ပညတ်နှင့်ပရမတ်ကွဲဖို့တရားနာကြသည်
အရေးကြီးတာအရင်လုပ်ပြီးမှ ပျော်ချင်ပျော်ကြပါ
(ရှင်ခေမကဝတ္ထု)
အသံဖိုင်ခေါင်းစဉ်= ရှင်ခေမကနှင့်ရဟန်းကြီးခြောက်ဆယ် အမှတ်(၁)
စာအုပ်သေးခေါင်းစဉ်= တစ်ခဏနှင့်နိဗ္ဗာန်ရနိုင်သည့်တရားတော်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့
မင်္ဂလာတိုက်၌ ဟောကြားတော်မူသော
ပညတ်နှင့်ပရမတ်ကွဲဖို့တရားနာကြသည်
အရေးကြီးတာအရင်လုပ်ပြီးမှ ပျော်ချင်ပျော်ကြပါ
(ရှင်ခေမကဝတ္ထု)
ဒကာ ဒကာမတွေ တရားနာကြတယ်ဆိုတဲ့ဥစ္စာ ဘာဖြစ်လို့ နာကြသတုန်းမေးလို့ရှိရင်ဖြင့် ကိုယ့်ခန္ဓာအကြောင်းကို ကိုယ်မသိ လို့ နာကြတာပဲလို့ မှတ်လိုက်စမ်းပါနော် (မှန်ပါ့) ကိုယ့်ခန္ဓာ အကြောင်း ကိုယ်မသိလို့နာကြတာပဲလို့ ဦးအောင်ဇံဝေ မှတ်လိုက် စမ်းပါ(မှန်ပါ့)။
ဘာဖြစ်လို့ မသိသတုန်းလို့ မေးတဲ့အခါကျတော့ အမေ မိဘသင်လွှတ်လိုက်တာတ နှင့်-အဖေ, နှင့်-အမေနှင့်ကိုယ်, နင့်သား နင့်သမီး နှင့်မြေး နှင့်မြစ် အစရှိသည်နဲ့ အမေမိဘများက တတ်သလောက် သင်လွှတ်လိုက်တော့ အဲဒီ ပညတ်ကြီးက ပညတ်ဆိုတာ သူတို့က ခေါ်ဝေါ် သမုတ်ထားတာ (မှန်ပါ့)။
အဲဒီ ပညတ်ကြီးက ဖုံးလွှမ်းပြီး သကာလ နေတော့ ဦးမြ တော်လှန်ရေးက မလာနိုင်တော့ဘူး၊ ဒါတွေ ဖယ်နိုင်သေးရဲ့ လား (မဖယ်နိုင်ပါ ဘုရား) တရားမနာရင် ဘယ့်နှယ်တုန်း (မဖယ်နိုင်ပါ ဘုရား) မဖယ်နိုင်ပါဘူးဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။
ပညတ်နဲ့ပရမတ်ကွဲရမယ်
အဲဒါကြောင့် တရားနာကြတယ်ဆိုတဲ့ဥစ္စာ ပညတ်နဲ့ ပရမတ်ကွဲဖို့ လို့ မှတ်လိုက်စမ်းပါနော် (မှန်ပါ့)။
ခင်ဗျားတို့မှာ ပရမတ်က မနှိပ်စက်ဘူး၊ ပညတ်ကနှိပ်စက် နေတယ်။ ခင်ဗျားတို့မှာ ဘယ်သူနှိပ်စက်နေသတုန်း (ပညတ်က နှိပ်စက်နေပါတယ်) ပညတ်က နှိပ်စက်နေတယ်လို့ မှတ်လိုက်စမ်းပါနော် (မှန်ပါ့ ဘုရား)။
သားဆိုလို့ရှိရင်ဖြင့် အမေမိဘက ခင်ရချည်ရဲ့ ကြောင့်ကြရ ချည်ရဲ့၊ စိုးရိမ်ရချည်ရဲ့ဆိုတော့ သားဟာတကယ်ရှိသလား၊ အားလုံး သမုတ်ထားလို့ ခေါ်ကြတာလား (သမုတ်ထားလို့ပါ ဘုရား)။
သို့သော်လဲ အမေလုပ်တဲ့ပုဂ္ဂိုလ်, ညီမသားချင်းလုပ်တဲ့ ပုဂ္ဂိုလ်များက တကယ်ထင်ပြီး သကာလ ဦးမြရေ တကယ့်ကိုပဲ မျက်ရည်ကြီးငယ်ကျ စိုးရိမ်သောကဗျာပါရ ဖြစ်၊ ဒီလိုမနေကျပေဘူးလား (နေပါတယ် ဘုရား)။
ဒီလိုနေတော့ ဒါ ဘယ်သူနှိပ်စက်တယ်ဆိုကြမလဲ (ပညတ် နှိပ်စက်ပါတယ်) အဲဒီတော့ တရားမနာလို့ရှိရင် ဒီနှိပ်စက်လုံးဟာ မောင်မြင့်တို့ မောင်အောင်ချီတို့ တော်လှန်နိုင်ပါ့မလား (မတော်လှန် နိုင်ပါ ဘုရား)။
မတော်လှန်နိုင်တော့ကို အမှန်ရှိပျောက်ပြီး သကာလ သူများပြောသံကြားရှိနဲ့ ကိုယ့်မှာ နှိပ်စက်နေတာ၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အမှန်ရှိက ဘယ့်နှယ်ဖြစ်သွားသတုန်း (ပျောက်သွားပါ တယ် ဘုရား) ပျောက်သွားတယ်၊ သူများပြောသံကြားတွေက ကိုယ့် မှာ နှိပ်စက်နေပါတယ်(မှန်ပါ့)။
သူများသမုတ်ထားတာကြီးက နှိပ်စက်နေတယ်သားရယ်, သမီးရယ်, ခင်ပွန်းမရယ်, မြေးရယ်, မြစ်ရယ်, ဆိုတာတွေက သူများ ပြောသံကြားတွေက တစ်ခါတည်း နှိပ်စက်နေတာကို ကိုယ့် အသိက မထိုးဖောက်နိုင်တော့ ဦးအောင်ဇံဝေတို့ ဦးမြတို့ ဒုက္ခ ရောက်တော့တာပဲ (ရောက်ပါတယ် ဘုရား)။
သူများပါးစပ် လမ်းဆုံးမနေနဲ့
ကဲ့ ဒါဖြင့် ပြောလိုက်စမ်းပါဦးမယ် ဒကာ ဒကာမတို့ ဘယ်သူဟာ ရင်ထု ကြမ်းခုန်ပြီး သကာလ ဘယ်သူမြေလူးနေတယ် ဆိုတဲ့ဥစ္စာ ဦးမြ ဆုံးဖြတ်ချက် ချလိုက်စမ်းပါ၊ -ပညတ်ကြောင့်လား ပရမတ်ကြောင့်လား (ပညတ်ကြောင့်ပါ ဘုရား) ပညတ်ကလဲ သူကိုယ်တိုင် တတ်ထားသလား သူများပါးစပ်က လာတာ လမ်းဆုံး နေတာလား (သူများပါးစပ်က လာတာပါ ဘုရား) သူများပါးစပ် ကလာတာ လမ်းဆုံးပြီး သကာလ နေတော့တယ်ဆိုတာ မပေါ်လာ သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ပညတ်နဲ့ ပရမတ် မကွဲလို့ရှိရင်ဖြင့် ငိုပွဲနဲ့ ရင်ထုပွဲ ပဲ နေကြမှာပဲလို့ ဘုန်းကြီးကပဲ ရှေ့နေအဖြစ်နဲ့ ပြောလိုက်ပါတယ်၊ ဒကာ ဒကာမတွေ ငြင်းဖို့လိုသေးလား(မလိုပါ ဘုရား) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
အဲဒါကြောင့် သူများပြောသံကြား ပါးစပ်ကို သူများပါးစပ် လမ်းဆုံးပြီး သကာလ မနေပါနဲ့ဆိုတာ ဘုရားက သစ္စသံယုတ်မှာ သေသေချာချာဟောတာ၊ ခင်ဗျားတို့မှာ အခု သူများပြောသံကြား ပါးစပ် လမ်းဆုံး နေတာနဲ့ပဲ သားရယ်, သမီးရယ်, ဆွေရယ်, မျိုးရယ် ဆိုပြီး သကာလ ပူပင်သောက ဗျာပါရတွေနဲ့ နေကြ, ထိုင်ကြတာသည် တဲ့ တို့မှာမပြင်နိုင်လို့အရုပ်ဆိုးရတယ်လို့ မှတ်လိုက်ပေါ့ (မှန်ပါ့)။
ဘယ်လိုမှတ်ကြမယ်(မပြင်နိုင်လို့ အရုပ်ဆိုးရပါတယ် ။ ဘုရား) ဦးမြ ဒါဟာ ဆရာသမားမှ မကူရင်ရပါ့မလား (မရပါ ဘုရား) မရတော့ဘူး တဲ့ ဒီဥစ္စာ အမြဲနှိပ်စက်နေမှာပဲ (မှန်ပါ့)။
နို့မဟုတ်လို့ရှိရင် မိမိနဲ့မဆိုင်ဘူး၊ ဘယ်သူ ဘာဖြစ်တယ် မိမိနဲ့မဆိုင်ဘူး၊ ဘယ်သူ ဘာဖြစ်တယ် မိမိနဲ့မဆိုင်ဘူး ဆိုတာ မလာပေဘူးလား(လာပါတယ် ဘုရား)။
အခုတော့ဖြင့် ဆိုင်ချည့်နေတာပဲ၊ ဦးအောင်ဇံဝေ ဘာပြုလို့ ဆိုင်ချည့်နေတာတုန်း (ပညတ် နှိပ်စက်လို့ပါ ဘုရား) ပညတ် နှိပ်စက်တာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘယ်သူ နှိပ်စက်နေတာတုန်း (ပညတ်နှိပ်စက်နေတာ ပါ ဘုရား) ပညတ်နှိပ်စက်နေတော့ ဪ ဒီဒကာ ဒကာမတွေ ဒါဖြင့် တစ်သံသရာလုံးမှာ ပညတ်ကိုသာ ပဓာနထားခဲ့တဲ့အတွက် ပရမတ်မတွေ့ခဲ့တဲ့အတွက် လူတစ်ယောက် တစ်ယောက်၏ မျက် ရည်မှာ သမုဒ္ဒရာ လေးစင်း ရေထက် များသေးတယ်လို့ ဘုရားက ဟောတာ ဦးမြကြီးက ငြင်းချင်သေးသလား (မငြင်းချင်ပါ ဘုရား) ဘာနှိပ်စက်နေတာတုန်း (ပညတ် နှိပ်စက်နေတာပါ ဘုရား) ရှင်းကြရဲ့လား(မှန်ပါ့)။
သမီးရယ်လို့ ပညတ်လိုက်ရင် မျက်ရည်ကျရချေရဲ့ ခင်ရချေရဲ့ မင်ရချေရဲ့၊ သားလေးရယ်လို့ တစ်ခါတည်း သူများ ပါးစပ်က ပြောထားတဲ့ ပညတ်ကို ကိုယ်က အဟုတ်ယူ လိုက်ပြီ ဆိုမှ ဖြင့်လဲ ပူရချေရဲ့ ဆွေးရချေရဲ့ ချစ်ရချေရဲ့ စိုးရိမ်ရချေရဲ့ ချစ်ရချေရဲ့ ထောက်ပံ့ ရချေရဲ့ဆိုတာ မလာဘူးလား (လာပါတယ် ဘုရား)။
တော်တော်ကြာ ဒါကလေးတွေက ဖောက်ပြန် ပျက်စီးပြီး နာတယ်, ကြင်တယ်, ကိုက်တယ်, ခဲတယ်, နာပွဲတွေ, သေပွဲတွေ တွေ့တဲ့အခါကျတော့ ဦးမြကြီး မျက်ရည်ကြီးငယ် ကျလာတာပဲ (ပညတ်တွေကြောင့်ပါ ဘုရား) ပညတ်ကြောင့်ကျတယ်ဆိုတာ နောက်က ဒကာ ဒကာမတွေ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ ပညတ် မကျော်နိုင်သ၍ကာလပတ် လုံး ခုနင်က ပြောခဲ့တဲ့ငိုပွဲ, အပယ်ကျပွဲ သူတို့နဲ့ပတ်သက်ပြီး ဆုံး နိုင်ပါ့မလား(မဆုံးနိုင်ပါ ဘုရား)။
ကဲ ဒါဖြင့် ရှင်းကြပါစို့တဲ့၊ ပညတ်ဟာ သြော်။ အခေါ် သာရှိ၍ တကယ် မရှိလို့သာ မှတ်(မှန်ပါ့)။
ပညတ်ဟာ(အခေါ်သာရှိ၍ တကယ်မရှိပါ ဘုရား) ပရမတ် ကတော့ တကယ်ရှိသည် ဖြစ်သော ကြောင့် တကယ်ကို ကြည့်လို့ ရတယ်နော်(မှန်ပါ့) ပညတ်ကတော့ အထင်သာ ရှိသည်ဖြစ် သောကြောင့် ကိုင်တွယ်လို့မရဘူး (မှန်ပါ့) ရသေးရဲ့လား (မရပါ ဘုရား)။
ကိုင်း ဒါဖြင့် ပညတ်, ပရမတ်ဟာလဲ ဦးအောင်ဇံဝေ အရေးကြီးတယ်ဆိုတာ ပေါ်လာပလား (ပေါ်လာပါပြီ) အရေး ကြီးတယ်နော်(မှန်ပါ့)။
အဲဒီတော့ ဒကာ ဒကာမတွေကို ဘုန်းကြီးက ဉာဏ်မျက်လုံး ။ တပ်ပေးရတော့မယ်(မှန်ပါ့) ဦးမြ ဘုန်းကြီး ဘာလုပ်ရမှာပါလိမ့် (ဉာဏ်မျက်လုံး တပ်ပေးရမှာပါ ဘုရား) ဉာဏ်မျက်လုံးတပ်ပေး ရမယ်၊ ဒီ ဉာဏ်မျက်လုံး မတပ်သ၍ ကာလပတ်လုံးဟာဖြင့် ခုနင်က ဒုက္ခပွဲတွေဟာ ကိုယ့်ပွဲချည့် မဖြစ်ပေဘူးလား (ဖြစ်ပါ တယ် ဘုရား) ဖြစ်မှာပဲဆိုတာ သေချာပလား (သေချာပါပြီ)
ကိုင်း ဒါဖြင့် ပြောကြပါစို့တဲ့၊ ဝတ္ထုတစ်ခုထုတ်လိုက် မယ် ခန္ဓာဝဂ္ဂသံယုတ်ပါဠိတော်က ထုတ်လိုက်မယ် ဒကာ ဒကာမတွေ အလုပ်ပါသွားအောင်(မှန်ပါ ဘုရား)။
ဘယ်လိုအလုပ်ပါသွားရမလဲလို့ မေးလို့ရှိရင်ဖြင့် ပရမတ်ကို ကြည့်တတ်တဲ့ အလုပ်ပါမှ နေရာကျမယ်နော် (မှန်ပါ့ ဘုရား)။
တရားဟောတဲ့ ပုဂ္ဂိုလ်က အနာဂါမ်လို့ မှတ်လိုက်စမ်းပါ တရားနာတဲ့ ရဟန်း ခြောက်ဆယ်က ပုထုဇဉ်တွေ (မှန်ပါ့ ဘုရား)။
ရှင်ခေမကနှင့် ရဟန်းကြီးခြောက်ဆယ်
တရားဟောတဲ့ ပုဂ္ဂိုလ်က (အနာဂါမ်ပါ ဘုရား) တရား နာမည့် ရဟန်းကြီး ခြောက်ဆယ်က (ပုထုဇဉ်ပါ ဘုရား) တရားဟောမည့် ပုဂ္ဂိုလ်က ရှင်ခေမကလို့ ခေါ်သည်။ အနာဂါမ်တည်ပြီး သားသူက (မှန်ပါ့ ဘုရား)။
ရဟန်းကြီးခြောက်ဆယ်က ကောသမ္ဘီပြည်မှာနေတယ်၊ ရှင်ခေမက, က တောထဲမှာ သွားပြီး သကာလ ဇီးပင်တွေ ပေါတဲ့ နေရာ ဇီးတောကျောင်း သွားနေတယ်လို့ မှတ်ထား လိုက်တာပေါ့ (မှန်ပါ့ ဘုရား)။
သို့သော်လဲ ရှင်ခေမက သတင်းက အင်မတန်မွှေးတယ်၊ သူသာ ဟောလို့ရှိရင် သောတာပန် တည်ထိုက်တဲ့ပုဂ္ဂိုလ် သောတာပန် တည်လို့ သကဒါဂါမ်၊ အနာဂါမ် ရဟန္တာ ဖြစ်ထိုက်တဲ့ ပုဂ္ဂိုလ်တွေ ဆိုလို့ရှိရင်လဲ သူသာ ဟောလို့ရှိရင်ဖြင့် ဖြစ်သွားတာပဲ ဆိုတော့ ဒကာ ဒကာမတွေ မှတ်လိုက်စမ်း အတော်အားကိုးထိုက်တဲ့ ကိုယ်တော်ပဲ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်) အတော်အားကိုးထိုက်တဲ့ ကိုယ်တော်ပဲလို့ ဦးအောင်ဇံဝေ ဆိုနိုင် ပလား (ဆိုနိုင်ပါတယ် ဘုရား)။
ကဲ ဒါနဲ့ သူကလဲ ဇီးတောကျောင်းမှာ တစ်နေ့သ၌ ကျတော့ နေမကောင်းဘဲ ဖြစ်နေတယ်၊ ကောသမ္ဘီပြည်မှာနေတဲ့ ရဟန်းကြီးခြောက်ဆယ်ကလဲ သူ့တရားနာချင်တာလွန်လို့ သို့သော်လဲ မမာဘူးလို့ သတင်းကြားတယ်၊ မမာဘူးလို့သတင်းကြားတော့ စုံစမ်းရေးအတွက် ဒါသကဆိုတဲ့ ရဟန်းတစ်ပါးကို လွှတ်လိုက်ပါ တယ်(မှန်ပါ့ ဘုရား)။
ဒါသကရာ ဇီးတောကျောင်းမှာ ရှင်ခေမက ရှိတယ်ကွာ သွားမေးစမ်းပါကွ၊ မာတယ်, မမာတယ် သွားစမ်းပါဦး ဆိုလို့ရှိရင် ဖြင့် သွားမေးလိုက်တယ် (မှန်ပါ့ ဘုရား)။
သွားမေးလိုက်တော့ အရှင်ဘုရား- ရဟန်းကြီးခြောက် ဆယ်က အရှင်ဘုရား နေကောင်း သလား နေမကောင်းဘူးလားလို့ အမေးခိုင်းလိုက်ပါတယ် ဘုရား ဆိုတော့ ဟာ ငါ့ရှင် ငါ နေမကောင်း ဘူးကွာ၊ ရောဂါက ရှေ့တိုးနေတယ်၊ နောက်ကို မဆုတ်ဘူးကွ၊ နေလို့တော့ မကောင်းဘူးပေါ့။
ရှင်ခေမက,ကပြောလိုက်တဲ့အခါကျတော့ ဒါသက, ကပြန်သွားတယ်၊ ပြန်သွားတဲ့အခါ ရဟန်းကြီးခြောက်ဆယ်ကို သွားပြောလိုက်တယ်၊ ဟေ့ ဘယ့်နှယ်တုန်းဟေ့ စကားဘယ်လိုရခဲ့ သတုန်းဆိုတော့ နေမကောင်းဘူးတဲ့ဘုရား၊ ရောဂါဝေဒနာ ရှေ့တိုးတက်နေတယ်လို့ ပြောလိုက် ပါတယ် (မှန်ပါ့ ဘုရား)။
မင်းနဲ့ကော စကားပြောခဲ့ရသေးသလား၊ ပြောခဲ့ရပါတယ် ဘုရား ဆိုတော့ သိပ်နေ မကောင်းတာ မဟုတ်ဘူး ဆိုတာ ရဟန်းကြီးခြောက်ဆယ်က အကဲခတ်တယ်(မှန်ပါ့ ဘုရား)။
တရားက အင်မတန် နာချင်နေတယ်နော် (မှန်ပါ့ ဘုရား) ရဟန်းကြီးခြောက်ဆယ်က တရားအင်မတန် နာချင်နေတယ် ဒါနဲ့ သွားချေဦးကွာ ခန္ဓာကိုယ်ကို ငါ-ငါ့ဥစ္စာများ စွဲသေးသ လားလို့ သွားမေးချေစမ်းကွာ တစ်ခေါက်ဆိုပြီး လွှတ်လိုက်ပြန်တော့ ဒါသက ဦးမြ သွားရပြန်တာ ပေါ့ဗျာ (မှန်ပါ့ ဘုရား)။
သွားရပြန်တဲ့ အခါကျတော့ ဟေ့ လာပြန်ပလားကွ၊ လာပြန်ပါပြီဘုရား ၊ ဘာများ အမေးခိုင်းလိုက်သတုန်းကွ ရဟန်းကြီးခြောက်ဆယ်က၊ အရှင်ဘုရားငါ ငါ့ဥစ္စာများစွဲပါ သေးသလား ခန္ဓာကိုယ်ကြီးက ဝေဒနာ ရောက်တဲ့အခါ ငါ ငါ့ဥစ္စာ များ စွဲပါသေးသလားတဲ့။ အိုငါ-ငါ့ဥစ္စာတော့ ငါ့ခန္ဓာကြီး မစွဲပါဘူး တဲ့ အနာဂါမ်ကိုးဗျ စွဲစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား) ငါငါ့ ဥစ္စာလို့ မစွဲပါဘူးတဲ့။
ဒါနဲ့ ဒါသက, က ဒီစကားရတာနဲ့ ပြန်သွားတယ်၊ ပြန်သွား ပြီး ရဟန်းကြီးခြောက်ဆယ်နဲ့ တွေ့တော့ ဘယ့်နှယ်ပြောလိုက် သတုန်းဟေ့၊ ခန္ဓာကိုယ်ကတော့ မမာတာအမှန်ပဲ၊ သို့သော် ငါ ငါ့ ဥစ္စာတော့ သူ့ခန္ဓာကို မစွဲဘူးလို့ ပြောပါတယ်၊ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။
ငါ ငါ့ဥစ္စာတော့ (မစွဲပါ ဘုရား) ငါနာနေတယ် ငါ့ဥစ္စာ တွေ နာနေတယ် ဒီလိုတော့ မစွဲပါဘူးတဲ့ (မှန်ပါ့ ဘုရား)။
ဒါနဲ့ သွားပါဦးကွာ ဒါသကဆိုပြီး ဦးအောင်ဇံဝေခိုင်းပြန် တယ် ဆက်ပြီး (မှန်ပါ့) ဒီခန္ဓာကို ငါ ငါ့ဥစ္စာလို့ မစွဲလို့ ရှိရင် အရှင်ဘုရား ရဟန္တာဖြစ်ပလားလို့ သွားမေးစမ်းကွာတဲ့ဆိုပြီး ရဟန်း ကြီးခြောက်ဆယ်က လွှတ်လိုက်ပြန်တယ်၊ ရဟန်းကြီးခြောက်ဆယ် က လွှတ်လိုက်တဲ့အခါ သွားရပြန်တာပဲ သွားရပြန်တော့ အရှင် ဘုရား တပည့်တော် ဒါသကကို အမေးခိုင်းလို့ လာရ ပြန်ပါတယ် ဘုရား (မှန်ပါ့)။
အေး ဘယ်လိုများ အမေးခိုင်းသတုန်းကွ အရှင် ဘုရားက ခုနင်က ပြောလိုက်တော့ ခန္ဓာကိုယ်ကို ဘယ်လိုပင် ဝေဒနာရောက်ငြားသော်လဲ ငါနာတယ်၊ ငါ့ဥစ္စာတွေနာတယ် ဆိုတာတော့ မယူဘူး လို့ ပြောတော့၊ ရဟန်းကြီးခြောက်ဆယ်က အမေးခိုင်းလိုက်ပါတယ်ဘုရား၊ ဒါဖြင့် ရဟန္တာဖြစ်ပလားလို့ အမေး ခိုင်းလိုက်ပါတယ် (မှန်ပါ့)။
ဟိုက ရဟန္တာဖြစ်ပလားလို့ အမေးခိုင်းလိုက်တော့ ရဟန္တာတော့ မဖြစ်သေးဘူးကွာ၊ သို့သော်လဲ “ပဉ္စသု ဥပါဒါနက္ခန္ဓေသု အသ္မီတိ အဓိဂတံ အယမဟမသ္မီတိ နစ သမနုပဿမိ။”
ဒါကလေးသူ ပါဠိနဲ့ ဖြေလိုက်တယ်ကွာတဲ့၊ ငါ ငါ့ဥစ္စာတော့ မထင်ပါဘူး၊ သို့သော်လဲ ငါယောင်ယောင် လေးတော့ ရှိသေးတယ်၊ ရှင်းကြပလား(ရှင်းပါပြီ ဘုရား)။
ငါ ငါ့ဥစ္စာတော့ (မစွဲပါ ဘုရား) သို့သော် (ငါယောင် ယောင်တော့ ရှိပါသေးတယ်) ငါယောင်ယောင်ကလေး ရှိပါသေး တယ်ဆိုတာက အားလုံး ဒကာ ဒကာမတွေ မှတ်လိုက်တာ ပေါ့နော် မာန ငါနဲ့ တဏှာ ငါကျန်တယ်လို့ ပြောလိုက်တာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘာကျန်နေသတုန်း (မာနငါနဲ့ တဏှာငါ ကျန်နေပါတယ် ဘုရား)
မာန ငါနဲ့ တဏှာငါ ကျန်သေးတယ်လို့ မြန်မာလိုတော့ ဒါပဲရတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ငါ ငါ့ဥစ္စာတော့ သူ မစွဲပါဘူးတဲ့၊ ရဟန္တာလဲ မဟုတ်ပါဘူး တဲ့၊ သို့သော်လဲတဲ့ သူ့ခန္ဓာငါးပါးကို သူငါယောင်ယောင် ထင်တာ ကလေးတော့ ရှိနေသေးတယ်တဲ့ (မှန်ပါ)။
ဒကာ ဒကာမတို့ ဘာတဲ့တုန်း (ငါယောင်ယောင်ထင်တာ ကလေးတော့ ရှိနေပါတယ် ဘုရား)။
ငါယောင်ယောင်ထင်တာကလေးတော့ ရှိနေသေးတယ်တဲ့ အဲဒီတော့ ဒီ ဒကာ ဒကာမတွေ က အကဲခတ်ရမယ်၊ ဒုက္ခချုပ်သွား လို့ သောတာပန် တည်ငြားသော်လဲ ငါဆိုတဲ့ မာနငါရှိသေးတယ် မှတ်လိုက်တာပေါ့နော် (မှန်ပါ့) တဏှာလဲ ရှိသေးတယ်လို့ပဲ မှတ်လိုက်တာပေါ့ (မှန်ပါ့)။
ဦးမြမှတ်ထိုက်သလား (မှတ်လိုက်ပါတယ် ဘုရား) မပယ် သေးဘဲကိုးဗျ၊ မပယ်သေးတော့ ဒကာ ဒကာမတွေ တဏှာနဲ့ ဘာ ကျန်နေသတုန်း (မာနကျန်ပါတယ် ဘုရား) ရှင်းကြပလား (ရှင်း ပါပြီ ဘုရား)။
ဘာကျန်နေလို့တုန်း (တဏှာနဲ့ မာန ကျန်နေပါ တယ် ဘုရား) တဏှာနဲ့ မာန ကျန်နေတယ် လို့ သူဖြေလိုက်တယ်။
ဒါနဲ့ ငါရဟန္တာလဲ မဖြစ်သေးဘူးကွ ဒါသက,ရ၊ သို့သော်လဲ ခန္ဓာငါးပါး အပေါင်းအစုကြီးကို ငါ့ယောင်ယောင်တော့ ထင်နေတာ ကလေးလဲ ရှိသေးတယ်ဆိုတော့ သူ့ဟာက ဦးအောင်ဇံဝေက ရှင်း မနေဘူးလား (ရှင်းပါတယ်) ခန္ဓာငါးပါး အပေါင်းကို ငါယောင်ယောင်တော့ ထင်နေ သေးတာပဲတဲ့။
ဒါနဲ့ ဒီလိုပြောလိုက်တော့ ဒါသက, က ပြန်သွားတယ်။ ဒါသက ပြန်သွားတော့ ဟေ့ ဘယ့်နှယ်တုန်း ဟေ့ ဒါသက ပြန်လာပလား ၊ပြန်လာပါပြီဘုရား၊ ဘယ်လိုများ ပြောသတုန်း ကွ ရှင်ခေမက, က၊ ခန္ဓာငါးပါးကို ငါ့ဥစ္စာလို့တော့ မစွဲပါဘူးတဲ့ သို့သော် ခန္ဓာငါးပါး အပေါင်း အပေါ်မှာတော့ ငါယောင်ယောင် ငါထင်သလိုလိုတော့ ရှိသေးသကွလို့ ဖြေလိုက်ပါတယ် ဘုရား၊ ရဟန္တာလဲ မဟုတ်သေးဘူးတဲ့၊ ငါယောင်ယောင် ခန္ဓာငါးပါး အပေါင်းကို ငါယောင်ယောင်တော့ ရှိနေသေးတယ်တဲ့၊ အဖြေတည့် မနေဘူးလား (တည့်ပါတယ်) ဘာကျန်နေလို့ပါလိမ့် (တဏှာနဲ့ မာန ကျန်နေပါတယ်) တဏှာနဲ့ မာန ကျန်နေတယ်ဆိုတာ သေ သေချာချာ မှတ်ပါ။
ဒါနဲ့ ရဟန်းကြီး ခြောက်ဆယ်က ဒါသက သွားဦးကွာ၊ တရားနာချင်တာကိုးဗျ (မှန်ပါ့)။
တရားနာချင်တယ်၊ သွားပါဦးကွဆိုတော့ ဘယ်လိုမေးရမှာ တုန်းဘုရား ရုပ်ကို ငါယောင်ယောင်ထင်တာလား၊ ဝေဒနာကို ငါယောင်ယောင် ထင်တာလား ခန္ဓာငါးပါးကို ဘယ်ဟာကို ငါယောင်ယောင် ထင်နေတာတုန်းလို့ (မှန်ပါ)။
ဣမေသု ပဉ္စသု ခန္ဓေသု= ဤငါးပါးခန္ဓာတို့၌၊ အသ္မီတိ= အသ္မီ ဆိုတဲ့ ငါယောင်ယောင် သည်၊ အဓိကတံ = ထင်နေပါသေး၏။ အယံ= ဤခန္ဓာငါးပါးကို၊ အဟံ အသ္မီတိ = ငါတကယ် ဖြစ်၏ ဟူ၍တော့၊ နစ သမနုပဿမိ= မရှုပါဘူးတဲ့၊ ဒါရှင်ခေမက,က ပြောလိုက်တဲ့ စကား လို့ မှတ်လိုက်စမ်းပါနော် (မှန်ပါ့)။
ခန္ဓာငါးပါးကို ငါယောင်ယောင်တော့ ကျန်သေးတယ်တဲ့၊ တကယ်ငါဖြစ်တယ်လို့တော့ မယူတော့ပါဘူးတဲ့၊ သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။
ခန္ဓာငါးပါးကို ငါယောင်ယောင်တော့ (ထင်ပါတယ်) တကယ်ငါ ဖြစ်တယ်လို့တော့ (မယူပါ ဘုရား)။
တကယ်ငါဖြစ်တယ်လို့ မယူတော့ပါဘူးတဲ့၊ ဒါဆိုတော့ ဦးမြတို့ နားကြီးကြီးနဲ့ ထောင်ရမှာ ပေါ့ဟင် (မှန်ပါ) နားသေး သေးနဲ့ ထောင်လို့ ရပါ့မလား (မရပါ ဘုရား) မရဘူးတဲ့ ။
အဲဒီတော့ ဒီဒကာ ဒကာမတွေ မှတ်ရမှာက ဒုက္ခချုပ်တာကို မြင်ပြီးငြားသော်လဲ ငါဘာမှတ်လို့တုန်း ငါ့ခင်လုံးတွေ ရှိသေးတယ်၊ ငါမခွဲနိုင်သေးဘူးဆိုတာတွေဟာ ဒါရှိထိုက်တယ် သာမှတ်ရမယ်(မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
သို့သော် ဒကာ ဒကာမတွေ အဲဒီအခုပြောတဲ့ ငါယောင် ယောင်ထင်တာရယ်၊ ငါခင်သေးတယ် ဆိုတာတွေဟာ အပါယ်တော့ မကျဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘာဖြစ်လို့ မကျသတုန်း မေးတဲ့အခါကျတော့ တကယ် ငါဟုတ်၏လို့ ရုပ်နာမ်ကို တကယ်ငါထင်နေတဲ့ ငါ-ငါ့ဥစ္စာဆိုတာ ကလေး ဒိဋ္ဌိကပြုတ်သွားတယ်(မှန်ပါ့) ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။
ရုပ်နာမ်ကို တကယ်ငါ-ငါ့ဥစ္စာထင်နေတဲ့ နှစ်လုံးကတော့ (ပြုတ်ထွက်သွားပါတယ်) ပြုတ်ထွက် သွားတဲ့အတွက် ခုနင်ကပြောခဲ့တဲ့ မာနငါနဲ့ တဏှာ ငါကျန်နေငြားသော်လဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ စိုးရိမ်စရာ မရှိဘူးလို့ မှတ်လိုက်တာပေါ့ (မှန် ပျံ့) ပေါ်ပလား (ပေါ်သွားပါပြီ ဘုရား)။
စိုးရိမ်စရာရှိသလား (မရှိပါ ဘုရား) ဘာ့ကြောင့် မရှိ သတုန်းမေးတဲ့အခါကျတော့ အပါယ်ကျစေတတ်တဲ့ မာနနဲ့ အပါယ်ကျစေတတ်တဲ့ တဏှာဟာ ဒိဋ္ဌိပြုတ်ကတည်းက ပါသွား တယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အပါယ်ကျစေတတ်တဲ့ မာနနဲ့ အပါယ်ကျစေတတ်တဲ့ တဏှာဟာ ဒိဋ္ဌိပြုတ်ကတည်းက တွဲပြီးပြုတ်သွားတယ်(မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ ဘုရား) ခုနင်က ငါငါ့ဥစ္စာ မထင် ကတည်းက ဘာတုန်း (ပါသွားပါတယ် ဘုရား) ပါသွားပြီ (မှန်ပါ့)။
အပါယ်ကျစေတတ်တဲ့ ငါယောင်ယောင်ထင်မှု အပါယ်ကျ စေတတ်တဲ့ ခင်မှု ဒီနှစ်ခုဟာ ဦးမြ ဘာပြုတ်ကတည်းကရော ပါသွားသတုန်း (ဒိဋ္ဌိပြုတ်ကတည်းက ပါသွားပါတယ် ဘုရား)။
ဒိဋ္ဌိပြုတ်ကတည်းက ရောပါသွားပြီဆိုတာ ဒကာဒကာ မတွေ မှတ်ဖို့မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။
ဒါ ဘုန်းကြီးက ဟောနေတာလား၊ ရှင်ခေမက, က ဟောနေတာလား (ရှင်ခေမက, က ဟောနေတာပါ ဘုရား) ရှင်ခေမက အနာဂါမ်က ဟောနေတာ၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒီတရားကို အသာကလေး ထားလိုက်ပါဦး တဲ့၊ ဒီဥစ္စာရဟန္တာဖြစ်အောင် ဟောမှာပဲ၊ ရှင်ခေမက,က သေသေချာချာ ဟောမှာပဲ။ သို့သော်လဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ငါ, ငါ့ဥစ္စာမဟုတ်ဘူး ဆိုတဲ့ ခန္ဓာငါးပါးကိုတော့ဖြင့် လက်ရှိ ခန္ဓာကြီးပေါ့လေ (မှန်ပါ့) ငါ, ငါဥစ္စာဖြုတ်ထားဖို့ ဒီနှစ်ခုအရေးကြီးတယ် (မှန်ပါ့ ဘုရား)။
ဦးအောင်ဇံဝေ ဘာအရေးကြီးပါလိမ့် (ငါ ငါ့ဥစ္စာဖြုတ် ထားဖို့ အရေးကြီးပါတယ် ဘုရား)။ ငါ ငါ့ဥစ္စာ ဆိုတာ နှစ်ခု ဖြုတ်ထားဖို့ အလွန်အရေးကြီးတယ် ဆိုတာ ဒကာ ဒကာမတွေ သေသေချာချာ မှတ်ပါ ငါယောင်ယောင် ကျန်နေတဲ့ဥစ္စာ ငါခင်နေတဲ့ တဏှာမျိုး ကျန်ချင် ကျန်ပါ စေတဲ့ ကိစ္စ မရှိဘူး၊ အပါယ်လေးပါး လွတ်သွားပြီ ငါ-ငါ့ဥစ္စာ ပြုတ်ဖို့က အရေးကြီးပါတယ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဘာအရေးကြီးပါလိမ့် (ငါ, ငါ့ဥစ္စာ ပြုတ်ဖို့ အရေးကြီးပါတယ် ဘုရား) ကဲ ဦးမြ အရေးကြီးတာကို အရင်ဟောပြီဗျ (မှန်ပါ့) မဟောရပေဘူးလား (ဟောသင့်ပါတယ် ဘုရား)။
အဲဒီတော့ အဲဒီ ငါ, ငါ့ဥစ္စာကတော့ ဘုန်းကြီး ရှင်းရှင်းပဲ ပြောပါ့မယ်တဲ့၊ ဒီငါ, ငါ့ဥစ္စာရှိသ၍ ကာလပတ်လုံးတော့ဖြင့် ရွှေဘုရားကြီးတည်တည်၊ ရွှေကျောင်းကြီးဆောက်ဆောက် ဦးမြ အပါယ်တံခါးပိတ်ပြီလို့ ဆိုလို့ ရနိုင်ရဲ့လား (မရနိုင်ပါ) ဒကာ ဒကာမတို့ ရပါ့မလား (မရပါ ဘုရား) အဲဒီတော့ လိုသေးလား ဆိုတဲ့အဓိပ္ပါယ်ကော ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ငါ ငါ့ဥစ္စာပြုတ်မှုရှေ့ထားပါ
ဪ ဒါဖြင့် ဒကာ ဒကာမတို့ ငါ, ငါ့ဥစ္စာကလေး ဖြုတ်ဖို့ကိုလဲ ဆရာဘုန်းကြီးက အခုရင်းနှီးတဲ့ ဒကာ ဒကာမတွေ အသံသွင်းရင်း တရားပြောပြီးသား ဖြစ်နေတယ် (မှန်ပါ့) တရားဟောတာ အများစုကို ဟောတာမဟုတ်သေးပါဘူး၊ အသံသွင်းနေ တာ (မှန်ပါ့ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ ဒီငါ, ငါ့ဥစ္စာကလေး ဖြုတ်ဖို့ ရာကို ဘုန်းကြီးက အရေးအကြီးဆုံး ပြောလာခြင်းသည် ဦးမြရေ စိုးရိမ်လို့ ပြောတယ်လို့ဆိုတာဖြင့် ပေါ်သွားပြီ (ပေါ်သွားပါပြီ ဘုရား) မပေါ်သေးဘူးလား (ပေါ်သွားပါပြီ ဘုရား)။
စိုးရိမ်လို့ ပြောတယ်တဲ့၊ ငါ, ငါ့ဥစ္စာ မပြုတ်သေးလို့ ရှိရင် ဖြင့် ရွှေဘုရားကြီးတည်, ရွှေကျောင်းကြီး ဆောက်ငြားသော်လဲ ဒကာ ဒကာမတို့ အပါယ်ဘေးက မလွတ်သေးဘူး (မှန်ပါ့) မောင်အောင် ချီမှတ်မိပလား (မှတ်မိပါပြီ ဘုရား)။
ဘာ့ကြောင့်တုန်းလို့ ဦးမြက ခင်ဗျားက လူကြီးဖြစ်နေလို့ မေးတာပါနော် (မှန်ပါ့) ငရဲမျိုးစေ့က ဝမ်းထဲမှာ အနုသယ သဘောနဲ့ ကိန်းလျက်ပါတယ် (မှန်ပါ့)။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ငရဲမျိုးစေ့က အနုသယသဘောနဲ့ (ကိန်းလျက်ပါ-ပါတယ် ဘုရား) ဝမ်းထဲမှာ ကိန်းလျက် အောင်းလျက်ပါတယ်ဆိုတာ သေချာ ကြပလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ ငရဲမျိုးစေ့ကို အရင်ထုတ်ပစ်လိုက် လို့ရှိရင် ခင်ဗျားတို့ ပျော်ချင် သလို ပျော်နိုင်တယ်, နေချင်သလို နေနိုင်တယ်လို့ ဘုန်းကြီးက တာဝန်ခံတယ် (မှန်ပါ့ ဘုရား)။
ဝိသာခါတို့ ပျော်လိုက်တဲ့ဖြစ်ခြင်း အနာထပိဏ်တို့ ပျော် လိုက်တဲ့ဖြစ်ခြင်း ဘုံစဉ်တွေ လျှောက်စံပြီးပျော်တာပဲ (မှန်ပါ့) ဘာဖြစ်လို့ ရဲရဲတင်းတင်းပျော်ပါလိမ့်မတုန်းလို့ ဦးအောင်ဇံဝေက မေးလို့ ရှိရင် ငရဲမျိုးစေ့ ပြုတ်လို့ပျော်တာ(မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ပျော်ချိန်နဲ့ ငရဲမျိုးစေ့ထုတ်ချိန်ကို ဘယ်သူရှေ့ထား ရမလဲ (ငရဲမျိုးစေ့ထုတ်ချိန်ကို ရှေ့ထားရပါမယ် ဘုရား)။
နောက်မပျော်ရဘူးလို့ ပြောတာမှမဟုတ်ဘဲ (မှန်ပါ့) ပျော်ရပါတယ်၊ သား, လင်, ခင်ပွန်းနဲ့ နေနိုင်ပါတယ်၊ အားလုံး နေနိုင်ပါတယ်၊ ဥယျာဉ်, ဗိမာန် ပဒေသာပင်တွေနဲ့ ပျော်လို့ရွှင်လို့ အကုန်နေနိုင်ကြပါတယ်။
သို့သော်လည်း စိတ်မချရတဲ့ နေနည်းကို စိတ်ချပြီးမှ နေနည်းကလေး ပြောင်းလိုက်ဖို့ ကောင်းတယ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတွေ ဒါအရေးကြီးလို့ ပြောတဲ့စကားဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
စိတ်မချ, လက်မချပျော်ရတာနဲ့ စိတ်ချ,လက်ချပျော် ရတာဟာ ဦးမြဆုံးဖြတ်ချက်ချ ဘယ်ဟာကောင်းသတုန်း (စိတ်ချလက်ချ ရတာ ကောင်းပါတယ် ဘုရား)။
စိတ်ချလက်ချပျော်ရတာ ကောင်းတယ်ဆိုတာ ဒကာ ဒကာမတွေ လေးလေးစားစားမှတ်ပါ (မှန်ပါ့) မမှတ်ထိုက် ဘူးလား (မှတ်လိုက်ပါတယ် ဘုရား)။
အခုတော့ဖြင့် အရေးကြုံလာတယ်၊ ကိုယ်ကလဲ ဗုဒ္ဓဘာသာ ဖြစ်နေတယ်၊ ဪ ငါလွန်သွားပြီ ငါ့မှာတော့ အပါယ်ကျဦးမှာပဲ ဆိုတာကလေးက စိတ်ထဲပါ-ပါနေရတယ် (မှန်ပါ့) မပါဘူးလား (ပါ-ပါတယ် ဘုရား)။
ပါတော့ ကိုယ့်ဟာကိုယ်လဲ ပစ္စုပ္ပန်မှာ အတ္တာနုဝါဒဘေး ဆိုတဲ့ ကိုယ့်စိတ်ကလဲ ကိုယ့်ကို ဘေးသင့်အောင် လုပ်နေတယ် သံသရာဘေးကလဲ မလွတ်သေးဘူး၊ ကိုယ့်စွပ်စွဲတဲ့ဘေး ကကော ရှိရဲ့၊ ကိုယ့်ကိုယ်-ကိုယ် စွပ်စွဲတဲ့ဘေးကကော (ရှိပါတယ် ဘုရား) ရှိနေတယ်၊ ငါတော့မှားသွားပြီဟေ့၊ မှားသွားတာ အပါယ် ရောက်ဦးတော့မှာပဲ ဆိုတဲ့ ကိုယ့်ကိုယ်စွပ်စွဲတဲ့ဘေး ကလဲ မလွတ် သေး (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အပါယ်ဘေးကကော (မလွတ်သေးပါ ဘုရား) မလွတ်သေး ဘူး၊ ကိုယ့်စိတ် မချမ်းသာမှု ကလဲ မလွတ်သေး၊ အပါယ်ကျဖို့ အရေး ကလဲ မလွတ်သေးဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို ဟ စိတ်ချရမှ ပျော်ပါဟ ၊ မပျော်နဲ့လို့ ဆရာဘုန်းကြီး ကဟောသလား (မဟောပါ ဘုရား) မဟောပါဘူးတဲ့၊ စိတ်ချပြီး တော့ပျော်တာပေါ့။ (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ ဘုရား)။
အိမ်မှာ ငါးမူးမှ မရှိဘဲနဲ့ တစ်ကျပ်ဖိုးလောက် ပျော်ချင်နေလို့ ရှိရင် အပြန်တော့ စားစရာ မရှိပေဘူး (မှန်ပါ့) ဒီအပျော်မျိုးတော့ ကောင်းပါ့မလား၊ (မကောင်းပါ ဘုရား) မကောင်းပါဘူးတဲ့ အိမ်မှာ ငါးမူးမှ မရှိဘဲနဲ့ တစ်ကျပ်ဖိုးလောက် ပျော်လိုက်တယ် ဆိုလို့ ရှိရင် အပြန် ထမင်းငတ်ဖို့ မှတစ်ပါး ဘာမှမရှိဘူး ။ မောင်မြင့် ဒီအပျော်မျိုး တော်ပါ့မလား (မတော်ပါ ဘုရား) သဘောပါ ကြပလား (ပါ-ပါပြီ ဘုရား)။
ဒါဖြင့် ဒီအရေးသည်ကားလို့ ဆိုရင်ဖြင့် အိမ်မှာတစ်ပုံကြီး ရှိနေရင် ဘာမှကိစ္စမရှိဘူး၊ ဒါလောက်နဲ့ အရေးမကြီးဘူး ဆိုရင်တော့ တစ်ရာဖိုးပျော်ပျော်, တစ်ထောင်ဖိုးပျော်ပျော် ဦးမြအရေး ကြီးသေးသလား (မကြီးပါ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရှေ့နောက် ကလေးသာ ခွဲတော့ဆိုတာကို ပြန်ပြောလိုက်တယ် (မှန်ပါ့ ဘုရား)။
ဘာမှာသတုန်း (ရှေ့နောက်ခွဲပါ ဘုရား) ရှေ့နောက် ခွဲလိုက် ပါဆိုတာကလေးပဲ သတိပေး လိုက်ပါတယ်၊ ငါ-ငါ့ဥစ္စာ ပြုတ် မှုကိုရှေ့ထားပြီး ပျော်မှုနောက်ထားလိုက်ပါ၊ (မှန်ပါ့ ဘုရား)။
မောင်ဇီဝ ဘာသတိပေးသတုန်း (ငါ,ငါ့ဥစ္စာ ပြုတ်မှု ကိုရှေ့ထားရပါမယ် ဘုရား) ပျော်မှုကို (နောက်ထားရပါမယ် ဘုရား)။
သူ-ပြုတ်ပြီးလို့ ပျော်ရတော့ကို အိမ်မှာတစ်ပုံကြီးရှိလို့ တစ်ထောင်ဖြုန်းပြီး ပျော်တာ ဘာအရေးကြီးသတုန်း (မကြီးပါ ဘုရား) မဟုတ်ဘူးလား (မှန်ပါ့) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။
နို့မဟုတ်လို့ရှိရင်တော့ကွာတဲ့ ငါဘုရားသခင်ကိုယ်တော် မြတ်ကြီး ဟောပါမယ်တဲ့။
“မဓူဝ မညတိ ဗာလော၊ ယာဝပါပံ နပစ္စတိ၊
ယဒါစ ပစ္စတိပါပံ၊ ဗာလောဒုက္ခံ နိရ စ္ဆတိ။”
ဓမ္မပဒပါဠိတော်မှာနော် (မှန်ပါ့) လောကီဥပမာ ငါ ဘုရားဟောမယ်ကွာ တဲ့၊ ထက်လှစွာသော သင်ဓုန်းသွားကို မောင်အောင်ချီက ပျားရည်ကလေးသုတ်ထားနော် (မှန်ပါ့) ပျားရည် အရသာကလေးကို နှစ်သက်တာနဲ့ သွားလျက်လို့ရှိရင် လျှာပြတ်မှာနဲ့ ပျားရည်အရသာနဲ့ ကာမိရဲ့လား (မကာမိပါ ဘုရား) မကာမိဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ဒီမှာလဲ ထိုနည်းအတူပါပဲတဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေမှာ အခုပျော်နေတဲ့ဥစ္စာက အပါယ်နဲ့ စာလိုက်လို့ ရှိရင်ဖြင့် ပျားရည်ချိုတာနဲ့ သင်ဓုန်းရှတာနဲ့ လောက် ကွာခြားသွားမယ် (မှန်ပါ့)။
ဗာလော= သူမိုက်သည်၊ မဓူဝ= ပျားသကာကဲ့သို့၊ မညတိ= အောက်မေ့၏။ ပျားသကာ ချိုတာကလေး လောက်သာ သူအောက် မေ့နေတော့ သင်ဓုန်းပြတ်မှာ သူမသိသလို ဖြစ်နေတယ်၊ သဘော ကျပလား (ကျပါပြီ ဘုရား)။
ယာပါပံ နပစ္စတိ တဲ့၊ ယာဝ=အကြင်မျှလောက်၊ ပါပံ= သူပြုထားတဲ့ ပျားရည် လျက်ထားတာ ကလေးက၊ နပစ္စတိ= အကျိုး မပေးသေးဘူး၊ တစ်ခါအကျိုးပေးလာတော့ မခံနိုင်တော့ဘူးဟေ့၊ တဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) အခုတော့ ချိုသယောင်ယောင်၊ သို့သော်လျှာပြတ်သလောက် ခရီးပေါက်ကဲ့လား (မပေါက်ပါ ဘုရား)။
အဲ-အခု ပျော်နေတာကတော့ ပျားရည် ဓါးသွားပေါ် တင်ပြီး သကာလ လျက်သလောက် သာ ပျော်ရတာပါကွာ – တဲ့ ချိုတာက နည်းနည်း လျှာပြတ်သွားတာက များများဖြစ်နေတယ် (မှန်ပါ့)။
ဒါ ငါ, ငါ့ဥစ္စာ မပြုတ်ဘဲနဲ့ ပျားရည်လျက်တဲ့ သူနဲ့ ဥပမာတူတယ်ဆိုတာဘုရားက ဦးမြဟောလိုက် (မှန်ပါ့ ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ ပြင်ကြဦးဆိုတာကို သတိပေးလိုက် ဘူးလား၊ (ပေးလိုက်ပါတယ် ဘုရား) ပေးထိုက်တယ်တဲ့ ဒီစီးပွားရေး ပင်လယ်ထဲမျောမနေပါနဲ့ ပြောလိုက်တာပါဘဲ (မှန်ပါ့ ဘုရား)။
နောက်က ဒကာ ဒကာမတွေ ဘာပြောတာတုန်း (စီးပွား ရေး ပင်လယ်ထဲ မျောမနေပါနဲ့ ဘုရား)။
မျောမနေနဲ့ဆိုတာ ဦးမြတို့လိုလူကြီးတွေ, ဦးအောင်ဇံဝေ တို့လိုလူကြီးတွေကျတော့ ဒါပြောရမယ် (မှန်ပါ့) မဟုတ် ဟူးလား (မှန်ပါ့) စီးပွားရေးက ပျားသကာအပြားကလေး လောက်ရှိတာ အကုသိုလ်က ခုနင်က ဓါးရှတာလောက် ကြီးကျယ်နေတာ (မှန်ပါ့) မကြီးကျယ်ဘူးလား (ကြီးကျယ်ပါတယ် ဘုရား)။
အဲဒါကြောင့် တဲ့ လူကြီးတွေမှာလဲ ဒီအတိုင်း လူငယ် တွေမှာလဲ ဒီပုံအတိုင်း အကဲခတ်လို့ရှိရင်ဖြင့် အတော်ဆိုးဝါးသွား မယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ ကြောက်စရာ သိပ်ကောင်းပါတယ်နော် (ကောင်းပါတယ် ဘုရား)။
ကိုင်း – ဒါဖြင့် ငါ့ဥစ္စာ ပြုတ်ဖို့ အရေးဟာဖြင့် ဆရာ ကောင်းက လမ်းပြရတယ်၊ သူပြုတ်သွား လို့ရှိရင် စိတ်အေး လက် အေးပျော်တော့ (မှန်ပါ့) မပျော်နဲ့ ဟောတာလား သူပြုတ် သွားမှ ရဲရဲတင်းတင်းပျော်လို့ ခိုင်းတာလား၊ (သူပြုတ်သွားမှ ရဲရဲ တင်းတင်းပျော်လို့ ခိုင်းတာပါ ဘုရား)။
သူပြုတ်သွားမှ ရဲရဲတင်းတင်းပျော်ပါလို့ ဆိုတဲ့ဥစ္စာကို ဒကာ ဒကာမတို့ သတိပေးတာဟာ ခင်ဗျားတို့ကို အတင်းအဓမ္မ ဝါးနဲ့ ညှပ်ပြီး ဟောတဲ့တရားမဟုတ်ဘူး၊ ရှေ့နောက်အခွဲခိုင်းတာ သက်သက်ပါ (မှန်ပါ့)၊ သဘောပါပလား (ပါ-ပါပြီ ဘုရား)။
ဘာတဲ့တုန်း – (ရှေ့နောက်အခွဲခိုင်းတာပါ ဘုရား) ရှေ့ နောက်အခွဲခိုင်းတာသက်သက်၊ ဝါးနဲ့ညှပ်ပြီး သကာလ တစ်ခါတည်း ဟာ ခင်ဗျားတို့ ဒါ – မလုပ်ရဘူးလို့ ဒီလိုပြောတာမဟုတ်ဘူး၊ (မှန်ပါ့) ရှေ့နောက်ကလေး ပြန်လိုက်ပါတော့ ဆိုတော့ ဒါ ဝန်လေးစရာ အလုပ်လား၊ တာဝန်ခံစရာ အလုပ်လား ဆိုတာ ဦးအောင်ဇံဝေ၊ အကဲခတ်စမ်း (တာဝန်ခံစရာ အလုပ်ပါ ဘုရား) တာဝန် ခံစရာ အလုပ်ပဲဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ရှေ့နောက်တွင် ဒီအရေးနောက်ကျ နေလို့ရှိရင် မောင်ဇီဝ အမှားကြီး မှားမယ် (မှန်ပါ့) ငါ-ငါ့ဥစ္စာ ပြုတ်တဲ့အရေး နောက်ကျနေလို့ရှိရင်ဖြင့် လုပ်သ၍ တစ်ခါတည်း အပါယ်ချည်းသွားတာပဲ (မှန်ပါ့)။
ဒီ နှစ်ခုပြုတ်ပြီး သွားမှ လုပ်သ၍ ဟာ အပါယ် ကိုမရောက်တော့ဘူး၊ (မှန်ပါ့) ဆိုတော့ ဦးမြအားကိုးလောက်တယ် ဆိုတာ ပေါ်ပလား၊ (ပေါ်ပါပြီ ဘုရား) အားကိုး လောက်တယ် ဆိုတာ ဦးနေဖူးပေါ်ရဲ့ လား (ပေါ်ပါတယ် ဘုရား) အဲ သေသေ ချာချာမှတ်၊ ခင်ဗျားတို့ နံပါတ် ပြောင်းပြန်ဖြစ် သွားဦးမယ် (မှန်ပါ့)။
နောက်က ဒကာ ဒကာမတွေကော နားလည်ရဲ့လား (လည်ပါတယ် ဘုရား) ခင်ဗျားတို့က အခု ရှေ့နောက် ကိုယ်ကိုယ် တိုင် လွဲနေတာတွေကော သိကြပလား (သိပါပြီ ဘုရား) ရှေ့ နောက် ကိုယ်ကိုယ်တိုင် လွဲနေတယ် ဆိုတာတော့ ဦးမြ ဘုန်းကြီး အထူးပြောစရာမလိုဘူးနော် (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် ပြောကြပါစို့ တဲ့ ဒီဥစ္စာဒကာ ဒကာမတွေ ငါ့ဥစ္စာ ပြုတ်ဖို့ဆိုတာ ဆရာကောင်းနဲ့ ကပ်လိုက်လို့ ရှိရင် အားလုံးနောက်က ဒကာ ဒကာမတွေ မှတ်လိုက်စမ်းပါ အလွယ်ကလေးနဲ့ ပြုတ်တယ် (မှန်ပါ့) ငါမဟုတ်ဘူး၊ ငါ့ဥစ္စာ မဟုတ်ဘူးကလေးသိဖို့ တစ်လုံးပဲ (မှန်ပါ့)။
ဒါ သိပ်ခက်တဲ့ အလုပ်မဟုတ်ပါဘူး ၊ မယုံလို့ ရှိရင်ဘုန်းကြီး ရှင်းရှင်းပြောပါ့မယ်၊ တကယ့် သူတော်ကောင်းကြီး တွေကျတော့ ကွာ သောတာပန်တည်ဖို့ လက်ဖျစ်တစ်တွက် တောင် မကြာပါဘူး၊ ဒီလိုတောင် ဟောတာဗျ (မှန်ပါ့) ဒီလိုတောင် ဟောကြတယ် ၊ ငါ့ဥစ္စာ ပြုတ်ရင် ပြီးတာပဲ။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ငါ့ဥစ္စာ ဉာဏ်ကသာ ပြုတ်ပါစေအသိနဲ့ မပြုတ်စေနဲ့ အသိနဲ့ပြုတ်တာတော့ မပိုင်သေးဘူး ပေါ့ကွာ (မှန်ပါ့ ဘုရား) ဉာဏ်ထဲမှာ တကယ်ပြုတ်သွားရင် အဲဒါ သောတာပန်တည်ပါတယ် ဆိုတာ နောက်က ဒကာ ဒကာမတွေလဲ သေသေချာချာမှတ်ပါ (မှန်ပါ့)။
အဲဒါကြောင့် ဘုန်းကြီးကလဲ ဟောတယ်လို့ မယူဘဲနဲ့ ငါ, ငါ့ဥစ္စာပြုတ်ဖို့ အရေးကို ဘုရားက ဘယ်လောက်မြန်မြန် အလိုရှိ တယ်ဆိုတာ ရင်ဝကို သူများက လှံနဲ့ထိုးလိုက်တယ်။ ဦးမြ အဝေးကြီး လှံကို လှမ်းရှောင်တယ်၊ ကိုယ့်ဆီလာတာမြင်ရင် ဦးမြ ဖြေးဖြေး ရှောင်မလားတဲ့ အသက်ကြီး ငြားသော်လဲ၊ သွက်နိုင်သမျှ သွက်ပြီးရှောင်မလား (သွက်သွက်ရှောင်မှာပါ ဘုရား) သွက် သွက်ရှောင်မယ်နော် (မှန်ပါ့ ဘုရား) ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် သေမည့်ဘေးကိုး၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
ဒီမှာ ဦးခေါင်း မီးလောင်တယ်ဆိုလို့ရှိရင်လဲ ဒကာ ဒကာမတွေ သူများ ဆေးလိပ် မီးပွားကလေး ကိုယ့်ခေါင်းပေါ် လွင့်လာလို့ ကိုယ့်ခေါင်းပေါ်လဲ ဆီနဲ့ ဗဆလင်တွေနဲ့ဆိုရင် လောင်ချင်လောင်ပစ်လိုက်မှာ (မှန်ပါ့) ဒါ မြန်မြန်ငြိမ်းမှာလား နှေးနှေး ငြိမ်းမှာလားဆိုရင် ဒီထက်မြန်တဲ့အလုပ် ရှိကြပါဦးမလား (မရှိပါ ဘုရား)။
အဲဒါထက် ငါတော့ မြန်စေချင်တာပဲကွာ တဲ့၊ ငါ-ငါ့ ဥစ္စာဖြုတ်တဲ့နည်းကို (မှန်ပါ့) ကဲ ပေါ်ပလား (ပေါ် ပါပြီ ဘုရား)။
ငရဲမျိုးစေ့ မြန်မြန်ထုတ်ပါ
ငါ-ငါ့ဥစ္စာဖြုတ်တဲ့နည်းကို ရင်ဝလှံနဲ့ထိုးလိုက်တာ ရှောင် တာ မြန်သလို ဦးခေါင်း မီးလောင်တာ မြန်မြန်ပွတ်ချေတာ မြန်သလို ဒီထက်တောင် မြန်စေချင်သေးတယ်ကွာတဲ့၊ ဒါက သံယုတ်ပါဠိတော် နော် (မှန်ပါ့) သဘောကျကြပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဘုရားကလဲ အမြန်ဖြုတ်ခိုင်းတာ ဦးမြကြီးက ရိပ်မိ ပါရော့မယ်၊ ငရဲမျိုးစေ့ကို မြန်မြန်ထုတ်ပစ်ပါ ပြောတာ (မှန်ပါ့ ဘုရား)။
ဘာပြောတာတုန်း (ငရဲမျိုးစေ့ကို မြန်မြန် ထုတ်ပစ်ပါ ပြောတာပါ ဘုရား) အဲဒီတော့ ငရဲမျိုးစေ့ တွေတော့ မြန်မြန်မဖြုတ်ဘဲ နဲ့ ငရဲမျိုးစေ့တွေချည့် မျိုးနေလို့ရှိရင် ဘယ်ကောင်း တော့မတုန်းကွ၊ ကောင်းနိုင်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
မရှိတော့ဘူးဆိုတော့ ဒါကလေးဟာ ငါ့သမီးကလေးပဲ။ ဒါကလေးဟာ ငါ့သားကလေးပဲ၊ ငါ့ညီမလေးပဲ ဆိုလို့ရှိရင် အပြော တွင်လားလို့ မေးတဲ့အခါ ကိုယ့်ညီမဖြင့် ကိုယ်ခင်ရမှာပဲ (မှန်ပါ့ ဘုရား)။
ကိုယ့်သမီးဖြင့် ကိုယ်ပူရမှာပဲ၊ ကိုယ့်သားဖြင့် ကိုယ်ချစ်ရ မှာပဲ ဆိုတော့ ကိုယ့်သားလို့ ထင်လိုက်လို့ ချစ်ရမှာပဲဆိုတဲ့ တဏှာ က နောက်ကလိုက်တာပဲ (မှန်ပါ့) ကိုယ့်သားဆိုတဲ့ ဒိဋ္ဌိက ရှေ့သွားလို့ ချစ်ရမှာပဲဆိုတဲ့ တဏှာက နောက်ကလိုက်တာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဒိဋ္ဌိနဲ့တဏှာ ဘယ်သူက ရှေ့သွားသတုန်း (ဒိဋ္ဌိက ရှေ့သွားပါတယ် ဘုရား) ကဲ ဒါဖြင့် ဒိဋ္ဌိပြုတ်တော့ တဏှာချည့် အပါယ်မရောက်ဘူးဆိုတာ သေချာပလား (သေချာ ပါပြီ) ဒိဋ္ဌိပြုတ်တော့ တဏှာက အပါယ်ပို့သေးရဲ့လား (မပို့ပါ ဘုရား)။ ဒါဖြင့် ဒိဋ္ဌိနဲ့ တဏှာ ဘယ်ဟာ အရင်သတ်ကြမယ် (ဒိဋ္ဌိ အရင်သတ်ရပါမယ် ဘုရား) ကဲ ဦးမြ ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား)။
ရှင်းသွားတော့ ဒကာ ဒကာမတွေ ဝတ္ထုအသာထားပြီး သကာလ ဪ ဆရာ ဘုန်းကြီးက ရှေ့ထားရမည့် အရေးကို ရှေ့ထားပါဆိုတာကလေးကို ရှေ့ထားနည်းကလေးကို ပြပေးတော့ မယ်လို့ မောင်မြင့် မှတ်ရမယ် (မှန်ပါ့ ဘုရား)။
ဘာပြမလဲ (ရှေ့ထားနည်းပြပါမယ် ဘုရား) ရှေ့ထားနည်း ပြပေးမယ်နော် (မှန်ပါ့) ဘာ့ကြောင့်တုန်းဆိုတော့ ဘုန်းကြီး မပြလို့ရှိရင် ခင်ဗျားတို့ ဘယ်အခြေအနေ ရောက်သွား မတုန်းလို့ မေးတဲ့အခါကျတော့ ဘုရားကလဲ သူ့ကိုဒီလိုဖြုတ်ဖို့ဟာ ရင်ဝလှံနဲ့ ထိုးလိုက်တဲ့အခါ မြန်မြန်ရှောင်သလို ဦးခေါင်းမီးလောင်တဲ့ အခါ ကဗျာကရာ ပွတ်ချေသလို ဒီထက် မြန်မြန်ကလေး လုပ်ပါဆိုတော့ ဘုန်းကြီးက ဒီဟာကို အဟောနောက်ကျနေမယ်၊ ခင်ဗျားတို့ကလဲ မသိလို့ မသိသလို နေမယ်ဆိုလို့ရှိရင် ဒါ ဆရာအပြစ်သင့်ပါတယ် (မှန်ပါ့) မသင့်ဘူးလား (သင့်ပါတယ် ဘုရား)။
ဆရာဆိုတာ မကောင်းရာပယ် ကောင်းရာညွှန်ကြားရမှာ ကိုး (မှန်ပါ) ဒါ ဆရာ့တာဝန် (မှန်ပါ့)။
ခင်ဗျားတို့တာဝန်က ဘာတုန်း ညွှန်ကြားတဲ့အတိုင်း မလိုက်နာ ခင်ဗျားတို့အပေါ် အပြစ် ရောက်တာကိုး (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဒီတရားကို ဦးမြတို့ ဦးအောင်ဇံဝေတို့ကပဲ အကဲခတ်တာပေါ့။ အရင်ဟောရမည့် တရားလား နောက်ဟော ရမည့်တရားလား (အရင်ဟောရမည့် တရားပါ ဘုရား) ပေါ်ကြ ပလား ဒကာ ဒကာမတို့ (ပေါ်ပါပြီ ဘုရား)။
ဒီတရား အရင်ဟောရမှာလား (ဟောရမှာပါ ဘုရား) မဟောရင် ဆရာ့ဝတ္တရား ပျက်-မပျက် (ပျက်ပါတယ် ဘုရား) မလိုက် နာရင် ဘယ်သူပျက်သတုန်း (တပည့်ဝတ္တရား ပျက်ပါတယ် ဘုရား)။
မလိုက်နာရင် တပည့်ဝတ္တရား ပျက်တယ်၊ အဟောနှေးနေရင် ဆရာ့ဝတ္တရား ပျက်တယ် ဆိုတာ ကျေနပ်ပလား (ကျေနပ် ပါပြီ ဘုရား)။
အဲဒါကြောင့် ဆရာဝတ်တော့ အပျက်မခံနိုင်ပါဘူးဆိုတာ ကိုလဲ တရားဟောတယ်ဆိုတာ သနားလို့ ဟောတာ ဖြစ်လေ သောကြောင့် ဦးမြ ဒါအရင်ပြောတော့မှာပဲနော် (မှန်ပါ့) မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား) အရင် ပြောလိမ့်မယ်ဆိုတာ ဒကာ ဒကာမတွေ မှတ်လိုက်ပါ (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဘုန်းကြီးသင်ထားပါတယ်၊ နေ့လည်ကပဲ ဦးမြတို့ စာနဲ့ရေးလိုက်တယ်၊ ဦးနေဖူးကြီးကလဲ စာရေးပေးလိုက်တယ်နော် (မှန်ပါ့)။
စိတ်ကလေးတွေ ရေးပေးလိုက်တယ်၊ မြင်တယ်၊ မြင်စိတ် ကလေးကို ကြည့်ပါတဲ့၊ မြင်စိတ်ကလေးဟာ ဘာတုန်းဆိုတာ ကြည့်ပေးပါဆိုတော့ မြင်တဲ့စိတ်ကလေးကို ဦးမြက ကြည့်လိုက် ဦးနေဖူးက ကြည့်လိုက်၊ ကြည့်တဲ့စိတ်လာရင် မြင်စိတ်ရှိ, မရှိ (မရှိပါ ဘုရား)။
ဘယ့်နှယ်ကြောင့် မရှိပါလိမ့်မတုန်း မေးတော့ ငါလဲမဟုတ် လို့ ငါ့ဥစ္စာလဲ မဟုတ်လို့ တားလို့မရဘူးဘုရား၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ငါကော (မဟုတ်ပါ ဘုရား) ငါ့ဥစ္စာကော (မဟုတ်ပါ ဘုရား) ငါလဲမဟုတ် ငါ့ဥစ္စာလဲ မဟုတ်လို့ တားမရဘူးဆိုတော့ ဪ ကြည့်လိုက်တော့ မရှိတာကလေး တွေ့လိုက်လို့ရှိရင် ငါ-ငါ့ဥစ္စာ မဟုတ်တာ သေချာသွားတယ် (မှန်ပါ့ ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ ငါ-ငါ့ဥစ္စာ ဖြုတ်ချင်လို့ရှိရင်ဖြင့် ဘုန်းကြီးရေးပေးတဲ့ ဆယ့်နှစ်ချက်ကို လှည့်ကြည့်နေလို့ရှိရင် ဒါဘာလုပ်နေတာတုန်း မေးတော့ အပါယ်ငရဲ မျိုးစေ့ကို ခင်ဗျားတို့ နှင်ထုတ် နေတာဆိုတာကော ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဘာနှင်ထုတ်တာပါလိမ့် (အပါယ်ငရဲ မျိုးစေ့ကို နှင်ထုတ်တာပါ ဘုရား)။
အပါယ်ငရဲ မျိုးစေ့ကို နှင်ထုတ်နေတယ်ဆိုတော့ နောက် က ဟိုလူငယ်တွေ မောင်အောင်ချီ, တို့ လူစု၊ မောင်မြင့် တို့ လူစု ဪ ဒါကလေးဟာ အလွယ်သားပဲ။ သူ့အရင်ထုတ်လိုက်ရင် တို့ ဘာကြာမတုန်းဆိုပြီး အရင်သာ ထုတ်ပစ်လိုက် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါ ခဲယဉ်းတဲ့အလုပ်လားတဲ့၊ ကြည့်တတ်လို့ရှိရင်ဖြင့် မရှိတာ သိမှာပဲ (မှန်ပါ့)။
ကဲ မြင်တဲ့စိတ်ကလေး ပေါ်လာပြီ၊ မီးမြင်မြင်, ဘာ မြင်မြင် မြင်တဲ့စိတ်ကလေးဟာ မျက်လုံးထဲ ပေါ်မှာပဲ (မှန်ပါ့) ပေါ်တာကလေးကို ဦးမြကြီး သူ့သဘောကို ဆုံးအောင် ကြည့်စမ်း၊ နောက်ကနေ ဉာဏ်နဲ့ကြည့်လိုက်စမ်းဆိုတော့ ဘာတွေ့ ရမယ်ထင် သတုန်း ခင်ဗျားတို့ (ဖြစ်တာနဲ့ ပျက်တာတွေ့မှာ ပါ ဘုရား) ဖြစ်တာနဲ့ ပျက်တာကိုတွေ့တော့ ဖြစ်တာကိုလဲ ခင်ဗျားတားလို့ရသ လား (မရပါ ဘုရား) ပျက်တာကိုကော (တားလို့မရပါ ဘုရား) ဒါဖြင့် ငါ, ငါ့ဥစ္စာ မဟုတ်လို့ပေါ့ဗျ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ့်နှယ်ကြောင့်ပါလိမ့် (ငါ, ငါ့ဥစ္စာ မဟုတ်လို့ပါ ဘုရား) ငါဖြစ်လို့ရှိရင် ငါ့သဘော အတိုင်း သူတည်တံ့နေရမယ် (မှန်ပါ့) ငါ့ဥစ္စာဖြစ်လို့ရှိရင် ကိုယ်သိမ်းပိုက်ထားလို့ ရရမယ် (မှန်ပါ့) ဒီလိုရရဲ့ လား (မရပါ ဘုရား)။
မရတော့ ဒီတစ်ချက်မြင်လိုက်လို့ရှိရင်ပဲ သော်-ငါ, ငါ့ဥစ္စာ မဟုတ်ကြောင်းကို သိပြီ၊ ဒါ ကိုယ့်ခန္ဓာပဲ၊ ဒါ ဝိညာဏက္ခန္ဓာခေါ်တယ် (မှန်ပါ့ ဘုရား) ကိုယ့်ခန္ဓာကို ငါ, ငါ့ဥစ္စာ မဟုတ်ကြောင်း သိတာပေါ့ (မှန်ပါ့ ဘုရား)။
ကဲ မောင်အောင်ချီ ခဲယဉ်းသလား (မခဲယဉ်းပါ ဘုရား) မောင်မြင့်တို့ ခဲယဉ်းသလား (မခဲယဉ်းပါ ဘုရား) ကြိုးစားလုပ် လိုက်ပါ၊ ဒါကလေးကို ရှေ့ထားပြီးတော့ (မှန်ပါ့ ဘုရား)။
နောက်က ဒကာ ဒကာမတွေ ဘာတဲ့တုန်း (ကြိုးစားလုပ်ရ ပါမယ် ဘုရား) ဆင်ခြေမလဲနဲ့နော်၊ ဆင်ခြေလဲလို့ရှိရင် ငရဲမျိုးစေ့ ကြီးပွားပါရစေဆိုတာနဲ့ ဦးမြ (အတူတူပါ ဘုရား) အတူတူပဲ ဦးအောင်ဇံဝေရ (မှန်ပါ့ ဘုရား)။
ငရဲဆိုတာ
ငရဲမျိုးစေ့ ကြီးပွားလေလေ ငရဲသက်ရှည်လေလေဆိုတော့ ငရဲဆိုတာ အပြောသာ ငရဲနော် တကယ်ရောက်သွားတဲ့ အခါကျလို့ ရှိရင်ဖြင့် ရောက်သည်နဲ့ တစ်ပြိုင်နက်တည်း အင်မတန် ရဲရဲ တောက်တဲ့ သံပြားအပူကြီး အပေါ်မှာ ငရဲသားတွေက ဆွဲလှဲ့ တာ ဗျ(မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဆွဲလှဲ့ပြီးတော့မှ လက်တွေဘာတွေ တစ်ခါတည်း အင်မ တန်ပူလှတဲ့ ရဲရဲတောက် သံပူကြီးတွေနဲ့ အောက်သံပြားနဲ့ သူနဲ့ တစ်ခါတည်း ကျုပ်တို့ သံမှိုသလို တေတာဗျ(မှန်ပါ့) ၊ ခံနိုင်ရည်ရှိပါ့မလား (မရှိပါ ဘုရား)။
ဒါငရဲအိုးထဲ မချခင်ဖြစ်တဲ့အဖြစ်၊ ရောက်သွားတဲ့ပုဂ္ဂိုလ် မှာ (မှန်ပါ့) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား) ခြေရော လက်ရော အကုန်ဗိုက်ပါ ဖောက်လိုက်တာပဲ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဒီကနေ တွေးကြည့်ရင်ပဲ ကြက်သီးထ စရာကြီးပါ (မှန်ပါ့) ဒါက ဒီပြင်ငရဲတွေကို စီရင်ချက်ချပြီးတော့ ဒီပြင်ငရဲတွေ မပို့သေးပါဘူး၊ ကျင်ကြီးငရဲကြီးများ ပို့လိုက်တယ် ဆိုရင်ဖြင့် အပ်သွားလောက် ရှိတဲ့ ပိုးကောင်တွေ ကျင်ကြီးပိုးတွေက တစ်ခါတည်း ရိုးတွင်းချဉ်ဆီ ဖောက်စားတာဗျ အသားတွေ အကုန်ဖောက်ပြီး ရိုးတွင်းချဉ်ဆီ အကုန်စုပ်ယူတာ ခံနိုင်ရည်ရှိပါမလား (မရှိပါ ဘုရား)။
အဲဒါတွေကလဲ တစ်တွင်းလုံး ပြည့်နေတဲ့အထဲ ပစ်ချလိုက် တာ၊ ဆိုတော့ မောင်ဇီဝ ခံနိုင်ရည်ရှိပါမလား မရှိဘူးကွ (မှန်ပါ့) မောင်မြင့်ကော (မရှိပါ ဘုရား) နောက်က ဒကာ ဒကာမတွေ (မရှိပါ ဘုရား)။
အဲဒါကြောင့် ငရဲ ဘာကိစ္စ ရှိသတုန်းလို့များ သွားပြီး လုပ် မနေနဲ့နော်။ သွားပြီး လုပ်မနေကြနဲ့ အပျော်စကား ပြောမနေ နဲ့ (မှန်ပါ့) ရိပ်မိပလား(ရိပ်မိပါပြီ ဘုရား) မွေးတစ်နေ့ သေတစ် နေ့တွေ လုပ်မနေနဲ့ ၊ တကယ်တန်း ချလိုက်တဲ့အခါ မခံနိုင်ဘူး ဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့)။
ပြိတ္တာဆိုတာ
ဒီငရဲမဖြုတ်လို့ ပြိတ္တာဘုံကြီးများဖြစ်တဲ့ အခါကျတော့ ဦးမြ ကြောက်စရာ ကောင်းလိုက်တာ ပြိတ္တာဖြစ်နေတာ (မှန်ပါ့ ဘုရား) လူကတော့ အတောင်လေးဆယ်လောက်ရှိတယ် ဂင်္ဂါမြစ် နားမှာ သွားဖြစ်တယ်၊ ပါးစပ်ပေါက်ကတော့ အပ်ဖျားကလေး လောက်ပါတယ်၊ လုံးပတ်ကလဲ သစ်တုံးကြီးလောက်ပဲရှိတယ်။
မနက်ရဟန်းတွေ ဆွမ်းခံသွားတော့ ဒါကြီးတွေ့တယ်၊ ဒကာကြီး ဘာလုပ်မလို့တုန်း ဒီအနားမှာဆိုတော့ တပည့်တော် ရေသောက်ချင်လွန်းလို့ဘုရား တဲ့၊ ဟိုမှာ မြစ်ကြီးဗျ ခင်ဗျား မမြင်ဘူးလားလို့မေးတော့ အရှင်ဘုရား တပည့်တော် ဆင်းသွားရင် ဖုတ်တထောင်းထောင်းထ, တယ်လို့ လျှောက်တယ်။
ကိုင်း ဒါ-ပြိတ္တာရှိသေးတယ် (မှန်ပါ့) သူဆင်းသွား ရင် ဘာတဲ့တုန်း (ဖုတ် တထောင်းထောင်း ထ ပါတယ် ဘုရား) ဒီအထဲ က အကုန်ဘေးရှဲပြီးတော့ ဒီကြားထဲ ဖုတ်တထောင်းထောင်း ထတာ ကြီး ပေါ်လာတာပဲ သဘောကျကြပလား (ကျပါပြီ ဘုရား)။
ဒါနဲ့ တပည့်တော် ဒီလိုမြစ်ကြီး မြင်ပါရဲ့ ဘုရာ့ ရေမသောက် ရဘူးပြောတာ၊ ဒါနဲ့ တပည့်တော် လှဲအိပ်နေလိုက်တယ်။
ဒါဖြင့် ဒကာကြီး ခင်ဗျား ပက်လက်လှန်နေဆိုပြီး ရဟန်း လေးဆယ် မနက် ခြောက်နာရီ လောက်က သပိတ်တွေနဲ့ ရေလောင်း ကြတာ သူ့ပါးစပ်ကလေးထဲ ၇ နာရီလောက် ရှိတော့ ရဟန်းတွေက ဆွမ်းခံချိန်ရောက်လာတော့ ခင်ဗျား သက်သာရာ ရပလား နည်းနည်း များ စိုပလားတဲ့ ပါးစပ်ထဲပေါ့လေ (မှန်ပါ့ ဘုရား)။
အရှင်ဘုရား၊ ရှင်းရှင်းပဲ တပည့်တော် သစ္စာဆိုပါရစေ၊ အရှင်ဘုရားတို့အခု ရဟန်းလေးဆယ် တစ်နာရီခန့် လောင်းတယ်။ တပည့်တော် ပါးစပ်ထဲကို ရေလောင်းကြတယ် အပ်ဖျားကလေး လောက်ဝင်လို့ရှိရင် တပည့်တော် ဒီပြိတ္တာဘဝမှ လွတ်ရပါလို၏ ဒီအတိုင်း ပြောတာပဲ (မှန်ပါ့) အကျိုးပေးကျတော့ ခံနိုင်ပါ့ မလား၊ ကဲ (မခံနိုင်ပါ ဘုရား)။
အဲဒီတော့ ငရဲ ဘာကိစ္စရှိသတုန်းလို့များ သွားမလုပ်နဲ့ဆို’ တာ သဘောပါပလား (ပါ-ပါပြီ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)
အဲဒါလောက် ဆိုးဝါးပါတယ်၊ အဲဒါ မျိုးစေ့ကလေး မ ပျောက်လို့ သွားဖြစ်ရတာ (မှန်ပါ့)။
ဦးမြ ငါ, ငါ့ဥစ္စာကလေး မပြုတ်လို့ (မှန်ပါ့) သဘော ချကြပလား (ကျပါပြီ ဘုရား) ဘာတဲ့တုန်း (ငါ,ငါ့ဥစ္စာ မပြုတ်လို့ပါ ဘုရား)။
ငါ, ငါ့ဥစ္စာ မပြုတ်တော့ကိုတဲ့ အပါယ်ကျသွားတယ်၊ ငါ့ ဘယ်လိုမှတ်လို့တုန်း ဆိုတော့ အကုသိုလ် လုပ်ဖြစ်မလား မလုပ်ဖြစ်သေးဘူးလား (လုပ်ဖြစ်ပါတယ် ဘုရား)။
ငါ့ ဘယ်လိုအမျိုးအစားမှတ်လို့တုန်း ငါ့-ဘယ်လိုအောက် ကျနောက်ကျ မှတ်လို့တုန်း၊ ငါ့ပစ္စည်းမဲ့လူတန်းစား မှတ်လို့လား ကျောမွဲမှတ်လို့လား ၊ သူကလာတဲ့ ရန်ဖြစ်တာတွေ (မှန်ပါ့ ဘုရား)။
ရန်ဖြစ်တာ၊ ကြွားတာ-ငရဲမျိုးစေ့
ရန်ဖြစ်တာဟူသ၍ ကွာတာ-မော်တာဟူသ၍ ဘယ်က လာတာတုန်း (ဒိဋ္ဌိက လာတာပါ ဘုရား) ဒီ-ငါကလာတာချည့် ပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ငရဲမျိုးစေ့ ဟုတ်-မဟုတ် ဦးမြတို့ ဆုံးဖြတ်ချက်ချ စမ်း (ဟုတ်ပါတယ် ဘုရား) ရှင်းကြပလား (မှန်ပါ့)။
ဒါဖြင့် ဒါကလေးကို အခုမြင်စိတ်ကလေးကို ဒကာ ဒကာမ တွေကို ရေးပေးထားတယ် ဘုန်းကြီးက၊ ဒါကလေး ရှိ-မရှိ ကြည့်ရုံ ပါပဲ ဆိုတော့ ဦးမြကြည့်ဖို့ ခက်သလား (မခက်ပါ ဘုရား)။
နောက်ကနေ ဉာဏ်နဲ့ ကြည့်တဲ့အခါကျတော့ သူကတော့ မြင်မှာပဲ ရှေးဦးစွာ ဒီ မြင်စိတ်ကလေး ရှိ-မရှိ နောက်ကနေ ကြည့်လိုက်တဲ့အခါကျတော့ မျက်လုံးထဲ ဉာဏ်လှည့် လိုက်တယ်၊ ဝမ်းထဲက ဉာဏ်က မျက်လုံးဘက် လှည့်လိုက်တယ်၊ ဘာတွေ့မယ် ထင်ကြသလဲ (ပျက်သွားပါတယ် ဘုရား) မရှိတာဘဲ တွေ့မယ်၊ ဖြစ်ပျက်သွားတော့ သူ့မှာရှိသေးရဲ့လား (မရှိပါ ဘုရား) ဒီတော့ မရှိတဲ့ အနိစ္စကလေး သူမမြင်ပေဘူးလား၊ (မြင်ပါတယ် ဘုရား)။
အနိစ္စသည်ကားလို့ဆိုရင် ဖြစ်ပြီးမရှိတာကို ခေါ်တော့ ဪ ငါမဟုတ်လို့ မရှိဘဲဖြစ်သွားတာပဲ၊ ငါ့ဥစ္စာမဟုတ်လို့ ပျောက်ပျက်သွားတာပဲဆိုတာကလေး ဉာဏ်က အထူးလိုက်ဖို့ လိုသေးသလား (မလိုပါ ဘုရား) မောင်ဇီဝ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါကလေးဟာ ငါ,ငါ့ဥစ္စာ ဟုတ်နေလို့ရှိရင် ကိုယ့်ခန္ဓာပဲ။ ကိုယ့်ခန္ဓာ ဖြစ်ခဲ့လို့ရှိရင်ဖြင့် ငါ့ဥစ္စာ ဆိုလို့ရမှာပေါ့။ အခုတော့ ရှုရင်းမတ္တနဲ့ပဲ ဦးအောင်ဇံဝေ ပျောက်ထွက်သွားတယ် (မှန်ပါ့) ဒါဖြင့် ငါ, ငါ့ဥစ္စာ ဟုတ်မဟုတ် (မဟုတ်ပါ ဘုရား)။
အဲဒီလို မဟုတ်မှန်းသိသိသွားရင် ဒိဋ္ဌိပြုတ်တာပဲ၊ ငရဲမျိုးစေ့ , ပြုတ်တာပဲ (မှန်ပါ့) ဒကာ ဒကာမတွေ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
မဟုတ်မှန်းသိရင် (ဒိဋ္ဌိပြုတ်ပါတယ် ဘုရား) နောက်က ဒကာ ဒကာမတွေ (ဒိဋ္ဌိပြုတ် ပါတယ် ဘုရား)။ ရှင်းကြရဲ့လား၊(ရှင်းပါတယ် ဘုရား)။
ကဲ ယနေ့ ဒီတွင်တော်ကြအုံးစို့။
သာဓု သာဓု သာဓု။