မာဂဏ္ဍီ ပုဏ္ဏားကြီးအား ခန္ဓာကိုယ်၌ ရောဂါတွေဖော်ပြ၍
ဝေဒနာနုပဿနာကမ္မဋ္ဌာန်း သစ္စာလေးပါးဒေသနာ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ မင်္ဂလာတိုက်၌ ဟောကြားတော်မူအပ်သော
မာဂဏ္ဍီ ပုဏ္ဏားကြီးအား ခန္ဓာကိုယ်၌ ရောဂါတွေဖော်ပြ၍
ဝေဒနာနုပဿနာကမ္မဋ္ဌာန်း သစ္စာလေးပါးဒေသနာ
နေ့အလုပ်ပေးတရားတော်
(၁၀-၉-၆၁)
အရိယာတို့၏မျက်လုံး တပ်ရလိမ့်မယ်
ဒကာ ဒကာမတွေ ဝိပဿနာရှုတဲ့ အရေးဟာဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မာဝဏ္ဍီ ပုဏ္ဏားကြီးကို ဟောတဲ့နေရာမှာ အရေးတကြီးအချက်တွေပါတယ် ဆိုတာကို ဒကာကြွယ် တို့ မှတ်ရမယ်နော် – (မှန်လှပါ ဘုရား)။
မင်းကွာတဲ့ ပုထုဇဉ်မျက်လုံးပြောင်းပြီး အရိယာတို့၏မျက်လုံးကို မင်းတပ်ရလိမ့်မယ်တဲ့ (မှန်ပါ့) တပ်တဲ့အခါကျ လို့ရှိရင် မင်း အမြင်သည်ကားလို့ဆိုလို့ရှိရင်ဖြင့် ဒီခန္ဓာကိုယ်ကြီးထဲ ရောဂါရှိတာလဲ သိလိမ့်မယ်၊ အနာတွေရှိတာလဲ သိလိမ့်မယ်၊ ဒီမျက်လုံးမှ မတပ်ရသေးလို့ရှိရင်လဲ မင်းဟာ မင်းခန္ဓာကိုယ်ကြီးပဲ နိဗ္ဗာန်ထင်တယ်၊ အဲ့ဒီတော့ မင်းအထင် တွေသည် မျက်စိနှစ်ကွင်း အလင်းမရတဲ့ ပုဂ္ဂိုလ်၏ အထင်တွေဖြစ်နေတော့ မင်းသည် အရိယာမျက်လုံးတပ်ပြီးမှသာလျှင် ငါ တရားဟောနိုင်မယ်လို့ ဘုရားက အမိန့်ရှိတယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် အရိယာမျက်လုံးတပ်ဖို့အရေးဟာ ကြီးတယ်ဆိုတာ ဒကာ ဒကာမတွေ မှတ်ရမယ် (မှန်ပါ့)။
ဓမ္မာနုဓမ္မပဋိပတ္တိ
ကိုင်း ဒါဖြင့် အရိယာမျက်လုံးဆိုတဲ့ဥစ္စာ ဘာပါလိမ့်မလဲလို့မေးတော့မှ ဓမ္မာနုဓမ္မပဋိပတ္တိကို သဘောကျအောင် လုပ်ရမယ် (မှန်ပါ့ ဘုရား) ဓမ္မ,က = တရား၊ အနုဓမ္မ,က လျော်တာ၊ ပဋိပတ္တိ,က ကျင့်တာ (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ ဓမ္မ,က ဘာပါလိမ့် (တရား) အနုဓမ္မ,က (လျော်တာ) ပဋိပတ္တိက (ကျင့်တာပါ ဘုရား) ဒါဖြင့် တရားနဲ့လျော်အောင်ကျင့် (မှန်ပါ့)။
ဘယ်လိုမှတ်မိကြသလဲ (တရားနဲ့လျော်အောင် ကျင့်ရပါမယ် ဘုရား)။
ဪ တရားနဲ့လျော်အောင် ဉာဏ်ထဲမှာ မြင်လာလို့ရှိရင်ဖြင့် ဒါအရိယာမျက်လုံးရပြီလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက အောက်မေ့ရမယ် (မှန်ပါ့)။
ဒကာကြွယ် ဒီ-မျက်လုံးတပ်ဖို့လဲ မလွယ်ပါကလား (မလွယ်ပါ ဘုရား)။
အားလုံး ဒကာ ဒကာမတွေ ဒီမျက်လုံးဟာဖြင့် ဪ တသံသရာလုံးက ကန်းလာတဲ့မျက်လုံး ယနေ့ဖြင့် ဘုန်းကြီးဖွင့်ရတော့မယ်ဆိုတဲ့ဥစ္စာ ဦးလှဘူးတို့ မှတ်ရလိမ့်မယ် (မှန်လှပါ ဘုရား)။
ဒကာသစ်ရေ ဂရုစိုက်နော် (မှန်ပါ့) ဦးမာဒင်တို့ ကြပ်ကြပ်ဂရုစိုက်ပါ (မှန်လှပါ ဘုရား)။
အခုကြည့်စမ်း မာဂဏ္ဍီ ပုဏ္ဏားကြီးဟာ သူ့ကိုယ်ကြီးကို “အာရောဂျံ ပရမံလာဘံ၊ နိဗ္ဗာနံ ပရမံသုခံ” ဆိုတော့ သူ့ကိုယ်ကြီးကို ပုတ်ပြတယ် (မှန်ပါ့ ဘုရား)။
ဒါ နိဗ္ဗာန်ဘဲတဲ့ ဒါ အနာကင်းပြီး ဒါနိဗ္ဗာန်ခေါ်တာပါဘဲလို့ဆိုတော့ မင်းက မျက်စိနှစ်ကွင်း အလင်းက မရတော့ အနာရှိလို့တဲ့ အနာရှိမှန်းမသိ၊ မင်းအတွက်တော့ ခက်ပါသေးတယ်လို့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးတောင်မှ ညည်းလုံးထုတ်ရသေးတယ် (မှန်ပါ့ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေလဲ ကိုယ့်ဟာကိုယ် ကျန်းမာတယ်လို့ ထင်ပြီး သကာလ နေကြလို့ရှိရင် အရိယာမျက်လုံး မရှိသေးလို့ (မှန်ပါ့) အရိယာမျက်လုံးရှိလာပြီဆိုမှဖြင့် ဪရောဂါတွေပါကလား “ရောဂတော ဂဏ္ဍတော အာဗာဓတော”ဆိုတဲ့ အတိုင်းတဲ့ (မှန်ပါ့ ဘုရား)။
မျက်လုံးမြင်အောင် အရင်လုပ်
အရိယာမျက်လုံး တပ်ပြီးမှဘဲ မင်းသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အမှန်ကိုမြင်လိမ့်မယ်ကွာ ဆိုတော့ တပည့်တော် မြင်ကောင်းတဲ့ ပုဂ္ဂိုလ်ဖြစ်အောင် အရိယာမျက်လုံး တပ်ရအောင် တရားဟောပေးပါလို့ ဆိုတော့ မင်းကမျက်လုံးမမြင်ခင် ငါကပြောရမယ်ဆိုလို့ရှိရင်လဲ မဖြစ်သေးဘူး၊ မျက်လုံးမြင်အောင် အရင်လုပ်ပေးရဦးမယ်တဲ့ (မှန်ပါ့ ဘုရား)။
ဘာအရင်လုပ်ရမှာတုံး (မျက်လုံးမြင်အောင် အရင်လုပ်ရမှာပါ ဘုရား)။
ဒကာ ဒကာမတို့ မျက်လုံးမြင်အောင် အရင်လုပ်ပေးရမယ်ဆိုတဲ့အတိုင်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေလဲ ဪမျက်လုံးမြင်အောင် လုပ်မှဘဲဆိုတဲ့ စိတ်ကိုဖြင့် တသံသရာလုံးက ကန်းလာတဲ့ မျက်လုံးကို ဒကာကြွယ်ရေ ယနေ့မြင်ရအောင်လုပ်ရတော့မယ်ဆိုတော့ အတော်ကလေး အရေးတကြီး လုပ်ရလိမ့်မယ်ဆိုတာ ဦးမာဒင်တို့ မှတ်ရမယ် (မှန်ပါ့ ဘုရား)
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အရိယာမျက်လုံးတပ်ချင်တော့ကွာတဲ့ ဓမ္မနုဓမ္မပဋိပတ္တိဟာ အရေးကြီးတယ်တဲ့ (မှန်ပါ့)၊ ဓမ္မာနုဓမ္မပဋိပတ္တိဆိုတာက ဓမ္မက ခန္ဓာကိုယ်ကြီးကို မှတ်လိုက်ပါ၊ အနုဓမ္မက လျော်တာ၊ ပဋိပတ္တိက အကျင့် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ခန္ဓာကိုယ် ဓမ္မနဲ့လျော်တဲ့ အမြင်ကို (ဝါ) အကျင့်ကို ဓမ္မာနုဓမ္မပဋိပတ္တိလို့ ဆိုပါတယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီခန္ဓာကြီးကို ရောဂါရှိတာလဲသိရအောင် အနာတွေရှိတာလဲ သိရအောင်-ငြောင်းတံသင်းတွေကို ခဏခဏ ဟိုကယား, ဒီကနာ, ဟိုကစူး, ဒီကစူးနဲ့နေတဲ့ ခန္ဓာကြီးလဲသိရအောင်ဆိုတော့ဖြင့် တရားနဲ့လျော်စွာကျင့်မှရမယ် (မှန်ပါ့ ဘုရား)။
တရားနဲ့လျော်စွာကျင့်မှရမယ်
”ဓမ္မဿ အနုဓမ္မ” ဓမ္မဿ=တရားအား၊ အနုဓမ္မ=လျော်သော၊ ပဋိပတ္တိ=အကျင့်၊ တရားနဲ့ လျော်တဲ့အကျင့်ကို ကျင့်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။
ဘာလုပ်ကြရမယ် (တရားနဲ့ လျော်တဲ့အကျင့်ကိုကျင့်ရမှာပါ ဘုရား) တရားနဲ့ လျော်တဲ့အကျင့်ကို ကျင့်ရမယ် ဆိုတော့ ခန္ဓာကိုယ်ကြီးထဲမှာ ဒကာ ဒကာမတို့ မှတ်ကြပါ၊ ခန္ဓာကိုယ်ကြီးထဲမှာ ဘာတွေ ရှိနေသတုန်း မေးတဲ့အခါကျတော့ အားလုံးရုပ်ကြည့်ပြန်လဲ ရုပ်မဟုတ်ဘူး ဖြစ်ပျက်အနိစ္စဘဲ (မှန်ပါ့ ဘုရား)။
ဝေဒနာကြည့်ပြန်လဲ အပြောသာဝေဒနာ ဉာဏ်မျက်လုံးနဲ့ ကြည့်လိုက်တော့ ဖြစ်ပြီး ပျက်နေတာကလေးဘဲ မြင်ရမယ် (မှန်ပါ့) သညာကြည့်ပြန်တော့လဲ အပြောသညာ၊ ကိုယ့် ဉာဏ်မျက်လုံးနဲ့ ကြည့်လိုက်တော့ ဖြစ်ပြီးပျက်နေတဲ့ အနိစ္စဘဲ မြင်ရမယ် (မှန်ပါ့ ဘုရား)။
တခါ သင်္ခါရဆိုတဲ့ စေတနာကလေးတွေ သွားချင်တဲ့စေတနာ ပြောချင်တဲ့ စေတနာကလေးတွေ ကြည့်လိုက်ပြန် လို့ရှိရင်လဲတဲ့ သူများပြောတော့ စေတနာလို့ ပြောတာဘဲ၊ ကိုယ့်ဉာဏ်မျက်လုံးနဲ့ ကြည့်လိုက်တဲ့အခါကျတော့ ဖြစ်ပျက်အနိစ္စဘဲ တွေ့တာဘဲလို့ ဒီလိုတွေ့သွားလို့ရှိရင်ဖြင့် ဪ ဓမ္မဿအနုဓမ္မံ၊ ဓမ္မဿ=တရားအား၊ အနုဓမ္မံ= လျော်သော၊ ပဋိပတ္တိအမြင်, အကျင့်ဘဲ (မှန်ပါ့ ဘုရား)။
ဒီလိုဆိုလို့ရှိရင် တရားနဲ့လျော်တဲ့ အမြင်ရပါပြီ (မှန်ပါ့) ဘယ်လိုပါလိမ့် (တရားနဲ့ လျော်တဲ့ အမြင်ရပါပြီ ဘုရား)။
တရားနဲ့လျော်တဲ့အမြင်ရအောင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဪ တရားနဲ့ မလျော်တဲ့ အမြင်ရှိလို့ ဘုရားက ဒီဓမ္မာနုဓမ္မပဋိပတ္တိကို မင်းကြိုးစားပါဦးလို့ မာဂဏ္ဏီပုဏ္ဏားကြီးပြောတာဖြင့် ဦးမာဒင်တို့ သဘောကျလောက်ပါပြီ (ကျပါပြီ ဘုရား) နဂိုရ်အမြင်က တရားနဲ့ မလျော်တဲ့အမြင်ကို (မှန်ပါ့ ဘုရား)။
နဂိုရ်အမြင်ကဖြင့် (တရားနဲ့မလျော်တဲ့ အမြင်ပါ ဘုရား) တရားနဲပ မလျော်တဲ့အမြင်၊ တရားက ရှိတာက ဒကာ ဒကာမတို့ ဖြစ်ပြီးပျက်နေတဲ့အနိစ္စ၊ ဖြစ်ပြီးပျက်နေတဲ့ဒုက္ခ၊ ဖြစ်ပြီးပျက်နေတဲ့ အနတ္တ (မှန်ပါ့) မွေးပြီးသေနေတဲ့ အသုဘ၊ တရားက ဒါဘဲရှိတယ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတွေ မြင်နေတာက လက်မောင်းမြင်တယ်၊ ခြေမြင်တယ်၊ ခေါင်းမြင်တယ်ဆိုတော့ ဒါ ဒကာကြွယ်တို့ ဒကာသစ်တို့ဘဲ ဆုံးဖြတ်ချက်ချပါ၊ ရှိတာနဲ့ ဖြစ်တာနဲ့ တခြားစီ ဖြစ်နေတယ် (မှန်ပါ့ ဘုရား)။
စုံလုံးကန်းအမြင်
ရှိတာနဲ့ မြင်တာနဲ့ တခြားစီဖြစ်နေတော့ ဓမ္မအနုဓမ္မံ ဆိုတဲ့အတိုင်း တရားနဲ့ လျော်တဲ့ သဘောရောက် သေးရဲ့လား (မရောက်ပါ ဘုရား) ဒါဖြင့် ကိုယ့်အမြင်ဟာ အရိယာမျက်လုံးလားတဲ့ စုံလုံးကန်းအမြင်လား (စုံလုံးကန်အမြင်ပါ ဘုရား)။
ဒါဖြင့် ဒကာကြွယ် ဒီမျက်လုံးဟာ မမြင်လို့ရှိရင်ဖြင့် သံသရာချဲ့မည့်မျက်လုံးဘဲ (မှန်ပါ့) အဲ့ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အရေးကြီးရမည့် တရား အရေးကြီးတဲ့ အမြင်ကိုပြရမှာဖြစ်ပြီး သကာလ နေတော့ ဪ ဒို့အမြင်ဟာ ဘဝတိုင်းက ကန်းလာတာကိုး (မှန်ပါ့ ဘုရား)။
ဦးလှဘူး ဘယ့်နှယ်ဆိုပါ့မလဲ (ဘဝတိုင်းက ကန်းလာတာပါ ဘုရား) ဘဝတိုင်းက ကန်းပြီး သကာလ လာတော့ ဘယ်တော့မှ အရှိနဲ့ အသိနဲ့ဟာဖြင့် ကိုက်ကို မကိုက်ဘူး (မကိုက်ပါ ဘုရား)။
ဒါဖြင့် အရှိနဲ့ အသိဆိုတာက မြန်မာလိုရှင်းအောင်ပြောတော့ စင်စစ်တရားနဲ့ လျော်တဲ့အမြင်လို့ဆိုတာပါဘဲ (မှန်ပါ့) သဘောပါကြပလား (ပါ ပါပြီ ဘုရား)။
တရားနဲ့ မလျော်တဲ့ အမြင်
ဒါဖြင့် ဒကာ ဒကာမတို့ တရားနဲ့ မလျော်တဲ့ အမြင်နဲ့ ကျုပ်တို့နေခဲ့ရတဲ့ အတွက် ဒီခန္ဓာကြီးကိုဘဲ ဆီသုတ်တဲ့ အဝတ်ကြီး ဝတ်ပြီး မည်းလှသော သိုးမွေးကြီး ခြုံနေရတာကို ကျုပ်အဝတ်နဲ့ ကျုပ်သိပ်လိုက်တယ်လို့ ထင်တယ် (မှန်ပါ့) ဒါကြောင့် သူ့ခန္ဓာကိုယ်ကြီးကို သူစွဲလမ်းတယ် တသံသရာလုံး စွဲလမ်းလာကြတယ် (မှန်ပါ့)။
ဘယ်လောက်ထိအောင် စွဲလမ်းသလဲလို့မေးရင် ဒီခန္ဓာကိုယ်ကြီးကို စွန့်ရတော့မယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမ တို့ စွန့်ချင်တဲ့စိတ် လာရဲ့လား (မလာပါ ဘုရား)။
မလာတော့ ဒီခန္ဓာကြီးကို ရောဂါတွေ, အနာတွေရယ်လို့ မသိတော့ ဒကာ ဒကာမတို့က ဥပါဒါန် ဖြစ်နေတယ် (မှန်ပါ့) ဥပါဒါနပစ္စယော ကမ္မဘဝေါ၊ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား) ဇာတိပစ္စယော (ဇရာမရဏပါ ဘုရား)။
ဇရာမရဏဘက်ချည့် လှည့်သွားနေတော့ ဪ ဒီခန္ဓာကြီး စွဲလမ်းလို့ နောက်ခန္ဓာဆိုတဲ့ ဇာဘိဇရာမရဏတွေ ပြန်ရနေတာဘဲဆိုတဲ့ဥစ္စာ အမြင်မှန်မရသေးတော့ စွဲလမ်းတယ် (မှန်ပါ့ ဘုရား)။
ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီမျက်လုံးမြင်ဖို့ အရေးဟာဖြင့် ဒကာကြွယ် တယ်ကြီးပါလား (ကြီးပါ တယ် ဘုရား)။
အားလုံး ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ပွင့်လာတာသည် ဘယ်အကျိုးငှာတုန်းလို့ ကျကျနန တွေးလိုက်တဲ့အခါကျတော့ ပုထုဇန်မျက်လုံးမှ အရိယာမျက်လုံးအဖြစ်သို့ ပြောင်းလိုလို့ ပွင့်လာတာဘဲလို့ ကျုပ်တို့ကျေးဇူး တင်စရာပါ (မှန်ပါ့)။
ဆေးဆရာပေါ်လာတာ
မြန်မာလို ရိုးရိုးပြောစမ်းပါဆိုတော့ အကန်းတွေ ဆေးကုမလို့ ဆေးဆရာပေါ်လာတာဘဲ (မှန်ပါ့) ဆေးဆရာ ပေါ်လာတာဘဲဆိုတာ ဒကာ ဒကာမတွေ ရှင်းသွားပြီ (ရှင်းသွားပါပြီ ဘုရား)။
ကိုင်း ဒါဖြင့်ဒီဆေးကလဲ သာသနာတွင်းမှ ပေါ်သနော် (မှန်ပါ့) အခါတိုင်း ပေါ်တဲ့ဆေးလား သာသနာတွင်း ပေါ်တဲ့ဆေးလား (သာသနာတွင်းပေါ်တဲ့ဆေးပါ ဘုရား)။
သာသနာတွင်းမှာသာ ပေါ်တဲ့ဆေးဖြစ်တော့ ဒီဆေးမမှီလိုက်လို့ရှိရင်ဖြင့် အကန်းနေ-နေ၍ အကန်းသေ သေပြီး အကန်းသွား- သွား၍ အကန်းတို့ကျရာ ချောက်မှတပါး ဘယ်မှရောက်စရာမရှိဘူး (မှန်ပါ့)။
ဒါကြောင့် အားလုံး ဒကာ ဒကာမတွေ သာသနာတွင်း ဆေးကိုဖြင့် ကုဖြစ်အောင်ကုပါ၊ ဒါမှစုံလုံးကန်းအဖြစ်မှ မျက်စိနှစ်ကွင်း အလင်းရတဲ့အဖြစ်ကို ရောက်တော့မပေါ့ဆိုတာ ဒကာကြွယ် ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) သဘောကျကြပြီလား (ကျပါပြီ ဘုရား)။
အေး ဒါကြောင့်မလွယ်ဘူး မလွယ်ဘူးဆိုတာ ဆရာကောင်း သမားကောင်းရှာပါဆိုတာ ဦးမာဒင်ရေ ဘုရားသခင် ကိုယ်တော်မြတ်ကြီး အကြိမ်ပေါင်း ၁၇၉၂ ကြိမ်တောင် ဆရာကောင်းရှာဟ, သမားကောင်းရှာဟ-နို့မဟုတ် မျက်စိအလင်း မရမှာပူဟ၊ ၁၇၉၂ကြိမ်မှာတယ် (မှန်ပါ့) ဘယ်လောက်မှာပါလိမ့် (၁၇၉၂-ကြိမ်မှာပါတယ် ဘုရား)။
အမယ်လေး ကိုယ်တော်ကြီးလွန်လွန်းလှချည့်လား၊ ဒါလောက်တောင်ဘဲ မှာရသလားလို့ ခင်ဗျားတို့ကများ အပြစ်တင်ချင်သေးသလားလို့ မေးတော့ တသံသရာလုံးကန်းလာတာသာ အကဲခတ်ပါတော့ (မှန်ပါ့)။
၁၇၉၂-ကြိမ်က နည်းပါသေးတယ်
၁၇၉၂-ကြိမ်နဲ့စာလို့ရှိရင် တသံသရာလုံးနဲ့ စာလို့ရှိရင်မပြောပလောက်ပါဘူး (မပြောပလောက်ပါ ဘုရား) ၁၇၉၂-ကြိမ်က နည်းပါသေးတယ် အကန်းသက် ရှည်တာကများပါသေးတယ် (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဪ ဒါဖြင့် ဒကာကြွယ်မှာသင့်သဗျာ (မှာသင့်ပါတယ် ဘုရား) အားလုံးတရားနာကြတဲ့ ဒကာ ဒကာမတွေ မှာပုံထောက်တော့လဲ မဟာကရုဏာတော် ရင်ကြီးပါလားဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
ဘာတွေပေါ်လာသတုန်း (မဟာကရုဏာတော်ရှင်ကြီးပါ ဘုရား) ကျုပ်တို့ခင်ဗျားတို့ဆိုရင်ဖြင့် ဒါလောက်တောင် နော်သုံးခွန်း ငါမပြောချင်ဘူးဟေ့ လုပ်နေကြမှာဗျ (မှန်ပါ့ ဘုရား)။
ဒကာကြွယ် တပည့်သားမြေးတွေဆုံးမ, အိမ်သူအိမ်သားတွေ ဆုံးမတဲ့အခါကျတော့ တခွန်းပြောလို့ နားထောင် ရင်တော်ပြီကွာ နှစ်ခွန်းဆိုရင် လွန်ပြီဟေ့၊ သုံးခွန်းဆိုရင် ငါ-လက်လျှော့ပြီဆိုပြီး ဒကာကြွယ်တို့ကိုတော့ လက်လျှော့မှာ (မှန်ပါ့ ဘုရား)။
ဘုရားက ၁၇၉၂-ကြိမ် လက်မလျှော့ဘဲနဲ့ ပြောနေတာ (မှန်ပါ့) ဘယ်နှယ့်ကြောင့် ဒါလောက်ပြောရပါလိမ့် မတုန်း အကန်းသက်ရှည်ကြီးတွေ သနားလွန်းလို့ (မှန်ပါ့)။
ဘယ်လိုမှတ်ကြမယ် (အကန်းသက်ရှည်ကြီးတွေ သနားလို့ပါ ဘုရား) ကြောက်စရာကောင်းလိုက်တာ ဦးမာဒင် ရေ၊ ကျုပ်တို့ခင်ဗျားတို့ အကန်းသက်ရှည်ကြီးဟာလေ (မှန်ပါ့)။
ဪ – နောက်တုန်းက ငါ-ဘာဖြစ်ပါလိမ့်မတုန်း ဆိုတော့မျက်စိကန်း တစ္ဆေမကြောက် သွားနေတာဘဲဘုရား။ ဘာရယ်လို့ မဟုတ်ဘူး (မှန်ပါ့) ဒါဘဲ ဒကာကြွယ်တို့ တကာသစ်တို့ အဖြေထုတ်ရုံဘဲရှိမယ် (မှန်ပါ့)။
ကန်းလိုက်တဲ့ဖြစ်ခြင်း
နိဗ္ဗာန်လမ်းဆိုတာ ဘယ်နေမှန်းမသိဘူးဘုရား (မှန်ပါ့) ကန်းလိုက်တဲ့ဖြစ်ခြင်းမှ တခါတည်း နတ်ပြည်မှာ ဒုက္ခသစ္စာရှိပါတယ် ဆိုလျက်သားနဲ့ နတ်ပြည်ရောက်ရပါလို၏ (မှန်ပါ့) ကန်းလိုက်တဲ့ဖြစ်ခြင်း ကဲသေချာကြပြီလား (သေချာပါပြီ ဘုရား)။
နတ်ပြည်ရောက်တော့ ဘာသစ္စာဖြစ်မတုန်း (ဒုက္ခသစ္စာဖြစ်ပါမယ် ဘုရား) အဲဒါ နတ်ပြည်ရောက်ရပါလို၏ဆို တော့ ဒကာကြွယ်ဘဲ စဉ်းစားပါ၊ ဒါအကန်းမှ ဟုတ်ရဲ့လား (ဟုတ်ပါတယ် ဘုရား)။
ဗြဟ္မာ့ပြည် ရောက်ရပါလို၏ဆိုတော့ ဗြဟ္မာတွေဟာ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား) ဒါဆုတောင်းယူ တယ်၊ အဲဒီဘက် မရောက်ရောက်အောင်တိုးသွားတယ် သမထတွေလုပ်ပြီးတော့ (မှန်ပါ့) အင်း ဒါဟာဘာသွား သွားတာ တုန်း ဦးမာဒင်ဘဲ အကဲခတ်ပါ (အကန်းသွား သွားတာပါ ဘုရား)။
နောက်ဘဝ လူချမ်းသာ ဖြစ်ချင်တယ်ဆိုပြန်တော့လဲ နောက်ဘဝဇာတိလာမယ် (မှန်ပါ့) ဇရာဗျာဓိကော (လာပါမှာ ဘုရား)။
အဲဒါကို ရချင်ပါသေးတယ်ဆိုတော့ ဘာသွား-သွားတာတုန်း (အကန်းသွား သွားတာပါ ဘုရား) ဒီဆေးဆရာ ကြီးများမပေါ်ရင် မခက်လား (ခက်ပါတယ် ဘုရား)။
ဒီသံသရာ့ဆေးဆရာကြီး မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးများ မပေါ်လာရင် ဒကာကြွယ်ခင်ဗျားတို့ သွားချင်တဲ့ဆီ သွားနေတယ် (မှန်ပါ့) မသွားပေဘူးလား (သွားပါတယ် ဘုရား)။
ကိုင်း ဒါတွေကို အကြောင်းခြင်းရာတွေ သေသေချာချာရေရေလည်လည် သိရတော့မှ ဪ အဟုတ်ကန်း နေတာကိုး၊ ဒါကြောင့် ဘုရားက မင်း-မျက်စိနှစ်ကွင်း အလင်းရချင်လို့ရှိရင် ဓမ္မာနုဓမ္မပဋိပတ္တိ အလုပ်-လုပ်ပါဦးကွ၊ မှာတာများ ဦးမာဒင်မှာသင့် မမှာသင့် (မှာသင့်ပါတယ် ဘုရား)။
ဆရာရှာပါဆိုတာ
ကိုယ်တော်မြတ်ကြီး ကရုဏာ ဒကာကြွယ်တယ်ကြီးပါလား (ကြီးပါတယ် ဘုရား) ဆရာရှာပါဆိုတာ ၁၇၉၂-ကြိမ် (မှန်ပါ့) မျက်စိဖွင့်ပေးမည့် ဆရာရှာကွ (မှန်ပါ့) ဘယ်နှစ်ခါမှာသတဲ့ (၁၇၉၂ကြိမ်ပါ ဘုရား)။
ဒါကြောင့် ဒကာသစ်တို့ပြောရတယ် ဪ ဘုရားသခင် ကိုယ်တော်မြတ်ကြီး နှစ်ခွန်းမပြောတဲ့ ကိုယ်တော်မြတ် ကြီးက ၁၇၉၂ကြိမ်မှာတာ ကရုဏာတော် ကြီးပါပေတယ်ဆိုပြီး သကာလ ကျုပ်တို့ ရှိခိုးထိုက်ပါတယ် (မှန်ပါ့) မရှိခိုးထိုက်ဘူး လား (ခိုးထိုက်ပါတယ် ဘုရား)။
နို့ မဟုတ်လို့ ရှိရင်ဖြင့် ဒီအကန်းဇာတ်ဟာ ဆရာမရှာလို့ရှိရင် ဒီအကန်းဇာတ်နဲ့ဘဲ အကန်းနဲ့မွေးပြီး, အကန်းနဲ့ နေပြီး, အကန်းသေ-သေကြ၊ နောက်ဘဝ ရောက်ပြန်တော့လဲ ဒီအကန်းကလဲ မဖွင့်ဘဲနဲ့ သွားပြန်တော့ ဒကာသစ် အကန်းကလေး မွေးလာဦးမှာဘဲ (မှန်ပါ့)။
ဘယ့်နှယ့်နေပါ့မလဲ (အကန်းကလေး မွေးလာမှာပါ ဘုရား)။
အကန်းဆင်ပြသလိုဖြစ်နေပြီ
ဒါဖြင့် အကန်းဆင်ပြသလိုဖြစ်နေပြီ (မှန်ပါ့ ဘုရား) အကန်းဆင်ပြတယ်ဆိုတော့ သူတို့က စမ်းကြည့်မှ သိတာဖြစ်နေတော့ အကန်းတွေ ရှင်ဘုရင်ကခေါ်ပြီး ဆင်, ဆိုတာ သိရအောင် မင်းတို့စမ်းကြည့်ကြဟေ့ ဆိုတော့အကန်းတယောက်ကဆင်၏ ရှေ့ခြေထောက် စမ်းကြည့်တယ်၊ ပြီးတော့ နောက်ဆုတ်တယ် (မှန်ပါ့)။
တယောက်သော ပုဂ္ဂိုလ်ကတော့ ဗိုက်ကိုစမ်းကြည့်တယ်၊ စမ်းကြည့်ပြီး ဆင်ဆိုတာ ဒါကိုးဆိုပြီး သူနောက်ဆုတ် (မှန်ပါ့ ဘုရား)။
တယောက်သော ပုဂ္ဂိုလ်က အမြီးကို စမ်းကြည့်တယ်၊ ဪဆင်ဆိုတာ ဒါကိုးလို့ ဒီလိုဘဲသူနောက်ဆုတ်တယ် (မှန်ပါ့ ဘုရား)။
ဒါနဲ့ အရှင်ဘုရားက ကဲဆင်တွေ့ဘူးကြပြီလားမေးတော့ တွေ့ဘူးပါပြီတဲ့၊ ပြောစမ်းဆိုတော့ ဆင်ဆိုတာ တိုင်ကြီးနဲ့တူတယ်တဲ့ (မှန်ပါ့) ကဲအကန်းပြော, ပြောချလိုက်တယ် (မှန်ပါ့)။
တိုင်ကြီးနဲ့တူတယ်ဆိုတော့ မှန်ကြရဲ့လား မြင်တဲ့ပုဂ္ဂိုလ်က စဉ်းစားတော့လေ (မမှန်ပါ ဘုရား)။
တယောက်သော ပုဂ္ဂိုလ်မေးတော့ ဆင်ဆိုတာ စဉ့်အိုးကြီးလိုဘဲဆိုတဲ့၊ ဗိုက်စမ်းမိတဲ့ပုဂ္ဂိုလ်က ဆင်ကိုစဉ့်အိုးလို ဘဲတဲ့ (မှန်ပါ့) စွဲမိစွဲရာ ကိုယ်စမ်းမိစမ်းရာ (မှန်ပါ့)။
တယောက်သော ပုဂ္ဂိုလ်ကအမြီးစမ်းမိတော့ မင်းကဆင်ဆိုတာ ဘယ်နှယ့်နေသတုန်း ပြောစမ်းလို့ ရှင်ဘုရင်က မေးတော့ဆင်ဆိုတာ တံမြက်စီးနဲ့ တူတယ်တဲ့ (မှန်ပါ့) ဒီတော့ ဒကာ ဒကာမတို့ ဘယ်သူမှန်သတုန်း (ဘယ်သူမှမမှန် ပါ ဘုရား) အဲ ခင်ဗျားတို့ကလဲ နောက်တုန်းက ဆင်ကိုတံမြက်စီးလုပ်လာတဲ့ လူချည့်ဘဲမှတ်ပါ (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
အမယ်လေး ကြောက်စရာကောင်းလိုက်တာမှ မပြောပါနဲ့တော့ ဒကာကြွယ်,ရာ (မှန်ပါ့) ဒီသုတ်ကို ဘုရားက ဟောတော်မူခဲ့တယ် (မှန်ပါ့)။
မျက်စိကန်း စမ်းတော့
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဆင်၏တကိုယ်လုံးမြင်ရမှလဲ ဆင်အကြောင်းသိမှာပေါ့ (မှန်ပါ့) ဟိုစမ်း,ဒီစမ်း နဲ့ဆိုရင်ဖြင့် မျက်စိကန်း စမ်းတော့ ကိုယ်ထင်ရာ ကိုယ်စွပ်ပြီး သကာလ ပြောနေတယ် ယုံကြည်နေတဲ့ အဓိပ္ပါယ် မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။
ဒီမှာလဲ ဒကာ ဒကာမတွေက ခန္ဓာကိုယ်ကြီး “အာရောဂျံ ပရမံလာဘံ” ဆိုတော့ ကျုပ်ကအရွယ် ကလေးကလဲ ကောင်းသေးတော့ လူကလဲ ကျန်းမာသေးသကိုးဗျ၊ ဒါ့ကြောင့်ကျုပ်ဟာ လုပ်နိုင်, ကိုင်နိုင်သေးတယ်ဆိုတော့ ရောဂတော နဲ့တော့ ကွာသွားပြီ (ကွာသွားပါပြီ ဘုရား) ဂဏ္ဍတောနဲ့ကော (ကွာသွားပါပြီ ဘုရား) ရောဂါအပြည့်ပါကွ၊ အနာတွေ အပြည့်ပါကွလို့ ဘုရားကဟောထားတယ်၊ သူကကျန်းမာတယ်ဆိုပြီး သကာလ စမ်းမိစမ်းရာ စမ်းပြီးပြောနေတာ (မှန်ပါ့) မပြောဘူးလား (ပြောပါတယ် ဘုရား)။
အဲဒါလောက်ကျအောင် ခင်ဗျားတို့ ကျုပ်တို့အရုပ်ဆိုးတာကိုလဲ ဒီလိုတရားထူး, တရားမြတ်တွေကို အဓိပ္ပာယ်နဲ့ တကွသိရမှ ဦးမာဒင်ရေ ကိုယ့်အကြောင်းကိုယ်သိတယ် (မှန်ပါ့)။
နို့မဟုတ်လို့ရှိရင်ဖြင့် ကိုယ့်ကိုယ်ကို ငယ်ငယ်တုန်းက ကျုပ်သိပ်ကျန်းမာတာဗျ၊ အခုသာနည်းနည်း မကျန်းမာတာ မျက်လုံးက ရှေးတုန်းက သိပ်ကြည်တာဗျ မျက်မှန်တွေဘာတွေ မလိုပါဘူး ဒကာကြွယ်တို့က ပြောချင်ပြောနေကြမှာ (ပြောခဲ့ပါတယ် ဘုရား)။
ကျုပ်က အင်မတန် အန္တရယ်ကင်းတာဗျ အစရှိသည်နဲ့အနာမမြင်ဘူးတော့ အနာတွေအပြည့်ဆိုတာ မမြင်တော့ ကျုပ်ကအင်မတန် အန္တရယ်ကင်းတဲ့လူလို့ ပြောချင်ပြောနေမှာ (ပြောမှာပါ ဘုရား)။
အခုတရားနာတဲ့ပုဂ္ဂိုလ်တွေ မေးကြည့်ပြန်လဲ ဝိပဿနာမလုပ်သေးတဲ့ ပုဂ္ဂိုလ်မေးကြည့်မယ်ဆို ဘယ်နှယ့်ကြောင့် တုန်း။ အိုကျန်းမာလို့ လာနိုင်တာပေါ့ဗျ၊ တပြိုင်တည်းဖြေရမှာဘဲ (မှန်ပါ့ ဘုရား) တပြိုင်တည်း ဖြေမှာဘဲဆိုတာ ထင်ရှားပါ တယ် (မှန်ပါ့)။
အရိယာမျက်လုံး မပါသေးလို့ရှိရင်
ဒါအရိယာမျက်လုံး မပါသေးလို့ရှိရင်ဖြင့် ရောဂတော, ပဏ္ဍတော, သလ္လတော့, အဃတော, အာဗာဓတောဆိုတဲ့ ငါးချက်ကို မျက်စိနှစ်ကွင်းအလင်းမရလို့ရှိရင် ဒီတော့ငါးခုမသိပါဘူးကွာတဲ့ (မှန်ပါ့)။
မင်းခန္ဓာကိုယ်ထဲမှာ ရောဂါလဲရှိတယ်၊ အနာလဲရှိပါတယ်၊ ငြောင်, တံသင်းတွေလဲ စူးနေပါတယ်၊ ဘာမှအသုံးမကျတာတွေလဲ စုနေပါတယ်၊ အာဗာဓတောတဲ့ အနာမျိုးစုံလဲ ရှိပါတယ် (မှန်ပါ့)။
အဲဒါ မင်းသည်ကားလို့ဆိုရင် ဓမ္မာနုဓမ္မပဋိပတ္တိအလုပ်ကို မလုပ်သေးသ၍ ကာလပတ်လုံး မျက်စိနှစ်ကွင်း အလင်းမရသောကြောင့် “အာရောဂျံ ပရမံ လာဘံ” ဆိုရင် မင်းကိုယ်ကြီးမင်း ပုတ်ပြနေတာ ငါယုံပါတယ်ကွ၊ အကန်း ပြော-ပြောနေတာပါ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒကာကြွယ် ရှေးတုန်းက အမြင်တွေနဲ့ဖြင့် သိပ်ကွာခြားတယ် (ကွာခြားပါတယ် ဘုရား) အခုကိုယ်တိုင် ဝိပဿနာ ထိုင်ကြည့်တော့မှ ဘယ်အချိန်အနာကင်းကြသတုန်း (မကင်းပါ ဘုရား)။
ဟိုက ယားလိုက်, ဒီကနာနေလိုက်၊ ခင်ဗျားတို့က ထမင်းစားဖို့ရာ ခွေးကို အို့ အို့လို့ခေါ်လိုက်တယ်၊ ထမင်းခွက် ကလေးကိုင်ပြီး၊ ခွေးက အာယားဖျောက်တုန်း ရှိသေးတယ်၊ ဒီခွေးများ တယ်ခက်ပါလား၊ အနာပေါ် ပေါ်လွန်းလှတယ် တကိုယ်လုံးက ဝဲချည့်ကိုး၊ ခွေးများကဲ့ရဲ့နေလိုက်တာ (မှန်ပါ့)။
ခင်ဗျားတို့ ထိုင်နေတဲ့အခါကျတော့ ဟိုပြောင်းဒီပြောင်းနဲ့ ခွေးနေရာမရသလို ဘာဖြစ်တာတုန်းမေးရင် ဘယ့်နှယ်ဖြေကြမလဲ (အနာပေါ်တာပါ ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ရောဂါကဘယ်သူမှ မကင်းဘူး
ဒီအတိုင်းဘဲ ဒကာ ဒကာမတို့ ရောဂါကဘယ်သူမှ မကင်းဘူး (မှန်ပါ့ ဘုရား) တော်တော်ကြာ ဒီဘက်က ကြင်လိုက်, ဟိုဘက်ကကိုက်လိုက် ဒီဘက်ကခဲလိုက် ဒီဘက်ကတံတွေးထွေးချင်လိုက် ဟုတ်လား (မှန်ပါ့)။
ဒီဘက်က နားထဲက ယားလိုက်၊ ခေါင်းပေါ်ကနေပြီး သကာလ ရွရွ ရွရွဖြစ်လိုက်၊ အောက်ကြမ်းတွေက ပူပြီး သကာလ အသားတွေက ပူပြီးရွှေ့လိုက်၊ အဝတ်ကလေးတွေက ချွေးတွေလူးနေလို့ ကပ်နေတဲ့အခါ ခွါလိုက်(မှန်ပါ့) ဘာဖြစ်တာတုန်း ခွေးနေရာမရသလိုဖြစ်တာဘုရား (မှန်ပါ့ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒကာကြွယ် တောက်လျှောက်သွားနိုင်ရဲ့လား (မသွားနိုင်ပါ ဘုရား) အိပ်ပေါ်မှာတော်တော်ကြာ အိပ်ရာပေါ်က နေပြီး ကုလားထိုင်ပေါ်ရွှေ့ပြန်ပြီ၊ ကုလားထိုင်ပေါ်ကနေပြီး သင်ဖြူးကလေးခင်းပြီး ကြမ်းပေါ်ရွှေ့ပြန်ပြီ (ရွှေ့ပါတယ် ဘုရား) ကြမ်းပေါ်ကနေပြီး ကြမ်းပေါ်မှာအနာရလာပြန်တော့ ကိုက်တယ်, ခဲတယ်နဲ့ ကုလားထိုင်ပေါ်ရှိပြန်ပြီ (မှန်ပါ့)။
ဟာ နေရာမရပြန်ဘူး ဘာဖြစ်တာတုန်းမေးရင် ဒကာကြွယ်ဖြေတတ်ပြီလား (ရောဂါရတာပါ ဘုရား) ရှင်းသွား ပြီလား (မှန်ပါ့) သဘောပါကြပြီလား (ပါ-ပါပြီ ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ အိမ်တွေလျှောက်ပြီးကြည့်လိုက်လို့ရှိရင်ဖြင့် နေရာအမျိုးမျိုး ဘာဖြစ်လို့ ထားတာတုန်း၊ အနာမျိုးစုံ တပည့်တော်တို့မှာရှိတော့ နေရာအမျိုးမျိုးနဲ့ ကုသရတယ် (မှန်ပါ့)။
အိမ်ပေါ်မှာ ကုလားထိုင် အမျိုးမျိုးနဲ့ ခင်ဗျားတို့က ဪသူကပိုက်ဆံရှိလို့ ထားနိုင်တာ၊ ဆိုဖာကြီးတွေဟာ ခုနှစ်ရာတန်, တထောင်တန်တွေ (မှန်ပါ့) မဟုတ်ဘူး အနာပေါက်လိမ့်ဦးမယ် ရွှေ့ဖို့လုပ်ထားရတာ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဘာလုပ်ဖို့တုန်း (အနာပေါက်လို့ ရွှေ့ဖို့ပါ ဘုရား) အနာပေါက်လို့ ရွှေ့ဖို့လုပ်ထားရတဲ့ဥစ္စာ၊ သို့သော်လဲ ဒါက ဖော်ပြောလို့သာ ဒကာကြွယ်က သိတာကိုး (မှန်ပါ့) ဒကာကြွယ်တို့လို ဦးမာဒင်တို့လိုဆိုရင် ဒါအိမ့်ကြက်သရေဘုရား (မှန်ပါ့) အမယ်လေး ဖြစ်မှဖြစ်ရလေ ကိုယ့်အနာကိုယ်ပြန်မကြည့်ဘူး အိမ့်ကြက်သရေတဲ့ (မှန်ပါ့ ဘုရား)။
ဒကာကြွယ် ဒီဟာတွေထားတာ နဂိုရ်တုန်းက ခင်ဗျားတို့ နဂိုရ်တုန်းကတော့ အနာပေါက်လို့ ရွှေ့ဖို့လို့အောက်မေ့ ရဲ့လား (မအောက်မေ့ပါ ဘုရား) ဘာများ အောက်မေ့နေသလဲ (အိမ့်ကြက်သရေလို့ အောက်မေ့ပါတယ် ဘုရား)။
အနာပေါက်ရင် ရွှေ့ဖို့
အမယ်လေးလူနာသည် ရွှေ့နေတာကြီး အိမ့်ကြက်သရေလုပ်နေရင်ဖြင့် ခက်ပါသေးရဲ့ဗျာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘယ့်နှယ့်ကြောင့် ဒီဟာတွေ ပြောင်းစရာတွေ ထားရတာတုန်း အိပ်ဖို့နေရာကတမျိုး၊ လေညှင်းခံဖို့နေရက တမျိုး၊ ကုလားထိုင်နဲ့ နေဖို့နေရာကတမျိုး၊ ထမင်းစားတဲ့နေရာကတမျိုး၊ မီးဖိုချောင်ကတမျိုး ဒကာကြွယ် အိမ်ရှုပ်ဘဲ ရှုပ်လွန်းလှတယ် (မှန်ပါ့) ဘယ်နှယ့်ကြောင့်တုန်းဗျ ဆိုလို့ရှိရင် ဘယ့်နှယ့်ဖြေကြမလဲ (အနာပေါက်ရင် ရွှေ့ဖို့ပါ ဘုရား)။
ဆာတဲ့အနာပေါက်တော့ ထမင်းအိုးချောင်မပါရင် မရဘူးဗျ (မှန်ပါ့) ညောင်းနာ, ကိုက်နာတွေ လာပြန်တော့ ကုလားထိုင်မပါရင် (မရပါ ဘုရား) ကုလားထိုင်ပေါ်ထိုင်ရင်း မတ္တနဲ့အကြောတွေ ဘာတွေက တောင့်လာပြန်တော့ကော အိပ်ရာမပါရင်ကော (မရပါ့ ဘုရား)။
အိပ်ချည့်နေတော့လဲ စင်းစင်းကြီး နေရတာ တောင့်လာတောင့်လာပြန်တော့ စောင်းစရာကလေး ပါအောင် ကော (ထားရပါတယ် ဘုရား) ခေါင်းကို ဒီအတိုင်းထားပါတော့လား ဆိုလို့ရှိရင်လဲ ခေါင်းအုံးကနိမ့်သလေး မြင့်သလေးနဲ့ ရှုပ်လာပြီ (မှန်ပါ ဘုရား)။
ခေါင်းနာက ကြွလာပြန်တော့ ခေါင်းအုံးအမျိုးမျိုးလဲရတယ် (မှန်ပါ့) ဘယ်မှာတုန်း ခင်ဗျားတို့ဟာ ခင်ဗျားတို့ ပစ္စည်းတွေ ဘာလုပ်ဖို့လဲ အနာကုဖို့တွေ (မှန်ပါ့ ဘုရား)။
ဘာလုပ်ဖို့ပါလိမ့် (အနာကုဖို့ပါ ဘုရား) ဒါကို ဒကာကြွယ်တို့, ဦးမာဒင်တို့က ဂုဏ်များယူနေလိုက်သေးတယ် (မှန်ပါ့) တို့မှာ အကြောင်းညီညွှတ်လို့၊ ဒီပ္စည်းတွေ ဘယ်အိမ်မှမရှိဘူးကွ တို့တအိမ်ရှိတာနဲ့ လုပ်ချင်လုပ်နေသေးတာ (မှန်ပါ့ ဘုရား)။
အမယ်လေး ဖြစ်မှဖြစ်ရလေဒကာကြွယ်ရေ ဂုဏ်မယူသင့်တာ ဘယ်နှယ့်တုန်း (ဂုဏ်ယူပါတယ် ဘုရား) စင်စစ်တော့ဖြင့် လူနာပြောင်းတို့ နေရာတွေဆိုတာလွဲသလား (မလွဲပါ ဘုရား)။
အဲဒါ ကဏ္ဍတော သဘောကျလာတော့ ဪဒါတွေဟာ ဘာအကျိုးငှာ ထားတာပါလိမ့်မတုန်းလို့ ဆိုလို့ရှင်ရင် ဖြင့်ဆေးရုံပေါ်မှာ လူမမာ သက်သာတဲ့နည်းနဲ့ နေရအောင်လို့ (မှန်ပါ့ ဘုရား)။
အိမ်ကြီးက ဆေးရုံ
အိမ်ကြီးက ဆေးရုံ, တိုက်ကြီးကဆေးရုံပေါ့ (မှန်ပါ့) အတွင်း ပရိဘောဂတွေက လူမမာသက်သာဖို့ ထားတယ် (မှန်ပါ့) ဒါဖြင့် ဒီအိမ်မှာ လူမမာ ဘယ်လောက်များသတုန်း ဆိုတော့ဒကာကြွယ် ရိပ်မိပြီလား (ရိပ်မိပါပြီ) တအိမ်လုံး ပေါ့ (မှန်ပါ့ ဘုရား)။
ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (တစ်အိမ်လုံးပါ ဘုရား) ဪခင်ဗျားတို့ တစ်အိမ်လုံးဆုတောင်း ပြည့်နေကြတာ ကိုး လူမမာချည့်ဘဲဆိုတာက အခုဖော်ပြမှသိတယ် (မှန်ပါ့ ဘုရား)။
ကုဋိ အိမ်သာကလေးတွေ ထားတာကလဲ ဒကာကြွယ်ဘာလုပ်ဖို့တုန်းဗျ (လူမမာသုံးဖို့ပါ) ဝမ်းထဲကမမာရင် အဲဒီသွားစွန့်ရမယ် (မှန်ပါ့ ဘုရား)။
ကျင်ငယ်အိမ်ကလေးတွေ ထားတာကလဲ ဘာလုပ်ဖို့တုန်း၊ လူမမာကုဖို့ထားရတာဘဲ (မှန်ပါ့) ဒါဘဲဒကာကြွယ် တို့က ကျုပ်တို့က ကြွေအိုးနဲ့ ဘာနဲ့ဆိုတော့ ဟုတ်သလိုလိုထင်နေသေးတယ် (မှန်ပါ့) စင်စစ်ဘာမှမဟုတ်ဘူး သူ့ဟာက (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
အမယ်လေး ဒကာ ဒကာမတွေက အနာရှိလို့လဲ ရှိမှန်းမသိဘူး၊ ရှိပြန်တဲ့အနာတွေနဲ့လဲ ကြွားလုံးထုတ်တယ် (မှန်ပါ့) ခုနင်က ဆီချေးတွေသုတ်ထားတဲ့ အဝတ်ကြီးဝတ်ပြီး မျက်လုံးကန်းတဲ့လူက ကျုပ်အဝတ်နဲ့ ကျုပ်မလိုက်ဘူးလား ဗျာတို့ လူတွေလဲလည်ပြီး အော်သလိုဖြစ်နေတယ် (မှန်ပါ့) ဒကာကြွယ်ဒီအတိုင်းမကျဘူးလား (ကျပါတယ် ဘုရား)။
ဒါဖြင့် မျက်လုံးဘာဖြစ်နေသတုန်း (ကန်းနေပါတယ် ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
အဲဒါ ဓမ္မာနုဓမ္မပဋိပတ္တိအကျင့် မကျင့်ရသေးလို့ရှိရင်ဖြင့် ဒီကြွားလုံးဟာ ဒကာကြွယ်လဲ ပျောက်မှာမဟုတ် ပါဘူး (မှန်ပါ့) ဦးမာဒင်ကော (မပျောက်ပါ ဘုရား)။
အို ဘယ်သူကကြွားတာတုန်း ပြောပါဦး ဂုဏ်မသိမ်ပါဘူးဗျ၊ ဘယ်သူက ကြွားတာတုန်း အကန်းကြွားတာ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
အကန်းက ဘယ်အထဲမှာကြွားသတုန်း မေးတော့မှ အကန်းတောထဲကြွားတယ် (မှန်ပါ့) ဘယ်အထဲကြွားသတုန်း (အကန်းတောထဲ ကြွားပါတယ် ဘုရား)။
ဖြစ်မှ-ဖြစ်ရပါလေဗျာ၊ ဂုဏ်တော့မတက်ပါဘူး ဒကာကြွယ်ရေ (မှန်ပါ့) တက်သေးရဲ့လား (မတက်ပါ ဘုရား) ကြွားရတာက ဘယ်အထဲတုန်း (အကန်းတောထဲပါ) အကန်းတောထဲမှာ အကန်းလူကြီးမင်းက ကြွားတာလား (မှန်ပါ့) အမယ်လေး ကြောက်စရာကြီးပါလား မှန်ပါ့ ဘုရား)။
ဒကာသစ်ရေ ဘုရားသာမကယ်ရင် ကျုပ်တို့သည်ကားလို့ ဆိုလို့ရှိရင် အကန်းဘဝင်မြင့်ဖြစ်နေဦးမယ် (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါတယ်) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဓမ္မာနုဓမ္မပဋိပတ္တိ အလုပ် မလုပ်သေးသ၍ ကာလပတ်လုံးဟာ အကန်းဘဲ မင်းမူလိမ့်ဦးမယ် (မှန်ပါ့ ဘုရား)။
မြှောက်တဲ့ပုဂ္ဂိုလ်ကလဲ အကန်း
ဘယ်လိုဆိုကြမယ် (အကန်းဘဲမင်းမူမှာပါ ဘုရား) မြှောက်တဲ့ပုဂ္ဂိုလ်ကလဲ အကန်း၊ ကြွတဲ့ပုဂ္ဂိုလ်ကလဲ (အကန်းပါ ဘုရား) ဖြစ်မှဖြစ်ရပလေလို့ ပြောထိုက် မပြောထိုက် (ပြောထိုက်ပါတယ် ဘုရား)။
မြှောက်တဲ့ပုဂ္ဂိုလ်က (အကန်းပါ ဘုရား) ဪ ခင်ဗျားတို့တော့ ကာမာဝစရရှိတော့ ဘာမဆို လိုတ-ရသကိုး (မှန်ပါ့) အင်းမြှောက်ပြန်ပြီ (မှန်ပါ့) ဘယ်သူကမြှောက်ပါလိမ့် (အကန်းကမြှောက်ပါတယ် ဘုရား)။
လိုတ, ရဆိုလဲကွာ ကိုယ့်အကျိုးပေးကလေးက အကြောင်းညီညွှတ်လို့ပါ၊ အဲဒီတော့ဖြင့် လူနဲ့သူနဲ့တူအောင် ထားလိုက်ရတော့တာဘဲတဲ့၊ ဘယ်လူနဲ့တူအောင်တုန်း (အကန်းနဲ့တူအောင်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) အမယ်လေး အကန်းချင်းတူအောင် လုပ်ရတာ (မှန်ပါ့ ဘုရား)။
ဒကာကြွယ်ရေ ဒီတရား မနာဘူးသေးသ၍ ဓမ္မာနု ဓမ္မပဋိပတ္တိကို မသိသေးသ၍ ကာလပတ်လုံး ဒီကြွားလုံးနဲ့ ဘဲ ကြွားလုံးကတဏှာ ဥပါဒါန်ကံ (မှန်ပါ့) တဏှာ ဥပါဒါန်ကံဆိုတော့ ကာယကံ ဝစီကံတွေနဲ့ မဝယ်ပေဘူးလား (ဝယ်ပါတယ် ဘုရား) ကမ္မဘဝပစ္စယော (ဇာတိပါ ဘုရား)။
ဟင်ဒါဖြင့် သူ့အကန်းသည်ကားလို့ဆိုလို့ရှိရင် အကန်းတော့ပြန်ရောက်ပြီ (မှန်ပါ့) မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။
အဲဒါတွေ ဉာဏ်ထဲရောက်တော့မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ရွှေနန်းသုံးဆောင်က စွန့်လာတယ်ဆို တာ ဦးမာဒင်စွန့်ထိုက်လို့စွန့်တာ (မှန်ပါ့) ရွှေအိုးကြီးလေးလုံးဟာ တယူဇနာပတ်လည်ရှိတာကြီးတွေ စွန့်နိုင်မစွန့်နိုင်ကော (စွန့်နိုင်ပါတယ် ဘုရား) ယသောဓရာ အမှူးရှိသော မောင်းမပေါင်းများစွာနဲ့ စီးစိမ်တွေကိုလဲ ဒကာကြွယ်စွန့်နိုင် မစွန့်နိုင် (စွန့်နိုင်ပါတယ် ဘုရား) အဲဒါ ရောဂတော, ဂဏ္ဍတောဆိုတာ သူမြင်တော်မူလာတယ် (မှန်ပါ့ ဘုရား) သဘောကျ ပြီလား (ကျပါပြီ ဘုရား)။
ပါရမီချမနေနဲ့
အဲဒီတော့ ခင်ဗျားတို့မှာတော့ ကိုယ့်ဟာကလေးနဲ့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်ပြီး သကာလ ဒကာကြွယ်တို့က ဘာမှမစွန့်နိုင်သေးပါဘူး (မစွန့်နိုင်ပါ ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဘာများ စွန့်နိုင်သတုန်းမေးတော့ (မစွန့်နိုင်ပါ ဘုရား) ပါရမီသေးနုတ်တယ်တဲ့၊ ပါရမီချမနေနဲ့ မျက်လုံးချ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
နဂိုရ်က ချနေတာက ဘာချနေကြသလဲ (ပါရမီချနေပါတယ် ဘုရား) စင်စစ်ဘာတုန်း (မျက်လုံးပါ ဘုရား) မျက်လုံးကအမှန်မမြင်သေးလို့ပေါ့၊ ဆေးရုံကြီးဟာ လူမမာတို့၏ ကိရိယာဟုတ်လား (မှန်ပါ့)။
ကိုယ့်ကိုယ်က လူနာ၊ လူနာအဖြစ်မှလွတ်အောင် လုပ်ပါတော့မယ်၊ ဒီလူနာပစ္စည်းတွေနဲ့ မစီးချင်ပါဘူးဆိုတာ စွန့်ကြာမှာဘဲ (မှန်ပါ့)။
အခုတော့ ကိုယ့်အကြောင်းကိုက ကောင်းကောင်းကမျက်စိနှစ်ကွင်းက အလင်းမရသေးတော့ ဒကာကြွယ်ရေ ဥပါဒါန် ကလေးကရှိနေတယ် (ရှိပါတယ် ဘုရား) ဥပဒါနပစ္စယာ (ကမ္မဘဝေါပါ ဘုရား) ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။
အဲ ဥပါဒါန်ကလေးတွေရှိနေလို့ ဒါအိမ့်ကြက်သရေ, ရွာ့ကြက်သရေ, မြို့ကြက်သရေ, ကိုယ့်ကြက်သရေနဲ့ဆိုပြီး ဥပါဒါန်ကလေးတွေကြောင့် ဒီလူနာပစ္စည်းတွေကိုလဲ ဝယ်နိုင်တယ်, ခြမ်းနိုင်တယ် သူများမပေးနိုင်တယ်, မစွန့်နိုင်တယ်၊ ဒါတွေ သာယာနေတယ်ဆိုတာကိုလဲ ပဋိစ္စသမုပ္ပါဒ် ပေါ်လာတာလို့မှတ်ရမယ် (မှန်ပါ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဘာပေါ်တာတုန်း (ပဋိစ္စသမုပ္ပာဒ်ပေါ်လာတာပါ ဘုရား) ဘယ်သူ့မှာ ပေါ်လာတာတုန်း အကန်းမှာ ပေါ်လာ တာ (မှန်ပါ့) အမယ်လေး လျှော့ဈေးလုပ်မနေနဲ့ ခင်ဗျားတို့ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒါတွေ မစွန့်နိုင်တာက နဂိုက ကန်းတော့ လူနာ့ပစ္စည်းလို့ သိသေးရဲ့လား (မသိပါ ဘုရား) မသိတော့လဲ ဥပါဒါန်ရှိ-မရှိ (ရှိပါတယ် ဘုရား)။
ဥပါဒါန်ရှိတော့ ဒကာ ဒကာမတို့ ဥပါဒါနပစ္စယာ ကမ္မဘဝေါ ဖြစ်လာတယ် (မှန်ပါ့) ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။
ဒါတွေဟာ ဇာတိပဋိသန္ဓေရှိကြောင်းတွေလို့ သိရဲ့လား (မသိပါ ဘုရား) ဘယ်နှယ့်ကြောင့် မသိတာပါလိမ့် (ကန်းလို့မသိတာပါ ဘုရား)။
မျက်စိနှစ်ကွင်း အလင်းရအောင်ကုပြီးမှ
အဲဒါကြောင့် ဘုရားက ဟေ့မျက်စိနှစ်ကွင်း အလင်းရအောင်ကုပြီးမှ မင်းသည်ကားလို့ဆိုရင် အနာရှိတယ် မရှိဘူးဆိုတာ သိလိမ့်မယ်ကွ (မှန်ပါ့) မာဂဏ္ဍီပုဏ္ဏားကြီး ဟောတာများ ဒကာသစ် ဟောထိုက်- မဟောထိုက် (ဟောထိုက် ပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ကျုပ်တို့ဒကာ ဒကာမတွေလဲ နဂိုရ်တုန်းက မွေးလာတော့အကန်းဘဲ ဒကာကြွယ်ရေ (မှန်ပါ့) အခုအချိန်မှာ အလင်းရအောင် ပြတ်နိုင်ကြလို့ ရှိရင်ဖြင့် ဦးမာဒင်တို့, ဒကာသစ်တို့ အဖိုးတန်ပြီ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါလဲ သာသနာတွင်း ဆေးနဲ့ကုမှနော် (မှန်ပါ့) သာသနာတွင်းဆေးနဲ့ မကုဘူးဆိုရင် ပျောက်ပါမလား (မပျောက် ပါ ဘုရား)။
အဲဒီတော့ ကိုယ့်ပါရမီတွေ ဘာတွေချမနေနဲ့တော့ သာသနာတွင်းရောက်ကတည်းက ဒီဆေးနဲ့တွေ့ပြီဟ (မှန်ပါ့) ဒီဆေးနဲ့တွေ့ရင် မျက်စိနှစ်ကွင်း အလင်းရမယ်၊ အလင်းရလို့ရှိရင် ဥပါဒါန်ချုပ်ပြီ (မှန်ပါ့)။
ဥပါဒါန်ချုပ်ရင် ကံကော (ချုပ်ပါတယ် ဘုရား) ကံချုပ်ရင် (ဇာတိချုပ်ပါတယ် ဘုရား) ဇာတိနိရောဓေါနိဗ္ဗာနံ ဇာတိနိရောဓေါ (နိဗ္ဗာနံပါ ဘုရား) မရဏနိရောဓေါ (နိဗ္ဗာနံပါ ဘုရား)။
ဪ ဒါဖြင့် ကျုပ်တို့မျက်စိနှစ်ကွင်း အလင်းရလို့ရှိရင်ဖြင့် ဒါတွေမစွဲလမ်းဘူး၊ မစွဲလမ်းလို့ရှိရင်ဖြင့် ဥပါဒါန်ချုပ် တယ် (မှန်ပါ့)။
ဥပါဒါနနိရောဓေါ ဘဝနိရောဓေါ (မှန်ပါ့) ဘဝနိရောဓါ (ဇာတိနိရောဓေါပါ ဘုရား) ကိုင်း ဒကာသစ် မျက်စိ နှစ်ကွင်းအလင်းရတော့ စွဲသေးသလား (မစွဲပါ ဘုရား) ကိုယ့်ခန္ဓာလဲ စွဲသေးသလား (မစွဲပါ ဘုရား) ပရိဘောဂတွေကော (မစွဲပါ ဘုရား)။
မစွဲတော့ ဒကာကြွယ် ဘယ်သူက စ,ချုပ်သတုန်းဗျာ (ဥပါဒါန်က စ,ချုပ်ပါတယ် ဘုရား) ဥပါဒါန်က စ,ချုပ်တော့ ကျန်တာတွေ ဦးမာဒင်ချုပ်စရာလိုသေးသလား (မလိုပါ ဘုရား) ဥပါဒါန်ချုပ်ကတည်းက ကံချုပ် (မှန်ပါ့) ကာယကံ ဝစီကံတွေနဲ့ လုပ်ဖြစ်သေးရဲ့လား (မလုပ်ဖြစ်ပါ ဘုရား)။
ကမ္ပဘဝပစ္စယာ ဇာတိ
အဲဒါကြောင့် ကမ္ပဘဝပစ္စယာ ဇာတိဆိုတာ ဒီဘဝကာယကံ ဝစီကံ ဇာတ်သိမ်းကတည်းက နောက်လာလတ္တံ ဖြစ်တဲ့ဇာတိ ဇရာမရဏလဲ ဒကာသစ်ဘာတုန်း (ချုပ်ပါတယ် ဘုရား) ဇာတ်သိမ်းတယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အခုတော့ဖြင့် ဒကာ ဒကာမတို့ မျက်စိနှစ်ကွင်း အလင်းမရသေးတော့ ခန္ဓာကိုယ်ကြီးကိုလဲ ရောဂါ ရှိတယ်လို့ မထင်။ ရောဂါကုစရာ ကုလားထိုင်တွေနဲ့တကွ ဆိုဖာအမျိုးမျိုးတွေကိုလဲ ဪ ဒါတွေဟာ လူနာ ကုစရာတွေဘဲ ကြက်သရေ မရှိပါသလားလို့ မလာသေးဘူး (မလာသေးပါ ဘုရား)။
မလာသေးဘူး တခါတည်း ဧည့်ကောင်း, စောင်ကောင်းလာရင် ဒီနေရာပို့၊ ပြန်သွားတဲ့အခါကျတော့ အပေါ်က အဝတ်ကလေးဖုံးထား (မှန်ပါ့)။
အံမာ အင်မတန် ကြက်သရေရှိနေတာ သူ့ဟာနဲ့သူဟုတ်နေတာကိုး (မှန်ပါ့ ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
အမယ်လေး ဒါဘာဖြစ်လို့ ဒီဥစ္စာဒါလောက် သာယာနေပါလိမ့်မတုန်း ဆိုလို့ရှိရင် ဒကာကြွယ်ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား) ဥပါဒါန်ချုပ်လို့ (မှန်ပါ့)။
သူ့အပြစ်မမြင်သေးတော့ (သာယာပါတယ် ဘုရား) အပြစ်မမြင်သေးတော့ ဘာဖြစ်သတုန်း (ဥပါဒါန်ဖြစ်ပါ တယ် ဘုရား) ဥပါဒါနပစ္စယာ (ကမ္မဘဝေါပါ ဘုရား) ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။
ဪ ဒါဖြင့် ခင်ဗျားတို့အိမ်မှာရှိတဲ့ ပစ္စည်းတွေ အပြစ်မမြင်သေးရင်လဲ ဥပါဒါန်ရှိဦးမှာဘဲ၊ ရှိပါတယ် ဘုရား) ဥပါဒါန်ရှိလို့ရှိရင် ကမ္မဘဝက (ရှိပါတယ် ဘုရား) ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား) ဪ အိမ်မှာရှိတဲ့ပစ္စည်းတွေ ဇာတိဖြစ်ကြောင်းတွေပါကလား (မှန်ပါ့)။
ဇာတိဖြစ်ကြောင်းတွေ မမြင်သေးသ၍
ခန္ဓာကြီးကလဲ (ဇာတိဖြစ်ကြောင်းပါ ဘုရား) ပစ္စည်းတွေကလဲ (ဇာတိဖြစ်ကြောင်းပါ ဘုရား) ဒါတွေကိုဘဲ ခင်ဗျားတို့ ဇာတိဖြစ်ကြောင်းတွေ မမြင်သေးသ၍ ကာလပတ်လုံး ဒါတွေအနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်, ရောဂါအချက်တွေကို ဒကာကြွယ်တို့ မမြင်သေးသ၍ ကာလပတ်လုံးဖြင့် ဒီပဋိစ္စသမုပ္ပာဒ်ကြီး ဦးမာဒင် လည်မှာဘဲ (လည်မှာပါ ဘုရား) မလည်ပေဘူးလား (လည်ပါတယ် ဘုရား) ဒကာကြွယ် တော်တော်ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဘာမြင်ဖို့ အရေးကြီးပါလိမ့် (မျက်လုံးမြင်ဖို့အရေးကြီးပါတယ် ဘုရား) အဲ မျက်လုံးမြင်ဖို့အရေးကြီးတယ် မျက်လုံးမှားကို ပြောနေရတာကိုကအတော်ကြာသွားတယ် (မှန်ပါ့)။
အတော်ကြာသွားတယ် ဒကာ ဒကာမတို့၊ မှားချက်ကသန်တော့လဲ သေသေချာချာပေါ်မှ ဪ ဟုတ်ပါလားဆို တာလာတာနော် (မှန်ပါ့) နို့မဟုတ်ရင် ကိုယ့်ကားနဲ့ ကိုယ်ဘဲဒကာကြွယ်ရေ ဆေးရောင်ကလေး သ,ကာသ,ကာနဲ့ ဟင် (မှန်ပါ့)။
အင်း လူမမာတင်ဖို့ရာ ကြီးပါလားလို့ လာရဲ့လား (မလာပါ ဘုရား) သူမို့ဝယ်နိုင်တာဆိုတာ လာသေးတယ် (လာပါတယ် ဘုရား) ဖြစ်မှဖြစ်ရပြီလေ (မှန်ပါ့)။
စင်စစ်တော့ဖြင့် မာဘဲ့ပုဂ္ဂိုလ်ဖြင့်လဲ သွားမှာပေါ့ ကိုယ့်စွမ်းရည်နဲ့ဟင် (မှန်ပါ့) အခုတော့အရွယ်ကလဲ ကြီးတယ်၊ သွားဖို့ခရီးကလဲ ဝေးတယ်, ကိုယ့်ခန္ဓာကြီးကလဲ မသန်စွမ်းဘူး, ရောဂါတွေပြည့်စုံနေတော့ ဒကာကြွယ်ရေ လျှင်မြန် တဲ့ကားကိုဘဲ အဖိုးတန်တဲ့ကားကိုဘဲ စီးရတယ်ဆိုတဲ့ဥစ္စာ လူမမာတင်တာဗျ (မှန်ပါ့)။
ဘာဆိုကြမယ် (လူမမာတင်တာပါ ဘုရား) လူမမာတင်တာလို့ ဒကာကြွယ်သိပြီလား (သိပါပြီ ဘုရား) ဦးမာဒင် တို့သိပြီ (သိပါပြီ ဘုရား)။
ဘာတင်တာတုန်း (လူမမာတင်တာပါ ဘုရား) လူမမာဆိုတာက ဘယ်သူတုန်းလို့ မေးတဲ့အခါကျတော့မှ စဉ်းစား ကြည့်ပါတဲ့ ကိုယ့်အတွက်ဝယ်တာ (မှန်ပါ့)။
ဘယ်သူ့အတွက်ဝယ်တာတုန်း (ကိုယ့်အတွက်ဝယ်တာပါ ဘုရား) ဒါဖြင့် ကိုယ့်လူမမာဘဲ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
အဲဒါ ဘေးကလူတွေက လက်ခုပ်တီးပေးတယ်၊ သူတို့တော့ ကံကအကြောင်းသင့်တယ်တဲ့၊ ဘာအကြောင်းသင့် ရမတုန်း လူမမာကြီး ဖြစ်နေတဲ့ဥစ္စာ (မှန်ပါ့) အကြောင်းသင့်စရာပါ သေးရဲ့လား (မပါ – ပါ ဘုရား)။
လူမမာတင်ဘို့ ထင်းစင်
ဒကာကြွယ် ဘာတုံးဗျ – လူမမာ မဟုတ်လား (မှန်ပါ့) လူမမာတင်ဘို့ ထင်းစင်သဘောလုပ်ရတယ် မဟုတ်လား(မှန်ပါ့ ဘုရား)။
အဲဒါကို ကျုပ်တို့ ခင်ဗျားတို့ မျက်စိနှစ်ကွင်း အလင်းမရတဲ့ ပုဂ္ဂိုလ်တွေက သူတို့ကတော့ စီးနိုင်မှာဘဲ အကြောင်းက ညီညွတ်နေတယ်တဲ့(မှန်ပါ ဘုရား) ညီညွတ်လို့ စီးရတာ (မှန်ပါ့ ဘုရား)။
ဒီက ဘယ်လိုအောက်မေ့ရမလဲ (အကြောင်းမညီညွတ်လို့ စီးရတာပါ ဘုရား) သို့သော်လဲ အခုဆရာဘုန်းကြီး ပြောလို့သာကိုးဗျ (မှန်ပါ့) နဂိုရ်က ညီညွတ်လို စီးတယ် အောက်မေ့နေတယ် (မှန်ပါ့) စင်စစ်စီးရတာက (မညီညွတ်လို့ စီးတာပါ ဘုရား) ဘာ မညီညွတ်တာတုံးခန္ဓာတွေက ရောဂါတွေဘဲဘုရား (မှန်ပါ့)။
မြင်းနဲ့ သွားလို့ ရှိရင်ဖြင့် အတွင်းရောဂါတွေက မျက်လုံးက ရင်လဲထ,မယ်ဘုရား၊ ဒူလာပါဒရက်ကသော် လည်းကောင်း၊ (ထ,ပါမယ် ဘုရား) နဂိုရ်က ဘာဖြစ်နေသလဲ ငုတ်နာတွေဖြစ်နေတယ် (မှန်ပါ့) ဒီဟာနဲ့မှ မသွားလို့ ရှိရင်ဖြင့် ပေါ်တဲ့အနာတွေဖြစ်လာမယ် (မှန်ပါ့)။
ဒါဖြင့် ဘယ်သူ့တင်ဖို့တုံး (လူမမာတင်ဘို့ရာပါ ဘုရား) အံမာလေး လူမမာတင်ဘို့ရာကို ခင်ဗျားတို့ ဘေးကလျှောက်တဲ့လူကလဲ စုံလုံးကန်းစီးတဲ့ ပုဂ္ဂိုလ်ကလဲ မျက်စိနှစ်ကွင်း အလင်းမရ (မှန်ပါ့) သူဟာနဲ့သူများ ဟုတ်နေလိုက်တာ (မှန်ပါ့)ရှင်းပြီးလား (ရှင်းပါပြီ ဘုရား)။
အဲဒါ အရိယာမျက်လုံးကို မရသေးသ၍ ကာလပတ်လုံးဒကာကြွယ် နောက်ဒါမျိုးဖြစ်ရပါလို့၏ ဆိုတော့နောက် ဒီလူမမာဖြစ်ရပါလို၏လာတာ (မှန်ပါ့)။
ဒါမျိုးဖြစ်ရပါလို၏ ဆိုတော့ (ဒီလူမမာ ဖြစ်ရပါလို၏) ဒီထက်ကြီးတာကြီးဖြစ်ရာပါလို၏ ဆိုတော့ကော (လူမမာဖြစ်ရပါလို့၏) ဒီ့ထက်ကြီးတဲ့လူမမာကြီး၊ ထည့်ပါဦး – ထည့်ပါဦးဒကာသစ်,ရ လျှော့ဈေးမလုပ်ပါနဲ့ (မှန်ပါ့)။
ဒီ့ထက်ကြီးကြီးလေးကျွန်းစီးရတဲ့ စကြာရတနာကြီး ရရ,ပါလို၏ဆိုတော့ ဘယ်နှယ်ဆိုပါ့မယ် (ဒီထက်ကြီးတဲ့ လူမမာကြီး ရ,ရပါလို၏) ဒီ့ထက်ကြီးတဲ့ လူမမာကြီးဖြစ်ရပါလို့၏ (မှန်ပါ့)။
ဒကာကြွယ် ဒါတွေဘဲဗျ၊ မျက်စိနှစ်ကွင်း အလင်းမရလို့ အရှုပ်ကြီး ရှုပ်နေတာပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
တဏှာဒိဋ္ဌိသတ်နေတာ
ကိုင်း ဒါတွေက ဉာဏ်စခန်းကို ပြောရတော့ ဦးမာဒင်မလွတ်ဘူးနော် (မလွတ်ပါ ဘုရား) ဒါတဏှာသတ်နေတာ အောက်မေ့ပါ (မှန်ပါ့) ဒိဋ္ဌိသတ်နေတာကော (ဟုတ်ပါတယ် ဘုရား) တဏှာဒိဋ္ဌိသတ်နေတာ (မှန်ပါ့)။
ခင်ဗျားတို့ကတော့ ဒီဥစ္စာ ဒါတွေနဲ့ ပတ်သက်ပြီး သကာလ ဒကာကြွယ်တို့, ဦးမာဒင်တို့က တော်,တော်သေးရဲ့ များ ထင်မိထင်ရာ (မှန်ပါ့) တော် – တော်သေးရဲ့ ဘုရားဒီလောက်လူတန်းစေ့ကလေး ကိုယ့်မှာ ကာမာဝစရရှိလို့- တဲ့၊ အခုတော့ မဟုတ်ဘူး ကာမာဝစရရှိလို့ လူမမာဖြစ်နေတာ(မှန်ပါ့) လူမမာဖြစ်လို့ ထမ်းစင်ကြီးကြီးဝယ်ရတယ် (မှန်ပါ့) ဒီလိုယူမှ တဏှာဒိဋ္ဌိသေတော့မယ် (မှန်ပါ့) ပေါ်ကြပြီးလား (ပေါ်ပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် မျက်လုံးကလေး နည်းနည်းရှင်းပြီး (မှန်ပါ့) အရိယာမျက်လုံးကလေးနည်းနည်းတန်း မိပြီ ဒကာကြွယ်,ရ (မှန်ပါ့)။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ရွှေနန်းသုံးဆောင်ကစွန့်တာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား) တောလဲ ထွက်ပါရောမာရ်နတ်မင်းက ရှေ့ကနေမြင်းဆီးဆွဲပြီးထားတယ် (မှန်ပါ့)ခုနှစ်နှစ်ရှိလို့ ရှိရင် ထမ်းစင်အကြီးစားရမယ်လို့ ပြောတာ(မှန်ပါ့) ဘုရားကဟေ့ ဒီထမ်းစင်မလိုချင်ဘူးကွ (မှန်ပါ့)ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီတော့ ထမ်းစင်မလိုတော့ နိဗ္ဗာန်ရသွားတာ (မှန်ပါ့ ဘုရား) နို့မဟုတ်ရင် ထမ်းစင်ကြီးနဲ့ မသာလောင်း အဖြစ်နဲ့လေး ကျွန်းလည်းဦးမှာ (မှန်ပါ့) မလည်ပေဘူးလား (လည်ပါတယ် ဘုရား) ကဲဒကာကြွယ် မျက်စိအမှန်ရ သွားတော့ (မှန်ပါ့) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
လူမမာထမ်းစင်ပေါ်ရောက်တာ
ကဲ ဒါဖြင့် ဒီဥစ္စာ ဒါလောက်ဆိုလို့ရှိရင် မေ့လဲ မမေ့ကြပါနဲ့ ၊ စီးတိုင်း, သွားတိုင်း, လာတိုင်း ဘယ်လောက် တန်ကြီး ဝယ်နိုင်ဝယ်နိုင် ဪ လူမမာထမ်းစင်ပေါ်ရောက်တာမှတ်(မှန်ပါ့) သဘောပါလား (ပါ – ပါပြီး ဘုရား)
လူမမာ ဘာတဲ့ (ထမ်းစင်ပေါ် ရောက်တာပါ ဘုရား) မာယင် တကာတကာမတို့ ကိလေသာမရှိဘဲနဲ့ သာနေကြမယ် ဆိုရင် ကွေးတဲ့လက် ဆန့်သလောက်နဲ့ ဗြဟ္မာ့ပြည်ရောက်တယ် (မှန်ပါ့)။
မာသွားတော့ ကွေးတဲ့လက် ဆန့်သလောက်နဲ့ ဗြဟ္မာ့ပြည်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) အဲဒါက လူမမာတွေကိုးဗျ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် မမာလို့ ပတ်ထရိုကုန်လိုက်တာ မပြောပါနဲ့တော့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) တော်တော်ကြာ လေးလွန်းလို့ ခန္ဓာကိုယ်ကြီးက အောက်ချည့် သွားမယ်လို့ ပြောနေလို့ ကျွတ်ပေါက်ရတာနဲ့ တာယာပေါက်ရတာနဲ့ ရှုပ်ကုန်ပြီ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကဲ ဒါဒကာကြွယ် ခန္ဓာကိုယ်လေးကြောင့် သေချာပြီလား (သေချာပါပြီ ဘုရား) ဘာဖြစ်လို့ ဒီတာယာတွေ, ကျွတ်တွေက ဒါလောက်တောင်ပေါက်ရပါလိမ့် (လေးလွန်းလို့ပါ ဘုရား) သူကဘယ်သွားမယ်ပြောနေတာတုန်း (အောက်သွားမယ်ပြောနေတာပါ ဘုရား)။
ဖြစ်မှဖြစ်ရပြီလေ၊ ဒကာကြွယ် သူကအောက်သွားမယ်ချည့် ပြောနေတာ တာယာကျွတ်လဲ ဘယ်ခံနိုင်မလဲ (မှန်ပါ့)။
အဲဒါ ကိလေသာလေးတာလို့ မှတ်လိုက် (မှန်ပါ့) ရောဂါလေးတာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား) ကိလေသာနဲ့ ရောဂါဟာ အလေးဆုံးဘဲ (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ကဲဒါဖြင့် အရိယာမျက်လုံးတပ်ကြပါစို့ ဗျာ (မှန်ပါ့) ဒကာကြွယ် ဘာတပ်ပေးရမတုန်း (အရိယာ မျက်လုံး တပ်ပေးရပါမယ် ဘုရား) ပုထုဇန်မျက်လုံးတော့ဖြင့် အရူးချည့် ဖြစ်နေပြီ(မှန်ပါ့)ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အရူးချည့်ဖြစ်နေတာဘဲ
ပုထုဇန်မျက်လုံးနဲ့ ကြည့်လိုက်ရင်ဖြင့် (အရူးချည့်ဖြစ်နေပါတယ် ဘုရား) အရူးချည့်ဖြစ်နေတာဘဲ ဆိုတော့ အဲဒါတော့ဘုန်းကြီးတို့ ဒကာ ဒကာမတွေတော့ နားလည်းထားလို့ ကိစ္စမရှိဘူးနော် (မှန်ပါ့)။
မြို့ထဲမှာ ဒီအသွားမျိုး သွားပြီးမပြောနဲ့ ခင်ဗျားတို့ကို ရေနဲ့ပက်ထုတ်လိမ့်မယ် (မှန်ပါ့) ရကို မရဘူး (မှန်ပါ့)သူတို့က ဒါကိုအင်မတန် ကြက်သရေမင်္ဂလာနဲ့ သပြေပန်းနဲ့ ကားသစ်ကလေး လာတယ်ဆိုလို့ ရှိရင်ဖြင့် အောင်စေသတည်း တွေရူပ်နေတာဘဲ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဘာမှ ဒီဥစ္စာတွေက ဟုတ်တာတွေမဟုတ်ဘူးဆိုတာ မျက်စိနှစ်ကွင်း အလင်းမရတဲ့ ပုဂ္ဂိုလ်တွေ၏ ယခု ယနေ့ပြောတော့ပေါ်ပါပြီး (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် ဓမ္မာနုဓမ္မပဋိပတ္တိမရသေးရင် မျက်စိနှစ်ကွင်း အလင်းမရသေး (မှန်ပါ့) ဓမ္မာနုဓမ္မပဋိပတ္တိ မကျင့်ရသေးရင် (မျက်စိနှစ်ကွင်း အလင်းမရသေးပါ ဘုရား) မျက်စိနှစ်ကွင်း အလင်းမရသေးလို့ဆိုတာ သေချာပြီးလား (သေချာပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာကြွယ် ဒီနေ့မျက်စိ အလင်းရအောင်မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးပေးတဲ့ ဝိပဿနာ ဉာဏ်ဆေး, မဂ်ဉာဏ်ဆေး ဒါနဲ့ကုမှရမယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဝိပဿနာဉာဏ်ဆေးနဲ့ကုလို့ရှိရင်ဖြင့် ဉာဏ်မျက်စိဟာ ဒကာ ဒကာမတို့ မျက်စိနှစ်ကွင်း အလင်းရလာမယ်ဆို တာ သေချာပြီလား (သေချာပါပြီ) ကိုင်း ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ပြကြပါစို့တဲ့၊ ဒီနေ့ ဒကာ ဒကာမတို့ ဝေဒနာသုံးမျိုးဘဲ ပြမယ် (မှန်ပါ့) ငါးမျိုးရင်လဲ ပြဖြစ်လိမ့်မယ်နော် (မှန်ပါ့ ဘုရား)။
ဝေဒနာသုံးမျိုးဘဲ ပြမယ်
ဒကာ ဒကာမတွေ ခန္ဓာကိုယ်ထဲမှာ ယားတယ်, နာတယ်, အောင့်တယ်တကာသစ် ဘာဝေဒနာတုံး (ဒုက္ခဝေဒနာပါ ဘုရား) ဪ ဒုက္ခဝေဒနာနော် (မှန်ပါ့ ဘုရား)။
ဒါလဲ သူ့အချိန်နဲ့ သူအကြောင်းတိုက်ဆိုင်ရင် ဖဿပစ္စယာဝေဒနာပေါ်နေတာဘဲ (မှန်ပါ့) တခါတလေ ကျတော့ ယားတာ, နာတာ, အောင့်တာကလေး ပျောက်သွားပြန်တယ်လို့ ဆိုပြန်တော့လဲ အခုမှနေကောင်းတယ်(မှန်ပါ့) သုခဝေဒနာပေါ်ပြန်ပြီ (ပေါ်ပါတယ် ဘုရား)။
အခုလို ပန်ကာတွေလှည့်ပြီး နေတဲ့အချိန် ဒကာ ဒကာမတွေ့ကလဲ အကြိုက်ဖြစ်နေတဲ့ အချိန်ကျတော့ ခေါင်းပေါ်မှ ဖြစ်စေ, ကိုယ်ပေါ်မှာဖြစ်စေ, သုခဝေဒနာကလေးတွေ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
ဒါလဲ အပေါ်ကလေးနဲ့ ထိလို့ပေါ့ဗျာ (မှန်ပါ့) ဒါလဲဖဿပစ္စယာ (ဝေဒနာပါ ဘုရား) လေထဲမှာပါတဲ့ ဓါတ်တွေက ထိလို့ (မှန်ပါ့) ဖဿပစ္စယာ သုခဝေဒနာ (မှန်ပါ့ ဘုရား)။
တချို့ကျတော့ ပန်ကာလေကြောင့်ဘဲ ဒကာ ဒကာမတွေ အအေးပတ်တဲ့ ဒုက္ခဝေဒနာရတယ် (မှန်ပါ)အဲဒါကျ တော့လဲ ဖဿပစ္စယာဒုက္ခဝေဒနာ (မှန်ပါ့)ရှင်းပြီလား (ရှင်းပါပြီ ဘုရား)
ဒါဖြင့် ဒီအထဲမှာ ဒကာ ဒကာမတို့ တချို့လဲဒုက္ခဝေဒနာနဲ့ နေကြတယ်၊ တချို့လဲ (သုခဝေဒနာနဲ့ နေပါတယ် ဘုရား)။
တချို့ကျတော့လဲတဲ့ အင်း ဟိုကြည့် ဒီကြည့်နဲ့ ဥပေက္ခာဝေဒနာပေါ်နေတယ် (မှန်ပါ့) မျက်စိတွေနဲ့ကြည့် – နားတွေနဲ့ နားထောင်တဲ့ အခါကျတော့ ဘာဝေဒနာ ပေါ်နေသတုံး (ဥပေက္ခာဝေဒနာပေါ်နေပါတယ် ဘုရား)။
တယောက်အနံ့တွေက နှာခေါင်းထဲ ဝင်လာတဲ့ အခါကျတော့ (ဥပေက္ခာဝေဒနာပေါ်ပါတယ်) ကိုယ့်တံထွေး ကလေးကို မျိုချနေတဲ့အခါကျတော့ (ဥပေက္ခာဝေဒနာ ပေါ်ပါတယ်) မျက်စိ, နား, နှာခေါင်း, လျှာပေါ်မှာ ပေါ်တာတွေဟာ ဥပေက္ခာဝေဒနာနော် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီး ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒီနေရာမှာ သုခလဲပေါ် – ဒုက္ခလဲပေါ် ဥပေက္ခာလဲပေါ်နေတယ်ဆိုတာ ပေါ်တိုင်း – ပေါ်တိုင်း ဒကာ ဒကာမတို့ ဘာပေါ်တယ် ဆိုကြမတုံး (ဝေဒနာပေါ်ပါတယ် ဘုရား)ဘယ်မှာ အန္တရာယ်ကင်းလို့တုံး (မကင်းပါ ဘုရား)။
ဒကာကြွယ် ဘာတွေများပေါ်ပေါ်နေသတုန်း (ဝေဒနာတွေပေါ်ပါတယ် ဘုရား) အို အခုဝေဒနာက မပြောနဲ့တော့ အနာလဲမရှိဘူး (မှန်ပါ့)ရှိသေးရဲ့လား (မရှိပါ) ဘာတွေပေါ်နေသလဲ (ဝေဒနာတွေပေါ်နေပါတယ် ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဪ ဒါဖြင့်ရောဂါတော, ဝေဒနာအစုကြီးကွလို့ ဘုရားကဟောလိုက်တာ အခုနည်းနည်းကလေး မျက်လုံးကလေးလဲ အလင်းရမယ်ကြံတော့ဟုတ်သားဘဲဆိုတောတွေ ဝေဒနာပေါ်၌ အလင်းရပြီး (မှန်ပါ့) အလင်းရတဲ့အခါ ဟုတ်သားဘဲ ဝေဒနာတွေလှည့်နေတာဘဲ (မှန်ပါ့ ဘုရား)။
ဝေဒနာကို ရွှေငွေလုပ်သုံးနေတာ
ခင်ဗျားတို့ မြို့သုံးနဲ့ တခြားစီနော် (မှန်ပါ့) မြို့သုံးကတော့ တနေ့ရွှေ – တနေ့ငွေ၊ ဒါဝေဒနာသုံးနေတာ (မှန်ပါ့) ဝေဒနာကို ရွှေငွေလုပ်သုံးနေတာ (မှန်ပါ့ ဘုရား)။
မြို့သုံးကတော့ ဘာတဲ့ (တနေ့ရွှေ တနေ့ငွေပါ ဘုရား) ဒကာကြွယ် တရားပေါ်မယ်ကြံ ရွှေငွေနဲ့ ပြန်ဖုံးထားတယ် (မှန်ပါ့) စင်စစ်ကတော့ တနေ့ရွှေ တနေငွေလား- ဝေဒနာတွေ လှည့်ပတ်နေတာလား (ဝေဒနာတွေ လှည့်ပတ်နေတာပါ ဘုရား)။
အဲဒါ ခင်ဗျားတို့က တရားရမှာ စိုးတာနဲ့ ဒကာကြွယ်တို့က မြို့သုံး ဘယ်လိုသုံးလိုက်ပါလိမ့် (တနေ့ရွှေ တနေ့ငွေပါ ဘုရား) ဖြစ်မှဖြစ်ရပြီလေဗျာ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတွေ ဘုရားရှေ့များ သွားမသုံးပါနဲ့ တနေ့ရွှေ – တနေ့ငွေဖြစ်နေတယ်လို့ (မှန်ပါ့) ခင်ဗျားတို့ ခန္ဓာကိုယ်ထဲရွှေလဲမပါဘူး၊ ငွေကော (မပါ – ပါ ဘုရား) မပါတာအလွဲ သုံးစားလုပ်ပြီး သကာလ တခါလည်း သုံးများ နေလိုက်သေးတယ် (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဪ ဘေးကပုဂ္ဂိုလ်တွေကလဲ မျက်စိနှစ်ကွင်း အလင်းမရတော့ ဖြစ်ပေမှာဘဲနဲ့ဖျောက်ပြန်ပြီ (မှန်ပါ့) ဒကာကြွယ် အတော်လွဲကုန်ပြီနော် (လွဲပါတယ် ဘုရား)။
ကိုင်း – ဒါဖြင့် ဒကာ ဒကာမတို့ ဒီအထဲမှာ ဝေဒနာဘယ်နှစ်မျိုးလှည့်ပြီး ပေါ်နေကြသတုန်း (သုံးမျိုးပါ ဘုရား)။
ဘယ်နေရာ ပေါ်သတုံး
အဲဒါ ဘယ်နေရာ ပေါ်သတုံးဆိုတော့ ဒကာ ဒကာမတို့ ခန္ဓာပေါ် အနှံ့အပြားပါဘုရား (မှန်ပါ့) ဘယ်နေရာ ပေါ်ကြသတုန်း (ခန္ဓာပေါ်မှာ အနှံ့အပြားပါ ဘုရား)။
ခန္ဓာပေါ် အနှံ့အပြားမှာ ပေါ်နေကြတယ်ဆိုလို့ ရှိရင်ဖြင့်ငြင်းဘို့မလိုဘူး (မလိုပါ ဘုရား) အခုအောက်ပိုင်းက ဒကာ ဒကာမတွေ ရွှေပေါ်သလား ဒုက္ခဝေဒနာ ပေါ်နေသလား (ဒုက္ခဝေဒနာပေါ်နေပါတယ် ဘုရား) တရားသံကလေး ကြားလိုက်တော့ ဘာဝေဒနာပေါ်နေသတုံး (ဥပေက္ခာဝေဒနာပေါ်ပါတယ် ဘုရား) ဟာ ဒါဖြင့် ဦးမာဒင် ဝေဒနာမပြတ် ပါဘူး (မပြတ်ပါ ဘုရား) တနေ့ရွှေ, တနေ့ငွေ မလုပ်ပါနဲ့တော့ (မှန်ပါ့) ဘာမပြတ်တာပါလိမ့် (ဝေဒနာမပြတ်တာပါ ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
အဲဒါ အရိယာမျက်လုံးတပ်လာတော့မှ ဘယ်အချိန် ဝေဒနာကင်းသတုံးမေးလိုက်တယ် (ဘယ်အချိန်မှ မကင်းပါ ဘုရား)။
ဪ ဒါဖြင့် ဒီခန္ဓာကြီးသည်ကားလို့ ဆိုရင် ဝေဒနာအစုအခဲကြီး ဝေဒနာ အစုအပုံကြီးဆိုတဲ့ ဥစ္စာ အရိယာ မျက်လုံးကလေးတပ်ပေးလိုက်တော့မှ ဝေဒနာပေါ်တိုင်း, ပေါ်တိုင်းသတိထားလိုက်တော့မှ ပုဂ္ဂိုလ်သတ္တဝါလဲ ပျောက်ပြီး သကာလ ဝေဒနာအစုအစိုင်အခဲကြီး ဝေဒနာတို့၏ ဖြစ်ရာဋ္ဌာနကြီး (မှန်ပါ့)လူသည် ရူပက္ခန္ဓာဆိုတဲ့ ဆေးရုံးကြီးဆောက် ထားလို့ ဝေဒနာဆိုတဲ့လူနာသည် အမျိုးမျိုးရောက်လာတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ရူပက္ခန္ဓာ ဆေးရုံးကြီး ဆောက်မိတာနဲ့ (ဝေဒနာအမျိုးမျိုးရောက်လာပါတယ် ဘုရား) ဝေဒနာသည် အမျိုးမျိုးရောက်လာတယ် (မှန်ပါ့)။
ဒကာကြွယ်ရေ လူ့ဘဝ ဆုတောင်းလိုက်တာနဲ့ ဒီရူပက္ခန္ဓာကြီး ဆေးရုံကြီး သွားပြီး ဆုတောင်းမိတာနဲ့ အခုတော့ဖြင့် ကြက်သရေမင်္ဂလာ ရှိသလား ဝေဒနာသည်တွေချည့် ရောက်နေသလား (ဝေဒနာသည် တွေချည့် ရောက်နေပါတယ် ဘုရား)။
ဝေဒနာကင်းကြရဲ့လား
ဖသာပစ္စယာ သုခဝေဒနာ ဖဿပစ္စယာ ဒုက္ခဝေဒနာ ဖဿပစ္စာ ဥပက္ခောဝေဒနာ (မှန်ပါ့) ဒကာ ဒကာမတို့ ဝေဒနာကင်းကြရဲ့လား (မကင်းပါ ဘုရား)။
ဒကာကြွယ် ဘာမျက်လုံးပါလိမ့် (အရိယာမျက်လုံးပါ ဘုရား) အရိယာမျက်လုံးတပ်လိုက်တော့မှ ဦးမာဒင် အဖြေမှန်လာတယ် (မှန်ပါ့) အဖြေမမှန်ကြသေးဘူးလား (မှန်ပါ့တယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်နေရာထားရင် ဝေဒနာကင်းပါ့မတုန်းန (ဘယ်နေရာမှ မကင်းပါ ဘုရား) ဘယ်နေရာမှ မကင်းဘူး ဒကာ ဒကာမတို့ သဘောကျပြီလား (ကျပါပြီ ဘုရား)။
မကင်းတော့ ဒီဝေဒနာတွေက တခါ ဒကာ ဒကာမတွေနှိပ်စက်သေးတယ် (မှန်ပါ့) ဘယ်လို့များ နှိပ်စက်သတုန်း လို့ မေးတဲ့ အခါကျတော့ ဒီဝေဒနာတွေက ဒကာ ဒကာမတို့ ကိုယ့်စိတ်ကိုလဲ နှိပ်စက်တာဘဲ (မှန်ပါ့) သဘောကျပြီးလား (ကျပါပြီ ဘုရား)သံသရာ ရောက်အောင်ကော (နှိပ်စက်ပါတယ် ဘုရား)။
ဟော ဒုက္ခဝေဒနာ နောက်က ဒေါသ, သောက, ပရိဒေဝ ဥပါယာသ အဝိဇ္ဇာဆိုတော့ သံသရာမနှိပ်စက်ဘူးလား (နှိပ်စက်ပါတယ် ဘုရား) သုခဝေဒနာ နောက်ကတော့ တဏှာဥပါဒါန်ကံ ဇာတိဇရာမရာဏ မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား) ပစ္စုပ္ပန်လဲနှိပ်စက်၊ သံသရာကော (နှိပ်စက်ပါတယ် ဘုရား)။
ဒါကြောင့် ဝေဒနာဟာ ဒုက္ခသစ္စာ (မှန်ပါ့) ညှာတာမဖက် အမြဲနိုပ်စက်သောကြောင့် (ဒုက္ခသစ္စာပါ ဘုရား) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဥပက္ခောဝေဒနာ ပေါ်မှန်းမသိတော့ ဒကာ ဒကာမတို့ မသိတာက အဝိဇ္ဇာ (မှန်ပါ့) အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား) သင်္ခါရပစ္စယော (ဝိညာဏံပါ ဘုရား)။
ဟော ဇာတိ, ဇရာ, မရဏ ကျအောင် မသွားဘူးလား (သွားပါတယ် ဘုရား) ဒါဥပက္ခောဝေဒနာလဲ သံသရာမနှိပ်စက်ဘူးလား (နှိပ်စက်ပါတယ် ဘုရား) ယခုကော ဖြစ်ပျက်အဖြစ်နဲ့ မနှိပ်စက်ဘူးလား (နှိပ်စက်ပါတယ် ဘုရား)။
ဟာ ဒါဖြင့် ခင်ဗျားတို့ ဝေဒနက္ခန္ဓာကြီး သည်ကားလို့ ဆိုရင် ဒကာ ဒကာမတို့ သံသရာမှာလဲ ပဋိစ္စသမုပ္ပါဒ် အဖြစ်နဲ့ နှိပ်စက်လိုက်သေး (မှန်ပါ့) ယခုလဲ နှိပ်စက်လိုက်သေး(မှန်ပါ့)။
ပစ္စုပ္ပန်နှိပ်စက် သံသရာမှာ နှိပ်စက်
ပစ္စုပ္ပန်နှိပ်စက် သံသရာမှာ နှိပ်စက် (မှန်ပါ့) ဒကာ ဒကာမတို့ ဝေဒနာမရှိမှအေးမယ် (မှန်ပါ ဘုရား)။
ဝေဒနာမရှိမှ ဒကာကြွယ် (အေးပါမယ် ဘုရား) ဝေဒနာမရှိဆိုတော့ ခန္ဓာမရှိတာဘဲ (မှန်ပါ ဘုရား)ခန္ဓာကိုယ် ကြီးကဝေဒနာက္ခန္ဓာကိုးဗျ (မှန်ပါ့) သူမရှိရင် (အေးမှာပါ ဘုရား) အေးတာဘဲ ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါကြောင့် အားလုံး ဒကာ ဒကာမတို့ ဝေဒနာတွေလှည့်ရှု(မှန်ပါ့) ဝေဒနာတွေလှည့်ရှုပြီး ဝေဒနာနောက်ကနေပြီး သကာလ ဒကာ ဒကာမတွေက မဂ္ဂင်ကလေးတွေ လိုက်လိုက်ပေးပါ (မှန်ပါ့)။
မဂ္ဂင်လိုက်ပေးတော့ မဂ္ဂင်ငါးပါးနဲ့ ဝေဒနာတွေကို ဒကာ ဒကာမတွေက ရှုပြီး သကာလ ဖြစ်ပျက်နဲ့သာ လိုက်ရှုနေ့ (မှန်ပါ့) သုခဝေဒနာလာလဲ ဖြစ်ပျက်ရှု (မှန်ပါ့) ဒုက္ခဝေဒနာလာလဲ (ဖြစ်ပျက်ရှုရပါမယ့် ဘုရား) ဥပေက္ခာဝေဒနာလာလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဝမ်းထဲ သောမနဿလာကော (ဖြစ်ပျက်ရှုရမှာပါ ဘုရား) ဒေါမနဿလာရင်ကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဝမ်းထဲမှာ ဥပက္ခောလာရင်ကော (ဖြစ်ပျက်ရှုရမှာပါ ဘုရား) အကုန်ရှု – အကုန်ရှု ဒကာ ဒကာမှတို့နော် (မှန်ပါ့)။
ရှုလိုက်တဲ့အခါကျတော့မှ ဪ ဘာတွေများရှုနေသတုံး မေးတဲ့အခါကျတော့မှ ပဌမတော့ဖြင့် ဝေဒနာဘဲဘုရား (မှန်ပါ့)နောက်ကျတော့ဖြင့် ဒုက္ခသစ္စာတွေ ရှုနေရတယ် (မှန်ပါ့ ဘုရား)။
ဖြစ်ပြီးပျက်တာ ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) နာတာကလေးနဲ့ ပဌမတွေ့တုန်းကတော့ ဝေဒနဘဲ (မှန်ပါ့) နောက် ဉာဏ်နဲ့ စိုက်လိုက်တဲ့အခါကျတော့ ဘာတွေ့အတုန်း (ဒုက္ခသစ္စာတွေ့ပါတယ် ဘုရား) ဖြစ်ပျက် ဒုက္ခသစ္စာတွေ့ တယ် (မှန်ပါ့ ဘုရား)။
အဲဒီလို ရှုလိုက်တဲ့ အခါကျတော့မှ ဪ ခဏခဏမွေးပြီး ခဏခဏသေတဲ့ ရောဂါသည်ပါကလား (မှန်ပ့ါ) ဘယ်လိုဆိုကြမလဲ (ခဏခဏမွေးပြီး ခဏခဏသေတဲ့ ရောဂါသည်ပါ ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ခဏခဏ မွေးပြီးခဏခဏ သေ
ဪ ဒကာ ဒကာမတို့ ကျန်းမာကြရဲ့လား၊ ခဏခဏ မွေးပြီးခဏခဏ သေနေကြရသလား (ခဏခဏမွေးပြီး ခဏခဏ သေနေကြရပါတယ် ဘုရား) ဘာနဲ့သေသတုန်း ဝေဒနာနဲ့ဘုရား (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ နတ်ပြည်ရောက်လဲ ဒီဝေဒနာက္ခန္ဓာကြီးက နေရစ်ပါ့မလား (မနေရစ်ပါ ဘုရား) နတ်ပြည် ရောက်တော့ ဘာနဲ့ သေကြရမလဲ (ဝေဒနာနဲ့ သေမှာပါ ဘုရား) နှိပ်စက်တော့ ဘယ်သူကနှိပ်စက်မှာတုန်း (ဝေဒနာက နှိပ်စက်မှာပါ ဘုရား)။ ဝေဒနာကနှိပ်စက်၊ ဝေဒနာက သေပွဲတွန်းလိုက် (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘယ်နေရာမှာ ခင်ဗျားတို့သည် ကားလို့ ဆိုရင် နတ်စည်းစိမ်ဆိုတာ သူများပြောပါဘဲ (မှန်ပါ့ ဘုရား)ခင်ဗျားတု့ိလဲ ရမ်းယုံတာဘဲ (မှန်ပါ့) နတ်စည်းစိမ်လား ဟိုမှာ သေပွဲသွားရတာလား (သေပွဲသွား ရတာပါ ဘုရား) ဒကာကြွယ်ပေါ်ပြီဗျ (ပေါ်ပါပြီ ဘုရား) အဲဒါ ရောဂါတွေက ဟိုမှာ အသစ်သွားပေါ်တယ် (မှန်ပါ့)။
ဝေဒနာ ရောဂါတွေက (ဟိုပါသွားပါတယ် ဘုရား) နတ်ပြည်မကောင်းပါဘူး ဗြဟ္မာ့ပြည် ရွှေ့ပါဦးမယ်ဆိုတော့ ဒီဝေဒနာတွေက ဟိုမှာ အသစ်တွေမပေါဘူးလား (ပေါ်ပါတယ် ဘုရား) ဝေဒနာ အသေးပေါ်သလား အကြီးပေါ်သလား (အကြီးပေါ်ပါတယ် ဘုရား)။
ဪ ဒကာ ဒကာမတွေက မသိတော့ သုံးဆဲ့တဘုံကြီးကို တခါတည်း နိဗ္ဗာန်ဘုံးကြီးထင်ပြီး သကာလ နေကြတယ် ဟိုရွှေ့ ဒီရွှေ့နဲ့ ဒကာ ဒကာမတွေ အရွှေ့မှားကုန်ပြီ (မှန်ပါ့ ဘုရား)။
ဒကာကြွယ် ဘာတဲ့ (အရွှေ့မှားပါတယ် ဘုရား) အရွှေ့မှားကုန်တယ်ဆိုတာ တဏှာကရွှေ့တာနော် (မှန်ပါ့) တဏှာကဟိုကောင်းနိုးနိုး – ဒီကောင်းနိုးနိုးနဲ့ ဆိုတော့ ဦးမာဒင်ရေ မမှားဘူးလား (မှားပါတယ် ဘုရား)။
ဟိုနေရာမှကော ဝေဒနာကင်းရဲ့လား
မှားတော့ ဒီနေရာမှာ ဝေဒနာမကင်လို့ ဟိုနေရာမှကော ဝေဒနာကင်းရဲ့လား (မကင်းပါ ဘုရား) ဗြဟ္မာ့ပြည်မှာ ကော (မကင်းပါ ဘုရား) စကြဝတေး မန္ဓာတ်ဖြစ်တော့ကော (မကင်းပါ ဘုရား) ဒါဖြင့် ဒကာဒကာ မတို့ ဝေဒနာမရှိမှဘဲ ကျုပ်တို့ချမ်းသာကြမယ် (မှန်ပါ့)။
ဘယ်လိုမှတ်ကြမယ် (ဝေဒနာမရှိမှ ချမ်းသာမှာပါ ဘုရား) ဝေဒနာမရှိမှဘဲ ချမ်းသာကြမယ်ဆိုတာ သေသေချာချာပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ကောင်းပြီး ဒါဖြင့် ဒီလိုလုပ်ကြပေတော့ ဒကာ ဒကာမတို့ ဝေဒနာမရှိအောင် လုပ်ကြပေတော့ ဝေဒနာသည် ကား လိုဆိုရင် ခန္ဓာ (မှန်ပါ့) ဝေဒနာနောက်က နောက်ခန္ဓာမလိုက်အောင် ကျုပ်တို့ လုပ်ရလိမ့်မယ် (မှန်ပါ့) ဒီဝေဒနာက တော့ဖြင့် ကျုပ်တို့မရုန်းနိုင်ဘူး ဆုတောင်းပြည့်နေလို့ (မှန်ပါ့ ဘုရား)။
လူဖြစ်ရပါလို၏ဆိုတော့ ဝေဒနာသုံးမျိုးက ကျုပ်လိုက်ခဲ့ဦးမယ် (မှန်ပါ့) နတ်ဖြစ်ရပါလို့၏ဆိုတော့ (ဝေဒနာသုံးမျိုးက ကျုပ်လိုက်ခဲ့ဦးမယ် ဘုရား) ဗြဟ္မာဖြစ်ရပါလို၏ (ဝေဒနာသုံးမျိုးက ကျုပ်လိုက်ခဲ့ဦးမယ် ဘုရား)။
သူတို့မပါဘဲနဲ့လဲ ဗြဟ္မာရယ်လို့ သမုတ်လို့မဖြစ်ဘူး(မှန်ပါ့) သူတို့မပါဘဲနဲ့ နတ်လို့ကော (သမုတ်လို့မဖြစ်ပါ ဘုရား) သမုတ်လို့ မဖြစ်ဘူးဆိုတော့ ပေါ်လာကြပြီလား (ပေါ်လာပါပြီ ဘုရား)။
အဲ့ဒီတော့ ဒကာ ဒကာမတို့ နတ်ဝေဒနာနဲ့ သေချင်သလား ဗြဟ္မာဝေဒနာနဲ့ သေချင်သလား လူဝေဒနာနဲ့ သေချင်သလား ဒကာကြွယ် တောင်းစမ်း (ဘာဝေဒနာနဲ့မှ မသေချင်ပါ ဘုရား)။
အင်း ဒီကျတော မျက်လုံးကလေးပွင့်လာပြီ (မှန်ပါ့) ဒါဘာဖြစ်လာတာတုန်း (မျက်လုံးကလေးပွင့်လာတာပါ ဘုရား)ရောဂါတော့ သဘောကျလာတာ(မှန်ပါ့) ဪရောဂါချည့်ပါလား ဘယ်နေရာမှ မလွတ်ပါလား (မှန်ပါ့ ဘုရား)။
ရောဂါတော ဂဏ္ဍတောသလ္လတော အဃတာ အာဗာဓတော ဒီတောငါးခုကို မာဂဏ္ဍီမင်း မမြင်တာဟာကွာ တဲ့ ခုနင်က မျက်လုံးမတပ်ရသေးလို့ပါ (မှန်ပါ့)။
အခုတော့ မျက်လုံးတပ်လိုက်တဲ့အခါ ကျတော့ ရောဂတောဆိုတာ ဟုတ်ပါပေတယ် (မှန်ပါ့) ဂဏ္ဍတော အိုင်းအမာနဲ့ တူတယ်ဆိုတာကော (ဟုတ်ပါတယ် ဘုရား) သလ္လတော ခဏခဏရွှေ့နေရတယ်ဆိုတာကော (ဟုတ်ပါတယ် ဘုရား) ငြောင်းစူးလို့လေ ခန္ဓာကြီးက ရွှေ့ – ရွှေ့ မနေရဘူးလား (နေရပါတယ် ဘုရား) အဃတော တဲ့ဘာမှ အသုံးကေကျသေရဲ့လား (မကျပါ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)အာဗာဓတောတဲ့ အနာမျိုးစုံနဲ့ ကော မနေရဘူးလား (နေရပါတယ် ဘုရား) အရိယာမျက်လုံး တပ်လာတော့မှ ဒါတွေခန္ဓာထဲမှာ မြင်လာသကွတဲ့ (မှန်ပါ့)။
အရိယာမျက်လုံး တပ်လာတော့မှ
ဒါတွေ မြင်လာတော့ ဒကာ ဒကာမတို့ စဉ်းစားပါတော့ ဒါတွေဖြစ်ပျက်, ဖြစ်ပျက်နဲ့ မြင်လာတော့ စွဲလမ်းသေးရဲ့လား (စွဲလမ်းပါ ဘုရား) မစွဲလမ်းတော့ ဥပါဒါန နိရောဓါ – ဘယ့်နှယ်ဆိုကြမလဲ (ဘဝနိရောဓေါပါ ဘုရား) ဘဝနိရောဓါ (ဇာတိနိရောဓေါပါ ဘုရား) ဇာတိ နိရောဓါ (ဇရာ, မရဏနိရောဓေါပါ ဘုရား)။
ဒီကျမှ ဪ ကိုယ့်အဝတ်အစားကြီးဟာ ဆီချေးသုတ်တဲ့ အဝတ်မဲလှစွာသော သိုးမွှေးကြီးနဲ့ ခြုံထားတဲ့ ခန္ဓာကကြီးပါလား (မှန်ပါ့)။
နဂိုရ် မျက်စိမမြင်တုန်းကတော့ ကိုယ့်အဝတ်နဲ့ ကိုယ်လိုက်နေတာဘဲ (မှန်ပါ့) အခုတော့ဖြင့် ကိုယ့်အဝတ်နဲ့ ကိုယ်လိုက်သလား ဒကာ ဒကာမတို့ ဒီအဝတ်ကြီးကိုဖြင့် တဏှာလှည့်စားလို့ ဝတ်ထားတာလား (တဏှာလှည့်စားလို့ ဝတ်ထားတာပါ ဘုရား)သဘောပါကြပြီလား (ပါ – ပါ ဘုရား)။
ဒီခန္ဓာကြီး ရ,ထားတာက (တဏှာလှည့်စားလို့ ပါ ဘုရား) အဲဒီတဏှာကို အခုတော့ဖြင့် ဒကာ ဒကာမတွေက မျက်စိနှစ်ကွင်းလဲ အလင်းရပါရော သူလိမ်တာ ယုံသေးရဲ့လား (မယုံပါ ဘုရား)။
ကိုယ်ဝတ်ထားတဲ့ အဝတ်ကြီးက ရောဂါတွဝတ်ထေားတာ (မှန်ပါ့) မဲနေတာတွေ ဝတ်ထားတယ်၊ ဟုတ်လား (မှန်ပါ့) ကြည့်မကောင်းတာတွေ (ဝတ်ထားပါတယ် ဘုရား)။
အဲ့ ကိုယ့်ခန္ဓာကိုယ် တခုလုံးထဲမှာ ဒကာ ဒကာမတို့ အကောင်းပါကြရဲ့လား (မပါ – ပါ ဘုရား)။
အဲဒီတော့ အကောင်းမပါတော့ ဘယ်ဆုတောင်းချင်သေးသတုန်း (ဘယ်ဆုမှ မတောင်းချင်ပါ ဘုရား) နောက်ထပ်ဒီခန္ဓာအဝတ်ကြီးကော ဝတ်ချင်သေးရဲ့လား (မဝတ်ချင်ပါ ဘုရား) မဝတ်ချင်တော့ ခန္ဓာစွဲတဲ့ဥပါဒါန် ရှိသေးရဲ့လား (မရှိပါ ဘုရား) ဆိုစမ်းပါ၊ ဥပါဒါန နိရောဓါ (ဘဝနိရောဓေါပါ ဘုရား) ဘာနိရောခါ (ဇာတိ,နိရောဓေါပါ ဘုရား) ဇာတိ,နိရောဓါ (ဇရာ, မရဏ, နိရောဓေါပါ ဘုရား)။
စွဲလမ်းတာ ပြုတ်တော့လဲ နိဗ္ဗာန်
ဇရာ, မရဏ, နိရောဓေါဆိုတော့ ဦးမာဒင်တို့က သိပြီ (မှန်ပါ့) ဪ သူစွဲလမ်းတာ ပြုတ်တော့လဲ နိဗ္ဗာန်ကိုး (မှန်ပါ့)။
ဘယ့်နှယ်ဆိုကြမယ် (သူ့စွဲလမ်းတာပြုတ်တော့ နိဗ္ဗာန်ပါ ဘုရား)ရောဂါမှန်း သိသည်နဲ့တပြိုင်နက်တည်း စွဲလမ်းသေးရဲ့လား (မစွဲလမ်းပါ ဘုရား) မစွဲလမ်းတော့ ဥပါဒါန်မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား) စွဲလမ်းတာက ဥပါဒါန်၊ မစွဲလမ်းတာက ဥပါဒါန်ချုပ်တယ် (မှန်ပါ့) ဥပါဒါန်ချုပ်လို့ ရှိရင်ဖြင့် ကံကော (ကံချုပ်ပါတယ် ဘုရား) ကံချုပ်ရင်နောက်လာမည့် ဇာတိ (ချုပ်ပါတယ် ဘုရား) ဇရာ, မရဏ (ချုပ်ပါတယ် ဘုရား) သောက, ပရိဒေဝ (ချုပ်ပါတယ် ဘုရား)
အဲဒါတွေချုပ်တာ ဒကာသစ်တို့က ဦးမာဒင်တို့က ဆုံးဖြတ်ချက်ချ၊ ဒါတွေ ဘာတွေပါလိမ့်မတုန်း (နိဗ္ဗာန်ပါ ဘုရား) ဪ နိဗ္ဗာန်တွေပါလား (မှန်ပါ့) ဒီကျမှ နိဗ္ဗာန်သိတယ် (မှန်ပါ့)။
ဒါကြောင့် ပုဏ္ဏားကြီး ပြောတာ၊ နဂိုရ်တုန်းက သူက “ အာရောဂျ ပရမံ လာဘ “ ဆိုရင် သူခန္ဓာကိုယ်ကြီး ပုတ်ပြတယ်၊ နိဗ္ဗာန်ဆိုတာလဲ ဒါဘဲ၊ အနာကင်းတဲ့လာဘ်အကြီးဆုံးဆိုတာလဲ ဒီခန္ဓာကြီးဘဲ (မှန်ပါ့) ဒီလိုပဲ ပြောနေကြတာ အခုသေသေချာချာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကရောဂါတွေဖေါ်ပြပြီး ဝေဒနာ နုပဿနာတွေ ဟောလိုက်တဲ့ အခါကျတော့မှ ဒကာ ဒကာမတို့ ဒီခန္ဓာကြီးဟာ နဂိုရ်ကတဏှာက လှည့်စားလို့ ဒီခန္ဓအငတ်ကြီးကို ဝတ်နေကြတာ (မှန်ပါ့)။
ဘယ်သူက လှည့်စားတာတုန်း (တဏှာက လှည့်စားတာပါ ဘုရား) အခုသေသေချာချာ တဏှာက လှည့်စားတာကို မျက်စိနှစ်ကွင်း အလင်းရအောင် ဘုရားဟောတော်မူသည့်အတိုင်းဘုန်းကြီးက ပြောလိုက်တော့ ဒကာ ဒကာမတွေ ရောဂါတွေမမြင်သေးဘူးလား (မြင်ပါတယ် ဘုရား) ရောဂါ အဝတ်ကြီး ဝတ်နေရတယ် (မှန်ပါ့) အရုပ်ဆိုးတာကြီး ဝတ်နေရတယ်။ (မှန်ပါ့ ဘုရား) အဲဒီတော့ စွဲလမ်းသေးရဲ့လား (မစွဲလမ်းပါ ဘုရား) ဖြစ်ပျက်တွေမြင်တော့ စွဲလမ်းသေးရဲ့လား (မစွဲလမ်းပါ ဘုရား) ရောဂါမှန်းသိတော့ စွဲလမ်းသေးရဲ့လား (မစွဲလမ်းပါ ဘုရား)။
ဘာချုပ်သွားသလဲ
ဒါဖြင့် ဘာချုပ်သွားသလဲ (ဥပါဒါန် ချုပ်သွားပါတယ် ဘုရား) ဥပါဒါန်ချုပ်ပြီးရင် နောက်ဘာချုပ်ဦးမယ် (ကံချုပ်ပါတယ် ဘုရား) ကံချုပ်ပြီးရင် ဘာချုပ်ဦးမယ် (ဇာတိချုပ်မှာပါ ဘုရား) ဇာတိ, ဇရာ, မရဏတွေ မချုပ်ပေးဘူူး လား (ချုပ်ပါတယ် ဘုရား)။
ဪ မျက်စိနှစ်ကွင်း အလင်းလဲရပါရော ဒကာ ဒကာမတို့ ဪ ဒါမှ နိဗ္ဗာန်ပါကလား (မှန်ပါ့) ဇာတိ, ဇရာ, မရဏချုပ်တာမှ နိဗ္ဗာန်ပါလား – ရောဂါကင်းတာက ဒါပါလားဆိုတာ အလင်းရတယ် (မှန်ပါ့ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ရောဂါကင်းတာက နိဗ္ဗာန် (မှန်ပါ့) ရောဂါရှိတာက ခန္ဓာ (မှန်ပါ့)။
အဲဒီတော့ ရောဂါရှိမှန်းသိတော့ ခန္ဓာကြီး စွဲသေးရဲ့လား (မစွဲပါ ဘုရား) မစွဲတာ ဘယ်သူချုပ်တာ (ဥပါဒါန် ချုပ်တာပါ ဘုရား) ဥပါဒါန်ချုပ်တော့ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်အတိုင်း ဟောရမှာ ဥပါဒါန်ချုပ်ပြီး ကံချုပ်ရုံးရှိမှာဘဲ (မှန်ပါ့ ဘုရား) ကံချုပ်ရင် ဇာတိ, ဇရာ, မရဏတွေကော (ချုပ်ပါတယ် ဘုရား) သဘောကျပြီးလား (ကျပါပြီး ဘုရား)။
အဲဒီတွင်မှ မာဂဏ္ဍီပုဏ္ဏားကြီးက ဪ တပည့်တော် တသံသရာလုံးဆီချေးသုတ်တဲ့ အဝတ်နဲ့ မဲနက်သော သို့မွှေးကြီး ဝတ်ပြီး သကာလ တဏှာက လှည့်စားပြီးနေလို့ မျက်လုံးစုံလုံးကန်းဆိုတာ ယုံပြီဘုရား (မှန်ပါ့)။
မျက်စိနှစ်ကွင်းအလင်းရလို့
အခုတော့ဖြင့် မျက်စိနှစ်ကွင်းအလင်းရလို့ ရောဂါကင်းဆိုတာက ဇာတိ, ဇရာ, မရဏချုပ်မှပါကလား (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဒကာကြွယ် ရောဂါကင်းဆိုတာ ဘာပါလိမ့် (ဇာတိ, ဇရာ, မရဏ ချုပ်တာပါ ဘုရား) ဒါဖြင့် ဇာတိ, ဇရာ, မရဏချုပ်တာ နိဗ္ဗာန်ဆိုတာ ထင်ရှားပြီလား (ထင်ရှားပါပြီ ဘုရား)။
ဒါဖြင့် ရောဂါက ဒုက္ခသစ္စာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီး ဘုရား) မြင်တာက (မဂ္ဂသစ္စာပါ ဘုရား) တဏှာဥပါဒါန်ချုပ်တာက သမုဒယသေတာ (မှန်ပါ့)နောက် ဇာတိ, ဇရာ, မရဏ မလာတာက (နိရောဓသစ္စာပါ ဘုရား) သစ္စာလေးပါးဟောတာ (မှန်ပါ့ ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ကဲ … ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု … သာဓု … သာဓု။