၊ မင်းလဲအင်မတန် အလိုရှိတာ ဖြစ်ပါတယ်တဲ့၊ ကန္တာ၊ နှစ်သက်ပါတယ်တဲ့၊ အလိုရှိအပ်တဲ့တရား နှစ်သက်အပ်တဲ့တရားလို့ မင်းတို့စိတ်ထဲမှာလဲ ထင်ပါတယ်တဲ့ (မှန်ပါ့ ဘုရား)။

ကာမူဝသညိတာတဲ့၊ ဪ ဒါဘယ်နေရာထားလို့ရှိရင်ဖြင့် သူနဲ့နေရရင်၊ ဘယ်လို ပေါင်းသင်းရရင် ကောင်း တယ်ဆိုတဲ့ဥစ္စာ မင်းတို့စိတ်ထဲလဲ ဖြစ်တာဘဲတဲ့ (မှန်ပါ့ ဘုရား)။

ဓဇ္ဇနီယာ၊ မင်းတို့တပ်နှစ်သက်တဲ့အာရုံပါဘဲတဲ့၊ တံစေဘိက္ခူ၊ မြင်ပြီး သကာလ ဒီဘက်ကနေပြီး နှစ်သက်တယ် တဏှာ ဖြစ်တယ်ကွာတဲ့၊ အဘိဝဒတိ ဪ-တယ်နေရာကျပါလားဆိုတဲ့မာနလဲ ဖြစ်တယ်ကွာ-တဲ့၊ တဏှာလဲဖြစ်တယ်၊ မာနလဲ ဖြစ်တယ် (မှန်ပါ့ ဘုရား)။

တဏှာမာနဒိဋ္ဌိဆိုတဲ့ တရားသုံးခု

အလွန်စွဲလမ်းတဲ့ ဒိဋ္ဌိလဲဖြစ်တယ်ကွာတဲ့ (မှန်ပါ့) ဒီအာရုံတွေအကြောင်း အရင်းခံပြီး သကာလ ကိုယ့်ပစ္စည်းနဲ့ သားသမီးအကြောင်း အရင်းခံပြီး သကာလ တဏှာမာန ဒိဋ္ဌိဆိုတဲ့ တရားသုံးခု ဖြစ်ပါတယ်တဲ့။

တဿတံ အဘိနန္ဒတော အဘိဝဒတော အဇ္ဈောသာယတိဋ္ဌတော၊ အလွန်လွှမ်းမိုး၍ တည်သောပုဂ္ဂိုလ်အား၊ နန္ဒီသမုဒယာ၊ ဒီသုံးခုနဲ့နှစ်သက်ခြင်းကြောင့်၊ ဒုက္ခသမုဒယော၊ ဒုက္ခခန္ဓာ၏ ဖြစ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏ (မှန်ပါ့ ဘုရား)။

နှစ်သက်လို့ရှိရင်တော့ ဒီဘက်ကဒုက္ခန္ဓာ၊ ဒီဘက်ကနောက်ထပ်လာမယ်တဲ့၊ ဒီသုံးခုနဲ့နှစ်သက်လို့ရှိရင် ဒီဘက်က နောက်ထပ်လာမယ်တဲ့ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

မြင်တယ် ဒီ အဆင်းအာရုံကို မြင်တဲ့အတွက် နှစ်သက်တယ်၊ တဏှာဖြစ်တယ်၊ မာနဖြစ်တယ်၊ ဒိဋ္ဌိဖြစ်တယ်၊ တိုတိုပြောတော့ ဒါပါဘဲ (မှန်ပါ့ ဘုရား)။

အဲဒီတဏှာမာန ဒိဋ္ဌိဖြစ်နေလို့ရှိရင်ဖြင့် တံစေဘိက္ခု အဘိနန္ဒတိ၊ အဘိဝဒတိ၊ အဇ္ဈောသာယ၊ တိဋ္ဌတော၊ ဥပ္ပဇ္ဇတိနန္ဒီ၊ ဒီသုံးခုဖြစ်တယ်ကွာတဲ့၊ နန္ဒီသမုဒယာတဲ့၊ ဒီသုံးခုဖြစ်လာသောကြောင့် ဒုက္ခမုဒယော၊ နောက်ဒုက္ခ၏ ဖြစ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။

ဒါပဋိစ္စ သမုပ္ပါဒ်ပြတာဘဲ၊ ဘုရားက (မှန်ပါ့)၊ ဒီတဏှာမာန ဒိဋ္ဌိနောက်က ဥပါဒါန်ကံ ဇာတိဇရာ မရဏလိုက်မှာ ဘဲတဲ့၊ မလိုက်ပါနဲ့ဆိုလို့ ရပါ့မလား (မရပါ ဘုရား)။

ဒါဖြင့် ဒီအာရုံကို အလွန် နှစ်သက်တယ်၊ အလွန်ကောင်းတယ်လို့လဲပြောတယ်၊ အလွန့်အလွန် အားကိုးတယ်လို့ လဲ ဖြစ်မယ်ဆိုရင်ကွာတဲ့၊ ဒီထက် ဒုက္ခဖြစ်မှာပါဘဲတဲ့ (မှန်ပါ့ ဘုရား)။

အကျဉ်းပဋိစ္စသမုပ္ပါဒ်ကို ဟောလိုက်ပါတယ်

ဒါဖြင့် ဒကာ ဒကာမတွေ ခင်ဗျားတို့ သားသမီးနဲ့ ပစ္စည်းအာရုံကာမဂုဏ် ဟူသ၍ကို မြင်လိုက်ပြီဆိုမှဖြင့် တဏှာမာနဒိဋ္ဌိ သုံးခုဖြစ်ပါလိမ့်မယ်တဲ့၊ ဒီတဏှာမာန ဒိဋ္ဌိသုံးခုဖြစ်လို့ရှိရင်ဖြင့် ဥပါဒါန် ကံတွေလဲ နေတော့မှာ မဟုတ်ဘူးတဲ့ (မှန်ပါ့ ဘုရား)။

ဥပါဒါန် ကံသာဖြစ်ခဲ့လို့ရှိရင်လဲ ကမ္မဘဝပစ္စယာ ဇာတိ ဇရာ မရဏဆိုတဲ့ ဥစ္စာလဲလာရမှာဘဲတဲ့၊ နိဗ္ဗာန် မလာဘူး၊ ဒုက္ခလာတယ်တဲ့ (မှန်လှပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါသူ့ကို အကျဉ်းပဋိစ္စသမုပ္ပါဒ်ကို ဟောလိုက်ပါတယ်၊ နှစ်သက်ရင် ဒုက္ခရောက်မယ်ကွတဲ့ (မှန်လှပါ ဘုရား)။

နှစ်သက်ရင် (ဒုက္ခရောက်ပါ့မယ် ဘုရား) ဒုက္ခရောက်မယ်၊ ဒါဖြင့် ဦးမာဒင်တို့က ပြောင်းပြန်လှည့်လိုက်လို့ရှိရင် မနှစ်သက်ရင် ဒုက္ခမရောက်ဘူး (မှန်ပါ့ ဘုရား)။

ဒီအာရုံကို နှစ်သက်ရင် (ဒုက္ခရောက်ပါတယ်) ဒီအာရုံကို မနှစ်သက်ရင် (ဒုက္ခမရောက်ပါ ဘုရား) မရောက် ဘူးတဲ့။

ငါဘုရားဟောတော်မူတဲ့ တရားဟာ ပုဏ္ဏ ဒါအကျဉ်းဘဲကွတဲ့ (မှန်ပါ့) အာရုံကို တဏှာမာနဒိဋ္ဌိနဲ့ နှစ်သက်မယ်၊ မာန်တက်မယ်၊ အားကိုးမယ်ဆိုလို့ရှိရင်ဖြင့် မင်းဒုက္ခရမှာဘဲတဲ့ (မှန်လှပါ ဘုရား)။

ဒီဟာကို တဏှာမာနဒိဋ္ဌိနဲ့၊ သားသမီးနဲ့၊ ပစ္စည်းအာရုံကာမဂုဏ်တွေကို မနှစ်သက်ဘူး၊ အားမကိုးဘူး၊ မစွဲလမ်း ဘူးဆိုရင် ဒုက္ခချုပ်ပါတယ်ကွ-တဲ့၊ ဒါဟောလိုက်တယ် (မှန်ပါ့) မကျဉ်းဘူးလား (ကျဉ်းပါတယ် ဘုရား)။

နှစ်သက်လို့ရှိရင် ဒုက္ခရမယ်

အင်မတန်မှလဲကျဉ်း အင်မတန်မှလဲ ရှင်းတယ်ဆိုတဲ့ ဥစ္စာအားလုံး အခုတရားနာနေတဲ့ ပုဂ္ဂိုလ်တွေ သိပါပြီတဲ့၊ ဪ ဒီအာရုံကို နှစ်သက်လို့ရှိရင် ဒုက္ခရမယ်၊ ဒီအာရုံကို မနှစ်သက်လို့ရှိရင် ဒုက္ခမရဘူး၊ သူ့ကဒါအကျဉ်းဘဲဆိုတာ အင်မတန်မှန်နေပါပြီ (မှန်ပါ့ ဘုရား)။

ဘုရားကတော့ ဒါဘဲ ဟောလိုက်တယ်၊ ဘုရားက ဒါဟောလိုက်တော့ ဪ နှစ်သက်ရင် ဒုက္ခရောက်မယ်၊ မနှစ်သက်ရင် (ဒုက္ခမရောက်ပါ ဘုရား) ဒုက္ခမရောက်ဘူးဆိုတော့ သည်နေရာဟာ ဗဟိုဌာနဘဲ၊ ဒုက္ခရောက်ချင်ရင်လဲ ဒီအတိုင်းထား၊ ဒီဒုက္ခတွေ့မှာဘဲ (မှန်ပါ့) ဒုက္ခမရောက်ချင်ရင် ဒါပြင်ပေး (မှန်ပါ့) ဒီဒုက္ခပြတ်မယ် (မှန်လှပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)

ဒါဖြင့် ဒုက္ခရောက်ချင်ရင်လဲ ဒီနေရာက၊ ဒုက္ခသိမ်းချင်ရင်လဲ ဒီနေရာကဘဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒုက္ခရောက်ချင်ရင်လဲ (ဒီနေရာကပါ ဘုရား) ဒီနေရာကရောက်ရမှာဘဲ၊ ဒုက္ခသိမ်းချင်ရင်လဲ (ဒီနေရာက သိမ်းရမှာပါ ဘုရား)။

အဲဒီတော့ ဒီဒကာ ဒကာမတွေ ဘုန်းကြီးက ဆုံးမ သွန်သင်ပြောဆိုချင်တာက ဒီနေရာက ဒုက္ခရောက်တာ တွေသိပြီ (မှန်ပါ့ ဘုရား)။

ဒီနေရာက ဒုက္ခရောက်တာတော့သိပြီ၊ ဪ ဒီသားသမီးနဲ့ ပစ္စည်း ခင်မင်မိလို့ ငါ့မှာ ကိုယ်၏ဆင်းရဲခြင်း စိတ်၏ ဆင်းရဲခြင်း၊ အိုဘေး, နာဘေး, သေဘေးဖြင့် သင့်နေပြီ (မှန်ပါ့ ဘုရား) ။

သူတို့နဲ့ပတ်သက်ပြီး ရောင်းရ၊ ဝယ်ရ ပြောရ၊ ဆိုရ အပါယ်ရောက်ကြောင်းတရားတွေလဲ ငါ့မှာ မနည်းကြီး စုမိနေပြီ (မှန်ပါ့ ဘုရား)။

အခုလဲ သွားလို့မဆုံး၊ ပြောလို့မဆုံး၊ လာလို့မဆုံး၊ ကျွေးလို့မဆုံး၊ ကြံလို့ စည်လို့ မဆုံးဆိုတဲ့ ဒုက္ခတွေဟာလဲ ဪ ဒီနေရာဆိုတဲ့ ဒီတဏှာမာနဒိဋ္ဌိနဲ့ အလုပ်ကြီး လုပ်နေလို့ ဒုက္ခရောက်နေတာတော့ ဦးမာဒင်တို့ ငြင်းဘို့မလိုပါဘူး (မလိုပါ ဘုရား)။

ဪ ဒီနေရာကနေပြီး သကာလ ခင်မိ၊ မင်မိ၊ ကြင်နာမိတဲ့အတွက် ဒီဘက်မှာ ဒုက္ခမျိုးစုံတွေ့ပြီးပြီ (မှန်လှပါ ဘုရား) အခုလဲ တွေ့နေတာတွေ ဒုက္ခအမျိုးစုံဘဲ (မှန်ပ့ါ ဘုရား)။

အဖြစ်ကျတော့ လွယ်တယ်

ဒီနေရာကလေး မြင်ပါလို့ဆိုတဲ့အခါကျလို့ရှိရင် ခင်ဗျားတို့ အမြင်နှေးတယ် (နှေးပါတယ် ဘုရား)။

ဒီနေရာက အဖြစ်တော့လွယ်တယ် ခင်ဗျားတို့ (မှန်ပါ့) အမြင်ကျတော့ (နှေးပါတယ် ဘုရား) အဖြစ်လွယ်တယ်၊ အမြင်နှေးတယ်၊ ဒါဉာဏ်စခန်းပါဘဲ (မှန်ပါ့) အဖြစ်ကျတော့ (လွယ်ပါတယ် ဘုရား)အမြင်ကျတော့ (နှေးပါတယ် ဘုရား)။

အနာပေါက်အောင် လုပ်တတ်တယ်နော် (မှန်ပါ့) ပျောက်အောင်ကုဘို့ကျတော့ ဖြေးဖြေးမှ ပျောက်ပါရစေ (မှန်ပါ့) ဆိုတော့ လူနာမိုက်ကျမှာဘဲ (မှန်ပါ့လူနာမိုက်ပါ ဘုရား) လူနာမိုက်သက်သက်ဘဲဆိုတာ အားလုံးသောပုဂ္ဂိုလ်တို့ ဝန်ခံရမှာဘဲ (မှန်ပါ့ ဘုရား)။

ဒီနေရာမှာ ဂဏ္ဍတော-ရောဂတောဆိုတဲ့ဥစ္စာ ဒီခန္ဓာကြောင့်ဖြစ်တဲ့ တဏှာ လောဘဆိုတဲ့ တဏှာနာ မာနနာ ဒိဋ္ဌိနာတွေဟာ ဖြစ်နေပါတယ်၊ ဒီဟာ ခင်မိလို့ ဒီအနာရတယ် (မှန်ပါ့ ဘုရား)။

ဒီအနာ ပေါက်တော့ ပေါက်တယ်၊ ဒီအနာပေါက်နေလို့ ဒုက္ခတော့ ရှေ့ကိုရောက်တော့မယ်၊ အခုလဲ ရောက်ဆဲ နောင်လဲရောက်လတ္တံ့ဆိုတာ ငြင်းဘို့မရှိပါဘူး (မရှိပါ ဘုရား)။

ဒီအနာဟာ ဒီနေရာမှပေါက်တယ်၊ ဒီနေရာမှာဘဲ ဖယောင်းချက်နဲ့ ဒီနေရာမှာဘဲ ပတ်တီးစီးပြီး ဒီနေရာမှာဘဲ ကပ်ရမှာဘဲ (မှန်လှပါ) ဒီနေရာကပေါက်တာကိုး၊ ဒီပြင်နေရာသွားကုလို့လဲ အလကားနေမှာဘဲ (မှန်ပါ့ ဘုရား)။

ဒီနေရာမှာပေါက်တဲ့အနာ ဦးမာဒင်-ဒီနေရာမှာ အမြန်ပျောက်အောင်ကုနိုင်တဲ့ လူလိမ်မာဖြစ်ရင် ကောင်းတယ် (မှန်ပါ့) လူမမာလဲဖြစ်မယ်၊ မိုက်လဲ မိုက်မယ်ဆိုလို့ရှိရင်ဖြင့် ခက်နေမယ် (မှန်လှပါ ဘုရား)။

လူမမာမိုက်တွေနဲ့ တူနေတယ်

အဲဒီတော့ ခင်ဗျားတို့ အခုတရားနာတဲ့လူသိုက်တွေဟာ ဘာနဲ့တူသတုံးဆိုတော့ လူမမာမိုက်တွေနဲ့ တူနေတယ် (မှန်လှပါ) သဘောပါကြပလား (ပါပါတယ် ဘုရား)။

ဘာနဲ့တူသလဲ (လူမမာမိုက်တွေနဲ့ တူပါတယ် ဘုရား) မမာပြီးတော့ မိုက်တယ်( မှန်ပါ့ ဘုရား)။

မမာပြီးတော့ မိုက်တယ်၊ မမာတာကလဲ သူပယောဂနဲ့သူ မမာတာ (မှန်ပါ့) ဒီလောဘ ဒေါသ မောဟဆိုတဲ့ တဏှာ မာန ဒိဋ္ဌိဆိုတဲ့ အနာတွေရတာလဲ အနာပေါက်ချင်လို့ ပေါက်ရတာလားတဲ့ ကိုယ်မသင့်တဲ့ အစာစားမိလို့ ပေါက်ရတာလား ဆိုတာလဲ အကဲခတ်ကြည့်ကောင်းပါတယ် (မသင့်တဲ့အစာစားမိလို့ ပေါက်ရပါတယ် ဘုရား)။

မသင့်တဲ့အစာကို ဒီက မနောဒွါရနဲ့ စားမိသောက်မိလို့ မနောအနာတွေ ပေါက်တယ် (မှန်ပါ့ ဘုရား)။

မနောဒွါရနဲ့ စားမိသောက်မိလို့ (မနောအနာတွေ ပေါက်ပါတယ် ဘုရား) အေး ဒါနှစ်သက်တယ်ဆိုတာ မနောနာ ပေါက်တာသိတယ် (မှန်ပါ ဘုရား)။

မြင်တာသာ ပဉ္စဒွါရပါတဲ့၊ နှစ်သက်တယ်၊ ကောင်းတယ်၊ အားကိုးရတယ်ဆိုတဲ့ အနာတွေဟာတဲ့ မနောနာလို့ မှတ်ရမယ် (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

ကောင်းပြီ မနောနာ ဟုတ်တယ်-မဟုတ်တယ် ခင်ဗျားတို့ စဉ်းစားကြည့်ပါတဲ့ မနောနာမှ ဘယ်လို စသတုံးလို့ မေးလို့ရှိရင် ဒီဥစ္စာ ကိုယ်က အလုပ်လုပ်နေရတယ်၊ လောကီအလုပ်တွေ ရှောက်လုပ်နေတယ်၊ ဘာလုပ်ဖို့တုန်းမေးတဲ့ အခါကျတော့ အို-အိမ်မှာရှိတဲ့ သားတွေ၊ သမီးတွေ စားဘို့သောက်ဘို့ပေါ့ဗျ၊ မနောက တွေးပြောတာ (မှန်လှပါ) အလုပ်က ရှိတာက တခြားမှာ (မှန်ပါ-တခြားမှာပါ ဘုရား)။

ဘယ်လောက်တောင် လုပ်နေရသတုန်း

ဘယ်လောက်တောင် ခင်ဗျားတို့ အလုပ်ကို ကဲကဲလွန်လွန် လုပ်နေရသတုန်းမေးတော့ ကိုယ့်မနောထဲ တွေ့ရတဲ့ အာရုံတွေသက်သေထူလိုက်တာပေါ့ (မှန်ပါ့ ဘုရား)။

ဒါတွေဟာ ဘယ့်နှယ်လုပ်မတုံး-ကိုယ်တည်ထောင်ထားတာတွေ ကိုယ်မကျွေးလို့ ကိုယ်မမွေးလို့ရှိရင်ဖြင့် ဒါ ဘယ့်နှယ်လုပ်မလဲ ဆိုကတည်းက ဒါဟာမနောနာနဲ့ပြောတာ (မှန်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

အမြင်ပြောတာလား-တဲ့ ဟိုမှာရှိတာတွေ မနောနဲ့ လှမ်းပြီး တွေးပြောတာလား (မနောနဲ့ လှမ်းပြောတာပါ ဘုရား)

ဒါဖြင့် မနောနာပေါက်နေတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒီအနာဟာ အပြင်နာလား အတွင်းနာလားမေးရင် ဘယ့်နှယ်ပြောကြမလဲ (အတွင်းနာပါ ဘုရား) အတွင်းနာဖြင့် အကုခက်ပြီ ခင်ဗျားတို့ (မှန်လှပါ) သဘောပါပလား (ပါပါပြီ ဘုရား)။

အတွင်းနာဆိုရင်တော့ (အကုခက်ပါပြီ ဘုရား)။

အတွင်းနာ အကုခက်တာလဲ-တဲ့၊ အစာမှားလို့ ဖြစ်ရတဲ့အတွင်းနာ (မှန်ပါ့) အမြင်မှားလို့ (ဖြစ်ရတဲ့ အတွင်းနာ ပါ ဘုရား)။

အမြင်မှားလို့ သားမဟုတ်တာ သားလုပ်မိတဲ့အနာ (မှန်ပါ့) သမီးမဟုတ်တာ သမီးလုပ်မိတဲ့အနာ (မှန်ပါ့) ခင်ပွန်းမဟုတ်တာကို (ခင်ပွန်းလုပ်မိတဲ့အနာပါ ဘုရား)။

ရိုးရိုးအနာလား-ပယောဂအနာလား

အနာကလဲ ရိုးရိုးအနာလား-ပယောဂအနာလား (ပယောဂအနာပါ ဘုရား) ဟာ အတော်ခက်နေတာပေါ့ (မှန်ပါ့ ဘုရား)။

အနာက ရိုးရိုးအနာ မဟုတ်ဘူးတဲ့၊ ပယောဂအနာ၊ ပယောဂဆိုတဲ့ဥစ္စာသည် အခြားမဟုတ်ပါဘူးတဲ့ ဖောက် ပြန်ပြီး ဖြစ်တဲ့အနာ (မှန်ပါ့ ဘုရား) ဖောက်ပြန်ပြီးဖြစ်တယ်ဆိုတာ မြေပုံမှားငိုတဲ့ အနာနဲ့ အတူတူဘဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဖောက်ပြန်ပြီးဖြစ်တဲ့ အနာဆိုတာ ဘာတုံး (မြေပုံမှားငိုတဲ့အနာပါ ဘုရား)

တချို့ကလဲ သူ့ခင်ပွန်း၊ သူ့သား၊ သူ့သမီးဆိုပြီးတော့သူများ မသာပို့ငြားသော်လည်း သူများမြှုပ်ထားတဲ့မြေပုံကို ကိုယ်အမှတ်မှားပြီးတော့ ငိုသေးတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ခင်ဗျားတို့ကလဲ သားမဟုတ်တာ သားလုပ်ပြီးတော့ ပူကြ၊ ဆွေးကြတယ်၊ မဟုတ်ဘူးလား (မှန်ပါ့) သမီးမဟုတ် တာ သမီးလုပ်ပြီးတော့ (ပူကြ၊ ဆွေးကြပါတယ် ဘုရား)။

အဲ ခင်ပွန်းမဟုတ်တာ ခင်ပွန်းလုပ်ပြီးတော့ ပူကြ၊ ဆွေးကြတယ်၊ မရှိဘူးလား (ရှိပါတယ် ဘုရား) မြေပုံမှာနေတာ သဘောပါပလား (ပါ-ပါပြီ ဘုရား)။

ဘေးက လူကြည့်လိုက်တော့ သူ့သားမယားမြေပုံမဟုတ်ဘဲနဲ့ မြေပုံမှားပြီး ငိုနေတယ်ဆိုတဲ့ အဓိပ္ပါယ်တော့ ရောက်ပါတယ် (ရောက်ပါတယ် ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ ကျုပ်တို့မှာ အနာကလဲ ပယောဂအနာ၊ မြေပုံမှားငိုတဲ့အနာ (မှန်ပါ့ ဘုရား)။ ဘာနာတုံး (မြေပုံမှားငိုတဲ့အနာ ပယောဂနာ ဘုရား)။

ကိုယ့်အလိမ်နဲ့ ကိုယ်ပေါက်တာလား

ဒါပေါက်သင့်လို့ ပေါက်တာလား ကိုယ့်အလိမ်နဲ့ ကိုယ်ပေါက်တာလားတို့ မေးတော့ ကိုယ့်အလိမ်နဲ့ ကိုယ် (မှန်ပါ့) ကိုယ်စိတ်က လိမ်ထားပြီးတော့ ငိုခြင်းချတယ် (မှန်ပ့ါ) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

ကိုယ့်စိတ်က ဒါသားမဟုတ်တာ သား၊ သမီးမဟုတ်တာ သမီးရယ်လို့ မနောဒွါရက လိမ်ထားတာနဲ့ နောက် မနောဒွါရက ငိုခြင်းချတယ် (မှန်ပါ့ ဘုရား)။

အရင် မနောဒွါရက (လိမ်ထားပါတယ်) နောက် မနောဒွါရက (ငိုခြင်းချပါတယ် ဘုရား) ရိပ်မိလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် မလုပ်မိတဲ့ပုဂ္ဂိုလ်၊ ကိုယ့်ပေါင်ကိုယ်ဆိတ်လို အနာရမလိုဖြစ်နေတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဪ ကံမကောင်းအကြောင်းမသင့်လို့ ဖြစ်ရတဲ့အနာလား-ဝိပါကအနာလား ဖောက်ပြန်တာလားလို့ မေးရင် ဘယ့်နှယ်ပြောကြမလဲ (ဖောက်ပြန်တာပါ ဘုရား)။

အင်း ဆေးကုခက်တယ်၊ ဆေးကုမခက်ဘူးလား (ခက်ပါတယ် ဘုရား)။

ကုမယ်လို့ အခုစိတ်ထဲမှာ ဒီတရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေက ဆေးကုလာကြတာတွေဘဲ (မှန်ပါ့) ငါ ဒီအနာဖြင့် လိမ်ချက်မိထားတဲ့ အနာကြီးကဖြင့် ငါ့မှာ ကြီးကျယ်နေပြီ၊ ဒါကြီးနဲ့ အပါယ်သွားရမယ်ဆို မသက်သာဘူး၊ ဟုတ်ပလား (မှန်ပါ့ ဘုရား)။

သားကိစ္စ၊ သမီးကိစ္စ၊ ဆွေကိစ္စ မျိုးကိစ္စဆိုတော့ မောင်ချစ်စိန် လိမ်ချက်မိထားတယ် (မှန်ပ့ါ ဘုရား)။

သားလဲမဟုတ်ဘူး၊ သမီးလဲမဟုတ်ဘူး (မဟုတ်ပါ ဘုရား) သင်္ခါရတရား၊ အနိစ္စတရား (မှန်ပါ့) ဒါတွေကို မင်းတို့က သားမယားလုပ်ပြီးတော့ လိမ်ချက်မိထားတယ် (မှန်ပါ့ ဘုရား)။

အဲဒီလိမ်ချင်မိထားပြီး ဝမ်းတည်းက သူတို့အတွက် ခက်တယ်များ ညည်းနေလိုက်သေးတယ် (မှန်ပါ့) နဂိုကလဲ လိမ်ချက်မိထားတယ် (မှန်ပါ့ ဘုရား)။

အဟုတ်လဲမဟုတ်ဘူး (မဟုတ်ပါ ဘုရား) ကဲ ဒီအဟုတ် မဟုတ်တဲ့အတွက် ခက်တယ် (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

နဂိုရ်ကလဲ အလိမ်မိထားတယ်

နဂိုရ်ကလဲ အလိမ်မိထားတယ်နော် (မှန်ပါ့) အဲဒီအလိမ်မိထားတာမဖြေနိုင်တော့ လိမ်ချက်က တခါပြန်ပြီး သကာလ ပြင်းထန်တယ် (မှန်ပါ့) မပြင်းထန်ဘူးလား (ပြင်းထန်ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ခင်ဗျားတို့ ဒီအာရုံကို တဏှာ မာန ဒိဋ္ဌိနဲ့ ဖောက်ပြန်တဲ့ တဏှာမာန ဒိဋ္ဌိနဲ့ လူတွေမှာ ကိုယ့်အတွက် က အရေးမကြီးပါဘူး၊ ကိုယ်တည်ထောင်ထားတာတွေ အတွက်ကမလွယ်ဘူး (မှန်ပါ့) လူတိုင်း ပါးစပ်မှာ ပြောတယ် (မှန်ပါ့ ဘုရား)။

ကိုယ့်အတွက်က အရေးမကြီးဘူး၊ ခေါင်းတန် ကိုယ်ဆန့်ဘဲ (မှန်ပါ့) ကိုယ်တည်ထောင်ထားတာတွေကမလွယ်ဘူး မပြောကြဘူးလား (ပြောပါတယ် ဘုရား)။

ဒါဘာသံတုန်းလို့ မေးတဲ့အခါကျတော့ အလိမ်မိတဲ့ အသံထွက်လာတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာသံထွက်လာသတုံး (အလိမ်မိတဲ့အသံ ထွက်လာပါတယ် ဘုရား) အလိမ်ပြေတဲ့ အသံလား၊ မပြေတဲ့အသံ လား (မပြေတဲ့အသံပါ ဘုရား)။

ခက်ပြီကော ဒါဖြင့်ရင် အလိမ်လဲမိထားတယ်၊ ပြေတဲ့အသံများလားလို့ မေးပြန်တော့မပြေတဲ့အသံ (မှန်ပါ့) အပြေတဲ့အသံတဲ့၊ ကိုယ့်အတွက်က ကိစ္စမရှိဘူး၊ ကိုယ်တည်ထောင်ထားတာတွေအတွက်က တဝမ်းတခါးဆိုတော့ အလွယ် သားပေါ့၊ ယခုတော့ ကိုယ်က တဝမ်းတခါးမဟုတ်ဘဲ၊ ဒါတွေဟာ ကိုယ်တည်ထောင်ထားတာတွေ၊ ကိုယ့်သားသမီးတွေ ဆိုပြီး သူအလိမ်ပြန်ပေါ်တယ်၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

မင်းက ဘာခက်နေတာတုံးဆိုတော့ ဒါတွေဟာဘုရား ဘယ့်နှယ်လုပ်မတုံး၊ မလိုလက်ညှိုးထိုးလာတယ် (မှန်ပါ့) မထိုးဘူးလား (ထိုးပါတယ် ဘုရား)။

နဂိုရ်ကလဲ အလိမ်မိထားတယ်၊ အလိမ် မိထားတော့ ပြေတဲ့အသံလား၊ မပြောတဲ့အသံလား (မပြောတဲ့အသံပါ ဘုရား)။

ရော ဒါဖြင့် ခင်ဗျားတို့ အလိမ်ပြေးပြီ သေသွားတဲ့ ပုဂ္ဂိုလ်နဲ့ အလိမ်မပြောဘဲနဲ့ သေသွားတဲ့ ပုဂ္ဂိုလ်နဲ့ ဘယ်ဟာ များသတုံး (အလိမ်မပြောဘဲနဲ့ သေတာများပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

လိမ်တာလိမ်မှန်းမသိ၊ ရူးနေတယ်

ဒါဖြင့် အလိမ်မပြောဘဲ သေသွားတဲ့ ပုဂ္ဂိုလ်တွေများဖြင့် လိမ်တာလိမ်မှန်းမသိ၊ ရူးနေတယ်၊ အ,နေတယ် မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

အရူး အ, အ မသာတွေဖြစ်ကြတယ် (မှန်ပါ့ ဘုရား) ဆိုနိုင်ကြမလား (ဆိုနိုင်ပါတယ် ဘုရား)။

သေကျေပျက်စီးသွားတဲ့ ပုဂ္ဂိုလ်များမှာ အလိမ်ကမပြေတော့ အရူးအ, အ မသာတွေဘဲလို့ အားလုံးဘဲ စွဲချက် တင်ရမယ် (မှန်လှပါ) မတင်နိုင်ဘူးလား (တင်နိုင်ပါတယ် ဘုရား)။

ဒါဖြင့် ဒီမသာတွေဟာ ဝိညာဉ်ချုပ်ပြီး သကာလ ဘယ်မှာများ ကမ္မသတ္တိနဲ့ နေရှာကြ ဖြစ်ရှာကြ ပါလိမ့်မတုံးလို့ မေးတော့ ဟာ-အကောင်းသေဖြင့် လမ်းမှန်သွားမှာပေါ့၊ မဟုတ်ဘူးလား (မှန်လှပါ ဘုရား)။

အရူးသေဖြင့် လမ်းဆိုးလမ်းကြမ်းဘဲ သွားမှာပေါ့၊ ရောက်ရာဌာန ဘယ်လှမတုံး၊ ဆိုထိုက်၊ မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ မြန်မြန်ကလေး သေခါနီးကုန်ပြီ၊ အလိမ်ကလေးတော့ ပြေဖို့သင့်တယ် (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်တုံး (အလိမ်ပြေဖို့ သင့်ပါတယ် ဘုရား) ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)။

ဒီလိုဘဲခင်ဗျားတို့ အလိမ်မိပြီး သကာလ အလိမ်မိတယ်ဆိုတာ သူများလိမ်တာ မဟုတ်ဘူး၊ ကိုယ့်စိတ်က ကိုယ်လိမ်တာ (မှန်ပါ့ ဘုရား)။

ဆန်းကြယ်အောင် လုပ်တတ်၏

ဒါကြောင့် ဝိစိတ္တ ကရဏစိတ္တံ၊ စိတ္တံ စိတ်သည် ဝိစိတ္တမရဏံ ဆန်းကြယ်အောင် လုပ်တတ်၏။ သား မဟုတ်တာကိုသားလုပ်ကွာ၊ သမီးမဟုတ်တာကို သမီးလုပ်ကွာ ဒါဘယ်သူလုပ်သတုန်းဆိုတော့ သူတို့သုံးခုလုပ်တာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ဟာ ပွဲကြည့်လဲ မရိပ်မိဘူး၊ ကိုယ်တိုင်ဖြစ်လဲ မရိပ်မိဘူး၊ ဖြစ်ပုံက (မှန်ပါ့) ရုပ်သေးတွေဟာ တစ်ရုပ်ကတစ်ရုပ်ကို ဖွဲ့နွဲ့ပြီး သကာလ အသားကလေးကလဲ လက်ပန်သား လုပ်ထားတယ်၊ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

အမေလုပ်တဲ့ ပုဂ္ဂိုလ်က လက်ပန်သားရုပ်၊ လက်ပန်သားရုပ်က လက်ပန်ရုပ် သားသမီးလေးကို ချော့မော့ပြီး သကာလ နောက်ကလူက ဆိုးပေးနေတယ် (မှန်ပါ့ ဘုရား)။

ဒါခင်ဗျားတို့က ဘေးကနေပြီးငိုလိုငို၊ ပြုံးလိုပြုံး (မှန်လှပါ) ဟိုက သစ်သား-သစ်သားချင်းပါလို့လဲ ပြောသားဘဲ (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့က ငိုလိုငို၊ ပြုံးလိုပြုံးနဲ့ ဘာဖြစ်တာတုံး (ရူးတာပါ ဘုရား) ရူးတဲ့အဓိပ္ပါယ်ရောက်တာဘဲ၊ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

ရူးတဲ့ဥစ္စာကို အောက်ကဆိုင်းဝိုင်းကလဲ ဗုံတီးမြှောက်ပေးတယ် (မှန်လှပါ) သူကငိုခြင်းဆိုင်း ချပေးတယ် (မှန်လှပါ ဘုရား)။

အရူးဗုံတီးမြှောက်တာ

အဲဒါ ခင်ဗျားတို့ အရူးဗုံတီးမြှောက်တာဘဲ (မှန်ပါ့) ရိပ်မိလား (ရိပ်မိပါပြီ) ခင်ဗျားတို့က ဒါကိုမရိပ်မိဘူး။

ဒီမှာလဲ ခင်ဗျားတို့သည် ဘေးကရပ်သူ ရွာသား ဆွေမျိုးညာတကာတွေက ဗုံတီးမြှောက်ပေးတယ် (မှန်ပါ့ ဘုရား)။

ခလေးတွေ ပစ်မထားနဲ့နော် (မှန်ပါ့) အဲမှာ ဗုံတီးမြှောက်တယ် (မှန်ပါ့) သားသမီးတွေ ပစ်မထားနဲ့၊ ကိုယ့် မျက်မှောက်မှာတော့ မကောင်းဘူး၊ သေတော့လဲ ရောက်ရာပေါ့ (မှန်ပါ့ ဘုရား)။

သေတော့လဲ ရောက်ရားတဲ့၊ နိဗ္ဗာန်ကိုမပါဘူး (မှန်ပါ့) ပါသေးရဲ့လား (မပါ-ပါ ဘုရား) မပါဘူး ရောက်ရား ဆိုတာ သွားချင်ရာ သွားထဲကဘဲ၊ အပါယ်လေးပါးဘဲ (မှန်ပါ့ ဘုရား)။

သေမှရောက်ရားပေါ့ (မှန်ပါ့) ဘယ့်နှယ်တုံး မင်းတို့ဗျာဒိတ်နဲ့မင်းတို့တော့ သွားပေါ့ (မှန်ပါ့ ဘုရား)။

မျက်လုံးအောက်မှာတော့ဖြင့်တဲ့၊ သားသမီး မပျောက်နဲ့တဲ့၊ အလိမ်ကပြေသွားမှာစိုးလို့ (မှန်ပါ့) မျက်လုံးအောက် မှာတော့ သားသမီးများကို သားသမီးအဖြစ်နဲ့ဘဲ ထားမယ်၊ သေတော့ခင်ဗျား ရောက်ရားပေါ့ (မှန်ပါ့ ဘုရား)။

ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား) မကောင်းပေမဲ့လဲ သူပြောတာ မင်းတို့က ဟုတ်တယ်ထင်သေးတယ် (မှန်လှပါ ဘုရား)။

ကိုယ်လဲရောက်ရားဆိုပြီး သကာလ အပါယ်လေးပါးကျလိမ့်မယ်ဆိုတာလဲ ရောက်ချင်သလို ရောက်လိမ့်မယ် ဆိုတဲ့ ဥစ္စာလဲပါသွားပြီ (မှန်ပါ့ ဘုရား)။

ဒီသားသမီးတွေကိုလဲစိတ်က လိမ်ထားတာကိုလဲမပြေစေနဲ့၊ အဲဒီအလိမ်မပြေဘဲ သေမှခင်ဗျား ရောက်ရာ ဆိုတဲ့ အပါယ်လေးပါးသွားမယ် (မှန်ပါ့ ဘုရား)။

အဲဒါကို ဪ-သတိပေးရှာတယ် (မှန်ပါ့) ဒီလိုများထင်ကြသေးတယ် (မှန်ပါ့) ဒီလူဘဲ လက်ဖက်ရည် ခေါ်တိုက် ရဦးမည့်ပုံ၊ ခင်ဗျားတို့ဖြစ်စဉ်ပြောပါတယ် (မှန်ပါ့ ဘုရား)။

ပစ္စုပ္ပန်မှာ အလိမ်မပြေစေနဲ့တဲ့

ဟိုကခင်ဗျားသေမှ ရောက်ရာပြောတာ (မှန်ပါ့) ခင်ဗျားရှိတုံးတော့ ကစင့်ကရဲ မဖြစ်စေနဲ့ (မှန်ပါ့ ဘုရား)။

သား သား နေရာ သမီး၊ သမီးနေရာ၊ ဒီအလိမ် မပြေစေနဲ့ ပစ္စုပ္ပန်မှာ အလိမ်မပြေစေနဲ့၊ အလိမ်ပြေရင် နိဗ္ဗာန် ရောက်မှာကိုးဗျ (မှန်ပါ့ ဘုရား)။

အလိမ်ပြေရင်ဘာတုံး၊ (နိဗ္ဗာန်ရောက်မှာပါ ဘုရား) အဲဒါ မပြေစေနဲ့တဲ့၊ သား သားနေရာ၊ သမီး သမီး နေရာ၊ နေရာချထားပေါ့ကွာ (မှန်ပါ့ ဘုရား)။

ခင်ဗျားသေတော့ ရောက်ရားပေါ့တဲ့ (မှန်ပါ့) သွားပြီ (သွားပါပြီ) ဒီလိုကော မပြောကြဘူးလား ခင်ဗျားတို့ (ပြောပါတယ် ဘုရား) ဒါ ခင်ဗျားတို့အဆိုး ပြောလား အကောင်းပြောလား (အဆိုးပြောပါ ဘုရား)။

သို့သော် ခင်ဗျားတို့က ကျေးဇူးတင်တယ်၊ တယ်သတိပေးဖော်ရတဲ့ မိတ်ဆွေကြီးကိုး (မှန်ပါ့) ကဲ လောကကြီး မျက်စိလည်နေတာဗျ (မှန်ပါ့ ဘုရား)။

နည်းနည်းလည်တာလား များများလည်တာလား (များများလည်တာပါ ဘုရား) အတော့်ကို လည်နေတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါတခြားဟောချင်လို့ မဟုတ်ဘူးတဲ့၊ ပုဏ္ဏမှာ ဟောဒီ အလိမ်ပြေရင် မင်းနိဗ္ဗာန်ရောက်မယ်ကွ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီအလိမ်မ​ပြေရင်

ဒီအလိမ်ပြေရင် (နိဗ္ဗာန်ရပါတယ် ဘုရား) ဒီအလိမ်မ​ပြေရင် (မရပါ ဘုရား)။

အခုဘုန်းကြီးပြောတာနဲ့ တန်းနေတာပဲ (တန်းနေပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီဟာတွေကိုတဲ့ မင်းနှစ်သက်စရာ၊ မာန်တက်စရာ၊ အားကိုးစရာလို့ မင်းထင်လို့ရှိရင် မင်းဒုက္ခ ရောက်မယ် (မှန်ပါ့ ဘုရား)။

ဒါတွေဟုတ်လား၊ နှစ်သက်စရာ ၊ မာန်တက်စရာ၊ အားကိုးစရာမဟုတ်လို့ မင်းမြင်လို့ရှိရင် နိဗ္ဗာန်ရပြီ (မှန်လှပါ) နို့မဟုတ်လို့ရှိရင် နိဗ္ဗာန်မရဘူး (မှန်ပါ့ ဘုရား)။

အလိမ်ပြေရင် (နိဗ္ဗာန်ရပါတယ် ဘုရား) အလိမ်မပြေရင် (မရပါ ဘုရား) မရဘူးဆိုတော့ ခင်ဗျားတို့ စဉ်းစားကြည့် သားကလေးစွဲသွားတယ်၊ အပါယ်ရောက်တယ်၊ အိမ်မြှောင်၊ ပြိတ္တာဖြစ်နေတယ်ဆိုတာ အလိမ်မပြီဘဲနဲ့ သေသွားတယ် (မှန်ပါ့ ဘုရား)။

သမီးကလေး စွဲသွားလို့ ပစ္စည်းကလေး စွဲသွားလို့ ၊ ဥစ္စာစောင့် ဖြစ်နေသတဲ့၊ ဆိုတာ အလိမ်မိပြီး သေသွားတာ (မှန်ပါ့ သေတော့ ရောက်ရားသွားကြပြီ မဟုတ်လား (မှန်ပါ့ ဘုရား)။

နောက်မြို့ထဲ ရွာထဲကလူတွေနဲ့ ဧည့်ခံစကားပြောဘို့ကို ခက်တယ်ဗျ (ခက်ပါတယ် ဘုရား) မပြောစမ်းပါနဲ့ဗျာ အရင်တုန်းကတော့ ခင်ဗျားကို အကောင်းထင်နေတယ်၊ အခုတော့ဆေးသုံးမှားမှန်းသိပြီ (မှန်ပါ့) သေသေချာချာသိပြီ (သိပါပြီ) မသိရဘူးလားတဲ့ (သိရပါပြီ ဘုရား)။

အဲဒါ ဘုန်းကြီးနား နေလို့မှ မပါးလို့ရှိရင်တော့ မောင်ချစ်စိန် မင်း ဘယ်တော့မှ မပါးဘူး (မှန်ပါ့) ပါးစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား) မရှိဘူး တဲ့။

အခု ဒီသုံးခု လှည့်လိမ်နေတာ (မှန်ပါ့) တဏှာကလဲ လိမ်တာဘဲ၊ မာနကတော့ (လိမ်ပါတယ် ဘုရား) ဒိဋ္ဌိကကော (လိမ်ပါတယ် ဘုရား)။

မစင်ပုံနဲ့ ဂုဏ်တက်နေတယ်

လိမ်တယ်, မလိမ်တယ် မင်းတို့ စဉ်းစားကြည့်၊ ခွေးတကောင်မစင်ပုံကို ရလာတယ် (မှန်ပါ့) ဒီ့ပြင်ခွေးတကောင် လက်မခံနိုင်, ခံနိုင် (မခံနိုင်ပါ ဘုရား)။

မခံနိုင်ဘူး တခါတည်း ဟောင်မယ်, ကိုက်မယ်၊ သူဟာ မစင်ပုံနဲ့ ဂုဏ်တက်နေတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) ဒါ အလိမ်မိထားတာလား၊ မမိဘူးလား (မိပါတယ် ဘုရား)။

မစင်ပုံကို သူ နတ်သုဒ္ဓါဘုတ် အောက်မေ့နေတယ်၊ ဒါအလိမ်မိလို့ မာန်တက်တာ (မှန်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ကဲ ဒါဖြင့် တဏှာကလဲ ထို့နည်းအတူဘဲ တဲ့၊ ခင်စရာ မင်စရာ အစစ်မို့ ခင်တာလား တဲ့၊ အသုဘသဘော, အနိစ္စသဘောခင်တာလား၊ (အသုဘသဘော, အနိစ္စသဘော ခင်တာပါ ဘုရား) ဒါဖြင့် တဏှာကလဲ အလိမ်မိတဲ့ တဏှာဘဲ (မှန်ပါ့ ဘုရား)။

ဒီဥစ္စာတွေဟာ အနတ္တ၊ ဘယ်သူမှ မပိုင်ဘူး (မှန်ပါ့) ဒါပေမဲ့ ဒိဋ္ဌိကလဲ အို ငါရှိတုံးတော့ ငါ့မျက်လုံးအောက်က အပျောက်မခံနိုင်ဘူး (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိကလဲ ဘာဖြစ်နေသတုံး (အလိမ်မိနေပါတယ် ဘုရား) ကဲ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒါက ဘုန်းကြီးက ပြောနေတယ်လို့ မအောက်မေ့ပါနဲ့ သာဝတ္ထိပြည်မှာ ပုဏ္ဏကိုဟောနေတာ (မှန်ပါ့ ဘုရား)။

ဒီဟာတွေကိုကွာ တဲ့၊ သားသမီးနဲ့ပစ္စည်းအာရုံကို မင်းသည်အလိမ်ပြေသွားပြီလို့ အနိစ္စကို အနိစ္စမှန်းသိ၊ ဒုက္ခကို ဒုက္ခမှန်း သိသွားလို့ရှိရင် နောက် ဒုက္ခမရောက်တော့ဘူး (မှန်ပါ့) အလိမ်မပြီဘဲနဲ့ သေသွားမယ်ဆိုရင်ဖြင့် တဏှာ ဥပါဒါန်ကံ ဇာတိဇရာ မရဏဆိုတဲ့ နောက်ခန္ဓာရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ အခုအချိန်ဟာ သိပ်မများတော့ဘူး၊ ဒီအလိမ်ဟာ မြန်မြန်ပြီမှ ရမယ် (မှန်ပါ့ ဘုရား)။

ဒီအလိမ်ကို ဘယ့်နှယ်ဆိုကြမလဲ (မြန်မြန်ပြေမှရမှာပါ ဘုရား) မြန်မြန်ပြေမှ (မှန်ပါ့) လိမ်မှန်းလဲသိပြီ (သိပါပြီ) လိမ်မှန်းသိပြီး သကာလ လိမ်ပါဦးလို့ နောက်ထပ်ဆိုဘို့မလိုဘူး (မလိုပါ ဘုရား) လိမ်မှန်းသိလို့ရှိရင်ဖြင့် မပေါင်းဘို့ဘဲ ဒီလူနဲ့ (မှန်ပါ့ ဘုရား)။

လိမ်မှန်းသိရင် (နောက်ထပ် မပေါင်းဘို့ပါ ဘုရား)။

ဒီဓမ္မတွေဟာ လိမ်တတ်တဲ့တရား

အဲဒီတော့ကို ဒီလူဟာ လိမ်တတ်တယ်၊ ဒီဓမ္မတွေဟာ လိမ်တတ်တဲ့တရား (မှန်ပါ့) ဒါဖြင့် သူ့ကိုဖြုတ်ပြီး မလိမ်တတ်တဲ့တရား ကျုပ်တို့သွင်းရလိမ့်မယ် (မှန်ပါ့ ဘုရား)။

မလိမ်တက်တဲ့ တရားက ဒကာ ဒကာမတွေမှတ်လိုက်ပါတဲ့၊မဂ္ဂင်ဟာ အဖြောင့်တဲ့ (မှန်ပါ့ ဘုရား)။

အဲဒီတော့ လိမ်တတ်တဲ့တရားမြင်ရင် မလိမ်တတ်တဲ့တရားသွင်းလိုက် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

လိမ်တတ်တဲ့တရားမြင်ရင် (မလိမ်တတ်တဲ့တရား သွင်းလိုက်ရမယ်)။

မလိမ်တတ်တဲ့တရား သွင်းလိုက်တဲ့အခါကျတော့ သူ့အဖော်အပေါင်းအသင်းတွေဟာ သူရှိမှ ဒီအဖော် အသင်း အပင်းက ဥပါဒါန်ကံလာတယ် (မှန်ပါ့) သူမရှိရင် (မလာပါ ဘုရား) မလာလို့ရှိရင်ဖြင့် ဥပါဒါန်ကံလုပ်တဲ့ ဒုက္ခသစ္စာ မလာပါဘူး (မလာပါ ဘုရား)။

ဒါဖြင့် လိမ်တဲ့တရားကို အဖြောင့်နဲ့ ခင်ဗျားတို့ လဲလိုက်ပါလား (မှန်ပါ့ ဘုရား)။

လိမ်တတ်တဲ့တရားကို (အဖြောင့်နဲ့ လဲရပါတယ် ဘုရား) ဖြောင့်တဲ့တရားနဲ့ လဲလိုက်လို့ရှိရင်ဖြင့် ဒုက္ခသိမ်းတယ် (မှန်ပါ့ ဘုရား) ဖြောင့်တယ်တဲ့ဘုရားနဲ့ မလဲရင်တော့ (ဒုက္ခမသိမ်းပါ ဘုရား)။

ဒါဖြင့် ဒီတရား မတိုဘူးလား (တိုပါတယ် ဘုရား) အင်မတန်လဲ တိုတဲ့တရားဆိုတာ မှတ်လိုက်စမ်းပါ (မှန်ပါ့) လိမ်တတ်တဲ့တရားဖြုတ်ပြီး လိမ်တတ်တဲ့နေရာ ဖြောင့်တဲ့တရားထည့်လိုက်ရုံးဘဲ (မှန်ပါ့ ဘုရား)။

လိမ်တတ်တဲ့တရားရှိရင် နောက်ဒုက္ခရမယ် (မှန်ပါ့ ဘုရား) လိမ်တတ်တဲ့တရားနေရာ ဖြောင့်တတ်တဲ့တရား သွင်းလိုက်ရင် (နောက်ဒုက္ခမရပါ ဘုရား) နောက်ဒုက္ခချုပ်တယ် (ချုပ်ပါတယ် ဘုရား)။

အဖြောင့်တရား သွင်းတတ်ရင်

ဒါဖြင့် အဲဒါပုဏ္ဏဟောလိုက်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လိမ်တတ်တဲ့တရား ရှိတယ်ကွ၊ အဲဒီ လိမ်တတ်တဲ့တရား လက်ခံလို့ရှိရင် မင်းသည် ဒုက္ခရောက်မယ်ကွ (မှန်ပါ့) လိမ်တတ်တဲ့တရားနေရာမှာ အဖြောင့်တရား သွင်းတတ်ရင် (နောက်ဒုက္ခချုပ်ပါတယ်) နောက်ဒုက္ခ ချုပ်ငြိမ်း ရုပ်သိမ်းတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့သည် သားပေါ်လာလို့ရှိရင်လဲ အလိမ်မိပြီ (မှန်ပါ့) သမီးပေါ်လာရင်တော့ (အလိမ်မိပါပြီ) ငါပေါ်လာရင်ကော (အလိမ်မိပါပြီ ဘုရား)။

အဲဒီအလိမ်တွေကုန်ပြေပြီး သကာလ နေလို့ရှိရင်ဖြင့် မဂ္ဂင်ရောက်ပါတယ်၊ အဖြောင့်တရားလာတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကဲ ဒါဖြင့် မဂ္ဂင်တရားသည် တဏှာ မာန ဒိဋ္ဌိဟာ အကောက်တရား (မှန်ပါ့) မဂ္ဂင်က (အဖြောင့်တရားပါ ဘုရား)။

အဲဒီတော့ ဦးမာဒင်အကောက်နဲ့ အဖြောင့်ဟာ အောက်ချကြည့်မှသိတယ် (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

အောက်ချကြည့်တဲ့အခါကျတော့ အကောက်ကတော့ ကောက်နေတာပဲ (မှန်ပါ့) အဖြောင့်ကကော (ဖြောင့် ပါတယ် ဘုရား)။

အဲဒီလိုပဲ-တဲ့၊ ခင်ဗျားတို့ အကောက်နဲ့ အဖြောင့်ဆိုတဲ့ ဥစ္စာသည်ကား-လို့ ဆိုလို့ရှိရင်ဖြင့် ကိုယ့်ဝမ်းထဲမှာ ချကြည့်ပါ (မှန်ပါ့ ဘုရား)။

အဖြောင့်တရား ရောက်လာတဲ့အခါ ချမ်းသာနေတာဘဲ (မှန်ပါ့) အကောက်တရားရောက်လာတဲ့အခါ (မချမ်းသာပါ ဘုရား)။

အဲဒီတော့ ကိုယ့်ဝမ်းထဲတည်းဟူသော မနောဒွါရအပေါ်၌ ဒကာ ဒကာမတွေ အကောက်တရား ရောက်လာတဲ့ အချိန်မှာ မိမိ ဘယ်လို နေရ, ထိုင်ရတယ် (မှန်ပါ့ ဘုရား)။

အဖြောင့်တရား ရောက်လာတဲ့အချိန်

အဖြောင့်တရား ရောက်လာတဲ့အချိန်မှာ ဘယ်လိုနေရ, ထိုင်ရတယ်ဆိုတာ ဝမ်းထဲမနောဒွါရမှာ ချပြီး ချိန်ကြည့် (မှန်ပါ့) ချိန်ကြည့်လိုက်လို့ရှိရင် အကောက်ဟာ အကောက်အကြောင်းပေါ်လာတာပဲ၊ အဖြောင့်က (အဖြောင့်အကြောင်း ပေါ်လာပါတယ် ဘုရား)။

အဲဒါကြောင့် နေရာတိုင်းမှာဖြင့် မြင်တိုင်းမြင်တိုင်းနှစ်သက်စရာဆိုရင် အကောက်လာပြီ (မှန်ပါ့) ဟာ ဒါဟာ ပျက်စီးတာပဲဆိုရင် ဖြောင့်ပြီ (မှန်ပါ့) မဟုတ်ဘူးလား (မှန်လှပါ ဘုရား)။

အဲဒီတော့ မြင်ရာ, ကြားရာမှာ ဒါဖြောင့်တာ၊ ဒါကောက်တာလို့ ခင်ဗျားတို့ အမြဲဝေဖန်ကြည့် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မြင်ရာ, ကြားရာမှာ (အမြဲဝေဖန်ကြည့်ရပါတယ် ဘုရား) ဒါအကောက်လား၊ ဒါအဖြောင့်လား၊ ဒါကိုဝေဖန်ရမယ် (မှန်ပါ့) မိန်းမရယ်လို့ မြင်နေရင်၊ သားရယ်လို့မြင်နေရင်၊ သမီးရယ်လို့မြင်နေရင် ဒါကောက်တာပဲ (မှန်ပါ့ ဘုရား)။

ဒါတွေဟာ သင်္ခါရတရားတွေပဲ၊ သင်္ခါရမို့ အနိစ္စာလမ်းဆုံးတာတွေပဲဆိုရင် ဖြောင့်တာပဲ (မှန်ပါ့) ဖြောင့်တဲ့ အချိန်မှာ ဘဝင်အေးသွားတယ်၊ ကောက်တဲ့အချိန်မှာ ရှေ့ဘယ်လိုစခန်း သွားမတုံးဆိုတာ ပူလာတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဒီနေ့တရားမှာ ဟဒယဝတ္ထုတည်းဟူသော မြေပြင်၌ အကောက်တရားနဲ့ အဖြောင့်တရားကို ချကြည့် (မှန်ပါ့) ချကြည့်တဲ့အခါကျတော့ အကောက်တရားသည် နှလုံးကိုပူစေတယ်၊ အဖြောင့်တရားသည် နှလုံးကို (အေးစေပါတယ် ဘုရား)။

မဂ်တရားက အေးစေတယ်တဲ့

ဒါကြောင့် ပဋိသမ္ဘိဒါမဂ်မှာ သူတို့ဟာ အကောက်တရားက ပူစေတယ်တဲ့ (မှန်ပါ့) မဂ်တရားက အေးစေတယ်တဲ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါရမ်းပြောတဲ့စကား မဟုတ်ပါဘူးတဲ့ ပဋိသမ္ဘိဒါမဂ်မှာ ဒီအတိုင်းလာတယ် (မှန်ပါ့) သူတို့က တဏှာ မာနဒိဋ္ဌိက ပူစေတယ် မဂ်ကအေးစေတယ် (မှန်ပါ့ ဘုရား)။

အဲဒါဘဝင်မှာချကြည့်ပါတဲ့ ချကြည့်လိုက်လို့ရှိရင်ဖြင့် အေးတဲ့တရာကိုဖြင့် ခင်ဗျားတို့ လက်ခံဖို့ပဲ၊ ပူတဲ့ တရားကိုဖြင့် (ပယ်ဘို့ပါ ဘုရား) ရှင်းပလား (ရှင်ပါပြီ ဘုရား)။

ဒါဖြင့် မြင်တိုင်း, မြင်တိုင်း ကောက်တာ ဖြောင့်တာကို အမြဲဝေဖန်ရမယ် (မှန်ပါ့) သဘောပါပလား (ပါ- ပါပြီ ဘုရား)။

ကဲ ဒီနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု … သာဓု… သာဓု။