ဣန္ဒြေလုံခြုံအောင်စောင့်နည်း (၁)
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မိုးကုတ်မြို့ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်
ဟောကြားဆုံးမတော်မူအပ်သော
ဣန္ဒြေလုံခြုံအောင်စောင့်နည်း (၁)
(၇-၅-၆၂)
ဝိပဿနာအလုပ်ဆိုတာ
ဝိပဿနာအလုပ်ဆိုတာ ဘာပါလိမ့်မတုံးလို့ မေးမနေကြနဲ့နော် (မှန်ပါ့)၊ ဝိပဿနာအလုပ်ဆိုတာ ဒုက္ခသိမ်းတဲ့ အလုပ်လို့ တိုတို မှတ်ထားလိုက်လို့ရှိရင် ပြီးတာပဲ (မှန်ပါ့)။
ဦးအောင်ဇံဝေ ဝိပဿနာအလုပ်ဆိုတာဘာပါလိမ့် (ဒုက္ခသိမ်းတဲ့အလုပ်ပါ ဘုရား)၊ ဒုက္ခသိမ်းတဲ့အလုပ်။
ဒုက္ခဟာ လူတိုင်း စက်ဆုပ်တဲ့အလုပ်ဖြစ်နေတော့ ဒုက္ခသိမ်းတဲ့အလုပ်ကို မလုပ်တတ်လို့ရှိရင် ဒုက္ခရှိတဲ့ပုဂ္ဂိုလ် ဟာ ဒုက္ခပဲပြန်တွေ့မယ်ဆိုတဲ့ဥစ္စာ မှတ်ထားရမယ် (မှန်ပါ့)။
ဒီ့ပြင် အလုပ်တွေက ဒုက္ခသိမ်းပါ့မလားလို့ မေးတဲ့အခါကျလို့ရှိရင် ဒါန လုပ်လိုက်တယ်။ သူ့ချည်းသက်သက် သာလုပ်နေမယ်၊ ဝိပဿနာလဲ မပါတော့ဘူးဆိုလို့ရှိရင်ဖြင့် ဒုက္ခကလေးနဲ့ ဒုက္ခကြီးလဲလိုက်တာနဲ့ အတူတူပဲလို့ မှတ်လိုက် စမ်းပါ (မှန်ပါ့ ဘုရား)၊ ဒုက္ခကလေးနဲ့ (ဒုက္ခကြီးလဲလိုက်တာပါ ဘုရား)။
ကျောင်းဆောက်၊ ဘုရားတည် အမျိုးမျိုးအဖုံဖုံ လုပ်ကြတယ်၊ ဒုက္ခမမြင်ပဲနဲ့လုပ်တဲ့လူဟာ ဘယ်လိုအောက်မေ့ ကြမတုံး (ဒုက္ခကြီးနဲ့ ဒုက္ခကလေးလဲတာပါ ဘုရား)၊ အဲ ဒုက္ခကလေးနဲ့ ဒုက္ခကြီးလဲတာပဲ။
ဒုက္ခကို မြင်အောင် လုပ်တဲ့ပုဂ္ဂိုလ်မှသာလျှင် ဒုက္ခကျွတ်ရာကို ရောက်နိုင်တယ်ဆိုတဲ့ဥစ္စာ မောင်အောင်မြ တို့ မှတ်ထားရမယ် (မှန်ပါ့)။
သိမှုက ရှေ့ထား
ဒါဖြင့် ဒီအရေးဟာ သိမှုက ရှေ့ထားပြီး လုပ်မှုက နောက်ထားမှ အမှန်ရောက်မယ်ဆိုတာ မှတ်ထားရမယ် နော် (မှန်ပါ့ ဘုရား)။
သိမှုက ဘာတုန်း (ရှေ့ထားရမှာပါ)၊ လုပ်မှုက (နောက်ထားရမှာပါ)၊ နောက်ထားရမယ်ဆိုတာကို သိမှသာလျှင် အချိုးကျမယ် (မှန်ပါ့)၊ နို့မဟုတ်လု့ိရှိရင် အချိုးကျစရာမြင်သေးရဲ့လား (မမြင်ပါ ဘုရား)၊ မမြင်တော့ဘူး။
ဒါဖြင့် အခုလူတွေလုပ်နေတာ ဦးအောင်ဇံဝေ၊ မောင်အောင်မြ အလွဲနဲ့အချော်ချည်းပဲလို့ စွဲချက်တင် လိုက်ရင် ရတယ်နော် (မှန်ပါ့)၊ အသိက ဘာဖြစ်နေသတုန်း၊ နောက်ကျနေတယ်၊ အလုပ်က (ရှေ့ကျပါတယ် ဘုရား)၊ ရှေ့ကျနေတော့ ကို အလွဲနဲ့အချော်ဖြစ်မျာကိုပဲ အင်မတန် စိုးရိမ်ရတယ်ဆိုတာပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
အဲဒီတော့ကို ဘာတုန်းလို့ မေးတဲ့အခါကျတော့ ပဋိစ္စသမုပ္ပာဒ်ဖြတ်မှုကို ရှေ့ထားရမယ် (မှန်ပါ့)၊ ဖြတ်လိုက်ရင် ဘာဖြစ်လို့ ဖြတ်သတုန်းလို့ မေးလို့ရှိရင် ပဋိစ္စသမုပ္ပာဒ်ဆိုတော့ ဒုက္ခတွေပဲ၊ အဲဒီ ဒုက္ခတွေကို သိလိုဖြတ်တာပဲ၊ အဓိပ္ပာယ် စပ်မိပလား (စပ်မိပါပြီ ဘုရား)။
ဒုက္ခတွေသိလို့ ဘာတုန်း (ဖြတ်ပါတယ်)၊ ဖြတ်တာပဲဆိုတာ အချိုးမကျဘူးလား (ကျပါတယ် ဘုရား)။
ပဋိစ္စသမုပ္ပာဒ် မသိဘဲနဲ့ သစ္စာလဲမသိဘူး
အဲဒါကြောင့် ပဋိစ္စသမုပ္ပာဒ် မသိဘဲနဲ့ သစ္စာလဲမသိဘူး၊ သစ္စာမသိဘဲနဲ့ ဒါန သီလတွေလျှောက်လုပ်နေမယ် ဆိုရင် ဒုက္ခကလေးနဲ့ ဒုက္ခကြီးလဲတာနဲ့ အတူတူဖြစ်နေတယ် (မှန်ပါ့)၊ သဘောပါကြပလား (ပါ ပါပြီ ဘုရား)။
ဒုက္ခကလေးနဲ့ (ဒုက္ခကြီးလဲတာပါ ဘုရား) ဒုက္ခကြီးလဲတာ အတူတူဖြစ်နေလို့ရှိရင်ဖြင့် မလဲကောင်းဘူးဆိုတော ကို ဆရာဘုန်းကြီးက ကန့်ကွက်လိုက်တယ်နော် (မှန်ပါ့) ဘာတဲ့တုန်း (ဒုက္ခချင်း မလဲကောင်းပါ ဘုရား)။
ဒုက္ခကလေးနဲ့ ဒုက္ခကြီးလဲတာများ ခင်ဗျားတို့အကြိုက် ကျပါရဲ့လားလို့ မေးလို့ရှိရင်ဖြင့် ဒုက္ခဆိုတာ ရှောင်နိုင် ရှားနိုင်လေ ကောင်းလေလေပဲ (မှန်ပါ့)၊ ရှောင်နိုင် ရှားနိုင်လေ ကောင်းလေလေကို လဲယူပါတယ်ဆိုတဲ့လူ ဒီလူလောက် မိုက်တာတော့ ရှာတွေ့သေးရဲ့လား (မတွေ့ပါ ဘုရား)၊ မတွေ့တော့ဘူးဆိုတော့ မိုက်ချက် ပြင်းထန်တယ်လို့ဆိုရင် လွဲ ပါ့မလား (မလွဲပါ ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတွေမှာ မိုက်ချက်ပြင်းထန်တာကိုလဲ ဘာဖြစ်လို့ မိုက်ချက်ပြင်းထန်ရတုန်းလို့မေး တော့ ပဋိစ္စသမုပ္ပာဒ်ဖြတ်တတ်လို့၊ ဘာဖြစ်လို့ မဖြတ်တတ်သတုန်းဆိုတော့ သစ္စာမသိလို့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။
သစ္စာမသိလို့ ပဋိစ္စသမုပ္ပါဒ်လဲ မဖြတ်တတ်ဘူး
သစ္စာမသိလို့ ပဋိစ္စသမုပ္ပါဒ်လဲ မဖြတ်တတ်ဘူး၊ မဖြတ်တတ်တော့ကို ပဋိစ္စသမုပ္ပါဒ်ဆက်တယ်၊ ဆက်တဲ့အခါ ကျတော့ ဘုရားက “ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” ဒုက္ခသစ္စာဖြစ်ကြောင်းတွေပါကွာ သူတို့လုပ်နေတာ၊ ဒီအဓိပ္ပာယ် မရဘူးလား ရသလား (ရပါတယ် ဘုရား)။
အဲဒါတွေ သေသေချာချာ စဉ်းစားတော့မှ ဪ ပဋိစ္စသမုပ္ပါဒ် ပြတ်အောင် လုပ်တဲ့ပုဂ္ဂိုလ်သည် ဒုက္ခကြောက် တဲ့ပုဂ္ဂိုလ်ပဲ (ဝါ) နိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်ပဲဆိုရင် မလွဲပါဘူး (မလွဲပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ပြောကြပါစို့တဲ့၊ ဘယ်နည်းနဲ့ ဒီဒုက္ခကြီးကို အချက်အလက်ဖြတ်ရပါမလဲလို့ ဒုက္ခဖြတ်နည်း နိဿရည်း ကိုပဲ တပည့်တော်ကို ပေးပါတော့၊ ဒုက္ခပြတ်မှလဲ နိဗ္ဗာန်းအရပ်သို့ ရောက်မှာဖြစ်နေတော့ မောင်အောင်မြရေ၊ “ဒုက္ခ နိရောဓော ဟောတိ”ဖြစ်အောင် လုပ်ရလိမ့်မယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒုက္ခနိရောဓော ဒုက္ခချုပ်ခြင်းသည်၊ ဟောတိဖြစ်၏ ဆိုမှသာလျှင် ခင်ဗျားတို့သည် အမှန်တရားကိုရမှာပါ (မှန်ပါ့)၊ သဘောပါပလား (ပါ ပါပြီ ဘုရား)။
ဒုက္ခနိရောဓော မလုပ်တတ်တဲ့ပုဂ္ဂိုလ်
ဒါဖြင့် ဒုက္ခနိရောဓော မလုပ်တတ်တဲ့ပုဂ္ဂိုလ်ဖြင့် ဒုက္ခသမုဒယော ဟောတိ ဒုက္ခဖြစ်ကြောင်းသာ ဖြစ်၏၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဒါဖြင့် ဒုက္ခသမုဒယောနဲ့ ဒုက္ခနိရောဓောကို မလုပ်တတ်တဲ့ပုဂ္ဂိုလ်များမှာ “ဒုက္ခသမုဒယော ဟောတိ” မှတ်လိုက် စမ်းပါ၊ ဒုက္ခဖြစ်ကြောင်း လုပ်တာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
လုပ်တတ်တဲ့ပုဂ္ဂိုလ်မှာ “ဒုက္ခနိရောဓော ဟောတိ” ဒုက္ခချုပ်အောင် လုပ်တာပဲဆိုရင် မတည့်သေးဘူးလား (တည့်ပါတယ် ဘုရား)။
ဒါဖြင့် ဒုက္ခနိရောဓောဖြစ်အောင် လုပ်ချင်တဲ့ပုဂ္ဂိုလ်သည် နိဗ္ဗာန် လိုချင်တဲ့ပုဂ္ဂိုလ်အစစ် (မှတ်ပါ့)၊ ဒုက္ခသမုဒယော ဟောတိလုပ်တဲ့ ပုဂ္ဂိုလ်သည် နိဗ္ဗာန်နဲ့ ဝေးတဲ့ပုဂ္ဂိုလ်၊ နိဗ္ဗာန် ခြေကန်နေတဲ့ ပုဂ္ဂိုလ် ဆိုလို့ရှိရင် ဦးအောင်ဇံဝေတို့ လွဲပါ့ မလား (မလွဲပါ ဘုရား)။
ဒီစကားဟာ အင်မတန် အရေးကြီးပါတယ်ဆိုတာ မောင်အောင်မြ ပေါ်ပလား (ပေါ်ပါပြီ)၊ နောက်က ဒကာ ဒကာမတွေကော ပေါ်ရဲ့လား (ပေါ်ပါပြီ ဘုရား)။
သေသေချာချာ စဉ်းစားပါ၊ ဒုက္ခ သမုဒယာ ဟောတိ၊ ဒုက္ခဖြစ်ကြောင်းကို လုပ်နေကြမယ်ဆိုလို့ရှိရင်ဖြင့် ဒီ ဒကာ ဒကာမတွေမှာဘဲ ပေးရင်း ကမ်းရင်းနဲ့သော်လည်းကောင်း၊ သားရေး၊ သမီးရေး၊ စီးပွားရေးလုပ်နေခဲ့သော်လည်း ကောင်း၊ ဒုက္ခသမုဒယောဟောတိ ဒုက္ခဖြစ်ကြောင်းကိုသာ လုပ်နေကြမယ် ဆိုလို့ရှိရင်ဖြင့် စုံလုံးကန်းလမ်းသွားနေတယ် ပဲ၊ မောင်အောင်မြ စွဲချက်တင်ရမယ် (မှန်ပါ့ ဘုရား)၊
စုံလုံးကန်းလမ်းသွားနေတယ်
ဘယ်လိုထင်ရမလဲ (စုံလုံးကန်း လမ်းသွားနေပါတယ် ဘုရား)၊ စုံလုံးကန်း လမ်းသွားနေတာကွာ၊ ချောက်မှန်းလဲ မသိဘူး၊ ကျင်းမှန်းလဲမသိဘူး၊ ခလုတ်ကန်သင်းမှန်းလဲ မသိဘူးကွဆိုတာ ပြောရမှာလား၊ မပြောရဘူးလား (ပြောရမှာပါ) ပြောရမယ်တဲ့၊ ဒီဥစ္စာ ကြပ်ကြပ်စဉ်းစားပါနော် (မှန်ပါ့ ဘုရား)။
ကွာ ဒါဖြင့် ဒီလိုလုပ်ကြပေတော့ ဪ ပဋိစ္စသမုပ္ပါဒ်မဖြတ်တဲ့ ပုဂ္ဂိုလ်များဟာ ဘာဖြစ်လို့ မဖြတ်တတ်ပါ လိမ့်မတုန်း မေးတော့ ဒုက္ခသစ္စာ မသိလို့ မဖြတ်တတ်တာပဲ (မှန်ပါ့)၊ ဒုက္ခသစ္စာ မသိတဲ့ပုဂ္ဂိုလ်ဟာ ပဋိစ္စသမုပ္ပာဒ် ဆက်ကြောင်းသာ လုပ်နေတယ်နော် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒီတရားဟာ ဪ ရှေ့ပိုင်းမှာ အမှာစကားပြောနေတဲ့ဥစ္စာ ဦးအောင်ဇံဝေ အလွန်အရေးကြီးပါတယ်၊ ကြီးပါတယ်၊ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ခင်ဗျားတို့ မျက်လုံးဖွင့်လိုက်မှာကို အင်မတန်ကြောက်တယ်၊ ဒီ ဒကာ ဒကာမတွေ မျက်လုံးဖွင့် လိုက်မှာကို ဘုန်းကြီးတို့က အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်က အင်မတန်ကြောက်တယ် (မှန်ပါ့ ဘုရား)။
အရှင်ဘုရား မျက်လုံးပါရင် ဖွင့်မှာဘဲဘုရား၊ ဦးအောင်ဇံဝေတို့က ပြောချင်ပြောမယ် (မှန်ပါ့ ဘုရား)။
မျက်လုံးပါရင် (ဖွင့်မှာပါ)၊ ခင်ဗျားတို့ ဖွင့်မှာတော့ သိပ်ကြောက်တယ်၊ အုန်းကြည်တို့ နင်တို့မျက်လုံးဖွင့်မှာကို သိပ်ကြောက်တယ် (မှန်ပါ့ ဘုရား)။
ဘာဖြစ်လို့ မျက်လုံးဖွင့်မှာ သိပ်ကြောက်သတုံး
ဘာဖြစ်လို့ မျက်လုံးဖွင့်မှာ သိပ်ကြောက်သတုံးလို့ မေးတဲ့အခါကျတော့ မြင်တယ်လို့ရှိရင်ဖြင့် လိုချင်တယ် ရင်လဲ နောက်ကလိုက်တယ်၊ ခင်တဲ့စိတ်တွေက လိုက်လာတယ်၊ ခင်တာဟာ တဏှာမနေဘူးလား (နေပါတယ်)၊ တဏှာ လာရင် ဥပါဒါန်လာ၊ ဥပါဒါန်လာရင် ပွေ့ကာချီကာနဲ့ ကလေးတွေကိုင်ကြ၊ တွယ်ကြ မြင်တယ်ဆိုလို့ရှိရင် (မှန်ပါ့ ဘုရား)။
မျက်လုံးက မြင်တယ်ဆိုလို့ရှိရင် မြင်ရင် ခင်လာပြီ၊ ခင်ရင် စွဲလမ်း၊ စွဲလမ်းရင် ပွေ့ချီတဲ့ ကာယကံတွေ မလုပ်ကြဘူးလား (လုပ်ကြပါတယ် ဘုရား)။
ကာယကံဟာ ကမ္မဘဝ မဟုတ်ဘူးလား (မှန်ပါ့)၊ ကမ္မဘဝ ပစ္စယာ (ဇာတိပါ ဘုရား)၊ ဇာတိဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဇာတိဟာ ဒုက္ခသစ္စာဖြစ်နေတော့ ခင်ဗျားတို့ မျက်လုံးဖွင့်တာ ဒုက္ခရောက်ဖို့ပဲ (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်တုံး (မျက်လုံးဖွင့်တာ ဒုက္ခရောက်ဖို့ပါ)၊ မျက်လုံးဖွင့်လိုက်တယ်၊ ဒကာ ဒကာမတို့ မျက်လုံးဖွင့်လိုက် တော့ ဘာဖြစ်သွားသတုံး (ဒုက္ခရောက်ပါတယ် ဘုရား)။
ဒါကြောင့် ဆရာဘုန်းကြီးက ပြောနေတယ်၊ မျက်လုံးဖွင့်မှာ စိုးရိမ်တယ် (မှန်ပါ့) မိုးလင်းလို့ မျက်လုံးဖွင့်မှာများ စိုးရိမ်လိုက်တာ (မှန်ပါ့ ဘုရား)။
ဟာ ကိုယ်တော့်နှယ် မျက်လုံးပဲဘုရား ဖွင့်မှာပေါ့ဘုရား၊ အို မင်းတို့ဖွင့်တာက ကိစ္စမရှိဘူး၊ ဟိုမှာ ဒုက္ခရောက် တော့မယ် သေချာနေပြီ၊ မဆိုရဘူးလား (ဆိုရပါတယ် ဘုရား)။
မျက်လုံးဖွင့်လိုက်တာနဲ့ပဲ ဒေါ်အုန်းမေကြီးတို့ ငါးပါးမှောက်ပြီ (မှန်ပါ့)၊ မမှောက်သေးဘူးလား (မှောက်ပါတယ် ဘုရား)။
မောင်အောင်မြ အခုပြောတဲ့ အဓိပ္ပာယ် ရိပ်မိရဲ့လား (ရိပ်မိပါတယ်)၊ မျက်လုံးဖွင့်ရင် ဒုက္ခ ရောက်တော့မယ် သူ့မှာ (မှန်ပါ့ ဘုရား)။
နားထောင်လိုက်မှာ စိုးရိမ်တယ်
မျက်လုံးဖွင့်ရင် (ဒုက္ခရောက်တော့မှာပါ)၊ နားက ကလေးဆူသံကိုသော်လည်းကောင်း၊ ညီမသားချင်း ပြောသံ ဆိုသံကိုသော် လည်းကောင်း၊ သားသမီးက ပြောသံဆိုသံကိုသော် လည်းကောင်း၊ ကြားလိုက်လို့ရှိရင် အသံက ဖျားနာတဲ့ အသံဖြစ်လို့ရှိရင် ကြားမှာပဲ စိုးရိမ်တယ်၊ နားထောင်လိုက်မှာပဲ စိုးရိမ်တယ် (မှန်ပါ့ ဘုရား)။
ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် ကြားတယ်ဆိုရင်ဖြင့် စိတ်မချမ်းသာဘူး၊ ဒေါသလိုက်တယ် (မှန်ပါ့)၊ ဒေါသလိုက်လာ လို့ရှိရင် သောကနောက်က နေပါ့မလား (မနေပါ)၊ နောက် ပရိဒေဝကကော မလိုက်ဘူးလး (လိုက်ပါတယ် ဘုရား)။
ဒုက္ခဒေါမနဿကကော (လိုက်ပါတယ် ဘုရား)၊ ဒီအထဲ အဝိဇ္ဇာတွေက တွဲပါမပါ (ပါ ပါတယ် ဘုရား)၊
ဒါဖြင့် “အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ” ဝိညာဏ်ဆိုတဲ့ ပဋိသန္ဓေဝိညာဏ် ဒုက္ခသစ္စာဘက် လှည့်သွားတယ် (မှန်ပါ့)။
ဒါကြောင့် ခင်ဗျားတို့ မနက်မိုးလင်းလို့ နားထောင်မိမှာ စိုးရိမ်ပြန်တယ်၊ ဟောထိုက် မဟောထိုက် (ဟောထိုက် ပါတယ် ဘုရား)။
သေသေချာချာ ပြောတော့ ဆရာသမားအရင်းမို့ပြောတော့ နားကလေးထောင်လိုက်မှာကို အလွန်စိုးရိမ်တယ်၊ ဦးအောင်ဇံဝေ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။
ဒီအတိုင်း မလာပေဘူးလား
ကြားလိုက်ရင် ဒီအတိုင်း မလာပေဘူးလား (လာပါတယ် ဘုရား)၊ ဥပမာမယ် မြေးကလေးကသော် လည်းကောင်း၊ သမီးကလေးကသော် လည်းကောင်း ငိုသံကလေးကြားလိုက်တယ် ဆိုလို့ရှိရင် ထိတ်ခနဲ ဒေါမနဿ မလာဘူးလား (လာပါ တယ်)၊ ဘာဖြစ်လို့ပါလိမ့်မလဲဆိုတဲ့ စိုးရိမ်တဲ့ဥစ္စာတွေလဲ မလာဘူးလား (လာပါတယ် ဘုရား)။
နောက်ကျတော့ ပြင်းစွာ ပူပန်တာတွေ၊ ဒါ့ကြောင့် ကိုယ်မရှိ ဒီလိုချည်းဖြစ်တာပဲ၊ နည်းနည်းမျက်လုံးကွယ်သွား ရင် ဒီလိုဖြစ်တာပဲ၊ ဟာ လျှာရှည်လိုက်တာတွေ နည်းတာတွေမဟုတ်ဘူး၊ မရှည်ဘူးလား (ရှည်ပါတယ် ဘုရား)။
လျှာရှည်တော့ ဒါတွေဟာ ဝစီကံတွေ၊ ဝစီကမ္မပစ္စယာ ဘာတုန်း၊ ကမ္မဘဝဖြစ်နေပြီ ဝစီကံက (မှန်ပါ့)၊ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)၊ ကဲ အသံကလေးကြားလိုက်တာ ဇာတိဒုက္ခဘက် လှည့်တယ် (မှန်ပါ့)။
အသံကလေးကြားလိုက်တာ (ဇာတိဒုက္ခဘက် လှည့်ပါတယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ နားကလေး ထောင်လိုက်ရင်လဲ အပါယ်ရောက်သွားပြီ (မှန်ပါ့)၊ မျက်လုံးကလေး ဖွင့်လိုက် ရင်လဲ (အပါယ်ရောက်သွားပါပြီ ဘုရား)။
အပါယ်ရောက်သွားပြီ ဆိုတော့ ဘုန်းကြီးက စကားကြီးတာလား၊ ခင်ဗျားတို့ အပါယ်ရောက်ချင်က မြန်တာ လားဆိုတာ အကဲခတ်ပါဦး (အပါယ်ရောက်ချက်က မြန်တာပါ ဘုရား)၊ အခု မရောက်သေးဘူးနော်၊ သေရင် ရောက်မှာဘဲ (မှန်ပါ့)။
ဒါဖြင့် ခင်ဗျားတို့ မျက်လုံးဖွင့်မှာ စိုးရိမ်တယ် (မှန်ပါ့)၊ ခင်ဗျားတို့ နားထောင်မိမှာများ စိုးရိမ်တယ်လို့ ဘုန်းကြီးတို့ ပြောလို့ရှိရင် ယုံပလား (မှန်ပ့ါ)၊ ဒေါ်အုန်းမေကြီး ယုံပလား (ယုံပါပြီ ဘုရား)။
အနံ့ကလေးတစ်ခု ရှူမိ ရှိုက်မိမှာများ စိုးရိမ်လိုက်တာ
ခင်ဗျားတို့က အနံ့ကလေးတစ်ခု ရှူမိ ရှိုက်မိမှာများ စိုးရိမ်လိုက်တာ၊ လာပြန်ပြီ (မှန်ပါ့)။
အနံ့ကလေးတစ်ခု ရှူမိ ရှိုက်မိတယ်ဆိုလို့ရှိရင်ဖြင့် ဒီဟာကလေးကို သဘောကျတာက လာချင်လာပစ်မှာ (မှန်ပါ့)၊ မလာဘူးလား (လာပါတယ် ဘုရား)။
သဘောကျတယ်ဆိုတော့ တဏှာပဲ မနေဘူးလား (မှနပါ့ ဘုရား)၊ တဏှာပစ္စယာ (ဥပါဒါနံ)၊ ဥပါဒါနပစ္စယာ၊ (ကမ္မဘဝေါပါ)၊ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။
ဒါက ခင်ဗျားတို့မှာ လာမှာလား၊ မလာဘူးလား၊ အကဲခတ် (လာမှာပါ ဘုရား)။
ဟာ ဒါဖြင့် ခင်ဗျားတို့ ရှူမိ ရှိုက်မိတာဟာ ငရဲသွားဖို့ ရှူတာပဲ (မှန်ပါ့)၊ ငရဲသွားဖို့ ရှူရှိုက်ကြတာ။
ကဲ ဇာစ်ဇာစ်မြစ်မြစ် ပရမတ် စင်စစ် ဇာစ်မြစ်ကို သေသေချာချာ ပြောလာတော့မှ ဪ တို့ဟာ သာမည အရုပ်ဆိုးတဲ့လူတွေ မဟုတ်ပါကလား၊ မျက်လုံးကနေပြီး သကာလ အပါယ်ရောက်မှ ရပ်တော့တာပဲ (မှန်ပါ့)။
နားကနေကော (အပါယ်ရောက်မှ ရပ်ပါတယ်)၊ နှာခေါင်းကနေကော (အပါယ်ရောက်မှ ရပ်ပါတယ် ဘုရား)။
ဒါကို ဒကာ ဒကာမတွေက သူတို့ လှူတာ တန်းတာကလေး အားကိုးနေတယ် (မှန်ပါ့)။
ဘယ်နှစ်ကြိမ် အပါယ်ရောက်ကြောင်း ကြိုးစားသတုန်း
ကျုပ်တို့ လှူတန်းပေးကမ်းပြီး အလှူကို စုံလို့၊ ဘာပူစရာရှိသတုန်း၊ မျက်လုံးတစ်ပေါက် ဖွင့်တာလောက်တောင်မှ အပါယ်ရောက်တာ၊ အဲဒါတောင် မကယ်နိုင်သေးပါဘူး၊ မျက်လုံးက တစ်နေ့ဘယ်နှစ်ခါများဖွင့်မိကြသတုန်း (မရေ တွက်နိုင်ပါ)၊ မရေတွက်နိုင်တော့ ဘယ်နှစ်ကြိမ် အပါယ်ရောက်ကြောင်း ကြိုးစားသတုန်းမေးရင် (မရေတွက်နိုင်ပါ ဘုရား)။
ဒါတွေက စီးပွားကလေးပေါ်လာလို့ တစ်သောင်းရင်းလို့ ငါးထောင်လောက်မြတ်မှ သုံးထောင်လောက် လှူတာ ကိုးကွ၊ မဟုတ်ဘူးလား (မှန်ပ့ါ)။
ဒါလောက်ကလေးကနေပြီး သကာလ တစ်ခါတည်း တစ်သက်မှ တစ်ကြိမ်လောက် ဆင့်ပါးစပ် နှမ်းပတ်သလို ဖြစ်လောက်ကဲ့လားလို့မေးရင် ဘယ့်နှယ်ဖြေကြမလဲ (မဖြစ်လောက်ပါ ဘုရား)။
အဲဒါသူများပြောသံကြားနဲ့ ခင်ဗျားတို့ ယောင်မနေနဲ့၊ ဦးအောင်ဇံဝေကြီးက အသက်အရွယ်က ကြီးမှယောင် မနေနဲ့၊ ကိုယ်ဖြစ်နေတဲ့ အကုသိုလ်က မျက်လုံးပေါက်က မနည်းဘူး၊ လှူတာတန်းတာနဲ့ စာတော့ ချိန်ခွင်နဲ့ထည့်ချိန်တာ မျှတရဲ့လား (မမျှတပါ ဘုရား)။
မမျှတပါဘူး၊ ငါတို့ကို ကယ်မည့်သူ ယူမည့်သူ ဒါအရှိသားပဲလို့ ခင်ဗျားတို့အား အကိုးကြီး မကိုးလိုက်ပါနဲ့ ဆိုတဲ့ဥစ္စာကို မျက်လုံး တစ်ပေါက်ဖွင့်တာနဲ့ ချိန်ကြည့်ပြန်တော့ မမျှလို့ပြောတာပါ (မှန်ပါ့)၊ မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။
နားတစ်ပေါက်ဖွင့်တာနဲ့ကော (မမျှပါ ဘုရား)၊ နှာခေါင်းတစ်ပေါက် ဖွင့်လိုက်တာနဲ့ (မမျှပါ ဘုရား)။
လျှာက ထမင်းစားကြမယ်
လျှာက ထမင်းစားကြမယ်၊ တစ်လုတ်ပြီးတစ်လုတ် စားလိုက်၊ စားလို့ကောင်းတယ်ဟေ့၊ နောက်လဲဝယ်ချက်ဦးဟေ့။
ဟေ့ နောက် ဈေးကျရင် ဝယ်ဖြစ်အောင် ဝယ်ခဲ့ပါဆိုတဲ့ ဝစီကံတွေ ဘာတွေကောမလားဘူးလား (လာပါတယ်)၊ ဝစီကမ္မပစ္စယာ ဘာဆိုကြမလဲ (ဇာတိပါ ဘုရား)၊ ဇာတိမလာပေဘူးလား (လာပါတယ် ဘုရား)။
ထမင်းက ဘယ်နှစ်လုတ် စားမိသတုန်းမေးတော့မှ တော်တော်များများ စားမိတယ်နော် (မှန်ပါ့)၊ အလုတ်တိုင်း အလုတ်တိုင်းမှာလဲ ပဋိစ္စသမုပ္ပာဒ်က အပါယ်ချည်းဆက်ဆက်သွားတယ် (မှန်ပါ့)၊ မဆက်ဘူးလား (ဆက်ပါတယ် ဘုရား)၊ ဒါတွေ ထောက်ကြည့်လိုက်တဲ့အခါကျတော့ လွတ်ရေး၊ ကျွတ်ရေးမြင်သေးရဲ့လား (မမြင်ပါ ဘုရား)။
ဒါက ဘယ်သူ့မှမသတ်၊ ဘယ်သူ့ဟာမှ မခိုးဘဲနဲ့ ဘယ်သူ့မှ မလိမ်မကောက်ဘဲနဲ့ သွားတဲ့လမ်း (မှန်ပါ့)၊ ဒါက သီလပျက်လို့ရောက်တာမဟုတ်ဘူး၊ ဘာဝနာပျက်လို့ရောက်သွားတာ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ဘာဝနာပျက်လို့ ရောက်သွားတယ်
ဘာဖြစ်လို့ ရောက်သွားတာတုန်း (ဘာဝနာပျက်လို့ ရောက်သွားပါတယ် ဘုရား)။
သီလ ခင်ဗျားတို့ မပျက်ဘူး၊ ကိုယ့်ထမင်း ကိုယ်ရှာစားတာ ဘုန်းကြီးက ခိုးစားတယ်လို့မှ မဆိုဘဲ၊ မဟုတ်ဘူး လား၊ သီလလမ်းက မပျက်ပါဘူး၊ ဘာလမ်းပျက်နေသတုန်း (ဘာဝနာလမ်း ပျက်ပါတယ် ဘုရား)။
ဘာဝနာလမ်းပျက်နေတာကို ပဋိစ္စသမုပ္ပါဒ်က ဇာတိကျအောင် သူကျေးဇူးပြု မပြု မောင်အောင်မြက အကဲခတ် (ပြုပါတယ် ဘုရား)၊ ကျေးဇူးပြုတယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
အဲဒီတော့ ကျေးဇူးပြုတော့ ခင်ဗျားတို့က အင်း ထမင်းတစ်လုတ် ထုတ်တစ်ချက်ဆိုတာက ကိစ္စမရှိဘူး၊ ဘုန်းကြီးတို့က အရိုက်ခံစားရဲတယ်၊ ထမင်းတစ်လုတ်ကို အပါယ်က မထွက်ရဘူးဆိုတော့ မစားရဲဘူး၊ ဟင် (မှန်ပါ့ ဘုရား)။
ထမင်းတစ်လုတ် ထုတ်တစ်ချက်ဆိုတော့ အုန်းကြည်တို့ စားရဲမှာဘဲ၊ အခုတော့ ထမင်းတစ်လုတ်တင် တဏှာ၊ ဥပါဒါန်၊ ကံပေါင်း ဘယ်လောက်လာမယ်ထင်သတုန်း (မရေတွက်နိုင်ပါ ဘုရား)၊ ထုတ်တစ်ချက်က သေးရဲ့လား (မကပါ ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ ဖြစ်တေထွကဖြင့် အရုပ်ဆိုးလိုက်တာဖြင့် တန်းကုန်နေပြီ၊ ခင်ဗျားတို့ဟာ ခင်ဗျားတို့ တော့ဟုတ်တယ်လို့ ထင်နေတာပဲ၊ မျက်လုံးက ဖွင့်ပေးမည့်သူမရှိတော့ မောင်အောင်မြရဲ့ သိပ်ခက်နေတယ် (မှန်ပါ့ ဘုရား)။
အခု မျက်လုံးဖွင့်ပေးလိုက်တော့ ဒေါ်အုန်းမေကြီးတို့၊ အုန်းကြည်တို့ ဘယ့်နှယ်နေသတုန်း၊ ကြောက်စရာ ဘယ့်နှယ်နေသတုန်း (ကောင်းပါတယ် ဘုရား)။
ဒါတွေကို မပြင်တော့ပါဘူး၊ မဆင်တော့ပါဘူးဆိုလို့ရှိရင် ဒါတွေ ကံမမြောက်ဘူးလား၊ ကံမြောက်သလားလို့ မေးတော့ ကမ္မဘဝဟာ ကံမဟုတ်ဘူးလား (မှန်ပါ့)၊ ကမ္မဘဝပစ္စယာ (ဇာတိပါ)၊ ကံမြောက်ပလား၊ မမြောက်သေးဘူး လား၊ (မြောက်ပါပြီ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိုယ်ပေါက်က ယားတယ်
ကောင်းပြီ၊ ဒါဖြင့် ကိုယ်ပေါက်က ယားတယ်၊ ကိုယ်ပေါ်မှာ ယားတာ နာတာတွေ ပေါ်တယ်ဆိုပါတော့ ဦးအောင်ဇံဝေနော် (မှန်ပါ့)၊ ယားတာ နာတာတွေ ပေါ်ပြန်တော့လဲ ဒကာ ဒကာမတွေက ယားပဲ ယားလွန်းလှတယ်၊ ပျောက်ခဲလိုက်တာ၊ ပျောက်ခဲလိုက်တာ ဆိုတော့ ဒေါသဖြစ်တာ မဟုတ်ဘူးလား (မှန်ပါ့)၊ ဒေါသဆိုရင်ကော သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)၊ လိုက်ရင် အဝိဇ္ဇာက ပါ မပါ (ပါ, ပါတယ် ဘုရား)။
အဲ အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား)၊ သင်္ခါရပစ္စယာ (ဝိညာဏံပါ)၊ ဝိညာဏံဆိုရင် ဟိုဘဝကူးသွားပြီ (မှန်ပါ့)၊ ပဋိသန္ဓေဝိညာဉ်ကူးသွားပြီ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ ယားမှာ ယံမှာကို စိုးရိမ်တယ် ဆရာဘုန်းကြီးက၊ ဘာဖြစ်လို့တုန်း၊ ဒီဝေဒနာကြီးလာမှာ စိုးရိမ်တာလား၊ အပါယ်ရောက်မှာကြောင့် စိုးရိမ်တာလား (အပါယ်ရောက်မှာကြောင့် စိုးရိမ်တာပါ ဘုရား)၊ ခင်ဗျားတို့မှာ ယားမှာယံမှာ သိပ်စိုးရိမ်တာ။
ဥပမာမယ် ဘုန်းကြီး သူ့ဒကာ ဒကာမတွေကို စေတနာများလိုက်တာ၊ ယားမှာ ယံမှာတောင် မကြိုက်ဘူးလို့ မဟုတ်ပါဘူးတဲ့၊ ယားတာ ယံတာကို ကုတတ်တဲ့ ဉာဏ်ကလေးမရှိလို့ အပါယ်သွားတဲ့ နည်းသာ ကြိုးစားနေလို့ စိုးရိမ် ရတယ်လို့ပြောထားပါတယ် (မှန်ပါ့)၊ နားလည်ပလား (နားလည်ပါပြီ ဘုရား)။
ယားမှာ ယံမှာကို ဘုန်းကြီးစိုးရိမ်တယ်
ဒါဖြင့် ခင်ဗျားတို့ ယားမှာ ယံမှာကို ဘုန်းကြီးစိုးရိမ်တယ် ဆိုတာကော ဘယ့်နှယ်တုန်း၊ မစိုးရိမ်သင့် ဘူးလား (စိုးရိမ်သင့်ပါတယ် ဘုရား)၊ ယားမှာ ယံမှာ စိုးရိမ်ပါတယ်ဆိုတာ စိုးရိမ်သင့်တယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
နောက် ဒကာမတွေ နားလည်ရဲ့လား (လည်ပါတယ်)၊ ယားမှာ ယံမှာကို (စိုးရိမ်သင့်ပါတယ် ဘုရား)၊ ဘာဖြစ် လို့တုန်း (အပါယ်ရောက်မှာ စိုးလို့ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ယားတဲ့အခါကျတော့ တချို့ ဒကာ ဒကာမတွေက ကုတ်ရတာ ကောင်းတယ်တဲ့၊ ကြံဖန်ကောင်းတာက ရှိ သေးတယ် (မှန်ပါ့ ဘုရား)၊ ကုတ်ဖျောက်နေရတာ ကောင်းတယ်လို့ မလားဘူးလား မာဖီးယား ထိုးထားသလိုနော် (မှန်ပါ့)။
အဲဒီ ကောင်းပြန်တော့လဲ တဏှာလာပြန်တယ် (မှန်ပါ့)၊ တဏှာ ပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘဝပစ္စယာက မလာဘူးလား (လာပါတယ် ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့ ယားမှာ ယံမှာ ဘယ့်နှယ်တုန်း (ကြောက်စရာ ကောင်းပါတယ် ဘုရား)၊ ကြောက်စရာသိပ်ကောင်းတယ် (မှန်ပါ့)။
ယားမှာ ယံမှာတော့ဖြင့် ဆရာသမားက စိုးရိမ်တယ်၊ ပျောက်မှာလဲ စိုးရိမ်သေးတယ်၊ လာပြန်တယ် (မှန်ပါ့) ပျောက်မှာလဲ စိုးရိမ်သေးတာပဲ။
ခင်ဗျာတို့ ယားတဲ့ ယံတဲ့ အနာတွေ ပျောက်သွားမှာလဲ စိုးရိမ်သေးတယ် (မှန်ပါ့)။
ဟာ ဘုန်းကြီးကလဲ “ဥပါသကာ ဥပါသိကီ အဝေရာ ဟောန္တု” ဆိုပြီး သကာလ ဒကာ ဒကာတွေ မေတ္တာပို့ပါ လျက်သားနဲ့ အနာပျောက်မှာ စိုးရိမ်ပြန်သတဲ့ဆိုတော့ မောင်အောင်မြကော ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဦးအောင်ဇံဝေ ကြီး အနာပျောက်သွားမှာလဲ စိုးရိမ်တယ် (မှန်ပါ့)။
ဘာဖြစ်လို့ စိုးရိမ်သလဲလို့
ဘာဖြစ်လို့ စိုးရိမ်သလဲလို့ အမေးထုတ်လို့ရှိရင် ပျောက်တော့ သုခ ဝေဒနာပေါ်တယ်၊ သုခဝေဒနာ နောက်က နေပြီ ပျောက်တာ သဘောကျတဲ့ တဏှာက (လာပါတယ် ဘုရား)။ တဏှာပစ္စယာ (ဥပါဒါနံ)၊ ဥပါဒါနပစ္စယာ (ကမ္မဘဝ ဝေါပါ ဘုရား)၊ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။
ကဲ တဏှာကနေပြီး ကျေးဇူးပြုတဲ့ ဇာတိဆိုတော့ ပြိတ္တာဇာတိ၊ အပါယ်ဇာတိပဲ လာတော့မယ် (မှန်ပါ့)အခြား လာစရာ မရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့အနာပျောက်တာသည် အပါယ်ရောက်သွားနိုင်တယ် (မှန်ပါ့)၊ ဆိုထိုက် မဆိုထိုက် (ဆိုထိုက် ပါတယ် ဘုရား)။
ဒါဖြင့် ဘုန်းကြီးပြောတာက စကားဟာ တတ်လို့ပြောနေတာလား၊ ခင်ဗျားတို့ဖြစ်စဉ်အကိုက် ပြောနေတာလား အကဲခတ်ပါဦး (ဖြစ်စဉ် အကိုက်ပြောနေတာပါ ဘုရား)။
ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ အနာပျောက်မှာကိုလဲ စိုးရိမ်တယ်၊ အနာရှိမှာကိုလဲ စိုးရိမ်တယ်၊ ခင်ဗျား တို့ကို အနာပျောက်မှာလဲ (စိုးရိမ်ပါတယ် ဘုရား)။
အနာရှိပြန်လဲ မကုတတ် (မှန်ပါ့)၊ အနာပျောက်ပြန်လို့ရှိရင်လဲ အနာကို မသိမ်းတတ်၊ မဆည်းတတ်ဖြစ်နေပြန် တယ်ဆိုတော့ ဦးအောင်ဇံဝေ အကုန်ပဲ ခင်ဗျားတို့ဟာ မသင်မပြလို့ ရှိရင်ဖြင့် အပါယ်ချည်းသွားနေမှာပဲ (မှန်ပါ့)၊ မသွားပေဘူးလား (သွားပါတယ် ဘုရား)၊ သဘောပါပလား (ပါ ပါတယ် ဘုရား)။
ကဲ တစ်ခါသွားပါဦးတဲ့၊ ခင်ဗျားတို့ ကိုယ်ပေါ်မှာဖြင့် ဝေဒနာတွေ ပေါ်တိုင်း ပေါ်တိုင်းဒုက္ခဝေဒနာပေါ်လဲ ခင်ဗျားတို့အတွက် စိုးရိမ်ရတာပဲ မဟုတ်ဘူးလား (မှန်ပါ့)၊ သုခဝေဒနာပေါ်လဲ (စိုးရိမ်ရပါတယ် ဘုရား)၊ ဥပေက္ခာဝေဒနာ ပေါ်လဲ (စိုးရိမ်ရပါတယ် ဘုရား)။
ဥပေက္ခာဝေဒနာ ပေါ်ပြန်တော့လဲ မျက်လုံးထဲ ဥပေက္ခာဝေဒနာပေါ်လို့ နားထဲ ဥပေက္ခာဝေဒနာပေါ်လို့၊ နှာခေါင်းထဲ ဥပေက္ခာဝေဒနာပေါ်လို့ ဥပေက္ခာစိတ်ပေါ့ဗျာ (မှန်ပါ့)၊ လျှာပေါ် ဥပေက္ခာပေါ်လို့လဲ စိုးရိမ်ပြန်တယ်တဲ့၊ ပေါ်မှန်းမှ မသိလိုက်ဘဲကိုး (မှန်ပါ့)။
မသိလိုက်တာက ဘာတုန်း
ဥပေက္ခာတော့ မပေါ်ဘူးလား (ပေါ်ပါတယ်)၊ ပေါ်တာ မသိလိုက်တာ မောင်အောင်မြလာပြန်တယ် (မှန်ပါ့)၊ မသိလိုက်တာက ဘာတုန်းဆိုတော့ အဝိဇ္ဇာ၊ ဒါဖြင့် အဝိဇ္ဇာပစ္စယာ (သင်္ခါရပါ)၊ သင်္ခါရပစ္စယာ (ဝိညာဏံပါ ဘုရား)။
ဝိညာဏံဆိုတော့ ဪ ခင်ဗျားတို့ ကိုယ့်မျက်လုံးကိုယ်ဖွင့်တာ ဖွင့်မှာလဲ စိုးရိမ်တယ်၊ ဖွင့်လို့မသိမှာလဲ စိုးရိမ်တယ်ဆိုတော့ ခင်ဗျားတို့ လူ့ပြည်အလည်လာကြတာပဲ၊ ဒီတရားမျိုးသာ မနာရလို့ ဒီဝိပဿနာကိုသာ ဆရာဘုန်းကြီး နောက်ထပ်ပြောပါလိမ့်မယ်၊ သိမ်းနည်း ဆည်းနည်းပေါ့လေနော် (မှန်ပါ့)။
အခုအချိန်တော့ဖြင့် ခင်ဗျားတို့မှားမှု သိထားအောင်လို့ ပြောနေရတယ် (မှန်ပါ့)၊ မှားမှုက ဘယ်လောက်ပြင်း ထန်သလဲ (ပြင်းထန်ပါတယ် ဘုရား)။
နောက်က ဒကာ ဒကာမတွေ နည်းနည်းမှားတာလား၊ အကြီးအကျယ်မှားတာလား (အကြီးအကျယ် မှားတာပါ ဘုရား)၊ ကြီးကြီးကျယ်ကျယ် မှားတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ကြီးကြီးကျယ်ကျယ် မှားတယ်ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ မျက်လုံးဖွင့်မှာ ဆရာဘုန်းကြီး စိုးရိမ်တယ်၊ နားကလေး ထောင်မိမှာလဲ စိုးရိမ်တယ်၊ နှာခေါင်းကလေးက ရှူမိ ရှိုက်မိမှာလဲ စိုးရိမ်တယ်၊ လျှာကလေးက စားမိ သောက်မိမှာလဲ စိုးရိမ်တယ်၊ ကိုယ်ပေါ်မှာ အနာရမှာလဲ စိုးရိမ်တယ်၊ အနာပျောက်မှာလဲ စိုးရိမ်တယ်ဆိုတာ ဪ တို့ဆရာဘုန်းကြီးက နေရာတိုင်း စိုးရိမ်နေတာ ဘာကြောင့်ပါလိမ့်မတုံးဆိုတော ယနေ့တော့ ပေါ်သွားပြီ (ပေါ်ပါပြီ ဘုရား)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)၊ ဇာတိကျအောင်ချည်း သွားနေလို့ (မှန်ပါ့)။
ဇာတိဒုက္ခကျကျအောင် (သွားနေပါတယ် ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဘယ်ကျအောင် သွားနေသတုန်း (ဇာတိဒုက္ခကျကျအောင် သွားပါတယ် ဘုရား)။
ရှေ့ရေးများ တွေးလိုက်တယ်
ကောင်းပြီ၊ ဝမ်းထဲကများ တစ်ခါတလေကျတော့ နဖူးပေါ် လက်တင်ပြီး သကာလ တွေးလုံးကလေးများ ထုတ်တယ်၊ ဟင် နဖူးပေါ်လက်တင်ပြီး ရှေ့ရေးများ တွေးလိုက်တယ်၊ မထုတ်ဘူးလား (ထုတ်ပါတယ် ဘုရား)။
တွေးလုံးကလေး ထုတ်လိုက်တဲ့အခါကျတော့ အင်း သားကလေး လူလားမြောက်လာရင်နေရာကျမှာပဲ၊ သမီး ကလေးက ကိုယ်စားလှယ်ဖြစ်လာရင် သိပ်ကောင်းမှာပဲ။
အင်း တွေးလုံးကလေးကနေပြီး သကာလ တဏှာက လာပစ်လိုက်တယ်၊ တဏှာပစ္စယာ (ဥပါဒါနံ)၊ ဥပါဒါန ပစ္စယာ (ကမ္မဘဝေါပါ)၊ ကမ္မဘဝပစ္စယာ (ဇာတိပါ)၊ ဒီရောက်တာပဲ၊ ဒီရောက်မှ ရပ်တယ် (မှန်ပါ့)၊ ဒီဘဝကံချည်း ရပ်တာပဲ၊ နောက်ဘဝဇာတိရမှာဘဲ၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ စိတ်ထဲက တွေးလုံးထုတ်မှာကိုလဲ ဆရာဘုန်းကြီးစိုးရိမ်တယ်ဆိုတဲ့ ဥစ္စာ၊ မောင်အောင်မြ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဘာကြောင့် စိုးရိမ်သတုန်း၊ ဇာတိရောက်လို့ပဲ (မှန်ပါ့)၊ ဇာတိက ဦးအောင်ဇံဝေ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ တွေးလုံးက အဲဒီကျအောင် မသွားဘူးလား သွားသလား (သွားပါတယ်)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကဲ ဒါဖြင့် တစ်ခါ စိုးရိမ်တဲ့အဖြစ်နဲ့ တွေးပြန်တော့လဲ စိတ်ထဲ မချမ်းသာဘူးဆိုတဲ့ ဒေါသက လာပြန်တယ်၊ ဒေါသ၊ သောက၊ ပရိဒေဝ၊ အဝိဇ္ဇာကကော နေသေးရဲ့လား (မနေပါ ဘုရား)။
အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံဆိုတဲ့ ပဋိသန္ဓေ ဝိညာဏ်တွေက မလားဘူး (လာပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ ခင်ဗျားတို့ကလဲ အတွေးအတော မရှိဘူးဆိုလို့ရှိရင် အိပ်ရာဝင်တဲ့အခါ နဖူးပေါ်လက် တင်ပြီး အတွေးအတော မရှိဘူးဆိုလို့ရှိရင်ဖြင့် ကိုယ်လူကြီးမို့ တို့ကတော့ တွေးရတယ်၊ ကလေးကတော့ အိပ်လိုက်တာ လွန်လို့ဆိုပြီး တွေးတဲ့ပုဂ္ဂိုလ်က မတွေးတဲ့ပုဂ္ဂိုလ်များတောင်မှ အပြစ်တင်ချင် သလိုလို မောင်အောင်မြ လာသေးတယ် (လာပါတယ် ဘုရား)။
စင်စစ် အခုတွေးလိုက်တော့ ဘယ်ရောက်သွားသတုန်း (ဇာတိ ရောက်သွားပါတယ်)၊ ဇာတိဒုက္ခသစ္စာချည်း ရောက်ရောက်သွားတယ်၊ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
အပါယ်ကျချက်က နာလေလေ
အဲဒါက ဦးအောင်ဇံဝေတို့လို အသက်အရွယ်ကြီးတဲ့ ပုဂ္ဂိုလ်မှာ နှိပ်စက်တာ (မှန်ပါ့)၊ မလာဘူးလား (လာပါ တယ်ပါ ဘုရား)၊ အသက်ကြီးလေလေ တွေးလုံးက များလေလေ၊ များလေလေ အပါယ်ကျချက်က နာလေလေ (မှန်ပါ့)၊ ဒီလိုမနေဘူးလား (နေပါတယ် ဘုရား)။
သူ ဒါတွေ စဉ်းစားတော့မှ ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက တွေးနည်းကလေးတစ်ခု သင့်တဲ့ နေရာကလေး ကြားညှပ်လိုက်ပါဦးမယ်နော် (မှန်ပါ့ ဘုရား)။
ကွာတဲ့ တွေးချင်ကြလို့ရှိရင်ဖြင့် ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိံသဝိတက်တွေ မတွေးပါနဲ့ကွာတဲ့၊ သစ္စသံယုတ် မှာ ဟောပါတယ်၊ ဤတရားသည် ဒုက္ခသစ္စာ၊ ဤတရားသည် သမုဒယသစ္စာ၊ ဤတရားဟာ နိရောဓသစ္စာ၊ ဤတရား ဟာ မဂ္ဂသစ္စာပါကလားဆိုတဲ့ ဒီလေးခုကို တွေးနေစမ်းပါတဲ့၊ တွေးရင် သစ္စာတွေးပါ (မှန်ပါ့ ဘုရား)။
သားရေး၊ သမီးရေး၊ စီးပွားရေးကို (မတွေးပါနဲ့ ဘုရား)၊ တွေးရင် ဘယ်ရောက်မယ်ထင်သတုန်း (အပါယ်ရောက် သွားပါတယ်)၊ အပါယ်ရောက်သွားတယ်ဆိုတဲ့ဥစ္စာ ပေါ်ပလား (ပေါ်ပါပြီ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
တွေးချင်ရင် ဘာတွေးရမလဲ (သစ္စာတွေးရပါမယ်)၊ သစ္စာတွေးရမယ်နော် (မှန်ပါ့)၊ ဪ ခန္ဓာကိုယ်ထဲ အခု ဖြစ်နေတာကလေး ဘာပါလိမ့်မတုန်း၊ ပျက်နေတာကလေး ဘာပါလိမ့် ဒါကလေးကို တွေးရမယ်၊ ဒါကလေးတွေးလိုက် တော့ မောင်အောင်မြ ဘာတွေတွေ့သလဲ (သစ္စာတွေ့ပါတယ် ဘုရား)၊ သစ္စာတွေ့လိုက်တယ်။
ဒါဖြင့် အတွေးခံရတာက ဒုက္ခသစ္စာ၊ တွေးဉာဏ်က မဂ္ဂသစ္စာ သွားဖြစ်နေတော့ ဪ ဒီတွေးလုံးကတော့ အုန်းကြည်တို့ သိပ်ကောင်းပါကလား၊ မဂ်ပေါ်လာတယ် (မှန်ပါ့)။
ပဋိစ္စသမုပ္ပာဒ်ဖြတ်တဲ့မဂ် ဘယ့်နှယ်နေသတုန်း၊ မပေါ်ဘူးလား (ပေါ်လာပါတယ် ဘုရား)။
ဒါဘာတုန်းလို့ တွေးချင်လဲ ဘုရားက မတွေးရဘူး၊ မဟုတ်ဘူး၊ တွေးချင်တာတွေး ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ တွေးလိုက်မှာကို ဆရာဘုန်းကြီးက မသိတွေး တွေးလိုက်မှာ စိုးရိမ်တယ်ဆိုတဲ့ဥစ္စာ ဪ ဘုန်းကြီးကလဲ လွန်လွန်းတယ် ဆိုမလား၊ ခင်ဗျားတို့ တွေးလုံးက ဖြစ်ချက်ဆိုးသလားဆိုတာ အကဲခတ်ပါ (ဖြစ်ချက်ဆိုး ပါတယ် ဘုရား)၊ ဖြစ်ချက်က သိပ်ဆိုးတယ်။
ဒေါ်အုန်းမေကြီးတို့ တစ်ကိုယ်ရေ တစ်ကာယာများ တွေးနေသလား (မတွေးပါ)၊ မတွေးဘူး၊ အံမယ်လေး ကြောက်စရာကြီး သွားလုပ်မနေနဲ့နော် (မှန်ပါ့)၊ တွေးချင်ရင် ဘာတွေးရမလဲတုန်း (သစ္စတွေးရပါမယ် ဘုရား)။
သစ္စာတွေးရမယ်
သစ္စာတွေးရမယ်၊ အခု ဖြစ်နေတာကလေးက ဘာသစ္စာတုန်း၊ ဒုက္ခသစ္စာ၊ အခု မရှိတာကလေးက ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ)၊ ဒုက္ခသစ္စာ။
အခု ဖြစ်နေတာကလေးက (ဒုက္ခသစ္စာပါ)၊ အခုပျက်သွားတာကလေးက (ဒုက္ခသစ္စာပါ)၊ ဒါကလေးပဲ တွေးနေ ပါ။ ဒါကလေးတွေ တွေးနေရင် မဂ္ဂသစ္စာပေါ်လာတာပဲ (မှန်ပါ့)၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
သမုဒယသစ္စာ သေမနေဘူးလား (သေပါတယ်)၊ နိရောဓသစ္စာကော ဖြစ်ပျက်တွေးတာ ဖြစ်ပျက်တွေ ဆုံး သွားရင် တွေ့မှာဘဲ (မှန်ပါ့)၊ မတွေ့ဘဲနေမှာလား (တွေ့ပါတယ် ဘုရား)။
အဲ တွေးချင်ရင် သစ္စာတွေးပါကွာ၊ အခြားဟာတွေ လျှောက်ပြီး တွေးမနေပါနဲ့ဆိုတဲ့ ဥစ္စာလဲ သစ္စသံယုတ်မှာ သေသေချာချာ မှာတယ်၊ တွေးတတ်ပလား ရှေ့ကို (တွေးတတ်ပါပြီ)၊ ဘာတွေးမလဲ (သစ္စာတွေးရပါ့မယ် ဘုရား)။
အဲ ခန္ဓာကြီး ကြည့်ပြီးတော့မှ အင်း ဒါက ဘာသစ္စာပါလိမ့်၊ အခု ပေါ်လာတာကလေး ဘာသစ္စာတုန်း၊ အခု ပျက်သွားတာကလေးက ဘာသစ္စာပါလိမ့်မတုန်း၊ အခု စားချင်တဲ့စိတ်ကလေး ပေါ်လာတာ ကလေးက ဘာသစ္စာပါ လိမ့်မတုန်း၊ ပျောက်သွားတာကလေးက ဘာသစ္စာပါလိမ့်၊ အခုတွေးတဲ့စိတ်ကလေးက ဘာသစ္စာပါလိမ့်၊ ပျောက်သွားတာ ကလေးက ဘာပါလိမ့်လဲ၊ ဒီလိုချည်းတွေးနေ (မှန်ပါ့)၊ ဒီလိုတွေးနေတော့ ဝိပဿနာဉာဏ် ဘာဝေတဗ္ဗကိစ္စနဲ့ပွားနေတာ၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် နောက်က ဒကာ ဒကာမတွေ တွေးတတ်ကြပလား (တွေးတတ်ပါပြီ)၊ ဘယ်လိုတွေးကြမယ် (သစ္စာတွေး ပါမယ်)၊ သစ္စာဆိုတာက အခုပေါ်လာတာကလေး ဘာ၊ အခု ပျက်သွားတာကလေး ဘာဆိုတာ တွေးရမယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပေါ်လာတဲ့ စိတ်ကလေး ဘာပါလိမ့်
အဲဒီ တွေးလုံးကတော့ တွေးကောင်းတယ်နော်၊ သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ ရှေ့နောက် နောက်ရေးများ တွေးရင် ကျုပ်ဖြင့် မျက်ရည်ကျကျလာတယ်၊ သားကလဲ အချိုးမကျ၊ သမီးကလဲ မပြည့်စုံသေး၊ မြေးကလေးတွေကလဲ မလိမ္မာ မယဉ်ကျေးနဲ့ဆိုပြီး သကာလ ခင်ဗျားတို့ ဒါတွေသာ တွေးနေမယ်ဆိုရင် မောင်အောင်မြ သွားပြီကွ (မှန်ပါ့)၊ မသွားသေးဘူးလား (သွားပါပြီ ဘုရား)။
ဒါဖြင့် တွေးတတ်ကြပလားဟေ့ (တွေးတတ်ပါပြီ ဘုရား)၊ ဘယ့်နှယ်တွေးကြမလဲ (သစ္စာတွေးရပါမယ်)၊ အခု ပေါ်လာတဲ့ စိတ်ကလေး ဘာပါလိမ့် (ဒုက္ခသစ္စာပါ)၊ အခုပျောက်သွားတဲ့စိတ်ကလေး ဘာပါလိမ့် (ဒုက္ခသစ္စာပါ)၊ ဒီလိုချည်းတွေးရမယ် (မှန်ပါ့ ဘုရား)။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ခြွင်းချက်မရှိ ရင်ဝယ်သားကဲ့သို့ သနားလို့ အပါယ်တွေ ရောက်ကုန်မှာစိုး လို့ တွေးနည်းပါသင်ပစ်ခဲ့တာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
တွေးနည်းပါ သင်ပစ်ခဲ့တယ်
ဘာသင်ပစ်ခဲ့သတုန်း (တွေးနည်း သင်ပစ်ခဲ့ပါတယ်)၊ တွေးနည်းပါ သင်ပစ်ခဲ့တယ်ဆိုတာ ပေါ်ပလား (ပေါ်ပါ ပြီ)၊ ကိုယ့်အတွေးတွေကဖြင့် အမှားနဲ့အချော်ချည်းပဲဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ဘုရားဟောတဲ့ တွေးလုံးကိုပဲ ယနေ့ကစပြီး တွေးလုံးထုတ်ကြစမ်းပါဆိုတာ အိပ်ရာဝင်ရင် ခင်ဗျားတို့ နဖူးပေါ် လက်တင်ပြီး တွေးလုံးက အရင်လာချင်တာ၊ မလာဘူးလား (လာပါတယ် ဘုရား)။
အဲဒီအခါဖြင့် အလွှဲဖြင့် မတွေးတော့ပါဘူးကွာ၊ အတည့်ပဲတွေးပါတော့မယ်ဆိုတာကို ခင်ဗျားတို့စိတ်ပြောင်း ပစ်ပါ (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ)၊ မပြောင်းထိုက်ဘူးလား (ပြောင်းထိုက်ပါတယ် ဘုရား)။
ပြောင်းထိုက်တယ်ဆိုတဲ့ဥစ္စာ တကယ့်ကျေးဇူးတော်ရင်ကြီးက ပေါ်လာတယ် (မှန်ပါ့)၊ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ဘယ်လိုပေါ်သတုန်း (ကျေးဇူးတော်ရင်ကြီးပါ)၊ မတွေးကောင်းတာလဲ သူပြောတယ် (မှန်ပါ့)၊ တွေးကောင်း တာကိုလဲ (ပြောပါတယ် ဘုရား)။
ပြောတယ်ဆိုတော့ ဪ တို့ကို သနားတဲ့ ကိုယ်တော်ကြီးအစစ်ပဲ၊ ဆိုတဲ့ဥစ္စာ၊ မဟာကရုဏာတော်ရင်ကြီးပဲ ဆိုတဲ့ဥစ္စာ မဟာကကြီးတာ၊ ကရုဏာက သနားတာပေါ့နော် (မှန်ပါ့)၊ မဟာကရုဏာတော်ရင်ကြီးပဲဆိုတာ မပေါ်လာဘူး လား (ပေါ်လာပါတယ် ဘုရား)။
အဲဒီလိုမြင်တော့မှ အို ကြည်ညိုလိုက်တာ၊ ကယ်ဖော် ယူဖော်ရတဲ့ ကိုယ်တော်မြတ်ကြီး ပြင်ပေးဆင်ပေးတဲ့ ကိုယ်တော်ကြီးနော် (မှန်ပါ့)၊ တို့လုပ်တာ အလွဲနဲ့ အချော်ချည်းကို တကယ့်ဖြောင့်မတ်ပေးပါတယ် ဆိုတော့မှ အဲဒီကျ တော့မှ ဘုရားရှိခိုးအစစ် ဖြစ်လာတာ (မှန်ပါ့)။
သူ့ကျေးဇူးကို ပြန်ပြီး သိတဲ့အခါကျမှ
ဩာကာသထက် စစ်လာတယ် (မှန်ပါ့)၊ သူ့ကျေးဇူးကို ပြန်ပြီး သိတဲ့အခါကျမှ ကြည်ညိုလေးစားတာ မြိန်မြိန် ယှက်ယှက်လာတာ၊ သူ့ ကျေးဇူးမပေါ်ဘဲနဲ့ ရှိခိုးနေရတာက မြိန်မြိန်ယှက်ယှက်လာရဲ့လား (မလာပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ရှိခိုးနေတာ ကျေးဇူးတွေကို ဪ ငါတို့ အပါယ်လေးပါး တံခါးပိတ်ပြီး နိဗ္ဗာန်တံခါးဆိုတဲ့ ချမ်းသာကြီး ဖွင့်ပေးနေတာ၊ တွေးလုံးတောင်မှ သင်ပေါ့ပဲဆုပြီး ဒါတွေ သိပြီးမှ ထပြီး ဘုရားရှိခိုးတဲ့အခါ ကျေးဇူးတော် အစုံ ဂုဏ်တော် အနန္တပါကလား၊ တကယ့်ကို ရင်ဝယ်သားကဲ့သို့ သနားပါကလား၊ မဟာကရုဏာတော်ရင်ကြီးပါကလား၊ မျက်စိနှစ်ကွင်း အလင်းရအောင် ဖွင့်ပေးတဲ့ ဆေးသမားကြီးပါကလား (မှန်ပါ့)၊ ဒီကျမှ ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား)။
နို့မို့ရင် ဩကာသလောက်ဆိုနေရုံနဲ့ မပေါ်ပါဘူး၊ ဩာကာသ သမားက ရောက်တယ်ဆိုရင် “ဩကာသ ဩကာသ ကာယကံ ဝစီကံ မနောကံနဲ့ ရှိခိုးပါ၏”ဆိုပြီး ကပျာကယာ ထပြေးတာပဲ၊ ကျေးဇူးတော်တွေ မြင်သေးရဲ့ လား (မမြင်ပါ ဘုရား)။
ဒါဖြင့် သူ ဘုရားတွေ့သလား၊ ရုပ်ပွားတွေ့သလားလို့ အကဲခတ်ဖို့ (ရုပ်ပွားတွေ့ပါတယ် ဘုရား)၊ ရုပ်ပွားသာ တွေ့၍ ဘုရားမတွေ့ဘူးနော် (မှန်ပါ့)။
ဘုရားမတွေ့ဘူးတဲ့၊ ကျေးဇူးတွေကို ပြောဆိုတဲ့ဉာဏ်တော်တွေ၊ တန်ခိုးတော်တွေ၊ ဉာဏ်တော်တွေ ကိုယ့်အပေါ် မှာ ငဲ့ထားတာတွေ ဒါတွေ မတွေ့ဘူး၊ တွေ့သေးရဲ့လား (မတွေ့ပါ ဘုရား)၊ မတွေ့တော့ သိပ်ကျေးဇူးမများလှတဲ့ ဩကာသ ဖြစ်မနေဘူးလား (ဖြစ်နေပါတယ် ဘုရား)။
ဦးအောင်ဇံဝေ ဆရာကောင်း သမားကောင်းနဲ့မတွေ့လို့ရှိရင်ဖြင့် ရိုးရာ ဘုရားရှိခိုးနဲ့ ပြီးနေမှာပဲနော် (မှန်ပါ့)၊ ဒေါ်အုန်းမေ သိပ်ကြောက်စရာ ကောင်းပါသလား (ကောင်းပါတယ် ဘုရား)။
ကုသိုလ်မရဘူးလား ရသလား (ရပါတယ်)၊ သာမညကုသိုလ်ပဲ ရတယ်နော် (မှန်ပါ့ ဘုရား)၊ အလွန့်အလွန် မြိန်မြိန်ယှက်ယှက် ကုသိုလ်ကြီးကြီးကျယ်ကျယ် ကုသိုလ်ကြီးရနိုင်ပါမလား (မရနိုင်ပါ ဘုရား)။
မသိတဲ့အဖြစ်ဟာ အဆိုးဆုံးပဲ
အဲဒါတွေကြောင့် မသိတဲ့အဖြစ်ဟာ အဆိုးဆုံးပဲလို့ဆိုတာ မောင်အောင်မြပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဘယ်လိုပေါ်သတုန်း (မသိတဲ့အဖြစ်ဆိုးပါတယ် ဘုရား)၊ မသိတဲ့ အဖြစ်လောက်ဆိုးတာ ဘယ်ရှိမလဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ဒါဖြင့် တွေးတတ်၊ ကြံတတ်ကြပလား (ကြံတတ်ပါပြီ)၊ ဘယ်လို ကြံကြမလဲ၊ ဘာတွေးမတုန်း ခန္ဓာကိုယ်ထဲ ကပေါ်ရင် (သစ္စာတွေးပါမယ်)၊ ဘာသစ္စာပါလိမ့်မတုန်းဆိုတာ တွေးပစ်လိုက် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ခန္ဓာကိုယ်ထဲမှာ တွေးစိတ်ပေါ်တိုင်း ပေါ်တိုင်း အင်း ဒီတွေးစိတ်ကလေးဟာ ဘာသစ္စာပါလိမ့်မတုံးလို့ နောက် ဉာဏ်နဲ့ ပြန်ပြန်တွေး ပြန်ပြန်ကြည့်လိုက် (မှန်ပါ့)၊ ဘာကလေးတွေးလိုက်မယ်ထင်သတုန်း (ဒုက္ခတွေးပါမယ် ဘုရား)။
အဲဒါကြောင့် တွေးချင်ရင် နားထဲပေါ်တဲ့စိတ်ဟာ ဘယ်သစ္စာပါလိမ့်မတုန်း မဟုတ်ဘူးလား၊ နှာခေါင်းထဲပေါ်တဲ့ စိတ်ဟာ ဘယ်သစ္စာပါလိမ့်မတုန်း၊ တစ်ကိုယ်လုံးက ယားတာ၊ ယံတာတွေ ဘယ်သစ္စာပါလိမ့်မတုံး ဟုတ်လား (မှန်ပါ့)၊ ကြံလုံးစည်လုံးတွေ ဘယ်သစ္စာပါလိမ့်မတုန်း တွေးလိုက်စမ်း (မှန်ပါ့ ဘုရား)။
တွေးလိုက်တော့ ဘာတွေချည်း တွေ့မယ်ထင်သတုန်း (ဒုက္ခသစ္စာချည်းပါ)၊ အဲဒီအထဲ မျက်ရည်ကျစရာများ ပါသေးသလား (မပါပါ ဘုရား)၊ မပါဘူးတဲ့ ဘာပါမတုန်း မဟာကုသိုလ်ဉာဏ်သမ္ပယုတ်ဖြစ်နေတယ်၊ ဉာဏ်ပါနေတယ် (မှန်ပါ့)၊ ဟုတ်ပလား (မှန်ပါ့)။
အောင်အောင်မြ တွေးတတ်ပလား (တွေးတတ်ပါပြီ)၊ ဦးအောင်ဇံဝေတို့ (တွေးတတ်ပါပြီ ဘုရား)။
အပိုမထည့်နဲ့နော် (မှန်ပါ့)၊ ခန္ဓာထဲပေါ်တာဟူသရွေ့ ဘာသစ္စာတုန်း သာတွေးတွေးချ၊ ဘာသစ္စာမှမပေါ်ဘူး၊ ဒုက္ခသစ္စာပဲ ပေါ်မှာဘဲ (မှန်ပါ့)၊ ယုတ်စွအဆုံး သမုဒယသစ္စာကလေး ပေါ်တာတောင်မှ တော်တော်ကြာပျက်သွားရင် ဒုက္ခသစ္စာ ဖြစ်ရမှာဘဲ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီလို တွေးလုံးနဲ့ တွေးပြီး သကာလ နေကြလို့ရှိရင် ပဋိစ္စသမုပ္ပါဒ် မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)၊ ပြတ်တော့ကို ပဋိစ္စသမုပ္ပာဒ် ပြတ်တာဟာ နိဗ္ဗာန်ပဲ (မှန်ပါ့)။
ပဋိစ္စသမုပ္ပာဒ် ပြတ်တာဟာ နိဗ္ဗာန်ပဲ
ပဋိစ္စသမုပ္ပာဒ်ပြတ်တာဟာ (နိဗ္ဗာန်ပါ ဘုရား)၊ နိဗ္ဗာန်ပဲဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်ပြတ်တော့ကို ဒုက္ခတွေပြတ်သွားတယ် (မှန်ပါ့)၊ ဒုက္ခပြတ်တာ ဘာခေါ်မယ် (နိဗ္ဗာန်ပါ)၊ နိဗ္ဗာန်ပဲဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အတွေးကလေးကစပြီး သင်ရတယ်ဆိုတာ မောင်အောင်မြ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ခင်ဗျားတို့ ဝါသနာထုံထားတာက ဘာတွေ ထုံထားသတုန်း၊ သားရေးတွေးလိုက်၊ သမီးရေးတွေးလိုက်၊ စားဖို့ သောက်ဖို့တွေးလိုက်၊ ရှေ့ရေး နောက်ရေး ဘယ်လိုနေမတုန်းဆိုတာတွေးလိုက်၊ တွေးတဲ့အထဲက ဆွေးလိုက်၊ တွေးတဲ့ အထဲက ပြုံးလိုက် မလာဘူးလား (လာပါတယ် ဘုရား)။
ဆွေးလိုက်ရင် ဒုက္ခသစ္စာပဋိစ္စသမုပ္ပါဒ် ဆက်ပြီးဟုတ်လား (မှန်ပါ့)၊ ပြုံးလိုက်ရင်လဲ ပဋိစ္စသမုပ္ပါဒ် ဘယ့်နှယ် နေသတုန်း (ဆက်ပါတယ်)၊ ဆက်သွားတာပဲ၊ ပြုံးလိုက်ရင်လဲဆက်၊ စိတ်မချမ်းသာရင်လဲဆက်၊ မဆက်ဘူးလား (ဆက်ပါ တယ် ဘုရား)။
အဲဒါကြောင့် ဟို မုံရွာက ဒကာမကြီးက တွေးမနေနဲ့၊ တွေးချင်ရင် အခုပြောတာတွေ ထွေး၊ ခန္ဓာကိုယ်ထဲ ပေါ်လာသရွေ့ သစ္စာကိုသာတွေး (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဘာသစ္စာပါလိမ့်၊ ဘာသစ္စာပါလိမ့်မတုန်းလို့ တွေးလိုက်ရင် မဂ်မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)၊ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါ မျက်လုံး ဖွင့်ပုံ သင်မဟေ့တဲ့၊ လာပြီ (မှန်ပါ့)။
ဦးအောင်ဇံဝေ ဘာသင်မှာတုန်း (မျက်လုံးဖွင့်ပုံ သင်မှာပါ ဘုရား)၊ မျက်လုံးဖွင့်ပုံသင်မတဲ့။
နောက် ဒကာ ဒကာမတွေက ယနေ့ ဘာသင်မတဲ့တုန်း ဘုရားက (မျက်လုံးဖွင့်ပုံသင်မှာပါ ဘုရား)။
မျက်လုံးဖွင့်ပုံသင်မှာပါ
ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်က သင်ရပါတယ် ဆိုကတည်းက နဂိုကဖွင့်နေတဲ့ အဖွင့်တွေကဖြင့် ဦးအောင်ဇ့ဝေရေ ပဋိစ္စသမုပ္ပာဒ် ဆက်ကြောင်းချည်းပဲ (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ဒုက္ခရောက် ကြောင်းချည်းပဲဆိုရင်ကော (ဆိုနိုင်ပါတယ်)၊ မှတ်တယ်လို့ပဲ ဆုံးဖြတ်ချက်ချရမယ် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါ ပြီ ဘုရား)။
ဒါဖြင့် ယနေ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မျက်လုံးဖွင့်ပုံ နားထောင်ပုံဟုတ်လား (မှန်ပါ့)၊ ရှူပုံ၊ ရှိုက်ပုံ၊ စားသောက်ပုံ၊ ယံပုံ၊ ကြံပုံ၊ စည်ပုံကို အကုန်သင်မဟေ့တဲ့၊ ဒီနေ့ တရားကနော် (မှန်ပါ့)။
ကိုင်း ဒကာ ဒကာမတွေ မျက်လုံးဖွင့်ပုံလဲ သင်မယ်၊ နားထောင်ပုံလဲ သင်မယ်ဆိုက တည်းက မောင်အောင်မြ နဂိုဟာတွေ ပြင်ချင်လို့ပဲဆိုတဲ့ ဥစ္စာ အမှားတွေမို့ဘဲဆိုတဲ့ ဥစ္စာကရှုပ်စရာ လိုသေးသလား (မလိုပါ ဘုရား)၊ အမှား သက်သက်လုပ်နေကြလို့ ပြင်ပေးမှာ (မှန်ပါ့)။
ဒေါ်အုန်းမေကြီး ဘယ်လိုတုန်း (အမှားသက်သက် လုပ်နေလို့ ပြင်ပေးမှာပါ ဘုရား)၊ အမှားသက်သက်လုပ်နေလို့ ပြင်တယ်ဆိုတာကော သေချာပလား (သေချာပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒီလိုလုပ်ကြပါစို့၊ ဂဇင်္ဂလတိုင်းမှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ရွှေဝါးပင်တွေရှိတဲ့ ဂဇင်္ဂလ တိုင်းပြည်မှာ တောထဲမှာ သီတင်းသုံးနေတယ်။
ဂဇင်္ဂလတိုင်းမှာ ရွှေဝါးပင်တွေ ရှိတဲ့နေရာမှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ သီတင်းသုံးနေတယ်၊ သီတင်းသုံးနေတော့ ဘုရားသီတင်းသုံးတယ်ဆိုတော့ ဦးအောင်ဇံဝေ လူပညာရှိ ရဟန်းပညာရှိတွေ ဝိုင်းလာကြတာပေါ့ (မှန်ပါ့)။
ဥတ္တရလုလင်ဆိုတာ ပါလာတယ်
လာကြတဲ့အထဲမှာ ပါရာသိဝိယဆိုတဲ့ တက္ကသိုလ်ဆရာကြီးရဲ့ တပည့်ဥတ္တရလုလင်ဆိုတာက ပါလာတယ်၊ ဒီလူထုထဲမှာ ပါရာသိဝိယ တက္ကသိုလ်ဆရာကြီးရဲ့ တပည့်ဥတ္တရလုလင်ဆိုတာက ပါလာတယ်နော် (မှန်ပါ့)။
ဥတ္တရလုလင်ဆိုတာက ပါလာတော့ ဒီတရားပွဲမှာ ဘုရားကပဲ စပြီး မေးလိုက်တယ်၊ ဥတ္တရလုလင် မင်းတို့ တက္ကသိုလ်ဆရာကြီး ပါရာသိဝိယ ဆရာကြီးက ဣန္ဒြေကို ဘယ်လိုစောင့်ရှောက်ရမတဲ့တုန်းတဲ့၊ ဘယ်လိုပွားများရမယ်လို့ မင်းတို့ကိုဟောသတုန်းလို့၊ အဲဒါကလေး မင့်ဆရာကြီး ဟောပုံ ပြောပြစမ်းပါ၊ ဘုရားကလဲ ကောက်မေးလိုက်တယ် (မှန်ပါ့)။
ဘုရားတဲ့ မျက်လုံးရှိလျက်နဲ့ ပိတ်ထားရမယ်လို့ (မှန်ပါ့)၊ ဒါမှ သာလျှင် နောက်က ပဋိစ္စသမုပ္ပာဒ်ပြတ်မယ်နော် (မှန်ပါ့)၊ မျက်လုံးရှိရင် မဖွင့်နဲ့ပေါ့လေ၊ နားရှိရင် မထောင်နဲ့ (မှန်ပါ့)။
ဟာ ဒါဖြင့် ပါရာဝိသိယဆရာကြီးက မင်းတို့ သင်ထားတာဖြင့်ကွာ တဲ့၊ ဒီလိုဖြင့် ဝမ်းထဲက ကန်းလာတဲ့ ပုဂ္ဂိုလ် များ နိဗ္ဗာန်ရောက်ကုန်မျာဘဲတဲ့ ပဋိစ္စသမုပ္ပာဒ် ပြတ်တာနဲ့ ဝမ်းတွင်းက နားပင်းလာတဲ့ ပုဂ္ဂိုလ် များလဲ ပဋိစ္စသမုပ္ပာဒ် ပြတ်သောကြောင့် နိဗ္ဗာန်ရောက်မှာဘဲတဲ့ ဆိုတော့ ဟိုက မျက်လုံးရှိလျက်နဲ့ မကြည့်နဲ့ဆိုတာကိုး၊ နားရှိလျက်နဲ့ မထောင် နဲ့ဆိုတော့ ဘုရားက ဒါပဲပြောရုံ ရှိတော့တယ် (မှန်ပါ့)၊ သဘောပါကြပလား (ပါ ပါပြီ ဘုရား)။
အဲဒီလိုဖြစ်ပြီး သကာလ နေတော့ ဒီဥတ္တရလုလင်ကလဲ ဘာမှပြန်ပြီး သကာလ မပြောတတ်၊ မဆိုတတ်၊ ဪ ဟုတ်သားပဲတဲ့၊ တို့ ဆရာကြီးက မျက်လုံးပိတ်ထား၊ နားပိတ်ထားဆိုတဲ့ဥစ္စာ မှားနေပါပေါ့လား၊ ဝမ်းထဲက မျက်စိကန်း လာတဲ့ ပုဂ္ဂိုလ်အကုန် ဣန္ဒြေတွေလုံးပြီး သကာလ နိဗ္ဗာန်ရောက်ကုန်မှာပေါ့ ဆိုတော့ သူ့အမှားသူသိသွားပြီနော် (မှန်ပါ့)၊ သူ့ဆရာကြီး ဟောတာကို အမှန်မသိသေးဘူးလား (သိပါပြီ ဘုရား)။
သိသွားတဲ့အခါကျတော့မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ပါရာသိဝိယဆရာကြီးရဲ့ တပည့်ဥတ္တရလုလင် ကြံမှိုင်ပြီး သကာလ နေတာကို သူမြင်တယ်၊ ဘာမှ မဖြေတတ်တော့ဘူး။
အတော်လွဲချော်နေပြီကွ
ဒါနဲ့ ဒီညီတော် အာနန္ဒာကို ဘုရားက၊ ညီတော်အာနန္ဒာ ဒီ ပါရာသိဝိယဆရာကြီးဟောတဲ့ ဣန္ဒြေလုံခြုံမှု ပဋိစ္စသမုပ္ပာဒ် ပြတ်မှုဆိုတဲ့ ဥစ္စာ အတော်လွဲချော်နေပြီကွ။ အကန်းတွေ ဟောသလို ဖြစ်နေတယ်၊ အကန်းတွေ နိဗ္ဗာန် ရောက်ရမလို၊ ပဋိစ္စသမုပ္ပာဒ်ပြတ်ရမလို၊ နားပင်းတွေ ပဋိစ္စသမုပ္ပာဒ်ပြတ်လို့ နိဗ္ဗာန်ရောက်ရမည့်ပုံ ဟောထားတယ်ကွ၊ သိပ်လွဲမနေဘူးလား (လွဲပါတယ် ဘုရား)။
ဒါနဲ့ ရှင်အာနန္ဒာ၏ တောင်းပန်းချက်အရ အရိယာတို့ သိတဲ့ ဣန္ဒြိယဘာဝနာ ဣန္ဒြေလုံခြုံမှု (ဝါ) ပဋိစ္စသမုပ္ပာဒ် ပြတ်ပုံကို ငါ သေသေချာချာ ဟောမယ်ကွဆိုပြီး သကာလ ဘုရားက ဟောလိုက်တယ် (မှန်ပါ့ ဘုရား)။
ဟောတော့ ဒကာ ဒကာမတွေ မျက်လုံးဖွင့်ပုံကလေး သင်မယ်နော် (မှန်ပါ့)၊ မျက်လုံးဖွင့်ပါတဲ့ ကိစ္စမရှိဘူးနော် (မှန်ပါ့ ဘုရား)။
မျက်လုံးဖွင့်ပါ၊ ချောတာ ကြည့်ချင်ကြည့်၊ လှတာကြည့်ချင်ကြည့်၊ ဟုတ်လား (မှန်ပါ့)၊ အရုပ်ဆိုးတာ ကြည့်ချင် ကြည့်၊ အလတ်စား ကြည့်ချင်ကြည့်၊ ကြည့်ချင်တာကြည့် ဘုရားကတော့ သဘောကျပလား (ကျပါပြီ ဘုရား)။
လှတာကို ကြည့်ချင်ကြည့် အရုပ်ဆိုးတာကိုလဲ ကြည့်ချင်ကြည့်၊ အလတ်စားကော (ကြည့်ပါ)၊ ကြည့်ချင်ကြည့် ကြည့်သာကြည့်ပါဆိုတော့ ဟိုက မကြည့်ရဘူးပြောထားတယ်နော် (မှန်ပါ့)၊ ပါရာသိဝိယ ဆရာကြီးက မကြည့်ရဘူး ဟောထားတယ် ပိတ်ထားတယ်၊ ဘုရားက ကြည့်သာကြည့်တဲ့ (မှန်ပါ့ ဘုရား)။
ကြည့်သာကြည့်တဲ့
ဘုရားကတော ဘာတုန်း (ကြည့်ပါတဲ့)၊ ကြည့်သာကြည့်တဲ့ မျက်လုံးဖွင့်သာဖွင့်ပါကွတဲ့၊ ရှင်းကြပလား (ရှင်းပါ ပြီ ဘုရား)။
ဒါဖြင့် မျက်လုံးဖွင့်၊ ဖွင့်လိုက်တဲ့အခါကျတော့ ဥပမာမယ် ကျောက်ကလေးတစ်ပွင့် မြင်လိုက်တယ်၊ ကိုယ့်မှာ အစပ်လိုတဲ့ ကျောက်ကလေးကို မြင်လိုက်တယ်၊ မြင်တော့ ခုနင်က မြင်လို့ ဒါကလေး အစပ်လိုနေတာ၊ အခုလာတွေ့ တယ်လို့ ဖျက်ခနဲဆို ဝမ်းသာတယ်နော် (မှန်ပါ့)၊ ဝမ်းမသာဘူးလား (ဝမ်းသာပါတယ် ဘုရား)။
အဲဒီ ဝမ်းသာတဲ့စိတ်ကလေးကို ခင်ဗျားတို့က ဒီတရားကလေးကို ဪ ဒါကလေးဟာ ဝမ်းသာတာ ကလေးဟာ တခြားတရား မဟုတ်ဘူး၊ ပြုပြင်လိုက်လို့ ပေါ်လာတာကလေး ကျောက်ကပြုပြင်လို့ ပေါ်လာတာ ကလေး၊ ကျောက်နဲ့ အဆင်းနဲ့ပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ကျောက်တည်းဟူသော အာရုံအဆင်းနဲ့ ဒီက စက္ခုပသာဒနဲ့ထိတော့ “စက္ခုံစ ပဋိစ္စရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ”ဆိုတဲ့ သောမနဿဝေဒနာ ပေါ်လာတယ် (မှန်ပါ့)၊ ဒါဖြင့် ပြုပြင်လို့ ပေါ်လာတဲ့ တရားကလေးလို့ ဉာဏ်နဲ့နှလုံးသွင်းလိုက်တယ်နော် (မှန်ပါ့ ဘုရား)။
မြင်လိုက်တယ်ဆိုတော့ ဝမ်းသာတာကလေး မလာဘူးလား (လာပါတယ်)၊ အဲဒီ ဝမ်းသာတာကလေးဟာ ခင်ဗျားတို့က မြန်မြန်နှလုံး သွင်းလိုက်ပါ၊ ဟုတ်လား အနိစ္စတရားကလေးပဲ၊ သင်္ခတတရားကလေး ပြုပြင်လို့ပေါ်လာတဲ့ တရားကလေးပဲ၊ အကြောင်းကြောင့် ဖြစ်တဲ့ အကျိုးကလေးပေါ်လာတယ်လို့ ခင်ဗျားတို့ မြန်မြန် နှလုံးသွင်းလိုက် (မှန်ပါ့ ဘုရား)။
မြန်မြန် နှလုံးသွင်းလိုက်
သင်္ခတတရားကလေးလို့ မြန်မြန် နှလုံးသွင်းလိုက်၊ ပဋိစ္စသမုပ္ပန္န အကျိုးတရားကလေးတို့ နှလုံးသွင်းလိုက်တဲ့ အခါကျတော့ကို နှလုံးသွင်းတဲ့စိတ်လာတော့ သူရှိသေးရဲ့လား (မရှိပါ ဘုရား)၊ မရှိတော့ သူ ပဋိစ္စသမုပ္ပာဒ် ဆက်နိုင် သေးရဲ့လား (မဆက်နိုင်ပါ ဘုရား)။
ဒါဖြင့် သူ့ကို နှလုံးသွင်းလိုက်တဲ့အခါကျတော့ သူ သင်္ခတတရားကလေး၊ သင်္ခတတရားကလေးဖြစ်ပြီး ပျက် သွားပြီ၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အကျိုးတရားကလေးဖြစ်ပြီး ပျက်သွားပြီ၊ ဒီလိုခင်ဗျားတို့က နောက်က နှလုံးသွင်းလိုက်လို့ရှိရင် ပဋိစ္စသမုပ္ပာဒ် ရှေ့ကို ဆက်နိုင်သေးရဲ့လား (မဆက်နိုင်ပါ ဘုရား)။
ဒါဖြင့် သူပေါ်တိုင်း ပေါ်တိုင်း ဒါကလေးကို သင်္ခတတရား ပဋိစ္စသမုပ္ပန္နတရားလို့စာလိုဆိုချင်ဆို (မှန်ပါ့)၊ မဆိုချင်လို့ရှိရင် ဖြစ်ပျက်ရှုပစ် (မှန်ပါ့ ဘုရား)။
ဝမ်းသာတာကလေးကို ဘာလုပ်ပေးရမလဲ (ဖြစ်ပျက်ရှုပစ်ရပါမယ် ဘုရား)။
ဖြစ်ပျက်ရှုပစ်လိုက်တော့ ဖြစ်ပျက်နောက်က မဂ်မလိုက်ဘူးလား (လိုက်ပါတယ်)၊ လိုက်တဲ့အခါကျတော့ကို ဒီအပေါက်ကနေပြီး သကာလ တဏှာ၊ ဥပါဒါန်၊ ကံတွေလာသေးရဲ့လား (မလာပါ)၊ မလာတော့ ဇာတိ၊ ဇရာ၊ မရဏ ဘယ့်နှယ်နေသတုန်း (ချုပ်ပါတယ်)၊ ချုပ်ပျောက်သွားတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒီတရားကလေးပေါ်လာရင် ဘာတုန်း၊ သင်္ခတတရား, ပဋိစ္စ သမုပ္ပန္နတရား, ဩဠာရိက ရုန်,ရင်းတဲ့ တရားကလေးလို့ မြန်မြန်ရှုပစ်ပါနော် (မှန်ပါ့ ဘုရား)။
ဖြစ်ပျက်မြန်မြန်ရှု
အဲဒီတော့ ဒါစာသံ ပေသံ ပါနေတော့ ဘုရားကဟောတာ “စာသံ ပေသံပါနေတော့” ခင်ဗျားတို့ကတော့ဖြင့် မြင်လို့ လိုချင်တဲ့ ဝမ်းသာလုံးကလေးကို ဖြစ်ပျက်မြန်မြန်ရှု (မှန်ပါ့)၊ ဝမ်းသာလုံးကလေးက အားပေးနိုင်သေးသလးာ (မပေးနိုင်ပါ ဘုရား)၊ မပေးနိုင်ဘူးနော်။
ဝမ်းမြောက်တဲ့ သောမနဿကနေပြီး တစ်ခါတည်း တဏှာ၊ ဥပါဒါန်၊ ကံတွေလိုက်သေးရဲ့လား (မလိုက်ပါ)၊ မလိုက်လို့ရှိရင် သောမနဿ ဖြစ်ပျက်ရှု၊ အဲ ဖြစ်ပျက်ဆိုတော့ နောက်က မဂ်လိုက်မလာဘူးလား (လာပါတယ် ဘုရား)။
လိုက်လာတော့ တဏှာ၊ ဥပါဒါန်၊ ကံတွေ ဘယ့်နှယ်နေသတုန်း (ချုပ်ပါတယ်)၊ ချုပ်တော့ ဇာတိ၊ ဇရာ၊ မရဏတွေ မချုပ်ဘူးလား (ချုပ်ပါတယ်)၊ ဒါကြောင့် ဝမ်းသာတဲ့ စိတ်ကလေးလာလဲ ဖြစ်ပျက်ရှုပါ (မှန်ပါ့)၊ မျက်လုံး ဖွင့်ပုံပြလိုက်တော့ (မှန်ပါ့)။
ဖွင့်လို့ ဝမ်းသာရင်ကို ဖြစ်ပျက်မှု မဟုတ်ဘူးလား (မှန်ပါ့)၊ မျက်လုံးဖွင့်လိုက်သည်နဲ့ တစ်ပြိုင်နက်တည်း မကြည့်ချင်တဲ့လူ တွေ့ပြီဗျ၊ ဒေါမနဿဝေဒနာ မလာဘူးလား (လာပါတယ် ဘုရား)။
အဲဒါကလေး လာလို့ရှိရင် သူလဲ သင်္ခတတရားပဲ၊ ပဋိစ္စသမုပ္ပန္န တရား၊ ရုန့်ရင်းတဲ့ တရားကလေးပဲလို့ မြန်မြန်ဖြစ်ပျက်ရှုပစ် (မှန်ပါ့)၊ ရှုပစ်လိုက်တော့ ဖြစ်ပျက်နောက်က မဂ်မလိုက်ဘူးလား (လိုက်ပါတယ်)၊ ကိုယ်ရှုပြီကော ကိုးကွ (မှန်ပါ့)၊ ဒီလိုဆိုတော့ မျက်လုံးဖွင့်ခြင်းကြောင့်ပဲ ပဋိစ္စသမုပ္ပါဒ် ပြတ်တယ် (မှန်ပါ့)၊ မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။
မျက်လုံးဖွင့်ခြင်းကြောင့် (ပဋိစ္စသမုပ္ပာဒ် ပြတ်ပါတယ်)၊ သေချာပလား (သေချာပါပြီ ဘုရား)။
ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်နေပြီ
ဒါဖြင့် ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်နေပြီ (မှန်ပါ့)၊ မကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား)။
တစ်ခါတလေကျတော့ မြင်တာမြင်တယ်၊ ဘာမှန်းမသိတာ၊ မြင်တာမြင်တယ်၊ ကျုပ်ဖြင့် မကွဲမပြား ဖြစ်နေတယ် ဆိုတဲ့ ဝိစိကိစ္ဆာကလေး မလာဘူးလား (လာပါတယ်)၊ ဒါမောဟပဲနော် (မှန်ပါ့ ဘုရား)။
ဒီဟာကလေးဖြင့် ကျုပ်ဖြင့် အပြစ်လိုလို ဘာလိုလိုဆိုတာကလေးကော မလာဘူးလား (လာပါတယ်)၊ ဒါကလေး ဟာ အပြစ်လိုလို ဘာလိုလိုပဲ ထင်လို့ရှိရင် မဆုံးဖြတ်နိုင်တာကလေးကို ဘာလုပ်ပစ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်)၊ ဖြစ်ပျက်ရှုပစ်လိုက်၊ သူသည် အခုမှ ပေါ်လာတဲ့တရားကလေး၊ ပဋိစ္စသမုပ္ပါဒ်တရားကလေး၊ ရုန့်ရင်းတဲ့တရားကလေး၊ သင်္ခတတရားကလေး၊ ဘုရားကတော့ သုံးချက်ပြတယ်ပေါ့ဗျာ (မှန်ပါ့)၊ အဲဒီသုံးချက်ကို ဘုန်းကြီးက တစ်ခုတည်းနဲ့ ချုံ့လိုက်တဲ့အခါကျတော့ ခင်ဗျားတို့ သူပေါ်လာတာ ဖြစ်ပျက်ရှုလိုက်ရင် ပြီးတာပဲ (မှန်ပါ့)။
သူပေါ်လာတာ ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ်)၊ အင်း ဒါဖြင့် ဝမ်းသာလာတာလဲ ဖြစ်ပျက်ရှု၊ ဒေါသလာ လဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
မြင်လိုက်လို့ ဘာမှမသိဘူး၊ နှစ်ခွဖြစ်နေပြန်ရင်ကော (ဖြစ်ပျက် ရှုရပါမယ်)၊ နှစ်ခွဖြစ်တဲ့ စိတ်ကလေးကို ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်)၊ ဒါ မောဟကို ဖြစ်ပျက်ရှုတာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ပဋိစ္စသမုပ္ပါဒ် သုံးပိုင်းပြတ်အောင် ဖြတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေ
အဲဒီတော့ လောဘရှုတော့ ပဋိစ္စသမုပ္ပာဒ် အလယ်က ပြတ်တယ် (မှန်ပါ့)၊ ဒေါသရှုတော့ အဆုံးက ပြတ်တယ်၊ မောဟရှုတော့ အစကပြတ်တယ်၊ မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။
ဒါ ပြတ်တာ မြင်သဖြင့် ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ် သုံးပိုင်းပြတ်အောင် ဖြတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေလို့ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။
ဒီလိုဆိုတော့ ဇာတိ၊ ဇရာ၊ မရဏ အပါယ်လေးပါး သွားသေးရဲ့လား (မသွားပါ ဘုရား)၊ မသွားတဲ့အပြင် မဂ် ပါရနေတယ်ဆိုတဲ့ အဓိပ္ပာယ် မရှင်းဘူးလား (ရှင်းပါတယ် ဘုရား)။
အဲဒီတော့ မဂ်ရလို့ရှိရင် ဒီမဂ်က လောကီမဂ်ဖြစ်လို့ရှိရင် သုဂတိဆောင်မှာဘဲ၊ လောကုတ္တရာမဂ် ဖြစ်လို့ရှိရင် လဲ နိဗ္ဗာန်ဆောင်မှာဘဲ (မှန်ပါ့)၊ အကျိုးယုတ်တာပါသေးရဲ့လား (မပါပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
မျက်လုံးဖွင့်တတ်ကြလား
ဒါဖြင့် မျက်လုံးဖွင့်တတ်ကြလား (ဖွင့်တတ်ပါပြီ)၊ ဖွင့်လို့ ဝမ်းသာတာ လာရင်လဲ ဘာလုပ်မယ် (ဖြစ်ပျက်ရှုရ ပါမယ် ဘုရား)၊ ဖွင့်လိုက်လို့ စိတ်မချမ်းသာတာလာရင်လဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ဖွင့်လိုက်လို့ သံသယရှိတဲ့ မောဟလာမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ဖြစ်ပျက်ရှုလိုက်လို့ရှိရင်ဖြင့် ဒါ မျက်လုံးဖွင့်မှ နိဗ္ဗာန်ရောက်နိုင်တယ် (မှန်ပါ့)။ ပါရသိဝိယ ဆရာကြီးကတော့ ဒါ မျက်လုံးပိတ်ထားမှ နိဗ္ဗာန်ရောက်နိုင်တယ်၊ လွဲမနေဘူးလား (လွဲနေပါတယ်)၊ သဘောပါပလား (ပါပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။