12601

မာတိကာသို့

ကံကို အတ္တယူသော ရဟန်းတစ်ပါး

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ မင်္ဂလာတိုက်၌ ဟောကြားတော်မူအပ်သော

ကံကို အတ္တယူသော ရဟန်းတစ်ပါး၊

မဟာပုဏ္ဏမသုတ်တော် အခြေပြုသည့်

နေ့အလုပ်ပေးတရားတော်

(၂၁-၉-၆၁)

ဒီဥပါဒါနက္ခန္ဓာ ဘယ်သူ့ကြောင့် ဖြစ်သတုံး

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေတော်မူတယ်၊ ရဟန်းငါးရာကို တစ်ပါးကခေါင်းဆောင်ပြီး ကြွလာတယ်၊ လပြည့်နေ့ကြီးလဲ ဖြစ်တယ်၊ လပြည့်နေ့ကြီးလဲ ဖြစ်နေတော့ ခေါင်းဆောင်က ရဟန္တာ၊ နောက်က ရဟန်းတွေက ပုထုဇဉ် သူ့တပည့်တွေ၊ ဒါနဲ့ဘုရားဆီကို သူက လျှောက်တယ် အရှင်ဘုရား ပုစ္ဆာကလေးတွေ မေးပါရစေတဲ့၊ စပြီး သူကလျှောက်တယ်။

အေး မေးတာပေါ့ကွာ မင်းနေရာမင်း သွားထိုင်ပြီး မေးတာပေါ့၊ ဒီလို ဘုရားက ခွင့်ပေးလိုက်တော့ သူက သိပြီးသား မေးတာပါပဲ အရှင်ဘုရား ဥပါဒါနက္ခန္ဓာဆိုတာ ရုပ်ဝေဒနာသညာ သင်္ခါရ ဝိဉာဏ်ကို ဆိုတာဘဲ မဟုတ်ဘူးလား ဘုရာ့၊ အေး ဟုတ်တယ်တဲ့။

နို့ ဒီဥပါဒါနက္ခန္ဓာ ဘယ်သူ့ကြောင့် ဖြစ်သတုံးဘုရား ဆန္ဒကြောင့် ဖြစ်တယ်ကွာ၊ တဏှာကြောင့် ဖြစ်တာ ပါကွာလို့ ဘုရားက ဖြေလိုက်တယ်။

ဒါဖြင့် ခန္ဓာနဲ့ ဥပါဒါန် ဘာထူးသတုံးတဲ့၊ အို ခန္ဓာကတခြား၊ ဥပါဒါန်က တခြားပေါ့ကွာ ခန္ဓာစွဲမှ ဥပါဒါန် ဖြစ်ပါတယ်။

ဒီလိုဆက်ပြီးမေးရာက နောက်ကျတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို သူက ဆက်မေးတယ်။

ကထံ ပန ဘန္တေ ဇာနတော ပဿတော အတံကာရ မမံကာရ မာနာနုသယာနဟောန္တိတဲ့။

ဘယ်လိုသိလို့ ဘယ်လိုမှတ်မှသာလျှင်

အရှင်ဘုရား တဲ့၊ ဘယ်လိုသိလို့ ဘယ်လိုမှတ်မှသာလျှင် တဏှာမာန ဒိဋ္ဌိမဖြစ်မှာလဲတဲ့၊ ဒါကိုမေးလိုက်တယ်။

ခန္ဓာငါးပါးတို့ကို ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာမဟုတ်ဘူးလို့ ရှုနိုင်လို့ရှိရင် တဏှာ မာန ဒိဋ္ဌိ သေပါတယ်တဲ့ (မှန်ပါ့ ဘုရား)။

တဏှာ မာန ဒိဋ္ဌိ သေအောင် ရှုနည်းဖြင့် ဒကာ ဒကာမတွေမှတ်ဖို့ရာက ငါ့ကိုယ်လဲ မဟုတ်အောင်ရှု၊ ငါ့ဟာလဲ မဟုတ်အောင်ရှု၊ ငါ့ဥစ္စာလဲ မဟုတ်အောင်ရှုနိုင်ရင် တဏှာ မာန ဒိဋ္ဌိ သေတာဘဲ (မှန်ပါ့) သဘောကျရဲ့နော် (မှန်ပါ့ ဘုရား)။

တဏှာ မာန ဒိဋ္ဌိ သေအောင် ဘယ်လို ရှုရမလဲလို့ဆိုတော့ ခန္ဓာငါးပါးဟာကွာတဲ့ ပစ္စုပ္ပန်ဖြစ်ဖြစ်၊ အတိတ် ဖြစ်ဖြစ်၊ အနာဂါတ်ဖြစ်ဖြစ် ခန္ဓာတွေရှိပါတယ်၊ အဲဒီခန္ဓာငါးပါးကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာမဟုတ်အောင် ရှုရင် ပြီးတာဘဲတဲ့ (မှန်ပါ့) ပါဠိလိုတော့ နေတံ မမ နေသော ဟမသ္မိ နမေ သော အတ္တာ ပါဘဲတဲ့၊ ဒါပုဏ္ဏမသုတ်လို့ ခေါ်သည်။

ခန္ဓဝဂ္ဂသံယုတ်မှာလဲ လာတယ်၊ ပဏ္ဏာသမှာလဲ လာတယ်၊ ဒီသုတ်ထပ်နေတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီဒကာ ဒကာမတွေ တဏှာ မာန ဒိဋ္ဌိ သေချင်လို့ရှိရင် ခန္ဓာငါးပါးတို့ကို ဖြစ်ပျက် မြင်အောင် ရှုပါ (မှန်ပါ့) ထိုကဲ့သို့ရှုရင်တော့ဖြင့် ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာတော့ မရှိပါဘူး (မှန်ပါ့) သဘောကျပြီနော် (ကျပါပြီ ဘုရား)။

ခန္ဓာငါးပါးကို ရှုတဲ့အခါ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာလို့ မစွဲလန်းလို့ရှိရင် တဏှာ မာန ဒိဋ္ဌိ ပြုတ်တာဘဲကွ၊ ဘုရားက ဟောလိုက်တယ် (မှန်ပါ့ ဘုရား)။

ရဟန်းတစ်ပါးက ဗွေဖောက်လာတယ်

ဟောလိုက်တော့ အဲဒီအထဲမှာ ရဟန်းတစ်ပါးက ဗွေဖောက်လာတယ် (မှန်ပါ့) ဘယ်လို ဗွေဖောက်လာသတုံးလို့ မေးတဲ့အခါမှာ သူက ရဟန်းတွေကို တိုင်ပင်တယ်။

ဣတိကိုရ ဘောရူပံအနတ္တံ၊ တော အချင်းတို့ ရူပံ ရုပ်တရားသည် (ဝါ) ရူပက္ခန္ဓာသည်၊ ဣတိကိရအနတ္တံ ဤသို့ အကယ်၍ ငါမဟုတ်ခဲ့သည်ရှိသော်၊ ထို့အတူဘဲ ဝေဒနာ သညာ သင်္ခါရဝိဉာဏ်လဲ ငါမဟုတ်ခဲ့သည်ရှိသော်၊ အနတ္တကတာနိ ငါမဟုတ်သဖြင့် ပြုအပ်သော၊ ကမ္မာနိ-ကုသိုလ်ကံ အကုသိုလ်ကံတို့သည် ကမ္မတ္တာနံ ကံသာလျှင် မိမိ ဥစ္စာအဖြစ်သို့၊ ဖုသန္တိ ရောက်ရတော့မှာပဲ (မှန်ပါ့) ခန္ဓာငါးပါး အကုန်လုံး အနတ္တလို့ ဘုရားက ဟောတော့ ငါ့ရှင်တို့ ကံကို ကိုယ့်ဥစ္စာလုပ်တာပေါ့တဲ့ (မှန်ပါ့) ဆိုတော့ ဦးမာဒင် ရိပ်မိပြီ လွဲကုန်ပြီ (မှန်ပါ့) ခန္ဓာငါးပါးမှာ ဣတိကိရဘော ရူပံ အနတ္တာ ဝေဒနာ အနတ္တာသညာ အနတ္တာ သင်္ခါရာအနတ္တာ ဝိညာဏံအနတ္တာ အနတ္တာကဘာနိ ကမ္မာနိ ကမ္မာနိ ကမ္မတ္တာနံ ဖုသိဿန္တိ ဒါသူမှတ်တဲ့ ဥစ္စာ (မှန်ပါ့ ဘုရား)။

တောအို အချင်းတို့တဲ့၊ ဒီအထဲမှာ ဗွေဖောက်တဲ့ရဟန်းက သူ့မိတ်ဆွေတွေကိုခေါ်လိုက်တယ်၊ အစည်းအဝေး၊ ဖွင့်လိုက်တယ် (မှန်ပါ့) ရူပံ ရူပက္ခန္ဓာသည်၊ ဣတိကိရအနတ္တာ ဤသို့ အကယ်၍ ငါမဟုတ်ခဲ့လို့ရှိရင်၊ ရုပ်တရား ငါမဟုတ်ခဲ့လို့ရှိရင်၊ (လ) စိတ်တရား ငါမဟုတ်ခဲ့လို့ရှိရင်၊ အနတ္တာကထာနိ ကံသာလျှင် မိမိဥစ္စာအဖြစ်သို့၊ ဖုသိဿန္တိ ရောက်ရတော့မှာဘဲတဲ့ (မှန်ပါ့) ဘာမှ ငါမဟုတ်လို့ရှိရင် ကံကိုဘဲ ဒို့လုပ်ကြစို့တော့တဲ့ ဘုရားက သိတော်မူတယ် (မှန်ပါ့ ဘုရား)။

ယံ ဣဓေကစ္စော မောဃပုရိသော အဝိဒွါ အဝိဇ္ဇာဂတော တဏှာဓိပတေ ယျေန စေတသာသတ္ထုသာသနံ အတိဓါဝိတဗ္ဗံမညေ။

ငါဟောတဲ့တရားကို လွန်ပြေးပြီးဟေ့တဲ့

ငါဟောတဲ့တရားကို လွန်ပြေးပြီးဟေ့တဲ့ (မှန်ပါ့) ဒီအဓိပ္ပါယ်ဟာ အင်မတန်မှ အရေးကြီးတယ်ဆိုတာ (မှန်ပါ့) ဘယ်လိုကြောင့် ဒီလောက် အရေးကြီးတယ်လို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဒီအထဲမှာကွာတဲ့ ပညာမရှိတဲ့ ရဟန်းတစ်ပါး ပါနေတယ်တဲ့ (မှန်ပါ့) အဝိဇ္ဇာဂတောတဲ့ အဝိဇ္ဇာက သူ့မှာလွှမ်းမိုးနေတယ်တဲ့၊ တဏှာဓိပတေယျေန စေတသာ ဘဝတဏှာက ကြီးစိုးနေတယ်၊ ဘဝလွတ်သွားမှာ သိပ်စိုးရိမ်နေတယ်တဲ့၊ သဿတဒိဋ္ဌီတစ်ပါး ပါနေတယ် (မှန်လှပါ ဘုရား) သတ္ထုသာသနံ ငါဘုရားဆုံးမတာကို အကုန်အနတ္တဆိုတာကို သူက၊ အတိဓါ ဝိတဗ္ဗံ မညေ၊ လွန်ပြီး သကာလ ကံကို ငါယူမှ တောမယ်တဲ့ (မှန်ပါ့) ဒီလိုယူလိုက်တယ်ကွတဲ့ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒီသုတ်ကို ဘုန်းကြီးက ဒီဒကာ ဒကာမတွေ ထုတ်ဖော်ပြောခြင်းသာ ခင်ဗျားတို့အလွဲကြီး လွဲနေတဲ့ အယူမှားကြီးကို ဖျောက်ချင်လို့ တက်လာတာလို့မှတ်ပါ (မှန်လှပါ ဘုရား)။

အို ကံအမိကံအဖပဲ ငါ့ဥစ္စာဘဲ၊ ဒီလိုယူလေ့ရှိတယ်၊ ဒို့ဗုဒ္ဓဘာသာတွေမှာ (မှန်ပါ့ မယူဘူးလား (ယူပါတယ် ဘုရား) ကံအမိကံအဖ လူသွားရာအရိပ်ပါသလိုပဲ၊ ကံဘဲ (မှန်ပါ့) “ဆာယာဝအနုပါယိနိ” လို့ ဓမ္မပဒမှာလဲ ဟောထား တယ် ကမ္မံသတ္တေဝိဘဇတိ။ ဟိနပဏိတ ဘာဝါယ နစိန္တာယ သမိဒ္ဓိနောလို့ ဟောထားတဲ့ နေရာတွေလဲရှိတယ်၊ ကံဘဲနောက်ကလိုက်နေတာပဲ၊ ကံအမိကံအဖပဲ၊ ကံပြုပြင်သလိုခံဘို့ဘဲ (မှန်ပါ့) ကံကနောက်ကမသေဘဲနဲ့ လိုက်နေတယ် ဒီအဓိပ္ပါယ် ယူကြတယ် (မှန်ပါ့) မယူကြဘူးလား (ယူကြပါတယ် ဘုရား)။

သဿတဒိဋ္ဌိ သွားဖြစ်တယ်

အဲဒါဒကာကြီး ဦးမာဒင်တို့ကမှတ်ရမယ်၊ အသက်လဲကြီးပါပြီ၊ ဒါက ဒကာကြီး ဦးမာဒင်က ဝိဉာဉ်ချုပ်ပြီး သကာလ နတ်ပြည်ရောက်တယ်၊ လောကီ ဥပမာ ကံကလဲ တစ်ခါတည်းနောက်က လိုက်နေတယ်၊ သူ့နောက်တောင် ရှောက်နေတယ်ဆိုတော့ သဿတဒိဋ္ဌိ သွားဖြစ်တယ် (မှန်ပါ့) ဘယ့်နှယ်တုံး (သဿတဒိဋ္ဌိ ဖြစ်ပါတယ် ဘုရား)။

အားလုံးအနတ္တဘဲ သဗ္ဗေဓမ္မာအနတ္တာဆိုတယ် (မှန်ပါ့) ဒါလိုက်နိုင်စရာရှိရဲ့လား (မရှိပါ ဘုရား) ဒီတွင်ဘဲ ချုပ်နေခဲ့တယ် (မှန်ပါ့) လူ့ပြည်မှာပြုရင် လူ့ပြည်မှာတွင် ချုပ်ပျောက်ရတယ် (မှန်ပါ့ ဘုရား)။

ဟာ ဘယ်သွားမတုံးကွ ငါ့နောက်က လိုက်မှာပေါ့တဲ့ ဒကာကြီးတို့ယူထားတာက (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိ ပါပြီ ဒီလိုပဲယူထားပါတယ် ဘုရား)။

ဒီလိုဘဲသွားတော့ အခုကြည့်စမ်း ဒကာကြီးဟာ လူ့ပြည်က စုတေပြီး နတ်ပြည်သွားတယ်၊ ကံကလိုက်ပြီး စောင့်ရှောက်တယ်၊ ကံပျက်စီးသေးတဲ့အဓိပ္ပါယ်ပါကလား ကံက သဿတခိုင်မြဲတဲ့ အဓိပ္ပါယ် ရောက်နေသလား (သဿတ ခိုင်မြဲတဲ့အဓိပ္ပါယ်ရောက်နေပါတယ် ဘုရား) သူကလိုက်ဆက်နေတယ် (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် ဘဝတဏှာ ကြီးစိုးတဲ့ပုဂ္ဂိုလ်သာလျှင် ငါ့ဥစ္စာလို့ ယူရတော့မှာဘဲ၊ အလုံးစုံအနတ္တဆိုရင်ဖြင့် ကံဘဲ ငါ့ဥစ္စာယူဘို့ဘဲရှိတော့တယ်လို့ ရဟန်းက ကြံလိုက်တယ် (မှန်ပါ့ ဘုရား)။

ကြံလိုက်တော့မှဘုရားက ဣဓ ဤလောက၌၊ ဧကစ္စော အချို့သော အဝိဒွါ ပညာမရှိသော၊ အဝိဇ္ဇဂတော အဝိဇ္ဇာ ဦးစီးသော၊ တဏှာဓိပတေယျေန ဘာတဏှာသည် ကြီးစိုး၍နေသော၊ ဘိက္ခု ရဟန်းသည်၊ အဘိဓါဝိတဗ္ဗံ မညေ ကံဘဲငါ့ဥစ္စာရှိတော့တယ် နောက်ကလိုက်တာ ကံဘဲရှိတော့တယ်ဆိုပြီး အလွဲယူလိုက်တယ်ကွတဲ့ (မှန်ပါ့) သဿတ ဒိဋ္ဌိဘက်ပြေးသွားတယ် (မှန်ပါ့ ဘုရား)။

ဒါကြောင့် တရားဟောပေမဲ့ လိုက်ဟောတဲ့အထဲက ဒိဋ္ဌိပါနေတာကို မသိလိုက်ဘူး (မှန်ပါ့) ဒါကြားရခဲတဲ့ တရား ဒီသုတ်က လူတွေ့နဲတယ် (မှန်ပါ့ ဘုရား)။

ဟောထားတာက အချို့နေရာမှာ ဆာယာဝအနုပါယိနီ (မှန်ပါ့) ဆာယာဝ အရိပ်ကဲ့သို့ အနုပါယိနီ အစဉ် တစိုက်လိုက်၏လို့ဟောထားတယ်(မှန်ပါ့)စက္ကံဝ-ဝဟတောပဒံ နွားသွားတဲ့နောက်ကို လှည့်ဘီးလိုက်တယ် ကံ လိုက်နေ တယ်ပေါ့လေ(မှန်ပါ့ ဘုရား)။

နေယျတ္တဆောင်ပြီး သိရမှာ

အဲဒါက မဝေဖန်တတ်လို့ ဝေဖန်ဘို့ရာ ကျန်သေးတယ်တဲ့ အခုပြောလိုက်တာက(မှန်ပါ့) နေယျတ္တဆောင်ပြီး သိရမှာ ကို တိုက်ရိုက်ယူပစ်လိုက်တယ်(မှန်ပါ့) ဪ ကံဟာဒီတွင်ပျက်စီးတာဘဲ၊ ဘယ်လိုက်နိုင်လိမ့်မလဲ(မှန်ပါ့ ဘုရား)။

ဘုရားက ဒီဥစ္စာအဟောသိကံ ဖြစ်မှာစိုးလို့ သူတို့ကိုပေါ်လွင်အောင်လို့ ဟောတဲ့တရား၊ ဆောင်ပြီးသိရသည့် တရား၊ တကယ်တမ်း ကံဒြပ်ကြီးက မလိုက်နိုင်ဘူး(ရှင်းပြီလား ရှင်းပါပြီ ဘုရား)။

ဒါများ သောအားဖြင့် အပေါ်ယံနဲ့ ဟောနေကြတာ(မှန်ပါ့) အပေါ်ယံနဲ့ ဟောနေကြတာ(မှန်ပါ့) မင်ဟာဘယ် သွားမလို့တုံး မင်းနောက်လိုက်မှာပေါ့(မှန်ပါ့) မဟောဘူးလား(ဟောပါတယ် ဘုရား) နားရည်ဝနေတော့မယ်(မှန်ပါ့) မဝကြသေးဘူးလား ဝ-ပါတယ်ဘုရား အမယ်လေး ဝ-တာတွေက အန်ပစ်မှရမယ်(မှန်ပါ့ ဘုရား)။

မဟုတ်ဘူးတဲ့ ဒါဟာ နေယျတ္တဆောင်ဟောထားတာ ကြည်ညိုဘွယ်လည်းဖြစ်အောင် ဟုတ်လား(မှန်ပါ့) နိတ္တဆိုလို့ရှိရင် တိုက်ရိုက်ယူမယ်ဆိုရင် ပြုတဲ့နေရာမှာ ဒီကံဟာ အနိစ္စရောက်တယ်၊ ကံလဲ အနိစ္စတရားဘဲ(မှန်ပါ့) သင်္ခါရတရားကို သဗ္ဗေသင်္ခါရာအနိစ္စကိုး(မှန်ပါ့) သဗ္ဗေသင်္ခါရဒုက္ခ၊ သဗ္ဗေဓမ္မာဘနတ္တ၊ သူဘနတ္တမဟုတ်ဘူးလား(မှန်ပါ့) ကံကလည်း နောက်တရားမဟုတ်ဘူးလား(မှန်ပါ့)။

စေတနာကို ကံခေါ်ကြတာကိုး

စေတနာ ဟံဘိက္ခဝေကမ္မံဝဒါမိဆိုတာ စေတနာကို ကံခေါ်ကြတာကိုး (မှန်ပါ့) ဒါကဘာ တရားခေါ်ကြမယ် အတ္တလား၊ အနတ္တလား (အနတ္တပါ ဘုရား) အနတ္တဖြင့် ဒီတွင်ချုပ်ပြီးပျောက်ရမယ် နတ်ပြည်ကို မလိုက်နိုင်ဘူး(မှန်ပါ့) ဗြဟ္မာပြည်ကော(မလိုက်နိုင်ပါ ဘုရား) မလိုက်နိုင်ဘူး လိုက်ရင် သဿတဒိဋ္ဌဖြစ် မယ်(မှန်ပါ့) လိုက်ရင် ဘာဖြစ်မလဲ (သဿတဒိဋ္ဌိဖြစ်သွားပါတယ် ဘုရား) သဿတဒိဋ္ဌိဖြစ်မယ်တဲ့၊ အဲဒီတော့ သဿ တဒိဋ္ဌိ ဟောနေကြတယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီး ဘုရား) ဘာဟောနေသတုံး (သဿတဒိဋ္ဌိဟောနေပါတယ် ဘုရား) ခင်ဗျားတို့နားလဲ သဿတဒိဋ္ဌိကို ဝနေတာပဲ (မှန်ပါ့) ဒါကလေးအားကိုးပြီး သကာလ လဲ ရဲရဲတင်းတင်းဘဲ တစ်ခါတည်း ယုံယုံကြည်ကြည်လုပ်နေကြတာဘဲ (မှန်ပါ့) သဘောပါပြီလား (ပါပါပြီ)။

ရဟန်းကတော့ ဣတိကိရ တောရူပံ အနတ္တံ ဆိုပြီး ညှိလိုက်တယ်၊ ဟော အိုအချင်းသို့ ရူပံ ရုပ်တရားသည်၊ ဣဘိကိရ အနတ္တံ ဤသို့ အကယ်၍ အနတ္တဖြစ်ခဲ့လို့ရှိရင်(ပ) ဝေဒနာ ဝေဒနာသည် သညာ-သညာသည်၊ သင်္ခါရာ- သင်္ခါရသည်၊ ဝိဉာဏံ-ဝိဉာဏ်သညိ ဣတိကိရအနတ္တံ ဤသို့အကယ်၍ အနတ္တဖြစ်ခဲ့လို့ရှိရင် ငါ့ဥစ္စာမရှိခဲ့လို့ရှိရင် အနတ္တကတာနိ၊ ငါမဟုတ်သဖြင့် ပြုအပ်ကုန်သော ငါမဟုတ်ဘဲနဲ့ပြုထားတယ်၊ စေတနာကို ငါမဟုတ်ဘူးချည်းဆိုတယ် (မှန်ပါ့ ဘုရား)။

ကမ္မာနိ ကုသိုလ်အကုသိုလ်ကံတို့သည် ကမ္မတ္တာနံ ကံသည်သာ မိမိဥစ္စာအဖြစ်သို့ ဖုသန္တိရောက်ရကုန်၏။ ကံတစ်ခုထဲ အတ္ထကျန်တယ်၊ ကျန်တာတွေ အနတ္တဖြစ်ကုန်ပြီတဲ့(မှန်ပါ့ ဘုရား)။

ဒီလိုရဟန်းက ယူပစ်လိုက်တယ်၊ ဘုရားကအကုန်အနတ္တဟောလိုက်တော့(မှန်ပါ့ ဘုရား)။

သူက ဒါကလေးတစ်ခု အနတ္တယူပစ်လိုက်တယ်(မှန်ပါ့) ဒါကလေးမှအားမကိုးရလို့ရှိရင်လဲ ဘယ်မှာဟိုဘဝ ခံစားစရာရှိတော့မတုံး(မှန်ပါ့ ဘုရား)။

ဒါသွားအားကိုးလိုက်တာကိုး(မှန်ပါ့) ရိပ်မိပြီလား(ရိပ်မိပါပြီ) အဲဒီတော့ ငါဘုရားသခင် ကိုယ်တော်မြတ်ကြီး တရားဟောနေတုံးမှာ ဒီအထဲမှာ ဣမ-ဤတရားဟောရာဌာန၌၊ ဧကစ္စော-တစ်ယောက်သာ အဝိဒွါ-ပညာ မရှိသော၊ အဝိဇ္ဇာဂတော-အဝိဇ္ဇာကကြီးစိုးနေတယ်တဲ့(မှန်ပါ့) သူက အနတ္တကို သဘောမကျဘူး(မှန်ပါ့) တဏှာဓိပတေယျေန ဘဝတဏှာကို အင်မတန် နှစ်သက်နေတယ်တဲ့(မှန်ပါ့ ဘုရား)။

ဘာအားကိုးရမတုံးတဲ့

ဒီကံကလေးကမှ မလုပ်ပေးလို့ရှိရင် ဒီကံကလေးကမှ နောက်လိုက်မလာလို့ သူက ကောင်းတာ ဆိုးတားမှ မနေလို့ရှိရင်ဖြင့် ဘာအားကိုးရမတုံးတဲ့၊ သူကဒီသဘောယူလိုက်တာ(မှန်ပါ့) ရိပ်မိပြီလား(ရိပ်မိပါပြီ)။

ကဲ ဘယ်လိုရိပ်မိကြသတုံး ခင်ဗျားတို့ရိပ်မိတယ်ဆိုတာ ရှင်းဦးမှကောင်းမယ်(မှန်ပါ့) ဘယ်လိုရိပ်မိသတုံး မင်းတို့(ကံအားကိုးနေပါတယ် ဘုရား)။

ကံက ကိုယ့်နောက်လိုက်တယ်(မှန်ပါ့ ဘုရား) ဒါဖြင့် ကံကမပျက်စီးလို့ လိုက်နေတာပေါ့ (မှန်ပါ့ မပျက်စီးလို့ လိုက်သလို ဖြစ်နေပါတယ် ဘုရား) မပျက်စီးရင် ဘာဒိဋ္ဌိဖြစ်သတုံး(သဿဒိဋ္ဌိ ဖြစ်ပါတယ် ဘုရား) အတ္တဒိဋ္ဌိ သဿတိဒိဋ္ဌိ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)အဲ သဿတဒိဋ္ဌိယူသွားကြတဲ့ ဥစ္စာ(မှန်ပါ့) ရိပ်မိပြီလား(ရိပ်မိပါပြီ)။

ဒါဖြင့် မြန်မာပြည်မှာ ဘာတွေများ များပါလိမ့်မတုန်းသာ အကဲခတ်(သဿတဒိဋ္ဌိတွေ များနေပါတယ် ဘုရား) ဒါဘုရားကိုက ဖော်ရတာ(မှန်ပါ့) သွားပြီကွ ဒီရဟန်းတာတဲ့ အဝိဒွါ(ပ) အတိဓါဝိတဗ္ဗံ မညေ၊ ငါဘုရားသာသနာတော် ကို လွန်သွားပြီးတဲ့ အတိဓါဝိတဗ္ဗံ မညေ၊ ငါဘုရားသာသနာတော်ကို လွန်သွားပြီတဲ့ အတိဓါဝိတဗ္ဗ ဖြစ်သွားပြီတဲ့ (မှန်ပါ့ ဘုရား)။

ကဲ ရိပ်မိပြီလား(မှန်ပါ့) အဲဒါဘယ်နှယ်ကြောင့် ဒီလိုဆုံးမ သွန်သင်ပြီး သကာလ မဖြေရှင်းဘဲနဲ့ ရပ်သွားကြ ပါလိမ့်မလဲလို့ မေးလို့ရှိရင် ထိုဟာက ကံသာလျှင်အမိ ကံသာလျှင် အဖ “ကမ္မံ သတ္တေဝိဘဇတိ” အစရှိသည့်ဟာ “ဆယာဝ အနုပါယိနီ” “စက္ကံ ဝ ဝဟတောပဒ” ဥဒါန်းပါဠိတော်ကြတော့ “ကမ္မုနာဝတ္တတေလောကာ” ကံသည် သတ္တ လောကသို့ လိုက်၏ ဒီလိုကိုဟောထားတယ် ဘုရားက(မှန်ပါ့) ကမ္မုနာ ဝတ္တတောပဇာ ကမ္မနီဗန္ဓနာသတ္တာ-ရထားသွား သွားတဲ့အခါ ရထားနပန်းလုံးပါသလို ပါနေတာကွ၊ ဒီလိုတောင် ဟောလိုက်သေးတယ် ဘုရားက (မှန်ပါ့ ဘုရား)။

ကံက အနတ္တဘဲ ဘယ်လိုက်နိုင်လိမ့်မလဲ

အဲဒါနေယျတ္တနည်း ဆောင်းပြီးသိရမယ်(မှန်ပါ့)ဪ ဒီလိုဟောပေမဲ့လဲ ကံကတော့ အနတ္တဘဲ ဘယ်လိုက် နိုင်လိမ့်မလဲဟုတ်သား (မှန်ပါ့ ဘုရား)။

သူ့သတ္တိသူ့ကျေးဇူးမကင်းကြောင်း သိချင်လို့သာ ဒီလိုဟောလိုက်တာ(မှန်ပါ) ရိပ်မိပြီလား(ရိပ်မိပါပြီ) တကယ် မလိုက်နိုင်ဘူး (မှန်ပါ့ ဘုရား)။

တကယ်လိုက်နိုင်လို့ရှိရင် ဘာဒိဋ္ဌိဖြစ်သွားမတုံး(သဿတဒိဋ္ဌိဖြစ်သွားပါတယ် ဘုရား) ဒါမညှိတတ်လို့(မှန်ပါ့) ဒါကြောင့် ငါ့ဘုရားကို စွပ်စွဲတာ ဆောင်ယူရာမှာကို တိုက်ရိုက်ယူလိုက်တဲ့အတွက် ငါဘုရား စွပ်စွဲတာ(မှန်ပါ့) ဘယ် လောက်ကြောက်စရာကောင်းသတုံး ကောင်းပါတယ် ဘုရား)။

သဘောကျရဲ့လား (ကျပါတယ် ဘုရား) ကဲ ဦးမာဒင်ကို အသက်ကြီးမှ ဒါတွေတွေ့ရလို့ တော်သေးတယ် (မှန်ပါတယ် ဘုရား) နို့မဟုတ်ရင် ဘာဒိဋ္ဌိနဲ့ သေသွားမတုံး(သဿတဒိဋ္ဌိနဲ့ သေသွားပါတယ် ဘုရား) သဿတဒိဋ္ဌိနဲ့ သေရလိမ့်မယ်၊ ရှေးက သေတဲ့သူတွေလဲ သေကုန်ပြီ ဟင် သေကုန်ပြီကွ (မှန်ပါ့ ဘုရား)။

အခုကြည့် ဝိပဿနာ ဉာဏ်နဲ့ ကြည့်ဦး ခင်ဗျားတို့ ရိုးရိုးဝိပဿနာနဲ့ ကြည့်ဦးတော့ ဘာတဲ့တုံး ကံဟာ အတ္တလားအနတ္တလား(အနတ္တပါ ဘုရား)။

ဘယ်လိုက်နိုင်လိမ့်မလဲ(မှန်ပါ့) မဟုတ်ဘူးလား၊ သဗ္ဗေသင်္ခါရာ အနိစ္စထဲ သူပါတာဘဲ(မှန်ပါ့) သဗ္ဗေသင်္ခါရာ ဒုက္ခထဲကော (ပါပါတယ် ဘုရား) သဗ္ဗေဓမ္မာ အနတ္တထဲကော (ပါ ပါတယ် ဘုရား) နို့ ဘယ်လိုက်နိုင်လိမ့်မလဲ (မလိုက်နိုင်ပါ ဘုရား)။

မလိုက်နိုင်ဘူးလို့ တိုက်ရိုက်ကဒီလိုသိရမယ်

အဲ မလိုက်နိုင်ဘူးလို့ တိုက်ရိုက်က ဒီလိုသိရမယ်၊ သဘောကြပြီလား(မှန်ပါ့)။

လိုက်နိုင်တယ်ဆိုတာက ဝေနေယျ သတ္တဝါတို့ ဥစ္ဆေဒဒိဋ္ဌိဖြစ်သွားမှာစိုးလို့ ဘုရားက ဆောင်ပြီး သကာလ ဪပညာဉာဏ်နဲ့တော့ မလိုက်ဘူး ယူပါစေ ဟုတ်လား၊ နားလည်ရုံ နေယျတ္တဆောင် ဟောလိုက်တာ၊ ဆောင်ဟော တာကို တိုက်ရိုက် ယူပစ်လိုက်တယ်(မှန်ပါ့) သဘောကျပြီလား(ကျပါပြီ ဘုရား)။

ဒါဖြင့် ဆောင်ဟောတဲ့ဥစ္စာကို တိုက်ရိုက်ယူပစ်လိုက်လို့ရှိရင် တရားဟောမှားမယ်(မှန်လှပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ဆောင်ပြီးဟောရတဲ့ ဥစ္စာကို တိုက်ရိုက်ယူပစ်လိုက်လို့ရှိရင် (တရားဟောမှားပါတယ်) တစ်ခါ အယူမှား တယ်(မှန်ပါ့) မမှားဘူးလား(မှားပါတယ် ဘုရား) အဲဒါ ပြင်မပေးကြဘူး(မှန်ပါ့) ဟောတဲ့ ပုဂ္ဂိုလ်ကလဲ ပြင်ပေးဖို့ရာ မလွယ်ကြဘူးလေ(မှန်လှပါ မလွယ်ပါ ဘုရား) နာတဲ့ ပုဂ္ဂိုလ်တွေကလဲ သဗ္ဗေ ဓမ္မာ အနတ္တာ ဟု ပါးစပ်က ရွတ်တော့ နေတာဘဲ၊ သို့ပေမဲ့လို့ (လိုက်တယ်လို့ ယူတာဘဲ) အဲ ဟုတ်တယ် လိုက်တယ်ဘဲ ယူတာဘဲ(မှန်ပါ့)။

ကဲ လိုက်တယ်ယူတော့ ဘုန်းကြီးက အခုရှင်းပြထားတယ်၊ လိုက်တယ်ယူတော့ သတ္တဝါတွေ နားလည်မှုကို ဆောင်ဟောတဲ့ ဒေသနာတစ်မျိုး၊ တိုက်ရိုက်ဟောတဲ့ တရားတစ်မျိုး(မှန်ပါ့ ဘုရား) တရားဘယ်နှစ်မျိုးရှိသတုံး (နှစ်မျိုး ရှိပါတယ် ဘုရား)။

အဲဒီတော့ ဆောင်ဟောတဲ့တရားကို ကျုပ်တို့ တိုက်ရိုက်ယူပစ်လိုူက်လို့ရှိရင် ကျုပ်တို့ ဒိဋ္ဌိဖြစ်ရတယ်၊ ဘုရားလွဲ လို့မဟုတ်ဘူး(မှန်ပါ့)။

ဘုရားကလဲ မှာခဲ့တယ်၊ ငါက ဆောင်ဟောတာ မင်းတို့က တိုက်ရိုက်ယူလို့ရှိရင် ငါ့ကို စွပ်စွဲလိမ့်မယ်တဲ့ (ဘာမှ မညှိတတ်ပါ ဘုရား)။

အဲဒီကျအောငလဲ မညှိတတ်ဘူလေ၊ ဒါက အင်္ဂုတ္ထိုရ်ကလာတာ(မှန်ပါ့) ဆောင်ဟောတဲ့တရား တိုက်ရိုက် ဟောတဲ့ တရား(မှန်ပါ့)။

ဆောင်ဟောတဲ့တရား

အဲဒီဆောင်ဟောတဲ့တရားဟာ ခင်ဗျားတို့က တိုက်ရိုက်လုပ်ပြီ ဟောသူက လိုက်သတဲ့(ဒါ အစွဲအမြဲ ယူထားပါ တယ် ဘုရား)။

ဒါအစွဲအမြဲယူလိုက်တယ်၊ ခုနင်က သဗ္ဗေဓမ္မာ အနတ္တာနဲ့ကျတော့ ဘယ့်နှယ်ဖြစ်သွားသတုံး ကန့်လန့်ကြီး (ကန့်လန့်ကြီးပါ ဘုရား)။

ဒါ တစ်လုံးတည်းပြောနေတယ်လို့ အရေးတကြီးကြီးလို့ ပြောနေတယ်မှတ်ပါ(မှန်ပါ့) ဟင် (ကြီးပါတယ် ဘုရား) မသိရင် ကြီးတာပေါ့၊ မသိတာကလဲ နည်းတာမဟုတ်ဘူး(မှန်ပါ့)။

မသိရင် ဒိဋ္ဌိမကွာဘူး ဘာဒိဋ္ဌိဖြစ်နေသတုံး(သဿတဒိဋ္ဌိဖြစ်နေပါတယ် ဘုရား) အဲ ဘဝတဏှာစွဲလို့သာ သဿသဒိဋ္ဌိဖြစ်တယ်(မှန်ပါ့) ရှင်းပြီလား(ရှင်းပါပြီ ဘုရား) မင်းကောဘယ့်နှယ့်တုံး (ရှင်းပါပြီ ဘုရား) ဘယ်လိုရှင်းတာ တုံး(သဿတဒိဋ္ဌိဖြစ်ပါတယ် ဘုရား)။

ဘုရား ဘယ်နှစ်နည်းဟောသတုံး(နှစ်နည်း ဟောပါတယ် ဘုရား) တစ်နည်းက ဘာတုံး(တစ်နည်းက တိုက်ရိုက် ဟောပါတယ် ဘုရား) သတ္တဝါတွေနားလည်မှုကို ဆောင်ဟောတယ်(မှန်ပါ့) တစ်နည်းကတော့ သူ့ဖြစ်စဉ်အမှန်ကို ဟောတယ်(မှန်ပါ့)။

သဗ္ဗေဓမ္မာ အနတ္တာကျတော့

သဗ္ဗေဓမ္မာ အနတ္တာကျတော့ ဖြစ်စဉ်အမှန်ဟောတယ် ဟုတ်လား(မှန်ပါ)”ဆာယာဝအနုပါယိနိ” အစရှိသည့်တို့ ကြတော့ ဆောင်ဟောတာ(မှန်ပါ့)။

အဲဒီဆောင်ဟောတာနဲ့ တိုက်ရိုက်ဟောတာကို မင်းတို့မညှိတတ်လို့ရှိရင် ငါဘုရားစွပ်စွဲလိမ့်မယ်တဲ့၊ ဘုရား ဟောတာ ဟိုနေရာတစ်မျိုး၊ ဒီနေရာတစ်မျိုး ဒီလိုငါ့ကို မင်းတို့ စွပ်စွဲလိမ့်မယ်တဲ့၊ ဒါမင်းတို့ နားမလည်ဘူးတဲ့ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဟောနေတဲ့ပုဂ္ဂိုလ်တွေမှာ ဒီအတိုင်းလဲ သူတိုက်ရိုက်ယူတော့မယ်ဆိုရင် သူကိုယ်တိုင် သဿတဒိဋ္ဌိ ဖြစ်နေတယ်(မှန်လှပါ) ဘယ့်နှယ်ဆိုမလဲ(ဟောတဲ့ပုဂ္ဂိုလ်သဿတိဒိဋ္ဌိဖြစ်နေပါတယ် ဘုရား) ဒါ နာတဲ့ပုဂ္ဂိုလ်ကလဲ ဖြစ်သွားမှာဘဲ(ဖြစ်သွားပါတယ် ဘုရား) နာတဲ့ပုဂ္ဂိုလ်က နောက်မှဖြစ်တယ်(မှန်ပါ့) ဟောတဲ့ပုဂ္ဂိုလ်က (အရင်ဖြစ်ပါတယ် ဘုရား) သွားပြီကော (မှန်ပါ့) ကြောက်စရာမကောင်းလား။

ဒါကြောင့် တရားဟောမယ်ကြံလို့ရှိရင် အတော်ခဲယဉ်းတယ်ဆိုတဲ့ အဓိပ္ပါယ်ကို မှတ်ရမယ်(မှန်ပါ့) ဒီ ဒိဋ္ဌိသုံး မျိုးကို တစ်ခါတည်း “ထုံးလို့ချေရေလိုနှောက်ပြီးတော့ နိယျတ္တေ နိတတ္တကိုလဲ သေသေချာချာ ခွဲပြီးတော့ကိုမှ ဟောရမယ်တဲ့ (မှန်ပါ့ ဘုရား)။

ကြည့်လေ ခုနင်က ရဟန်းမှာ ဘုရားက “ရူပံ အနတ္တံ ဝေဒနာ အနတ္တာ၊ နေတံ မမ နေသောဟမသမိ နမေ သောအတ္တာ” ဒါတွေ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ တစ်ခုမှ မဟုတ်ဘူးကွ အနတ္တချည်းဘဲ(မှန်ပါ့) ဤစေတနာကလေးသည် ငါမဖြစ်စေနဲ့ ကွတဲ့။ ဤစေတနာကလေးသည်(သင်္ခါရက္ခန္ဓာပါ ဘုရား) အတ္တမဟုတ်ဘူးကွတဲ့၊ အနတ္တဘဲ(မှန်ပါ့ ဘုရား) အကုန်ဟောလိုက်လို့ ဒါကို ကြားလိုက်တော့မှ သူကဒိဋ္ဌိဝင်လာတာကိုး၊ ဒီတရားနာနေတဲ့ရဟန်းက (မှန်ပါ့) ဒီလိုဆိုရင် ဘယ်သူမှ အားကိုးစရာမရှိဘူး၊ ကိုယ့်နောက်လိုက်မဲ့ ကံဘဲ အားကိုးရမှာဘဲ၊ သူက ဒီလိုဗွေဖောက်လာတယ်(မှန်ပါ့) သဘောကျ ပြီလား(ကျပါပြှီ ဘုရား)။

မဂ်ဖိုလ်မှ အချည်းနှီးဖြစ်တဲ့ပုဂ္ဂိုလ်

ဟောရင်းကို ဘုရားက “ယံဣခေကစ္စော မောယပုရိသော” မဂ်ဖိုလ်မှ အချည်းနှီးဖြစ်တဲ့ပုဂ္ဂိုလ် တစ်ယောက်ပါ လာပါပြီကွ တဲ့ ဒီအထဲမှာ တဲ့၊ အဝိဒွါတဲ့ ပညာလဲ မပါဘူးကွတဲ့ သူမှာ၊ ခုနင်က ဗွေဖောက်တဲ့ရဟန်းမှာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား) “မောယပုရိသော”လို့တောင် ဆိုလိုက်တယ်၊ မဂ်ဖိုလ်မရနိုင်ဘူးတဲ့ ပေါ်ပြီလား (ပေါ်ပါပြီ) ဘာဖြစ်နေလို့ မဂ်ဖိုလ်မရတာတုံး(သဿတဒိဋ္ဌိဖြစ်နေလို့ပါ ဘုရား)။

ဒိဋ္ဌိ သုံးမျိုးတစ်မျိုးရှိနေရင် ဘယ်ကလာ မင်းတို့ မဂ်ဖိုလ်ရမှာတုံးကွ၊ ထုံးစံမှမရှိဘဲ(မှန်ပါ့) သောတာပတ္တိ မဂ်ရချင်ရင်ဒိဋ္ဌိပယ်နိုင်မှ ရတာကိုး(မှန်ပါ့) သဿတဥစ္ဆေဒတွေ ပယ်နိုင်မှသက္ကာယပယ်နိုင်မှာ ဒါမှရတဲ့ဥစ္စာ သူ့မှာ တရားနာရင်းဘာဖြစ်နေသတုံး(ဒိဋ္ဌိဖြစ်နေပါတယ် ဘုရား) ဘာဒိဋ္ဌိတုံး(သဿတဒိဋ္ဌိဖြစ်နေပါတယ် ဘုရား) ဒါ့ကြောင့် မောယပုရိသလို့ ဘုရားကထည့်လိုက်တယ် မှန်ပါ့ ဘုရား)။

ယံ ဣဓေကစ္စော မောယပုရိသော မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောကျာ်းကွတဲ့၊ မဟာပုဏ္ဏမသုတ်မှာ ဟောတယ်၊ ပဏ္ဏာသမှာလဲ ဟောတယ်၊ ခန္ဓဝဂ္ဂသံယုတ်မှာလဲ ဒီသုတ် ဟောတယ်(မှန်ပါ့ ဘုရား)။

ကဲ ရှင်းပြီလား ဦးမာဒင်ရေ (ရှင်းပါပြီ) ဘယ်လိုရှင်းသွားသတုံးဪ သွယ်ဝိုက်ပြီး ဟောထားတာတုံး ဆောင်ပြီး ဟောထားတာကိုး ဒို့က တိုက်ရိုက်ယူနေတယ်၊ စင်စစ်တော့မလိုက်ဘူး (မှန်ပါ့) ဆောင်ဟောထားတာကို တိုက်ရိုက်ယူနေတယ် အဲတိုက်ရိုက် ယူမိတဲ့အတွက် လိုက်တယ် ယူပစ်လိုက်တယ်(မှန်ပါ့) သဘောပါပြီလား (ပါ ပါပြီ ဘုရား)။

ဆောင်ဟောတာကို တိုက်ရိုက်ယူပစ်လို့

စင်စစ်တော့ ဆောင်ဟောထားတယ်တဲ့ သတ္တဝါတွေ နားလည်အောင် ကြည်ညိုဘွယ်ရှိအောင် ဆောင်ဟောတာ၊ ခင်ဗျားတို့က ဆောင်ဟောတာကို တိုက်ရိုက်ယူပစ်လိုက်တော့ ထိုတိုက်ရိုက်ဆိုလို့ရှိရင် သူကိုယ်တိုင်တိုက်ရိုက် ယူပစ် လိုက်တယ်၊ စင်စစ် ဒါဘာတုံးဆိုလို့ရှိရင် နေယျတ္တကို နိတတ္ထ ယူလိုက်လို့ပါ(မှန်ပါ့) ဆောင်ဟောတာကို တိုက်ရိုက်ယူပစ်လို့ ဒါကြောင့် ဒိဋ္ဌိဖြစ်သွားတယ်(မှန်ပါ့ နေယျတ္တကို နိတတ္ထ ယူပါတယ် ဘုရား)။

ဒီနေရာမှာလဲ သူသေသေချာချာ ဟောတာဘဲ၊ ငါကနေယျတ္တဆောင်ဟောထားတာကို မင်းတို့က နိတတ္ထယူလို့ ငါဘုရားကိုတော့ မင်းတို့စွပ်စွဲတော့မှာဘဲတဲ့(မှန်ပါ့) ဘုရားကလဲ ဟောထားခဲ့သားဘဲ(မှန်လှပါ ဘုရား)။

ဒါကို ဦးမာဒင်က သေသေချာချာမှတ်ရမယ်ဪ ဒီဥစ္စာမသေလို့ တွေ့လိုက်ရသေးလို့ တော်သေးတယ် အောက်မေ့ပေတော့ (မှန်ပါ့ မသေလို့ တွေ့ရတာတော်ပါသေးတယ် ဘုရား) နို့မဟုတ်ရင်သွားပြီ(မှန်ပါ့ ဘုရား)။

နို့ သုဂတိတော့ မရောက်ဘူးလားတော့ မေးလိုက်တယ်၊ ဒီအယူ ယူရင်တော့ သူဂတိတော့မတားမြစ်ပါဘူး၊ မဂ်ဖိုလ်သာ တားမြစ်တယ်(မှန်လှပါ ဘုရား) ဟုတ်လား။

မောယပုရိသောဆိုတာတော့ မဂ်ဖိုလ်မှ အချည်းအနှီးဖြစ်တာသာ ပြောတာပါတဲ့၊ သုဂတိငါမပြောဘူးတဲ့၊ သုဂတိတော့ရောက်ပါတယ်၊ ခင်ဗျားတို့ယူထားတဲ့ အယူနဲ့ဘဲ တခြားကုသိုလ်တွေရှိရင် ရောက်နိုင်ပါတယ်(မှန်ပါ့) သို့သော် မဂ်ဖိုလ်တော့ မရနိုင်ဘူး(မှန်ပါ့) မဂ်ဖိုလ်ထားတဲ့ သဿတဒိဋ္ဌိက ဝင်နေတယ်။

ကဲဒါ စကားနည်းနည်းကလေးရယ်၊ အရေးကြီးလိုက်တာက ခင်ဗျားနှယ် အင်မတန်ကြီးနေတယ်(မှန်ပါ့) ပေါ်ပြီလား၊ မင်းတို့(ပေါ်ပါပြီ) ဘယ်လိုပေါ်သတုံးကွ(ဆောင်ဟောတာပါ ဘုရား)။

အမှား သဿတဒိဋ္ဌိဖြစ်သွားတယ်

အေး ဆောင်ဟောတာကို မင်းတို့က တိုက်ရိုက်ယူပစ်လိုက်တယ်(မှန်ပါ့) သဘောကျပြီလား(ကျပါပြီ) ဆောင်ဟောတာကို တိုက်ရိုက်ယူလိုက်တော့ ဘာဖြစ်သွားသတုံး(မှားပြီးသဿတဒိဋ္ဌိဖြစ်သွားပါတယ် ဘုရား) အမှား သဿတဒိဋ္ဌိဖြစ်သွားတယ်၊ ဒိဋ္ဌိဟူသ၍ဟာ အမှားချည့်ဘဲ(မှန်ပါ့) ရှင်းပြီလား(ရှင်းပါပြီ ဘုရား)။

ဪ တော်တော် အရေးကြီးပါလား ဒီရဟန်းကတရားနာရင် ဖြစ်လာတာ(မှန်ပါ့ ဘုရား)။

ဣတိကိရဘောရူပံ အနတ္တံ ဝေဒနာအနတ္တာ ငါရှင်တို့အကုန်အနတ္တတဲ့၊ ဘုရားက အဲဒီတော့ ဒို့ဘာအားကိုး မှာတုံးကွ အဲဒီတော့ ဒို့ပြုထားတဲ့ ကုသိုလ်ကံ အကုသိုလ်ကံ ကလေးတော့ ဒို့နောက် လိုက်တော့မှာဘဲ၊ ဒါ အားကိုးရုံရှိတော့ တယ်(မှန်ပါ့) သွားပြီ၊ အဲဒီတွင် ဘုရားက ပရစိတ္တိဝိဇာန န အသိဉာဏ်နဲ့ကြည့်လိုက်တော့ ဟ ဒီရဟန်း သဿတဒိဋ္ဌိဖြစ် နေပြီတဲ့(မှန်ပါ့) ရိပ်မိပြီလား(ရိပ်မိပါပြီ) ခင်ဗျားတို့အခုမှ ပြုတ်ရမှာ သဘောကြပြီလား(ကြပါပြီ ဘုရား)။

ကဲပြုတ်ပြီလား သဿတဒိဋ္ဌိ(ပြုတ်ပါပြီ ဘုရား) ဘယ်လိုပြုတ်မလဲ(ဆောင်ဟောထားတာကို တိုက်ရိုက်ယူနေပါ တယ် ဘုရား)။

ကျုပ်တို့သိထားရမှာက ဟိုဟာကဆောင်ဟောထားတာ ကျုပ်တို့က သဗ္ဗေဓမ္မာအနတ္တာအတိုင်းဘယ်ဟာမှ မလိုက် နိုင်ဘူး(မှန်ပါ့) ဒီဘဝရုပ်နာမ်သည် ဟိုဘဝသို့ မလိုက်နိုင်ဘူး(မှန်ပါ့) ဒီဘဝရုပ်နာမ်ဟာ ဟိုဘဝဘယ်မှာလိုက်ရမတုံး (မလိုက်နိုင်ပါ ဘုရား) သူလဲနာမ်ထဲက မဟုတ်လား(မှန်ပါ့) စေတနာဟာ နာမ်ထဲက(မှန်ပါ့ ဘုရား)။

တစ်တိုတစ်စမလိုက်နိုင်ဘူး

ဒီဘဝရုပ်နာမ်သည် ဟိုဘဝသို့ (မလိုက်နိုင်ပါ ဘုရား) တစ်တိုတစ်စမလိုက်နိုင်ဘူး၊ လိုက်နိုင်ရင် သဿတဒိဋ္ဌိ (မှန်ပါ) ကဲဒါနဲ့ရှင်းလိုက်တော့ ပြေမသွားသေးဘူးလား(ပြေပါတယ် ဘုရား)။

ကဲဒါဖြင့် တစ်နိုင်ငံလုံးဖြစ်နေတဲ့ ဒိဋ္ဌိ ဒီဒိဋ္ဌိသေးတဲ့ ဒိဋ္ဌိမဟုတ်ဘူး(မှန်ပါ့) ဒိဒိဋ္ဌိမသေးဘူး၊ ကမ္မဿကတဉာဏ် ဟာဒါကြောင့် ဒိဋ္ဌိမပယ်နိုင်ဘူးပြောတာ ဒါပြောတာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် ကမ္မဿကတဉာဏ် “အတ္တဒိဋ္ဌိပရာမသတ္တာ” ငါလုပ်လို့ ငါရတာဘဲ တစ်ခါတည်းယူတာဘဲ(မှန်ပါ့) အတ္တိဒိဋ္ဌိသုံးသပ်တယ် ကြောက်စရာမကောင်းဘူးလား(ကောင်းပါတယ် ဘုရား)။

အဲဒီတော့ ဘယ်နှယ်လုပ်မတုံး ခင်ဗျားတို့ ဒီအယူမှန်ကိုမှန်အောင်ယူ(မှန်ပါ့)ဪ ဘုရားကတော့ဖြင့် လူသွားရာအရိပ်ပါတယ်လို့ ဟောတာဘဲ ကံကို ကံအရိပ်ကလေး ပါတယ်(မှန်ပါ့ ဘုရား)။

လှည်းသွားရာ နောက်ကဘီးလိုက်သလို နွားသွားရာနောက်က ဘီးလိုက်သလို ဟောထားတာဘဲ၊ ဟောပင် ဟောငြားသော်လဲ ဒါကာသတ္တဝါတွေမှာ အဟောသိကံဖြစ်တယ်ဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိဖြစ်မှာစိုးလို့ ဟောတော်မူတာ (မှန်လှပါ ဘုရား)။

ဒီလိုမှ အကြောင်းအကျိုးဆက်ဆောင် ဟောမထားလို့ရှိရင်လဲ ဥစ္ဆေဒဒိဋ္ဌိမဖြစ်ပေဘူးလား(ဖြစ်ပါတယ် ဘုရား) အဲဒီတော့ဥစ္ဆေဒဒိဋ္ဌိဘက် ရောက်သွားမှာစိုးလို့ သတ္တဝါတို့ နားလည်ကြည်ညိုဘွယ် ရှိအောင်လို့ ဆောင်ပြီး ဟောလိုက် တယ်(မှန်ပါ့ ဘုရား)။

အဲဒါကို ခင်ဗျားတို့က တိုက်ရိုက်ယူတယ်၊ တကယ်လိုက်တယ်ကွ၊ မလျှော့နိုင်ဘူးဟေ့၊ ဘုရားက ဘယ်နေရာမှာ ဟောထားတယ်တဲ့(မှန်ပါ့) သဘောကျပြီလား(ကျပါပြီ ဘုရား)။

ဘုရားကို သွားပြီးစွဲချက်မတင်နဲ့ဦး

ဘုရားကဟောထားတာကိုက ခင်ဗျားတို့က ဘုရားကို သွားပြီးစွဲချက်မတင်နဲ့ဦး(မှန်ပါ့) ငါဘုရားကို မင်းတို့ စွပ်စွဲလိမ့်မယ်ဆိုတာ သိတယ်တဲ့ ငါက သွယ်ဝိုက်ဟောထားတာ မင်းတို့က တိုက်ရိုက်ယူရင် စွပ်စွဲတော့မှာဘဲ(မှန်ပါ့) သူကလဲအဖြေသိပြီးသား(ပါပြီးသားပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြှီ ဘုရား)။

ဒါဖြင့် ဦးမာဒင်တို့လဲ လှူဒါန်းပေးကမ်းနေတာက နောက်က ဒကာဒကာမတွေလဲ လှူဒါနန်းပေးကမ်းနေကြ တာဘဲဪ လိုက်တော့မလိုက်ဘူး၊ လိုက်နိုင်တဲ့တရားလဲ မရှိဘူး မဟုတ်လား(မှန်လှပါ ဘုရား)။

ဒါဖြင့် မလိုက်လို့ရှိရင် အကျိုးမပေးရတော့ဘူးလား(မှန်ပါ့) ဒီတွင်ဘဲ ပြတ်နေရစ်သလား၊ မေးဘို့မလိုဘူး လား (လိုပါတယ် ဘုရား)။

လိုတော့ ဒါ အဖြေတစ်လုံးတည်း ခင်ဗျားတို့ (မှန်ပါ ဘုရား)။

အဲဒီတော့ ဒီလိုလုပ်ပါ အနန္တရပစ္စယော ဒါကအကြောင်းတရား၊ ဒါကအကျိုးတရား၊ ဒီက အစိမ်းကလေး အလုပ်လုပ်လိုက်တဲ့အခါကျတော့ ဒီမှာအစိမ်းပေါ်တယ်(မှန်ပါ့) မပေါ်ဘူးလား(ပေါ်ပါတယ် ဘုရား)။

ဒီက နာမ်ရုပ်နဲ့ လုပ်လိုက်လို့ ဒီဘက်မှာ(နာမ်ရုပ်ပေါ်ပါတယ် ဘုရား) အတူပေါ်လာတာသာရှိတယ်တဲ့။ ဒီကဟာ ချုပ်တော့ အကုန်ချုပ်တာဘဲ(မှန်ပါ့ ဘုရား)။

ဒီမှာ အလားတူပေါ်တာဘဲ(မှန်ပါ့) သဘောကျပြီလား(ကျပါပြီ ဘုရား) ဘယ်လိုပေါ်သတုံး(အလားတူပေါ် ပါတယ် ဘုရား)။

အလားတူပေါ်လာတာ

အဲဒါအကျိုးပေးတယ်လို့ဆိုတာဘဲ (မှန်ပါ့) ဒီက တစ်တိုတစ်စ မလိုက်ဘူး(မှန်ပါ့) ဒီပြုတဲ့နာမ်ရုပ်ဟာ အလားတူ ဒီဘက်မှာ နိဗ္ဗာန်မရသေးရင် နာမ်ရုပ်ပေါ်တယ်(မှန်ပါ့) ပါဠိတော်က ဘယ့်နှယ်ရှိသတုံးဆိုတော့ “အနန္တရနိရုဒါ စိတ္တ စေတသိကာဓမ္မာ ပဋုပ္ပန္နနံ စိတ္တစေတသိကာန ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယောတဲ့”

အနန္တရနိရုဒ္ဓါ ဒီမှာချုပ်သွားပြီကွ တဲ့၊ နိရုဒ္ဓါဆိုတာ စိတ္တစေတသိကာ ဓမ္မာ အနန္တရပစ္စည်းလဲ ဟုတ်ပါတယ် တဲ့၊ အကျိုးတော့ ပေးမှာဘဲတဲ့၊ သို့သော် နိရုဒ္ဓါပါနေတယ်၊ ချုပ်သွားပြီးကွတဲ့၊ ဘယ်သူတုံးဆိုတော့ စိတ္တစေတသိကာဓမ္မာ စိတ်စေတသိကာဓမ္မာ-စိတ်စေတသိက်တဲ့(မှန်ပါ့ ဘုရား)။

ဒီမှာချုပ်သွားပြီတဲ့ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။ အကြောင်းတရားက ချုပ်သွားပြီတဲ့။

ပဋုပ္ပန္နနံတဲ့ အလားတူဖြစ်၍ ပေါ်ကုန်သောတဲ့၊ အလားတူပေါ်တာကို ဆိုတာဘဲ(မှန်ပါ့) ဒီက တစ်တိုတစ်စ လိုက်တာမဟုတ်ဘူးကွတဲ့(မှန်ပါ့) ပေါ်ပြီလား(ပေါ်ပါပြီဘုရား အလားတူထပ်ပေါ်တာပါ ဘုရား)။

အလားတူပေါ်လာတာ ဒီက နာမ်ရုပ်ချုပ်ပြီးတော့ ဒီမှာနာမ်ရုပ်အလားတူပေါ်လာတာ(မှန်ပါ့ ဘုရား)။

ဒါကို အကျိုးပေးတယ်ဆိုတာပါတဲ့ သို့သော် ဒီကနိရုဒ္ဓါတဲ့၊ အကုန်ချုပ်သွားပြီတဲ့၊ အလားတူခေါ်တယ်လို့ ယူမှ သဿတမပါတော့ မပေါ့ နို့မဟုတ် သဿတာပါပေဘူးလား(ပါနေပါတယ် ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကဲ ကိုယ်တောတို့ကော သဘောကျရဲ့လား၊ ဒါကို သဘေမကျလို့ရှိရင် တရားဟောရင် ကိုယ်ပါ ဒိဋ္ဌိဖြစ်နေတယ် (မှန်ပါ့ ဘုရား)။

သူများပါးစပ်ထဲသွားပြီးမထည့်နဲ့ ခင်ဗျားလုပ်ခင်ဗျားရမှာဘဲ ခင်ဗျားနောက်ကဟာတွေ ခင်ဗျားလုပ်ထားတာ ခင်ဗျားနောက် လိုက်မှာပေါ့ဆိုလို့ရှိရင် သဿတဒိဋ္ဌိတွင် တွင်ဟောချလိုက်တာ(မှန်ပါ့ ဘုရား)။

ကြောက်စရာသိပ်ကောင်းတာ၊ မကောင်းဘူးလား(ကောင်းပါတယ် ဘုရား)။ ကဲဒါဖြင့် ကိုယ်တော်တို့ အားလုံး ရှင်းပြီလား(ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘယ်လိုပေါ်တာတုံးတဲ့၊ အကြောင်းနဲ့အကျိုးဟာ (အလားတူ ထပ်ပေါ်တာပါ ဘုရား) ဒီအကြောင်းကြောင့် (အကျိုးအလားတူပေါ်ပါတယ် ဘုရား)။

အခြားမဲ့ဖြစ်၍ ချုပ်ကုန်ပြီးသောတဲ့

အဲ အကြောင်းကတော အကုန်ချုပ်(မှန်ပါ့) ရုပ်ရောနာမ်ရောဘဲ (မှန်ပါ့) အနန္တရနိရုဒ္ဓါ အခြားမဲ့ဖြစ်၍ ချုပ်ကုန်ပြီးသောတဲ့(မှန်ပါ့ ဘုရား)။

ပဋုပ္ပန္နာနံ မိမိနဲ့ အလားတူဖြစ်၍ ပေါ်ကုန်သော၊ စိတ္တစေတသိကာနံ- စိတ်စေတသိက်တရားတို့ဘဲ လာတယ်၊ အလားတူပေါ်လာတာကို ဆိုတာကွာ၊ ဒီက တတိုတစ မလိုက်ဘူးတဲ့ ချုပ်ကုန်သောပါနေတယ်၊ ဘုရားဟောထားတာ (မှန်ပါ့) ရှင်းပြီလား(ရှင်းပါပြီ ဘုရား)။

ဒီလိုမညှိတတ်လို့ရှိရင် သွားရော၊ သဿတဒိဋ္ဌိ(မှန်ပါ့) ကြောက်စရာကြီးပါလား(ကြောက်စရာကြီးပါ ဘုရား) ဟင် (မသိလို့သာ မကြောက်တာကိုးဘုရား သိရင် ကြောက်စရာကြီးဘဲ ဘုရား)။

နို့ ကြောက်စရာကလဲ ဘုန်းကြီးက ပြောရတာက တခြားကြောင့် မဟုတ်ဘူး ဒီဥစ္စာက ဒီအတိုင်းဆို ခက်ချေ ရဲ့ ခက်နေတာဘဲ(မှန်ပါ့ ဘုရား)။

ဘယ်လောကကြီးလို့ ဒါက ဆင်လောက်ကြီးနေနေ အယူအဆမတတ်ရင် ခက်နေတာဘဲ(မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် အခုနှစ်ချက်အဖြေထွက်လိုက်တယ် ဒီနေ့ဆောင်ယူရမှာကို တိုက်ရိုက်ယူလို့ မှားတယ်(မှန်ပါ့) ဒီမှာ သေသေချာချာ အကိုးအကားပြလိုက်တော့ ဒီက စိတ်စေတသိက်ဟာ ဒီတွင်ချုပ်ပါတယ်၊ နောက်နတ်ပြည်ပေါ်တဲ့ စိတ်စေတသိက်ရုပ်ဟာ အဲဒါက အလားတူပေါ်လာတာ(မှန်ပါ့ အလားတူပေါ်ပါတယ် ဘုရား)။

ဒါပဲရှိတာဘဲ ဒီကနေ အကုန်ချုပ်နေတယ်(မှန်ပါ့) ဒီတော့ လိုက်သေးရဲ့လား(မလိုက်ပါ ဘုရား) ဒီအကြောင်း ကြောင့်အလားတူပေါ်တယ်။

ဒါဖြင့် ဒိဋ္ဌိပြုတ်ပြီ

ဒီလိုတွင်ယူရမယ်(မှန်ပါ့) “ဆာယာဝအနုပါယိနိ” ဆိုတာ ငါဆောင်ဟောထားတာ(မှန်ပါ့) “စက္ကံဝ-ဝဟ တောပဒံ” ဆိုတာလဲ ဆောင်ဟောထားတာ၊ တိုက်ရိုက်ဟောထားတဲ့အဘိဓမ္မာကို ယူတဲ့(မှန်ပါ့ ဘုရား)။

ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ပေါ်ပြီနော်(ပေါ်ပါပြီ ဘုရား) ကဲ ဒါဖြင့် ဒိဋ္ဌိပြုတ်ပြီ ခင်ဗျားတို့(မှန်ပါ့) မပြုတ် သေးဘူးလား(ပြုတ်ပါပြီ ဘုရား)။

ကဲ ပြုတ်ရင် ဒီနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု…သာဓု…သာဓု…။