တဏှာ မာန အရင်းခံ၍ မဂ်ဖိုလ်တက်လှမ်းပုံ
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မိုးကုတ်မြို့ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်
ဟောကြားတော်မူသော
ဘိက္ခုနီသုတ် (စတုတ္ထနိပါတ်အင်္ဂုတ္တိုရ်)
တဏှာ မာန အရင်းခံ၍ မဂ်ဖိုလ်တက်လှမ်းပုံ
ညအလုပ်ပေးတရာတော်
(၁၃-၅-၆၂)
မာန နှစ်မျိုးရှိတယ်
ဒီနေ့ တရားထူးထူးဆန်းဆန်းပဲ ပြောရလိမ့်မယ်၊ ထူးထူးဆန်းဆန်းဆိုတာ တခြားမဟုတ်ပါဘူး၊ မာနဟာ ဖြစ်ကောင်းတဲ့မာန၊ (မဖြစ်ကောင်းတဲ့မာန နှစ်မျိုးရှိတယ်လို့ စောစောကလေး မှတ်ထားပါ၊ တဏှာဟာလဲ ဖြစ်ကောင်းတဲ့ တဏှာ၊ မဖြစ်ကောင်းတဲ့ တဏှာရယ်လို့ နှစ်မျိုးရှိတယ်လို့ မှတ်ထားပါ၊ အစာအာဟာရစားရင်လဲ စားနည်းကောင်းတဲ့ အစာအာဟာရ တစ်မျိုး၊ စားနည်းမကောင်းတဲ့ အစာအာဟာတစ်မျိုး နှစ်မျိုးပေါ့လေနော် (မှန်ပါ့)။
အစာ အာဟာရမှာလဲ စားနည်းကောင်းနဲ့ စားရင်းတစ်မျိုး၊ စားနည်း မကောင်းနဲ့စားရင် တစ်မျိုးပဲလို့ မှတ်ထားရမယ်နော်၊ မာနမှာလဲ ဖြစ်ကောင်းတဲ့မာန၊ မဖြစ်ကောင်းတဲ့ မာနရယ်လို့ နှစ်မျိုးရှိတယ်၊ တဏှာမှာလဲ ဖြစ်ကောင်းတဲ့တဏှာ၊ မဖြစ်ကောင်းတဲ့ တဏှာလို့ နှစ်မျိုးရှိတယ်။
ဒီတော့ မောင်အောင်ချီတို့၊ ဦးအောင်ဇံဝေတို့က တဏှာဆိုရင် အပါယ်ကျတော့မှာချည်း အောက်မေ့နေတယ်၊ မာနဆိုရင်လဲ အပါယ်ကျတော့မှာပဲ၊ ပပဉ္စတရားတွေပဲ ဆိုးရွားတဲ့ တရားတွေပဲလို့ အောက်မေ့နေကြတယ်၊ ဖြစ်ကောင်းတဲ့ မာန၊ ဖြစ်ကောင်းတဲ့တဏှာ၊ စားနည်းကောင်းနဲ့ စားရင်စားကောင်းတဲ့ အစာအာဟာရ၊ စားနည်းမကောင်းနဲ့စားရင် မစားကောင်းတဲ့ အစာအာဟာရရယ်လို့ နှစ်မျိုးစီရှိတယ်။
ကိုင်း ဒါဖြင့် ပြောကြပါစို့၊ ဒီဒကာ ဒကာမတွေမှာ မာနဆိုလို့ရှိရင် အကုန်ပယ်ရတယ်ချည်း အောက်မေ့နေတယ်၊ သံသရာရှည်တယ်၊ ပပဉ္စပဲလို့ ဦးအောင်ဇံဝေတို့လဲ အောက်မေ့နေတယ်နော် (မှန်ပါ့)။
ဖြစ်ကောင်းတဲ့ တဏှာ၊ မဖြစ်ကောင်းတဲ့ တဏှာ
တဏှာဆိုလို့ရှိရင်လဲ ဘယ်တဏှာမဆိုကွာ မကောင်းတာချည်းပါပဲ ဆိုးရွားတာချည်းပါပဲ၊ သမုဒယသစ္စာ ချည်းပါပဲ အစရှိသည်နဲ့ ကိုယ် ကြားဖူးနားဝကလေးရှိတာက ဒါလောက်ရှိနေတော့ ဒါလောက်နဲ့ပဲ မောင်အောင်ချီတို့ စခန်းသတ်နေကြတယ်နော် (မှန်ပါ့)။
ယနေ့တော့ဖြင့် ဆရာဘုန်းကြီးက ဟာ ဖြစ်ကောင်းတဲ့မာန၊ မဖြစ်ကောင်းတဲ့ မာနရှိတယ်ကွ၊ ဖြစ်ကောင်းတဲ့ တဏှာ၊ မဖြစ်ကောင်းတဲ့ တဏှာရှိသကွဆိုတဲ့ဥစ္စာ ရှင်းရှင်းလင်းလင်းပဲ ဒကာ ဒကာမတွေ နာကြ မှတ်ကြရလိမ့်မယ်လို့ အောက်မေ့ကြပါနော် (မှန်ပါ့)။
ပြောကြပါစို့တဲ့၊ ဥပမာ ဦးအောင်ဇံဝေကလဲ တရားအားထုတ်၊ မောင်အောင်ချီ၊ လှညွန့်တို့ကလဲ တရား အားထုတ်ကြတယ်၊ နောက်က ဒကာ ဒကာမတွေလဲ အကုန်တရားအားထုတ်ကြတယ်၊ တစ်ယောက်က ဒုက္ခချုပ်တဲ့ နိဗ္ဗာန်ကို လိုချင်လိုက်တာလို့ဆိုတဲ့ တဏှာမျိုးဟာက ဖြစ်ကောင်းတယ်(မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သူလဲ ဒုက္ခချုပ်တဲ့ နိဗ္ဗာန်ရသွားတယ်၊ ဆရာသမား စစ်လိုက်တဲ့အခါမှာ ကိုယ်လဲရချင်လိုက်တာဆိုတာဟာ တဏှာပဲ (မှန်ပါ့)၊ ကိစ္စမရှိပါဘူး၊ ဖြစ်ကောင်းပါတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သူက ဒုက္ခချုပ်တဲ့ နိဗ္ဗာန်ကို အမြင်ဆိုက်သွားတဲ့အခါမှာ ကိုယ်ကလဲ ဒီလို ဒုက္ခချုပ်တဲ့ နိဗ္ဗာန် အမြင်ဆိုက်ဖို့ အကြောင်းကို သူလိုရချင်လိုက်တယ်၊ ဘယ်တော့များမှ ရပါ့မလဲဆိုလို့ရှိရင် ဘယ့်နှယ်ဆိုကြမလဲ၊ (ဖြစ်ကောင်းပါတယ် ဘုရား)။
နောက်က ဒကာ ဒကာမတွေ ဘယ်လို မှတ်ကြမလဲ (ဖြစ်ကောင်းပါတယ် ဘုရား) ဖြစ်ကောင်းတယ်လို့ပဲ မှတ်ကြရမယ်နော် (မှန်ပါ့)။
ဒီလို မာနတော့ ဖြစ်ကောင်းပါတယ်
တစ်ခါလာပြန်တယ်၊ မာနကလဲ တစ်ယောက်သောပုဂ္ဂိုလ် ဒုက္ခသိမ်းတဲ့ နိဗ္ဗာန်ကြီး ရောက်သွားတယ်၊ သူလဲ ခန္ဓာငါးပါးနဲ့ ဒီဉာဏ်နဲ့ ဒီဆရာပေးတဲ့နည်းနဲ့ ဒီလိုလုပ်တာလဲ ကိုယ်လဲ ဒီဉာဏ်နဲ့ ဒီဆရာပေးတဲ့ နည်းပဲ၊ ငါလဲ ဘယ့်နှယ်ကြောင့် မရရမှာလဲဆိုတဲ့ မာနလဲ တက်ချင်တက်ကြပါ၊ ဒီလို မာနတော့ ဖြစ်ကောင်းပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီမာနမျိုးက ဘယ့်နှယ်တုန်း (ဖြစ်ကောင်းပါတယ်)၊ ဖြစ်ကောင်းတယ်လို့ဆိုတာ နောက်က ဒကာ ဒကာမတွေလဲ မှတ်ရမယ်နော် (မှန်ပါ့ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ဒီတဏှာတွေ၊ ဒီမာနတွေက ဘုရား၊ အားလုံးသော ဆရာသမားတွေ ဟောနေကြတာ ကဖြင့် အပါယ်ရောက်မယ်ချည်း ဟောနေကြမယ်၊ သံသရာချဲ့သွားတဲ့ တရားတွေပဲလို့ ဟောနေကြတယ် ဆိုငြားသော်လဲတဲ့ ဒီတဏှာဟာ သူရသလို ကိုယ်ရချင်လိုက်တာ ဆိုတဲ့ တဏှာက ဘာတုန်းလို့ မေးတဲ့ အခါကျတော့ သူကဒုက္ခချုပ်တဲ့ နိဗ္ဗာန်ရောက်သွားလို့ သူ့မှာ ရင်ထဲကလဲအေး၊ အမြင်ကလဲ ချမ်းသာ၊ အနေကလဲ ချမ်းသာနဲ့နေတော့ တော်တော့် အာရုံနဲ့လဲ လှုပ်ချောက်ခြားခြင်းမရှိဘူးဆိုတော့ သူလိုရချင်လိုက်တာဆိုတဲ့ တစ်ယောက်သော ပုဂ္ဂိုလ်မှာ တဏှာဖြစ်တယ် (မှန်ပါ့ ဘုရား)။
ရသွားတော့ ပယ်ပြီးသားဖြစ်တယ်
ထိုကဲ့သို့ တဏှာဖြစ်တဲ့အခါကျတော့ တော်တော်ကြာကျတော့ မောင်အောင်ချီက ဒီအတိုင်းအားထုတ်၊ လှညွန့်က အားထုတ်၊ အုန်းကြည်က အားထုတ်၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အားထုတ်လို့ ရလာတယ်၊ အင်း ရတော့ ဒီတဏှာက ပယ်ပြီးသား ဖြစ်နေတယ် (မှန်ပါ့ ဘုရား)။
ရသွားတော့ (ပယ်ပြီးသားဖြစ်ပါတယ်)၊ ပယ်ပြီးသွားဖြစ်သွားတယ်၊ သူက အကျိုးပေးနိုင်သေးရဲ့လား (မပေးနိုင်ပါ ဘုရား)။
ပထမ သူလိုချင်မှုကတော့ တဏှာပဲ (မှန်ပါ့)၊ ဒါ့ကြောင့် တဏှာပေမယ့်လဲ ဒီတဏှာမျိုး ဖြစ်ကောင်း တယ်လို့ မှတ်ကြစပ်းပါ (မှန်ပါ့ ဘုရား)။
မာနကလဲ သူများဒုက္ခချုပ်တဲ့ နိဗ္ဗာန်ကြီး အာရုံပြုနိုင်တယ်၊ တဏှာချုပ်တဲ့ နိဗ္ဗာန်ကြီး အာရုံပြုနိုင်တယ်၊ အို သူလဲ ဒီဆရာ့ဆီက နည်းယူပြီး ဒီလို အားထုတ်နေတာပဲ၊ ငါလဲဘယ့်နှယ်ကြောင့် မရရမှာလဲဆိုပြီး ဥပမာမယ် ဒကာ ဒကာမတွေ ရသွားကြတယ်ဆိုပါတော့၊ ဒုက္ခချုပ်တဲ့ နိဗ္ဗာန် မြင်ကြတယ်ဆိုပါတော့ မာနက ကန့်ကွက်သေးသလား၊ သူ့ကြောင့်ပဲ ရသွားသလား (သူ့ကြောင့်ပဲ ရပါတယ် ဘုရား)။
ဒါဖြင့် ဒီတဏှာမျိုး၊ ဒီမာနမျိုး ဘာဆိုကြမယ် (ဖြစ်ကောင်းပါတယ်)၊ ဖြစ်ကောင်းတယ်၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဖြစ်တုန်းကတော့ ဖြစ်လိုက်တာပဲ၊ နောက်ကျတော့ ကိုယ်ရတဲ့မဂ်က သူ့ကို ပယ်ပစ်လိုက်တာပေါ့ (မှန်ပါ့)။
ဖြစ်တုန်းကတော့ ဖြစ်လိုက်တာပဲ၊ သူများရသလို ရချင်တဲ့ တဏှာ၊ သူများရတာ မခံချင်လို့ပဲ ကြိုးစားတဲ့ မာနနော် (မှန်ပါ့ ဘုရား)။
ဒီမဂ်က ဒီတဏှာဖြတ်ချလိုက်တာပဲ
နောက်ကျသွားတော့ ဒီတဏှာသည် သူ့ကြောင့်ပဲရသွားတော့ ဒီမဂ်က ဒီတဏှာဖြတ်ချလိုက်တာပဲ၊ အရင်ဖြစ်နှင့် နေတဲ့ တဏှာကိုနော် (မှန်ပါ့)၊ ဒီမဂ်က ဒီမာနကိုကော (ဖြတ်ချပါတယ် ဘုရား)။
ဖြတ်ပစ်လိုက်တော့ မောင်အောင်ချီတို့ စဉ်းစားရမယ်၊ ဘာဘူတို့စဉ်းစား၊ ဦးအောင်ဇံဝေတို့ စဉ်းစား၊ ဪ ပေါ်စသာ ပေါ်တော့ ပေါ်လိုက်တာပဲ၊ ပေါ်ပင်ပေါ်ငြားသော်လဲ သူ့ကို မဂ်က ဖြတ်လိုက်တော့ ကိုယ့်မှာ သူ့အကျိုး ပေးနိုင်သေးရဲ့လားမေးရင် ဦးမောင်ဇံဝေ ဘယ့်နှယ်ဆိုပါ့မလဲ (မပေးနိုင်ပါ ဘုရား)။
ဒါဖြင့် ဒီတဏှာ၊ ဒီမာန ဒကာ ဒကာမတို့ ဖြစ်ကောင်း မဖြစ်ကောင်း ဆုံးဖြတ်ချက်ချ (ဖြစ်ကောင်းပါတယ် ဘုရား)။
အဲဒါကြောင့် ယောဂီတရားအားထုတ်တဲ့ ဒကာ ဒကာမတွေ ဘုန်းကြီးများ တိုက်တွန်းလိုက်ပါတယ်၊ သူရသလို ရချင်တဲ့စိတ်နဲ့ ကြိုးစားစမ်းပါ (မှန်ပါ့ ဘုရား)။
သူတောင်ရသေးတာပဲ၊ ငါ ဘယ့်နှယ်ကြောင့် မရရမှာလဲဆိုတဲ့မာနနဲ့ ကြိုးစားလိုက်စမ်းပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီလိုနေရာမှာ ပခုံးနှစ်ခုကြားက ခေါင်းပေါက်တာပဲဆိုတာ ဒီလိုနေရာ သုံးရမှာကိုး ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒီလို တဏှာဖြစ်ကောင်းသလား မဖြစ်ကောင်းဘူးလား (ဖြစ်ကောင်းပါတယ်) ဒီလိုမာနကော (ဖြစ်ကောင်းပါတယ်)၊ နောက်က ဒကာ ဒကာမတွေကော သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒီဥစ္စာ မရသေးတဲ့ပုဂ္ဂိုလ်များ သူများရသလို ရချင်တဲ့ လိုချင်တဲ့ တဏှာနဲ့ ကြိုးစားစမ်းပါ၊ သူများ မခံချင်တဲ့ မာနနဲ့ကော (ကြိုးစားပါမယ်)၊ ကြိုးစားစမ်းပါဆိုတာကိုဖြင့် တိုက်တွန်းလိုက်တယ်နော် (မှန်ပါ့ ဘုရား)။
ကဲ ဒါဖြင့် ဝတ္ထုထုတ်ကြစို့၊ ဒါဝတ္ထုရှိလို့ ဘုန်းကြီးက ပြောနေတာ (မှန်ပါ့)၊ နို့မဟုတ်ရင်ဖြင့် ဒီဥစ္စာ ခက်နေမှာပေါ့၊ ဒါ အားလုံးနဲ့ပဲ ဗုဒ္ဓဘာသာ မှန်သရွေ့နှင့်ပဲ လှညွန့်တို့ အုန်းကြည်တို့ ကန့်လန့် ဖြစ်တော့မှာပေါ့ (မှန်ပါ့)၊ တဏှာ၊ မာန ဖြစ်ကောင်းတာ ရှိသေးတယ်လို့ ဟောထားတာကိုး (မှန်ပါ့ ဘုရား)။
အရှင်အာနန္ဒာကို ပင့်ပေးပါ
အရှင်အာနန္ဒာက ကောသမ္ဗီပြည်မှာ သီတင်းသုံးပြီးနေတယ်၊ ကောသမ္ဗီပြည်မှာ သီတင်းသုံးပြီး သကာလ နေတော့ ဘိက္ခုနီမ တစ်ယောက်က ကောသမ္ဗီပြည်မှာပဲရှိတယ်၊ အဲဒီ ဘိက္ခုနီမက မမာဘူး၊ မမာတော့ သူ့အနားရှိတဲ့ လူတစ်ယောက်ကို အရှင်အာနန္ဒာကို ပင့်ပေးစမ်းပါ၊ ဘိက္ခုနီမ တစ်ယောက် မမာလို့ လာကြည့်ရှုပြီးအားပေးဖို့ အရှင်အာနန္ဒာ ပင့်ပေးစမ်းပါလို့ သူကပဲ လွှတ်လိုက်တယ်။
လွှတ်လိုက်တော့ သွားတာပေါ့လေ၊ သွားတော့ အရှင်အာနန္ဒာကလဲ အင်း မမာဘူးတဲ့၊ လိုက်ဦးမှ တော်မယ်ဆိုပြီး သကာလ မေးဖို့မြန်းဖို့ အကူအညီ အထောက်အပံ့ပေးဖို့ ဦးအောင်ဇံဝေ လိုက်လာတယ် (မှန်ပါ့ ဘုရား)။
ဟန်လုပ်တဲ့ ဘိက္ခုနီမ
လိုက်လာတော့ ဘိက္ခုနီမက ဟန်လုပ်တဲ့ ဘိက္ခုနီမကိုး (မှန်ပါ့)၊ အရှင်အာနန္ဒာ ဟိုကလာတာမြင်မှ သူက ညောင်စောင်းကလေး ပေါ်တက်ပြီး ခေါင်းမြီးခြုံနေတယ် (မှန်ပါ့ ဘုရား) အရှင်အာနန္ဒာကို ဖူးချင်တာ သူ့ဟာက စင်စစ် တကယ် မမာတာမဟုတ်ဘူး သူ့ဟာက (မှန်ပါ့ ဘုရား)။
အဲဒီတော့ အရှင်အာနန္ဒာရောက်ပြီးလာတော့ သူ့ကို ဘာမှမမေးဘူး၊ အရှင်အာနန္ဒာကလဲ ဪ ဒါ ပရိယာယ်ပဲ၊ သက်သက်ဖူးချင်တဲ့ စွမ်းရည်သတ္တိပဲဆိုတာ ရိပ်မိတော့ အရှင်အာနန္ဒာက ဘာမှမပြောဘဲနဲ့ ဒီ ဝေဒနာအကြောင်းနှင့် ပတ်သက်ပြီး ဘာမှ မပြောဘဲနဲ့ တရားပဲ ကောက်ဟောလိုက်တယ် (မှန်ပါ့ ဘုရား)။
ထမင်းစားချင်တဲ့ တဏှာ
”အာဟာရသမ္ဘူတော အယံ ဘဂိနိ ကာယော၊
အာဟာရံ နိဿာယ အာဟာရော ပဟာတဗ္ဗော”
(အင်္ဂုတ္တိုရ်ပါဠိတော်၊ ပ ၊ ဘိက္ခုနီသုတ်၊ နှာ-၄၆၂)
အာဟာရကြောင့်ဖြစ်တဲ့ တဏှာရှိသေးတယ်တဲ့၊ ထမင်းစားချင်တဲ့ တဏှာ မရှိကြဘူးလား (ရှိပါတယ် ဘုရား)။
အဲဒီ ထမင်းစားချင်တဲ့တဏှာ ရှိတဲ့အခါကျတော့ ထမင်းဆာလာပါတယ်ဆိုတော့ ဒကာ ဒကာမတွေ သိပြီးသား အတိုင်းပါပဲ စားလိုတဲ့ တဏှာပေါ်တာပါပဲ (မှန်ပါ့)၊ မပေါ်ဘူးလား (ပေါ်ပါတယ်) ထမင်းကြောင့် ပေါ်လာတာပဲဆိုရင် ကော မောင်အောင်ချီး လွဲပါ့မလား (မလွဲပါ ဘုရား)။
သို့သော်လဲ မင်းတို့က ဪ ဒီထမင်းကို စားခြင်းသည် ငါသည် အားအင်ဗလ ပြည့်ဖြိုးစေခြင်းငှာလား မဟုတ်ဘူး၊ လှပတင့်တယ်စေခြင်း အကျိုးငှာလည်း မဟုတ်ပါဘူး၊ ဗြဟ္မစရိယာအနုဂ္ဂဟာယဆိုတဲ့အတိုင်း သူတော်ကောင်း အလုပ် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရဖို့ရာ စားပါတယ်လို့ မင်းတို့ နောက်ကနေ ပြင်လိုက်ရင် ဟိုတဏှာသေသွားတယ် (မှန်ပါ့)။
ဘယ့်နှယ်တုန်း (သေပါတယ် ဘုရား)၊ စားချင်တဲ့ တဏှာဟာ လာသေးရဲ့လား (မလာပါ)၊ စားချင်တဲ့တဏှာဟာ သူ့သတ္တိကို သူရုပ်သိမ်းသွားရတယ် (မှန်ပါ့)။
ပထမစားချင်တုန်းကတော့ သူတဏှာလာတာပဲ၊ သို့သော်လဲ သူက ပြင်လိုက်တယ်၊ ပြင်လိုက်တယ်တဲ့၊ အခု ထမင်းစားချင်လို့ပဲ စားလိုက်ပါတယ်၊ ဒီထမင်းစားခြင်းကြောင့် အားအင်ဗလ ပြည့်ဖြိုးပြီး သကာလ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကြီးကို ရဖို့ရာ အလုပ်အတွက် စားလိုက်ပါတယ်ဆိုတော့ ထမင်းအပေါ်၌ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကိုရချင်လို့ စားတယ်ဆိုပြီး နောက်နေ ပြင်လိုက်တဲ့အခါကျတော့ ပထမစားချင်တဲ့တဏှာက အကျိုး မပေးနိုင်ဘူး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
စားချင်တဲ့ တဏှာက အကျိုးပေးနိုင်သေးရဲ့လား (မပေးနိုင်ပါ)၊ ဘယ့်နှယ်ကြောင့်တုန်းဆိုတော့ သူတော်ကောင်း အလုပ် လုပ်ဖို့ရာ လုပ်ချင်တဲ့ သဘောနဲ့ စားလိုက်တာကိုး (မှန်ပ့ါ)၊ ဆိုတော့ ဒီအစာ အာဟာရ စားခြင်းသည်ကားလို့ ဆိုရင် သူတော်ကောင်းအလုပ်ကို အထမြောက်မြောက်ကြီး အားပေးကူညီမှုရအောင်လို့သာ စားလိုက်ပါတယ်ဆိုတော့ သူ့ကို ခင်တွယ်တဲ့တဏှာပါသေးသလား (မပါပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
တဏှာပယ်ပြီးသား ဖြစ်သွားတယ်
အဲဒီလိုစားလိုက်တဲ့အခါကျတော့ ခုနင်က မူလပေါ်တဲ့တဏှာက တဏှာကို ဉာဏ်နဲ့ အုပ်ပစ်လိုက်တဲ့ အခါကျတော့ ဒီတဏှာ အကျိုးပေးနိုင်သေးရဲ့လား (မပေးနိုင်ပါ ဘုရား)။
”အာဟာရသမ္ဘူတော အယံ ဘဂိနိ ကာယော၊ အာဟာရံ နိဿာယ အာဟာရော ပဟာတဗ္ဗော” ဒါက စ ဟောတယ်၊ အရှင်အာနန္ဒာက-
ဘဂိနိ နှမ၊ အာဟာရံ နိသာယ အာဟာရော ပဟာတဗ္ဗော ဒီတဏှာကိုပင် အာဟာရကြောင့်ဖြစ်တဲ့ တဏှာကိုပင် အကြောင်းရင်းခံပြီး သကာလ ဒီတဏှာကို ပြန်ပြီး သကာလ သူတော်ကောင်းအလုပ်လုပ်ဖို့ရာ စားပါတယ် လို့ ပြင်လိုက် လို့ရှိရင် တဏှာပယ်ပြီးသား ဖြစ်သွားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
နောက်က ဒကာ ဒကာမတွေ စားချင်တဲ့ တဏှာ ရှေးဦးစွာ လာတယ်နော် (မှန်ပါ့)။
နောက် ကိုယ်က ဆင်ခြင်လိုက်တယ်၊ ဒီအစာစားရခြင်းသည်ကားလို့ ဆိုလို့ရှိရင် အားအင်ဗလ ပြည့်ဖြိုး စေခြင်းငှာ လှပတင့်တယ်စေခြင်းငှာ စားသည်မဟုတ်ပါဘူး၊ သူတော်ကောင်းအလုပ်ကို ယနေ့ပိုပြီးတော့ လုပ်ချင်လို့ တွင်တွင်ကျယ်ကျယ်ဖြစ်ချင်လို့ စားလိုက်ပါတယ်ဆိုတော့ သူတော်ကောင်းအလုပ်ကို ငဲ့သွားတယ်၊ မငဲ့ဘူးလား (ငဲ့ပါတယ် ဘုရား)။
ငဲ့လိုက်တော့ ခုနင်က တဏှာက ဘယ့်နှယ်နေသလဲ (သေသွားပါတယ် ဘုရား)၊ ရှင်းကြပလား အဘွားကြီးတွေ (ရှင်းပါပြီ ဘုရား)။
ထမင်းကို စားတတ်ပလား
ဒါဖြင့် ထမင်းကို စားတတ်ပလား မေးလိုက်ပါတယ် (စားတတ်ပါပြီ ဘုရား)။
ဘယ်လိုစားကြမယ် (သူတော်ကောင်းအလုပ်လုပ်ဖို့ပါ ဘုရား) သူတော်ကောင်းအလုပ်ကို ကြိုးစားနိုင်အောင် စားလိုက်ပါတယ် (မှန်ပါ့)။
ဒီလိုဆိုတော့ စားချင်တဲ့တဏှာဟာ မူလတော့ သူပေါ်မှာပဲ၊ ပေါ်ပင် ပေါ်ငြားသော်လဲ နောက်ဉာဏ်က အုပ်လိုက်တဲ့အခါကျတော့ ပစ္စဝေက္ခဏာ ဆင်ခြင်လိုက်တဲ့အခါကျတော့ သူပျောက်သွားတယ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဦးအောင်ဇံဝေတို့၊ မောင်အောင်ချီတို့၊ ဘာဘူတို့က မေးရမယ်၊ ဒီတဏှာက ဖြစ်ပေါ်ပြီးပေါ့ပဲ၊ သူက အဟောသိကံဖြစ်တော့မှာလားလို့ မေးလိုက်တယ် (မေးသင့်ပါတယ် ဘုရား)။
သူ အဟောသိကံ ဖြစ်တော့မှာလား ဘုရား၊ သူက တဏှာ အထတောင် မြောက်သွားပေါ့ပဲ၊ စားချင်တဲ့တဏှာ အကြီးအကျယ်ပဲ ပေါ်သွားပေါ့ပဲ၊ တပည့်တော်တို့ ဒီဟာတော့ မယုံကြည်နိုင်ဘူး၊ တဏှာဖြစ်လို့ရှိရင် အကုသိုလ်ဖြစ်ရမယ်၊ အကုသိုလ်ဖြစ်ရင် မည်းသောအကြောင်းပဲ၊ မည်းသောအကြောင်းဆိုရင် မည်းသော အကျိုးတော့ပေးမှာပဲ (မှန်ပါ့ ဘုရား)
ဒီလို စောဒက တက်ချင်လဲ တက်ပါတဲ့နော် (မှန်ပါ့) ဒါ သဘောကလေးတွေ ပြောနေတယ်လို့ မှတ်လိုက်ပါ။
ဟုတ်တယ်တဲ့၊ စောဒကတက်မယ်ဆိုလဲ တက်စရာပဲ၊ ဘုန်းကြီးကပဲ တာဝန်ခံတယ်၊ သို့ရာတွင် ဒီတဏှာဟာတဲ့ အခု ဒီနေရာမှာတော့ဖြင့် တဏှာဖြစ်တာပဲ (မှန်ပါ့)၊ တဏှာဖြစ်တာ မှန်ပြီး သကာလ နေငြားသော်လဲ သူသည် နောက်ဘဝ အကျိုးပေးနိုင် သလားလို့မေးတော့ ဆင်ခြင်တဲ့ဉာဏ်ကနေပြီး သကာလ အလုပ်လုပ်ပစ်လိုက်တဲ့အတွက်တဲ့ သူသည် ဒီဘဝတွင်သာ အကျိုးပေးနိုင်တာ နောက်ဘဝ မဆက်နိုင်တော့ဘူး၊ ဆက်နိုင်သေးရဲ့လား (မဆက်နိုင်ပါ ဘုရား) မဆက်နိုင်တော့ဘူး၊ သူနောက်ဘဝလိုက်ပြီး မကောင်းကျိုး ပေးနိုင်သေးရဲ့လား (မပေးနိုင်ပါ ဘုရား)။
အဲ အကျိုးပေးရင် ဒီဘဝပဲ အကျိုးပေးမယ်တဲ့၊ နောက်ဘဝ မဆက်နိုင်ဘူး ဘာဖြစ်လို့တုန်း၊ သူ့ကိုပယ်ပစ်လိုက်လို့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သူတော်ကောင်းအလုပ်ကို ကြိုးစားနိုင်အောင်
ဒါဖြင့် အိမ်ရောက်တော့ ထမင်းစားကြလိမ့်မယ်၊ ဇရပ်ရောက်တဲ့ ဒကာ ဒကာမတွေလဲ ဇရပ်ရောက်တော့ ထိုက်တန်တဲ့ အစားအသောက်တွေ စားကြမှာပဲတဲ့၊ စားတဲ့အခါ နှလုံးသွင်းတတ်ပလား၊ (မှန်ပါ့)၊ ဘယ်လိုလုပ်စားကြမယ်၊ သူတော်ကောင်းအလုပ်ကို ကြိုးစားနိုင်အောင် စားတယ် (မှန်ပါ့)။
နောက်က ဒကာ ဒကာမတွေ ဘယ်လို့စားကြမလဲ ဖြေကြစမ်းပါ (သူတော်ကောင်းအလုပ်ကို ကြိုးစားနိုင်အောင် စားပါတယ် ဘုရား)။
အဲ ဒီလိုစားလိုက်လို့ရှိရင် ပထမစားချင်တဲ့ တဏှာဟာတဲ့ ဒီဘဝတွင် သူအကျိုးပေးချင်ပေးမယ်၊ ဟိုဘဝ အပါယ်တော့ မချတော့ဘူး၊ ဘာဖြစ်လို့တုံးဆိုရင် ဉာဏ်က ဝင်ဖျက်လိုက်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဆင်ခြင်တဲ့ဉာဏ်က ဘာတုံး (ဝင်ဖျက်လိုက်ပါတယ် ဘုရား)၊ ဝင်ဖျက်လိုက်တဲ့အတွက် အကျိုးပေးနိုင်သေးရဲ့လား (မပေးနိုင်ပါ ဘုရား)။
စာလိုသုံးတော့ ပဝတ္တိအကျိုးသာပေး၍ ပဋိသန္ဓေအကျိုးမပေးဘူး (မှန်ပ့ါ) ပဝတ္တိအကျိုးသာ ဒီဘဝတော့ သူ ပေးချင်ပေးလိုက်မယ်၊ နောက်ဘဝကို အပါယ်ကောင်ကြီးဖြစ်အောင် တိရစ္ဆာန်ကောင်ကြီး ဖြစ်အောင်တော့ အကျိုးမပေးနိုင်ဘူး၊ ဘာကြောင့်တုံးဆိုတော့ နောက် ဆင်ခြင်လုံးက သူတော်ကောင်းအလုပ်ကို လုပ်ဖို့ရာသာ စားပါတယ်လို့ ဒကာ ဒကာတွေက ပြင်ပစ်လိုက်တဲ့အတွက်တဲ့၊ သူ့အကျိုးပေးကို ဒီဆင်ခြင်တဲ့ပစ္စဝေက္ခဏာဉာဏ်က ကန့်ကွက်ချလိုက်တယ်၊ ဖြတ်တောက်ပစ်လိုက်တယ်၊ (မှန်ပါ့ ဘုရား)။
လှညွန့်တို့ နားလည်ကြပလား (လည်ပါတယ်)၊ စားတတ်ပလား ထမင်းကလေး ဘာကလေးများကော (စားတတ်ပါပြီ)၊ အုန်းကြည်ကော စားတတ်ပလား (စားတတ်ပါပြီ ဘုရား)။
အေး ပန်းကန်ဆေးပြီး ထည့်ထားတာကို ငါ ဆိုလိုတာ မဟုတ်ပါဘူးနော် (မှန်ပါ့) ဦးအောင်ဇံဝေကော စားတတ်ပလား (မှန်ပ့ါ)၊ နောက်က ဒကာ ဒကာမတွေ (စာတတ်ပါပြီ ဘုရား)။
ဗြဟ္မာစရိယာနုဂ္ဂဟာယ
စားတတ်ပြီဆိုတော့မှ ပထမ ဆာတယ်ဆိုတဲ့တဏှာက လာမှာပဲ၊ လာပင်လာငြားသော်လဲ စားတဲ့အချိန်မှာ သူတော်ကောင်းအလုပ်ကို တွင်တွင်ကျယ်ကျယ်လုပ်နိုင်လောက်အောင် “ဗြဟ္မာစရိယာနုဂ္ဂဟာယ” လို့ စာကတော့ လာသပေါ့ဗျာ (မှန်ပါ့)။
ဗြဟ္မစရိယံ မြတ်သောအကျင့်ကို အနုဂ္ဂဟာယ ချီးမြှောက် ထောက်ပံ့ အကူအညီပေးခြင်းအကျိုးငှာ၊ အာဟာရံ အာဟာရကို၊ ဘုဉ္ဇာမိ စားပါ၏။ ဪ သူတော်ကောင်းအလုပ်ကို လုပ်နိုင်အောင် စားရဦးမယ်ဆိုပြီး စားလိုက်ပါ (မှန်ပါ့) စားလိုက်တော့ နဂိုဆာတဲ့ တဏှာဟာ အကျိုးပေးနိုင်သေးရဲ့လား (မပေးနိုင်ပါ ဘုရား)၊ ပေးရင် ဒီဘဝပဲ ပေးမယ်၊ နောက်ဘဝ အပါယ်လေးပါးကျအောင် လာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား)။
ဘာကြောင့် မလာနိုင်သတုံးလို့မေးတဲ့အခါကျတော့မှာ တဏှာနောက်ကနေပြီး ဥပါဒါန်လိုက်သေးရဲ့လား (မလိုက်ပါ ဘုရား)၊ ကံကော (မလိုက်ပါ ဘုရား)။
ဆင်ခြင်တဲ့ဉာဏ်က ဖြတ်ချလိုက်တယ်
ဒါတွေကို ခုနင်က သူတော်ကောင်းအလုပ် လုပ်နိုင်အောင်လို့ စားပါတယ်ဆိုတဲ့ ဆင်ခြင်တဲ့ဉာဏ်က (ဖြတ်ချလိုက်ပါတယ်) ဖြတ်တောက်ပစ်လိုက်တော့ သူက ကံမြောက်သေးရဲ့လားလို့ မေးလိုက်တယ် (မမြောက်ပါ ဘုရား) မမြောက်တော့ ပဋိစ္စသမုပ္ပဒ် အုန်းကြည် ပြတ်ထွက်မသွားဘူးလား (ပြတ်ထွက်သွားပါတယ် ဘုရား)။
ပြတ်ထွက်သွားတော့ကို ဒီနည်းနဲ့စားလို့ရှိရင် မင်းတို့ ဘာပဲစားနေနေ လုပ်ဖြစ်အောင်လဲ လုပ်ပေါ့ကွာ (မှန်ပါ့) စားလဲ စားပေါ့၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် နောက်က ဒကာ ဒကာမတွေ ထမင်းစားတတ်ပလားလို့ မေးရတာဟာ အင်မတန် သေးသိမ်တဲ့စကားလို့ လဲ ဆိုချင်ဆိုကြမယ်နော် (မှန်ပါ့)။
သို့သော်လဲ အခုလို လုပ်ပြီးတော့ စားတဲ့ပုဂ္ဂိုလ်ကလဲ မောင်အောင်ချီ ရှားမှရှား (မှန်ပါ့) မရှားဘူးလား (ရှားပါတယ်)၊ အင်မတန်ရှားတယ် ဆိုတာ ပေါ်လာပြီနော် (မှန်ပါ့)။
ဒါဖြင့် မင်းတို့အပေါ်မှာ အုပ်ချုပ်နေတဲ့ ဆရာသမားကမှ မဆုံးမတော့ဘူးဆိုရင် အမှတ်တမဲ့ စားနေကြတာ အဆိပ်စားနေကြတာဟေ့ (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
နောက်က ဒကာ ဒကာမတွေ ဘယ့်နှယ်ဆိုမလဲ (အဆိပ်စားနေကြတာပါ ဘုရား)။
အဆိပ်စားနေကြတာ
အဆိပ်စားနေတယ်ဆိုတော့ နောက်ဘဝ အပါယ်ကျအောင် စားနေတယ်၊ အပါယ်လေးပါက မတက်နိုင်အောင် စားနေတယ်ဆိုလို့ရှိရင် လွဲပါ့မလား (မလွဲပါ ဘုရား)။
ဒါဖြင့် ထမင်းစားတတ်တဲ့လူက အုန်းကြည် ရှားမှ ရှားနေဦးမှာပေါ့ (မှန်ပါ့) ထမင်းကို အပြစ်လွတ်အောင် စားတတ်တဲ့ပုဂ္ဂိုလ်ဟာလေ (ရှားပါတယ် ဘုရား)၊ ရှားပါမယ်တဲ့။
အဲဒါကြောင့် အခု အရှင်အာနန္ဒာက “ငါ၏ နှမ အာဟာရကိုမှီ၍ဖြစ်တဲ့ တဏှာကို မင်းစားတဲ့ အာဟာရနဲ့ပဲ ပယ်ချလိုက်ပါ”တဲ့နော် (မှန်ပါ့)။
တဏှာနဲ့ စားငြားသော်လဲတဲ့၊ တဏှာနဲ့စားချင်တယ်ဆိုငြားသော်လဲ စားတဲ့အချိန်မှာ သူတော်ကောင်းအလုပ် လုပ်ဖို့ စားတယ်လို့သာ ပြင်ပစ်လိုက်ပါတဲ့၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
စားချင်တာကတော့ တဏှာပေါ့ဗျာ (မှန်ပါ့) သို့သော် ဘယ်အကျိုးငှာ စားကြသတုံး (သူတော်ကောင်းအလုပ် လုပ်ဖို့ပါ ဘုရား) သူတော်ကောင်းအလုပ် လုပ်ဖို့ ဖြစ်ပျက်အလုပ်ကြီးကို လုပ်ဖို့ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
သီလ ဒီနေ့ မကျိုးမပေါက်အောင် ည ဆာလောင်မွတ်သိပ်တာကြီး ပျောက်အောင် သီလ ခိုင်လုံအောင် သမထဝိပဿနာကြိုးစားနိုင်အောင် စားလိုက်ပါတယ်လို့ ဆိုလို့ရှိရင်ဖြင့် ဒီဥစ္စာသည် ဒီဘဝသာ ဖြစ်ပေါ်တဲ့အတွက် ဒီဘဝ မကောင်းကျိုးပေးချင်ပေးမယ်တဲ့၊ နောက်ဘဝတော့ မကောင်းကျိုးမပေးနိုင်ဘူး (မှန်ပါ့ ဘုရား)။
ကျုပ်တို့ ကြောက်ရတာ နောက်ဘဝ ကြောက်ရတယ်၊ တဏှာ ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏဖြစ်မှာ ကြောက်ရတယ် (မှန်ပါ့)၊ အခု ဒီလိုကြောက်စရာရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)၊ ဘယ်လိုကြောင့် မရှိပါလိမ့်မတုန်း၊ ဆင်ခြင်လုံးက အုပ်မိလို့ (မှန်ပါ့)။
လှညွန့် ဘယ့်နှယ်ဆိုမလဲ (ဆင်ခြင်လုံးက အုပ်မိလို့ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါ ပြင်ပေးနော် (မှန်ပါ့)၊ ပြင်ပေးကြပါတဲ့၊ ဒါက အလျင်စားနည်းနဲ့ တစ်မျိုးပြင်ပြီးတော့ အရှင်အာနန္ဒာက ဟောတယ် (မှန်ပါ့)။
အလျင်ဘုန်းကြီးသင်ထားတဲ့ စားနည်းက
အလျင်ဘုန်းကြီးသင်ထားတဲ့ စားနည်းကတော့ လျှာပေါ်မှာ စားစိတ်ကြည့်၊ မျိုချရင် ပျက်သွားတယ်၊ ဒါ ဆင်ခြင်စားဆိုတာလဲ မှန်တာပဲ (မှန်ပါ့)၊ အခုဟာကတော့ကို ဆင်ခြင်လိုက်တာနဲ့ပဲ ပျောက်ထွက်သွားတယ် (မှန်ပါ့)။
အဲဒီတော့ ကြိုက်တဲ့နည်းနဲ့ စားကြပါနော် (မှန်ပါ့)၊ ဖြစ်ပျက်ရှုပြီး စားချင်လဲ စားကြနော် (မှန်ပါ့ ဘုရား)၊ သူတော်ကောင်းအလုပ် လုပ်ဖို့ရာ စားလိုက်ဦးမယ်ဆိုပြီး စားလိုက်ရင်လဲ ပြီးတာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သို့သော် ရှေးစကားပြောသလို ပျက်ကယ် ပျက်ကယ်နဲ့တော့ မဟုတ်စေနဲ့နော် (မှန်ပါ့)၊ တကယ်လုပ်ချင်လို့ စားပါတယ်ဆိုတဲ့ စိတ်ကိုတော့ ပြောင်းဖြစ်အောင် ပြောင်းရလိမ့်မယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း အုန်းကြည် ထမင်းစားတတ်ပလားဟေ့ (မှန်ပါ့)၊ စားတတ်ပါပြီ၊ ဆင်ခြင်လုံးကလေး နောက်က ထည့်ပေးရုံပဲ (မှန်ပါ့)။
ဒါဖြင့် ဒီတဏှာ ဖြစ်ကောင်း မဖြစ်ကောင်း (ဖြစ်ကောင်းပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကဲ တစ်ခါသွားကြဦးစို့။
မာနကိုလဲ ပယ်လို့ရပါတယ်
”မာနသမ္ဘူတော အယံ ဘဂိနိ ကာယော၊ မာနံ နိဿာယ မာနော ပဟာတဗ္ဗော”
ဟောပြီ၊ အရှင်အာနန္ဒာက (မှန်ပါ့ ဘုရား)၊ မာနကိုမှီ၍ ဤကိုယ်သည်ဖြစ်၏။ မာနကို ပယ်လိုက်ပါတဲ့၊ မာနကြောင့်ဖြစ်တဲ့ဥစ္စာကိုတဲ့၊ မာနကြောင့် ဖြစ်တယ်၊ မာနကိုလဲ ပယ်လို့ရပါတယ်တဲ့။
ဘယ်လို ပယ်ရမတုံးဆိုတဲ့အခါကျတော့ ခုနင်က ပြောခဲ့ပါတယ်၊ ဒကာ ဒကာမတို့ မှတ်မိပါလိမ့်မယ်နော်၊ သူက နိဗ္ဗာန်မဂ်ဖိုလ် ရောက်သွားတယ်၊ ငါတို့ ဘယ့်နှယ်ကြောင့် မရောက်ရပါလိမ့်မတုံးဆိုတဲ့ မာနနဲ့ မောင်အောင်ချီတို့က ကြိုးစား၊ အုန်းကြည်တို့က ကြိုးစား၊ ကဲ ရောက်သွားပြီကွာ၊ မင့်မာနက သံသရာ အကျိုးပေးနိုင်သေးရဲ့လား (မပေးနိုင်ပါ ဘုရား)။
ဒါဖြင့် ဒီဘဝတွင် သူ့သတ္တိရှိတော့မှာပဲ၊ ဟိုဘက်ဘဝ လိုက်နိုင်သေးရဲ့လား (မလိုက်နိုင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဪ ဒါဖြင့် နောက်က ဒကာ ဒကာမတွေ ဒီမာနမျိုးဟာ ဖြစ်ကောင်း မဖြစ်ကောင်း (ဖြစ်ကောင်းပါ တယ် ဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒီမာနမျိုးဟာ (ဖြစ်ကောင်းပါတယ် ဘုရား)၊ ဖြစ်ကောင်းတယ်။
ဒါကြောင့် “ဘဂိနိ မာနံ နိဿာယ မာနော ပဟာတဗ္ဗော” ပထမတော့ မာနရှိတာပဲတဲ့၊ အဲ-နောက် ပယ်တဲ့တရားကို ကြိုးစားလိုက်တဲ့အခါကျလို့ရှိရင်ဖြင့်တဲ့၊ သူ့ကြောင့်ပဲ တရားအားထုတ်ဖြစ်တယ်၊ (မှန်ပါ့ ဘုရား)။
မာနကြောင့်ပဲ တရားကို မရရအောင် အားထုတ်မယ်၊ ဘယ့်နှယ်ကြောင့် မရဘဲရှိမတုံးဆိုပြီး မာနမလာဘူးလား (လာပါတယ်)၊ ဟာ ကဲ ရသွားပြီကွာ မောင်အောင်ချီတို့၊ လှညွန့်တို့က ရသွားပြီဆိုတော့ ရတဲ့ မဂ်ကနေပြီး ဒီမာနကို လှမ်းပယ်လိုက်တယ် (မှန်ပါ့ ဘုရား)။
အဲဒီတော့ မာန၊ မာနုပါဒါန် မာနအုပ်ချုပ်တဲ့ ကံတွေလာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား)၊ ကမ္မဘဝပစ္စယာ ဇာတိကော ဘယ့်နှယ်နေကြသတုန်း (မလာနိုင်တော့ပါ ဘုရား)။
ဘယ်သူ့ကြောင့်ရတဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ပါလိမ့်မတုံး
အင်း ဒါ ဘယ်သူ့ကြောင့်ရတဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ပါလိမ့်မတုံးလို့ မေးရင် ဘယ့်နှယ်ဖြေကြမလဲဟင် (မာနကြောင့်ရပါတယ် ဘုရား)။
မာနကြောင့်ရတယ် (မှန်ပါ့)၊ မာနကြောင့်လဲ ရတယ်၊ မာနလဲ ပယ်တယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
မာနကြောင့်လဲ (ရပါတယ်)၊ မာနကိုလဲ (ပယ်ပါတယ်)၊ ရတဲ့မဂ်က သူ့ကြောင့်လဲရတယ်၊ သူလဲ ပယ်သေးတယ်ဆိုတော့ ဪ ဒါဖြင့် တို့ဟာ ဒီမာနဖြစ်ကောင်းတာပဲ သူမပါရင်လဲ ရမှာမဟုတ်ဘူးဟင် (မှန်ပါ့ ဘုရား)။
သူမပါရင်လဲ ရမှာမဟုတ်ဘူး၊ ဒီမာနကလေးမှ မရှိလို့ရှိရင် မင်းဆို့ ကလေးတွေ ဆုံးမသလိုပေါ့ကွ၊ ဒီကောင်က မာနမရှိဘဲ၊ ဘယ်မှာ စာမတတ်သတုံး၊ သူက အပြိုင်အဆိုင်ဆိုလို့ရှိရင် ဘာမှအပြိုင်အဆိုင်မှ မပါဘဲ သူ့ဟာသူ အလကား ချောင်ထိုးနေတာပဲ၊ ဒါကြောင့် ဒီကလေး စာမတတ်တာ၊ မင်းတို့ မြည်ကြ တွန်ကြတဲ့အထဲ မပါကြဘူးလား (ပါပါတယ် ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ မာန ရှေးဦးစွာ ဖြစ်လာပါတယ်၊ သူရသလို ရချင်တယ်၊ သူတောာင်ရသေးတာ၊ ငါဘယ့်နှယ်ကြောင့် မရရမလဲဆိုတဲ့ မာနပေါ်ပေးပါနော် (မှန်ပါ့ ဘုရား)။
အားကျတဲ့မာန ပေါ်ပေးရမယ်
တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ ဘယ့်နှယ်တုန်း (အားကျတဲ့မာန ပေါ်ပေးရမယ်) ဒီမာနပေါ်ပေးရမယ် (မှန်ပါ့)၊ ပြီးတော့ ရအောင် ကြိုးစားလိုက်တဲ့အခါကျတော့ ကြိုးစားတဲ့ဉာဏ်က မာနဖြတ်ချလိုက်တယ် (မှန်ပါ့)၊ သူအကျိုးပေးနိုင်သေးရဲ့လား (မပေးနိုင်တော့ပါ ဘုရား)။
ဒါကြောင့် ဒီဘက်က နားကြီးတဲ့ကိုယ်တော်တွေ မှတ်ဖို့ကတော့ ဪ ဒီမာနဟာ ပဝတ္တိအကျိုးသာပေး၍ ပဋိသန္ဓေအကျိုး နောက်ထပ် မပေးဘူးလို့ မှတ်လိုက်တာပေါ့ (မှန်ပါ့ ဘုရား)။
ဒီဘဝတော့ သူထိုက်တန်တဲ့ အကုသိုလ်တွေ ပေးမယ်ပေါ့လေ၊ နောက်ဘဝ လိုက်နိုင်သေးရဲ့လား (မလိုက်နိုင်ပါ ဘုရား)။
ဒါဖြင့် တို့ကြောက်ရတာက မာနပဉ္စဆိုတာ ဒုတိယဘဝတွေချဲ့မှာ စိုးရိမ်ရတာ (မှန်ပါ့)၊ အခုတော့ ဒီလို စိုးရိမ်စရာရှိသေးရဲ့လား( မရှိပါ ဘုရား)။
ဒါကြောင့် “မာနသမ္ဘူတော(ပ)ပဟာတဗ္ဗော” အရှင်အာနန္ဒာက ဟောလိုက်တယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ကြိုးစားကြပါ၊ မာနနဲ့ပဲ ကြိုးစားကြပါ၊ ရအောင်လဲ ကြိုးစားကြပါ၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ မာနကလေး ထားပေးပါ၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဘယ်လိုလုပ်ကြရမလဲ (မာနကလေး ထားပေးရပါမယ်) သူတောင် ရသေးတာပဲ၊ ငါ ဘယ့်နှယ့်ကြောင့် မရရမလဲ၊ သူလဲ မိန်းမပဲ ငါလဲ မိန်းမပဲ၊ သူလဲ ယောကျ်ားပဲ၊ ငါလဲ ယောကျ်ားပဲ၊ ဆရာပေးတာလဲ နည်းအတူတူပဲ၊ သူကတော့ဖြင့် ဟန်ကျသွားတယ်၊ ငါ့မှာ ဟန်မကျသေးဘူး၊ ငါ ဘာမို့တုံး၊ ဒီလို မာနတက်ပေးပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)၊ ဒါဖြင့် ဒီမာန ဖြစ်ကောင်း မဖြစ်ကောင်း (ဖြစ်ကောင်းပါတယ် ဘုရား)။
တရားထူးဟောလိမ့်မယ်
ဒါကြောင့် ဒီနေ့ တရားထူးဟောလိမ့်မယ်ဆိုတာ ဦးအောင်ဇံဝေ မပေါ်လာသေးဘူးလား (ပေါ်လာပါပြီ ဘုရား) ပေါ်သွားပြီတဲ့။
မင်းကွာ မာနမကြီးနဲ့၊ မာနဆိုတာ ပစ္စုပ္ပန်လဲ မကောင်းဘူး၊ သံသရာလဲမကောင်းဘူး၊ ဒီလို ဟောနေကြတယ်၊ မဟောကြဘူးလား၊ (ဟောပါတယ် ဘုရား)။
မင်း တဏှာမဖြစ်စေနဲ့၊ တဏှာ သမုဒယဆိုတာ ပစ္စုပ္ပန်လဲ မကောင်းဘူး၊ သံသရာလဲမကောင်းဘူးကွလို့ ဒီလိုချည်းပြောနေကြတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲ သူတို့ပြောတာတွေက ခုနင်က တရားအားမထုတ်တဲ့ လူအတွက်မှာတော့ မှန်တယ်၊ တရားအားထုတ်တဲ့သူ အတွက်မှာ တစ်ဝက်မှားနေတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သံသရာ မကောင်းဘူးဆိုတာ မှားနေတယ်၊ ဒီက သံသရာမှ မရှိတော့ဘဲ (မှန်ပါ့)ရှိသေးရဲ့လား (မရှိပါ)၊ နောက်ဘဝတွေ ဘာတွေရှိသေးရဲ့လား (မရှိပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဪ တော်တော်အဖိုးတန်ပါကလားဆိုတဲ့ဥစ္စာ မင်းတို့ ဆုံးဖြတ်ချက် ချနိုင်ကြပြီ (မှန်ပါ့)၊ အင်မတန် အဖိုးတန်တယ်ဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။
ဒုက္ခချုပ်သွားတဲ့ဘက်ရောက်သွားပြီ
ကိုင်း ဒါဖြင့် မာနလဲ ဖြစ်ကောင်းတယ်၊ တဏှာကလဲ လှညွန့်က ဒုက္ခချုပ်သွားတဲ့ဘက်ရောက်သွားပြီ၊ မောင်အောင်ချီက သူ မိန်းမသားတောင် ရသေးတာပဲ၊ သူရသလိုပဲ ကိုယ်လဲ ရချင်တာပေါ့၊ ကိုယ်ကလဲ ရှာကျွေးရသေး တယ်၊ သူကလဲ အထွတ်အထိပ်ရောက်သွားတယ်ဆိုတော့ ကိုယ်လဲရချင်တာပဲဆိုပြီး သကာလ ရှေးဦးစွာ ဒီစိတ်တော့ ပေါ်ဦးမှာပဲ (မှန်ပါ့)၊ မပေါ်ပေဘူးလား (ပေါ်ပါတယ်)၊ ပေါ်တော့ ဒါတဏှာပဲ၊ ရချင်တဲ့တဏှာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ရချင်တဲ့တဏှာနဲ့ပဲ မောင်အောင်ချီက ကြိုးစားလိုက်ပြီ၊ ဆရာ ဘုန်းကြီးပေးထားတဲ့ စိတ္တာနုပဿနာ ကြိုက်ရင် စိတ္တာနုပဿနာ ကြိုးစား၊ ဝေဒနာ နုပဿနာ ကြိုက်ရင် ဝေဒနာ နုပဿနာ ကြိုးစားလိုက်တော့ ကဲ ရသွားပြီကွာ၊ ဒုက္ခချုပ်တဲ့ နိဗ္ဗာန်ရောက်သွားတော့ ဒီတဏှာ ဘယ်သွားပြီး အကျိုးပေးမတုန်းလို့ဆိုလို့ရှိရင် နောက်ဘဝ ဘယ့်နှယ် ဆိုကြမလဲ (မပေးပါ ဘုရား)။
မပေးဘူး ပေးချင်ရင် ဒီဘဝ သူနည်းနည်းကျဉ်းကျဉ်းပေးချင်ပေးမယ် (မှန်ပါ့) နောက်ဘဝတော့ (မပေးပါ)၊ မပေးတော့ဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် အရှင်အာနန္ဒာက ဟောတယ် “တဏှာသမ္ဘူတော အယံ ဘဂိနိကာယော၊ တဏှံ နိဿာယ တဏှာ ပဟာတဗ္ဗာ” သေသေချာချာ ဟောတာပဲ (မှန်ပါ့ ဘုရား)။
ရှေးဦးစွာ တဏှာကိုမှီ၍ ဖြစ်တာပဲ၊ သူရသလို ရချင်တယ်ဆိုတာ တဏှာမှီဖြစ်တာပဲ သူ့တော့ မှီဖြစ်တာပဲတဲ့၊ သို့သော ဒီတဏှာပယ်တဲ့ တရားကို မင်းရသွားလို့ရှိရင် ဒီတဏှာဟာ အလကားပဲတဲ့ (မှန်ပါ့)၊ အကျိုးမပေးနိုင်တော့ဘူး တဲ့၊ ရအောင်သာ ကျေးဇူးပြုတယ်၊ သူက မနှိပ်စက်ဘူးတဲ့ (မှန်ပါ့)၊ ကဲ သဘောပါကြပလား (ပါပါပြီ ဘုရား)။
ရအောင်တော့ (ကျေးဇူးပြုပါတယ်)၊ နှိပ်စက်သေးသလား (မနှိပ်စက်ပါ)၊ နောက်ဘဝလိုက်ပြီး နှိပ်စက်သေး သလား (မနှိပ်စက်ပါ ဘုရား)။
ဆေးအဖြစ်နဲ့ သုံးလိုက်ကြပေတော့
ဒါဖြင့် ဪ ဒါဟာ အဆိပ်ပင် ဖြစ်ငြားသော်လဲ ဆေးအဖြစ်နဲ့ သုံးလိုက်ကြပေတော့ (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ဆိုကြမလဲ (ဆေးအဖြစ်နဲ့သုံးရပါမယ် ဘုရား)၊ အဆိပ်တော့ ပင်ကိုယ်ကအဆိပ်ပဲ၊ သို့သော် ကိုယ်က ဆေးအဖြစ်နဲ့ သုံးလိုက် (မှန်ပါ့)၊ နားလည်ပလား (လည်ပါပြီ ဘုရား)။
ပင်ကိုကတော့ သူ တဏှာဟာ ဘာတုန်း (အဆိပ်ပါ)၊ မကောင်းကျိုးပေးဖို့ အဆိပ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
သို့သော်လဲ အဆိပ်ကို ဒီက ဆေးလုပ်ပြီး သုံးလိုက်တဲ့အခါကျတော့ အဆိပ်နဲ့ပျောက်တဲ့ ဝေဒနာတွေကလဲ ရှိသေးတာကိုး (မှန်ပါ့)၊ မရှိဘူးလား (ရှိပါတယ် ဘုရား)။
အဲဒီ ဆေးလုပ် သုံးလိုက်တဲ့အတွက် ဒီဟာ အများကြီး အဖိုးတန်သွားတယ်ဆိုတာ ဦးအောင်ဇံဝေ ရှင်းရှင်း လင်းလင်း မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)။
အဆိပ်ကို ဆေးအဖြစ်နဲ့ သုံးလိုက်တော့ ကိုယ့်ကျန်းမာရေးရတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ၊ အဆိပ်ကိုဆေးအဖြစ်နဲ့ သုံးလိုက်တဲ့အခါကျတော့ ကျန်းမာရေးရတယ်၊ ဥပမာမယ် မင်းတို့ ကြားဖူးတဲ့ နန်းတွင်းလျှာပွတ်ဆေးဆိုတာ မြန်မာဆေးထဲမှာ တော်တော်ထက်ပါတယ် (မှန်ပါ့)။
ဒီဟာ အဆိပ်တွေ ပြုလုပ်ထားတာ၊ တစ်ခုစီသာစားရင် သေတတ်တဲ့ အဆိပ်တွေပဲ ပေါင်းပြီး အသုံးချလိုက်တော့ကို ရောဂါပျောက်တယ် (မှန်ပါ့)။
ရောဂါ မပျောက်ဘူးလား (ပျောက်ပါတယ်)၊ ဘာဖြစ်လို့တုန်းဆိုတော့ အဆိပ်ကို ဆေးလုပ်ပြီး သုံးတတ်လို့ (မှန်ပါ့ ဘုရား)။
တဏှာဟာ အဆိပ်ပဲ
ဒီမှာလဲ တဏှာဟာ အဆိပ်ပဲ (မှန်ပါ့)၊ သို့သော်လဲ ကိုယ်က ဒီတဏှာကို အမှီပြုပြီး သကာလ ငါလဲ ရချင်တယ်ဆိုတဲ့ သူတော်ကောင်းများ ကြိုက်တဲ့နိဗ္ဗာန်ကို ရချင်တယ်ဆိုတဲ့ တဏှာနဲ့ ဆက်လက်ပြီး ကြိုးစားလိုက်တော့ ကိုယ်က ရသွားတယ်နော် (မှန်ပါ့ ဘုရား)။
ရသွားတော့ ရသွားတဲ့မဂ်က ဒီတဏှာကို ဘာလုပ်သတုန်း (ဖြုတ်ပစ်လိုက်ပါတယ်) ဖြစ်ပစ်လိုက်တယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သူဟာ ပထမ အဆိပ်လဲ ဟုတ်တယ်နော် (မှန်ပါ့)၊ နောက်ကျတော့ သူ့ကြောင့်ပဲ ကျုပ်တို့မဂ်ရတော့ မဂ်ကြောင့် အန္တရာယ်ရောဂါမဟုတ်ဘူးလား (ပျောက်ပါတယ် ဘုရား)။
ကိလေသာ အန္တရာယ်တွေ ဒကာ ဒကာမတွေ အကုန်မပျောက်ဘူးလား (ပျောက်ပါတယ် ဘုရား) ပေါ်ကြပလားူ (ပေါ်ပါပြီ ဘုရား)။
ဪ ဒါဖြင့် ဒီတဏှာဟာ ဖြစ်ကောင်း မဖြစ်ကောင်း (ဖြစ်ကောင်းပါတယ် ဘုရား)။
ဒါဖြင့် ယနေ့ည ထူးထူးလည်လည် ပြောလိုက်ပါတယ်၊ ဒကာ ဒကာမတို့ သူတို့နှစ်ခု မပါလို့ရှိရင်လဲ ခင်ဗျားတို့မှာ လုံ့လ၊ ဝီရိယ ညံ့ပါလိမ့်မယ်၊ မညံ့ပေဘူးလား (ညံ့ပါတယ် ဘုရား)။
မာနမပါရင်လဲ ညံ့မှာပဲ၊ တဏှာမပါရင်ကော (ညံ့ပါတယ်)၊ တဏှာမပါရင် လုပ်ကို လုပ်ဖြစ်တော့မှာ မဟုတ်ဘူး (မှန်ပါ့)။
လိုချင်တဲ့သဘော မပါရင် လုပ်ဖြစ်ပါ့မလား (မလုပ်ဖြစ်ပါ ဘုရား)။
ကျောက်ရချင်လို့ သွားတာပဲ
ဥပမာမယ် ဒီကနေပြီး အနောက်ပိုင်း သွားချင်တယ်ဆိုတဲ့ဥစ္စာ မောင်အောင်ချီ မင်းဘာဖြစ်လို့ သွားချင်တာတုန်း၊ ကျောက်ရချင်လို့၊ ဒါပဲ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကျောက်ရချင်လို့ သွားတာပဲဆိုတော့ ကျောက်လိုချင်လို့ရှိရင် သူက ခေါင်းဆောင်ဦးမှရမယ် (မှန်ပါ့)၊ နို့မဟုတ်ရင် (မရပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီမှာလဲ နိဗ္ဗာန်လိုချင်လဲ သူ့ကို ရှေးဦးစွာတော့ ခေါင်းဆောင်တော့ တင်ရလိမ့်မယ် (မှန်ပါ့)၊ တင်ပြီးတော့မှ ကိုယ်က မရရကြောင်း ကြိုးစားရမယ်၊ ကြိုးစားလိုက်တော့ရတယ် ဆိုကြပါစို့ဆိုတော့ ရတဲ့အချိန်ကျပြန်တော့လဲ သူ့ကြောင့်ရပြီး သူ့ကို ပယ်တာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သူ့ကြောင့်ရတယ်ဆိုတဲ့ စကားလဲသုံးနိုင်တယ်၊ မသုံးနိုင်ဘူးလား (သုံးနိုင်ပါတယ် ဘုရား)၊ သူ့ကိုလဲ မဂ်က ပယ်တယ်ဆိုတာကော (သုံးနိုင်ပါတယ်)၊ သုံးနိုင်တယ်ဆိုတာပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါကြောင့် “တဏှာသမ္ဘူတော အယံ ဘဂိနိ ကာယော၊ တဏှံ နိသာယ တဏှာ ပဟာတဗ္ဗာ” လို့ အရှင်အာနန္ဒာက ဟောနေတာ (မှန်ပါ့)၊ ပေါ်ကြပလား ဦးအောင်ဇံဝေတု့ိ (ပေါ်ပါပြီ ဘုရား)။
ဪဒီနှစ်ခုကို တို့သည် အင်မတန်ကြောက်ပြီး သကာလ နေငြားသော်လဲ ဒီနှစ်ခု ကျေးဇူးပြုချက်ကြောင့်လဲ တို့မှာ လိုရာခရီးအပြီးတိုင် ရောက်ပါလားဆိုတာ ပေါ်လာတယ် (မှန်ပါ့)၊ မပေါ်ဘူးလား (ပေါ်လာပါတယ် ဘုရား)။
အဲဒါ စတုက္ကနိပါတ် အင်္ဂုတ္တိုရ်မှာ ဘိက္ခုနီသုတ်ဆိုပြီးတော့ သေသေချာချာလာတယ်။
ငယ်မှတ်တွေ ဖြုတ်လိုက်ပါဦး
ဒါဖြင့် မင်းတို့ ငယ်မှတ်တွေ ဖြုတ်လိုက်ပါဦး (မှန်ပါ့)၊ တဏှာဆိုရင် အပါယ်သွားဖို့ချည်းဆိုတာ ဖြုတ်လိုက် (မှန်ပါ့ ဘုရား)၊ မာနဆိုတာကော (ဖြုတ်ရမှာပါပဲ ဘုရား)။
အဲ လောကီသုံးတဲ့အခါကျတော့ဖြင့် ကျလိမ့်မယ်ဆိုတာ မှန်ပါတယ်၊ လောကုတ္တရာဘက်ကို ရောက်အောင် ဆွဲသုံးတော့မယ်ဆိုရင်ဖြင့် အပါယ်မကျနိုင်တာဆိုရှိတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
လောကုတ္တရာသုံးမယ်ဆိုရင် အပါယ်မကျနိုင်ဘူး၊ လောကီမှာ သုံးမယ်ဆိုရင်တော့ (အပါယ်ကျပါတယ် ဘုရား)။
ဒါဖြင့် တစ်လမ်းတည်းရယ်လို့ ကိုယ့်သညာကလေးကို တစ်ခုတည်းထားလို့ မတော်ဘူးပေါ့ဗျာ (မှန်ပါ့)၊ ဆရာသမားဆီ နည်းယူပြီး သကာလ ဪ နှစ်မျိုးနှစ်စား သုံးနိုင်ပါကလား (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဒါဖြင့် ဖြစ်ကောင်း မဖြစ်ကောင်း စဉ်းစားကြပါ (ဖြစ်ကောင်းပါတယ် ဘုရား)။
ဒါဖြင့် သူမပါဘဲနဲ့ လုပ်တဲ့ပုဂ္ဂိုလ်နဲ့ သူပါပြီးလုပ်တဲ့ပုဂ္ဂိုလ်နဲ့ တွင်ကျယ်မှု ကွာလိမ့်ဦးမယ်၊ ဘယ့်နှယ်တုံး (ကွာပါတယ်)၊ ကွာလိမ့်မယ်နော်၊ အုန်းကြည်တို့ ဘယ့်နှယ်ထင်ကြသတုံး (ကွာပါတယ် ဘုရား)။
ဉာဏ်ခြေလှမ်းသွက်မယ်
သူပါရင် မြန်မြန်ရမယ် ဦးအောင်ဇံဝေ (မှန်ပါ့)၊ အဲ သူမပါဘဲနဲ့ ထုံးစံအတိုင်း ဝတ္တရားအတိုင်း လုပ်နေတဲ့ပုဂ္ဂိုလ် ဆိုလို့ရှိရင် ခြေလှမ်းနှေးမယ် (မှန်ပါ့)၊ ဉာဏ်ခြေလှမ်း မနှေးပေဘူးလား(နှေးပါတယ် ဘုရား)၊ သူတို့နှစ်ခု တစ်ခုခုအကြောင်း ခံလာရင် ဉာဏ်ခြေလှမ်းသွက်မယ် (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဪ တို့အထင်နဲ့ဖြင့် ဒီဥစ္စာအတော်ဆိုးနေတာပဲ၊ အခုတော့ဖြင့် ဆရာသမားနည်းပေးလို့ မြတ်စွာဘုရား ဟောတော်မူတဲ့ ကျမ်းဂန်ထဲမှာ အရှင်အာနန္ဒာက ဟောတာ သေချာမှုရှိနေ သောကြောင့် ဪ တို့အရနှေးတာ ဘာပါလိမ့်မတုံးလို့ ယနေ့ လက်သည်ရှာတော့ ခင်ဗျားတို့ အားထုတ်နေကြတာ တဏှာ အကြောင်းရင်းမခံဘူး (မှန်ပါ့)၊ သူရသလို ရချင်တဲ့ တဏှာမပါဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)၊ သူတောင် ရသေးတာပဲ၊ ငါ ဘယ့်နှယ်ကြောင့် မရရမလဲဆိုတဲ့ မာနလဲ မပါဘူး (မှန်ပါ့)။
ဒါဖြင့် နှေးနေတဲ့ ဒကာ ဒကာမတွေမှာ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဘာညံ့နေကြတာလဲ (တဏှာညံ့နေတာပါ)၊ တဏှာညံ့၊ မာနညံ့နေတာ (မှန်ပါ့)။
ဦးအောင်ဇံဝေ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ တဏှာနဲ့မာန ဘာဖြစ်နေသလဲ (ညံ့ပါတယ် ဘုရား)၊ ညံ့တယ်နော် (မှန်ပါ့)။
ပြင်းပြင်းထန်ထန်နဲ့ လုပ်ရင်လဲ
ဒါဖြင့် ဒီတဏှာကိုလဲ ပြင်းပြင်းထန်ထန်နဲ့ သူရသလို ရချင်တဲ့ဥစ္စာ ပြင်းပြင်းထန်ထန်နဲ့ လုပ်ရင်လဲ ရမှာပဲဆိုတာ သေချာပလား (သေချာ ပါပြီ ဘုရား)။
အဲ မာနကလဲ သူတောင်ရသေးတာ၊ ဘာကြောင့်မို့ ကိုယ်မရ ရမှာတုံးဆိုတဲ့ မာနကကော ထားလိုက်၊ မထားလိုက်(ထားထိုက်ပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဪ ဒါဖြင့် တို့သည်ကားဆိုလို့ရှိရင် မနှေးမကွေးပဲနဲ့၊ အမြန်ရောက်နည်း နိဿရည်းရှာတော့ သူတို့နှစ်ခုရဲ့ အကူအညီလဲလိုပါကလားဆိုတာ ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား)။
ဘာပေါ်လာသတုံး (သူတို့နှစ်ခု အကူအညီလိုပါတယ် ဘုရား)၊ တစ်ခုခု ကူညီရမယ် (မှန်ပါ့)၊ တစ်ခုခုက ကူညီလို့ ရှိရင် ဒကာ ဒကာမတွေ သွက်လက်လိမ့်မယ် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဪ ဒါဖြင့် ဒီ ဒကာ ဒကာမတွေမှာ ဘာကလေးဖြည့်စွက်ဖို့ ယနေ့ ဟောပါလိမ့်မလဲ ဆိုတာလဲ အဘွားငြိမ်းတို့ ပေါ်ပါပြီ (မှန်ပါ့)၊ ဘွားမြတို့ကော မပေါ်သေးဘူးလား (ပေါ်ပါပြီ)၊ ဘာဖြည့်စွက်ကြမလဲ (တဏှာ၊ မာန ဖြည့်စွက်ဖို့ပါ ဘုရား)၊ တဏှာ ဖြည့်စွက်ချင် ဖြည့်စွက်လိုက်၊ မာနရင် ဖြည့်စွက်ချင်ဖြည့်စွက်လိုက်၊ အပြစ်မရှိဘူး။
ဒါ မဂ်ရမှာ အပြစ်မရှိတာလား၊ မဂ်မရဘဲနဲ့ ဖြစ်ပျက်မြင်နေတာလားလို့ မေးလို့ရှိရင်လဲတဲ့ ဖြစ်ပျက်ကို သိတဲ့မဂ်ကလဲ သူ့ကိုဖြတ်တာပဲ (မှန်ပါ့)၊ သူ ပဋိစ္စသမုပ္ပါဒ် ဆက်နိုင်သေးရဲ့လား (မဆက်နိုင်ပါ ဘုရား)။
ဝိပဿနာမဂ်ရလို့ရှိရင် ပယ်တန်သမျှ ပယ်တာပဲ
အဲဒီတော့ မဂ်စစ်ရမှ ဒီမာန ပယ်တယ်လို့မယူပါနဲ့၊ ဝိပဿနာမဂ်ရလို့ရှိရင် ပယ်တန်သမျှ ပယ်တာပဲ (မှန်ပါ့)၊ ဒါဖြင့် ရှိကောင်းတဲ့တရား (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဘယ့်နှယ်ဖြေကြမယ် (ရှိကောင်းတဲ့တရားပါ ဘုရား)၊ တဏှာမာနသည် လောကုတ္တရာ အားထုတ်တဲ့နေရာမှာ ဘယ့်နှယ်ဆိုကြမလဲ (ရှိကောင်းပါတယ် ဘုရား)။
ရှိကောင်းတဲ့ တရားဆိုပြီးတော့ မောင်အောင်ချီတို့က ဆုံးဖြတ်ချက်ချလိုက် ရှင်အာနန္ဒာက သေသေချာချာ ဟောပြီကွ (မှန်ပါ့)။
”တဏှာသမ္ဘူတော (ဝါ) ပဟာတဗ္ဗာ၊ မာနသမ္ဘူတော (ပ) မဟာတဗ္ဗော” လို့ သေသေချာချာ ဟောတာပဲ (မှန်ပါ့)။
အခု အကျိုးအကြောင်း ဆက်ပြီး ဆရာဘုန်းကြီးက ရှင်းပြလိုက်တဲ့ အခါကျတော့လဲ ဒကာ ဒကာမတွေ ခင်ဗျားတို့ နားထဲမှာလဲ ကျေနပ်တယ်မဟုတ်လား (ကျေနပ်ပါတယ် ဘုရား)။
အဲ မကျေနပ်စရာလဲ မရှိတော့ဘူးတဲ့၊ အကြောင်းအကျိုးက ဆက်သွားပြီ (မှန်ပါ့ ဘုရား)၊ မဆက်ဘူးလား (ဆက်ပါပြီ ဘုရား)။
သူရသလို ကိုယ်ရချင်တယ်ဆိုပြီး ကြိုးစားလိုက်တော့ ကြိုးစားတဲ့ အထဲတော့ သူမပါဘူးဗျ (မှန်ပါ့)၊ ပါသေးရဲ့လား (မပါပါ ဘုရား) ကြိုးစားတဲ့အထဲတော့ ဉာဏ်ချည်းပဲ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒီဉာဏ်က သူ့ မဖြတ်ဘူးလား ဖြတ်သလား (ဖြတ်ပါတယ် ဘုရား)၊ ကဲ သေချာနေပြီ၊ သူရသလို ဘယ့်နှယ်ကြောင့် မရဘဲ ရှိရမတုံးလို့ မာနတော့ ဖြတ်လိုက်တာပဲ (မှန်ပါ့)။
အလွန်ကြိုးစားလိုက်တယ်
မာနဖြတ်ပြီး သကာလ လှညွန့်က အလွန်ကြိုးစားလိုက်တယ်ဆိုပါတော့ အလွန်ကြိုးစားလိုက်တော့ ရှေ့ဝိပဿနာ မဂ်က တစ်စက္ကန့်မှာ နှစ်မဂ်၊ သုံးမဂ်ရမယ်ဆိုတော့ သူကြိုးစားလိုက်တဲ့အခါကျတော့ များများကြီး မရပေဘူးလား (ရပါတယ်)၊ ဝိပဿနာမဂ်ပဲ ထားပါတော့ (မှန်ပါ့)။
ဘယ်နှယ့်ကြောင့် ဝိပဿနာမဂ် ဒါလောက် များများရပါလိမ့်မလဲလို့ မေးလို့ရှိရင် မာနဗျာ့ (မှန်ပါ့ ဘုရား)၊ ဒါဖြင့် ဝိပဿနာမဂ်က မာန ဖြတ်နိုင် မဖြတ်နိုင် (ဖြတ်နိုင်ပါတယ်)၊ ဖြတ်တာပဲ၊ မဂ်ဖြစ်နေတော့ မာန လာခွင့်ရသေး ရဲ့လား (မရပါ ဘုရား)။
မရတော့ပါဘူးဆိုတော့ ဪ ပဋိစ္စသမုပ္ပဒ်ပြတ်တယ်ဆိုတဲ့ စကားနဲ့ ဆုံးဖြတ်ချက်ချလိုက် (မှန်ပါ့)။
ဘယ့်နှယ်ဆိုကြမလဲ (ပဋိစ္စသမုပ္ပာဒ် ပြတ်ပါတယ် ဘုရား)၊ ပဋိစ္စသမုပ္ပဒ်ပြတ်တာ ပဓနာထား (မှန်ပါ့)၊ မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။
ဒါဖြင့် ဒီမာနသည် တပည့်တော်တို့မှာ အကျိုးများပေးဦးမှာလားလို့ မေးတဲ့အခါကျတော့ ရှိတဲ့ဝိပဿနာက ဖြတ်ပစ်လိုက်ပြီ၊ အကျိုးမပေးနိုင်တော့ဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
တပည့်တော်တု့ိ အားထုတ်လိုက်တဲ့ ဝိပဿနာက တဏှာဖြတ်လိုက်ပြီ ဆိုတော့လဲ သူအကျိုးပေးနိုင်သေးရဲ့လား (မပေးနိုင်ပါ ဘုရား)၊ ပေးချင်လို့ရှိရင် ဒီဘဝပဲတဲ့နော် (မှန်ပါ့) နောက်ဘဝတော့ (မပေးနိုင်ပါ ဘုရား)။
တဏှာနဲ့ ကြိုးစားလဲ ကောင်းတာပဲ
မလိုက်နိုင်ဘူးဆိုတဲ့အကြောင်းကို သေသေချာချာ အဋ္ဌကထာဆရာ ကလဲ ဖွင့်ပြီး သကာလ ထားတော့ “ပဟာတဗ္ဗော” လို့ ပါဠိတော်ကလဲ ရှိပြီးနေတော့ ပယ်နိုင်ပါတယ်လို့ သေသေချာချာ ပြောထားတဲ့အတွက် ဒီနှစ်ခုနဲ့ ခင်ဗျားတို့ စလုပ်တဲ့ပုဂ္ဂိုလ်များ အလွန် ကြိုးစားဖို့ကောင်းတယ် (မှန်ပါ့)၊ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား) တဏှာနဲ့ ကြိုးစားလဲ ကောင်းတာပဲ၊ မာနနဲ့ ကြိုးစားလဲ (ကောင်းပါတယ် ဘုရား)။
ဘာဖြစ်လို့တုန်းဆိုတော့ ပေါ်လာ ပေါ်လာတာကို သူ့အကြောင်းက ဆက်ချင်လို့ ဆက်လိုက်သလား၊ ဖြတ်ပစ်လိုက်တာလား (ဖြတ်ပစ်လိုက်ပါတယ် ဘုရား)၊ ဒါဖြင့် သူ့အကြောင်းဖြတ်တဲ့ အလုပ်ဖြစ်သောကြောင့် ကောင်းတယ် (မှန်ပါ့)၊ ပေါ်ကြပလား(ပေါ်ပါပြီ ဘုရား)။
သူ့အကြောင်း ပြတ် မပြတ်၊ (ပြတ်ပါတယ် ဘုရား)၊ ပြတ်တယ် ဆိုတာ သဘောပါပလား (ပါပါပြီ ဘုရား)။
အဲဒီလို ဟောပြီး သကာလ ခုနင်က ဘိက္ခုနီမက အရှင်အာနန္ဒာကို ဖူးချင်လို့သာ ပင့်တာကိုး၊ အရှင်အာနန္ဒာ ကတော့ ဒီအကြောင်းကို သူ့တရား ထုံစံအတိုင်း ဟောသွားတော့မှ အရှင်အာနန္ဒာကို တောင်းပန်တယ် (မှန်ပါ့)၊ သူဟာ မာလျက်နဲ့ မမာဘူး လိမ်ပင့်တာဟာ တပည့်တော်ဖြင့် မှားပါပြီ၊ ပြုပါပြီ စသည်ဖြင့် အမျိုးမျိုး တောင်းပန်တယ် နော် (မှန်ပါ့ ဘုရား)။
တရားသာ ဆက်အားထုတ်ပါတဲ့
ဒီတော့ အရှင်အာနန္ဒာက ကဲ နင် တောင်းပန်တာလဲဟုတ်ပြီ၊ အပြစ်ကို အပြစ်မှန်းသိပြီး သကာလ တောင်းပန်လို့ရှရင် တို့အရိယာတို့၏ ဝိနည်းမှာ ကျေစမြဲပါပဲ၊ တရားသာ ဆက်အားထုတ်ပါတဲ့ (မှန်ပါ့)၊ သဘောပါလား (ပါ ပါပြီ ဘုရား)။
လိမ်ပင့်တာတောင်မှ ဒီတရားဟောလိုက်လို့ ဒီအတိုင်း မာနထား၊ တဏှာထားပြီးတော့ ကြိုးစားပါ၊ ပြီးတော့ ဒါဟာ ပြတ်သွားတာပါပဲ အစရှိသည်နဲ့ အရှင်အာနန္ဒာက ဟောလိုက်တာပဲ၊ သဘောပါကြပလား (ပါ ပါပြီ ဘုရား)။
ဒါဖြင့် နက်ဖြန် ဘယ်ကစပြီး ကြိုးစားကြမယ်ထင်ကြသတုန်း (တဏှာ၊ မာနပါ) သူများရသလို ရချင်တဲ့တဏှာနဲ့လဲ ကြိုးစား (မှန်ပါ့)၊ သူတောင် ရသေးတာပဲ၊ ငါ ဘာကြောင့် မရရမှာလဲဆိုတဲ့ မာနနဲ့ကော (ကြိုးစားရပါမယ်)၊ ကြိုးစားလို့ ရှိရင်ဖြင့် ခါတိုင်းနေ့ထက်သူ ထူးခြားမလား မထူးခြားဘူးလား (ထူးခြားပါတယ် ဘုရား)။
သွက်လက်တာရင်လဲ ပေါ်လိမ့်မယ်နော်၊ အရရင်လဲ မြန်လိမ့်မယ်နော် (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ ထမင်းကော စားတတ်ပါပလား (စားတတ်ပါပြီ) စားချင်တဲ့ တဏှာကော သတ်တတ်ပါပလား (သတ်တတ်ပါပြီ ဘုရား)။
နိဗ္ဗာန်လိုချင်တဲ့ တဏှာ
နိဗ္ဗာန်လိုချင်တဲ့ တဏှာကော ဖြစ်ကောင်းပါသလား (ဖြစ်ကောင်းပါတယ်)၊ နိဗ္ဗာန်လိုချင်တဲ့ မာနကော ဖြစ်ကောင်းပါသလား (ဖြစ်ကောင်းပါတယ်)၊ ဖြစ်ကောင်းတာပဲ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒီသုံးခုသည် အင်မတန် အဖိုးတန်တဲ့ သုံးမျိုးပဲဆိုပြီး သကာလ ထမင်းစားလဲ ဒီအတိုင်းစားပါ၊ သူတော်ကောင်း အလုပ်လုပ်ဖို့ရာ စားလိုက်တယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
နက်ဖြန်ကျလို့ရှိရင် သူတစ်ပါးက ဥပမာ ကမ္မဋ္ဌာန်းကျောင်းတက်သွားပြီ၊ အို သူတောင်တက်နိုင်သေးတာပဲ၊ ငါ ဘယ့်နှယ်ကြောင့် မတက်နိုင်ဘဲ ရှိမလဲ၊ ဒီအလုပ်ကို ငါလုပ်မယ်ဆိုပြီး မာနနဲ့တက်လိုက်လဲ ကောင်းတာပဲ (မှန်ပါ့ ဘုရား)။
သူတို့ဖြင့် ဒီလိုပဲ ဆက်တက်သွားတာနဲ့ လိုရင်းဆိုက်သွားပြီ၊ ငါလဲ လိုရင်း ဆိုက်ချင်ဆိုက်တာဆိုပြီး တက်မရပေဘူးလား ရသလား (ရပါမယ်)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။