လူမိုက်နဲ့ လူလိမ္မာထူးခြားပုံ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မိုးကုတ်မြို့ မင်္ဂလာတိုက်၌ ဟောကြား ဆုံးမတော်မူသော
လူမိုက်နဲ့ လူလိမ္မာထူးခြားပုံ
မဂ္ဂဗြဟ္မစရိယအကျင့်မှတပါး အားကိုးစရာ မရှိကြောင်း
ညအလုပ်ပေးတရားတော်
(၃၀-၄-၆၂)
အဝိဇ္ဇာက သစ္စာမသိဘူး
ဒီနေ့တော့ ဥပုသ်နေ့ကြီးမို့ မှန်မှန်ကန်ကန်နဲ့ နက်နက်နဲနဲပဲ ပြောရမယ် (မှန်ပ့ါ)။
နိဒါနဝဂ္ဂသံယုတ်ပါဠိတော်ကြီးမှာ ဒကာ ဒကာမတွေ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သိစေချင်တာနဲ့ ရဟန်းတွေကို မေးလိုက်တယ်ကွာတဲ့ လောကကြီးမှာ လူမိုက်ဆိုတဲ့ပုဂ္ဂိုလ်လည်း နောက်ဘဝက မသိတဲ့ အဝိဇ္ဇာ၊ သစ္စာမသိ တဲ့ အဝိဇ္ဇာကြောင့် တဏှာ နဲ့ ဆုတောင်းပြီးတော့ ထိုက်တန်တဲ့ အလှူကလေး လှူပြီး လူဖြစ်လာကြတယ်ကွာ တဲ့။
အဝိဇ္ဇာက သစ္စာမသိဘူးပါဗျာ၊ အနာဂတ်ဘဝ ဘာဖြစ်လိမ့်မယ်လို့ သိရဲ့လား (မသိပါ ဘုရား)။
အနာဂတ်ဘဝမှာ အို၊ နာ၊ သေ လာလိမ့်မယ်လို့ သူမသိဘူး၊ မသိတာနဲ့ဘဲ အဝိဇ္ဇာနဲ့ မသိတာနဲ့ တဏှာက လူ့ဘဝတော့ သားရေး၊ သမီးရေး ရှုပ်လှတယ်၊ နတ်ဘဝ အေးပါတယ်ဆိုပြီး သကာလ နတ်ဘဝရောက်ကြောင်း ကုသိုလ်တွေ လုပ်တဲ့ပြီး သကာလ နတ်ပြည်ဆုတောင်းတယ်၊ သေသည်၏ အခြားမဲ့၌ နတ်ကောင်ဖြစ်လာတယ်၊ ဒါသစ္စာမသိတဲ့လူတဲ့ ဦးအောင်ဇံဝေ ရိပ်မိပလား သစ္စာမသိလို့ ဖြစ်ရတယ် (မှန်လှပါ ဘုရား)။
ကဲ လူလိမ္မာမှာလည်းကွာ တဲ့ နောက်ဘဝက ဒီလိုပဲ သစ္စာမသိဘူး၊ မသိတာနဲ့ပဲ ကုသိုလ်ပြုပြီး သကာလ လူ့ဘဝ လိုချင်လို့ လူ့ဘဝရတာပဲ။
ဒီဘဝတော့ သူလိမ္မာပါတယ်တဲ့၊ လိမ္မာပင် လိမ္မာငြားသော်လည်း နောက်ဘဝတော့ အဝိဇ္ဇာ တဏှာကြောင့် လူဖြစ်လာတာပဲ၊ အဲဒီလူနှစ်ယောက် ဘာထူးသတုန်း တဲ့ (မထူးပါ ဘုရား)။
ဗာလပဏ္ဍိတသုတ်
မထူးဘူး၊ ဒီဘဝမှာသာ ထူးတယ်၊ ဗာလပဏ္ဍိတသုတ်တဲ့၊ ဗာလက လူမိုက်၊ ပဏ္ဍိတက ပညာရှိ၊ သူတို့နှစ်ယောက် ဟာလာပုံက နောက်ဘဝကတော့ အတူတူပဲဟေ့တဲ့၊ ဒီဘဝကျမှ တစ်ယောက်က လူမိုက်ဖြစ်တယ်၊ ဘာမှမသိတဲ့လူမိုက်၊ တစ်ယောက်က လူလိမ္မာဖြစ်လာတယ်တဲ့၊ နောက်ဘဝတော့ မထူးခဲ့ကြဘူးတဲ့၊ ထူးသေးရဲ့လား (မထူးပါ ဘုရား)။
အဝိဇ္ဇာ တဏှာကြောင့် ဖြစ်တာပဲ၊ လူလိမ္မာလည်း ဒါကြောင့်ဖြစ်တာပဲ၊ ခန္ဓာရလာတာ၊ လူမိုက်လည်း အဝိဇ္ဇာ တဏှာကြောင့် ဒီဘဝ လူခန္ဓာရကြတာပဲဆိုတော့ ကဲ အခုပဲ ရှင်းကြပါစို့ ရွာထဲမှာ တေလေလုပ်ပြီး ဘိန်းရှူနေတဲ့ လူတွေလည်း အဝိဇ္ဇာ တဏှာကြောင့် သူတို့လူဖြစ်လာတာပဲ၊ အခု တရားနာနေတဲ့ဘုန်းကြီးတို့ လူလိမ္မာတွေလည်း နောက်ဘဝကတော့ အဝိဇ္ဇာ တဏှာနဲ့ ဆုတောင်းလာကြလို့ ဒီခန္ဓာကြီး ရကြတာပဲ (မှန်ပါ ဘုရား) ဘာထူးသတုန်းကွာ တဲ့ ခန္ဓာရပုံချင်း ဘာထူးသတုန်းတဲ့၊ ခန္ဓာရပုံချင်းတော့ မထူးပါဘူးတဲ့။
လာပုံမှာ တူနေကြတယ်
ကဲ ဒါဖြင့် လာပုံမှာ တူနေကြတယ်ဆိုတာ ရိပ်မိကြပြီနော် (မှန်ပ့ါ) လူမိုက်လည်း အဝိဇ္ဇာ တဏှာကြောင့် လာခဲ့တာပဲ (မှန်ပ့ါ) လူလိမ္မာရော (အဝိဇ္ဇာ တဏှာကြောင့် လာပါတယ် ဘုရား)၊ အဝိဇ္ဇာ တဏှာကြောင့် လူဖြစ်လာတာပဲ ဆိုတာမောင်မြတို့ မှတ်ထားရမယ် (မှန်ပ့ါ)။
ဒီဘဝကျမှ လူမိုက်နဲ့ လူလိမ္မာ နှစ်မျိုးကွဲလာတာတဲ့ နောက်ဘဝက လာပုံကတော့ အတူတူပဲတဲ့ (အတူတူပါပဲ ဘုရား) မောင်အောင်ချီကော ရိပ်မိရဲ့လား (ရိပ်မိပါတယ် ဘုရား)။
ကွာတဲ့ လူမိုက်နဲ့ လူလိမ္မာ ဘာထူးသတုန်းလို့ မင်းတို့ရဟန်းတွေ ငါမေးလိုက်ပါတယ် တဲ့၊ ရဟန်းတွေက အဖြေနိုင်ဘူး၊ ဦးအောင်ဇံဝေ မဖြေနိုင်ဘူး (မှန်ပါ့)။
တပည့်တော်များဘုရားတဲ့၊ ကဿပဘုရား လက်ထက်ကတည်းက ကဿပဘုရား လက်ထက်ဆိုတော့ ဂေါတမ ဘုရား မပွင့်ခင်ပေ့ါဗျာ (မှန်ပ့ါ ဘုရား) တရားတွေက ကွယ်ပျောက်ပြီးလာတာ မြေကြီးပဲ ပျမ်းမျှကြေး တစ်ဆယ့်သုံးမိုင် တက်လာတော့ တရားကွယ်လာတာက ကြာလှပြီ၊ အခုမေးတဲ့ တရားကို တပည့်တော်တို့ ဖြေတတ်ဘို့ အင်မတန် ခဲယဉ်းပါတယ်တဲ့၊ အဲဒီတော့ အရှင်ဘုရားပဲဖြေပါ၊ အရှင်ဘုရားပဲ အားကိုးရာရှိတယ်၊ အရှင်ဘုရားမှ တစ်ပါးလည်း ထုတ်ဖော်ပေးမည့်သူ မရှိပါဘူးတဲ့။
အေး ဒါဖြင့် ကောင်းကောင်း နာကြကွာ တဲ့၊ ရိုရိုသေသေနာကြဟေ့ဆိုပြီး ဘုရားက သူဟောမယ်တဲ့ (မှန်ပ့ါ) ရဟန်းတွေကတော့ အဖြေမထွက်နိုင်တော့ဘူး (မှန်ပ့ါ)။
ဦးဘသန်း ရိပ်မိပလား (မှန်ပ့ါ) ကွယ်တာ ကြာခဲ့ပြီတဲ့ ကဿပဘုရားလက်ထက်ကတည်းက ကွယ်ခဲ့တာ၊ အဲဒီတော့ မောင်အောင်ချီတို့ လှညွန့်တို့ နောက်က ဒကာ ဒကာမတွေ ဪ ကွယ်တာဟာ အခု ပေါ်လာတာပဲ၊ ပေါ်လာတာကလေး အချိန်မီလိုက်မှတော်မယ်၊ မဟုတ်ဘူးလား (မှန်လှပါ ဘုရား)။
ပေါ်လာတာကလေး မမိလိုက်ရင် သွားရောပေါ့ (မှန်ပ့ါ ဘုရား) နောက်က ဒကာ ဒကာမတွေပေါ်တာ မမိလိုက် ရင် သွားပြီနော် (မှန်ပ့ါ) ခင်ဗျားတို့ အခုအချိန်ကလေး မိတယ်လို့ ယူပါ (မှန်ပါ့)။
ကဲ ငါဟောမယ်ကွာတဲ့၊ လူမိုက်က ဒီဘဝမှာ မဂ္ဂဗြဟ္မစရိယ အကျင့်ကို မကျင့်ဘူးကွတဲ့၊ လူလိမ္မာက မဂ္ဂဗြဟ္မစရိယအကျင့်ကို ကျင့်တယ်တဲ့ ဒါထူးတယ်ကွတဲ့ (မှန်လှပါ ဘုရား)။
မဂ္ဂဗြဟ္မစရိယအကျင့်ကို ကျင့်တာ
ဒီဘဝမှာ မဂ္ဂဗြဟ္မစရိယအကျင့်ကို ကျင့်တာက မောင်အောင်ချီ လူလိမ္မာနော် (မှန်ပ့ါ) မဂ္ဂဗြဟ္မစရိယအကျင့်ကို မကျင့်တာက (လူမိုက်ပါ ဘုရား)။
နောက်က ဒကာ ဒကာမတွေ မှတ်လိုက်ပါ၊ မဂ္ဂဗြဟ္မစရိယအကျင့်ဆိုတာ အခု ဦးအောင်ဇံဝေတို့ လုပ်နေတဲ့ မဂ်နဲ့ရှုနေတဲ့ အလုပ်ပဲ (မှန်ပ့ါ) ဦးဘသန်း ရိပ်မိပလား (မှန်ပ့ါ) ဒါကိုဟောလာတာ။
အဲဒီတော့ ဒီဘဝမှာ မဂ္ဂဗြဟ္မစရိယ အကျင့်ဆိုတဲ့ ဖြစ်ပျက်နဲ့ မဂ်နဲ့ကိုက်အောင် လုပ်နိုင်တဲ့လူဟာဖြင့် သူက လူလိမ္မာကွတဲ့ (မှန်ပ့ါ) ဒါရှိမှန်းတောင် မသိတဲ့ပုဂ္ဂိုလ်က (လူမိုက်ပါ) လူမိုက်ပဲ၊ နောက်က ဒကာမကြီးတွေ သေသေချာချာ မှတ်ပါ (မှန်ပ့ါ) အေး သေသေချာချာမှတ်ကြပါနော် (မှန်ပါ့ ဘုရား)။
ဒါဖြင့် မင်းတို့အခု ဆရာဘုန်းကြီးက နေ့တိုင်းခေါ်ပြီးဆုံးမတယ်၊ မဂ္ဂဗြဟ္မစရိယအကျင့် မကျင့်ပဲနေတဲ့ အချိန်ဟာ ဘာအချိန်ဘာလိမ့်မတုန်းလို့ ကိုယ့်ကိုကိုယ် နာရီနဲ့ဝေဘန်လိုက်တာပေါ့နော် (မှန်ပ့ါ) မိုက်ချက်ပဲ (မှန်ပ့ါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မဂ္ဂဗြဟ္မစရိယအကျင့်ကို ကျင့်ပြီး သကာလ ဖြစ်ပျက်နဲ့ မဂ်နဲ့ကိုက်အောင်လုပ်တဲ့ အချိန်ဟာ လိမ္မာတဲ့အချိန် (မှန်ပ့ါ) ရှင်းကြပလား (ရှင်းပါပြီ) ဒါဖြင့် မိုက်ချိန် လိမ္မာချိန်လည်း မင်းတို့ခွဲတတ်ကြပလား (ခွဲတတ်ပါပြီ ဘုရား)။
မိုက်ချိန် လိမ္မာချိန်လည်း ခွဲတတ်ပါပြီတဲ့၊ ဒါဖြင့် လိမ္မာတော့ ဘယ်လိုအကျိုးရှိသတုန်း မိုက်တော့ ဘယ်လိုအကျိုး ပျက်စီးသတုန်းလို့ တခါမေးဖို့လိုလာသေးတယ် (လိုပါတယ် ဘုရား)။
လိမ္မာတဲ့ ပုဂ္ဂိုလ်ကကွာတဲ့ မဂ္ဂဗြဟ္မစရိယအကျင့်ကို ကျင့်လိုက်တော့ နောက်အပါယ်ပဋိသန္ဓေ အပါယ်နေဖို့၊ နတ်ပြည် ပဋိသန္ဓေနေဖို့၊ ဗြဟ္မာ့ပြည်အဋိသန္ဓေနေဖို့ မရှိဘူးကွတဲ့ (မှန်ပါ့)၊ ဇာတိ ဒုက္ခသစ္စာ ရှိသေးရဲ့လား (မရှိပါ ဘုရား) မရှိတော့ ဇရာ ဗျာဓိတွေလာအုံးမလား (မလာပါ ဘုရား)။
လူမိုက်က နောက်ပဋိသန္ဓေနေတယ်
ဪ ဒါဖြင့် လူမိုက်က နောက်ပဋိသန္ဓေနေတယ် (မှန်ပ့ါ ဘုရား) လူလိမ္မာက (မနေပါ ဘုရား) နောက်ပဋိသန္ဓေ မနေဘူးတဲ့ (မှန်ပါ့ ဘုရား) ကဲ ရှင်းမသွားဘူးလား (ရှင်းပါတယ် ဘုရား)။
ဒါဖြင့် ဒို့နားလည်မှု အကျယ်တဝင့် ပြောကြစို့ဆိုတဲ့ အခါကျတော့ လူမိုက်က နောက်ဒုက္ခရတယ်၊ လူလိမ္မာက နောက်ဒုက္ခရတယ်၊ လူလိမ္မာက နောက်ဒုက္ခမရဘူး (မှန်ပ့ါ) ဦးဘသန်း ရှင်းပြီ (ရှင်းပါပြီ ဘုရား)။
နောက်က ဒကာ ဒကာမတွေ ဘာတဲ့တုန်း (လူမိုက်ကနောက်ပဋိသန္ဓေဒုက္ဓရပါတယ်) အေး လူမိုက်က နောက် ပဋိသန္ဓေဒုက္ခရမယ်၊ လူလိမ္မာက ဒုက္ခဇာတ်သိမ်းသွားတယ် (မှန်ပ့ါ) မကွာခြားဘူးလား (ကွာခြားပါတယ် ဘုရား)။
အဲဒါ မဂ္ဂဗြဟ္မစရိယအကျင့် ကျင့်တဲ့ပုဂ္ဂိုလ်နဲ့ မကျင့်တဲ့ပုဂ္ဂိုလ် ကွာခြားတယ်ကွာတဲ့ (မှန်ပ့ါ) ကဲ မောင်အောင်ချီ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဪ ဒါဖြင့် ဒို့ဆရာဘုန်းကြီးပြောနေတာ ဒို့ ဒုက္ခသိမ်းဖို့ သူပြောနေရှာတာကိုး၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား) ဒုက္ခသိမ်းဖို့ ဟောနေတာ။
နောက်က ဒကာ ဒကာမတွေ ဘာဟောနေတာတုန်း၊ ဒုက္ခသစ္စာသိမ်းဖို့နော် (မှန်ပါ့) ဒုက္ခက ဆင်းရဲတာ၊ သစ္စာက မှန်တာဆိုသဖြင့် ဆင်းရဲတာ အမှန်ကြီးမလာရင် ဒါပြီးသွားတာပဲ (မှန်ပ့ါ)။
ဪ ဒါဖြင့် ဒီလမ်းဟာ လမ်းမှာပဲ၊ မဂ္ဂဗြဟ္မစရိယအလုပ်ကို လုပ်မှသာလျှင် လူလိမ္မာဖြစ်ပြီး နောက်ဇာတ်သိမ်း မှာပဲ (မှန်ပါ့) မောင်အောင်မြ မဂ္ဂဗြဟ္မစရိယအကျင့်ကို မကျင့်ရင် မင်း လူလိမ္မလည်းမဖြစ်ဘူး၊ နောက်ဒုက္ခရော၊ (လာအုံးမှာပါပဲ ဘုရား) နောက်ဒုက္ခလည်း မသိမ်းနိုင်တော့ဘူး၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
အားကိုးရာအစစ်ပေးနေတာ
ဪ ဒါဖြင့် ယနေ့ ဆရာဘုန်းကြီးက အားကိုးရာအစစ်ပေးနေတာပါကလား (မှန်ပ့ါ) ဦးဘသန်း ဘယ့်နှယ်ဆိုပါ့ မလဲ (အားကိုးရာ အစစ်ပေးနေတာပါ ဘုရား) အားကိုးရာအစစ်ပေးနေတာ၊ အားကိုးရာအစစ်နဲ့ ချမ်းသာအစစ်ကို ပေးနေတာ (မှန်ပ့ါ)။
အားကိုးရာအစစ်နဲ့ ချမ်းသာအစစ်ကို ဒီလိုလုပ်ပါကွလို့ပေးပြီးနေတော့ အင်း တော်သေးရဲ့ တော်သေးရဲ့၊ ဘယ်တော့မှ မသိမ်းနိုင်တဲ့ဒုက္ခကို သိမ်းဖို့ရာ နည်းလမ်းပြပြီးထားတော့ မဂ္ဂဗြဟ္မစရိယအကျင့် ကျင့်ရမတဲ့၊ နို့မဟုတ်လို့ ရှိရင်ဖြင့် ဒီဘဝသေပြီးလည်း နောက်ဘဝကျလည်း သေရုံပဲ (မှန်ပ့ါ ဘုရား) ဒီဘဝနာပြီးရော (နောက်ဘဝနာရမှာပါ ပဲ ဘုရား) ဒီဘဝအိုပြီးတော့ရော (နောက်ဘဝလည်း အိုရမှာပါပဲ ဘုရား) အိုရမှာပဲ၊ ဒီဘဝ ပဋိပသန္ဓေဆင်းရဲ့ နဲ့ကြုံပြီး ပြန်ရော (နောက်လည်း ကြုံရမှာပါ ဘုရား) နောက်လည်း ကြုံရအုံးမှာပဲ (မှန်ပါ့ ဘုရား) သူ့မှာ ဆင်းရဲလက်စပြတ်တဲ့လား (မပြတ်ပါ ဘုရား) ဆင်းရဲလက်စ မပြတ်ဘူး။
အဲဒီတော့ကို ဆင်းရဲလက်စပြတ်ချင်ကြလို့ရှိရင်ဖြင့် မဂ္ဂဗြဟ္မစရိယအကျင့် ကျင့်မှပြတ်မယ် (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာလုပ်ကြရမလဲ (မဂ္ဂဗြဟ္မစရိယအကျင့်ကို ကျင့်ရပါမယ်) မဂ္ဂ=မဂ်၊ ဗြဟ္မစရိယ=မြတ်တာ၊ မြတ်တဲ့မဂ်အကျင့် ကို ကျင့်ပါ (မှန်ပ့ါ) ဆိုတော့ လှညွန့်တို့ ကျေနပ်ဖို့ကောင်းပါတယ် (မှန်ပ့ါ)။
ဪ ဒါဖြင့် မဂ္ဂဗြဟ္မစရိယ အကျင့်မှတစ်ပါး ဒို့ကို ကယ်မည့်သူ ယူမည့်သူမရှိဘူးဆိုတာ ယနေ့ပေါ်သွားတယ် (မှန်ပါ့) အပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
နောက်ပိုင်းတွင်းတူးသလို ဖြစ်နေမှာ စိုးရတယ်
နို့မဟုတ်လို့ရှိရင်ဖြင့် နောက်ပိုင်းတွင်းတူးသလို ဖြစ်နေမှာ စိုးရတယ်၊ နောက်ပိုင်းတွင်းတူးတာ ဒီနှစ်တူးပြန် လည်း ဒီကွေ့ပဲတူးတာပဲ၊ နောက်နှစ် ဘယ်နေ့ရာတူးမှာတုန်းကွလို့ မေးပြန်တော့ ဒီမြေထပ်တင်မှာပဲ၊ ပြိုကျတဲ့မြေထပ် တင်ပဲ ဆိုတော့ သူဟာ မောသာမောနေရတယ် လိုရင်းကိစ္စပြီးပါ့မလား (မပြီးပါ ဘုရား)။
မောင်အောင်မြေ မင်းလည်း မြင်မှာပေ့ါကွာ တစ်နှစ်တော့လည်း ဒီစာတိုက်ကွေ့တူးနေတာပဲ၊ နောက်တစ်နှစ် လာပြန်တော့ရော ဒီစာတိုက်ပဲ ဒါထပ်တူနေတာပဲ။
အဲဒီလိုဖြစ်ပြီး သကာလ နေတော့ ဒီဒကာ ဒကာမတွေမှာလည်း တစ်နေ့သော်လည်း အမိဝမ်းခေါင်းထဲရောက် လိုက်၊ အိုလိုက်၊ နာလိုက်၊ သေလိုက်၊ နောက်ဘဝကျပြန်တော့လည်း အမိ ဝမ်းခေါင်းထဲရောက်လိုက်၊ အိုလိုက်၊ နာလိုက်၊ သေလိုက်ဆိုတော့ ဪ ဒို့မှာ ချို့ယွင်းချက် ရှိလို့ပဲဆိုတာ ပေါ်ရမယ် (ပေါ်ပါတယ် ဘုရား)။
ဒီအိုလမ်း၊ နာလမ်း၊ သေလမ်းကို မသိမ်းနိုင်တာ၊ ပူဆွေးလမ်းကို မသိမ်းနိုင်တာ၊ စိုးရိမ်လမ်းတွေ မသိမ်းနိုင် တော့၊ သား ဒုက္ခ၊ သမီးဒုက္ခတွေနဲ့ အမျိုးမျိုးကြုံပြီး သကာလ စိတ်မချမ်းသာခြင်း လက်မချမ်းသာခြင်း ကြုံရတာတွေ ယူသ၍ ခန္ဓာရှိလို့ ခန္ဓာပွားတာ (မှန်ပ့ါ) ခန္ဓာပွားလို့ ဒုက္ခလာတာ (မှန်ပ့ါ) ရိပ်မိရဲ့လား (ရိပ်မိပါတယ် ဘုရား)။
ဒါဖြင့် မွေးမိလို့ ဒုက္ခရောက်တာ၊ မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဘယ့်နှယ်ဆိုကြမလဲ (မွေးမိလို့ ဒုက္ခရောက်တာပါ ဘုရား) မွေးမိလို့ ဒုက္ခရောက်တာ (မှန်ပ့ါ)။
မွေးမိအောင် ဘယ်သူက လုပ်သတုန်းလို့ မေးတဲ့အခါကျတော့ မိမိကပဲ လူဖြစ်ရပါလို၏၊ နတ်ဖြစ်ရပါလို၏ ဆုတောင်းတယ် သားသမီးပွားလာအောင် (မှန်ပ့ါ)။
ဒါဖြင့် ကလေးအပြစ်လား လူကြီးအပြစ်လား (လူကြီးအပြစ်ပါ ဘုရား) ပေါ်ပြီကွ။
လူကြီးအပြစ်
နောက်က ဒကာ ဒကာမတွေ ကလေးအပြစ်လား လူကြီးအပြစ်လား (လူကြီးအပြစ်ပါ ဘုရား) ကိုယ်ကခန္ဓာရ အောင်တောင်းမိလို့ ခန္ဓာပွားပေါ်လာတာ (မှန်ပ့ါ)။
ခန္ဓာပွားပေါ်လို့ပဲ ဒုက္ခရောက်ရတယ်ဆိုတော့ မင်းတို့က တွေးနေတာက ကလေးတွေကဘုရား အခုကာလ ကလေးတွေက မလိမ္မာဘူးတဲ့၊ ကိုယ်မလိမ္မာတာကိုတော့လည်း ထည့်စမ်းစားတာမဟုတ်ဘူး (မှန်ပါ့ ဘုရား) ရိပ်မိရဲ့လား (ရိပ်မိပါတယ် ဘုရား)။
ကဲ ဘယ်သူက စပြီး မလိမ္မတာတုန်း၊ ကိုယ်ကစပြီး မလိမ္မာတာ မောင်အောင်မြင်ရဲ့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
နောက်က ဒကာမကြီးတွေရော (ကိုယ်က စပြီးမလိမ္မာတာပါ ဘုရား) ကိုယ်ကစပြီး မလိမ္မာတာကို အို အခုလား သမီးတွေ ကလေးတွေများတော့ တပည့်တော်ကို ရွံ့ပါ့၊ မုန်းပါ့၊ အမမိဘ ဆရာသမားစကားတစ်လုံးမှ နားထောင်တာ မဟုတ်ဘူး၊ ထင်ရာသွားနေကြတာပဲ။ ဒုက္ခပဲ သူတို့နဲ့ နေရတာ၊ နောက်များ မတွေ့ပါရစေနဲ့။
ဟာ မလုပ်ကြနဲ့လေကွာ၊ မင်းတို့က ခန္ဓာဆုတောင်းတော့တွေ့အုံးမှာပဲ (မှန်ပ့ါ) ဘယ့်နှယ်ဆိုကြမလဲ (ခန္ဓာဆု တောင်းရင် တွေ့အုံးမှာပါ) ခန္ဓာဆုတောင်း တွေ့အုံးမှာပဲ။
ဒါ့ကြောင့် ယနေ့ည လှညွန့်တို့ မန္တလေးကိစ္စရှိတယ်၊ မောင်အောင်မြက မန္တလေးကိစ္စရှိတယ်၊ အဲဒါ သူတို့ အပြစ်တို့ ဆိုကိုမဆိုနဲ့ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဘယ်သူ့အပြစ်လဲ (ကိုယ့်အပြစ်ပါ) ကိုယ့်အပြစ်ပါကွ၊ ဒါဖျောက်ပစ်ကြပါလို့ဆိုတာ နှစ်ဦးစလုံးပဲ သတိပေးတယ် (မှန်ပါ့ ဘုရား)။
မဂ္ဂဗြဟ္မစရိယအကျင့် မကျင့်လို့
ကိုယ်ကမဂ္ဂဗြဟ္မစရိယအကျင့် မကျင့်လို့ ကိုယ့်ခန္ဓာပေါ်လာတယ်၊ ကိုယ့်ခန္ဓာပေါ်သို့ မနေနိုင်ကြတော့ ခန္ဓာ အပွားတွေက မလာဘူးလား (လာပါတယ် ဘုရား)။
အဲဒီတော့ ဒီခန္ဓာတွေဟာ ဘယ်သူက စမိုက်လို့ မိုက်တာတွေ တိုးလာတာတုန်းဆိုတော့ ရှင်းသွားတယ် (မှန်ပါ့) မရှင်းသေးဘူးလား (ရှင်းပါတယ် ဘုရား)။
ဒါဖြင့် ကိုယ်ကစပြီး မိုက်ပြီး ခန္ဓာဆုတောင်းမိတဲ့အတွက် ခန္ဓာပွားတွေလာတယ် (မှန်ပ့ါ) ခန္ဓာပွားတွေအတွက် စိတ်မချမ်းသာ လက်မချမ်းသာ ထိုက်တန်သလောက် ဖြစ်ကြရတယ် (မှန်ပ့ါ) မဖြစ်ကြရဘူးလား (ဖြစ်ကြရပါတယ် ဘုရား)။
ဖြစ်ကြတော့ မင်းတို့က တစ်ဖက်စောင်းကြီး ရန်တွေ့တယ် (မှန်ပ့ါ) တစ်ဖက်စောင်းဆိုတာ ရိပ်မိလား၊ ကိုယ့်အ ကောင်းထားတယ်၊ သူတို့အဆိုးထားတယ် (မှန်ပ့ါ) စင်စစ်တော့ဖြင့် ကိုယ်ဆိုးပြစ်ကြောင့် ဆိုးမှုတစ်မျိုးပေါ်တယ် (မှန်ပ့ါ)။
မောင်အောင်မြ ရိပ်မိလား (ရိပ်မိပါပြီ) အဲဒါ နှလုံးသွင်းပါဆိုတာကို ဆရာသမားကလည်း ယနေ့သတိပေးတယ် (မှန်ပါ့)၊ မပေးရဘူးလား (ပေးရပါတယ်) နင်တို့လည်း ဒုက္ခလက်စမသတ်သေးပါဘူး၊ မောင်အောင်မြင်လည်း ဒုက္ခတွေ့ နေတာပဲ၊ ဟ ဘာဖြစ်လို့ တွေ့တာတုန်းမေးတော့ ဟာ ကိုယ့်မိုက်ပြစ် (မှန်ပ့ါ)။
ဦးအောင်ဇံဝေ ရိပ်မိပလား (ရိပ်မိပါပြီ) ခင်ဗျား ဂျာမဏီရှိတဲ့သားအတွက် တခါတခါ လှမ်းပူချင် ပူတယ်ဟင် (မှန်ပ့ါ) အိမ်ရှိတဲ့သမီးအတွက်လည်း ပူချင်ပူလိုက်သေးတယ် (မှန်ပ့ါ)။
အင်း သူက မလိမ္မာလို့ ခင်ဗျားက ဘုန်းကြီးလျှောက်ချင်လျှောက်အုံးမှာ (မှန်ပ့ါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အခုမှ လက်သည်ပေါ်လာတာ (မှန်ပါ့) မောင်အောင်ချီတို့ကော ဘယ့်နှယ်တုန်း လက်သည်ပေါ်ပလား (ပေါ်ပါပြီ) ပေါ်ပြီ၊ အရင်းကျကျရှာမှကွ၊ နို့မို့တစ်ဖက်စောင်းကြီး မင်းတို့ဥစ္စာက၊ လှညွန့်တို့အား တစ်ဖက်စောင်းကြီး ဖြစ်နေလို့ ပြောရတာ၊ တစ်ဖက်စောင်းဟာ ကြည့်လို့ကိုမကောင်းဘူး၊ ကောင်းရဲ့လား (မကောင်းပါ ဘုရား)။
တစ်ဖက်မစောင်းကြပါနဲ့
ဒါဖြင့် တစ်ဖက်မစောင်းကြပါနဲ့တဲ့၊ ကိုယ့်ဟာကိုယ် အရင်တည့်လိုက်ရင် ဟိုဟာစောင့်စရာ မလိုတော့ဘူး (မှန်ပ့ါ) လိုသေးသလား (မလိုပါ) သားတွေ၊ သမီးတွေ တည့်စရာလိုသေးသလား (မလိုပါ့) ကိုယ့်ဟာ အရင်တည့်ပစ် လိုက် (မှန်ပါ့ ဘုရား)။
ကိုယ်ကနေ မဂ္ဂဗြဟ္မစရိယအရင်ကျင့်ပစ်လိုက်တော့ မောင်အောင်မြ ခန္ဓာပွားလာသေးရဲ့လား (မလာပါ) မလာလို့ရှိရင်ဖြင့် ကိုယ့်ကတည့်ပစ်လိုက်တဲ့အတွက် သူဇာတ်သိမ်းသွားတာပဲ (မှန်ပ့ါ) သူက စိတ်ယုတ် ပေါ်လာသေးရဲ့ လား (မပေါ်ပါ) ကိုယ်က စမိုက်လို့မိုက်တာတွေ (မှန်ပ့ါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဦးဘသန်းရော သားနဲ့ သမီးနဲ့ပဲ မဟုတ်လား (မှန်ပ့ါ) ဘယ်သူက စမိုက်တာတုန်း (တပည့်တော်က စမိုက်ပါတယ်) အဲ သေချာပြီပေါ့၊ ရိပ်မိပြီနော် (မှန်ပ့ါ) ဒေါ်အေးရင်ကြီးရော ရိပ်မိရဲ့လား (မှန်ပ့ါ) သဘောကျပလား (ကျပါပြီ) ဘယ်သူက စမိုက်တာတုန်း၊ သမီးနဲ့ကိုယ်နဲ့ဟာ (ကိုယ်ကပါ) ကိုယ်က စမိုက်တယ်။
အဲဒီလို အရင်းကျကျရှာတတ်ပြန်တော့လည်း ဦးဘသန်းအဆင်ပြေသွားတယ်၊ တရားတည့်သွားရမယ်၊ တရား မတည့်ခင်ဆိုလို့ရှိရင်တော့ဖြင့် အို ဟုန်းကနဲ ဘယ်လို ညာလို အစရှိသည်နဲ့ အမျိုးမျိုးရှိသလောက် ဒိဋ္ဌိတွေလည်း ပွားလာတာပဲ၊ မပွားဘူးလား (ပွားပါတယ် ဘုရား)။
ဒိဋ္ဌိပွားတော့ကို သူတို့က ကိစ္စမရှိဘူး၊ သူတို့က ပျော်လို့ပါးလို့ပဲ၊ အမေမိဘက အပါယ်သွားနေတယ်၊ ခက်နေတယ် (မှန်ပါ့ ဘုရား)။
အမေမိဘကတော့ အပါယ်သွားနေတယ်
သူတို့ကတော့ ပျော်လို့ပါးလို့ပဲ၊ အမေမိဘကတော့ အပါယ်သွားနေတယ်၊ ဒိဋ္ဌိ၊ ဒိဋ္ဌုပါဒါန်၊ ဒိဋ္ဌိအုပ်ချုပ်တဲ့ကံ တွေက ဇာတိ၊ ဇရာ၊ မရဏဘက် မောင်အောင်မြ မလှည့်ပေဘူးလား (လှည့်ပါတယ် ဘုရား) ဒါဖြင့် သူတို့ကပျော်၊ ကိုယ်ကအပါယ်သွားနေတယ်၊ မင်းတို့ဖြစ်စဉ်လေကွာ (မှန်ပ့ါ ဘုရား)။
သူတို့ကပျော် (မှန်ပ့ါ) ဘာဖြစ်လို့တုန်း ပခုံးလက်နှစ်သစ်က တော်တော်ရှာကျွေးခဲ့ရလို့ သွားရတာလား၊ မဆိုထိုက်ဘူးလား ဆိုထိုက်သလား (ဆိုထိုက်ပါတယ်) တော်တော်ကျွေးခဲ့ မွေးခဲ့လို့ (မှန်ပါ့ ဘုရား)။
ဒါ သေသေချာချာရှင်းမှ လှညွန့်ရ၊ ငါပြောတာ သေသေချာချာမှတ်၊ ဒီထက်မှန်တဲ့တရား မောင်အောင်ချီ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
အေး ဒါကြောင့် ဆရာသမားပြောတာသာ အမှန်ယူ၊ ရပ်က ရွာကပြောတာဟာ အို အပိုချည်းပဲ၊ မသိတဲ့လူက ပြောတာကို မယောက်ပါနဲ့ (မှန်ပ့ါ ဘုရား)။
ဦးဘသန်း ဘာတဲ့တုန်း (မသိတဲ့လူက ပြောတာယောင်မနေနဲ့) မယောင်ရပါဘူးတဲ့၊ ဘာဖြစ်လို့တုန်း လက်သည် အစစ်မဖမ်းတတ်လို့ကိုဖြစ်နေတာ၊ လက်သည်အစစ် ဖမ်းတတ်လို့ရှိရင် မောင်အောင်ချီ ဖြစ်ဖို့လိုသေးသလား (မလိုပါ ဘုရား)။
ဪ ကိုယ့်မိုက်ပြစ်ကြောင့် မိုက်ညွန့်တက်တာကိုးဟုတ်လား (မှန်ပ့ါ) အခုလည်း မိုက်ပင်ကြီးကနေ မိုက်ညွန့် ထွက်လာတာ (မှန်ပ့ါ ဘုရား)။
လှညွန့် ဒီအပြင် ဘာဆိုချင်သေးသတုန်း (မဆိုချင်ပါ ဘုရား) ဆိုစရာမလိုတော့ပါဘူးဆိုတာ မောင်အောင်မြ ပေါ်ပလားကွ (ပေါ်ပါပြီ ဘုရား)။
အဲဒါကြောင့် အကုန်ဆောင် မင်းတို့အားလုံး၊ ဆရာသမားက ဒါဟာ အင်မတန်အကြောင်းအကျိုးလည်း ဆက်ပါတယ်တဲ့၊ ဒီဥစ္စာ မဆက်ဘူးလား ဆက်သလား (ဆက်ပါတယ် ဘုရား)။
ကဲ ဒါဖြင့် ကိုယ်က မဂ္ဂဗြဟ္မစရိယအကျင့်ကို နောက်ဘဝကကျင့်ခဲ့လို့ရှိရင်လည်း ဒီဟာတွေနဲ့ ကြုံဖို့ရှိသေးရဲ့လား (မရှိပါ ဘုရား)။
လူလိမ္မာတဲ့လား လူမိုက်တဲ့လား
သူက မဂ္ဂဗြဟ္မစရိယအကျင့်ကို မကျင့်တော့ ဘုရားက လူလိမ္မာတဲ့လား လူမိုက်တဲ့လား (လူမိုက်ပါ) ဟာ ဒါဖြင့် မင်းတို့မိုက်လို့ တွေ့ကြတာဟေ့ (မှန်ပ့ါ)။
လှညွန့် ဘာဖြစ်လို့ တွေ့တာတုန်း (မိုက်လို့ပါ) မိုက်လို့ တွေ့တာဆိုတာ မဂ္ဂဗြဟ္မစရိယအကျင့်ကို မကျင့်ခဲ့တာကွ (မှန်ပါ့) သဘောကျကြရဲ့လား (ကျပါတယ်) ဘယ်လိုကျင့်သတုန်း မဂ္ဂဗြဟ္မစရိယအကျင့်ကို မကျင့်ခဲ့တာ (မှန်ပါ့)။
ဒါကြောင့် ဒီနေ့ဒီတရား ထုတ်လာတော့ ဦးဘသန်း ရိပ်မိပြီ (မှန်ပါ့) လူမိုက်နဲ့ လူလိမ်မာ ဘာထူးသတုန်းကွ၊ အို နောက်က သူ မဂ္ဂဗြဟ္မစရိယမကျင့်ခဲ့တဲ့အတွက် သူ ဒီဘဝ လူမိုက်လာဖြစ်တယ်။ ဒါကြောင့်မိုက်ညွန့်တွေ တိုးလာ တယ်၊ ဆိုထိုက်သလား (ဆိုထိုက်ပါတယ် ဘုရား)။
အဲဒီတော့ကို ဪ သူတို့က မသိမလိမ်မာသေးလို့ မိုက်တာလား၊ ကိုယ်မိုက်ထားတာက မိုက်ညွန့်တလူလူ ဖြစ်တာလားဆိုတာ အကဲခတ်လိုက်ရင် တည့်သွားပြီ၊ ဘယ်နှယ့်ဆိုကြမလဲ (ကိုယ်မိုက်ခဲ့တာပါ) ကိုယ်မိုက်ထားတာက မိုက်ညွန့်တလူလူဖြစ်လာလို့ ဒီခန္ဓာကြီးရတယ် (မှန်ပါ့)။
ကဲ မောင်အောင်မြ ကျေနပ်ပလား (ကျေနပ်ပါပြီ) ဒါဖြင့် ခန္ဓာ ရ,ထားကတည်းက ကိုယ်က မိုက်ပြစ်သင့် ထားပြီ (မှန်ပါ့ ဘုရား)။
ဦးအောင်ဇံဝေ ဘယ့်နှယ်ဆုံးဖြတ်ချက်ချမတုန်း (ကိုယ်မိုက်ထားတာပါ ဘုရား) အဲ ကိုယ်မိုက်ထားလို့ ကိုယ့် ခန္ဓာ ရနေတာ၊ ကိုယ့်ခန္ဓာရ,ထားလို့ မနေနိုင်လို့ သားတွေ, သမီးတွေပွားကြတယ် မပွားဘူးလား (ပွားပါတယ် ဘုရား)။
မိုက်ညွန့်တွေ သန်လာတာ
ထိုကဲ့သို့ ပွားတော့ကိုအင်း သူတို့က မိုက်တယ်လို့ဆိုမလား ကိုယ်က မိုက်ပင်ကြီး စမ်းကြည့်လို့ မိုက်ညွန့်တွေ သန်လာတာလားဆိုတာ အကဲခတ်လိုက်ရင် တည့်နေတာပဲ၊ လှညွန့် တည့်ပလား (တည့်ပါပြီ ဘုရား)။
ဒါဖြင့် ဒါတွေ တွေးနေဖို့ မလိုတော့ဘူး (မှန်ပါ့ ဘုရား)နောက်က ဒကာဒကာမတွေ ဒါတွေ တွေးနေဖို့ မလို တော့ဘူး (မလိုပါ ဘုရား)။
မလိုတော့ဘူး၊ မလိုတော့ ဘုန်းကြီးက ဒီဒကာဒကာမတွေ အင်မတန် ရင်းရင်းနှီးနှီးနဲ့ အကျိုးစီးပွားအလိုရှိလို့ မနေ့ကလဲပြောခဲ့ပါတယ်၊ ခင်ဗျားတို့က လေးဘက်သွား၊ မီးခဲကလေးမြင်လို့ရှိရင် သွားကိုင်မှာစိုးလို့ လက်လှမ်းဆွဲတာ ပါ ဆိုတာကောမနေ့ကပါသွားတယ် (မှန်ပါ့)။
ဒီမှာလဲတဲ့ ထိုနည်းအတူပဲတဲ့၊ မင်းတို့ နောက်ထပ် ဒုက္ခဒေါမနဿတွေ ဖြစ်ကြဦးမယ်ဆိုလို့ရှိရင် မြွေပါလည်း ဆုံး,သားလည်းဆုံးဖြစ်တယ် (မှန်ပါ့)။
မြွေပါလည်းဆုံး, သားလည်းဆုံးဆိုတာက သားသမီးလဲ အဖတ်ဆည်မရဘူး၊ အမေမိဘလဲ အပါယ်သွားရမယ် (မှန်ပါ့ ဘုရား) ဆိုတော့ ဘယ်ဟာ အမြတ်ထွက်သလဲ (မထွက်ပါ ဘုရား)။
ဘယ်ဟာမှ အမြတ်မထွက်တဲ့ ကျောက်ဝါးကြီးတော့ ရမ်းပြီးတော့ မစွန့်ပါနဲ့တော့၊ လိုသေးသလား (မလိုပါ) ဝါးတာကလဲ သိသိသာသာဝါးနေတာ (မှန်ပါ့)။
ဒီအထဲက မရမ်းစွန့်ဦးမလားကွ၊ အရမ်းစွန့်ပြီး ဝယ်လိုက်ဦးမယ် (မှန်ပါ့) မလိုတော့ပါဘူးကွ၊ ကျောက်ဝါး အရမ်းစွန့်လို့ရှိရင် မိုက်တာ ပိုရုံရှိမှာဘဲ၊ မိုးကုတ်ပြော-ပြောလို့ရှိရင် (မှန်ပါ့)။
နည်းနည်းမှ အသားကို မမြင်ရတဲ့ကျောက်ကို မောင်အောင်မြက အရမ်းစွန့်လို့ရှိရင် အလကားပဲကွ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ကျောက်ဝါးတွေနဲ့ တူလို့
အဲဒီတော့ ဒီသား,ဒီသမီးတွေ ကျောက်ဝါးတွေနဲ့ တူလို့ကိုယ်က အရမ်းစွန့်ဖိုမလိုဘူး၊ မဟုတ်ဘူးလား (မှန်ပါ့) မဝယ်ပဲ ထားလိုက်ရုံပဲ၊ သူတို့ကို မစဉ်းစားပဲ ထားလိုက်ရုံပဲ၊ ထိုက်တန်တဲ့ လောကီဝတ္တရား အတိုင်း ကဲ ဖြစ်လာရင် ဖြစ်သလိုပေါ့ကွာ၊ ကျောက်ဝါးတော့ မစွန့်တော့ပါဘူး၊ ဒီကျောက်ဝါးကြီးနဲ့ နေလို့ရှိရင် အိမ်ရောက်သည့်နေ့စပြီး ဂြိုလ် မွှေတော့မယ်ဆိုတာ သေချာနေပြီ၊ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ကြပ်ကြပ်ကွမ်းညှပ်နဲ့ ညှပ်လေလေ မျက်ရည်ကျလေလေ ဖြစ်နေဦးမှာပေါ့ကွာ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် လူမိုက်နဲ့လူလိမ်မာ ဘာထူးသတုန်းကွဆိုတော့ ဒီဘဝကွာတဲ့ မဂ္ဂဗြဟ္မစရိယအကျင့်ကို ကျင့်လို့ ရှိရင် သူကတော့နောက် သောက,ပရိဒေဝ,ဒုက္ခ, ဒေါမနဿ အကုန်သိမ်းတယ် (မှန်ပါ့)။
သောက=စိုးရိမ်ခြင်း၊ ပရိဒေဝ=ငိုကျွေးတာ၊ ဒုက္ခတွေက ကိုယ်၏ ဆင်းရဲခြင်း၊ ဒေါမနဿတွေက စိတ်၏ ဆင်းရဲခြင်း၊ ဒေါမနဿတွေက စိတ်၏ ဆင်းရဲခြင်း၊ ဥပါယာသ=အသက်ရှုနိုင်အောင် ပြင်းစွာ ပင်ပန်းခြင်း၊ အဲဒါတွေ ဟာ မဂ္ဂဗြဟ္မစရိယအကျင့် ဒီဘဝကျင့်လိုက်လို့ရှိရင် သူအကုန် ဇာတ်သိမ်းပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) မကျင့်ပဲနေလို့ရှိရင် (မသိမ်းပါ ဘုရား)။
အခုဟာက ပျက်ကယ်,ပျက်ကယ်ရှိသေးတယ်၊ ဒီ့ထက်ကြီးတဲ့ ကိုယ်ကိုယ်တိုင် အနှစ်သုံးသောင်းမှ တခါပေါ်တဲ့ ကြေးရည်အိုးကြီးထဲမှာ တခါ ရောက်ရဦးမယ် (မှန်ပါ့)။
အနှစ်သုံးသောင်းမှ တခါပေါ်တယ်
ကြေးရည်ပူအိုးကြီးထဲမှာ အနှစ်သုံးသောင်းမှ တခါပေါ်တယ်ဆိုတော့ ခံနိုင်ရည်ရှိပါ့မလား (မရှိပါ) အောက်သို့ မြုပ်သွားတာက သုံးသောင်း၊ အပေါ်တက်လာတာက သုံးသောင်းဆိုတော့ ဒီကြားထဲ ကြေးရည်ပူတွေထဲမှာ လောင် နေတာ (မှန်ပါ့)။
အဲဒီဒုက္ခနဲ့စာလို့ရှိရင်ဖြင့် ဒီဒုက္ခဟာ ဘာဖြစ်လောက်သတုန်း မဆိုလောက်ပါဘုရား (မှန်ပါ့)။
အဲဒီတော့ ဟိုဒုက္ခကြောက်ပြီး သကာလ ဒီက သူတို့အတွက်နဲ့ ဒုက္ခ ဒေါမနဿဖြစ်ရင် ဟိုဒုက္ခ လိုက်ရမှာကိုးကွ (မှန်ပါ့ ဘုရား)။
ကြေးရည်အိုးထဲရောက်တဲ့ ဒုက္ခ ကိုယ်ရမှာ ဖြစ်နေတော့ ဒါအားလုံးဟာ ဒကာရင်း,ဆရာရင်း ဖြစ်နေလို့ ဟင် အကုသိုလ်တော့ နောက်ထပ် မလိုက်ဘူး (မှန်ပါ့)။
လှညွန့်တို့လဲ စဉ်းစားရမယ် (မှန်ပါ့) မောင်အောင်မြင်လဲ စဉ်းစားရမယ်နော် (မှန်ပါ့) အကုသိုလ်နောက်ထပ် မလိုက်ဘူး (မှန်ပါ့) မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။
ကိုင်းဒါဖြင့် မဂ္ဂဗြဟ္မစရိယအကျင့်ကို ကျင့်လို့ရှိရင် ဒုက္ခ,ဒေါမနဿ အကုန်သိမ်းတယ်နော်၊ ပဋိသန္ဓေက စ, ပြီးတော့ (မှန်ပါ့) မဂ္ဂဗြဟ္မစရိယအကျင့်ကို မကျင့်လိုရှိရင်တော့ (မသိမ်းနိုင်ပါ) မသိမ်းနိုင်ဘူး၊ ဒီ့ထက်ကြီးတဲ့ ဒုက္ခ လာမယ် (မှန်ပါ့ ဘုရား)။
အခုကိုယ်က လူဒုက္ခရှိသေးတာကိုးဗျ (မှန်ပါ့) အပါယ်ဒုက္ခနဲ့စာတော့ ပြောလောက်ကဲ့လား (မပြောလောက်ပါ) မပြောလောက်ပါဘူး၊ အပါယ်ဒုက္ခဆိုတာ ငါဘုရားသခင် ကိုယ်တော်မြတ်ကြီးကွာတဲ့၊ အပါယ်အကြောင်းကို (မှန်ပါ့) ရဟန်းတပါးကမေးတယ် အပါယ်ရောက်သွားတဲ့ပုဂ္ဂိုလ် ဘယ်လိုများခံရသတုန်း၊ ဘယ်လိုများနေရပါသတုန်းတဲ့။
ငါ့ရှင်တို့ မမေးနဲ့ ငါဘုရားဖြစ်တဲ့နေ့ကစ,ပြီး ငါပရိနိဗ္ဗာန်စံသည်တိုင်အောင် အပါယ်အကြောင်းချည့်ဟော၊ အပါယ်မှာ ခံရတဲ့ဒုက္ခ ငါဆုံးအောင်၊ မဟောနိုင်ဘူး * တိမ်းသွားလို့ကျသွားရင်ပေါ့လေ၊ ဒုက္ခဘယ်လောက်များလို့ ဆုံးအောင်မဟောနိုင်ဘူးတိုတာကော ရိပ်မိကြပလား (ရိပ် မိပါပြီ ဘုရား)။
* ငရဲဒုက္ခတွေကို ဆိုလိုတော်မူရင်းဖြစ်သည်။
ဒီဒုက္ခတွေတော့ ကိုယ်ပိုင်မလုပ်တော့ပါဘူး
အဲ ဒါကြောင့် ဒီဒုက္ခတွေတော့ ကိုယ်ပိုင်မလုပ်တော့ပါဘူးဆိုတော့ ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား)။
ဒါ အင်မတန်မှန်တဲ့တရားဆိုတာကော မောင်အောင်မြ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) နောက်က ဒကာ ဒကာမတွေကော ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ခင်ဗျားတို့က အလကားနေရင်း ပုတီးစိပ်နေတာ သားတွေ,သမီးတွေကို စိပ်နေဖို့မလိုဘူး (မှန်ပါ့ ဘုရား)။
စိပ်နေဖို့မလိုဘူး၊ ပညာသင်ပေးရမယ်၊ ထမင်းကျွေးရမယ်၊ ဒါနမြောက်အောင်ကျွေး၊ အဟောသိကံ မဖြစ် နိုင်ဘူး (မှန်ပါ့ ဘုရား) ဒါနဆိုတာ သူတို့ကျွေးတာလဲ ဒါနကိုးကွာ (မှန်ပါ့ ဘုရား)။
ဒါတွေလဲ အဟောသိကံမဖြစ်စေနဲ့၊ မင်းတို့ ထမင်းကျွေးမို့တာ မှားတယ်ဆိုရင်သွားပြီ၊ နင်တို့ မွေးမိတာမှား တယ်ဆိုရင်ကော (သွားပါတယ် ဘုရား) သွားပြီပေါ့ (မှန်ပါ့) ခင်ကျွေးမင်ကျွေးကလဲ ဒါနဖြစ်သေးတာကိုးကွ (မှန်ပါ့)။
အဲဒါတွေတောင်မှ အကုန်ပျက်စီးသွားမယ်ဆိုတော့ အရှုံးမှာ တန်းကုန်နေပြီ (မှန်ပါ့ ဘုရား) ရှင်းပြီနော် (ရှင်း ပါပြီ ဘုရား)။
ကဲ ဒါဖြင့် အားကိုးရာအစစ် တွေ့ကြပလားတဲ့၊ ဘာအားကိုးမှသာလျှင် ဒုက္ခသိမ်းမလဲ (မဂ္ဂဗြဟ္မစရိယအကျင့် အားကိုးရပါမယ် ဘုရား) အဲ ဒီတရားပွဲမှာ ဒါ လိုရင်းဘဲ (မှန်ပါ့ ဘုရား)။
မဂ္ဂဗြဟ္မစရိယအကျင့်တဲ့၊ ဗြဟ္မစရိယက မြတ်တာ၊ မဂ္ဂကမဂ်၊ ကိလေသာဖြစ်တဲ့ မြတ်သောအကျင့်ကို ကျင့်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား။)
မြတ်သောအကျင့်-ကျင့်ပါ
ကိလေသာဖြတ်တဲ့ မြတ်သောအကျင့်-ကျင့်ပါဆိုတဲ့ဥစ္စာ တခါတည်း ဒီဥစ္စာက ဟ မင်းတို့ ဘာဖြစ်ကြသတုန်း အို ခင်လို့ပူတာပေါ့ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့) မခင်တဲ့ပုဂ္ဂိုလ်ဖြင့် (မပူပါ ဘုရား) တခြားလူ မြေမျိုးသွားတော့ မင်းတို့ ပူသေးသလားကွ၊ ဘာမှ အခင်မရှိတော့ (မပူပါ ဘုရား) ကိုယ့်အထဲက ဖြစ်လာတော့ ထော်လော်ကန့်လန့် ဖြစ်လာလို့ရှိရင်ဖြင့် ပူလာပြီ (မှန်ပါ့) ဒါကြောင့် ဒီနေရာမှာ ကြားကလေး နည်းနည်းညှပ်လိုက်ပါဦးမယ် မင်းတို့ ကျေးဇူးများအောင် (မှန်ပါ့)။
ပုဏ္ဏားတယောက်မှာ သားသေတယ်၊ ဒီတယောက်တည်းရှိတယ် (မှန်ပါ့) ဒါနဲ့သူ့သားသေလို့ သုဿန်သွားငို, မစားနိုင်, မသောက်နိုင်, မဝတ်နိုင်, ရေမချိုးနိုင် ဖြစ်ပြီးနေလို့ ဟေ့ ငါတော့ ဂေါတမဘုရားဆီ သွားမှဘဲဆိုပြီး ဘုရားဆီသွားတယ်။ *
* ပိယဇာတိကသုတ်၊ မစ္ဈိမပဏ္ဏသပါဠိတော်။
သွားတော့ ဘုရားကလဲ ဆီးပြီးမေးလိုက်တယ်၊ ပုဏ္ဏားမင့်မှာ ရုပ်ရည်တွေ,ဘာတွေ ပိန်ချုံးလို့ပါလားကွ၊ အဝတ် အစားတွေကလဲ မည်းတူးလို့ပါကလား၊ မင်းမှာ စိတ်လက် မချမ်းသာဘူးထင်တယ်၊ ဘုရားက ကောက်မေးလိုက်တယ် (မှန်ပါ့)။
ဘယ်ချမ်းသာမှာတုန်းဘုရား သားကလေးတယောက်ရှိတာ ပက်ကနဲ့သေသွားတယ်၊ တပည့်တော်က သုသာန် သွားငိုတယ်၊ အိပ်လဲမအိပ်နိုင် မစားနိုင်, မသောက်နိုင် ဖြစ်နေတာပဲ။
ချစ်ခြင်းကြောင့် ဖြစ်တာပါ
အို ဒါမင်းအခြားကြောင့်မဟုတ်ပါဘူးကွာ၊ “ပိပဇာတိကာ ဟိ ဂဟပတိ သောကပရိဒေဝ ဒုက္ခဒေါမနဿပါ သာယာ ပိယပ္ပဘဝိကာ” ပိယဇာတိကာ = ချစ်တဲ့ သဘောရှိခြင်းကြောင့်ဖြစ်သော၊ ပိယပ္ပဘဝိကာ = ချစ်ခြင်းကြောင့် ဖြစ်တာပါကွာ၊ ချစ်ခြင်းကြောင့် ဖြစ်တာပါလို့ ဘုရားက ဟောလိုက်တယ်။
ပုဏ္ဏားက အယူလွဲနေတယ်၊ ချစ်တယ်, ခင်တယ်ဆိုတာ ပျော်ပျော်ပါးပါးနေရမှာ၊ အခုတော့ ချစ်ခြင်းကြောင့် ကိုယ့်မှာ မျက်ရည်ကြီးငယ်ကျနေတာဆိုတာ မဟုတ်ပါဘူး၊ ဒီဘုရားဟောတာကို မယုံနိုင်ပါဘူး (မှန်ပါ့) အင်း ဘုရား တောင် ရန်တွေ့ပကော (မှန်ပါ့)။
ဘုရားက ချစ်ခြင်းကြောင့်ဖြစ်တာတဲ့ (မှန်ပါ့) သူက မဟုတ်ဘူးတဲ့၊ ချစ်တယ်ဆိုတာ ပြုံးပြုံးရွှင်ရွှင်ဖြစ်ရမတဲ့ ဆိုတော့ သူ ဘုရားကျောင်းတော်မှာ ဒီတရားနဲ့မတည့်ဘူး၊ တရားကတော့ အမှန်ဟောလိုက်တာပဲ၊ မတည့်ဘူး။
မတည့်တော့ ဇေတဝန်ကျောင်းတော်အနီးမှာ မူးယစ်ပြီးကြွေကစားနေကြတဲ့ လူမိုက်အုပ်ကြီးတခုနဲ့ သွားတွေ့ တယ်။
သွားတွေ့တဲ့အခါကျတော့ ပုဏ္ဏာက ဒီလမ်းပဲလာပြီး ကြွေကစားတာ သူကြည့်တာပေါ့လေ စိတ်ပျောက် လက်ပျောက်။
ဟေ့ ပုဏ္ဏား ဘယ်ကပြန်လာသတုန်းကွ၊ ကွာ ငါ ဂေါတမဆီ သွားတယ်ကွာ သားသေလို့။
ဟို ဘောက်ပြောလွှတ်တယ်ကွ၊ ဘောက်ပြောလွှတ်တယ်၊ ချစ်လို့ဖြစ်တာလို့ ပြောလွှတ်တယ်ကွ၊ ဘယ်မှာ ချစ်ရင် ပြုံးနေမှာပေါ့ကွ၊ ဘယ် ဒီလို မျက်ရည်စက်လက်နဲ့ မစားနိုင် မသောက်နိုင် ဘယ်ဖြစ်ရမတုန်းဆိုတော့ အေး ဟုတ်တယ် ရှင် ဂေါတမလွဲတယ်ဆိုပြီး မြှောက်ပေးလိုက်ကြတာပေါ့ (မှန်ပါ့ ဘုရား)။
မြှောက်ပေးတော့ ဒီစကားဟာ ပြန့်ပြန့်-ပြန့်ပြန့်ပြီး ကောသလတိုင်းပြည်တပြည့်လုံး ပျံ့နှံသွားတယ် (မှန်ပါ့)။
မလ္လိကာမိဖုရားကိုခေါ်တယ်
ဒါနဲ့ ကောသလမင်းကြီးကလည်း သူ့နားရောက်လာတယ်။ ဒီအသံတွေ သူ့နားရောက်လာတယ်၊ သူ့နား ရောက်လာတော့ မလ္လိကာမိဖုရားကိုခေါ်တယ်၊ မလ္လိကာမိဖုရားကြီးလာဦးဟေ့၊ ဒီစကားဟာ ဒို့ဘုရားဟောတာ လွဲတယ် ထင်တယ်၊ သူကလည်း ပုဏ္ဏားလိုစိတ်ပဲကိုး တခါတခါ (မှန်ပါ့)။
ပုဏ္ဏားသွားသတဲ့ကွ၊ ဟာ မင်းဟာချစ်လို့ဖြစ်တာပါကွာ၊ ဒါကြောင့် မင်းမှာ ဒုက္ခဒေါမနဿတွေ ဖြစ်နေတာ ပါလို့ ပြောလိုက်တယ်တဲ့၊ ငါဖြင့် ပုဏ္ဏားဘက် ပါတာတာပဲကွ ချစ်ရင် ပြုံးရမယ်တဲ့၊ ဘယ်မှာ မျက်ရည်ကြီးငယ်ကျရ မတုန်းကွ မစားနိုင်, မသောက်နိုင် ဖြစ်ရမတုန်းဆိုတော့ မလ္လိကာကလဲ ရိပ်မိတယ် (မှန်ပါ့)။
ရိပ်မိတာနဲ့ အမတ်တယောက်ကိုခေါ်ပြီးတော့ ကဲ အမတ်တယောက်လာစမ်းပါ၊ ဘုရားကို သွားလျှောက်စမ်း ပါ ဒီလိုဟောသလားလို့ လွှတ်လိုက်တယ်၊ လွှတ်လိုက်တော့ ဘုရားဆီ သွားလျှောက်တော့ အေး ငါဒီလိုဘဲ ဟောလိုက် တယ်တဲ့ ဘုရားက၊ ချစ်လို့ဖြစ်တာ ငါ ဒီလိုပဲ ဟောလိုက်တယ်။
မလ္လိကာကတော့ ရိပ်မိတယ်၊ သူက ပညာရှိတာကိုး၊ ဒါနဲ့ သူက အရှင်မင်းကြီး ကျုပ်မေးပါရစေ၊ အရှင်းမင်း ကြီးမှာ ဝါသဘာ မင်းသမီးဆိုတာ ရှိတယ်မဟုတ်လား၊ အဲဒီကလေးမ ကလေးများ သေသွားသော်လည်းကောင်း၊ ဖောက်ဖောက်ပြန်ပြန်ဖြစ်သွားမယ်ဆိုလို့ရှိရင် အရှင်းမင်းကြီး ဘယ်နှယ့်နေမတုန်းတဲ့၊ ဟာ မစားနိုင် မသောက်နိုင်ဖြစ် မှာပေါ့ကွတဲ့၊ လာပြီနော် (မှန်ပါ့ ဘုရား) မစားနိုင် မသောက်နိုင်ဖြစ်မှာပေါ့ကွတဲ့။
ဝဇီရာဆိုတဲ့ သမီးကလေး
ဒါဖြင့် ဝဇီရာဆိုတဲ့ သမီးကလေးတယောက် ရှိသေးတယ်၊ အဲဒီ ဝဇီရာသေရင်ကော တကယ်လို့များ ဖောက် ပြန်သွားရင် ဘယ်နှယ့်လုပ်မလဲ၊ အို မစားနိုင်,မသောက်နိုင်ဖြစ်မှာပေါ့ကွ (မှန်ပါ့) အဖြေက ပါနေပြီကွ၊ မပါသေးဘူး လား (ပါ-ပါပြီ ဘုရား) ဘာလို့ဖြစ်တာတုန်း-ခင်လို့ဖြစ်တာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါနဲ့ အရှင်မင်းကြီးပိုင်ထားတဲ့ ကာသိတိုင်း, ကောသလတိုင်းကြီးရှိတယ်၊ အဲဒါ တပါးသော ပုဂ္ဂိုလ်တွေက တိုင်းပြည်တိုက်ယူသွားမယ်တဲ့၊ အရှင်မင်းကြီး ဘယ်နှယ့်ဖြစ်မတုန်း ဟာ သေက,ပရိဒေဝ,ဒုက္ခ,ဒေါမနဿဖြစ်မှာပေါ့ကွာ၊ ဘယ်နေနိုင်လိမ့်မတုန်းတဲ့။
ဒါနဲ့ နောက်ဆုံးပိတ်ကျမှ သူ့ကိုယ်တိုင်မေးတာပဲ၊ နိုင့် ကျုပ်လဲတဲ့ မလ္လိကမိဖုရားဲ တခုခုနဲ့သေသွားမယ် ဝေဒနာ ရမယ်ဆိုလို့ရှိရင် အရှင်မင်းကြီး ဘယ်နှယ့်နေမလဲတဲ့၊ ဟာ ဘယ်နေနိုင်တော့တုန်း၊ ငါလဲ သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿဖြစ်မှာပေါ့တဲ့။
အဲဒါကို ဟောတာ ဘုရားက၊ ချစ်လို့ဖြစ်တာ (မှန်ပါ့)အရှင်မင်းကြီး ခင်တဲ့ပုဂ္ဂိုလ်တွေကြောင့် သောက ပရိဒေဝ လိုက်မှာချည့် ပြောနေတာပဲ (မှန်ပါ့) မတည့်ဘူးလား (တည့်ပါတယ် ဘုရား)။
အဲဒါကြောင့် ဒီ ခင်မှုတလုန်းကြောင့် သောက,ပရိဒေဝ,ဒုက္ခ, ဒေါမနဿလိုက်တာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒါတွင်မှ တခါတည်းကဲကွာ ရေကယားယူခဲ့စမ်းပါဆိုပြီး သူ နှုတ်ကျင်းပြီးတော့ နန်းတော်ကနေပြီး နမော တဿ သုံးခေါက်ဆိုပြီး ဘုရားကို ကန်တော့တာပဲ၊ တယ်လဲ ဉာဏ်ပညာ မြင်တော်မူပါကလားတဲ့၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
မျက်နှာတွေ ဘာတွေ ညှိုးညှိုးငယ်ငယ်နဲ့မပြောချင် မဆိုချင်ဖြစ်နေတာ ဟ ဘာကြောင့်တုန်းဟ လို့မေးရင် ဖြေတတ်ကြပလား (ဖြေတတ်ပါပြီ ဘုရား) ဘယ်နှယ့်ဖြေကြမလဲ ခင်လို့ဖြစ်တာ၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား) ဘာကြောင့်တုန်း (ခင်လို့ဖြစ်တာပါ ဘုရား)။
မင်းတို့မှာ တဏှာနှိပ်စက်တာ
”ပိယဇာတိကာ သောကပရိဒေဝ ဒုက္ခဒေါမနဿသုပါယာသာ ပိယပ္ပဘဝိကာ” ပိယဇာတိကာ = ချစ်တတ်တဲ့ သဘောရှိသောကြောင့် ဖြစ်ကုန်၏။ ပိယပ္ပဘဝိကာ = ချစ်ခြင်းကြောင့် ဖြစ်ကုန်၏ (မှန်ပါ့) သောကပရိဒေဝ ဒုက္ခ ဒေါမနဿဟာ ဘယ်ကလာတာတုန်း (ချစ်ခြင်းကြောင့်လာတာပါ ဘုရား)။
ချစ်ခြင်းကြောင့် လာတာဆိုတာ ဒါဖြင့် မင်းတို့မှာ တဏှာနှိပ်စက်တာ၊ ဒါကြောင့် ပဋိစ္စသမုပ္ပါဒ်နဲ့ မောင်အောင်မြ က ထောက်ကြည့်တော့ တဏှာ, ဥပါဒါန်, ကံ, ဇာတိ, ဇရာ, မရဏ, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ မလာဘူးလား (လာပါတယ် ဘုရား)။
ဒါဖြင့် သူက စ,လာတာ (မှန်ပါ့) လက်သည်မိပလား (မိပါပြီ ဘုရား) ရှင်းကြပလား နောက်က ဒကာမတွေ ကော (ရှင်းပါပြီ ဘုရား)။
အေး ဒါကြောင့် ဒီမခင်တဲ့နည်းကို လုပ်ရလိမ့်မယ် (မှန်ပါ့) မလုပ်ရဘူးလား (လုပ်ရပါတယ် ဘုရား)။
လုပ်ရတော့ကို ဒီသားသမီးတွေ မလုပ်နဲ့၊ ကိုယ့်ခန္ဓာကို ကိုယ်နေရာတိုင်းမှာ လျှောက်ကြည့်တော့ ဖြစ်မှုနဲ့ ပျက်မှုမှတပါး ဘာရှိသေးသတုန်း (မရှိပါ) ခင်စရာ, မင်စရာပါသေးသလား (မပါ-ပါ ဘုရား)။
ဒါဖြင့် တပါးသောခန္ဓာကျတော့ မောင်အောင်မြက ဘယ်နှယ့်တွေးမလဲ ဒီအတိုင်းသွားမယ် (မှန်ပါ့) သူတို့ ခန္ဓာလဲ မနေ့ကပြောသလိုပဲ ကံ, စိတ်, ဥတု, အာဟာရကြောင့်ဖြစ်တာပဲ၊ အာရုံဒွါရကြောင့် ဖြစ်တာပဲဆိုတော့ သူတို့ နာမ်ရုပ်လဲ ဖြစ်ပျက်မှတပါး ဘာရှိသေးသတုန်း (ဘာမှမရှိပါ ဘုရား)။
ဖြစ်ပျက်ကို ပိုင်ပိုင်ရှုရမယ်
အဲဒီတော့ သူတို့ကိုအသာထား၊ ကိုယ့်ဟာကိုယ် ဖြစ်ပျက်ကို ပိုင်ပိုင်ရှုရမယ်၊ ဖြစ်ပျက်ပိုင်ပိုင်ရှုတော့ မဂ္ဂဗြဟ္မ စရိယအကျင့်ဖြစ်လာတယ် မဂ္ဂဗြဟ္မစရိယအကျင့်ဖြစ်လာတော့သူတို့ကြောင့် သောကပရိဒေဝလာသေးသလား (မလာ ပါ) သောက, ပရိဒေဝချုပ်ပြီး သကာလ လဲ ဇာတိ, ဇရာ, မရဏ ဇာတ်မသိမ်းဘူးလား (သိမ်းပါတယ် ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဒီဒကာဒကာမတွေမှာ ဘာချို့ယွင်းချက်ရှိတယ်ဆိုတဲ့ဥစ္စာ ဒို့ဒုက္ခပေးလေသမျှ သမုဒယသစ္စက (မှန်ပါ့) ဒုက္ခကိုဖြစ်စေသော သမုဒယသစ္စကကိုး၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အေး ဒုက္ခပေးလေသမျှ ဘယ်သစ္စာကတုန်း (သမုဒယသစ္စာကပါ) မနေ့ကလည်း ဒုက္ခသစ္စာဟောခဲ့တယ်နော (မှန်ပါ့) ဒုက္ခပေးလေသမျှ (သမုဒယသစ္စာကပါ ဘုရား) သမုဒယသစ္စာကြောင့်ပဲ။
ဒါဖြင့် သမုဒယသစ္စာဆိုတာ လောဘပဲ၊ လောဘဆိုတာအကုသိုလ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ကိုယ်က ပူဆွေးဒုက္ခ အလိုမကျဖြစ်ခဲ့သော ဒီချစ်ခြင်းကြောင့်ပဲ (မှန်ပါ့) ချစ်တာဟာ ကုသိုလ်လား အကုသိုလ်လား (အကုသိုလ်ပါ) အကုသိုလ်လောဘပဲ၊ ဆိုနိုင်ပလား (ဆိုနိုင်ပါတယ် ဘုရား)။
ဒါဖြင့် အကုသိုလ်လောဘဆိုသဖြင့် လောဘဟာ မိုက်တဲ့တရားလား လိမ်မာတဲ့တရားလား (မိုက်တဲ့တရားပါ ဘုရား)။
လူကြီးက နောက်ထပ်မိုက်
ဒါဖြင့် ကလေးမိုက်သလားတဲ့၊ ကလေးကမိုက်ပြီးလို့ လူကြီးက နောက်ထပ်မိုက်သလားလို့ မေးကြရင် မင်းတို့ ဘယ်နှယ့်ဖြေကြမယ် (လူကြီးက နောက်ထပ်မိုက်ပါတယ် ဘုရား)။
ခုနင်တုန်းက တရားမှာလဲ လူကြီးကစ,တယ် (မှန်ပါ့) အခုတော့ ကလေးကတခါမိုက်ပြီး ကိုယ်က နောက်ထပ် မိုက်တယ်၊ ဒီအဓိပ္ပါယ်ကော မရဘူးလား (ရပါတယ် ဘုရား)။
ဒါဖြင့်ဒို့မှာ မဂ္ဂဗြဟ္မစရိယအကျင့်မှတပါးဦးဘသန်းအားကိုး စရာမရှိဘူး (မရှိပါ) နောက်က ဒကာမကြီးတွေ ပေါ်ပလား (ပေါ်ပါပြီ) ဘာအားကိုးရမတုန်း (မဂ္ဂဗြဟ္မစရိယအကျင့်) မဂ္ဂဗြဟ္မစရိယအကျင့်ပဲ ကျင့်ရမယ်ဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။
သေချာတော့ မဂ္ဂဗြဟ္မစရိယ အကျင့်ကို ကျင့်လိုက်တော့ မောင်အောင်မြက ကျင့်လဲ မနေ့ကပြောတဲ့ ခန္ဓာ အနတ္တသွားမြင်တာပဲ (မှန်ပါ့) ကဲ ပိုင်တယ်, ဆိုင်တယ်လို့လာသေးရဲ့လား (မလာပါ ဘုရား)။
သားသမီးခန္ဓာ ကြည့်လိုက်ပြန်တော့ကော အို,နာ,သေတတ်နိုင်ကြရဲ့လား (မတတ်နိုင်ပါ) မတတ်နိုင်ဘူး၊ သူတို့လဲအနတ္တတွေပဲ၊ ကိုယ်နဲ့လဲမဆိုင်ဘူး၊ ကိုယ့်ခန္ဓာကိုယ်လဲအနတ္တမို့ ကိုယ်နဲ့ဆိုင်သေရဲ့လား (မဆိုင်ပါ ဘုရား)။
ဒါဖြင့် မဆိုင်တဲ့လူချင်းရန်ဖြစ်တာဟာ ရူးတာဖြစ်ရမယ် (မှန်ပါ့) တွေးမိကြရဲ့လား (တွေးမိပါတယ် ဘုရား)။
သားသမီးခန္ဓာလဲ သားသမီးက ပိုင်တယ်, ဆိုင်တယ်လို့ရှိရဲ့လား (မရှိပါ) သူတို့ခန္ဓာလဲ အနတ္တပဲ (မှန်ပါ့ ဘုရား)။
မပိုင်တာချင်း ရန်ဖြစ်နေ
အမေမိဘရယ်လို့ ပညတ်ထားပြန်တော့ အမေ မိဘ ခန္ဓာလဲ ဘာဆိုကြမလဲ (အနတ္တပါ) အနတ္တဘဲ၊ ကိုယ့်ကိုယ်လဲ ကိုယ်မပိုင်ဘူး (မှန်ပါ့) သားသမီးခန္ဓာကိုယ်ကော (မပိုင်ပါ ဘုရား)။
ဒါဖြင့် ကိုယ်မပိုင်တာကြောင့် မပိုင်တာချင်း ရန်ဖြစ်နေတဲ့ အဓိပ္ပါယ်ရောက်တယ်၊ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။
မြေကြီးက အလယ်ထား၊ ဒီမြေကလဲ တရားလို၏ မြေလဲမဟုတ်ဘူး၊ တရားခံ၏မြေလဲမဟုတ်ဘူး၊ ရုံးတင် တရားစွဲ နေတာ၊ ဘယ်နှယ့်ဆိုကြမလဲ၊ ဒီဟာ အမှုသွားမှန်ပါ့မလား (မမှန်ပါ ဘုရား) အမှုသွားမမှန်ဘူး။
အဲဒီလိုဉာဏ်နဲ့ နှလုံးသွင်းလိုက်တော့မှ အမှန်ရောက်လာတယ်၊ သားသမီးခန္ဓာကလဲ အနတ္တ၊ အမေမိဘခန္ဓာ ကကော (အနတ္တပါ) ဘယ်သူပိုင်တယ်, ဘယ်သူ့ဆိုင်တယ်လို့ကော (မရှိပါ ဘုရား)။
ဒါဖြင့် ဒီသားသမီးနဲ့ ဒီအမေမိဘနဲ့ မတည့်တော့ဘူး၊ မျက်နှာကြောကို မတည့်တော့ဘူးဆိုလို့ရှိရင် ဒီတရားလို, တရားခံ ကိုက်သေးရဲ့လား (မကိုက်ပါ ဘုရား)။
မြေကြီး အခုမှတ်ထားလေ (မှန်ပါ့) တရားလို၏မြေလဲ မဟုတ်ဘူး၊ တရားခံ၏မြေကော (မဟုတ်ပါ) ရုံးက ဘယ်လိုလုပ်ပြီး စီရင်ချက်ချမလဲ၊ အရူးနှစ်ယောက်ရန်ဖြစ်တာ ရုံးမလာခဲ့နဲ့၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
ဒီမှာလဲ မင်းတို့ရန်ဖြစ်တာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဘယ်လို ရန်ဖြစ်ကြပါလိမ့် (သားသမီး ခန္ဓာလဲ အနတ္တ, မိဘ ခန္ဓာလဲ အနတ္တပါ ဘုရား)။
အဲ အလွဲချည်းပဲ၊ အမြင်မှားနဲ့ ရန်ဖြစ်နေတဲ့ အဓိပ္ပါယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
အမြင်မှားနဲ့ ရန်ဖြစ်တော့
အဲ အမြင်မှားနဲ့ ရန်ဖြစ်တော့ကို ဘုရားကဟောလိုက်တယ်၊ ပဌမရန်ဖြစ်တဲ့လူကိုယ်က ထစ်ကနဲဆို တိုသွားတယ် ဆိုပါတော့၊ တိုသွားတယ်ဆိုလို့ရှိရင်ဖြင့် ဦးအောင်ဇံဝေကမှတ်၊ ကိုယ်ကအရင်ဒေါသ ဖြစ်တယ်နော် (မှန်ပါ့ ဘုရား)။
လူတယောက်ကို ဒေါသဖြစ်တာနဲ့ ကိုယ်ကဒီအနားမှာ ခဲနဲ့ပေါက်ချင်တာနဲ့ ကျင်ကြီးပုံကြီးသွားပြီးဆုပ်မိတယ်၊ ခဲမှတ်ပြီးတော့ (မှန်ပါ့ ဘုရား)။
ဘယ်သူ အရင်လူးသတုန်း၊ ဟိုလူအရင်လူးသလား ကိုယ့်အရင်လူးသလား (ကိုယ့်အရင်လူးပါတယ်) ဘာဖြစ်လို့ တုန်း (ဒေါသသတ္တိပါ) ဒေါသ သတ္တိပဲ၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ဒီမှာလဲ သားသမီးတွေ အရင်လူးသလား ကိုယ့်အရင် လူးသလား ပြောကြစမ်းပါဦး (ကိုယ့်အရင်လူးပါတယ် ဘုရား)။
ဒါဖြင့် ကိုယ့်လက်အရင်ဆေးပါပြီး၊ သားသမီးနောက်မှဆေးတာပေါ့(မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဪ တော်တော်ဆိုးတဲ့ အလုပ်ပါကလားလို့ သိ၊ ဒါ ဘုရားပေးတဲ့ဥပမာတွေ (မှန်ပါ့) အတော်မဆိုး ဘူးလား (ဆိုပါတယ် ဘုရား)။
ပြီးတော့ လေလာတဲ့ဘက်ကိုတဲ့ ဒီကသူ လူတဦးတယောက်ကို ဖုံတွေနဲ့ ဆုပ်ပြီးတော့ လေတင်ကို ပစ်လိုက် တယ်၊ ဟိုတော့ ရောက်မရောက် မပြောတတ်ဘူး လေကကိုယ့်ဘက်လာနေတော့ ကိုယ့်မျက်လုံး အရင်ဝင်မှာပဲ (ဝင် မှာပါ ဘုရား) ဟိုကိုတော့ ရောက်မှ-ရောက်ပါ့မလား (မရောက်ပါ ဘုရား)။
ဟိုတော့ မသေချာဘူး၊ ကိုယ့်ကိုယ်အတွက်က (သေချာပါတယ် ဘုရား) မောင်အောင်မြ ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)။
ဒါဖြင့် ကိုယ့်ကိုယ်အတွက်တော့ အသေချာမခံနိုင်ဘူးဟေ့၊ အပါယ်သေချာတာ မခံနိုင်ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မဂ္ဂဗြဟ္မစရိယအကျင့်မှတပါး
ဒါဖြင့် မဂ္ဂဗြဟ္မစရိယအကျင့်မှတပါး ကိုးစားစရာ,အားထားစရာမရှိဘူး သံသရာစခန်းသတ်တာ (မှန်ပါ့ ဘုရား) ကိုယ်ကလဲ နောက်ကိုစ,ပြီး မမိုက်ရအောင် (မှန်ပါ့) ဒီလိုလဲ ကျင်ကြီးလဲမဆုပ်မိရအောင် (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကိုယ်ကလဲ စ,ပြီးတော့ (မမိုက်အောင်ပါ) ခန္ဓာမရအောင် လုပ်ရမယ် (မှန်ပါ့) ခန္ဓာရရင် ကိုယ်ကစ,ပြီး မိုက်တာ (မှန်လှပါ ဘုရား)။
ကျင်ကြီးလဲ မဆုပ်မိရအောင်ဆိုတော့ ခန္ဓာရပြီးလဲ နောက်ထပ်က ကျင်ကြီးဆုပ်သေးတာကိုးကွ (မှန်ပါ့) မဆုပ်ဘူးလား (ဆုပ်ပါတယ် ဘုရား) သူတို့ကို ဒေါသဖြစ်တော့လေ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ကိုယ်ကလဲ စ,မစိုက်နဲ့၊ ကျင်ကြီးလဲ မဆုပ်နဲ့ဆိုတာတော့ ရိပ်မိကြပြီ (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် မဂ္ဂဗြဟ္မစရိယမှတပါး အားကိုးစရာမရှိဘူးဆိုတာယနေ့ည ဆုံးဖြတ်ချက်ချပလား (မှန်ပါ့) မင်းတို့ ခန္ဓာကိုယ် ဖြစ်ပျက်ရှုတဲ့ မဂ်မှတပါး ဒီဒုက္ခ မသိမ်းနိုင်ဘူး၊ ကျင်ကြီးဆုပ်တဲ့ ဒုက္ခလဲ သူမှ သိမ်းပေးမှာပဲ (မှန်ပါ့) ကိုယ် စ,မိုက်တဲ့ ဒုက္ခကော (ဒီမဂ်က သိမ်းပါတယ်) ဒီမဂ်ကပဲ သိမ်းရမယ်၊ ဒါဖြင့် တရားက သိမ်းလို့,ဆည်းလို့ ရဲရဲ့ လား (မရပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကဲ…ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု…သာဓု…သာဓု…။