12402

မာတိကာသို့

ဆန္ဒောဝါဒသုတ် (၁) (ဥပရိပဏ္ဏာသ)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်

ဟောကြားတော်မူသော

ဆန္ဒောဝါဒသုတ် (၁) (ဥပရိပဏ္ဏာသ)

ညအလုပ်ပေးတရာတော်

(၅-၅-၆၂)

ဆန္ဒဆိုတဲ့ ရဟန်းတစ်ပါး မမာဘူး ကြားတယ်

ယနေ့ တရားတစ်ပုဒ်ပြောင်းပြီလို့ အောက်မေ့ရမယ်၊ တရားတစ်ပုဒ်က ဘာပါလိမ့်မလဲဆိုတော့ ဒါ ဦးအောင်ဇံဝေ တို့ မနာဖူးသေးဘူးနော် မနာဖူးတဲ့ တရားကိုပဲ ဟောရမယ် (မှန်ပါ့ ဘုရား)။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးနေတယ်၊ အရှင် သာရိပုတ္တရာနဲ့ အရှင်မဟာစုန္ဒတို့က ဂိဇ္ဈကုဋ်တောင်သွားပြီး သီတင်းသုံးနေကြတယ်၊ သီတင်းသုံးနေတော့ ညနေ တောင်ပေါ်မှ ဆင်းခါနီနးကျလာတော့ တိုင်ပင်ကြတယ်၊ ကွာ တောင်ခြေရင်းမှာ ဆန္ဒဆိုတဲ့ ရဟန်းတစ်ပါး မမာဘူး ကြားတယ်ကွ၊ အဲဒီ မမာဘူး ကြားတဲ့အတွက် ဒီဆန္ဒကို တို့လူမမာ လာမေးတဲ့အလုပ်ဟာ အလွန်ကျေးဇူးများတဲ့အလုပ် ပဲ၊ သံဝေဂလဲ ဝင်တဲ့အလုပ်မျိုးဖြစ်တယ်၊ ဒါကြောင့်မို့ တို့ ညီအစ်ကိုဟာ သွားပြီး သကာလ လူမမာမေးရအောင်ဆိုပြီး အရှင်သာရိပုတ္တရာနဲ့ သူ့ညီ အငယ်ဖြစ်တဲ့ အရှင်မဟာစုန္ဒတို့ တောင်ပေါ်က ဆင်းပြီးလာကြတော့ ဆန္ဒကျောင်းရောက်ရော။

အဲ ဆန္ဒကျောင်း ရောက်တဲ့အခါကျတော့ ဆန္ဒရေ ဘယ့်နှယ်နေသတုန်းကွ၊ ဝေဒနာဟာ ရှေ့သာတိုးပါတယ် ဘုရား။ နောက်တော့ မဆုတ်ပါဘူး၊ ဒါ့ကြောင့် တပည့်တော်ဖြင့် ခေါင်းတူနဲ့ထုသလို နာနေတာပဲ၊ ဝမ်းထဲမှာ မီးတွေလောင်နေ သလို ပူနေတာပဲ အကြောအခြင်တွေ ပြတ်မတတ်နာနေတာပဲ အဲဒါကြောင့် တပည့်တော်ကတော့ လည်ပင်းကို သင်တုန်း နဲ့လှီးပြီး သေလိုက်မလို့တောင် စိတ်ကူးနေတယ်တဲ့၊ ရှင်းပလား၊ (မှန်ပါ့ ဘုရား)။

မမာတာကိုးဗျ၊ မမာတော့ ဝေဒနာတွေက ပြင်းထန်တော့ ဒီအတိုင်း မနေချင်တော့ဘူး၊ သို့သော် သူ့စိတ်ထဲမှာ စောစောစီးစီး မှတ်ထားပါ မောင်အောင်မြကနော်၊ ငါ ရဟန္တာဖြစ်ပြီးပြီ ဘာပူစရာရှိတော့သတုန်း၊ သူ့ဟာသူတော့ ရဟန္တာဖြစ်ပြီလို့ ထင်ထားတယ် (မှန်ပ့ါ ဘုရား)။

အဲဒီလို ထင်ထားတဲ့အတွက် အရှင်သာရိပုတ္တရာ၊ အရှင်မဟာစုန္ဒတို့ မေးတဲ့အခါ တပည့်တော်တော့ ဒီဝေဒနာ တော့ ဝမ်းထဲက မခံစားချင်ဘူး၊ လည်ပင်း ဓားနဲ့လှီးပြီး သေချင်တော့တာပဲတဲ့။

ဒါနဲ့ အရှင်သာရိပုတ္တရာက ချော့တယ်၊ ဆန္ဒ ဒီလို မလုပ်ပါနဲ့ကွာ၊ မင်းမှာ လူမမာပြုမည့်လူမရှိရင် ငါကိုယ်တိုင် ပြုပါမယ်ကွ၊ ဓာတ်စာ၊ ရေစာလိုလို့ရှိရင် ငါရှာကျွေးပါမယ်ကွ၊ ဒီလိုတော့ လည်ပင်းဓားနဲ့ လှီးပြီး မသေပါနဲ့၊ တောင်းပန် ပါတယ်။

သူ့အထင်က ရဟန္တာဖြစ်ပြီလို့ကို ထင်နေတယ်

တောင်းပန်တော့ကို တပည့်တော် သေမှာက မစွဲလမ်းဘဲနဲ့ သေမည့်ပုဂ္ဂိုလ်ဖြစ်ပါတယ်ဆိုတော့ တဏှာ၊ ဥပါဒါန် ချုပ်တဲ့ ပုဂ္ဂိုလ်လို့ သူက ဆိုထားတယ်၊ ဘာမှမစွဲလမ်းဘဲနဲ့ တပည့်တော်က သေမှာပါတဲ့၊ ဒါကြောင့် တပည့်တော်သေလဲ ဘယ်ကိုမှ ဂတိလားစရာမရှိပါဘူးတဲ့၊ နိဗ္ဗာန်ပဲသွားဖို့ပါပဲတဲ့ (မှန်ပါ့)။

သူ့အထင်က ကြီးနေတယ် မောင်အောင်ချီရနော် (မှန်ပါ့)၊ အုန်းကြည်ရေ သူ့အထင်က ရဟန္တာဖြစ်ပြီလို့ကို ထင်နေတယ်နော် (မှန်ပါ့)။

ဒါနဲ့ အရှင်သာရိပုတ္တရာက ကွာတဲ့၊ ဒါဖြင့် မင်းကတော့လဲ သေမှာကို နောက် ပဋိသန္ဓေမနေတဲ့ အနေမျိုး မင်းကပြောတယ်၊ ငါ့ကို တရားကလေးတစ်ခု မင်းမြင်ပုံကလေး ပြောစမ်းပါကွာတဲ့၊ ရဟန္တအမြင် သိချင်တာကိုး(မှန်ပါ့)။

ဒါ အင်မတန် အဖိုးတန်မည့်တရားလို့ နောက်က ဒကာ ဒကာမတွေ မှတ်ရမယ်နော် (မှန်ပါ့)၊ သူ့ကိုယ်သူတော့ ရဟန္တထင်နေပြီ၊ နောက် ပဋိသန္ဓေ နေစရာမလိုပါဘူးတဲ့၊ ဒါကြောင့် တပည့်တော် ဓားနဲ့လှီးပြီး ကိုယ့်ဟာကိုယ်သေဖို့ ရာ ဝန်မလေးပါဘူးတဲ့၊ ဒီတစ်ခါ သေရမှာကိုး၊ နောက် သေစရာ ခန္ဓာမှ မလာတော့ဘဲဆိုတော့ အတော်ပဲ အထင်ကြီး နေတဲ့ အဓိမာနမျိုးဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒါနဲ့ ရှင်သာရိပုတ္တရာက တရားနဲ့စစ်ဆေးတယ်၊ မင်းကွာ မြင်ပုံကလေးဥပမာမယ်ကွာတဲ့။

စက္ခုံ အာဝုသော ဆန္ဒ စက္ခုဝိညာဏံ စက္ခု ဝိညာဏ ဝိညာတဗွေ ဓမ္မေ

”ဧတံ မမ၊ ဧသော မေ အတ္တာ”တိ သမနုပဿတိ။

ငါ့ကိုယ်၊ ငါဟာ၊ ငါ့ဥစ္စာလို့များ ရူသေးသလားတဲ့

ပါဠိ ဆိုတယ်၊ ဥပမာမယ်ကွာ မင့်မှာ အဆင်းကလေးတစ်ခု စက္ခု ဝိဉာာဏ်မြင်တဲ့ အဆင်းတစ်ခု (မှန်ပါ့)။

စက္ခုပဿဒဆိုတာ မျက်လုံးထဲမှာ အကြည်ရုပ်ကလေးရှိတယ်နော်၊ သူငယ်အိမ်ကလေးခေါ်ကြတယ် (မှန်ပါ့) အဲဒီ အကြည်ရုပ်ကလေးကို သော်လည်းကောင်း မြင်စိတ်ကလေးကိုသော်လည်းကောင်း၊ သူမြင်တဲ့ အဆင်းရုပ်ကို သော်လည်းကောင်း ငါ့ကိုယ်၊ ငါဟာ၊ ငါ့ဥစ္စာလို့များ ရူသေးသလားတဲ့၊ ဒါမေးတယ်၊ ရှုနေရင် ပုထုဇဉ်ဆိုတာ သူက အကဲခတ်မယ်။

”စက္ခုံ အာဝုသော (ပ)သမနုပဿသိ” ဒါ ပါဠိပဲ၊ မြန်မာလိုတော့ မင်းမြင်တဲ့ရုပ်ကလေးကိုကော ငါ့ကိုယ်၊ ငါဟာ၊ ငါ့ဥစ္စာလို့ ထင်သေးသလား၊ မြင်စိတ်ကလေးကို ငါ့ကိုယ်၊ ငါဟာ၊ ငါ့ဥစ္စာလို့ ထင်သေးသလားဆိုတော့ တဏှာ၊ မာန၊ ဒိဋ္ဌိစွဲသေးသလားမေးတာနော် (မှန်ပါ့)။

ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ ထင်သေးသလားလို့ မေးလိုက်တော့ မောင်အောင်ချီတပည့်တော်ဟာ ဘုရားတဲ့။

စက္ခုံ အာဝုသော သာရိပုတ္တ စက္ခုဝိညာဏံ စက္ခုဝိညာဏဝိညာတဗွေ ဓမ္မေ “နေတံမမ၊ နေသော ဟမသ္မိ၊ န မေသော အတ္တာ” တိ သမနုပဿာမိ။

တပည့်တော်ဟာ မြင်တဲ့ရုပ်ကလေးကိုလဲ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဆိုပါဘူးတဲ့၊ မြင်စိတ်ကလေးကိုလဲ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာမဆိုပါဘူးတဲ့၊ မြင်တဲ့အဆင်းကလေးကိုလဲ တပည့်တော်က ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာမဆိုပါဘူးတဲ့ ဆိုတော့ အံမာ သူ့ဟာတည့်နေတယ် (မှန်ပါ့)၊ မတည့်ဘူးလား (ထည့်ပါတယ် ဘုရား)။

တဏှာ မာန ဒိဋ္ဌိသေမနေဘူးလား (သေပါတယ်)၊ သူဖြစ်တာ ရှုတဲ့အတွက် တဏှာ မာန ဒိဋ္ဌိသေပါတယ်လို့ ပြောတာပါပဲ (မှန်ပါ့)။

ကွာ ဒါဖြင့် မင်းငါ့ကိုယ် ငါဟာ ငါ့ဥစ္စာလု့ိ မရှုဘူးဆိုကတည်းက အတော်နေရာကျတာကွ၊ သိလျက်နဲ့ မေးနေ တာ (မှန်ပါ့)။

သူမြင်ပုံဟာ ဝိပဿနာ ဉာဏ်ပဲလား

သူ ပုထုဇဉ်ပဲဆိုတောတော့ သိတယ်၊ သို့သော် သူမြင်ပုံဟာ ဝိပဿနာ ဉာဏ်ပဲလား၊ မဂ်ဉာဏ်ပဲလား ဆိုတာ အကဲခတ်တာ (မှန်ပါ့)။

အခုတော့ ဘာဉာဏ်ဖြစ်နေတယ် မင်းတို့ထင်ကြသလဲ (ဝိပဿနာဉာဏ်ပါ ဘုရား)၊ ဝိပဿနာဉာဏ်ပဲ၊ သူ မဂ်ဉာဏ်မှ မရသေးပဲ၊ ဝိပဿနာဉာဏ်၏ အမြင်ဘဲရှိသေးတယ် (မှန်ပါ့ ဘုရား)၊ ဖြစ်ပျက် မြင်နေတာ ရှိသေးတယ်၊ ဖြစ်ပျက်မြင်နေလို့ ဒီဖြစ်ပျက်ကလေးဟာ ငါ့ကိုယ်လဲမဟုတ်ဘူး၊ ငါလဲမဟုတ်ဘူ၊ ငါ့ဥစ္စာလဲမဟုတ်ဘူး၊ ဒါပဲ သူမြင်တယ် ဒီတော့ မောင်အောင်ချီတို့ ဒါကို ဘယ်ဉာဏ်ဆိုကြမလဲ (ဝိပဿနာ ဉာဏ်ပါ ဘုရား)၊ ဝိပဿနာ ဉာဏ်နော် အုန်းကြည်တို့ မဂ်ဉာဏ်မဟုတ်သေးဘူး၊ မဂ်ဉာဏ်ဆိုရင် ဒီဖြစ်ပျက်တွေ ဆုံးရမယ်၊ ဆုံးရဲ့လား သူ့ဟာက (မဆုံးပါ ဘုရား)။

မဆုံးဘူးတဲ့ မောင်အောင်မြရေ ဒါတွေကို ငါ့ကိုယ်၊ ငါဟာ၊ ငါ့ဥစ္စာ မဟုတ်ဘူးလို့ ယူရုံပဲရှိသေးတယ်၊ ဝိပဿနာ နဲ့ မြင်တာဘဲရှိသေးတယ် (မှန်ပါ့)၊ သဘောပါပလား (ပါ ပါပြီ ဘုရား)၊ ဝိပဿနာနဲ့ မြင်တာဘဲ ရှိသေးတယ်နော် (မှန်ပါ့ ဘုရား)။

ကွာ တဲ့၊ မင်းက ဒီမြင်စိတ်ကလေးကိုသော်လည်းကောင်း၊ မြင်ရုပ်ကလေးကိုသော်လည်းကောင်း၊ အဆင်းရုပ် ကလေးကိုသော်လည်းကောင်း၊ မင်းကငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ဘူးလို့ မင်းမြင်တဲ့ အမြင်ကလေးဟာ ဘယ်လို များမြင်လို့ ဒါ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာမဟုတ်ဘူး ထင်တာတုံးလို့ ဆက်မေးတယ် (မှန်ပါ့)။

ဘယ်လိုများမြင်လို့တုံးတဲ့၊ တပည့်တော်မြင်တာက –

စက္ခုသ္မိံ အာဝုသော သာရိပုတ္တ စက္ခုဝိညာဏေ စက္ခုဝိညာဏဝိညာတဗ္ဗေသု ဓမ္မေသု နိရောဓံ ဒိသွာ နိရောဓံ အဘိညာယ စက္ခုံ စက္ခုဝိညာဏံ စက္ခုဝိညာဏဝိညာတဗ္ဗေ ဓမ္မေ “နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ” တိ သမနုပဿာမိပါဘုရား ပါဠိလို။

ချုပ်ပျောက်သွားတာ မြင်ပါတယ်

မြန်မာလိုတော့ ဒါကလေးဟာ ချုပ်ပျောက်သွားတာ တပည့်တော်မြင်ပါတယ်ဘုရား၊ မရှိဘူး မရှိဘူးလို့ (မှန်ပါ့) ဒါကြောင့် မရှိတဲ့ တရားကလေးမို့ ငါ့ကိုယ်၊ ငါဟာ၊ ငါ့ဥစ္စာမဟုတ်ဘူးလို့ သူယူပါတယ်ဆိုတော့ ဒါ အုန်းကြည်တို့၊ လှညွန့်တို့က အကဲခတ်ရမယ်၊ မရှိတာမြင်တာ ရှိသေးတာပဲ (မှန်ပါ့ ဘုရား)။

မရှိတာဟာ အနိစ္စပဲ၊ အနိစ္စပဲ၊ ဒုက္ခပဲ၊ အနတ္တပဲလို့ ဆိုကြစို့ (မှန်ပါ့) နိဗ္ဗာန်အမြင်မဟုတ်ပါဘူး ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။

ဒါကလေးတွေက ချုပ်ပျောက် ချုပ်ပျောက်သွားတာ သူကြည့်လိုက်တဲ့အခါ မြင်ပါတယ်တဲ့။

နောက်က ဒကာ ဒကာမတွေ ဒါ အလုပ်သင်နေတာ၊ ချုပ်ပျောက် ချုပ်ပျောက်သွားတာလဲ မြင်အောင်ကြည့် ရမယ် (မှန်ပါ့)၊ မရှိဘူး မရှိဘူး၊ ခုနင်က မြင်စိတ်ကလေးလဲမရှိဘူး၊ မြင်ရုပ်ကလေးလဲမရှိဘူး၊ မြင်တဲ့အဆင်းကလေးလဲ မရှိဘူး၊ တစ်ခုခုပေါ့လေ၊ အဲဒါ မရှိတာ သိတာကို မောင်အောင်မြက ဘာဉာဏ်ခေါ်မလဲ (ဝိပဿနာဉာဏ်ပါ)၊ ဝိပဿနာ ဉာဏ်ပဲ၊ နိဗ္ဗာန်မှ မတွေ့သေးပဲကိုး (မှန်ပါ့)။

သို့သော် သူကတော့ သူ့ကိုယ်သူ ဘာထင်နေတုန်း၊ ရဟန္တာထင်နေတယ် (မှန်ပါ့)၊ ရဟန္တာ ထင်နေတဲ့ အတွက် သူ နိဗ္ဗာန်မြင်ပြီဆိုတော့ မောင်အောင်ချီတို့က စဉ်းစား၊ ဪ အမြင်က ဝိပဿနာ၊ အထင်က နိဗ္ဗာန် (မှန်ပါ့)၊ နိဗ္ဗာန် ရောက်ပြီလို့ သူထင်တယ်၊ ရဟန္တာဖြစ်ပြီလို့ကို ထင်နေတာဆိုတော့ ခြားနားမနေဘူးလား (ခြားနားနေပါတယ် ဘုရား)။

အမြင်က ဝိပဿနာ

အမြင်က ဘာတုံး (ဝိပဿနာပါ)၊ အထင်က ရဟန္တာဆိုတော့ အဓိမာနဖြစ်နေတယ်၊ အဓိမာနဆိုတာ ရတယ်လို့ ထင်မှတ်နေတာ အထင်ကြီးနေတာ (မှန်ပါ့)။

ဒါဖြင့် ဖြစ်ပုံကလေးတော့လဲ ဟန်သားပဲကွ ဆိုပေမယ့်လဲ မင်း ရဟန္တာမဟုတ်သေးဘူးလို့ မပြောဘူး(မှန်ပါ့) မပြောတော့ မြင်ပုံကလေးတော့ ဝိပဿနာဉာဏ် အမြင်ကလေးကတော့ နေရာကျတယ်၊ သို့သော် သူက နဂိုကပြော ထားတာက သူ့ လည်ပင်းကို ဓားနဲ့လှီးပြီး သေပေမယ့်လဲ နောက် ပဋိသန္ဓေမနေပါဘူးတဲ့၊ ရဟန္တာဖြစ်နေတယ်ဆိုတော့ မြင်ပုံနဲ့ သူလှီးသေချင်တဲ့ အထင်နဲ့ဆိုတော့ မကွာဘူးလား (ကွာပါတယ် ဘုရား)။

မြင်ပုံက ဘာပါလိမ့် (ဝိပဿနာပါ)၊ အထင်က ဘာထင်နေသတုံး (ရဟန္တာထင်နေပါတယ် ဘုရား)၊ ရဟန္တာဆို တော့ နောက်ပဋိသန္ဓေ မနေတော့ဘူး၊ နိဗ္ဗာန်ကိုမြင်ပြီဆိုတော့ အထင်ကကြီးတယ်နော် အမြင်က အောက်ကျနေတယ်၊ အထင်က (ကြီးပါတယ်)၊ အမြင် (အောက်ကျပါတယ် ဘုရား)။

အေး ဒါကြောင့် တို့ ဒကာ ဒကာမတွေလဲ ပြောရတယ်၊ ဒီအမြင်ကို ဝိပဿနာ အမြင်လို့မှတ်ရမယ်၊ မျက်လုံးကလေး ရှုလိုက်တယ်၊ ဪ မြင်စိတ်ကလေးဟာ မရှိပါကလား၊ မရှိတာက အနိစ္စ၊ သိတာက မဂ္ဂဆိုတော့ ဝိပဿနာမဂ်ပဲရှိတယ်။

အဆင်းကလေးကြည့်လိုက်ပြန်လဲ ဖျက်ဆို ပျောက်ထွက်သွားတယ်၊ အင်း မရှိတာက အနိစ္စ၊ ပျောက်ထွက်သွား တာကို မြင်တာက မဂ္ဂဆိုတော့ ဝိပဿနာဉာဏ်ပဲရှိနေသေးတယ်၊ နိဗ္ဗာန်မြင်တဲ့ဉာဏ် ရောက်ပလား (မရောက်သေးပါ ဘုရား)၊ မရောက်သေးဘူးလို့ နောက်က ဒကာ ဒကာမတွေက မှတ်ရမယ်၊ ဒါကြောင့် ဖြစ်ပျက်ရှိပါသေးတယ်လို့ဆိုလို့ ရှိရင်ဖြင့် ဒီ ဒကာ ဒကာမတွေ အလုပ်ဆုံးပြီလို့ မမှတ်နဲ့နော် (မှန်ပါ့)။

ဖြစ်ပျက်တွေ အကုန်ဆုံးမှသာလျှင် နိဗ္ဗာန်ကိုးကွ၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

မင်းမြင်ပုံတော့ ကောင်းတယ်ကွာတဲ့

ဒါနဲ့ အရှင်သာရိပုတ္တရာက မင်းမြင်ပုံတော့ ကောင်းတယ်ကွာတဲ့၊ သူကသိပြီ၊ အမြင်ဟာ ဝိပဿနာဉာဏ်သာ ရှိသေးတာ၊ သူ မဂ်ဉာဏ်မရသေးဘူး၊ တကယ့် မဂ်စစ် မရသေးဘူးပေါ့ဗျာ (မှန်ပါ့)။

ဝိပဿနာမဂ်ဆိုတော့ (ရပါပြီ ဘုရား) ရပြီ၊ လောကုတ္တရာမဂ် (မရသေးပါ ဘုရား) မရသေးဘူး၊ သူက ဘာထင် နေသတုံး (ရဟန္တာထင်နေပါတယ် ဘုရား) လောကုတ္တရာမဂ်ကိုရပြီ၊ ရဟန္တာဖြစ်ပြီတဲ့ (မှန်ပါ့)၊ လောကုတ္တရာမဂ်ရပြီ၊ ရဟန္တာဖြစ်ပြီတဲ့ (မှန်ပါ့)။

နောက်က ဒကာ ဒကာမတွေ အထင်က မကြီးလား (ကြီးပါတယ် ဘုရား)။

အထင်က ကြီးပြီး သကာလ နေတော့ အရှင်သာရိပုတ္တရာက သူ့တရားရပ်လိုက်တယ်၊ ဪ သူကတော့ဖြင့် လည်ပင်းဓားနဲ့လှီးသေမယ်၊ နောက် ပဋိသန္ဓေ မနေတော့ဘူး၊ ဒါလောက်ထိအောင် သူကအောက်မေ့နေတာ၊ သို့သော် ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား)၊ ဝိပဿနာဉာဏ် ရှိသေးတာ ကိုးဗျ၊ မဂ်ဉာဏ်မှ မဆိုက်သေးပဲ (မှန်ပါ့)။

နှလုံးသွင်းဖို့ တရားကလေး

ဒါနဲ့ နောက်က ပါလာတာ သူ့ညီအငယ် အရှင်မဟာစုန္ဒက ပါလာတယ်၊ သူက သိတယ်၊ ဪ ဒီအမြင်ဟာ ဝိပဿနာအမြင်ရှိသေးတယ်၊ တကယ့် မဂ်အစစ်အမြင် မဟုတ်သေးပါဘူး၊ အရှင်ဘုရား တပည့်တော်လျှောက်ပါရစေ ဘုရား၊ ထာဝရစဉ် နှလုံးသွင်းဖို့ တရားကလေးကို ဘုရားဟောထားတာ တွေလဲရှိပါတယ်တဲ့ သူက ကြားဝင်တယ်၊ ကြားဝင်ပြီး သကာလ ဘာဟောလိုက်သတုံးဆိုတော့ –

”နိဿိတဿ စလိတံ၊ အနိဿိတဿ စလိတံ နတ္ထိ၊ စလိတေ

အသတိ ပဿဒ္ဓိ၊ ပဿဒ္ဓိယာ သတိ နတိ နဟောတိ၊ နတိယာ

အသတိ အာဂတိဂတိ န ဟောတိ၊ အာဂတိဂတိယာ

အသတိ စုတူပပါတော န ဟောတိ၊ စုတူပပါတေ အသတိ

နေဝိဓ န ဟုရံ န ဥဘယမန္တရေန၊ ဧသေဝန္တာ ဒုက္ခဿ”(ဥပရိပဏ္ဏာသ၊ ၃၁၀)

ဟိုဘဝ ဒီဘဝ မဖြစ်ပါဘူးတဲ့၊ “နိဿိတဿ စလိတံ” ဒါကလေး မှတ်လိုက်ပါနော် (မှန်ပါ့)၊ နိဿိတဿ မှီနေရင်၊ စလိတံ လှုပ်တယ်၊

ဥပမာမယ် ဒီတိုင်ကို ဒကာ ဒကာမတွေက မှီနေတယ်၊ နံရံကို မှီနေတယ်၊ တိုင်ကို ငလျင် လှုပ်လိုက်တဲ့ အခါ ကျတော့ လူလှုပ်မလား မလှုပ်လား (လှုပ်ပါတယ် ဘုရား) ဘာဖြစ်လို့ လှုပ်တာတုန်း (မှီနေလို့ပါ ဘုရား)၊ မှီနေလို့လှုပ်တာ (မှန်ပါ့ ဘုရား)။

”အနိဿိတဿ စလိတံ နတ္ထိ” မှီမနေရင်တော့ မလှုပ်ပါဘူးတဲ့ဆိုတာ အရှင်မဟာစုန္ဒက ဘုရားတရားတော်ကို ဆန္ဒအား ဟောနေတာ၊ ရဟန္တာ မဟုတ်မှန်းသိလို့ ပြန်ပြီးအားထုတ်စေချင်လို့ (မှန်ပါ့)။

မှီနေရင်လှုပ်တယ်

နိဿိတဿ မှီနေသော ပုဂ္ဂိုလ်အား၊ စလိတံ လှုပ်သည်။ ဟောတိ ဖြစ်၏။ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ မှီနေရင် (လှုပ်တယ်)၊ ဟိုက လှုပ်လို့ရှိရင် ဒီကလဲ လှုပ်တော့တာပေါ့ (မှန်ပါ့)

အမှီခံက လှုပ်လို့ရှိရင် မှီနေတဲ့ သဘောကလေးကကော (လှုပ်ပါတယ် ဘုရား)၊ လှုပ်ရမှာပဲတဲ့။

”အနိဿိတဿ စလိတံ နတ္ထိ” တဲ့၊ အနိဿိတဿ မှီမနေတဲ့ ပုဂ္ဂိုလ်အား။ စလိတံ လှုပ်ခြင်းသည်၊ နတ္ထိမရှိတဲ့ မမှီရင် မလှုပ်ပါဘူးတဲ့ (မှန်ပါ့)။

ကိုင်း ဒါဖြင့် မှီရင် လှုပ်တယ်၊ မမှီရင် မလှုပ်ဘူးဘုရား၊ ဒါဟောတော့ သူ ဆန္ဒပဲအကဲခတ်လိုက်တယ်၊ မမာ နေတဲ့ ဆန္ဒကို အကဲခတ်လိုက်တော့ သူ့ကိုယ်သူ ဒီဝေဒနာတွေတော့ မခံနိုင်ဘူး၊ ဓားနဲ့ သင်တုန်းဓားနဲ့ လည်ပင်းလှီးပြီး သေချင်တာပဲတဲ့ဆိုတော့ သူ့ကိုယ်သူ ဒီဝေဒနာတွေ နှိပ်စက်နေတာ မကြိုက်ဘူး (မှန်ပါ့)၊ ခန္ဓာနဲ့ ငါနဲ့ သွားတွဲနေတယ်၊ ငါဖြစ်မှ ဖြစ်ရခြင်း၊ မလှုပ်ဘူးလား လှုပ်သလား (လှုပ်ပါတယ် ဘုရား)။

ဒီဝေဒနာတွေ ခံစားနေတာလဲ ကြာတယ်၊ မခံစားချင်ဘူးဆိုတော့ ခန္ဓာခင်တဲ့သဘောကလေး မရှိဘူးလား (ရှိပါတယ် ဘုရား)။

ခန္ဓာခင်တဲ့သဘောရှိနေသောကြောင့် ကဲ မထူးပါဘူး၊ သေတာ အေးပါတယ်ဆိုပြီး သကာလ ဝေဒနာနဲ့ ခန္ဓာ နဲ့သူ မခင်တဲ့သဘော မဟုတ်ဘူး၊ ခန္ဓာကို စိတ်ပျက်တဲ့သဘောနော် (မှန်ပါ့)။

ခန္ဓာကို ဘာမှ မဖြစ်စေချင်၊ ခလုတ်မထိ ဆူးမငြိစေချင်တာကို ဝေဒနာတွေက နှိပ်စက်နေလို့ စိတ်ပျက်တာ (မှန်ပါ့)၊ ဒါဖြင့် လှုပ်တာလား မလှုပ်ဘူးလား (လှုပ်ပါတယ် ဘုရား)၊ ခန္ဓကို တဏှာဒိဋ္ဌိက မှီနေရင် လှုပ်တယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာဖောက်ပြန်ရင် ဒီက လှုပ်တာပဲ

ခန္ဓာကို (တဏှာဒိဋ္ဌိက မှီနေရင် လှုပါတယ်)၊ ခန္ဓာဖောက်ပြန်ရင် ဒီက လှုပ်တာပဲ၊ သဘောကျပလား (ကျပါ ပြီ ဘုရား)။

မင်းတို့ မမာကြည့်ပါ မောင်အောင်ချီတို့၊ မမာကြည့်တဲ့အခါကျတော့ ဟေ့ မလှညွန့် ငါတော့ သေချင်သေပေ စေတော့ကွာ၊ ကြိုက်ရာ ဆရာတော့ မြန်မြန်ခေါ်စမ်းပါ၊ လှုပ်လာတယ်၊ သူ့ဟာက (မှန်ပါ့)၊ မလှုပ်ဘူးလား (လှုပ်ပါတယ်) လှုပ်လာတယ်၊ အဲဒါ ဒေါမနဿနဲ့ လှုပ်လာတာ (မှန်ပါ့)၊ ဒေါမနဿနဲ့ လှုပ်လာတယ်ဆိုတာ ကိုယ့်ခန္ဓာခင်လို့လား၊ မခင်လို့လား (ခင်လို့ပါ ဘုရား)။

ဒါဖြင့် ခန္ဓာခင်တဲ့ပုဂ္ဂိုလ်ဟာတဲ့၊ ဒကာ ဒကာမတို့ လှုပ်တာပဲ၊ ခုနင်က သူဓားနဲ့ လှီးသေချင်တယ်ဆိုတဲ့ဥစ္စာ သူ့ခန္ဓာကို သူခင်လို့လား မခင်လို့လား (ခင်လို့ပါ ဘုရား)။

ဒါဖြင့် “နိဿိတဿ စလိတံ” ဆိုတာ အရှင်မဟာစုန္ဒက ရဟန္တာ (မှန်ပါ့)၊ သူကသိတယ်၊ အင်း ဒါ ပုထုဇဉ် ရှိသေးတယ်၊ သူ လှုပ်နေတယ်၊ အနိဿိတဿ စလိတံ နတ္ထိ မမှီရင် မလှုပ်ဘူး၊ တဏှာ ဒိဋ္ဌိနဲ့ဒီခန္ဓာ မစွဲရင် လှုပ်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ဖွဲထင်းတုံးလိုပဲ မီးလောင်လောင် ပုဆိန်နဲ့ခွဲခွဲ လှုပ်စရာရှိသေးရဲ့လား (မရှိပါ ဘုရား)။

အခုတော့ မဟုတ်ဘူးတဲ့၊ ဒီဝေဒနာ မခံစားချင်တော့ဘူးတဲ့၊ လည်ပင်းသာ ဓားနဲ့လှီးပြီးသေချင်တယ်ဆိုတော့ လှညွန့်တို့၊ အုန်းကြည်တို့ လှုပ်မလှုပ် အကဲခတ်စမ်း (လှုပ်ပါတယ် ဘုရား)၊ လှုပ်တော့ ဒါ ပုထုဇဉ်ဆိုမလား ရဟန္တာဆို မလား (ပုထုဇဉ်ပါ ဘုရား)။

ဒါ သိလို့ အရှင်မဟာစုန္ဒက ကြားပေါက်တရား ဟောလိုက်တာ၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဦးအောင်ဇံဝေ မှီတယ်ဆိုတဲ့ဥစ္စာက တုံးပေါ်မှာ လူမှီသလို မှီတာလဲရှိတယ်၊ ဆက်နေတာလဲရှိ တယ် (မှန်ပါ့)။

ဆက်နေတာလဲရှိ တယ်

ဦးအောင်ဇံဝေရဲ့ သမီးတစ်ယောက် မမာဘူးဆိုရင်ဖြင့် ပြန်လိမ့်မယ် (မှန်ပါ့)၊ ဘာပြုလို့တုန်း၊ ဆက်နေတယ်၊ မှီနေတာကိုး (မှန်ပါ့)၊ ဟိုကို မှီနေတော့ ခင်ဗျားမလှုပ်ဘူးလား လှုပ်သလား (လှုပ်ပါတယ် ဘုရား)။

ဟာ အနောက်ဂျာမနီမှာရှိတဲ့ သားက ကြေးနန်းလာသတဲ့ဆိုရင်ကော ခင်ဗျား ထိတ်ခနဲ ဖိုခနဲ မလာဘူးလား (လာပါတယ် ဘုရား)၊ ဘာဖြစ်လို့တုန်း (ဆက်လို့ပါ ဘုရား) အေး မှီဆက်ပြီးနေတော့ လှုပ်တယ်၊ သဘောကျလား (ကျပါ ပြီ ဘုရား)။

နောက်က ဒကာ ဒကာမတွေကော နောက်ပိုင်းက မည်သူမည်ဝါက ဘာဖြစ်သတဲ့ဆိုရင်ကော ခင်ဗျားတို့က ဘယ့်နှယ်တုန်း၊ သွားကြည့်ချင်သလား မကြည့်ချင်ဘူးလား (ကြည့်ချင်ပါတယ် ဘုရား)၊ ဘာပြုလို့ ကြည့်ချင်ရသလဲ ပြောပါဦး၊ မှီနေလို့ လှုပ်တာ၊ ဒီကနေ လှုပ်တာ ဟိုမှီနေတယ် (မှန်ပါ့)၊ ဒီအတိုင်းနေတော့ မှီနေတယ်လို့ မထင်ဘူး၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီအတိုင်းနေတော့ (မှီနေတယ်လို့ မထင်ပါ ဘုရား)၊ ဟိုက အာရုံတစ်ခုက ဖောက်ပြန်လာရင်ကော (လှုပ်ပါတယ်) ဒီတော့လှုပ်နေပြီ၊ ဒီက သွားဦးမှထင်တယ်၊ မသွားမတော်ဘူးထင်တယ်၊ ကားတောင် နှေးသေးတယ်၊ လေယာဉ်ပျံနဲ့ သွားမှ တော်မယ်ထင်တယ်၊ ဟာ အလှုပ်ကြီးလာရင် လေယာဉ်ပျံနဲ့သွားမှ တော်မယ် (မှန်ပါ့)၊ မလာဘူးလား (လာပါတယ် ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ အံမာလေး နင်တို့ လှုပ်ပုံတွေက အတော်ပြင်းထန်နေတယ်နော် (မှန်ပါ့)၊ အုန်းကြည်တို့ မပြင်းထန်ဘူးလား (ပြင်းထန်ပါတယ် ဘုရား)။

လှုပ်တာက နည်းနည်းလှုပ်တာလား၊ များများလှုပ်တာလား (များများလှုပ်ပါတယ်)၊ လေယာဉ်ပျံတောင် နှေး တယ်များ ထင်လိုက်သေးတယ် (မှန်ပါ့)၊ ရထားကော (နှေးတယ်လို့ ထင်ပါတယ်)၊ ဒါ ဘယ်နှယ်ကြောင့်တုံး (အလှုပ်များ လို့ပါ) အလှုပ်များလို့။

နောက်က ဒကာ ဒကာမတွေ ဘာဖြစ်ကြတာတုံး (အလှုပ်များပါတယ်) အလှုပ်များတာ အေးစက်စက်ပြော မနေကြနဲ့၊ ခင်ဗျားတို့ သေသေချာချာ လှုပ်တယ်နော် (မှန်ပ့ါ)။

တဏှာက ဆက်နေတော့

ဒါဖြင့် “နိဿိတဿ စလိတံ”ဟိုမှာ သားတို့ သမီးတို့ကို ဒီကနေပြီး တဏှာက ဆက်နေတော့ ဟိုက သားသမီး ကဘာဆိုရင် ဒီကနေ လှုပ်တော့တာပဲ (မှန်ပါ့)။

ဘယ့်နှယ်တုန်း၊ ကိုယ်ချည်းနေကြရတယ်၊ မြင်ရမှ အေးမှာ မလားဘူးလား (လာပါတယ်)၊ ဘာဖြစ်တာတုန်းကွ သူ (လှုပ်တာပါ)၊ လှုပ်တာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီတော့ တယ်လဲ မကြွားကြနဲ့တဲ့၊ တဏှာ ဒိဋ္ဌိမသေသေးတဲ့ ပုဂ္ဂိုလ်က ကျုပ်တို့ဖြင့် တယ်ပြီး ဂရုမစိုက်တော့ ပါဘူး၊ ဥပေက္ခာထားလိုက်တာပဲ၊ အင်း တကယ် ဟိုက မဖောက်ပြန်သေးလို့၊ ဖောက်ပြန်ရင် ဒီက လှုပ်ပြီ၊ ဟုတ်ပလား (မှန်ပါ့ ဘုရား)။

ဟိုက ဖောက်ပြန်ရင် (လှုပ်ပါတယ်)၊ ဟိုဝေဒနာက ဖောက်ပြန် ဖောက်ပြန် တခြားသောနည်းနဲ့ ဖောက်ပြန်ပြန် မောင်အောင်ချီ ဘာဖြစ်သတုန်း (လှုပ်ပါတယ်)၊ လှုပ်လာတယ်၊ ဘာဖြစ်လို့တုန်း၊ မှီနေလို့၊ ဒီအတိုင်းနေလို့ မမှီဘူးထင်ရ တယ် (မှန်ပါ့ ဘုရား)။

ဒီအတိုင်းနေတော့ ဘယ့်နှယ်ထင်သတုန်း (မမှီဘူးထင်ရပါတယ်)၊ အင်း တကယ့်ကိစ္စကြုံလာတော့ လှုပ်လာ တာပေါ့ဆိုတော့ နဂိုက မှီနေလို့ လှုပ်တာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာဖြစ်လို့တုန်း (မှီနေလို့ လှုပ်တာပါ)၊ နဂိုက မှီနေတာ (မှန်ပါ့)။

ဒါဖြင့် “နိဿိတဿ စလိတံ” ဆိုပြီး ဟောလိုက်တာနော် (မှန်ပါ့)၊ မှီနေလို့လှုပ်တာဆိုတော့ ဒကာ ဒကာတွေ အရေးကြုံလို့ရှိရင် ခင်ဗျားတို့ အိမ်မြောင်အမြီးပြတ် ဆတ်ဆတ်ခါပဲ (မှန်ပါ့)။

အဝေးအနီး လိုရင်းမဟုတ်ဘူး

အဝေးကြီးတောင် ဒီက လှုပ်နေတဲ့ဥစ္စာ၊ ဝေးတာလားတဲ့ နဂိုက မှီစပ်နေတာလား (မှီစပ်နေတာပါ ဘုရား)။

ဒါဖြင့် အဝေးအနီး လိုရင်းမဟုတ်ဘူး၊ မှီစပ်နေတာသာ လိုရင်းပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အို လှုပ်လိုက်တဲ့ဖြစ်ခြင်းမှ တစ်ခါတည်း မျက်ရည်ကြီးငယ် ကျလောက်အောင် မောင်အောင်မြ လှုပ်ချင် လှုပ်နေတာ (မှန်ပါ့)၊ မလှုပ်ဘူးလား (လှုပ်ပါတယ် ဘုရား)။

ဒေါသတွေများ ထ, လာလောက်အောင်ကော (လှုပ်ပါတယ်)၊ လှုပ်တာပဲ၊ မစားနိုင်မသောက်နိုင်အောင်ကော (လှုပ်ပါတယ် ဘုရား)၊ ဟာ အလှုပ်တွေ တယ်များပါကလား (မှန်ပါ့ ဘုရား)။

နောက်က ဒကာ ဒကာမတွေ လှုပ်တာ ဘယ့်နှယ်နေသတုန်း (များပါတယ်) ဘာဖြစ်လို့ ဒါလောက်များနေတာတုန်း (မှီနေလို့ပါ ဘုရား)။

နင်တို့ကလဲ အမှီရှာနေတာပဲ ဖြစ်ပုံက (မှန်ပါ့ ဘုရား)၊ ဦးအောင်ဇံဝေက အမှီရှာနေတာပဲ၊ နောက်က ဒကာ ဒကာမတွေကော (အမှီရှာနေပါတယ်)၊ အမှီရှာနေတယ်၊ ဘာရှာကြသတုန်း၊ ငွေဟ၊ ငွေမှီနေရတာ ငွေရှိမှ။

ငွေကလေးဟာ နည်းသွားပြန်ပြီ၊ လှုပ်တယ်၊ မလှုပ်ဘူးလား (လှုပ်ပါတယ်)၊ များလာပြန်ကော (လှုပ်ပါတယ်) များလဲ လှုပ်တာပဲ၊ များတော့ကြောက်တယ်၊ စိုးရိမ်တယ် (မှန်ပါ့ ဘုရား)။

နင်တို့ဟာ လှုပ်လို့ကိုမပြီးပါဘူး

နည်းပြန်တော့ကော စားဖို့သောက်ဖို့ ခက်တယ်ဆိုပြီး လှုပ်ပြန်တာပဲ၊ နင်တို့ဟာ လှုပ်လို့ကိုမပြီးပါဘူး (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)၊ ဘယ်တော့ ပြီးကြမှာတုံး (မပြီးပါ ဘုရား)။

ဒီတဏှာ သေမှပဲ မှီနေတဲ့တဏှာ ဆက်သွယ်တဲ့ တဏှာသေမှ မလှုပ်တော့မှာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါကြောင့် “ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံ ယဿ နကမ္ပတိ” မင်္ဂလာသုတ် သုတ္တနိပါတ်မှာ ဟောတယ်၊ လောကဓမ္မေဟိ လောကဓံ တရားတို့နှင့်၊ ဖုဋ္ဌဿတွေ့ထိသောပုဂ္ဂိုလ်အား၊ စိတ္တံ စိတ်သည်၊ နကမ္ပတိ မတုန်လှုပ်ဘူးတဲ့၊ ရဟန္တာကျတော့ မလှုပ်ဘူးတဲ့ (မှန်ပါ့)၊ လှုပ်သေးသလား (မလှုပ်ပါ ဘုရား)။

ခင်ဗျားတို့ကဖြင့် မလှုပ်ရကို မနေနိုင်ဘူး၊ စာကလေးများ ပေးကြနော်၊ စာမလာရင် ကျုပ်ကပူတတ်တယ် (မှန်ပါ့)၊ ဘာဖြစ်လို့တုန်း၊ လှုပ်ချင်လို့၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာဖြစ်လို့တုန်း (လှုပ်ချင်လို့ပါ)၊ လှုပ်ချင်လို့၊ အံမာလေး မလှုပ်ရရင် ကြာရင် ဒီအတိုင်းများ ငြိမ်ငြိမ်နေရရင် ခက်သေးရဲ့ (မှန်ပ့ါ ဘုရား)။

မင်းတို့ မြင်ဖူးပါလိမ့်မယ်၊ တစ်ချို့ နွားတွေ၊ ကျွဲတွေဟာ မောင်အောင်မြရေ၊ အငြိမ်မနေတဲ့ နွားတွေရှိသေး တယ်၊ မရှိဘူးလား (ရှိပါတယ်)၊ လှုပ်နေရမှ ကျေနပ်တဲ့ နွားတွေ မရှိဘူးလား၊ (ရှိပါတယ် ဘုရား)။

အေး ဒီနွား ဗွေပါတယ်ထင်တယ်၊ ဘာပါတယ် ထင်တယ်နဲ့ ဦးအောင်ဇံဝေ ပြောသံကြားဖူးမှာပေါ့ဗျာ (မှန်ပါ့) ဘာပြုလို့တုန်း၊ လှုပ်နေရမှ ကျေနပ်တာကိုး၊ ဒီနွားတွေက (မှန်ပါ့)၊ သဘောပါပလား (ပါ,ပါပြီ ဘုရား)။

လှုပ်နေရမှကျေနပ်တယ်

အခု ဒကာ ဒကာမတွေကောတဲ့၊ ဘယ်လိုနေရမှ ကျေနပ်သတုန်း (လှုပ်နေရမှကျေနပ်ပါတယ် ဘုရား)၊ ဟာ သွားပြီပေါ့ခင်ဗျားတို့။

အဘွားငြိမ်း ဘယ်လိုနေရမှ ကျေနပ်သတုန်း (လှုပ်နေရမှ ကျေနပ်ပါတယ်) လှုပ်နေမှကျေနပ်တယ်၊ သေသေချာချာ စဉ်းစားတော့မှ စိုးရိမ်တယ်ဆိုတာ ကိုယ်တိုင်သွားကြည့်ချင်တယ်ဆိုတာ လှုပ်လာတာ (မှန်ပါ့)၊ မလှုပ်ဘူးလား (လှုပ်ပါ တယ် ဘုရား)။

စာကလေး ဘာကလေး မရောက်လို့ရှိရင် ကြေးနန်းကလေး ဘာကလေး လှမ်းမမေးချင်တာကော ဘာဖြစ်ကြ တာတုန်း၊ ဝမ်းထဲက လှုပ်တာ၊ မလှုပ်ဘူးလား (လှုပ်ပါတယ် ဘုရား)။

အဲဒီတော့ကို ကိုယ်ကလေး ဘာကလေး သွားစမ်းကြည့်တာကော သားတွေ သမီးတွေကို ဘာဖြစ်ကြတာတုန်း (လှုပ်တာပါ ဘုရား)။

လှုပ်တာချည်းပဲ (မှန်ပါ့)၊ ဒီလိုမှ စမ်းမကြည့်လို့ရှိရင်လဲ အမေ မိဘနဲ့ မတူဘူးတဲ့၊ အဓိပ္ပာယ်မျိုး ယူချင်လဲ ယူကြမှာပဲနော် (မှန်ပါ့)၊ စင်စစ်တော့ မဟုတ်ပါဘူးတဲ့ သူ့အပေါ်မှာ တဏှာခင်လုံးနဲ့ မှီနေလို့ သွားပြီးတို့တာ (မှန်ပါ့)။

ကိုယ့်စိတ်ထဲက စိတ်မချလို့ သွားပြီးစမ်းလိုက်တယ် (မှန်ပါ့)၊ မစမ်းလိုက်ဘူးလား (စမ်းလိုက်ပါတယ်)၊ အဲဒါ ဘာဖြစ်တာတုံး (လှုပ်တာပါ)၊ လှုပ်တာ။

နောက်က ဒကာ ဒကာမတွေ ဒီလို လှုပ်ပေါင်းဘယ်လောက်များခဲ့ပလဲ (မရေတွက်နိုင်ပါ)၊ အံမာလေး အခု ရပ်ပလားလို့မေးရင် ဘယ့်နှယ်ဖြေမလဲ (မရပ်သေးပါ)၊ မရပ်ဘူး၊ လှုပ်လို့ကောင်းတုန်းရှိသေးတယ်။

အဲဒါကြောင့် မင်းတို့ လှုပ်တာကြည့်စမ်းပါကွ၊ ဒါတွေ ဟိုက သတင်းဆိုးကလေးများကြားလိုက်တဲ့အခါကျတော့ မောင်အောင်မြတို့၊ မောင်အောင်ချီတို့က ထမင်းစား များတောင် ပျက်သွားတယ်၊ ထမင်းစားနေရင်း ကြားလိုက်ရင် (မှန်ပါ့ ဘုရား)။

ထမင်းစား ဘယ့်နှယ်ဖြစ်သွားသတုန်း (ပျက်သွားပါတယ်)၊ ဘာဖြစ်တာတုန်း လို့မေးရင် ဘယ့်နှယ် ဖြေကြမလဲ (လှုပ်တာပါ ဘုရား)။

လှုပ်တာ၊ ဝမ်းထဲက ဒေါသက လှုပ်တာ၊ မဟုတ်ဘူးလား (မှန်ပါ့)၊ ဟ ဒီဒေါသမြန်လှချည့်လားဆိုတော့ နဂိုက ခင်ထားတဲ့ ဥစ္စာမှီနေတာ (မှန်ပါ့)၊ အဲဒီတော့ လောဘကနေကူးစက်ပြီးတော့ ဒေါသဘက် မလာဘူးလား (လာပါတယ်)၊ ဒါဖြင့် နိဿိတဿ စလိတံ ဆိုတာမမှန်ဘူးလား (မှန်ပါတယ် ဘုရား)။

လည်ပင်း ဓားနဲ့လှီးပြီး သေပါတော့မယ်

ဒါနဲ့လည်ပင်း ဓားနဲ့လှီးပြီး သေပါတော့မယ် ဒီဝေဒနာတွေတော့ မခံချင်တော့ဘူးဆိုတော့ ခန္ဓာခင်တဲ့ဥစ္စာ သူရှိတယ် (မှန်ပါ့)၊ ရှိတော့ လှုပ်လို့ပြောလိုက်တာ၊ ဒါကြောင့် ဟိုက လှုပ်တရားကို ဟောရရှာတာ၊ အရှင်ဘုရား ရဟန္တာ မဟုတ်သေးဘူးလို့ မပြောဘူး။

”နိဿိတဿ စလိတံ” နိဿိတဿ ခန္ဓာကိုယ်ခင်နေသော ပုဂ္ဂိုလ်အား၊ စလိတံ လှုပ်သည်၊ ဟောတိ ဖြစ်၏။ ကိုယ်ခန္ဓာခင်လဲ လှုပ်တာပဲ၊ သူများခန္ဓာ ခင်ရင်ကော (လှုပ်ပါတယ် ဘုရား)။

လှုပ်တာပဲတဲ့၊ နို့မဟုတ်လို့ရှိရင် မင်းတို့ဘယ်သူမှ မလှုပ်ရှားဆိုလို့ရှိရင် စာတွေ၊ ကြေးနန်းတွေ ကွယ်တယ်ကွ (မှန်ပါ့ ဘုရား)၊ မကွယ်ပေးဘူးလားကွ (ကွယ်ပါတယ်)၊ စာတွေ၊ ကြေးနန်းတွေဟာ လှုပ်သမား၏ အလှုပ်တွေ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါ မလှုပ်ရလို့ရှိရင် စာ၊ ကြေးနန်း မလာရလို့ရှိရင်ပဲ မင်းတို့က ဘယ့်နှယ်ဖြစ်နေသတုန်း (စိတ်မချမ်းသာပါ ဘုရား)၊ စိတ်မချမ်းသာပါဘူး၊ စိတ်မချမ်းသာတာ လှုပ်တာနော် (မှန်လှပါ ဘုရား)။

နို့ လာပြန်တော့ အေးသွားသလားလို့ မေးတဲ့အခါကျတော့ လာတော့ ဝမ်းသာလှုပ် လှုပ်တယ် (မှန်ပါ့)၊ မလာပြန်တော့ ဝမ်းနည်းတယ် လှုပ်တယ်၊ ဘယ့်နှယ်တုံး၊ ဘယ်ဘက်ကမှ မလွတ်ဘူးဆိုတာ သေချာပလား (သေချာပါ ပြီ ဘုရား)။

လာတော့ တဏှာနဲ့ လှုပ်တာ၊ မလာဘဲနေတော့ ဒေါသနဲ့လှုပ်တာ၊ မောဟတော့ပါပြီးသား (မှန်ပါ့)၊ ရိပ်မိကြ ပလား (ရိပ်မိပါပြီ ဘုရား)။

ခင်ဗျားတို့မှာဖြင့် စာမလာလဲ အခက်ကြီးပါလား၊ စာလာတော့ကော (အခက်ကြီးပါ ဘုရား)။ ဘာဖြစ်လို့တုန်း လှုပ်တာချည်းပဲ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အံမာလေး ကြောက်စရာကြီးပါလား (မှန်ပါ့)၊ ဉာဏ်ရောက်ကြရဲ့လား (ရောက်ပါတယ် ဘုရား)။

ဒါဖြင့် အရှင်မဟာစုန္ဒက ဘယ့်နှယ်ကြောင့် “နိဿိတဿ စလိတံ”ဆိုတာ ဘုရားဟောပါဠိကို သူက အရှင် ဆန္ဒကို ဘာကြောင့် ဟောရတာတုံးဆိုတာ မင်းတို့ ရိပ်မိသွားပြီ (မှန်ပါ့ ရိပ်မိပါပြီ ဘုရား)။

ပုထုဇဉ်ဘဝင်မြင့်နေတာ

ဘယ်လို ရိပ်မိသွားသတုံးလို့ မေးတဲ့အခါကျတော့ ပုထုဇဉ်ဘဝင်မြင့်နေတာ၊ စင်စစ် အရိယာ မဟုတ်သေးဘူး၊ ရဟန္တာ မဟုတ်သေးဘူးဆိုတာ ပေါ်အောင်လို့ ဟောလိုက်တဲ့တရား၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ခင်ဗျားတို့နောက်က ဒကာ ဒကာမတွေ အားလုံးပေါ့လေ၊ ပြန်လိုက်ဦးမယ်ဘုရားဆိုရင် လှုပ်လို့ပဲ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ပြန်လိုက်ဦးမယ်ဆိုရင် (လှုပ်လို့ပါ ဘုရား)၊ လှုပ်ပြီ လှုပ်ပြီ၊ ဟိုမှာ တစ်ခုခုကြောင့် ဟုတ်လား၊ ပစ္စည်းကြောင့်လဲ လှုပ်ပြီ၊ သားသမီးကြောင့်ရင်ကော (လှုပ်ပါတယ်)၊ လှုပ်တာပဲဆိုတဲ့ ဥစ္စာသေချာပလား (သေချာပါပြီ ဘုရား)။

အဲဒီတော့ ဘယ်အချိန် မလှုပ်တဲ့အချိန်ရှိသတုံးလို့ မေးတဲ့အခါကျတော့ အကြောင်းမရှိသေးရင် မောင်အောင်မြ ဒါလောက် မလှုပ်သေးဘူး၊ ကိုယ့်ဟာကိုယ် တော်တော်ထင်နေတယ်နော် (မှန်ပါ့)၊ အကြောင်းရှိလာတော့ (လှုပ်ပါတယ် ဘုရား)။

လှုပ်လာတယ်ဆိုတော့ နဂိုက တဏှာနဲ့ ဟိုသားသမီးနဲ့က မှီနေတယ် (မှန်ပါ့ ဘုရား)။ တစ်နည်း မိမိခန္ဓာနဲ့တော့ (မှီပါတယ် ဘုရား)။

မှီနေတော့ မိမိခန္ဓာက ဖောက်ပြန်လဲ လှုပ်တာပဲ၊ သားသမီး ခန္ဓာက ဖောက်ပြန်ကော (လှုပ်ပါတယ် ဘုရား)။

ဒါဖြင့် မင်းတို့သည် အမှီခံပေါင်း ဘယ်လောက်ရှိသတုန်းလို့ မေးလို့ရှိရင် အိမ်ပျက်တယ်ဆိုလဲ အိမ်ကြောင့် လှုပ်တာပဲ မဟုတ်လား (မှန်ပါ့)၊ စီးပွားပျက်တယ်ဆိုရင်ကော (စီးပွားကြောင့် လှုပ်ပါတယ်)၊ စီးပွားနဲ့တဏှာနဲ့ ဆက်နေလို့ လှုပ်တာပဲ၊ စီးပွားတတ်တယ်ဆိုပြန်ရင်ကော (လှုပ်ပါတယ်)၊ သားသမီးတွေ နေကောင်းတယ်ဆိုရင်ကော (လှုပ်ပါတယ်)၊ မကောင်းဘူးဆိုရင်ကော (လှုပ်ပါတယ် ဘုရား)၊ နို့ ခင်ဗျားတို့ဟာက မလှုပ်တဲ့အချိန်ပြောပါဦး (မရှိပါ) မရှိဘူးတဲ့။

ဟ ဘာဖြစ်တာတုန်း လှညွန့်ပြောစမ်းပါဦး၊ ဒီဥစ္စာ ဟင် သူတို့ နေနိုင်လိုက်တာတဲ့၊ ကျုပ်တု့ိဖြင့် ဒါလောက် ဆိုရင် မရတော့ဘူးတဲ့၊ မရတော့ဘူးဆိုကတည်းက သွက်သွက်ခါပြီ ပြောတာပေါ့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် မလှုပ်တဲ့ပုဂ္ဂိုလ် သူတော်ကောင်းကို ကဲ့ရဲ့လား (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လှုပ်ချင်တဲ့ ပုဂ္ဂိုလ်က ဘယ်သူ့ကဲ့ရဲ့တာတုန်း

လှုပ်ချင်တဲ့ ပုဂ္ဂိုလ်က ဘယ်သူ့ကဲ့ရဲ့တာတုန်း (သူတော်ကောင်းကို ကဲ့ရဲ့ပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ခင်ဗျားတို့ ကဲ့ရဲ့တဲအထဲမှာကိုပဲ ခင်ဗျားတို့ နစ်နာနေတယ်၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါ တယ် ဘုရား)။

ဒီအရေးဟာ သူတို့မို့လို့ နေနိုင်တယ်ဆိုလို့ရှိရင် မောင်အောင်မြ ဒီဥစ္စာကိုယ်ကလှုပ်ပြီးပြီ၊ ကျုပ်တို့လိုတော့ ဖြင့် သွက်သွက်ခါပြီ မဆိုနိုင်ဘူးလား ဆိုနိုင်သလား (ဆိုနိုင်ပါတယ် ဘုရား)။

သူတို့တော့ လူမှဟုတ်ကဲ့လား ပြောချင်ပြောလိမ့်မယ်၊ အံမာ သူတော်ကောင်းကို ရန်များတွေ့လိုက်သေးတယ် (မှန်ပါ့)၊ ဘယ့်နှယ်ဖြစ်ကြတာတုန်းကွ၊ မောင်အောင်မြပြောပါဦး၊ အို ဘုရားကို မကြိုက်လို့ပေါ့၊ ဘုရားနဲ့ရန်ဖြစ်လိုက်တာ ပေါ့၊ ဘုရားက မလှုပ်ပါနဲ့ဆိုတာ ခင်ဗျားတို့ ဘာတုန်း (လှုပ်ပါတယ် ဘုရား)၊ လှုပ်ချင်တယ်။

လှုပ်ချင်တော့ ဘုရားက မလှုပ်နဲ့ဆိုတယ်၊ အင်း ကျုပ်တို့ဘုရားလဲ မဟုတ်ဘူး၊ လှုပ်ရမယ်၊ ဘယ်သူနဲ့ ရန်ဖြစ် သလဲ (ဘုရားနဲ့ရန်ဖြစ်ပါတယ် ဘုရား)။

ဘုရားက မလှုပ်နဲ့ကွ၊ လှုပ်ရင် အကုသိုလ်ဖြစ်လိမ့်မယ်၊ လှုပ်တယ်ဆိုကတည်းက ဒေါသ၊ သောက၊ ပရိဒေဝ၊ အဝိဇ္ဇာ၊ တဏှာက မသွားသေးဘူးလား (သွားပါပြီ)၊ ဦးအောင်ဇံဝေ မသွားသေးဘူးလား (သွားပါပြီ ဘုရား)။

အေး ဦးအောင်ဇံဝေ ငြိမ်ငြိမ်နေစမ်းပါဗျဆိုလို့ရှိရင် အို မရဘူးဘုရား၊ အခုတော့ ဘာဖြစ်လာသတုံး၊ အလှုပ် ကြီးလာတယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီ ငြိမ်ငြိမ်နေတဲ့လူတောင် လှညွန့်တို့က ကျေနပ်ကဲ့လား (မကျေနပ်ပါ ဘုရား)၊ ဟ ဘယ့်နှယ်ဖြစ်လို့ မကျေနပ် တာတုံး၊ ဟိုက ကိုယ်လှုပ်သလို မလှုပ်လို့၊ လင်နဲ့မယားတောင် ရန်ဖြစ်သေးတယ်၊ နင့်မှာ နေနိုင်လွန်းတယ်၊ ငါဖြင့် ပန်းလှပြီ။

အံမာ လင်နဲ့မယားတောင် မလှုပ်တဲ့လူနဲ့ လှုပ်တဲ့လူ ရန်ဖြစ်သေးတယ် (မှန်ပါ့)၊ မဖြစ်ဘူးလား (ဖြစ်ပါတယ်)။ ကဲ ဘယ်လောက်များ ဆိုးတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒါ “နိဿိတဿ စလိတံ” ပေါ်သွားပြီနော် (မှန်ပါ့ ဘုရား)၊ နိဿိတဿ မှီနေသော ပုဂ္ဂိုလ်များ၊ စလိတံ အကြောင်းရှိရင် လှုပ်သည်၊ ဟောတိ ဖြစ်၏။ (မှန်ပါ့ ဘုရား)၊ သဘောပါပလား (ပါ ပါပြီ ဘုရား)။

မလှုပ်မှ ရဟန္တာ

ဒါဖြင့် မလှုပ်မှ ရဟန္တာ (မှန်ပါ့)၊ လှုပ်ရင် ပုထုဇဉ်၊ မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ လှုပ်ရင် (ပုထုဇဉ်ပါ ဘုရား)၊ မလှုပ်ရင် (ရဟန္တာ)။

ဪ ဒကာ ဒကာမတွေကလဲ ခက်လိုက်တဲ့ဖြစ်ခြင်းမှ မပြောနဲ့၊ မလှုပ်ရလို့ရှိရင်ဖြင့်တဲ့ စာတစ်စောင် ပေတစ်စောင် မပေးတာများ အံ့လိုက်တာ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

စာတစ်စောင် ပေတစ်စောင် မပေးတာများ အံ့ရော၊ မအုန်းကြည်တို့ မပြောဖူးကြဘူးလား (ပြောဖူးပါတယ် ဘုရား)၊ ဘာဖြစ်လို့တုန်း၊ မလှုပ်ရလို့ (မှန်ပါ့)၊ အံမာလေး အခုမှ နွားမျိုးဖြစ်နေပြီကွ၊ ဟင် (မှန်ပါ့)၊ နွားက လည်ပင်းကြီး နဲ့ တစ်ခါတည်း လည်တိုနေတာပဲ၊ မြင်ဖူးကြတယ် မဟုတ်လား (မှန်ပါ့ ဘုရား)။

အဲဒါ ဘာဖြစ်တယ်ထင်သတုန်း၊ လှုပ်တာ၊ ရှင်းပလား အဘွားကြီးတွေ (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဒီလူငယ်တွေ လှုပ်လာတော့ ခန္ဓာကိုယ်က စားလို့၊ သောက်လို့၊ ကောင်းလို့ ဖြုန်းခနဲ မလဲသေးပါဘူး။ လူကြီးတွေ လှုပ်လိုက်ရင်တော့ဖြင့် သွားတော့မှာပဲ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

လူငယ်လှုပ်တာတော့ ထိန်းလို့၊ မတ်လို့ ရသေးတယ် ဆိုကြပါစို့ (မှန်ပါ့)၊ ဦးအောင်ဇံဝေ လူကြီးတွေသာ လှုပ်မယ်ဆိုရင်တော့ (တယ်မကြာတော့ပါ ဘုရား)၊ တယ်မကြာတော့ပါဘူး။

အဲဒါ ခင်ဗျားတို့သိထားပါ၊ လူကြီးက လှုပ်လို့ရှိရင်ဖြင့် နဂိုက ယဲ့ယဲ့နေတဲ့ အထဲမှာ လှုပ်လိုက်လို့ရှိရင် ဗိုင်းဗိုင်း လဲတော့မယ်ဆိုတာက သေချာတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် မမှီတော့ မလှုပ်ဘူးတဲ့ဗျာ၊ ကျွန်းတစ်ကျွန်း မီးတောင်ပေါက်ကွဲပြီး ရေထဲ အကုန် မြှုပ်သွားပြီတဲ့ဆို တော့ ကိုယ့်စီးပွားရေးလဲ ဟိုမှာမရှိတဲ့ပုဂ္ဂိုလ်က ဪ ကမ္မဿကာပဲ၊ ဖြစ်ချင်သလို ဖြစ်တာပဲဆိုရင် လှုပ်ကို မလှုပ်ဘူး (မှန်ပါ့)၊ လှုပ်သေးရဲ့လား (မလှုပ်ပါ ဘုရား)။

အင်း ကျောက်ကလေး ဘာကလေးက ပို့ထား၊ ဟုတ်လား ဟိုမှာ မိတ်ဆွေသင်္ဂဟကလေးက ဆက်ထား၊ ရစရာကလေး ရှိနေတော့ ဟာ တို့ဟာ ရေထဲမျောပါသွားရင်ကွာ ဘယ့်နှယ်ဖြစ်ကုန်သတုန်းကွ၊ အဲဒီကျတော့ လှုပ်ပြီကွ၊ နဂိုက မှီနေတယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အသေနဲ့တောင် လှမ်းပြီး မှီနေလိုက်သေးတယ်

ဒကာမကြီးတွေ သေချာပလား (သေချာပါတယ် ဘုရား)၊ သေချာတယ်တဲ့၊ ဒီ့ပြင်ဟာကို မပြောပါနဲ့ကွ၊ ဥပမာ ကိုယ့်အမေမိဘ ဂူလေးလုပ်ထားတာကို မိုးရွာလို့ ကျွံသွားတော့ ဂူက ယိုင်သွားတာတောင် ကိုယ့်စိတ်ထဲက ကျေနပ်ရဲ့ လား (မကျေနပ်ပါ ဘုရား)၊ ဟို အသေနဲ့တောင် လှမ်းပြီး မှီနေလိုက်သေးတယ် (မှန်ပါ့)။

အသေနဲ့တောင် ဘယ့်နှယ်နေကြသတုန်း (မှီပါတယ် ဘုရား)၊ ကြည့်စမ်း၊ မင်းတို့ဟာ အသေနဲ့တောင် မှီသေးတယ် ဆိုတော့ အရှင်နဲ့ဆိုရင် ပြောစရာ မလိုတော့ပါဘူး၊ လိုသေးရဲ့လား (မလိုပါ ဘုရား)။

ဒါဖြင့် ဒီ ဒကာ ဒကာမတွေ ဘာမျိုးတွေတုန်းမေးရင် အလှုပ်မျိုးတွေ (မှန်ပါ့ ဘုရား)၊

ဦးအောင်ဇံဝေ ဘာမျိုးတဲ့တုန်း (အလှုပ်မျိုးပါ)၊ ရှင်းပလား (ရှင်းပါပြီ) မလှုပ်ရင်ကျေနပ်ကြရဲ့လား (မကျေနပ် ပါ ဘုရား)။

မလှုပ်ရ မကျေနပ်လို့ပေါ့ကွာ၊ နေပဲ နေနိုင်လွန်းတယ်၊ စာကလေး၊ ပေကလေး၊ မပေးဘူး၊ လူကြုံကလေးမှ မမှာလိုက်ဘူး၊ ဒီမှာဖြင့် လည်ပင်းကိုးတောင် ရှည်လို့နဲ့၊ လှုပ်ချင်သေးကိုးဗျ (မှန်ပါ့ ဘုရား)။

နဂိုကိုက ဟိုက မလာလို့ရှိရင် လှုပ်နေပြီ၊ လည်ပင်းကို ကိုးတောင်ရှည်တယ်ဆိုတာလဲ လှုပ်နေတာ၊ ရိပ်မိကြ ပလား (ရိပ်မိပါပြီ ဘုရား)။

ဒါ ဘာဖြစ်တာတုန်း၊ နဂိုက ဘာဖြစ်တာတုန်း၊ မှီနေလို့ (မှန်ပါ့)၊ မှီနေလို့၊ လည်ပင်းကိုးတောင် ရှည်တယ်ဆိုတာ ဘာပြောတာတုန်း (မှီနေလို့ပြောတာပါ)၊ မှီနေလို့ လှုပ်ပြီလု့ိ ပြောတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဖွားကြီးတွေ ဘာတဲ့ (မှီနေလို့ပါ) လှုပ်တယ်၊ ကဲ ခင်ဗျားတို့ နောက်ပိုင်းက အလှူပေးပြီနော် (မှန်ပါ့)၊ အလှူပေးတော့ ခင်ဗျားတို့ကလဲ ဒီမှာ တရားအားထုတ်နေတယ်၊ ဆွေစပ်ပြန်တာနဲ့၊ မျိုးစပ်ပြန်တာနဲ့ မကောင်းတာနဲ့ လှုပ်ပြန်တာပဲ (မှန်ပါ့)၊ မလှုပ်ဘူးလား (လှုပ်ပါတယ်)၊ လှုပ်တယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ လှုပ်တော့ ဘာဖြစ်သွား သတုံး၊ လှုပ်တော့ ပြေးပြန်တာပေါ့ကွာ မပြေးဘူးလား ပြေးသလား (ပြေးပါတယ် ဘုရား)။

အေး ဒါဟာ လှုပ်ရင် ပြေးတာပဲ၊ ပြေးရင် ဟပ်ထိုးလဲတာပဲ၊ လှုပ်တယ်ဆိုတဲ့ဥစ္စာ လောဘလှုပ်ရှိတယ်၊ ဒေါသလှုပ်ရှိတယ်နော် (မှန်ပါ့ ဘုရား)။

လောဘနဲ့ လှုပ်လို့ရှိရင်လဲ တဏှာ၊ ဥပါဒါန်းကံ၊ ဇာတိ၊ ဇရာ၊ မရဏ မသွားသေးဘူးလား (သွားပါတယ်)၊ ဒေါသနဲ့ လှုပ်လို့ရှိရင် ဒေါသ၊ သောက၊ ပရိဒေဝ၊ အဝိဇ္ဇာ၊ သင်္ခါရမသွားသေးဘူးလား (သွားပါတယ်)၊ မောဟနဲ့လှုပ်လို့ ရှိရင်လဲ အဝိဇ္ဇာ သင်္ခါရကော (သွားပါတယ်)၊ ဒါဖြင့် ပဋိသန္ဓေ နေတဲ့ဘက်ချည်း မလှည့်ဘူးလား (လှည့်ပါတယ် ဘုရား)။

လှုပ်တာ ကောင်း၊ မကောင်း

ဒါဖြင့် လှုပ်တာ ကောင်း၊ မကောင်း ဒီနေ့ည ဆုံးဖြတ်ချက်ချကြည့်ပါ (မကောင်းပါ ဘုရား)၊ မောင်အောင်မြ ကျေနပ်ပလားကွ (ကျေနပ်ပါပြီ ဘုရား)။

လှုပ်တာဟာ (မကောင်းပါ)၊ လောဘနဲ့လှုပ်လဲ မကောင်းဘူး၊ ကျုပ်ခင်လွန်းလို့ ဒါလောက်ပြောတာဆိုရင် ဒါလောဘနဲ့လုပ်တာ (မှန်ပါ့)၊ ကျုပ်တော့ အခံချင်လို့ဗျ၊ ဒီဥစ္စာဒေါသနဲ့ လှုပ်တာ၊ မဟုတ်ဘူးလား (မှန်ပ့ါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကျုပ်က သံသယကို သူတို့အပေါ်မှာ မကင်းသေးဘူးဗျာ့ဆိုရင် မောဟနဲ့ လှုပ်တာ၊ မလှုပ်သေးဘူးလား (လှုပ်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ နွံအိုင်ကြီး ရွှံ့ညွှန်ကြီးထဲမှာ သူကမတရားသဖြင့် ဆင်းသွားတယ်၊ ကြပ်ကြပ်လှုပ်လေ ဒီရွှံ့ညွှန်ထဲ မြှုပ်လေပဲ (မှန်ပါ့)၊ မနေပေဘူးလား (နေပါတယ် ဘုရား)။

ဒီမှာ လှုပ်လေလေ အောက်ကိုမြှုပ်လေလေပဲ၊ အပါယ်လေးပါးကို (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပ်ပါ ပြီ ဘုရား)။

ဒါဖြင့် လှုပ်ရတာ ကောင်း၊မကောင်း အကဲခတ်ကြည့်ပါဦး (မကောင်းပါ)၊ မကောင်းပေးမယ့် ခင်ဗျားတို့ မျိုးရိုးက ဘာမျိုးရိုးတုန်း (အလှုပ်မျိုးပါ ဘုရား)၊ အလှုပ်မျိုး အတော်ခက်နေပေါ့ (မှန်ပါ့)၊ အတော့်ကို ခက်နေပြီဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါဟာ ခင်ဗျားတို့ မှီနေတဲ့ တဏှာမချုပ်လို့၊ အခုဖြစ်ပျက် အလုပ်တွေ မလုပ်လို့၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဖြစ်ပျက် အဆုံးမလိုက်လို့၊ အဆုံးလိုက်လို့ရှိရင်ဖြင့် ကိုယ့်မှာ တဏှာ၊ မာန၊ ဒိဋ္ဌ သေသွားတော့ လှုပ် သေးရဲ့လား (မလှုပ်ပါ)၊ မလှုပ်ဘူးတဲ့။

ဘုရားမှာ လှုပ်သေးရဲ့လား

ဘုရားသခင် ကိုယ်တော်မြတ်ကြီး လက်ဝဲရံ၊ လက်ယာရံကြီးတွေ အားကိုးနေတယ်၊ ပရိနိဗ္ဗာန် စံတော့မယ်ဆိုလို့ ရှိရင်ဖြင့် မင်းတို့ဘယ်သွား ပရိနိဗ္ဗာန်စံမှာတုန်းလို့ မေးလိုက်တယ်၊ မွေးတဲ့အခန်းထဲသွားပြီး စံမယ်ဆိုတော့ ဘုရားမှာ လှုပ်သေးရဲ့လား (မလှုပ်ပါ ဘုရား)။

အရှင်မောဂ္ဂလ္လာန်ကြီး ခိုးသားရိုက်လို့ ပရိနိဗ္ဗာန်စံသတဲ့ဆိုတော့ လှုပ်သေးရဲ့လား (မလှုပ်ပါ)၊ ဘာဖြစ်လို့တုန်း၊ မှီမနေလို့၊ တဏှာဒိဋ္ဌိနဲ့ ဆက်သေးရဲ့လား (မဆက်ပါ)၊ မဆက်တော့ ဘယ့်နှယ်တုန်း (မလှုပ်ပါ ဘုရား)၊ မလှုပ်တော့ဘူး။

ဒါဖြင့် လှုပ်လို့ရှိရင်လဲ အောက်မြှုပ်သွားတယ်ဆိုတာ အပါယ် လေးပါးကျတာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။

ဒါဖြင့် လှုပ်ကောင်း၊ မလှုပ်ကောင်း (မလှုပ်ကောင်းပါ)၊ ဒေါ်အေးရင်ကြီး ဘယ့်နှယ်ထင်သတုန်း (မလှုပ်ကောင်းပါ)၊ ဒါဖြင့် နေနိုင်ပါ့မလား (နေနိုင်ပါတယ် ဘုရား)၊ နေနိုင်အောင် နေရမယ်၊ တစ်ခါတည်း ငါတော့ဖြင့် ဘာမှမဆိုင်တာကို ဘာမှ မဆိုင်သလို နေတော့မယ်လို့ ဒီလိုကို နေကြရမယ် (မှန်ပါ့)။

ဒါကလဲ ပကတိသဘောနဲ့ နေတာဟာ မကောင်းဘူး၊ အလုပ်နဲ့ တဏှာဒိဋ္ဌိဖြတ်တာ ကောင်းတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် မောင်အောင်ချီတို့ ဒီတရားဟာ ဪ တို့ဟာ ကျန်းမာနေတုန်းတော့ဖြင့် သူတစ်ကွဲ၊ ငါတစ်ကွဲ နေတာပဲ၊ ဘာမှစကားသံဆို ပြောသံမကြားရဘူး၊ ထစ်ခနဲ အခုပူပင်စရာ၊ ဆွေးစရာ၊ ဝမ်းသာစရာရှိလို့ရှိရင်လဲ လှုပ် လာတာပဲတဲ့၊ မလှုပ်ဘူးလား (လှုပ်ပါတယ် ဘုရား)၊

အလှုပ်သမားချည်း အသေခံရတာ

အဲဒီတော့ လူတွေဟာ လမ်းမှာ သင်္ဘောနဲ့ သွားသေကြ၊ မီးလောင်သေကြ၊ ခြေလျင်သွားလို့ လမ်းမှာ ဓားမြ တွေ သတ်သေကြ၊ လှုပ်သမားချည်း အသေခံရတာပဲ (မှန်ပါ့)၊ ဘယ်သူတွေတုန်း (အလှုပ်သမားတွေမို့ အသေခံကြရတာ) ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ရိုးရိုးသေကို ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။

ရိုးရိုးသေကို မဟုတ်တော့ဘူးနော် (မှန်ပါ့)၊ လှုပ်လို့ တစ်ခါတည်း သွားမှတော်မယ် လာမှတော်မယ်၊ မောင်အောင်မြ မလာဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် ဒီပုဂ္ဂိုလ်တွေအတွက်ဟာဖြင့် “နိဿိတဿ စလိတံ” ဆိုတဲ့ ပါဠိတော်ဟာ အင်မတန်မိတယ်နော် (မှန်ပါ့)၊ ဒါဖြင့် မလှုပ်မှ နေရာကျမယ်ဆိုတာကော ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

မလှုပ်မှ ပေါ်မယ်ဆိုတော့ “ဖုဋ္ဌဿ လောကဓမ္မေဟိ” သာ ရွတ်ကြည့်၊ ဦးအောင်ဇံဝေ ရတယ် မဟုတ်လား (ရပါတယ်)၊ “စိတ္တံ ယဿ နကမ္ပတိ” ယဿ အကြင်ပုဂ္ဂိုလ်၏ စိတ္တံ- စိတ်သည်၊ နကမ္ပတိ မလှုပ်တော့ဘူးတဲ့နော် (မှန်ပါ့)။

အသောကံတဲ့၊ သူ စိုးရိမ်မှုမရှိတော့ပါတဲ့၊ သူနဲ့ဆက်နေသေးသလား (မဆက်ပါ ဘုရား)၊ ဝိရဇံ တဲ့၊ ကိလေသာနဲ့ကော ဆက်နေသေးသလား (မဆက်တော့ပါ ဘုရား)။

ဒါကြောင့် အဲဒီကျမှ မင်းတို့ နိဗ္ဗာန်မင်္ဂလာရမယ်တဲ့၊ မလှုပ်ရင် နိဗ္ဗာန်မင်္ဂလာရမယ်၊ လှုပ်နေသေးရင် လိုသေး တယ်သာ အောက်မေ့ရမယ်၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

လှုပ်နေသေးရင် (လိုပါသေးတယ်)၊ သဘောပါပလား (ပါ ပါပြီ ဘုရား)၊

ဒီအတိုင်းနေတာကို ဘုန်းကြီးက မဆိုလိုဘူးနော်၊ အကြောင်းတွေ့လို့ လှုပ်တာကို ဆိုတာ၊ ဒီအတိုင်းနေတော့ မင်းတို့ကမှီနေတယ်လို့ မသိဘူး၊ မဟုတ်လား (မှန်ပါ့ ဘုရား)၊

တကယ်တမ်း ကိစ္စကြုံလာတော့ ဘာဖြစ်လာသတုံး (လှုပ်လာပါတယ်)၊ လှုပ်လာတာဆိုတော့ နဂိုက ဘာဖြစ်နေ တာတုံး (မှီနေပါတယ်)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မှီမနေရင်လှုပ်ကို မလှုပ်ဘူး

ဒါကြောင့် “နိဿိတဿ စလိတံ၊ အနိဿိတဿ စလိတံ နတ္ထိ” အို မှီမနေရင်လှုပ်ကို မလှုပ်ဘူးတဲ့၊ အရှင်မဟာစုန္ဒက ဆန္ဒကို ဟောနေတာ (မှန်ပါ့)။

ဆန္ဒက လှုပ်တဲ့အထဲကလား မလှုပ်တဲ့အထဲကလား၊ မင်းတို့ပဲ အကဲခတ်ကြ (လှုပ်တဲ့အထဲကပါ)၊ ဒါဖြင့် သူ ရဟန္တာလား၊ ပုထုဇဉ်လား (ပုထုဇဉ်ပါ ဘုရား)။

အဲ ပုထုဇဉ်ကို သူကအဓိမာနဖြစ်ပြီး ဘာထင်နေသတုံး (ကိစ္စပြီး တယ်လို့ထင်နေပါတယ်)၊ အဲဒါကြောင့် ဒီ တရားဟောနေရတာ အရှင်မဟာစုန္ဒက၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

”အနိဿိတဿ စလိတံ နတ္ထိ” အနိဿိတဿ မမှီတဲ့ပုဂ္ဂိုလ်အား၊ စလိတံ လှုပ်ခြင်းသည်၊ နတ္ထိမရှိ၊ တဏှာ ဒိဋ္ဌိနဲ့မှီမနေရင် မောင်အောင်မြ ဘာတဲ့တုံး (မလှုပ်ပါ ဘုရား) သားပေါ်လဲ မမှီ၊ သမီးပေါ်လဲ မမှီ၊ ပစ္စည်းပေါ်လဲ မမှီ ဘူးဆိုရင် လှုပ်သေးရဲ့လား (မလှုပ်ပါ ဘုရား)။

ဒါဖြင့် တို့ ဒကာ ဒကာမတွေ တောင်ကလူက မြောက်သွား၊ မြောက်ကလူက တောင်သွား၊ အရှေ့ကလူက အနောက်၊ အနောက်ကလူက အရှေ့၊ ဟ ဘာဖြစ်နေကြတာတုန်း၊ အို လှုပ်နေကြတာ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

အရောင်းအဝယ် သွားတဲ့လူက ဘာတုန်း၊ အမြတ်အစွန်းကလေးများရမလား၊ သွားနေတဲ့ လူအပေါင်းဟာဖြင့် မောင်အောင်ချီတို့က ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (လှုပ်နေတာပါ ဘုရား)။

လှုပ်နေကြတဲ့ ပုဂ္ဂိုလ်ချည်းပဲဆိုတော့ ဪ ဒါဖြင့် လှုပ်တဲ့ပုဂ္ဂိုလ် ဟူသရွေ့လဲ ခုနင်ကမြှုပ်မှာပဲ၊ ဆုံးဖြတ်ချက် ချနိုင်ရဲ့လား (ချနိုင်ပါတယ် ဘုရား)။

လှုပ်တဲ့ပုဂ္ဂိုလ်ဟူသရွေ့

လှုပ်တဲ့ပုဂ္ဂိုလ်ဟူသရွေ့ (မြုပ်မှာပါ ဘုရား)၊ လှုပ်တယ်ဆိုတော့ လောဘလှုပ်၊ ဒေါသလှုပ်၊ မောဟလှုပ်ဆိုတော့ ပဋိစ္စသမုပ္ပါဒ်က ဆက်ဆက်မသွားဘူးလား (ဆက်သွားပါတယ်)၊ ဆက်သွားတော့ အပါယ်လေးပါးကော မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဒါဖြင့် လှုပ်နေရင် ဘာဖြစ်ရမယ် (မြုပ်ပါတယ် ဘုရား)၊ မြုပ်မယ် မျောရမယ်ဆိုတာ အဘွားကြီးတွေကော ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ သူတစ်ပါးလဲ မကဲ့ရဲ့နဲ့၊ ကိုယ် ကိုယ်တိုင်လဲ မလှုပ်ချင်နဲ့ (မှန်ပ့ါ)။

သူတစ်ပါးလဲ (မကဲ့ရဲ့နဲ့)၊ ကိုယ်ကိုယ်တိုင်ကော (မလှုပ်ပါနဲ့)၊ မလှုပ်ပါနဲ့တဲ့၊ သူတစ်ပါးကဲ့ရဲ့တာ ကိုယ်ကပိုလှုပ် လို့ မဟုတ်ဘူးလား (မှန်ပါ့)၊ သူတို့မို့နေနိုင်တယ်ဆိုတာ ကိုယ်လှုပ်ပြီးပြီ၊ မလှုပ်သေးဘူးလား (လှုပ်ပါတယ် ဘုရား)။

အဲ သူတစ်ပါးကဲ့ရဲ့တာလဲ ကဲ့ရဲ့တဲ့ပုဂ္ဂိုလ်လဲ အမှားပဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တစ်ယောက်နဲ့ တစ်ယောက်နေနိုင်တယ် ပြောတာကောကွ၊ ဘာတုန်းကွ၊ ကိုယ်ကလှုပ်ပြီးလို့ ပြောတာလား၊ မလှုပ်သေးလု့ိ ပြောတာလား (လှုပ်ပြီးလို့ ပြောတာပါ ဘုရား)။

ဟာ ဒါဖြင့် ဘာတတ်နိုင်ရမှာတုန်း၊ တစ်ယောက်ကလဲ ဒေါသနဲ့ပဲ ပြောလိုက်တယ်၊ တစ်ယောက်ကလဲ မင်းမို့ နေနိုင်တယ်ကွာ၊ အံ့လိုက်တာ၊ မင်းမို့ နေနိုင်တယ်ဆို၊ သူက လှုပ်ပြီးပြီ (မှန်ပ့ါ)၊ ဟိုကလဲ တစ်ယောက်ကလဲ ဘာတတ် နိုင်တာမှတ်လို့ပဲ၊ မတတ်နိုင်ဘူး၊ ဟိုကလဲ ဒေါသနဲ့ တတ်နိုင်ရင် သူလဲ လှုပ်မယ် ပြောတာပဲ (မှန်ပါ့)။

နှစ်ယောက်လှုပ်ပါ

ဒါဖြင့် နှစ်ယောက်လှုပ်ပါ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဘာတုန်း (နှစ်ယောက်လှုပ်ပါ ဘုရား)၊ နှစ် ယောက်လှုပ်ပဲဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် လှုပ်တဲ့လူနဲ့ မလှုပ်တဲ့လူ ရန်ဖြစ်တာကော၊ နှစ်ယောက်လှုပ်ပဲကွ အဲဒါလဲ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အင်မတန် ဆိုးရွားတဲ့ အဓိပ္ပာယ် ဦးအောင်ဇံဝေ ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီဥစ္စာမလှုပ်အောင် လုပ်ရမယ်နော် (မှန်ပါ့)၊ မလှုပ်အောင် လုပ်ရမယ်၊ လုပ်တော့ ဒီအတိုင်းလုပ်လို့ မရဘူး၊ ဆရာက နည်းပေးရမယ် (မှန်ပါ့)၊ နည်းပေးရမယ်၊ မလှုပ်နည်းကို ပေးရမယ် (မှန်ပါ့)။

ဟာ ဒီလိုရှုရင် မလှုပ်ဘူး၊ ဒီလို မရှုပဲနေရင် လှုပ်မယ်ဆိုတော့ မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။

အလုပ်တရားပေးမှပဲ အလှုပ်သိမ်းမှာ

အဲဒီတော့ အလုပ်မှပဲ ခင်ဗျားတို့ အလှုပ်ကို သိမ်းမှာပဲ (မှန်ပါ့)၊ အလုပ်တရားပေးမှပဲ အလှုပ်သိမ်းမှာပဲ (မှန်ပါ့)၊ အလုပ်တရားမပေးရင် (မသိမ်းပါ ဘုရား)၊ မသိမ်းနိုင်ဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အဲဒါ နက်ဖြန်မှပဲ မလှုပ်တဲ့ဥစ္စာ ဆန္ဒဟောလိမ့်မယ်၊ ယနေ့ တော်ကြစို့၊ နာရီစေ့သွားပြီ၊ နာရီက တစ်နာရီ နီးသွားပြီ။

ကဲ ယနေ့ ဒီတွင် တော်ကြပါဦးစို့။

သာဓု သာဓု သာဓု။