သံသရာဖြတ်ခဏ်း၏ ရေသောက်မြစ်ရှာသည့်တရားတော် (၁)
သဿတ, ဥစ္ဆေဒ, အသိနဲ့ဖြုတ်ပုံ
(အစေလက ကဿပသုတ်)
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မိုးကုတ်မြို့ မင်္ဂလာတိုက်၌ ဟောကြားတော်မူအပ်သော
သံသရာဖြတ်ခဏ်း၏ ရေသောက်မြစ်ရှာသည့်တရားတော် (၁)
သဿတ, ဥစ္ဆေဒ, အသိနဲ့ဖြုတ်ပုံ
(၁၃-၉-၆၁)
ပုထုဇဉ်က သေတဲ့အခါ
ပဋိစ္စသမုပ္ပါဒ်အဆုံးမှာ ဒီဟာ ဇာတိ, ဇရာ, မရဏ တဲ့၊ ဒီအတိုင်းသိတယ်၊ ဇာတိ, ဇရာ, မရဏဆိုတဲ့ဥစ္စာ ဪ အနာဂတ်မှာ ဇာတိ ပဋိသန္ဓေနေရလို့ ဇရာ, မရဏနဲ့နေရတယ်၊ ပဋိသန္ဓေ နေမှုရှိလို့ အိုမှု, သေမှု ရှိတယ်ဆိုတဲ့ ဥစ္စာ မှတ်ထားပါ (မှန်ပါ့) ပုထုဇဉ်သာ အိုမှု, သေမှုရှိလို့ရှိရင်တဲ့ ဘုရားက သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ နောက်ကလိုက်တယ် မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)။
ပုထုဇဉ်က အိုတဲ့ သေတဲ့အခါကျလို့ရှိရင်တဲ့ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ နောက်ကလိုက်တယ် (မှန်ပါ့) **အရိယာတော့ မလိုက်ပါဘူး၊ အရိယာတော့ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ချုပ်ပြီးသားကိုးကွ။ (မှန်ပါ့) ပုထုဇဉ်တော့ အိုမှု, သေမှု တွေ့ကြုံတယ်ဆိုရင် သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ လိုက်တယ်လို့ မှတ်ထားပါ (မှန်ပါ့)။
**အနာဂါမ် ရဟန္တာကို ရည်ရွယ်သည်၊ အနာဂါမ်ရောက်လျှင် သောက စသည် မလိုက်တော့ပြီ၊
ဒါဖြင့် ဒီဟာတွေဟာ ဇာတိလဲ ဒုက္ခ, ဇရာ မရဏလဲ ဒုက္ခ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿတွေကော (ဒုက္ခပါ ဘုရား) အကုန်ဒုက္ခချည့်ပဲ (မှန်ပါ့) ဒါ ဒုက္ခအစုကြီး (မှန်ပါ့ ဘုရား)။
ဒါ့ကြောင့် ဒကာ ဒကာမတွေရတဲ့ ပဋိစ္စသမုပ္ပါဒ်မှာ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ၊ ဒုက္ခက္ခန္ဓဿ=ဒုက္ခ အစု၏၊ သမုဒယော=ဖြစ်ခြင်းသည်၊ ဟောတိ=ဖြစ်၏။ ဒုက္ခအစုကြီးကွတဲ့ (မှန်ပါ့)။
ပဋိသန္ဓေနေသည်ကစ၍ အိုမှု, သေမှု (မှန်ပါ့) နောက်သေခါနီးမှာ သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿဆို တော့ ပဋိသန္ဓေက စ,လိုက်တာ အိုတာရော သေတာရော အအို အသေနဲ့ ကြုံတဲ့အချိန်မှာလဲ သောကဆိုတဲ့ စိုးရိမ်မှု, ပရိဒေဝဆိုတဲ့ ငိုကြွေးမှု ကိုယ့်ဟာကိုယ်နော် (မှန်ပါ့)။
တဘဝလုံးမှာ ဘာအစုကြီးတုန်း
ဒါဖြင့် တဘဝလုံးမှာ ဘာအစုကြီးတုန်း (ဒုက္ခအစုကြီးပါ ဘုရား) ကြည့်လေ ဒါက ဇာတိ (မှန်ပါ့) ဒီဘက်က ဇရာ မရဏ (မှန်ပါ့)။
ဇရာ, မရဏ တွေ့တဲ့အခါကျတော့ ပုထုဇဉ်မှာ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿက လာပြန်တယ် (မှန်ပါ့)။
အဲဒီတော့ ဘုရားက စုချုံးပြီး ငါ ဟောရလို့ ရှိရင်ဖြင့် ပုထုဇဉ်မှန်က ပဋိစ္စသမုပ္ပါဒ်နဲ့ကြုံတဲ့ပုဂ္ဂိုလ်ဟူသ၍ ပဋိစ္စသမုပ္ပါဒ်ဖြစ်တဲ့ပုဂ္ဂိုလ်ဟူသ၍ ဇာတိက အစ ဇရာ မရဏ အဆုံး သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ လိုက်တာဘဲ (မှန်ပါ့) ဒါ့ကြောင့် ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ (မှန်ပါ့)။
ဦးလှ ဘာတဲ့တုန်း (ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိပါ ဘုရား) ဒုက္ခက္ခန္ဓဿ=ဒုက္ခအစု၏၊ သမုဒယော= ဖြစ်နေခြင်းသည်၊ ဟောတိ=ဖြစ်၏ (မှန်ပါ့)။
ဪ ပုထုဇဉ်မှ ပဋိသန္ဓေနေတုန်းကလည်း ဒုက္ခပဲ၊ အိုတော့လဲ (ဒုက္ခပါပဲ ဘုရား) သေခါနီးတော့ကော (ဒုက္ခပါပဲ ဘုရား) သေရတာကော (ဒုက္ခပါပဲ ဘုရား) သေကာနီး ဒုက္ခက ဒီဘက်ကဟာ (မှန်ပါ့) သေရတဲ့ ဒုက္ခနော် (မှန်ပါ့ ဘုရား)။
အစ အလယ် အဆုံး သုံးပါးစလုံး ဒုက္ခ
အဲဒီတော့ ပုထုဇဉ်မှာ အစ အလယ် အဆုံး သုံးပါးစလုံး ဒုက္ခ (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ် အစ အလယ် အဆုံး သုံးပါးစလုံးဒုက္ခ၊ ရှင်းပြီနော် (မှန်ပါ့)။
ကောင်းပြီ အခု တရားနာတဲ့ ဒကာ ဒကာမတွေမှာ အခု အလယ်ရောက်နေတယ် (မှန်ပါ) အစ, ဒုက္ခပြီးခဲ့ပြီ၊ အလယ်ဒုက္ခနဲ့နေတယ် (မှန်ပါ့) နောက်ကျတော့ အဆုံးဒုက္ခတွေနဲ့ကော (တွေ့ရဦးမှာပါ ဘုရား)။
ဪ ဒါဖြင့် ဒကာမတွေ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ရာဇဂြိုလ်ပြည်မှာ ဟောတယ်၊ သတ္တဝါတွေ မသိကြလို့ ဟေ့ ဒုက္ခကအစ ဒုက္ခအလယ် ဒုက္ခအဆုံး (မှန်လှပါ) စ,တာက (ဒုက္ခပါ ဘုရား) အလယ်မှာ (ဒုက္ခပါ ဘုရား) အဆုံးမှာ (ဒုက္ခပါ ဘုရား) အဆုံးလဲ ဒုက္ခပဲတဲ့၊ ဒါဖြင့် ဘာမှဆိုတာ မဟုတ်ဘူး ဒီခန္ဓာကြီးဆိုတာ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒီခန္ဓာကြီးမှာဖြင့် အစလဲ ဒုက္ခ, အလယ်လဲ ဒုက္ခ, အဆုံးမှာလဲ ဒုက္ခ၊ ပေါ်ပေါက်လာတာ စ,နေတာ၊ ဒုက္ခသစ္စာနဲ့ဘဲ နေရရှာတယ်၊ ဒုက္ခသစ္စာနဲ့ပဲ သေရရှာတယ် (မှန်ပါ့)။
ဒါဖြင့် သူ့မှာဖြင့် တကိုယ်လုံး အပ်သွားချစရာမရှိဘူး ဒုက္ခအစုကြီး (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား) ဒုက္ခအစုကြီးနဲ့နေရတယ်ဆိုတာ ရှင်းသွားပြီ (ရှင်းသွားပါပြီ ဘုရား)။
ဒီဒုက္ခအစုကြီးဟာ ခင်ဗျားတို့က မေးဖို့ကောင်းပါတယ်၊ တပည့်တော်တို့ဟာ အစလဲ ဒုက္ခနဲ့ဘုရား ပဋိသန္ဓေ နေတယ် ဟိုဘက်မှာ (မှန်ပါ့)။
အလယ် အိုမှုဆိုတာလဲ ဒုက္ခနဲ့ သေမှုဟာလဲ ဒုက္ခနဲ့၊ သေကာနီးလဲ ဒုက္ခ ပရိဒေဝ ဒုက္ခ ဒေါမနဿတွေနဲ့၊ လာပြန်တော့လဲ အစ အလယ် အဆုံး သုံးပါးစလုံး ဒုက္ခအစုကြီး ဖြစ်နေတယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဘယ်ကများ လာပါလိမ့်မတုန်း
ဘယ်ကများ လာပါလိမ့်မတုန်း ဒုက္ခဟာ မိမိပြုတာလား၊ မိမိပြုတာလဲမဟုတ်ဘူး၊ မိမိပြုလို့ရတဲ့ ဒုက္ခလဲ မဟုတ်ဘူး (မှန်ပါ) သူတပါးပြုလို့ရတဲ့ဒုက္ခလဲ (မဟုတ်ပါ ဘုရား) မိမိသူတပါး နှစ်ဦးသားပြုလုပ်လို့ရတဲ့ဒုက္ခလဲ မဟုတ်ဘူး (မှန်ပါ့) အလိုလိုပေါ်လာတဲ့ ဒုက္ခလဲ မဟုတ်ဘူး (မှန်ပါ့) ဒါ ဒီလေးချက် မှတ်ထားပါ (မှန်ပါ့)။
မိမိပြုလို့ရတဲ့ဒုက္ခလဲမဟုတ်ဘူး (မဟုတ်ပါ ဘုရား) သူတပါးပေးတဲ့ ဒုက္ခကော (မဟုတ်ပါ ဘုရား) မိမိ, သူတပါး နှစ်ဦးသား ပြုလုပ်တဲ့ ဒုက္ခကော (မဟုတ်ပါ ဘုရား) အလိုအပေါ်တဲ့ ဒုက္ခလားဆိုတော့လဲ (မဟုတ်ပါ ဘုရား)။
ဒါဖြင့် ဒုက္ခဟာ မိုးပေါ်ကျဖြစ်နေတယ် တဲ့၊ အခုအတိုင်းဆိုလို့ရှိရင် (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ကောင်းပြီ ဒီ ဒကာ ဒကာမတွေ၌ ဒုက္ခအစုကြီးလဲ ရှိနေပြီ၊ မိမိပြုခဲ့လို့ရတဲ့ဒုက္ခလဲ မဟုတ်ဘူး (မှန်ပါ့) သူတပါးပေးလို့ရတဲ့ ဒုက္ခလဲမဟုတ်ဘူး (မှန်ပါ့)။
မိမိသူတပါး နှစ်ဦးသားပေးတဲ့ ဒုက္ခကော (မဟုတ်ပါ ဘုရား) အလိုလိုပေါ်တဲ့ဒုက္ခလား (မဟုတ်ပါ ဘုရား) အဲဒီတော့ ဒီလေးချက်မဟုတ်တာကို မှတ်ထားမှ (မှန်ပါ့)။
ဒီလေးချက်မဟုတ်တော့ဖြင့် အကြောင်းကင်းနေရောပေါ့လို့ ဒီလိုဆိုလိုက်ပြန်တော့လဲ အဟေတုက ဒိဋ္ဌိဖြစ် လိမ့်မယ် ဒီလိုလဲ အကြောင်းမကင်းဘူးဆိုတော့ စောစောစီးစီး သိထားပါတဲ့ ဝတ္ထုမထုတ်ခင် (မှန်ပါ့)။
ဒီဇာတိ၏အကြောင်းကို ဦးလှရော, ဦးမာဒင်တို့ကရောရှာရလိမ့်မယ် (မှန်ပါ့) ကံကြောင့်ဖြစ်တယ်, ကမ္မဘဝဘဲ (မှန်ပါ့) ဒါဖြင့် ကမ္မဘဝဟာ ပဋိစ္စသမုပ္ပါဒ်ပဲ (မှန်ပါ့)။
ပဋိစ္စသမုပ္ပါဒ်တမျိုး, ပဋိစ္စသမုပ္ပန္နတမျိုး
သူက ပဋိစသမုပ္ပါဒ်, သူက ပဋိစ္စသမုပ္ပန္န၊ သူကအကြောင်း၊ ဒီဘက်ကဇာတိက (အကျိုးပါ ဘုရား) ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်ကြောင့်ဖြစ်တာ (မှန်ပါ့)။
ဒုက္ခ ဘယ်သူ့ကြောင့်ဖြစ်သတုန်း (ပဋိစ္စသမုပ္ပါဒ်ကြောင့်ဖြစ်ပါတယ် ဘုရား) သူက ပဋိစ္စသမုပ္ပါဒ် မဟုတ်ဘူး လား (မှန်ပါ့) ဒီက ပဋိစ္စသမုပ္ပန္န (မှန်ပါ့)။
ပဋိစ္စသမုပ္ပါဒ်တမျိုး, ပဋိစ္စသမုပ္ပန္နတမျိုး (မှန်ပါ့ ဘုရား) အကြောင်းက ပဋိစ္စသမုပ္ပါဒ်၊ အကျိုးက ပဋိစ္စသမုပ္ပန္န (မှန်ပါ့) ဒါဖြင့် ဒုက္ခဟာ ပဋိစ္စသမုပ္ပါဒ်ကြောင့်ဖြစ်တာလို့ မှတ်ထားလိုက်ပါ (မှန်ပါ့)။
ကောင်းပြီ ဒါ ကံ, ဘယ်သူ့ကြောင့် ဖြစ်သတုန်းဆိုတော့ ဥပါဒါန်ကြောင့်ဖြစ်တယ် (မှန်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
ဥပါဒါနပစ္စယာ ကမ္မဘဝေါ သဘောကျပလား (ကျပါပြီ ဘုရား) တဏှာကြောင့်ဖြစ်တဲ့ ဒီ ဥပါဒါန် (မှန်ပါ့) ဆိုနိုင်မလား (ဆိုနိုင်ပါတယ် ဘုရား)။
ကောင်းပြီ ဒီတဏှာ ဘယ်သူ့ကြောင့် ဖြစ်ပါသတုန်းလို့မေးပြန်တော့လဲ အရင်သိတဲ့အတိုင်း ခန္ဓာငါးပါးကြောင့် လာဦးမှာဘဲ (လာမှာပါ ဘုရား) မလာပေဘူးလား (လာပါတယ် ဘုရား)။
ဒါဖြင့် ဒီဒုက္ခအစုကြီး၊ အခုရ, ထားတဲ့ ဒုက္ခအစုကြီးအတိတ်ကကျုပ်တို့ဒါတွေလုပ်ခဲ့လို့ ဒီအကြောင်းတွေ ကြောင့် ယခုဒုက္ခအစုကြီးရတယ် (မှန်ပါ့) ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်ကြောင့်ဖြစ်တာပေါ့ (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ ဘုရား)။
ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်ကြောင့်ဖြစ်တယ်လို့ သိတဲ့ပုဂ္ဂိုလ်တွေကျတော့ ပဋိစ္စသမုပ္ပါဒ်အစကို ဖြတ်လိုက်ရင်ပြီးတာ ဘဲ (မှန်ပါ့) ဒီခန္ဓာကြောင့် ဒီပဋိစသမုပ္ပါဒ်တွေဖြစ်တယ် (မှန်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
** ဒီခန္ဓာခင်မှုကြောင့် ဒီတဏှာဖြစ်တယ်ဆိုတော့ သူက ပဋိစ္စသမုပ္ပါဒ် သူက ပဋိစ္စသမုပ္ပန္န (မှန်ပါ့) သူ့ကို ခင်ဗျားတို့က ချုပ်အောင်မလုပ်ပြန်တော့ သူက ပဋိစ္စသမုပ္ပါဒ် သူက ပဋိစ္စသမုပ္ပန္န (မှန်ပါ့)။
** ဤနေရာ၌ ပုံစံကိုပြ၍ ပဋိစ္စသမုပ္ပါဒ်နှင့် ပဋိစ္စသမုပ္ပန္န တလှည့်စီဖြစ်ပုံကို ပြတော်မူသည်။
တခါ သူ့ချုပ်အောင် မလုပ်ပြန်ဘူး ခင်ဗျားတို့က သူက ပဋိစ္စသမုပ္ပါဒ်၊ သူကကော (ပဋိစ္စသမုပ္ပန္နပါ ဘုရား)။
အစဆုံးပဋိစ္စသမုပ္ပါဒ်ဆုံးအောင်လုပ်ရမယ်
သူ့ကိုချုပ်အောင်မလုပ်ပြန်ဘူး ခင်ဗျားတို့က သူက ပဋိစ္စသမုပ္ပါဒ်ဖြစ်ပြန်တယ် (မှန်ပါ့) သူက (ပဋိစ္စသမုပ္ပန္န ဖြစ်ပါတယ် ဘုရား) ဒီလိုချည့် သွားမှာဘဲ (မှန်ပါ့)။
ဒါဖြင့် ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ်ကို အစဆုံးပဋိစ္စသမုပ္ပါဒ်ဆုံးအောင်လုပ်ရမယ် (မှန်ပါ့) အဲ ဒီမှာ လာတွေ့ပြီ (မှန်ပါ့) မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)။
သူက အစဖြစ်နေတယ်၊ သူက အစဖြစ်နေတော့ သူမဆုံးသ၍သူဆုံးပါ့မလား (မဆုံးပါ ဘုရား) ဒါ သေသေချာ ချာ စဉ်းစားပါ၊ ဒီဥစ္စာ အရေးကြီးတယ် (မှန်ပါ့) သံသရာဖြတ်ခန်း၏ ရေသောက်မြစ်ရှာတဲ့တရားလို့ မှတ်ထားပါ (မှန်ပါ့)။
ဘာရှာကြမလဲ (သံသရာဖြတ်ခဏ်း၏ ရေသောက်မြစ်ရှာပါတယ် ဘုရား) မှတ်ထား ဒကာမကြီးတွေ သံသရာ ဖြတ်ခန်း၏ ရေသောက်မြစ်ရှာတဲ့တရား(မှန်ပါ့)။
ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်ဖြတ်မှ ပဋိစ္စသမုပ္ပန္နပြတ်မယ် ဒီနေ့တရားက (မှန်ပါ့) ဒီဒုက္ခအစုကြီးဟာ ပဋိစ္စသမုပ္ပန္န၊ သူက ပဋိစ္စသမုပ္ပါဒ် (မှန်ပါ့) တခါသူက ပဋိစ္စသမုပ္ပန္န၊ သူက ပဋိစ္စသမုပ္ပါဒ် (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့)။
သူက ပဋိစ္စသမုပ္ပန္န ဖြစ်တဲ့အခါ သူက ပဋိစ္စသမုပ္ပါဒ် (မှန်ပါ့ ပဋိစ္စသမုပ္ပါဒ်ပါ ဘုရား) သူက ပဋိစ္စသမုပ္ပန္န ဖြစ်တဲ့အခါ သူက ပဋိစ္စသမုပ္ပါဒ် (မှန်ပါ့)။
ဒါကြောင့် ပဋိစ္စသမုပ္ပါဒ်အစဟာ ဒီဘဝမှာဖြင့် ဖြတ်ချင်တဲ့ပုဂ္ဂိုလ်မှာ ခန္ဓာက စ, ဖြတ်ရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘယ်ကစ, ဖြတ်ချမလဲ (ခန္ဓာက စ,ဖြတ်ရပါမယ် ဘုရား) ခန္ဓာက စ, ဖြတ်ရမယ် (မှန်ပါ့) ခန္ဓာက စ,ဖြတ်ရ မယ်ဆိုတော့ ခန္ဓာဝိပဿနာဉာဏ်ဝင်မှာဘဲ ဒီက ပဋိစ္စသမုပ္ပန္နတွေ ပြတ်မယ် (မှန်ပါ့)။
ဒီပဋိစ္စသမုပ္ပါဒ်နဲ့ ဒီကပဋိစ္စသမုပ္ပန္နနဲ့ ဒီအကြောင်းနဲ့ဒီအကျိုးဖြတ်ပေးရမယ် (မှန်ပါ့) မဆက်မိစေနဲ့ (မှန်ပါ့) ဆက်မိရင် တောက်လျှောက်သွားမယ် (မှန်ပါ့)။
ဆက်မိရင် ဘယ့်နှယ်ဆိုကြမယ် (တောက်လျှောက်သွားမှာပါ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။
နိဗ္ဗာန်ကြီး လိုချင်ပါတယ် ဆိုလို့ရှိရင်
ဒါဖြင့် ခင်ဗျားတို့ ဒုက္ခဖြတ်ချင်လို့ရှိရင် တပည့်တော်တို့ ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန်ကြီး လိုချင်ပါတယ် ဆိုလို့ရှိရင် ပဋိစ္စသမုပ္ပါဒ်ကို မဆက်မိစေနဲ့ဟေ့ ပြောရုံပဲ (မှန်ပါ့) ဟုတ်ပလား (မှန်ပါ့)။
ဘယ်လိုပြောကြမယ် (ပဋိစ္စသမုပ္ပါဒ် မဆက်မိစေနဲ့ ဘုရား) ပဋိစ္စသမုပ္ပါဒ်နဲ့ ပဋိစ္စသမုပ္ပန္နနဲ့ မဆက်မိစေနဲ့၊ ဒါပဲပြောရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘာနဲ့ဘာမဆက်မိစေရမလဲ (ပဋိစ္စသမုပ္ပါဒ်နဲ့ ပဋိစ္စသမုပ္ပန္နမဆက်မိစေနဲ့ ဘုရား) ရှည်နေလိမ့်မယ်တဲ့၊ ဒါ အခု သိသွားပြီ၊ ဒီအကြောင်းနဲ့ ဒီအကျိုး မဆက်မိစေနဲ့ကွ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ထိုထိုပြောတော့ ခန္ဓာနဲ့ တဏှာနဲ့ မဆက်မိစေနဲ့ (မှန်ပါ့) ဘယ့်နှယ်ပြောမလဲ (ခန္ဓာနဲ့တဏှာနဲ့ မဆက်မိစေ နဲ့ ဘုရား) ခန္ဓာနဲ့ တဏှာ မဆက်မိစေနဲ့၊ ဪ အတော်နေရာကျပြီ (မှန်ပါ့)။
ဦးလှ ဘာတဲ့တုန်းဗျ (ခန္ဓာနဲ့တဏှာ မဆက်မိစေနဲ့ ဘုရား) အဲဒီတော့ ခန္ဓာနဲ့ တဏှာ မဆက်မိလို့ရှိရင်ဖြင့် ဒုက္ခက္ခန္ဓဿ နိရောဓေါ ဟောတိ၊ ဒုက္ခအစုကြီးချုပ်တယ် (မှန်ပါ့) မချုပ်ပေဘူးလား (ချုပ်ပါတယ် ဘုရား) ဘယ့်နှယ် ကြောင့်ချုပ်သတုန်းလို့မေးရင်၊ ခင်ဗျားတို့ ဘယ့်နှယ်ဖြေမလဲ (ခန္ဓာနဲ့ တဏှာ မဆက်လို့ပါ ဘုရား)။
ဒါဖြင့် ဒီမဂ်မဝင်ရင် အလကားဘဲ (မှန်ပါ့) ဒီမဂ်မဝင်သ၍ ကာလပတ်လုံး ပဋိစ္စသမုပ္ပါဒ်နဲ့ ပဋိစ္စသမုပ္ပန္န ဆက်နေမှာဘဲ (ဆက်ပါတယ် ဘုရား)
အကြောင်းနဲ့အကျိုး (ဆက်နေမှာပါ ဘုရား) သမုဒယနဲ့ဒုက္ခလဲ (ဆက်နေပါတယ် ဘုရား) ဪ ဒီလိုသွားနေမှာ ဘဲ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒီနေ့တရားက သိပ်အဖိုးတန်တယ် (မှန်ပါ့) ဦးမာဒင် သေသေချာချာမှတ်ပါ (မှန်ပါ့) သေသေချာချာမှတ်ပါ။ ဒီဥစ္စာ သိပ်အရေးကြီးတယ်လို့ သိကြပလား (သိပါပြီ ဘုရား)။
ထိုဒုက္ခအစုကြီးဟာ ဒီက ပဋိစ္စသမုပ္ပါဒ် အကြောင်းနဲ့ အကျိုးဆက်နေလို့ သူတွေ့ရတာ (မှန်ပါ့) ဒီက မဆက်မိရင် (မတွေ့ပါ ဘုရား) မတွေ့ရဘူး (မှန်ပါ့)။
ဒါဖြင့် ခင်ဗျားတို့ ဘယ်လိုလုပ်ရမှာတုန်းလို့ ခန္ဓာနဲ့ တဏှာမဆက်ဘို့ အရေးကြီးတယ် (မှန်ပါ့) ဘာအရေးကြီး သလဲ (ခန္ဓာနဲ့တဏှာမဆက်မိဖို့ အရေးကြီးပါတယ် ဘုရား)။
လိုရင်းတွေ့ပြီဗျ (မှန်ပါ့) လိုရင်းတွေ့ပြီဗျ ဦးလှရဲ့ (မှန်ပါ့ ဘုရား) ဘာတဲ့တုန်း (ခန္ဓာနဲ့တဏှာ မဆက်ဖို့ပါ ဘုရား)။
ခန္ဓာနဲ့တဏှာ မဆက်ဖို့ဆိုတာက ဒီလိုသိရုံမျှနဲ့လည်း ခန္ဓာနဲ့တဏှာမဆက်လို့ရင် ဒုက္ခအစုကြီးတော့ မလာ တော့ဘူး၊ မဟုတ်ဘူးလား (မှန်ပါ့)။
ခန္ဓာနဲ့တဏှာမဆက်လို့ရှိရင်
ခန္ဓာနဲ့တဏှာမဆက်လို့ရှိရင် (ဒုက္ခအစုကြီးတော့ မလာတော့ပါ ဘုရား) သေချာပြီ(မှန်ပါ့ သေချာပါပြီ ဘုရား)။
ဪ ဒါဖြင့် ကျုပ်တို့ ခဏခဏ ပဋိသန္ဓေနေခြင်း ဆင်းရဲအိုနာ ဆင်းရဲသောကပရိဒေဝ,ဒုက္ခဒေါမနဿတွေ နဲ့ ဒီဒကာ ဒကာမတွေမှာ နေရတာ ဘာပါလိမ့်မလဲလို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား) တွေ့ပြီ ဒီမှာ (မှန်ပါ့) ဘာတွေ့သလဲ (ခန္ဓာနဲ့ တဏှာ မဆက်မိဖို့ပါ ဘုရား)။
ကိုင်း ဘုရားက ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ၊ ဒုက္ခအစုကြီး မင်းတို့ဖြစ်နေပြီတဲ့ (မှန်ပါ့) ဒကာ ဒကာမ တွေမှာ အခုဘာဖြစ်နေကြသလဲ (ဒုက္ခ အစုကြီး ဖြစ်နေပါတယ် ဘုရား)။
ဒုက္ခအစုကြီးဖြစ်နေတယ်၊ ပဋိသန္ဓေနေခြင်း ဆင်းရဲဟာလည်းဒုက္ခပဲ၊ အခု တောက်လျှောက်အိုလာတာလဲ (ဆင်းရဲပါ) သေခါနီးကော (ဆင်းရဲပါပဲ ဘုရား) သေခါနီးမှာ တွေ့ရမည့် သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသတွေကော (ဆင်းရဲပါပဲ ဘုရား)။
အဲဒီ ဒုက္ခအစုကြီးဟာ အလိုလိုဖြစ်သလားလို့ မေးရင်း ဘယ့်နှယ်ပြောကြမလဲ (မဟုတ်ပါ ဘုရား)။
ဒါဖြင့် ပြန်မေးတယ်၊ ဒုက္ခအစုကြီးဟာ မိမိပြုတာလား (မဟုတ်ပါ ဘုရား) သူတစ်ပါးပြုတာလား (မဟုတ်ပါ ဘုရား) မိမိ သူတပါးနှစ်ဦးသား ပြုတာလား (မဟုတ်ပါ ဘုရား) အလိုလိုဖြစ်တာလား (မဟုတ်ပါ ဘုရား) ဟောဒီ ပဋိစ္စသမုပ္ပါဒ်ကြောင့် ဟောဒီပဋိစ္စသမုပ္ပန္နဖြစ်တယ် (မှန်ပါ့) ဆိုနိုင်ကြသလား (ဆိုနိုင်ပါတယ် ဘုရား)။
ဒါဖြင့် ခုနင်က ပြောခဲ့တဲ့ အကြောင်းလေးကြောင်း လွတ်သွားတယ် (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် သံသရာထဲမှာ ခင်ဗျားတို့တစ်ဘဝ ရောက်လာပြန်လည်း ပဋိသန္ဓေလိုက်, အိုလိုက်, နာလိုက်, သေလိုက်, ငိုကြွေးလိုက် (မှန်ပါ့)ဘယ်ကများ လာပါလိမ့်မတုန်းလို့ မေးတဲ့အခါ မိမိပြုတာလည်းမဟုတ်ဘူး ဒီအို, နာ, သေဟာနော် (မှန်ပါ့ ဘုရား)။
သူတစ်ပါးပြုတာလည်း မဟုတ်ဘူး (မဟုတ်ပါ ဘုရား) မိမိ သူတစ်ပါး နှစ်ဦးသားပြုတာလည်း မဟုတ်ဘူး၊ ပဋိစ္စသမုပ္ပါဒ်ကြောင့်ဖြစ်သည် (မှန်ပါ့) ဘယ့်နှယ်ဆိုကြမယ် (ပဋိစ္စသမုပ္ပါဒ်ကြောင့် ဖြစ်ပါတယ် ဘုရား)။
ဂျွမ်းထိုး မှောက်ခုံဖြစ်လိမ့်မယ်
ဒါဖြင့် ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ်နဲ့ ပဋိစ္စသမုပ္ပန္န မဖြတ်သရွေ့ ကာလပတ်လုံး ဦးလှတို့, ဦးမာဒင်တို့ ဂျွမ်းထိုး မှောက်ခုံဖြစ်လိမ့်မယ် (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ဆိုကြမလဲ (ဂျွမ်းထိုးမှောက်ခုံဖြစ်ပါတယ် ဘုရား) ပဋိစ္စသမုပ္ပါဒ်နဲ့ ပဋိစ္စသမုပ္ပန္န မဖြတ်တဲ့ ပုဂ္ဂိုလ် ဘာဖြစ်မယ်ထင်ကြသတုန်း (ဂျွမ်းထိုးမှောက်ခုံပါ ဘုရား) ဂျွမ်းထိုးမှောက်ခုံပဲ၊ သံသရာ့ခရီးသည်တွေပဲ (မှန်ပါ့ ဘုရား)။
ဒီနေ့ ဒါဖြင့် ထူးထူးခြားခြား သိရတယ် (မှန်ပါ့ ဘုရား) သံသရာထဲ ဟိုအိမ်ကြည့်လိုက်ပြန်လည်း သူ့အပူနဲ့ သူ၊ ဒီဘက် အိမ်ကြည့်လိုက်ပြန်လည်း သူ့အရှုပ်နဲ့သူ (မှန်ပါ့) ဟိုဘက်အိမ်ကြည့်လိုက်ပြန်လည်း သူ့ငိုပွဲနဲ့သူ (မှန်ပါ့ ဘုရား)။
ဟိုဘက်အိမ်ကြည့်လိုက်ပြန်လည်း ဟိုမှာ လူမမာတွေ ဝိုင်းနေတာနဲ့ (မှန်ပါ့) ဘယ်အိမ်က ကျက်သရေမင်္ဂလာ ရှိသတုန်း မေးရင်ကော (ဘယ်အိမ်မှ မရှိပါ ဘုရား)။
ဟိုဘက်အိမ်မှာလည်း ခန္ဓာငါးပါးရှိလို့ ဒုက္ခရှိတာပဲ (မှန်ပါ့) ဒီဘက်အိမ်ကြည့်လိုက်ပြန်လည်း (ခန္ဓာငါးပါး ရှိလို့ ဒုက္ဓရှိပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘုရားသခင်ကိုယ်တော်မြတ်ကြီး ရာဇဂြိုလ်ပြည်မှာ ဆွမ်းခံကြွတယ် (မှန်ပါ့) အစေလက, ကဿပဆိုတာက အဝတ်မပါဘူး (မှန်ပါ့) အဝတ်မပါဘဲနဲ့ သူတို့ တိတ္ထိတို့၏ အကျင့်အတိုင်း ကျင့်တယ်၊ သူကလည်း ဆွမ်းခံလာတယ် (မှန်ပါ့) ဆွမ်းခံလာတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးနဲ့ ဆွမ်းခံရင်း တွေ့ကြတယ် (မှန်ပါ့) ရှင်ကြီးဂေါတမ ပုစ္ဆာကလေးတစ်ခု အခွင့်ရရင်မေးစမ်းချင်ပါတယ်တဲ့ (မှန်ပါ့ ဘုရား)။
မေးစမ်းချင်တယ်ဆိုတော့ ဘုရားက ကဿပ ဆွမ်းခံရင်းကွ မတော်ပါဘူး (မှန်ပါ့) ဒါနဲ့ ဒီအတိုင်း ဆွမ်းခံ ထွက်ကြတယ်၊ နောက် * တစ်ပြလောက် ရောက်ပြန်တော့ အရှင်ကြီးဂေါတမသိပ်လည်း မများပါဘူး ပုစ္ဆာကလေး မင်းခွင့်ရရရင် မေးစမ်းပါရစေတဲ့၊ အို ဆွမ်းခံရင်း ရှိသေးတယ်ကွ မမေးအပ်ပါဘူးတဲ့၊ ဒီလိုပြောလိုက်တယ် (မှန်ပါ့ ဘုရား)။
*တစ်ပြ နှစ်ပြဆိုသည် မန္တလေးမှာ သုံးသော အသုံးဖြစ်သည်။
ဒုက္ခကို မိမိပြုတာလားတဲ့
နောက် သုံးခါကျတော့ ရှင်ကြီးဂေါတမ ပုစ္ဆာမေးပါရစေ အခွင့်ရလို့ရှိရင်တဲ့ (မှန်ပါ့) မေးတောကွ၊ ဘုရားက မေးတော့ကွာလို့ အမိန့်လည်းပေးလိုက်ရော သူမေးတယ်၊ ရှင်ကြီးဂေါတမ ဒုက္ခကို မိမိပြုတာလားတဲ့၊ ဒါတွေ မိမိပြုတာ လားမေးတာပဲ (မှန်ပါ့) မဟုတ်ပါဘူးကွာတဲ့၊ ကဿပ ဒီလိုမပြောနဲ့ ဒီလိုမဆိုပါနဲ့ကွာ၊ ဒုက္ခမိမိပြုတာလားလို့ မပြောပါနဲ့ (မှန်ပါ့ ဘုရား)။
ဒါနဲ့ မကျေနပ်ဘူး သူက၊ ဒါဖြင့် ရှင်ကြီးဂေါတမ ဒုက္ခကို သူတစ်ပါးပြုတာလားတဲ့ (မှန်ပါ့) မဟုတ်ဘူးကွ၊
သူတစ်ပါးပြုတာလည်း မဟုတ်ဘူးတဲ့ (မှန်ပါ့) နှစ်ခုရှိပြီနော် (မှန်ပါ့ ဘုရား)။
ဆက်မေးတယ်၊ ဒါဖြင့် အားလုံးသတ္တဝါတွေမှာ ဒုက္ခဟာမိမိသူတစ်ပါး နှစ်ဦးသား ပြုတာလားတဲ့၊ မေးပြန်တယ် (မှန်ပါ့) ဒီလိုလည်း မဟုတ်ပါဘူးကွာတဲ့ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ရှင်ကြီးဂေါတမ ဆက်မေးပါရစေဦး ဆက်မေးပါရစေဦးတဲ့နော် (မှန်ပါ့) မိမိသူတစ်ပါး နှစ်ဦးသား မပြုလို့ရှိရင် အလိုလိုပေါ်တဲ့ ဒုက္ခတွေလားတဲ့ (မှန်ပါ့) ဟာ ဒီလိုလည်း မဟုတ်ပါဘူးကွပဲ၊ လေးချက်ရှိသွားပြီ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘယ်နှစ်ချက်ရှိသွားပလဲ (လေးချက်ရှိသွားပါပြီ) နောက်နှစ်ချက်မေးဦးမယ် (မှန်ပါ့) ရှင်ကြီးဂေါတမ ဒါဖြင့် ဒုက္ခဟာမရှိဘူးလားတဲ့ (မှန်ပါ့) ဟာ ကဿပ ဒုက္ခရှိတယ်ကွတဲ့ (မှန်ပါ့) ဒုက္ခရှိတယ်၊ ဒါတွေဟာဒုက္ခတွေပဲ (မှန်ပါ့ ဘုရား)။
ခုနင်က ဘုရားက တစ်ခုမှမဖြေခဲ့တော့ သူကဆက်မေးတယ်၊ အခု ငါးခုမေးသွားပြီ (မှန်ပါ့) ခြောက်ခုမြောက် ဆက်မေးတယ်၊ အရှင်ကြီးဂေါတမတဲ့ ဒါဖြင့် အရှင်ကြီးဂေါတမ ဒုက္ခကို မသိဘူးလားတဲ့ မေးပြန်ပြီ (မှန်ပါ့) သိပါတယ် ကွတဲ့၊ ဒုက္ခကို သိပါတယ်လို့ ဘုရားကဖြေလိုက်တယ် (မှန်ပါ့ ဘုရား)။
ခက်တယ်တဲ့ ရှင်ကြီးဂေါတမ မေးရတာ၊ ဒုက္ခကို မိမိပြုတာလားဆိုတော့လည်း မဟုတ်ဘူးတဲ့၊ ဒုက္ခကို မိမိ-သူတစ်ပါး နှစ်ဦးသားပြုတာလားဆိုတော့လည်း မဟုတ်ဘူးတဲ့၊ ဒုက္ခအလိုလို ပေါ်တာလားဆိုတာလည်း မဟုတ်ဘူး တဲ့၊ ဒုက္ခအလိုလို ပေါ်တာလားဆိုတော့လည်း မဟုတ်ဘူးတဲ့၊ ဒုက္ခမသိဘူးလား ဆိုတော့လည်း သိတယ်လို့ ပြောပြန်တယ်၊ ဒုက္ခမရှိဘူးလားလို့ မေးပြန်တော့လည်း ရှိတယ်လို့ ပြောပြန်တယ် (မှန်ပါ့) အဲဒီတော့ ကျုပ်တော့ဖြင့် ရှင်းရှင်းလင်းလင်း တရားဟောမှပဲရှင်းမှပဲတဲ့၊ နို့မဟုတ်လို့ရှိရင် မရှင်းတော့ဘူးတဲ့ (မှန်ပါ့ ဘုရား)။
အေး မင်းဒါဖြင့် သေသေချာချာနာ၊ ငါသေသေချာချာရှင်းပြမယ်ဆိုပြီး ဘုရားကဟောတော့ ပဋိစ္စသမုပ္ပါဒ် ကြောင့် ဖြစ်တာကွာတဲ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒုက္ခဘယ်သူ့ကြောင့် ဖြစ်သတုန်း
ဒုက္ခဘယ်သူ့ကြောင့် ဖြစ်သတုန်း (ပဋိစ္စသမုပ္ပါဒ်ကြောင့်ဖြစ်ပါတယ် ဘုရား)။
မှတ်ထားကြပါ နောက်က ဒကာ ဒကာမတွေက ဒုက္ခဘယ်သူ့ကြောင့် ဖြစ်သတုန်း (ပဋိစ္စသမုပ္ပါဒ်ကြောင့် ဖြစ်ပါတယ် ဘုရား) အကြောင်းကြောင့် အကျိုးဖြစ်တာတွေနော် (မှန်ပါ့ ဘုရား)။
ဒါ ခင်ဗျားတို့က ဪ ဘုန်းကြီး ဒါကိုပဲ လည်လည်ပယ်ပယ် ပြောပြီးသကာလ နေတယ် ဝိပဿနာလုပ်စေ ချင်လို့ ဒါကိုပဲ ဟောနေတာပဲလို့ ဒီလိုမထင်ပါနဲ့ဦး၊ ဒိဋ္ဌိသတ်လိမ့်ဦးမယ် ဘုရားက (မှန်ပ့ါ) ဒိဋ္ဌိသတ်လိမ့်ဦးမယ်၊ ဒိဋ္ဌိ သတ်ရင်လည်း နိဗ္ဗာန်ရောက်မှာပဲ၊ ပဋ္ဌိနိဗ္ဗာန်ဟာ ဒိဋ္ဌိသတ်မှ ရောက်မယ် (မှန်ပါ့)။
ကဿပ တဲ့၊ ငါပြောမယ် မင်းသေသေချာချာနားထောင် ပဋိစ္စသမုပ္ပါဒ်ကြောင့် ဖြစ်တယ်ဆိုတာ ဟုတ်တယ်၊ အကယ်၍ မင်းမေးတဲ့အတိုင်းတဲ့ ဒုက္ခဟာ မိမိပြုတာလားလို့ မင်းကမေးတယ်တဲ့၊ ၁-နံပတ် (မှန်ပါ့)။
ဒုက္ခဟာ မိမိပြုတာလားလို့ မေးလိုက်တဲ့အခါကျလို့ ရှိရင် မိမိပြုတယ်လို့ ငါက ဖြေလိုက်လို့ရှိရင် မင်းမှာ သဿတ ဒိဋ္ဌိဖြစ်တော့မယ်တဲ့ (မှန်ပါ့) မိမိပြုလို့ မိမိခံရတယ်၊ ဒီလိုမင်းယူလိမ့်မယ် (မှန်ပါ့)။
ကိုယ်ပြုလို့ ကိုယ်ခံရတယ်၊ သဘောကျပလား (ကျပါပြီ) ပြုတဲ့လူကလည်း ကိုယ်၊ ခံရတာလည်း (ကိုယ်ပါ ဘုရား) အဲဒါ သဿတဒိဋ္ဌိ (မှန်ပါ့) အဲဒီလို အစွဲမျိုး ဗုဒ္ဓဘာသာဝင်တွေမှာတောင်ရှိနေတယ်၊ ဗုဒ္ဓဘာသာတွေမှာ ဒီဒိဋ္ဌိရှိနေ တယ်ကွ (မှန်ပါ့) ဦးလှရှင်းရဲ့လား (မှန်ပါ့)။
ခင်ဗျားတို့ ကိုယ်တိုင်သုံးနေတာပါ၊ ဦးမာဒင်တို့ ကိုယ်တိုင်သုံးနေတာပါ (မှန်ပါ့) မင်းပြု မင်းခံရမှာပေါ့ကွ၊ ဘာဒိဋ္ဌိနဲ့ သုံးနေသတုန်း (သဿတဒိဋ္ဌိနဲ့သုံးနေပါတယ် ဘုရား) ဖြစ်မှဖြစ်ရပလေ၊ ခင်ဗျားတို့ ဗုဒ္ဓဘာသာဆိုပြီး ဒိဋ္ဌိဖြစ်နေ တယ် (မှန်ပါ့ ဘုရား)။
ကဲ ဒါမသိရင် မခက်ဘူးလား (ခက်ပါတယ် ဘုရား) မိမိပြုရင် မိမိခံရမှာပဲ တဲ့၊ နောက်က ဒကာ ဒကာမတွေ ဒီအတိုင်း ယူထားတယ် (မှန်ပါ့)။
ဒါဖြင့် ပြုတာလည်း မိမိ, ဟိုလိုက်ခံရမှာကလည်း မိမိဆိုတော့ ဒီမိမိက ဟိုသွားခံတယ်ဆိုတော့ သဿတဒိဋ္ဌိ သွားဖြစ်တယ် (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
ဒါ မသိလို့ ပြောတာ၊ အထင်နဲ့ ပြောရင် တကယ့်ဒိဋ္ဌိပဲ (မှန်ပါ့) အထင်နဲ့ပြောရင် (တကယ်ဒိဋ္ဌိပါ ဘုရား) မိမိပြုရင် (မိမိခံရပါတယ် ဘုရား) ဘာဒိဋ္ဌိတုန်းဗျ (သဿတဒိဋ္ဌိပါ ဘုရား)။
အံမာလေး ကြောက်စရာကြီးပါလား၊ ခင်ဗျားတို့ ထင်လည်းထင်တယ် (မှန်ပါ့)။
ငါလုပ် ငါရမှာပေါ့တဲ့
ဦးမာဒင်က ကျောင်းဆောက်ထားတယ် ဦးလှက ကျောင်းဆောက်ထားတယ်၊ အို ငါလုပ် ငါရမှာပေါ့ကွ၊ အံမာ ခင်ဗျားတို့က အတော်လေမြင့်တဲ့လူတွေ (မှန်ပါ့) ငါလုပ် ငါရမှာပေါ့တဲ့၊ ဟုတ်ကဲ့လား ဟင်။
ဘယ့်နှယ့်တုံး ဦးလှရဲ့ ငါလုပ် ငါရမယ် ဆိုတော့ ဒီက ငါသည် ဟိုသွားပြီးတော့ (ဖြစ်တယ်လို့ယူပါ ဘုရား) မဟုတ်ဘူးလား (မဟုတ်ပါ ဘုရား)။
ဒီက ငါဟာ (ဟိုသွားပြီးတော့ ငါဖြစ်ပါတယ်) ဟိုသွားဖြစ်တော့ ဒီငါနဲ့ ဟိုငါ ပြတ်သေးရဲ့လား (မပြတ်ပါ ဘုရား) မပြတ်ရင် ဘာဒိဋ္ဌိတုန်း (သဿတဒိဋ္ဌိပါ ဘုရား)။
သဿတဒိဋ္ဌိသွားဖြစ်တယ်၊ ငါလုပ် ငါရတယ် (မှန်ပ့ါ) ငါလုပ်လို့ ငါရတယ်ဆိုတော့ ဒီမှာရှိတဲ့ ငါ ဟိုကို ရောက်သွားတယ် (မှန်ပါ့) ဘဝကူးတယ်လို့ ဆိုသလိုပေါ့ဗျာ (မှန်ပါ့) ဘုရားက ဘဝကူးတယ်ဆိုတာ မရှိဘူး ဟောပါ လျက်သားနဲ့ ခင်ဗျားတို့က ဘဝကူးတယ် (မကူးပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘဝကူးနိုင်ရဲ့လား (မကူးနိုင်ပါ ဘုရား) ကူးတယ်ဆိုရင် သဿတဒိဋ္ဌိဖြစ်မှာပေါ့ (မှန်ပါ့) အကြောင်းအကျိုးသာ ဆက်တာ၊ ကူးတာ ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား) ရေကူးသလို လူကြီးမြင်နေရတဲ့ ကူးတဲ့သဘောမျိုး (မဟုတ်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ကိုယ်ပြု ကိုယ်ရတယ် ဒါ့ကြောင့် ဘုရားကို ကဿပ,က မေးတယ် ဒုက္ခကို မိမိပြုတာလားတဲ့ (မှန်ပါ့) မိမိပြုတယ်လို့ မင်းကို ငါဖြေလိုက်လို့ရှိရင် မင်း သဿတဒိဋ္ဌိဖြစ်တော့မယ်တဲ့ (မှန်ပါ့) ကိုင်း မဖြစ်ပေဘူးလား (ဖြစ်ပါ တယ် ဘုရား) ကိုယ်ပြုလို့ ကိုယ်ခံရတယ်တဲ့ (မှန်ပါ့)။
ဟာ ဦးလှကြီးတို့ သေခါနီးမှ ဒါနားလည်အောင် လုပ်ဦး (မှန်ပါ့) ဒါ နားလည်အောင် မလုပ်လို့ ရှိရင်တော့ ခင်ဗျားတို့ ဒိဋ္ဌိမပြုတ်ဘဲနဲ့ သေရဲ့၊ မဟုတ်ဘူးလား (မှန်ပါ့) တစ်နေ့က ဒိဋ္ဌိဆိုတာ ကိုယ့်မှာ လည်ပတ်ကြီးလို့ ပြောထား တယ် (မှန်ပ့ါ) လည်ပတ်ကြီးပါ မြှုပ်လိုက်ရတဲ့ အဓိပ္ပါယ်ရောက်မယ် (မှန်ပါ့) မဆိုးဝါးဘူးလား ကဲ (ဆိုးဝါးပါတယ် ဘုရား)။
မှားတာတွေကများလွန်းလို့
ဒါ့ကြောင့် တရား တစ်ခါနာရုံ, နှစ်ခါနာရုံနဲ့ နေရာမကျဘူး (မှန်ပါ့) သိစရာတွေက နည်းတာမဟုတ်ဘူး၊ သိစရာတွေက ဘာဖြစ်လို့များရသတုန်းဆိုတော့ မှားတာတွေကများလွန်းလို့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘုရားက ဟောတာက များလွန်းလို့လား ခင်ဗျားတို့မှားတာက များလွန်းလို့လားရှင်းစမ်းပါဦး (မှားတာက များလို့ ဖြေရှင်းရတာ များတယ်ပေါ့ဗျ (မှန်ပါ့) မှားတာနည်းနေရင် ဖြေရှင်းရတာ (နည်းပါတယ် ဘုရား)။
အဲဒီတော့ တရားတွေက ဘုန်းကြီးကလည်း တစ်နေ့တစ်မျိုး, တစ်နေ့ တစ်မျိုးဟောတယ်၊ များပဲ များလွန်းလှ တယ်လို့ ခင်ဗျားတို့က ဆိုမလား၊ ငါ့အမှားက ကြီးပဲ ကြီးလွန်းလှတယ်လို့ဆိုမလား (အမှားက ကြီးပါတယ် ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။
အံမာလေး ဒကာ ဒကာမတွေ တော်တော်ကြာ သူတို့ကပဲ ဦးအောင် ပြောချင်ပြောနေဦးမှာ (မှန်ပါ့) အတော် ဆိုးတယ်၊ အခုကြည့် အစေလက ကဿပက ဒုက္ခ မိမိပြုတာလားလို့ဆိုတော့ ဘုရားပယ်လိုက်တယ်၊ မဟုတ်ပါ ဘူးကွာတဲ့ (မှန်ပါ့)။
အကယ်၍ မိမိပြုတာလို့ မင်းကို ငါဟောလိုက်လို့ရှိရင်ဖြင့် ကိုယ်ပြု ကိုယ်ခံဆိုတဲ့ အဓိပ္ပါယ်ရတယ် (မှန်ပါ့) ကိုယ်ပြု ကိုယ်ခံ၊ ခင်ဗျားတို့ သုံးသလား မသုံးဘူးလား (သုံးပါတယ် ဘုရား) ဘာဒိဋ္ဌိတုန်း (သဿတဒိဋ္ဌိပါ ဘုရား) ဒါ့ ကြောင့် ခင်ဗျားတို့ ဒိဋ္ဌိမပြုတ်ဘူး ပြောတာဗျ (မှန်ပ့ါ)။
ကမ္မဿကတဉာဏ်ကတော့ ဒီအတိုင်းလာတာတဲ့၊ မဟုတ်ဘူးလား (မှန်ပါ့) ကမ္မဿကတဉာဏ်ကတော့ဖြင့် ဪ ကံဟာ မိမိပြုလို့ရှိရင် မိမိခံစားရမှာပဲ၊ “ကမ္မံ သတ္တေ ဝိဘ ဇတိ” မလာဘူးလား (လာပါတယ် ဘုရား)။
အို ကမ္မသကတဉာဏ် ဟောတာမှ မဟုတ်ဘဲ ဒါက “ကမ္မဿကတ သမ္မာဒိဋ္ဌိ” ဟောတာ မဟုတ်ဘူးတဲ့ သမ္မာဒိဋ္ဌိ ဟောနေတာ (မှန်ပ့ါ) ထူးပလား (ထူးပါတယ် ဘုရား)။
သမ္မာဒိဋ္ဌိက ငါးမျိုးတောင်ရှိတယ်
ဟိုဟာက သူတို့ ဟောတာက ကမ္မဿကတ သမ္မာဒိဋ္ဌိ (မှန်ပါ့) သမ္မာဒိဋ္ဌိက ငါးမျိုးတောင်ရှိတယ်၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။
ကမ္မဿကတသမ္မာဒိဋ္ဌိ၊ ဝိပဿနာသမ္မဒိဋ္ဌိ၊ မဂ္ဂသမ္မာ ဒိဋ္ဌိ၊ ဖလသမ္မာဒိဋ္ဌိ၊ ပစ္စဝေက္ခသမ္မာဒိဋ္ဌိ။
ဒါက ဘာတဲ့တုန်း (မဂ္ဂ သမ္မာဒိဋ္ဌိပါ ဘုရား) အေး မဂ္ဂသမ္မာဒိဋ္ဌိ ခေါ်တယ်၊ ဟိုဟာက ကမ္မဿကတ သမ္မာဒိဋ္ဌိ (မှန်ပါ့) ကမ္မဿကတ သမ္မာဒိဋ္ဌိက ခုနင်က ဒိဋ္ဌိမပြုတ်ဘူးကွ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒါက ဥပရိပဏ္ဏသ မဟာစတ္တာလီသကသုတ်မှာ သေသေချာချာလာတယ်၊ အာသဝနယ်ပယ်ကကွတဲ့ (မှန်ပါ့) သဘောပါပလား (ပါ-ပါ ပြီ ဘုရား)။
အဲဒါ ခင်ဗျားတို့က ကမ္မာဿကတ ဉာဏ်ကလေးလောက်နဲ့ တင်းတိမ်နေဦးမယ်ဆိုလို့ရှိရင်ဖြင့် ခုနင်က ဝိပဿနာ သမ္မာဒိဋ္ဌိတို့ မဂ်သမ္မာဒိဋ္ဌိတို့ ခင်ဗျားတို့ လုံးဝမရလောက်ဘူး (မရပါ ဘုရား)မရရင် နိဗ္ဗာန်မရောက်နိုင်ဘူး (မှန်ပါ့) ရောက်နိုင်ပါမလား (မရောက်နိုင်ပါ ဘုရား)။
အခု ကြည့်စမ်း ခင်ဗျားတို့ယူထားတဲ့ အယူက ကိုယ်ပြုရင် ကိုယ်ခံရမယ်တဲ့ (မှန်ပါ့) ဒီလိုဆိုတော့ ဒီကိုယ် သည်ပင်လျှင် ဟိုကိုယ်ပဲ (မှန်ပါ့) ဟိုသွားပြီး ခံစား စံစားရမယ်ဆိုတဲ့ အဓိပ္ပါယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) ဒါဖြင့် ဘာဒိဋ္ဌိတုန်း (သဿတဒိဋ္ဌိပါ ဘုရား)။
အဲ သဿတိဒိဋ္ဌိနဲ့ ခင်ဗျားတို့မှာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) အဲဒါကြောင့် ဘုရားက ဒုက္ခ မိမိပြုတာ လား မေးလို့ရှိရင်ဖြင့် မဟုတ်ဘူးကွတဲ့ (မှန်ပါ့) နို့မဟုတ် ကိုယ်ပြုကိုယ်ခံဖြစ်နေမှာစိုးလို့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ကိုယ်ပြုကိုယ်ခံဆိုရင် သဿတဒိဋ္ဌိ
ဒုက္ခ မိမိပြုတာလားလို့ မေးလိုက်ရင် (မဟုတ်ပါ ဘုရား) ဘယ့်နှယ်ကြောင့် မဟုတ်ဘူးလို့ ပြောလိုက် သတုန်း ဆိုတော့ ကိုယ်ပြုကိုယ်ခံဆိုရင် သဿတဒိဋ္ဌိဘက်ကို အစေလက ကဿပသူ့ဉာဏ် ပြေးသွားမှာ စိုးလို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါနဲ့ သူ ဒုတိယမေးခွန်းကို ဘယ့်နှယ် မေးပြန်သတုန်း (သူတစ်ပါးပြုတာလားလို့ မေးပါတယ် ဘုရား) ဒုက္ခကို သူတစ်ပါး ပြုတာလားလို့ သူဆက်မေးပြန်တယ် (မှန်ပါ့) မမေးဘူးလား (မေးပါတယ် ဘုရား) ခုနင်က အစောကြီးကတည်း က ဒါတွေမေးထားတယ် (မှန်ပါ့)။
ဒါဖြင့် သူတစ်ပါးပြုတာလားဆိုတော့ ဘုရားက မဟုတ်ဘူးကွတဲ့(မှန်ပါ့) အေး ဒါ နိဒါနဝဂ္ဂ သံယုတ်ပါဠိတော် မှာ အစေလက ကဿပသုတ်ဆိုပြီးတော့ ဟောတယ် (မှန်ပါ့)။
အဲဒီ ဥစ္စာကတော့ ဘယ်ဘက်သွားပြန်သတုန်း ဆိုတော့ ဒုက္ခ သူတစ်ပါးပြုတာလားဆိုတော့ ဘုရားက မဟုတ်ဘူးလို့ ဖြေလိုက်တယ် (မှန်ပါ့) သူတစ်ပါးပြုတာလို့ ဘုရားက ဖြေလိုက်လို့ရှိရင် အစေလက ကဿပဟာ ဥစ္ဆေဒဘက်ပြေးတယ် (မှန်ပါ့ ဘုရား)။
ဥစ္ဆေဒဘက် သွားပြန်တယ်
ပြုတဲ့လူက တခြား၊ ခံရတဲ့လူက (တခြားပါ ဘုရား)ဆိုတော့ အကြောင်းအကျိုး မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား) ဥစ္ဆေဒဘက် သွားပြန်တယ် (မှန်ပါ့) မသွားဘူးလား (သွားပါတယ် ဘုရား)။
သူတစ်ပါးပြု သူတစ်ပါးခံ၊ ပြုတဲ့လူကလည်း သူတစ်ပါး၊ ခံရတဲ့လူကလည်း (သူတစ်ပါးပါ ဘုရား) ဒါဖြင့် ပြုတဲ့လူက သူတစ်ပါး ခံရတဲ့လူကလည်း သူတစ်ပါးဆိုတော့ နှစ်ယောက်ပြားသွားတယ် (မှန်ပါ့) မပြားသေးဘူးလား (ပြားပါတယ် ဘုရား) ဒါက ဘယ်ဒိဋ္ဌိဘက်တုန်း (ဥစ္ဆေဒဒိဋ္ဌိဘက်ပါ ဘုရား)။
ပြုတဲ့လူကတခြား၊ ခိုးတဲ့လူကခိုး၊ ဖမ်းတော့ ပန်းတိမ်သည်၊ မကိုက်ဘူး ဒီဥစ္စာ (မှန်ပါ့) ခိုးတဲ့လူ သူခိုးမိရင်တော့ တော်ပါရဲ့၊ ပန်းတိမ်သည် သွားမိနေရင်တော့ အလကားဖြစ်မှာပဲ (မှန်ပါ့) မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား) အဲ ဒီလို ကျပြန်တော့လည်း ဘာဒိဋ္ဌိဖြစ်ပြန်သတုန်း (ဥစ္ဆေဒဒိဋ္ဌိဖြစ်ပါတယ် ဘုရား)။
ပဋိစ္စသမုပ္ပါဒ်ကြောင့် ဖြစ်တဲ့ ဒုက္ခ
ဒါကြောင့် ဘုရားက ဥစ္ဆေဒ, သဿတ ကြားကနေပြီးတော့ ကျင့်ရမယ်ဆိုပြီး ပဋိစ္စသမုပ္ပါဒ်ကြောင့် ဖြစ်တဲ့ ဒုက္ခ (မှန်ပ့ါ) ပဋိစ္စသမုပ္ပါဒ်ကြောင့်ဖြစ်တဲ့ သုခ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဒီကရှေ့ မိမိပြု မိမိခံဆိုတာဖျောက် (မှန်ပါ့) သူတစ်ပါးပြု သူတစ်ပါးခံဆိုတာကော (ဖျောက်ရပါမယ် ဘုရား)။
ဖျောက်ရမယ်၊ မဖျောက်ရင် သဿတသော်လည်းကောင်း (ဖြစ်ရပါမယ် ဘုရား) ဥစ္ဆေဒသော်လည်းကောင်း (ဖြစ်ရပါမယ် ဘုရား) ဖြစ်မှာပဲတဲ့ သဿတ,ဥစ္ဆေဒဖြစ်မှာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဒီလိုပါဠိတော်တွေ ဒီလိုပြောဆို ညွှန်ကြားတတ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ မတွေ့ရင် အခက်ကြီးပါလား (ခက်ပါတယ် ဘုရား) အတော်ခက်နေပြီ (ခက်ပါပြီ ဘုရား)။
မင်းပြု မင်းရမှာပေါ့ကွာ ဆိုတာကို နှုတ်တက်နေပြီ (မှန်ပါ့ ဘုရား) ဘာဒိဋ္ဌိ ပြောလိုက်တာတုန်း (သဿတဒိဋ္ဌိ ပြောလိုက်တာပါ ဘုရား)။
သဿတဒိဋ္ဌိပေါ့၊ မဟုတ်ဘူးလား၊ ကိုယ်ပြု ကိုယ်ရတယ်ကိုး (မှန်ပါ့) မဟုတ်ဘူလား၊ မင်းပြု မင်းရတယ် ဆိုတာ အတူတူပေါ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီး ဘုရား)။
သူတစ်ပါးပြု သူတစ်ပါးရတာပေါ့လို့ တချို့က သုံးချင်တယ် (မှန်ပါ့) ဘာဖြစ်သတုန်း (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ပြုတဲ့လူက သူတစ်ပါး၊ ရတဲ့လူကလည်း (သူတစ်ပါးပါ ဘုရား) ဘာဖြစ်ပြန်သတုန်း (ဥစ္ဆေဒ ဒိဋ္ဌိပါ ဘုရား)။
သဿတ, ဥစ္ဆေဒ လွတ်သွားအောင်
အဲ ဒီနှစ်ခုကို ဖြေလိုက်သဖြင့် ကျန်တဲ့ဥစ္စာ ဖြေစရာမလိုတော့ဘူး (မှန်ပါ့) သဿတ, ဥစ္ဆေဒ လွတ်သွား အောင် ခင်ဗျားတို့ ပဋိစ္စမုပ္ပါဒ်က ပဋိစ္စသမုပ္ပန္နပြုတယ်လို့ မှတ်လိုက် (မှန်ပါ့)။
ဘယ်လိုဆိုကြမယ် (ပဋိစ္စသမုပ္ပါဒ်က ပဋိစ္စသမုပ္ပန္နဖြစ်အောင်ပြုပါတယ် ဘုရား) အဲဒီတော့ မိမိလည်း ဟုတ်သေး ရဲ့လား (မဟုတ်ပါ ဘုရား) မိမိပြုတာကော ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) သူတစ်ပါးကော (မဟုတ်ပါ ဘုရား) ပဋိစ္စသမုပ္ပါဒ်က ပဋိစ္စသမုပ္ပန္နကို ပြုလုပ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ပဋိစ္စသမုပ္ပါဒ်က (ပဋိစ္စသမုပ္ပန္နကို ပြုပါတယ် ဘုရား) အကြောင်းက အကျိုးကို ပြုလုပ်သည် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။
အကြောင်းက (အကျိုးက ပြုလုပ်ပါတယ် ဘုရား) ဒီတွင်မှတ်ထားပါ၊ ဒါလောက်ကလေး မှတ်ထားလို့ရှိရင် သဿတ ဥစ္ဆေဒစင်ပြီ၊ ဒါ အသိနဲ့စင်တာပါ (မှန်ပါ့) အလုပ်နဲ့ မစင်သေးဘူး (မှန်ပါ့)။
နာရီစေ့ပြီ အလုပ်နဲ့ နက်ဖြန်မှ စင်အောင်ပြောမည်၊ ကဲ ရပ်ကြဦးစို့။
သာဓု…သာဓု…သာဓု…။