တဏှာ,မာန,ဒိဋ္ဌိချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားသတုံး
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မိုးကုတ်မြို့ မင်္ဂလာတိုက်၌ ဟောကြား ဆုံးမတော်မူသော
တဏှာ,မာန,ဒိဋ္ဌိချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားသတုံး
ညအလုပ်ပေးတရားတော်
(၂၅-၄-၆၂)
အဂ္ဂိဝစ္ဆ
မနေ့ကဟောခဲ့တဲ့ တရားအဆက်မကုန်သေးဘူးတဲ့၊ အဂ္ဂိဝစ္ဆက တဏှာ, မာန, ဒိဋ္ဌိချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွား သတုံး-မသွားဘူးလားလို့ မေးတဲ့ အမေးပုစ္ဆာတွေမှာ ဘုရားက ဘယ်လိုမှ မပြောတော့ ဘယ်သွားတယ်လို့လဲ မဆိုနိုင်၊ မသွားဘူးလို့ မဆိုနိုင်၊ သွားချီတလှည့် မသွားချီတလှည့်လို့လဲ ငါမဆိုဘူး၊ မသွားသည်မဟုတ် သွားယောင်ယောင်လို့လဲ ငါမဆိုဘူး ဆိုတော့ သူဉာဏ်တုံးသွားတယ်လို့ဆိုတဲ့ အဖြေကို ဦးအောင်ဇံဝေ ပုဏ္ဏားကဘဲထွက်ပါတယ်နော် (မှန်ပါ့ ဘုရား)။
ဉာဏ်တုံးသွားပြီတဲ့ သူမေးစရာမရှိတော့ဘူး နားမလည်တော့ဘူးဆိုတဲ့ မင်းဉာဏ်တုံးမှာဘဲတဲ့ သာမညကျမ်း စာနဲ့ သာမညဆရာသမားနဲ့ မရဘူးကွ၊ ပဋိစ္စသမုပ္ပါဒ်နားလည်မှရတယ်ကွာလို့ ဘုရားက မနေ့က အကျဉ်းချုပ် ဖြေ လိုက်တယ်၊ နိဗ္ဗာန်နားလည်ချင်ရင် ပဋိစ္စသမုပ္ပါဒ်နားလည်ရမယ်တဲ့ (မှန်ပါ့)။
နိဗ္ဗာန် နားလည်ချင်ရင် ဘာတဲ့တုန်း (ပဋိစ္စသမုပ္ပါဒ်နားလည်ရပါမယ် ဘုရား)။
ဒုက္ခအစုကြီး ချုပ်သွားတယ်
ဒါ နားလည်ရမယ် သူချုပ်မှ၊ မင်းတို့ ပဋိစ္စသမုပ္ပါဒ် အဆုံးရွတ်ကြည့်ပါလား “ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ” ဆိုတော့ ဒုက္ခအစုကြီး ချုပ်သွားတယ်ပြောတာ (မှန်ပါ့) မပါဘူးလား (ပါ ပါတယ် ဘုရား)။
”တဏှာနိရောဓာ ဥပါဒါနနိရောဓော” က-နေပြီး ရွတ်လိုက်လို့ရှိရင် နောက်ဆုံးပိတ် “ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ” ဆိုတော့ ဒုက္ခအစုကြီး ချုပ်သွားတယ်လို့ပြောတာ (မှန်ပါ့ ဘုရား)။
အဲဒီဒုက္ခတွေ ချုပ်သွားတယ်လို့ပြောတော့ ပဋိစ္စသမုပ္ပါဒ်နားလည်တဲ့ ပုဂ္ဂိုလ်ကျတော့ ဪ နိဗ္ဗာန်ဆိုတာ ဒုက္ခအစုချုပ်သွားတာကိုးလို့ မှတ်လိုက်ရုံဘဲ။
ဒုက္ခအစု ဘယ်သူတုံးလို့ မောင်အောင်ချီတို့က မေး၊ ဦးဘသန်းတို့က မေးလို့ရှိရင်ဖြင့် ခန္ဓဟာ ဒုက္ခအစုဘဲ (မှန်ပါ့ ဘုရား) “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ” ကိုး (မှန်ပါ့) အဲဒီတော့ ခန္ဓာဟာ ဒုက္ခအစုဘဲ၊ ဒီဒုက္ခအစုကြီး ချုပ်သွားတယ်လို့ ပြောတာဘဲ။
ဒုက္ခအစုချုပ်တာ ဘာခေါ်ကြမလဲ နိဗ္ဗာန်ဘဲ ခေါ်ကြ (မှန်ပါ့ ဘုရား)။
နောက်က ဒကာ ဒကာမတွေ ဒုက္ခအစုချုပ်တာ ဘာခေါ်ကြမလဲ (နိဗ္ဗာန်ပါ ဘုရား) နိဗ္ဗာန် မှတ်ထားလိုက် (မှန်လှပါ ဘုရား)။
ဪ နိဗ္ဗာန်ဆိုတာ ဒုက္ခအစုအဝေးကြီး ချုပ်သွားတာ နိဗ္ဗာန်ဆိုတာကိုးလို့ မှတ်ထားလိုက်လို့ရှိရင် ပြီးတာဘဲ (မှန်လှပါ ဘုရား)။
ဒါနဲ့ ဘုရားက မင်း ဉာဏ်တုံးပေမဲ့ကွာ ငါ ဥပမာကလေးနဲ့ ဟောပါဦးမယ်ဆိုပြီး အဂ္ဂိဝစ္ဆပုဏ္ဏားဘဲ ဦးဘသန်း ဟောပြန်တယ်နော် (မှန်ပါ့)။
လောင်စာရှိလို့လောင်တာပါ
ကဲကွာ အရှေ့ဘက်မှာ မီးတွေ လောင်နေတယ်တဲ့ မင်းကြည့်စမ်းတဲ့ ဥပမာပြတယ် (မှန်ပါ့) မြင်ပြီဘုရားတဲ့။ ဟော ဘာဖြစ်လို့ လောင်သတုံးကွဆိုတော့ လောင်စာရှိလို့လောင်တာပါဘုရားတဲ့။
အေးဟုတ်ပြီ၊ လောင်စာရှိလို့ လောင်တာပေါ့တဲ့၊ မီးဘယ်နှယ့်ကြောင့် မငြိမ်းသတုံးမေးရင် ဘယ့်နှယ့်ဖြေကြ မတုံး (လောင်စာရှိလို့ မငြိမ်းတာပါ ဘုရား)။
လောင်စာရှိလို့ မငြိမ်းတာဘဲ၊ တောက်နေတဲ့မီး မငြိမ်းတာဟာ (လောင်စာရှိလို့ မငြိမ်းတာပါ ဘုရား)။
ဒီမှာလဲတဲ့ ခန္ဓာကြီးရှိနေလို့ရှိရင် ကိလေသာနဲ့တကွ ဆဲ့တမီးကလောင်နေတာဘဲ (မှန်ပါ့) ငြိမ်းပါ့မလား (မငြိမ်းပါ ဘုရား)။
ခန္ဓာနဲ့ မီးနဲ့က မောင်အောင်ချီတို့ နောက်က ဒကာ ဒကာမတွေ တွဲလျက်ကြီးဖြစ်နေတယ် (မှန်ပါ့) လောဘ ဒေါသ မောဟ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသဇာတိ ဇရာ မရဏ (၁၁)ပါး (မှန်ပါ့)။
အဲဒီဆယ့်တမီးက ဦးဘသန်း ခန္ဓာထဲ ရှိနေတယ် (မှန်ပါ့ ဘုရား) ခန္ဓာထဲ ရှိနေတော့ ခန္ဓာက ထင်း၊ သူက မီး ဆိုတော့ လောင်မနေပေဘူးလား (လောင်နေပါတယ် ဘုရား)။
အဲဒါကြောင့် ဦးအောင်ဇံဝေတို့ အလုပ်-လုပ်ခဲ့တာ ဘာဖြစ်လို့တုန်း ငွေလိုချင်လို့ပေါ့ဘုရား၊ မရတော့ ဘာ ဖြစ်သတုန်း ဒေါသဖြစ်တာပေါ့ဘုရား၊ ဒေါသဖြစ်တော့ ဘာဖြစ်သတုန်း သောကပရိဒေဝဖြစ်တာပေါ့ဆိုတော့ ဦးဘသန်း တို့လဲ ရှေ့နေလိုက်တုန်းက ဒီလ ငွေဝင်နည်းတယ်ဆိုလို့ရှိရင်ဖြင့် လောဘ ဒေါသ ဖြစ်လာတာဘဲ (ဖြစ်ပါတယ် ဘုရား)။
ခန္ဓာထဲမှာ ဒီမီးတွေ ရှိနေတယ်
ဘယ်ထဲက ဖြစ်တာတုန်း ခန္ဓာထဲက ဖြစ်တာ၊ ခန္ဓာထဲမှာ ဒီမီးတွေ ရှိနေတယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ဒီမီးကလဲ မောင်အောင်ချီ ဘယ်သူ့လောင်မှာတုန်း မေးရင် ဘယ်နှယ့်ဖြေပါ့မလဲ (ခန္ဓာလောင်မှာပါ) ဒီခန္ဓာ လောင်မယ်၊ မီးနဲ့ တွဲနေတာကို (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတွေမှာ (၁၁)မီးနဲ့ ခန္ဓာငါးပါးနဲ့ တွဲပြီး သကာလ နေတော့ သွားနေလဲ လောင်လျက်ဘဲ၊ အိပ်နေကော (လောင်လျက်ပါ) အိပ်နေတော့ ဇာတိ ဇရာ မရဏက လောင်လျက်ဘဲ (မှန်ပါ့)။
သွားလာနေတဲ့အခါ လောဘမီး ဒေါသမီးက လောင်လျက်ဘဲ (မှန်ပါ့) မေ့လျော့နေတော့ မောဟမီးက လောင် လျက်ဘဲ (မှန်ပါ့ ဘုရား)။
သားတွေ, သမီးတွေ, လူငယ်ကလေးတွေဘက် လျှောက်တွေးလိုက်တဲ့အခါ သောက ပရိဒေဝမီးက လောင်လျက် ဘဲ (မှန်ပါ့)။
ဒါဖြင့် မင်းတို့ အိပ်နေလဲ မလွတ်ပါလား (မှန်ပါ့ ဘုရား) ထိုင်နေကော (မလွယ်ပါ ဘုရား) သွားနေကော (မလွတ်ပါ ဘုရား)။
အင်း မီးနဲ့ လောင်စာနဲ့ဟာဖြင့် ငြိမ်းကို မငြိမ်းသေးပါလားလို့ဆိုတော့ နောက်တဘဝ ပြောင်းပြန်လဲ သူပါ သွားပြန်တာဘဲ (မှန်ပါ့)မတွဲဘူးလား (တွဲပါတယ်) တွဲတော့ ဘာဖြစ်သတုံး (လောင်ပါတယ် ဘုရား) လောင်နေတာဘဲ။
ဒါဖြင့် ခင်ဗျားတို့ ဟိုဘဝ-ဒီဘဝကူးကြ, သန်းကြ, ရောက်ကြတယ်ဆိုတာက အင်း နာမည်သာ ပြောင်းသွား တယ်၊ လူရယ် – နတ်ရယ် – ဗြဟ္မာရယ် – တိရစ္ဆာန်ရယ်လို့ ပြောင်းသွားတယ်၊ ဒီလောင်စာနဲ့ မီးနဲ့ တွဲလျက်နေတာ ကတော့ မထူးဘူး(မှန်ပါ့) ထူးသေးသလား (မထူးပါ ဘုရား)။
** သမုတိဒေသနာနည်းဖြင့် လူတွေ နားလည်အောင် သုံးစွဲခြင်းဖြစ်သည်။
လောင်စာနဲ့ မီး တွဲလျက်
လောင်စာနဲ့ မီး တွဲလျက်နေတာကတော့ (မထူးပါ ဘုရား) မထူးပါဘူးတဲ့၊ ဒါဖြင့် မီး ဘယ်တော့မှ မငြိမ်း ဘူးပေါ့ (မငြိမ်းပါ ဘုရား)။
ဘယ်လောက်ကြာကြပြီတုံး ဒီလောင်စာနဲ့ မီး တွဲပြီးလာခဲ့ကြတာ ဘယ်လောက်ကြာပြီတုံးမေးတော့ ငါဘုရား တောင်မှ အစရှာမတွေ့ဘူးတဲ့၊ ကြာလှပြီပြောတာ (မှန်ပါ့)။
ငါဘုရားလဲဘဲ ဉာဏ်တော်ကြီးနဲ့ ရှာတာတောင်မှ အစမတွေ့ပါဘူးကွာ တဲ့၊ သတ္တဝါတဦးတဦးရဲ့ အစလေ (မှန်လှပါ ဘုရား)။
လောင်စာနဲ့မီး တွဲပြီး သကာလ နေတာကဖြင့် ရှည်လှပါပေါ့၊ နောက်က ဒကာ ဒကာမတွေမှတ်ထား (မှန်ပါ့ ဘုရား) လောင်စာနဲ့မီး တွဲပြီးနေတာကဖြင့် (ရှည်လှပါပြီ) ရှည်လှပါပြီလို့ သေသေချာချာမှတ်ကြပါ၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါနဲ့ ပုဏ္ဏားကို ဥပမာနဲ့ပြတယ်၊ ဒါက ကြားဖြတ်တရားဟောလိုက်တာ (မှန်ပါ့)။
ပုဏ္ဏား အရှေ့က မီးတွေလောင်နေတယ်ကွာ၊ ဘာဖြစ်လို့မငြိမ်းတာပါလိမ့်မလဲ မေးတဲ့အခါကျတော့ ပုဏ္ဏားက လောင်စာရှိနေလို့ မငြိမ်းသေးဘူး (မှန်ပါ့) လောင်စာရှိနေလို့ မငြိမ်းသေးတာဘဲဆိုတာကော သဘောကျလား (ကျပါ ပြီ ဘုရား)။
ဒါဖြင့် လောင်စားများ နောက်ထပ် ထည့်နေလို့ရှိရင် ဦးအောင်ဇံဝေ ဘယ်နှယ့်ဆိုမလဲ (ဆက်လောင်ပါတယ် ဘုရား) သာ၍ မငြိမ်းတာပေါ့ (မှန်ပါ့)။
လောင်စာများထည့်နေကြတယ် (ဆက်လောင်ပါတယ်) ပိုပြီး မငြိမ်းမှာဘဲ၊ မီးသက်ရှည်မှာဘဲ (မှန်ပါ့)။
အဲဒီတော့ ဒကာ ဒကာမတွေက လူ့ဘဝမှ စုတေမနေ သေလွန်ရရင် နောက်ဘဝ နတ်ခန္ဓာ-ဗြဟ္မာခန္ဓာ- စြက်ာဝတေးမင်းခန္ဓာ လူချမ်းသာ-သူဋ္ဌေးသူကြွယ်ခန္ဓာ ဖြစ်ရပါလို၏ဆိုရင် ထင်းပြန်ထည့်နေတာ (မှန်ပါ့)။
ဘာဖြစ်တယ်ထင်သတုံး (ထင်းပြန်ထည့်တော့ လောင်မှာပါဘဲ) ထင်းပြန်ထည့်တာ (မှန်ပါ့) ထင်းအဖြစ် ပြန်ဆုတောင်းတော့ ကိလေသာက မငြိမ်းလို့ တောင်းတာကိုး (မှန်ပါ့)။
ထင်းကုန်လို့ ထင်းထည့်တာ
အဲဒီတော့ ကိလေသာမငြိမ်းလို့တောင်းတော့ ကိလေသာနဲ့ မီးနဲ့ သွားမတွဲပေဘူးလား (တွဲပါတယ် ဘုရား)။
ဒါဖြင့် ဆုတောင်းမှားသမားတွေဖြင့် ထင်းကုန်လို့ ထင်းထည့်တာနဲ့တူနေပြီ၊ မီးတော့မသေသေးဘူး (မှန်ပါ့)။
အိုတော့ အိုပြီ သေရတော့မှာဘဲ၊ နောက်ဘဝဖြင့် နတ်ခန္ဓာဖြစ်ရပါလို၏ဆိုတော့ မောင်အောင်ချီ ဘာပြန် ထည့်တာထင်သတုန်း (ထင်းပြန်ထည့်တာပါ) အရင်မီးက သေပလား (မသေသေးပါ ဘုရား)။
အမယ်လေး မိုက်လိုက်တဲ့ဖြစ်ခြင်းကို နောက်က ဒကာ ဒကာမတွေ ပြောလို့ရှိရင် ပြောတာက ကြီးသလား မိုက်ချက်က ပိုသလား (မိုက်ချက်က ပိုပါတယ် ဘုရား) ဦးဘသန်း ဘယ့်နှယ်ထင်သတုန်း (မိုက်ချက်က ပိုပါတယ် ဘုရား)။
မိုက်ချက်က ပိုတယ်၊ ထင်းကုန်ထင်းထည့်၊ မီးကုန် မီးထည့် ဖြစ်နေတာကိုး (မှန်ပါ့)။
မီးငြိမ်းသွားမယ် ကျန်ရင် မီးပြန်ဖြည့်၊ မီးသေမည့်ကျန် ထင်းပြန်ထည့်ဆိုတော့ လှညွန့်တို့ ဘယ့်နှယ်နေကြပါ့ မတုံး၊ ဘယ်တော့မှ မီးဟုန်းဟုန်းဇာတ်ဟာ သိမ်းပါ့မလဲ၊ (မသိမ်းပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတွေကို ပြောရတယ်၊ ဘယ်ဘဝကိုမှ ဆုမတောင်းနဲ့နော် (မှန်ပါ့) ဘယ်ဘဝမှ ဆုမတောင်းကြပါနဲ့ ထင်းထည့်တာ သက်သက်ပါဘဲ၊ တောင်းတာကမီး၊ ဖြစ်လာတာက ထင်း၊ ထင်းနဲ့မီး သွားတွဲတာဘဲ (လောင်မှာပါ ဘုရား) လောင်မှာဘဲ။
အခု ငြိမ်းပလား (မငြိမ်းသေးပါ ဘုရား) နောက်တောင်းတဲ့ ပုဂ္ဂိုလ်က ထင်းရှာထည့်ပြန်တာဘဲ (ပိုလောင်ပါ တယ် ဘုရား) ပိုပြီး ဒီမီးမငြိမ်းအောင်လုပ်တာဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဦးဘသန်း ပေါ်ပလား (မှန်ပါ့)။
ကဲ ဘယ်လောက် ခင်ဗျားတို့ ဆရာကောင်း, သမားကောင်းနဲ့ မတွေ့ဘူးသာဆိုရင် ဘယ်လောက် ထိအောင် နစ်နာမယ်ဆိုတာ အခု ပြောလိုက်တော့မှ ပိုသိသွားတယ်၊ ဪ ဒို့အလွဲအချော်တွေဟာ ထင်းရှာတဲ့အလုပ်တွေပါ ကလား၊ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
နောက်က ဒကာဒာမတွေ ဘာရှာတဲ့အလုပ်တွေတုံး (ထင်းရှာတာပါ ဘုရား) ထင်းရှာတဲ့အလုပ်တွေ (မှန်ပါ့)။
ဘယ်တော့ငြိမ်းပါ့မလဲ
လူဖြစ်ရပါလို၏၊ အခု မီးမှ မငြိမ်းသေးခင်က နောက်ထင်းရှာပြန်ပြီ၊ နတ်ဖြစ်ရပါလို၏ ဆိုတော့ အခု မီး ငြိမ်းပလား (မငြိမ်းသေးပါ ဘုရား) အခု လောင်နေဆဲတောင်းတာ (မှန်ပါ့ ဘုရား) တော်တော်ကြာ ကျတော့ ထင်းပြန် ထည့်တဲ့ အဓိပ္ပါယ်ဘဲ ရောက်တာဘဲ ဘယ်တော့ငြိမ်းပါ့မလဲ (မငြိမ်းပါ ဘုရား)။
အဲဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အလွန်သနားတယ်၊ မိုက်လိုက်တဲ့ဘဝ ဒီအတိုင်းနေ ငြိမ်းသွား မှာဘဲ ဟင် (မှန်ပါ့) ဆုမတောင်းဘဲနေရင် (ငြိမ်းသွားမှာပါ ဘုရား) ငြိမ်းသွားမယ်၊ ဆုတောင်းတဲ့ တဏှာမလာရင် ငြိမ်းသွားမယ် (မှန်ပါ့ ဘုရား) အခုတော့ ဆုတောင်းတဲ့တဏှာ လာနေတာနဲ့ဘဲ ဘယ်တော့မှ မငြိမ်းဘဲဖြစ်နေတယ်၊ ထင်းချည့်ရှာထည့်နေတယ် (မှန်ပါ့) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
အဲဒါ နားကြီးကြီးနဲ့ထောင်ကြည့်လို့ အခု သစ္စာနားလည်တဲ့ ဉာဏ်နားနဲ့ ထောင်ကြည့်တော့မှ ဪ ခန္ဓာကြီးက ဒုက္ခသစ္စာ၊ နောက်တောင်းတာလဲ ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာက ထင်း၊ တောင်းတာက ကိလေသာမီး မဟုတ်ဘူးလား (မှန်ပါ့ ဘုရား) ကိလေသာမီးနဲ့ ထင်းနဲ့ တွဲပေးပြန်တာပဲ၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ကဲ ဒါ အသာထားပါတော့ ထင်းသစ်ရှာတာ အသာထားပါတော့ မောင်အောင်ချီ အခုငြိမ်းပလားလို့မေးရင် (မငြိမ်းသေးပါ ဘုရား)။
မငြိမ်းခင်ကတည်းကထင်းအသစ်ရှာထားတယ်ဆိုတော့ လှညွန့်တို့ ဒီလွတ်ဘို့ရာတော့ ရှာမတွေ့တော့ဘူး (မှန်ပါ့-မတွေ့ပါ) ဦးဘသန်း တွေ့သေးသလား (မတွေ့ပါ ဘုရား) နောက်က ဒကာ ဒကာမတွေ (မတွေ့ပါ ဘုရား) အားကြီး မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
အဲဒါ သေသေချာချာမှတ်လိုက်စမ်းပါ ဪ ဒို့ဟာဖြင့် မသိတောင်း-တောင်းနေတဲ့ ဆုတွေဟာဖြင့် မီးမငြိမ်း အောင် လုပ်တဲ့အလုပ်ပါကလား၊ ပေါ်လာပြီ (မှန်ပါ့) ဘာတုံး (မီးမငြိမ်းအောင်လုပ်တဲ့ အလုပ်တွေပါ ဘုရား)။
မီးဝတ်ပြုတဲ့လူနဲ့တူနေတယ်
မီးမငြိမ်းအောင်လုပ်တဲ့အလုပ်တွေဆိုတော့ မီးဝတ်ပြုတဲ့လူနဲ့တူနေတယ် (မှန်ပါ့) မီးဆိုတာ ဝေးဝေး ရှောင်ရမှာ၊ ဝေးဝေးရှောင်ရမှာ သူက ထင်းတွေချည့် ထည့်ပေးနေတော့ ဦးဘသန်းသွားပြီ (မှန်ပါ့) ဘယ်တော့ ဒီမီးဟာ လောင်စာ သိမ်း၍ မီးငြိမ်းမလဲ (ဘယ်တော့မှ မငြိမ်းပါ ဘုရား)။
ဒီနေရာမှာ စကားကလေး မှတ်လိုက်စမ်းပါ၊ အားလုံး ဒကာ ဒကာမတွေက နိဗ္ဗာန်ဆိုတာ လောင်စာသိမ်း၍ မီးငြိမ်းတာမှ နိဗ္ဗာန် (မှန်ပါ့)။
နိဗ္ဗာန်ဆိုတာ (လောင်စာသိမ်း၍ မီးငြိမ်းတာမှ နိဗ္ဗာန်ပါ ဘုရား)။
အဲ လောင်စာသိမ်းဆိုတော့ ခန္ဓာမလာတာနော် (မှန်ပါ့) မီးသိမ်းတယ်ဆိုတာက ကိလေသာမလာတာ (မှန်ပါ့ ဘုရား)။ လောင်စာသိမ်း၍ မီးငြိမ်းမှဘာတုံး (နိဗ္ဗာန်ပါ ဘုရား) နိဗ္ဗာန်ဆိုတော့ အခု မသိတဲ့ ဒကာ ဒကာမတွေမှာ သစ္စာမသိတဲ့ ဒကာ ဒကာမတွေမှာ လောင်စာရှာလိုရှာ, မီးကို တိုးအောင်လုပ်လိုလုပ်၊ ဟင် (မှန်ပါ့)။
မီးကို တိုးအောင်လုပ်လိုက်၊ လောင်စာရှာထည့်ဆိုတော့ နောက်က ဒကာ ဒကာမတွေ မိုက်ချက်သန်တာ မပေါ်သေးဘူလား (ပေါ်ပါပြီ ဘုရား)။
ဦးအောင်ဇံဝေ ဒီဟာကလေးက နားကြီးမှ ရတယ်ဆိုတာကော မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား) နားကြီးမှ ရတယ် ဦးဘသန်း,ရရင် (မှန်ပါ့)။
နားသေးသေးနဲ့ဆိုရင် ဒို့ဟာတွေ အတော်ဆက်နေပါပေါ့လား၊ ဘယ်နှယ့်တုန်း ဘုန်းကြီးပြောတာနဲ့ဆိုရင် ဒို့မှာ အခက်ကြီးပါလားဆိုပြီး သကာလ သူတို့ဟာသူတို့ အဟုတ်ထင်နေမယ်ဆိုရင် ထင်းရှာတာကို အဟုတ်ထင်နေတာဘဲ (မှန်ပါ့ ဘုရား) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား) အဲ မသိဆိုးဝါးဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
မသိတာက အဝိဇ္ဇာ၊ ဆိုးဝါးတာက ဒုက္ခသစ္စာရှာတာ ထင်းရှာတာ (မှန်ပါ့)။
ပုဏ္ဏားကိုမေးလိုက်တယ်
ကဲဒါဖြင့် ပုဏ္ဏားကိုမေးလိုက်တယ်၊ ဟေ့ တဲ့ မီးတွေတောက်နေတယ်ကွ တဲ့၊ အရှေ့ဘက်ရော, အနောက်ဘက် ရော, မြောက်ဘက်ရော, တောင်ဘက်ရော တောက်နေတယ်ကွ၊ အဲဒါဘယ်နှယ့်ကြောင့် လောင်သတုန်းတဲ့၊ အို လောင်စာ တွေရှိလို့ လောင်တာပေါ့တဲ့ (မှန်ပါ့)။
သူ ဒါဘဲဖြေတတ်တယ် လောင်စာရှိလို့ လောင်တာပေါ့တဲ့ (မှန်ပါ့ ဘုရား) ဝါးထင်းဆုတောင်းလိုက်ရင် ဝါးမီး ဖြစ်မှာဘဲ (မှန်ပါ့) ရှားသားထင်းဆုတောင်းလိုက်ရင် (ရှားသားမီးဖြစ်မှာပါ ဘုရား)။
အဲ နတ်ဖြစ်လို့ရှိရင်လဲ နတ်မီးလောင်မှာဘဲ၊ ဗြဟ္မာဖြစ်ရင် (ဗြဟ္မာမီးလောင်မှာပါ ဘုရား) စြက်ာဝတေးမန္ဓာတ် ဖြစ်ရင် (စကြာဝတေးမန္ဓာတ်မီးလောင်မှာပါ ဘုရား)။
ဒါဘဲ ဝါးရှို့ယင် ဝါးမီး၊ မြက်ရှို့ရင် မြက်မီးလောင်မှာဘဲ၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အေး ကျွန်းသားရှို့ ကျွန်းသားမီးပေါ့၊ အင်သားရှို့ရင် အင်သားမီးပေါ့ (မှန်ပါ့) ခင်ဗျားတို့ နာမည်ပြောင်ပြီး တောင်းနေတာလဲ လောင်စာပဲ တောင်းနေတာပဲ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
မင်းတို့ ဘယ်ခန္ဓာများ ရချင်ကြသေးသတုန်းမေးရင် ဘယ့်နှယ်ဖြေကြမလဲ (ဘယ်ခန္ဓာမှ မရချင်ပါ ဘုရား) ထင်းဆုတောင်းတာ (မှန်ပါ့)။
အဲဒါကြောင့် မီးလုပ်ကျွေးတဲ့ လူအဖြစ်နဲ့ ဘုရားက ခန္ဓဝဂ္ဂသံယုတ်များမှာ ဟောထားတာရှိသေးတယ်နော် (မှန်ပါ့ ဘုရား)။
မီးလုပ်ကျွေးနေတာကွာ တဲ့၊ မီးလုပ်ကျွေးနေတယ်ဆိုတော့ မီးက ကျေးဇူးတင်တာလဲ မဟုတ်ဘူး၊ ကိုယ့်ခန္ဓာ လောင်နေတာပဲရှိတာပဲ၊ လောင်နေတော့ မောင်အောင်ချီတို့က ပြေးကောင်းနွားကောင်းများ လုပ်နေသေးတယ် (မှန်ပါ့)။
ဒီကနေ နိုင်ငံခြားပြေးလိုက်တယ်၊ ဟ မင်းတို့ ဘာဖြစ်လို့ သွားကြတာတုန်း ရှာချင်လို့ပေါ့ဘုရား၊ အင်း လောဘ မီးလောင်လို့ ပြေးကြပြီဟေ့၊ အပြင်မှာ အကြောင်းညီညွတ်ခဲ့ရင်လဲ ပိုလောင်ပြန်ပဟ (မှန်ပါ့ ဘုရား)။
တမီးပြောင်း လောင်ပြန်ပဟ
အကြောင်းမညီမညွတ်ပြန်လဲ တမီးပြောင်း လောင်ပြန်ပဟ၊ ဒေါသမီးလောင်တယ် (မှန်ပါ့) ဦးအောင်ဇံဝေ ဒါပဲရှိတယ် (မှန်ပါ့ ဘုရား)။
နောက်က ဒကာ ဒကာမတွေရရင် လောဘမီးမလောင်ဘူးလား (လောင်ပါတယ်) မရဘဲနေတော့ (ဒေါသမီး လောင်ပါတယ် ဘုရား)။
ရတဲ့အထဲကပဲ တခါ ရန်သူမျိုးငါးပါးတို့ကြောင့် စိုးရိမ်ခြင်းစတဲ့ သောက ပရိဒေဝမီးတွေ ပေါ်လာတယ်၊ မလာဘူးလား (လာပါတယ်) ဒါတွေက သောက, ပရိဒေဝတွေ နောက်မလိုက်လာတာ (မှန်ပါ့) မလိုက်လာဘူူးလား (လိုက်လာပါတယ် ဘုရား)။
ဒါဖြင့် လောင်နေတယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား) သွားတုန်းလဲ လောင်တာပဲ (မှန်ပါ့) ပြန်လာတော့ကော (လောင်ပါတယ် ဘုရား) အိမ်ထိုင်နေတော့ စိုးရိမ်သောကနဲ့ကော (လောင်ပါတယ်) သောက, ပရိဒေဝ တွေက လောင်နေတာဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲဒါဖြင့် မင်းတို့သည်ကားလို့ဆိုလို့ရှိရင်ဖြင့် ဘယ်နေနေဒီဥစ္စာဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါကျတော့ တလောင် တည်းလောင်ပြီး တဟုန်းဟုန်းတောက်နေတာဘဲလို့ ဦးဘသန်းဘုရားကတော့ မြင်တော်မူပြီ (မှန်ပါ့) မမြင်သေးဘူးလား (မြင်ပါတယ် ဘုရား)။
သားပူလောင်လိုက်, သမီးပူလောင်လိုက်၊ ပစ္စည်းပူလောင်လိုက်၊ ပစ္စည်းနဲ့ပတ်သက်ပြီး ပူဆွေးတာတွေလေ (မှန်ပါ့) မရှိဘူးလား (ရှိပါတယ် ဘုရား)။
ဒါတွေလောင်နေတော့ မင်းတို့ ဟိုအိမ်ဘယ့်နှယ်နေသတုန်း သွားမေးရတာ တော်တော်လောင်ရဲ့လားလို့ မေးတာပေါ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
လှညွန့်တို့က လောကွတ်ကောင်းကောင်းနဲ့ သွားမေးဦးမှတော်မယ်၊ ဘယ့်နှယ်တုန်း တော်တော်လောင်ရဲ့လား၊ ရှင်းရှင်းတော့ ဒါဘဲ (မှန်ပါ့ ဘုရား) ဒီ့ပြင်ဘာတွေမေးသွားသေးသတုံး (ဘာမှမမေးပါ ဘုရား)။
အဓိပ္ပါယ်ကတော့ ဒီရောက်တာဘဲ ခင်ဗျားတို့အိမ်တွေ လည်မေးကြတာလေ (မှန်ပါ့) ဟိုမှာလူမမာရှိတော့ ဘေးကလူတွေကလဲ မှိုင်နေကြတယ်၊ ဘယ့်နှယ်နေသတုံး ပြောပါဦး၊ မသက်သာဘူးတဲ့၊ မသက်သာဘူးဆိုရင် ကိုယ့် လဲလောင်နေတာဘဲ၊ ဟိုလူလဲ လောင်နေတာပဲဟင် (မှန်ပါ့ ဘုရား)။
နည်းနည်းသက်သာတယ်ဆိုတဲ့ အခါကျလို့ရှိရင်လဲ နည်းနည်းပဲလောင်တော့တယ် ပြောတာလဲ (မှန်ပါ့) မဟုတ် ဘူးလား (မှန်ပါ့ ဘုရား)။
ဘေးကပုဂ္ဂိုလ်ကလဲ မကောင်းတာနဲ့ ဘာဖြစ်ရသလဲ၊ ပြန်ပြေးရတယ်၊ မျက်နှာပြောင်တိုက်လို့တော့ ကောင်း မထင်ပါဘူး၊ နဂိုက တယောက်ကျေးဇူး တယောက်နဲ့တယောက်ဟာ အသင့်အတင့်ရှိဘူးကြတယ်ဆိုပြီး မကောင်းလို့ သွားမေးတာ (မှန်ပါ့ ဘုရား)။
လောင်ရင်းပြေးတာ
ကိုယ့်ထဲမှာလဲ ခင်လို့ သွားမေးတာ စိုးရိမ်လို့သွားမေးတာဆိုတာ လောင်ရင်းပြေးတာမဟုတ်ဘူးလား (မှန်ပါ့) ကောင်းလို့သွားမေးပြန်တော့လဲ ကိုယ့်မှာတခါတည်း မကောင်းတဲ့စိတ်နဲ့ဘဲ သွားမေးတာဘဲ (မှန်ပါ့) မကောင်းတဲ့ စိတ်ကလောင်လို့ သွားရပြန်တာပဲ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဘယ်လိုများ သွားမေးကြပါလိမ့် မကောင်းလို့ သွားတာရယ်, စိုးရိမ်လို့ သွားတာရယ် ဒါဘဲရှိတယ် (မှန်ပါ့ ဘုရား)။
လူမမာမေးဘူးကြရဲ့လား ခင်ဗျားတို့ (မေးဘူးပါတယ်) ဘာနဲ့ သွားမေးကြသတုံး မီးလောင်ပြီး သွားလိုက်ကြ တယ် (မှန်ပါ့)ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အမယ်လေး ဒကာ ဒကာမတွေက ကိုယ်သွားတာတောင် ဘာနဲ့သွားမှန်းမသိဘူး (မှန်ပါ့)စင်စစ်တော့ဖြင့် မီးလောင်လို့ သွားတာ (မှန်ပါ့)ဟေ့ မြန်မြန်သွားဆိုတာကော မီးမြန်မြန်လောင်လို့ မြန်မြန်သွားတာ (မှန်ပါ့) မဟုတ် ဘူးလား (မှန်ပါ့ ဘုရား)။
ဟိုကျတော့ အရိပ်အကဲ ကြည့်ပါဦးဆိုတာ မီးအရိပ်အကဲကြည့်နေတာ(မှန်ပါ့) ဟင် ဘယ်လောက်များလောင် နေသတုန်း ကိုယ်လဲ စိတ်မချမ်းသာဘူး ပြောတာဘဲ၊ မပြောဘူးလား (ပြောပါတယ်) ဒါ ဘယ်သူ့လောင်ပြန်တာတုန်း ကိုယ်လောင်တာ (မှန်ပါ့)ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် မီးဘယ်အချိန်မလောင်တဲ့ အချိန်ရှိသတုန်း (မရှိပါ) ခင်ဗျားတို့မသိခင်တော့ ဇာတိ, ဇရာ, မရဏ, မီးကလောင်နေတယ် (မှန်ပါ့ ဘုရား)။
သိတဲ့အခါကျတော့ လောဘ, ဒေါသမီးက လောင်တယ်(မှန်ပါ့) စိုးရိမ်တဲ့အခါကျတော့ သောက, ပရိဒေဝက လောင်တယ်ဆိုတော့ ဘယ်အချိန် မလောင်တဲ့အချိန်ရှိသတုန်း (မရှိပါ ဘုရား)။
ခန္ဓာနဲ့ ကိလေသာမီးဟာ တွဲတောက်နေတယ်
ဒါဖြင့် ဒီမီးပုံကြီးဟာ တောက်နေတာပေါ့ (မှန်ပါ့)ခန္ဓာနဲ့ ကိလေသာမီးဟာ တွဲတောက်နေတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ခန္ဓာနဲ့ ကိလေသာမီးဟာဖြင့် တဟုန်းဟုန်းတောက်နေတော့ နက်ဖြန် ဈေးနေ့ဆိုတော့ ဈေးလိုက်ပြီး ကြည့် ကြတာပေါ့၊ အထမ်းကလေးနဲ့ လာပြန်ပြီတယောက်၊ သူငွေလိုချင်လို့လာတာ၊ ဈေးသည်က လောဘမီးတောက်ပြီး ထမ်းလာတာ (မှန်ပါ့ ဘုရား)။
အပြန်ကျတော့ကို ဒီဟာကလေးတွေရတဲ့ ပစ္စည်းကလေးတွေနဲ့ ငပိ,ဆီဆား,ဆန်အစရှိသည် ဝယ်သွားပြန်တော့ ဒါမှနေရာကျတယ်ဆိုတဲ့ လောဘမီးနဲ့ပဲ ပြန်သွားတာဘဲ (မှန်ပါ့ ဘုရား)။
ရောင်းတဲ့ဆီကရတဲ့ငွေကနည်း ဟိုစားဖို့, သောက်ဖို့ ငါးရက်စာက မပြည့်စုံဘူးဆိုလို့ရှိရင် ထမ်းသာထမ်းရ တယ် ဒေါသမီးလောင်သွားတာပဲ (မှန်ပါ့)ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အသွားလဲ ဒါဟာ မီးလောင်လို့ လာခဲ့တာပဲ၊ အပြန်ကော (မီးလောင်လျက်ပြန်ပါတယ်) မီးလောင်ပြီး ပြန်သွား တာဘဲ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သေတဲ့ အခါကျတော့ မရဏမီးက လောင်ချလိုက်တော့ သူ့မှာ မီးကိုအဆက်မပြတ်ဘူး (မှန်ပါ့) ရှင်တုန်း တော့လဲ လောဘမီး, သောကမီးက လောင်တယ် (မှန်ပါ့) ဇရာမီး, မရဏမီးက ဘယ်နှယ့်တုံး (လောင်ပါတယ်) ဒါဖြင့် ဘယ်အချိန် မီးကင်းတဲ့အချိန်ရှိသတုံး (မရှိပါ ဘုရား)။
အဂ္ဂိတောဝါ ပေါ်လာတယ် (မှန်ပါ့) အဂ္ဂိတောဝါ=မီးဘေးမှ၎င်းင်းတဲ့ (မှန်ပါ့) ခင်ဗျားတို့ကတော့ တကယ်မီး သာသိနေတယ်၊ ကိုယ့်ထဲ အဂ္ဂိတောဝါရှိနေတာ မသိဘူး (မှန်ပါ့ ဘုရား)။
ကိုယ့်ထဲ အဂ္ဂိတောဝါဆိုတာ အဂ္ဂိတောဝါ= မီးဘေးမှလည်းကောင်းတဲ့ (မှန်ပါ့)ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
အဂ္ဂိတောဝါ=မီးဘေးမှလည်းကောင်း
ကိုယ့်ထဲမှာ အဂ္ဂိတောဝါများရှိရဲ့လား (ရှိပါတယ်) အဂ္ဂိတောဝါ=မီးဘေးမှလည်းကောင်းဆိုပြီး မီးဘေးလွတ် ရပါလို၏ဆိုတော့ ကိုယ့်တော့ ပြန်မကြည့်ဘူူး လောင်နေတာ (မှန်ပါ့) တောင်းသာတောင်းနေတာ ရွတ်သာရွတ်နေတာ ဘဲ၊ လောင်နေတာတော့ကိုယ်မှာနော် (မှန်ပါ့)။
ဒါဖြင့် ငြိမ်းပြီးသား လူက ရွတ်နေတာလား၊ လောင်လျက်ရွတ်နေတာလား (လောင်လျက် ရွတ်နေတာပါ ဘုရား) ဟာ ဒါဖြင့် မမြင်ဘူး အကန်းရွတ်နေတာ (မှန်ပါ့)။
ကိုယ့်မီးကို ကိုယ်မမြင်ဘူူး (မှန်ပါ့) မီးဘေးလွတ်ရပါလို့၏သာ ဆိုနေတာ၊ သူ လောင်နေတာ မမြင်ဘူူး (မှန်ပါ့) မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။
အဲဒါလောက် ခင်ဗျားတို့ ထူတယ်၊ အ,တယ်လို့ ပြောတော့ ခင်ဗျားတို့က ဘုန်းကြီးက စကားသိပ်ကြီးတာဘဲ၊ ကြမ်းတာဘဲလို့ ထင်လိမ့်မယ်၊ မြင်ကို မမြင်ဘူး(မှန်ပါ့) အပြင်က (မီးဘဲ မြင်ပါတယ် ဘုရား)။
အပြင်က မီးပဲ မြင်တယ်၊ အပြင်က မီးလောင်လို့သေတဲ့လူနဲ့ အတွင်းက မီးလောင်လို့သေတဲ့ မသာနဲ့ ဘယ်ဟာက များသတုန်း (အတွင်းက လောင်လို့ သေတာက များပါတယ် ဘုရား) သူက သာခက်တာပေါ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
တချို့ သားသေလို့ အဖေပါ သေသွားတာတွေ၊ တချို့ပစ္စည်းဆုံးရှုံးလို့ ရှုးနောက်ပြီးခန္ဓာပါ ဆုံးရှုံးသွားတာတွေ မရှိဘူးလား (ရှိပါတယ် ဘုရား) မီးနဲ့ တွဲနေတာကိုးဗျ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဒါတွေ သိတော့မှ ဪ ဒီမီးနဲ့ ဒီထင်းကို သိမ်းမှတော်မည်၊ ဒီကျမှ နိဗ္ဗာန်လာတယ် (မှန်ပါ့) ဒီမီး-ဒီထင်းသိမ်းမှ နိဗ္ဗာန်ကိုးဗျ (မှန်ပါ့)။
ဒီမီး-ဒီထင်း မသိမ်းနိုင်ရင် (နိဗ္ဗာန်မရောက်ပါ) နိဗ္ဗာန်မရောက်ပါဘူး၊ နိဗ္ဗာန်လို့ကော ဆိုနိုင်ရဲ့လား (မဆို နိုင်ပါ) ဒါဖြင့် နိဗ္ဗာန်ဆိုတာ ဘာတုန်း လောင်စာသိမ်း၍ မီးငြိမ်းတာ(မှန်ပါ့)။
လှညွန့်တို့ ဘယ်နှယ့်ဆိုကြမလဲ (လောင်စာသိမ်း၍ မီးငြိမ်းတာပါ ဘုရား)နောက်က ဒကာ ဒကာမတွေ (လောင် စာသိမ်း၍ မီးငြိမ်းတာပါ ဘုရား)။
မှတ်ထား၊ နိဗ္ဗာန်ဆိုတာ ဪ ခန္ဓာတည်းဟူသော လောင်စာ၊ ကိလေသာတည်းဟူသော မီးဟုတ်လား (မှန်ပါ့) လောင်စာထင်းသိမ်း၍ ကိလေသာမီး ငြိမ်းတာ (မှန်ပါ့)။
လောင်စာခန္ဓာသိမ်း၍ ကိလေသာမီးငြိမ်းတာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
နိဗ္ဗာန်ဆိုတာ လောင်စာသိမ်း၍ မီးငြိမ်းတာ
အဲဒါ သိထားတော့မှ ဪ နိဗ္ဗာန်ဆိုတာ လောင်စာသိမ်း၍ မီးငြိမ်းတာပါကလားဆိုတော့ ဦးဘသန်းရဲ့ သာမညဉာဏ်နဲ့လဲ မရဘူးနော် (မှန်ပါ့) သာမညဉာဏ်နဲ့လဲ မရဘူးတဲ့(မှန်ပါ့)။
ဒါနဲ့ ပုဏ္ဏားမြင်ရဲ့လားကွဆိုတော့ မြင်ပါပြီတဲ့၊ ကဲကွာ ဒါဖြင့် ဒီထင်းတွေ ကုန်သွားတဲ့အခါကျတော့ မီးရှိသေး ရဲ့လားတဲ့၊ ထင်းကုန်တော့ မီးကျန်ရစ်သေးသလား (မကျန်ရစ်ပါ ဘုရား)။
နောက်ထပ်ဆင့်မေးပြန်တယ်နော် (မှန်ပါ့) အရင်တော့ မီးလောင်ပုံ သူပြလိုက်တယ်၊ ဒီမီးဘဲ တခါ ဘုရားက ဆက်လက်ပြီး တရားဟောပြန်တယ်၊ ထင်းကုန်သွားပြီ အဂ္ဂိဝစ္ဆပုဏ္ဏားရ မီးမငြိမ်းသေးဘူးလား ငြိမ်းပလား ထင်းကုန် သွားရင် (ငြိမ်းပါတယ်) ငြိမ်းရမယ်ဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။
အဲဒီ ငြိမ်းတဲ့မီး ဘယ်သွားသတုန်း မေးတာပဲ၊ ငြိမ်းတဲ့မီးဘယ်သွားသတုံးဆိုတော့ မောင်အောင်ချီက ဘယ်နှယ့် ဖြေမလဲ ဘယ်မှမသွားဘူး၊ ဒီနေရာတွင် ငြိမ်းတာဘဲ (မှန်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
ငြိမ်းတဲ့မီး ဘယ်သွားသတုံး (ဘယ်မှမသွားပါ ဘုရား) ဘာဖြစ်လို့တုံး လောင်စာသိမ်းတာနဲ့ မီးငြိမ်းသွားတာဘဲ (မှန်ပါ့ ဘုရား) ဘယ်သွားတယ်လို့ ဖြေစရာကို ပါရဲ့လား (မပါပါ ဘုရား)။
အဲဒီအတိုင်းပဲပေါ့ ပုဏ္ဏားရ တဏှာ,မာနချုပ်တဲ့ ပုဂ္ဂိုလ်ဟာ လောင်စာသိမ်း၍ မီးငြိမ်းတော့ သူဟာ ဘယ် ရောက်သွားသတုန်း မင်း မေးမနေနဲ့၊ ပေါ်လာပြီ(မှန်ပါ့)။
သွားချည်တလှည့်, မသွားချည်တလှည့်လား, မသွားဘဲ နေသလားလို့လဲ မင်းမေးတာ ငါ ဖြေစရာမလိုဘူး၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
သွားချည်တလှည့်လား မသွားချည်တလှည့်လားလို့ကောမေးဘို့ (မလိုပါ) မသွားတာ ဧကန် တချို့တဝက် သွားတယ်လို့ကော (မေးဘို့မလိုပါ ဘုရား)။
ခုနင်က ပုဏ္ဏားကို ဘုရားပေးလိုက်တဲ့ ဥပမာ သိပ်ကောင်းပါတယ်တဲ့ မဇ္ဈိမပဏ္ဏသပါဠိတော်မှာ၊ အခု လောင်စာတွေမရှိတော့ မီးငြိမ်းသွားတယ် ငြိမ်းတဲ့မီး ဘယ်သွားသတုံးဆိုတော့ လှညွန့် ဘယ့်နှယ်ဖြေပါ့မလဲ (ဘယ်မှ မသွားပါ) ဒီနေရာတွင် ငြိမ်သွားတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ခန္ဓာရော ကိလေသာရော ချုပ်သွားလိမ့်မယ်
အဲဒါ ခင်ဗျားတို့လဲ အလုပ်-လုပ်ကြည့် ဒီနေရာတွင် ခန္ဓာရော ကိလေသာရော ချုပ်သွားလိမ့်မယ် (မှန်ပါ့) ခန္ဓာလဲ မမြင်ပေဘူး (မှန်ပါ့) ခန္ဓာ မမြင်လို့ရှိရင် ကိလေသာလဲမရှိဘူး (မှန်ပါ့)။
ဪ ဒီကျတော့ အလုပ်လုပ်တဲ့ပုဂ္ဂိုလ်ကျတော့ သိတယ်အင်း ဒုက္ခချုပ်တဲ့နိဗ္ဗာန် လောင်စာသိမ်း၍ မီးငြိမ်း တယ်ဆိုတာ ဪ အခုမြင်နေရတဲ့ ခန္ဓာလဲ သိမ်းတယ်၊ ဝမ်းထဲမှာ ကိလေသာတွေ ငြိမ်းတာဆိုတာပါကလား မပေါ် လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
ခန္ဓာကော မြင်သေးရဲ့လား (မမြင်ပါ) နိဗ္ဗာန်ရောက်တဲ့ ပုဂ္ဂိုလ်ပေါ့ဗျာ (မှန်ပါ့) မဂ်စစ်ရသွားပြီဆိုတော့ ခန္ဓာပါပျောက်မသွားဘူးလား (ပျောက်သွားပါတယ်) ခန္ဓာပျောက်သွားတော့ ကိလေသာမီးကော ရှိသေးရဲ့လား (မရှိပါ) မရှိဘူး၊ သူနဲ့တန်တဲ့ ကိလေသာပေါ့ဗျာ။ ဒိဋ္ဌိဝိစိကိစ္ဆာကိလေသာပေါ့ သောတာပန် ဖြစ်ခဲ့လို့ရှိရင် (မှန်ပါ့)။
အဲဒီပုဂ္ဂိုလ် ဘယ်သွားသတုံးမေးတော့ ဘယ်မှ မသွားဘူးတဲ့ ဒီနား ရှုရင်းမတ္တနဲ့ ဒီမီးနဲ့ဒီခန္ဓာ ပျောက်သွား တာဘဲ(မှန်ပါ့) ဘယ်နှယ့်တုံး ဦးဘသန်း ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အခုလို ဝမ်းထဲက ကိလေသာမီးကော ရှိသေးရဲ့လား (မရှိပါ ဘုရား) သူလောင်နေတဲ့ ခန္ဓာကြီးကောမြင်ရ သေးရဲ့လား (မမြင်ရပါ ဘုရား)။
မမြင်ရဘူး။ ဉာဏ်ကလေးနဲ့ ဪ ခုနင်က ထင်းတွေမီးတွေမရှိပါကလား သိတာဘဲ။ မြင်စိတ်ကလေးနဲ့ မြင်လိုက်တာဘဲ (မှန်ပါ့) ဒီရောက်အောင် အားထုတ်ရမယ် (မှန်ပါ့)။
နောက်က ဒကာ ဒကာမတွေ ဒီရောက်အောင် အားထုတ်ရမယ်။ ရှုရှင်းမတ္တနဲ့ ခန္ဓာပျောက်သွားလိမ့်မယ်။ ကိလေသာကော (ပျောက်သွားပါတယ် ဘုရား)။
ပျောက်သွားတဲ့အခါကျတော့ ကိလေသာမီး, လောင်စာထင်း ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား) မရှိတာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။
ဪ နိဗ္ဗာန်ဆိုတာ သွားလို့ရောက်တာလားတဲ့၊ လောင်စာသိမ်း၍ မီးငြိမ်းတာကိုခေါ်တာလား (လောင်စာ သိမ်း၍ မီးငြိမ်းတာကိုခေါ်ပါတယ် ဘုရား)။
အဲဒါ သေသေချာချာမှတ်ပါ၊ ဒီဥစ္စာ ကြားရခဲပါတယ် (မှန်ပါ့) ဦဘသန်း အားကြီး ကြားရခဲတယ် (မှန်ပါ့ ဘုရား) သဘောပါကြသလား (ပါ-ပါပြီ ဘုရား)။
လောင်စာဆိုတာ ဒီခန္ဓာကြီး
လောင်စာသိမ်း၍ မီးငြိမ်းတာကို (နိဗ္ဗာန်ခေါ်ပါတယ်) လောင်စာဆိုတာ ဒီခန္ဓာကြီး၊ မင်းတို့ အကုန်ရှုကြည့် တော့ ဒီခန္ဓာကြီး မလိုချင်တဲ့တနေ့ ဒီခန္ဓာကြီး ပျောက်သွားပါလိမ့်မယ် (မှန်ပါ့) ခန္ဓာပျောက်သွားတော့ ထင်းကုန်တော့ မီးချည့်ကျန်နေရစ်သေးတယ်လို့ ဦးအောင်ဇံဝေ ထုံးစံရှိရဲ့လား (မရှိပါ ဘုရား) သဘောပါပလား (ပါ-ပါပြီ ဘုရား)။
ဪ ဒီရောက်အောင် ဒို့တော့ ကြိုးစားထားမယ် (မှန်ပါ့) လှညွန့်ကြိုးစားရလိမ့်မယ် (မှန်ပါ့) နောက်က ဒကာ ဒကာမတွေ (ကြိုးစားရပါမယ် ဘုရား)။
ကြိုးစားတော့ ဪ နိဗ္ဗာန်ဟာ အဝေးကြီးလား အနီးကလေးလားလို့ မေးပြန်တော့ဘဲ သံယုတ်ပါဠိတော်မှာ ဘုရားက “နိဗ္ဗာနဿေဝ သန္တိကေ” နိဗ္ဗာနဿေဝ=နိဗ္ဗာန်၏သာလျှင်၊ သန္တိကေ=ခရီးမဝေး အနီးကလေးကွတဲ့ (မှန်ပါ့) အနီးတွင် ခန္ဓာပျောက်သွားပြီး ဒီနားတွင် ကိုယ့်ဉာဏ်ထဲမှာချမ်းသာတာ ကျန်နေရစ်တာဘဲတဲ့ (မှန်ပါ့)။
ခန္ဓာလဲပျောက်တယ်၊ ကိလေသာပူတာကော ရှိသေးရဲ့လား (မရှိပါ ဘုရား) မရှိတော့ ဒီနားမှာ ရှုနေတဲ့ဉာဏ် ကလေးက ချမ်းသာမနေဘူးလား (ချမ်းသာပါတယ် ဘုရား) ချမ်းသာနေတော့ ချမ်းသာတာကလေးဟာ နိဗ္ဗာန်ပဲ (မှန်ပါ့)။
ဒီဉာဏ်ကလေးကလဲ ချမ်းသာတာမြင်နေတာပဲ (မှန်ပါ့) ဒို့ဖြင့် အနာပျောက်ပဟေ့၊ ၉၆-ပါး ဘာမှမရှိတော့ ဘူးဟေ့ ဟုတ်လား (မှန်ပါ့ ဘုရား) လောင်စာလဲ မရှိတော့ဘူးဟေ့ ထင်းလဲမရှိတော့ဘူး၊ လောင်လက်စသတ်ပေါ့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲဒါ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား) နိဗ္ဗာန်ဆိုတာ အခုမြင်ပါလိမ့်မယ်တဲ့၊ အနီးကလေးပါတဲ့ (မှန်ပါ့) ကဲ ဘယ်လောက် အဘိုးတန်တယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကဲ ပုဏ္ဏားမေးပုံကို ဘုရားကဖြေတာ ဘယ်လောက်အချိုးကျသတုံး (အချိုးကျပါတယ် ဘုရား) ဟေ့ ပုဏ္ဏား၊ ဟိုနားမှာ မီးတွေ တဟုန်းဟုန်းတောက်နေတယ်၊ အဲဒီ မီးတွေဟာ အခု မရှိတော့ဘူးကွ၊ ဘာဖြစ်လို့တုံးမေးတော့ အို လောင်စာ မရှိလို့ မီးမရှိတာပါလို့သူက ဖြေရတော့တာပေါ့ (မှန်ပါ့) ဖြေဖို့ အကွက်က ရောက်လာတာကိုး၊ မရောက်ဘူး လား (ရောက်ပါတယ် ဘုရား)။
ခုနင်က မီးတွေ ဘယ်သွားသတုံးကွ-အဂ္ဂိဝစ္ဆရလို့ ဘုရားက မေးလိုက်တယ် (မှန်ပါ့) လောင်စာမရှိလို့ မီး မရှိတော့ဘူးတဲ့၊ အဲဒီမီး ဘယ်သွားသတုံးကွဆိုတော့ ဘယ်နှယ့် ဖြေကြမလဲ (ဖြေစရာမရှိပါ ဘုရား) ဖြေစရာမရှိဘူး၊ သွားတာမှ မဟုတ်ဘဲ၊ ဒီနေရာတွင် သိမ်းသွားတာ (မှန်ပါ့)။
ဒါဖြင့် နိဗ္ဗာန်ဆိုတာလဲ မင်းတို့က မှတ်လိုက်ပါတဲ့၊ ဒီနေရာမှာ ခန္ဓာသိမ်းပြီး ဒီနေရာမှာ ကိလေသာမီး ငြိမ်း သွားတာဘဲ (မှန်ပါ့) ဒါကို ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။
အဲဒါ နိဗ္ဗာန်အဝေးကြီးလား အနီးကလေးလားလို့မေးရင် ဘယ့်နှယ်ဖြေကြမလဲ (အနီးကလေးပါ ဘုရား) အနီး ကလေး၊ မသွားတတ်လို့ မရောက်သေးတာ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
နိဗ္ဗာန်ဟာ နီးသလား၊ ဝေးသလားမေးတယ် (နီးပါတယ် ဘုရား) ဘယ်နှယ့်ကြောင့် မရောက်ပါလိမ့် (မသွား တတ်လို့ပါ ဘုရား)။
ဖြစ်ပျက်ရှုတဲ့ မဂ္ဂင်နဲ့သာ ဆက်ရှုပါ
အဲ အခုတော့ သွားတတ်ပါပြီ တဲ့၊ ဖြစ်ပျက်ရှုတဲ့ မဂ္ဂင်နဲ့သာ ဆက်ရှုပါ (မှန်ပါ့) အဲဒါသွားနေတယ်ပဲ (မှန်ပါ့) ရှုနေတာဟာ သွားနေတာဘဲ (မှန်ပါ့)။
သွားနေတဲ့အခါကျတော့ကို မဂ္ဂင်ငါးပါးက ဒုက္ခသစ္စာသေသေချာချာသိလို့ လောင်စာတွေ, မီးတွေ အကုန်မြင် တော့ မလိုချင်တဲ့ မဂ္ဂင်ရှစ်ပါးမလာပေဘူးလား (လာပါတယ် ဘုရား) လာလို့ရှိရင်ဖြင့် ခန္ဓာရော, မီးရော မသိမ်းပေး ဘူးလား (သိမ်းပါတယ် ဘုရား) သိမ်းသွားတဲ့အခါကျတော့ ဪ နိဗ္ဗာန်ဆိုတာ ဒါဘဲ (မှန်ပါ့)။
အဲဒီတော့ ဒီနိဗ္ဗာန်ဟောရတာက တယ်ခက်တယ်၊ တယ်ခက်တယ်ဆိုတာ ဘာဖြစ်လို့ တယ်ခက်တယ်လို့ ပြောတာတုံးဆိုတော့ မီးနဲ့လောင်စာ လောင်နေတာမသိလို့ရှိရင်ဖြင့် တယ်ခက်တယ်ဆိုတာ ပြောရမယ် (မှန်ပါ့)။
မီးနဲ့လောင်စာ လောင်မှန်းမသိတဲ့ပုဂ္ဂိုလ်မှာ ငြိမ်းတာလဲ သူသိပါ့မလား (မသိပါ ဘုရား) မသိဘူး။
လောင်စာနဲ့မီး လောင်နေတာသိတဲ့ပုဂ္ဂိုလ်ကျတော့ ငြိမ်းတာကို သူသိတယ် (မှန်ပါ့)။
ဒါဖြင့် အလုပ်-မလုပ်တဲ့ပုဂ္ဂိုလ်မှာ လောင်စာနဲ့မီးလဲ သူမမြင်ဘူး၊ မဟုတ်ဘူးလား (မမြင်ပါ ဘုရား) “ငြိမ်း” ဆိုတဲ့ကိစ္စ သူတွေ့ဖို့ရာ အရေးဟာက အတော်ကွာဝေးသွားတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဖြစ်ပျက်ဆိုတာတွေသည် ဒါလောင်စာတွေဘဲ
ဒါဖြင့် မင်းတို့ ဖြစ်ပျက်ဆိုတာတွေသည် ဒါလောင်စာတွေဘဲ၊ အဲဒါတွေ သိမ်းသွားတဲ့အခါကျတော့ ဒါတွေ ချုပ်ငြိမ်းသွားတဲ့ အခါကျတော့ ဒါတွေဘာဖြစ်လို့ မရှိတာတုန်း ထင်းကုန်သွားလို့ မီးကိုမရှိတာ (မှန်ပါ့) ဒီဖြစ်ပျက်တွေ ဟာ ထင်းတွေဘဲ၊ ဖြစ်ပျက်တွေဟာ ရုပ်နာမ်တွေကိုးဗျာ (မှန်ပါ့) ထင်းတွေမဟုတ်လား (ထင်းတွေပါ ဘုရား) ထင်းကုန် သွားတော့ မီးက ဘယ်နှယ့်တုံး (မရှိတော့ပါ ဘုရား)။
မရှိတော့ဘူူးဆိုတော့ကို ဪ ဒို့ဖြစ်ပျက်ချုပ်ငြိမ်းတာ နိဗ္ဗာန်ပါကလား (မှန်ပါ့)။
နောက်က ဒကာ ဒကာမတွေ ဘယ်လိုမှတ်ကြမယ် (ဖြစ်ပျက် ချုပ်ငြိမ်းတာဟာ နိဗ္ဗာန်ပါ ဘုရား) အဲ ဖြစ်ပျက် ချုပ်ငြိမ်းအောင် လိုက်ရမယ်၊ ဦးဘသန်း ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။
ဒီအတိုင်းလိုက်သွား၊ ဖြစ်ပျက်ရှုရင်းမတ္တနဲ့ဘဲ လိုက်သွားဖြစ်ပျက်မုန်းလာလိမ့်မယ်၊ မုန်းလာလို့ရှိရင်ဖြင့် သူ့ကို မလိုချင်တာ လာမှာဘဲ (မှန်ပါ့) မလိုချင်တာလာဆို့ရှိရင်ဖြင့် ထင်းကုန်သွားမှာဘဲ၊ ထင်းကုန်သွားလို့ရှိရင်ဖြင့် မီး ဘယ်သွားတယ်လို့ ဆိုစရာရှိသေးရဲ့လား (မရှိတော့ပါ ဘုရား) ထင်းလဲကုန်သွားရော ကိလေသာမီးကလဲဆိုင်ရာ ငြိမ်း သွားတာဘဲ၊ မီးချည့်နေရစ်တယ်လို့ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဟာ ထင်းတွေမရှိတော့ဘူး၊ မီးချည့်ကျန်နေရစ်တယ်လို့ဆိုရမှာလဲ အတော်ခဲယဉ်းတယ် (ခဲယဉ်းပါတယ် ဘုရား)။
ဘယ်ဟုတ်လိမ့်မတုန်းတဲ့၊ မီးသွေးလောင်နေတာလည်း ထင်းပဲ၊ မီးသွေးလည်း ထင်းပဲ (တင်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
မီးသွေးလည်း ဘာခေါ်ကြမလဲ (ထင်းပါ ဘုရား) ဒါဖြင့် ထင်းရှိနေရင် ရဲနေအုံးမှာပဲ (မှန်ပါ့) ကဲ ဒါတွေလည်း ပြောင်ပေါ့ဆိုတော့ မီးကျန်သေးရဲ့လား (မကျန်ပါ ဘုရား)။
မကျန်တော့ ဒီမီးဘယ်သွားသတုန်းလို့ မောင်အောင်ချီတို့၊ လှညွန့်တို့မေးရင် ဘယ့်နှယ်ဖြေပါမလဲ (ဘယ်မှ မသွားပါ) ဒီနေရာတွင်ပဲ လောင်စာသိမ်း၍ မီးငြိမ်းသွာတာပဲ (မှန်ပ့ါ ဘုရား)။
ဒါဖြင့် မီးနဲ့လောင်စာအဖြစ်မှ ဒီခန္ဓာကြီးလွတ်သွားတာပဲ၊ ဒါနိဗ္ဗာန်ပဲ (မှန်ပ့ါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မီးနဲ့လောင်စာအဖြစ်မှ (ခန္ဓာကြီးလွတ်သွားပါတယ်) လွတ်သွားတာကို ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ) အဲဒါ ကိုယ်တိုင်မြင်ရမယ်၊ ရှင်းပလား (ရှင်းပါပြီ) ကိုယ်တိုင်မြင်ရတဲ့လူဟာ နိဗ္ဗာန်အစစ်ပဲဆိုတာ မပေါ်လာသေးဘူးလား (ပေါ်လာပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
နိဗ္ဗာန်ပေါ်မလာဘူးလား
အဲဒီတော့ ပုဏ္ဏားမေးတာကို ဘုရားက မီးနဲ့လောင်စာနဲ့ ဖြေလိုက်တော့ နိဗ္ဗာန်ပေါ်မလာဘူးလား (ပေါ်လာ ပါတယ် ဘုရား)။
ဒါကြောင့် နိဗ္ဗာန်တရားကို ဟောလိမ့်မယ်လို့ မနေ့ညကတည်းက စပြီး ပြောခဲ့တယ် (မှန်ပါ့) မပြောခဲ့ဘူးလား (ပြောခဲ့ပါတယ်) အခုနိဗ္ဗာန်ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်ဆိုတာ မြို့နဲ့လား ပြနဲ့လား ရွာနဲ့လားဆိုတာ မဟုတ်ဘူး (မဟုတ်ပါ) မဟုတ်ပါဘူးတဲ့၊ ကိုယ်ချမ်း သာတာနဲ့လောင်စာသိမ်း၍ မီးငြိမ်းသွားတာ ကိုယ်မြင်လိုက်တာနဲ့ ကိုယ့်ကိစ္စပြီးတာကို နိဗ္ဗာန်ခေါ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိုယ့် အပူဇာတ်တွေ သိမ်းတာကို (နိဗ္ဗာန်ခေါ်ပါတယ်) ကိုယ့် ခန္ဓာဒုက္ခသစ္စာကြီး မရှိတာကို (နိဗ္ဗာန်ခေါ်ပါ တယ်) နိဗ္ဗာန်ခေါ်တာပဲဆိုသဖြင့် အဲဒီရောက်သာ လုပ်ကြည့်ပါ (မှန်ပါ့ ဘုရား)။
နောက်က ဒကာ ဒကာမတွေ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဖြစ်ပျက်ကနေ လိုက်သွားနော် (မှန်ပ့ါ) မုန်းလိမ့်မယ် ဖြစ်ပျက်တွေကို (မှန်ပ့ါ) နောက်ကျတော့ ဖြစ်ပျက်မလိုချင်တော့ ဆုံးမသွားပေဘူးလား (ဆုံးသွားပါတယ်) ဆုံးသွားတဲ့ အခါကျတော့ ခန္ဓာရှိသေးရဲ့လား (မရှိ တော့ပါ) ဒါဖြင့် ထင်းမှ မရှိဘဲနဲ့ ကိလေသာမီးအတွင်းမှာ ရှိချင်လို့ကော (မရှိပါ ဘုရား)။
မရတော့ဘူးဆိုတော့ မီးရော ထင်းရောသိမ်းတာ၊ အဲဒါ ဘုရားက ဖြေလိုက်တယ်၊ ပုဏ္ဏားမီးတွေ ဘယ်သွားကုန် သတုန်းကွ၊ အို လောင်စာမှ မရှိဘဲနဲ့ မီးမရှိတော့မဘူး (မှန်ပါ့) အဲဒါ ဘယ်သွားတယ်လို့ မင်းဖြေမတုန်း ဘယ်မှမသွားဘူး၊ ဒီကျတော့ သူအမှန်ရောက်ပြီ (မှန်ပါ့) ဘယ်မှမသွားဘူး ဆိုတာသိပြီ။
အဲဒီတော့ မင်းက တဏှာ၊ မာန၊ ဒိဋ္ဌိချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားသတုန်းမေးတဲ့ဥစ္စာ မင်းအမေးလွဲမှန်း သိပလား၊ (မှန်ပါ့) အမေးရော မလွဲဘူးလား (လွဲပါတယ် ဘုရား)။
မသွားဘဲ နေသလားလို့ မေးတာရော (လွဲပါတယ်) သွားချည်တလှည့်လား မသွားချည်တလှည့်လားလို့ မေးတာ ရော (လွဲပါတယ်) မသွားသည်မဟုတ် သွားသယောင်ယောင်ရှိသေးသလားလို့ မေးတာရော (လွဲပါတယ် ဘုရား)။
နိဗ္ဗာန်ဆိုတာ လောင်စာသိမ်း၍ မီးငြိမ်းတာ
အဲဒီလို ဖြေလိုက်တော့မှ ပုဏ္ဏားက ဪ နိဗ္ဗာန်ဆိုတာ လောင်စာသိမ်း၍ မီးငြိမ်းတာကို ဆိုတာပါကလား (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
နိဗ္ဗာန်ဆိုတာ ဘာတုန်း (လောင်စာသိမ်း၍ မီးငြိမ်းတာပါ ဘုရား)။
ကိုယ့်ရှေ့တွင်နော် (မှန်ပါ့) ကိုယ့်ရှေ့တွင် လောင်စာရော မီးရောပျောက်တယ် (မှန်ပါ့) ဝမ်းထဲမှာ ကိလေသာမီး ပျောက်တယ် (မှန်ပါ့) ခန္ဓာလောင်စာကြီးလည်း ပျောက်သွားတယ် (မှန်ပါ့) အဲဒါ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။
နိဗ္ဗာန်ခေါ်တော့ကို ဒါဖြင့် ဘုရားတဲ့ရှင်ကြီး ဂေါတမဟောတဲ့တရားဟာ မြို့နား၊ ရွာနားမှာ အင်ကြင်းပင် ကြီးနဲ့ တူတယ်တဲ့၊
မြို့နား ရွာနားမှာလည်းနေတဲ့ အင်ကြင်းပင်ကြီးဟာတဲ့ တော်တော်ကြာကြာလာတော့ အရွက်လည်း မရှိတော့ဘူး၊ အပွေးတွေလည်းမရှိတော့ဘူး၊ အကာတွေလည်း မရှိတော့ဘူး၊ အပွေးတွေ လည်း မရှိတော့ဘူး၊ အကာတွေ လည်း မရှိတော့ဘူး၊ အင်ကြင်းပင်ဆိုတာ ကျောက်ဖြစ်တာ ကိုးဗျ၊ ကျောက်ပင်ကိုးနောက်၊ ခင်ဗျားတို့ဆီလည်း ပေါပါလိမ့်မယ်၊ အနှစ်ချည့် ကျန်ရစ်ခဲ့တယ်ပေါ့ဗျာ (မှန်ပ့ါ) အကာတွေ အတက်တွေ အပွေးတွေရှိသေးရဲ့လား (မရှိပါ ဘုရား)။
တရားကလည်း အနှစ်ချည်းဟောတာ
အဲ ရှင်ကြီး ဂေါတမဟောတဲ့ တရားကလည်း အနှစ်ချည်းဟောတာတဲ့၊ ရွာနားပေါက်တဲ့ အင်ကြင်းပင်လိုပဲတဲ့၊ နှစ်ကလေးကြာသွားတဲ့အခါကျတော့ အခက်အခဲမရှိ အပွေးလည်းရှာမတွေ့ ကျောက်တုံးကြီး တွေ့ရသလိုပဲ အနှစ်ချည်း ဟောတာပါလို့ သူကချီးမွမ်းလိုက်တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်ဆိုတာလည်း သိသွားပြီ (မှန်ပ့ါ) နိဗ္ဗာန်ရောက်ကြောင်းရော သိသွားပလား (သိသွားပါပြီ) ဒီဖြစ်ပျက်ရှုသွားရုံပဲ (မှန်ပ့ါ) ကျေနပ်ပလား (ကျေနပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြအုံးစို့။
သာဓု သာဓု သာဓု။