12406

မာတိကာသို့

သဿတ ဥစ္ဆေဒ ဒိဋ္ဌိပြုတ်ရေး

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်

ဟောကြားဆုံးမတော်မူအပ်သော

သဿတ ဥစ္ဆေဒ ဒိဋ္ဌိပြုတ်ရေး

အစေလကဿပ မေး – ဘုရားဖြေ

ညအလုပ်ပေးတရာတော်

(၉-၅-၆၂)

အစေလကဿပ

ပုထုဇဉ်နဲ့ ပတ်သက်တာ ဟောပြီးပါပြီတဲ့၊ သေက္ခနဲ့ ပတ်သက်တာ ဟောရမယ်ဆိုရင် သေက္ခက ကိုယ်ကလဲ မဖြစ်သေးတော့ အသာကလေးချိတ်ထားပါဦး၊ ဝတ္ထုတစ်ခုပြောင်းပြီးတော့ ဒကာ ဒကာမတွေ အလုပ်သင်ပေးမယ်။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး သာဝတ္တိပြည် ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေတယ်၊ နံနက်မိုး သောက်လင်းတဲ့အခါကျတော့ ဘုရားတို့၏ ထုံးစံအတိုင်း ဆွမ်းခံထွက်တယ်၊ ဆွမ်းခံထွက်ပြီး လာတဲ့အခါကျတော့ အစေလကဿပဆိုတာရှိတယ်၊ အစေလဆိုတဲ့ ဥစ္စာက အဝတ်မပါဘူး၊ သူ့နာမည်ကတော့ ကဿပ၊ အဝတ်မပါတဲ့ ကဿပတဲ့၊ မင်းတို့ အိန္ဒိယတို့ဘာတို့ သွားတဲ့အခါကျတော့ တွေ့တာပေါ့ကွာ၊ အဝတ်မပါတာတွေ ရှိသေးတယ်၊ သာမည ကလေးလောက် ဖုံးအုပ်ထားတယ် (မှန်ပါ့)။

သူကလဲ ဆွမ်းခံထွက်လာတယ်၊ သူက တိတ္ထိပဲ၊ ဆွမ်းခံလာတဲ့အခါကျတော့ ဘုရားနောက်က သူမြောင်ပြီးလိုက် လာတယ်၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးနဲ့ တွေ့တယ် တွေ့တဲ့အခါ သူကရှင်းကြီးဂေါတမ သိပ်လဲမများပါဘူး၊ ပုစ္ဆာကလေးတစ်ခုမေးပါရစေလို့ သူကတောင်းပန်တယ်၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟာ ဆွမ်းခံရင်းကွာ မကောင်းပါဘူးတဲ့၊ ပယ်ချလိုက်တယ်နော် (မှန်ပါ့)။

ဒါနဲ့ နောက်တစ်ပြလောက် သွားမိပြန်တော့ လိုက်လာပြန်တယ်၊ ရှင်းကြီး ဂေါတမတဲ့ ဒီဥစ္စာကလေးဟာ များလဲ များလှတာမဟုတ်တော့ မသိတဲ့ဥစ္စာပဲ မေးပါရစေဆိုတော့ ဘုရားက ပယ်လိုက်တယ်၊ ဆွမ်းခံရင်းကွာ ဖြေလဲ မဖြေကောင်း၊ တရားလဲ မဟောကောင်းပါဘူးတဲ့၊ မဖြေလဲ မဖြေကောင်းပါဘူးလို့ မောင်အောင်ချီတို့ ပယ်ပစ်လိုက်တယ် နော် (မှန်ပါ့ ဘုရား) ပယ်ချင်လို့ ပယ်တာမဟုတ်ဘူး၊ ဉာဏ်ရင့်အောင် ပယ်တာ (မှန်ပ့ါ)၊ အချိန်ဆိုင်းလိုက်တယ်။

ဒုက္ခဟာ မိမိပြုလို့ မိမိရတာလား

ဒါနဲ့ တစ်ခါသွားပြန်ရော တစ်ပြလောက် ဘုရားကကြွသွားတယ်၊ သူလဲ နောက်က လိုက်တာပဲ၊ ရှင်ကြီးဂေါထမ ဒီပုစ္ဆာကလေးတစ်ခုဟာဖြင့် သံသယရှိပြီးနေတဲ့အတွက် ဒီပုစ္ဆာကလေးမေးပါရစေဆိုတော့ ဘုရားသခင်ကိုယ်တော် မြတ်ကြီးက အင်း သူဉာဏ်ကလေးကလဲ နည်းနည်းရင့်လာပြီ၊ ကဲ မင်းအလိုရှိရင်လဲ မေးတာပေါ့ကွာ၊ ဆွမ်းခံရင်းပဲလို့ ကိုယ်တော်မြတ်ကြီးက အမိန့်ရှိလိုက်တယ်၊ အမိန့်ရှိလိုက်တော့ မေးတယ်၊ မေးပုံကလေးလဲ မှတ်ကြစမ်းပါ ဒုက္ခဟာ မိမိပြုလို့ မိမိရတာလားလို့ ၁-နံပါတ်ပုစ္ဆာ မေးလိုက်တယ်နော် (မှန်ပါ့)။

ဒုက္ခဟာ မိမိပြုလို့ မိမိရတာလားဆိုတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ပယ်လိုက်တယ်၊ ဒုက္ခဟာ မိမိပြုတာ မဟုတ်ပါဘူးကွာတဲ့၊ ဒကာ ဒကာမတို့ ဒုက္ခဟာ မိမိပြုလို့ မိမိရတာလား (မဟုတ်ပါ ဘုရား)။

မဟုတ်ဘူးနော် (မှန်ပါ့)၊ သို့သော်လဲ မဟုတ်ဘူးသာ ပြောနေကြတယ်၊ အခု ဆရာသမားက ရေရေလည်လည် ပြောလို့သာ စင်စစ်တော့ ကိုယ့်ဒုက္ခကိုယ်ရှာတာတဲ့၊ အံမှာ မောင်အောင်ချီတို့က သုံးတယ် (မှန်ပါ့)၊ မသုံးကြဘူးလား (သုံးပါတယ် ဘုရား)။

မင်းတို့ အိမ်ထောင်ရေး တည်ထောင်ကြတဲ့အခါကျတော့ နောက်အိမ်ထောင်ရေး စိတ်ပျက်လာတဲ့အခါကျတော့ ဪ ကိုယ့်ဒုက္ခကိုယ်ရှာလို့ရတာကိုး၊ အံမှာ နင်တို့ညည်းလုံးတွေက တယ်လာသေးတယ် (မှန်ပါ့)၊ မလာဘူးလား (လာပါတယ် ဘုရား)။

ဘယ့်နှယ် ညည်းကြသလဲ (ကိုယ့်ဒုက္ခကိုယ်ရှာတာပါ)။ ဒါဖြင့် ကိုယ့်ဒုက္ခ ကိုယ်လုပ်တာ ဖြစ်နေတယ် (မှန်ပါ့ ဘုရား)။ မောင်အောင်မြရေ ကိုယ့်ဒုက္ခ ကိုယ်လုပ်တာ ဖြစ်နေတယ်ဟင် (မှန်ပါ့)။

ကိုယ့်ဒုက္ခ ကိုယ်လုပ်တာဖြစ်ပြီး သကာလနေတယ်၊ ဘုရားကတော့ ဒီလိုမဟုတ်ပါဘူးတဲ့၊ ဒုက္ခကို မိမိလုပ်တာလား လို့ဆိုတော့ တစ်ခါတည်း မိမိလုပ်တာ မဟုတ်ပါဘူးကွလို့ ဘုရားက ဖြေလိုက်တယ်။

ကဲ မှတ်ထားကြပါ၊ ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးဟာ ဒုက္ခသစ္စာနော် (မှန်ပါ့)၊ မိမိလုပ်ထားတာကို မရှိဘူး၊ မိမိ လုပ်လို့ ဒီခန္ဓာကြီး ဒုက္ခရနေသလား၊ မောင်အောင်ချီ ဒီလိုမယူနဲ့၊ လှညွန့်တို့ မယူနဲ့၊ အုန်းကြည်တို့ မယူနဲ့၊ ဒုက္ခမိမိ လုပ်တာ မဟုတ်ဘူးနော် (မှန်ပါ့)၊ မိမိဆိုလို့ဆိုရင်ဖြင့် ငါဆိုတဲ့ ဒိဋ္ဌိကလုပ်တာ ဖြစ်သွားတယ် (မှန်ပါ့)၊ မောင်အောင်မြ ဒီအတိုင်း မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် မိမိတို့ကို ဒီနေ့ည ဆရာဘုန်းကြီးက ဒိဋ္ဌိပယ်ပေးလိမ့်မယ်နော်၊ ဒိဋ္ဌိပယ်ပေးရလိမ့်မယ်ဆိုတာ မှတ်ထား ကြပါ။

ဒီကိုယ်ဟာ ကြားထဲ စုတိပဋိသန္ဓေမခြားဘဲနဲ့ တစ်ခါတည်း တောက်လျှောက်သွားတဲ့ အဓိပ္ပာယ် ရောက်တယ် (ရောက်ပါတယ် ဘုရား)။

သဿတဒိဋ္ဌိဖြစ်နေတယ်

ဒါဖြင့် ဒီခန္ဓာလဲ မြဲတယ်၊ ဟိုဘဝ သွားတာလဲ ဒီခန္ဓာပဲဆိုတော့ ဒီခန္ဓာ တစ်စပ်တည်းဖြစ်နေတယ်၊ ဘာဒိဋ္ဌိ ခေါ်ကြမလဲ (သဿတဒိဋ္ဌိပါ)၊ သဿတဒိဋ္ဌိဖြစ်နေတယ် (မှန်ပါ့ ဘုရား)။

ဒါနဲ့ ရှင်းကြီးဂေါတမတဲ့ ပြန်မေးတယ်နော်၊ ဒုက္ခကို မိမိပြုတာလားတဲ့၊ မဟုတ်ပါဘူးကွာလို့ ဖြေလိုက်တယ် (မှန်ပါ့ ဘုရား)။

သဿတဒိဋ္ဌိကို တကယ်ယုံကြည်ပြီး တကယ်နေကြမည်ဆိုလို့ရှိရင် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို ဘယ်လိုအားထုတ် အားထုတ် မရတော့ဘူးဆိုတာ လှညွန့်သေချာတယ် (မှန်ပ့ါ ဘုရား)။

ကိုင်း ဒါဖြင့် ဒီအယူကို ဖျောက်ပစ်ပါတဲ့ အကြောင်းကြောင့် အကျိုးဖြစ်တယ်လို့ မောင်မြ ယူရလိမ့်မယ် (မှန်ပါ့ ဘုရား)။

အကြောင်းကြောင့် ဖြစ်တဲ့ အကျိုးတရားကွ အကြောင်းက ဒီမှာ ချုပ်သွားတာကိုး၊ သဘောကျပလား (ကျပါ ပြီ)၊ ဟိုမှာ အကျိုးပေါ်တာပဲ (မှန်ပါ့ ဘုရား)။

အကြောင်းက အကျိုးပေးလိုက်တော့ ဥပမာမယ် လူဖြစ်စေတဲ့ ကံက ဒီကံချုပ်သွားပြီးသည်၏ အခြားမဲ့၌ ဒုတိယဘဝမှာ လူ့ခန္ဓာ ဒုက္ခသစ္စာကြီးမပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ဒါဖြင့် အကြောင်းက လုပ်တာပေါ့ (မှန်ပါ့)၊ ကိုယ်လုပ်တာ ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)၊ ကိုယ်လုပ်တာ ဒီအထဲမှာ တစ်ပဲသား မပါပါဘူးဆိုတာ နောက်က ဒကာ ဒကာမတွေ မှတ်ရမယ် (မှန်ပါ့ ဘုရား)၊

အခုတော့ ကိုယ့်အကြောင်းကိုက မကောင်းလို့ ကိုယ်တွေ့ရတာတဲ့၊ အမယ်လေး ကိုယ့်အကြောင်းကိုက မကောင်းလို့ ဒီလိုပဲ၊ သားဆိုး သမီးဆိုးနဲ့ ကိုယ့်မှာတွေ့ကြရတယ်၊ ကိုယ့်အကြောင်းက တယ်ဆိုးတော့ ကိုယ်ပြုခဲ့တာမို့ ကိုယ်တွေ့တာပေါ့လေ၊ အံမယ်ညည်းလုံးများ ထုတ်နေတယ် (မှန်ပါ့)။

ဒကာ ဒကာမတွေ ဒီတရားက တော်တော်ကလေး နားကြီးမှ မောင်အောင်ချီတို့ လှညွန့်တို့ရမယ်နော် (မှန်လှ ပါ ဘုရား)။

စေတနာကို မိမိဆိုလို့ကော ရရဲ့လား

ဪ အခုတော့ ဆရာဘုန်းကြီးက ရှေ့ကရှင်းပြထားတယ် အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးတရားပဲ၊ မိမိလုပ် တာ မဟုတ်ဘူး၊ စေတနာကို မိမိဆိုလို့ကော ရရဲ့လား (မရပါ ဘုရား)။

စေတနာက နာမည်နော်၊ စေတနာက အကျိုးပေးလိုက်လို့ နောက်ဘဝ ခန္ဓာဒုက္ခသစ္စာကြီးရထားတယ်၊ ဒါ အကြောင်းက လုပ်တဲ့ အကျိုးတရားပဲရှိတယ်၊ မိမိ လုပ်တာလို့ ဆိုလို့ရပါ့မလား (မရပါ ဘုရား)။

မိမိလုပ်တာလို့ ဆိုလို့ရှိရင် စေတနာဟာ မိမိသွားဖြစ်မယ်၊ ငါသွားဖြစ်မယ်၊ မဖြစ်ပေဘူးလား (ဖြစ်ပါတယ်)၊ ငါသွားဖြစ်နေတော့ ဒီ ငါပဲ ဟိုမှာသွားခံရတဲ့ အဓိပ္ပာယ်မရောက်ဘူးလား (ရောက်ပါတယ်)၊ ရောက်တော့ ဘာဒိဋ္ဌိ ဖြစ်နေသတုန်း (သဿတဒိဋ္ဌိဖြစ်ပါတယ် ဘုရား)။

ဒါက မောင်အောင်ချီ တော်တော်ရှင်းပေးလို့ မရဘူးနော်၊ ကိုယ့်အထင် တော်တော်စူးနေတာ (မှန်ပါ့)၊ မစူးဘူး လား (စူးပါတယ် ဘုရား)။

ဒါဖြင့် ဘာစူးနေတာတုန်းမေးလို့ရှိရင် ဘယ့်နှယ်ဖြေကြမလဲ (သဿတစူးနေပါတယ်)၊ သဿတဒိဋ္ဌိစူးနေတယ်၊ စူးနေတော့ ဒီဟာ စွန့်ပေးမည့်ဆရာနဲ့မတွေ့ဘူးဆိုလို့ရှိရင် ဒိဋ္ဌုပါဒါန်သွားဖြစ်တယ်၊ ဒိဋ္ဌိလဲဖြစ်တယ်၊ ဥပါဒါန်လဲဖြစ် တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာဖြစ်သွားသတုန်း (ဒိဋ္ဌုပါဒါန်ဖြစ်သွားပါတယ်)၊ ဒိဋ္ဌုပါဒါန်ဖြစ်သွားတယ်ဆိုတော့ ဒီဒိဋ္ဌိသည် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ထားတယ်၊ အပါယ်လေးပါးကို သွားစေတယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

မဂ်ဉာဏ် ဖိုလ်ဉာဏ်ကျတော့ (တားပါတယ်)၊ အပါယ်လေးပါကျတော့ (သွားပါတယ်)၊ သွားတယ်ဆိုတော့ ဒိဋ္ဌိ၊ ဒိဋ္ဌုပါဒါန်၊ ဒိဋ္ဌိ အုပ်ချုပ်တဲ့ကံ၊ ကမ္မဘဝပစ္စယာ ဇာတိ၊ အပါယ်ကို သွားချလိုက်တာပဲ (မှန်ပါ့)။

ကိုင်း မောင်အောင်ချီတို့၊ လှညွန့်တို့ အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)၊ ဒါဖြုတ်ပေးရမယ် ဆရာဘုန်းကြီး က (မှန်ပါ့)။

ဘယ်သူမှ ဖြုတ်ပေးမည့်သူ မရှိဘူး

မင်းတို့ကို ဘယ်သူမှ ဖြုတ်ပေးမည့်သူ မရှိဘူး (မှန်ပါ့)၊ အင်မတန်ခဲယဉ်းတယ်၊ ကိုယ်ကလဲ ဒီအတိုင်းထင်နေ တာပဲ။

အဲဒါ ဦးအောင်ဇံဝေ ရှင်းရှင်းလင်းလင်းပဲ ပြောလိုက်ပါတယ်၊ ရှေးက လူတွေဟာ ဒီလိုနဲ့သေသွားတာပဲ၊ ကိုင်း ဒိဋ္ဌိပြုတ်ပြီး သေသွားသလား၊ ဒိဋ္ဌိတန်းလန်းနဲ့ သေသွားသလား (ဒိဋ္ဌိတန်းလန်းနဲ့ သေသွားပါတယ် ဘုရား)။

ဒါဖြင့် သူတို့ဘယ်လိုပဲ ဝိပဿနာတွ အားထုတ်လဲ မဂ်ဉာဏ် ဖိုလ်ဉာဏ် (မရနိုင်ပါ)၊ ဒိဋ္ဌိက ခံထားပြီးကော ဒိဋ္ဌိအပင်းရှိနေပြှီ (မှန်ပါ့)၊ သဘောပါပလား (ပါ,ပါပြီ ဘုရား)။

ဗုဒ္ဓဘာသာဝင် ဒိဋ္ဌိတွေ တွေ့ဖူးကြပလား (တွေ့ဖူးပါပြီ)၊ တွေ့ဖူးပြီတဲ့၊ ပြောလဲ ပြောကြတာပဲ၊ ထင်လဲ ထင်ကြတာပဲ ဆိုရင်ဖြင့် နောက်က အဘွားငြိမ်းတို့ ငြင်းစရာလိုသေးသလား (မလိုပါ ဘုရား)၊ မလိုတော့ဘူးတဲ့၊ တော် သေးတယ်လို့ မောင်အောင်ချီတို့ အောက်မေ့ရမယ်ကွ (မှန်ပ့ါ)။

အဲဒါ သဿတဒိဋ္ဌိဆိုတာ မြဲတယ်၊ ဒီကိုယ်သည် ဒီမှာလဲ ဒီကိုယ်ပဲ၊ ဟိုမှာလဲ ဒီကိုယ်ပဲဆိုတာ ဒီကိုယ် အနိစ္စ သဘောကို ပါသေးရဲ့လား (မပါပါ)၊ မပါတော့ အင်မတန် ဆိုးနေပြီဆိုတာ ပေါ်သွားပြီ (မှန်ပါ့)။

ဒုက္ခမိမိပြုတာ မဟုတ်ပါဘူးဆိုတော့

ဒါနဲ့ သူက ဒီတစ်ခွန်းမေးလိုက်တယ်၊ ရှင်ကြီး ဂေါတမ ဒုက္ခကို မိမိပြုတာလားတဲ့ (မှန်ပါ့)၊ မဟုတ်ပါဘူးကွလို့ ဘုရားက ဖြေလိုက်တယ်၊ ဒုက္ခမိမိပြုတာ မဟုတ်ပါဘူးဆိုတော့ မင်းတို့ကတော့ ရှင်းနေပြီ၊ ဪ အကြောင်းကြောင့် အကျိုးဖြစ်တာ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အကြောင်းသမုဒယကြောင့် အကျိုးဒုက္ခပေါ်တာ (မှန်ပါ့)၊ မိမိပြုတာ ဟုတ်သေးရဲ့လား (မဟုတ်ပါ)၊ အကြောင်း သမုဒယကြောင့် (အကျိုးဒုက္ခဖြစ်ပါတယ် ဘုရား)၊ အကျိုးဒုက္ခဖြစ်တာလို့ဆိုတော့ ဦးအောင်ဇံဝေ တည့်သွားပြီ (တည့် ပါပြီ ဘုရား)။

အဲဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မှာတယ် မောင်အောင်မြတို့၊ မောင်အောင်ချီတို့ရနော်” ယထာဘူတံ ဉာဏယ သတ္တာ ပရိယေသိတဗ္ဗော” ယထာဘူတံ ဟုတ်တိုင်းမှန်စွာ၊ ဉာဏာယ သိဖို့ရာ၊ သတ္ထာ ဆုံးမတတ် တဲ့ ဆရာကို။ ပရိယေသိ တဗ္ဗော ရှာဖြစ်အောင် ရှာဟေ့တဲ့ (မှန်ပါ့ ဘုရား)၊ နို့မဟုတ်ရင် မင်းတို့ ဒိဋ္ဌိပြုတ်မှာမဟုတ်ဘူး (မှန်ပါ့)။

အဲဒါပေါ့ကွာ၊ ၃၂ ကြိမ် လောက်မှာတယ်၊ ဘုရားက (မှန်ပါ့)၊ ဘုရားဖြစ်ကတည်းက ဟုတ်တိုင်းမှန်စွာ ဆုံးမတတ်တဲ့ ဆရာရှာပါကွာ၊ နို့မဟုတ်ရင် မင်းတို့ဒုက္ခရောက်တော့မယ်ဆိုတာ သေသေချာချာ မြင်လို့ (မှန်ပါ့)။

ဒါကြောင့် ပြောရတယ်၊ တရားဟောမယ် ကြံလို့ရှိရင် ဒိဋ္ဌိရှင်းတမ်းကလေး ရှင်းပြီးမှ တရားဟောပါ၊ ဒိဋ္ဌိမှ ကိုယ်ကမရှင်းတတ်လို့ရှိရင် ဟောသရွေ့ဟာ အလွဲချည်းပဲ (မှန်ပါ့)၊ သူ သဿတဒိဋ္ဌိနဲ့ ဟောချတယ်၊ ဒိဋ္ဌိတွေနဲ့ ဟော နေတာ (မှန်ပါ့) သူ သဿတဒိဋ္ဌိနဲ့ ဟောချတယ်၊ ဒိဋ္ဌိတွေနဲ့ ဟောနေတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကဲ တရားဟော လွယ်သလား ခက်သလား (ခက်ပါတယ် ဘုရား)၊ မင်းတို့က စူးသွားဦးမယ်ဆိုလို့ရှိရင် သူက ထိုးချလိုက်တဲ့ အဓိပ္ပာယ်ကောမရဘူးလား (ရပါတယ်)၊ အဲဒီကျအောင်ပဲတဲ့ ကြောက်စရာကောင်းတယ်ဆိုတာ မပေါ် သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒုက္ခကို သူတစ်ပါးပြုတာလားတဲ့

အဲ ဒါနဲ့ ဒုတိယအချက် မေးပြန်တယ်၊ မကျေနပ်ဘူးနော် (မှန်ပါ့)၊ ဒါဖြင့် ရှင်ကြီးဂေါတမတဲ့ ဆက်မေးပါရ စေ၊ ဒုက္ခကို သူတစ်ပါးပြုတာလားတဲ့ မေးပြန်တယ်၊ မေးသင့်တယ်ကွ (မှန်ပါ့ ဘုရား)။

ဒုက္ခဘာတဲ့တုန်း (သူတပါးပြုတာလားတဲ့)၊ သူတစ်ပါးပြုတာလားဆိုတော့ သွားပြန်ပြီ သူ့ဥစ္စာ၊ ပြုတဲ့လူက သူတစ်ပါး၊ ခံရတဲ့လူက တခြား၊ ပြုတဲ့လူက ပြတ်ထွက်သွားပြီ (မှန်ပါ့)၊ ပြုတဲ့လူနဲ့ ဘာမှမဆိုင်ဘူး၊ ခံရတဲ့လူက တခြး ပြုတဲ့လူက တခြား အကြောင်းအကျိုးဆက်သေးရဲ့လား (မဆက်ပါ)၊ မဆက်တော့ ဥစ္ဆောဒဒိဋ္ဌိဘက်သွားတယ် (မှန်ပါ့)။ ပြုတဲ့လူက ပြတ်ထွက်သွားတယ် အကျိုးဟာ အလိုလိုပေါ်တဲ့ အဓိပ္ပာယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)၊ ဒါကျတော့ ဘာဒိဋ္ဌိဆိုကြမလဲ (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)။

ဦးအောင်ဇံဝေ ဒီတရားဟာ မသွင်းရသေးလို့ သွင်းထားတာနော် (မှန်ပါ့ ဘုရား)၊ ဒုက္ခ သူတစ်ပါးပြုတာလား ဆိုတော့ ဘုရားက မဟုတ်ပါဘူးကွာတဲ့၊ ပယ်လိုက်တယ် (မှန်ပါ့)။

ဒါဖြင့် ပြုတဲ့လူက တခြား၊ ခံရတဲ့လူက တစ်ယောက်၊ ခံရတဲ့လူက တစ်မျိုးတစ်ဖုံးဖြစ်မနေဘူးလား (ဖြစ်နေ ပါတယ် ဘုရား)၊ မဆက်ပြန်ဘူး၊ မဆက်ပြန်တော့ ဘာဒိဋ္ဌိဖြစ်သလဲ (ဥစ္ဆေဒဒိဋ္ဌိဖြစ်ပါတယ် ဘုရား)။

ကိုင်း နောက်က ဒကာ ဒကာမတွေ နားကြီးကြီးနဲ့ ထောင်ပေးပါနော် (မှန်ပါ့)၊ နားကြီးကြီးနဲ့ ထောင်ပေးပါ၊ ပြုတဲ့လူက တခြား၊ ခံရတဲ့လူက တခြားဖြစ်နေပြန်ပြီ၊ မဖြစ်သေးဘူးလား (ဖြစ်ပါပြီ ဘုရား)၊ ဘာဒိဋ္ဌိဆိုကြမလဲ (ဥစ္ဆေဒ ဒိဋ္ဌိပါဘုရး)၊ ဥစ္ဆေဒဒိဋ္ဌိယူပြန်ပြီ မောင်မြသွားပြီကွ (မှန်ပါ့ ဘုရား)၊ ရှင်းရဲ့လား (ရှင်းပါပြီ ဘုရား)။

ဒုတိယအမေးက ဥစ္ဆေဒဒိဋ္ဌိနဲ့မေးတယ်

ဒါဖြင့် ပထမအမေးက သဿတဒိဋ္ဌိနဲ့မေးတာ၊ ဒုတိယအမေးက (ဥစ္ဆေဒဒိဋ္ဌိနဲ့မေးပါတယ် ဘုရား)၊ ဥစ္ဆေဒဒိဋ္ဌိနဲ့ မေးတယ်။

တစ်ခါ ဆက်မေးပြန်တယ်၊ သူ မကျေနပ်ဘူး၊ ကျေနပ်စရာလဲ မရှိဘူး၊ ဘုရားက ပယ်ချည်း ပစ်နေတယ် (မှန်ပါ့)၊ ပထမ ပယ်လိုက်တာက သဿတဒိဋ္ဌိပယ်လိုက်တယ်၊ သဿတဒိဋ္ဌိနဲ့ မေးလို့ပယ်လိုက်တာ၊ ဒုတိယပယ်လိုက်တာ က (ဥစ္ဆေဒဒိဋ္ဌိပယ်ပါတယ်)၊ ဥစ္ဆေဒဒိဋ္ဌိနဲ့မေးလို့ ပယ်လိုက်တယ်နော် (မှန်ပါ့)။

နောက် သူဆက်မေးပြန်တယ် ဒါဖြင့် ရှင်ကြီးဂေါတမတဲ့ လျှာရှည်တယ်လဲမအောက်မေ့ပါနဲ့၊ ဒုက္ခဟာ မိမိ သူတစ်ပါးနှစ်ဦးသားဝိုင်းပြီး ပြုလုပ်တာလားတဲ့၊ လာပြန်တာပဲ သူရော မေးလိုက်တယ်။

မိမိရော သူတစ်ပါးရော နှစ်ဦးသား ပြုလုပ်လို့ပေါ်တဲ့ ဒုက္ခလားတဲ့ မေးပြန်တယ်၊ မမေးသင့်ဘူးလား (မေး သင့်ပါတယ် ဘုရား)၊ အဲဒီတော့ သူ သဿတနဲ့ ဥစ္ဆေဒနဲ့ရော မေးပြန်တယ် (မှန်ပါ့)။

မောင်မြ ဘာနဲ့ဘာ ရောမေးသလဲ (သဿတနဲ့ ဥစ္ဆေဒရောမေးပါတယ် ဘုရား)၊ သဿတနဲ့ ဥစ္ဆေဒ ရောမေး လိုက်တယ်၊ အုန်းကြည် ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)၊ ဒီဟာကျမှ သူ ဒိဋ္ဌိနှစ်မျိုးစလုံး၊ သွားနေတယ် (မှန်ပါ့)။

မဟုတ်ပါဘူးကွာတဲ့၊ ဘုရားက ပယ်လိုက်တယ်၊ သဿတရော ဥစ္ဆေဒရော ရောပြီး ယူထားပြန်တယ် (မှန်ပါ့)၊ မဆိုးရွားဘူးလား (ဆိုးရွားပါတယ် ဘုရား)။

ဒါဖြင့် ဒါကိုလဲ ရှင်ကြီးဂေါတမ ဒုက္ခကို မိမိသူတစ်ပါးနှစ်ဦးသားပြုတာလားလို့ မေးလိုက်တယ် (မှန်ပါ့)၊ ထိုကဲ့သို့ မေးလိုက်တဲ့အခါ ဘုရားက မဟုတ်ပါဘူးကွာတဲ့၊ ပယ်လိုက်တာပဲ၊ ဒိဋ္ဌိနှစ်မျိုးပယ်ချလိုက်တယ်၊ ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

ဒုက္ခဟာ အလိုလိုပေါ်တာလား

ဒါဖြင့် သူဆက်မေးပြန်တယ် ရှင်ကြီးဂေါတမတဲ့ မေးပါရစေဦးတဲ့ ဒုက္ခဟာ အလိုလိုပေါ်တာလားလို့ မေးပြန် တယ် (မှန်ပါ့)။

ဒုက္ခဟာ ဘာတဲ့တုန်း (အလိုလိုပေါ်တာလားတဲ့)၊ အလိုလိုပေါ်တာလားဆိုတော့ ဟာ မဟုတ်ပါဘူးကွာတဲ့၊ ဘုရားက ပယ်လိုက်တယ်။

ဒုက္ခဟာ အလိုလိုပေါ်တာလားဆိုတော့ ဘုရားက ဘာလုပ်လိုက်သတုန်း (ပယ်လိုက်ပါတယ် ဘုရား) ပယ်လိုက် တယ်၊ မဟုတ်ပါဘူးကွာတဲ့။

ကျုပ်တို့ ကောင်းအောင်နေလျက်နဲ့ ဒုက္ခရောက်လာတာ အမယ် အုန်းကြီးတို့ အသုံးနော် (သုံးပါတယ် ဘုရား) အေး မသုံးဘူးလား သုံးသလား (သုံးပါတယ် ဘုရား)။

ကိုယ်ကလဲကွာ တစ်ခါတည်း ကောင်းကောင်းမွန်မွန်နေ ကောင်းကောင်းမွန်မွန်ထိုင်လျက်နဲ့ အလကားနေရင်း ဆွမ်းခံရင်း ငှက်သင့်တာ (သုံးပါတယ် ဘုရား)၊ ဒါကတော့ မင်းအကြောင်းကို ပယ်ချလိုက်တယ် (မှန်ပါ့)၊ မပယ်ဘူးလား (ပယ်ပါတယ် ဘုရား)။

ဆွမ်းခံရင်း ငှက်သင့်တာလို့များ သုံးချလိုက်သေးတယ်၊ ကိုယ်က ကောင်းကောင်းမွန်မွန် နေပါလျက်သားနဲ့ အလကားနေရင်း ကဲ့ရဲ့သင်္ဂြို ဟ် စကားတင်းဆိုတာ ခံရလေခြင်းဆိုတာ အကြောင်းမပါတော့ဘူး၊ သူ့ဟာက ပါသေးရဲ့ လား (မပါပါ ဘုရား)၊ အဲဒါကျတော့ အဟေတုက ဒိဋ္ဌိသွားဖြစ်တယ် (မှန်ပါ့)။

ဒုက္ခဟာ အကြောင်းကြောင့်ဖြစ်တဲ့ အကျိုး

ဒုက္ခဟာ အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးကိုးကွ၊ မဟုတ်ဘူးလား (မှန်ပါ့)၊ အကျိုးဟာ ဒုက္ခသစ္စာမဟုတ်ဘူးလား (မှန်ပါ့)။

အဲဒါကို ဒုက္ခဟာ အလိုလိုပေါ်တာလားလို့ မေးလိုက်ပြန်တယ်၊ မဟုတ်ပါဘူးကွာတဲ့ အလိုလိုဖြစ်တဲ့ ဒုက္ခရယ်လို့ မရှိပါဘူးတဲ့။

မင်းတို့ကတော့ သိပြီသားထားတော့၊ ခုနင်က ဆရာဘုန်းကြီးက အဖြေပေးထားတယ် အကြောင်း ကြောင့်ဖြစ် တဲ့ အကျိုးတရား (မှန်ပါ့)၊ အကြောင်းသမုဒယကြောင့် အကျိုးဒုက္ခမလာပေဘူးလား (လာပါတယ် ဘုရား)။

ဒီလိုဆိုတော့ အကြောင်းမရှိဘဲနဲ့ ပေါ်တဲ့ဒုက္ခတရားရယ်လို့ရှိရဲ့လား လောကကြီးထဲမှာ (မရှိပါ ဘုရား)၊ မရှိဘူး သူကတော့ အကြောင်းကို ပယ်ချလိုက်တယ် (မှန်ပါ့)။

ဒုက္ခဟာ အလိုလိုပေါ်တာလားဆိုတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မဟုတ်ပါဘူးကွာဆိုတော့ ပယ်ချ တာဘယ်နှစ်မျိုးရှိသွားပလဲ (လေးမျိုးပါ ဘုရား)။ လေးမျိုးရှိသွားပြီနော် (မှန်ပါ့)။

ဒိဋ္ဌိနဲ့ချည်းမေးတော့ ဒီအဖြေဟာ ဒီအတိုင်းပဲ ပယ်ချရမည့် အဖြေချည်းပဲဆိုတာ နောက်က ဒကာ ဒကာမတွေ က နားလည်ပလား (နားလည်ပါပြီ ဘုရား)။

နာရုံတွင် မနာဘဲနဲ့ သေသေချာချာမှတ်ပြီးသကာလ သွားရမယ်၊ ဒီဒိဋ္ဌိမစင်လို့ရှိရင် ဖြစ်ပျက်တွေ ဘယ်လိုပင် အားထုတ်ငြားသော်လဲ ဝမ်းထဲမှာ ဒါ တစ်ခုခုခံနေလို့ရှိရင်ဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် မရနိုင်တော့တဲ့ (မှန်ပါ့)၊ ဒိဋ္ဌိက တားပစ်လိုက်တယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ မောင်အောင်ချီတို့ ဒါ သိနှင့်ရမှာလား၊ မသိနှင့်ရမှာလား (သိနှင့်ရမှာပါ)၊ သိနှင့်ရမည့်တရားဆို တာ ပေါ်သွားတာနော် (မှန်ပါ့ ဘုရား)။

အခု လေးခုရှိသွားပြီနော် (မှန်ပါ့)၊ ဆက်မေးပြန်တယ် ရှင်ကြီးဂေါတမတဲ့ ဒါဖြင့် ရှင်ကြီးဂေါတမဟာ အခု လေးခုမေးလိုက်တယ်တဲ့၊ တစ်ခုမှ မယူဘဲနဲ့ အကုန်ပယ်ချည်းချလိုက်တယ်၊ ဒါဖြင့် ရှင်ကြီးဂေါတမ ဒုက္ခမရှိဘူးလားလို့ ဆက်မေးတယ် (မှန်ပါ့)၊ ဟာ ဒုက္ခဟာ ဘယ်မှာမရှိဘဲ နေမလဲကွတဲ့ ဒုက္ခရှိတာပေါ့တဲ့။

ဒုက္ခမရှိဘူးလားတဲ့

ကြည့်စမ်း တက်လာတယ် ဒုက္ခမရှိဘူးလားတဲ့ (မှန်ပါ့)၊ ဒုက္ခမရှိဘူးလားလို့ သူမေးလိုက်တယ်၊ ဟာ ဒုက္ခရှိတယ် ကွတဲ့။

ဒါ နားထောင်ပါနော်၊ ဒုက္ခမရှိဘူးလားလို့ဆိုတော့ ဘုရားက ဘယ်နှယ့်ဖြေသလဲ (ရှိပါတယ်)၊ ရှိတာပေါ့ ဒီခန္ဓာကြီးဟာ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ)၊ ဒုက္ခသစ္စာတွေရှိနေတာပဲ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

ဒါဖြင့် ရှင်ကြီးဂေါတမတဲ့၊ ဒုက္ခမရှိဘူးလားလို့ မေးပြန်လဲရှိတယ်လို့ အဖြေထွက်လာတယ်၊ ရှင်ကြီးဂေါတမ ဒါဖြင့် ဒုက္ခကို မသိဘူးလားလို့ ဆက်မေးပြန်တယ်၊ ဟ သိတယ်ကွတဲ့ (မှန်ပါ့)၊ ဒုက္ခကိုသိတယ်ကွတဲ့။

ဒါဖြင့် ရှင်ကြီးဂေါတမ အခုကျုပ်မေးတဲ့တာတွေဟာ အဖြေကို ထွက်လာတယ်လို့ မရှိဘူးတဲ့၊ ၁နံပါတ်သူပြန် ပြီးတော့ စစ်ဆေးတယ်၊ ငါမေးတာ လွဲလို့လားဆိုပြီး ပြန်စစ်ဆေးတယ် (မှန်ပါ့ ဘုရား)။

ရှင်ကြီးဂေါတမ ဒုက္ခဟာ မိမိပြုတာလားဆိုတော့လဲ ရှင်ကြီးဂေါတမက မဟုတ်ဘူးလို့ပြောတယ်၊ သူတစ်ပါး ပြုတာလားလို့ မေးပြန်တော့လဲ မဟုတ်ဘူးလို့ ပြောပြန်တယ်၊ မိမိသူတစ်ပါး နှစ်ဦးပြုလုပ်လို့ ဒုက္ခဖြစ်တာလားလို့ မေးပြန်တော့လဲ ဒီလိုလဲမဟုတ်ဘူးလို့ ရှင်ကြီးဂေါတမက ပယ်ပြန်တယ်၊ ဒုက္ခအလိုလိုဖြစ်တာလားလို့ မေးပြန်တော့ ဒီလိုလဲမဟုတ်ဘူးလို့ ပယ်လိုက်ပြန်တယ်၊ နို့ ဒုက္ခမရှိဘူးလားလို့ မေးပြန်တော့ ရှိတယ်လို့ ဖြေတယ်မသိဘူးလားလို့ မေးပြန်တော့ သိတယ်လို့ ဖြေတော့ ကျုပ်တော့ ဉာဏ်တုံးနေပြီတဲ့၊ ဒီဥစ္စာဘယ်လိုမှ မေးစရာလဲမရှိတော့ဘူးတဲ့၊ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

ပုစ္ဆာခြောက်ချက်

ပုစ္ဆာခြောက်ချက်တောင် မေးတယ်၊ တွေ့တယ်မဟုတ်လား၊ ခြောက်ခု၊ အခုပြောလိုက်လို့ ခြောက်ခုစေ့သွားပြီ မဟုတ်လား (စေ့ပါပြီ ဘုရား)။

အဲဒီတော့ကွာတဲ့ ဒုက္ခသိချင်လို့ရှိရင် မင်းတို့ပဋိစ္စသမုပ္ပာဒ်ကို နားလည်အောင်ကြည့်ရမယ်နော် (မှန်ပါ့)၊ ပဋိစ္စသမုပ္ပာဒ်ကို နားလည်အောင် ကြည့်ရမယ်ဆိုတော့ မင်းတို့ကို ပဋိစ္စသမုပ္ပာဒ်လဲ မနှစ်က သင်ထားခဲ့တယ် (မှန်ပါ့ ဘုရား)။

အဝိဇ္ဇာကြောင့် သင်္ခါရမဖြစ်ဘူးလား (ဖြစ်ပါတယ်)၊ ဒါဖြင့် အဝိဇ္ဇာက အကြောင်း (မှန်ပါ့)၊ သင်္ခါရက (အကျိုးပါ ဘုရား)။

ဒါဖြင့် အဝိဇ္ဇာက သမုဒယသစ္စာ၊ သင်္ခါရက ဒုက္ခသစ္စာဆိုတော့ မင်းတို့သန္တာန်မှာ ကုသိုလ် အကုသိုလ် စေတနာပေါ်လာရင် ဒါ ဒုက္ခသစ္စာပဲ။

”သင်္ခါရပစ္စယာ ဝိညာဏံ” လို့ဆိုတော့ ပဋိသန္ဓေဝိညာဏ်နေပြန်တယ် (မှန်ပါ့)၊ ကုသိုလ် အကုသိုလ်ကော သမုဒယသစ္စာ ပြန်မဖြစ်ဘူးလား (မှန်ပါ့)၊ ပဋိသန္ဓေနေရတာက ဘာသစ္စာသွားဖြစ်သတုန်း (ဒုက္ခသစ္စာသွားဖြစ်ပါတယ် ဘုရား)။

”ဝိညာဏပစ္စယာ နာမရူပံ” လို့ဆိုတော့ ဝိညာဏ်က အကြောင်းဖြစ်သွားတယ် (မှန်ပါ့)၊ သူက သမုဒယသစ္စာ သွားဖြစ်တယ် (မှန်ပါ့)၊ နာမ်ရုပ်ဘာဖြစ်သတုန်း (ဒုက္ခသစ္စာသွားဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် ရှေ့ကအကြောင်း, နောက်ကအကျိုး၊ ရှေ့ကအကြောင်း, နောက်က အကျိုးနဲ့ကဲ ပဋိစ္စသမုပ္ပာဒ် ဆုံးလိုက် ကြစို့ရဲ့နာ် (မှန်ပါ့ ဘုရား)။

ဒုက္ခအစုကြီးဖြစ်တယ်လို့ဆိုတာ

”ဒုက္ခက္ခန္ဓဿ သမုဒယာ ဟောတိ” နောက်ဆုံးပိတ် ပဋိစ္စသမုပ္ပာဒ် ဒိပါဠိမလာဘူးလား (လာပါတယ်)၊ ဘယ့်နှယ်တုန်း (ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိပါ)၊ အဲ ဒုက္ခအစုကြီးဖြစ်တယ်လို့ဆိုတာ ရှေ့ကအကြောင်း, နောက် ကအကျိုးနော် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ခန္ဓာကိုယ်ထဲမှာ ဒီအကြောင်းနဲ့ ဒီအကျိုးတွေပဲ မရှိဘူးလား၊ ဒီ့ပြင် ဘာရှိသေးသတုန်း (ဘာမှမရှိပါ ဘုရား)။

”တဏှာ ပစ္စယာ ဥပါဒါနံ”ဆိုတော့ တဏှာအကြောင်း, ဥပါဒါန်က အကျိုးနော် (မှန်ပါ့)၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါဆိုတော့ ဥပါဒါန်က သမုဒယသစ္စာ၊ ကမ္မဘဝက ဘာသစ္စာပါလိမ့်မတုန်း (ဒုက္ခသစ္စာပါ ဘုရား)။

ကမ္မဘဝပစ္စယာ ဇာတိဆိုတော့ သူက အကြောင်းဖြစ်သွားပြန်ပြီ၊ သူ ဘာသစ္စာတုန်း (သမုဒယသစ္စာပါ)၊ ဇာတိက (ဒုက္ခသစ္စာပါ)၊ “ဇာတိ ပစ္စယာ ဇရာမရဏံ” ဆိုတော့ ဇာတိက ဘာသစ္စာသွားဖြစ်သတုန်း(သမုဒယသစ္စာ သွားဖြစ်ပါတယ် ဘုရား)၊ ဇရာ၊ မရဏကကော (ဒုက္ခသစ္စာသွားဖြစ်ပါတယ် ဘုရား)။

ဒီလိုချည်း တစ်ခုလုံးသွားတယ်၊ ၁ က သမုဒယ၊ ၂ က ဒုက္ခ (မှန်ပါ့)၊ အဲဒီ ၂ က တစ်ခါအကြောင်းပြန်လုပ် ပြန်တော့ ၂-က သမုဒယ၊ ၃-က (ဒုက္ခပါ)၊ ၃-ကတစ်ခါအကြောင်းပြန်ဖြစ်တော့ ၃-က ဘာဆိုကြမယ် (သမုဒယပါ)၊ ၄-က (ဒုက္ခပါ)၊ ၄-က တစ်ခါအကြောင်းပြန်ဖြစ်ပြန်တော့ ၄-က ဘာခေါ်မယ် (သမုဒယပါ ဘုရား)။

ဒါဖြင့် ၅ ကဘာဆိုမယ် (ဒုက္ခသစ္စာပါ)၊ အဲဒီလို ၁၂-ခုရှိတယ်တဲ့၊ ပဋိစ္စသမုပ္ပာဒ်မှာနော် (မှန်ပါ့)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဘယ်သူပြုတာမှမဟုတ်ဘူး

ဒါဖြင့် အကြောင်း သမုဒယကြောင့် အကျိုးဒုက္ခဖြစ်တာ ဘယ်သူပြုတာမှမဟုတ်ဘူး (မှန်ပါ့)၊ မိမိပြုတာကော ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။

သူတစ်ပါးပြုတာကော (မဟုတ်ပါ)၊ မိမိ သူတစ်ပါး နှစ်ဦးသားပြုတာကော (မဟုတ်ပါ)၊ အလိုလိုဖြစ်တာကော (အလိုလိုလဲမဖြစ်ပါ)၊ အကြောင်းကြောင့် (အကျိုးဖြစ်ပါတယ် ဘုရား)။

အဲ ၁ အကြောင်းကြောင့် ၂ အကျိုး၊ ၂ အကြောင်းကြောင့် (၃ အကျိုးဖြစ်ပါတယ်)၊ ၃ အကြောင်းကြောင့် (၄ အကျိုးဖြစ်ပါတယ်)၊ ဆိုတော့ နင်တို့ ပဋိစ္စသမုပ္ပာဒ်ဟာ အကြောင်းအကျိုးတွေ ဆက်နေတယ် (မှန်ပါ့ ဘုရား)၊ ဆိုတော့ ဒီအထဲမှာ ကြည့်လိုက်တော့ ရုပ်နဲ့နာမ်တွေပဲ တွေ့တယ်မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

အကြောင်းက နာမ်ဖြစ်လိုက်၊ အကျိုးကရုပ်ဖြစ်ချင် ဖြစ်နေတယ်၊ တစ်ခါတစ်လေ ရုပ်က အကြောင်းလာဖြစ် ပြီး နာမ်က အကျိုးပြန်ဖြစ်ချင်လဲ ဖြစ်တယ် (မှန်ပါ့)၊ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲဒါတွေ ထောက်ချင့်ကြည့်လိုက်တဲ့အခါကျတော့မှ ဪ လောကကြီးထဲမှာ အကြောင်းအကျိုး မျှသာရှိပါက လား၊ ပုဂ္ဂိုလ် သတ္တဝါ (မရှိပါ ဘုရား)၊ ဘာတွေရှိသလဲ (အကြောင်းအကျိုးပဲ ရှိပါတယ် ဘုရား)။

နောက်က ဒကာ ဒကာမတွေ ဘာရှိသတုန်း (အကြောင်းအကျိုးပဲရှိပါတယ်)၊ အဲဒီတော့ အကြောင်းက ဘာ သစ္စာတုန်း (သမုဒယသစ္စာပါ)၊ အကျိုးက (ဒုက္ခသစ္စာပါ ဘုရား)၊ ဒါပဲလှည့်နေမှာပဲတဲ့၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဲဒါ ပဋိစ္စသမုပ္ပာဒ် မင်းတို့ပေးထားတာရှိတယ် (မှန်ပါ့)၊ ဝိုင်းလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် တစ်ခါအကျိုးက အကြောင်းပြန်ဖြစ်ပြန်တော့ ဝိုင်းပြီးသား မကျဘူးလား (ကျပါတယ် ဘုရား)။

ဒါဖြင့် ဪ ယောကျ်ားတွေများ ဒီအထဲ ပါလေသလား၊ မိန်းမတွေများပါလေးသလား၊ ဘုန်းကြီးတွေများပါလေ သလားလို့ မေးတဲ့အခါကျတော့မှ သူ့ဖြစ်စဉ်ကြည့်လိုက်တဲ့အခါ အကြောင်းနဲ့အကျိုး လှည့်နေတာကိုး (မှန်ပါ့ ဘုရား)၊ မောင်မြ ပေါ်ပလား (ပေါ်ပါပြီ)၊ ဘာတွေ လှည့်နေသတုန်း (အကြောင်းနဲ့ အကျိုးလှည့်နေပါတယ် ဘုရား)။

အကြောင်းနဲ့ အကျိုးလှည့်နေ

အဲဒီတော့ကို အကြောင်းနဲ့ အကျိုးလှည့်နေတဲ့ ပဋိစ္စသမုပ္ပာဒ်ကြီးကြည့်လိုက်တော့ ဪ ဒုက္ခဘယ်သူပြုတာ တုန်းဆိုလို့ရှိရင် ပဋိစ္စသမုပ္ပဒ်အကြောင်းက ပြုတာ (မှန်ပါ့)၊ အဖြေထွက်ပြီ (မှန်ပါ့)၊ ဘယ်သူကပြုတာပါလိမ့် (ပဋိစ္စ သမုပ္ပာဒ်အကြောင်းက ပြုတာပါ ဘုရား)။

ပဋိစ္စသမုပ္ပာဒ်ထဲမှာလဲ မင်းတို့ရပြီးသား ဖြစ်နေတော့ ရှေ့ကဟာ အကြောင်းနောက်ကဟာ အကျိုးပေါ့ (မှန်ပါ့)။

ဦးအောင်ဇံဝေတို့ရတဲ့ ရှေ့ကဟာ ဘာခေါ်မယ် (အကြောင်းပါ)၊ နောက်ဟာ (အကျိုးပါ ဘုရား)။

အဲဒီအကျိုးက တစ်ခါရှေ့ရောက်ပြန်တော့ သူ့နောက်က လာတာ ဘာဆိုမလဲ (အကြောင်းပါ)၊ သူကအကြောင်း ပြန်ဖြစ်တယ် (မှန်ပါ့)။

ဒါဖြင့် အကြောင်းကြောင့် အကျိုးမဟုတ်ဘူးလား (မှန်လှပါ)၊ ဒီအကျိုးက ဘာလာကြမယ်ထင်သတုန်း (အကြောင်းဖြစ်လာပါတယ် ဘုရား)။

အကြောင်းပြန်ဖြစ်တော့ သူက ဖြစ်စေတာကျတော့ ဘယ့်နှယ်ဆိုမလဲ (အကျိုးဖြစ်ပါတယ် ဘုရား)။

ဒီတော့ လောကကြီးထဲမှာ ပုဂ္ဂိုလ် သတ္တဝါရှိသလား၊ အကြောင်းကြောင့် အကျိုးမျှရှိသလား (အကြောင်းကြောင့် အကျိုးမျှရှိပါတယ် ဘုရား)။

ဒီလိုကြည့်တဲ့အခါကျတော့ ဪ အကြောင်းနဲ့အကျိုးသာ ရှိပါကလားဆိုတော့ သစ္စာဉာဏ်ကလေး သွင်းလိုက် တော့မှ ဪ အကြောင်းက သမုဒယသစ္စာ၊ အကျိုးက ဒုက္ခသစ္စာ၊ ဘယ်သူမှ ပြုလုပ်တာမပါဘူး၊ ပါသေးသလား (မပါပါ)၊ ဒီခန္ဓာကြီးက ပဋိစ္စသမုပ္ပာဒ် ခန္ဓာကြီးကိုး (မှန်ပါ့)။

ဒကာ ဒကာမတို့ ဒါဘာခန္ဓာတုန်း (ပဋိစ္စသမုပ္ပာဒ်ခန္ဓာကြီးပါ)၊ ပဋိစ္စသမုပ္ပာဒ် ခန္ဓာကြီးဆိုတော့ ဘာတွေ လှည့်နေတာတုန်းလို့ မောင်အောင်ချီ မေးရင် ဘယ့်နှယ်ဖြေမလဲ (အကြောင်းအကျိုး လှည့်နေပါတယ် ဘုရား)၊ လှညွန့် ရှင်းပလား (ရှင်းပါပြီ)၊ အုန်းကြည်ကော (ရှင်းပါပြီ ဘုရား)။

အကြောင်းအကျိုးသာ လှည့်နေတယ်ဆိုတာသိတော့ မိမိပြုတာလဲ မပါဘူး( မပါပါ)၊ သူတစ်ပါးပြုတာကော (မပါပါ)၊ မပါပါဘူးတဲ့၊ မိမိသူတစ်ပါးနှစ်ဦးသား ပြုတာကော (မပါပါ)၊ မလိုလိုဖြစ်တာကော (မပါပါ ဘုရား)။

မင်းတို့အကုန် ဒိဋ္ဌိစင်သွားပြီ

မင်းတို့အကုန် ဒိဋ္ဌိစင်သွားပြီ၊ မိမိပြုတာ မပါပါဘူးလို့ ဒီခန္ဓာထဲမှာ သိလိုက်သဖြင့် သဿတဒိဋ္ဌိ စင်သွားပြီ ဟုတ်လား (မှန်ပါ့)။

ဒါဖြင့် သူတစ်ပါးပြုတာကော ပါသေးသလား (မပါပါ ဘုရား)၊ ဘယ်ဒိဋ္ဌိ စင်သွားသတုန်း (ဥစ္ဆေဒဒိဋ္ဌိ စင်သွား ပါတယ် ဘုရား)။

မိမိသူတစ်ပါး နှစ်ဦးသားပြုထားတာလားဆိုတော့လဲ ဟုတ်သေးရဲ့လား (မဟုတ်ပါ)၊ ဒီကျတော့ သဿတ ဥစ္ဆေဒနှစ်ခုရော မစင်ဘူးလး (စင်ပါတယ်) စင်သွားပြီ။

အလိုလိုဖြစ်တာလားဆိုတော့လဲ အလိုလိုဖြစ်တာကော ရှိရဲ့လား (မရှိပါ)၊ ဒီကျတော့ အဟေတုက ဒိဋ္ဌိစင်သွား ပြီနော် (မှန်ပါ့)။

ကဲ ဒိဋ္ဌိတွေ မစင်သေးဘူးလား (စင်သွားပါပြီ)၊ စင်ပြီးမှ အားထုတ်ရမှာ၊ တရားအားထုတ်ရမှာ၊ ဒိဋ္ဌိအရင်ခွါ ပြီးမှ အားထုတ်ရမှာ (မှန်ပါ့ ဘုရား)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် သူမေးတဲ့ အဖြေရှင်ကြီးဂေါတမ ဒုက္ခမရှိဘူးလားလို့ မေးတော့ ဘုရားကဘယ့်နှယ်တုန်း (ရှိပါတယ် ဘုရား)။

သူက ဆက်မေးပြန်တယ်၊ ရှင်ကြီးဂေါတမ ဒုက္ခကို မသိဘူးလားလို့ မေးပြန်တယ် (သိပါတယ်)၊ သိတယ်၊ ဒိပဋိစ္စသမုပ္ပာဒ်ကို မင်းတို့တောင် အထိုက်အလျောက် သိနေပေါ့ပဲ၊ ဘုရားဘယ်သူမှာ မသိဘဲ ရှိပါ့မတုန်း (မှန်ပ့ါ)၊ ကဲ ဒုက္ခမရှိဘူးလား ရှိသလား (ရှိပါတယ် ဘုရား)။

ဒုက္ခသစ္စာပဲပေါ်လိမ့်မယ်

သိကြပလား (သိပါပြီ)၊ ဒါဖြင့် မင်းတို့သန္တာန် ဘာကလေး ပေါ်လာပေါ်လာ ဒုက္ခသစ္စာပဲပေါ်လိမ့်မယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မင်းတို့ သန္တာန် လောဘစိတ်ကလေးပေါ်လာလဲ ဖြစ်ပျက်ဆိုတော့ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ)၊ ဒေါသကလေး ပေါ်လာပြန်လဲ (ဒုက္ခသစ္စာပါ ဘုရား)။

အဲဒီတော့ ဒါတွေကို ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာလို့ ရှုနေရင်လဲ အုန်းကြည် ပြီသွားတာပဲ (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

မင်းတို့ သန္တာန် ဘာပေါ်ပေါ်ဘာသစ္စာ ပေါ်မှာတုန်း (ဒုက္ခသစ္စာ ပေါ်ပါတယ် ဘုရား)။

အဲ ဒုက္ခသစ္စာပေါ်တိုင်းပေါ်တိုင်း နောက်ကနေ ဉာဏ်ကလေးနဲ့ ဪ ဒါ ဒုက္ခသစ္စာပဲ၊ ဒါ ဒုက္ခသစ္စာပဲ၊ ဒုက္ခက ဆင်းရဲတာ၊ သစ္စာက မှန်တာ၊ ဪ ဆင်းရဲတဲ့အမှန်တရားကလေးတွေပဲဆိုရင် ပျောက်ပျောက် မသွားဘူးလား (သွားပါတယ် ဘုရား)၊ ဆင်းရဲတာမှ သာမညဆင်းရဲတာလား၊ သေပြီး ဆင်းရဲတာလား (သေပြီး ဆင်းရဲတာပါ ဘုရား)၊ အဲသေတာထက် ဆင်းရဲတာများရှိသေးသလား (မရှိပါ ဘုရား)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် မင်းတို့ရှုတဲ့ ဓမ္မကလေးတွေဟာ အသေခံဆင်းရဲကလေးတွေ ဆိုနိုင်ကြပြီလား (ဆိုနိုင်ပါတယ် ဘုရား)၊ ဘယ့်နှယ်ဆိုကြမလဲ (အသေခံဆင်းရဲကလေးတွေပါ ဘုရား)။

အသေခံ ဆင်းရဲကလေးတွေပဲဆိုတာ ဒီဆင်းရဲထက်ကြီးတာကော (မရှိပါ ဘုရား)၊ ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဒီခန္ဓာကသိမ်းမှ အေးမယ်တဲ့၊ မဟောသင့်ဘူးလား (ဟောသင့်ပါတယ် ဘုရား)။

ဒီခန္ဓာသိမ်းမှ (အေးမှာပဲ)၊ ဒါဖြင့် ခန္ဓာက ဒုက္ခသစ္စာ၊ သိမ်းတာက နိရောဓသစ္စာ ဒီခန္ဓာသိမ်းတော့ ဒုက္ခစက်ကြီးဟာ လည်နိုင်သေးရဲ့လား (မလည်နိုင်ပါ ဘုရား)၊ ဒါ သိပ်အဖိုးတန်တယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒီခန္ဓာဒုက္ခစက် လည်နေတာကြီးကို

အဲဒီတော့ကို ဒီခန္ဓာ ဒုက္ခစက် လည်နေတာကြီးကို မောင်အောင်ချီတို့၊ ဦးအောင်ဇံဝေတို့၊ မောင်မြတို့က မသိတော့ပါဘူးဆိုလို့ရှိရင်ဖြင့် ဝိပဿနာ ဉာဏ်နဲ့မကြည့်လို့ မသိတော့ပါဘူးဆိုရင် ဒီပုဂ္ဂိုလ်ဟာ ဘာကြီးလှူလို့ ဘာကြီး တန်းနေနေ နိဗ္ဗာန်မရောက်ဘူး စိတ်ချ (မှန်ပါ့)၊ ရောက်ပါ့မလား (မရောက်ပါ ဘုရား)။

ဘယ့်နှယ်ကြောင့် မရောက်သတုံးလို့ မေးတဲ့အခါကျတော့ ဒုက္ခမှ သူမသိတော့တဲ့ နောက်ခန္ဓာ ဒုက္ခစက်ဝိုင်းကြီး ဝိုင်းပါရစေမဟုတ်လား (မှန်ပါ့)၊ နတ် ဒုက္ခစက်ဝိုင်းကြီး ဝိုင်းရပါစေ (မှန်ပါ့ ဘုရား)။

နတ်လို့သာ ဆိုင်းဘုတ်ဆွဲလိုက်တယ်၊ အဝိုင်းကြီးက ဘာတုန်း (ပဋိစ္စသမုပ္ပာဒ်ကြီးပါ)။ ပဋိစ္စသမုပ္ပာဒ် ဒုက္ခသစ္စာကြီး ဝိုင်းနေတယ်၊ ဒုက္ခနဲ့ သမုဒယ လှည့်နေတယ် (မှန်ပါ့ ဘုရား)။

ဗြဟ္မာလို့သာ ဆိုင်းဘုတ်ဆွဲလိုက်ရတယ် ဘာတွေ ဝိုင်းနေသလဲ (ဒုက္ခတွေဝိုင်းနေပါတယ်)၊ အေး ဒုက္ခတွေက ဝိုင်းပြီး ဒုက္ခစက်လည်နေတာ (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ကို ဒီဒုက္ခမှ မသိတဲ့ပုဂ္ဂိုလ် မောင်အောင်ချီက စဉ်းစား၊ လှညွန့်တို့ကစဉ်းစား၊ အုန်းကြည်တို့က စဉ်းစား၊ ဒုက္ခရွံမုန်းမှ နိဗ္ဗာန်ရောက်ရမည့်ဥစ္စာက ဒုက္ခကြိုက်နေတဲ့ပုဂ္ဂိုလ် ဘယ်နည်းနဲ့မှ နိဗ္ဗာန် မရောက်ပါဘူးဆိုတဲ့ အဓိပ္ပာယ် သေသေချာချာ ရှင်းသွားတယ် (ရှင်းပါတယ်)၊ မရှင်းဘူးလား (ရှင်းပါတယ် ဘုရား)၊ ကဲ ဦးအောင်ဇံဝေ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒုက္ခကြိုက်တဲ့လူနဲ့ ဒုက္ခသိတဲ့လူ

ဒါဖြင့် လောကကြီးထဲမှာ ကိုင်း မင်းတို့ပဲ ဆုံးဖြတ်ချက်ချပါတော့ကွာ၊ ငါ့မှာတော့ ဆရာဘုန်းကြီးမို့ အသာ ထားပါဦး၊ ဒုက္ခကြိုက်တဲ့လူနဲ့ ဒုက္ခသိတဲ့လူနဲ့ ဘယ်ဟာက များသတုံး (ဒုက္ခကြိုက်တဲ့လူက များပါတယ် ဘုရား)။

ဒီဘဝပျော်နေလဲ ဒုက္ခနဲ့ပျော်တာ၊ မဟုတ်ဘူးလား (မှန်ပါ့)၊ နတ်ဘဝ လှမ်းပြီး ဆုတောင်းလိုက်ပြန်ရင်ကော (ဒုက္ခပျော်ချင်လို့ပါ ဘုရား)၊ နောက်ဘဝဒုက္ခကို အဝိုင်းပြေးပြေးပါရစေ (မှန်ပါ့)။

ဒါကြောင့် မင်းတို့ဟုတ်တိုင်းမှန်စွာ ဟောတတ်တဲ့ ဆရာ ရှာပါ ရှာပါ ဆိုတာများဘုရားက အကြိမ်ပေါင်းများစွာ ၃၂ ကြိမ် တိုင်တိုင် မှာတယ်ဆိုတဲ့ဥစ္စာ မှာသင့် မမှာသင့် (မှာသင့်ပါတယ် ဘုရား)၊ မှာသင့်တယ်တဲ့။

နောက်က ဒကာ ဒကာမတွေ တယ်ကြောက်စရာ ကောင်းပါလား (မှန်ပါ့)။

ဒါကြောင့် ငါတို့သည် ဘုရားတွေကလဲ အဆူဆူ ပွင့်သွားပြီ၊ ငါတို့ဖြင့် ဒီလိုပဲ စုန်ချည်ဆန်ချည်ပဲ နေရစ်ရတာ၊ ဘယ့်နှယ်ကြောင့် နေရစ်ရပါလိမ့်၊ ကံမကောင်း အကြောင်းမသင့်လို့ နေရစ်ရသလား၊ ဘုရားက လျစ်လျူရှုထားလို့ နေရစ်ရသလား၊ ဒုက္ခမသိလို့ နေရစ်ရတာလားဆိုတဲ့ အမေးထဲမှာ ဘယ်ဟာ အဖြေထွက်ကြမယ် (ဒုက္ခမသိလို့ နေရစ် ရတာပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကိုယ်က ဒုက္ခကြိုက်နေလို့

ကဲ အုန်းကြည်တို့ ဘုရားဟာ ဂင်္ဂါထဲက သဲမှုန့်တစ်မှုန် ဘုရားတစ်ဆူမျှ ပွင့်သွားတယ်၊ ရှေးက ပွင့်သွားတယ်၊ အဲဒါ ဘယ်တော့မှလဲ ကျုပ်တို့ ကျွတ်တမ်းဝင်ခဲ့တဲ့ ဘဝရယ်လို့လဲမရှိဘူး၊ အခု လက်ရှိ ခန္ဓာကြီးရှိပြီး အိုဘေး၊ နာဘေး၊ သေဘေးကြီးနဲ့ နေရတာပဲ (မှန်ပါ့)၊ မနေရဘူးလား (နေရပါတယ်)၊ ခန္ဓာထဲမှာ အိုဘေး၊ နာဘေး၊ သေဘေးက အပြည့်မပါဘူးလား (ပါပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့် ဒီတရားတွေက ကျုပ်တို့ကို လျစ်လျူရှုသွားပါလိမ့်မတုံး၊ ကရုဏာရင်တော်ကြီးတွေ ဖြစ်ပါလျက်နဲ့ အို သူကတော့ ကရုဏာရှိတယ်၊ ကိုယ်က ဒုက္ခကြိုက်နေတဲ့လူ (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

သူကတော့ (ကရုဏာရင်ကြီးပါ) ကရုဏာရင်ပဲ မဟာကရုဏာတော်နော် (မှန်ပါ့)။

ဘယ့်နှယ်ကြောင့် ဒီဒုက္ခကျွတ်တဲ့လမ်း မရောက်ပါလိမ့်မတုံး မေးတဲ့အခါကျတော့ ကဲ အဖြေထွက်ကြ (ဒုက္ခကြိုက်နေလို့ပါ ဘုရား)၊ ဒုက္ခကြိုက်နေလို့၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဦးအောင်ဇံဝေ ဒါဖြင့် ဒုက္ခသိမှ နိဗ္ဗာန်ရောက်မှာ ကြိုက်နေရင်တော့ မရောက်တော့ဘူး (မှန်ပါ့)၊ ရောက်ပါ ဦးမလား (မရောက်ပါ ဘုရား)၊ ဘယ်လောက် ခဲယဉ်းသတုံး၊ မခဲယဉ်းဘူးလား( ခဲယဉ်းပါတယ် ဘုရား)။

အခုတော့ဖြင့် ခန္ဓာစက်ဝိုင်းကြီး မင်းတို့ကိုလဲ ငါပေးထားတယ်၊ မောင်မြတို့လဲ အကုန်ပေးထားတယ်၊ ဦးအောင်ဇံဝေလဲ ရပြီ (ရပါပြီ ဘုရား)၊ ခန္ဓာစက်ဝိုင်းကြီးလေ (မှန်ပါ့)၊ ဒီအထဲ ဘာသစ္စာတွေချည်း ရှိသလဲ၊ သမုဒယနဲ့ ဒုက္ခ လှည့်နေတယ် (မှန်ပါ့)။

ဘာတွေ လှည့်နေသလဲ (သမုဒယနဲ့ ဒုက္ခလှည့်နေပါတယ်)၊ သမုဒယနဲ့ ဒုက္ခလှည့်နေတော့ ဪ ဒါလဲ သမုဒယ၊ ဒါလဲ ဒုက္ခ၊ ဒါလဲ သမုဒယ ပယ်ရမည့်သစ္စာ၊ ဒုက္ခကလဲ ပိုင်ပိုင်နိုင်နိုင် သိရမည့်သစ္စာ၊ ရွံအောင်မုန်းအောင် သိရမည့်သစ္စာ၊ သမုဒယကလဲ ပယ်ရမည့် သစ္စာဆိုတော့ ခန္ဓာကိုယ်ရတဲ့ ပုဂ္ဂိုလ်မှာ ဒါနှစ်ခု လှည့်နေတာပဲ၊ သမုဒယနဲ့ ဒုက္ခလှည့်နေတာပဲ (မှန်ပါ့)။

သမုဒယနဲ့ ဒုက္ခလှည့်နေတာပဲ

ဒါ နှစ်ခုကိုပင်လျှင် ကြိုက်နေကြဦးမယ်ဆိုလို့ရှိရင် စက်ရဟတ်ကြီးဟာ ရပ်ပါဦးမလား (မရပ်ပါ ဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် မင်းတို့ ကံကောင်း အကြောင်းသင့်သေးတယ် ဆိုရတော့မယ် (မှန်ပါ့)။

နောက် ဒကာ ဒကာမတွေ ဘယ့်နှယ်ဆိုကြမယ် (ကံကောင်း အကြောင်းသင့်ပါတယ် ဘုရား)၊ ကံကောင်း အကြောင်းသင့်သေးတာ၊ နို့မဟုတ်လို့ရှိရင် ဒီစက်ဝိုင်းကြီး နောက်စက်ဝိုင်း ဒုက္ခသစ္စာ ဖြစ်ရပါလို၏။ မဟုတ်ဘူးလား (မှန်ပါ့)၊ ဗြဟ္မာစက်ဝိုင်း ဒုက္ခသစ္စာဖြစ်ရပါလို၏။ စကြာဝတေးမန္ဓာတ် အဝိုင်းကြီး ဒုက္ခသစ္စာ (ဖြစ်ရပါလို၏)၊ ဖြစ်ရပါလို၏ ဆိုတော့ အုန်းကြည်ရ တစ်လုံးမှ သူ့ဆန္ဒထဲမှာ သူ့အပြောထဲမှာဖြင့် ဒုက္ခ ကျွတ်ရာကို ပါသေးရဲ့လား (မပါပါ ဘုရား)။

ဒါဖြင့် ဒုက္ခကျွတ်ရာမှ နိဗ္ဗာန်ကိုး (မှန်ပါ့)၊ ဒုက္ခအဝိုင်းပြေး ပြေးချင်တော့ မခက်ဘူးလား (ခက်ပါတယ် ဘုရား)။

ကဲ-ဒါဖြင့် နိဗ္ဗာန်မရောက်တာ ဘာကြောင့်ပါလိမ့်မတုံးလို့ဆိုတဲ့ဥစ္စာ ကိုယ်ကမေးလို့ ဆရာနဲ့တွေ့တဲ့အခါကတော့ အဖြေကို ကိုယ့်ဟာကိုယ် ပေးကြတော့၊ တပည့်တော်တို့ဟာ ဘုရား ဒုက္ခကြိုက်နေလို့ (မှန်ပါ့)၊ ဒါပဲ အဖြေထွက်မယ် (မှန်ပါ့)။

ဘယ့်နှယ်ထွက်မယ် (ဒုက္ခကြိုက်နေလို့ပါ ဘုရား)၊ ဒုက္ခက ဒုက္ခသစ္စာ၊ ကြိုက်တာက သမုဒယသစ္စာ (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒုက္ခက (ဒုက္ခသစ္စာပါ ဘုရား)၊ ကြိုက်တာက (သမုဒယသစ္စာပါ ဘုရား)။

ဒီသစ္စာနှစ်ခုတွဲပြီး လှည့်နေတာ

ဒါဖြင့် ဒီသစ္စာနှစ်ခုတွဲပြီး လှည့်နေတာ (မှန်ပါ့)၊ ဒကာ ဒကာမတွေ တစ်သံသရာလုံးမှာ သစ္စာ ဘယ်နှစ်ပါး လှည့်နေသတုံး (နှစ်ပါးလှည့်ပါတယ် ဘုရား)၊ ဒုက္ခ-သမုဒယ၊ သမုဒယ-ဒုက္ခ ဒီလိုချည်းလှည့်နေတာပဲ (မှန်ပါ့)။

သမုဒယသစ္စာကလဲ ပယ်ရမည့်သစ္စာ (မှန်ပ့ါ)၊ ဒုက္ခကလဲ ပိုင်ပိုင်နိုင်နိုင်သိပြီး ခြေကန်ရမည့်သစ္စာ (မှန်ပါ့)၊ ပယ်ရမည့်သစ္စာ၊ ခြေကန်ရမည့်သစ္စာကို အုန်းကြည်တို့လူစုက လက်သပ်မွေးထားတယ်၊ (မှန်ပါ့)၊ ဘယ့်နှယ်နေသလဲ (လက်သပ်မွေးထားပါတယ် ဘုရား)၊ ကဲ ဒီထက် မိုက်တာများ ပြောပါဦး၊ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဦးအောင်ဇံဝေ ဒါ့ထက်မိုက်တာ ဘယ့်နှယ်တုံး (မရှိပါ ဘုရား)။

ဒါဖြင့် ဘုန်းကြီးက ပြောတယ်၊ မိုက်ချက် ပြင်းထန်လိုက်တာကွာ၊ မောင်မြနာသေးသလား (မနာပါ ဘုရား)၊ နာစရာမရှိဘူး၊ လှညွန့်ကြီးတို့မှား မိုက်ချက် ပြင်းထန်လိုက်တာ (မှန်ပါ့)၊ နာသေးသလား (မနာပါ ဘုရား)။

နာစရာ မလိုတော့ပါဘူးတဲ့ ကြိုက်တာက သမုဒယသစ္စာ၊ ရမှာက ဒုက္ခသစ္စာ (မှန်ပါ့ ဘုရား)။

ကြိုက်တာက (သမုဒယသစ္စာ)၊ သမုဒယသစ္စာဆိုတာ မီးပဲ၊ ဒုက္ခသစ္စာဆိုတာ လောင်စာ (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

သမုဒယဆိုတာက (မီးပါ)၊ ကိလေသာမီးကိုးကွ (မှန်ပါ့)၊ ဒုက္ခသစ္စာဆိုတာက (လောင်စာပါ ဘုရား)။

ဒါဖြင့် မင်းတို့ဟာက မီးလဲ မခွဲနိုင်ဟုတ်လား၊ လောင်စာလဲ မပစ်ချင်ဘူးဆိုတော့ မရဘူး မရဘူး၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

လောင်စာနဲ့မီး တွဲလျက်ချည်း ဖြစ်ရပါလို၏

ဒါဖြင့် မင်းတို့ဟာ နတ်ဖြစ်ရပါလို၏ဆိုတော့ လောင်စာနဲ့မီး တွဲလျက်ချည်း ဖြစ်ရပါလို၏ မှန်ပါ့၊ ပေါ်ပြီလား (ပေါ်ပါပြီ)၊ ဗြဟ္မာ ဖြစ်ရပါလို၏ဆိုရင်ကော (လောင်စာနဲ့မီး တွဲလျက် ဖြစ်ရပါလို၏ ဘုရား)။

အံမာလေး တောင်းကောင်းတဲ့ဆုလား၊ မတောင်းကောင်းတဲ့ဆုလား၊ နောက်က ဒကာ ဒကာမတွေ ချိန်ပါဦး (မတောင်းကောင်းတဲ့ဆုပါ ဘုရား)။

ခင်ဗျားတို့ကကော အသံကောင်း လွှင့်တာပဲ၊ လူချမ်းသာ နတ်ချမ်းသာတဲ့၊ ဘယ်မှာတုံးကွ သေသေချာချာ ပဋိစ္စသမုပ္ပာဒ်ထဲ ကြည့်လိုက်တော့ ပါသေးရဲ့လား (မပါပါ)၊ သမုဒယသစ္စာရယ်၊ ဒုက္ခသစ္စာရယ် ဒါပဲပါတယ် (မှန်ပါ့ ဘုရား)။

သမုဒယသစ္စာက မီး (မှန်ပါ့)၊ ဆယ့်တစ်ပါးသော မီးထဲ သူပါတာပဲ၊ ဒုက္ခသစ္စာက ဘာတုံး (လောင်စာပါ)၊ ဟာ လောင်စာနဲ့မီးပဲ ဖြစ်ရပါလို၏၊ ဖြစ်တဲ့အခါလဲ မခွဲပါရစေနဲ့၊ တွဲရပါစေ၊ မပါဘူးလား ပါကြသလား (ပါ ပါတယ် ဘုရား)။

ဖြစ်တဲ့အခါလဲ မခွဲပါရစေနဲ့၊ တွဲနေပါရစေဆိုတော့ မင်းတို့မို့ ပါးစပ်ထဲ ထည့်ရက်ပါပေကွာဆိုတော့မှ သစ္စာမသိလို့ ထည့်တာ (မှန်ပါ့)၊ သမုဒယသစ္စာလဲ မသိဘူး၊ ဒုက္ခသစ္စာကော (မသိပါ ဘုရား)၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

မသိတဲ့ပုဂ္ဂိုလ်က ဆုတောင်းလိုက်တဲ့ဖြစ်ခြင်း ဘယ်လိုများ တောင်းလိုက်ပါလိမ့်မတုံးဆိုတော့ လောင်စာနဲ့မီး ဘယ်ဘဝမဆို တွဲလျက်ချည်းဖြစ်ရပါလို၏ (မှန်ပါ့)၊ ကဲ မောင်အောင်ချီ နားထောင်လို့ ကောင်း မကောင်းကွ (မကောင်း ပါ)၊ ဟင် (မကောင်းပါ ဘုရား)။

နို့ မင်းတို့ အခု တွဲနေတာကော သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကိလေသာမီးကလဲ ဝမ်းထဲမှာရှိတယ်

မောင်မြရေ၊ ကိလေသာမီးကလဲ ဝမ်းထဲမှာရှိတယ်နော် (မှန်ပါ့)၊ ခန္ဓာကိုယ်ကြီးကလဲ (လောင်စာပါ)၊ အတွင်းမီးနဲ့ ဒီခန္ဓာကြီးနဲ့ဟာ လောင်နေတာပဲ၊ မလောင်ဘူးလား (လောင်ပါတယ်)၊ ကိလေသာမီးက လောင်လိုက်၊ ဇာတိ၊ ဇရာ၊ မရဏမီးကကော (လောင်ပါတယ် ဘုရား)။

အင်း ဒီဘဝတော့ အိုပြီး၊ မထူးပါဘူး၊ သေပဲသေတော့မှာပဲ၊ နောက် ဘဝမှပဲ နေရာကျတော့မယ်၊ သွားပြန်ပြီ၊ ဘာနေရာကျမှာတုံးမေးတော့ မီးသစ်နဲ့ ထင်းသစ်တွေ့ရမှာကိုး (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ဆိုကြမလဲ (မီးသစ်နဲ့ထင်းသစ်တွေ့ရမှာမို့ပါ)၊ ဟ သာဆိုးမှာပေါ့၊ မီးဟောင်းနဲ့ ထင်းဟောင်း ဆိုလို့ရှိရင် ဖြင့် အလောင် သက်သာပါလိမ့်ဦးမယ် (မှန်ပါ့ ဘုရား)။

နောက်ဘဝဆိုတော့ ဘယ့်နှယ်ဆိုကြမလဲ (မီးသစ်နဲ့ ထင်းသစ်ပါ)၊ မီးသစ်နဲ့ ထင်းသစ်ဆိုတော့ မီးကလဲ လတ်လတ်ဆတ်ဆတ်၊ ရိပ်မိပြီလား (မှန်ပါ့ ဘုရား)။

ဒီတရားမျိုး မနာရလို့ရှိရင် ဒီအတိုင်းသွားမှာပဲ (မှန်ပါ့) မသွားပေဘူးလား (သွားပါတယ် ဘုရား)။

အဲဒီတော့ ဒီတရားနာရတဲ့ ပုဂ္ဂိုလ်တွေကျတော့ လွယ်သွားတယ် (မှန်ပါ့)၊ သမုဒယသစ္စာကို ငါ ဖြစ်ပျက်ရှုတော့ မယ်ဆိုတော့ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ ရှုတာကမဂ္ဂသစ္စာ၊ မဂ္ဂသစ္စာက သမုဒယသစ္စာကို သတ်တယ်၊ ဒုက္ခသစ္စာလို့ သိတဲ့အတွက် ဒုက္ခကချုပ်သွားတယ်၊ ဒုက္ခချုပ်တော့ နိဗ္ဗာန်၊ သမုဒယ သေတော့ကော (နိဗ္ဗာန်ပါ ဘုရား)၊ နိဗ္ဗာန်ပဲနော်။

ဖြစ်ပျက်က ဘာသစ္စာ

ဒါဖြင့် ဖြစ်ပျက်က ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ ရှုတာက (မဂ္ဂသစ္စာပါ ဘုရား) မဂ္ဂသစ္စာ ဆိုတော့ မသေချာဘူးလား၊ အဲဒီလိုသေချာတဲ့အခါကျလို့ရှိရင်ဖြင့် ဒီဒုက္ခ သစ္စာကြီး ခင်ဗျားတို့ ရှုရင်း ရှုရင်းနဲ့ ရွံမုန်းငြီးငွေ့၊ မလိုချင် မလာပေဘူးလား (လာပါမယ် ဘုရား)၊ လာရင် ဇွတ်ခပ်ချိုး ဟုတ်လား (ဒီမဂ်ဉာဏ်ကလဲ မီးကို ငြိမ်းပစ်လိုက်မယ်၊ မငြိမ်းဘူးလား (ငြိမ်းပါတယ် ဘုရား)။

လောင်စာသိမ်း၍ မီးငြိမ်းတာ နိဗ္ဗာန်

သမုဒယသစ္စာ နောက်လာခွင့်ပေးသေးရဲ့လား (မပေးပါ ဘုရား)၊ မပေးတော့ အားထုတ်တဲ့ ပုဂ္ဂိုလ်မှာ တော့ဖြင့် အအေးဓာတ်ပဲရမှာပဲ၊ ကိုယ့်ခန္ဓာဒုက္ခလဲ သိမ်းသွားပြီး၊ ဝမ်းထဲလောင်တတ်တဲ့ ကိလေသာမီးလဲ ငြိမ်းသွားပြီ၊ ရှင်းပြီလား (မှန်ပါ)၊

ဒါဖြင့် လောင်စာသိမ်း၍ မီးငြိမ်းတာ နိဗ္ဗာန်၊ ရိပ်မိပြီလား၊ လောင်စာ သိမ်း၍ ငြိမ်းတာ (နိဗ္ဗာန်ပါ ဘုရား)၊ လောင်စာသိမ်းဆိုတာ ဖြစ်ပျက်တွေ ချုပ်သွားတာ၊ မီးငြိမ်းတယ်ဆိုတော့ ဝမ်းထဲမှာရှိတဲ့ ကိလေသာတွေ ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)။

အဲ လောင်စာသိမ်း၍ မီးငြိမ်းတာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား) နိဗ္ဗာန်ပဲဆိုတာ မပေါ်ကြသေးဘူးလား ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။