12607

မာတိကာသို့

”ရှင်ဆန္နဝတ္ထု (၃)”

ဝိပဿနာလုပ်တဲ့ ပုဂ္ဂိုလ်အမြင်မှန်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ မင်္ဂလာတိုက်၌ ဟောကြား ဆုံးမတော်မူသော

”ရှင်ဆန္နဝတ္ထု (၃)”

ဝိပဿနာလုပ်တဲ့ ပုဂ္ဂိုလ်အမြင်မှန်

နေ့အလုပ်ပေးတရားတော်

(၂၇-၉-၆၁)

နောက်ဘဝမရှိပါဘူး-တဲ့

ရှင်ဆန္ဒ မမာတာဟာ မမာတော့ သူ့ကိုယ်သူ ဓါးနဲ့လှီးပြီး သေမယ်လို့ စိတ်ကူးတယ်လို့မှတ်ရမယ် (မှန်ပါ့)။

စိတ်ကူးတာက ဘယ်လိုကြောင့် စိတ်ကူးသလဲလို့ ဆိုလို့ရှိရင် သူ့ခန္ဓာထဲမှာ ဝေဒနာနှိပ်စက်နေတာမခံနိုင်လို့ မှတ်ရမယ် (မှန်ပါ့)။

ဝေဒနာနှိပ်စက်နေတာ သူက သည်းမခံနိုင်ဘူး၊ သည်းမခံနိုင်တော့ကို သူ့ကိုယ်သူ ဓါးနဲ့လှီးပြီးသကာလ သေမယ်လို့ စိတ်ကူးတယ် (မှန်ပါ့ ဘုရား)။

ထိုကဲ့သို့ စိတ်ကူးနေတော့ ရှင်သာရိပုတ္တရာတို့ ရှင်စုန္ဒာတို့က ဟာ ဒီလို စိတ်မကူးပါနဲ့၊ ဒီလိုမတော်ပါဘူး၊ ဒီဟာ အင်မတန် အရုပ်ဆိုး, အကျည်းတန်ပါတယ် အစရှိသည်နဲ့ ပြောကြတယ်။

သူဟာ ကိစ္စမရှိပါဘူး တဲ့၊ ဒီလိုလည်းပင်းဓါးနဲ့လှီးသေလဲ နောက်ဘဝမရှိပါဘူး-တဲ့၊ နောက်ဘဝ ပဋိသန္ဓေနေမှု မရှိပါဘူးဟာဆိုတာ ဒီက ဆရာဝန်ကြီးတို့ မှတ်ရမှာက သူ့ကိုယ်သူ ရဟန္တာဖြစ်ပြီလို့ ထင်တာပဲ (မှန်ပါ့) နောက်ဘဝ ပဋိသန္ဓေနေမှုမရှိတော့ဘူး၊ ဒီလိုထင်ပါတယ်။

အဲဒီတော့ ရှင်သာရိပုတ္တရာက သူ့ပဋိသန္ဓေနေမှု ရှိ/ မရှိကို အလုပ်နဲ့စမ်းကြည့်တယ်၊ အလုပ်နဲ့ စမ်းကြည့်တယ် ဆိုတော့ အကျဉ်းပဲမှတ်ပါ၊ မင်းသည်ကားလို့ဆိုလို့ရှိရင်ဖြင့် ငါမေးပါရစေတဲ့၊ မေးပါဆိုတော့ မင်းဟာ မြင်စိတ်ကလေး၊ ကြားစိတ်ကလေး၊ နံစိတ်ကလေး၊ စားစိတ်ကလေး၊ ကြံစိတ်, စည်စိတ်, တွေးစိတ်ကလေးကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ ထင်သေးသလားလို့ မေးလိုက်တယ် (မှန်ပါ့ ဘုရား)။

ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ လုံးဝမထင်ပါဘူး

မထင်ပါဘူး တဲ့ ဒီဥစ္စာတွေ သူ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ လုံးဝမထင်ပါဘူးဆိုတော့ သူ တဏှာ၊ မာန၊ ဒိဋ္ဌိနဲ့ မစွဲဘူးလို့ ပြောတာပဲ (မှန်ပါ့) ငါ့ကိုယ်လည်း မထင်ဘူး၊ တဏှာနဲ့၊ ငါ့ဟာလို့လည်း မာနနဲ့မထင်ဘူး၊ ငါ့ဥစ္စာလို့လည်း ဒိဋ္ဌိနဲ့ မထင်ပါဘူး-တဲ့။

ဒီတော့ ရှင်သာရိပုတ္တရာ ဪ မင်းဘယ်လိုမြင်လို့ ဒါတွေကို မင်းခန္ဓာကိုယ်ထဲမြင်လို့ ဒါတွေ မထင်ပါလိမ့် မလဲလို့ မေးလိုက်တယ် (မှန်ပါ့ ဘုရား)။

သူဟာ ဝိပဿနာဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါ ဒီစိတ်ကလေးတွေ ကြည့်လိုက်လည်း ချုပ်ပျောက် ချုပ်ပျောက် သွားတာကလေးတွေ မြင်တော့ကို ဆရာဝန်ကြီးတို့အားလုံး တရားနာတဲ့ ပုဂ္ဂိုလ်တွေက မှတ်ရမှာက ဒီအမြင်ဟာ အမြင်မှန်ပဲလို့ မှတ်ကြပါ (မှန်ပါ့ ဘုရား)။

ချုပ်ပျောက်သွားတာသည် အမြင်မှန်လို့ မှတ်ကြပါ (မှန်ပါ့ ဘုရား) ဘာဖြစ်ဖြစ် ခန္ဓာထဲမှာ စိတ်ကလေးပေါ် လာလည်း မရှိဘူး၊ ဝေဒနာပေါ်လာလည်း မရှိဘူး၊ မရှိဘူး မရှိဘူးလို့ ချုပ်ပျောက်သွားတာ မြင်လို့ရှိရင် အမြင်မှန်လို့ မှတ်ကြပါ (မှန်ပါ့ ဘုရား)။

ဝိပဿနာလုပ်တဲ့ ပုဂ္ဂိုလ်များ၏ အမြင်

အဲဒါ ဝိပဿနာလုပ်တဲ့ ပုဂ္ဂိုလ်များ၏ အမြင်သည် ဒီဟာ အမြင်မှန်ပဲလို့မှတ်ပါ (မှန်ပါ့)။

ဒါ ဆန္နကလည်း ဒီအတိုင်းမြင်တယ်လို့ပြောတယ်၊ ရှင်သာရိပုတ္တရာကလဲ ဒါကို သဘောကျပါတယ်၊ ဒီအမြင်မှန် ကို (မှန်ပါ့)။

အဲဒီတော့ကွာ တဲ့၊ မင်းမြင်တဲ့ ဥစ္စာကလေးတွေက ဘာရှုလိုက်, ရှုလိုက် ချုပ်ပျောက် သွားတာကလေးတွေ မြင်သောကြောင့် ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ဘူးလို့ မင်းစိတ်ထဲမှာ မြင်တယ်ဆိုတော့ ဟုတ်တယ်ဆိုပြီး ရှင်သာရိ ပုတ္တရာက အမြင်မှန်တော့ဖြင့် ရတာပဲ၊ သို့သော် အားလုံးမှတ်ထားရမှာက ဝိပဿနာ မဂ်အမြင်သာ ဟုတ်သေးတယ်၊ လောကုတ္တရာ မဂ်အမြင်မဟုတ်သေးဘူးလို့ မှတ်ထားပါ (မှန်ပါ့ ဘုရား)။

ဝိပဿနာအမြင် (ဟုတ်ပါတယ် ဘုရား) ချုပ်ပျောက်သွားတာကလေးတွေ မြင်လို့ရှိရင် ဝိပဿနာမဂ်အမြင်လို့ မှတ်ပါ (မှန်ပါ့) ချုပ်ပျောက်သွားလို့ အဆုံးနိဗ္ဗာန် မြင်မှ လောကုတ္တရာ မဂ်အမြင်လို့ မှတ်ကြပါ (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့် ဪ အမြင်သည် နှစ်မျိုးပါလား၊ ဆရာဝန်ကြီး ဝိပဿနာမဂ်အမြင်ဆိုတာ ချုပ်ပျောက် သွားတာမြင်ရမယ် (မှန်ပါ့) လောကုတ္တရာမဂ်အမြင်က ချုပ်ပျောက်သွားတဲ့အဆုံးကို မြင်ရမယ် (မှန်ပါ့) ဒီဒုက္ခတွေရဲ့ အဆုံးကို မြင်ရမယ်၊ ဒုက္ခအဆုံးဆိုတာ နိဗ္ဗာန်ပါပဲ၊ အဲဒါ မြင်ရမယ်လို့ မှတ်ပါ။

ဝိပဿနာအမြင် မဂ်အမြင်

ဪ ဒါဖြင့် ဝိပဿနာအမြင် မဂ်အမြင်သည် အခြားနားကြီးပါလားလို့ မှတ်ရမယ် (မှန်ပါ့ ဘုရား) ပါဠိတော် အကိုးအကားက သင်္ခရေ “အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿတိ” အဲဒါ ဝိပဿနာမဂ်အမြင်၊ သင်္ခါရတရား တွေ၏ ချုပ်မှုတွေကို မြင်လို့ရှိရင်ဖြင့် ဒါ ဝိပဿနာမဂ်အမြင်လို့ မှတ်လိုက် (မှန်ပါ့) “နိဗ္ဗာန်နံ မဂ္ဂဿ နဗ္ဗာနံဖလဿ အာရမ္မဏပစ္စယေနပစ္စယော” လို့ ဘုရားက မဂ်အမြင်ကို ဟောတဲ့နေရာကျတော့ ဤကဲ့သို့ ဟောပါတယ် (မှန်ပါ့)။

အဲဒီတော့ လောကုတ္တရာမဂ်အမြင်ကတော့ နိဗ္ဗာန်ကို မြင်တယ်လို့မှတ်ရမယ် (မှန်ပါ့) မခြားနားဘူးလား (ခြားနားပါတယ် ဘုရား)။

ဝိပဿနာမဂ်အမြင်က ချုပ်ပျောက် သွားတာ မြင်တယ်၊ လောကုတ္တရာမဂ်အမြင်က ချုပ်တာတွေ ဘာတွေ မဟုတ်တော့ဘူး၊ နိဗ္ဗာန်ဆိုတဲ့ သဘောကြီးပဲ မြင်နေတယ်၊ ဒီလိုခြားနားတယ်လို့ ဆရာဝန်ကြီးက မှတ်ထားရမယ် (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့် အမြင်သည်ကားလို့ဆိုရင် ဤမျှထူးခြားနေတော့ ရှင်သာရိပုတ္တရာက ရှင်ဆန္နအမြင်ဟာ ဝိပဿနာမဂ်အမြင်ပဲ ရှိသေးတယ်ဆိုတာ သိတယ် (မှန်ပါ့ ဘုရား)။

ဂိဇ္ဈကုဋ်တောင်ပေါ်က ဆင်းလာတုန်းက အတူတူလာကြတဲ့သူ့ညီ စုန္ဒက ပါလာတယ်၊ အဲဒီစုန္ဒက သူ့ဟာသူ လည်ပင်းဓါးနဲ့လှီးသေမယ်၊ နောက်ပဋိသန္ဓေနေမည့်ပုဂ္ဂိုလ် မဟုတ်ဘူးလို့ ဆန္နဟာ သူ့ဟာသူအထင်ကြီးနေတာ၊ သူဟာ ရဟန္တာ မဟုတ်သေးဘူးဆိုတာ ရှင်စုန္ဒက သိပါတယ်နော် (မှန်ပါ့ ဘုရား)။

ဘုရားဆုံးမတာရှိပါတယ်

သိတဲ့အခါကျတော့ အရှင်ဘုရား-တဲ့၊ တပည့်တော်တို့ သာဝကတို့ကို ဘုရားဆုံးမတာရှိပါတယ် (မှန်ပါ့) သာဝကတို့ကို ဘုရားဆုံးမတာရှိပါသေးတယ်၊ တပည့်တော်တို့ကို အမြဲဆုံးမတာ ရှိသေးတယ်ဆိုပြီး နိဿိတဿ စလိတံ အနိဿိတဿ စလိတံ နတ္ထိ ဆိုတဲ့ စုဏ္ဏိယ တရားကို အရှင်ဘုရား ဒါကို နှလုံးသွင်းပါလို့ ခုနင်က ဆန္နကို ရှင်စုန္နက အမိန့်ရှိပါတယ်လို့ မှတ်ရမယ် (မှန်ပါ့ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီအဓိပ္ပါယ်ကို အားလုံး ရှင်းရမယ်ဆိုလို့ရှိရင်ဖြင့် ဒီဒကာ ဒကာမတွေ ကိုယ့်ခန္ဓာကို ဒါက ခန္ဓာငါးပါးလို့မှတ်ပါ၊ ကိုယ့်ခန္ဓာကို တဏှာအားဖြင့် ခင်နေတယ်၊ တဏှာက ဒီမှာပဲရှိတယ် (မှန်ပါ့ ဘုရား)။

ဒါက ကိုယ့်ခန္ဓာ၊ ဝမ်းထဲက တဏှာက ကိုယ့်ခန္ဓာကို ခင်နေတယ်၊ မာနကလည်းကိုယ့်ခန္ဓာကြည့်ပြီး မာနမြင့် နေတယ်၊ ဒိဋ္ဌိကလည်း ကိုယ့်ခန္ဓာကို ငါ့ဟာ၊ ငါ့ဥစ္စာလို့ ထင်နေတယ်၊ ဒီလို ထင်နေလို့ရှိရင် ခန္ဓာမှာ ဘာဖြစ်ဖြစ် ခင်နေတဲ့ပုဂ္ဂိုလ်ကျတော့ ခန္ဓာဖြစ်လို့ရှိရင် လှုပ်လာတာပဲ (မှန်ပါ့ ဘုရား)။

နိဿိတဿ=မှီနေသောပုဂ္ဂိုလ်အား တဏှာ၊ မာန၊ ဒိဋ္ဌိနဲ့ ဒီခန္ဓာကြီးကို မှီနေတဲ့ပုဂ္ဂိုလ်အား၊ စလိတံ=ခန္ဓာက ဖောက်ပြန်သည်ရှိသော် လှုပ်သည်၊ ဟောတိ=ဖြစ်၏။

ခန္ဓာနဲ့ တဏှာနဲ့ ဆက်သွယ်နေရင် ခန္ဓာက အိုလာလည်း ဖောက်ပြန်တာပဲ၊ နာဂလဲ ဖောက်ပြန်တာပဲ၊ ခန္ဓာက ပျက်စီးကော ဖောက်ပြန်တာပဲ။

ဒါဖြင့် ခန္ဓာနဲ့ တဏှာနဲ့ မကွဲသေး၊ ခန္ဓာနဲ့ မာနနဲ့ ဆက်စပ်နေသေးတယ်၊ ခန္ဓာနဲ့ ဒိဋ္ဌိနဲ့ ဆက်သွယ်နေ သေးလို့ ရှိရင် ခန္ဓာဖောက်ပြန်တိုင်း ခင်ဗျားတို့ လှုပ်မယ်ဆိုတာ ဆရာဝန်ကြီးတို့ မှတ်ထားရမယ် (မှန်ပါ့ ဘုရား)။

ခန္ဓာဖောက်ပြန်တိုင်း ဘာဖြစ်ရမတုံး

ခန္ဓာဖောက်ပြန်တိုင်း ဘာဖြစ်ရမတုံး (လှုပ်နေမှာပါ ဘုရား) လှုပ်နေမှာပဲ (မှန်ပါ့) လှုပ်နေမယ်ဆိုတဲ့ဥစ္စာ မှတ်ထားပါ (မှန်ပါ့ ဘုရား)။

ဪ ဘယ့်နှယ်ကြောင့် ဒို့သည်ကား လို့ ဆိုလို့ရှိရင် ဒီမှာနေပေမဲ့လည်း အဝေးက အကြောင်းတွေ ကြားရတဲ့ အခါ ဟိုက်ကနဲ ဖိုကနဲ ဖြစ်မှ ဖြစ်ရလေဆိုတဲ့အသံတွေ ထွက်လာတာ ဘာကြောင့်ပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့မှ ခင်ဗျားတို့ နဂိုက ဆက်နေလို့ (မှန်ပါ့) ပေါ်ကြပြီလား (ပေါ်ပါပြီ) နဂိုက ဆက်နေလို့ ဘာဖြစ်တာတုံး (လှုပ်တာပါ ဘုရား)။

ဒါဖြင့် ဝေးတာ၊ နီးတာ လိုရင်းလား၊ တဏှာနဲ့ ခန္ဓာနဲ့ ဟိုက သားသမီးခန္ဓာဖြစ်စေ၊ မိမိခန္ဓာဖြစ်စေ ကိုယ့်တဏှာနဲ့ ခန္ဓာနဲ့ ဆက်နေသေးလို့ရှိရင်ဖြင့် အားလုံးမှတ်ကြပါ၊ လှုပ်မှာပဲ (မှန်ပါ့ ဘုရား)။

နိဿိတဿ=ခန္ဓာကို တဏှာနဲ့ခင်၊ မာနနဲ့ထင်နေတယ်၊ ဒိဋ္ဌိနဲ့စွဲနေတဲ့ ပုဂ္ဂိုလ်များအား ခန္ဓာက အနာပေါက်ရင် လှုပ်တာပဲ (မှန်ပါ့) ခန္ဓာက ဖျားလာရင်ကော (လှုပ်ပါတယ် ဘုရား) လှုပ်တာပဲ တဲ့။

ဒီဟာတွေက အကုန်လှုပ်လာတာပဲ အဲဒါ ဘယ့်နှယ်ကြောင့်တုံးဆိုတော့ ခန္ဓာနဲ့ ဒီတဏှာတွေနဲ့ မှီနေကြလို့၊ ဒါရှင်စုန္ဒက ဟောသည် (မှန်ပါ့ ဘုရား)။

နိဿိတဿ= ခန္ဓာကို တဏှာ၊ မာန၊ ဒိဋ္ဌိနဲ့ မှီနေသောပုဂ္ဂိုလ်အား၊ စလိတံ= ခန္ဓာလှုပ်သည်ရှိသော် သူတို့လည်း လှုပ်ကြတာပဲ၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

ခန္ဓာလှုပ်ရင် ခင်ဗျားတို့လည်း အကုန်လှုပ်တာပဲ၊ ဘာဖြစ်ဦးမှာပါလိမ့် ရှေ့တိုးမလှုပ်ဘူးလား (လှုပ်ပါတယ် ဘုရား) ခန္ဓာက အခု ခေါင်းကိုက်တယ်၊ တော်တော်ကြာကျလို့ရှိရင် ဒီထက်များ ပြင်းထန်လာဦးမှာလားဆိုပြီး မလှုပ် ဘူးလား (လှုပ်ပါတယ် ဘုရား)။

ဟာ ဒီဝေဒနာနဲ့ပဲ သေတော့မှာလားဆိုတာကော (လှုပ်ပါတယ် ဘုရား) မလှုပ်ဘူးလား (လှုပ်ပါတယ် ဘုရား) အဲ စိုးရိမ်ကြောင့်ကျ ဗျာပါဒဟူသ၍ဟာ အလှုပ်ချည့်ပဲ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာနဲ့ တဏှာနဲ့ ဆက်နေလို့

ဒါဖြင့် ဘယ့်နှယ့်ကြောင့် ဆရာဝန်ကြီးတို့ လှုပ်ရသလဲ မောင်ချစ်စိန်တို့ လှုပ်ရသလဲမေးရင် ဘယ့်နှယ်ဖြေကြမလဲ (ခန္ဓာနဲ့ တဏှာနဲ့ ဆက်နေလို့ပါ ဘုရား)။

အေး ခန္ဓာကို တဏှာကမှီနေတယ် (မှန်ပါ့) ဒိဋ္ဌိက မှီနေတယ်၊ မာနက မှီနေတယ်၊ ရှင်းပြီလား (ရှင်းပါပြီ) မမှီရင် (မလှုပ်ပါ ဘုရား) မှီရင်တော့ဖြင့် (လှုပ်ပါတယ် ဘုရား)။

ဪ ဒါဖြင့် ခင်ဗျားတို့ အဝေး၊ အနီး လိုရင်းလား အကြောင်း၊ အကျိုး ဆက်နေတာ လိုရင်းလာလို့ မေးရင် ဘယ့်နှယ်ဖြေကြမလဲ (အကြောင်း၊ အကျိုး ဆက်နေတာ လိုရင်းပါ ဘုရား)။

အဲ တဏှာ ဒိဋ္ဌိတို့က မှီနေလို့ရှိရင် ဒါအမြဲတမ်းလှုပ်မှာပဲ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဒီမှာ အကဲခတ်ပါ တဲ့၊ ဒီမှာအကဲခတ်ပါ၊ သူက သူ့ခန္ဓာက ခေါင်းကိုက်တာလဲ တဲ့၊ ထိပ်ကို စူးရိုး ကလေးနဲ့ ထိုးလိုက်သလို နာပါတယ်တဲ့ ဆန္ဒက (မှန်ပါ့ ဘုရား)။

ဝမ်းထဲမှာလဲ သားလှီးဓါးနဲ့မွှေသလို လေနာထပါတယ် တဲ့၊ ပူလိုက်တာလည်း လူနှစ်ယောက်က လက်မောင်း နှစ်ခုကိုကိုင်ပြီး မီးဖိုမှာကင်သလို သူ့ကိုယ်ကြီးကို မီးဖိုမှာကင်သလို ဒါလောက်ပဲ ပူပါတယ် တဲ့။

ဒါ့ကြောင့် သူ့ခန္ဓာကြီးကို ဒီအတိုင်းမထားချင်တော့ဘူး၊ လည်းပင်းဓါးနဲ့လှီးပြီး သေတော့မယ်လို့ စိတ်ကူးတယ် ဆိုတာ ဒါဟာ သူလှုပ်တဲ့စကားတွေပဲ (မှန်ပါ့ ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီလှုပ်တဲ့စကားတွေဟာ သူ့ခန္ဓာကို ဝေဒနာနှိပ်စက်လို့ လှုပ်နေတာ (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ) ဒါဖြင့် နိဿိတဿ စလိတံ ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဆက်အသွယ်ကင်းသွားလို့ရှိရင် မလှုပ်ဘူး

အနိဿိတဿ စလိတံ နတ္ထိ=တဲ့၊ ရှင်စုန္ဒက ပြောလိုက်တယ်၊ ဒီခန္ဓာနဲ့ ဒီတရားနဲ့ဟာ ဘယ်နည်းနဲ့မှ မဆက်တော့ ဘူး၊ ဒီ တဏှာ၊ မာန၊ ဒိဋ္ဌိဟာ ချုပ်နေလို့ရှိရင်ဖြင့် တဲ့၊ ဒီပြင်စိတ်တွေ ရှိပါတယ် တဲ့၊ ကျုပ်တို့ ခင်ဗျားတို့မှာနော် (မှန်ပါ့) ဒီ တဏှာ၊ မာန၊ ဒိဋ္ဌိကသာ ချုပ်သွားရင် ဒီခန္ဓာကြီးက ဘာဖြစ်နေနေ လှုပ်သေးသလား (မလှုပ်ပါ ဘုရား)။

ဒါဖြင့် တဏှာ၊ မာန၊ ဒိဋ္ဌိနဲ့ ဒီခန္ဓာကြီးနဲ့ အဆက်အသွယ်ကင်းသွားလို့ရှိရင် မလှုပ်ဘူးလို့မှတ်ပါ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဪ ဒါဖြင့် ဒီဥစ္စာက ဘာဟောကတုံး လို့ မေးတဲ့အခါကျလို့ရှိရင် မလှုပ်တော့ဘူးဆိုတဲ့ဥစ္စာက တဏှာ နိရောဓေါ နိဗ္ဗာနံ ခန္ဓာရှိပေမဲ့ သူနိဗ္ဗာန် ရောက်နေပြီမှတ်ပါ (မှန်ပါ့ ဘုရား)။

ခန္ဓာရှိပေမဲ့ (နိဗ္ဗာန်ရောက်နေပါပြီ ဘုရား) နိဗ္ဗာန်ရောက်နေတာ၊ သဥပါဒိ သေသ နိဗ္ဗာန်ကို ဟောပါတယ် (မှန်ပါ့) သဥပါဒိသေသနိဗ္ဗာန် ခန္ဓာရှိပေမဲ့လည်း ခန္ဓာသာမချုပ်သေးတယ်၊ တဏှာချုပ်တယ်ဆိုတဲ့ နိဗ္ဗာန် ဟောတယ် (မှန်ပါ့ ဘုရား)။

စလိလေ အသတိ၊ စလိတေ=လှုပ်ခြင်းသည်၊ အသတိ=မရှိခဲ့သည်ရှိသော်၊ ပဿဒ္ဓိ ကာယပဿဒ္ဓိ စိတ္တပဿသဒ္ဓိ ဆိုတဲ့ ဥစ္စာငြိမ်းသွားတယ် (မှန်ပါ့) ကိုယ်လည်းငြိမ်း၊ စိတ်လည်းငြိမ်းသွားတယ် (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ ဝိပဿနာရှုပြီးနေတဲ့အခါကျတော့ ပဋ္ဌမ ဖြစ်ပျက်တွေမြင်တာပဲ၊ နောက် မုန်းသွားတယ် ဆိုပါတော့၊ မုန်းပြီးသည်၏ အခြားမဲ့၌ ဒီခန္ဓာကြီးဟာ ဒုက္ဓသစ္စာကြီးပါလား မလိုချင် မရချင်တော့ဘူးဆိုရင် ချုပ်တယ်၊ ခန္ဓာပါ ပျောက်ထွက်သွားတယ် (မှန်ပါ့ ဘုရား)။

ဉာဏ်ကလေး ကျန်ရစ်နေတယ်

ခန္ဓာပါ ပျောက်ထွက်သွားပြီး ဉာဏ်ကလေး ကျန်ရစ်နေတယ်လို့ ဆရာဝန်ကြီး မှတ်ရမယ် (မှန်ပါ့) အဲဒီအခြေ အနေရောက်အောင် အားထုတ်ရမယ် (မှန်ပါ့ ဘုရား)။

ဉာဏ်ကလေး ကျန်သည့်တိုင်အောင် ခန္ဓာက ပျောက်ထွက်သွားရမယ် (မှန်ပါ့) အဲဒီအချိန်ကျတော့ ခန္ဓာကိုယ် ကြီးလည်း မရှိတဲ့အတွက် ငြိမ်းတယ် (မှန်ပါ့ ဘုရား)။

စိတ္တပဿဒ္ဓိတဲ့= ကိလေသာတွေနဲ့ ပတ်သက်တာလည်း မရှိတဲ့အတွက် ငြိမ်းတယ် (မှန်ပါ့) ကိုယ်ငြိမ်း စိတ်ငြိမ်း ကိလေသာတွေ မရှိတဲ့အတွက် ငြိမ်းလို့ရှိရင်ဖြင့် ဒါမိမိတို့ နိဗ္ဗာန်ရောက်ပြီလို့ အောက်မေ့ပါ (မှန်ပါ့ ဘုရား)။

ကိုယ်လည်းငြိမ်းသွားပြီ စိတ်လည်းငြိမ်းသွားပြီ ကိလေသာလည်း ဝမ်းထဲမှာ မရှိတော့ဘူူး၊ ရုပ်နာမ်တွေကြည့်ရင်း မတ္တနဲ့ ရှာမတွေ့လို့ ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ ကိလေသာပဿဒ္ဓိလို့ ပဿဒ္ဓိသုံးမျိုးရှိတယ်လို့ အဌကထာ ဆရာဖွင့် တယ် (မှန်ပါ့ ဘုရား)။

ပဿဒ္ဓိသုံးမျိုးရှိတယ်

အဲဒီကဲ့သို့ ရှုလိုက်လို့ ဒုက္ခတွေချုပ်ငြိမ်းသွားတဲ့အခါ ကိုယ်လည်းရှာမတွေ့ဘူး ငြိမ်းတယ်၊ စိတ်တွေလည်း တစ်ခါတည်း ငြိမ်းသွားတာပဲ၊ ဘာမှမရှိဘူး၊ ရှုဉာဏ်ကလေးတစ်ခုပဲ ကျန်ရစ်တယ် (မှန်ပါ့ ဘုရား)။

ကိလေသာလည်း ရှာလို့မတွေ့ဘူး ရှုနေတဲ့ ဉာဏ်ကလေးတစ်ခုတည်း ကျန်ရစ်အောင် ခင်ဗျားတို့ ဝိပဿနာ လုပ်ကြပါ (မှန်ပါ့) ခန္ဓာတော့ ပျောက်ရမယ်လို့ မှတ်ထား (မှန်ပါ့ ဘုရား)။

ပဿဒ္ဓိယာ သတိ ပဿဒ္ဓိ ဆိုတဲ့ ကိုယ်လည်းငြိမ်း၊ စိတ်လည်းငြိမ်း၊ ကိလေသာလည်းငြိမ်းမယ်ဆိုရင် နတိ န ဟောတိတဲ့ (မှန်ပါ့) နတိ=တဏှာ၏ ညွှတ်ရာ ဘုံဘဝသည်၊ နဟောတိ=မဖြစ်တော့ဘူး-တဲ့၊ နောက်ဘုံဘဝ မဖြစ်တော့ပါ ဘူးတဲ့ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့သည် အားထုတ်တဲ့ ဒကာ ဒကာမတွေသည် ပဋ္ဌမ အရေးကြီးတာက ဆန္နကို ဒီလောက် မပြောချင်ပါဘူး။

ဆန္နဟာ အကိုးအကား လုံလောက်အောင်သာ သူ့ကိုဝတ္ထုထုတ်ပါတယ်၊ စင်စစ်တော့ ခင်ဗျားတို့ ကိုယ့်ခန္ဓာ ကိုယ်ကြည့်ပြီးတော့ ဟိုနေရာကပေါ်လာ ဒီနေရာကပေါ်လာ၊ ပေါ်လာတာ ကလေးတွေကို ပဋ္ဌမ ရှေးဦးစွာ ဉာဏ်တွေ့ ဖြစ်ဖို့ အရေးကြီးပါတယ် (မှန်ပါ့ ဘုရား)။

ဉာဏ်တွေ့ဖြစ်ဖို့ အရေးကြီးတယ်

ဉာဏ်တွေ့ဖြစ်ဖို့ အရေးကြီးပြီး သကာလ ဪ ဒီပေါ်လာတာကလေးဟာ အင်း ဒါအနိစ္စကလေးတွေပဲ၊ အခုပေါ်ပြီး အခုပျောက်တာပဲ၊ အခုပေါ် အခုပျောက်ကြတာပဲလို့ တစ်ခုစတွေ့လို့ရှိရင် အဲဒီနေရာကနေပြီး ရှောက်လိုက် သွား၊ ရှောက်လိုက်သွားလို့ရှိရင်ဖြင့် ပေါ်ပျောက်၊ ပေါ်ပျောက်နဲ့ ဒါကလေးတွေပဲ တွေ့မှာပဲ၊ ဒီအပြင် ဘာမှ တွေ့စရာ မရှိဘူး (မှန်ပါ့ ဘုရား)။

အဲ တွေ့လို့ရှိရင်ဖြင့် ဒီဥစ္စာကို သဲသဲမဲမဲ စူးစူးစိုက်စိုက်လိုက်ပေးကြပါဆိုတဲ့ ဥစ္စာ ကိုယ့်ဝတ္တရား (မှန်ပါ့ ဘုရား)။

လိုက်ရာကနေပြီး သကာလ အချိန်ကြာ၍ သော်လည်းကောင်း ကိုယ့်ဉာဏ်ကထက်၍ မကြာပဲနေ၍ သော်လည်း ကောင်း၊ ဒါသည်ကားလို့ ဆိုရင် မုန်းတဲ့ဉာဏ်တွေဟာ ပေါ်လာတာပဲ (မှန်ပါ့ ဘုရား)။

ဒါတွေကြည့်နေရာတဲ့ ဥစ္စာ မုန်းစရာကြီးပါလား၊ ရွံစရာကြီးပါလားဆိုတဲ့ဥစ္စာ ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

နောက်ကျတော့ ဒါတွေတွင်မကဘူး၊ မုန်းစရာ၊ ရွံစရာတွေတင် မကတော့ဘူး ဒါမရှိနိုင်အောင် တတယ်ဆို တာလာလိမ့်မယ် ကြီးပါလားဆိုတဲ့ ဥစ္စာ ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

အဲဒီကဲ့သို့ လာခဲ့သည်ရှိသော် ဒီဖြစ်ပျက်တွေသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့မရှိရင် ကောင်းတယ်ဆို တာ ကိုယ့်ဝမ်းထဲမှာ ခုနင်ကတဏှာမာန ဒိဋ္ဌိသေတာနဲ့ လေးပိုင်းတစ်ပိုင်း သေတာနဲ့ တစ်ခါတည်း သူတို့ ချုပ်သွားတယ် (မှန်ပါ့ ဘုရား)။

ချုပ်သွားလို့ရှိရင်ဖြင့် ခင်ဗျားတို့မှာ ကြည့်ရင်းမတ္တနဲ့ ချုပ်သွားလို့ရှိရင် ကိုယ်လဲငြိမ်းတော့မယ်၊ စိတ်လဲငြိမ်း တော့မယ်၊ ခုနင်ကတဏှာမာန ဒိဋ္ဌိဆိုတဲ့ ကိလေသာလဲ ငြိမ်းတော့မယ်လို့မှတ်ပါ (မှန်ပါ့) ဒါအလုပ်စဉ်လို့ မှတ်ပါ (မှန်ပါ့ ဘုရား)။

ယထာဘူက ဉာဏ်

ဒါဖြင့် ဖြစ်ပျက်ကိုမြင်တာသည် ယထာဘူက ဉာဏ်လို့မှတ်ပါ၊ မုန်းလာတာ၊ နိဗ္ဗိန္ဒ ဉာဏ်လို့ မှတ်ပါ၊ ခုနင်က ကိုယ်ရောစိတ်ရောငြိမ်းပြီး ဖြစ်ပျက်တွေ ဆုံးသွားတာက မဂ်ဉာဏ်လို့ မှတ်ပါ၊ (မှန်ပါ့) ဒီအတိုင်း ဘုန်းကြီးတို့ ဒကာဒကာမ တွေ ဒီဉာဏ်စဉ်အတိုင်း ကြိုးစားရမယ် (မှန်ပါ့ ဘုရား)။

ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချ။ ဪ ဖြစ်ပျက်ကလေးတွေချည်း၊ ချုပ်တာ ကလေးတွေချည်း မြင်နေလို့ ရှိရင်ဖြင့် ယထာဘူတဉာဏ်ရပြီ “ယထာဘူတ ဉာဏန္ဒိ ယထာ သဘာဝဇာနနဉာဏ” ဆိုတဲ့အတိုင်း ဟုတ်တိုင်းမှန်စွာ သိတဲ့ဉာဏ်ရပြီ (မှန်ပါ့) မျက်စိနှစ်ကွင်း အသင်းရပြီလို့ ဆရာဝန်ကြီးမှတ်ရမယ်နော် (မှန်ပါ့ ဘုရား)။

အပျက်ကလေးတွေချည်း မြင်နေလို့ရှိရင်ဖြင့် ဪ-နေရာကျပြီ ဒီဥစ္စာ နိဗ္ဗာန်ရောက်ဖို့ရာသည်ကားလို့ ဆိုလို့ရှိရင် နောက်တစ်ဆင့်တက်ပြီးရင်ရောက်မှာဘဲ ဒီအတိုင်း အားလုံးတရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ ထုတ်ရမယ် (မှန်ပါ့) အပျက်ကိုမြင်အောင် ကြည့်ရမယ်နော် (မှန်ပါ့ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဉာဏ်နဲ့ ကြည့်ပြီးတဲ့အခါကျလို့ ရှိရင်ဖြင့် မြင်ပါများရင် ဘာဖြစ်မယ် ထင်ကြသတုန်း၊ မုန်းမယ် (မှန်ပါ့) အပျက်တွေမြင်ပါများရင် ဘာဖြစ်မတုန်း (မုန်းပါတယ် ဘုရား)။

ကဲ မုန်းပေမယ့်လဲ ဆရာဘုန်းကြီးက မှာထားတယ်၊ ဒါတွေ့လတ္တံ့တွေဖြစ်နေလို့ မုန်းပေမယ့်လဲ ခင်ဗျားတို့သည် မုန်းမုန်းနဲ့ ကြည့်နေပါ (မှန်ပါ့ ဘုရား)။

မုန်းမုန်းနဲ့ ကြည့်နေပါ

ဘယ့်နှယ့်ကြောင့် အကြည့်ခိုင်းပါလိမ့်မတုံးလို့ အမေးပုစ္ဆာထုတ်ခဲ့သော် အမုန်းသန်ရင် မလိုချင်တဲ့ဉာဏ်လာလိမ့် မယ် (မှန်ပါ့ ဘုရား)။

အမုန်းသန်ရင် (မလိုချင်တဲ့ဉာဏ်လာမှာပါ ဘုရား) မလိုချင်တဲ့ဉာဏ် လာလိမ့်မယ်လို့မှတ်စမ်းပါ (မှန်လှပါ ဘုရား)။

အဲဒီတော့ ဒါဖြင့် မုန်းလျှက်နဲ့ပေပြီး သကာလ ရှုပေးပါ၊ မလိုချင်တဲ့ဉာဏ် မုချလာလိမ့်မယ် (မှန်ပါ့) အဲဒီလို မလိုချင်တဲ့ဉာဏ် လာလို့ရှိရင်လဲ သူမလိုချင်တဲ့ဉာဏ် ဟုတ်တယ်၊ မဟုတ်တယ် ဟာ ဆရာဝန်ကြီးတို့ အကဲခတ်ရမှာက ရှေ့မှာ ဘာမှရှုစရာကို မရှိလောက်အောင် ဖြစ်ပျက်တွေ ဖြစ်ပျက်တွေ အကုန်ချုပ်ပြီးသကာလ ဪ-ဖြစ်ပျက်ချုပ် ငြိမ်းတဲ့သဘော ပေါ်လာလို့ရှိရင်ဖြင့် ဪ ဒါဟာ မဂ်ဉာဏ်ပေါ်လာတာဘဲလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) သဘောကျပြီ နော် (ကျပါပြီ ဘုရား)။

ဒါဖြင့် ဉာဏ်သုံးဉာဏ်နဲ့ တက်တယ်၊ ကျန်တဲ့ ဉာဏ်တွေကတော့ ဒီအထဲအကုန်ဝင်သွားတာဘဲ။ ကျန်တဲ့ ဉာဏ်တွေ ဒီအထဲအကုန်ဝင်တယ်လို့ မှတ်လိုက် (မှန်ပါ့ ဘုရား)။

ကောင်းပြီ ဒါဖြင့် ခုနင်က ဖြစ်ပျက်တွေ ချုပ်ငြိမ်းသွားတဲ့ဆီကို ဉာဏ်က ရောက်နေတဲ့ ပုဂ္ဂိုလ်ကျတော့ လေးခါလောက်သာဖြစ်လို့ရှိရင် ငါနောက်ပဋိသန္ဓေ မနေတော့ဘူး၊ အဇာတိဆိုတဲ့ ပဋိသန္ဓေ မနေရာဖြင့် ငါရောက်ပြီလို့ မှတ်ပါ (မှန်ပါ့ ဘုရား)။

ဒါဖြင့် တဏှာညွှတ်စရာ နေရာမရှိဘူး၊ တဏှာသွားစရာနေရာမရှိဘူး၊ တဏှာမရှိလို့ တဏှာသွားစရာ နေရာ မရှိဘူးလို့ မှတ်ထားပါ (မှန်ပါ ဘုရား)။

အဲဒီတော့ ဒီတဏှာချုပ်လို့ရှိရင် ဘယ်သွားရဦးမယ်၊ ဘယ်လာရဦးမယ်ဆိုတဲ့ ဒီခန္ဓာ၏ လမ်းစဉ် မရှိတော့ပါဘူး (မှန်ပါ့ ဘုရား)။

လာရာ သွားရာမရှိတော့ဘူးတဲ့

အပါယ်သွားရဦးမယ်၊ နတ်ပြည်လားရဦးမယ်၊ ဒါတွေမရှိတော့ဘူးတဲ့ (မှန်ပါ့) အာဂတိဂတိ နဟောတိ၊ လာရာ သွားရာမရှိတော့ဘူးတဲ့ (မှန်ပါ့ ဘုရား)။

လာရာသွားရာ မရှိလို့ရှိရင်ဖြင့် စုတိပဋိသန္ဓေလဲ မရှိတော့ပါဘူး (မှန်ပါ့) ဖြစ်ပျက်အဆုံးမြင်ပြီးတဲ့ ပုဂ္ဂိုလ် လေးခါလောက်သာမြင်ရင် စုတိပဋိသန္ဓေလဲ မရှိတော့ဘူးတဲ့ (မှန်ပါ့ ဘုရား)။

အာဂတိဂတိယာ အသတိ စုတူပပါတော နာဟောဘိ၊ စုတိပဋိသန္ဓေလဲ မရှိတော့ဘူးတဲ့၊ စုတိပဋိသန္ဓေ မရှိ လို့ရှိရင်လဲ ဒကာဒကာမတွေ မှတ်စရာက ဤဘုံမှာလဲ နောက်ထပ် မဖြစ်တော့ဘူး၊ ဟိုဘုံမှာလဲ နောက်မဖြစ်တော့ဘူး၊ ဟိုဘုံဒီဘုံအကြားမှာလဲ မဖြစ်တော့ဘူး၊ ချမ်းသာသက်သက်နဲ့ နေရုံပဲရှိတော့တယ်ဆိုတာကို ရှင်စုန္ဒက ရှင်ဆန္နကို ဟောတယ် (မှန်ပါ့ ဘုရား)

အဲဒီကဲ့သို့ ရှင်စုန္ဒက စကားမပြောဘဲနဲ့ တရားဟော သွားတယ်လို့ ဆရာဝန်ကြီးက မှတ်ရမယ် (မှန်ပါ့ ဘုရား)။

ဒါနဲ့ သူတို့ကြွသွားတယ်၊ ကြွသွားတော့ ဘုရားဆီရောက်ကြရော၊ ဘုရားဆီမရောက်ခင် သူတို့လဲ လမ်းရောက်ခါ ရှိသေးတယ် ရှင်ဆန္နက ခုနင်က သူ့လည်ပင်းကို ဓါးနဲ့လှီးတယ် (မှန်ပါ့ ဘုရား)။

သူ့လည်ပင်းသူ ဓါးနဲ့လှီးတယ် (မှန်ပါ့) လှီးတော့ကို တစ်နေ့က ကျောင်းထဲမှာ ဟောခဲ့တယ်၊ ဝိညာဏ်ချုပ်ကာနီး နိမိတ်ထင်သေးတယ်လို့ မပြောဘူးလား (ပြောပါတယ် ဘုရား)။

ဝိညာဏ်ချုပ်ကာနီး သေကာနီးမှာ ဒီအတိုင်း မသေပါဘူး၊ သွားရာလမ်းခရီးနိမိတ်တွေ ထင်သေးတယ်လို့ တစ်နေ့က ဟောထားတယ် (မှန်ပါ့ ဘုရား)။

ပုထုဇဉ်များ မြင်တဲ့နိမိတ်တွေ လာထင်နေတယ်

အဲဒီလိုဘဲ ဒီကနေ လည်ပင်း လှီးလိုက်တဲ့အခါကျတော့ ဝိညာဏ်က မချုပ်သေးတော့ ရဟန္တာများထင်တဲ့ နိမိတ်တွေ မထင်ဘဲနဲ့ ပုထုဇဉ်များ မြင်တဲ့နိမိတ်တွေ လာထင်နေတယ် (မှန်ပါ့ ဘုရား)။

ပုထုဇဉ်များ မြင်တဲ့နိမိတ်တွေ လာထင်တော့ ဒီပုဂ္ဂိုလ်က ဝိပဿနာ အရှိန်ကောင်းတဲ့ ဆန္ဒဖြစ်နေတော့ ဪ-ငါတော့ ရဟန္တာထင်တယ်၊ အခုထင်တဲ့ နိမိတ်ကတော့ ပုထုဇဉ်ထင်တဲ့ နိမိတ်ပါလားလို့ သူ့ဟာသူရိပ်မိတယ် (မှန်ပါ့)။ သဘောကျပြီလား(ကျပါပြီ ဘုရား)။

သူ့ကိုယ်သူတော့ နဂိုက ဘာထင်နေသတုံး (ရဟန္တာထင်နေပါတယ် ဘုရား) အခု သေကာနီးနိမိတ်ကြည့်လိုက် လို့ ဝိညာဏ်မချုပ်ခင် မြင်ရတဲ့ နတ်သမီးဗိမာန်သောင်တွေ စသည်သွားမြင်တယ်၊ နိဗ္ဗာန်မမြင်လာဘူး (မှန်ပါ့ ဘုရား)။

အင်း ငါ့အထင်နဲ့ဖြင့် အခုတင်တာနဲ့ တစ်ခြားစီဖြစ်ပါ ပါ့လားလို့ သူသိတယ်၊ သူသိတော့မှ ဒီဝေဒနာကို ဗြုန်းကနဲ ဒီဝေဒနာနဲ့မသေမီ ဆရာဝန်ကြီး ခန္ဓာကိုယ်ဖြစ်ပျက်ပြန်ကောက်တယ် (မှန်ပါ့) ပြန်ကောက်နိုင်သေးတယ်၊ ဒကာမကြီးတွေ မှတ်ထားကြ (မှန်ပါ့ ဘုရား)။

ဓါးနဲ့ လည်ပင်းလှီးပြီးသားတောင် ဗြုန်းကနဲ ဝိဉာဏ်မချုပ်သေးတော့ နိမိတ်တွေ ထင်ပြီးမှတောင် အို ဒီလမ်း မဟုတ်ဘူး၊ ဒီလမ်းမဟုတ်ဘူး၊ ဖြစ်ပျက်တဲ့ဥစ္စာ ရဟန္တာရယ်လို့ သူ့ကိုယ်သူ ထင်နေတဲ့ဥစ္စာ မဟုတ်သေးဘူး၊ အခုနိမိတ် တွေက ပြနေပြီဆိုပြီး သူ့ခန္ဓာကိုယ်သူ ပြန်ကြည့်တယ်၊ ဖြစ်ပျက် ပြန်ကောက် ရတယ် (မှန်ပါ့ ဘုရား)။

အဲဒီကျတော့ဖြင့် သေကာနီး ကိစ္စဖြစ်နေတဲ့အတွက် အတင်းဘဲ ကြိုးစားတော့တာဘဲ၊ ဘယ်သူမှ တိုက်တွန်းနေ ဘို့မလိုဘူး၊ ကြိုးစားတော့တာဘဲ (မှန်ပါ့ ဘုရား)။

အဲဒီ ကြိုးစားတဲ့ လည်ပင်း ဓါးနဲ့လှီးပြီးလို့ ထွက်လေ ဝင်လေတွေ ဒီကမထွက်ခင်ပေါ့ဗျာ အဲဒီတွင်မှ သူဖြစ်ပျက် တွေ အားထုတ်ပြီးတော့ နိဗ္ဗာန်မြင်ပါတယ်(မှန်ပါ့ ဘုရား)။

နိဗ္ဗာန်မြင်တယ်

ဖြစ်ပျက်အဆုံးဖြစ်တဲ့ နိဗ္ဗာန်မြင်တယ်၊ မြင်တာမှ လေးခါလောက်မြင်တယ် (မှန်ပါ့) စိတ်ဟာ အင်မတန်မြန် ပါတယ်။

လေးခါလောက်မြင်ပြီးသကာလ သူနဂိုရ်က ပြောထားတဲ့အတိုင်း အခုမှကိုက်တယ် (မှန်ပါ့) သေကာနီးမှ သွားကိုက်တယ် (မှန်ပါ့ ဘုရား)။

အဲဒါလေးခါလောက်လဲ နိဗ္ဗာန်မြင်ပြီးပါရော သူဟာ စုတိစိတ်ကျတယ်၊ သမသီသိရဟန္တာ သေကာနီးမှ ရဟန္တာ ဖြစ်တာနဲ့ မရှေးမနှောင်းဖြစ်သွားတယ် (မှန်ပါ့ ဘုရား)။

ဒါနဲ့ဘဲ ရှင်သာရိပုတ္တရာနဲ့ ရှင်စုန္ဒတို့က လမ်းမှာ သူတို့အဘိညာဏ်နဲ့ ကြည့်တော့ သိတယ်၊ ဆန္န ဒို့ တောင်းပန် ပစ်ခဲ့တာမရဘူး၊ လည်ပင်း ဓါးနဲ့လှီးပြီး သေတယ်ဆိုတာကြည့်ပြီး သူတို့ဘုရားဆီသွားကြတယ်။

ဘုရားက မင်းတို့ ဘယ်ကပြန်လာကြသတုန်းကွ၊ ဆန္နဆီက လူမမာမေးသွားပါတယ်ဘုရား တပည့်တော်တို့ လမ်းရောက်ကာရှိသေးတယ်၊ သူသည် လည်ပင်းဓါးနဲ့လှီးပြီး သေပြီဘုရား အဲဒီဆန္နလားရာဂတိ ဘယ်မှာရှိသတုံးလို့ ဘုရားကိုလျှောက်တယ် (မှန်ပါ့) ဘယ်ဘဝ ဘယ်ဘုံရောက်သတုန်းလို့ ဘုရားကို လျှောက်တယ်။

သူအခု ပဋိသန္ဓေမနေဘူးကွ-တဲ့

လျှောက်လိုက်တဲ့အခါကျတော့ မင်းတို့ကို ဓါးနဲ့မလှီးခင်ကလဲ မင်းတို့ကို ပြောသားဘဲ၊ ဆန္နဟာ ဓါးနဲ့လှီးပြီး သေငြားသော်လဲ နောက်ပဋိသန္ဓေ မနေဘူးဆိုတဲ့အတိုင်း သူအခု ပဋိသန္ဓေမနေဘူးကွ-တဲ့၊ နိဗ္ဗာန်ရောက်ပြီပြောတာ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါ ဘယ့်နှယ့်ကြောင့် ဘုရားက ဒီလိုဖြေရသတုံးမေးတော့ သူ အရင်တုန်းကဖြေတာနဲ့ အခုသေကာနီးမှ အလုပ်လုပ်သွားတာနဲ့ သွားပြီးကိုက်နေတယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ကို သူဟာ ဘုရားတဲ့၊ အမျိုးမျိုးအဖုံဖုံ ပုထုဇဉ်အဖြစ်နဲ့ဘဲ မြင်တဲ့အမြင်တွေ ရှိနေသေးတဲ့ ဥစ္စာဘဲတဲ့၊ ဘယ့်နှယ်ကြောင့်လားရာဂတိ မရှိပါသတုံး။

သူဟာ ဒကာဒကာမတွေလဲခင်တွယ် အမျိုးမျိုးအဖုံဖုံလို့လျှောက်တော့ သာရိပုတ္တရာ ဒါတွေဟာ အရေး မဟုတ်ပါဘူးကွတဲ့ (မှန်ပါ့) ဒီခန္ဓာကိုပစ်ချပြီး ဟိုခန္ဓာကို မခင်တဲ့ ဥစ္စာဟာ ဒါအပြစ်ကင်းသော သေခြင်း သေတယ်လို့ မင်း တထစ်ချမှတ်ပါတဲ့ (မှန်ပါ့ ဘုရား)။

ဒီခန္ဓာကိုယ် မခင်ဘဲနဲ့သေရင် ဟိုခန္ဓာကိုယ် မရဘူးတဲ့ သဘောကျပြီလား (ကျပါပြီ) ဒီခန္ဓာခင်ပြီး သေလို့ရှိရင် ဖြင့် တဏှာဥပါဒါန်မချုပ်သေးလို့နော် (မှန်ပါ့ ဘုရား) ဒီခန္ဓာကိုယ်မခင်ဘဲနဲ့ သေလို့ရှိရင် နောက်ခန္ဓာကိုယ် (မရပါ ဘုရား) မရဘူးဆိုတာ ခင်ဗျားတို့မှတ်ထားပါ (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်မဆုံးသေးလို့ ရှိရင် ဝိပဿနာဉာဏ်ချည့်မှတ်

အဲဒီတော့ ဒါဟာ အခုအားထုတ်တဲ့ပုဂ္ဂိုလ်ဟာ သေကာနီးမှ ကပျာကရာလုပ်တဲ့ မဂ်ဉာဏ်ဖိုလ်ဉာဏ် ရနိုင်သေး တယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား) နောက်ခန္ဓာမလာဘူးဆိုတဲ့ အကြောင်းဟာလဲ ရှင်းရှင်းလင်းလင်းကြီး ဖြစ်တယ်။

ဒါ့ကြောင့် ဆရာဝန်ကြီးတို့သည် ဘယ်ရောက်ရောက် ဒီဖြစ်ပျက်ဆုံးအောင် ဒို့အားလုံး လိုက်ရလိမ့်မယ်ဆိုတာ တရားနာတဲ့ ပုဂ္ဂိုလ်တွေ ဒီအတိုင်းမှတ်ပါ (မှန်ပါ့) ဖြစ်ပျက်မဆုံးသေးလို့ ရှိရင် ဝိပဿနာဉာဏ်ချည့်မှတ် (မှန်ပါ့ ဘုရား)။

အဖြစ်မြင်မြင်, အပျက်မြင်မြင်, ဒါတွေမုန်းမုန်း, ဒါတွေလျစ်လျူရှုရှု, ရှုကသင်္ခါရတွေ တွေ့နေသေးသ၍ ကာလ ပတ်လုံး ဒါဝိပဿနာဉာဏ်ချည့်မှတ်ပါ (မှန်ပါ့) ၎င်းသင်္ခါရတွေ ဆုံးသွားလို့ရှိရင်ဖြင့် မဂ်ဉာဏ်လို့မှတ် (မှန်ပါ့) ရှင်းပြီ လား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု…သာဓု…သာဓု