ဆန္ဒရာဂ ပယ်ပုံ
ကျေးဇူတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရားတော်ဘုရားကြီး
အမရပူရမြို့ မင်္ဂလာတိုက်၌ ဟောကြားတော်မူအပ်သော
ဆန္ဒရာဂ ပယ်ပုံ
ညအလုပ်ပေးတရားတော်
(၅-၉-၆၁)
ပစ္ဆာဘူမိ သွားပါရစေဘုရား
မြတ်စွာဘုရားကို ရဟန်းတွေက တပည့်တော်တို့ ပစ္ဆာဘူမဆိုတဲ့ အရပ်ကို တပည့်တော်တို့သွားပြီး နေလည်း နေမည်၊ အဲ့ဒီအရပ်ကို သွားလည်းသွားချင်ဆိုပြီး ဘုရားကိုသွားလျှောက်ကြတယ်။
တပည့်တော်တို့ ပစ္ဆာဘူမ သွားပါရစေဘုရားဆိုတော့ ဘုရားကလည်း သိတော်မူတယ်၊ ဒီကိုယ်တော်တွေ ဝါဒကိုလည်းမသိသေး၊ ဟောတဲ့အလေအကျင့်ကိုလည်း မသိသေး၊ ဒီအတိုင်းသွားလို့ရှိရင်ဖြင့် တော်အောင် ဖြေလို့ရှိရင် ဘုရားကိုစွပ်စွဲတဲ့အဓိပ္ပာယ် ရောက်နေမယ် (မှန်ပါ့ ဘုရား)။
မင်းတို့ သွားချင်ကြလို့ရှိရင် မင်းတို့နောင်တော်ကြီးဖြစ်တဲ့ ရှင်သာရိပုတ္တရာကို လျှောက်ထားပြီးကြပလားလို့ ဘုရားကစကားတောင်းလိုက်တယ် (မှန်ပါ့)။
တပည့်တော်များ မလျှောက်ထားရသေးပါဘုရား ဆိုတော့ အေး-မင်းတို့ နောင်တော်ကြီးဖြစ်တဲ့ ရှင်သာရိပုတ္တရာ ဟာ ရဟန်းငယ်တွေကို အင်မတန်သနားတယ်၊ အကျိုးစီးပွားကိုလည်း အင်မတန်အလိုရှိတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်၊ ဒီတော့ သူ့ဆီသွားပြီး ပန်ကြားချေကြအုံး (မှန်ပါ့) ဘုရားက သူကိုယ်တိုင် မဟောချင်တာနဲ့ ရှင်သာရိပုတ္တရာဆီ လွှတ်လိုက်တယ် (မှန်ပါ့)။
ဒါနဲ့ရဟန်းတွေက ရှင်သာရိပုတ္တရာဆီ သွားကြတယ် ရှင်သာရိပုတ္တရာက တစ်ခုသော ခြုံထဲမှာ တရားနှလုံး သွင်းပြီး သကာလ နေတယ်၊ ရဟန်းတွေက သွားကြတယ်၊ အရှင်ဘုရားတပည့်တော်တို့ ပုစ္ဆဟူမဆိုတဲ့ အရပ်ကိုသွားလည်း သွားချင်တယ်၊ အဲ့ဒီမှာလည်းနေချင်လို့ အရှင်ဘုရားဆီ လာလျှောက် ပါတယ်တဲ့။
ဪ မင်းတို့ ဘုရားဆီရောက်ခဲ့ကြပလား ရောက်ခဲ့ပါပြီဘုရား၊ ဘုရားက နောင်တော်ကြီးဆီကို သွားပြီးတော့ မင်းတို့အကျိုးအကြောင်း ပြောကြဦး၊ သူကအမျိုးမျိုးသင်တတ်တယ်၊ ဆုံးမတတ်တယ်၊ သွန်သင်တတ်တယ်၊ ရှေ့ရေး နောက်ရေးလည်း သိတယ်လို့ ဟောလိုက်ပါတယ်။
မင်းတို့ကို မေးလိမ့်မယ်
ဒီတွင် ရှင်သာရိပုတ္တရာရိပ်မိတယ်၊ ဘုရားက ငါ့ကိုဆုံးမခိုင်းတာကိုးဆိုပြီး သကာလ ရှင်သာရိပုတ္တရာက ကဲကွာ-မင်းတို့ ပစ္ဆာဘူမကို သွားကြတော့မယ်ဆိုတော့ ပစ္ဆာဘူမမှာ မင်းပညာရှိတွေလည်းရှိတယ်၊ ပုဏ္ဏားပညာရှိတွေလည်းရှိ တယ်၊ လူပညာရှိတွေလည်းရှိတယ်၊ အဲ့ဒီပုဂ္ဂိုလ်တွေက မင်းတို့ကို မေးလိမ့်မယ်၊ ဘုရားဆီက လာတယ်ဆိုရင် မေးကြမှာဘဲ။
ဘယ်လိုမေးမလဲဆိုတော့ မြတ်စွာဘုရားဟာ ဘယ်ဝါဒတုန်း ဘယ်လိုသူတစ်ပါးကို ဟောလေ့ပြောလေ့ ရှိသတုန်း ဆိုတဲ့ ဒီနှစ်ချက်ကို ရှေးဦးစွာမေးမှာဘဲ (မှန်ပါ့) ဆိုတော့ တပည့်တော်များတော့ အဝေးကြီးကလာရတာ ဖြစ်ပါတယ် ဘုရား ဘာမှတပည့်တော်များ မသိသေးပါဘူး မေးမည့်မြန်းမည့်ဥစ္စာကိုလည်း အရှင်ဘုရားက သင်ပြမှ တပည့်တော်တို့ ဖြေကြားတတ်မည့် ပုဂ္ဂိုလ်တွေဖြစ်ပါတယ်လို့ လျှောက်ကြတယ် (မှန်ပါ့)
ကောင်းပြီ ဒါဖြင့် မင်းတို့ကို မေးလိမ့်မယ်တဲ့ ဗိမ္ဗိသာရမင်းကြီးတို့ စိတ္တသူကြွယ်တို့ စတဲ့ဒီပုဂ္ဂုလ်တွေရှိတယ်၊ ပုဏ္ဏားပညာရှိ လူပညာရှိတွေက အရှင်ဘုရားတို့ ဘုရားဟာ သူ့ဝမ်းထဲမှာ ဘယ်ဝါဒရှိသတုန်း၊ သူတစ်ပါးကိုလည်း ဘယ်လိုဟောလေ့ပြောလေ့ရှိသတုန်းဆိုတဲ့ ဥစ္စာမေးလို့ရှိရင် ဘုရားဝါဒဟာ မင်းတို့မှတ်ထား ဆန္ဒရာဂကို ပယ်တဲ့ဝါဒဟာ ဘုရားဝါဒပဲ (မှန်ပါ့)။
လောဘကို ပယ်မှုအလုပ်
စာလိုသုံးတော့ ဆန္ဒရာဂတို့ ရှင်သာရိပုတ္တရာက ဟောပါတယ်၊ ဒီဒကာ ဒကာမတွေ နားလည်မှုကျတော့ လောဘကို ပယ်မှုအလုပ်ဟာ သူ့အလုပ် သူလုပ်မြဲတမ်းလုပ်တဲ့ အလုပ်ပဲ(မှန်ပါ့)အဲ့ဒါ သူ့ဝါဒပဲ (မှန်ပါ့ ဘုရား)။
ဒါ မင်းတို့မှတ်ထား လောဘပယ်တဲ့ အလုပ်ဟာ ဘုရား၏ဝါဒ၊ သူတစ်ပါးဟောလေ့ ပြောလေ့ရှိတာလည်း လောဘပယ်ဖို့ပဲ၊ ဆန္ဒရာဂကို ပယ်ဖို့ပဲဟောလေ့ ပြောလေ့ရှိတယ်လို့ မင်းတို့ဖြေရမယ်၊ နှစ်ချက်နော် (မှန်ပါ့ ဘုရား)။
ဒါဖြင့် အားလုံးတရားနာတဲ့ ဒကာ ဒကာမတွေ သိရောပေါ့ ဘုရား၏ဝါဒဟာ လောဘပယ်တဲ့ ဝါဒ(မှန်ပါ့) သူတစ်ပါးကို ဟောပြန် ပြောပြန်လို့ရှိရင်လည်း လောဘပယ်ဖို့ကို ဟောလေ့ပြောလေ့ရှိတဲ့ အသုံးအနှုန်းဟာ ဘုရား၏ အဆုံးအမပဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဪ ဗုဒ္ဓဘာသာဆိုတာ ဘုရား၏အယူဝါဒအတိုင်း လိုက်နာတာဆိုတာ၊ ဘုရားကသူ့ဝါဒဟာ လောဘပယ်တဲ့ဝါဒ၊ သူတစ်ပါးဆုံးမပြန်လည်း လောဘပယ်ဖို့ ဆုံးမလေ့ရှိတယ်ဆိုတဲ့ အပြောအဆိုမျိုးဟာလည်း သူ၏ ဟောစဉ်ဆိုတာ သိထားလို့ သူ့ကိုလည်းကြည်ညိုတယ်၊ လေးစားတယ်၊ သူပြောတဲ့ဥစ္စာလည်း အမှန်ချည်းပဲ၊ သူ့ဝါဒ ကျုပ်တို့မလိုက်လို့ရှိရင် ဦးလှနေရာမကျဘူး (မကျပါ ဘုရား) သူဝါဒ မလိုက်ရင်ကျုပ်တို့အကုသိုလ်ဖြစ်မယ် (မှန်ပါ့ ဘုရား) သူ့ဝါဒမလိုက်ရင် ကျုပ်တို့အကုသိုလ်ဖြစ်မယ် (မှန်ပါ့ ဘုရား) သူ့ဝါဒကို လိုက်လို့ရှိရင် ကျုပ်တို့ကုသိုလ် ဖြစ်မယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ကျုပ်တို့ ဒီအယူမသိခင်တုန်းက မလိုက်ဘူး၊ ယခုအချိန်ကစပြီး သကာလ သူ့ဝါဒ သူဟောလေ့ ပြောလေ့ ရှိတဲ့အလုပ်ကို စည်းကမ်းကို ကျုပ်တို့လိုက်ရတော့မယ် (မှန်ပါ့) ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။
ဒါ တစ်ခြားသော အချိန်တွေ လောဘအာရုံတွေ ဒေါသအာရုံတွေ မောဟအာရုံတွေ ဝင်လာလို့ရှိရင် ဒီဒကာ ဒကာမတွေက ဪ ဒို့ဟာ ဗုဒ္ဓဘာသာအစစ်မဟုတ်သေးပါလား၊ ဒီအချိန်ဟာ တဏှာ့အာရုံတွေ ဝင်နေတယ် (မှန်ပါပြီ ဘုရား)။
ဘုရား၏ဝါဒ ဒို့မလိုက်တဲ့ အချိန်ပဲ
ဘုရား၏ဝါဒ ဒို့မလိုက်တဲ့ အချိန်ပဲ၊ ဘုရားဟောစဉ်ကို ဒို့နားမထောင်တဲ့ အချိန်ပဲလို့ ကိုယ့်ဟာကိုယ်ပဲ ဆုံးမကြ (မှန်ပါ့) ဒီ့ပြင် အာရုံတွေဝင်လာရင်ပေါ့လေ၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ရှင်သာရိပုတ္တရာက မင်းတို့ကို မေးလိမ့်ဦးမယ်တဲ့၊ ဘုရားဝါဒဟာ ဆန္ဒရာဂကိုပယ်တဲ့ဝါဒ လောဘ ပယ်တဲ့ဝါဒ၊ သူတစ်ပါးကို ဟောပြောလေ့ရှိတယ် ဆိုရုံနဲ့ အဖြေကုန်သွားတယ်လို့ မင်းတို့က မယူနဲ့၊ ဆက်ပြီးမေးလိမ့် ဦးမယ်တဲ့ (မှန်ပါ့ ဘုရား)။
ဘယ်ပေါ်မှာရှိတဲ့ ဆန္ဒရာဂကို ပယ်ရမှာတုန်းဆိုတဲ့ဥစ္စာ သူတို့က ဒီကောက်နှုတ်ချက်ကို ယူပြီးမေးမှာကွတဲ့ (မှန်ပါ့) ဒီတော့ မင်းတို့က မဖြေတတ်တော့ခတ်တယ်၊ အဲ့ဒီတော့ ငါသင်လွှတ်လိုက်မယ်၊ ခန္ဓာငါးပါးအပေါ်၌ ခင်တဲ့ တဏှာဆန္ဒတို့ကို ပယ်ရမယ်လို့ ဆိုတဲ့ဥစ္စာမင်းတို့ ဒီအတိုင်းဖြေပါတဲ့၊ သဘောကျကြပလား (ကျပါပြီ ဘုရား)။
ခန္ဓာငါးပါးအပေါ်၌ ခင်တွယ်တဲ့ ဆန္ဒရာဂကို (ပယ်ရမှာပါ ဘုရား) ပယ်ရမယ်၊ ရှင်းကြပလား (ရှင်းပါပြီ) ဘယ်မှာရှိတဲ့ ဆန္ဒရာဂကို ပယ်ရမလဲ (ခန္ဓာငါးပါးမှာရှိတဲ့ ဆန္ဒရာဂကို ပယ်ရပါမယ် ဘုရား)။
ခန္ဓာငါးပါးမှာရှိတဲ့ ဆန္ဒရာဂကိုပယ်ရမယ်၊ ဘုရားက ဒါကိုပယ်ဖို့ ဟောလေ့ရှိတာပဲ (မှန်ပါ့) သူ့ဝါဒ ပင်ကိုရင်းကလည်း ဒါပယ်တဲ့ဝါဒပဲ (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ ဘုရား)။
ဒါဖြင့် ဘယ်ပေါ်မှာရှိတဲ့ ဆန္ဒရာဂကို ပယ်ရမှာတုန်းလို့ ဆိုလို့ရှိရင် ခင်ဗျားတို့ အလုပ်လုပ်တဲ့အခါမှာ ဒီအပေါ် မှာရှိတဲ့ ဆန္ဒရာဂကိုပယ်ရမယ်နော် (မှန်ပါ့ ဘုရား)။
မပယ်ရင် ဘယ်အပြစ်သင့်သတုန်း
ကောင်းပြီတဲ့ ပယ်နည်းနောက်မှ သင်မှာပေါ့ဗျာ (မှန်ပါ့) ဒီခန္ဓာငါးပါးပေါ်မှာရှိတဲ့ ဆန္ဒရာဂကို ပယ်ရမယ်လို့ ဘုရားဝါဒကရှိတယ်၊ ဘုရားဟောလေ့ရှိတယ် ဆိုတာ သိပြီ၊ မပယ်ရင် ဘယ်အပြစ်သင့် သတုန်း ဆိုတာ မင်းတို့ကို ဆက်မေး လိမ့်မယ်တဲ့ (မှန်ပါ့) မေးမှာပဲ၊ မမေးပေဘူးလား (မေးပါတယ် ဘုရား)။
မေးလို့ရှိရင် မင်းတို့သည်ကားလို့ဆိုလို့ရှိရင် ဘာမဖြေတတ် ညာမဖြေတတ်နဲ့ ရမ်းဖြေပြန်လည်း ဘုရားဝါဒနဲ့ မညီညွတ်ပြန်လို့ရှိရင်လည်း မင်းတို့ ဘုရားကို စွပ်စွဲရာရောက်မယ်တဲ့ (မှန်ပါ့ ဘုရား)။
အဲ့ဒီတော့ မပယ်လိုရှိရင်တဲ့ ဒီကျတော့ ပဋိစ္စသမုပ္ပါဒ်အရေးကြီးလာတော့ ဒီခန္ဓာကို ဥပမာ ရူပက္ခခန္ဓာခင်မယ် တဏှာလာမယ် (မှန်ပါ့) ဥပါဒါန်လာမယ်၊ မလားပေဘူးလား (လာပါတယ် ဘုရား)။
ကောင်းပြီ၊ ဒါပဋိစ္စသမုပ္ပပါဒ် စထွက်လာတယ် (မှန်ပါ့)ဇာတို့ ဇရာ မရဏကော (လာမှာပါ ဘုရား) သောက ပရိဒေဝ ဒုက္ခ ဒေါမနဿဥပါယာသတွေကော (လာမှာပါ ဘုရား) လာမယ်တဲ့၊ မပယ်ခြင်းကြောင့် ဒီအပြစ်သင့်တယ် ဆိုတာမင်းတို့ ဖြေကြပါကွာတဲ့ (မှန်ပါ့)ဆိုတော့ ဒါတရားပါသွားပြီ (ပါ-ပါတယ် ဘုရား)။
ခင်ဗျားတို့ ကျုပ်တို့လည်း ဒီပေါ်မှာရှိတဲ့ဥစ္စာကို မစွန့်ဘဲနဲ့ တစ်တွယ်တည်းတွယ် တငြိတည်း ငြိနေကြတယ်ဆိုရင် ဒါရမှာဘဲ (မှန်ပါ့) သောကပရိဒေဝ ဒုက္ခဒေါမနဿဆိုတဲ့ အကုသိုလ်တွေရ-မရ (ရပါတယ်) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း-ဒါဖြင့် ဘုန်းကြီးကပဲ ကြားဝင်ပါဦးမယ် မြို့ထဲရွာထဲမှာ သောကပရိဒေဝ ဒုက္ဓ ဒေါမနဿ ရောက်နေတဲ့ ပုဂ္ဂိုလ်တွေ ဦးမာဒင်တို့ ဦးလှဘူးတို့ မြင်ကြမှာပေါ့ (မှန်ပါ့) ဘာဖြစ်နေတာတုန်းလို့ မေးလို့ရှိရင် ခန္ဓာငါးပါးပေါ်မှာရှိတဲ့ ဒီတဏှာက မပယ်နိုင်လို့ ဖြစ်ရတာချည်းပဲ (မှန်ပါ့ ဘုရား)။
ရွာထဲမှာ မျက်ရည်ကြီးငယ် ကျနေကြတာတွေ စိတ်ဆိုးပြီးဆူနေကြတာတွေ ရွာထဲမှာဖြစ်ချင်သလိုဖြစ်ပြီး သကာလ ရင်ထုမြေလူး ကြမ်းခုန်နဲ့ဟ ဘာဖြစ်နေကြတာတုန်း (ခန္ဓာငါးပါးကိုခင် ဆန္ဒရာဂ မပယ်လို့ဖြစ်တာ) မပယ်လို့ ဒီအပြစ်သင့်တာ၊ သားသမီးခန္ဓာဖြစ်စေ၊ မိမိခန္ဓာဖြစ်စေ မပယ်လို့ ဒီမပြစ်သင့်တာ (မှန်ပါ့ ဘုရား)။
နောက်ဆုံးပိတ် အရေးကြီးတာက မိမိခန္ဓာအရေးကြီးပါတယ် (မှန်ပါ့) မိမိခန္ဓာရှိလို့ သားသမီးခန္ဓာ ခင်မှု ဖြစ်လာတာ၊ (မှန်ပါ့) သူမရှိရင် ငါခက်ချေရဲ့ဆိုပြီး ကိုယ့်အပေါ်ချည်း ပြန်ရောက်တယ် (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။
မပယ်ခြင်း၏ အပြစ်ဟာ
ဒါဖြင့် ဒီဆန္ဒရာဂ မပယ်ခြင်း၏ အပြစ်ဟာ သောကပရိဒေဝ ဒုက္ခဒေါမနဿဆိုတဲ့ အကုသိုလ်တွေရတယ် (မှန်ပါ့) မရဘူးလား (ရပါတယ် ဘုရား)။
ဦးလှတို့ ဦးမာဒင်တို့ မြို့ထဲရွာထဲမှာ လျှောက်ကြည့်တော့ ဟိုအိမ်ကြည့်လည်း မျက်စိမျက်နှာ မချမ်းသာဘူး (မှန်ပါ့ ဘုရား) ဒီအိမ်ကြည့်လည်း မျက်စိမျက်နှာ မချမ်းသာဘူး ဘာဖြစ်နေသတုန်းလို့ ခင်ဗျားတို့က မေးဖို့မလိုဘူးလား (မှန်ပါ့) သူ့ခန္ဓာပေါ်၌ ဆန္ဒရာဂမစွန့်လို (မှန်ပါ့) သူ့ပစ္စည်းပေါ်၌ (မစွန့်လို့ပါ ဘုရား) ဆန္ဒရာဂကို မစွန့်တဲ့အတွက် ဒါတွေချည်းထွက်နေတယ် (မှန်ပါ့)။
အဲ့ဒါ ဦးလှတို့လိုပုဂ္ဂိုလ်၊ ဦးမာဒင်တို့လိုပုဂ္ဂိုလ်မှာ ဒီအိမ်တွေလိုက်မေးရတာကို မအားဘူး (မှန်လှပါ) သူတို့အိမ် ဘာဖြစ်နေတယ်မသိဘူး မေးဦးမှဘဲ၊ နာခန်းဖြစ်ရင်သွားမေးတာပဲ၊ ဟိုမှာသောကပရိဒေဝရောက်နေတယ် (မှန်ပါ့) မမေးရကြဘူးလား (မေးရပါတယ် ဘုရား)။
ဟ ဘာ့ကြောင့် ခင်ဗျားတို့က အမေးအမြန်း ထူနေတာတုန်းဆိုတော့ ခင်ဗျားတို့က ဒီအမျိုး ဒါပဲပြောတယ် (မှန်ပါ့) ဒါကို ခင်လို့လို့မပြောဘူး (မှန်ပါ့)။
ဦးလှတို့ခင်ဗျားတို့ မေးပေါင်းတွေများလှပါပြီ (မှန်ပါ့) ဒါတော့ကိုယ်တိုင်သွားမှ တော်မှာပါ ဒါကတော့ သားသမီးများ လွှတ်လိုက် ပြီးပါတယ် (မှန်ပါ့ ဘုရား) သွားတော့ သွားရတာချည်းပဲ (မှန်ပါ့) ဟိုမှာ သောက ပရိဒေဝ ဒုက္ခဒေါမနဿ ရောက်နေတာကိုး (မှန်ပါ့)။
ဘယ့်နှယ် ဖြစ်တာတုန်းသာ သွားမေးနေတာပဲ၊ ဘယ်သူ့အကြောင်းရယ်လို့ လက်သည်းကို ခင်ဗျားတို့က မရှာဘူး (မှန်ပါ့) ရှာလို့ထိုက်တန်သလောက်တွေ့ပြန်လည်း ဒီဟာကို ငါလဲ မျက်ရည်သိမ်းတဲ့ ဇာတ်လိုက်မှဘဲလို့ ထိုးထွင်းဉာဏ်က မပေါ်လာဘူး (မပေါ်ပါ ဘုရား) အိမ်ကျတော့ သူများလို နေလိုက်ပဲ အတော်ဖျင်းသေးတာပဲ၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ကဲ-ဘယ်အိမ်မှာ သောက ဖြစ်နေတယ်၊ ပရိဒေဝမျက်ရည်ကျနေတယ်၊ ကိုယ်၏ဆင်းရဲခြင်းဒုက္ခ ဖြစ်နေတယ်၊ ဒေါမနဿမကျေနပ်ပွဲကြီး ဖြစ်နေတယ်၊ ဥပါယာသ ပြင်းစွာပူပန်ခြင်း ဖြစ်နေတယ် ပဋိစ္စသမုပ္ပါဒ် အဆုံးရောက်နေတယ် (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့တွေးမိကြပလား
ဘာဖြစ်လို့ပါလိမ့်မလဲလို့ တွေးကြစမ်းပါတဲ့ အဲ့ ခင်ဗျားတို့တွေးမိကြပလား (တွေးမိပါပြီ ဘုရား) ဘယ့်နှယ် ကြောင့်တုန်း (ခန္ဓာငါးပါးပေါ်မှာ ခင်နေတဲ့ ဆန္ဒရာဂကြောင့်ပါ ဘုရား)။
ဆန္ဒရာဂ တဏှာမပယ်လို့ ဥပါဒါန်ကံ ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ မလာပေဘူးလား (လာပါတယ် ဘုရား)။
ဒါဖြင့် တဏှာဥပါဒါန်ကံကြောင့် သောကပရိဒေဝ ဒုက္ခဒေါမနဿတွေဟာ ဇာတိဇရာမရဏမလာနဲ့ဦး သူတို့ လာရမှာဘဲ (မှန်ပါ့)။
ဒါကိုခင်လို့ရှိရင် ဒါကဖောက်ပြန်ပျက်စီးဦးမှာကိုး (မှန်ပါ့) ကိုယ့်ခန္ဓာကလဲ ဖောက်ပြန်ပျက်စီးမှာဘဲ၊ သားသမီး ခန္ဓာကကော (ဖောက်ပြန်ပျက်စီးမှာပါ ဘုရား)။
အဲ့ဒီတော့ ဖောက်ပြန်ပျက်စီးလို့ရှိရင် ခင်ဗျားတို့မှာဘာဖြစ်တတ်သတုန်း၊ ဘယ်နှယ့်ဖြေကြမတုန်း (သောကပရိဒေဝဖြစ်ပါတယ် ဘုရား) သောကပရိဒေဝ ရောက်ကြတယ် (မှန်ပါ့)။
ခင်ဗျားတို့က သနားလိုက်တာ၊ ခင်ဗျားတို့က ဒါလမ်းဆုံးဘဲ (မှန်ပါ့) သနားလိုက်တာ သူ့အဖြစ်က တော်တော် ဆိုးတယ် ခင်ဗျားတို့ လောကွတ်ချော်တယ် (မှန်ပါ့)။
လောကွတ်ချော်ခဲ့တယ်၊ မင်းကိုက နောက်ဆုံးပိတ်ကျတော့ မင့်ကိုက ကံမကောင်းပဲကိုးကွ၊ နောက်တော့ ကံကောင်းအောင် လုပ်တာပေါ့ကွာ။ (မှန်ပါ့)။
ကံလည်းမပါဘူး ဒီအထဲမှာ၊ သောကပရိဒေဝ လုပ်တာက ခန္ဓာငါးပါးခင်တဲ့ တဏှာကလုပ်တာ (မှန်ပါ့)ဒါကို ခင်ဗျားတို့က လူကြီးလူကောင်း လုပ်ပြီးတော့ (ကံကိုပစ်ချနေပါတယ် ဘုရား)။
အမလေး ဒကာ ဒကာမတွေ ဒါပဲမြို့ထဲကလဲ နားကျနေကြတယ် (မှန်ပါ့) လူကြီးတွေ ပြောသွားတာ ဒီအတိုင်းပဲတဲ့ ဒါတစ်လုံးမှလည်း မမှန်ဘူး (မှန်ပါ့)မှန်ကြရဲ့လား (မမှန်ပါ့ ဘုရား)။
တဏှာမစွန့်လို့ သောကပရိဒေဝရောက်တာ
ဒီအိမ်မှာဖြစ်တယ်ဆိုတာ သူ့ခန္ဓာခင်တဲ့ တဏှာမစွန့်လို့ သောကပရိဒေဝရောက်တာ (မှန်ပါ့) သူ့မီးခန္ဓာကိုခင်တဲ့ တဏှာကြောင့် သူမှာ သောကပရိဒေဝဖြစ်နေတယ် (မှန်ပါ့) ကံမကောင်းလို့ ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား)။
လက်သည်က သူ့ခန္ဓာခင်လို့ (မှန်ပါ့)ငိုတဲ့အခါကြည့်ပါ၊ နင်မရှိ ငါခက်ရစ်လိမ့်မယ်ဆိုတော့ မဟုတ်ဘူးလား (မှန်ပါ့) နဂိုရ်က ခင်ထားကာကတဏှာ (မှန်ပါ့) ဟောဒီမှာဆက်လုံးတွေလာနေတယ်၊ မလာဘူးလား (လာပါတယ် ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဦးလှတို့ ခေါင်းဖြူစွယ်ကျိုးတွေက သွားပြောလိုက်တော့ ဟိုဒကာ ဒကာမတွေက ထင်ယောင် ထင်မှား ဖြစ်မှား ဖြစ်မှာပေါ့ (မှန်ပါ့) မင်းတို့အိမ်များ အကုသိုလ်ဝင်ထင်ပါရဲ့ (မှန်ပါ့) ဘယ်အကုသိုလ်မှ ဝင်တာမဟုတ်ဘူး (မှန်ပါ့) မဟုတ်ပါဘူး၊ အကုသိုလ်ကိုယ်ကလုပ်နေတာ၊ အကုသိုလ်က တောက်လျှောက်ဝင်လာတာ မဟုတ်ဘူး (မှန်ပါ့) အကုသိုလ်ဖြစ်အောင် ကိုယ်ကခင်နေလို့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အကုသိုလ်ဖြစ်အောင် ကိုယ်ကခင်နေလို့ ဘာတွေရသတုန်း (သောကပရိဒေဝရပါတယ် ဘုရား)။
ကဲ ခင်ဗျားတို့ လူကြီးစကားပေမဲ့ ချင့်ယုံကြရမယ် (မှန်ပါ့) မှန်ရဲ့လား (မမှန်ပါ ဘုရား) ဦးလှမှန်ရဲ့လား (မမှန်ပါ ဘုရား) သုံးတာက မမှန်ဘူး လက်သည်မှ အရင်းမကျပဲ (မှန်ပါ့ ဘုရား) ခင်ဗျားတို့ လက်သည်ကို ဖမ်းမမိဘူး (မှန်ပါ့ ဘုရား)။
အခု အရှင်သာရိပုတ္တရာက ဒီခန္ဓာငါးပါးခင်လို့ ဆန္ဒရာဂကိုမပယ်ခဲ့သော် အပြစ်က ဒါသင့်လိမ့်မယ်တဲ့ (မှန်ပါ့) ကိုယ့်ခန္ဓာခင်လို့ ဒီအပြစ်သင့်တာ (မှန်ပါ့) သူတစ်ပါးခန္ဓာခင်ရင်ကော (ဒီအပြစ်သင့်ပါတယ် ဘုရား)။
ခင်ဗျားတို့ကတော့ အပြစ်မျိုးစုံလက်ခံတဲ့လူတွေ ဖြစ်နေတယ်ကိုယ့်ခန္ဓာလည်း ခင်တာပဲ သားသမီးခန္ဓာလည်း (ခင်ပါတယ် ဘုရား) မိတ်သင်္ဂဟတွေလည်း (ခင်ပါတယ် ဘုရား) ဒါသောက ပရိဒေဝ မျက်ရည်ကျချင်လို့ (မှန်ပါ့) မဟုတ် ဘူးလား (ဟုတ်ပါတယ် ဘုရား)။
ပဋိစ္စသမုပ္ပါဒ် ဒီကပြန်ပြီး ဒီခန္ဓာပြန်ဆက်ချင်လို့ (မှန်ပါ့) ဒီအဓိပ္ပါယ်မှတစ်ပါး ဘာရှိသေးသတုန်း (မရှိပါ ဘုရား) ဒါ နားကြီးကြီးနဲ့ထောင်လိုက် ဒီပြန်ရောက်တယ် (ရောက်ပါတယ် ဘုရား)။
အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်ဒါငြိမ်းသွားမယ်
ကဲ ဦးလှ အလုပ်မလုပ်တဲ့ပုဂ္ဂိုလ်မှာ ဒီလိုပဲရမယ် (မှန်ပါ့) သဘောပါကြပလား (ပါ-ပါပြီ ဘုရား) အလုပ်မလုပ်တဲ့ ပုဂ္ဂိုလ်မှာ (ဒီလိုပဲရပါတယ် ဘုရား) ဒီလိုပဲရမယ် (မှန်ပါ့) အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်မှာ (ဒီလိုပဲရပါတယ် ဘုရား) ဒီလိုပဲရမယ် (မှန်ပါ့) အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်ဒါငြိမ်းသွားမယ် (မှန်ပါ့)။
ဒါငြိမ်းရင် “အသောကံ၊ ဝိရဇံ၊ ခေမံ၊ ဧတံမင်္ဂသမုတ္ထမံ” စိုးရိမ်မရှိဟုတ်လား ရာဂကင်းခြင်းရှိတယ် ဝိရဇံဆိုတာ ကောင်းတယ် ခေမံဆိုတာနိဗ္ဗာန် (မှန်ပါ့) ဧတံမင်္ဂလမုတ္တမံဆိုတာ နိဗ္ဗာန်ပဲ (မှန်ပါ့)။
ဒါချုပ်ရင် နိဗ္ဗာန်ကွ (မှန်ပါ့) ခင်ဗျားတို့ မင်္ဂလသုတ်ကိုက ဟောနေတယ် (မှန်ပါ့) မဟောဘူးလား (ဟောပါတယ် ဘုရား) အသောကံ ဝိရဇံ ခေမံ ဧတံမင်္ဂလမုတ္တမံဆိုတာ ခင်ဗျားတို့က ရမ်းသာရွတ်နေတာပဲ၊ ဘာကလာလို့ ဘာမှန်း မသိဘူး စင်စစ်သူနိဗ္ဗာန်ဟောတာ(မှန်ပါ့) အဲ့ဒီတော့ ဒီတဏှာချုပ်ရင် နိဗ္ဗာန်ရမယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီတဏှာချုပ်ရင် (နိဗ္ဗာန်ရမယ် ဘုရား) ဒီတဏှာမချုပ်ရင် သောကပရိဒေဝရမယ် (မှန်ပါ့) သဘာပါကြပလား (ပါ-ပါပြီ ဘုရား)။
တဏှာမချုပ်ရင် (သောကပရိဒေဝရပါမယ် ဘုရား) တဏှာချုပ်ရင် (နိဗ္ဗာန်ရပါမယ် ဘုရား) အသောကံ ဝိရဇံ ဖြစ်မယ် (မှန်ပါ့) ခေမံဆိုတဲ့ နိဗ္ဗာန်ဖြစ်မယ် (မှန်ပါ့) ဧတံ=ဤတရားသည်၊ ဥတ္တမံ=မြတ်သော၊ မင်္ဂလံ=နိဗ္ဗာန် မင်္ဂလာ မည်သည် ဟောတိ=ဖြစ်၏၊ နိဗ္ဗာန်မင်္ဂလာပဲတဲ့၊ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့က အန္တရာယ်ရှိရင် မင်္ဂလသုတ်ကလေးများ ရွတ်ပေးပါဦးဘုရား မင်္ဂလာရှိအောင်လို့တဲ့ (မှန်ပါ) အမလေး အတော်ဖျင်းတဲ့ လူတွေထဲကကျနေတယ် (မှန်ပါ့)။
မင်းတို့ကလည်း ရမ်းတောင်းတာပဲ၊ ရွတ်တဲ့ပုဂ္ဂိုလ်ကလည်း အေး မင်္ဂလာရှိအောင် ရွတ်ပေးခဲ့ရဦးမယ်ဆိုပြီး မင်္ဂလာထဲသွားသုံးတယ် (မှန်ပါ့)။
သူ့မင်္ဂလာကလည်း အောက်တန်းမင်္ဂလာ (မှန်ပါ့) အန္တရာယ်ကင်း ဘေးရှင်းပါစေတဲ့ (မှန်ပါ့) ဒီဥစ္စာက အာသဝေါသုဉ်းတဲ့ မင်္ဂလာကာမာသဝကုန်တာကိုဗျ (မှန်ပါ့)။
သူက ကာမာသဝကုန်တဲ့မင်္ဂလား သူ့သာချုပ်လို့ရှိရင် အာသဝေါသုဉ်းတဲ့မင်္ဂလာဖြစ်တယ် (မှန်ပါ့) သူမချုပ်လို့ ရှိရင် အ မင်္ဂလာသွားဖြစ်တယ် (မှန်ပါ့) သောကပရိဒေဝ ဒုက္ခဒေါမနဿတွေဟာ ဒီအိမ်မှာ အမင်္ဂလာဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မျက်ရည်ဇာတ်သိမ်းချင်တယ်
ကဲ ဒါဖြင့် ခင်ဗျားတို့ မျက်ရည်ဇာတ်သိမ်းချင်တယ် ပဋိစ္စသမုပ္ပါဒ် ဖြတ်ချင်တယ်ဆို ဆန္ဒရာဂပယ်ရမယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
မျက်ရည်ဇာတ်သိမ်းချင်ရင် (ဆန္ဒရာဂပယ်ရပါမယ် ဘုရား) ခင်ဗျားတို့က မသိမ်းချင်တော့ ခင်ဗျားတို့ လူစု ကလည်း သိပ်လျှောက်ပါတယ် (မှန်ပါ့) မသိမ်းချင်တော့ကို ဘယ့်နှယ်နေသတုန်း သွားမေးလိုက်သေးတယ် (မှန်ပါ့) ငိုတန်လည်း ငိုရအောင် (မှန်ပါ့) ငိုတန် ငိုရအောင်လို့ သွားမေးတာပဲ (မှန်ပါ့) မဟုတ်ဘူးလား၊ ငိုစာရာမရှိတော့ လက်တို့ပြီးငိုချင်တယ် (မှန်ပါ့)။
ဦးလှ အတော်ရူးတာဗျ (မှန်ပါ့) ပေါ်ပလား (မှန်ပါ့) ဥပမာ သားမယားတွေရှိတယ်၊ သားသမီးတွေ ရှိတယ်၊ ဘယ့်နှယ်နေသတုန်း ဖြစ်စဉ်အကုန်ပြောစမ်းပါ ဖွက်မထားစမ်းပါနဲ့ ပူစရာရှိ တူတူပေါ့ ကိုယ် ကိုယ်တိုင်က လောကွတ် ချော်တာ (မှန်ပါ့)။
ပူစရာရှိရင် ဘာတဲ့တုန်း (အတူတူပါ ဘုရား) တူတောင် မတူချင်ဘူး၊ ကဲတောင် ကဲလိုက်ချင် သေးတယ် (မှန်ပါ့)။
သူကအလည်က စတယ်
ဉာဏ်ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဘယ်ကလာတဲ့ အပူတုံးမေးတော့ ယနေ့ လက်သည်ဖမ်းမိပါပြီ (မှန်ပါ့) ခန္ဓာကို မပယ်တဲ့ တဏှာ၊ ဆန္ဒ၊ ရာဂ မပယ်လို့ ဒီအပူရတယ် (မှန်ပါ့)ဆိုတော့ ပဋိစ္စသမုပ္ပါဒ်နဲ့ကော တန်းမနေဘူးလား (တန်းနေပါတယ် ဘုရား) ပဋိစ္စသမုပ္ပါဒ်အလည်က စတဲ့ ပဋိစ္စသမုပ္ပါဒ် (မှန်ပါ့) တစ်မြန်နေ့က ဟောတာက အဆုံးက စတာ (မှန်ပါ့) သူကအလည်က စတယ် (မှန်ပါ့-အလည်က စပါတယ် ဘုရား)။
ကဲ မင်းကော သဘောကျပလား (ကျပါပြီ) အိမ်ကလာတဲ့အခါ မင်းဟာ အရောင်းအဝယ် ဘယ့်နှယ်နေ သတုန်းဟ မေးလို့ရှိရင် ပူချင်လို့ပြောတာ မဟုတ်ဘူးလား (မှန်ပါ့)အရောင်းအဝယ် ဘယ့်နှယ်နေသတုန်းဟ ကုန်တွေမှ ရှိသေးသလား ရှိတဲ့ကုန်ဟာ ဘယ့်နှယ့်နေသတုန်း အရှုံးများခံပြီး ရောင်းနေရသလား အစရှိသည်နဲ့ ဒါမေးတာဟာ ဦးမာဒင်ရိပ်မိပလား အစရှိသည်နဲ့ ဒါမေးတာဟာ ဦးမာဒင်ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဘာဖြစ်လို့တုန်း (ပူချင်လို့ ပါ ဘုရား) သောက, ပရိဒေဝ ဖြစ်ချင်လို့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘာဖြစ်လို့မေးကြတာတုန်း (သောက, ပရိဒေဝ ဖြစ်ချင်လို့ပါ ဘုရား)၊ ဒါ ခင်ဗျားတို့ အသုံးအနှုန်းနဲ့တော့ ခင်ဗျားတို့ ယဉ်ကျေးတာပေါ့ (မှန်ပါ့ ဘုရား) ဘယ်လိုယဉ်ကျေးသတုန်း၊ ဪ မေးဖော်မြန်းဖော်ပါရတယ် (မှန်ပါ့) ဒါပဲသုံးတယ် (မှန်ပါ့) မေးဖော်မြန်းဖော်ရပေတယ်၊ ပူအတူ အေးအမျှကိုး (မှန်ပါ့) အံမာလေး ရှုပ်လိုက်တဲ့ဖြစ်ခြင်း မူ။
ဘယ့်နှယ်တုန်း ဒီလောကွတ်တွေက ဘယ်ကလာတဲ့ လောကွတ်တွေတုံးဆိုတော့ ဒီခန္ဓာခင်ခြင်းကြောင့် ဒီတဏှာ လောကွတ်ပေါ်လာတာ (မှန်ပါ့) တဏှာလောကွတ်ကြောင့် ဒီရောင်းတဲ့ပစ္စည်းက ဟန်မရတော့ သောက ပရိဒေဝဖြစ်တာ (ဖြစ်ပါတယ် ဘုရား) ဒီခန္ဓာပဲ ရောင်းတဲ့ပစ္စည်းလည်း ခန္ဓာပဲ (မှန်ပါ့ ဘုရား) သွားလာနေတာတွေလည်း ခန္ဓာပဲ (မှန်ပါ့) ဒီခန္ဓာခင်လို့ရှိရင် ဒီဟာ လာရမှာဘဲ (မှန်ပါ့) မလာရပေဘူးလား (လာရပါမယ် ဘုရား)။
သောက, ပရိဒေဝဟာ မိုးပေါ်ကျလား
ဒါဖြင့် သောက, ပရိဒေဝဟာ မိုးပေါ်ကျလား (မဟုတ်ပါ ဘုရား) မဟုတ်ဘူး၊ ခင်ဗျားတို့၏ တောင်းယူမှုပဲ (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ဆိုကြမယ် (တောင်းယူမှုပါ ဘုရား) ဒီခန္ဓာကို ခင်လို့ ဒီခန္ဓာကို မခင်ရရင် မနေနိုင်လို့ မဟုတ်ဘူးလား (မှန်ပါ့) ဒို့ဆီပဲ လာနေပါ၊ တောင်းယူတာ (မှန်ပါ့) ကဲ မင့်အတွက် ပူပါရစေ ဆွေးပါရစေ (မှန်ပါ့) မရှိငှားပြီး မွေး (မှန်ပါ့) ကဲ-တောင်းယူတာ ဟုတ်, မဟုတ်တာ (ဟုတ်ပါတယ် ဘုရား)။
တောင်းယူတော့ ဘာတွေရသတုန်းတဲ့ (သောက, ပရိဒေဝတွေ ရပါတယ် ဘုရား) ဪ သောက, ပရိဒေဝ ဆိုတာ တောင်းရမှာလား မရှိလေကောင်းလေသား (မရှိလေ ကောင်းလေပါ ဘုရား) သို့သော် ခင်ဗျားတို့စိတ်က (တောင်းယူပါတယ် ဘုရား) ဘယ့်နှယ်တုံး ဘုရားဝါဒ လိုက်ရဲ့လား (မလိုက်ပါ ဘုရား)။
တော်တော်ကြာကျရင်အချိန်ကျရင် ဘုရားရှိခိုးပြန်ပြီ ခင်ဗျားတို့၊ အချိန်ကျတော့ ထ, ပြီး ဘုရားရှိခိုးတယ် (မှန်ပါ့) လိုက်နာပါ့မယ်ဘုရား အကျိုးပေးပါဦး (မှန်လှပါ) မလာဘူးလား (လာပါတယ် ဘုရား)။
တော်တော်ကြာကျတော့ တောင်းယူပြန်ပြီ ၊တောင်းယူတော့ ဘုရားက ပယ်ရမယ်ဆိုတော့ မင်းတို့က တောင်းယူ တယ်၊ ဒါသဘောတွေလို့မှတ်ပါ (မှန်ပါ့)။
ဘုရားကဘာတဲ့တုန်း (ပယ်ရမှာပါ ဘုရား) ခင်ဗျားတို့က (တောင်းယူပါတယ် ဘုရား) ဟာ ဂွကျပြန်ပေါ့ (မှန်ပါ့) ဒီအဆိပ်ကလေးစားပါရစေ၊ ဒါမှ အူပြတ်မယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
စုံလုံးကန်းများသေသွားရင်
ဦးလှကြီးတို့များ အခုရိပ်မိသွားရင် တော်သေးတယ်နော် (မှန်ပါ့) မရိပ်မိဘဲနဲ့ စုံလုံးကန်းများသေသွားရင် ငါးပါးမှောက်ပြီ (မှန်ပါ့) အခုဟာ ရိပ်မိအောင် ဟောနေတာ(မှန်ပါ့)။
ကဲဒါဖြင့် အိမ်ပြန်ချေဦးမယ်ဘုရား၊ ဦးလှက လျှောက်လျှောက် ဦးမာဒင်က လျှောက်လျှောက်၊ ဟိုဘက် ဒကာ ဒကာမတွေက လျှောက်လျှောက်၊ ဘာလုပ်မလို့တုန်း၊ ဒါပဲ မေးရမှာဘဲ (သောက, ပရိဒေဝ ဖြစ်ချင်လို့ပါ ဘုရား) ဘာမှ ဒီပြင်အဖြေကို မထွက်ဘူး၊ ဒါပဲ တွက်ရမှာဘဲ (မှန်ပါ့ ဘုရား) ဦးလှ ဒီ့ပြင် ထွက်စရာရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဒီ့ပြင်ထွက်စရာ ဘာမှမရှိဘူး (မရှိပါ ဘုရား) ဒီဟာကြောင့် ပြန်ဖြစ်တာပဲ (မှန်ပါ့) ဒီဆန္ဒရာဂကြောင့် ဘယ့်နှယ် တုန်း (ပြန်ဖြစ်ပါတယ် ဘုရား) ဒီအဖြစ်တွေ ထွက်လာတယ်၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿတွေ မရဘူးလား (ရပါတယ် ဘုရား)။
အဲဒီတော့ ဒီနေရတာ ကောင်းပါတယ်၊ ကောင်းပေမယ့်လည်းတဲ့၊ ကောင်းပေမယ့်လည်းဆိုတာ ဒီသုံးတာ (မှန်ပါ့) ဘယ်လောက်ရူးသလဲ (မှန်ပါ့) ဦးလှပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒီ ဆန္ဒရာဂ မကင်းသရွေ့ ကာလပတ်လုံး ဒါရမယ်ဆိုတာ ရှင်သာရိပုတ္တရာက ဘုရားက ဆုံးမခိုင်းလို့ သူ ဆုံးမတာ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿဆိုတဲ့ တရားဟာ ကံမကောင်း အကြောင်းမသင့်လို့ ဖြစ်တာလား မိမိခန္ဓာ, သူတစ်ပါးခန္ဓာ မိမိပစ္စည်း သူတစ်ပါးပစ္စည်းဆိုတဲ့ ခန္ဓာတွေကို တွယ်တာလို့ ဖြစ်တာလား မေးရင် ဘယ့်နှယ် ဖြေကြမလဲ (တွယ်တာလို့ ဖြစ်တာပါ ဘုရား)။
ဒါဖြင့် ကံချည့်မဆိုင်ဘူးကွ (မှန်ပါ့) ကံက ဒီနောက်မှာ အဝေးကြီး ကျန်သေးတယ် (မှန်ပါ့) သူကစတယ်၊ တဏှာစတယ်၊ ခင်တဲ့ တဏှာကြောင့် ဥပါဒါန်ဖြစ်ပြီး ကံကသူ့ခမျာ နောက်လိုက် (နောက်ကျပါတယ် ဘုရား)။
နောက်ကျပြီးတော့ သူက သူ့သဘောအတိုင်း စီမံနိုင်တာ ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား) သူ့အထက်က တဏှာ ဥပါဒါန် အုပ်ချုပ်ရေးအတိုင်း စီမံရတယ်၊ သူဟာ ပြဋ္ဌာန်းတဲ့ သဘောပါရဲ့လား (မပါ ပါ ဘုရား)။
ကံနဲ့ ဘာမှမဆိုင်ဘူး
အဲဒါ လူကြီးလူကောင်းလုပ်ပြီး ပြောတဲ့ ပုဂ္ဂိုလ်တွေက ဪ မင်းတို့ဟာ ကံမကောင်းလို့ ဒါရ,ထားတာ၊ ကံနဲ့ ဘာမှမဆိုင်ဘူး (မှန်ပါ့ ဘုရား) ဆိုင်ရဲ့လား (မဆိုင်ပါ ဘုရား)။
မင်းတို့က ကံမကောင်းလို့ကိုးကွ၊ အိုကံဆိုတာကလည်း နိမ့်ချီမြင့်ချီပါကွာ၊ ပူမနေပါနဲ့ တက်ချင် တက်လာဦးမှာ အဖြေလုံးက (မှန်ပါ့)။
ဒါဖြေလိုက်ရင် သိပ်ကောင်းမှာ ဟင် (မှန်ပါ့) ဒါတော့ မဖြေဖူးဘူး (မဖြေဖူးပါ ဘုရား) မဖြေဘူး ဘာ့ကြောင့် တုန်းဆိုတော့ ကိုယ့်ကိုယ်လည်း ဒီဥစ္စာရှိနေလို့ (မှန်ပါ့ ဘုရား)။
ဦးလှတို့များ ထူလိုက်တာ (ထူပါတယ် ဘုရား) တော်တော့ကို ထူတာပဲ (မှန်ပါ့) အခု သေသေချာချာ ကြည့် တော့မှ ကံလက်သည်မှ မဟုတ်ဘဲ (မှန်ပါ့) ဘာလက်သည်တုန်း (တဏှာလက်သည်ပါ ဘုရား)။
တဏှာလက်သည်၊ သူက ပေးတဲ့ ဒုက္ခ၊ သူက သမုဒယသစ္စာ၊ သူက (ဒုက္ခပါ ဘုရား) အဲ သူက သမုဒယသစ္စာ၊ သူ့ကြောင့် (ဒုက္ခသစ္စာဖြစ်ပါတယ်) သစ္စာနဲ့ ကိုက်ကြည့်လည်း တန်းနေတာပဲ (မှန်ပါ့ ဘုရား)။
ဒါကြောင့် ကံနဲ့မဆိုင်ပါဘူး၊ အဝေးကြီးကျန်ပါသေးတယ် (မှန်ပါ့) ကံက သူတို့ စီမံလို့သာ ပေါ်လာတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် မြို့ထဲရွာထဲမှာ စိတ်ဆိုးပွဲ, ငိုပွဲ, လင်နဲ့မယား အလိုမကျတဲ့ပွဲ ဘယ်ကလာတာတုန်း (တဏှာကလာ ပါတယ် ဘုရား) ဒါပဲ အလိုမကျတာ တဏှာက လာတာ (မှန်ပါ့ ဘုရား)။
မိန်းမက သုံးဖြုံးလို့ ယောကျ်ားမှာ သောက, ပရိဒေဝဖြစ်ရတယ် (မှန်ပါ့) မိန်းမကို မိန်းမပေါ်မှာ ခင်နေလို့ ယောကျာ်းမှာသောက, ပရိဒေဝဖြစ်ရတယ် (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့) ယောကျာ်း အသုံးအဖြုံးများလို့ ယောကျ်ား ခန္ဓာခင်မိလို့ မိန်းမမှာ သောက, ပရိဒေဝဖြစ်ရမယ် (မှန်ပါ့) ဒါအခင်ကလာတာ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ပြီးတော့ ခင်ဗျားတို့ပြောတော့ ငါ့စိတ်မချမ်းသာအောင်တော့ မလုပ်ကြစမ်းပါနဲ့၊ အံမာ လူကြီးပီပီ ခင်ဗျားတို့က (မှန်ပါ့) ငါ့စိတ်မချမ်းသာအောင်တော့ မလုပ်နဲ့ ငါအသက်ကြီးပြီ၊ ငါ့အပါယ်မချကြနဲ့ (မှန်ပါ့) သူ့ဟာသူအပါယ်ချတာ၊ ဟိုကချတာမဟုတ်ဘူး (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
အံမာလေး ခင်ဗျားတို့ ပြောဆိုတဲ့ စကားတွေဟာ အတော်ရှော်တဲ့စကားတွေ (မှန်ပါ့) အရမ်းမှတ်ကြပြီး တောင်ပြောမြောက်ပြောနဲ့ (မှန်ပါ့ ဘုရား)။
ကိုယ်ပယ်ရမှာ ကိုယ်က မွေးနေကြတယ်
ဒါမင်းတို့ သုံးနေတာပဲကွ၊ မသုံးကြဘူးလား (သုံးပါတယ် ဘုရား) ကိုယ်ပယ်ရမှာ ကိုယ်က မွေးနေကြပါတယ် ဘုရား။
အင်း ကိုယ်ပယ်ရမှာ ကိုယ်ကမွေးပြီး ကိုယ်ကပဲ သူတို့လုပ်လို့ထင်နေတယ် (မှန်ပါ့) ကိုယ်က သားသမီးခန္ဓာ ခင်မိလို့ ဒီသောက, ပရိဒေဝရတာ (မှန်ပါ့) မခင်လို့ရှိရင် သောက ပရိဒေဝရပါ့မလား (မရပါ ဘုရား)။
အဲဒါ ဒီရမည့် ပုဂ္ဂိုလ်က ဘယ့်နှယ်ဆိုသတုန်း ဆိုတော့ ငါအသက်ကြီးပြီကွာ ဒီစိတ်မချမ်းသာ, လက်မချမ်းသာ တော့ မဖြစ်ရပါရစေနဲ့၊ မင်းတို့ကို တောင်းပန်ပါရစေတဲ့ (မှန်ပါ့ ဘုရား)။
ကိုယ့်ကိုယ်ကို တောင်းပန်ရမယ်၊ ဟ မခင်နဲ့လို့ (မှန်ပါ့) ဟ မခင်နဲ့ ကိုယ့်ကိုယ်ကို တောင်းပန်ရင် ပြီးသွားတာ ပဲ (မှန်ပါ့) ဟိုလူကို တောင်းပန်ရဦးမလားဟင် ရှင်းပါဦးခင်ဗျားတို့၊ ကဲ ဘယ့်နှယ်တုန်း ဦးလှ (ကိုယ့်ကိုယ်တောင်းပန် ရမှာပါ ဘုရား)။
ကိုယ့်ကိုယ်ကို မမိုက်နဲ့လို့ပြောရမယ် (မှန်ပါ့ ဘုရား) မခင်နဲ့ ကိုယ့်ခန္ဓာလည်း မခင်နဲ့၊ သူတစ်ပါးခန္ဓာလည်း မခင်နဲ့၊ ဒီလို ကိုယ့်ကိုယ်ကို ဆုံးမရမယ် (မှန်ပါ့) အခုတော့ သားမကောင်း သမီးမကောင်းလို့ ဖြစ်ရလေခြင်းတဲ့ (မှန်ပါ့) ဒီတဏှာမကောင်းလို့ ဖြစ်ရလေခြင်းလို့ လာရဲ့လား (မလာပါ ဘုရား)။
အရပ်စကား နားထောင်ရင်တော့ မင်းတို့ဟာ ကံမကောင်းဘူး(မှန်ပါ့) အရပ်စကား နားထောင်ရင်တော့ မင်းတို့ဟာ အလွဲပဲ (မှန်ပါ့) ကိုယ့်ကိုကိုယ် စဉ်းစားပြန်တော့ကော အလွဲပဲ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဦးလှ ခင်ဗျားတို့လည်း မင်းတို့ သားတွေ, သမီးတွေကွာ ဒို့အသက်ကြီးမှတော့ ဒို့အပါယ် မချကြ ပါနဲ့၊ အေးအေးဆေးဆေးနဲ့ မျက်လုံးမှိတ်တာတောင် စိတ်ချလက်ချ မှိတ်ပါရစေ၊ လေချို သွေးတော့ မညံ့ဘူး (မှန်ပေါ့) ညံ့ရဲ့လား (မညံ့ပါ ဘုရား) အပြီးသတ်တော့ ကိုယ်သာ ဆိုးနေတာ (မှန်ပါ့) ဟိုကတစ်ယောက်မှ မဆိုးဘူး (မှန်ပါ့) ဆိုး ရဲ့လား (မဆိုးပါ ဘုရား)။
ဟိုက တစ်ယောက်မှ မဆိုးဘူးတဲ့၊ ကိုယ်ခင်လို့ သူတို့ပါးစပ်ထဲထည့်နေတာ (မှန်ပါ့) မခင်ယင် (မထည့်ပါ ဘုရား)။
မခင်ရင် မဆိုင်ဘူးပြောတာ
ကဲ စဉ်းစားကြည့်ပါ၊ ဥပမာ ဆွေမျိုးဉာတကာ ဘာမှမတော်တဲ့၊ တရုတ်ပြည်မှာဖြစ်နေတယ်၊ အိန္ဒိယမှာဖြစ် နေတယ်၊ သားနဲ့အမေ အတော်ဒုက္ခရောက်နေတယ်ဆိုရင် အို ကျုပ်တို့နဲ့ မဆိုင်ပါဘူး၊ မခင်ရင် မဆိုင်ဘူးပြောတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ခင်ရင် (ဆိုင်ပါတယ်) ဘယ်လောက်ဝေးနေနေ ခင်ရင်ဘာဖြစ်မလဲ (ဆိုင်ပါတယ် ဘုရား) ဆိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ ရှင်းနေတယ် (မှန်ပါ့ ဘုရား)။
ဒါကြောင့် ဘုရားက သိမ်းဟောလိုက်တယ်၊ သိမ်းကြုံးပြီး ဟောလိုက်တယ်၊ ဘာမှ မခင်ရင် ဒီသောက, ပရိဒေဝ (မရောက်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် အပြစ်တွေ့ကြပလား (တွေ့ပါပြီ) ဘယ်သူ့အပြစ်တုန်း (ခန္ဓာခင်တဲ့အပြစ်ပါ ဘုရား) ဒါဖြင့် မိမိ၏အပြစ်ပဲ (မှန်ပါ့) ဒါကို မိမိထားလိုက်စမ်းပါ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မင်းတို့ ငါရှာထားတဲ့ ပစ္စည်းတွေရှိတယ်၊ အဲဒါစားသောက်ပြီး ပျော်ပျော်ရွှင်ရွှင်နေကြလို့ရှိရင် ဒို့ဝမ်းသာရတာ ပေါ့ (မှန်ပါ့) ရှာတာ မရှာတာတော့ အပထားပါ (မှန်ပါ့) အခုတော့ မင်းတို့က မသင့်မတင့်ဖြစ်နေတော့ ဒီအမေမိဘ ဘယ်စိတ်ချမ်းသာမတုန်း၊ ကလေးတွေပေါ် အပြစ်ချတယ် (မှန်ပါ့) စင်စစ်တော့ဖြင့် ကိုယ်က သူတို့အပေါ်ခင်လို့ ကိုယ့်မှာ သောက, ပရိဒေဝလာဖြစ်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် အမေမိဘများ စိတ်မချမ်းသာ လက်မချမ်းသာ ဖြစ်အောင် မင်းတို့သားသမီးတွေက မလုပ်နဲ့ အင်မတန် အဖြစ်ကြီးတယ်လို့ ခင်ဗျားတို့ အပြစ်ချဖို့မလိုဘူး၊ ကိုယ့်ခင်မှုရပ်စဲလိုက်ရင် သူတို့လည်း အပြစ်ကြီးစရာမလိုဘူး (မှန်ပါ့) ကိုယ့်မှာလည်း ပဋိစ္စသမုပ္ပါဒ် နောက်ထပ် သံသရာပြန်လည်စရာ (မလည်ပါ ဘုရား)။
ဒါဖြင့်ခင်ဗျားတို့ ဒီကရှေ့ုကို ပြင်ရလိမ့်မယ် (မှန်ပါ့) ဦးလှ ဘာလုပ်ရမှာမတုန်း (ပြင်ရမှာပါ ဘုရား) တော်သေး တယ်၊ ပြင်ချိန်ရသေးလို့၊ အသေစောရင် ပြန်ချိန်ကို မရဘူး (မှန်ပါ့) ရပါ့မလား (မရပါ ဘုရား) ကဲဒါဖြင့် ဒီနေ့ကစပြီး ခင်ဗျားတို့ ပြင်ရလိမ့်မယ် (မှန်ပါ့ ဘုရား) ပေါ်ပြီနော် (ပေါ်ပါပြီ ဘုရား)။
ကိုယ့်မှာ သောက ပရိဒေဝ ဖြစ်သမျှ ဟူသမျှ အကြောင်းဟူသရွေ့ ခန္ဓာခင်မှုကြောင့် ဟုမှတ် (မှန်ပါ့ ဘုရား) ခန္ဓာခင်မှုကြောင့်လည်းကောင်း ခန္ဓာဟူသရွေ့ပေါ့ဗျာ၊ ခန္ဓာဆိုတာ လုံးမိတယ် မဟုတ်လား (မှန်ပါ့) သားသမီးကော (ခန္ဓာပါပဲ ဘုရား) ပစ္စည်းကော (ခန္ဓာပါပဲ ဘုရား) တပည့်သားမြေးကော (ခန္ဓာပါပဲ ဘုရား)။
အဲဒီ ခန္ဓာကိုသာ သွားခင်လို့ရှိရင် ဒါကတော့ ရရမှာပဲ (မှန်ပါ့) မရပေဘူးလား (ရပါတယ် ဘုရား) (ရပါတယ် ဘုရား) ကဲ ဒါဖြင့် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ပယ်တဲ့အကျိုးကလေး ပြောစမ်းပါဦး
ကောင်းပြီတဲ့ ရှင်သာရိပုတ္တရာက အပြစ်တော့ မင်းတို့ကို အခုခန္ဓာကို ဆန္ဒရာဂ မပယ်နိုင်လို့ရှိရင် ဒီအပြစ် သင့်တယ်ဆိုတာသဘောကျပါပြီ၊ ပယ်တဲ့အကျိုးကလေး ပြောစမ်းပါဦးလို့ ဆက်လာလိမ့်မယ် တဲ့ (မှန်ပါ့) မလာပေဘူး လား (လာပါတယ် ဘုရား)။
ပယ်တဲ့အကျိုးကလေး ပြောပါဦး၊ ခင်တဲ့ အပြစ်တော့ဖြင့်တပည့်တော်တို့ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ကနေပြီး အဝိဇ္ဇာပြန်လှည့်တယ် (မှန်ပါ့ ဘုရား) ပဋိစ္စသမုပ္ပါဒ်ဆိုတာလည်း ဒီအတိုင်းပဲ (မှန်ပါ့) အခုလက်ရှိဆိုတော့ သောက ပရိဒေဝ ဒုက္ခဒေါမတဿ (မှန်ပါ့) ရှင်းပလား (မှန်ပါ့)။
ဘဝနဲ့စပ်လိုက်တော့ သောက ပရိဒေဝ ဒုက္ခဒေါမနဿထဲပါတဲ့ အဝိဇ္ဇာကြောင့် သင်္ခါ၊ သင်္ခါရကြောင့် ဒီဝိညာဏံ ဆိုတဲ့ ခန္ဓာပြန်ဖြစ်မယ် (မှန်ပါ့) မလှည့်ပါနဲ့ဆိုလို့ ရရဲ့လား (မရပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် အရှင်ဘုရားတဲ့ ခင်တဲ့ အပြစ်တော့ သိရပါပြီတဲ့၊ ဟိုကလူပညာရှိ, ရဟန်းပညာရှိတွေက ကျေနပ်သွား လိမ့်မယ်တဲ့၊ ဆန္ဒရာဂပယ်ခြင်း၏ အကျိုးလည်း ပြောဦးမှ ဖြစ်မှာပဲတဲ့ (မှန်ပါ့) မမေးသင့်ဘူးလား (မေးသင့်ပါတယ် ဘုရား)။
မေးသင့်တယ်၊ အဲဒီတော့ ပယ်ခြင်း၏ အကျိုးက ဒီလိုကွာတဲ့၊ ပယ်ပုံပြတော့ ခင်ဗျားတို့ အလုပ်မပါရင် မရ ဘူး၊ ဒီဟာကို ဝိပဿနာရှုမှလည်း ပယ်ပုံရောက်မှာကိုး (မှန်ပါ့) ဝိပဿနာမရှုတဲ့ ပုဂ္ဂိုလ်ဟာ ပယ်မှုဆိုတာ ဖြစ်နိုင်ပါ့ မလား (မဖြစ်နိုင်ပါ ဘုရား)။
ကိုင်း ဆန္ဒရာဂကို ပယ်လို့ရှိရင်လည်း ပယ်လို့ရှိရင်ဆိုတော့ ခင်ဗျားတို့က သာမည ဘုန်းကြီးတို့လို အလုပ်ကို ပြပေးမည့်လူမရှိလို့ရှိရင် ထမင်းလျှော့စားရတော့မလိုလို, အဝတ်ပဲ ချွေတာဝတ်ရတော့ မလိုလို, သက်သက်လွတ် စားရ တော့မလိုလို (မှန်ပါ့) အဲဒီပယ်မှုမျိုး မလိုချင်ဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အသက်ရှင်တဲ့ သတ္တဝါပေါ်မှာ တဏှာ ပြတ်ပြီး သကာလ သစ်ရွက်, ဟင်းသီးဟင်းရွက်ပေါ်မှာ တဏှာလာတာပဲ (မှန်ပါ့) တဏှာပြောင်းတာ ဟိုဟာတွေက (မှန်ပါ့) တဏှာပြောင်းတာ သက်သက်လွတ်က (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါ မလိုချင်ဘူးတဲ့ ဘုရားက (မှန်ပါ့) ဘုရားက သက်သက်လွတ် ဟောခဲ့တာ မဟုတ်ဘူး (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။
ဒီခန္ဓာငါးပါး တပါးပါးဖြစ်ပျက်ရှုပါ
ဒါဖြင့် ဒီခန္ဓာငါးပါး တပါးပါး ခင်ဗျားတို့ဖြစ်ပျက်ရှုပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ခန္ဓာငါးပါးကို (တပါးပါးဖြစ်ပျက်ရှုရပါမယ် ဘုရား) ဖြစ်ပျက်ရှုလိုက်တော့ သူဖြစ်ပျက် သူသည် ပယ်တဲ့ မဂ်ကထွက်မယ် (မှန်ပါ့) ဒီတဏှာလာသေးရဲ့လား (မလာပါ ဘုရား) မလာတော့ သောက ပရိဒေဝ ဒုက္ခဒေါမနဿ (မလာပါ ဘုရား)။
ဪ ဒါဖြင့် ခန္ဓာငါးပါး ပယ်ခြင်း၏ အကျိုးကတော့ကို တဏှာသေရင် သောကပရိဒေဝ ဒုက္ခဒေါမနဿငြိမ်း တယ် (ငြိမ်းပါတယ် ဘုရား)။
တဏှာသေ၍ (သောကပရိဒေဝဒုက္ခဒေါမနဿငြိမ်းပါတယ် ဘုရား) တဏှာသမုဒယချုပ်တယ်ဟုတ်လား၊ ဒီက နိရောဓပေါ်တယ် (မှန်ပါ့) သမုဒယချုပ်လို့ နိရောဓပေဓပေါ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ခုနင်ကတော့ သမုဒယဖြစ်လို့ ဒုက္ခဖြစ်တယ် (မှန်ပါ့) အခုနောက်ဟောလိုက်တာကတော့ သမုဒယချုပ်လို့ နိရောဓပေါ်တယ် (မှန်ပါ့) ဒါကိုဟောတယ် (မှန်ပါ့) စာလိုတော့ ဒီလိုမရေးဘူးပေါ့ဗျာ အဓိပ္ပါယ်ကတော့ ဒါပဲ (မှန်ပါ့)။
ဦးလှ နေရာကျပလား (မှန်ပါ့ ဘုရား) ဒါဖြင့် ခင်ဗျားတို့ ဝိပဿနာမှတပါး ခင်ဗျားတို့ တဏှာသတ်, နိဗ္ဗာန် ရဆိုတာ မရှိဘူး (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
တဏှာသတ်တာလည်း ဝိပဿနာပဲ၊ ဝိပဿနာမဂ်ပဲ (မှန်ပါ့) နိဗ္ဗာန်ရတာကလည်း (ဝိပဿနာကြောင့်ပါ ဘုရား) ဒါပဲရမယ်၊ ဒီ့ပြင်နည်းတော့ ရှိကိုမရှိဘူး (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
တဏှာပယ်တာလည်း (ဝိပဿနာပါ ဘုရား) ဝိပဿနာမဂ် ဟုတ်လား ဒီ့ထက်ရင့်လာရင် လောကုတ္တရာမဂ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) နိဗ္ဗာန်ပေါ်တာလည်း ဝိပဿနာမဂ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
နောက်ရင့်ကျက်လာတော့ လောကုတ္တရာမဂ် (မှန်ပါ့) ဒါပဲရှိတာပဲဆိုတော့ ဒီအလုပ်မပါဘဲနဲ့တော့ဖြင့် ဦးမာဒင် တို့, ဦးလှတို့ နိဗ္ဗာန်ရောက်လိမ့်မယ်လို့ ဟောကို မဟောနိုင်တော့ဘူး (မှန်ပါ့) အခု ဒီပါဠိတော်နဲ့ကော မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ဒါဟာ ဒေဝဒဟသုတ်တဲ့ ခန္ဓဝဂ္ဂ သံယုတ်ပါဠိတော်မှာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီတဏှာ မလာအောင်လုပ်ရမယ်
ဒါဖြင့် ဒီဒကာ ဒကာမတွေမှာ သောက ပရိဒေဝဒုက္ခ ဒေါမနဿချုပ်တဲ့နိဗ္ဗာန်ကို လိုချင်လို့ရှိရင် ဒီတဏှာ မလာအောင်လုပ်ရမယ် (မှန်ပါ့) ဒီတဏှာမလာအောင် ဒီခန္ဓာပေါ်မှာ ဒီမဂ်ရောက် (မှန်ပါ့) ဒီခန္ဓာအနိစ္စ ဖြစ်တိုင်း ဖြစ်တိုင်း မဂ်ဖြစ်ရမယ် (မှန်ပါ့)။
သူတို့က အနိစ္စပဲ (မှန်ပါ့) ခင်ဗျားတို့က နိစ္စယူထားလို့သာ (မှန်ပါ့) သူတို့ကတော့ အနိစ္စ၊ ရှုတဲ့ ပုဂ္ဂိုလ်မှာတော့ မဂ္ဂလာဖြစ်တယ် (မှန်ပါ့) မရှုတဲ့ ပုဂ္ဂိုလ်မှာတော့ ဒိဋ္ဌိလာဖြစ်တယ် (မှန်ပါ့) ရှင်းပလား (မှန်ပါ့)။
ဒိဋ္ဌိကတော့ ဒိဌုပါဒါန်လာတာပေါ့ (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်ပြန်ပွင့်လာတယ် (မှန်ပါ့) သဘောပါရဲ့လား (ပါ-ပါတယ် ဘုရား)။
ဒါဖြင့် ခန္ဓာငါးပါးကို ဆန္ဒရာဂပယ်ခြင်းသည် သောက ပရိဒေဝ ဒုက္ခ ဒေါမနဿငြိမ်းတယ်လို့ မင်းတို့သိကြပြီ (မှန်ပါ့) ပယ်နည်းကျတော့ အခုဘုန်းကြီးက သွင်းပြလိုက်ပြီ (မှန်ပါ့) ခန္ဓာငါးပါးကို ဝိပဿနာရှုရမယ်၊ တစ်ပါးပါး ကိုနော (မှန်ပါ့ ဘုရား)။
တဏှာပယ်လိုက်ရင် ဒုက္ခဒေါမနဿ ငြိမ်းတယ်
ကဲကွာတဲ့ ငါလည်း သေသေချာချာ ရှင်းပြပါ့မယ်တဲ့ အရှင်သာရိပုတ္တရာက ဒီဟာကို ပယ်လိုက်လို့ရှိရင် တဏှာပယ်လိုက်ရင် ဒုက္ခဒေါမနဿ ငြိမ်းတယ် (မှန်ပါ့) မငြိမ်းဘူးလား (ငြိမ်းပါတယ် ဘုရား)။
ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက တဏှာပယ်ရင် ဒုက္ခဒေါမနဿ ငြိမ်းတယ် (မှန်ပါ့) တဏှာ မပယ်ရင် ဒုက္ခဒေါမနဿဖြစ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် တဏှာမပယ်ရင် သမုဒယနဲ့ ဒုက္ခဖြစ်တယ်၊ တဏှာပယ်လိုက်ရင် သမုဒယချုပ်၍ နိဗ္ဗာန်ပေါ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါကြောင့် မင်းတို့ ဒီဟာနားလည်ပြီးရင်တော့ ပစ္ဆာဘူမကသွားတော့တဲ့၊ ဒီဟာနည်းမဟုတ်သေးရင် မသွားနဲ့ ဆိုတော့ အလုပ်လုပ်ပြီးမှ သွားပြောတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့လည်း ဒီအလုပ် အောင်မြင်မှသွား (မှန်ပါ့ ဘုရား) နို့မဟုတ်ရင် ဒီအထဲမှာ အလုပ်မမြင်ဘဲ သွားလို့ရှိရင် သောက ပရိဒေဝ သွားယူတဲ့အဓိပ္ပါယ်ပဲရောက်မယ် (မှန်ပါ့) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
ဦးလှကော ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား) ဒါဖြင့် တဏှာ ပယ်တယ်ဆိုတာသည် အလုပ်လုပ်ပါ ခိုင်းတာ (မှန်ပါ့)။
တဏှာပယ်တယ်ဆိုတာ (အလုပ်လုပ်ပါ ခိုင်းတာပါ ဘုရား) ဒီ့ပြင် ဘာရှိသေးသတုန်း (ဘာမှ မရှိပါ ဘုရား) အလုပ်လုပ်တော့ ဘယ်သစ္စာနှစ်ခု ပျောက်သွားသတုန်း (သမုဒယနဲ့ ဒုက္ခပျောက်ပါတယ် ဘုရား)။
သမုဒယနဲ့ ဒုက္ခပျောက်တော့ကို သမုဒယချုပ်ခြင်းတည်းဟူသော နိဗ္ဗာန်ဟုတ်လား (မှန်ပါ့) သောကပရိဒေ ဝ ချုပ်ခြင်းတည်းဟူသော (နိဗ္ဗာန်ပါ ဘုရား) အဲ နိဗ္ဗာန်ပေါ်လာတယ် (မှန်ပါ့) တဏှာချုပ်တဲ့ နိဗ္ဗာန် သောကပရဒေဝချုပ် တဲ့ နိဗ္ဗာန်မရဘူးလား (ရပါတယ် ဘုရား) အဲဒါ သေသေချာချာမှတ်ထားပါ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ဒီတွင်တော်ကြဦးစို့။
သာဓု…သာဓု…သာဓု။