ပုထုဇဉ်နဲ့ အရိယာ ဝေဒနာခံစားကြပုံ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မိုးကုတ်မြို့ မင်္ဂလာတိုက်၌ ဟောကြားတော်မူအပ်သော
ပုထုဇဉ်နဲ့ အရိယာ ဝေဒနာခံစားကြပုံ
ဝေဒနာလာရင် ထိုးစစ်ဆင်ရမည်
ညအလုပ်ပေးတရားတော်
(၂၀-၄-၆၂)
ခံစားပုံချင်း ဘယ်လိုထူးသလဲ
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးလက်ထက်က ရဟန်းတွေက မေးကြတယ်တဲ့၊ ဘယ်လို မေးသလဲလို့ မေးတော့ ဝေဒနာဆိုတာဘုရား ပုထုဇဉ်မှာလဲ ဝေဒနာရှိတာဘဲ၊ ရဟန္တာတွေ, ဘုရားတွေမှာလဲ ဝေဒနာရှိတာဘဲ၊ ဝေဒနာခံစားကြတာဘဲ၊ ခံစားပုံချင်း ဘယ်လိုထူးသလဲတဲ့၊ ဒါကို အမေးထုတ်လိုက်တယ် (မှန်ပါ့)။
ခံစားပုံချင်း ဘယ်လိုထူးသလဲလို့ အမေးထုတ်လိုက်တယ်၊ အမေးထုတ်လိုက်တော့ ပုထုဇဉ်ခံစားတာကို ငါ အရင်ရှင်းပြမယ်ကွာတဲ့၊ ပုထုဇဉ်ကတော့ကွာတဲ့ ခန္ဓာကိုယ်ထဲမှာ နာတဲ့ဒုက္ခဝေဒနာ ဖြစ်တယ်တဲ့၊ ကိုယ်ပေါ်မှာ ဒုက္ခ ဝေဒနာဖြစ်တယ်၊ ဥပမာ တခုခုနဲ့ ထိခိုက်တယ်၊ ဒီလို ဝေဒနာ ဖြစ်တဲ့အခါကျတော့ ပြင်ဘက်က ဒုက္ခဝေဒနာဖြစ်တော့ အတွင်းက ဒေါမနဿဖြစ်တယ်ကွတဲ့ (မှန်ပါ့)။
အဲဒီတော့ ပုထုဇဉ်မှာ လှံတချက်ထိုးလိုက်တာ နှစ်ချက်ထိသွားတယ်တဲ့၊ ပြင်ဘက်ထိုးလိုက်တာပြင်ဘက်လဲ ထိတယ် အတွင်းလဲ ထိတယ်တဲ့၊ ကိုယ်ပေါ်မှာတချက် ဝမ်းထဲမှာတချက် သွားထိတယ် (မှန်ပါ့) ဒါ ပုထုဇဉ်ကွတဲ့။
လေးချက်ဖြစ်နေတယ် ပုထုဇဉ်မှာ
အဲဒီတော့ ပုထုဇဉ်မှာတဲ့ ကိုယ်ပေါ်မှာတချက်, ဝမ်းထဲမှာတချက် ထိသွားတော့ကိုတဲ့ ဪ ဒီဝေဒနာ ကိုယ်၏ ဆင်းရဲခြင်း စိတ်၏ဆင်းရဲခြင်းဆိုတဲ့ ဝေဒနာနှစ်မျိုးဟာ သက်သာရင် ကောင်းမှာဘဲဆိုတဲ့ တဏှာတောင် လာလိုက်သေးတယ်တဲ့ (မှန်ပါ့)။
ပုထုဇဉ်မှာ သက်သာရင် ကောင်းမှာဘဲဆိုတဲ့ တဏှာ လာလိုက်သေးတယ်တဲ့။
ဒီတဏှာ လာတဲ့အခါကျလို့ရှိရင်လဲ ဒီတဏှာကို ဘယ်လိုနည်းနဲ့မှ ချုပ်အောင် မတတ်နိုင်တော့ဘူးလို့ သူ့ စိတ်ထဲမှာ ပေါ်နေတော့ အဝိဇ္ဇာပါ ဝင်လာသေးတယ်ကွတဲ့ (မှန်လှပါ ဘုရား)။
တဏှာချုပ်တဲ့နည်းကိုလဲ သူ မရှာတတ်တဲ့အတွက် အဝိဇ္ဇာနောက်ထပ် တိုးလာတယ်ဆိုတော့ကို လေးချက် ဖြစ်သွားပြီ (မှန်ပါ့)။
ဒုက္ခဝေဒနာတခု ပေါ်တယ် ဦးအောင်ဇံဝေ ဝမ်းထဲက ဒေါမနဿတချက်ဖြစ်တယ် (မှန်ပါ့) ဒေါမနဿဖြစ်တော့ ပျောက်ချင်တဲ့ တဏှာက လာပြန်တယ် (မှန်ပါ့)။
ဒီတဏှာချုပ်အောင် ဘယ်လိုကျင့်ရမယ်ဆိုတာ မသိပြန်တော့လဲ အဝိဇ္ဇာက လာပြန်တယ်တဲ့ (မှန်ပါ့) မလာ ဘူးလား (လာပါတယ် ဘုရား)။
ဒါဖြင့် သူ့မှာ လေးချက်ဖြစ်နေတယ် ပုထုဇဉ်မှာ (မှန်ပါ့) ဒါ ပုထုဇဉ်တိုင်းမှာ ဦးဘသန်း ဒီအတိုင်းမှတ်ပါ (မှန်ပါ့ ဘုရား)။
အပ်ကလေးနဲ့ ထိုးမိတယ်
ပြန်ပြောပါဦးမယ် တခေါက်၊ ကိုယ်ပေါ်မှာ အပ်ကလေးနဲ့ ထိုးမိတယ် ဦးအောင်ဇံဝေ ခန္ဓာကိုယ်ပေါ်မှာ မတော်တဆဒုက္ခဖြစ်တယ်၊ ဝမ်းထဲကလဲ ဒေါမနဿ သွားဖြစ်တာဘဲ၊ နှစ်ချက်ဖြစ်သွားတယ်၊ ဖြစ်တာက တချက်တည်း နောက်တချက်က အပိုပါလာတယ် ဦးဘသန်းရဲ့နော် (မှန်ပါ့)။
နောက်ကျတော့ ဦးအောင်ဇံဝေက ဘယ့်နှယ်ဖြစ်လာသတုံးလို့ မေးတဲ့အခါကျတော့ ဒီဟာ ပျောက်ချင်တဲ့ တဏှာ လာပြန်တာဘဲ၊ မလာဘူးလား (လာပါတယ် ဘုရား)။
ပျောက်ချင်တဲ့တဏှာ လာပြန်တော့ သူ့မှာ မကောင်းတာသုံးခုဖြစ်သွားပြီ ဒုက္ခ, ဒေါမနဿ, တဏှာ သုံးခု (မှန်ပါ့ ဘုရား)။
ဒီတဏှာကို ဘယ်လိုများ ဖြတ်ရပါ့မတုံးဆိုတဲ့ ဉာဏ်ကလဲသူ့မှာ မရှိဘူးတဲ့၊ ပုထုဇဉ်မှာမရှိတဲ့အတွက် တဏှာ ဖြစ်ကြောင်းဖြစ်တဲ့ အဝိဇ္ဇာကလဲ နောက်ထပ် လာပြန်တာဘဲ (မှန်လှပါ ဘုရား)။
ဘယ်နှစ်ချက်လာသတုံး (လေးချက်လာပါတယ် ဘုရား) လေးချက်လာတယ်။ အဲဒါ ပုထုဇဉ်ဝေဒနာ ခံစားလို့ ရှိရင် အခုပြောခဲ့တဲ့ တချက် ထိလိုက်တာနဲ့ သုံးချက်ပေါ်တယ် (မှန်ပါ့ ဘုရား)။
ကိုယ်ပေါ်မှာ တချက်ထိတာနဲ့ မောင်နိုင်မှာ သုံးချက်ပေါ်သေးတယ်။ ဒေါမနဿတချက်, လောဘက တချက်, အဝိဇ္ဇာတချက် (မှန်ပါ့) ဘယ်နှစ်ချက်လာသတုံး (သုံးချက်လာပါတယ် ဘုရား)။
တချက်ထိတာနဲ့ နောက်သုံးချက် တခါတည်းလာတယ်ကွတဲ့။ အဲဒါ ပုထုဇဉ်ဝေဒနာခံစားတာ ဒီလိုဘဲ (မှန်လှပါ ဘုရား)။
အရိယာဝေဒနာ ခံစားတာပြောစမ်းပါဦး
ဒါဖြင့် ဘုရားတဲ့ အရိယာဝေဒနာ ခံစားတာပြောစမ်းပါဦးတဲ့။ တနည်း အရိယာတို့၏ တပည့်သား။ တပည့်သား ဆိုတော့ ခင်ဗျားတို့ ကျတယ် (မှန်ပါ့)။
အရိယာတို့၏ တပည့်သားခံစားတဲ့ ဝေဒနာပြောစမ်းပါဦးလို့ဆိုတော့ကွာတဲ့ သူတို့ကတော့ကိုတဲ့ ကိုယ်ပေါ်မှာ ဒုက္ခဝေဒနာဖြစ်တယ်။ သူကလှံနဲ့ တချက်ထိုးလိုက်တယ်ဆို ကိုယ်ကတခါပြန်ပြီထိုးတယ်။ သူက တချက်ထိုးလိုက်ရင် ကိုယ်က တချက်ပြန်ထိုးရမယ် (မှန်ပါ့)။
သူက ဒုက္ခဝေဒနာ ပေါ်တယ်ဆို ကိုယ်က ဖြစ်ပျက် ရှုချလိုက် (မှန်ပါ့ ဘုရား)။
ဖြစ်ပျက် ရှုချလိုက်တော့ကို ဦးဘသန်းက စဉ်းစား, မောင်ထွန်းအောင်က စဉ်းစား ဒေါမနဿလာသေးရဲ့လား (မလာပါ ဘုရား)။
လောဘကော (မလာပါ ဘုရား)မောဟကော (မလာပါ ဘုရား) အဲဒါ ထူးတယ်ကွာတဲ့ (မှန်ပါ့ ဘုရား) ထူးသွား ပြီတဲ့၊ ဒါက သဠာယတနဝဂ္ဂသံယုဘ်မှာ လာတယ် (မှန်လှပါ ဘုရား)။
အဲဒီတော့ ဦးအောင်ဇံဝေက စဉ်းစား ဒုက္ခတန်းကြီးဖြစ်နေတယ်ဆိုတာ ကိုယ်ကပြန်မထိုးတတ်လို့ဖြစ်တာ (မှန်ပါ့)ပေါ်သွားပြီ (မှန်ပါ့ ဘုရား)။
ကိုယ်ကဉာဏ်နဲ့ တချက်ထိုးရမယ်
ကိုယ်ကပြန်ပြီး တချက်မထိုးတတ်လို့ပါ၊ သူက ဒုက္ခတချက်ထိုးလို့ရှိရင် ကိုယ်ကဉာဏ်နဲ့ တချက်ထိုးရမယ် (မှန်ပါ့) ဉာဏ်နဲ့တချက် ထိုးလို့ရှိရင် ဒေါမနဿပြတ်သွားမယ် (မှန်ပါ့ ဘုရား)။
ဒေါမနဿပြတ်သွားရင် ပျောက်ချင်တဲ့ လောဘကကောလာသေးရဲ့လား (မလာပါ) လောဘမှ မလာလို့ ရှိရင်လဲ လောဘ ဘယ်လိုချုပ်အောင် လုပ်ရပါ့မတုံးဆိုတာကို မသိတဲ့ အဝိဇ္ဇာကော လာသေးရဲ့လား (မလာပါ ဘုရား)။
မလာတော့ကို စဉ်းစားလိုက်ပါတဲ့၊ ဒေါမနဿရယ်, လောဘရယ်, အဝိဇ္ဇာရယ်၊ ဒါဖြင့် လောဘ, ဒေါသ, မောဟအကုန်ချုပ်တယ် (ချုပ်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
လောဘ,ဒေါသ,မောဟ, အကုန်ချုပ်တယ်တဲ့ အဲဒီတော့ကို ခင်ဗျားတို့ ကျင့်ကြံတဲ့အခါမှာ ကိုယ်ပေါ်မှာ ဒုက္ခ ဝေဒနာ ဒုက္ခစိတ်တော့ ပေါ်မှာဘဲ (မှန်ပါ့)ပေါ်ရင် ဉာဏ်နဲ့ပြန်ထိုးဖြစ်အောင်ထိုး (မှန်ပါ့ ဘုရား)။
ဉာဏ်နဲ့ ပြန်ထိုးလိုက်တဲ့အခါကျလို့ရှိရင်ဖြင့်တဲ့ ခုနင်ကပြောတဲ့ နောက်ဆက်တွဲ သုံးခု ပဋိစ္စသမုပ္ပါဒ်အဆုံးက ပြန်ပတ်မှာလဲ မလားဘူး (မှန်ပါ့) အလယ်က စ,မှာလဲ (မလာပါ) အစ,က စ,မှာကော (မလာပါ ဘုရား) မလာဘူး သုံးချက်ပြတ်သွးတယ်။
သို့သော် ဒါကလေး ရှင်းပေးလိုက်ပါဦးမယ်၊ ဒေါမနဿမလာဘူးဆိုကတည်းက ပဋိစ္စသမုပ္ပါဒ် အလယ်က ဖောက်ပြီးစ,သေးရဲ့လား (မစ,ပါ ဘုရား) မစ,ဘူး၊ တဏှာ,ဥပါဒါန်, ကံလာသေးရဲ့လား (မလာပါ ဘုရား) ဒါဖြင့် ပဋိစ္စ သမုပ္ပါဒ်နှစ်ချက်ပြတ်သွားပြီ။
ကဲ တခါသွားလိုက်ပါဦး ချုပ်ရာချုပ်ကြောင်းအကျင့်ကို မသိသောကြောင့် အဝိဇ္ဇာကကော မလာဘူးလား၊ တဏှာချုပ်ရာ,ချုပ်ကြောင်း အကျင့်ကိုမသိတော့ အဝိဇ္ဇာလာတယ်လို့ ခုနင်က ပြောထားတယ် (မှန်ပါ့)။
အဲဒါကော ဒီလိုရှုလိုက်တော့ တဏှာပါ ချုပ်သွားတယ် (ချုပ်ပါတယ် ဘုရား) ချုပ်သွားတော့ အဝိဇ္ဇာကော လာသေးရဲ့လား (မလာတော့ပါ ဘုရား)။
သိလို့ ရှုတဲ့ပုဂ္ဂိုလ်မို့ မလာတာ၊ သိလို့ ရှုတဲ့ပုဂ္ဂိုလ်မို့ မလာသောကြောင့်လဲ ပဋိစ္စသမုပ္ပါဒ် အစ,က ပြန်ချုပ်တယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဘုမသိ, ဘမသိ ပုထုဇဉ်လူမိုက်
ဒါဖြင့် ဘုမသိ, ဘမသိ ပုထုဇဉ်လူမိုက်တွေမှာဖြင့် ဒုက္ခလာရင် ဒေါမနဿလိုက်တယ်, လောဘလိုက်တယ်, အဝိဇ္ဇာလိုက်တယ် (မှန်ပါ့)။
သိ, ကြား, လိမ်မာတဲ့ သတိပဋ္ဌာန်သမားတွေ, အရိယာအစစ်ဖြစ်တဲ့ ပုဂ္ဂိုလ်တွေ, သို့မဟုတ် အရိယာတို့၏ တပည့်သားဖြစ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ သူကတချက် ဒုက္ခက တချက်ထိုးလိုက်ရင် ကိုယ်က ဉာဏ်နဲ့ တချက်ပြန်ထိုး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဉာဏ်နဲ့ တချက်ပြန်ထိုးတဲ့အတွက် ဒေါမနဿက စ,ချုပ်တယ် (ချုပ်ပါတယ် ဘုရား) ပြီးတော့ လောဘကော (ချုပ်ပါတယ် ဘုရား) အဝိဇ္ဇာကော (ချုပ်ပါတယ် ဘုရား)။
အဲဒါ ပုထုဇဉ်တို့၏ ဝေဒနာခံစားပုံနဲ့ အရိယာ သို့မဟုတ် အရိယာတို့၏ တပည့်သား ဝေဒနာခံစားပုံနဲ့ ဤကဲ့သို့ ခြားနားပါတယ်ကွာတဲ့၊ ဘုရားက သဠာယတနဝဂ္ဂသံယုတ်မှာ သေသေချာချာဝေဖန်တယ် (မှန်ပါ့) အဖိုးမတန် ဘူးလား (အဖိုးတန်ပါတယ် ဘုရား)။
သူတချက် ကိုယ်တချက်မိအောင်လုပ်ပါ
အဲဒါက ဒီတရားကို ယခု စ,ပြီးတော့ ဟောခြင်းသည် ခင်ဗျားတို့ အလုပ်ခွင်ဝင်တဲ့ အချိန်မှာ သူတချက် ကိုယ်တချက်မိအောင်လုပ်ပါ (မှန်ပါ့) ဒုက္ခက တချက် ဉာဏ်ကတချက် (မှန်ပါ့)။
ဒုက္ခကတော့ လာမှာဘဲ (မှန်ပါ့) ဒုက္ခက ဘုရားမှာလဲ လာတာဘဲ၊ ဘုရားမှာလဲ မှတ်ထားလိုက်စမ်းပါ၊ ကာယိက ဒုက္ခတော့ ရှိတာဘဲ စေတသိက ဒုက္ခ မရှိဘူး (မှန်ပါ့) စေတသိက ဒုက္ခဆိုတာ ဝမ်းထဲမှာ ဒေါမနဿ မပေါ်ဘူး၊ သူ့ကို မဂ်နဲ့ပယ်ပြီးသားဖြစ်နေတယ် (မှန်ပါ့)။
အဲဒီတော့ ခင်ဗျားတို့မှာတော့ မဂ်နဲ့မပယ်ရသေးတော့ကို ကိုယ်ပေါ်မှာ ကာယိက ဒုက္ခရှိတယ်ဆိုရင် ဝမ်းထဲက ဒေါမနဿ လိုက်တယ် (မှန်ပါ့)။
ဒေါမနဿ လိုက်တဲ့အခါကျတော့ ဒေါမနဿက မကျေနပ်တော့ဘူး၊ နာတဲ့ဥစ္စာကို မကျေနပ်၊ မကျေနပ်တော့ ပျောက်ချင်တဲ့ တဏှာက လာ၊ တဏှာချုပ်ရာ ချုပ်ကြောင်းမသိတဲ့ အဝိဇ္ဇာကလဲ လာပြန်တယ် (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။
ဤကဲ့သို့ လာသောကြောင့် ခင်ဗျားတို့မှာ တချက်ထိုးလိုက်တာနဲ့ တခါတည်း ဒဏ်ရာသုံးချက် လောက် ရသွား တယ် (မှန်ပါ့ရပါတယ် ဘုရား)။
ဦးဘသန်း တချက်ထိုးလိုက်ရင် ဒဏ်ရာသုံးချက်ရတယ်၊ ပဋိစ္စသမုပ္ပါဒ်သုံးမျိုးပေါ်တယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အလုပ်ခွင်မှာ ပြင်ရအောင်ဟောတာ
ဒါဖြင့် ခင်ဗျားတို့ ပြင်နည်းကို သေသေချာချာမှတ်ပါ၊ ဒါ အလုပ်ခွင်မှာ ပြင်ရအောင်ဟောတာ (မှန်ပါ့)။
ခင်ဗျားတို့ ကိုယ်ပေါ်မှာယားတယ် ယားတဲ့နေရာဖြစ်ပျက်ရှု၊ နာရင် နာတဲ့နေရာဖြစ်ပျက်ရှု၊ ဒေါမနဿ မလာစေနဲ့ (မှန်ပါ့ ဘုရား)။
ဖြစ်ပျက်ရှုလိုက်တော့ ခင်ဗျားတို့ ဝိပဿနာမဂ်နဲ့ ရှုတာဖြစ်နေသောကြောင့် ဦးဘသန်းတို့ ဒေါသချုပ်တယ် လောဘချုပ်တယ် မောဟချုပ်တယ် (မှန်ပါ့) မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။
ဒီလိုဆိုတော့ကို ဪ အရိယာတို့၏ တပည့်သားမှာတော့ဖြင့် ပဋိစ္စသမုပ္ပါဒ် သုံးချက်ပြတ်သွားတယ် (မှန်ပါ့) မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား) ပုထုဇဉ်မှာတော့ဖြင့် လေးကျအောင်လာမှာဘဲ (မှန်ပါ့) မလာပေဘူးလား (လာ ပါတယ် ဘုရား)။
၁-က ဒဏ်ရာရပြီး ၂-မှာ ဒေါမနဿဖြစ်တယ်၊ ၃-မှာ လောဘဖြစ်တယ် (မှန်ပါ့) ၄-မှာ မောဟသွားဖြစ် တယ် (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
အဲဒီတော့ ပုထုဇဉ်နဲ့အရိယာ ဘာထူးသတုံးလို့ အရိယာတို့၏ တပည့်သားနဲ့ မသိတဲ့ပုထုဇဉ်ပုဂ္ဂိုလ်နဲ့ ဘာထူး သတုံးဆိုတော့ အခု ယနေ့ထူးတဲ့အကြောင်း သေသေချာချာရှင်းပြတယ် (မှန်ပါ့ ဘုရား) ပေါ်သွားပလား (ပေါ်သွားပါ ပြီ ဘုရား)။
အဲဒါက မောင်ထွန်းအောင်တို့ သေသေချာချာ မှတ်ပါ၊ ဪ ဒါအခုဟောတာ ဆရာဘုန်းကြီးကဖြင့် ဟော နေပြီ၊ သံယုတ်ပါဠိတော်ကြီးကို ဟောနေတာဘဲ၊ ဒို့ ဘယ်နေရာအသုံးချရမှာတုံးဆိုတော့ အသုံးချတဲ့နေရာက အလုပ်ခွင် မှာ (မှန်ပ့ါ ဘုရား)။
ဦးဘသန်း ဘယ်မှာတုံး (အလုပ်ခွင်မှာပါ ဘုရား) အဲဒီတော့ အလုပ်ခွင်မှာ အသုံးရချရမှာ၊ အခုဟာက နည်းယူတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အခုဟာက ဘာတုံး (နည်းယူတာပါ ဘုရား) အသုံးချရမှာကတော့ (အလုပ်ခွင်မှာပါ ဘုရား)။
အရိယာကတော့ ပြန်ထိုးနိုင်တဲ့ သတ္တိရှိတယ်
အဲဒီတော့ အရိယာကတော့ ပြန်ထိုးနိုင်တဲ့ သတ္တိရှိတယ်၊ ပုထုဇဉ်ကတော့ သူထိုးသ၍ ခံစားရတဲ့ သတ္တိရှိတယ် (မှန်ပါ့) မကွာခြားဘူးလား (ကွာခြားပါတယ် ဘုရား)။
ဒါကြောင့် အရိယာမှာလဲ ဒုက္ခဝေဒနာရှိတာဘဲ၊ ပုထုဇဉ်မှာလဲ ဒုက္ခဝေဒနာရှိတာဘဲ၊ ဘာထူးသတုံး ဝေဒနာ ခံစားပုံချင်းဘာထူးသတုံးဆိုတော့ ဟောဒီလိုထူးသကွ၊ အခုပြောပြီးသားအတိုင်း ထူးသကွဆိုတာ ဘုရားက သေသေ ချာချာ တာဝန်ခံပြတယ် (မှန်ပါ့)။
ဒါ ခင်ဗျားတို့ တသက်နဲ့တကိုယ် မနာဘူးလား (မနာဘူးပါ ဘုရား) မနာဘူးဘူးတဲ့၊ အင်မတန် အရေးကြီးတယ်။
ကဲဒါဖြင့် အလုပ်ခွင်ဝင်တော့မယ်ဆိုရင် သူကလဲ ထိုင်ပါများရင်လဲ လာတတ်တယ်၊ အောက်ပိုင်းက ဒုက္ခ ဝေဒနာ ဒုက္ခစိတ်ပေါ့ဗျာ (မှန်ပါ့) ဝေဒနာနဲ့စိတ်ဟာ အတူတူဘဲနော် အတူတူဘဲ သဟဇာတတွေ (မှန်ပါ့) ‘သဟဇာတ ပစ္စယော’ ဆိုတာ သဘောကျတယ်မဟုတ်လား ဦးဘသန်း တကွ ဖြစ်တာတွေ (မှန်ပါ့)။
စိတ္တာနုပဿနာ
အဲဒီတော့ ဘုန်းကြီးက စိတ္တာနုပဿနာပေးပြီး သကာလ နေတော့ ဪ ဒါဒုက္ခစိတ်ရှုရုံဘဲဆိုတာ မှတ်လိုက် (မှန်ပါ့ ဘုရား) ဒုက္ခစိတ်က တကိုယ်လုံးပေါ်နိုင်တယ် (မှန်ပါ့)။
မပေါ်တဲ့နေရာကို ဘုန်းကြီးရှင်းပြလို့ရှိရင် ဆံဖျားမှာ မပေါ်ဘူး၊ အရေခြောက်မှာ မပေါ်ဘူး၊ ခြေသည်းဖျား လက်သည်းဖျားမှာ မပေါ်ဘူး (မှန်ပါ့)။
ဆံဖျား, ခြေသည်းဖျား, လက်သည်းဖျား, အရေခြောက်ဒီသုံးနေရာမှာ မပေါ်ဘူး၊ ကျန်တဲ့နေရာ သူပေါ်နိုင်တဲ့ နေရာချည့်ဘဲ (မှန်ပါ့) အဲ ပေါ်တဲ့နေရာကို ဉာဏ်လိုက်ပါ (မှန်ပါ့ ဘုရား)။
ခေါင်းပေါ်က ယားရင် ခေါင်းပေါ်လိုက် ဟုတ်လား (မှန်ပါ့) ခြေထောက်က ကျင်ရင်ကော (ခြေထောက်လိုက်ရ ပါမယ်) သူက တချက်လာရင် ကိုယ်က တချက်လုပ် (မှန်ပါ့ ဘုရား)။
အခု ဒကာဒကာမတွေ သူကတပြိုင်တည်းဆိုတာ ကိုယ်ကမထိုးနိုင်လို့ သူ့ချည်းသွားတာ၊ ကိုယ်ကမဖြတ် နိုင်ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ကိုယ်ဖျင်းမှုဆိုတာ ဒါဘဲ၊ ဪ သူကတချက်ထိုးရင် ကိုယ်ကတချက်ပြန်ထိုးရမှာကို မထိုးနိုင်လို့ လွှမ်းမိုးသွားတာကိုး (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ) မထိုးနိုင်လို့နော်။
ကျားကြီးလာချီတော့
ဝတ္ထုသက်သေသာဓက ထုတ်လိုက်တော့ ရှေးက ရဟန်းတွေကို ကျားကြီးလာချီတော့ ရဟန်းပေါင်းငါး ဆယ်လောက် တောထဲမှာနေတာ စကားမပြောကြစတမ်း ဆိုပြီး ကတိကဝတ်ထားတာနဲ့ ညကျတော့ ကျားတကောင်က ရဟန်းတပါးတပါးကို လာလာချီတဲ့အခါမှာ စကားမပြောရဘူးဆိုတဲ့ ကတိမဖျက်ဘဲနဲ့ အချီခံတယ်၊ အော်ခြင်းပြုခြင်း မရှိဘူး (မှန်ပါ့) ကတိကဝတ်တည်တာပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ဒါနဲ့ နောက်တော့ မထေရ်ကြီးက ဥပုသ်နေ့ သံဃာတွေ စည်းဝေးတဲ့အခါ ဒို့ရဟန်းတွေ နည်းသွားပြီ ဘာဖြစ် လို့ တုံးအရှင်ဘုရားက ဘုရား တရားအထားထုတ်တဲ့အနေရာမှာ မအော်ရ, စကားမပြောရ ဆိုတာနဲ့ ညအချိန် ကျားက လာချီတဲ့အခါ ဒီအတိုင်းဘဲ အသေခံသွားကြတယ်၊ အော်ခြင်းပြုခြင်းမရှိဘူးတဲ့၊ ကူပါဦး-ယူပါဦးဆိုတာ မလာဘူးတဲ့ (မှန်ပါ့ ဘုရား)။
ဟာ ဒါဖြင့် မဟုတ်ဘူးကွ၊ ဒီလိုအန္တရာယ်နဲ့တွေတော့ အော်ရမယ်၊ ကူပါဦး-ယူပါဦးဆိုတော့ ဒိုကောင်ဝှေးတွေ ဘာတွေနဲ့လိုက်ချောက်လို့ရှိရင် ဒီကျားဟာ ပြေးရမယ်(မှန်ပါ့) ဆိုပြီး နောက်တော့ ကတိကဝတ်ကို တခါ ကိစ္စကြုံရင် ပြောနိုင်တယ်ဆိုပြီး ချွင်းချက်ထားပစ်လိုက်တယ် (မှန်ပါ့ ဘုရား)။
နောက်တော့ ဒီကျားက စားနေကျဖြစ်တော့ လာပြန်တာဘဲ လာပြီးတပါးကို ချီပြန်တာဘဲ၊ ချီတော့ရဟန်းကလဲ ကယ်ပါ ယူပါအော်တော့ ကျားကလဲပါးတော့ တခါတည်းဆွဲပြီးတော့ ကျောပေါ်တင်ပြီးတော့ ချောက်ဟိုဘက်ခုန်သွား တယ်(မှန်ပါ့) ဒီက ရဟန်းတွေက မလိုက်နိုင်တော့ဘူး ညကြီးလဲဖြစ်နေတယ်(မှန်ပါ့) ကြားက ချောက်ကြီးကလဲ ခြားနေတယ် (မှန်ပါ့)။
ဒါနဲ့ ဒို့တာဝန်ကုန်ပြီဟေ့ မင်း သတိပဋ္ဌာန်သာ နှလုံးသွင်းပေတော့ဆိုပြီး ဒီကနေပြီး အသံပေးကြတယ် (မှန်ပါ့)။
ဒို့တာဝန်ဖြင့်ကုန်ပြီ
ဒို့ချောက်လှန့်တဲ့ကိစ္စဖြင့် ဒို့လဲကူးမလာနိုင်တဲ့အတွက် ဒို့တာဝန်ဖြင့်ကုန်ပြီ၊ မင်းဘဲလုပ်တော့ဆိုတော့ တခါ တည်းကျားက ခြေမျက်စိက စ,ကိုက်တယ်၊ ကိုယ်တော့ ဒုက္ခဝေဒနာပေါ်တာဘဲ (မှန်ပါ့) တချက်ပြန်ထိုးတယ် သူက (မှန်ပါ့)။
တချက်ပြန်ထိုးလိုက်တဲ့ အခါကျတော့ တကယ်တမ်းအနာမရှိတော့ဘူး၊ အဲဒီကျတော့ ဖြစ်ပျက်သာ တွေ့တော့ တယ် (မှန်ပါ့) ဖြစ်ပျက်ဆိုတော့ နာသေးရဲ့လား (မနာပါ ဘုရား)။
အဲ မနာရင်တော့ ဖြစ်ပျက်နဲ့ မဂ်နဲ့သွားကိုက်တယ် (မှန်ပါ့) နာရင်တော့ ဝေဒနာနဲ့သွားတွဲတယ် (မှန်ပါ့) ဝေဒနာနဲ့ ဉာဏ်နဲ့သွားတွဲတာတမျိုး၊ ဖြစ်ပျက်နဲ့ မဂ်နဲ့ကိုက်တာကတမျိုး (မှန်ပါ့) ရှင်းကြရဲ့လား (ရှင်းပါပြီ ဘုရား)။
ဝေဒနာနဲ့ ဉာဏ်နဲ့တွေ့တာကမျိုး (မှန်ပါ့)ဖြစ်ပျက်နဲ့ ဉာဏ်နဲ့ကိုက်တာက (တမျိုးပါ ဘုရား)။
ဝေဒနာနဲ့ ဉာဏ်နဲ့ကိုက်ရင် ဒါဟာတဲ့ ဘာတုံးဆိုလို့ရှိရင် နာမပရိစ္ဆေဒဉာဏ်ဘဲ သွားဖြစ်တယ် (မှန်ပါ့)ဖြစ်ပျက် နဲ့ မဂ်နဲ့ကိုက်ရင် တခါတည်း ဝိပဿနာဉာဏ်သွားဖြစ်တယ် (မှန်ပါ့) ဉာဏ်ချင်းက တခြားစီဖြစ်နေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်ရင်
ဝေဒနာနဲ့ ဉာဏ်နဲ့ကိုက်ရင် နာမပရိစ္ဆေဉာဏ်၊ ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်ရင် လက္ခဏာဉာဏ်၊ ဝိပဿနာဉာဏ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီရဟန်းမှာတော့ ခြေမျက်စိ စ,ကိုက်တော့ ဖြစ်ပျက်နဲ့ မဂ်နဲ့သွားကိုက်တယ်၊ ဝေဒနာရယ်လို့ မလုပ်တော့ ဘူး၊ တရားတခုဖြစ်ပြီး ပျက်တာဘဲရှိတယ်လို့ ရှုချလိုက်တယ် (မှန်ပါ့)။
ရှုချလိုက်တော့ ခုနင်က ကျားက ခြေမျက်စိစားလိုက်တာနဲ့ သောတာပတ္တိမဂ်ရတယ် သောတာပန်တည်တယ် (မှန်ပါ့) နောက် ခြေသလုံးဆက်စားတယ်၊ ဆက်စားပြီးဒီလိုဘဲ ဖြစ်ပျက်နဲပ မဂ်နဲပ ကိုက်အောင်ဘဲ သူရှုချတယ်၊ သကဒါဂါမ်တည်တာဘဲ (မှန်ပါ့ ဘုရား)။
နောက် ပေါင်စားတယ်၊ ဖြစ်ပျက်နဲပ မဂ်နဲ့ကိုက်အောင်ဘဲ လုပ်လိုက်တယ်၊ အနာဂါမ်တည်တာဘဲ (မှန်ပါ့ ဘုရား) နောက်တင်ပါးတို့ ဘာတို့စားတဲ့ အချိန်ကျတော့ ရဟန္တာဖြစ်ပါတယ် ဖြစ်ပျက်နဲ့မဂ်နဲ့ကိုက်လို့ (မှန်ပါ့)ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့လိုမှုကလဲ ပေါ်သွားပါပြီ ဒီဝတ္ထုထောက်သဖြင့် မဟုတ်ဘူးလား (မှန်ပါ ဘုရား) ပေါ် တယ်တဲ့ ခင်ဗျားတို့ဖြစ်ပျက်နဲပ မဂ်နဲ့ကိုက်အောင် မလုပ်နိုင်လို့ (မှန်ပါ့မလုပ်နိုင်ပါ ဘုရား)။
မလုပ်နိုင်ဘူး၊ အဲဒီတော့ ခုနင်ကပြောခဲ့တဲ့စကားကို သေသေချာချာမှတ်ပါ၊ သူက တချက်လာရင် ကိုယ်က တချက်ပြန်ထိုး နိုင်ဘို့အရေးဟာ ကိုယ့်အရေး (မှန်ပါ့) သဘောပါလား (ပါ-ပါပြီ ဘုရား)။
ဒုက္ခဝေဒနာကတော့ သူလာမှာဘဲ၊ ဘုရားလဲ မရွေးဘူး၊ ပုထုဇဉ်လဲမရွေးဘူး (မှန်ပါ့)ဒုက္ခဝေဒနာကို ဘယ်သူမှ မပယ်နိုင်ဘူး (မှန်ပါ့) ဒေါမနဿသာပယ်နိုင်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဉာဏ်နဲ့တချက်ပြန်ထိုးရမယ်
ဒါဖြင့် သူကတချက်ထိုးရင် ခင်ဗျားတို့က ဘယ်နှယ့်တုံး (တချက်ပြန်ထိုးရပါမယ်) ဉာဏ်နဲ့တချက်ပြန်ထိုးရ မယ် (မှန်ပါ့) သူ့နေရာကို ရောက်အောင်ထိုးရမယ် (မှန်ပါ့)။
အဲဒီလိုဆိုတော့ သူက ဝေဒနာမဟုတ်တော့ဘူးတဲ့၊ ဒီကပြန်ထိုးနိုင်တယ်ဆိုတာ အပျက်နဲ့မဂ်နဲ့ သွားကိုက်တယ်၊ မကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား)။
အဲ အပျက်နဲ့ မဂ်နဲ့ သွားကိုက်လို့ရှိရင် ခုနင်က ပြောခဲ့တဲ့ ပဋိစ္စသမုပ္ပါဒ်သုံးမျိုးဟာ သုံးမျိုးစလုံးသွားတာဘဲ (မှန်ပါ့) မသွားဘူးလား (သွားပါတယ် ဘုရား)။
အဲဒီကဲ့သို့ သွားလို့ရှိရင် ခင်ဗျားတို့သည် ကိုယ်ပေါ်မှာပေါ်လဲ အပျက်နဲ့မဂ်နဲ့ ကိုက်အောင်လို့ (မှန်ပါ့) မျက်လုံး မှာ ပေါ်ရင်ကော (အပျက်နဲ့ မဂ်နဲ့ ကိုက်အောင် လုပ်ရပါမယ် ဘုရား) ဘယ်နေရာပေါ်ပေါ် အပျက်နဲ့ မဂ်နဲ့ဖြင့် (ကိုက်အောင် လုပ်ရပါမယ် ဘုရား)။
အဲဒီလို ကိုက်အောင်လုပ်နိုင်လို့ရှိရင်တဲ့ မနက်အားထုတ်ညနေ သောတာပန်တည်ပါတယ် (မှန်ပါ့ ဘုရား) လာပြန်တယ် အင်္ဂုတ္တိုရ်ပါဠိတော်က (မှန်ပါ့)။
ကိလေသာ ကြားမထိုးဘဲကိုး
ဘာပြုလို့တုံးလို့ မေးတဲ့အခါကျတော့ ဪ ဒါကတော့ကွာတဲ့ ဘုရားက ကိလေသာ ကြားမထိုးဘဲကိုးတဲ့ (မှန်ပါ့)ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
အပျက်နဲ့ မဂ်နဲ့ ကိုက်ပြီးတော့ နေတာဟာ ဥပမာမယ် ဘယ်အချိန်ထ,ပြီး အားထုတ်အားထုတ် ကိုက်နေတယ် ဆိုရင်ဖြင့် အခု ဆရာဘုန်းကြီးဆီမှာ နည်းယူပြီး ခင်ဗျားတို့ ညအားထုတ် မနက်ရမှာဘဲတဲ့ (မှန်ပါ့)။
ကြားထိုးနေရင် အဲဒါကြာလိမ့်မယ် (မှန်ပါ့ ဘုရား) သဘောပါပလား (ပါ-ပါပြီ ဘုရား)။
ကြားထိုးတယ်ဆိုတော့ ဦးဘသန်းက မနာဘူးသေးတော့ တခြားသောစိတ် ဝင်တယ်ပြောတာနော် (မှန်ပါ့)။
ကြားထိုးတယ်ဆိုတာ ဘာတုံး (တခြားသောစိတ် ဝင်တာပါ ဘုရား)။
တခြားသောစိတ် ဝင်တယ်ဆိုတော့ သူ့ကို တခါတလေမှ မိတယ်၊ ကြားစိတ်က ဝင်ပြီးထိုးနေတော့ ကိလေသာ ကြားခြားသွားတယ် (မှန်ပါ့ ဘုရား) သဘောပါပလား (ပါ-ပါပြီ ဘုရား)။
ဘယ်သူ ကြားထိုးသတုံး (ကိလေသာ ကြားထိုးပါတယ်) ကိလေသာ ကြားထိုးတယ်၊ ကြားဆိုတာက ဖြစ်ပျက်နဲပ မဂ်နဲ့ ကြားထဲ သူဝင်လာတယ် (မှန်ပါ့)။
မဂ်လာခွင့်မပေးဘူး၊ သူ ကြားထိုးနေတယ်၊ သဘောပါပလား (ပါ-ပါပြီ ဘုရား)။
အဲဒီတော့ကို ခင်ဗျားတို့ကို သင်လိုက်ပါတယ်တဲ့ ဆရာဘုန်းကြီးက ကိုယ်ဖြစ်ပျက်ကို မိလို့ရှိရင် ကြားထိုး ဖြစ်ပျက်ကို မိအောင်ရှုပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မူလဖြစ်ပျက်ကို မမိဘူးဆိုလို့ရှိရင် ဘာကိုရှုမယ် (ကြာထိုးကို ရှုရပါမယ်) ကြားစိတ်ဝင်လာတာ မရှိပေဘူူး လား (ရှိပါတယ်) အဲဒါ မိအောင်ရှု (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် အဲဒါ မိအောင်ရှုပြီးတော့မှ ခင်ဗျားတို့ မူလဖြစ်တာကို ပြန်ရှုပါ၊ မူလက ပေါ်ဦးမှာကိုးဗျ (မှန်ပါ့) မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။
ကြားထိုးလာတိုင်း-လာတိုင်း
အဲဒီတော့ သူ့ကို မနိုင်ဘဲနဲ့ ဟိုဟာကို ပြန်ကို မကောက်နဲ့ (မှန်ပါ့) ကြားထိုးလာတိုင်း-လာတိုင်း ခင်ဗျားတို့က သူ့ကိုနိုင်အောင် လုပ်ပြီးတော့မှ ခင်ဗျားတို့ ပေးထားတဲ့ ကမ္မဋ္ဌာန်းကို ရှုရမယ် (မှန်ပါ့) ဦးဘသန်း ရိပ်မိရဲ့လား (မှန်ပါ့) ကြားထိုးနဲ့ မူလပေးထားတဲ့ ကမ္မဋ္ဌာန်းနဲ့ တခြားစီ (မှန်ပါ့)။
ကြားထိုးနဲ့ မူလပေးထားတဲ့ ကမ္မဋ္ဌာန်းနဲ့ (တခြားစီပါ) တခြားစီမှာ ကြားထိုးသည် မာရ်နတ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ကိလေသာမာရ်နတ်ခေါ်တယ် (မှန်ပါ့)။
ကြားထိုးသည် ကိလေသာမာရ်နတ်ဖြစ်ပြီး သကာလ နေတော့ ဒီ ကိလေသာမာရ်နတ်ဖြစ်ပြီး သကာလ နေတော့ ဒီ ကိလေသာမာရ်နတ်ကို ခင်ဗျားတို့က မတိုက်ထုတ်နိုင်လို့ရှိရင် ခင်ဗျားတို့ ကမ္မဋ္ဌာန်းရှုံးပြီ (မှန်ပါ့)။
မရှုံးပေဘူးလား (ရှုံးပါတယ် ဘုရား) ရှုံးသွားတော့ ကြားထိုးက,နေပြီး ပဋိစ္စသမုပ္ပါဒ် ဆက်သွားတယ် (မှန်ပါ့) မဆက်ပေဘူးလား (ဆက်ပါတယ် ဘုရား) အဲ ဆက်သွားလို့ရှိရင် ခင်ဗျားတို့ဟာ ရှုံးပြီသာ အောက်မေ့ပေတော့ မဟုတ် ဘူးလား (မှန်ပါ့)။
ခင်ဗျားတို့က သံသရာဖြတ်နေတာ၊ ဖြတ်မည့်တရားကို ခင်ဗျားတို့က လက်ခံမိတယ် (မှန်ပါ့)မဟုတ်ဘူးလား (မှန်ပါ့) အဲဒီတော့ ခင်ဗျားတို့ဂြိုလ်ဝင်တာ၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲဒီ ပြိုလ်ကို ဘုန်းကြီးက ပြောလိုက်ပါတယ်၊ ဒီဂြိုလ်ကို ဂြိုလ်လို့ မယူလိုက်ပါနဲ့လို့ ခင်ဗျားတို့ကို ဆုံးမတယ် (မှန်ပါ့ ဘုရား)။
ဂြိုလ်မဟုတ်ဘူး ဧဟိပဿပေါ့ (မှန်ပါ့) ဧဟိ=လာခဲ့ပါ၊ ပဿ=ကျုပ်လဲရှုပါဦး၊ သူ့ ရှုပါဦးလို့ လာတာ (မှန်ပါ့ ဘုရား)။
သူက အရှုခံလာတာ
ခင်ဗျားတို့က ဒါကို အဖျက်တရားလို့ ယူပစ်လိုက်တယ် (မှန်ပါ့) သူက အရှုခံလာတာ (မှန်ပါ့) ခင်ဗျားတို့က ဘယ့်နှယ်ယူပစ်လိုက်သလဲ (အဖျက်တရားလို့ ယူပါတယ်) အဲဒီမှာ အယူအဆလွဲသွားတယ် (မှန်ပါ့ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
သူက လာတာက ဘာတုံး (အရှုခံပါ ဘုရား) အရှုခံလာတာ (မှန်ပါ) ဧဟိပဿိကော၊ ဧဟိ=လာခဲ့ပါ၊ ပဿ= ကျုပ်ကို ရှုပါ၊ ကြားထိုးကို ရှုပါ (မှန်ပါ့)။
သူက ဧဟိပဿိကော အဖြစ်နဲ့လာတာ (မှန်ပါ့) သဘောပါသလား (ပါ-ပါပြီ) ခင်ဗျားတို့က သန္ဒိဋ္ဌိကောနဲ့ ရှုလိုက်ရင်ပြီးတာဘဲ (မှန်ပါ့) နို့မဟုတ်ရင် အပြစ်ဖြစ်သွားမယ် (မှန်လှပါ ဘုရား)။
သန္ဒိဋ္ဌိကောနဲ့ ကိုယ်တိုင်သာ မြင်အောင်ရှုချလိုက် (မှန်ပါ့) သူလဲ အနိစ္စဘဲလို့ မြင်အောင်ရှုချလိုက်တော့ ကိုယ်တိုင် မြင်ရာမကျဘူးလား (ကျပါတယ် ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဧဟိပဿိကော ခေါ်ရာကို သိန္ဒိဋ္ဌိကောနဲ့ လိုက်ပါ (မှန်ပါ့) မှတ်မိပလား (မှတ်မိပါပြီ ဘုရား)။
ဘယ်နှယ့် ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်ပါ (မှန်ပါ့) ကြားထိုးလာရင်လဲ ဒါလိုက်ရမှာဘဲ (မှန်ပါ့ ဘုရား)။
ကြားထိုးမလားလို့ရှိရင်လဲ ခေါ်ရာကို လိုက် (မှန်ပါ့) သူကတော့ ခေါ်တာသက်သက်ဘဲ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် တပည့်တော်တို့ ဘုရား ရှင်းတတ်ပါပြီ, လင်းတက်ပါပြီ, အလုပ်သဘောတွေလဲ သိပြီဆိုတဲ့ အဓိပ္ပါယ် မရောကသေးဘူးလား (ရောက်ပါပြီ ဘုရား) ရောက်သွားပြီ အခုနာရီဝက်ဟောလိုက်တယ် (မှန်ပါ့)။
ဘာလာလာ ဧဟိပဿိကော မှတ်
အဲဒီတော့ကို ဘာလာလာ ဧဟိပဿိကော မှတ် (မှန်ပါ့) ဘာလာလာ သန္ဒိဋ္ဌိကောနဲ့ ပြန်ပြီးရှုမယ်၊ သဘော ကျပလား (ကျပါပြီ ဘုရား)။
လာတာဟူသ၍ ဘာတုံး (ဧဟိ ပဿိကောပါ) ကိုယ်က ရှုမှာဟူသ၍ဟာ (သန္ဒိဋ္ဌိကောပါ) “သန္ဒိဋ္ဌိကော သာမံပဿိတဗ္ဗော” ကိုယ်တိုင်မြင်အောင်သာကြည့်ချ (မှန်ပါ့) အဲဒီတော့ ဒိဋ္ဌိဓမ္မ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
အဲ ဒိဋ္ဌဓမ္မမြင်လို့ရှိရင် ပတ္တဓမ္မ, ပရိယောဂါဠံဓမ္မ, တိဏ္ဏဝိစိကိစ္ဆာဆိုပြီး တခါတည်း သောတာပန်တည်တာဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။