12308

မာတိကာသို့

နိဗ္ဗာန်အကြောင်း အဂ္ဂိဝစ္ဆသုတ်ဒေသနာ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့ မင်္ဂလာတိုက်၌ ဟောကြား ဆုံးမတော်မူသော

နိဗ္ဗာန်အကြောင်း အဂ္ဂိဝစ္ဆသုတ်ဒေသနာ

ညအလုပ်ပေးတရားတော်

(၂၄-၄-၆၂)

ဝစ္ဆပုဏ္ဏားဆိုတာ ရှိတယ်

ဘုရားသခင် ကိုယ်တော်မြတ်ကြီး လက်ထက်က ဝစ္ဆပုဏ္ဏားဆိုတာ ရှိတယ် (မှန်ပါ့) ဒီနေ့ နိဗ္ဗာန်ကို ဟောလိမ့်မယ် နော် (မှန်ပါ့)။

ဝစ္ဆပုဏ္ဏားက နိဗ္ဗာန်မေးလို့ သူက ဒိဋ္ဌိအယူ နိဗ္ဗာန်ကျတော့ သူနားမလည်ဘဲ ဖြစ်နေလို့ နိဗ္ဗာန်ပါ ယနေ့နာရလိမ့် မယ်လို့ အောက်မေ့ပါ။

ဘုရားသခင် ကိုယ်တော်မြတ်ကြီး သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေတဲ့အခါ ဝစ္ဆပုဏ္ဏားက ကျောင်းတော်ရောက်လာတယ်။ သူက မေးလိုက်တယ် ရုပ်နာမ်လောကကြီးဟာ မြဲသလားလို့ စ-မေးလိုက်တယ်၊ သဿ တောလောကော၊ ပါဠိလိုတော့ ဒီအယူကို အရှင်ဘုရားယူပါသလားတဲ့ (မှန်ပါ့ ဘုရား)။

ရုပ်နာမ်လောကကို မြဲသလား မမြဲဘူးလား

ရုပ်နာမ်လောကကို မြဲသလားလို့ အရှင်ဘုရား ယူပါသလားလို့ မေးလိုက်တယ်၊ ငါ ဒီအယူကို မယူဘူးကွလို့ ဘုရားကဖြေလိုက်တယ်။

ရုပ်နာမ်လောကကို မြဲတယ်လို့ ယူလိုက်လို့ရှိရင် ဦးအောင်ဇံဝေတို့ ဦးဘသန်းတို့ သဿတဒိဋ္ဌိ (မှန်ပါ့) ငါ ဒီအယူ-မယူဘူးကွ၊ ရုပ်နာမ်လောက မြဲတယ်လို့ ဒီအယူ-မယူဘူးကွ (မှန်ပါ့)။

တခါ ဒုတိယမေးပြန်တယ်၊ ဒါဖြင့် ရုပ်နာမ်လောက မမြဲဘူးလား တဲ့၊ ဒီလို မေးလိုက်ပြန်တော့လဲ ငါ ဒီမမြဲတဲ့ အယူလဲ မယူပါဘူးကွာ တဲ့ (မှန်ပါ့)။

စင်စစ် မမြဲတာတော့ အမှန်ပါပဲ၊ သို့သော်လည်း သူက အယူမှားသွားမှာစိုးလို့ ဘုရားက ဖြေလိုက်တယ်၊ ရုပ်နာမ်လောကကို မမြဲဘူးလို့ ယူလိုက်လို့ရှိရင်လဲ ဪ ဒီရုပ်နာမ် ပြတ်သွားပြီး နောက် ဘာမှ မပေါ်တော့ဘူးဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိဘက်ကို ပြေးမှာစိုးလို့ ဒီအယူ ငါ မယူဘူးလို့ ဘုရားက ပယ်ချလိုက်တယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ရုပ်နာမ်လောက မမြဲဘူးလားလို့ မေးတဲ့အချိန်ကျပြန်တော့လဲ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒါလဲ မိစ္ဆာ ဒိဋ္ဌိအယူကွ တဲ့၊ ဒါ ငါ မယူပါဘူးတဲ့၊ ဒီအယူလဲ ငါ့အယူမဟုတ်ပါဘူးတဲ့။

ဒါက မမြဲဘူးဆိုရင် သူ့ဉာဏ်က ဒီရုပ်နာမ်ဆုံးရင် နောက်ရုပ်နာမ် မပေါ်တော့ဘူး၊ နိဗ္ဗာန်လဲ မရှိဘူးဆိုတာ ယူပစ်လိုက်မယ် (မှန်ပါ့) ယူပစ်လိုက်တော့ ဥစ္ဆေဒဒိဋ္ဌိဘက် မပြေးဘူးလား (ပြေးပါတယ် ဘုရား)။

ပြေးတယ်နော် အဲဒီတော့ ကြပ်ကြပ်နားထောင်ပါ ဒီဥစ္စာကို အရေးကြီးပါတယ်။

မြဲချီတလှည့် မမြဲချီတလှည့်လား

ဒါဖြင့် ရုပ်နာမ်လောကကြီးဟာ မြဲချီတလှည့် မမြဲချီတလှည့်လားလို့ မေးပြန်တယ်၊ ဒီအယူလဲ ငါ မယူပါဘူးကွာ တဲ့။

ဒီလိုဆိုတော့ တချို့မြဲတယ်၊ တချို့ မမြဲဘူးဆိုတော့လဲ တပိုင်းဒိဋ္ဌိဖြစ်နေတယ်၊ ဒါ့ကြောင့် ဘုရားက ဒီအယူကိုလဲ ပယ်လိုက်တယ်။

ဒါဖြင့် ရုပ်နာမ်လောကဟာ မမြဲသည်မဟုတ်၊ မြဲသယောင်ယောင်လားတဲ့၊ အို ဒီအယူလဲ မယူပါဘူးကွာတဲ့ ဒါ အမရာ ဝိက္ခေပဒိဋ္ဌိပါတဲ့။

သတ္တဝါသေရင် ဖြစ်သေးသလား

ဒါနဲ့ ရှေ့ဆက်မေးပြန်တယ်၊ သတ္တဝါသေရင် ဖြစ်သေးသလားတဲ့ ဆက်မေးပြန်တယ်။

နဂိုက သတ္တဝါမရှိတာ သတ္တဝါသေရင် ပြစ်သေးသလား မေးရင် မခက်ဘူးလား (ခက်ပါတယ်) နဂိုက သတ္တဝါမှမရှိဘဲ ရုပ်နာမ်ပဲရှိတာပဲ (မှန်ပါ့ ဘုရား)။

သတ္တဝါရှိကြရဲ့လား (မရှိပါ) ရုပ်နာမ်ပဲရှိတဲ့ဥစ္စာ သတ္တဝါသေရင် ဖြစ်သေးသလားလို့ သတ္တဝါမှမရှိဘဲနဲ့ သတ္တဝါသေရင် ဖြစ်သေးသလားလို့ဆိုတော့ ဒီအယူလဲ ငါမယူဘူးကွလို့ ဘုရားကဖြေလိုက်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သတ္တဝါသေရင် ဖြစ်သေးသလားလို့မေးတော့ ဘုရားက ဘယ့်နှယ်ဖြေသလဲ (ဒီအယူလဲ ငါမယူဘူးတဲ့)။

ဒီအယူ ငါမယူဘူးလို့ဆိုတော့ မင်းတို့ယူထားတာတွေက ဪ သတ္တဝါကလေးတစ်ယောက် သေသွားပြန်ပြီ ဘယ်များ သွားဖြစ်နေပါလိမ့်မတုန်း တဲ့၊ ဒါဟာ ဗုဒ္ဓဘာသာဝင်တွေမှာ ဒီဒိဋ္ဌိရှိနေကြတယ် (မှန်ပါ့)။

ဒီဒိဋ္ဌိရှိတော့ ဦးအောင်ဇံဝေက ရှင်းထားတဲ့ နဂိုကမှ သတ္တဝါမရှိတဲ့ဥစ္စာ သတ္တဝါနောက်ထပ်ဖြစ်စရာရှိသေးရဲ့ လား (မရှိပါ ဘုရား) ဖြစ်ချင်လို့ရှိရင်ဖြင့် ကံကြောင့် အကျိုးထူးပေါ်တယ်၊ ဒါပဲရှိတယ် (မှန်ပါ့) သတ္တဝါလို့ပါရဲ့လား (မပါ-ပါ ဘုရား) မပါ-ပါဘူး။

ဒါကြောင့် သတ္တဝါသေရင်ဖြစ်သေးသလားလို့ မေးတော့ ဘုရားက ဒီအယူ ငါမယူပါဘူးကွာ တဲ့၊ ဖြစ်တယ်လို့လဲ ငါ မဆိုပါဘူး တဲ့။

ဒါဖြင့် မေးပြန်တယ်၊ သတ္တဝါသေရင် မဖြစ်တော့ဘူးလားတဲ့၊ နဂိုကမှ သတ္တဝါမှမရှိတာ မဖြစ်တော့ဘူးလားဆိုတဲ့ မေးခွန်းထုတ်ဖို့ လိုသေးသလား (မလိုပါ ဘုရား)။

တကယ်လို့ သူယူတာက မဖြစ်တော့ဘူးဆိုရင်လဲ ဥစ္ဆေဒဒိဋ္ဌိဘက် သွားမယ် ဝစ္ဆပုဏ္ဏားက။

ဒါဖြင့် သတ္တဝါသေလို့ရှိရင် ဖြစ်ချီတလှည့် မဖြစ်ချီတလှည့်လားတဲ့၊ ဒီလိုလဲ မဟုတ်ဘူးလားကွာတဲ့၊ ဒီအယူလဲ မယူပါဘူး ငါဘုရား (မှန်ပါ့)။

သတ္တဝါသေရင် မဖြစ်သည်မဟုတ် ဖြစ်သယောင်ယောင်လားလို့ မေးပြန်တော့လဲ သတ္တဝါနဲ့ မေးနေကတည်းက ဘုရားက မကြိုက်တော့ဘူး၊ ဟုတ်မှ မဟုတ်ဘဲကိုး (မှန်ပါ့ ဘုရား)။

အသက်နဲ့ကိုယ်ဟာ အတူတူလား

အသက်နဲ့ကိုယ်ဟာ အတူတူလားတဲ့ မေးပြန်တယ်၊ ဟာ ဒီအယူလဲ ငါမယူပါဘူးကွာတဲ့။

ဒါဖြင့် အသက်နဲ့ကိုယ် တခြားစီလားလို့ မေးပြန်တယ်၊ ဒီလိုလဲ မယူပါဘူး တဲ့။

ဒါနဲ့ အမေးတွေကုန်သွားရော အမေးတွေကုန်သွားတော့ ဒါဖြင့် ရှင်ကြီးဂေါတမ တဲ့ သတ္တဝါသေရင် ဖြစ်သေး သလားလို့ လောကကြီး မြဲသလားဆိုတာ ဒီအယူ-မယူဘူးဆိုတဲ့ဥစ္စာတွေ ဆယ်ခုရှိသွားပြီ တဲ့၊ သူမေးလိုက်တာ (မှန်ပါ့) ဘယ်အယူမှမယူဘူးဆိုတော့ ရှင်ကြီးဂေါတမဟာ ဘယ်အယူ ယူသတုန်း တဲ့ မေးတယ် (မှန်ပါ့)။

ရှင်ကြီးဂေါတမ ဘယ်အယူ ယူသတုန်း တဲ့၊ ဒီဆယ်ခုတောင်မေးတာ ဘယ်ဟာမှ ဒီအယူတွေ မယူဘူးဆိုသဖြင့် ရှင်ကြီးဂေါတမ အမြင်ပြောစမ်းပါ တဲ့။

ငါ့အမြင် ပြောရမှာဖြင့်ကွာ တဲ့ ငါ့အမြင်ကို မပြောခင် မင်းတို့ယူတဲ့ အယူတွေကို ရှင်းပြပါမယ် တဲ့၊ မင်းတို့ယူတဲ့ အယူတွေက မရှိတာကို အရှိလုပ်ပြီးယူနေတဲ့ တိတ္ထိတွေယူတဲ့ ဒိဋ္ဌိအယူတွေ (မှန်ပါ့) ဒါ ဖြေလိုက်တယ်နော် ဦးဘသန်း ကျေနပ်ကဲ့လား (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိအယူတွေ

မရှိတာယူနေတဲ့ အယူတွေမို့ ဘာတုံး (တိတ္ထိတွေယူတဲ့ ဒိဋ္ဌိအယူတွေပါ ဘုရား)။

ဒါဖြင့် ဒီဒိဋ္ဌိအယူတွေကို မယူလို့ရှိရင် ရှင်ကြီးဂေါတမ ဘယ်ဒိဋ္ဌိအယူ ယူသတုန်း တဲ့၊ ဒီလိုကောက်မေးတယ် (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိအယူတော့ကွာ မယူပါဘူး၊ ဗောဓိပင်နဲ့ ရွှေပလ္လင်အောက်မှာ ဝိပဿနာအလုပ် လုပ်ကတည်းက ငါ ပယ်ခဲ့ပါပြီ ကွာ တဲ့၊ ဖြေလိုက်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာအလုပ် လုပ်ကတည်းက ငါ ပယ်ခဲ့ပြီတဲ့ ဒိဋ္ဌိအယူတွေ ဒိဋ္ဌိပယ်ခဲ့ပြီ ပြောတာပေါ့ဗျာ၊ သောတာပန် တည်တယ်ဆိုတာ ဒိဋ္ဌိမသေသေးဘူးလား (သေပါပြီ ဘုရား) အဲဒီကတည်းက ပယ်ခဲ့ပြီလို့ ပြောတာ။

ဒါဖြင့် ရှင်ကြီးဂေါတမ၏ အယူအစစ်ကို နာချင်ပါတယ်တဲ့၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘုရား၏အယူအစစ်ကို နာရမယ်

ဒါဖြင့် ဒီနေ့ည မင်းတို့လင်မယားလာတာ သိပ်အဖိုးတန်တယ်၊ ဘုရား၏အယူအစစ်ကို နာရမယ် (မှန်ပါ့) ဘုရား၏အယူအစစ်ကို ဦးဘသန်းတို့ နာရတော့မယ်နော် (မှန်ပါ့)။

ငါ့အယူကကွာ တဲ့ ဤတရားဟာ ရုပ်၊ ဖြစ်တယ်၊ ပျက်တယ်၊ ဒီလိုယူပါတယ် တဲ့ (မှန်ပါ့)။

ဤတရားဟာ ဝေဒနာကွ-တဲ့။ ဖြစ်တယ်၊ ပျက်တယ် ဤတရားဟာ သညာကွ မှတ်တတ်တဲ့ သညာကလေးကွ၊ အဲဒါကလေးဟာလဲ ဖြစ်တယ်ပျက်တယ် ငါ ဒီလိုယူတယ်တဲ့ စေတနာကလေးတွေလဲ သင်္ခါရက္ခန္ဓာပဲ၊ အဲဒါကလေးကိုလဲ ဖြစ်တယ်၊ ပျက်တယ်ဘဲ ငါယူတယ်၊ စိတ်ကလေးတွေလဲ ထို့အတူပဲတဲ့၊ စိတ်ရှိတယ်၊ အဲဒီ စိတ်ကလေးဟာလဲ ဖြစ်တယ် ပျက်တယ်လို့ ငါယူတယ်တဲ့၊ ဒါ ငါ့အယူပဲတဲ့ဆိုတော့ ရိပ်မိကြပလား (မှန်ပါ့)။

ရုပ်ကို ကြည့်ပြန်တော့လဲ ဘာတွေ့သတုန်း (ဖြစ်ပြီးပျက်ပါတယ်) ဖြစ်တယ်၊ ပျက်တယ်တဲ့၊ ဪ-ရုပ်ဆိုတာ ဖြစ်တယ်ပျက်တယ်လို့ ယူထားတယ်၊ ခန္ဓာငါးပါး ပြောကြပါစို့ မောင်အောင်ချီ ဖြစ်တာ ပျက်တာမှတပါး ဘာရှိသေး သတုန်း (ဘာမှ မရှိပါ ဘုရား) အဲဒါ ဘုရား၏အယူတဲ့ (မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် မင်းတို့ရော ဦးအောင်ဇံဝေတို့ ဦးဘသန်းတို့ရော ဪ တို့လုပ်နေတဲ့ ဖြစ်ပျက်ရှုနေတာဟာ ဘုရား၏အယူပါကလား (မှန်ပါ့) ထောက်ခံချက်ရသွားပြီ (ရပါပြီ ဘုရား)။

ဖြစ်ပျက်မြင်အောင် တော့ လုပ်ရမယ်

ထောက်ခံချက်ရသွားပြီ-တဲ့ ဘုရား၏အယူပဲ၊ ဒါ့ကြောင့် မင်းတို့ အကြင်လင်မယားလဲ ဖြစ်ပျက်မြင်အောင် တော့ လုပ်ရမယ် (မှန်ပါ့ ဘုရား) ဘယ်သူ့အယူပါလိမ့် (ဘုရား၏အယူပါ ဘုရား)။

ဘုရား၏အယူပဲဆိုတာ ယနေ့ရှင်းရှင်းလင်း ပေါ်လာတယ် (မှန်ပါ့) ရုပ်ရှိတယ်၊ ဖြစ်တယ် ပျက်တယ်၊ ငါ ဒီလိုယူတယ် ကွ-တဲ့၊ ဝေဒနာကိုလဲ ဖြစ်တယ် ပျက်တယ်လို့ ငါယူတယ်တဲ့။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

စိတ်ရှိတယ်၊ ဖြစ်တယ် ပျက်တယ်လို့ ငါယူတယ်၊ အဲဒီတော့ ကြိုက်တာရှု၊ စိတ်ကြိုက်ရင် စိတ်ဖြစ်တာ၊ ပျက်တာပဲ ရှုကြ၊ ဝေဒနာကြည့်တဲ့ပုဂ္ဂိုလ်ဟာ ဝေဒနာကြည့်လိုက် ဖြစ်တာ, ပျက်တာ တွေ့အောင်ရှာ၊ ဦးဘသန်း ရိပ်မိပြီ (ရိပ်မိပါ ပြီ ဘုရား) ဒါ ဘယ်သူ့အယူတဲ့တုန်း (ဘုရားအယူပါ ဘုရား)။

ပုဏ္ဏားကို ဖြေနေတာ၊ အရှင်ဘုရား အယူပြောစမ်းပါဦးဆိုတော့ ငါ့အယူဟာ ဒါပဲလို့ ပြောပြလိုက်တယ်။

ဒါဖြင့် ဘုရား ဆက်မေးပါရစေ တဲ့၊ အရှင်ဘုရား ဒီအယူယူတော့ ဘာကျေးဇူးများသတုန်း-တဲ့၊ သူက ပွိုင့်ကျ တယ်၊ မေးပုံ ဟင် (မှန်ပါ့)။

ဒီအယူယူတော့ ဘာကျေးဇူးများသတုန်း

ဒီအယူ ယူတော့ အရှင်ဘုရား ဘာကျေးဇူးများသတုန်းတဲ့၊ ကျေးဇူးများပုံကို ပြောစမ်းပါဦး တဲ့။

ရုပ်ကို ဖြစ်တယ်၊ ပျက်တယ်လို့ ငါက မြင်တဲ့ဉာဏ်ကလေးနဲ့ ယူလိုက်ပါပြီ တဲ့၊ ဉာဏ်နဲ့ ဒီအယူကို ယူလိုက်ပါပြီ ဆိုတော့ ဖြစ်ပျက်မြင်လိုက်တယ် ဆိုကတည်းက ဖြစ်ပျက်က ဖြစ်ပျက်၊ မြင်တာက သမ္မာဒိဋ္ဌိမဂ်ဉာဏ် ဖြစ်မသွားဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဖြစ်သွားတော့ တဏှာလဲ မဂ်က သတ်တယ် (မှန်ပါ့ ဘုရား) ဥပါဒါန်ကော သတ်တာပဲ (မှန်ပါ့) မဟုတ်ဘူးလား၊ မာနကော လာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား) ဒိဋ္ဌိကော (မလာနိုင်ပါ ဘုရား) ဒါဖြင့် တဏှာ, မာန, ဒိဋ္ဌိဆိုတဲ့ ပပဉ္စတရား သေတယ် (မှန်ပါ့)။

တဏှာ, မာန, ဒိဋ္ဌိဆိုတဲ့ ဘာတုန်း (ပပဉ္စသေပါတယ် ဘုရား) ပပဉ္စတရားသေတယ်ဆိုတော့ တဏှာမသေလို့ရှိရင် တဏှာ, ဥပါဒါန်၊ ကံ လာဦးမှာပဲ (လာပါတယ်) ဇာတိ, ဇရာ, မရဏကော (လာပါတယ်) မင်းတို့ ပဋိစ္စသမုပ္ပါဒ်သင် ထားတာပဲ (မှန်ပါ့)။

မာနမသေလို့ရှိရင်လဲ မာန, ဥပါဒါန်, ကံ လာဦးမှာပဲ (မှန်ပါ့) ဇာတိ ဇရာ မရဏကော (လာမှာပါ ဘုရား)။

ဒိဋ္ဌိမသေလို့ရှိရင် ဒိဋ္ဌိ-ဒိဋ္ဌုပါဒါန် ကံ, ဇာတိ ဇရာ မရဏ မလာပေဘူးလား (လာပါတယ် ဘုရား)။

အဲဒါ့ကြောင့် ငါက ဖြစ်တယ်, ပျက်တယ်လို့ သမ္မာဒိဋ္ဌိနဲ့ ငါယူတဲ့အယူဟာ တဏှာ, မာန, ဒိဋ္ဌိသေတယ်၊ တဏှာ, မာန, ဒိဋ္ဌိ သေတယ်ဆိုတော့ မောင်အောင်ချီတို့က မှတ် ဪ-သံသရာစခန်းသတ်တာပဲ၊ အိုဘေး, နာဘေး, သေဘေးစခန်း သတ်တာပဲ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဘာစခန်းသတုန်း (အိုဘေး, နာဘေး, သေဘေးစခန်း သတ်ပါတယ် ဘုရား) သံသရာစခန်းသတ်တယ်၊ သူတို့က သံသရာချဲ့တဲ့တရားကိုး (မှန်ပါ့) ချဲ့တဲ့တရားသုံးခု သေတယ်-တဲ့၊ ဖြစ်တယ်, ပျက်တာကို မြင်လိုက်တဲ့အတွက် (မှန်ပါ့)။

ဒါ့ကြောင့် ဖြစ်တယ်, ပျက်တယ်ဆိုတာ ငါဘုရား၏ အယူ၊ ခန္ဓာထဲမှာရှိတဲ့ တရားတွေဟာ ဖြစ်တယ်၊ ပျက်တယ်လို့ ယူလိုက်တယ်၊ ဦးဘသန်း ရိပ်မိပြီ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ခန္ဓာထဲမှာ ဒါပဲရှိတယ်နော် (မှန်ပါ့) ဖြစ်ပျက်မှတပါး ဘာရှိသေးသတုန်း (ဘာမှမရှိပါ) ဘာမှမရှိဘူးတဲ့၊ ဖြစ်တာ, ပျက်တာပဲရှိတယ်။

အဲဒီ ဖြစ်တာ ပျက်တာရှိတာကို ဖြစ်တာ၊ ပျက်တာက ဖြစ်တာ ပျက်တာထား၊ ဖြစ်တာ ပျက်တာ သိတာက ဪ မဂ်ပဲ၊ ဖြစ်ပျက်က ဖြစ်ပျက်ပဲ၊ ရုပ်နာမ်က ဖြစ်ပျက်ပဲနော် (မှန်ပါ့ ဘုရား)။

သိတာက မဂ်မဖြစ်ဘူးလား

သိတာက မဂ်မဖြစ်ဘူးလား (ဖြစ်ပါတယ်) မဂ်ဆိုတော့ တဏှာ, မာန, ဒိဋ္ဌိကော မသေသေးဘူးလား (သေပါ တယ် ဘုရား)။

တဏှာ, မာန, ဒိဋ္ဌိသေတယ်ဆိုကတည်းက ပဋိစ္စသမုပ္ပါဒ် မင်းတို့ပြထားတော့ တဏှာ, ဥပါဒါန်, ကံ, ဇာတိ, ဇရာ, မရဏ, လာသေးရဲ့လား (မလာပါ) မလာရင် နောက်ဘဝပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား)။

နောက်ဘဝ ပေါ်လို့ရှိရင် ဇာတိ, ဇရာ, မရဏက လာဦးမှာကိုးဗျ၊ ပဋိသန္ဓေနေခြင်းဆင်းရဲ အိုခြင်းဆင်းရဲ, သေခြင်းဆင်းရဲတွေ မလာပေဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် မင်းတို့ ဖြစ်တာ, ပျက်တာ မြင်အောင်ကြည့်ဘို့ အလုပ်ဟာ ဘုရား၏အလုပ်, ဘုရား၏အယူ, ဘုရား၏ ဝါဒ၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါ့ကြောင့် မင်းတို့ အဝေးမှာနေတော့ ငါလိုက်လဲ မဟောနိုင်လို့ မကြုံကြိုက်သေးတော့ မဟောနိုင်သေးတော့ ဒီကိုခေါ်ယူလာတယ် (မှန်ပါ့) ဪ ဒီနေ့ တို့လာတဲ့နေ့ ဒီတရား စ, မိတယ်ဆိုတော့ ဘုရား၏အယူကို ယနေ့ ကောင်းကောင်း သိရတဲ့နေ့တဲ့ (မှန်ပါ့ ဘုရား)။

အရှင်ဘုရား၏အယူကို ပြောစမ်းပါဦးလို့ ပုဏ္ဏားကမေးတာ (မှန်ပါ့) ငါက ရုပ်ရှိတယ်၊ ဖြစ်တယ်၊ ပျက်တယ်၊ ဒီလိုယူတယ်၊ ဝေဒနာကလေး ကြည့်လိုက်ပြန်လဲ ဖြစ်တယ်၊ ပျက်တယ်လို့ ငါယူတာပဲ၊ ခန္ဓာငါးပါးစလုံး ဘယ်လိုယူလိုက် သတုန်း (ဖြစ်တယ်၊ ပျက်တယ်ပဲ ယူပါတယ် ဘုရား)။

နို့ ဖြစ်တယ်၊ ပျက်တယ်လို့ အရှင်ဘုရားက ဒီအယူကိုယူလိုက်တော့ ဘာကျေးဇူးများသတုန်းဆိုတော့ အို တဏှာ, မာန, ဒိဋ္ဌိ သေတယ်ကွ-တဲ့၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နောက်ခန္ဓာအကြောင်းတွေ အကုန်မသေသေးဘူးလား

ဘာတဲ့တုန်း (တဏှာ, မာန, ဒိဋ္ဌိသေပါတယ်) တဏှာ, မာန, ဒိဋ္ဌိသေတယ်ဆိုတော့ နောက်ခန္ဓာအကြောင်းတွေ အကုန်မသေသေးဘူးလား (သေပါတယ် ဘုရား)။

နောက်ခန္ဓာအကြောင်းတွေ သေပါတယ်ဆိုကတည်းကိုက နောက်ခန္ဓာအကျိုးတရားတွေ လာနိုင်သေးရဲ့လားလို့ မေးရင် ဘယ့်နှယ်ဖြေပါ့မလဲ (မလာနိုင်ပါ ဘုရား)။

မလာတော့ဘူး ဪ-ဒါဖြင့် တို့ဖြစ်ပျက်ရှုနေတဲ့အလုပ်ဟာ တဏှာ, မာန, ဒိဋ္ဌိ သတ်နေတဲ့အလုပ်ပဲ (မှန်ပါ့) ခန္ဓာဇာတ်သိမ်း ငြိမ်းအေးတဲ့ နိဗ္ဗာန်ရောက်အောင် လုပ်တဲ့ အလုပ်ပဲဆိုပြီး ယနေ့ ဝတ္ထုသက်သေ သာဓကလဲ လုံလုံ လောက်လောက်ဖြစ်နေတော့ ဦးအောင်ဇံဝေက ပိုကြိုးစား (မှန်ပါ့) ဦးဘသန်းကော (ကြိုးစားပါမယ် ဘုရား)။

ပိုကြိုးစားရမယ်၊ ပိုကြိုးစားရမယ်ဆိုတဲ့ဥစ္စာ ဘာကြောင့်တုန်း၊ ခိုင်လုံလို့ (မှန်ပါ့) ကြောက်ရွံ့ရွံ့နဲ့ မလုပ်ပါနဲ့ ရဲရဲတင်းတင်းလုပ်လိုက်ပါဆိုတာကို တိုက်တွန်းပါတယ် (မှန်ပါ့ ဘုရား)။

ဒီပုဏ္ဏားက အရှင်ဘုရားအယူ ပြောစမ်းပါဆိုတော့ ဒီအယူပြောတာပဲ (မှန်ပါ့) ရုပ်ကြည့်လိုက်လဲ ဖြစ်တာ, ပျက်တာပဲ (မှန်ပါ့) ဖြစ်တာ, ပျက်တာ ရှိတယ်လို့ ယူတဲ့အယူဟာ ငါ့အယူပဲ (မှန်ပါ့) ဝေဒနာကြည့်လိုက်ပြန်ကော (ဖြစ်တာ, ပျက်တာပါပဲ) ဖြစ်တယ်, ပျက်တယ်လို့ မြင်တဲ့အယူဟာ ဘုရားအယူပဲ (မှန်ပါ့ ဘုရား)။

ကဲ ခန္ဓာငါးပါးစလုံး စိတ်ကြည့်လိုက်ပြန်တော့လဲ ဘာတွေ့သတုန်း (ဖြစ်တာပျက်တာပဲ တွေ့ပါတယ်) ဖြစ်တာ ပျက်တာကို သိတဲ့အယူဟာ ဘယ်သူ့အယူတုန်း (ဘုရားအယူပါ ဘုရား)။

ဪ ဒါဖြင့် မင်းတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင်ပြောလဲ ဒါပဲ ပြောတာပဲ (မှန်ပါ့) ဘုရားပြောတာကို ဘုန်းကြီးက ထပ်ပြီးပြောတာပဲ (မှန်ပါ့)။

ဘယ်အယူ ယူပါလိမ့်မတုန်း

အဲဒီတော့ကို ဪ တို့လာကျိုးနပ်လိုက်တာ၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဘယ်အယူ ယူပါလိမ့်မတုန်းဆို တဲ့ဥစ္စာ ယနေ့ ပေါ်သွားပြီ (ပေါ်ပါပြီ) ဖြစ်တာ ပျက်တာကိုသတဲ့ အယူဟာ သူ့အယူပဲ တဲ့၊ ခန္ဓာငါးပါး ဖြစ်တာပျက်တာ သာရှိတယ်လို့ ယူတဲ့အယူဟာ သူ့အယူပဲတဲ့ (မှန်ပါ့ ဘုရား)။

မောင်အောင်ချီ ပေါ်ပလား (ပေါ်ပါပြီ) ဒါ့ကြောင့် ကြိုးစားကြပါ ကြိုးစားကြပါဆိုတာ ကျောက်ရောင်း ကျောက်ဝယ် ကြိုးစားကြပါခိုင်းတာ မဟုတ်ပါဘူး (မှန်ပါ့ ဘုရား)။

ကျောက်ရောင်း ကျောက်ဝယ်က တဏှာ, ဥပါဒါန်, ကံလာနေတာပဲ (မှန်ပါ့) မတတ်သာလို့သာ သူတို့လုပ်နေရ တာကိုးဗျ (မှန်ပါ့) စင်စစ်တော့ဖြင့် နောက်ဒုက္ခရှာတာ (မှန်ပါ့ ဘုရား)။

ဒီဟာလုပ်လိုက်တဲ့အခါကျတော့ နောက်ဒုက္ခ ဘယ့်နှယ်တုန်း (သိမ်းပါတယ်) နောက်ဒုက္ခသိမ်းတယ်၊ ဘုရားအယူ အတိုင်းလိုက်လိုက်တော့ ဒုက္ခသိမ်းတယ် (မှန်ပါ့) မင်းတို့ပစ္စည်းရှာတာက ဒုက္ခရှာတာ (မှန်ပါ့) ဒီအလုပ် လုပ်နေတာ (ဒုက္ခသိမ်းတာပါ ဘုရား)။

အဲဒီတော့ ဒုက္ခသိမ်းတာသာလျှင် ချမ်းသာအစစ်ကိုး (မှန်ပါ့) ဒုက္ခဆက်နေရင် ချမ်းသာရှိပါ့မလား (မရှိပါ ဘုရား)။

အားကိုးရာ အစစ်တွေ့ပြီ

မရှိနိုင်ဘူးဆိုတာ သေချာတော့ ဪ ဖြစ်တာပျက်တာပဲ ဝေဒနာကလေးကြည့်လိုက်ပြန်လဲ ဖြစ်တာပျက်တာပဲ၊ ဖြစ်တာကလေး သိနေတာက မဂ်ကလေးပဲ၊ ဒီဉာဏ်ကလေးက တဏှာ, မာန, ဒိဋ္ဌိကို ဖြတ်ချလိုက်တယ (မှန်ပါ့) ဆို တော့ အားကိုးရာ အစစ်တွေ့ပြီလို့ ဆုံးဖြတ်ချက်ချ (တွေ့ပါတယ် ဘုရား)။

ဦးဘသန်း ဘာတွေ့သလဲ (အားကိုးရာအစစ် တွေ့ပါတယ် ဘုရား)။

ဒါက ကိုယ်တော်တိုင်ဟောတာ၊ အရှင်ဘုရားအယူ ပြောစမ်းပါဆိုပြီး အဂ္ဂိဝစ္ဆပုဏ္ဏားကမေးလို့ သူကိုယ်တိုင် ငါ့အယူ ဒါပဲကွဆိုတာ ဖြေပြတော့ တို့က ရဲရဲတင်းတင်းလုပ်ဖို့ပဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် တွန့်တွန့် တွန့်တွန့်လုပ်နေလို့ လှညွန့် တော်ပါ့မလား (မတော်ပါ) မတော်ဘူး၊ တခါတည်း ကျကျနန လုပ်လိုက်ပါဆိုတဲ့ဥစ္စာ တိုက်တွန်းတယ် (မှန်ပါ့ အင်တိုက်အားတိုက် လုပ်ရပါမယ် ဘုရား)။

အင်တိုက် အားတိုက် လုပ်ရမယ်၊ အကယ်၍ မလုပ်ဘူးဆိုရင် ဟို တဏှာ, မာန, ဒိဋ္ဌိကလာမယ် (မှန်ပါ့) လာလို့ရှိရင်ဖြင့် တဏှာလာလို့ရှိရင် တဏှာက ဥပါဒါန်၊ ကံကို သူဆက်သွားတယ် (မှန်ပါ့) ကံဆိုရင် အပါယ်ဇာတိ လာပစ်လိုက်မယ် (မှန်ပါ့) နောက် ဇာတိလာပစ်လိုက်မယ်၊ လာချင်တာလာ ဒုက္ခသစ္စာပဲ (မှန်ပါ့ ဘုရား)။

ဇာတိဟူသ၍ ဒုက္ခသစ္စာ “ဇာတိပိဒုက္ခာ” မောင်အောင်ချီ ဒီပြင်ဘာလာစရာရှိသေးသလဲ (မရှိပါ ဘုရား)။

ဒါဖြင့် ဒီတရားသုံးခုသေမှ ဇာတိ ဇရာ မရဏ မလာမှာပေါ့။ ဒီတရားသုံးခု တခုခုရှိရေင် (လာမှာပါ ဘုရား)။

အဲဒီ ငါဘုရားအယူကတဲ့ ဤကဲ့သို့ ဖြစ်တယ်၊ ပျက်တယ်လု့ိ ရှုနေတဲ့ ပုဂ္ဂိုလ်မှာတဲ့ တခါတည်း သံသရာချဲ့ထွင် တတ်တဲ့၊ ဒုက္ခကို ချဲ့ထွင်တတ်တဲ့ တဏှာ မာန ဒိဋ္ဌိ တပြိုင်နက် ချုပ်သကွ-တဲ့ (မှန်ပါ့) ဆိုတော့ ဟိုဘက်မှာ ဒုက္ခလာစရာ မြင်ကြသေးသလား (မမြင်ပါ ဘုရား)။

ဒါဟာ ဒုက္ခသိမ်းတဲ့ အလုပ်

ဒါဖြင့် ဪ စောညွန့် ဒါဟာ ဒုက္ခသိမ်းတဲ့ အလုပ်ပါလား (မှန်ပါ့) မောင်အောင်ချီ ဘာလုပ်တဲ့အလုပ်တုန်း (ဒုက္ခသိမ်းတဲ့ အလုပ်ပါ ဘုရား) ဦးဘသန်း (ဒုက္ခသိမ်းတဲ့အလုပ်ပါ ဘုရား)။

အဲဒီတော့ကို မင်းတို့ သိမ်းနေတဲ့ဒုက္ခက ငွေများများရမှ အေးမှာ (မှန်ပါ့) ဘယ်ဟုတ်ရလိမ့်မတုန်း ငွေရှာရတုန်း ကတည်းက ဒုက္ခဖြစ်နေတာ (မှန်ပါ့)။

မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား) ရပြန်တော့လဲ တဏှာ ဥပါဒါန် ကံနဲ့ နောက်ဒုက္ခ မလာဘူးလား (လာပါတယ် ဘုရား)။

ကြွားလိုက်ဟယ်၊ ဝါလိုက်ဟယ်၊ မော်လိုက်ဟယ်ဆိုလို့ရှိရင် ဒုက္ခအသစ်ရှာတာပဲ (မှန်ပါ့) မရှာဘူးလား (ရှာပါ တယ် ဘုရား)။

အဲဒါကြောင့် မင်းတို့ အကြင်လင်မယားကိုပြောတယ် အရင်းတွေမို့ ရှာမှီးခြင်းလွဲနေပြီ (မှန်ပါ့) ရှာတာလွဲနေပြီ ဒုက္ခကြောက်လို့ ရှာတာ ဒုက္ခရမှာပဲ (မှန်ပါ့)။

ဦးဘသန်း ဘာရမလဲ (ဒုက္ခပဲ ရပါမယ်) ဒုက္ခရမှာပဲတဲ့၊ ဘာကြောင့်တုန်းဆိုတော့ ဖြစ်တာပျက်တာ မြင်တဲ့ ဉာဏ်မှ မလာဘဲ (မှန်ပါ့ ဘုရား) ဒီဉာဏ်လာမှ ဒုက္ခသိမှာကိုး (မှန်ပါ့ ဘုရား)။

ဒုက္ခကြောက်ရင် ဖြစ်ပျက်ရှု

ဒါဖြင့် ဒုက္ခကြောက်ရင် ဖြစ်ပျက်ရှုရလိမ့်မယ် (မှန်ပါ့) ဒုက္ခကြောက်ရင် (ဖြစ်ပျက်ရှုရပါမယ် ဘုရား) စိတ်ကြိုက် ရင် စိတ်ရှုပါ၊ စိတ်ချည့်ရှုနေ ဖြစ်ပျက်ကို ဝေဒနာကြိုက်တဲ့ ပုဂ္ဂိုလ်က ဝေဒနာချည့်ရှုနေ၊ များများလဲ မရှုပါနဲ့ တခုတည်း မှတ်ပြီးတော့ ရှုပါ (မှန်ပါ့)။

ဪ ဒါဖြင့် ဘုရား၏ အယူဟာ တဏှာ မာန ဒိဋ္ဌိချုပ်တယ်ဆိုတော့ နောက်ခန္ဓာ လာသေးရဲ့လား (မလာပါ ဘုရား) မလာတော့ဘူး၊ အင်မတန် အဖိုးတန်သွားပြီ (မှန်ပါ့) နောက် ခန္ဓာသိမ်းတာဟာ နိဗ္ဗာန်ပဲနော် (မှန်ပါ့)။

ဒီခန္ဓာ ဒုက္ခသစ္စာချုပ်ငြိမ်းပြီးသကာလ ဒီဒုက္ခသစ္စာမျိုး နောက်ထပ် မလာဘူးဆိုလို့ရှိရင်ဖြင့် နိဗ္ဗာန်လာဖို့ပဲ ရှိတော့တယ် (မှန်ပါ့) ဒီ့ပြင် တခြားလာစရာ လိုသေးသလား (မလိုပါ ဘုရား)။

ဒါ့ကြောင့် မင်းတို့ ရန်ကုန်မှာနေကြလို့ ဆရာသမားနဲ့လဲ ဝေးနေတော့ ဪ အယူကို တို့ဟာ မယူဘဲနေတဲ့ လူနဲ့တယ်တူတယ် (မှန်ပါ့)။

မရှုဘဲနေတဲ့ နေကျတော့ ဘုရားအယူ မကြိုက်ပါဘူးဆိုတဲ့ အဓိပ္ပါယ်လဲ ရောက်တယ် (မှန်ပါ့)။

ပြီးတော့လဲ အရေးကြုံတော့လဲ ဘုရားကိုးကွယ်ပါ၏၊ တရားကိုးကွယ်ပါ၏နဲ့ လာပြန်တာပဲ (မှန်ပါ့) အရေးကြုံ တော့ လာပြန်တယ်၊ အယူကြတော့ မယူချင်ဘူးဆိုတော့ ဒီဥစ္စာ သန်းညွန့် ထော်လော်ကန့်လန့်လုပ်တဲ့အထဲ နင်တို့ အပါအဝင်ကျနေတယ် (မှန်ပါ့) မကျဘူးလား (ကျပါတယ် ဘုရား)။

ဆိုရမှာပဲ ဆိုရမှာပဲတဲ့၊ အဲဒီတော့ ဘုရားအယူကို ယနေ့ ကျကျနနသိရပါပြီ၊ ဖြစ်တာ ပျက်တာကို ရှုတဲ့အယူဟာ ဘုရားအယူ (မှန်ပါ့) ဖြစ်တာပျက်တာကို မြင်တဲ့အယူဟာ (ဘုရားအယူပါ ဘုရား)။

ဒီအယူ ယူတော့ကို ဘာကျေးဇူးများသတုန်းလို့ ပုဏ္ဏားက ဆက်မေးတော့ တဏှာ မာန ဒိဋ္ဌိ သေတယ်ကွ တဲ့။ မဟုတ်ဘူးလား (မှန်ပါ့)။

တဏှာ မာန ဒိဋ္ဌိသေတယ်ဆိုကတည်းက ဇာတိ ဇရာ မရဏတွေ လာသေးရဲ့လား (မလာပါ ဘုရား)။

ဒုက္ခသိမ်းတဲ့ နိဗ္ဗာန်ရောက်တယ်

မလာတော့ ဒါ ဒုက္ခသိမ်းတဲ့ နိဗ္ဗာန်ရောက်တယ်ကွ-လို့ ပြောတာပဲ (မှန်ပါ့) မပြောဘူးလား (ပြောပါတယ်) အင်မတန် ထင်ရှားပြီး မနေဘူးလား (နေပါတယ် ဘုရား) အင်မတန် ထင်ရှားပြီးသကာလ နေပါတယ်တဲ့။

ဒါနဲ့ ပုဏ္ဏားကလဲ ကပ်ကပ်သတ်သတ်ပဲ မေးတာပဲ၊ ဒါဖြင့် ဘုရားတဲ့၊ အရှင်ဘုရားအယူက ဖြစ်တယ်၊ ပျက်တယ် ယူလိုက်ပြီ ဖြစ်တယ်၊ ပျက်တယ်လို့ ဉာဏ်ထဲ မြင်တဲ့အယူဟာ အရှင်ဘုရား အယူ၊ ဖြစ်တယ် ပျက်တယ်လို့ ရှုလိုက်တဲ့ အခါကျတော့ တဏှာ မာန ဒိဋ္ဌိက မလာဘူးတဲ့၊ မလာတော့ ရှုတဲ့ပုဂ္ဂိုလ်မှာ ဘာသွားဖြစ်သတုန်းလို့ မေးပြန်တာပဲ (မှန်ပါ့)။

ရှုတဲ့ပုဂ္ဂိုလ်ဟာ ဘာသွားဖြစ်သတုန်းတဲ့၊ ဟာ ဘာသွားဖြစ်တယ်လို့ ငါမပြောနိုင်ဘူးတဲ့။

သူက ရှုတဲ့ပုဂ္ဂိုလ် ဘာသွားဖြစ်သတုန်း မေးတာကို (မှန်ပါ့) စင်စစ်ကတော့ ရှုတဲ့ပုဂ္ဂိုလ် ဘာဖြစ်သွားသတုန်းလို့ သူက မေးတယ်။ တဏှာ မာန ဒိဋ္ဌိသေတဲ့ပုဂ္ဂိုလ် ဘာများ သွားဖြစ်သေးသတုန်း-တဲ့။

ဖြစ်ရင် ဒုက္ခသစ္စာ လာဦးမှကိုး (မှန်ပါ့ ဘုရား) ဖြစ်စရာရှိရဲ့လား (မရှိပါ ဘုရား) တဏှာ မာန ဒိဋ္ဌိချုပ်တဲ့ ပုဂ္ဂိုလ်ဟာ ချမ်းသာသက်သက်ပဲ ပေါ်တော့တယ် (မှန်ပါ့) ဒုက္ခဆို မြူမျှ မသန်းတော့ဘူး။ သန်းသေးရဲ့လား (မသန်းပါ ဘုရား)။

တဏှာမာနဒိဋ္ဌိချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားသတုန်း

အဲဒါ သိထားတော့မှ ဒါက ကျုပ်တို့က သိထားတာ ပုဏ္ဏားက မသိရှာဘူး။ တဏှာ မာန ဒိဋ္ဌိချုပ်တဲ့ပုဂ္ဂိုလ်ဟာ ဘယ်သွားသတုန်းလို့မေးတာကိုး (မှန်ပါ့)။

ဟ ဘယ်သွားတယ်လို့ ငါ မဖြေနိုင်ဘူး-တဲ့၊ သွားရင် သဿတဒိဋ္ဌိ ဖြစ်ဦးမှာကိုး (မှန်ပါ့) တနည်း နိဗ္ဗာန်လဲ ပေါ်ပါ့မလား (မပေါ်ပါ ဘုရား)။

ဒါဖြင့် ရှင်ကြီးဂေါတမ-တဲ့ ဘယ်သွားသတုန်း မေးတဲ့အခါ ဘယ်သွားတယ်လို့လဲ ငါ မဖြေပါဘူး-တဲ့၊ နို့ မသွားဘဲနေသလားဆိုတော့ ဒီလိုလဲ မဖြေပါဘူး-တဲ့ (မှန်ပါ့)။

နို့ သွားချည်တလှည့် မသွားချည်တလှည့် နေသလားတဲ့၊ တဏှာ မာန ဒိဋ္ဌိချုပ်တဲ့ပုဂ္ဂိုလ်ဟာ သူက ဒိဋ္ဌိနဲ့ချည်း မေးနေတာ (မှန်ပါ့ ဘုရား) ဒီလိုလဲ ငါမယူပါဘူးကွ၊ ဒီလိုလဲ မင်းမယူနဲ့ (မှန်ပါ့) မသွားသည်မဟုတ် သွားသယောင်ယောင် လို့ကော ဒီလိုယူရမှာလား-တဲ့၊ ဟ-ဒီလိုလဲ မယူနဲ့ကွ-တဲ့၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒိဋ္ဌိလေးချက်နဲ့ သူ မေးပြန်တယ်၊ တဏှာ မာန ဒိဋ္ဌိချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားသတုန်းတဲ့၊ မသွားဘဲ နေသလား၊ သွားချည်တလှည့် မသွားချည်တလှည့်လား၊ မသွားသည်မဟုတ်၊ သွားသယောင်ယောင် နေသလား-တဲ့ (မှန်ပါ)။

ဒါနဲ့ ဘုရားက ဒီလေးချက် ဘယ်အချက်မှ မဖြစ်ဘူးကွ၊ တခုမှ မင်းပြောတဲ့ အမေးတွေကို ဘယ်သွားတယ်ဆိုတာ လဲ မဟုတ်ဘူး၊ ဘယ်သွားတယ်လို့လဲ ငါမဟောဘူး၊ မသွားဘဲနေတယ်လို့လဲ ငါမဟောဘူး၊ သွားချည်တလှည့်-မသွားချည် တလှည့်လို့လဲ ငါမဟောဘူး၊ မသွားသည်မဟုတ် သွားသယောင်ယောင်လို့လဲ ငါမဟောဘူး။

ကျုပ်တော့ ဉာဏ်တုံးသွားပြီ

အဲဒီတွင်မှ ပုဏ္ဏားက ဪ ရှင်ကြီးဂေါတမနဲ့ အစကတည်းက မေးလာတဲ့စကားတွေဟာ တော်တော်လဲ များပါပြီတဲ့၊ များတော့ ရှင်ကြီးဂေါတမ မဖြေလို့ သူ သဘောကျတာတွေလဲ ရှိပါတယ်တဲ့၊ သို့သော်လည်း အခုနောက် ဆုံးပိတ် တဏှာ၊ မာန၊ ဒိဋ္ဌိ ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားသတုန်းဆိုတော့ ဒီလိုလဲ မမေးနဲ့၊ မသွားဘူးလားလို့ဆိုတော့ ဒီလို လဲမမေးနဲ့ဆိုတော့ ကျုပ်တော့ ဉာဏ်တုံးသွားပြီတဲ့၊ မေးစရာမရှိတော့ဘူးပေါ့လေ (မှန်ပါ့) ရိပ်မိပလား (မှန်ပါ့ ဘုရား)။

ကျုပ်ဉာဏ်တုံးသွားပြီဆိုတော့ ကွာ-တဲ့၊ မင်းတုံးမှာပဲတဲ့၊ ဉာဏ်တုံးတယ်ဆိုတာ ငါယုံကြည်တယ်တဲ့ ဘုရားက နိဗ္ဗာန်ကိုးဗျ၊ တဏှာ၊ မာန၊ ဒိဋ္ဌိချုပ်တဲ့ ပုဂ္ဂိုလ်ဟာ နိဗ္ဗာန်ရောက်တာကိုး၊ ဘယ်မှ သွားတာမဟုတ်ဘဲ၊ ဒုက္ခသိမ်းသွားတာရှိ တာပဲ (မှန်ပါ့) ဒုက္ခသိမ်းလို့ ချမ်းသာသက်သက် ဖြစ်တာပဲ ရှိတာပဲ (မှန်ပါ့)။

အဲဒါ ဘယ်သွားသတုန်းမေးတော့ ခက်မနေဘူးလား (ခက်နေပါတယ် ဘုရား) သွားတတ်တဲ့ပုဂ္ဂိုလ်ရယ်လို့ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အဲဒါ သူက ဘယ်သွားသတုန်း၊ မသွားဘဲနေသလား သွားချည်တလှည့်၊ မသွားချည်တလှည့်လား၊ မသွားသည် မဟုတ် သွားသယောင်ယောင်လားလို့ ဒိဋ္ဌိလေးချက်နဲ့ မေးထားတယ် (မှန်ပါ့) မေးတော့ ဒီအဖြေကို ငါမဖြေဘူးကွ-တဲ့။

အဲဒါပြောတော့ သူ ဝန်ခံတယ်၊ ရှင်ကြီးဂေါတမ-တဲ့၊ နောက်ကပြောလာတဲ့စကားတွေဟာ ပြေပြေပြစ်ပြစ်နဲ့ ကျုပ်လဲ အင်မတန်ကြည်ညိုပြီးသကာလ ကျုပ်စိတ်ထဲ ကျေကျေနပ်နပ်ပဲ ယူတဲ့အယူတွေကိုလဲ သဘောကျပါတယ်။ အခုတော့ တဏှာ၊ မာန၊ ဒိဋ္ဌိချုပ်တဲ့ပုဂ္ဂိုလ်ဟာ ဘယ်သွားသတုန်းလို့ မေးတဲ့စကား လေးခွန်းကျတော့ ရှင်ကြီးဂေါတမ က ဒီလိုလဲ မဟုတ်ဘူးကွ၊ ဒီလိုလဲ မဟုတ်ဘူး-ကွ ဆိုတော့ ကျုပ် မေးစရာမရှိဘူး-တဲ့၊ ဉာဏ်တုံးသွားပြီတဲ့ (မှန်ပါ့)။

မင်းက ပဋိစ္စသမုပ္ပါဒ် နားမလည်ဘူး

တုံးလဲ တုံးရမှာပဲ၊ မတုံးရပေဘူးလား တုံးရမှာပါ ဘုရား) သူ ပဋိစ္စသမုပ္ပါဒ်မှ နားမလည်ပဲကိုးဗျ (မှန်ပါ့)။

သူ ဉာဏ်တုံးသွားပြီဆိုတော့ အေးကွာ-တဲ့ မင်းဉာဏ်တုံးမှာပဲတဲ့ မင်းက ပဋိစ္စသမုပ္ပါဒ် နားမလည်ဘူး -တဲ့ (မှန်ပါ့ ဘုရား)။

ဘာတဲ့တုန်း (ပဋိစ္စသမုပ္ပါဒ်နားမလည်ပါ ဘုရား) ပဋိစ္စသမုပ္ပါဒ် နားမလည်တော့ ပဋိစ္စသမုပ္ပါဒ် နားလည်တဲ့ ဆရာကိုလဲ မင်းက မဆည်းကပ်၊ မင်းကိုယ်တိုင်ကလဲ နားမလည်တော့ ဉာဏ်တုံးမှာပဲတဲ့၊ ဘုရားက ပဋိစ္စသမုပ္ပါဒ်ကို သိပ်အရေးတကြီး ပြောချလိုက်တယ် (မှန်ပါ့) မပြောသင့်ဘူးလား (ပြောသင့်ပါတယ် ဘုရား)။

ခုနင်က တဏှာချုပ်တော့ ဥပါဒါန်ကော မချုပ်ဘူးလား (ချုပ်ပါတယ်) ကံတော့ (ချုပ်ပါတယ်) ဟိုဘက် ဇာတိ၊ ဇရာ၊ မရဏက လာသေးရဲ့လား (မလာပါ ဘုရား)။

ဒါဖြင့် ဇာတိ၊ ဇရာ၊ မရဏ မလာရင် အဇာတိ=ပဋိသန္ဓေ မနေရာနိဗ္ဗာန်၊ အဇရံ=မအိုရာနိဗ္ဗာန်၊ အမတံ= မသေရာနိဗ္ဗာန်ဆိုတော့ နိဗ္ဗာန်ဖြစ်သွားတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဒါ ပဋိစ္စသမုပ္ပါဒ် နားမလည်တော့ နိဗ္ဗာန်ပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား)။

အဲဒီတော့ကို-တဲ့ မင်း ဉာဏ်တုံးတယ်ဆိုတာ ပဋိစ္စသမုပ္ပါဒ် နားလည်တဲ့ဆရာကို မင်းက မဆည်းကပ်၊ မင်းကိုယ် တိုင်ကလဲ နားမလည်တော့ ဒါဟာ ဉာဏ်တုံးမှာပဲ-တဲ့ (မှန်ပါ့)။

ကဲ-မင်းတို့သင်ထားတဲ့ ပဋိစ္စသမုပ္ပါဒ် လှညွန့် ဘယ်လောက် အရေးကြီးတယ်ဆိုတာ ပေါ်လာတယ် (ပေါ်ပါ တယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ချုပ်တာကို သဘောမကျလို့ရှိရင်

သူ့ကို သဘောမကျရင် နိဗ္ဗာန်သဘောမကျဘူး၊ ပဋိစ္စသမုပ္ပါဒ်ချုပ်တာကို သဘောမကျလို့ရှိရင် နိဗ္ဗာန်ကို သဘောမကျနိုင်ဘူး၊ ကျနိုင်သေးရဲ့လား (မကျနိုင်ပါ ဘုရား)။

ဦးဘသန်း အင်မတန် အဖိုးတန်နေတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) အင်မတန် အဖိုးတန်နေပြီ ခင်ဗျားတို့။

သူ ဉာဏ်တုံးသွားပြီ-တဲ့၊ တုံးမှာပဲကွ-တဲ့၊ ပဋိစ္စသမုပ္ပါဒ် နားလည်တဲ့ဆရာလဲ မင်းက မမှီဝဲ၊ မင်းကိုယ်တိုင်ကလဲ နားမလည်တော့ စကားဟာ ကုန်ပြီးသကာလ နေတော့တာပဲ-တဲ့၊ ဘယ့်နှယ်မှ မင်းကို ပြောဖို့ရာစကား မရှိတော့ဘူးတဲ့၊ မင်းလဲ ပြောတတ်တဲ့စကား ကုန်ပြီ-တဲ့။

ဒါ-သာမညဆရာ သာမညစာအုပ်နဲ့ဆိုလို့ရှိရင် ဉာဏ်တုံးမှာပဲ မရဘူး (မှန်ပါ့)။

စင်စစ် မင်းတို့ကတော့ နားလည်ထားပြီ ယနေ့ နားလည်ထားတယ် ဘယ်လိုနားလည်ထားသတုံး တဏှာချုပ် တော့ ဥပါဒါန် မချုပ်ဘူးလား (ချုပ်ပါတယ်) ဥပါဒါန်ချုပ်တော့ ကံကော (ချုပ်ပါတယ်) ကံချုပ်ပေါ့ဘဲ ဟိုဘက်မှာ ဇာတိ၊ ဇရာ၊ မရဏဆိုတဲ့ အကျိုးပေးတွေ လာဦးမှာလား (မလာပါ ဘုရား) မလာရင် ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား) နိဗ္ဗာန်ရောက်တယ်၊ နိဗ္ဗာန်ပေါ်လာတာ (မှန်ပါ့)။

နိဗ္ဗာန်ပေါ်လာတာကို သူက ပဋိစ္စသမုပ္ပါဒ် နားမလည်တော့ ဘယ်လိုဟောမှန်း မသိတော့ဘူး (မှန်ပါ့) ဟောတာ ကတော့အမှန် နိဗ္ဗာန်သွားတယ်လို့ ဟောတာပဲ (မှန်ပါ့) သူက ပဋိစ္စသမုပ္ပါဒ်နားမလည်တော့ သူ့မှာရှုပ်နေတာပဲ (မှန်ပ့ါ) မရှုပ်ဘူးလား (ရှုပ်ပါတယ် ဘုရား)။

ဒါဖြင့် မင်းတို့ မှတ်ထားကြပါ၊ ဪ ပဋိစ္စသမုပ္ပါဒ်ကို နားမလည်တဲ့ဆရာဆီမှာ နာရ, ကိုယ်တိုင်ကလဲ နား မလည်လို့ရှိရင်ဖြင့် နိဗ္ဗာန်ရောက်ရပါလို၏ ဆိုတဲ့ ပုဂ္ဂိုလ်များဟာ ဆုတောင်းရုံနဲ့ အချိန်ကုန်နေတာပဲ (မှန်ပါ့) မဟုတ်ဘူး လား (ဟုတ်ပါတယ် ဘုရား)။

ပြောသံကြားနဲ့ တောင်းတဲ့ဆု

နားမလည်ဘဲနဲ့ ထုံးစံအတိုင်း သူများပြောသံကြားနဲ့ တောင်းတဲ့ဆုပဲ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ရဖို့လဲ တော်တော်ဝေးပါတယ် (မှန်ပါ့) ရစရာကော မြင်သေးရဲ့လား (မမြင်ပါ ဘုရား) ပဋိစ္စသမုပ္ပါဒ်ပြတ်မှ ရမှာကိုးဗျ၊ ပြတ်တဲ့ပုဂ္ဂိုလ်ကျတော့ နိဗ္ဗာန်ရ,ရပါလို၏လို့ ဆုတောင်းဖို့ လိုသေးသလား (မလိုပါ ဘုရား) သူ့ဟာသူ ပြတ်သွားကတည်းက ဒုက္ခတွေ မလာတော့ဘူး၊ မလာကတည်းက နိဗ္ဗာန်မဟုတ်လား (မှန်ပါ့)။

အဲဒါကျတော့ ဆုတောင်းရသေးသလား (မတောင်းရပါ ဘုရား) ပြတ်အောင်လုပ်တာသာ ကိုယ့်တာဝန် ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီဒကာဒကာမတွေမှာ အဂ္ဂိဝစ္ဆပုဏ္ဏား ဉာဏ်တုံးသလို မင်းတို့က မတုံးလိုက်ပါနဲ့ (မှန်ပါ့)။

ဪ တဏှာချုပ်လို့ရှိရင် ဥပါဒါန် ကံချုပ်ပြီး ဟိုဘက်ဒုက္ခတွေ အကုန်ချုပ်တော့တာကိုး (မှန်ပါ့)။

မာနချုပ်လဲ ထို့အတူပဲ ဒုက္ခတွေ ချုပ်တော့တာပဲ၊ သူတို့က ပဋိစ္စသမုပ္ပါဒ် အစတွေကိုးဗျ (မှန်ပါ့ ဘုရား) အလယ်ကနေပြီး ဖောက်စ,တယ် (မှန်ပါ့)။

ဒီတော့ အကုန်ချုပ်ပြီးသား မကျဘူးလား (ကျပါတယ်) တဏှာ, မာန, ဒိဋ္ဌိချုပ်တယ်ဆိုကတည်းက ဟိုဘက် ဘာလာစရာ ရှိသေးသတုံး (မရှိပါ ဘုရား) ဘာမှ လာစရာမရှိတော့ဘူး (မှန်ပါ့)။

ပပဉ္စတရားချုပ်ပေါ့ဗျာ (မှန်ပါ့) ချဲ့တတ်တဲ့တရားချုပ်ပေါ့ ဟိုမှာချဲ့လို့ အထည်တွေ ပေါ်စရာရှိသေးရဲ့လား (မရှိပါ) မရှိတော့ဘူး၊ အဲဒီအထည်တွေဟာ ပေါ်ရင် ဒုက္ခသစ္စာပေါ်မှာပဲ (မှန်ပါ့) အခုတော့ ပေါ်စရာရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)။

ဒုက္ခချုပ်တာ ဘာခေါ်ကြမယ်

မပေါ်တော့ ဪ ဒုက္ခချုပ်ပြီ၊ ဒီလိုသာ အောက်မေ့ရမယ်၊ ဒုက္ခချုပ်တာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။

နိဗ္ဗာန်ပဲဆိုတော့ ခင်ဗျားတို့ကတော့ ပဋိစ္စသမုပ္ပါဒ် နားလည်တဲ့ဆရာကို ကိုးကွယ်ထားတယ်၊ ပဋိစ္စသမုပ္ပါဒ် ပြတ်တဲ့အလုပ်ကိုလဲ လုပ်နေလို့ မောင်အောင်ချီတို့ လှညွန့်တို့က ဪ ဒါဟာ သူတို့သုံးခုပြတ်သွားတယ်ဆိုတော့ ဖြစ်တယ်၊ ပျက်တယ် ရှုတဲ့လူ ဉာဏ်က သူတို့ဖြတ်လိုက်ရင် နိဗ္ဗာန်ရောက်တာကိုးဆိုတာ ရှင်းသွားတယ် (မှန်ပါ့)။

ပုဏ္ဏားမှာတော့ မရှင်းဘဲဖြစ်နေတယ်၊ တဏှာ, မာန, ဒိဋ္ဌိမရှိတဲ့ပုဂ္ဂိုလ် ဘယ်သွားသတုန်းမေးတာပဲ (မှန်ပ့ါ) မသွားဘဲနေသလား သွားချည်တလှည့် မသွားချည်တလှည့်လား မသွားသည်မဟုတ် သွားသယောင်ယောင်လားလို့ မေးတားတယ် (မှန်ပါ့) ဒိဋ္ဌိနဲ့မေးနေတာ (မှန်ပါ့ ဘုရား)။

ကဲ ခင်ဗျားတို့အထွက်မှာ မည်မျှလောက် တို့မှာ နိဗ္ဗာန်ရောက်ကြောင်း အသားတက်နေတယ်ဆိုတာ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

ဪ သာမညအမျိုးအစားမဟုတ်ဘူး၊ တို့ဖြင့် လူ့ဘဝရကျိုး နပ်ပြီဟေ့၊ နိဗ္ဗာန်ရောက်ကြောင်းတရား ကိုယ့် အထဲရောက်ပြီဆိုပြီး သကာလ ကိုယ့်အတွက် ပိုမိုဝမ်းသာရမယ် (မှန်ပါ့ ဘုရား)။

အခု ပဋိစ္စသမုပ္ပါဒ် နားမလည်တော့ မေးနေတာကြည့်ပါလား၊ တဏှာ, မာန, ဒိဋ္ဌိချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွား သတုန်း မေးတာပဲ (မှန်ပါ့ ဘုရား)။

ဦးအောင်ဇံဝေ ခင်ဗျားတို့ကျတော့ ဘယ်သွားသတုန်းလို့မေးရင် အို-ဘယ်မှမသွားဘူး ဒုက္ခချုပ်သွားတာပဲ ဒုက္ခချုပ်တာ ဘာခေါ်မတုန်း (နိဗ္ဗာန်ပါ ဘုရား) အဲ နိဗ္ဗာန်ပေါ်လာတာပဲ၊ မင်းတို့၏ အားထုတ်တဲ့ ပုဂ္ဂိုလ်၏ ကိုယ်ပိုင် ပစ္စည်း နိဗ္ဗာန်ပဲ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒီတော့ကို လှညွန့်တို့လို အားမထုတ်ဘဲနဲ့ ရန်ကုန်မြို့သွားနေတာတွေ တပုံကြီး လျှောက်ပြီးကြည့်လိုက်မယ် ဆိုလို့ရှိရင် ဪ သံသရာ့ခရီးသည်တွေသာ ရှိတော့မှာပဲ၊ နိဗ္ဗာန်ရောက်မည့်ပုဂ္ဂိုလ် ရှားသဟေ့တဲ့၊ အားမှမထုတ်ဘဲ ကိုး (မှန်ပါ့ ဘုရား)။

ဒီမဂ်ကတဏှာ, မာန, ဒိဋ္ဌိ ဖြတ်နေတာ

အားမထုတ်တော့ မဂ်ပေါ်ပါ့မလား (မပေါ်ပါ) ဖြစ်တာပျက်တာမှ သူမှမသိတော့ဘဲ (မှန်ပါ့ ဘုရား)။

ဖြစ်တာ ပျက်တာက ဖြစ်ပျက်၊ ဖြစ်တာ ပျက်တာသိတာက မဂ်ကိုးဗျ (မှန်ပါ့) ဒီမဂ်ကတဏှာ, မာန, ဒိဋ္ဌိ ဖြတ်နေတာ (မှန်ပါ့) ဒါဟာ မလုပ်တဲ့ ပုဂ္ဂိုလ်ဖြတ်ကဲ့လား (မဖြတ်ပါ ဘုရား)။

ဒါဖြင့် ခုနင်က ဘုရားရှေ့သွားပြီး ဝဋ်ဘဝတိုတိုနဲ့ နိဗ္ဗာန်ရောက်ရပါလို၏၊ ဝဋ်ဘဝတိုတိုနဲ့ နိဗ္ဗာန်ရောက်ရပါလို ၏ဆိုတာတွေ ဦးဘသန်း လူသိရုံရှိမှာပဲတဲ့၊ ဖြတ်တဲ့တရားက ဖြတ်မပေးရင် ရောက်ပါ့မလား (မရောက်ပါ) ဒါဖြင့် လုပ်မှရမှာပေါ့ဗျာ (မှန်ပါ့ ဘုရား)။

မရှင်းသေးဘူးလား (ရှင်းပါပြီ) ဘာမှရမှာတုန်း (လုပ်မှရမှာပါ ဘုရား)။

လုပ်မှရမည့်တရားကို တောင်းယူနေတယ်ဆိုတော့ ဂါပို မကျင်းဘဲနဲ့ ကျောက်ရှာနေသလို ဖြစ်နေတာ (မှန်ပါ့ ဘုရား) မိုးကုတ်စကား ပြောရတယ် (မှန်ပါ့)။

ဂါပို မကျင်းဘဲနဲ့ ကျောက်ရှာနေလို့ ရှိရင်တော့ဖြင့် သူတပါး ပြုတ်ကျနေရင်တော့ ရချင်ရမယ်၊ စင်စစ်ကျောက် ကတော့ ဒီအထဲ မရှိတာအမှန်ပဲ (မှန်ပါ့) ကျောက်တွေပေါ်မှ သူရှိမှာကိုး ဒီထုံးစံက (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒီလိုပုဂ္ဂိုလ်တွေကိုလဲ မင်းတို့ရန်ကုန်နေပြီးတော့ အားကျစရာအလုပ်မဟုတ်ပါဘူး၊ မှားမှန်းကို သိထားရမယ် (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

ဖြစ်တယ် ပျက်တယ်သိမှ ချုပ်တာ

ဦးအောင်ဇံဝေတို့လဲ ရန်ကုန်ရောက်တာပေါ့၊ ဦးဘိုကြီးတို့ တရားဝန်ကြီးတွေနဲ့ တွေ့တဲ့အခါ ဒါပြော ဆရာ ဘုန်းကြီးက ဒါကိုမှာလိုက်တယ် (မှန်ပါ့) ဒီလိုမရဘူး၊ တဏှာနဲ့ ဒိဋ္ဌိချုပ်တယ်ဆိုတာ ဖြစ်တယ် ပျက်တယ်သိမှ ချုပ်တာ (မှန်ပါ့)။

သာလျှင် သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာမလာပါလားဆိုတာ ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ဒါဖြင့် မင်းတို့ ဖြစ်ပျက်ကြိုးစားပါဦး၊ ဒီဇာတ်မဆုံးဘူး နက်ဖြန်မှဆက်ဟောမယ်။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။