12306

မာတိကာသို့

သေနိယနှင့် ပုဏ္ဏကျွတ်ခန်း ကံလေးမျိုးခွဲပြခြင်း

အသံဖိုင်ခေါင်းစဉ်= သေနိယနှင့် ပုဏ္ဏဥပမာပြ၍ ကံလေးမျိုးအကြောင်းရှင်းပြပုံ

စာအုပ်သေးခေါင်းစဉ်= ကံလေးမျိုး တရားတော်

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားတော်မူသော

သေနိယနှင့် ပုဏ္ဏကျွတ်ခန်း ကံလေးမျိုးခွဲပြခြင်း

(၂၂-၄-၆၂)

ယနေ့ဟောရမည့် တရားသည်တဲ့ ကံကို နားလည် ဖို့ ကံလေးမျိုးကို ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် မဇ္ဈိမပဏ္ဏာသပါဠိတော်မှာ ဟောတယ်လို့ မှတ်ထားပါ (မှန်ပါ့)။

ပါဠိတော်ကို စကားထည့်လိုက်ခြင်းသည် မည်သူတစ်ဦး တစ်ယောက်မှ ဟောတာမဟုတ်ဘူး။ ဘုရားသခင် ကိုယ်တိုင် သိပြီး ဘုရားကိုယ်တိုင်ဟောတာ (မှန်ပါ့)။

တစ်ဆင့်ကြားနဲ့ ပြောတာမဟုတ်ဘူး (မှန်ပါ့) ရှေးလူ ကြီးတွေက ဒီလိုပြောတယ်ဆိုတဲ့ အသွားမျိုးနဲ့ ဘုရားက ဟောတာ မဟုတ်ဘူး (မှန်ပါ့)။

ပါဠိတော်ဆိုတာက ဘုရားကိုယ်တိုင် သဗ္ဗညုတဉာဏ်ကြီး ရပြီးတော့မှ ဉာဏ်ထဲမှာ အကုန်မြင်ပြီး သကာလ ပြောတာ (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် ပြောကြပါစို့တဲ့၊ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး လက်ထက်က ဘုရားသခင်ကလဲ အိန္ဒိယ မှာ ပွင့်ရတဲ့ ဘုရားဖြစ်နေတော့ ဘုရားမပွင့်ခင်က မိစ္ဆာဒိဋ္ဌိအယူ တွေကလဲ ရှိတယ် (မှန်ပါ့)။

ကိုယ်ယူချင်တာ ယူပြီး ကိုယ်ထင်ရာလုပ်နေတဲ့ ဘာသာ အယူဝါဒတွေကလဲရှိတယ်တဲ့ (မှန်ပါ့)။

နွားလိုကျင့်သူ

ပုဏ္ဏဆိုတဲ့ လူတစ်ယောက်က သူက သူ့ ကိုယ်သူ နွားလို ပဲ သွားတယ်၊ သူ့ခေါင်းမှာလဲ နွားလိုပဲ ချိုကြီး တပ်ထားတယ်၊ နွားလိုပဲ အမြီး တပ်ထားတယ်၊ နွားလိုပဲ တွန်နေတာပဲ၊ နွားစား တဲ့ အစာပဲ စားတယ်၊ ဒီအကျင့်ကျင့်ရင် နိဗ္ဗာန် ရောက်တယ် လို့ယူတယ် (မှန်ပါ့) ဒါဟာ အိန္ဒိယမှာ ယခုထက်တိုင် ရှိပါသေးတယ် (မှန်ပါ့)။

ခွေးလိုကျင့်သူ

သူ့သူငယ်ချင်း သေနိယဆိုတဲ့ သူကတော့ တစ်မျိုး ကျင့် တယ်၊ ခွေးကဲ့သို့ လေးဘက် သွားပြီး သကာလ လူများ လာလို့ရှိရင် ခွေးလိုအူတယ်၊ ထမင်းကို ဒီအတိုင်းကျွေးလို့ မစားဘူး၊ မြေပေါ် ပစ်ပေးမှ ခွေးလို စားတယ် (မှန်ပါ့)။

လူတွေ့တယ်ဆိုလို့ရှိရင်ဖြင့် လျှောက်ပြီးတော့ ပွတ်တယ် ခွေးအမူအရာ အကုန်လုပ်တာပဲ (မှန်ပါ့)။

အဲဒီလိုနဲ့ သူတို့နှစ်ယောက်က ဘုရားသခင် ကိုယ်တော်မြတ် ကြီးနေတဲ့ဆီ အကြောင်း တိုက်ဆိုင်လို့ ရောက်လာကြတယ်၊ အကြောင်း တိုက်ဆိုင်လို့ ရောက်လာပြီး ဘုရားနဲ့တွေ့တော့ မေးတယ်၊ ပုဏ္ဏက သူ့သူငယ်ချင်း သေနိယ ခွေးလို ကျင့်ပြီး သကာလ ခွေးလို စားပါတယ်။ ဒါ ကိလေသာ ခေါင်းပါးတဲ့ အလုပ်, ကိလေသာ ချုပ်တဲ့အလုပ်, ကိလေသာငြိမ်းတဲ့ အလုပ်လို့ ဆိုပြီး သကာလ ကျင့်ပါတယ်။ ဒါ သေတဲ့အခါ ဘယ်များ သွားပြီး လားရာဂတိ ဘယ်များဖြစ်မှာတုံးလို့ မေးလိုက်တယ် (မှန်ပါ့)။

ပုဏ္ဏမမေးနဲ့ကွ ငါ မပြောချင်ဘူးတဲ့၊ ဘုရားက မမေးနဲ့တဲ့ (မှန်ပါ့ ဘုရား)။

သေရင်ဘယ်မှာဖြစ်မှာတုံး

မနေဘူး သူက နောက် ဒုတိယ အကြိမ်မေးတယ်၊ ဒုတိယ အကြိမ် မေးပြန်တော့လဲ မမေးနဲ့ ကွာ ဒီဥစ္စာလို့ ပြန်ပြော တယ်၊ အဖြေခက်လို့ပေါ့လေ (မှန်ပါ့)။

နောက်တစ်ခါ တတိယအကြိမ် မေးတယ်၊ ဦးဘသန်း တတိယအကြိမ် မေးတော့ မဖြေလို့ မဖြစ်တော့ဘူးကွာ တဲ့။ ခွေးလိုကျင့်တဲ့ သေနိယဟာ ဒီလိုကျင့်လို့ရှိရင်ဖြင့် သေသည်၏ အခြားမဲ့၌ သူ့ဝါသနာ အထုံအတိုင်း ခွေးပဲဖြစ်ရမယ်၊ ခွေးလိုကျင့် လို့ ဒီဟာက ကိလေသာ ခေါင်းပါးတယ်၊ ဒီအယူဟာ မှန်တယ်လို့ မိစ္ဆာဒိဋ္ဌိအယူ ယူလိုက်ပြန်လို့ရှိရင်လဲ အဝီစိငရဲလဲကျလိမ့်မယ် တဲ့၊ နှစ်ချက် (မှန်ပါ)။

ခွေးဖြစ်မယ်

ခွေးလိုကျင့်လို့သေရင် ခွေးဖြစ်မှာက တစ်ချက်၊ ဒီအယူ ဟာ ဟုတ်တယ်, မှန်တယ်လို့ ယူလိုက်တဲ့အတွက် ငရဲကျဦးမှာက တစ်ချက်ဆိုတော့ ပုဏ္ဏက ငိုရှာတယ် (မှန်ပါ့)။

မင်း ငါအပြောသားပဲ နဂိုက၊ မမေးနဲ့ မမေးနဲ့လို့ ပြောသားပဲ၊ မင်းက သုံးကြိမ်တိုင်တိုင် မေးတော့ မဖြေရင်မဖြစ် လို့ ငါဖြေလိုက်တယ် (မှန်ပါ့)။

ဦးဘသန်းတို့ ဦးအောင်ဇံဝေတို့ အိန္ဒိယမှာ ဒါတွေရှိသေး တယ် (မှန်ပါ့)။

ဒါနဲ့ ငိုရှာတယ်၊ မင်းကို ဒါကြောင့် အပြောသားပဲ မမေးနဲ့ဆိုတာ အခုတော့ မင်းက ငိုချင်း ချတယ်။

ငိုတာက တခြားမဟုတ်ပါဘူးတဲ့ အကျင့်ကြီး ကျင့်ပြီး သကာလ ဆိုးရွားတဲ့ ခွေးလဲ ဖြစ်ရဦးမယ်၊ ငရဲလဲကျဦးမယ် ဆိုတဲ့ ဥစ္စာကို ကိုယ့်အမှားကို သိပြီး မျက်ရည်ကျပါတယ် ဒါ ပြောလိုက် တယ်နော် (မှန်ပါ့)။

နောက်တစ်ခါ တစ်ယောက်ကမေးပြန်တယ်၊ ခွေးလိုကျင့် တဲ့ သေနိယကလဲ ပုဏ္ဏက နွားလို ကျင့်တယ်၊ နွားကဲ့သို့ပဲ တွန်တယ်၊ နွားလိုပဲ ချိုတပ် ထားတယ်၊ နွားလိုပဲ အမြီးတပ် ထားတယ်၊ သွားတော့ နွားလိုသွားတယ်၊ စားတော့ နွားစာတွေ စားတယ်။ သူကတော့ ဘယ်လိုတုံး တဲ့၊ ကိုယ့်အယူကို ကိုယ့်ဆုံးဖြတ်ချက် ချနိုင်တာမှ မဟုတ်ဘဲကိုး (မှန်ပါ့ ဘုရား) တစ်ယောက်ဥစ္စာ တစ်ယောက်က မေးနေကြတယ် (မှန်ပါ့)။

နွားဖြစ်မယ်

မမေးနဲ့ကွ လို့ ခုနင်ကလိုပဲ သုံးခါပြောတာပဲ (မှန်ပါ့ ဘုရား) နောက် သုံးခါမြောက် မေးတော့လဲ ဦးအောင်ဇံဝေ မဖြေရင် မဖြစ်လို့ ဖြေလိုက်တယ် (မှန်ပါ့)

နွားတို့၏ အကျင့် နွားတို့၏အလေ့ကို ဝါသနာထုံတိုင်း ဒီစိတ်နဲ့သာ နွားစိတ်နဲ့သာ သေသွားတယ်ဆိုရင် သေရင်နွား ဖြစ်မယ်တဲ့ (မှန်ပါ့)။

ငရဲလဲကျဦးမယ်

ဒီအယူသည် ကိလေသာချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ရောက်တယ် လို့ အယူမှားကြီးကို မိစ္ဆာဒိဋ္ဌိအယူ၌ စွဲနေမယ် ဆိုလို့ရှိရင် ငရဲကျ ဦးမယ်ကွ လို့ ဆိုတော့ သူလဲ ငိုပြန်တာပဲ (မှန်ပါ့ ဘုရား) နှစ်ယောက်စလုံး ငိုတာပဲ။

ကဲ ဦးဘသန်း တွေ့တယ်မဟုတ်လား (မှန်ပါ့) ထင်ရာလုပ်နေကြတာ (မှန်ပါ့)။

အဲဒီတော့ ခင်ဗျားတို့ တိုက်တွန်းတယ်လို့ဆိုတာ မောင်ထွန်းအောင်တို့ မှတ်ရမယ်၊ နောက် ဘုန်းကြီးတို့လို ပြော မည့်ဆိုမည့်သူ မရှိတော့ဘဲ သာသနာ ကွယ်သွားမည်ဆိုလို့ရှိရင် ဦးဘသန်း ကိုယ်ထင်ရာ ကိုယ်လုပ်ကြမှာပဲ (မှန်ပါ့)။

အခုတောင်မှ အချို့ဘာသာ အယူဝါဒ မရှိဘူး၊ မဟုတ်ဘူး လား (မှန်ပါ့) တိတ္ထိတွေမှာ ဘာသာ အယူဝါဒ ရှိပါရဲ့လား သဿတသမားတွေ (မှန်ပါ့) သဿတဒိဋ္ဌိတွေ ဆိုတော့ ခန္ဓာဟာ ခိုင်တယ် မြဲတယ်လို့ ယူပစ် လိုက်တာကိုး (မှန်ပါ့ ဘုရား)။

သူတို့ကလဲ သဿတဒိဋ္ဌိတွေ ဆိုတော့ ခင်ဗျားတို့က ကွက်ကွက်ကလေးထဲ လူပေါင်း ထောင်, သန်း, ထဲတောင်မှာ ကွက်ကွက်ကလေးထဲမှာ ဒီထောင်တတ်တဲ့ နားကလေး ပါလာပြီးတော့ အယူမှန်ကလေး ဆရာဘုန်းကြီးနဲ့တွေ့မှသာ ခင်ဗျားတို့ သစ္စဉာဏ် ရတာကိုး (မှန်ပါ့ ဘုရား)။

နဂိုက ကမ္မဿကတ ဉာဏ်ကလေးနဲ့ ကောင်းတာလုပ် ကောင်းကျိုးပေးမယ်နဲ့ ဒါနဲ့ အချိန်ကုန်လာကြတာကိုး (မှန်လှပါ ဘုရား)။

အဲဒီတော့ကို လ, သာတုန်းဗိုင်းငင်လို့ ရှေးစကားတွေရှိပါ တယ် (မှန်ပါ့) ဝါထွက်တဲ့ အရပ်တွေမှာ လသာတုန်း ဗိုင်းငင် ဆိုတော့ ခင်ဗျားတို့လဲ ရှေးမှီတဲ့ လူတွေဆိုတော့ ကြားဖူးကြတာပေါ့ ဒီစကားကို (မှန်ပါ့)။

ဝိပဿနာဉာဏ်ပျောက်ဖို့သာရှိတယ်

ဒီမှာလဲ အခုသာသနာ လ, သာတုန်း ခင်ဗျားတို့ ဝိပဿနာ အလုပ်ကို လုပ်လို့ပြောတာ (မှန်ပါ့) နောင်ကို မလာနိုင်ဘူး (မှန်ပါ့) နောင်ကိုတော့ ပေါ်မှာ မဟုတ်ဘူး၊ ပျောက်ဖို့ရာသာရှိတယ် ဦးဘသန်းနော် (မှန်ပါ့)။

အခုလဲ ဘုန်းကြီးတို့ တစ်ဝိုက်မှာ ကွက်ကွက်ကလေးပေါ် တာ (အင်မတန် နည်းပါတယ်) အင်မတန် နည်းပါတယ်။ ဘယ်လောက်ကြီး လူကြီးဖြစ်ဖြစ် ဘယ်လောက်ကြီးတဲ့ ပုဂ္ဂိုလ်ကြီး တွေဖြစ်ဖြစ် ကမ္မဿကတ ဉာဏ်လောက်ပဲ ပြောနေတာပဲ (မှန်ပါ) ဒါပဲပြောတာပဲ (မှန်ပါ့)။

ကောင်းတာလုပ်, ကောင်းကျိုးပေးတယ်၊ မကောင်းတာ လုပ် မကောင်းကျိုးပေးတယ်၊ မင်းလုပ် မင်းခံရမှာပဲကွ၊ ဟော သဿတဒိဋ္ဌိပြောတာပဲ (မှန်ပါ့)။

မင်းလုပ်တော့ မင်းခံဆိုတာ ဟိုမှာလဲ မင်းထင်နေတာပဲ (မှန်ပါ့) သဿတဒိဋ္ဌိ သမားမှန်က အကြောင်းအကျိုးက မဝေဖန်တတ်ဘူး၊ ဝေဖန်တတ်ပြန်လဲ လည်လည်ပတ်ပတ်မပြော တတ်ဘူး၊ ဦးဘသန်း သိပ်ကြောက်စရာ ကောင်းပါလား (မှန်ပါ ဘုရား)။

အဲဒီ သဿတဒိဋ္ဌိကလဲ ကုသိုလ်လုပ်ရင် ကုသိုလ်ရတာ တော့ဟုတ်ပါရဲ့၊ ဒိဋ္ဌိမပြုတ်တဲ့ အတွက် မဂ်ဉာဏ်, ဖိုလ်ဉာဏ် ကျတော့ တားချလိုက်တာပဲ (မှန်ပါ့) နိဗ္ဗာန်ကျတော့ တားချ လိုက်တာပဲ (မှန်ပါ့)။

ကဲ ကြည့် ဘုရားပွင့်နေတုန်းကို ဒီအယူကြီးက ရှိနေတယ် (မှန်ပါ့) နွားလိုကျင့်တဲ့အယူ, ခွေးလိုကျင့်တဲ့အယူ (မှန်ပါ့) ဒါတွေဟာ မှားတဲ့အယူပဲ ဖြစ်မနေဘူးလား (နေပါတယ် ဘုရား)။

ဒါနဲ့ သေနိယက ဒါဖြင့် ဘုရား တဲ့ တပည့်တော်တို့ ကို ဟောပါတဲ့၊ မှန်တဲ့တရားကို ကျင့်ပါရစေတဲ့ (မှန်ပါ့) အခုတရားဟာက သူ့အကျိုးအပြစ်သာ ပြောရသေးတယ် တရား မဟောရသေးပဲ (မှန်ပါ့) တရား မဟောရသေးဘူး၊ သူတို့မေးတာ ဖြေတုန်းပဲ ရှိသေးတယ် (မှန်ပါ့)။။

အဲဒီလို ဖြစ်ပြီးနေတော့ ကိုင်း ဒါဖြင့် မင်းတို့ ကျင့်စရာ ငါပြောမယ်ဆိုပြီးသကာလ ဘုရားက တရားဟောပြီ (မှန်ပါ့) တရားဟောတော့ မင်းတို့က သေသေချာချာ မှတ်ကြရတော့မယ် (မှန်ပါ့)။

ကံလေးမျိုးဆိုတာ

ကံလေးမျိုးခွဲမယ်ဟေ့ တဲ့၊ မည်းတဲ့ကံ မည်းတဲ့ အကျိုးပေးတာက တစ်မျိုး, ဖြူတဲ့ကံ ဖြူတဲ့ အကျိုးပေးတာက တစ်မျိုးနော် (မှန်ပါ) အမည်းအဖြူရောတဲ့ကံက အမည်း အဖြူရောပြီး အကျိုးပေးတာက တစ်မျိုး၊ အမည်းအဖြူမရောတဲ့ ကံက အမည်းအဖြူမရောတဲ့ အကျိုးပေးတာက တစ်မျိုးတဲ့၊ ဘယ်နှစ်မျိုး ရှိသွားပလဲ (လေးမျိုးရှိပါပြီ ဘုရား)။

ပြန်ပြောလိုက်ပါဦးမယ်၊ ဒါ အရေးကြီးတဲ့တရား (မှန်ပါ့ ဘုရား)

၁။မည်းတဲ့ကံက မည်းတဲ့ အကျိုးပေးတယ်ကွ၊ ၁နံပါတ် (မှန်ပါ့ ဘုရား)

၂။ဖြူတဲ့ကံက ဖြူတဲ့ အကျိုးပေးတယ်ကွ၊

၃။အမည်းအဖြူ ရောတဲ့ကံက အမည်းအဖြူရောတဲ့ အကျိုးပေးတယ် ကွ

၄။အမည်းအဖြူ မရောတဲ့ကံက အမည်းအဖြူမရောတဲ့ အကျိုး ပေးသကွ ဆိုတော့ ဦးဘသန်း ဘယ်နှစ်မျိုးရှိသွား ပြီလဲ (လေးမျိုးပါ ဘုရား)။

ပြောစမ်း ၁-နံပါတ်ကဘာတုံး ( ၁-နံပါတ်က အမည်းကံကအမည်းအကျိုးပေးပါတယ် ဘုရား) အဖြူကံက (အဖြူ အကျိုးပေးပါတယ်) အမည်း, အဖြူရောတဲ့ကံက (အမည်းအဖြူ ရောတဲ့ အကျိုးပေး ပါတယ်) အမည်း အဖြူမရောတဲ့ ကံက (အမည်းအဖြူ မရောတဲ့ အကျိုးပေးပါတယ် ဘုရား)။

ဒါ သေနိယတို့ ပုဏ္ဏတို့ကို ဟောနေတာနော် (မှန်ပါ့ ဘုရား)။

အမည်းကံ

အဲဒီတော့ကွာ တဲ့၊ ငါရှင်းပြမယ်တဲ့၊ ဒါ အကျဉ်းရှိ သေးတယ် အကျယ် ငါဟော ပြောပြမယ် တဲ့၊ မင်းတို့ အကုသိုလ် ဆယ့်နှစ်ခုနဲ့ ပြုတဲ့ကံတွေ ကတော့ဖြင့် သူတို့က မည်း တဲ့ကံ ဖြစ်နေလို့ အပါယ်လေးဘုံပဲ အကျိုးပေးတယ်ကွတဲ့။ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အကုသိုလ်ကံကတော့ အပါယ်လေးဘုံပဲ အကျိုးပေးတော့ အမည်းကံမို့ အမည်းကံပဲ အကျိုးပေးတယ် (မှန်ပါ့) ဒါ မှတ်လိုက်ရမယ်နော် (မှန်ပါ့)။

အဖြူကံ

ခင်ဗျားတို့ရှေးတုန်းက ပြုထားတဲ့ ကျွေးကြ, မွေးကြ, လှူ ကြတန်းကြတဲ့ ကံတွေဟာ အခုလို သစ္စာ မသိခင်တုန်းကပေါ့ဗျာ (မှန်ပါ့) အဲဒါကတော့ အဖြူကံတွေတဲ့ အဖြူအကျိုးပေးတယ် တဲ့ နတ်ရွာသုဂတိပဲ အကျိုးပေးတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဖြူကံက (အဖြူ၊ အကျိုး ပေးပါတယ် ဘုရား) ဘယ် ကံတုံးမေးတော့မှ ကာမာဝစရ ကုသိုလ်ကံက ကာမာဝစရ အကျိုးပေးတာပဲ (မှန်ပါ့) ကာမာဝစရ ကုသိုလ်ရှစ်ခုပေါ့ဗျာ (မှန်ပါ့) နှစ်ခုပြီးသွားပြီနော် (မှန်ပါ့)။

အမည်းအဖြူရောတဲ့ကံ

အမည်း, အဖြူရောနေတဲ့ကံက အမည်း, အဖြူအရော ကို အကျိုးပေးတယ်၊ ဒါက ဘာတုံး ဆိုတော့ နွားသတ်၊ ဝက်သတ် ပြီးတော့မှ အလှူပေးတဲ့ အလှူမျိုးပေါ့ဗျာ။ မုဆိုး, တံငါကပေးတဲ့ အလှူလည်း ရှိသေးတာကိုးဗျ (မှန်ပါ့)။

အဲဒါကျတော့ သူပြုထားတဲ့ ဥစ္စာက အကုသိုလ် လှူတာ က ကုသိုလ်ဆိုတော့ အကုသိုလ် လုပ်ပြီး ကုသိုလ်လုပ်တာကိုး (မှန်ပါ့)။ ကုသိုလ်ပြုတယ် ဆိုတော့ အမည်း, အဖြူမရော ဘူးလား (ရောပါတယ် ဘုရား)။

ဆင်ဖြူတော်

အဲဒါကျတော့ကွာ တဲ့ ဟို နတ် နဂါးကြီးတွေ ဆင်ဖြူတော်ကြီးတွေ ဒီလိုဟာ အကျိုး ပေးတယ်တဲ့ (မှန်ပါ့) အမည်း,အဖြူ ရောပြီး အကျိုးပေးတယ် (မှန်ပါ့) တိရစ္ဆာန်ဖြစ်ရတာက အမည်းကြောင့် (မှန်ပါ့) ဆင်ဖြူတော်ကြီး ဖြစ်ရတာက ကုသိုလ်ပြုလို့၊ ကမ္မဿကတဉာဏ်ကြောင့် ပေါ့ဗျာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အမည်း,အဖြူရောတဲ့ကံက (အမည်း,အဖြူး ရောတဲ့အကျိုးပေးတယ်) ဆင်ဖြူတော်တို့ အဿတိုရ်တို့ ရှင်ဘုရင့်နန်းတော်မှာ ရွှေဇလုံကြီးတွေနဲ့ စားတဲ့တိရစ္ဆာန်တွေပေါ့ဗျာ (မှန်ပါ့) နတ်နဂါးမင်းကြီးတွေ မရှိပေဘူးလား (ရှိပါတယ် ဘုရား)။

အဲဒီလို နတ်နဂါးမင်းကြီးတွေ ပြီးတော့ နေ့စံ-ညခံဆိုတဲ့ ပြိတ္တာတွေ အဲဒါတွေဟာ နဂိုက အမည်း,အဖြူရောတဲ့ကံ လုပ်လို့ အမည်း,အဖြူ အကျိုးပေးတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ကာမာဝစရနဲ့ အကုသိုလ်ရောလုပ်တယ် (မှန်ပါ့ အကုသိုလ်နဲ့ကုသိုလ် ရောနေပါတယ် ဘုရား)။

ဒီလိုဆိုတော့ အခု ပြောခဲ့တဲ့ သုံးမျိုးဟာ သုံးမျိုးစလုံး – မကောင်းသေးဘူး (မှန်ပါ့ ဘုရား) အမည်းကံကလဲ အကျိုးပေး မကောင်းဘူး (မှန်ပါ့) အပါယ်လေးပါးပဲ အကျိုးပေးတယ် (မှန်ပါ့)။

အဖြူကံကလဲ သုဂတိ အကျိုးပေးတယ် ဆိုပေမယ့် နိဗ္ဗာန်မှ မပါသေးဘဲ (မှန်ပါ့ ဘုရား) မပါသေးတော့ သူလဲ ကျုပ်တို့ အကြိုက်ကြီး ကြိုက်လို့ မရသေးဘူး (မှန်ပါ့) အမည်း,အဖြူ ရောတဲ့ကံလဲ ကျုပ်တို့ အကြိုက်ကြီး ကြိုက်ဖို့ မလိုဘူး (မှန်ပါ့) ဘုရား)။

အမည်းအဖြူမရောတဲ့ကံ

ဒါဖြင့် ကျုပ်တို့ အမည်း,အဖြူ၊ မရောတဲ့ကံ အရေးကြီးတယ် လို့ ဆိုတော့ ခင်ဗျားတို့လုပ်နေတဲ့ မဂ္ဂင်ဟာ အမည်း,အဖြူ မရောတဲ့ ကံပဲ (မှန်ပါ့) ဒီနေ့ည ဒါ ရှင်းသွားပြီနော် (မှန်ပါ့) သူကတော့ မရောဘူး (မရောပါ ဘုရား), အကုသိုလ်လဲ မပါဘူး၊ ဘုံဘဝ လဲ အကျိုမပေးဘူး၊ ဘုံဘဝ အကျိုး ပေးရင် ဒုက္ခသစ္စာ လာဦးမှာ ကိုးဗျာ (မှန်ပါ့ ဘုရား)။

အဲဒီတော့ သူကတော့ဖြင့် နိဗ္ဗာန်သာ အကျိုးပေးတဲ့ အတွက် အမည်း,အဖြူ မရောတဲ့ကံလို့ မှတ်ပါ (မှန်ပါ့ ဘုရား)။ ခင်ဗျားတို့ အားထုတ်နေတဲ့ စေတနာသည် ဝိပဿနာ ဉာဏ်တွေဟာ အမည်း,အဖြူ မရောလို့ အမည်း,အဖြူမရောတဲ့ အကျိုးပဲ ပေးတယ် (မှန်ပါ့ ဘုရား)။

အမည်းကိုလဲ သူအကျိုးမပေးဘူး၊ အဖြူ ဒုက္ခသစ္စာကိုလဲ အကျိုးမပေးဘူး၊ သုခသစ္စာ ဖြစ်တဲ့ နိဗ္ဗာန်ပဲ အကျိုးပေးတယ် (မှန်ပါ့ ဘုရား)။

အသိခက်တဲ့တရားတော်

ဒါဟာ အင်မတန်ကောင်းတဲ့ တရားလို့မှတ်လိုက်စမ်းပါ (မှန်ပါ့) အသိခက်တဲ့တရား (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒီအမည်း,အဖြူ၊ မရောတဲ့ကံဆိုတာ ဝိပဿနာ မဂ်ဉာဏ်နဲ့ လောကုတ္တရာ မဂ်ဉာဏ်ပဲ ဆိုပါတယ် (မှန်ပါ့) – ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါပေမယ့် ဒီကံကအမည်းလဲ အကျိုး မပေးနိုင်ဘူး၊ အဖြူလဲ အကျိုးမပေးဘူး၊ အရောလဲ အကျိုး မပေးဘူး။

ဘာကြောင့်တုံးလို့ မေးစရာရှိတဲ့ အခါကျတော့ သူက ကွာတဲ့ ကံဖြတ်တဲ့ တရားတဲ့ ဒီဟာ တစ်ချက် (မှန်ပါ့)။

ကံဖြတ်တဲ့တရားတဲ့၊ အမည်းကံလဲ ဖြတ်တယ်၊ အဖြူကံ လဲ (ဖြတ်ပါတယ်) အမည်း,အဖြူ ရောတဲ့ ကံကော (ဖြတ်ပါ တယ်) အဲ သူကတော့ ကံဖြတ်ကွတဲ့ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ အလုပ်ဟာ အလုပ်မှန်ပေါ့ (မှန်ပါ့) အမည်းကံက အကျိုးပေးနေလဲ ခင်ဗျားတို့ မဆုံးတော့ဘူး၊ အဖြူ ကံက အကျိုး ပေးရင်ကော (မဆုံးပါ) မဆုံးတော့ဘူး။ လှည့် သွားမှာပဲ (မှန်ပါ့) အဖြူကံက အကျိုးပေးရင် နတ်ပြည်ရောက် တယ်၊ နတ်ပြည်ကျတော့ မိုက်တွင်းနက်ဦးမှာပဲ (မှန်ပါ့)။

မိုက်တွင်းနက်ပြီး တစ်ခါအကျိုးတွေက ဆက်ပေးသွားမယ် (မှန်ပါ့) ဆိုတော့ ဆုံးနိုင်စရာ မြင်သေးရဲ့လား (မမြင်ပါ) အမည်း အဖြူရောတဲ့ ကံက တိရစ္ဆာန်ဆိုတော့ မဂ်ဉာဏ်,ဖိုလ်ဉာဏ်ရနိုင် တဲ့ ဘဝမှ မဟုတ်တော့ (မှန်ပါ့) ထင်ရာသွား၊ ထင်ရာစားနဲ့ပဲ အချိန်ကုန်သွားတော့ အောက်သာ ပြန်ဆက်မှာပဲ (မှန်ပါ့) သဘောပါသလား (ပါ ပါပြီ ဘုရား)။

ဒါဖြင့် အမည်း၊ အဖြူမရောတဲ့ကံသည် ကံဖြတ်လို့ မှတ်လိုက် (မှန်ပါ ဘုရား)။

ကံသုံးမျိုးကိုဖြတ်တယ်

အမည်းအဖြူ မရောတဲ့ ကံသည် (ကံဖြတ်ပါတယ် ဘုရား) ဘယ်ကံကို ဖြတ်သတုံးဆိုတော့ ခုနင်က သုံးကံကိုဖြတ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)၊

ခုနင်က သုံးကံကို (ဖြတ်ပါတယ်) ကိုင်း ဒါဟာ တို့လုပ်နေတဲ့ အလုပ်ဟာဖြင့် ကံဖြတ် အလုပ် မှန်ပါကလား ဆိုတာ ယနေ့ ဆုံးဖြတ်ချက်ချလိုက် (မှန်ပါ့) နားလည်ပလား (မှန်ပါ့ ဘုရား)။

ယနေ့ တို့လုပ်နေတဲ့ အနိစ္စ လက္ခဏာတွေကို ကြည့်နေတဲ့ အလုပ်၊ ဒုက္ခလက္ခဏာတွေ ကြည့်နေတဲ့အလုပ် အနတ္တလက္ခဏာတွေကို ကြည့်နေတဲ့ အလုပ်ဟာ ဘာအလုပ်ပါလိမ့်တုံးလို့ ခင်ဗျားတို့မေးလို့ရှိရင် ကံဖြတ်တဲ့အလုပ်ပဲ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဒီကြားမှာ စကားညှပ်ပြီး ဆရာဘုန်းကြီးက သတိပေး လိုက်ပါတယ်၊ ခင်ဗျားတို့က ဘယ်တော့များ ကံကောင်းပါမတုံး တောင့်တနေတဲ့လူတွေ (မှန်ပါ့) မတောင့်တ, ဘူးလား (တောင့်တပါတယ် ဘုရား)။

ဘယ်တော့များ ဦးအောင်ဇံဝေတို့ နဂိုအစိုးရ အလုပ်လုပ်ခဲ့ တုန်းက ရာထူးကြီးများ တက်ပါ မတုံး ဆိုတာ ကံကလေးမျှော် နေတာပဲ (မှန်ပါ့)။

နောက်ပြီးတော့ ရှေ့နေလုပ်တဲ့ ဦးဘသန်းကလဲ ဘယ်တော့များ အမှုတွေများ များများ လာပါ့မတုံး ဘယ်လကျမှ အကျိုးပေးပါ့မတုံး (မှန်ပါ့) ကံမျှော်နေကြတာ (မှန်ပါ့)။

ဒီကံတွေကြောင့် ခင်ဗျားတို့ ကမ္မံဝိပါကဿ ဆိုတော့ ကမ္မံ ကံသည်၊ ဝိပါကဿ အကျိုးပေး ဝိပါက်အား၊ ကမ္မပစ္စယေန= ကမ္မပစ္စယသတ္တိဖြင့်၊ ပစ္စယော ဥပကာရကော ကျေးဇူးပြု သည်၊ ဟောတိ = ဖြစ်၏၊ ကမ္မပစ္စည်းပဲ (မှန်ပါ့ ဘုရား)။

အဲဒီတော့ အကျိုးပေးကလဲ ဒုက္ခသစ္စာပဲ (မှန်ပါ့) အကျိုး ပေးက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) အဲဒါ မျှော်နေတာ (မှန်ပါ့) ခင်ဗျားတို့ မိုက်တုန်းကပေါ့လေဗျာ (မှန်ပါ့)။

ဘာမျှော်သတုံး (အကျိုးပေးမျှော်ပါတယ်) ဒုက္ခ သစ္စာ မျှော်နေတာ (မှန်ပါ့ ဘုရား)။

အကျိုးပေးမျှော်နေတာ နည်းနည်းကလေး ကြီးတဲ့အခါ မှာ ဒုက္ခဝန်ကြီး ထမ်းရတာပေါ့ဗျာ (မှန်ပါ့) အမှုတွေများများ လိုက်ရတဲ့အခါ အကုသိုလ် များများ ဖြစ်တာပေါ့ (မှန်ပါ့)။

ကံမျှော်နေတာ ဒုက္ခသစ္စာမျှော်တာ

ဒါကို ဦးဘသန်းတို့လူစုက အကျိုးပေးနေတယ်၊ ဝမ်းများ သာနေလိုက်သေးတယ် (မှန်ပါ့) ရူးတုန်းကပေါ့လေ (မှန်ပါ့) မသိခင်တုန်းက (မှန်ပါ့ ဘုရား)။

အဲဒီတော့ကို ခင်ဗျားတို့ မျှော်တဲ့ကံ ဟူသရွေ့ဟာက ဒုက္ခ သစ္စာအကျိုးပေးတယ် (မှန်ပါ့ ဘုရား) တစ်သောင်း ရှိတဲ့လူ ကလဲ တစ်သောင်းနဲ့ ရင်းရရင် ကုန်တွေများမှာပဲဆိုရင် များတဲ့ဒုက္ခ ပိုလာတယ် (မှန်ပါ့ ဘုရား)။

စာရင်းစာအုပ်များများ မှတ်ရတာလဲ ပိုလာတာပဲ (မှန် ပါ့) ကြွေးပေးရတာ များများကော (ပိုလာပါတယ်) ပိုလာ တာပဲ လောဘကော အရင်ထက် သေးသွားသလား ကြီးလာသ လား (ကြီးလာပါတယ် ဘုရား)။

ဒါဖြင့် သမုဒယသစ္စာ ကြီးလာရင် ဒုက္ခသစ္စာကြီးရမယ် ဟင် (မှန်ပါ့) သမုဒယသစ္စာ ကြီးလာရင် ဒုက္ခသစ္စာကြီးရ မယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ နဂိုက နားမလည်ခင်တုန်း ကတော့ အကြီးကြိုက်ဖြစ်နေတယ်၊ ဒုက္ခကြီးကြိုက် (မှန်ပါ့ ဘုရား)။

ဥပမာမယ် လယ်ဧက နှစ်ထောင်လောက်ရှိတယ်၊ ဦးဘသန်းမှာဟုတ်လား (မှန်ပါ့) သား၊ သမီး၊ မြေး၊ မြစ်တွေ ဝေခြမ်း ပေးလိုက်တယ်၊ နောက်တော့ အစိုးရက သိမ်းလိုက် တယ်ဆိုရင် အံမာ ဒုက္ခကြီးတွေ ပျောက်သွားလို့ ဖြစ်ရလေ ခြင်းကွာ အတော်စုထားတာ ဖြစ်ရလေခြင်းကွာတဲ့ ဒီဒုက္ခ တွေကို လွမ်းနေတာ (မှန်ပါ့)၊ မလွမ်းဘူးလား (လွမ်းပါ တယ် ဘုရား)။

အရင်တုန်းက လွမ်းတယ်လေ၊ အခုတော့ မနိုင်ဝန်မို့ လျှော့လိုက်တာ (မှန်ပါ့ ဘုရား)။

မနိုင်ဝန်မို့ လျှော့လိုက်တာ ဦးဘသန်းတို့လူစုက (မှန်ပါ့) အဲဒါ ဒုက္ခကြီးတွေ ကြိုက်နေ တယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒါဟာတဲ့ အိုစာမင်းစာရယ်လို့ ရသရွေ့ကလေးနဲ့ မြေတိုး ထားတာကွ (မှန်ပါ့) မြေတိုးထားတာ၊ ဟို သူတစ်ပါးနဲ့ တရားဖြစ်ပြီး မြေတိုးထားတဲ့လူနဲ့ တယ်မထူးဘူး (မှန်ပါ့) အဲ မြေတိုးထားတာပဲ (မှန်ပါ့)။

မြေတိုး အားကိုးနေတာကိုးဗျ (မှန်ပါ့) အဲဒီတော့ ဘာအားကိုးတာတုံး မေးတော့ ဒုက္ခကြီး အားကိုးနေတာ (မှန်ပါ့) ဒုက္ခ အားကိုးနေတာ၊ မြေနည်းတာ မကြိုက်ကြပါဘူး၊အင်း ဒုက္ခနည်းရင် မကြိုက်ဘူး။

အိမ်မှာ ခင်ဗျားတို့ ကော်ဇောကြီးတစ်ချပ် ခင်းစရာရှိ တယ်တဲ့၊ ဒီတစ်ချပ်မှ ခင်းစရာ မရှိဘူးဆိုရင် ခင်ဗျားတို့ မကြိုက်ဘူး (မှန်ပါ့) နှစ်ချပ်များ ပွေ့ထမ်းရလို့ရှိရင် အတော်ကျေနပ်တဲ့ လူတွေ မဟုတ်ဘူးလား (မှန်ပါ့)။

ဒါဖြင့် ဝန်လေး ကြိုက်တာလား၊ ဝန်ကြီး ကြိုက်တာလားလို့ မေးရင် ဘယ့်နှယ်ဖြေမလဲ (ဝန်ကြီး ကြိုက်ပါတယ်) ဝန်ကြီး ကြိုက်တာပေါ့ဗျ၊ မဟုတ်ဘူးလား (မှန်ပါ့)။

အိမ်မှာ ကလေးတွေများ ဟိုသွား၊ ဒီသွား၊ သွားကုန်လို့ ရှိရင် အဘိုး အဘွားတွေက ဦးဘသန်း ကျေနပ်ကဲ့လား (မကျေ နပ်ပါ) မကျေနပ်တာက ဒုက္ခကလေးတွေ ပျောက်သွားလို့ (မှန်ပါ့)။

ဒုက္ခသစ္စာမသိရင် ကံကိုကြိုက်တယ်

ဒုက္ခနဲ့ခွဲလိုက်ရတာနဲ့ ဘာဖြစ်ကုန်သတုံး (မကျေနပ် ပါ) ဒါကြောင့် ခင်ဗျားတို့ ဒုက္ခသစ္စာ သိခဲတယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ ဒုက္ခသစ္စာမသိတဲ့ ပုဂ္ဂိုလ်မှန်ရင် ကံကိုကြိုက် တယ် (မှန်ပါ့) ဒါမှတ်ထားပါ (မှန်ပါ့)။

ဒုက္ခသစ္စာမသိတဲ့ ပုဂ္ဂိုလ်ဆိုရင် (ကံကိုကြိုက်ပါတယ်) ကံကလဲ ဘာကို အကျိုးပေးသတုံး (ဒုက္ခသစ္စာ အကျိုးပေးပါ တယ် ဘုရား)။

အဲ သူမသိလို့ ကြိုက်တာ (မှန်ပါ့) ဒါဖြင့် အဝိဇ္ဇာ ကြောင့် ကြိုက်နေတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာနဲ့ကြိုက်နေတာလဲ (အဝိဇ္ဇာနဲ့ကြိုက်နေတာပါ) အဝိဇ္ဇာ က ဖုံးထားလို့ တဏှာက ကြိုက်နေတာပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဝိဇ္ဇာက (ဖုံးထားလို့ပါ) တဏှာက (ကြိုက်ပါတယ်) တဏှာက ကြိုက်တယ်ဆိုတာ မသေချာဘူးလား (သေချာ ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ဟာ ဆရာကောင်း၊ သမားကောင်းနဲ့ သာ မတွေ့မယ်ဆိုရင် ဒုက္ခတွေ ပျောက်သွားတာတောင် မျက်ရည် ကျသေးတာလား (မှန်ပါ့ ဒုက္ခပျောက်ရင် မျက်ရည် ကျပါ တယ် ဘုရား)။

ဒီ ဒုက္ခကလေး ပျောက်သွားမှာစိုးလို့ ဆရာဝန်ရှာရတာ တွေကိုတစ်ပုံကြီး (မှန်ပါ့) သားကလေး၊ မြေးကလေး မကျန်းမာ မယ်ဆိုလို့ရှိရင် ဒီဒုက္ခကြီး ပျောက်သွားမှာစိုးတာနဲ့ကို မနည်း ငွေကုန်ခံပြီး ဒီဒုက္ခကလေးကို မရရအောင် ဆွဲယူရတာ ဒုက္ခ ကြိုက်သလား၊ မကြိုက်ဘူးလား ဆိုတာကော (ကြိုက်ပါတယ် ဘုရား) ထင်ရှားနေတယ်။

အဲဒီတော့ သစ္စာမသိတုန်းကတော့ ဒီလိုဖြစ်နေတာပဲ (မှန်ပါ့ ဘုရား) ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါလဲသစ္စာ မသိတုန်းက ဒါကြိုက်တာပဲကွတဲ့ – (မှန်ပါ့) သစ္စာသိမှ ဒါတွေ လွတ်ပေတော့ တယ်တဲ့ (မှန်ပါ့) ဆိုတော့ ဦးဘသန်း မပြော ထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား) ဟောထိုက်တယ် နော် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့လုပ်နေတဲ့ကံကတော့ ဘာကံခေါ်မလဲ (ကံဖြတ် တရားပါ ဘုရား) ကံဖြတ်တရား (မှန်ပါ့) ကျယ်ကျယ် ပြောရင် အမည်း၊ အဖြူမရောတဲ့ကံ (မှန်ပါ့)။

ကျယ်ကျယ်ပြောရင်တော့ (အမည်း၊ အဖြူမရောတဲ့ ကံပါ) ကျဉ်းကျဉ်းပြောလိုက်တော့ (ကံဖြတ်တရားပါ ဘုရား)။

ဘယ်ကံတွေ ဖြတ်သတုံးမေးတော့ ဘယ့်နှယ်ပြောမလဲ ၁၊၂၊၃၊ ဖြတ်တယ် (အမည်းရော၊ အဖြူရော၊ အမည်းအဖြူ ရောတာပါ ဘုရား)။။

ဒါတွေ အကုန်ဖြတ်ချလိုက်တယ် (မှန်ပါ့) အဲဒီကျ တော့မှ ဒုက္ခလွတ်သွားတယ် (မှန်ပါ့)။

ဒါကြောင့် ခင်ဗျားတို့လုပ်နေတဲ့အလုပ်ကို သံသယမရှိ ဘဲနဲ့ သော် ဒီအလုပ်မှ ကံဖြတ်အလုပ် ဖြစ်နေသော ကြောင့် ဒုက္ခသစ္စာ အကျိုးပေးတွေတော့ဖြင့် ငါတို့အိုးစာကွဲတော့မှာပဲ ကျွတ်ရပေ တော့မယ်၊ လွတ်ရ ပေတော့မယ်ဆိုရင် ခင်ဗျားတို့ ဝမ်းမြောက် ဝမ်းသာနဲ့ လုပ်ပါ (မှန်ပါ့ ဘုရား)။ – ဝမ်းမြောက်ဝမ်းသာနဲ့ လုပ်ပါတဲ့၊ ဒါကြောင့် ဒီဝတ္ထုထုတ် လာတာပဲ (မှန်ပါ့) ဒီအကြောင်း ပေါ်လာ တာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အင်္ဂုလိမာလသူခိုးကြီး

ကိုင်း- ဒါဖြင့် ကံဖြတ်တဲ့အလုပ် ယနေ့စတွေ့ပြီ (မှန်ပါ့) ဪ ဝိပဿနာအလုပ်ဟာ ကံဖြတ် အလုပ်ပါကလား လောကုတ္တရာ မဂ်ဆိုက်သွားရင်လဲ ကံဖြတ် အလုပ်ပါကလား (မှန်ပါ့) ဆိုတော့ စဉ်းစားကြည့်ပါတဲ့၊ အင်္ဂုလိမာလသူခိုးကြီး ဟာ လူပေါင်း ထောင်သောင်း သတ်ပစ်တာပဲ (မှန်ပါ့)။ မဂ်အား ထုတ်လိုက်တာ ဦးအောင်ဇံဝေ ဟိုဟာတွေ အကျိုးပေးရဲ့ လား (မပေးပါ ဘုရား)။

ကံကို သူက ဖြတ်ချလိုက်တာ (မှန်ပါ့) သူက ဖြတ်ပစ် လိုက်တယ် မဂ်အလုပ် လုပ်တာနဲ့ ဟိုကံတွေ ပြတ်ထွက်သွား တယ် (မှန်ပါ့ ဘုရား)။

မုဆိုးကြီးမိသားစု

မုဆိုးကြီး သားခုနစ်ယောက် ချွေးမ ခုနစ်ယောက်နဲ့ တစ်သက်လုံး မုဆိုးလုပ်နေတာကို ဘုရားသွားပြီး သစ္စာတရား ဟောလို့ ကျွတ်တမ်းဝင်တာလဲ ဟို သူတစ်သက်လုံး လုပ်လာတဲ့ အကုသိုလ်တွေ အကျိုးပေးသေးရဲ့ လား (မပေး ပါ ဘုရား) ဒါဘာတုံး (ကံပြတ်ပါတယ် ဘုရား)ကံဖြတ်တရား။

ငါ ရှင်းရှင်းပြောမယ်ကွာ တဲ့၊ ငါ ဝေဿန္တရာမင်း လက်ထက်က လှူလာတဲ့ကံတွေက အကျိုးပေးမယ်ဆို ငါ ဘုရားတောင် မဖြစ်နိုင်ဘူးတဲ့ (မှန်ပါ့)။

အဲဒါတွေကိုလဲ သူ့မဂ်က ဖြတ်ပစ်ရတယ် (မှန်ပါ့ ဘုရား) နို့မဟုတ်ရင် အကျိုးပေး ဆုံးနိုင် ပါ့မလား (မဆုံးနိုင်ပါ) အဲဒီမှာ လှူထားတာ နည်းတဲ့ကုသိုလ်လား (မနည်းပါ)။

အဲဒါတွေ မဖြတ်ဘူးဆိုလို့ရှိရင်လဲ ဘုရားဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား) မဖြစ်နိုင်ဘူး ဆိုတော့ ဪ ဘုရားဖြစ်တာ ကံဖြတ်အလုပ် လုပ်လို့ပါကလား (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါကြောင့် သူကိုယ်တိုင် ဘုရားဖြစ်လာတော့ ကုသိုလ် အကုသိုလ်ကို ငါစွန့်လိုက်ပြီကွတဲ့ (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။

ကုသိုလ် အကုသိုလ်ကို ငါစွန့်လိုက်လို့ ဘုရားဖြစ်လာ တယ် ဆိုတော့ ကံဖြတ်တယ်ဆိုတာ သေချာသွားပလား (သေချာပါပြီ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် မောင်ထွန်းအောင်တို့ မင်းတို့ကို ငါအားထုတ် ခိုင်းတာ ဘာပါလိမ့် (ကံပြတ် တရားပါ ဘုရား ကံပြတ် အလုပ်ခိုင်း တာ (မှန်ပါ့ ဘုရား) မတော်အကျိုးပေးကုန်မှာစိုးလို့ (မှန်ပါ့ ဘုရား)။

ကြိုက်ကြိုက် မကြိုက်ကြိုက်လုပ်ပါ။

ဒုက္ခသစ္စာတွေ ဖြိုင်ဖြိုင်ကြီး လာနေမှာစိုးလို့ ဒါ ခင်ဗျားတို့ ကကြိုက်သည်ဖြစ်စေ၊ မကြိုက် သည်ဖြစ်စေ၊ ဒီအလုပ်လုပ်သာ လုပ်တော့ (မှန်ပါ့)။

မကြိုက်လဲလုပ်၊ မကြိုက်တာကို ဘယ့်နှယ်ကြောင့် တပည့်တော်တို့ အလုပ်ခိုင်းသတုံးဆိုတော့ အို မသိလို့ မကြိုက်တဲ့ လူမို့ သိတဲ့လူကပြင်ပေးတာ ဖိလုပ် (မှန်ပါ့ ဘုရား) မဟုတ်ဘူးလား (မှန်ပါ့)။

ခင်ဗျားတို့က ဘယ့်နှယ့် ဖြစ်နေကြသတုံး ဆိုတော့ ကျုပ် ပြောပြမယ်၊ ကလေးလေး၊ လေးဘက်သွား ကလေး တုတ်ချောင်း ကလေးတွေ ကောက်ကောက် မျိုတာနဲ့တူနေတယ်၊ အမေအဖေ ကတော့ သနားလို့ ဆွဲထုတ်ရတယ်၊ ငိုချင်ငို ဆွဲထုတ်ရတယ်၊ မထုတ်ရဘူးလား၊ (ထုတ်ရပါတယ် ဘုရား) ဘာဖြစ်လို့တုံး (သနားလို့ ထုတ်ရပါတယ် ဘုရား) နို့မဟုတ်ရင်သေမယ် သူ မသေပေဘူးလား (သေပါတယ် ဘုရား)။

ဒီမှာလဲ ခင်ဗျားတို့က ကလေးတွေလိုဖြစ်နေလို့ ကြိုက် ကြိုက်မကြိုက်ကြိုက် ဒီအလုပ်လုပ် သဘောပါပလား (ပါပါပြီ ဘုရား) ခင်ဗျားတို့က ကြိုက်နေလဲ သနားလို့ ဆွဲထုတ်ရမှာပဲ (မှန်ပါ့ ခိုင်းရမှာပါပဲ ဘုရား) ခိုင်းရမှာပဲ၊ မခိုင်းရင် ဖြစ်ကို မဖြစ်နိုင်ဘူး ခင်ဗျားတို့က ကလေးဖြစ်နေတာကိုး (မှန်ပါ့ ဘုရား)။

ကမ္မဿကတဉာဏ် ကြိုက်နေတယ် (မှန်ပါ့) မကြိုက်ဘူးလား (ကြိုက်ပါတယ်) ကြိုက်လို့ ရှိရင် ဒါဟာ တုတ်ချောင်းမျိုတာပဲ (မှန်ပါ့) လေးဘက်သွားကလေး တုတ်ချောင်း မျိုနေတာ ဆွဲမထုတ်လို့ ရှိရင် တော်ပါ့မလား (မတော်ပါ ဘုရား)။

ခင်ဗျားတို့ ငိုငို၊ မငိုငို အမေမိဘနဲ့တူတဲ့ ဆရာသမားက ဆွဲထုတ်ရမယ် (မှန်ပါ့) မထုတ်ရင် တော်ပါ့မလား (မတော်ပါ ဘုရား) ပေါ်ပလား (မှန်ပါ့)။

ဪ တို့ဟာ အတော်ဖျင်းတဲ့ လူတွေပါကလားဆို တာကော ဦးဘသန်းကိုယ့်ဟာကိုယ် ရိပ်မိပလား (ရိပ်မိပါပြီ)။

တကယ်ဖျင်းတာ (မှန်ပါ့ ဘုရား) သာမညဖျင်းတာလား လေးဘက်သွား ကလေးလောက် အခြေအနေ ရှိတာလားဆိုတာ သာ အကဲခတ်ကြည့် (လေးဘက်သွား ကလေးလောက် အခြေ အနေ ရှိပါတယ် ဘုရား) ဒါလောက် အခြေအနေ ရှိတယ်ဆိုပါတော့ (မှန်ပါ့) ကဲ ပေါ်သွားပြီ။

ဒါ့ကြောင့် ဒီဥစ္စာ ဦးဘသန်းတို့ ခင်ဗျားတို့ရှာပြီးတော့ ဒီဆရာသမားနဲ့တွေ့အောင် လိုက်လာတာ ဦးအောင်ဇံဝေတို့ လိုက်လာတာ ဪ တော်သေးရဲ့ လို့ ဘုန်းကြီးကလဲ ဝမ်းသာတယ် (မှန်ပါ့) နို့မဟုတ်ရင် ခင်ဗျားတို့ မိဘရိုးရာနဲ့ ပြောသံကြားနဲ့ လမ်းဆုံးပြီး နေမည့် လူတွေကိုး ဗျ (မှန်ပါ့) မဆုံးပေဘူးလား (မှန်ပါ့)။

ကမ္မဋ္ဌာန်းမှားတွေ

အကယ်၍တွေ့ပြန်တော့လဲ ဘာလုပ်ရမှန်း မသိပြန် ဘူး (မှန်ပါ့) လုပ်ပြန်တော့လဲ မမှန်မှာလဲ စိုးရသေးတယ် (မှန်ပါ ဘုရား) မစိုးရဘူးလား (စိုးရပါတယ် ဘုရား)။

ကမ္မဋ္ဌာန်းမှားတွေနဲ့ တွေ့သွားပြန်လဲ သွားပြန်ပြီ (မှန်ပါ့) ရူဟယ် ရှိုက်ဟယ် မဟုတ်ဘူးလား (မှန်ပါ့)။

ဒီလိုကလဲ ဖြစ်နိုင်တယ်၊ ပင်ပန်းသလောက် ခရီးမရောက် တာတွေကော ရှိသေးတယ် (ရှိပါတယ် ဘုရား)။ အဲဒါတွေကလဲ မကောင်းဘူးနော် (မှန်ပါ့)။

အဲဒီတော့ ခင်ဗျားတို့ အလိုက ကံမျှော်နေတဲ့ လူတွေ ဘုရားကလဲ ဒီကံမျှော်တဲ့လူကို သိပ်ကြောက်တယ်၊ ကုသိုလ် အကုသိုလ်တွေ စွန့်လိုက်လို့ ဘုရားဖြစ်လာတာ (မှန်ပါ့ ဘုရား) ကုသိုလ် အကုသိုလ် ဖြတ်ပစ်လိုက်လို့ ဘုရားဖြစ်လာတာ (မှန်ပါ့)။

မဂ်နဲ့သာ မဖြတ်သေးဘူးဆိုလို့ရှိရင် သူတို့က ဆက်အကျိုး ပေးနေမှာ (မှန်ပါ့) အကျိုးပေးနေလို့ရှိရင် လူ့ဘဝ၊ နတ်ဘဝ အပါယ်ဘဝ စုံမနေပေဘူးလား (စုံနေပါတယ် ဘုရား)။

စုံနေလို့ရှိရင် ဇာတိ၊ ဇရာ၊ မရဏတွေဟာ အကုန်ပါပြီး သားဖြစ်နေမှာပေါ့ (မှန်ပါ့) မဖြစ်စရာရှိသေးရဲ့လား (မရှိပါ) ဟိုဘက် ဇာတိမီးက ဆက်လှည့်မနေပေဘူးလား (နေပါတယ် ဘုရား)။

အဲ ဇာတိပြီး ဇရာ၊ ဇရာပြီး မရဏမီးပြန်လှည့်မှာပဲ။ မလှည့်ဘူးလား (လှည့်ပါတယ်) မဆုံးနိုင်ဘူး အဝိုင်းကြီးပေါ့ဗျာ (မှန်ပါ့)။

အဲဒီလိုဖြစ်ပြီး သကာလ နေမှာစိုးတဲ့အတွက် ခင်ဗျားတို့ လုပ်နေတဲ့ အလုပ်ဟာ ဘုရားက အကဏှအသုက္ကကံကွ တဲ့ (မှန်ပါ) မမည်းလဲ မမည်းဘူးကွတဲ့၊ မည်းရင်လဲ အကုသိုလ်ဘက် လှည့်သွားဦးမှာပဲ (မှန်ပါ့) ဖြူလဲမဖြူဘူးကွ တဲ့၊ ဖြူပြန် လဲ ကမ္မဿကတဘက်လှည့်မှာစိုးလို့ (မှန်ပါ့)။

တတိယကံကတော့ သူတို့နှစ်ခု ပေါင်းတာဆိုတော့ မထူးတော့ဘူး (မှန်ပါ့)၊ ထူးသေးရဲ့လား (မထူးပါဘူး ဘုရား)။

အဲ အမည်း၊ အဖြူမရောတဲ့ကံကဖြင့် ခင်ဗျားတို့ မဂ်ဆိုက်အောင်လုပ်တဲ့ အလုပ်ပဲရှိတယ် သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် အမည်း၊ အဖြူမရောတဲ့ကံမှ မလုပ်တဲ့ပုဂ္ဂိုလ်ဖြင့် ဟိုသုံးကံနဲ့လှည့်နေမှာပဲ (မှန်ပါ့) သဘောပါပလား (ပါပါပြီ) ဒါဖြင့် ကိုယ့်အလုပ်ကိုယ် စိတ်ချပလား (စိတ်ချပါပြီ ဘုရား)။

စိတ်ချတော့ အမည်း၊ အဖြူရောတဲ့ ကံလို့ ဘုရားက ဟောပြီ သေနိယတို့ ပုဏ္ဏတို့ကို ဟောတယ်ဆိုတဲ့ ဥစ္စာ သေချာ ပလား (သေချာပါပြီ ဘုရား)။

သေချာတော့ ခင်ဗျားတို့သည် ဪ ဒီနေ့ သေချာပြီ ဟေ့၊ ငါတို့လုပ်နေတဲ့ဥစ္စာ ကံကောင်းဖို့ လုပ်တာ မဟုတ်ဘူး၊ ကံ၊ ဖြတ်နေတာပေါ့ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာလုပ်နေတာတုံး (ကံဖြတ်တဲ့အလုပ် လုပ်နေတာပါ) ကံဖြတ်နေတာ၊ မဂ်က ဖြတ်နေ ကျကိုးဗျ (မှန်ပါ့) သမုဒယ သစ္စာလဲ သူဖြတ်တယ်၊ တဏှာ အရင်ဖြတ်လိုက်တော့ ဥပါဒါန်တို့ ကံတို့ကကော (ပြတ်ပါတယ် ဘုရား) ပဋိစ္စသမုပ္ပါဒ်နည်းနဲ့ ကြည့်လိုက်ပြန်လဲ ပြတ်နေတာပဲ (မှန်ပါ့)။

အကုသိုလ်ကံလဲပြတ်တယ်၊ ကုသိုလ်ကံတွေကော (ပြတ်ပါတယ် ဘုရား) ပြတ်ပါတယ် ဆိုတော့ ဒါကံဖြတ်ဆိုတဲ့ ဥစ္စာ ဪ ဝိပဿနာမဂ်ဉာဏ် ပါကလား ဝိပဿနာမဂ်တို့ လောကုတ္တရာမဂ်တို့ မှ တစ်ပါး ငါတို့ကို နိရောဓသစ္စာ ကျေးဇူးပြုတဲ့ တရားမရှိပါကလား၊ သူတို့ရမှသာ အေးမှာ ပါကလားဆိုပြီး ခင်ဗျားတို့ ကြိုးကြိုးစားစားလုပ်ရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီနေ့ ဒီတွင်တော်အုံး၊ နာရီစေ့ပြီ။

သာဓု သာဓု သာဓု။