လောကသုံးပါးကို ခွဲခြားသိကြရန်
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မိုးကုတ်မြို့ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်
ဟောကြားဆုံးမတော်မူအပ်သော
လောကသုံးပါးကို ခွဲခြားသိကြရန်
ညအလုပ်ပေးတရာတော်
(၁၂-၅-၆၂)
လောကသုံးပါးကို ပြောပြမယ်
လောကသုံးပါးကို ပြောပြမယ်တဲ့၊ လောကသုံးပါ ရှင်းရမယ်နော်၊ သင်္ခါရလောက၊ သတ္တလောက၊ ဩကာသ လောကလို့ ဦးအောင်ဇံဝေ သုံးပါးရှိတယ်နော် (မှန်ပါ့ ဘုရား)။
သင်္ခါရလောက၊ သတ္တလောက၊ ဩကာသလောကတဲ့ ဘယ်နှစ်မျိုး ရှိပါလိမ့် (သုံးမျိုးပါ ဘုရား)၊ သုံးမျိုးရှိတယ်။
သင်္ခါရလောကဆိုတာ ခန္ဓာကိုယ်ထဲ ကြည့်လိုက်တော့ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်လို့နေတဲ့ဥစ္စာ သင်္ခါရလောကလို့ မှတ်ထားကြပါနော်၊ (မှန်ပါ့)၊ ဖြစ်လိုက် ပျက်လိုက်နေတာ ဘာခေါ်မယ် (သင်္ခါရလောကပါ ဘုရား) သင်္ခါရလောက။
သတ္တလောက ဩကာသလောက သင်္ခါရလောက
အခုလို ဒကာ ဒကာတွေ ယောကျ်ားတွေ မိန်းမတွေလို့ဆိုတဲ့ ဥစ္စာက သင်္ခါရလောက ကွယ်ပြီး သကာလ ယောကျာ်း မိန်းမတွေလို့ ပြောနေတာလဲ အဲဒါက သတ္တဝါတွေဖြစ်သောကြောင့် သတ္တလောကလို့ မှတ်ကြနော် (မှန်ပါ့ ဘုရား)။
နောက်က ကြားကြရဲ့လား (ကြားပါတယ်)၊ ပုဂ္ဂိုလ်သတ္တဝါတွေက ယောကျ်ားတွေ မိန်းမတွေ ပုဂ္ဂိုလ်သတ္တဝါတွေက သတ္တလောကလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
အခုလို တိုက်တွေတာတွေ နတ်ဘုံ နတ်နန်းတွေက ဩကာသလောကလို့ မှတ်လိုက်စမ်းပါနော် (မှန်ပါ့)။
ရုပ်နာမ်တွေ ရုပ်နာမ် ဖြစ်ပျက်တွေက ဘာတွေပါလိမ့် (သင်္ခါရလောကပါ) သင်္ခါရလောက မှတ်ထားလိုက်။
ယောကျ်ားတွေ မိန်းမတွေ နတ်တွေ ဗြဟ္မာတွေဆိုတာ သတ္တဝါတွေဖြစ်နေသောကြောင့် သတ္တလောက မှတ်ထားလိုက် (မှန်လှပါ ဘုရား)။
သူတို့နေတဲ့ တိုက်တွေတာတွေ လူတွေနေတဲ့ မြေတွေသစ်ပင်တွေက ဩကာသလောက (မှန်ပါ့)။
လောက ဘယ်နှစ်မျိုးရှိပါလိမ့် (သုံးမျိုးရှိပါတယ်)၊ လောကသုံးပါးဆိုတာ မင်းတို့ ကြားဖူးကြတယ်နော် (မှန်ပါ့ ဘုရား)၊ လောကသုံးပါးဆိုတာ ဒကာ ဒကာမတွေ ကြားဖူးကြတယ်နော် (မှန်ပါ့)။
အခု ဒီနေ့ည ရှင်းရမယ်၊ သင်္ခါရလောကဆိုတာ မောင်အောင်ချီ ရုပ်နာမ်ဖြစ်ပျက်တွေ (မှန်ပါ့)၊ သတ္တလောက ဆိုတာ ရုပ်နာမ်ဖြစ်ပျက် မမြင်ဘဲနဲ့ ပုဂ္ဂိုလ်သတ္တဝါတွေဟာ ဘာခေါ်ကြမယ် (သတ္တလောကပါ ဘုရား)။
ပုဂ္ဂိုလ် သတ္တဝါတွေနေတဲ့ သစ်ပင်တွေ၊ ဘုံနန်းတွေ ဘာခေါ်ကြမယ် (ဩကာသလောကပါ ဘုရား) ဩကာသလောက။
လောကဝိဒူဆိုတာ
အဲဒီတော့ ဒါ့ကြောင့် မင်းတို့ ဘုရားရှိခိုးတဲ့အခါကျတော့ သုဂတော၊ လောကဝိဒူဆိုတာရကြမှာပါ၊ ရဖူးလား၊ (ရပါတယ် ဘုရား)၊ ဒါ့ကြောင့် လောကသိလို့ လောကဝိဒူခေါ်တာ (မှန်ပါ့)၊ ဘုရားကို လောကဝိဒူလို့ ခေါ်တယ်နော် (မှန်ပါ့)။
ဘယ့်နှယ်ကြောင့်တုန်းဆိုတော့ လောကသုံးပါးကို သူဝေဖန်ပြီး သိတယ် (မှန်ပါ့)၊ ဒါ့ကြောင့် သူ့ကို ဘယ့်နှယ် ခေါ်ကြမလဲ (လောကဝိဒူပါ ဘုရား)။
အဲဒါကြောင့် မင်းတို့ ဘုရားရှိခိုးနေတဲ့အခါကျတော့ လောကကြီး သိတော်မူတဲ့ ကိုယ်တော်ကြီးလို့ဆိုတော့ ဪ ဘယ်သူပါလိမ့်မတုန်း တွေးမနေနဲ့တော့၊ ဘုရားသခင် ကိုယ်တော်မြတ်ဆိုတာပဲ (မှန်ပါ့)၊ ဒါ့ကြောင့် လောကဝိဒူ၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ သင်္ခါရလောကဆိုတာက ရုပ်နာမ်ဖြစ်ပျက်တွေ၊ သတ္တလောကဆိုတာက ရုပ်နာမ်ဖြစ်ပျက် မမြင်ဘဲနဲ့ ခန္ဓာကြီး ပေါင်းစပ်နေတာတွေ သတ္တဝါတွေဖြစ်နေတာက သတ္တလောကနော် (မှန်ပါ့)။
ဩကာသလောကဆိုတာက ဒီသတ္တဝါတွေ နေရာ၊ ထိုင်ရာတွေကို ဘာခေါ်ကြမယ် (ဩကာသလောကပါ) ဩကာသလောက ဒီလောကသုံးပါးကြီးကို သိတော်မူသောကြောင့် ဘုရားကို ဘွဲ့အထူးအဖြစ်ပေးလိုက် မင်းတို့က လောကဝိဒူ၊ လောက-က လောက၊ ဝိဒူက သိတယ်နော် (မှန်ပါ့)။
ဘုရားကို ဘယ်လိုနာမည်ပေးကြမယ် (လောကဝိဒူပါ) လောကဝိဒူဆိုတာ မင်းတို့မသိဘူးတဲ့၊ ယနေ့တော့ဖြင့် လောကကြီးသုံးပါး သိတော်မူတဲ့ ကိုယ်တော်ကြီးဖြစ်သောကြောင့် သူ လောကဝိဒူဆိုတဲ့ နာမည်လည်း ရထားတယ်။
ဘယ်လောကမှ မမြဲ
အဲဒီတော့ မှတ်လိုက်စမ်းပါဦး၊ ဘုံနန်းတွေဆိုတာကလဲ တော်တော်ကြာဆွေး တော်တော်ကြာပျက် (မှန်ပ့ါ)၊ ဩကာသလောကလဲ ပျက်တာပဲ (ပျက်ပါတယ် ဘုရား)။
သတ္တလောကဆိုတာကလဲ သတ္တဝါတွေ ဖြစ်နေတော့ တော်တော်ကြာ ဘယ်သတ္တဝါ သေပြန်ပြီတဲ့ ဆိုတာကလဲ ရှိတာပဲ (ရှိပါတယ် ဘုရား)။
သင်္ခါရလောက ဆိုတဲ့ ရုပ်နာမ်တွေကလဲ ဖြစ်လိုက်ပျက်လိုက်၊ ဖြစ်လိုက်ပျက်လိုက်နဲ့ ဒီလိုနေတော့ သူလဲ ဖြစ်ပျက်နဲ့ နေတာပဲ။
ဟ ဘယ်လောကထဲ နေရလို့ရှိရင် ဒို့မြဲပါ့မတုံး၊ စဉ်းစားကြည့်ကြစမ်း (ဘယ်လောကမှ မမြဲပါ ဘုရား)။
ဒါဖြင့် ဘယ်လောကထဲမှာနေလို့မှ တပည့်တော်တို့ဖြင့် ချမ်းသာခွင့်မမြင်ဘူး၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် မင်းတို့ လောကအပြင်ဘက်ထွက်ကြ (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘယ်သွားရမတုန်း (လောကအပြင်ဘက်ထွက်ရပါမယ် ဘုရား)၊ လောကအပြင်ဘက် ထွက်ကြရလိမ့်မယ်လို့ မှတ်ထားကြပါ (မှန်လှပါ ဘုရား)။
လောကအပြင်ဘက်ထွက်ကြ
ဒါဖြင့် လောကပြင်ဘက် ထွက်တော့ကို လောကုတ္တရာဘက်ကူး (မှန်ပါ့)၊ ပေါ်သွားပြီ (ပေါ်ပါပြီ)၊ မပေါ်သေးဘူး လား (ပေါ်ပါပြီ ဘုရား)။
ဘယ်ကူးကြမတုံး (လောကုတ္တရာဘက် ကူးကြရပါမယ်)၊ လောကုတ္တရာဘက် ကူးရလိမ့်မယ်၊ သူက လောက ပြင်ဘက်ကိုးဗျ (မှန်ပါ့)။
ဪ ဒါဖြင့် ဒီ ဒကာ ဒကာမတွေ လောကသုံးပါးကို ဖြစ်တတ်၊ ပျက်တတ်တဲ့ သဘောတွေ သတ္တလောကလဲ သေတာပဲ၊ သင်္ခါရလောကကလဲ ဖြစ်လိုက် ပျက်လိုက်နေတာပဲ၊ ဩကာသလောကဆိုတာလဲ တော်တော်ကြာ နတ်ဘုံ ပျောက်သွားတယ်၊ လူတွေနေတဲ့ဘုံသည် ကမ္ဘာပျက်ရင် ပျောက်သွားတယ်၊ ဩကာသလောကဘုံတွေကကော မြဲရဲ့လား (မမြဲပါ ဘုရား)။
ဒါဖြင့် မင်းတို့ ဘယ်လောကထဲ နေချင်သတုံးလို့ ဒီ ဒကာ ဒကာမတွေမေးရင် ဘယ့်နှယ်ဖြေကြမလဲ (ဘယ်လောကမှ မနေချင်ပါဘူး ဘုရား)။
ဘယ်လောကမှ နေလို့မဖြစ်ဘူး (မှန်ပါ့)၊ နေရင်ပျက်တဲ့အထဲ ပါသွားရမယ် (မှန်ပါ့)၊ မပါပေဘူးလား (ပါပါတယ် ဘုရား)။
ဒါ့ကြောင့် မင်းတို့ကို ဆရာဘုန်းကြီးက ဟေ့-ဦးအောင်ဇံဝေတို့ ဘာဘူတို့ လောကအပြင်ဘက်ထွက်ကွ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ လောကပြင်ဘက်ထွက်ကြမှ မင်းတို့နေရာကျကြမယ်၊ လောကအဆုံးကို ဆုံးအောင်လိုက်၊ လောကဆုံးရင် လောကပြင်ဘက် ရောက်မယ် သဘောကျပြီလား (ကျပါပြီ ဘုရား)။
လောကပြင်ဘက် ပို့ဆောင်မလို့
ဒါဖြင့် ဒီနေ့ ဆရာဘုန်းကြီးက ဘာကို မင်းတို့ကို ကျေးဇူးများအောင် ရွက်ဆောင်လိမ့်မလဲလို့ မေးတဲ့အခါကျမှ လောကပြင်ဘက် ပို့ဆောင်မလို့ ပျက်စီးတတ်တဲ့အထဲက နှင်ထုတ်ပြီးတော့ (မှန်ပါ့)၊ ခိုင်ခံ့တဲ့အထဲ ပို့လိမ့်မယ် (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘယ်ပို့မယ်ထင်ကြသလဲ (လောကရဲ့ ပြင်ဘက်ပို့မှာပါ ဘုရား)၊ လောကပြင်ဘက်ပို့မယ်။
ဒါ့ကြောင့် မင်းတို့ လောကုတ္တရာဆိုတာ “လောကတော ဥတ္တဂရတီတိ လောကုတ္တရော” ဆိုတဲ့အတိုင်း သူက လောကအပြင်ဘက်မှာနေတယ် (မှန်ပ့ါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဘာဘူတို့လူစုတွေ လောကပြင်ဘက် မထွက်နိုင်လို့ လောကကြီးထဲသာ လှည့်နေမယ်ဆိုလို့ရှိရင်ဖြင့် နေစရာ ထိုင်စရာမရှိဘူး၊ ခဏ ခဏပြောင်းပြီး ဒုက္ခရောက်နေမှာပဲ (မှန်ပါ့)၊ မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။
ဟာ တပည့်တော်တို့ဖြင့် နတ်ပြည်လဲ ရောက်ခဲ့ဖူးပြီဘုရား၊ ဗြဟ္မာ့ ပြည်လဲရောက်ဖူးခဲ့ပြီဘုရား၊ ငရဲလဲရောက်ဖူးခဲ့ ပြီဘုရား၊ ဘယ်နေရာမှ တပည့်တော်တို့ အမြဲမရှိတာ ဘာကြောင့် ရောက်အောင်ပို့ တတ်တဲ့တရားတွေ အားထုတ်ပြီး သကာလ နေသောကြောင့် လောကကြီးထဲ လှည့်နေတယ် (မှန်ပါ့)၊ လောကပြင်ဘက်ရောက်တဲ့တရား မင်းတို့ မကြိုး စားခဲ့ဘူး (မှန်ပါ့)၊ ဆိုထိုက်သလား (ဆိုထိုက်ပါတယ် ဘုရား)။
လောကကြီးထဲသာ လှည့်တဲ့တရား ကြိုးစားနေတယ်၊ ဒီဘဝ မကောင်းရင် ဟိုဘဝပြောင်းမယ်ဆိုတော့ လောကထဲပြန်ရောက်တယ် (မှန်ပါ့)၊ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
အပြောင်းလွဲသလား၊ အပြောင်းမှန်သလား
ဒါဖြင့် အပြောင်းလွဲသလား၊ အပြောင်းမှန်သလား မေးကြရင် (လွဲပါတယ် ဘုရား)၊ လွဲတယ်၊ မိုးကုတ်မကောင်းလို့ ရန်ကုန်ပြောင်းပြန်ပြီ၊ ရန်ကုန်မှာလဲ လုပ်ကိုင်စားရတာပဲ၊ တော်တော်ကြာ ရန်ကုန်ကျတော့ ရန်ကုန်လဲ မသာချတာ တွေ့တာပဲ (မှန်ပါ့)။
ဟာ ရန်ကုန်မကောင်းဘူး၊ မိုးကုတ်ကောင်းတယ်လို့ ပြေးပြန်တော့လဲ ဒီမှာလဲ လုပ်ကိုင်စားရပြန်တော့ တော်တော်ကြာ မသာဖြစ်ပြန်တာပဲ (မှန်ပါ့ ဘုရား)၊ ဘယ်နေရာကောင်းကြသလဲ (ဘယ်နေရာမှ မကောင်းပါ ဘုရား)။
ဒါ လောကကြီးထဲသာ လှည့်နေရင်တော့ မင်းတို့ဟာ အပုပ်ထဲ အကောင်းရှာသလို ဖြစ်နေမှာပဲ (မှန်ပါ့)။
အပုပ်ထဲမှာ (အကောင်းရှာလို့ မရပါ ဘုရား)၊ မရဘူး၊ ပစ္စည်းဟာ အပုပ်ချည်းပဲ၊ ဒီအထဲ အကောင်းရှာလို့ရှိရင် ဘယ့်နှယ်ဆိုကြမလဲ (မရပါ ဘုရား)။
အဲဒီတော့ မင်းတို့ နဂိုက မျက်စိလည်နေတာ အပုပ်ထဲ အကောင်းရှာနေတာ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အရှာက လွဲလိုက်တဲ့ ဖြစ်ခြင်း
နဂိုရှာတာက အရှာက လွဲလိုက်တဲ့ ဖြစ်ခြင်းနော် (မှန်ပါ့)၊ အကုန် မကောင်းပါဘူးဆိုတဲ့အထဲမှာ အကောင်းရှာ လို့ရှိရင် ရပါ့မလား (မရပါ ဘုရား)၊ မရနိုင်ဘူး။
ဒါဖြင့် မင်းတို့ နဂိုက ဘယ့်နှယ်ကြောင့် ဒီအထဲချည်း ပြန်ရောက်နေပါလိမ့်မတုံး၊ ဖြစ်တတ် ပျက်တတ်တဲ့ လောကကြီးထဲချည်း ပြန်ရောက်နေပါလိမ့်မလဲလို့ မေးလို့ရှိရင်ဖြင့် အပုပ်ထဲ အကောင်းရှာနေလို့ဘုရား၊ ကိုယ်က မရှာတတ်ဘဲကိုး၊ အကောင်းနဲ့ မကြုံတော့ဘူးဘုရား၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ဒါဖြင့် ဒါ မျက်စိလည်နေ တယ်ဆိုတာကော (ဆိုထိုက်ပါတယ် ဘုရား)။
ဦးအောင်ဇံဝေ ဘယ့်နှယ်ဆိုမလဲ (ဆိုထိုက်ပါတယ် ဘုရား)၊ မျက်စိလည်နေတာနော် မျက်စိလည်နေတာတဲ့၊ သင်္ခါရလောကထဲ ဟိုရုပ်နာမ် သွားလို့ရှိရင် ရုပ်နာမ်ကလဲ ဖြစ်ပျက်ပဲ (မှန်ပါ့)၊ ပုဂ္ဂိုလ် သတ္တဝါကကော (ဖြစ်ပျက်ပါ ဘုရား) ဖြစ်ပျက်သေပွဲပဲ၊ ဘုံတွေ၊ နန်းတွေကကော (ဖြစ်ပျက်ပါ ဘုရား)၊ ဖြစ်ပျက်ဆိုတော့ မောင်အောင်ချီ၊ လှညွန့်တို့၊ ဦးအောင်ဇံဝေ တို့ ဘာဘူတို့ အပြောင်းလွဲကုန်ပြီကွ၊ (မှန်ပါ့) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
အပြောင်းဘယ့်နှယ်တုံး (လွဲပါတယ်)၊ အဲဒီတော့ ဒါမျက်စိလည်မှု မသိမှုဆိုတဲ့ဥစ္စာ ထင်ရှားသွားတယ်၊ မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား)။
မျက်စိလည်မှု၊ မသိမှု၊ မသိလို့ မျက်စိလည်တယ် (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဪ မျက်စိလည်နေတော့ ဟိုကောင်နိုးနိုး၊ ဒီကောင်နိုးနိုး ဟိုသွားကြည့်ပြန်လဲ သေပွဲတွေ တွေ့ပြန်တယ်၊ ဒီသွားကြည့်ပြန်လဲ သေပွဲတွေ တွေ့ပြန်တယ်၊ အသေချည်း ယူရွှေ့လို့ရှိရင်တော့ ရောက်တဲ့နေရာ သေမှာပဲ (မှန်ပါ့)။
အသေထည်ကြီးသာ ရွှေ့သွား၊ သေရမည့် အထည်ကြီး ရွှေ့သွား၊ မောင်အောင်ချီ (ရောက်တဲ့နေရာ သေမှာ ပါပဲ ဘုရား)၊ ရောက်တဲ့နေရာ သေမှာပဲဆိုတာ မင်းတို့က အသေထည် ရွှေ့လာတာပဲတတ်တယ်၊ ခက်လိုက်တဲ့ ဖြစ်ခြင်း (မှန်ပါ့ ဘုရား)။
အသေထည် ရွှေ့လာတာပဲတတ်တယ်
ဘာရွှေ့တတ်ကြသလဲ (အသေထည်ရွှေ့တာ တတ်ပါတယ် ဘုရား)၊ သေရမည့်အထည်ကြီးပဲ ရွှေ့တာတတ်ကြ တယ် (မှန်ပါ့)၊ ဒီနေရာ မသေချင်ဘူး၊ ဟိုနေရာ သွားသေချင်တယ်ဆိုတဲ့ သေတဲ့နေရာပဲ ရွှေ့တတ်တယ်တဲ့၊ မသေတဲ့ နေရာကို မသွားတတ်ဘူး (မှန်ပါ့)၊ မအိုတဲ့နေရာကော (မသွားတတ်ပါ)၊ မနာတဲ့နေရာ (မသွားတတ်ပါ ဘုရား)။
ဪ မျက်စိလည်ချက် ပြင်းထန်လိုက်တာ (မှန်ပါ့)၊ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။
နောက်က ဒကာ ဒကာမတွေ ဘာတဲ့တုံး (မျက်စိလည်ချက် ပြင်းထန်ပါတယ် ဘုရား)၊ မျက်စိလည်ချက် ပြင်းထန်တယ် (မှန်ပါ့)။
ကိုင်းအခု ဆရာသမားက ပြတော့ မင်းတို့ မျက်စိလည်တာ ထင်ရှားပလား (ထင်ရှားပါပြီ)၊ ဪ လူ့ပြည် တွေကမကောင်းဘူး၊ နတ်ပြည်ကောင်းတယ်လို့ မျက်စိလည်သွားပြန်ပြီ၊ ဟိုကျတော့ သေရပြန်တာလဲ (မှန်ပါ့ ဘုရား)၊ နတ်ပြည်တော့ မကောင်းဘူး ဗြဟ္မာ့ပြည်တော့ ကောင်းတယ်လို့ ဆိုပြန်တော့ကော (သေရမှာပါပဲ ဘုရား)။
ဒါဖြင့် မင်းတို့ အကောင်းမရွေးတတ်သေးပါဘူး၊ မဆိုးရွားဘူးလား (ဆိုးရွားပါတယ် ဘုရား)။
မင်းတို့ဟာ အကောင်းမရွေးတတ်သေးပါဘူး၊ မင်းတို့ ရွေးသရွေ့ဟာကလဲ အသေပဲပြန်ရတယ် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ မင်းတို့ ရွေးသေးလား (မရွေးပါ ဘုရား)၊ အသေပဲပြန်ရတယ်ဆိုတာ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အဲဒါ ဒီနေ့ မျက်စိလည် ပျောက်အောင်တော့ဖြင့် ဆရာဘုန်းကြီးက ပြမှာပဲ၊ မင်းတို့က ဒီလမ်းဖြောင့်ဖြောင့် လိုက်ရင် မသေရာရောက်မှာပဲ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အခု မျက်စိလည်နေတာ နည်းနည်းနောနော လည်နေတာလားလို့ မေးတော့ မောင်အောင်ချီ ဘယ့်နှယ်ဖြေပါ့ မလဲ (အများကြီးလည်ပါတယ် ဘုရား)။
လောကဆိုတာ ဘာပါလိမ့်မတုန်း
ဒီနေ့ မျက်စိလည် ဖျောက်ပေးရမှာ (မှန်ပါ့)၊ ကဲကွာ မသေရာ ရှာပါတော့ဆိုတဲ့ ဥစ္စာ၊ လောကကြီးထဲသာ လှည့်နေတာကိုး (မှန်ပါ့)၊ လောကကြီးထဲဆိုတော့ “လုဇ္ဇန ပလုဇ္ဇနဋ္ဌေန လောကော” လုဇ္ဇန ပလုဇ္ဇနဋ္ဌေန၊ ဖြစ်မှုပျက်မှု ရှိသောကြောင့်။ လောကော၊ လောကမည်၏ဆိုတော့ (မှန်ပ့ါ)၊ ဘယ်ဘုံ ဘယ်နန်းမဆိုဘဲ ဘယ်ပုဂ္ဂိုလ် ဖြစ်ရ ဖြစ်ရ ဖြစ်မှု ပျက်မှုနဲ့ပဲ ရှိမှာပဲတဲ့။
ဒါ့ကြောင့် လောကဆိုတာ ဘာပါလိမ့်မတုန်းမေးတော့ ဖြစ်မှု ပျက်မှုရှိတာကို ဘာခေါ်ကြမလဲ (လောက ခေါ်ပါတယ် ဘုရား)။
ဒါဖြင့် ဒီလောကထဲ မောင်အောင်ချီက လူ့လောက ကနေ နတ်လောက ပြောင်းပြန်ရော၊ ဟိုမှာလဲ ဖြစ်မှု ပျက်မှုနဲ့ပဲ၊ နတ်လောက-ကနေ ဗြဟ္မာလောက ပြောင်းလိုက်ပြန်ကော (ဖြစ်မှု ပျက်မှုနဲ့ပါ ဘုရား)၊ ဗြဟ္မာလောက ကနေပြီး သကာလ လူ့ပြည်ပဲ ပြန်ဆင်းပါဦးမယ်ဆိုပြီး သကာလ တဏှာကဆင်းလိုက်ပြန်တော့လဲ ဖြစ်မှု၊ ပျက်မှုပဲပြန် ရတော့ မင်းတို့ဟာ ဘယ်လမ်း လျှောက်လျှောက် ဆူးစူးတာချည်းပဲ (မှန်ပါ့)။
ဘယ့်နှယ်ဖြစ်သလဲ (ဘယ်လမ်းလျှောက်လျှောက် ဆူးစူးတာ ချည်းပါပဲ ဘုရား)၊ အန္တရာယ် ကင်းတာကို ပါရဲ့လား (မပါပါ ဘုရား)။
ဒါနဲ့များ မင်းတို့က မျက်စိလည်ချက်သန်ပြီးနေလိုက်တာ အို ဒီသား ဒီသမီး ဒီမြေး ဒီမြစ်နဲ့ဖြင့် မခွဲပါရစေနဲ့၊ အင်း ဒီလောကထဲ ပြန်ရောက်ပါစေ (မှန်ပါ့)၊ တစ်ချို့တောင်းတယ်ဟ၊ မတောင်းဘူးလား (တောင်းပါတယ် ဘုရား)။
ဘာဖြစ်လို့တုံးဆိုတော့ အခု သေတာ သေပါရစေတော့၊ နောက် ဒီသား ဒီသမီး ဒီမြေး ဒီမြစ်နဲ့ ရောက်ရာ ပေါက်ရာ မခွဲရပါလို၏ဆိုတော့ ဘယ်မှာတုံး ဟိုမှာလဲ သေရမည့်လူသွားဖြစ်တော့ ခွဲရဦးမှာပဲ (မှန်ပါ့)။
ဘယ့်နှယ်တုံး (ခွဲရဦးမှာပါ ဘုရား)၊ တယ်လဲ လွဲနေတာကိုး၊ မင်းတို့ အခု ဒီက ဆရာဘုန်းကြီး တရားနာပြီး ဟိုမှာ ဘုရားရှေ့သွားပြီး တော်အောင် လုပ်နေတာတွေလဲသိပါပြီ၊ အတော် မျက်စိလည်နေတာပဲ (မှန်ပါ့)၊ မပေါ်လာသေး ဘူးလား (ပေါ်ပါပြီ ဘုရား)။
နိဗ္ဗာန်အတူတူ ဝင်ရပါလို၏
တစ်ချို့တောင်းနေတာပဲ၊ ဒီသား ဒီသမီး ဒီလင် ဒီသား ဒီမြေးနဲ့ နိဗ္ဗာန်အတူတူ ဝင်ရပါလို၏၊ ဪ ပါသေး တယ်၊ နိဗ္ဗာန်သံကလေးလဲ ပါသေးတယ်၊ တော်တော် ကြောက်စရာကောင်းတယ် (မှန်ပါ့)။
ဟ ဒီတစ်ပြုံကြီးတော့ နိဗ္ဗာန်က လက်မခံနိုင်ဘူး၊ ဘာဖြစ်လို့တုံးဆိုတော့ ဒီတစ်ပြုံကြီးက သူတို့ချင်း လှည့်ခင်နေတာ၊ လှည့်ခင်တော့ တဏှာ၊ ဥပါဒန်၊ ကံချင်းလုပ်နေတော့ တဏှာ၊ ဥပါဒန် ကံပြတ်မှ ရောက်မယ့်အလုပ်ကို တဏှာ၊ ဥပါဒါန်၊ ကံအလုပ်နဲ့ ရောက်နိုင်ပါ့မလား (မရောက်နိုင်ပါ ဘုရား)။
မရောက်နိုင်တော့ သူ့ဆုတောင်း တောင်းတာသာ ဟုတ်တာ၊ မရောက်ဘူး၊ ရောက်ပါ့မလား၊ မရောက်နိုင်ဘူး ဆိုတာ သေချာကြပြီလား (သေချာပါပြီ ဘုရား)။
ကဲ ဦးအောင်ဇံဝေ ဆရာကောင်းမတွေ့ရရင် လွဲမယ်ဆိုတာ မပေါ်ဘူးလား (ပေါ်ပါပြီ ဘုရား)၊ မပေါ်သေး ဘူးလား (ပေါ်ပါတယ် ဘုရား) ပေါ်လွင်ပြီ၊ ဒါဖြင့် နေရာကျပြီ။
ကိုင်း ဒါဖြင့် ဒီလိုလုပ်ကြပါစို့တဲ့၊ လောကပြင်ဘက်ထွက်မှ အေးမှာပဲဆိုတဲ့ တစ်လုံးကို ဆုံးဖြတ်ချက်ချပါ၊ ဘယ့်နှယ်ဆုံးဖြတ်ချက် ချမလဲ (လောကပြင်ဘက်ထွက်မှ အေးမှာပါ ဘုရား)။
လောကပြင်ဘက်ဆိုတာ ဘာခေါ်သတုံးဆိုတော့ လောကုတ္တရာ (မှန်ပါ့)၊ အဲဒီတော့ မင်းတို့က လောကီ သားတွေ၊ လောကီသားတွေဆိုတော့ ခက်တယ် မခက်နဲ့၊ လောကီသား ဟူသရွေ့ကတော့ ဘယ်နည်းနဲ့မှ ကောင်းကျိုး မပေးဘူး၊ ဆိုးကျိုးချည်းလာမှာ (မှန်ပါ့)။ လောကီသားဆိုတာ လောကထဲ နေတာကိုဆိုတာ။
လောကုတ်ဘက် မထွက်သရွေ့
ဒါဖြင့် လောကုတ်ဘက် မထွက်သရွေ့ ကာလပတ်လုံး ကိစ္စမပြီးသေးဘူးပေါ့ (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါ ပြီ ဘုရား)။
ကဲ ဒါဖြင့် ဘယ်ထွက်ကြမယ် (လောကုတ္တရာဘက် ထွက်ရပါမယ်)၊ ထွက်ရမယ်၊ လောကီကနေပြီး လောကုတ္တရာဘက် ထွက်ရမယ် (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
လောကီကနေပြီးတော့ (လောကုတ္တရာဘက်ထွက်ရပါမယ်)၊ လောကုတ်ဘက်ထွက်ရမယ်လို့ ဘာဘူတို့ မှတ်ထားရမယ်နော် (မှန်ပါ့ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ကိုယ်မျက်စိလည်ချက်ဟာဖြင့် အသေရှာတာပဲ ရှာတတ်တယ်နော်၊ အနေမရှာတတ်ဘူး (မှန်ပါ့ ဘုရား)။
ဦးအောင်ဇံဝေ ဘာရှာတတ်သတုန်း (အသေရှာတတ်ပါတယ် ဘုရား)၊ အသေမဲ့အနေတော့ (မရှာတတ်ပါ)၊ မရှာတတ်ဘူးတဲ့၊ သူ့စိတ်ထင်ကတော့ အနေရှာတာ (မှန်ပါ့)၊ တွေ့တော့အသေတွေ့တယ် (မှန်ပါ့ ဘုရား)။
သူ့စိတ်ထင်ကတော့ (အနေရှာတာပါ) အနေရှာတာ၊ ဒီနေရာ မကောင်းဘူး၊ ဟိုနေရာ ကောင်းမယ်ဆိုတဲ့ အနေရှာတာပဲ၊ သို့သော် မရှာတတ်တော့ အနေရှာ အသေတွေ့တယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ အအေးရှာ အပူတွေ့၊ ဒီလိုချည်း မနေဘူးလား (နေပါတယ် ဘုရား)။
အင်း စိတ်ဆင်းရဲလွန်းလို့ ချမ်းသာတဲ့နေရာ ရှာပြန်တော့လဲ ဆင်းရဲပဲ ပြန်တွေ့တယ် (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ကဲ ဒါဖြင့် နောက်က ဒကာ ဒကာမတွေ မျက်စိလည်ချက် ပြင်းထန်တယ်ဆိုတာများ မှားသေးသလား (မမှားပါ ဘုရား)။
ဆရာဘုန်းကြီးက အခု မျက်စိလည် ဖျောက်ပေးလို့မှ မင်းတို့က ဒီလမ်းဖြောင်ဖြောင့် မလိုက်ဘူး ဆိုလို့ရှိရင် အနေရှာ အသေတွေ့တာဖြင့် သေချာပြီကွ (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုင်နိုင်ပါတယ် ဘုရား)။
အနေရှာ အသေတွေ့
အနေရှာရင် (အသေတွေ့ပါတယ်) အသေတွေ့မှာပဲ၊ နေစရာလျှောက်ရှာရင် သေတာတွေ့မှာပဲ၊ ဒီဘုံမကောင်း လို့ ဟိုဘုံပြောင်းလဲ ဘာတွေ့တယ် ထင်ကြသလဲ (အသေပဲတွေ့ပါတယ် ဘုရား)။
နို့ ဘာဖြစ်လို့ ဒီ ဒကာ ဒကာမတွေသည် ဆွမ်းတွေ၊ ကွမ်းတွေနဲ့ ဘုရားကို ပူဇော်လှူဒါန်းပြီး သကာလ ဒီဟာတွေ ဆုတောင်းကြပါလိမ့်မတုံးလို့မေးတော့ ဘုရားရှေ့မှာ မျက်စိလည်နေတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘယ်နေရာမှာ သွားလည်တာတုံး (ဘုရားရှေ့မှာ လည်ပါတယ် ဘုရား)။
အင်း မျက်စိလည်ရင် ဥပမာမယ် မောင်အောင်ချီတစ်ယောက် လှညွန့်တစ်ယောက် မျက်စိလည်နေတယ်၊ လိုချင်တဲ့နေရာကိုမရောက်ဘူး၊ ဟိုသွားပြန်လဲ ရွံ့နဲ့၊ ဟိုသွားပြန်လဲဆူးတွေနဲ့၊ ဟိုသွားပြန်တော့လဲ ခလုတ်နဲ့၊ မျက်စိလည်နေ လိုက်တာ (မှန်ပါ့ ဘုရား)။
ဒါ နင်သွားနေတဲ့လမ်းဟာ လမ်းဆိုး လမ်းကြမ်း ကြီးပဲလို့ ပြပေးမည့်လူနဲ့ ဖျတ်ခနဲများ တွေ့လိုက်မယ်ဆိုရင် မောင်အောင်ချီ ဘယ်လောက် ဝမ်းသာလိုက်မတုန်း (မှန်ပါ့)၊ မသာပေဘူးလား (သာပါတယ်)၊ အခု ဒီဟာ ဒီနေ့ တွေ့တာပဲ (မှန်ပါ့ ဘုရား)။
အဘွားကြီးတွေ ဒီနေ့ ဘာတွေ့သလဲ (ပြပေးမည့်ပုဂ္ဂိုလ်နဲ့တွေ့ပါတယ်)၊ မျက်စိလည်တာ လမ်းပြကောင်းနဲ့ တွေ့တယ် (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
လမ်းပြကောင်းနဲ့ တွေ့တယ်
မျက်စိလည်နေတာ (လမ်းပြကောင်းနဲ့တွေ့ပါတယ် ဘုရား)၊ အဲဒီတော့ ဝမ်းမြောက်ဝမ်းသာနဲ့ လိုက်ဖို့ကောင်း တယ် (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘယ်လိုလိုက်ကြမှတုံး (ဝမ်းမြောက်ဝမ်းသာနဲ့ လိုက်ကြရပါမယ်)၊ ဝမ်မြောက်ဝမ်းသာနဲ့ လိုက်ကြရမှာနော် (မှန်ပါ့ ဘုရား)။
အဲဒါကို ဝမ်းမြောက်ဝမ်းသာနဲ့ လုပ်စရာအလုပ်ကိုရှာတွေနေတာ ကိုယ်မျက်စိလည်နေတာတွေလဲ အခုပေါ်ပြီ၊ လောကကြီးထဲ လှည့်နေတာကိုးဗျ (မှန်ပါ့)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
အဲ ပေါ်နေတော့ မျက်စိလည်ကို လမ်းပြကောင်းနဲ့တွေ့တဲ့အခါကျလို့ ရှိရင်ဖြင့်တဲ့ ကျေးဇူးကိုတင်လို့ မဆုံးအောင် ပဲ သူ့အပေါ်မှာ ထားရတော့မှာပဲ (မှန်ပါ့)၊ မထားရင် မဖြစ်ဘူး။
ကိုယ့်မှာတော့ ဟိုသွားပြန်လဲ ရွှံ့၊ ဟိုသွားပြန်လဲချုံ၊ ဟိုသွားပြန်လဲ ခလုတ်၊ ဟိုသွားပြန်ချိုင့်၊ လမ်းကောင်းကို တွေ့ခဲ့ရဲ့လား (မတွေ့ပါ)၊ မတွေ့ဘူး၊ သုံးဆယ့်တစ်ဘုံ လှည့်ခဲ့ပြီကွ မင်းတို့ နှံ့ခဲ့ပြီ။
ဘယ်ဘုံမှ အသေ၊ အအို၊ အနာ၊ အဆွေး၊ အပူလွတ်ခဲ့ရဲ့လား (မလွတ်ခဲ့ပါ) ဒါဖြင့် ခလုတ်ကန်သင်းတွေထဲ လျှောက်ပြေးနေတာပဲ (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲ ဒါကို လမ်းပြကောင်းနဲ့တွေ့တဲ့အခါ ဒီလမ်းသွား၊ ဒီလမ်းဟာ ခလုတ်ကန်သင်း ကင်းပြီး သကာလ သေဘေး ရှင်းသဟ၊ ခလုတ်ကန်သင်း ကင်းပြီး သေဘေးရှင်းသဟလို့ ဆရာဘုန်းကြီးက ပြောနေတယ် (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဒီလမ်းကို ပြုံးရွှင်ပြီးလိုက်ရမယ် (မှန်ပါ့)၊ ပြုံးရှင်ပြီး လိုက်ရမယ် ဖြည်းဖြည်းလုပ်နေရမှာပဲလို့ ပြောဖို့ အချိန်မလိုဘူး (မှန်ပါ့)၊ မျက်စိလည်နေတာက ကြာလှပြီ၊ သွားရတာကလဲ ပင်ပန်းလှပြီ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။
ပြုံးရွှင်ပြီး အမြန်လိုက်ရမှာ
ဒီအထဲက လမ်းပြကောင်းနဲ့တွေ့တော့ ပြုံးရွှင်ပြီး အမြန်လိုက်ရမှာလား ဖြည်းဖြည်းမှ လိုက်ပါရစေဆိုရမှာလား (ပြုံးရွှင်ပြီး အမြန်လိုက်ရမှာပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
အံမာလေး နင်တို့က လိုက်ချင်အောင် မနည်းပြောနေရတဲ့ အဓိပ္ပာယ်မျိုးရောက်နေတယ် (မှန်ပါ့ ဘုရား)။
ဦးအောင်ဇံဝေရေ ခင်ဗျားတို့ မှားချက်ကတော့ မှားချက်ကြီးမှန်းမသိတော့ဘူး (မှန်ပါ့)၊ ဖြုန်းခနဲ လိုက်ပါဆိုလို့ ရှိရင် တပည့်တော်တို့ အကြောင်းညီညွတ်လို့ရှိရင် လိုက်မယ်စိတ်ကူးနေတာ၊ ဟ ဒါလောက်ကို မျက်စိလည်ပြီး ချောက်ကျ နေတဲ့အထဲက အကြောင်းညီညွတ်အောင်များ စောင့်ချင်သလားလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)။ ဆင်ခြေလဲနေဖို့ မလိုဘူး၊ လိုသေးသလား (မလိုပါ ဘုရား)။
အခုတော့ ဒကာ ဒကာမတွေ ကြည့်ရတာက အင်း ဆင်ခြေလဲဦးတော့မလိုလို၊ ဒါကလေးတော့ နည်းနည်း နည်းနည်းပယ်ထားရတော့ မလိုလို၊ အံမာလေး ဖြစ်နေလိုက်တာ (မှန်ပါ့)။
တကယ် ချောက်ချနေကျတာ၊ အခု တကယ် ကယ်တင်ဥစ္စာပဲတဲ့၊ တကယ် ဆွဲတဲ့ဆီ၊ တကယ်လိုက်စရာပဲ မဟုတ်ဘူးလား (ဟုတ်ပါတယ်)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် လောကပြင်ဘက် ထွက်ကြပါစို့နော် (မှန်ပါ့ ဘုရား)။
လောကပြင်ဘက် ထွက်ရမယ်
ဒကာ ဒကာမတွေ ဘယ်ထွက်ရမှာတုံး (လောကပြင်ဘက်ထွက်ရမှာပါ)၊ လောကပြင်ဘက် ထွက်ရမယ်၊ ဦးအောင်ဇံဝေ ရှင်းပြီလား (ရှင်းပါပြီ)၊ လောကပြင်ဘက် ထွက်ကြဆိုတာကို ဆရာဘုန်းကြီးက တိုက်တွန်းတယ်။
လောကထဲမှာ ဘာတွေရှိနေသတုံးဆိုတော့ အိုခလုတ်နဲ့ ကန်သင်းချည်းပဲကွ၊ ချိုင့်နဲ့ ကျင်းချည်းပဲကွ၊ မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။
အိုတဲ့ခလုတ်၊ နာတဲ့ခလုတ်၊ သေတဲ့ခလုတ်၊ သေတဲ့ချိုင့်၊ သေတဲ့ ကျင်း ဒါတွေသာရှိနေတာပဲ (မှန်ပ့ါ)။
ဒီအထဲမှာ ဒိုင်းဒိုင်းပြေးသွားချင်သေးတယ်ဆိုရင်တော့ ဪ-လူမဟုတ်လို့ဘဲဆိုတဲ့ အဓိပ္ပာယ်ပြောရမယ် (မှန်ပါ့)၊ မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)၊ ပြောထိုက်တယ်တဲ့။
ကိုင်း မင်းတို့ အိမ်ထောင်ရက်သားကျလာ၊ လူ့လောကထဲ ဆင်းလာခဲ့တယ် (မှန်ပါ့)၊ ဘာလုပ် နေကြသတုံးဟေ့ ဦးအောင်ဇံဝေကြီးတို့ ဘာလုပ်နေကြသတုံး၊ အို သားမယားများ ရှာကျွေး နေရတယ် ဘုရား၊ လူ့လောကဆင်းလာတော့ (မှန်ပ့ါ)၊ ရှာကျွေးနေရတာ။
ရှာကျွေးနေရတဲ့အလုပ်
သူများ ရှာကျွေးနေရတဲ့အလုပ်ဟာ ကိုယ်သက်သာတဲ့အလုပ်လား၊ ဆင်းရဲတဲ့အလုပ်လား (ဆင်းရဲတဲ့အလုပ်ပါ ဘုရား)။
မင်းဒဏ်၊ စိုးဒဏ် သင့်ပြန်တော့လဲ စားတဲ့လူက သင့်သလား၊ ရှာကျွေးတဲ့လူက သင့်သလားလို့ မေးပြန်ကော (ရှာကျွေးတဲ့လူက သင့်ပါတယ်)။
နေပူမိုးရွာ ပြန်တော့ကော (ရှာကျွေးတဲ့လူ မိပါတယ်)၊ ဝေဒနာ များများရအောင် နေပူ လေပူတွေနဲ့ များများကြုံရ ဆုံရတာကော (ရှာကျွေးတဲ့လူပဲ ကြုံရပါတယ် ဘုရား)။
ဒါဖြင့် သေတော့ကော ဟိုပုဂ္ဂိုလ်က အရင်သေမှာလားလို့ မေးပြန်တော့ (ကိုယ်က အရင်သေမှာပါ ဘုရား)။
ဒီအထဲကနေပြီး သကာလ လူ့လောကထဲဝင်လိုက်တာ၊ အသေစောတာပဲ ပြန်ရတယ် (မှန်ပါ့)။
လူ့လောကထဲ ဝင်လိုက်တာ (အသေစောတာပဲ ပြန်ရပါတယ် ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒါ ဆားမြီးချင်ကြသေးသလားမေးရင် ဘယ့်နှယ့်ဖြေကြမတုံး၊ လူ့လောကထဲ ဆားမြီးချင်ကြသေးသလား မေးရင် ဘယ့်နှယ်ဖြေကြမလဲ (မမြီးချင်ပါ ဘုရား)။
ဟုတ်ပလား(မှန်ပါ့)၊ အံမာလေး အခု အိမ်ထောင်ကျတဲ့လူတွေ သွားမေးတော့ လူ့လောက ဆားမြီးနေတာ တွေ့မယ် (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
မသိသေးလို့ ဦးအောင်ဇံဝေတို့ အရွယ်ရောက်တော့ လူ့လောက ကောင်းကောင်းရိပ်မိပြီ (ရိပ်မိပါပြီ)၊ ရိပ်မိပြီတဲ့ ရိပ်မိပြန်တော့ ဘယ့်နှယ် ဖြစ်နေသတုံးလို့ မေးတဲ့အခါကျတော့ တန်းလန်းတွေက ရှုပ်နေတယ်။
လူ့လောက ရိပ်မိပြန်တော့လဲ (တန်းလန်းတွေက ရှုပ်နေပါတယ်)၊ သားတန်းလန်း သမီးတန်းလန်း မြေးတန်းလန်း ဖြစ်ရလေ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
သိပြန်တော့လဲ တားလိုက်တဲ့အခါကျတော့လဲ သိလျက်နဲ့ သေပြီး သကာလ ချောက်တွင်းဆင်းရတယ် (မှန်ပါ့)၊ မဆိုးရွားဘူးလား (ဆိုးရွားပါတယ် ဘုရား)။
ကိုယ့်ဟာကိုယ်ဆိုးရွားမှန်းသိလို့ရှိ
ကိုင်း ဒါဖြင့် ကိုယ့်ဟာကိုယ်ဆိုးရွားမှန်းသိလို့ရှိရင်လဲ လောက ပြင်ဘက် ထွက်ကြစို့ (မှန်ပါ့)၊ ဘယ်ထွက်ကြမယ် (လောကက ပြင်ဘက်ထွက်ကြရပါမယ် ဘုရား)။
လောကပြင်ဘက် ထွက်ကြစို့နော်၊ ဘွားငြိမ်း နားလည်ပလား (နားလည်ပါပြီ)၊ ဘယ်ထွက်မှ ကိုက်မတုံး (လောကပြင်ဘက်ထွက်မှ ကိုက်ပါမယ် ဘုရား)။
မခင်စိန်တို့ ဘယ်ထွက်မှာတုံး (လောကပြင်ဘက်ထွက်မှကိုက်ပါ မယ် ဘုရား)။
ကဲ ဒါဖြင့် ပြောပါတော့မယ်တဲ့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါ လောကဝိဒူကွတဲ့၊ လောကအကြောင်း ငါ ကောင်းကောင်းသိတဲ့ ပုဂ္ဂိုလ် (မှန်ပါ့)။
သင်္ခါရလောကလဲ ငါသိတယ်၊ ဘုံနန်းတွေ ဩကာသလောကလဲ ငါသိတယ်၊ သတ္တလောကကြီးကိုလဲ ငါသိတယ်၊ ဒါကြောင့် ငါသည် ဒီအထဲမနေဘဲနဲ့ လောကုတ္တရာဖြစ်အောင် ငါလုပ်လာတယ်တဲ့၊ သူ ကိုယ်တိုင် လောကပြင်ဘက် ထွက်လာတယ် (မှန်လှပါ)၊ မထွက်ဘူးလား (ထွက်ပါတယ် ဘုရား)။
မောင်မ အပေါင်းလေးသောင်းခြောက်ထောက်နဲ့ ရွှေနန်းသုံးဆောင်နဲ့ နေရာကနေပြီး သကာလ မောင်အောင်ချီ တောထွက်သွားတယ် (မှန်လှပါ ဘုရား)။
လောကပြင်ဘက် ထွက်သွားတာ
ဘယ်ထွက်သွားသတုံး (လောကပြင်ဘက် ထွက်တာပါ)၊ လောကပြင်ဘက် ထွက်သွားတာ (မှန်ပါ့)၊ သဘောကျ ပြီလား (ကျပါပြီ ဘုရား)။
သူ သိဒ္ဓတ္ထမင်းသားဖြစ်စဉ်တုန်းက ယသော်ဓရာအမှူးရှိသော မောင်းမအပေါင်း လေးသောင်းခြံရံပြီး ရွှေနန်းသုံးဆောင်နဲ့ ဆောင်းနေ မိုးနေ နွေနေ လောကစည်းစိမ်ကုန်ရော (မှန်ပါ့ ဘုရား)၊ လောက စည်းစိမ်တွေနော်။
အဲဒီကနေ တောထွက်သွားတယ်ဆိုတာ မောင်အောင်ချီ ဘာလုပ်ချင်လို့ပါလိမ့် (လောကပြင်ဘက် ထွက်ချင်လို့ပါ ဘုရား)။
လောကပြင်ဘက် ရောက်ချင်လို့ လောကအကြောင်း သူသိသွားပြီ (မှန်ပါ့)၊ ဒါ့ကြောင့် သူ လောကဝိဒူ (မှန်ပါ့)။
ဗုဒ္ဓကို ဘယ့်နှယ်ခေါ်ကြမယ် (လောကဝိဒူပါ ဘုရား)။
ထွက်သွားတာကိုကြည့်၊ ထွက်သွားတာကိုကြည့်တော့ ဒီနေရာ မကောင်းတဲ့နေရာ၊ မသေကောင်းတဲ့နေရာ ဒီအထဲ နေလို့ရှိရင်ဖြင့် ဒုက္ခသာ ပင်လယ်ဝေတော့မှာပဲ ဆိုတာသိလို့ လောကပြင်ဘက်ထွက်သွားတယ်၊ ဗိုလ်ခြေတစ်ထောင် ပိတ်ထားတဲ့တံခါးကြီးဖွင့်ထွက်ရတာ လွယ်တာ မဟုတ်ဘူး၊ လောကပြင်ဘက်ရောက်အောင် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် မင်းတို့မှာ ဗိုလ်ခြေတစ်ထောင်ပိတ်ထားတာလဲ မရှိဘဲနဲ့ မထွက်တာကတော့ ကိုယ့်ကိုယ်က ရစ်သီ ရစ်သီ လုပ်နေလို့ပဲ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကိုယ့်ကိုယ်က ဟန်မကျလို့ပဲဆိုတဲ့ဥစ္စာ ဘယ်သူမှလဲ ဗိုလ်ခြေ တစ်ထောင်ပိတ် တံခါးကြီး ပိတ်မထားပါဘူး၊ ဘုရားအလောင်းမှာတော့ လူတစ်ထောင်ပိတ်ရတဲ့ တံခါးကြီးကို ကျော်ထွက်ရတာ (မှန်ပါ့)၊ ဒီမှာ ပိတ်မည့်လူ မရှိဘဲနဲ့တောင်မှ ပိတ်ပါဦးဖြစ်နေတော့ အတော်ဆိုးနေတဲ့ အဓိပ္ပာယ်ကော မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။
ရောဟိတဿ နတ်သား
ကဲ ဝတ္ထုထုတ်ကြစို့တဲ့၊ ရောဟိတဿ နတ်သားဆိုတာ ဘုရားကို လာလျှောက်တယ်။
သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီး သတီတင်းသုံးနေတော့ ရောဟိတဿ နတ်သားဆိုတာ လာလျှောက်တယ်၊
အရှင်ဘုရား မအိုရာ၊ မသေရာ၊ မနာရာကို ဒီလိုပဲလှည့်ပြီး သွားနေလို့ လောကကြီးထဲ လှည့်ပြီး သွားနေလို့ မအိုရာ၊ မနာရာ၊ မသေရာ၊ မဆွေးရာ၊ မပူရာကို ရောက်ပါ့မလားတဲ့၊ ဘုရားက ဟ မရောက်ဘူးကွ တဲ့ (မှန်ပါ့ ဘုရား)၊ မရောက်ဘူးကွ။
လောကကြီးထဲမှာ လူ့လောက နတ်လောက ဗြဟ္မလောက ဟိုကျင်း ဒီကျင်းတွေ အကုန်လှည့်နေလို့ လောကဆုံးပါ့မလားတဲ့၊ လောက အဆုံးဖြစ်တဲ့ နိဗ္ဗာန်ကို လောကုတ္တရာကို ရောက်ပါ့မလားတဲ့။
တစ်ခါတည်း ကားကြီးနဲ့သွားနေ ခြေကျင်သွားနေ သဘောကျပလား (ကျပါပြီ)၊ ရောက်ပါ့မလားတဲ့၊ လောကအဆုံး ရောက်နိုင်ပါ့မလားတဲ့၊ လောကအဆုံးဆိုတာ နိဗ္ဗာန်ပေါ့ကွာ၊ (မှန်ပါ့ ဘုရား)။
ရောက်နိုင်ပါ့မလား မအိုရာ၊ မသေရာ၊ မနာရာဖြစ်တဲ့ လောကအဆုံးကို ရောက်ပါ့မလားတဲ့ (မရောက်နိုင်ပါ ဘုရား)၊ မရောက်နိုင်ဘူးလို့ ဘုရားက အဖြေထုတ်လိုက်တယ်။
ဒကာ ဒကာမတို့ ဘာတဲ့တုံး (မရောက်နိုင်ပါ)၊ မရောက်နိုင်ဘူးတဲ့။
ဟိုဘုံ ဒီဘုံ ပြောင်းနေလို့တော့ ဘယ့်နှယ်တုံး ရောက်ပါ့မလား (မရောက်နိုင်ပါ)။ အိုပွဲ နာပွဲ သေပွဲချည်းရှိနေတာကိုး (မှန်ပါ့)။
ဟိုဘုံ ဒီဘုံပြောင်းပြန်လဲ အိုပွဲ၊ နာပွဲ၊ သေပွဲမှတစ်ပါး ဘာတွေ့သေးတုံး (မတွေ့တော့ပါ ဘုရား)၊ ဘာမှမတွေ့ဘူး။
ဒီအမျိုးမျိုးသော ဒါနတွေပြုပြီး အမျိုးမျိုးသောဆုတွေတောင်းပြီး အမျိုးမျိုးသော သားသမီးတွေနဲ့ နေကြလို့ရှိရင်ဖြင့်တဲ့ အသေပြောင်းတာပဲရှိတယ်၊ လောကအဆုံးမရောက်ဘူး၊ လောကထဲပဲ ပြန်ရောက်တယ် (မှန်ပါ့ ဘုရား)။
ယုန်ဆိုတဲ့ အကောင်လေးတွေ
လောကီဥပမာ ပြောကြပါစို့ဆိုလို့ရှိရင့်ဖြင့်ကွာတဲ၊ ဒီအတိုင်းသာမှတ်ကြပါတဲ့၊ ယုန်ဆိုတဲ့ အကောင်လေးတွေ မြင်ဖူးကြပါလိမ့်မယ် (မြင်ဖူးပါတယ် ဘုရား)၊ ယုန်ဟာ နေ့လယ်ကျလို့ရှိရင် သူ့ဟာသူ ဘယ်သတ္တဝါမဆို သူက ကြောက်ရတယ်၊ ခွေးလဲကြောက်ရ၊ ကြောင်လဲ ကြောက်ရတယ်၊ ချုံပုတ်ကလေးထဲမှာ၊ ချုံကလေးထဲဝပ်နေရတယ် (မှန်ပါ့)၊ ပြင်ဘက်ထွက်ပြီး ကျင်ပြီး မစွန့်ရဲဘူး၊ မြင်သွားရင် ခွေးကလဲ လိုက်မှာပဲ၊ ကြောင်ကလဲ လိုက်မှာပဲ၊ မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား)။
ဒါနဲ့ သူ့စိတ်ထဲမှာ ဪ ချုံကလေးထဲဝင်ပြီး ကျင်ကြီး စွန့်တော့လဲ ဒီနေရာတွင် စွန့်ရတယ်၊ ကျင်ငယ်စွန့်ပြန် တော့ကော (ဒီနေရာတွင်ပါပဲ ဘုရား)။
ဒီမြေကြီးပေါ်မှာ နေကိုမနေချင်ပါဘူး၊ ညစ်ပတ်လွန်းလို့ဆိုပြီး ထခုန်တယ်၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)၊ ထခုန်တော့ ဘယ်နေရာ ရောက်မယ်ထင်သတုံး (မြေကြီးပေါ်ရောက်မှာပဲ ဘုရား)။
မြေကြီးပေါ်ပဲပြန်ရောက်တယ်၊ ဒီမြေမုန်းတာကိုး သူ့ဟာက၊ ထခုန်ပြန်တော့လဲ ဘယ်နေရာ ပြန်ရောက်သလဲ (မြေကြီးပေါ် ပြန်ရောက်ပါတယ် ဘုရား)။
မင်းတို့လဲ အခု ဒီဘဝ ဟိုဘဝ ဆုတောင်းတဲ့ဥစ္စာ ထခုန်တာ ၊ ပြီးတော့ ဒီမြေပေါ်ပြန်ရောက်တာပဲ၊ ဒီအသေပေါ် ပြန်ရောက်တာပဲ၊ အသေရှိတဲ့နေရာ ပြန်ရောက်တာပဲ (မှန်ပါ့)။
အဲဒီတော့ ယုန်ခုန်သလို ခုန်နေကြတာ ဒကာ ဒကာမတွေ ဆုတောင်းက (မှန်ပါ့ ဘုရား)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ယုန်ခုန်သလို ခုန်နေတာ
ဟိုဘဝ ဒီဘဝ ဆုတောင်းတာ ဘာပါလိမ့် (ယုန်ခုန်သလို ခုန်နေတာပါ ဘုရား)။
အသေလွတ်မလားလို့ တောင်းကြည့်လိုက်မယ်၊ မြေလွတ်မလားလို့ ခုန်ကြည့်သလို၊ အပြီးသတ်တော့ အသေနဲ့ သွားတွေ့တယ် (မှန်ပါ့)၊ မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)၊ အဆွေးအပူနဲ့ကော (တွေ့ပါတယ် ဘုရား)၊ နို့ အခုန်က လွဲနေပေါ့ (မှန်ပါ့ ဘုရား)၊ အခုန်က ယုန်ခုန်သလို ခုန်နေတာကိုး (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဘယ်လိုခုန်နေသလဲ (ယုန်ခုန်သလို ခုန်နေပါတယ် ဘုရား)၊ မြေမုန်းလို့ ခုန်ငြားသော်လဲ မြေပေါ် ပြန်ကျတယ် (မှန်ပါ့)။
မျက်စိလည်နေတဲ့ ပုဂ္ဂိုလ်ဟာ ယုန်လိုပဲ ဖြစ်နေတယ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကဲ ဒီတစ်ခါဖြင့် ပြင်ကြဦးမှပဲဆိုတဲ့ဥစ္စာကော အထူးတိုက်တွန်းစရာ လိုသေးသလား (မလိုပါ ဘုရား)၊ မလိုတော့ဘူး၊ ပြင်ရတော့မယ့် အချိန်ရောက်ပြီဘုရား၊ ပြင်ဖို့နီးလာပြီ၊ တပည့်တော့ လတ်လတ် ဆတ်ဆတ် ရှင်းရှင်းလင်းလင်းနဲ့ ပေးပါတော့ဆိုတဲ့အဓိပ္ပာယ်၊ ဒါပဲမင်းတို့ တောင်းဖို့လိုတော့တယ် (မှန်ပါ့ ဘုရား)၊ ကိုယ်ကတော့ဖြင့် ယုန်သဘောတော့ ရောက်သွားပြီ (မှန်ပါ့)၊ မရောက်သေးဘူးလား (ရောက်ပါပြီ ဘုရား)။
လောကကြီး အဆုံးရောက်ပါ့မလား
ဒါနဲ့ ရောဟိတဿနတ်သားက အရှင်ဘုရား၊ မအိုရာ မနာရာ မသေရာကို ရှင်းရှင်းလင်းလင်းနဲ့ သွားသဖြင့် လောကကြီး အဆုံးရောက်ပါ့မလားတဲ့၊ လူ့လောက၊ နတ်လောက အဆုံးပေ့ါလေ (မှန်ပါ့ ဘုရား)၊ ဟိုစကြာဝဠာ အဆုံးရောက်ပါ့မလားလို့ မေးလိုက်တယ်။
မရောက်ဘူးကွတဲ့၊ မအိုရာ မနာရာ မသေရာဖြစ်တဲ့ လောကအဆုံးကို မရောက်နိုင်ဘူးတဲ့။
မှန်လိုက်တာဘုရားတဲ့၊ သူက တာဝန်ခံတယ်၊ သူက စောစောထဲက သိတယ် (မှန်ပါ့)၊ သွားရင်း သေခဲ့ပြီကိုး (မှန်ပါ့)၊ သူသွားခဲ့ပြီး၊ သူဟာတဲ့။
အရှင်ဘုရားပြောတာ တပည့်တော် အင်မတန် တာဝန်ခံပါတယ်တဲ့၊ သူဟာ နဂိုက ရသေ့ ဖြစ်ဖူးတာကိုး၊ ဒီနတ်သားက (မှန်ပါ့)။
လောက အဆုံးကို သွားမယ်ဆိုပြီး
ရသေ့ဖြစ်ပြီး သကာလ လောက အဆုံးကို သွားမယ်ဆိုပြီး တန်ခိုးနဲ့သွားတယ် (မှန်ပါ့)။၏
ဒီကျွန်းကနေပြီး သကာလ မြောက်ကျွန်းသွား၊ မြောက်ကျွန်းကနေပြီး သကာလ ဟိုမြောက်ကျွန်းတွေ မြောက်ကျွန်းတွေ သွားတယ်၊ သူဟာ အသက်တစ်ရာ သွားခဲ့တယ်၊ ရသေ့မို့လို့ ဆွမ်းလဲခံစားပါတယ်တဲ့၊ ဆွမ်းစားတဲ့အချိန် နည်းနည်းကလေး ငိုက်မျဉ်းတဲ့အချိန် ဒါချန်ပြီး သူ တန်ခိုးနဲ့ချည်းသွားနေတာပဲ၊ နှစ်ပေါင်းတစ်ရာ သွားပါတယ်တဲ့၊ လောကကြီးကြားထဲမှာသာ တပည့်တော် သေခဲ့တယ်၊ လောကအဆုံးကို မတွေ့ခဲ့ဘူးတဲ့၊ ကိုယ်သာ သေခဲ့တယ် မတွေ့ပါ ဘူးတဲ့ (မှန်ပါ့ ဘုရား)။
ဒါကြောင့် လောကကြီးကို ခြေကျင်သွားလို့လဲ မဆုံးပါဘူးတဲ့၊ ကံနဲ့ သွားလို့လဲ မဆုံးပါဘူးတဲ့ (မှန်ပါ့ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
မှန်လိုက်တာဘုရားတဲ့၊ သူကိုယ်တိုင် သွားရင်း သေခဲ့တယ်၊ လောက အဆုံးကို သူလိုက်ခဲ့တယ်၊ တန်ခိုးနဲ့လိုက် တာ အင်မတန်မြန်တယ်၊ တို့ ဒီလေးကျွန်းတစ်မြင်းမိုရ်ကို တစ်လှမ်းတည်း လှမ်းတာပဲ၊ ဒါတောင်မှ လောကကြီးအဆုံးကို မတွေ့ဘူးတဲ့၊ ဒီလောကတွေထဲမှာပဲ သေခဲ့တယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီလောကအဆုံးရှာတဲ့လူပဲ (မှန်ပါ့)၊ သို့သော် တန်ခိုးနဲ့ ခြေလှမ်းပြီး ရှာတာကို တွေ့ရဲ့လား (မတွေ့ပါ ဘုရား)၊ မတွေ့တဲ့အပြင် ဘာဖြစ်သွားသတုံး (သေသွားပါတယ် ဘုရား)၊ လောကထဲမှာပဲ သေသွားတယ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို ဒါဖြင့် ဘုရားတဲ့ အရှင်ဘုရား လောကအဆုံးရောက်တဲ့နည်းကို ပေးစမ်းပါတဲ့။
လောကအဆုံး ရောက်တဲ့နည်း
လောကအဆုံး ရောက်တဲ့နည်းကို ငါပြောပြမယ်ကွာတဲ့၊ လောကကြီးထဲကို ခြေကျင်ကံတွေနဲ့ သွားနေလို့၊ ခြေကျင်နဲ့သွားသွား၊ တန်ခိုးနဲ့ သွားသွား ကံပစ်ချရာ သွားသွား ဘယ်တော့မှ မရောက်ဘူးကွတဲ့၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကံနဲ့သွားလို့လဲ (မရောက်ပါ ဘုရား)၊ မရောက်နိုင်ဘူး၊ ဘယ်ကံက တပည့်တော်ပို့ပါစေဆိုလို့လဲ မရောက်ဘူးတဲ့ (မရောက်ပါ ဘုရား)၊ လောကအဆုံး မရောက်နိုင်ဘူးတဲ့၊ တန်ခိုး ဣဒ္ဓိပါဒ်နဲ့ သွားလို့လဲ (မရောက်ပါ ဘုရား)၊ မရောက်နိုင် ဘူးကွတဲ့၊ ခုနင်ကလိုပဲ အိုပွဲ၊ နာပွဲ၊ သေပွဲဆီ ပြန်ရောက်မှာပဲ (မှန်ပါ့ ဘုရား)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် တန်ခိုးနဲ့သွားလို့လဲ လောကအဆုံး လောကုတ္တရာဘက် မရောက်ဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ကံတွေနဲ့သွားနေလို့လဲ (မရောက်ပါ ဘုရား)၊ မရောက်နိုင်ဘူးတဲ့။
အဲဒီတာ့ ဘုရားက ဆင့်ပြောလိုက်တယ် လောကကြီးထဲမှာ ခြေကျင်၊ လေယာဉ်နဲ့ သွားသဖြင့်လဲ လောကအဆုံး မရောက်ပါဘူးကွ၊ ဒါ ဆင့်လာတယ် (မှန်ပါ့ ဘုရား)၊ လောကအဆုံး မရောက်ဘဲနဲ့လဲ အအို၊ အနာ၊ အသေ မလွတ်ဘူးကွတဲ့ (မှန်ပါ့)၊ နှစ်မျိုးလာတယ် (မှန်ပ့ါ)။
လောကအဆုံးကို ခြေကျင် လေယာဉ်နဲ့ သွားလို့လဲ (မရောက်နိုင်ပါ ဘုရား)၊ အဲဒီလောကအဆုံးမရောက်ဘဲနဲ့လဲ လောကုတ္တရာဘက်ကို မတွေ့နိုင်ဘူး (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အမေးကို ဘုရားက တစ်ခါတည်း ရှင်းပြတ်၊ လောက၏ အဆုံးကိုခြေကျင် တန်ခိုးနဲ့ သွားလို့လဲ (မရပါ ဘုရား)၊ လောကအဆုံး မရောက်ဘဲနဲ့လဲ အအိုလွတ်၊ အသေလွတ်မရှိဘူးတဲ့ (မှန်ပါ့)၊ ဆိုတော့ သူ လောကကို ရှင်းပြချင်လို့ ဒါလောက် ပြောလိုက်တာပဲ (မှန်ပါ့)။
ဟိုက ဘုံလောကနဲ့ သတ္တလောက သွားနေတာ (မှန်ပါ့)၊ ဘုရားက လောကအဆုံး မရောက်ဘဲနဲ့လဲ လောကုတ္တရာဆိုတဲ့နိဗ္ဗာန် မရောက်နိုင်ဘူးဆိုတော့ ဒီသင်္ခါရလောက ဖြစ်ပျက်ကို ဆိုနေတာ (မှန်ပါ့)၊ ဖြစ်ပျက်ဆုံးမှ လောကုတ္တရာ ရောက်မှာကိုး(မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
သင်္ခါရလောကအဆုံးမှာ နိဗ္ဗာန်ရှိတယ်
သင်္ခါရလောကဆုံးမှ ဘာတုံး (နိဗ္ဗာန်ရောက်မှာပါ)၊ အဲဒါကြောင့် မင်းတို့ကို အလုပ်ခိုင်းနေတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဖြစ်ပျက်ဟာ သင်္ခါရလောက ဖြစ်လိုက် ပျက်လိုက်ဟာ ဘာတုန်း (သင်္ခါရလောကပါ)၊ အဲဒီ သင်္ခါရလောက ဆုံးအောင် လိုက်ရမယ်တဲ့ (မှန်ပါ့)၊ မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။
သင်္ခါရလောက ဆုံးအောင်လိုက်နိုင်လို့ရှိရင်ဖြင့် သင်္ခါရလောကအဆုံးမှာ နိဗ္ဗာန်ရှိတယ်၊ (မှန်ပါ့)၊ ဩကာသလောက အဆုံးဟာမဆုံးဘူး၊ နိဗ္ဗာန်မရှိဘူး၊ သတ္တလောကအဆုံးမှာလဲနိဗ္ဗာန် (မရှိပါ ဘုရား)၊ မရှိဘူး၊သင်္ခါရ လောကအဆုံးမှာ နိဗ္ဗာန်ရှိတယ်။
ဒကာ ဒကာမတို့ ဖြစ်ပျက်ဟာ ဘာလောကတုန်း (သင်္ခါရလောကပါ ဘုရား)။
အဲဒီတော့ကို ဦးအောင်ဇံဝေက ရှုရှု ရှုရှုသွားတော့ ၎င်းဖြစ်ပျက် သင်္ခါရလောကကြီးကို မြင်လာပြီ၊ ၎င်းဖြစ်ပျက် သင်္ခါရ လောကကြီးကို မုန်းလာပြီ၊ ၎င်းဖြစ်ပျက် သင်္ခါရလောကကြီးကို မလိုချင်လို့ရှိရင် ဆုံးသွားလို့ရှိရင် နိဗ္ဗာန် တွေ့တာပဲ (မှန်ပါ့)၊ ပေါ်ပြီလား (ပေါ်ပါပြီး ဘုရား)။
ဪ ဒါဖြင့် လောကအဆုံးကို သွားချင်လို့ရှိရင်ဖြင့် ဉာဏ်နဲ့သွားမှ ရမှာပါကလား (မှန်ပါ့)၊ဖြစ်ပျက်သိတဲ့ဉာဏ် နဲ့ သွားမှရမယ်ဆိုတာ သေချာပလား (သေချာပါပြီ)၊ ဒီ့ပြင် လမ်းရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဪ ဒါဖြင့် တို့အလုပ်ကိုထောက်ခံတာပါလား (မှန်ပါ့)၊ ကိုယ်လုပ်နေတဲ့အလုပ်ကို ဘာတုံး (ထောက်ခံပါ တယ်)၊ ထောက်ခံတယ်ဆိုတော့ ဪ တို့လုပ်နေတဲ့အလုပ်ဟာ လောကအဆုံး သွားနေတာကိုး (မှန်ပါ့ ဘုရား)။
ဖြစ်တတ်၊ ပျက်တတ်တဲ့ လောကထဲမှာနေရလို့ ဖြစ်ပျက်မရှိတဲ့ အဆုံးကို သွားနေတာကိုး (မှန်ပါ့)၊ သဘောကျ ပြီလား (ကျပါပြီ ဘုရား)။
ဘာလောကရှုနေတာတုန်း
ဒါဖြင့် မင်းတို့ရှုနေတာ ဘာလောကရှုနေတာတုန်း(သင်္ခါရလောကပါ)၊ သင်္ခါရလောကကို ဆုံးအောင် လိုက်လိုက် လို့ရှိရင်ဖြင့် နိဗ္ဗာန်ဆိုတဲ့ သင်္ခါရအဆုံး မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။
ဒါဖြင့် သူခြေကျင်သွားလို့ ရောက်တာလား၊ လေယာဉ်နဲ့သွားလို့ ရောက်တာလား၊ (ဉာဏ်နဲ့သွားလို့ရောက်တာ ပါ)၊ အဲ မဂ္ဂင်တည်းဟူသောဉာဏ်နဲ့ သွားရောက်တာ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘာနဲ့သွားသတုံး (မဂ္ဂင်ဉာဏ်နဲ့သွားတော့ ရောက်သကွ၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
အဲဒီတော့ ရောဟိတဿနတ်သားတဲ့၊ မင်းကို ငါရှင်းပြမယ်ဟဲ့၊ လောကအဆုံးကို ခြေကျင်နဲ့ သွားသဖြင့်လဲ မအို၊ မသေ၊ မမြဲနေတဲ့နေရာ ဌာနမရောက်သေးဘူးနော် (မှန်ပါ့ ဘုရား)။
လောကကြီးထဲကို ခြေကျင်းနဲ့သွားလို့၊ လေယာဉ်ပျံနဲ့သွားလို့၊ တန်ခိုးနဲ့သွားလို့ဖြင့် လောကအဆုံး မရောက်ဘူး ကွတဲ့(မှန်ပါ့)၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
လောကအဆုံး မရောက်ဘဲနဲ့လဲအိုမှု၊ နာမှု၊ သေမှု မလွတ်ဘူးဆိုတော့ သင်္ခါရလောကအဆုံး မရောက်ပဲနဲ့လဲ ပြောနေတာနော် (မှန်ပါ့ ဘုရား)။
သင်္ခါရလောကအဆုံး မရောက်ဘဲနဲ့
သင်္ခါရလောကအဆုံး မရောက်ဘဲနဲ့လဲ အိုမှု၊ နာမှု၊ သေမှု လွတ်ပါ့မလား၊ (မလွတ်ပါ ဘုရား)။
ဒါဖြင့် မင်းတို့ကို နေ့တိုင်း မရှုခိုင်းနေတာ ဘယ်လောက အရှုခိုင်းနေတာတုန်း (သင်္ခါရလောက အရှုခိုင်းနေ တာပါ)၊ သင်္ခေါရလောက အရှုခိုင်းနေတာ။
ဪ ဒါဖြင့် တို့သွားနေတဲ့လမ်းက သင်္ခါရလောကကြီးအဆုံးမှာ နိဗ္ဗာန်ဆိုတဲ့ မအိုရာ၊ မနာရာ၊ မသေရာရှိတယ်၊ တို့ဟာ ဟိုဘုံ ဒီဘုံ ဆုတောင်းသွားနေရင်လဲ တယ်လွဲတာပဲ၊ ကံနဲ့သွားနေတာလွဲနေပြီ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ တန်ခိုးနဲ့သွားနေရတာကော (လွဲပါတယ်)၊ ဘာနဲ့သွားရမှာတုန်း၊ (မဂ်ဉာဏ်နဲ့သွားရမှာပါ ဘုရား)။
ဉာဏ်နဲ့ ဘယ်လောကကို သွားရမှာတုန်း (သင်္ခါရလောကကို သွားရမမှာပါ ဘုရား)၊။
သင်္ခါရလောကပေါ်မှာ ဉာဏ်နဲ့သွားပါ၊ ဉာဏ်နဲ့သွားရင် သင်္ခါရလောကဆုံးပြီ (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
သင်္ခါရလောကဆိုတာ စိတ်ဖြစ်ပျက်၊ ဝေဒနာဖြစ်ပျက်၊ ရုပ်ဖြစ်ပျက်ပဲ (မှန်ပါ့)၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)၊ ဒီလောကက ဆုံးမှာ။
ကဲကွာတဲ့၊ ဒီလောကအဆုံးမှာမှ နိဗ္ဗာန်ရှိပါတယ်ဆိုတာ ငါရှင်းပြလိုက်ပါတယ်တဲ့ဆိုတော့ နတ်သား မသိမှာစိုး တာနဲ့ ဘုရားက ဖော်ပြလိုက်ပြန်တယ်၊ ဒါ အင်္ဂုတ္တိုရ်ပါဠိတော်ထဲမှာ လာတယ်နော် (မှန်ပါ့ ဘုရား)။
တစ်လံမျှလောက်သော ခန္တာကိုယ်ဟာ လောကပဲကွတဲ့ (မှန်ပါ့)၊ မင်းတို့ ခန္ဓာကိုယ်မင်းတို့တိုင်းကြည့်ရင် တစ်လံပဲရှိတယ်၊ ကိုယ့်အလံနဲ့ ကိုယ်ပေါ့လေ (မှန်ပါ့ ဘုရား)။
အဲဒီတစ်လံမျှလောက်သော ခန္ဓာကိုယ်ထဲမှာ သင်္ခါရလောက ရှိတယ်တဲ့၊ မရှိဘူးလားရှိသလား (ရှိပါတယ်)၊ ရုပ်ဖြစ်ပျက်၊ စိတ်ဖြစ်ပျက်တွေ မရှိဘူးလား (ရှိပါတယ်)၊ ဝေဒနာဖြစ်ပျက်တွေ (ရှိပါတယ် ဘုရား) ရှိပါပဲ။
ဉာဏ်နဲ့ပြေးနေရမယ်
အဲဒီလောကကြီးထဲမှာလျှောက်ပြီး ဉာဏ်နဲ့ပြေးနေရမယ် (မှန်ပါ့)၊ ဒါဖြင့် ဖြစ်ပျက်ရှုပြောနေတာ (မှန်ပါ့)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ငါဟာတဲ့ ငါသေသေချာချာ ရှင်းပြမယ်ဟဲ့၊ ဘုံနန်းဗိမာန် သစ်ပင်တွေပေါ်၌ လောကရှိတယ်လို့ငါမဆိုဘူးတဲ့၊ တစ်လံမျှလောက်သော ခန္ဓာကိုယ်လောကထဲမှာ မင်းတို့လျှောက်ပြေးရမယ်၊ ဟိုဘုံ၊ ဒီဘုံ ပြေးနေလို့တော့ မရဘူးတဲ့ (မှန်ပါ့)၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဘယ်အပေါ်မှာဉာဏ်နဲ့ ပြေးရမှာတုန်း (ခန္ဓာပေါ်မှာ ပြေးရမှာပါ ဘုရား)၊ ခန္ဓာပေါ်မှာ ပြေးရမှာ၊ ခန္ဓာက ဘယ်လောက်ရှိသတုန်း (တစ်လံမျှ လောက်ရှိပါတယ် ဘုရား)။
အဲဒီတော့ကို “လောကန္တိ ဒုက္ခသစ္စံ” ဪ ခန္ဓာကိုယ်ဟာ ဒုက္ခသစ္စာတဲ့၊ အဲဒီလောကထဲမှာ မင်းတို့ဉာဏ်နဲ့ လျှောက်ပြေးပါ ဉာဏ်နဲ့လျှောက်ကြည့်ပေါ့ (မှန်ပါ့ ဘုရား)။
ကြည့်တဲ့အခါကျတော့ မောင်အောင်ချီတို့၊ ဦးအောင်ဇံဝေတို့ ဘာတွေ့မယ်ထင်သတုန်း (ဖြစ်ပျက်တွေ့ပါမယ်) ဒါပဲတွေ့မှာပဲ ဟော သင်္ခါရလောက သွားတွေ့တယ်၊ မတွေ့ဘူးလား (မတွေ့ပါတယ် ဘုရား)။
အဲဒီ သင်္ခါရလောက သွားတွေ့တော့ကို ဟိုဘက်ကို သင်္ခါရလောကလဲဆုံးရော အသင်္ခတနိဗ္ဗာန်ကို သွားတွေ့ တယ်၊ သင်္ခတအဆုံးမှာ အသင်္ခတရှိတာကိုး (မှန်ပါ့)၊ ပေါ်လာကြပြီလား (ပေါ်လာပါပြီ ဘုရား)၊ သင်္ခတ၏အဆုံးမှာ (အသင်္ခတရှိပါတယ် ဘုရား)။
ဒါဖြင့် သင်္ခတမှ အဆုံးမလိုက်တဲ့ပုဂ္ဂိုလ်ဟာ အသင်္ခတနိဗ္ဗာန် ရောက်နိုင်ပါ့မလား (မရောက်နိုင်ပါ ဘုရား)။
ဒါဖြင့် မင်းတို့ဉာဏ်သည် သင်္ခါရလောကဆိုတဲ့ တစ်လံမျှလောက်သော ခန္ဓာကိုယ်ထဲမှာ လျှောက်ပြေးပါ၊ လျှောက်ရှုပါနော် (မှန်ပါ့)၊ ဝေဒနာကြိုက် ဝေဒနာရှုပေါ့ကွာ၊ ဝေဒနာကလဲ တစ်ကိုယ်လုံးဟာ ဝေဒနာက္ခန္ဓာကိုး (မှန်ပါ့)၊ စိတ်ဟာလဲ တစ်ကိုယ်လုံးက ဝိညာဏက္ခန္ဓာဆိုတော့ စိတ်တွေရှုလဲ ရတာပဲ (မှန်ပါ့)။
သင်္ခါရ လောကဆုံးအောင် လိုက်ရမယ်
ဒါဖြင့် ဘယ်လောကဆုံးအောင် လိုက်ရမယ်ထင်ကြသလဲ (သင်္ခါရ လောကဆုံးအောင် လိုက်ရပါမယ်)၊ သင်္ခါရ လောကအဆုံးမှာ အသင်္ခတ မရှိဘူးလား (ရှိပါတယ်)၊ အသင်္ခတနိဗ္ဗာန်မအိုရာ၊ မနာရာ မသေရာ နိဗ္ဗာန်ရှိတယ် (မှန်ပါ့)။
ဒါဖြင့် ဖြစ်ပျက်အဆုံးမှာ ရှိတယ်လို့ပြောတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
နိဗ္ဗာန် ဘယ်မှာရှိပါလိမ့် (ဖြစ်ပျက်အဆုံးမှာရှိပါတယ်)၊ ဒါဖြင့် မောင်အောင်ချီတို့၊ ဦးအောင်ဇံဝေတို့ နောက်က ကိုယ်တော်တွေတို့ ဪ သင်္ခါရလောကအဆုံးမှာ အသင်္ခတရှိမှာပါကလား (မှန်ပါ့ ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါ ပြီ ဘုရား)။
အလကား ဆုတောင်းနေလို့ရမှာ မဟုတ်ပါဘူး (မရပါ ဘုရား) မရနိုင်ဘူး၊ သင်္ခါရ လောကဆုံးအောင် လိုက်ရမယ် (မှန်ပါ့)။
သင်္ခါရလောက ဘယ်လောက်ကြာကြာဆုံးအောင် လိုက်ရမှာတုန်းဆိုတာ ဆရာကောင်း၏ လမ်းညွှန်ချက်ကို လည်းရ၊ ပဓာနိယင်္ဂတရား ငါးပါးနှင့်ပြည့်စုံ၍ အဆုံးအမအတိုင်း လိုက်နာအားထုတ်ရင် အို ဉာဏ်သာ တည့်လို့ရှိရင် မနက်အားထုတ် ညနေ နိဗ္ဗာရတယ် (မှန်ပါ့)၊ အသင်္ခတရောက်မယ် (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်ဟာ ဒီတစ်လံမျှလောက်သော ခန္ဓာကိုယ် ရှာမတွေ့တဲ့အဆုံးမှာ နိဗ္ဗာန်က ရှိတယ် (မှန်ပါ့)၊ အဝေးကြီးလား အနီးကလေးလား (အနီးကလေးပါ ဘုရား)၊ ဒါဖြင့် “နိဗ္ဗာနဿေဝ သန္တိကေ”လို့ ဘုရားက သံယုတ်ပါဠိ တော်မှာ ဒီလိုဟောတယ်-
”ယဿ ဧတာဒိသံ ယာနံ၊ ဣတ္ထိယာ ပုရိသဿဝါ၊
သ ဝေ ဧတေန ယာနေန၊ နိဗ္ဗာနဿေဝ သန္တိကေ”
(သဂါထာဝဂ္ဂသံယုတ်ပါဠိ၊ အစ္ဆရာသုတ်၊ နှာ-၃၀)
ခန္ဓာကိုယ် အဆုံးမှာရှိတယ်
နိဗ္ဗာန်ဟာ မင်းတို့ မျက်စိလည်နေလို့တဲ့၊ မအို၊ မသေ အမြဲနေတဲ့ နိဗ္ဗာန်ဟာ ဒီတစ်လံမျှလောက်သော ခန္ဓာကိုယ် အဆုံးမှာရှိတယ် (မှန်ပါ့)၊ ဝေးသလား (မဝေးပါ ဘုရား)။
ဉာဏ်နဲ့မသွားတော့ ဝေးနေတယ် (မှန်ပါ့)၊ ကံနဲ့သွားလို့ မရောက်ဘူး (မှန်ပါ့)၊ ခြေကျင်လေယာဉ်နဲ့ သွားလို့ကော (မရောက်ပါ ဘုရား)၊ ဉာဏ်နဲ့သွားလိုက်ရင် (ရောက်ပါတယ် ဘုရား)။
ဉာဏ်နဲ့သွားလိုက်ရင် တစ်လံမျှလောက်သော ခန္ဓာကိုယ်ထဲ ဖျတ်ဆို ဒုက္ခသစ္စသိပြီး ချုပ်သွား ဒီနေရာ လာပေါ်တယ် (မှန်ပါ့)၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
ဒါဖြင့် လှညွန့်ကြီးမေးရမယ်၊ နိဗ္ဗာန်ဟာ နီးသလား ဝေးသလား (နီးပါတယ်)၊ ငါက ဟောတာလား ဘုရားက ဟောတာလား (ဘုရားက ဟောတာပါ ဘုရား)။
”နိဗ္ဗာနဿေဝ သန္တိကေ” နိဗ္ဗာနဿေဝ၊ နိဗ္ဗာန်၏သာလျှင်၊ သန္တိကေ၊ ခရီးမဝေးအနီး ကလေးမှာ ရှိပါတယ်လို့ သေသေချာချာ ဟောတာပဲ (မှန်ပါ့)၊ ဒါ သံယုတ်ပါဠိတော်နော် (မှန်ပါ့)။
အခု ရောဟိတဿနတ်သားကို ဟောနေတာက သင်္ခါရလောကကို မင်းဆုံးအောင် လိုက်ပါလို့ ဘုရားက ဟောတယ်၊ ဒါက အင်္ဂုတ္တိုရ်ပါဠိတော် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် မင်းတို့ကွာ ဘာဆုံးအောင်လိုက်မလဲ (သင်္ခါရလောကဆုံးအောင် လိုက်ရပါမယ်) သင်္ခါရလောကဆိုတာ ဘယ်သူပါလိမ့် (ဖြစ်ပျက်ပါ ဘုရား)။
ဖြစ်ပျက်ဆိုတာ ဒီတစ်လံမျှလောက်သော ခန္ဓာကိုယ်ပဲ၊ ဒီထဲမှာပဲ ရှိတာပဲ၊ ဒီ့ပြင်နေရာရှိရဲ့လား (မရှိပါ)၊ မရှိတော့ ဒါ ဆုံးအောင် ဒကာ ဒကာမတွေ လိုက်ရလိမ့်မယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
သင်္ခတအဆုံးမှာ အသင်္ခတရှိတယ်
အဲဒီတော့ နိဗ္ဗာန်ဟာ ဒကာ ဒကာမတို့ အိုတတ် နာတတ် သေတတ်မှုမှ လွတ်တဲ့ နိဗ္ဗာန်ကြီးဟာ ဪ တစ်လံမျှလောက်သော ခန္ဓာကိုယ်ဆုံးအောင် လိုက်တဲ့ပုဂ္ဂိုလ်မှာရှိတယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်ဟာ နီးသလား ဝေးသလား (နီးပါတယ် ဘုရား)၊ နီးတယ်ဆိုတာ သေချာသွားပြီ (သေချာသွားပါပြီ ဘုရား)။
နီးလျက်နဲ့ ဝေးနေတာ ဘာတုန်းဆိုတော့ အို ခြေကျင်လေယာဉ်နဲ့ သွားနေလို့ ဝေးနေတာ (မှန်ပါ့)၊ ကံတွေနဲ့ ဆုတောင်းပြီး သွားနေတာနဲ့ (ဝေးပါတယ် ဘုရား)။
ဉာဏ်နဲ့ လျှောက်သွားလိုက်ရင်
ဉာဏ်နဲ့ လျှောက်သွားလိုက်ရင် (နီးပါတယ်)၊ ခြေထောက်ကြည့်လိုက်ပြန်လဲ ဝေဒနာကလေးတွေက ဖြစ်ပျက်၊ လက်ကြည့်လိုက်ပြန်လဲ (ဖြစ်ပျက်ပါ ဘုရား) ခေါင်းကြည့်လိုက်ပြန်လဲ (ဖြစ်ပျက်ပါ ဘုရား)။
ဖြစ်ပျက်တွေ မြင်တော့ ဖြစ်ပျက်တွေ မုန်းလာမှာပဲ၊ မုန်းလာတော့ ဒီခန္ဓာကိုယ်ကြီး လိုချင်သေးရဲ့လား (မလိုချင်ပါ)၊ မလိုချင်တော့ ဆုံးသွားတယ် မလိုချင်တော့ မဂ်ဉာဏ်ကတော့ ဘာဖြစ်သွားသတုန်း (ဆုံးသွားပါတယ်) ဆုံးသွားတော့ ဘာတွေ့မလဲ (နိဗ္ဗာန်တွေ့ပါမယ် ဘုရား)။
ဒါဖြင့် ဒီတစ်လံမျှလောက်သော ခန္ဓာကိုယ်ဆုံးအောင်သာလိုက်၊ ဆုံးသွားရင် နိဗ္ဗာန်တွေ့မှာပဲ (မှန်ပါ့)။
ဒါကြောင့် ဒကာ ဒကာမတွေ မေးတယ်၊ ခန္ဓာပျောက်သွားပလားလို့ မမေးသင့်ဘူးလား (မေးသင့်ပါတယ် ဘုရား) ခန္ဓာအဆုံးမှာ သူရှိတာကိုး (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊
ဖြစ်ပျက်တွေ အကုန်ဆုံးသွားရင်
ဒီခန္ဓာကြီး ဉာဏ်ထဲမှာ မလိုချင်လို့ ပျောက်သွားပြီ ဖြစ်ပျက်တွေ အကုန်ဆုံးသွားရင် ဘာတွေ့မယ်ထင်သတုန်း (နိဗ္ဗာန်တွေ့ပါတယ် ဘုရား)။
ဒါဖြင့် သင်္ခါရလောကအဆုံးမှာ ဘာရှိသလဲ (နိဗ္ဗာန်ရှိတယ် ဘုရား)၊ နိဗ္ဗာန်ရှိတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် နောက်က ဒကာ ဒကာမတွေ ခန္ဓာကိုယ်ထဲမှာ ဉာဏ်ထည့်ပါဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ ခန္ဓာနဲ့ဉာဏ်နဲ့မခွဲနဲ့၊ ဆရာဘုန်းကြီးက သင်ထားတယ် (မှန်ပါ့ ဘုရား)။
ခန္ဓာနဲ့ဉာဏ်နဲ့ (မခွဲရပါ ဘုရား)၊ မခွဲနဲ့ဆိုတာ သင်္ခါရလောကနဲ့ ဉာဏ်နဲ့ တွဲထား (မှန်ပါ့) တော်တော်ကြာကျတော့ သင်္ခါရလောက ဖြစ်ပျက်တွေ သူပြောလာလိမ့်မယ် (မှန်ပါ့)။
မပြောပေဘူးလား (ပြောပါတယ် ဘုရား) ပြောပါများလာတဲ့အခါ ကိုယ့်ခန္ဓာကိုယ်ကြီးကို ဖြစ်ပျက်တွေ မြင်တော့ မုန်းလာလိမ့်မယ် (မှန်ပါ့) မမုန်းပေဘူးလား (မုန်းပါတယ် ဘုရား)၊ မုန်းတော့ လိုချင်တဲ့ စိတ်လာလေမလား၊ မလိုချင် တဲ့စိတ် လာမလား (မလိုချင်တဲ့စိတ် လာမှာပါ ဘုရား)၊ မလိုချင်တဲ့ စိတ်လာရင် သူဟာ ဆုံးသွားတယ်၊ ခန္ဓာပါ ပျောက်ထွက်သွားတယ် (မှန်ပါ့)၊ ပျောက်သွားတော့ ဘာတွေ့မယ် ထင်သတုန်း (နိဗ္ဗာန်ပါ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်ဟာ ဒီနားတွင် ရှုတဲ့နားတင်ရှိနေတယ် (ရှိနေပါတယ် ဘုရား)၊ မင်းတို့က ဆုံးအောင် မလိုက်လို့ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “ဂမနေန နပတ္တဗ္ဗော” ဂမနေန ခြေလျင်၊ လေယာဉ်နဲ့ သွားသဖြင့်၊ နပတ္တဗ္ဗော နိဗ္ဗာန်မရောက်နိုင်ဘူးကွတဲ့ (မှန်ပါ့)။
အပ္ပတွာ လောကန္တံတဲ့ လောက အဆုံးမရောက်ဘဲနဲ့လဲ (မှန်ပါ့)၊ နစဒုက္ခာအတ္ထိ ပမောစနံ အအို အနာ အသေ ဆင်းရဲ မလွတ်ဘူးတဲ့၊
ခြေကျင်၊ လေယာဉ်နဲ့ သွားလို့ကော (မရောက်နိုင်ပါ ဘုရား) ဒီ အဆုံးမရောက်ဘဲနဲ့လဲ (အအို၊ အနာ၊ အသေ၊ မလွတ်ပါ ဘုရား)။
လောက၏ အဆုံးကို
မလွတ်ဘူးဆိုတော့ “လောကဿန္တော ကုဒါစနံ” လောကဿန္တော လောက၏ အဆုံးကို၊ ကုဒါစနံ တစ်ရံ တစ်ဆစ်မျှ၊ နပတ္တဗ္ဗော မရောက်နိုင်ဘူးကွတဲ့ (မှန်ပါ့ ဘုရား)။
ဂမနေန ခြေကျင်၊ လေယာဉ် ကံတွေနဲ့ သွားသဖြင့်၊ လောကဿ လောက၏၊ အန္တော အဆုံးဖြစ်တဲ့နိဗ္ဗာန်ကို၊ နပတ္တဗ္ဗော မရောက်နိုင်ဘူးကွတဲ့၊ ဟောပြီ ဘုရားက၊ ဒါ ရောဟိဿနတ်သားကို ဟောနေတာ (မှန်ပါ့ ဘုရား)။
အပ္ပတွာ လောကန္တံတဲ့၊ လောက၏ အဆုံးကို မရောက်ဘဲနဲ့လဲ၊ နစ ဒုက္ခာအတ္ထိ ပမောစနံ ငါအအို၊ အသေ လွတ်လိမ့်မယ်လို့ မဟောဘူးတဲ့ (မှန်ပါ့) ဆိုတော့ သင်္ခါရလောက မဆုံးဘဲနဲ့လဲ အအို အသေ မလွတ်နိုင်ဘူးတဲ့ သင်္ခါရလောက ဆုံးသွားရင်တော့ (လွတ်ပါတယ်) လွတ်သွားပြီ နိဗ္ဗာန်ရပြီနော် (မှန်ပါ့ ဘုရား)။
”ဂမနေန နပတ္တဗ္ဗော၊ လောကဿန္တော ကုဒါစနံ၊
နစ အပ္ပတွာ လောကန္တံ၊ ဒုက္ခာ အတ္ထိ ပမောစနံ”
(သဂါထာဝဂ္ဂသံယုတ်ပါဠိ၊ ရောဟိတဿသုတ်၊ နှာ-၆၁)
သင်္ခါရလောက မဆုံးဘဲနဲ့လဲ နိဗ္ဗာန်မတွေ့ဘူးကွတဲ့ (မှန်ပါ့)၊ ဒါဖြင့် နိဗ္ဗာန်ဟာ ခြေကျင်း၊ လေယာဉ်တွေနဲ့ သွားလို့ မရောက်ကြောင်း သေချာသွားပြီ (မှန်ပါ့)၊ ဆုံးအောင်မလိုက်လို့ သင်္ခါရလောကမဆုံးလို့ရှိရင်လဲ နိဗ္ဗာန်တွေ့ပါ့ မလား (မတွေ့ပါ ဘုရား)။
ဒါဖြင့် အခု ဒကာ ဒကာမတွေ လုပ်နေတဲ့ဖြစ်ပျက်ဟာ တစ်လံမျှလောက်သော ခန္ဓာကိုယ်ကို လျှောက်ပြီး ဟိုပေါ် ဟိုလိုက်၊ ဒီပေါ် ဒီလိုက် ဆိုတာ လိုက်မနေရဘူးလား (လိုက်နေရပါတယ်)၊ အဲဒါ လောက အကြောင်းသိအောင် အလိုက်ခိုင်းထားတာ (မှန်ပါ့ ဘုရား)။
လောကချုပ်သွားတော့ လောကုတ္တရာ
လိုက်ပါများတော့ လောကကြီး ဘာဖြစ်လာမယ်ထင်သတုန်း (မုန်းလာမယ်)၊ မုန်းဖန်မက မုန်းလာတော့ သင်္ခါရလောကကြီးလိုချင်သေးရဲ့လား (မလိုချင်ပါ ဘုရား)၊ မလိုချင်ရင် သင်္ခါရလောကချုပ်တယ် (မှန်ပါ့)၊ ဒါဖြင့် လောကချုပ်သွားတော့ လောကုတ္တရာဆိုတဲ့ နိဗ္ဗာန် မပေါ်လာဘူးလား (ပေါ်ပါတယ် ဘုရား)၊ မပေါ်သေးဘူးလား။
ဒါဖြင့် ခြေကျင် လေယာဉ်နဲ့ သွားလို့ ရောက်တာလား၊ ဉာဏ်နဲ့သွားလို့ရောက်တာလား (ဉာဏ်နဲ့သွားလို့ ရောက်တာပါ ဘုရား)။
အဲ ဉာဏ်နဲ့သွားလို့ရောက်လို့ရှိရင် လောကအဆုံးကို ဉာဏ်နဲ့သွားကြလို့ရှိရင် မရောက်မရှိဘူး (မှန်ပါ့ ဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
အဲဒီ နေရာကျတော့ အအို၊ အနာ၊ အသေ တွေ့သေးရဲ့လား (မတွေ့ပါ ဘုရား)၊ ဘာနဲ့သွားလိုက်လို့ပါလိမ့် (ဉာဏ်နဲ့သွားလို့ပါ ဘုရား)။
ဒါဖြင့် သင်္ခါရလောကကို ဉာဏ်နဲ့သွားပါ (မှန်ပါ့ ဘုရား)၊ ဉာဏ်နဲ့ သွားလို့ရှိရင်ဖြင့် ဉာဏ်သုံးဆင့်မြောက် ရောက်မယ်၊ ဖြစ်ပျက်မြင်တဲ့ တစ်ဉာဏ်ဟာ ယထာဘူတဉာဏ် (မှန်ပါ့)၊ ဖြစ်ပျက်မုန်းတဲ့ဉာဏ်က နိဗ္ဗိန္ဒဉာဏ် (မှန်ပါ့)၊ ဖြစ်ပျက်အဆုံးမြင်တဲ့ဉာဏ်က မဂ်ဉာဏ်၊ ဉာဏ်သုံးဆင့် မလာဘူးလား (လာပါတယ် ဘုရား)။
အဲ ဉာဏ်သုံးဆင့်မြောက်ရင် ရောက်မယ်၊ ဒီအပေါ်တွင် ပြေးနေတာ (မှန်ပါ့) ဉာဏ်က တစ်လံမျှလောက်သော ခန္ဓာပေါ်တွင် လျှောက်ပြေးနေတာ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်လောက အဆုံးမှာ နိဗ္ဗာန်ရှိသတုန်း
ဒါဖြင့် လောကအဆုံး သိပလား (သိပါပြီ)၊ ဘယ်လောက အဆုံးမှာ နိဗ္ဗာန်ရှိသတုန်း (သင်္ခါရလောကအဆုံးမှာ ရှိပါတယ် ဘုရား)၊ သင်္ခါရလောကအဆုံးမှာရှိတယ်၊ သင်္ခါရလောကဆိုတာ ဘယ်လောက် ကျယ်သတုန်းမေးရင် တစ်လံ ပဲရှိတယ်၊ ဒီခန္ဓာပဲ (မှန်ပါ့)။
တစ်လံမျှလောက်သော သင်္ခါရ လောကထဲမှာ လျှောက်ပြီး ဉာဏ်နဲ့သာ ပြေးနေတော့ လောကဆုံးသွားလိမ့်မယ် ဆုံးရင် ဘာတွေ့မယ် ထင်သတုန်း (နိဗ္ဗာန်တွေ့ပါမယ် ဘုရား)၊ မအို မသေ၊ အမြဲနေတဲ့ နိဗ္ဗာန်တွေ့မယ်ဆိုတော့ ဝေးသလား၊ နီးသလား (နီးပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ကဲ လုပ်တတ်ကြပလား (လုပ်တတ်ပါပြီ ဘုရား)။
ကဲ နာရီစေ့ပြီ တော်ကြဦးစို့။
သာဓု သာဓု သာဓု။