နှလုံးသွင်းမှန်မှ နိဗ္ဗာန်ရမည်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မိုးကုတ်မြို့ မင်္ဂလာတိုက်၌ ဟောကြား ဆုံးမတော်မူသော
နှလုံးသွင်းမှန်မှ နိဗ္ဗာန်ရမည်
(၃၁-၄-၆၂)
ဇယသေနက မေးတယ်
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေတယ်၊ ရှင်ဘူမိဇဆို တဲ့ ကိုယ်တော်ကလဲရှိတယ်၊ ရှင်ဘူမိဇက မြို့ထဲ ဆွမ်းခံသွားတယ်၊ ဆွမ်းခံသွားတော့ သူ တခြားကို မသွားဘူး၊ ဗိမ္ဗိသာရမင်းကြီးရဲ့ သားအငယ်ဆုံး အဇာတသတ်တို့ရဲ့ညီ ဇယသေနမင်းသားအိမ် သွားပြီး ဆွမ်းခံတယ်၊ ရှင်ဘူမိဇက နော် (မှန်ပါ့)။
ရှင်ဘူမိဇက နန်းတော်ထဲ ဗိမ္ဗိသာရမင်းကြီးရဲ့သား ဇယသေနမင်းသားအိမ် အဲဒီသွားပြီး ဆွမ်းခံတယ်။
ဆွမ်းခံသွားတော့ သူ့ကို ဇယသေနက မေးတယ်၊ ရှင်ဘူမိဇ-တဲ့ ဘုရားဟာ ဘယ်လိုများ ဟောဖူး သတုန်းတဲ့၊ တချို့ပြောနေကြတယ်-တဲ့၊ ဘယ်လိုပြောနေသတုန်းဆိုလို့ရှိရင် ဆုတောင်းပြီး သကာလ လုပ်လဲ နိဗ္ဗာန်မရဘူး၊ ဆုမတောင်း ဘဲနဲ့လုပ်လဲ နိဗ္ဗာန်မရဘူး၊ ဆုတခါတလေတောင်းတယ်၊ တခါတလေ မတောင်းဘဲနဲ့ နေတဲ့အခါမှာလဲ နိဗ္ဗာန်မရဘူး၊ ဆုကို မတောင်းသည်မဟုတ်၊ တောင်းသည်မဟုတ် လုပ်ပြန်လဲ မရဘူးတဲ့၊ ဘယ်နှစ်မျိုးပါလိမ့် (လေးမျိုးပါ ဘုရား)။
ဒီနေ့ ဆုတောင်းခန်းတွေ ရှင်းအောင် ပြောလိမ့်မယ်
သေသေချာချာ မှတ်ကြနော် ဆုတောင်းပြီးလုပ်လဲ နိဗ္ဗာန်မရဘူးတဲ့၊ ဇယသေနက မေးနေတာ၊ ဆုမတောင်းဘဲနဲ့ လုပ်လဲ နိဗ္ဗာန်မရဘူးတဲ့၊ တချို့ပြောနေတယ်၊ ဆုကို တောင်းချည်တလှည့်၊ မတောင်းချည်တလှည့်နဲ့ နေပြန်လဲ နိဗ္ဗာန်တော့ မရဘူးတဲ့၊ ဆုကို မတောင်းသည်မဟုတ်၊ တောင်းသည်မဟုတ် ဒီလိုလုပ်ပြန်လဲ နိဗ္ဗာန်မရဘူးတဲ့၊ ဘယ်နှစ်ချက်ရှိသွားပလဲ (လေးချက်ပါ ဘုရား) လေးချက်မှတ်ထားကြပါ၊ ဒီနေ့ ဆုတောင်းခန်းတွေ ရှင်းအောင် ပြောလိမ့်မယ် (မှန်ပါ့)။
၁-နံပါတ် ပြန်ပြောလိုက်ပါမယ်၊ ဆုတောင်းပြီး သကာလ လုပ်ငြားသော်လည်း နိဗ္ဗာန်မရပါဘူးတဲ့၊ ဆုမတောင်းဘဲ နဲ့ လုပ်နေလဲ နိဗ္ဗာန်မရဘူးတဲ့၊ ဆုတောင်းချည်တလှည့် မတောင်းချည်တလှည့် နေပြန်လဲ နိဗ္ဗာန်မရနိုင်ဘူးတဲ့၊ ဆုကို မတောင်းသည်မဟုတ်၊ တောင်းသယောင်ယောင်လုပ်တာလဲ နိဗ္ဗာန်မရဘူးလို့ တခြားသော ဆရာကြီးတွေက ဟောကြ တယ်။
အဲဒါ ရှင်ဘူမိဇရဲ့ဆရာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဘယ်လိုများ ဟောဖူးပါလိမ့်မတုန်း-တဲ့၊ အရှင် ဘုရား ဘယ်လိုများ မှတ်ဖူးပါလိမ့်မလဲတဲ့ မေးလိုက်တယ်၊ မေးချက်က လေးချက်နော် (မှန်ပါ့)။
ဒီလေးချက်ကို ဘုရားဘယ်လိုများ ဟောဖူးတာကို အရှင်ဘုရား ဘယ်လိုများ နှလုံးသွင်းဖူးပါသလဲလို့ မေးလိုက် တယ်။
တခါမှ မဟောဖူးဘူးကွာ-တဲ့
ဘုရားဟာ တခါမှ မဟောဖူးဘူးကွာ-တဲ့၊ မင်းပြောတဲ့အမေးကို ဖြေတဲ့အဖြေ ဘုရားဘယ်တော့မှ မဟောဖူးဘူး တဲ့၊ သို့သော်လဲတဲ့ ငါပြောရမှာဖြင့် ငါ့အမြင်အတိုင်း ပြောရမှာဆိုလို့ရှိရင် နိဗ္ဗာန်ရ-ရပါလို၏လို့ ဆုတောင်းနေငြားသော် လည်း ယောနိသော မနသိကာရ နှလုံးသွင်းမမှန်ရင်လဲ မရပါဘူးကွာ-တဲ့၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဆုတောင်းပြီး နေငြားသော်လည်း နိဗ္ဗာန်ရအောင် တောင်းပြီးနေငြားသော်လည်း နှလုံးသွင်းမမှန်ရင် (မရပါ) ငါတော့ ဒီလို သဘောရတယ်လို့ ရှင်ဘူမိဇက ဖြေတယ် (မှန်ပါ့)။
မတောင်းဘဲနဲ့နေလဲ နိဗ္ဗာန်မရဘူးတဲ့၊ အဲဒါလဲ နှလုံးသွင်းမမှန်လို့ပဲ မရမှာပဲကွ။
တောင်းချည်တလှည့်၊ မတောင်းချည်တလှည့်နဲ့ နေပြန်လဲ နှလုံးသွင်းမမှန်ရင် မရပါဘူး၊ ဦးဘသန်းနော် (မှန်ပါ့)။
မတောင်းသည်လည်း မဟုတ်၊ တောင်းသယောင်ယောင်နဲ့ နေပြီး လုပ်ကြပြန်လဲ နှလုံးသွင်းမမှန်ရင်တော့ မရပါဘူးတဲ့ နိဗ္ဗာန်ကို (မှန်ပါ့)။
ဒါဖြင့် နိဗ္ဗာန်မရောက်ခြင်း၏ အကြောင်းဟာ ဘယ်လိုပဲတောင်းတောင်း မောင်အောင်ချီတို့ မောင်အောင်မြတို့ နှလုံးသွင်းမမှန်ရင် (မရပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) မတောင်းဘဲနေလဲ နှလုံးသွင်းမမှန်ရင် (မရပါ ဘုရား)။
တခါတလေ တောင်းတယ်၊ တခါတလေ မတောင်းဘူး၊ ဒီလိုနေပြန်လဲ နှလုံးသွင်းမမှန်တော့ (မရပါ) မတောင်း သည်မဟုတ် တောင်းသယောင်ယောင်နဲ့ နေပြန်တော့ကော (နှလုံးသွင်းမမှန်ရင် မရပါ ဘုရား) နှလုံးသွင်းမမှန်ရင် မရဘူး။
နောက်က ဒကာ ဒကာမတွေ ဒီစကားလေးခွန်းဟာ ဆရာတုတ် အရေးကြီးတယ် (မှန်ပါ့) ခင်ဗျားတို့ နင်း တောင်းနေတာတော့ ဘုန်းကြီးကြားတယ် (မှန်ပါ့) ဝဋ်ဘဝတိုတိုနဲ့ နိဗ္ဗာန်ရ-ရပါလို၏လို့ မောင်အောင်မြတို့ ကြားဖူးမှာ ပေါ့ (မှန်ပါ့ ဘုရား)။
တောင်းမှု-မတောင်းမှုက လိုရင်းမဟုတ်
တောင်းနေတာပဲ၊ အခုပွိုင့်နဲ့ သေသေချာချာ ကောက်နှုတ်ချက် ထုတ်လိုက်တော့ နှလုံးသွင်းမမှန်ရင် ဘယ်လို တောင်းတောင်း မရဘူးဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
နှလုံးသွင်းမမှန်ရင် (မရပါ) ဪ ဒါဖြင့် နိဗ္ဗာန်ရဖို့အလုပ်ဟာ တောင်းမှု-မတောင်းမှုက လိုရင်းမဟုတ်ပါက လား၊ နှလုံးသွင်းမှန်မှုက လိုရင်းပါကလား (မှန်ပါ့) ဘာပေါ်လာကြလဲ (နှလုံးသွင်းမှန်ဖို့ လိုရင်းပါ ဘုရား)။
ဥပမာမယ ဘုန်းကြီးကပဲ ကြားဥပမာနဲ့ ပြောလိုက်ပါမယ်၊ ဒီကနေပြီး သကာလ ပိတ်စွယ်သွားမယ်၊ သူ့နှလုံးသွင်း က ပိတ်စွယ်ဟာ ဗန်းမော်လမ်းမှာ ရှိမယ်ထင်လို့ရှိရင်ဖြင့် ရောက်ရပါလို၏လို့ဆိုသွား မရောက်ဘူး၊ ပိတ်စွယ်ရောက်ရပါ လို၏လို့ဆိုသွား ရောက်နိုင်ပါ့မလား (မရောက်နိုင်ပါ ဘုရား)။
သူ့နှလုံးသွင်းက မှားနေပြီ၊ သူက ဟိုဘက်မှာ ရှိတယ်ထင်တာကိုး၊ ဗန်းမော်ဘက်ရှိတယ် ထင်တယ်ဆိုတော့ နှလုံးသွင်း မမှားသေးဘူးလား (မှားပါတယ်) ရောက်နိုင်ပါ့မလား (မရောက်နိုင်ပါ ဘုရား)။
အဲဒီတော့ ဆုတောင်းတဲ့ ဒကာ ဒကာမတွေ ယနေ့ အရေးတကြီး သတိပေးလိုက်ပါတယ်နော် (မှန်ပါ့) နှလုံးသွင်း မမှန်ဘဲနဲ့ တောင်းနေလို့ရှိရင်ဖြင့် နိဗ္ဗာန်မရပါဘူးနော် (မှန်ပါ့ ဘုရား)။
နှလုံးသွင်းမမှန်ဘဲနဲ့ တောင်းနေရင်
နှလုံးသွင်းမမှန်ဘဲနဲ့ တောင်းနေရင် (မရပါ) နှလုံးသွင်းမမှန်ဘဲနဲ့ တောင်းနေတယ်ဆိုတာက တခြားမဟုတ်ဘူး၊ ဒီခန္ဓာကြီးက လူခန္ဓာကြီးထား၊ ဒီလူခန္ဓာကြီးက နောက်ခန္ဓာ ရရပါလို၏၊ နောက်ကျတော့ကို နောက်ခန္ဓာ အဆုံးဘဝကျ တော့ နိဗ္ဗာန်ရ-ရပါလို၏ တောင်းကြတယ် မဟုတ်ဘူးလား (မှန်ပါ့) ပဌမလူခန္ဓာကြီး ရ-ရပါလို၏၊ နောက် အဆုံးစွန်သော ဘဝ၌ နိဗ္ဗာန်ရ-ရပါလို၏၊ မတောင်းကြဘူးလား (တောင်းပါတယ် ဘုရား)။
အဲဒီတော့ အဆုံးစွန်သောဘဝ၌ နိဗ္ဗာန်ရ-ရပါလို၏ဆိုတော့ သူက အဆုံးစွန်သောဘဝကိုလဲ လိုချင်သေးတယ်၊ နိဗ္ဗာန်လဲ ထည့်လိုက်ချင်သေးတယ်ဆိုတော့ နှလုံးသွင်းက ဘဝကိုလိုချင်တဲ့ တဏှာက နိဗ္ဗာန်မပို့နိုင်ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘဝ လိုချင်တဲ့တဏှာ (နိဗ္ဗာန်မပို့နိုင်ပါ) နောက်က ဒကာ ဒကာမတွေ သတိထားနားထောင်ပါ။ ဒါ-ပြင်ပေးနေ တာ ဦးအောင်ဇံဝေ (မှန်ပါ့)။
ဘာလုပ်ပေးနေတာတုန်း (ပြင်ပေးနေတာပါ) ပြင်ပေးနေတာ၊ လူ့ပြည်၊ နတ်ပြည် အစုန်အဆန် ခံစားပြီး အဆုံးစွန်သောဘဝ၌ နိဗ္ဗာန်ရ-ရပါလို၏၊ ဒါ တော်တော် နှုတ်တက်နေတယ် ဦးဘသန်း၊ မတက်ကြဘူးလား (တက်ပါတယ် ဘုရား)။
ဘဝဆိုတာ ခန္ဓာကိုဆိုတာ
ဒီဘဝပါနေရင် နိဗ္ဗာန်ရပါ့မလား (မရပါ) ဘဝဆိုတာ ခန္ဓာကိုဆိုတာ (မှန်ပါ့) အဆုံးစွန်သောဘဝ၌ နိဗ္ဗာန်ရ ရပါ၏လို၏၊ သူတို့ကတော့ သူတို့ဟာ သူတို့ ထင်သပေါ့လေ၊ နှလုံးသွင်းက ဘဝသွင်းထား တာဗျ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
နှလုံးသွင်းက (ဘဝသွင်းထားတာပါ) ဘဝဆိုတာက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဘဝဟာ ဒုက္ခသစ္စာပါ။
လူ့ဘဝ၊ နတ်ဘဝဆိုတာတွေ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ) အဲဒီတော့ ဒုက္ခသစ္စာဆုံးမှ နိဗ္ဗာန်ရမည့်ဥစ္စာပဲ၊ အဆုံးစွန်သောဘဝ နိဗ္ဗာန်ရ-ရပါလို၏ဆ ိုတော့ ဒုက္ခသစ္စာကြီးနဲ့ မရနိုင်ဘူး (မှန်ပါ့)။
ဒုက္ခသစ္စာလိုချင်တဲ့ပုဂ္ဂိုလ်ဟာ နိဗ္ဗာန်ကို (မရနိုင်ပါ ဘုရား) မရနိုင်ဘူးဆိုတာ ဒေါ်တုတ်တို့ မောင်အောင်မြတို့ သေချာပလား (သေချာပါပြီ ဘုရား)။
ဘဝပါနေရင် နိဗ္ဗာန်နဲ့တွဲလို့ ရရဲ့လား
ဘယ်လိုများ ကျက်ထားတယ်မပြောတတ်ဘူး ဦးအောင်ဇံဝေတို့ လူစု ဟင် (မှန်ပါ့) ဘဝပါနေရင် နိဗ္ဗာန်နဲ့တွဲလို့ ရရဲ့လား (မရပါ ဘုရား)။
မရဘူး-တဲ့၊ ဘဝပါလာရင် ဘဝဟာ ဇာတိပဲ၊ ဇာတိပစ္စယာ မရဏ-ထိအောင် သွားမယ်၊ မဟုတ်ဘူးလား (မှန်ပါ့) ဦးဘသန်း နိဗ္ဗာန်သွားပါ့မလား (မသွားပါ ဘုရား) သဘောပါကြပလား (ပါ-ပါပြီ) သူနှလုံးသွင်းမှားနဲ့ တောင်းနေ တာ ဒါဖြင့် (မှန်ပါ့ ဘုရား) ဘယ့်နှယ်ဆိုကြမလဲ (နှလုံးသွင်းမှားနဲ့ တောင်းနေတာပါ ဘုရား)။
နောက်က ဒကာ ဒကာမကြီးတွေ ငိုက်နေလို့လဲ မဖြစ်ဘူး၊ သေသေချာချာလဲ နားထောင်ရတယ်နော် (မှန်ပါ့) ဒါက ဘာဟောတဲ့တရားတုန်းလို့ မေးတဲ့အခါ အမှားပြင်ပေးနေတယ်လို့ မှတ်ပါ (မှန်ပါ့)။
ဘာဟောနေတာတုံး (အမှားပြင်ပေးနေတာပါ) အမှားပြင်ပေးနေတယ်ဆိုတာ သေသေချာချာမှတ်ပါ။
ကိုင်း-ဒါဖြင့် ခုနင်ကဝတ္ထုကို ပြန်ဆက်ကြစို့နော်၊ ဒီအထဲကမှ အသားထွက်လာမှာပဲ။
မင်း ငါဖြေတာ ဇယသေနမင်း နားလည်လောက်ပါပြီတဲ့၊ နှလုံးသွင်းမှားတဲ့ ပုဂ္ဂိုလ်ဟာဖြင့် တောင်းနေလဲ နိဗ္ဗာန်မရပါဘူးတဲ့-နော် (မှန်ပါ့) မတောင်းဘဲနေလဲ (နိဗ္ဗာန်မရပါ ဘုရား) တောင်းချည်တလှည့်၊ မတောင်းချည်တလှည့် နေပြန်ကော (မရပါ ဘုရား) မတောင်းသည်လည်းမဟုတ်၊ တောင်းသယောင်ယောင်နဲ့ နေပြန်ရင်ကော (မရပါ) ဘာဖြစ် လို့တုန်း (နှလုံးသွင်းမှားလို့ပါ) နှလုံးသွင်းမှားတယ် (မှန်ပါ့)။
ငါတော့ ဒါ အဖြေပဲ-တဲ့၊ ဒါ ငါ့အမြင်နဲ့ ဖြေတာပဲတဲ့ ရှင်ဘူမိဇယက ဖြေလိုက်တယ်၊ ဇယသေန မင်းသား ကလေးကိုနော် (မှန်ပါ့)။
သို့သော်ကွာ ငါရှင်းပြပါဦးမယ်တဲ့၊ ဒုတိယရှင်းပြပါမယ်၊ နှလုံးသွင်းမှားနဲ့ တောင်းလို့ရှိရင် မရဘူး (မှန်ပါ့) ကဲကွာ-တဲ့ နှလုံးသွင်းမှန်နဲ့ ဆိုရင်တော့ဖြင့် မတောင်းလဲရမှာပဲ၊ တောင်းလဲရမှာပဲ (မှန်ပါ့)။
နှလုံးသွင်းမှန်ရင်
နှလုံးသွင်းမှန်ရင် (မတောင်းလဲရမှာပဲ၊ တောင်းလဲရမှာပါပဲ) တောင်းချည်တလှည့် မတောင်းချည်တလှည့်နဲ့ နေရင်ကော (ရမှာပါပဲ) မတောင်းသည်မဟုတ်၊ တောင်းသယောင်ယောင်ဆိုရင်ကော (ရမှာပါပဲ ဘုရား)။
ဒါဖြင့် ဆုတောင်းက လိုရင်းလား နှလုံးသွင်းမှန်ဖို့က လိုရင်းလား (နှလုံးသွင်းမှန်ဖို့က လိုရင်းပါ ဘုရား)။
ဒါကလေးတလုံး ခင်ဗျားတို့ သိလိုက်ရတာ သိပ်အဖိုးတန်တယ် (မှန်ပါ့) ဒါကလေးတလုံး သိလိုက်ရတာ သိပ်အဖိုးတန်ပါတယ်။
အဲဒီတော့ ဆုတောင်းနေဖို့ မလိုဘူးဆိုတဲ့အဓိပ္ပါယ် ဘုန်းကြီးက ပြောလိုက်တယ် (မှန်ပါ့) ဒီခန္ဓာထဲမှာ နှလုံးသွင်း မှန်ဖို့ပဲ အရေးကြီးတယ် (မှန်ပါ့) ဒီခန္ဓာကို ပဌမရှေးဦးစွာ ဖြစ်ပျက်အနိစ္စရှာဖို့ အရေးကြီးတယ် (မှန်ပါ့) ဖြစ်ပျက်အနိစ္စ တွေ့အောင်ရှာတဲ့အခါ ရှာဖန်များရင် ဒီခန္ဓာရွံ့မုန်းလာမှာပဲ (မှန်ပါ့) မလာပေဘူးလား (လာပါတယ် ဘုရား)။
ဒီခန္ဓာ ရွံ့မုန်းလာပြီးသည်နောက် သူ ဒုက္ခသစ္စာရယ်လို့ သိလုံး တိုးမလာဘူးလား (တိုးလာပါတယ်) တိုးလာလို့ရှိ ရင် နှလုံးသွင်းမှန်ကိုက ဒုက္ခသစ္စာမှန်းသိသွားတော့ကို နှလုံးသွင်းမှန်နေတဲ့အတွက် ဒီဒုက္ခမကြိုက်ပါဘူး မလိုချင်ပါဘူးဆို တဲ့ ဉာဏ်မလာပေဘူးလား (လာပါတယ် ဘုရား) လာရင်ဖြင့် ဒုက္ခချုပ်ပြီး နိဗ္ဗာန်ပေါ်လာမယ် (မှန်ပါ့)။
ဘယ့်နှယ်ကြောင့် နိဗ္ဗာန်ပေါ်လာပါလိမ့်မလဲ
ဒါကတော့ ဘယ့်နှယ်ကြောင့် နိဗ္ဗာန်ပေါ်လာပါလိမ့်မလဲလို့ ဦးအောင်ဇံဝေတို့ မေးလို့ရှိရင် ဘယ့်နှယ်ဖြေပါ့မလဲ (နှလုံးသွင်းမှန်လို့ပါ ဘုရား) နှလုံးသွင်းမှန်သွားပြီ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် နှလုံးသွင်းမှန်တဲ့ပုဂ္ဂိုလ်အတွက်မှာဖြင့် တောင်းလုပ်လဲ ရမှာပဲ၊ မတောင်းဘဲနေလဲ (ရမှာပါ ဘုရား) တောင်းချည်တလှည့် မတောင်းချည်တလှည့်နေကော (ရမှာပါ ဘုရား)။ မတောင်းသည်မဟုတ်၊ တောင်းသယောင်ယောင် နဲ့ အလုပ်လုပ်နေရင်ကော (ရမှာပါ ဘုရား)။
ဒါဖြင့် ဆုတောင်းက လိုရင်းလား နှလုံးသွင်းမှန်မှုက လိုရင်းလားဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ယနေ့ကျသွားပြီ (မှန်ပါ့) ဘယ်လိုကျသွားသလဲ (နှလုံးသွင်းမှန်မှုက လိုရင်းပါ) နှလုံးသွင်းမှန်မှုက လိုရင်းနော် (မှန်ပါ့ ဘုရား)။
ပိတ်စွယ်ရှိတဲ့နေရာကို ကိုယ်က ပိတ်စွယ်ရှိတဲ့နေရာကိုပဲ ဟိုနေရာမှာ ပိတ်စွယ်ရှိတယ်လို့ ထင်ပြီးသွားလိုက်လို့ ရှိရင် ဗန်းမော်ဘက် မလှည့်ရင်တော့ ရောက်ရမှာပဲ (မှန်ပါ့) မရောက်ပေဘူးလား (ရောက်ပါတယ်) နှလုံးသွင်းမှန်ရင် တော့ ရောက်မယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် နောက်က ဒကာ ဒကာမတွေ ဆုတောင်းလိုရင်းလား၊ နှလုံးသွင်းမှန်ဖို့လိုရင်းလား (နှလုံးသွင်းမှန်ဖို့ လိုရင်းပါ ဘုရား)။
နှလုံးသွင်းမှန်မှုအပေါ် မှီနေတယ်
ဪ-ဒါဖြင့် နိဗ္ဗာန်ဆိုတဲ့ တရားဟာဖြင့် နှလုံးသွင်းမှန်မှုအပေါ် မှီနေတယ် (မှန်ပါ့) ဒီ့ပြင်ဘုံဘဝတွေ တောင်းတာတော့ ဘုန်းကြီးမဆိုလိုပါဘူး၊ နိဗ္ဗာန်ဖြင့် နှလုံးသွင်းမှန်မှရမယ် (မှန်ပါ့) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။
ငါတော့ ဒီသဘောပဲရတယ်ကွ-လို့ ရှင်ဘူမိဇယက ဇယသေနကို ဖြေလိုက်တယ်၊ နှလုံးသွင်းမမှန်လို့ရှိရင် လေးချက်စလုံး မရဘူး (မှန်ပါ့ ဘုရား)။
နှလုံးသွင်းမှန်လို့ရှိရင်ဖြင့် ဆုမတောင်းလဲရတယ်၊ တောင်းလဲ (ရပါတယ်) တောင်းချည်တလှည့်၊ မတောင်းချည် တလှည့်နေလဲ (ရပါတယ်) မတောင်းသည်မဟုတ် တောင်းသယောင်ယောင်နဲ့ နေရင်ကော (ရပါတယ်) ရတာပဲတဲ့။
ဒါဖြင့် ဒီဒကာ ဒကာမတွေ ယနေ့ ဆုံးဖြတ်ချက် ချကြပေတော့နော် (မှန်ပါ့) ဪ-နိဗ္ဗာန်ဆိုတာဟာ ဘယ်လို အပေါ်မှာ မှီနေပါလိမ့်မတုန်း မေးတော့မှ နှလုံးသွင်းမှန်မှုအပေါ်မှာ မှီနေတယ်၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဘယ်ပေါ်မှီနေသလဲ (နှလုံးသွင်းမှန်မှုအပေါ်မှာ မှီနေပါတယ်) နှလုံးသွင်းမှန်မှုအပေါ်မှာ တည်နေတယ်၊ တောင်း-မတောင်း လိုရင်းမဟုတ်တော့ဘူး (မှန်ပါ့ ဘုရား)။
ဆရာတုတ် ဘယ့်နှယ်တုန်း၊ တောင်း-မတောင်းက (တောင်း-မတောင်းက လိုရင်းမဟုတ်ပါ) ဘာတုန်း (နှလုံးသွင်းမှန်ဖို့ လိုရင်းပါ ဘုရား)။
နောက်က ဒကာ ဒကာမတွေ ခင်ဗျားတို့ တရားထိုင်မည် ကြံလို့ရှိရင်ဖြင့် ဘုရားကို ဝတ်ချပြီး နိဗ္ဗာန်ကို အများကြီး သနားတော်မူပါဘုရား၊ မြန်မြန်သနားတော်မူပါ သွားလုပ်မနေနဲ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
နှလုံးသွင်းမှားနဲ့သာ ဆိုလို့ရှိရင်ဖြင့် ဘယ်လိုလုပ်လုပ် (မရပါ ဘုရား)။
ပင်ကိုက တောင်းယူရတဲ့တရားလား-တဲ့၊ ဒကာ ဒကာမတို့ သူ့အဖုံးတွေကိုဖွင့်နိုင်မှ ပေါ်တဲ့တရားလား ဆိုတာလဲ အကဲခတ်ဖို့ အရေးကြီးတယ် (မှန်ပါ့) သူ့ဖုံးနေတာက ပဋိလောမပဲ ယနေ့ရှင်းပြပါ့မယ်နော် (မှန်ပါ့) ပဋိလောမ ရှင်းပြပါ့မယ်။
ခန္ဓာက ရှေ့ကကွယ်နေတယ်
နိဗ္ဗာန်ဟာ ဒီဘက်က နိဗ္ဗာန်ဆိုရင် ခန္ဓာက ရှေ့ကကွယ်နေတယ် (မှန်ပါ့) ကွယ်မနေဘူးလား (ကွယ်နေပါတယ်) ခန္ဓာဆုံးမှ နိဗ္ဗာန်ကိုးဗျ (မှန်ပါ့) ခန္ဓာဆုံးမှ နိဗ္ဗာန်ဆိုတော့ နိဗ္ဗာန်ကို ဘယ်သူကွယ်နေသတုန်း (ခန္ဓာကွယ်နေပါတယ် ဘုရား)။
ဒီခန္ဓာကြီးတောင်မှ အနိစ္စ၊ ဒုက္ခ မမြင်ပြန်ဘူးဗျ (မှန်ပါ့) တခါ အဝိဇ္ဇာက ခန္ဓာကို ရှေ့ကနေ ကွယ်ထားပြန် တယ် (မှန်ပါ့) ဘယ်သူကကွယ်သတုန်း (အဝိဇ္ဇာက ကွယ်ပါတယ်) ဒါဖြင့် နိဗ္ဗာန်ကွယ်နေတာ ဘယ့်နှစ်ထပ်ကွယ်နေ သတုန်း (နှစ်ထပ်ကွယ်နေပါတယ် ဘုရား) နှစ်ထပ်ရှိသွားပြီ (မှန်ပါ့ ဘုရား)။
ဒီအထဲမှာက အယောနိသော မနသိကာရဆိုတဲ့ နှလုံးသွင်းက မှားနေပြန်တော့ တချက်ထပ်ကွယ်တယ် (မှန်ပါ့) မထပ်ဘူးလား (ထပ်ပါတယ် ဘုရား)။
ဒါဖြင့် ဒါတွေ ဖယ်လိုက်ရလို့ရှိရင်တော့ဖြင့် နှလုံးသွင်းအမှားကိုလဲ အမှန်လုပ်လိုက် ဟုတ်လား၊ အဝိဇ္ဇာကိုလဲ ဝိဇ္ဇာဖြစ်အောင်လုပ်လိုက်၊ ခန္ဓာကိုလဲ ဒုက္ခသစ္စာဖြစ်အောင်လုပ်လိုက်၊ ချုပ်သွားလို့ရှိရင် နိဗ္ဗာန်သွားတွေ့တယ် (မှန်ပါ့) မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)။
ဒါဖြင့် နိဗ္ဗာန်တွေ့ဖို့ရာ ဘယ်နှစ်ထပ် ကွယ်နေသတုန်းလို့ မေးလို့ရှိရင်ဖြင့် ခန္ဓာတချက်ကွယ်တယ် (မှန်ပါ့) ခန္ဓာမမြင်အောင် အဝိဇ္ဇာက တချက်ကွယ်တယ်၊ ဟုတ်လား (မှန်ပါ့) အဲဒီအပေါ်မှာ နှလုံးသွင်းမှားက တချက်ထပ်လိုက် ပြန်တော့ ဘယ်နှစ်ချက်ကွယ်သလဲ (သုံးချက်ကွယ်ပါတယ် ဘုရား)။
သုံးချက်ကွယ်တော့ကို ကျုပ်တို့က နှလုံးသွင်းမှန်နဲ့ ကြည့်မှ အဝိဇ္ဇာကချုပ်သွားမယ်၊ အဝိဇ္ဇာချုပ်တော့မှ ခန္ဓာနဲ့ သွားတွေ့မယ် (မှန်ပါ့) ခန္ဓာကို သေသေချာချာတွေ့တဲ့အခါကျတော့မှ ဖြစ်ပျက်ဒုက္ခသစ္စာ ဆက်တွေ့တယ် (မှန်ပါ့ ဘုရား) ၎င်းဒုက္ခသစ္စာချုပ်သွားတော့မှ နိဗ္ဗာန်က ပေါ်လာမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
နှလုံးသွင်းမှန်ဖို့ရာ အရေးကြီးတယ်
ဒါဖြင့် တို့ရှေးဦးစွာ နှလုံးသွင်းမှန်ဖို့ရာ အရေးကြီးတယ်ဆိုတာ ယနေ့ပေါ်သွားတယ် (ပေါ်ပါတယ်) မပေါ်သေး ဘူးလား (ပေါ်ပါတယ် ဘုရား)။
ဪ တော်တော်အရေးကြီးပါကလားဆိုတာ ခင်ဗျားတို့ ဘာမှလုပ်မနေကြနဲ့ဆိုတာ ဒကာ ဒကာမတွေ သတိ ပေးလိုက်တယ် (မှန်ပါ့) ဆုတောင်းတွေ ဘာတွေလုပ်မနေနဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) နှလုံးသွင်းမှန်မှန်နဲ့ ခန္ဓာကိုသာ ကြည့်နေရင်ရမယ် (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ)။
နှလုံးသွင်းမှန်မှန်နဲ့ (ခန္ဓာကြည့်နေရင် ရပါမယ်) ခန္ဓာကြည့်နေလို့ရှိရင် ခင်ဗျားတို့ နှလုံးသွင်းကလဲမှန်တော့ ခန္ဓာက အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ပြောတော့မှာပဲ (မှန်ပါ့) မပြောပေဘူးလား (ပြောပါတယ် ဘုရား)။
ပြောပါများတာကြာတော့ ဒုက္ခသစ္စာကျအောင် သူပြောမယ် (မှန်ပါ့) ပြောတဲ့အခါကျတော့ ခင်ဗျားတို့က နှလုံးသွင်းမှန်တဲ့ပုဂ္ဂိုလ်က လိုချင်သေးရဲ့လား (မလိုချင်ပါ ဘုရား) မလိုချင်ရင် ဒီခန္ဓာချုပ်သွားတာပဲ (မှန်ပါ့) ချုပ်သွားရင် ဘာပေါ်လာမလဲ (နိဗ္ဗာန်ပေါ်ပါတယ် ဘုရား)။
ဒါဖြင့် တောင်း-မတောင်းက လိုရင်းလားတဲ့၊ နှလုံးသွင်းမှန်-မမှန်က လိုရင်းလား (နှလုံးသွင်းမှန်-မမှန်က လိုရင်းပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါကလေးမှတ်ထားတော့ ဪ-ယနေ့ တို့ဆရာဘုန်းကြီး ဘာတွေ သတိ အကြီးအကျယ်ပေးလိုက် ပါလိမ့်မတုန်းလို့ မေးတဲ့အခါကျမှ ဆုတောင်းဟူသ၍ဟာ နှလုံးသွင်းမှားနဲ့ တောင်းနေရင် အလကားပဲ၊ ရှင်းပလား (ရှင်းပါပြီ) နိဗ္ဗာန်တော့ မရနိုင်ဘူး၊ နှလုံးသွင်းမှန်မှန်နဲ့လုပ်နေရင် တောင်းကိုမနေနဲ့ နိဗ္ဗာန်ရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
တောင်းကိုမနေနဲ့တော့ နိဗ္ဗာန်ရတယ် (မှန်ပါ့) နှလုံးသွင်းမှန်ဖို့ပဲ အရေးကြီးတယ် (မှန်ပါ့ ဘုရား)။
အဲဒါ ရှင်ဘူမိဇက နှလုံးသွင်းမှန်ရင်ကွာ မတောင်းလဲရပါတယ်၊ တောင်းလဲ ရတာပဲကွ၊ တောင်းချည်တလှည့် မတောင်းချည်တလှည့်ဆိုရင်ကော (ရပါတယ်) မတောင်းသည်မဟုတ်၊ တောင်းသယောင်ယောင်လုပ်နေလဲ (ရပါတယ်) ဒါဖြင့် ဟိုဟာလေးချက်က လိုရင်းလား နှလုံးသွင်းမှန်မှုက လိုရင်းလား (နှလုံးသွင်းမှန်မှုက လိုရင်းပါ ဘုရား)။
တောင်းလို့ ရတာက လောကီ
ဪ ဒါတွေကို ဆရာသမားက ခင်ဗျားတို့အပေါ်၌ ပြင်မပေးတော့ပါဘူးဆိုရင်ဖြင့် တော်တော့ဆရာသမား တွေနဲ့ တွေ့ရင်ဖြင့် တောင်းဟေ့-တောင်းမှရတယ် ဖြစ်နေဦးမှာပဲ (မှန်ပါ့) ရပါတယ်တဲ့၊ တောင်းလို့ ရတာက ပန်းတပွင့်နဲ့ လူ့ပြည်၊ နတ်ပြည်၊ အစုန်-အဆန် ခံစားရပါလို၏ဆိုတော့ ရတာပေါ့၊ တောင်းလို့ ရတာက လောကီမှာရတာ၊ ခွဲခြားမှတ် လိုက်ပါ (မှန်ပါ့) နှလုံးသွင်းမှန်မှရတာက လောကုတ္တရာနိဗ္ဗာန်မှာ ရနိုင်တယ် (မှန်ပါ့)။
ဦးဘသန်း ခင်ဗျား ဒီဥစ္စာ မှတ်ပုံကို သေသေချာချာ သဘောပါအောင်လုပ်ပါ (မှန်ပါ့) သေသေချာချာ သဘောပါအောင် လုပ်ပါတဲ့၊ နို့မဟုတ်လို့ရှိရင် နှလုံးသွင်းမမှန်ဘဲနဲ့ တောင်းနေတာက အများကြီး မများဘူးလား (များပါတယ် ဘုရား)။
ဪ-ဒါဖြင့် ပြင်စရာ၊ ဆင်စရာတွေကော မောင်အောင်ချီတို့ မောင်အောင်မြတို့ သိပ်များပါကလားဆိုတာ ပေါ်လာတယ် (မှန်ပါ့) မများဘူးလား (များပါတယ်) ဘာဖြစ်လို့ ဒါလောက် ပြင်စရာ၊ ဆင်စရာများရသတုန်းလို့ မေးတော့ အမှားတွေ ပုံနေလို့ (မှန်ပါ့)။
ဘယ့်နှယ်ဆိုကြမလဲ (အမှားတွေပုံနေလို့ပါ ဘုရား) အမှားတွေ ပုံနေတယ်၊ ရှင်းကြပလား (ရှင်းပါပြီ) ဘာတွေ များနေသလဲ (အမှားတွေ များနေပါတယ် ဘုရား)။
အမှားတွေ များနေတော့
အမှားတွေ များနေတော့ ဒီဥစ္စာ အကုန်ပြင်ရမှာပဲ၊ မပြင်ရင် ရပါ့မလား (မရပါ ဘုရား)။
အဲဒါကြောင့် ပြင်ပေးနေတယ်ဆိုတော့ နှလုံးသွင်းမှန်ရင် တောင်းမနေနဲ့၊ ရမှာပဲ (မှန်ပါ့) တောင်းချင်လဲ တောင်းပါ လောကွတ်ချော်ပြီးတော့ နှလုံးသွင်းမှန်ရင်တော့ ရမှာပဲ (မှန်ပါ့) မတောင်းဘဲနေလဲ နှလုံးသွင်းမှန်ရင် (ရမှာပါ) ရမှာပါပဲတဲ့၊ နှလုံးသွင်းမှားနဲ့သာဖြင့် တောင်းလဲမရ၊ မတောင်းလဲမရလို့ မှတ်လိုက်တာပေါ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
နှလုံးသွင်းမှားနဲ့သာဆိုရင် (မရနိုင်ပါ ဘုရား) တောင်းလဲမရဘူး၊ မတောင်းလဲမရဘူး၊ ရှင်းပလား (ရှင်းပါပြီ) နှလုံးသွင်းမှန်နဲ့ဆိုရင်ဖြင့် (တောင်းလဲရပါတယ်၊ မတောင်းလဲရပါတယ် ဘုရား) ရတာပဲဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
နိဗ္ဗာန်မြင်တဲ့ကိစ္စ
ကောင်းပြီ ဒါဖြင့် နိဗ္ဗာန်မြင်တဲ့ကိစ္စကို နည်းနည်း ဘုန်းကြီး ကြားသွင်းလိုက်ပါမယ်နော် (မှန်ပါ့) နိဗ္ဗာန်ဆိုတဲ့ မအို၊ မသေ၊ အမြဲနေတဲ့ နိဗ္ဗာန် ဒုက္ခခပ်သိမ်းကင်းငြိမ်းတဲ့ နိဗ္ဗာန်ဆိုတာ “မဂ္ဂဿ နိယျာနဋ္ဌော, ဟေတုဋ္ဌော, ဒဿနဋ္ဌော” (မှန်ပါ့) ဒဿနဋ္ဌောဆိုတာက တခြားမဟုတ်ဘူး၊ နိဗ္ဗာန်မြင်တယ် ပြောတာနော် (မှန်ပါ့) ဒါဖြင့် မဂ္ဂင်အလုပ်-လုပ်လို့ရှိရင် ဖြင့် နိဗ္ဗာန်မြင်မှာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
မဂ္ဂင်အလုပ်လုပ်လို့ရှိရင် (နိဗ္ဗာန်မြင်ပါတယ်) မဂ္ဂင်အလုပ် မလုပ်ဘဲနဲ့ တောင်းနေကြရင်တော့ (မမြင်ပါ) မရဘူး၊ ဘာဖြစ်လို့တုန်း ဒဿနဋ္ဌောလို့ ဟောထားတယ်၊ ဒဿနဋ္ဌောမြင်တတ်တဲ့ တရားသည် ဘယ်သူပါလိမ့်မတုန်း ဆိုတော့ မဂ္ဂင်ပဲကွ-တဲ့ ဆိုတော့ နိဗ္ဗာန်မြင်တာ ဘယ်သူက မြင်တာတုန်း (မဂ္ဂင်က မြင်တာပါ ဘုရား)။
ဒါဖြင့် ဒီ မဂ္ဂင်သာ ကျုပ်တို့က ပွားပေးလိုက်လို့ရှိရင် မဂ္ဂင်ရင့်ကျက်လာလို့ရှိရင် မြင်မှာပါပဲ ရောက်လဲရောက် မှာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ပွားယူရမည့်အလုပ်ကို တောင်းယူလို့ မရဘူး (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ) ဘယ်လိုပေါ်ကြသလဲ (ပွားယူရမည့်အလုပ်ကို တောင်းယူလို့ မရပါ ဘုရား)။
ဘာလုပ်ယူရမတုန်း (ပွားယူရပါမယ်) ပွားယူမှရမယ် ဦးဘသန်း (မှန်ပါ့) ပွားယူရမည့်အလုပ်ကို တောင်းယူလို့ တော့ (မရပါဘူး ဘုရား) ဆိုတော့ အလွဲအချော်တွေ လုပ်နေကတယ်ဆိုတာ လှညွန့်တို့ မှတ်ရလိမ့်မယ် (မှန်ပါ့) နင်တို့လဲ နဂိုက နှုတ်တက်နေတာပေါ့ဟာ (မှန်ပါ့) နောက်က ဒကာ ဒကာမတွေလဲ နှုတ်တက်နေကြတာပဲ၊ ဖွားငြိမ်းကြီးတို့ကော ဖွားမြတို့ကော မတက်ဘူးလား (မှန်ပါ့)။
နိဗ္ဗာန် ရ-ရပါလို၏ဘုရား၊ ဝဋ်ဘဝတိုတိုနဲ့ ဤဆွမ်း, ဤကွမ်းကြောင့်ဆိုပြီး ခန္ဓာတော့ နည်းနည်းမှ မလှည့်ဘူး၊ လှည့်သေးရဲ့လား (မလှည့်ပါ) မလှည့်ဘဲနဲ့ဆိုတော့ နှလုံးသွင်းက မှန်ရဲ့လား (မမှန်ပါ) မမှန်ရင် မရပါဘူး (မှန်ပါ့) မရပါဘူး လိုချင်မှန်း လူသိရုံပဲရှိမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘုရားဆီသွားပြီး ခုံတင်တယ်
ဒါနဲ့ အရှင်ဘူမိဇက အခုအဖြေအတိုင်း ဖြေပြီးသည်၏ အခြားမဲ့၌ ကျောင်းတော်ပြန်သွားပြီး ဘုရားကို သွားလျှောက်တယ်၊ တပည့်တော် မြို့ထဲ ဆွမ်းခံသွားတုန်းဘုရား ဇယသေနမင်းသားက တိတ္ထိတွေဆီက သူ နည်းရပြီး တော့ မေးပါတယ်တဲ့၊ တောင်းပြီး သကာလ ယူလဲ နိဗ္ဗာန်မရဘူးတဲ့၊ မတောင်းဘဲယူလဲ နိဗ္ဗာန်မရဘူး၊ တောင်းချည်တလှည့် မတောင်းချည်တလှည့်နဲ့နေလဲ နိဗ္ဗာန်မရနိုင်ဘူး၊ မတောင်းသည်မဟုတ်၊ တောင်းသယောင်နဲ့နေလဲ နိဗ္ဗာန်မရနိုင်ဘူး၊ အဲဒါ အရှင်ဘုရား ဘုရားက ဘယ်လိုများဟောသတုန်း-လို့ တပည့်တော်ကို မေးလိုက်ပါတယ်၊
တပည့်တော်လဲ ကိုယ် ဉာဏ်ရှိသလောက် ဖြေလိုက်ပါတယ်၊ နှလုံးသွင်းမှားလို့ မရတာဖြစ်ပါလိမ့်မယ်၊ နှလုံးသွင်းမှန်လို့ရှိရင်ဖြင့် တောင်းလဲရမှာပဲ မတောင်းလဲရမှာပဲ၊ တပည့်တော် ဒီလိုဖြေခဲ့ပါတယ် (မှန်ပါ့) ဒါ တပည့်တော်အဖြေဟာ မှားပါသလား-တဲ့၊ ခုံတင်သေးတာ ကိုး (မှန်ပါ့) ဘုရားဆီသွားပြီး ခုံတင်တယ် (မှန်ပါ့)။
ဘုရားက ကွာ-ငါ ဥပမာကလေးတခု ပြောပါမယ်ကွာ-တဲ့၊ ဘုရားကိုယ်တိုင်ထွက်လာတာပဲ (မှန်ပါ့) ဆီဆုံ တခုတည်းမှာ သဲတွေကို ရေတွေနဲ့ဆေးပြီးတော့ထည့်ပြီး နွားနဲ့လည့်ပြီး ကြိတ်ချင်ကြိတ်၊ စက်နဲ့ကြိတ်ချင်ကြိတ်၊ ဆီထွက် စေသတည်း-လို့ ဆုတောင်းပြီးကြိတ်၊ မထွက်ပါဘူး-တဲ့၊ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဆီမထွက်စေသတည်း ဆိုရင်လဲ (မထွက်ပါ ဘုရား) မထွက်ဘူးဟုတ်လား(မှန်ပါ့) ဆီထွက်ချင်လဲ ထွက်၊ မထွက်ချင်လဲနေဆိုလဲ (မထွက်ပါ ဘုရား) ဘယ်နည်းနဲ့မှ မထွက်နိုင်ဘူး၊ ထွက်နိုင်စရာအကြောင်း မြင်သေးရဲ့လား (မမြင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် အခု ဘုရားကပေးလိုက်တဲ့ ဥပမာဟာ သိပ်ကောင်းပါတယ်၊ မောင်အောင်မြ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။
သဲတွေရေဆေးပြီး
ဆီဆုံထဲမှာ သဲတွေရေဆေးပြီး ဆီထွက်စေသတည်းလို့ ကြိတ်လဲ မထွက်ပါဘူးတဲ့၊ မထွက်စေသတည်း ဆိုရင် ကော (မထွက်ပါ) ထွက်ချည်တလှည့် မထွက်ချည်တလှည့် ဖြစ်ပါစေသတည်းဆိုရင်ကော (မထွက်ပါ) ဘာ့ကြောင့်တုန်း ဆိုတော့ ဆီထွက်တဲ့ အမျိုးမဟုတ်ဘူး၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်လိုပါလိမ့် (ဆီထွက်တဲ့ အမျိုးမဟုတ်ပါ ဘုရား) ဒါဖြင့် တောင်း-မတောင်းတာ လိုရင်း ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။
ကဲ-ငါတခု ဥပမာပြမယ်ကွာ-တဲ့၊ နွားနို့လိုချင်တဲ့ ပုဂ္ဂိုလ်ဟာ နွားချိုကို သွားညှစ်မယ်တဲ့၊ နို့ကိုတော့မညှစ်ဘူး၊ ချိုကိုသွားညှစ်မယ်၊ နို့ထွက်စေသတည်းဆိုပြီး ညှစ်လဲ မရပါဘူးကွ-တဲ့၊ ရိပ်မိပလား (ရိပ်မိပါပြီ) မထွက်စေသတည်းလို့ ညှစ်လဲ (မရပါ) ဘယ်လိုညှစ်ညှစ် (မရပါ) တောင်းညှစ်-မတောင်းညှစ် (မရပါ ဘုရား)။
နောက်က ဒကာ ဒကာမတွေ ဘာကြောင့်တုန်း ဆိုလို့ရှိရင်ဖြင့် သူနှလုံးသွင်းလွဲနေလို့ (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ ဘုရား)။
ကောင်းပြီ-တဲ့၊ ဒါဖြင့် မောင်အောင်ချီတို့ မောင်အောင်မြတို့ ဦးအောင်ဇံဝေတို့က နှမ်းကိုရေဆေးပြီး ထည့်ကြ ပေတော့ သဲတွေထုတ်ပစ် (မှန်ပါ့) နှမ်းကို ရေဆေးပြီးထည့်ကွာ၊ ရေနွေးကလေး ဘာကလေးနဲ့ထည့်ကွာ၊ စက်နဲ့လှည့်လှည့် နွားနဲ့လှည့်လှည့်-လှည့်ကွာ၊ မထွက်စေသတည်း တောင်းကွာ (ထွက်မှာပါ ဘုရား) ဘာ့ကြောင့်တုန်း (မှန်လို့ပါ) ဆီထွက်တဲ့ အမျိုးမို့ (မှန်ပါ့) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။
ဒါဖြင့် ဆီမထွက်တဲ့အမျိုးတုန်းကလဲ ဘယ်လိုဆုတောင်းတောင်း မထွက်ခဲ့ဘူး (မှန်ပါ့) ဆီထွက်တဲ့ အမျိုးကျတော့ လဲ တောင်းလဲထွက်မှာပဲ၊ မတောင်းလဲ (ထွက်မှာပါ ဘုရား)။
ဒါဖြင့် ဘုရားပေးတော်မူတဲ့ဥပမာ မောင်အောင်ချီ တယ် ကောင်းတယ် (မှန်ပါ့) အမျိုးမှန်ရင်တော့ ရမှာပဲဟေ့ -တဲ့ (မှန်ပါ့) တောင်း-မတောင်း လိုရင်းမဟုတ်ဘူး (မှန်ပါ့ ဘုရား) အမျိုးမမှန်ရင်တော့ (မရပါ ဘုရား)။
ရှင်ဘူမိဇဖြေတာ တည့်တာပေါ့
ဒါဖြင့် ရှင်ဘူမိဇဖြေတာ တည့်တာပေါ့ (မှန်ပါ့) နှလုံးသွင်းမှန်လို့ရှိရင်ဖြင့် တောင်းလဲ နိဗ္ဗာန်မရပါဘူး-တဲ့ မတောင်းလဲ (မရပါ ဘုရား) သဘောကျပလား (ကျပါပြီ) နှလုံးသွင်းသာမှန်မယ်ဆိုလို့ရှိရင်ဖြင့်-တဲ့ တောင်းလဲ (ရမှာ ပါ ဘုရား) ရမှာပဲနော် (မှန်ပါ့) ဘာဖြစ်လို့တုန်း ဆီဆုံထဲ နှမ်းထည့်ကြိတ်သကိုးဗျ၊ ထွက်စေသတည်းဆိုလဲ ထွက်ရမှာပဲ၊ မဟုတ်ဘူးလား (မှန်ပါ့) မထွက်စေသတည်းဆိုလဲ (ထွက်ရမှာပါပဲ ဘုရား)။
ထွက်မှာပဲဆိုတော့ ဒါဖြင့် ယနေ့ညတရားမှာ အမျိုးမှန်ဖို့ အရေးကြီးတယ် (မှန်ပါ့) နှလုံးသွင်းမှန်ဖို့ (အရေးကြီးပါ တယ် ဘုရား) နောက်က ဒကာ ဒကာမတွေ နားလည်ကြရဲ့လား (နားလည်ပါတယ်) ဘာအရေးကြီးပါလိမ့် (နှလုံးသွင်းမှန် ဖို့ အရေးကြီးပါတယ် ဘုရား)။
ဒါဖြင့် နှလုံးသွင်းမှန်ဖို့ အရေးကြီးတယ်ဆိုတာလဲ ဘုရားကလဲ ၁-နံပါတ် ဥပမာနဲ့ကို ပြလိုက်တယ် (မှန်ပါ့) ရှင်ဘူမိဇကို ဒီအတိုင်းသာ မင်းဖြေကွ-တဲ့၊ ဒီလိုများ ဖြေလိုက်လို့ရှိရင် မင်းတို့ ဆွမ်းအုပ်တစ်အုပ် အရင်တည်နေတဲ့ ဥစ္စာ ဆထက်ထမ်းပိုး တိုးတက်ပြီး ကြည်ညိုလို့ ပိုတည်လိမ့်ဦးမယ်တဲ့ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ) အမျိုးမှန်ရင် ပြီးတာပဲ။
ဒါကြောင့် ဒကာ ဒကာမတွေ ကြားဖြတ်ဆုံးမလိုက်ပါတယ်၊ ဘာတွေညာတွေ ဆုတောင်းမနေနဲ့တော့၊ ဒီနေ့ဖြင့် တရားထိုင်ပြီး တရားထူး၊ တရားမြတ်နဲ့ တွေ့ရပါလို၏ လုပ်မနေနဲ့၊ ရှည်မနေနဲ့၊ လျှာတွေရှည်တာ မောတာပဲ (မှန်ပါ့) ဟုတ်ပလား (မှန်ပါ့) ဒီခန္ဓာထဲမှာ အနိစ္စရှိလို့ အနိစ္စတွေ့လို့ရှိရင် ဒါ-နှလုံးသွင်းမှန်ပြီ (မှန်ပါ့) ဖြစ်ပျက်ရှိလို့ ဖြစ်ပျက်နဲ့ ဉာဏ်တွေ့ရင် (နှလုံးသွင်းမှန်ပါတယ် ဘုရား)။
နှလုံးသွင်းမှန်ဖို့ရာသာ အဓိက
နှလုံးသွင်းမှန်သွားပြီ နဂိုက ဒါရှိတာကိုး၊ နဂိုက အနိစ္စကိုးဗျ (မှန်ပါ့) အနိစ္စရှိလို့ အနိစ္စသိပြီဆိုရင် ဦးဘသန်း ဆုတောင်းနေဖို့ လိုသေးသလား (မလိုပါ ဘုရား) တော်တော်ကြာကျတော့ အနိစ္စမြင်ပြီး တော်တော်ကြာ အနိစ္စမုန်းတဲ့ ဉာဏ်တက်မှာပဲ (မှန်ပါ့) တော်တော်ကြာ အနိစ္စဆုံးတော့ နိစ္စနိဗ္ဗာန် မလာပေဘူးလား (လာပါတယ် ဘုရား) ဒါဖြင့် နှလုံးသွင်းမှန်ဖို့ရာသာ အဓိက (မှန်ပါ့)။
ဘယ်လိုမှတ်ကြမယ် (နှလုံးသွင်းမှန်ဖို့ရာသာ အဓိကပါ) အေး အသက်အရွယ်ကြီးကုန်ပြီ၊ နောက်က အဖွားကြီး တွေလဲ တို့ဆုတောင်းတွေဟာ နှလုံးသွင်းမမှန်ဘဲနဲ့ ဘုရားရှေ့မှာ ဘာမှ နှလုံးမသွင်းဘဲနဲ့ ဆုတောင်းနေတာ (မှန်ပါ့) ဘာများ နှလုံးသွင်းပြီး တောင်းသလဲ၊ မောင်အောင်မြတို့ မင်းတို့ ဆွမ်းတော်ပွဲ ကိုင်ပြီးတော့၊ ဆွမ်းတော်ပွဲဟာ ဆွမ်းတော် ဘုဉ်းပေးပါလို့ပြောတာ၊ ခန္ဓာကိုယ် နှလုံးသွင်းတာ ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် နှလုံးသွင်းက ဆွမ်းကို အရှင်ဘုရား လှူဒါန်းပါ၏ဆိုတော့ ဆွမ်းကို နှလုံးသွင်းပြီးလှူတာ (မှန်ပါ့) ခန္ဓာထဲမှာရှိတာကို နှလုံးသွင်းတည့်တာ ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား) မဟုတ်လို့ရှိရင်ဖြင့် ကုသိုလ်ကတော့ ရမှာပဲ၊ နိဗ္ဗာန်တော့ (မရပါ ဘုရား) နှလုံးသွင်းမတည့်သေးဘူး (မှန်ပါ့) ရှင်းပြီးနော် (ရှင်းပါပြီ ဘုရား)။
ဒီနေရာမှာပဲ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာဆိုတဲ့ ခင်ဗျားတို့ ဆွမ်းလှူတာတောင် သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာနဲ့ ဒီငါးခုနဲ့ ပြည့်စုံမှ ကိုယ်လိုချင်တဲ့ဆီ လောကီအကြောင်းပြည့်တာ (မှန်ပါ့) ဒါမပါရင် ပြည့်ဖို့တောင် ခဲယဉ်းသတဲ့ (မှန်ပါ့)။
လောကီတောင်းတာတောင်မှ
ကဲ-လောကီတောင်းတာတောင်မှ အင်္ဂါဘယ်နှစ်ချက်တုန်း (ငါးချက်ပါ) သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ (မှန်ပါ့ ဘုရား) ဒီငါးချက်နဲ့ပြည့်စုံမှ လောကီကြောင်းပြည့်တယ်၊ ဒါ ဥပရိပဏ္ဏာသမှာ လာတယ်နော် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။
ဒီဟာလဲ မပါဘူး နှလုံးသွင်းကလဲ မှားနေဦးမယ်ဆိုရင်တော့ဖြင့် ဘယ်လိုဆုတောင်းပြည့်သွားသွား ခဲယဉ်းတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) သဘောကျပြီ (ကျပါပြီ ဘုရား)။
ဒါဖြင့် ဆီဆုံထဲ နှမ်းထည့်ကြိတ်ပါ၊ မတောင်းနဲ့ ဆီထွက်စေသတည်းလို့၊ ဘယ့်နှယ်တုန်း (ဆီထွက်ပါတယ်) ထွက်မှာပဲ၊ သူ့အမျိုးမှန်နေတာကိုး (မှန်ပါ့)။
ဘယ်လိုဆိုကြမယ် (သူ့အမျိုးမှန်ပါတယ်) အဲ-သူ့အမျိုးမှန်ဖို့ ဒကာ ဒကာမတွေကို ဘုန်းကြီးကပေးထားတယ်၊ ခင်ဗျားတို့ ခန္ဓာထဲမှာ အနိစ္စဟာ အမျိုးမှန်ပဲ (မှန်ပါ့) အနိစ္စမှတပါး ခန္ဓာကိုယ်ထဲမှာ ဘာရှိသေးသတုန်း (မရှိတော့ပါ ဘုရား) အဲဒါကိုသာ ခင်ဗျားတို့က ဉာဏ်နဲ့ကြည့်ပြီး သကာလ အနိစ္စမြင်အောင် ကြည့်ဖို့ဟာ နှလုံးသွင်းမှန်အောင် ကြည့်ပါ (မှန်ပါ့) ကျုပ်နိဗ္ဗာန်ရ-ရပါလို၏လို့ ဆုတောင်းမနေနဲ့ (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်ရ-ရပါလို၏လို့ ဆုတောင်းမနေနဲ့၊ နှလုံးသွင်းမှန်လို့ရှိရင် နိဗ္ဗာန်ရ-ရမယ် (မှန်ပါ့)။
ဦးဘသန်း နှလုံးသွင်းမှန်ရင် (နိဗ္ဗာန်ရပါတယ် ဘုရား) အနိစ္စတွေ့ရင် နှလုံးသွင်းမှန်-မမှန် (မှန်ပါတယ် ဘုရား) ဒါဖြင့် ရတော့မှာပဲဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
အဲဒီတော့ ဖြစ်ပျက်တွေ့တဲ့ပုဂ္ဂိုလ်များ နိဗ္ဗာန်မှ ရပါ့မလားဆိုတာ ယနေ့ ဒီသံသယဖျောက်နော် (မှန်ပါ့ ဘုရား) တွေ့ရင်ရတော့မယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဖြစ်ပျက်တွေ့ရင်ဖြင့်
ဖြစ်ပျက်တွေ့ရင်ဖြင့် (နိဗ္ဗာန်ရပါမယ် ဘုရား) နိဗ္ဗာန်ရတော့မယ်၊ ဘာဖြစ်လို့တုန်း၊ နှလုံးသွင်းမှန်သွားလို့၊ မတောင်းဘဲနေလဲ ရမှာပဲ (မှန်ပါ့) တောင်းလဲ (ရမှာပါ ဘုရား) ဒီဉာဏ်က တက်သွားအောင် လုပ်လိုက်တာပေါ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ယထာဘူတဉာဏ်ဆိုတာ ဖြစ်ပျက်မြင်တဲ့ ဉာဏ်ပဲ (မှန်ပါ့) နိဗ္ဗိဉာဏ်ဆိုတာ ဖြစ်ပျက်မုန်းတဲ့ဉာဏ်ပဲဆိုတော့ တက်သွားပြီပေါ့ (မှန်ပါ့ ဘုရား) မဂ်ဉာဏ်ဆိုတာတော့ ဖြစ်ပျက်အဆုံးမြင်တဲ့ဉာဏ်ဆိုတာ တက်မသွားဘူးလား (တက် သွားပါတယ် ဘုရား) ပဌမအတက်လဲမှန်တော့ ဟိုဘက် မဂ်စစ်ကျအောင် တက်သွားတာပဲ (မှန်ပါ့) ဝိပဿနာမဂ် လောကုတ္တရာမဂ်ကျအောင် တက်သွားတယ် ကိုယ့်ဉာဏ်ထဲမှာ (မှန်ပါ့) မတက်ဘူးလား (တက်ပါတယ် ဘုရား)။
ဒါတော့ မောင်အောင်ချီတို့ မောင်မြတို့က ဘယ်လိုဆုံးဖြတ်ချက်ချမတုန်း၊ ဘယ့်နှယ်ကြောင့် မဂ်ဉာဏ်ကျအောင် တက်သွားပါလိမ့် နိဗ္ဗာန်မြင်တဲ့ဆီရောက်အောင် (နှလုံးသွင်းမှန်လို့ပါ ဘုရား) နဂိုက ဉာဏ်နဲ့ စိုက်ကြည့်လိုက်ကတည်းက ဖြစ်ပျက်ရှိလို့ ဖြစ်ပျက်တွေ့ပေါ့တဲ့ (မှန်ပါ့ ဘုရား)။
ယောနိသော မနသိကာရဖြစ်ပြီ
ဖြစ်ပျက်ရှိလို့ (ဖြစ်ပျက်တွေ့ပါတယ် ဘုရား) ဖြစ်ပျက်တွေ့ကတည်းက ဒါ ယောနိသော မနသိကာရဖြစ်ပြီ၊ ယောနိသောမနသိကာရဆိုတာ အနိစ္စကို အနိစ္စ၊ ဒုက္ခကို ဒုက္ခ၊ အနတ္တကို အနတ္တလို့သိလို့ရှိရင် ဒါ ယောနိသော မနသိကာရချည့်မှတ်ပါ (မှန်ပါ့ ဘုရား)။
အယောနိသော မနသိကာရကတော့ အနိစ္စကို နိစ္စထင်တယ်၊ ဒုက္ခကို သုခထင်တယ်၊ အနတ္တကို အတ္တထင်တယ်၊ ဒါက အယောနိသောမနသိကာရ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။
ဒါဖြင့် အယောနိသောမနသိကာရနဲ့ဆိုရင် ဘယ်လိုပဲတောင်းတောင်းမရဘူး၊ မတောင်းလဲမရဘူး (မှန်ပါ့)။
ဖြစ်ပျက်တွေ့တဲ့ ပုဂ္ဂိုလ်မှန်က ယောနိသောမနသိကာရ ၁-နံပါတ် စ,တည့်တယ်၊ (မှန်ပါ့) မတည့်ဘူးလား (တည့်ပါတယ် ဘုရား) အဲဒီပုဂ္ဂိုလ်ကျတော့ ဒကာ ဒကာမတွေက ဘယ်လို ဆုံးဖြတ်ချက် ချမလဲ (ဆုတောင်းဖို့မလိုပါ) ဒီဆုတောင်းတွေ ဖြုတ်လိုက် (မှန်ပါ့ ဘုရား)။
ဖြစ်ပျက်တွေ့တဲ့ပုဂ္ဂိုလ် ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (နိဗ္ဗာန်ရပါတယ်) နိဗ္ဗာန်သေသေချာချာ ရမယ် (မှန်ပါ့) ဘာဖြစ်လို့တုန်း နှလုံးသွင်းမှန်သွားလို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဆုတောင်းနေဖို့ လို-မလို (မလိုပါ) မတောင်းဘဲနေလဲ (ရပါတယ်) မတောင်းလဲရမှာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) တောင်းလဲ (ရပါတယ် ဘုရား)။
နှလုံးသွင်းမှန်ရင် ပြီးတာပဲ
ဒါဖြင့် တောင်းတာ လေတောင်ကုန်သေးတယ် (မှန်ပါ့) နှလုံးသွင်းမှန်ရင် ပြီးတာပဲ (မှန်ပါ့) ဦးဘသန်း ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (နှလုံးသွင်းမှန်ရင် ပြီးပါတယ်) တောင်းနေဖို့ (မလိုပါဘူး)။
ခုနင်က ဥပမာမှာ မြတ်စွာဘုရားဟောတာ သိပ်ပြီးတော့ ဟပ်သွားတယ်နော် (မှန်ပါ့) နှမ်းထည့်ကြိတ်နေတာ မတောင်းလဲ ထွက်မှာပဲ တောင်းလဲ ထွက်မှာပဲ၊ ဟုတ်လား (မှန်ပါ့)။
ဒါဖြင့် ထွက်မည့်အတူတူဖြင့် လေကုန်မခံနဲ့တော့ ဆီထွက်စေသတည်းလို့ တောင်းဖို့လိုသေးသလား (မလိုတော့ ပါ) ဘာဖြစ်လို့တုန်း ထွက်မှာက သေချာတယ် (မှန်ပါ့) အမျိုးမှန်ထည့်တယ် (မှန်ပါ့)။
ဒီမှာလဲ နှလုံးသွင်း အမျိုးမှန်ထည့်ပြီးလို့ရှိရင် နိဗ္ဗာန်ရမှာပဲ (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ ဘုရား)။
နှလုံးသွင်းအမျိုးမှန်ကိုသာ ခင်ဗျားတို့ ထည့်ကြိတ်တော့ နိဗ္ဗာန်တည်းဟူသော ဆီကတော့ ထွက်ရမှာပဲ၊ မထွက်ပါနဲ့ဆိုလို့ (မရပါ) အဲ လျှာရှည်နေပြီး နှလုံးသွင်းမမှန်ရင်တော့ (မရနိုင်ပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဘုရားရှေ့မှာသွားပြီး လျှာရှည်မနေပါနဲ့၊ နိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်က ခန္ဓာနှလုံးသွင်းမှန်ရင် ရပါလိမ့်မယ် (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ ဘုရား)။
ရှည်လိုက်တဲ့လျှာ
ဘယ်လိုပါလိမ့် (နှလုံးသွင်းမှန်ရင် ရမှာပါ) ဆရာတုတ်တို့များ လျှာရှည်သေးတယ်နော် (မှန်ပါ့) မရှည်ဘူးလား (ရှည်ပါတယ်) ရှည်လိုက်တဲ့လျှာမှ နည်းတဲ့လျှာမဟုတ်ဘူး၊ ဦးအောင်ဇံဝေကြီးတို့ ဘုရားရှိခိုးတော့ ဘုရားရှိခိုးရှည်တာလား ဆုတောင်းရှည်တာလားသာ မေးကြည့်တော့ (ဆုတောင်းရှည်တာပါ ဘုရား) ဆုတောင်းရှည်တာ (မှန်ပါ့ ဘုရား)။
ကာယကံ, ဝစီကံ, မနောကံတို့ဖြင့် ရှိခိုးပါ၏ဆိုတော့ ဘုရားရှိခိုးဆုံးပါတယ် (မှန်ပါ့) ရှိခိုးရသော အကြောင်း အားကြောင့်ဆိုတော့ ဟိုဘက်ဘုရားရှိခိုးလား-ဆုတောင်းလား (ဆုတောင်းပါ ဘုရား) အဲဒီတော့ ဘုရားရှိခိုးနဲ့ ဆုတောင်း ဘယ်ဟာက ရှည်ထားသတုန်း (ဆုတောင်းက ရှည်ထားပါတယ် ဘုရား)။
ဟာ-ခင်ဗျားတို့ဟာ ခက်နေပြီကော-ဟင် (မှန်ပါ့ ဘုရား) အင်မတန်ခက်နေပြီ (ခက်ပါတယ်) ပြီးတော့ ခင်ဗျားတို့ က နောက်ကများနေပြီး သာဓုခေါ်လိုက်သေးတယ်၊ ဘုရားရှိခိုး သိပ်ရတာပဲတဲ့ (မှန်ပါ့) ဘုရားရှိခိုး သိပ်ရတာပဲတဲ့ သူတို့လဲ ဘယ်တော့များ ရရပါ့မတုန်းတဲ့၊ ဘယ်ဘုရားရှိခိုးတာမှ သိပ်မပါဘဲ ဆုတောင်းကရှည်နေတာ (မှန်ပါ့) ကိုယ်လို ချင်တာတွေ လျှောက်ပြောနေတာက ရှည်နေတာ (မှန်ပါ့) ဘုရားရှိခိုးတာကတော့ ရှိခိုးပါ၏တွင် ဆုံးတယ် (မှန်ပါ့)။
ကဲ မယုံရင် ရှိခိုးကြည့် ဦးဘသန်းကြီး (မှန်ပါ့) ဘယ်မှာ ဆုံးသတုန်း (ရှိခိုးပါ၏တွင် ဆုံးပါတယ်) ဒီပြင် နောက်ကဟာတွေက ဘာတွေဆိုမတုန်း (ဆုတောင်းတွေပါ) ဆုတောင်းတွေ နှလုံးသွင်းမှန်ရဲ့လား (မမှန်ပါ ဘုရား)။
မမှန်ဘူးတဲ့၊ အဲဒီတော့ ခင်ဗျားတို့ဟာ ခင်ဗျားတို့ချင်း ချီးမွမ်းနေတာကလဲ မျက်စိမမြင်တဲ့လူကို မျက်စိမမြင်တဲ့ လူက တခါတည်း ပညာသင်နေတာနဲ့ သိပ်တူတယ် (မှန်ပါ့ ဘုရား)။
မမြင်တဲ့လူကို မမြင်တဲ့လူက သင်နေလို့ရှိရင်
မျက်စိမမြင်တဲ့လူကို (ပညာသင်နေတာနဲ့ တူပါတယ်) တယောက်က ဘာတုန်း၊ မမြင်တဲ့လူ၊ မမြင်တဲ့လူကို မမြင်တဲ့လူက သင်နေလို့ရှိရင်ဖြင့် အထမြောက်စရာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။
ဒီမှာလဲ ရှေ့ကလူကလဲ ဘုရားရှိခိုးပဲ မှတ်နေတာပဲ ဟိုမှာ ရှည်နေတာကိုး မဟုတ်ဘူးလား (မှန်ပါ့) ငါလဲနောက် ကို ဒီလိုခိုးတတ်အောင်တော့ ရှည်ဦးမှပဲဆိုတော့ ဘုရားရှိခိုးရှည်တာလား ဆုတောင်းထပ်သင်တာလား (ဆုတောင်းထပ် သင်တာပါ ဘုရား) ဘုရားရှိခိုးတော့ အတူတူပဲ၊ ရှိခိုးပါ၏တွင် လမ်းဆုံးကြတာပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘယ်မှာလမ်းဆုံးသတုန်း (ရှိခိုးပါ၏တွင် လမ်းဆုံးပါတယ်) ရှိခိုးပါ၏ဆိုကတည်းက မောင်အောင်ချီ ကုန်နေပြီ ကွ (မှန်ပါ့) အရှင်ဘုရားအား ကာယကံ၊ ဝစီကံ၊ မနောကံတို့ဖြင့် ရိုသေလေးမြတ်စွာ ရှိခိုးပါ၏ဆိုရင် မောင်မြ ပြီး သွားတာပဲ (မှန်ပါ့) နောက်ရှည်တာတွေဟူသ၍ကား ဘာဆိုကြမယ် (ဆုတောင်းပါ) အဲဒါပါ ခင်ဗျားတို့က ဘုရားရှိခိုးထဲ ထည့်နေတာ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။
ဦးဘသန်းကြီးတို့ ဒါတွေ ဘုရားရှိခိုးထဲ ထည့်သေးသလား (ထည့်ပါတယ် ဘုရား)။
ထည့်တုန်းပဲ (မှန်ပါ့) အံမာလေး အဲဒါဘုရားရှိခိုးမဟုတ်ဘူးတဲ့၊ ဒီဥစ္စာက တောင့်တတဲ့ တဏှာပါ (မှန်ပါ့) ဘုရားရှိခိုးက ဘာတုန်းမေးတော့ ယုံကြည်တဲ့သဒ္ဓါနဲ့ ကမ္မဿကတ ဉာဏ်ပဲပါတယ်၊ တဏှာမပါဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘုရားကိုယုံကြည်တဲ့ သဒ္ဓါနဲ့ဟုတ်လား၊ ကောင်းတာလုပ် ကောင်းကျိုးပေးတယ်ဆိုတဲ့ ကမ္မဿကတဉာဏ်နဲ့ ဒီနှစ်ခုပဲပါတယ် တဏှာမပါဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီမှာ ခင်ဗျားတို့က အဝိဇ္ဇာနားမလည်တော့ ဆုတောင်းတဏှာကို ဘုရားခိုရှိးထဲထည့်ထားတယ် (မှန်ပါ့) ရှင်းမနေဘူးလား (မှန်ပါ့) ဘာထည့်ထားသတုန်း (ဆုတောင်းတဏှာကို ထည့်ထားပါတယ်) ဘုရားရှိခိုးထဲ ထည့်ထား တယ်၊ မဟုတ်ဘူးလား (မှန်ပါ့) အဲဒီတော့ မလွဲဘူးလား လွဲသလား (လွဲပါတယ် ဘုရား)။
တဏှာ ဆုတောင်းရှည်နေတာ
ဒါဖြင့် အားလုံး တပုဒ်လုံး ဘုရားရှိခိုးပဲလား ဟုတ်လား မေးဖို့လိုလာတယ်၊ ဆုတောင်းရှည်နေတာလား၊ ဘုရားရှိခိုးရှည်နေတာလား မေးရင် ဘယ့်နှယ်ဖြေကြမလဲ (တဏှာ ဆုတောင်းရှည်နေတာပါ ဘုရား)။
ဦးအောင်ဇံဝေ ဘုရားရှိခိုးရှည်နေတာလား၊ တဏှာချဲ့နေတာလား (တဏှာချဲ့နေတာပါ ဘုရား)။
အဲဒါ ခင်ဗျားတို့က နောက်က-နေများ တယ်ရတဲ့လူဟေ့ သာဓုခေါ်လို့ရှိရင်ဖြင့် သာဓုခေါ်တော့ ဘယ့်နှယ်တုန်း တည့်ရဲ့လား (မတည့်ပါ ဘုရား) ဘုရားရှိခိုးမှတ်နေလို့ သူက ရမ်းခေါ်လိုက်တာ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့) ကဲ သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ နိဗ္ဗာန်ရောက်ချင်တဲ့ပုဂ္ဂိုလ်၊ ဒုက္ခခပ်သိမ်းငြိမ်းချင်တဲ့ ပုဂ္ဂိုလ်ဟုတ်လား၊ ဒုက္ခဟူသ၍ မြူမျှ မတွေ့ချင်တဲ့ပုဂ္ဂိုလ်ဟာ နိဗ္ဗာန်ရောက်မှပဲ မတွေ့မှာပဲ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့)။
အဲဒီ နိဗ္ဗာန်ရောက်ချင်လို့ရှိရင် တခြားဘာမှအရေးမကြီးဘူး၊ နှလုံးသွင်းမှန်ဖို့ပဲ အရေးကြီးတယ် (မှန်ပါ့) မပေါ်ကြသေးဘူးလား (ပေါ်ပါပြီ ဘုရား)။
နိဗ္ဗာန်ရောက်ချင်ရင်
နိဗ္ဗာန်ရောက်ချင်ရင် (နှလုံးသွင်းမှန်ဖို့ အရေးကြီးပါတယ်) နှလုံးသွင်းမှန်ဆိုတာ ခန္ဓာဉာဏ် စိုက်လိုက်သည်နဲ့ တပြိုင်နက်တည်း ငါးမိနစ်နဲ့ပဲတွေ့တွေ့ ဟုတ်လား၊ ဆယ်မိနစ်နဲ့ပဲတွေ့တွေ့ ဖြစ်ပျက်တွေ့မှ နှလုံးသွင်းမှန်တော့မပေါ့ (မှန်ပါ့)။
ဘာကြောင့်တုန်းဆိုတော့ “ယောနိသောမနကသိကာရန္တိ အနိစ္စ အနိစ္စန္တိ ဒုက္ခေ ဒုက္ခန္တိ အနတ္တေ အနတ္တန္တိ” ဆိုတော့ ဪ-အနိစ္စ ဒုက္ခ ဖြစ်ပျက် စမြင်,မှ နှလုံးသွင်းက မှန်တာကိုး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါကြောင့် နှလုံးသွင်းမမှန်လို့ရှိရင် ခင်ဗျားတို့ ဆုတောင်းလဲမရပါဘူး နိဗ္ဗာန်ကို (မှန်ပါ့) ဆုမတောင်းလဲ (မရပါ) ဘာလွဲနေသတုန်း (နှလုံးသွင်းလွဲနေပါတယ်) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဘုရားရှိခိုးနေတဲ့အဓိပ္ပါယ်၊ ဆုတောင်းနေတဲ့အဓိပ္ပါယ်ကဖြင့် ဆီဆုံထဲ သဲထည့်ကြိတ်နေတာပဲ (မှန်ပါ့) လိုချင်တာက ဆီမဟုတ်ဘူးလား (မှန်ပါ့)။
လိုချင်တာက (ဆီပါ ဘုရား) ဆီနဲ့တူတဲ့ နိဗ္ဗာန်၊ ထည့်ကြိတ်တာက သဲဆိုတဲ့ နှလုံးသွင်းမှားကို ထည့်ကြိတ်တယ် (မှန်ပါ့)။
ဘာထည့်ကြိတ်သလဲ (သဲထည့်ကြိတ်ပါတယ်) သဲက နှလုံးသွင်းမှားပေါ့ဗျာ (မှန်ပါ့) ဆီထွက်လိမ့်မယ်မှတ်ပြီး ထည့်တာကိုး (မှန်ပါ့) နှလုံးသွင်းမမှားသေးဘူးလား (မှားပါတယ်)။
သဲကိုထည့်ပြီး တနေလုံးကြိတ်
ဒါဖြင့် အဖွားငြိမ်းတို့ အဖွားမြတို့ ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား) သဲကိုထည့်ပြီး တနေလုံးကြိတ်၊ မီးတောင်ဖြစ် လာလိမ့်ဦးမယ်၊ ဆီတော့မထွက်ပေဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒီနေ့ ဆရာဘုန်းကြီးက ဘာပြင်ပေးပါလိမ့်မတုန်းဆိုတာတော့ ပေါ်လောက်ပါပြီ (ပေါ်ပါပြီဘုရား နှလုံးသွင်းပြင်ပေးတာပါ) နှလုံးသွင်းပြင်ပေးတာ၊ တောင်းဖို့-မတောင်းဖို့ကို လိုရင် မထားတော့ဘူး (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ) ဘာအရေးကြီးထားသတုန်း (နှလုံးသွင်းမှန်ဖို့ အရေးကြီးထားပါတယ် ဘုရား)။
နှလုံးသွင်းမှန်ကို အရေးတကြီးထားတယ်ဆိုတော့ နှလုံးသွင်းမှန်ဆိုတာက ဘယ်က စ,ရမှာတုန်းဆိုတော့ ခန္ဓာကို ဉာဏ်နဲ့ထည့်လိုက် ဖြစ်ပျက်တွေ့ရင် နှလုံးသွင်းမှန်ပြီ။
ခန္ဓာကို ဉာဏ်နဲ့တည့်လိုက်လို့ (ဖြစ်ပျက်တွေ့ရင် နှလုံးသွင်းမှန်ပါတယ်) ဖြစ်ပျက်တွေ့ရင် မှန်တယ်၊ နှလုံးသွင်း မှန်ကိုလဲ စကေးကိုက်ပြောလိုက်ပါမယ် (မှန်ပါ့) နှလုံးသွင်းမှန်ဆိုတာ ဘာပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့ ခန္ဓာကိုယ် ဖြစ်ပျက်တွေ့ရင် နှလုံးသွင်းမှန်ပြီ မောင်မြ (မှန်ပါ့) ဖြစ်ပျက်မတွေ့သေးဘူး လှလိုက်တာ၊ ချောလိုက်တာ ဆိုလို့ရှိရင် နှလုံးသွင်းမှားပြီ (မှန်ပါ့)။
နှလုံးသွင်းမှန်တာနဲ့ မမှန်တာဟာ အတော်ခြားနားသွားပြီ (မှန်ပါ့) မခြားနားဘူးလား (ခြားနားပါတယ် ဘုရား)။
နိဗ္ဗာန် ရ-မရ ခြားနားတယ်
ဘယ်လောက်ထိအောင် ခြားနားသတုန်းလို့ အမေးထုတ်တော့မှ ဟုတ်လား နိဗ္ဗာန် ရ-မရ ခြားနားတယ် (မှန်ပါ့) ဘယ်လိုခြားနားသတုန်း (နိဗ္ဗာန်ရ-မရ ခြားနားပါတယ် ဘုရား)။
အဲဒါကြောင့် မင်းတို့ ဆွမ်းဒကာတွေ မနက်ကို ဆွမ်းကျွေးမည့်သူတွေ နှလုံးသွင်းမှန်မှန် သွင်းထားပါ၊ ရှင်းပလား မောင်ဘဦး (ရှင်းပါပြီ ဘုရား)။
အေး-နှလုံးသွင်း မှန်မှန်သွင်းထားလို့ရှိရင်တော့ ရမှာပဲ (မှန်ပါ့) နှလုံးသွင်းမှန်မှန် မသွင်းလို့ရှိရင် (မရပါ) မရနိုင်ဘူးဆိုတာ သေချာပလား (သေချာပါပြီ) ကဲ-ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် နှလုံးသွင်းမှားနဲ့ ဘာနဲ့တူသတုန်းဆိုတော့ ဆီဆုံထဲ သဲထည့်ကြိတ်တာနဲ့ တူတယ် (မှန်ပါ့) ဘယ်တော့မှ ဆီမထွက်ဘူး (မှန်ပါ့) နှလုံးသွင်းမှန်တဲ့ပုဂ္ဂိုလ်ဟာ ဆီဆုံထဲ နှမ်းထည့်ကြိတ်တာနဲ့ (တူပါတယ်) တူတော့ ထွက်စေသတည်း မထွက်စေသတည်း လိုသေးသလား (မလိုပါ ဘုရား)။
အဲဒီတော့ “စေသတည်း” ဆိုတဲ့ ဆုတောင်းကလိုရင်းလား၊ နှလုံးသွင်းမှန်က လိုရင်းလား (နှလုံးသွင်းမှန်ဖို့က လိုရင်းပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် နှလုံးသွင်းမှန်ဆိုတာ ဒီလိုလုပ်ပါတဲ့၊ ခန္ဓာကိုယ်အပေါ်မှ အနိစ္စဆိုတာလဲ သူပဲ၊ ဖြစ်ပျက်ပဲ၊ ဒုက္ခဆိုတာ ကော (ဖြစ်ပျက်ပါပဲ) အနတ္တဆိုတာကော (ဖြစ်ပျက်ပါပဲ ဘုရား) ရောဂါရယ်လို့ ရှုဆိုတာကော (ဖြစ်ပျက်ပါပဲ) ရောဂါရယ် လို့ဖြစ်ပြီး သေနေတာပဲ၊ မဟုတ်ဘူးလား (မှန်ပါ့) အနာတွေရယ်လို့ ကြည့်လိုက်ပြန်တော့လဲ ခဏခဏ အနာပေါက်ပြီး သေခြင်းဆိုး သေနေတာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဖြစ်ပျက်တလုံးမိလို့ရှိရင်
အဲဒီတော့ ဖြစ်ပျက်တလုံးမိလို့ရှိရင် ဒီတောလေးဆယ် အကုန်ပါသွားတာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဖြစ်ပျက်တွေ့မှ နှလုံးသွင်းမှန်မယ်၊ နှလုံးသွင်းမှန်မှ နိဗ္ဗာန်ရမယ် (မှန်ပါ့) နှလုံးသွင်းမှားနဲ့ဆိုရင် (မရပါ ဘုရား)။
ဒါဖြင့် နှလုံးသွင်းမှားသည် ဆီဆုံထဲ သဲထည့်ကြိတ်တာနဲ့ တူတယ် (မှန်ပါ့) ထွက်ပါစေသတည်းလို့ ဆုတောင်းလဲ မထွက်ပါဘူး၊ မထွက်ပါစေသတည်းဆိုရင်လဲ (မထွက်ပါ ဘုရား) ဘာဖြစ်လို့တုန်း နှလုံးသွင်းမှားပြီ (မှန်ပါ့)။
နှမ်းထည့်ကြိတ်တဲ့ ပုဂ္ဂိုလ်သည် ဒကာ ဒကာမတို့ မထွက်စေသတည်းဆိုလဲ (ထွက်ပါတယ် ဘုရား) ထွက်စေ သတည်းဆိုလဲ (ထွက်ပါတယ် ဘုရား) သူက ဘာတုန်း (နှလုံးသွင်းမှန်ပါတယ် ဘုရား)။
ဖြစ်ပျက်တွေတွေ့ရင် နှလုံးသွင်းမှန်ပြီ
ဒါဖြင့် ခင်ဗျားတို့ ယနေ့ညဆုံးမတာသည် ဟိုကျတော့ ထိုင်ကြပါ-တဲ့၊ နှလုံးသွင်းမှန်ဟာ ဘယ်အခြေအနေ ငါရောက်တယ်ဆိုတာ သိတော့ ခန္ဓာထဲမှာ ဟိုနေရာက ယားတာလဲ ဖြစ်ပျက်ပဲ၊ ဒီနေရာက နာတာလဲဖြစ်ပျက်ပဲ၊ မြင်စိတ်ကလေးကလဲ ဖြစ်ပျက်ပဲ၊ ကြားစိတ်လဲ ဖြစ်ပျက်ပဲ၊ ဖြစ်ပျက်တွေတွေ့ရင် နှလုံးသွင်းမှန်ပြီ၊ ဆုမတောင်းနဲ့တော့ တခါတည်း သူ နိဗ္ဗာန်ရောက်တော့မယ် (မှန်ပါ့)။
တော်တော်ကြာ ဖြစ်ပျက်မုန်းတဲ့ဉာဏ်ကို လိုက်မလာဘူးလား (လိုက်လာပါတယ် ဘုရား) တော်တော်ကြာ ဖြစ်ပျက်ကို မလိုချင်တဲ့ဉာဏ်ကော (လိုက်လာပါတယ်) မလိုချင်တဲ့ဉာဏ်လာတော့ နိဗ္ဗာန်မမြင်ပေဘူးလား (မြင်ပါတယ် ဘုရား) အဲဒါ ဘာပြုလို့တုန်းမေးရင် ဘယ့်နှယ်ဖြေကြမလဲ (နှလုံးသွင်းမှန်လို့ပါ ဘုရား)။
ဒါဖြင့် နှလုံးသွင်းမှန်ရင် ဆုမတောင်းနဲ့ (မှန်ပါ့) ပါးစပ်က မနေနိုင်လို့ တောင်းနေကျမို့ တောင်းလဲ နှလုံးသွင်းမှန် ပြီး တောင်းရင်တော့ ရမှာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) မတောင်းဘဲနေကော (ရမှာပါပဲ ဘုရား) ရမှာပဲဆိုတာ ယနေ့ည သေချာပလား (သေချာပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု …သာဓု …သာဓု။