သေနိယကျွတ်တမ်းဝင်တဲ့ ကံလေးမျိုး
အသံဖိုင်ခေါင်းစဉ်= သေနိယနှင့် ပုဏ္ဏဥပမာပြ၍ ကံလေးမျိုးအကြောင်းရှင်းပြပုံ အမှတ်(၂)
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌
ဟောကြားတော်မူသော
သေနိယကျွတ်တမ်းဝင်တဲ့ ကံလေးမျိုး
(၂၃-၄-၆၂)
သေနိယ ရဟန်းခံပြီ
ဒီနေ့ သေနိယတို့ကို သိမ်းလိုက်ပါပြီ နောက်ဆုံးပိတ် တစ်နေ့ကျတော့ သူတို့ကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကံပြတ်တရားကို ဟောလိုက်တဲ့အတွက် သေနိယက အရှင် ဘုရား တဲ့၊ သာသနာဘောင် ဝင်ပါရစေ၊ သာသနာဘောင် ဝင်ပါရစေပြောတော့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ငါဘုရားသာသနာတော်မှာ တိတ္ထိဘက်က ကူးလာလို့ရှိရင် လေးလပရိဝါသ် နေရဦးမယ်လို့ ပြောတယ် (မှန်ပါ့ ဘုရား) ဒါက ဒဏ်ပေးတာ (မှန်ပါ့)။ ဟာ တပည့်တော် လေးနှစ်နေရ နေရ ကိစ္စမရှိဘူးတဲ့ (မှန်ပါ့)။
သူကလဲစိတ်အားထက်သန်တဲ့ ပုဂ္ဂိုလ်ဖြစ်နေတော့ လေးနှစ်နေရလဲ ကိစ္စမရှိပါဘူးဆိုတော့ သို့သော် ငါဘုရားသခင် ကိုယ်တော်မြတ်ကြီး ဉာဏ်နဲ့ကြည့်ပါတယ်ကွာ တဲ့၊ လေးလ နေထိုက်တဲ့ ပုဂ္ဂိုလ်လဲရှိပါတယ်၊ လေးလ မနေထိုက်တဲ့ ပုဂ္ဂိုလ်လဲ ရှိပါတယ်ဆိုပြီး ဘုရားသခင် ကိုယ်တော်မြတ် ကြီးကပဲ ပရိဝါသ်တောင် မပေးဘူး၊ သူ့ကို ခေါင်းရိတ် ရေချိုးပြီးတော့ ရဟန်းခံပေး လိုက်ကွလို့ ပြောတာပဲ (မှန်ပါ့)။
ရဟန်းခံ ပေးလိုက်တဲ့ အခါကျတော့ သူနဂိုက တိတ္ထိတို့ အယူယူပြီး သကာလ ခွေးလိုကျင့်တဲ့ ပုဂ္ဂိုလ် သေနိယဟာ။ ခွေးလိုကျင့်တာဖြစ်နေတော့ ဒီအယူကို တစ်ခါတည်း စွန့်တဲ့ပြီး သကာလ သမ္မာဒိဋ္ဌိဘက် ပြောင်းယူပါတယ်၊ သမ္မာဒိဋ္ဌိတရားကိုပဲ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောတယ် (မှန်ပါ့) အဲဒီတော့ ခင်ဗျားတို့ သူကျွတ်တမ်းဝင်တဲ့ တရားကို ယနေ့ နာရ မယ် (မှန်ပါ့ ဘုရား)။
သမ္မာဒိဋ္ဌိဆိုတာ
ကဲ – ဒါဖြင့် သမ္မာဒိဋ္ဌိ ပြောကြစို့၊ သူ သမ္မာဒိဋ္ဌိဘက် ပြောင်းလိုက်ပြီ တဲ့၊ မိစ္ဆာဒိဋ္ဌိအယူကြီး စွန့်လိုက်ပြီ။ သမ္မာက = မှန်ကန်တာ၊ ဒိဋ္ဌိက ယူတာ၊ မှန်ကန်တဲ့ အယူကို ယူပြီဆိုတာ သမ္မာဒိဋ္ဌိ အယူမှတ်ပါ (မှန်ပါ့)။
သမ္မာက = မှန်ကန်တာ၊ ဒိဋ္ဌိက အယူ (မှန်ပါ့) ပေါင်းလိုက်တဲ့ အခါကျတော့ (မှန်ကန်သော အယူပါ ဘုရား) အဲ မှန်ကန်သောအယူ၊ မှန်ကန်သောအမြင်လို့ ထည့်လိုက် ပါဦး။
ဒိဋ္ဌိပုဒ်ကို တချို့နေရာကျတော့ ဘုရားက အမြင်ဟူသော အနက်ကိုဟောတယ် (မှန်ပါ့ ဘုရား) ဒိဋ္ဌိလဲ ပညာပဲကိုး၊ ပညာဖြစ်နေတော့ သူအမြင်ကိုလဲ ယူနိုင်တဲ့အတွက် မှန်ကန်တဲ့ အမြင် ရသွားတယ် (မှန်ပါ့)။
မှန်ကန်တဲ့ အမြင်ရသွားတော့ ကိုင်း မင်းတို့နားထောင် ကြ ဆိုပြီး သကာလ သူတို့ ကျွတ်တမ်းဝင်တဲ့ တရားဆိုတော့ မင်းတို့ ခန္ဓာဘယ်နှစ်ပါးရှိသတုံးဆိုတာက စ,မေးရမယ်နော် (မှန်ပါ့ ဘုရား)။
ကျွတ်တမ်းဝင်တဲ့တရားတော်
နောက်ပြီးတော့မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရှေ့ကကြောင်းပြီး သကာလ ခန္ဓာငါးပါး ရှိတယ်ဟေ့၊ ခန္ဓာငါးပါးကို ဒကာဒကာမတွေက သိပြီးသား၊ ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာ က္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာဆိုတာ သိပြီးသား ဖြစ်နေတော့ ခန္ဓာငါးပါးကိုသတိပဋ္ဌာန်နဲ့ ဝေဖန် လိုက်ပါဦး၊ သတိပဋ္ဌာန်နဲ့ ချုံးလိုက်ပါဦးဆိုတော့ သတိပဋ္ဌာန်က လေးပါးရှိတယ်၊ ခန္ဓာကငါး ပါးဖြစ်နေတယ်။
ဒါဖြင့် ဒီလိုလုပ်ပေတော့ ရုပ်ကို ကာယာနုပဿနာ သတိပဋ္ဌာန်လို့ ဦးအောင်ဇံဝေက မှတ်လိုက်တာပေါ့ (မှန်ပါ့) ဝေဒနာကို ဝေဒနာနုပဿနာလို့ မှတ်လိုက်တာပေါ့ (စိတ်ကို စိတ္တာနုပဿနာ မှတ်လိုက်တာပေါ့၊ ကျန်တဲ့ ခန္ဓာနှစ်ပါးကို ဓမ္မာ နုပဿနာ လုပ်ပစ်လိုက်တယ် (မှန်ပါ့ ဘုရား)။
သတိပဋ္ဌာန်လေးပါးချုံးလိုက်ရင်ဖြစ်မှုနဲ့ပျက်မှု
သညာ သင်္ခါရတို့ကို ရုပ်ကြွင်းတွေကို ဦးဘသန်းနော် ဓမ္မာ နုပဿနာ လုပ်ပစ်လိုက်တော့ ခန္ဓာငါးပါးကို သတိပဋ္ဌာန်ထဲ သွင်းလိုက်တဲ့အခါ လေးပါးဖြစ်တယ် (မှန်ပါ့)။
တစ်ခါဒီလေးပါးတောင်မှ ခင်ဗျားတို့ကို ဘုန်းကြီးက အလုပ်သင် တရား ဖြစ်နေတဲ့အတွက် လေးပါးဟာ ဘာတုံး ဆိုတော့ ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာဆိုပြီး လေးပါးရှိတယ်။
လေးပါးကို တစ်ခါချုံးလိုက်တဲ့အခါကျတော့ကိုတဲ့ ဖြစ်မှုနဲ့ ပျက်မှုပဲရှိတယ် (မှန်ပါ့ ဘုရား)။
လေးပါးချုံးလိုက်တော့ ဦးဘသန်း ဘာတွေ့တော့လဲ (ဖြစ်မှုနဲ့ ပျက်မှုပဲရှိတယ်) ဖြစ်မှုနဲ့ပျက်မှုပဲရှိတယ် (မှန်ပါ့)။
အဲဒီတော့ ဖြစ်မှုနဲ့ပျက်မှုတွေရှိနေတော့ ဒီလေး ပါးဟာ ဓမ္မာအားဖြင့်သာ ပြားနေတာပဲ၊ အခေါ်အဝေါ် အမည် ပညတ် အားဖြင့်သာ ပြားနေတာပဲ၊ ငါတို့ ဝိပဿနာဉာဏ်ထဲ သွင်း လိုက်တော့ဖြင့် လေးပါး မတွေ့ပါဘူး၊ အဖြစ်အပျက်ပဲ တွေ့တယ် ဆိုတာ ဉာဏ်နဲ့ အောက်မေ့ထားပါ (မှန်ပါ့)။
ဖြစ်ပျက်တွေ့ပါစေ
လေးပါးဟာ သရုပ်အားဖြင့်လေးပါး၊ ဉာဏ်တွေ့အားဖြင့် တစ်ပါးပဲရှိတယ်၊ ဖြစ်ပျက်ပဲ တွေ့တယ် (မှန်ပါ့ ဘုရား)။
ရုပ်ကြည့်တော့လဲ ရုပ်မတွေ့စေနဲ့ ဖြစ်ပျက် တွေ့ပေစေ၊ ဝေဒနာကြည့်ပြန်တော့လဲ ဝေဒနာ မတွေ့ပေစေနဲ့၊ ဖြစ်ပျက် တွေ့ ပေစေဆိုတော့ ဒီနေ့ ဦးအောင်ဇံဝေ တရားဟာ ဝေဒနာ မတွေ့ဘဲ နဲ့ ဖြစ်ပျက် တွေ့သွားပြီဆိုတော့ ဒါ အမှန်ဆိုက်သွားတာလို့ မှတ်လိုက် (မှန်ပါ့) သမ္မာဒိဋ္ဌိဖြစ်သွားပြီ။
ဝေဒနာတွေ့တော့ သမ္မာဒိဋ္ဌိက နာမပရိစ္ဆေဒဉာဏ်လို့ မှတ်လိုက်စမ်း ဦးဘသန်းကနော် (မှန်ပါ့) ဖြစ်ပျက်တွေ့တဲ့ ဉာဏ်က ဥဒယဗ္ဗယဉာဏ်ဆိုတော့လဲ ဉာဏ်ထိုးတက်သွားတာလို့ မှတ်လိုက်ပါ။
နာမရူပ ပရိစ္ဆေဒဉာဏ်က အောက်တန်း ဉာဏ်ကနေပြီး သကာလ တစ်ခါတည်း ဥဒယဗ္ဗယ ဉာဏ် ထိုးတက် လိုက်တာလို့ ယနေ့ ဦးအောင်ဇံဝေ ဘာဖြစ်တဲ့နေ့တုံး ဆိုလို့ရှိရင် ဉာဏ်ထိုး တက်တဲ့နေ့လို့ မှတ်လိုက် (မှန်ပါ့ ဘုရား)။
အရင်တော့ ဝေဒနာတွင် တွေ့နေတော့ နာမပရိစ္ဆေဒ ဉာဏ် ဖြစ်နေတယ် နာမ်ကိုသိတဲ့ဉာဏ် (မှန်ပါ့ ဘုရား)။
ယနေ့တော့ဖြင့် ဝေဒနာတွေကျော်ပြီး ဖြစ်ပျက်တွေပဲ တွေ့ တော့တယ်လို့ဆိုပြီး သမ္မသန၊ ဥဒယဗ္ဗယ တက်ပစ်လိုက် တယ်၊ ဦးဘသန်း ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ဝေဒနာတွေ့နေရင် နာမပရိစ္ဆေဒဉာဏ်နော် (မှန်ပါ့) – သမ္မာဒိဋ္ဌိတော့ သမ္မာဒိဋ္ဌိပဲ သို့သော် အောက် သမ္မာဒိဋ္ဌိ (မှန်ပါ့) ဝေဒနာတွေ အခုမရှိတော့ဘူးဘုရား၊ သူ့နေရာတွင် ပြန်ကြည့်လိုက်တဲ့ အခါကျတော့ ဖြစ်မှုနဲ့ပျက်မှုပဲ တွေ့တယ်ဆို သဖြင့် သမ္မသန ဥဒယဗ္ဗယ တက်သွားတာလို့ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)။
ဉာဏ်ကို ဆရာကစဉ်မပေးရဘူး
ဒါကိုဉာဏ်ကို ဆရာက စဉ်မပေးရဘူး၊ အလုပ်သမားက သူ့ဟာသူ စဉ်တက်လာလိမ့်မယ် (မှန်ပါ့) ဆရာက ဉာဏ်စဉ် ပေးလို့ရှိရင် ခင်ဗျားတို့သံယောင်လိုက်ပြီး သကာလ ပြောင်းလာတော့ အလကား မရောက်ဘဲနဲ အရောက်ထင်နေတယ် (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ဟာ ခင်ဗျားတို့ သြော် အမြင်ကို ပြောလာ တော့မှ ဆရာက ဆုံးဖြတ်ချက် ချပေးရမယ် (မှန်ပါ့) ရှေ့ စကားသန်းပြီး ဉာဏ်စဉ်မပြောရဘူး (မှန်ပါ့ ဘုရား)။
အခုတော့ ဒီနေ့ရှင်းသွားပြီနော် (ရှင်းပါပြီ) သြော် ကျုပ် တို့အရင်တော့ နာမပရိစ္ဆေဒ ဉာဏ်နဲ့ နေတာ စိတ်သိတာလဲ နာမ်ပဲ၊ ဝေဒနာသိတာလဲ နာမ်ပဲ၊ အခုတော့ဖြင့် ဒါတွေ အကုန်ကျွတ် ကုန်ပြီး သကာလ ဖြစ်မှုပျက်မှုပဲ တွေ့တော့တယ် ဆိုသဖြင့် သမ္မသနဉာဏ် ရင့်ကျက်လို့ ဥဒယဗ္ဗယဉာဏ် ရောက်သွားပြီ (မှန်ပါ့ ဘုရား)။
ပီတိ၏တန်ခိုး
အဲဒီတော့ ဘုန်းကြီး သိချင်တာက ဥဒယဗ္ဗယဉာဏ် ရောက်တဲ့အခါကျတော့ ပေါ့သွားလိမ့်မယ် ခန္ဓာကိုယ်မှာ (မှန်ပါ့) ခန္ဓာကိုယ် ပေါ့သွားလို့ ရှိရင်ဖြင့် ပီတိတို့၏ တန်ခိုးလို့ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)။
ပီတိတို့၏ တန်ခိုးလို့ မှတ်လိုက်ပါ၊ ပီတိဟာ ကြီးကျယ်ခမ်း နားလာလို့ရှိရင် ကောင်းကင်တောင် ပျံနိုင်တဲ့သဘောရှိတယ်နော် (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် သေနိယတို့ကို ဒီလိုချုံးချုံးပြီး ပြသွား လိုက်တာ နောက်ကျတော့ မင်းဖြစ်ပျက် ရှုလို့ပဲ ဟောလိုက် တယ်နော် (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့်ဖြစ်ပျက်ရှုဆိုတော့ တပည့်တော်သည် ကားလို့ဆိုရင် ရဟန်းလဲဖြစ်ပါပြီ၊ ဒီဖြစ်ပျက်ပဲ တပည့်တော်တို့ ရှု ပါတော့မယ်ဆိုပြီး သကာလ ဖြစ်ပျက်ရှုတာပါပဲ။
ဘယ်ဖြစ်ပျက် ရှုရမှာတုံး
ဖြစ်ပျက်ရှုတဲ့အခါကျတော့ ဘာဖြစ်ပျက်တုံးမေးတဲ့အခါ ကျတော့ မေးမနေကြပါနဲ့ ရုပ်ကြည့်ပြန်လဲ ဖြစ်ပျက်တွေ့ရမှာပဲ ဝေဒနာ ကြည့်ပြန်လဲ ဖြစ်ပျက် သွားတွေ့ရမှာပဲ သညာကြည့်ပြန်လဲ ဖြစ်ပျက် တွေ့ရမှာပဲတဲ့၊ စိတ်ကြည့်ပြန်ကော (ဖြစ်ပျက်ပဲ တွေ့ရပါမယ်) တကယ် တွေ့မှာကတော့ ဒါပဲ ဉာဏ်တွေကကော ဒါပဲရှိတယ် (မှန်ပါ့ ဘုရား)။
အဲဒီဖြစ်ပျက်တွေ သူရှုပြီး သကာလ လာတာနဲ့ သူဖြစ်ပျက် တွေကိုမြင်ပြီး၊ ခန္ဓာကိုယ်ထဲမှာ ဘာမှ အနှစ်သာရ မရှိ ပါကလား၊ အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တ လက္ခဏာမှတစ်ပါး ဘာမှ မရှိဘူးဆိုတာကို သူမြင်လာတယ်လို့ မှတ်ရမယ်နော် (မှန်ပါ့ ဘုရား)။
သစ္စာဘယ်လိုထင်လာသတုံး
နောက်ကျတော့ သေနိယ ဉာဏ်ရင့်သွားတော့ သူဘယ်လို ဖြစ်လာသတုံးဆိုတော့ ဖြစ်ပျက်တွေမုန်းပြီး သကာလ နောက်ကို သူသစ္စာ ထင်လာတယ်လို့ မှတ်ရမယ်နော် (မှန်ပါ့)။
သစ္စာ ဘယ်လိုထင်လာသတုံး ဆိုတော့ ခင်ဗျားတို့ ရှုနေတဲ့ ရုပ်ဟာလဲ ဒုက္ခသစ္စာပဲ၊ ဝေဒနာလဲ ဒုက္ခသစ္စာပဲ၊ သညာလဲ ဒုက္ခသစ္စာပဲ၊ သင်္ခါရလဲ ဒုက္ခသစ္စာပဲ၊ လောကီစိတ်တွေဟာလဲ ဒုက္ခသစ္စာပဲဆို တာ ဦးဘသန်းမှတ်ထားလိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
ဘုရားဘယ်နေရာမှာဟောသတုံး
အဲဒီတော့ ဒါ ဘုရားဘယ်နေရာမှာဟောပါလိမ့်မတုံးဆို တော့ “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ”ဆိုတဲ့ ဓမ္မစကြာမှာ ဟောတယ် (မှန်ပါ့) ခန္ဓာငါးပါးလုံးဟာ ဒုက္ခသစ္စာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ခန္ဓာငါးပါးစလုံးဟာ (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခ သစ္စာပဲဟာ- သုခလို့ပြောတာလဲ နောက်ဆုံးပိတ် တစ်နေ့ကျတော့ ဒုက္ခ လမ်းဆုံးတာပဲ-(မှန်ပါ့) သဘောကျပလား- (ကျပါပြီ ဘုရား)။
သုခဆိုတာလဲ သုခဟုတ်ကဲ့လား- (မဟုတ်ပါ) အပျက် လမ်းဆုံးတာပဲ- (မှန်ပါ့) အပျက် လမ်းဆုံးတာ ဒုက္ခလမ်းဆုံးတာ ပဲလို့ ဦးဘသန်း မှတ်လိုက်တာပေါ့- (မှန်ပါ့)။
အဲဒီတော့ သူဘယ်လိုမြင်လာသတုံး ဆိုလို့ရှိရင်ဖြင့် သူ့ခန္ဓာ သူကြည့်လိုက်တဲ့အခါမှာ ဖြစ်ပျက်သာ ရှိပါကလားလို့ သေနိယ မြင်လာတယ် (မှန်ပါ့)။
နောက်ကျတော့ ဉာဏ်က ရင့်လာတော့ ဪ ခန္ဓာ တစ်ကိုယ်လုံးဟာ လောကီ ဒုက္ခသစ္စာ ချည်းပဲလို့ သူပိုင်ပိုင်နိုင်နိုင် သိလိုက်တယ်၊ ဖြစ်မှုကလဲ ဒုက္ခပဲ ပျက်မှုကလဲ ဒုက္ခပဲလို့ သူပိုင်ပိုင် နိုင်နိုင် သိတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဖြစ်မှုကကော- (ဒုက္ခပါ ဘုရား) ပျက်မှု ကကော (ဒုက္ခ ပါ ဘုရား)။၊ ဘာဖြစ်လို့ ဒီဉာဏ် ဝင်လာပါလိမ့်မတုံး ဆိုတော့ မြတ်စွာ ဘုရား ဒေသနာတော် ကြည့်လိုက် ခန္ဓာငါးပါးဟာ ဒုက္ခသစ္စာ တရား လို့ဆိုတယ်၊ ဖြစ်နေလဲ ဒုက္ခသစ္စာဖြစ်ရမှာပဲ (မှန်ပါ့) ဦးဘသန်း ပျက်နေကော (ဒုက္ခသစ္စာပါပဲ ဘုရား) ဒုက္ခပဲ ပျက်ရမယ် (မှန်ပါ့)။
ဒါဖြင့် ခင်ဗျားတို့ တစ်ကိုယ်လုံးမှာ ဖြစ်ပျက် နှစ်ခုစလုံးကို ကြည့်လိုက်တဲ့အခါကျလို့ရှိရင် ဖြစ်ဒုက္ခနဲ့ ပျက်ဒုက္ခပဲရှိတယ်၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ကြည့်လေနဂိုတုန်းက ခန္ဓာငါးပါးက ဒုက္ခသစ္စာကိုးဗျ (မှန်ပါ့) ဖြစ်နေလဲ ဖြစ်ဒုက္ခသစ္စာပဲ၊ ပျက်နေကော (ပျက် ဒုက္ခသစ္စာပါ ဘုရား)။
ကောင်းပြီး၊ ဒါဖြင့် သူ့ဉာဏ်ထဲ ဘယ်လို ထင်လာသတုံး ဆိုတော့ သြော် ဤကားဖြစ်ဒုက္ခ၊ ဤကား ပျက်ဒုက္ခ၊ ဤထက် ကျော်တဲ့ ကြီးကျယ်တဲ့ ဒုက္ခတော့မရှိဘူး၊ ဒီဒုက္ခ အကြီးဆုံး ပဲ၊ ပြေးလို့မလွတ်တဲ့ ဒုက္ခဆိုတာ ပိုင်ပိုင်နိုင်နိုင် သိတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သစ္စာပိုင်ပိုင်နိုင်နိုင်သိတယ်ဆိုတာ
ဖြစ်မှုလဲ ဒုက္ခသစ္စာ (မှန်ပါ့) ပျက်မှုကော (ဒုက္ခ သစ္စာပါ ဘုရား) သွားနေလဲ ဒီနှစ်ခုက ရှိနေတာပဲ (မှန်ပါ့) ထိုင်နေကော (ရှိပါတယ်) အိပ်နေကော (ရှိပါတယ် ဘုရား)။
ဒီနှစ်ခုရှိတော့ ဪ ဒီခန္ဓာကြီးသည် ဒီနှစ်ခုဟာ ရှိနေတော့ ဒီထက်ကြီးတဲ့ ဒုက္ခ မရှိတော့ဘူးလို့ ပိုင်းခြား သိတာ ကို ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင် သိတယ်ဆိုတာပဲ (မှန်ပါ့)။
အဲဒီတော့ ဖြစ်တာလဲ သုခမရောစေနဲ့၊ ပျက်တာလဲ သုခ မရောစေနဲ့၊ ပျက်သွားတာ ကောင်းတယ်ကွလို့ ပုထုဇဉ်မိုက် ဆိုတာ ဆိုချင်ဆိုသေးတယ် (မှန်ပါ့)။
ပျက်သွားတာလဲ ဒုက္ခသစ္စာပဲ ဖြစ်နေတာလဲ ဒုက္ခသစ္စာပဲ၊ “ဒုက္ခမေဝ ဥပ္ပဇ္ဇမာနံ ဥပ္ပဇ္ဇတိ” ပါဠိတော်က (မှန်ပါ့) “ဒုက္ခံ နိရုဇ္ဈမာနံ နိရုဇ္ဇတိ” ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာပဲ ရှိသဟေ့ မင်းတို့ တစ်ကိုယ်လုံးမှာ၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ခန္ဓာကိုယ်ထဲ ဘာသာလျှင်ရှိသလဲ (ဒုက္ခဖြစ်၍ ဒုက္ခ ချုပ်တာပဲ ရှိပါတယ် ဘုရား)။
ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာသာ ရှိတယ်ဆိုတာ သေသေ ချာချာ ဤကား ဒုက္ခ၊ ဤထက်ကြီးတဲ့ ဒုက္ခ မရှိတော့ဘူးဆိုပြီး တော့ သူ့စိတ်ထဲ ဆုံးဖြတ်ချက် ချပစ်လိုက်တယ် (မှန်ပါ့)။
ဦးဘသန်း ဒီထက်ကြီးတဲ့ဒုက္ခ မရှိဘူးလို့ဆုံးဖြတ်ချက် ချလိုက်တယ်၊ ဘာဖြစ်လို့တုံးဆိုတော့ ဒီပြင် ဒုက္ခက ဦးအောင် ဇံဝေရ ပြေးရင် လွတ်တယ် (မှန်ပါ့) သူကတော့ ပါနေတာပဲ (မှန်ပါ့)။
ဒုက္ခသစ္စာ၏အနက်လေးချက်
ပြေးတဲ့အထဲလဲ “ပိဠနဋ္ဌ” ဆိုတာ ညှာတာမဖက် အမြဲ နှိပ်စက်နေတာပဲ ဖြစ်မှု ပျက်မှု ကနော် (မှန်ပါ့) “သန္တာပဋ္ဌ” ဆိုတဲ့အတိုင်း သူ့လဲ ဇာတိ, ဇရာ, မရဏမီးက လောင်နေတော့ မီးလောင် ခံနေရတယ် ဆိုတာကကော မသေချာဘူးလား (သေချာပါတယ် ဘုရား)။
“သင်္ခတဋ္ဌော” ဆိုတာ သြော် ဒီဖြစ်ပျက်ကြီးကို ဖြစ်ပျက်ဖြစ် ဖို့ရာကို ခင်ဗျားတို့က ပြုပြင် နေရသေးတယ် (မှန်လှပါ ဘုရား)။
ထမင်းနဲ့ ပြုပြင်ရ ဟင်းနဲ့ပြုပြင်ရနဲ့ ဦးဘသန်းတို့ ရုပ်နာမ် ပေါ်ဖို့ မပြုပြင်ရဘူးလား (ပြုပြင် ရပါတယ် ဘုရား) ဒါဖြင့် သူ့မှာ သန္တာပဋ္ဌ ကိစ္စကော မရှိဘူးလား (ရှိပါတယ် ဘုရား) သန္တာပဋ္ဌကိစ္စလဲ ရှိတယ်နော် (မှန်ပါ့)။
သန္တာပဋ္ဌ ကိစ္စဆို တာ အဖန်ဖန် ပြုပြင် ရတဲ့ ကိစ္စရှိနေတော့ သန္တာပဋ္ဌကိစ္စတဲ့ ဪ သူ့လဲ ကိလေသာမီး ဒုက္ခမီးတွေက လောင်နေတယ် ဒီဖြစ်ပျက်တွေကို (မှန်ပါ့)။
လောင်တာနဲ့ ပြောင်ပြောင် မသွားဘူးလား (သွားပါ တယ် ဘုရား) ဦးဘသန်း ပြောင်ပြောင် သွားတာဟာ အလို လို ပြောင်ပြောင် သွားတာလား၊ မီးလောင်လို့ ပြောင်သွားတာလား (မီးလောင်လို့ ပြောင်းသွားတာပါ ဘုရား)။
အဲဒီလိုသိလာတော့ “ဝိပရိဏာမဋ္ဌ”တဲ့၊ နဂိုအတိုင်း ခိုင်ခံ့ မတည်နိုင်ဘဲ ရင့်ရော် ဖောက်လွဲ ပြိုကွဲတဲ့ သဘောတွေဖြစ်နေတော့ နဂိုသဘောကို ရှိရဲ့လား (မရှိပါ ဘုရား)။
အဖြစ်ကြည့်လိုက်ပြန်လဲ နဂိုသဘောဟာ ရှာမတွေ့ဘူး၊ အပျက် ကြည့်လိုက်ပြန်လဲ နဂိုသဘော ပျောက်သွားတယ် ဟင် (မှန်ပါ့ ဘုရား) ပင်ကို ဝေဒနာ သဘောတွေ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
အဖြစ်သဘောနဲ့ အပျက်သဘောသာရှိတယ်၊ အဖြစ်ဒုက္ခ နဲ့ အပျက်ဒုက္ခသာရှိတော့ ပင်ကိုသဘောတွေ မစွန့်သေးဘူးလား (စွန့်ပါတယ် ဘုရား)။
ဝေဒနာဟာ နာတဲ့သဘောတွေ တွေ့သေးရဲ့ လား (မတွေ့ပါ ဘုရား) မတွေ့တော့ဘူး၊ သာယာတဲ့ သဘောတွေကော (မတွေ့ပါ ဘုရား)။
ထိုကဲ့သို့ မတွေ့ခြင်းသည်ပင်လျှင် ဒုက္ခသစ္စာမှာ လေးချက် ဖြစ်လာတယ်လို့မှတ်လိုက်စမ်းပါ၊ ပိဠနဋ္ဌ, သင်္ခတဋ္ဌ, သန္တာပဋ္ဌ, ဝိပရိဏာမဋ္ဌ နော် (မှန်ပါ့)။
ဤလေးချက်နဲ့ ဒီဒုက္ခသစ္စာကြီး ဆက်စပ်နေတော့ သြော် ဒီကိစ္စ လေးချက် မှတစ်ပါး ဘာမှ မရှိပါကလား၊ သတ္တဝါကို နှိပ်စက် တာရယ် (မှန်ပါ့) သင်္ခတဋ္ဌ တဲ့ ပျက်လိုက် ပြုပြင်လိုက် ပျက်လိုက် ပြုပြင်လိုက်နဲ့ ပျက်ဒုက္ခနဲ့ ပြုပြင်ရတဲ့ဒုက္ခတွေပဲ ရှိမနေ ဘူးလား (ရှိပါတယ် ဘုရား)။
သန္တာပဋ္ဌတဲ့ သူ့လဲ မီးတွေ လောင်လောင် လောင်လောင်ပြီး သကာလ ပျက်စီးနေတာပဲ၊ ဇာတိ, ဇရာ မရဏမီးက ဦးဘသန်း လွတ်ကဲ့လား (မလွတ်ပါ ဘုရား)။
မလွတ်တော့ သူသန္တာပဋ္ဌ၊ မီးအလောင် မခံရဘူးလား (အလောင်ခံရပါတယ်) အလောင် ခံရ သောကြောင့်လဲ သူဒုက္ခသစ္စာပဲ ရုပ်ဖြစ်ဖြစ်, နာမ်ဖြစ်ဖြစ်နော် (မှန်ပါ့ ဘုရား)။
ဝိပရိဏာမဋ္ဌတဲ့ နဂိုသဘော ရှာတွေ့သေးရဲ့ လား (မတွေ့ပါ ဘုရား) စိတ်သဘော တွေ့သေး သလား၊ ဝေဒနာ သဘောတွေ့သေးသလား၊ သညာသဘော တွေ့သေးသလား (မတွေ့ပါ ဘုရား)။
မတွေ့တော့ဘူးတဲ့ ဝိပရိဏာမ သဘောကလေးပဲ တွေ့နေ တယ်၊ ဝိပရိဏာမ ဆိုတာ ပင်ကိုသဘော စွန့်တာပဲတွေ့တယ် (မှန်ပါ့ ဘုရား)။
ဝေဒနာကလဲ ဝေဒနာ ပင်ကိုသဘောစွန့်၊ သညာကလဲ သညာ ပင်ကိုသဘောစွန့်ပြီး သကာလ သူတို့ ဖောက်ပြန်ပျက်စီး နေတာပဲ (မှန်ပါ့ ဘုရား)။
အဲဒီကဲ့သို့ ဒုက္ခသစ္စာ လေးချက်ကို သေနိယမှာ ဒီလိုပဲ အားထုတ်ရင်းမတ္တနဲ့ ဉာဏ်နဲ့ မြင်လာတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
နှိပ်စက်တဲ့ကိစ္စ, ပြုပြင်တဲ့ကိစ္စ, ပူပင်ရတဲ့ကိစ္စ, ဖောက်ပြန်တဲ့ကိစ္စ ဘယ်နှစ်ကိစ္စရှိသတုံး (လေးကိစ္စ ရှိပါတယ် ဘုရား)။
အဲဒီလို ခင်ဗျားတို့ ဖြစ်ပျက်အပေါ်မှာ လေးကိစ္စရှိတာကို သိပြီးလာတဲ့ အခါကျလို့ရှိရင်ဖြင့် လေးကိစ္စကို ဉာဏ်က ဦးတည်ပြီး ဪ ဖြစ်တာလဲ ဒီလေးကိစ္စပဲ၊ ပျက်တာလဲ ဒီလေးကိစ္စ ပဲလို့ ခင်ဗျားတို့ အားထုတ်တဲ့ အခါမှာဒီလိုမြင်လာလို့ရှိရင် ဒီကိစ္စတွေသာ မြင်နေတော့တယ် ဆိုရင် တောင့်တမှု ကြောင့်ကြတဲ့ တဏှာလာသေးရဲ့လား (မလာပါ ဘုရား)။
သစ္စာလေးပါးတစ်ပြိုင်နက်ဖြစ်တယ်
မလာတော့ ဒုက္ခပိုင်းခြားနေရင် သမုဒယက နောက်က သေနေတယ်လို့ မှတ်လိုက် (မှန်ပါ့)။
ဒုက္ခပိုင်ပိုင်နိုင်နိုင် သိနေတုံးကို (နောက်က သမုဒယ သေနေပါတယ် ဘုရား)။
အဲဒီတော့ ပိုင်ပိုင်နိုင်နိုင်သိတာက မဂ္ဂသစ္စာ၊ သေတာက သမုဒယသစ္စာနော် (မှန်ပါ့) ပိုင်ပိုင်နိုင်နိုင် အသိခံနေတဲ့ တရားက ဒုက္ခသစ္စာ (မှန်ပါ့) ဦးဘသန်း ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ပိုင်ပိုင်နိုင်နိုင် အသိခံနိုင်တဲ့တရားက- (ဒုက္ခသစ္စာပါ) ပိုင်ပိုင်နိုင်နိုင် သိတာက မဂ္ဂသစ္စာ (မှန်ပါ့) ပိုင်ပိုင်နိုင်နိုင် သိနေတုန်းကို သမုဒယ ချုပ်နေတာက သမုဒယသေတာ (မှန်ပါ့)။
အဲဒီ တဏှာ, သမုဒယ သေသွားတော့ ဥပါဒါန်တွေ ကံတွေ ဇာတိ ဇရာ မရဏတွေကော (မလာတော့ပါ ဘုရား) ချုပ် သွားတယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်) အဲဒါ နိရောဓသစ္စာ (မှန်ပါ့) သဘောပါပလား (ပါ, ပါပြီ ဘုရား)။
အဲဒီကဲ့သို့သေနိယမှာ သစ္စာလေးချက် တစ်ပြိုင်နက်ဖြစ် လာတယ်နော် (မှန်ပါ့)။
ဓမ္မသဘောက ဖြစ်စေတာ
သစ္စာလေးချက် (တစ်ပြိုင်နက် ဖြစ်လာပါတယ် ဘုရား) တစ်ပြိုင်နက်ဆိုတာက ကိုယ်က တစ်ပြိုင်နက် ဖြစ်တာလား ဓမ္မသဘောက တစ်ပြိုင်နက် ဖြစ်တာလား (ဓမ္မသဘောက တစ်ပြိုင်နက် ဖြစ်တာပါ ဘုရား)။
အဲဒါမှတ်ထားပါ တဲ့၊ ကိုယ်က ဖြစ်ချင်လို့ ဖြစ်တာ မဟုတ်ပါဘူး တဲ့၊ ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင် သိနေတုန်းပဲ သမုဒယ မလာတာ (မှန်ပါ့ ဘုရား) သိနေတုန်းပဲ ဟိုဘက်က ဒုက္ခတွေ နိရောဓတွေ ပေါ်နေတာပဲ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ကို သစ္စာလေးချက် တစ်ပြိုင်နက် ထင်ရတယ် ဆိုတာလဲ ဦးဘသန်း ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ဒုက္ခလဲ ပိုင်ပိုင်နိုင်နိုင် သိတာပဲ (မှန်ပါ့) သိတာက တော့ မဂ္ဂသစ္စာပဲ (မှန်ပါ့) သူနဲ့ ပိုင်ပိုင်နိုင်နိုင် အသိခံရတဲ့ တရားနဲ့ အသိဉာဏ်တရားနဲ့လဲ ပြိုင်နေတာပဲ၊ မပြိုင်ဘူးလား (ပြိုင် ပါတယ် ဘုရား) သမုဒယသေတာနဲ့လဲ ဒီအချိန် လာကိုလာသေး ရဲ့လား (မလာပါ ဘုရား) မလာတော့ အဲဒီ သမုဒယသေတာ နဲ့ကော ပြိုင်မနေဘူးလား – (ပြိုင်နေပါတယ် ဘုရား) ဦးဘသန်း ဘယ့်နှယ်တုံး (ပြိုင်ပါတယ် ဘုရား) ပြိုင်တယ်တဲ့။
သမုဒယ သေတာနဲ့လဲ ပြိုင်တော့ကို နိရောဓပေါ်တာနဲ့ ကော မပြိုင်ဘူးလား (ပြိုင်ပါတယ်) “တဏှာ နိရောဓော နိဗ္ဗာနံ” ဆိုတော့သူချုပ်နေတော့ ဒါ နိရောဓဖြစ်နေတာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီကဲ့သို့ သစ္စာလေးချက် တစ်ပြိုင်နက် ထင်တဲ့ သဘော သေနိယမှာ ပေါ်လာတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပစ္စက္ခ နိရောဓ
ပေါ်လာတော့မှ ရှေ့သစ္စာချုပ်ပြီး သကာလ နိရောဓသစ္စာ ဆိုတာကြီးဟာ တခြားလား အောက်မေ့ နေတယ် တဏှာ၏ စွမ်းရည်သတ္တိတွေ ချုပ်သောကြောင့် ကိုယ်ရှုနေတဲ့ ဒုက္ခတွေပါ ချုပ်သွားတာသည်ကားလို့ ဆိုရင်ဖြင့် အဲဒါ ပစ္စက္ခ နိရောဓလို့ မှတ်ပါနော် (မှန်ပါ့)။
အနာဂတ် နိရောဓ
နောက်မှ တဏှာ, ဥပါဒါန်တွေမလာလို့ ဟိုဘက်က ချုပ် တာကတော့ကို အနာဂတ်နိရောဓလို့ မှတ်ပါ (မှန်ပါ့)။
အဲဒီတော့ ရှုရင်းမတ္တနဲ့ “ဖျတ်”ခနဲ ဒုက္ခတွေ ချုပ်သွားလို့ ရှိရင် သြော် ဒါသည်ကား လို့ဆိုလို့ရှိရင် နိဗ္ဗာန်ဆိုတာ တခြား လား အောက်မေ့နေတယ် ဒုက္ခသစ္စာကွယ်နေလို့ မမြင်တာပါ လားလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
နိဗ္ဗာန် ဘာလို့ မမြင်ကြသလဲ (ဒုက္ခသစ္စာတွေ ကွယ်နေ လို့ မမြင်တာပါ ဘုရား) ဒုက္ခသစ္စာ ကွယ်နေတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
နိဗ္ဗာန် ဘယ်သူကွယ်နေသတုံး (ဒုက္ခသစ္စာကွယ်နေပါ တယ် ဘုရား) ဒုက္ခသစ္စာကွယ်နေတယ်။
နိဗ္ဗာန်ပေါ်လာတယ်
ဒုက္ခသစ္စာလဲ ခင်ဗျားတို့က ဒါ သူ့ကိုဖြင့် တစ်ခါတည်း မလိုချင်ပါဘူး ဆိုတဲ့ “ဖျတ်” ခနဲ မဂ္ဂင်ရှစ်ပါးလဲ ပြည့်ပါ ဦးဘသန်းရေ ဒုက္ခဟာ မချုပ်ဘူးလား – (ချုပ်ပါတယ် ဘုရား) အဲဒီချုပ်သွားတဲ့ နေရာမှာ နိရောဓနိဗ္ဗာန် ပေါ်လာတာပဲ (မှန်ပါ့)။
ဒါပေါ်လာတော့ ဦးအောင်ဇံဝေ ဒါပေါ်မည့် ဥစ္စာတွေကို ရှေ့သူ့လမ်းစဉ် ပြောထားတယ်နော် (မှန်ပါ့)။
အင်း ဦးအောင်ဇံဝေ စိတ်ထဲမှာ ဘယ်လို ဖြစ်လာ သတုံးဆိုတော့ သြော် ဒုက္ခချုပ်ရာ ဆိုတာ အခုမရှိတာကို ဆိုတာပါကလားလို့ ပေါ်လာလိမ့်မယ် (မှန်ပါ့) ရှုရင်းမတ္တနဲ့ မရှိတာ (မှန်ပါ့)။
ရှုရင်းမတ္တနဲ့ မရှိတာ ပေါ်လာတော့မှ ဪ ဒုက္ခချုပ် ဒုက္ခချုပ်ဆိုတာ တခြားလား အောက်မေ့ နေတယ် ခန္ဓာသိမ်း နိဗ္ဗာန်ဆိုတာ တခြားလား အောက်မေ့နေတယ် ခန္ဓာက ဒုက္ခ သစ္စာ ဒုက္ခသစ္စာ ဉာဏ်အောက်မှာ ပျောက်သွားတယ်၊ အဲ ပျောက်သွားတဲ့ သဘောကလေး တွေ့တော့ ကိုယ့်ဟာကိုယ် သိ လိုက်တယ်၊ မိမိမှာ ဒုက္ခမရှိတော့ဘူးလို့ မသိဘူးလား (သိပါတယ် ဘုရား)။
အဲဒီ မိမိမှာ ဒုက္ခမရှိတော့ဘူးလို့ သိတာကလေးဟာ မဂ္ဂ သစ္စာ၊ ဒုက္ခတွေ မရှိတာက နိရောဓသစ္စာ (မှန်ပါ့) သဘောပါပလား (ပါ,ပါပြီ ဘုရား)။
ဦးဘသန်းကာ ကျေနပ်ရဲ့လား၊ ဒါ- ပစ္စုပ္ပန် နိရောဓနော် (မှန်ပါ့ ဘုရား) ပစ္စုပ္ပန်မှာ ပစ္စက္ခနိရောဓ ဆိုတာ ဒါပဲ (မှန်ပါ့ ဘုရား)။
ဘုရားပေးသောဥပမာ
ဒါဖြင့် ဒါခင်ဗျားတို့ အားထုတ်လို့ရှိရင် ဒီအစီအစဉ်အတိုင်း လာမှာပဲလို့ ဧကန်မှတ်ပါ့ (မှန်ပါ့)။
လောကီဥပမာ ဘုရားက ဘယ်လိုပြောလိုက်သတုံး ဆို တော့ကွာ တဲ့၊ လှေပေါ်မှာ ကုန်တွေ တင်ပြီး မြစ်တစ်ခုကို ကူးသကွာတဲ့နော် (မှန်ပါ့)။
လှေပေါ်မှာ ကုန်တွေတင်ပြီး မြစ်ဟိုဘက် ကူးတဲ့အခါကျ လို့ရှိရင်ဖြင့်-တဲ့၊ ဒီမြစ်ကို ဖြတ်တာလဲ လှေက ဖြတ်တာပဲ (မှန်ပါ့) သဘောကျပလား – (ကျပါပြီ ဘုရား) ကုန်တွေ ဟိုဘက် ရောက်တာလဲ (လှေကြောင့် ရောက်တာပါ ဘုရား) သဘောပါပြီ- (ပါ, ပါပြီ ဘုရား)။
ကောင်းပြီ ဒီဘက်ကမ်းက ခွါတာလဲ လှေက ခွါတာပဲ နော် (မှန်ပါ့) ဟိုဘက်ကမ်း ရောက်အောင် ပို့တာလဲ (လှေက ပို့တာပါပဲ ဘုရား) လှေကပို့တာပဲ။
လှေသည် အလုပ် ဘယ်နှစ်လုပ်, လုပ်သတုံးလို့ မေးတဲ့ အခါ ဒီဘက်ကမ်းခွါတဲ့ တစ်လုပ်, ဟိုဘက်ကမ်း ရောက်တဲ့ တစ်လုပ်၊ ကုန်ကိုပို့ဆောင်တဲ့ တစ်လုပ်၊ ရေဖြတ်တဲ့ တစ်လုပ်၊ လေး လုပ်ရှိတယ် (မှန်ပါ့)။
ဒါဖြင့် လှေသည် ကူးနေတဲ့ အချိန်မှာ အလုပ်, ဘယ်နှစ် လုပ်လုပ်သတုံး ဆိုလို့ရှိရင် (လေးလုပ်ပါ ဘုရား)။
အဲဒီမှာလဲတဲ့ တစ်ပြိုင်နက်တည်း ခင်ဗျားတို့ လေးချက် ပေါ်ပါလိမ့်မယ် (မှန်ပါ့) ခင်ဗျားတို့ တောင့်တလို့ မရပါဘူး တဲ့ သူ့ဟာသူ ပေါ်လာမှာပဲ (မှန်ပါ့)။
ဒီတော့ သူမဂ်ဉာဏ်ပေါ်ပြီ၊ မဂ်ဉာဏ်က အလုပ်, လုပ်မှာ ပဲဆိုတာ ဦးဘသန်းရိပ်မိပလား (မှန်ပါ့)။
ဒါဖြင့် လှေသည် ဒီဘက်ကမ်းက ခွါတာလဲ လှေအလုပ်၊ ဟိုဘက်ကမ်းပို့တာလဲ (လှေ့ အလုပ်ပါ ဘုရား) ဝန်တွေ ဆောင် သွားတာကော (လှေ့အလုပ်ပါ ဘုရား) မြစ်ဖြတ်တာကော (လှေ့ အလုပ်ပါ ဘုရား)။ အဲဒီတော့ လှေသည် အလုပ်, ဘယ်နှစ်လုပ် လုပ်သတုံးမေးတော့ – (လေးလုပ်ပါ ဘုရား)။
ထို့အတူပဲတဲ့ ခင်ဗျားတို့၏ ဉာဏ်ထဲမှာလဲ လေးခုစလုံး တစ်ပြိုင်နက်ပေါ်လိမ့်မယ် – (မှန်ပါ့) ပေါ်တော့ကိုမြင်တော့ နိဗ္ဗာန်ပဲ မြင်မှာပဲ၊ မြင်ပေမယ့်လဲ မဂ်က မြင်တယ်ဆိုတာလဲ ခင်ဗျားတို့ အသိသားပဲ မဂ်လာလို့ သမုဒယ သေတယ်ဆိုတာလဲ ခင်ဗျားတို့ ပွားများမှုကြောင့် သေတာပဲ မဟုတ်ဘူးလား (မှန်ပါ့) နိရောဓ မြင်တာလဲ ပွားများမှုကြောင့် မြင်တာပဲ (မှန်ပါ့) သဘောပါပလား (ပါ, ပါပြီ ဘုရား)။
မဂ်ဉာဏ်သည်အလုပ်လေးခုလုပ်တယ်
ဒါဖြင့် လှေသည် လေးလုပ်, အလုပ် လုပ်သလို ခင်ဗျားတို့ နောက်ဆုံးပိတ်ကျတော့ မဂ်ဉာဏ်သည် လေးခုသော အလုပ်လုပ် မှာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မဂ်ဉာဏ် ဘယ်နှစ်ခု အလုပ်လုပ်မလဲ (လေးခုပါ) အဲဒီ လေးခုအလုပ်, လုပ်လိုက်လို့ရှိရင်ဖြင့် ဒီလေးခု အလုပ်ကို ဘယ်နှစ်ပါးပြည့်စုံမှ လုပ်နိုင်သတုံးမေးတော့ ရှစ်ပါးပြည့်စုံမှ လုပ်နိုင်တယ် (မှန်ပါ့) ရှင်းပလား – (ရှင်းပါပြီ ဘုရား)။
ရှစ်ပါး မပြည့်စုံသေးလို့ရှိရင်ဖြင့်တဲ့ နိရောဓတစ်ခုကျန်နေ တယ်၊ ရှစ်ပါးပြည့်စုံရင် နိရောဓတစ်ခု တိုးလာတယ် (မှန်ပါ့ ဘုရား)။
တစ်နေ့ညကပြောခဲ့တယ် ခန္ဓာစွန့် တဏှာစွန့် ဒါတွေ တက် နိုင်တာကိုးဗျား၊ ဝိပဿနာ ဉာဏ်က ဟင်- (မှန်ပါ့ ဘုရား)။
မဂ်ဉာဏ်ကျတော့ ခန္ဓာစွန့် တဏှာစွန့် နိဗ္ဗာန်မျက်မှောက် ပြုဆိုတော့ မဂ်သည်ကားလို့ ဆိုလို့ရှိရင် သူနဲ့ပေါင်းလိုက်တော့ ခန္ဓာစွန့်တာလဲမဂ်ပဲ၊ တဏှာစွန့်တာကော (မဂ်ပါ) နိဗ္ဗာန် မြင်တာကော (မဂ်ပါ) မြင်တဲ့ ဉာဏ်လဲမဂ်ပါပဲ ဆိုတော့ မဂ်ဟာ လေးလုပ်, မလုပ်ဘူးလား – (လုပ်ပါတယ် ဘုရား)။
အဲဒါ ယနေ့တရားနဲ့ ယနေ့လှေဥပမာနဲ့ ပြလိုက်တော့ ဦးဘသန်း ထပ်သွားပြီ – (မှန်ပါ့) မထပ်သေးဘူးလား (ထပ်သွားပါပြီ) ရှင်းပါပြီနော် (ရှင်းပါပြီ ဘုရား)။
အဲဒီလို ဖြစ်သွားလို့ရှိရင်ဖြင့် သြော်-ငါ့မှာ ခန္ဓာလဲမရှိဘူး လို့ တွေးမနေနဲ့၊ တဏှာလဲ မရှိတော့ဘူးလို့ တွေးမနေနဲ့၊ ဓမ္မ သဘော ပွားများလို့ ဒီလေးခု ပေါ်လာတာ မှတ်ပစ်လိုက်ပါနော် (မှန်ပါ့) ဘာမှမရှာနဲ့- (မှန်ပါ့)။
ဘာမှမရှာနဲ့ ဓမ္မသဘောအတိုင်း ပေါ်လာတာပဲဆိုပြီး သကာလ ခင်ဗျားတို့ သြော်- ဒီအလုပ်ပဲ အလုပ်မှန်ပြီဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။
သေနိယကကျွတ်တမ်းဝင်သွားတယ်
အဲဒီလို သေနိယမှာ သစ္စာလေးချက်၊ တစ်ပြိုင်နက် ထင်သည့်အတွက် သောတာပန် တည်တယ် (မှန်ပါ့ ဘုရား)
နောက်တစ်ခါ မကျေနပ်တာနဲ့ပဲ ဒါလောက်နဲ့ မကျေနပ် တာနဲ့ ဆက်ပြီးအားထုတ်တာနဲ့ ဆက်အားထုတ်တော့ သမာဓိ သတိတွေက ဆက်ပြီးသား အရှိန်ရပြီးသား ဖြစ်နေတော့ သကဒါဂါမ်လဲတည်၊ ဆက်အားထုတ်တော့ အနာဂါမ်လဲတည်၊ နောက်ပြီး ချက်ချင်းရဟန္တာဖြစ်တယ်- (မှန်ပါ့) သဘောပါပလား (ပါ,ပါပြီ ဘုရား)။
အဲဒီမှာ သေနိယ ကတော့ဖြင့် ကျွတ်တမ်းဝင်သွားတယ် ဆိုတော့ မိစ္ဆာဒိဋ္ဌိ စွန့်လိုက် ပြန်လို့ရှိရင်လဲ အပြစ်မရှိဘူး (မှန်ပါ့ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဗဟုသုတ ရှိအောင် မိစ္ဆာဒိဋ္ဌိနဲ့ ပဉ္စာ နန္တရိယကံဟာ မိစ္ဆာဒိဋ္ဌိက ကုစားလို့ ရတယ်၊ ပဉ္စာနန္တရိယကံကမှ တားမြစ်တယ် (မှန်ပါ့) မိစ္ဆာဒိဋ္ဌိက စွန့်လိုက်ရင်ပြီးတာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့မှာ နဂိုက မိစ္ဆာဒိဋ္ဌိရှိတယ်၊ ငါ လုပ်ရင် ငါရတယ်ဆိုတဲ့မိစ္ဆာဒိဋ္ဌိ သဿတဒိဋ္ဌိက ရှိနေတယ် (မှန်ပါ့ ဘုရား)။
ပညာကပွားပြီးစွန့်တာ
အဲဒါကို ဝိပဿနာ လုပ်လိုက်တဲ့ အခါကျတော့ ငါရှာတွေ့ သေးရဲ့ လား (မတွေ့ပါ) ရုပ်ကြည့်လိုက် ပြန်လဲ ဖြစ်ပျက် တွေ့တယ် (မှန်ပါ့) ဝေဒနာကို ကြည့်လိုက်ပြန်လဲ (ဖြစ်ပျက်ပါပဲ) စိတ်ကြည့်လိုက်ပြန်လဲ (ဖြစ်ပျင်ပါပဲ ဘုရား)။
အဲ ဖြစ်ပျက်နဲ့ တွေ့နေတော့ ဒီကတည်းက ငါပြုတ် တာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ငါပြုတ်ကတည်းက မိစ္ဆာဒိဋ္ဌိက စွန့်ပြီးသား ဖြစ်သွားတယ် (မှန်ပါ့ ဘုရား)။
ဒါကြောင့် မိစ္ဆာဒိဋ္ဌိကိုစွန့်ပါတယ်၊ စွန့်ပါတယ်ဆိုတာက သညာစွန့် ပညာစွန့်ရှိရာတို့တွင် အမှတ်နဲ့စွန့်တာက တစ်မျိုးနော် (မှန်ပါ့) ပညာက ပွားပြီး စွန့်တာက တစ်မျိုးလို့ ဦးဘသန်းတို့က မှတ်ရမယ်နော် (မှန်ပါ့ ဘုရား)။
အဲဒါကြောင့် အခုဟာ သညာစွန့်နဲ့ ကိစ္စမပြီးဘူး၊ ပညာ စွန့်နဲ့မှ မိစ္ဆာဒိဋ္ဌိက သွားပါတယ်ဆိုတာ လေးစားစွာနဲ့ မှတ်ရ မယ် (မှန်ပါ့) သဘောပါပလား (ပါ, ပါပြီ ဘုရား)။
ဒါဖြင့် ဒီလေးချက်ဟာ အလုပ်စဉ်ထဲ ပါသွားပြီ၊ သူလဲ ရဟန္တာဖြစ်တဲ့ အလုပ်ပဲဆိုတာကော သေချာပလာ (သေချာပါပြီ ဘုရား)။
ပုဏ္ဏကသရဏဂုံတည်ရုံပဲ
သေချာတဲ့အတွက် ပုဏ္ဏကတော့ဖြင့် သရဏဂုံတည်ရုံပဲ၊ နွားလိုကျင့်တဲ့လူက (မှန်ပါ့) သူကတော့ဖြင့် ရဟန်းဘောင် ဝင်တဲ့ပြီး သကာလ သူတော်ကောင်းအလုပ်ကို တကယ်မှန်မှန် လုပ်တော့ သစ္စာလေးချက် တစ်ပြိုင်နက် လေးခါထင်တာနဲ့ ရဟန္တာထိအောင် ဖြစ်သွားတယ် (မှန်ပါ့ ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ ဒီရဟန္တာသည် ဘာဖြစ်လို့ ဖြစ်ပါ လိမ့်မတုံးမေးတော့မှ မိစ္ဆာဒိဋ္ဌိကလဲကံပဲ၊ အဲဒီကံ စွန့်ပစ်လိုက် တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မိစ္ဆာဒိဋ္ဌိဟာ ဘာပါလိမ့် (ကံပါ ဘုရား) ကြည့်လေ ဒိဋ္ဌိ ဒိဋ္ဌုပါဒါန်, ဒိဋ္ဌိအုပ်ချုပ်တဲ့ကံ ဆိုတော့ သူလဲကံနဲ့ ဆက်နေတယ် (မှန်ပါ့) မဆက်ဘူးလား (ဆက်ပါတယ် ဘုရား)။
အဲဒီကံတွေစွန့်လိုက်လို့ သူ ရဟန္တာဖြစ်တာ (မှန်ပါ့) ဒီကံမစွန့်လို့ရှိရင် (ရဟန္တာမဖြစ်ပါ) မဖြစ်နိုင်ဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဖြစ်ပျက်လုပ်နေတဲ့ အလုပ်ဟာ သေနိယ တို့ ရဟန္တာဖြစ်တာက ကံစွန့်လို့ ဖြစ်တာပါကလား၊ မိစ္ဆာဒိဋ္ဌိကံကို စွန့်ချလိုက်တယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မဂ္ဂင်ရှစ်ပါးဆိုတာ
မိစ္ဆာဒိဋ္ဌိကံတွေ စွန့်ပြီး သကာလ မဂ္ဂင်ရှစ်ပါးအလုပ် လုပ် လိုက်တော့ မဂ္ဂင်ရှစ်ပါးကို ကံဖြတ်တရား၊ စာလိုသုံးတော့ အကဏှ အသုက္ကကံလို့ မှတ်လိုက်ပါ (မှန်ပါ့)။
မမည်းမဖြူတဲ့ကံ ကံလို့သာဆိုရတယ်၊ ကံကပြဋ္ဌာန်းတာ မဟုတ်ဘူး၊ မဂ္ဂင်က ပြဋ္ဌာန်းတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် မဂ္ဂင်ရှစ်ပါးမှတစ်ပါး ခင်ဗျားတို့ ကိုးစားရာ, အားထားရာ ဘာမှမရှိဘူး၊ သူသာလျှင် “ဧကာယနောအယံ ဘိက္ခဝေ မဂ္ဂေါ” ဘိက္ခဝေ = ရဟန်းတို့၊ အယံမဂ္ဂေါ= ဤမဂ္ဂင် ရှစ်ပါးသည်။ ဧကာယနော – တစ်ကြောင်းတည်းနဲ့ နိဗ္ဗာန်ရောက်၏ ဆိုတော့ သူက အကွေ့အကောက်မရှိဘူး (မှန်ပါ့ ဘုရား)။
မဂ္ဂသစ္စာ၏ အနက်လေးချက်
ဒါ့ကြောင့် မဂ္ဂင်ရှစ်ပါးမှာ “မဂ္ဂဿ နိယျာနဋ္ဌော” ဆိုတော့ ဟို ကိလေသဝဋ်တွေမှလဲ ထွက်မြောက်သွားတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ကိလေသဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်ထဲ သူပို့သေးသလား (မပို့ပါ ဘုရား) အဲဒါကြောင့် သူ နိယျာနဋ္ဌ သဘောသတ္တိ ရှိတယ်နော် (မှန်ပါ့)။
ထုတ်ဆောင်ခြင်းသဘောသတ္တိ ရှိတယ်၊ ဝဋ်သုံးပါးမှ ထုတ်ဆောင်ခြင်း သဘော သတ္တိ ရှိတယ် (မှန်ပါ့)။
“ဟေတုဋ္ဌော”တဲ့ သူသာ ပေါ်လာလို့ ရှိရင် အဖြောင့် နိဗ္ဗာန်သွားတယ်တဲ့ (မှန်ပါ့) အကွေ့အကောက် ပါသေး သလား (မပါ, ပါ ဘုရား)။
“ဒဿနဋ္ဌော”တဲ့ တစ်ခါမှမမြင်ဖူးတဲ့ ဒုက္ခချုပ်တာကို မြင်ရမယ် တဲ့ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
“အဓိပတေယျော” ခင်ဗျားတို့ အဲဒီမဂ်၌ တည်တဲ့ သီလ ဟာ ဘယ်သူဖျက်လို့ ရသေးသတုံး (မရပါ) ဒီဘဝက သောတာပန် အဖြစ်နဲ့ သေသွား ဟိုဘဝလဲ သီလက ရှိနေတာပဲ (မှန်ပါ့) အဓိသီလ, အဓိစိတ္တ, အဓိပညာ အဲဒီကျမှ ဖြစ်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါ့ကြောင့် သြော် တို့ သည်ကားလို့ ဆို ရင် အခုခံထား တဲ့ သီလက မရေရာပါကလား၊ မဂ်နဲ့ တွဲလာတဲ့ သီလမှ ရေရာပါ ကလား၊ ဘယ်တော့မှ မပျက်ပါလား ဆိုတာ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။
ဒါ့ကြောင့် ဘယ်တော့မှ အပါယ်မကျဘူး ဆိုတာလဲ မသေချာဘူးလား (သေချာပါတယ် ဘုရား) အပါယ်ကျတဲ့ ကံတွေကိုလဲ မဂ်က ထုတ်ဆောင်ပစ်လိုက်တယ်နော် (မှန်ပါ့)။
နိဗ္ဗာန်လဲ အဖြောင့်ပို့လိုက်ပြီ၊ မမြင်ဘူးတာကိုလဲ မြင်ရပြီ၊ သီလတွေကလဲ အဓိပတိတွေ ဖြစ်ကုန်ပြီး သီလသမာဓိ ပညာတွေ ကလဲ အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာ ဖြစ်ကုန်ပြီ (မှန်ပါ့)။
အဲဒါကြောင့် ခင်ဗျားတို့ ဒီ မဂ္ဂသစ္စာ လေးချက်ဟာလဲ ပြည့်စုံပြီးသားလို့ မှတ်လိုက်ပါ (မှန်ပါ့) ကြိုးစား ကြိုးစား (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် သေနိယ ရဟန္တာဖြစ်တာ ဒီလိုမြင်လို့ ရဟန္တာ ဖြစ်တယ်ဆိုတာ မှတ်ပြီး ဒီနေ့ တရား သိမ်းလိုက်တယ်၊ ကဲ သာဓုခေါ်ကြ။
သာဓု သာဓု သာဓု။