12412

မာတိကာသို့

ဒိဋ္ဌိဝိစိကိစ္ဆာဖြုတ်နည်း အမှတ် (၁)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်

ဟောကြားဆုံးမတော်မူအပ်သော

ဒိဋ္ဌိဝိစိကိစ္ဆာဖြုတ်နည်း အမှတ် (၁)

ညအလုပ်ပေးတရားတော်

(၂၄-၅-၆၂)

သဿတဒိဋ္ဌိအယူ

ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောကြားသည်လို့ ဒကာ ဒကာမတွေက မှတ်ထားရမယ်နော် (မှန်ပါ့ ဘုရား)၊ ဘုန်းကြီးဟောနေတယ်လို့ မမှတ်ပါနဲ့၊ ဘုန်းကြီးက တစ်ဆင့်ပြောတာ မှတ်ကြပါ။

ဒကာ ဒကာမတွေကို ယနေ့ ရှင်းပေးရမှာက ဝိညာဏ်ကို ရှင်းပေးမယ်၊ ဝိညာဏ်ကို ရှင်းပေးမယ်လို့ မှတ်ကြပါ။

ဒကာ ဒကာမတွေမှာ ဒီအယူရှိနေတယ်လို့ ဝိညာဏ်ပြောင်းတယ်လို့ အယူရှိကြတယ်၊ ဝိညာဏ်ပြောင်းတယ်လို့ အယူရှိကြတယ်၊ ဝိညာဏ်ကလေးဟာ တွယ်စရာ မရှိသေးလို့ မချုပ်သေးဘူး၊ ဒီလိုလဲ ပြောလေ့ ဆိုလေ့ရှိကြတယ်၊ ပိုက်ဆံကလေးထည့်လိုက်မှ ဝိညာဏ်ကလေးဟာ ထွက်သွားတယ်၊ ဝိညာဏ်ဟာ စိတ်ပေါ့လေနော် (မှန်လှပါ ဘုရား)။

အဲဒီတော့ ဒီ ဝိညာဏ်ကလေးဟာ ထွက်သွားတယ်လို့ ဆိုသဖြင့် ထွက်သွားတယ်ဆိုတော့ သူက ဒီနေရာ မကောင်းလို့ ဟိုနေရာပြောင်းတဲ့ အဓိပ္ပာယ်ရောက်ပါတယ် (မှန်လှပါ ဘုရား)။

ရောက်တော့ ဒါက ဒကာ ဒကာမတွေက မှတ်လိုက်ပါ၊ သဿတဒိဋ္ဌိအယူရှိတဲ့ ပုဂ္ဂိုလ်လို့ မှတ်လိုက်ပါ (မှန်လှပါ ဘုရား)

ဘယ်လိုမှတ်မလဲ (သဿတဒိဋ္ဌိအယူရှိတဲ့ပုဂ္ဂိုလ်ပါ)၊ သဿတဒိဋ္ဌိအယူရှိတဲ့ ပုဂ္ဂိုလ်လို့ ဒကာ ဒကာမတွေ မှတ်ထားပါ။

ဝိညာဏ်ပြောင်းသွားပြီ

ဝိညာဏ်ပြောင်းသွားပြီ၊ ဝိညာဏ်ကလေး ထွက်သွားပြီလို့ မောင်မြတို့၊ မောင်အောင်ချီတို့၊ ဦးအောင်ဇံဝေ တို့ ယူလို့ရှိရင် ဘာဒိဋ္ဌိတုန်း (သဿတဒိဋ္ဌိပါ)၊ သဿတဒိဋ္ဌိလို့ မှတ်ထားလိုက်စမ်းပါ။

ဝိညာဏ်ပြောင်းတယ် ဝိညာဏ်ကို တစ်ချို့ကလဲ အသက်လုပ်ထားတယ်၊ အသက်ထွက်သွားတယ်၊ အခုနေ ဘယ်များသွားတယ် ထွက်ပါလိမ့်မတုန်းဆိုတဲ့ဥစ္စာသည် သဿတဒိဋ္ဌိလို့ ဦးအောင်ဇံဝေက မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ ဝိဉာဏ၏ အနိစ္စကို သူမရှင်းလို့ဖြစ်ရတဲ့အဖြစ်။

ဘယ်လိုမှတ်ကြမယ် (ဝိညာဏ်၏ အနိစ္စကို သူမရှင်းလို့ဖြစ်ရတဲ့အဖြစ်ပါ ဘုရား)၊ ဝိညာဏ်၏ အနိစ္စကို မရှင်းလို့ ဖြစ်ရတဲ့အဖြစ်လို့ နောက်က ဒကာ ဒကာမတွေ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။

ဝိညာဏ်၏ အနိစ္စမရှင်းလို့ရှိရင် ဦးမြရေ သဿတဒိဋ္ဌိပဲ၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ ဘာပါလိမ့်၊ (သဿတ ဒိဋ္ဌိပါ ဘုရား)။

အယူက ဒိဋ္ဌိဖြစ်ပြီး သကာလ ဖြစ်နေကြတော့ ဒါ့ကြောင့် ဘုန်းကြီးက ဒီ ဒကာ ဒကာမတွေကို ဝိညာဏ်ဆိုတဲ့ စိတ်ကို အရှုခိုင်းနေတာ၊ အဲဒါ မောင်အောင်ချီတို့၊ လှညွန့် တို့ကမှတ်၊ ဝိညာဏ်နဲ့စိတ်ဟာ အတူတူပဲနော် (မှန်ပါ့)၊ စက္ခဲု ဝိညာဏ်ကော စိတ်ပဲ (မှန်ပါ့)၊ သောတဝိညာဏ် ဆိုတာကော (စိတ်ပါပဲ ဘုရား)၊ မနောဝိညာဏ်ဆိုတဲ့ လောဘ၊ ဒေါသ၊ မောဟတွေကော (စိတ်ပါပဲ ဘုရား)။

အဲဒါ မှတ်ထားလိုက်တော့ မင်းတို့ရှုထားတဲ့ ပုဂ္ဂိုလ်ကျတော့ ပျက်တာ၊ ဘယ်ပြောင်းစရာရှိမလဲဆိုတာ ပေါ်လာ ပေ့ါ၊ (ပေါ်လာပါတယ် ဘုရား)။

ရှုတဲ့ပုဂ္ဂိုလ်ကျတော့ ပြောင်းသေးသလား (မပြောင်းပါ)၊ ဟိုသွား၊ ဒီသွား သွားနိုင်သေးရဲ့လား (မသွားနိုင်ပါ ဘုရား)၊ မသွားနိုင်ပါဘူးတဲ့၊ ပြောင်းကို မပြောင်းနိုင်တာ မဟုတ်ပါဘူး။

ဝိညာဏ် အရှုခိုင်းတာပဲ

ကိုင်း ဒါဖြင့် ဆရာဘုန်းကြီးက ဦးအောင်ဇံဝေလဲ ဝိညာဏ် အရှုခိုင်းတာပဲ (မှန်ပါ့)၊ စက္ခုဝိညာဏ်၊ သောတ ဝိညာဏ် မပါဘူးလား (ပါပါတယ် ဘုရား)၊ မနောဝိညာဏ် ဆိုတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသတွေ (ပါပါတယ် ဘုရား)၊ ဒါတွေကို အရှုခိုင်းတာ။

ဪ ဘာကြောင့် အရှုခိုင်းနေပါလိ့မ်မလဲဆိုတော့ ယနေ့တရားမှာ ပေါ်သွားပြီ (ပေါ်သွားပါပြီ ဘုရား)၊ မပေါ်ကြသေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဝိညာဏ် အပေါ်မှာ နဂိုက ခင်ဗျားတို့ မိဘရိုးရာမှာ ဝိညာဏ် ပြောင်းတယ်လို့ အယူရှိတယ်၊ အသက်ကလေး ထွက်သွားတယ်လို့ အယူရှိတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဘာဒိဋ္ဌိတုန်း (သဿတဒိဋ္ဌိပါ ဘုရား)။

ဒါဖြင့် ဝိညာဏ်အပေါ်မှာ သဿတဒိဋ္ဌိရှိတော့ ဪ ဝိညာဏ် ဆိုတာ စိတ်၊ စိတ်ပေါ်မှာ ဒိဋ္ဌိအများဆုံး ဆိုတာပေါ်သွားပြီ (မှန်ပါ့)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

နောက်က ဒကာ ဒကာမတွေ ဘယ်အပေါ်မှာ ဒိဋ္ဌိများပါလိမ့် (စိတ်ပေါ်မှာ ဒိဋ္ဌိများပါတယ် ဘုရား)။

ကဲ ဒါ့ကြောင့် သောတာပန် တည်ချင်ရင် ဒိဋ္ဌိဖြုတ်ရမယ်ဆိုသောကြောင့် အခုလာသရွေ့ ဒကာ ဒကာမတွေကို စိတ္တာနုပဿနာပေးနေတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ ကဲ မရှင်းကြသေးဘူးလား (ရှင်းပါပြီ ဘုရား)။

(ကျပါတယ် ဘုရား)။

သဘောကျပလား (မှန်ပါ့)၊ သဘောကျအောင် လုပ်ကြစမ်းပါ၊ နောက်က ဒကာ ဒကာမတွေ နားမလည်မရှိ ပါစေနဲ့၊ ရှေးစကားကပေမယ့် ဦးမြရေ ဒိဋ္ဌိဘက်သွားတာ မနည်းပါဘူး (မှန်ပါ့)။

လောက်လမ်းသဖွယ် ဝိညာဏ်တွယ်

”လောက်လမ်းသဖွယ် ဝိညာဏ်တွယ်” ဆိုတဲ့ဥစ္စာက လောက်လမ်းဆိုတာ ဟိုဘက်က တွယ်ပြီး သကာလ ထား တယ်၊ ဒီဘက်မတွယ်ရသေးရင် ဒီက မလွှတ်သေးဘူး၊ အဲဒီတော့ သူတစ်တန်းတည်းသွားတယ်ဆိုတဲ့ အဓိပ္ပာယ်မရောက် ဘူးလား (ရောက်ပါတယ် ဘုရား)၊ ဘာဒိဋ္ဌိဖြစ်နေသတုံး (သဿတဒိဋ္ဌိဖြစ်နေပါတယ် ဘုရား)။

အဲဒါ ဝိညာဏ် ဆိုတဲ့စိတ်ကို ဝိပဿနာမရှုတဲ့ပုဂ္ဂိုလ်မှာဖြင့် ဒီ ရှေးပေါရာဏ အယူကြီးတည်းဟူသော ဒိဋ္ဌိဟာ ဖြင့် ရှိနေမှာပဲလို့ ဦးမြတို့ နယ်လှည့်နေတဲ့ ပုဂ္ဂိုလ်တွေ တွေ့ရပါလိမ့်မယ် (မှန်ပါ့)၊ ဘာ ဒိဋ္ဌိ ရှိနေတာတုန်း (သဿတဒိဋ္ဌိ ရှိနေတာပါ ဘုရား)၊ ဒကာ ဒကာမတွေ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ပေါ်ကြပြီတဲ့။

ကိုင်း ဒါဖြင့် ဝိညာဏ် သည် ငါဘုရားသခင် ကိုယ်တော်မြတ်ကြီး သေသေချာချာ ဟောမယ်ကွာတဲ့၊ ဒွယံ ဘိက္ခဝေ ပဋိစ္စ ဝိညာဏံ သမ္ဘောတိ၊ ဘိက္ခဝေ ရဟန်းတို့၊ ဒွယံ နှစ်ခုသော အကြောင်းကို၊ ပဋိစ္စ စွဲ၍၊ ဝိညာဏံ ဝိညာဏ်သည်၊ သမ္ဘောတိ ဖြစ်၏၊ ဝိညာဏ် ဆိုတာ နှစ်ခုသော အကြောင်းကြောင့် ဖြစ်တယ်ကွာတဲ့၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မျက်လုံးဝိညာဏ်လဲ ဘယ်နှစ်ကြောင်းလဲ (နှစ်ကြောင်းပါ)၊ နားဝိညာဏ်ကော (နှစ်ကြောင်း)၊ ကြားစိတ်ကလေး ပေါ့လေနော် (မှန်ပါ့) မနောဝိညာဏ်ကော (နှစ်ကြောင်းပါပဲ) နှစ်ကြောင်းပါပဲ။

”ဒွယံ ဘိက္ခဝေ ပဋိစ္စ ဝိညာဏံ သမ္ဘောတိ” ဝိညာဏ် ဆိုတာဟာတဲ့ နှစ်ကြောင်းကြောင့် ဖြစ်တာလို့ မှတ်လိုက် စမ်းပါ (မှန်ပါ့ ဘုရား)။

နှစ်ကြောင်းကြောင့်ဖြစ်တာ

ကိုင်း ဒါဖြင့် နှစ်ကြောင်းကြောင့်ဖြစ်တာ ရှင်းမရှင်းသိရအောင် မျက်လုံးကန်းနေတဲ့ ပုဂ္ဂိုလ်မှာလဲ ဘယ်လိုဖွင့် ဖွင့် မောင်အောင်ချီ မြင်ပါ့မလား (မမြင်ပါ ဘုရား)၊ ဟိုက အဆင်းဆိုတဲ့ အဖြူ၊ အနီ၊ အကြောင်၊ အကျားက မရှိရင်လဲ မြင်ပါ့မလား (မမြင်ပါ ဘုရား)။

ဒါဖြင့် ဒီအထဲမှာ မျက်လုံးအကြည်ရယ်၊ စက္ခုပသာဒဆိုတဲ့ မျက်လုံးအကြည်ရုပ်ကလေးရယ်၊ ဟိုက အဆင်းရယ် တည့်တဲ့အခါကျတော့မှ မြင်တယ်ဆိုတဲ့ စိတ်ကလေး ပေါ်တယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီက အကြည်ရုပ်ရယ်၊ ဟို ဖြူ၊ နီ၊ ကြောင်၊ ကျား ဆိုတဲ့ အဆင်းရယ် နှစ်ခုတည့်မှ ကြားထဲမှာ “ဖျတ်” ခနဲ မြင်စိတ်ကလေးပေါ်တယ်ဆိုတော့ အကြောင်းဘယ်နှစ်မျိုးရှိသတုံး (နှစ်မျိုးပါ ဘုရား)။

အကြောင်းက ဒီအထဲမှာ မျက်လုံးအကြည်ရုပ်တစ်ကြောင်း၊ ဟိုက အဆင်းရုပ်တစ်ကြောင်း (မှန်ပါ့)၊ ဒီနှစ် ကြောင်းတည့်တဲ့အခါမှာ ဘာပေါ်သတုန်း (မြင်စိတ်ပေါ်ပါတယ် ဘုရား)၊ စက္ခုဝိညာဏ်ဆိုတဲ့ ဝိညာဏ်ကလေးပေါ်တယ် (ဝါ) မြင်စိတ်ပေါ်တယ်၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါ့ကြောင့် ဘုရားက “ဒွယံ ဘိက္ခဝေ ပဋိစ္စ ဝိညာဏံ သမ္ဘောတိ” တဲ့၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ ဘိက္ခဝေ ရဟန်းတို့၊ ဒွယံ နှစ်ခုသော အကြောင်းကို၊ ဒီအတွင်းက အကြည်ရုပ်တစ်ကြောင်း၊ ဟို အပြင်ဘက်က အဆင်းတစ်ကြောင်းကို၊ ပဋိစ္စ စွဲ၍၊ သူတို့ နှစ်ခုပေါင်းမိရင် ဝိညာဏံ မြင်တတ်တဲ့ ဝိညာဏ်၊ ကြားတတ်တဲ့ဝိညာဏ်၊ တွေးတတ်တဲ့ ဝိညာဏ်သည်၊ မ္ဘောတိ ဖြစ်၏၊ ဪ “ဒွယံဘိက္ခဝေ ပဋိစ္စ ဝိညာဏံ သမ္ဘောတိ” ကိုး။

ဒါဖြင့် ရှင်းပြစမ်းပါဦးဘုရားလို့ဆိုတော့ ကလဉ္စ ဘိက္ခဝေ ဒွယံ ပဋိစ္စ ဝိညာဏံ သမ္ဘောတိ၊ ဘယ်လိုဖြစ်တယ် ဆိုတာ ငါသေသေချာချာ ရှင်းပြပါမယ်ကွာတဲ့၊ ဟော စက္ခုံစဆိုတော့ မျက်လုံးအကြည့်ရုပ်ကလေး နော် (မှန်ပါ့)။

”စက္ခုဉ္စ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” ဆိုတော့ ဟိုဘက်က ဖြူ၊ နီ၊ ကြောင်၊ ကျား တစ်ခုခု မရှိပေ ဘူးလား (ရှိပါတယ် ဘုရား)၊ စက္ခုံစ အကြည်ရုပ်ကိုလည်းကောင်း၊ ရူပေစ အဆင်းရုပ်တို့ကိုလည်းကောင်း၊ ပဋိစ္စ စွဲ၍၊ ဝိညာဏံ မြင်တတ်တဲ့ ဝိညာဏ်သည်၊ ကြားတတ်သည့် ဝိညာဏ်သည်၊ တွေးတတ်တဲ့ ဝိညာဏ်သည်၊ ဥပ္ပဇ္ဇိတိ ဖြစ်၏၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဒါဖြင့် ဝိညာဏ်ဖြစ်ပုံ သေချာပြီနော် (သေချာပါပြီ ဘုရား)။

ဝိညာဏ်ချည်း ဆယ့်နှစ်ခုရှိတယ်

အဲဒီတော့ မင်းတို့ကို ငါ ရေးပေးထားတာက ဆယ့်နှစ်ခုရှိတယ်၊ ဝိညာဏ်ချည်း ဆယ့်နှစ်ခုရှိတယ်၊ အဲဒီ ဆယ့်နှစ်ခုဟာ နှစ်ကြောင်း နှစ်ကြောင်းကြောင့်ဖြစ်တယ်လို့ မှတ်ထားလိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဆယ့်နှစ်ခုစလုံး မင်းတို့ကို ရေးပေးထားတယ်၊ မနက်ကနော်၊ မောင်မြင့် တွေ့တယ် မဟုတ်လား (တွေ့ပါတယ် ဘုရား)၊ အဲဒါက ဘယ်နှစ်ကြောင်းကြောင့် ဖြစ်သတုန်း (နှစ်ကြောင်းကြောင့် ဖြစ်ပါတယ်)၊ တစ်ခုတစ်ခုမှာ နှစ်ကြောင်း နှစ်ကြောင်းကြောင့် ဖြစ်တယ် (မှန်ပါ့ ဘုရား)။

ဦးမြ တစ်ခုတစ်ခုမှာ (နှစ်ကြောင်း နှစ်ကြောင်းကြောင့် ဖြစ်ပါတယ်)၊ နှစ်ကြောင်း နှစ်ကြောင်းကြောင့် ဖြစ်တယ်လို့ သိတော့ ဒီလို အဲဒီလက်ထဲမှာလဲ အသံမပါပါဘူး မောင်အောင်ချီ၊ ဒီဘက်လက်ထဲမှာလဲ အသံမပါပါဘူးေ နာ်၊ ဒီလိုရိုက်လိုက်တဲ့အခါ ဘယ့်နှယ်ကြောင့် အသံဖြစ်သတုန်းဆိုတော့ သူတို့နှစ်ခုထိခိုက်ခြင်းကြောင့်ပေါ်တဲ့အသံ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

နဂိုက ဒီအထဲ အသံပါရဲ့လား (မပါပါ)၊ ညာလက်ထဲကော (မပါပါ)၊ ဘယ်လက်ထဲ (မပါပါ)၊ ရိုက်လိုက်တဲ့ အခါကျတော့ (အသံ ဖြစ်ပါတယ်)၊ ဒါဖြင့် သူတို့နှစ်ခု ထိခိုက်လို့ ပေါ်လာတာပဲ (မှန်ပါ့ ဘုရား)။

ဒီအတိုင်းပါပဲတဲ့၊ ဒီက မျက်လုံးအကြည်ရုပ်နဲ့ ဒီကအဆင်းနဲ့ တည့်နေတဲ့အခါမှာ မြင်တယ်ဆိုတာကလေး ပေါ်လာတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် မြင်တယ်ဆိုတာကလေးပေါ်လာတာဟာ ဒီနှစ်ခု ဒီမျက်လုံး အကြည်ရုပ်နဲ့ အဆင်းနဲ့နှစ်ခု ထိခိုက်မှပေါ် တယ်လို့ဆိုတာ မောင်မြင့်တို့သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် သူတို့နှစ်ခုက နည်းနည်းတောင် ရှေးကျတယ် (မှန်ပါ့)၊ မြင်တဲ့စိတ်ပေါ်တာက နောက်ကျတယ် (မှန်ပါ့ ဘုရား)။

ပုရေဇာတပစ္စည်းသွား ဖြစ်တယ်

သူတို့ နှစ်ခုပေါ်နှင့်တာက (ရှေးကျတယ်)၊ ဦးမြ မြင်စိတ်ပေါ်တာက (နောက်ကျပါတယ် ဘုရား)။

ဒါ့ကြောင့် ခင်ဗျားတို့ ညရွတ်တဲ့အခါကျတော့ ပုရေဇာတပစ္စယော၊ ပုရေဇာတပစ္စယောရှေးဖြစ်၍ ကျေးဇူး ပြုတယ်ဆိုတာ သူတို့နှစ်ခုက ကျေးဇူးပြုလိုက်လို့ မြင်စိတ်ကလေးပေါ်တာပါဆိုတော့ သူက ပုရေဇာတပစ္စည်းသွား ဖြစ်တယ်၊ ဒီနှစ်ခုစလုံးက (မှန်ပါ့)၊ သဘောကျရဲ့လား (ကျပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒီ ဝိညာဏ်ကလေးဟာ ပေါ်တယ်တဲ့၊ ကဲ ပေါ်တာ ပေါ်ပါစေတော့၊ ပေါ်တော့ ဒီအထဲက အကြည်ရုပ်ကလေးကလဲ ရုပ်ဆိုတော့ မင်းတို့သိပြီးသား သူလဲ အနိစ္စပဲ မနေဘူးလား (နေပါတယ်)၊ အနိစ္စပဲ၊ ရုပ်ဟာ အနိစ္စပဲ၊ ဒီအဆင်းဟာ ကိုယ့်အဆင်းကိုယ်ကြည့်တော့လဲ ဖြူတာလေးကြည့်တော့ အဆင်းရုပ်ကကော ရူပါရုံဆိုတာကို ဘာဆိုကြမယ် (အနိစ္စပါ ဘုရား)။

ဟာ ဒါဖြင့် အနိစ္စနှစ်ခုကြောင့်ဖြစ်တဲ့ ဝိညာဏ် အနိစ္စ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အနိစ္စနှစ်ခုကြောင့်ဖြစ်တဲ့ (ဝိညာဏ်အနိစ္စပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ကို နှစ်ခုကိုဖြစ်စေတဲ့ အကြောင်းနှစ်ခုကိုက ဒီက အကြည်ရုပ်ရယ်၊ အဆင်းရုပ်ရယ်ဖြစ်နေတဲ့ အကြောင်းနှစ်ခုကိုက အနိစ္စတရား ဖောက်ပြန်တတ်တဲ့တရား ဟုတ်လား (မှန်ပါ့)။

သဘာဝသဘောနဲ့ ဖြစ်နေတဲ့တရားဆိုတော့ သူ့ကိုယ်က ဖောက်ပြန်ပျက်စီးတတ်တဲ့ တရားဖြစ်သောကြောင့် ဖြစ်စေတဲ့အကြောင်းကိုက ဖောက်ပြန်ပျက်စီးတတ်တဲ့ တရားနှစ်ခုက ဖြစ်စေသောကြောင့် အကျိုးဖြစ်တဲ့စိတ်ကလေး၊ ကြားစိတ်ကလေး၊ ကြံတွေးစိတ်ကလေက မင်းတို့ ဘယ်လိုဆိုကြမတုန်း (အနိစ္စပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အကြောင်းနှစ်ခုတို့က အနိစ္စမို့

အကြောင်းနှစ်ခုတို့က အနိစ္စမို့ သူက ဖြစ်စေတဲ့ အကျိုးဝိညာဏ် ကလေးကို ဘယ့်နှယ်ခေါ်ကြမလဲ (အနိစ္စပါ)၊ ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)။

ဪ ဒါဖြင့် ဝိညာဏ်ဟာ ပြောင်းနိုင်တယ်၊ ရွှေ့နိုင်တယ်လို့ဆိုတဲ့ သဘောဟာက ဦးမြရှင် သွားပါပြီ (ရှင်း ပါပြီ)၊ သူ့ကိုဖြစ်စေတဲ့အကြောင်းနှစ်ခုကိုက ဘာတဲ့ (အနိစ္စပါ)၊ ဒါဖြင့် ဖြစ်စေတဲ့ အကျိုး ဝိညာဏ် ကလေးက ဘယ်လို ခေါ်ကြမယ် (အနိစ္စပါ ဘုရား)။

”ယောပိ ဟေတု ယောပိ ပစ္စယော စက္ခုဝိညာဏဿ ဥပ္ပါဒါယ၊ သောပိ ဟေတု သောပိပစ္စယော အနိစ္စော” ဖြစ်စေတဲ့ အကြောင်းကိုက အနိစ္စမို့ ဖြစ်တဲ့ ဝိညာဏ်ကလေး ဘယ့်နှယ်ခေါ်ကြမလဲ (အနိစ္စပါ ဘုရား)။

ဒါကြောင့် ဘုန်းကြီးက ရှင်းအောင်ပြောစမ်းပါဆိုတော့ ဒကာ ဒကာမတွေ ရှင်းသည်ထက် ရှင်းအောင် ပြောရလို့ရှိရင်ဖြင့် မောင်အောင်ချီ အမေဟာ အနိစ္စ၊ အဖေဟာကော (အနိစ္စပါ ဘုရား)၊ မင်းကို အမေ အဖေ အနိစ္စက မွေးတော့ကို မောင်အောင်ချီ တစ်ကိုယ်လုံးလဲ ဘာတွေများ ရှိသတုံးမေးရင် (အနိစ္စပါပဲ ဘုရား)။

ဦးမြ အနိစ္စရှိမှာပဲ၊ ဘာဖြစ်လို့တုန်း ဖြစ်စေတဲ့ အမေ၊ အဖေကိုက (အနိစ္စပါ)၊ သားကျမှ နိစ္စဖြစ်ချင်လို့ (မရပါ)၊ ဒီအတိုင်းပါပဲ ပိုရှင်းမသွားဘူးလား (ရှင်းသွားပါတယ် ဘုရား)။

အဲဒီတော့ ကျုပ်မှ ဖြစ်ရလေခြင်းလို့ ဆိုကြမလားတဲ့၊ အနိစ္စမျိုးမို့ အနိစ္စဖြစ်တယ်လို့ ဆိုကြမလား (အနိစ္စမျိုး မို့ အနိစ္စဖြစ်ပါတယ်)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အနိစ္စမျိုးမို့ အနိစ္စဖြစ်တယ်

အနိစ္စမျိုးမို့ အနိစ္စဖြစ်တယ်ဆိုတာ ဒကာ ဒကာမတွေက ရှင်းပလား (ရှင်းပါပြီ)၊ ကျုပ်ဖြင့် မျက်လုံးအောက် များ ဒီလိုဖြစ်သွားမှာ ကြောက်လိုက်တာလို့များ ကြောက်မနေနဲ့၊ အနိစ္စမျိုးက လာရင် အနိစ္စ လာမှာပဲ (မှန်ပါ့ ဘုရား)။

ဘယ့်နှစ်တုန်း (အနိစ္စမျိုးကလာရင် အနိစ္စလာမှာပါပဲ)၊ အနိစ္စ မရွံဘဲနဲ, အနိစ္စကို လိုချင်နေသရွေ့ ကာလပတ် လုံး ထည့်ငိုရဦးမယ်၊ ရင်ထုရဦးမယ်ဆိုတာ ဦးမြ ပေါ်ပြီ (မှန်ပါ့)၊ မဟောသင့်ဘူးလား (ဟောသင့်ပါတယ် ဘုရား)။

အနိစ္စမမုန်း၊ အနိစ္စကို မလိုချင်တဲ့ဉာဏ် မရသေးသရွေ့ ကာလပတ်လုံး ခန္ဓာတွေဖြစ်ပြီး အနိစ္စတွေရနေမှာပဲ (မှန်ပါ့ ဘုရား)၊ အနိစ္စတွေရနေတုန်း ငိုကြ၊ ယိုကြတဲ့ ကိစ္စတွေ ရပ်စဲပါ့မလား (မရပ်စဲပါ ဘုရား)။

ဒါဖြင့် ဒီ ဒကာ ဒကာမတွေမှာ အနိစ္စကနေပြီး မောင်မြင့် နိစ္စဘက်ကို ကူးချင်တဲ့ဉာဏ် လာမှသာလျှင် ခင်ဗျားတို့ သောက၊ ပရီဒေဝ၊ ဒုက္ခ၊ ဒေါမနဿချုပ်မယ် (မှန်ပါ့)၊ ဦးမြ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အနိစ္စကနေပြီး နိစ္စဘက်ကူးတဲ့ဉာဏ်လာမှသာလျှင် သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ ဘာတုန်း (ချုပ်ပါ တယ်)၊ ချုပ်မယ် ငြိမ်းမယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ မင်းတို့ အခု လွမ်းမနေကြနဲ့ဆိုတာ ပြောလိုက်ပါတယ်၊ ကိုယ့်သားမယား၊ ကိုယ့်သမီးကလေးတွေ ချစ်လိုက်တာ၊ ခင်လိုက်တာ လွန်လို့၊ ဖြုန်းခနဲများ မတော်တဆဖြစ်သွားမှာများ ကျုပ်ဖြင့် မတွေးရက်ပါဘူး။

အို ဒီလိုလုပ်မနေနဲ့ မောင်အောင်ချီရ၊ မောင်မြင့် ဒီလိုလုပ်မနေနဲ့ မင်းတို့က ဘာတုံး (အနိစ္စပါ)၊ မင်းတို့၏ ခင်ပွန်းမတွေကော (အနိစ္စပါ)၊ သူတို့က မွေးလာတာ ကလေးဟာ ဘာကလေးတွေ မွေးမယ် ထင်ကြသတုံး (အနိစ္စပါ ဘုရား)။

ဒါကြောင့် မျက်လုံးအောက်များ မဖြစ်ပါရစေနဲ့လို့ လုပ်မနေစမ်းပါနဲ့၊ လွမ်းမနေစမ်းပါနဲ့၊ ရိပ်မိပလား (ရိပ်မိပါ ပြီ) ဘာကြောင့်တုန်းလို့ မေးတဲ့အခါကျတော့ မပေါ်ကြသေးဘူးလား (ပေါ်ပါပြီ)၊ ဘာတုန်း (အနိစ္စပါ)၊ အနိစ္စ အမေ အဖေက မွေးတော့ ကလေးမွေးလာသတုန်း (အနိစ္စကလေး မွေးလာပါတယ် ဘုရား)။

အဲဒါ လူက အလျင်ဦးလို့ရှိရင်တော့ အနိစ္စက အလျင်ကျသပေါ့၊ မျက်လုံးကများဖြင့် ဦးမြကြီးက မတွေ့ချင် ပါဘူးလို့ ညည်းချင်းသေးသလား (မညည်းပါ ဘုရား)၊ မညည်းဘူး ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဘာတဲ့ ကိုယ်အလျင်သေပါရစေ

အဲဒီတော့ ဒကာ ဒကာမတွေ သေခြင်းသေရင် ကိုယ်အလျင် သေပါရစေများ လာလိုက်သေးတယ်၊ အံမာ ဘယ့်နှယ် မပြောကြဘူးလား (ပြောပါတယ် ဘုရား)။

သေခြင်းသေရင် ဘာတဲ့ ကိုယ်အလျင်သေပါရစေ၊ သူတို့ လူလားမမြောက်တဲ့ လူကလေးတွေကဖြင့် လူ့ပြည် အကြောင်း ကောင်းကောင်းသိအောင် နေရစ်ပါစေတဲ့ လောကွတ် သိပ်ချော်ပါလား (မှန်ပါ့ ဘုရား)၊ ဦးမြ သိပ်လောကွတ် ချော်တာ။

အဲဒါ အခုပြောခဲ့တဲ့ “ဒွယံ ဘိက္ခဝေ ပဋိစ္စ ဝိညာဏံ သမ္ဘောတိ” ကို သူနားမလည်လို့ (မှန်ပါ့)၊ ဒွယံ နှစ်ပါး သော အကြောင်းကို ပဋိစ္စ စွဲ၍၊ ဝိညာဏံ ဝိညာဏ်သည်၊ သမ္ဘောတိ ဖြစ်၏၊ ဟုတ်လား (မှန်ပါ့)။

အဲဒီတော့ ဒီ အကြည်ရုပ်ကလေးကလဲ ဝိညာဏ်ကို ဖြစ်စေတာပဲ၊ အဆင်းရုပ်ကတော့ (ဝိညာဏ်ကို ဖြစ်စေ တာပါပဲ ဘုရား)၊ သူတို့ကိုက အနိစ္စ တရား။

ဖြစ်စေတဲ့အကြောင်းနှစ်ခုကို ဘာဆိုကြမယ် (အနစ္စတရားပါ)၊ ဒါဖြင့် ဖြစ်ပေါ်လာတဲ့အကျိုးကို ဘယ့်နဲ့ဆို ကြမယ် (အနိစ္စတရားပါ ဘုရား)။

ဒါဖြင့် ဒီ ဒကာ ဒကာမတွေမှာ ခင်ဗျားတို့ သန္တာန်ဆိုတဲ့ ဝိညာဏ်တွေ ဟူသရွေ့ဟာဖြင့် အကြောင်းနှစ်ကြောင်း ကြောင့် ဖြစ်သောကြောင့် သူတို့ကို ဘာခေါ်ကြမယ် (အနိစ္စပါ)။

ဒါဖြင့် အနိစ္စအကြောင်းကြောင့်ဖြစ်တာ အနိစ္စပဲ ပေါ်လာမှာပဲ၊ အနိစ္စရမှာပဲလို့ မသိကြဘူးလား (သိပါတယ် ဘုရား)။

ဒါကလေး ဟောလိုက်ရတာ ဘုန်းကြီး ဒီနေ့ သိပ်ဝမ်းသာပါတယ်၊ ဘာဖြစ်လို့ အရှင်ဘုရား၊ ဒါဟောတာ ဝမ်းသာပါလိမ့်မတုန်းဆိုတော့ မြင်စိတ်ကလေး ဘယ်နှစ်ကြောင်းကြောင့် ဖြစ်သတုန်း (နှစ်ကြောင်းကြောင့် ဖြစ်ပါတယ် ဘုရား)။

အင်း သိကြား၊ ဗြဟ္မာ၊ ဘုရားလာပြီး ဖန်ဆင်းတာ ဟုတ်သေးရဲ့လား (မဟုတ်ပါ)၊ ဒီအထဲက ဝိစိကိစ္ဆာ စင်သွားပြီ၊ စင်သွားပါပြီ (မှန်ပါ့)။

ဝိစိကိစ္ဆာ စင်သွားပြီ

ဝိစိကိစ္ဆာ ဘယ့်နှယ်တုန်း (စင်သွားပါပြီ ဘုရား) သံသယရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)။

ဒီမြင်စိတ်ကလေးဟာ ဘယ်ကလာပါလိမ့် (ဒီနှစ်ကြောင်းကြောင့် ဖြစ်ပါတယ် ဘုရား)၊ ဒီနှစ်ကြောင်းက လုပ်လိုက်တယ် (မှန်ပါ့)။

ကောင်းပြီ၊ ဒါဖြင့် နှစ်ကြောင်းက လုပ်တာသိသဖြင့် ဘယ်က လာပါလိမ့်မလဲဆိုတဲ့ ဝိစိကိစ္ဆာ သံသယကလေး ရှိသေးရဲ့လား (မရှိပါ)၊ မရှိရင် ဒါဖြင့် မင်းတို့နေရာကျပြီ၊ ဝိစိကိစ္ဆာ သေပြီ (မှန်ပါ့)။

ဒါကလေးဟာ အကြောင်းကဖြစ်စေတဲ့ ဝိညာဏ်ကလေးဆိုတော့ အကြောင်းကိုက အနိစ္စမို့ ဝိညာဏ်ကလေး ဟာလဲ ဘယ့်နှယ်ဆိုကြမလဲ (အနိစ္စပါ ဘုရား)။

ဒါ သိလိုက်တဲ့အခါကျတော့ ခိုင်မြဲတာ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ဒီကျတော့ ဒိဋ္ဌိပြုတ်ယ် (မှန်ပါ့)။

အကြောင်းနှစ်ခု သိတုန်းက ဝိစိကိစ္ဆာပြုတ်တယ် (မှန်ပါ့)၊ သူ ပျက်တာပဲလို့ သိလိုက်တော့ ဒိဋ္ဌိပြုတ်တယ်။

အကြောင်းနှစ်ခုသိတုန်းက (ဝိစိကိစ္ဆာပြုတ်တယ် ဘုရား)၊ အကြောင်းနှစ်ခုကိုက အနိစ္စမို့ သူက ဖြစ်စေတဲ့ အကျိုးတရား ဝိညာဏ်ကလေးဟာလဲ အနိစ္စပဲလို့ သိလိုက်တော့ ဘာပြုတ်သွားသတုန်း (ဒိဋ္ဌိ ပြုတ်သွားပါတယ် ဘုရား)။

ကိုင်း ဒကာ ဒကာမတွေ ဒိဋ္ဌိဝိစိကိစ္ဆာဖြုတ်နည်းကို ဟောချင်လို့ဘုရား ဒီပါဋ္ဌိတော် ထုတ်လာတာ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကဲ မောင်မြင့်တို့ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)၊ မင်း မြင်စိတ်ကလေးပေါ်တာ ဘယ်နှစ်ကြောင်းတုန်း (နှစ်ကြောင်းပါ)၊ အဆင်းလဲရှိလို့ မျက်လုံးဆိုတဲ့ အကြည်ရုပ်လဲရှိလို့ (မှန်ပါ့)။

မှန်လဲရှိလို့ လူလဲရှိလို့ အရိပ်ပေါ်တာ

လောကီဥပမာဆိုတော့ မှန်လဲရှိလို့ လူလဲရှိလို့ အရိပ်ပေါ်တာပါပဲ (မှန်ပါ့)၊ မဟုတ်ဘူးလား၊ ရှေ့ကလဲ လူရပ်လို့ ဟိုကလဲ မှန်ရှိလို့သာ ကြားထဲမှာ အရိပ်ပေါ်တာ မဟုတ်လား (မှန်ပါ့)၊ ဒီနှစ်ကြောင်းမရှိပဲနဲ့ ဒီအရိပ် ဘယ့်နှယ်လုပ်ပေါ် မလဲ (မပေါ်နိုင်ပါ ဘုရား)။

ဒီမှာလဲ အရိပ်ဟာ စိတ်နဲ့တူတယ် (မှန်ပါ့)၊ ဟိုက အဆင်းတည်းဟူသော မှန်နဲ့ ဒီက မျက်လုံးအကြည်ရုပ်တည်း ဟူသော ရုပ်နဲ့ သွားတည့်တဲ့အခါ မြင်စိတ်ဆိုတဲ့ စိတ်ကလေးဟာ အရိပ်ပေါ်သွားတာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မင်းတို့ မြင်စိတ်ကလေး ဘယ်သူ့ကြောင့် ပေါ်သတုန်း (နှစ်ကြောင်းကြောင့် ပေါ်ပါတယ်)၊ ကြားစိတ် ကလေး (နှစ်ကြောင်းကြောင့်ပါ ဘုရား)။

ကဲ သွားကြပါတော့ကွာ၊ အပြင်ဧည့်သည်ငါးယောက်ဟာ (အကြောင်းနှစ်ကြောင်းကြောင့်ပါ ဘုရား)၊ အတွင်း ဧည့်သည် ငါးယောက် (အကြောင်းနှစ်ကြောင်းကြောင့်ပါ ဘုရား)၊ အိမ်သည် နှစ်ယောက် (အကြောင်းနှစ်ကြောင်းကြောင့် ပေါ်ပါတယ်)၊ အကြောင်းနှစ်ကြောင်းကြောင့် ပေါ်တာပဲ မင်းတို့ရေးထားတယ် (မှန်ပါ့)။

အကြောင်းနှစ်ကြောင်းကြောင့် ပေါ်တာ

ဒီလိုသိတော့ ဪ မြင်စိတ်ကလေးတွေဟာ ဒီနှစ်ကြောင်းချည်းပဲ၊ ကြားစိတ်လဲနှစ်ကြောင်း၊ အိမ်သည် ဧည့်သည်၊ အပြင်ဧည့်သည်၊ အိမ်သည် မောင်မြင့် ဘယ့်နှစ်ကြောင်းကြောင့်ပေါ်သလဲ (နှစ်ကြောင်းကြောင့် ပေါ်ပါတယ်)၊ သူ့ဟာသူ နှစ်ကြောင်းကြောင့်ချည်းပဲလာတယ် (မှန်ပါ့)။

ဒါ သိလိုက်သဖြင့် မောင်အောင်ချို ဘာသေသွားသတုန်း (ဝိစိကိစ္ဆာ သေပါတယ် ဘုရား)၊ ဘယ်က လာပါလိမ့် တုန်းဆိုတဲ့ဥစ္စ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဘယ်က လာပါလိမ့်မတုန်းဆိုတာ ဝိစိကိစ္ဆာပါ၊ ဒါရှိသေးရဲ့လား (မရှိပါ)၊ ဝိစိကိစ္ဆာရှိလို့ရှိရင် ဝိစိကိစ္ဆာဟာ မောဟ မှတ်လိုက်ပါ (မှန်ပါ)။

**ဝိစိကိစ္ဆာနှင့် မောဟ အတူယှဉ်တွဲဖြစ်သည်ကို ရည်ရွယ်၍ဆိုသည်။

ဝိစိကိစ္ဆာ ဘာတုန်း (မောဟပါ ဘုရား)၊ မင်းတို့အထဲ မောဟစိတ်ပဲ၊ အဲဒီမောဟဆိုလို့ရှိရင် အဝိဇ္ဇာပဲ၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

အဲဒါ အဝိဇ္ဇာပစ္စယာ (သင်္ခါရပါ ဘုရား)၊ အဲဒါ မလာဘူးလား (လာပါတယ် ဘုရား)၊ သင်္ခရပစ္စယာ (ဝိညာဏံပါ ဘုရား)၊ ဟော မင်းတို့ ဝိစိကိစ္ဆာ ရှိရင် (မောဟ) ပဋိစ္စသမုပ္ပါဒ် တန်းသွားပြီ၊ မတန်းသေးဘူးလား (တန်းပါတယ် ဘုရား)၊ ကဲ ဦးမြ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဝိစိကိစ္ဆာဟာ လောဘမဟုတ်ဘူး (မှန်ပါ့)၊ မောဟမူဒွေးထဲက မောဟပဲ၊ မောဟဆိုတော့ ဒီဟာကလေးက ဘယ့်နှယ်ကြောင့် ဖြစ်ပါလိမ့်မတုန်းလို့ ဝမ်းထဲမှာ မြင်စိတ်ကလေး ဘယ့်နှယ်ကြောင့်ဖြစ်ပါလိမ့်၊ ကြံစိတ်ကလေး ဘယ့်နှယ်ကြောင့် ဖြစ်ပါလိမ့်မတုန်း၊ ကျုပ်တွေးလဲ မတွေးဘဲနဲ့ အစရှိသည်နဲ့ ဒကာ ဒကာမတွေမှာ ပြောချင် ပြောတတ် တယ် (မှန်ပါ့)၊ မပြောဘူးလား (ပြောပါတယ်)၊ အဲဒါ ဘယ်သူက လာတယ်ထင်သတုန်း၊ ဝိစိကိစ္ဆာက လာတယ်၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

ဝိစိကိစ္ဆာဟာ လောဘသား၊ ဒေါသလား၊ မောဟလား (မောဟပါ ဘုရား)၊ ဒါဖြင့် မောဟဆိုရင် အဝိဇ္ဇာပဲ၊ အဝိဇ္ဇာပစ္စယာ (သင်္ခါရပါ ဘုရား)၊ သင်္ခါရပစ္စယာ (ဝိညာဏံပါ ဘုရား)။

ကဲ ဦးအောင်ဇံဝေ ဝိစိကိစ္ဆာ သေးသေးလား၊ ဟိုဘက် ဝိညာဏ်ကျအောင် သွားသလား (ဝိညာဏ်ကျအောင် သွားပါတယ် ဘုရား)၊ ဦးမြကြီး ကဲ သေးသေးဆိုမလား၊ ကြီးကြီးဆိုမလား (ကြီးကြီးပါ ဘုရား)။

ဒါကြောင့် ဘုရားက ဝိစိကိစ္ဆာကြောက်တယ် ပြောတာပေါ့နော် (မှန်ပါ့)၊ အပါယ်ရောက်အောင် ပို့လိုက်တယ်၊ ပဋိသန္ဓေဝိညာဏ်၊ အပါယ်ဝိညာဏ်ပေါ်လာတယ်ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဘယ်နှစ်ကြောင်းကြောင့် ပေါ်သတုန်း

ကောင်းပြီ၊ ဒါဖြင့် မင်းတို့ကြားစိတ်ကလေး ဘယ်နှစ်ကြောင်းကြောင့် ပေါ်သတုန်း (နှစ်ကြောင်းကြောင့် ပေါ်ပါတယ် ဘုရား)။

နားထဲက အကြည်ရုပ်ရယ်၊ ဟိုက အသံရယ် တိုက်ပြီးတော့မှ ကြားတယ်ဆိုတာပေါ်လာတာ (မှန်ပါ့)၊ ဒီနှစ် ကြောင်းကြောင့် ပေါ်လာတယ်ဆိုတော့ ဘာသေသွားသတုန်း (ဝိစိကိစ္ဆာ သေပါတယ် ဘုရား)၊ ဒါဖြင့် အဝိဇ္ဇာချုပ်တယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဝိဇ္ဇာချုပ်ကတည်းက သင်္ခါရ လာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား)၊ သင်္ခါရ မလာနိုင်ကတည်းက နောက် ပဋိသန္ဓေဝိညာဏ်ကော (မလာနိုင်ပါ ဘုရား)၊ ဒီလိုပါကလားဆိုတာ ကျေနပ်သွားပလား (ကျေနပ်သွားပါပြီ ဘုရား)။

ဘယ်လောက်အဖိုးတန်သွားသတုန်းတဲ့၊ နာရင်းနဲ့ အပါယ်မသွားဘူးတဲ့ ဒီဥစ္စာ (မှန်ပါ့)။

ဦးမြ နာရင်းနဲ့ (အပါယ်မသွားပါ)၊ အဝိဇ္ဇာ ချုပ်သွားတော့ကိုး၊ မောဟ အဝိဇ္ဇာချုပ်သွားတယ် (မှန်ပါ့)။

ကဲ တစ်ခါ ဒါကလေး ကြည့်လိုက်ပြန်တော့ အကြောင်းနှစ်ကြောင်းက အနိစ္စကမွေးတဲ့ ဝိညာဏ်ကလေးဟာလဲ မောင်မြင့် သူ့ကို ဘာမဆိုမလဲ (အနိစ္စပါ ဘုရား)။

အင်း မင်းတို့ရှုလိုက်တယ်ဆို ပျက်သွားတာပဲနော် (မှန်ပါ့)၊ အနိစ္စပဲ ဖြစ်ထိုက်တဲ့လား မဖြစ်ထိုက်ဘူးလား (ဖြစ်ထိုက်ပါတယ် ဘုရား)၊ သူ့အမေ၊ အဖေက ဘာတုန်း (အနိစ္စပါ ဘုရား)၊ ဒါဖြင့် မွေးလာတဲ့ ဝိညာဏ်ကလေးကော (အနိစ္စပါ ဘုရား)။

ဪ ဒါဖြင့် အနိစ္စမြင်လိုက်ပါပြီ၊ သဘောလဲ ကျပါပြီ၊ ကြားပြီး ပျက်သွားတာပဲ၊ နံပြီး ပျက်သွားတာပဲ၊ သိသဖြင့် ခိုင်တယ်၊ မြဲတယ်ဆိုတဲ့ ခုနင်က ကူးသေးတယ်ဆိုတဲ့ သဿတဒိဋ္ဌိ ဦးမြ ရှိသေးရဲ့လား (မရှိပါ)၊ ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။

ပေါ်ပြီ ဒကာ ဒကာမတို့၊ ကဲ အပျက်မြင်လိုက်တော့ ဒိဋ္ဌိစင်သွားတယ် (မှန်ပါ့)၊ ဖြစ်ကြောင်းကို သိလိုက်တဲ့ အခါကျတော့ ဝိစိကိစ္ဆာ စင်ပါတယ် (မှန်ပါ့)၊ ဒါဖြင့် ဒိဋ္ဌိဝိစိကိစ္ဆာ ပြုတ်တာပေါ့လို့ မောင်မြင့် မှတ်စမ်းကွာ (မှန်ပါ့)။

အကြောင်းနှစ်ကြောင်းသိတော့ ဘာပြုတ်သွားသတုန်း (ဝိစိကိစ္ဆာ ပြုတ်ပါတယ် ဘုရား)။

ဒါကလေးဟာ မွေးလာတဲ့အမေ၊ နှစ်ခုကိုက အနိစ္စတွေမို့ ဒါကလေးဟာ ပျက်သွားတာပဲဆိုတော့ ခိုင်တာမြဲတာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)၊ ဒါဖြင့် ဒိဋ္ဌိကော (ပြုတ်ပါတယ် ဘုရား)။

ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ပြုတ်တယ်

ဒါဖြင့် အကြောင်းနှစ်ကြောင်း သိတုန်းက ဝိစိကိစ္ဆာပြုတ်၊ ပျက်ရမှာပဲလို့သိသဖြင့် တစ်နည်းပျက်တာမြင်သဖြင့် ဒိဋ္ဌိပြုတ်ဆိုတော့ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ပြုတ်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)

ဘာပြုတ်ကျသွားသတုန်း (ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ပြုတ်သွားပါတယ်)၊ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ပြုတ်သွားတယ်ဆိုတာ ကျေနပ် ပလား (ကျေနပ်ပါပြီ ဘုရား)။

ဒါနဲ့ မင်းတို့ ဒီနေရာ သေလိုက်၊ အပါယ်တော့ မရောက်ဘူး၊ ဒီနှစ်ခု ပြုတ်ရင် အပါယ်တော့ မရောက်ဘူး၊ ဒါ့လောက် အဖိုးတန်ပါတယ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါ့ကြောင့် “ဗုဒ္ဓသာသနေ လဒ္ဓဿာသော လဒ္ဓပတိဋ္ဌိတော စူဋ္ဌသောတာပန္နောနာမဟောတိ” အစရှိသည်နဲ့ ဆိုတော့ ဒါကိုဆိုတာ (မှန်ပါ့)၊ သို့သော် ပြောတဲ့ပုဂ္ဂိုလ်က အခု ဘုန်းကြီးတို့ပြောသလို မရှင်းဘူး၊ အခုရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကြားစိတ်ကလေး ဘယ်နှစ်ကြောင်းကြောင့်ဖြစ်သတုန်း (နှစ်ကြောင်းကြောင့်ပါ ဘုရား)၊ နံစိတ်ကလေး (နှစ်ကြောင်းကြောင့်ဖြစ်ပါတယ် ဘုရား)၊ နံစိတ်ကလေးဟာ အနံ့ရယ် ဒီက အကြည်ကလေးနဲ့ လူသေတော့ ဒီအကြည် ချုပ်သွားတော့ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အဲ အနံ့နှာခေါင်းအကြည်ရုပ်ကလေးနဲ့ သွားပြီးတိုက်တဲ့အခါကျတော့ မွှေးတယ်ဆိုတဲ့ သိစိတ်ကလေးပေါ်တယ် (မှန်ပါ့)၊ နံတယ်ဆိုတဲံ သိစိတ်ကလေး ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် အကြောင်းသိတော့ ဘာပြုတ်သလဲ (ဝိစိကိစ္ဆာ ပြုတ်ပါတယ် ဘုရား)၊ အင်း ဒါကလေးဟာ ဖြစ်ပေါ်ပြီး ပျက်တာပဲလို့ သိလိုက်သဖြင့် (ဒိဋ္ဌိပြုတ်ပါတယ် ဘုရား)။

အဲ ဒိဋ္ဌိဝိစိကိစ္ဆာ ပြုတ်ရင် မင်းတို့ကနေ၊ အပါယ်တော့ မကျဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိညာဏ်ပြောင်းစရာရှိသေးသလား

ကိုင်း ဒါဖြင့် ဦးမြကြီး မေးရမယ်၊ ဦးအောင်ဇံဝေ တို့ မေးရတော့မယ်၊ ဝိညာဏ်ပြောင်းစရာရှိသေးသလား မေးတော့ ဘယ့်နှယ်ဖြေပါ့မလဲ (မရှိပါ ဘုရား)၊ ဒီနေရာဖြစ် ဒီနေရာပျက်တာပဲ (မှန်ပါ့)၊ နှာခေါင်းထဲဖြစ်တဲ့ ဝိညာဏ်သည် ဘာတုန်း (နှာခေါင်းထဲမှာပဲ ပျက်ပါတယ် ဘုရား)။

လျှာပေါ်အလယ်မှာဖြစ်တဲ့ ဝိညာဏ်သည် (လျှာပေါ်မှာ ပျက်ပါတယ် ဘုရား)၊ အေး ဒါကြောင့် စားစိတ်ကလေး ဟာလဲ လျှာပေါ် ပေါ် လျှာပေါ်ပျက် မောင်အောင်ချီ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ယားစိတ်ကလေးဟာ ယားတဲ့နေရာက ရွှေ့ပြီးများ ယားသေးသလား (မယားပါ ဘုရား)၊ ဒီနေရာ ယားပြီးတော့ (ဒီနေရာ ပျက်သွားပါတယ် ဘုရား)၊ အဲ ကိုယ်မှာဖြစ်တဲ့ ဝိညာဏ်ကလေးဟာလဲ ဒီနေရာ ယားပြီး ဒီနေရာ ပျောက်သွား တာပဲ။

ဒါဖြင့် ဪ ဝိညာဏ်ကလေး “လောက်လမ်းသဖွယ် ဝိညာဏ်တွယ်” ဆိုတာများ မင်းတို့ပြုတ်ပလား (ပြုတ် ပါပြီ ဘုရား)၊ တွယ်နိုင်သေးရဲ့လား (မတွယ်နိုင်ပါ ဘုရား)၊ ဒီနေရာဖြစ်တာပဲကွ၊ ဒီနေရာတွင် ချုပ်ရမှာပဲ၊ တခြားသွားနိုင် သေးရဲ့လား (မသွားနိုင်ပါ ဘုရား)။

ဒါဖြင့် ဝိညာဏ်ကို အသက်လို့ ခေါ်ကြတယ်၊ အသက် ထွက်သွားပြီဆိုတဲ့ အယူ ယူသေးရဲ့လား (မယူတော့ပါ ဘုရား)။

နောက်က ဒကာ ဒကာမတွေ မယူကြပါနဲ့၊ ယူရင် ခင်ဗျားတို့ သဿတဒိဋ္ဌိဖြစ်နေတယ် (မယူပါ)။

ဒါသည် “ဒွယံ ဘိက္ခဝေ ပဋိစ္စ ဝိညာဏံ သမ္ဘောတိ”(သဠာယတနဝဂ္ဂသံယုတ္တ၊ ၂၉၁) ဆိုတဲ့ဥစ္စ နားမလည်လို့ရှိရင် ငါဘုရားမှတစ်ပါးလဲ ဟောမည့်သူလဲ မရှိဘူးတဲ့၊ ဒီဟာ နားမလည်ဘဲနဲ့တဲ့ ငါသည် ဒီ ဒွယံ ပဋိစ္စ ဝိညာဏံကို မသိဘဲနဲ့ နိဗ္ဗာန်ရောက်ခဲ့တယ် ဆိုတာလဲ မယုံနဲ့ကွ ဘုရားက (မှန်ပါ့)၊ ငါ့ဘုရားမှ တစ်ပါးလဲ ဒါဟောမည့်သူ မရှိဘူးတဲ့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)။

ဒါမပါဘဲနဲ့ ဒီအသိတွေ မသိပါဘဲနဲ့ ဒီအရှုတွေမပါဘဲနဲ့ ငါ နိဗ္ဗာန်ရောက်ခဲ့တယ်ဆိုတာလဲ ရယ်စရာ မှတ်လိုက်ပါ တဲ့၊ ဘုရားက သေသေချာချာ တာဝန်ခံတယ် (မှန်ပါ့)၊ ဒါလောက် အဖိုးတန်တဲ့သုတ်ပဲ (မှန်ပါ့)၊ ဒါ သဋ္ဌာယတနဝဂ္ဂသံ ယုတ်ပါဋ္ဌိတော်လို့ ဦးမြ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ဒီနှစ်ခုကို စွဲပြီး ဝိညာဏ် ဖြစ်တယ်

ဘာပါဋ္ဌိတော်တုန်း (သဠာယတန သံယုတ်ပါဠိတော်ပါ)၊ ကြည့်လေ တာဝန်ခံကြည့်ပါ၊ ဒီနှစ်ခုကို စွဲပြီး ဝိညာဏ် ဖြစ်တယ်ဆိုတာ ငါဘုရားမှ တစ်ပါးလဲ ဟောမည့်သူမရှိဘူးတဲ့၊ သူတာဝန်ခံလိုက်တယ် (မှန်ပါ့)။

ဒီသုတ်ကို ဖြစ်တာကိုလဲ သဘောမကျ၊ ပျက်တာကိုလဲ သဘောမကျဘဲနဲ့ အခုပြောခဲ့တဲ့ နှစ်ခုသော တရား ကြောင့် ဝိညာဏ်ဖြစ်တယ်ဆိုတဲ့ ဒီသုတ်မျိုးကို သိပြီး သကာလ ရှုပြီး သကာလ ကျုပ်ဖြင့် ဒီသုတ်မျိုးကို ဒီလို နှလုံးမသွင်းခဲ့ ပါဘူး၊ ဒီလိုနဲ့ နိဗ္ဗာန်ရောက်ခဲ့တယ်ဆိုရင်လဲ ရယ်စရာစကားကွတဲ့။

မယုံနဲ့တဲ့၊ တာဝန်ခံလိုက်ပြီ ဘုရားက (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဦးနေဖူးကြီး အိပ်နေလို့ မရဘူး၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ရှင်းတယ်နော် (ရှင်းပါပြီ ဘုရား)။

ဘယ်လောက တာဝန်ခံသတုန်း၊ တာဝန်ဘယ်နှစ်ချက်တုန်းဆိုတာ မောင်အောင်ချီသိပြီလားကွ (သိပါပြီ)၊ ငါဘုရားမှ တစ်ပါးလဲ အခုဟာကို ဟောမည့်သူ မရှိဘူးတဲ့၊ ဒွယံ ပဋိစ္စ ဝိညာဏံကိုတဲ့ နှစ်ပါးသော အကြောင်းကြောင့် ဝိညာဏ်ဖြစ်တယ်ဆိုတာ ငါဘုရားမှတစ်ပါးလဲ ဟောမည့်သူ မရှိဘူးတဲ့ (မှန်ပါ့ ဘုရား)။

ဒီဟာ မပါဘဲနဲ့ ကျုပ် နိဗ္ဗာန်ရောက်ခဲ့တယ်လို့ တစ်ယောက်သော ပုဂ္ဂိုလ်ကပြောလို့ရှိရင်လဲ ရယ်စရာသာ မှတ်ခဲ့၊ မရောက်ဘူးတဲ့ (မှန်ပါ့)၊ ကဲ ဘယ်လောက် အဖိုးတန်တယ်ဆိုတာ ဒကာ ဒကာမတွေ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

အဲဒါ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက တို့ဆရာဘုန်းကြီးက တရားဟောနေတယ်လို့ သာမညကလေးနဲ့ ယူလိုက်လို့ရှိရင်ဖြင့် မောင်မြင့်တို့လွဲမှာပဲ (မှန်ပါ့ ဘုရား)။

နှစ်ကြောင်းက အနိစ္စမို့ အနိစ္စဖြစ်တယ်

သာမည မဟုတ်ပါဘူးတဲ့၊ သာမညမဟုတ်ပါဘူး၊ ခင်ဗျားတို့ အခု ဒီအထဲမှာ နှစ်ကြောင်းသိတော့ ဝိစိကိစ္ဆာ စင်တယ်၊ အင်း ဒါကလေးဟာ အမေ၊ အဖေကိုက နှစ်ကြောင်းက အနိစ္စမို့ အနိစ္စဖြစ်တယ်လို့ ခင်ဗျားတို့ သိလိုက်တဲ့ အသိကလေးဟာလဲ အပါယ်မလားတဲ့ အသိပဲ (မှန်ပါ့)၊ ဘယ်လောက် အဖိုးတန်သတုန်း (တန်ပါတယ် ဘုရား)။

ဒါ တရားကို ရိုးရိုးဟောနေတာလားတဲ့၊ တကယ်တမ်း ခင်ဗျားတို့ကို အပါယ်တံခါး ပိတ်ပေးနေတာလားမေးရင် ဘယ့်နှယ်ဖြေကြမလဲ (အပါယ်တံခါးပိတ်ပေးနေတာပါ ဘုရား)။

ဘုန်းကြီး ဒါန တရားဟောတတ်ပါတယ်၊ သီလတရားတွေကိုလဲ လွမ်းနေအောင် ဟောတတ်ပါတယ်၊ အပါယ် တံခါးက မပိတ်လို့ မဟောချင်ဘူး ဦးမြ (မှန်ပါ့ ဘုရား)။

ဘာဖြစ်လို့တုန်းဆိုတော့ သံသရာဆက်တယ် (မှန်ပါ့)၊ သံသရာ ဆက်ပြီး သကာလ နေတော့ သံသရာထဲမှာ အပါယ်က ပါပြီးသား ဖြစ်နေတယ် (မှန်ပါ့)၊ မပါဘူးလား (ပါပါတယ် ဘုရား)။

အောက်သံသရာကိုးဗျ (မှန်ပါ့)၊ အဲဒီတော့ အဲဒီကို မရောက်နိုင်ဘူးလား ရောက်နိုင်သလား (ရောက်နိုင်ပါတယ်)၊ သုဂတိရောက်လိုက် အပါယ်ရောက်လိုက်နဲ့၊ ကျေနပ်ကြလား (ကျေနပ်ပါပြီ ဘုရား)။

ဒါ့ကြောင့် ဒီတရားတွေကတော့ဖြင့် ဒကာ ဒကာမတွေ ဒိဋ္ဌိလဲ မပြုတ်ဘူး၊ ဝိစိကိစ္ဆာလဲ မပြုတ်ဘူး၊ ဒါန သီလတရားတွေက (မှန်ပါ့)၊ ပြုတ်ကို မပြုတ်နိုင်ဘူး၊ ဦးမြ စဉ်းစားစမ်း ပြုတ်နိုင်ပါ့မလား (မပြုတ်နိုင်ပါ)၊ မပြုတ်ရင် အပါယ်တံခါး ပိတ်နိုင်ပါ့မလား (မပိတ်နိုင်ပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ကောင်းတယ်ထင်တဲ့ သာဓုကလေးနဲ့ နေ​နေတဲ့ဥစ္စာကို သေသေချာချာ ဖျောက်ပစ်ပါတဲ့၊ မဟုတ် သေးဘူး၊ လိုသေးတယ်သာ ဆုံးဖြတ်ချက်ချ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လိုသေးတယ်သာ ဆုံးဖြတ်ချက်ချ

ပြီးတော့ ခင်ဗျားတို့ချင်းလဲ ဘုန်းကြီးက သတိပေးလိုက်ပါတယ်၊ ဪ သူတို့ ဘယ်အလှူက ဟောသွားတယ်၊ ဘယ်စာအုပ်က ရေးတယ်၊ ဘယ်ဆရာတော်က ပြောသွားတယ်ဆိုပြီး သူတို့ပြောတာကို ခင်ဗျားတို့က နားထောင်ကြည့်၊ နားထောင်ကြည့်လိုက်တဲ့ အခါကျတော့ ဒိဋ္ဌိမပြုတ် ဝိစိကိစ္ဆာ မပြုတ်တဲ့တရားကို သူတို့ ပြောနေလို့ရှိရင် လိုသေးတယ်သာ ဆုံးဖြတ်ချက်ချ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (လိုသေးတယ်)၊ လိုသေးတယ်၊ နာတဲ့ပုဂ္ဂိုလ် သူသဘောကျနေတာကော (လိုသေး တယ်)၊ ဟောတဲ့ ပုဂ္ဂိုလ်ဟောနေတာကော (လိုပါသေးတယ်)၊ လိုသေးတယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)၊ သဘောကျ ကြပလား (ကျပါပြီ ဘုရား)။

အဲဒါ ခင်ဗျားတို့အခု မလိုတာနဲ့တွေ့ပေလို့ တော်တော်သေးတာ (မှန်ပါ့)၊ တစ်ချို့လိုသေးနဲ့ပဲ မောင်မြင့် သေသွားတာပဲ (မှန်ပါ့)၊ မသေဘူးလား (သေပါတယ် ဘုရား)။

ကောင်းလိုက်တာ ဒါနတရား၊ လူ့ပြည်၊ နတ်ပြည်။ ဗြဟ္မာ့ပြည် အကျိုးပေးကလဲ သန်လိုက်တာ၊ သိပ်ကောင်းတာ ပဲ၊ အင်း သေချင်သေးလို့ပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒိဋ္ဌိဝိစိကိစ္ဆာ ပြုတ်ခန်းပါရဲ့လား

ဒိဋ္ဌိ၊ ဝိစိကိစ္ဆာနဲ့ ဘာဆိုင်သတုန်းဗျ၊ ဒိဋ္ဌိဝိစိကိစ္ဆာ ပြုတ်ခန်းပါရဲ့လား (မပါပါ)၊ မပါသေးရင် ငရဲမျိုးစေ့နှစ်ခုက ကျန်လျက်ပဲ သူ့မှာ (မှန်ပါ့)၊ အဘွားကြီးတွေ သဘောကျပလား (ကျပါပြီ ဘုရား)။

ခင်ဗျားတို့ သာဓုခေါ်နေတဲ့ အသွားမျိုးသည်ကားလို့ဆိုရင် ဒီသာဓုကိုပဲ ကြောက်စရာကြီး (မှန်ပါ့ ဘုရား)။

ဦးမြ သာဓုဟာ ဘယ့်နှယ်တုန်း (ကြောက်စရာကြီးပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

”ဒွယံ ဘိက္ခဝေ ပဋိစ္စ ဝိညာဏံ သမ္ဘောတိ” ကိုး၊ ဒွယံ နှစ်ပါးသော အကြောင်းကို၊ ပဋိစ္စ စွဲ၍၊ ဝိညာဏံ ဝိညာဏ်သည်၊ သမ္ဘောတိ ဖြစ်၏၊ နှစ်ကြောင်းကြောင့် ဖြစ်တာချည်းပဲ ဆုံးဖြတ်ချက်ချလိုက်စမ်းပါ (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် နှစ်ကြောင်းကြောင့် ဖြစ်တယ်ဆိုတော့ နားဝိညာဏ်ပေါ်လဲ နှစ်ကြောင်း၊ မျက်လုံး ဝိညာဏ်ပေါ်လဲ (နှစ်ကြောင်းပါ ဘုရား)၊ ကဲ ဒါဖြင့် ကိုယ်ဝိညာဏ်ပေါ်ကော (နှစ်ကြောင်းပါ ဘုရား)။

ကိုယ်ဝိညာဏ်ပေါ်တာ နှစ်ကြောင်းဆိုတာ လူကလဲ အရှင်ဖြစ်နေတော့ ဟောဒီမှာ ကာယပသာဒတဲ့ ကိုယ်ဆီ ကြည့်၊ ဟောဒီက ယင်ကောင်ကလေးက လာနားတော့ ဟော ယားဆိုတဲ့စိတ်ကလေး ဒီကြားထဲ ပေါ်လာတယ် (မှန်ပါ့)၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ဒါဖြင့် ဘယ်နှစ်ကြောင်းကြောင့် ပေါ်သတုန်း၊ ယားတာကလေး (နှစ်ကြောင်းကြောင့်ပါ)၊ တစ်ခါ နာတာကလေး ဟာကော (နှစ်ကြောင်းကြောင့်ပါ)၊ အောက်ကလဲ အကြည်ရုပ်ရှိနေတယ်၊ မသေသေးတဲ့ရုပ်၊ ရုပ်ရှင်ရှိနေတယ် (မှန်ပါ့ ဘုရား)။

အပေါ်ကလဲ ယင်ကောင်ကလဲနားတယ်၊ အလယ်မှာ ယားတာကလေးပေါ်တယ်၊ မပေါ်ဘူးလား (ပေါ်ပါတယ်)၊ နာတာကလေး ပေါ်တယ်ဆိုတော့ မောင်မြင့် ဘယ်နှစ်ကြောင်းတုန်း (နှစ်ကြောင်းပါ)၊ ဒါဖြင့် ကိုယ်ပေါက်မှာလဲ ကိုယ်မှာလဲ နှစ်ကြောင်းကြောင့်။

ဝမ်းထဲကျတော့ လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟတွေကောဆိုတော့ ဝမ်းထဲမှာလဲ အကြည်ရုပ်ရှိတာပဲ၊ ဟိုကလဲ အာရုံရှိတာပဲ၊ သူတို့နှစ်ခု တိုက်ပြီး သကာလ ဒီအထဲမှာ မလာဘူးလား (လာပါတယ်)၊ ဒါလဲ ဘယ်နှစ်ကြောင်းတုန်း (နှစ်ကြောင်းပါ ဘုရား)။

ဒါဖြင့် “ဒွယံ ဘိက္ခဝေ ပဋိစ္စ ဝိညာဏံ သမ္ဘောတိ” ဆိုတဲ့ ပါဠိကလေးတစ်လုံးဟာ ဦးမြ ကျေနပ်ကဲ့လား (ကျေနပ်ပါတယ် ဘုရား)။

ဒွယံ သိလိုက်သဖြင့်

ဒါဖြင့် ဒွယံ သိလိုက်သဖြင့် ဝိစိကိစ္ဆာ သေတယ်၊ ဝိညာဏံ သိလိုက်သဖြင့် ဒိဋ္ဌိသေတယ် (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

”ဒိယံ ဘိက္ခဝေ ပဋိစ္စ ဝိညာဏံ သမ္ဘောတိ” ကိုး၊ ဒွယံ နှစ်ခုသောအကြောင်း သိလိုက်သဖြင့် ဘာသေကြသတုန်း (ဝိစိကိစ္ဆာ သေပါတယ် ဘုရား)။

ဝိညာဏံသိလိုက်တော့ (ဒိဋ္ဌိသေပါတယ် ဘုရား)၊ ဒိဋ္ဌိသေတယ်၊ ဝိညာဏံဆိုတဲ့ဥစ္စာ အလကားကြောင့်ဖြစ်တာ မဟုတ်ဘူး၊ ဒီ ဝိညာဏံ ကလးသည်ကားဆိုလို့ရှိရင် အမေ၊ အဖေ၊ ဒွယံ အမေ၊ အဖေက အနိစ္စမို့ သူ့ကို အနိစ္စကလေး မွေးလာတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အနိစ္စနှစ်ခုက မွေးဖွားလို့ အနိစ္စလေးတစ်ခု ပေါ်ပေါက်တယ်၊ မသိရဘူးလား (သိရပါတယ်)၊ အနိစ္စနှစ်ခုပေါင်းပြီး မွေးဖွားတာကလေးဟာ အနိစ္စတစ်ခု မပေါ်လာဘူးလား (ပေါ်လာပါတယ်)၊ ဒါ အနိစ္စလဲ သိပြီးသား ကျမသွားဘူးလား (ကျပါတယ် ဘုရား)။

အဲဒီတော့ အနိစ္စသိတော့ ဘာသေသတုန်း (ဒိဋ္ဌိသေပါတယ် ဘုရား)၊ နှစ်ကြောင်းသိလိုက်တော့ (ဝိစိကိစ္ဆာ သေပါတယ် ဘုရား)။

ကဲ ဒါဖြင့် မင်းတို့ ရှုတော့ ရှုတဲ့အခါ ဒါ တွေးမနေနဲ့တော့၊ ဪ ပျက်သွားပြီ၊ ပျက်သွားပြီ သိဖို့ပဲ အရေးကြီး တော့ ဒါက ဆရာ့တာဝန်၊ ဆရာရှင်းပေးပြီ၊ ခင်ဗျားတို့က ရှုရုံပဲ၊ ဖြစ်ပေါ်သွားတာမရှိဘူး၊ ဖြစ်ပေါ်သွားတာမရှိဘူးလို့ မောင်မြင့်တို့၊ မောင်အောင်ချီတို့ ဒါပဲ ရှုရမယ် (မှန်ပါ့)။

ဒီနှစ်ကြောင်းကြောင့် ဖြစ်တယ်ဆိုတာ သိပြီးသား မနေဘူးလား (နေပါတယ် ဘုရား)၊ အနိစ္စကမွေးလို့ အနိစ္စ ရောက်သွားတာကော သံသယရှိသေးသလား (မရှိပါ ဘုရား)၊ သံသယမရှိဘဲနဲ့ ရှုရမယ် (မှန်ပါ့)။

ဒိဋ္ဌိဝိစိကိစ္ဆာ စင်ပြီး အရှုခိုင်းတာ

ဒါဖြင့် ဝိစိကိစ္ဆာခံပြီး ရှုရင်လဲ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်မရနိုင်ဘူး (မှန်ပါ့)၊ ဒိဋ္ဌိခံနေရင်လဲ (မရနိုင်ပါ ဘုရား)၊ အခုတော့ ဒိဋ္ဌိဝိစိကိစ္ဆာ စင်ပြီး အရှုခိုင်းတာ (မှန်ပါ့)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် မောင်အောင်ချီ ပျက်ထိုက်ကဲ့လား၊ မပျက်ထိုက်ဘူးလား မြင်စိတ်ကလေးဟာ (ပျက်ထိုက်ပါတယ် ဘုရား)၊ ဘာဖြစ်လို့ ပျကိုက်သတုန်းဆိုတော့ သူ့အဖေ အမေက ဘာတုန်း (အနိစ္စပါ ဘုရား)။

ဒါဖြင့် သူ ဘာဖြစ်ရမတုန်း (အနိစ္စပဲ ဖြစ်ရပါမယ် ဘုရား)၊ ဒါကြောင့် ဖြစ်ပြီး ပျက်တာကိုးဆိုတော့ မသေချာ ဘူးလား (သေချာပါပြီ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဪ ဒါဖြင့် မောင်မြင့် ရဲရဲတင်းတင်း ရှုရဲပလား (ရှုရဲပါပြီ ဘုရား)၊ ရှုရင်းသံသယလာသေးသလား (မလာပါ ဘုရား)။

ဒိဋ္ဌိကော (မလာပါ ဘုရား)၊ မလာတော့ဘူးဆိုတော့ ဒါဖြင့် ဒိဋ္ဌိ ဝိစိကိစ္ဆာပြုတ်ပြီးသားပုဂ္ဂိုလ်၊ သညာနဲ့ ပြုတ်ပြီး သားပုဂ္ဂိုလ်မှာ ပညာနဲ့ အရှုခိုင်းလိုက်တယ် (မှန်ပါ့)။

ဦးနေဖူး သေသေချာချာ မှတ်စမ်းပါ၊ သညာနဲ့ ပြုတ်ပြီးသားပုဂ္ဂိုလ်ကို ပညာနဲ့ အရှုခိုင်းတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သညာနဲ့ပြုတ်တာက အပါယ်လေးပါး တစ်ဘဝပိတ်တယ်၊ ပညာနဲ့ရှုလိုက်လို့ ပြုတ်သွားတာကတော့ဖြင့် အမြစ်နဲ့တကွ ပြုတ်သောကြောင့် ဘယ်တော့မှ အပါယ်လေးပါးမရောက်ဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သညာပြုတ်၊ ပညာပြုတ်ဆိုတာကော ယနေ့ခြားနားပလား (ခြားနားပါပြီ ဘုရား)၊ ဟောလို့ နားလည်ပြီ၊ ရဲရဲတင်းတင်း သိထားတာက ဘာပြုတ်တုန်း (သညာပြုတ်ပါတယ် ဘုရား)။

ရှုလိုက်တဲ့အခါကျတော့ဖြင့် တစ်ခါတည်း ဒါကလေးတွေဟာ ဖြစ်ပြီးပျက်တာပဲ၊ အနိစ္စပဲ၊ သံသယမရှိပါဘူး၊ ခိုင်တယ်၊ မြဲတယ်လို့လဲ မယူတော့ပါဘူး၊ ကိုယ့်ရှေ့တွင် ပျက်နေတာပဲလို့ဆိုပြီး အပျက်တွေမြင်၊ အပျက်တွေမုန်း၊ ဒီအပျက်တွေ ဒုက္ခသစ္စာလို့သိပြီး ဆုံးသွားလို့ရှိရင် အဲဒါ ပညာနဲ့ပြုတ်တာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သညာနဲ့ ပြုတ်လို့ရှိရင်

ဒါဖြင့် သညာနဲ့ ပြုတ်လို့ရှိရင် မှတ်လိုက်၊ သညာဆိုတာမှတ်တာ၊ ဆရာဟောတာပြောတာကို မှတ်ပြီးပြုတ်တာ၊ အဲဒီအပြုတ်က အပါယ်ကို တစ်ဘဝပိတ်တယ်၊ ဒီဘဝကသေရင် အပါယ်မသွားဘူး (မှန်ပါ့)၊ ပညာနဲ့ပြုတ်တာကတော့ ဘယ်တော့မှ မသွားအောင်ပိတ်တယ် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အင်မတန်အရေးကြီးတဲ့ “ဒွယံ ဘိက္ခဝေ ပဋိစ္စ ဝိညာဏံ သမ္ဘောတိ” ဆိုတဲ့ စကား ကလေးဟာ အင်မတန် အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။

ဘာတုန်းဆိုတော့ “စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” နော် (မှန်ပါ့)၊ စက္ခုပသာဒရုပ်နဲ့မြင်လျှင် ရူပါရုံနဲ့ပေါင်းပြီးတော့ မြင်စိတ် ပေါ်ပါတယ်ပြောတာပဲ (မှန်ပါ့)။

အဲဒီတော့ ဒီမြင်စိတ်ကလေးဟာ ဘာတုန်း ဒီစက္ခုပသာဒရုပ်ကလေးဟာလဲ ဘာတုန်းဆိုတော့ “စက္ခု၊ အနိစ္စံ ဝိပရိဏမိ အညထာဘာဝိ” တဲ့၊ သူကလဲ စက္ခုကိုက ဖောက်ပြန်ပျက်စီးတတ်တဲ့ သဘောပဲတဲ့ (မှန်ပါ့ ဘုရား)။

ရူပ ကတော့လဲ၊ အို ရူပကလဲ “ရူပါ အနိစ္စာ ဝိပရိဏာမိနော အညထာဘာဝိနော” ပဲတဲ့၊ သူကလဲ ပျက်စီးတာပဲ တဲ့။

”ဣတ္ထေတံ ဒွယံ စလဉ္စေဝ ဗျာထဉ္စ အနိစ္စံ ဝိပရိဏာမိ အညထာဘာဝိ” တဲ့၊ သူတို့နှစ်ခုပေါင်းတဲ့ ဝိညာဏံ ဟာ အနိစ္စံ ဝိပရိဏာမိ, အညထာဘာဝိ ပဲတဲ့၊ သူလဲ အနိစ္စပဲတဲ့၊ အကြောင်းက အနိစ္စမို့ ဘယ့်နှယ်ခေါ်ကြမလဲ (အကျိုးအနိစ္စပါပဲ ဘုရား)၊ အနိစ္စပေါ်၌ ဥိးမြ ယနေ့ မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။

ဟာ သူ့ဟာသူဖြစ်ပြီး သူ့ဟာသူ ပျက်တယ်လို့ ဒီလိုမယူနဲ့၊ သူ့ဟာသူဖြစ်ပြီးတော့ သူ့ဟာသူ ပျက်တယ်လို့ ယူလိုက်ခြင်းသည် ဒိဋ္ဌိရှိတယ်၊ သူ့ဟာသူဖြစ်တဲ့တရား လောကကြီးထဲမှာ ရှိရဲ့လား (မရှိပါ)၊ အကြောင်းတိုက်ဆိုင်လို့ဖြစ် တာသာရှိတယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ တစ်ချို့ ဒကာ ဒကာမတွေမှာ ဟောထားတာက သူ့သဘောနဲ့သူဖြစ်ပြီး သူ့သဘောနဲ့သူပျက်တာကို ဒါအနတ္တယူထားတယ်၊ မဟုတ်ဘူး၊ ဒီလိုမယူရဘူး၊ မောင်အောင်ချီ သေသေချာချာမှတ်၊ အနတ္တ အမေကမွေးလို့ အနတ္တ၊ ဒါမှ ကိုက်တယ် (မှန်ပါ့ ဘုရား)။

အဟေတုကဒိဋ္ဌိဘက်

ဦးမြ ဒါကို သဘောပါလိုက် (ပါပါတယ်)၊ အခု အားလုံးဟောနေကြတာက များသောအားဖြင့် သူ့သဘောနဲ့ သူဖြစ်တာ၊ ကိုယ့်သဘောမဟုတ်ဘူး၊ ဒါ သူ့သဘောနဲ့သူ ပျက်တာပဲဆိုတော့ အကြောင်းပါသေးရဲ့လား (မပါပါ)၊ မပါရင် အဟေတုက ဒိဋ္ဌိဘက်သွားတယ် (မှန်ပါ့ ဘုရား)။

မပါရင် (အဟေတုက ဒိဋ္ဌိဘက်သွားပါတယ်)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အခုတော့ဖြင့် (အကြောင်းကိုက အနတ္တမို့ အကျိုးကလဲ (အနတ္တပါပဲ)၊ အကြောင်းကိုက အနိစ္စမို့ (အကျိုးလဲ အနိစ္စပါပဲ) အကြောင်းကိုက ဒုက္ခမို့ (အကျိုးလဲ ဒုက္ခပါ ဘုရား)။

ဒီလိုမြင်မှ အမှန်ရောက်ပါတယ်၊ နို့မဟုတ်ရင်ရောက်ကို မရောက်တော့ဘူး၊ အင်မတန် သဘောပါတဲ့တရား ဆိုတာ ရှင်းသွားပြီ (ရှင်းပါပြီ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ကို မင်းတို့ ယနေ့ ဒီတရားထူးတရားမြတ်ကြိးကို နာလိုက်ရတဲ့အတွက် နောင် အားထုတ်တဲ့ အခါမှာ မဂ်ဖိုလ်ကို တားမြစ်မည့် တရားနှစ်ခု မရှိတော့ဘူး၊ ဒိဋ္ဌိကလဲ ပြုတ်သွားပြီ၊ ကျန်သေးသလား (မကျန်ပါ ဘုရား)၊ ဝိစိကိစ္ဆာကကော (ပြုတ်သွားပါပြီ ဘုရား)၊ တားစရာရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ရှိရင်တော့ တားမယ်လေ (မှန်ပါ့ ဘုရား)။

အဲဒီတော့ မောင်မြင့်တို့၊ မောင်အောင်ချီတို့၊ ဦးမြတို့၊ ဦးအောင်ဇံဝေတို့ ရဲရဲတင်းတင်း ကြိုးစား (မှန်ပါ့)၊ ရတယ်၊ သူတို့နှစ်ခု တစ်ခုခုခံနေရင် မရဘဲကိုး (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

နိဗ္ဗာန်ရှိလေသလား မရှိလေဘူးလားဆိုတဲ့ဥစ္စာ ဘာထင်ကြသတုန်း၊ ဝိစိကိစ္ဆာ (မှန်ပါ့)၊ အဲဒါပါနေရင်လဲ အားထုတ်မရဘူး (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ဒီဟာကလေးဟာ ဘယ်ကများ ဖြစ်လာပါလိမ့်မတုန်းလို့ ဆယ့်သုံးခုဆရာ ဆယ့်နှစ်ခု ဆရာက ရေးပေးထား တယ်၊ ဒါကလေး ရှုမရတဲ့၊ ဘယ်ကဖြစ်လာပါလိမ့်မတုန်း၊ မင်းတို့ ဝိစိကိစ္ဆာ ရှိနေရင် အာပေါက်အောင် အားထုတ်မရဘူး၊ မဂ်ဉာဏ်မရဘူး (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အနိစ္စကမွေးလို့ အနိစ္စရောက်သွားတာကို သဘောကျလို့ရှိရင်ဖြင့် ဒိဋ္ဌိကကော မပြုတ်သေးဘူးလား (ပြုတ်ပါ ပြီ ဘုရား)။

အဲဒီ ရဲရဲတင်းတင်း ဝိစိကိစ္ဆာ နဲ့ ဒိဋ္ဌိကို သညာနဲ့ဖြုတ်ပြီးသည့်နောက်မှ အားထုတ်လို့ရှိရင် ပညာနဲ့မပြုတ်မရှိ ဘူး (မှန်ပါ့ ဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် နေရာကျပါပြီ

ကောင်းပြီ၊ ဒါဖြင့် နေရာကျပါပြီတဲ့၊ ဒီလိုနေရာကျတယ်ဆိုတော့ ဪ တပည့်တော်တို့ အင်မတန် အဖိုးတန် သွားတဲ့ ပုဂ္ဂိုလ်အဖြစ်သို့ ယနေ့ ရောက်သွားပြီ၊ နာရုံနဲ့ အပါယ်တစ်ဘဝ ပိတ်တယ်၊ ရှုလိုက်လို့ တကယ်ပြုတ်သွားလို့ရှိရင် တပည့်တော်ဖြင့် အပါယ်လေးပါးနဲ့ အိုးစားကွဲပြီး ဘယ်တော့မှ မရောက်တော့ဘူးဆိုတာ ဦးမြ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)၊ ချနိုင်ကြပလား (ချနိုင်ပါတယ် ဘုရား)။

ရဲရဲတင်းတင်းချပါ၊ မောင်မြင့် ရဲရဲတင်းတင်းချပါ၊ ဘာမှမကြောက်နဲ့၊ ဦးအောင်ဇံဝေ ဘာမှ မကြောက်နဲ့ (မှန်ပါ့ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒီလိုမသိတဲ့ ပုဂ္ဂိုလ်မှာတဲ့ ဘုရားလက်ထက်က ဝတ္ထုထုတ်ပြီး အခု ဒီအကြောင်းနှစ်ခုကို မသိလို့ အကျိုးအနိစ္စရောက်တာလဲ မသိလို့တော့ ဒိဋ္ဌိဝိစိကိစ္ဆာ ပြုတ်သေးရဲ့လား (မပြုတ်ပါ ဘုရား)။

အဲဒီတော့ ဘုရားလက်ထက်က သာတိဆိုတဲ့ ရဟန်းရှိတယ် (မှန်ပါ့)၊ သူ့နာမည်က ဘာတဲ့ကွ (သာတိပါ ဘုရား)။

သာတိက ဘုရားဆီသွားပြီ တရားနာတယ်၊ တရားနာတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောလိုက် တယ်၊ ငါ ဘူရိဒတ်ဖြစ်တယ်ကွ၊ နောက် မဟာနာရဒဖြစ်တယ်ကွ၊ နောက် ဝိဓူရဖြစ်တယ်ကွ၊ ငါချည်းဖြစ်နေတာကွ ဆက်ဆက်ပြီး ဟောသွားတယ်။

သူက ဗွေဖောက်တယ်

သူက ဗွေဖောက်တယ်၊ ဒါဖြင့် ဘူရိဒတ်ကနေပြီး သကာလ စန္ဒကုမာရလို့ ဝိညာဏ်ပြောင်းတယ်၊ ယူပြီ ယူပြီ ဝိညာဏ်ပြောင်းသွားပြီတဲ့။

ဘူရိဒတ်ကနေပြီး သကာလ ဝိဓူရကျတော့ ဘူရိဒတ်သေပြီး ဝိညာဏ်ကလေး ဝိဓူရလုပ်ပြန်တာပဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သူ ဘယ်လို ယူလိုက်ပါလိမ့် (သဿတဒိဋ္ဌိယူပါတယ် ဘုရား)၊ ဝိညာဏ်ကို ပြောင်းတယ်လို့ ယူလိုက် တယ် (မှန်ပါ့)၊ ဘာ ဒိဋ္ဌိတုန်း (သဿတဒိဋ္ဌိပါ ဘုရား)။

ကဲ ဘုရားတရားနာရင်း ဇာတ်ကြီးဆယ်ဘွဲ့ ပေါ်တာနဲ့ သူ ဘာ ဒိဋ္ဌိဖြစ်သွားသတုန်း (သဿတဒိဋ္ဌိဖြစ်သွားပါ တယ် ဘုရား)၊ ကဲ ဘုရားလက်ထက်ကနော် (မှန်ပါ့)။

ဪ တို့ဘုရားလဲ ဆက်ပြီးဖြစ်သွားတာကိုးလို့ ထင်မနေကြနဲ့ဦး ခင်ဗျားတို့၊ ဒါ သဿတဒိဋ္ဌိမှတ် (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒီလို သာတိကဖြစ်ပြီး သကာလ နေတော့ သူတရားပွဲက ပြန်လာတယ်၊ ဇာတ်ပေါင်းတရားကြီးဟော ပြီး ပြန်လာခဲ့တယ်၊ တစ်နေ့ကလိုပဲ လာပြန်တာပဲ၊ ဪ ဒါဖြင့် လူသာသေတယ်၊ ဝိညာဏ်က မသေဘူး ကိုယ်တော်တို့၊ သူက ဝါဒဖြန့်ပြီ ရဟန်းတွေကို (မှန်ပါ့)။

သဿတဒိဋ္ဌိဖြစ်သွားတယ်

လူသာသေသတဲ့ ဘာတုန်း (ဝိညာဏ်မသေပါ ဘုရား)၊ ဝိညာဏ် မသေဘူးတဲ့ဆိုတော့ ဘာဒိဋ္ဌိဖြစ်သွားသတုန်း (သဿတဒိဋ္ဌိဖြစ်သွားပါတယ် ဘုရား)၊ အဲ သဿတဒိဋ္ဌိ ဖြစ်သွားတယ်။

ကဲ ဦးမြ၊ ဦးအောင်ဇံဝေ ဖြစ်ထိုက် မဖြစ်ထိုက် (ဖြစ်ထိုက်ပါတယ် ဘုရား)၊ ဖြစ်ထိုက်တယ် ခင်ဗျားတို့လဲ ဖြစ်ခဲ့တယ် (မှန်ပါ့)။

ဪ ဘဝပြောင်းသွားတာပဲ၊ အံမာ ခင်ဗျားတို့ဖြစ်နေတာ ခင်ဗျားတို့က မရိပ်မိဘူး (မှန်ပါ့)။

ဦးမြကြီးတို့ ဘာဝပြောင်းသွားပြီ၊ မပြောဘူးလား (ပြောပါတယ် ဘုရား)၊ ဘာပြောင်းတာတုန်း၊ ဘဝပြောင်းတာ၊ လူက ပြောင်းတာလား၊ ဒီဝိညာဏ်ကလေး ပြောင်းတာဆိုတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘဝကူးတယ်ဆိုတာကလဲ ဒီကမေ ဟိုကူးတာပဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီ ဘဝကူးတွေက ခင်ဗျားတို့ သာတိရဲ့ အသွားတွေပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်သူ့ အသွားတွေပါလိမ့် (သာတိ အသွားတွေပါ ဘုရား)၊ သာတိအသွားတွေဆိုတော့ ဘာဒိဋ္ဌိပါလိမ့် (သဿ တဒိဋ္ဌိပါ ဘုရား)။

ကဲ ဒါဖြင့် ဦးအောင်ဇံဝေတို့လဲ လူကြီးတွေပဲ၊ ဦးမြတို့လဲ လူကြီးတွေပဲ ဆုံးဖြတ်ချက်ချ၊ မြန်မာပြည်မှာ ဒီအယူရှိမရှိ (ရှိပါတယ် ဘုရား)၊ အများကြီးရှိတယ်၊ အများကြီးရှိတော့ ဘာဒိဋ္ဌိတွေလဲ (သဿတဒိဋ္ဌိပါ ဘုရား)။

သွားပြီ ဘာလှူလှူ ကုသိုလ်တော့ ရပါရဲ့၊ နိဗ္ဗာန်မရဘူး ဒီလူတွေ (မှန်ပါ့)။

ကုသိုလ်တော့ (ရပါတယ် ဘုရား)၊ နိဗ္ဗာန်မရဘူး ဒီလူတွေ (မှန်ပါ့)။ ဒီဒိဋ္ဌိ သူစွန့်မှ (မှန်ပါ့ ဘုရား)၊ ဘယ်လောက် ကြောက်စရာကောင်းတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် သာတိကို ဘေးက ရဟန်းတွေ ပြောကြတယ်၊ သာတိ ဝိညာဏ်ပြောင်းတယ်လို့ မင်းက ယူပြန်ပြီ၊ ဝိညာဏ်ပြောင်းတယ်ဆိုတာ သဿတဒိဋ္ဌိကိုးကွာ၊ သူဟာ သေမှ မသေဘဲနော် (မှန်ပါ့)၊ သေမှမသေဘဲ အကုန်ပြောင်း နေတာပဲ၊ ဒီဘဝကို ဟိုဘဝပြောင်း၊ ဟိုဘဝက ဒီဘဝပြောင်း၊ ပြောင်းတယ်ဆိုကတည်းက ဒီတစ်ခုကလေးဟာကပြောင်း၊ ဟိုဘဝကိ ဒီဘဝပြောင်း၊ ပြောင်းတယ်ဆိုကတည်းက ဒီတစ်ခုကလေးဟာက ခိုင်မြဲတဲ့ အဓိပ္ပာယ် ပါ မပါ (ပါပါတယ် ဘုရား)၊ ပြောင်းတယ်ဆိုတာလေ (မှန်ပါ့)။

လက်ပြောင်းလိုက်ပြီဆိုတော့ ကျောက်ကလေး လက်ပြောင်းလိုက်တယ်ဆိုတော့ ဒါ သဿတဒိဋ္ဌိပေ့ါကွ၊ ကျောက်ကလေး ကိုယ့်လက်ထဲ မထားချင်လို့ လက်ပြောင်းလိုက်ပြီ၊ ထုတ်ပစ်လိုက်ပြီဆိုတော့ ဒါ ကျောက်ကလေးဟာ ကြားထဲမှာ ပြတ်သွားတဲ့ အဓိပ္ပာယ်လား၊ ဟိုဘက် ကူးသွားတဲ့ အဓိပ္ပာယ်လား (ကူးသွားတဲ့ အဓိပ္ပာယ်ပါ ဘုရား)၊ ဘာ ဒိဋ္ဌိဆိုကြမလဲ (သဿတဒိဋ္ဌိပါ ဘုရား)၊ အဲ ကျောက်ပြောင်းသလိုပြောင်းတာ ယူထားတာ ဒီဝိညာဏ်ကို ဝိညာဏ်ကို (မှန်ပါ့)။

ဝိညာဏ်ကို ဒီလိုယူထားတော့

ကျောက်ပြောင်းတာကို ဘုန်းကြီးအပြစ်ဆိုတာ မဟုတ်ပါဘူး၊ ဝိညာဏ်ကို ဒီလိုယူထားတော့ ဘာဒိဋ္ဌိလဲ (သဿ တဒိဋ္ဌိဖြစ်နေပါတယ် ဘုရား)။

ဝိညာဏ်က မင်းတို့ သိထားတာက အနိစ္စက မွေးလို့ အနိစ္စပဲ ဘယ်မှမပြောင်းနိုင်ဘူး (မှန်ပါ့)၊ ပြောင်းနိုင်သေး ရဲ့လား (မပြောင်းနိုင်ပါ ဘုရား)။ ဘယ်သူက မွေးတာတုန်း (အနိစ္စက မွေးတာပါ ဘုရား)၊ အနိစ္စကမွေးတော့ သူလဲ ဘာတုန်း (အနိစ္စပါ ဘုရား)၊ သူပြောင်းနိုင်ရဲ့လား (မပြောင်းနိုင်ပါ ဘုရား)။

မပြောင်းနိုင်တာကို ကျောက်ပြောင်းသလို ပြောင်းတယ်၊ ယူပစ်လိုက်တယ် (မှန်ပါ့ ဘုရား)၊ မယူဘူးလား (ယူပါတယ် ဘုရား)။

ဘဝပြောင်းသွားရှာပြီ၊ ဘယ့်နှယ့်တုန်း၊ သုံးကြသလား မသုံးကြဘူးလား (သုံးပါတယ် ဘုရား)။

ဘယ်က ရထားသတုန်း ခင်ဗျားတို့ ဒီ ဒိဋ္ဌိဥစ္စာ၊ မပြောတတ်ပါဘူး၊ ရှေးလူကြီးတွေ ပြောတာနဲ့နောက်က ခံပြောတာ (မှန်ပါ့)၊ ပြောင်းနိုင်တဲ့ သတ္တိရှိ မရှိ (မရှိပါ ဘုရား)။

မရှိပါဘူးတဲ့၊ တစ်နည်းအားဖြင့် ဝိညာဏ်ကလေးဟာ ဘယ်သူ့ကို စောင့်နေတယ်၊ ခုထက်ထိ မထွက်သေးဘူး၊ ဘာဒိဋ္ဌိတုန်း သူ့ဟာ (သဿတဒိဋ္ဌိပါ ဘုရား)။

ဒါကော မရှိဘူးလား (ရှိပါတယ်)၊ ရှိနေတာပဲ (မှန်ပါ့ ဘုရား)။

ဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သာတိကို ရဟန်းတွေက ပြောလို့ဆိုလို့ ဆုံးမလို့ မရတော့ ရဟန်းတွေက ဘုရားသွားလျှောက်တယ်၊ အရှင်ဘုရား သာတိတစ်ယောက်တော့ သဿတဒိဋ္ဌိအယူ ယူနေပြီဘုရား၊ အရှင်ဘုရား တရားနာတာနဲ့ ဗွေဖောက်ပြီ၊ အဲဒါကြောင့် သာတိခေါ် ဆုံးမပါဦးဘုရား။

ကဲ ဒါဖြင့် ခေါ်ချေကွာ၊ ငါ့အမိန့်နဲ့ သာတိကိုခေါ်ဆိုပြီး သကာလ အခေါ်ခိုင်းလိုက်တယ်၊ ခေါ်လိုက်တော့ သာတိ ရောက်လာတယ်။

သာတိ ဘာတုန်းကွ၊ မင်းဟာ ဘယ့်နှယ် ဖြစ်နေသတုန်း၊ အရှင်ဘုရား ဝိဓူရလဲ ဒီဝိညာဏ်ပါပဲဘုရား၊ ဝိဓူရ ကနေပြီး ဝေဿန္တရာဖြစ်သွားတော့ ဒီဝိညာဏ်ကလေး ပြောင်းသွားတာ၊ ဒီကနေပြီး သိဒ္ဓတ္ထဖြစ်လာတော့ ဝိညာဏ် ကလေး ပြောင်းသွားတာ၊ တပည့်တော် ဒီလိုယူထားပါတယ်။

မင်းပြောတဲ့ ဝိညာဏ်ကိုရှင်းပြပါဦး

နို့ မင်းပြောတဲ့ ဝိညာဏ်ကို သေသေချာချာ ရှင်းပြပါဦးကွ၊ အို ဒီဝိညာဏ်က ဘုရား ကောင်းတာ မကောင်းတာ ခံစားတာ ဒီဝိညာဏ်ကလေးချည်းပဲ၊ ဝိညာဏ်က အနိစ္စပေါ့ဗျာ၊ ကောင်းမကောင်းခံစားတာ ဒီဝိညာဏ်ပဲတဲ့။

ဒီတွင်မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “ဥသ္မိကတော” ဆိုပြီး သကာလ ဪ ဤသာတိရဟန်းသည် ငါဘုရားသာသနာတော်မှာ မဂ်ဖိုလ်ရကြောင်း ဉာဏ်မီးပွားရှိသူဟုတ်သလော ဟု ရဟန်းတို့အား မိန့်တော်မူတယ် (မှန်ပါ့)။

အဲဒါ ခင်ဗျားတို့ ဘုန်းကြီး ကိုယ့်ကိုယ်ကို ချီးမြှောက်ပြောတယ်လို့ မယူနဲ့၊ ဒီတရားမျိုးကို မနာရလို့ ဒီလို ရှင်းရှင်းလင်းလင်း ပြောမပေးလို့ရှိရင် သေသည့်တိုင်အောင် ဝိညာဏ်ရှိတယ်တဲ့ ခင်ဗျားတို့၊ ဦးမြ ရှိ မရှိ (ရှိပါတယ် ဘုရား)။

ရှိတယ်နော် (မှန်ပါ့)၊ ဘဝကူးကော (ရှိပါတယ်)၊ ဘဝပြောင်း ကော (ရှိပါတယ်)၊ ဒါ ဘာသဘောမကျလို့တုန်း ဆိုတော့ ဒီသုတ်ကို မနာရလို့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မောင်အောင်ချီတို့၊ မောင်မြင့်တို့ ဝိညာဏ်ပြောင်းနိုင်ရဲ့လားဟေ့ (မပြောင်းနိုင်ပါ)၊ ဒီနေရာဖြစ် ဒီနေရာ ချုပ်တယ်၊ ဘယ်မှာပြောင်းစရာ ရှိသေးသတုန်း (မရှိပါ ဘုရား)။

သူ့ကို ဖြစ်စေတဲ့အကြောင်းကိုက အနိစ္စကွာ၊ သူကကော (အနိစ္စပါပဲ)၊ ဘယ်ပြောင်းစရာ ရှိသေးသတုန်း၊ ဒီနေရာဖြစ် ဒီနေရာပျောက်ရမှာပဲ။

နောက်တစ်ခါ ဟိုဘဝမှာပေါ်တဲ့ ဝိညာဏ်ကလဲ ဟိုဘဝကျမှ အသစ်ပေါ်တာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဒီက ပါသွားတာ ဟုတ်ကဲ့လား (မဟုတ်ပါ)၊ ဒီက ပါသွားတယ်ဆိုရင် ဘာဒိဋ္ဌိတုန်း (သဿတဒိဋ္ဌိပါ)၊ ဟိုကျမှ သူ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတယ်ဆိုတာကော ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဟိုကျမှ သူ့မျက်လုံးက ဖွင့်လိုက်ပြန်တော့ မျက်လုံးဝိညာဏ်ပေါ်မှာပဲ၊ မနောနဲ့ဖွင့်လိုက်ရင် (မနောဝိညာဏ် ပေါ်ပါတယ်)၊ မနောဝိညာဏ်ပေါ်မှာပဲဆိုတော့ အသစ်အသစ်ချည်းပဲဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒီနေ့ည တရားမဆုံးငြားသော်လဲ နာရီစေ့ငြားသော်လဲ ဒိဋ္ဌိဝိစိကိစ္ဆာ ပြုတ်ပလား (ပြုတ်ပါပြီ ဘုရား)။

မင်းတို့သန္တာန်မှာ ဆယ့်လေးခုရေးထားတဲ့ ဝိညာဏ်နော် (မှန်ပါ့)၊ မြင်စိတ်ကလေးဆိုရင် စက္ခုဝိညာဏ်နော်၊ မနောဝိညာဏ်အတွင်း ဧည့်သည်၊ ပြီးတော့ အိမ်သည် နှစ်ခုဆိုတာလဲ မြဲတာမ မဟုတ်ဘူး။ သူတို့လဲ ဖြစ်ပျက်ပဲနော် (မှန်ပါ့ ဘုရား)။

အဲဒါမနောဝိညာဏ်ထဲ ထည့်လိုက်၊ ဝိညာဏ် ဟူသရွေ့သည် အကြောင်းပေါ် အကြောင်းကြောင့်ဖြစ်တယ် (မှန်ပါ့ ဘုရား)။

ပြီးတော့ ဒီအတိုင်းမြဲသလား ချုပ်သလား (ချုပ်ပါတယ်)၊ နှစ်ကြောင်းကြောင့် ဖြစ်တယ်လို့ သိလိုက်တော့ ဘာစင်သတုန်း (ဝိစိကိစ္ဆာ စင်ပါတယ်)၊ သူ့အမေအဖေကို နှစ်ကြောင်းကိုက အနိစ္စမို့ အနိစ္စဖြစ်တယ်လို့ သိလိုက်တော့ ဘာစင်သတုန်း (ဒိဋ္ဌိစင်ပါတယ်)၊ ဒါဖြင့် ဒိဋ္ဌိဝိစိကိစ္ဆာ စင်သွားပြီ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သာတိလိုဖြစ်သေးရဲ့လား

အဲဒီတော့ သာတိလိုဖြစ်သေးရဲ့လား (မဖြစ်ပါ)၊ သာတိလို မဖြစ်တော့ဘူးတဲ့၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ မင်းတို့သည် ကားလို့ဆိုရင် ရဲရဲတင်းတင်းရှုဖို့ ဒီနေ့ည ပေးလိုက်တဲ့တရားပဲ (မှန်ပါ့)၊ ဒကာ ဒကာမတို့ ဘယ့်နှယ်ဆိုကြမလဲ (ရဲရဲတင်းတင်း ရှုဖို့ပါ ဘုရား)။

ရဲရဲတင်းတင်း ရှုပေး၊ ဘာဖြစ်လို့တုန်း၊ သံသယကင်းပြီ၊ ဒီလမ်းသွားပြီး ဒီရောက်တယ်ဆိုတာ ဘာမှ အန္တရာယ် မရှိဘူးဆိုရင်ဖြင့် ဘယ်သူကော ကြောက်တဲ့ရွံ့တဲ့စိတ် လာသေးသလား (မလာပါ ဘုရား)၊ ရဲရဲတင်းတင်း မသွားပေဘူး လား (သွားပါတယ် ဘုရား)။

ထို့အတူပဲတဲ့ မင်းတို့ ဝိပဿနာဉာဏ်နဲ့ ရဲရဲတင်းတင်းသာ ဖြစ်ပျက်ဆီကို လွှတ်တော့ မင်းတို့ကို တားမည့်လူ မရှိတော့ဘူး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ သဘောပါပြီနော် (မှန်ပ့ါ ဘုရား)။

ကဲ ယနေ့ဒီတွင် တော်ကြဦးစို့။

သာဓု…သာဓု…သာဓု။