ငရဲမီး ငြှိမ်းသတ်နည်း
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မိုးကုတ်မြို့ မင်္ဂလာတိုက်၌ ဟောကြား ဆုံးမတော်မူသော
ငရဲမီး ငြှိမ်းသတ်နည်း
ညအလုပ်ပေးတရားတော်
(၂၇-၄-၆၂)
ဣန္ဒြေငါးပါး ညှိနည်း
ဘုရားဟောတော်မူတဲ့ တရားဆိုပြီး ယုံကြည်လုပ်၊ သေသေချာချာရှိတာကို သေသေချာချာ ရေခိုင်းတာ ဆိုပြီး ယုံကြည်တဲ့သဒ္ဓါ ပြင်းထန်ရမယ် (မှန်ပါ့ ဘုရား)။
ပညာကလဲ ဒီနေရာကို တခါတည်း တည့်ကနဲ့ စိုက်ကနဲသွားရမယ်၊ ယားရင် ယားတဲ့နေရာ၊ ရှုရင် ရှုတဲ့နေရာ, ရှိုက်ရင်ရှိုက်တဲ့နေရာကို ပညာက,တည့်အောင် ပရမတ်ရှိတဲ့နေရာ တည့်အောင်ပေါ့ဗျာ (မှန်ပါ့) ဦးဘသန်း တည့်အောင် ရှုရမယ်နော် (မှန်ပါ့ ဘုရား)။
အဲဒါ သဒ္ဓါ, ပညာကို ညီနေအောင် ဖြစ်ပျက်ရှိတဲ့ဆီကို တွဲလွှတ်ပါနော် (မှန်ပါ့)ဝီရိယနဲ့ သမာဓိလဲ ဖြစ်ပျက် ရှိတဲ့ဆီကို တွဲလွှတ်ပါ၊ သတိကိုဘယ်တော့မှ ဟာမသွားစေနဲ့ (မှန်ပါ့)။
သဒ္ဓါနဲ့ပညာဘယ်လုပ်ရမယ် (တွဲလွှတ်ရမယ်) တွဲပြီးတော့ဖြစ်ပျက်ရှိတဲ့ဆီကို လွှတ်ရမယ်၊ မခင်စိန်တို့ သေသေ ချာချာမှတ်နော် (မှန်ပါ့ ဘုရား)။
သဒ္ဓါကယုံကြည်တာ၊ ဘုရားဟောတော်မူတာ ဟုတ်တယ်၊ ပညာက ဖြစ်ပျက်ဆီကို ဖြစ်ပြီးပျက်တာ အမှန်ပဲလို့ ပညာကလိုက်ပေး (မှန်ပါ့) သဒ္ဓါက ယုံကြည်ပညာက ရှုပေး (မှန်ပါ့)။
ဝီရိယနဲ့သမာဓိကိုလဲ ညီနေအောင်လုပ်ရမယ်၊ ဝီရိယလဲမလွန်စေနဲ့၊ လွန်ရင်စိတ်ဟာ ဥဒ္ဓစ္စဘက်ပြေးတယ် (မှန်ပါ့) သမာဓိလွန်လို့ရှိရင် ငိုက်မျည်းတဲ့ဘက်သွားတယ် ထိနမိဒ္ဓဘက်သွားတယ် (မှန်ပါ့)။
ဒါကြောင့် ဝီရိယနဲ့ သမာဓိကိုလဲ ညီနေအောင်လွှတ်ပါလို့ဆိုတာ သတိပေးလိုက်တယ် (မှန်ပါ့)။
ညီရမည့်တရားသိပလား ဦးဘသန်း (သိပါပြီ) ဘာနဲ့ဘာတုန်း (သဒ္ဓါနဲ့ပညာ၊ ဝီရိယနဲ့သမာဓိပါ) ဒါ ညီနေ အောင်လုပ်ရမယ်၊ သူတို့နှစ်စုံပေါ့ဗျာ (မှန်ပါ့) သဒ္ဓါပညာတစုံ, ဝီရိယ သမာဓိတစုံ, ဒါ ညီနေအောင် ဖြစ်ပျက်ရှိတဲ့ ဆီကို လွှတ်ကြပါလို့ နောက်က ဒကာ ဒကာမတွေလဲ သတိပေးလိုက်တယ်နော် (မှန်ပါ့)။
သဒ္ဓါနဲ့ပညာ ညီနေအောင်လွှတ်၊ ဖြစ်ပျက်ရှိတဲ့ဆီကို လွှတ်ပေး၊ ဝီရိယနဲ့သမာဓိကော (ညီနေအောင်လွှတ်ရပါ မယ်) ညီနေအောင်လွှတ်ရမယ်၊ မလွန်စေရဘူး (မှန်ပါ့) နွားနှစ်ကောင်ကို ကြိုးစုံကိုင်မောင်းသလို ဘယ်နွားကမှ မလွန်မှ၊ တခုက လွန်သွားရင် မရတော့ဘူး (မှန်ပါ့) ပျက်စီးသွားတယ် ဦးဘသန်းနော် (မှန်ပါ့) ဒါ ဣန္ဒြေညှိတာလို့ ခေါ်တယ် (မှန်ပါ့)။
သဒ္ဓိန္ဒြေနဲ့ပညိန္ဒြေ စာလိုသုံးတော့ ညီနေအောင်လွှတ်ဖြစ်ပျက်ရှိတဲ့ဆီကို၊ သမာဓိန္ဒြေနဲ့ ဝီရိယန္ဒြေကို ညီနေအောင် လွှတ်နော်(မှန်ပါ့) သတိကို ဘယ်အခါကာလမှ မလျှော့နဲ့ဆိုတော့ ဣန္ဒြေငါးပါးစေ့သွားပြီ (မှန်ပါ့)။
ခန္ဓာဆိုတာ ရှင်းပေးပါဦး
ကိုင်း ဒါဖြင့် မနေ့က ရဟန်းက မေးတာမကုန်သေးဘူး၊ လပြည့်နေ့ကြီး ရဟန်းက ဘုရားကို လျှောက်တယ်၊ ခန္ဓာ-ခန္ဓာဆိုတာ ရှင်းပေးပါဦးဘုရားတဲ့။
ခန္ဓာဆိုတာကွာ တဲ့ ရုပ်တရားတွေလဲ အစုကြီးတဲ့၊ ရုပ်,ဆိုတော့ တခုတည်းတဲ့၊ ခန္ဓာဆိုတော့ အစုတဲ့၊ ရုပ်ဟာ အစုကြီးကွတဲ့၊ ဒါကြောင့် ရုပ်ကိုခန္ဓာလို့ခေါ်တယ် ရူပက္ခန္ဓာတဲ့၊ ရူပ,ကရုပ်၊ ခန္ဓာကအစု ရုပ်အစုကြီးကွတဲ့ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ရုပ်ဆိုတာ အစုကြီးနေတယ် (မှန်ပါ့ ဘုရား) အဋ္ဌကလာပ်, ဒသကလာပ်စုနေတာ၊ ပေါင်းစုံနေတာ (မှန်ပါ့)။
ဝေဒနာကကော တဲ့၊ ဝေဒနာက ဝေဒနာပဲကွတဲ့၊ ခန္ဓာကတော့ကို ဝေဒနာတွေစုနေတာ၊ အတိတ်ကဟာလဲ ဝေဒနာဘဲ၊ ပစ္စုပ္ပန်လဲ ဝေဒနာလဲ အနာဂတ်လဲ ဝေဒနဘဲ ယခုရှိတာလဲ ဝေဒနာဘဲ၊ ဒါကြောင့် ဝေဒနာကို ဝေဒနာလို့ တင်မဆိုဘူးတဲ့၊ ခန္ဓာလို့ အတိတ်, အနာဂတ်, ပစ္စုပ္ပန်တွေပါ စုပေါင်းခေါ်တဲ့နာမည်၊ ခန္ဓာဆိုတာ စုပေါင်းခေါ်တဲ့ နာမည် (မှန်ပါ့)။
အတိတ်က ဝေဒနာလဲ ဒီအထဲထည့်၊ အနာဂတ် ဝေဒနာကော (ဒီအထဲ ထည့်ရပါမယ် ဘုရား) ဒီအထဲ ထည့် လိုက်တော့ အစုကြီးဖြစ်မသွားဘူးလား (ဖြစ်ပါတယ်) အဲဒါကြောင့် ဝေဒနာတင်မရပ်မူ၍ ခန္ဓာပါထည့်လိုက်တာနော် (မှန်ပါ့)။
သညာလဲ ထို့အတူပဲတဲ့၊ ပစ္စုပ္ပန်ကာလ, အတိတ်ကာလ, အနာဂတ်ကာလတွေ အဲဒါ သညာတခုတည်း အကုန်ပဲ ကွတဲ့၊ ပေါ်တော့ တခုတည်းပေါ့ဗျာ၊ ခေါ်တဲ့နာမည်ကတော့ အပေါင်းအစုခေါ်တာ (မှန်ပါ့)။
ဒါကြောင့် သညာတွင် မရပ်မူ၍ ခန္ဓာပါထည့်ပေးတယ်နော် (မှန်ပါ့) သညာက္ခန္ဓာဆိုတာ ရှင်းမသွားဘူးလား (ရှင်းသွားပါတယ် ဘုရား)။
ဝိညာဏက္ခန္ဓာကောဘုရားတဲ့
နို့ ဝိညာဏက္ခန္ဓာကောဘုရားတဲ့၊ ဝိညာဏက္ခန္ဓာဆိုတာစိတ်၊ အတိတ်ကလဲ ဒီစိတ်မျိုးဖြစ်တယ်ကွ ပစ္စုပ္ပန်လဲ ဒီစိတ်မျိုးပဲ၊ အနာဂတ်လဲ ဒီစိတ်မျိုးပဲ၊ စိတ်တွေဟူသ၍ဟာ ခန္ဓာချည်းပဲ အပေါင်းအစုချည်းပဲ၊ အဲဒီဟာတွေ အကုန်စုပြီး ခေါ်သောကြောင့် ဝိညာဏ်တွင် မရပ်မူ၍ ဝိညာဏက္ခန္ဓာလို့ ခေါ်လိုက်ပါတယ်တဲ့ ဆိုတော့ ရှင်းမသွား ဘူးလား (ရှင်းပါ တယ် ဘုရား)။
ဪ အတိတ်,အနာဂတ်,ပစ္စုပ္ပန်စုထားလို့ ခန္ဓာခေါ်ရတာကိုး (မှန်ပါ့) ခင်ဗျားတို့ ရှုတဲ့အခါကျတော့ ပစ္စုပ္ပန် တည့်တည့်ရှုရမှာဘဲ၊ သို့သော် ခန္ဓာခေါ်ခြင်း၏အကြောင်းမေးလို့ ခန္ဓာဆိုတာ အစုအပေါင်းကို ခေါ်တယ်နော် (မှန်ပါ့)။
သက္ကာယဒိဋ္ဌိဆိုတာ ဘာခေါ်ပါသတုန်း
ဒါဖြင့်ဘုရား တဲ့၊ ဒါရှင်းပါပြီတဲ့၊ တပည့်တော် တခုမေးပါရစေဦးဆိုပြီး မေးလိုက်တယ်၊ သက္ကာယဒိဋ္ဌိဆိုတာ ဘာခေါ်ပါသတုန်းတဲ့ (မှန်ပါ့) သက္ကာယဒိဋ္ဌိဆိုတာ ဘာခေါ်ပါသတုန်းလို့ ရဟန်းက မေးလိုက်တယ်။
ကွာတဲ့ ယခုရှိနေတဲ့ခန္ဓာကြီးကို သက္ကာယလို့ မှတ်လိုက်တာပေါ့တဲ့၊ ဒါကြီးကို ကြားကနေပြီးသကာလ ငါ့ကိုယ်, ငါ့ဟာထင်နေတော့ ဒိဋ္ဌိပေါ့ကွာတဲ့။
ခန္ဓာငါးပါးက ဘာခေါ်ကြမယ်-သက္ကာယတဲ့၊ အဲဒါကြီးကို ငါ့ကိုယ်, ငါ့ဟာလို့ ဒိဋ္ဌိက ဝင်ထင်လိုက်တော့ ဒိဋ္ဌိ ဖြစ်သွားတယ်။
ဒါဖြင့် သက္ကာယနဲ့အမြင်မှားနဲ့ပေါင်းမှ သက္ကာယဒိဋ္ဌိ(မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ခန္ဓာငါးပါးကိုတော့ သူ့ချည်းသက်သက်ဆိုရင် ဘယ်လိုခေါ်ကြမယ် (သက္ကာယပါ) စိတ်ကိုလဲ ငါပဲ၊ ဝေဒနာလဲ ငါပဲ၊ ငါခံစားတာပဲ၊ ငါမှတ်တာပဲဆိုပြီး ငါက ဝင်မရောဘူးလား (ရောပါတယ်) အဲဒီလို ရောသောကြောင့် ဒီဋ္ဌိဖြစ် သွားတယ်၊ ဒါဖြင့် ပေါင်းလိုက်တော့ (သက္ကာယဒိဋ္ဌိသွားဖြစ်ပါတယ် ဘုရား) သက္ကာယဒိဋ္ဌိသွားဖြစ်တယ်၊ မရောရင် ဘာမှမဖြစ်ဘူး၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား) မရောရင် (ဘာမှမဖြစ်ပါ ဘုရား) ခန္ဓာနဲ့ ဒိဋ္ဌိနဲ့မရောစေနဲ့နော် (မှန်ပါ့ ဘုရား)။
ခန္ဓာနဲ့ဒိဋ္ဌိနဲ့ မရောစေနဲ့
နောက်က ဒကာ ဒကာမတွေ ဘာတဲ့တုန်း (ခန္ဓာနဲ့ဒိဋ္ဌိနဲ့မရောစေနဲ့) ခန္ဓာနဲ့ဒိဋ္ဌိနဲ့ မရောစေနဲ့။
ဒီဋ္ဌိဆိုတာက ခန္ဓာသူ့ဟာသူနေတာ ကျုပ်တို့က သွားသွားရောတာ၊ မဟုတ်ဘူးလား (မှန်ပါ့)။
ငါမြင်တယ်ဆိုတော့ မြင်စိတ်ထဲ ငါ သွားမရောဘူူးလား (ရောပါတယ် ဘုရား) သူ့ဟာသူ မြင်စိတ်က မြင်တာကို ဒကာ ဒကာမတွေက ငါသွားရောလိုက်တယ် (မှန်ပါ့) ငါ့သွားရောတော့ ငါက ဒိဋ္ဌိဖြစ်သွားတယ် (မှန်ပါ့) မြင်စိတ်က သက္ကာယ၊ မဟုတ်ဘူးလား (မှန်ပါ့)။
ငါသွားရောလိုက်တဲ့အခါကျတော့ ဘယ်နှယ့်ခေါ်ကြမလဲ (သက္ကာယဒိဋ္ဌိပါ ဘုရား) သက္ကာယဒိဋ္ဌိသွားဖြစ်တယ်၊ ဦးဘသန်းဘာဖြစ်လို့ ဖြစ်တာတုန်းရောလို့ဖြစ်တာ (မှန်ပါ့)။
နောက်က ဒကာ ဒကာမတွေ ဘာဖြစ်လို့ သက္ကာယဒိဋ္ဌိဖြစ်တာတုန်း (ရောလို့ပါ ဘုရား)။
အဲဒီတော့ကို ဒီလိုရောတော့ သက္ကာယဒိဋ္ဌိဖြစ်တယ်ကွာတဲ့၊ အဲဒီဟာက ဘယ်လိုပုဂ္ဂိုလ်တုန်းလို့ မေးတဲ့အခါကျ တော့ အရိယာပုဂ္ဂိုလ်ကို မဖူးတွေ့ရတဲ့ပုဂ္ဂိုလ်, အရိယာပုဂ္ဂိုလ်အဆုံးအမကို မနာခံရတဲ့ပုဂ္ဂိုလ်မှ ဖြစ်တာပါကွာတဲ့နော် (မှန်ပါ့)။
အရိယာပုဂ္ဂိုလ်ကို မဖူးတွေ့ရတဲ့ပုဂ္ဂိုလ်၊ အရိယာနံ အဒဿဝီပုဂ္ဂိုလ်၊ ‘အရိယဓမ္မေ အကောဝိဒေါ’ အရိယာဓမ္မကို မသိတဲ့ပုဂ္ဂိုလ်၊ သူတော်ကောင်းနဲ့ မပေါင်းတဲ့ပုဂ္ဂိုလ်၊ သူတော်ကောင်းတရား မသိတဲ့ပုဂ္ဂိုလ်ဖြစ်တာပါတဲ့ (မှန်ပါ့) ရှင်းပ လား (ရှင်းပါပြီ ဘုရား)။
သူတော်ကောင်းနဲ့ မပေါင်းတဲ့ပုဂ္ဂိုလ်
သူတော်ကောင်းနဲ့ မပေါင်းတဲ့ပုဂ္ဂိုလ်မှာ ဘာဖြစ်သတုန်း (သက္ကာယဒိဋ္ဌိဖြစ်ပါတယ်) သက္ကာယဒိဋ္ဌိ ဖြစ်တယ်နော် (မှန်ပါ့ ဘုရား)။
သူတော်ကောင်းနဲ့ မပေါင်းတဲ့ပုဂ္ဂိုလ် ဘာဖြစ်ကြသတုန်း (သက္ကာယဒိဋ္ဌိဖြစ်ပါတယ် ဘုရား)။
ဒါဖြင့် ဪ သက္ကာယထဲမှာ ဒိဋ္ဌိသွားသွားရောနေလို့ရှိရင် ဘယ်တော့မှ နိဗ္ဗာန်မရနိုင်ဘူး၊ ဘာဖြစ်လို့တုန်း ဆိုတော့ ဆရာဘုန်းကြီးက ဟောလိုက်တယ် ဒိဋ္ဌိက မဂ်ဉာဏ်,ဖိုလ်ဉာဏ်ရဖို့ကို မောင်အောင်ချီ တားပစ်တာပဲ (မှန်ပါ့ ဘုရား)။
သက္ကာယက တားတာလား၊ ဒိဋ္ဌိကတားသလား (ဒိဋ္ဌိကတားပါတယ် ဘုရား)။
အဲဒီတော့ မင်းတို့က မရောစေနဲ့၊ ရှုတဲ့အခါမရောစေနဲ့၊ ပြောတဲ့အခါ ကိစ္စမရှိဘူး (မှန်ပါ့) လှညွန့် နားလည်ပြီ (မှန်ပါ့ ဘုရား)။
ရှုတဲ့အခါမှာ မရောစေနဲ့
ရှုတဲ့အခါမှာ မရောစေနဲ့၊ ပြောတဲ့အခါမှာတော့ ငါမြင်တယ် သူမြင်တယ်ဆိုတာ ပြောကောင်းတာကွ (မှန်ပါ့) သို့ပေမယ့် ဒါအပြောဘဲတဲ့၊ စင်စစ်တော့ဖြင့် မြင်တာကစိတ်ကမြင်တာ၊ ငါမြင်တာတော့မဟုတ်ဘူး၊ မဟုတ်ဘူးလား (မှန်ပါ့) ကြားတာကလဲ (ကြားစိတ်ကကြားတာပါ) ငါက ကြားတာဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။
ငါက မကြားဘူးနော် (မှန်ပါ့) ငါက ဒိဋ္ဌိပဲ၊ ဒိဋ္ဌိကမကြားဘူး (မှန်ပါ့ ဘုရား)။
စားပြန်လဲ စားစိတ်ကစားတယ်၊ ငါစားတယ်ဆိုတာ သဿတရောလို့ပါ၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီတဲ့ ယားတယ်, ယံတယ်ဆိုတာလဲ ယားစိတ်,ယံစိတ်က ယားတာပဲ၊ ဒုက္ခစိတ်တွေက ယားတယ်နော် (မှန်ပါ့ ဘုရား)။
ငါယားလိုက်တာလို့ဆိုတဲ့ဥစ္စာဟာ ခင်ဗျားတို့က သွားရောတာ (မှန်ပါ့)မရောပဲနေရင် သက္ကာယတင်ဖြစ်တယ်၊ ဒိဋ္ဌိမဖြစ်ဘူး (မှန်ပါ့) ရောလိုက်ရင် (သက္ကာယဒိဋ္ဌိဖြစ်ပါတယ်) သက္ကာယဒိဋ္ဌိသွားဖြစ်တယ်ဆိုတာကို မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)။
ကောင်းပြီ ဒါဖြင့် သက္ကာယဒိဋ္ဌိက ဘယ်လိုလူဖြစ်တာပါလိမ့် မလဲဆိုတော့ သူတော်ကောင်းတရား မနာတဲ့ ပုဂ္ဂိုလ်ဖြစ်တာကွတဲ့ (မှန်ပါ့) ဘုရားကဖြေလိုက်တယ် (မှန်ပါ့ ဘုရား)။
သူတော်ကောင်းတရားကို မနာသောပုဂ္ဂိုလ်၊ သူတော်ကောင်းတို့၏ အဆိုဆုံးမကို မလိုက်နာတဲ့ပုဂ္ဂိုလ်၊ မကြားဘူး တဲ့ပုဂ္ဂိုလ်မှာ ဖြစ်တာတဲ့ဆိုတော့ ဒီဒကာ ဒကာမတွေတော့ ဒီလိုမှတ်ရမယ်၊ ဪ ဒို့ကတော့ မြင်တာလဲ မြင်စိတ်က မြင်တာပဲ၊ ကြားတာလဲ ကြားစိတ်ကကြားတာပဲ၊ ယားတာလဲ ယားစိတ်ကယားတာပဲ၊ ရှူတာလဲ ရှူစိတ်ကရှူတာပဲ၊ ရှိုက်တာလဲ ရှိုက်စိတ်က ရှိုက်တာပဲ၊ လောဘဖြစ်ပြန်လဲ လောဘစိတ်သက်သက်ဖြစ်တာပဲ။
ငါနဲ့ဘာမှမဆိုင်ဘူး၊ ငါဒီအထဲရှုပ်ဖို့ မလိုဘူးလို့သိထားလို့ရှိရင် ဒါ သူတော်ကောင်းတရား နာပြီးသား ပုဂ္ဂိုလ်မို့ ရှင်းသွားတာ (မှန်ပါ့) သဘောပါပလား (ပါပါတယ် ဘုရား)။
အထင်ပါရောရင် ငါးပါးမှောက်တယ်
အကယ်၍ သွားပြီးသကာလ အပြောတင်ရောလို့ ကိစ္စမရှိပါဘူး၊ အထင်ပါရောရင် ငါးပါးမှောက်တယ် (မှန်ပါ့)။
အထင်ပါရောရင် (ငါးပါးမှောက်ပါတယ်) အဲဒါတော့ဖြင့် အပါယ်လေးပါးရောက်မယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် အပြောတော့ပြောကြ၊ အထင်တော့ မထင်ကြနဲ့ဆိုတာကို ကန့်ကွက်လိုက်တယ် (မှန်ပါ့) သူတော်ကောင်း တရားနာပြီးသား ပုဂ္ဂိုလ်တွေဖြစ်သောကြောင့် (မှန်ပါ့ ဘုရား)။
ရုပ်နာမ်အလုပ်ကို ငါ့အလုပ်ထင်နေရင် ဦးအောင်ဇံဝေလွဲမှာပေါ့ (မှန်ပါ့)နာမ်က အခိုင်းသမား, ရုပ်ကအလုပ် သမား(မှန်ပါ့)မဟုတ်ဘူးလား (မှန်ပါ့) ငါလုပ်တာ ပါသေးသလား (မပါ-ပါ ဘုရား)။
နာမ်ကဘာတုန်း (အခိုင်းသမားပါ) ရုပ်က (အလုပ်သမားပါ ဘုရား) ရှင်းကြပလား (မှန်ပါ့ ဘုရား)။
နာမ်ကဘာတုန်း (အခိုင်းသမားပါ) ရုပ်က (အလုပ်သမားပါ ဘုရား) အဲ ခင်ဗျားတို့ တကိုယ်လုံးမှာ အခိုင်းသမား နဲ့ အလုပ်သမားဘဲရှိတယ် (မှန်ပါ့ ဘုရား)။
အခိုင်းသမားကနာမ်၊ အလုပ်သမားကရုပ်၊ နာမ်ရုပ်သာရှိတယ် သဘောပါတယ် (ပါ-ပါပြီ) ပုဂ္ဂိုလ်သတ္တဝါရှိ သေးရဲ့လား (မရှိပါ ဘုရား)။
မရှိပါဘူးတဲ့၊ အခိုင်းသမားနာမ်ရယ်၊ အလုပ်သမားရုပ်ရယ် ဒါဘဲရှိပါတယ်လို့ ဒါ သေသေချာချာမှတ်ပါ။
ကောင်းပြီ ဒါဖြင့် သက္ကာယဒိဋ္ဌိတော့ တပည့်တော်ရှင်းပြီတဲ့၊ အကယ်၍ ဒီသက္ကာယဒိဋ္ဌိကို အခိုင်းသမားနဲ့ အလုပ်သမားအတူတူဘဲ ထင်နေသေးရင်လဲ နာမ်ရုပ်မကွဲဘူးနော် (မှန်ပါ့)။
ဦးဘသန်း နာမ် ရုပ်မကွဲဘူးတဲ့၊ အခိုင်းသမားက နာမ်သက်သက်ပဲ၊ အလုပ်သမားက (ရုပ်သက်သက်ပါ ဘုရား)။
နာမ်က အခိုင်းသမား, ရုပ်က အလုပ်သမား
ဪ သူတို့နှစ်ခုပေါင်းပြီးသကာလ သွားကြ လာကြတာ ပြောကြဆိုတာကိုး၊ နာမ်က အခိုင်းသမား, ရုပ်က အလုပ်သမား၊ နာမ်က အပြောခိုင်းတော့ ရုပ်က အသံထွက်လာတယ် (မှန်ပါ့) နာမ်က အသွားခိုင်းတော့ ရုပ်ကလှမ်းတယ် (မှန်ပါ့) သွားချင်တဲ့ စိတ်ကြောင့် သွားရုပ်ဖြစ်တာပေါ့ဗျာ (မှန်ပါ့ ဘုရား)။
စားချင်တဲ့စိတ်ကြောင့် (စားရုပ်ဖြစ်ပါတယ်) စားရုပ်ဖြစ်လာတယ်၊ လှုပ်ကာ လှည့်ကာနဲ့ (မှန်ပါ့) နောက်က ဒကာ ဒကာမတွေ ဒီအတိုင်းမှတ်ထားနော် (မှန်ပါ့) ဪ နာမ်ရုပ်သာရှိပါကလားဆိုတော့ သက္ကာယဒိဋ္ဌိပါသေးသလား (မပါ-ပါ ဘုရား)။
ကောင်းပြီ ဒါဖြင့် သက္ကာယနဲ့ဒိဋ္ဌိ ယနေ့ညကွဲသွားပြီ၊ သက္ကာယက ရုပ်နာမ်ကိုဆိုတယ်၊ ဒိဋ္ဌိက ငါထင်လိုက်မှ ဒိဋ္ဌိဖြစ်တာကိုး (မှန်ပါ့) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။
ဒါဖြင့် သက္ကာယဒိဋ္ဌိ အသိအားဖြင့်ပြုတ်ပြီဆိုတော့ ပွားပြီပြုတ်တာ သာကောင်းတယ်၊ ဒါက အသိဉာဏ်နဲ့ ပြုတ်တာ၊ တရားနာရင်း ပြုတ်သွားတာ၊ ပြုတ်သွားတာနော် (မှန်ပါ့) ရှုပွားပြီး ပြုတ်တာ သာကောင်းတယ်နော် (မှန်ပါ့ ဘုရား)။
ရှုပွားပြီးပြုတ်တော့ ဝမ်းထဲမှာ လောဘစိတ်ကလေးပေါ်လာတယ်၊ သူ့ကိုဦးအောင်ဇံဝေက သူလဲ အခုမှပေါ် တဲ့ဧည့်သည်ကလေးဘဲ၊ ကြည့်နေရင်းမတ္တနဲ့ဖြစ်ပြီး ပျက်သွားတာဘဲ(မှန်ပါ့) ဒီကျတော့ သက္ကာယဒိဋ္ဌိ ဝင်နိုင်သေးရဲ့လား (မဝင်နိုင်ပါ ဘုရား) ငါ ဟုတ်ကဲ့လား (မဟုတ်ပါ) င့ါဥစ္စာကော (မဟုတ်ပါ ဘုရား)။
မဟုတ်တော့ဘူးတဲ့၊ ဒါ ငါမဟုတ်၊ ငါ့ဥစ္စာမဟုတ်လို့ ကိုယ့်ရှေ့တွင်ပေါ်ပြီး၊ ကိုယ့်ရှေ့တွင် ပျောက်သွားတော့ မောင်အောင်ချီတို့ လှညွန့်တို့က မှတ်၊ ဪ ဧည့်သည်တယောက်လာပြီး ဧည့်သည်တယောက်သေသွားတာကိုး (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဧည့်သည်တယောက် သေသွားတယ်
ဧည့်သည်တယောက် ပေါ်လာပြီးတော့ (ဧည့်သည်တယောက် သေသွားပါတယ် ဘုရား) ငါနဲ့ ဘာဆိုင်သတုန်း (မဆိုင်ပါ ဘုရား) ဘာမှ မဆိုင်ဘူး၊ ဦးဘသန်း ဆိုင်သေးသလား (မဆိုင်ပါ ဘုရား)။
ဧည့်သည်တယောက်ဆိုတဲ့ဥစ္စာ လောဘစိတ်က မင်းတို့ အမြဲရှိနေတာလား၊ အခု ကျောက်ကလေးမြင်မှ ပေါ်လာတာလား၊ ကျောက်ကလေး အရောင်အဆင်းအချိန်ကလေး ကိုက်တာနဲ့ပေါ်လာတာလား၊ ဝယ်မှ ထင်ပါရဲ့ဆိုတဲ့ လောဘကလေးဟာ အခုပေါ်လာတာ (မှန်ပါ့)။
ဒါဖြင့် အိမ်သည်လား ဧည့်သည်လား မေးရင် (ဧည့်သည်ပါ ဘုရား) ဧည့်သည်ကလေးတယောက် ဝမ်းထဲ ရောက်တာ(မှန်ပါ့ ဘုရား) နောက်က ဒကာ ဒကာမတွေနော် (မှန်ပါ့ ဘုရား)။
ဒီဧည့်သည်ကလေးကိုဘဲ မြဲမြဲနေပါလို့ ပြောလို့ရရဲ့လားတဲ့ (မရပါ ဘုရား) တော်တော်ကြာဖြစ်ပြီး၊ ပျက်သွား တာဘဲ၊ မပျက်ဘူးလား (ပျက်ပါတယ် ဘုရား)။
ဒေါသကလေး ပေါ်လာတယ်ဆိုတော့ ဒေါသဖြစ်စရာကလေး အကြောင်းရှိလို့ ပေါ်လာတာ၊ သားကလေးတွေ ဆော့လွန်းလို့ ဟုတ်လား၊ သမီးကလေးတွေ အချိုးမကျလို့ ဒေါသကလေးပေါ်လာတယ်၊ အိမ်သည်လား ဧည့်သည်လား မေးရင် (ဧည့်သည်ပါ ဘုရား)။
ဧည့်သည်ဖြင့် ကြည့်နေပါလား စောင့်ပြီးတော့နော် (မှန်ပါ့) ကြည့်နေတော့ ဒီနေရာတွင် သေမသွားပေဘူးလား (သေသွားပါတယ် ဘုရား)။
အဲဒီလို မိမိနဲ့မဆိုင်ပါကလား၊ ဧည်သည်တယောက်လာရင် ဧည့်သည်တယောက် သေတာပါကလားလို့ ပွားလိုက် လို့ရှိရင် ဒိဋ္ဌိပြုတ်တာဘဲ (မှန်ပါ့) မပြုတ်ဘူးလား (ပြုတ်ပါတယ် ဘုရား)။
ဒိဋ္ဌိပြုတ်တော့
အဲဒီတော့ ဒိဋ္ဌိပြုတ်တော့ ဒိဋ္ဌိ-ဒိဋ္ဌုပါဒါန်, ဥပါဒါနပစ္စယာ ကမ္မဘဝေါ, ကမ္မဘဝပစ္စယာ ဇာတိဆိုပြီးတော့ အပါယ်ဇာတိ, အပါယ်ပဋိသန္ဓေတွေ လာသေးရဲ့လား (မလာပါ ဘုရား)။
ဪ ဒါဖြင့် ဧည့်သည်ကလေး ပေါ်လာပြီး ဧည့်သည်ကလေး ပျောက်သွားတာကို အမြဲတမ်းရှုပေးရမယ် (မှန်ပါ့ ဘုရား)။
နောက်ပြီး သံသယကလေးရ ှိလာတယ်ဆိုတော့ သံသယရှိတယ်ဆိုတာ မောဟ(မှန်ပါ့) ဒါကလေး ပေါ်လာတာလဲ ဒီကျောက်ကလေး မြင်မှဘဲ ဒီအဖြစ်ကလေးဟာတော့ မပျောက်ပါဘူး တိုက်လို့ ခိုက်နေတယ်၊ မိုးကုတ်ပြော-ပြောရင် ပေါ့ (မှန်ပါ့ ဘုရား)။
ဒါ အခုမှ ပေါ်တာလား၊ ကျောက်မြင်မှ ပေါ်တာလား၊ နဂိုကတည်းက ရှိနေတာလား၊ (အခုမှပေါ်လာတာပါ ဘုရား) ဒါဖြင့် ဧည့်သည်စိတ်ကလေးပေါ့၊ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။
ဒါကလေး စောင့်ကြည့်လိုက်တော့ ဘယ်နှယ့်ဖြစ်သွားသတုန်း (ပျောက်သွားပါတယ်) ဧည့်သည်ကလေး အခု အကြောင်းတိုက်ဆိုင်လို့လာတယ် ဧည့်သည်ကလေး သေသွားတယ်လို့ မခင်စိန်တို့ မှတ်လိုက်၊ မသန်းတို့မှတ်လိုက် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အဲဒါ အမှတ်ခိုင်းနေတာဘဲ၊ အဲဒါ အရှုခိုင်းနေတာဘဲ၊ ဧည့်သည်လာတိုင်း ရှု၊ ဧည့်သည်မရှိရင် အိမ်သည်ရှု ဆိုတာ ပြောထားတယ်မဟုတ်လား (မှန်ပါ့)။
အိမ်သည်ဆိုတာ ထွက်စိတ်,ဝင်စိတ်၊ သူကတော့ သူများထက်စာရင်မြဲလို့ အိမ်သည်လို့ခေါ်တာပါ၊ စင်စစ် သူလဲ မြဲတော့ မြဲတာ မဟုတ်ဘူး၊ သို့သော် သူများထက် အချိန်များတယ် ခန္ဓာကိုယ်ထဲမှာ (မှန်ပါ့ ဘုရား) မများဘူး လား (များပါတယ် ဘုရား)။
ရှုစိတ်, ရှိုက်စိတ်ကလေးကတော့ အိပ်နေတောင် ဖြစ်နေတာကိုး (မှန်ပါ့) စကားပြောရင်းလဲ (ဖြစ်နေပါတယ် ဘုရား) ဖြစ်နေတော့ ဧည့်သည်မလာရင် သူ့ကိုရှုပေး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဧည့်သည်လာရင် ဘာရှုကြမယ် (ဧည့်သည်ရှုရပါမယ်) ဧည်သည်ကိုပဲရှု မြင်စိတ်,ကြားစိတ် ခုနင်က ဒီနှစ်ခု မှတပါးကျန်တာ ဧည့်သည်ချည်းဘဲ (မှန်ပါ့)။
ရှူစိတ်, ရှိုက်စိတ်မှ တပါး ကျန်တဲ့စိတ်, ဘာစိတ်ပေါ်ပေါ်ဘာခေါ်ကြမယ် (ဧည်သည့်ပါ ဘုရား)။
ဧည့်သည်လာတိုင်း-လာတိုင်းလဲ မင်းတို့က ဧည့်သည်ကလေးလာပြီး ဧည့်သည်ကလေး သေသွားတာဘဲ၊ ဧည့်သည်ကလေးပေါ်ပြီး ဧည့်သည်ကလေး ပျောက်သွားတာဘဲ (မှန်လှပါ ဘုရား)။
ပွားပြီးပြုတ်တာ
ဒီလို ရှုလိုက်တော့ လာတိုင်းလာတိုင်း ရှုပေးတော့ ဘယ်မှာ ငါ-ငါဥစ္စာ ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား) မရှိတော့ဘူးဆိုရင် အဲဒီဟာက ပွားပြီးပြုတ်တာ ဖြစ်လေသောကြောင့် ကောင်းတယ်နော် (မှန်ပါ့) ဒါပွားပြီး ပြုတ် တာဘဲနော် (မှန်ပါ့)။
ဦးဘသန်း ဘယ်လိုပြုတ်တာတုန်း (ပွားပြီးပြုတ်တာပါ ဘုရား) ဒါက ပွားပြီးပြုတ်တာ၊ ခုနင်ကဟာက သိပြီး ပြုတ်တာ(မှန်ပါ့) အခုဟာက (ပွားပြီးပြုတ်တာပါ ဘုရား)။
အဲဒီတော့ အသိပြုတ် မပါဘဲနဲ့လဲ မပွားမပြုတ်နိုင်ဘူး၊ ဒါကြောင့် အသိပြုတ်ကို ရှေ့ထားဟောတယ်နော် (မှန်ပါ့)။
ပရိညာလို့ သုံးတော် ဉာတပရိညာဆိုတာ သိမှု၊ တီရဏပရိညာဆိုတာ ပွားမှု (မှန်ပါ့ ဘုရား)။
ပွားပြီးတော့ ပြုတ်အောင်လုပ်ပါတဲ့၊ နို့ ဒါပွားပြီးတော့ စိတ်ထဲမှာ သံသယကင်းသွားတယ်၊ ဪ ငါ့ဟာ ငါ့ဥစ္စာမဟုတ်ပါလားဆိုတာ မောင်အောင်ချီတို့ လှညွန့်တို့လဲ မရှင်းဘူးလား (ရှင်းပါတယ် ဘုရား)။
ရှင်းတယ်၊ အဲဒီ ရှင်းနေတဲ့အချိန်မှာတော့ ပဋိစ္စသမုပ္ပါဒ်ပြတ်နေတယ် (မှန်ပါ့) မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား) နောက်ဘဝသွားဖို့ကိစ္စ ရှိသေးရဲ့လား (မရှိတော့ပါ) အပါယ်လေးပါးသွားဖို့ကိစ္စလေ (မရှိတော့ပါ ဘုရား)။
ဒိဋ္ဌိက အပါယ်လေးပါးသွားမလို့ လာတာကိုး (မှန်ပါ့) အဖော်သဟဲတွေနဲ့ ဒိဋ္ဌိ, ဒိဋ္ဌုပါဒါန်, ကံ, ဇာတိ, ဇရာ, မရဏ, အဲဒီဘက်သွားမလို့လာတာ (မှန်ပါ့) လာသေးရဲ့လား (မလာတော့ပါ ဘုရား) အဲ ပွားကြပါဆိုတဲ့ဥစ္စာ ပြောလိုက် တယ် (မှန်ပါ့ ဘုရား)။
မသေမခြင်းပွားဖို့ မလိုပါဘူး
မသေမခြင်း ပွားရမှာလားဘုရား မင်းတို့ကမေးနော် (မှန်ပါ့)ဟ မသေမခြင်းပွားဖို့ မလိုပါဘူး (မှန်ပါ့ ဘုရား) မသေမခြင်းပွားဖို့မလိုပါဘူးလို့ ဆရာဘုန်းကြီးက ပြောလိုက်တယ် (မှန်ပါ့)။
ဘယ်နှယ့်ကြောင့် ဘယ်အခြေအနေရောက်တော့ မပွားရမှာတုန်းဆိုတဲ့ မေးခွန်းထွက်လာတယ် (မှန်ပါ့) ပွား နေရင်းမတ္တနဲ့ ဖြစ်ပျက်ကလေးတွေတခါတည်း ဪ ဒါ-ဖြစ်ဒုက္ခ, ပျက်ဒုက္ခကလေးတွေဘဲ၊ ကိုယ်ခန္ဓာ၏ ဒုက္ခကလေး တွေဘဲလို့ မသိပေဘူးလား (သိပါတယ် ဘုရား) ပေါ်လဲ ဒုက္ခ, ပျက်လဲဒုက္ခ (သိပါတယ် ဘုရား)။
ဒါဖြင့် ကိုယ့်ခန္ဓာထဲမှာ ရုပ်ပေါ်ရုပ်ပျက်ရှိတာဘဲ (မှန်ပါ့) ဝေဒနာပေါ် ဝေဒနာပျက်၊ စိတ်ပေါ်စိတ်ပျက် (မှန်ပါ့) ဒါရှိတော့ ကိုယ့်ခန္ဓာထဲပေါ်သ၍ ကလေးတွေဟာက ဪ ဖြစ်ဒုက္ခ, ပျက်ဒုက္ခမှတပါး ခန္ဓာကိုယ်ထဲ ဘာရှိ သေးသတုန်း (မရှိပါ ဘုရား)။
အဲဒီတော့ ဘာမှမရှိဘူးဆိုပြီး မင်းတို့က ဉာဏ်တက်လာပြီး ရှုပစ်လိုက် (မှန်ပါ့) ဪဒါလဲ ဒုက္ခပဲ ဒါလဲ ဒုက္ခပဲ၊ ပေါ်တာလဲ ဒုက္ခပဲ၊ ပျက်တာလဲ ဒုက္ခပဲ။
ပေါ်တာဘယ်နှယ့်ကြောင့် ဒုက္ခလုပ်ရသတုန်းဆိုတော့ သေပြီးလို့ ပေါ်လာတာ (မှန်ပါ့) ပျက်တာ ဘယ်နှယ့် ကြောင့် ဒုက္ခဆိုရသတုန်းဆိုတော့ ပျက်ဒုက္ခဖြစ်သွားလို့ (မှန်ပါ့) သေခြင်းဒုက္ခထက်ကြီးတာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဒါဖြင့် သေမလို့ ပေါ်တာလဲ ဒုက္ခသစ္စာပဲ (မှန်ပါ့) သေသွားတာလဲ (ဒုက္ခပါဘဲ ဘုရား)။
အဲဒီလို ဒုက္ခနှစ်ခုကို မင်းတို့စိတ်ထဲမှာ ရှင်းပြီဆိုတော့မှ ရှုရင်းမတ္တနဲ့ ဒုက္ခတွေအကုန်ပျောက်သွားတယ်၊ ခန္ဓာထဲမှာ ဖြစ်ပျက်ကို ရှာမတွေ့တော့ဘူး (မှန်ပါ့)။
ဒကာ ဒကာမတွေ ချုပ်ငြိမ်းတော့ ရှာတွေ့သေးရဲ့လား (မတွေ့ပါ ဘုရား) ဖြစ်ပျက် ရှာတွေ့သေးရဲ့လား (မတွေ့ပါ ဘုရား)။
သောတာပန်တည်ပြီလို့ မှတ်ရမယ်
အဲ မတွေ့တဲ့အခါကျတော့မှ ဪ ဒုက္ခသိမ်းသွားတယ်၊ ဒုက္ခသိမ်းပြီးတော့ ဝမ်းထဲမှာ မဂ်ဉာဏ်ကျန်နေရစ် တယ် (မှန်လှပါ ဘုရား) မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကျန်နေရစ်တယ်နော် (မှန်ပါ့ ဘုရား)။
အဲဒါကျတော့ သောတာပန်တည်ပြီလို့ လှညွန့်တို့က မှတ်ရမယ်၊ ဆုံးပြီးပြီနော် (မှန်ပါ့) အဲဒီကျတော့ နောက်တော့ ကွာ ဒိဋ္ဌိခွါတဲ့ အလုပ်တော့ မလုပ်နဲ့တော့ဟေ့ ဆရာဘုန်းကြီးက မင်းတို့ ဒိဋ္ဌိပယ်ပြီးပြီ (မှန်ပါ့)။
မင်းတို့ အပါယ်လေးပါး စိတ်ချရတော့မယ်၊ ဘာမှမပူနဲ့တော့၊ ငါသေဘာဖြစ်ဦးမလဲ အပါယ်လေးပါးများ ရောက်ဦးမှာလားဆိုတာ မလာတော့ဘူး၊ ဆုံးအောင်လိုက်ရမယ်(မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဘယ့်နှယ်လိုက်ကြမယ် (ဆုံးအောင်လိုက်ကြရပါမယ်) ဆုံးအောင်လိုက်ရမယ် ဦးပြန့် ဒကာမကြီးတို့ ဒေါ်အေးရင်တို့ ဟင် (မှန်ပါ့)။
ဘယ်လိုလိုက်မလဲ (ဆုံးအောင်လိုက်ရပါမယ် ဘုရား)။
ဆုံးချင်တော့ သူဒုက္ခသစ္စာကို ဖြစ်ပျက်မယူနဲ့တော့ ဪ ဖြစ်တာလဲ ဒုက္ခပဲ, ပျက်တာလဲ ဒုက္ခပဲလို့ လှညွန့် တို့ ယူရှုပေးလိုက် (မှန်ပါ့) ဟိုရှုလိုက်ရင် ‘ဖျတ်’ကနဲ့ ချုပ်သွားတာပဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒုက္ခတွေ ပျောက်သွားတာဟာ နိဗ္ဗာန်ပဲ
ဒါ နည်းပေးနေတော ရှုနည်းပေးနေတာ (မှန်ပါ့) အဲဒါတွေ ဆုံးသွားတဲ့အခါကျတော့မှ ဪ ဘာတွေများ ပျောက်သွားပါလိမ့်မတုန်းလို့ မောင်အောင်ချီမေးရင် ဘယ်နှယ့်ပြောမတုန်း၊ ဒုက္ခနှစ်ခု ပျောက်တယ် (မှန်ပါ့) မပျောက် ဘူးလား (ပျောက်ပါတယ် ဘုရား) ဒုက္ခတွေ ပျောက်သွားတာဟာ နိဗ္ဗာန်ပဲ (မှန်ပါ့ ဘုရား) သဘောပါပလား (ပါ-ပါပြီ ဘုရား)။
ဒုက္ခတွေ ပျောက်တာဟာ (နိဗ္ဗာန်ပါ ဘုရား) နိဗ္ဗာန်ပဲတဲ့၊ ဪ အခုမှဘဲ အေးပေတော့မယ် ဒုက္ခဟူသ၍ သွားပေါ့လို့ မသိဘူးလား (သိပါတယ် ဘုရား)။
အဲ ဒုက္ခဟူသ၍ သွားပြီလို့ အသိခံရတာက နိဗ္ဗာန်၊ သိတာက မဂ်ဉာဏ် (မှန်ပါ့)။
အသိခံရတာက (နိဗ္ဗာန်ပါ ဘုရား) သိတာက (မဂ်ဉာဏ်ပါ ဘုရား) အဲဒီ ဉာဏ်နဲ့နိဗ္ဗာန်နဲ့ သွားတွဲလို့ ရှိရင် ဒါဟာ သောတာပန်တည်တာပဲ (မှန်ပါ့)။
ဒါကလေးလောက်တော့ဖြင့် အကုန်လုပ်ထားရမယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါ လုပ်ထားလို့ရှိရင်ဖြင့် နောက်က ဒကာ ဒကာမတွေပူစရာရှိသေးရဲ့လား (မရှိပါ ဘုရား) မရှိဘူး။
အဲဒီ ဒုက္ခဆုံးတဲ့ ဉာဏ်ကလေးဟာ ဘယ်လောက်ထိအောင် ကောင်းတယ်ဆိုတာ မင်းတို့နောက်တုန်းက ဘာအကုသိုလ်တွေ လုပ်ခဲ့, လုပ်ခဲ့ အဲဒီအကုသိုလ်တွေလဲ အကုန် အာဟာသိကံဖြစ်သွားတာဘဲ၊ ပဋိသန္ဓေအကျိုးမပေး တော့ဘူး၊ ဦးဘသန်း အကုန်အဟောသိကံဖြစ်သွားတယ် (မှန်ပါ့)။
နောက်တုန်းက မင်းတို့ စိတ်ဆိုးခဲ့တာတွေ, လိမ်ခဲ့တယ်, ကောက်ခဲ့တယ်, ကျစ်ခဲ့တယ်, ခိုးခဲ့တယ်, ဝှက်ခဲ့တယ်, သတ်ခဲ့တယ်, ဖြတ်ခဲ့တယ်၊ ပဉ္စာနန္တရိယကံမှတပါးပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ဉာဏ်ကဖြတ်ချလိုက်တယ်
အဲဒီကံတွေကို ခုနင်က ဒုက္ခကို မြင်တဲ့ဉာဏ်က ဒုက္ခအဆုံးကို မြင်တဲ့ဉာဏ်က လှညွန့် ဖြတ်ချလိုက်တယ် (မှန်ပါ့) အကျိုးကို မပေးနိုင်ဘူး၊ ဘယ်လောက်ကောင်းသတုန်း (ကောင်းပါတယ် ဘုရား) အဲဒီတော့ ဒါ မလုပ်ထိုက်ဘူး လား လုပ်ထိုက်သလား (လုပ်ထိုက်ပါတယ် ဘုရား)။
လုပ်ထိုက်တယ်၊ အဲဒီတော့ လူဆိုတာ မသိခဲ့လို့ မှားခဲ့တာတွေကတော့ မောင်အောင်ချီတို့ လှညွန့်တို့ တပုံကြီး ပေါ့ကွာ (မှန်ပါ့)။
အို ဒို့အကုသိုလ်တွေကဖြင့် ဒုနဲ့ဒေးပဲလို့ ကြောက်မနေပါနဲ့၊ ဒါမြင်လိုက်ရင် ပြီးတာပါပဲ၊ ဒုက္ခချုပ်တဲ့နိဗ္ဗာန်ကို တခါမြင်လိုက်လို့ရှိရင် ဟိုဟာတွေပါ မဂ်က အကုန်ဖြတ်ချလိုက်တာပဲ (မှန်ပါ့ ဘုရား) ကဲ မင်းတို့အရှုံးမပေးနဲ့တော့၊ သဘောပါသလား (ပါ-ပါပြီ ဘုရား)။
ဒါဖြင့် ဒီအလုပ်,မလုပ်ထိုက်ဘူးလား လုပ်ထိုက်သလား (လုပ်ထိုက်ပါတယ် ဘုရား) အကုသိုလ်မရှိတဲ့ပုဂ္ဂိုလ် ဒီအထဲပါကြရဲ့လား (မပါ-ပါ ဘုရား) မပါဘူး၊ ဒါဖြင့် ခန္ဓာနဲ့ဆပ်မလား၊ မဂ်နဲ့ဆပ်မလားမေးရင် ဘယ်နှယ့်ဖြေမလဲ (မဂ်နဲ့ဆပ်ပါမယ် ဘုရား) မဂ်နဲ့ဆပ်လိုက်တော့ ခန္ဓာနဲ့ဆပ်တဲ့အလုပ် မရှိဘူး (မှန်ပါ့)။
ခန္ဓာနဲ့ အပါယ်ကျရမည့်အလုပ် ဘယ်နှယ့်တုန်း (မရှိပါ ဘုရား) မရှိဘူး။
ဒါဖြင့် ဦးဘသန်း ခင်ဗျားတို့ ရှေ့နေလိုက်လာတယ်၊ ဒီကလဲ တာဝန်ကြီးတွေ အမျိုးမျိုး လုပ်လာခဲ့တယ် ဆိုတော့ ဆန္ဒာဂတိလိုက်စားတာဘဲ တချို့နေရာပါသွားတာဘဲ (မှန်ပါ့) ပါသွားတာပဲ၊ ဘယ်သူက အမျိုးတော်တယ်ကွ၊ ဘယ်သူက တော့ ဒို့အကျိုးကျေးဇူးများဖူးတယ်ကွ၊ ဒီမှာ ဦးဘသန်းကလဲ ကိုယ့်အမှုနိုင်အောင် အရေးကြီးနေတာဘဲ (မှန်ပါ့ ဘုရား) အဲဒါ အကုသိုလ်က မရှိဘူးလို့ ဆိုလို့ရပါ့မလား (မရပါ ဘုရား)။
အပါယ်ကျမည့်အကုသိုလ်တွေရှိမယ်
သို့သော် အပါယ်ကျမည့်အကုသိုလ်တွေရှိမယ်၊ မဂ်တားတဲ့အကုသိုလ်တော့မရှိဘူး (မှန်ပါ့) အဲဒီတော့ မဂ်ရ အောင် လုပ်လိုက် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဘာမှမကြောက်နဲ့ ဒါကလေးရအောင်လုပ်လိုက်ရင်ပြီးတာဘဲ (မှန်ပါ့)။
ဒါ ဆရာဘုန်းကြီးက အားပေးတာလားလို့ မေးတဲ့အခါကျတော့မှ အားပေးတာမဟုတ်ပါဘူးတဲ့၊ ဖြစ်စဉ်ဝတ္ထု သက်သေသာဓကတွေနဲ့ ဘုရားကတာဝန်ခံပါတယ်နော်(မှန်ပါ့)။
ဖြစ်စဉ်သက်သေသာဓကတွေနဲ့ တသက်လုံး လူသတ်သမားကြီး လုပ်နေတယ်-တဗ္ဗဒါဋ္ဌိက ဟာ (မှန်ပါ့)။
ရှင်သာရိတ္တရာက ဒါတေ မတွေးနဲ့တော့ကွာ ငါပြောတာတာ အားထုတ်ပါ၊ ဒီလို ဖြစ်ပျက် အားထုတ်ခိုင်းတယ်၊ လွတ်သွားတယ် (မှန်ပါ့)။
ကဲ တသက်လုံး လူသတ်ယောက်ျားလုပ်နေတယ်၊ ခင်ဗျားတို့ ဒီအပြစ်မျိုးမရှိပါဘူး (မရှိပါ ဘုရား) နောက်က ဒကာ ဒကာမတွေလဲ မရှိပါဘူး (မှန်ပါ့) အဲဒီပုဂ္ဂိုလ်တောင် လွတ်သွားတယ်၊ အနုလောမခန္တိ ဉာဏ်ရောက်အောင် ဟောချလိုက်တာ (မှန်ပါ့) ဖြစ်ပျက်မြင်အောင်ပေါ့ဗျာ (မှန်ပါ့) အဲနောက် နတ်ပြည်ရောက်သွားတယ်၊ ရှင်းပလား (ရှင်းပါပြီ) ပူစရာလိုသေးသလား (မလိုပါ ဘုရား)။
အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အခု ဪ ရှင်းရှင်းလင်းလင်း ဆရာဘုန်းကြီးက ဆုံးမနေတာ ငါတို့ ဒီအလုပ်တခုသာ လုပ်ဖို့လိုတယ်၊ ဒီပြင် ဘာမှ တွေးနေဖို့မလိုဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) မခင်စိန်တို့ကော သဘောကျရဲ့လား (ကျပါတယ် ဘုရား)။
ဒါဖြင့် ဘာလုပ်ရမလဲ၊ ဖြစ်ပျက်ဆုံးအောင် လုပ်ရမယ်နော် (မှန်ပါ့) မသန်းတို့ကော ဒါလုပ်ရမှာဘဲ (မှန်ပါ့) အဖွားကြီး ဖြစ်ပျက်ဆုံးအောင်လုပ်ရမယ်။
အဲဒီတော့ ဪ အနာရှိလို့ ဆေးရှိသေးတယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား) အကုသိုလ် အနာတွေတော့ လူတိုင်းရှိကြတာဘဲ၊ မဂ်ဆေးမလာဘူးဆိုလို့ရှိရင် ဒီလူတွေဟာ ဒီအနာနဲ့ သေသွားမှာဘဲ (မှန်ပါ့) အပါယ်ရောက်သွားကြမှာဘဲ မဟုတ်ဘူးလား (မှန်ပါ့)။
ခန္ဓာနဲ့ဆပ်မလား ဉာဏ်နဲ့ ဆပ်မလား
အဲဒီတော့ ဒီတလုံးဟာ ကယ်မည့်, ယူမည့်လူ ရှိသေးတယ်ဆိုပြီး ဒါကလေးတော့ ကိုယ်ပိုင်ရအောင် လုပ်လိုက် မှဘဲ (မှန်ပါ့) ဒီစိတ်တော့ ပြောင်းကြရမယ် (မှန်ပါ့) မပြောင်းလို့တော်ပါ့မလား (မတော်ပါ) ခန္ဓာနဲ့ဆပ်မလား ဉာဏ်နဲ့ ဆပ်မလား (ဉာဏ်နဲ့ဆပ်ပါမယ် ဘုရား) အဲ ဉာဏ်နဲ့ဆပ်ပြီးသွားတာပဲ၊ ရှင်းကြပြီနော် (မှန်ပါ့ ဘုရား)။
ဉာဏ်နဲ့ဆပ်ပါတဲ့၊ ဖြစ်ပျက်အဆုံးကို မြင်တဲ့ဉာဏ်နဲ့ဆပ်လိုက်ရင် ဒကာကြီးလှိုင် ဘာမှမကြောက်နဲ့တော့ ကြောက် စရာလိုသေးသလား (မလိုပါ ဘုရား)။
အဲဒါကြောင့် ဒါကလေးဟာကလဲ နောက်မကျစေနဲ့ တခါသတိပေးပြန်တယ်။
နောက်မကျစေနဲ့ဆိုတာ ဘယ်သူ့နောက် မကျရမှာတုန်းဆိုတော့ အို အသေနောက် မကျစေနဲ့ ပြောတာ (မှန်ပါ့) အသေကဦးသွားလို့ ဉာဏ်က နောက်ကျသွားရင်လဲ ဒုက္ခရောက်တာပဲ (မှန်ပါ့) ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ကိုယ်က အခုအသက်ရှင်တုန်းဉာဏ်ကနောက်မကျအောင်ဟ ဆိုပြီး ဒီဉာဏ်ပိုင်ပြီးလို့ရှိရင် ဂျွမ်းထိုးနေ ကိစ္စမရှိဘူး (မှန်ပါ့) ဦးဘသန်း ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ရိပ်မိပြီတဲ့ အဲဒီတော့ကို ဒို့မှာ အားကိုးအားထားရှိပါသေးသလားဆိုတာ ပေါ်မလာဘူူးလား (ပေါ်လာပါတယ်) ပေါ်လာတယ်။
ကိုင်း ဒါဖြင့် မဂ်ဉာဏ်ဟာ ဘယ်လောက်ထိအောင် ကျေးဇူးများသတုန်းလို့မေးတော့ ဘုန်းကြီးရှင်းပြမယ်၊ ဒီရဟန်းမေးတဲ့ အထဲမှာ ဘုန်းကြီးရှင်းပြတာတွေ အများကြီး အကျိုးကျေးဇူးတွေ ပေါ်လာလိမ့်မယ်။
မသေခင်က ဘုံပေါက်တယ်
လူ့ပြည်မှာ ကျောင်းဆောက်တယ်, နတ်ပြည်မှာ မသေခင်က ဘုံပေါက်တယ်၊ ဒီဝတ္ထုရှိတယ်နော် (မှန်ပါ့) နန္ဒိယ လူ့ပြည်မှာ ကျောင်းဆောက်တယ်၊ ရှင်မောဂ္ဂလ္လာန်ကြီးက နတ်ပြည် ဒေသစာရီ ကြွသွားတယ်၊ ဟ-ဒီဘုံဟာ အရင်က မတွေ့ပါဘူး၊ အခုတော့ ဘုံတွေ,နတ်သမီးဗိမာန်တွေ, အခြွေအရံဥယျာဉ်တွေနဲ့ ဘာဖြစ်တာတုန်းလို့မေးတယ်၊ နတ် သမီးတွေက အရှင်ဘုရား တပည့်တော်တို့က အကြိုအဆို အခြွေအရံတွေပါ၊ လူ့ပြည့်မှာ နန္ဒိယ ကျောင်းဆောက်လို့ ဒီမှာဘုံပေါက်နေတာပါတဲ့၊ ဪ မသခင်က ဘုံပေါက်နေသကိုးလို့ ရှင်မောဂ္ဂလ္လာန်က သိခဲ့တယ်၊ နန္ဒိယကတော့ မသေ သေးဘူး လူ့ပြည်မှာပဲရှိသေးတယ် (မှန်ပါ့ ဘုရား)။
အဲဒီမှာ နတ်သမီးတွေက မှာလိုက်ကြတယ်၊ အရှင်ဘုရား အရှင်ဘုရားလူ့ပြည်ကြွသွားလို့ရှိရင် နန္ဒိယကို လူ့ပြည်မှာရှိတဲ့ မြေအိုးနဲ့တူတဲ့ စည်းစိမ်တွေစွန့်ပြီး ရွှေအိုးနဲ့တူတဲ့နတ်ပြည်စည်းစိမ်တွေကို သုံးဆောင်ပါဆိုတာ ပြောလိုက် စမ်းပါ (မှန်ပါ့ ဘုရား)။
နတ်ပြည်ကစည်းစိမ်က ရွှေအိုးနဲ့တူတယ်
လူ့ပြည်က စည်းစိမ်က မြေအိုးနဲ့တူသပေါ့လေ နတ်ပြည်ကစည်းစိမ်က ရွှေအိုးနဲ့တူတယ် မှာတောင်မှာလိုက် သေးတယ် (မှန်ပါ့ ဘုရား)။
မှာလိုက်တော့ ရှင်မောဂ္ဂလ္လာန်ကြီးလဲ ပြန်ကြွလာခဲ့တယ်၊ ပြန်လာပြီး ဘုရားဆီကို သွားလျှောက်တယ်၊ အရှင် ဘုရား လူများဟာ မသေခင်ကကုသိုလ်ပြုထားတယ်၊ မသေခင်ကနတ်ပြည်မှာ အစောကြီး ဘုံပေါက်နေတယ်ဆိုတာ ဟုတ်ပါရဲ့လားတဲ့၊ မသိချင်ယောင်ဆောင်မေးတယ်၊ ဘုရားကသိပြီးသားဘဲ၊ ကွာ မင်းကိုယ်တိုင်သိပြီးသားပဲ၊ င့ါမေး နေဖို့ မလိုပါဘူးတဲ့၊ ဘုရားက သိပြီးသားကို (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) မသေခင်က ဘုံပေါက်တယ်နော် (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့လုပ်ထားတဲ့ အကုသိုလ်တွေလဲ မသေခင်က ငရဲမီးတွေက ဟုန်းဟုန်းတောက်နေတယ် (မှန်ပါ့) ကိုယ်သွားရင် အဆင်သင့်ဖြစ်ဖို့ရာ (မှန်ပါ့) ဒယ်အိုးကြီးတွေကလဲ ဆီပူတွေကဆူလို့၊ မသေခင်က ဘုံပေါက်နေတာပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘယ်နှယ့် ကုသိုလ်တော့ဘုံပေါက်တယ်၊ အကုသိုလ်တော့ မပေါက်ရဘူးဆိုတော့ ဖြစ်ပါ့မလား (မဖြစ်နိုင်ပါ) အတူတူဘဲ၊ အကုသိုလ်အတွက် ဘုံပေါက်တာပဲ၊ “အကုသလံကမ္မံဝိပါကဿ ကမ္မပစ္စယေန ပစ္စယော၊ ကုသလံကမ္မံ ဝိပါကဿ ကမ္မပစ္စယေန ပစ္စယော” ဆိုပြီး ပဋ္ဌာန်းကျမ်းကြီးမှာမလားဘူးလား (လာပါတယ် ဘုရား)။
မကောင်းတာလုပ် မကောင်းကျိုးပေးတာပဲ ဟိုမှာအဆင်သင့် စောင့်နေတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)။
ဟိုမှာမီးတွေကတောက်လျက်
အဲဒီတော့ ဒီဒကာ ဒကာမတွေမှာ မဂ်ဉာဏ်မရသေးလို့ရှိရင် ဟိုမှာမီးတွေကတောက်လျက်၊ ငရဲအိုး တွေကလဲ ဆူလျက်ပဲ၊ ဒီလူလာရင် အဆင်သင့်ဖြစ်ဖို့ (မှန်ပါ့) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။
အဲဒီတော့ ဒါကို ခင်ဗျားတို့ ဒီကနေငြိမ်းရင် ရသေးတယ်၊ ဒီကနေငြိမ်းရင်ရတယ် (မှန်ပါ့) ဒီကနေပြီး မဂ်နဲ့ ဒုက္ခချုပ်တဲ့ နိဗ္ဗာန်ကို တခါမြင်လိုက်၊ ဟိုမှာ အကုန်ပျောက်သွားတာဘဲ၊ ငရဲမီးတွေငြိမ်း, ငရဲအိုးတွေသိမ်းတာပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒီလိုသာ မလုပ်တော့ဘူးဆိုရင် ဟိုကလဲ အဆင်သင့် နတ်ပြည်ဘုံပေါက်သလို ငရဲကလဲ ဘုံပေါက်နေတာပဲ (မှန်ပါ့) စောင့်မနေပေဘူးလား (စောင့်နေပါတယ် ဘုရား)။
အဲဒီတော့ ငရဲအိုးဆူလျက်နဲ့ ငရဲအိုးပွက်ပွက်နဲ့စောင့်နေတာ ဆရာဘုန်းကြီးပြောလို့ ဒကာ ဒကာမတွေက သိတော့မှ ဒီကနေတည်တဲ့ငရဲမီး ဒီကနေတည်တဲ့ငရဲအိုးကိုဒီကနေဖျက်ရင်ရတယ် (မှန်ပါ့)ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အခု ဘုန်းကြီးကျောင်းပေါ်မှာ မီးတွေအကုန်လာနေတယ်၊ ဟိုနားမှာ ဒိုင်နမိုရှိတယ်၊ ဒိုင်နမိုကြောင့်လာနေတာ (မှန်ပါ့)မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။
ဒိုင်နမိုကနေပြီး ရပ်လိုက် မောင်အောင်ချီ ဒီမီးတွေဘယ့်နှယ်တုန်း (မလာတော့ပါ) အကုန်ငြိမ်းရမယ် (မှန်ပါ့)။
လူ့ပြည်က ဒိုင်နမိုနဲ့တူတယ်၊ ဒီငရဲမီးတွေပွင့်အောင်လဲ လူ့ပြည်က လုပ်ထားတာဘဲ (မှန်ပါ့)မဟုတ်ဘူးလား၊ လူ့ပြည်က ငြိမ်းလိုက်ရင် (ငြိမ်းပါတယ်)က မဂ်ဉာဏ်နဲ့ငြိမ်းလိုက်ရင် မရဘူးလား (ရပါတယ် ဘုရား)။
ငြိမ်းသတ်ဖို့အချိန်ရောက်ပြီ
အဲဒီတော့ နောက်က ဒကာ ဒကာမတွေ ပေါ့ပေါ့တန်တန်နေဖို့အချိန်လားတဲ့၊ ဒါတွေငြိမ်းသတ်ဖို့ အချိန်ရောက် ပလားဆိုတာလဲ ကိုယ်တိုင်စဉ်းစားစမ်း (ငြိမ်းသတ်ဖို့အချိန်ရောက်ပါပြီ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မရှိသေးတဲ့ ပုဂ္ဂိုလ်ဖြင့်လဲ မောင်အောင်ချီ ငါက မင်းတို့တပည့်သားမြေးတွေပဲ ပြောဖို့မလိုပါဘူး၊ ရှိတဲ့ပုဂ္ဂိုလ် တွေ ဖြစ်နေတော့လည်း ငြိမ်းကြဟေ့၊ ဦးဘသန်းပြောရမယ် (မှန်ပါ့) ငြိမ်းကြဟေ့ဆိုတာ မပြောရပေဘူးလား (ပြောပါ မယ် ဘုရား)။
ပြောတော့ ခုနင်က အလုပ်စဉ်အတိုင်း ဖြစ်ပျက်ဆုံးအောင်လိုက်လိုက်၊ ဖြစ်ပျက်ဆုံးတော့ ဪ ဒုက္ခတွေ ချုပ်ပေါ့လို့ ကိုယ်တိုင်သိပြီးသကာလ ဒုက္ခတွေမတွေ့ပါဘူးလို့ ငါးမိနစ်ပဲသိသိ၊ သုံးမိနစ်ပဲသိသိ၊ ခန္ဓာပျောက်ပြီးတော့ ပေါ့လေ (မှန်ပါ့ ဘုရား)။
ဒါဟာ ဟိုမှာ အကုန်သိမ်းတာဘဲ၊ ငရဲမှာရှိတဲ့ မီးတွေ ငြိမ်းပြီးအိုးတွေ ဘာတွေ အကုန်သိမ်းတာဘဲ၊ သဘော ပါကြပလား (ပါ-ပါပြီ ဘုရား)။
ဒါဖြင့် အနာရှိရင် ဆေးရှိတယ်ဆိုတာကော ပေါ်ပလား (ပါ-ပါပြီ ဘုရား)။
ကိလေသာ အနာတွေရှိလို့ မဂ်ဆေးနဲ့ ကုလိုက်ရင်ပျောက်-မပျောက် (ပျောက်ပါတယ် ဘုရား)။
အေး-ဒီ့ပြင် လောဘ ဒေါသ မောဟတွေကတော့ ကျန်မှာဘဲ၊ ဒိဋ္ဌိဝိစိကိစ္ဆာ သေသွားတယ် တခါမြင်လိုက်လို့ရှိရင် (မှန်ပါ့)သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။
ဒိဋ္ဌိပြုတ်အောင် ဘယ်လိုလုပ်ရမှာတုန်း
အဲဒါ ရဟန်းကမေးလို့ ဒိဋ္ဌိပြုတ်အောင် ဘယ်လိုလုပ်ရမှာတုန်းဘုရားဆိုတော့ အို မင်းကွာ ဖြစ်ပျက်ရှုရုံပေါ့ (မှန်ပါ့) ခန္ဓာကြီးထဲမှာ စိတ်ကြိုက်တဲ့ပုဂ္ဂိုလ်က စိတ်ဖြစ်ပျက်ရှုရုံဘဲ၊ ဝေဒနာကြိုက်တဲ့ ပုဂ္ဂိုလ်က (ဝေဒနာဖြစ်ပျက်ရှုရုံ ပါ ဘုရား) ရှုရုံပဲကွ။
အဲဒါ ဆုံးအောင်လိုက်ရုံပဲ၊ ဆုံးအောင်လိုက်တော့ ငါ့ကိုယ်င့ါဟာရှိသေးရဲ့လား (မရှိတော့ပါ ဘုရား) ဒါဖြင့် ဒိဋ္ဌိပြုတ်သွားတယ် (မှန်ပါ့)။
ဒိဋ္ဌိပြုတ်သွားတယ်ဆိုကတည်းက ခုနင်က ငရဲမီးတောက်နေတာတွေ ငရဲအိုးတွေ ဗွက်ဗွက်-ဗွက်ဗွက်ဆူနေတာ တွေ လှညွန့်ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား) ဒါတွေ ဒိဋ္ဌိက သွားတည်ထားတာ (မှန်ပါ့)။
ဦးဘသန်း ဘယ်သူက သွားတည်ထားတာတုန်း (ဒိဋ္ဌိကသွားတည်ထားတာပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့မှာ အခု ဒီမှာ အေးအေးချမ်းချမ်းနေလို့တော်ပါ့မလား (မတော်ပါ ဘုရား) ဒီကနေ သိမ်းဖို့ အချိန်မရောက်သေးဘူးလား ရောက်ပလား (ရောက်ပါပြီ ဘုရား)။
ဒါဖြင့် မောင်အောင်ချီ လုပ်ရလိမ့်မယ် (မှန်ပါ့ ဘုရား) မဟုတ်ဘူးလား (မှန်ပါ့)။
ယုတ်စွာအဆုံး ပြောကြပါစို့ စီးပွားရေးတောင် နောက်ထားရမယ် (မှန်ပါ့)မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
စီးပွားရေး နောက်ထား၊ ငရဲအိုးသိမ်း ငရဲမီး ငြိမ်းတာကို ရှေ့ထားရမယ် (မှန်ပါ့) မဆိုထိုက်ဘူးလား (ဆိုထိုက် ပါတယ် ဘုရား)။
ဘာကြောင့်တုန်းဆိုတော့ စီးပွားရေးလုပ်နေတုန်း သေသွားတော့ကို ဟိုမှာ အဆင်သင့်ဆီကိုယ်က ရောက်သွား တာပဲ (မှန်ပါ့) မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။
ဒါကြောင့် စီးပွားရေး နောက်ထား ငရဲမီးသိမ်းတာ ရှေ့ထားလို့ဆိုတာ နောက်က ဒကာ ဒကာမတွေ မတိုက် တွန်းသင့်ဘူးလား (တိုက်တွန်းသင့်ပါတယ် ဘုရား) တိုက်တွန်းသင့်တယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် အလွန်အရေးကြီးတဲ့ စကားကို ဆရာဘုန်းကြီးက ယနေ့ ဟောနေတယ်ဆိုတာလဲ သိသွားပါ (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတွေ လူ့ပြည်မှာ ကျောင်းဆောက်နတ်ပြည်ဘုံပေါက်၊ လူ့ပြည်မှာ အကုသိုလ်လုပ် ငရဲဘုံ ပေါက်၊ မဟုတ်ဘူးလား (မှန်ပါ့)။
ကုသိုလ်တော့ ခင်ဗျားတို့က ယုံတယ်၊ အကုသိုလ်တော့ မယုံဘူးဆိုလို့လဲ ကောင်းမှာမဟုတ်ဘူး၊ မဟုတ်ဘူးလား (မှန်ပါ့) ယုံရမှာပဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီဟာ မယုံလို့ရှိရင်တဲ့ ခင်ဗျားတို့ မဂ်ဉာဏ်,ဖိုလ်ဉာဏ် မရဘဲနေမယ် (မှန်ပါ့ ဘုရား) သေကြည့်ပါတဲ့ ဟုတ်လား (မှန်လှပါ ဘုရား)။
မသေခင်ကို ဒီဟာတွေမြင်ရမယ်
သေကြည့်လိုက်တဲ့အခါ မသေခင်ကို ဒီဟာတွေမြင်ရမယ်၊ ဝိညာဏ်မချုပ်ခင် မြင်ရလိမ့်မယ် (မှန်ပါ့ ဘုရား) ဘယ်လောက် ကြောက်စရာ ကောင်းသတုန်း၊ ဪ ငါဒီသွားရမှာပါကလားဆိုပြီးတော့ အဲဒီအချိန်ကျမှ မျက်ရည်ကြီးငယ် ကျတတ်တယ် (မှန်ပါ့)။
မငြိမ်းထားတဲ့ ပုဂ္ဂိုလ်ကျတော့ ဒါတွေ အကုန်မြင်ရမှာပေါ့၊ ကိုယ်ဆောက်ထားတဲ့ဘုံကိုး၊ မမြင်ရပေဘူးလား (မြင်ရပါတယ် ဘုရား) အဲဒီကျတော့ မနစ်နာပေဘူးလား (နစ်နာပါတယ် ဘုရား)။
ငါ သားကိစ္စ, မယားကိစ္စ, ဆွေမျိုးကိစ္စတွေနဲ့ အချိန်ကုန်ခဲ့တာ ကိုယ်ကျိုးနည်းပြီ၊ အခု ငါသွားရမည့်လမ်း ငါသိနေပြီဆိုတော့မှ သိပြီးတော့မှ ဝိညာဏ်ချုပ်တာ (မှန်ပါ့) ချုပ်သည်နဲ့တပြိုင်နက်တည်း ဟိုအိုးထဲ ရောက်တယ် (မှန်ပါ့) မနာဘူးလား (နာပါတယ် ဘုရား)။
ပြန်ချိန်,ဆင်ချိန်ရှိတုန်းကို ပြင်မှ,ဆင်မှ
အဲဒါကြောင့် ပြန်ချိန်,ဆင်ချိန်ရှိတုန်းကို ပြင်မှ,ဆင်မှ တော်မယ်(မှန်ပါ့)နောက်မှ ပြင်မယ်ဆိုတဲ့စိတ်ကို မမွေးနဲ့ (မှန်ပါ့ ဘုရား)။
လှညွန့် ဘယ်နှယ်တုန်း နောက်မှ (မမွေးထိုက်ပါ) မမွေးထိုက်ဘူးဆိုတာ နောက်က ဒကာ ဒကာမတွေလဲ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ယနေ့လုပ်ရမယ်ဆိုတဲ့ဥစ္စာ ညပဲ ပြီးအောင်လုပ်ကြ(မှန်ပါ့) သဘက်ခါ ပြီးအောင်လုပ်မဟလို့ ဒီစိတ်ကို သန်သန်ထွားထွား မွေးလို့ရှိရင်ဖြင့် ခင်ဗျားတို့ ကိုယ့်ကိုယ်သနားတဲ့ အထဲမှာပါတယ် (မှန်ပါ့)။
မလုပ်ဘူး၊ အလကားပဲ ဟင်းကောင်း, ကျွေးကောင်းတွေချက်ပြီး တိုက်ကောင်း, တာကောင်းတွေနဲ့ နေမယ်ဆိုရင် အဲဒါ ကိုယ့်ကိုယ် ကိုယ်သနားတာမဟုတ်ဘူး၊ မဟုတ်ဘူးလား (မှန်ပါ့)။
ကိုယ့်ကိုယ်သနားတဲ့ ပုဂ္ဂိုလ်မြင်ရင် ငရဲမီးငြိမ်းရမယ်၊ ငရဲအိုးသိမ်းရမယ်၊ ဒါ ကိုယ့်ကိုယ် သနားတာပဲ (မှန်လှပါ ဘုရား)။
ဘယ်လို သိမ်းရမှာတုန်း ဖြစ်ပျက်ဆုံးအောင် ရှုရမယ်၊ ခန္ဓာပျောက်အောင် ရှုရမယ် (မှန်ပါ့ ဘုရား) နိဗ္ဗာန်တွေ့ အောင် ရှုရမယ် (မှန်ပါ့) ရှုလိုက်ရင် ကိစ္စပြီးမသွားဘူးလား (ပြီးသွားပါတယ် ဘုရား) သဘောပါလား (ပါပါပြီ ဘုရား)။
ကဲ…ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု…သာဓု…သာဓု…။