12514

မာတိကာသို့

စိတ်၏အလိမ် မိနေကြရပုံ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့ မင်္ဂလာတိုက်၌ ဟောကြားဆုံးမတော်မူသော

စိတ်၏အလိမ် မိနေကြရပုံ

ညအလုပ်ပေးတရားတော်

(၈-၉-၆၁)

ဒါဉာဏ်မျက်လုံးနဲ့ ကြည့်မှ

ခန္ဓာ ငါးပါးရှိတယ်လို့မှတ်ရမယ်၊ ဒီခန္ဓာငါးပါးဟာ အနိစ္စတရား, ဒုက္ခတရား, အနတ္တတရား, အသုဘတရား, ဒုက္ခသစ္စာတရား၊ ဘယ်အချိန် ဉာဏ်နဲ့ကြည့်ကြည့် ဉာဏ်သမားကဖြင့် ယောကျ်ား, မိန်းမ မတွေ့ဘူးဟေ့၊ အနိစ္စ, ဒုက္ခ, အနတ္တ, အသုဘ, ဒုက္ခသစ္စာ ဒီငါးချက် တချက်ချက်ဘဲ တွေ့မယ် (မှန်ပါ့) ဒါဉာဏ်မျက်လုံးနဲ့ ကြည့်မှနော် (မှန်ပါ့ ဘုရား)။

ပကတိမျက်လုံးနဲ့ ကြည့်မယ်ဆိုရင် ဒါဖြူတယ်, ညိုတယ်, လှတယ်, ဝတယ်, ဒါဘဲဖြစ်မှာဘု (မှန်ပါ့ ဘုရား)။

ဉာဏ်မျက်လုံးဆိုတာက မျက်လုံးမှိတ်ကြည့်ရတယ်၊ မျက်လုံး မှိတ်ကြည့်တော့မှ ဉာဏ်နဲ့ကြည့်ရတယ် (မှန်ပါ့) အဲဒီ ကြည့်လိုက်တဲ့အခါကျတော့ ဖြူ, နီ, အကြောင်, အကြားလဲ မတွေ့ဘူး၊ ဟိုနေရာရွရွ ဒီနေရာကပူလိုက် အေးလိုက်၊ ဒါတွေပဲတွေ့တယ် (မှန်ပါ့ ဘုရား)။

ဒါတွေဘဲတွေ့တော့ ဒါကဉာဏ်တွေကို ပြောနေတယ်လို့ ဒီဒကာ ဒကာမတွေက မှတ်ရမယ် (မှန်ပါ့) ဉာတွေက ပုဂ္ဂိုလ်, သတ္တဝါ ပျောက်တယ်၊ မျက်လုံးတွေ့ကပုဂ္ဂိုလ်, သတ္တဝါပျောက်ရဲ့လား (မပျောက်ပါ ဘုရား)။

ဉာဏ်တွေ့မှ အမှန်ပါလား

ဉာဏ်တွေ့က ပုဂ္ဂိုလ်, သတ္တဝါပျောက်တယ်လို့ မှတ်ထားတော့ ဪ ဉာဏ်တွေ့မှ အမှန်ပါလား (မှန်ပါ့) ဉာဏ်တွေ့မှ အမှန်ပါလားလို့ မှတ်ထားပါ (မှန်ပါ့ ဘုရား)။

ဉာဏ်တွေ့မဟုတ်တဲ့ ပုဂ္ဂိုလ်ကတော့ မျက်လုံးစိတ်ကတော့ မြင်တယ်ဆိုလို့ရှိရင် မုန်းတယ်ရင်လဲ လာရမယ် (မှန်ပါ့) မုန်းတယ် မကြည့်ချင်ဘူး ဟုတ်လား (မှန်ပါ့) သောက, ပရိဒေဝ, ဥပါယာသတွေ လာမှာဘဲ (လာပါတယ်) အဝိဇ္ဇာ, သင်္ခါရတွေကော (လာပါတယ် ဘုရား)။

ပဉ္စဒွါရဆိုတဲ့ စက္ခု, သောတ, ဃာန, ဇိဝှာ, ကာယ, တွေကတော့ မမှန်ဘူး (မှန်ပါ့) ဒွါရအလိုက်တော့မှန်ရဲ့၊ စိတ်က လိမ်လိမ်သွားတယ် မမှန်တော့ဘူူး (မှန်ပါ့ ဘုရား)။

နောက်လိုက် စိတ်တွေက လိမ်ပစ်လိုက်တာ

ဥပမာမယ် ဒါက မျက်လုံးတွေ့တယ်ထားပါဦးတော့ ဒါက ခန္ဓာ (မှန်ပါ့) ဟောဒီ နောက်စိတ်တွေက ဒေါသ, သောက, ပရိဒေဝ, ဥပါယာသဆိုတဲ့ နောက်စိတ်တွေက ဒေါသ, သောက, ပရိဒေဝ, ဥပါယာသဆိုတဲ့ နောက်လိုက် စိတ်တွေက လိမ်ပစ်လိုက်တာနဲ့ မြင်တာဟာ အဆင်းဘဲလို့ သူတို့က ဆုံးဖြတ်ချက်မချဘူး၊ မုန်းစရာဘဲလို့ သူတို့က ဆုံးဖြတ်ချက်ချတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီနောက်စိတ်တွေက အလိမ်စိတ်တွေပေါ့ (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်ပေါ်တော့ ပေါ်တယ်၊ ပေါ်ပေမယ့် လိမ်တဲ့ ပဋိစ္စသမုပ္ပါဒ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါ မဟောသေးဘူးလို့ မှတ်ပါ (မှန်ပါ့) မဟောသေးဘူး၊ ဒါဖြင့် မြင်တယ်ဆိုလို့ရှိရင်ဖြင့် မြင်တာသည် ဒီက အဆင်းဒီကမြင်တယ်၊ မြင်တယ်ဆိုရင် ဒီကမုန်းတဲ့စိတ်လာတယ် (မှန်ပါ့) လိမ်စိတ်ဆိုတာ ဒါပါဘဲ (မှန်ပါ့) မြင်တယ်, ခင်တယ်, စွဲလမ်းတယ်, အားထုတ်မ်ဆိုတော့ ဒါ လိမ်တာဘဲမှတ် (မှန်ပါ့ ဘုရား)။

ဝိပါက်အမှန် ဇောအပြန်

ဒါဖြင့် ဝိပါက်အမှန် ဇောအပြန်ဆိုတာ မှတ်ထားပါ (မှန်ပါ့) ဝိပါတ်အမှန် ဇောအပြန်ဆိုတာက ဝိပါက်ဆိုတာက မြင်တဲ့စိတ်ဟာ သိပါက်စိတ်နဲ့မြင်တာ (မှန်ပါ့) ဥပေက္ခာ သဟဂတံ စက္ခုဝိညာဏံ ဆိုတော့ ကံကြောင့်ဖြစ်တဲ့ ဝိညာဏ်ဘဲ (မှန်ပါ့ ဘုရား)။

သူနဲ့ ကြည့်လိုက်တော့ အမှန်တော့ မြင်တာဘဲ, အဆင်းကို မြင်တာဘဲ (မှန်ပါ့) သို့သော် နောက် ဒီဇောစိတ်တွေ က ဇော ပဋိစ္စသမုပ္ပါဒ်တွေက လိမ်ပစ်လိုက်တဲ့ အခါကျတော့ အဆင်းမဟုတ်ဘူး၊ မုန်းစရာဖြစ်သွားတယ် (မှန်ပါ့ ဘုရား)။

သူကတော့ ဘာမြင်သတုန်း (အဆင်းမြင်ပါတယ် ဘုရား)။ သူတို့ကျတော့ မုန်းစရာဖြစ်နေတယ် (မှန်ပါ့) ဒါဖြင့် သူတို့ဟာ မူမှန်တဲ့စိတ်လား မူမမှန်တဲ့စိတ်လား (မမှန်တဲ့စိတ်ပါ ဘုရား)။

ဒါဖြင့် “စိတ္တေန နိယတေ လောကော” ဆိုတာ ခင်ဗျားတို့စိတ်ကို ခင်ဗျားတို့ မနိုင်တာနဲ့ သူက အပါယ်ပို့လိုက်တာ (မှန်ပါ့) လိမ်တဲ့စိတ်က အပါယ်ပို့လိုက်တာ (ပို့ပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

လိမ်တဲ့စိတ်က အပါယ်ပို့လိုက်တာ

ဘယ်သူက အပါယ်ပို့လိုက်သတုန်း (လိမ်တဲ့စိတ်ကအပါယ်ပို့ပါတယ်) ဒါဖြင့် လိမ်တဲ့စိတ်ကြောင့် အပါယ် ရောက်ရတယ် (မှန်ပါ့) စိတ်ကြောင့် ချမ်းသာရတယ်၊ စိတ်ကြောင့်ဆင်းရဲရတယ်၊ စိတ်ကြောင့် အပါယ်ရောက်ရတယ်၊ စိတ်ကြောင့်ဘဲ နိဗ္ဗာန်သွားရတယ် (မှန်ပါ့) အမျိုးမျိုးပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ဒါဖြင့် စိတ်သည် ကောင်းကျိုးလဲ ဆောင်နိုင်တယ်၊ ဆိုးကျိုးကိုလဲ ဆောင်နိုင်တယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့မှာတော့ ဆရာသမားကင်းပြီးသကာလ နေတဲ့အတွက်တဲ့ စိတ်သည် ဆိုးကျိုးချည့် အောက်မေ့နေတယ်-(မှန်ပါ့ ဘုရား)။

ဘာဖြစ်လို့တုန်း ဆိုတော့ မြင်တာက အဆင်းဘဲ အမှန်သားဘဲ၊ ဝိပါက်ကတော့ အမှန်သားပဲ (မှန်ပါ့) ဝိပါက်စိတ်နဲ့ မြင်တာကိုး (မှန်ပါ့) ဟောဒီ ဇောတွေကျတော့ ဖေါက်ပြန်သွားတယ် (မှန်ပါ့ ဘုရား)။

သူမြင်သလို ဒီဇောတွေကသိတဲ့ သဘောမရောက်တော့ဘူး-(မှန်ပါ့) သူကအဆင်းမြင်ရင် မြင်တာကိုမုန်းတယ် ဆိုကတည်းက ဒီပဋိစ္စသမုပ္ပါဒ်က ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား) မကောင်းတော့ဘူး၊ ဒီဇောစိတ်တွေက ခင်ဗျားတို့ကို လိမ်တာဘဲ (မှန်ပါ့) စိတ်ကလိမ်သွားတယ် (စိတ်ကလိမ်ပါတယ် ဘုရား)။

နောက်ကလိုက်တဲ့ စိတ်တွေက လိမ်တာ

ဒါဖြင့် မျက်လုံးကလိမ်တာလား မျက်လုံးနောက်ကလိုက်တဲ့ စိတ်တွေက လိမ်တာလားလို့ မေးရင် ဘယ့်နှယ်ဖြေ ကြမလဲ (မျက်လုံးနောက်ကလိုက်တဲ့ စိတ်တွေက လိမ်တာပါ ဘုရား) အဲ ခင်ဗျားတို့က ဒါ တတန်းတည်း မလုပ်နိုင်လို့ နိဗ္ဗာန်နဲ့ဝေးနေတာ (မှန်ပါ့) သူနဲ့ တတန်းတည်းသွားရင် ရှင်းသွားမယ် (မှန်ပါ့ ဘုရား)။

မြင်တာနဲ့ နောက်ကသိတာတွေနဲ့ တတန်းတည်းသွားရင် ဘာမှမရှုပ်ပါဘူး (မှန်ပါ့) မြင်တာကလဲ အဆင်း, သိတာကလဲ အဆင်းဆိုရင် ကိစ္စမရှိဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အခုတော့ ရှိတာကအဆင်း၊ မြင်တာကလဲအဆင်း၊ သူ့ကျမှမုန်းစရာတွေချည့် ဖြစ်လာတယ် (မှန်ပါ့) မုန်းစရာ ချည့်ဖြစ်ပြီး သကာလလာတော့ဪ နောက်စိတ်တွေဟာ လိမ်ပါကလား (မှန်ပါ့ လိမ်ပါတယ် ဘုရား)။

ဒါ့ကြောင့် “ဝိစိတ္တကရဏံ စိတ္တံ” စိတ္တံ=စိတ်သည်၊ ဝိစိတ္တကရဏံ=ဆန်းကြယ်အောင် လုပ်တတ်၏” တဲ့ (မှန်ပါ့) ဒါဟာ ခင်ဗျားတို့ ကိုယ့်စိတ်ကိုယ်မနိုင်တာ ဒါဘဲ (မှန်ပါ့) နိုင်ရဲ့လား (မနိုင်ပါ ဘုရား)။

မျက်လုံးက မြင်တာက ဘာမြင်သတုန်း (အဆင်းမြင်ပါတယ် ဘုရား) အဆင်းမြင်တာကို ခင်ဗျားတို့က မုန်းစရာ ဖြစ်လာတယ် (မှန်လှပါ ဘုရား) မဟုတ်ဘူးလား ဒေါသဖြစ်တယ် သောကဖြစ်တယ်၊ အဆင်းမြင်တာနဲ့ ဒေါသ, သောကနဲ့ ဘာမှမဆိုင်ဘူး (မဆိုင်ပါ ဘုရား) မဆိုင်ဘူး၊ အဆင်းမြင်တယ်ဆိုရင် အဆင်းရယ်လို့ဘဲ ရှောင်သိရုံဘဲ (မှန်ပါ့) အခုတော့ ဒီလိုမသိဘူး မုန်းစရာဖြစ်လာတယ် (မှန်ပါ့)။

ဒါဖြင့် မြင်စိတ်က လိမ်တာလား နောက်က ပဋိစ္စသမုပ္ပါဒ်က ဇောစိတ်က လိမ်တာလား (ဇောစိတ်ကလိမ်တာ ပါ ဘုရား)။

အလိမ်မိနေတဲ့လူတွေ

ခင်ဗျားတို့ အလိမ်မိနေတဲ့လူတွေ (မှန်ပါ့)။

ဘယ့်နှယ်ဆိုကြမလဲ (အလိမ်တွေမိနေပါတယ် ဘုရား)

အလိမ်မိနေတဲ့ပုဂ္ဂိုလ်တွေ (မှန်ပါ့)။

အလိမ်မိနေတဲ့ ပုဂ္ဂိုလ်တွေဟာတဲ့ ဘယ်သူ လိမ်ထားတာတုန်းဆိုတော့ ခင်ဗျားတို့စိတ်က ခင်ဗျားတို့ကို လိမ်ထား တာ (မှန်ပါ့ ဘုရား)။

မြင်တာ အဆင်းမှန်းသိလျက်သားနဲ့ အဆင်းဆိုလို့ ရှိရင်ဖြင့် အဆင်းလို့ဘဲ နောက်ကသိပေးဖို့ဘဲ (မှန်ပါ့) မြင်တာက အဆင်း၊ သိတာက ဖြူတယ်, နီတယ်, ကြောင်တယ်, ကြားတယ်ဆိုတာ ဒါလဲသိဘို့လဲ (မှန်ပါ့)။

အခု ဒီလိုသိရဲ့လား (မသိပါ ဘုရား) မြင်ရတာကို မုန်းလိုက်တာ (မှန်ပါ့) မြင်ရတာကွာ မကြည့်ချင်ဘူး ဆိုတော့ ဇောစိတ်ကလိမ်နေတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)ဘုရား။

တခါ မြင်ပြန်သည်၊ ပြီးတော့ ခင်ပြန်တယ် စွဲလမ်းပြန်တယ်ဆိုတော့လဲ မြင်တာကတော့လဲ အဆင်းမြင်တာ (မှန်ပါ့) ဒါတွေက မြင်တာပဲ လိုက်ဖို့ပဲ (မှန်ပါ့)။

အဖြူ, အနီ, အကြောင်, အကြားရယ်လို့ သိဘို့ဘဲ၊ မသိဘူး ခင်ဗျားတို့က မြင်တာလိုချင်တယ်၊ သဘောကျပလား (ကျပါပြီ ဘုရား) ဒါလဲ အလိမ်မိတာဘဲ (မိတာပါ ဘုရား)။

ဒါဖြင့် လောဘဇောက လိမ်လိုက် ဒေါသဇောက လိမ်လိုက် ဟင်-(လိမ်ပါ ဘုရား) မောဟဇောကလိမ်လိုက် (မှန်ပါ့) ဒါဖြင့် ခင်ဗျားတို့စိတ်တွေမှာ ခင်ဗျားတို့ကို အမြဲတမ်း လိမ်နေတာ ဟောဒီရှေ့စိတ်က မလိမ်ဘူး၊ မြင်တာ, ကြားတာတွေက မလိမ်ဘူး၊ နောက်ကခင်တာ, မုန်းတာတွေက ဒါတွေကလိမ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒါဖြင့်ရှေ့ကအမှန်ရှိတယ်၊ နောက်ကလိမ်တယ်လို့ မှတ်ထားရမယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့မှာ ဘယ်လို ပုဂ္ဂိုလ်တွေလဲလို့ မေးတော့ စိတ်အလိမ်မိနေတဲ့ ပုဂ္ဂိုလ်တွေ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

စိတ်အလိမ်မိနေတာ မြင်တာက အဆင်း (မှန်ပါ့) မျက်လုံးက မြင်တာက အဆင်း (မှန်ပါ့) စိတ်က သမီးလုပ်ပစ် လိုက်တယ် (မှန်ပါ့) စိတ်က သမီးလုပ်ပစ်လိုက်တော့ ခင်ရမှာဘဲ၊ ခင်ရမှာဘဲစောင့်ရှောက်ရမှာဘဲ (မှန်ပါ့)။

အလိမ်မိပြန်ပြီ (မှန်ပါ့) မြင်တာကတော့ ဘာမြင်တာတုန်း အဆင်းမြင်တယ် (မှန်ပါ့) အဆင်းဟာ အဆင်းရှိ တာကို သူ အမှန်မြင်တာပဲ (မှန်ပါ့)။

ခင်ဗျားတို့စိတ်က သမီးလုပ်ပစ်တယ်

မြင်တော့ ခင်ဗျားတို့စိတ်က သမီးလုပ်ပစ်တယ်, သားလုပ်ပစ်တယ် (မှန်ပါ့) သားလုပ်ပစ်လိုက်တတော့ တခါတည်းခင်ဗျားတို့သည် ခင်မှပဲ, မင်မှပဲ ဆိုတာလာတာပဲ၊ တနည်းစိုးရိမ်တာပဲ, ကြောင့်ကြတာပဲလို့ (လာပါတယ် ဘုရား) အဲဒါ ဘာဖြစ်တာတုန်း (အလိမ်မိတာပါ ဘုရား)။

ခင်ဗျားတို့ကလဲ အလိမ်မိတာကိုပင်လျှင် အလိမ်မိတဲ့ပုဂ္ဂိုလ်က အလိမ်ခံရတာနဲ့ ပျော်နေတယ် (မှန်ပါ့ပျော်နေပါ တယ် ဘုရား)။

ကိုယ့်လဲ အလိမ်မိထားတယ် (မှန်ပါ့) ဒီအလိမ်မိထားတာ သူလိမ်ထားတဲ့ တရားကလေးနဲ့ ပျော်နေတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ခလေး ဈေးထဲသွားတယ်၊ အခုလို နတ်ပွဲဈေးထဲသွားတယ်၊ ဟိုကအရုပ်တဲ့ လူမဟုတ်ဘူး၊ အရုပ်သည်က အရုပ်ကလေးတွေရောင်းတယ် (မှန်ပါ့)။

ခလေးက ဒီအရုပ်ကလေးကို မိန်းကလေးမို့ လှတယ်၊ မိန်းမရုပ်မို့ လှတယ်၊ ယောကျ်ားရုပ်မို့ပဲတင့်တယ် တယ်ဆိုပြီး ဒီအရုပ်ကလေးတွေကို မိန်းမယောကျာ်းလုပ်ပြီး ခလေးပျော်နေတယ် (မှန်ပါ့) ဟိုက အရုပ်သည်ကတော့ အရုပ်ပဲရောင်းတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အရုပ်သည်က ဘာရောင်းသတုန်း (အရုပ်ပဲရောင်းပါတယ် ဘုရား) ခလေးကတော့ သူမိန်းမ ယောကျ်ား လုပ်ပြီးတော့ (ပျော်နေပါတယ် ဘုရား)။

ခင်ဗျားတို့ဒီအတိုင်းဘဲ (ဒီအတိုင်းပါ ဘုရား) အလိမ်မပြေသေးဘူး (မှန်ပါ့) ပြေကြပလား (မပြေသေးပါ ဘူး ဘုရား)ဪ ခက်ပြီကော သေခါနီးတောင် မပြေသေးဘူးတဲ့၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဈေးထဲက ဘာရောင်းတာတုန်း (အရုပ်ရောင်းတာပါ ဘုရား) ခလေးက ဘာလုပ်ပြီး ပျော်နေသတုန်း (မိန်းမ, ရုပ်ယောကျ်ား ရုပ်, လုပ်ပြီး ပျော်နေပါတယ် ဘုရား) မိန်းမ, ရုပ် ယောကျာ်း, ရုပ် လုပ်ပြီးသကာလ ဟုတ်လား (မှန်ပါ့)

မိန်းမ, ရုပ် ကလေး ဝယ်ပေးပါ၊ ယောကျာ်း ကလေးဝယ်ပေးပါ မဟုတ်ဘူးလား (မှန်ပါ့) အဆင်းတမျိုးတည်းဘဲ မဟုတ်လား (မှန်ပါ့)။

သို့သော် သူက မိန်းမ ယောကျ်ား လူပျက် အမျိုးမျိုးအဖုံဖုံ အရုပ်ကလေးတွေပေါ့ဗျာ (မှန်ပါ့) အဲဒါကလေးတွေ ဒီကလေးတွေက ဝယ်ပေးလိုက်တော့ အကျေနပ်ကြီး ကျေနပ်နေပြီးသကာလ အငိုတိတ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့်အပါယ်ကျတာဟေ့

ဈေးသည်က ဘာရောင်းသတုန်း (အရုပ်ရောင်းပါတယ် ဘုရား) ဝယ်တဲ့လူက မိန်းမ ယောကျ်ားလုပ်ပြီး ဝယ် တယ် (မှန်ပါ့) ဒါကြောင့် ရောင်းရတာပေါ့ (မှန်ပါ့) နို့မဟုတ်ရင် ဘယ့်နှယ်တုန်း (မရောင်းရပါ ဘုရား) မင်းတို့လဲ ဒါကြောင့်အပါယ်ကျတာဟေ့၊ နို့မဟုတ်ရင် ကျစရာမလိုဘူး (မှန်ပါ့မရှိပါ ဘုရား)။

မိန်းမ ယောကျ်ား လုပ်မိတာနဲ့ (အပါယ်ကျပါတယ် ဘုရား) ဘယ်သူလုပ်တာတုန်း (အဆင်းကပါ ဘုရား) အဆင်းက မဟုတ်ဘူး (မှန်ပါ့ စိတ်ကလုပ်တာပါ ဘုရား)။

အဆင်းကတော့ အဆင်းဘဲ၊ မြင်တာတော့ အဆင်းဘဲ (မှန်ပါ့) ဟောဒီ ခင်ဗျားတို့စိတ်က လိမ်ပစ် လိုက်တယ် (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့စိတ်က လိမ်ပစ်လိုက်တာနဲ့ ခင်ဗျားတို့ လိမ်မိတဲ့အလိမ်နဲ့ မျက်ရည်ကျတယ် (မှန်ပါ့) လောကကြီး ဖြစ်နေတာ ပြောပါတယ် (မှန်ပါ့)။

ကိုယ်မိထားတဲ့ လိမ်ချက်နဲ့ပဲ ပြုံးလိုက်တယ် (မှန်ပါ့) ကိုယ်မိထားတဲ့ လိမ်ချက်နဲ့ပဲ (မျက်ရည်ကျပါတယ် ဘုရား) မျက်ရည်ကျမဲ့လိုက်တယ် (မှန်ပါ့)။

ဒါဖြင့် ခင်ဗျားတို့ ရိုးရိုးမျက်ရည်ကျနဲ့ ရိုးရိုးပြုံးတာဟုတ်ရဲ့လား (မဟုတ်ပါ အလိမ်မိတာပါ ဘုရား) ရိုးရိုးမျက်ရည် ကို ခင်ဗျားတို့မပါဘူး (မှန်ပါ့) ရိုးရိုးပြုံးတာကော (မပါ ပါ ဘုရား)။

ကိုယ့်ဟာကိုယ် တခါတည်း အလိမ်မိပြီးသကာလ ပြုံးနေတာအလိမ်မိပြီးသကာလ မဲ့တာ (မှန်ပါ့) ဒါနဲ့ အချိန် ကုန်နေတာဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဪ ဒါဖြင့် ခင်ဗျားတို့ လူပါးတွေလား၊ အလိမ်ခံသမားတွေလား မေးလိုက်တဲ့အခါ ဘယ့်နှယ် ဖြေကြမလဲ (အလိမ်ခံသမားတွေပါ ဘုရား)။

လိမ်တာက ခင်ဗျားတို့ကို မျက်ရည်ကျအောင်ဘဲ စိတ်ကလိမ်တယ် (လိမ်ပါတယ် ဘုရား) မပြုံးထိုက်တာနဲ့ ပြုံးအောင်ကော (လိမ်ပါတယ် ဘုရား)။

စိတ်လိမ်ထားတဲ့အတိုင်း

ဒါဖြင့် ခင်ဗျားတို့ စွမ်းရည်တူပြီး (မှန်ပါ့) ခင်ဗျားတို့ စွမ်းရည်တုန်းပြီး (တုန်းပါပြီ ဘုရား) ဘာမှကိုယ်အမှန်သိ မရှိတော့ဘူး။ စိတ်လိမ်ထားတဲ့အတိုင်း ပြုံးလိုက်တယ် (မှန်ပါ့) စိတ်လိမ်ထားတဲ့အတိုင်း မဲ့လိုက်တယ် (မှန်ပါ့)။

သမီးကလေးဆိုလို့ရှိရင် သမီးကလေးနေမကောင်းထိုင်မသာဘူးဆိုလို့ရှိရင် နိဂိုရ်က သမီးမဟုတ်တာ သမီးလို့ ကိုယ့်စိတ်ကလုပ်ထားတော့ ဒီစိတ်လိမ်ထာ်းတာနဲ့ဘဲ ဒီသမီးကလေးက ဆက်ပြီး နေမကောင်း ထိုင်မသာရှိတယ်၊ မဲ့ကြတယ် (မှန်ပါ့) ဘာဖြစ်လို့မဲ့သတုန်း (စိတ်လိမ်ထားလို့ပါ ဘုရား)။

အလိမ်ကမပြေဘူး၊ နဂိုရ်က သမီးဆိုတဲ့ လိမ်ချက်ကတမျိုး၊ အဲဒီလိမ်ချက်က မပြေတော့ သမီးနေမကောင်းဘူး၊ သမီးကဖောက်ပြန်သွားတယ် (မှန်ပါ့) ဘာဖြစ်ကြသတုန်း (ဖောက်ပြန်သွားပါတယ် ဘုရား) ခင်ဗျားတို့ ဖောက်ပြန်သွား တယ် (မှန်ပါ့)။

ဒါ အမှန်ကြောင့် ဖောက်ပြန်တာလား၊ ကိုယ့်စိတ်အလိမ်ခံပြီးသားလူ အလိမ်မပြေလို့ ဖောက်ပြန်တာလား (အလိမ်မပြေလို့ ဖောက်ပြန်တာပါ ဘုရား) ဒါဖြင့် ခင်ဗျားတို့ ပြုံးသ၍‰မဲ့သ၍ဟာ အလကားပါပဲ (မှန်ပါ့)။

ဘယ့်နှယ်ဆိုကြမလဲ (ပြုံးသ၍ မဲ့သ၍ အလကားပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒါ ဘုရားဟောတော်မူတဲ့အတိုင်း ဆရာဘုန်းကြီးတို့က ဉာဏ်ဝင်မပေးလို့ရှိရင် ဒီအလိမ်ဟာ သေသည်တိုင်အောင် မပြေဘူး (မပြေပါ ဘုရား)။

သားကလေးက နေရာမကျလို့ ကျုပ်မှာ ဆင်းရဲနေတယ် သမီးကလေးကလဲ နေရာမကျလို့ ဆင်းရဲနေတယ် ရှိလဲမရှိဘူး (မှန်ပါ့) အဆင်းဘဲရှိတယ်၊ အသံဘဲရှိတယ် (မှန်ပါ့) အဲဒါ သူတို့ နေရာမကျလို့ ကျုပ်မှာ အခု မျက်စိ, မျက်နှာညှိုးငယ်နေရတယ် ဟုတ်လား (မှန်ပါ့)။

သူတို့က အခု ကောင်းကောင်းမွန်မွန် နေပြန်တော့လဲ သားကလေး, သမီးကလေးကအမေ့ အတွက်, အဖေ့အတွက် လိုက်နေပြန်လို့ ကျုပ်တို့ ပြုံးရွှင်ရတယ် (မှန်ပါ့)။

အလိမ်မိလို့ ပြုံးနေတာ

ဒါဖြင့် ခင်ဗျားတို့ပြုံးတာ အမှန်မဟုတ်ပါဘူး (မမှန်ပါ ဘုရား) ခင်ဗျားတို့မဲ့ပုံကော (မမှန်ပါ ဘုရား) ဘယ်သူမှ သနားစရာမလိုဘူး၊ ဉာဏ်သမားက သနားစရာမလိုဘူး (မှန်ပါ့) အလိမ်မိလို့ ပြုံးနေတာ အလိမ်မိလို့မဲ့နေတာ (မှန်ပါ့ ဘုရား)။

ဉာဏ်သမားက (သနားစရာမရှိပါ ဘုရား) သနားစရာလဲ မရှိဘူး၊ ဝမ်းသာစရာလဲ (မရှိပါ ဘုရား) ဘာဖြစ်လို့ တုန်း (အလိမ်မိနေလို့ပါ ဘုရား)။

အလိမ်မိတဲ့ပုဂ္ဂိုလ်ဟာ သူ့ဟာသူလဲ မဖြေတတ်ဘူး (မဖြေတတ်ပါ ဘုရား)။

ဒါဖြင့် ဦးခင်မောင်တို့ ဦးလှတို့ အကဲခတ်ရလိမ့်မယ်၊ လူတွေဟာ အလိမ်ပြေပြီး သေသွားတဲ့ပုဂ္ဂိုလ် ရှားလိမ့်မယ် ထင်တယ် (ရှားပါတယ် ဘုရား) ရှိကိုမရှိဘူး (မရှိပါ ဘုရား)။

မရှိဘူး၊ ခေါင်းထဲကျတောင်မှ လိမ်တုန်း (မှန်ပါ့) ဒါ ဘာတုန်း လိမ်းနည်းပြောစမ်းပါဦး ဟင် (မှန်လှပါ) ခေါင်းထဲကျတောင်မှ (လိမ်တုန်းပါ ဘုရား) ပြေပလား (မပြေပါ ဘုရား) နောက်ကျတော့ မြေမြှုပ်လို့ဆွေးပြီ၊ မြေပုံကြီးကျ တော့ (လိမ်တုန်းပါ ဘုရား) ပြေကို, မပြေပါလား (မပြေပါ ဘုရား)။

အလိမ်ပြေတာလား မပြေတော့ဘူးလား

ဒါဖြင့် ကဲ ငိုတဲ့ပုဂ္ဂိုလ်လဲ ဒီစိတ်နဲ့ သေသွားတယ်ဆိုတော့ အလိမ်ပြေတာလား မပြေတော့ဘူးလား (မပြေပါ ဘုရား) သွားပြီ၊ တောက်လျှောက်သွားပြီ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခင်ဗျားတို့ အလိမ်ပြေအောင် မနည်းလုပ်ရဦးမှာပါကလား (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဦးလှ,ရေ ငါ အသက်ကြီးပြီကွ၊ ပါးပြီလို့ မသုံးနိုင်ဘူး ခင်ဗျားတို့ (မသုံးနိုင်ပါ ဘုရား) မသုံးနိုင်ဘူး၊ သားက ပြုံးအောင် လုပ်လိုက်ရင် ပြုံးလိုက်တာဘဲ (မှန်ပါ့) သားက မဲ့အောင်လုပ်လိုက်ရင် (မဲ့ပါတယ် ဘုရား) နဂိုရ်က သူက သားရယ်လို့ အလိမ်က မိထားတာကိုး (မှန်ပါ့) မိထားတော့ ဒီသား အစွဲက မပြုတ်ဘူး၊ မပြေဘူး (မှန်ပါ့) မပြေတော့ သူကမဲ့အောင် လုပ်ရင် မဲ့တယ်၊ ပြုံးအောင်လုပ်ရင် (ပြုံးပါတယ် ဘုရား) ဘာဖြစ်တာတုန်း နဂိုရ်အလိမ်မဖြေနိုင်လို့ (မှန်ပါ့)။

ဟောဒီ ဇောတွေက လိမ်ထားတာ

အပြင်ကတော့ မှန်တယ် (မှန်ပါ့) ဟောဒီ ဇောတွေက လိမ်ထားတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အမြင်ကတော့ (မှန်ပါ့ ဘုရား) ဇောကျတော့ (ဇောကျတော့ လိမ်သွားပါတယ် ဘုရား)။

အဲဒီအလိမ်ကို ခင်ဗျားတို့က ဘယ့်နှယ်တုန်း မဖြေနိုင်, မပြေနိုင်, မပြုတ်နိုင်ဘူး (မှန်ပါ့)။

ဒါ့ကြောင့် ဘယ်မှာ မသာပို့ကြပြီ၊ အို မျက်ရည်ကြီးငယ် ကျပြီဘုရား၊ ဘယ့်နှယ်ကြောင့် ကျကြတာတုန်း၊ အို တတန်းတည်းဘဲ အလိမ်မိတဲ့လူချည့်ဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ပြေတဲ့လူက တယောက်မှမပါဘူး၊ ပါသေးသလား (မပါပါ ဘုရား)။

ဟာ ဒါဖြင့် ခက်ကုန်ပေါ့၊ ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား) တယ်လဲ ခဲယဉ်းပါလား (ခဲယဉ်းပါတယ် ဘုရား)။

ဉာဏ်နဲ့တွေးမှ ဒါ ပေါ်မယ်

ဉာဏ်နဲ့တွေးမှ ဒါ ပေါ်မယ်နော် (မှန်ပါ့) အဲဒီတော့ ခင်ဗျားတို့ အလိမ်ပြေချင်ရင် ဒီလိုလုပ်ပါ၊ မျက်လုံးက မြင်တယ်၊ ဘာကိုမြင်သတုန်း၊ ဖြူတာ, နီတာကိုမြင်တယ်(မှတ်ပါ့)။

ဪ ဖြူတယ်၊ မျက်လုံးကလဲ အဖြူမြင်တယ်၊ နောက်စိတ်တွေကလဲ အဖြူရယ်လို့ဘဲ ရှောက်သိနေလို့ရှိရင် ဒါ လိမ်သေးရဲ့လား (မလိမ်ပါ ဘုရား)။

အခုတော့ မျက်လုံးကတော့ အဖြူမြင်ရဲ့၊ ဒီဇောက ကိုယ့်သမီးကလေး, ကိုယ့်သားကလေး လုပ်ပစ်တယ် (မှန်ပါ့ဇောလိမ်သွားလို့ပါ ဘုရား) ဇောလိမ်သွားလို့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒီမြင်စိတ်နဲ့ ဇောနဲ့ တတန်းတည်းသွားရမှာကို ဆရာ ဘုန်းကြီးက ပြင်ပေးနိုင်မှ ခင်ဗျားတို့မျက်ရည်လဲ သိမ်းမယ်၊ အပြုံးလဲရပ်မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

နို့မဟုတ်လို့ရှိရင် မျက်ရည်လဲ မသိမ်းဘူး၊ ပြုံးပြန်လဲအရူးပြုံး, ပြုံးချမယ် (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဆရာသမားက သိပ်လိုတယ် (လိုပါတယ် ဘုရား)။

ကဲ ယနေ့တွင် ဒီတွင် တော်ကြဦးစို့။

သာဓု…သာဓု…သာဓု။