ဝဋ်သုံးပါး ဆက်စပ်ပြီး လည်နေပုံ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
ဦးချစ်ဆွေ ဓမ္မာရုံ၌ ဟောကြားတော်မူသော
ဝဋ်သုံးပါး ဆက်စပ်ပြီး လည်နေပုံ
ညအလုပ်ပေး တရားတော်
(၂၅-၁၀-၆၁)
ကိုယ့်ကိုယ်မှာ ဝဋ်ရှိမှန်းသိမှ
အားလုံး ဒကာ ဒကာမတွေ ကိုယ့်ကိုယ်မှာ ဝဋ်ရှိမှန်းသိမှ ဝဋ်ကျွတ်ချင်ပါတယ်ဆိုတာ မှတ်ရလိမ့်မယ်နော် (မှန်ပါ့)
ကိုယ့်ကိုယ်မှာ ဝဋ်ရှိမှန်းသိမှ (ဝဋ်ကျွတ်ချင်ပါတယ်) ဝဋ်ရှိမှန်းမသိတဲ့ ပုဂ္ဂိုလ်သည် ဝဋ်ကျွတ်ချင်တဲ့စိတ်မလာပါဘူး (မှန်ပါ့ ဘုရား)။
ဒါ့ကြောင့် ယနေ့သည်ကားလို့ ဆိုရင်ဖြင့် ပဋိစ္စသမုပ္ပါဒ် စာရွက်ထဲမှာ ပါတဲ့အတိုင်း ဝဋ်လည်ပုံကလေး ရှေးဦးစွာ ပြပြီးတော့ ဝဋ်ကျွတ်တဲ့နည်းကို ဒုတိယအနေဖြင့် ဒကာ ဒကာမတွေ အားထုတ်ခိုင်းရမှာဘဲ (မှန်ပါ့ ဘုရား)
ရှေးဦးစွာ ဒီဝဋ်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒီအတိုင်းနေမယ် ဒကာ ဒကာမတို့ တရားလည်း အားမထုတ်ဘူး၊ ထိုက်တန်တာတွေလှူ ထိုက်တန်တာတွေ ပေးပြီး သကာလ နေကြမယ် ဆိုလို့ရှိရင် ဒါ ဝဋ်ပြုနေသေးတယ်ဆိုတာ အောက်မေ့ရမယ် (မှန်ပါ့) ဝဋ်ကျွတ်ချင်ပါတယ်ဆိုလို့ရှိရင်ဖြင့် ခန္ဓာကို ဉာဏ်လှည့်မှ ဝဋ်ကျွတ်မယ် (မှန်ပါ့ ဘုရား)။
သတ္တဝါအစ၊ အဝိဇ္ဇာတဏှာက
ဒါ့ကြောင့် အဋ္ဌကထာဆရာများက သတ္တဝါအစ၊ အဝိဇ္ဇာတဏှာကလို့ ဖွင့်ပါတယ် (မှန်ပါ့) သတ္တဝါအဆုံး ဘုရားပွင့်မှ ဆိုပြီး သကာလ ဖွင့်ထားတယ်။ (မှန်ပါ့ ဘုရား)
သတ္တဝါအစ ဘာပါလိမ့် (အဝိဇ္ဇာတဏှာကပါ ဘုရား) သတ္တဝါအဆုံး (ဘုရားပွင့်တော်မူမှပါ ဘုရား) ဘုရားပွင့်မှ တရားတွေနာပြီး ကိုယ်တိုင်အားထုတ်မှ ဒီလိုမှ ဆုံးတယ်လို့ ဒကာကြွယ်တို့ မှတ်ရလိမ့်မယ် (မှန်ပါ့ ဘုရား) ဝဋ္ဋမူလံ အဝိဇ္ဇာ၊ ဝိဝဋ္ဋမူလံ ဗုဒ္ဓုပ္ပါဒေါ (မူလ ပဏ္ဏာသ အဋ္ဌကထာဒုတိယတွဲ ၂းဝ)။
ဒါ့ကြောင့် ဒကာ ဒကာမတွေ တို့ဘာဖြစ်နေတယ်ဆိုတာ သိတော့မှ ကိုယ်ဖြစ်နေတဲ့ အကြောင်းကို ကိုယ်သိမှ ဦးသန်းမောင်တို့၊ ဦးမာဒင်တို့ ဆေးကုချင်လိမ့်မယ် (မှန်ပါ့ ဘုရား)
ကိုယ်ဖြစ်နေတဲ့ အကြောင်းမှ ကိုယ်မသိလို့ရှိရင် ဒကာ ဒကာမတွေ ဆေးလဲ ရှာကြမှာ မဟုတ်ဘူး၊ ဆေးလည်း ကုကြမှာ မဟုတ်ပါဘူး (မှန်ပါ့ ဘုရား)
ဒါ့ကြောင့် တို့ အရေးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ကိုယ်အနာပေါက်တာ ကိုယ်ကုမှသာလျှင် ကိုယ့်အရေးပြီးစီးမယ်ဆိုတာ မှတ်ရလိမ့်မယ် (မှန်ပါ့) ဒါ့ကြောင့် ကြိုးစားပါဆိုတဲ့ ဥစ္စာ တိုက်တွန်းရတယ်နော် (မှန်ပါ့ ဘုရား)
ဒီကြိုးစားပါလို့ တိုက်တွန်းတာလည်း တခြားမဟုတ်ပါဘူး။ ဒီအချိန်လဲ တိုက်တွန်းလို့ကောင်းတယ် (မှန်ပါ့) ဒီအချိန်ဘဲ ဒကာ ဒကာမတွေကလည်း ကာလဒေသကလည်း ကောင်း၊ ဆရာဘုန်းကြီးကလည်း ကျန်းမာရေးကလေးကရှိ၊ ဒီအချိန်ဟာ အချိန်ကောင်းဘဲ ဒကာကြွယ်ရ (မှန်ပါ့ ဘုရား)
ဒီ့ပြင် ဆရာဘုန်းကြီးကလည်း မမာဘူး၊ ဒကာ ဒကာမတွေကလည်း ကြိုးစားပမ်းစား မနေကြတဲ့ အချိန်တွေကလည် းလာကြမယ် (မှန်ပါ့) တနည်း ဒီလိုမှ မနေရရင်လည်း ခန္ဓာကိုယ်က နှိပ်စက်တာနဲ့ဘဲ အမျိုးမျိုးအဖုံဖုံ ပျက်စီးနိုင်သေးတယ် (မှန်ပါ့)။
ဖြစ်မြောက်ဖို့ အရေးနဲ့ ပျောက်ပျက်ဖို့ အရေး
အဲ့ဒါတွေ ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း ဒီအရေးသည် ဖြစ်မြောက်ဖို့ အရေးနဲ့ ပျောက်ပျက်ဖို့ အရေးနဲ့ ပျောက်ပျက်ဖို့ရာက များတယ်လို့ မှတ်ပါ (မှန်ပါ့)
ဒါ့ကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက “သဒ္ဓမ္မဿဝနံ အတိဒုလ္လဘ” ကွ၊ သဒ္ဓမ္မဿဝနံ= သူတော်ကောင်းတရားဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်တရား၊ သစ္စာတရားကို နာရခြင်းသည် အတိဒုလ္လံဘံ = အလွန်ပင် ခဲယဉ်းတယ်ကွ လို့ ဟောခဲ့တဲ့ ဥစ္စာသည် ဒကာ ဒကာမတို့ ကိုယ့်ခန္ဓာ ကိုယ်မေးကြည့်ပါ ယနေ့ သွားနိုင်သော်ငြားလည်း နောက်တနေ့ မသွားနိုင်ဘူး(မှန်ပါ့) ပြီးတော့ နည်းပြမည့် ပုဂ္ဂိုလ်ကလည်း တရာတယောက် ပေါ်လာဖို့ဟာ သိပ်မလွယ်လှဘူး (မလွယ်ပါ ဘုရား)
အဲ့ဒီတော့ မလွယ်တဲ့ အထဲမှာ အခု အကြုံအဆုံက ညီနေတယ် (မှန်ပါ့) ဆရာသမားကလည်း ကျန်းမာရေးရှိ၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေကလည်း ကျန်းမာရေးးနဲ့ ထောင်တတ်တဲ့ နားက ပြည့်စုံနေတဲ့ အချိန်မလို့ ဒီအချိန်ကို လက်မလွတ်စေပါနဲ့ဆိုတာ အထူးသတိပေးတယ် (မှန်ပါ့)။
ဒီအချိန်လက်လွတ်သွားလို့ရှိရင် ငါတို့ ဘာလုပ်နေသတုန် မေးရင် ဝဋ်လည်ကြောင်းလုပ်နေတယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။
ဒီအချိန် လက်လွတ်သွားရင်
ဒီအချိန် လက်လွတ်သွားရင် (ဝဋ်လည်ကြောင်းလုပ်နေပါတယ် ဘုရား) ဝဋ်လည်ကြောင်းလုပ်နေတယ်လို့ ဆုံးဖြတ်ချက်ချရင် မလွဲပါဘူး (မလွဲပါ ဘုရား)
အဲ့ဒါကြောင့် ဒကာကြွယ်ရေ ဒီအရေးဟာ ပိုးထည် ချည်ထည်တွေ ဒကာကြွယ် ချိတ်ထားလိုက်စမ်းပါ (မှန်ပါ့) ကိုယ့်အရေးကိုယ် အားထုတ်စမ်းပါ (မှန်ပါ့)
ဟိုဟာတွေက တဏှာခိုင်းတဲ့ အရေး (မှန်ပါ့) ဉာဏ်ခိုင်းတဲ့ အရေးကို ပြာပြာသလဲ လုပ်လိုက်စမ်းပါ (မှန်ပါ့) တဏှာခိုင်းတဲ့ အရေးသည် ဒကာ ဒကာမတို့ ခန္ဓာဝန် ဒက္ခသစ္စာပွားစည်းရေးပါ (မှန်ပါ့)
ဉာဏ်ခိုင်းတဲ့ အရေးသည် ခန္ဓာဝန် ဒုက္ခသစ္စ သိမ်းဆည်းရေး (မှန်ပါ့ ဘုရား) မကွာကြဘူးလား (ကွာပါတယ် ဘုရား)
အေး ဒါတွေကို ဒီ့ပြင်နေရာအတွက် ကောင်းငြားသော်လည်း ဦးမာဒင်တို့ ဒီနေရာအတွက် ကောင်းဖို့ အရေးကြီးပါတယ်။ (အရေးကြီးပါတယ် ဘုရား) အရေးမကြီးဘူးလား (မှန်ပါ့- ကြီးပါတယ် ဘုရား)။
လူ့ဘဝရတာလည်း ခင်ဗျားတို့ သိကြပြီ (မှန်ပါ့)ဆရာသမားကောင်းနဲ့ တွေ့ဆုံဖို့ရာရော (အရေးကြီးပါတယ်) နဂိုကလည်း အင်္ဂါက ပြည့်စုံလို့ အင်္ဂါမချို့တဲ့လို့လည်း ပြောတာ နားထောင်နိုင်ကြတယ် (မှန်ပါ့) ဒါက လွယ်ကူတဲ့ အလုပ်လို့ ဆိုလို့ရရဲ့လား (မရပါ ဘုရား)
အဲ့ဒီတော့ အထိသုံးပါး ညီနေတုန်းကို ကိုယ့်အနာကိုယ်ပျောက်အောင် ကုလိုက်လို့ရှိရင်ဖြင့် ကိုယ့်ခန္ဓာ ဒုက္ခသစ္စာကိုယ် သိမ်းလိုက်လို့ရှိရင်ဖြင့် ချမ်းသာစစ်၊ ချမ်းသာမှန်နဲ့ နေဖို့ပါဘဲ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါ တရားမဟောမီ ဘုန်းကြီးတို့က ဒကာ ဒကာမတွေအား ရှေ့ပိုင်းက ဪ ဒို့သည်ကားလို့ ဆိုရင် ဒီအရေးကလေး လက်လွှတ်လိုက်ရင် ငါးပါးမှောက်တော့မှာပါ့လားဆိုတာ (မှန်ပါ့)
ခင်ဗျားတို့ ရောင်းတာ၊ ဝယ်တာ တနှစ် တသိန်း၊ ကိုးသောင်းမြတ်တာကို မကြည့်လိုလို့ ဒီလိုမဟုတ်ပါဘူး (မှန်ပါ့) အသုံးမကျလို့ ပြောတယ်ဘဲ မှတ်ကြပါ (မှန်ပါ့)။
ဒုက္ခရောက်ကြောင်းသိလို့ ကန့်ကွက်တယ်
မကြည်ညိုလို့ ခင်ဗျားတို့ ကြီးပွားတာကို မုဒိတာမရှိလို့ မမှတ်နဲ့ (မှန်ပါ့) ဒီဟာတွေဟာ ဒုက္ခရောက်ကြောင်း သိလို့ ဆရာဘုန်းကြီးက ကန့်ကွက်တယ်လို့သာ မှတ်ရမယ် (မှန်ပါ့) ဒုက္ခရောက်ကြောင်းမှတပါး ဘာများ အကျိုးပေးသတုံး (မပေးပါ ဘုရား)။
ဒါ့ကြောင့် ဒကာ ဒကာမတွေ ဒီအလုပ်ကိုဖြင့် ကြိုးစားပါ၊ မကြိုးစား မဖြစ်တဲ့ အလုပ်ဟာ ဒီအလုပ်ပါဘဲ (မှန်ပါ့) ဝိပဿနာအလုပ်ပါဘဲဆိုတာ မှတ်ပါ (မှန်ပါ့) နိဗ္ဗာန်နဲ့အနီးဆုံး ဆရာဘုန်းကြီးဟောပြပါမယ် (မှန်ပါ့)
ဒကာ ဒကာမတို့ ဝိပဿနာဉာဏ်ပြီးရင် မဂ်ဉာဏ်လာတယ်(မှန်ပါ့) မဂ်ဉာဏ်လာလို့ရှိရင် နိဗ္ဗာန်မြင်ပြီ (မှန်ပါ့ ဘုရား)
ဒါဖြင့် အနီးဆုံး ဘယ်သူတုန်းလို့ မေးလို့ရှိရင် ဒကာသစ်တို့ဘဲ အဖြေထုတ်ပါ (ဝိပဿနာပါ) ဝိပဿနဉာဏ်ဘဲ (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)
အနီးဆုံး ဘာပါလိမ့် (ဝိပဿနာဉာဏ်ပါ) ဝိပဿနာဉာဏ်ဆိုတာလည်း တခြားကို ရှာမနေပါနဲ့၊ ခန္ဓာထဲမှာ ရှိတာကလေးတွေ၏ ဖြစ်မှု ပျက်မှုကို မြင်တာသည် အဲ့ဒီဉာဏ်ပါဘဲ (မှန်လှပါ ဘုရား)။
ဒါဖြင့် ဝိပဿနာဉာဏ်သည် ဒကာ ဒကာမတို့ အနတ္တရပစ္စည်း၏ ပစ္စယုပ္ပန် (ဝါ)အကျိုးတရားလို့ ဟောလိုက်တယ် (မှန်ပါ့)
ဒါဖြင့် ဝိပဿနာဉာဏ်မပါဘဲနဲ့ ဦးမာဒင်တို့ ဦးမောင်ကလေးတို့ မဂ်ဉာဏ်လာနိုင်ပါ့မလား (မလာနိုင်ပါ ဘုရား)။ ဝိပဿနာဉာဏ်က ရှေ့စိတ်လေဗျာ (မှန်ပါ့) ရှေ့စိတ်ချုပ်သွားပြီး နောက်က မဂ်စိတ်ပေါ်လာတယ် (မှန်ပါ့)
မဂ်စိတ်ပေါ်လာတယ်ဆိုကတည်းကိုက ဒကာ ဒကာမတို့ စဉ်းစားကြည့်ပါ့လားတဲ့ ပထမ ဝိပဿနာဉာဏ်က ပုထုဇန် (မှန်ပါ့)။
ဝိပဿနာဉာဏ်နောက်က
ဝိပဿနာဉာဏ်နောက်က မဂ်ဉာဏ်ဖိုလ်ဉာဏ် တခါတည်း ဆက်လိုက်လာတော့ အရိယာဖြစ်တယ် (မှန်ပါ့)
ဒါဖြင့် ပုထုဇန်နဲ့ အရိယာကူတာသည် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လေးလေးစားစားမှတ်ပါ၊ ရှေ့စိတ်က ဝိပဿနာဉာဏ် (မှန်ပါ့) နောက်စိတ်က အရိယာတို့၏ဉာဏ် (မှန်ပါ့)
ရှေ့စိတ်က (ဝိပဿနာဉာဏ်ပါ) နောက်စိတ်က (အရိယာတို့၏ ဉာဏ်ပါ) အရိယာတို့၏ ဉာဏ်လို့ သံယုတ်အဋ္ဌကထာများမှာ သေသေချာချာဖွင့်ပြီးထားသောကြောင့် ဪ တို့မှာ နီးလျက်နဲ့ အဝေးမခံပါရစေနဲ့ဆိုတာ ဦးမာဒင်တို့ ဦးမောင်ကလေးတို့ ဒကာသစ်တို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)
အဲ့ဒါ့ကြောင့် ဒကာ ဒကာမတို့ မယုံလို့ရှိရင် ရှုကြည့်ပါ (မှန်ပါ့) ခန္ဓာကိုယ် ရှုကြည့်ပါ။ (မှန်ပါ့) ခန္ဓာကိုယ် ရှုကြည့်လို့ ခန္ဓာထဲမှာ အနိစ္စကလေးတွေ ဖြစ်ပြီးပျက်နေတာ ကလေးတွေ ရုပ်မြင်မြင်၊ ဝေဒနာမြင်မြင်၊ စိတ်မြင်မြင်ပေါ့ဗျာ (မှန်ပါ့ ဘုရား)
ရှုပြီး သကာလ နေတော့ ဪ ကိုယ့်ဟာကိုယ် ဝမ်းသာလာတယ် (မှန်ပါ့) ဒါကလေးတွေ မြင်တယ်ဆိုကတည်းက ဪ ဝိပဿနာဉာဏ်ရပါရောလား (မှန်ပါ့ ဘုရား)
ဒါကလေးတွေမြင်ရင် (ဝိပဿဉာဏ်ရပါပေါ့ ဘုရား) ဝိပဿနာဉာဏ်ရပါပေါ့လားဆိုပြီး ဒကာ ဒကာမတွေက ဝမ်းသာလိုက်ပါ (မှန်ပါ့ ဘုရား)
ဝိပဿနာဉာဏ်ရပြီးလို့ရှိရင် ဦးမာဒင် ဘယ်ဉာဏ်ဝင်မလည်း (မဂ်ဉာဏ်ဝင်ပါမယ်) ရော တည်းတည်း ကလေး ကျန်ပါပေါ့လား (မှန်ပါ့ ဘုရား)။
မဂ်ဉာဏ်ဆိုတာလည်း
မဂ်ဉာဏ်ဆိုတာလည်း ဘယ်အချိန်ပေါ်မှာတုန်းလို့ မေးတော့ အို ဒကာ ဒကာမတွေ ရှုနေတဲ့ ဝိပဿနာဉာဏ် ဖြစ်ပျက်ကလေးတွေကို ရှုရင်းမတ္တနဲ့ ပျောက်သွားလို့ရှိရင်ဖြင့် အင်း ပျောက်တဲ့ နေရာကို နောက်ဉာဏ်နဲ့ သွားတွေ့မယ် (မှန်ပါ့) မဂ်ဉာဏ်နဲ့ သွားတွေ့မယ် (မှန်ပါ့)
ဖြစ်ပျက်ပျောက်တဲ့နေရာကို ဘယ်ဉာဏ်နဲ့ သွားတွေ့မလည်း (မဂ်ဉာဏ်နဲ့ သွားတွေ့ပါမယ် ဘုရား)
ဒါဖြင့် ဝိပဿနာဉာဏ်သည် ဒကာကြွယ် သေသေချာချာမှတ်စမ်း ဖြစ်မှု့ပျက်မှုကို သူမြင်တယ် (မှန်ပါ့)
ဝိပဿနာဉာဏ်သည် (ဖြစ်မှုပျက်မှုကို မြင်ပါတယ် ဘုရား) မဂ်ဉာဏ်သည် နိဗ္ဗာန်ကို မြင်တယ် (မှန်ပါ့) နိဗ္ဗာန်ဆိုတာကလည်း တခြားမှတ်မနေနဲ့၊ ဖြစ်မှု၊ ပျက်မှုမရှိတဲ့နေရာ ဉာဏ်ကရောက်သွားတယ်။ (မှန်ပါ့)
ဖြစ်မှု၊ ပျက်မှုမရှိတဲ့နေရာကို (ဉာဏ်ကရောက်သွားပါတယ်) အဲ့ဒါ ဘာဉာဏ်ခေါ်ကြမလည်း (မဂ်ဉာဏ်ပါ ဘုရား)
အဲ့ မဂ်ဉာဏ်ပြီးတော့ကို ဦးမာဒင်တို့ “မဂ္ဂေါ ဖလဿ”လို့ ပဋ္ဌာန်းပါဠိတော်မှာ ဟောထားတဲ့အတွက် မဂ်ဉာဏ်ပြီးရင် ဖိုလ်ဉာဏ်လာပါစေလို့ ဦးမောင်ကလေး ဆုမတောင်းရဘူး(မှန်ပါ့) သူ့ဟာသူ ဓမ္မနိယာမအဖြစ်နဲ့ ပေါ်ပေါက်လာတယ် (မှန်ပါ့)
ဘယ်လိုပေါ်ပါလိမ့် (ဓမ္မနိယာမ အဖြစ်နဲ့ ပေါ်ပါတယ် ဘုရား) ဓမ္မနိယာမအဖြစ်နဲ့ ပေါ်လာတယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက သေသေချာချာမှတ်ပါ (မှန်ပါ့)
ဒါ့ကြောင့် “မဂ္ဂေါ ဖလဿ အနန္တရပစ္စယေန ပစ္စယော”လို့ ဟောထားသောကြောင့် ဪ တို့ဆရာဘုန်းကြီးပေးနေတာ ရှုပါဟဲ့ ရှုပါဟဲ့ဆိုတာ ဝိပဿနာဉာဏ်ပါလား (မှန်ပါ့) ရှုလို့ ခန္ဓာဖြစ်ပျက်တွေ ဖြစ်ပျက်လို့ ဆိုတာ အနိစ္စဆိုတယ်နော် (မှန်ပါ့)
ဒါ တကိုယ်လုံးမှာ ရှိတယ်လို့ ဒကာသစ်က မှတ်လိုက်စမ်းပါ (မှန်ပါ့)
တကိုယ်လုံးမှာ ရှိနေတော့ ဒီဖြစ်ပျက်တွေ ဆုံးသွားတော့ ဒီ ခန္ဓာတကိုယ်လုံးဟာ ခန္ဓာရှာမတွေ့တော့ဘူး (မှန်ပါ့) တွေ့နိုင်ပါ့မလား (မတွေ့နိုင်ပါ ဘုရား)
တကိုယ်လုံးဟာ ဦးမာဒင် ခန္ဓာက ဘာတွေတုန်းဗျ (ဖြစ်ပျက်ပါ ဘုရား) ဒီဖြစ်ပျက်တွေကို ဒကာ ဒကာမတွေက ဉာဏ်နဲ့ လှည့်ပြီးကြည့်နေကတည်းက ဪ ဝိပဿနာဉာဏ်ဘဲဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ဖြစ်ပျက်မြင်တာ ဘာဉာဏ်ခေါ်ကြမယ်
ဪ ဒါဖြင့် ဖြစ်ပျက်မြင်တာ ဘာဉာဏ်ခေါ်ကြမယ် (ဝိပဿနာဉာဏ်ပါ ဘုရား) ဖြစ်ပျက်မြင်တာ ဝိပဿနာဉာဏ် (မှန်ပါ့) ရှင်းပြီနော် (မှန်ပါ့)
နောက် ရှုရင်းမတ္တနဲ့ ဒကာ ဒကာမတွေ ဖြစ်ပျက်တွေသည်ကားလို့ဆိုရင် ဖျက်ခနဲ ချုပ်သွားတယ် (မှန်ပါ့) ချုပ်သွားတော့ နောက်စိတ်ပေါ်လာတယ် (မှန်ပါ့) နောက်စိတ်က မဂ်စိတ်ပေါ်လာတယ် (မှန်ပါ့)
သူလာသည်နဲ့ တပြိုင်နက်တည်း ဖြစ်ပျက်မတွေ့တော့ဘူး (မှန်ပါ့) ဖြစ်ပျက်မတွေ့တော့ ဖြစ်ပျက်အဆုံးကို တွေ့တယ်။ (မှန်ပါ့) ဖြစ်ပျက်အဆုံးဆိုတာ ဦးမာဒင်တို့က မှတ်လိုက် ဦးမောင်ကလေးတို့ကမှတ်လိုက် ဪ ဒုက္ခသစ္စာမရှိတာပါကလား (မှန်ပါ့)
ဖြစ်ပျက်က ဒုက္ခသစ္စာကိုး (မှန်ပါ့) အင်း ဖြစ်ပျက် အဆုံးဆိုတာ ဘာပါလိမ့် (ဒုက္ခမရှိတာပါ) ဒုက္ခမရှိတာကို ဉာဏ်က ရောက်သွားတယ် (မှန်ပါ့ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)
ဒုက္ခမရှိတာကို (ဉာဏ်က ရောက်သွားပါတယ်) ဪ ဒါဖြင့် ဖြစ်ပျက်ရှုတဲ့ ဉာဏ်က ဒုက္ခကို မြင်တာ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား) မဂ်ဉာဏ်က ဒုက္ခမရှိတာကို မြင်တာ (မှန်ပါ့ ဘုရား)။
ဖြစ်ပျက်ရှုတဲ့ ဉာဏ်က (ဒုက္ခကို မြင်ပါတယ်) ဒုက္ခကို မြင်တယ်။ ဒကာကြွယ် ရှင်းပြီနော် (ရှင်းပါပြီ) ဖြစ်ပျက်မရှိတာကို မြင်တာက မဂ်ဉာဏ် (မှန်ပါ့ မဂ်ဉာဏ်ပါ) အဲ မဂ်ဉာဏ်က မြင်တယ် ဒကာသစ် ဖိုလ်ဉာဏ်က မြင်တယ် (မှန်ပါ့)
အဲ့ဒီလို မြင်လိုက်ပြီဆိုမှ ဪ နဂိုတုန်းက တကိုယ်လုံးဟာ ဖြစ်ပျက် ဒုက္ခသစ္စာကြီး ရှိနေရတယ် (မှန်ပါ့)
အဲဒီ ဒုက္ခသစ္စာကြီးကို ဒကာကြွယ် ဉာဏ်နဲ့ တည့်နေရမယ် (မှန်ပါ့) ဖျတ်ဆို အသုဘ ဒုက္ခသစ္စာကြီး ပျောက်သွားရော (မှန်ပါ့)
ပျောက်သွားတော့ ဦးမာဒင်က မှတ်လိုက်၊ ဦးမောင်ကလေးက မှတ်လိုက် ဪ သုခနိဗ္ဗာန်ပေါ်လာပြီ (မှန်ပါ့ ဘုရား)။
ဝိပဿနာဉာဏ်က အနိစ္စနဲ့ အသုဘနဲ့ ဒုက္ခသစ္စာကို သူမြင်နေတာကိုး (မှန်ပါ့) ဖျက်ခနဲဆို ဒီဥစ္စာဖြစ်ပျက်တွေ မတွေ့တော့ပါဘူး အသုဘကလည်း မတွေ့ဘူး၊ ဒုက္ခသစ္စာလည်း မတွေ့တော့ဘူးဆိုတော့ ဒုတိယဉာဏ်က ဒကာသစ်ရေ သုဘသွားမြင်တယ် (မှန်ပါ့)။
ခန္ဓာကိုယ်ကြီးဟာ ပျောက်သွားတယ်၊ အသုဘပျောက်သွားတယ် (မှန်ပါ့) ပျောက်သွားပြီး ဘာမြင်ပါလိမ့် (သုခမြင်ပါတယ်) သုခမြင်တယ် (မှန်ပါ့)
ခုနက ရှုနေတဲ့ ဖြစ်ပျက်တွေက ဒုက္ခသစ္စာတွေ သူတို့က ပျောက်သွားပြန်တော့လည်း ဒုက္ခပျောက်ပြီး သုခမြင်တယ် (မှန်ပါ့)။
ဒါဖြင့်အနီးကလေးပါလား
ဪ ဒါဖြင့် ဒကာ ဒကာမတွေ အနီးကလေးပါလား(မှန်ပါ့) အနီးကလေးပါလားဆိုရင် ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား) ကြိုးစားလိုက်စမ်းပါ (မှန်ပါ့)
ကြိုးစားလိုက်စမ်းပါ၊ သူ့အကြောင်းညီညွတ်လို့ရှိရင် ဦးမာဒင်ရေ ဆယ်မိနစ်လောက်နဲ့ ရောက်ချင်ရောက်မယ် (မှန်ပါ့ ဘုရား)။
ဦးမာဒင် အကြောင်းညီညွတ်ရင် (ဆယ်မိနစ်လောက်နဲ့ ရောက်ချင်ရောက်မှာပါ ဘုရား) ဆယ်မိနစ်လောက်နဲ့ ရောက်ချင်ရောက်မယ် (မှန်ပါ့)
ဪ ဒါဖြင့် ဒကာ ဒကာမတွေ လုပ်စမ်းလိုက်တော့မှ သူ့ဟာ ပေါ်လာတာပါကလား (ပေါ်လာပါတယ် ဘုရား)။
လုပ်စမ်းလိုက်လို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ဝိပဿနာဉာဏ်အဆုံးမှာ မဂ်ဉာဏ် ပေါ်လာလိမ့်မယ်ဆိုတဲ့ ဥစ္စာ သေသေချာချာမှတ်ပါ (မှန်ပါ့)
မဂ်ဉာဏ်နောက်က ဖိုလ်ဉာဏ် လိုက်ဖို့ရာလည်း ဆုမတောင်းရဘူးဆိုတာ မှတ်ပါ (မှန်ပါ့)။ သူ့အလိုလိုပေါ်လာတာလို့ သေသေချာချာ ဆုံးဖြတ်ချက်ချ (မှန်ပါ့) ။ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
အဲ့ဒီတော့ကို ဘာကျေးဇူးများသွားသတုန်းလို့ မေးတဲ့ အခါကျတော့မှ ဒိဋ္ဌိကိလေသာ၊ ဝိစိကိစ္ဆာကိလေသာ ဦးမာဒင် ဘာဖြစ်သွားသတုန်း (ကျွတ်သွားပါတယ်) ဪ ကိလေသာ ဝဋ်ကျွတ်သွားတယ် (မှန်ပါ့)
ကိလေသာ ဝဋ်ကျွတ်ပြီး သကာလ သွားတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဤမျှလောက် အကျိုးခံစားရတယ်လို့ မမှတ်ဘဲနဲ့ ဪ အပါယ်ရောက်စေတတ်တဲ့ ဝမ်းထဲမှာ ဘဝများစွာက လုပ်လာခဲ့တဲ့ ကံတွေ တို့မှာ ဒီဘဝသာ ဒီလိုဖြစ်နေတာ၊ ဝမ်းထဲမှ အနုသယသဘောနဲ့ ကိန်းနေတဲ့ အပါယ် ရောက်တဲ့ ကံတွေပါ ဦးမောင်ကလေး ကျွတ်သွားပြီ (မှန်ပါ့)။ ဒါဖြင့် ကမ္မဝဋ်ရော (ကျွတ်ပါတယ်) ကမ္မဝဋ်လည်း ကျွတ်တာလဲ (မှန်ပါ့ ဘုရား)
ဒကာ ဒကာမတို့ သေသေချာချာမှတ်ပါ။ ကမ္မဝဋ်ရော (ကျွတ်ပါတယ် ဘုရား)။
ဒီဘဝ မှားယွင်းထားတဲ့ အပါယ် သွားစေတတ်တဲ့ ကမ္မဝဋ်တွေ ဘာဖြစ်သတုန်း (ကျွတ်သွားပါတယ် ဘုရား)။
ဘဝများစွာက အကျိုးမပေးရသေးဘဲနဲ့ အပါယ်ရောက်စေတတ်တဲ့ ကံတွေ အနုသယသဘောနဲ့ ဝမ်းထဲကိန်းနေတဲ့ ကမ္မဝဋ်တွေရော (ကျွတ်ပါတယ် ဘုရား)။
ကမ္မဝဋ်ကျွတ်တယ်
ဪ ဒါဖြင့် ဒကာ ဒကာမတို့ ကမ္မဝဋ်ကျွတ်တယ်ဆိုကတည်းကလည်း စိတ်အေးရပြီ (မှန်ပါ့) မအေးရဘူးလား (အေးရပါပြီ ဘုရား)
ကဲ ဝိပါက ဝဋ်ကျွတ်-မကျွတ်ကိုလည်း တခါ စဉ်းစားတော့ သေသည်၏ အခြားမဲ့၌ အပါယ်လေးပါး ရောက်ရသေးလား (မရောက်ရပါ) အပါယ်လေးပါး ခန္ခာပေါ်သေးရဲ့လား (မပေါ်ပါ) အဲ့ဒါက ဝိပါက ဝဋ်ကျွတ်တာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)
အဲ့ဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သေသေချာချာပြောချင်တာက ဒီ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာက ကိလေသဝဋ် (မှန်ပါ့) ဝမ်းထဲမှာ ယခုဘဝ မသိမလိမ္မာလို့ မိုက်မဲထားတဲ့ အကုသိုလ်ကံတွေက ဘာဆိုကြမလည်း (ကမ္မဝဋ်ပါ ဘုရား) သေသည်၏ အခြားမဲ့၌ အပါယ်ကောင် ဖြစ်ရမှာက (ဝိပါကဝဋ်ပါ ဘုရား)
ဪ ဒါဖြင့် ဒုက္ခအဆုံးမြင်တဲ့ ပုဂ္ဂိုလိများ ဒီဝဋ်သုံးပါး ကျွတ်တယ် (မှန်ပါ့ ဘုရား)
ဒုက္ခအဆုံးမြင်တဲ့ ပုဂ္ဂိုလ်များ (ဒီဝဋ်သုံးပါး ကျွတ်ပါတယ်) ဝဋ်သုံးပါး ကျွတ်သွားတယ်လို့ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။
အဲ့ဒီတော့ ဆရာဘုန်းကြီးက ဒီနေ့ ဒါကို အရေးတကြီးတခုပြောနေတယ် (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်က ဝဋ်သုံးပါးကို အရေးတကြီးပြောနေတာ ဘယ့်နှယ့်ကြောင့် ပါလိမ့်မတုန်းဆိုတော့ ဒီ ဒကာ ဒကာမတွေကလည်း ဒီဝဋ်သုံးပါးက မကျွတ်းသေးလို့ ဒကာ ဒကာမတွေ ဒုက္ခချုပ်တာကို မမြင်သေးတဲ့ ပုဂ္ဂိုလ်များ- မကျွတ်းသေးဘူး (မှန်ပါ့ ဘုရား)။
ဒုက္ခချုပ်တာ မမြင်သေးတဲ့ ပုဂ္ဂိုလ်များ (မကျွတ်သေးပါ ဘုရား)
ဒါဖြင့် မကျွတ်သေးတဲ့ ပုဂ္ဂိုလ်သည် ငါသေလို့ရှိရင်ဖြင့် စိတ်မှ ချရပါ့မလားဆိုတဲ့ စိတ်ကလေးဟာ ဝမ်းထဲမှာ ရှိနေတယ် (ရှိပါတယ်) ငါသေလို့ ရှိရင် စိတ်မှ ချရပါ့မလားဆိုတဲ့ နှလုံးမသာယာမှုကလေး ရှိတယ် (မှန်ပါ့ ဘုရား)။
အပါယ်မှ စိတ်ချရပါ့မလား
ငါတော့ဖြင့် ထိုက်တန်သလောက်တော့ လှူထားတာဘဲ၊ ထိုက်တန်သလောက်တော့ ပေးထားတာဘဲဆိုတော့ အပါယ်မှ စိတ်ချရပါ့မလားဆိုတဲ့ စိတ်ကလေးဟာက နှလုံးမသာယာမှုကလေးရှိတတ်တယ် (ရှိပါတယ်) သဘောကျပြီလား (ကျပါပြီ ဘုရား)
အဲ့ဒီတော့ ကိုယ့်ဟာကိုယ် ဒုက္ခချုပ်တာကို ဝိပဿနာဉာဏ် အဆုံး မဂ်ဉာဏ်လာလို့ ဒကာ ဒကာမတွေက မြင်ပြီးတဲ့ အခါကျတော့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက် ချရမယ် (မှန်ပါ့)
ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချရမယ်၊ ငါတော့ဖြင့်ဟေ့ ဒုက္ခလည်း ကျွတ်ပြီ သေသေချာချာမြင်တာဘဲ၊ ဒုက္ခလွတ်တဲ့ နေရာကို (မှန်ပါ့) ဒါဖြင့် မြင်တဲ့ဉာဏ်ဟာ မဂ်ဉာဏ်ဘဲ၊ ဖိုလ်ဉာဏ်ဘဲလို့ ဒကာသစ် ကိုယ်တိုင် ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား)
ကိုယ်တိုင် ဆုံးဖြတ်ချက်ချပြီး သကာလ ထားတော့ ခုနက နှလုံးမသာယာမှုကလေး ငါသေရင် အပါယ်ရောက်ဦးမှာလား ဆိုတာ ဒီပုဂ္ဂိုလ်မှာ ဘယ်တောမှ မပေါ်ဘူး (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)
ဪ ဒါဖြင့် ကိုယ့် သန္တာန်မပေါ်လာကတည်းက ကိုယ့်အလုပ်ဖြင့် ခရီးပေါက်လို့ဆိုတဲ့ ဥစ္စာ ငြင်းဖို့ လိုသေးလား (မလိုပါ ဘုရား)
ကိုယ့် သန္တာန်မပေါ်ကတည်းက ကိုယ့်အလုပ် ခရီးပေါက်လို့ ဆိုတဲ့ဥစ္စာ ဦးမာဒင်တို့ ဦးမောင်ကလေးတို့ ကျေကျေနပ်နပ် သဘောကျပြီလား (ကျပါပြီ ဘုရား)
အဲ့ဒီတော့ ဘယ့်နှယ့်ကြောင့် ဆရာဘုန်းကြီးသည် ဒီဥစ္စာကို ယနေ့ စပြီး သကာလ ပြောရပါလိမ့်မလဲလို့ မေးတဲ့ အခါကျတော့မှ ရှင်အာနန္ဒာက ဘုရားကို သွားသွားလျှောက်တယ် (မှန်ပါ့) ရှင်အာနန္ဒာက ဘယ်သူသေပြန်ပြီဘုရား ဘယ်သွားသတုန်း (မှန်ပါ့ ဘုရား)။
ဟာ ဒီပုဂ္ဂိုလ်တော့ဖြင့်ကွာ ကုမရဘူးဟေ့ အပါယ်လေးပါး ရောက်သွားရှာတယ် (မှန်ပါ့) ဆိုတော့ ဘုရားက ၄၅-ဝါ နေတော့ ဦးမာဒင်ရေ မေးလုံးတွေကလည်း သေမည့်လူတွေ နည်းပါ့မလား (မနည်းပါ ဘုရား)
မနည်းတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဖြေရတာ ပင်ပန်းတယ် (မှန်ပါ့ ဘုရား)။
ဘာဖြစ်လို့ပါလိမ့် (ဖြေရတာ ပင်ပန်းပါတယ် ဘုရား) သေမှာက နည်းသလား (မနည်းပါ) သေမှာက မနည်းတော့ ဒကာ ဒကာမတို့ အင်မတန် ပင်ပန်းရှာတယ် (မှန်ပါ့ ဘုရား)။
မှန်တချပ်ပေးထားပါ့မယ်
အင်မတန် ပင်ပန်းရှာတော့ ညီတော် အာနန္ဒာ မင်းလူသေတိုင်း ငါ့ကို လာမေးနေမယ်ဆိုရင် ငါ့မှာ တရားဟောချိန်နဲ့ နှလုံးသွင်းချိန်နဲ့ မင်းဟာ အခက်ကြီးပါကွာ၊ အဲ့ဒါကြောင့် မင်းကိုငါ မှန်တချပ်ပေးထားပါ့မယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဘာပေးထားမလည်း (မှန်တချပ်ပေးထားပါမယ်) အဲ့ဒီမှန်ထဲကို ကိုယ်တိုင်ကြည့်လိုက်ရင် သိပါတယ်တဲ့ (မှန်ပါ့ ဘုရား)။
ကိုယ့်မှန်ကိုယ်ကြည့်တော့ ဒကာ ဒကာမတွေ မှည့်ရှိတယ် တင်းတိပ်ရှိတယ်ဆိုတာ သူများမေးရသလား၊ မှန်ကပြောသလား (မှန်ကပြောပါတယ်) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)
အဲ့ဒီတော့ မင်းကိုလည်းကွာ မှန်ကလေးတချပ် ငါပေးထားပါ့မယ် ဆိုပြီး သကာလ သောတာပန်တည်တဲ့ ပုဂ္ဂိုလ်မှာကွာ သူ့မှန်နဲ့သူ ရှိပါတယ်ကွာတဲ့၊ သူ့ဟာနဲ့သူ သိပါတယ် မင်းက ငါ့ကိုလာလာပြီး မေးမနေပါနဲ့ သူ့ကို မှန်တချပ်ပေးတဲ့သဘောနဲ့ မှန်ရထားပါတယ်တဲ့ (မှန်ပါ့ ဘုရား)။
တခါတည်း ဖြစ်ပျက်တွေ ဆုံးပြီး သကာလ သွားတော့ ဖြစ်ပျက်ဆိုတာ ခန္ဓာနော် (မှန်ပါ့ ဘုရား)။
ဖြစ်ပျက်ဆိုတာ (ခန္ဓာပါ ဘုရား) ဒါတွေဟာ ဉာဏ်အောက်တွင်ဘဲ ဦးမာဒင်တို့၊ ဦးမောင်ကလေးတို့ ဆုံးသွားတယ် (မှန်ပါ့ ဘုရား)။
ဆုံးသွားတော့ ခန္ဓာရှိသေးရဲ့လား (မရှိပါ) ခန္ဓာဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ) ဪ ဒုက္ခသစ္စာကို ပရိညေယျနဲ့ ပိုင်းခြားပစ်ခဲ့တယ် (မှန်ပါ့ ဘုရား)။
နောက်စိတ်က ဘာမြင်ပါလိမ့်မတုန်း
ပရိညေယျနဲ့ ပိုင်းခြားပစ်ခဲ့သော နောက်စိတ်က ဘာမြင်ပါလိမ့်မတုန်း မေးတဲ့ အခါကျတော့ ဖြစ်ပျက်မရှိတာဘဲ မြင်တော့တယ် (မှန်ပါ့)
နောက်စိတ်က ဘာမြင်ပါလိမ့်မတုန်း ( ဖြစ်ပျက်မရှိတာဘဲ မြင်ပါတယ်) ဖြစ်ပျက်မရှိတာဘဲ မြင်တော့တယ်ဆိုတာ ဒကာ ဒကာမတို့ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။
နောက်စိတ်က ဖြစ်ပျက်မရှိတာမြင်ရော၊ သူ့နောက်က လာတဲ့ စိတ်ကလည်း ဦးမာဒင် ဖြစ်ပျက်မရှိတာဘဲ မြင်တယ် (မှန်ပါ့ ဘုရား)
နောက် ဒီအလုပ်ခွင်က မထ မခြင်း ဆိုကြပါစို့ (မှန်ပါ့) ဣရိယာပုထိ မပြောင်းမခြင်း ဖြစ်ပျက်မရှိတာဘဲ မြင်နေတယ် (မှန်ပါ့ ဘုရား)
ဪ ဒါဖြင့် နေရာကျပြိး မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ ပစ္စဝေက္ခဏဉာဏ်ရပြီဆိုပြီး ဒီနေရာကဘဲ အလုပ်သိမ်းတော့မယ် ဆိုပြီး ထလာတယ် (မှန်ပါ့)
ထလာလို့ရှိရင် သူ့စိတ်ထဲမှာ သူများ မမေးရတော့ဘူး (မှန်ပါ့ ဘုရား) သူများမမေးရတော့ဘူးတဲ့ ငါသည် ဧကန်ကိုဘဲ ဖြစ်ပျက်တွေ ဆုံးတဲ့ နေရာမြင်ပြီး ဒါ့ကြောင့် ငါတော့ဖြင့် သေရင် အပါယ်ဘေး ဝိနိပါတဘေးဆိုတဲ့ ပရမ်းပတာကျတဲ့ ဘေးတော့ဖြင့် ငါ မရောက်ဘူးဆိုပြီး သူ့စိတ်ထဲ ပျော်လာတယ် (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)
ခုနက ဒကာ ဒကာမတို့ တွေ့ရပြီးသားက ပြောတဲ့ သူ့ ဝမ်းထဲမှာ သူပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား) သူများပြောလို့လား သူ့ဟာသူ ဆုံးဖြတ်ချက်ချနေတာလား (သူ့ဟာသူ ဆုံးဖြတ်ချက် ချနေတာပါ ဘုရား)။
အဲ့ဒါကြောင့် ဒီဟာ သူ့ဟာသူ ဆုံးဖြတ်ချက် ချပါတယ်ကွာ၊ သူ နိဗ္ဗာန်တည်းဟူသော မှန်ကို မြင်ရတဲ့အတွက် သူ၏ သန္တာန်မှာ အပါယ်လေးပါး ကျစေတတ်တဲ့ စိတ်မရှိဘူးဆိုတာ သူ့ဟာသူ သိပါတယ်ကွ၊ မင်းက ငါ့ကို လာလာမေးမနေပါနဲ့တဲ့ (မှန်ပါ့) ပေါ်ကြပြီလား (ပေါ်ါပါပြီ ဘုရား)။
ကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်အောင်
ဒါဖြင့် ဒကာ ဦးမာဒင်တို့ ဦးမောင်ကလေးတို့ ဒကာကြွယ်၊ ဒကာသစ်တို့ အားလုံးပေါ့လေ၊ သူများမမေးပါနဲ့ (မှန်ပါ့) ကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်အောင် လုပ်ဖြစ်အောင် လုပ်ပါဆိုတဲ့ ဥစ္စာ သူများမေးမနေပါနဲ့ ကြာတယ် (မှန်ပါ့)
ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချပြီး သကာလ အေးရအောင် ဒီဟာဖြင့် အကြီးတကာ့ အကြီးဆုံးဘဲ၊ အကြီးဆုံးအရေးဘဲဆိုတဲ့ ဥစ္စာဖြင့် ဘာမှ ဆရာဘုန်းကြီးပြောစရာမလိုဘူး (မှန်ပါ့) လိုသေးလား (မလိုပါ ဘုရား)
အဲ့ဒီလို မလိုတာကိုလည်း သိရမယ်၊ ကိုယ့်ဟာကိုယ်လည်း ကိုယ့်မှန်နဲ့ကိုယ်ကြည့်ပြီး ကိုယ့်ဉာဏ်နဲ့ ဆုံးဖြတ်ချက်ချနိုင်လောက်အောင်လည်း ဘုရားက မှန်တချပ်ပေးထားတယ် (မှန်ပါ့)
မင်း ဒုက္ခ ချုပ်တဲ့ဆီကိုသာ မြင်ပါစေကွာ၊ မင်းအပါယ်လေးပါးတော့ လုံးဝ မရောက်ပါဘူးတဲ့ (မှန်ပါ့ ဘုရား) ငါပြောတာအသာထား၊ မင်းစိတ်ထဲကို ဒါမြင်လိုက်ရင် ဪ ငါ အပါယ်လွတ်ပြီဆိုတာ ပေါ်လာတယ် (မှန်ပါ့)ရှင်းပြီလား (ရှင်းပါပြီ ဘုရား)
ငရဲ၊ ပြိတ္တာ၊ တိရစ္ဆာန်၊ အသူရကာယ်ဆိုတဲ့ အပါယ်လေးပါးတော့ (လွတ်ပါပြီ ဘုရား) မရောက်တော့ဘူးဆိုတာ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချတယ်၊ သူများပြောလို့ မဟုတ်ဘူး (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒါသည် တရားမှန်လို့ မှတ်ထားလိုက်စမ်းပါ (မှန်ပါ့)
ဒီနေ့ ဘာတရားဟောပါလိမ့် (တရားမှန်ကို ဟောပါတယ် ဘုရား) အေး မှန်တရားကို ဟောတယ်လို့ မှတ်ထားလိုက်စမ်းပါ (မှန်ပါ့) မှန်တရားဆိုတာ ပြင်ကြရမည့် ပုဂ္ဂိုလ်တွေ သွားကြရမည့် ပုဂ္ဂိုလ်တွေ ရှိပြီး သကာလ နေတော့ မှန်တချပ်စီ ပေးလိုက်မှ ဒကာကြွယ် တည့်တယ်နော် (မှန်ပါ့)
မှန်တချပ်စီ (ပေးလိုက်မှ တည့်ပါတယ် ဘုရား)။
သူ့မှန်ကလေးသူကြည့်ပြီးတော့
မှန်တချပ်စီ ဘယ့်နှယ့်ကြောင့် ပေးသတုန်းဆိုတော့ ဆရာသမားနဲ့ ဝေးရော၊ သူ့မှန်ကလေးသူကြည့်ပြီးတော့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချတယ် (မှန်ပါ့) ဆရာသမားက ပြောစရာလိုသေးလား (မလိုပါ ဘုရား)
လိုသေးလား (မလိုပါ ဘုရား) ခင်ဗျားတို့ရော (တည့်ပါတယ် ဘုရား) ဘယ်သွားတည့်တာတုန်း (သုသာန်သွားတာ တည့်ပါတယ် ဘုရား) သုသာန်အသေသွားတာ တည့်တယ် (မှန်ပါ့)
ကျုပ်တို့က ဖြေးနေတာဟာ တဏှာ့ကိစ္စကြောင့် ဖြေးနေတာ (မှန်ပါ့)
ဖြေးတာဟာ ဘာကိစ္စကြောင့်လည်း (တဏှာ့ကိစ္စကြောင့်ပါ ဘုရား)
ဒကာကြွယ် ဒါ ဘုန်းကြီးပြောတာ သေသေချာချာမှတ်နော် (မှန်ပါ့) ခင်ဗျားတို့ အလုပ်ကန့်ကွက်တာနဲ့ တူနေတယ် (မှန်ပါ့) ဖြေးဖြေးမှ လုပ်မယ်ပြောတာလည်း (တူပါတယ် ဘုရား) တနေ့နေ့ကြိုးစားမယ်ဆိုတာကော (တူပါတယ် ဘုရား) သာဓုခေါ်ထိုက်တဲ့ တရားမဟုတ်ဘူး (မဟုတ်ပါ ဘုရား)
ဦးမာဒင် သာဓုခေါ်ထိုက်ရဲ့လား (မခေါ်ထိုက်ပါ) ဆင်ခြေလည်းနေတာက တနေ့နေ့လုပ်မယ်၊ ဖြေးဖြေးလုပ်မယ်ဆိုတာ ခင်ဗျားတို့ ဉာဏ်က ပြောတယ်ထင်သလား၊ တဏှာက ပြောတယ်ထင်သလား (တဏှာက ပြောပါတယ် ဘုရား) သေခြင်းဆိုး တွန်းနေတဲ့ တဏှာက ပြောတာ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ)
ဘယ်သူက ပြောတာပါလိမ့် (တဏှာက ပြောတာပါ) သေခြင်းဆိုးတွန်းတဲ့ တဏှာက ပြောတာ ဖြစ်နေတာကြောင့် ခင်ဗျားတို့က တဏှာ့စကား မယောင်ပါနဲ့ (မှန်ပါ့)
ဒကာ ဒကာမတို့ ဘယ်သူ့စကးတုန်း (တဏှာ့စကားမယောင်ရပါ ဘုရား)
တဏှာ့ စကားကို ဒကာကြွယ် ယောင်လို့ တော်ပါ့မလား (မတော်ပါ ဘုရား) တဏှာ့မဖော်တွေ ပြောတဲ့ စကားရော ယောင်လို့ တော်ပါ့မလား (မတော်ပါ ဘုရား)။
တဏှာက ဆင်ခြေလဲတယ်
ကိုယ့်ဝမ်းထဲက တဏှာက ဖြေးဖြေးတရက်တော့ လုပ်တာပေါ့ကွာ၊ ဒီကိစ္စကလေးက ရှုပ်နေသေးတယ်၊ မလွှဲသာဘဲ ကိုးကွ၊ မရှောင်သာဘဲကိုကွ ဆိုပြီး တဏှာက ဝမ်းထဲကနေပြီး ဆင်ခြေလဲနေတာ၊ တဏှာက ဆင်ခြေလဲတယ် (မှန်ပါ့)
တဏှာ့အဖော်တွေကလည်း ဒကာ ဒကာမတွေ အကူအညီပေးသေးတယ် (မှန်ပါ့ ဘုရား) တဏှာ့အဖော်တွေက ဘာတုန်းသားကလေးက တဏှာ့အဖော်ကလေးဗျ (မှန်ပါ့)
အင်း သားကလေး နေမကောင်းလို့ (မှန်ပါ့)အင်း သူက တဏှာ၏ အဖော် (မှန်ပါ့)
သူမကောင်းလို့ ကိုယ်ကလည်း အသေတော့ အမြန်ခိုင်းမယ်။ အလုပ်တော့ ရပ်ဦးမယ်ဆိုတော့ ခန္ဓာကိုယ်က ရပ်ပါ့မလား (မရပ်ပါ ဘုရား) သားမမာလို့ သူရပ်ပါ့မ်ား (မရပ်ပါ) သမီးကလေးက နေရာမကျသေးလို့၊ ခန္ဓာက ရပ်ပါ့မလား၊ (မရပ်ပါ ဘုရား)
ဒါတွေ ကြပ်ကြပ်စဉ်းစားပါ၊ ခင်ဗျားတို့ အဲ့ဒါတွေက တဏှာ၏ ချော့စရာ၊ မော့စရာ အရုပ်တွေလို့ မှတ်ထားပါ. (မှန်ပါ့) ခင်ဗျားတို့ တည်းဟူသော ခလေးတွေကို တဏှာက သားရုပ်၊ သမီးရုပ်ကလေးတွေနဲ့ ချော့လိုက်တာနဲ့လည်း ဒကာ ဒကာမတွေ အသေစေတတ်တယ် (မှန်ပါ့)
သေသေချာချာပြောနေတယ်နော်(မှန်ပါ့ ဘုရား) တဏှာကောက်ကျစ်တာသိရင် နိဗ္ဗာန်ရောက်တယ်ဆိုလို့ သေသေချာချာပြောနေပါတယ်(မှန်ပါ့)
ဒါဖြင့် ဝမ်းထဲက ကန့်ကွက်တာက တဏှာ (မှန်ပါ့ ဘုရား) သားတွေ သမီးတွေ ကန့်ကွက်တာက တဏှာက ဝယ်ပေးတဲ့ ကျုပ်တို့ကို ချော့တဲ့ အရုပ် (မှန်ပါ့)ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)
ကျုပ်တို့က ကလေးနဲ့တူတယ်၊ ကလေးငိုတော့ အမေ မိဘက အရုပ်ဝယ်ပေးရလို (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)
တဏှာက ခင်ဗျားတို့ကို သားရုပ်၊ သမီးရုပ်ကလေးတွေ တည်ထောင်ပေးထားတယ် (မှန်ပါ့)
ဒါ ကလေးတွေဟာ နင်မရှိရင် ဘယ့်နှယ်လုပ်ပါ့မလည်း နင်မရှိရင် ဘယ့်နှယ့်လုပ်မလဲ (မှန်ပါ့)
ဒါကလေးတွေ လူလားမြောက်ပြီး သကာလ လူချင်းတာဖို့ အရေးဟာလည်း မင်းအရေးမဟုတ်ဘူးလား (မှန်ပါ့ ဘုရား) အရုပ်ပြပြီး ချော့တယ် (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)
ဒကာ ဒကာမတွေ မပါးလို့ ဖော်နေရတာ (မှန်ပါ့) ခင်ဗျားတို့ကလည်း ရင်သွေးတစ်ခုနဲ့ ရပ်နေတာ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)
ဒကာကြွယ်က ဘာနဲ့ ရပ်ရပ်နေသလဲ (ရင်သွေးတခုနဲ့ ရပ်ရပ်နေပါတယ် ဘုရား) ဘယ်မှာလည်း ခင်ဗျား ရင်သွေး ရင်သွေး ရင်သွေးနဲ့ လုပ်မနေပါနဲ့ဦး (မှန်ပါ့)။
ရင်သွေးနဲ့ လုပ်မနေပါနဲ့ဦး
မိန်းမလည်းမဟုတ်ဘူး၊ မိန်းမဖြင့်လည်း နို့တိုက်ရတယ်ဆိုတော့ ရင်သွေးဆိုရသေးတယ်(မှန်ပါ့) ယောကျာ်းသားကတော့ ဘာမှ မဆိုင်ဘူး ရင်သွေးလုပ်မနေနဲ့ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)
ဘယ်ကများ ဒကာကြွယ်တို့ ဒီစကား ကူးလာပါလိမ့်မလဲ မိန်းမတွေဆီက ကူးလာတာ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)
ကိုယ့်ရင်သွေးဆိုတော့ မဖြစ်သေးဘူး ဘုရားကိုး(မှန်ပါ့) ဖြစ်မှ ဖြစ်ရလေ။
ကဲ ဒကာ ဒကာမတို့ ဒီ ဥစ္စာတွေက တဏှာတည်းဟူသော အမိသည် ခင်ဗျားတို့ကို သားရုပ်၊သမီးရုပ်တည်းဟူသော အရပ်ကလေးတွေနဲ့လည်း ခင်ဗျားတို့ကို ချော့ထားတယ်။ (မှန်ပါ့) ခင်ဗျားတို့၏ သေလမ်းစောသွားမှာကိုလည်း အလွန်ကြောက်စရာကောင်းတယ် (ကောင်းပါတယ် ဘုရား) သဘောပါကြပြီလား (ပါပါပြီ ဘုရား)
ခင်ဗျားတို့ အမေ၊ မိဘ တဏှာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား) သားကလေးတွေ သမီးကလေးတွေ ပြပြီးတော့ မချော့ဘူလား (ချော့ပါတယ် ဘုရား)
သူက အတွင်းကနေပြီး ကန့်ကွက်တာက တမျိုး သားရုပ်ကလေးတွေ၊ သမီးရုပ်ကလေးတွေပြပြီး ချော့တာက တမျိုး(မှန်ပါ့) ဆိုတော့ ဒကာ ဒကာမတွေလည်း တဏှာ့ကျွန် သမားတွေ ဖြစ်နေတော့ သူကိုယ်တိုင်ပြောယုံလိုက် (မှန်ပါ့) သူပေးထားတဲ့ အရုပ်ကလေးနဲ့ ပြပြီး သကာလ မေ့လိုက် (မှန်ပါ့)
ဘယ့်နှယ်လုပ်ကြမတုန်း ဒကာကြွယ် ဘယ့်နှယ်လုပ်မတုန်း မပြောပါနဲ့တော့ဘုရား ၊ မိုက်လုံးက ကြီးလွန်းလို့ (မှန်ပါ့) ဆိုထိုက်၊ မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)
သေသေချာချာစဉ်းစားမယ်ဆိုတော့ “ပလိဗောဓော မဂ္ဂါဓိဂမဿ နီဝရဏံ” (မှန်ပါ့)။
မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် တားမြစ်တယ်
ဗလိဗောဓော = တဏှာဆိုတဲ့ ပလိဗောဓ တရားသည်၊ မဂ္ဂါဓိကမဿ = မဂ်ရခြင်းကို၊ နီဝရဏံ = တားမြစ်တတ်၏ (မှန်ပါ့) ဒကာ ဒကာမတို့ ဘယ်လောက် ကြောက်စရာကောင်းသတုန်း (ကောင်းပါတယ် ဘုရား) မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် တားမြစ်တယ် (မှန်ပါ့)
သူကိုယ်တိုင် ဝမ်းထဲက တားမြစ်လို့ မရရင် သားရုပ်၊ သမီးရုပ်နဲ့ (တားမြစ်ပါတယ် ဘုရား) ချော့ပြီး တားမြစ်တယ် (မှန်ပါ့) အမလေး ကြောက်စရာကြီးပါလား (ကြောက်စရားကြီးပါ ဘုရား)
သူကိုယ်တိုင် ဝမ်းထဲက တားမြစ်လို့ မရရင် (သားရုပ်၊ သမီးရုပ်နဲ့ တားမြစ်ပါတယ် ဘုရား)
ဒါနဲ့မှ ချော့မရလို့ရှိရင် ဆွေမျိုးနဲ့ ချော့တယ် (မှန်ပါ့ ဘုရား) မင့်ဆွေမျိုးတွေ မင်းမရှိရင် မင်းမထောက်ပံ့ရင် ဘယ့်နှယ်လုပ်မတုန်း (မှန်ပါ့)
မင်းဘဲ လူတစ်ယောက် လုပ်နေတာ မင့်ဘဲ အကုန်မှီနေကြတာ၊ မင့်လုပ်သားတွေ ဘယ့်နှယ်လုပ်မတုန်း (မှန်ပါ့) အဲ့ဒါတွေလည်း ကြည့်ဦးမှပေါ့ ရှုဦးမှပေါ့ (မှန်ပါ့) ဟာ အရုပ်ပေါင်း များစွာနဲ့ ချော့ပြန်ပြီ (မှန်ပါ့) ဘယ်သူပါလိမ့် (တဏှာပါ ဘုရား)
မရိပ်မိဘူး ဒကာ ဒကာမတွေက ဖြုန်းခနဲ မရိပ်မိဘူး (မှန်ပါ့) လက်ညှိုးသာထိုးနေတာဘဲ၊ ဒီဥစ္စာတွေဟာ တပည့်တော် မရှိရင် ဘယ့်နှယ်လုပ်မလဲဘုရား ဆိုပြီး သကာလ တော်တော့ ဘုန်းကြီးများဖြင့် ဟုတ်ပါ့ မှန်ပါ့တောင် လိုက်ရဦးမလို ကျနေတာ(မှန်ပါ့) အမလေး ကြောက်စရာကြီးပါလား (မှန်ပါ့)
ဒကာ ဒကာမတွေ ပြောတယ်၊ လိမ်ထားတာကလည်း လိမ်တဲ့ နောက်ကို ဆရာသမားက ဟုတ်ပါ့ မှန်ပါ့ လိုက်မယ်ဆိုရင် ဒကာကြွယ် သွားရောပေါ့ (သွားပါပြီ ဘုရား) ဆရာအဖြစ်ရော ရောက်သေးရဲ့လား (မရောက်ပါ ဘုရား)။
အဲ့ဒါကြောင့် ဘုန်းကြီးများကတော့ဖြင့် အရင်းအနှီးတွေဖြစ်နေတဲ့ ဒကာဒကာတွေ ခင်ဗျားတို့ ချော့ပြန်ပြီနော် မပျော့နဲ့ (မှန်ပါ့) တားရတယ် (မှန်ပါ့) မတားရပေဘူးလား (တားရပါတယ် ဘုရား)
ဝမ်းထဲကနေ တမျိုးတားလိုက် (မှန်ပါ့) အပြင်ဘက်ကဟာတွေပြပြီး (တမျိုးတားပါတယ် ဘုရား) တမျိုးပြပြိးတားလိုက်၊ မမာတာတွေ ပြပြီး သကာလ (တားပါတယ် ဘုရား)။
ခန္ဓာခင်တဲ့ တဏှာ
မင်းမာတော့ ဖိလုပ်တာပေ့ါ၊ မမာတုန်းကတော့ ခပ်လျှော့လျှော့ပေါ့ (မှန်ပါ့ ဘုရား) အင်း ဒါလည်း ဘယ်သူထင်သတုံး (တဏှာပါ ဘုရား) ခန္ဓာခင်တဲ့ တဏှာ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)
ဒါဖြင့် တနေ့ကို ဒကာကြွယ် သူ တရားပေါင်း ဘယ်လောက်ဟောသတုန်း (မရေတွက်နိုင်ပါ ဘုရား) ဒကာကြွယ် ဘယ်နှစ်ခါ နာရသတုန်း (မရေတွက်နိုင်ပါ ဘုရာ း)မရေတွက်နိုင်အောင် နာရတယ် (မှန်ပါ့) အမလေး ကြောက်စရာကြီးပါလား ဒကဒကာမတို့ (မှန်ပါ့)
ဘုန်းကြီးလည်း ၁နာရီဘဲ ပြောနိုင်တယ် ဟင် (မှန်ပါ့) သူက တနေ့ ဘယ်နှစ်နာရီပြောပါလိမ့် (မရေတွက်နိုင်ပါ) မရေတွက်နိုင်တဲ့ နာရီတွေဟာ သူ့လက်အောက်မှာ ရောက်နေတယ် (ရောက်နေပါတယ် ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)
အဲ့ဒီတော့ သံသရာရှည်တယ်ဘုရား တပည့်တော်တို့ သံသရာလည် းမရှည်ချင်ပါဘူးဆိုတဲ့ ဥစ္စာ သံသရာရှည်ချင်တဲ့ ပုဂ္ဂိုလ်ဟာ သူ့ကြောင့် ရှည်ရတယ် (မှန်ပါ့ ဘုရား) မရှည်ချင်ဘူဆိုရင် သူပြောတဲ့ စကားလုံးဝနားမထောင်နဲ့ (မှန်ပါ့)
မင်းက နေမကောင်းဘူးလို့ မင်းက တားပြန်တယ်။ မနေဘူးကွာ မဂ်ဉာဏ်ပေါ်အောင် လုပ်လိုက်မယ်(မှန်ပါ့) သားကလေးတွေ၊ သမီးကလေးတွေ နေမကောင်း၊ ထိုင်မကောင်းရှိနေတော့ အို သူ့ဟာသူ ရှိချင်ရှိ- မရှိချင်နေ၊ အရုပ်ပြပြီး မချော့နဲ့ဟေ့ (မှန်ပါ့) အမယ် ကိုယ်က မာရမှာ (မှန်ပါ့)
မာရဲပါ့မလား (မမာရဲပါ ဘုရား) ဘယ် မမာရဲတဲ့ အပြင် မျက်ရည်ကလေး သုတ်ကာ သုတ်ကာနဲ့တောင် လာသေးတယ် (မှန်ပါ့) အတော်ကြောက်စရာကောင်းတဲ့ သူတွေ(မှန်ပါ့) သဘောပါရဲ့လား (ပါပါတယ် ဘုရား)။
တဏှာက လှည့်စားလိုက်တာ
တဏှာက လှည့်စားလိုက်တာကို ခင်ဗျားတို့က အဟုတ်မှတ်ပြီး သကာလ ဦးလှဘူးရေ ပြာများ ပြာလိုက်သေးတယ် (ပြာခဲ့ပါတယ် ဘုရား) မပြာဘူးလား (ပြာပါတယ် ဘုရား)
အရုပ်ကလေးပြတာနဲ့ ဘာဖြစ်ရတာလဲ (ပြာပါတယ် ဘုရား) အရုပ်ကလေးက မျက်နှာညှိုးပြလိုက်၊ မျက်စိကလေး နာပြလိုက် (မှန်ပါ့ ဘုရား) ဟုတ်လား နှာကလေး စေးပြလိုက်လို့ ရှိရင်ဖြင့် ဦးမာဒင်ကြီးက တခါတည်း ပြာထွက်သွားတာပဲ (ပြာပါတယ် ဘုရား) ဘာကြောင့်ပြာသွားတာတုန်း (တဏှာလှည့်စားလို့ပါ ဘုရား) အရုပ်ပြလိုက်လို့ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)
ဘယ်သူပိုင်တဲ့ အရုပ်လည်း ၊ ကိုယ်ပိုင်တဲ့ အရုပ်လား၊ တဏှာက ဒါတွေ မင်းမရှိရင် မဖြစ်ဘူးလို့ သူလုပ်ထားတဲ့ အရုပ်လား (တဏှာက လုပ်ထားတဲ့ အရုပ်ပါ ဘုရား)
ဪ ဒါဖြင့် သူလုပ်ထားတဲ့ အရုပ်နဲ့ ခင်ဗျားတို့က တခါတည်း မျက်ရည်ကြီးငယ်ကျမယ်၊ ဒကာ ဒကာမတို့က ပြာပြာသလဲ ဖြစ်ရမယ်ဆိုတဲ့ဥစ္စာသည် ဒကာဒကာတွေ ‘ဖျင်း’လို့ဖြစ်လိမ့်မယ် (မှန်ပါ့)
ဘာလို့ ဆုံးဖြတ်ချက်ချမလဲ (ဖျင်းလို့ပါ ဘုရား) ဒကာကြွယ် ဘယ့်နှယ်တုန်း (ဖျင်းလို့ပါ ဘုရား)
ဖျင်းလို့ (မှန်ပါ့) ဘယ်လောက်ဖျင်းဖူးသတုန်း (မရေတွက်နိုင်ပါ ဘုရား) မရေတွက်နိုင်ဘူး၊ ဒါဟာ ဒီဆရာနဲ့ တွေ့တော့မှ မပါးလို့ရှိရင် ဦးမာဒင်တို့ ဦးမောင်ကလေးတို့ ဘယ်တော့မှ မပါးဘူးဆိုတဲ့ အဓိပ္ပါယ် ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား)
ဒါ အခုကြည့်လေ ကိုယ်တိုင်ဖျက်လို့မရရင် အရုပ်ပြဖျက်တယ် (မှန်ပါ့) သဘောကျပြီလား (သဘောကျပါပြီ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)
ကိုယ်တိုင် သူ့ဝမ်းထဲကနေပြီး သကာလ တခါတည်း အမျိုးမျိုးကန့်ကွက်တယ်၊ မင်းသွားစရာတွေ့၊ လာစရာတွေ့၊ ပြောစရာတွေ့၊ ဆိုစရာတွေ့၊ ဝယ်စရာတွေ့၊ ခြမ်းစရာတွေ့ နည်းတာတွေ မဟုတ်ဘူး (မှန်ပါ့) ဒါက ကိုယ့်စိတ်ကူးနဲ့ ကိုယ့်တဏှာက ကိုယ့်ဖျက်ချတယ် (မှန်ပါ့ ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)
သူဒါနဲ့ မရပြန်ဘူးဆိုလို့ရှိရင် အကြီးအကျယ် ကန့်ကွက်တဲ့ စစ်ကူသွားရှာတာဘဲ (မှန်ပါ့) မရှာဘူးလား (ရှာပါတယ် ဘုရား) ရှာတယ် ဒကာကြွယ်ရ (မှန်ပါ့)။
လသာတုန်း ဗိုင်းငင်မှ
တခါတလေများ စီးပွားရေးကလည်း လသာတုန်း ဗိုင်းငင်မှ (မှန်ပါ့) အင်း ဘာလုပ်ပြန်တာတုန်းဗျ၊ လသာတုန်း ဗိုင်းငင်လိုက်တဲ့ ဒကာကြွယ်ရ၊ ဘယ်သူပြောတာတုန်း ( တဏှာက ပြောတာပါ ဘုရား)
အင်း ဟုတ်သားဘဲနဲ့ ခင်ဗျားတို့က ခေါင်းငြိမ့်ပြီးများ လိုက်သွားရင် ကျွန်ဖြစ်မယ်သာ စိတ်ကူးပေတော့ (မှန်ပါ့) သဘောပါရဲ့လား (ပါ-ပါတယ် ဘုရား)
အဲ့ဒါတွေ အိမ်မှာနေရင်လည်း ပါးရမယ် (မှန်ပါ့ ဘုရား) ဆရာသမားဆီနေရင်ရော (ပါးရပါမယ်) ပါးရမယ်ဆိုတော့ မလွှဲသာ မလွှဲသာဆိုတဲ့ ဥစ္စာက ခင်ဗျားတို့က လူတဦးတယောက် ဧည့်သည် အကြီးအကျယ် ရောက်လာတယ် ဆိုရင် ဒကာကြွယ်တို့က မလွှဲသာလို့ ထည့်လိုက်တယ် (မှန်ပါ့) တကယ်မလွဲသာတာက သေလမ်းကမှ မလွှဲသာတာ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)
သူ့ကို ဧည့်ခံနေလို့ ဟိုဘက်က သေလမ်း အသွားက ရပ်ရဲ့လား (မရပ်ပါ) မရပ်တော့ ဟိုဟာမှ မလွှဲသာတာ (မှန်ပါ့ ဘုရား)
မင့်လမ်းကိုဖြင့် ငါ ခြေမသွက်နိုင်ဘူးကွ၊ မင်းက မလွှဲသာအောင် လုပ်နေတယ်၊ လုပ်ပင်လုပ်ငြား သော်လည်း ကြားဖြတ် ငါသည်ကားလို့ ဆိုရင် မဂ်လမ်း ဉာဏ်လမ်းနဲ့ တားမယ် (မှန်ပါ့) ဒီလို လုပ်ရမယ့် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)
ဘုန်းကြီးက တယူသန်ပြောနေတယ်လို့ ဒကာကြွယ်က ဆိုချင်သေးလား (မဆိုချင်ပါ) သွားမဆိုလိုက်နဲ့တဲ့ ဘုန်းကြီးကို စွဲချက်တင်ရင် ခင်ဗျားတို့ အများကြီးလွဲမယ် (မှန်ပါ့)
ခင်ဗျားတို့ တဏှာ့ပရိယာယ် နားထောင်တဲ့ ပုဂ္ဂိုလ်ဟာ ဝဋ်လည်ချင်လို့ မှတ် (မှန်ပါ့ ဘုရား)
ဘယ်လိုမှတ်ကြမယ် (ဝဋ်လည်ချင်လို့ပါ ဘုရား) သူကကြည့်ပါ့လား ဒကာ ဒကာမတွေ ဒီမှာ မသိတဲ့ အဝိဇ္ဇာနဲ့ တဏှာက ကျုပ်တို့ ပုထုဇဉ်မိုက်ကို လှည့်တယ်။ (မှန်ပါ့ ဘုရား)။
ပုထုဇဉ်မိုက်ကို လှည့်တယ်
မသိတဲ့ အဝိဇ္ဇာနဲ့ တဏှာက ပုထုဇဉ်မိုက်ကို ဘယ့်နှယ်တုန်း (လှည့်ပါတယ် ဘုရား)
ဘယ်လိုလှည့်လိုက်သတုန်းလို့ မေးတဲ့အခါကျတော့ မင်းကိုယ်မင်း လုပ်ကျွေးမှ ရမှာပေ့ါကွ၊ မင်းက လူ့ပြည်လာပြီး သကာလ သူများ အောက်ကျ နောက်ကျ နေပြန်လည် းမင်းမကောင်းဘူး ဆိုပြီး သကာလ တဏှာကနေပြီ းနေ့တိုင်း တရားဟောတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါတယ် ဘုရား)
တဏှာက ဘာတုန်း (နေ့တိုင်း တရားဟောပါတယ်) နေ့တိုင်း တရားဟောတယ် ဒီခန္ဓာကြီးကို မင်းဟာ လူရယ်လို့ ဖြစ်လာလို့ ရှိရင် လူ့အောက်ကျမှာတော့ ကြောက်၊ အပါယ်ကျမှ မကြောက်နဲ့ (မှန်ပါ့) ဒီကျအောင် ဟောလိုက်မယ် (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)
ဘယ့်နှယ်များ ဟောသတုန်းပြောကြစမ်းပါဦး (လူ့အောက်ကျမှာတော့ ကြောက်ပါ။ အပါယ်ကျမှာ မကြောက်နဲ့လို့ ဟောပါတယ် ဘုရား) တော်တော် ရဲရဲတင်းတင်းဟောတဲ့ လူနော် (မှန်ပါ့ ဘုရား)
အခု ဒကာ ဒကာမတွေလည်း ဘုန်းကြီးက စကားတတ်လို့ ပြောတယ်လို့ ဒကာကြွယ်က ဒီလိုမယူနဲ့ (မယူပါ ဘုရား) ဒီလို မယူနဲ့တဲ့ ခင်ဗျားတို့ ဒီအတိုင်းဖြစ်နေတယ် (မှန်ပါ့ ဘုရား)
ဪ ဒီနားမှာ အိမ်နားမှာ နေကြ ထိုင်ကြတဲ့ အထဲမှာ ဘယ်အိမ်မှ တို့ ဆားတလျှက်ဆိုသလို တောင်းရပြုရတာ မရှိဘူး (မှန်ပါ့ ဘုရား)
အကယ်၍ ဒီလို အလုပ်အကိုင်တွေ ချို့တဲ့ပြီး သကာလ သူတော်ကောင်း အလုပ်တွေ လုပ်နေမယ်ဆိုရင် လူ့အောက်မကျပေဘူးလား (မှန်ပါ့ ဘုရား)
အင်း ဒါ ဘယ်သူ့အသံထင်ကြသလဲ (တဏှာ့အသံပါ) သူက လူ့အောက်ကျမှာ အတော်စိုးရိမ်တယ် (မှန်ပါ့)
သူခိုင်းလို့ လူ့အောက်ကျမှာ အကြောက်ခိုင်းလို့ ကျုပ်တို့က သူ့စကားလည်း နားထောင်လိုက်ရော အပါယ်ကျတာဘဲ (မှန်ပါ့) သဘောပါပြီလား (ပါပါပြီ ဘုရား)
ဒါဖြင့် ဒကာ ဒကာမတို့ လူ့အောက်ကျတာနဲ့ အပါယ်ကျတာနဲ့ ဘယ်ဟာ ကြောက်စရာကောင်းသတုန်း (အပါယ်ကျတာ ကြောက်စရာကောင်းပါတယ် ဘုရား)။
လူ့အောက်ကျမှာ ကြောက်ပါတယ်
သို့သော်လည်း ခင်ဗျားတို့ အဓိက ထားတာက ဘယ်ဟာ ကြောက်သတုန်း (လူ့အောက်ကျမှာ ကြောက်ပါတယ် ဘုရား)
ခက်ပြီ ဒကာကြွယ် ဒါက အတည့်ပြောတာ (မှန်ပါ့) အားလုံးဖြစ်စဉ်က ဒီအတိုင်းဖြစ်နေတယ် (မှန်ပါ့)ရှင်းကြရဲ့ မဟုတ်လား (ရှင်းပါတယ် ဘုရား)
အဲ့ဒီတော့ ကျပါစေတဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘာပြစ်မှ မရှိဘူး (မှန်ပါ့) ဟိုဟာက တက်လမ်းရှိရဲ့လား (မရှိပါ ဘုရား) အပါယ်လေးပါးဆိုတာ (တက်လမ်းမရှိပါ) တက်လမ်းမရှိဘူးဆိုတော့ ဒကာ ဒကာမတို့ သူ့ကို ကြောက်စရာကောင်းတယ် (မှန်ပါ့ ဘုရား)
ဒါ့ကြောင့် ဘုန်းကြီးပြောတဲ့ စကားဟာ ဘုရားဟောတဲ့ စကားလို့ ဒကာ ဒကာမတွေ မှတ်ပြီး သကာလ လူ့အောက်ကျတာ အရေးမကြီးနဲ့ (မှန်ပါ့)အပါယ်ကျမှာ (အရေးကြီးပါတယ် ဘုရား)
အဲ့ဒါကြောင့် တဏှာက မင်းလူ့အောက်ကျသွားလိမ့်မယ် မင်းတို့ အတူတူကြည့်စမ်း အိမ်ထောင်ကျတုန်းကလည်း အတူတူ၊ အခု သူတို့ ဘယ်လောက်တောင် ထောင်တက်သွားသတုန်း မင်းမှာ ဒီလို ဟိုလိုနဲ့ ရီးတီးယားတား သူတော်ကောင်းယောင်ယောက်နဲ့ (မှန်ပါ့) အမယ် သူက ဒီလိုဟောတာ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)
သူတော်ကောင်း ယောင်ယောင်နဲ့ မင်းလုပ်မနေနဲ့၊ အခု မင်းမှာ ဘယ့်နှယ်ဖြစ်နေသတုန်းတဲ့ (မှန်ပါ့) အင်း ဒကာကြွယ် ဟောပြီ (ဟောပါပြီ ဘုရား)
ဘယ်သူဟောတာတုန်း (တဏှာက ဟောပါတယ် ဘုရား) ဒကာကြွယ်က ဘယ်လိုတုန်း ခေါင်းငြိမ့်လိုက်သလား (ခေါင်းငြိမ့်လိုက်ပါတယ် ဘုရား) အမလေး ကြောက်စရာကြီးပါ့ဘား ဒကာ ဒကာမတို့ (မှန်ပါ့) အဲ့ဒါ ကိလေသဝဋ်က ဟောတာ (မှန်ပါ့) ကဲ ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)
ဒါဖြင့် ဒကာ ဒကာမတို့ အဝိဇ္ဇာက ခန္ဓာကြီးကို မင်း ယောကျာ်း အခုလုပ်ထားတာက အဝိဇ္ဇာက မသိအောင် လုပ်တာ
အဝိဇ္ဇာက ယောကျာ်းတယောက်ကွ ဆိုတာက ဘယ်သူ လုပ်ထားတာတုန်း (အဝိဇ္ဇာက လုပ်ထာားတာပါ) ယောကျာ်းတို့ အစွမ်းဟာ သေကာမှ လျှော့ရတယ် (မှန်ပါ့) ဘယ်သူက ဟောတာတုန်း (တဏှာကပါ) တဏှာက ဟောတယ် (မှန်ပါ့)
တဏှာက ဟောတယ်၊ အဝိဇ္ဇာက ယောကျာ်း မဟုတ်တာ ယောကျာ်း လုပ်ထားတယ်(မှန်ပါ့) ဒုက္ခသစ္စာကြီး ဘာလုပ်ထားသတုန်း (ယောကျာ်း လုပ်ထားပါတယ်) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)
အင်း ယောကျာ်းမဟုတ်တာကို ယောကျာ်းလုပ်ထားတာက ဒကာကြွယ်တို့ မောင်ဘသော်တို့ ကဲ ဘယ်သူထင်ကြသတုန်း (အဝိဇ္ဇာပါ ဘုရား)။
တဏှာက ဟောပါတယ်
ယောကျာ်းတယောက်ဖြစ်လို့ရှိရင် ယောကျာ်းပီပီ မင်းသည်ကားလို့ ဆိုရင်ဖြင့် သူများလို စွမ်းစွမ်းတမံ ဟုတ်လား (မှန်ပါ့) မရရကြောင်းရှာပြီး သကာလ ဆင်ပါ့လားကွ၊ ပြင်ပါ့လားကွ၊ လူ့အောက် မကျအောင်(မှန်ပါ့) အင်း ဘယ်သူက ဟောသတုန် (တဏှာက ဟောပါတယ် ဘုရား)
အဝိဇ္ဇာက ယောကျာ်းလုပ်သမား (မှန်ပါ့) တဏှာက ယောကျာ်းဖြစ်ခဲ့ရင် ယောကျာ်းပီပီ လုပ်မှ ကိုင်မှဘဲ (မှန်ပါ့) ဘယ်သူက ဟောပြန်သတုန်း (တဏှာက ဟောပါတယ် ဘုရား)
ယောကျာ်းမဟုတ်တာကို ယောကျာ်းဖြစ်အောင်လုပ်လိုက်တာက အဝိဇ္ဇာ (မှန်ပါ့) ယောကျာ်းဖြစ်ခဲ့လို့ရှိရင်ဖြင့်ကွာ ယောကျာ်းတို့ စွမ်းအားသည် တိမ်ကိုတောင် ဆွတ်ရတယ် (မှန်ပါ့) မဆွတ်နိုင်တာတောင် အဆွတ်ခိုင်းနေတယ် (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)
အဲ့ဒီကျအောင်ဘဲ တခါတည်း တဏှာက တရားဟောတော့ ဒကာ ဒကာမတွေ ကိလေသဝဋ်နှစ်ခုဟာ ဘယ်လောက်များ ကြီးသလဲ (ကြီးပါတယ်) ဒါ နောက်ကပါလာတာလား၊ အခုမှ ပေါက်ပွားလာတာလား (အခုမှ ပေါက်ပွားလာတာပါ ဘုရား)။
အဲ ပစ္စုပ္ပန်ဘဝမှာ ပေါက်ပွားတာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) ပစ္စုပ္ပန်ဘဝမှာ ကိလေသ ဝဋ်နှစ်ခုပေါ်လာတယ် (မှန်ပါ့) ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)
ပစ္စုပ္ပန်ဘဝမှာ (ကိလေသဝဋ်နှစ်ခုပေါ်လာပါတယ် ဘုရား) ကိလေသဝဋ်နှစ်ခု၊ ကြည့်စမ်းယောကျာ်း လုပ်တာက ဘယ်သူတုန်း (အဝိဇ္ဇာပါ ဘုရား)
ယောကျာ်းဆိုရင် မလျှော့နဲ့ကွ၊ သေကာမှ လျှော့ရတယ်လို့ ခိုင်းစေနေတာက ဘယ်သူတုန်း (တဏှာပါ) အင်း ပေါ်လာပြီ ဒကာ ဒကာမတို့ (မှန်ပါ့) အခုမှ ပေါ်လာတယ် (မှန်ပါ့ ဘုရား)
ခင်ဗျားတို့ကလည်း ဒီဥစ္စာကို လောကကြီးထဲမှာ ဘေးကလူကလည်း အဝိဇ္ဇာသမား (မှန်ပါ့) ကိုယ့်ခင်တဲ့ လူကလည်း တဏှာသမား (မှန်ပါ့) သူတို့က လက်ခုပ်တီးပေးလိုက်တဲ့ အခါကျတော့ ဟာ ဒီလမ်း မသွားပါနဲ့ အို ယောကျာ်းကွတဲ့ အဝိဇ္ဇာကလေ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)
ကမ္မဝဋ်ပေါ်လာတယ် (မှန်ပါ့) ကိလေသဝဋ်ကြောင့်ဘာတုန်း (ကမ္မဝဋ်ပေါ်လာပါတယ် ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အဝိဇ္ဇာတဏှာက ဘာဝဋ်ပါလိမ့်
ကောင်းပြီတဲ့ ကိလေသာဝဋ်ကြောင့် အဝိဇ္ဇာတဏှာကြောင့် ကမ္မဝဋ်ပေါ်လာတယ် (မှန်ပါ့) အဝိဇ္ဇာတဏှာက ဘာဝဋ်ပါလိမ့် (ကိလေသ ဝဋ်ပါ ဘုရား)
ကာယကံ ဝဇီကံ (ကမ္မဝဋ်ပါ) ကာယကံနဲ့လုပ်မယ်ကွ ဝဇီကံနဲ့ ပြောမယ်ကွ (မှန်ပါ့) သူများလည်း ပါးစပ်နဲ့ ကိုယ်လည်း ပါးစပ်နဲ့ ပြောမယ် (မှန်ပါ့)
ကာယကံနဲ့လည်း လူများလည်း ပုခုံးနှစ်ဖက်ကြားက ခေါင်းပေါက်တာဘဲကွ၊ ငါလည်း ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်တာဘဲ ကာယကံနဲ့ လုပ်မယ် (မှန်ပါ့) အင်း ကံနှစ်ခုပေါ်လာတယ် (မှန်ပါ့)
ဒီကံနှစ်ခုက အလိုလို ပေါ်တာလားတဲ့ ဒကာ ဒကာမတို့ ကိလေသဝဋ်ကြောင့် ပေါ်တာလား (ကိလေသဝဋ်ကြောင့် ပေါ်တာပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)
ဒါဖြင့် ဒကာ ဒကာမတို့ ဒီဘက်က ကိလေသဝဋ် (မှန်ပါ့ ဘုရား) ဒီဘက်က ကမ္မဝဋ်ပါ (မှန်ပါ့)
ကဲ ဒါဖြင့် ဒီလို လုပ်ကိုင်ရင်းဘဲ ကာယကံ ဝစီကံတွေနဲ့ လုပ်ရင်းကိုင်ရင်းဘဲ ဝိပဿနာဉာဏ်မပါဘူး ဦးမာဒင်ရေ (မှန်လှပါ ဘုရား)။
သေကြစို့ ဆိုတော့ ခန္ဓာငါးပါးပေါ်လာတယ် (မှန်ပါ့) မပေါ်လာဘူးလား (ပေါ်လာပါတယ်) ခန္ဓာငါးပါးက လုပ်ရင်းကိုငရင်း သေသွားတော့ အပါယ်ခန္ဓာငါးပါးပေါ်လာတယ် (မှန်ပါ့)
ဒါက အကျိုးပေးလိုက်တယ် (မှန်ပါ့) လုပ်ရင်း ကိုင်ရင်းက နေပြီး အကျိုးပေးလိုက်တယ်၊ ဒါက ဝိပါကဝဋ် (မှန်ပါ့) ပေါ်ပြီလား (ပေါ်ပါပြီ) တွဲမိသွားပြီ (မှန်ပါ့)
ဒကာ ဒကာမတွေ ပစ္စုပ္ပန်ဘဝမှာ အဝိဇ္ဇာနဲ့ တဏှာက ဘာပါလိမ့် (ကိလေသဝဋ်ပါ) သူများလို လုပ်ကိုင်၊ ပြောဆိုမယ် ဆိုတာက (ကမ္မဝဋ်ဖြစ်ပါတယ်) ကမ္မဝဋ်ကြောင့် (ဝိပါကဝဋ် ဖြစ်ပါတယ် ဘုရား)
ဝိပါက ဝဋ်ထဲမှာ တခါတည်း ဘာတွေ ပေါ်လာပြန်သတုန်း ဆိုလို့ရှိရင် ရောက်ရာ ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ခင်တဲ့ တဏှာပေါ်လာတယ် (မှန်ပါ့) ကိုယ့်ကိုယ်ကို ထင်တဲ့ အဝိဇ္ဇာကလည်း (ပေါ်ပါတယ် ဘုရား)။
ဝိပါက ဝဋ်ထဲက ဘာဝဋ်ပေါက်ပွားလာသတုန်း
ကိုင်း ဒကာ ဒကာမတို့ ဝိပါက ဝဋ်ထဲက ဘာဝဋ်ပေါက်ပွားလာသတုန်း (ကိလေသဝဋ်ပေါက်ပွားပါတယ် ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)
ဒါဖြင့် ကိလေသဝဋ်ပေါက်ပွားပြန်တော့ ဒကာ ဒကာမတို့ ဒီနှစ်ခုဟာ ကာယကံ၊ ဝစီကံနဲ့ အော်လား ငင်လားနဲ့ အပါယ်လေးပါးမှာ မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား) နောက် အပါယ်မှ လွတ်ချင်တဲ့ ကုသိုလ်တွေ လုပ်ချင်တဲ့ စိတ်တွေကော မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား) အင်း အဲ့ဒါတွေက ဘာတွေပါလိမ့်မတုန်း (ကမ္မဝဋ်ပါ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)
ကမ္မဝဋ်ကြောင့် ဒီဘက်မှာ ကဲ လူ့ပြည်ရောက်လာတဲ့ လူ့ခန္ဓာငါးပါးဆိုတော့ ဝိပါက ဝဋ်မလာဘူးလား (လာပါတယ် ဘုရား) ဘာဖို့ ရှိရင် သူက ဒကာ ဒကာမတွေက မှတ်လိုက်ပါတဲ့ ကိလေသဝဋ်နဲ့ ကမ္မဝဋ်က မင်း လူဖြစ်လာပြီ အဝိဇ္ဇာက (မှန်ပါ့)ရုပ်နာမ်ဖြစ်လာတာကို လူ့ဖြစ်လာပြီပြောပြီ (မှန်ပါ့)
ဒါဖြင့် မင်း လူဖြစ်လာလို့ ရှိရင် လူလိုနေမှ တော်မယ် စီးပွားရှာ (မှန်ပါ့) ကိုယ့်ကိုယ်ကိုယ်ခင်မှပေ့ါကွ တိရစ္ဆာန်မှ မဟုတ်ဘဲ (မှန်ပါ့) အင်း သူတို့နှစ်ခု အဝိဇ္ဇာနဲ့ တဏှာရောက်ပြီ (ရောက်ပါပြီ ဘုရား) ရိပ်မိပြီဘား (ရိပ်မိပါပြီ ဘုရား)။
အဝိဇ္ဇာနဲ့ တဏှာ ရောက်လာတော့ ကိလေသဝဋ်နှစ်ခုရှိလာတော့ ကဲ လူချင်းတူအောင် လုပ်မှဘဲ ဆိုတော့ ကာယကံ၊ ဝစီကံ၊ ကမ္မဝဋ်ရော (ပေါ်ပါတယ် ဘုရား)
ကမ္မဝဋ်ဖြစ်လို့ရှိရင် ဝိပါကဝဋ်ဆိုတဲ့ ခန္ဓာကြီးဟာ ဒီဘက်ပြန်မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား) ကဲ ဒကာ ဒကာမတို့ ဆုံးပါ့မလား (မဆုံးပါ ဘုရား)။
ကိလေသဝဋ်ကြောင့် ကမ္မဝဋ်
ကိလေသဝဋ်ကြောင့် (ကမ္မဝဋ်ဖြစ်ပါတယ် ဘုရား) ကမ္မဝဋ်ကြောင့် (ဝိပါကဝဋ်ဖြစ်ပါတယ် ဘုရား) ဝိပါကဝဋ်ထဲက ဘာတွေ ပေါက်ပွားလာသတုန်း (ကိလေသဝဋ်တွေ ပေါက်ပွားပါတယ် ဘုရား)
အဲ့ဒီကိလေသဝဋ်ကြောင့် နောက်ဘာဖြစ်ပြန်သတုံး (ကမ္မဝဋ်ဖြစ်ပါတယ် ဘုရား) ကမ္မဝဋ်ကြောင့် ဘာလာပြန်သတုန်း (ဝိပါက ဝဋ်လာပါတယ် ဘုရား) ဝိပါက ဝဋ်ဆိုတဲ့ ခန္ဓာကြီးပေါ်တယ် (မှန်ပါ့) ဝိပါကဝဋ်ဆိုတဲ့ ခန္ဓာထဲက ဘာတွေ ပေါက်ပွားပြန်သလဲ၊ (ကိလေသဝဋ်ပေါက်ပွားပါတယ် ဘုရား) ကိလေသဝဋ်ကြောင့် ဘာဖြစ်ပြန်သလဲ (ဝိပါကဝဋ်ဖြစ်ပါတယ်) ဝိပါကဝဋ်ထဲ ဘာတွေ ပေါက်ပွားပြန်သတုန်း (ကိလေသဝဋ်တွေ ပေါက်ပွားပါတယ် ဘုရား)
ကဲ ဂျာအေး သူ့အမေရိုက်ပြီ (ရိုက်ပါပြီ ဘုရား) ရိပ်မိပြီလား ဒကာ ဒကာမတို့ (ရိပ်မိပါပြီ ဘုရား) ဒီ သီချင်း ဆုံးပါဦးမလား (မဆုံးပါ ဘုရား)။
အဲ့ဒါလောက် ခင်ဗျားတို့ သံသရာမှာ တပည့်တော် ဘယ်လို နေခဲ့ပါလိမ့်မတုန်းဆိုတော့ ဒီလိုပဲသာ ပြောဖို့ရှိတော့တယ် (မှန်ပါ့)
သံသရာ ဘယ်လိုနေခဲ့ပါလိမ် (ဒီလို နေခဲ့ပါတယ် ဘုရား) ကိလေသဝဋ်ကြောင့် (ကမ္မဝဋ် ဖြစ်ပါတယ်) ကမ္မဝဋ်ကြောင့် (ဝိပါကဝဋ်ဖြစ်ပါတယ်) ဝိပါကဝဋ်ထဲ ဘာတွေ ပေါက်ပွားသလဲ (ကိလေသဝဋ် ပေါက်ပွားပါတယ် ဘုရား) ကိုင်း ဆုံးပါဦးမလား (မဆုံးပါ ဘုရား)။
အဝိုင်းပြေးခဲ့ရတယ်
ဒါဖြင့် တပည့်တော်တို့ နောက်တုန်းက ဘယ်လိုနေခဲ့ရသတုန်း ဘုရားလို့ မေးလို့ရှိရင် အဝိုင်းပြေးခဲ့ရတယ် (မှန်ပါ့ ဘုရား)
ဒကာ ဒကာမတို့ ဘယ်လိုမှတ်ကြမယ် (အဝိုင်းပြေးနေခဲ့ရပါတယ် ဘုရား) ထွက်ပေါက်ပါကြရဲ့လား (မပါပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)
အဝိုင်းပြေးနေခဲ့ရတာကို ဆရာဘုန်းကြီးမှ ဖြတ်မပေးလို့ရှိရင် ဒီ ဒကာ ဒကာမတွေကိုယ်ကျိုးနည်းပြီ (နည်းပါပြီ ဘုရား) သေသေချာချာ နည်းမယ် (နည်းပါမယ် ဘုရား)
ကိုင်း ဒါဖြင့် အခု ရထားတဲ့ ခန္ဓာကြီးဟာ ဝိပါကဝဋ်လို့ မှတ်လိုကစမ်းပါ (မှန်ပါ့) ဝိပါကဝဋ်ထဲက ထုံးစံအတိုင်း ဆိုရင် ဘာတွေ ပေါက်ပွားဦးမလည်း (ကိလေသဝဋ်ပေါက်ပွားရပါမယ် ဘုရား)
အဲ သူ့ကို အသာချိတ်ထား ကိလေသဝဋ် မပေါက်ပွားရအောင် ကျုပ်တို့က ဒကာ ဒကာမတို့ ဒီ ခန္ဓာကိုယ်ကြီးထဲက ကိလေသဝဋ်ပေါက်ပွားလို့ ကျုပ်တို့ဖြင့် လည်ခဲ့ရတဲ့ အပတ်ပေါင်း မရေတွက်နိုင်ဘူး (မှန်ပါ့)နင့်အထဲကဖြင့် ကိလေသဝဋ်အပေါက်ပွားမခံနိုင်ဘူး (မှန်ပါ့) ကိလေသာဖြတ်တဲ့ ဉာဏ်သာလျှင် ပေါက်ပွားစေရမယ် (မှန်ပါ့)။
လူမဟုတ်ဘူး၊ ခန္ဓာငါးပါး
ကိလေသာဖြတ်တဲ့ (ဉာဏ်သာလျှင် ပေါက်ပွားစေရမယ်) ဉာဏ်သာလျှင် ပေါက်ပွားစေရမယ် ဆိုပြီး ဆရာဘုန်းကြီးက ခန္ဓာငါးပါးကို ဒကာ ဒကာမတို့ လူမဟုတ်ဘူး၊ ခန္ဓာငါးပါးလို့ ဖျက်ပစ်လိုက်တယ် (မှန်ပါ့)
လူမဟုတ်ဘူး ဘာပါလိမ့် (ခန္ဓာငါးပါးပါ ဘုရား) ခန္ဓာငါးပါးလို့ ဖျက်ပစ်လိုက်တယ်။ ဒါ ဆရာကောင်း လာတွေ့တာ (မှန်ပါ့)
လူဆိုလို့ရှိရင်ဖြင့် အဝိဇ္ဇာက လာမယ် (မှန်ပါ့) လူဆိုလို့ရှိရင် ကိုယ့်ကိုယ်ကိုယ် ခင်မှပေါ့ဆိုတဲ့ တဏှာလာလိမ့်မယ် (မှန်ပါ့)
အဲ့ဒီတော့ ဒါတွေ မလာအောင် ဆိုပြီး သကာလ ဒကာ ဒကာမတို့ သူပြောတဲ့ အဝိဇ္ဇာပြောတဲ့ လူဆိုတာလည် းမယုံနဲ့နော် (မှန်ပါ့) ကိုယ့်ကိုယ်လည်း မဟုတ်သောကြောင့် ခင်စရာလည်း မရှိဘူး (မှန်ပါ့) အမလေး မနည်း ဖျက်ပစ်ရပါလား (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)
အဝိဇ္ဇာက ဟောထားတာကလည်း အသုံးမချနဲ့ ဒကာကြွယ် လူလည်း မဟုတ်ဘူးနော် (မဟုတ်ပါ ဘုရား) လူမဟုတ်တော့ ကိုယ့်ကိုယ်ကို ခင်စရာရော ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) ဒါဖြင့် အဝိဇ္ဇာ၊ တဏှာရှိသေးရဲ့လား (မရှိပါ ဘုရား)
အဝိဇ္ဇာ တဏှာမရှိတော့ လူမဟုတ်ကြောင်းသိတာက ဝိဇ္ဇာ (မှန်ပါ့) ကိုယ့်ကိုယ်ကိုယ် မဟုတ်လို့ ခင်စရာမရှိတာက တဏှာသေတာ (မှန်ပါ့)
အဲ့ဒီတော့ တဏှာဟာ အခုဟာ အသိနဲ့ သေတာဖြစ်တော့ အကျင့်နဲ့ သေအောင် တခါလုပ်ဦး (မှန်ပါ့)။
အကျင့်နဲ့ သေအောင် လုပ်ပါဦး
အသိနဲ့ သေတာက ဉာတပရိညာ (မှန်ပါ့) အကျင့်နဲ့ သေအောင် လုပ်ပါဦးဆိုတော့ ခန္ဓာကို ဝိပဿနာရှုပါ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ လူလည်း ပျောက်ပြီနော် (မှန်ပါ့) လူမဟုတ်မှန်းသိလာတဲ့အခါ ကိုယ့်ကိုယ်လည်း မဟုတ်တော့ဘူး (မဟုတ်ပါ ဘုရား) မဟုတ်တဲ့ အခါကျတော့ အဝိဇ္ဇာနဲ့ တဏှာ ပါးမသွားဘူးလား (ပါးသွားပါတယ်) ပါးသည်ထက်ပါးအောင်ဆိုပြီး ဆရာဘုန်းကြီးက အသိနဲ့ ဟောပြီး အကျင့်နဲ့ တခါ ဖြတ်ဦးတော့မယ် (မှန်ပါ့)
အကျင့်နဲ့ ပြောတော့ ဒီအထဲမှာ ဒကာ ဒကာမတို့ လျှောက်ပြီး ဉာဏ်နဲ့ စိုက်ထားစမ်း (မှန်ပါ့) ခန္ဓာကို ဉာဏ်နဲ့ စိုက်စမ်းပါဆိုပြီး ဟောလိုက်တယ် (မှန်ပါ့)
ခန္ဓာဉာဏ်နဲ့ စိုက်လိုက်တော့ ခန္ဓာက ဟိုနေရာက ရွရွ၊ ဒီနေရာက ယားသလိုလို၊ ဟိုဟာကလေး ပေါ်လာသလိုလို ဒီဟာကလေး မြင်သလိုလို(မှန်ပါ့)
အဲ့ဒီ ပေါ်လာတာကလေးတွေဟာ ဪ အခုမှ ပေါ်တာဆိုပြီး အကုန်ဖြစ်ပျက်ရှုပေး (မှန်ပါ့) ယားနေတဲ့ နေရာလည်း ယားတာ ဖြစ်ပျက်ရှု (မှန်ပါ့) စိတ်ကူးကလေး ပေါ်လာပြန်ရင် (စိတ်ကူးကလေး ဖြစ်ပျက် ရှုရပါမယ် ဘုရား)
စိတ်ကူးကလေးကို နောက်ဉာဏ်နဲ့ ဒကာ ဒကာမတွေကလိုက် (မှန်ပါ့) အကုန်ဖြစ်ပျက်ရှု ဒါတွေ ဖောက်ပြန်တာတွေ ပေါ်လာတာ (မှန်ပါ့) ခန္ဓာဆိုတာ ဒီလိုဘဲ ဖောက်ပြန်ပျက်စီးတာဘဲ ရှိတယ်ဆိုပြီး သကာလ ခန္ဓာထဲက ဘာပေါ်ပေါ်ရှုကြ (မှန်ပါ့ ဘုရား)
ပူလာရင်လည်း အပူရုပ်ရှုလိုက် (မှန်ပါ့) အေးသွားပြန်ရော (အေးရုပ်ရှုရပါမယ်) အေးတာကလည်း အင်း ပူတာက အနိစ္စရောက်လို့ အေးတာဘဲဆိုပြီး ပေါ်လာတာသာ အကုန်ရှုချ (မှန်ပါ့)။
ဒါက ဝိပဿနာဉာဏ် ဖြစ်သွားပြီ
ရှုချတော့ သူက ဖြစ်ပျက် သူက မင်္ဂလာဖြစ်တယ်(မှန်ပါ့) မင်္ဂလာဖြစ်ကတည်းက ခုနက ကိလေသဝဋ်နှစ်ခုက ရှုမှုနဲ့ ပြတ်တယ် (မှန်ပါ့) မပြတ်သေးဘူးလား (ပြတ်ပါတယ်) ကိုင်း ဒါဖြင့် ဒါက ဝိပဿနာဉာဏ် ဖြစ်သွားပြီ (မှန်ပါ့ ဘုရား)။
ဝိပဿနာဉာဏ်ဖြစ်သွားပြီတဲ့ ကိလေသာဟာ ရှုမှုနဲ့လည်း ပြတ်ပြီဟဆိုတော့ ခုနက ပြောတဲ့ အစဟောလာတဲ့ တရား ဝိပဿနာဉာဏ် မဂ်ဉာဏ်ကူးရမယ် (မှန်ပါ့ ဘုရား)
ဒါတွေဟာ ဖြစ်ပျက်တွေဘဲ ဖြစ်ပျက်တွေဘဲလို့ စွဲစွဲမြဲမြဲရှုပေး (မှန်ပါ့) ရှုပြီး သကာလ အနိစ္စတွေ ရှုပြီး သကာလ ဖျက်ဆို သူ့ကို မလိုချင်လို့ မုန်းလို့ သူဟာ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာဘဲ ဝိပါက ဝဋ်ဒုက္ခသစ္စာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဝဋ်အားဖြင့် ဘာပါလိမ့် (ဝိပါကဝဋ်) သစ္စာအားဖြင့် (ဒုက္ခသစ္စာပါ) ဝိပါကဝဋ် ဒုက္ခသစ္စာလို့သာ မြင်အောင်ကြည့် (မှန်ပါ့ ဘုရား)
ဖြစ်ပျက်တွေဟာ ဘာပါလိမ့် (ဝိပါကဝဋ် ဒုက္ခသစ္စာပါ ဘုရား)
အဲ့ဒီ ဝိပါကဝဋ် ဒုက္ခသစ္စာလို့ သေသေချာချာသိတော့ ဒီ ဒုက္ခကြီးကိုဖြင့် ကြည့်ရင်း မတ္တနဲ့ မလိုချင်လို့ ရှိရင် ဒီဒုက္ခတွေ ဖျက်ခနဲ ချုပ်သွားတယ် (မှန်ပါ့ ဘုရား)။
ဒုက္ခငါးခုချုပ်တယ်
ဒုက္ခငါးခုချုပ်တယ် (ချုပ်သွားပါတယ်) ချုပ်သွားတော့ ဒီမှာ မဂ်ဉာဏ်ဘဲ ကျန်ရစ်တယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)
ဝိပဿနာဉာဏ်ဟုတ်သေးရဲ့လား (မဟုတ်ပါ) မဂ်ဉာဏ်ရောက်သွားပြီ (မှန်ပါ့) မဂ်ဉာဏ်ရောက်သွားပြီ မဂ်ဉာဏ်လည်း ဥပါဒ် ဌီ ဘင်ဆို ချုပ်သွားတာဘဲ (မှန်ပါ့) ဒီကနေ မဂ်ဖိုလ်ဉာဏ်တွေ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)
ဖိုလ်ဉာဏ်တွေ ပေါ်လာတော့တာလည်း သူဘာတွေ့နေသတုန်းဆိုရင် အို ဒုက္ခချုပ်တာဘဲ မြင်တယ် (မှန်ပါ့ ဘုရား)။
မဂ်ဉာဏ် ဖိုလ်ဉာဏ် ပစ္စဝေက္ခဏာဉာဏ်
မဂ်ဉာဏ်ကရော (ဒုက္ခချုပ်တာဘဲ မြင်ပါတယ်) ဖိုလ်ဉာဏ်ကရော (ဒုက္ခချုပ်တာဘဲ မြင်ပါတယ်) နောက် သူလည်း ချုပ်သွားတာဘဲ (မှန်ပါ့) သူလည်း ချုပ်သွားပြီးနောက် ပစ္စဝေက္ခဏာဉာဏ်ဆိုတဲ့ နောက်ဉာဏ်ပေါ်လာတယ် (မှန်ပါ့ ဘုရား) ပေါ်ပေမယ့် ဒီခန္ဓာက ရှိသေးရဲ့လား (မရှိပါ) အင်း ဒါဖြင့် ပစ္စဝေက္ခဏာဉာဏ်ကလည်း နိဗ္ဗာန်ဘဲ မြင်တယ် (မှန်ပါ့ ဘုရား)
အဲ့ဒီလိုမြင်တော့မှ ဒီပုဂ္ဂိုလ်က ရှုနေတဲ့ ပုဂ္ဂိုလ်က ပစ္စဝေက္ခဏာဉာဏ်လည်းသိမ်းပြီး ကိုယ့်နေရာမှာကိုယ် ဆေးလိပ်ကလေးတောင်သောက်တဲ့ အချိန် အမောအပန်းဖြေတဲ့ အချိန်မှာ ခုနက ပြောတာတော့ အကုန်ပေါ်လာတယ် (မှန်ပါ့ ဘုရား)
ငါ အပါယ်မကျတော့ပါဘူးကွ၊ ပရမ်းပတာသွားစရာမရှိဘူးကွ ဆိုတာ သူ့စိတ်ထဲမှာကို သူပေါ်လာတယ် (မှန်ပါ့) ဘယ်သူ့မှ မေးယူလို့ မဟုတ်ဘူး (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)
ကိုင်း ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။