12510

မာတိကာသို့

သမထနှင့် ဝိပဿနာ ပြိုင်ရှုနည်းတရားတော်

မှတ်ချက်။ ။အလွန်ကောင်းမွန်သောအလုပ်ပေးတရားဖြစ်သည်။ နည်းသိဖို့ပထမအရေးကြီးပုံ၊ နည်းသိပြီး​လျှင် ကိလေသာကြားမခိုဖို့ အရေးကြီးပုံ၊ ကိလေသာကြားမခိုအောင် ဝီရိယတိုးရပုံ စသည့်အချက်များပါဝင်ပါသည်။ တခြားမှတ်သားဖွယ်အချက်များလည်း ရှိပါသေးသည်။ မိမိတို့ဘာသာလေ့လာကြည့်ပါ။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၊ မင်္ဂလာရိပ်သာ၌ ဟောကြားပြသဆုံးမတော်မူသော

ပညတ်နှင့် ပရမတ်ကွဲဖို့ တရားနာကြသည်

သမထနှင့် ဝိပဿနာ ပြိုင်ရှုနည်းတရားတော်

(၁-၉-၆၁)

ခန္ဓာငါးပါးက မိုးပေါ်ကျ မဟုတ်ပါဘူး

ဒါက အို သေပြတာ ၃-၄ရက်ရှိနေပြီ (မှန်ပါ့) ခန္ဓာကိုယ်ထဲမှာ အိုတတ် သေတတ်တဲ့ ဓမ္မရှိတယ် (မှန်ပါ့)၊ အဲဒါ ဘယ်ကလာတာတုန်း၊ (ခန္ဓာက လာပါတယ် ဘုရား) ခန္ဓာငါးပါးက လာတယ်။

သိပြီ၊ ဪ ခန္ဓာငါးပါးရှိလို့ အိုရ, သေရတယ်ဆိုတာဖြင့် ရှင်းနေပြီ (မှန်ပါ့) ခန္ဓာငါးပါးကလည်း မိုးပေါ် ကျ မဟုတ်ပါဘူးတဲ့ (မှန်ပါ့) သူ့မှာ အကြောင်းရှိပါသေးတယ်တဲ့၊ သူ ဘယ်ကလာသတုန်း စဉ်းစားကြပါ၊ (တဏှာက လာပါတယ် ဘုရား)။

ဒီတဏှာကလည်း အလိုလိုတော့ အာရုံမရှိဘဲနဲ့ မပေါ်ဘူးတဲ့။ အာရုံရှိမှသာ ပေါ်တယ်ဆိုတော့ သူဟာ အာရုံကြောင့်ပေါ်တာ (မှန်ပါ)။

ဘယ်အာရုံပါလိမ့်မလဲဆိုတော့ အာရုံတွေက နည်းတာ မဟုတ်ဘူး၊ အာရုံခြောက်ပါးတောင်ရှိတယ် (မှန်ပါ့)၊ ဘယ်သူ့ကြောင့် ပေါ်ပါလိမ့်မလဲလို့ စဉ်းစားတဲ့အခါကျတော့ မိမိနဲ့ ဘာမှမပတ်သတ်ရင် မပေါ်ဘူး၊ ဒါ့ကြောင့် ခင်ရာ မင်ရာက ပေါ်တယ် (မှန်ပါ့) ခင်ရာမင်ရာ မရှိရင်တော့ (မပေါ်တော့ပါ ဘုရား)။

ဒီနား မန်ကျည်းပင် မရှိတော့ သူ့ဟာသူ ကျိုးနေတော့ ဪ ကျိုးတတ်လို့ ကျိုးတာပဲ၊ ဘယ်သူ့မှ မထိခိုက် ဘူး (မှန်ပါ ဘုရား)။

ကိုယ့်သားသမီးကလေး ချော်လဲရင်တော့ ဟိုက်ကနဲ ဖိုကနဲ မဟုတ်ဘူးလား၊ (မှန်ပါ့) အဲဒီတော့ ဒါဟာ ခင်ရာမင်ရာက လာတယ်ဆိုတာ သေချာတယ် (မှန်ပါ့)၊ ဒီတဏှာဟာ ဘယ်ကလာသတုန်း၊ (ခင်ရာမင်ရာက လာပါ တယ် ဘုရား)။

အဲဒီတော့ ခင်ရာမင်ရာဆိုတဲ့ ဥစ္စာက မှတ်ရလိမ့်မယ် ခင်ဗျားတို့ ကိုယ့်ခန္ဓာ အခင်ဆုံးလို့ မှတ်လိုက် (မှန်ပါ့) ခင်ရာ မင်ရာ ဆိုတာ ကိုယ့်ခန္ဓာအခင်ဆုံး (မှန်ပါ့) သဘောပါပလား (ပါ,ပါပြီဘုရား။)

ကိုယ့်ခန္ဓာအခင်ဆုံး

ဘာအခင်ဆုံးပါလိမ့် (ကိုယ့်ခန္ဓာအခင်ဆုံးပါ ဘုရား) ကိုယ့်ခန္ဓာ အခင်ဆုံး၊ ဒီ့ပြင်လူ ခင်တယ်ဆိုတာ အလကား ပြောတာ။ ကိုယ်မချိ အမိသော်လည်း သားတော်ခဲလို့ အရှိသားပဲ (မှန်ပါ့ ဘုရား)။

မယုံသေးလို့ရှိရင် သက်သေသာဓက ထုတ်ပြလို့ရှိရင် ရှင်းပါတယ်။ သက်သေသာဓက ဘယ်လိုရှင်းသတုန်း လို့ မေးတဲ့အခါကျတော့ အိမ်ကို မီးလောင်နေတယ်၊ တစ်အိမ်လုံးလည်း အိပ်နေကြတယ်၊ မိမိက မီးလောင်တာ အရင်သိလို့ရှိရင် မိမိက အရင်ထွက်ပြေးပါတယ် (မှန်ပါ့) ကိုယ့်ကိုယ်ကို အရင် သယ်ထုတ်တယ်။ (မှန်ပါ့)။

ကိုယ့်ကိုယ်ကို (အရင်သယ်ထုတ်ပါတယ် ဘုရား) ပြီးတော့မှ နောက်မှ အချိန်ရသေးရင် သားကလေး သွားကယ်၊ သမီးကလေးသွားကယ်။ ခင်ပွန်းမ သွားကယ်ဆိုတော့ ဘယ်သူ့အရင်ကယ်တင်သလဲဆိုတာ စဉ်းစားကြည့်စမ်း၊ ဘာတွေ့ ကြသလဲ၊ (ကိုယ့်ကိုယ်ကို အရင်ကယ်တင်ပါတယ် ဘုရား) ကိုယ့်ကိုယ်ကို အခင်ဆုံး (မှန်ပါ့)။

ဒါဖြင့် အဲဒါ ဝိပဿနာရှုရမယ် (မှန်ပါ့)၊ သူ့ကြောင့် ကိုယ့်ကိုယ်ကြောင့် တဏှာဖြစ်တယ်။ တဏှာကြောင့် နောက်ခန္ဓာငါးပါးရတယ်။ နောက်ခန္ဓာငါးပါးရလို့ အိုရ သေရတယ် (မှန်ပါ) ဒါဖြင့် ကိုယ့်ကိုယ်ဟာ အခင်ဆုံး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ကိုယ့်ကိုယ်ကို အခင်ဆုံး (မှန်ပါ့)၊ ကိုယ့်ကိုယ်ကို အခင်ဆုံးလို့ တစ်ခါတည်း မှတ်လိုက်တော့ ပြီးသွား ရော (မှန်ပါ့ဘုရား။)

ဒါဖြင့် ဝိပဿနာရှုတဲ့အခါကျတော့ ကိုတဲ့ ကိုယ်က ဘယ်သူ့ ရှုရမှာတုန်းဆိုတော့ ကိုယ်အခင်ဆုံး ရှုရမှာ။ (မှန်ပါ့)။

ဝိပဿနာရှုတဲ့အခါကျတော့ (ကိုယ်အခင်ဆုံး ရှုရမှာပါ ဘုရား) အခင်ဆုံးကို ရှုရမယ်။ (မှန်ပါ့)

သတိပဋ္ဌာန်လေးပါးရှိတယ်

အဲဒီတော့ ဝိပဿနာရှုရမယ်ဆို အရင်ကလို သတိပဋ္ဌာန်လေးပါးရှိတယ်နော် (မှန်ပါ့)။

ဝိပဿနာရှုရတော့မယ်ဆိုတော့ သတိပဋ္ဌာန်လေးပါးနဲ့ ဝေဖန်ရလိမ့်မယ်၊ ကိုယ်ရှုတဲ့ သတိပဋ္ဌာန်, ဓမ္မတွေ ရှုတဲ့ သတိပဋ္ဌာန် (မှန်ပါ့ ဘုရား) သတိပဋ္ဌာန် ဘယ်နှစ်မျိုးရှိသတုန်း (လေးမျိုးရှိပါတယ် ဘုရား) လေးမျိုးရှိတဲ့ အနက်က ဒါ ကိုယ့်ကိုယ်ချည်း မှတ်လိုက်ပါ။ (မှန်ပါ့ ဘုရား)။

ကြည့်လေ ရုပ်တရားကလည်း ကိုယ့်ရုပ်ပဲ၊ ဝေဒနာကလည်း (ကိုယ့်ဝေဒနာပါ ဘုရား) ကိုယ့်သန္တာန်ရှိတဲ့ ဝေဒနာပဲ သညာသင်္ခါရဆိုတဲ့ ဓမ္မာနုပဿနာကလည်း ကိုယ့်သန္တာန်ရှိတာပါပဲ (မှန်ပါ) စိတ်ဆိုတာကကော (ကိုယ့် သန္တာန်ရှိတာပါပဲ ဘုရား) ကိုယ့် သန္တာန်ရှိတာပဲဆိုတာ မှတ်ထားလိုက်ပါ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒါတွေ အကုန်ရှုမနေနဲ့လို့ မှတ်လိုက်၊ စိတ်တစ်လုံးတည်းကို ပြမယ်၊ စိတ်တစ်လုံးတည်းရှုလိုက်ရင် ကျန်တဲ့ သုံးပါးပါလိမ့်မယ် (မှန်ပါ့)။

စိတ်တစ်လုံးတည်း ရှုလိုက်ရင် (ကျန်သုံးပါးပါမှာပါ ဘုရား) ကျန်သုံးပါး ပါမယ်၊ သို့သော် ဒီဥစ္စာ ရှုပုံကလေး မပြောခင် ခင်ဗျားတို့ ဘုရားဟောတာတွေ နည်းနည်း နားထောင်လိုက်ပါဦး၊ ရှုပုံကလေး မပြောခင် (မှန်ပါ့) ဒီစိတ်တွေ တော့ ရှုတော့မှာပဲ။ (မှန်ပါ)။

စိတ်ပေါ်မှာ သက္ကာယဒိဋ္ဌိရှိတယ်

ဘုရားကဟောတယ်၊ ဒီနားကနေပြီး သကာလ ဘုရားပွင့်တယ်၊ ခင်ဗျားတို့ တဏှာရှိတဲ့လူက ပုထုဇဉ်မိုက် (မှန်ပါ့) ပုထုဇဉ်မိုက်သည် ကိုယ့်ခန္ဓာဖြစ်တဲ့စိတ်ကို အားကြီး ခင်တယ်၊ ဘယ်လိုခင်သတုန်းဆိုတော့ ကျုပ်က စိတ် ကောင်းပါတယ်၊ ကျုပ်စိတ်ကောင်းရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ပဲ၊ ကျုပ်စိတ်ဟာ ဘယ်တော့မှ မပျက်ဘူးဆိုတဲ့ စိတ်ပေါ်မှာ သက္ကာယဒိဋ္ဌိရှိတယ် (မှန်ပါ့)။

စိတ်ပေါ်မှာ သက္ကာယဒိဋ္ဌိရှိ – မရှိ (ရှိပါတယ် ဘုရား)၊ ကျုပ်စိတ်တဲ့၊ တစ်ခါတည်း ကျုပ်စိတ်ဆိုတဲ့ သက္ကာယဒိဋ္ဌိ က ရှိတယ် (မှန်ပါ့)။ ရှိတော့ စိတ်ပေါ်မှာ ဒိဋ္ဌိများလာတာကိုးဗျ (မှန်ပါ့)၊ မပေါ်ဘူးလား (ပေါ်လာပါတယ် ဘုရား)၊ စိတ်အပေါ်မှာ (ဒိဋ္ဌိများပါတယ် ဘုရား)။

ဒါဖြင့် ပထမသောတာပန် တည်ချင်လို့ရှိရင် စိတ်ရှုရလိမ့်မယ်၊ (မှန်လှပါ ဘုရား)၊ ဒိဋ္ဌိခွါရမှာကိုး (မှန်ပါ့)။ ဒိဋ္ဌိခွါတဲ့ ဝိပဿနာတော့ ပေးရလိမ့်မယ် (မှန်ပါ့) ဒိဋ္ဌိခွါတဲ့ ဝိပဿနာမပေးလို့ရှိရင် ရကိုမရဘူး။ (မှန်ပါ့)

ဒါဖြင့် ပထမအဆင့် လိုချင်လို့ရှိရင် စိတ်ကိုရှု (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဘုရားက မင်းတို့ဟာ မင်းတို့စိတ်ကို ငါ့စိတ်, ငါစိတ်နဲ့ မင်းတို့က ဒိဋ္ဌိအင်မတန်စွဲတယ်တဲ့၊ အဲဒီ ငါ့စိတ်လို့ ဒိဋ္ဌိ, တဏှာနဲ့ မင်းတို့စွဲတယ်၊ စွဲလို့ ခန္ဓာငါးပါးရတယ်၊ (မှန်ပါ့) ရလို့ အိုရ , သေရတယ် (မှန်ပါ့)။

အဆိပ်နဲ့ ရောထားတဲ့ အရက်ပဲ

ရလို့ အိုရ, သေရတာပါတဲ့၊ အဲဒီတော့ မင်းတို့ ဒီစိတ်ဟာ ဘုရားဖြစ်တဲ့အခါကျတော့ ဉာဏ်နဲ့ ကြည့်လိုက် တယ်၊ မင်းတို့စိတ်ဟာ လောကီဥပမာပြမယ်ဆိုလို့ရှိရင် အဆိပ်နဲ့ ရောထားတဲ့ အရက်ပဲတဲ့၊ (မှန်ပါ့)။

မင်းတို့သည် ငါ့စိတ်လို့ စွဲတဲ့သူဟာ သောက်တာပဲ၊ ဒီအရက်ကို သောက်တယ်၊ (မှန်ပါ) ဒီအရက်သောက်တဲ့ အခါကျလို့ ရှိရင်ဖြင့် ဒီခန္ဓာ ဒီအရက်သောက်တော့ ဒါခင်တယ်ပြောတာပါပဲ၊ (မှန်ပါ့)။

ခင်တယ်, စွဲလမ်းတယ်၊ ဒိဋ္ဌုပါဒါန် ကာမုပါဒါန်နဲ့ စွဲလမ်းတယ် (မှန်ပါ့) စွဲလမ်းတဲ့အခါကျတော့ သေသည်၏ အခြားမဲ့၌ ခန္ဓာရတယ် (မှန်ပါ့)၊ ခန္ဓာရလို့ အိုရ, သေရတယ် (မှန်ပါ)။

ဒါဟာ အရက်သောက်မိလို့ဆိုတော့ ဒါအရက်လို့ ဘုရားက လာဟောတာလား၊ ဘုရားပွင့်တာက ခင်ဗျားတို့ သန္တာန်ရှိတဲ့စိတ်ကို အဆိပ်နဲ့ ရောထားတဲ့အရက်၊ ဒါကို မသိလို့ မင်းတို့က ခင်ကြမျိုကြတဲ့အခါကျလို့ရှိရင်ဖြင့် ဒီခန္ဓာ ရတော့တာပဲ (မှန်ပါ) ဒီခန္ဓာရရင် ဒီအို သေဆိုတဲ့ အဆိပ်တွေက သတ်တော့တာပဲ (မှန်ပါ့ ဘုရား) သဘောပါပလား။ (ပါ ပါပြီ ဘုရား)။

ဘုရားက ငါးမျိုးဟောခဲ့တယ်

ကောင်းပြီ ဒါဖြင့် ဒီစိတ်ကို ခင်ဗျားတို့ ဘုရားက ငါ ငါးမျိုးဟောခဲ့မယ်တဲ့။ သူ့ကို အနိစ္စလို့လဲရှု၊ ဒုက္ခလို့လဲ ရှု (မှန်ပါ့) အနတ္တလို့လဲ (ရှုရပါမယ် ဘုရား) အနတ္တလို့လဲ ရှုပါ မဟုတ်ဘူးလား။ (မှန်ပါ ဘုရား) ရောဂါလို့လဲရှုပါ၊ (မှန်ပါ့) သေစေတတ်တဲ့ရောဂါလို့လဲ ရှုပါ (မှန်ပါ့ ဘုရား) ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒီစိတ်ကို ဘေးသင့်စေတတ်တဲ့ တရားလို့လဲ ရှုပါ (မှန်ပါ့) အိုဘေ နာဘေးတွေ သင့်မယ်၊ သူ့ခင် လို့ရှိရင် ဒီဘေးတွေ လွတ်ပါ့မလား (မလွတ်ပါ ဘုရား) သင့်ရမှာပဲဆိုတာ သဘောပါပလား။ (ပါ-ပါပြီ ဘုရား)။

အဲဒီတော့ သူ့ကို ဘယ်နှစ်ချက်ရှု ရမလဲ၊ (ငါးချက်ရှုပါမယ် ဘုရား)၊ ငါးချက်ရှုရမယ်နော် (မှန်ပါ)၊ သို့သော် ငါးချက်ဆိုတာ ပရိယာယ်မျိုးစုံအောင်ပြောတာ၊ ခင်ဗျားတို့ ရှုလိုက်တော့ အနိစ္စတစ်လုံး ရှုလိုက်လဲ ပြီးတာပါပဲ (မှန်ပါ့) အနိစ္စတစ်လုံးတည်း ကျန်တဲ့ဥစ္စာ အကုန်ပါမယ် (မှန်ပါ့ ဘုရား)

ဒီလို မရှုရင် သူ့ကို နိစ္စလို့ ထင်လိုထင်မယ်၊ သုခလို့ ထင်လိုထင်မယ်၊ အနာမရှိဘူးလို့ ထင်လိုထင်မယ် (မှန်ပါ) ဘေးမသင့်ဘူးလို့ ထင်ချင်ထင်မယ်၊ ထင်ရင် ခန္ဓာရမယ်၊ ခန္ဓာရရင် အိုဘေး၊ နာဘေး၊ သေဘေးလာမှာပဲ၊ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) ဒါ ရှုကြစို့ဆိုတော့။

ပြင်ဘက်ဧည့်သည်ခြောက်ယောက်

ဒါဖြင့် ရှုရမှာ စိတ်ဟာ ဘယ်နှစ်မျိုးတုန်းဆိုတော့ ခင်ဗျားတို့ ပြန်မည့်လူတွေက ဂရုစိုက်မှတ်၊ စိတ်ဟာ များများမရှိပါဘူးတဲ့၊ မျက်လုံးကနေပြီးတော့ အာရုံကို မြင်တဲ့စိတ်တစ်မျိုး၊ နားထဲပေါ်တဲ့ ကြားတဲ့စိတ်တစ်မျိုး၊ နှာခေါင်းမှာ နံတဲ့စိတ်တစ်မျိုး၊ လျှာမှာ စားစိတ်တစ်မျိုး၊ ကိုယ်ပေါ်မှာ ယားတဲ့ ယံတဲ့ဒုက္ခစိတ်တစ်မျိုး (မှန်ပါ့ ဘုရား)။

ငါးခုရသွားပြီ (မှန်ပါ့)၊ ကိုယ်ပေါ်မှာ ကောင်းတဲ့သုခစိတ်တစ်မျိုး၊ ခြောက်ခုရသွားပြီ (မှန်ပါ)၊ အဲဒါကို ပြင်ဘက်ဧည့်သည်ခြောက်ယောက်လို့ရေးလိုက် (မှန်ပါ ဘုရား)။

ပြင်ဘက်ဧည့်သည်ဘယ်နှစ်ယောက်တုံး၊ (ခြောက်ယောက်ပါ ဘုရား) မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ယားယံစိတ်၊ ကောင်းတဲ့စိတ် (မှန်ပါ ဘုရား)။

ဒါက ဒီယားစိတ်၊ ယံစိတ်၊ နာစိတ်ဟာက ကိုယ်ပေါ်မှာ ပေါ်တယ် (မှန်ပါ့)၊ ကောင်းတဲ့ စိတ်ကလည်း ကိုယ်ပေါ် မှာ ပေါ်တာပဲ (မှန်ပါ့)၊ ကောင်းပြီ ဒါဟာ ကြည့်လိုက်လို့ ကိုယ်၏ ပြင်ဘက်မှာပေါ်လို့ ပြင်ဘက် ဧည့်သည်ခြောက် ယောက် (မှန်ပါဘုရား။)

အတွင်းဧည့်သည်ငါးယောက်

ပြင်ဘက် ဧည့်သည်ခြောက်ယောက် ပြီးတော့ကို အတွင်းဧည့်သည်ပြောမယ်၊ အတွင်းမှာလည်း လောဘစိတ် (မှန်ပါ့) ဒေါသစိတ်၊ မောဟစိတ် (မှန်ပါ့ ဘုရား)။

အလောဘစိတ် မလိုချင်တဲ့စိတ်လဲ ရှိသေးတယ်၊ လှူချင်၊ တန်းချ၊ ပေးချင်၊ ကမ်းချင်တဲ့စိတ်ဟာ အလောဘစိတ် (မှန်ပါ့။) အဒေါသစိတ်၊ သူတစ်ပါးသနားတဲ့စိတ်တဲ့ တစ်ခါတစ်လေ ပေါ်တယ် (မှန်ပါ့ ဘုရား)

ဒါက အတွင်းဝမ်းထဲမှာ ပေါ်လို့ အတွင်းဧည့်သည်ငါးယောက်လို့မှတ် (မှန်ပါ)။ ဒါ အားလုံးမှတ်ရမယ်၊ ဒါရှုရမယ်၊ (မှန်ပါ ဘုရား)။

အတွင်းဧည့်သည် ငါးယောက်တည်း ထားရမှာလားဘုရား အဲ ငါးယောက်တည်းထားရမှာပေါ့၊ တစ်ယောက် က ရှုရဦးမယ်၊ ရှုမည့်သူမို့ ချန်ထားတယ်၊ (မှန်ပါ ဘုရား)။

အတွင်း ဧည့်သည် ငါးယောက်တည်း ထားရမှာလားဘုရား၊ အဲ ငါးယောက်တည်း ထားရမှာပါလားဘုရား အဲ ငါးယောက်တည်း ထားရမှာပေါ့၊ တစ်ယောက်က ရှုရဦးမယ်၊ ရှုမည့်သူမို့ ချန်ထားတယ်၊ (မှန်ပါ ဘုရား)။

အိမ်သည်နှစ်ယောက်

ကောင်းပြီ ဒါဖြင့် အိမ်သည်နှစ်ယောက် (မှန်ပါ့) အိမ်သည်ဆိုတာက ခင်ဗျားတို့ ဒီပြင်ဟာ မတွေးပါနဲ့၊ လေကို ပြင်ဘက်ထုတ်တဲ့စိတ် ၊လေကို အတွင်းပြန်ရှိုက်တဲ့စိတ်၊ ဒီစိတ်ကို ယူပါ၊ လေကို မယူပါနဲ့၊ ဘာဖြစ်လို့တုန်း၊ စိတ္တာနုပဿနာမို့ (မှန်ပါ) စိတ္တာနုပဿနာဆိုတော့ လေကို ယူလို့ မရဘူး (မှန်ပါဘုရား။)

အိမ်သည်စိတ်က နှစ်ခု လေအပြင်ထုတ်တဲ့စိတ် ဒါကလေး ပြန်ရှိုက်တဲ့စိတ်၊ ထုတ်တဲ့စိတ်၊ သွင်းတဲ့စိတ် (မှန်ပါ့ ဘုရား)။

အဲဒါကို ခင်ဗျား အမောဟချန်ပစ်ခဲ့ (မှန်ပါ) အမောဟဆိုတာက သူတစ်ခုတည်းဖြစ်တာမဟုတ်ဘူးတဲ့၊ အမောဟဆိုတာ သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိလည်း ခေါ်နိုင်တယ်၊ (မှန်ပါ) သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ၊ မဂ္ဂင်ငါးပါး၊ ဒါ အမောဟပြဋ္ဌာန်းတယ် (မှန်ပါ ဘုရား)။

ဒါနဲ့ ခင်ဗျားတို့ ရန်ကုန်ပြန်မည့် လူတွေက ဒီဧည့်သည်စိတ်လာရင်လည်း ဒီဧည့်သည်စိတ်ကို ဖြစ်ပျက်ရှုပါ (မှန်ပါ) မြင်စိတ်လာလည်း ဖြစ်ပြီးပျက်သွားတာပဲလို့ ဖြစ်ပျက်ရှုပါ (မှန်ပါ) ကြားစိတ်လာရင်လည်း ကြားစိတ်ကို ဖြစ်ပျက်ရှုရုံပဲ၊ ဖြစ်ပြီး ပျက်တယ်လို့ရှု၊ ဒါဖြစ်ပျက်ဆိုတာ အနိစ္စပဲ (မှန်ပါ)။

သူပေါ်ရာကို လိုက်ရှုပါ

ကောင်းပြီ ဒါတွေ သူပေါ်ရာကို လိုက်ရှုပါ၊ သူမျက်လုံးထဲမှာ ပေါ်တယ်၊ နားထဲမှာပေါ်တယ်၊ နှာခေါင်းထဲမှာ ပေါ်တယ်၊ လျှာပေါ်မှာပေါ်တယ်၊ သူတစ်ကိုယ်လုံးမှာ ပေါ်ချင်တဲ့နေရာမှာ ပေါ်တယ်၊ သူကလည်း တစ်ကိုယ်လုံးမှာ ပေါ်ချင်တဲ့နေရာမှာပေါ်တယ် (မှန်ပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

တစ်ခါတစ်လေကျတော့ စိတ်ကူးနဲ့ ပစ္စည်းတစ်ခု လိုချင်တဲ့ လောဘစိတ်လည်းပေါ်တတ်တယ်၊ ဒေါသစိတ် လည်း ပေါ်တတ်တယ်၊ မောဟဆိုတဲ့ ဝိစိကိစ္ဆာဥဒ္ဓစ္စလဲ ပေါ်တတ်တယ် (မှန်ပါ) ဒါတွေပေါ်လို့ရှိရင်လည်း အတွင်း ဧည့်သည်လို့ ပေါ်ရာတစ်ခုတည်းရှု (မှန်ပါ့ ဘုရား)။

နဂိုတုန်းက ဒါတွေဟာ ဆယ့်သုံးခုပြထားပေမယ့် တစ်ခုသာ ပေါ်လိမ့်မယ်။ တစ်ခုကို ဒီမဂ္ဂင်ငါးပါးနဲ့ အမောဟ နဲ့ ရှုပေး၊ (မှန်ပါ ဘုရား)။

ဒါဖြင့် သူပေါ်လို့ရှိရင်လည်း သူက ဖြစ်ပျက်ဆိုရင် သူက မဂ်ဖြစ်မယ် (မှန်ပါ) သူက ဖြစ်ပျက် ဖြစ်ခဲ့လို့ရှိ ရင် သူက ရှုပေး၊ သူက မဂ်ဖြစ်မယ်၊ ဒါ မဂ်ရတယ်ဆိုတာ ဒါပဲ၊ လောကီမဂ် ရတယ် (မှန်ပါ့ ဘုရား)။

တစ်ခါ လောဘစိတ်ကလေး ပေါ်လာလို့ ခင်ဗျားတို့က လောဘစိတ်ကလေးလဲ ကြည့်၊ ဒါလဲ ကြည့်လိုက် တော့ သူမရှိတော့ဘူး၊ မရှိတာက ဖြစ်ပြီးပျက်သွားတာပဲ၊ (မှန်ပါ) ဒါလည်း သူက ဖြစ်ပျက်၊ သူက မဂ် (မှန်ပါ)။

ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်ရ မယ်

တော်တော်ကြာ ဒေါသစိတ်ပေါ်လာလည်း ကြည့်လိုက်ပြန်လည်း မရှိဘူး (မှန်ပါ) ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်ရ မယ် (မှန်ပါ ဘုရား) ဒါလည်း ဖြစ်ပျက်နဲ့ မဂ်နဲ့ကိုက်၊ ဒါလည်း ဖြစ်ပျက်နဲ့ မဂ်နဲ့ ပေါ်တဲ့အခါ လိုက်ပေးပါ၊ (မှန်ပါ ဘုရား)။

ဘာမှမရှိဘူး၊ အပြင်ဧည့်သည် ခြောက်ယောက် အတွင်းဧည့်သည်ငါးယောက်မရှိရင် အိမ်သည်နှစ်ခုကို အမြဲ တမ်းရှုနေ၊ ဘာမှမရှိရင် သူတို့နှစ်ခုလှည့်ရှု (မှန်ပါ)၊ ဉာဏ်နဲ့ မှန်းရှုပါ (မှန်ပါ ဘုရား)။

ဦးလှ ဒါရှုနေတဲ့အချိန်ဖြင့် သူတို့ကို သူတစ်လှည့် သူတစ်လှည့် သူကအလှည့်နဲ့ပေါ့လေ (မှန်ပါ) ဘေးက အာရုံဝင်လာလို့ရှိရင် ပေါ်ချင်တာက ပေါ်လာလိမ့်မယ် (မှန်ပါ့) ပေါ်ရင် ပေါ်တာလိုက်ပေး (မှန်ပါ့) ပေါ်တဲ့စိတ် ကိုရှု (မှန်ပါ့) သူတို့ မရှုပြန်ဘူး၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒီလိုရှုလိုက်တော့ကို ဖြစ်ပျက်နဲ့ မဂ်နဲ့ သွားကိုက်တဲ့အခါကျတော့ သူ့နောက်က ခုနင်က ပြောခဲ့တဲ့ တဏှာ လာသေးရဲ့လား (မလာပါ ဘုရား) ခန္ဓာငါးပါးကော (မလာပါ ဘုရား) ခု နင်ကလာတဲ့ ခန္ဓာငါးပါး လာသေး ရဲ့လား။ (မလာပါ ဘုရား) အအို, အသေကော (မလာပါ ဘုရား)။

အဲဒီတော့ သူတို့နှစ်ခုနောက်က တဏှာလိုက်မှ သူတို့တစ်ခု တစ်ခုနောက်မှ တဏှာဒိဋ္ဌိလိုက်မှသာလျှင် ခန္ဓာငါးပါးလိုက်တယ် (မှန်ပါ့) ခန္ဓာငါးပါးလိုက်မှ အအို၊ အသေက (လိုက်ပါတယ် ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီဟာတွေ ဖြစ်ပျက်လှည့်ရှုနေလို့ရှိရင် မဂ်လာလိုက်ခြင်းကြောင့် တဏှာပြတ် ခန္ဓာပြတ် (ပြတ်ပါတယ် ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အားလုံး နားလည်ကြရဲ့လား။ (နားလည်ပါတယ် ဘုရား) ဒါ စိတ္တာနုပဿနာကို ပေးတယ်၊ (မှန်ပါ့) ရိပ်မိ ပလား (မှန်ပါ့) ခင်ဗျား တော်တော်ကြာနေပြီ နာနေတာ၊ နားလည်ပလား (နားလည်ပါပြီ ဘုရား)။

ရှုတဲ့ကျေးဇူးကော သိပလား

ကိုင်း ဒါဖြင့် ရှုတဲ့ကျေးဇူးကော သိပလား (ကျေးဇူးတော့ မသိသေးပါ ဘုရား) ဒီဟာ ကျေးဇူးခံစားရတာ ပေါ့၊ ဒီတဏှာချုပ်တယ်၊ ခန္ဓာကော (ချုပ်ပါတယ်) အို ၊ နာ၊ သေကော (မရှိပါ ဘုရား)။

မရှိဘူးဆိုရင် ဒါကျေးဇူးပေါ့ (မှန်ပါ့) မရဘဲ နေလို့ရှိရင် သူတို့နောက်က ဒါတွေ အကုန်လိုက်မယ်၊ ဒီပဋိစ္စသမုပ္ပါဒ်လိုက်မယ် (မှန်ပါ့)၊ မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား)။

ဒါဖြင့် ဒီမဂ်သွင်းမှ ဒါပြတ်တယ် (မှန်ပါ့) ဒီအမောဟသွင်းမှ ခုနင်က ဒီနေရာမှာ အမောဟ ချိန်သွားတယ်၊ အမောဟဆိုတာ တစ်ခုတည်း မဖြစ်လို့ ချန်ထားတယ် (မှန်ပါ့) အမောဟဆိုတာ သမ္မာဒိဋ္ဌိ၊ အမောဟလည်း ခေါ်နိုင် တယ်၊ သမ္မာဒိဋ္ဌိလဲ ခေါ်နိုင်တယ် (မှန်ပါ ဘုရား)။

သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသတိ, သမ္မာသမာဓိ, မဂ္ဂင်ငါးပါးနဲ့ ခင်ဗျားတို့ ပေါ်ရာကို လိုက်နေ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ရှုတတ်ပြီနော် (ရှုတတ်ပါပြီ)၊ ဒါ စိတ္တာနုပဿနာ၊ ရှုလိုက်တော့ ဘာဖြစ်သတုန်းဆိုတော့ သူ့နောက်က တဏှာ ဒိဋ္ဌိသေတယ်၊ (မှန်ပါ) တဏှာဒိဋ္ဌိ သေတဲ့အတွက် တဏှာနဲ့ ဒိဋ္ဌိဟာ တွဲလျက် (မှန်ပါ့ ဘုရား) တဏှာဒိဋ္ဌိကမှ ဒိဋ္ဌုပါ ဒါန် မဟုတ်ဘူးလား (မှန်ပါ) တဏှာကလည်း ဥပါဒါန်၊ ဒိဋ္ဌိကလည်း ဥပါဒါန် (မှန်ပါ ဘုရား)။

ဥပါဒါန်ချုပ်တော့ကို ခန္ဓာချုပ်တယ် (မှန်ပါ)၊ ခန္ဓာချုပ်တော့ကို အအိုအသေချုပ်တယ် (ချုပ်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဪ ဒီအလုပ်ဟာ ခင်ဗျားတို့မှာ မလုပ်မဖြစ်တဲ့ အလုပ် (မှန်ပါ) ဒီအလုပ် ဘာဆိုကြမယ်၊ (မလုပ် မဖြစ်တဲ့ အလုပ်ပါ ဘုရား) ထမင်းမစားဘဲ နေချင်နေ၊ ဒီအလုပ် လုပ်ရမယ် (မှန်ပါ)၊ ဒီဒုက္ခကြောက်တဲ့လူ ဒီအလုပ် လုပ်ရမယ် (မှန်ပါ)။

သမထလား၊ ဝိပဿနာလား

ကောင်းပြီ ဒါက သမထလား၊ ဝိပဿနာလားလို့ မေးဖို့လိုတယ် (မှန်ပါ) သမထလား၊ ဝိပဿနာလားဆိုတော့ ဒီအထဲမှာ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပတ ဝိပဿနာ၊ သတိ ဝီရိယ သမာဓိက သမထ (မှန်ပါ့) သမထနဲ့ ဝိပဿနာရောပြီး ရှုတာ (မှန်ပါ) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

သမထနဲ့ ဝိပဿနာ (ရောပြီးရှုတာပါ ဘုရား) ရောပြီးတော့ အလုပ် လုပ်တာ (မှန်ပါ)။

ဒါဖြင့် သမထနဲ့ ဝိပဿနာရောပြီး လုပ်ခိုင်းလို့သာလျှင် ဖြစ်တာကို သိတာက သတိကလည်းသိတယ်၊ ဖြစ် တိုင်း ဖြစ်တိုင်း သမာဓိထားလို့လဲ သိတယ်၊ ဝီရိယစိုက်လို့လည်း သိတယ်၊ သမထက ပါနေတယ် (မှန်ပါ့) ဒီတရားတွေ မခိုင်ဘူး၊ မမြဲဘူးလို့ သိတာက ပညာက သိတာ (မှန်ပါ့)။

ဒါဖြင့် သတိပညာနဲ့ ရောလွှတ်တာ၊ သတိပညာနဲ့ ရောလွှတ်တဲ့အတွက် သမထ ဝိပဿနာနှစ်ခုနဲ့ ရှုတာ (မှန်ပါ) သမထအထူး မတည်ထောင်နဲ့တော့ (မှန်ပါ့)။

ဘုရားက သမထရှေ့သွား ဝိပဿနာနောက်လိုက် ငါတစ်မျိုးဟောခဲ့ပြီတဲ့ (မှန်ပါ) ဝိပဿနာရှေ့သွား သမထ နောက်လိုက်လည်း ငါတစ်မျိုးဟောခဲ့ပြီတဲ့ (မှန်ပါ့) တွဲပြီး သကာလ ရှုနည်းလည်း ငါတစ်မျိုးဟောခဲ့တယ်တဲ့ (မှန်ပါ့) ကြိုက်တာယူတဲ့ သဘောကျပလား (မှန်ပါ့)။

သမထရှေ့သွား ဝိပဿနာနောက်လိုက်၊ ဒါကိုလည်း ဟောခဲ့တယ်တဲ့၊ ဝိပဿနာရှေ့သွား သမထနောက်လိုက် လည်း ငါဟောခဲ့တယ်တဲ့ (မှန်ပါ့) တွဲပြီးလွှတ်တာလဲ (ဟောခဲ့ပါတယ် ဘုရား) အခုဟာက တွဲပြီးလွှတ်တဲ့ နည်းပေး လိုက်တယ် (မှန်ပါ့)။

တွဲပြီးလွှတ်တဲ့ နည်းပေး လိုက်တယ်

ဘာဖြစ်လို့ ဒီနည်းကို ဘုန်းကြီးက ပေးပါသတုန်းဆိုတော့ ဟိုဟာတွေက တစ်သန့်စီ တစ်သန့်စီ လုပ်နေလို့ ကြာတယ်၊ ခင်ဗျားတို့ သက်တမ်းတိုတိုနဲ့ (မှန်ပါ) တွဲဟောလိုက်လို့ ရှိရင် တစ်ခါတည်း ပြီးသွားတာပဲ (မှန်ပါ့)။

ဖြစ်တိုင်း ဖြစ်တိုင်း သိရင် (သမထက သိပါတယ် ဘုရား)။ ပျက်တိုင်း ပျက်တိုင်း သိရင် (ဝိပဿနာက သိပါတယ် ဘုရား) ဒါဖြင့် ဖြစ်ပျက်သိလို့ရှိရင် တွဲလိုက် (မှန်ပါ) ပေါ်သွားပလား (ပေါ်ပါပြီ ဘုရား) ပေါ်သွားပြီ၊ ပေါ်သွားပြီ။

ပြန်ပြောကြပါဦးတစ်ခေါက် (မှန်ပါ့) ဖြစ်တိုင်း ဖြစ်တိုင်းသိရင် (သမထက သိပါတယ် ဘုရား) ပျက်တိုင်း ပျက်တိုင်း သိရင် (ဝိပဿနာက သိပါတယ် ဘုရား) ဖြစ်ပျက်နှစ်ခုစလုံးသိရင် (သမထဝိပဿနာက သိပါတယ် ဘုရား)။

အဲ နှစ်ခုတွဲဆက်သိတဲ့နည်း ယုဂနဒ္ဓ, နည်းလို့ ခေါ်သည်၊ ယုဂနဒ္ဓဆိုတာ နွားနှစ်ကောင် တစ်ပြိုင်နက် မောင်းတာ (မှန်ပါ့) နွားနှစ်ကောင် တစ်ပြိုင်နက် မောင်းတာ ဒွန်တွဲပြေးရတာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဒီအပေါ်မှာ လွှတ်လိုက်လို့ရှိရင် အဖြစ်မြင်လို့ရှိရင် ခင်ဗျားတို့ မှတ်လိုက်၊ ဥစ္ဆေဒဒိဋ္ဌိ သေပါတယ် (မှန်ပါ့) အပျက်မြင်လို့ရှိရင် သဿတဒိဋ္ဌိ သေပါတယ် (မှန်ပါ့ ဘုရား)။

အဖြစ်မြင်လို့ရှိရင် (ဥစ္ဆေဒဒိဋ္ဌိ သေပါတယ် ဘုရား) အပျက်မြင်လို့ရှိရင် (သဿတဒိဋ္ဌိသေပါတယ် ဘုရား)။

အဖြစ်အပျက်နှစ်ပါးလုံး မြင်လို့ရှိရင် သက္ကာယဒိဋ္ဌိ သေတယ် (မှန်ပါ့) ဒါကို သေသေချာချာ မှတ်ပါ၊ ဒါ သိပ်အရေးကြီးတဲ့စကား (မှန်ပါ)။

အဖြစ်မြင်တော့ အကြောင်းကြောင့်ဖြစ်တယ်ဆိုတာ သိတာကိုး၊ ဒါကြောင့် ဥစ္ဆေဒဒိဋ္ဌိသေတယ်၊ (မှန်ပါ့) အပျက်မြင်တော့ မခိုင်လို့ ပျက်တယ်ဆိုတာ သိကတည်းက ခင်ဗျားတို့ ခိုင်မြဲတယ်ဆိုတဲ့ သဿတဒိဋ္ဌိသေပြီ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

သက္ကာယဒိဋ္ဌိသေတယ်

ဖြစ်ပျက် နှစ်ခုစလုံးကို မြင်လိုက်လို့ရှိရင်ဖြင့် ဪ ငါ ငါ့ဥစ္စာ မဟုတ်ဘူးဆိုတဲ့ သက္ကာယဒိဋ္ဌိသေတယ်၊ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)

ဒါတော်တော်အရေးကြီးတယ်လို့ မှတ်ပါ၊ (မှန်ပါ ဘုရား) ဒါ့ကြောင့် ခင်ဗျားတို့ ရှုတာ ဘာကျေးဇူးရှသတုန်း ဆိုတော့ ဒိဋ္ဌိ သုံးမျိုးကွာတယ် (မှန်ပါ့)။

ရှုလိုက်ရင် ဘာကွာသတုန်း (ဒိဋ္ဌိသုံးမျိုးကွာပါတယ် ဘုရား) ဒါ ကွာသွားပြီ ဒိဋ္ဌိတဏှာလည်း ကွာသွားပြီ၊ (မှန်ပါ့ ဘုရား)။

သူကွာကတည်းက ဒိဋ္ဌိကမှ ပပဉ္စဖြစ်ရမည့်ဥစ္စာဖြစ်နိုင်သေးရဲ့လား (မဖြစ်နိုင်ပါ ဘုရား) ခန္ဓာဖြစ်အောင် ချဲ့နိုင်သေးရဲ့လား။ (မချဲ့နိုင်ပါ ဘုရား) မချဲ့နိုင်တော့ ဒီ အို သေကော လာပါ့မလား (မလာပါ ဘုရား)။

ဒါဖြင့် သံသရာပြတ်တယ်၊ (မှန်ပါ့) ဒီသံသရာကြီးပြတ်တယ်၊ ဒီ ဒိဋ္ဌိသုံးမျိုး မဂ်က သတ်ချလိုက်တယ်၊ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မဂ်က ဘယ်နှစ်မျိုးသတ်သတုန်း၊ (ဒိဋ္ဌိသုံးမျိုး သတ်ပါတယ် ဘုရား) ဒိဋ္ဌိသုံးမျိုး သတ်လိုက်တယ် (မှန်ပါ့) ဒိဋ္ဌိသုံးမျိုး သတ်လိုက်တော့ ပဋိစ္စသမုပ္ပါဒ်ပြတ်တယ် (ပြတ်ပါတယ် ဘုရား)။

ဒီနောက်က တဏှာဒိဋ္ဌိ လာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား) မလာနိုင်ရင် ခန္ဓာဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား) မဖြစ်လို့ရှိရင် အို သေဆိုတာ မလာတော့ဘူး (မလာတော့ပါ ဘုရား) ဒါဖြင့် အို သေမလာတာ၊ အိုခြင်း နာခြင်း သေခြင်းတို့၏ ချုပ်ရာဟာ နိဗ္ဗာန်ပဲ (မှန်ပါ)။

ဒီသုံးခု ချုပ်ကတည်းက နိဗ္ဗာန်ပဲ

ကဲ ပါသွားတာပဲ။ ခန္ဓာချုပ်ရာ နိဗ္ဗာန်၊ အို၊ သေချုပ်ရာ (နိဗ္ဗာန်ပါ) တဏှာ ဒိဋ္ဌိချုပ်ရာ (နိဗ္ဗာန်ပါ ဘုရား) ဒီသုံးခု ချုပ်ကတည်းက နိဗ္ဗာန်ပဲ (မှန်ပါ့ဘုရား။

တော်တော်နေရာကျသွားပြီ (မှန်ပါ့) တော်တော်နေရာကျ သွားပြီ၊ ကောင်းပြီ ခင်ဗျားတို့က နောက်အကြောင်း ညီညွတ်မှ တွေ့ရမယ်၊ တွေ့ချင်မှလည်း တွေ့မယ်၊ သူကတော့ တွေ့နိုင်တယ်၊ ကိစ္စမရှိဘူး၊ သမီးရှိသေးလား (ပြန်သွား ပါပြီ) မှတ်မိရုံတော်ပြီ။ နို့ သားက ဒီမှာလား (သားက ဒီမှာပါ ဘုရား) အင်း အင်း ကောင်းတယ်။

ကဲ ဒါဖြင့် ခင်ဗျားတို့ ရှုတဲ့အခါကျတော့ ဖြစ်ပျက်-မဂ်။ ဖြစ်ပျက်-မဂ်၊ ဖြစ်ပျက်-မဂ်ကိုက်အောင် လုပ်ရမယ် (မှန်ပါ) ဒီကြားမှာ တစ်ပါးသော တရားမဝင်စေနဲ့၊ သူနဲ့ သူနဲ့ ကြားမှာ တစ်ပါးသော စိတ်တွေ မဝင်စေနဲ့။ ဒါ သိပ် အရေးကြီးတယ်၊ (မှန်ပါ့ ဘုရား)။

ဖြစ်ပျက် နဲ့ မဂ်နဲ့ ကြားထဲမှာ (တစ်ပါးသော စိတ်တွေ မဝင်စေနဲ့ပါ ဘုရား) တစ်ပါးသော စိတ်ဆိုတာ လောဘလည်း မဝေစေနဲ့၊ ဒေါသလည်း မဝင်စေနဲ့၊ မောဟလည်း မဝင်စေနဲ့နော် (မှန်ပါ ဘုရား)။

ညနေအားထုတ် မနက်တောင်ရမယ်

ဝင်လို့ရှိရင် ခင်ဗျားတို့ ခုနစ်ရက်နဲ့ မရနိုင်ဘူး (မှန်ပါ့) ဝင်လို့ရှိရင် ခုနစ်ရက်နဲ့ နိဗ္ဗာန်မရနိုင်ဘူး (မှန်ပါ့)။

သူမဝင်လို့ရှိရင်ဖြင့် ဆရာကောင်း၏ လမ်းညွှန်ချက်ကိုလည်းရ၊ ပဓာနိယင်္ဂတရားငါးပါးနှင့်လည်း ပြည့်စုံ၍ အဆုံးအမ အတိုင်း လိုက်နာအားထုတ်ရင် ညနေအားထုတ် မနက်တောင်ရမယ် (မှန်ပါ) မနက်တောင် နိဗ္ဗာန်ရမယ်။ မဝင်ရင်ရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ခင်ဗျားတို့ အခုသူများက ပြောလိမ့်မယ် မင်းတို့ တိဟိတ်လား၊ ဒွိဟိတ်လားဆိုရင် ဖြစ်ပျက်မြင် ရင် တိဟိတ်သာမှတ်လိုက် (မှန်ပါ့) ဖြစ်ပျက်မြင်လို့ရှိရင် တိဟိတ်မှတ်ရမယ်၊ (မှန်ပါ ဘုရား)။

ဒီကြား ကိလေသာကြားသာ မစွက်ရင်တော့ မနက်အားထုတ် ညနေရမယ် (မှန်ပါ့) ဆိုတော့ ကိလေသာ ဆိုတာလည်း ဆယ်ပါးတောင် ရှိတယ် (မှန်ပါ့) ရှိပေမယ့် ခင်ဗျားတို့က ဒါနဲ့ ဒါ ကိုက်အောင်လုပ်ရင် ဘယ်ဟာမှ မလာနိုင်ပါဘူး။ လာနိုင်ပါ့မလား (မလာနိုင်ပါ ဘုရား) အဲဒီမှာ ဝီရိယပြင်းထန်ပေးလိုက်။

လောဘကိလေသာ၊ ဒေါသကိလေသာ၊ မောဟကိလေသာ၊ ဣဿာကိလေသာ၊ မစ္ဆရိယကိလေသာ၊ ကုက္ကုစ္စ ကိလေသာ (မှန်ပါ့) မာနကိလေသာ၊ ဥဒ္ဓစ္စကိလေသာ၊ ဝိစိကိစ္ဆာကိလေသာ၊ အဝိဇ္ဇာ ကိလေသာ၊ ကိလေသာဆယ်ပါး တောင်ရှိတယ် (မှန်ပါ ဘုရား)။

အဲဒါ ကြားမထိုးဘဲနဲ့ သူကဖြစ်ပျက်၊ သူက နောက်ကနေ မြန်မြန်လိုက်၊ ဖြစ်ပျက်မြင်တဲ့ မဂ်လိုက်လိုက် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

သူက ဖြစ်ပျက်ဆိုရင် နောက်က ဪ ဖြစ်ပျက်ကို မြင်တာ ချက်ချင်းလိုက် (မှန်ပါ) သူက ဖြစ်ပျက်သွား ပြီဆိုရင် သူက ဖြစ်ပျက်မြင်တာကို (ချက်ချင်းလိုက်ရပါမယ် ဘုရား)။

ကိလေသာဆယ်ပါး သူတို့ကြားထဲ ဝင်သေးရဲ့လား

ဒီလို လိုက်လိုက်သွားတော့ ကိလေသာဆယ်ပါး သူတို့ကြားထဲ ဝင်သေးရဲ့လား (မဝင်ပါ ဘုရား) မဝင်လို့ ရှိရင် ညနေအားထုတ်ရင် မနက်ရမှာပဲ (မှန်ပါ့) မနက်အားထုတ်ညနေရမယ် ဆိုတာက ဘုရားဟောခဲ့တယ်ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ ဘုရား)။

ဘုရားကိုက ဟောတာ၊ ဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ် မနက်အားထုတ် ညနေရတာပဲဟုတ်လား။ (မှန်ပါ) ဒီထက် ဖျင်းတဲ့ လူဟာ ခုနစ်ရက်လောက်ကြာတတ်တယ် (မှန်ပါ ဘုရား)။

သိပ်ဖျင်းတဲ့ လူဟာ ခုနစ်ရက်လောက် ကြာတတ်တယ် ဒါပဲ (မှန်ပါ့) အဲဒီတော့ ဒါကတော့ ကိုယ့်ပေါ်မှာ မူတည်တယ်လို့ အောက်မေ့ပါ (မှန်ပါ့) ရှင်းပြီနော် (မှန်ပါ ဘုရား)။

ကောင်းပြီ ဒါဖြင့် ကိလေသာ ကြားမခိုဖို့ဟာ ဒီအထဲမှာ နည်းသိပြီးသည့် အခြားမဲ့၌ ကိလေသာ ကြားမခိုဖို့ ရာ ဦးလှအရေးကြီးဆုံး (ကြီးပါတယ် ဘုရား)။

နည်းသိပြီးရင် ဘာအရေးကြီးသလဲ။ (ကိလေသာ ကြားမခိုဖို့ အရေးကြီးပါတယ်) ကိလေသာ ကြားမခိုဖို့ သိပ်အရေးကြီးပါတယ် (မှန်ပါ ဘုရား)။

နည်းသိဖို့ရာ ပထမ၊ ကြားမခိုဖို့ဒုတိယ

နည်းသိဖို့ရာ ပထမအရေးကြီးတယ်၊ နည်းသိပြီးတော့ သူကြားမခိုဖို့ကိုတော့ ဟောဒီအထဲမှာ ဝီရိယပါမယ်၊ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ သမ္မာဝါယာမဆိုတာ (မှန်ပါ့) အဲဒီ ဝီရိယကို ပြင်းထန်ပေးလိုက်၊ သူ ကြားမခိုနိုင်ဘူး။ ဒီအထဲ ဝီရိယကိုသာ ပိုပေး၊ ပိုပေးလိုက်လို့ရှိရင် ကြားမခိုနိုင်ဘူးဆိုတာ သဘောကျပြီ (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့် နည်းကောင်းကောင်း ငါရပြီဆိုပြီး သကာလ ခင်ဗျားတို့ ဒီဥစ္စာကို ဆယ့်သုံးခုပဲ ခန္ဓာကိုယ် ထဲမှာ ရှိတယ်။ ဒါ လှည့်ရှုရုံပဲ (မှန်ပါ)။

လှည့်ရှုလို့ အကုန်မြင်ပြီ၊ တပည့်တော်တို့ ရှုတိုင်း ရှုတိုင်း ဖြစ်ပျက်နဲ့ မဂ်နဲ့လဲ ကိုက်တယ်၊ ကိလေသာလဲ ကြားမခိုဘူးဆိုလို့ရှိရင် ခင်ဗျားတို့ ဒါဟာ ၁-နံပါတ် အချက်အောင်ပြီ (မှန်ပါ ဘုရား)

၁-နံပါတ်အချက် အောင်ပြီးတော့ကို ၂-နံပါတ်ကို ပြောလိုက်မယ်။ ၁-တော့ အောင်သွားပြီ။ ဖြစ်ပျက်နဲ့ မဂ်နဲ့ကိုက်ရင် ၁-အောင်ပြီ (မှန်ပါ)။

အဲဒီဖြစ်ပျက်ကို အောင်တယ်လို့ ခင်ဗျားတို့က မနေဘဲနဲ့ ဆက်ရှု၊ ဆက်ရှုလို့ရှိရင် ဒီဖြစ်ပျက်တွေဟာ မိမိ အသေလို့ မှတ်ပါ (မှန်ပါ) ဒါ မိမိသေနေတာ သူများသေတာ မဟုတ်ဘူး (မှန်ပါ)။

မုန်းလာလို့ရှိရင် ၂-နံပါတ်တက်လို့

ဒါ ဘာသေတာတုန်း (မိမိသေတာပါ ဘုရား) မိမိသေတယ်။ မိမိအသေ မိမိမြင်မိသောကြောင့် ဟောဒီဉာဏ် သည် မဂ္ဂင်ငါးပါးသည် မုန်းတဲ့ မဂ္ဂင်လာဖြစ်သည်။ မုန်းလာလို့ရှိရင် ၂-နံပါတ်တက်လို့မှတ် (မှန်ပါ) ဒါတွေရှုတာ မုန်းလာလို့ရှိရင် ၂-နံပါတ်တက်ပြီမှတ် (မှန်ပါ)။

မုန်းလာရင် (၂-နံပါတ်တက်ပါပြီ ဘုရား) ၂-နံပါတ်တက်ပြီ သူများမေးစရာမလိုဘူး (မလိုပါ ဘုရား) မလိုဘူး တဲ့။ သူများမေးစရာ မလိုဘူးတဲ့။

ကောင်းပြီ ဒါဖြင့် ၂-နံပါတ်က မုန်းတဲ့ ဉာဏ်တက်လာရင် မုန်းတဲ့ဉာဏ် အထမြောက်ပြီ (မှန်ပါ) ရှင်းပါ လား (ရှင်းပါပြီ ဘုရား)။

ပြန်မည့်လူတွေမို့ ဉာဏ်အဆုံးပေးလိုက်မယ် (မှန်ပါ) ကဲ မုန်းပေမယ့်တဲ့ ခင်ဗျားတို့က ဆက်လက်ပြီး သကာလ ရှုနေကြပါလို့ ဘုန်းကြီးက ပြောတယ်။ (မှန်ပါ)။

မုန်းပြီဘုရား ရှုကို မရှုချင်ဘူး။ မရှုချင်လဲ ရှုနေ။ ကြိုးစားရှုရမယ် (မှန်ပါ) မရှုချင်ရင်လည်း (ရှုရပါမယ် ဘုရား) ကြိုးစား ရှုရမယ်၊ ကြိုးစားရှုတော့ ဒီဉာဏ်တက်လာလိမ့်မယ်။ ၃-နံပါတ်တက်လာလိမ့်မယ် (မှန်ပါ)။

ဒုက္ခသစ္စာတွေပဲလို့ ဉာဏ်ထဲမှာ မြင်လာလိမ့်မယ်

ဒီဟာတွေဟာ ဒုက္ခသစ္စာတွေပဲလို့ ဉာဏ်ထဲမှာ မြင်လာလိမ့်မယ် (မှန်ပါ့)၊ ဒုက္ခသစ္စာတွေပဲလို့ မြင်လာလို့ ရှိရင် (၃) နံပါတ်တက်ပြီ (မှန်ပါ့)။

ဒုက္ခသစ္စာတွေပဲလို့ မြင်လာရင် (၃-နံပါတ်တက်ပါပြီ ဘုရား) ၃-နံပါတ် တက်လာတဲ့ အခါကျတော့ကို ခင်ဗျား တို့ ဪ ဒါ ဒုက္ခသစ္စာပဲလို့ ၃-နံပါတ်လဲ တက်လာပါရော အခုပြောတဲ့ ဆယ့်သုံးခုတွေဟာ ခင်ဗျားတို့ ဉာဏ်ရှေ့ မှာ ဒုက္ခသစ္စာတွေလို့ ပိုင်ပိုင်နိုင်နိုင်သိရင် အကုန်ပျောက်တယ် (မှန်ပါ ဘုရား)။

ဒါတွေ အကုန်ပျောက်သွားလိမ့်မယ် (မှန်ပါ့) ဒါတွေ အကုန်ပျောက်တော့ကို ခင်ဗျားတို့ ခန္ဓာပျောက်တယ် လို့ အောက်မေ့ (မှန်ပါ့)။

ဒါတွေ အကုန်ပျောက်သွားလိမ့်မယ်။ ဒီက မဂ္ဂင်ကလည်း သမ္မာဝါဟာ သမ္မာကမ္မန္တ သမ္မာအာဇီဝပြည့်မယ်၊ ရှစ်ခုပြည့်တယ် (မှန်ပါ့)။

ရှစ်ခုပြည့်သွားပြီ။ ဒါက ပျောက်ပြီးတော့ သွားတယ်။ ဒါတွေဟာ ဒုက္ခတွေ ဖြစ်သွားတယ်။ ဒုက္ခပျောက်ပြီး သကာလ ဪ ဒုက္ခမရှိတာ ဒါပါကလားလို့ ဒီဉာဏ်က သိတယ် (မှန်ပါ့ ဘုရား)။

၃-နံပါတ်ဉာဏ်သည် နိဗ္ဗာန်မြင်တဲ့ ဉာဏ်

ဒါဖြင့် ဒီဉာဏ်သည် ၃-နံပါတ်ဉာဏ်သည် နိဗ္ဗာန်မြင်တဲ့ ဉာဏ် (မှန်ပါ့) ၃-နံပါတ်ဉာဏ်သည် (နိဗ္ဗာန်မြင်တဲ့ ဉာဏ်ပါ ဘုရား) နိဗ္ဗာန်မြင်တဲ့ ဉာဏ်ပဲလို့ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)။

အဲဒီတော့ နိဗ္ဗာန်သာမြင်တော့တယ်၊ ဒီဖြစ်ပျက်တွေ သင်္ခါရတရားတွေ အကုန်ချုပ်တယ် (မှန်ပါ့) သင်္ခါရ တွေ (အကုန်ချုပ်ပါတယ် ဘုရား) အကုန်ချုပ်တယ်။ ဘာမှမရှိဘူးလို့ ဆုံးဖြတ်ချက်ချပါ။ (မှန်ပါ)။

ဒါဖြင့် ဒီဉာဏ်ဟာ ဘယ်သူ့ကို မြင်နေသတုန်း။ သင်္ခါရချုပ်တဲ့တရား မြင်နေတယ်။ (မှန်ပါ့) သင်္ခါရချုပ်တယ် ဆိုတာ ခန္ဓာပျောက်တယ်။ အဲဒါပျောက်တာမြင်လို့ရှိရင် ဒါနိဗ္ဗာန်၊ ဒါမဂ်ဉာဏ် သောတာပန်တည်တာပဲ (မှန်ပါ့)။

ဒီမဂ်ဉာဏ်လဲ ချုပ်သွားပြီးနောက် ဒီရှစ်ခုပဲ။ ဖိုလ်ဉာဏ်လာတာပဲ။ နောက်ကျတော့ ဒီရှစ်ခုနောက်ကနေပြီး ပစ္စဝေက္ခဏာဉာဏ်တွေလာတယ်။ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီလိုလာတော့ ဒီအထဲမှာ ဒိဋ္ဌိရေသောက်မြစ်နဲ့တကွ အကုန်ပျောက်တယ်။ ပျောက်တော့ ဒီဘက်မှာ အပါယ် သွားဖို့ ခန္ဓာဖြစ်သေးရဲ့လား။ (မဖြစ်ပါ ဘုရား) အပါယ်အို, သေကော (မရှိပါ ဘုရား) မရှိဘူးဆိုတော့ ပထမဂ်မြင့် မြင်အပ်သော နိဗ္ဗာန်ရပြီလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ပထမနိဗ္ဗာန်ရတယ်

ဘာရသလဲ (ပထမနိဗ္ဗာန် ရပါတယ် ဘုရား) ပထမနိဗ္ဗာန်ရတယ်လို့ ဆုံးဖြတ်ချက်ချပါ။ ပထမ မဂ်ဖြင့် မြင်အပ်သော နိဗ္ဗာန်ရပြီးတဲ့ပုဂ္ဂိုလ် ဒုတိယ မဂ်ဖြင့် မြင်အပ်သော နိဗ္ဗာန်ရချင်တော့ ခုနင်ကဟာ ပြန်ကောက်၊ ဒီအတိုင်း ပြန်ကောက်လိုက်ရင် ရတယ်။ (မှန်ပါ့)။

ခုနင်က တစ်ဆယ့်သုံးခု ပြန်ရှုရုံပဲ။ (မှန်ပါ့) ခုနင်ကလိုပဲ ဖြစ်ပျက်မြင်ပြီး ဖြစ်ပျက်မုန်း၊ ဒီဖြစ်ပျက်တွေဆုံး ရင် ဒုတိယနိဗ္ဗာန်ရဦးမှာပဲ။ (မှန်ပါ့) ဒုတိယမဂ်ပေါ့ (မှန်ပါ့)။

တတိယနိဗ္ဗာန် လိုချင်ပါသေးတယ်ဆိုရင် ထို့အတူပဲ ဒီက ပြန်ကောက်တယ်၊ အထူးတရားမရှိတော့ပါဘူး။ သဘောကျပလား၊ (ကျပါပြီ ဘုရား)။

အဲဒီတော့ ပထမနိဗ္ဗာန်တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ခင်ဗျားတို့ အလုပ်စဉ်နှင့်တကွ ပါသွားတယ်ဆိုရင် ကိစ္စပြီး တာပဲ။ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ နာရီပိုသွားပြီ တော်မှပဲ။

သာဓု သာဓု သာဓု။