12405

မာတိကာသို့

ဣန္ဒြေလုံခြုံအောင်စောင့်နည်း (၂)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်

ဟောကြားဆုံးမတော်မူအပ်သော

ဣန္ဒြေလုံခြုံအောင်စောင့်နည်း (၂)

ဣန္ဒြိယဘာဝနာသုတ် (ဥပရိပဏ္ဏာသ)

ညအလုပ်ပေးတရာတော်

(၈-၅-၆၂)

ဣန္ဒြေလုံခြုံမှုကို ဘယ်လိုများ ဟောသတုန်း

ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ဂဇင်္ဂလတိုင်းမှာ သီတင်းသုံးနေတယ် (မှန်ပါ့)၊ ဂဇင်္ဂလတိုင်းမှာ ဘယ်နေ ရာမှာ သီတင်းသုံးသတုန်း ဆိုတော့ ရွှေဝါးတွေပေါက်တဲ့နေရာမှာ သီတင်းသုံးတယ်။

သီတင်းသုံးပြီးနေတော့ ပရိသတ်တွေက ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကြွလာတယ်ဆိုတော့ ဝိုင်းပြီး သကာလ တရားထူး တရားမြတ်တွေ နာရလိမ့်မယ်ဆိုပြီး သကာလ စုနေတယ်။

ထိုကဲ့သို့ စုပြီး သကာလ နေတော့ တက္ကသိုလ်ဆရာကြီး၏ တပည့် ဥတ္တရလုလင်က ပါလာတယ်၊ ပါလာတော့ ၎င်းဥတ္တရလုလင်ကိုပဲ ဘုရားက လှမ်းပြီး နှုတ်ကဆက်ပြီးမေးလိုက်တယ်၊ ဟေ့ ဥတ္တရလုလင်၊ မင်းဆရာ ပါရာသိဝိယ ဆိုတဲ့ တက္ကသိုလ်ဆရာကြီးက ဣန္ဒြေလုံခြုံမှုကို ဘယ်လိုများ ဟောသတုန်းကွ-တဲ့။

ဟာ-ဟောပါတယ်ဘုရား၊ မျက်စိရှိတဲ့ပုဂ္ဂိုလ် မဖွင့်ဘဲနဲ့နေရင် လုံတာပဲ၊ နားရှိတဲ့ပုဂ္ဂိုလ် မထောင်ဘဲနဲ့နေရင် လုံတာပဲ-လို့ စက္ခုဒွါရ, သောတဒွါရနှစ်ပေါက်ကို ပိတ်ထားလို့ပြောပါတယ်။

ဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဥတ္တရလုလင်က မဟုတ်တာတွေ ပြောနေတော့ ဒါဖြင့်ကွာ ဝမ်းထဲက ကန်းလာတဲ့ ပုဂ္ဂိုလ်များ ဣန္ဒြေလုံခြုံတာနဲ့ နိဗ္ဗာန်ရောက်ကရောပေါ့ ဝမ်းထဲက နားကန်းလာတဲ့ ပုဂ္ဂိုလ်တွေလဲ ဣန္ဒြေ လုံခြုံလို့ နိဗ္ဗာန်ရောက်ကရောပေါ့ကွ။

ဒီလို ဘုရားက ဖြေလဲဖြေ၊ အပြစ်လဲတင်လိုက်တဲ့အခါကျတော့ ဥတ္တရလုလင် မှိုင်ကျသွားတယ်၊ ဪ-တို့ ဆရာကြီး ဟောထားတာ လွဲကုန်ပါပေါ့၊ ဝမ်းထဲက ကန်းလာတဲ့ ပုဂ္ဂိုလ်လဲ ဣန္ဒြေလုံခြုံလို့ နိဗ္ဗာန်ရောက်ရတော့မယ်၊ နားကန်းလာတဲ့ပုဂ္ဂိုလ်လဲ ရောက်ရမယ်၊ ဒါတွေ မဟုတ်ပါကလား၊ သူ့မှာပြောစရာစကားကလဲ မရှိတာနဲ့ မှိုင်တွေချပြီး နေလိုက်တယ် (မှန်ပါ့)။

ဣန္ဒြိယ ဘာဝနာဖြစ်ပုံ

ဒီတွင်မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ညီတော်အာနန္ဒာ အနားရှိတာနဲ့ အာနန္ဒာ ဒီတရားလွဲ၊ တရားမှား ကြီးသာ ထွန်းကားသွားမယ်ဆိုရင်ဖြင့် ကောင်းကောင်း ဒုက္ခရောက်တော့မှာဘဲ၊ ငါဘုရား၏ ဣန္ဒြိယ ဘာဝနာဖြစ်ပုံကို သေသေချာချာ ငါပြောပြမယ်ကွဆိုပြီး သကာလ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောလိုက်တယ် ဒါ တရားသား လို့ ရှေ့လာမှာမှတ်ပေတော့ အလုပ်တရားလို့ မောင်အောင်ချီတို့နော် (မှန်ပါ့ ဘုရား)။

ငါဟောပြမယ် သေသေချာချာ နားထောင်ကွ၊ လူတစ်ယောက် မျက်လုံးဖွင့်လိုက်တယ်ကွာတဲ့၊ မျက်လုံးဖွင့် လိုက်တဲ့အခါကျတော့ တစ်ခါတလေကျတော့လဲ ဝမ်းသာတာ မြင်တော့ ဝမ်းသာမှာပဲ တစ်ခါတစ်လေကျတော့ စိတ် ဆင်းရဲတာ မြင်တော့လဲ စိတ်မဆင်းရဲကြဘူးလား (ဆင်းရဲပါတယ် ဘုရား)။

တစ်ခါတလေကျတော့လဲ ဘာမှ မဆိုင်တဲ့ပုဂ္ဂိုလ် ဝတ္ထုပစ္စည်း မြင်လိုက်တဲ့အခါကျတော့လဲ ဘာမှမသိလိုက်ဘူး။

တစ်ခါတစ်လေမြင်တော့

တစ်ခါတစ်လေမြင်တော့ ဝမ်းသာတယ်နော် (မှန်ပါ့)၊ တစ်ခါတလေ မြင်တော့ကော (စိတ်ဆင်းရဲ ပါတယ်) တစ်ခါတစ်လေ မြင်ပြန်တော့လဲ အသိအမှတ်မပြုဘူး၊ ဒီလိုမနေဘူးလား (နေပါတယ် ဘုရား)။

အဲဒါကလေးကို လှညွန့်တို့၊ အုန်းကြည်တို့ ရှင်းပြရမယ်နော် (မှန်ပါ့)၊ တစ်ခုမြင်လိုက်လို့ ဝမ်းသာလို့ရှိရင်လဲ သောမနဿလာတာပဲနော် (မှန်ပါ့) တစ်ခုမြင်လိုက်လို့ ဝမ်းသာလို့ရှိရင်လဲ သောမနဿမလာဘူးလား (လာပါတယ် ဘုရား)။

တစ်ခုမြင်လိုက်တဲ့အခါကျလို့ရှိရင်လဲတဲ့ ဪ သူ့ကြည့်ရတာ မချမ်းသာလိုက်တာ၊ ဒေါမနဿ မလာဘူးလား၊ (လာပါတယ် ဘုရား)။

တစ်ခါတလေကျတော့ မြင်တာပဲ၊ ဘာမှသူ့အတွက် မစဉ်းစားတဲ့ အခါလဲ မပါဘူးလား၊ ပါသလား (ပါပါတယ်)၊ အဲဒီအခါကျတော့လဲ မောဟကွတဲ့နော် (မှန်ပါ့ ဘုရား)။

ဥပက္ခောဖြစ်နေတယ်၊ ဘာမှမစဉ်းစားတော့ သူ့အတွက် ဘာမှမစဉ်းစားဘူး၊ ကျုပ်တော့ ဥပေက္ခာထားလိုက် တာပဲ အစရှိသည်နဲ့ ဒါလဲ နင်တို့ထားတဲ့ ဥပေက္ခာဆိုတာ မဟုတ်ပါဘူး၊ နင်တို့ထားတဲ့ ဥပေက္ခာက ငေါ့တာပါ၊ ဒါ မဟုတ်သေးဘူး (မှန်ပါ့)၊ မြင်လျက်နဲ့ ဘာမှ မစဉ်းစားဘဲနဲ့ဆိုတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လောဘ၊ ဒေါသ၊ မောဟလာတယ်

ကိုင်း ဒါဖြင့် ဒီလိုလုပ်ကြပေတော့ ဪ ဒါဖြင့် လောဘ၊ ဒေါသ၊ မောဟလာတယ်လို့ ဆုံးဖြတ်ချက်ချ ဝမ်းသာရင် လောဘနော် (မှန်ပါ့ ဘုရား)။

စိတ်ထဲ မချမ်းသာဘူးဆိုရင် ဒေါမနဿလာတယ်၊ ဘာမှ မစဉ်းစားပါဘူးဆိုပြီး တွေးခံကလေး မြင်လိုက်တယ်၊ မြင်တာပဲ ကျုပ်တော့ ဘာမှ မစဉ်းစားပါဘူးဆိုလို့ရှိရင်လဲတဲ့ ဥပေက္ခာဆိုတဲ့ မောဟလာတာပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ခင်စရာ မြင်လိုက်ရင် လောဘ၊ မုန်းစရာမြင်လိုက်ရင် (ဒေါသ လာပါတယ်)၊ ခင်^မုန်းကင်းတာ ကြည့်လိုက်လို့ရှိရင် (မောဟလာပါတယ် ဘုရား)၊ မျက်လုံးကလေးတစ်ပေါက်တည်းဖွင့်လိုက်တာ မောင်အောင်ချီတို့ လှညွန့်တို့ ဘယ်နှစ်မျိုးလာသတုန်း (သုံးမျိုးလာပါတယ် ဘုရား)။

အဲဒီတော့ အခုနင်က တရားထဲမှာ ထည့်လိုက်ပါတယ်၊ နည်းနည်း ရောက်စ နားက၊ မျက်လုံးဖွင့်မှာစိုးရိမ်လိုက် တာ၊ နောက်က ဒကာ ဒကာမတွေ မျက်လုံးဖွင့်မှာများ စိုးရိမ်လိုက်တာဆိုတဲ့ ဥစ္စာ ဆရာသမားက အလကားပြောတာ လား ဒီသုံးခု တစ်ခုခုလာမှာကြောင့် ပြောတာလား (ဒီသုံးခု တစ်ခုခုလာမှာကြောင့် ပြောတာပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဘွားကြီးတွေ ဂရုစိုက်ပြီး နားထောင်၊ ခင်ဗျားတို့သေခါနီးမှ မျက်လုံးမှ မဖွင့်တတ်သေးရင် ခက်သေး၊ ဦးအောင်ဇံဝေ သေခါနီးမှ မျက်လုံးဖွင့်ပုံ မတတ်လို့ရှိသေးရင် ခက်သေးတယ် (မှန်ပါ့)။

တတ်ပါတယ်တဲ့၊ မိဘရိုးရာကိုတော့ ဖွင့်တတ်ပါတယ်၊ မိဘရိုးရာ ဖွင့်လိုက်တော့ မြင်တယ်ဆိုတာ ဝမ်းသာတယ် လောဘကလေး ဖြစ်လိုက်တယ်၊ လောဘဖြစ်တော့ တဏှာလာပါတယ်၊ လောဘဖြစ်တော့ ဝမ်းသာတဲ့ တဏှာလာတော့ တဏှာလာရင် ဥပါဒါန်လာ၊ ဥပါဒါန်လာရင် ကံလာ၊ ကံလာရင် ဇာတိလာဆိုတဲ့ ပဋိစ္စသမုပ္ပာဒ်က ရပ်ပါဦးမလား (မရပ်ပါ ဘုရား)၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿကျအောင်ကော မသွားပေဘူးလား (သွားပါတယ် ဘုရား)၊ ဒါ မျက်လုံးဖွင့်လိုက်တာနဲ့ ဘဝဟိုဘက်တောင် ကူးသွားသေးတယ်၊ ဇာတိ၊ ဇရာ၊ မရဏဆိုတော့ အနာဂတ်ဘဝ ကူးမသွားဘူးလား (ကူးသွားပါတယ် ဘုရား)။

မျက်လုံးအဖွင့်မတတ်လို့

နောက်က ဒကာ ဒကာမတွေ (ကူးသွားပါတယ် ဘုရား)၊ ဘာဖြစ်လို့ ကူးသွားတာတုန်း (မျက်လုံးအဖွင့်မတတ် လို့ပါ)၊ အဖွင့်မတတ်လို့ မျက်လုံးကို အဖွင့်မတတ်လို့နော် (မှန်ပါ့ ဘုရား)။

မျက်လုံးကို အဖွင့်မတတ်တာနဲ့ တစ်ခါတည်း ဟိုဘက်ဘဝတောင် ကူးစက်ပြီး သွားသေးတယ်ဆိုတဲ့ အဓိပ္ပာယ် မောင်အောင်မြ ရှင်းနေပြီ (မှန်ပါ့)၊ မောင်အောင်ချီ နဂိုက ဒီလိုဖွင့်လာတာပဲ (မှန်ပါ့)။

ဒီလို ဖွင့်လာတာပဲ ကိုယ့်မျက်လုံး ကိုယ်ကြည့်ရတာ ဘာဖြစ်ရမတုန်း များတောင်ပြောချင်ပြောလိုက်သေး တယ်၊ ဟ ဘာမှမဖြစ်ဘူး၊ အပါယ်ရောက်တယ်ဟ၊ ဒါပဲ အဖြေထွက်ဖို့ရှိတယ်၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဘွားကြီးတွေ မျက်လုံးမဖွင့်တတ်မှာ စိုးရိမ်လို့ မျက်လုံးဖွင့်နည်း သင်နေတာ ဘုရားက (မှန်ပါ့)၊ မောင်အောင်မြ သင်ထိုက် မသင်ထိုက် (သင်ထိုက်ပါတယ် ဘုရား)၊ သင်ထိုက်တယ်တဲ့။

ဦးအောင်ဇံဝေကြီး မသေနှင့်လို့ပေါ့ဗျာ၊ ကြားရတယ်၊ မျက်လုံးဖွင့်တတ်တဲ့ နည်းကလေး (မှန်ပါ့ ဘုရား)၊ မျက်လုံးဖွင့်တတ်တဲ့ နည်းကလေးကြားရတော့ အခု မဖွင့်တတ်တဲ့ ပုဂ္ဂိုလ်မှာ လောဘ၊ ဒေါသ၊ မောဟ တစ်ခုခုလာမယ် မလာပေဘူးလား (လာပါတယ် ဘုရား)၊ ပရိဒေဝ၊ အဝိဇ္ဇာ၊ သင်္ခါရ မလားဘူးလား (လာပါတယ် ဘုရား)၊ မောဟလာ ပြန်တော့ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာဘက် လှည့်မသွားဘူးလား (သွားပါတယ် ဘုရား)။

အပါယ်မျက်စောင်းထိုးဖွင့်ကြတယ်

ဪ မျက်လုံးကလေး ဖွင့်လိုက်တာ အပါယ်ငရဲ မျက်စောင်းကလေး ထိုးဖွင့်လိုက်တာနဲ့ တယ်တူတယ်၊ (မှန်ပါ့)၊ မတူဘူးလား ဒကာမကြီးတွေ (တူပါတယ် ဘုရား)။

မျက်လုံးဖွင့်လိုက်တာ ဘယ်ကို မျက်စောင်းထိုးဖွင့်ကြသတုံး၊ (အပါယ်မျက်စောင်းထိုးဖွင့်ကြပါတယ် ဘုရား)။ အပါယ်မျက်စောင်းထိုးဖွင့်လိုက်တာနဲ့ သိပ်တူတယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ ဒီပဋိစ္စသမုပ္ပာဒ်ဆက်ကြည့်မှသိတာ (မှန်ပါ့)၊ မောင်အောင်မြ နို့မို့သိပါ့မလား (မသိပါ ဘုရား)၊ လှညွန့်တို့ သိပါ့မလား (မသိပါ ဘုရား)။

အဲဒီတော့ မသိတော့ ဆရာသမားက သင်မပေးတော့ပါဘူးဆိုတော့ အပါယ်ရောက်စေတတ်တဲ့ မျက်လုံးသာ ဖွင့်တတ်ပြီး သကာလ အပါယ်သွားဖို့ရှိတော့တယ် (မှန်ပါ့)၊ မျက်လုံးဖွင့်လိုက်လို့ လောကဘလာလို့လဲ သူမသိ၊ ဒေါသ လာတာလဲ မသိ၊ မောဟလာတာကော (မသိပါ ဘုရား)၊ မသိတော့ မသိသလို သေသွားတယ် (မှန်ပါ့)။

ဒါဖြင့် ဒီတရားထူး တရားမြတ်ကို နက်နက်နဲနဲ ခက်ခက်ခဲခဲဖြစ်စဉ် ကိုက်ကို ဒကာ ဒကာမတွေဖြစ်စေ၊ ဘုန်းကြီးတို့ဖြစ်စေပေါ့လေ မသိတော့ပါဘူးလို့ ဆိုလို့ရှိရင်ဖြင့် ဘာကြီးလှူလို့ ဘာကြီးတန်းနေနေ မျက်လုံးကတော့ သွားနေတာပဲ (မှန်ပါ့ ဘုရား) လှူတာတန်းတာကတော့ တစ်သက်မှ တစ်ခါ နှစ်ခါ သုံးခါ ကြီးကြီးကျယ်ကျယ်ဆိုရင်နော် (မှန်ပါ့)၊ မျက်လုံးက ဘယ်နှစ်ကြိမ် ဖွင့်သတုန်းမေးတော့ (မရေတွက်နိုင်ပါ ဘုရား)။

ဒါဖြင့် ဖွင့်တိုင်း ဖွင့်တိုင်းလဲ ဒီသုံးခု လာမလာ အကဲခတ် (လာပါတယ်)၊ လာတယ်တဲ့ လာရင်လဲ ပဋိစ္စသမုပ္ပါဒ် သုံးမျိုးက မလာပေဘူးလား (လာပါတယ်)၊ ပဋိစ္စသမုပ္ပာဒ် အလယ်ကဖောက်စတဲ့ တဏှာ၊ ဥပါဒါန်၊ ကံ အဆုံးကနေ ပြန်ပြန်ပတ်တဲ့ ဒေါသ၊ သောက၊ ပရိဒေဝ၊ အဝိဇ္ဇာ မလာဘူးလား (လာပါတယ် ဘုရား)၊ အစကနေ စတဲ့ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာကော မလာဘူးလား (လာပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပာဒ် ဘယ်နှစ်မျိုးလာတတ်သလဲ

ဒါဖြင့် မျက်လုံးဖွင့်လိုက်လို့ရှိရင် ပဋိစ္စသမုပ္ပာဒ် ဘယ်နှစ်မျိုးလာတတ်သလဲလို့ မေးလို့ရှိရင် ဘယ်နှယ့် ဖြေကြ ပါမလဲ (သုံးမျိုးလာပါတယ် ဘုရား)။

သုံးမျိုးလာတယ်ဆိုတော့ ဦးအောင်ဇံဝေက ဒီလိုချည်း ဖွင့်နေကြမှာပဲလို့ ငါက ဒီတရားထူး တရားမြတ် မနာရတဲ့ပုဂ္ဂိုလ် ဆရာကောင်း သမားကောင်း နည်းနာကို မရတဲ့ပုဂ္ဂိုလ်လူဖြစ်စေ၊ ရဟန်းဖြစ်စေ ဒီအတိုင်းဖွင့်မှာပဲ (မှန်ပါ့)၊ မဖွင့်ပေဘူးလား (ဖွင့်ပါတယ် ဘုရား)။

ဒီအတိုင်းဖွင့်လို့ရှိရင် ဒီအတိုင်းကလဲ ဖျက်လို့ရသေးရဲ့လား၊ ပဋိစ္စသမုပ္ပာဒ်က (မရပါ ဘုရား)။ မရတော့ ဒီအတိုင်း အပါယ်သွားရုံပဲ ရှိတာပဲ (မှန်ပါ့)

ဒါဖြင့် ကာယကံလုံ ဝစီကံလုံငြားသော်လဲ မနောကံ ဗွက်ပေါက်တယ်လို့မှတ်ရမယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကာယကံနဲ့ဆိုတော့ သူတစ်ပါးရိုက်လား၊ နှက်လားမလုပ်ပါဘူး၊ ဝစီကံနဲ့လဲ သူတစ်ပါးမျက်စောင်းထိုးလား ငေါ့လား ချိတ်လား မလုပ်ပါဘူး (မှန်ပါ့)၊ မနောကံက ဖောက်တယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်ကံဖောက်သတုန်း (မနောကံ ဖောက်ပါတယ် ဘုရား)၊ ဪ ဒါဖြင့် မျက်လုံး ဖွင့်လိုက်လို့ရှိရင် အပါယ် ရောက်ကြောင်းကိုလဲ ကြိုးစားတာပဲဆိုလို့ရှိရင်ဖြင့် မောင်အောင်ချီတို့ မောင်မြတို့မလွဲတော့ဘူး (မလွဲပါ ဘုရား)၊ ဦးအောင်ဇံဝေ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒီလိုဖွင့်မည့်ပုဂ္ဂိုလ်များ ဘယ်လောက်များသတုံးလို့ မေးလို့ရှိရင်ဖြင့် ဘယ့်နှယ်ဖြေကြမလဲ (မရေတွက် နိုင်ပါ)၊ မရေတွက်နိုင်ဘူး၊ အကုန် ဒီလိုဖွင့်နေတာပဲ (မှန်ပါ့)၊ ဒါဖြင့် တိရစ္ဆာန်တွေ ဖွင့်တာနဲ့ အတူတူဖြစ်နေတယ်၊ မဟုတ်ဘူးလား (မှန်ပါ့)။

တိရစ္ဆာန်ဖွင့်တာဟာလဲ စားစရာရှာတာရယ်၊ တစ်ကောင်က သူ့ထက်ဟန်ပန်ကြီးလို့ရှိရင် ကြောက်စရာမြင်တာ ရယ် (မှန်ပါ့)၊ တောတွေ တောင်တွေထဲ လျှောက်သွားလို့ဘာမှ မထင်ရှားတာတွေ မသိလိုက် မသိဖာသာ မြင်တာရယ် အဝိဇ္ဇာနဲ့နေတာရယ် ဒါမရှိဘူးလား (မှန်ပါ့)။

မျက်လုံးဖွင့်သင်ရတယ်

ဒါဖြင့် မင်းတို့ကို ဆရာဘုန်းကြီးက မျက်လုံးဖွင့်သင်ရတယ်ဆိုတာများ မင်းတို့က နာစရာများ ရှိသေးသလား၊ (မရှိပါ)၊ မရှိတော့ဘူး၊ အဘွားကြီးတွေကလဲ တို့ခေါင်းဖြူစွယ်ကျိုးကျမှ မျက်လုံးဖွင့် သင်နေမယ် ဆိုတော့ ကလေးကလေး လက်နှစ်ဖက်နဲ့ လက်ညှိုးနဲ့ လက်မညှပ်ပြီး မျက်စိကို မျက်ချေးတွေအုပ်နေလို့ ဖွင့်တာမဟုတ်ပါဘူး၊ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

အပါယ်သွားတဲ့ မျက်လုံးတွေနဲ့ ဖွင့်နေလို့ ခင်ဗျားတို့ ကိုယ်ကျိုးနည်းမှာစိုးလို့ ပြောနေတာပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ မျက်လုံးဆိုတာ စက္ခုန္ဒြေပဲ ဒါကြောင့် ဣန္ဒြိယဘာဝနာလို့ ဘုရားကဟောတာ။

ဒါဖြင့် အပါယ်သွားတဲ့ပုဂ္ဂိုလ်နဲ့ နိဗ္ဗာန်သွားတဲ့ပုဂ္ဂိုလ်နဲ့ လှညွန့်တို့ အုန်းကြည်တို့က ချိန်ကြည့် မျက်လုံးပေါက်နဲ့ သာချိန်ကြည့် ဘယ်ဟာများတယ်ထင်သတုန်း (အပါယ်သွားတာများပါတယ် ဘုရား)။

ဒါကြောင့် ဘုရားက ငါဟာ သဗ္ဗညုတဉာဏ်နဲ့ ကြည့်တယ်ကွာတဲ့၊ လူတွေရော ရဟန်းတွေရော အားလုံးပဲ ကြည့်တယ်၊ တစ်သိန်းတစ်ယောက် သုဂတိတော့ မသွားဘူးဟေ့တဲ့၊ သူကြည့်နေတယ်တဲ့ (မှန်ပါ့)၊ လူတစ်သိန်းသေလို့ တစ်ယောက်သုဂတိမသွားဘူး၊ အပါယ်ချည်းသွားတာပဲတဲ့ (မှန်ပါ့ ဘုရား)၊ ဘယ်နှယ်ကြောင့်ပါလိမ့်မတုန်းလို့ မောင်အောင်ချီက တွေးလုံးထုတ်ချင်သေးသလား (မထုတ်ချင်ပါ ဘုရား)၊ မထုတ်ချင်တော့ဘူး၊ မျက်လုံးသတိရပြီ ခုနင်က ဘယ်နှစ်ချက် လာသတုန်း (သုံးချက်လာပါတယ်)၊ သုံးချက် တစ်ခုခု လာတာပဲဆိုတာ မသေချာဘူးလား (သေချာပါ တယ် ဘုရား)။

အဲဒါကြောင့် လူတစ်သိန်းသေလို့ တစ်ယောက်သုဂတိမသွားပါဘူးဆိုတဲ့ အဓိပ္ပာယ်ဟာ မင်းတို့ဘုရားကို အပြောကြီးတယ်ဆိုမလား၊ မှန်ပါပေတယ်လို့ ဆုံးဖြတ်ချက်ချမလား (မှန်ပါပေတယ်လို့ ဆုံးဖြတ်ချက်ချပါမယ် ဘုရား)။

အဲဒါ သေသေချာချာမှတ်ကြ (မှန်ပါ့)၊ ဒါက ဒီလူ ကွက်ကွက်ကလေးတွင် ဒီညမှ ရီကော်ဒါသွင်းရင်း မင်းတို့ကို ငါပြောနေတယ်၊ ဒါမျိုးမနာရတော့ပါဘူးဆိုတဲ့ ပုဂ္ဂိုလ်ကျတော့ မောင်အောင်ချီတို့ လှညွန့်တို့က စဉ်းစားတာပေါ့၊ သွားပြီ (မှန်ပါ့)။

ဘယ့်နှယ်တုန်း (သွားပါပြီ) သွားပြီလို့ ပြောရုံမှတစ်ပါး ဒီ့ပြင်ဟာ အပိုပါသေးသလား (မပါပါ)၊ မပါတော့ဘူး အုန်းကြည် ရိပ်မိပြီနော် (မှန်ပါ့ ဘုရား)။

ကဲ ဒါ ဘယ်သူကမှ ဒီလို မဖြတ်တော့ဘူးဆိုတော့ ဒီပဋိစ္စသမုပ္ပါဒ်ဆိုတာလဲ ထင်ထင်ရှားရှားလဲ မှတ်လိုက် စမ်းပါ၊ ဘုရားမရှိလဲ ဒီပဋိစ္စသမုပ္ပါဒ်က ဒီအတိုင်းလည်သွားတာပဲ၊ ဘုရားရှိတော့ နာမည်တပ်ပြီး ပေးလို့သိကြရတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါ ဓမ္မနိယာမ ခေါ်တယ်

ဒါဖြင့် ဘုရားမရှိလဲ ဒီပဋိစ္စသမုပ္ပါဒ်က (ရှိပါတယ်) ရှိနေတာပဲ ဘုရားကော (ရှိနေပါတယ်) ရှိနေတာပဲ၊ ဘုရားက နာမည်ထပ်ပြီး ဟောတော်မူတာပဲရှိတယ်တဲ့၊ ဒါ ဓမ္မနိယာမ ခေါ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာတဲ့တုန်း ဒကာ ဒကာမတို့ (ဓမ္မနိယာမခေါ်ပါတယ်)၊ ဓမ္မသဘောအတိုင်း အမြဲသွားနေတာ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါ ဘာခေါ်ကြမယ် (ဓမ္မနိယာမပါ)၊ ဓမ္မနိယာမလို့ခေါ်လိုက်ဆိုတော့ ဪ ဒါဖြင့် ဒီ ဓမ္မနိယာမကို တို့ဖြတ် တောက်နိုင်ဖို့ အရေးဟာ ဆရာကောင်း၊ သမားကောင်း၏ နည်းယူမှရမယ် (မှန်ပါ့)၊ နည်းမယူရင် (မရပါ ဘုရား)။

မရဘူးတဲ့ ဒီလိုဖွင့်ပြီး သေသွားတဲ့ ပုဂ္ဂိုလ်တွေချည်းပဲလို့ ငါကပဲ တံမြက်စည်းလှဲ သိမ်းလိုက်ပါပြီကွာ၊ မင်းတို့က ငြင်းချင်သေးလား (မငြင်းချင်ပါ ဘုရား)။

မငြင်းနဲ့ ဒီအတိုင်းဖွင့်သွားကြတာပဲ၊ မြင်လိုက်ရင် လောဘ လာတာနဲ့ မြင်လိုက်တာ ဒေါသဖြစ်တာနဲ့ မြင်လိုက် ရင် ဘာမှမသိတာနဲ့ လောကလာထဲ ပဋိစ္စသမုပ္ပာဒ် အလယ်ကစ, ဘယ်လို့ပြောထားတယ်နော် (မှန်ပါ့ ဘုရား)။

ဒေါသလာလဲ အဆုံးက ပြန်ပတ်တယ်လို့ ပြောထားတယ်၊ မောဟလာရင် အစစတယ်လို့ မပြောဘူးလား (ပြောပါတယ်)၊ ဒါဖြင့် ဒီလိုဖွင့်တဲ့ လူအပေါင်း သိန်းပေါင်းများစွာ ရှိလိမ့်မယ်၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့် အပါယ်သွားသတုန်း

အဲဒီ သိန်းပေါင်းများစွာ ဘယ်သွားသတုန်းမေးတော့ ဘယ့်နှယ်ဖြေကြမလဲ (အပါယ်သွားပါတယ်)၊ ဘာဖြစ်လို့ သွားတာတုန်း၊ မဖွင့်တတ်လို့ သွားတာ (မှန်ပါ့ ဘုရား)။

နောက်က ဒကာ ဒကာမတွေ ဘယ့်နှယ်ကြောင့် အပါယ်သွားသတုန်း (မဖွင့်တတ်လို့သွားတာပါ)၊ ဘာ မဖွင့် တတ်တာတုန်း (မျက်လုံးမဖွင့်တတ်တာပါ)၊ အံမာလေး ဒါဖြင့် ဒီနေ့ည မျက်လုံးဖွင့်သင်တယ်ဆိုတာများ မင်းတို့က နာသေးသလားကွ (မနာပါ ဘုရား)။

နာစရာမရှိပါဘူးတဲ့၊ အမှန်ပြောနေတာ၊ ငါကပြောနေတယ်လို့လဲ မယူနဲ့ အပါဠိတော် ရွတ်လိုက်တယ်နော် (မှန်ပါ့)၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဂဇင်္ဂလတိုင်း ရွှေဝါးရှိတဲ့နေရာမှာ ရဟန်းတွေကို ဒါ ဟောနေတယ်နော် (မှန်ပါ့ ဘုရား)။

ကွာတဲ့ မင်းတို့ မြင်တယ်ဆိုလို့ရှိရင် မင်းတို့က ဝမ်းသာတယ်ဆိုတဲ့ လောဘလာမှာပဲကွတဲ့၊ မြင်လို့စိတ်ပျက် တယ်ဆိုတဲ့ ဒေါသလဲ လာမှာဘဲကွတဲ့ မြင်တဲ့တရားကလေးက ဘာမှမသိတဲ့ မောဟလဲ (လာမှာပါ)၊ လာမှာပဲဆိုတော့ လှညွန့် ရှင်းနေတာပဲ (မှန်ပါ့)၊ ဒီသုံးခု တစ်ခုခု ဘယ့်နှယ်တုန်း (လာမှာပါ ဘုရား)။

လာတော့ကို ပဋိစ္စသမုပ္ပါဒ်သုံးမျိုး ထွက်တယ်ဆိုတာ ဦးအောင်ဇံဝေက ငြင်းချင်းသေသလား (မငြင်းချင်ပါ)၊ ဒါ ဘာတရားတဲ့ဗျာ (နိယာမ တရားပါ ဘုရား)။

မောင်မြ ဘာတရားတဲ့တုန်း (နိယာမတရားပါ)၊ နောက် ဒကာ ဒကာမတွေ (နိယာမတရားပါ ဘုရား)။

ဓမ္မနိယာမကို ဓမ္မနိယတတာလို့ သံယုတ္တနိကာယ်များမှာ ဆိုထားတယ် ဒါ ဘယ်သူမတတ်နိုင်ဘူးကွတဲ့၊ ငါ ဘုရားနည်းကို ယူပြီး သကာလ ဖြတ်တောက်တတ်တဲ့ လူရှိရင်လဲ တော်ပါလိမ့်မယ်နော် (မှန်ပါ့ ဘုရား)။

ဒါဖြင့် မောင်အောင်ချီရေ အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)၊ နေ့တိုင်းဖွင့်နေတဲ့ဟာတွေ မျက်စိက နားကလဲ နေ့တိုင်းထောင်နေရတယ် (မှန်ပါ့)၊ မထောင်ရဘူးလား (ထောင်ရပါတယ် ဘုရား)။

ဒယ်အိုးခြောက်လုံးသွားတည်တယ်

နှာခေါင်းကလဲ နေ့တိုင်း ရှူရှိုက်နေရတာပဲ (မှန်ပါ့)၊ လျှာကလဲ နေ့တိုင်းစားနေရတာပဲ (မှန်ပါ့)၊ ကိုယ်ကလဲ နေ့တိုင်း ဝတ်ဆင်နေရတာ (မှန်ပါ့) ကိုယ်ကလဲ နေ့တိုင်း ဝတ်ဆင်နေရတာ (မှန်ပါ့)၊ မနေရဘူးလား (နေရပါတယ်) စိတ်ထဲကလဲ မနည်းကြံစည်နေရတာဆိုတော့ ဒွါရခြောက်ပါက်မှာ အလုပ်မလုပ်တဲ့ အပေါက်ကယ်လို့ တစ်နေ့ပါသေး သလား (မပါပါ ဘုရား)။

ဘယ်လို အလုပ်လုပ်နေကြသတုန်းလို့ တစ်ခါ ဆက်မေးပြန်တော့လဲ ဆရာကောင်း သမားကောင်းနည်းနာ မရလို့ရှိရင် ဒွါရခြောက်ပေါက်စလုံးမှာဘုရား၊ ငရဲအိုးသွားသွားတည်တာပဲ ငါလာရင် အဆင့်သင့်ဖြစ်ဖို့ (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒီကသွားရင် အဆင်သင့်ဖြစ်ဖို့ ဘယ်သူက တည်သတုန်း (ဒွါရ ခြောက်ပေါက်က တည်ပါတယ်)၊ ဒွါရခြောက် ပေါက်က နေပြီး ဒယ်အိုးခြောက်လုံးသွားတည်တယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒွါရခြောက်ပေါက်က နေပြီ ဘာလုပ်သတုန်း (ငရဲအိုးခြောက်လုံးတည်ပါတယ်)၊ ငရဲအိုး ခြောက်လုံး သွားတည် တယ်၊ ဆူနှင့်အောင်လို့ (မှန်ပါ့ ဘုရား)။

ဘာဖြစ်လို့တုန်းဆိုတော့ အို ဒီက တည်ထားမှ ဟိုရောက်တော့ အဆင်သင့်ဖြစ်မှာပေါ့ (မှန်ပါ့)၊ လှညွန့် ငြင်း ချင်သေးသလား (မငြင်းချင်ပါ ဘုရား)၊ မလိုပါဘူး၊ ကျောင်းဆောက် ဘုံပေါက်တာပဲ သဘောကျနေလို့ရှိရင် ဒါလဲ တစ်နေ့ကျတော့ ကျရမှာပေါ့ (မှန်ပါ့)၊ အုန်းကြည်တို့ကော ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဒါကြောင့် မင်းတို့ တော်အောင်မနေနဲ့ တော်အောင် တရားနဲ့လဲ ဒါ မရသေးဘူး၊ ရပါ့မလား (မရပါ)၊ မရ သေးဘူး၊ ဘာလှူ ဘာရောက်ဆိုတာနဲ့တော့ ဝေးပါသေးရဲ့ (မှန်ပါ့ ဘုရား)။

ဘာလုပ်ရင် အသက်ရှည်တယ်ကွ ဆိုရုံများနဲ့တော့ ဘာ သက်ရှည်တတ်မှန်းလဲမသိဘူး၊ ငရဲသက်ရှည် ချင်ရှည် နေဦးမှာ (မှန်ပါ့ ဘုရား)။

ပြုပြင်လို့ ပေါ်လာတဲ့တရား

ကဲ ဒါဖြင့် ဒီလိုလုပ်ကြပါစို့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကကွာတဲ့၊ မျက်လုံးဖွင့်လိုက်ရင် ဒီသုံးခုလာပါ လိမ့်မယ်တဲ့ (မှန်ပါ့ ဘုရား)။

လာတိုင်း လာတိုင်း မင်းတို့က ဝမ်းသာတဲ့စိတ်ကလေး လာလို့ရှိရင်လဲ လောဘစိတ်ကလေး လာလို့ရှိရင်လဲ ဪ သူသည် ပြုပြင်လို့ ပေါ်လာတဲ့တရားပဲ တွေးပါနော် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကြမ်းတမ်းတဲ့တရားကလေးလို့လဲ တွေးလိုက်စမ်းပါ (မှန်လှပါ ဘုရား)၊ ပြုပြင်လို့ပေါ်လာတဲ့တရား၊ ကြမ်းတမ်းလို့ ပေါ်လာတဲ့တရား၊ ကြမ်းကြမ်းတမ်းတမ်း ပေါ်လာတဲ့တရား ပဋိစ္စသမုပ္ပါဒ်၏ အကျိုးတရားကလေးပဲလို့လဲ တွေးလိုက် စမ်းပါ၊ ဒီပေါ်လာတဲ့ ဝမ်းသာလုံးကလေးကို (မှန်ပါ့)။

တွေးလိုက်တဲ့အခါကျတော့ ဪ သူတို့ ပဋိစ္စသမုပ္ပါဒ်တရား ကလေးပဲဆိုကတည်းက မင်းတို့ကသိပြီ၊ အင်း ဒါဟာ ဒုက္ခတရားကလေးပဲ၊ ပဋိစ္စသမုပ္ပါဒ်တရားပေါ်လာရင် ဒုက္ခက္ခန္ဓဿ ပေါ်တာပဲ၊ ဒါကလေးဟာ ဒုက္ခတရား ကလေးပဲ၊ သဘောကျပလား (ကျပါပြီ)၊ ကြမ်းတမ်းတဲ့ အနိစ္စတရားကလေးပဲဆိုရင်ကော လွဲသလား (မလွဲပါ ဘုရား)။

အေး ဒီလိုပေါ်လာသရွေ့ ဝမ်းသာတာကလဲ တွေးလိုက်ပေါ့ကွာ၊ ကြည့်လို့ ဝမ်းသာလာလဲ အင်း ဒုက္ခတရား ကလေး၊ အနိစ္စတရားကလေး မြန်မြန်တွေးလိုက်နော် (မှန်ပါ့ ဘုရား)။

မြန်မြန်တွေးလိုက်

ဘာမှမသိတာကလေးပေါ်တာလဲ မသိတာကလေး၊ ဒါ ပဋိစ္စသမုပ္ပာဒ်တရား၊ အကျိုးတရား၊ ဒုက္ခတရားကလေး၊ အနတ္တတရားကလေးလို့ မြန်မြန်တွေးလိုက်၊ တွေးလိုက်တဲ့အခါကျတော့ သူက တွေးစရာဖြစ်လာတယ်၊ တွေးတဲ့ဉာဏ်က နောက်ကမလိုက်ဘူးလား၊ (လိုက်ပါတယ် ဘုရား)။

လိုက်တော့ကို သူက အနိစ္စတရား၊ တွေးတာက မဂ္ဂတရား (မှန်ပါ့)၊ ရှေ့ကအနိစ္စ နောက်က မဂ္ဂသွားဖြစ်တယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ရှေ့က (အနိစ္စပါ)၊ နောက်က (မဂ္ဂပါ)၊ တွေးလုံးသာ တွေးလိုက်၊ တွေးလိုက်လို့ရှိရင်သူက အနိစ္စဆိုတာပြောတာ ပဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အနိစ္စလို့ ရှုနေမှ မဟုတ်ပါဘူးတဲ့၊ သူ့ဟာက သင်္ခတရားကလေး ပြုပြင်လို့ပေါ်လာတဲ့ တရားကလေးလို့ တွေးလိုက်ကတည်းကိုက တွေးလုံး လာသည်နဲ့တစ်ပြိုင်နက်တည်း ပဋိစ္စသမုပ္ပာဒ် ဆက်ပေးနိုင်သေးရဲ့လား (မဆက် နိုင်ပါ ဘုရား)၊ တွေးလုံးက ဉာဏ်ဖြစ်သွားတယ် (မှန်ပါ့)၊ အဲဒီတော့ နောက်ဆက်နိုင်သေးရဲ့လား (မဆက်နိုင်ပါဘုရး)၊

အဲဒီတွေးလုံးကလေးကို တွေးလိုက်ရင် ပြုပြင်လို့ပေါ်လာတဲ့ တရားကလေး၊ ကြမ်းတမ်းတဲ့တရားကလေး၊ ပဋိစ္စသမုပ္ပန္နတရားကလေး ဒီလိုတွေးလိုက်ပါတဲ့၊ တွေးလိုက်တော့သူရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် သူမရှိတော့ မရှိမှ သူက တွေးလုံးလာတဲ့အခါကျတော့ သူမရှိရင် သူကတခြားသော တရားကို တွေးလုံး မလာတဲ့ပုဂ္ဂိုလ်ဆိုရင် ရှိတဲ့တဏှာက ဥပါဒါန် သူလုပ်တော့မယ်၊ ငါ ချုပ်တော့မယ်၊ မင်း ဥပါဒါန်နေရစ်ဆိုတာ မထားခဲ့ ပေဘူးလား (ထားခဲ့ပါတယ် ဘုရား)။

အတွေးက ဖြတ်ပစ်လိုက်တယ်

ဥပါဒါန်ချုပ်သွားတော့ ကံနေရစ်တော့ဆိုတာကော မလာပေဘူးလား (လာပါတယ်)၊ သူက ဒီလို ထားနိုင်သေးရဲ့ လား (မထားနိုင်ပါ)၊ အတွေးက ဖြတ်ပစ်လိုက်တယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဘာကဖြတ်လိုက်သလဲ (အတွေးက ဖြတ်ပါတယ် ဘုရား)။

အတွေးက ဒါကလေးက ပဋိစ္စသမုပ္ပန္နတရားကလေး၊ ကြမ်းတမ်းတဲ့ တရားကလေး၊ သင်္ခတတရား ကလေးလို့ စာလိုက တွေးပေါ့ကွာ (မှန်ပါ့)။

သို့သော်လဲ မင်းတို့လဲ စာနဲ့ပေနဲ့ကလဲ ဝေးနေတော့ ဒါ ပါဠိတွေဖြစ်နေလို့ ဦးအောင်ဇံဝေ၊ ဒါကလေးဟာ ဖြစ်ပြီးပျက်မည့်တရားလို့ တွေးလဲ ပြီးတာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါကကလေး ဖြစ်ပျက်လို့သာ ရှုလိုက်တော့ (မှန်ပါ့)၊ ဝမ်းသာတဲ့ အလုံးကလေးလာရင် ဘာလုပ်မယ် (ဖြစ်ပျက် ရှုရပါမယ်)၊ ဖြစ်ပျက်ရှုပေးနော် (မှန်ပါ့)၊

ဟာ မြင်လိုက်လို့ စိတ်ချမ်းသာတာကလေး ပေါ်လာရင်ကော (ဖြစ်ပျက်ရှုရပါမယ်)၊ မြင်လိုက်လို့ ဘာမှမသိ လိုက်တာကလေး ပေါ်လာရင်ကော (ဖြစ်ပျက်ရှုရပါမယ်)၊ အဲ အဲဒီတော့ အဝိဇ္ဇာဖြစ်ပျက်ရှု (မှန်ပါ့)၊ တဏှာဖြစ်ပျက်ရှု (မှန်ပါ့)၊ ဒေါသကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ သူတို့သည် အဝိဇ္ဇာအဖြစ်နဲ့ရှေ့ကို ဆက်နိုင်သေးရဲ့လား (မဆက်နိုင်ပါ)၊ မဆက်နိုင်တော့ဘူးတဲ့၊ တွေးတော့ သတိပဋ္ဌာန်လဲ သွင်းလိုက်တယ် (မှန်ပါ့)။

ဖြစ်ပြီးပျက်တဲ့ တရားကလေးပဲ

”သမုဒယဓမ္မာနုပဿီဝါ စိတ္တသ္မိံ ဝိဟရတိ၊

ဝယဓမ္မာနုပဿီဝါ စိတ္တသ္မိံ ဝိဟရတိ၊

သမုဒယဝယဓမ္မာနုပဿီဝါ စိတ္တသ္မိံ ဝိဟရတိ” တို့က ပါဠိတော်ထဲ သွင်းတယ် (မှန်ပါ့)၊ ဒါကလေးဟာ ဖြစ်ပြီးပျက်တဲ့ တရားကလေးပဲ၊ သမုဒယတရား ဝယ တရားကလေးပဲနော် (မှန်ပါ့)။

ဒါကလေး တွေးလိုက်သည်နဲ့ တစ်ပြိုင်နက်တည်း သူ့နောက်က ဘာလိုက်လာသတုန်း (မဂ်လိုက်လာပါတယ် ဘုရား)။

ဒါဖြင့် အတွေးခံရတာက ဖြစ်ပျက်၊ သမုဒယ, ဝယ (မှန်လှပါ ဘုရား)။

ဒါဖြင့် အတွေးခံရတာက ဖြစ်ပျက်၊ တွေးလုံးက မဂ်ဆိုတော့ ပဋိစ္စသမုပ္ပာဒ် သုံးမျိုးစလုံးပေါ်ရာကိုသာ ဒီအတိုင်း ဖြစ်ပျက်လုပ်နေကြလို့ရှိရင်ဖြင့် ပဋိစ္စသမုပ္ပာဒ် ဆက်သေးရဲ့လား (မဆက်ပါ ဘုရား)။

မဆက်တော့ဘူး၊ သူက ဒုက္ခသစ္စာ၊ ဖြစ်ပျက်က ဒုက္ခသစ္စာသွားဖြစ်တယ်၊ ရှုလုံးကလေးက (မဂ္ဂသစ္စာသွားဖြစ်ပါ တယ် ဘုရား)။

အဲ နောက် ပဋိစ္စသမုပ္ပာဒ်တွေ သေတာက သမုဒယ သေတာ၊ မလာဘူးလား (လာပါတယ် ဘုရား)၊ နောက် ဇာတိ၊ ဇရာ၊ မရဏတွေ မလာတာက နိရောဓသစ္စာ (မှန်ပါ့)၊ မလာဘူးလား (လာပါတယ် ဘုရား)။

ဪ ဒါဖြင့် ဖွင့်သာဖွင့်ရှုပါ၊ မျက်လုံးကိုမှိတ်မရှုပါနဲ့ သွားရင်း လာရင်းဆိုရင်ပေါ့လေ (မှန်ပါ့)၊ ဖွင့်ရှုလဲ ဖြစ်တာပါပဲဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

မျက်လုံးဖွင့်တတ်ပလားကွ

ဒါဖြင့် မျက်လုံးဖွင့်တတ်ပလားကွ မောင်အောင်ချီရ (မှန်ပါ့)၊ အံမာ မင့်အသက်ဘယ်လောက်ရှိပလဲ မေးရဦး မှာပဲ၊ လေးဆယ်လောက် ရှိနေပြီမဟုတ်လား (မှန်ပါ့)။

အခု မျက်လုံးဖွင့်တတ်တယ်ဆိုတဲ့ဥစ္စာ အရင်ဖွင့်တတ်တာကတော့ကို ငရဲအိုးတည်တဲ့ ဖွင့်နည်းကိုးကွ (မှန်ပါ့)၊ အခုဟာက ငရဲမီးငြိမ်း၊ ငရဲမီးသိမ်းတဲ့ ဖွင့်နည်း (မှန်ပါ့ ဘုရား)၊ လှညွန့်မကွာဘူးလား (ကွာပါတယ် ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါတွေဟာ မင်းတို့အိမ်ပေါ်ကနေပြီး သကာလ အပါယ်သွားတယ် (မှန်ပါ့)၊ တိုက်ပေါ်ကနေပြီး (အပါယ်သွားပါ တယ် ဘုရား)၊ ဘယ်သူမှ မသိလိုက်ဘူး (မှန်ပါ့)။

မသိလိုက်ဘူး၊ ရောက်တော့ ရောက်တာပဲ၊ ကံကတော့ မြောက်သွားတာပဲ တဏှာ၊ ဥပါဒါန်းကံ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)၊ ဒေါသ၊ သောက၊ ပရိဒေဝ၊ အဝိဇ္ဇာ၊ သင်္ခါရမလာဘူးလား (လာပါတယ် ဘုရား)၊ သင်္ခါရပစ္စယာ ဝိညာဏံဆိုတော့ ဟော သင်္ခါရတည်းဟူသော ကံက ဝိညာဏ်ကို သွားကျေးဇူးပြုပြန်တယ်၊ ပဋိသန္ဓေဝိညာဏ်လာပြန် တာပဲ (မှန်ပါ့)။

မသိတာကျတော့လဲ ဘာမှ အမှတ်မထားပါဘူးဆိုတဲ့နေရာကျတော့ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာနဲ့ သွားပြန်တာပဲ (မှန်ပါ့)၊ မသွားဘူးလား (သွားပါတယ် ဘုရား)။

ဒါကြောင့် ခင်ဗျားတို့နောက်က အဘွားကြီးတွေ ခေါင်းဖြူစွယ်ကျိုး အချိန်ကျမှ မျက်လုံးဖွင့်သင်ရတယ်ဆို တော့ ခင်ဗျားတို့က မျက်ရည်များလဲ မကျပါနဲ့နော်၊ ကိုယ့်အဖွင့်ကဖြင့် အလွဲချည်းပဲဆိုတာ သေချာပလား (သေချာပါ ပြီ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် မျက်လုံးဖွင့်တတ်ပလားမေးတယ် (ဖွင့်တတ်ပါပြီ ဘုရား)၊ ဖွင့်တတ်ပြီ၊ အံမာ အတော်နေရာ ကျသွားပြီ၊ ဦးအောင်ဇံဝေရ ဟင် (မှန်ပါ့)၊ လှညွန့် ဖွင့်တတ်ပလားဟေ့ (ဖွင့်တတ်ပါပြီ ဘုရား)၊ အုန်းကြည်ကော (ဖွင့် တတ်ပါပြီ ဘုရား)။

ငရဲအိုးသိမ်းတဲ့ ဖွင့်နည်းက တစ်မျိုး

ဖွင့်တတ်ပြီ၊ ငရဲအိုးတည်တဲ့ဖွင့်နည်းက တစ်မျိုး၊ ငရဲအိုးသိမ်းတဲ့ ဖွင့်နည်းက တစ်မျိုး (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)၊ ဖွင့်နည်း ဘယ်နှစ်မျိုးရှိသလဲ (နှစ်မျိုးပါ ဘုရား)။

ဘယ်ဖွင့်နည်းနဲ့ ခင်ဗျားတို့ဖွင့်ရမှာတုန်းဆိုတော့ တပည့်တော်တို့ အပါယ်ကျမှာ အင်မတန်ကြောက်ပါတယ် ဘုရား၊ သုံးဆယ့်တစ်ဘုံလည်ရမှာလဲ အင်မတန် ကြောက်ပါတယ်ဆိုလို့ရှိရင်ဖြင့် ဘုရားက ဒီဖွင့်နည်းနဲ့ ဖွင့်လိုက်လို့ရှိ ရင်ကွာ မင်းတို့မှာ ဒီဉာဏ်ဟာ ဝိပဿနာဉာဏ်လို့ ဆိုငြားသော်လဲ ဝိပဿနုပေက္ခာဉာဏ်လို့ မှတ်လိုက်စမ်းပါနော် (မှန်ပါ့)။

ဝိပဿနာဉာဏ်ဆိုတော့ ဝိပဿနာမဂ်မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ အဲ ဝိပဿနုပေက္ခာလို့ ပြင်လိုက် စမ်းပါတဲ့ (မှန်ပါ့)၊ အဋ္ဌကထာဆရာက ဝိပဿနုပေက္ခာလို့ ပြင်လိုက်ပါတဲ့ (မှန်ပါ့)။

ဘာတဲ့တုန်း (ဝိပဿနုပေက္ခာပါတဲ့) ဝိပဿနုပေက္ခာဆိုတော့ ဒီဟာတွေ ရှေ့မှာပေါ်နေတဲ့ လောဘလဲ လောဘ ပဲလား၊ ဖြစ်ပျက်ပဲလား (ဖြစ်ပျက်ပါ ဘုရား)၊ ဒေါသဟာလဲ ဒေါသလား၊ ဖြစ်ပျက်လား (ဖြစ်ပျက်ပါ ဘုရား)၊ မောဟကော မောဟလားဖြစ်ပျက်လား (ဖြစ်ပျက်ပါ ဘုရား)။

အဲဒီ ဖြစ်ပျက် တစ်တန်းတည်းဖြစ်အောင် သူ့ဉာဏ်ထဲမှာ ရှုနိုင်တယ်၊ ဒါတွေကို သာယာနှစ်သက်ပြစ်မှားတယ် လို့ ဉာဏ်က ရှိသေးရဲ့လား (မရှိပါ ဘုရား)။

သင်္ခါရုပေက္ခာတတ်တာပဲ

ဒါဖြင့် ဒီဉာဏ်ကို ဝိပဿနာလဲ ဝိပဿနာပဲဆိုပါတဲ့၊ ဥပေက္ခာ ဉာဏ်လဲဆိုပါတဲ့၊ ဝိပဿနုပေက္ခာ (မှန်ပါ့)၊၊ ဒီကနေရှုလို့ရှိင် သင်္ခါရုပေက္ခာတတ်တာပဲတဲ့ (မှန်ပါ့)၊ ဒီက သင်္ခါရုပေက္ခာတက်လာလို့ရှိရင် ဟို အနုလောမဉာဏ်၊ မဂ်ဉာဏ်တွေ အကုန်လာတော့တယ် (မှန်ပါ့)။

ပေါ်လာရင် သောမနဿ မြင်လို့ ဝမ်းသာလာရင်လဲ ဖြစ်ပျက်ရှုကွ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ မြင်လို့ စိတ်မချမ်းသာရင်ကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ မြင်လို့ ဘာမှန်းမသိရင်ကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ ဘာမှန်းမသိတဲ့စိတ်ကတော့ ပေါ်သေးတာပဲ (မှန်ပါ့)၊ အဲဒီပေါ်တဲ့ စိတ်ကလေး ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုပါမယ်)၊ ဖြစ်ပျက်ရှုရမယ်ကွ မောင်မြရနော် (မှန်ပါ့)၊ ဖြစ်ပျက်ရှုလိုက်တော့ ဖြစ်ပျက်ရှုတဲ့ ဉာဏ်ကို ဝိပဿနုပေက္ခာဉာဏ်လို့ မှတ်လိုက် (မှန်ပါ့)။

သူကလဲ ဥပေက္ခာဉာဏ်ပြီးတော့ ဘယ်ဉာဏ် တက်မတုံးလို့ မေးတဲ့အခါကျတော့ ရှုပါများရင် သင်္ခါရုပေက္ခာ ဉာဏ်၊ သင်္ခါရုပေက္ခာပြီးရင် မဂ်ရှိတော့တယ်၊ အနုလောမတွေ ဘာတွေဆိုတာ ဝီထိနိယာမတွေ အစဉ်အတိုင်း တက်တာ (မှန်ပါ့ ဘုရား)။

ရှေ့တရားတွေက (သင်္ခါရတရားပါ ဘုရား)၊ နောက်ကနေပြီး သကာလ တစ်တန်းတည်း ဒါတွေက ဖြစ်ပျက် ဖြစ်ပျက်ချည်းပဲဆိုပြီး သကာလ ဉာဏ်က တစ်တန်းတည်းသွားတွေ့ ဒီဉာဏ်သည် ဝိပဿနာလို့ဆိုလဲ ဥပေက္ခာရှုနိုင်တဲ့ ဉာဏ်ပဲ (မှန်ပါ့)၊

ရှေ့ကဟာ တစ်တန်းတည်း ထားနိုင်တာကိုး (မှန်ပါ့)၊ အရုပ်ဆိုးတဲ့လူအတွက်လဲ ထူးသေးရဲ့လား (မထူးပါ ဘုရား)၊ အရုပ်ဆိုးတာ မြင်တဲ့စိတ်အတွက်ကော ထူးသေးရဲ့လား (မထူးပါ ဘုရား)၊ အကျည်းတန်မြင်တဲ့စိတ် အတွက်ကော (မထူးပါ ဘုရား)၊ ချောမောလှပတဲ့ပုဂ္ဂိုလ် မြင်စိတ်အတွက်ကော (မထူးပါ ဘုရား)၊ မထူးပါဘူးတဲ့၊ တွေဝေ တဲ့စိတ်တွေလာတာကော (မထူးပါ ဘုရား)၊ မထူးဘူး၊ ဘာချည်း တစ်တန်းတည်းဖြစ်သွားသတုန်း၊ (ဖြစ်ပျက် တစ်တန်း တည်းပါ ဘုရား)၊ ဖြစ်ပျက်ချည်း အကုန်ဖြစ်သွားတယ် (မှန်ပါ့)။

ဖြစ်ပျက်ချည်း မြင်တာပဲ

အဲဒီတော့ ဉာဏ်ကလဲ ဖြစ်ပျက်ချည်း မြင်တာပဲ (မှန်ပါ့)၊ တခြားဘာမြင်သေးသတုန်း (မမြင်ပါ ဘုရား)၊ ဖြစ် ပျက်ချည်း မြင်တာပဲဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဖြစ်ပျက်ချည်း မြင်တော့ကို ဒီဉာဏ်ကို ဝိပဿနုပေက္ခာဉာဏ်လို့ မှတ်လိုက် (မှန်ပါ့)၊ သူ့ ရှုပါများရင် သင်္ခါရုပေက္ခာဉာဏ်ပဲ (မှန်ပါ့)။

ဒါဖြင့် ဒီဟာလဲ မကောင်းဘူးလားလို့မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ကောင်းပါတယ် ဘုရား)၊ ဒီကနေရှုလဲ ရတာပဲတဲ့ အုန်းကြည် ရတယ်နော် (မှန်ပါ့)။

အဲဒါကွာတဲ့၊ ကျင့်သားမရသေးခင်က ခက်ပါလိမ့်မယ်တဲ့၊ ကျင့်သားရတဲ့အခါကျတော့ကို မင်းတို့ တံတွေးထွေး တဲ့အခါ ခက်ခက်ခဲခဲပဲ တွေးရသလားတဲ့၊ ကျန်းမာနေတုန်းထွေးတဲ့အခါမှာနော်၊ အလိုလိုပဲ တံတွေးတွေ အပြင်ဘက်ကို အလိုလိုပဲ လျှာကလေးနဲ့ သိမ်းတဲ့ပြီး သကာလ လေကလေးနဲ့ မှုတ်ထုတ်လိုက်တဲ့အခါ တံတွေးက အပြင်ဘက်ရောက် သွားတယ် (မှန်ပါ့)၊ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

တံတွေး ထွေးသလောက် မခက်ပါဘူးတဲ့

ခဲခဲယဉ်းယဉ်း ထုတ်ရသလားတဲ့ (မထုတ်ရပါ ဘုရား)၊ အလွယ်တကူနဲ့ ဖြစ်တယ် (မှန်ပါ့ ဘုရား)။

ဒီမှာလဲ ထို့နည်းအတူတူပဲတဲ့၊ ဒါ ရှုပါများလို့ရှိရင် မင်းတို့ တံတွေး ထွေးသလောက် မခက်ပါဘူးတဲ့၊ သင်္ခါရု ပေက္ခာဉာဏ်ဖြစ်ဖို့ (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

သင်္ခါရုပေက္ခာဉာဏ်ဖြစ်ဖို့ရာ (မခက်ပါ ဘုရား)၊ တံတွေးထွေး သလောက်မှ မခက်ပါဘူးတဲ့၊ အလွယ်ကလေးနဲ့ပဲ ဘာလာလာ၊ ဖြစ်ပျက် ရှုတော့မှာပဲနော် (မှန်ပါ့)။

ဝမ်းသာတဲ့ စိတ်လာရင်လဲ (ဖြစ်ပျက်ရှုရမှာပါပဲ)၊ ဝမ်းမသာတဲ့စိတ်လာရင်လဲ (ဖြစ်ပျက်ရှုရမှာပါပဲ) အလတ်စား လာရင်ကော (ဖြစ်ပျက်ရှုမှာပါပဲ)၊ လျှာပေါ်မှာ တံတွေးထွေးတာကမှ ခက်သေးတယ်ကွာ၊ဖြစ်ပျက်ရှုဖို့က ဘယ့်နှယ်နေ သတုံး (လွယ်ပါတယ်)၊ မလွယ်ဘူးလား (လွယ်ပါတယ် ဘုရား)။

အဲဒါကြောင့် ရှုလိုက်တဲ့ ဉာဏ်ဟာလဲ သင်္ခါရုပေက္ခာဉာဏ်ဖြစ်သွားပြီ၊ ဒါ သင်္ခါရတရားတွေက ရှေ့က ပျက်တာ တွေက (မှန်ပါ့)၊ သူတို့ တစ်တန်းတည်း ထားနိုင်တဲ့အတွက် သောမနဿ၊ ဒေါမနဿ၊ ဥပေက္ခာကို တစ်တန်းတည်းထား နိုင်တဲ့အတွက် ဒီဉာဏ်ဟာ တစ်တန်းတည်း မြင်တဲ့ဉာဏ်ဖြစ်သောကြောင့် သူ ဝိပဿနုပေက္ခာက နေပြီး သင်္ခါရုပေက္ခာ တက်မည့်ဉာဏ်ပဲ (မှန်ပါ့)၊ မောင်မြ မမြန်ဘူးလား (မြန်ပါတယ်)၊ ဒီဉာဏ်တက်ပြီးတော့ မဂ်ဉာဏ်ရှိတော့တာပဲကွ (မှန်ပ့ါ)။

ကဲ သိပ်ထိုင်နေစရာ သိပ်ပြီး အလုပ်လုပ်စရာရှိသေးရဲ့လား (မရှိပါ)၊ လမ်းကနေ ထိုင်ရှုနေရတယ်၊ ဟိုလူကို မရှုနဲ့၊ ကိုယ့်ပေါ်တဲ့စိတ်ကိုရှု (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အဖိုးတန် လားကွ (အဖိုးတန်ပါတယ်)၊ တံတွေးထွေးသလောက် မခက်ဘူးလို့ ဘုရားကိုက သေသေချာချာ ဟော တယ်နော် (မှန်ပါ့ ဘုရား)။

သုံးမျိုးလာတိုင်း ဘာလုပ်ကြမလဲ

ဒါဖြင့်ကွာ၊ နားက ကြားလို့ရှိရင်လဲ မောင်အောင်ချီ ဘယ်နှစ်မျိုးလာမလဲ (သုံးမျိုးလာပါမယ်)၊ သုံးမျိုးလာတိုင်း လာတိုင်း မင်းတို့က ဘာလုပ်ကြမလဲ (ဖြစ်ပျက်ရှုရပါမယ်)၊ ဖြစ်ပျက်ရှုတဲ့ဉာဏ်ကို ဘာဉာဏ်ခေါ်ကြမလဲ (ဝိပဿနုပေ က္ခာဉာဏ်ပါ ဘုရား)၊ ဝိပဿနုပေက္ခာဉာဏ်နော် (မှန်ပါ့)၊ ဝိပဿနာလဲ ဟုတ်တယ်၊ ဥပေက္ခာလဲ ဟုတ်တယ် (မှန်ပါ့)၊ ဒီဉာဏ်ရင့်သွားရင် ဘာဖြစ်မတုံး (သင်္ခါရုပေက္ခာဉာဏ်ဖြစ်ပါတယ်)၊ သင်္ခါရုပေက္ခာဉာဏ်ပြီးရင် မဂ်ဉာဏ်ပဲရှိတော့တယ်။

မောင်မြ သိပ်လွယ်ပါကလား (လွယ်ပါတယ်)၊ ဒါကြောင့် အားရှိတဲ့ ပုဂ္ဂိုလ်များ လက်မောင်းကလေးကွေးဖို့ ဆန့်ဖို့ရာ သိပ်ကြာသလား၊ ဝန်လေးသလား၊ ခဏပဲလား (ခဏပါ ဘုရား)။

ဒါလောက်ပဲကွာတဲ့၊ နိဗ္ဗာန်ရောက်ဖို့ရာ ဒါလောက်ပါပဲတဲ့၊ ဘုရားက ဟောနေတာ၊ ငါက ဥပမာတွေထည့် ဟောနေတာ မဟုတ်ဘူး၊ ဒါ ဘုရားပေးတဲ့ ဥပမာတွေပဲ (မှန်ပါ့)၊ နည်းကောင်းတော့ မောင်အောင်ချီ တစ်ချက်ပဲ (မှန်ပါ့)၊ လှညွန့် ကျေနပ်ပလား (ကျေနပ်ပါပြီ)၊ အုန်းကြည် (ကျေနပ်ပါပြီ ဘုရား)။

မလုပ်ဖြစ်မှာပဲ ငါစိုးရိမ်တယ် (လုပ်ဖြစ်အောင် လုပ်ပါမယ် ဘုရား)၊ လုပ်ဖြစ်အောင်လုပ်ရမယ် (မှန်ပါ့)၊ မောင်အောင်ချီကော (မှန်ပါ့ ဘုရား)။

ဟာ ဒီဟာ တော်တော်ခဲယဉ်းတယ်ဘုရားလို့ ဆိုမလားတဲ့၊ တော်တော် ခဲယဉ်းတယ်ဆိုရင် မျက်လုံးပိတ်ထား ကွာ (မှန်ပါ့)၊ ဖွင့်လိုက်ရင်တော့ ဒီ ဥစ္စာ ရှုစရာပေါ်လာတော့မှာဘဲ။

နိဗ္ဗာန်ရောက်ကြောင်းဟာ အနီးကလေးပါကလား

ဖွင့်လိုက်ရင် ဘယ့်နှယ်တုံး (ရှုစရာ ပေါ်လာမှာပါ ဘုရား)၊ ဖွင့်လိုက်ရင် ရှုစရာပေါ်မယ်ဆိုတော့ ဪ နည်းပေးလိုနေသေးလို့ပါလား၊ နည်းပေးမလိုလို့ရှိရင် နိဗ္ဗာန်ရောက်ကြောင်းဟာ အနီးကလေးပါကလားဆိုတာ သေသေ ချာချာပေါ်လာတာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဦးအောင်ဇံဝေ မေးရဦးမယ်၊ ခင်ဗျား ၆၈နှစ်ရှိနေပြီ မဟုတ်လား (မှန်ပါ့)၊ နိဗ္ဗာန်ရောက်တဲ့ မျက်လုံး ဖွင့်တတ်ပလားလို့မေးရင် (ဖွင့်တတ်ပါပြီ ဘုရား)။

အခု ဖွင့်တတ်ပါပြီဆိုတော့ ဒါ လူတိုင်းအလုပ်ပါပဲတဲ့၊ နောက်က အဘွားကြီးတွေကော (ဖွင့်တတ်ပါပြီ)၊ ဘယ်လောက်ကြာပြီတုန်း ဖွင့်တတ်တာ (အခုမှဖွင့်တတ်ပါတယ် ဘုရား)။

အခုမှ ဖွင့်တတ်တာ၊ နဂိုက ဖွင့်နေတာကတော့ ငရဲအိုးတည်နေတာ (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် နားလဲထောင်တတ်ပါပြီနော် (ထောင်တတ်ပါပြီ)၊ နှာခေါင်းကော (ရှူတတ်ပါပြီ)၊ ရှူတတ် ရှိုက်တတ် ပြီ၊ ရှူလိုက်လို့ ကောင်းရင်လဲ ဖြစ်ပျက်ရှု (မှန်ပါ့)၊ ရှူရတာ စိတ်ကိုပျက်နေတာပဲဆိုရင်ကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဒီ အနံ့ကြီး စိတ်ပျက်လိုက်တာ လာချင်လာပစ်လိုက်တာ၊ မလာဘူးလား (လာပါတယ်)၊ အနံ့တော့ လာတော့ လာရဲ့၊ ကိုယ်က ဘာမှ မသိလိုက်တဲ့ အဝိဇ္ဇာကော မလာဘူးလား (လာပါတယ်)၊ လာပြန်ဘာလုပ်ကြမယ် (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။

အဲဒီတော့ကိုတဲ့ နှာခေါင်းပေါက်ကလဲ သူ သုံးခုလာမှာပဲနော် (မှန်ပါ့ ဘုရား)။

ကဲ သွားဦးကွာ၊ လျှာပေါ်မှာ ခံတွင်းထည့်တဲ့အစာကလေး လာချင်လာမှာပဲ၊ ဒါကျတော့ ဝမ်းသာတဲ့သော မနဿ မလာဘူးလား (လာမှာပါ ဘုရား)။

စားတတ်ပလား

စားရတာလဲ လင်မယား ရန်ဖြစ်တဲ့ အစားမျိုးရှိသေးတယ်၊ ချက်ပုံ ပြုတ်ပုံက ညံ့လို့ (မှန်ပါ့)၊ အဲဒါက ဒေါမနဿ မလာဘူးလား (လာပါတယ် ဘုရား)။

တစ်ခါတစ်လေကျတော့ ဝမ်းပြည့်အောင် သိပ်လိုက်တာပဲ၊ ဘာရယ်လို့ အမှတ်မထားပါဘူးဆိုတော့လဲ ဘာမှ မသိလိုက်ဘူး၊ ဒါကျတော့ အဝိဇ္ဇာမလားဘူးလား (လာပါတယ် ဘုရား)၊ အဲဒီတော့ လာတိုင်း လာတိုင်း ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ်)၊ ဖြစ်ပျက် ရှုပါနော် (မှန်ပါ့)၊ ဖြစ်ပျက်ရှုရမယ်တဲ့၊ တော်တော်နေရာကျပလား (ကျပါပြီ ဘုရား)။

ကဲ ဒါဖြင့် စားတတ်ပလားလို့ မေးလို့ရှိရင်လဲ ဦးအောင်ဇံဝေရေ အခုမှ စားတတ်တာပဲ (မှန်ပါ့)၊ အခုမှ စားတတ်တာပဲ ဆိုတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒေါ်အေးရင်ကြီးတို့၊ ဟို မချိုတို့ လူစုတွေ နင်တို့စားတတ်ပလား။(စားတတ်ပါပြီ)၊ စားတတ်ပြီ၊ မအေးညွန့်တို့ စားတတ်ပြီနော် (မှန်ပါ့)၊ အေး ဒါကို စားတတ်အောင် စားရမယ် (မှန်ပါ့ ဘုရား)။

တစ်ယောက်တည်းနေ၊ တစ်ယောက်တည်းစား၊

ဒါကြောင့် ဘုရားက “ဧကာသနံ ဧကသေယျံ” တစ်ယောက်တည်းနေ၊ တစ်ယောက်တည်းစား၊ တစ်ယောက် တည်းအိပ်တာ ကောင်းတယ်ကွ။

ဘာကြောင့်တုန်းဆိုတော့ အခုလို သိထားတော့ နှလုံးသွင်းမမှားတော့ဘူး၊ နှစ်ယောက်ဆိုလို့ရှိရင် မေ့ကုန်ပြီ (မှန်ပ့ါ)၊ မမေ့ဘူးလား (မေ့ပါတယ် ဘုရား)။

တစ်ယောက်က ဟိုဟာထည့်ပေး၊ ဒီဟာထည့်ပေး၊ ဒါကလေး စားလိုက်ပါဦးလား ဆိုလို့ရှိရင် တစ်မျိုးဖြစ်သွား တယ်၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် စားတတ်ပလား (မှန်ပါ့)၊ စားတတ်ပြီနော် (မှန်ပါ့)၊ ဒါက ဒီနေရာမှာ သင်တာမဟုတ်ပါဘူး၊ ထမင်းပွဲမှာ သင်တာပါ (မှန်ပါ့)။

လှညွန့် ဘယ်သင်တာတုံး (ထမင်းပွဲမှာ သင်တာပါ)၊ ဒီမှာ ဘာမှ ကျွေးတာမှ မဟုတ်ဘဲနဲ့ နင်တို့ကို မဟုတ် ဘူးလား (မှန်ပါ့ ဘုရား)၊ ဘယ်မှာ သင်တာတုန်း (ထမင်းပွဲမှာပါ ဘုရား)။

အဲ ထမင်းပွဲမှာ အိမ်ရောက်လို့ ထမင်းပွဲတို့ ဘာတို့ စားတဲ့အခါမှာ (မှန်ပါ့)၊ အခုတော့ ဘယ့်နှယ်ဖြစ်နေကြ သတုန်းဆိုတော့ ဦးအောင်ဇံဝေတို့က ဒင်နာပါတီတို့၊ ဘာတို့ (မှန်ပါ့)၊ ဒါတွေလိုက်နေတော့ အပျော်စားတာကိုး (မှန်ပါ့ အပျော်စားတာပါ ဘုရား)၊

အပါယ်လေးပါးသွားပြီး ပျော်ကြမလို့

အပျော်စားတာ ဘယ်သွားပျော်ကြမလို့ စိတ်ကူးသလဲ (ငရဲသွား ပျော်မှာပါ)၊ အပါယ်လေးပါးသွားပြီး ပျော် ကြမလို့ဆိုတဲ့ အဓိပ္ပာယ် မရဘူးလားရသလား (ရပါတယ်) ဒီ အဓိပ္ပာယ်ပဲဆိုတဲ့ ဥစ္စာ မှတ်ထားကြပါနော် (မှန်ပါ့)။

ကိုင်း ဒါဖြင့် စားလဲ စားတတ်ပါပြီ၊ မျက်လုံးထဲ ဖွင့်တတ်၊ နားလဲ ထောင်တတ်၊ နှာခေါင်းလဲ ရှူတတ် ရှိုက် တတ်ပါပြီ၊ လျှာနဲ့လဲ စားတတ် သောက်တတ်ပါပြီ၊ ကိုယ်တော့ ဝတ်တတ်ပလားလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် လိုသေး တယ်တဲ့ဘုရားက အဝတ်သင်ရဦးမှာကွ ဘုရားက (မှန်လှပါ ဘုရား)။

လှညွန့် ဘာသင်မယ်ထင်သတုန်း (အဝတ်သင်မှာပါ ဘုရား) နင်တို့က ပေါ်ပင်ဝယ်ဝတ်နေလို့ ဒါ ဝတ်တတ်တယ် လို့ ထင်များနေရင်တော့ကွာ သွားပြီ (မှန်ပါ့)၊ အဘွားကြီးတွေကော အဝတ် ဝတ်တတ်အောင် သင်ပေးရဦးမယ်နော် (မှန်ပါ့ ဘုရား)။

အဝတ် ဝတ်တတ်အောင် သင်ပေးရမယ်

ဘာသင်ပေးရမှာတုန်း (အဝတ် ဝတ်တတ်အောင် သင်ပေးရမှာပါ ဘုရား)၊ အဝတ် ဝတ်တတ်အောင် သင်ပေးရ မယ်တဲ့။

အဝတ် ဝတ်တတ်တော့ကို တဲ့အထည်ကလေးတွေ ဝတ်လိုက်တဲ့အခါ ကိုယ်သဘောကျသွားဖြစ်တယ် (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါ ဘုရား)။

ဒါကျတော့ ဝမ်းထဲ ဘာပေါ်မတုန်း (သောမနဿပေါ်ပါတယ် ဘုရား)၊ သောမနဿပေါ်တယ်နော် (မှန်ပါ့)၊ သောမနဿဆိုတာ ကြိုက်တဲ့ တဏှာကလေးမဟုတ်ဘူးလား (မှန်ပါ့ ဘုရား)၊

ကြမ်းကြမ်းထော်ထော် ဝတ်လိုက်တဲ့အခါကျတော့ကို ဒေါမနဿပေါ်မှာပဲ၊ တစ်ခါတစ်လေကျတော့ လူထဲမို့ပဲ ကပျာကယာ ဝတ်လိုက်ရတဲ့အခါ ဘာမှန်းမှ မသိဘူး (မှန်ပါ့)။

ဒီလိုကော မရှိဘူးလား (ရှိပါတယ် ဘုရား)၊ ဒီကျတော့လဲ မောဟလာတာပဲ (မှန်ပါ့ ဘုရား)၊ မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒီတော့ ကိုယ်နဲ့ထိတော့ကို “ကာယဉ္စ ပဋိစ္စ ဖောဋ္ဌဗ္ဗေစ ဥပ္ပဇ္ဇတိ ကာယဝညာဏံ” ဆိုတဲ့ ဥစ္စာကလဲ ဒီ ဒကာ ဒကာမတွေမှာ လောဘနဲ့ ဝတ်လိုက်တဲ့အခါ ဒေါသနဲ့ ဝတ်လိုက်တဲ့အခါ မကျေမချမ်းနဲ့ ဝတ်လိုက်တဲ့အခါ ရှိသေးတယ် မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

ဘာမှ မသိဘဲနဲ့ ဝတ်လိုက်တဲ့အခါကော (ရှိပါတယ် ဘုရား)၊ ရှိတော့ လောဘ၊ ဒေါသ၊ မောဟ သုံးခုတစ်ခုခု မလာနိုင်ဘူးလား (လာနိုင်ပါတယ်)၊ လာလို့ရှိရင်ဖြင့် ပဋိစ္စသမုပ္ပာဒ် သုံးမျိုးထွက်ပြီး အပါယ်သွားကြမှာဘဲ၊ မဝတ်တတ် တဲ့အတွက် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အပါယ်ရောက်ကြောင်း ဝတ်တတ်နေလို့

ဘာဖြစ်လို့ သွားတာတုန်း (မဝတ်တတ်လို့ပါ)၊ မဝတ်တတ်လို့ လုံခြုံအောင်တော့ ဝတ်ကြတာပေါ့၊ ဒါကို သင်တာမဟုတ်ပါဘူး၊ အပါယ်ရောက်ကြောင်း ဝတ်တတ်နေလို့ ပြင်ပါဦးပြောတာ (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါ ပြီ ဘုရား)။

ဘယ့်နှယ်တဲ့တုန်း (အပါယ်ရောက်ကြောင်း ဝတ်တတ်နေပါတယ် ဘုရား)၊ အပါယ်ရောက်ကြောင်းတော့ ဝတ်တတ်တယ်၊ ခုနင်က ပြောတဲ့ နိဗ္ဗာန်ရောက်ကြောင်း မဝတ်တတ်ဘူး (မှန်ပါ့ ဘုရား)၊ အတော်အရုပ်ဆိုး မနေဘူး လား (ဆိုးပါတယ်)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒီလိုလုပ်ကြပေတော့ ကိုယ်ပေါ်မှာ ကောင်းစိတ်ကလေး ပေါ်လဲ ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ မကောင်းတဲ့စိတ်ကလေးပေါ်လဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ကောင်းတယ်လဲမဟုတ်ဘူး၊ မကောင်းတယ်လဲ မဟုတ်ဘူး၊ ကောက်ဝတ်လိုက်တာပဲဆိုတဲ့အခါကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ ကိုယ်ပေါ်မှာ ပေါ်တဲ့နေရာကလေး ကပ်ရှုပါ (မှန်လှပါ ဘုရား)။

ဥပမာမယ် ခါးကနေ ထိချင်ထိ၊ ရှေ့ပိုင်းကနေပြီး ထိချင်ထိမယ်၊ ထိတဲ့နေရာတော့ ပေါ်မှာဘဲ၊ တစ်ခုခု မပေါ်ပေးဘူးလား (ပေါ်ပါတယ် ဘုရား)။

”ကာယဉ္စ ပဋိစ္စ ဖောဋ္ဌဗ္ဗေစ ဥပ္ပဇ္ဇတိ ကာယဝိညာဏံ”ဆိုတဲ့ ဥစ္စာ လာမှာဘဲ (မှန်ပါ့)၊ “တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ”ဆိုတော့ သောမနဿ ဝေဒနာလာရင်လဲ လာမယ်၊ ဒေါမနဿဝေဒနာလာရင်ကော (လာမှာပါ ဘုရား)။

အဲ လာတိုင်း လာတိုင်း မောင်မြတို့က ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ကို သုံးခုစလုံးက ဖြစ်ပျက်၊ ရှုတာက (မဂ်ပါ)၊ မဂ်ပေမယ့် ဒီမဂ်က သင်္ခါရု ပေက္ခာဖြစ်တဲ့ မဂ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနုပေက္ခာမဂ်

ဝိပဿနုပေက္ခာမဂ်၊ ကျေနပ်ပလား (ကျေနပ်ပါပြီ)၊ ဒီတော့ ခုနင်က ပဋိစ္စသမုပ္ပာဒ် သုံးမျိုး မောင်အောင်ချီ ဘာဖြစ်သွားသတုန်း (မလာတော့ပါ ဘုရား)၊ မလာဘူး၊ ပြတ်တယ် (မှန်ပါ့)၊ မလာတော့ ပြတ်သွားတယ်။

ပြတ်ထွက်သွားတော့ကို တဏှာလဲ ပြတ်တယ်၊ ဒါသကော (ပြတ်ပါတယ် ဘုရား)၊ မောဟကော (မောဟလဲ ပြတ်ပါတယ် ဘုရား)။ လောဘ၊ ဒေါသ၊ မောဟတွေ ချုပ်ရာ၊ သိမ်းရာ ငြိမ်းရာကို ဘာခေါ်မလဲ (နိဗ္ဗာန်ပါ ဘုရား)။

ဪ ဒါဖြင့် မင်းတို့ အဝတ်ဝတ်တတ်လို့ နိဗ္ဗာန်ရောက်တယ် (မှန်ပါ့)။

ဘယ့်နှယ်ဆိုကြမလဲ (အဝတ် ဝတ်တတ်လို့ နိဗ္ဗာန်ရောက်တယ် ဘုရား)၊ အဝတ် ဝတ်တတ်လို့ နိဗ္ဗာန်ရောက်တယ်၊ မဝတ်တတ်လို့ ငရဲကြီးပွားရေးဖြစ်တယ် (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ မဝတ်တတ်ရင်တော့ (ငရဲ ကြီးပွားရေးပါ ဘုရား)။

အေး ဒါကြောင့် မင်းတို့ကလဲ ရန်ကုန်နေတော့ ရန်ကုန်ဆိုတဲ့ ဥစ္စာတွေကလဲ ကြွားလုံးဝါးလုံးတွေကလဲများ၊ တောထဲနေတဲ့ ပုဂ္ဂိုလ်တွေကလဲ ရန်ကုန်မို့ မသိတာကခက်၊ မဆိုးရွားဘူးလား (ဆိုးရွားပါတယ် ဘုရား)၊ အကုန်ဆိုးနေ တာပဲ။

အဘွားငြိမ်း ဝတ်တတ်ပလား (အခုမှ ဝတ်တတ်ပါတယ် ဘုရား)၊ တော်သေးတယ်၊ ဟင် (မှန်ပါ့)၊ အခုမှ ဝတ် တတ်တယ်ဆိုတော့ သင်တိုင်း ကလေးများရှိနေသေးသလား။

ကဲ ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မနောပေါက်ကနေပြီး သကာလ ကွာတဲ့၊ မင်းတို့ ကြံကြ၊ စည်ကြတာတွေလဲ ရှိပါသေးတယ်တဲ့၊ စိတ်ထဲ ဒီအကြံကလေးထည့်တဲ့အခါကျတော့ ညကျရင် နဖူးပေါ်လက်တင် စဉ်းစား၊ ကိုယ့်ဟာကိုယ် အကြံကလေးနဲ့ရင်လဲ ဒီလိုလုပ်ရင်လဲ ဒီလိုဖြစ်မှာပဲဆိုတော့ အင်း သောမနဿ လာပြန်တာပဲ ကွ (မှန်ပါ့)။

အို ဒီလူနဲ့လဲ အပြောရ အဆိုရကျပ်ပါတယ်၊ အံမာ တစ်ယောက်တည်းများ ကျပ်နေတဲ့အခါ ပါသေးတယ် (မှန်ပါ့)၊ မပါဘူးလား (ပါပါတယ် ဘုရား)၊ ဒါကျတော့ ဘာလာကြမယ် (ဒေါမနဿလာပါတယ် ဘုရား)။

တွေးသာတွေးနေတယ်

တစ်ခါတလေကျတော့ တွေးသာတွေးနေတယ်၊ ကိုယ့်တွေးလုံးတောင် ကိုယ် မမှတ်မိတဲ့ အခါလဲ ပါသေးတယ် (မှန်ပါ့)၊ အဲဒါကျတော့ အဝိဇ္ဇာလာတယ် (မှန်ပါ့)၊ မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒါတွေကျတော့ ဝမ်းထဲလှည့်ပြီး သကာလ ဝမ်းမြောက်တာလဲ ဖြစ်ပျက်ရှုပေါ့ကွာ (မှန်ပါ့)၊ ဝမ်းနည်းတာလဲ (ဖြစ်ပျက်ရှုပါ)၊ ဖြစ်ပျက်ရှုပါနော် (မှန်ပါ ဘုရား)။

သူဟာ သင်္ခတတရားပဲ၊ ဩဠာရိကတရားပဲ၊ ပဋိစ္စသမုပ္ပန္နတရားပဲလို့ စာလိုသုံးမနေဘဲနဲ့ မင်းတို့နားလည်တဲ့ နည်းနဲ့ ဖြစ်ပျက်သာရှုချ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒီလို ရှုလိုက်တဲ့အခါကျတော့ သုံးခုစလုံးဟာ လောဘအမည်၊ ဒေါသအမည် မောဟအမည်ပျောက်မသွားဘူး လား (ပျောက်သွားပါတယ် ဘုရား)။

အကုန်ဖြစ်ပျက်၊ တစ်တန်းတည်းဖြစ်သွားတယ် (မှန်ပါ့)၊ ဉာဏ်ကလဲ ဘယ်လိုမြင်သတုန်း မေးတော့ လောဘ မြင်သလား၊ ဒေါသ မြင်သလား၊ မောဟ မြင်သလားလို့ မေးတော့ ဖြစ်ပျက်မြင်တယ် (မှန်ပါ့ ဖြစ်ပျက်မြင်ပါတယ် ဘုရား)။

ဒါဖြင့် ဉာဏ်က တစ်တန်းတည်းမြင်တယ် (မှန်ပါ့ ဘုရား)၊ ဒါကြောင့် ဒီ ဉာဏ်သည် ဝိပဿနုပေက္ခာဉာဏ်၊ တစ်တန်းတည်းမြင်လို့ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

တစ်တန်းတည်း မြင်သောကြောင့် သူ့ကို ဘာဉာဏ်ခေါ်ကြမယ် (ဝိပဿနုပေက္ခာဉာဏ်ပါ ဘုရား)၊ ဝိပဿနု ပေက္ခာဉာဏ်လို့ခေါ်လိုက်တော့ ဝိပဿနာလဲဟုတ်တယ်တဲ့၊ ဥပေက္ခာလဲ ထားနိုင်တယ် (မှန်ပါ့)၊ ဒီကနေတတ်ရင် သင်္ခါရုပေက္ခာ၊ သင်္ခါရုပေက္ခာပြီးရင် မဂ်ပဲ (မှန်ပါ့)၊ ဆိုတော့ ဒီဉာဏ်ကနေပြီးတက်ရင် မောင်မြ ဝေးသေးသလား (မဝေးပါ)၊ ပေါ်ပလားကွ (ပေါ်ပါပြီ ဘုရား)။

အဝတ်ဝတ်ရင်းလဲ နိဗ္ဗာန်ရောက်တဲ့တရား

ဒါဖြင့် အဝတ်ဝတ်ရင်းလဲ နိဗ္ဗာန်ရောက်တဲ့တရားရှိတာပဲ (မှန်ပါ့)၊ မရှိဘူးလား (ရှိပါတယ် ဘုရား)။

အဝတ်ဝတ်ရင်းလဲ (နိဗ္ဗာန်ရောက်တဲ့တရားရှိပါတယ် ဘုရား)၊ ရှိတာပဲတဲ့ အဝတ်ဝတ်ရင်း အပါယ်သွားတဲ့တရား လဲ (ရှိပါတယ် ဘုရား)၊ ရှိတာပဲဆိုတော့ မင်းတို့ကလဲ အပါယ်ကြောက်လိုက်တာ လွန်လို့နော် (မှန်ပါ့)၊ အဝတ်ကလဲ မဝတ်တတ်တော့ကို ဝတ်တိုင်း ဝတ်တိုင်းလဲ အပါယ်ချည်း သွားနေတာပဲ (မှန်ပါ့)။

ကဲ ဒါဖြင့် ဒီနေ့ မျက်လုံးဖွင့်လဲ သင်ပြီးပြီ၊ နားထောင်တဲ့နည်းကော (သင်ပြီးပါပြီ ဘုရား)၊ နှာခေါင်းက ရှုနည်း၊ ရှိုက်နည်းကော (သင်ပြီးပါပြီ)၊ လျှာက စားနည်း သောက်နည်း (သင်ပြီးပါပြီ)၊ ကိုယ်ကလဲ ထိုနည်းအတူပဲ ဝတ်ခြင်း ခြုံခြင်းကော (သင်ပြီးပါပြီ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ မနောပေါက်ကလဲ ကြံလုံးဖန်လုံးကော (သင်ပြီးပါပြီ ဘုရား)။

သင်ပြီးပြီတဲ့၊ ဒီဟာတွေကွာတဲ့၊ မခဲယဉ်းပါဘူးတဲ့၊ အင်မတန်မှ လွယ်ကူပါတယ်။

အဲဒီတော့ ဒီ ဒကာ ဒကာမတွေ၌ ဒီအတိုင်းသာ ရှုသွားမယ်ဆိုလို့ရှိရင် ဒါ ဣန္ဒြေလုံခြုံပါပြီကွာတဲ့၊ မျက်လုံး ပေါက်ကလဲ အပါယ်မသွားပါဘူးတဲ့၊ နားပေါက်ကကော (မသွားပါ ဘုရား)၊ ဒါဖြင့် ဣန္ဒြေလုံခြုံသောကြောင့် ဒါ ဣန္ဒြိယ ဘာဝနာတရားတဲ့ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဣန္ဒြိယဘာဝနာတရား

ကောင်းပြီ၊ ဒီလိုဖြင့် ဒါ ဣန္ဒြိယဘာဝနာတရားလို့လဲ ဆိုတယ်၊ အလုပ်လဲ မင်းတို့လုပ်တတ်ကြပလား (လုပ် တတ်ပါပြီ ဘုရား)၊ မျက်လုံးပေါက်ကလဲ သုံးခုပေါ်နိုင်တယ်၊ ပေါ်ရာရှု (မှန်ပါ့ ဘုရား)၊ နားပေါက်ကကော (သုံးခုပေါ် နိုင်ပါတယ် ဘုရား)။

အဲဒါ ကြားစိတ်မမိလိုက်လို့ရှိရင် ဒါ ရှုတာပေါ့ (မှန်ပါ့ ဘုရား)၊ ကြားစိတ်မိလဲ ကြားစိတ်ရှုပေါ့၊ (မှန်ပါ့)၊ ဟာ ကြားစိတ်မမိဘူး၊ ဝမ်းသာမှ တပည့်တော် သတိရတယ်ဆိုရင် ဝမ်းသာတဲ့စိတ် ဖြစ်ပျက်ရှု (မှန်ပါ့)၊ ဝမ်းနည်းတာကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ ဝမ်းနည်းတာလဲ ဖြစ်ပျက်ရှုပေး၊ ဝမ်းနည်းသက်ရှည်မနေနဲ့ဦး (မှန်ပါ့)။

တစ်ချို့ကတော့ ဝမ်းနည်းတာကိုပဲ သုံးနှစ်သုံးမိုး မမေ့သေးဘူးဆိုပြီး သတင်းစာများ ထည့်နေတာပါသေးတယ် (မှန်ပါ့)၊ မပါဘူးလား (ပါပါတယ် ဘုရား)၊ ပါတယ်တဲ့ ဒီနေ့၊ ဒီရက်၊ ဒီအချိန်မှာ သတိရလွမ်းဆွတ်ပါတယ်ဆိုပြီးတော့ အံမာလေး ပါနေလိုက်တာ၊ အဲဒါ ပိုက်ဆံနှစ်ကျပ် အကုန်ခံရတယ်၊ နည်းနည်းနောနော မဟုတ်ဘူး (မှန်ပါ့)။

အပါယ်နှစ်ကျပ်နဲ့ ပေးဝယ်တာ

ဒီမှာ ပိုက်ဆံနှစ်ကျပ်ကုန်တယ်၊ အပါယ်ကျတော့သွားပြီ၊ သတင်းစာထဲ ဒီအတွက် ကလေးထည့်တာ နှစ်ကျပ် လောက်ပေးရသေးတယ် (မှန်ပါ့ အပါယ်နှစ်ကျပ်နဲ့ ပေးဝယ်တာ ပါပဲ ဘုရား)၊ အပါယ်နှစ်ကျပ်နဲ့ ပေးဝယ်တာပဲ၊ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါ မြိ့ကြီး ပြကြီးတွေကျတော့ သူတို့က ဂုဏ်ယူနေတာ (မှန်ပါ့ ဘုရား)၊ ခက်လိုက်တဲ့ဖြစ်ခြင်း၊ မောင်မြ မင်းလဲ ဖတ်ဖူးမှာပါ့ (ဖတ်ဖူးပါတယ် ဘုရား)၊ ကဲ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒါက ပုထုဇဉ်တို့မှာ ဒီဉာဏ်နဲ့ တက်သွားလို့ရှိရင် အရိယာဖြစ်တာပဲ (မှန်ပါ့ ဘုရား)၊ သဘောကျပလား၊ (ကျပါပြီ ဘုရား)။

နက်ဖြန်ကျလာတော့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ဆိုတဲ့ သုံးယောက်ရှိတယ်၊ သူတို့ကျတော့လဲ ဒါပေါ် တော့ ဘယ်လို လုပ်သတုန်းဆိုတော့ ဘုရားက ဟောလိမ့်မယ် (မှန်ပါ့)၊ ရဟန္တာကျတော့လဲ ဘယ်လို ပေါ်တယ်မပေါ် ဘူးဆိုတာ ဘုရားက ဟောလိမ့်မယ်၊ သုံးချက်ကို (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက်ရှုရမယ်

ဒါဖြင့် ခင်ဗျားတို့အတွက်ကတော့ ယနေ့ တော်တော်ရှင်းသွားပြီ၊ မျက်လုံးပေါက်က လောဘ၊ ဒေါသ၊ မောဟ လာရင် (ဖြစ်ပျက်ရှုရပါမယ်)၊ နားပေါက်က လောဘ၊ ဒေါသ၊ မောဟလာရင် (ဖြစ်ပျက်ရှုရပါမယ်)၊ အို ဝမ်းထဲရှိတာရှု၊ လောဘ၊ ဒေါသ၊ မောဟ ဝမ်းထဲမှာပေါ်တာမဟုတ်ဘူး (မှန်ပါ့)၊ မျက်လုံးထဲမှာ မြင်စိတ်သာပေါ်တာ (မှန်ပါ့ ဘုရား)၊ လောဘ၊ ဒေါသ၊ မောဟ ဝမ်းထဲမှာချည်းပေါ်တယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သူတို့လဲ ပြိုင်ပေါ်နိုင်သလား၊ တစ်ခုပြီးမှ တစ်ခုပေါ်နိုင်သလား (တစ်ခုပြီးမှ တစ်ခုပေါ်နိုင်ပါတယ် ဘုရား)၊ အဲ တစ်ခုတည်းပေါ်တာဖြင့် အကုန်မိအောင်ဖမ်းပေါ့ (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ကဲ အားလုံး ရှုတတ်ပလား (ရှုတတ်ပါပြီ ဘုရား)။

ကဲ ယန့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။