12403

မာတိကာသို့

ဆန္ဒောဝါဒသုတ် (၂)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်

ဟောကြားတော်မူသော

ဆန္ဒောဝါဒသုတ် (၂)

ညအလုပ်ပေးတရာတော်

(၆-၅-၆၂)

မှီနေရင် လှုပ်တယ်ဆိုတဲ့ဥစ္စာ

”နိဿိတဿ စလိတံ” တဲ့၊ နိဿိတဿ မိမိခန္ဓာကိုယ်၌ လည်းကောင်း၊ သူတစ်ပါးခန္ဓာကိုယ်၌ လည်းကောင်း၊ တဏှာ၊ မာန၊ ဒိဋ္ဌိနဲ့ မှီနေသော ပုဂ္ဂိုလ်အား (ဝါ) ဆက်နေသော ပုဂ္ဂိုလ်အား၊ စလိတံ အကြောင်းရှိက လှုပ်သည်၊ ဟောတိဖြစ်၏။

အရှင်မဟာစုန္ဒက အရှင်ဆန္ဒကို ရဟန္တာမဟုတ်မှန်းသိလို့ တရားပေးထားတယ် (မှန်ပါ့)၊ ရဟန္တာမဟုတ်မှန်းသိ လို့ တရားထပ်ပေးနေရတယ် (မှန်ပါ့)။

မှီနေရင် လှုပ်တယ်ဆိုတဲ့ဥစ္စာ မနေ့က အကျယ်တဝင့်ပြောခဲ့တယ်နော် (မှန်ပါ့)၊ “အနိဿိတဿ စလိတံ နတ္ထိ” အနိဿိတဿ မှီမနေတဲ့ ပုဂ္ဂိုလ်အား၊ စလိတံ လှုပ်ခြင်းသည်၊ နတ္ထိမရှိတဲ့၊ ဘာမှ ခင်တွယ်မှု၊ စိုးရိမ်မှု၊ ငါ့ကိုယ်၊ ငါဟာ၊ ငါ့ဥစ္စာမဟုတ်ဘူးလို့ ထင်နေကြလို့ရှိရင်ဖြင့် မလှုပ်ဘူးတဲ့ (မှန်ပါ့)။

ဒါဖြင့် မှီနေရင် လှုပ်တယ်၊ မမှီနေရင်ဖြင့် (မလှုပ်ပါ ဘုရား)၊ မလှုပ်တော့ဘူးဆိုတာ မှတ်ထားလိုက်ပါတဲ့။

မလှုပ်လို့ရှိရင် ဘာဖြစ်မလဲလို့ မေးဖို့လိုတယ်၊ မလှုပ်လို့ရှိရင်ဖြင့် ဒါ တဏှာတို့ ဒိဋ္ဌိတို့ ချုပ်သွားပြီကွတဲ့ (မှန်ပါ့)၊ မလှုပ်တဲ့ပုဂ္ဂိုလ်အား တဏှာ ဒိဋ္ဌိချုပ်သွားပြီ (မှန်ပါ့)။

မလှုပ်တဲ့ ပုဂ္ဂိုလ်အား ဘာတုန်း (တဏှာဒိဋ္ဌိချုပ်ပါတယ်)၊ တဏှာဒိဋ္ဌိချုပ်သွားပြီတဲ့၊ ဘာအကြောင်း ကြားကြား မထူးပါဘူး၊ အထူးအဆန်း မဟုတ်ပါဘူး၊ ဖြတ်တတ်တာမျိုးဘဲဆိုပြီး သံဝေဂတောင် ဝင်လာသေးတယ်၊ ပျာပျာသလဲ မလားဘူး၊ ဒါ မလှုပ်တာပဲ (မှန်ပါ့)။

ပဋိစ္စသမုပ္ပါဒ် ဆက်တာ

လှုပ်တယ် ဆိုတာသည် ဘာတုန်းလို့ မေးလို့ရှိရင် ပဋိစ္စသမုပ္ပါဒ် ဆက်တာလို့ ဒီ ဒကာ ဒကာမတွေက မှတ်ထား လိုက်ပါ (မှန်ပ့ါ)။

လှုပ်တာကို ဘာခေါ်ကြမယ် (ပဋိစ္စသမုပ္ပာဒ် ဆက်တာပါ ဘုရား)၊ ဆက်သွားတယ်၊ ဆက်သွားတယ်ဆိုတော့ တစ်ဘဝနဲ့တစ်ဘဝ ကူးစက်သွားတယ် (မှန်ပါ့)။

တစ်ဘဝ ဒုက္ခပြီးရင် နောက်ဘဝ ဒုက္ခလာမယ်ဆိုတဲ့ဥစ္စာ လှုပ်တဲ့ပုဂ္ဂိုလ်ဟာ ဆက်သွားတာပဲ၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

”စလိတေ အသတိ(ပ)နတိ န ဟောတိ” တဏှာနဲ့ ခင်တွယ်မှုတွေ ဘာတွေ ချုပ်သွားပြီကွာတဲ့။

နတိယာ အသတိ ခင်တွယ်ခြင်းမရှိတဲ့ ပုဂ္ဂိုလ်အား၊ အာဂတိဂတိ နဟောတိ သွားစရာ၊ ပဋိသန္ဓေ စုတိမရှိတော့ ဘူးတဲ့၊ မခင်တွယ်တဲ့ ပုဂ္ဂိုလ် (မှန်ပါ့ ဘုရား)၊ ရဟန္တာဖြစ်သွားတာကိုး (မှန်ပါ့ ဘုရား)။

”အာဂတိဂတိယာ အသတိ စုတူပပါတော နဟောတိ” စုတိ ပဋိသန္ဓေမလာတော့ဘူးကွတဲ့၊ ဒီတစ်ခါစုတေပြီး ရင် နောက်ပဋိသန္ဓေ လာပါဦးမလား (မလာတော့ပါ)။ မလှုပ်တဲ့ပုဂ္ဂိုလ်ဟာ မလာပါဘူး။

အဲဒီပုဂ္ဂိုလ်က ဘာတုန်းဆိုတော့ “စုတူပပါတေ အသတိ နေဝိဓ န ဟုရံ န ဥဘယမန္တရေန၊ ဧသေဝန္တော ဒုက္ခဿ” ဒုက္ခတွေ အကုန်ချုပ်သွားပြီကွတဲ့၊ ဟိုဘုံ ဒီဘုံလဲ လိုက်မရှာနဲ့တော့တဲ့၊ သူမရှိတော့ဘူးတဲ့၊ ဒုက္ခတွေ အကုန် ချုပ်သွားလို့ နိဗ္ဗာန်ရောက်သွားပြီလို့ ပြောတာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါပဲ အရှင်ဘုရား နှလုံးသွင်းရစ်ပါ

ကောင်းပြီ၊ ဒီလို ဟောပြီး သကာလ ဒါပဲ အရှင်ဘုရား နှလုံးသွင်းရစ်ပါလို့ ရှင်မဟာစုန္ဒက ဟောတယ်၊ ဟောပြီး သူတို့ ညီအစ်ကိုဟာ ဘုရားကျောင်းတော်ပြန်ကြတာပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ဘုရားကျောင်းတော် ပြန်သွားကြတဲ့အခါကျတော့ သူက ဒေါသကလဲကြီး၊ အထင်ကလဲ ကြီးတဲ့ ပုဂ္ဂိုလ်ဖြစ်တော့ ကိုယ်တော်တွေလဲ သွားကုန်ပြီ၊ ဒီခန္ဓာကြီးနဲ့ မနေချင်ပါဘူး၊ သေတာကောင်းပါတယ် ဆိုပြီး သူ့လည်ပင်း သူဓားနဲ့လှီး လိုက်တယ်၊ ဟို ကိုယ်တော်တွေ ကြွသွားတာ့ (မှန်ပါ့)။

လည်ပင်း ဓားနဲ့လှီးလိုက်တဲ့ အခါကျတော့ မောင်အောင်ချီ၊ မောင်မြတို့၊ ဦးအောင်ဇံဝေတို့ မှတ်ရမှာက နိမိတ်တွေ ထင်လာတယ်၊ သွားရမယ့် လမ်းခရီး နိမိတ်တွေ၊ နတ်ပြည်ကလာတဲ့ နိမိတ်တွေ အဲဒီ နိမိတ်တွေ ထင်လာတယ် (မှန်ပါ့)။

ထင်လာတော့မှ သူ့ဟာသူရိပ်မိတယ်၊ ဪ ငါ့မှာ ဘာမှ မဟုတ်သေးပါလား၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သွားရမည့် နိမိတ်ထင်လာတော့ နိမိတ်ထင်စရာ မရှိမှကိုးဗျ (မှန်ပါ့)၊ သူ့မှာ နိမိတ်တွေထင်လာတော့ အပါယ် နိမိတ်တွေထင်လာ၊ နတ်ပြည်က နိမိတ်တွေ ထင်လာ၊ နတ်သမီးတွေ အခြွေအရံတွေ မြင်လာ (မှန်ပါ့)။

ဟာ ငါ လွဲကုန်ပါပေါ့လား၊ ငါ ရဟန္တာထင်နေတယ်၊ ရဟန္တာဆိုလို့ ရှိရင်နိဗ္ဗာန်မြင်ရမှာ၊ အခုတော့ မဟုတ်တဲ့ နိမိတ်တွေ မြင်လာပါကလား၊ သူ့စိတ်ထဲမှာ အောက်မေ့တယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

သူမြင်တာကတော့ တခြားဖြစ် နေတယ်

အဲဒီတော့ နိဗ္ဗာန်သွားရမည့် ပုဂ္ဂိုလ်ကျတော့ နိဗ္ဗာန်ပဲ မြင်လာတယ်၊ ဒီ့ပြင် ငရဲအိုးတို့၊ ငရဲထိန်းတို့၊ နတ်သမီး ဗိမာန်ပဒေသာပင်တွေ ဒါတွေ မမြင်လာတော့ဘူး၊ သေခါနီးမှာ နိဗ္ဗာန်ပဲမြင်ရတယ်၊ အခု သူမြင်တာကတော့ တခြားဖြစ် နေတယ် (မှန်ပါ့)။

ဒါဖြင့် ဦးအောင်ဇံဝေက ဆုံးဖြတ်ချက်ချ၊ ပုထုဇဉ်လို့ပဲ (မှန်ပါ့)၊ ကိုယ်သေတော့လဲ အကဲခတ်နိုင်အောင်ပေါ့ ကွာ (မှန်ပါ့)၊ ပုထုဇဉ်ဖြစ်ပါက မောင်အောင်မြ တစ်ခါတည်း နတ်ပြည် သွားမည့်သူဖြစ်ရင် နတ်သမီးဗိမာန်တွေ ထင်လာတာပဲ (မှန်ပါ့ ဘုရား)။

လူ့ပြည် သွားမည့်သူဖြစ်ရင် အမိဝမ်းရေတွေ လာမြင်တယ် (မှန်ပါ့)၊ ငရဲသွားမည့်သူဖြစ်ရင် ခွေးနက်ကြီးတို့ ငရဲထိန်းတို့ ငရဲမီးလျှံတို့ ဒါတွေမြင်လာတယ် (မှန်ပါ့)၊ အဲဒါ မသေသေးဘူးလို့ မှတ်ရမယ်၊ ဒီမြင်တုန်းမှာ မသေသေးပါ (မှန်ပါ့ ဘုရား)။

နောက်က ဒကာ ဒကာမတွေ သေတယ်ဆိုရင် ဖြုတ်ခနဲသေလို့ အောက်မေ့သလား ကိုယ်သွားရာကို မြင်ပြီးမှ သေသလား (ကိုယ်သွားရာကို မြင်ပြီးမှ သေပါတယ် ဘုရား)။

အဲဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မှာရှာတယ်၊ အကြိမ်ပေါင်း ၃၂ကြိမ်၊ မြတ်စွာဘုရားက ၄၅၀ါနေသွားတယ်၊ မင်းတို့ သေခါနီးမှာကွာ ဒီနိမိတ်တွေ ထင်လာပါလိမ့်မယ်၊ ထင်မှ မျက်ရည်ကျလို့ ငါနေခဲ့သရွေ့ အမှားချည်းပဲ၊ သားရေး သမီးရေးနဲ့ အချိန်ကုန်ခဲ့တာ ဝိပဿနာအလုပ်ကို မလုပ်ခဲ့တာ ငါ့မှာဖြင့် အမှားကြီး မှားပါ ပေါ့ဆိုပြီး အဲဒီ နိမိတ်ထင်မှ မျက်ရည်ကျသကွတဲ့ (မှန်ပါ့)၊ ဘယ်လောက် ကြောက်စရာကောင်းသတုန်း (ကြောက်စရာ ကောင်းပါတယ် ဘုရား)။

အဲဒီအချိန်ကျရင် မျက်ရည်ကျရမယ်

မင်းတို့ အခုပျော်တာတွေဟာ အဲဒီအချိန်ကျရင် မျက်ရည်ကျရမယ် (မှန်ပါ့)။

ပျော်တာတွေဟာ ဘာဖြစ်ရသတုန်း (မျက်ရည်ကျရပါမယ် ဘုရား)။

မျက်ရည်ကျရမယ်ဆိုတော့ မျက်ရည်ကျပြီးတော့လဲ တယ်မကြာဘူး၊ ဝိညာဉ်ချုပ်တယ် (မှန်ပါ့)၊ ချုပ်သည်နှင့် တစ်ပြိုင်နက်တည်း ငရဲကျသွားမည့်သူဖြင့် ငရဲရောက်သွားတာပဲ၊ နတ်ပြည်သွားမည့်ပုဂ္ဂိုလ်ဖြင့် ထိုင်လျက် နတ်သား၊ နတ်သမီးသွားဖြစ်တာပဲ (မှန်ပါ့)။

ပြိတ္တာဘုံ သွားမည့်သူဖြစ်ရင် ချောက်တွေ၊ တောင်တွေ ကြားတွေ သွားတာပဲ၊ တိရစ္ဆာန်ဘုံ သွားမည့်ပုဂ္ဂိုလ် ဖြစ်ရင်လဲ တိရစ္ဆာန်အမိ ဝမ်းခေါင်းထဲ ရောက်သွားတာပဲ (မှန်ပါ့)၊ ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)။

မောင်အောင်မြေ ပျော်သရွေ့ ပျင်းရမယ်ဆိုတာ မပေါ်လာဘူးလား (ပေါ်လာပါပြီ ဘုရား)။

နောက်က ဒကာ ဒကာမတွေ ဘာတဲ့တုန်း (ပျော်သရွေ့ ပျင်းရပါမယ် ဘုရား)။

ပျော်သရွေ့ ပျင်းရမယ်၊ ပျင်းရုံတင်လား မျက်ရည်ကြီးငယ် ကျရမှာလား (မျက်ရည်ကြီးငယ် ကျရမှာပါ ဘုရား)။

ဒါကြောင့် မင်းတို့ တပည့်တွေဖြစ်နေတော့ ဟေ့ မောင်အောင်ချီ မင်းဟာလွန်ကုန်မယ်ကွာ၊ ကိုယ့်အရေးမပါ ဘူးကွ၊ ဝမ်းရေးချည်းပဲ (မှန်ပါ့)၊ မဟောထိုက်ဘူးလား (ဟောထိုက်ပါတယ် ဘုရား)။

ဂတိနိမိတ်ထင်တဲ့ ပုဂ္ဂိုလ်မျိုးကို ဆိုလိုသည်။

မင်းအခု ငါပြောတာ နားမထောင်လို့ရှိရင် အိပ်ရာပေါ်သေမည့် ဝေဒနာဖြစ်လာတော့မှ ခုနင်က နိမိတ်တွေ ထင်လာလို့လဲ ငါဟာ သားရေး၊ သမီးရေးချည်းပဲ ကြိုးစားခဲ့တာနဲ့ အခုတော့ ငါ့မှာ ကိုယ်ကျိုးနည်းပြီဆိုပြီး မျက်ရည် ကြီးငယ် ကျတယ် (မှန်ပါ့)။

အဲဒီ မျက်ရည်ကျလာတော့ ပြင်ဖို့ ဆင်ဖို့ အတော်ခဲယဉ်းတယ် (မှန်ပါ့)၊ ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

ဒီဟာ လာရမည့်ကိစ္စနော်

နောက်က ဒကာ ဒကာမတွေ ဒီဟာ လာရမည့်ကိစ္စနော် (မှန်ပါ့ ဘုရား)၊ တရားကို အားမထုတ်ရင် လာလိမ့် မယ်လို့ ဟောတဲ့ဥစ္စာကို ၁၇၉၂ ကြိမ်မှာတယ်၊ မင်းတို့ဒါသာ မလုပ်ရင်တော့ လာလိမ့်မယ် (မှန်ပါ့)၊ ဘယ်လောက် ကြောက်စရာကောင်းသလဲ (ကောင်းပါတယ် ဘုရား)။

ဒါ မလုပ်ရင် အခုနင်က နိမိတ်တွေ လာလိမ့်မယ် (မှန်ပါ့)၊ လာတော့ ကိုယ့်လမ်းခရီးက သွားလာရမည့်ကိစ္စက ကြောက်စရာ လန့်စရာ နေရာရောက်ရမယ်ဆိုတော့ ငါတော့ ကိုယ်ကျိုးနည်းပြီဆိုပြီး သားလဲ မပြောနိုင်ဘူး၊ သမီးလဲ မပြောနိုင်ဘူး၊ ကိုယ့်ဟာကိုယ် မျက်ရည်ကြီးငယ် ကျတယ်၊ စကားပြောဖို့ အချိန်မရတော့ဘူး (မှန်ပါ့)။

ဒီကျမှ ကိုယ်ကျိုးနည်းလို့ မောင်အောင်မြေ၊ လှညွန့်တို့ ကောင်းပါ့မလား (မကောင်းပါ ဘုရား)။

ဒါဖြင့် အခု ဆရာဘုန်းကြီးက ဘာပြောနေတာတုံးလို့ အုန်းကြည်တို့ မေးလို့ရှိရင် ဟ ပြင်ဦးလို့ပြောတာ (မှန်ပါ့)၊ ပြင်ချိန်ရတုန်း ပြင်ဦးလို့ ပြောတာ (မှန်ပါ့)၊ ပြင်လိုက်ပြန်တော့လဲ ဟုတ်သွားတာပဲ (မှန်ပါ့)။

ပြင်လိုက်ပြန်တော့ ဖြစ်ပျက်ချုပ်တဲ့ နိဗ္ဗာန်ကို အာရုံပြုနိုင်ပြီ၊ ဖြစ်ပျက်ချုပ်တာကို သိသွားပြီဆိုပြန်တော့လဲ ဘာမှ ကိစ္စမရှိတော့ဘူး၊ ပြုံးသေတာပဲ (မှန်ပါ့)။

ဪ ဒီခန္ဓာဝန်ချပြီး ဒီဒုက္ခကြီးနဲ့ ကွဲရလေပြီဆိုပြီး ပြုံးပြီးသေတာပဲ (မှန်ပါ့)၊ ခုနင်က ပုဂ္ဂိုလ်ကတော့ မဲ့ရွဲ့ ပြီး မျက်ရည်ကျပြီး သေတာ (မှန်ပါ့)။

အုန်းကြည် ဘယ်လောက်ကြောက်စရာ ကောင်းသတုန်း (ကောင်းပါတယ်)၊ ဒါကြောင့် နင်တို့ သိပ်မပျော်နဲ့၊ ဒီ အလုပ်လုပ်ဆိုတဲ့ ဥစ္စာ အချိန်ရှိတုန်း ခိုင်းရတာ (မှန်ပါ့)။

ဟိုအချိန်ကျမှဆိုတော့ အတော်ခဲယဉ်းသွားတယ်

ဟိုအချိန်ကျမှဆိုတော့ အတော်ခဲယဉ်းသွားတယ်၊ အချိန်က အတော်နည်းသွားပြီ၊ ဒါပြီး ဝိညာဉ်ချုပ်ဖို့ရာသာ များတော့တယ်နော် (မှန်ပါ့)။

အဲဒီတော့ မင်းတို့က ဆရာဘုန်းကြီးပြောတာကတော့ အင်မတန် ဟုတ်တာပဲ၊ တပည့်တော်တို့ကလဲ လုပ်မှ စားရတာပဲ၊ လုပ်လဲလုပ်၊ စားလဲစား၊ တရားလဲ လက်မလွတ်နဲ့ မမှာရပေဘူးလား (မှာရပါမယ် ဘုရား)။

မလုပ်နဲ့ မစားနဲ့လို့ မဆိုမှ မဆိုဘဲ (မှန်ပါ့)၊ လုပ်တဲ့အခါ အပြစ်လွတ်အောင် လုပ်ကြ၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

လုပ်လဲလုပ်၊ စားလဲစား၊ ဒီအလုပ်ကိုလဲ လက်မလွတ်နဲ့၊ ဒီအလုပ် လက်လွှတ်လိုက်လို့ရှိရင်ဖြင့် စားမှုကလဲ အကူအညီပေးမည် မဟုတ်ဘူး၊ သားသမီးတွေကလဲ အကူအညီ ပေးမည် မဟုတ်ဘူး၊ ကိုယ်ထည်ထားတဲ့ တိုက်တွေ၊ ရွှေတွေ၊ ငွေတွေကလဲ အကူအညီပေးမည် မဟုတ်ဘူး၊ ပေးနိုင်သေးရဲ့လား (မပေးနိုင်ပါ ဘုရား)။

အဲဒီတော့ သွားရမယ့်လမ်း မမြင်ဘဲနဲ့ သေမည့်သူ မရှိဘူး (မှန်ပါ့)။

ဒါဖြင့် ဪ တို့ အဲဒီအချိန်ကျတော့ စိတ်ထဲမှာ ကိုယ်တစ်ယောက်တည်း ဘယ့်နှယ်လုပ်မတုန်း၊ အနေမှားနေမိ လို့ အသေမှားဖြင့် ငါကြုံပြီ (မှန်ပါ့)၊ ကဲ ဘယ်သူ့ပြောနိုင်သေးသတုန်း (မပြောနိုင်ပါ ဘုရား)၊ ကိုယ့်ဟာကိုယ် ဝမ်းနည်းနေ တယ် (မှန်ပါ့) ကိုယ့်ဟာကိုယ် ဝမ်းနည်းနေတာပဲ။

တစ်ချို့ကျတော့လဲ ဒါလောက်တောင် မကဘူး၊ ကယ်ပါဦး၊ ယူပါဦး၊ ဘယ်သူတွေလာနေပြီ၊ ဘယ်ဝါတွေလာ နေပြီ၊ ဒီလို အော်တာလဲရှိသေးတယ် (မှန်ပါ့)၊ မောင်အောင်မြေ ကြားဖူးမှာပေါ့ (ကြားဖူးပါတယ် ဘုရား)။

မြင်နေတာပဲ၊ ဒီနားမှာလဲ တစ်ယောက် ဒီလိုပဲ သေခါနီးလာပင့်တာနဲ့ သွားတော့ “ကျွန်တော် ဧည့်သည်ပါ၊ မနှိပ်စက်ပါနဲ့” ဒီလိုတောင် အော်နေတာ (မှန်ပါ့)၊ ကဲ ဘယ်လောက်ကြောက်စရာ ကောင်းသတုန်း (ကောင်းပါတယ် ဘုရား)၊ ဘယ်သူ အကူအညီပေးနိုင်သေးသတုန်း (ဘယ်သူမှ မပေးနိုင်ပါ ဘုရား)။

မဂ်ပဲ အကူအညီပေးမည့်သူ ရှိတော့တယ်

ဒါဖြင့် မင်းတို့မှာ မဂ်ပဲ အကူအညီပေးမည့်သူ ရှိတော့တယ် (မှန်ပါ့)၊ ဝိပဿနာမဂ်ကလဲ အကူအညီပေးတာပဲ (မှန်ပါ့)၊ လောကုတ္တရာမဂ်ဆိုရင် ဆိုဖွယ်ရာမရှိတော့ဘူး၊ အကြီးအကျယ် အကူအညီပေးမယ်ဆိုတာ ရှင်းလင်းသွားပါ ပြီ (မှန်ပါ့)။

ကဲ ဒါဖြင့် အားကိုးရာ အစစ်ဟာ ရေထဲနစ်နေမှ ဖောင်ရှာလို့တော့မဖြစ်ပေဘူး၊ ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား) မနစ်ခင်က ဖောင်လုပ်ထားရင် နစ်စရာရှိသေးရဲ့လား (မရှိပါ ဘုရား)။

အဲဒါတွေ သိထားတော့မှ ဪ တို့အခုလို ဉာဏ်ကောင်းတုန်း အရွယ်ကောင်းတုန်း အရေးကြီးပါကလား ဆိုတာ ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား)။

ဖြစ်ပျက်ကို မတွေ့တော့ဘူးဘုရားတဲ့

ဒီလာနေတဲ့ ၈၅-နှစ်၊ ၈၆-နှစ် ဦးလှိုင်ကြီးဟာ ဖြစ်ပျက်ကို မတွေ့ဘူး၊ ကဲ ဘယ်လောက်တွေဝေ သွားသတုန်း၊ မောင်အောင်မြတို့ကလဲ သူပြောတာ ကြားမှာပေါ့၊ ဖြစ်ပျက်ကို မတွေ့တော့ဘူးဘုရားတဲ့ ရှာလို့ကို မတွေ့ဘူးတဲ့ (မှန်ပါ့)၊

ဘာဖြစ်လို့တုန်းဆိုတော့ ဒါသေသေချာချာ မှတ်ရမယ်၊ ၈၅၊ ၈၆ဆိုတော့ တွေဝေတဲ့စိတ်က များနေတော့တယ်၊ ခန္ဓာထဲက လှုပ်လှုပ်ရွရွတွေ ပြောင်းလွဲပြီးတော့နေတာ မြင်ကိုမမြင်တော့ဘူး၊ အဝိဇ္ဇာအားကြီးသွားတယ် (မှန်ပါ့)။

ဒီအချိန်ကျမှ အားထုတ်မယ်ဆိုပြီး သူ တစ်နေ့ လေးနာရီလောက် လုပ်တယ်၊ လုပ်ပင်လုပ်ငြားသော်လဲ ခုနင်က ခန္ဓာအကြောင်း ခန္ဓာပြောတာကို မသိတော့ဘူး (မှန်ပါ့)၊ ကဲ ဘယ်လောက်ကြောက်စရာ ကောင်းသတုန်း (ကောင်းပါတယ် ဘုရား)။

သူဟာ ဘုန်းကြီးနဲ့ နှစ်ပေါင်း ငါးဆယ်ကျော်ကပဲ တွေ့ခဲ့တယ်၊ ဘုန်းကြီးဟောတဲ့ တရားဟုတ်တယ်၊ ငါလိုက်နာ မယ်၊ သို့သော် အခု မလိုက်သေးဘူး၊ အရောင်းအဝယ်နဲ့ နေဦးမယ်၊ နောက်မှ လိုက်မယ်၊ အဲ နောက်မှလိုက်မယ်ဆိုပြီး ၈၆နှစ်ပြည့်သွားခဲ့တာပဲ၊ ကဲ မနာဘူးလား (နာပါတယ် ဘုရား)။

ကဲ အုန်းကြည်တို့ သူပြောတာပဲ နင်တို့ ကြားဖူးမှာပေါ့ (မှန်ပါ့)၊ မနာဘူးလား (နာပါတယ် ဘုရား)။

အဲဒါကြောင့် ဒီအထဲ ဒကာ ဒကာမတွေ အခုလုပ်ရလိမ့်မယ်ဆိုတဲ့ ဥစ္စာ သေသေချာချာမှတ်ပါ (မှန်ပါ့)၊ ဘယ်အချိန်လုပ်ကြရမှာတုန်း (အခုလုပ်ရမှာပါ ဘုရား)။

သင်တုန်းနဲ့ လှီးလိုက်တယ်

အဲဒီတော့ ခုနင်က ဆန္ဒပြန်ဆက်ကြစို့၊ သူလည်ပင်းကို သင်တုန်းနဲ့ လှီးလိုက်တယ်၊ အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာစုန္ဒကလဲ ပြန်သွားကြပြီ၊ ပြန်သွားတဲ့အခါကျမှ သူ နိမိတ်တွေ ထင်လာတယ်၊ နိမိတ်တွေ ကြောက်စရာ နိမိတ်တွေ ထင်လာတယ်။

ထင်လာတော့မှ သူ နဂိုက ရဟန္တာဖြစ်နေတယ်လို့ သူ့ကိုယ်သူ ဘဝင်မြင့်နေတဲ့ ပုဂ္ဂိုလ်ဟာ အခု ဓားနဲ့လှီးပြီး ကြည့်လိုက်တော့မှ မနောဒွါရမှာ တစ်ခါတည်း စိတ်ထဲမြင်လာတယ်၊ အကောင်းမြင်သလား အဆိုးမြင်သလား (အဆိုး မြင်ပါတယ် ဘုရား)၊ အဆိုးမြင်တော့ ဪ ငါဟာ အထင်သာကြီးနေတယ်၊ မဟုတ်သေးပါကလားဆိုတာ အချိန်ကလေး ရတယ် (မှန်ပါ့ ဘုရား)။

ဒါနဲ့ ပြန်ပြီး သကာလ နဂိုရှုတဲ့ ဝိပဿနာပေါ့ဗျာ၊ ခုနင်က ပြောခဲ့သလို မြင်စိတ်ကို ဖြစ်ပျက်ရှုတယ်၊ ကြားစိတ် ကို ဖြစ်ပျက်ရှုတယ်၊ အလုံးစုံ အကုန်ရှုချလိုက်တယ်၊ ဝမ်းထဲပေါ်တဲ့ စိတ်တွေ ကပျာကယာ ရှုရတာပေါ့၊ အချိန်မရှိတော့ ဘူး၊ အဲဒီ ရှုလိုက်တဲ့အခါကျတော့မှ ဒုက္ခ တစ်ခါချုပ်၊ နှစ်ခါချုပ်၊ သုံးခါချုပ်၊ လေးခါချုပ်တယ်၊ အဲဒီ နိမိတ်ထင်ပြီး တော့မှ အတင်းရှုတော့မှ ရဟန္တာ သွားဖြစ်တယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

နဂိုက လုပ်ထားတဲ့ပုဂ္ဂိုလ်မို့ကူးတတ်တာ

အဲဒီတော့ကို ဒါက ဘယ်ပုဂ္ဂိုလ်မို့တုန်းလို့ မောင်အောင်မြက မေးလို့ရှိရင် နဂိုက လုပ်ထားတဲ့ပုဂ္ဂိုလ်မို့ ကူးတတ် တာ (မှန်ပါ့)၊ လုပ်မထားတဲ့ ပုဂ္ဂိုလ်ကျတော့ မောင်အောင်ချီတို့ လှညွန့်တို့ ဘာကူးမလဲ (မကူးတတ်ပါ ဘုရား)။

အားကိုးရာ ရှိသေးရဲ့လား (မရှိပါ)၊ ထင်တဲ့အတိုင်း သွားရုံပဲ ရှိမှာပဲ (မှန်ပါ့)။

ဘွားငြိမ်း သဘောကျရဲ့လား (ကျပါတယ်)၊ အခုက လုပ်ထားတယ် ဆိုတာကော ပေါ်ကြရဲ့လား (ပေါ်ပါတယ် ဘုရား)။

အေး ဒါကြောင့် မင်းတို့ စီးပွားရေးအချိန်ကုန်တာကို တို့က စီးပွားရေးတောင်လိုပုံနေတာကို ကျေနပ်ပါတယ်၊ ဆရာသမားက ဒကာ ဒကာမ ချမ်းသာတယ်ဆိုရင် ဆရာကြီးပွားတာပဲဆိုပြီး ဝမ်းမြောက်ပါတယ်။

ဒီဝမ်းမြောက်နေရုံနဲ့ တို့က ဝမ်းမြောက်နေရုံနဲ့ မင်းတို့ကိစ္စက မပြီးတော့ မောင်အောင်မြ သိပ်ခက်သွားတယ် (ခက်ပါတယ် ဘုရား)၊ မခက်ဘူးလား (ခက်ပါတယ် ဘုရား)။

အဲဒီတော့ သူများ ဝမ်းမြောက်တာကို ပဓာနမထားနဲ့လို့ ယနေ့ ဥပဒေပြောင်းလိုက်မယ်၊ ကိုယ်ဝမ်းမြောက်ဖို့ကို ကိုယ်လုပ် (မှန်ပါ့ ဘုရား)။

သူများ ဝမ်းမြောက်တာ တိုက်ကြီးတည်၊ မာစီးဒီးကားကြီးစီး၊ ဟုတ်လား အမျိုးမျိုးသော တန်ဆာပလာတွေ၊ အဆန်းတကြယ်တွေနဲ့ သွားလာနေတယ်၊ ဪ သူတို့အတွက် ဝမ်းသာစရာပဲ၊ သူတို့အတွက် ဝမ်းသာစရာဆိုတာ ကိုယ့်မှာတော့ ဝမ်းသာစရာက သေခါနီးကျတော့ ဟုတ်မှ ဟုတ်ပါ့မလား ဆိုတာ အကဲခတ်ကြည့် (မှန်ပါ့ ဘုရား)။

ကိုယ့် ဝမ်းသာမှုက အရေးကြီးတယ်

အဲဒီတော့ သူများ ဝမ်းသာမှုထက် ကိုယ့်ဝမ်းသာမှု မောင်အောင်မြ ဘယ်ဟာက အရေးကြီးသတုံး (ကိုယ့် ဝမ်းသာမှုက အရေးကြီးပါတယ် ဘုရား)။

သူများ ဝမ်းသာတာက လက်ခုပ်တီးပြီး မြှောက်တာ လှညွန့်ရ ဘာအသုံးကျသတုန်း(ဘာမှအသုံးမကျပါ ဘုရား)။

အသုံးမကျပါဘူး၊ ဒီလူတွေလဲ ကပ်ပါးတွေပါ၊ မြှောက်စားချင်လို့ပါ၊ တိုတိုရှင်းရှင်း ပြောတော့လေ မြှောက်ပေး နေတဲ့ လူတွေကွ (မှန်ပါ့ ဘုရား)။

ဒီလူတွေဟာ တကယ့်သူငယ်ချင်းလား မိတ်ကောင်းလား၊ ဆွေကောင်းလားလို့မေးရင် မောင်အောင်ချီက ဘယ့်နှယ်ဖြေမလဲ (မဟုတ်ပါ ဘုရား)။

မိတ်ကောင်း၊ ဆွေကောင်းဆိုတာ အခု ဆရာသမားဟာ မိတ်ကောင်း၊ ဆွေကောင်းပဲ၊ မင်းတို့ ကြီးပွားနေတာ ငါ မကြည့်ချင်တာ မဟုတ်ပါဘူးကွ၊ လိုရင်း ဟာနေလို့ ငါက ပြောနေရတာဆိုတော့ ဒါမှ အမှန်ယူရမယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ နောက်က ကြားကြရဲ့လား (ကြားပါတယ် ဘုရား)။

ခင်ဗျားတို့ ဘာ ဟာနေတယ်ထင်တုန်း၊ လိုရင်း ဟာနေတယ်နော် (မှန်ပါ့ ဘုရား)။

ဘာကြောင့် လိုရင်းဟာနေတယ် ပြောသတုန်းဆိုတော့ မလိုတာတွေနဲ့ အချိန်ကုန်နေလို့ (မှန်ပါ့ ဘုရား)။

ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (မလိုတာတွေနဲ့ အချိန်ကုန်နေလို့ပါ ဘုရား)။

ဦးအောင်ဇံဝေတို့ ကြည့်ပါလား၊ ဝန်ကြီးကနေပြီးသကာ့လ ဝန်တွေ အမျိုးမျိုးလုပ်လာပြီး ဟော ကုန်ခဲ့တဲ့ အချိန်တွေဟာ အခု ကံမွဲ ဉာဏ်မွဲမှ ဆရာဘုန်းကြီးနဲ့ လာတွေ့တယ် (မှန်ပါ့)၊ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

ကံမွဲ ဉာဏ်မွဲနဲ့ လာတွေ့တော့

ကံကလဲ အသက်အရွယ်ကြီးကုန်ပြီ (မှန်ပါ့)၊ ဉာဏ်ကလဲ အရင်နဲ့တူသေးရဲ့လား (မတူပါ ဘုရား)၊ အဲ ကံမွဲ ဉာဏ်မွဲနဲ့ လာတွေ့တော့ တော်တော် အခုလုပ်ရမယ်၊ ဟိုကံကောင်း၊ ဉာဏ်ကောင်းတုန်းက လုပ်လိုက်မယ်ဆိုရင် မောင်အောင်မြ ဒါလောက်ကြာပါ့မလား (မကြာပါ ဘုရား)။

မကြာဘူး၊ ဒီဝီရိယမျိုးနဲ့ဆိုရင် မကြာတော့ဘူး၊ ခဏကလေးနဲ့ပဲ ဒုက္ခချုပ်ပြီ ဘုရာ့ဆိုရင် ဟာ ပြန်တော့ဗျာ၊ ဒါပြောရုံပဲ (မှန်ပါ့ ဘုရား)။

အဲဒီတော့ မောင်အောင်မြတို့ မောင်အောင်ချီတို့ကျတော့ အင်း ကံကောင်း၊ ဉာဏ်ကောင်းတွေ မင်းတို့မှာ ရှိသေးတယ်၊ ဟာယနအရွယ်မဟုတ်သေးဘူး၊ မဆုတ်ယုတ်သေးဘူး (မှန်ပါ့ ဘုရား)။

အခုအချိန် ကြိုးစားလိုက်လို့ရှိရင် လိုရင်းကိစ္စ ပြီးနိုင်သေးတယ် (မှန်ပါ့)၊ ပြီးတော့ လုပ်မစားနဲ့လို့ဆိုတာမှ မဟုတ်ပဲကိုး၊ ဝိသာခါတို့ ခုနှစ်နှစ်အရွယ် သောတာပန်တည်တယ်၊ ပြီးတော့ သူတို့ ကုန်ကူးနေတာပဲ၊ အပါယ်ကျရောက်ဖို့ ရာ အကြောင်းကတော့ ဇာတ်သိမ်းပြီးပြီ (မှန်ပါ့ ဘုရား)။

အဲဒီတော့ မင်းတို့ကို ပြောလိုက်တဲ့အဓိပ္ပာယ်က ဟေ့ မောင်အောင်မြ မင်းရှေ့နောက်လွဲနေတယ် ပြောရမှာဘဲ (မှန်ပါ့)၊ မပြောရပေဘူးလား (ပြောရပါတယ် ဘုရား)။

တကယ့်အသေမှာ စိတ်ချရတဲ့အလုပ်ကို မင်းတို့ ရှေ့မထားဘဲနဲ့ ဟုတ်လား၊ အသေးစိတ်မချရတဲ့အလုပ်ကို ရှေ့ထားနေတယ်ဆိုရမလား မဆိုရဘူးလား (ဆိုရပါတယ် ဘုရား)။

ဒါပြင်မိအောင် ပြင်ပါ

အဲဒီတော့ ကိုယ့်အမှားဟာ အကြီးအကျယ် မှားနေတာ ဖြစ်လေသောကြောင့် ဒါပြင်မိအောင် ပြင်ပါဆိုတာကို အားလုံးပဲ သတိပေးရတယ်၊ မဟုတ်ဘူးလား (မှန်ပါ့)။

သူတစ်ပါးပြောတာကို ကိုယ် ဝမ်းမမြောက်ရသေးသရွေ့ ကာလပတ်လုံး ကိုယ့်အသေစိတ်မချရသေးသရွေ့ ကာလပတ်လုံး သူတစ်ပါးပြောတာ နားကို နားမယောင်နဲ့ (မှန်ပါ့)။

မင်းအချိန်ရှိခိုက် လုံ့လစိုက်ဆိုတာ သူတို့က ဒါပဲ လှည့်းတွေ ကျင်းတွေနဲ့ အရောင်းအဝယ်ကြိုးစားကွ၊ မိုးကုတ် တုန်းက ဒါပဲ ပြောမယ်၊ မပြောပေဘူးလား၊ (ပြောပါတယ် ဘုရား)။

အဲဒီလူကို မင်းတို့ကလဲ နားကလေးထောင်တဲ့အခါ ဪ ဒီလူဟာ ပညာရှိလား၊ သူသိသလောက်ကလေး သူပြောနေတာလား အကဲခတ်စမ်း (သူသိသလောက်ကလေးပြောနေတာပါ ဘုရား)။ ဉာဏ်ပညာ မပါဘူးပေါ့ (မပါ ပါ ဘုရား)။

ပညာမပါဘူး၊ သူ့ကို မင်းတို့က ဟုတ်သားပဲ၊ သူပြောတာလဲ ကိုယ့်မေတ္တာရှိလို့ ပြောတာလို့ မင်းတို့က ယူလိုက် ပြန်တော့လဲ ကိုယ်က သူတို့ အချိုးအစားထဲက ပြန်ရောက်တယ် (မှန်ပါ့)၊ မရောက်ဘူးလား ရောက်သလား (ရောက်ပါ တယ် ဘုရား)။

မသိတဲ့လူက ပြောတာ မလိမ္မာတဲ့လူက နားထောင်တာကိုးကွ (မှန်ပါ့)။

အဘွားကြီးတွေ ဘယ့်နှယ်ဆိုမယ် (မသိတဲ့လူက ပြောတာ မလိမ္မာတဲ့လူက နားထောင်တာပါ ဘုရား)။

အဲ မသိတဲ့လူက ပြောတာ မလိမ္မာတဲ့လူက နားထောင်နေတာကိုးကွ (မှန်ပ့ါ)။

အဘွားကြီးတွေ ဘယ့်နှယ်ဆိုမယ် (မသိတဲ့လူကပြောတာ မလိမ္မာတဲ့လူက နားထောင်တာပါ ဘုရား)။

အဲ မသိတဲ့လူက ပြောတာ မလိမ္မာတဲ့လူက နားထောင်နေတော့ ဘယ်သူကောင်းသေးသတုန်းမေးရင် မောင်အောင်ချီက အဖြေထွက်စမ်း (ဘယ်သူမှ မကောင်းပါ ဘုရား)။

အဲဒါမျိုးတွေသာ များတယ်၊ အုန်းကြည် မများဘူးလား (များပါတယ် ဘုရား)။

မသိတဲ့လူက ခေါင်းဆောင်လုပ်တယ်

မသိတဲ့လူက ခေါင်းဆောင်လုပ်တယ်၊ မလိမ္မာတဲ့လူက ယောင်တယ်၊ မောင်အောင်မြ မင်းမြို့ထဲနေတော့ ဒါ တွေချည်းတွေ့နေတာပဲ (မှန်ပါ့)၊ မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)။

ဒီအချိန်ကွာ တရားထိုင်ဖို့ကော မဟုတ်ပါဘူး၊ လူ့ပြည်လာတာပဲ၊ ဒီအချိန်လေးမှ ပျော်ချိန်မရရင် နောက်ပျော် ချိန် ဘယ်မှာရှိတော့မတုန်းကွ၊ အင်း မသိတဲ့လူက ပြောပြီ (မှန်ပါ့)။

မလိမ္မာတဲ့လူကလဲ ဟုတ်သားပဲလေ၊ တရားဆိုတာ နောက် ဖြည်းဖြည်းလုပ်ရတာပဲတဲ့၊ သေမှာတော့ ထည့်ပြီး မစဉ်းစားဘူး (မှန်ပါ့)။

တစ်ခါတည်း အရမ်းပျော်ပျော်ချလိုက်တယ် ဆိုတော့ အုန်းကြည် မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)၊ အဲဒီအထဲ ရောလို့ တော်ပါ့မလား (မတော်ပါ)၊ အရူးထဲအနှမ်းရောသလို ဖြစ်သွားမှာပေါ့ (မှန်ပါ့)၊ ဒါဆုံးမထားပါ၊ ဦးအောင်ဇံဝေ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါက ဆုံးမတာပါတဲ့၊ ခင်ဗျားတို့ကို ဥပမာမယ် ကာရက် သုံးဆယ်လောက်ရှိတဲ့ လည်သီးရလဲ အင်မတန်ရခဲ တယ်၊ သွေးပြီးသားလဲဖြစ်နေတယ်ဆိုတော့ မောင်အောင်ချီတို့ ဒါ တော်တော့ဈေးနဲ့လဲ မရောင်းနိုင်တော့ဘူး၊ တော် တော့လူလဲ မဝယ်နိုင်တော့ဘူး၊ သိမ်းတဲ့အခါလဲ သူ့ကို အထူးဂရုစိုက် သိမ်းရတယ် (မှန်ပါ့)။

ဒီ့ပြင် ကျောက်တော့ကွာ အရေးမကြီးပါဘူး၊ ဒီကျောက်တော့ အပျောက်ခံနိုင်ပါ့မလား (မခံနိုင်ပါ)၊ ဘာကြောင့် တုံးဆိုတော့ ရခဲတယ်၊ အဖိုးလဲ တန်လွန်းတယ် (မှန်ပါ့)၊ အရေးတကြီး သိမ်းရတယ်၊ မသိမ်းရဘူးလား (သိမ်းရပါတယ် ဘုရား)။

အဲဒီ သိမ်းသလို မင်းတို့လဲ အခု အသေစိတ်ချရတဲ့အလုပ်ကို ဒီကျောက်လိုပဲ အဖိုးတန်ထားပြီး သိမ်းရမယ် (မှန်ပါ့)။

ဒီအလုပ်တော့ ငါ အထမမြောက်သေးရင်ကွာ ဒီ့ပြင်ဟာကို ချိတ်ထားဦးမယ် (မှန်ပ့ါ)၊ သာမညပဲ လုပ်တော့မယ်၊

ပင်လယ်ထဲမှာ လိပ်ကန်းကြီး

ဘာကြောင့်တုံးလို့ မေးတဲ့အခါကျတော့ မင်းတို့ အခုရတဲ့ ဘဝကလေးဟာ ငါပြောနေတယ်၊ သံယုတ် ပါဠိတော်ကြီး များလာတော့ တုံးကြီးတစ်ခု ခြောက်ပေလောက် ဖြတ်လိုက်ကွာတဲ့၊ ရှစ်ပေလောက် ဖြတ်လိုက်၊ တစ်ပေါက်တည်းဖောက် ဟိုဘက် ဒီဘက်၊ ပင်လယ်ထဲ မျှောလိုက်၊ ပင်လယ်ထဲဆိုတော့ သိကြပြီပေါ့ဗျာ၊ တောင်လေလာ မြောက်သွားနေမှာဘဲ၊ ဒီတုံးကြီးဟာ မသွားပေးဘူးလား (သွားပါတယ် ဘုရား)။

မြောက်လေလာ တောင်သွား၊ အရှေ့လေလာ အနောက်၊ အနောက်လေလာ အရှေ့မသွားပေဘူးလား (သွား ပါတယ် ဘုရား)။

ကဲ တုန်းကြီးကလဲ သွားချင်ရာ သွားနေတယ်၊ ဒီ ပင်လယ်ထဲမှာ လိပ်ကန်းကြီး တစ်ကောင်ကလဲ ရှိတယ်တဲ့၊ စုံလုံးကန်း (မှန်ပါ့)၊ သူကလဲ အနှစ်တစ်ရာမှ တစ်ခါပေါ်သတဲ့ကွာတဲ့ (မှန်ပါ့ ဘုရား)။

အဲဒီ လိပ်ကန်းကြီးဟာ ဒီအပေါက်ကလေးထဲကို ဝင်ပြီး သကာလ နှုတ်သီးကလေးဝင်ပြီး အမောပြေ နားဖို့ရာ ကို ကြုံစရာ မြင်ကြရဲ့လား မေးရင် ဘယ့်နှယ်ပြောမလဲ (မမြင်ပါ ဘုရား)။

တစ်ပေါက်တည်းရှိတဲ့ ထွန်တုန်းကြီးကလဲ မောင်အောင်မြရေ လေလာသလို သွားနေတယ်၊ လိပ်ကန်းကလဲ သူ့မှာ လမ်းရှိရဲ့လား (မရှိပါ ဘုရား)၊ ဦးတည်ရာသွားတာပဲ (မှန်လှပါ ဘုရား)။

အဲဒီ အပေါ် ပေါ်ပြီး သကာလ ဒီအပေါက် ကလေးထဲမှာ ခေါင်းကလေး တင်ဖို့ရာ မောင်အောင်ချီ ဘယ်လို စဉ်းစားမလဲ၊ ကြုံနိုင်ပါ့မလား မကြုံနိုင်ဘူးလား (ကြုံနိုင်စရာမရှိပါ ဘုရား) မရှိဘူး၊ ဘာဖြစ်လို့တုံး၊ အနှစ်တရာမှ တစ်ခါပေါ်တယ်၊ သူ အနှစ်တစ်ရာမပေါ်ခင် ဒီက ဆွေးချင်လဲဆွေးပြီး မြုပ်ချင်လဲ မြုပ်သွားမယ် (မှန်ပါ့)။

အဲဒါ ကြုံမယ်ဆိုရင် ကြုံနိုင်သေးတယ်ကွာတဲ့၊ မင်းတို့ လူ့ဘဝရဖို့ရာ ဒီထက်ခဲယဉ်းတယ်ဆိုတော့ သာမညနဲ့ လူ့ဘဝရောက်လာတာလား၊ ခဲခဲယဉ်းယဉ်းလား၊ စဉ်းစားကြစမ်းပါဦးနော် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လူ့ဘဝရဖို့ ဘယ်လောက် ခဲယဉ်းသတုံး (ခဲယဉ်းပါတယ် ဘုရား)၊ ခဲယဉ်းတယ်တဲ့၊ ဟိုအိမ်မှာ ကလေးတွေများ တယ်လို့ ပြောနေတာ ပုရွက်ဆိတ်တစ်တွင်းစာ မရှိပါဘူးကွ (မှန်ပါ့)၊ ပလူတွေ ထွက်သလောက်ကော (မရှိပါ ဘုရား)။

မရှိပါဘူးတဲ့ ဒါကလေးတွေဟာ ကံကောင်းကလေးတွေ စုပြီး လာကြတာပါ (မှန်ပါ့) ရေထဲမှာ မင်းတို့ ငါး သလောက် အကောင်ကြီး ဥတစ်ခုလောက်တောင်ကွာ မင်းတို့မရှိပါဘူး၊ ဒီလူတွေဟာ (မရှိပါ ဘုရား)။

ငါးသလောက် အကောင်ကြီးကြီး ဥကလေး သေးသေးကလေးတွေ ကြည့်လိုက် လို့ရှိရင်လေ (မှန်ပါ့)၊ အဲ တိရစ္ဆာန်ဘုံကျတော့ များနေတယ်တဲ့။

လူ့ဘဝ ရခဲတယ်

အဲဒီတော့ လူ့ဘဝ ရခဲတယ်ဆိုတာကော မောင်အောင်မြသိပလား (သိပါပြီ)၊ ရတာကော မင်းတို့က အလွဲ သုံးစား လုပ်မလားတဲ့၊ ဒီကနေပြီး သကာလ ကိုင်း ရခဲတဲ့ဘဝပဲ၊ အပါယ်မှာသာ နေရတာများတယ်၊ တို့မပြန်တော့ပါ ဘူး၊ မသေရာမှန်ပြည်နိဗ္ဗာန်ကို အရောက်သွားပါတော့မယ်ဆိုတဲ့ စိတ်မွေးဖို့ ကောင်းသလားတဲ့၊ နောက်ဘယ်တော့မှ မရောက်ရမည့်နေရာ ပြန်ရောက်ချင်သလားလို့မေးရင် ဘယ့်နှယ်ဖြေကြမလဲ (မရောက်ချင်ပါ ဘုရား)၊ မရောက်ချင် တော့ဘူး (မှန်ပါ့)။

ကဲ ဒါဖြင့် မင်းတို့ဟာ အခုအတိုင်းလုပ်ပါတဲ့၊ ဆရာကောင်းနဲ့တွေ့၊ မင်းတို့ကလဲ အရွယ်ကောင်းနဲ့တွေ့ဆိုတော့ မောင်အောင်မြ ဒါလုပ်လေ (မှန်ပါ့ ဘုရား)။

နောက်လုပ်ဖို့ဆိုတာတော့ မစဉ်းစားနဲ့တော့၊ ခုနင်က လူ့ဘဝရဖို့ပဲ ခဲယဉ်းသွားပြီ ဆိုတော့နောက်က ဒကာ ဒကာမတွေ အေးစက်စက်နဲ့တော်ပါ့မလား (မတော်ပါ)၊ အပူတပြင်း လုပ်ရမယ် (မှန်ပါ့ ဘုရား)။

အပူတပြင်းလုပ်ရမယ်၊ နောင်ကိုဟောမည့် ပြောမည့်ဆရာကလဲ သာသနာက နောက်ပိုင်းကျသွားလို့ ကွယ်ဦး မှာ (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ကလဲ လူမဖြစ်၊ ခေါင်းဆောင်မည့်လူကလဲ မရှိဆိုလို့ ရှိရင်တော့ အုန်းကြည်သွားပဟေ့ (မှန်ပါ့)၊ မသွားသေးဘူးလား (မှန်ပါ့) မျှော်လင့်ချက် ဘယ့်နှယ်တုံး (မရှိပါ)၊ အကုန်ဇာတ်သိမ်း (မှန်ပါ့ ဘုရား)။

အဘွားကြီးတွေ မျှော်လင့်ချက်အကုန် ဇာတ်သိမ်းရလိမ့်မယ်၊ မသိမ်းရပေဘူးလား (သိမ်းရပါတယ် ဘုရား)။

အပါယ်ရောက်သွားတဲ့အခါ

ပြီးတော့ တစ်ခါ ခုနင်ကလိုပဲ အပါယ်ရောက်သွားတယ်၊ အပါယ်ရောက်သွားတဲ့အခါ ကျတော့ ငရဲရောက် တယ်၊ ငရဲကနေ လူ့ပြည် လှမ်းတက်နိုင်တာ မဟုတ်ဘူးနော် (မှန်ပါ့)။

တိရစ္ဆာန်ဆိုတာ ဘာသိတာမှတ်လို့၊ ဘာမှ မသိဘူး၊ နိုင်ရာ စားကြတာပဲ (မှန်ပါ့)၊ စားတော့ ပါဏာတိပါတကံ၊ ငရဲပဲ ပြန်ကျတယ် (မှန်ပါ့)၊ တက်လာပြန် တိရစ္ဆာန်ဘုံ တက်လိုက်တယ်၊ ပြန်ကျပြန်တော့ကော ဘယ့်နှယ်လုပ်ရောက် မလဲ လူ့ပြည်ကို (မရောက်နိုင်ပါ ဘုရား)၊ အလွန် မခဲယဉ်းဘူးလား (ခဲယဉ်းပါတယ် ဘုရား)။

အဲဒီတော့ ခဲယဉ်းတဲ့အထဲက ကိုယ်ရောက်လာတော့ ကိုယ့်အသက် တမ်းကလေးဟာ အဖိုးတန်လေရော့လား၊ မတန်လေရော့လားဆိုတာ ယနေ့ စာရင်းတွက်ကြည့်လိုက်တာပေါ့၊ တွက်ကြည့်တော့ ဘယ့်နှယ်နေသတုံး (အဖိုးတန်ပါ တယ် ဘုရား)။

အဲ တန်တဲ့ဥစ္စာကို ခင်ဗျားကို တဏှာခိုင်းတာနဲ့ အချိန်တွေကုန်ခဲ့တယ် (မှန်ပါ့)၊ ဉာဏ်ခိုင်းတဲ့ ဝိပဿနာအလုပ် နဲ့ ခင်ဗျားတို့က မကုန်ခဲ့ဘူးဆိုတော့ ဪ အဖိုးတန်တာ အလွဲသုံးစား လုပ်နေပါပေါ့လား (မှန်ပါ့)။

ဘယ့်နှယ်နေသတုန်း (အဖိုးတန်တာ အလွဲသုံးစားလုပ်နေပါတယ် ဘုရား)။

အဖိုးတန်တာ အလွဲသုံးစားလုပ်နေတာ ဒီအသက်အရွယ်ရောက်လာပြီဆိုရင် မောင်အောင်ချီက မင်းငါမြည် တယ်လို့ဆိုမလား၊ တွန်တယ်လို့ဆိုမလား၊ မင်းမိုက်ချက်ကပြင်းထန်သလားဆိုတာ အကဲခတ်ကြည့် (မိုက်ချက်တာ ပြင်း ထန်ပါတယ် ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ မောင်အောင်မြကော ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီမိုက်ချက် ပြင်းထန်တာကို အခုအချိန်ရှိတုန်း ပြန်သိမ်းလိုက်ရင် ရပါသေးတယ် (မှန်ပါ့)၊ မူးလို့ ရူးလို့ မိုက်တာမဟုတ်ပါဘူး၊ ဒီလူတွေ မူးတဲ့ရူးတဲ့ လူတွေလဲမဟုတ်ပါဘူး၊ ဒါကိုဆိုတာ မဟုတ်ပါဘူး၊ လိုရင်းအလုပ် မပါတာကို ဆိုတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာအလုပ်ဟာ လိုရင်းပဲ

လိုရင်း အလုပ်မပါတာကို ဆိုပါတယ်၊ လိုရင်းအလုပ်က ဘာတုန်းလို့ မေးတဲ့အခါကျတော့ ဝိပဿနာအလုပ် ဟာ လိုရင်းပဲ၊ အင်္ဂုတ္တိုရ်များ ချိန်ပြလိုက်တာ ကျောင်းကြီးဆောက်တာနဲ့လဲ မတူသေးဘူးတဲ့၊ ဘုရားရှိခိုးနေတာနဲ့လဲ မတူသေးဘူးတဲ့နော် (မှန်ပါ့)၊ သီလသိက္ခာလုံအောင် စောင့်ထိန်းနေရုံနဲ့ ဒါနဲ့လဲ မတူသေးဘူးတဲ့၊ ဝိပဿနာအလုပ်က (မှန်ပါ့)။

မေတ္တာပို့နေတာနဲ့လဲ မတူသေးဘူးတဲ့၊ ဒီဘာဝနာက မြတ်တယ် (မှန်ပါ့)၊ ဘာဝနာတစ်ချက်နဲ့ ခုနင်က ဟာတွေ နဲ့ မတူသေးဘူးတဲ့၊ သူက တစ်ချက်တည်း ဖြစ်ပျက်ကလေး မြင်လိုက်လို့ရှိရင် သူကသာတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာဖြစ်လို့တုန်း၊ ဟိုဟာတွေက ပဋိစ္စသမုပ္ပါဒ်မပြတ်ဘူး မောင်အောင်မြ၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒီဟာက ဘာတုံး (ပဋိစ္စသမုပ္ပါဒ် ပြတ်ပါတယ် ဘုရား)၊ ပဋိသမုပ္ပာဒ်ပြတ်တယ် (မှန်ပါ့)။

ဖြစ်ပျက်ဉာဏ်က ရှုတာ မဂ်ဆိုကတည်းက နောက် ပဋိစ္စသမုပ္ပါဒ် လာသေးရဲ့လား (မလာပါ ဘုရား)။

မဂ်ဆိုတာ ကိလေသာဖြတ်တာ (မှန်ပါ့)၊ ကိလေသာဖြတ်တော့ ကိလေသာ ဆိုတာတခြားလားလို့မေးတော့ ပဋိစ္စသမုပ္ပာဒ်ဟာ ကိလေသာတန်းကြီးပဲနော် (မှန်ပါ့)၊ ပဋိစ္စသမုပ္ပါဒ်တွေကို လျှောက်ပြီးရှာရင် သမုဒယသစ္စာနဲ့တွေ့ တယ် (မှန်ပါ့)။

အဲဒီတော့ ဪ အမြတ်ဆုံးအလုပ်နဲ့ ဆရာဘုန်းကြီးကလဲ ဟောနေတယ်၊ တို့ကလဲဘာမဟုတ်တဲ့ သိန်းကျောက် သောင်းကျောက်ထင်ပြီး ဒါတွေကို တစ်ဘဝ တစ်နပ်စာ လိုက်ကောက်နေတယ်၊ တစ်သံသရာလုံး ချမ်းသာမှာကြီးကို စွန့်ပစ်ထားတယ်၊ တစ်ဘဝတစ်နပ်စာ လှည့်ကောက်နေတယ်ဆိုတော့ မောင်အောင်ချီရေ၊ ဒီလူ လူလိမ္မာလား၊ လူမိုက် လား (လူမိုက်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဖိုးတန်တာကြီးကိုတော့ စွန့်ပစ်ထားတယ်

မင်းတို့ကလဲ သိန်းကျောက်၊ သောင်းကျောက် လျှောက်ရှာနေတာပဲ တစ်ဘဝတစ်နပ်စာအတွက် ဟင် (မှန်ပါ့)၊ တကယ် အဖိုးတန်တာကြီးကိုတော့ စွန့်ပစ်ထားတယ်ဆိုတော့ မောင်အောင်မြ ဒီဟာ ကိုယ်ကျိုးအကြီးအကျယ်မနည်း ဘူးလား (နည်းပါတယ် ဘုရား)။

ဒါတွေ ဉာဏ်နဲ့ စဉ်းစားကြည့်တော့မှ တော်တော်ကြာကျတော့ အနေမှားခဲ့လို့ မျက်ရည်ကြီးငယ်ကျတဲ့ အသေ မှားက လာမှာလား၊ မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒီကျမှ ကိုယ်ကျိုးနည်းပါပြီဟေ့ ဆိုတော့ ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား) အချိန်ကော ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

ခုနင်က ဆန္ဒတော့ နဂိုက လုပ်ထားလို့ ကပျာကယာ ကူးလိုက်လို့ရတာ၊ ဝိညာဉ်မချုပ်ခင် ကပျာကယာ ဝိပဿနာအလုပ် ပြန်ကူးပစ်လိုက်တယ် (မှန်ပါ့)၊ ဖြစ်ပျက်တွေ ပြန်ရှုပစ်လိုက်တယ်၊ ရှုပစ်လိုက်လို့ ဝိညာဉ်ချုပ်တာနဲ့ တစ်ပြိုင်နက် သူရဟန္တာဖြစ်တယ် (မှန်ပါ့)၊ ဒါက သူအရှိန်ပါပြီးသားကိုးဗျ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒီ ဒကာ ဒကာမတွေမှာ ဒီလိုဟောမည့်လူ ပြောမည့်လူလဲမရှိ၊ ဒီလို အရှိန်အလုပ်တွေကလဲ လုပ်မထားဘူး၊ ပြီးအောင်လဲ လုပ်မထားတော့ဘူးဆိုလို့ရှိရင်ဖြင့် အင်း သူများဆွဲဆောင်သလို ပါရုံရှိမှာပဲ (မှန်ပါ့)၊ မဟုတ်ပေဘူးလား (ဟုတ်ပါတယ် ဘုရား)။

အဲဒါကြောင့် ဒါ သံဝေဂရအောင် ဟောတာလား၊ ဖြစ်စဉ်ကို ပြောပြနေတာလား (ဖြစ်စဉ်ကို ပြောပြနေတာပါ)။ သံဝေဂရအောင် ငါမဟောပါဘူးတဲ့၊ မင်းတို့ကို ဖြစ်စဉ်က ဒီအတိုင်းမို့ ဖြစ်စဉ် ပြောတာပါ (မှန်ပါ့)။

ဖြစ်စဉ်ကလဲ ငါပြောတာလား၊ ကိုယ်တိုင်မြင်တဲ့ဘုရားက ပြောတာလား (ဘုရားကပြောတာပါ ဘုရား)၊ ငါကတော့ တစ်ဆင့်ခံပြောတာနော် (မှန်ပါ့)။

ကိုယ်တိုင်မြင်တဲ့ ဘုရားကပြောတာ

ကိုယ်တိုင်မြင်တဲ့ ဘုရားကပြောတာကို ဪ တို့မှာ သားရေး၊ သမီးရေး၊ စီးပွားရေး၊ စားရေး၊ သောက်ရေး၊ နေရေး၊ ထိုင်ရေး၊ ကြီးပွားရေးကလေးနဲ့ ဘာကြီးပွားလာတုံးမေးတော့မှ ဟိုဘက်ကကြီးပွားလို့ရှိရင် တဏှာ၊ ဥပါဒါန် ကြီးပွားတာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ပြတ်တာလား၊ တဏှာ၊ ဥပါဒါန် ကျယ်လာတာလား (ကျယ်လာတာပါ ဘုရား)။

ဒါကြီးပွားတယ်လို့ ဆိုကြမလားလို့ဆိုလို့ရှိရင် ဟုတ်သဟေ့၊ အပါယ်ချဲ့တယ်၊ တဏှာ၊ မာန၊ ဒိဋ္ဌိဆိုသောကြောင့် သံသရာချဲ့ပြီး ဒယ်အိုးကြီးတာပဲကွ၊ ငရဲပြည်ကြီး ကျယ်ပြန့်လာတာပဲကွဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

အဲဒါ အုန်းကြည်တို့ လူစုက သူများပြောမယောင်နဲ့၊ ငါပြောတာ နားထောင်ရမယ် (မှန်ပါ့)၊ ဘုရားဟောတာ ကို ငါပြောနေတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ မင်းတို့သည် ရှေ့နောက်ကလေးတော့ ခွဲလိုက်ဆိုတော့ စကားပြန်အုပ်ရအောင်နော် (မှန်ပါ့ ဘုရား)။

ရှေ့နောက်ဆိုတာ ဘာတုန်း၊ အသေစိတ်ချရတဲ့ အလုပ်ကို ဘာထားရမလဲ (ရှေ့ထားရပါမယ်)၊ အသေစိတ်မချ ရတဲ့အလုပ်ကို (နောက်ထားရပါမယ် ဘုရား)။

နောက်ထားဆိုတာ စိတ်ချပြီးမှလုပ်တဲ့ အလုပ်ကတော့ အပါယ်လေးပါးမသွားတော့ဘူးကွ (မှန်ပါ့)ဆိုတော့ မောင်အောင်မြ အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။

အဲဒီတော့ မင်းတို့လုပ်မစားနဲ့၊ လူ့အောက်ကျသွားမှာ မစိုးရိမ်ဘူး၊ ငါက လူ့အောက်ကျမှာတော့ ဘာမှကိစ္စမရှိ ဘူး၊ ခင်ဗျား ကျွန်တော်နဲ့ ပြောရုံပဲရှိမှာဘဲ (မှန်ပါ့ ဘုရား)၊ သူများ မျက်နှာကြည့်ပြီးနေရုံပဲ ရှိမှာဘဲ (မှန်ပါ့)၊ အပါယ် ကျသွားတာက ဒီထက်ဆိုးတယ် (မှန်ပါ့ ဘုရား)။

အောက်ကျနှစ်ခု နားမလည်ဘူး

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေပြောရတယ်၊ ဒကာ ဒကာမတွေ ခင်ဗျားတို့ဟာ အောက်ကျနှစ်ခု နားမလည်ဘူး၊ ခင်ဗျားတို့ စီးပွားရှာနေတာ လူ့အောက်ကျမှာစိုးလို့ ရှာနေတာ၊ ဒီထက်အောက် အပါယ်ကျမှာတော့ ခင်ဗျားတို့ မကြောက်ဘူး၊ လူ့အောက်ကလေးသာ ကြောက်နေတယ်၊ လူ့အောက်ထက် မဟာပထဝီမြေကြီးနှစ်သိန်း လေးသောင်းအောက်မှာရှိတဲ့ ငရဲကျတော့ ခင်ဗျားတို့က မကြောက်ဘူး၊ လူ့အောက်ကျမှာတော့ ကြောက်နေတယ်၊ မဟောထိုက်ဘူးလား ဟောထိုက်သလား (ဟောထိုက်ပါတယ် ဘုရား)။

လှညွန့်တို့က ဘာကြောက်နေသတုန်း၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကဲ အပါယ်နဲ့ လူ့အောက်ကျမှာ အုန်းကြည် ဘယ်ဟာကြောက်စရာကောင်းသတုန်း (အပါယ်ကကြောက်စရာ ကောင်းပါတယ် ဘုရား)၊ အပါယ်ကြောက်စရာကောင်းတယ်၊ သူက လူ့အောက်မှာ အများကြီးဝေးသေးတာပဲ၊ ဟိုက တက်လမ်းရှိရဲ့လား (မရှိပါ ဘုရား)။

အဲဒါကြောင့် မင်းတို့ စီးပွားရှာတာလဲ ငါရိပ်မိပါတယ်၊ ဪ လူချင်းတူတူ သူချင်းမျှမျှ လူ့အောက် သူ့အောက် မကျအောင်တော့ ကြိုးစားရမှာဘဲတဲ့၊ လူ့အောက်ကျမှာတော့ သူစိုးရိမ်တာကိုး အပါယ်ကျမည့် အလုပ်တွေတော့ ရဲရဲ တင်းတင်းလုပ်တယ်၊ ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)။

ဒါဖြင့် လူ့အောက်နဲ့ လူ့အောက်ထက် အောက်ကျမှာနဲ့ ဘယ်ဟာကသာ ကြောက်စရာကောင်းသလဲ (အောက် အပါယ်ကျမှာကသာ ကြောက်စရာကောင်းပါတယ် ဘုရား)။

ဒါဖြင့် ရှေးလူကြီးတွေပြောတော့ လူဖိလို့ မသေပါဘူးကွာ မပြောကြဘူးလား (ပြောပါတယ်) ဒါ သူ့စကားဟာ အမှန်ဘဲနော် (မှန်ပါ့ ဘုရား)။

လူ့အောက်ကျမှာ မကြောက်နဲ့

အဲဒါကြောင့် ဒီနေ့ဟာ အကြောက်ပြင်လိုက်ပါဦးနော် (မှန်ပါ့) လူ့အောက်ကျမှာ မကြောက်နဲ့၊ လူ့အောက်ထက် အောက်ဖြစ်တဲ့ အပါယ်လေးပါးကျမှာကို (ကြောက်ရပါမယ် ဘုရား)။

ကြောက်ရမယ်ဆိုသဖြင့် ဘယ်သူက ဘာပြောပြော မင်းတို့ ပျင်းလို့ပေါ့ကွာ၊ ဖျင်းလို့ပေါ့ကွာ၊ ဒါကြောင့် မင်းတို့ စီးပွားရေး အောက်ကျနေတာပေါ့ကွာ၊ သူများမှာ ဘာကားတွေနဲ့ ညာကားတွေနဲ့ ဘယ်လို တိုက်ကြီးတည်လို့ ဘယ်လို ရန်ပုံငွေတွေနဲ့၊ ဟာ ဒီလူက သိလို့ပြောတာမဟုတ်ဘဲနဲ့၊ သိလို့ပြောတာ ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။

သူက လူ့အောက်ကလေးတစ်ခုသာ နားလည်တာ (မှန်ပါ့)၊ လူ့အောက်ထက်အောက်ကို (နားမလည်ပါ ဘုရား)၊ နားမလည်တာကို မင်းတို့က ဟုတ်ထင်ပါရဲ့လို့ လိုက်ဖို့လိုသေးသလား (မလိုပါ)၊ မလိုဘူးဆိုတာကော ပေါ်ကြပလား (ပေါ်လာကြပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ခုနင်က အရှင်ဆန္ဒမှာ နိမိတ်တွေ ထင်ပြီးမှ ပြင်လို့ရတာဟာ နိမိတ်တွေက အပါယ်လေးပါးနဲ့ သုဂတိသွားဖို့ နိမိတ်တွေ ထင်လာတယ်၊ ဘာဖြစ်လို့ပြင်လို့ရသတုံးလို့ မောင်အောင်ချီတို့ မောင်အောင်မြတို့၊ ဦးအောင်ဇံဝေ တို့မေးရင် ဘယ့်နှယ်ပြောမလဲ (နဂိုက လုပ်ခဲ့ပါတယ် ဘုရား)။

နဂိုက အလေ့အကျင့် ရှိတယ်၊ အလေ့အကျင့်ရှိတော့ ပြန်သွားတယ်၊ ကြောက်တာနဲ့ ကပျာကယာ လုပ်ပစ်တယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီလို အလေ့အကျင့်မရှိတဲ့လူများ လှညွန့်တို့က ဘယ်လိုစဉ်းစားမလဲ၊ ဪ ပေးသရွေ့ခံရုံပဲ (မှန်ပါ့) သဘောပါ ကြပလား (ပါပါပြီ)၊ ဘယ်လို မှတ်ကြမယ်၊ ပေးသရွေ့ခံရုံပဲ၊ ထင်တဲ့နိမိတ်အတိုင်းသွားရုံပဲ (မှန်ပါ့)၊ ပြင်နိုင်သေးရဲ့လား (မပြင်နိုင်ပါ ဘုရား)။

ဟိုပုဂ္ဂိုလ်ကတော့ နိမိတ်ပြင်ပစ်တာ

ဟိုပုဂ္ဂိုလ်ကတော့ နိမိတ်ပြင်ပစ်တာ၊ ဟာ ပုထုဇဉ်နိမိတ်တွေ ထင်လာပါပေါ့လား၊ သွားရာလမ်းခရီးတွေ မဟုတ်သေးပါဘူးဆိုပြီး ကပျာကယာ ပြန်လှည့်တယ်၊ ဖြစ်ပျက် ပြန်လှည့်တယ်၊ ဖြစ်ပျက်၊ ပြန်လှည့်၊ ဖြစ်ပျက်မုန်း၊ ဖြစ်ပျက်ဆုံးဆိုတော့ သောတာပန်တည်ဖို့ရာလဲ ဒီသုံးချက်ရှိတာကိုး (မှန်ပါ့)။

သကဒါဂါမ် တည်ချင်တော့လဲ ဖြစ်ပျက်မြင်ဖို့ပဲ၊ ဖြစ်ပျက် မုန်းဖို့ပဲ၊ ဖြစ်ပျက်ဆုံးဖို့ပဲ (မှန်ပါ့)၊ ဒါကလေးက သိပ်ကြာစရာ ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။

အဲဒီတော့ကို သူ့မှာတော့ သေသည်နဲ့ တစ်ပြိုင်နက်တည်း ရဟန္တာဖြစ်တယ် (မှန်ပါ့)၊ သဘောပါပလား (ပါပါ ပြီ ဘုရား)။

ကောင်းပြီ၊ သူ ရဟန္တာဖြစ်သွားချိန် အရှင်မဟာစုန္ဒနဲ့ အရှင်သာရိပုတ္တရာက ဘုရားဆီရောက်တယ်၊ မင်းတို့ ဘယ်ကလာကြသတုန်းကွတဲ့ ဘုရားက။

ဒီလိုဘုရား၊ ဆန္နက သူပုထုဇဉ်ကြီးကို သူ့ဟာသူ အရိယာ ထင်ပြီး သကာလ လည်ပင်း ဓားနဲ့ လှီးဖြတ် သေပါ့ မယ်၊ သေသော်လဲ အရှင်ဘုရားတို့ ဘာမှ ပူစရာမရှိပါဘူး၊ တပည့်တော်နောက် ပဋိသန္ဓေ မနေမည့်ပုဂ္ဂိုလ်ပါ၊ ဒီလိုပြောနေ လို့ဘုရား၊ ဒါနဲ့ တပည့်တော်များ တရားဟောနေရတယ်တဲ့၊ အတ္ထုပ္ပတ္တိပြန်ပြောရတာပေါ့ ဒါက။

အခုဘယ်များ သွားလေသတုန်း

အခု တပည့်တော် လမ်းရောက်ခါရှိသေးတယ်ဘုရားတဲ့၊ သူ ဟိုမှာ ဓားနဲ့လှီးပြီး သေပါပြီတဲ့၊ သူ အခုဘယ်များ သွားလေသတုန်းတဲ့၊ အသေဆိုးများ ဖြစ်လေရော့လားပေါ့လေ၊ ဒီက ဆန္နက ပြင်လိုက်တာတော့ သူ မသိဘူး (မှန်ပါ့ ဘုရား)။

ကွာတဲ့၊ သူ့မှာ ဘာမှ တဏှာ၊ ဥပါဒါန်မရှိပဲနဲ့ သေသွားပြီတဲ့နောက် ပဋိသန္ဓေမနေတော့ဘူးတဲ့ဆိုတော့ သူ ပုထုဇဉ်တုန်းက ပြောထားတဲ့စကားနဲ့ နောက်ရဟန္တာဖြစ်မှ ဘုရားက ဟောတဲ့တရားနဲ့ ကိုက်သွားတယ် (မှန်ပါ့)၊ မကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား)။

ပုထုဇဉ်တုန်းက ပြောထားတာ သူနောက် ပဋိသန္ဓေ မနေမည့် ပုဂ္ဂိုလ်ပါလို့ မပြောဘူးလား (ပြောပါတယ်)၊ နောက်ပြန်ပြီး ကပျာကယာ ရှုလိုက်တဲ့အခါကျတော့လဲ နောက် ပဋိသန္ဓေနေတဲ့ပုဂ္ဂိုလ်ဖြစ်သေးရဲ့လား (မဖြစ်ပါ)၊ အလေ့အကျင့်များပြီးပြီသားကိုးဗျ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် မင်းတို့လုပ်နေတဲ့အလုပ်ဟာ အခုသောတာပန် မဖြစ်နိုင်သေးရင်လဲ သေခါနီးဖြစ်မှာဘဲ (မှန်ပါ့)၊ ဖြစ်အောင် လုပ်ထားလဲ ပိုကောင်းတယ် (မှန်ပါ့)၊ သကဒါဂါမ်ဖြစ်အောင် လုပ်ထားလဲ ပိုမိုကောင်းတယ်၊ အနာဂါမ် ဖြစ်အောင် လုပ်ထားလဲ ပိုမိုကောင်းတယ်၊ ရဟန္တာဖြစ်အောင် လုပ်ထားလဲ ပိုကောင်းတာပဲ။

ဝိပဿနာ အာစိဏ္ဏကံ ဖြစ်ဖို့လိုပါကလား

အကယ်၍ တပည့်တော်တို့က ဖျင်းလို့ ပျင်းလို့ဆိုတာတောင်မှ သေခါနီး ဖြစ်နိုင်သေးတယ်ဆိုတော့ အချည်း နှီးဖြစ်တာပါသေးရဲ့လား (မပါပါ)၊ အုန်းကြည် အချည်းနှီးဖြစ်တာ မပါတော့ဘူးနော် (မပါတော့ပါ ဘုရား)။

အဲဒီတော့ကို ဪ ဝိပဿနာ အာစိဏ္ဏကံ ဖြစ်ဖို့လိုပါကလား ဆိုတာ ပေါ်လာတယ်၊ ဝိပဿနာသည် (အာစိဏ္ဏကံ ဖြစ်ဖို့ လိုပါတယ် ဘုရား)။

အာစိဏ္ဏကံဆိုတာ မပြတ်ပွားတာ၊ တစ်နေ့ တစ်နာရီ၊ ဟုတ်လား (မှန်ပါ့)၊ မောင်အောင်မြ လုပ်ထားရမယ် မဟုတ်လား (မှန်ပါ့ ဘုရား)။

အဲဒီလို လုပ်ထားတဲ့အခါကျတော့ ပြင်နိုင် ဆင်နိုင်တဲ့ အခြေအနေမရှိဘူးလား၊ ရှိသလား (ရှိပါတယ်)၊ ရှိတယ်တဲ့။

ရှင်သာရိပုတ္တရာက “အရှင်ဆန္ဒဖြင့်ဘုရား လည်ပင်းဓားနဲ့လှီးပြီးသေတယ် ဘုရား၊ ဘယ်များ သွားပါလိမ့်မတုန်း” မေးတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ပြောလိုက်တယ်၊ အို မင်းတို့ ပြောပြီးသားပဲတဲ့၊ သူဟာ နောက်ပဋိသန္ဓေ မနေမည့် ပုဂ္ဂိုလ်ပါလို့ ပြောထားတာပဲ၊ အဲဒီအတိုင်း ပေါ့ကွတဲ့၊ ရဟန္တာဖြစ်တော့ ပြောတဲ့စကားနဲ့ နဂိုက ပုထုဇဉ်တုန်းက ပြောတဲ့ စကားနဲ့ သွားပြီး ညီနေတယ်၊ မညီဘူးလား (ညီပါတယ် ဘုရား)။

အဲဒီလို ညီတော့ တာဝန်ခံလိုက်တယ်၊ ဘုရားက သာရိပုတ္တရာတဲ့၊ သူတော့ ရဟန္တာဖြစ်သွားပြီလို့ ဖြေလိုက်တယ်၊ နောက် ပဋိသန္ဓေမနေတော့ဘူးတဲ့။

ဒကာ ဒကာမတို့ ဒါ နဂိုတုန်းက လုပ်ခဲ့တာ ကိစ္စပြီးလို့လား၊ သေခါနီးမှ နိမိတ်ထင်ပြီးမှ ကပျာကယာ ပြောင်း ယူတာလား၊ (ကပျာကယာပြောင်းယူတာပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘယ်လိုပြောင်းယူသလဲ (နိမိတ်ထင်လာမှ ပြောင်းယူပါတယ်)၊ နိမိတ်ထင်လာမှ အပါယ်နိမိတ်တွေ ထင်လာမှ ကပျာကယာ ပြောင်းယူတယ် (မှန်ပါ့)။

နဂိုက သူမြင်ထားတာက

နဂိုက သူမြင်ထားတာက “နိရောဓံ ဒိသွာ နိရောဓံ အဘိညာယ”တဲ့၊ ဘာကလေးကြည့်လိုက် ကြည့်လိုက် စိတ်ကလေးတွေကြည့်လိုက်ရင် ချုပ်သွားတာကလေးတွေချည်းပဲ၊ မြင်နေတယ်ဆိုတော့ ဝိပဿနာခရီး ပေါက်နေပြီပေါ့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာသာ မဖြစ်သေးတာကိုး (မှန်ပါ့)၊ မဟုတ်ဘူးလား (မှန်ပါ့)။

အဲဒီတော့ အယုတ်ဆုံး မင်းတို့ “နိရောဓံ ဒိသွာ နိရောဓံ အဘိညာယ”

”နေတံ မမ၊ နေသောဟ မသ္မိ၊ န မေသော အတ္တာ” ဆိုတဲ့အတိုင်း ချုပ်တာ ကလေးတွေမြင်လို့ရှိရင် ငါ့ကိုယ် ငါဟာ၊ ငါ့ဥစ္စာမဟုတ်ဘူးဆိုတဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိကသေနေပြီ (မှန်ပါ့ ဘုရား)။

အဲ သေတော့ အဲဒီအချိန်ကလေးကြည့်စမ်း မောင်အောင်ချီ၊ သေခါနီးမှာ သွားပြီး ကျေးဇူးပြုလိုက်တယ် (မှန်လှပါ)၊ နိမိတ်ထင်မှတောင် ပြောင်းယူလိုက်တယ် (မှန်ပါ့)၊ အုန်းကြည် ဘယ်လောက် ကောင်းသတုန်း (ကောင်းပါတယ် ဘုရား)။

ဒါဖြင့် ဒီအလုပ်ကို လှညွန့်တို့၊ အုန်းကြည်တို့က ဘယ်လို စဉ်းစားကြမလဲ (အမြဲလုပ်ရပါမယ်)၊ အမြဲလုပ်ရမယ် နော် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကိစ္စမပြီးရင် ဒုက္ခချုပ်တာမှ မမြင်ရင် မောင်အောင်မြ ဘာလုပ်ရမလဲ (ဝိပဿနာလုပ်နေရမှာပါ) လုပ်နေရမယ်။

သောတာပန်လောက် ချုပ်ရုံနဲ့ မနေနဲ့ဦး

ဒုက္ခချုပ်တာလဲ သောတာပန်လောက် ချုပ်ရုံနဲ့ မနေနဲ့ဦး၊ အမျိုးမျိုး ချုပ်အောင် သကဒါဂါမ်အဖြစ် တစ်ခါချုပ် အောင် အနာဂါမ်အဖြစ် တစ်ခါချုပ်အောင်ဆိုတော့ ဒါကောင်းတာချည်းပဲနော် (မှန်ပါ့)။

အဲဒီတော့ကို ကျင်ကြီးလေးပုံရှိတဲ့ ဥစ္စာကွာတဲ့ သောတာပန် ကလေးမျှလောက်နဲ့ မင်းတို့တင်းတိမ် နေကြမယ် ဆိုလို့ရှိရင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဓမ္မပဒပါဠိတော်များမှာ ဟောလိုက် သေးတယ်နော်၊ ကျန်တဲ့ သုံးပုံကို မင်းတို့ဘယ်နေရာမှာ အသုံးချမတုန်း မေးတယ်၊ ကျင်ကြီး လေးပုံ တစ်ပုံ ဆေးပစ်ပြီးပြီကွာ၊ မောင်အောင်ချီ ကျန်တဲ့ သုံးပုံဘယ်နေရာမှာ အသုံးချမလဲ အိမ်ပေါ်မှာရှိနေတယ် (ဘယ်နေရာမှ အသုံးချလို့ မရပါ ဘုရား)။

အဲဒါကြောင့် တစ်ပုံကို သောတာပတ္တိမဂ်နဲ့ ဆေးပြီးငြားသော်လဲ၊ ဒုတိယအပုံ သကဒါဂါမ်မဂ်နဲ့ ဆေးပစ်ရဦး မယ်၊ အသုံးချလို့ မကောင်းလို့ မဟုတ်ဘူးလား (မှန်ပါ့)၊ ကိလေသာ ကြွင်းတာတွေကို ဆေးဆေးပစ် ရမယ်ပြောတာ၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဆေးစရာ ကြောစရာရှိတဲ့ ပုဂ္ဂိုလ်များတော့ ဆေးကြောမှသာလျှင် သန့်ရှင်းမယ်ဆိုတဲ့ အဓိပ္ပာယ်ရှင်း သွားပြီ (ရှင်းပါပြီ ဘုရား)။

ဘယ်ဟာ ကျန်နေနေ ယုတ်စွအုံး လက်သန်းဖျားလောက် ကလေးကျန်နေဦး ကျင်ကြီးကလေးဟာ ဘယ်နေရာ အသုံးချမလဲ (အသုံးချလို့မရပါ)၊ ဒါဖြင့် ဘာလုပ်ပစ်ရမလဲ (ဆေးပစ်ရပါမယ် ဘုရား)။

ဆေးပစ်ဆိုတာ ဖြစ်ပျက်ရှုပြီးတော့ ဆေးပစ်ရုံပဲ၊ ဖြစ်ပျက်ရှုပြီးတော့ မဂ်ဆိုက်လာတော့ ပါသွားတာပဲ (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒီအလုပ်သည် အလုံးစုံ လေးပုံစလုံး ဆေးပြီပြီဆိုတော့ နောက်ဘာမှ လုပ်စရာမလိုပါဘူး (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ရှေ့နောက်ကို ခွဲကြမလား၊ မခွဲကြဘူးလားဆိုတာကိုလဲ မင်းတို့ကို ဒီနေ့ကတိတောင်းတယ်၊ ဘယ့်နှယ် တုန်း (ခွဲပါ့မယ် ဘုရား)၊ ခွဲရမှာဘဲ။

အသေစိတ်ချရတာကို ရှေ့ထား

အုန်းကြည် ခွဲရမယ် (မှန်ပါ့)၊ အသေစိတ်ချရတာကို (ရှေ့ထားရပါမယ်) ရှေ့ထားရမယ်၊ အသေစိတ်မချရတဲ့ အလုပ်တွေကို (နောက်ထားရမယ်)၊ နောက်မှလုပ်မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဖြစ်တာပဲ၊ ဆရာဘုန်းကြီးက ဒါချည်းလုပ်နေရမယ်လို့ ဒီလိုမဟောဘူး၊ ရှေ့နောက်ကလေးခွဲလိုက်ဟေ့၊ ဒါပဲ သတိပေးတယ် (မှန်ပါ့)။

သားနဲ့သမီးနဲ့ဆိုတော့ လုံးလုံးမဟုတ်လဲ မရဘဲကိုးကွ (မှန်ပါ့)၊ ဘာကလေးတွင် အခုပြောင်းပေးရမတုံး (ရှေ့ နောက်ပြောင်းပေးရပါမယ် ဘုရား)။

အဲ သားရေး၊ သမီးရေး၊ စီးပွားရေးကို နောက်ထား၊ သူ့ကို ရှေ့ထားပစ်လိုက် (မှန်ပါ့)၊ ရှေ့ထားပြီးတော့ စိတ်ချရတဲ့ အခြေအနေရောက်ရင် မောင်အောင်ချီ ဘာပူစရာရှိသေးသတုန်း (မရှိပါ ဘုရား)။

အဲဒီတော့ ဆရာဘုန်းကြီးက တွန်းတာက ထမင်းငတ်အောင် တွန်းတာလား ဟုတ်လား၊ ရှေ့နောက်ကလေးတင် ခွဲပါတော့ဆိုတာလား (ရှေ့နောက်ခွဲပါလို့ ဆိုတာပါ ဘုရား)။

မင်းတို့ကို ဒီထက်တော့ မလျှော့နိုင်တော့ဘူးကွ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဒီ့ထက်လျှော့ရင်လဲ ဘာမှ မကျန်တော့ဘူး (မှန်ပါ့)၊ ဒီထက်လျှော့ရင်လဲ ဘာကျန်စရာရှိသေးသတုန်း (ဘာမှမကျန်တော့ပါ ဘုရား)။

အေး ဒါကြောင့် အပါယ်လေးပါး တံခါးပိတ်တာ ရှေ့ထား၊ သောတာပန်လောက်ကို တည်အောင် လုပ်ထားရ မယ်ဆိုတဲ့အဓိပ္ပာယ်ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

သူဘာမှမစွဲလမ်းတဲ့ပုဂ္ဂိုလ်

ဒါနဲ့ အရှင်သာရိပုတ္တရာကို မင်းကိုကကွာတဲ့ ဘယ်ဂတိလားသတုန်းဆိုတော့ သူဘာမှမစွဲလမ်းတဲ့ပုဂ္ဂိုလ် ခန္ဓာမှာ စွဲလမ်းမှု၊ လှုပ်မှုမှ မရှိဘဲနဲ့ သေသွားတဲ့ပုဂ္ဂိုလ်ကွာတဲ့ ဆုံးသွားပြီတဲ့။

နို့ ဘုရားတဲ့၊ သူ့မှာ နဂိုက လှုပ်နေတဲ့ အဓိပ္ပာယ်တွေ ရှိနေတာပဲ တဲ့၊ အဲဒါတွေကွာတဲ့ ပုထုဇဉ် ဖြစ်တုန်းက လှုပ်တာပဲ၊ နောက် သေခါနီး ဂတိတွေ ထင်လာမှ ပြောင်းပြီးတော့ ကပျာကယာ ရှုလိုက်တဲ့အခါကျတော့ မလှုပ်တော့ ဘူးကွတဲ့၊ ကိလေသာ ကုန်သွားပြီတဲ့၊ ကိလေသာ ကုန်တော့ လှုပ်သေးရဲ့လား (မလှုပ်ပါ ဘုရား)၊ မလှုပ်တော့ဘူး။

အဲဒီတော့ကွာတဲ့၊ ငါ သေသေချာချာ ဟောမယ်တဲ့၊ မင်းတို့အပြစ် သင်တာက ငါရှင်းပြပါ့မယ်တဲ့၊ ဒီဘဝ စုတိသေပြီးသည်၏ အခြားမဲ့၌ နောက် ပဋိသန္ဓေနေရတဲ့ဥစ္စာ အဲဒါမှ ကြောက်စရာအကောင်းဆုံးပဲဟေ့တဲ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အပြစ်ကြီးသင့်တာ ဘယ်ဟာတုန်း မေးလို့ရှိရင် ဒီဘဝ စုတေပြီး နောက်ဘဝ ပဋိသန္ဓေ တစ်ခုခုနေရလို့ရှိလျှင် ဒါ အပြစ်ကြီးသင့်တာပဲ၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အပြစ်ကြီးသင့်တာ ဘာတုန်း (ဒီဘဝ စုတေပြီး နောက်ဘဝ ပဋိသန္ဓေနေရတာ အပြစ်ကြီးသင့်ပါတယ်)၊ အပြစ်ကြီးသင့်တယ်နော် (မှန်ပါ့ ဘုရား)။

လောကီဥပမာ ပြောကြစို့ဆိုလို့ရှိရင် စက်ရှင်မှုဟာ အယူခံ ပယ်တာဟာ အပြစ်ကြီးလို့ဆိုတဲ့ အဓိပ္ပာယ်မျိုး မဟုတ်ဘူးလား (မှန်ပါ့)၊ စက်ရှင်အယူခံပယ်လိုက်တော့ အပြစ်ကြီးမဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲဒါ ကိစ္စမရှိဘူး၊ ဒီဘဝစုတေပြီး နောက်ဘဝပဋိသန္ဓေနေတာဟာ အပြစ်ကြီးပဲကွလို့ ဟောတယ် (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဘုံဘဝတွေဆုတောင်းတဲ့ ပုဂ္ဂိုလ်များ

ဒါဖြင့် ဘုံဘဝတွေ ဆုတောင်းတဲ့ ပုဂ္ဂိုလ်များ မိုက်ချက်သန်တယ်ဆိုတဲ့ အဓိပ္ပာယ်ကော ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပဋိသန္ဓေနေတာ အပြစ်ကြီးသင့်တာကို သူတောင်းယူတာကိုးကွ (မှန်ပါ့)၊ မယူဘူးလား (တောင်းယူပါတယ် ဘုရား)၊ ဆွမ်းတွေ ကွမ်းတွေနဲ့ တောင်းယူတော့ ဒီပုဂ္ဂိုလ်ဟာ အပြစ်ကြီးကို ရ, ရပါလို၏ ဆိုတာနဲ့ကော (မထူးပါ ဘုရား)၊ အင်မတန် မိုက်ချက် မပြင်းထန်ဘူးလး (ပြင်းထန်ပါတယ်)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် အရှင်ဆန္န ရဟန္တာဖြစ်တာလဲ သေချာပြီနောက် ပဋိသန္ဓေ မနေမှုသည်ကားလို့ ဆိုရင်ဖြင့် အပြစ်လွတ် သွားတဲ့ အဓိပ္ပာယ်ပဲ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မင်းတို့ ဒီတရားမှာဘာကို သတ္တုချပြီး သကာလ ဟောရင်ဖြင့် ကောင်းမှာတုန်း ချုပ်တာကလေးကို မရှိဘူး မရှိဘူးလို့ မြင်အောင်လုပ်ရမယ် (မှန်ပါ့)။

ပေါ်တိုင်း မရှိတာ သိအောင်လုပ်

မြင်တဲ့စိတ်ကလေးကို ဪ မြင်ပြီးမရှိဘူး၊ ကြားစိတ်ကလေးလဲ (ကြားပြီးမရှိပါ ဘုရား)၊ ကြားပြီး မရှိဘူး မဟုတ်ဘူးလား (မှန်ပါ့)၊ နံတဲ့စိတ်ကလေးကော (နံပြီး မရှိပါ ဘုရား)၊ ဒါကလေးကို သူပေါ်တိုင်း ပေါ်တိုင်း မရှိတာ သိအောင်လုပ် (မှန်ပါ့)၊

”နိရောဓံ ဒိသွာ နိရောဓံ အဘိညာယ”တဲ့၊ နိရောဓံ ချုပ်ခြင်းကို။ ဒိသွာမြင်၍၊ နိရောဓံ ချုပ်ခြင်းကို၊ အဘိညာယ သိ၍ “နေတံမမ၊ နေသောဟမသ္မိ၊ န မေသောအတ္တာ” ဒီလိုမြင်တဲ့ ပုဂ္ဂိုလ်ကျတော့ ငါ့ကိုယ်၊ ငါဟာ၊ ငါ့ဥစ္စာလို့ ဒီစိတ် တွေပေါ်မှာ မစွဲတော့ဘူး၊ ရုပ်တွေပေါ်မှာ မစွဲတော့ဘူးတဲ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီလို အမြင်ရောက်လို့ရှိရင်တဲ့ သေသည်နှင့်တစ်ပြိုင်နက်တည်း ရဟန္တာဖြစ်ပါတယ် (မှန်ပါ့)၊ မသေခင်လဲ သောတာပန် သကဒါဂါမ် အနာဂါမ်ဖြစ်နိုင်တယ်၊ သေလို့ဂတိထင်လာလို့ရှိရင်လဲ ရဟန္တာဖြစ်ပါတယ်ဆိုတာ ဒီ အရှင်ဆန္န ဝတ္ထုမှာ မသေချာဘူးလား (သေချာပါတယ် ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကဲ ဒါဖြင့် အရှင်ဆန္နလဲ ရဟန္တာဖြစ်ပြီ၊ မင်းတို့လဲ ချုပ်တာကလေးတွေ မြင်အောင်ကြည့်ရမယ် (မှန်ပါ့)၊ မရှိ တာကလေးတွေ သိအောင်လုပ် (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။