12605

မာတိကာသို့

ဝိပဿနာဉာဏ်အမြင်မှန်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ မင်္ဂလာတိုက်၌ ဟောကြား ဆုံးတော်မူသော

”ဝိပဿနာဉာဏ်အမြင်မှန်”

အမြင်မှန်ရရုံနဲ့ ရဟန္တာမဟုတ်သေးပုံ

ရှင်ဆန္နဝတ္ထု (၁)

အလုပ်ပေးတရားတော်

(၂၅-၉-၆၁)

ဆန္နဆိုတဲ့ ကိုယ်တော်က မမာဘူးလို့ မှတ်ထားပါ

ရာဇဂြိုလ်ပြည်မှာ ရှင်ဆန္န သီတင်းသုံးနေတော်မူတယ်၊ ဝိဇ္ဈကုဋ်တောင်ခြေမှာ သူက မမာနေတယ် (မှန်ပါ့) ဆန္နဆိုတဲ့ ကိုယ်တော်က မမာဘူးလို့ မှတ်ထားပါ (မှန်ပါ့ ဘုရား)။

ရှင်သာရိပုတ္တရာနဲ့ သူ့ညီတော် ရှင်စုန္ဒတို့က နေ့လယ် အဲဒီတောင်ပေါ်တက်ပြီးသကာလ သစ်ပင်ရင်း, ဝါးပင် ရင်းမှာပဲ ဒီပြင်အာရုံပြုရတာက ကြမ်းတာနဲ့ နိဗ္ဗာန်အာရုံပြုပြီးတော့ နေကြတယ်၊ ဒါဖလသမာပတ်လို့ခေါ်တယ် (မှန်ပါ့ ဘုရား)။

ဖလသမာပတ်ဆိုတာက ပဋ္ဌမ ဖြစ်ပျက်မြင်တယ်၊ ဖြစ်ပျက်မြင်ပြီး ဖျတ်ဆိုချုပ်သွားပြီး နိဗ္ဗာန်ပေါ်တာပဲ (မှန်ပါ့) အဲဒါကို တာရှည်အာရုံပြုနေတာကို ဖလသမာပတ်လို့ ခေါ်တယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် လောကအာရုံတွေထဲမှထွက်၍ လောကုတ္တရာအစစ် အာရုံကို အာရုံပြုပြီးတော့နေတာဟာ သူတို့မှာ ချမ်းသာခြင်းပဲ (မှန်ပါ့ ဘုရား)။

ဆွမ်းဘုဉ်းပေးရတာလဲ ရဟန္တာတွေဖြစ်တဲ့ သူတို့ညီအစ်ကို နှစ်ပါးစိတ်ထဲမှာ ဆင်းရဲရတာပဲ (မှန်ပါ) ကုဋီ သွားရတာလဲ ဆင်းရဲတာပဲ၊ ကျန်တဲ့အလုပ်ဟူသ၍ ဆင်းရဲတယ် (မှန်ပါ့) ဒါကို အာရုံပြုနေရလို့ရှိရင် သူတို့မှာ ချမ်းသာ တယ် (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်အာရုံ ပြုလိုက်သေးတယ်

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးများကျတော့ ဒီချမ်းသာ ဘယ်လောက်အလိုရှိသလဲလို့ မေးလို့ ရှိရင်ဖြင့် ဒီလိုဒကာ ဒကာမတွေကို တရားဟောနေတယ်၊ ဒီလို ဒကာ ဒကာမတွေကို တရားဟောနေတဲ့ အချိန်မှာ ဒကာ ဒကာမတွေက ရှူလိုက် ရှူလိုက် ရှိသေးတာကို (မှန်ပါ့) အဲဒီရှူတဲ့ ရှိုက်တဲ့ ကြားထဲမှာတောင် ရှူနေတုံး တရားဟောလဲ မကြားဘူး၊ ရှူနေတုံး တရားဟောလဲ မကြားဘူး၊ ရှူတဲ့ ရှိုက်တဲ့ကြားထဲမှာ ဖျတ်ဆို ဖြစ်ပျက်အာရုံပြုပြီး နိဗ္ဗာန်အာရုံ ပြုလိုက်သေးတယ် (မှန်ပါ့ ဘုရား)။

ပြီးတော့မှ တရားတစ်လုံး ဟောလိုက်တယ်၊ ဒါလောက်မြန်တာ (မှန်ပါ့) ရှူတဲ့ရှိုက်တဲ့ကြားထဲမှာတောင် နိဗ္ဗာန် အာရုံပြုနေတယ်၊ ဘုရားက သူ့စကား အလကားမဖြစ်ရဘူး (မှန်ပါ့ ဘုရား)။

အားစိုက်ပြီး ရှုနေလို့ရှိရင် သူ့အလုပ်နဲ့သူ ဒီတရားကို မကြားဘူး နားက (မှန်ပါ့) အားစိုက်ပြီး ရှုနေလို့ရှိရင်လဲ သူ့အလုပ်နဲ့သူမို့ ဒီတရားမကြားဘူး (မှန်ပါ့) စိတ်ဆိုတာ တစ်ခုအလုပ်လုပ်နေရင် တစ်ခုမလုပ်နိုင်ဘူး (မှန်ပါ့ ဘုရား)။

အဲဒီအချိန်ကလေးတောင်မှ ရှူတဲ့ရှိုက်တဲ့ကြားထဲမှာ နိဗ္ဗာန်အာရုံပြုပြီး နေနိုင်သေးတယ်၊ ဒါလောက်သူ့စိတ်သူ နိုင်တယ် (မှန်ပါ့) ဒါ့ကြောင့် ဣဿရိယ၊ ဓမ္မ၊ ယသ၊ သီရိ၊ ကာမပယတ္တ ဘုန်းတော်ခြောက်လီနဲ့ ပြည့်စုံတော်မူသော ဆိုတာ သူ့စိတ်ကို သူအစိုးရတယ် (မှန်ပါ့ ဘုရား)။

ဆန္နကပုထုဇဉ်

အဲဒါနဲ့ပဲကွာတဲ့ ဖလသမာပတ်ကလဲ ထကြပေါ့ပဲ၊ အောက်မှာဆန္နဆိုတဲ့ ရဟန်းရှိတယ်၊ မမာဘူး ကြားတယ် ကွာတဲ့၊ အဲဒါသွားမေးရအောင်တဲ့ ဟိုကပုထုဇဉ် ဆန္နကပုထုဇဉ် (မှန်ပါ့ ဘုရား)။

ဒါနဲ့ညီအစ်ကိုနှစ်ပါး ဆင်းသွားကြပြီ မေးကြတာပေါ့လေ ဘယ့်နှယ့်နေသတုံးဟေ့၊ မင်းဝေဒနာကဘယ့်နှယ် နေသတုံး၊ ရှေ့တိုးသလား၊ နောက်ဆုတ်သလား၊ ဟာ နောက်ဆုတ်တယ် မရှိပါဘူးဘုရား၊ ရှေ့ချည်းပဲတိုးနေပါတယ်။

ဘယ့်နှယ်ဖြစ်နေသတုံး၊ အို ခေါင်းများတပည့်တော်သံလျှက်နဲ့ ထိုးလိုက်သလို၊ ဝမ်းထဲမှာဓါးကလေးနဲ့ လှည့်လိုက် သလို၊ မီးပူထဲလူနှစ်ယောက်က ကိုင်ပြီးချသလို၊ ဒါလောက်ပဲ ပြင်းထန်တဲ့ဝေဒနာ ဖြစ်နေပါတယ်။

ဒါနဲ့ တပည့်တော်က စိတ်ကူးတယ်တဲ့၊ လူမမာ ဆန္နက တပည့်တော်လည်ပင်းကို ဓါးနဲ့လှီးပြီး ကိုယ့်ကိုယ်ကို သေမယ်လို့ စိတ်ကူးနေတယ်တဲ့ (မှန်လှပါ) ဝေဒနာမခံနိုင်လို့ပေါ့လေ (မှန်ပါ့ ဘုရား)။

ရှင်သာရိပုတ္တရာက ဟာ-မင်းဒီလိုတော့ မလုပ်နဲ့လေကွာ-တဲ့၊ မင်းကိုပြုစုမဲ့သူမရှိလဲ ငါပြုစုမယ်၊ ဆေးဝါး ဓါတ်စာပေးမည့်လူမရှိလဲ ငါပေးပါ့မယ်ကွ၊ ငါတာဝန် အကုန်ယူပါ့မယ်၊ ဒီလိုတော့ မသေပါနဲ့တဲ့ (မှန်ပါ့ ဘုရား)။

အို တပည့်တော်က ဒီလိုသေတာ တခြားကြောင့် မဟုတ်ပါဘူး၊ တပည့်တော်လည်ပင်း ဓါးနဲ့လှီးပြီး ထွက်သက် ဝင်သက်ချုပ်ပြီးသေရရင် တပည့်တော်က နောက်ပဋိသန္ဓေ မနေမည့်ပုဂ္ဂိုလ်ပါဘုရား၊ သူ့ကိုယ်သူ ရဟန္တာထင်နေတယ် (မှန်ပါ့ ဘုရား)။

သူ့ကိုယ်သူ ရဟန္တာထင်နေတယ်

သူ့ကိုယ်သူ ရဟန္တာထင်နေတယ်၊ ရှင်းပြီလား (ရှင်းပါပြီ) နောက်ပဋိသန္ဓေ မနေဘူးတဲ့၊ ဒါကြောင့်တပည့်တော်က ဓါးနဲ့လှီးပြီး သေမယ်လို့စိတ်ကူးတာပါတဲ့ (မှန်ပါ့ ဘုရား)။

ပုထုဇဉ်တော့ ပုထုဇဉ်ပဲ၊ ဝိပဿနာရှုတော့ အမြင်မှန်ဆိုက်နေတယ်၊ အဲဒီအမြင်မှန်ကို သိစေချင်လို့ ဒီဝတ္ထု ထုတ်လာတာ (မှန်ပါ့ ဘုရား)။

ဒါနဲ့ တောင်းပန်ပြီး သကာလကွာ၊ အလကား စကားပြောနေလို့ မကောင်းပါဘူးတဲ့၊ မင်းကို ဒို့ မေးချင်တယ်-တဲ့၊ တရားကလေးတစ်ခု မေးချင်တယ်တဲ့၊ မေးတာပေါ့ ဘုရားတဲ့၊ သူကလဲညံ့တဲ့ပုဂ္ဂိုလ်မှမဟုတ်ဘဲ၊ အလုပ်က သိပ်လုပ် ထားတာ (မှန်ပါ့ ဘုရား)။

မေးပါရစေ၊ မေးပါဘုရား၊ တပည့်တော် ဖြေနိုင်လို့ရှိရင် ဖြေဖို့ပါပဲဆိုတော့ မင်းကွာတဲ့ အခုဒါကအဆင်းပေါ့ဗျာ၊ ဒါကမျက်လုံးရုပ်ကလေး၊ မျက်လုံးထဲက အကြည်ရုပ် (မှန်ပါ့ ဘုရား)။

ဒါကမြင်စိတ်ကလေးက ဒီပေါ်မှာ ကပ်ပေါ်တယ်၊ အဆင်းနဲ့၊ မျက်လုံးနဲ့တည့်ရင် မြင်စိတ်ကနောက်ကျတယ်၊ မြင်စိတ်ဟာ ဒီအပေါ်မှာ ကပ်ပေါ်တယ် (မှန်ပါ့ ဘုရား)။

မှတ်ကြနော် နောက်က ဒကာ၊ ဒကာမတွေ အဆင်းရယ်၊ မျက်လုံးရယ် တည့်လို့ရှိရင် မြင်စိတ်ဟာ ဒီအပေါ်မှာ ကပ်ပေါ်တယ် သဘောကျပြီလား (ကျပါပြီ ဘုရား)။

သူကပူရေဇာတပစ္စည်း၊ ပုရေဇာတဆိုတာ သူကအရင်ဖြစ်နှင့်တယ် (မှန်ပါ့) ပုရေက ရှေး၊ ဇာတာကဖြစ်တာ ရှေးကဖြစ်နှင့်တာ (မှန်ပါ့ ဘုရား)။

သူကနောက်မှလာသောကြောင့် ပစ္ဆာဇာတ၊ သူကနောက်မှ မှီရတယ် (မှန်ပါ့) သို့သော် သူကအဆင်းရုပ်၊ သူကမျက်စိရုပ်၊ သူကမြင်စိတ်၊ မြင်စိတ်ကနောက်မှ မှီလာတာနော် (မှန်ပါ့ ဘုရား)။

အဲဒီတော့ သုံးခုမရှိဘူးလား (ရှိပါတယ် ဘုရား) အဆင်းရုပ်ပြီးတော့ မြင်ရုပ်၊ ပြီးတော့မှမြင်တယ်တဲ့၊ နာမ်ဓမ္မစိတ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ စာလိုသုံးတော့ စက္ခုံစ၊ ပဋိစ္စရူပေစ၊ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံဆိုတာဒါပဲ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

စက္ခုံစ၊ ပဋိစ္စ ရူပေစ၊ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ စက္ခုဝိညဉ်ဖြစ်ခြင်း၏ အကြောင်းဟာ ဒီအကြောင်းကြောင့် ဟောဒီမြင်စိတ် ဖြစ်တာပဲ (မှန်ပါ့ ဘုရား)။

ဒီတော့ကွာ ဒီလိုသုံးခု ရှိနေတယ်တဲ့၊ ရှင်သာရိပုတ္တရာက၊ အဲဒီဥစ္စာကို မင်းသည်ကားလို့ ဆိုလို့ရှိရင် ဧတံမမ၊ ဧသောဟ မသ္မီဧသော မေအတ္တာဆိုပြီး ဒါကလေးကိုလဲ ငါ့ကိုယ်ငါ့ဟာလို့ ထင်သေးသလားတဲ့ (မှန်ပါ့ ဘုရား)။

ငါ့ကိုယ်ငါ့ဟာ ငါ့ဥစ္စာ ထင်သေးသလား

ဒါလဲ ငါ့ကိုယ်ငါ့ဟာ ငါ့ဥစ္စာ ထင်သေးသလား၊ ဒါလဲ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ ထင်သေးသလားလို့ သုံးချက်မေးလိုက်တယ် (မှန်ပါ့ ဘုရား)။

လိုရင်းတော့ ဒါတွေကို မင်းသည့်ကားလို့ ဆိုလို့ရှိရင်ဖြင့် ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ ထင်သေးသလားလို့ မေးလိုက်တယ်၊ တပည့်တော်ငါ့ကိုယ်ငါ့ဟာ ငါ့ဥစ္စာလို့ မထင်ပါဘူး၊ ဘုရားတဲ့ (မှန်ပါ့ ဘုရား)။

ဒါဖြင့် သူရှုသားအတော်ဝနေတယ် (မှန်ပါ့) ဒါလဲဖြစ်ပျက်ပဲ၊ ဒါလဲဖြစ်ပျက်ပဲလို့ သူအကုန်ယူပါတယ် (မှန်ပါ့ ဘုရား)။

တို့အတူပဲ ဒွါရခြောက်ပေါက် မေးလိုက်တယ်၊ ဒါလဲ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ဘူးဆိုတော့ ဒါလဲအနတ္တ၊ ဒါလဲအနတ္တ၊ ဒါလဲအနတ္တလို့ သူအကုန် ဖြေတာပေါ့လေ (မှန်ပါ့ ဘုရား)။

အနတ္တဆိုကြမှာပဲတဲ့၊ အခုတရားနာနေကြတဲ့ ဒကာ၊ ဒကာမတွေလဲ သိပ်ပြီးတော့ဝေးကြမှာမဟုတ်တော့ ဒါကလဲ ကံကြောင့်ဖြစ်တဲ့ရုပ်၊ ဒါကလဲ ကံစိတ်၊ ဥတုအဟာရကြောင့် ဖြစ်တဲ့ရုပ် (မှန်ပါ့ ဘုရား)။

ဒါက သူတို့ နှစ်ခုပေါင်းမှ ဖြစ်ပေါ်တဲ့ နာမ်ဓမ္မ(မှန်ပါ့) အဲဒီတော့ ဘယ်မှာ မိမိသဘောအတိုင်း ဖြစ်ပေါ်လာတာ ဒီသုံးခုတစ်ခုမှ မပါဘူး (မှန်ပါ့ ဘုရား)။

မပါလို့ရှိရင် ဒါမိမိနဲ့အဆိုင်၊ မဆိုင်လို့ သူတစ်ပါးလားဆိုတော့ သူတစ်ပါးလဲ မဟုတ်ဘူးတဲ့၊ ဒါသက်သက် မိမိသူတစ်ပါး နှစ်ဦးသားမဟုတ်တဲ့၊ အနတ္တတရားချည်းဘဲ (မှန်ပါ့ ဘုရား)။

သဘောကျပြီလား (ကျပါပြီ) မျက်လုံးကော အနတ္တပဲ (မှန်ပါ့) မြင်စိတ်ကော (အနတ္တပါ ဘုရား) ဟိုဘက်အဆင်း ကရော (အနတ္တပါ ဘုရား)။

ဒါဖြင့် သဗ္ဗေဓမ္မာ အနတ္တပေါ့ဗျာ (မှန်ပါ့) အဲဒီတော့ သူအနတ္တချည်း ပြောလိုက်တယ်၊ ဒါကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ မစွဲပါဘူးဘုရားတဲ့ (မှန်ပါ့ ဘုရား)။

ဝိပဿနာဉာဏ်နဲ့ ဘယ်လိုမြင်လို့တုံး

ဒါနဲ့ ရှင်သာရိပုတ္တရာက ဆက်မေးတယ်၊ မင်းဟာ ဒီသုံး၊ ခုကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ မင်းမယူတဲ့ အဓိပ္ပါယ်ဟာ ဘယ်လိုများ မြင်လို့တုန်းတဲ့၊ မြင်ပုံမေးတယ် (မှန်ပါ့) ဝိပဿနာဉာဏ်နဲ့ ဘယ်လိုမြင်လို့တုံးတဲ့။

အရှင်ဘုရား ဟောဒီမြင်စိတ်ကလေးကြည့်လိုက်လဲ ချုပ်သွားတာမြင်တာပဲ (မှန်ပါ့) ဖြစ်ပြီးချုပ်သွားတာ မြင်တာပဲ (မှန်ပါ့ ဘုရား)။

မြင်ရုပ်ကလေး ကြည့်လိုက်တဲ့အခါလဲ ချုပ်သွားတာ မြင်တာပဲ၊ မြင်ရာအာရုံကို ကြည့်လိုက်ပြန်လဲ ချုပ်ပျောက် သွားတာပဲ မြင်တာပဲတဲ့ (မှန်ပါ့ ဘုရား)။

ဒါကြောင့် တပည့်တော် ဒီသုံးခုကို ဘယ်ဟာမှ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာလို့ မစွဲပါဘူးတဲ့ (မှန်ပါ့) ဒါဖြင့် သူ အမြင်မှန်ရနေပြီပေါ့ (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ) ဘာရသတုံး (အမြင်မှန်ရပါတယ် ဘုရား)။

နို့ ဟုတ်နေတာပဲ၊ ဟုတ်နေတယ် (မှန်ပါ့) အမြင်မှန်တော့ ရနေတာပဲ၊ ဒါနဲ့ ရှင်သာရိပုတ္တရာက သိတယ်၊ ဪ -ဒီပုဂ္ဂိုလ် အမြင်မှန်တော့ရတာပဲ၊ ရဟန္တာတော့ မဟုတ်သေးဘူးတဲ့ (မှန်ပါ့ ဘုရား)။

ဘယ်နှယ်တုန်း ကဲ အမြင်မှန်တော့ (ရနေပါတယ် ဘုရား) အဲဒီတော့ ဒကာကြီးတွေက ဘုန်းကြီးအရင်ဟော ထားတာကို နှလုံးသွင်းရမယ် (မှန်ပါ့ ဘုရား)။

ဒါဝိပဿနာဉာဏ်ပဲ

ဒါဝိပဿနာဉာဏ်ပဲ၊ ဒါပုထုဇဉ်မှာရနိုင်ပါတယ်၊ မဟုတ်ဘူးလား (မှန်ပါ့) ဝိပဿနာဉာဏ်ဆိုတာ ပုထုဇဉ်မှာ ရနိုင်တယ်၊ ခင်ဗျားတို့အားထုတ်နေတာ ဒါပဲ (မှန်ပါ့ ဘုရား)။

စိတ်ကလေးတွေရှုဆိုရင် ဘယ်စိတ်မဆို ခင်ဗျားတို့မရှိဘူး၊ မရှိဘူးတော့သိတာပဲ (မှန်ပါ့) မသိဘူးလား (သိပါ တယ် ဘုရား)။

ဒါအမြင်မှန်ပဲ တဲ့၊ အမြင်မှန်ရငြားသော်လဲ ရဟန္တာအမြင်မဟုတ်သေးဘူး (မှန်ပါ့) ပုထုဇဉ်ပဲ ဒါမြင်နိုင်တာပဲ၊ ရဟန္တာဖြစ်ပြီးမှလဲ မြင်နိုင်တာတဲ့ (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒါက လောကုတ္တရာမဂ်အမြင်လား၊ ဝိပဿနာမဂ်အမြင်လား လို့ ဦးမာဒင်ကြီးတို့ ဆရာဝန်ကြီးတို့က ပေးရမယ် (မှန်ပါ့) ဒါဝိပဿနာမဂ်ကမြင်တာ၊ လောကုတ္တရာမဂ် အမြင်မဟုတ်သေးဘူး၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘာအမြင်တုံး (ဝိပဿနာမဂ်အမြင်ပါ ဘုရား) ဝိပဿနာမဂ် အမြင်ဆိုတော့ အားလုံး ဒကာ ဒကာမတွေ မှတ်ထားရမယ်၊ ဝိပဿနာမဂ်အမြင်ဆိုတဲ့ဥစ္စာသည် ဪ ပုထုဇဉ်လဲ မြင်နိုင်တာပဲ အရိယာပုဂ္ဂိုလ်တွေလဲ ဝိပဿနာ မဂ်ကတော့ ရှေ့ထားရတာကိုး အရိယာပုဂ္ဂိုလ်လဲ မြင်နိုင်တာပဲ၊ သို့သော်သူက ဒါလောက်တွင် မြင်သေးတာ၊ နိဗ္ဗာန် မြင်သေးတာမဟုတ်ဘူး (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ချုပ်သွားတဲ့နိဗ္ဗာန်ကို သူမမြင်သေးဘူး

ဒါတွေ ချုပ်သွားတဲ့နိဗ္ဗာန်ကို သူမမြင်သေးဘူး (မှန်ပါ့) ဒါကိုတော့ သူအမြင်မှန်ရနေပြီ (မှန်ပါ့) သဘောပါကြ ပြီလား (ပါပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ကို အခုဆရာဝန်ကြီးနဲ့တကွ အားလုံးကို အလုပ်ပေးထားတယ် ဆရာဘုန်းကြီးက၊ စိတ်ကြိုက်ရင် စိတ်ရှု၊ ဝေဒနာကြိုက်ရင် ဝေဒနာရှု၊ ခန္ဓာထဲမှာတော့ ဒါပဲရှိတာပဲ (မှန်ပါ့ ဘုရား)။

ကြိုက်ရာရှု၊ ရုပ်ကြိုက်လဲ ရုပ်ရှုကြ၊ သို့သော် ဒီပျောက်သွားတာကလေး၊ ပျက်သွားတာကလေး မြင်တာတော့ဖြင့် ဒါပုထုဇဉ် အမြင်ပဲလို့မှတ် (မှန်ပါ့) ဝိပဿနာမဂ်အမြင် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ခုနင်က လူမမာဆန္နက သူက သူ့ဟာသူတော့ ဆရာသမားနဲ့ကလဲ ခပ်ဝေးဝေးဖြစ်နေတော့ သူက ရဟန္တာ အမြင်လို့ထင်နေတယ် (မှန်ပါ့ ဘုရား)။

တပည့်တော် ချုပ်ပျောက်သွားတာတွေဘုရား-တဲ့၊ အကုန်မြင်နေတာပဲတဲ့ (မှန်ပါ့) ရှင်သာရိပုတ္တရာက သာဓု သာဓု သာဓုကွာ-တဲ့၊ မင်း မြင်ပုံတော့ ကောင်းသဟေ့-တဲ့၊ ချုပ်ပျောက်သွားတာမြင်ရင် ကောင်းပြီ (မှန်ပါ့) မရှိဘူး၊ မရှိဘူးသိလို့ရှိရင် နောက်က ဒကာ ဒကာမတွေလဲ ဒါအမြင်မှန်သာမှတ် (မှန်ပါ့ ဘုရား)။

ကဲ ဒါလောက်တော့လဲ ခင်ဗျားတို့မြင်နေတာပဲ၊ မမြင်ဘူးလား (မြင်ပါတယ် ဘုရား) ဆရာဝန်ကြီးတို့ မြင်စ ပြုပြီလား (မှန်ပါ့) မရှိဘူး မရှိဘူးသိတယ်၊ မြင်တဲ့စိတ်ကလေးဟာ ဖျပ်ဆိုမြင်ပြီး ချုပ်သွားတာပဲ (မှန်ပါ့) ဉာဏ်နဲ့တွေးပါ၊ မြင်တဲ့စိတ်ကလေး ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ကြားတယ် ကြားတဲ့စိတ်ကလေးပေါ်နေတယ်၊ ကြားနေရင် ဝမ်းထဲကတွေးပါလား၊ ဆရာဝန်ကြီးတို့က ရှိသေး သလား၊ မရှိတော့ဘူးလား (မရှိပါ ဘုရား)။

တွေးတဲ့အချိန်မှာ မရှိတော့ဘူး (မှန်ပါ့) သူဖြစ်တုန်းသာ သူရှိတာကိုး ဒီကတွေးတဲ့အချိန်မှာ ဘယ်တော့မှ မရှိရဘူး (မှန်ပါ့ ဘုရား)။

နံတဲ့စိတ်ကလေးကော အနံ့ကလေး လာတယ် နံတယ်၊ ဟုတ်တယ်၊ သူပေါ်တာရှိတာပဲ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

တွေးကြည့်ပါ-တဲ့၊ နောက်ကနေပြီး တွေးတဲ့အခါကျတော့ ရှိ-မရှိ တွေးကြည့် (မရှိပါ ဘုရား) အဲဒါမရှိတာ မြင်တာပဲ (မှန်လှပါ ဘုရား)။

ဝိပဿနာဉာဏ်ဆိုတာ ဘာပါလိမ့်

ဝိပဿနာဉာဏ်ဆိုတာ ဘာပါလိမ့်မတုံးလို့ မေးလို့ရှိရင်ဖြင့် ဘယ့်နှယ်ပြောကြမယ် (မရှိတာမြင်တာပါ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။

နောက်က ဒကာ ဒကာမတွေ ဝိပဿနာဉာဏ်ဆိုတာ ဘာပါလိမ့် (မရှိတာမြင်တာပါ ဘုရား) မရှိတာမြင်တာ လို့ မှတ်ထား (မှန်ပါ့ ဘုရား)။

ဪ ဝိပဿနာဉာဏ်ဆိုတာက ရှိရာက မရှိတာ မြင်တာပါသလား (မှန်ပါ့) ဆရာဝန်ကြီး သေသေချာချာမှတ် (မှန်ပါ့ ဘုရား) နောက်က ဒကာ ဒကာမတွေ ဘာတဲ့တုံး ဝိပဿနာဉာဏ်ဆိုတာ (ရှိရာက မရှိတာ မြင်တာပါ ဘုရား)။

အဲ နဂိုတုန်းကတော့ရှိတယ်၊ ရှိတုန်းကတော့ ကျုပ်တို့က နှစ်ခုပြိုင်မပေါ်နိုင်လို့ မမြင်နိုင်ဘူး (မှန်လှပါ ဘုရား) နောက်သူချုပ်သွားတဲ့အခါကျတော့မှ ဒီက ဆင်ခြင်တဲ့စိတ်က နောက်မှ လိုက်တာကိုး (မှန်ပါ့ ဘုရား)။

ဆင်ခြင်တဲ့ဝိဿနာနောက်မှလိုက်တာဟာ မရှိပါပေါ့လား၊ မရှိတာကိုမြင်တာ (မှန်ပါ့) ဒီတော့ သူပါဠိတော် ကလေးနဲ့ ရှင်ဆန္နက ပြောလိုက်တယ်။

မင်း ဘယ့်နှယ်ကြောင့် ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာလို့ ဒီတရားသုံးခုကို မထင်တာတုံးဆိုတော့ “နိရောဓ ဒိသွာ နိရောဓ အဘိညာယ နေတံ မမ နေ သောဟမသ္မိ နမေ သော အတ္တာ” သူက ဒါကိုဖြေလိုက်တယ်၊ တပည့်တော် ချုပ်တာကလေးတွေမြင်သွားလို့ ဘုရား-တဲ့၊ ဒီသုံးခုကို ငါ့ကိုယ်, ငါဟာ, ငါ့ဥစ္စာလို့ မစွဲပါဘူး-တဲ့ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

မရှိတာသိရင် ဝိပဿနာ

ဪ ဒါဖြင့် ဒို့အမြင်ဟာ ဒီအတိုင်းမြင်ရမှာပဲလို့ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ) စိတ်ကလေးရှုတဲ့ပုဂ္ဂိုလ်လဲ စိတ်မရှိတာသိရင် ပြီးတာပဲ (မှန်ပါ့) ပေါ်လာတဲ့စိတ်ကလေး၏ နောက်ထပ် ဆင်ခြင်လိုက်တဲ့အခါမှာ မရှိတာသိရင် ဝိပဿနာ (မှန်ပါ့ ဘုရား)။

မှတ်ထားကြနော် (မှန်ပါ့ ဘုရား) ဘယ်စိတ်ပေါ်လာတာ နောက်က ဆင်ခြင်လိုက်တော့ ဘယ့်နှယ်နေသတုံး ဆရာဝန်ကြီးတို့ (ပျက်သွားပါတယ် ဘုရား) ရှိသေးရဲ့လား (မရှိပါ ဘုရား) မရှိမှန်းမသိဘူးလား (သိပါတယ် ဘုရား) အဲဒါဘာခေါ်မယ် (ဝိပဿနာပါ ဘုရား)။

အဲ မရှိတာသိတာ ဝိပဿနာဉာဏ် လုံးဝမရှိတာကို သိတာလဲမဟုတ်ဘူး (မှန်ပါ့) ရှိရာက မရှိတာကိုသိမှ ဝိပဿနာဉာဏ် (မှန်ပါ့) မှတ်မိပြီလား (မှတ်မိပါပြီ ဘုရား)။

ရှိရာက (မရှိတာသိမှ ဝိပဿနာဉာဏ်ပါ ဘုရား) ရှိရာက မရှိတာသိမှ ဝိပဿနာဉာဏ် (မှန်ပါ့) လုံးလုံးမရှိတာ ကျတော့ ပညတ်ဖြစ်သွားတယ် (မှန်ပါ့) သဘောပါပြီနော် (ပါပါပြီ ဘုရား)။

လုံးလုံးမရှိတာကျတော့ (ပညတ်ပါ ဘုရား) ပညတ်ပဲ၊ ရှိရာက မရှိတာ သိလိုက်တော့ကိုတဲ့ ဒါဟာ ပရမတ်နဲ့ စပ်တဲ့ပညတ် (မှန်ပါ့) ပရမတ်က ရှေ့ကသွားတယ် (မှန်ပါ့) ပရမတ်ချုပ်သွားတာသိလိုက်တယ် (မှန်ပါ့) ပရမတ်၏ မရှိမှုကို သိလိုက်တယ် (မှန်ပါ့) ပညတ်တော့ ပညတ်ဘဲ ပညတ်၏ မရှိမှုကို သိတယ်၊ အလုံးစုံမရှိတဲ့ ပညတ်မဟုတ်ဘူး (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား) သဘောပါပြီလား (ပါပါပြီ ဘုရား)။

ဥပမာ ဦးမာဒင်လို့ဆိုတော့ ဘယ်နေရာစမ်းစမ်း မတွေ့ဘူး ဦးမာဒင် ဆိုတဲ့ဥစ္စာ၊ ဒါက လုံးလုံးမရှိတဲ့ပညတ် (မှန်ပါ့) ဘယ်နေရာစမ်းစမ်း ဦးမာဒင် မတွေ့ဘူး၊ တွေ့ရင်လဲ ပထဝီ၊ အာပေါတွေ့မှာပဲ (မှန်ပါ့) ဦးမာဒင်တော့ (မတွေ့ပါ ဘုရား) အဲဒါ မရှိတဲ့ပညတ်။

အခုဟာက ဒီလိုမဟုတ်ဘူး၊ ရှိရာက မရှိတဲ့ပညတ်ကို တွေ့ရမယ် (မှန်ပါ့) မှတ်မိကြပြီလား (မှတ်မိကြပါပြီ ဘုရား)။

ရှိရာက မရှိတာကို တွေ့ရတယ်

ဘယ်ဟာတွေ့ရမလဲ (ရှိရာက မရှိတာကို တွေ့ရပါတယ် ဘုရား) ပညတ်ကို တွေ့ရမယ်၊ ပညတ်တော့ ပညတ်ပဲ၊ ရှိရာက မရှိတာကို တွေ့ရမယ်တဲ့၊ အဲဒီတွေ့တဲ့ဉာဏ်ဟာ ဝိပဿနာဉာဏ် (မှန်ပါ့ ဘုရား)။

ဝိပဿနာဉာဏ်ကို ဒီနေ့တော့ အာရုံဘက်ကလဲ စစ်ပေးတာပဲ (မှန်ပါ့) အာရုံဘက်က ဒါ ဥပမာ စိတ်ရှုနေတယ်၊ ဒါပုရေဇာကပစ္စယုပ္ပန်ကို ရှုနေတယ်၊ ဒီစိတ်ကလေးက မြင်စိတ်ကလေး ကြားစိတ်ကလေး နံစိတ်ကလေး သူရှိနေတုန်းကို ဒီကဆရာဝန်ကြီးတို့၏ဉာဏ် မလာနိုင်ဘူး (မှန်ပါ့) မလာနိုင်သေးဘူး၊ ဘာဖြစ်တုံး၊ သတ္တဝါမှာ နှစ်စိတ်မပြိုင်ကောင်းဘူး (မှန်ပါ့ ဘုရား)။

ဒါကမြင်စိတ်၊ ဒါကအဆင်းမြင်တဲ့စိတ်၊ ဒါက မရှိရာကိုမြင်ရမည့်စိတ်၊ ပြိုင်ပေါ်နိုင်ပါ့မလား (မပေါ်နိုင်ပါ ဘုရား) ပြိုင်မပေါ်နိုင်တော့ ဒီမှာ ‘ဖျတ်’ ဆို ချုပ်သွာားတာပဲ၊ သူ့စိတ်က ၁-၂ ဆိုချုပ်တာကိုး၊ ၁ မှာဖြစ်ပြီး ၂ မှာချုပ်တယ်၊ ဖြစ်ပျက်ကိုး (မှန်ပါ့) သူချုပ်သွားတဲ့အခါကျတော့မှ၊ ဒီကနေတွေး၊ တွေးလိုက်တော့ ဦးမာဒင်က ဘာတွေ့သလဲ (မရှိတာ တွေ့ပါတယ် ဘုရား) ပျက်နေပြီး မရှိတာတွေ့တယ် မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

မရှိတာတွေ့ပေမဲ့ လုံးလုံးမရှိတာတွေ့လား၊ ဟုတ်လား ရှိရာက မရှိတာ တွေ့တာလား (ရှိရာက မရှိတာ တွေ့ပါတယ် ဘုရား) အဲဒါမှ ဝိပဿနာအမှန် (မှန်ပါ့ ဘုရား)။

မှတ်မိကြပြီလား (မှတ်မိပါပြီ ဘုရား) ဘာတွေ့မှတုံး (ရှိရာက မရှိတာတွေ့မှပါ ဘုရား) အဲဒါ ပြောဖို့မလွယ်ဘူး (မှန်ပါ့ ဘုရား) ဆရာဝန်ကြီး ကံ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဝိပဿနာဉာဏ်အစစ်ဆိုတာ ခင်ဗျားတို့ ကိုယ်ပိုင်ရွေးတတ်ပြီ၊ ဝိပဿနာဉာဏ်အမြင်ဟာ ဘာအမြင်တုံးဘုရား၊ အို ရှိရာက မရှိတာသိမှ ဝိပဿနာဉာဏ်အမြင် မဟုတ်ဘူးလား (မှန်ပါ့) ဒါမှ ရှိရာက ဆိုတာ ဥဒယ၊ မရှိတာဆိုတာ ဝယ၊ ဒါကို မြင်တာ၊ ရှိရာက မရှိတာမြင်မှ ဝိပဿနာဉာဏ် (မှန်ပါ့ ဘုရား)။

မြင်ပုံပြောစမ်းပါ

ဒါနဲ့ ဆန္နကို မြင်ပုံပြောစမ်းပါလို့ ရှင်သာရိပုတ္တရာကမေးတယ် (မှန်ပါ့) တပည့်တော်က နိရောဓံ ဒိသွာ၊ နိရောဓံ အဘိညာယ၊ နိရောဓံ= ချုပ်တာကို၊ ဒိသွာ= မြင်၍၊ ချုပ်ပြီးတာကို သူမြင်တယ်တဲ့ (မှန်ပါ့) နိရောဓံ= ချုပ်ပြီး တာကို၊ အဘိညာယ=သိ၍ (မှန်ပါ့ ဘုရား) ချုပ်ပြီးတာကို သူမြင်တယ်၊ ချုပ်ပြီးတာကို သူသိတော့ ဒီပျက်သွားတဲ့ တရားကို “ဧတံမမ ဧသောဟမသ္မိ၊ ဧသောမေ အတ္တာ” ဆိုတဲ့ တဏှာ, မာန, ဒိဋ္ဌိနဲ့ သူမခွဲပါဘူး-တဲ့၊ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာလို့ မဆိုတော့ပါဘူး-တဲ့၊ ရှိရာက မရှိတာ မြင်လိုက်လို့ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါကြောင့် အမြင်ဟာ ဒီဒကာဒကာမတွေက တွေးရမှာက အမြင်မှန်ပြီလို့ မှတ်လိုက်ကြပါ (မှန်ပါ့)။

ဘာတွေ့သလဲ (အမြင်မှန်ပါတယ် ဘုရား) အမြင်မှန်ရတယ် (မှန်ပါ) ဘယ့်နှယ်ကြောင့် သူ့ကို အမြင်မှန်လို့ ဆိုရပါလိမ့်မတုံး (ရှိရာက မရှိတာတွေ့ပါတယ် ဘုရား)။

ရှိတာတွေ့ရင်လဲ မှားသေးတယ် (မှန်ပါ့ ဘုရား) ရှိတာ တွေ့နေရင် မှားတယ်-တဲ့၊ ဒီက ချုပ်သွားတာကလဲ နာမ်ကိုးဗျ၊ ရှုရမှာကလဲ နာမ်ပဲ၊ အဲဒီတော့ နာမ် နာမ်ချင်း ပြိုင်နေလိမ့်မယ် (မှန်ပါ့) ပြိုင်ကောင်းပါ့မလား (မပြိုင်ကောင်း ပါ ဘုရား) တစ်ယောက်တည်း နှစ်စိတ်မမြင်နိုင်ဘူး (မှန်ပါ့ ဘုရား)။

နာမ်ကျတော့ ဒီအမြင်မမြင်ဘူး

ဒါကြောင့် ရှိရာက မရှိတာကိုမြင်မှ ဝိပဿနာဉာဏ်၊ သဘောပါပြီလား (ပါပါပြီ ဘုရား) ဒါက နာမ်ကို ဟောတာလို့-မှတ် နာမ်နာမ်ချင်း ဝိပဿနာရှုတာ၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား) ရှိရာက မရှိတာမြင်မှ (ဝိပဿနာ ဉာဏ်ပါ ဘုရား) ဝိပဿနာဉာဏ်အစစ် (မှန်ပါ့ ဘုရား)။

တစ်ချို့က ပြောကြတယ်၊ ဒီလိုပါဠိတော်တွေကို မတွေ့သေးတော့ တပည့်တော်ရှေ့တွင် ဖျတ်ဖျတ် ဖျတ် ဖျတ်နဲ့လဲ နေတာမြင်တာပဲတဲ့ ဒီလိုပဲ သူပြောတယ်၊ ဒါကရုပ်ပြောနေတာ၊ နာမ်ကျတော့ ဒီအမြင်မမြင်ဘူး (မှန်ပါ့) စိတ္တာနုပဿနာ တို့၊ ဝေဒနာနုပဿနာတို့၊ ဓမ္မာနုပဿနာ အစိတ်အပိုင်းတွေ၊ ဒါကျလို့ရှိရင် ရှိရာက မရှိတာမြင်ရမှာပဲ၊ မရှိဘူးသာ သိရမယ် (မှန်ပါ့) သဘောပါပြီလား (ပါပါပြီ ဘုရား)။

ဆင်ဥပမာ

လောကီဥပမာ ဘုန်းကြီးပြောလိုက်မယ်၊ ခင်ဗျားတို့ တစ်ခါတည်း မှတ်ဖို့ရာ ဦးမာဒင်တိုက်ရှေ့မှာ ဟင်္သာတမှာ သစ်တောဘက်က ဆင်ဟာ ညအချိန်လွတ်လာပြီး တိုက်ရှေ့ရဲ့လမ်းပေါ်မှာ အိပ်နေတယ်၊ ဦးမာဒင်တို့ကလဲ အိပ်နေတယ်၊ သူက ၁၂ နာရီလောက်မှာ လာပြီး ဒီနေရာအိပ်တယ်၊ လူသံမကြားချိန်ပေါ့ (မှန်ပါ့ ဘုရား)။

နောက်ကျတော့ လူတွေနိုးလိမ့်မယ်ထင်တာနဲ့ သူက ထပြေးတယ် (မှန်ပါ့) ထပြီးသွားတော့ ဦးမာဒင်ကို ဘုန်းကြီးကမေးလိုက်ပါတယ်။

ဦးမာဒင် ဆင်အိပ်တာမြင်သလားမေးတော့လဲ မမြင်ဘူးပြောမှာပဲ (မှန်ပါ့) ဆင်ထသွားတာ မြင်လိုက်သလားလို့ မေးပြန်တော့လဲ (မမြင်ဘူး ပြောမှာပါပဲ ဘုရား)။

သို့သော် အိပ်သွားတယ်လို့တော့ ခင်ဗျားပြောလိမ့်မယ်၊ မပြောပေဘူးလား (ပြောပါတယ် ဘုရား) ဘာဖြစ်လို့ တုန်း (နေရာရှိနေလို့ပါ ဘုရား) နေရာမြင်တယ် (မှန်ပါ့ ဘုရား)။

နို့ အိပ်သွားတယ်လို့ ခင်ဗျားတို့ပြောတာပဲ၊ လာတာကောသိသလားလို့ မေးလို့ရှိရင် (မသိပါ ဘုရား) လာတာလဲ မသိဘူးနော် ထသွားတာကော (မသိပါ ဘုရား)။

သို့သော်လဲ ဘယ့်နှယ်ဆိုကြမလဲ၊ အိပ်သွားတယ် (မှန်ပါ့အိပ်တဲ့နေရာကို မြင်လို့ပါ ဘုရား)။

အဲ အိပ်တဲ့နေရာမြင်တော့ ခင်ဗျားတို့သည် ဪ ဆင်ဟာ လာလဲ လာတယ်၊ သွားလဲ သွားတယ်၊ နှစ်ချက် ရတယ် (မှန်ပါ့ ဘုရား)။

ဒီနှစ်ချက်ကိုမြင်တာ ဥဒယဗ္ဗယ

ဒီမှာလဲ လာလဲ လာတယ်၊ သွားလဲ သွားတယ်၊ ဒီနှစ်ချက်ကိုမြင်တာ ဥဒယဗ္ဗယဆိုနေတာ (မှန်ပါ့) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

နို့ ဒါဘယ့်နှယ်ကြောင့် ဘုန်းကြီး စိတ်စိတ်ပြောရသတုံးလို့ ဒကာကြီး ဦးမာဒင်က မေးလို့ရှိရင် သူဖြစ်နေတုန်း သူဖြစ်လို့ရှိရင်လဲ ဖြစ်မှ မဖြစ်ကောင်းပဲ၊ သူလာတုန်းမြင်ရတယ် ဆိုရအောင်လဲ အခက်ကြီးကိုးဗျ (မှန်ပါ့) သဘောကျ ပြီလား (ကျပါပြီ ဘုရား)။

သူသွားတုန်း မြင်တယ်ဆိုရမှာလဲ အခက်ကြီး (မှန်ပါ့) သူ့သတ္တိမှမဆုံးခင် ဒီကပေါ်ရမလိုဖြစ်နေတယ် (မှန်ပါ့) မြင်တဲ့စိတ်က (မှန်ပါ့) ဝိပဿနာဉာဏ်က ပေါ်ရမလို ဖြစ်မနေဘူးလား (ဖြစ်နေပါတယ် ဘုရား)။

ဪ ဝိပဿနာဉာဏ်ဆိုတာက ရှိရာက မရှိတာအမြင်ကိုးဆိုတော့ ရှိတုန်းလဲ မြင်တာမဟုတ်ဘူး၊ နာမ် နာမ်ချင်း ရှုရင်မမြင်ဘူး ပျက်ဆဲလဲမမြင်ဘူး (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) ဪ ရှိရာက နောက်မရှိဘူး၊ သိတဲ့အမြင်ဟာ အမြင်မှန်ပဲ (မှန်ပါ့ ဘုရား)။

ဒါဘယ်သူက ဟောသတုံးမေးတော့မှ နိရောဓံ ဒိသွာ နိရောဓံ အဘိညာယ နေတံ မမ နေ သောဟမသ္မိ နမေသော အတ္တာလို့ ရှင်ဆန္နကဖြေတယ် (မှန်ပါ့ ဘုရား)။

ဒါကလေးဟာ ဘုရား-တဲ့၊ ချုပ်ပျောက်သွားတာကလေးတွေကို တပည့်တော်ကမြင်လိုက်သဖြင့် တဲ့၊ ငါ့ကိုယ် လည်းမဟုတ်ဘူး၊ ငါ့ဟာလည်းမဟုတ်ဘူး၊ ငါ့ဥစ္စာလည်းမဟုတ်လို့ သွားကြာတာပဲဆိုတာ တပည့်တော် ဝိဿနာဉာဏ်နဲ့ မြင်ပါတယ်တဲ့ (မှန်လှပါ ဘုရား) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

နောက်ကမြင်ရမယ်

ဒါဖြင့် နာမ် နာမ်ချင်းဟာဖြင့် ဖြစ်တာလည်းမမြင်ကောင်း၊ ပျက်တာလည်း (မမြင်ကောင်းပါ ဘုရား) သို့သော် ဖြစ်ပျက်သွားတယ်ဆိုတဲ့သဘောတော့ နောက်ကမြင်ရမယ် (မှန်လှပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက်သွားတယ်ဆိုတဲ့သဘောတော့ (မြင်ရမှာပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား) ဖြစ်ပျက်သွားတယ် ဆိုတဲ့သဘောတော့ သိလိုက်တယ်၊ အဲဒီအမြင်ဟာ အမြင်မှန်ပဲတဲ့ (မှန်ပါ့) သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒီအမြင်ကို မင်းမြင်သလားလို့မေးတော့ မြင်ပါတယ်ဘုရား-တဲ့၊ ချုပ်ပျောက်သွားတာကလေးတွေ တပည့်တော် မြင်လိုက်တဲ့အတွက် ငါ့ကိုယ်လို့လည်း မထင်တော့ပါဘူးတဲ့။

ငါ့ဟာလို့လည်း မထင်မှတ်တော့ပါဘူးတဲ့၊ ငါ့ဥစ္စာလို့လည်း မထင်မှတ်တော့ပါဘူးဆိုပြီး လူမမာရှင်ဆန္နက ဖြေလိုက်တယ် (မှန်ပါ့ ဘုရား)။

ကောင်းတယ်ကွာ-တဲ့၊ ဒီမင်းအမြင်ကလေး သိပ်အဖိုးတန်တယ်တဲ့၊ ရှင်သာရိပုတ္တရာက ဝိပဿနာ အမြင်ကိုးဗျ (မှန်ပါ့ ဘုရား)။

ဒါကသူများမြင်တာကို ဆရာဘုန်းကြီးတို့ ဦးမာဒင်တို့က အရေးမကြီးဘူ၊ ဆရာဘုန်းကြီး ပြောတဲ့အတိုင်း ကိုယ်ရှုနေတဲ့ အချိန်ကျလို့ရှိရင် ဟိုနေရာယားတယ်၊ ဒီနေရာနာတယ်၊ ဒီနေရာကကောင်းတယ်၊ ဖျတ်ဆိုကြည့်လိုက်ရင် မရှိဘူး၊ ဖျတ်ဆိုကြည့်လိုက်ရင် မရှိဘူး၊ ဒါကိုယ့်အထဲမှာ ဒီလိုတွေ့ဖို့ အရေးကြီးတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဉာဏ်နဲ့ကြည့်လိုက်ရင် မရှိတော့ဘူး

ရှုလိုက်တဲ့အခါ မတွေ့တော့ဘူး၊ ခုနင်က ဒီနေရာရှိတယ်၊ ဉာဏ်နဲ့ကြည့်လိုက်ရင် မရှိတော့ဘူး၊ ဉာဏ်နဲ့ကြည့် လိုက်ရင် မရှိတော့ဘူး၊ ဉာဏ်နဲ့ ကြည့်လိုက်ရင် မရှိတော့ဘူး တွေ့လို့ရှိရင် မရှိတာကအနိစ္စ၊ သိတာက မဂ္ဂဖြစ်သွားတယ် (မှန်ပါ့) သဘောပါပြီလား (ပါပါပြီ ဘုရား)။

မရှိတာက (အနိစ္စပါ ဘုရား) သိတာက (မဂ္ဂပါ ဘုရား) အဲဒါ မရှိတာသိမှ (မှန်ပါ့) လုံးလုံးမရှိတာလား၊ ရှိရာကမရှိတာလား (ရှိရာကမရှိတာပါ ဘုရား)။

ဒါသိပ်အရေးကြီးတဲ့စကား (မှန်လှပါ) သိပ်အရေးကြီးတဲ့စကား (မှန်ပါ့) အဲဒီတော့ ဝိပဿနာမှာ နံပါတ်က ဒီအတိုင်းချည်းမှတ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီလိုသွားပါတော့ ဒီလိုအမြင်မှန်ရတော့ သူကရှင်ဆန္နက ဘဝင်မြင့်သွားတယ်၊ ငါရဟန္တာ ဘဲကွ တဲ့၊ (မှန်ပါ့) သူ့စိတ်ထဲ ဘဝင်များမြင့်သွားတယ် (မှန်ပါ့ ဘုရား)။

ဒီအမြင်ရတဲ့အတွက် သူဟာသူ လည်းပင်း ဓါးနဲ့လှီးပြီး သေငြားသော်လည်း နောက်ပဋိသန္ဓေ မနေဘူးတဲ့ (မှန်ပါ့) ရဟန္တာဖြစ်ပြီလို့ သူ့ကိုယ်သူ အဓိမာန ဖြစ်နေတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

အမြင်ကတော့ ဘယ့်နှယ်နေသလဲ (မှန်ပါတယ်) အမြင်ကတော့ မှန်တယ်တဲ့၊ သို့သော် ဝိပဿနာ မဂ်အမြင် လား၊ လောကုတ္တရာမဂ် အမြင်လားဆိုတာ မကွဲဘူး (မှန်ပါ့ ဘုရား)။

ဝိပဿနာ မဂ်အမြင်ပါ

အခုကြည့်စမ်း ဘာမဂ်အမြင်တုံး (ဝိပဿနာ မဂ်အမြင်ပါ ဘုရား) လောကုတ္တရာ မဂ်အမြင်ဆိုလို့ရှင်ရင် နိဗ္ဗာန်မြင်မှာပေါ့ (မှန်လှပါ ဘုရား)။

အခုဟာက ဝိပဿနာမဂ်အမြင်မို့ ချုပ်ပျောက်သွားတာ မြင်တာကိုး (မှန်ပါ့) ဟုတ်ပြီလား (ဟုတ်ပါတယ် ဘုရား) ဒီလိုခွဲထားမှ (မှန်ပါ့ ဘုရား)။

သူကတဆင့် ကျန်သေးတာ၊ တဆင့်တက်ရဦးမှာ (မှန်ပါ့) မတက်ခင် သူ့ဟာက ရဟန္တာဖြစ်နေပြီထင်နေတာ (မှန်ပါ့) ဆရာကင်းလို့ (မှန်ပါ့) ပေါ်ပြီနော် (ပေါ်ပါပြီ ဘုရား)။

အဲဒီတရားကို ဘုန်းကြီး၊ ဟောတာသည် ဦးမာဒင်တို့ ရိပ်မိလောက်ပြီ (ရိပ်မိပါပြီ) ခင်ဗျားတို့ အမြင်မှန် ရအောင်လို့ (မှန်လှပါ) အမြင်မှန်ရအောင်လို့ ပြောရပါတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့်ကွာ သာဓု သာဓု မင်းအမြင်မှန်တော့ရပြီ၊ ဝိပဿနာ အမြင်မှန်တော့ရပြီ၊ ရှင်သာရိပုတ္တရာ လာကတည်း က သူ့ညီရှင်စုန္ဒကလည်း ပါသေးတာကိုး၊ နှစ်ပါးဆင်းလာကြတာ နှစ်ပါးဆင်းလာတော့ ရှင်စုန္ဒက ရှင်ဆန္နဟာ ပုထုဇဉ်ပဲ ရှိသေးတယ်ဆိုတာ သူကရိပ်မိတယ်၊ သူကတော့ရဟန္တာပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ငါ့ရှင်ဆန္နဘုရား၏ အဆုံးအမတစ်ခုရှိသေးတယ်၊ အဲဒါနားထောင်ဦးတဲ့ (မှန်ပါ့) ရှင်သာရိပုတ္တရာက မေးမြန်းပြီးသည်၏ အခြားမဲ့၌ ရှင်စုန္ဒကဆက်ပြီး တရားဟောလိုက်တယ်၊ ပြင်ပါစေတော့လို့ (မှန်ပါ့) ပြင်ပါစေတော့လို့ ဟောလိုက်တယ် (မှန်ပါ့ ဘုရား)။

နိဿိတဿ စလိတံ၊ အနိဿိတဿ စလိတံ နတ္ထိ၊ စလိတေ အသတိ ပဿဒ္ဓိ ဟောတိ၊ ပဿဒ္ဓိယာသတိ နတိနဟောတိ၊ နတိယာ အသတိအာဂတိဂတိန ဟောတိ၊ အာဂတိ ဂတိယာ အသတိ စုတူပပါတော နဟောတိ၊ စုတူပပါသော အသတိ နေဝိဓန ဟုရံ နဥဘယ မန္တရေန ဧသေဝန္တော ဒုက္ခဿာတိ။

မှီနေရင် လှုပ်တယ်

နိဗ္ဗာန်ကျအောင် ဟောလိုက်တယ် (မှန်ပါ့) မှီနေရင် လှုပ်တယ်ဘုရားတဲ့၊ မြန်မာလိုပြန်လိုက်တော့ (မှန်ပါ့ ဘုရား)။

မှီနေရင် (လှုပ်ပါတယ် ဘုရား) ဥပမာ ဦးမာဒင်က တုံးတစ်ခုကို မှီနေတယ်၊ တုံးတစ်ခုကို ကျောကလေး မှီနေတယ်၊ တုံးလှုပ်ရင် လူကမလှုပ်ချင်လို့ ရပါ့မလား (မရပါ ဘုရား)။

တုံးမှီနေတာကိုး (မှန်ပါ့) တုံးမှီနေတော့ တုံးကလှုပ်လိုက်ရင် ဦးမာဒင်က ငါငြိမ်နေမယ်ဆိုလို့ (မရပါ ဘုရား) ဘာဖြစ်လို့တုံး (တုံးပေါ်ရောက်နေလို့ပါ ဘုရား) တုံးမှီနေလို့ (မှန်ပါ့ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဆရာဝန်ကြီးကော ဘယ့်နှယ်တုံး (မှန်ပါ့) ဘာမှီနေသတုံး (တုံးမှီနေပါတယ် ဘုရား) တုံးမှီနေလို့ လှုပ်တယ်။

နိသိတဿ၊ မှီနေသောပုဂ္ဂိုလ်အား၊ စလိတံ၊ လှုပ်သည်၊ ဟောတိ၊ ဖြစ်၏တဲ့ မှီနေရင်တော့ လှုပ်မှာပဲတဲ့ (မှန်ပါ့) မှီနေရင် မှီရာက လှုပ်ရင်လှုပ်ရမယ် (မှန်ပါ့ ဘုရား)။

အနိသိတဿ စလိတံနတ္ထိ၊ မမှီနေရင်တော့ဖြင့် တုံးသာ လှုပ်တယ်တဲ့၊ တုံးမရှိတဲပုဂ္ဂိုလ်က တုံးကလှိမ့်သွား၊ ငြားသော်လည်း လူကဘာမှကိစ္စမရှိဘူး (မှန်လှပါ) မမှီရင် (မမှီရင်မလှုပ်ပါ ဘုရား) ဒါမှတ်ထားရမယ် (မှန်ပါ့ ဘုရား)။

ကဲ ဒါကိုရှင်စုန္ဒက ကြားပေါက်ဟောလိုက်တယ် (မှန်ပါ့) သူ့ခန္ဓာကိုယ် တဏှာနဲ့ မှီနေတယ်တဲ့၊ လူမမာဆန္ဒက (မှန်ပါ့) တဏှာနဲ့သူ့ခန္ဓာကိုယ် ခင်နေတယ် မှီနေတယ်၊ တဏှာမာနဒိဋ္ဌိနဲ့ မှီနေတယ် (မှန်ပါ့ ဘုရား)။

ခန္ဓာကို တဏှာကမှီနေတယ်

ဒါကြောင့် သူဝေဒနာ မခံစားချင်လို့ လည်ပင်းဓါးနဲ့လှီးမယ်လို့ပြောတာ (မှန်ပါ့) ခန္ဓာနဲ့ တဏှာမကင်းသေးလို့ သူလှုပ်တာ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ခန္ဓာကို တဏှာကမှီနေတယ်၊ ခန္ဓာနဲ့တဏှာတွဲနေတယ်ဆိုတာပေါ့လေ (မှန်ပါ့) ဒါကြောင့် သူလှုပ်တာတဲ့၊ ဒါလောက်ဟောတာပဲ (မှန်လှပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် ဓါးနဲ့လှီးပြီး သေလိုက်ပါလိမ့်မတုံး ပြောတဲ့အခါကျတော့ ဘယ့်နှယ်ပြောမတုံး (ခန္ဓာကို တဏှာက မှီနေပါတယ် ဘုရား) မှီနေတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် နိသိတဿ စလိတံ၊ နိသိတဿ ခန္ဓာကို တဏှာနဲ့ မှီနေသော ပုဂ္ဂိုလ်အား၊ စလိတံ၊ ခန္ဓာလှုပ်သည် ရှိသော် တဏှာလှုပ်၏ (မှန်ပါ့ ဘုရား)။

ခန္ဓာလှုပ်ရင် တဏှာလှုပ်ပါတယ် (တဏှာလှုပ်ပါတယ် ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဥပမာမယ် ဦးမာဒင်က ဘုန်းကြီးဆီမှာလာပြီး တရားဓမ္မကြိုးစားနေတယ်၊ ကိုယ့်အရေးဆိုပြီး ကြိုးစားနေတယ်၊ ယုံကြည်ပါတယ် တဲ့၊ ကိုယ့်ကိုယ်ကို သနားလို့ အားထုတ်နေတယ် (မှန်ပါ့ ဘုရား)။

သို့သော်လည်း ပုထုဇဉ်သတ္တိက မကင်းသေးတော့ ဟိုက သားတွေ, သမီးတွေကို မှီနေတယ် (မှန်ပါ့) ဘယ်သူ မမာဘူးတဲ့ဆိုရင် ဟင် ဆိုပြီး ဒီကဖြစ်တယ် (မှန်ပါ့) ကိုယ့်ရဲ့တဏှာက မှီနေတယ်၊ ဟင် ဆိုတာ လှုပ်တာ (မှန်ပါ့ ဘုရား)။

ဘာဖြစ်လို့ လှုပ်သတုံး

ဒါဖြင့် ဝေးတော့ဝေးတယ်၊ တဏှာနဲ့က ဘယ့်နှယ်နေသလဲ (မှီနေပါတယ် ဘုရား) ဒါ့ကြောင့် သူတို့က ဘယ်သူ နေမကောင်းဘူး-တဲ့ ဆိုရင် ဆရာဝန်ကြီး ဘယ့်နှယ်ဖြစ်လာမတုံး (လှုပ်လာပါတယ် ဘုရား) ဘာဖြစ်လို့ လှုပ်သတုံး၊ မှီနေလို့ (မှန်ပါ့မှီနေလို့ပါ ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ခုနင်ကဟာလဲ ဒီအတိုင်းပဲ (မှန်ပါ့) အားလုံး ဒကာ ဒကာမတွေလဲ ဒီအတိုင်းပဲ မှီနေရင် (လှုပ်ပါတယ် ဘုရား)။

ဗြုန်းကနဲဆို မောင်ချစ်စိန်က သူ့အိမ်ကိုဖြစ်စေ၊ သူ့အိမ်နားမှာဖြစ်စေ သူကတော့မသိဘူး၊ မီးလောင်သတဲ့ ဆိုရင် ဒီရကောင် မဖမ်းနိုင်တော့ဘူး ပြေးမှာပဲ (ပြေးမှာပါ ဘုရား) ဟ-မင်းနှယ် လှုပ်လှချည်လားဆိုရင် ဟိုနဲ့လဲ ဝဋ်ဆက်နေတယ်၊ (မှန်လှပါ ဘုရား)။

အိမ်ကို တဏှာက သွားမှီနေတယ် (မှန်ပါ့) ဒါ့ကြောင့် သူလှုပ်ပြီးပြေးတာ (မှန်လှပါ) ရှင်းပြီလား (ရှင်းပါပြီ) ဒါကို ရှင်စုန္ဒက ဟောတာ။

သူ့ကိုယ်သူ လည်းပင်းဓါးနဲ့လှီးပြီး သေတော့မယ်၊ သူ့ကိုယ်သူ ဒီဝေဒနာတော့ မခံစားချင်ဘူး၊ သေရမှာတော့ မကြောက်ပါဘူး-တဲ့၊ နောက် ပဋိသန္ဓေ မနေပါဘူးတဲ့ (မှန်ပါ) သူက သူလဲ ရဟန္တာထင်သေးတယ်၊ လှုပ်လဲနေသေးတယ် (မှန်ပါ့) သဘောပါပြီလား (ပါပါပြီ ဘုရား)။

ဘာဖြစ်နေတာလဲ (ရဟန္တာလဲထင်သေးတယ် လှုပ်လဲနေပါတယ် ဘုရား)။

ဆရာဝန်ကြီး ကဲ ရှင်စုန္ဒကလဲ ရဟန္တာပဲ၊ ရှင်သာရိပုတ္တရာရဲ့ညီငယ်တဲ့ (မှန်ပါ့) ဘယ့်နှယ်တုန်း ကွ၊ မောင်ချစ်စိန် သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဘယ်လောက်ဝေးနေနေ တဏှာကဆက်သေးရင် လှုပ်တာပဲ (မှန်ပါ့) မလှုပ်ဘူးလား (လှုပ်ပါတယ် ဘုရား)။

ဝေးတာနီးတာ လိုရင်းလား၊ မှီနေတာလိုရင်းလား

ကဲ ဒါဖြင့် ဝေးတာ နီးတာ လိုရင်းလား၊ မှီနေတာလိုရင်းလား (မှီနေတာ လိုရင်းပါ ဘုရား) မှီနေရင် လှုပ်မှာပဲ (မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် ဘုန်းကြီးပြောတယ်၊ ဟေ့ စာတွေဘာတွေမလာပါစေနဲ့ ရှုပ်တယ်၊ လှုပ်တယ် (မှန်လှပါ ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ) စာသာလာလို့ရှိရင် ကောင်းတာကြားလဲ လှုပ်လိုက်တာပဲ (မှန်ပါ့) မကောင်းတာကြားကော (လှုပ်ပါတယ် ဘုရား) နဂိုရ်က လှုပ်ချင်လျင်ပါဗျ နဂိုက ခပ်ရိုင်းရိုင်း ခပ်နွဲ့နွဲ့နေတဲ့အထဲမှာ လှုပ်စရာရှိရင်သာ ဆိုးသွား တာပေါ့ (မှန်ပါ့ ဘုရား)။

ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံ ယဿ နကမ္ပတိ တဲ့၊ မင်္ဂလသုတ်မှာ၊ လောကဓမ္မေဟိ=လောကဓံ တရားတို့နှင့် ဖုဋ္ဌဿ=တွေ့သောပုဂ္ဂိုလ်အား၊ စိတ္တံ=စိတ်သည်၊ နကမ္ပတိ=မလှုပ်ဘူးကွတဲ့ (မှန်ပါ့ ဘုရား)။

ရဟန္တာကိုဆိုတာ (မှန်ပါ့) မလှုပ်ဘူးဆိုထားတယ် သူကတော့ အခုခန္ဓာကြီး အနာရနေတာ ဓါးနဲ့လှီးသေပါ တော့မယ်ဆိုတော့ လှုပ်-မလှုပ် (လှုပ်ပါတယ် ဘုရား) အဲဒါကြောင့် ရှင်စုန္ဒက ဝင်ဟောတာ (မှန်ပါ့ ဘုရား)။

အမြင်မှန်ကိုလဲသိရတယ်

မြတ်စွာဘုရား အဆုံးအမ, ရှိသေးတယ်-တဲ့၊ အရှင်ဘုရား နားထောင်ပါဦးတဲ့ (မှန်ပါ့) ဒါဖြင့် ဒီတရားနာ ရတာ အမြင်မှန်ကိုလဲသိရတယ်၊ ရဟန္တာမဟုတ်ကြောင်းကိုလည်း (သိရပါတယ် ဘုရား) သိရတယ်ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

တော်ပြီ ဒါဖြင့် ခင်ဗျားတို့ ယနေ့မှတ်ထားစရာက ငါသည် အမြင်မှန်ရောက်လို့ရှိရင် ဝိပဿနာဉာဏ် တွေ့သွား ပြီမှတ်ပါ (မှန်ပါ့ ဘုရား)။

ရှိရာက မရှိတာကလေးသာ မြင်-မြင်နေဖို့ အရေးကြီးတယ် (မှန်လှပါ)။

စိတ်ရှုတဲ့ပုဂ္ဂိုလ်လဲ စိတ်၏ရှိရာက မရှိတာမြင်ဖို့ပဲ (မှန်ပါ့) ဝေဒနာရှုတဲ့ပုဂ္ဂိုလ်လည်း ဝေဒနာ ရှုတိုင်း ရှုတိုင်း ဝေဒနာ ရှိရာက မရှိတာကို (မြင်ဖို့ပါ ဘုရား) အဲဒါဆိုလို့ရှိရင် ဝိပဿနာဉာဏ် အမြင်မှန်ပါပြီ၊ မဂ်ဉာဏ်တော့ သွားမယူနဲ့ (မှန်ပါ့ ဘုရား)။

သူဟာ ဒီအမြင်မှန်ကြောင့် လှုပ်နေတာ၊ အမြင်တော့မှန်တယ် (မှန်ပါ့) ပုထုဇဉ်သတ္တိမို့ (လှုပ်နေပါတယ် ဘုရား)။

ဝေဒနာခံစားတော့ မလှုပ်ဘူးလား

ဝိပဿနာဉာဏ်ကသာခဏ တဏှာ မာန ဒိဋ္ဌိ သတ်ထားတာ အမြင်မပြတ်သေးဘူး (မှန်ပါ့) အမြင်မပြတ်တော့ ခုနင်က ဝေဒနာခံစားတော့ မလှုပ်ဘူးလား (လှုပ်ပါတယ် ဘုရား)။

ဘာဖြစ်လို့ လှုပ်သတုံး၊ မှီနေလို့ (မှန်ပါ) ခန္ဓာပေါ်မှာ တဏှာနဲ့ မှီနေတယ်၊ မာနလဲဆက်နေတယ် (မှန်ပါ့) ဒိဋ္ဌိနဲ့ကော (ဆက်နေပါတယ် ဘုရား)။

ဆက်နေတော့ ခန္ဓာက ဝေဒနာတွေနှိပ်စက်တော့ သူဘယ့်နှယ်နေသတုံး (လှုပ်ပါတယ် ဘုရား) လှုပ်လာတယ်၊ ဝေဒနာ မခံစားချင်ဘူး၊ လည်ပင်းဓါးနဲ့လှီးပြီး သေလိုက်တော့မယ်ဆိုတဲ့ အကြောင်းကို ရှင်သာရိပုတ္တရကို လျှောက်တယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဒီနေ့ ဘာသိရသတုံး-တဲ့၊ ကဲ ပွိုင့်ထုတ်ပါ၊ အမြင်မှန်တစ်လုံသိရတယ် (မှန်ပါ့) အမြင်မှန်ရရုံနဲ့ ရဟန္တာမဟုတ်သေးဘူးဆိုတာ သိရတယ် (မှန်ပါ့) ဘယ်နှစ်ချက်ရတုံး (နှစ်ချက်ရပါတယ် ဘုရား)။

ကဲ တစ်ချက်က ဘာတုံး (အမြင်မှန်သိရပါတယ် ဘုရား) တစ်ချက် ဘာတုံး (အမြင်မှန်ရရုံနဲ့ ရဟန္တာမဟုတ် သေးဘူး ဆိုတာပါ ဘုရား) ဒါလဲသိရတယ် (မှန်ပါ့ ဘုရား)။

ကဲ ယနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု…သာဓု…သာဓု။