မွေးလာကတည်းက ခန္ဓာကြီးက အို,နာ,သေဘေးဆီသို့ ပြေးနေပုံ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မိုးကုတ်မြို့ မင်္ဂလာတိုက်၌ ဟောကြား ဆုံးမတော်မူသော
မွေးလာကတည်းက ခန္ဓာကြီးက အို,နာ,သေဘေးဆီသို့ ပြေးနေပုံ
ညအလုပ်ပေးတရားတော်
(၂၉-၄-၆၂)
သေမည့်ဆီသွားတဲ့ အလုပ်
အားလုံးမှတ်ကြတဲ့၊ လူတဦးတယောက်ဟာ မွေးလာတဲ့ အချိန်က စပြီး သူဘယ်အလုပ်ကို အမြဲလုပ်သတုန်းလို့ မေးဖို့ဝတ္တရားရှိတယ်။
လူတဦးတယောက်ဟာ မွေးလာတယ်၊ အမိဝမ်းခေါင်းထဲက ပြင်ဘက်ရောက်လာတယ်၊ သူ့အလုပ် ဘာရှိသတုန်း လို့ မေးတဲ့အခါကျတော့ တခြားသော အလုပ်တွေ စားတဲ့အလုပ်, ဝတ်တဲ့အလုပ်ရှိပါတယ်၊ ရှိပင်ရှိငြားသော်လည်း ဒါတွေ မြဲတယ်လို့ ဦးသံဒိုင်ကြီးက မယူနဲ့နော် (မှန်ပါ့)။
ဒါတွေ မယူနဲ့၊ ဦးအောင်ဇံဝေ မယူနဲ့ (မှန်ပါ့) ရင့်ကျက်ပြီး သကာလ ခန္ဓာကိုယ်ဟာ တနေ့တခြား ရင့်ကျက်ပြီး သကာလ သေမည့်ဆီ သွားတာသာ သူအမြဲလုပ်လေ့ရှိပါတယ်။
ဘယ်သွားတာ အမြဲလုပ်လေ့ရှိသတုန်း (သေမည့်ဆီသွားတာ အမြဲလုပ်လေ့ရှိပါတယ်) သေမည့်ဆီသွားတဲ့ အလုပ်ကတော့ ထမင်းစားနေရင်းလဲ လုပ်တယ် (မှန်ပါ့) အိပ်နေရင်းကော (လုပ်ပါတယ်) လုပ်တာပဲ။
ဪ ဒါဟာ လူတို့၏ အလုပ်ဘယ်ဟာတုန်းလို့ စစ်ဆေးလိုက်တဲ့အခါကျတော့ မသိတဲ့ ပုဂ္ဂိုလ်ပြောတော့ ပရိယေသနအလုပ်လို့ ပြောချင်ပြောမယ်နော် (မှန်ပါ့)။
မဟုတ်ပါဘူးတဲ့၊ ပရိယေသန အလုပ်ဆိုတာ ကလေးတုန်းက သူ လုပ်တာမဟုတ်ပါဘူး၊ အမေ, အဖေလုပ်တာ စားတာပါ၊ ပရိယေသနအလုပ် မဟုတ်ပါဘူး။
သူ့အလုပ်ဟာ လေးဘက်သွားတုန်းကလဲ ဘယ်သွားတာတုန်းလို့ မေးလို့ရှိရင် ရင့်ရော်တဲ့ဆီသွား၊ သေတဲ့ဆီသွား (မှန်ပါ့) ဒါ သူ့ခန္ဓာ၏ အလုပ်လို့ ဒကာ ဒကာမတွေက မှတ်ထားလိုက်တာပေါ့။
ဪ ဒါဖြင့် တဘဝ တခန္ဓာရပြန်လဲ ဒီအလုပ် အမြဲလုပ်ရုံပဲ၊ နောက်ဘဝဆုတောင်းလို့ ခန္ဓာရပြန်လဲ ဒီအလုပ် အမြဲလုပ်ရုံပဲဆိုတော့ ဉာဏ်နဲ့မတွေးတဲ့ ပုဂ္ဂိုလ်မှာတော့ မသိဘူးပေါ့ဗျာ (မှန်ပါ့)။
ဉာဏ်နဲ့ တွေးတဲ့ပုဂ္ဂိုလ်
ဉာဏ်နဲ့ တွေးတဲ့ပုဂ္ဂိုလ်ကျတော့ တော်ပြီဟေ့ ဘယ်တော့မှ ဒီခန္ဓာတော့ မဖြစ်ချင်တော့ဘူး၊ ဒီလမ်းချည်းသွားတာ ပဲဆိုတဲ့ ဉာဏ်နဲ့တွေးတဲ့ပုဂ္ဂိုလ်မှာတော့ ပျင်း,မုန်း,ငြီးငွေ့လာမှာပဲ (မှန်လှပါ ဘုရား)။
ဉာဏ်နဲ့ မတွေးတဲ့ ပုဂ္ဂိုလ်အတွက်ကို ဟောတာမဟုတ်ဘူး ဉာဏ်နဲ့တွေးကြည့်ပါဆိုတာ သိစေချင်လို့ ပြောနေတာ (မှန်ပါ့)။
အခု တရားနာနေတာ ဆိုငြားသော်လည်း ခန္ဓာကတော့ ဦးသံဒိုင် သွားလျက်ပဲ (မှန်ပါ့) ဦးအောင်ဇံဝေ (သွားနေပါတယ် ဘုရား) သွားလျက်ပ၊ ရပ်ကဲ့လားမေးရင် ဘယ်နှယ့် ဖြေကြမလဲ (မရပ်ပါ ဘုရား)။
မရပ်တော့ ဒီခန္ဓာ၏ အမြဲတမ်း အလုပ်ပေါ်ပြီပေါ့ (မှန်လှပါ) တိုတိုပြောကြပါစို့ဆိုတော့ သေရာသွားတဲ့ အလုပ်ဟာ ခန္ဓာ၏အမြဲတမ်းအလုပ် (မှန်ပါ့)။
သေရာသွားတဲ့အလုပ်ဟာ (ခန္ဓာ၏ အမြဲတမ်းအလုပ်ပါ)ခန္ဓာ၏ အမြဲတမ်းအလုပ် (မှန်ပါ့)။
နောက်က ဒကာ ဒကာမတွေ မှတ်ပါ၊ သေရာသွားတဲ့အလုပ်ဟာ ခန္ဓာ၏အမြဲတမ်းအလုပ်ပါ၊ ခန္ဓာ၏ အမြဲတမ်း အလုပ်ဆိုတာ သေသေချာချာမှတ်ထားပါ။
အဲဒီတော့ နောက်ဘဝ နတ်ဖြစ်ရပါလို့၏ဆိုလည်း ဒီလမ်းအတိုင်း အမြဲတမ်း သွားရပါလို၏ နောက်ဘဝ ဗြဟ္မာဖြစ်ရပါလို၏ဆိုတော့ကော (ဒီလမ်းအတိုင်း သွားရပါလို၏ ဘုရား)။
ဒီလမ်းအတိုင်း သွားရပါလို၏လို့ ဒီလိုချည့် ဖြစ်နေတော့ခင်ဗျားတို့ဟာ သတိပေးလိုက်ပါတယ် လမ်းခွဲ မရှာ တတ်တဲ့လူနဲ့ တယ်တူတယ် (မှန်ပါ့ ဘုရား) လမ်းခွဲမရှာတတ်တဲ့ လူနဲ့တယ် တူတယ်ဆိုတာကို ယနေ့ထူးထူးခြားခြား မှတ်ပါ (မှန်ပါ့)။
လမ်းခွဲမရှာတတ်တဲ့ ပုဂ္ဂိုလ်ဟူသ၍
လမ်းခွဲမရှာတတ်တဲ့ ပုဂ္ဂိုလ်ဟူသ၍မှာဖြင့် ဒီလမ်းချည့်သွားနေမှာပဲ၊ နတ်ဖြစ်ပြန်လဲ ဒီလမ်းပဲ၊ ဗြဟ္မာဖြစ်ပြန်လဲ ဒီလမ်းပဲ၊ တိရစ္ဆာန်ဘက် အကြောင်းမသင့်လို့ ရောက်သွားပြန်လဲ (ဒီလမ်းပါပဲ ဘုရား)။
ဒီလမ်းချည်းသွားနေတော့ ခင်ဗျားတို့ကလဲ မသိဘူး၊ ဟိုဟာဖြစ် ကောင်းနိုးနိုး၊ ဒီဟာဖြစ် ကောင်းနိုးနိုး၊ သူ့မှာ သွားလျက်လမ်းခရီးက ဒီထက်မှန်တာရှိသေးသလား (မရှိပါ ဘုရား)။
အဲဒါကြောင့် ဒီဒကာ ဒကာမတွေမှာတဲ့ လမ်းခွဲပြတဲ့ ဆရာရှိတုန်း ခင်ဗျားတို့ကမလိုက်တော့ဘူးဆိုလို့ရှိရင်ဖြင့် အသေလမ်း အားပေးနေတဲ့လူတွေဘဲ၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
အသေလမ်း အားပေးနေတဲ့ လူစုတွေဘဲ၊ ဘာကလေးဆုတောင်း ဆုတောင်း ဦးသံဒိုင်တို့လူစုတွေက အတော် ရှော်တဲ့လူတွေ မသိခင်တုန်းက (မှန်ပါ့) မသိခင်တုန်းက “မရဏမ္ပိဒုက္ခ” မသိခင်တုန်းကတော့ ဒီဘဝဆင်းရဲ့၊ နောက် ဘဝချမ်းသာရပါလို၏ဆိုတော့ ချမ်းသာလား-အသေလမ်းသွားဖို့ရာ မူမှန်တောင်းတာလား မေးကြရင် ဘယ်နှယ့်ဖြေ ကြမလဲ (အသေလမ်းသွားဖို့ရာ မူမှန်တောင်းတာပါ ဘုရား) အသေလမ်းသွားဖို့တောင်းနေတာ။
အဲဒါတွေကို ဒကာ ဒကာမတွေက မသိတော့ မသိတာက ဘာဖြစ်လို့ မသိတာတုန်းမေးတဲ့အခါကျတော့ အသေ ဆိုတာ ဒုက္ခသစ္စာ၊ ဒီဒုက္ခသစ္စာမသိတာနဲ့ တောင်းယူလိုက်တာပဲ (မှန်ပါ့)။
လက်သည်တွေ့ပလား (မှန်ပါ့) ဘာမသိလို့ တောင်းယူလိုက်ပါလိမ့် (ဒုက္ခသစ္စာမသိလို့ တောင်းယူလိုက်ပါ တယ် ဘုရား)။
”မရဏမ္ပိ ဒုက္ခ” ကို ဒကာ ဒကာမတွေက မသိတာနဲ့ ဒီဘဝဆင်းရဲတယ်၊ နောက်ဘဝချမ်းသာအောင်တဲ့ (မှန်ပါ့) ဘဝပါလာကတည်းက ဒီလမ်းသွားတော့မယ်ဆိုတဲ့ဥစ္စာ ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား)။
အဲဒါကြောင့် ဒီလမ်းချည့်ပဲ သွားမနေကြပါနဲ့ဆိုတဲ့ဥစ္စာ ဘုန်းကြီးကအခုခေါင်းဆောင်လုပ်ပြီး ပြောနေတာက တခြားမဟုတ်ပါဘူး၊ ဦးအောင်ဇံဝေတို့ ဦးသံဒိုင်တို့နော် (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ ကလေး-ကလေး လေးဘက်သွားကလေးပမာ မီးခဲမြင်ရင်ကိုင်တော့မယ်၊ အမေ,အဖေနဲ့တူတဲ့ ဆရာသမားက ဆွဲလိုက်ရတယ် (မှန်ပါ့) သဘောပါကြသလား (ပါ-ပါပြီ ဘုရား)။
ခင်ဗျားတို့က လေးဘက်သွားကလေး
ခင်ဗျားတို့ကဘာတုန်း လေးဘက်သွားကလေး (မှန်ပါ့)မီးခဲကလေးမြင်ရင် သူက စားစရာကလေးမှတ်တာနဲ့ ဆွဲမယ်၊ ဆွဲတော့ အမေမိဘနဲ့ တူတဲ့ဆရာသမားက ဒီဥစ္စာလောင်ချည်ရဲ့ ဒုက္ခရောက်ချည်ရဲ့ဆိုပြီးတော့ မဆွဲရပေ ဘူးလား (ဆွဲရပါတယ် ဘုရား)။
အဲ တရားဟောတယ်ဆိုတဲ့ဥစ္စာဟာ ဦးသံဒိုင်ဒါပဲ၊ ဦးအောင်ဇံဝေရှင်းပလား (ရှင်းပါပြီ ဘုရား)။
သွားနေတော့ ဘုန်းကြီးကတရားနဲ့ ဆွဲရတယ်၊ ခင်ဗျားတို့က မသိလို့သွားနေတာ၊ ကလေးစိတ်နဲ့သွားနေတာ၊ မသိစိတ်နဲ့သွားနေတာဆိုပြီး သကာလ ဒါ တားနေတာဟာ တရားဟောတာချည့်မှတ်ပါ (မှန်ပါ့)။
တရားဟောတာလား ခင်ဗျားတို့၏ အသွားမှားတားတာလား (အသွားမှားတားတာပါ) ရိပ်မိကြပလား (ရိပ်မိ ပါပြီ ဘုရား)။
ဘာတားကြတာတုန်း (အသွားမှားတားတာပါ) အသွားမှားတားတာကို တရာဟောတယ်ဖြစ်တာ၊ ခင်ဗျား တို့က တရားနာချည်ရဦးမယ် ကုသိုလ်ရအောင်လို့ အောက်မေ့မနေနဲ့၊ ဒီလိုဟောတဲ့ ဘုန်းကြီးမဟုတ်ဘူးလို့ဆိုတာ မှတ်ပါ (မှန်ပါ့) ကုသိုလ်ရရုံလောက်ဟောနေတာမဟုတ်ဘူး၊ ခင်ဗျားတို့ချောက်ထဲချည့်သွားမလို့ အိုချောက်, နာချောက်, သေချောက်သွားမလို့ လုပ်နေလို့ဟေ့ မင်းတို့ အသွားမှားလိမ့်မယ်ကွ၊ ငါဆွဲလိုက်ကွ ဆိုပြီး သကာလ ဒါဟောနေတာ (မှန်ပါ့ ဘုရား) သဘောပါလား (ပါ-ပါတယ် ဘုရား)။
ခင်ဗျားတို့ အလိုသာဖြင့်ကွာ ဒီဘဝ ဆင်းရဲတယ်ကွာ၊ နောက်ဘဝ ချမ်းသာမှာပေါ့ကွ၊ ဘယ်ချမ်းသာရမတုန်း ဒီခန္ဓာကြီးက ဒီလမ်းသွားဦးမှာဘဲ၊ မသွားပေဘူးလား (သွားပါတယ် ဘုရား) နောက်ဘဝ ချမ်းသာဆိုတာ ရှိရဲ့လား (မရှိပါ ဘုရား)။
ဒါဖြင့် မရှိတာကို မသိတော့ ဘာဖြစ်လို့ မသိသတုန်းမေးတဲ့အခါကျတော့ ‘ဇရပိ ဒုက္ခာ’ ဆိုတဲ့ အိုမှုလဲ သူမ သိဘူး၊ ‘ဗျာဓိပိ ဒုက္ခော’ဆိုတဲ့ နာမှုလဲ သူမသိဘူး၊ ‘မရဏမ္ပိ ဒုက္ခ’ ဆိုတဲ့ သေမှုလဲ ဒုက္ခသစ္စာဆိုတာ သူမသိတော့ ဘဝတွေ ဆက်ဆက်ဆုတောင်းတယ်၊ တောင်းတော့ ဦးအောင်ဇံဝေကြီး အိုခြင်းဆိုးနဲ့ အခုလဲကြုံနေပြီ၊ နောက်သေခြင်း ဆိုးက လာဦးမှာ (မှန်ပါ့) မလာပေဘူးလား (လာပါတယ် ဘုရား)။
ဒီလမ်းမလိုက်နဲ့၊ ဒါပြောနေတာ
အဲဒါ နောက်ထပ် မတွေ့အောင်လို့ ဒီဆရာဘုန်းကြီးကပဲ ဆွဲပြီး ဒီကမလိုက်နဲ့ ဦးအောင်ဇံဝေ,ရ၊ ဦးသံဒိုင် ဒီလမ်းမလိုက်နဲ့၊ ဒါပြောနေတာ (မှန်ပါ့)။
အဲဒီတော့ကို ဪ ဒီဥစ္စာ တရားဟောတာလား အမှားပြင်ပေးနေတာလားဆိုတာကော ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဘာပေါ်လာသတုန်း (အမှားပြင်ပေးနေတာပါ ဘုရား)။
အမှားကလဲ သေးသေးမှားလား ကြီးကြီးမှားလားဆိုတာ တခါပြောပါဦး (ကြီးကြီးမှားပါ ဘုရား)။
ကြီးကြီးမှားဖြစ်နေတယ် (မှန်ပါ့) အဲဒီ ကြီးကြီးမှားကို ပြင်ပေးနေတော့ ဪ ဒို့ကို ဘုန်းကြီးက ညလာခဲ့ကြဦး လို့ ပြောလိုက်တဲ့ဥစ္စာ ကြီးကြီးမှားပြင်ပေးမလို့ ခေါ်လိုက်တာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဘာအမှား ပြင်ပေးမလို့လဲ (ကြီးကြီးမှားပြင်ပေးမလို့ပါ) ကြီးကြီးမှားက ဆည်မရတဲ့အမှား (မှန်ပါ့)။
ကြီးကြီးမှားက ဘယ်နှယ့်တုန်း (ဆည်မရတဲ့အမှားပါ ဘုရား) ဆည်မရတဲ့ အမှားဖြစ်နေလို့ ခင်ဗျားတို့ ဦးသံဒိုင် လာခဲ့ဦး၊ ဒီဘက်က မင်းကြီးလဲလာခဲ့ဦးဆိုပြီးသကာ ဘုန်းကြီးတို့က ဒါ လက်ဆောင် ပေးလိုက်တာ၊ လမ်းပြင်ပေးနေတာ (အင်မတန်ကောင်းတဲ့လက်ဆောင်ပါ ဘုရား) အင်မတန်ကောင်းတဲ့ လက်ဆောင်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အမယ်လေး ခင်ဗျားတို့ မိုးကုတ်လာတာ သင်္ဘောထဲရောက်ပြီး တက်လိုက်ရတာ ဥတုရာသီက ဘယ်လို, ညာလိုလုပ်မနေစမ်းနဲ့ ဒါတွေအပိုထား၊ ဒါတွေ အပိုထားပါ ဘာမှ မဟုတ်ပါဘူး။
ကဲ ဒါဖြင့် ပြင်ကြပါစိုတဲ့၊ ပြင်ကြဖို့ ခင်ဗျားတို့ရှေးဦးစွာ ရှေ့ပိုင်းမှာ သံဝေဂကလေး နည်းနည်း ဉာဏ်ကလေး ထက်အောင် ပြောလိုက်ပါဦးမယ်။
ဘယ်သွားနေသတုန်းမေးရင်
ဥပမာ လူတဦးတယောက်က ဦးသံဒိုင်ကြီး ဘယ်သွားနေသတုန်းမေးရင် ဘယ်နှယ့်ဖြေပါ့မလဲ (သေရာသွား နေပါတယ် ဘုရား) ဦးအောင်ဇံဝေ ဘယ်သွားနေသလဲ (သေရာသွားနေပါတယ် ဘုရား) ထိုင်လျက်ကော (ထိုင်လျက်လဲ သေရာသွားနေပါတယ် ဘုရား) အိပ်နေတော့ကော (အိပ်နေလဲ သွားတာပါပဲ ဘုရား) နိုးပြန်တော့ကော (နိုးလဲ သွား တာပါပဲ ဘုရား)။
ဪ ဒါဖြင့် ခင်ဗျားတို့ လမ်းကဖြင့်ဗျာ ကြက်သရေမင်္ဂလာမရှိတဲ့လမ်းချည့် ဒီကိုယ်ကြီး သွားနေတာပဲ (မှန်ပါ့) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
အဲဒါကြောင့် ဒီလမ်းချည်းမသွားစေချင်လို့ ခဏလာခဲ့ကြဦးခင်ဗျားတို့၊ ယောင်ချာချာနဲ့ ပြန်မသွားကြနဲ့ အစ ရှိသည်နဲ့ ဒါပြောနေတာ ဦးအောင်ဇံဝေ၊ ကဲ မြေစာရင်းမင်းကြီးကော ရိပ်မိပလား (မှန်ပါ့)။
သေသေချာချာမှတ်ပါ ဒီဥစ္စာ ဪ ဒို့ပြင်ပေးတဲ့ဆရာရှိသေးပါကလားဆိုတာ ဒါ တွေ့ဖို့ရာလဲ လွယ်မှ-မလွယ်ဘဲ (မှန်ပါ့)။
ကဲ ဒါဖြင့် ပြင်ပါတော့မယ်တဲ့၊ လူတဦးတယောက်ဟာ ဆရာဝန်ကလဲ လက်လွှတ်တယ်၊ ကိုယ့်ခန္ဓာ ကိုယ်လဲ ကိုယ်မသိမ်းဆည်းနိုင်၊ သေဖို့ရာကိစ္စက တကယ်ကြုံလာမှာက လူတိုင်းလာမည့် အလုပ် ဖြစ်နေတော့ ဒီအတိုင်း စိတ်ဝိ ညာဏ်က ချုပ်မသွားဘူး၊ ကိုယ် သူတော်ကောင်းအလုပ်ကို ဘုန်းကြီးပြောတဲ့အလုပ်ကို နားမထောင်ဘဲနဲ့ မလုပ်ဘဲနေလို့ ရှိရင် သွားမည့်လမ်းကို မြင်ရသေးတာကိုးဗျာ (မှန်ပါ့)။
သွားမည့်လမ်းက ဘာမြင်ရသတုန်းဆိုတော့ ကိုယ်က သားကျွေးမှု, မယားကျွေးမှုနဲ့အချိန်ကုန်၊ ဒီလိုကုန်နေတဲ့ ပုဂ္ဂိုလ်ဆိုတော့ အဖိုးတန်အလုပ်ကလဲ မလုပ်ရသေးတော့ တခါတခါ ခွေးနက်ကြီးတွေမြင်လာတယ်၊ မသေသေးဘူး (မှန်ပါ့ ဘုရား) ဒယ်အိုးကြီးတွေမြင်လာတယ်၊ ငရဲထိန်းတွေ, ငရဲမီးလျှံတွေမြင်လာတယ်ဆိုတော့ ဒါ သေတော့မယ်ဆို တော့ မသေခင် မြင်ရတဲ့အလုပ်၊ မကောင်းမှုလုပ်နေတဲ့ ပုဂ္ဂိုလ်များပေါ့ဗျာ (မှန်ပါ့ ဘုရား) ဆိုတော့ ဒီဥစ္စာဟာ အဲဒီ အချိန်မှာ ကိုယ့်မှာ သားရှိတယ်, သမီးရှိတယ်, ပစ္စည်းရှိတယ်၊ ဒါတွေကလည်း ကယ်မည့်, ယူမည့်လူမရှိဘူး၊ ကိုယ်က တယောက်တည်း မြင်နေရတယ် (မှန်ပါ့)။
ကိုယ်တယောက်တည်း မြင်ပြီး သကာလ နေရတော့ မျက်ရည်ကြီးငယ်ကျတယ်၊ ခေါင်းအုံးပေါ် မျက်ရည်တွေ စီးကျတယ် (မှန်ပါ့)။
ဟ ဘာဖြစ်တာတုန်းလို့ မေးနေစရာမလိုဘူး သူမြင်နေပြီ၊ ငါ အမှားနေခဲ့လို့ အသေမှားတော့ ရောက်ပဟ (မှန်ပါ့ ဘုရား)။
အနေမှားလို့ အသေမှား
ဘယ်လိုပါလိမ့် (အနေမှားလို့ အသေမှားတော့ ရောက်ပါပြီ) အနေမှားလို့ သေတော့ဖြင့် မကောင်းတော့ဘူး ဆိုတာ လာလိမ့်မယ် (မှန်ပါ့)။
အဲ ဒါဟာ လူတိုင်းအလုပ်လို့ မြေစာရင်းမင်းကြီးကလဲ မှတ်ထားရမယ် (မှန်ပါ့) လူတိုင်းမြင်ရမည့်အလုပ်၊ လူတိုင်းမြင်ရမည့်အလုပ်လို့ သေသေချာချာမှတ်ပါ (မှန်ပါ့)။
ဟေ့ မောင်ထွန်းရင်ကြီး ကြားရမလား မင်း (ကြားပါတယ် ဘုရား) အေး ကြားအောင်လုပ်ပါကွ မင်းက။
ကိုင်း ဒါနဲ့ ‘ဖျတ်’ ဆို ဒီဘက်က စိတ်ဝိညာဏ်လဲ ချုပ်ပါရော ဟိုမှာ အထည်ကြီးကိုသွားဖြစ်တယ် (မှန်ပါ့) ငရဲကောင်ကြီး သွားဖြစ်တယ် (မှန်ပါ့) အနေမှားလို့ အနေကို တော်အောင်နေခဲ့လို့ပေါ့ဗျာ (မှန်ပါ့) အသေကို တခါ တည်း ဒုက္ခရောက်သွားတာဟာ အခု ကယ်မည့်သူ ရှိသေးသလား (မရှိပါ ဘုရား)။
သားတွေ, သမီးတွေ, ပစ္စည်းတွေရှာထားတာ တပုံကြီးဘဲ (မှန်ပါ့) သူတို့က ဘာတတ်နိုင်သေး သတုန်း (မတတ် နိုင်ပါ ဘုရား)။
အဲဒီတော့ ဘာမှမတတ်နိုင်တော့ ဦးသံဒိုင်တို့ကလည်း အလုပ်ကြီးလို့ဟာ ဒီက မြေစာရင်းမင်းကြီးကလဲ အလုပ်ကြီးလိုက်တယ်၊ ခင်ဗျားတို့က ဒီဟာဂုဏ်ယူမနေနဲ့၊ ဒီဥစ္စာ သားကျွေးမှု, မယားကျွေးမှုတွေ၊ ဒါ ကိုယ့်အရေးမှ မဟုတ်ဘဲ (မှန်ပါ့) ကိုယ့်အရေးမဟုတ်ပါဘူး။
အဲဒီလို မြင်ရတဲ့အခါကျတော့ ခင်ဗျားတို့ ကိုယ်ကျိုးနည်းပေါ့ဆိုတာ ခင်ဗျားတို့တယောက်တည်း မျက်ရည်ကျ တယ် (မှန်ပါ့) အပါယ်သွားရတော့မယ် (မှန်ပါ့) သိပ်ကြောက်စရာမကောင်းဘူးလား (ကြောက်စရာကောင်းပါတယ် ဘုရား)။
အဲဒါ ပြင်ပေးနေတာ (မှန်ပါ့) ခင်ဗျားတို့ သေတဲ့လမ်းလဲ သွားသေးတယ်၊ အနေဆိုးဘက်ကိုလဲ အလှည့်သွား သေးတယ်ဆိုတော့ကို ပြင်မပေးထိုက်ဘူးလား (ပြင်ပေးထိုက်ပါတယ်) ကိုယ်ကမှ မသိဘဲကိုးဗျ (မှန်ပါ့ ဘုရား)။
ပြင်ပေးတဲ့အလုပ်ပဲ ပေးမယ်
အဲဒါကို ဝတ္ထုသက်သေသာဓကထုတ်နေရင် နာရီပိုသွားမှာစိုးလို့ မထုတ်ပါဘူး၊ ပြင်ပေးတဲ့အလုပ်ပဲ ပေးမယ် (မှန်ပါ့ ဘုရား)။
ပြင်ပေးတဲ့အလုပ်ကို ပေးတော့မယ်ဆိုတော့ ခင်ဗျားတို့ ဒီလိုလုပ်ကြပါတဲ့၊ ဪ ငါအခု တသက်လုံးအနေ မှားဟာ ဘာကြောင့်ပါလိမ့်မတုန်း၊ ငါ့ကိုယ်ငါ စားဖို့၊ သောက်ဖို့ဆိုတဲ့ ခင်မှုဘဲ၊ ငါ့သားမယားများ ဝ,ဖို့ပဲ။
လူချင်းတူတူ သူချင်းမျှမျှ သူများကားစီးရင် စီးနိုင်အောင် သူများစိန်ဝယ်ရင် ဝယ်နိုင်အောင်ဆိုပြီး သကာလ ဒီလိုနေတော့ကို ဒီခန္ဓာကြီးအတွက်နဲ့ ပတ်သက်ပြီး သကာလ လောဘတွေ,ဒေါသတွေ လာတာကိုးဗျ (မှန်ပါ့) မလာဘူး လား (လာပါတယ် ဘုရား)။
အဲဒီတော့ ဒီခန္ဓာကြီးကလဲ သူ့ကိုကြည့်လိုက်လို့ရှိရင် လောဘ, ဒေါသတွေ လာတာပဲ ခင်ဗျားတို့က၊ သူ့ခင်မှု, သူနဲ့ပတ်သက်တာတွေ ကျွေးချင်,မွေးချင်မှု၊ ဒါတွေကလာတဲ့အခါကျလို့ရှိရင်ဖြင့် ပဋိစ္စသမုပ္ပါဒ်နဲ့ တွဲလိုက်တော့ ကိုယ့် ကိုယ်ခင်လဲ တဏှာ, ဥပါဒါန်, ကံလာမှာဘဲ (မှန်ပါ့ ဘုရား)။
သူတပါးခင်ကော (တဏှာ,ဥပါဒါန်,ကံလာမှာပါပဲ) တဏှာ, ဥပါဒါန်, ကံလာမှာပဲ၊ ကံလာရင် အပါယ်ဇာတိ ဇရာ, မရဏဆိုတာ လွတ်ပါ့မလား (မလွတ်ပါ ဘုရား)။
မလွတ်နိုင်တော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဪဒါဖြင့် ကိုယ့်ကိုယ်ခင်မှုကနေရောက်တဲ့ အပါယ်ပဲ ဟေ့၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဘယ်ကရောက်သလဲ (ကိုယ့်ကိုယ် ကိုယ်ခင်မှုကရောက်ပါတယ်) ကိုယ့်ကိုယ်ကိုယ်ခင်မှုကြောင့်၊ ကိုယ့် သား မယားများကို ခင်မှုကြောင့် ဒါကြောင့် ဪ ဒီခင်တယ်ဆိုတော့တဏှာ။
တဏှာလာရင် ဥပါဒါန်က မရပ်တော့ဘူး၊ ဥပါဒါန်လာလို့ရှိရင် ကံကကော (လာပါတယ်) ကမ္မဘဝပစ္စယာ သေသည်၏အခြားမဲ၌ ဇာတိဆိုတော့ အပါယ်ကောင်ကြီးသွားဖြစ်တယ် (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
ခန္ဓာက အပါယ်ချနေတာပါကလား
အဲဒါတွေသိတော့မှ ဪ ငါတို့ကို ခန္ဓာက အပါယ်ချနေတာပါကလား (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဘယ်သူက ချတာတုန်း (ခန္ဓာကချတာပါ) ခန္ဓာက အပါယ်ချနေတာပဲဆိုတာ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ဒီခန္ဓာကို ခင်ဗျားတို့က ကိုယ်ပိုင်မှတ်ပြီး ခင်နေလို့ သူ့ခင်မှုကနေပြီး ထိုးချလိုက်တာပဲ (မှန်ပါ့) တဏှာ, ဥပါဒါန်, ကံလာမှာဘဲ၊ ကံလာရင် အပါယ် ဇာတိဇရာ, မရဏဆိုတာ လွတ်ပါ့မလား (မလွတ်ပါ ဘုရား)။
မလွတ်နိုင်တော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဪဒါဖြင့် ကိုယ့်ကိုယ်ခင်မှုကနေရောက်တဲ့ အပါယ်ဘဲ ဟေ့၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဘယ်ကရောက်သလဲ (ကိုယ့်ကိုယ်ကိုယ်ခင်မှုကရောက်ပါတယ်) ကိုယ့်ကိုယ်ကိုယ်ခင်မှုကြောင့်၊ ကိုယ့် သား မယားများကို ခင်မှုကြောင့် ဒါကြောင့် ဪ ဒီခင်တယ်ဆိုတော့တဏှာ။
တဏှာလာရင် ဥပါဒါန်က မရပ်တော့ဘူး၊ ဥပါဒါန်လာလို့ရှိရင် ကံကကော (လာပါတယ်) ကမ္မဘဝပစ္စယာ သေသည်၏အခြားမဲ၌ ဇာတိဆိုတော့ အပါယ်ကောင်ကြီးသွားဖြစ်တယ် (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
အဲဒါတွေသိတော့မှ ဪ ငါတို့ကို ခန္ဓာက အပါယ်ချနေတာပါကလား (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဘယ်သူက ချတာတုန်း (ခန္ဓာကချတာပါ) ခန္ဓာ အပါယ်ချနေတာပဲဆိုတာ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ဒီခန္ဓာကို ခင်ဗျားတို့က ကိုယ်ပိုင်မှတ်ပြီး ခင်နေလို့ သူ့ခင်မှုကနေပြီး ထိုးချလိုက်တာဘဲ (မှန်ပါ့) တဏှာ,ဥပါဒါန်,ကံက မချဘူးလား (ချပါတယ် ဘုရား)။
အဲဒါကြောင့် ဒီခန္ဓာပေါ်မှ ခင်ဗျားတို့ ဒုက္ခသစ္စာမတွေ့သေးလို့ရှိရင် ကိုယ်ကျိုးနည်းပေါ့လို့မှတ် (မှန်ပါ့ ဘုရား)။
ဒီခန္ဓာပေါ်မှာ ဒုက္ခသစ္စာမတွေ့သေးရင်
ဒီခန္ဓာပေါ်မှာ ဒုက္ခသစ္စာမတွေ့သေးရင် (ကိုယ်ကျိုးနည်းပါပြီ) ကိုယ်ကျိုးနည်းပြီဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့ ဘုရား)။
ဪ ဒါဖြင့် ဒီခန္ဓာကို ဒုက္ခသစ္စာလို့ ဒုက္ခက ဆင်းရဲတာ၊ သစ္စာက မှန်တာ (မှန်ပါ့) ဆင်းရဲတာအမှန်ကို မတွေ့သေးသ၍ ကာလပတ်လုံး ဒီခန္ဓာကို ခင်နေမှာဘဲ (မှန်ပါ့ ဘုရား)။
ခင်လို့ရှိရင် ခင်တာကတဏှာ, စွဲလမ်းတာက ဥပါဒါန်၊ “ဥပါဒါနပစ္စယာ ကမ္မဘဝေါ”ဆိုတော့ ဒါက ဘုရား တားလို့ မရဘူး၊ ရပ်လို့မရဘူး (မရပါ) ကမ္မဘဝပစ္စယာ ဇာတိဆိုတာ မလာပေဘူးလား (လာပါတယ်) အဲ ဇာတိဆို တာ ပဋိပန္ဓေဘယ်ပဋိသန္ဓေရယ်လို့ဆိုလို့မရပါဘူး (မှန်ပါ့)။
အဲဒါကြောင့် ဒီဒကာ ဒကာမတွေမှာ ဪ ဒီခန္ဓာခင်မှုက လာတာကိုးလို့ သေသေချာချာ မှတ်ပါနော် (မှန်ပါ့) ရဋ္ဌရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒီခန္ဓာကို ဘယ်နှယ့်ကြောင့် ခင်နေသတုန်းဆိုတော့ ငါ့ကိုယ်,ငါဟာထင်နေလို့လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
ဒီခန္ဓာကြီးကို (ငါ့ကိုယ်, ငါ့ဟာထင်နေလို့ပါ) င့ါကိုယ်,ငါ့ဟာထင်နေလို့ နောက်က ဒကာ ဒကာမတွေလည်း မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
ငါ့ကိုယ်,ငါ့ဟာ ထင်နေလို့
အဲဒီတော့ ငါ့ကိုယ်,ငါ့ဟာ ထင်နေလို့ရှိရင်ဖြင့် ငါ့ကိုယ်မှငါမချစ်ရင် ခက်တယ် ဆိုပြီး သကာလ တဏှာ, ဥပါဒါန်, ကံမလာပေဘူးလား (လာပါတယ် ဘုရား)။
အဲဒီတော့ ဘုန်းကြီးက ပြောရမှာက ဒါ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာမဟုတ်ဘူးလို့ပြောရမယ် (မှန်ပါ့) ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။
ငါ့ကိုယ်, ငါ့ဟာ မဟုတ်ဘူးကွ သေသေချာချာပြောရမယ်၊ ငါ့ကိုယ်, ငါ့ဟာ မဟုတ်ဘူးဆိုတာ သေသေချာချာ ပြောတော့မှ ခင်ဗျားတို့ရှင်းသွားမယ်တဲ့။
ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာမဟုတ်ဘူူးဆိုတော့ ဘာတုန်းလို့အမေးထုတ်ဖို့လိုတယ် (မှန်ပါ့) ခန္ဓာကြီးဟာ ငါ့ကိုယ်လဲ မဟုတ်ဘူး၊ ငါ့ဟာလဲမဟုတ်ဘူး, ငါ့ဥစ္စာလဲမဟုတ်ဘူး၊ သူ့ပြုပြင်ထားတာက ဘယ်သူတုန်းဆိုတော့ ခင်ဗျားတို့ အကြောင်း ရှိရင်တ,တဲ့ ကံကလုပ်ထားတာ (မှန်ပါ့) ကံကလုပ်ထားတော့ အလုပ်သမားကကံ၊ ထင်တာက ငါထင်နေတယ်၊ ငါ့ကိုယ် လို့ထင်နေတယ်၊ လုပ်ထားတာက ကံက လုပ်ထားတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
လုပ်ထားတာက (ကံကလုပ်ထားတာပါ) ကံကလုပ်ထားတယ်တဲ့၊ ခင်ဗျားတို့က ဒါကိုကြားကနေပြီ င့ါကိုယ်လို့ လုပ်ထားတော့ တည့်ပါ့မလား (မတည့်ပါ ဘုရား) အလုပ်သမားက တယောက်ဟုတ်လား ပိုင်ရှင်ကတမျိုးဖြစ်နေတယ် (မှန်ပါ့ ဘုရား)။
ပိုင်ရှင်က တမျိုးဖြစ်နေတော့ကို ခင်ဗျားတို့ အလုပ်သမားကသာ ပိုင်ရမယ်မဟုတ်ဘူးလား (မှန်ပါ့) ကြား သမားက (မပိုင်ပါ) ကြားသမားက မပိုင်ရဘူး။
ကြားသမားက မပိုင်ရတော့ကို ခင်ဗျားတို့က ကြားရှုပ်နေတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ကြားရှုပ် နေတာက ဘာတုန်းမေးတော့ ဒိဋ္ဌိ၊ ဒါဖြင့် ဒိဋ္ဌိလာလို့ရှိရင် ဒိဋ္ဌုပါဒါန်, ဒိဋ္ဌိအုပ်ချုပ်တဲ့ကံနဲ့ အပါယ်မသွားဘူးလား (သွားပါတယ် ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ ကြားမရှုပ်စေတဲ့ သဘောကလေးကို ကိုယ့်ခန္ဓာကို သိထားရမယ်၊ ကိုယ့်ခန္ဓာကြီးကို ပေါ့ဗျာ (မှန်ပါ့)။
ဒိဋ္ဌိကိုဖြုတ်ပစ်ရလိမ့်မယ်
ကြားရှုပ်တဲ့ ဒိဋ္ဌိကိုဖြုတ်ပစ်ရလိမ့်မယ် (မှန်ပါ့) ဒိဋ္ဌိဖြုတ်လိုက်ရင် အပါယ်လေးပါး လွတ်သွားမယ် (မှန်ပါ့) ဒိဋ္ဌိဖြုတ်လိုက်ရင်လဲ သောတာပန်တည်တာဘဲ (မှန်ပါ့)။
အဲဒါကြောင့် ဒီ ဒကာ ဒကာမတွေမှာ ဒီခန္ဓာကြီး ဘယ်သူလုပ်သတုန်းဆိုလို့ရှိရင် ကံက လုပ်ထားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီခန္ဓာကြီး ဘယ်သူလုပ်ထားသတုန်း (ကံက လုပ်ထားပါတယ်) သူတင်ပဲလားလို့ မေးတဲ့အခါကျတော့ ခင်ဗျား တို့ မန္တလေးတုန်းကတော့ ပူရုပ်တွေ၊ ဒီကျတော့ အေးရုပ်တွေ ဖြစ်နေတယ်၊ အေးရုပ်တွေ ဖြစ်တော့လည်း ဒီကျမှ ဖြစ်တာ၊ အေးရုပ်တွေကလဲ မန္တလေးကပါလာတာ မဟုတ်ဘူး၊ ဥတုက လုပ်ထားတယ် (မှန်ပါ့)။
ဒီခန္ဓာကြီး ဘယ်သူက လုပ်ထားပြန်သတုန်း (ဥတုက လုပ်ထားပါတယ်) ဥတုက လုပ်ထားတော့ ဥတုကပဲ ပိုင်နေတယ် (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့)။
ဒီကျတော့ ခင်ဗျားတို့ စိတ်ကလေးတွေကော မပျော်ကြဘူးလား (ပျော်ပါတယ်) ပျော်ခြင်းကြောင့်လည်း မျက်နှာကလေးပြုံးကာ ရွှင်ကာနဲ့ ပျော်ရုပ်ကလေးတွေကော ဖြစ်မလာဘူးလား (ဖြစ်လာပါတယ် ဘုရား)။
ဒါဖြင့် စိတ်က လုပ်တာ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ခင်ဗျားတို့ အစာမစားခင်တုန်းကနဲ့ ထမင်းမစားခင်တုန်းကနဲ့ ထမင်းစားပြီးနေကြ,ထိုင်ကြတဲ့အခါမှာ ဝဖြိုး လာတာကော မထူးခြားဘူးလား (ထူးခြားပါတယ် ဘုရား)။
ကိုယ်ဟာကိုယ်လဲ ဝမှန်းသိပါတယ် (မှန်ပါ့) ကျုပ်ဝပြီလို့ ပြောနေကြတာပဲ (မှန်ပါ့) အဲဒါက အာဟာရကြောင့် ဖြစ်တဲ့ရုပ်(မှန်ပါ့)။
ကံ,စိတ်,ဥတု,အာဟာရကြောင့် ဖြစ်တဲ့ရုပ်
ဒါဖြင့် ဒကာ ဒကာမတွေမှာ ကံ,စိတ်,ဥတု,အာဟာရကြောင့် ဖြစ်တဲ့ရုပ် (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါ တယ် ဘုရား)။
ဘယ်သူက လုပ်ထားတာတုန်း (ကံ စိတ်ဥတု အာဟာရက လုပ်ထားပါတယ် ဘုရား)။
ဒါဖြင့် င့ါကိုယ်ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား) ငါ့ဟာကော (မဟုတ်ပါ ဘုရား) ငါ့ဥစ္စာကော (မဟုတ်ပါ ဘုရား)။ ဒါဖြင့် ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ မဟုတ်ဘူးဆိုတော့ ဪဒီဥစ္စာသည်ကားလို့ ဆိုလို့ရှိရင် ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ မဟုတ်တဲ့ ခန္ဓာကြီးပါလားဆိုတာ ပေါ်မသွားဘူးလား (ပေါ်သွားပါတယ် ဘုရား)။
ပေါ်သွားတဲ့အခါကျတော့မှ ဪ အခုတော့ဖြင့် ဆရာဘုန်းကြီးက အကြောင်းပြလို့ ကံက လုပ်ထားတာတွေ, ဥတုက လုပ်ထားတာတွေ, စိတ်က လုပ်ထားတာတွေ, အာဟာရဆိုတဲ့ အစာ အာဟာရက လုပ်ထားတာတွေ စုပြီး သကာလ ခန္ဓာကြီး ဖြစ်နေတာကိုးဗျ (မှန်ပါ့)။
ခန္ဓာကြီး ဖြစ်နေတော့ ဒီဥစ္စာ သူတို့အရှင်သခင် ခန္ဓာ၏အရှင်သခင် လျှောက်ရှာလို့ရှိရင် ဒီလေးခုတွေ့တယ် (မှန်ပါ့ ဘုရား)။
ခန္ဓာ၏ အရှင်သခင် ရှာလို့ရှိရင် (ကံ စိတ် ဥတု အာဟာရတွေ့ပါတယ် ဘုရား) လေးခုဘဲ တွေ့တယ်(မှန်ပါ့) အဲဒီတော့ သူတို့လုပ်ထားတာဆိုတဲ့ဥစ္စာ ခန္ဓာကြီးဟာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
အဲဒါကို ခင်ဗျားတို့က ငါ့ ဘာမှတ်လို့တုန်း ငါ့ကိုယ် ငါပိုင်တယ်, ငါဆိုင်တယ်ဆိုပြီး အရမ်းကြွားနေတာ (မှန်ပါ့) ဘာဖြစ်တာတုန်း (အရမ်းကြွားနေတာပါ) အရမ်းကြွားနေတယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒိဋ္ဌိနဲ့ ကြွားနေတာ
အရမ်းကြွားနေတော့ ဘာနဲ့ကြွားတာတုန်း မေးလိုက်တဲ့အခါကျမှ ဒိဋ္ဌိနဲ့ ကြွားနေတာ (မှန်ပါ့)။
ဦးအောင်ဇံဝေကြီး ကြွားလာခဲ့တာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဘာနဲ့ကြွားလာခဲ့တာတုန်း (ဒိဋ္ဌိနဲ့ ကြွား လာတာပါ ဘုရား)။
အဲဒီတော့ ဒိဋ္ဌိနဲ့ကြွားတော့ ဒီအကြောင်းလေးခု မသိလို့ကြွားတာ (မှန်ပါ့) အကြောင်းလေးခုသိရင် ဒီဒိဋ္ဌိနဲ့ ကြွားလို့ဖြစ်သေးရဲ့လား (မဖြစ်ပါ) ကြွားစရာအကွက် ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)။
အဲဒါကြောင့် ဪ ဒီခန္ဓာကြီးဟာ ကံ စိတ် ဥတု အာဟာရဆိုတဲ့ အကြောင်းလေးပါးစုပြီး သကာလ ဒီခန္ဓာ ငါးပါးကြီး ဖြစ်နေတာ၊ သဘောကျပြီနော် (ကျပါပြီ ဘုရား)။
ခန္ဓာငါးပါးကြီး ဖြစ်ပြီး သကာလ နေတော့ ကံ စိတ် ဥတု အာဟာရ အာရုံဒွါရတွေကြောင့် ခန္ဓာငါးပါးကြီး ဖြစ်ပြီး သကာလ နေတော့ ဒီခန္ဓာငါးပါးကြီးဟာ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ မဟုတ်ဘူးဆိုတာ သိထားရမယ်နော် (မှန်ပါ့)။
ကိုယ်ပူချင်လို့ ပူတာလား ဥတုကြောင့် ပူတာလား (ဥတုကြောင့် ပူတာပါ ဘုရား) ကိုယ်အေးချင်လို့ အေးရ တာလား၊ ဥတုက အအေးခိုင်းလို့ အေးရုပ်တွေ ဖြစ်ရတာလား (ဥတုကြောင့် ဖြစ်ရတာပါ ဘုရား)။
အဲဒီတော့ ကိုယ့်ဟာက ဒီအထဲမှာ ဆံပင် မွေးညှင်းတပင်မပါဘူး မှတ်လိုက် (မှန်ပါ့) ဒီခန္ဓာထဲမှာ ပါသေးရဲ့ လား (မပါ-ပါလား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒီဥစ္စာကလေးတွေက ဪ သူ့အကြောင်းတိုက်ဆိုင်လို့ အကြောင်းလေးပါးက ပြုပြင်လိုက်လို့ ပေါ်လာ တယ် (မှန်ပါ့)။
တပါးပါးဇာတ်သိမ်းရင်
အကြောင်းလေးပါးများ တပါးပါးဇာတ်သိမ်းရင် ခင်ဗျားတို့ ဗိုင်းကနဲလဲတယ် (မှန်ပါ့)။
အကြောင်းလေးပါးမှာ ကံက ကဲ မင်းတို့ ငါ အစားမထိုးတော့ဘူးလို့ ဆိုလိုက်လို့ရှိရင် ဘယ်နှယ့်ဆိုမလဲ (ဗိုင်းကနဲလဲပါတယ် ဘုရား) ဗိုင်းကနဲ လဲတယ်။
ဥပမာ ပက်ထရိုကြောင့် မီးတောက်နေတဲ့ဥစ္စာ ပက်ထရိုက အစားမထိုးတော့ဘူးဆိုတော့ မီးသေမလား မသေရဘူးလား (သေရမှာပါ ဘုရား)။
ဒါဖြင့် မီးနဲ့တူတဲ့ ခန္ဓာကြီးသည် ပက်ထရို အားကိုးနေတာ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲဒါတွေ သိတော့မှ ဪ ကံပြုပြင်ထားလို့ စိတ်ပြုပြင်ထားလို့ ဥတုပြုပြင်ထားလို့ အာဟာရပြုပြင်ထား လို့ ဖြစ်နေတဲ့ ခန္ဓာကြီး၊ သူတပါးလက်အောက်ခံကြီးဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ကံက ကဲမင်းတို့ မထောက်ပံ့ဘူးဆိုလဲ သေတာပဲ (မှန်ပါ့) ဥတုက မထောက်ပံ့ရင်လဲ (သေတာပါ ဘုရား) အာဟာရက မထောက်ပံ့ရင်လဲ (သေပါတယ် ဘုရား) စိတ်က မထောက်ပံ့ရင်လဲ (သေပါတယ် ဘုရား) သေတာဘဲဆို တော့သေခြင်းအကြောင်း ခင်ဗျားတို့မှာ ဘယ်နှစ်ကြောင်းရှိသတုန်း (လေးပါးပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့မင်းကြီးကလည်း ဗန်းမော်ကျအောင် သွားမလို့တဲ့သူ၊ သူ့လေးကြောင်း သူမေးကြည့်ရဲ့လား ကျုပ် ဗန်းမော်ကျအောင်ဘဲဆိုတာ မေးကြည့်ဖို့ အတော်ခဲယဉ်းတယ် (မှန်ပါ့ ဘုရား)။
ဦးသံဒိုင်ကလဲ ဗန်းမော်လိုက်မလို့တဲ့ (မှန်ပါ့) ဟေ့ ကံ ငါ့ကို ဗန်းမော်ကျအောင်များ မင်းပို့မှာလား၊ မေးမြန်း ကြည့်ပြီး ခင်ဗျားထွက်လာတာ ဟုတ်ကဲ့လား၊ မဟုတ်ဘူး ခင်ဗျားတို့ ရှော်တော်တော်ထဲကပါ၊ မမေးဘူး သူ အလကား ရမ်းလိုက်လာတာ (မှန်ပါ့) သဘောပါလား (ပါ-ပါပြီ ဘုရား)။
အဲဒီတော့ကို ကိုယ့်ကိုယ်ကိုယ် ပိုင်တယ်ဆိုပြီး ဒိဋ္ဌိနဲ့ထွက်လာတာ (မှန်ပါ့) ပိုင်တာက ဘယ်နှစ်ခုလဲ (လေးခုပါ) လေးခုက ပိုင်တယ်။
လေးခုက ပိုင်တယ်
လေးခုက ပိုင်နေတော့ တချို့ကံကုန်လို့ သေသွားရှာပြီဆိုတာ ကြားဘူးမှာပေါ့ (မှန်ပါ့ ဘုရား) တချို့ သူ့စိတ်နဲ့ သူသေတယ်လို့ကော (မှန်ပါ့)။
တချို့ဥတု သတ်သွားတာလဲ မသေဘူးလား၊ ငှက်ဖျားတို့ဆိုတာ ဥတုသတ်သွားတာပဲ (မှန်ပါ့ ဘုရား) တချို့ ကျတော့ အာဟာရကြောင့် မစားနိုင်တာနဲ့ သေသွားတယ်ဆိုတာ အာဟာရက မထောက်ပံ့တော့ဘူး (မှန်ပါ့ ဘုရား) သူဒါဖြင့် သေခြင်းအကြောင်း ဘယ်နှစ်ကြောင်းရှိသလဲ (လေးကြောင်းပါ ဘုရား) လေးကြောင်းရှိတယ်။
အဲဒီတော့ လေးကြောင်းရှိနေတော့ ဪ လက်အောက်ခံ ခန္ဓာကိုယ်ကြီးဆိုတာ မပေါ်လာဘူးလား (ပေါ်လာ ပါတယ်) ကံ,စိတ်,ဥတု, အာဟာရတည်းဟူသော လေးကြောင်းတို့လက်အောက်ခံခန္ဓာကိုယ်ကြီး (မှန်ပါ့ ဘုရား)။
ဒီလက်အောက်ခံ ခန္ဓာကိုယ်ကြီးဖြစ်နေတော့ ကံမြှော်ရတာတမျိုး၊ စိတ်မြှော်ရတာ တမျိုး၊ အာဟာရမြှော်ရတာ တမျိုးဆိုတော့ ခင်ဗျားတို့ သေသေချာချာအခုသိသွားတော့ အတော်အောက်ကျတဲ့ ခန္ဓာကိုယ်ကြီး (မှန်ပါ့ ဘုရား)။
ကံအောက်လဲ သူကျတယ် (မှန်ပါ့) စိတ်အောက်ကော (ကျပါတယ် ဘုရား) ဥတုအောက်ကော (ဥတုအောက်လဲ ကျပါတယ် ဘုရား) အာဟာရအောက်ကော (ကျပါတယ် ဘုရား)။
သူတို့က သေဆိုသေ၊ ရှင်ဆိုရှင်ပဲ
ဘာဖြစ်လို့ ကျနေရတာတုန်းဆိုတော့ သူတို့က သေဆိုသေ၊ ရှင်ဆိုရှင်ပဲ (မှန်ပါ့) သူတို့က နေဆိုနေပဲ၊ သူတို့က သေဆိုသေပဲ၊ ကိုယ်ပိုင်ရယ်လို့ ပါသေးရဲ့လား (မပါ-ပါ ဘုရား)။
ဒါဖြင့် တကိုယ်လုံးမှာ ကိုယ်ပိုင် ဘယ်ဟာပြကြမလဲ (ကိုယ်ပိုင်မရှိပါ ဘုရား) ကိုယ်ပိုင်မပါတော့ဘူး၊ မဟုတ် ဘူးလား (မှန်ပါ့)။
ဒါဖြင့် ကြွားဝါပြီး မာန်မူနေတဲ့ ပုဂ္ဂိုလ်များအငှားနဲ့ပေါ့ဗျာ (မှန်ပါ့) ဒီအဓိပ္ပါယ်ဒီမရောက်သေးဘူး (ရောက်ပါ တယ် ဘုရား)။
ကံ, စိတ်, ဥတု, အာဟာရက လုပ်ထားတဲ့ခန္ဓာကြီးကို အကြွားသူများဟာနဲ့ မာန်မူနေတယ်ဆိုရင်ကော ငါ့ ဘာမှတ်လို့တုန်းဆိုရင် သူများဟာနဲ့ မာန်မူနေတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒီလိုမလုပ်ပါနဲ့တဲ့ ဒကာ ဒကာမတွေ ဒီအမြင်မှားကြီးကိုလဲ ပြင်ပေးလိုက်စမ်းပါဆိုတာကိုလဲ သတိပေး တယ်နော် (မှန်ပါ့) ဒီအမြင်မှားကို ပြင်ဖို့ရာသတိပေးတယ်။
ကိုယ်ပိုင်တခုမှာမရှိဘူး
အဲဒီတော့ ဒီခန္ဓာကြီးထဲမှာ လုံးဝ ကိုယ်ပိုင်တခုမှာမရှိဘူး၊ ယားလာတာဟာ ကိုယ်ယားချင်လို့ ယားလာတာလား၊ သူ့သဘောနဲ့သူ ယားလာတာလား (သူ့သဘောနဲ့သူ ယားတာပါ ဘုရား)။
ဒါဖြင့် ကိုယ်ပိုင်မဟုတ်ဘူး (မဟုတ်ပါ ဘုရား) နေမကောင်းလာတာကော (သူ့သဘောနဲ့သူပါ ဘုရား) သူ့ သဘောနဲ့ သူဘဲ ဟိုအကြောင်းလေးပါး စီမံသလို ခံနေရတယ်၊ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား) ဒါဖြင့် အစားပျက်သွား တာကော (အကြောင်းလေးပါး စီမံသလိုပါ ဘုရား)။
အကြောင်းလေးပါး စီမံသလိုဆိုတော့ ဒီအထဲမှာ လက်အောက်ခံဆိုတာ မသေချာသေးဘူးလား (သေချာပါ တယ်) လက်အောက်ခံဆိုတော့ ကိုယ်ပိုင်ဆိုမလားတဲ့ ကိုယ်မပိုင်တာလို့ဆိုမလား (ကိုယ်မပိုင်တာပါ ဘုရား) ဒါဖြင့် ဒီ ခန္ဓာကြီးဟာ တကိုယ်လုံး အနတ္တချည့်မှတ် (မှန်ပါ့)။
ဒီခန္ဓာကြီးဟာ တကိုယ်လုံး ဘယ်နှယ့်ဆိုကြမလဲ (အနတ္တပါ ဘုရား) အနတ္တဘဲ။
ဦးအောင်ဇံဝေကြီး ဆံပင်ဖြူချင်လို့ ဖြူတာလား မပိုင်လို့ ဖြူတာလား (မပိုင်လို့ပါ ဘုရား) မပိုင်လို့ ဖြူနေတာ နော် (မှန်ပါ့) အိုလာတာကော (မပိုင်လို့ပါ ဘုရား) မပိုင်လို့ပဲ၊ ဦးသံဒိုင်ကြီးတို့ကော (မပိုင်လို့ပါ ဘုရား) မပိုင်တဲ့ သဘောချည့်ပဲရတယ်။
အဲဒါကြောင့် ဒီခန္ဓာကြီးကို ခင်ဗျားတို့က မပိုင်တာ မြင်အောင်ကြည့်ပေးနော် (မှန်ပါ့)။
ဪ ဒါဖြင့် ဘယ်လိုကြည့်ရမှာတုန်းဘုရား၊ မပိုင်တာကို တပည့်တော်တို့ ကြည့်နည်းလဲ သင်လိုက်ပါ ဆိုတော့ မပိုင်တာကြည့်နည်းကို ခင်ဗျားတို့ ကျကျနနသိသွားလို့ရှိရင်ဖြင့် မပိုင်တာဟာ အနတ္တ၊ သိတာဟာ မဂ်ရတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အနတ္တမှန်းသိတာက မဂ္ဂ
မပိုင်တာက (အနတ္တပါ) အနတ္တမှန်းသိတာက (မဂ္ဂပါ) ဒါ မဂ်ကို ရလာတာပဲ (မှန်ပါ့) မဂ်ရရင် အပါယ်မသွားတော့ဘူး (မှန်ပါ့) သောတာပန်တည်တာပဲ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ အချိန်တိုတောင်းတဲ့အထဲမှာ ဪ မပိုင်တာသိဖို့တလုံးကို ဒို့ ယနေ့ည ပြောနေတာကိုး (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဘာပြောနေတာတုန်း (မပိုင်တာသိဖို့ပြောနေတာပါ ဘုရား) မပိုင်တာသိဖို့ ပြောနေတယ်ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ဒါဖြင့် ယားတာလဲ မပိုင်တာကလေး ပေါ်လာတာပဲ၊ နာလာပြန်ရင်ကော (မပိုင်တာပေါ်တာပါ ဘုရား) မပိုင် တာ ပေါ်တာပဲ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ) ကျင်လာပြန်ရင်ကော (မပိုင်တာ ပေါ်တာပါ ဘုရား)။
ဒါ မပိုင်တာ ပေါ်လာတယ်သိ၊ ပျောက်သွားပြန်တော့ကော မပိုင်လို့ ပျောက်သွားတာပဲ၊ နေပါဆိုပြီး တားလို့ ရရဲ့လား (မရပါ ဘုရား)။
ဒါဖြင့် ဘယ်နေရာမှာ ဝေဒနာပေါ်ပေါ် မပိုင်တာကလေး ကြည့်ပေးပါ၊ ချမ်းသာတာပေါ်လဲ (မပိုင်တာကြည့် ရမယ်) မပိုင်တာပဲ၊ ဒါ မပိုင်တဲ့အနတ္တပဲ၊ ဆင်းရဲတာကလေးပေါ်လာရင်ကော (မပိုင်တာသိရပါမယ်) စိတ်ဆင်းရဲခြင်း လာရင်လဲ မပိုင်တာပဲ၊ ရုပ်ဖောက်ပြန်လာလဲ (မပိုင်တာပါ ဘုရား)။
မပိုင်တာက အနတ္တ
အဲဒီ မပိုင်တာတွေချည်း ခင်ဗျားတို့က မြင်နေတော့မှ ဪ မပိုင်တာက အနတ္တ မြင်တာက မဂ္ဂ၊ မြင်တာဟာ မဂ်ရတာပဲ (မှန်ပါ့)။
မပိုင်တာက (အနတ္တပါ) မြင်တာက (မဂ်ရတာပါ) အဲဒါ ခန္ဓာကိုယ်ထဲမှာ ဝေဒနာသုံးမျိုးရှိတယ်တဲ့၊ အနာ သုံးမျိုးရှိတယ်၊ ချမ်းသာတဲ့နေရာ၊ ချမ်းသာတာလဲ ဝေဒနာပဲ၊ ဆင်းရဲတာကော (ဝေဒနာပါ) အလတ်စားကော (ဝေဒနာ ပါ ဘုရား)။
အဲဒီ ဝေဒနာသုံးမျိုးကို ခင်ဗျားတို့က ကြည့်ပြီး သကာလ ဪ ဝေဒနာက္ခန္ဓာကြီးဆိုတာ ဒါပါကလား၊ ဒီဝေဒနာ တွေသည်ကားလို့ဆိုရင် မပိုင်တာတွေ့ချည်ပါလား တကိုယ်လုံးထဲမှာ (မှန်ပါ့)။
နေကောင်းသလား လို့ ဦးသံဒိုင်မေးရင် ဘယ်နှယ့်ပြောမလဲ ကောင်းတယ်၊ ခင်ဗျားသွားနိုင်လို့ ကောင်းတာ လား ဒီတရားဟာ ဟုတ်လား မပိုင်တဲ့ဝေဒနာပေါ်တာလားဆိုရင် ဘယ်နှယ့်ပြောမလဲ (မပိုင်တဲ့ဝေဒနာပေါ်တာပါ ဘုရား)။
ကောင်းရာကနေ တခါ ခေါင်းကိုက်, လည်နာကလေးက လာပြန်တယ်ဆိုတော့ကော ဒါ ပိုင်တာလား မပိုင် တာလား (မပိုင်တာပါ ဘုရား) မပိုင်တာ လာတယ်။
ဒီမပိုင်တာကလေးဟာလဲ ကိုယ်ခေါ်လို့လာတာမဟုတ်ဘူး၊ ကိုယ်က နှင်ထုတ်လို့ သွားမှာလဲ မဟုတ်ဘူး၊ သူ့ သဘောနဲ့ သူဖြစ်ပြီးသွားတာပဲ (မှန်ပါ့) ဒါဖြင့် အနတ္တပဲ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့)။
တခါ အလတ်စားကလေး ပေါ်လာပြန်တယ် နေကောင်းတယ်လဲ မဟုတ်ဘူး၊ မကောင်းဘူးလဲ မဟုတ်ဘူး ဘုရား၊ ဒီနေနေရတာပဲဆိုတော့ အဲဒီ့ အလတ်စားကလေး ပေါ်လာရင်လဲ ခင်ဗျားတို့ ပေါ်ချင်လို့ ပေါ်တာလား မပိုင်လို့ ပေါ်တာလား (မပိုင်လို့ပေါ်တာပါ ဘုရား) ပျောက်သွား ပြန်တော့ကောပိုင်လို့ ပျောက်တာလား မပိုင်လို့ပျောက်တာလား (မပိုင်လို့ ပျောက်တာပါ ဘုရား)။
ဝေဒနာသုံးပါးကို လှည့်ရှုပေး
ဒါဖြင့် ခင်ဗျားတို့ ဝေဒနာသုံးပါးကို လမ်းသွားရင်းသင်္ဘောပေါ်မှာ လှည့်ရှုပေး (မှန်ပါ့) ရှုသွားတော့ မပိုင် တာက အနတ္တ၊ မပိုင်တဲ့ဝေဒနာတွေက အနတ္တပေါ့ (မှန်ပါ့ ဘုရား)။
ဒါကလေး ရှုပါဆိုတော့ ရှုလိုက်တဲ့အခါကျလို့ရှိရင် မြင်တယ်၊ ဪ ဒါကလေးဟာ အခုပေါ် အခုပျောက်တာ ပဲ၊ ချမ်းသာတာပေါ်လဲ အခုပေါ် အခုပျောက်တာပဲ၊ ဆင်းရဲတာ ကလေးပေါ်ရင်ကော (အခုပေါ် အခုပျောက်တာပါပဲ) အလတ်စားကလေးပေါ်ရင်ကော (အခုပေါ် အခုပျောက်တာပဲ ဘုရား)။
အခုပေါ်အခုပျောက်တာပဲလို့ သိသိ-သိသိပြီး သကာလ သွားတော့ ခင်ဗျားတို့မှာတဲ့အနတ္တ၊ သင်္ဘောပေါ်သွား ရင်းပဲမပိုင်တာက အနတ္တ၊ မပိုင်မှန်းသိတာက မဂ္ဂဆိုတော့ ဪ သင်္ဘောပေါ်တွင်ပဲ ဒို့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ရနိုင် ပါကလားဆိုတာ နှလုံးသွင်းသွားရမယ် (မှန်ပါ့)။
ဒီအတိုင်း မသွားလိုက်ပါနဲ့၊ မြေစာရင်းမင်းကြီးလဲ ဒီအတိုင်းမသွားပါနဲ့နော် (မှန်ပါ့ ဘုရား) မပိုင်တာကြည့်သွား ကြပါ (မှန်ပါ့)။
သွားတဲ့အခါကျလို့ရှိရင်ဖြင့် ဪ မပိုင်တာက ခန္ဓာကိုယ်ထဲမှာချမ်းသာတာ, ဆင်းရဲတာ, အလတ်စား ဒီသုံးခုဘဲပေါ်မယ်၊ ဒီ့ပြင် ပိုပြီးပေါ်စရာမရှိဘူး၊ ဝေဒနာသုံးပါးရှိတာကိုး (မှန်ပါ့) ချမ်းသာတာရယ်, ဆင်းရဲတာရယ်, အလတ်စားရယ်။
ဒါပေါ်တိုင်း ပေါ်တိုင်း ခင်ဗျားတို့ ပေါ်ချင်လို့ပေါ်လာတား (သူ့သဘောနဲ့သူ ပေါ်လာတာပါ) ဒါဖြင့် သူ့ သဘောနဲ့သူ ပေါ်လာလို့ရှိရင် ခင်ဗျားတို့လုပ်ထားတာ မဟုတ်သောကြောင့် ခင်ဗျားတို့နဲ့ မဆိုင်သောကြောင့် ခင်ဗျားတို့ မပိုင်တဲ့ အနတ္တ(မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အနတ္တသိမှ မဂ်ရသကိုး
အဲဒီတော့ သူက အနတ္တ၊ သူ့ကိုသိတဲ့ဉာဏ်က မဂ္ဂသွားဖြစ်မယ် (မှန်ပါ့) မဂ္ဂဖြစ်သွားတဲ့အခါ ကျလို့ရှိရင်ဖြင့် ဪ အနတ္တသိမှ မဂ်ရသကိုး၊ ပေါ်ကြပလား (ပေါ်ပါပြီ)။
ဘာတဲ့တုန်း (အနတ္တသိမှ မဂ်ရပါတယ်) အနတ္တသိမှမဂ်ရမယ်၊ အဲဒီတော့ အနတ္တတွေက မရှိလို့လားတဲ့ မသိလို့လား (မသိလို့ပါ) ရှိလျက်နဲ့ မသိဘူး (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ ဘုရား)။
ဒါ မရှိတာလား မသိတာလား (မသိတာပါ) ဒါဖြင့် ရှိတာကို မသိတာ (မှန်ပါ့) မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါ တယ် ဘုရား)။
ရှိတာကို မသိလို့ရှိရင် ခင်ဗျားတို့သည် ရှိတာကဘယ်မှတုန်းဆိုတော့ ဒီခန္ဓာထဲမှာ (မှန်ပါ့) မသိတာက ဘာတုန်းဆိုတော့ ခင်ဗျားတို့ခန္ဓာထဲမှာ အဝိဇ္ဇာက မသိတာ (မှန်ပါ့) အဝိဇ္ဇာက မသိတော့ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏ” သူဟာ အပေါက်ကျအောင်သွားတာဘဲ (မှန်ပါ့ ဘုရား)။
ရှိတာကို မသိတာဟာ ဘယ်လောက်ဆိုးရွားတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ရှိတာသိပြန်တော့လဲတဲ့ ဒါဟာ မပိုင်တာရှိတယ်ဆိုပြီး နောက်က ဉာဏ်အသိကလေး လိုက်လိုက်ပေးပါ၊ မပိုင်တာက အနတ္တ၊ သိတာက မဂ္ဂသွားဖြစ်တဲ့အခါကျတော့ကို မဂ်ဆိုတာက အဝိဇ္ဇာလား-ဝိဇ္ဇာလားမေးရင် ဦးသံဒိုင် ဘယ်နှယ့်ဖြေမလဲ (ဝိဇ္ဇာပါ) ဝိဇ္ဇာဆိုတော့ အဝိဇ္ဇာချုပ်တယ် (မှန်ပါ့ ဘုရား)။
အဝိဇ္ဇာချုပ်ကတည်းက ‘အဝိဇ္ဇာနိရောဓာ သင်္ခါနရိရောဓော’ ဆိုတော့ ဟိုဘက်မှာ နိဗ္ဗာန်ဘဲရှိတော့တယ် (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ သင်္ဘောပေါ်စီးပြီး ဒီလိုဘဲ စကားတအေးအေးနဲ့ ပြောပြီးသွားကြမလား၊ ဝေဒနာသုံးပါး လှည့်ရှုကြမလား (ဝေဒနာသုံးပါး လှည့်ရှုကြပါမယ် ဘုရား)။
လှည့်ရှုရမယ်၊ တခုပေါ်လဲ ဒါမပိုင်တာပဲ၊ ဒုက္ခပေါ်ကော (မပိုင်တာပါ) ယားတာ, နာတာတွေပေါ်လဲ ဒုက္ခ တွေကိုးဗျ၊ ဒါမပိုင်တာတွေဘဲ (မှန်ပါ့) အလတ်စားကလေးနေမိ, ထိုင်မိပြန်ရင်ကော (မပိုင်တာပါ) မပိုင်တာပဲ ဒါ ဥပေက္ခာပေါ့ဗျာနော် (မှန်ပါ့ ဘုရား)။
အဲဒါကို ခင်ဗျားတို့ရှုရှု ရှုရှုပြီး သကာလ သွားလို့ရှိရင်ဖြင့် အနတ္တနဲ့ မဂ္ဂနဲ့ကိုက်တယ် (မှန်ပါ့) သဘောပါ ပလား (ပါ-ပါပြီ ဘုရား)။
အနတ္တနဲ့မဂ္ဂနဲ့ (ကိုက်ပါတယ်) ကိုက်အောင်သွားပါ (မှန်ပါ့ ဘုရား) သွားတဲ့အခါကျလို့ရှိရင် ခင်ဗျားတို့ ဗန်းမော် မရောက်ခင် ကသာမရောက်ခင် အပေါယ်လေးပါး တံခါးပိတ်နိုင်တယ် (မှန်ပါ့) သိပ်ကျေးဇူးများပါတယ်နော် (မှန်ပါ့ ဘုရား)။
မဂ်ကနေပြီး ကြွေးဆပ်သွား တာပဲ
အဲဒီတော့ ဒီဟာကလေး နှလုံးသွင်းသွားလို့ရှိရင် ခင်ဗျားတို့မှာ ဘာဖြစ်သလဲလို့ မေးတဲ့အခါကျတော့ မဂ်က လေးပေါ်လာတယ်ဆိုရင် နောက်ကပြုထားတဲ့ အကုသိုလ်တွေဘာတွေကို ဘာမှမကြောက်နဲ့၊ မဂ်ကနေပြီး ကြွေးဆပ်သွား တာပဲ (မှန်ပါ့ ဘုရား)။
အပါယ်သွားမည့်ဥစ္စာကို (မဂ်ကကြွေးဆပ်ပါတယ်) နတ်ပြည်,ဗြဟ္မာ့ပြည်သွားမည့် ဒုက္ခသစ္စာတွေကော (မဂ်က ကြွေးဆပ်သွားပါတယ် ဘုရား)။
မဂ်ကပဲ ကြွေးဆပ်သွားတယ်၊ အဲဒီဒုက္ခတွေလည်း လူ့ချမ်းသာ, နတ်ချမ်းသာဆိုတာ ဒုက္ခသစ္စာတွေ၊ အဲဒါတွေ ကိုလဲ မဂ်ကပဲဖြတ်ပေးသွားမယ်။
ဒါကြောင့် ခင်ဗျားတို့ ဪ ဒီခန္ဓာကြီးဟာ အကြောင်းလေးပါးက ပြုပြင်ထားလို့ ပေါ်နေတဲ့ဓမ္မတွေဖြစ်သော ကြောင့် အနတ္တ (မှန်ပါ့) အဲဒီအနတ္တဉာဏ်နောက်ကလိုက်ပါ (မှန်ပါ့ ဘုရား)။
ဘယ်လိုဆိုကြမယ် (အနတ္တပေါ်တိုင်း ပေါ်တိုင်း အနတ္တဉာဏ်နောက်က လိုက်ရပါမယ် ဘုရား)။
အနတ္တနဲ့ မဂ္ဂနဲ့ဖြစ်သွားရင်လဲ (ပြီးပါတယ်) ပြီးတာပဲဆိုတော့ နောက်ခန္ဓာလာမည့် ပဋိစ္စသမုပ္ပါဒ် ရှိသေးရဲ့ လား (မရှိပါ ဘုရား)။
မရှိလို့ရှိရင် အပါယ်လေးပါး ခန္ဓာကော လာစရာရှိလားရဲ့လား (မရှိပါ) ဒါလဲ မလာဘူး၊ အပါယ်ဒုက္ခတွေလဲ ကျွတ်သွားပြီ၊ သုဂတိဒုက္ခတွေကော (ကျွတ်သွားပါပြီ ဘုရား)။
ကျွတ်သွားတယ်ဆိုသဖြင် ခင်ဗျားတို့သည်ကားလို့ဆိုရင် ဪ အသွားကောင်းပါကလား၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အပါယ်လေးပါး တံခါးပိတ်တဲ့လမ်း
အပါယ်လေးပါး တံခါးပိတ်တဲ့လမ်းကို ဒို့ဘုရားဟောလဲ ဒီဟာဟောမှာပဲ (မှန်ပါ့) အခုဆရာသမားတွေလို့ ပြောပြန်လဲဒါပဲပြောတယ် (မှန်ပါ့ ဘုရား)။
ဒါကြောင့် ခန္ဓာကိုယ်ထဲမှာ ယားလဲအနတ္တရှု (မှန်ပါ့) နာရင်ကော (အနတ္တရှုရပါမယ်) ခံသာတာကလေး ပေါ်လာရင်ကော (အနတ္တရှုရပါမယ်) အလတ်စားကလေး ပေါ်လာရင်ကော (အနတ္တရှုရပါမယ်) အနတ္တချည်းပဲ၊ ဒါ ကိုယ်လုပ်လို့တခုမှ ပေါ်လာတာမဟုတ်ဘူးဆိုတာ သိပြီးသားဖြစ်နေတယ် (မှန်ပါ့ ဘုရား)၊
အဲဒီ အနတ္တဉာဏ်နဲ့ကြည့်လိုက်ရင် ခန္ဓာကိုယ်ကြီးမှာ ကိုယ်ပိုင်, ကိုယ်ဆိုင်ရှိသေးရဲ့လား (မရှိပါ)။
မလိုချင်ရင် တဏှာချုပ်တယ်
မရှိတော့ ဒီခန္ဓာကိုယ်ကြီးကို ကိုယ်ပိုင်, ကိုယ်ဆိုင်မရှိတဲ့ပုဂ္ဂိုလ်က လိုချင်သေးရဲ့လား (မလိုချင်ပါ) မလိုချင်ရင် တဏှာချုပ်တယ် (မှန်ပါ့)။
တဏှာချုပ်ရင် ဥပါဒါန်ကကော (ချုပ်ပါတယ် ဘုရား) ဥပါဒါန်ချုပ်ရင် (ကံချုပ်ပါတယ်) ကံချုပ်သွားရင် ဟိုဘက် ဇာတိ,ဇရာ,မရဏကကော (မလာတော့ပါ) အဲဒါ နိဗ္ဗာန်ဘဲဆိုတာကော မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ သေသေချာချာ ကြိုးစားရင်ဒီဥစ္စာ သင်္ဘောပေါ်မှာပဲ ကိစ္စပြီးနိုင်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ…ယနေ့တွင် တော်ကြဦးစို့။
သာဓု…သာဓု…သာဓု…။