အပြုံးနဲ့အမဲ့ဇာတ်သိမ်းသည့်တရား
”ဆန္ဒဝတ္ထူ(၂)”
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ မင်္ဂလာတိုက်၌ ဟောကြားတော်မူအပ်သော
”ဆန္ဒဝတ္ထူ(၂)”
အပြုံးနဲ့အမဲ့ဇာတ်သိမ်းသည့်တရား
နေ့အလုပ်ပေးတရားတော်
(၂၆-၉-၆၁)
ရောဂါရှေ့တိုးသလား
ရှင်သာရိပုတ္တရာနဲ့ ရှင်စုန္ဒညီအစ်ကိုနှစ်ပါးက ရာဇဂြိုလ်ပြည်မှာ ရှင့်နက်တို့ကို အစာကျွေးရာဖြစ်တဲ့တောမှာ နေပြီး ဂိဇ္ဈကုဋ်တောင်မှာ သီတင်းသုံးကြတယ်၊ ဖလသမာပတ်ဝင်စားပြီး နေ့လယ်နေကြတယ်။
ထိုကဲ့သို့နေတဲ့အချိန်မှာ ဖလသမာပတ်မှာ တော်လောက်ပါပြီဆိုပြီး ထလာတဲ့အချိန်မှာ အောက်မှာ ဆန္ဒဆိုတဲ့ ရဟန်းတစ်ပါးမမာဘူးကြားတယ်ကွ ဒို့ ညီအစ်ကို သွားပြီးမေးရအောင်ဆိုပြီးတော့ မေးကြတယ်။
မေးကြတဲ့အခါကျတော့ ဆန္နဆီရောက်ကြပါရော ရောက်ကြတော့ ထုံးစံအတိုင်း သတင်းမေးကြတယ်၊ ခမနီယံ ယာပနီယံ ရောဂါရှေ့တိုးသလား၊ နောက်ဆုတ်သလား၊ ဘယ်လိုနေသလဲမေးတော့ ဟာ ရောဂါရှေ့တိုးပါတယ်ဘုရား ထိပ်မှာ စူးကလေးနဲ့ ထိုးသလိုဘဲဘုရား ခေါင်းကိုက်တာလဲ အင်မတန်မှ ပြင်းထန်တယ်၊ ဝမ်းထဲမှာလဲ သားလှီးဓါးကလေး နဲ့ မွှေသလိုဘဲဘုရား လေနာက သိပ်ပြင်းထန်တယ်၊ တစ်ကိုယ်လုံးလဲ ပူပြီး သကာလ နေတာဘဲဘုရား အားကောင်းတဲ့ လူနှစ်ယောက် တပည့်တော် လက်မောင်းကိုင်ပြီး မီဖိုထဲ ထည့်သလိုဘဲ၊ ရောဂါဟာရှေ့ချည်းဘဲတိုးတယ်၊ နောက်မဆုတ်ပါ ဘူးတဲ့၊ ဒါကြောင့် တပည့်တော်စိတ်ကူးကဖြင့် လည်ပင်းဓါးနဲ့လှီးပြီး သကာလ သေမယ်လို့ စိတ်ကူးတယ်။
ဒီလိုတော့ မသေပါနဲ့ကွာ
ဆန္နကပြောတော့ ရှင်သာရိပုတ္တရာက ထုံးစံအတိုင်း မင့်မှာ ဒီလိုတော့ မသေပါနဲ့ကွာ မကောင်းပါဘူး၊ မင့််မှာ ဒီလိုတော့ မသေပါနဲ့ကွာ မကောင်းပါဘူး၊ မင့်မှာ ပြုစုမည့်သူမရှိလဲ ငါဘဲပြုစုပါ့မယ်၊ ဆေးမရှိလဲ ငါရှာပါ့မယ်၊ ဓါတ်စားတွေဘာတွေမရှိလဲ ငါရှာပါ့မယ်၊ ဒီလိုတော့ မသေပါနဲ့လို့ ပြောလိုက်တယ်။
ထိုကဲ့သို့ ပြောလိုက်တဲ့အခါ တပည့်တော်သေခြင်းကတော့ တစ်ခြားမဟုတ်ပါဘူး၊ တပည့်တော်မှာ ဒီဘဝစုတေ သွားလို့ရှိရင် ဟိုဘဝ ပဋိသန္ဓေနေစရာ စွဲကပ်တဲ့တဏှာမရှိပါဘူး။
ဒါကြောင့် တပည့်တော်က လည်ပင်းဓါးနဲ့လှီးပြီးသေမယ်လို့ စိတ်ကူးပါတယ်လို့ ပြောတော့ ဦးမာဒင်တို့ ဆရာဝန်ကြီးတို့မှတ်ရမှာက သူ့ကိုယ်သူ ရဟန္တာဖြစ်ပြီလို့ ထင်နေတယ်(မှန်ပါ့) သူ့ကိုယ်သူ ရဟန္တာဖြစ်ပြီလို့ ထင်နေတယ် လို့ မှတ်ကြပါ။
ရဟန္တာဖြစ်မဖြစ်လို့ စုံစမ်းတယ်၊
ဒါနဲ့ ရှင်သာရိပုတ္တရာက ရဟန္တာဖြစ်မဖြစ်လို့ စုံစမ်းတယ်၊ ငါ့ရှင် ဆန္နပုစ္ဆာကလေးတစ်ခု မေးလို့ရှိရင် မကျန်း မာပင် မကျန်းမာငြားသော်လဲ ဖြေမှုအလုပ်ကို လုပ်နိုင်ပါ့မလားဆိုတော့ ဟာ တပည့်တော် ဖြေနိုင်ပါတယ် ပုစ္ဆာတော့ (မှန်ပါ့ ဘုရား)။
ဒါဖြင့်ကွာ မင်းသည်ကား လို့ဆိုရင်ဖြင့် မြင်စိတ် ခင်ဗျားတို့အတွက်ကို ဟောပြီ(မှန်ပါ့ ဘုရား)။
မြင်စိတ်ရှိတယ်၊ ကြာစိတ်ရှိတယ်၊ စားစိတ်ရှိတယ်၊ နံစိတ်ရှိတယ်၊ အဲဒါတွေများကွာ၊ ငါ့ကိုယ်၊ ငါဟာ ငါ့ဥစ္စာလို့ စွဲသေးသလားတဲ့၊ အနတ္တများမြင်ရဲ့လားလို့ မေးတာ(မှန်ပါ့) ငါ့ကိုယ်ဆိုတာသည် တဏှာ၊ ငါဟာဆိုတာသည် မာန၊ ငါ့ဥစ္စာဆိုတာသည် ဒိဋ္ဌိ(မှန်ပါ့ ဘုရား)။
ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာရယ်လို့ စွဲသေးသလား
မင်းသည် အခုငါပြောခဲ့တဲ့ စိတ်တွေကို မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ တွေးစိတ်၊ စိတ်ဟူသ၍ကို မင်းသည်ကားလို့ဆိုရင် ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာရယ်လို့ စွဲသေးသလားတဲ့၊ မေးလိုက်တယ်(မှန်ပါ့ ဘုရား)။
မစွဲဘူးဘုရားတဲ့၊ ဒါတွေမစွဲပါဘူးတဲ့ (မှန်ပါ့) မစွဲဘူးဆိုကတည်းက ဒကာ ဒကာမတွေ သိမှတ်ဖို့ရာက သူဒါကို ဖြစ်ပျက်တွေမြင်နေလို့(မှန်ပါ့ ဘုရား)။
နေစမ်းပါဦးကွာ၊ မစွဲတာတော့ မင်းပြောလို့သိရပါပြီ ဘယ်လိုမြင်လို့ မစွဲတာတုံးတဲ့၊ မေးပြန်တယ်(မှန်လှပါ ဘုရား)။
ဘယ်လိုမြင်လို့ မစွဲတာတုံးလို့ မေးလိုက်တဲ့အခါ တပည့်တော်က မြင်စိတ်ကလေးကြည့်လိုက်ပြန်လဲ ချုပ်ပျောက် သွားပြီလို့ သိလိုက်ပါတယ်၊ ချုပ်ပျောက်သွားတာ သိလိုက်တယ်တဲ့(မှန်လှပါ ဘုရား)။
ချုပ်ပျောက်သွားတာ သိလိုက်တယ်တဲ့
ကြားစိတ်ကလေး ကြည့်လိုက်ပြန်လဲ ချုပ်ပျောက်သွားတာ သိလိုက်တယ်တဲ့၊ နံစိတ်ကြည့်လိုက်ပြန်လဲ ချုပ်ပျောက် သွားတာသိလိုက်တယ်၊ စားစိတ်ကြည့်လိုက်ပြန်လဲ ချုပ်ပျောက်သွားတာ သိလိုက်တယ်၊ ကြံစိတ်၊ စည်စိတ်၊ တွေးစိတ်တွေ ကြည့်လိုက်ပြန်လဲ ချုပ်ပျောက်သွားတာချည်း မြင်တယ်တဲ့၊ ဒါကြောင့် တပည့်တော်က ဒီဟာတွေကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာရယ်လို့ ဧတံမမ၊ ဧသောဟမသ္မိ၊ ဧသောမေအတ္တာဆိုတဲ့ အစွဲသုံးလုံးတဏှာမာန ဒိဋ္ဌိနဲ့ မစွဲပါဘူးဘုရားတဲ့။
ရှင်သာရိပုတ္တရာ မြင်ပုံတော့၊ အမှန်သားဘဲတဲ့(မှန်ပါ့) ဆရာဝန်ကြီး မြင်ပုံကတော့ မှန်နေပြီ(မှန်ပါ့) ပျောက်ပျောက်သွားတာ မြင်တာကိုး(မှန်ပါ့) ဒါကြောင့် ငါ့ကိုယ်၊ ငါ့ဟာ ငါ့ဥစ္စာတော့ သူမစွဲပါဘူးတဲ့။
အဲဒါနောက်က ဒကာ ဒကာမတွေ မှတ်ရမယ်၊ ဆန္နမြင်ပုံသည် ဘယ်ဟာကလေးကြည့်လိုက် ကြည့်လိုက်၊ ချုပ်ပျောက်သွားတာ ချည်းမြင်တာဘဲ ဖြစ်ပေါ်လာတာ ကလေးတွေကြည့်လိုက်၊ ချုပ်ပျောက်သွားပြန်ပြီ၊ ဖြစ်ပေါ်လာတာ ကလေးတွေကြည့်လိုက်၊ ချုပ်ပျောက်သွားပြန်ပြီ စိတ်ကလေးတွေကြည့်တိုင်း ကြည့်တိုင်း ဦးမာဒင်ဘယ်လိုမြင်သတဲ့တုံး (ချုပ်ပျောက်သွားတာချည်းမြင်ပါတယ် ဘုရား)။
အဲဒါ နောက်က ဒကာ ဒကာမတွေလဲ ဒီအမြင်မှန်ကိုရအောင် ကြိုးစားရမယ်၊ မရှိဘူး၊ မရှိဘူး၊ သိအောင် (မှန်ပါ့) ဘယ်စိတ်မဆို မရှိဘူး၊ မရှိဘူးသိအောင်(မှန်ပါ့ ဘုရား)။
ပေါ်လာတဲ့ စိတ်ကိုကြည့်လိုက်၊ စိတ်တိုင်းလဲ ပေါ်တာကို ကြည့်ရမယ်၊ ကြည့်တိုင်းလဲ မရှိဘူးဆိုတာ မြင်ရမယ် (မှန်ပါ့ ဘုရား)။
စိတ်တိုင်းလဲပေါ်တာကြည့်ရမယ်၊ မရှိဘုးဆိုတာလဲသိရမယ်၊ အဲဒါအမြင်မှန်ဘဲ(မှန်ပါ့) အဲဒါအမြင်မှန်ဘဲဆိုတာ ဒါစိတ္တာနုပဿနာကို ဟောသည်လို့ မှတ်ရမယ်(မှန်ပါ့ ဘုရား)။
ဝိပဿနာမဂ်အမြင်ဘဲရှိသေးတယ်
ဒါနဲ့ ရှင်သာရိပုတ္တရာကတော့ ဪ အမြင်တော့မှန်တယ်၊ မှန်ပင်မှန်ငြား သော်လည်း သူပထမ ဖြေထားတာက သူဟာဓါးနဲ့ လည်ပင်းလှီးပြီး သေရငြား သော်လည်း နောက်ပဋိသန္ဓေစွဲကပ်စရာမရှိဘူးလို့ သူဖြေထားတယ်၊ ဖြေပေမဲ့ လဲ သူဟာက ဒါလောကုတ္တရာမဂ်အမြင်မဟုတ်သေးဘူးတဲ့ ဝိပဿနာမဂ်အမြင်ဘဲရှိသေးတယ်(မှန်လှပါ ဘုရား) ရှင်သာရိပုတ္တရာက သိတော်မူတယ်(မှန်ပါ့ ဘုရား)။
အဲဒါမှတ်ကြပါ ဝိပဿနာ မဂ်အမြင်ဟာ ဒီအမြင်ပါဘဲ၊ လောကုတ္တရာ မဂ်အမြင်က ဒီအမြင် မဟုတ်သေးပါဘူး (မှန်ပါ့ ဘုရား)။
ဒါအလုပ်လူပ်နေတဲ့ ပုဂ္ဂိုလ်မှာတရားဟောပေးနေတယ်၊ နည်းပေးနေတယ်၊ သင်ပေးနေတယ်ဆိုတာ မှတ်ပါ (မှန်ပါ့ ဘုရား)။
ဝိပဿနာမဂ်အမြင်ကဖြင့် ဘယ်စိတ်ကြည့်လိုက် ကြည့်လိုက် ချုပ်ပျောက်သွားတာမြင်ဘို့ဘဲ(မှန်ပါ့) ဝေဒနာ အားထုတ်တဲ့ ပုဂ္ဂိုလ်ကလဲ ဘယ်ဝေဒနာ ကြည့်လိုက်ကြည့်လိုက် ချုပ်ပျောက်သွားတာမြင်ဖို့ဘဲ(မှန်ပါ့ ဘုရား)။
ရုပ်တွေ ကြည့်လိုက်ပြန်လို့ရှိရင်လဲ ထို့အတူဘဲ၊ ကာယာနုပဿနာဘက်ကကြည့်လိုက်ပြန်လဲ ချုပ်ပျောက် သွားတာမြင်ဖို့ဘဲ(မှန်ပါ့ ဘုရား)။
ချုပ်ပျောက်သွားတာမြင်ဖို့ဘဲ
ကြိုက်တာရှု – သတိပဋ္ဌာန် လေးပါးထဲက ကာယာနုပဿနာရှုလဲ ချုပ်ပျောက်သွားတာမြင်ဖို့ဘဲ၊ အရေးကြီးတယ်၊ (မှန်လှပါ ဘုရား)။
ဝေဒနာနုပဿနာကြည့်ပြန်ကော (ချုပ်ပျောက်သွားတာမြင်ဖို့ပါဘဲ ဘုရား) စိတ္တာနုပဿနာကြည့်ပြန်ကော (ချုပ်ပျောက်သွားတာ မြင်ဖို့ပါဘဲ ဘုရား) ဓမ္မာနုပဿနာကြည့်ပြန်ကော(ချုပ်ပျောက်သွားတာ မြင်ဖို့ပါဘဲ ဘုရား)။
ဒါကြောင့် သတိပဋ္ဌာန်လေးပါ တစ်ပါးပါးအားထုတ် အတူတူဘဲ၊ ကျန်တာတွေ အကုန်ပါတယ်ဆိုတာ ဟောတာ (မှန်ပါ) ရှင်းပြီနော်(ရှင်းပါပြီ ဘုရား)။
အဲဒါ ကြိုးစားကြစမ်းပါ ချုပ်ပျောက်သွားတာကလေးတွေ မြင်အောင်(မှန်ပါ့) ဘာဖြစ်လို့ ကြိုးစားခိုင်းနေရသတုံး လို့ ဆရာသမားက ဘာဖြစ်လို့ တိုက်တွန်းချက် နောက်ထပ် ဒါလောက်တောင် ပေးရသတုံးလို့ ခင်ဗျားတို့ စိတ်ထဲမှာ သံသယရှိလို့ရှိရင် ဒါအမြင်မှန်ဖို့ တစ်ခြားဟာမြင်နေရင် မမှန်သေးဘူး(မှန်ပါ့) ဒါအမြင်မှန်ဘို့ ဒါဆုံးဖြတ်ချက် ချပေး နေတယ်(မှန်ပါ့ ဘုရား)။
ဒါနဲ့ ရှင်သာရိပုတ္တရာကတော့ သူကတော့ ရဟန္တာဖြစ်ပြီးသား ဖြစ်နေတော့ ဪ ဆန္နဟာ အမြင်တော့ မှန်ပါရဲ့၊ ဝိပဿနာမဂ်အမြင်ဘဲရှိသေးတယ်၊ လောကုတ္တရာ မဂ်အမြင်တော့ မရောက်သေးဘူးဆိုပြီး သိတယ်(မှန်ပါ့ ဘုရား)။
သို့သော် လူမမာဆန္နကတော့ ဒီအမြင်သည်ပင်သူက လောကုတ္တရာ မဂ်အမြင်ထင်နေတယ်(မှန်ပါ့) ဒါကြောင့် သူ့ကိုယ်သူ ရဟန္တာဆိုပြီး ဖော်မပြော ငြားသော်လည်း အဓိပ္ပါယ်က အဲဒီရောက်နေတယ်၊ သူဟာနောက်ထပ် စွဲကပ်မှီစရာ ပဋိသန္ဓေမရှိပါဘူးလို့ သူဖြေလိုက်တာကိုး(မှန်ပါ့ ဘုရား)။
ပဋိသန္ဓေ နေစရာမရှိဘူးဆိုရင် ရဟန္တာမှ၊ သောတာပန်ဆိုရင်ရှိသေးတယ်၊ သူကရဟန္တာအဖြေဖြေထားတယ် (မှန်ပါ့ ဘုရား)။
ဒါရဟန္တာအမြင် မဟုတ်သေးဘူးတဲ့
ဒါနဲ့ ရှင်သာရိပုတ္တရာက မင်းရဟန္တာမဖြစ်သေးဘူးလို့ဘဲ လူမမာကိုပြောရမှာ ခဲယဉ်းတယ်၊ သူ့ညီရှင်စုန္ဒကလဲ အတူတူပါလာတာဖြစ်နေတော့ ရှင်စုနန္ဒကသိတယ်၊ ဒါရဟန္တာအမြင် မဟုတ်သေးဘူးတဲ့(မှန်ပါ့ ဘုရား)။
ရှင်စုန္ဒကလဲ ငယ်ငယ်ကတည်းက ရဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်(မှန်ပါ့) ညံ့တဲ့ပုဂ္ဂိုလ်မဟုတ်ဘူး(မှန်ပါ့ ဘုရား)။
ဒါနဲ့ သူက ရှင်သာရိပုတ္တရာ စကားအရ အရှင်ဘုရားတဲ့ မြတ်စွာဘုရားသခင်၏ တပည့်သား မှန်သ၍ နှလုံးသွင်းတာက လေးတစ်ခုတပည့်တော် လျှောက်ထားပါရစေတဲ့။
လျှောက်ထားပေါ့လို့ ဆန္နကပြောတော့
နိဿိတဿစလိတံ၊ စတိတေ အနိဿိ တဿစလိတံနိတ္ထ၊ စလိတေ အသတိ ပဿဒ္ဓိ ဟောတိ၊ ပဿဒ္ဓိယာ သတိ နတိနဟောတိ၊ နတိယာ အသတိအာဂတိ ဂတိ နဟောတိ၊ အာဂတိဂတိယာ အသတိ စုတုပပါတော နဟောတိ ၊ စုတုပပါတော အသတိနေ ဝိဓနတုရံ နဥဘယ မန္တရေန ဧသေဝန္တောဒုက္ခဿာတိ။
ဒါဟာသာဝကများ နှလုံးသွင်းတာပါဘုရား ဆိုပြီး ဒီတရားကလေးဟောပြီးတော့ သူတို့ညီအစ်ကို ပြန်သွား ကြတယ်၊ ဘုရားဆီ သွားကြတယ် (မှန်ပါ့ ဘုရား)။
အဲဒီတော့ကို ဒီဒကာ ဒကာမတွေ မှတ်ဖို့ရာက နိသိတဿစလိတံ၊ နိသိတဿ၊ မိမိခန္ဓာ၌လည်းကောင်း၊ သူတစ်ပါးခန္ဓာ၌လည်းကောင်း၊ တဏှာမာနဒိဋ္ဌိနဲ့မှီနေသေးသော ပုဂ္ဂိုလ်အား(ဆက်သွယ်နေသေးသော ပုဂ္ဂိုလ်အား) စလိတံ၊ အကြာင်းရှိသည်ရှိသော် လှုပ်သည်၊ ဟောတိ ဖြစ်၏။ တဏှာနဲ့ ခင်နေမယ်၊ ဒီခန္ဓာငါးပါးကို (မှန်ပါ့ ဘုရား)။
မှီနေရင် လှုပ်တယ်
တဏှာနဲ့ မှီနေမယ်၊ မာနနဲ့ခန္ဓာအမှီပြုပြီး တက်ကြွနေမယ်၊ ခန္ဓာနဲ့ဆက်စပ်နေမယ်ပေါ့လေ (မှန်ပါ့) ဒိဋ္ဌိကလဲ ဒီခန္ဓာကြီးကို ငါ့ဟာလို့ ငါလို့ထင်နေမယ် ဆိုလို့ရှိရင်ဖြင့်တဲ့ ဒီခန္ဓာကြီးမှာ ဝေဒနာ ရောက်တဲ့အခါမှာတဲ့ လှုပ်လာတာလဲ(မှန်ပါ့) မှီနေရင် လှုပ်တယ်(မှန်ပါ့ ဘုရား)။
မှီနေရင်(လှုပ်ပါတယ် ဘုရား) ရှင်းပြီနော်(ရှင်းပါပြီ ဘုရား)။
မနေ့က ပြောခဲ့ပါတယ်၊ ဒီတရားအစကို(မှန်ပါ့) ဒီကနေပြီး ဟင်္သာတမှာရှိတဲ့ ဆွေတွေမျိုးတွေကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဒို့လွှတ်ရာကျွတ်ရာလာပြီး သကာလ သူတော်ကောင်းတရားကြိုးစားနေပါတယ်၊ ဆိုငြားသော်လည်း သူတို့ကို ငါမှီတယ် မမှီတယ် သိချင်လို့ရှိရင် ဟိုက သတင်းကို နားထောင်ကြည့်ပါ(မှန်ပါ့ ဘုရား)။
ကျန်းမာတဲ့သတင်း ကြားလို့ရှိရင်လဲ ဝမ်းမြောက်သော လှုပ်ခြင်းလှုပ်ပါတယ်(မှန်လှပါ) မကျန်းမာဘူး သတင်းကြားရင်လဲ စိုးရိမ်သော လှုပ်ခြင်း လှုပ်ပါတယ်၊ မလှုပ်ဘူးလား(လှုပ်ပါတယ် ဘုရား)။
ဒါ့ဘယ်နှယ့်ကြောင့် လှုပ်ပါလိမ့်မတုံးလို့ ဦးမာဒင်မေးရင် ဘယ့်နှယ်ဖြေပါ့မတုံး(တဏှာနဲ့ မှီနေသောကြောင့် ပါ ဘုရား)။
နို့ လူကတော့ တစ်ခြားစီပါလား(တစ်ခြားစီပါ ဘုရား) အာရုံအာရမ္မဏိက ဆက်နေတယ်(မှန်ပါ့) ဟိုက အာရုံ နဲ့ ဒီကအာရမ္မဏိက စိတ်နဲ့ တဏှာမာန ဒိဋ္ဌိသွားဆက်နေတယ်(မှန်ပါ့) သဘောကျပြီလား(ကျပါပြီ ဘုရား)။
ဪ ခင်ဗျားတို့ ဒီလာနေကြတာနော်၊ အကြောင်းရှိရင် လှုပ်သေးသကိုးလို့ ဆရာသမားက ပြောလို့ရှိရင် ခင်ဗျားတို့က ငြင်းဖို့မလိုဘူး(မှန်ပါ့ ဘုရား)။
ဘာဖြစ်လို့ ငြင်းဖို့မလိုသတုံးလို့ မေးတဲ့အခါကျတော့ ဝမ်းမြောက်စရာ စာကလေးတစ်စောင်လာလဲ ဝမ်းမြောက် နေတာဘဲ(မှန်ပါ့) ဝမ်းနည်းစရာ စာကလေးတစ်စောင်လာလဲ (ဝမ်းနည်းပါတယ် ဘုရား)။
သူတို့က အလှုပ်ခိုင်းရင် လှုပ်တယ်
ဟာ ဦးမာဒင် ဘာဖြစ်တာတုံးဆိုရင် အို သူတို့နဲ့ တပည့်တော်မှီနေတာ(မှန်ပါ့ ဘုရား) ကိုယ့်တဏှာမာန ဒိဋ္ဌိသူတို့နဲ့ မှီနေတယ်ဘုရား၊ ဒါကြောင့် သူတို့က အလှုပ်ခိုင်းရင် လှုပ်တယ်(မှန်ပါ့) သူတို့ ငြင်းခိုင်းရင်(ငြင်းပါတယ် ဘုရား)။
ခင်ဗျားတို့ သူတစ်ပါးဩဇာခံ ဖြစ်နေပါပေါ့လား၊ ဝေးနေပေမဲ့(မှန်ပါ့) မဆိုးဝါးဘူးလား(ဆိုးဝါးပါတယ် ဘုရား)။
အဲဒါ ဘယ့်နှယ်ကြောင့် ခင်ဗျားတို့ သူတစ်ပါး ဩဇာခံဖြစ်နေရသတုံး၊ ကိုယ်ကသွားသွားမှီတယ်(မှန်ပါ့) မှီတော့ သူတို့က လှုပ်ချင်ရင် လှုပ်တယ်၊ သူတို့ကအပြုံးခိုင်လိုက်ရင် (ပြုံးပါတယ် ဘုရား)။
သူတို့က အမဲ့ခိုင်းလိုက်ရင်(မဲ့ပါတယ် ဘုရား) ဟ ဘာဖြစ်နေတာတုံး၊ ဒီဦးမာဒင်ကြီးက မကြီးမငယ်နဲ့ ဆိုလို့ရှိရင် (မှီနေလို့ပါ ဘုရား) ရိပ်မိပြီလား(ရိပ်မိပါပြီ ဘုရား)။
ဒါကြောင့် ဆန္နမှာလဲ သူခန္ဓဉာဏ် မရောက်လာတော့ လှုပ်တယ်(မှန်ပါ့) သင်ဓုန်းနဲ့သတ်ပြီး သေပါတော့ မယ်၊ ခန္ဓာကြီးကို ဝေဒနာနှိပ်စက်နေတာ မကြည့်နိုင်ဘူး၊ မကြည့်နိုင်တော့ ဒိဋ္ဌိနဲ့ ဘဲမှီနေတယ်၊ တဏှာနဲ့ကော (မှီပါ တယ် ဘုရား)။
မာနနဲ့ကော (မှီပါတယ် ဘုရား) အဲ မှီနေလို့ ဆန္နမထေရ်လှုပ်တာ(မှန်ပါ့) ဒါကြောင့် စုန္ဒကဝင်ပြီး ကြားဖြတ် တရားဟောရတယ်(မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့မမှီယင်(မလှုပ်ပါ ဘုရား) မမှီယင်မလုပ်ဘူး၊ ခင်ဗျားတို့ကိုယ်တိုင်က အတော်ဆိုးတဲ့ လူတွေ အပြစ်တင်ရမယ် ဟင်(မှန်ပါ့ ဘုရား)။
ဘယ့်နှယ်များ နေကြသတုံး မေးချင်မေးလိမ့်မယ်(မှန်ပါ့) ဘယ့်နှယ်များနေကြသတုံးဟေ့၊ အရောင်းအဝယ် ဘယ့်နှယ်နေသတုံး၊ အစားအသောက် ဘယ့်နှယ်နေသတုံး၊ ကျန်းမာရေး ဘယ့်နှယ်နေသတုံး၊ ဒီကနေပြီး သကာလ လှမ်းမေးချင်တယ်(မှန်လှပါ ဘုရား)။
ဘာဖြစ်လို့ မေးတာတုံးလို့ ဆရာဘုန်းကြီးကမေးရင် ဘယ့်နှယ်ဖြေပါ့မလဲ လှုပ်လို့(မှန်ပါ့လှုပ်လို့ပါ ဘုရား) ရှင်းပြီလား(ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဟိုကငြိမ်ငြိမ်နေတာတောင် ကိုယ်က လှုပ်ပါရစေထဲက(မှန်ပါ့) အတော်ဆိုးနေတာ(မှန်ပါ့) ကိုက ငြိမ်ငြိမ်နေတာတောင် ကိုယ်က လှုပ်ပါရစေထဲက၊ သွားများကြည့်လိုက်ချင်သေးတယ်၊ နေ့ခြင်းပြန်ရင်(မှန်ပါ့ ဘုရား)။
ဘာဖြစ်လို့တုန်းဆိုတော့ လှုပ်ချင်လို့(မှန်ပါ့) ဒါကြောင့် ဟိုဒကာမကြီးတွေ ပြန်ပြေးတာဟာ လှုပ်ပြန်တာ (မှန်ပါ့) ငြိမ်ချင်လို့ ပြန်တာလား၊ လှုပ်ချင်လို့ပြန်တာလား(လှုပ်ချင်လို့ပါ ဘုရား)။
လှုပ်တာမှ သူတို့ကြိုက်နေတယ်
ဪ လှုပ်တယ်ဆိုတဲ့ဥစ္စာသည် ခင်ဗျားတို့သည် မငြိမ်မဆိပ်ဖြစ်နေတာဘဲ(မှန်ပါ့) ဒီပုထုဇဉ်ကလဲ မငြိမ်မဆိပ် ကိုပင်လျှင် ပြောင်းပြန်ဖြတ်ပြီးတော့ သညာဝိပ္ပလ္လသနဲ့ မကြားရရင် မကောင်းဘူးလား(မှန်ပါ့ ဘုရား)။
ကြားရမှ ကောင်းတယ်ဆိုတော့ လှုပ်တာမှ သူတို့ကြိုက်နေတယ်(မှန်ပါ့) ဘယ့်နှယ်နေသတုံး(လှုပ်တာမှကြိုက်နေ ပါတယ် ဘုရား) ငြိမ်ငြိမ်နေရင် (မကြိုက်ပါ ဘုရား)။
ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ခန္ဓာကိုယ်ကြီးကို စလိတောလို့ သူုဟောတယ်(မှန်ပါ့) တုန်လှုပ် တတ်တဲ့သတ္တိသဘောရှိတယ်(မှန်ပါ့) တောလေးဆယ် မလာဘူးလား(လာပါတယ် ဘုရား)။
ခန္ဓာကိုယ်ကြီးမှာ ဘယ်သဘောသတ္တိရှိသတုံး၊ တုန်လှုပ်တတ်တဲ့ သတ္တိသဘောရှိတယ်(မှန်ပါ့) စလတောကိုး၊ စလဆိုတာ တုန်လှုပ်ခြင်း(မှန်ပါ့ ဘုရား)။
ဪ ခင်ဗျားတို့ ဝိပ္ပလ္လာသသိပ်ခက်ပါကလား၊ ဣန္ဒြေရရကို မကြိုက်ဘူး(မှန်ပါ့ ဘုရား)။
ဆရာဝန်ကြီး ဣန္ဒြေရရဆိုရင် (မကြိုက်ပါ ဘုရား) လှုပ်နေရရင် (လှုပ်နေရမှကြိုက်ပါတယ် ဘုရား) ခက်နေပြီ မောင်ချစ်စိန်က ဘယ်လိုမှ ကြိုက်သတုံး(လှုပ်နေရင် ကြိုက်ပါတယ် ဘုရား)။
လှုပ်နေရမှဆိုတော့ မျက်ရည်တစ်လှည့်၊ အပြုံးတစ်လှည့် ဒါကို ခင်ဗျားတို့က ကြိုက်တယ်(မှန်ပါ့ ဘုရား)။
ဒကာမကြီးတွေ ဘာများကြိုက်နေကြတုံး(မျက်ရည်တစ်လှည့် အပြုံးတစ်လှည့်မှ ကြိုက်ပါတယ် ဘုရား) ဖြစ်မှ ဖြစ်ရလေဗျာ မျက်ရည်ဟာလဲ ငိုခြင်းတစ်မျိုးဘဲ (မှန်ပါ့ ဘုရား)။
ဒေါသနဲ့ ငိုတာတစ်မျိုး၊ ပြုံးပြီး ငိုတာတစ်မျိုးဆိုပြီး မိလိန္ဒာပကဉ္စာက ရယ်ဘာလဲ ငိုတာဘဲတဲ့၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ခင်ဗျားတို့က ပင်ကိုယ်ကြိုက်ပေါ့လေ တစ်ချို့(မှန်ပါ့) ပင်ကိုယ်ကြိုက်ဖြစ်ပြီး သကာလ နေတဲ့ အဖြစ်ဟာ တော်တော်အဖြစ်ဆိုးဘဲလို့ ဘုန်ကြီးတို့ ဒကာ ဒကာမတွေ မှတ်ရမယ် (မှန်ပါ့ ဘုရား)။
အာသဝေါ ကုန်တဲ့ပုဂ္ဂိုလ် မလှုပ်ဘူး တဲ့
ဒါကြောင့် မနေ့က ခင်ဗျားတို့ ရထားတဲ့ မင်္ဂလသုတ်ကို ရွတ်လိုက်တယ်၊ ဖုဌဿ လောကဓမ္မေဟိ စိတ္တံယဿ နကမ္ပဘိ၊ လောကဓံ တရားတို့နှင့် တွေ့ကြုံသော ပုဂ္ဂိုလ်၏ စိတ်သည် မလှုပ်ဘူးတဲ့၊ အာသဝေါ ကုန်တဲ့ပုဂ္ဂိုလ် မလှုပ်ဘူး တဲ့(မှန်ပါ့) လောကကြီးမှာ ပြုံးစရာတွေ့လည်း မပြုံးဘူးတဲ့၊ မဲ့စရာတွေ့လည်း (မ မဲ့ပါ ဘုရား)။
ခင်ဗျားတို့ကတော့ ဟေ့ သေအတူ ရှင်အတူပေါ့ဆိုတာ ဘာတုံး၊ ပြုံးစရာရှိစလဲ အတူတူ ပြုံးရအောင်(မှန်ပါ့) မဲ့ စရာရှိရှိလဲ (အတူတူမဲ့ရအောင်ပါ ဘုရား)။
အတူတူမဲ့မယ်ဆိုတော့ ခင်ဗျားတို့က ပြုံးချင်မဲ့ချင်နေတာ (မှန်ပါ့) ဘယ့်နှယ်ဆိုကြမယ်(ပြုံးချင်မဲ့ချင်နေတာ ပါ ဘုရား)။
ဖြစ်မှဖြစ်ရလေဗျာ၊ ပြုံးတာလဲ မိလိန္ဒပဉ္စာက ငိုတာတဲ့(မှန်လှပါ ဘုရား) မဲ့တာကော (ငိုတာပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ သောကပရိဒေဝါနံ သမတိက္က မာယတဲ့၊ သတိပဌာန်က သောပပရိဒေဝ လွှန်မြောက်အောင် သတိပဌာန်လုပ်ပါကွ၊ ဒါတွေဟာ ခင်ဗျားတို့ ကြိုက်နေတဲ့ အလုပ်ဘဲ(မှန်ပါ့ ဘုရား)။
ဒါကြောင့် သတိပဌာန် ငါဟောတယ်တဲ့(မှန်ပါ့) သောကပရိဒေဝ လွှန်မြောက်အောင် လုပ်ကြစမ်းပါ၊ နို့ မဟုတ်ရင် မင်းတို့ ဒါနဲ့ လမ်းဆုံးနေမယ်တဲ့(မှန်ပါ့) ပြုံးတယ်ဆိုတာ ပဋိစ္စသမုပ္ပါဒ်ဆက်တာ (မှန်ပါ့ ဘုရား)။
ပြုံးတာက တဏှာ၊ သားကလေး သမီးလေးတွေက ပျော်ပျော်ရွှင်ရွှင်နဲ့ စားကြသောက်ကြတယ်၊ ကျန်းကျန်းမာမာနဲ့ နေကြတယ်၊ အိမ်သူအိမ်သားတွေက နေကြပြီဆိုမှဖြင့် ပြုံးတဲ့တဏှာ(မှန်ပါ့ ဘုရား)။
ဥပါဒါန် ကံ ဇာတိဇရာမရဏ မလာဘူးလား(လာပါတယ် ဘုရား) ဒါမှလဲ ခင်ဗျားတို့က ကြိုက်တယ်(မှန်ပါ့) ဆရာဝန်ကြီးတို့က ဆိုးဝါးပုံက(မှန်ပါ့ ဘုရား)။
ပြုံးတယ် ပြုံးတယ်ဆိုတာ တဏှာဘဲ၊ သဘောကျပြီလား(ကျပါပြီ) တဏှာလာရင် (ဥပါဒါန်က လာပါတယ် ဘုရား) ဥပါဒါန်လာရင် ကံ(လာပါတယ် ဘုရား) ကံလာရင် ဇာတိဇရာ မရဏက(လာပါတယ် ဘုရား)။
အပြုံးကြိုက်ရင် အိုသေက မလွတ်ဘူး
အဲဒီလို ခင်ဗျားတို့ တပည့်တော်တို့ အိုရ၊ နာရ၊ သေရမှာ ကြောက်ပါတယ်ဆိုငြားသော်လဲ အပြုံးတော့ ကြိုက်တယ်(မှန်လှပါ) အပြုံးကြိုက်ရင် အိုသေက မလွတ်ဘူး(မှန်ပါ့) သဘောကျပြီလား(ကျပါပြီ) အပြုံးကြိုက်ရင် (အိုသေမလွတ်တာ ကြိုက်ပါတယ် ဘုရား)။
သို့သော် ဦးမာဒင် အပြုံးကြိုက်သလားလို့မေးရင် ဘယ့်နှယ့်ပြောမယ်(ကြိုက်ပါတယ်ဘုရား ပြောရမှာပါဘဲ) ဒါဖြင့် အိုသေကို ခင်ဗျားယူဦးမယ်(မှန်လှပါ ဘုရား) အိုသေဘဲယူရုံဘဲ၊ အပြုံးကြိုက်သတုံး(မှန်ပါ့ ဘုရား)။
တပည့်တော်တို့က စိမ်းချမ်းသာ လက်ချမ်းသာ နေချင်တယ် ဘုရားတဲ့၊ ခင်ဗျားတို့ချမ်းသာက နိဗ္ဗာန်ချမ်းသာ မဟုတ်ဘူးတဲ့၊ သောမနဿချမ်းသာကိုဆိုတာ(မှန်ပါ့) တကယ်ငြိမ်သက်တဲ့ ချမ်းသာကို လိုချင်တာ မဟုတ်ဘူး (မှန်ပါ့ ဘုရား)။
သန္တိလက္ခဏံ နိရောဓသစ္စံ= ငြိမ်သက်တဲ့ချမ်းသာကို ခင်ဗျားတို့က မကြိုက်ဘူး၊ အပြုံးချမ်းသာကို ကြိုက်တယ် (မှန်လှပါ) အပြုံးချမ်းသာကြိုက်ချင်လို့ရှိရင် ဟောဒါက ချမ်းသာ၊ ဟောဒါက အမဲ့ဘဲ(မှန်ပါ့ ဘုရား)။
ဇာတိ ဇရာ မရဏက (အမဲ့ပါ ဘုရား) ပထမကတော့ ချမ်းသာတယ်၊ နောက်တော့မဲ့တယ်။ မမဲ့ရဘူးလား (မဲ့ရပါတယ် ဘုရား)။
တဏှာပြီး ဥပါဒါန် ဇာတိ ဇရာ မရဏ လာရမှာကိုး(မှန်ပါ့) ဇာတိ ဇရာ မရဏကျတော့ ခင်ဗျားတိုမဲ့ လုံးဟာ ရပ်ဆိုင်းလို့ရရဲ့လား(မရပါ ဘုရား) ဘာဖြစ်လို့တုံး ပြုံးမိလို့(မှန်ပါ့ ဘုရား)။
တဏှာနဲ့ ပြုံးမိလို့ မဲ့ရတာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒီအမဲ့လာမှာစိုးလို့ အပြုံးပါ ပယ်ချတယ်
ဒါဖြင့် အပြုံးကို အရိယာပုဂ္ဂိုလ်များ မကြိုက်တာသည် ဒီအမဲ့လာမှာစိုးလို့ အပြုံးပါ ပယ်ချတယ်(မှန်ပါ့ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အပြုံးကို အရိယာပုဂ္ဂိုလ်များသည် မတုန်လှုပ်ဘူး၊ ပြုံးစရာရှိလဲ မပြုံးဘူး၊ လောကကြီးကိစ္စတွေနဲ့ တွေ့လို့ရှိရင် ပြုံးစရာရှိလဲ မပြုံးဘူးဆိုတာ ဒီအမဲ့ပါ သတ်ပြီးသားဖြစ်နေလို့ (မှန်လှပါ ဘုရား)။
အမဲ့ရော အပြုံးရော သတ်ပစ်လိုက်တယ် (မှန်လှပါ ဘုရား) ဒါမှ ငြိမ်းအေးတဲ့ ချမ်းသာ(မှန်ပါ့) နိဗ္ဗာန်က ငြိမ်းအေးတဲ့ချမ်းသာ၊ ပုထုဇဉ်တို့ကတော့ ပြုံးပြီးတော့မှ ပြန်ပြီးမဲ့တာ ကြိုက်ကြတယ်(မှန်ပါ့) ရှင်းပြီလား(ရှင်းပါပြီ ဘုရား)။
ဪ နိဗ္ဗာန်စစ်စစ် ချမ်းသာစစ်ကို ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောသလောက် ပြောရ ဆိုရတော့ မယ်ဆိုလို့ရှိရင် တစ်ခါတစ်လေ မဟောချင်ဘူး(မှန်ပါ့ ဘုရား)။
ခင်ဗျားတို့က ဒီအပြုံးကြိုက်ရင် ဒါရှာရတော့မယ်ဆိုတာလဲ ဘုရားက သိတော်မူတယ်(မှန်ပါ့) ခင်ဗျားတို့ကလဲ ဒီအပြုံးကို လွှတ်ပါဆိုတော့ မလွှတ်ချင်ဘူး (မှန်ပါ့ ဘုရား)။
ဒီအမဲ့ကို မယူပါနဲ့ဆိုတော့လဲ မလွှတ်ချင်တဲ့ ပုဂ္ဂိုလ်က ယူရုံဘဲရှိတယ် မဟုတ်ဘူးလား(မှန်လှပါ ဘုရား) မလွှတ် ချင်တဲ့ပုဂ္ဂိုလ်က (ယူရုံဘဲရှိပါတယ် ဘုရား)။
အမဲ့ဇာတ်သိမ်းရတယ်
အဲဒီကျပြန်တော့လဲ ခင်ဗျားတို့က ဖြစ်မှဖြစ်ရလေခြင်း လာပြီ ခင်ဗျားတို့(မှန်ပါ့) ဒီလိုဖြစ်လိမ့်မယ် မထင် ဘူးတဲ့၊ ဟ ဒီကစလို့ ဒီလိုဖြစ်တာ၊ ရိပ်မိပြီ လား၊ (ရိပ်မိပါပြီ) အပြုံးစမိတာနဲ့ အမဲ့ဇာတ်သိမ်းရတယ်(မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ဆိုကြမယ်(အပြုံးစမိတာနဲ့ အမဲ့ဇာတ်သိမ်းရပါတယ် ဘုရား)။
နို့ အပြုံးမစမိလို့ရှိရင် အမဲ့ဇာတ်သိမ်းဖို့ လိုသေးသလား(မလိုပါ ဘုရား) ဒါကို ခင်ဗျားတို့က စာတတန်၊ ပေတတန်များ မေးရသေးတယ်(မှန်ပါ့ ဘုရား)။
ဆရာဝန်ကြီးတို့ ဘယ့်နှယ်တုံး၊ စာတတန်၊ ပေတတန်နဲ့ ပြုံးချင်လို့ မေးရတဲ့အခါများ မပါဘူးလား(ပါ ပါတယ် ဘုရား) ဘာဖြစ်လို့တုံး (မပြတ်ချင်လို့ပါ ဘုရား)။
အဲ့ဒီကျအောင်သိမှ ဒါကပဋိစ္စသမုပ္ပါဒ်ပေါ်တာ(မှန်ပါ့) ဒီအပြင် တရားကမပေါ်ဘူး(မှန်လှပါ) ဒီ့အပြင်တရားက ဒီကြားပြတ်နေတယ်(မှန်ပါ့ ဘုရား)။
ဒီကြားမှာပြတ်ပြီးတော့ ဪ ခင်ဗျားဘဲ ကောင်းလို့ ပြုံးတယ်၊ ကံကောင်းလို့ ခင်ဗျား ဒီနားတွင် ပြုံးရတယ် ထင်နေတာ (မှန်ပါ့ ဘုရား)။
ပဋိစ္စသမုပ္ပါဒ်ကတော့ ဒီလိုမဟုတ်ဘူး၊ ဟောဒါ ပြုံးတာဘဲကွ၊ ပြုံးတာ စွဲလမ်းတာဘဲကွ၊ ဟောဒါ အပြုံးကြီး တော့ အားထုတ်တဲ့ကံဘဲကွ၊ ဟောဒါ မဲ့ရတော့မယ်ကွ၊ သူက သုံးကျိုးဆက်မေးတယ်(မှန်ပါ့) ရှင်းပြီလား(ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒီထဲမှာ ခင်ဗျားတို့ အိမ်ထောင်လဲ တည်ထောင်ပြီး ကြတဲ့ပုဂ္ဂိုလ်တွေ၊ ဆွေမျိုးဉာတကာတွေနဲ့လဲ ခွဲဘူးကြတဲ့ ပုဂ္ဂိုလ်တွေ အကုန်တစ်တန်းတည်းဘဲ(မှန်ပါ့ ဘုရား)။
မမဲ့သေးတဲ့ပုဂ္ဂိုလ်များ ပါသေးသလား
ပြုံးဘူးတဲ့ပုဂ္ဂိုလ်ချည့်ဘဲ(မှန်ပါ့) မဲ့ဘူးတဲ့ ပုဂ္ဂိုလ်တွေဘဲ၊ မမဲ့ သေးတဲ့ပုဂ္ဂိုလ်များ ပါသေးသလားမေးရင် ဘယ့်နှယ် ဖြေကြမလဲ(မပါ ပါ ဘုရား)။
မပါတော့ဘူး(မှန်ပါ့) ဖြစ်မှ ဖြစ်ရပလေ၊ ကျွတ်ထိုးနေရတာနဲ့၊ ရင်ထုနေရတာနဲ့၊ အိပ်မပျော်ရတာနဲ့၊ အစားမဝင်ရ တာနဲ့ ဆရာဝန်ကြီး(မှန်လှပါ ဘုရား) အပြုံးကို သူတို့က ကြိုးစားထားတာကိုး(မှန်ပါ့) အပြုံးကို ကြိုးစားထားတယ်၊ တဏှာနဲ့ခင်းထားတယ်(မှန်ပါ့) နောက်ကျတော့ ဇာတိဇရာမရဏကျတော့ ငိုရတယ်(မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ အပြုံးဇာတ်သိမ်းမှ အမဲ့ပါသွားမယ်(မှန်ပါ့) ကျေနပ်ပြီလား (ကျေနပ်ပါပြီ) ကောင်းပြီ အခု ကျေနပ်တာ အပိုဘဲ၊ အခုကျေနပ်တာ အပိုဘဲ(မှန်လှပါ ဘုရား)။
အပြုံးဘယ်က ဘာသတုံးဆိုတဲ့ ဥစ္စာကို ခင်ဗျားတို့ရှာရလိမ့်မယ်(မှန်လှပါ) မရှာရင် တော်ပါ့မလား(မတော်ပါ ဘုရား)။
အဲဒါရှာပေးပါ့မယ်တဲ့၊ ကဲ ဒါဖြင့် ပြုံးချင်တဲ့ ပုဂ္ဂိုလ်ဟာ မဲ့ချင်လို့ဘဲ၊ ကောင်ကလေး အူရွှင်တာ ငိုချင်လို့ဘဲ လားဆိုတာ ဒီကလာတာ(မှန်ပါ့) ရှင်းပြီလား(ရှင်းပါပြီ ဘုရား)။
ခင်ဗျားတို့ လူကြီးတွေဆုံးမတာ ကောင်ကလေး အူရွှင်တယ် (ငိုချင်လို့ပါ ဘုရား) အခုတော့ ကိုယ်တွေ့(မှန်ပါ့) သဘောပါပြီလား (ပါ ပါပြီ ဘုရား)။
ခင်ဗျားတို့ အိမ်ထောင်တည်ထောင်ကာစက အပြုံးနဲ့လာခဲ့ပါတယ်(မှန်ပါ့) အခုဘယ်အခြေအနေဆိုက်နေကြ သတုံးလို့မေးပါ(မှန်ပါ့ ဘုရား)။
အဖွားကြီးအတွက် အဖိုးကြီးက စိတ်မချနိုင်၊ အဖိုးကြီးက အဖွားကြီးအတွက် (စိတ်မချနိုင်ပါ ဘုရား)။
ဟာ လူကြီးချင်း စိတ်မချတာ ကိစ္စမရှိဘူး၊ မွေးဖွားထားတာ ကလေးတွေ ထော်လော်ကန့်လန့်တွေနဲ့ ဘယ်နှယ့် တုံး(စိတ်မချပါ ဘုရား)။
စိတ်မချဘူး အိပ်ယာထဲ အသက်ရှုတာတောင် ရိုးရိုးရှုရဲ့လား(မရှုပါ ဘုရား) သက်ပြင်းချရှုတယ် (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ မဲ့ဇာတ်က ကြီးနေတယ်
ဒါလောက်ထိအောင် ခင်ဗျားတို့ မဲ့ဇာတ်က ကြီးနေတယ်(ကြီးနေပါတယ် ဘုရား) မကြီးဘူးလား (ကြီးပါတယ် ဘုရား)။
ဘယ်ကလာတာတုံးဗျ (ပြုံးရာကလာပါတယ် ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒီမှာကြည့်လေ သူပဋိစ္စသမုပ္ပါဒ်ကို ခင်ဗျားတို့ ဉာဏ်နဲ့ မဖြတ်သ၍ကာလပတ်လုံး ဒီအပြုံးသည် ဒီအမဲ့သွား မှာဘဲ(မှန်ပါ့) ရှင်းပြီလား(ရှင်းပါပြီ ဘုရား)။
အပြုံးသည် (အမဲ့သွားမှာပါ ဘုရား) အမဲ့သွားမယ် ခန္ဓာဆုတောင်းတုံးကပြုံးတယ် ခန္ဓာရတော့ မဲ့ရတယ် (မှန်ပါ) သဘောကျပြီလား(ကျပါပြီ ဘုရား) ခန္ဓာဆုတောင်းလာတော့(ပြုံးပါတယ် ဘုရား)နောက်ခန္ဓာရတဲ့အခါကျတော့၊ အိုရ၊ နာရ၊ သေရတဲ့အခါကျတော့ ဘယ့်နှယ့်တုံး(မဲ့ရပါတယ် ဘုရား)။
ဒါပေမဲ့ ခင်ဗျားတို့ကလဲ ဒီလိုအကြောင်းကို မဆက်တတ်တော့ကို အပြုံးတွင် ဇာတ်သိမ်းတယ် ထင်နေတာ (မှန်ပါ့) အပြုံးဟာ ဘယ်တော့မှ သူ့နေရာမှာ သိမ်းတယ်လို့ ထုံးစံမရှိဘူး(မှန်ပါ့ ဘုရား)။
အပြုံးက တဏှာအပြုံးကိုး(မှန်ပါ့) တဏှာက ဥပါဒါန်ကံ ဇာတိ ဇရာ မရဏ(မှန်ပါ့) ဒီမရောက်ဘဲနဲ့ ဆရာဝန်ကြီး ဇာတ်သိမ်းပါ့မလား(မသိမ်းပါ ဘုရား) ရှင်းကြပြီလား(ရှင်းပါပြီ ဘုရား)။
အဲ့ဒီတော့ ဘုန်းကြီးကပြောတယ်၊ အမြတ်တော်ဝန်ထောက်၊ အမြတ်တော်မင်းကြီး၊ အမြတ်တော် အရေးပိုင်ဆီ လာတဲ့လူဟာ လူမွဲချည့်လာတယ်၊ ကျွန်တော် မရှိပါဘူးချည့် အဆိုသွင်းနေကြတာဘဲ၊ လူမွဲချည့်လာတယ်(မှန်ပါ့) ရှိတဲ့ လူကလဲ မွဲအောင်လုပ်ပြီးလာတာဘဲ(မှန်ပါ့ ဘုရား)။
ဒါကြောင့် အမြတ်တော်ရုံးရောက်တဲ့ လူပေါင်းဟူသ၍ အမြတ်တော်ရုံးက ဒို့ဆီလာရင် လူမွဲချည့်ဘဲတဲ့(မှန်ပါ့) ဘာဖြစ်လို့တုံး၊ ရော့အောင်လုပ်ကြမှာကိုး(မှန်ပါ့ ဘုရား)။
အမဲ့သမားချည်းရောက်လာတယ်
ဒီမှာလဲ ဘုန်းကြီးတို့ဆီ ရောက်လာတဲ့ဥစ္စာ အမဲ့သမားချည်းရောက်လာတယ်(မှန်ပါ့) အပြုံးသမားဆိုရင် မရောက် သေးဘူး(မှန်ပါ့) သဘောကျပြီလား(ကျပါပြီ ဘုရား)။
အပြုံးသမားဆိုရင်(မရောက်သေးပါ ဘုရား) မရောက်သေးဘူး၊ ငယ်သေးတာဘဲဆိုပြီး နေသေးတာဘဲ(မှန်ပါ့) တော်တော်မဲ့လို့ကို ရွဲ့လာပြီဆိုမှဘဲ ရောက်တော့တာဘဲဆိုတာ ဆရာဝန်ကြီးရိပ်မိပြီလား(ရိပ်မိပါပြီ ဘုရား) အမြတ်တော် ရုံးနဲ့မတူဘူးလားဗျာ(တူပါတယ် ဘုရား)။
အမြတ်တော်ရုံးက ဒို့ရုံးလာရင် အမွဲချည့်လာတာဘဲကွတဲ့၊ ဟိုအိမ်ရှိတာ မရှိတာတော့ သူတို့ မပြောဘူးလား (မှန်ပါ့) ဒီရုံးလာလို့ရှိရင် လျှော့ဘို့နဲ့ ပေါ့ဘိုဘဲ၊ ဒီနှစ် အရောင်းအဝယ်မဖြောင့်တာဘဲ(မှန်ပါ့) ဒီလိုချည့် အစီရင်ခံကြတာဘဲ (မှန်ပါ့ ဘုရား)။
ဒီမှာလဲ ဘုန်းကြီးတို့ဆီ ရောက်လာတယ်ဆိုရင် ဘယ်လိုလူတွေတုံး မေးလို့ရှိရင် ရိပ်မိပြီလား(ရိပ်မိပါပြီ) ဟာ အမဲ့ကို ကန်းကုန်ပြီဆိုတော့မှ ဒီအမဲ့ကလေး ဇာတ်သိမ်းပေးပါဦး(မှန်ပါ့) အတော်မဆိုးဘူးလား(ဆိုးပါတယ် ဘုရား)။
ပဋိစ္စသမုပ္ပါဒ် ဓမ္မနိယာမဘဲ
အဲဒီတော့ ဒါက ပဋိစ္စသမုပ္ပါဒ် ဓမ္မနိယာမဘဲ ဆရာဝန်ကြီး ဓမ္မနိယာမ(မှန်ပါ့) ဓမ္မ=ဆိုတာ တရား၊ နိယာမ= ဆိုတာ အမြဲ၊ ဒီဟာ မြဲတယ်၊ ဒီအပြုံးရှိရင် ဒီအမဲ့ဟာ မြဲရမယ်(မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒီအပြုံးရှိရင် (ဒီအမဲ့ဟာ မြဲပါတယ် ဘုရား) ဒီအမဲ့ဟာ မြဲရမယ်ဆိုတာ သေချာပြီလား(သေချာပါပြီ ဘုရား)။
မြို့ထဲမှာ ရှောက်ကြည့်ပါ ဆရာဝန်ကြီးတို့ ဦးမာဒင်တို့ ရှောက်ကြည့်၊ ဟိုအိမ်ကြည့်လိုက်ပြန်တော့လဲ ခလေးတွေက ပြုံးလို့ လူကြီးတွေက မဲ့လို့ဘဲ(မှန်ပါ့) ဘယ်အိမ်ကြည့်ကြည့် ဘယ့်နှယ်တွေ့ကြသလဲ(ခလေးတွေက ပြုံးလို့ လူကြီးတေါက မဲ့လို့ဘဲ(မှန်ပါ့) ဘယ်အိမ်ကြည့်ကြည့် ဘယ့်နှယ်တွေ့ကြသလဲ(ခလေးတွေပြုံးလို့ လူကြီးတွေက မဲ့လို့ပါ ဘုရား)။
မဲ့တာ မမဲ့တာကို ခင်ဗျားတို့လူကြီးတွေက ထုတ်ဖော်ပြောတယ်၊ ခလေးတွေ ဘာမှမသိဘူးတဲ့(မှန်ပါ့) မပြောကြ ဘူးလာ(ပြောပါတယ် ဘုရား)။
ခလေးတွေက ပျော်လို့ဘဲတဲ့၊ ပြုံးလို့ဘဲတဲ့(မှန်ပါ့)ဘာမှမသိဘူးတဲ့၊ ရှိမှန်းမရှိမှန်း ဘာမှမသိဘူးတဲ့(မှန်ပါ့) ဒို့ဖြင့် မဲ့နေရတယ်၊ပြောတာပါနေတယ်(မှန်ပါ့) မပါဘူးလား(ပါ ပါတယ် ဘုရား)။
ဪ ခင်ဗျားတို့ဒါဖြင့် ဒီဥစ္စာအမြစ် အရင်းနဲ့တကွ ဇာတ်ကို ရှင်းမပေးလို့ရှိရင် ခင်ဗျားတို့ အပြုံးက လက်စသတ်မှ အမဲ့ဟာ စခန်းသိမ်းမယ်(မှန်ပါ့ ဘုရား)။
ပင်ကိုယ်သဘောကို မြင်အောင်ပြနေတာ
ဒါ့ကြောင့်ဘုန်းကြီးတို့ဟောနေတဲ့ တရားကလဲ အပြုံးနိုင်အောင် ပင်ကိုယ်သဘောကို မြင်အောင်ပြနေတာ (မှန်ပါ့)ပင်ကိုယ်သဘောကို မမြင်တဲ့လူကပြုံးတာဘဲ(မှန်ပါ့) တော်တော်ကြာ ပင်ကိုယ်သဘောပြလိုက်ရင် မဲ့တာဘဲ (မှန်ပါ့ ဘုရား)။
ပင်ကိုယ်သဘော မမြင်သေးတဲ့ပုဂ္ဂိုလ်က (ပြုံးပါတယ် ဘုရား) ပင်ကိုယ်သဘောပေါ်လာရင်(မဲ့ပါတယ် ဘုရား)။
အဲဒီခန္ဓာကြီးက ခန္ဓာသဘောတွင် ပျိူပျိုရွယ်ရွယ်မြင်နေသေးလို့ရှိရင် သူ့ပင်ကိုယ်သဘောမမြင်သေးဘဲ ကိုးဗျ(မှန်ပါ့) အပျက်ကိုမမြင်သေးဘူး(မှန်ပါ့) မမြင်သေးတော့ ပြုံးတယ်(မှန်ပါ့) နောက်ပင်ကိုယ်သဘောက ဖောက်ပြန် လာတဲ့အခါကျတော့(မဲ့ပါတယ် ဘုရား) ရိပ်မိပြီလား(ရိပ်မိပါပြီ ဘုရား)။
အဲဒီတော့သူ့ပင်ကိုယ်သဘောကိုမသိသေးတဲ့ ပုဂ္ဂိုလ်က ပြုံးတာ(မှန်ပါ့) ရှင်းပြီလား(ရှင်းပါပြီ)အဲဒီပြုံးတဲ့ပုဂ္ဂိုလ်က လဲ သောကပရိဒေဝ ဇာတိ ဇရာ မရဏလမ်းဆုံးရမယ်(မှန်ပါ့ ဘုရား) ရှင်းကြပြီလား(ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ပင်ကိုယ်သဘောသိလို့ အပြုံး အမဲ့ ဇာတ်သိမ်းတာဘဲ (မှန်လှပါ) ရိပ်မိပြီလား(ရိပ်မိပါပြီ ဘုရား)။
ခင်ဗျားတို့ ဒါဖြင့် ပြုံးခဲ့တာလဲမှားခဲ့တာဘဲ(မှန်ပါ့) အခုမဲ နေတာလဲ(မှားပါတယ် ဘုရား) ပင်ကိုယ်သဘောကို မသိဘူး(မှန်ပါ့) ရှင်းပြီလား(ရှင်းပါပြီ ဘုရား)။
ပင်ကိုယ်သဘောမသိလို့ ပြုံးတာလဲ အလွဲဘဲ ဟုတ်လား(မှန်ပါ့) ပင်ကိုယ်သဘော မသိလို့ မဲ့ရတာလဲ(အလွဲပါ ဘုရား)။
ဝိပဿနုပေက္ခာ
ဒီနေရာမှာ ဥပေက္ခာသိပ်အရေးကြီးတယ်(မှန်ပါ့ ဘုရား) ဥပေက္ခာဆိုတာ ဘာတုံးလို့ မေးတော့မှ ဝိပဿနုပေက္ခာ ဆိုတယ်(မှန်ပါ့) ဝိပဿနုပေက္ခာက ဖြစ်လို့လဲမပြုံးနဲ့ ပျက်လိုလဲမမဲ့နဲ့ ဒါဝိပဿနုပေက္ခာဘဲ(မှန်ပါ့ ဘုရား)။
ဖြစ်လို့လဲမပြုံးနဲ့(မှန်ပါ့) ပျက်လို့လဲ(မမဲ့ပါ ဘုရား) အဲဒါဝိပဿနာ(မှန်ပါ့) ဒါဖြင့် ဝိပဿနာသည် အမဲ့အပြုံးကို ဇာတ်သိမ်းတယ်(မှန်ပါ့ ဘုရား)။
ရှင်းပြီလား(ရှင်းပါပြီ ဘုရား) ဝိပဿနာသည် (အမဲ့အပြုံးကိုဇာတ်သိမ်းပါတယ် ဘုရား)။
အပြုံးလဲ ခင်ဗျားတို့ ကြောက်စရာပြောခဲ့ပါပြီ၊ပြုံးမိလို့မဲ့ရတယ်(မှန်လှပါ ဘုရား)၊ သဘောကျပြီလား(ကျပါပြီ ဘုရား)။
ဒါဖြင့် အပြုံးရော အမဲ့ရော ဇာတ်သိမ်းတဲ့တရားဘယ်တရားတုံးမေးရင် ဘယ့်နှယ်ဖြေကြမလဲ(ဝိပဿနာပါ ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ကို ဆရာဝန်ကြီးတို့ကော ဦးမာဒင်တို့ကော လုပ်ထားတာ အလွဲချည်းဘဲနော်၊ကြပ်ကြပ် ပြုံးမိရင် ကြပ်ကြပ်မဲ့ရလိမ့်မယ်၊မဟုတ်ဘူးလား(ဟုတ်ပါတယ် ဘုရား)။
နည်းနည်းကလေး ပြုံးရင် (နည်းနည်းကလေးမဲ့ရပါတယ် ဘုရား) (အလတ်စားပြုံးရင်) (အလတ်စား မဲ့ရပါတယ် ဘုရား)။
အကြီးအကျယ်ပြုံးရင်တော့ဖြင့်(အကြီးအကျယ်မဲ့ရမှာပါ ဘုရား) အကြီးအကျယ် ဂျွမ်းထိုးမှောက်ခုံ ဖြစ်သွားတာ ဘဲ(မှန်လှပါ ဘုရား) မသွားဘူလား(သွားပါတယ် ဘုရား)။
အဲဒါတွေ ဉာဏ်ရောက်တော့မှ ဪ ဒီဇာတ်ဘယ်သူသိမ်းပါ့မလဲဆိုတာ ခင်ဗျားတို့ ရောက်လာတာ အင်မတန် အဖိုးတန်ပါတယ်(မှန်ပါ့ ဘုရား)။
အပြုံးရော အမဲ့ရော သိမ်းရမှာ (မှန်ပါ့) အပြုံးကြောင့် ဒီအမဲ့ရတာ(မှန်ပါ့ ဘုရား)။
ဒါက ဘုန်းကြီးကစကားတတ်လို့ ပြောတာလား၊ရေရေလည်လည် ပြောတာလားဆိုတော့ မဟုတ်ဘူး၊ ဓမ္မနိယာမ ကိုကလာတာ(မှန်ပါ့)ဒီမှာပြုံးရင်ဒီမှာမဲ့ရမယ်(မှန်ပါ့ ဘုရား)။
အပြုံးအမဲ့ ဇာတ်သိမ်းတဲ့တရား
ရှင်းပြီလား(ရှင်းပါပြီ ဘုရား) ဒါက ရပ်လို့ကောရရဲ့လား(မရပါ ဘုရား) ပေါ်ပြီနော်(ပေါ်ပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ အပြုံးအမဲ့ ဇာတ်သိမ်းတဲ့တရားလို့ ယနေ့တရားကို မှတ်ရမယ်(မှန်ပါ့ ဘုရား)။
အခုအပြုံးအမဲ့ ဇာတ်သိမ်းရတော့မယ်ဆိုလို့ရှိရင်ဖြင့်ခန္ဓာကြီး၏ဝေဒနာက္ခန္ဓာက ဖြစ်တုန်းကလဲ ခင်ဗျားတို့ မပြုံးနဲ့(မှန်ပါ့) ပျက်တော့လဲ မမဲ့နဲ့(မှန်ပါ့ ဘုရား)။
အဲဒီတော့ ဝိပဿနုပေက္ခာဆိုတဲ့ ဥစ္စာဝိပဿနာ ရှုတဲ့မဂ္ဂင်ငါးပါးဘဲဆိုပါတယ် (မှန်ပါ့) ဝိပဿနာရှုတဲ့ မဂ္ဂင် ငါးပါးနဲ့ ခင်ဗျားတို့က ရှုပေးပါ(မှန်ပါ့) ရှုပေးတဲ့ အခါကျတော့ ဖြစ်တာမြင်လဲ ဖြစ်တာလို့ဘဲ မှတ်ပါ(မှန်ပါ့) ပျက်တာ မြင်ရင်ကော(ပျက်တာလို့ဘဲမှတ်ထားရပါမယ် ဘုရား)။
ဪ ဒါတွေလားလို့ ဆိုရင်ဖြင့် ဓမ္မသဘောဘဲ၊ခန္ဓာဓမ္မသဘော (မှန်ပါ့) သဘောကျပြီလား(ကျပါပြီ) ခန္ဓာဓမ္မ ၏ သဘောထားဖြစ်မှုနဲ့ပျက်မှုဘဲရှိတယ်(မှန်ပါ့ ဘုရား)။
သူ့သဘောသိတဲ့အခါကျတော့ ဒီကနောက်က အပြုံးကော လိုက်သေးရဲ့လား(မလိုက်ပါ ဘုရား) ဒီကအမဲ့ကော (မလိုက်ပါ ဘုရား)။
ဘာဖြစ်လို့ မလိုက်သတုံးလို့ မေးတဲ့အခါကျလို့ရှိရင် အဖြစ်ဟာလဲ အဖြစ်လို့သာ သူသိတယ်၊ ပြုံးစရာမဟုတ်ဘူး လို့သူသိတယ်၊ ဝိပဿနုဉာဏ်က (မှန်ပါ့ ဘုရား)။
အပျက်မှာလဲ ဪ သူဓမ္မနိယာမ ပျက်တာလို့ဘဲ သူသိတယ်၊ မဲ့တဲ့အထဲမပါဘူး(မှန်လှပါ)ဒီတော့ ဝိပဿနာမဂ် ဉာဏ်သည် အပြုံးအမဲ့ ဇာတ်သိမ်းတရား(မှန်ပါ့) ရှင်းပြီလား(ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ပြုံးချင်တဲ့စိတ်လည်း ခင်ဗျားတို့ ဘုန်းကြီးက ကန့်ကွက်တယ်(မှန်ပါ့) မပြုံးပါနဲ့ ပြုံးလို့ရှိရင် ခင်ဗျားတို့ တစ်တွေ မဲ့ရလိမ့်မယ်၊သူ့ ပဋိပစ္စသမုပ္ပါဒ်က ဘယ့်နှယ်နည်းနဲ့မျှ ပြောင်းလို့မရဘူး(မှန်လှပါ ဘုရား)။
အဲဒီတော့ စောစောစီးစီးက အပြုံးအမဲ့ကို ခင်ဗျားတို့ဇာတ်သိမ်းပါလို့ ဆိုတဲ့ဥစ္စာက ဖြစ်တဲ့အခါ မပြုံးနဲ့တဲ့ (မှန်ပါ့ ဘုရား)။
ဒါပင်ကိုယ်သဘောလို့ မှတ်ထား
ပျက်တဲ့အခါလဲ မမဲ့နဲ့ ရှင်းပြီလား(ရှင်းပါပြီ) ဒါပင်ကိုယ်သဘောလို့ မှတ်ထားပါ(မှန်ပါ့) သူ့ခန္ဓာ၏ပင်ကိုယ် သဘောရှင်းပြီလား(ရှင်းပါပြီ ဘုရား)။
ခန္ဓာ၏ ပင်ကိုယ်သဘောကဖြစ်မှုဘဲရှိတယ်(မှန်ပါ့) ပျက်မှုကော(ရှိပါတယ် ဘုရား) ဒီပြင်ပိုပြီးရှိသေးသလား (မရှိပါ ဘုရား)။
အဲဒါကို ခင်ဗျားတို့က ဖောက်ပြန်ပြီး ဖြစ်မှုကိုပြုံးလို့ ပျက်မှုကို မဲ့ရတယ်(မှန်ပါ့) အဲ့ဒီတော့ ဝိပဿနုပေက္ဓာတို့ မဂ္ဂင်ငါးပါးဆိုလို့ ရသေးရဲ့လား(မရပါ ဘုရား)။
ဝိပဿနုပေက္ခာဖြစ်အောင်လုပ်ရမယ်
သူကဝိပဿနာလဲဖြစ်ရမယ်၊ ဥပေက္ခာလဲ ဖြစ်ရမယ်(မှန်လှပါ)အပြုံးအတွက်ကြောင့်သာ (မမဲ့ပါ ဘုရား) အဲ့ဒါကြောင့် ဝိပဿနုပေက္ခာဖြစ်အောင် ခင်ဗျားတို့ ယနေ့လုပ်ရမယ်(မှန်ပါ့ ဘုရား)။
စိတ်ကြိုက်ရင် စိတ်တွေချည်းရှု၊ ဖြစ်မှုကို မပြုံးပါနဲ့ ပျက်မှုကို (မမဲ့ပါနဲ့) မမဲ့ပါနဲ့ ဆိုလိုရှိရင် ဝိပဿနာ ဉာဏ်သည် ဝိပဿနုပေက္ခာဉာဏ်ဖြစ်ပါတယ်(မှန်ပါ့ ဘုရား)။
ဝိပဿနာလဲ ဟုတ်တယ်၊ ဥပေက္ခာလဲဟုတ်တယ်၊အပြုံးအမဲ့ လွတ်နေတယ်(မှန်ပါ့) မလွတ်ဘူးလား(လွတ်ပါ တယ် ဘုရား) ဒါဖြင့် ဝိပဿနာဉာဏ်ကို ရိုးရိုးဆိုမလား၊ ဝိပဿနာဥပေက္ခာဉာဏ်လို့ တွဲဆိုမလား(ဝိပဿနာ ဥပေက္ခာဉာဏ်လို့ တွဲဆိုရပါမယ် ဘုရား)။
ဝိပဿနာဆိုတာ ရှုလို့ ဝိပဿနာ(မှန်ပါ့) နှစ်ခုစလုံးကို အပြုံးအမဲ့ကို ဇာတ်သိမ်းနိုင်တဲ့ဉာဏ်ဖြစ်လေသော ကြောင့် ဥပေက္ခာလဲဆိုပါတယ်(မှန်ပါ့ ဘုရား)။
ဒါကြောင့် ဥပရိပဏ္ဏသကျတော့ ဝိပဿနာနုပေက္ခာဆိုပြီး လာထားတယ်(မှန်ပါ့) သဘောပေါက်ပြီလား (ပါ ပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု…သာဓု…သာဓု