12313

မာတိကာသို့

ခန္ဓာစွဲလမ်းမှုကြောင့် တဏှာ, မာန, ဒိဋ္ဌိ ဖြစ်ပုံ

ကျေးဇူးတော်ရှင် – အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့ မင်္ဂလာတိုက်၌ ဟောကြား ဆုံးမတော်မူသော

ခန္ဓာစွဲလမ်းမှုကြောင့် တဏှာ, မာန, ဒိဋ္ဌိ ဖြစ်ပုံ

ညအလုပ်ပေးတရားတော်

(၂၈-၄-၆၂)

အရှင်အာနန္ဒာ၏ ဆရာပုဏ္ဏ

ရှင်အာနန္ဒာဟာ ဘုရား၏ ညီတော်ဆိုတာ လူတိုင်းသိပါတယ်၊ သိပင်သိငြားသော်လည်း ဘုရားဆီမှာ သောတာပန်တည်တာ မဟုတ်ဘူးဆိုတာ မှတ်ထားရမယ် (မှန်ပါ့)။

သူ့ ဆရာက ပုဏ္ဏဆိုတာရှိတယ်၊ ပုဏ္ဏက တခါတည်းဟောလိုက်တာနဲ့ သီတင်းငယ်များစွာ သောတာပန်တည်ကြ တယ်၊ တခါတည်းဟောတာ (မှန်ပ့ါ)။

တရားဟော အင်မတန်ကောင်းတယ်၊ ထင်မြင်လောက်တဲ့ ဥပမာ အင်မတန်ပြတတ်တဲ့ပုဂ္ဂိုလ် ဖြစ်သောကြောင့် ဘုရားလက်ထက်တုန်းက အခုအခါလိုတော့ ဝိဇ္ဇာဘွဲ့ထူးရတာပေါ့၊ ဒါလောက်ထိအောင်ပဲ စွမ်းရည်သတ္တိရှိတယ်။

အဲဒီမှာ ရှင်အာနန္ဓာက တစ်ခါဆက်ဟောပြန်တယ်၊ ဒို့ဆရာ မန္တာနီပုဏ္ဏေးမ၏သား ပုဏ္ဏဆိုတာရှိတယ်ကွာ တဲ့၊ အဲဒီ ပုဏ္ဏဟာ ဒို့ကို ဆုံးမတာဖြင့် အင်မတန်ကောင်းတယ်ဟေ့၊ တခါတည်းနဲ့ပဲ ရှုပွားယူလိုက်လို့ရှိရင် သောတာပန် တည်တာပဲ၊ အပါယ်လေးပါး တံခါးပိတ်တဲ့အလုပ် စိတ်ချရတယ်ဟေ့ (မှန်ပ့ါ)။

ဒို့ဆရာက ဘယ်လိုဟောတယ်ဆိုတာ မင်းတို့ကိုဟောပြအုံးမယ်ဆိုပြီး ရှင်အာနန္ဒာက တဆင့်ဟောတယ်နော်။

”အမှာကံ နဝကာနံ ဗဟုပကာရောဟောတိ” ငါတို့သီတင်းငယ်တို့အား တခါတည်းနဲ့ သောတာပန်တည်အောင် ဟောနိုင်တော့ကွာ အရှင်ပုဏ္ဏပါပဲ၊ ငါ့ဆရာပါပဲ၊ ဘယ်လိုဟောတယ်ဆိုတာ မင်းတို့မှတ်ထားပါအုံး။

စွဲလမ်းသည်ရှိသော်

”ဥပါဒါယ အသ္မိ ဟောတိ၊ နော အနုပါဒါယ” ဥပါဒါယ=စွဲလမ်းသည်ရှိသော်၊ အသ္မိ=ငါဆိုတဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိသည်၊ ဟောတိ=ဖြစ်၏။ နော အနုပါဒါယ= မစွဲလို့ရှိရင် ဖြစ်ကိုမဖြစ်ဘူူးတဲ့၊ ဒါကလေးဟောတာပဲ။

”ဥပါဒယ အသ္မိ ဟောတိ” ဥပါဒါယ=စွဲလမ်းမှုကြောင့်၊ အသ္မိ=တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့တရားသည်၊ ဟောတိ=ဖြစ်၏၊ နောအနုပါဒါယ=မစွဲလို့ရှိရင် ဖြစ်ကို မဖြစ်နိုင်ပါဘူးလို့ သူဟောတယ်ကွဆိုတော့ ဒါက ပါဠိဖြစ်နေတယ်။

ဒီ ဒကာ ဒကာမတွေ နာလည်မှုကို ပြောရမှာက မိမိခန္ဓာကိုယ်ကို မစွဲလို့ရှိရင်ဖြင့် ခန္ဓာငါးပါးရှိတဲ့အနက်က ဦးဘသန်း တစ်ခုမှ မစွဲလို့ရှိရင် တဏှာ၊ ဥပါဒါန်ဟာ လာကိုမလာဘူးတဲ့ (မှန်ပါ့) တဏှာ၊ ဥပါဒါန်ဟာ လာကိုမလာဘူးတဲ့ ခန္ဓာငါးပါး ဘယ်တော့မှ မစွဲဘူး၊ ဆံပင်လည်း ငါ့ဆံပင်လို့ မစွဲဘူး၊ သွားကလေးကိုလည်း င့ါသွားလို့ မစွဲဘူး၊ အရေထူ အရေပါးတွေကိုလည်း ငါ့အရေထူ အရေပါးရယ်လို့ မစွဲလို့ရှိရင် ဥပါဒါန်ပြုတ်တယ်ကွဆိုတော့ ဒီတွင် မမှတ်လိုက်ပါနဲ့ တဲ့ ဥပါဒါနပစ္စယာ ကမ္မဘဝေါလည်း ပြုတ်တယ် (မှန်ပါ့) မပြုတ်ဘူးလား (ပြုတ်ပါတယ် ဘုရား) ဇာတိပစ္စယာ ဇရာ မရဏရော (ပြုတ်ပါတယ် ဘုရား)။

အင်း မစွဲရင် ပြုတ်တာပဲ၊ မစွဲရင် ဥပါဒါန်ပြုတ်ရင်ကံပြုတ်၊ ကံပြုတ်လို့ရှိရင် ဇာတိ ဇရာ မရဏ ပြုတ်တယ်၊ ဪဒါဖြင့် စွဲနေလို့ မပြုတ်ကြတာကိုး၊ စွဲနေရင် တဏှာ မာန ဒိဋ္ဌိ အကုန်လာတာပဲ (မှန်ပ့ါ)။

ကိုယ့်ခန္ဓာကိုယ်စွဲနေတာ

အခု ဒကာ ဒကာမတွေ ဖြစ်နေတာက ကိုယ့်ခန္ဓာကိုယ်စွဲနေတာ၊ ဟိုနားကျမှ မျက်စောင်းကလေး ထိုးကြည့်သွား ရင်လည်း ငါ့ဘာမှတ်လို့ပါလိမ့်၊ ကိုယ့်ခန္ဓာကို တခါင့ါဘာမှတ်လို့ပါလိမ့်မတုန်းဆိုပြီး ငါ့ခန္ဓာလို့စွဲနေတော့ သူ့ပဲ အသံ အရင်ထွက်လာတယ် (မှန်ပါ့) မထွက်ဘူးလား (ထွက်ပါတယ် ဘုရား)။

င့ါမျက်စောင်းထိုးသွားတယ် င့ါဘာများမှတ်နေလို့ပါလိမ့်၊ ဟိုစွဲတာလား ဒီစွဲတာလား၊ ကိုယ့်ခန္ဓာ ကိုယ်စွဲတာ (မှန်ပါ့) ကိုယ့်ခန္ဓာစွဲတာ (မှန်ပါ့)။

နောက်က ဒကာ ဒကာမတွေ ဘယ်သူ့စွဲတာတုန်း (ကိုယ့်ခန္ဓာ ကိုယ်စွဲတာပါ ဘုရား)။

ငါ့ ဘာမှတ်လို့ပါလိမ့်မတုန်းဆိုတာ ဟိုလူကို ပြောနေတာလား ကိုယ့်ခန္ဓာ စွဲနေတာလား (ကိုယ့်ခန္ဓာ စွဲနေတာပါ ဘုရား)။

ဘယ်လို အခြေအနေမျိုးမှတ်လို့ ဘာပါလိမ့်မတုန်း မျက်စောင်းထိုးသွားတာ၊ ဒီနားကျမှ ဖိနပ်မြည်အောင် စီးသွားတယ်၊ ငါ့များ ဘာများမှတ်နေလို့ ပါလိမ့်မလဲ၊ တခါတည်း ခန္ဓာရောက် ရောက်လာသလား (ကိုယ်ခန္ဓာဆီ ရောက်-ရောက်လာပါတယ် ဘုရား) ဒါဖြင့် ကိုယ့်ခန္ဓာ စွဲ-မစွဲအကဲခတ်စမ်း (စွဲပါတယ် ဘုရား)။

မသန်းတို့လူစု မခင်စိန်တို့လူစုရော မစွဲဘူးလား (စွဲပါတယ် ဘုရား)။

ဒီအတိုင်းနေတော့ စွဲတယ်လို့မထင်ဘူး၊ မျက်စောင်းကလေးထိုးသွားမှ ဖိနပ်ကလေးဆောင့်နင်းသွားမှ မကြည့် ချင်လို့ ထီးကလေးကွယ်သွားမှ အံမာ ငါ့များ ဘာများမှတ်နေလို့ပါလိမ့်မတုန်းတဲ့၊ အင်း တိုမသွားဘူးဗျ (မသွားပါ ဘုရား) ဘယ်သွားသတုန်း (ကိုယ့်ခန္ဓာ ကိုယ်စွဲပါတယ် ဘုရား) ကိုယ့်ခန္ဓာဘက် လှည့်လာတယ် လှညွန့်ရ (မှန်ပါ့)။

ဒါနဲ့ အရေးကြီး ကိုယ့်ခန္ဓာဘက်ပဲ စွဲလာတာပဲ (မှန်ပါ့) မစွဲတယ် စွဲတယ် နောက်က ဒကာမတွေ ဖွားငြိမ်းတို့ မှတ်စမ်း၊ အားကြီးစွဲတယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ကိုယ့်ခန္ဓာအရင်ဆွဲထုတ်တယ်

အမလေး ဘယ်လောက်များ စွဲတယ် မစွဲတယ် မပြောနဲ့နော် အိပ်ပျော်နေတုန်းများ အိမ်မီးလောင်တယ်ဆို ကိုယ့်ခန္ဓာအရင်ဆွဲထုတ်တယ် (မှန်ပါ့) ခလေးတွေ နောက်မှ သတိရတယ် (မှန်ပါ့) ကိုယ့်ခန္ဓာကိုယ်အရင်ဆွဲထုတ်တယ်၊ တွေ့ဖူးကြ၊ မြင်ဖူးကြရဲ့လား (ကြားဖူးပါတယ် ဘုရား)။

ဘယ်သူ့ အရင်ဆွဲထုတ်သလဲ (ကိုယ့်ခန္ဓာကိုယ်အရင်ဆွဲထုတ်ပါတယ် ဘုရား) ဟ မစွဲလို့လား စွဲလို့လားဟေ့ (စွဲလိုပါ ဘုရား)။

မီးရှို့ကြည့်မှ သာပြီးသိသာတယ် ဟင် (မှန်ပ့ါ) ပစ္စည်းနဲ့ ခန္ဓာ ဘယ်ဟာကိုသာစွဲသတုန်းလို့ မေးတဲ့အခါကျတော့ မှ အို လူမသေ ငွေမရှားပါဆိုတော့ ဘယ်သူ့သာစွဲသတုန်း (ခန္ဓာကိုသာစွဲပါတယ် ဘုရား) ခန္ဓာသာစွဲတယ်ဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒေါ်အေးရင်ကြီး ဘာကိုသာစွဲသလဲ (ခန္ဓာကိုသာစွဲပါတယ် ဘုရား)။

ဒါဖြင့် ဒါ ဥပါဒါန်ဖြစ်နေတာပေါ့၊ ခန္ဓာအပေါ်မှာ ဥပါဒါန်ရှိတယ် (မှန်ပါ့) ပြီးတော့မှ သူက အလန့်တကြား များ ပြောလိုက်သေးတယ် င့ါမှာ ကံကောင်းလို့ လွတ်သွားတယ်တဲ့ (မှန်ပါ့) ငါ့မှာ ကံကောင်းလို့ လွတ်သွားတယ်ဆိုတော့ တခါတည်း ဒိဋ္ဌိက ဝင်လာတာပေါ့ (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် ခန္ဓာ ဘယ်လောက်စွဲတယ် မစွဲတယ်ဆိုတာ မီးရှို့ကြည့်လည်း သိတာပဲ၊ မျက်စောင်းထိုးကြည့်လည်း သိတာပဲ၊ ဟင် (မှန်ပ့ါ)။

ဖိနပ်ဆောင့်နင်း၊ ထီးကွယ်ပြီးသွားလို့ရှိရင်လည်း သိတာပဲ၊ ငါ့များ ဘာများမှတ်နေသတုန်း၊ အဖက်မတန်တဲ့ လူမျိုးများ မှတ်နေသလား၊ တခါတည်း ကိုယ့်ခန္ဓာကိုယ် ကိုစွဲတော့ သဘောတွေကချက်ချင်းပေါ်လာတယ် (မှန်ပါ့)။

အဲဒါကြောင့် “ဥပါဒါယ အသ္မိ ဟောတိ” ဥပါမယ=မိမိခန္ဓာကိုယ်ကို စွဲလမ်းမှုကြောင့်၊ အသ္မိ=ငါဆိုတဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိသည်၊ ဟောတိ=ဖြစ်၏၊ ခန္ဓာကို စွဲဖြစ်တာလို့ သေသေချာချာမှတ်ကြပါ (မှန်ပ့ါ)။

အဲဒီတော့ ဒီခန္ဓာကို သူစွဲဖြစ်ခြင်းကြောင့် ရှင်ပုဏ္ဏက၊ ရှင်အာနန္ဒာတို့ကို ဟောပုံ၊ ရှင်အာနာန္ဒာက တဆင့်လည်း ဒီအတိုင်းဟောတာပဲနော် (မှန်ပ့ါ)။

ရှင်အာနာန္ဒာက တဆင့် ဒီအတိုင်းဟောတာပဲ

”ဥပါဒါယ အသ္မိ ဟောတိ၊ နော အနုပါဒါယ” စွဲလမ်းလို့ရှိရင် တဏှာ မာန ဒိဋ္ဌိဖြစ်တယ်၊ အသ္မိဆိုတဲ့ တဏှာ မာန ဒိဋ္ဌိဖြစ်တာပဲ၊ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်မှာ (မှန်ပါ့)။

ဒါဖြင့် ဒီဥစ္စာက အရေးကလေးမို့ နည်းနည်းကြုံလို့ရှိရင်ဖြင့် ဒီခန္ဓာအရေးကြီးလာတာပဲဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အရေးကြုံရင် ဘယ်သူ့ကို အရေးကြီးလာသလဲ (ဒီခန္ဓာအရေးကြီးလာပါတယ် ဘုရား) ခန္ဓာ အရေးကြီးလာတော့ နောက်က ဒကာ ဒကာမတွေ ခန္ဓာရော မစွဲဘူးလား (စွဲပါတယ် ဘုရား) စွဲတယ်။

အဲဒီတော့ ဥကေက္ခာ ထားလိုက်ပါပဲဆိုတာ အလကားပြောနေတာ၊ ဝိပဿနာမလုပ်သေးတဲ့ပုဂ္ဂိုလ်မှာ ခန္ဓာ ဥပေက္ခာထားလိုက်တာပါပဲဆိုတာ အလကား ပြောနေတာ (မှန်ပါ့) အရေးကြုံရင် စွဲတာပဲ (မှန်ပ့ါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် တဏှာ မာန ဒိဋ္ဌိ ဘယ်ကလာသတုန်းမေးရင်ရော ဖြေတတ်ကြပလား (ဖြေတတ်ပါပြီ) ဘယ်က လာသတုန်း (ခန္ဓာ လာပါတယ် ဘုရား) ခန္ဓာလာတာနော် (မှန်ပါ့) ခန္ဓာ က လာတာတဲ့။

ဪ ဒီခန္ဓာကြောင့် တဏှာ မာန ဒိဋ္ဌိလာတယ်၊ ငါဥပမာပြမယ်ဟေ့ တဲ့ ရှင်ပုဏ္ဏက၊ မှန်တစ်ခု မောင်အောင်ချီ တို့ရှေ့မှာ ထောင်ထားပါ ပြဒါးသုတ်ထားတဲ့ မှန်ထောင်ထားပါ၊ ထောင်ပြီ ကိုယ်က သွားမယ်၊ လာမယ်လို့ ပြင်ဆင်ပြီး မှန်ရှေ့ရပ်လိုက်တာပေ့ါ ထိုင်လိုက်တော့ပေါ့ တဲ့။ ငါ့ အချိုးကျသားပဲ တဲ့ (မှန်ပါ့)ဟ ဘာကြည့်ပြောဘာတုန်းဆို မှန်ထဲက အရိပ်ကြည့်ပြောတာ (မှန်ပါ့)။

ကိုယ့်ကိုယ်ကြည့်ပြောတာလား မှန်ထဲကအရိပ်ကြည့်ပြောတာလား (မှန်ထဲကအရိပ် ကြည့်ပြောတာပါ ဘုရား)။

မှန်ထဲကအရိပ်ကြည့်ပြောတာ

မှတ်ထားပါ မှတ်ထားပါ ခင်ဗျားတို့အိမ်မှာ မှန်ရှိနေတဲ့ ပုဂ္ဂိုလ်တွေပဲ မှန်ဟာ အိမ်တိုင်းရှိကြတာပဲ၊ မှန်သွား ကြည့်လိုက်တဲ့အခါကျတော့ မှန်ကြည့်ပြီးတော့မှ ငါဖြစ်လာတယ်၊ ငါနေရာကျသားပဲ အကောင်းအဆိုးလည်း သင့်သားပဲ၊ အောက်ထည်နဲ့ အပေါ်ထည်နဲ့လည်း အလိုက်သားပဲ။

အင်း အခင်သားပဲ သူ့ခန္ဓာကြည့်ပြောတာလား အရိပ်ကြောင့် ဒီအသံတွေ ထွက်လာတာလား မေးရင် ဘယ့်နှယ် ပြောကြမလဲ (အရိပ်ကြောင့်ထွက်လာတာပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နောက်က ဒကာ ဒကာမတွေ ကိုယ့်ခန္ဓာ ကိုယ်ကြည့်ပြောတာလား မှန်ထဲက အရိပ်ကြည့်ပြောတာလား (မှန်ထဲက အရိပ်ကြည့်ပြောတာပါ ဘုရား)။

ဟင် မှန်ထဲကအရိပ်ကြည့်ပြီး သကာလ ငါနေရာကျသားပဲ ငါသွားဖို့တော်ပါပြီ၊ ဒါလောက်ဆိုရင် တိုးပါပြီ လူထဲအောက်တော့ မကျတော့ပါဘူး၊ မာနကလေးကလည်းလာတယ်၊ အဝတ်အစားလည်း အောက်မကျတော့ပါဘူး ဆိုတော့ မာနသံလည်း ပါမလာဘူးလား (ပါလာပါတယ် ဘုရား)။

ဒိဋ္ဌိကလဲ ဘယ်သူ့ကြောင့်ဖြစ်လာတာတုန်း

အင်း ကိုယ့်ခန္ဓာကြည့်ပြောတာလား အရိပ်ကြောင့်ဖြစ်လာတာလား (အရိပ်ကြောင့်ဖြစ်လာတာပါ) ငါ့ခန္ဓာဆိုတဲ့ ဒိဋ္ဌိကလဲ ဘယ်သူ့ကြောင့်ဖြစ်လာတာတုန်း (အရိပ်ကြောင့်ဖြစ်လာတာပါ) အရိပ်ကြောင့်ဖြစ်တာ။

ငါဒါလောက်ဆိုရင်ဖြင့် လူထဲတိုးပါပြီဆိုတဲ့ မာန်ကလေးကရော (အရိပ်ကြောင့်ပါပဲ) အရိပ်ကြောင့်ပဲ။

ဪ ကိုယ့်ခန္ဓာကိုယ် မှန်ကြည့်လိုက်တဲ့ အခါကျတော့ ကိုယ့်ဟာကိုယ်ပေမဲ့ လှတယ် ပတယ် ထင်နေတာပဲ၊ တဏှာကပါတာကိုး (မှန်ပါ့) တခါကြည့်လိုက်ရတယ် တဏှာ၊ မာန၊ ဒိဋ္ဌိ သုံးခုစလုံးလာတယ် (မှန်ပ့ါ ဘုရား)။

တခါကြည့်လိုက်တာနဲ့ (သုံးခုစလုံးလာပါတယ် ဘုရား) နောက်က ဒကာ ဒကာမတွေ တခါကြည့်လိုက်တာနဲ့ ဘယ်နှစ်ခုလာသတုန်း (သုံးခုလာပါတယ်) တဏှာရော၊ မာနရော၊ ဒိဋ္ဌိရောလာတယ်။

ဒါဖြင့် အရိပ်ကြည့်ပြီး သကာလ ဖြစ်ပေါ်လာတဲ့ ဓမ္မသုံးခုပဲ၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဪ ဒကာ ဒကာမတွေတော့ဖြင့် အရိပ်နှိပ်စက်နေတယ်၊ သဘောပါကြပလား (ပါ ပါပြီ ဘုရား)။

ဘယ်သူနှိပ်စက်သတုန်း (အရိပ်နှိပ်စက်ပါတယ်) အရိပ်နှိပ်စက်နေတာ၊ ဦးဘသန်းကြီးတို့ အရိပ်နှိပ်စက်နေတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ခန္ဓာက နှိပ်စက်တာလား အရိပ်က နှိပ်စက်တာလား (အရိပ်က နှိပ်စက်တာပါ ဘုရား)။

ရော ခက်နေပြီ ခင်ဗျားတို့ဟာ လူကြီးစိတ်မရှိပါဘူး၊ ဦးအောင်ဇံဝေတို့ အသက်သာကြီးနေတယ် လူကြီးစိတ် မရှိပါဘူး (မှန်ပ့ါ) အရိပ်နှိပ်စက်တယ်ဆိုတော့ ခန္ဓာကနှိပ်စက်တာမှမဟုတ်ဘဲ (မှန်ပါ့) ဘယ်သူက နှိပ်စက်နေတာတုန်း (အရိပ်ကနှိပ်စက်နေတာပါ ဘုရား) ဒါဖြင့် ခင်ဗျားတို့ဟာ ခလေးဖြင်နေပြီ (မှန်ပ့ါ)။

ခလေးဟာ မှန်ကို တခါမှမကြည့်ဖူးတဲ့ ခလေးဟာ မှန်ကြည့်ပြီးတဲ့အခါ လန့်ငိုတယ် (မှန်ပါ့) လန့်တယ် ငိုချင်လည်းငိုလိုက်တယ်၊ မသိသေးတဲ့ခလေးမှာလေ (မှန်ပ့ါ)။

ခြင်္သေ့များ မှန်ကြည့်ပြီးဟောက်တာ

ခြင်္သေ့များ မှန်ကြည့်ပြီးဟောက်တာတွေ တွေ့ဘူးမှာပေ့ါဟင် (မှန်ပ့ါ) မှန်ကြည့်ပြီး သကာလ သူ့အရိပ်နဲ့သူနဲ့ ရန်ဖြစ်တာတွေကော မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား) ရင်ကွဲသေတာပဲ။

သူကဟောက်လည်း မှန်ထဲကလည်း ဒီလိုပါးစပ်ဖြဲလျက်ပဲဆိုတော့ ခြင်္သေ့သေရတာဟာ သေချင်လို့ သေရ တာလား သူ့အရိပ်နှိပ်စက်လို့ သေရတာလား (သူ့အရိပ်နှိပ်စက်လို့ သေရတာပါ) နောက်က ဒကာ ဒကာမတွေ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

ခြင်္သေ့ဘာဖြစ်လို့ သေပါလိမ့် (အရိပ်နှိပ်စက်လို့ပါ ဘုရား) ဒီမှာလည်း တဏှာ၊ မာန၊ ဒိဋ္ဌိကြောင့် အပါယ်လေးပါး ကျနေတာဟာ ဘယ်သူ့ကြောင့်ပါလိမ့် (အရိပ်နှိပ်စက်လို့ပါ) ဒါဖြင့် ခင်ဗျားတို့ ခြင်္သေ့စိတ်မပျောက်သေးပါဘူး။

နောက်က ဒကာ ဒကာမတွေ ခြင်္သေ့ဆိုတာ လူလား တိရစ္ဆာန်လား (တိရစ္ဆာန်ပါ ဘုရား) ခင်ဗျားတို့မှာ ဘာစိတ်ရှိနေတယ်ထင်သတုန်း (တိရိစ္ဆာန်စိတ်ရှိနေပါတယ်) တိရစ္ဆာန်စိတ်ရှိနေတယ်၊ လှညွန့် သိပ်ကြွားမနေနဲ့အုံး၊ လူစိတ်ကိုမပေါ်သေးဘူး၊ ရိပ်မိတယ်နော် (မှန်ပ့ါ ဘုရား)။

ဦးဘသန်းကြီးတို့များ အရိပ်နှိပ်စက်ထားလိုက်တာကို ခုထက်ကို ငါကိုယ်ဟာကိုယ်နေတာကွ၊ လူတစ်လုံးလုပ်နေ တာ ဘာများထင်နေကြသတုန်းဆိုတော့ အရိပ်ကြည့်ပြီးသူပြောနေတာ (မှန်ပါ့ ဘုရား)။

ငါသွားနိုင်သေးတယ်ကွ ဘယ်သားသမီးလက်အောက်မှ ငါမခံဘူးကွ၊ မင်းတို့ ကျွေးတာ၊ မွေးတာများ ငါစား ချင်တဲ့စိတ်မရှိဘူး၊ ဟိုမှာမှန်ထဲကြည့်ပြီး သကာလ ဖြစ်ပေါ်သေးတယ် (မှန်ပါ့ ဘုရား)။

လှညွန့်တို့လည်း တခါတခါပြောတာပေါ့၊ ကိုယ်ကသာ ကျွေးချင် မွေးချင်ပါတယ်၊ သူတို့ သားသမီးများ လုပ်တာများ စားကိုမစားချင်ဘူး။ အမာ အရိပ်တွေကြည့်ပြီး ဦးအောင်ဇံဝေတို့လည်း ကြီးပြီးဟင် (မှန်ပ့ါ)။

ဂျာမဏီက သားပြန်လာလည်း သူတို့ဟာ မစားချင်ပါဘူး။ အိမ်ကသမီးပစ္စည်းရော (မစားချင်ပါ ဘုရား) မစားချင်ဘူး။

ဘာဖြစ်လို့ မစားချင်ဘူးဆိုသတုန်း ဆိုလို့ရှိရင်ဖြင့် ကိုယ့်မှာလည်း တိုက်နဲ့၊ တာနဲ့၊ မြေနဲ့၊ ရွှေနဲ့ ဆိုသလို သွားလည်းသွားနိုင်သေးတယ်ငါက၊ ပြောလည်းပြောနိုင်သေးတယ် ငါက။ အရိပ်ကြည့်ပြီးတော့ ဒီအတိုင်းလာနေတာ (မှန်ပ့ါ) မလာဘူးလား (လာပါတယ် ဘုရား)။

ဘယ်သူနှိပ်စက်နေပါလိမ့်

ဒါဖြင့် ခင်ဗျားတို့မှာ ဪ ဘယ်သူနှိပ်စက်နေပါလိမ့်မတုန်းမေးတော့မှ လက်သည်ပေါ်လာတယ် (မှန်ပ့ါ) ဘာတွေ့ကြသတုန်း (အရိပ်နှိပ်စက်နေပါတယ်) ခန္ဓာ၏အရိပ်။ ခန္ဓာမနှိပ်စက်ဘူး။ ဘယ်သူကနှိပ်စက်သတုန်း (ခန္ဓာ၏ အရိပ်ပါ ဘုရား)။

အရိပ်ကြောင့် အသ္မိမာနတရား ပေါ်လာပုံ ပြဆိုခန်းဖြစ်၍ ပေါ်လွင်လာအောင် မိန့်ဆိုခြင်းဖြစ်သသည်။

ခန္ဓာကတော့ မနှိပ်စက်ပါဘူး။ သူ့ကြည့်ကတည်းက ခန္ဓာကိုယ်ကြည့်ပြောတာ၊ အရိပ်ကိုကြည့်ပြောတာနော် (မှန်ပ့ါ) အဲဒီတော့ အရိပ်နဲ့ အထည်နဲ့မကွဲဘူး။ ကွဲသေးရဲ့လား (မကွဲပါ ဘုရား)။

နောက်က ဒကာ ဒကာမတွေ ဘယ့်နှယ်တုန်း (မကွဲပါ) အရိပ်နဲ့ အထည်နဲ့ မကွဲဘူး။

အရိပ်နဲ့ပဲ ဒီကအနာကလေးပေါက်တယ်။ မှန်ထဲကြည့်လိုက်တော့ ဒီအနာကလေးမြင်တယ။ မှန်ထဲကအရိပ်မှာ လည်း ဒီအနာကလေးပေါ်တော့ ဒီအနာနဲ့ ငါသေမှာထင်ပါရဲ့။ အံမာ-

အရိပ်ကြောင့်များ မျက်ရည်ကျတယ်။ မကျဘူးလား (ကျပါတယ် ဘုရား)။

ဟ ဘယ့်နှယ်ဖြစ်ကြတာတုန်း ဘယ်သူက ရိုက်ထားလို့ မျက်ရည်ကျတာတုန်းမေးရင် ဘယ့်နှယ်ဖြေမလဲ (အရိပ်ကနှိပ်စက်လို့ပါ) အရိပ်ကနှိပ်စက်လို့ (မှန်ပါ ဘုရား)။

အမလေး ခြင်္သေ့ဘာဖြစ်လို့သေ (အရိပ်ကြောင့်ပါ) အရိပ်နှိပ်စက်လို့သေတာ။ ရိပ်မိတာကွ (မှန်ပါ့ ဘုရား)။

ခြင်္သေ့ဟာ လူလား၊ တိရစ္ဆာန်လား မေးပြန်တော့ ဘယ့်နှယ်ဖြေသတုန်း (တိရစ္ဆာန်ပါ) တိရစ္ဆာန်ဆိုတာ တယ်မိုက် ပါလားဆိုတာ ခင်ဗျားတို့ ပါးစပ်တွေက ထွက်နေတာ (မှန်ပ့ါ ဘုရား)။

ဒီမှာလည်း ဦးဘသန်းကြီးတို့ ဘယ်လိုများ ဆုံးဖြတ်ချက်ချမယ်ထင်သတုန်း ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

အပါယ်သွားတာ အရိပ်ကြောင့်

အေး ဒါကြောင့် ခင်ဗျားတို့အားလုံး အပါယ်သွားတာ အရိပ်ကြောင့်သွားတာ၊ ခန္ဓာ၏ အရိပ်ကြောင့်၊ ရှင်းပလား (မှန်ပ့ါ)။

အဲဒီတော့ကို တဏှာနဲ့ခင်တာနဲ့ ဪ ငါ့မှာ လုပ်နိုင်ကိုင်နိုင်တဲ့ အခြေအနေရှိသေးတာပဲ၊ မှန်ကြည့်လိုက်တဲ့အခါ ကျတော့၊ အင်း တဏှာနဲ့ ခင်လိုက်တယ်၊ အရိပ်ပဲ မဟုတ်ဘူးလား (မှန်ပ့ါ)။

ဪ ငါတော့ ဘယ်သားသမီးအောက်မှ အခုအခါမှာ မကျသေးပါဘူး၊ မာနကလည်း လာပစ်လိုက်တာပဲ၊ (မှန်ပါ့) ငါဆိုတဲ့ ဒိဋ္ဌိကကော (ပါလာပါတယ် ဘုရား)။

ပါနေတော့ ဦးအောင်ဇံဝေ တဏှာ မာန ဒိဋ္ဌိဟာ ဘယ်ကလာတာတုန်းဆိုတော့ ခန္ဓာအရိပ်က လာတာ (မှန်ပ့ါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်ကလာတာတုန်း (ခန္ဓာအရိပ်က လာတာပါ ဘုရား) ခန္ဓာအရိပ်က လာတာ၊ နောက်က ဒကာ ဒကာမ တွေရော ရိပ်မိကြရဲ့လား (မှန့်ပါ) ဘယ်ကလာတာတုန်း (ခန္ဓာကလာတာပါ ဘုရား)။

ခန္ဓာကြီးကလာလို့ရှိရင် ခန္ဓာနဲ့ ကိုင်ရိုက်ရလို့ရှိရင် နာတယ်၊ အခုတော့ အရိပ်နဲ့ မျက်ရည်ကျနေလိုက်သေးတယ်၊ အရိပ်နဲ့များ ပြုံးနေလိုက်သေးတယ် (မှန်ပ့ါ) ဟ ဘာဖြစ်ကြတာတုန်းမေးရင် ဖြေတတ်ကြပလား၊ မပြောတတ်ပါဘူးဘုရား လူစိတ်မရှိလို့ထင်ပါရဲ့၊ ဦးအောင်ဇံဝေ ဒါပဲပြောရမယ် (မှန်ပ့ါ) ဒီအတိုင်းပြောရမှာပဲ နောက်က ဒကာ ဒကာမတွေနော် (မှန်ပ့ါ)။

ဒီ့ပြင် ပိုပြောစရာရှိသေးသလား (မရှိပါ) အဲဒါ ခင်ဗျားတို့ ဟိုအိမ်နဲ့ ဒီအိမ်မတည့်တာလည်း ဘာတုန်းဗျ (မှန်ပါ့) အရိပ်နှိပ်စက်တာနော် (မှန်ပ့ါ)။

မျက်နှာကြော မတည့်ပါဘူးကွာ

မျက်နှာကြော မတည့်ပါဘူးကွာ သွားပုံ-လာပုံ မျက်နှာကြော မတည့်ပါဘူးဆိုတော့ သူ့အရိပ် ကြည့်ပြောတာပဲ (မှန်ပ့ါ)။

ဒို့တော့ ဒီစိတ်မျိုးမရှိပါဘူး၊ အံမာ ဖုံးများဖုံးလိုက်သေးတယ်၊ ဒို့တော့ဖြင့် သူတို့ကို မာန်မာနတော့ မထားပါဘူး။ မထားသာ မထားတယ် သူ့ဟာက အရေးကြုံလာလို့ရှိရင် ခန္ဓာချည့် ဆွဲထုတ်တာပဲ (မှန်ပ့ါ)။

မီးလောင်ကြည့်တော့မှ ခန္ဓာဆွဲထုတ်တယ်၊ ဘာဖြစ်လို့တုန်း ခင်လို့ဆိုတော့ တဏှာက ဆွဲထုတ်တယ် (မှန်ပါ့) မထုတ်ဘူးလား (ထုတ်ပါတယ် ဘုရား)။

ခက်ပကော ဒါဖြင့် ဒီခန္ဓာသည်ကားလို့ဆိုရင် တဏှာမာန ဒိဋ္ဌိချုပ်မှလည်း နိဗ္ဗာန်ရောက်မှာကိုး (မှန်ပါ့) ဒီအရိပ် နှိပ်စက်နေတော့ တဏှာ မာန ဒိဋ္ဌိကလည်း အချိန်တိုင်း လာနေတယ်ဆိုတော့ တဏှာလာလည်း တဏှာ ဥပါဒါန်ကံ ဇာတိ ဇရာ မရဏဘက် သွားမှာပဲ၊ ဒိဋ္ဌိလာလည်း ဒိဋ္ဌိ-ဒိဋ္ဌုပါဒါန် ဒိဋ္ဌိအုပ်ချုပ်တဲ့ကံ ဇာတိ ဇရာ မရဏ ဘက် မသွားပေးဘူးလား (သွားပါတယ် ဘုရား)။

မာနလာပြန်လည်း မာနရယ် မာနနဲ့ ပတ်သက်တဲ့ဥပါဒါန်ရယ် မလာပေဘူးလား (လာပါတယ်) ဇာတိ ဇရာ မရဏရော (လာပါတယ်) သေသည်၏ အခြားမဲ့၌ ဒါတွေ မလာပေဘူးလား (လာပါတယ် ဘုရား)။

အင်း ဒီသုံးခုကဖြင့် အနာဂတ်ဆက်တာချည်းပဲ၊ အနာဂတ်ဆိုတာ နောက်ဆက်တာပဲ၊ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အနာဂတ်မဆက်ဘူးလား (ဆက်ပါတယ်) သူတို့သုံးခုမသေရင်လေ (ဆက်ပါတယ်) သေရင်လည်း နိဗ္ဗာန်ပဲ (မှန်ပ့ါ ဘုရား) မသေရင်လည်း ဆက်တာပဲ (မှန်ပ့ါ)။

နောက်က ဒကာ ဒကာမတွေ သူတို့သုံးခုသေရင် (နိဗ္ဗာန်ပါ) သေရင် နိဗ္ဗာန်ဆိုတော့ ဟိုဘက်မှာ ဇာတိ ဇရာ မရဏ ချုပ်သွားတယ်၊ မဟုတ်ဘူးလား (မှန်ပါ့) မသေတော့လည်း သံသရာ လှည့်သွားတာပဲ၊ မလှည့်ဘူးလား (လှည့်ပါတယ် ဘုရား)။

နိဗ္ဗာန်ကို ရောက်ဖို့အရေးဟာ

ဪ ဒါဖြင့် ဒီ ဒကာ ဒကာမတွေ ဇာတိ ဇရာ မရဏချုပ်တဲ့ နိဗ္ဗာန်ကို ရောက်ဖို့အရေးဟာက ဘာကြောင့် မရောက်ကြပါလိမ့်မတုန်းဆိုတော့ ခန္ဓာအရိပ်နှိပ်စက်နေလို့၊ သဘောကျပလား (မှန်ပ့ါ)။

ဘယ်သူနိုပ်စက်နေတာတုန်း (ခန္ဓာအရိပ် နှိပ်စက်နေတာပါ) ခန္ဓာအရိပ်နှိပ်စက်နေတာနော် (မှန်ပ့ါ) ခန္ဓာအရိပ် နှိပ်စက်နေပြီး သကာလ နေတယ်တဲ့။

ဝေဒနာဆိုလည်း မင်းတို့မြင်ရတာ မဟုတ်ဘူး၊ သညာလည်းမြင်ရတာ မဟုတ်ဘူးနော် (မမြင်ရပါ) မမြင်ရဘူး။

မမြင်ရပေမဲ့ ဪ ဒါဖြင့် ကိုယ့်ခန္ဓာ ကြည့်ပြန်လည်း ရှုပက္ခန္ဓာကြည့်လိုက်ပြန်လည်း ငါထွက်လာတယ်၊ ဝေဒနာက္ခန္ဓာကြည့်လိုက်ပြန်လည်း ငါထွက်လာတယ်၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တွေ ကြည့်လိုက်ပြန်လည်း (ငါထွက်ပါ တယ် ဘုရား)။

ဪ ဒါဖြင့် ခန္ဓာကိုယ်ကြီးက မှန်နော် (မှန်ပါ့) ငါတွေ့​က အရိပ်၊ သဘောကျပလား (ကျပါပြီး ဘုရား)။

ခန္ဓာကိုယ်ကြီးက ဘာနဲ့တူလဲ

ခန္ဓာကိုယ်ကြီးက ဘာနဲ့တူလဲ (မှန်နဲ့ တူပါတယ် ဘုရား) ငါတွေက (အရိပ်ပါ ဘုရား) အရိပ်တွေထွက်လာတယ်၊ တဏှာ ရိပ်၊ မာနရိပ်၊ ဒိဋ္ဌိရိပ်၊ အရိပ်သုံးမျိုး ထွက်လာတယ် (မှန်ပ့ါ ဘုရား)။

ဒကာ ဒကာမတို့ ဘယ်နှစ်မျိုးထွက်လာသတုန်း (သုံးမျိုးထွက်လာပါတယ် ဘုရား) ကိုယ့်မှန် ကိုယ့်ကြည့်ပြီးတော့ လေ (မှန်ပ့ါ)။

အို ရန်ဖြစ်မှသာသိတယ်၊ တခါတည်း ငါ့ ဘာမှတ်လို့တုန်းလို့ ရင်ဘတ်များ ပုတ်ပြလိုပြ၊ အမျိုးမျိုးအဖုံဖုံ တခါတည်းငါရော မာနရော ဟင် (မှန်ပ့ါ) ကိုယ့်ကိုကိုယ် အခင်ဆုံး၊ ဘယ်သူ့မှ မကြည့်နိုင်ဘူး၊ အမလေး ရန်များဖြစ်မှ စုံထွက်လာတာပဲ၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ရန်ဖြစ်တော့ ဘယ့်နှယ်တုန်း (စုံထွက်လာပါတယ် ဘုရား) ကြမ်းကြမ်းတမ်းတမ်း စုံထွက်လာတယ်။

ဒီအတိုင်းနေတော့ မောင်အောင်ချီတို့က ပြောလိုက်သေးတယ်၊ ငါရှိနေရင် မင်း ဘာပူစရာရှိသေးသတုန်းတဲ့၊ မပြောကြဘူးလား (မှန်ပါ့) အားပေးတဲ့သဘောပေါ့ကွာ (မှန်ပ့ါ) ဘယ်အားပေးတာတုန်း အပါယ်အားပေးချလိုက်တာ (မှန်ပ့ါ ဘုရား)။

ငါ ဆိုတဲ့ဒိဋ္ဌိဟာ မပြုတ်ပါလား၊ ဒိဋ္ဌိနဲ့ ကြုံတဲ့ကံဆိုရင် သူအပါယ်ရောက်သွားတယ် (မှန်ပါ့) အဲဒီတော့ အပါယ်ရောက်အောင် အားပေးတာများ ဦးဘသန်း အံ့စရာကြီးပါလား (မှန်ပါ့) ခင်ဗျားလည်း အားပေးဘူးရဲ့လား (ပေးဖူးပါတယ်) သွားပြီပေါ့ခင်ဗျားလည်း ဒါဖြင့် အပါယ်ရောက်ပြီပေ့ါ။

အဲဒီတော့ ခင်ဗျားတို့ကလည်း ကိုယ့်ဟာကိုယ် အားပေးတာ အပါယ်ရောက်တယ်၊ ငါ ဒိဋ္ဌိနဲ့ အားပေးလိုက်တာ ရယ်လို့မသိဘူး (မှန်ပါ့) ရမ်းပြီး သကာလ သားတွေ၊ သမီးတွေ၊ ခင်ပွန်းတွေကလည်း တဏှာနဲ့ ဝမ်းသာလိုက်သေးတယ်၊ ဒါ့ကြောင့်သူပဲ မေတ္တာပို့ နေရတယ်တဲ့ (မှန်ပ့ါ)။

တဏှာနဲ့ ပို့နေတာ

မေတ္တာပို့တယ်ဆိုပေမဲ့ ခင်လို့သူ့ဟာက (မှန်ပ့ါ) တဏှာနဲ့ ပို့နေတာ၊ မေတ္တာသက်သက်ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား) မဟုတ်ဘူးဆိုတော့ သူတို့က တဏှာဖြစ်တယ်၊ ကိုယ်က ဒိဋ္ဌိဖြစ်တယ် (မှန်ပ့ါ)။

ဘယ်ဟာကောင်းသတုန်း (ဘယ်ဟာမှ မကောင်းပါ) ဒါကို အမျှဝေနေကြတာပဲ ခင်ဗျားတို့က (မှန်ပ့ါ) မဝေဘူး လား (ဝေပါတယ် ဘုရား) ရိပ်မိကြရဲ့လား ခင်ဗျားတို့ (ရိပ်မိပါတယ် ဘုရား)။

အိမ်ထောင်နဲ့ နေတဲ့လူမှန်လို့ရှိရင် ဒီအသံထွက်တာချည်းပဲ၊ မထွက်ပေဘူးလား (ထွက်ပါတယ် ဘုရား)။

ငါရှိနေရင် မင်းတို့ ဘာပူစရာရှိလဲဆိုတော့ ဒီကလည်း ခန္ဓာအရိပ်ကြည့်ပြီး သကာလ ငါဖြစ်လာတယ် (မှန်ပ့ါ) သူကလည်း ဒိဋ္ဌိဒိဋ္ဌုပါဒါန်နဲ့ သွားပြန်ရော (မှန်ပ့ါ) မသွားဘူးလား ပဋိစ္စသမုပ္ပါဒ်က (သွားပါတယ် ဘုရား)။

ဟို ပုဂ္ဂိုလ်ကလည်း ရမ်းပြီးဝမ်းသာလိုက်တဲ့အတွက် ခင်ပွန်းခန္ဓာ သားသမီး ခန္ဓာကြည့်ပြီး ရမ်းဝမ်းသာလိုက် တယ်၊ ဟိုခန္ဓာအရိပ်ကို ကြည့်ပြီး ဝမ်းသာလိုက်တော့ တဏှာ ဥပါဒါန် ကံ မသွားဘူးလား (သွားပါတယ် ဘုရား)။

ဒါလည်း မင်းတို့ အစည်းအဝေးဖွင့်နေတာပဲ အိမ်မှာ (မှန်ပါ့) ဒေါ်အေးရင် ရိပ်မိရဲ့လား (ရိပ်မိပါတယ် ဘုရား) ဘာလုပ်ကြသတုန်း အပါယ်သွား အစည်းအဝေးဖွင့်တယ်ဘုရား (မှန်ပ့ါ) ဒီအပြင် ဘာရှိသေးသတုန်း (ဘာမှ မရှိပါ ဘုရား) အမလေး ကြောက်စရာလူတွေပါကလား။

ဒီက ဒိဋ္ဌိနဲ့ ပြောတယ်

ဒီအပြင် ကုသိုလ်အမျှဝေတာကတော့ သားကြီးမှ ရှင်ပြုတော့ ဝေနေတာကိုးဗျ၊ အခုဟာကတော့ဖြင့် အမျှချည်း ဝေနေတာပဲ အပါယ်သွားဖို့၊ ဟင် ငါရှိဘာပူစရာရှိသတုန်းတဲ့ ဟိုကလည်း ဝမ်းသာနေတာပဲ၊ ဒီက ဒိဋ္ဌိနဲ့ ပြောတယ်၊ ဟိုက တဏှာနဲ့ဖြစ်နေတယ် (မှန်ပ့ါ)ဆိုတော့ လူတစ်သိန်းသေလို့ တစ်ယောက် သုဂတိ မရောက်ပါဘူးကွ-လို့ ဘုရားက သစ္စသံယုတ်များမှာ ဟောထားတယ် (မှန်ပ့ါ) ဟောသင့် မဟောသင့် (ဟောသင့်ပါတယ် ဘုရား)။

ငါရှိ ဘာပူစရာရှိသတုန်းလို့ ယောက်ျားလုပ်တဲ့ပုဂ္ဂိုလ် ခေါင်းဆောင်လုပ်တဲ့ပုဂ္ဂိုလ်က ပြောလိုက်တဲ့အခါကျတော့ သူက ဒိဋ္ဌိနဲ့ပြောလိုက်တာ (မှန်ပ့ါ) မဟုတ်ဘူးလား (မှန်ပ့ါ) ဟိုကလည်း ရမ်းပြီးသာယာတဲ့သဘောနဲ့ မယုံဘူးလား (ယုံပါတယ် ဘုရား) ဟိုကလည်း တဏှာ၊ ဥပါဒါန်၊ ကံဘက် လှည့်သွားတယ် (မှန်ပ့ါ) ဘယ်သူ လွတ်ရေး ကျွတ်ရေးရှိသတုန်း (မရှိပါ ဘုရား)။

သို့သော်လည်း မင်းတို့က ဒီလိုမှမပြောလို့ရှိရင် မျက်စိ၊ မျက်နှာ ငယ်ကုန်မှာပါတဲ့၊ ကိုယ်ငယ်တာတော့ ကြည့်တော့ မဟုတ်ဘူး၊ သားမယားနဲ့ သားသမီးများ ငယ်မှာသာ ကိုယ်က ကြည့်နေတယ်၊ ကိုယ် အပါယ်ရောက်လို့ မျက်နှာငယ်ရမှာတော့ (မကြည့်ပါ ဘုရား) မမြင်းဘူးကွ။

သူများမျက်နှာငယ်မှာသာ စိုးရိမ်နေတယ် ကိုယ်ငယ်မှာကို နည်းနည်းမှ မစိုးရိမ်ဘူး။

ဦးဘသန်းကြီးလည်း ဆိုးဝါးခဲ့တာ ဒီလိုပဲ (မှန်ပ့ါ) နောက်က ဒကာ ဒကာမတွေရော ဆိုးဝါးပြီးပလား (ဆိုးဝါးပြီး ပါပြီ ဘုရား) အမလေး အတော်ကြောက်စရာ ကောင်းပါလား (မှန်ပ့ါ) ကြောက်စရာ သိပ်ကောင်းတာ။

အပါယ်ကျအောင်သွားတဲ့လောကွတ်

ဦးအောင်ဇံဝေ ဒီလိုတရားတွေ မနာရလို့ရှိရင် ခင်ဗျားတို့လောကွတ်ဟာ မသေးဘူးနော် (မှန်ပ့ါ) အပါယ်ကျ အောင်သွားတဲ့လောကွတ် (မှန်ပါ့)။

လှညွန့်ဘယ်ကျအောင်သွားသလဲ (အပါယ်ကျအောင်သွားပါတယ် ဘုရား)။

ရမ်းများ ယုံသေးသလားလို့မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ယုံပါတယ် ဘုရား) အမလေး ဒုက္ခပဲ၊ ယုံတာလည်း တဏှာ၊ ဥပါဒါန်၊ ကံပဲ (မှန်ပါ့) ပြောတာလည်း ဒိဋ္ဌိ၊ ဒိဋ္ဌုပါဒါန်၊ ဒိဋ္ဌိအုပ်ချုပ်တဲ့ကံပဲ (မှန်ပ့ါ) ဘယ်သူ အန္တရာယ်ကင်းသတုန်း (ဘယ်သူမှ မကင်းပါ ဘုရား)။

အတော်ဆိုးနေပါပေါ့လား (မှန်ပါ့ ဆိုးပါတယ် ဘုရား) အိမ်တွင်းတွင်လှည့်တဲ့ ပဋိစ္စသမုပ္ပါဒါ၊ အိမ်တွင်းကနေပြီး အပါယ်သွားတာကိုးဗျ (မှန်ပါ့)။

ပြောရင်း၊ ဆိုရင်း၊ ထင်ရင်းနဲ့ အပါယ်သွားတော့ ဒါတွေကို မရိပ်မိဘူးတဲ့၊ အခု သေသေချာချာ ဖော်ပြောလို့သာ ရိပ်မိတာ (မှန်ပါ့) ဒါ အရိပ်ကြည့်ပြီးထွက်လာတဲ့ အသံချည်းပဲ (မှန်ပ့ါ) သဘောပါကြရဲ့လား (ပါ ပါတယ် ဘုရား)။

ဒီအထဲများ အသက်ကြီးတဲ့လူက ကြွားလုံးများ ထုတ်လိုက်သေးတယ်၊ ငါမရှိရင် သိရစ်လိမ့်မယ်တဲ့ (မှန်ပ့ါ ဘုရား) ကြောက်ဖို့ကောင်းလိုက်တာ (မှန်ပ့ါ)။

ငါကရှိမှ မရှိတဲ့ဥစ္စာကို ငါမရှိရင် သိရစ်လိမ့်မယ်လို့ ကြွားလုံးများ ထုတ်တဲ့အခါပါသေးတယ် (မှန်ပ့ါ) မပါဘူး လား (ပါ ပါတယ် ဘုရား)။

သူ့ကိုယ်သူ ငါထင်တယ်

အင်း သူ့ကိုယ်သူ ငါထင်တယ်လေ ငါများသေသွားလို့ရှိရင် နင်တို့ အကုန်ခက်ကုန်မယ်ဆိုတော့ သူတို့ခက်မှာက နောက်မှ ကိုယ်ခက်တာက ရှေးကျလိမ့်မယ် (မှန်ပ့ါ)။

ဘယ့်နှယ်ဆိုကြမယ် (ကိုယ်ခက်တာက ရှေးကျပါတယ် ဘုရား)။

သူခက်တာက ကိုယ်က သေမယ်လို့လည်းပြောတယ်၊ မာနနဲ့ ပြောတာ မာနရယ် ၊ ဥပါဒါန်ရယ်၊ ကံရယ်ဆိုတော့ ကိုယ်က အပါယ်သွားမယ်လို့ ပြောလိုက်တာ (မှန်ပ့ါ)။

ဦးအောင်ဇံဝေ ဘယ့်နှယ်တုန်း (မလိမ်မာလို့ ပြောတာပါ ဘုရား) မလိမ့်မယ်လို့ပြောတာ (မှန်ပ့ါ) ဘယ်လောက်ထိအောင် အပြစ်ကြီးတယ်လို့ ခင်ဗျားတို့က သိကိုမသိဘူး၊ (မသိပါ ဘုရား) သိကြရဲ့လား (မသိပါ) ဦးအောင်ဇံဝေ အခုရိပ်မိပလား (ရိပ်မိပါပြီ) လောကွတ်ချော်ချင်သေးသလား ခင်ဗျားတို့ (မချော်ချင်ပါ ဘုရား)။

ဟေ့ စကားပေါတဲ့ လှညွှန့်တို့က လောကွတ်ချည့်ချော်မနေနဲ့နော် (လောကွက်ချော်တာ အပြစ်ကြီးက အတော်ကြီး သွားတာပဲ (မှန်ပ့ါ ဘုရား)။

ငါနဲ့ ချော်လိုက်တဲ့အခါ ရှိသေးတယ် (မှန်ပ့ါ) မရှိဘူးလား (ရှိပါတယ်) တကယ် ငါထင်တာ မဟုတ်ဘူးလား (တကယ်ထင်ပါတယ်) တကယ်ထင်တာပေ့ါ၊ မဆိုးဝါးဘူးလားတဲ့ (ဆိုးပါးပါတယ် ဘုရား)။

ခန္ဓာရိပ်ကို ကြည့်ပြောနေတာ

ဒါ ဘယ်ကြည့်ပြောနေကြတာတုန်း၊ ခန္ဓာရိပ်ကို ကြည့်ပြောနေတာ၊ ခန္ဓာ၏ အရိပ်ကိုကြည့်ပြောတာ ဒါကြောင့် ‘ဥပါဒါယ အသ္မိ ဟောတိ’ ဥပါဒါယ=ခန္ဓာကို စွဲလမ်းခြင်းကြောင့်၊ အသ္မိ=ငါဟူသောအသံသည်၊ ဟောတိ=ဖြစ်၏၊ မလာဘူးလား (လာပါတယ် ဘုရား)။

နောက်က ဒကာ ဒကာမတွေ ဒါက ပုတီးစိပ်ရင်းတောင်လာတတ်တယ်နော် (မှန်ပ့ါ) ဝိပဿနာမရှုရင်တော့ လာမှာပဲဟင် (မှန်ပ့ါ)။

ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်ဖြစ်လည်း သေမှု၊ ပျက်မှု ကြည့်နေလို့ ဪ ဒီအထဲ ငါမပါဘူး၊ ငါ့ဥစ္စာလည်း မပါဘူး၊ ခင်စရာလည်းမပါဘူးဆိုတာ ဝိပဿနာရှုလို့ သုံးခုစလုံးစင်သွားတယ် (မှန်ပါ ဘုရား)။

မရှုဘဲနဲ့သာ နေမယ်ဆိုရင် ဒီသုံးခုက ပြိုင်တူဝင်လာတယ် (မှန်ပါ့) နှစ်ခုရင်လည်း ဝင်လာမှာပဲ၊ သုံးခုစလုံရင် လည်း ဝင်လာမှာပဲဟင် (မှန်ပ့ါ ဘုရား)။

ကဲ ဒီတရားတွေနာရတော့မှ ဪ အပါယ်က လွတ်စရာများ ရှိသေးရဲ့လားဆိုတာ တွေးကြည့်ဟင် (မှန်ပ့ါ) အမြဲသုံးနေတာပဲ၊ မသုံးကြဘူးလား (သုံးပါတယ် ဘုရား)။

ပါးစပ်ကမပြောလည်း သူများစီကျတော့ ပြောတာပဲ (မှန်ပ့ါ) ကျုပ်မသွား ဘယ့်နှယ်လုပ်မလဲဗျ၊ ကျုပ်အားကိုး နေကြတာတွေ၊ ကျုပ်ဆိုတာနဲ့ ငါဆိုင်တာနဲ့ ထူးတာမဟုတ်ဘူး၊ ထူးသေးရဲ့လား (မထူးပါ) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ကြွားလုံးဟူသ၍ဟာ

ဟို မသန်းတို့လူစုတွေ သိပ်ကြွားလုံးထုတ်မနေနဲ့အုံး၊ ကြွားလုံးဟူသ၍ဟာ အပါယ်သွားတာချည်းပဲ (မှန်ပ့ါ) ရိပ်မိပြီနော် (ရိပ်မိပါပြီ ဘုရား)။

ဒါ ဘယ်ကလာတာတုန်းဆိုတော့ “ဥပါဒါယ အသ္မိ ဟောတိ” တဲ့ ခန္ဓာစွဲလမ်းမှုကြောင့်လာတာ (မှန်ပါ့) တဏှာ၊ မာန၊ ဒိဋ္ဌိ လာတာက ခန္ဓာကြောင့်လာတာ (မှန်ပါ့ ဘုရား)။

ဒါဖြင့် မောင်အောင်ချီတို့ ငါပြောတယ်၊ ဪ တစ်သိန်းသေလို့ တစ်ယောက် သုဂတိမရောက်ပါဘူးဆိုတာ ဒါတွေက တယ်များတာကိုး (မှန်ပ့ါ) မင်းတို့ ဘုန်းကြီးလာလို့ ဆွမ်းကလေး ဘာကလေးကျွေးတာက တခါတလေ၊ ဒါက နေ့တိုင်း အချိန်တိုင်း (မှန်ပ့ါ) ကဲ ကုသိုလ်နဲ့ အကုသိုလ်ချိန်လို့ကို ရရဲ့လား (မရပါ ဘုရား)။

သို့သော် မင်းတို့က အခုလို ဆရာကောင်း၊ သမားကောင်း မကိုးကွယ်ရတော့ မကြားဘူးတော့ ပြောရိုးပြောစဉ်လို့ မှတ်လိုက်ကြတယ် (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်မှတ်ကြသတုန်း (ပြောရိုး ပြောစဉ်လို့ မှတ်ကြပါတယ် ဘုရား)။

ကိုယ့်ကိုကိုယ် ငါထင်လို့ ပြောတာလား ငါမထင်လို့ပြောတာလား၊ တခါအကဲခတ်အုံး (ထင်လို့ပါ) ထင်လို့ ပြောတာ (မှန်ပ့ါ) ဒိဋ္ဌိလာပြီ (မှန်ပ့ါ)။

ဒိဋ္ဌိလာရင် သူ့ပဋိစ္စသမုပ္ပါဒ်က ရပ်သေးရဲ့လား (မရပ်ပါ ဘုရား) ဒိဋ္ဌုပါဒါန်ပေါ်လာတော့မယ် ဟင် (မှန်ပ့ါ) ဒိဋ္ဌိဦးစီးတဲ့ကံကော (လာပါတော့မယ်) လာရမှာပဲ။

မရှုပ်စမ်းပါနဲ့၊ မင်းတို့ အေးအေးနေစမ်းပါ၊ ငါရှိနေရင် ဘာပူစရာရှိသလဲ၊ ဟာ လောကွတ်ကတော့ အပါယ်သွား မည့်လောကွတ်က သိပ်များတာပဲ (မှန်ပါ့ ဘုရား)။

ဝိပဿနာကင်းတဲ့ ပုဂ္ဂိုလ်မှန်ရင်

ဦးဘသန်း သိပ်ကြောက်စရာကောင်းပါလား၊ ဒါ ဝိပဿနာကင်းတဲ့ ပုဂ္ဂိုလ်မှန်ရင် ဒါ လာနေမှာပဲ (မှန်ပ့ါ) မလာပေဘူးလား (လာပါတယ်) လာတော့ ဒါ အိမ်တွင်းကနေပြီး အပါယ်သွားတာ (မှန်ပါ့ ဘုရား)။

သူများသတ်လို့ ဖြတ်လို့သွားတဲ့ အပါယ်မဟုတ်ဘူး (မဟုတ်ပါ) သူများဟာခိုးလို့သွားတဲ့ သီလပျက်လို့ သွားတဲ့ အပါယ်မဟုတ်ဘူး၊ ဝိပဿနာပျက်လို့ သွားတဲ့အပါယ် (မှန်ပ့ါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သီလပျက်လို့သွားတဲ့ အပါယ်လေးပါးလား၊ ဝိပဿနာပျက်လို့လား (ဝိပဿနာပျက်လို့ပါ) ဘယ်လောက် ကြောက်စရာကောင်းသတုန်း၊ ရှင်းပလား (ရှင်းပါပြီး ဘုရား)။

ဒါဖြင့် ဘယ့်နှယ်လုပ်ကြမတုန်းဆိုတော့ ဒီလိုပြင်မှ ဆင်မှရတော့မယ်ဆိုတဲ့ အကြောင်းကို ဆရာဘုန်းကြီးက လမ်းခင်းပြောမယ်နော် (မှန်ပ့ါ ဘုရား)။

ကိုင်း ဒီခန္ဓာငါးပါးကိုး မှန်ရှေ့ကနေထောင် ဒီကနေမောင်အောင်ချီတို့ကရပ် ဦးအောင်ဇံဝေက မှန်ရှေ့ရပ်၊ မှန်ထဲထင်တဲ့အရိပ်ဟာ ငါလားလို့မေးလို့ရှိရင် အရိပ်မှန်းသိပါစေနော် (မှန်ပ့ါ)။

ဘာသိရမတုန်း (အရိပ်မှန်သိရမယ်) ငါမဟုတ်ဘူးနော် (မဟုတ်ပါ) သေချာပြီနော် (သေချာပါပြီ ဘုရား)။

ငါမဟုတ်ပါဘူး၊ ခန္ဓာကထွက်တဲ့ အရိပ်ပါ (မှန်ပါ့) သဘောကျပလား (မှန်ပါ့ ဘုရား)။

သူတစ်ပါးလာလို့မေးလို့ရှိရင်လည်း ဒီအတိုင်းကြည့်ရတယ်၊ ဟိုထဲမှာ မျက်နှာက မိမိနဲ့ တူနေတယ် (မှန်ပ့ါ) မတူဘူးလား (တူပါတယ် ဘုရား)။

ဒါ အရိပ်သက်သက်ပဲ

ဒါဖြင့် ငါလား သူတစ်ပါးလားလို့ မေးလို့ရှိရင်ဖြင့် ငါလည်းမဟုတ်ဘူးနော် (မှန်ပ့ါ) သူတစ်ပါးရော (သူတစ်ပါး လည်းမဟုတ်ပါ ဘုရား) သူတစ်ပါးလည်း မဟုတ်ဘူး၊ ဒါ အရိပ်သက်သက်ပဲ (မှန်ပ့ါ ဘုရား)။

သူတစ်ပါးဆိုရင်လည်း ကိုယ့်မျက်နှာနဲ့ မတူရဘဲကိုးဗျ (မှန်ပ့ါ) သဘောကျရဲ့လား (ကျပါတယ်) ငါလို့ဆိုရမှာ လည်း အရိပ်ဖြစ်နေတယ်၊ သူတစ်ပါးဆိုရမှာလည်း မိမိနှင့်သွားတူနေတယ် (မှန်ပ့ါ) မတူဘူးလား (တူပါတယ်) ကြည့် တဲ့ ပုဂ္ဂိုလ်မျက်နှာနဲ့ အရိပ်နဲ့မတူဘူးလား (တူပါတယ် ဘုရား)။

ဒါဖြင့် ငါလားလို့မေးပြန်တော့ ဘယ့်နှယ်ဖြေကြသလဲ (မဟုတ်ပါ) အရိပ်ပဲနော် (မှန်ပ့ါ) သူတစ်ပါးလားဆိုလို့ရှိရင် လည်း မိမိနဲ့အလားတူနေတယ်နော် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီလိုလုပ်ကြပါစို့တဲ့ သက်သက် ခန္ဓာကထွက်လာတဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိသာမှန်ပေတော့ (မှန်ပ့ါ) သလောကျပလား (ကျပါပြီ ဘုရား) ခန္ဓာငါးပါးက ထွက်လာတဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိအရိပ်လို့မှတ်လိုက် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာရှုမှသာလျှင် သူ့အရိပ် ပျောက်ထွက်သွားမယ်

ဒါဖြင့် ခန္ဓာငါးပါးက ထွက်လာတဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိ အရိပ်ကို ခန္ဓာငါးပါးကို ခင်ဗျားတို့က တစ်ပါးပါးကို ဝိပဿနာရှုမှသာလျှင် သူ့အရိပ် ပျောက်ထွက်သွားမယ် (မှန်ပ့ါ ဘုရား) နို့မဟုတ်ရင် ပျောက်ပါ့မလား (မပျောက်ပါ ဘုရား)။

ဝေဒနာကြိုက်ရင် ဝေဒနာရှုပေါ့လေ (မှန်ပ့ါ) စိတ်ကြိုက်ရင် (စိတ်ရှုရပါမယ်) ရှုလိုက်တော့ သူ ဖြစ်မှု၊ ပျက်မှုတွေ တွေ့လာမယ် (မှန်ပ့ါ)။

တွေ့လာတဲ့အခါကျလို့ရှိရင် အရိပ်ထဲမှာ ငါလည်းမပါတော့ဘူး၊ ငါ့ဥစ္စာဆိုတဲ့ တဏှာရော (မပါပါ) ငါကိုယ်ဆိုတဲ့ မာနတွေရော (မပါပါ) အဲ ငါ့ကိုယ့် ငါ့ဥစ္စာ သိမ်းမသွားဘူးလား (သိမ်းသွားပါတယ် ဘုရား)။

ဒီသုံးခု သေကို-မသေဘူး

အဲဒါကြောင့် ခင်ဗျားတို့ ဝိပဿနာ မရှုလို့ရှိရင် ဒီသုံးခု သေကို-မသေဘူး (မှန်ပ့ါ ဘုရား) သေပါ့မလား (မသေပါ ဘုရား)။

ဒီသုံးခု အရိပ်ထွက်နေမယ်တဲ့၊ ငါ့အရိပ်၊ င့ါဥစ္စာအရိပ်၊ ငါ့ကိုယ်ဆိုတဲ့ အရိပ်တွေ ထွက်မှာပဲ (မှန်ပ့ါ)။

ဒါဖြင့် လက်ရှိခန္ဓာ ရှုလိုက်တော့ ထွက်နိုင်သေးဂရဲ့လား (မထွက်နိုင်ပါ) မထွက်နိုင်လို့ရှိရင်ဖြင့် တဏှာ မာန ဒိဋ္ဌိ မသေဘူးလား (သေပါတယ် ဘုရား)။

သေလို့ရှိရင်ဖြင့် ပဋိစ္စသမုပ္ပါဒ်ဘယ့်နှယ်နေသတုန်း (ပြတ်ပါတယ် ဘုရား) ပြတ်သွားလို့ရှိရင် ဒါ ပြတ်တာဟာ နိဗ္ဗာန်ပဲ (မှန်ပ့ါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ…ယနေ့ဒီတွင် တော်ကြအုံးစို့။

သာဓု…သာဓု…သာဓု။