12409

မာတိကာသို့

ဓမ္မာနုပဿနာ သတိပဋ္ဌာန်ရှုပွားပုံ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်

ဟောကြားဆုံးမတော်မူအပ်သော

ခန္ဓာ၏ ပီဠနဋ္ဌ (နှိပ်စက်မှုသဘော)

ဓမ္မာနုပဿနာ သတိပဋ္ဌာန်ရှုပွားပုံ

ညအလုပ်ပေးတရားတော်

(၁၃-၅-၆၂)

ပရိဗိုဇ်တွေက လိုရင်းအချက်ကို မေးတယ်

အရှင်သာရိပုတ္တရာကို ပရိဗိုဇ်တွေက လိုရင်းအချက်ကို မေးတယ်လို့ ဒကာကြွယ်တို့ မှတ်ထားရမယ်နော် (မှန်ပါ့)။

အရှင်သာရိပုတ္တရာကို ပရိဗိုဇ်တွေက ဘယ်လိုမေးသတုန်းလို့ မေးတဲ့အခါ ကျလို့ရှိရင်ဖြင့် အရှင်ဘုရားတဲ့ တပည့်တော်တို့ လောကကြီးထဲမှာ သုခ၊ ဒုက္ခပဲ ရှိပါတယ်၊ ဥပေက္ခာဆိုတာက ဒါလောက် မထင်ရှားပါဘူး၊ အဲဒီ သုခနဲ့ ဒုက္ခကို တပည့်တော်တို့ တိုတိုနဲ့ ကျဉ်းကျဉ်းသိချင်ပါတယ်၊ တိုတိုနဲ့ ကျဉ်းကျဉ်းသိပြီး သကာလ သုခဖြင့်လဲ သုခဘက်ကို လိုက်ပါတော့မယ်၊ ဒုက္ခဖြင့်လဲ ရှောင်ပါတော့မယ်ဆိုတဲ့ စိတ်ထားနဲ့ မေးခြင်းဖြစ်ပါတယ်။

ဒါ့ကြောင့် အရှင်ဘုရားသည် ပညာအရာမှာလဲ ဘုရားအောက် တစ်ယောက်သာရှိတယ်ဆိုတာ တပည့်တော် များသိပါတယ်၊ ဒါ့ကြောင့် သုခနဲ့ ဒုက္ခဖြင့် တပည့်တော်တို့ကို ရှင်းအောင် အမိန့်ရှိပေးပါလို့ ပရိဗိုလ်တွေက ဒကာကြွယ် မေးတယ်နော် (မှန်ပါ့)။

ဒါ ဒကာ ဒကာမတွေ ဒီတရား ဘာတရားပါလိမ့်မတုန်းလို့ သံသယ ဘာမှမရှိနဲ့ သုခနဲ့ဒုက္ခဟာ ဒကာ ဒကာမတွေ အလိုရှိနေတာက သုခ (မှန်လှပါ ဘုရား)၊ ဒကာ ဒကာမတွေ ရှောင်ရှားချင်တာက ဒုက္ခပဲ (မှန်ပါ့)။

သုခနဲ့ ဒုက္ခ ရှင်းရှင်းပြောပြီး

အဲဒီနှစ်ခုကို သုခနဲ့ ဒုက္ခ ရှင်းရှင်းပြောပြီး သကာလ သုခလိုက်သင့်လို့ရှိရင် သုခကို တပည့်တော်တို့ လိုက်မယ်၊ ဒုက္ခရှောင်သင့်လို့ရှိရင်လဲ ဘယ်ဟာရှောင်ရမယ်ဆိုတဲ့ ဥစ္စာရှောင်ဖို့ပဲ (မှန်လှပါ ဘုရား)။

ဒါ့ကြောင့် သုခနဲ့ဒုက္ခဖြင့် တပည့်တော်တို့ကို ရှင်းပြီး သကာလ အရှင်ဘုရားသည် အမိန့်ရှိပေးပါလို့ ဆိုတော့ ဒကာကြွယ် အင်မတန် ကောင်းတဲ့စကားပဲ (မှန်ပါ့)။

ဒကာ ဒကာမတို့ သုခနဲ့ ဒုက္ခဟာ သုခဆိုတာ ဘယ်ဟာလဲ ဒုက္ခဆိုတာ ဘယ်ဟာလဲလို့ ပရိဗိုဇ်တွေက အရှင်သာရိပုတ္တရာကို မေးပါတယ် (မှန်ပ့ါ)။

မေးတော့ အရှင်သာရိပုတ္တရာက ဘယ့်နှယ်ဖြေလိုက်သတုန်းလို့ ဆိုတော့ကွာတဲ့၊ နောက်တစ်ဖန် ပဋိသန္ဓေနေရ လို့ရှိရင်ဖြင့် ဒုက္ခ(မှန်ပါ့)၊ ပဋိသန္ဓေမနေရတဲ့ ပုဂ္ဂိုလ်ဟာဖြင့် သုခကွလို့ ဟောလိုက်တယ် (မှန်လှပါ ဘုရား)။

နောက်တစ်ဖန် ပဋိသန္ဓေနေရရင်

နောက်တစ်ဖန် ပဋိသန္ဓေနေရရင် (ဒုက္ခပါ ဘုရား)၊ ပဋိသန္ဓေလွတ် သွားလို့ရှိရင် (သုခပါ ဘုရား)။

ဪ ဒါဖြင့် ဒါဟာ ကျဉ်းကျဉ်းနဲ့မိတဲ့ စကားပဲလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်ရတော့မယ် (မှန်ပါ့ ဘုရား)။

ဒို့ဟာ သုခ၊ ဒုက္ခဆိုတဲ့ ဥစ္စာ နဂိုက တို့မှာ ရှုပ်နေတယ်၊ လူ့ပြည်က ဒုက္ခ၊ နတ်ပြည်က သုခလားလို့ အောက်မေ့ပြီး နေခဲ့လို့လဲတို့မှားချက် သန်ခဲ့ပြီ (မှန်ပါ့)၊ မှားချက် သန်ခဲ့လှပြီဆိုတော့ ဒကာကြွယ်တို့ ရိပ်မိလောက်ပါပြီနော် (ရိပ်မိပါပြီ ဘုရား)။

လူ့ပြည်က ဒုက္ခ၊ နတ်ပြည် သုခလို့ ကိုယ့်အထင်နဲ့ကိုယ် ပြောသံကြားနဲ့ မှတ်ပြီးနေခဲ့လို့လဲ အသေပြောင်းခဲ့ရ လှပြီလို့ ဆိုလို့်ရှိရင် မလွဲဘူး (မလွဲပါ ဘုရား)၊ အသေပြောင်းခဲ့ရ လှပြီဆိုတော့ ဒကာသစ် ရိပ်မိလောက်ပါပြီနော် (ရိပ်မိပါပြီ ဘုရား)။

လူ့ပြည်မှာသေပြီ နတ်ပြည်တစ်ခါသွားပြီး သကာလ သေရတဲ့အလုပ်ပဲလို့ ဆိုလို့ရှိရင်ဖြင့် မလွဲဘူးပေါ့ဗျာ (မလွဲပါ ဘုရား)။

ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သုခနဲ့ဒုက္ခ ရှင်သာရိပုတ္တရာကို ပရိဗိုဇ်တွေကမေးလို့ သုခဆိုတာ နောင်တစ်ဖန် ပဋိသန္ဓေမနေရလို့ရှိရင် သုခပါပဲကွ (မှန်ပါ့)၊ နောက်တစ်ဖန် ပဋိသန္ဓေနေရရင် (ဒုက္ခပါ ဘုရား)။ ကိုင်း ဒီနှစ်လုံးနဲ့ပဲ ဦးမာဒင်တို့ ကျေနပ်ဖို့ ကောင်းပါတယ် (ကျေနပ်ပါတယ် ဘုရား)။

ဒီနှစ်လုံးဟာ အလွန် ကျေနပ်ဖို့ကောင်းတယ် ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

နောက်တစ်ဖန် ပဋိသန္ဓေနေရရင် (ဒုက္ခပါ ဘုရား)၊ ဪ နောင်တစ်ဖန် ပဋိသန္ဓေနေရလို့ရှိရင် ဒုက္ခပဲ (မှန်လှပါ ဘုရား)၊ နောက်တစ်ဖန် ပဋိသန္ဓေ မလာတော့ပါဘူးဆိုလို့ရှိရင်ဖြင့် (သုခပါ ဘုရား)၊ သုခပဲဆိုတာ မသေချာ ဘူးလား (သေချာပါတယ် ဘုရား)။

လွဲကုန်ပါပေ့ါလား

အဲဒါတွေ သေသေချာချာ ရှင်းထားတော့မှ ဪ တို့ဟာ တဏှာက တော်အောင်ပြောနေတာတွေဟာတို့ လွဲကုန်ပါပေ့ါလားဆိုတာ ဒကာကြွယ်မှတ်ရမယ် (မှန်ပါ့)။

လူ့ပြည်က ဆင်းရဲတယ်၊ နတ်ပြည်က ချမ်းသာတယ်၊ နတ်ပြည်က ဆင်းရဲတယ်၊ ဗြဟ္မာပြည်က ချမ်းသာတယ်၊ ဒကာသစ် ဒါ ဘယ်သူကပြောနေတာတုန်း (တဏှာကပြောနေတာပါ)၊ ဪ သူပြောတာ မယုံကြနဲ့လို့ ဒကာ ဒကာမ တွေကို သတိပေးရတယ် (မှန်ပါ့)။

သူသည်ကားဆိုလို့ရှိရင်ဖြင့် လောဘဆိုတဲ့ တဏှာသည်ကားဆိုလို့ရှိရင် ဒကာ ဒကာမတွေကို ထွက်ရပ်လမ်းကို သွားမှာကို အလွန်စိုးရိမ်တဲ့တရား (မှန်ပါ့)။

ထွက်ရပ်လမ်းဖြစ်တဲ့ နိဗ္ဗာန်ကြီးသွားမှာကို (အလွန်စိုးရိမ်တဲ့ တရားပါ ဘုရား)၊ အလွန်စိုးရိမ်တဲ့တရား၊ သံသရာထဲမှာ ကျွမ်းထိုးမှောက်ခုံနဲ့ တိရစ္ဆာန်ဖြစ်လိုက်၊ အပါယ်ကျလိုက်၊ လူ့ပြည်မှာ မသာတွေ အမျိုးမျိုးဖြစ်လိုက်၊ နတ်ပြည်သွားပြီး မသာကောင်တွေ အမျိုးမျိုးဖြစ်လိုက်၊ ဒါကို သူကျေနပ်တယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ တဏှာလှည့်စားတဲ့အတိုင်း ဒကာကြွယ် မယုံနဲ့နော် (မှန်ပါ့)၊ တဏှာ လှည့်စားတာကို မယုံကြပါနဲ့လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သတိပေးရတယ် (မှန်ပါ့)။

သူကတော့ဖြင့် ဒကာ ဒကာမတွေ လှည့်စားမှာပဲ (မှန်ပါ့)၊ သူ့ဝတ္တရားကတော့ဖြင့် ဘာတုန်းဆိုလို့ရှိရင် တဏှာဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ အင်မတန် ကြောက်စရာ ကောင်းတယ် (ကောင်းပါတယ် ဘုရား)။

တဏှာဟာ အပ်ချုပ်သမား

တဏှာ သိဗ္ဗိနိ၊ တဏှာ-တဏှာသည်၊ သိဗ္ဗိနီ အပ်ချုပ်သမားနဲ့တူ၏ (မှန်ပါ့ ဘုရား)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက တဏှာဟာ အပ်ချုပ်သမားနဲ့တူသတဲ့ကွ (မှန်ပါ့)၊ အင်း ဘယ်လို တူပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့မှ ဒီစုတိပြီးရင် ဟို ပဋိသန္ဓေဒုက္ခနဲ့ ဆက်ပေးချင်တဲ့သတ္တိဟာ သူ့တ္တိ (မှန်ပါ့ ဘုရား)။

ဒီအလုပ်ပြီးလို့ရှိရင် ဟိုအလုပ်ကို ဆက်ပေးချင်တဲ့သတ္တိဟာ တဏှာသတ္တိ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဥပမာမယ် ထမင်းစားပြီးပြီ၊ ထမင်းစားပြီးရင် ဟိုဟာကလေး လုပ်ပါဦးလားဆိုတာ ဘယ်သူ့သတ္တိလဲ (တဏှာ၏ သတ္တိပါပဲ)၊ ဟိုဟာ လုပ်ပြီးတဲ့အခါကျတော့ ဒီအတိုင်းထိုင်နေလို့ မဖြစ်သေးဘူး၊ ဟိုကိစ္စကလေးကလဲ ရှိသေးတယ်၊ အဲဒါ လုပ်ပါဦးလားလို့ဆိုတာကော (တဏှာသတ္တိပါ ဘုရား)။

ဒကာ ဒကာမတွေကလည်း တကယ့်အရှင်သခင်ကြီးမှတ်ပြီး သကာလ သူပြောတာကိုဖြင့် မြေဝယ်မကျ နားထောင်နေကြတာ တဏှာ၏ ကောက်ကျစ်မှုကို ဒကာကြွယ် မသိလို့ပေါ့ (မှန်ပါ့ ဘုရား)။

ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကျုပ်က အလုပ်နဲ့လက်နဲ့ပြတ်ရင် မနေတတ်ဘူးတဲ့ (မှန်ပါ့)၊ ဘယ်နေတတ် မတုံးဗျ၊ ဒကာ ဒကာမတွေက တဏှာကို အရှင်သခင်ကြီး မှတ်ပြီး သကာလ အင်မတန် ကြောက်နေကြတာ (မှန်ပါ့ ဘုရား)။

သူက ခြောက်ထားတာကလဲ မင်းလုပ်မှ မင်းစားရမှာ၊ မင်းမှာ သားသမီးတွေနဲ့ မင်းပေါ့နေလို့ ဘယ်ဖြစ်မလဲ၊ သူက ဒါနဲ့ခြောက်ထားတယ် (မှန်ပါ့ ဘုရား)။

ဒုက္ခတွေ အများကြီးရအောင်လို့ ခြောက်ထားတယ် (မှန်ပါ့)၊ ဒီ ဒကာ ဒကာမတွေကလဲ ယောင်ချာချာတွေ ဖြစ်နေတော့ ဪ ဟုတ်သားပဲ၊ သတိမေ့လို့ မလုပ်မိဘူး (မှန်ပါ့ ဘုရား)။

ဒါအလုပ်ဆိုတာ ဆက်ပြီး သကာလ လုပ်မှလဲ ခရီးပေါက်တာ (မှန်ပါ့)၊ ဆိုတော့ ဒုက္ခတွေဆက်ပေးတာ ခင်ဗျားတို့ကလဲ အကျေနပ်ကြီး ကျေနပ်နေကြတယ် (မှန်ပါ့ ဘုရား)။

ဒုက္ခဆက်ပေးတာကို

ဒုက္ခဆက်ပေးတာကို (အကျေနပ်ကြီး ကျေနပ်ကြပါတယ် ဘုရား)၊ ဪ ဒကာသစ်ရေ မရိပ်မိဘူးနော် (မှန်ပါ့)၊ မရိပ်မိဘူုး၊ ဒကာ ဒကာမတွေက ဆောင်းမှာလဲ ဆောင်းအလုပ် ထားရတယ်ဘုရား၊ နွေလဲ နွေအလုပ်ထားရတယ် ဘုရား) မိုးလဲ မိုးအလုပ်ထားရတယ်ဘုရား၊ မတော် အလုပ်ပြတ်သွားရင် ဘယ့်နှယ်လုပ်မတုန်းဆိုတော့ ဆင်းရဲပြတ်သွားရင် ဘယ့်နှယ်လုပ်မတုံးပြောတာ (မှန်ပါ့ ဘုရား)။

ဘာပြောတာပါလိမ့် (ဆင်းရဲပြတ်သွားရင် ဘယ့်နှယ်လုပ်မတုန်းပြောတာပါ)၊ သိပ်ကြောက်စရာကြီးပါလား ဒကာ ဒကာမတို့၊ ခင်ဗျားတို့ ဆင်းရဲပြတ်မှာ အင်မတန် စိုးရိမ်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။ ခင်ဗျားတို့ကို (ဆင်းရဲပြတ်သွားမှာ အင်မတန် စိုးရိမ်ပါတယ် ဘုရား)၊ ဘယ်သူကပါလိမ့် (တဏှာကပါ ဘုရား)။

ဒကာကြွယ် ကဲကွာ မင်းက ဒီလိုဆောင်း၊ နွေ၊ မိုး ဥတု သုံးပါးစလုံး အလုပ်မပြတ်အောင် မင်းက ဆက်ပေးငြား သော်လဲ မင်းပေးတာဒုက္ခချည်းပါပဲ၊ ငါတော့ဖြင့် တော်လှန်ပါတော့မယ်၊ မလုပ်ပါဘူးလို့ ဒကာကြွယ်တို့ကလဲ မလာဘူး (မလာပါဘုရား၊ တယ်လဲကျွန်ပီပါလား (ပီပါတယ်)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် ဒါလောက် ကြောက်နေကြပါလိ့မ်မတုန်းလို့ မေးတဲ့အခါကျတော့မှ သူက အပြောကောင်းကိုးဗျ (မှန်ပါ့ ဘုရား)။

မင်း မွေးထားတဲ့ သားသမီးတွေ မင်းက လူလားမြောက်အောင် မဆောင်ရင် မင်းဘယ့်နှယ်လုပ်တုန်း (မှန်ပါ့)၊ အင်း သူက သားသမီးပြ ဟောလိုက်၊ အိမ်က လိုသေးတယ်၊ တိုက်က လိုသေးတယ်၊ ဒီအတိုင်းနေလို့ မင်းတော်ပါ့မလား (မှန်ပါ့)၊ ဟိုမှာ့ဖြင့် အမောဆိုက်ပြီ၊ သူက ဒီအတိုင်းနေလို့ တော်ပါ့မလား ပြောတုန်းရှိသေးတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အမောဆိုက်တာတောင်မှ လုပ်ကွက်ပြတုန်း

ဒကာသစ် အမောဘယ်လောက်ဆိုက်ပြီတုန်း (ဆိုက်လှပါပြီ ဘုရား)၊ အမောဆိုက်တာတောင်မှ သူတို့က လုပ်ကွက်တွေ ပြတုန်းရှိသေးတယ် (ပြတုန်းပါ)၊ ဒကာကြွယ် လွန်လှချည်လား (လွန်ပါတယ်)၊ အင်မတန်ဆိုးတဲ့ တဏှာ ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါက တရားပွဲထဲ ရိပ်မိတယ်နော် (မှန်ပါ့)၊ တရားပွဲထဲ ရိပ်မိတာ အိမ်ကျလို့ရှိရင်ဖြင့် ကိုယ့်အလုပ်ချည်းပဲ အောက်မေ့ထားတာ (မှန်ပါ့)၊ ဘယ်နှယ်များအောက်မေ့သတုန်း (ကိုယ့်အလုပ်ချည်း အောက်မေ့ပါတယ် ဘုရား)။

ဘယ်နှယတုန်း ဒကာသစ်ရေ၊ တရားပွဲထဲတော့လဲ ဟုတ်သလိုလိုနဲ့ သူ့နယ်ထဲ ရောက်သွားတဲ့အခါကျတော့ သူစီမံသလို လိုက်နာနေရတဲ့ အဓိပ္ပါယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)

ဒကာကြွယ် အိမ်များပြန်ချင်သေးသလား (မပြန်ချင်ပါ ဘုရား)၊ တိုးတိုးပြောပါ။ အိမ်ပြန်ချင်တာ ဘာကြောင့် ပါလိမ့်မတုန်းဆိုတော့ ဘယ်သူမေးမေး ဪ လုပ်စရာ ကိုင်စရာတွေ လူဆိုတာ အင်မတန်များတာဘုရားလို့ ဆိုတာ ဒီအဖြေထွက်လာမှာပဲ (မှန်ပါ့)၊ ဦးလှဘူး မထွက်ပေဘူးလား (ထွက်ပါတယ် ဘုရား)။

ဒုက္ခရချင်လို့

အဲဒီတော့ သူအိမ်ပြန်တာ သုခရချင်လို့လား ဒုက္ခရချင်လို့လား (ဒုက္ခရချင်လို့ပါ ဘုရား)။

ဒကာကြွယ် အိမ်ပြန်တာ ဘာတဲ့ (ဒုက္ခရချင်လို့ပါ ဘုရား)၊ ဒုက္ခဆိုတာ ရှောင်ရမှာလား၊ ဆောင်ရမှာလား (ရှောင်ရမှာပါ ဘုရား)၊ ရှောင်ရပေမယ့်လဲ ခင်ဗျားတို့က ဆောင်ရမည့် တရားထဲ သွင်းထားတော့ အတော်ခက်နေတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါ ခင်ဗျားတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး၏ တပည့်သားဖြစ်တဲ့ အရှင်သာရိပုတ္တရာကို ပရိဗိုဇ်တွေက မေးတော့ ဒုက္ခနဲ့သုခကို ပြောစမ်းပါလို့ဆိုတော့ နောင်တစ်ဖန် ပဋိသန္ဓေမနေရတာ ဘာတုံး(သုခပါ)၊ နောက်တစ်ဖန် ပဋိသန္ဓေနေရင် (ဒုက္ခပါ ဘုရား) ဒုက္ခဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့်ဘုရား၊ အရှင်ဘုရားဟာ တိုပါတယ်၊ ရှင်းပါဦးတဲ့ ပရိဗိုဇ်တွေက (မှန်ပါ့)၊ အဖြေတိုနေပါတယ်ဘုရား၊ ရှင်းပါဦးဆိုတော့ နောင်တစ်ဖန် ပဋိသန္ဓေနေရတော့ ခန္ဓာရတယ်ကွ၊ ခန္ဓာရတဲ့အခါ ကျတော့ကို ဒကာ ဒကာမတို့ နေပူလေပူ မခံရဘူးလား (ခံရပါတယ် ဘုရား)။

ကျင်ကြီးကျင်ငယ်ကိစ္စတွေကော (ခံရပါတယ် ဘုရား)၊ ဆွေပူ မျိုးပူတွေကော (ခံရပါတယ် ဘုရား)၊ သူတစ်ပါး မျက်စောင်းထိုးပြီးကဲ့ရဲ့ သဂြိုဟ်တာတွေကော (ခံရပါတယ် ဘုရား)။

နောင် ဗျာဓိ ဇရာ မရဏဆိုတဲ့ လက်ချက်တွေနဲ့ကော ဝိညာဏ် မချုပ်ရဘူးလား (ချုပ်ရပါတယ် ဘုရား)။

ကဲ နောင်တစ်ဖန် ပဋိသန္ဓေနေရလို့ရှိရင်ဖြင့် ဒကာကြွယ် နေပူ လေပူ တွေ့ရမယ်ဆိုပါကလား (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကျင်ကြီး ကျင်ငယ် ကိစ္စတွေကော (တွေ့ရမှာပါ)၊ မင်းဘေး၊ စိုးဘေး၊ ခိုးသူဘေးတွေကော (တွေ့ရမှာပါ ဘုရား)၊ အို သေ ကိစ္စတွေကော (တွေ့ရမှာပါ ဘုရား)။

ဆွေမျိုးဉာတကာတွေက သူ့သာပေးတယ်၊ ငါ့တော့ မပေးဘူးဆိုတဲ့ မျက်စောင်းထိုးမှုတွေကော (တွေ့ရမှာပါ)၊ ခံရမှာပဲဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ပဋိသန္ဓေနေချင်တဲ့ ပုဂ္ဂိုလ်များ

ဒါဖြင့် နောင်တစ်ဖန် ပဋိသန္ဓေနေချင်တဲ့ ပုဂ္ဂိုလ်များ မျက်စောင်းထိုးခံချင်လို့ (မှန်ပါ့)။

ဒကာကြွယ် နောက်တစ်ဖန် ပဋိသန္ဓေနေချင်တဲ့ ပုဂ္ဂိုလ်များ ဘာပါလိမ့် (မျက်စောင်းထိုး ခံချင်လို့ပါ ဘုရား) မျက်စောင်းထိုးဆိုတာ မုန်းလို့ထိုးတာ (မှန်ပါ့)။

အဲဒါ ခင်ဗျားတို့က ဒီလူ့ဘဝ၊ နတ်ဘဝတွေရချင်ကြလို့ရှိရင်ဖြင့် နတ်နတ်ချင်း မျက်စောင်းထိုး၊ လူလူချင်း ဆွေမျိုးဉာတကာတွေကလဲ သူ့သာပေး၍ ငါ့ကိုမပေးဆိုတာတွေက လာလိမ့်ဦးမယ်၊ (မှန်ပါ့)။

တစ်နည်း ကိုယ်က မရှိပြန်ပြီဆိုလို့ရှိရင်လဲ လာပြန်ပြီ တောင်းမလို့၊ ရမ်းမလို့ဆိုပြီး မျက်စောင်းထိုးပြန်ပြီ (မှန်ပါ့ ဘုရား)။

ဒါကို ခင်ဗျားတို့ကလဲ ဒီမျက်စောင်းထိုးကို ကျက်သရေများရှိနေတယ် မှတ်နေရင်တော့ ဒကာကြွယ် ခက်ပါသေးရဲ့ (မှန်ပါ့)။

ဒကာကြွယ် အမျိုးမျိုးထို့လို့ မခံခဲ့ရသေးဘူးလား (ခံခဲ့ရပါတယ် ဘုရား)။

ကိုယ်ကတော့ ရှေ့စိုက်သွားနေတာပဲ၊ နောက်ကလူတွေက ရှေ့တိုး လိုတိုး၊ မျက်စောင်းနဲ့ထိုးလိုထိုး၊ သွားပြီး ဘာမှမသုံးမကျဘူး၊ တစ်ဖက်သတ်သမားကြီး ဘယ်လို့ ညာလိုနဲ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ရိပ်မိပေမယ့် ခင်ဗျားတို့ နောက်ဘဝ လိုချင်သေးသလား (မလိုချင်ပါ ဘုရား)၊ လိုချင်စရာကော ရှိကြရဲ့လား (မရှိပါ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ နောင်တစ်ဖန် ပဋိသန္ဓေနေရရင် ဘာပါလိမ့် (ဒုက္ခပါ)၊ ပဋိသန္ဓေ မနေရရင် (သုခပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ နောင်တစ်ဖန် ပဋိသန္ဓေနေရတဲ့အဖြစ်ဟာဖြင့် ဒုက္ခမျိုးစုံအကုန်ရတယ် (မှန်ပါ့)၊ ပဋိသန္ဓေ လွတ်သွားလို့ရှိရင်ဖြင့် ပဋိသန္ဓေမျိုးစုံ အကုန်ကျွတ်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒုက္ခကိုတော့ မတောင်းကြနဲ့

ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားရှေ့သွားပြီး ဒုက္ခကိုတော့ မတောင်းကြနဲ့ (မှန်ပါ့)။

ဒကာကြွယ် ဘယ့်နှယ်ပြောသတုန်း (ဘုရားရှေ့သွားပြီ ဒုက္ခ မတောင်းပါနဲ့ ဘုရား)၊ ဒကာကြွယ် တောင်းဖူးသေး သလား၊ ဘုရားရှေ့များ သွားမတောင်းပါနဲ့နော် (မှန်ပါ့ ဘုရား)။

ဘုရားက ဒုက္ခသစ္စာဆိုတာကို ပရိညေယျနဲ့ ပိုင်းခြားပြီး ခြေကန်ပစ်ခဲ့ရတယ် (မှန်ပါ့)၊ ဒါကို ဒကာကြွယ်တို့ လူစု၊ ဒကာသစ်တို့ လူစုတွေက ဒီဘဝက စုတေမနေ သေလွန်ရလို့ရှိရင်ဖြင့် ဒီသား၊ ဒီသမီး၊ ဒီမြေး၊ ဒီမြစ်နဲ့ နေထိုင်ချင်တဲ့ သဘောတွေနဲ့များ သွားတောင်းမယ် ဆိုလို့ရှိရင် ဘုရားရှေ့မှာ ဒကာသစ် ဘာသွားတောင်းတာတုံး (ဒုက္ခသွားတောင်း တာပါ ဘုရား)။

ဒကာ ဒကာမတွေ ဘာသွားတောင်းပါလိမ့် (ဒုက္ခသွားတောင်းပါတယ် ဘုရား)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ “တိဏ္ဏော တာရေယျံ မုတ္တော မောစေယျံ ဗုဒ္ဓေါ ဗောဓေယျံ” ဒုက္ခကို ငါသိသလို သူတို့ကိုလဲ ဒုက္ခသိစေမဟ (မှန်ပါ့)။

ငါသည် ဒုက္ခထဲမှာ လွတ်မြောက်သလို သူတို့ကိုလဲ လွတ်မြောက်စေမဟ (မှန်ပါ့) ဒီလို ရည်ရွယ်ချက်ကြီးနဲ့ ဘုရားဖြစ်လာတာ (မှန်ပါ့)၊ သူ့ရည်ရွယ်ချက်နဲ့ ခင်ဗျားတို့တောင်းတဲ့ဆုနဲ့ ကိုက်ရဲ့လား (မကိုက်ပါ ဘုရား)။

ဘုရားကို ကန့်လန့်လုပ်တာ

ဒါဖြင့် ဘုရားကို ဘာလုပ်ကြတာတုံးဆိုတော့ ကန့်လန့်လုပ်တာ (မှန်ပါ့)၊ ရိပ်မိပလား (မှန်ပါ့)၊ ဘာလုပ်ကြတာ ပါလိမ့် (ကန့်လန့်လုပ်တာပါ ဘုရား)။

ဟာ ဒကာကြွယ်ကလဲ လူကြီးလူကောင်းလုပ်ပြီး ဘုရားကို ကန့်လန့်လုပ်တာတော့ တော်မထင်ပါဘူးဗျာ (မတော်ပါ)၊ တော်ပါ့မလား (မတော်ပါ ဘုရား)။

ဒီ့ပြင်လူ ဂုဏ်တူတဲ့လူကို ကန့်လန့်လုပ်လို့ရှိရင် ခင်ဗျားတို့ ဒါလောက် အပြစ်မကြီးပါဘူး (မှန်ပါ့)၊ အတုမရှိ ကိုယ်တော်ကြီးသွားပြီး ဘာလုပ်သလဲ (ကန့်လန့်လုပ်ပါတယ် ဘုရား) လုံးဝမတော်ဘူးဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒကာကြွယ် လုပ်ဖူးသေသလား၊ ကန့်လန့်ကလေး ဘာကလေး (လုပ်ဖူးပါတယ်ဘုရား၊ မသိခင်က လုပ်ပါတယ်)။

မသိခင်က လုပ်ကြ၊ သိပြီးတာတောင် ဦးလှဘူး မမေ့နဲ့နော် (မှန်ပါ့)၊ နိဗ္ဗာန်ကလဲ ဖြုန်းခနဲ ရမှာမဟုတ်တော့ နည်းနည်းတော့ ထည့်လိုက်ဦးမှ ထင်ပါရဲ့၊ သိပြီးမှ ကန့်လန့်ကလာသေးတယ်၊ (မှန်ပါ့)၊ မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒါကြောင့် အဲဒီကန့်လန့်လာတာသည် ဘယ်သူ၏ လက်ချက်လဲလို့ ဒကာသစ်တို့မေးလို့ရှိရင် တဏှာ၏ ကောက်ကျစ်မှု မှတ်လိုက်စမ်းပါ (မှန်ပါ့)။

သူက “တဏှာ သိဗ္ဗိနီ” ဆိုတဲ့အတိုင်း ဒကာ ဒကာမတွေကို စုတိနဲ့ ပဋိသန္ဓေပြတ်သွားမှာ သိပ်စိုးရိမ်တယ် (မှန်ပါ့)၊ စုတိနဲ့ ပဋိသန္ဓေပြတ်သွားမှာ သိပ်စိုးရိမ်တယ် (မှန်ပါ့)၊ စုတိနဲ့ ပဋိသန္ဓေ ဆက်နေရင် (ကြိုက်ပါတယ် ဘုရား) သဘောကျတယ်၊ ဒုက္ခပင်လယ်ဝေနေရင် (သဘောကျပါတယ် ဘုရား)၊ သဘောကျတယ်ဆိုတော့ ပေါင်းကောင်း မပေါင်းကောင်း ဒီပုဂ္ဂိုလ်ကို (မပေါင်းကောင်းပါ)။

မပေါင်းကောင်းပေမယ့်

မပေါင်းကောင်းပေမယ့် ခင်ဗျားတို့ ကျေးဇူးတင်လိုက်သေးတယ် (တင်ခဲ့ပါတယ် ဘုရား)၊ အင်း ကိုယ့်လောဘ ကလေးနဲ့ ကိုယ်ဆိုတော့ ရလိုက်သေးတယ်၊ အံမာ ကျေးဇူးများတင်လိုက်သေးတယ် (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မပေါင်းကောင်းဘူးလဲဆိုရဲ့၊ ကျေးဇူးလဲတင်သေးရဲ့ဆိုတော့ ဦးလှဘူးရေ၊ အတော်ခက်နေပြီ (မှန်ပ့ါ)။

ဒကာကြွယ် ခေတ်ကောင်းကလေးတုန်းက ကိုယ်က ခပ်လောလောကလေး လုပ်လိုက်တာနဲ့ ဒါကလေး ရလိုက်သေးတယ်၊ ဒီလောဘကလေး သူ့အကြောင်းတိုက်ဆိုင်တုန်း ပေါ်လာလို့လဲ သူ့ကျေးဇူး သူ့ကျေးဇူး (မှန်ပါ့)။

ဒကာကြွယ် ခေတ်ကောင်းကလေးတုန်းက ကိုယ်က ခပ်လောလောကလေး လုပ်လိုက်တာနဲ့ ဒါကလေး ရလိုက်သေးတယ်၊ ဒီလောဘကလေး သူ့အကြောင်းတိုက်ဆိုင်တုန်း ပေါ်လာလို့လဲ သူ့ကျေးဇူး သူ့ကျေးဇူး (မှန်ပါ့)။’

အဲဒီ အခါတုန်းက ရတာမယူလိုက်လို့ရှိရင် အခု မခက်ဘူးလား (မှန်ပါ့)၊ အခုခက်တာလဲ သူမမြင်ဘူး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အခုခက်နေတာက နည်းနည်းနောနော ခက်တာလားလို့ဆိုတော့ ရတဲ့ပစ္စည်းကို ရသလောက် ကျယ်ကျယ် ဝန်းဝန်း လုပ်လိုက်ရလို့ရှိရင် ဒုက္ခသေးသွားသလား၊ ကြီးသွားသလား (ကြီးထွားပါတယ် ဘုရား)၊ အဲဒါလဲ မမြင်ပါဘူး၊ အခု ဘယ်နှယ်လုပ်မလဲသာ ပြောနေတာပါ (မှန်ပါ့)။

အံမာလေး ထူလိုက် အလိုက်တာလဲ ဒကာကြွယ် အဆုံးအစ မရှိပါကလား (မရှိပါ ဘုရား) ဒါ့ကြောင့် သမုဒယ သစ္စာကိုလဲ သိခဲတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ခင်ဗျားတို့က မရှိလို့ရှိရင် နေမကောင်းဘူး (မှန်ပါ့)၊ ဪ ပျင်းလိုက်တာ၊ ရောင်းရေးဝယ်ရေးကလဲ မဟုတ်တော့ အလကားနေရင်း ထိုင်နေရတယ်ဆိုတော့ သူမရှိလို့ ပျင်းနေတယ် (မှန်ပါ့)။

သူမရှိလို့ ပျင်းနေတယ်

ဒကာသစ် ဘယ်သူမရှိတာတုန်း (တဏှာမရှိတာပါ ဘုရား)၊ တဏှာ လောဘမရှိတော့ ဘယ့်နှယ်ဖြစ်နေသတုန်း (ပျင်းပါတယ် ဘုရား)၊ ပျင်းတယ် ဒီအတိုင်းဆိုရင် အခက်ကြီးပါလားတဲ့ (မှန်ပါ့)။

အင်း ဒီအတိုင်းဆိုရင် ဘာတုန်း (အခက်ကြီးပါ ဘုရား)၊ ဘယ်သူမရှိလို့တုန်း (တဏှာလောဘမရှိလို့ပါ ဘုရား)။

အင်း သူမရှိရင် အပါယ်မှ သွားရပါတော့မလား၊ ဒီအတိုင်းဆိုရင် အခက်ကြီး (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အံမာလေး ဒကာ ဒကာမတွေရ ခင်ဗျားတို့ အခက်ကြီးဟာ အတော် ကြောက်စရာကောင်းတယ်နော် (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာကြွယ်ရေ အခု တရားမှာ ကျုပ်တို့ ခန္ဓာပြတ် ဟောရတော့မယ် (မှန်ပါ့)။

ဒကာကြွယ် ဘာဟောရမှာတုန်း (ခန္ဓာပြတ် ဟောရမှာပါ)၊ နောက်တစ်ဖန် ပဋိသန္ဓေမနေရမှ သုခကိုးဗျ (မှန်ပါ့)၊ နောက်တစ်ဖန် ပဋိသန္ဓေနေရရင် (ဒုက္ခပါ ဘုရား)၊ ဒုက္ခပဲဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒီခန္ဓာကိုယ် ခန္ဓာပြတ်ကို ဟောတော့မယ်လို့ဆိုတော့ ဒကာ ဒကာမတွေမှာ ဖြုန်းခနဲ ဆိုတော့ ဪ ဒီခန္ဓာကြီးမရှိရင် ဘာနဲ့များ နေရပါလိမ့်မတုံး (မှန်လှပါ)၊ ဒီမှာ သံသယက ဝင်လာတယ် (မှန်ပါ့)။

ဒီခန္ဓာမရှိရင် (ဘာနဲ့များနေရမှာတုန်း) ဘာနဲ့ နေမတုန်းဆိုတဲ့ သံသယဟာ ခန္ဓာပြတ်ဟောတော့မယ် ဆိုလို့ရှိရင် ဒကာသစ် ဒါလာပြီ (လာပါတယ် ဘုရား)၊ မလာဘူးလား (လာပါတယ် ဘုရား)။

အကြောင်းရင်းရှာကြပါစို့

ဪ ဘယ့်နှယ်ကြောင့် လာပါလိမ့်မလဲလို့ အကြောင်းရင်းရှာကြပါစို့ (မှန်ပါ့ ဘုရား)၊ ခန္ဓာဒုက္ခ မသိလို့လာတာ (မှန်ပါ့)။

ပေါ်ပြီ၊ ဒီခန္ဓာကြီး ပြတ်သွားလို့ရှိရင် တပည့်တော်တို့ ဘာနဲ့နေရမှာတုန်းတို့ သံသယလာတဲ့ပုဂ္ဂိုလ်မှာ ခန္ဓာဒုက္ခ မသိလို့ လာတာပါ ဘုရား)။

အဲဒါ ခင်ဗျားတို့ ဝမ်းထဲမှာ လာတိုင်း လာတိုင်း ဪ ဘုန်းကြီးကလဲ ခန္ဓာမရှိရင် ကောင်းတယ်လို့ဟောတယ်၊ ဘုရားဟောတဲ့အတိုင်း အရှင်သာရိပုတ္တရာဟောတော်မူတဲ့အတိုင်း ဟောပြီ။

ခန္ဓာမရှိရင် ဘာနဲ့များ နေရပါလိမ့်မလဲလို့ဆိုတဲ့ တွေးလုံးဟာ ဒကာ ဒကာမတို့ ခန္ဓာဒုက္ခမသိတဲ့ အဝိဇ္ဇာက လာတာ (မှန်ပါ့)၊ ပေါ်ကြပြီ (ပေါ်ပါပြီ ဘုရား)။

ဘယ်သူက လာတာတုန်း (ခန္ဓာဒုက္ခမသိတဲ့ အဝိဇ္ဇာက လာပါတယ် ဘုရား) ဪသူ့လက်ချက် သူ့လက်ချက် (မှန်ပါ့)၊ သစ္စာမသိတဲ့ အဝိဇ္ဇာ၏လက်ချက်က လာတာပဲဆိုတာ ဒကာကြွယ် ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား)၊ မပေါ်သေး ဘူးလား (ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ ဒုက္ခသိမှ ခန္ဓာပြတ်ကို သဘောကျမယ် (မှန်ပါ့)၊ ခန္ဓာဒုက္ခကို မသိသေးရင် (ဒုက္ခပြတ်ကို သဘောမကျပါ ဘုရား)၊ ခန္ဓပြတ်ကို သဘောကျနိုင်ပါ့မလား (မကျနိုင်ပါ ဘုရား)၊ သဘောပါကြပလား (ပါ ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခသစ္စာမသိရင် နိရောဓသစ္စာ မရပါဘူး (မှန်ပါ့)။

ဒုက္ခသစ္စာမသိရင် (နိရောဓသစ္စာမရပါ ဘုရား)၊ နိရောဓသစ္စာဆိုတဲ့ နိဗ္ဗာန်ကိုဖြင့် ဒကာသစ် မျက်မှောက်ပြု နိုင်ပါ့မလား(မပြုနိုင်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန်မသိသေးတော့

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ဝမ်းထဲမှာလဲ ဘုန်းကြီးများကလဲ ဪ နိဗ္ဗာန်မသိသေးတော့ သူတို့ ဖြစ်တော့ဖြစ်မှာပဲ၊ ဒီဘဝ စုတေမနေ သေလွန်လို့ရှိရင်ဖြင့် ခန္ဓာမရရင် ကောင်းတယ်လို့ အရှင်သာရိပုတ္တရာက ဟောလိုက်တယ် (မှန်ပါ့)၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

စုတေမနေ သေလွန်ရရင် ဘာတဲ့တုန်း (ခန္ဓာမရရင် ကောင်းပါတယ် ဘုရား)။

ခန္ဓာမရရင် ကောင်းတယ်ဆိုတော့ ဖြုန်းခနဲ ဒကာ ဒကာမတွေ တွေးလုံးတစ်လုံးက ခန္ဓာမရှိရင် ဘယ်သူနဲ့ နေမလဲ၊ မလာပေဘူးလား (လာပါတယ် ဘုရား)။

ဒီအသံ ဘာသံတုန်းလို့ ဒကာသစ်က အကဲခတ်စမ်း (သစ္စာမသိတဲ့ အသံပါ ဘုရား)၊ ဒုက္ခသစ္စာမသိတဲ့ အဝိဇ္ဇာက ထွက်လာတယ် (မှန်ပါ့)။

ဘယ်သူက ထွက်လာတာတုန်း (ဒုက္ခသစ္စာမသိတဲ့ အဝိဇ္ဇာက ထွက်လာပါတယ်)၊ ခန္ဓာကို ဒုက္ခသစ္စာလို့ မသိတဲ့ အဝိဇ္ဇာက ထွက်လာပါတယ် (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ကောင်းကောင်းရှင်းပလား (ရှင်းပါပြီ)၊ ဘယ်က ထွက်လာတာတုန်း (ခန္ဓာကို ဒုက္ခသစ္စာလို့ မသိတဲ့ အဝိဇ္ဇာက ထွက်လာပါတယ် ဘုရား)။

အဝိဇ္ဇာလာပြီလို့ အောက်မေ့

အဲ ဦးမာဒင်တို့ ဒီအတွေးကလေးလာလို့ရှိရင် ဟ ငါ့မှာ အဝိဇ္ဇာလာပြီလို့ အောက်မေ့လိုက်တယ် (မှန်ပါ့)၊ ဒီအတွေးကလေး ဝင်လာရင် (အဝိဇ္ဇာ ဝင်လာပါပြီ ဘုရား)။

ဘုရားက ခန္ဓာပြတ်ဟောတယ်၊ အရှင်သာရိပုတ္တရာကလဲ နောက် ခန္ဓာမရရင် သုခလို့ဟောတယ်၊ ဒီခန္ဓာ မရှိရင် ဘာနဲ့ နေရမှာတုန်းလို့များ ခင်ဗျားတို့ တွေးလုံးကလေးတစ်လုံးလာလို့ရှိရင် အဝိဇ္ဇာ၏ စီမံချက်ဖြင့် ဝင်လာပြီ အောက်မေ့ (မှန်ပါ့ ဘုရား)။

ဘယ်လိုမှတ်ကြမယ် (အဝိဇ္ဇာ၏ စီမံချက်ဝင်လာပါပြီ)၊ ကြည့် အရှင်သာရိပုတ္တရာ ဟောတာကြည့်ပါ ဒကာကြွယ်ရ၊ ဒီခန္ဓာ စွန့်ပစ်ပြီး နောက်ခန္ဓာမရရင် သုခလို့ဆိုတော့ သုခကို မသိဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒါဖြင့် ခန္ဓာမရှိရင် သုခရှိတယ် (မှန်ပါ့ ဘုရား)။

ခန္ဓာမရှိရင် (သုခရှိပါတယ်)၊ ခန္ဓာရှိနေရင် (ဒုက္ခပါ)၊ ဒါကွဲမှ ဦးမာဒင် နေရာကျမယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ခန္ဓာမရှိရင် (သုခပါ)၊ ခန္ဓာရှိရင် (ဒုက္ခပါ)၊ ကောင်းပြီ ဒါဖြင့် ခန္ဓာက ဒုက္ခသစ္စာ၊ ခန္ဓာမရှိလို့ ပေါ်လာတဲ့ သုခက နိရောဓသစ္စာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ခန္ဓာမရှိလို့ ခန္ဓာချုပ်ငြိမ်းလို့ ငြိမ်းချမ်းတဲ့သဘောကလေး ပေါ်လာတာ ဘာပါလိမ့် (နိရောဓသစ္စာပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခသစ္စာကို သိမှ နိရောဓသစ္စာကို မျက်မှောက်ပြုနိုင်တယ်ဆိုတဲ့ စကားဟာ ကောင်းကောင်းကြီး ရှင်းသွားပါပြီ (ရှင်းပါပြီ)၊ သဘောပါကြရဲ့လား (ပါ ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ခန္ဓာမရှိအောင် လုပ်ကြစို့ (မှန်ပါ့)၊ ခန္ဓာမရှိရင် သုခရတော့မယ် (မှန်ပါ့ ဘုရား)။

ခန္ဓာမရှိရင်သုခ

ခန္ဓာမရှိရင် (သုခရမှာပါ)၊ ကိုင်း ဒကာ ဒကာမတို့ နည်းနည်းကလေး စဉ်းစားလိုက်ပါနော်၊ အခု ဒီခန္ဓာကြီးရှိပြီး သကာလ အသီးသီး ဒကာ ဒကာမတွေမှာ ခန္ဓာငါးပါးနဲ့ အတူနေကြရတာကိုးဗျ (မှန်ပါ့ ဘုရား)။

အတူနေကြတဲ့အခါကျတော့ ခန္ဓာဝန်ငါးပါး၏ ဒဏ်ချက်ဟာ ဒကာ ဒကာမတို့ ဘယ်အချိန်မှာ ဘယ်အဝတ် ဝတ်ပေးလဲ မအေးဘူး (မှန်ပါ့)၊ ဘယ်အစာကျွေးလဲ မအေးပါဘုရား၊ ဘယ်ဥတုနဲ့ကြုံပြန်လဲ မအေးပါ၊ ဘယ်ကိစ္စနဲ့ ကြုံပြန်လဲ မအေးပါဘုရား။

တစ်ခါတည်း သူကတော့ဖြင့် ဒီဥတုကို မကြိုက်ဘူး၊ ဟို ဥတုမှ ကြိုက်တယ် (မှန်ပါ့)၊ ဒီအစာ မကြိုက်ဘူး၊ ဟိုအစာမှ ကြိုက်တယ် (မှန်ပါ့ ဘုရား)။

တစ်ခါတည်းကျွေးကျိုး၊ မွေးကျိုး၊ ပြင်ကျိုး၊ ဆင်ကျိုးဆိုတာ ဒကာ ဒကာမတွေပေးသေးရဲ့လား (မပေးပါ ဘုရား) ကျွေးကျိုး၊ မွေးကျိုး၊ ပြင်ကျိုး၊ ဆင်ကျိုးရှိရဲ့လား (မရှိပါ)၊ မရှိဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အဲဒါတွေ ကြည့်တဲ့အခါကျတော့ ခန္ဓာ၏ နှိပ်စက်မှုပေါ်လာတယ် (မှန်ပါ့)၊ ဒကာ ဒကာမတို့ ဘယ်သူ၏ နှိပ်စက်မှုလဲ (ခန္ဓာ၏ နှိပ်စက်မှုပါ ဘုရား)။

ဒီခန္ဓာကြီးဟာ ဒကာ ဒကာမတို့ သူက အဆိပ်ပင်ကြီးဖြစ်နေတော့ သူက ပေါက်ပွားတာတွေလဲ အဆိပ်တွေ လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီခန္ဓာကြီးဟာ အဆိပ်ပင်ကြီးကိုးဗျ၊ သူက ပေါက်ပွားတာတွေ ဟူသရွေ့ (အဆိပ်တွေပါ ဘုရား)။

အဆိပ်တွေပဲ ပေါက်ပွားနေတယ်ဆိုတော့ ဒီခန္ဓာကြီးကြောင့် ဒီခန္ဓာစွန့်လို့ နောက်ခန္ဓာရ ပြန်လို့ရှိရင်လဲ အဆိပ်ပင်ပေါက်ပြန်တာပဲ (မှန်ပါ့)၊ နောက်ခန္ဓာတွေ ဆက်ဆက်ပြီး သူက ပွားလာတဲ့ သားတွေ၊ သမီးတွေ ဆိုတာကော (အဆိပ်ပင်တွေပါ ဘုရား)။

အဆိပ်ပင်တွေပဲ

အဆိပ်ပင်တွေပဲ၊ ဘာကြောင့်တုန်းဆိုတော့ စဉ်းစားကြည့်ပါ၊ သား နေမကောင်းဘူးဆိုရင် အမေ ဖျားတယ်၊ အဖေ ဖျားတယ်၊ အဆိပ်သီး သွားစားတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သမီးနေမကောင်းဘူးဆိုရင် အမေ၊ အဖေကော (ဖျားပါတယ်)၊ နေမကောင်းဘူး (မှန်ပါ့)၊ ဘာဖြစ်သတုံးလို့ မေးကြည့်တဲ့အခါကျတော့ ဟိုက အဆိပ်သင့်တာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

မိမိနေမကောင်းဘူးဆိုတော့လဲ သားတွေ သမီးတွေကလဲ အဆိပ်မသင့်ဘူးလား (သင့်ပါတယ်)၊ ဟာ ဒါဖြင့် ဒီအမျိုး ဘာအမျိုးပါလိမ့် (အဆိပ်မျိုးပါ)၊ အဆိပ်မျိုးတွေဗျ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

နီးရာကို အကုန်နှိပ်စက်တာပဲ (မှန်ပါ့)၊ ကိုယ့်ကိုယ်ကိုလဲ (နှိပ်စက်ပါတယ်)၊ နီးရာတွေလဲ (နှိပ်စက်ပါတယ် ဘုရား)။

အဲ တစ်ခါတလေကျတော့ တစ်ယောက်သော ပုဂ္ဂိုလ်က ပစ္စည်းရှင်ဖြစ်လို့ ဆုံးပါးသွားတဲ့အခါ တစ်မျိုးလုံး တစ်ဆွေလုံးများ ဝိုင်းပြီး သကာလ အဆိပ်သီးတွေ၊ အဆိပ်ငွေ့တွေသင့်ပြီး သကာလ အို တစ်ခါတည်း စားမဝင်၊ အိပ်မပျော်တွေ ဒကာကြွယ် မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒါ ဘာပင်က ဘာအနံ့သင့်သွားတာပါလိ့မ် (အဆိပ်ပင်က အဆိပ်နံ့သင့်သွားတာပါ)၊ သူဟာ အဆိပ်ပင်မှ ဟုတ်ကဲ့လား မဟုတ်ဘူးလား (ဟုတ်ပါတယ်)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီပုဂ္ဂိုလ်ကလဲ သူသေသွားတာလဲ ဥပမာမယ် ခုနင်ကပြောတဲ့ဂုဏ်ကြီး ဒြပ်ကြီးနဲ့သေသွား၊ သူ့အဆိပ်သင့်ပြီး သူသေတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဆိပ်တွေကြောင့် သေသွားတာ

သူ့အထဲ ဇာတိ၊ ဇရာ၊ မရဏ အဆိပ်တွေက သူ့ကို ဖျက်ဆီးပစ်လိုက်တယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီ ပထမအဆိပ်ပင်ကြီးကလဲ အလိုလိုသေတာလား၊ အဆိပ်ပင်တွေကြောင့် သေသွားတာလား (အဆိပ်တွေကြောင့် သေသွားတာပါ ဘုရား)။

တစ်ခါ ဒီအဆိပ်တွေကနေပြီး ဒကာ ဒကာမတွေ ဟိုဘက်မှာ ဆွေတွေရော မျိုးတွေရော မျက်ရည်ကျ စားမဝင် အိပ်မပျော်ဖြစ်အောင် ဘာလုပ်သွားပါလိမ့်မတုံးမေးပြန်တော့ ဘယ့်နှယ်ဖြေကြမလဲ (အဆိပ်သင့်တာပါ)၊ အဆိပ်တွေ တစ်ခါတည်း ပျမ်းမျှကြေးသင့်သွားပါတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီလို ဆွေမျိုးဉာတကာတွေ မဆိုထားပါနဲ့၊ ကိုယ့်မှီပြီး သကာလ အသက်မွေးဝမ်းကျောင်းလုပ်နေတဲ့ ပုဂ္ဂိုလ်တွေ တောင်မှ ဒကာကြွယ် သွားပြီး ထိခိုက်တယ် ထိခိုက်ပါတယ်၊ ဘာက သွားပြီး ထိခိုက်တာပါလိမ့် အဆိပ်ပင်က သွားပြီး ထိခိုက်တာပါဘုရား၊ ဒီ အဆိပ်ပင်က သွားပြီး ထိခိုက်တယ် (မှန်ပါ့ ဘုရား)။

အင်း ဒါဖြင့် နောက်ဘဝများ သွားပေါက်ဦးမယ်ဆို ဒီ အဆိပ်ပင် ဘာဖြစ်ဦးမှာတုံး၊ သူ့ဟာသူလဲ သတ်မယ်၊ သူတစ်ပါးကိုလဲ သေစေမယ် (မှန်ပါ့)၊ ဒါဖြင့် သူဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဒုက္ခခန္ဓာကို အဆိပ်ပင်ကြီးလို့

ဒုက္ခသစ္စာသိမှ နိရောဓသစ္စာ သဘောကျမယ်နော် (မှန်ပါ့)၊ ဒုက္ခသစ္စာသိမှ (နိရောဓသစ္စာ သဘောကျပါမယ်)၊ နိရောဓသစ္စာသဘောကျမှာမို့ ဒကာကြွယ်ရ ဒုက္ခခန္ဓာကို အဆိပ်ပင်ကြီးလို့ ပြောနေရပါတယ် (မှန်ပါ့)၊ သဘောပါကြ ပလား (ပါပါပြီ ဘုရား)။

ဒီခန္ဓာကြီးက ဒကာ ဒကာမတို့ သူ့အဆိပ်နဲ့သူပဲသေရတယ် (မှန်ပါ့)၊ လောကီ ဥပမာပြောကြစို့ဆိုတော့ ဝက်အသားတိုးလို့ရှိရင် ဒကာ ဒကာမတို့ ဘယ်သူမှ မသတ်ဘဲနဲ့ သေတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဝက်ဟာ ဒီအတိုင်းပဲ အဆီပိတ်ပြီး သကာလ ဘယ့်နှယ်နေသလဲ (သေပါတယ်)၊ အင်း ဘယ်သူ သတ်တာပါ လိမ့် (သူ့ဟာသူ သတ်တာပါ)၊ သူ့အသားက သူ့ကိုသတ်တာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဝက်ကို ဘယ်သူသတ်ပါလိမ့် (သူ့အသားက သူ့ကို သတ်ပါတယ် ဘုရား)။

ဒီမှာလဲ ဒကာ ဒကာမတို့ ပရိသတ်တွေ၊ ပုလိပ်တွေနဲ့ တိုင်းပြည်အုပ်ချုပ်တဲ့ အရာရှိတွေနဲ့ ထားတဲ့အထဲက ခန္ဓာကြီးက ဖျတ်ခနဲဆိုပဲ ဆုံးပါးတဲ့အခါ မရှိဘူးလား (ရှိပါတယ် ဘုရား)။

ခြင်ထောင်မျိုးစုံကာလို့ ဆရာဝန်မျိုးစုံဝိုင်းလို့ ဒီကြားထဲမှာ ဦးမာဒင် ဆုံးရှုံးသွားတာတွေကော မတွေ့ဘူးလား (တွေ့ပါတယ်)၊ ဒါ သူ့အဆိပ်က သူ့ကိုသတ်လိုက်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သူ့အဆိပ်က (သူ့ကိုသတ်လိုက်ပါတယ် ဘုရား)၊ သူ့အထဲမှာ ဇရာ အဆိပ်တွေရှိတယ် (မှန်ပါ့)၊ သေစေတတ်တဲ့ မရဏအဆိပ်တွေကော (ရှိပါတယ် ဘုရား)။

ဒါဖြင့် ဒီခန္ဓာကြီးသည် ကားလို့ဆိုရင် ဒကာ ဒကာမတို့ပဲ စဉ်းစားပါတော့ အဆိပ်ပင်ကြီးမှ ဟုတ်ပါရဲ့လား (ဟုတ်ပါတယ် ဘုရား)။

အဆိပ်ပင်ကြီးကနေပြီး ပွားလိုက်တာ

ဒီအဆိပ်ပင်ကြီးကနေပြီး သကာလ တစ်ခါတည်း ပွားလိုက်တာတွေလဲ ဘာတွေများပွားလာသလဲ (အဆိပ်ပင် တွေ ပွားလာပါတယ်)၊ အဆိပ်မျိုးစေ့တွေလဲ မကျဘူးလား (ကျပါတယ် ဘုရား)။

အဲဒီအဆိပ်မျိုးစေ့တွေက ပေါက်ပြန်တာတွေလဲ ဘာတွေလဲ ပေါက်မယ် ထင်ကြသလဲ (အဆိပ်တွေပဲ ပေါက်ပါမယ် ဘုရား)။

ဪ ဒါဖြင့်သုံးဆယ့်တစ်ဘုံသည်ကားလို့ဆိုလို့ရှိရင် အဆိပ်ဘုံကြီးပဲ (မှန်ပါ့)။

ဒါကြောင့် ခင်ဗျားတို့အိမ်မှာ ဒကာကြွယ် မသာဖိတ်စာတွေ ရောက်လာတာ အားမယ်မဟုတ်ဘူး (မအား ပါ ဘုရား)။

ဦးမာဒင်တို့လဲ ဟင်္သာတမှာနေမယ်ဆို မသာဖိတ်စာကို (မအားပါ ဘုရား) ဟ ဘာဖြစ်ကြတာတုန်းလို့များ တွေးမိကြရဲ့လား (မတွေးမိပါ ဘုရား)၊ သူ့အဆိပ်နဲ့ သူသေတော (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သူ့အထဲမှာ ဇရာဆိုတဲ့အဆိပ်၊ မရဏဆိုတဲ့ သေရမည့်အဆိပ်တွေက မပါလာဘူးလား (ပါလာပါတယ်)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒီအဆိပ်တွေသည် ဘယ်သူ့ အလျင်သတ်သတုန်းမေးလို့ရှိရင်ဖြင့် ကိန်းရာပုဂ္ဂိုလ်ကို အလျင်သတ်တယ် (မှန်ပါ့)။

ကိန်းရာပုဂ္ဂိုလ်ကို အလျင်သတ်ပါတယ်၊ ဘေးက ပုဂ္ဂိုလ်တွေကော သတ်ပါတယ်၊ သတ်တယ်ဆိုတာ သေချာ ပလား သေချာပါပြီဘုရား။

ခန္ဓာမရှိမှ အသေလွတ်ပါလား

ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး၏ အလိုတော်ကျဖြစ်တဲ့ ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာဆရာက “ဝိသဘူတဒုက္ခဒဿနဋ္ဌေန အမတဋ္ဌော” တဲ့၊ ဝိသဘူတဒုက္ခဒဿနဋ္ဌေန အဆိပ်ပင်ကြီး အဆိပ် မျိုးစေ့နဲ့တူတဲ့ ခန္ဓာကြီးကို အဆိပ်တွေလို့ မြင်ပြီး သကာလ နေမှ သာလျှင်။ အမတဋ္ဌော ဪ ခန္ဓာမရှိမှ အသေလွတ်ပါ လားဆိုတာ ပေါ်တာတယ် (ပေါ်လာပါတယ်)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာမရှိမှ အသေလွတ်ပါတယ်၊ ခန္ဓာကတော့ အဆိပ်ကိုးဗျ (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒါ သစ္စာထည့်ပေးပါတယ်၊ ဒကာကြွယ် (မှန်ပါ့)၊ သစ္စာ ထည့်ပေးနေတယ်ဆိုတာ ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။

ဝိသဘူတဒုက္ခဒဿနဋ္ဌေန အဆိပ်ဖြစ်၍ ဖြစ်သော ဒုက္ခသစ္စာကြီးကို ဉာဏ်နဲ့မြင်မှသာလျှင်၊ အမတဋ္ဌော မအို မသေ အမြဲနေတဲ့ နိဗ္ဗာန်သည်၊ ပါတုဘဝတိ ယောဂီပုဂ္ဂိုလ်တွေ၏ ဉာဏ်၌ ပေါ်လာပြီး သဘောကျ၏ (မှန်ပါ့)။

ဪ ဒါကြီး အဆိပ်ပင်ဖြစ်တာ သိပါမှ မအို၊ မသေ၊ အမြဲနေတဲ့ နိဗ္ဗာန်ကို သူသဘောကျမယ် (မှန်ပါ့)၊ ဒီဟာ အဆိပ်ပင်ကြီးလို့ သဘောမကျသေးသရွေ့ ကာလပတ်လုံး နိဗ္ဗာန်ကိုရောက်ရင် ဘာနဲ့ နေမှာတုန်းဆိုတာတော့ လာမှာပဲ (လာမှာပါ ဘုရား)၊ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

နားကြီးကြီးနဲ့ထောင်မှပဲ

ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေ့တရားကို နားကြီးကြီးနဲ့ထောင်မှပဲ ဒကာသစ်ကိုက်တော့မယ် (မှန်ပါ့)၊ ဘာဖြစ်လို့တုန်းဆိုတော့ သစ္စာဆိုတာ “ဒုက္ခေ ဉာဏံ” ဆိုတာ မလွယ်ဘူး (မှန်ပါ့)၊ ဒုက္ခေ ဒုက္ခသစ္စာ၌၊ ဉာဏံ သိတဲ့ဉာဏ်သည်တဲ့၊ သူတစ်လုံး သိလိုက်ရင်လဲ နိဗ္ဗာန်ရ သွားတာပဲ (မှန်ပါ့ ဘုရား)၊ သူတစ်လုံးသိလိုက်ရင် (နိဗ္ဗာန် ရပါတယ် ဘုရား)။

ဒကာကြွယ်ရေ၊ အခု ဒကာကြွယ် မျက်လုံးမွဲတယ်၊ အားအင် ဗလချည့်နဲ့တယ်ဆိုတာ ဘယ်သူက လုပ်လို့တုန်းလို့မေးလို့ရှိရင် ခန္ဓာက လုပ်လို့ပေါ့ဘုရား (မှန်ပါ့)၊ ဘယ့်နှယ်ဆိုကြမလဲ၊ (ခန္ဓာက လုပ်လို့ပါ ဘုရား)။

ခန္ဓာက လုပ်တယ် ခန္ဓာက၊ ဘယ်ခန္ဓာက လုပ်သတုန်းဆိုတော့ ဒကာ ဒကာမတို့ အာဟာရစားလို့ အာဟာရ ရုပ်ခန္ဓာကလဲ လုပ်လိုက်တာပဲ (မှန်ပါ့)၊ မလုပ်ဘူးလား (လုပ်ပါတယ်)၊ စိတ်ခန္ဓာကလဲ စိတ်က ညစ်လိုက်ပြီဆိုမှဖြင့် တစ်ခါတည်း ရုပ်တွေဟာ အကုန်ထိခိုက်သွားတာပဲ (ထိခိုက်သွားပါတယ် ဘုရား)။

ဒါဖြင့် စိတ်ခန္ဓာကလဲ နှိပ်စက်တာပဲ၊ ရုပ်ခန္ဓာကလဲ (နှိပ်စက်ပါတယ် ဘုရား)၊ ရုပ်ခန္ဓာကလဲ တေဇောက နှိပ်စက်လိုက်တာ ဒကာ ဒကာမတို့ အရင်အပျိုရုပ်တွေ ရှိကြသေးရဲ့လား (မရှိပါ ဘုရား)၊ အင်း ရုပ်ခန္ဓာက နှိပ်စက် လိုက်တယ် (မှန်ပါ့ ဘုရား)။

ဒါက အားမလျှော့ကြနဲ့တဲ့၊ အရုပ်ဆိုးရုံ လုပ်သေးတာ (မှန်ပါ့)၊ အသေသတ်ပြီး သကာလ ခင်ဗျားတို့ကို မြို့ထဲက ထုတ်ပစ်သည့်တိုင်အောင် လုပ်ဦးမယ် (မှန်ပါ့)၊ မလုပ်သေးလား လုပ်မလား (လုပ်ပါ့မယ် ဘုရား)။

နှိပ်စက်တတ်တဲ့အဆိပ်တွေ

ဒါဖြင့် ခင်ဗျားတို့ ခန္ဓာထဲမှာရှိတဲ့ စိတ်ကလဲ ဒကာ ဒကာမတို့ နှိပ်စက်တာပဲ၊ ရုပ်ကကော (နှိပ်စက်ပါတယ် ဘုရား)၊ ဝေဒနာသညာတွေကကော (နှိပ်စက်ပါတယ် ဘုရား)၊ ဪ ခင်ဗျားတို့ ခန္ဓာထဲမှာဖြင့် နှိပ်စက်တတ်တဲ့ အဆိပ်တွေပဲ စုနေတယ် (မှန်ပါ့)။

ဘာတွေများ စုနေသလဲ (နှိပ်စက်တတ်တဲ့အဆိပ်တွေပဲ စုနေပါတယ် ဘုရား)။

ဝေဒနာပေါ်လာရင်လဲ အင်း နှိပ်စက်တတ်တဲ့ အဆိပ်လို့သာ ရှုပေတော့ (မှန်ပါ့)၊ သညာကလေး ပေါ်လာ ရင်ကော (နှိပ်စက်တတ်တဲ့ အဆိပ်တွေပါ ဘုရား)၊ စိတ်ကလေးပေါ်လာရင် (နှိပ်စက်တတ်တဲ့ အဆိပ်တွေပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီကဲ့သို့ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာဖြင့် ဘာမှ မရှိဘူး၊ မြွေပွေး တစ်ကောင်လုံး အဆိပ်ချည်းလို့ ခင်ဗျားတို့ပြောသလို့ပေါ့ဗျာ (မှန်ပါ့)။

မြွေပွေးတစ်ကောင်လုံး ဘယ်လို ပြောကြမတုံး (အဆိပ်ချည်းပါ ဘုရား)၊ ခန္ဓာကိုယ်တစ်ခုလုံးမှာလဲ (အဆိပ်ချည်း ပါ ဘုရား)။

အဆိပ်တွေရှိပြီး သကာလ နေတော့ ဒကာ ဒကာမတို့ ဟိုနေရာက အောင့်လာတယ်ဆိုတာ အဆိပ်တက်တာ (မှန်ပါ့)၊ ဒီနေရာ ပေါ်လာတယ်ဆိုတာကော (အဆိပ်တက်တာပါ ဘုရား)၊ သူများထည့်တဲ့ အဆိပ်လား၊ ခန္ဓာထဲက ပေါ်လာတဲ့ အဆိပ်လား (ခန္ဓာထဲကပေါ်လာတဲ့ အဆိပ်ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဒီခန္ဓာကြီးဟာ နှိပ်စက်တတ်တဲ့ ခန္ဓာ၊ (မှန်ပါ့)၊ ဘယ်လိုဆိုကြမယ် (နှိပ်စက်တတ်တဲ့ ခန္ဓာကြီးပါ ဘုရား)။

ဒါဖြင့် ဒီနေ့တရား ဂရုစိုက်ရလိမ့်မယ် (မှန်ပါ့)၊ ဒီသစ္စာ တစ်လုံးပေါက်လို့ ဆရာဘုန်းကြီးပြောတဲ့အတိုင်း ဉာဏ်ထဲမှာ ရောက်မယ်ဆိုလို့ရှိရင်လဲ ရှုလိုက်တဲ့အခါ ဒီအတိုင်း နှိပ်စက်တတ်တာတွေ မြင်လာပြီဆိုလို့ ရှိရင် “ဖျတ်” ဆိုချုပ်ပြီး နိရောဓပေါ်လာတာပဲ (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါ ရှုနည်းကို သင်နေတယ်

ကိုင်း ဒါဖြင့် ဒါ ရှုနည်းကို သင်နေတယ်ဆိုတာ မှတ်ရမယ် (မှန်ပါ့ ဘုရား)၊ ဝေဒနာပေါ်လာလဲ အဆိပ်သင့်တာပဲ (မှန်ပါ့)၊ စိတ်ကလေးတွေပေါ်လာလဲ (အဆိပ်သင့်တာပါ)၊ ရုပ်ကလေးတွေ ပေါ်လာလဲ (အဆိပ်သင့်တာပါ ဘုရား)။

အဆိပ်သင့်တာပဲ ဒီရုပ်က တစ်ခါတည်း ဒကာ ဒကာမတို့ ဖောက်ပြန် ပျက်စီးပစ်လိုက်ပြန်ပြီ (မှန်ပါ့)၊ ဝေဒနာတွေကလဲ ကိန်းရာ ပုဂ္ဂိုလ်ကို နှိပ်စက်လိုက်ပြီဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

သညာကကော (သညာကလဲ နှိပ်စက်ပါတယ် ဘုရား)၊ သညာကလဲ ငါ့ဖြင့်ကွာ ဟိုနားမှာ ကိုယ့်သမီးကလေး မှတ်လို့ ဖိုခနဲ ဖြစ်သွားတယ်ဆိုတာ သညာက နှိပ်စက်တာ (မှန်ပါ့)။

ဟိုနားမှာ ကလေးကလေးတစ်ယောက် လဲနေတယ်၊ ကိုယ့်သမီး ကလေးနဲ့တူတော့ သညာက အမှတ်မှား လိုက်တော့ အမေမိဘမှာ တစ်ခါတည်း ဖိုခနဲ ဟိုက်ခနဲ မလာဘူးလား (လာပါတယ် ဘုရား)၊ ဒါ ဘယ်သုက နှိပ်စက်လိုက်တာလဲ (သညာက နှိပ်စက်ပါတယ် ဘုရား)။

စိတ်ကလဲတဲ့၊ နှိပ်စက်လိုက်တာ ဒကာ ဒကာမတို့၊ ကြည့်ပါလား၊ သတင်းစာတွေ ဘာတွေထဲပါတယ်၊ ရေထဲခုန်ချ ပြုကြ သေကြနဲ့ ဘယ်သူ နှိပ်စက်တာတုံး (စိတ်က နှိပ်စက်တာပါ)၊ စိတ်က ခန္ဓာကို သတ်ပစ်လိုက်တယ်(မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဆိပ် ဘယ်နှစ်မျိုးရှိပါလိမ့်

ဒါဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ အဆိပ် ဘယ်နှစ်မျိုးရှိပါလိမ့် (ငါးမျိုးပါ ဘုရား)၊ သဘောပါကြပလား (ပါ ပါပြီ ဘုရား)။

ဒကာကြွယ် အဆိပ်ဘယ်နှစ်မျိုးရှိသတုန်း (ငါးမျိုးပါ)၊ အဲဒါကို ခန္ဓာငါးပါးလို့ ခေါ်နေတယ် (မှန်ပါ့)။

ဒါဖြင့် ဒီအဆိပ်တွေသည်ကားလို့ဆိုရင်ြ့ဖင့် ဒကာ ဒကာမတို့ သူ့ကို ခင်တဲ့ပုဂ္ဂိုလ်ကို နှိပ်စက်သလား မခင်တဲ့ပုဂ္ဂိုလ်ကို နှိပ်စက်သလား (ခင်တဲ့ပုဂ္ဂိုလ်ကို နှိပ်စက်ပါတယ် ဘုရား)။

ဪ ဒါဖြင့် ခင်ဗျားတို့က သူ့ကိုလဲ ဆုတောင်းယူသေးတယ်၊ သူကလဲ နှိပ်စက်သေးတယ်ဆိုတော့ ဒီဘ၉မှာ ခင်ဗျားတို့ အသိဉာဏ် ကလေးရှိလာတော့ သူ့ကိုဖြင့် အကြီးဆုံး ရန်သူရယ်လို့ ၁ နံပါတ် မှတ်တမ်းမှာဝင်ဖို့ တယ်ကောင်းတယ် (မှန်ပါ့)၊ ဒကာကြွယ် မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

ဒကာ ဒကာမတွေ ဒီဥစ္စာကို အင်မတန် အရေးကြီးတဲ့ တရားလို့ မှတ်ရမယ် (မှန်လှပါ ဘုရား)၊ ဘုရားသည် ဒီခန္ဓာကြီး ဒီအတိုင်းမြင်တာနဲ့ ဒီခန္ဓာချုပ်ပြီး နိဗ္ဗာန်ပေါ်လာတာပဲ (မှန်ပါ့)၊ ဒီအတိုင်းမြင်လို့နော် (မှန်ပါ့)။

နှိပ်စက်တတ်တဲ့ သဘောတွေ မြင်တာနဲ့ပဲ လိုချင်တဲ တဏှာချုပ်တယ် (ချုပ်ပါတယ် ဘုရား)၊ လိုချင်တဲ့တဏှာလဲ ချုပ်ပါရော နိဗ္ဗာန်ကြီးက ပေါ်လာတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အခုတော့ ခင်ဗျားတို့ နိဗ္ဗာန်မပေါ်သေးတာ ခန္ဓာအပေါ်မှာ ခင်တွယ်တဲ့ တဏှာမချုပ်သေးလို့ (မချုပ်ပါ ဘုရား)။

တဏှာမချုပ်သေးလို့

ဘယ်လို မှတ်ကြမလဲ (ခန္ဓာအပေါ်မှာ ခင်တွယ်တဲ့တဏှာ မချုပ်သေးလို့ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဪ နိဗ္ဗာန်များဟာ ဘုန်းကြီးကလဲ အနီးကလေးလို့ ဟောတယ်၊ ကိုယ်ရှုနေတော့လဲ ဖြုန်းခနဲမပေါ်တာ ဘာကြောင့်များပါလိမ့် မတုံးဆိုလို့ရှိရင်ဖြင့် ဘာမှ သက်သေထူမနေနဲ့၊ မိမိမိုက်ပြစ်ပဲ (မှန်ပါ့)၊ ခန္ဓာခင်တဲ့တဏှာ မချုပ်သေးလို့ မပေါ်တာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန်မပေါ်လာတာသည် (ခန္ဓာခင်တဲ့တဏှာ မချုပ်သေးလို့ပါ ဘုရား)။

ခန္ဓာခင်တဲ့တဏှာလဲ ချုပ်ပါရော ဦးမာဒင်ရေ နိဗ္ဗာန်သည်ကားဆိုလို့ ရှိရင်ဖြင့် ခန္ဓာပျောက်ပြီး နိဗ္ဗာန် ရောက်တာပဲ (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ ဟောတဲ့ပုဂ္ဂိုလ်၏အပြစ်လား၊ ရှုတဲ့ ပုဂ္ဂိုလ်၏ ညံ့ဖျင်းမှုလား (ရှုတဲ့ပုဂ္ဂိုလ်၏ ညံ့ဖျင်းမှုပါ ဘုရား) သိကြပြီ (သိကြပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်မမြင်သေး၊ ဖြစ်ပျက်တွေ ရှုလျက် ပွားလျက်နဲ့ နိဗ္ဗာန်ကြီး မပေါ်လာတဲ့ အရေးဟာဖြင့် ဒကာ ဒကာမတို့ ကိုယ့်တဏှာ အမျှင်မပြတ်သေးလို့ပဲ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ဆိုကြမလဲ (ကိုယ့်တဏှာ အမျှင်မပြတ်သေးလို့ပါ ဘုရား)။

ပါရမီက ညံ့လို့လား

အဲဒီတော့ ဒါကို မသိတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဒကာကြွယ်ရေ အပြစ်က တစ်မျိုးလွှဲထင်တတ်တယ် (မှန်ပါ့)၊ ပါရမီက ညံ့လို့လား ကိုယ်ကဖျင်းလို့လား၊ အန္တရာယ်တွေက များလွန်းလို့လားတဲ့ (မှန်ပါ့)

ဘာမှမဟုတ်ဘူး၊ ကိုယ့်ခန္ဓာခင်တဲ့တဏှာ မချုပ်သေးလို့မပေါ်လာတာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

နိဗ္ဗာန်မပေါ်လာတဲ့သတ္တိဖြင့် ရှင်းလောက်ပါပြီ (ရှင်းပါပြီ)၊ ဒကာကြွယ် နိဗ္ဗာန် ဘယ့်နှယ်ကြောင့် မပေါ်တာတုန်း (ကိုယ့်ခန္ဓာခင်တဲ့ တဏှာ မချုပ်သေးလို့ပါ ဘုရား)။

ဒါဖြင့် ဘုရားဟောထားတာ ဘယ်လွဲမတုန်းဗျ၊ “တဏှာနိရောဓော နိဗ္ဗာနံ” ကိုးဗျ၊ ကိုယ့်ခန္ဓာခင်တဲ့ တဏှာလဲ ချုပ်ရော နိဗ္ဗာန်ပေါ်လာတာပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် တပည့်တော်တို့ဖြင့်ဘုရား၊ ဘယ့်နှယ်များနေတယ် မပြောတတ်ပါဘူးလို့ နောက်ဒီအသုံးအနှုန်းတော့ မလာနဲ့ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ဖြစ်နေသလဲ မပြောတတ်ပါဘူး၊ ကြိုးလဲ ကြိုးစားသားဘုရား၊ ခန္ဓာချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကြီးပေါ်ကို မပေါ်လာသေးဘူးတဲ့ ဒကာကြွယ် တစ်ချို့ညည်းလေ့ရှိတယ် (မှန်ပါ့)၊ မရှိဘူးလား (ရှိပါတယ် ဘုရား)။

ဒါ သူညည်းတာသည် ကားလို့ဆိုလို့ရှိရင် မှန်ပါရဲ့လားလို့မေးတော့ ပါရမီတွေ ရောဂါ ဥပါဒ်အန္တာရာယ် ဟုတ်လား ဘာမှမဆိုင်ဘူး၊ ဒီခန္ဓာ ခင်တဲ့ တဏှာက (မချုပ်သေးလို့ပါ)၊ မချုပ်သေးလို့ဆိုတော့ သူများ အပြစ်လား ကိုယ့်အပြစ်လား (ကိုယ့်အပြစ်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

သူ့ခန္ဓာ ခင်တဲ့တဏှာလဲချုပ်ပါရော

နိဗ္ဗာန်မြင်တဲ့ ပုဂ္ဂိုလ်များ ကျတော့လဲ ဒကာ ဒကာမတို့ သူ့ခန္ဓာ ခင်တဲ့တဏှာလဲချုပ်ပါရော ဒကာကြွယ်ရေ နိဗ္ဗာန်သည် ဘွားခနဲ ပေါ်လာတာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာ၏ နှိပ်စက်မှုကို ကြပ်ကြပ်ကြည့်ပေး (မှန်ပါ့)၊ ခန္ဓာ၏ နှိပ်စက်မှုကို ကြပ်ကြပ်ကြည့်ပေးတော့ ရွေ့ရပြန်ပြီ ဆိုလို့ရှိရင်လဲ နှိပ်စက်လို့ ရွှေ့ရပြန်ပြီ (မှန်ပါ့)၊ ထရပြန်ရင်ကော (နှိပ်စက်လို့ ထရပြန်ပြီ)၊ ကုဋီသွားရပြန်ရင်ကော (နှိပ်စက်လို့သွားရပါတယ်)၊ ဆေးကလေးတစ်လုံး မျိုလိုက်ရပြန်ပြီ (နှိပ်စက်လို့ မျိုရပါတယ် ဘုရား)။

အဲဒါ ဘာတွေ့တွေ့ ဘာကိစ္စနဲ့တွေ့ရင် နှိပ်စက်ပြန်ပြီ၊ နှိပ်စက်ပြန်ပြီ နှိပ်စက်ပြန်ပြီ၊ ဒီခန္ဓာကြီးဟာ နှိပ်စက်နေတယ်၊ ဒီခန္ဓာကြီးဟာ နှိပ်စက်နေတယ်ဆိုတာကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေက အမြဲတမ်း သူ့ကို ရှုပြီး သကာလ နေလို့ရှိရင်လဲတဲ့ ဒီခန္ဓာကြီးဟာ နှိပ်စက်ပါများတော့ ကျုပ်တို့ခင်မှုဟာ လျော့သွားတယ် (လျော့သွားတယ်)၊ မလျော့ပါနဲ့ဆိုလို့ (မရပါ ဘုရား)။

အဲဒါကြောင့် ဒုက္ခသစ္စာတစ်လုံးကို ပိုင်ပိုင်နိုင်နိုင်ရှုလိုက်၊ ဝေဒနာကလေး ပေါ်လာလဲ နှိပ်စက်ပြန်ပြီ၊ သညာကလေးပေါ်လာလဲ (နှိပ်စက်ပြန်ပြီ)၊ ရောဂါကလေးပေါ်လာလဲ (နှိပ်စက်ပြန်ပြီ)၊ ရောဂါပေါ်တာ မဟုတ်ဘူး၊ ဝေဒနာပေါ်တာပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

စိတ်ပေါ်လာတာဟာ နှိပ်စက်မလို့လာတာ (မှန်ပါ့)၊ သညာ ပေါ်လာတာကော ဘာလုပ်မလို့ လာတာတုံး (နှိပ်စက်မလို့ပါ)၊ နှိပ်စက်တာပေါ့ဗျ၊ အင်း သုံးနှစ်သုံးမိုးတွဲနေတဲ့ သညာကလေးက အမှတ်ရလိုက်တယ်ဆို ချက်ချင်း မျက်ရည်ထွက်လာတယ် (မှန်ပါ့)၊ နှိပ်စက် မနှိပ်စက် (နှိပ်စက်ပါတယ် ဘုရား)။

နှိပ်စက်နေတာချည်းပဲ၊ ခင်ဗျားတို့ သန္တာန်ပေါ်လာတဲ့ ဓမ္မဟူသရွေ့ မဂ်ဓမ္မမှတစ်ပါး ကျန်တဲ့တွေးလုံး၊ ဆလုံးတွေ ဟူသရွေ့ဖြင့် ဒကာကြွယ် ဘာလုပ်မလို့ပေါ်လာတာတုံး (နှိပ်စက်မလို့ပါ ဘုရား)။

ဟိုရွှေ့ရတာလဲ ဘာဖြစ်လို့ရွှေ့ရတာလဲ (နှိပ်စက်လို့ပါ)၊ ရွှေ့တဲ့ နေရာပြန်တည့်တာလဲ (နှိပ်စက်လို့ပါ ဘုရား)။

ရော ခင်ဗျားတို့ဥစ္စာက ရွှေ့လဲရွှေ့တယ်၊ ရွှေ့ပြီး ဘာလုပ်ပြန်တုန်း (ပြန်တည့်ပါတယ်)၊ ဒီနေရာကို ပြန်တည့်တယ် (မှန်ပါ့)၊ ဟာ ရွှေ့လိုရှိရင်လဲ လုံးလုံးရွှေ့သွား၊ ဘယ့်နှယ်ကြောင့် ဒီနေရာ ပြန်တည့်ရပြန်သတုန်း (နှိပ်စက်လို့ပါ ဘုရား)။

နှိပ်စက်နေတာမှ တစ်ပါး

ဒါဖြင့် ခင်ဗျားတို့ခန္ဓာကိုယ်ကြီးဟာ အချိုချက်မရ အချဉ်ချက်မရ၊ နှိပ်စက်နေတာမှ တစ်ပါး ဘာမှမရှိဘူး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အခုတော့ အရွှေ့အပြောင်း ခိုင်းရုံပဲရှိသေးတယ်၊ နောက်ဆုံးပိတ် ခေါင်းထဲထည့်ပေးဦးမယ်ဆိုတဲ့ နှိပ်စက်လုံး ကော ရှိမရှိ (ရှိပါတယ် ဘုရား)။

ဒါဖြင့် ဒီခန္ဓာကြီးထဲမှာ ဘာတရားတွေ စုနေသတုန်း (နှိပ်စက်တတ်တဲ့ တရားတွေ စုနေပါတယ် ဘုရား)။

နှိပ်စက်တတ်တဲ့တရားတွေစုနေတယ် ဒကာကြွယ်ရေ (မှန်ပါ့)၊ ဦးမာဒင် ဘာတွေစုနေပါလိမ့် (နှိပ်စက်တတ်တဲ့ တရားတွေ စုနေပါတယ် ဘုရား)။

အဲဒါ ရေကလေးသောက်ပြန်ရင် နှိပ်စက်ပြန်ပြီ (မှန်ပါ့)၊ ဆေးကလေးသောက်ပြန်ရင် (နှိပ်စက်ပါတယ်)၊ ဒီနေရာက ဟိုနေရာ စောင်းပြန်ပြီ (နှိပ်စက်ပါတယ်)၊ စောင်းတဲ့နေရာမှာ တစ်ခါ မနေနိုင်လို့ တည့်ရပြန်ပြီ (နှိပ်စက် ပါတယ်)၊ တည့်တဲ့နေရာမှာလဲ စောင်းရပြန်ပြီ (နှိပ်စက်ပါတယ် ဘုရား)။

အဲဒါ နှိပ်စက်တတ်တဲ့ တရားကလေးတွေကို တစ်ခါတည်း ဝေဒနာက နှိပ်စက်ရင် ဝေဒနာဟာ နှိပ်စက်တတ် တဲ့တရား (မှန်ပ့ါ)၊ သညာက နှိပ်စက်ရင်လဲ (နှိပ်စက်တတ်တဲ့ တရားပါ)၊ စိတ်က နှိပ်စက်ရင်လဲ (နှိပ်စက်တတ်တဲ့ တရားပါ)၊ ရုပ်က ပူလာပြန်လို့ နှိပ်စက်တယ်ဆိုလို့ရှိရင်ကော (နှိပ်စက်ပါတယ်)၊ အေးပြန်လို့ မနေနိုင်ဘူး၊ စောင်ခြုံပေး ပါဦးဆိုပြန်ရင်ကော (နှိပ်စက်ပါတယ် ဘုရား)။

အဲဒါ နေရာတိုင်းမှာ ခင်ဗျားတို့ မျက်ခြည်မပြတ်အောင် နှိပ်စက်တာ ချည်းကြည့်နေ (မှန်ပါ့)၊ နှိပ်စက်တာချည်း ကြည့်ပြီဆိုမှဖြင့် ဪ ဘုရားဟော ဒုက္ခသစ္စာဟာ ဉာဏ်အမြင်မှာလဲ ဒုက္ခသစ္စာဖြစ်ပြီ (မှန်ပါ့)၊ ဘုရားဟောဟာ ဘာတဲ့ (ဒုက္ခသစ္စာပါ)၊ ကိုယ့်ဉာဏ်နဲ့အမြင်ကကော (ဒုက္ခသစ္စာပါ ဘုရား)။

ဒီလိုဒုက္ခသစ္စာ မြင်တိုင်း

အဲဒီဒုက္ခသစ္စာကို ဒီလိုဒုက္ခသစ္စာ မြင်တိုင်းမြင်တိုင်း သမုဒယချုပ်ချုပ် သွားတယ် (မှန်ပါ့ ဘုရား)၊ သုမဒယ မချုပ်ရင်တောင် ပါးရမယ် (မှန်ပါ့)၊ ပါးပါများရင် ပျောက်ရမယ် (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဝါသိဇဋသုတ်ဆိုပြီး သကာလ ခန္ဓဝဂ္ဂသံယုတ်မှာကွာတဲ့၊ ဒီလိုတွေးနေတဲ့ သူတို့နှိပ်စက်တိုင်း နှိပ်စက်တိုင်း နှိပ်စက်ပြန်ပြီလို့ လိုက်နေတဲ့ ပုဂ္ဂိုလ်များမှာ ငါဘုရားသခင် ကိုယ်တော်မြတ်ကြီး ဥပမာ ပေးပါမယ်တဲ့ ဆိုပြီး သကာလ ဥပမာကလေးပေးပုံလဲ ဒကာသစ် သိပ်ကောင်းတယ် (မှန်ပါ့ ဘုရား)။

ဥပမာပေးပုံ ဘယ်လို ပေးလိုက်သတုံးဆိုလို့ရှိရင် ဒီ နှိပ်စက်ပြန်ပြီလို့ သိတိုင်း သိတိုင်းဟာ ဒကာ ဒကာမတို့ ဒုက္ခသစ္စာသိတာ (မှန်ပါ့ ဘုရား)။

အဲဒီလို ဒုက္ခသိတော့ သမုဒယ ပါးပါးမသွားဘူးလား (ပါးပါး သွားပါတယ် ဘုရား)။

အဲဒီတော့ လက်သမားကိုင်တဲ့ လက်ရိုက်ကို ဒကာကြီး ဦးမာဒင်တို့ မြင်ဖူးမှာပေါ့၊ (မြင်ဖူးပါတယ်)၊ ပထမလက်ရိုက်ကို ရွေဘော်ကလေး ဘာကလေးထိုး၊ အဖျားကလေး ဘာကလေးရှူး ဟုတ်လား အဖျားမှာ ဘုကလေး ဘာကလေးထည့်၊ တော်တော်ကြာ လက်ကလေးနဲ့ကိုင်ပြီး ဆောက်နဲ့ထွင်းကြပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ကျည်းခွေတွေ ဘာတွေ ထွင်းတဲ့အခါကျတော့ သူနဲ့ရိုက်ရတယ်၊ ရှေးက ရှေးက(မှန်ပါ့)၊ ကြာတော့ လက်ချောင်းရာ လက်မရာကလေး ဒကာသစ် ထင် မထင် (ထင်ပါတယ် ဘုရား)။

လက်က လက်ရိုက်ကိုစားတာ

တစ်နေ့ထက်တစ်နေ့ တူရဲ့လား (မတူပါ)၊ နက်ဖြန်ကျရင် နည်းနည်းကလေး နက်ယောင်ကလေး လာတယ် (မှန်ပါ့)၊ သဘက်ကျရင် ပိုသွားပြီ (ပိုသွားပါပြီ)၊ ဒီ့ထက်လက်ချောင်းရာ လက်မရာတွေ နက်နက် မသွားဘူးလား (သွားပါတယ် ဘုရား)။

ကြာတော့ ဒီလက်ရိုက်ဟာ သုံးလို့ဖြစ်ပါသေးရဲ့လား (မဖြစ်ပါ)၊ ဘာဖြစ်လို့တုန်း လက်က စားစား စားစားသွားလို့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ်သူက စားသွားသတုံး (လက်က စားစားသွားပါတယ်)၊ လက်က လက်ရိုက်ကိုစားတာ (မှန်ပါ့ ဘုရား)။

ဒီမှာလဲတဲ့ နှိပ်စက်ပြန်ပြီ၊ နှိပ်စက်ပြန်ပြီလို့ ဝေဒနာကလေးပေါ်လဲ နှိပ်စက်ပြန်ပြီ၊ သညာပေါ်လဲ နှိပ်စက်ပြန်ပြီ၊ ရုပ်ကလေးပူတာ၊ အေးတာ လာပြန်ရင်ကော (နှိပ်စက်ပြန်ပြီ ဘုရား)။

အဲဒီလိုတွေးတော့ ကိလေသာတည်းဟူသောတရားက ဒကာ ဒကာမတွေ လက်သမားကိုင်တဲ့ လက်ရိုက်လိုပဲ နည်းနည်းပါး နည်းနည်း နည်းနည်းပါးပြီး ကြာတော့ လုံးဝပြုတ်တာပဲ (မှန်ပါ့)၊ အဲဒီ လုံးဝ ပြုတ်ထွက်သွားတဲ့အခါ ကျတော့လဲ နိဗ္ဗာန်ပေါ်တယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် နှိပ်စက်ပြန်ပြီ၊ နှိပ်စက်ပြန်ပြီဆိုတဲ့ဥစ္စာ ဒကာကြွယ် ဒါ အလုပ်တရားလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ ဝေဒနာပေါ်ရင်လဲ (နှိပ်စက်ပြန်ပြီ)၊ သညာပေါ်ရင်လဲ (နှိပ်စက်ပါတယ်)၊ သင်္ခါရပေါ်ရင်လဲ (နှိပ်စက်ပါတယ် ဘုရား)၊ စိတ်ပေါ်လာရင် (နှိပ်စက်ပါတယ်)၊ ရုပ်ပေါ်လာရင်ကော (နှိပ်စက်ပါတယ် ဘုရား)။

နှိပ်စက်လို့ပေါ်တာနော်

အဲဒါ သေသေချာချာ ခင်ဗျားတို့ သန္တာန်ပေါ်တိုင်းပေါ်တိုင်း နှိပ်စက်လို့ပေါ်တာနော် (မှန်ပါ့)၊ ရေသောက်ချင် တာကော (နှိပ်စက်တာပါ ဘုရား)။

ဆာလောင်မွတ်သိပ်မှုတဏှာက နှိပ်စက်တယ် (မှန်ပါ့)၊ ကျင်ကြီး သွားချင်ပြန်တယ်ဆို ဒုက္ခဝေဒနာက နှိပ်စက်တယ် (မှန်လှပါ ဘုရား)။

ကျင်ငယ်စွန့်ချင်ပြန်တယ်ဆိုတာ (ဒုက္ခဝေဒနာက နှိပ်စက်ပါတယ်)၊ ဆေးကလေးတိုက်ပေးပါဦးဆိုတာ (ဒုက္ခဝေဒနာက နှိပ်စက်ပါတယ် ဘုရား)။

ဟိုနား ဒီနား ရွှေ့ပေးပါဦးဆိုကတော့ဖြင့် ရုပ်က (နှိပ်စက်တယ်)၊ အေးလွန်းလို့ ဟိုဘက် လုံရာရွှေ့ပေးပါဦး ဆိုတော့လဲ အေးရုပ်က နှိပ်စက်တယ် (မှန်ပါ့)။

ဒါဖြင့် ရွှေ့ရတာလဲ နှိပ်စက်ခံရတာပဲ (မှန်ပါ့)၊ တည့်ပေးရတာလဲ (နှိပ်စက်ခံရတာပါ)၊ စောင်းရတာကော (နှိပ်စက်ခံရတာပါ ဘုရား)၊ ပက်လက်ကနေပြီး ကုလားထိုင်ပေါ်ရွှေ့ရတာကော (နှိပ်စက်ခံရတာပါ)။

ကုလားထိုင်ပေါ် မနေနိုင်ဘူး၊ ကျောပူတယ်ဆိုပြီး ရှင်းရာ လင်းရာ အေးရာ သွားရဦးမယ်ဆိုတာကော (နှိပ်စက်တာပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ်ကြီး ဘာလုပ်လုပ် ဘယ်နေရာပြောင်းလို့ ဘယ်နေရာ ရွှေ့ရွှေ့ ဘာကျွေးကျွေး ဘာလုပ်တာတုံး (နှိပ်စက်တာပါ ဘုရား)။

အဲဒါ နေရာတိုင်းမှာ နှိပ်စက်ပြန်ပြီ၊ နှိပ်စက်ပြန်ပြီ၊ နှိပ်စက်ပြန်ပြီလို့သာ ဒကာကြွယ် မြင်အောင်ကြည့်နေ (မှန်ပါ့)၊ နှိပ်စက်တဲ့ လက်သည်တွေ တွေ့အောင်ရှာ(မှန်ပါ့)။

ဒုက္ခဝေဒနာက နှိပ်စက်ပြန်ပြီ၊ ပထဝီဓာတ်က နှိပ်စက်ပြန်ပြီ၊ သညာက နှိပ်စက်ပြန်ပြီ (မှန်ပါ့)၊ ဒီလိုသိလိုက်တဲ့ အခါကျလို့ရှိရင် ခန္ဓာငါးပါးနှိပ်စက်တတ်တဲ့တရား (မှန်ပါ့)။

ခန္ဓာငါးပါးနှိပ်စက်တတ်တဲ့တရား

ဘယ်လိုမှတ်ကြမယ် (ခန္ဓာငါးပါးနှိပ်စက်တတ်တဲ့တရားပါ ဘုရား)၊ နှိပ်စက်တဲ့ တရားကို ဉာဏ်ကလေးက သိပေး၊ နှိပ်စက်တာက ဒုက္ခသစ္စာ၊ နှိပ်စက်မှန်းသိတာက မဂ္ဂသစ္စာ (မှန်ပါ့ ဘုရား)။

ဟိုမှာ လက်ရိုက်လို့ ဉာဏ်ကနေပြီး ကိလေသာပါးအောင်လုပ်တော့ ပါးပါး ပါးပါးသွားတော့ ခန္ဓာခင်တဲ့ တဏှာက ပါးပါးသွားတယ် (မှန်ပါ့)။

လက်ရိုက်ရိုးကို လက်က စားသလို ပါးပါးသွားတယ် (မှန်ပါ့)၊ မပါးဘူးလား (ပါးပါတယ်)၊ အဲဒီပါးတာဟာ သမုဒယ သေတာပဲ (မှန်ပါ့)၊ မသေရင် ခေါင်းပါးတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲ ပါးလို့ သူပါတစ်ခါတည်း ချုပ်သွားတဲ့အခါကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ပေါ်လာမယ် (မှန်ပါ့)၊ သူမချုပ်သေးရင် (နိဗ္ဗာန် မပေါ်ပါ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်သည် ဒကာ ဒကာမတို့ ဘယ်သူက ဖုံးဖိနေတယ်ဆိုတာ ယနေ့တရားမှာ (ပေါ်ပါတယ်)၊ ဘယ်သူက ဖုံးဖိနေသလဲ (တဏှာက ဖုံးဖိနေပါတယ်)၊ အဝိဇ္ဇာနဲ့ တဏှာက ဖုံးဖိနေတယ်၊ (မှန်ပါ့ ဘုရား)၊ ဪ သူကွယ်ထားတာကပဲ (မှန်ပါ့ ဘုရား)။

နှိပ်စက်တာချည်းကြည့်

ကိုင်း မင်းကွယ်ထားတာကို တို့က ဖွင့်ကြည့်မယ်ဆိုပြီး သကာလ နိဗ္ဗာန်မကြည့်နဲ့ နိဗ္ဗာန်ကို ဘယ်တော့မှ မကြည့်နဲ့ (မှန်ပါ့)၊ နှိပ်စက်တာချည်းကြည့် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

နှိပ်စက်တာချည်း ကြည့်နေလိုက်တော့ စောင်းလဲ နှိပ်စက်ပြန်ပြီ၊ တည့်လဲ နှိပ်စက်ပြန်ပြီ၊ ရေတိုက်ရလဲ နှိပ်စက်ပြန်ပြီ ဟုတ်လား (မှန်ပါ့)။

ဆေးကလေး ကျွေးရပြန်ရင်လဲ (နှိပ်စက်ပြန်ပါပြီ ဘုရား)၊ အင်္ကျီကလေးလဲရင်ကော (နှိပ်စက်ပြန်ပါပြီ)၊ ရေကလေးချိုးပြန်ရင်လဲ (နှိပ်စက်ပြန်ပါပြီ)၊ ဒါဖြင့် မနှိပ်စက်ဘဲနဲ့ လုပ်ရတဲ့ အလုပ်ပါကြရဲ့လား (မပါပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မနှိပ်စက်ဘဲနဲ့ လုပ်ရတဲ့အလုပ်ဟူသရွေ့ဖြင့် မရှိပါဘူး၊ မရှိပါ ဘုရား)၊ ဒကာ ဒကာမတို့ ဘယ်သူက နှိပ်စက်တာတုံး (ခန္ဓာက နှိပ်စက်တာပါ) ခန္ဓာက နှိပ်စက်တယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ကိစ္စဉာဏ်နဲ့ ကြည့်လိုက်တယ်

ဒါဖြင့် ဒါဟာ ဒုက္ခသစ္စာကို ပီဠနဋ္ဌသဘောနဲ့ ကိစ္စဉာဏ်နဲ့ ကြည့်လိုက်တယ် (မှန်ပါ့ ဘုရား)။

ဘာဉာဏ်နဲ့ကြည့်လိုက်တုန်း (ကိစ္စဉာဏ်နဲ့ကြည့်လိုက်ပါတယ် ဘုရား)။

ကိစ္စဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ တစ်ကိုယ်လုံးမှာ ကိုယ့်ကိစ္စမရှိဘူး၊ သူနှိပ်စက်လို့ ပြုပြင်နေရတဲ့ကိစ္စနဲ့ အချိန်ကုန်နေတာပဲ (မှန်ပါ့)။

သူ နှိပ်စက်တာနဲ့ပဲ (ပြုပြင်နေရလို့ အချိန်ကုန်ပါတယ်)၊ ဒီနေရာ မထိုင်နိုင်ဘူး၊ ရွှေ့ရပြန်တာလဲ ဘာဖြစ်လို့တုံး (သူနှိပ်စက်လို့ပါ ဘုရား)၊ ဟိုနေရာမှာ နေလို့ ဟိုနေရာမှာ လက်အမြဲထားလို့ မရတာလဲ ဘာဖြစ်လို့ပါလိမ့် (နှိပ်စက်လို့ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဟိုလက်ဖက်ရည်အိုးနား ကပ်ရတာလဲ ဘာဖြစ်လို့တုံး (နှိပ်စက်လို့ပါ)၊ ရေနွေးလေးရှာရတာလဲ ဘာလုပ်တာတုံး (နှိပ်စက်တာပါ ဘုရား)။

ဆေးတွေဘာတွေ ခဏခဏဆောင်ထားရတာကော (နှိပ်စက်လို့ပါ ဘုရား)၊ ခန္ဓာက နှိပ်စက်တာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် လုပ်တိုင်း ကိုင်တိုင်း နှိပ်စက်လို့သာလျှင် ပြုပြင်မှုတွေ လုပ်နေရတယ်လို့ သိလာလို့ရှိရင် ခန္ဓာကို နှိပ်စက်တတ်တဲ့တရားလို့သိ (မှန်ပါ့)။

ဘယ်လိုသိပါလိမ့် (ခန္ဓာကို နှိပ်စက်တတ်တဲ့တရားလို့ သိပါတယ် ဘုရား)။

ပါးတာက ကိလေသာ

ခန္ဓာကို နှိပ်စက်တတ်တဲ့ တရားဆိုတာ ဒီခန္ဓာကိုယ်ကြီးကို ခန္ဓာက နှိပ်စက်တတ်တဲ့တရားလို့ သိလာတဲ့အခါ ကျတော့ ပါးတာက ကိလေသာတရား (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

နှိပ်စက်ပြန်ပြီလို့ သိလိုက်ရင် ဟိုက ကိလေသာပါးတယ် (မှန်ပါ့ ဘုရား)၊ နှိပ်စက်လိုက်ပြန်ပြီလို့ တစ်ချက်မြင် လိုက်ရင် (ကိလေသားပါးပါတယ် ဘုရား)။

ဒါဖြင့် နှိပ်စက်တိုင်း ဒကာ ဒကာမတွေက ကျွေးရပြန်လဲ နှိပ်စက်လို့ ကျွေးရ၊ ထုတ်ရပြန်ကော (နှိပ်စက်လို့ ထုတ်ရပါတယ် ဘုရား)၊ ကျွေးရပြန်ရင်ကော (နှိပ်စက်လို့ ကျွေးရပါတယ် ဘုရား)၊ အဝတ်ကလေးတစ်ခု လဲလိုက်ရ ပြန်ရင်ကော (နှိပ်စက်လို့လဲရပါတယ် ဘုရား)၊ လဲတဲ့အဝတ် ပြန်ချွတ်ရပြန်တာကော (နှိပ်စက်လို့ပါ ဘုရား)၊ ရိပ်မိကြပြီ (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာကြွယ် ဘာအလုပ် လုပ်လုပ် ကျုပ်တို့မှာဖြင့် နှိပ်စက် ပြန်ပြီ၊ နှိပ်စက်လို့လုပ်ရတယ်၊ နှိပ်စက်လို့ လုပ်ရတယ်ဆိုတော့ လက်သည်ရှာ ဘာတွေ့သတုန်း (ခန္ဓာတွေ့ပါတယ်)၊ ဪ လက်သည်ရှာတော့ ခန္ဓာတွေ့တယ် (မှန်ပါ့)။

ဒီရှုနည်းကို ခင်ဗျားတို့မရှုလို့

ကြည့်စမ်း ဒကာ ဒကာမတို့၊ ဒီရှုနည်းကို ခင်ဗျားတို့မရှုလို့ (မှန်ပါ့)၊ ဒီရှုနည်းသာ ရှုလိုက်မယ်ဆိုရင် ကိလေသာ ပါး မပါး (ပါးပါတယ် ဘုရား)။

မင်းတို့ဖြင့် မရချင်တော့ပါဘူးကွာ၊ မင်းတည်းဟူသော ခန္ဓာကြီးကိုဖြင့် မလိုချင်တော့ပါဘူးကွာ၊ မင်းတည်း ဟူသော ခန္ဓာကြီးကိုဖြင့် မတောင့်တတော့ပါဘူးကွာ (မှန်ပါ့)၊ ဒီဟာတွေ လာ မလာ ဒကာသစ် (လာပါတယ် ဘုရား)၊ ဒါ ဘာမြင်လို့ပါလိမ့် (နှိပ်စက်တာ မြင်လို့ပါ ဘုရား)။

သေသေချာချာမှတ်ပါ၊ တရားသိမ်းတော့မယ်၊ နှိပ်စက်တာမြင်လို့ မလိုချင်တာ (မှန်ပါ့)။

ဒါဖြင့်နှိပ်စက်တာ ခန္ဓာငါးပါး ဒုက္ခသစ္စာ (မှန်ပါ့)၊နှိပ်စက်တာကို မြင်တာက ဒကာ ဒကာမတို့ မဂ္ဂသစ္စာ (မှန်ပါ့)၊ မြင်တိုင်း မြင်တိုင်း ကိလေသာပါးတာက သမုဒယသေတာ (မှန်ပါ့)။

မြင်တိုင်းမြင်တိုင်း ကိလေသာပါးတာက (သမုဒယသေတာပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ လက်ရိုက်ရိုးနဲ့ မတူပေဘူးလား (တူပါတယ် ဘုရား)၊ နှိပ်စက်တာ တစ်ခါမြင်ရင် ကိလေသာက ဘယ့်နှယ်တုံး (ပါးပါတယ် ဘုရား)၊ နှစ်ခါမြင်ပြီ ဒကာသစ်ရေ (ပါးသည်ထက် ပါးပါတယ် ဘုရား)၊ သုံးခါမြင်ပြီ (ပါးသည်ထက် ပါးပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် လက်ရိုက်ရိုးဟာ ဘယ်နေ့ ဘယ်ရက်က ဒီ လက်ရိုက်ရိုးကို ဘယ်လောက် စားတယ်လို့တော့ ငါဘုရား မဟောနိုင်ဘူးတဲ့ (မှန်လှပါ)၊ နှိပ်စက်တာ မြင်လို့ရှိရင် ကိလေသာ ပါးတာကတော့ဖြင့် တစ်နေ့တစ်ခြားပါးတာ၊ ငါဘုရား ဟောရဲတယ်တဲ့ (မှန်လှပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နှိပ်စက်တာကို ကြပ်ကြပ်တွေး

အဲဒီတော့ ခင်ဗျားတို့က နှိပ်စက်တာကို ကြပ်ကြပ်တွေးဖို့ အရေးကြီးတယ် (မှန်ပါ့)။

ဒကာကြွယ် ဘာအရေးကြီးပါလိမ့် (နှိပ်စက်တာကို ကြပ်ကြပ်တွေးဖို့ အရေးကြီးပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ကလဲ သတိလစ်ပြီး သကာလ နေတော့ ရေသောက်ပြန်လဲ နှိပ်စက်ပြန်ပြီမလာဘူး (မလာပါ)၊ ရေကလေးက အေးလိုက်တာ ရေခဲသေတ္တာထဲက သောက်ရလို့ ထင်ပါရဲ့၊ သာတောင် သာယာလိုက်သေးတယ်၊ (မှန်ပါ့ ဘုရား)။

အပြီးသတ်တော့ ခန္ဓာကိုယ်က ဆာလောင်မွတ်သိပ်တဲ့ ဝေဒနာ နှိပ်စက်လို့ ခင်ဗျားတို့ ရေတိုက်ရတာ (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ပန်ကာကြီးတွေ ဖွင့်ရပြန်လဲ ခန္ဓာကြီးကဘာတုန်း (နှိပ်စက်လို့ပါ ဘုရား)၊ အပူတွေက နှိပ်စက်လို့ ခန္ဓာကြီးက နှိပ်စက်နေတဲ့အတွက် ကိုယ်ကနေပြီး ပိုက်ဆံကုန်းရှာပြီး သကာလ ပန်ကာကို လှည့်ပေးနေရတဲ့ အဓိပ္ပာယ်ကော မရှိဘူးလား (ရှိပါတယ် ဘုရား)။

ဒါဖြင့် ဦးမာဒင်ရေ ခင်ဗျားတို့ ပြုသရွေ့ ပြင်သရွေ့ အိမ်ဆောင်ပေးရ၊ ကုဋီတည်ပေးရ၊ အမျိုးမျိုးအဖုံဖုံ ကုလားထိုင် ဆိုဖာတွေထားရ၊ မော်တော်ကား အမျိုးမျိုးထားရ၊ ဒကာကြွယ်ရေဘာဖြစ်လို့ ထားရတာတုံး (နှိပ်စက်လို့ ထားရတယ် ဘုရား)။

ခန္ဓာထဲမှာ ဘာတွေစုနေသလဲ

ဒါဖြင့် အားလုံး ခန္ဓာထဲမှာ ဘာတွေစုနေသလဲ (နှိပ်စက်တတ်တဲ့ တရားတွေ စုနေပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ)၊ နှိပ်စက်တတ်တဲ့ တရားတွေစုနေတယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ပါးစပ်ပေါက်ကလဲ နှိပ်စက်ပါတယ် (မှန်ပါ့)၊ နားပေါက်ကလဲ (နှိပ်စက်ပါတယ် ဘုရား)၊ နှာခေါင်းပေါက်ကကော (နှိပ်စက်ပါတယ် ဘုရား)၊ လျှာပေါက်ကကော (နှိပ်စက်ပါတယ် ဘုရား)၊ ကိုယ်ပေါက် ကကော (နှိပ်စက်ပါတယ် ဘုရား)၊ မနာပေါက်ကကော (နှိပ်စက်ပါတယ် ဘုရား)။

ဒါဖြင့် ဒွါရခြောက်ပေါက်က ပေါ်လာတဲ့ တရားဟူသရွေ့က ဘာလုပ်တတ်သတုံး (နှိပ်စက်တတ်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါ ဘာပဲလုပ်လုပ် ဆပ်ပြာကလေးကိုင်ကိုင် နှိပ်စက်ပြန်ပြီ၊ နှိပ်စက်ပြန်ပြီလို့သာလုပ်နေ (မှန်ပါ့)၊ နှိပ်စက်တဲ့ အခါလဲ တရားကိုယ်လဲ ပေါ်ပါစေ၊ ဒါ စေတနာက နှိပ်စက်တာ၊ ဒါသညာက နှိပ်စက်တာ၊ ဒါရုပ်က နှိပ်စက်ပြန်ပြီ၊ ဒါ နာမ်က နှိပ်စက်ပြန်ပြီလို့ ဒကာကြွယ်တို့ သိအောင်လုပ် (မှန်လှပါ ဘုရား)၊ ကြာတော့ ခန္ဓာငါးပါးစလုံး ဘာတရား ဖြစ်သွားသတုံး (နှိပ်စက်တတ်တဲ့ တရားဖြစ်သွားပါတယ် ဘုရား)။

ဒါဖြင့် နှိပ်စက်တတ်တာ ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ အဲဒီလို သိတဲ့ဉာဏ်ကလေးက (မဂ္ဂသစ္စာပါ ဘုရား)။

နှိပ်စက်မှန်းသိတော့ ဒီခန္ဓာကိုယ်ကြီးကို နဂိုက တောင်းထားတဲ့ဆုနဲ့ ပင်ကိုက ယုယထားတဲ့ တဏှာတွေက ဘယ့်နှယ်ဖြစ်သွားသလဲ (ပါးသွားပါတယ် ဘုရား)၊ ပါးသွားတယ်၊ ချုပ်သွားတယ် (မှန်ပါ့)။

အဲဒါ လုံးလုံးချုပ်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။

ဒါဖြင့် နိဗ္ဗာန် ဘာဖြစ်လို့ မပေါ်တာတုန်းဆိုတော့ ခန္ဓာရဲ့ နှိပ်စက်မှုကို မမြင်သေးလို့ (မှန်ပါ့)။

ဒကာကြွယ် ဘယ်လိုမှတ်ပါ့မလဲ (ခန္ဓာရဲ့နှိပ်စက်မှုကို မမြင်သေးလို့ပါ ဘုရား)။

ဒါဖြင့် ဘာပဲလာလာ နှိပ်စက်တတ်တဲ့တရား ဒုက္ခသစ္စာ၊ နှိပ်စက်တတ်တဲ့တရား ဒုက္ခသစ္စာလို့ ဒကာ ဒကာမတို့ ရွှေ့တိုင်း၊ ပြောင်းတိုင်း၊ ထမင်းစားတိုင်း၊ ရေသောက်တိုင်း၊ ခေါင်းဖြီးတိုင်း၊ အဝတ်လဲတိုင်း ဘာလုပ်ရမလဲ (ရှုရပါမယ် ဘုရား)၊ နှိပ်စက်နေတာပဲဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)၊ ဘယ်သူကနှိပ်စက်တာတုန်း (ခန္ဓာက နှိပ်စက် တာပါ ဘုရား)။

နှိပ်စက်တတ်တဲ့ သတ္တိရှိပါတယ်

ဒါဖြင့် ခန္ဓာသည် ဒကာ ဒကာမတို့ ဘာသတ္တိရှိသတုန်း (နှိပ်စက်တတ်တဲ့ သတ္တိရှိပါတယ် ဘုရား)၊ နှိပ်စက်တတ် တဲ့ သတ္တိရှိတယ်လို့ သိတာက ဘာသစ္စာ (မဂ္ဂသစ္စာပါ ဘုရား)၊ နှိပ်စက်မှန်းသိလို့ မခင်တာက သမုဒယသေတာ (မှန်လှပါ ဘုရား)။

ဒါဖြင့် သူသေလို့ရှိရင် နိဗ္ဗာန်မှ ရောက်ပါ့မလား (ရောက်ပါတယ်)၊ နှိပ်စက်တတ်တဲ့ တရားချုပ်ပါရော မနှိပ်စက်တတ်တဲ့တရား ဒီနေရာ ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

ဓမ္မာနုပဿနာ သတိပဋ္ဌာန်

ဒါဖြင့် နှိပ်စက်တတ်တာ ဘာသစ္စာ (ဒုက္ခသစ္စာပါ)၊ နှိပ်စက်မှန်းသိတာ (မဂ္ဂသစ္စာပါ)၊ နှိပ်စက်မှန်းသိလို့ ဒကာ ဒကာတွေ ခန္ဓာကိုယ် ခင်မှုပါးသွားတာ ပေါက်သွားတာသည် ဘာပါလိမ့် (သမုဒယ သေတာ)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒါဖြင့် နောက်ခန္ဓာမရတာ ဘာသစ္စာ (နိရောဓသစ္စာပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် နှိပ်စက်၏၊ နှိပ်စက်၏၊ နှိပ်စက်၏၊ နှိပ်စက်၏ဆိုတာ အမြဲ ရှုပေးစမ်းပါ (မှန်ပါ့)၊ ဒါက ဓမ္မာနုပဿနာ သတိပဋ္ဌာန်လို့ခေါ်သည် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကဲ ယနေ့ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။