ခန္ဓာပေါ်၌ ပေါ်လာတိုင်း သတိနှင့် လိုက်ပါ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မိုးကုတ်မြို့ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်
ဟောကြားဆုံးမတော်မူအပ်သော
ဧည့်သည်ဝေဒနာသုံးပါး
ခန္ဓာပေါ်၌ ပေါ်လာတိုင်း သတိနှင့် လိုက်ပါ
ညအလုပ်ပေးတရားတော်
(၁၆-၅-၆၂)
ဒိဋ္ဌိပြုတ်လို့ရှိရင်လဲ သောတာပန်
သုတဝါ အရိယသာဝကောဖြစ်မှ ဒိဋ္ဌိပြုတ်တယ် (မှန်ပါ့)၊ ဒိဋ္ဌိပြုတ်လို့ရှိရင်လဲ သောတာပန် တည်တာပဲလို့ ဒကာ ဒကာမတွေ မှတ်ထားပါ (မှန်ပါ့ ဘုရား)။
ဒိဋ္ဌိပြုတ်အောင် ဒကာ ဒကာမတွေ ကြိုးစားကြရမယ်ဆိုရင်ဖြင့် တဏှာတော့ ကျန်မှာပဲ (မှန်ပါ့)၊ ကျန်ပင် ကျန်ငြားသော်လဲ အပါယ်ကျတဲ့ တဏှာမရှိတော့ပါဘူး၊ အပါယ်ကျတဲ့ မာနလဲ (မရှိပါ ဘုရား)။
ဪ ဒါဖြင့် ဒိဋ္ဌိနဲ့ရောပြီးပါသွားကြလို့ပဲ (မှန်ပါ့)၊ ဒိဋ္ဌိထဲမှာ တစ်ခါတည်း ဒကာ ဒကာမတို့ အပါယ်ကျစေတတ် တဲ့ တဏှာ၊ အပါယ် ကျစေတတ်တဲ့ မာနရောပါသွားတယ် (မှန်ပါ့ ဘုရား)။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒိဋ္ဌိကိုသာ အရေးတကြီး ဖြုတ်ကြပါဆိုတဲ့ ဥစ္စာကိုလဲ သတိ ပေးရတယ် (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဒိဋ္ဌိဖြုတ်ချင်လို့ရှိရင် ဘာလုပ်ရမလဲလို့ မေးတဲ့အခါကျတော့ သုတဝါလဲရှိရမယ် (မှန်ပါ့)၊ အရိယသာဝကောလဲရှိရမယ် (မှန်ပါ့ ဘုရား)။
ဘုရားက ဒီဥစ္စာကို ဘယ်ပါဠိတော်မဆို ဒိဋ္ဌိခန်းနဲ့ ပတ်သက်လာလို့ရှိရင် “သုတဝါအရိယသာဝကော-သုတဝါ အရိယသာဝကော” လို့ ဒကာကြွယ် အလွန်ဟောလေ့ရှိတယ် (မှန်ပါ့)။
ပညာနားနဲ့ ကြားဖူးမှတဲ့
သုတဝါ-ပညာနဲ့ကြားဖူးခြင်းရှိသော ဒိဋ္ဌိဖြုတ်နည်းကို ပညာနားနဲ့ ကြားဖူးမှတဲ့ (မှန်ပါ့)၊ ပကတိနားနဲ့ ကြားလို့ မရဘူး (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဘယ်နားနဲ့ကြားရမလဲ (ပညာနားနဲ့ကြားရပါမယ်)၊ ပညာနားနဲ့ ကြားဖူးမှတဲ့၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ကျုပ်တို့လို့ အခု ကြားနေတဲ့နားက အလကားနား (မှန်ပါ့)၊ အလကားနားဖြစ်နေတယ် (မှန်ပါ့)၊ သုတဝါ ပညာနားနဲ့ ကြားဖူုးခြင်းရှိသောတဲ့၊ အရိယသာဝကော-အရိယာတို့၏ တရားကို မှတ်သားကျင့်ကြံသောတဲ့၊ သာဝကဆိုပေမယ့် တပည့်ရိုးရိုးပါ ဆိုပေမယ့်လဲ မဖြစ်သေးဘူးတဲ့ (မှန်ပါ့)၊ အရိယ သာဝကော-အရိယာတို့၏ တရားကို မှတ်သားလေ့ကျင့်လေ့ရှိသော၊ ဪ အရိယာတို့၏ တရားကိုလဲ ကိုယ်က ကျင့်ကြံတဲ့တပည့်ဖြစ်ရဦးမယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် အရိယာတို့ဟောတဲ့တရားကို ပညာနားနဲ့ကြားဖူးတာကတော့ ၁ နံပါတ် (မှန်ပါ့)၊ ကြားဖူးတဲ့အတိုင်း ကျင့်ကြံကြိုးကုတ်ရမှာကလဲ တစ်ချက် (မှန်ပါ့ ဘုရား)။
ဤနှစ်ချက်ရှိလို့ရှိရင်
ဤနှစ်ချက်ရှိလို့ရှိရင် ဒကာ ဒကာမတို့ အပါယ်လေးပါး တံခါးပိတ်စေနိုင်တဲ့ ဒိဋ္ဌိဖြုတ်နည်း နိဿရည်းဟာဖြင့် ဒကာကြွယ် ပူစရာမရှိပါဘူး (မှန်ပါ့ ဘုရား)။
ဒါဖြင့် အရေးကြီးတာက ဘာပါလိမ့်မတုံး၊ သုတဝါ ပညာနားနဲ့ ကြားဖူးသောဆိုတာ အရေးကြီးတယ် (မှန်ပါ့ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ဒီနေ့ဖြင့် ပညာနဲ့ကြားဖူးအောင်လဲ ဆရာဘုန်းကြီးက ဒကာ ဒကာမတွေကို သယ်ယူပို့ ဆောင်လိမ့်မယ်လို့ မှတ်တာပေါ့ (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့က “အရိယသာဝကော-အရိယာတို့၏ တရားကို မှတ်သားကျင့်ကြံလေ့ရှိသော” ဆိုတဲ့အတိုင်း ခင်ဗျားတို့က မှတ်သားကျင့်ကြံဖို့ပဲ (မှန်ပါ့)၊ ဘုန်းကြီးက ကြားဖူးအောင် ခင်ဗျားတို့ကို သယ်ယူပို့ဆောင်မယ်ဆိုတာ မှတ်လိုက်တာပေါ့ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဘုန်းကြီးတာဝန်က ၁ နံပါတ်၊ ဒကာ ဒကာမတွေ တာဝန်က ၂ နံပါတ်ဆိုတာ ဒကာကြွယ်မှတ်ထားပါ (မှန်ပါ့ ဘုရား)။
မကြားဖူးတာကို ကြားဖူးအောင် ဒကာ ဒကာမတွေကိုပြောမှုက ဘုန်းကြီးတာဝန် (မှန်ပါ့)၊ အရိယသာဝကော-အရိယာတို့၏ စကားကို မှတ်သားကျင့်ကြံလေ့ရှိသောဆိုတဲ့ဥစ္စာ မှတ်သားပြီး ကျင့်ရမည့်အလုပ်က ခင်ဗျားတို့ အလုပ်ပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ကြားဖူးဖို့အလုပ်က ဆရာသမားအလုပ်၊ ကျင့်ကြံဖို့ အလုပ်က ဒကာ ဒကာမတွေအလုပ် (မှန်ပါ့)၊ ဒီနှစ်ခုတွဲမိလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဘာမှ ပူစရာမရှိပါဘူး၊ သောတာပတ္တိမဂ်ဆိုတာသည် မခဲယဉ်းတဲ့ အလုပ်ပဲ၊ ဒီနှစ်ခု ပြည့်စုံဖို့သာ အရေးကြီးတယ်ဆိုတာကို ဒကာသစ်တို့ ဦးမာဒင်တို့ မှတ်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။
ငရဲမျိုးစေ့တွေ ရှိနေတယ်
ကိုင်း ဂရုစိုက်ပြီး သကာလ ဪ-ငါတို့ဝမ်းထဲမှာ ငရဲမျိုးစေ့တွေ ရှိနေတာလဲ သိကြပြီ (သိကြပါပြီ)၊ ငရဲမျိုးစေ့က ဒါနပေးလှူပြီးပယ်လို့လဲမရဘူး (မှန်ပါ့ ဘုရား)။
သီလဆောက်တည်ပြီး ငရဲမျိုးစေ့ ပယ်ပါမယ်ဆိုလို့လဲ (မရပါ)၊ သမထတွေ အားထုတ်ပြီး ပယ်လိုက်မယ် ဆိုရင်ကော (မရပါ)၊ မရဘူးတဲ့ သူက ဘယ်လိုတုံးလို့ မေးတဲ့အခါကျလို့ရှိရင် ဒကာ ဒကာမတွေ ဒိဋ္ဌာနုသယလို့ ဘုရားက ဟောမယ် (မှန်ပါ့)၊ ဒိဋ္ဌိလဲ ဖြစ်တယ်ကွ၊ အနုသယလဲဖြစ်တယ်ကွ (မှန်ပါ့)။
အနုသယဆိုတာက ဒကာ ဒကာမတို့ ပြိုင်ဘက်ပေါ်လာတာမဟုတ်ပါဘူး (မှန်ပါ့)၊ သူ့ဟာသူ ဒကာ ဒကာမတွေသန္တာန်၌ အကြောင်းတိုက်ဆိုင်ရင် ပေါ်လာနိုင်တာကို အနုသယလို့ ခေါ်တယ် (မှန်ပါ့)။
မဂ်နဲ့မပယ်သေးသရွေ့ အကြောင်းတိုက်ဆိုင်တိုင်း ဆတ်ခနဲ ဆတ်ခနဲ ပေါ်လာနိုင်တယ် (မှန်ပါ့)၊ ဒါကို ဘာခေါ်ကြမယ် (အနုသယပါ ဘုရား)။
အဲဒီ အနုသယကိုတော့ဖြင့် ဒကာ ဒကာမတို့ ကိုယ့်ကတော့ဖြင့် မရှိဘူုးထင်တာပဲ၊ စင်စစ်အားဖြင့်တော့ မဂ်နဲ့မပယ်သေးရင် ရှိနေသေးတယ်လို့ မှတ်ပါ (မှန်ပါ့)။
မဂ်နဲ့မပယ်သေးရင် (ရှိနေသေးတယ်လို့ မှတ်ရပါမယ်)၊ ရှိနေသေးတယ်လို့ ဒကာသစ်တို့ ဦးမာဒင်တို့ မှတ်ထားပါ (မှန်ပါ့)။
ဒါဖြင့် ဥပမာမယ် ကိုယ့်သားကလေးတွေ၊ သမီးကလေးတွေ ကြည့်လိုက်တဲ့အခါ ဒါတွေ လိုနေတယ်၊ ဟာ ဒါ ကျွန်တော့်သားကလေးပဲ၊ ဒါက ဘယ်သူတုံး ကျွန်တော့်သမီး ကလေးပဲ၊ ပြောရုံပြောတာတော့ အရေးမကြီးဘူး (မှန်လှပါ ဘုရား)။
တကယ်ထင်နေလို့ရှိရင် ဒါဟာ ငါပဲ၊ ငါ့ဥစ္စာကလေးတွေပဲလို့ ထင်နေလို့ရှိရင်တော့ ဒါ အကြောင်းမရှိရင်တော့ ကျုပ်က သားတွေ သမီးတွေလဲ ဥပေက္ခာထားတာပါပဲ ပြောလိုက်တယ် (မှန်ပါ့)။
အကြောင်းရှိလာတဲ့အခါ သားကလေးက မျက်နှာညိုတာ၊ သမီးကလေးက မျက်စိ မျက်နှာ မကောင်းပြီ ဆိုမှဖြင့် ငါ့ဟာကလေးတွေ ဘာဖြစ်ပါလိမ့် (မှန်ပါ့)၊ အကြောင်းရှိမှ ငါ့ဟာ ကလေးတွေ ဘာဖြစ်ပါလိမ့်မတဲ့ (မှန်ပါ့)။
ဒါဖြင့် အကြောင်းမရှိတဲ့အခါမှာတော့ ဥပေက္ခာသဘောနဲ့ ငုပ်နေတာပဲ (မှန်ပါ့)၊ အကြောင်းရှိတဲ့အခါကျတော့ ဒကာ ဒကာမတွေ အင်း ငါ့ဟာ ကလေးတွေ ဘာဖြစ်ပါလိမ့်မတုန်း၊ သူတို့က ဖြစ်တာက နည်းနည်း၊ ငါက ဖြစ်တာများများ (မှန်ပါ့)၊ ဒီလိုကော မရှိကြဘူးလား (ရှိပါတယ် ဘုရား)။
အကြောင်းရှိမှ ပေါ်လာတာဟာ အနုသယ
အဲဒီလို ရှိတာတွေထောက်တော့ ဪ အကြောင်းရှိမှ ပေါ်လာတာဟာ အနုသယခေါ်ပါကလား (မှန်ပါ့)။
ဘယ်လိုမှတ်ကြမယ် (အကြောင်းရှိမှ ပေါ်လာတာဟာ အနုသယပါ ဘုရား)၊ အကြောင်းရှိမှပေါ်လာတာ အနုသယလို့ မှတ်ပါ့ (မှန်ပါ့)။
”အနုသေတိ အနုရူပံ ကာရံ လဘိတွာ ဥပ္ပဇ္ဇတိ” လို့ ဆိုသောကြောင့် လျောက်ပတ်သော အကြောင်းရမှ သူကပေါ်လာတယ် (မှန်ပါ့)၊ လျောက်ပတ်သော အကြောင်းမရသေးရင် (မပေါ်ပါ ဘုရား)။
ကျုပ်တို့တော့ဖြင့် သောတာပန်ကိစ္စတော့ဖြင့် ပြီးနေပြီလို့ ကိုယ့်ဟာ ကိုယ် စိတ်ချပြီးမနေနဲ့ (မှန်ပါ့)၊ အကြောင်းရှိလို့ ပေါ်လာမယ်ဆိုလို့ရှိရင် ဟာ မဟုတ်သေးပါကလားဆိုတော့ အဲဒီကျမှ ကပျာသုတ်သက် ရုတ်တရက် အလုပ်လုပ်ပါဦးမယ်ဆိုတော့ အချိန်နောက်ကျသွားမှာလဲ စိုးရတယ် (မှန်ပ့ါ)၊ မစိုးရိမ်ရဘူးလား (စိုးရိမ်ရပါတယ် ဘုရား)။
အဲဒါကြောင့် ကိုယ့်ဟာကိုယ် ရှင်းအောင် ဒကာ ဒကာမတွေ သုတဝါ၊ အရိယာတို့၏ တရားကို ကြားဖူးသော ပညာနားနဲ့ကြားဖူးမှတဲ့ (မှန်ပါ့)။
အရိယာတို့၏ တရားက (ပညာနားနဲ့ကြားဖူးမှပါ ဘုရား)၊ ဘုရား သခင်ကိုယ်တော်မြတ်ကြီးဟာ အရိယာအစစ် ပါပဲ (မှန်လှပါ)၊ အဲ သူဟောထားတဲ့တရားကို ခင်ဗျားတို့ ပကတိနားနဲ့ မကြားဘဲနဲ့ ပညာနားနဲ့ ကြားမှ ကိုက်မယ် (မှန်ပါ့)။
ဒကာကြွယ် ဘာနားအရေးကြီးသလဲ (ပညာနား အရေးကြီးပါတယ် ဘုရား)။
ကျုပ် ဘုန်းကြီးဟောတာ ကြားပါတယ်ဗျဆိုပေမယ့် မပြီးသေးဘူး (မှန်ပါ့)၊ ဒါက ပကတိနားနဲ့ကြားတာ (မှန်ပ့ါ ဘုရား)။
ပညာနားနဲ့ကြားမှုဆိုတာ
ပညာနားနဲ့ကြားမှုဆိုတာ ဪ တို့ခန္ဓာကိုယ်ထဲမှာ အသက်ကလေးရှိနေတယ်လို့ ထင်နေတယ်၊ ငါကလေး ရှိတယ်လို့ ထင်တယ်၊ ဒီအသက်ကလေး မပြုတန်သေးလို့ ဒီအထင်ကလေးရှိနေသေးလို့ရှိရင်ဖြင့် ပညာနားနဲ့ကြားဖူးတာ မဟုတ်သေးပါဘူး (မှန်ပါ့)။
ပညာနားနဲ့ (ကြားဖူးတာမဟုတ်ပါ)၊ ကြားဖူးတာ မဟုတ်သေးဘူးလို့ ဒကာ ဒကာမတွေက မှတ်ထားပါ (မှန်ပါ့)။
အသက်ကလေး မထွက်နိုင်သေးတဲ့၊ ဒါ ပညာနားနဲ့မကြားဖူးသေးဘူးဆိုမှ မရှိဘဲ(မှန်ပါ့) ဝိညာဏ်ကလေး မချုပ်သေး ဘူးဆိုရင် မှန်သေးတယ် (မှန်ပါ့)။
ကိုင်း ဒါဖြင့် သုတဝါ-ပညာနားနဲ့ကြားဖူးခြင်းရှိသော၊ အရိယ သာဝကော-အရိယာတို့၏ တရားကို မှတ်သား ကျင့်ကြံလေ့ရှိသော ပုဂ္ဂိုလ်သည်ဆိုသောကြောင့် ဒါ ဒိဋ္ဌိပြုတ်တဲ့ပုဂ္ဂိုလ်မှ ပညာနားနဲ့ကြားပြီး သကာလ ပညာနဲ့ဒီဒိဋ္ဌိကို ပယ်မှသာလျှင် ဒကာ ဒကာမတို့ အပါယ်တံခါး ပိတ်ပါတယ် (မှန်ပါ့ ဘုရား)။
ကြားတော့ ဘာနဲ့ကြားရမလဲ (ပညာနားနဲ့ကြားရပါမယ်)၊ ပညာ နားနဲ့ကြားရမယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
ကိုင်း-ဒါဖြင့် ပြောကြပါစို့တဲ့ ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သံယုတ်ပါဠိတော်မှာ အနတ္တလက္ခဏာသုတ်ဆိုပြီး ဟောလိုက်ပါတယ် (မှန်ပါ့)။
ငြီးငွေ့လာတယ်နော်
”ရူပ ဘိက္ခဝေ အနတ္တံ၊ ဝေဒနာ အနတ္တာ သညာ အနတ္တာ၊ သင်္ခါရာ အနတ္တာ ဝိညာဏံ အနတ္တာ၊ ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော” ဤကဲ့သို့ ပညာနားနဲ့ ကြားပြီးအရိယာတို့၏စကားကို လိုက်နာမှတ်သားပြီး ကျင့်တဲ့ပုဂ္ဂိုလ်သည် ရူပသ္မိမ္ပိ-ရုပ်၌လည်း နိဗ္ဗိန္ဒတိ-ငြီးငွေ့၏။ ဝေဒနာယပိ-ဝေဒနာ၌လည်း၊ နိဗ္ဗိန္ဒိ-ဪ ငြီးငွေ့လာတယ် (မှန်ပါ့ ဘုရား)။
ဝေဒနာကို ငြီးငွေ့လာတယ်နော်၊ ဝေဒနာရှုရင်း ရှုရင်း ဒကာသစ် ဘာဖြစ်လာသတုံး (ငြီးငွေ့လာပါတယ် ဘုရား)။
ဝေဒနာကလေးတွေကို ငြီးငွေ့တာလဲ သံဝေဂ ငြီးငွေ့တာတစ်မျိုး၊ ဝိပဿနာဉာဏ်နဲ့ ငြီးငွေ့တာတစ်မျိုး (မှန်ပါ့)။
သံဝေဂငြီးငွေ့တယ်ဆိုတာ ဪ ဒီအနာကြီးတွေက အမြဲနှိပ်စက်နေပြီးတော့ ခန္ဓာကိုယ်ကြီးဟာ ကြောက်စရာ ကြီးပါလား၊ ခန္ဓာရတဲ့အဖြစ်ကြီးဟာ ဝေဒနာကလဲ နှိပ်စက်လိုက်တာ လွန်းလို့ ကြောက်စရာကြီးပါလား လို့ဆိုတာ သံဝေဂငြီးငွေ့တာ (မှန်ပါ့)၊ ဒါနဲ့ မဂ်နဲ့မဆိုင်သေးဘူး (မှန်ပါ့ ဘုရား)။
ဒါ သံဝေဂဉာဏ်နဲ့ငြီးငွေ့တာ
တပည့်တော်တို့ဖြင့် ငြီးငွေ့လှပါပြီဘုရား၊ ဟိုကနာ၊ ဒီကအောင့်နဲ့ ဘယ်လိုထားလို့မှ မရမှန်းသိလို့ ငြီးငွေ့လှပါ ပြီဆိုတဲ့ အဓိပ္ပာယ်ကဖြင့် ဒါ သံဝေဂဉာဏ်နဲ့ငြီးငွေ့တာ (မှန်ပါ့ ဘုရား)။
ဝိပဿနာဉာဏ်နဲ့ ငြီးငွေ့တာက ဒီ ငြီးငွေ့နည်းမဟုတ်ဘူး (မှန်ပါ့ ဘုရား)၊ ဒီခန္ဓာကြီးဟာ ဝေဒနာက္ခန္ဓာကြီး ဝေဒနာတွေချည်းပဲ လှည့်ပေါ်နေတယ်၊ လှည့်ပေါ်နေတော့ ဝေဒနာတွေ ကြည့်လိုက်ပြန်လဲ မပေါ်ပါနဲ့ဆိုလို့လဲ မရဘူး၊ မပျောက်ပါနဲ့ဆိုလို့လဲ မရဘူး၊ ဝေဒနာတွေ ပေါ်လိုက်၊ ပျောက်လိုက်၊ ဝေဒနာတွေ ပေါ်လိုက်၊ ပျောက်လိုက် ဒါတွေချည်းမြင်ပြီး သကာလ နာလို့ငြီးငွေ့တာမဟုတ်ဘူး၊ ဝေဒနာတွေဟာ များလွန်းလို့ ပေါ်လိုက် ပျောက်လိုက်၊ ပေါ်လိုက် ပျောက်လိုက်နေတာကို ငြီးငွေ့တာမှ ဝိပဿနာ နိဗ္ဗိန္ဒဉာဏ် (မှန်ပ့ါ)။
ဝေဒနာနှိပ်စက်လို့ငြီးငွေ့တာကတော့ သံဝေဂဉာဏ်လို့မှတ်လိုက် (မှန်ပါ့)။
ဒါဟာ ဒကာ ဒကာမတွေ ရှုပ်ပြီးနေမှာစိုးလို့ ဘုန်းကြီးကရှင်းပေးတယ် (မှန်လှပါ ဘုရား)။
တစ်ချို့ ဒကာ ဒကာမတွေက ဒကာကြွယ် ဝေဒနာတွေက အမြဲကပ်ပြီး သကာလ လေနာ၊ ရင်နာတွေက ထပ်ပြီး သကာလ နေတော့ ဪ ဒီခန္ဓာကြီးတော့ဘုရား ရကိုမရချင်ဘူးဘုရား၊ နှိပ်စက်တာ လွန်လို့ပဲ ဘုရားတဲ့ (မှန်ပါ့)။
အင်း ဒီဝေဒနာ၏ ဖြစ်ပျက်မြင်သလား သူ့ဟာသူ ဒီဝေဒနာခံစားနေရတာကို မပျော်မွေ့တာလားလို့မေးရင် ဒကာသစ် ဘယ့်နှယ်ဖြေမလဲ (ဒီဝေဒနာ ခံစားနေရတာကို မပျော်မွေ့တာပါ ဘုရား)။
အဲဒါ သံဝေဂခေါ်တယ် (မှန်ပါ့ ဘုရား)၊ ဝိပဿနာဉာဏ်နဲ့ မဆိုင်သေးဘူး (မှန်ပါ့)။
ဒါကို ဘယ့်နှယ်ခေါ်ကြမလဲ (သံဝေဂပါ ဘုရား)၊ အဲဒီသံဝေဂကိုလဲ ဒကာ ဒကာမတွေက မသိတော့ ဉာဏ်တက် တာလို့ အောက်မေ့တယ် (မှန်ပါ့)။
မဟုတ်သေးပါဘူးတဲ့၊ ဒါဉာဏ်တက်တာ မဟုတ်သေးပါဘူး (မှန်ပါ့)၊ ဒါက လူမပြောပါနဲ့၊ တိရစ္ဆာန်တောင် သိတာပဲ (မှန်ပါ့)။
ဒါ ဉာဏ်ဟုတ်ပါ့မလား ၊ တိရစ္ဆာန်ဆိုတော့ ဉာဏ်ပါသေးရဲ့လား၊ (မပါပါ ဘုရား)၊ အဲ့ ဉာဏ်မပါတဲ့ တိရစ္ဆာန် တောင် သိနေတဲ့ဥစ္စာ ဒါသံဝေဂလို့ခေါ်တယ် (မှန်ပါ့)။
ဒကာကြွယ် မှတ်မိပြီ (မှတ်မိပါပြီ ဘုရား)၊ နာလွန်း၊ ကျင်လွန်း၊ ကိုက်လွန်း၊ ခဲလွန်းလို့ ဆေးသမားနဲ့ ဝါးသမားနဲ့ မပြတ်ရလို့ ဒီခန္ဓာကြီးဖြင့် ဒီဝေဒနာတွေဖြင့် တပည့်တော် စက်ဆုပ်ပါပြီဘုရား၊ ဒကာကြွယ် ဘာထင်သတုံး ဒီဥစ္စာ (သံဝေဂပါ ဘုရား)။
သံဝေဂ ထိတ်လန့်တဲ့ဉာဏ်ပဲ ရှိတယ်တဲ့၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါက ဘာတုံး (သံဝေဂပါ)၊ ထိတ်လန့်တာ၊ ဒီခန္ဓာကြီးနဲ့နေရတာ ထိတ်လန့်တယ် (မှန်ပါ့)၊ ထိတ်လန့်တဲ့ ဉာဏ်ပဲရှိပြီး သကာလ နေသောကြောင့် “သံဝေဂေါတိ ဩတ္တပ္ပဉာဏံ” ဆိုတဲ့အတိုင်း ထိတ်လန့်တဲ့ ဉာဏ်လောက်နဲ့တော့ မရသေးဘူး မုန်းဉာဏ်မှ အဖိုးတန်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ထိတ်လန့်တဲ့ဉာဏ်လောက်နဲ့ (မရသေးပါ ဘုရား)၊ မုန်းဉာဏ်ဆိုရင် (ရပါပြီ ဘုရား)။
မုန်းဉာဏ်ကတော့
မုန်းဉာဏ်ကတော့ ဝေဒနာတွေက ပေါ်လာတယ်၊ သုခပေါ်လာလဲ အင်း မပေါ်ပါနဲ့ ဆိုလို့မရဘူး (မှန်ပါ့)၊ ပျက်သွားပြန်တော့ကော မပျက်ပါနဲ့ဆိုလို့မရဘူး (မှန်ပါ့)၊ ဒုက္ခကလေးလဲ မပေါ်ပါနဲဆိုလို့ (မရပါ ဘုရား)၊ မပျက်ပါနဲ့ ဆိုလို့ (မရပါ ဘုရား)၊ ဥပေက္ခာ ဝေဒနာကလေးတွေ မပေါ်ပါနဲ့ဆိုလို့ (မရပါ ဘုရား)၊ မပျက်ပါနဲ့ဆိုလို့ (မရပါ ဘုရား)၊ သဘောကျပလား (ကျပါပြီး ဘုရား)။
အဲဒီလို ဖြစ်ပျက်ကို မုန်းလာမှ ဝိပဿနာဉာဏ် (မှန်ပါ့)၊ ဖြစ်ပျက်ကို မုန်းလာမှ (ဝိပဿနာဉာဏ်ပါ ဘုရား)၊ ခုနင်က အရပ်ထဲ သူပြော လူပြောနဲ့ ကိုယ်တွေ့ကလေးနဲ့ ဒီဝေဒနာကလေးတွေ ခုလို ဖြစ်ပျက် မမြင်ဘဲနဲ့ ဒီခန္ဓာကြီးကို မမုန်းဘဲနဲ့နေတာကတော့ဖြင့် ဒကာကြွယ်ရေ ဒါ သံဝေဂဉာဏ်ခေါ်တယ် (မှန်ပါ့)၊ ဝိပဿနာဉာဏ် မဟုတ်သေးပါဘူး (မဟုတ်သေးပါ ဘုရား)၊ သံဝေဂဉာဏ်လောက်က ဝိပဿနာဉာဏ်ကို ကျေးဇူးပြုတဲ့ သဘောသာရှိသေးတယ် (မှန်ပါ့)။
မင်း ဝိပဿနာအားထုတ်၊ ဝိပဿနာအားထုတ်မှ ဒီခန္ဓာကြီးနဲ့ အိုးစားကွဲပြီး လွတ်ရာနိဗ္ဗာန်ရောက်မယ် ဆိုတာကို အားပေးမှုလောက် ရှိသေးတယ် (မှန်ပါ့)၊ တကယ်ရောက်အောင် ပို့ပေးမှာကတော့ ဝိပဿနာဉာဏ်ကမှ ရောက်အောင် ပို့မှာ (မှန်ပါ့ ဘုရား)။
ဒါဖြင့် သံဝေဂဉာဏ်က ဝိပဿနာဉာဏ်ကို “ဥပနိဿယ ပစ္စယော” အားကြီးသော အကြောင်းနဲ့ ကျေးဇူးပြု လိုက်တယ် (မှန်ပါ့ ဘုရား)၊ ပြီးတော့မှ ဝိပဿနာဉာဏ်နဲ့ မုန်းမှ မဂ်ဉာဏ်ကို ကျေးဇူးပြုတယ် (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။
ဒီနေ့ ဉာဏ်နှစ်ဉာဏ်ကူးသွားတယ်
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီနေ့ ဉာဏ်နှစ်ဉာဏ်ကူးသွားတယ် (မှန်ပါ့)၊ သံဝေဂဉာဏ်တစ်မျိုး (မှန်ပါ့)၊ ရှင်းပြီးနော် (ရှင်းပါပြီ ဘုရား)၊ ဝိပဿနာဉာဏ်နဲ့ မုန်းတာက (တစ်မျိုးပါ ဘုရား)၊ တစ်မျိုးဆိုတော့ ဪ ဒီလိုပဲ ထူးခြားသေးပါကလားလို့ဆိုတာကို ဒကာကြွယ် သေသေချာချာမှတ်ပါ (မှန်ပါ့)၊ ဦးမာဒင် သေသေချာချာ မှတ်နော် (မှန်ပါ့)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ သုတဝါဆိုတဲ့ဥစ္စာ ဉာဏ်နားနဲ့ အခုပြောတဲ့အတိုင်း ဪ ဒါက သံဝေဂဉာဏ်၊ ဒါက ဝိပဿနာဉာဏ်ဆိုတာ အခု ကြားဖူးသွားပြီ (မှန်ပ့ါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဟာ အခုမှ ကြားဖူးပြန်လို့ရှိရင်လဲ ကိုယ့်ဟာကိုယ် ဘဝင်မြင့်ပြီးတော့ ဒီခန္ဓာကြီးတော့ ဘုရား၊ ယနေ့စွန့်ချင်တာပဲ၊ ဟာ ဘာဖြစ်လို့တုန်း၊ အို အကိုက်အခဲက တယ်ထူတာကိုး၊ ဒါ သံဝေဂပြောတာ ဘာမှမဆိုင်ဘူး (မဆိုင်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဝိပဿနာဉာဏ်အမြင်ဆိုတာကတော့ဖြင့် နာတာ၊ ကျင်တာ၊ ကိုက်တာ၊ ခဲတာ ဒါလောက်မဟုတ်ဘူး (မှန်ပါ့)၊ တားမရဆီးမရ ဖြစ်နေတာကို သူ့ကို မုန်းတယ် (မှန်ပါ့)။
တားမရ ဆီးမရ ဖြစ်ပျက်နေတာကို (မုန်းပါတယ် ဘုရား)၊ အဲဒါကမှ ဝိပဿနာဉာဏ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတွေမှာ ယနေ့ ဉာဏ်နှစ်ဉာဏ် အထူးကို စောစောကြီးမှတ်ရမယ် (မှန်ပါ့)။
ဉာဏ်နှစ်ဉာဏ်အထူးကို (စောစောကြေီးမှတ်ရပါမယ်)၊ စောစောကြီး မှတ်ထားလိုက်ပါဆိုတော့ ကဲ ဒါဖြင့် သုတဝါ အရိယသာဝကော၊ သုတဝါ-ပညာနားနဲ့ ကြားဖူးခြင်းရှိသောဆိုတော့ ခင်ဗျားတို့ ပညာနား ရသွားပြီ (မှန်ပါ့ ဘုရား)။
ဒါကြောင့် အနတ္တပဲဆိုပြီး
ဪ ဒုက္ခဝေဒနာ ဖြစ်ပျက်နေတာလဲ မဖြစ်ပါနဲ့ဆိုလို့ မရဘူး၊ မပျက်ပါစေနဲ့ဆိုလို့လဲ (မရပါ ဘုရား)။
ဪ ဒါကြောင့် အနတ္တပဲဆိုပြီး သူ့ကို မုန်းလာမှ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သုခဝေဒနာလေးပေါ်လာလဲ မပေါ်ပါနဲ့ဆိုလို့ (မရပါ ဘုရား)၊ မပျက်ပါနဲ့ဆိုလို့ (မရပါ ဘုရား)။
ဪ ဒီလိုဆိုလို့ရှိရင်ဖြင့် တားမရ ဆီးမရနဲ့ ဒီခန္ဓာကြီးနဲ့ နေရတာကိုး ဆိုတော့ ဒီခန္ဓာကြီး ဖြစ်ပျက်ကိုမြင်ပြီး မုန်းလာမှ ဝိပဿနာဉာဏ်၏ အခြေပါ (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။
ဥပေက္ခာဝေဒနာကလေးပေါ်လာလဲ မပေါ်ပါနဲ့ဆိုလို့လဲ မရဘူး၊ မပျက်ပါနဲ့ဆိုလို့လဲ တားလို့ ဆီးလို့မရဘူး (မှန်ပါ့ ဘုရား)၊ ဒါတွေ သိလိုက်တဲ့အခါကျတော့ ဪ ဒီခန္ဓာကြီးဟာ တကယ့်ကို အစိုးရစွာ အလိုပါသော ကိုယ်အတ္တ မဟုတ်ပါလား၊ (မှန်ပါ့) အစိုးရစွာ အလိုပါသော ကိုယ်အတ္တမဟုတ်ဘူး (မှန်ပ့ါ) သဘောကျပလား (ကျပါပြီ ဘုရား)။
အစိုးရစွာ ခင်ဗျားတို့က အစိုးရတာ၊ ခင်ဗျားတို့ အလိုပါသော အတ္တမဟုတ်ဘူး၊ ဒါမှ အနတ္တ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ခင်ဗျားတို့ အစိုးရသလား (မရပါ ဘုရား)၊ ခင်ဗျားတို့ အလိုလိုက်ကဲ့လား (မလိုက်ပါ ဘုရား)၊ ဒါဖြင့် အစိုးရသော အလိုသို့ပါသော ကိုယ့်အတ္တမဟုတ်ဘူး (မှန်ပါ့)။
ကိုယ်လဲ မဟုတ်ဘူးနော် (မဟုတ်ပါ ဘုရား)၊ အတ္တကော (မဟုတ်ပါ ဘုရား) သက်သက်ဖြစ်ပျက်တာ အနတ္တပဲ (မှန်ပါ့ ဘုရား)။
ဖြစ်ပျက်အနတ္တကို မုန်းလာမှ
သက်သက် ဘာပါလိမ့် (အနတ္တပါ ဘုရား)၊ အဲဒီ ဖြစ်ပျက်အနတ္တကို မုန်းလာမှ ဪ ဒါကတော့ဖြင့် နိဗ္ဗိန္ဒပါကလားဆိုတာ ဒကာကြွယ် ရှင်းသွားပြီ (ရှင်းသွားပါပြီ ဘုရား)။
ကဲ ဒါဖြင့် ခင်ဗျားတို့ ပညာနားနဲ့ ဪ ဒီလိုမြင်ပြီး သကာလ အနတ္တပါလားဆိုတာ ဒီသဘောကို ဆိုတာကိုး ဆိုတော့ သုတဝါ-ပညာနားနဲ့ကြားဖူးခြင်းရှိသောဆိုတော့ ဟိုသံဝေဂနဲ့ အခုမြင်တဲ့ မပိုင်လို့ အစိုးမရလို့ ဒကာ ဒကာမတွေမှာ မုန်းလာတာသည် ဒါက ဝိပဿနာ၏ နိဗ္ဗိန္ဒိ (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒါ ကြားဖူးကြပလား (ကြားဖူးပါပြီ)၊ အစိုးရစွာ အလိုပါသော ကိုယ်အတ္တမဟုတ်ဘူးလို့ သိတာမှ (နိဗ္ဗိန္ဒပါ) သဘောပါကြပလား (ပါပါပြီ ဘုရား)၊ အစိုးကော ရရဲ့လား (မရပါ)၊ အလိုကော ပါပါရဲ့လား (မပါပါ)၊ ကိုယ့်အတ္တလို့ကော ဆိုနိုင်ရဲ့လား (မဆိုနိုင်ပါ ဘုရား)။
အဲ အစိုးရစွာ အလိုပါသော ကိုယ်အတ္တမဟုတ်ဘူးဆိုတာကို ဒီဖြစ်ပျက်ကလေးတွေ ဖြစ်တာလဲ တားမရ၊ ပျက်တာလဲ တားမရ (မှန်ပါ့ ဘုရား)။
ဖြစ်တာလဲ ကန့်ကွက်လို့မရ၊ ပျက်တာလဲ ဆိုင်းပါဦးဆိုလို့မရ (မှန်ပါ့)၊ အဲဒါ ကလေးတွေမြင်ပြီး ငြီးငွေ့ပြီးလာမှ ဦးမာဒင်ရေ နိဗ္ဗိန္ဒ (မှန်ပါ့)၊ သဘောပါကြပလား (ပါ ပါပြီ ဘုရား)။
ဒါက တရားကို ကောင်းအောင် ဟောတာမဟုတ်ပါလား၊ တရားတက်တာကို ကိုယ်ကိုယ်တိုင်သိဖို့ ဆုံးဖြတ်ချက် ချပေးနေတာပါကလားလို့ သိ (မှန်ပါ့ ဘုရား)။
တရားတက်တာဆိုတာ
တရားတက်တာဆိုတာ ဪ ဒီဉာဏ်တက်လာတာပဲ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ဒီဉာဏ်က ဘာပါလိမ့် (တက်လာပါတယ် ဘုရား)။
အဲဒါက သုတဝါ-ပညာနားနဲ့ကြားဖူးလို့ ဒီဆုံးဖြတ်ချက်ချနိုင်တာ (မှန်ပါ့) ပြီးတော့ အရိယသာဝကော-အရိယာတို့၏ တရားကို မှတ်သားကျင့်ကြံတဲ့ ပုဂ္ဂိုလ်မှ ဒီအဓိပ္ပာယ်က ရှင်းသွားတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ရှေးဦးစွာ သုတဝါဖြစ်ဖို့ အရေးကြီးတယ် (မှန်ပါ့)၊ ပြီးတော့ အရိယသာဝ ကော ဆိုတဲ အရိယာတို့၏ စကားကို မှတ်သားကျင့်ကြံတဲ့ တပည့်လဲ ဖြစ်ရမယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ကြားဖူးမှု ၁ နံပါတ်ကို၊ ကျင့်မှု ၂ နံပါတ် (မှန်ပါ့)၊ ကြားဖူးမှုက (၁ နံပါတ်ပါ)၊ ကျင့်မှုက (၂ နံပါတ်ပါ ဘုရား)။
ကျင့်လိုက်တဲ့အခါမှာလဲတဲ့ ကြားဖူးတဲ့အတိုင်း ဪဖြစ်တာ တားမရ ပျက်တာ တားမရနဲ့ ဘယ်လိုတားလို့မှ မရပါကလား၊ ဒီဖြစ်ပျက် သဘောဟာက ကောင်းတာကလေးပဲ မပျောက်ပါစေနဲ့ဆိုလို့မရဘူး (မရပါ ဘုရား)။
ကောင်းတာကလေးပဲ ကောင်းတဲ့သုခဝေဒနာကလေးလဲပေါ်ပျောက် (မှန်ပါ့)၊ ဆိုတဲ့ ဒုက္ခဝေဒနာကလေးလဲ မပေါ်ပါစေနဲ့ဆိုလို့ (မရပါ)၊ မပျောက်ပါစေနဲ့ဆိုလို့ (မရပါ)၊ မရဘူး ၊ ပေါ်တဲ့ ဓမ္မကလေးက ပေါ်ပြီးတော့ ပျောက်ပြန်တာပဲ (မှန်ပါ့ ဘုရား)။
ဥပေက္ခာဝေဒနာကလေး ဖြစ်လိုက်ပြန်လဲ ဝေဒနာက္ခန္ဓာကိုးဗျ၊ ဖြစ်လိုက် ပေါ်လိုက်ပါပဲ (မှန်ပါ့) အကြောင်းတိုက် ဆိုင်လို့ အာရုံဒွါရ ထိခိုက်ပြန်လဲ ပေါ်လာတယ် (မှန်ပါ့)ဘုရား။
အဲဒါပေါ်နေတာကလေးကို ဘာ့ကြောင့် ဒီခန္ဓာကြီး၊ ဟော ဝေဒနာက္ခန္ဓာကြီးလို့ ဆိုလိုက်တယ် (မှန်ပါ့)၊ ဘာ့ကြောင့် ဒီခန္ဓာကြီး သည်ကားလို့ဆိုလို့ရှိရင် အစိုးရစွာအလိုပါတဲ့ ကိုယ်အတ္တမဟုတ်ဘူး(မှန်ပ့ါ ဘုရား)။
အနတ္တဉာဏ်က အတ္တဒိဋ္ဌိဖြုတ်ချလိုက်တယ်
ဒီလိုဉာဏ်ထဲမှာ ထင်ထင် ထင်ထင် သွားကြလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ငါတို့ဆိုတဲ့ ဒိဋ္ဌိက အနားကပ်သေးရဲ့ လား (မကပ်ပါ ဘုရား)၊ အနတ္တဉာဏ်က အတ္တဒိဋ္ဌိဖြုတ်ချလိုက်တယ် (မှန်ပါ့ ဘုရား)။
အနတ္တဉာဏ်က (အတ္တဒိဋ္ဌိဖြုတ်ချလိုက်ပါတယ်)၊ အတ္တဒိဋ္ဌိဖြုတ်တယ်ဆိုတာ ဒကာကြွယ် သေချာပေါ့ (မှန်ပါ့ ဘုရား)။
ဦးမာဒင်တို့ အနတ္တဉာဏ်က ဘာဖြုတ်သလဲ (အတ္တဒိဋ္ဌိဖြုတ်ပါတယ် ဘုရား)၊ ဪ အတ္တဒိဋ္ဌိဖြုတ်လိုက်တယ် ဆိုတော့ ဒကာသစ် ကျေကျေနပ်နပ် သဘောကျဖို့ပဲ (ကျပါတယ် ဘုရား)။
ဘာ့ကြောင့်တုန်းဆိုတော့ အနတ္တမလာနိုင်တာက အတ္တခံနေလို့ကိုးဗျ (မှန်ပါ့)၊ အခုတော့ အနတ္တကို အစိုးရစွာ အလိုပါတဲ့ ကိုယ့်အတ္တမဟုတ်ဘူးလို့ ဖြစ်မှုကလေးတွေ ပျက်မှုကလေးတွေမြင်လိုက်တဲ့အခါကျတော့ အတ္တဆိုတဲ့ ဥစ္စာခိုင် တယ်၊ မြဲတယ်၊ ယူတဲ့သဘောက အတ္တ(မှန်ပါ့)၊ အဲဒါကလေးက ဦးမာဒင် အနားကပ်နိုင်သေးရဲ့လား (မကပ်နိုင်ပါ ဘုရား)။
ဪ ဒါဖြင့် ဒီ အနတ္တသည် အတ္တကို ဖြတ်တောက်တဲ့တရားပဲလို့ ဒကာသစ်ဆိုနိုင်ပြီ (ဆိုနိုင်ပါပြီ ဘုရား)။
အဲဒါ ကိုယ့်ဉာဏ်နဲ့ကိုယ်ကျတော့ ဉာဏ်စိုက်လိုက် (မှန်ပါ့)၊ ဉာဏ်စိုက်လိုက်တော့ ဟိုနေရာကလေးက ဝေဒနာလေးပေါ်လာပြန်၊ ပျောက်သွားပြန် (မှန်ပါ့ ဘုရား)။
ဒီနေရာကလေးက ပေါ်လာပြန် ပျောက်သွားပြန်၊ ဟိုနေရာ ကလေးက ပေါ်လာပြန်ပျောက်သွားပြန် (မှန်ပါ့)၊ ဪ အစိုးရစွာ အလိုပါသော ကိုယ်အတ္တမဟုတ်ဆိုတာ ဒါတွေကိုး (မှန်ပါ့ ဘုရား)။
လက်ရိုက်ရိုး ဥပမာ
ဒါတွေကိုးလို့ ဉာဏ်ထဲမှာ ရှင်းရှင်း ရှင်းရှင်းသွားလို့ရှိရင်ဖြင့် အတ္တဒိဋ္ဌိဟာ မနေ့က ပြောတဲ့ လက်ရိုက်လိုပဲ (မှန်ပါ့)၊ လက်ရိုက်ဟာ ရိုက်ပါများတော့ လက်ချောင်းရာတွေ အရိုးမှာထင်လာတယ် (မှန်ပါ့)၊ ဘယ့်နှယ်ကြောင့် ထင်ပါလိမ့်မတုန်းမေးတော့ လက်ကစားလို့ဘုရား (မှန်ပါ့ ဘုရား)။
လက်က စားတာနဲ့ လက်ရိုက်ရိုးမှာ ဒကာ ဒကာမတို့ လက်ချောင်းရာ လက်မရာတွေ ဘယ့်နှယ်တုန်း (ထင်ပါတယ်)၊ မစားဘဲနဲ့ မထင်ဘူး၊ စားလို့ထင်တာ (မှန်ပါ့ ဘုရား)။
ဒီမှာလဲ ခင်ဗျားတို့ အတ္တဒိဋ္ဌိဘဝများစွာ သံသရာကပါလာတဲ့ လက်ရိုက်ရိုးပင်ကိုအချောဟာ အနတ္တဆိုတဲ့ ဉာဏ်ကလေးနဲ့ ခဏ ခဏ နှလုံးသွင်းလိုက်တော့ သူဟာပါးပါး ပါးပါးသွားတယ် (မှန်ပါ့)၊ ဒကာ ဒကာမတွေ ကြာတော့ သုံးမဖြစ်အောင် ဖြစ်တယ် (မှန်ပါ့)၊ အတ္တဒိဋ္ဌိဝင် မဖြစ်အောင် ဖြစ်တယ် (မှန်ပါ့ ဘုရား)။
ဒါ့ကြောင့် ကြပ်ကြပ်ရှုပေးပါ ပါးပါးလိမ့်မယ်ဆိုတာ လက်ရိုက်ရိုးဥပမာနဲ့ ဝါသိဇဋသုတ်ဆိုပြီး ခန္ဓဝဂ္ဂသံယုတ်မှာ သေသေချာချာဟောတယ် (မှန်ပါ့ ဘုရား)။
တရားအားထုတ်တဲ့ယောဂီရဟန်းဟာ တစ်နေ့ ဒိဋ္ဌိဘယ်လောက် ပြုတ်တယ်လို့ မသိဘူး မပြောပြနိုင်ဘူး၊ ကုန်တာကို ကုန်တယ်လို့တော့ သိတယ်၊ ဒီဖြစ်ပျက်ကလေးတွေရှုနေလို့ အစိုးရစွာ အလိုပါသော ကိုယ်အတ္တမဟုတ်ဘူးလို့ သိနေတဲ့ပုဂ္ဂိုလ်ဟာ နေ့တိုင်းပါးနေတယ် (မှန်ပါ့)၊ နေ့တိုင်း အတ္တဒိဋ္ဌိတွေ လျော့လျော့နေတာပဲ (လျော့ပါတယ် ဘုရား) ကဲ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ဘုရားကိုက လက်ရိုက်ရိုးဥပမာနဲ့ သေသေချာချာပြတော့ ဒကာသစ်ရေ ကျေနပ်ဖို့ပဲ (မှန်ပါ့)၊ ကျုပ် ဝိပဿနာရှုနေတာ ကြာပြီဗျ၊ ဘာမှလဲ ခရီးက မပေါက်ဘူး၊ ဒီညည်းလုံးလာတယ် (မှန်ပါ့)။
ဒီညည်းလုံး လာတတ်ပါတယ်၊ ဒကာ ဒကာမတို့ (မှန်ပါ့)၊ လက်ရိုက်ရိုးက တစ်နေ့ ဘယ်လောက်စားတယ်လို့ ငါဘုရားတော့ မဟောနိုင်ဘူးကွတဲ့၊ စားတာတော့ အမှန်ပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
လက်က လက်ရိုက်ရိုးကို (စားပါတယ်)၊ တစ်နေ့ဘယ်လောက် စားသလဲ (မတွက်နိုင်ပါ ဘုရား)၊ ဒီလိုတော့ မတွက်နိုင်ပါ ဘုရား)၊ ဒီလိုတော့ မတက်နိုင်ဘူးတဲ့ စားတာတော့ အမှန်ပဲ (မှန်ပါ့)။
လက်တည်းဟူသော ကြမ်းတမ်းမှုက လက်ရိုက်ရိုးတည်းဟူသော အသားတွေကို တစ်ခါတည်း လက်ကနေပြီး စားစားစားစားသွားတော့ လက်ရိုက်ရိုးသည် လက်ချောင်းရာတွေ၊ လက်မရာတွေ မထင်ပါနဲ့ဆိုလို့ (မရပါ ဘုရား)။
ဟာ ဒါဖြင့် စားလို့ထင်တာလား၊ မစားလို့ထင်တာလား (စားလို့ ထင်တာပါ ဘုရား)။
အနတ္တမြင်နေတဲ့ ဉာဏ်က
ဒီမှာလဲ လုပ်သာလုပ်ကွတဲ့ ဘုရားက (မှန်ပါ့)၊ လက်ရိုက်ရိုးမှာပဲ မင်း၏ အနတ္တမြင်နေတဲ့ ဉာဏ်က အတ္တဒိဋ္ဌိ တည်းဟူသော လက်ရိုက်ရိုးကိုတော့ နေ့တိုင်းစားနေတာပဲ (မှန်ပါ့ ဘုရား)။
မင်း မလျှော့နဲ့တဲ့၊ ကြာလျှင် သူလုံးလုံးပြုတ်သွားမယ်တဲ့ဆိုတော့ ဦးမာဒင်ရေ၊ ဘုရားကိုယ်တိုင် ဒီနည်း ဟောခဲ့တယ် (မှန်ပါ့)။
ဒကာသစ် ဘုရားကိုယ်တိုင် ဒီနည်းဟောခဲ့တဲ့အတွက် ကျုပ်တို့က ညည်းလုံးထုတ်ပြီး သကာလ ကြာပြီအား ထုတ်နေတာ၊ ခုထိ ဘာမှလဲ ခရီးမပေါက်သေးဘူး (မှန်ပါ့)၊ သူညည်းတာ။
သူ ခရီးပေါက်တာကို သူည်းလို့မသိတော့ ပေါက်နေတာကို ပေါက်မှန်းမသိဖြစ်နေတယ် (မှန်ပါ့)။
ခရီးပေါက်နေတာကို (ခရီးပေါက်မှန်းမသိ ဖြစ်ပါတယ်)၊ အဲဒီကဲ့သို့ သုတဝါ အရိယသာဝကောဆိုတဲ့အတိုင်း ပညာနားနဲ့ ကြားဖူးခြင်း မရှိတော့ ညည်းလုံးဟာ လာတယ် (မှန်ပါ့)။
အခုတော့ ညည်းလုံးလာစရာ လိုသေးသလား (မလိုပါ)၊ နေ့တိုင်း ဘယ့်နှယ်တုံး (စားပါတယ်)၊ မလုပ်တတ် သူဖြစ်တဲ့ လူကတော့ မစားဘူးပေါ့ဗျာ (မှန်ပါ့)၊ ခဏခဏရိုက်နှက်နေတဲ့ ပုဂ္ဂိုလ်တော့ (စားပါတယ် ဘုရား)။
ထိုနည်းအတူတူပဲ ခဏ ခဏ ခန္ဓာ ဉာဏ်လှည့်ပြီး သကာလ ဪ ဖြစ်တာလဲ အနတ္တ၊ ဖျက်တာလဲ အနတ္တ၊ မဖြစ်ပါစေနဲ့ဆိုလို့လဲ မရ၊ မပျက်ပါနဲ့ဆိုလို့လဲမရ၊ ဒါကလေးတွေကို စိုက်စိုက် စိုက်စိုက်ပြီး ဉာဏ်တည်းဟူသော သမ္မာဒိဋ္ဌိ နဲ့ကြည့်ပြီး သကာလ နေတော့ ဟို မိစ္ဆာဒိဋ္ဌိကို စားစားသွားတယ် (မှန်လှပါ ဘုရား)။
မိစ္ဆာဒိဋ္ဌိတည်းဟူသော လက်ရိုက်ရိုးက ကုန်ကုန်သွားတယ် (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ အကြားအမြင်များလို့ တရားထူးနာရမှ ဪ တို့ခရီး မပေါက်ဘူးထင်နေတာ၊ ပေါက်သားပဲ (မှန်ပါ့)၊ ဦးလှဘူး ပေါ်လာပြီ (ပေါ်ပါပြီ ဘုရား)။
အဲဒီ ဥပမာကို ဘုန်းကြီးက ထုတ်တဲ့ ဥပမာလို့ မယူနဲ့၊ ဝါသိဇဋသုတ် ဆိုပြီး ခန္ဓဝဂ္ဂသံယုတ်မှာ ကိုယ်တော်တိုင် ဟောထားတယ်လို့ မှတ်ပါ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိလေသာကနေပြီး နောက်ဆုတ်ခိုင်း
အဲဒီမှာ ဘုန်းကြီးတို့က ဒီသုတ်မျိုးကို ဥပမာ ဒကာကြွယ်က မကြားဖူး၊ ဦးမာဒင်က မကြားဖူးတော့ နောက်ဆုတ်ချင်တဲ့ စိတ်ကလေးများ လာမှာစိုးလို့၊ ဒီသုတ်မျိုး မကြားဖူးတော့ကို ငါ့မှာ ပါရမီက မပါလို့လား၊ ငါ့ကိုယ်က ဖျင်းလွန်းလို့လား ၊ ဒီဘဝ မရထိုက်တဲ့ပုဂ္ဂိုလ်မို့လား၊ ငါ့မှာ ကံကြီးတွေကများ ရှိနေလို့လား၊ နဂိုကမှ ကိလေသာကနေပြီး နောက်ဆုတ်ခိုင်းရတဲ့အထဲ ကိုယ့်တွေးလုံးနဲ့ ကိလေသာ ဆွဲချသွားလိုက်တော့ ဒိဋ္ဌိပြုတ်စရာရှိသေးရဲ့လား (မရှိပါ)၊ သဘာပါလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဒီတွေးလုံးကို မလာစေနဲ့ (မှန်ပါ့)၊ နေ့တိုင်း စားတယ်လို့မှတ် (မှန်ပါ့)၊ ဒကာကြွယ် ဘယ့်နှယ်မှတ်မလဲ (နေ့တိုင်းစားပါတယ် ဘုရား)။
မိစ္ဆာဒိဋ္ဌိ လက်ရိုက်ရိုးကို သမ္မာဒိဋ္ဌိက နေ့တိုင်း စားပစ်ရတယ်ဆိုတာ ဦးမာဒင်တို့ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။
ဒါ အားပေးတရားလား၊ ဘုရားဟောတာ အမှန်ပြောနေတာလား (ဘုရားဟောတာ အမှန်ပြောနေတာပါ ဘုရား)။
အဲဒါ ခင်ဗျားတို့က ဘုန်းကြီး စကားတတ်လို့ အားပေးတဲ့ တရားထဲများ ထည့်လိုက်ရင်တော့ ငါးပါးမှောက် ပါရော၊ ဘာမှမဟုတ်ဘူး၊ ဘုရားကိုက တိုက်ရိုက်ဟောတာ (မှန်ပါ့)၊ ရိပ်မိလား (ရိပ်မိပါပြီ ဘုရား)။
ဘယ်သူက ဟောတာတုံး (ဘုရားကိုက တိုက်ရိုက်ဟောတာပါ ဘုရား)။
မင်းတို့ အနတ္တမြင်တဲ့အချိန်တိုင်း၊ အချိန်တိုင်း သမ္မာဒိဋ္ဌိကတော့ မိစ္ဆာဒိဋ္ဌိကို စားပစ်လိုက်တာပဲတဲ့ (မှန်ပါ့)၊ ကြာတော့ စားပါများရင် ကုန်ရမယ် ဆိုတဲ့ အဓိပ္ပာယ်ဟာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
တွေးနေရင် သူသည် ကိလေသာ ဝင်ရှုပ်တာ
အဲဒါကြောင့် ဘာပါရမီတွေ၊ ဘယ်ဉာဏ်တွေ ဘယ်အန္တရာယ်တွေ ဘယ်နေရာတွေ ဒါတွေကို ဦးမာဒင် တွေးမနေနဲ့ တော့ (မှန်ပါ့)၊ ရိပ်မိပလား၊ (ရိပ်မိပါပြီ)၊ ဒကာကြွယ် တွေးမနေနဲ့နော် (မှန်ပါ့)၊ တွေးနေရင် ကိလေသာ ဆင်ခြေလဲမလာ ဘူးလား (လာပါတယ် ဘုရား)၊ တွေးနေရင် သူသည် ကိလေသာ ဝင်ရှုပ်တာလို့သာ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
နဂိုကမှ ဒီအလုပ်လုပ်တာကို ကိလေသာက သဘောမှမကျဘဲ (မှန်ပါ့)၊ လောဘ ကိလေသာက သဘောမကျဘူး (မကျပါ ဘုရား)၊ မကျတော့ သူက ဆင်ခြေလဲ လာတယ်၊ အင်း ဒါလောက်ဆိုရင်လဲ သေပျော်ပြီလို့ သူက ပြောချင်လဲ ပြောလာတာ (မှန်ပါ့)။
ခင်ဗျားတို့က တရားဟောကောင်းဆိုပြီး သကာလ အင်း ပျော်နေပြီဆိုပြီး ထိုင်နေရင် သွားပါရော (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် သေပျော် နေပျော်တွေက ဒကာကြွယ်ရ အားကျစရာ မလိုသေးဘူး (မလိုဘူး)၊ အနာပဲဟုတ်လား မင့်ဟာ ပြည်နည်းနည်း ကျန်သေးတယ်ဆိုလို့ရှိရင်ဖြင့် ဦးမာဒင်ပျောက်ချင်သလား မပျောက်ချင်ဘူးလား (ပျောက်ချင်ပါ တယ် ဘုရား)။
နဂို ပြည်လုံးကြီးတော့ မရှိဘူး၊ သို့သော်လဲ ပြည်လက်စ မပြတ် သေးဘူးဆိုလို့ရှိရင် အနာဆုံးအောင် ကုပါ (မှန်ပါ့)၊ အနာကျန်နေလို့ရှိရင် မန်းကျန်၊ မန်းကျန်ရင် ဒီအနာဟာ အကြီးအကျယ် နောက်ထပ် ဖြစ်လာနိုင်သေးတယ် (မှန်ပါ့)။
အနာကုသလိုမှတ်ပါ
ဒီလိုမှတ်ပြီး သကာလ နည်းနည်းကျန်လဲ မကောင်းဘူးလို့သာ မှတ်ပေတော့ (မှန်ပါ့) ဘယ်လိုမှတ်ကြမလဲ (လုံးလုံးပျောက်တာ ကောင်းပါတယ်)၊ အနာကုသလိုမှတ်ပါ (မှန်ပါ့ ဘုရား)။
ဒကာကြွယ် အနာကလေး ကျန်နေတော့ ဆရာ လက်လွှတ်တာကို ကျေနပ်ကဲ့လား (မကျေနပ်ပါ)၊ ဆရာကလဲ ပျောက်အောင်လုပ်ပါဆိုတဲ့ ဥစ္စာငွေများတဲ့ဆီ လိုက်သွားတယ်ထင်ပါရဲ့ အစရှိသည်နဲ့ ဆရာ အပြစ်တင်သလိုပေါ့ဗျာ (မှန်ပါ့) ဒီမှာလဲ ခင်ဗျားတို့ တဏှာများတဲ့ဆီ လိုက်မသွားပါနဲ့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
တဏှာက ဆင်ခြေသိပ်ပေါသနော် (မှန်ပါ့)၊ အင်း ထမင်းစား မကောင်းလို့ ဒီနေ့တော့ လျှော့လိုက်ဦးမယ် (မှန်ပါ့ ဘုရား)။
ဒီနေ့ြ့ဖင့် ဝေဒနာကလေးက ထူတာနဲ့ နည်းနည်းလျှော့လိုက်ဦးမယ်၊ ပြန်လျှော့တာနဲ့ ဘာမှမကျန်ဘဲ နေဦးမယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အံမာလေး ခင်ဗျားတို့ တဏှာဝင်လာတာလဲမသိဘူး၊ ခင်ဗျားတို့ကလဲ အတော်ဖျင်းတယ် (မှန်ပါ့)၊ ဝိပဿနာ လုပ်နေတုန်း လျော့ပေါ့မှု ဝင်လာလို့ရှိရင်ဖြင့် ဦးမာဒင်ဘယ်သူတုန်း ဒါ (တဏှာပါ ဘုရား)၊ ဂြိုလ်ဝင်တာဗျ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒကာကြွယ် ဘာဝင်တာတုံး (ဂြိုလ်ဝင်တာပါ ဘုရား)၊ အဲဒါ ဂြိုလ်ဝင်တာ ဒကာ ဒကာမတွေရ (မှန်ပါ့)၊ ဂြိုလ်ဝင်တာကို ဘယ့်နှယ် ထင်လိုက်သတုံး ဆိုလို့ရှိရင်ဖြင့် အသက်ဉာဏ်စောင့် ခင်ဗျားတို့က လာပြီ လာပြီ (မှန်ပါ့)၊ ဂြိုလ်ဝင်တာကို အသက်ဉာဏ်စောင့်လို့များ ကာကွယ်နေလိုက်သေးတယ် (မှန်ပါ့)။
ဒကာကြွယ် အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)၊ ဂြိုလ်ဝင်တာကို လူများက ဘယ့်နှယ်ထင်လိုက်သတုံး (အသက်ဉာဏ်စောင့်လို့ ထင်ပါတယ် ဘုရား)၊ ဖြစ်မှဖြစ်ရပလေ၊ နဂိုကဖျင်းရတဲ့အထဲ အပျင်းပိုပြီး ထည့်ပြန်တော့ သာမဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။
ဖျင်းတဲ့အထဲ အပျင်းထည့်ရင် ဒကာကြွယ် (သာလို့ဆိုးပါတယ်) ဘုရား) ၊ ခရီးပေါက်စရာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။
ဖျင်းတဲ့အထဲ အပျင်းတော့ မဖြည့်ပါနဲ့
အဲ ဒါကြောင့် ဒကာ ဒကာမတွေ ပြောရတယ်၊ ဖျင်းတဲ့အထဲ အပျင်းတော့ မဖြည့်ပါနဲ့တော့လို့ (မှန်ပါ့)။
ပျင်းတဲ့ဥစ္စာကလေး ဝင်လာတာကို နဂိုကမှ ထင်ခဲ မြင်ခဲရနေလို့ ဖျင်းရတဲ့အထဲ အပျင်းက နောက်ဆုတ်ခိုင်း လိုက်ပြန်လို့ရှိရင် ဗလာပဲကျန်တော့မယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဗလာကျန်တော့ ဒိဋ္ဌိက ဒကာ ဒကာမတို့ ငါ့ထိအောင် မလုပ်နိုင်ဘူး ဆိုပြီး သကာလ ငါစီမံတာ သူခံပေတော့ ဆိုပြီး အပါယ်လေးပါးပါ တွန်းချတယ် (မှန်လှပါ)၊ ဘယ်လောက် ကြောက်စရာကောင်းသလဲ (ကောင်းပါ တယ် ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ “သုတဝါ အရိယသာဝကော” ဆိုတဲ့အတိုင်း အခု ပညာနားနဲ့ ကြားကြပလား (ကြားကြပါပြီ ဘုရား)၊ ကိလေသာ ရန်သူက ခင်ဗျားတို့ကို ချော့ကာ မော့ကာနဲ့ နောက်ဆုတ်ခိုင်းတာလဲ ပညာနဲ့ ကြားကြပလား (ကြားပါပြီ ဘုရား)။
ဝေဒနာကလေးတွေ ပေါ်လိုက် ပျက်လိုက်တာ တားမရ ဆီးမရတဲ့ သဘောမို့ အနတ္တဆိုတာလဲ “သုတဝါ” ဆိုတဲ့အတိုင်း ပညာနားနဲ ကြားကြပလား (ကြားပါပြီ ဘုရား)။
ကြားလို့ရှိရင်ဖြင့် တစ်ခုသောကြားမှုကိုဖြင့် နားမထောင်နဲ့ (မှန်ပါ့)၊ တစ်ခုသော ကြားမှုကိုကြိုးစားလုပ်ရမယ် (မှန်ပါ့ ဘုရား)။
ကိလေသာရန်သူတို့ကို ထူထပ်ပါတယ်ဆိုတဲ့ ကြားမှုကိုတော့ ဒကာ ဒကာမတွေက သူ့ကို လက်မခံနဲ့ (မှန်ပါ့)၊ ခုနင်က အနတ္တတွေ ခဏ ခဏ ပေါ်နေတာကို အနတ္တနဲ့ဉာဏ်နဲ့ မပြတ်အောင်ဖြင့် လိုက်နာရလိမ့်မယ် (မှန်ပါ့)၊ သဘောပါ ကြပလား (ပါပါပြီ ဘုရား)။
အနတ္တနဲ့ဉာဏ်နဲ့ မခွဲလိုက်ပါနဲ့
အနတ္တနဲ့ဉာဏ်နဲ့ မခွဲလိုက်ပါနဲ့ (မှန်ပါ့)၊ ဦးမာဒင် ဘယ်လိုမှာပါလိမ့် (အနတ္တနဲ့ ဉာဏ်နဲ့ မခွဲလိုက်ပါနဲ့ ဘုရား)။
အနတ္တနဲ့ ဉာဏ်နဲ့ ခွဲလိုက်သည်နဲ့ တစ်ပြိုင်နက်တည်း အတ္တဒိဋ္ဌိက အသားတက်လာလိမ့်မယ် (မှန်ပါ့ ဘုရား)၊ လက်ရိုက်ရိုးကလေး မရိုက်ဘဲထားရင် အဲဒီနေရာက လက်ဆီနေရာက မှိုမတက်ရင် ဘုန်းကြီးကို ဆိုချင်သလိုဆို (မှန်ပါ့)၊ မှိုတက်ရမယ်၊ ရိပ်မိပလား (မှန်ပါ့)။
ဒကာကြွယ် ပစ်ထားကြည့်တော့ ဘယ့်နှယ့်ဖြစ်လာသတုံး၊ မိုးကလေးလဲ ရွာမယ်ဆိုတော့ ဟင် မှိုကလေးတွေ တက်လာတယ် (မှန်ပါ့)၊ မှိုတက်လာကြတဲ့အခါကျတော့ မကိုင်ကြတော့ဘူး ဖြစ်လိမ့်မယ် (မှန်ပါ့)၊ မကိုင်ချင်ရင် သူက ကြီးထွားလာမှာပဲ (မှန်ပါ့ ဘုရား)၊ သဘောပါပလား (ပါပါပြီ)။
ဒါကြောင့် မှိုတက်မခံပါနဲ့၊ ဒီဥစ္စာ စားသည်ထက် စားပြီး ပြောင်သည်ထက် ပြောင်ပြီး သုံးလို့ဖြစ်အောင် လုပ်လိုက်စမ်းပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အံမာလေး မနည်းပြောရပါကလား ဒကာကြွယ်ရ၊ လူကြီးတွေမို့ တွန်းရတာ ထင်ပါရဲ့ (မှန်ပါ့)။
လူကြီးတွေမို့ တွန်းရတာများလား ဒကာကြွယ်ရ (မှန်ပါ့)၊ မကောင်းပါဘူးဗျာ၊ ကလေးတွန်းရတယ်ဆိုတော့ ကြိမ်ကလေး ဘာကလေး ပြခိုင်းရင် ရသေးတယ် (မှန်ပါ့)၊ လူကြီးတွေကျတော့ ဒီဥစ္စာ တို့အတွန်းခံရတာကို နာလှပြီကွ၊ ငါ့နေရာကျလို့ရှိရင်ဖြင့် ဒီလက်ရိုက်ရိုးကို ကျိုးအောင်ပဲကိုင်ပြီး ရိုက်နေမယ်ကွလို့ဆိုလို့ရှိရင်ဖြင့် ဒါ သိပ်အဖိုးတန်မယ် (တန်ပါတယ် ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။
အခုကွာ ဘုန်းကြီးက လူကြီးတွေ သိပ်တွန်းနေတယ်လို့ ဒီလိုများသွားပြီး မယူလိုက်နဲ့နော် (မှန်ပါ့)၊ သွားယူ လိုက်လို့ရှိရင်ဖြင့် ဪ-လူကြီးမို့ အတွန်းခံရတာဆို ရှက်စရာကြီး (မှန်ပါ့)၊ ရိပ်မိပါလား (ရိပ်မိပါပြီ ဘုရား)။
ထောင်နိုင်တဲ့ နားရှိတဲ့ ပုဂ္ဂိုလ်တွေချည်း
ကိုင်း ဒါဖြင့် ဒီအထဲ လူငယ်တစ်ယောက်မှ မပါဘူး (မပါပါ ဘုရား)၊ ထောင်နိုင်တဲ့ နားရှိတဲ့ ပုဂ္ဂိုလ်တွေချည်း ပဲဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ကဲ ဒါဖြင့် အတိုက်တွန်းဖြင့် နောက်တော့ဖြင့် ဘုရား၊ တိုက်တွန်းတဲ့ တရားမဟောပါနဲ့၊ တရားမှန်သာ ပြောပါလို့ နောက်တောင်းပန်တာတောင်မှ ခင်ဗျားတို့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ရိပ်မိပလား ဒကာကြွယ်ရ (ရိပ်မိပါပြီ ဘုရား)၊ တိုက်တွန်းတဲ့ စကားသုံးရတာ တပည့်တော်တို့ အရွယ်နဲ့မလိုက် လွန်းလို့ (မှန်ပါ့)၊ ဒကာသစ်ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ တရားသာ ပြောကြပါစို့ (မှန်ပါ့)။
ဒါက ရူပက္ခန္ဓာ၊ သညာက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာလေးပါး (မှန်ပါ့)။ ဝေဒနာက္ခန္ဓာချန်ထား (မှန်ပါ့ ဘုရား)၊ ဒေဒနာ က္ခန္ဓာ ဘာဖြစ်လို့ချန်ထားသတုံးလို့မေးတဲ့ အခါကျတော့ ဝေဒနာက္ခန္ဓာက ဒကာ ဒကာမတို့ ကျန်ခန္ဓာလေးပါးကို မှီပေါ်ရတယ် (မှန်ပါ့)၊ ဒီခန္ဓာလေးပါး အပေါ်မှာ မှီပြီး ပေါ်ရမယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီခန္ဓာလေးပါးအပေါ်မှာ ဝေဒနာက ဘာဖြစ်ရမလဲ (မှီပြီးပေါ်ရပါမယ်)၊ မှီပြီးပေါ်မယ်ဆိုတော့ မှီပြီးပေါ်မယ် ဆိုတော့ မှီပြီးပေါ်တယ်မပေါ်တယ် ဒကာ ဒကာမတွေ စဉ်းစားကြည့်ပါတဲ့၊ နေပူတယ်ဆိုတဲ့အခါ ကျလို့ရှိရင် ခေါင်းပေါ် ပူတယ်။ ကျောပေါ်နေပူတယ်ဆိုတော့မှ ဒီခန္ဓာပေါ်မှာ ဝေဒနာကလေးက အခု လာပေါ်တယ် (မှန်ပါ့)၊ ဪ သူက အမှီတရားပါလား (မှန်ပါ့ ဘုရား)။
အမှီတရားဆိုကတည်းက
အမှီတရားဆိုကတည်းက ဒကာ ဒကာမတွေက စဉ်းစားမိလို့ ဪ အခုပေါ်လာ (မှန်ပါ့)၊ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။
အခုပေါ်လာတဲ့တရားကို အသက်တမ်းကြည့်လိုက်၊ အသက်တမ်း ကြည့်လိုက်တဲ့အခါကျတော့ ၁ ဆိုရင်ဖြစ်၊ ၂ ဆိုရင် ပျက် (ပျက်ပါပြီ)၊ ဒါဖြင့် အခုပေါ်တဲ့တရားကလဲ ပေါ်ပြီးပျက်မယ် (ပျက်ပါမယ် ဘုရား)။
ဒါ နေပူတဲ့ ဒုက္ခဝေဒနာကလေးပေါ့ဗျာ (မှန်ပါ့)၊ ဖျက်ဆို နေရိပ်ထဲမှာ ဒီခန္ဓာကြီးက ရောက်သွားပြန်တော့လဲ ဒကာ ဒကာမတို့ သုခဝေဒနာကလေး ပေါ်လိုက်တယ် (ပေါ်ပါတယ် ဘုရား)၊ သူကလဲ ဧည့်သည်ပဲဆိုတာ သဘောကျပ လား (ကျပါပြီ ဘုရား)။
သူလဲ ပေါ်ပြီး သကာလ သူ့အသက်တမ်းစေ့ရုံပဲ နေနိုင်မှာပဲ (မှန်ပ့ါ)၊ သူ့အသက်တမ်းစေ့ရုံဆိုတာက ဖြစ်မှုရယ်၊ ပျက်မှုရယ် (မှန်ပါ့ ဘုရား)။
ဖြစ်မှုမှာ မွေးတယ်၊ ပျက်မှုမှာ သေတယ်ဆိုတော့ သူလဲ ဧည့်သည်အဖြစ်နဲ့ ဒီနေရာမှာပဲ ပျောက်ရရှာတယ် (မှန်ပါ့)၊ ဘယ်နေရာရွေ့သေးသတုံး (မရွှေ့ပါ)၊ သဘောကျပလား (ကျပါပြီဘုရား။)
ကောင်းကင်မှာ လျှပ်စစ်လင်းသလိုပဲ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ ကောင်းကင်မှာ လျှပ်စစ်လင်းတာ ဒီနေရာပဲ လင်းတဲ့ လျှပ်စစ်ကလေးဟာ ဒီနေရာမှာပဲ ပျောက်သွားတာပဲ (မှန်ပါ့)၊ နေရာများ ရွှေ့သေးသလား (မရွှေ့ပါ ဘုရား)။
အဲ ဒီမှာလဲ ဝေဒနာကလေးတွေဟာ ဒကာ ဒကာမတို့ ဒီနေရာပေါ် ဒီနေရာပျောက်တာပဲ (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။
ကဲ ဒကာသစ် ဒီလေးပါးအပေါ်မှာ မျက်စိကမြင်လိုက်တဲ့ ဥပေက္ခာ ဒေဝနာကလေးပေါ်တယ် (မှန်ပါ့)၊ ဒီနေရာ ပေါ်တာပဲ၊ ဒီနေရာမှာပဲ ပေါ်တယ် (မှန်ပါ့)၊ ဒါဖြင့် ခန္ဓာပေါ်မှာ ခန္ဓာဆင့်ပေါ်တယ် (မှန်ပါ့)၊ သေသေချာချာ ပေါ်ပါ ဒီဥစ္စာကို (မှန်ပါ့ ဘုရား)။
ဦးမာဒင် ဘာတဲ့ဗျာ (ခန္ဓာပေါ်မှာ ခန္ဓာဆင့် ပေါ်ပါတယ် ဘုရား)။
ဒါဖြင့် ခန္ဓာပေါ်မှာ ခန္ဓာဆင့်တော့ ဒါ့ကြောင့် ခန္ဓာငါးပါးလို့ ဆိုငြားသော်လဲ ခင်ဗျားတို့ကပြောတော့ ငါးပါး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဧည့်သည် ခန္ဓာသိမှ
သို့သော် အိမ်သည် ခန္ဓာကြီးတော့ ခင်ဗျားတို့ကသိပြီး ဧည့်သည် ခန္ဓာမသိလို့ရှိရင် ဝိပဿနာဉာဏ် ဝင်လို့ မရဘူး (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ)၊ ဧည့်သည် ခန္ဓာသိမှ ဝိပဿနာဉာဏ် ဝင်လို့ရတယ် (မှန်ပါ့ ဘုရား)။
အဲ ဒေဝနာက ဒကာကြွယ် ဘာခန္ဓာဆိုမလဲ အိမ်သည် ခန္ဓာဆိုမလား ဧည့်သည်ခန္ဓာဆိုမလား (ဧည့်သည် ခန္ဓာပါ ဘုရား)။
ဒါကိုလဲ ရှင်းထားရတယ်၊ ဒါကိုမှ မရှင်းရင် တော်ကိုမတော်ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကြည့်လေ၊ ဒီခန္ဓာကြီးက ဒကာ ဒကာမတွေ၏ လက်ရှိခန္ဓာကြီး (မှန်ပါ့) ဒီပေါ်မှာ နေပူလိုက်တယ်၊ ထီးကလေး က မပါဘူးဆိုရင် စပ်ဖျင်းဖျင်းဆိုတဲ့ ဒုက္ခဝေဒနာပေါ်တယ် (ပေါ်ပါတယ်)၊ အဲဒါ ဟုတ် မဟုတ် (ဟုတ်ပါတယ် ဘုရား)။
သူက ဧည့်သည်ဗျ (မှန်ပါ့)၊ သို့သော်လဲ ဒကာသစ်က သိပြီးသား၊ ဦးမာဒင်က သိပြီးသားဖြစ်နေတော့ ဧည့် သည်သက်သက် ဘယ်လောက်ရှည်သတုံး၊ ဧည့်သည်ဆိုတာ ခဏပေါ့ကွာ (မှန်ပါ့ဘုရား။)
ဘယ့်နှယ်ဆိုကြမလဲ (ခဏပါ ဘုရား)၊ ဒါဖြင့် သူသက်တမ်းရှိသလောက် သူနေပြီး ဒီအပေါ်မှာပဲ မွေးပြီး ဒီအပေါ်မှာပဲ သေရရှာတယ် (မှန်ပါ့ ဘုရား)။
ဒုက္ခဝေဒနာကလေး ဒီအပေါ်မွေး ဒီအပေါ်သေပဲ (မှန်ပါ့)၊ သုခ ဝေဒနာကလေးကလဲ ခုနင်က လေကလေး ယပ်တောင်ကလေး ခတ်လိုက်တဲ့အခါကျတော့ ဒကာ ဒကာမတွေ ဖျတ်ဆို သုခဝေဒနာကလေးဟာ အေးယောင်ကလေး ပေါ်လာတယ် (ပေါ်လာပါတယ်)၊ ယပ်တောင်မှ ဟိုက မဆုံးသေးဘူး၊ သူက ပျောက်နေပြီ (မှန်ပါ့ ဘုရား)။
ဒီတော့ ပြန်မခတ်ရဘူးလား (ခတ်ရပါတယ်) ပြန်ခေတ်တော့ ပြန်ပေါ်တယ် (မှန်ပါ့)၊ ယပ်တောင်ကလေးလဲ ရှေ့နည်းနည်းလွန်သွားပါရော (ပျောက်သွားပါတယ်)၊ ဒါဖြင့် သူ ဧည့်သည်ပေ့ါ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘာရှုရမှာပါလိမ့်မတုန်း
ဪ ဒါဖြင့် ဝိပဿနာရှုဆိုတာ ဒကာ ဒကာမတို့ ဘာရှုရမှာပါလိမ့်မတုန်းဆိုတော့ ခန္ဓာငါးပါး ဧည့်သည် တရားကို ကြည့်ပြီး ရှုရမှာ (မှန်ပါ့ ဘုရား)။
ခန္ဓာငါးပါး (ဧည့်သည်တရားကို ကြည့်ပြီ ရှုရမှာပါ)၊ ဧည့်သည် တရားဆိုတော့ ယနေ့တော့ ဝေဒနာ ဟောတဲ့နေ့ ဖြစ်နေတော့ ဦးမာဒင် ဝေဒနာဟာ ဧည့်သည်မှန်လိုက် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အကုန်ဧည့်သည်တော့ ဟောရမှာပဲတဲ့၊ သို့သော်လဲ တစ်နေ့တည်းနဲ့လဲ လုံးထွေးပြီး ဟောလို့မဖြစ်ဘူး (မှန်ပါ့)၊ ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)။
ကဲဒါဖြင့် ဒီနေ့ ကျန်ခန္ဓာလေးပါးက အိမသည် (မှန်ပါ့)၊ ဝေဒနာက (ဧည့်သည်ပါ) ဧည့်သည်ပဲဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ဒါဖြင့် ဧည့်သည်သည် ဒကာ ဒကာမတို့ ဘယ်နှစ်ယောက်ရှိသတုံးလို့ မေးတဲ့အခါကျတော့ ခင်ဗျားတို့ သန္တာန်မှာ ဧည့်သည် သုံးယောက်ရှိတယ် (မှန်ပါ့)၊ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပက္ခောဝေဒနာ ဒါပဲရှိတယ် (မှန်ပါ့ ဘုရား)။
ဒါပဲရှိလို့ ဘုရားက ဧည့်သည်သုံးယောက်ရှိတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီဧည့်သည်သုံးယောက်ကို ခင်ဗျားတို့က တစ်ခါတလေကျတော့ ခင်ဗျားတို့ကလဲ တော်တော်ခက်တယ်၊ သုခဝေဒနာကလေးက ဧည့်သည်အဖြစ်နဲ့ ခန္ဓာကိုယ်ပေါ် ရောက်လာတယ် (မှန်ပ့ါ)၊ ငါ ချမ်းသာတာပဲ၊ ငါချမ်းသာတာ ဘယ်သူမျက်စောင်းထိုးထိုး ဘာဖြစ်ရမတုံး (မှန်ပါ့)၊ ဒါကလေး ငါလုပ်ပစ်လိုက်တယ် (မှန်ပါ့)၊ ဧည့်သည်ကို ငါ လုပ်ပစ် လိုက်တယ် သဘောပါပလား (ပါပါတယ် ဘုရား)။
ဧည့်သည်ကို ငါ လုပ်ပစ် လိုက်တယ်
ဧည့်သည်ကို (ငါလုပ်ပစ်လိုက်ပါတယ်)၊ ဪ ဒိဋ္ဌိပဲ ဒကာ ဒကာမတို့ရဲ့ ဧည့်သည်ကို ငါလုပ်တယ်ဆို ကတည်းက ဧည့်သည်ဆိုတာ အိမ်ရှင်မပိုင်တာချည်း သိလျက်သားနဲ့ ဧည့်သည်ကို ငါလုပ်လိုကကတည်းက ဒိဋ္ဌိကပ်လာပြီး (ကပ်ပါပြီ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဧည့်သည် ငါလုပ်ရင် (ဒိဠိကပ်ပါပြီ)၊ အခုလို လည်လည်ပတ်ပတ်နဲ့ ဧည့်သည်အိမ်သည် ခွဲမဟောလို့ရှိရင်လဲ ဦးမာဒင် သိပ်ရှုပ်တယ် (ရှုပ်ပါတယ် ဘုရား)၊ အခု ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒကာကြွယ် နေရာကျပြီ (ကျပါပြီ)၊ ကဲ ဒါဖြင့် တစ်ခါတလေကျတော့ ဒုက္ခဝေဒနာကလေးက ရောက်လာတယ် (မှန်ပါ့)။
အို တို့များဆင်းရဲတော့ တို့အိမ်ခြေဦးမှ မလှည့်ဘူး (မှန်ပါ့)၊ ဟော လာပြန်ပြီ၊ တို့ဆင်းရဲတော့ ကဲ တို့လုပ်ပြန်ပြီဗျ (မှန်ပါ့)။
တို့ဆင်းရဲတဲ့အခါများ တို့အိမ်များ ဘယ်သူမှ ခြေဦးကို လှည့်မည့်လူ မရှိဘူး၊ တို့အိမ်ကို အလျင်တုန်းကများဖြင့် စီစီငါငါလို့ လာလိုက်ကြတာ မျက်နှာချိုသွေးလိုက်ကြတာတဲ့ (မှန်ပါ့)။
အင်း ဘာလုပ်ကြတာတုံး ခင်ဗျားတို့ဟာ ပြောပဲ ပြောစမ်းပါဦး (ဧည့်သည်ကို ငါ လုပ်တာပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဧည့်သည်ကို ဘာလုပ်ပြန်သတုံး (ငါ လုပ်ပါတယ် ဘုရား)၊ ဧည့်သည်ကို ငါလုပ်ပြန်ပြီ ခင်ဗျားတို့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါ ဧည့်သည် မသိပြီဆိုမှဖြင့် ဒကာကြွယ်ရေ ဧည့်သည်ကို တစ်ခါတည်း ငါလုပ်ပြီးနေတော့တာပဲ (မှန်ပါ့ ဘုရား)။
ဝေဒနာမှန်းလဲမသိ၊ ဧည့်သည်မှန်းလဲမသိ၊ အနတ္တမှန်းလဲမသိတော့ ဒါတွေနဲ့ ဟိုအိမ်နဲ့ ဒီအိမ် ရန်ဖြစ်တယ် (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ကြောင့် ရန်ဖြစ်တာပါလိမ့်
ဘယ့်နှယ်ကြောင့် ရန်ဖြစ်တာပါလိမ့် (ဧည့်သည်မှန်း မသိလို့ပါ)၊ ဧည့်သည်မှန်းမသိ၊ အနတ္တမှန်းမသိ (မှန်ပါ့)၊ ဧည့်သည်မှန်းမှ မသိတော့ အနတ္တက သိသေးရဲ့လား (မသိပါ ဘုရား)။
အဲဒါနဲ့ ခင်ဗျားတို့ မျက်စောင်းထိုးမေးငေ့ါတွေ ပေါ်လာတယ် ဒါပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ တကယ်လဲ ကြောက်စရာကောင်းပါလား (ကောင်းပါတယ် ဘုရား)။
ဒကာကြွယ် ဒီလိုများဖြစ်ဖူးသေးသလား (ဖြစ်ဖူးပါတယ် ဘုရား) ရိုးရိုးပြောစမ်းပါဗျာ ရိုးရိုးပဲ (မှန်လှပါ ဘုရား)။ အဲ ဒကာ ဒကာမတွေဘက်က ကြပ်ကြပ်သတိထားပါ (မှန်ပါ့)၊ ဒီဧည့်သည်ဟာ အခု ခဏကလေးပေါ်တာ (မှန်ပါ့)၊ ဒီပေါ်မှာ တာရှည်ကော နေနိုင်ရဲ့လား (မနေနိုင်ပါ ဘုရား)။
သူ့သက်တမ်းစေ့ရင် သူသေတာပဲ (မှန်ပါ့)၊ သူ့သက်တမ်းလဲ ဘာမှ မတွေးနဲ့၊ ၁-ဖြစ်ပြီးရင် ၂-ဖြစ်တာပဲ (မှန်ပါ့ ဘုရား) ၁-၂ ရေနေတာက ကြာသေးတယ်။ ဒကာ ဒကာမတို့ သူ့အသက်က ဒီထက် မြန်တယ် (မှန်ပါ့)။
ခုနင်က ယပ်တောင်ကလေး ဟိုဘက်ရောက်သွားလို့ရှိရင်ပဲ ဒုက္ခဝေဒနာ ချက်ချင်းပေါ်တာပဲ၊ ယပ်တောင် ကလေးနဲ့ လေကလေးနဲ့ ဟပ်လိုက်ပြန်လို့ရှိရင် သုခဝေဒနာ ချက်ချင်းပေါ်တာပဲ (မှန်ပါ့)၊ အာရုံ ဒွါရထိမှပေါ်တဲ့ ဧည်သည့်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
အေး ဧည့်သည်ကိုဖြင့် ဒကာ ဒကာမတွေက ငါချမ်းသာလို့ လာကြတယ်၊ ငါမချမ်းသာလို့ ခြေဦးတောင် မလှည့်လာဘူးလို့ ဒီလိုမလုပ်ပါနဲ့ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒကာကြွယ် ဝေဒနာတွေက အိမ်သည်လား၊ ဧည့်သည်လား (ဧည့်သည်ပါ ဘုရား)၊ ဧည့်သည်တွေနဲ့ ခင်ဗျားတို့ ဘာများ ကြွားလုံး ဝါလုံး ထုတ်နေတာတုန်း၊ အဿုတဝါ အကြားအမြင် မရှိဘူးဘုရား (မှန်ပါ့)။
အရိယသာဝကဆိုတဲ့ အရိယာတို့ ဟောတဲ့ တရားလဲ မကျင့်ဖူးဘူးဘုရား (မှန်ပါ့)။
ဧည့်သည်ကို ငါထင်နေတာကိုး
ဒါ့ကြောင့် တပည့်တော်တို့က ဧည့်သည်မှန်း မသိတော့ကို ငါ့ ဘာထင်လို့တုန်း (မှန်ပါ့)၊ ငါ မချမ်းသာပေမယ့် ဘယ်သူ့ဆီမှ ဆားတစ်လျက် ငါတောင်းတာ မဟုတ်ဘူးတဲ့ (မှန်ပါ့ ဘုရား)။
အံမာလေး ရှုပ်လိုကတဲ့ဖြစ်ခြင်း၊ ဧည့်သည်ကို ငါထင်နေတာကိုး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ အတော်ကို ဆိုးနေတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
အင်း ဒါ ဝေဒနာကို ငါထင်နေတာ (မှန်ပါ့)၊ ချမ်းသာတာလဲ ဝေဒနာ (မှန်ပါ့)၊ ဆင်းရဲတာကော (ဝေဒနာပါ ဘုရား)၊ အလတ်စားကော (ဝေဒနာပါ ဘုရား)။
အလတ်စားသမားကလဲ ဒကာ ဒကာမတို့ ပြောလိုက်သေးတယ်၊ ဥပက္ခေဝေဒနာပေါ်လာတယ်လို့ ကျုပ်တို့က မရှိမရှား (မှန်ပါ့)။
အင်း ဦးမာဒင် ဘယ့်နှယ်သုံးသလဲ (မရှိမရှားပါ ဘုရား)၊ မရှိ မရှားဆိုတော့ ကိုယ့်ဟာနဲ့ကိုယ်တော့ ကျုပ်တော့ ကျေနပ်နေတာပဲ (မှန်ပါ့)၊ ဒါကလေး ကျုပ်ဖြစ်ပြီး ကျေနပ်ပါတယ် (မှန်ပါ့)။
ဥပက္ခောဝေဒနာ ဘာဖြစ်ပြီး ကျေနပ်နေသလဲ (ကျုပ်ဖြစ်ပြီး ကျေနပ်နေပါတယ် ဘုရား)။
ဖြစ်မှ ဖြစ်ရပလေ၊ ဧည့်သည်မှန်းကို မသိရှာဘူး (မှန်ပါ့)၊ အတော် ဆိုးနေပါပေါ့လား (ဆိုးပါတယ် ဘုရား)။
ဒကာ ဒကာမတွေ ဒါဖြင့် ခင်ဗျားတို့၏ မျက်စောင်းထိုးမှု၊ ခုံဖိနပ် ဆောင့်နင်းမှုပေါ်ပလား (ပေါ်ပါပြီ)၊ ဝေဒနာကြောင့် ဖြစ်တာ (မှန်ပါ့)။
ဒါကို ဘေးကလူတွေက တစ်ခါတလေကျတော့ အသိဉာဏ်ကလေးနဲ့ ပြောတဲ့ပုဂ္ဂိုလ်က သိလို့တော့ ပြောတာ မဟုတ်ဘူး ဦးမာဒင်ရေ၊ တစ်ချို့က သူ့သွားပြီး မစပါနဲ့၊ သူက ဝေဒနာသည် ဖြစ်နေတယ် (မှန်ပါ့)။
ဒ့ါကြောင့် သူပြောချင်ရာ ပြောနေတာ အစရှိသည်နဲ့ ပြောတဲ့လူက ဝေဒနာသည်သာပြောတာ၊ ဟိုက ဝေဒနာ ဆိုတာ သူက အနာကြီးပြောနေတာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒီ ခဏခဏပေါ်တဲ့ နာမ်ဝေဒနာကိုဆိုတာ ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)၊ မဟုတ်ဘူး၊ သူက ပြည်တည်နေတဲ့ အနာကြီးပြောနေတာ (မှန်ပါ့)၊ အံမာလေး ကြောက်စရာကြီးပါလား (မှန်ပါ့)။
ဒကာကြွယ် ဝေဒနာသိပြန်တော့လဲ အနာကိုသိတာ (မှန်ပါ့ ဘုရား)၊ အနာသိတာကျတော့ အနာဆိုတာက ရုပ် (မှန်ပါ့)၊ အဲရုပ်ကြီး သိနေပြန်တော့ ဦးမာဒင် ခက်ပြန်တယ် (ခက်ပါတယ် ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ ဧည့်သည် ဘယ်နှစ်ယောက်လာနိုင်သတုန်း (သုံးယောက်ပါ)၊ ဧည့်သည်ရောက်တိုင်း ရောက်တိုင်း ဒကာ ဒကာမတို့ ခင်ဗျားတို့ ဧည့်သည်မှန်း သိပါစေ (မှန်ပါ့ ဘုရား)။
ဧည့်သည်မှန်းသိပါစေ
ဧည့်သည်ရောက်တိုင်း ရောက်တိုင်း (ဧည့်သည်မှန်းသိပါစေ) ဒါဟာ ဒကာကြွယ် ဧည့်သည်ရောက်တိုင်း ရောက်တိုင်း သိလို့ရှိရင် ခင်ဗျားတို့ နိဗ္ဗာန်ရတယ် (မှန်ပါ့ ဘုရား)။
ဧည့်သည်ရောက်တိုင်း ရောက်တိုင်း သိရင် (နိဗ္ဗာန်ရပါတယ် ဘုရား)၊ အခုတော့ ခင်ဗျားတို့က ဧည့်သည်ကနေပြီး ဧည့်ကျယ် လုပ်ထားတော့ အတော်ခက်နေတယ် (မှန်ပါ့)၊ မခက်ဘူးလား (ခက်ပါတယ် ဘုရား)။
ဧည့်သည်ကနေပြီး လာလုပ်ထားသတုံး (ဧည့်ကျယ်လုပ်ထားပါတယ်) ငါလုပ်ထားတာကိုးဗျ (မှန်ပါ့ ဘုရား)။
ငါ့မထိနဲ့၊ ဟော သူက ဧည့်ကျယ်က လုပ်သွားပြီ (မှန်ပါ့)၊ ငါ့ မထိနဲ့ ဟုတ်လား၊ ကိုယ်ကံနဲ့ကိုယ် ချမ်းသာတာ ဘယ်သူမျက်စောင်းထိုးလို့ ဘယ်သူမကြည့်လို့ ဘာဖြစ်ရမှာတုံး ဟော သူက ဧည့်ကျယ်ဖြစ်သွားပြီ (မှန်ပါ့)၊ သူက ထပြီး စကားပြောကုန်ပြီ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီတော့ “သုတဝါ” ဆိုတဲ့ အရိယာတို့၏ တရားကို မနာဖူးလို့ဖြစ်တာ (မှန်ပါ့ ဘုရား)၊ အရိယသာဝကောဆိုတဲ့ အတိုင်း အရိယာတို့၏ ဟောစဉ်ကို မကျင့်ဖူးလို့ ဖြစ်ရတာ (မှန်ပါ့ ဘုရား)။
ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက တရားဟောတော့မယ်ဆိုရင် သုတဝါ အရိယသာဝကော ဖြစ်ပါ စေကွာ၊ သုတဝါ အရိယ သာဝကောဖြစ်စေ (မှန်ပါ့)။
ဒကာသစ် ဒီဥစ္စာ အများကြီး ဆုံးမတယ်၊ သံယုတ်တစ်ကျမ်းထဲမှာလဲ အများကြီးပါတာပဲ ဒကာ ဒကာမတို့၊ အင်္ဂုတ္တိုရ်မှာလဲ ပါတာပဲ၊ ပဏ္ဏာသမှာလဲ ပါတာပဲ (မှန်ပါ့)၊ တရားဟောတော့မယ်ဆိုလို့ရှိရင် အများအားဖြင့် ဒီနှစ်ခု စပြီး ချီလာပြီ (မှန်ပ့ါ)။
အရိယာတို့၏ ကျင့်စဉ်အတိုင်း
သုတဝါ ပညာနားနဲ့ ကြားဖူးတာ ဖြစ်ပါစေကွ၊ အရိယသာဝကော အရိယာတို့၏ ကျင့်စဉ်အတိုင်း မှတ်သားပြီး ကျင့်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ပါစေကွ (မှန်ပါ့)၊ ဒီအရေးနှစ်ခုဟာ ဦးမာဒင် မကြီးဘူးလားဗျာ (ကြီးပါတယ် ဘုရား)။
အင်မတန် ကြီးပါတယ်၊ ပညာနားနဲ့ ကြားဖူးဖို့ကော လွယ်ရဲ့လား (မလွယ်ပါ)၊ အရိယာတို့၏ ကျင့်စဉ်အတိုင်း ကျင့်ဖို့ကော (မလွယ်ပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့မှာ အရိယာမျိုးစေ့ကို မရှိလို့ အရိယာပင်မပေါက်နိုင်ဘူး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဪ ငါ နိဗ္ဗာန်မဂ်ဖိုလ် ဘာဖြစ်လို့ မရနိုင်ပါလိမ့်၊ အရိယာမျိုးစေ့ နှစ်ခုဟာ ဘာမှမရှိဘူး (မှန်ပါ့) မရိတော့ အရိယာပင် ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ)၊ အဲဒီတော့ ပါရမီ မရှိလို့လား၊ မျိုးစေ့မရှိလို့လား (မျိုးစေ့မရှိလို့ပါ ဘုရား)။
ကဲ ဒါဖြင့် ယနေ့တော့ဖြင့် ဒကာ ဒကာမတို့ မျိုးစေ့ပေးပါပြီ၊ သုတဝါ အရိယာနားနဲ့ အရိယာတို့ဟောတဲ့တရားကို ဒကာ ဒကာမတို့ ပညာနားနဲ့ နားထောင်လိုက်ပါ (မှန်ပါ့ ဘုရား)။
သုတဝါ ကြားတယ် ကြားတယ်ဆိုပေမယ့် ဒကာ ဒကာမတို့ ပညာနားနဲ့ကြားဖူးမှနော် (မှန်ပါ့)၊ အရိယ သာဝကောဆိုတော့ အရိယာတို့၏ ကျင့်စဉ်အတိုင်းကျင့်မှ သာဝက ဖြစ်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဖြစ်ပျက် ကျင့်သွားတယ်၊
အရိယာတို့ ကျင့်သွားတာက ဖြစ်ပျက် ကျင့်သွားတယ်၊ သာဝက က ခိုင်တယ်၊ မြဲတယ်ယူနေရင် ကိုက်ပါ့မလား (မကိုက်ပါ ဘုရား)။
အဲဒါကြောင့် သုတဝါကလဲ ပညာနားနဲ့ နားထောင်ရမယ် (မှန်ပါ့)၊ အရိယသာဝကောကလဲ အရိယာတို့၏ ကျင့်စဉ်အတိုင်း ဖြစ်ပျက်မြင်လို့ ဖြစ်ပျက်အတိုင်းပဲ ကျင့်ရမယ် (မှန်ပ့ါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာသစ်ရေ သွားကြပါဦးစို့၊ ဒီခန္ဓာကြီးပေါ်မှာ ဧည့်သည် ဘယ်နှစ်ယောက်လဲ (သုံးယောက်ပါ ဘုရား)၊ ဘာဝေဒနာပါလိမ့် (သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပက္ခာဝေဒနာပါ ဘုရား)။
ဒါကို ခင်ဗျားတို့ ရှုဖြစ်အောင် ရှုပါနော် (မှန်ပါ့)၊ ဧည့်သည် လာတိုင်း လာတိုင်း အရိယသာဝကတို့၏ စိတ္တုပ္ပါဒ်မွေးလိုက်ပါ (မှန်ပါ့)။
အရိယာသာဝကတို့၏ (စိတ္တုပ္ပါဒ်မွေးရပါမယ်)၊ စိတ္တုပ္ပါဒ် မွေးလိုက်တဲ့အခါကျတော့ ဒါ ဧည့်သည်မရှိဘူး၊ ဧည့်သည်မရှိဘူး၊ ဒါနဲ့ ကြည့်ကြည့်ပေးပါ (မှန်ပါ့)။
အရိယာတို့၏ ကျင့်စဉ်အတိုင်း ဧည့်သည်မရှိဘူး၊ ဧည့်သည်မရှိဘူး၊ ဒီလို ကြည့်ပေးရမယ် (မှန်ပါ့)၊ ဧည့်သ်ညမရှိ ဘူး ကြည့်ပေးလိုက်တဲ့အခါကျလို့ရှိရင် ဝေဒနာ အနတ္တဖြစ်သွားတယ် (မှန်လှပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဝေဒနာ (အနတ္တပါ ဘုရား)၊ ဧည့်သည် မရှိဘူး၊ မြန်မာလို ပြန်လိုက်တော့ (မှန်ပါ့)။
မြန်မာလိုပြန်လိုက်တော့ (ဧည့်သည်မရှိပါ ဘုရား)၊ နို့ ဧည့်သည်ကော မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)၊ ဒီလေးပါးပေါ်မှာ တစ်ခါတလေမှ သုခပေါ်တာ (မှန်ပါ့)။ တစ်ခါတလေမှာ ဒုက္ခကကော (ပေါ်ပါတယ် ဘုရား)၊ ဒါဖြင့် ဧည့်သည်ကောရှိရဲ့လား (မရှိပါ ဘုရား)၊ ဒကာ ဒကာမတို့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
မရှိဘူးသိရင် တော်ပါပြီ
ဒါဖြင့် ဧည့်သည်၊ ဒီကနေပြီး သကာလ ဧည့်သည်ကို မသိချင်နေပါစေတော့၊ ဧည့်သည်ကို ဘုန်းကြီး ပြောထား တယ် ကြားဖူးပါပြီ (မှန်ပါ့)၊ အဲဒါ မရှိဘူးသိရင် တော်ပါပြီ (မှန်ပါ့)။
မရှိဘူးသိရင် တော်ပါပြီ၊ ဒါ့ကြောင့် ဖြစ်တယ်ဆိုတာ ဧည့်သည်ပေါ်တာ၊ ပျက်တယ်ဆိုတဲ့ဥစ္စာက မရှိတာ (မှန်ပါ့)၊ ဒါကြောင့် ဖြစ်ပျက်ကို မိအောင်ကြည့် (မှန်ပါ့)၊ ဖြစ်ပျက်ကို (မိအောင် ကြည့်ရပါမယ် ဘုရား)။
အဲဒီတော့ အဖြစ် မမိလိုက်ဘူးဆိုရင် အပျက် မိအောင်ကြည့် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အဖြစ် မမိလိုက်ရင် ရှိစေတော့၊ အပျက်တော့ဖြင့် (မိရပါမယ် ဘုရား)။
ဘာဖြစ်လို့တုန်းဆိုတော့ အဖြစ်မမိချင် ရှိပါစေတော့ဆိုတာ သူက ဖြစ်နေတုန်း သူက ဖြစ်ခွင့်မရဘူး (မှန်ပါ့)၊ ရှုဉာဏ်က ဖြစ်ခွင့်မရဘူး (မှန်ပါ့)။
သူက ပျက်သွားလို့ မရှိတဲ့အချိန်ကျမှ ဒီရှုဉာဏ်က အရိယာတို့၏ ကျင့်စဉ်က ပေါ်လာတယ် (မှန်ပါ့)၊ ကျင့်စဉ်က ပေါ်လာတဲ့အခါကျတော့ ဦးမာဒင်ရေ ဧည့်သည်မရှိဘူးလို့ သူ မသိဘူးလား (သိပါတယ် ဘုရား)။
မရှိမှန်းသိတာက မဂ္ဂ
ဒါဖြင့် ဧည့်သည်မရှိတာက အနတ္တ၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ မရှိမှန်းသိတာက (မဂ္ဂပါ ဘုရား)၊ မဂ္ဂပဲဆိုတော့ ဒကာ ဒကာမတို့ ဪ မဂ်ဆိုတာ ဒီလိုယူရတာပါကလား (မှန်ပါ့ ဘုရား)၊ မဂ် ခန္ဓာကိုယ်ထဲ ပေါ်ခင်လို့ ရှိရင် ဧည့်သည်မရှိတာသိမှ မဂ်ပေါ်တယ် (မှန်ပါ့)။
ဧည့်သည်မရှိတာသိရင် (မဂ်ပေါ်ပါတယ် ဘုရား)၊ ဒါဖြင့် မဂ်ဟာ ဆုတောင်ယူရမှာလား မရှိတာသိမှ ပေါ်တာလား (မရှိတာသိမှ ပေါ်လာတာပါ ဘုရား)။
ခင်ဗျားတို့ ဒီလိုသာ မဂ်ကို ရှုလို့မှ မပေါ်လာလို့ရှိရင် ဘဝတိုစရာ အကြောင်းမမြင်ဘူးလား (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ မဂ်ဖိုလ်ကို ဘဝတိုတိုနဲ့ ရချင်တယ်ဆိုလို့ရှိရင် ဧည့်သည်မရှိတာ သိမှ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဧည့်သည်မရှိတာက အနတ္တ (မှန်ပါ့)၊ သိတာက (မဂ္ဂပါ)၊ မဂ္ဂဆိုတော့ ဒကာ ဒကာမတွေ သိတဲ့အတိုင်းတဲ့ သူဟာ သုခဝေဒနာ ဆိုပါဦးတော့ ဧည့်သည်ဟာ (မှန်ပါ့)၊ မရှိတာ မသိတဲ့ ပုဂ္ဂိုလ်ကျတော့ သုခဝေဒနာ ပစ္စယာ တဏှာ, ဥပါဒါန်, ကံ (မှန်ပါ့)၊ ဒီထက် ဇာတိ, ဇရာ, မရဏ (မှန်ပါ့) အနာဂတ်ဘဝ ဆက်သွားတယ် (မှန်ပါ့) သဘော ပါကလား (ပါ ပါပြီ ဘုရား)။
ဒီခန္ဓာပြီးရင် ဒီခန္ဓာလာတော့မှာ
ဒါ ဧည့်သည်မရှိတာ မသိလိုက်လို့ (မှန်ပါ့)၊ မသိလိုက်တော့ ပဋိစ္စသမုပ္ပာဒ်က ခန္ဓာ့ပဋိစ္စသမုပ္ပာဒ် (မှန်ပါ့)၊ ဘာယူရမတုံး (ခန္ဓာ့ပဋိစ္စသမုပ္ပာဒ်ပါ ဘုရား)၊ ဒီခန္ဓာပြီးရင် ဒီခန္ဓာလာတော့မှာပဲ (မှန်ပါ့)၊ ဒီခန္ဓာပြီးရင် ဒီခန္ဓာကော (လာမှာပါ ဘုရား)။
အဲ ဝေဒနာက္ခန္ဓာကို မသိတဲ့ ပုဂ္ဂိုလ်သည် ချုပ်မှန်းပျက်မှန်း မသိတဲ့ ပုဂ္ဂိုလ်ဟာ ဝေဒနာပစ္စယာတဏှာ (မှန်ပါ့)၊ တဏှာ ပစ္စယာ (ဥပါဒါနံပါ ဘုရား)၊ ဥပါဒါနပစ္စယာ (ကမ္မဘဝေါပါ ဘုရား)၊ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။
အဲ ဇာတိဆိုတော့ ဦးမာဒင် ဘဝကူးသွားပြီ (မှန်ပါ့)၊ ဘဝ တစ်ဘဝ ဆက်မသွားသေးဘူးလား (ဆက်သွားပါပြီ ဘုရား)၊ ဒါ ဘယ့်နှယ်ကြောင့်တုံး၊ ဧည့်သည်မရှိတာကို တပည့်တော်တို့က မသိလိုက်လို့ပါဘုရား (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဧည့်သည်မရှိတာကို (မသိလိုက်လို့ပါ ဘုရား)၊ နောက် ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးထဲ ဧည့်သည်တစ်နေ့ ဘယ်နှစ် ကြိမ်ရောက်မယ် ထင်သတုန်း (မရေတွက်နိုင်ပါ ဘုရား)၊ မသိတာတော့ မရေတွက်နိုင်ဘူးပေါ့လေ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒကာကြွယ်ရေ လာတဲ့ဧည့်သည်လဲ မနည်းဘူးတဲ့၊ မသိလိုက်တာတွေကလဲများတယ် (များပါတယ် ဘုရား)၊ မသိလိုက်တာများတော့ ခင်ဗျားတို့ မသိလိုက်တာ ကိစ္စမရှိပါဘူးတဲ့၊ ခင်ဗျားတို့ စိတ်အစဥၤက ရပ်ကဲ့လား (မရပ်ပါ ဘုရား)။
ကြည့်လေ ဒီဧည့်သည်မသိလိုက်တော့ ဟောဒီ စိတ်စဉ်ပေါ်လာတယ် (မှန်ပါ့ ဘုရား)၊ တဏှာစိတ်စဉ် ပေါ်လာတယ်၊ တဏှာစိတ်စဉ် ပေါ်လာတော့ ဥပါဒါန်စိတ်စဉ်ကော (ပေါ်ပါတယ် ဘုရား)၊ ကမ္မဘဝ စိတ်စဉ်ကော (ပေါ်ပါတယ် ဘုရား)။
သေသည်၏ အခြားမဲ့၌ ဇာတိအစဉ်ကြီးကော လာမလား (လာပါမယ် ဘုရား)၊ သေပြီးရင်တော့ လာတော့မှာပဲ (မှန်ပါ့)။
ဘယ့်နှယ်ကြောင့် လာပါလိမ့်
ဒါ ဘယ့်နှယ်ကြောင့် လာပါလိမ့်မတုံးလို့ ဒကာကြွယ်တို့ ဦးမာဒင်တို့ ဒကာသစ်တို့မေးတော့ ဧည့်သည်လာတာ ကို မသိလိုက်လို့ (မှန်ပါ့)၊ ဧည့်သည်၏ သဘောကို မသိလိုက်ဘူး (မှန်ပါ့)၊ ဧည့်သည်သည် နေလဲ နေသွားတယ်၊ သေလဲ သေသွားတယ်လို့ မသိလိုက်ဘူး (မှန်ပါ့)။
အနေနဲ့အသေကို (မသိလိုက်ပါ ဘုရား)၊ မသိလိုက်တော့ကို ခင်ဗျားတို့က မသိလိုက်တာ ဘယ်သူတုန်းလို့မေး တော့ တစ်ချက်ကလေး တွေးလိုက်ပါ၊ မသိလိုက်တာဟာ အဝိဇ္ဇာ (မှန်ပါ့)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)၊ အဝိဇ္ဇာကနေပြီး သင်္ခါရကျေးဇူးပြုတယ် (မှန်ပါ့)၊ တဏှာကနေပြီး ဥပါဒါန်ကို ကျေးဇူးပြုတယ် (မှန်ပါ့)၊ ဥပါဒါန်က ဆက်ပြီးတော့ (ကံကိုကျေးဇူးပြုပါတယ် ဘုရား)၊ သေသည်၏ အခြားမဲ့၌ ဇာတိကိုသွားပြီး ကျေးဇူးပြုလိုက်တယ် (မှန်ပါ့)၊ ကောင်းသေးရဲ့လား ဒကာကြွယ်ရေ (မကောင်းပါ ဘုရား)။
ဒါ မသိလိုက်တဲ့အပြစ် (မှန်ပါ့)၊ မသိလိုက်တဲ့အပြစ် ဒကာ ဒကာမတို့ တော်တော်ကြီးတယ် (မှန်ပါ့)၊ သံသရာကို ဆက်သွားစေတယ် (မှန်ပါ့)။
မသိလိုက်တဲ့အပြစ်ဟာ (သံသရာကို ဆက်သွားစေပါတယ် ဘုရား)၊ အဲဒီတော့ ခင်ဗျားတို့က ကျုပ်ဖြင့် စောင့် ကြည့်နေတာပဲ၊ ကြည့်ပေမယ့်လဲ မမြင်လိုက်ပါဘူး (မှန်ပါ့)၊ အင်း မမြင်လိုက်ရင် သွားပေတော့ အပါယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
သူ့စိတ်စဉ်က သူ့ပို့တာ
မမြင်လိုက်ရင် သွားပေတော့ အပါယ်ဆိုတာက ဦးမာဒင် ရမ်းပြောတာလား သူ့စိတ်စဉ်က သူ့ပို့တာလား (သူ့စိတ်စဉ်က သူ့ပို့တာပါ)၊ ဘုန်းကြီးက ပို့တာမဟုတ်ပါဘူး (မှန်ပါ့ ဘုရား)။
ဘုန်းကြီးက ဘာမှ မဆိုင်ဘူး၊ စိတ်စဉ်ဟာ ခင်ဗျားတို့ ဒါထုံးစံ လာလိမ့်မယ်ပြောတာ (မှန်ပါ့)၊ သဘောပါကြ ပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အိမ်မှာ ခင်ဗျားတို့ဧည့်သည် ဘယ်နှစ်ယောက် လာတတ်သတုန်း (သုံးယောက်လာ တတ်ပါတယ်)၊ သိတာများသလား၊ မသိတာများသလား (မသိတာများပါတယ်)၊ ဟာ မသိတာများရင် အပါယ်ချည်းသွား တယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
မသိတာများရင် (အပါယ်ချည်းသွားပါတယ်)၊ မသိတာဆိုတာ အဝိဇ္ဇာ (မှန်ပါ့)၊ အဝိဇ္ဇာကြောင့် ဒီဘက်က တဏှာ၊ တဏှာကြောင့် (ဥပါဒါန်ပါ ဘုရား)။
ဒါတွေက ဒီကမှမသိတာ ဒီတဏှာကော သိပါဦးမလား (မသိပါ) ဒီဥပါဒါန်ကော (မသိပါ)၊ ဒီကံဖြစ်တာကော (မသိပါ ဘုရား)။
ဪ ခင်ဗျားတို့ မသိသလို ကျုပ်တို့က ဘာမှမသိတော့ ခပ်အေးအေးနေလိုက်တာပဲ (မှန်ပါ့)၊ ဒကာ ဒကာမ တွေ ဒီလိုသုံးချင်လဲ သုံးလိုက်မယ် (သုံးပါတယ်)၊ ဟ မအေးဘူး၊ ဒယ်အိုးရောက်အောင် သွားတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အပါယ်ဒယ်အိုးရောက်အောင် ဘယ့်နှယ်တုန်း (သွားပါတယ် ဘုရား)။
အဲဒီတော့ ကျုပ်တို့ကတော့ မသိတော့ မသိသလိုနေလိုက်တာပဲ (မှန်ပါ့)၊ မသိသလိုနေကြတာလား ဒကာ ဒကာမတို့ အပါယ်ရောက်သွားတာလား (အပါယ်ရောက်သွားတာပါ ဘုရား)။
အဲဒီတော့ နောက်ကို ဒီ အသုံးမသုံးနဲ့ (မှန်ပါ့)၊ အပါယ်ရောက်တာ မသိ မသိသလို နေလိုက်တာပဲဆိုတာများ ဘယ်တော့မှ မသုံးပါနဲ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒီဧည့်သည်ကလေး လာတိုင်း လာတိုင်း ဘာလုပ်ကြရမယ် (ဖြစ်ပျက်ရှုရပါမယ်)၊ ဧည့်သည်နေတာကို သိရမယ်၊ ဧည့်သည်ပြန်တော့ သိရမယ် (မှန်ပါ့ ဘုရား)။
ဧည့်သည်ဖြစ်တာကို (သိရပါမယ်)၊ ဧည့်သည်ပျက်တာကို (သိရပါမယ် ဘုရား)၊ သိတဲ့အခါကျတော့ ဖြစ်ပျက်သိ တော့ ဖြစ်ပျက်မဂ်ဆိုတော့ မဂ်ဆိုတာ ဒီအဝိဇ္ဇာလဲ သတ်တယ် (မှန်ပါ့ ဘုရား)။
အဝိဇ္ဇာလဲသတ်တယ် တဏှာကော (သတ်ပါတယ်)၊ ဥပါဒါန်ကော (သတ်ပါတယ်)၊ ခေါင်သူကြီး သတ်လိုက်ပေါ့ပဲ၊ ဒီဟာတွေ ဆက်နိုင်သေးရဲ့လား (မဆက်နိုင်ပါ ဘုရား)။
အပါယ်ဖြစ်စဉ်ဖြတ်တာ
အဲ ခင်ဗျားတို့၏ အပါယ်ဖြစ်စဉ်ဖြတ်တာ (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)၊ ဘာ ဖြတ်တာပါလိမ့် (အပါယ် ဖြစ်စဉ်ဖြတ်တာပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဧည့်သည် လာတိုင်း လာတိုင်း အသိအမှတ်ပြုပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါကြောင့် ဘုရားက “သုခံဝါ ဝေဒနံ ဝေဒယမာနာ သုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ” မင်းသိအောင် လုပ်တဲ့ (မှန်ပါ့)၊ သူ ဧည့်သည် လာတာကို သိအောင်လုပ် (မှန်ပါ့)၊ မသိရင် မင်းဒုက္ခရောက်လိမ့်မယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
မသိရင် မသိတဲ့ ဧည့်သည်လက်ခံပြီး ခင်ဗျားတို့ သူခိုးသူဝှက်တွေလာပြီး တည်းလို့ရှိရင်ဖြင့် ကိုယ့်အိမ် လက်ခံမှု ဒုက္ခက ရောက်ဦးမှာ (မှန်ပါ့)၊ မသိတဲ့ဒုက္ခ သေးသလား (မသေးပါ ဘုရား)။
အဲ အဲဒီ ဒုက္ခက မကြီးသေးဘူး၊ ထောင်ကျရုံတင်ရှိသေးတာ၊ ဟိုက အပါယ်ထဲက လွတ်မှာမဟုတ်ဘူး (မှန်ပါ့)၊ ရိပ်မိပါလား (ရိပ်မိပါပြီ ဘုရား)။
ဖြစ်ပျက်ရှုကြရမယ်
ဒါဖြင့် ဘယ့်နှယ်လုပ်ကြမလဲ (ဖြစ်ပျက်ရှုကြရပါမယ်)၊ ဧည့်သည်က ဘယ်နှစ်ယောက် လာမှာတုန်း (သုံးယောက် လာမှာပါ ဘုရား)၊ သုံးယောက်တည်း သိပ်မများပါဘူး (မှန်ပါ့)။
ခင်ဗျားတို့ ဈေးရောင်းတဲ့အခါကျတော့ ဒီနေ့ သုံးဦးပဲ ရောင်းရတယ်လို့ ဒီလိုများ ရှိကြရဲ့လား (မရှိပါ)၊ မကပါဘူး၊ အများကြီးပါ၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒါတွေကျတော့ မျက်စိ မျက်နှာများ မှတ်ထားပါလို့ ခင်ဗျားတို့က နှုတ်ဆက်ကောင်းလိုက်တာလွန်လို့ (မှန်ပါ့)၊ ဒီဟာကျတော့ မျက်စိ မျက်နှာ မှတ်ထားတာ မဟုတ်ဘူး၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊
ကဲ ယနေ့ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။