”ဧကစ္စသဿတနည်းဖြင့် ဆက်ဟောပုံ”
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ မင်္ဂလာတိုက်၌ ဟောကြားတော်မူအပ်သော
မဟာပုဏ္ဏမသုတ်တော် (၂)
”ဧကစ္စသဿတနည်းဖြင့် ဆက်ဟောပုံ”
နေ့အလုပ်ပေးတရားတော်
(၂၂-၉-၆၁)
မဟာပုဏ္ဏမသုတ်
မဟာပုဏ္ဏမသုတ်ကိုပဲ ထပ်ပြောမယ်၊ အဲဒါက အခြားကြောင့် ပြောရတာမဟုတ်ဘူး လူတိုင်းအမှားကြီး မှားနေလို့ ပြောရတာ (မှန်ပါ့ ဘုရား) လူတိုင်း အမှားကြီး မှားနေတယ်၊ သာမညဆရာနဲ့ တွေ့လို့ရှိရင် ရကိုမရဘူး (မှန်ပါ့) မရဘူး ဒီဥစ္စာ ဗွေဖောက်တာပဲ၊ အဲဒါ နည်းနည်း ထပ်ပြီးပြောမလို့ (မှန်ပါ့ ဘုရား)။
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်းမှာ သီတင်းသုံး နေတယ်လို့မှတ်ရမယ်၊ သီတင်းသုံးနေတော့ ရဟန်းပေါင်းငါးရာကို ခေါင်းဆောင်ပုဂ္ဂိုလ်ကြီး တစ်ပါးနဲ့ လာကြတယ်။
ဒီရဟန်းက သူ့နောက်ပါ ရဟန်းတွေကို ဆုံးမသွန်သင်ထားတာတွေက အမှန်ချည်းဆုံးမသွန်သင်ထားတယ်၊ သို့သော်လဲ ဂုဏ်ရှိတဲ့လူနဲ့ ဂုဏ်မရှိတဲ့လူ နည်းနည်းကွာနေတယ်၊ သူက ဘုရား၏ တပည့်သား၊ ဘုရားလောက်တော့ ဘေးကပုဂ္ဂိုလ်တွေက အယုံအကြည်မရှိမှာ စိုးတဲ့အတွက် ဒီရဟန်းတွေပါ ခေါ်လာပြီးတော့ ဘုရားရှေ့တော်မှာပဲ သူဟောထားတဲ့ တရားတွေမှန်ကြောင်း ဘုရားကို သက်သေထူပြီးတော့ ပြောချင်လို့ ဟောတဲ့တရား (မှန်ပါ့ ဘုရား)။
ဥပါဒါနက္ခာဆိုတာ ဘယ်ဟာလဲတဲ့
ကောင်းပြီ ဒါနဲ့ပဲ ရဟန်းကမေးလိုက်တယ်၊ အရှင်ဘုရား ဥပါဒါနက္ခာဆိုတာ ဘယ်ဟာလဲတဲ့၊ ရူမက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာတွေကိုပဲ ဆိုပါသလား မေးလိုက်ပါတယ်၊ သိပြီးသား မေးတာ ပါပဲ (မှန်ပါ့) မေးလိုက်တဲ့ အခါကျတော့ သူက ဖြေပြီးသားမို့ ဘုရားကဟုတ်တယ်ကွလို့ ထောက်ခံချက် ပေးလိုက်တော့ နောက်က ရဟန်းတွေက ယုံပါတယ် (မှန်ပါ့ ဘုရား)။
ဒီ ဥပါဒါနက္ခန္ဓာဟာ ဘယ်သူ့ကြောင့် ဖြစ်ပါသတုံးဘုရားတဲ့၊ ဆက်မေးပြန်တယ် (မှန်ပါ့) ဆက်မေးပြန်တော့လဲ ဆန္ဒကြောင့် ဖြစ်တယ်ကွတဲ့၊ ခန္ဓာလိုချင်မှု ဆန္ဒကြောင့် (ဝါ) ခန္ဓာလိုချင်မှု တဏှာကြောင့် နောက်ခန္ဓာ ပြန်ရတာပဲ (မှန်ပါ့ ဘုရား)။
ဒါမှတ်ထားကြပါ (မှန်ပါ့) ခန္ဓာရတဲ့ ပုဂ္ဂိုလ်များမှာ ဘာကြောင့် ဒီခန္ဓာ ပြန်ရပါလိမ့်မတုံးလို့ အမေးပုစ္ဆာထုတ် ခဲ့သော် ခန္ဓာလိုချင်တဲ့ တဏှာဝမ်းထဲမှာ မသေလို့ နောက်ခန္ဓာ ရတယ်လို့ မှတ်ကြပါ (မှန်ပါ့ ဘုရား)။
ခန္ဓာရတဲ့ပုဂ္ဂိုလ်များ ဘယ့်နှယ်ကြောင့် ရပါလိမ့် (ဝမ်းထဲမှာ တဏှာမသေသေးလို့ပါ ဘုရား) ဝမ်းထဲမှာ တဏှာ မသေဘူး (မှန်ပါ့ ဘုရား)။
ခန္ဓာကိုရချင်တဲ့ စိတ်ကြောင့်လဲ ရတယ်လို့ မှတ်ကြပါ (မှန်ပါ့) ရချင်တဲ့စိတ် မရှိလို့ရှိရင် မရပါဘူး (မှန်ပါ့ ဘုရား) ရချင်တဲ့စိတ်ကိုချုပ်အောင် နဂိုကလုပ်ထားလို့ရှိရင် ဦးမာဒင်တို့ ဆရာဝန်ကြီးတို့ ခန္ဓာနောက်ထပ်မရဘူး (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဥပါဒါန်နဲ့ခန္ဓာဟာ အတူတူပဲလား
ဒါဖြင့် ဥပါဒါန်နဲ့ခန္ဓာဟာ အတူတူပဲလားဘုရား တခြားစီပဲလား၊ ဆက်မေးပြန်တယ် (မှန်ပါ့) ဟာ ဥပါဒါန်နဲ့ ခန္ဓာနဲ့ဟာ တခြားစီပေါ့ ခန္ဓာက ခန္ဓာငါးပါး၊ ဥပါဒါန်က ခန္ဓာငါးပါးကိုစွဲတဲ့ တဏှာတရား (မှန်ပါ့ ဘုရား)။
ဒါဖြင့် ရှင်းပါပြီဘုရား ဘေးကရဟန်းတွေ ကြားလောက်အောင် သူကမေးလိုက်တယ်၊ ဒီခန္ဓာကြီးချုပ်ငြိမ်း ရုပ်သိမ်းအောင် ဒီခန္ဓာကြီးဟာ တဏှာ မာန ဒိဋ္ဌိကြောင့် ဖြစ်တာတဲ့ ဒီခန္ဓာကြီးကို ချုပ်ငြိမ်း ရုပ်သိမ်းအောင် ဒီတဏှာ မာနကြောင့်ဖြစ်တဲ့ ခန္ဓာကြီးဟာ တဏှာမာနချုပ်ငြိမ်းရုပ်သိမ်းအောင် ဘယ့်နှယ်လုပ်ရမှာတုံး-တဲ့၊ ဒါဆက်မေးပြန်တယ် (မှန်ပါ့ ဘုရား)။
ကွာ တဲ့၊ ဒီဥစ္စာ မင်းမှတ်ထားတာပေါ့ တဲ့၊ ရုပ်တရားလဲ အနတ္တ၊ ဝေဒနာတရားလဲ အနတ္တ၊ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ မဟုတ်ပါဘူး၊ သညာလဲ အနတ္တ၊ သင်္ခါရလဲ အနတ္တ ၊ ဝိညာဏ်လဲ အနတ္တ၊ ခန္ဓာငါးပါးဟူသ၍ကွာ အနတ္တချည်း ပါပဲ ဆိုပြီး သကာလ ဟောလိုက်ပါတယ်၊ ဟောလိုက်တော့ ဦးမာဒင်သိတဲ့အတိုင်း တရားကတော့ မှန်နေပြီ (မှန်ပါ့ ဘုရား)။
သို့သော် ဒီအထဲမှာ ရဟန်းတစ်ပါး ဗွေဖောက်လာတယ်လို့ မှတ်ကြရမယ် (မှန်ပါ့) ရဟန်းတစ်ပါး ဘယ်လို ဗွေဖောက်လာသတုံးလို့ မေးတဲ့အခါကျတော့မှ ခန္ဓာငါးပါးမှာ တစ်ပါးပါးမှ အားကိုးစရာ မရှိတော့ဘူး၊ အဲဒီတော့ နောက်ဘဝလိုက်တဲ့ တရားဆိုတာ ဘယ်မှာရှိနိုင်တော့မတုံး (မှန်ပါ့ ဘုရား)။
အဲဒီတော့ ကံသည် သွားရာကို လိုက်တယ်လို့ ဘုရားက ဟောထားတယ်၊ ဒီကံပဲအားကိုးမှပဲ ဒါပေါ်လာတယ် (မှန်ပါ့) ကံပဲအားကိုးမှပဲလို့ ဦးထွန်းမွှေးကြီး ပေါ်လာတယ် (မှန်ပါ့ ဘုရား)။
ကံက သွားရာလိုက်တယ်လို့ သူက အယူရှိတယ်
ကံက သွားရာလိုက်တယ်လို့ သူက အယူရှိတယ် (မှန်ပါ့) ကံကသွားရာလိုက်တယ်လို့ အယူရှိတော့ကို ဘာမှ အားကိုးရာမရှိဘူး၊ ဘုရားဟောတော်မူတာ ကံပဲအားကိုးရမှာပဲ။
ကံကမှ သွားရာနောက်လိုက်မှာ ဒါမှ နောက်ဘဝ အကူအညီပေးမှာဆိုတော့ ဦးမာဒင် ဒါမှန်သလား၊ လွဲသလား လို့မေးရင် (လွဲပါတယ် ဘုရား) လွဲပြီ (မှန်ပါ့ ဘုရား)။
အားလုံး ဒကာဒကာမတွေ ဒီဥစ္စာကဉာဏ်ကို သေးသေးသိမ်သိမ်နားနဲ့ ထောင်လို့မရဘူး (မရပါ ဘုရား) မရဘူးတဲ့၊ ဒီဥစ္စာက အစွဲကလဲကြီးတယ်၊ အလွဲကလဲကြီးတယ် (မှန်ပါ့) အစွဲကလဲ (အစွဲကလဲကြီး အလွဲကလဲကြီးပါတယ် ဘုရား)။
ဘယ်ကောင်းနိုင်ပါလိမ့်မတုံး (မှန်ပါ့) အစွဲကလဲကြီး အလွဲကလဲကြီးဖြစ်ပါတယ်တဲ့၊ အစွဲကလဲ အခုဆရာဝန်ကြီး တို့ဖြစ်စေ၊ ဦးထွန်းမွှေးတို့ဖြစ်စေ ကိုယ်ပြုခဲ့တဲ့ ကုသိုလ်ဒါနတွေ၊ ဟင် ဒါကိုယ်ဖို့ပဲကွာ ဒါမှ ကိုယ့်နောက်ပါမှာ (မှန်ပါ့) နောက်ကပါမှာပေါ့ (မှန်ပါ့ ဘုရား)။
ပြုထားတဲ့စေတနာကံကလေးတွေကလဲ ဘာတဲ့တုံး (နောက်ကပါမှာပါ ဘုရား) အင်း ခင်ဗျားတို့နောက်ကလဲ ဒီကံကလေးကလိုက်လျက် (ဒီလိုယူခဲ့တာ မှားပါတယ် ဘုရား)။
ဒီကံကလေးက နောက်ကလိုက်လျက်လို့ ဦးထွန်းမွှေးကြီးတို့လဲ ယူထားတာဘဲ (မှန်ပါ့) ဒီတရားမနာခင်ကပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ဒါနသီလလေးတောင် မလုပ် တော့ဘူး
နောက်က ဒကာ ဒကာမတွေဆိုတာတော့ ပြောဖို့မရှိပါဘူး (မှန်ပါ့) ဒီကံကလေးနောက်က လိုက်မှာဘဲဆိုပြီး သကာလ ဒီအယူကို ဘယ်နည်းနဲ့မှ သူသည် စွန့်ပါဆိုရမှာလဲ ဘယ်နည်းကြောင့် စွန့်ရမှာတုံးဆိုတာလဲ သူ့မှာ နည်းမရှိဘူး (မှန်ပါ့) မစွန့်ပါနဲ့လို့ မဆိုသော်လဲ ဆိုဘိသကဲ့သို့ စွန့်လိုက်လို့ ရှိရင်လဲ သူဒီအလုပ်ကို ဒါနသီလကလေးတောင် လုပ်တော့မှာ မဟုတ်တော့ဘူး (မှန်ပါ့ ဘုရား)။
စွန့်လိုက်ပြန်ရင်လဲ ဒီကံကလေးနောက်က မလိုက်ဘူးလို့ ပြောလိုက်ပြန်ရင်လဲ ဒါနသီလလေးတောင် မလုပ် တော့ဘူး (မှန်ပါ့) ဒါကလေးမှ တပည့်တော်တို့နောက်ပါမှာကိုး နှုတ်ကိုက တက်လာတယ် (မှန်ပါ့) မတက်ကြဘူးလား (တက်ကြပါတယ် ဘုရား)။
ဘာတုံး (နှုတ်တတ်ပါတယ် ဘုရား) ဒီဥစ္စာပဲ၊ ဒီကံကလေးပဲ ကောင်းတာလုပ် ကောင်းကျိုးပေးမယ်၊ မကောင်း တာလုပ် မကောင်းကျိုးပေးတယ် (မှန်ပါ့) သူပဲ ကိုယ့်ကို လဲရင် ထူပေးမှာပဲ (မှန်ပါ့ ဘုရား)။
အမေမိဘသင်တာနောက်က လိုက်နေတာ (မှန်ပါ့) ကံအမိကံအဖလို့ ဘုရားကလဲ အချို့နေရာမှာ ဟောလိုက် တယ်၊ ကံအမိကံအဖကွ-တဲ့၊ မင်းတို့လဲရင် သူထူဖို့ပဲ ဆိုတော့ ဦးမာဒင်တို့လူစု ဒီအသင့်အတင့်နားလည်တဲ့ ပုဂ္ဂိုလ် တွေက ဘယ်အဓိပ္ပါယ်ယူလိုက်သတုံးဆိုတော့ နောက်က အမြဲကိုစောင့်ရှောက်နေတာပဲ (မှန်ပါ့ ဘုရား)။
နောက်က ဘယ်လိုဆိုပါလိမ့် (အမြဲကို စောင့်ရှောက်နေပါတယ် ဘုရား) အမြဲကို စောင့်ရှောက်နေတယ်လို့ တစ်ခါတည်းယူလိုက်တယ် (မှန်ပါ့) အမြဲကို စောင့်ရှောက်နေတယ်လို့ ယူလိုက်တဲ့အတွက် သွားချင်တဲ့ဆီ သွားကွ၊ သူ့နောက်ကပါတာပဲ (မှန်ပါ့ ဘုရား)။
ဆိုတော့ ဒါက ဦးမာဒင်ကြီးပေါ့ဗျာ သံသရာခရီးသည် ဦးမာဒင်ကြီး ဟုတ်လား (မှန်လှပါ) နောက်က ကုသိုလ်ကံ အကုသိုလ်ကံကလေးနှစ်ခုက တစ်ခါတည်း နောက်ကနေတာ ကလေးလဲသွားမှာစိုးလို့ရှိရင် သူထူပေးမယ် (မှန်ပါ့) တိမ်းသွားမယ်ဆိုရင် သူတည့်ပေးမယ် (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့စိတ်ထဲမှာ သူတို့နှစ်ခုက နောက်ကလိုက်နေတယ်တဲ့ (မှန်ပါ့) ဆရာဝန်ကြီးတို့တတွေလဲ ယူမှာပဲ (မှန်ပါ့) မယူကြဘူးလား (ယူပါတယ် ဘုရား)။
ယူထားတော့ ဒီကံကလေးဟာ ဘယ်တုန်းက ပြုထားတဲ့ ကံတုန်းလို့ ဦးမာဒင်ကို ကျုပ်တို့မေးချင်တယ် (မှန်ပါ့) အို နောက်ဘဝတွေကပေါ့ဘုရား ဒါပဲ ဖြေမှာပဲ (မှန်ပါ့) ဘယ့်နှယ်ဖြေကြမယ် (နောက်ဘဝတွေက ပြုထားတာပါ ဘုရား)။
နိစ္စဖြစ်နေတယ်
သူကတော့ဖြင့် နောက်ဘဝတွေက ပြုထားငြားသော်လဲ ဒီ ဦးမာဒင်ကြီးသွားရာ မောင်ချစ်စိန် ဘာဖြစ်နေသတုံး (လိုက်နေပါတယ် ဘုရား) လိုက်နေတယ်၊ သူက ဒါဖြင့် နိစ္စပေါ့ (မှန်ပါ့) သူက ဘာဖြစ်နေသတုံး (နိစ္စဖြစ်နေပါတယ် ဘုရား) နိစ္စဖြစ်နေတယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် အချို့သာအနိစ္စ၊ စေတနာကံက နိစ္စ (မှန်ပါ့) ကျန်တဲ့ စေတနာကံမှတစ်ပါး ခန္ဓာတွေက အနိစ္စ (မှန်ပါ့) ဒီလို ယူပစ်လိုက်တယ် (မှန်ပါ့) အဓိပ္ပါယ်က ဒီမရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
သွားပြီ ဒါဧကစ္စသဿတဒိဋ္ဌိဖြစ်သွားတယ် (မှန်ပါ့) ဒါ မနေ့ကမဟောရလို့ (မှန်ပါ့ ဘုရား) မနေ့က မဟောခဲ့ရဘူး (မှန်ပါ့မဟောခဲ့ပါ ဘုရား) ဧကစ္စသဿတဒိဋ္ဌိ၊ သူကတစ်ဝက်သာ အနိစ္စ၊ တစ်ခုက အနိစ္စမဟုတ်ဘူး (မဟုတ်ပါဘူး) ကံက အနိစ္စမဟုတ်ဘူး)၊ ကျန်တဲ့ရုပ်နာမ်ကတော့ (အနိစ္စပါ ဘုရား)။
သူကတော့ ဒီဘဝကဟာ ဒီဘဝ ပြုတ်ခဲ့တယ် ဒီဟာအသစ်ဖြစ်တာ (မှန်ပါ့) ကျန်တဲ့ရုပ်နာမ်ကတော့ အနိစ္စ (မှန်ပါ့) ကံကတော့ (နိစ္စယူထားပါတယ် ဘုရား)။
ဒါဧကစ္စသဿတဒိဋ္ဌိ၊ ဧကစ္စဆိုတာက ဧကကတစ်ခု၊ တစ်စိတ်တစ်ဒေသကတော့ခိုင်တယ်၊ တစ်စိတ်တစ်ဒေသ က မခိုင်ဘူး (မှန်ပါ့) ဒါကြောင့် ဧကစ္စသဿတဒိဋ္ဌိဖြစ်တယ် (မှန်ပါ့ ဘုရား)။
ဒါတွေကို ဆရာဘုန်းကြီးက ခင်ဗျားတို့ကို စောစောစီးစီးက ရှင်းမပေးဘူးဆိုရင် ခင်ဗျားတို့ဒီအတိုင်းဖြစ်နေ မှာပဲ (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
ပြန်ရှင်းပေးပါတယ် အားလုံး ဒကာဒကာမတွေ ခင်ဗျားတို့မသေသေးလို့ ကြားရတယ် အောက်မေ့ပါ ဒီတရားကို (မှန်လှပါ) မသေလို့ကြားရတာ နို့မဟုတ်ရင် သိကိုမသိဘူး (မှန်ပါ့) ကံကလေးကတော့ လူသွားရာအရိပ်ပါတယ်တဲ့၊ ခင်ဗျားတို့ ယူထားတာက၊ ဒါကလူဆိုပါတော့ မပါဘူးလား (ပါပါတယ် ဘုရား) ဒီအတိုင်းကော မယူဘူးလား (ယူပါတယ် ဘုရား)။
ယူထားတော့ သို့သော်ကိုယ်နားလည်ထားတာက ဒါဘဝများစွာက ပြုစုထားတဲ့ကံကလေးကလဲ နောက်က တစ်ခါတည်း ဥပပဇ္ဇဝေဒနိယကံတို့ အပရာပရိယဝေဒနိယကံတို့ပေါ့ဗျာ သူကလိုက်နေတယ်တဲ့ (မှန်ပါ့ ဘုရား)။
စေတနာမှတပါး ကျန်ခန္ဓာတွေကတော့ ဒီဘဝ အလောင်းမြှုပ်ခဲ့တယ်၊ သူမလိုက်ဘူး နောက်ဘဝ အသစ်ပြန်ပြီး ပေါ်ပြန်တယ် (မှန်ပါ့) သူကတော့ဖြင့်အနိစ္စမို့ ဒီဘက်အနိစ္စတရား၊ ဒီဘက်သင်္ခါရတရား (မှန်ပါ့ ဘုရား)။
မကိုက်ဘဲဖြစ်နေတယ်
သူကကိုက်တယ်၊ ဟောဒါကလေးနှစ်ခုက မကိုက်ဘဲဖြစ်နေတယ် (မှန်ပါ့) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဘယ့်နှယ်ကြောင့် ဒီကံကလေးနှစ်ခုက မကိုက်သတုံးဆိုတော့ “ဆာယာဝအနုပါယိနီ” ဆာယာဝ၊ အရိပ်ကဲ့သို့၊ အနုပါယိနီ၊ အစဉ်တစိုက်လိုက်သည်၊ ဟောတိဖြစ်၏။ ဓမ္မပဒပါဠိဒီဥစ္စာ (မှန်ပါ့) “စက္ကံဝဝဟတောပဒ” နွားသွားတဲ့ ဆီမှာ နောက်ကဘီးလိုက်နေတယ် (မှန်ပါ့ ဘုရား)။
နွားကသာသွား ဘီးကတော့လိုက်တာပဲ (မှန်ပါ့) အဲဒီကံကလေးက နွားနဲ့တူတယ်၊ ခန္ဓာနောက်ကို အမြဲလိုက် နေတယ်၊ ဒါကိုဟောထားတာပဲ (မှန်ပါ့ ဘုရား)။
ဒါဘယ်သူဟောသတုံးလို့ မေးလို့ရှိရင် ဘုရားဟောတာပဲ၊ ဓမ္မပဒပါဠိတော်ကိုး ဝတ္ထုသက်သေသာဓကနဲ့ ကျယ်နေမှာစိုးလို့ အခုဒီမှာမဟောပါဘူး လိုရင်းကလေးပဲ ပြောလိုက်တယ် (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် ဦးမာဒင်ကြီးတို့၊ ဆရာဝန်ကြီးတို့၊ ဦးထွန်းမွှေးတို့၊ ကျန်ခန္ဓာကတော့ကို ဒီဘဝသေမြှပ်ခဲ့၊ နောက် အသစ်ဖြစ်၊ ဟောဒီကံကတော့ ဘယ်တော့မှ သူကအသေမရှိဘူး၊ သူကနောက်က ဒီလူသွားရာလိုက်နေတယ်တဲ့ (မှန်ပါ့ ဘုရား)။
တချို့သာပျက်၍၊ တချို့မပျက်
မယူဘူးလား၊ ယူသလား (ယူပါတယ် ဘုရား) အဲဒီတော့ တချို့သာပျက်၍၊ တချို့မပျက်၊ ခင်ဗျားတို့ယူပြီး (မှန်ပါ့) အခု သေသေချာချာ ပြောတော့ဒီအတိုင်းမရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
တချို့တော့ပျက်ပါတယ် (ပျက်ပါတယ် ဘုရား) ဒီကံကတော့ (မပျက်ပါ ဘုရား) ဒီခန္ဓာကတော့ (ပျက်ပါတယ် ဘုရား) ဒီဘက်မြှုပ်ခဲ့တယ်၊ ဒီဘက်အသစ်၊ မြှုပ်ခဲ့တာကအနိစ္စ၊ အသစ်ပေါ်တာကသင်္ခါရ၊ သူတော့ဖြင့် အနိစ္စလဲမရှိဘူး နိစ္စလို့ယူတယ် (မှန်ပါ့) သဘောပါပြီလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဦးမာဒင်ကြီးတို့ ဒီလိုယူထားလို့ရှိရင် ဦးမာဒင်ကြီးဟာ ဘုရားဒကာ ကျောင်းဒကာဆိုပေမဲ့ ဒိဋ္ဌိကြီး ဆိုရတော့မှာပဲ (မှန်ပါ့ ဘုရား)။
သဘောက ဒီအယူကို သေသေချာချာ ဆိုက်သွားတယ် (မှန်ပါ့) သဘောကဆိုက်သွားတယ်၊ ကိုယ့်စိတ်ထဲလဲ မဖြုတ်နိုင်ဘူး၊ ဦးထွန်းမွှေးဖြုတ်နိုင့်ပါမလား (မဖြုတ်နိုင်ပါ ဘုရား)။
ကိုယ့်ဉာဏ်နဲ့တော့ဖြင့် ဆရာဝန်ကြီးဖြုတ်ဖို့ အတော်ဝေးသွားပြီ (မှန်ပါ့) ဒီလိုပဲ ဆရာသမားများက ဟောထား တယ်။ ဒီလိုပဲ ကိုယ်လဲထင်တယ် (မှန်ပါ့ ဘုရား)။
မထင်ဘူးလား၊ ထင်သလား (ထင်ပါတယ် ဘုရား) ဒီလိုဆိုတော့မှဪ ကြောက်စရာကြီးပါလား၊ ဟောဒါ ကတော့ အနိစ္စ၊ ဒီဘက်တရားတွေကတော့ စေတနာ၊ နာမ်ဓမ္မတွေက နိစ္စ (မှန်ပါနိစ္စလို့ယူပါတယ် ဘုရား) ဒီကစေတနာမှ တစ်ပါး ခန္ဓာတွေကတော့ (အနိစ္စပါ ဘုရား)။
နှစ်ခုစလုံးအနိစ္စ
ဘုရားဟောထားတာ ကတော့ နှစ်ခုစလုံးအနိစ္စ (မှန်ပါ့) ခင်ဗျားတို့ယူထားတာကတစ်ပိုင်း အနိစ္စ၊ ရှင်းပြီလား (ရှင်းပါပြီ)ဪ တော်တော်ကြောက်စရာ ကောင်းနေတာ ဆရာဝန်ကြီးက အခုမှစပြီး နာရလို့ တော်တော် ကြောက်စရာ ကောင်းနေတာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘုရားကလဲ တစ်ခုသောဒိဋ္ဌိရှိနေလို့ ရှိရင် နိဗ္ဗာန်မရဘူးကွတဲ့ (မှန်ပါ့) ဉာဏ်ထဲမှာ မရှင်းလို့ရှိရင် ဘာလုပ်နေနေ မရနိုင်ဘူး (မှန်ပါ့ ဘုရား)
သဘောပါသလား (ပါ-ပါပြီ) တစ်ခုသောတရားနိစ္စဒိဋ္ဌိ ခံနေရင် (နိဗ္ဗာန်မရနိုင်ပါ ဘုရား) မရနိုင်ဘူး၊ သုသဿတဒိဋ္ဌိ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
စေတနာပေါ်မှာ (သဿတဒိဋ္ဌိပါ ဘုရား) သဿတဒိဋ္ဌိဖြစ်နေတယ်ဆိုတော့ ဦးထွန်းမွှေးတို့ ကြောက်စရာကြီးပဲ (မှန်ပါ့) ဒါကဘာသာခြားအနေဖြင့် ဖြစ်တဲ့ဒိဋ္ဌိမဟုတ်ပါဘူး၊ ဗုဒ္ဓဘာသာဝင်တွေမှာ ဖြစ်နေတဲ့ဒိဋ္ဌိပါ (မှန်ပါ့ ဘုရား)။
ဘာသာခြားဒိဋ္ဌိကတော့ သူ့ကိုဖဲထီး အိုးမဲသုတ် ငြားသော်လည်းမထူလို့ မပြောတော့ပါဘူး၊ ဒါကဗုဒ္ဓဘာသာ တွေမှာ အဖြူပေါ်မှာ အမဲကွက်ထင်နေတာ (မှန်လှပါ) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
(အဖြူပေါ်မှာ အမဲကွက်ကျန်နေတာပါ ဘုရား) အမဲကွက်ကျန်နေတဲ့ဒိဋ္ဌိ (မှန်ပါ့) သို့သော်သူကော နိဗ္ဗာန်ရမှာ လားတဲ့ ဒီအယူမစွန့်လို့ရှိရင် (မရပါ ဘုရား)။
ကဥ္စိ သင်္ခါရံ နိစ္စတောသမနုပဿန္တော အနုလောမခန္တီယာသမန္နာဂတော ဘဝိဿတိ နေတံဌာနံ ဝိဇ္ဇတိ။ (ဆက္ကနိပါတပါဠိ၊၃၈၄)
တစ်ခုခုနိစ္စထင်နေလို့ ရှိရင်
အင်္ဂုတ္ထိရ်ပါဠိတော်မှာ တစ်ခုသော သင်္ခါရ တရားကို (ဝါ) တစ်ခုခုနိစ္စထင်နေလို့ ရှိရင်ဘယ်တော့မှ နိဗ္ဗာန် မရဘူးလို့ ငါဟောတယ်တဲ့ (မှန်ပါ့) ဒါဘုရားဟောတာတိုက်ရိုက်ပဲ (မှန်ပါ့ ဘုရား)။
ကဲ ဆရာဝန်ကြီးရိပ်မိပြီလား (ရိပ်မိပါပြီ) ဒါခင်ဗျားတို့မှာ ဒီအတိုင်း အခုပြောတဲ့ အထင်ရှိမရှိကိုလည်း အကဲခတ်ပါ (ရှိပါတယ် ဘုရား)။
ဦးထွန်းမွှေးကြီး မရှိဘူးလား (ရှိပါတယ် ဘုရား) သွားရာလိုက်နေတာပဲ (မှန်ပါ့) ဘယ့်နှယ် ထင်ကြသတုံး (သွားရာ လိုက်နေပါတယ် ဘုရား)။
ခင်ဗျားတို့ ဒကာ ဒကာမတွေ ကံတွေဟာ သွားရာ လိုက်နေကြသလားလို့ မေးရင် ဘယ့်နှယ်ဖြေကြမလဲ (မပြောတတ်ပါ ဘုရား) မပြောတတ်ပါဘူး၊ တပည့်တော်တို့မှာတော့ ကိုယ်ကစုံလုံးကန်းပဲ၊ တောင်ဝှေးဆွဲရာ လိုက်ရမှာပါပဲ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဒါစုံလုံးကန်းပေမဲ့လဲ ဘုန်းကြီးတို့ အထူး အပြစ်မတင်ပါဘူး၊ တောင်ဝှေးဆွဲကောင်းဖို့ သိပ်အရေးကြီး ပါတယ် (မှန်ပါ့) ဘယ့်နှယ်ဆိုကြမလဲ တောင်ဝှေးဆွဲကောင်းဖို့ သိပ်အရေးကြီးပါတယ် ဘုရား) သူဆွဲရာတော့ လိုက်ရတော့ မှာပဲ သူက နဂိုက အန္ဓပုထုဇဉ်ကိုး (မှန်ပါ့ ဘုရား)။
အန္ဓက ကန်းတယ်၊ ပုထုဇဉ်က ပုထုဇဉ်၊ ကိလေသာ ပေါတယ် (မှန်ပါ့) ကိလေသာပေါတဲ့အကန်း ပုထုဇဉ်ကို တောင်ဝှေးဆွဲညံံသွားလို့ရှိရင် သွားပြီ၊ ဂျောက်ကျပြီ (မှန်ပါ့) မကျပေဘူးလား (ကျပါတယ် ဘုရား)။
တစ်ဖက်တွင်မြင်တာကိုး
တောင်ဝှေးဆွဲကလဲ သူက တစ်ဖက်တွင်မြင်တာကိုး (မှန်ပါ့) တစ်ဖက်ခလုတ်တော့ သူမြင်တယ်၊ တစ်ဖက် ခလုတ် သူမမြင်ဘူး (မှန်ပါ့) ဒါကမ္မဿပတ ဉာဏ်ကလေး ဟောတာတော့ သူသိတယ်၊ သက္ကာယဒိဋ္ဌိဖြုတ်နည်း နိသယျည်းကို သူမသိဘူး (မှန်ပါ့) မသိတော့ သူတခလုတ်မှာတော့ လွတ်သွားတယ်၊ ဟိုခလုတ်တိုက်ပြီးလဲတာပဲ (မှန်ပါ့ ဘုရား)။
ဒါဖြင့် သာမညနားနဲ့ မထောင်နဲ့ဆိုတာများ ပေါ်ပြီလား ခင်ဗျားတို့ (ပေါ်ပါပြီ ဘုရား) သာမညနားနဲ့သာ ထောင်လို့ရှိရင် ဒီအဓိပ္ပါယ်ကို ဆရာဝန်ကြီးတို့ ဦးမာဒင်တို့ ဦးထွန်းမွှေးတို့ ရကိုမရဘူး (မှန်ပါ့ ဘုရား)။
ဒီအတိုင်းနဲ့ သေရမယ်၊ သေတဲ့ပုဂ္ဂိုလ်က အလောင်းပေါင်းလဲ မရေတွက်နိုင်ဘူး (မှန်ပါ့) ရေတွက်နိုင်ကြပါ့ မလား (မရေတွက်နိုင်ပါ ဘုရား) ဒီလိုသေသွားတဲ့ပုဂ္ဂိုလ်တွေလေ (မရေတွက်နိုင်ပါ ဘုရား) ဒီအတိုင်းလိုက်ပါတယ်၊ ဒါကြောင့် တပည့်တော်တို့ သေမှာများ မကြောက်ပါဘူးတဲ့ (မှန်ပါ့) ဘာဖြစ်လို့ မကြောက်သတုံး၊ မကြောက်ပုံ ပြောစမ်း ပါဦး အို-တပည့်တော်တို့ ပြုထားတာတွေက နေရစ်မှာမှမဟုတ်ဘဲ ဟောဒီအတိုင်း လာတာပဲ-ဟင် (မှန်လှပါ ဘုရား)။
နေရစ်မှာမဟုတ်ဘူး-တဲ့၊ ဘာပြောနေတာတုံး၊ ဒါကေလးနှစ်ခုပြောနေတာ (မှန်ပါ့ ပြုထားတဲ့ကံ ပြောတာပါ ဘုရား) ဒါကလေးလိုက်မယ်တဲ့ (မှန်ပါ့ အစွဲရှိပါတယ် ဘုရား)။
အစွဲကလဲ ခင်ဗျားတို့ သာမညအစွဲမဟုတ်ဘဲ ဒိဋ္ဌိစွဲ (မှန်ပါ့) တစ်ပိုင်း ဒိဋ္ဌိ၊ ဒီဟာကတော့ ပျက်စီးတယ်၊ ခန္ဓာကပျက်စီးတယ်၊ ကျန်ခန္ဓာပျက်စီးတယ်၊ ဟောဒီ စေတနာခန္ဓာ မပျက်စီးဘူး ဒါ့ကြောင့် ဧကစ္စသဿတဒိဋ္ဌိ (မှန်ပါ့ ဘုရား)။
ဧကစ္စဆိုတာ တစ်စိတ်၊ သဿတဆိုတာက မြဲတဲ့ဒိဋ္ဌိ၊ တစ်စိတ် မြဲနေတယ်လို့ ယူတာ (မှန်ပါ့ ဘုရား)။
ကဲ ဦးမာဒင် ဒီဥစ္စာ လည်လည်ပတ်ပတ်နဲ့ ဝမ်းထဲမှာ ရှင်းပေးလိုက်လို့ရှိရင်လဲ ကွာထွက်သွားတာပဲ (မှန်ပါ့) ဒီလိုမှ ရှင်းမပေးဘဲနဲ့ ထုံးစံအတိုင်းပဲ မိဘရိုးရာနဲ့ သေသွားကြမယ် ဆိုလို့ရှိရင် ဆရာဝန်ကြီး ဒိဋ္ဌိအဖြစ်နဲ့ သေသွားတာ (မှန်ပါ့ ဘုရား)။
ဧကစ္စသဿတဒိဋ္ဌိ
ဧကစ္စသဿတဒိဋ္ဌိအဖြစ်နဲ့ သေသွားတယ် (မှန်ပါ့) ဘယ့်နှယ်ဆိုကြမလဲ (ဧကစ္စ သဿတ ဒိဋ္ဌိအဖြစ်နဲ့ သေသွားပါတယ် ဘုရား) သိပ်ကြောက်စရာကောင်းပါလား မနေ့ကတော့ သဿဒိဋ္ဌိပြောတယ် (မှန်ပါ့) ဒီနေ့တော့ ဧကစ္စဆိုတာ ဒီနှစ်ခုခွဲပြီးပြောတယ် (မှန်ပါ့) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါကြောင့် ဒီအထဲသွင်းလိုက်တဲ့ဇာတ်ကြောင်းဟာ မတူဘူး (မှန်ပါ့) မနေ့က သဿတဒိဋ္ဌိတစ်လုံးတည်း အရေးတကြီးပြောတယ်၊ ခင်ဗျားတို့မှာ ဒါကလေး ပါနေသေးတယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒီနေ့တော့ တစ်ပိုင်း ဒိဋ္ဌိ၊ တချို့ မြဲတယ်၊ တချို့ မမြဲဘူး ယူတဲ့ဒိဋ္ဌိ (မှန်လှပါ) ခန္ဓာငါးပါးပေမဲ့ တချို့က မြဲတယ်၊ တချို့က မမြဲဘူး၊ ဘယ်ဘုရား ဟောဘူးသတုံး ခင်ဗျားတို့ (ဘယ်ဘုရားမှ မဟောခဲ့ပါ ဘုရား) ဘယ်ဘုရား ဟောဖူးသတုန်းမေးရင် ဘယ်နှယ့်ပြောမတုံးဟင် ဖြေစရာရှိကြရဲ့လား (မဟောပါ ဘုရား)။
သို့သော် ခင်ဗျားတို့အယူကတော့ (ယူထားတာရှိပါတယ်) ကြောက်စရာကြီးပါလား (မှန်ပါ့) ဒါဖြင့်
ကဉ္စိသင်္ခါရံ နိစ္စတော သမနုပဿန္တော အနုလောမိကာယ ခန္တီယာ သမန္နဂတော ဘဝိဿတီတိ နေတံ ဋ္ဌာနံဝိဇ္ဇတိ၊ အနုလောမိကာယခန္တီယာ အသမန္နဂတော သမ္မတ္ထ-နိယာမံ ဩက္ကမိဿတီတိ နေတံ ဋ္ဌာနံ ဝိဇ္ဇတိ၊ သမ္မတ္တနိယာမံ အနောက္ကမ မာနော သောတပတ္တိဖလံဝါ သကဒါဂါမိ ဖလံဝါ အနာဂါမိဖလံဝါ အရဟတ္တံဝါ သစ္ဆိကရိဿတီတိ နေတံဋ္ဌာနံ ဝိဇ္ဇတိ။
တစ်ခုသောသင်္ခါရကို နိစ္စယူထားလို့ရှိရင် သစ္စအနုလောမိက ဉာဏ်တောင် မရဘူးကွ-တဲ့၊ သစ္စအနုလောမိက ဉာဏ်မှ မရလို့ရှိရင် သောတာပန် သကဒါဂါမ် အနာဂါမ်ဖြစ်လိမ့်မယ်၊ ငါဘယ်တော့မှ မဟောဘူးတဲ့ (မှန်ပါ့ ဘုရား)။
ဒါပါဠိတော်သက်သက်ပဲ၊ အင်္ဂုတ္တိုရ်ပါဠိတော်မှာကြည့်ကြ (မှန်ပါ့) ကဲ ဘယ်လောက် ကြောက်စရာ ကောင်း သတုံး (ကောင်းပါတယ် ဘုရား)။
ကဲ ဒါဖြင့် ကုသိုလ်မရဘူးလားဆိုတော့ ရတယ်၊ နိဗ္ဗာန်ရမလားလို့ မေးလိုက်ရင်တော့ (မရပါ ဘုရား) ဒါကွာ သွားတာပါတဲ့၊ ကုသိုလ်မရဘူး ဟောတာမဟုတ်ပါဘူး ဟောတာမဟုတ်ပါဘူး (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ကုသိုလ်တော့ (ရပါတယ် ဘုရား) နိဗ္ဗာန်တော့ (နိဗ္ဗာန်တော့မရပါ ဘုရား) ဧကစ္စသဿက ဒိဋ္ဌိသာလိုက်တယ် (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ဆရာကောင်းရှာနော်
ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အကြိမ်ပေါင်းများစွာ ဟေ့ ဆရာကောင်းရှာ (မှန်ပါ့) ဘုရား ဖြစ်တာ (၄၅) ဝါ မှာလိုက်တာက (၁၇၉၂) ကြိမ်။ ဆရာကောင်းရှာနော် ဆရာကောင်းရှာ (၁၇၉၂) ကြိမ်တိုင်တိုင် သံယုတ်ရော၊ အင်္ဂုတ္တိုရ်ရော၊ ပဏ္ဏာသရောပေါင်းလို့ရင် (မှန်ပါ့) သဘောကျပြီးလား (ကျပါပြီ ဘုရား)။
ဘယ်နှစ်ကြိမ်တုံး (၁၇၉၂ ကြိမ်ပါ ဘုရား) ဘာအရှာခိုင်းသတုံး (ဆရာကောင်း အရှာခိုင်းပါတယ် ဘုရား) အဲ ဟုတ်တိုင်းမှန်စွာသိတဲ့ဆရာကို ရှာရစ်ပါ၊ မင်းတို့တဲ့ (မှန်ပါ့ ဘုရား)။
မှာသင့် မမှာသင့်လဲ အကဲခတ်ဦး (မှာသင့်ပါတယ် ဘုရား) ကိုယ်ကိုယ်တိုင် ဘာဖြစ်နေလို့တုံး (ဒိဋ္ဌိဖြစ်လို့ ဖြစ်မှန်းမသိဖြစ်နေပါတယ် ဘုရား)ဪ တယ်ကြောက်စရာ ကောင်းပါလားဆိုတာ ပေါ်လာတယ် (မှန်ပါ့) သဘောကျ ပြီလား (ကျပါပြီ ဘုရား)။
ခုနင်က ရဟန်းကလဲ ဒါကို သူ ဒိဋ္ဌိဖြစ်နေတာ (မှန်ပါ့) တရားနာရင်းမတ္တနဲ့ ဘုရားက တရားဟောနေတယ် သံဃာငါးရာကို (မှန်ပါ့) ဘုရားက အကုန်အနတ္တတွေ လာနေပြီ (မှန်ပါ့)။
”ယံ ဣဓေကစ္စော မောဃပုရိသော အဝိဒွါ အဝိဇ္ဇာဂတော တဏှာဓိပတေယျေန စေတသာ သတ္ထုသာသနံ အတိဓာဝိတဗ္ဗံ မညေယျ” ဆိုပြီး ဘုရားက ဟောလိုက်တယ်၊ ငါ အခု တရားဟော နေတုံးမှာ ရဟန်းတစ်ပါး ပါတယ်ကွ တဲ့၊ အလုံးစုံ ငါကအနတ္တလို့ ဟောပါလျက်သားနဲ့ အနတ္တဖြစ်နေလို့ ရှိရင် အားကိုးမရှိဘူး၊ ကိုယ့်နောက် လိုက်တဲ့ကံကိုပဲ အားကိုးမယ်လို့ ပြောင်းသွားပြီကွ တဲ့၊ ကံပေါ်မှာ သဿတဒိဋ္ဌိယူသွားပြီ တဲ့ (မှန်ပါ့)။
ကဲ ပေါ်သွားပြီ (မှန်ပါ့) ဘုရားကိုက တရားပွဲမှာ ထုတ်ချတာ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အဲဒါ ဒကာကြီးတို့လိုလူစားကိုမဆိုပါနဲ့ တဲ့၊ ဘုရားလက်ထက်ကတည်းကိုက အားကိုးစရာမရှိ အားကိုးရှာတဲ့ ရဟန်းတစ်ပါးတွေ့တယ်၊ ဟုတ်လား (မှန်ပါ့)။
ငါဘုရား အဆုံးအမကြီးကို သူလွန်သွားပြီ
ဣဓေကစ္စော မောဃပုရိသော=မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျား တဲ့ (မှန်ပါ့) အဝိဒွါ= ပညာမပါဘူး ကွတဲ့ သူ့မှာ၊ အဝိဇ္ဇာဂတော-တဲ့၊ အဝိဇ္ဇာကဦးစီးနေရှာတယ်-တဲ့ (မှန်ပါ့) တဏှာဓိပတေယျေန= တဏှာကလဲ အကြီးအမှူး လုပ်ပြီးတော့ ဘဝတဏှာ ကြီးစိုးနေတယ်-တဲ့ (မှန်ပါ့ ဘုရား) သတ္ထုသာသနံ အတိဓါဝိတဗ္ဗံ=ငါဘုရား အဆုံးအမကြီးကို သူလွန်သွားပြီ တဲ့ (မှန်ပါ့) ငါက အကုန်အနတ္တလို့ ဟောပါလျက်သားနဲ့ ဒါတစ်ခုကို သူ အတ္တလို့ယူပြီး အားကိုးပစ်လိုက် တယ်၊ လွန်သွားပြီ-တဲ့ (မှန်ပါ့) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဒီကိုယ်တော့ အယူ ယူမလား ဘုရားပယ်တာကိုပဲ အတည်ပြုရမှာလားဆိုတော့ (ဘုရား ပယ်တာကို အတည်ပြုရပါတယ် ဘုရား)။
နို့မဟုတ်လို့ရှိရင်ဖြင့် ကျုပ်တို့ကျောင်းဒကာ ဒိဋ္ဌိ, ဘုရားဒကာဒိဋ္ဌိ, ဖြစ်နေတာ၊ မယူတတ်လို့နော် (မှန်ပါ့)။
ကဲ ဒါဖြင့် ယူတတ်အောင်လဲ ဟောပါတော့မယ်-တဲ့၊ ဒီနေ့ အဓိကထားပြောတာက ဧကစ္စသဿတဒိဋ္ဌိကို သိစေချင်လို့ ဒါထပ်ပြောတာ (မှန်ပါ့) မနေ့က သဿတဒိဋ္ဌိကို အဓိကပြောခဲ့တယ် (မှန်ပါ့) မဟုတ်ဘူးလား သူက လူသွားရာ အရိပ်ပါပြီး လိုက်နေသလို သူတစ်ခုတည်း ဒိဋ္ဌိပြောတာ (မှန်ပါ့ ဘုရား)။
ဒီနေ့တော့ ဟောဒီလူသွားရာ အရိပ်ပါတယ်ဆိုတော့ လူခန္ဓာ အနိစ္စ၊ အရိပ်က နိစ္စဖြစ်နေတယ် (မှန်ပါ့) ဒါ ထူးအောင်လို့ ဟောနေတယ် (မှန်ပါ့) ယူကော မယူဘူးလား (ယူပါတယ် ဘုရား) ယူတယ်ဆိုတာလဲ ခင်ဗျားတို့ သေသေ ချာချာမှတ်ပါ-တဲ့။
ကိုင်း ဒါဖြင့် မနေ့က ဘုန်းကြီးပြောခဲ့တယ် ဆရာဝန်ကြီးတို့ မကြားရဘူး၊ နေယျတ္တဒေသနာ, နိတတ္ထဒေသနာ တော်ရယ်လို့ နှစ်ပါးရှိတယ်နော် (မှန်ပါ့) နေယျတ္ထဒေသနာဆိုတာက နားလည်အောင်လို့ ဆောင်ဟောတာ (မှန်ပါ့)။
နားလည်အောင်လို့ ဆောင်ဟောတာ
လူသွားရာအရိပ်ပါတယ်လို့ ဟောလိုက်တာက ဘာတုံး (နားလည်အောင်လို့ဆောင်ဟောတာပါ ဘုရား) ဆောင် ဟောလိုက်တာ၊ တိုက်ရိုက်အမှန်ယူရမှာလို့ သွားမယူနဲ့ (မှန်ပါ့ ဘုရား)။
နိတတ္ထဒေသနာတော်ကဖြင့် ဒီပြုရတဲ့ကံဟာ ပြုတဲ့နေရာမှာ အနိစ္စရောက်တယ်၊ မလိုက်ဘူး (မှန်ပါ့ ဘုရား) ဒီလိုယူရမယ် (မှန်ပါ့) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား) ပြုတဲ့ကံဟာ ပြုတဲ့နေရာမှာပဲ အနိစ္စပဲ (မှန်ပါ့ ဘုရား) ကိုင်း ဒီနေ့ ပါဠိအကိုးအကား ထုတ်လိုက်ဦးမယ် စေတနာတွေ မဟုတ်လား သူဟာစေတနာဟာ ကံကိုးဗျ (မှန်ပါ့)။
ရူပသေဉ္စတနာလောကေ၊
သဒ္ဒသေဉ္စတနာလောကေ၊
ဂန္ဓသေဉ္စတနာလောကေ၊
ဖေါဋ္ဌဗ္ဗသေဉ္စတနာလောကေ၊
ဓမ္မသေဉ္စတနာလောကေ ပိယရူပံသာတရူပံ၊
ဧတ္တေသာ တဏှာဥပ္ပဇ္ဇမာနာဥပ္ပဇ္ဇတိ၊
ဧတ္ထနိဝိသမာနာနိဝိသတိ။
ဒီစေတနာတွေပေမဲ့ စေတနာနောက်ကနေပြီး တဏှာလိုက်တယ်ကွ တဲ့ (မှန်ပါ့) သတိပဋ္ဌာန်ပါဠိတော် (မှန်ပါ့)။
ဧတ္ထေသာတဏှာ ပဟီယမာနာ ပဟီယတိ=သူ့ကို အနိစ္စရှုမှ သူ့နောက်ကတဏှာသေမှာတဲ့သူဟာ အနိစ္စတရား မို့ အနိစ္စမြင်အောင် ရှုရမယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ဒါ သတိပဋ္ဌာန်ပါဠိတော် (မှန်ပါ့) သုတ်မဟာဝါ မှာလဲ ပါတယ်၊ မူလပဏ္ဏာသပါဠိတော်မှာလဲပါတယ် သတိပဋ္ဌာန် ပါဠိတော်က (မှန်ပါ့)။
ဒီစာအုပ်ကလေးနဲ့ ထုတ်နုတ်ထားတာကတော့ သွားမပြောကြနဲ့ အဲဒါလောက်ဆိုရင် ခင်ဗျားတို့ ပေါ့နေကြမယ် သုတ်မဟာဝါမူလပဏ္ဏာသတို့မှာ လာတယ်၊ အဲဒီကဟာကို စာအုပ်ကလေးတွေက ထုတ်ရေးထားတာ (မှန်ပါ့)။
ဒီစေတနာဟာလဲ အနိစ္စတရား
ကဲ ဒါဖြင့် ဒီစေတနာဟာလဲ အနိစ္စတရားဆိုတာ သေချာသွားပြီ (မှန်ပါ့) ပြီးတော့ သဗ္ဗေ ဓမ္မာ အနတ္တာထဲလဲ ဦးမာဒင်ထည့်လိုက်တော့ သူကို သဗ္ဗေ ဓမ္မာ အနတ္တာထဲကကိုး (မှန်ပါ့) သူက ဘာတုံး (သဗ္ဗေ ဓမ္မာ အနတ္တာပါ ဘုရား) ဒါဖြင့် လိုက်နိုင်ပါ့မလား (မလိုက်နိုင်ပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကောင်းပါပြီ ဒါဖြင့် ဒီနေ့နာလိုက်ရတဲ့အတွက် ဧကစ္စသဿတ ဒိဋ္ဌိပြုတ်ပါတယ် (မှန်ပါ့ ဘုရား) သူလဲ မလိုက် ပါတော့ဘူး (မှန်ပါ့ မလိုက်ပါ ဘုရား) သူမလိုက်တော့ သူလဲမလိုက်ပါဘူး (မှန်လှပါ) သူလဲ တစ်ဘဝမှ တစ်ဘဝသို့ ခန္ဓာမလိုက်တာ (မှန်ပါ့ ဘုရား) စေတနာတရားဟာလဲ တစ်ဘဝမှတစ်ဘဝသို့ မလိုက်နိုင်ပါဘူး (မှန်ပါ့) ဦးထွန်းမွှေး ဒီလိုယူရမယ် (မှန်ပါ့)။
ဒါဖြင့် မလိုက်လို့ရှိရင် ဒါမလိုက်တော့ ခင်ဗျားတို့ကလဲ အတော်ကို ဆရာသမား မကူရင်မရမည့်လူတွေ၊ မရလို့ရှိရင် ဒါနဲ့ဒါပြတ်ပြီ (မှန်ပါ့) ဥစ္ဆေဒဒိဋ္ဌိတက် ခင်ဗျားတို့ကပြေးတယ် (ပြေးပါတယ် ဘုရား)။
ပြေးပြန်ပြီ ဟာ မလိုက်ဘူးတဲ့ဟေ့ မလိုက်ရင်အလကားပဲကွ၊ လုပ်တာတွေ (မှန်ပါ့) မလိုက်ရင်အလကားပဲ ဆိုတော့ ခင်ဗျားတို့ ဘယ်ဘက်ပြေးသွားသတုံး (ဥစ္ဆေဒဒိဋ္ဌိဘက်ပြေးပါတယ် ဘုရား)။
သွားပြန်တာပဲ ခင်ဗျားတို့ကလဲ စောင်းချင်လျက် ကိုးဗျ၊ နဂိုကမှ ထည့်နိုင်လို့ သင့်ရုံကလေးနေတာ ပြန်စောင်း၊ သွားပြန်တာပဲ (မှန်ပါ့ ဘုရား)။
နဂိုရ်က ကိုယ့်အားကိုယ်မနိုင်လို့ ယိမ်းရတဲ့အထဲမှာ လက်နှစ်ခု အမြဲမြှောက်ကိုင်ထားရတဲ့ ကလေးလို ဖြစ်နေတာ (မှန်ပါ့) ဒီလက်လွှတ်လိုက်ရင် ကလေးကလဲတော့မှာကိုးဗျ (မှန်ပါ့) ဒီလက်လွှတ်လိုက်ရင် ကလေးကလဲတော့မှာကိုးဗျ ဒီအဓိပ္ပါယ်ရောက်နေတယ် (ရောက်နေပါတယ် ဘုရား) ဆရာဝန်ကြီး သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကဲအခုဘယ်ဘက်ပြေးသွားပြန်သတုံး (ဥစ္ဆေဒဘက်ပြေးသွားပါတယ် ဘုရား) အဲဒါဖြေရှင်း ပေးရဦးမယ် (မှန်ပါ့) ဒါမဖြေရှင်းရင် ခင်ဗျားတို့ ဧကစ္စသဿတဒိဋ္ဌိနဲ့သဿတဒိဋ္ဌိရိုးရိုးနဲ့ ခင်ဗျားတို့ယှဉ်ပြီး ဥစ္ဆေဒပြန်ငြိတယ် (မှန်လှပါ ဘုရား)။
ဟောတိုင်း ဒိဋ္ဌိဖြစ်နေတယ်
ဒါကြောင့် ဒိဋ္ဌိနားမလည်ရင် တရားဟောဖို့ မလွယ်ဘူး (မှန်လှပါ) တရားဟောရင် ဟောတိုင်း ဒိဋ္ဌိဖြစ်နေတယ် (မှန်လှပါ) မရှင်းလဲ မရှင်းတော့ဘူး၊ ကိုယ်ကိုယ်တိုင်လဲ ဒိဋ္ဌိဖြစ်သွားတယ် (မှန်ပါ့) ကဲ သဘောပါပြီလား (ပါပါတယ် ဘုရား)။
ကဲ ဒါဖြင့် ဒီလိုလုပ်ကြပေတော့ မနေ့ကပါဠိတော်ကိုနော် (မှန်ပါ့) ဆောင်သိရမည့် ဒေသနာတော်က သုတ္တန် ဒေသနာတော် တိုက်ရိုက်သိရမည့် ဒေသနာက အဘိဓမ္မာဒေသနာတော် ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဆောင်သိရမှာက (သုတ္တန်ဒေသနာတော်ပါ ဘုရား) တိုက်ရိုက်သိရမှာက (အဘိဓမ္မာဒေသနာတော်ပါ ဘုရား) အဲ ခန္ဓာက အဘိဓမ္မာဖြစ်ပါတယ် (မှန်ပါ့ ဘုရား)။
ခန္ဓာကဘာတုံး (အဘိဓမ္မာပါ ဘုရား) ဒါဖြင့် အဘိဓမ္မာကို အမှန်ယူကြစို့ (မှန်ပါ့) ဟိုဟာလဲ မမှန်ဘူးလား၊ မှန်တယ် ဆောင်ဟောထားတာ (မှန်ပါ့ ဘုရား)။
ဆောင်ပြီး ဒီအဘိဓမ္မာတက်ရောက်အောင်ယူလိုက်ရင် ကိုက်တယ် (ကိုက်ပါတယ် ဘုရား) ရောက်အောင် မယူတတ်လို့ရှိရင် ဒိဋ္ဌိခံတယ် (မှန်ပါ့ ဘုရား) သဘောပါပြီလား (ပါပါပြီ ဘုရား)။
ကဲ ဒါဖြင့်ခင်ဗျားတို့ ပဋ္ဌာန်းသွားကြည့်ဆိုတော့ ဒါဘယ်သူ့မှ မငဲ့ဘဲနဲ့ဟောပြီ (မှန်ပါ့) အဲဒီကျတော့နော် (မှန်ပါ့) အနန္တရပစ္စယော ရပြီလား (မှန်ပါ့ ဘုရား)။
ဘာတဲ့တုံး (အနန္တရပစ္စယောပါ ဘုရား) ဒါလောက်ရသေးတာကိုး အနန္တရပစ္စယောတော့ ရပါသေးတယ်တဲ့ ဒါကလဲ အန္တရာယ်ကင်းအောင်ဆိုပြီး ကျက်ထားလို့ရတာ (မှန်ပါ့ ဘုရား)။
အကြောင်းအကျိုးဆက်ပြီး သိတာမဟုတ်ဘူး (မဟုတ်ပါ ဘုရား) အန္တရာယ်ကင်းအောင်ဆိုပြီး တိုင်စိုက်ရွတ် တာပါ (မှန်ပါ့ ဘုရား)။
ဘုရားကို တိုင်စိုက်တဲ့ဟာမျိုးပါ၊ ဘုရားကို တိုင်စိုက်တဲ့ လူတွေက ရှိသေးတယ်၊ (၂၄) ပစ္စည်း စည်းချအိပ် ဆိုတဲ့ လူတွေကဟင် (ရှိပါတယ် ဘုရား)။
ရှိတယ် (၂၄) ပစ္စည်း စည်းချအိပ်ဆိုတာ ခင်ဗျားတို့ကကြားဘူးကြရဲ့လား (ကြားဘူးပါတယ် ဘုရား) ဘာလုပ် တာတုံး ဘုရား အစောင့်ခိုင်းတာလား။
အခြားမရှိဘူးဆိုတော့
ကိုင်း ဒါဖြင့် အနန္တရပစ္စယောအခြားမရှိမူ၍ ကျေးဇူးပြုတယ့်အကြောင်းနဲ့ အကျိုးကြားထဲမှာ အခြားမရှိရဘူးတဲ့ (မှန်ပါ့) အခြားမရှိဘူးဆိုတော့ ကြားထဲ ဓမ္မတစ်ခုမဝင်ဘူးပေါ့ဗျာ (မှန်ပါ့) ဒါအနန္တရပစ္စယောဘဲနော် (မှန်ပါ့ ဘုရား)။
ကဲ တစ်ခါ အကျယ်ဟောလိုက်တယ်ဒီက၊ အန္တရနိရုဒ္ဓါဆိုတော့ ဒါကကံနော် (မှန်ပါ့) ဒါကအကျိုးပေး (မှန်ပါ အကျိုးပေးပါ ဘုရား)။
အနန္တရနိရုဒ္ဓါ=အခြားမရှိ ချုပ်လေပြီးသော တဲ့၊ သူချုပ်တယ်ကွ တဲ့ (မှန်ပါ့) ဘယ်သူတုံးမေးတော့မှ စိတ္တစေ တသိကာတဲ့ (မှန်ပါ့)။
ချုပ်လို့ပေါ်တာ၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) အနန္တရနိရုဒ္ဓါစိတ္တ စေတသိကာတဲ့၊ သူချုပ်တယ်ကွ တဲ့၊ မလိုက်ပါဘူး-တဲ့၊ ပါနေပြီ သူဟာ (မှန်ပါ့) တိုက်ရိုက်ဟောချတာကိုးဗျ၊ ဒါ ခင်ဗျားတို့ မှားမှာစိုးလို့ (မှန်ပါ့) ခုနင်က ဥစ္ဆေဒဘက်ပြေးမှာစိုးလို့ (မှန်ပါ့)။
ပဋုပ္ပန္နာနံတဲ့=နောက်အလားတူ ပေါ်လိမ့်မည်ကွ တဲ့၊ လုပ်တုန်းက ဒါ စေတနာနဲ့ ရုပ်နာမ် နောက်ပေါ်လာတဲ့ အခါကျတော့ သူ့စေတနာနဲ့ သူ့ရုပ်နာမ်ပေါ်တာပဲ (မှန်ပါ့ ဘုရား) အလားတူ ပေါ်တယ်တဲ့ (မှန်ပါ့ အလားတူပေါ်ပါတယ် ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ချုပ်လဲချုပ်တယ် အလားတူလဲ ပေါ်တယ်ဆိုတော့ သိတဲ့အတိုင်းပဲ မလိုက်တာလဲ သေချာတယ် (မှန်ပါ့) အကျိုးပေးလဲ ဟုတ်တယ် (မှန်ပါ့) မလိုက်လဲ မလိုက်ဘူး (မှန်ပါ့မလိုက်လဲ မလိုက်ဘူး အကျိုးလဲ ပေးပါတယ် ဘုရား) အလားတူထပ်ပြီး ပေါ်တာကိုဆိုတာ တဲ့၊ လိုက်တယ်လို့ ဘုရားမဟောပါဘူး (မှန်ပါ့) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
အလားတူတော့ ပေါ်သေးတယ်ကွ
လိုက်ရဲ့လား (လိုက်တယ်လို့မဟောပါ ဘုရား) အနန္တရနိရုဒ္ဓါလို့ ပါနေပြီ၊ အနန္တရဆိုတော့ အရင်လုပ်ထားတဲ့ တရားက နိရုဒ္ဓါ ချုပ်ပါပြီကွာ တဲ့၊ ဘယ်သူတုံး ဆိုတော့မှ စိတ္တစေတသိကာဆိုတော့ မကုန်သေးဘူးလား စိတ်စေတသိက် ဆိုတော့ ဘာကျန်သေးသတုံး (ဘာမှမကျန်တော့ပါ ဘုရား)။
နို့ ချုပ်သွားလို့ရှိရင် ဘာမှ ထပ်မဖြစ်တော့ဘူးလား ဆိုတော့ ပဋုပ္ပန္နာနံ တဲ့၊ အလားတူတော့ ပေါ်သေးတယ်ကွ တဲ့ ဒါ (မှန်ပါ့)။
သရက်စေ့ စိုက်လိုက်တော့ကို ဒီသရက်ပင်က သရက်စေ့စိုက်လိုက်တယ်၊ စိုက်လိုက်တော့ အရင်သရက်ပင် လိုက်သေးသလား (မလိုက်ပါ ဘုရား) အလားတူတော့ ပေါ်တယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) ဒီသရက်စေ့ တော့ မပါဘူး၊ အလားတူတော့ပေါ်တယ် (မှန်ပါ့) ဒီသရက်စေ့စိုက်တော့ ဒီသရက်ပင် ဒီသရက်သီးမျိုးပေါ် မပေါ် (ပေါ်ပါတယ် ဘုရား) ဒီက သရက်စေ့ကတော့ (မလိုက်ပါ ဘုရား) ဒီသရက်ပင်ကော (မပါပါ ဘုရား) ဒီမှာချုပ်တာပဲ (မှန်ပါ့)။
ဒီလိုယူပါ၊ ဒါမှ ဘုရားကို မင်းတို့မစွပ်စွဲမယ်၊ နို့မဟုတ်လို့ရှိရင် မင်းတို့ တစ်ခြမ်းနဲ့ဆိုရင် ဘုရားစွပ်စွဲမယ်၊ ဘုရားက မလိုက်ဘူးဟောတယ်၊ တချို့ကလိုက်တယ်, ဟောပြန်တယ်၊ ကိုယ်တော်မြတ်ကြီးကို သွားပြီ ဂွတိုက်တာ (မှန်ပါ့) ဒီလိုရင်လဲ မင်းတို့ ငါဘုရား စွပ်စွဲလိမ့်မယ်-တဲ့၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် တကယ် လိုက်သလားလို့မေးတော့ (မလိုက်ပါ ဘုရား) အကျိုးမပေးဘူးလားမေးတော့ (ပေးပါတယ် ဘုရား) ဒီလိုယူပါ၊ ဟုတ်လား (မှန်ပါ)။
မလိုက်မှန်း သိတော့လဲ
မလိုက်မှန်း သိတော့လဲ သဿတဒိဋ္ဌိနဲ့ ဧကစ္စ သဿတဒိဋ္ဌိ ပြုတ်ပါတယ်နော် (မှန်ပါ့) အလားတူ အကျိုး ပေးပါတယ် ဆိုတော့လဲ ဥစ္ဆေဒဒိဋ္ဌိပြုတ်ပါတယ် (မှန်ပါ့)။
ကဲ ဒိဋ္ဌိဘယ်နှစ်မျိုး ပြုတ်သွားသလဲ (နှစ်မျိုးပါ ဘုရား) နှစ်မျိုးပြုတ်တယ် သဿတဒိဋ္ဌိရော, ဥစ္ဆေဒဒိဋ္ဌိရော ပြုတ်တယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။