သုညတ ဒေသနာတော်
အနာထပိဏ္ဍိကောဝါဒသုတ်(၂) တရားတော်
စာအုပ်သေးခေါင်းစဉ်= သုညတ တရားတော် (အကြီးဆုံးလက်ဆောင်ပေးလိုက်တာပါ)
အသံဖိုင်မရှိပါ။
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့၌ ဟောကြားတော်မူသော
သုညတ တရားတော်
(အကြီးဆုံးလက်ဆောင်ပေးလိုက်တာပါ)
မြတ်စွာဘုရားက သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော် မှာ သီတင်းသုံးတယ်၊ ရှင်သာရိပုတ္တရာ၊ ရှင်အာနန္ဒာ တို့ကလည်း ဒီကျောင်းမှာပဲ နေကြတယ်၊ ကျောင်းဒကာ အနာထပိဏ် သူဌေးဟာ တစ်နေ့ကျောင်းကို နှစ်ခေါက် သုံးခေါက် ရောက် တယ်။
အနာထပိဏ်သူဌေးကြီး
ကျောင်းမှာ ဘုရားနဲ့တကွ သူနဲ့အကျွမ်းဝင်တဲ့ရဟန်းသံဃာ တွေ အမျိုးမျိုး ရှိကြတယ်။ ဒါနအကြောင်းပဲ အများဆုံးဟော လေ့ရှိတယ်၊ ဒကာကြီးလုပ်နေတဲ့အလုပ်တွေဟာ အင်မတန်
ကောင်းတယ်၊ ဘုရားကလည်း ဘုရားမဖြစ်ခင် ဒါနတွေ လုပ်ခဲ့ တယ်၊ ဒါကြောင့်မို့ ဘုရား၏ ခြေရာကို လိုက်ပြီး သကာလ အလုပ်လုပ်တယ်၊ အဲဒါကြောင့် ဒကာကြီးလုပ်တဲ့အလုပ်ကို အားလုံးကပဲ ဝမ်းသာကြတယ်၊ နှစ်သက်ကြတယ် စသည် နဲ့ ဒါကိုပဲ ဦးစားပေး၍ ချီးမွမ်းဟောကြားတယ်လို့ မှတ်ကြရ မယ် (မှန်ပါ့)။
တစ်နေ့သွားပြန်လည်း ဒီလိုပဲ၊ မနက်သွားပြန်လို့ရှိရင် လည်း ယာဂုတွေ ဘာတွေယူသွားတာပဲ၊ နေ့လည်သွားပြန်လို့ ရှိရင်လည်း ပန်း စသည် ယူသွားတယ်၊ ညသွားပြန်လို့ရှိရင် လည်း စတုမဓူစသည် ယူသွားတာပဲ၊ တစ်နေ့ နှစ်ခေါက် သုံးခေါက် မရောက်တဲ့နေ့က ရှားတယ် (မှန်ပါ)။
ကျောင်းတွေလည်း လှည့်ဝင်တာပဲ၊ လှည့်ဝင်လို့ရှိရင် ဒါနကထာ, သီလကထာ လောက်ပဲ ဘုရားနဲ့ တကွ ရဟန္တာတွေ က ဟောလေ့ပြောလေ့ ရှိတယ်၊ သောတာပန်ကတော့ဖြင့် သူဟာဘုရားနဲ့ တွေ့တွေ့ချင်း တည်ခဲ့တဲ့ပုဂ္ဂိုလ်ပါပဲ (မှန်ပါ့ ဘုရား)။
တစ်နေ့သ၌ကျတော့ ဒီအနာထပိဏ်သူဌေးကြီးဟာ ကျောင်းမသွားနိုင်အောင်ပဲ မမာလာတယ် (မှန်ပါ) ကျောင်းမသွားနိုင်အောင် မမာပြီး သကာလ လာတဲ့ အတွက် သူ့အနားမှာရှိတဲ့ အခိုင်းအစေ တယောက်ကို ခေါ်တယ်။
ဝေဒနာပြင်းထန်နေတယ်
ဇေတဝန်ကျောင်းကို သွားစမ်းပါဦး၊ ငါတော့မသွား နိုင်တော့ဘူး၊ ဘုရားကိုလဲ ငါက ရှိခိုး လိုက်တယ်လို့ လျှောက်ပါ ကွာ၊ အနာထပိဏ်သူဌေးကြီးမှာ ဝေဒနာ အင်မတန်ပြင်းထန် နေတယ်လို့ လျှောက်ခဲ့၊ ပြီးတော့မှ ရှင်သာရိပုတ္တရာဆီသွားကွ၊ သူ့အခိုင်းအစေကို မှာနေတယ် (မှန်ပါ့ ဘုရား)။
ရှင်သာရိပုတ္တရာဆီ သွားပြီး ရှင်သာရိပုတ္တရာကိုလည်း မမာတဲ့ အကြောင်းကို လျှောက်ကွ၊ လျှောက်ပြီး အိမ်သို့ ခေတ္တ ကြွဖို့ ရာကိုလည်း မင်းသေသေချာချာ လျှောက်ပါဆိုပြီး သူ့အခိုင်းအစေကို လွှတ်လိုက်ပါတယ်။
ထိုကဲ့သို့ လွှတ်လိုက်တော့ သူ့ အခိုင်းအစေကလည်း တစ်လုံးတစ်ပါဒ မကျန်အောင် အစဉ်အတိုင်း လုပ်ပါတယ် (မှန်ပါ့ ဘုရား)။
ရှင်သာရိပုတ္တရာသွားမေးတယ်
ဒီတော့ ရှင်သာရိပုတ္တရာက တစ်ပါးတည်းသွားလည်း မကောင်းပါဘူးကွာ၊ အာနန္ဒာ လိုက်ခဲ့ပါဦး ဆိုပြီး သကာလ ဆရာဝန်ကြီး ရှင်အာနန္ဒာနဲ့ တကွ သူတို့ သွားကြတယ် (မှန်ပါ့ ဘုရား)။
သွားကြတဲ့အခါကျတော့ ထုံးစံအတိုင်းပဲမေးတယ်၊ ဒကာကြီး ဝေဒနာတွေ ရှေ့တက်သလား၊ နောက်ဆုတ်သလား မေးလိုက်တယ်၊ အရှင်ဘုရား တပည့်တော်ဝေဒနာက ရှေ့သာ တက်တယ် ဘုရား၊ နောက်မဆုတ်ပါဘူး၊ ဥပမာ ပြောရမယ် ဆိုလို့ရှိရင် တပည့်တော်ခေါင်းကို စူးကလေးနဲ့ ထိုးသလို အင်မတန်မှပဲ ခေါင်းကိုက်တဲ့ဝေဒနာ ကြီးကျယ်ခမ်းနားတာပဲ ရှေ့သို့သာ တိုးတယ်၊ နောက်မဆုတ်ပါဘူး၊ ဒီအတိုင်းပြောတယ် (မှန်ပါ ဘုရား)။
ဝေဒနာရှေ့သာတိုးတယ်
ဝမ်းထဲမှာလည်းဘုရား သားလှီးဓားကလေးနဲ့ မွှေလိုက်သလိုပဲ၊ လေနာတွေကလည်း သိပ်ပြင်းပြတာပဲ၊ ဒါကြောင့် ဝေဒနာရှေ့သာတိုးတယ်၊ နောက်မဆုတ်ဘူးဆိုတဲ့ ဥစ္စာ တပည့်တော်ဖြင့် တွေ့နေရတာပါပဲ။
ကိုယ်ကလည်း ပူလိုက်တာ အားကောင်းတဲ့ လူနှစ်ယောက်က တပည့်တော် လက်မောင်း နှစ်ခုကို ကိုင်ပြီး မီးဖိုမှာ၊ ကင်သလိုပဲ၊ တပည့်တော် ခန္ဓာကိုယ်မှာဖြင့် အပူတွေဟာ အကုန်ပဲ မီးကင်ထားသလို ပူနေပါတယ်။
ဒါကြောင့် ရှေ့သာတိုးတယ်၊ နောက်မဆုတ်ပါဘူးလို့ ဆိုတော့ ရှင်သာရိပုတ္တရာက အကဲခတ်တယ်၊ ဪ ဒီဝေဒနာသည် ပျောက်ဦးမည့် ဝေဒနာလား။
သို့မဟုတ် ဒါနဲ့ပဲ စုတေစိတ် ကျမှာလားလို့ သူအကဲ ခတ်တယ်၊ အကဲခတ်တဲ့အခါကျတော့ ပရစိတ္တ ဝိဇာနန် အဘိညာဉ်နဲ့ အမျိုးမျိုးအဖုံဖုံ ကြည့်လိုက်တဲ့အခါမှာ ဒီဝေဒနာ နဲ့ပဲ သေမှာပဲလို့ သိတယ် (မှန်ပါ့ ဘုရား)။
တရားဟောရရင်ကောင်းမယ်
ဒါဖြင့် ဒီဝေဒနာနဲ့သေမည့်အတူတူဖြင့် တခြားစကား တွေ ပြောနေရင်အပိုပဲ၊ တရားဟောရရင် ကောင်းမယ်လို့ စိတ်မှာ ပေါ်ပေါက်လာတယ် (မှန်ပါ့ ဘုရား)။
ဒါကြောင့် ဝေဒနာရှင်ကို ခင်ဗျားတို့ တွေ့ဖူး၊ ကြုံဖူးတဲ့ အခါကျလို့ရှိရင် ကိုယ့်ဆွေမျိုး ဉာတကာ အလုံးစုံ အကုန်ရှိကြ လို့ရှိရင် လူမမာနားသွားပြီးတခြားစကားတွေပြောဖို့မလိုဘူး၊ တရားနဲ့ ပတ်သက်တာသာ ဆိုဆုံးမဖို့ ဆရာဝန်ကြီးတို့ မောင်ဘ တုတ်တို့ လိုပေါ့ (မှန်ပါ့ ဘုရား)။
မသိမသာ ဟောရတယ်၊ သေလိမ့်မယ်ထင်လို့ ဟောတဲ့ အဟောမျိုးကျတော့ လူမမာ ကြောက်တတ်တယ် (မှန်ပါ့) မသိမသာ သူလဲမသိအောင် တရားလည်းဖြစ်အောင် ဒါကို ပြောရမယ် (မှန်ပါ့ ဘုရား)။
ဒါနဲ့ ရှင်သာရိပုတ္တရာက ဒကာကြီး ခင်ဗျား တရားနားထောင်စမ်းပါဆိုပြီး ဟောလိုက်တယ် (မှန်ပါ့) ခင်ဗျားမှာ ခန္ဓာငါးပါးရှိတယ်။
ခန္ဓာငါးပါးကိုတဏှာနဲ့မစွဲနဲ့
ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ၊ ခန္ဓာငါးပါးရှိတယ်လို့ ပြောလိုက်တယ်၊ ဒီခန္ဓာ ငါးပါးကို တဏှာနဲ့လည်း မစွဲပါနဲ့၊ ငါ့ခန္ဓာရယ်လို့ တဏှာနဲ့လည်း မစွဲပါဘူး။
ဒီခန္ဓာအကြောင်းအရင်းခံပြီး မာနလည်းမတတ်ဘူး၊ ဒီခန္ဓာကိုယ် ခင်မင်မှုရှိတဲ့ တဏှာလည်းမလာဘူး၊ တဏှာမာန ဒိဋ္ဌိမလာဘူး (မှန်ပါ့ ဘုရား)။
ဤကဲ့သို့ မစွဲလန်းလို့ရှိရင် တဏှာပြုလုပ်တဲ့ နောက် ခန္ဓာ၊ မာနာပြုလုပ်တဲ့ နောက်ခန္ဓာ၊ ဒိဋ္ဌိပြု လုပ်တဲ့ နောက်ခန္ဓာ မလာဘူးတဲ့ (မှန်ပါ ဘုရား)။
ဒီခန္ဓာကိုယ် ယခုဘဝ၌ တဏှာနဲ့လည်း မစွဲမခင် မာနနဲ့လည်း မတက်ကြွ၊ ဒိဋ္ဌိနဲ့လည်း ငါ့ဥစ္စာလို့ မလုပ်လို့ရှိရင် ဖြင့် တဏှာလုပ်တဲ့ ဟိုဘက်က လူ့ခန္ဓာ၊ နတ်ခန္ဓာ မလာပါဘူး၊ အပါယ်ခန္ဓာ လည်း မလာပါဘူး၊ ဘာခန္ဓာမှမလာပါဘူး (မှန်ပါ့ ဘုရား)။
တဏှာနဲ့မစွဲရင် နောက်ခန္ဓာမလာဘူး
ဒါဖြင့် ဒီခန္ဓာကို တဏှာ မာန ဒိဋ္ဌိနဲ့ မစွဲလို့ရှိရင် နောက်ခန္ဓာမလာဘူး (မှန်ပါ့) အဲဒါ မှတ်ထားကြပါ (မှန်ပါ့ ဘုရား)။
ဒီခန္ဓာကို သေခါနီး၌လည်းကောင်း၊ ယခုအခါ၌ လည်းကောင်း တဏှာနဲ့လည်းမခင်ကြ၊ ဒိဋ္ဌိနဲ့လည်း ငါ့ကိုယ် ငါဟာ မလုပ်ကြဘူးဆိုလို့ရှိရင်ဖြင့် တဏှာနဲ့ပတ်သက်တဲ့ ခန္ဓာ လည်း မလာဘူး၊ ဒိဋ္ဌိနဲ့ ပတ်သက်တဲ့ခန္ဓာလည်း မလာဘူး၊ မာနနဲ့ ပတ်သက်ပြီး သကာလ လုပ်တဲ့ အပါယ်ခန္ဓာတွေကော ဆရာဝန်ကြီးတို့၊ မောင်ဘတုတ်တို့ လာပါ့မလား (မလာပါ ဘုရား)။
ဘယ့်နှယ်ကြောင့် မလာသတုံး၊ လက်ရှိခန္ဓာမစွဲလို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) နောက်က ဒကာ ဒကာမတွေ ဘာတဲ့တုံး (လက်ရှိခန္ဓာမစွဲလို့ပါ ဘုရား)။
ခင်ဗျားတို့ သေကြဦးမယ်၊ ဘုန်းကြီးတို့အားလုံး သေကြ မည့် ပုဂ္ဂိုလ်တွေ စုနေကြတာပဲ၊ သေကြမည့် ပုဂ္ဂိုလ်တွေ စုနေ ကြတာကို လက်ရှိခန္ဓာကြီးကို မစွဲတဲ့နည်း လုပ်ရမယ် (မှန်ပါ့ ဘုရား)။
မစွဲတဲ့နည်းဆိုတာ အသုံးမကျမှန်း သိရင် မစွဲပါဘူး။ (မှန်ပါ့) ဒီဒကာ ဒကာမတွေက ခန္ဓာကြီးက အသုံးကျတယ် လို့ ထင်နေလို့ရှိရင် စွဲမယ် (မှန်ပါ့) စွဲရင် နောက်ခန္ဓာရမယ် (မှန်ပါ့ ဘုရား)။
ယခုခန္ဓာစွဲခဲ့ရင် နောက်ခန္ဓာရမယ်
ဒါဖြင့် အနာထပိဏ်သူဌေးကြီးကို ရှင်သာရိပုတ္တရာက ဟောနေတယ်၊ “နရူပံ ဥပါဒီယိဿာမိ၊ နစ မေ ရူပနိဿိတံ၊ ဝိညာဏံ ဘဝိဿာမိ” ယခုခန္ဓာကြီးကို မစွဲရင် နောက်ခန္ဓာ မရဘူး၊ ယခုခန္ဓာစွဲရင် နောက်ခန္ဓာ (ရမှာပါ ဘုရား) ဒါဖြင့် အစွဲကြောင့် ခန္ဓာဖြစ်တာ (မှန်ပါ့ ဘုရား)။
တဏှာမာန ဒိဋ္ဌိအစွဲကြောင့် ခန္ဓာ အဆက်ဆက် ဆက်ဆက်ပြီး သကာလ ရကြတာ ဘယ်အကြောင်း ပါလိမ့်မတုံး ဆိုတာကို အနာထပိဏ်သူဌေးကြီးကို ရှင်သာရိပုတ္တရာက ဟော နေတယ် (မှန်ပါ့ ဘုရား)။
လက်ရှိခန္ဓာကို စွဲပြန်ရင် နောက်ခန္ဓာရပြန်တယ် (မှန်ပါ့) နောက်ခန္ဓာကို နောက်တဏှာ မာန ဒိဋ္ဌိက စွဲပြန်ရင် နောက်ခန္ဓာ ရဦးမှာပဲ (မှန်ပါ ဘုရား)။
ဒါဖြင့် နောက်ခန္ဒာ ရတိုင်း ရတိုင်း ‘‘သံခိတ္တေန ပစ္စုပါဒါနက္ခန္ဓာ ဒုက္ခာ’’ ဆိုတဲ့အတိုင်း ဒုက္ခသစ္စာကြီး ရနေတယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒုက္ခသစ္စာစက်ရဟတ် လည်နေတာဟာ အကြောင်းတစ်ခုတွေ့ပါပြီတဲ့၊ ခင်ဗျားတို့နော် (မှန်ပါ့) လက်ရှိ ခန္ဓာကိုစွဲလို့လည်တာ (မှန်ပါ့ ဘုရား)။
ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဘယ်ဟာပါလိမ့် (လက်ရှိခန္ဓာစွဲလို့ လည်တာပါ ဘုရား)။
ဪ လက်ရှိခန္ဓာစွဲရင် နောက်ခန္ဓာရတယ်၊ တစ်ခါရတဲ့ခန္ဓာကို တဏှာ မာန ဒိဋ္ဌိစွဲပြန်ရင် နောက် အနာဂတ် ခန္ဓာကို ရ- မရ (ရပါတယ် ဘုရား) ဒါဖြင့် ခန္ဓာစက် လည်မယ်ဆိုတဲ့ဥစ္စာ သေချာ ကြပလား (သေချာပါပြီ ဘုရား)။
ခန္ဓာစက်လည်တယ်ဆိုတာဘာတုံး
ခန္ဓာစက်လည်တယ် ဆိုတာ ဘာတုံး၊ အိုနာသေ လှည့် တာ (မှန်ပါ့) ဒီ အိုနာသေပြီး၊ ဟို အိုနာသေ ရတယ် (မှန်ပါ) ဟို အိုနာသေပြီး၊ ဟို အိုနာသေရတယ် (မှန်ပါ့ ဘုရား)။
ဒါ ခင်ဗျားတို့ အခု အနာထပိဏ် သူဌေးကြီးကို ရှင်သာရိပုတ္တရာက ဟောနေတဲ့အတွက် ဒါ လိုရင်းပါလား၊ (မှန်ပါ့) လက်ရှိခန္ဓာမစွဲမှုအလုပ်ဟာ အရေးကြီး ဆုံးသောအလုပ်လို့ သေသေချာချာ မှတ်ပါ (မှန်ပါ့ ဘုရား)။
လက်ရှိခန္ဓာ မစွဲတဲ့အလုပ်ဟာ (အရေးအကြီးဆုံးပါ ဘုရား) ဒါကြောင့် လက်ရှိခန္ဓာ မစွဲအောင် ခင်ဗျားတို့ ဘယ့်နှယ် လုပ်မလဲလို့ အခုတရားနာနေတဲ့ ပုဂ္ဂိုလ်တွေကို မေးလို့ရှိရင် ဖြင့် လက်ရှိခန္ဓာ၏ ပင်ကိုသဘောကိုသာကြည့် မစွဲချင်လို့ရှိရင်နော် (မှန်ပါ့ ဘုရား)။
ဉာဏ်မျက်လုံးနဲ့သာကြည့်ပါ
လက်ရှိခန္ဓာ၏ ပင်ကိုသဘောကို ကြည့်လိုက်လို့ရှိရင် ဖြင့် ဉာဏ်မျက်လုံးနဲ့သာကြည့် ဆရာဝန်ကြီး (မှန်ပါ့ ဘုရား)၊ အနိစ္စတွေ့မယ်၊ ဒုက္ခတွေ့မယ်၊ အနတ္တတွေ့မယ်၊ အသုဘ တွေ့ မယ်၊ ဒုက္ခသစ္စာ တွေ့မယ် (မှန်ပါ့ ဘုရား)။
အဲဒါတွေ့အောင် ရှာနိုင်လို့ရှိရင်တော့ဖြင့် တွေ့အောင် ရှာနိုင်တာက သမ္မာဒိဋ္ဌိမျက်လုံးနဲ့ ရှာရမှာ (မှန်ပါ့) သမ္မာဒိဋ္ဌိ မျက်လုံးနဲ့ ခင်ဗျားတို့ ရှာနိုင်လို့ရှိရင် ခုနင်က တဏှာစွဲ၊ မာနစွဲ၊ ဒိဋ္ဌိစွဲ ရှိဦးမလား၊ (မရှိတော့ပါ ဘုရား) မရှိလို့ရှိရင်ဖြင့် အစွဲမရှိ သောကြောင့် နောက်ကခန္ဓာ ဖြစ်ပါ ဆိုလို့ဖြစ်ဦးမလား (မဖြစ်ပါ ဘုရား)။
ဒါကြောင့် ‘‘န ရူပံ ဥပါဒီယိဿာမိ (ပ) ဘဝိဿာမိ၊’’ နောက်ဝိညာဏ် မဖြစ်ပါဘူးတဲ့ (မှန်ပါ့) ရူပံရုပ်ကို၊ နဥပါဒိယိဿာမိ၊ မစွဲလန်းသည်ဖြစ်အံ့။ ရူပ နိဿိတံ၊ ရုပ်ကိုမှီသော၊ ဝိညာဏံ၊ နောက်ပဋိသန္ဓေ ဝိညာဏ်သည်။ န ဘဝိဿာမိ၊ မဖြစ်ပါ လတ္တံ့တဲ့ (မှန်ပါ့) ဒါ ရှင်သာရိပုတ္တရာက ဟောတာ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဘုန်းကြီးတို့ နေ့တိုင်း ဒီဒကာ ဒကာမ တွေကို ဆုံးမသွန်သင်နေတာဟာ ဪ ဥပါဒါန် ဖြတ် နေတာကိုး (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဥပါဒါန်ပြတ်အောင်လုပ်
ဘာဖြတ်နေတာလဲ (ဥပါဒါန်ဖြတ်နေတာပါ ဘုရား) ဥပါဒါန်ဖြတ်နေတယ်ဆိုတဲ့ဥစ္စာ ခင်ဗျားတို့ ဝိပဿနာ ရှုနေတာဟာ ဥပါဒါန်ကို ပါးအောင်လုပ်တယ်၊ ဥပါဒါန်ကို ပြတ်အောင်လုပ်တယ် (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ကြောင့် ပါလိမ့်မတုံး၊ နောက်ခန္ဓာမလာ အောင်လို့ (မှန်ပါ့) အခုစွဲနေတာက သမုဒယသစ္စာ၊ နောက် ခန္ဓာက ဒုက္ခသစ္စာ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အခုစွဲနေတာက (သမုဒယသစ္စာပါ ဘုရား) နောက် ခန္ဓာက (ဒုက္ခသစ္စာပါ ဘုရား)၊ အဲ အခုဘဝ သမုဒယ ချုပ်လို့ ရှိရင် ခင်ဗျားတို့ နောက် ဒုက္ခမရဘူး (မရပါ ဘုရား)။
အခုခန္ဓာကို စွဲလမ်းနေလို့ ရှိရင်ဖြင့် နောက် ခန္ဓာစက် ရဟတ်ကြီးဟာ လည်လာမှာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ခန္ဓာကို အနိစ္စမြင်အောင်ကြည့်
အဲ့ဒါ နောက်ခန္ဓာကြောက်တဲ့ ပုဂ္ဂိုလ်သည် ယခု ခန္ဓာကို အနိစ္စမြင်အောင်ကြည့်ပါ၊ ဒုက္ခ မြင်အောင်ကြည့်ပါ။ အနတ္တမြင်အောင်ဂြည့်ပါ၊ အသုဘမြင်အောင်ကြည့်ပါ။ တစ်ခုခုပေါ့ဗျာ (မှန်ပါ့)။
ဟာ ဒါဖြင့် တပည့်တော် ဓမ္မာနုပဿနာကဖြစ်တဲ့ ဒုက္ခသစ္စာကို သူနှိပ်စက်တာ ယုံကြည်မယ် ဆိုလို့ ရှိရင်လည်း ဆရာဝန်ကြီးတို့ မောင်ဘတုတ်ကို ကြည့်ပေတော့ (မှန်ပါ့)၊ ထိုကဲ့သို့ ကြည့်လို့ရှိရင် တဏှာ, မနာ, ဒိဋ္ဌိနဲ့ စွဲသေးရဲ့ လား (မစွဲပါ ဘုရား) မစွဲရင် နောက်ခန္ဓာ (မရတော့ပါ ဘုရား)။
ဒါကြောင့် န ဝေဒနံ ဥပါဒိဿာမိ၊ နစမေ ဝေဒနာနိဿိ တံ ဝိညာဏံ ဘဝိဿတိ၊ ဝေဒနာ့ မစွဲရင် ဝေဒနာက္ခန္ဓာမရဘူး၊ သညာမစွဲရင် သညာက္ခန္ဓာ မရဘူး (မှန်ပါ့)၊ သင်္ခါရမစွဲလို့ရှိရင်
နောက်သင်္ခါရက္ခန္ဓာ (မရပါ ဘုရား) အခုဝိညာဏက္ခန္ဓာ မစွဲရင် – နောက်ဝိညာဏက္ခန္ဓ (မရပါ ဘုရား)၊ ဒါ ရှင်သာရိပုတ္တရာက ဟောနေတာ (မှန်ပါ့)၊ ဝိပဿနာပဲ ဟောတယ်လို့မှတ်ရမယ် (မှန်ပါ့)၊ ဝိပဿနာပဲ ဟောတယ်လို့ (မှန်ပါ့) ဘာဟောတယ် (ဝိပဿနာဟောပါတယ် ဘုရား) ဝိပဿနာမှ ဒုက္ခပြတ်တယ်ဆိုတာ ပေါ်သွားတယ် (မှန်ပါ့ ဘုရား)။
ဝိပဿနာမှ ဒုက္ခပြတ်တယ်
ဝိပဿနာမှ (ဒုက္ခပြတ်ပါတယ် ဘုရား)၊ ဒုက္ခပြတ်တယ် ဆိုတာ သိတော့ကို ဪ သူသည် ကားလို့ ဆိုရင် သမုဒယ ချုပ်သိမ်းပါလား မှတ်ရမယ် (မှန်ပါ့)။
ဒီ-ဝိပဿနာတွေနဲ့ ဒါတွေကို ဖြတ်ပျက်တရားတွေကို – မြင်ကြလို့ ရှိရင် မဂ်ဝင်လာတဲ့အတွက် တဏှာ, မာန, ဒိဋ္ဌိချုပ်တယ် (မှန်ပါ့)၊ တဏှာ, မာန, ဒိဋ္ဌိ ချုပ်တဲ့အတွက် အနာဂတ် ခန္ဓာတွေ ဘယ်ခန္ဓာမှ မလာဘူးဆိုတာ မှတ်ထားပါ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့သည် အခုခန္ဓာကြီးဟာ ဘယ်သူလုပ် လိုက်တာတုံးလို့ မေးဖို့မလိုတော့ဘူး၊ နောက်ဘဝ ခန္ဓာခင်တဲ့ တဏှာ ဥပါဒါန်က လုပ်လိုက်တာပဲ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
တစ်ခါ နောက်ဘဝကျပြန်တော့ ဆရာကောင်း သမားကောင်းကလည်း မတွေ့၊ ခင်ဗျားတို့ ကလည်း ထင်ရာ စိုင်းရတဲ့ ခန္ဓာကြီးကို တဏှာ, မာန, ဒိဋ္ဌိနဲ့ ခင်နေဦးမယ် ဆိုရင် ဖြင့် နောက်တတိယ အနာဂတ်ခန္ဓာ လာမှပဲ (လာမှာပါ ဘုရား) မလာပေဘူးလား (လာမှာပါ ဘုရား)။
ဝိပဿနာဆိတ်နေရင်
ဒါဘာဖြစ်လို့တုံးလို့ မေးတဲ့အခါကျတော့ ခင်ဗျားတို့ ဝိပဿနာ သာသနာဆိတ်နေလို့ လို့ မှတ်ရမယ် (မှန်ပါ့)၊ ရှင်းပါလား (ရှင်းပါပြီ ဘုရား)။၊ ဘာဆိတ်နေသတုံး (ဝိပဿနာ သာသနာ ဆိတ်နေပါတယ် ဘုရား)။
အဲ အခု ခင်ဗျားတို့ပေါ်လာလို့ ဒီဆရာသမားနဲ့ တွေ့ ကြကြုံကြတယ်၊ ဪ ခင်ဗျားတို့ဟာ ခန္ဓာဇာတ်သိမ်း ငြိမ်းရာဆိုတဲ့ နိဗ္ဗာန်ကြီး ရှာနေကြတဲ့ဥစ္စာ ဝိပဿနာ မလုပ်မိလို့ ဝိပဿနာမလုပ်မိလို့ ဝိပဿနာပေးတဲ့ဆရာ မကြုံကြိုက်လို့ ဒီခန္ဓာကြီး ထမ်းပြီး သကာလ အိုဘေး နာဘေး သေဘေးနဲ့ အပြည့်အစုံရှိတဲ့ ခန္ဓာကြီးထမ်းပြီးဟိုဘုံမှာ မသာမြှုပ်သွားရ၊ သည်ဘုံမှာ မသာမြှုပ်သွားရ ဆရာဝန်ကြီး ဒီအလုပ်သာလုပ်နေ ရတယ် (မှန်ပါ့) ဒီပြင်ဘာလုပ်ရသေးသလဲ(မလုပ်ရပါ ဘုရား)။
ဟိုဘုံမှာ ဒီ-အသုဘကြီး ထမ်းပြီး ဟိုဘုံမြှုပ်တယ် (မှန်ပါ့)၊ ဒီဘုံရောက်ပြန်လည်း ဒီအသုဘက ဒီဘုံက ဘယ်မှ မရွေ့ဘူး၊ ဒီဘုံရှိတဲ့ မြေပေါ်မြုပ်ရုံပဲ (မှန်ပါ့)။
သံသရာလည်တယ်ဆိုတာ ဘာတုံး
ဒါဖြင့် ခင်ဗျားတို့ သံသရာလည်တယ်ဆိုတာ ဘာတုံး ဆိုတာ မသာမြှုပ်လည်တာပဲ (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
သံသရာလည်တယ်ဆိုတာ (မသာမြှုပ်လည်တာပါ ဘုရား)၊ မသာထမ်းပြီး သကာလ ကိုယ့်မသာ ကိုယ်ထမ်းပြီး သကာလ ကိုယ့်အလောင်းကို နေရာအနှံ့အပြား မြှုပ်ဖို့ လည်တာပဲ (မှန်ပါ့)။
အံမလေး သေသေချာချာ စဉ်းစားတော့မှ ကိုယ့် မသာ – ကိုယ်ထမ်းတယ် ဆိုလည်း ဟုတ်တာပဲ (မှန်ပါ့)၊ ကိုယ့်မသာ ကိုယ်ထမ်းတယ် ဆိုကတည်းက ကိုယ့်တဏှာဟာ ဝမ်းထဲမှာ အရာရှိတဲ့၊ တဏှာက မင်း မန္တလေးသွားချေစမ်း မန္တလေးသွားစမ်းဆိုရင် ဒီအသုဘ ခန္ဓာကြီးကို ဒီတဏှာ က အထမ်းခိုင်းတာပဲ မန္တလေး ထမ်းသွားတယ် (မှန်ပါ့)၊ အကယ်၍ မန္တလေးမှာပဲ အကြောင်း မညီညွတ်လို့ သေခဲ့လို့ရှိ ရင် သူ့အလောင်း သူထမ်းပြီး မြှုပ်တယ် (မှန်ပါ့)။
ထို့ အတူ ဘုံဘဝ တောင့်တတဲ့ တဏှာကလည်း သူ့ အလောင်းသူ ထမ်းပြီး သကာလ ရောက်တဲ့ဘုံ မြှုပ်တယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ကျုပ်တို့ သည် သံသရာလည်တယ် ဆိုတာ ကိုယ့်အလောင်းကိုယ်ထမ်းပြီး အမြှုပ်လည်တာ (မှန်ပါ့ ဘုရား)၊ ရှင်းပါလား (ရှင်းပါပြီ ဘုရား)။
သံသရာလည်တယ်ဆိုတာ ခင်ဗျားတို့ကမကြောက်ဘူး၊ အခုတော့သိပြီတဲ့ တဏှာ အထမ်းခိုင်းလို့ ဟုတ်လား ပုဂ္ဂိုလ် က ထမ်း၊ ထမ်းတဲ့ ဝန်ထုတ်ကြီးက ခန္ဓာငါးပါး (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
တဏှာအထမ်းခိုင်းလို့ ဥပမာ ဆရာဝန်ကြီး ဆိုတဲ့ ပုဂ္ဂိုလ်က ခန္ဓာငါးပါး ဝန်ထုတ်ကြီးထမ်းပြီး သကာလ လူ့ပြည်မှာ ထမ်းလည်တယ်၊ နောက်ကျတော့ သူသည် မထိမ်းနိုင်တဲ့နေရာ မှာ မြှုပ်ခဲ့တယ် (မှန်ပါ့) နတ်ပြည်ထမ်းပြန်တော့ မထမ်းနိုင်တဲ့ အဆုံးကျတော့ (မြှုပ်ခဲ့ရပါတယ် ဘုရား)။
မသာထမ်းပြီး လည်နေတာ
မြှုပ်ခဲ့ရတော့ ဟာ ဒီလူတွေ တဏှာအထမ်းခိုင်းတိုင်း ထမ်းပြီး သကာလ မသာထမ်းပြီး လည်နေတာပဲ၊ ရောက်တဲ့ နေရာ နေရာမရွေး၊ ခင်ဗျားတို့နေရာလည်း မရွေ့နိုင်ဘူး၊ မထမ်း နိုင်တဲ့ နေရာ မြှုပ်ရတာပဲ (မှန်ပါ့) မထမ်းနိုင်တဲ့နေရာ ဝေဒနာ ရောက်ပကော (မှန်လှပါ ဘုရား) ဝေဒနာရောက်လို့ရှိရင်ဖြင့် ဒီဝေဒနာနဲ့ သေပွဲဝင်ရတော့ ဒီနေရာမှာ ထားခဲ့ရတာပဲ (မှန် ပါ့ ဘုရား) သံသရာ လည်တယ်ဆိုတာ ဒါပဲ (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ ဟိုဘဝ ဒီဘဝ ဆုတောင်းတဲ့ ပုဂ္ဂိုလ်များ မှာ မသာထမ်း ဒွန်းစဏ္ဏားဖြစ်ပြီး သကာလ မသာမြှုပ်တဲ့ မြေတူးသမားအဖြစ်ကို ဆုတောင်းတာနဲ့ အတူတူပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
မသိတဲ့ပုဂ္ဂိုလ် ကတော့ ဆရာဝန်ကြီး ဒါကိုဟုတ်တယ် ထင်တာပဲ (မှန်ပါ့) တကယ့်သစ္စဉာဏ်နဲ့ ကြည့်လိုက်တော့ သစ္စဉာဏ်နဲ့ သေသေချာချာ ဉာဏ်ရပြီးသားပုဂ္ဂိုလ် အနုဗောဓ ဉာဏ်နဲ့ပဲ ကြည့်ကြည့် (မှန်ပါ့ ဘုရား)။
အနုဗောဓ ဉာဏ်ဆိုတာ
အနုဗောဓဉာဏ် ဆိုတာသည် သူများဟောထားတဲ့ တရားကို သိတဲ့ဉာဏ်နဲ့ ကြည့်သည် (မှန်ပါ့) အဲဒီဉာဏ်နဲ့ကြည့် လိုက်တောင်မှ ကိုယ့်အလောင်း ကိုယ်ထမ်းပြီး မြှုပ်နေကြတယ်။ မောင်ချစ်စိန် သဘောကျရဲ့ လား (ကျပါတယ် ဘုရား)။
ဆရာဝန်ကြီးလည်း ဒီအနားနေတဲ့ အခါကျတော့ တစ်ခါတလေ မြင်ပါလိမ့်မယ်၊ တစ်ခါတလေ ကိုယ်ကို ဆေးတွေ သုတ်ပြီးတော့ သတ်ဖို့ ဒီဂရီကျပြီးသားတွေပေါ့လေ (မှန်ပါ့ ဘုရား)။
ဒါတွေ နွားမောင်းသွားတာတွေ၊ ဒီကောင်ကလေးတွေ ဟာ ဘာလုပ်သွားပါလိမ့်မတုံး၊ မန္တလေးကို ဒီလမ်းက မန္တလေး သွားရတာကိုး (မှန်ပါ့ ဘုရား)။ သူတို့ အလောင်းကလေး သူတို့ ထမ်းသွားရတယ်။ ဟိုကျတော့ သေပွဲဝင်ရမယ် (မှန်ပါ့)၊ မဟုတ်ဘူးလား (ဟုတ်ပါ တယ် ဘုရား)။
သူတို့အလောင်း သူတို့ ထမ်းသွားကြတာ (မှန်ပါ့)၊ ဟိုကျတော့ ဘာလုပ်မလို့တုံး (သေပွဲဝင်ရမှာပါ ဘုရား)။
ကျုပ်တို့ လည်း ဘာလုပ်နေကြသတုံးလို့ မေးလို့ရှိရင် ကိုယ့်အလောင်းကိုယ်ထမ်းပြီး သကာလ ဒီဘဝတော့ သေပွဲ ဝင်ရမှာပဲ နောက်သေပွဲမဝင်တဲ့နည်း ရှာနေတာ(မှန်ပါ့ ဘုရား)။
နောက်သေပွဲမဝင်တဲ့နည်းရှာနေတာ
ဘာလုပ်တဲ့နည်း ရှာနေကြတာတုံး၊ (နောင်သေပွဲ မဝင်တဲ့နည်း ရှာနေတာပါ ဘုရား)။
ဒါရှာနေကြတာ အဲဒါ အပြင်းအထန်ရအောင် ရှာနိုင် တဲ့ ပုဂ္ဂိုလ်ဖြင့် ကိုယ့်အလောင်း ကိုထမ်းပြီး မြှုပ်ရမည့် ကိုယ့် အလုပ်ဝတ္တရားကြီး ဟာဖြင့် ဇာတ်သိမ်းသွားမှာပဲ (မှန်ပါ့ဘရား)။
နို့မဟုတ်လို့ ရှိရင် ကိုယ့်အလောင်း ကိုယ်ထမ်းပြီး နေရာမရွေး မြှုပ်နေရမယ်၊ (မှန်ပါ့) တစ်ခါတစ်လေ မမြှုပ်ဘူး၊ ဒီအတိုင်းထိုးလည်းပြီး သေရမယ်(မှန်ပါ့ ဘုရား)။
မြှုပ်မည့်လူ ရှာမတွေ့ပါဘူး၊ (မှန်ပါ့) အဲ့ဒီကိစ္စတွေ လည်း ဒိဋ္ဌိ လက်ချက်ဟာ အလောင်းထမ်း သမားအဖြစ်ကို သူအမွေပေးတာပဲ။ (မှန်ပါ့ ဘုရား)။
တဏှာမာနဒိဋ္ဌိက အလောင်းထမ်းသမားကို (အမွေ ပေးပါတယ် ဘုရား)၊ အလောင်းထမ်း သမားအဖြစ်ကို အမွေပေး တယ်၊ အမွေပေးပြီး ရောက်ရာကို သူသည်ကားလို့ ဆိုရင်ဖြင့် မြှုပ်တဲ့ဘဝ မြှုပ်ရတယ်၊ မမြှုပ်တဲ့ဘဝ သူများစားဖတ် ဝါးဖတ် ဖြစ်ရတယ်၊ (မှန်ပါ)၊ ဒီလိုမနေကြဘူးလား (နေပါတယ် ဘုရား)။
သံသရာကျင်လည်တယ်ဆိုတာ
အဲ့ဒါ ခင်ဗျားတို့ သံသရာကျင်လည်တယ်ဆိုတာ ဒါပါပဲ (မှန်ပါ့)၊ သံသရာကျင်လည်တယ် ဆိုတာသည် ကိုယ့် အလောင်းကို ကိုယ်ထမ်းပြီး သကာလ သူများပါးစပ်ထဲလည်း အလောင်း လုပ်လိုက်ရတဲ့ အခါလည်းရှိတယ် (မှန်ပါ့ဘရား)။
တစ်ခါတလေကျတော့ မြေပြင်မှာ ဒီအတိုင်းပုပ်ပြီး ဆွေးမြေ့သွားတဲ့ ဘဝလည်းရှိတယ် (မှန်ပါ့ ဘုရား)။
တစ်ခါတလေကျတော့ လူ့ပြည်ကျပြန်တော့ အမြှုပ် ခံရတဲ့ဘဝလည်းရှိတယ် (မှန်ပါ့)၊ သို့သော် ဒီပုဂ္ဂိုလ်ဟာ ဘယ်ပုဂ္ဂိုလ်တုံး ဆိုတော့ ဒီ-တဏှာ၊ မနာ၊ ဒိဋ္ဌိနဲ့ ပစ္စုပ္ပန်ခန္ဓာ စွဲလာလို့ အနာဂတ်ခန္ဓာတွေ ဖြစ်ချင်သလို ဖြစ်နေတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အလောင်းထမ်းသမားသက်သက်
ခင်ဗျားတို့ လှတယ်ထင်၊ ဝ တယ်ထင်၊ ဘယ်သူက သူဌေး၊ ဘယ်သူက ဝတယ်၊ ဘယ်သူက အရုပ်ဆိုးလို့ ဘယ်သူ က ဘုန်းကံပါရမီကြီးတယ်၊ ဘယ်သူက ဝန်ကြီး၊ ဘယ်သူက အတွင်းဝန်တဲ့၊ ခင်ဗျားတို့ ဘာပဲပြောနေနေ ဆရာဝန်ကြီး အလောင်းထမ်းသမားသက်သက်ပဲ (မှန်ပါ)၊ ဘယ်သူက ဂုဏ်သိန် ရှိသေးသတုန်း (မရှိပါ ဘုရား)၊ မရှိပါဘူး၊ အလောင်းထမ်းသမား သက်သက်၊ ကိုယ့်အလောင်း ကိုယ်ထမ်း ပြီး ရန်ကုန်-မန္တလေး ကူးနေကြတာပဲရှိတယ် (မှန်ပါ)၊
ရောက်ရာ သင်္ချိုင်းကော ရွေးနိုင်သေးရဲ့လားလို့ မေးတော့ မထမ်းနိုင်တဲ့နေရာ ချခဲ့ရုံပဲ ရှိတယ် (မှန်ပါ့)။
ဝေဒနာ ထပ်ရောက်လာတော့ ထမ်းနိုင်သေးရဲ့ လား (မထမ်းနိုင်ပါ ဘုရား)၊ မထမ်းနိုင်တဲ့ နေရာမှာ ပစ်ထားခဲ့ဖို့ ပဲ (မှန်ပါ့ ဘုရား)၊ သို့သော်လည်း ပစ်တဲ့ပုဂ္ဂိုလ်က ဒီခန္ဓာ စွဲသွားပြန် နောက်ခန္ဓာ ဆက်ထမ်းမှာပဲ (မှန်ပါ့)၊ မထမ်း ပေဘူးလား (ထမ်းပါတယ် ဘုရား)။
အဲ့ဒါကြောင့် ခန္ဓဝဂ္ဂသံယုတ်ကျတော့
‘‘ဘာရာဟဝေ ပဉ္စက္ခန္ဓာ၊ ဘာရာဟာရောစ ပုဂ္ဂလော။
ဘာရာဒါနံ ဒုက္ခံ လောကေ၊ ဘာရနိက္ခေပနံ သုခံ ။
တဏှာက တင်ပေးသမား
ဆိုပြီး ဘုရားက ခန္ဓာဝန်ထုပ်ပြီး အမည်နာမပညတ် ရှိတဲ့ လူက အထမ်းသမား တဏှာက တင်ပေးသမားနဲ့များ ဟောထားတာတွေရှိတယ် (မှန်ပါ)၊ သဘောပါကြပလား (ပါ,ပါပြီ ဘုရား)။ ဒါ ဘယ်သူက ဘယ်သူကို ဟောနေတာတုံး ဆိုတာကော ဒီဝတ္ထု သိပလား (သိပါပြီ ဘုရား)။
အနာထပိဏ်သူဌေးကြီး စုတိစိတ်ကျခါနီး ဒကာကြီး အခုခန္ဓာမစွဲနဲ့ ပြောနေတာ (မှန်ပါ့ ဘုရား)၊ နောက်ခန္ဓာ ရမှာစိုးလို့ (မှန်ပါ့ ဘုရား)။
အခုခန္ဓာမစွဲနဲ့လို့ ဟောတာ ဘယ့်နှယ်ကြောင့်ပါလိမ့် (နောက်ခန္ဓာရမှာစိုးလို့ပါ ဘုရား)။
‘‘န ဝေဒနံ ဥပါဒိယိဿမိ၊ န စ မေ ဝေဒနာ နိဿိတုံ ဝိညာဏံ ဘဝိဿတိ။’’
ဝေဒနံ၊ ယခု ပစ္စုပ္ပန် ဝေဒနာကို၊ နဥပါဒိယိဿမိ၊ မစွဲလမ်းသည် ဖြစ်အံ့။ ဝေဒနာ နိဿိတံ၊ ဝေဒနာကို မှီသော။ ဝိညာဏံ၊ နောက် ဝိညာဏ်သည်၊ န ဘဝိဿတိ၊ မဖြစ်လတ္တံ့ (မှန်ပါ့ ဘုရား)။
မြင်ဖူးတာကလေးကိုမစွဲနဲ့
ယုတ်စွအဆုံး မြင်ဖူးတာကလေးတောင်မှ သူများက ပြောသံကြားလို့ သူများက နတ်ရုပ်ရေး ပြောတယ်၊ နတ်ဟာ ကောင်းတယ်လို့ မြင်ဖူးတာကလေးတောင် မစွဲနဲ့၊ စွဲရင် နောက် ခန္ဓာ ဖြစ်လိမ့်မယ် (မှန်ပါ့ ဘုရား)။
သူများ ဟောသံ, ပြောသံက နတ်ပြည် ကောင်းတယ် လို့ ကြားဖူးလိမ့်မယ်တဲ့၊ အဲ့ဒီ ကြားဖူးတာ ကလေးတောင် မစွဲနဲ့ စွဲရင် ခန္ဓာရလိမ့်မယ် (မှန်ပါ့ ဘုရား)။
ကြားဖူးနာကလေးကိုမစွဲနဲ့
ကဲ ခင်ဗျားတို့ ကြားဖူးတာကလေးကို အလကား နေရင်း အတွေးနဲ့ လွမ်းနေတဲ့လူက ရှိသေးတယ် (မှန်ပါ)၊ အဲ့ဒါတွေတောင် မစွဲနဲ့တဲ့၊ ဒိဋ္ဌသုတမုတ တွေ့ တောင်မစွဲနဲ့ တဲ့ (မှန်လှပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကြားဖူးတာလည်း (မစွဲရပါ ဘုရား)၊ မြင်ဖူးတာ လည်း (မစွဲရပါ ဘုရား)၊ မစွဲနဲ့၊ စွဲရင် သူတို့ လာမယ် (မှန်ပါ) တဏှာ မာန ဒိဋ္ဌိ လာရမယ် (မှန်လှပါ ဘုရား)။ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ကြားဖူးတာ မစွဲနဲ့၊ မြင်ဖူးတာမစွဲနဲ့၊ စားဖူးတာ ကော (မစွဲရပါ ဘုရား)၊ ဝတ်ဖူးတာကော (မစွဲရပါ ဘုရား)။
ဝတ်ဖူးတာမစွဲနဲ့
စားဖူးတာကို စွဲလိုရှိရင် ဒီအစာကို စားတတ်တဲ့ တိရစ္ဆာန် ဖြစ်ရတတ်တယ် (မှန်ပါ့)၊ ဝတ်ဖူးတာ ကိုစွဲလို့ရှိ ရင် ဒီအဝတ်ပေါ်မှာ သွားပြီး ပြိတ္တာဖြစ်ရတတ်တယ် (မှန်ပါ)၊ ဝတ်ဖူးတာစွဲရင် မနေ့က ပြောခဲ့တဲ့ ဦးတိဿကြီး မနက် မှ ဝတ်မယ် ဆိုတာနဲ့ ညသေတော့ အဲ့ဒီအပေါ် သန်းသွားဖြစ် တာပဲ၊ ဝတ်ဖူးတာ စွဲသွားတော့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲ့ဒီတော့ ကြားဖူးတာ ဘာတုံး (မစွဲနဲ့)၊ ဝတ်ဖူး တာကော (မစွဲရပါ ဘုရား)၊ စားဖူးတာကော (မစွဲ ရပါ ဘုရား)။
မစွဲရဘူးတဲ့ စွဲလို့ ရှိရင် ခင်ဗျားတို့ ခုနကပြောခဲ့တဲ့ အကြောင်းတွေ စွဲခဲ့တဲ့အတွက် သူနဲ့ အလားတူတွေ ရပြန်တယ် (မှန်ပါ)၊ မရပေဘူးလား (ရပါတယ် ဘုရား)။
အဲ့ဒါဘယ်နှယ်ကြောင့် ဆရာဝန်ကြီးတို့ မောင်ဘတုတ် တို့ ရပါလိမ့်မတုံးဆိုတော့ လက်ရှိခန္ဓာ စွဲလို့ ရတာ (မှန် ပါ ဘုရား)၊ လက်ရှိစားဖူးတာကို စွဲလို့ (ရပါတယ် ဘုရား)၊ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။
အဲဒါတွေ ဉာဏ်နဲ့ ကြည့်တော့မှ ဪ ကျုပ်က သေတောင် ခက်ပါသေးတယ်၊ ဒီသားကလေး စွဲနေတာနဲ့ တဲ့၊ ဘာမှ မခက်ဘူး ပြိတ္တာဖြစ်မှာ သေချာပြီ (မှန်ပါ့)၊ ပစ္စည်း ကလေးဖြင့် ကျုပ်ဖြင့် လှုပ်လည်း မလှုပ်ချင်ဘူး၊ ပေးလည်း မပေးချင်ဘူး၊ ကမ်းလည်း မကမ်းချင်ဘူး၊ အမေမိဘ ထားခဲ့တဲ့ ပစ္စည်းတွေဖြစ်နေတယ်၊ ဒါကလေးတော့ဖြင့် ကျုပ်မစွန့်နိုင်ဘူး၊
အဲ့ဒီပစ္စည်းနေရာမှာ ကြွက်သော်လည်းကောင်း၊ မြွေသော် – လည်းကောင်း ဖြစ်ရမယ် (မှန်ပါ)၊ စွဲသကိုး (မှန်ပါ ဘုရား)၊ သဘောပေါက်ပလား (ပေါက်ပါပြီ ဘုရား)။
အဲဒီတော့ကို အရှင်သာရိပုတ္တရာက ဟောတာ အစွမ်း ကုန်ဟောတာ၊ မြင်ဖူးတာလည်း တကာကြီး မစွဲနဲ့ (မှန်ပါ့)၊ ကြားဖူးတာလည်း (မစွဲရပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
စားဖူးတာ၊ နံဖူးတာ မစွဲနဲ့
စားဖူးတာကော (မစွဲရပါ ဘုရား)၊ နံဖူးတာလည်း (မစွဲရပါ ဘုရား)၊ မစွဲနဲ့ တဲ့၊စွဲလို့ ရှိရင် အဲ့ဒါနဲ့ ပတ်သက်တဲ့ နောက်ခန္ဓာတွေ ပေါ်လာလိမ့်မယ် (မှန်ပါ)၊ သဘောပေါက် ပလား (ပေါက်ပါပြီ ဘုရား)။
ဒါဖြင့် ဒီတဏှာ မာန ဒိဋ္ဌိ မစွဲမှ နောက်ခန္ဓာ အဆက် ပြတ်မယ်ဆိုတာ ခင်ဗျားတို့ သေချာပြီ (မှန်ပါ) မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ဒါဖြင့် မစွဲတဲ့နည်း ပြောပါဘုရား၊ စွဲရင်တော့ဖြင့် တပည့်တော်တို့ ဒီဟာရောက်မှာပဲလို့ ခင်ဗျားတို့ မေးရပါ တယ်နော် (မှန်ပါ)၊ စွဲတဲ့နည်းကဖြင့် အရုပ်ဆိုး အကျည်းတန်၊ ကမ်းကုန်နေပါပြီ (မှန်ပါ့ ဘုရား)။
တိရစ္ဆာန်တွေဖြစ်လိမ့်မယ်
စွဲတဲ့နည်းကဖြင့် တကာတကာမတို့ ဘာမဖြစ်ဘူးလို့ ဆိုလို့ရရဲ့ လား (မရပါ ဘုရား)၊ ခွေးလည်း ဖြစ်မှာပဲ နောက်ချေးပိုးထိုးလည်း ဖြစ်ရမှာပဲ၊ တီကောင်ဖြစ်မယ်၊ ပျော့ဖြစ်မယ်၊ အိမ်မြှောင်ဖြစ်မယ်၊ ပိုးဟပ်ဖြစ်မယ် (မှန်ပါ့ ဘုရား)။
ကိုယ့်အထည် ကလေးသာ စွဲသွား အဲ့ဒီအထည် ထည့် တဲ့ သေတ္တာထဲ ပိုးဟပ်သွားဖြစ်မယ် (မှန်ပါ့)၊ ကြမ်းပိုးသွားဖြစ် မယ် (မှန်ပါ့)၊ ကြောက်စရာကြီး (မှန်ပါ)၊ ရှင်းပလား (ရှင်း ပါပြီ)။
စွဲရင်စွဲရာဖြစ်တာပဲ (မှန်ပါ့)၊ ဘာဖြစ်လို့တုံး တဏှာ ဥပါဒါန်ကံ ဇာတိကိုး (မှန်ပါ့)၊ မာန ဥပါဒါန် ကံ ဇာတိ (မှန်ပါ့)၊ ဒိဋ္ဌိ ဒိဋ္ဌုပါဒါန် ကံဇာတိ၊ မလာဘူးလား (လာပါတယ် ဘုရား)။
အဲဒီတော့ ပဋိစ္စသမုပ္ပါဒ်က ဒါက ခင်ဗျားတို့ ဝိပဿနာ မဂ်နဲ့ မဖြတ်သရွေ့ လောကုတ္တရာမဂ်နဲ့ မဖြတ်သရွေ့ မပြတ်ပါဘူး (မှန်ပါ့)၊ ပြတ်ပါမလား (မပြတ်ပါ ဘုရား)။
ဒါတွေဖြစ်ပျက်ရှုရမယ်
မပြတ်တော့ ခင်ဗျားတို့ ဒီဥစ္စာကို ဒကာ ဒကာမတွေ က စားဖူးတဲ့ပစ္စည်း၊ နေဖူးတဲ့ဥစ္စာ (မှန်ပါ့) ဒါတွေကို ခင်ဗျား တို့ ဖြစ်ပျက်ရှုရမယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါတွေ ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။ ဖြစ်ပျက်ရှုရမယ် ဖြစ်ပျက်ဆိုတာ အနိစ္စရှုရမယ်၊ ဒုက္ခရှုရမယ်၊ အနတ္တရှုရမယ်၊ အသုဘရှုရမယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
မရှုရင် ဒီတဏှာမာနဒိဋ္ဌိက အစဉ်အတိုင်း လုပ်ရမယ်။ မဟုတ်ဘူးလား (မှန်ပါ့)၊ ဓမ္မဋ္ဌိတကာ ဓမ္မနိယာမတာ၊ ဒါဓမ္မ နိယာမ ကွတဲ့ (မှန်ပါ့ ဘုရား)။
တဏှာ ဥပါဒါန်ကံ ဒိဋ္ဌိပါဒါန်ကံဆိုတာ ဓမ္မနိယာမတွေ (မှန်ပါ့) ဓမ္မဌိတကာ တရားသဘော အတိုင်း တည်နေတာတဲ့ သံယုတ်က (မှန်လှပါ ဘုရား)။
ဒါ ဘုရားရှိရှိ – မရှိရှိ ဒါလိုရင်းမဟုတ်ဘူး၊ ဘုရားရှိ လည်း ခင်ဗျားတို့ ဖြတ်တဲ့အလုပ်လုပ်တဲ့ ဒီအတိုင်းသွားတာပဲ (မှန်ပါ့ ဘုရား)၊မရှိလည်း ဒီအတိုင်းပဲ (မှန်ပါ့ဒီအတိုင်းပါ ဘုရား)။
ခင်ဗျားတို့က ဘုရားရှိလာလို့ရှိရင်ဖြင့် တပည့်တော်တို့ သက်သာခွင့် ရပါလိမ့်မယ်လို့ ထင်နေတာ (မှန်ပါ့)၊ ဘုရားရှိ ပေမယ့်လည်း ခင်ဗျားတို့က ဘုရားနားကပ်ပြီး သကာလ ဘုရား ပြောတာ လိုက်နာမှ တော်တာ (မှန်ပါ့ ဘုရား) ဘုရားသူ့ဟာသူ ရှိနေလို့ ခင်ဗျားတို့ ဘာမှမဆိုင်ဘူး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဘုရားပေးတဲ့နည်းနဲ့ ဖြတ်ပါ
ဘုရားရှိနေတယ်၊ ဘုရားနဲ့တွေ့တယ်၊ ဘာမှမဆိုင်ဘူး၊ ကိုယ့် ပဋိစ္စသမုပ္ပါဒ်ကို ဘုရားပေးတဲ့ နည်းနဲ့ ဖြတ်ရုံပဲရှိတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ သဘောပေါက် ပလား (ပေါက်ပါပြီ ဘုရား)။
ဒါဖြင့် ဒါမစွဲအောင် -ဘာလုပ်ကြမတုံးဆိုတော့ ဘာမှ လုပ်စရာမရှိဘူးတဲ့၊ ဝိပဿနာရှုတဲ့ အလုပ်ဟာ မစွဲအောင်လုပ် တဲ့ အလုပ်ပဲ (မှန်ပါ့) အဲ့ဒါမှတ်ထား။
သူဌေးကြီးကငိုတယ်
အဲဒီလို မစွဲအောင် လုပ်ပါဆိုတော့ အနာထပိဏ်သူဌေး ကြီးက ငိုတယ် (မှန်ပါ) အနာထပိဏ် သူဌေးကြီးကငိုတယ်၊ ဒါတွေ အကုန် ဟောလိုက်တဲ့အခါကျတော့ (မှန်ပါ့ ဘုရား)၊
ဒါနဲ့ – ရှင်အာနန္ဒာက နောက်ကပါလာတော့ မေး တယ်၊ ဒကာကြီး ပစ္စည်းတွေ စွန့်ပစ်ရမှာ ကြောင့် ပစ္စည်းတွေနဲ့ ခွဲရမှာကြောင့် ငိုတာလား၊ သို့မဟုတ် ကုသိုလ်တွေ ဆုတ်ယုတ် ကုန်ပြီလို့ ငိုတာလား ရှင်အာနန္ဒာက နှစ်ချက် ပေးလိုက်တယ် (မှန်ပါ့ ဘုရား)။
ရှင်အာနန္ဒာကမေးတယ်
ပစ္စည်းတွေနဲ့ ခွဲရမှာကြောင့် ငိုတာလား၊ ကိုယ့်ကုသိုလ် တရားတွေ ဆုတ်ယုတ်ကုန်လို့ ငိုတာလား မေးလိုက်တော့ တပည့်တော် ဒါတွေကြောင့်မဟုတ်ပါဘူး ဘုရားတဲ့၊ သောတာ ပန်မှာတော့ ဒေါသရှိသေးလို့ ငိုတာကိုး (မှန်ပါ့ ဘုရား)။
တပည့်တော်ဟာ နှစ်ပေါင်း နှစ်ဆယ်ကျော်ကာလပတ် လုံး နေ့စဉ် ကျောင်းကို တစ်နေ့ နှစ်ခေါက် သုံးခေါက်ရောက် ငြားသော်လည်း မစွဲနဲ့ဆိုတဲ့ တရား မနာခဲ့ရဘူးတဲ့ (မှန်ပါ့)၊ မစွဲနဲ့ ဆိုတဲ့ တရားကို သူမနာခဲ့ရဘူး တဲ့။
ဘုရားနဲ့ တွေ့ပြန်လည်း ဒါနအကြောင်းပဲဟောတာပဲ၊ ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလ္လာန် တို့နဲ့လည်း သူရင်းရင်းနှီးနှီး သွားတွေ့တာပဲ၊ တွေ့ပြန်တော့လည်း ဒကာကြီး လုပ်နေတဲ့ အလုပ် ကောင်းတဲ့ အလုပ်ပဲ ဒါလောက်ပဲ ဒါနတရားတွေ အများ ဆုံးဟောနေကြတာပဲ (မှန်ပါ့ ဘုရား)။
အခုပြောခဲ့တဲ့ ပုဂ္ဂိုလ်သတ္တဝါ ဆိုတဲ့ ဖြစ်ပျက်ဆိုတာ ပုဂ္ဂိုလ်သတ္တဝါဆိတ်တာ ပုဂ္ဂိုလ်သတ္တဝါ ဆိတ်သုဉ်း တယ်နော် (မှန်ပါ ဘုရား)။
ဒီတရားမျိုး မနာဖူးလို့ ငိုတာပါ
အဲ့ဒီတရားမျိုး သူက မနာရဘူး၊ ဝိပဿနာတရား သိပ်မှမဟောဘဲကိုး (မှန်ပါ့)၊ အဲဒါကို တပည့်တော်က ဝမ်းနည်း လို့ ငိုပါတယ် ဆိုတော့ ရှင်သာရိပုတ္တရာ အဖြေပေးလိုက်ပါ တယ်။
ဒကာကြီး တဲ့ ဒီတရားဟာ လွယ်တာမဟုတ်ဘူး၊ ဟော ဖို့မလွယ်ဘူးတဲ့၊ လူတွေဟာ သားရေး သမီးရေး၊ စီးပွားရေးနဲ့ လောဘ၊ ဒေါသ၊ မိုးမွှန်နေတာ၊ အဲ့ဒီအထဲမှာ ဘာမှမစွဲနဲ့ဆိုတဲ့ တရားကို ဟောဖို့ အတော်ခဲယဉ်းတယ် (မှန်ပါ့ ဘုရား)။
ဒီတွင် အနာထပိဏ်သူဌေးကြီးက လျှောက်တယ်၊ အရှင်ဘုရား လူတွေမှာလည်း အဝတ်ဖြူ ဝတ်ပြီး ကိလေသာ ခေါင်းပါးတဲ့ ပုဂ္ဂိုလ်တွေ လူထဲမှာ အများကြီးရှိပါတယ်။
ပညာမျက်လုံးပေါ်မှာ ကိလေသာမြူ အနည်းငယ် ကလေး ဖုံးနေတဲ့ ပုဂ္ဂိုလ် လူထဲမှာလည်း အများကြီးရှိပါတယ်။ အဲ့ဒီပုဂ္ဂိုလ်တွေသည်ကား အခုအရှင်ဘုရားတို့ ဟောတဲ့ဖြစ်ပျက် အနိစ္စကို မနာရဘူးဆို့ လိုရှိရင် သူ့ခမျာများမှာ တရားမနာရ လို့ ဒီဘဝ ကျွတ်တမ်း ဝင်ထိုက်ပါလျက်သားနဲ့ ဆုံးရှုံးခြင်းဖြစ် မှာပေါ့တဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ကိလေသာပါးတဲ့ပုဂ္ဂိုလ်များမှာ ဒီတရား ဟောထိုက် တယ်တဲ့ သဘောကျပလား (ကျပါပြီ ဘုရား)။
ကိလေသာပါးတဲ့ ပုဂ္ဂိုလ်ကိုဟောပါ
ဘယ်ပုဂ္ဂိုလ် ဟောရမယ် (ကိလေသာ ပါးတဲ့ပုဂ္ဂိုလ် ဟောရပါမယ် ဘုရား)၊ ကိလေသာပါးတဲ့ ပုဂ္ဂိုလ် အတွက်မှာ ခင်ဗျားတို့ ဒီတရားကို နာရမယ် (မှန်ပါ) ဘာဖြစ်လို့နာရမှာ လဲဆိုတော့ ဒီပုဂ္ဂိုလ် ကလဲ သူက ကိလေသာက ခပ်ပါးပါး ရယ်၊ ဒီတရားနာရင် ချက်ချင်း သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဖြစ်တယ် (မှန်ပါ့ ဘုရား)။
ကိလေသာ ထူတဲ့ ပုဂ္ဂိုလ်သာ ဒီတရားမျိုးကိုဖြည်းဖြည်း မှ ဟောရတာ (မှန်ပါ)၊ ပါးလာတဲ့ ပုဂ္ဂိုလ် ကျတော့ ဒီတရား သွက်သွက်ဟောပေးပါ။ မြန်မြန်ဟောပေးပါ၊ ဒါကိုအနာထပိဏ် သူဌေးကြီးက လျှောက်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါ ပြီ ဘုရား)။
သုညတ တရား
ဒါဖြင့် ဒီတရားဟာ သုညတ တရားလို့မှတ်ပါ (မှန်ပါ)။ ဘာတရားလို့ ဆိုကြမလဲ (သုညတ တရားပါ ဘုရား)။
ရုပ်, စိတ်ဆိုတော့ ပုဂ္ဂိုလ်သတ္တဝါ ပါသေးရဲ့ လား (မပါ ပါ ဘုရား)၊ ရုပ်ဖြစ်ပျက်ရှု၊ စိတ်ကို ဖြစ်ပျက်ရှု ဆိုတော့ ပုဂ္ဂိုလ် သတ္တဝါဖြစ်ပျက် ရှုတာမဟုတ်ဘူး (မှန်ပါ့ ဘုရား)။
ပုဂ္ဂိုလ်သတ္တဝါ ဆိတ်သုဉ်းတဲ့တရား
ဒါကြောင့် သုညတ, ပုဂ္ဂိုလ်သတ္တဝါ ဆိတ်သုဉ်းတဲ့ တရားကို ရှုပါတယ် (မှန်ပါ)၊ ဒီဘက်က သညာရှုပါတယ် ဆိုတော့လည်း ပုဂ္ဂိုလ်သတ္တဝါ ပါသေးရဲ့ လား (မပါပါ ဘုရား) သင်္ခါရဆိုရင်ကော (ပုဂ္ဂိုလ်သတ္တဝါ မပါ ပါ ဘုရား) ဝိညာဏ်ရှု တယ်ဆိုရင်ကော (မပါပါ ဘုရား) ရုပ်ရှုတယ် ဆိုရင်ကော (မပါ ပါ ဘုရား)။
မပါတော့ ဒီသုညတ တရားမျိုးဟာ ကိလေသာ ပါးတဲ့ ပုဂ္ဂိုလ် ဟောလိုက်လို့ ရှိရင် ကျွတ်တမ်း ဝင်နိုင်တယ် (မှန်ပါ့)၊ သဘောပါပလား(ပါပါပြီ ဘုရား)။ အဲ့ဒီတော့ ခင်ဗျားတို့ ကိုယ်ကျွတ်တမ်း ဝင်မှာ မဝင်မှာ ကို ဘာမှ ခင်ဗျားတို့ သံသယရှိမနေနဲ့ ဒီဟာကို ဟောနိုင်တဲ့ ပုဂ္ဂိုလ်နဲ့ နာနိုင်တဲ့ နားရှိရင် ကျွတ်တမ်းဝင်တာပဲ(မှန်ပါ့ ဘုရား)။
ဟောနိုင်တဲ့ ပုဂ္ဂိုလ်နဲ့ထောင်နိုင်တဲ့နား
ဟောနိုင်တဲ့ပုဂ္ဂိုလ်ရှိရင် ခင်ဗျားတို့ တဝက်ပြီးတယ်၊ နာနိုင်တဲ့ နားရှိလို့ ရှိရင်လည်း (တဝက် ပြီးပါတယ် ဘုရား)၊ တဝက်ပြီးတော့ နှစ်ခုပေါင်းလိုက်တဲ့ အခါ အပြည့်ဖြစ်သွားတာ ပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
တစ်ယောက်တည်းနဲ့တော့ မဖြစ်ဘူး (မှန်ပါ့)၊ ဒီဟောနိုင်တဲ့ ပုဂ္ဂိုလ်က သုညတကိုဟော၊ ဟိုက ထောင်နိုင်တဲ့ နားမရှိ ရင်တော့ မရဘူး (မှန်ပါ့) ထောင်နိုင်တဲ့ နားရှိပြီး ဟော မည့်သည့် ပုဂ္ဂိုလ် မရှိပြန်လည်း ခုနက ကိလေသာ မစင်ဘူး (မှန်ပါ့)၊ သဘောပါပလား (ပါ, ပါပြီ ဘုရား)။
ဖြစ်ပျက်နဲ့ မဂ်နဲ့ကိုက်အောင်လုပ်ပါ
ဒါဖြင့် အခုခင်ဗျားတို့ဟောတဲ့ ပုဂ္ဂိုလ်လည်းကြုံပြီ၊ နာနိုင်တဲ့ နားလည်း ခင်ဗျားတို့ရှိပြီ (မှန်ပါ) ထိုကဲ့သို့ ရှိတဲ့ အတွက် ခင်ဗျားတို့ သည် ဓမ္မာနုဓမ္မ ပဋိပတ္တိဆိုတဲ့အတိုင်း ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်အောင်လုပ် (မှန်ပါ) ဘယ်လိုလုပ်ရ မလဲ (ဖြစ်ပျက်နဲ့ မဂ် ကိုက်အောင်လုပ်ရပါမယ် ဘုရား)။
အဲဒါသာ ခင်ဗျားတို့ မီးပွတ်သော ယောက်ျားကဲ့သို့ ဖြစ် ပျက်နဲ့ မဂ်နဲ့ကိုက်အောင်သာ လုပ်နေမယ် ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ ဒီတဏှာ မာန စွဲလန်းတဲ့ဥစ္စာ လာဦးမလား၊ (မလာ ပါ ဘုရား) စွဲမှသာလျှင် နောက်ခန္ဓာရမှာ၊ မစွဲရင် (မရပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။