12205

မာတိကာသို့

သီတင်းကျွတ်နှစ်မျိုး

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့ မင်္ဂလာတိုက်၌ ဟောကြားတော်မူအပ်သော

သီတင်းကျွတ်နှစ်မျိုး

ကြက်မကြီး ဥပမာပြု၍ အလုပ်သုံးလုပ်-လုပ်ရန်

ညအလုပ်ပေးတရားတော်

(၂၁-၆-၆၂)

သီတင်းကျွတ်ဖို့ နီးပြီ

ဒကာကြွယ် သီတင်းကျွတ်ဖို့ နီးပြီနော်၊ ဒကာကြွယ်တို့ သီတင်းကျွတ်ဖို့ နီးပြီဆိုတာ သိမှာပါဘဲ (သိပါတယ် ဘုရား)။

သီတင်းကျွတ်ဖို့ နီးတာသည် ဒို့သည်ကားလို့ဆိုရင် ဘုရားမီးတို့, ဘာတို့ ပူဇော်ဖို့ သက်ကြီးတွေ ဆရာကြီးတွေကို ကန်တော့ဖို့, ပ-သဖို့ ဒါ စိတ်ကူးရမှာဘဲနော် (မှန်ပ့ါ)။

ဘုန်းကြီးတို့က ဒီလို စိတ်မကူးစေချင်ဘူး၊ ဘယ်လို စိတ်ကူးစေချင်သလဲလို့ မေးလို့ရှိရင် ဒကာ ဒကာမတွေ အဖိုးတန်တဲ့ သတိကို ပေးချင်လို့ လို့မှတ်ရမယ် (မှန်ပါ့)။

ဪ ရှေးက ဝါတွင်းမှာ တရားဓမ္မကြိုးစားကြတယ်၊ သီတင်းကျွတ်သည်နဲ့ တပြိုင်နက်တည်း တရား,တရားမြတ်ကို မဂ်ဉာဏ်,ဖိုလ်ဉာဏ်ဆိုက်ကြတယ် (မှန်ပါ့) ဘုရားလက်ထက်က ဒီလိုချည့်များကြတယ် (မှန်ပ့ါ)။

တောထဲသွားပြီး ဝါဆိုဦးက တရားယူ ဆိုင်ရာသွားပြီး တရားအားထုတ်ကြတယ်၊ ပြီးတော့ သီတင်းကျွတ် ပဝါရဏာပြုသည်နဲ့ တပြိုင်နက်တည်း အရိယာတို့၏ ပဝါဏာ၊ အရိယာများ ပြုတဲ့ ပဝါရဏာမျိုး ပြုရတယ် (မှန်ပါ့)။

ဒီကြားထဲမှာ ကြိုးစားလိုက်မယ်

ဒီမှာလဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရက်ကျန်ပါသေးတယ်လို့ဆိုပြီး သီတင်းကျွတ်ဖို့လဲ လိုပါသေးတယ်၊ ဒီကြားထဲမှာ ကြိုးစားလိုက်မယ်ဆိုလို့ရှိရင်လဲ ငါတို့လဲ သီတင်းကျွတ် အာသဝေါ တရားတွေလဲ ဆိုင်ရာဆိုင်ရာ အကုန်ဟဲ့ ဆိုပြီး သကာလ ဗုဒ္ဓဘာသာဖြစ်တဲ့အတိုင်း ဘုရား၏ အဆုံးအမအတိုင်း ငါတို့က ပူဇော်ခံနိုင်အောင် (မှန်ပ့ါ)။

သူတပါး ပူဇော်တာကို ငါတို့က ခံနိုင်အောင်၊ ငါတို့က ပူဇော်နေတာ ကြာပြီ (မှန်ပါ့)။

သူတပါး ပူဇော်ခံနိုင်အောင် “အနုတ္တရံ ပုညခေတ္တံ လောကဿ” လောကဿ=လူအပေါင်း၏၊ အနုတ္တရံ=အတုမရှိသော၊ ပုညခေတ္တံ=ကောင်းမှုမျိုးစေ့တို့၏ စိုက်ပျိုးရာလယ်ယာ မြေကောင်းသဖွယ် ဖြစ်အောင် ငါတို့ သီတင်းမကျွတ်ခင် ကြိုးစားမယ်ဆိုတဲ့ စိတ်ကို ဒကာ ဒကာမတို့ ယနေ့မွေးပါလို့ တိုက်တွန်းတယ် (မှန်ပ့ါ)။

မွေးပါဦးဆိုတဲ့ဥစ္စာကိုလဲ ဒကာသစ် အရေးကြီးလို့ ပြောရတယ် (မှန်ပါ့)။

နို့မဟုတ်လို့ရှိရင် သီတင်းကျွတ်သွားတာသည်ကားလို့ ဆိုရင် ခင်ဗျားတို့ အားလုံးသဘောကတော့ဖြင့် မသိသလိုနေလို့ ရှိရင်လဲ မသိသလိုဖြစ်ရမှာပေ့ါ (မှန်ပါ့)။

သိသလို စဉ်းစားလိုက်ပြန်လို့ရှိရင်လဲ ဒကာကြွယ်တို့ အားလုံး ဒကာ ဒကာမတို့ ဪ သီတင်းကျွတ်တာ ရိုးရိုးကျွတ်တာ မဟုတ်ပါလား၊ အသေနီးတာပါကလား (မှန်လှပါ ဘုရား)။

သီတင်းကျွတ်တာ ရိုးရိုးကျွတ်တာလား ၊ အသေနီးတာလား (အသေနီးတာပါ ဘုရား)။

ဪ သီတင်းကျွတ်လို့ ဝမ်းသာရမှာလား ဒကာ ဒကာမတို့ ကိုယ့်အရင်းရှုံးတာလား (ကိုယ့်အရင်း ရှုံးတာပါ ဘုရား)။

အဲဒါကို ဒကာ ဒကာမတွေက သီတင်းကျွတ် ပျော်ပွဲကြီးလို့ အောက်မေ့များနေလိုက်လို့ရှိရင် ဒကာကြွယ် အမှားကြီး မှားပြီ (မှန်ပါ့)။

အသေဘက်နီးတယ်

သီတင်းကျွတ်တော့ သီတင်းမကျွတ်ခင်ကထက် အသေဘက်နီးတယ် (မှန်ပါ့) မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။

အဲဒီတော့ သေဘက်နီးတော့ကို မသေရာရှာတဲ့ အလုပ်ကို မြန်မြန် အထမြောက်အောင် လုပ်ပေးလို့ရှိရင်ဖြင့် ဒီ သီတင်းကျွတ်ဟာ အသေနီးငြားသော်လဲ မသေရာရောက်ရမည့် ကိစ္စ အထမြောက်လို့ရှိရင်ဖြင့် သီတင်းကျွတ်သည် ဝမ်းသာရမည့်ပွဲ (မှန်ပါ့)။

ဟာ ဒီ ကိုယ့်ကိစ္စက အထမမြောက်ဘူးဆိုလို့ရှိရင် ဝမ်းနည်းရမည့်ပွဲ (မှန်ပါ့)။

ကြံဖန်ပြောတယ်လို့ ဒကာကြွယ်က မယူလိုက်ပါနဲ့ (မှန်ပ့ါ) မယူပါနဲ့တဲ့ ဒီဥစ္စာ တရားမှန်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

ဘယ့်နှယ် ဆုံးဖြတ်ချက် ချကြမလဲ (တရားမှန်ပါ ဘုရား) ကိုယ်ကလဲ ဒုက္ခဆုံးတဲ့ နိဗ္ဗာန်လဲ မရောက်သေး၊ သေမှာကနီး (မှန်ပ့ါ) ဆိုတော့ ဪ ဝမ်းနည်းစရာကြီးပါကလား (မှန်ပါ့)။

အင်မတန် ဝမ်းနည်းစရာကောင်းပါကလား၊ သေမှာကတော့လဲ သီတင်းကျွတ်တယ်ဆိုတာ အသက်ကြီးတာ ပြောတာ (မှန်ပါ့ ဘုရား) သေခါနီးတာပြောတာ (မှန်ပါ့) မသေရာရှာနေတဲ့လူဟာ အထမမြောက်သေးဘူးဆိုလို့ရှိရင်ဖြင့် ဟ ရက်လဲလိုသေးတယ်၊ သူက မဦးရအောင် သေခါနီးက မဦးရအောင် တခါတည်း ဉာဏ်ကနေ အသေရှောင်တဲ့နည်းက ဦးရအောင် ဆိုပြီး သကာလ အားလုံး ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရက်လိုတဲ့အတွင်းမှာ ပိုမိုကြိုးစားလိုက်ပါ (မှန်ပ့ါ)။

ဒါ သတိပေးပါရတယ် ဒကာကြွယ် (မှန်ပါ့) မပေးရင်ကောင်းကို မကောင်းဘူး (မကောင်းပါ ဘုရား)။

ကဲ ဒါဖြင့် သီတင်းကျွတ်တာသည် ဒကာ ဒကာမတွေ ဘာဖြစ်လို့ သီတင်းကျွတ်ရပါလိမ့်မတုံး လို့ မေးလို့ရှိရင် ဒကာသစ်တို့ ဦးမာဒင်တို့ အဖြေထုတ်ပါ၊ သေမည့်ဘက်နီးတာပါဘုရား (မှန်ပါ့) သီတင်းကျွတ်ခင်မထက် သေမည့်ဘက်ကို (နီးလာပါတယ် ဘုရား)။

နီးတာပါဘဲဆိုတော့ ဪ ဒီကြားမှာ သက်ကြီးပူဇော်ပွဲတွေ ဘာတွေ အမျိုးမျိုးအဖုံဖုံ ပျော်ကြ, ရွှင်ကြပြီးနေတဲ့ ပုဂ္ဂိုလ်များ အရမ်းပျော်လို့ အောက်မေ့လိုက်စမ်းပါ (မှန်ပါ့) ဘာဖြစ်လို့တုံး သေခါနီးလို့ ပျော်တာ (မှန်ပါ့) ဉာဏ်နဲ့တွေးပါ (မှန်ပ့ါ)။

သေခါနီးပျော် ဖြစ်နေတယ်

ဉာဏ်နဲ့တွေးတော့ ဘယ့်နှယ်ပါလိမ့် (အရမ်းပျော်ပါ ဘုရား) သေခါနီးပျော် ဖြစ်နေတယ် (မှန်ပါ့) ဪ မနေ့ကထက် ယနေ့တော်သလင်းလထက် သီတင်းကျွတ်လက သေခါနီးတယ် (မှန်ပါ့)။

နီးတဲ့အချိန်မှာ ငါတို့ ပျော်လိုက်ဦးမှာဘဲ ဆိုလို့ရှိရင်ဖြင့် ဒီအပျော်သည် ဦးမာဒင်မှားတယ် (မှားပါတယ် ဘုရား) ဦးသန်းမောင်တို့ ဘယ့်နှယ်ဆိုကြမလဲ (မှားပါတယ် ဘုရား)။

မှားတယ်၊ ကဲ ပျော်ရအောင် ဘယ်လိုပျော်ရမတုံးဆိုလို့ရှိရင်ဖြင့် ကိုင်း ဆရာသမားလဲ ရှိနေတယ်၊ တပည့်တော်ဖြင့်ဘုရား၊ ဒုက္ခချုပ်သွားပြီဘုရား၊ ဒုက္ခချုပ်တာမှ တကယ့်ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားဘဲ၊ ခန္ဓာကိုယ်မှာ ဒုက္ခပြတ်တာဟူသ၍ ပိုင်ပိုင်နိုင်နိုင်သိပြီး သကာလ ဤဒုက္ခမှ လွတ်ရာ,ကျွတ်ရာ တပည့်တော် ဉာဏ်လှည့် သွားပြီဘုရား ဆိုတော့မှ အို အသေရှောင်တဲ့ အလုပ်လုပ်တဲ့ဥစ္စာ အသေရှောင်တဲ့ အလုပ် အထမြောက်သောကြောင့် ဒီ သီတင်းကျွတ်သည် မင်္ဂလာရှိတဲ့ သီတင်းကျွတ်ဆိုပြီး သကာလ အဲဒီလို ပျော်စေချင်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါ ဘုန်းကြီးက ကြံဖန်ပြောတယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မယူပါနဲ့ (မှန်ပါ့)။ ဘုရားလက်ထက်က ဒကာ ဒကာမတွေ လာကြတယ် ၊ ရဟန်းတွေ တောထဲက ပြန်ပြီး သီတင်းကျွတ်လပြည့်နေ့ ရောက်လာကြတော့ ပဝါရဏာပွဲမှာ ဆုံကြတဲ့အခါ ဘယ့်နှယ်တုန်းဟေ့ ဘုရားက (မှန်ပါ့)။

ဘယ့်နှယ် နေရာကျခဲ့ရဲ့လား၊ ဟာ တပည့်တော် အတွက်တော့ဘုရား “ခီဏာ ဇာတိ၊ ဝုသိသံ ဗြဟ္မစရိယံ၊ ကတံရဏီယံ၊ နာပရံ ဣတ္ထတ္တာယာတိ ပဇာနာတိ” တပည့်တော်ဖြင့် ကုန်ပါပြီဘုရား အာသဝေါတရား (မှန်ပါ့)။

သာဓု သာဓုကွာ၊ ဘုရားက သိပ်ဝမ်းသာတော်မူတယ် (မှန်ပါ့ ဘုရား)။

မင်းကကော ဘယ့်နှယ်တုံး၊ တပည့်တော်ဖြင့် ကြိုးစားဆဲရှိပါသေးတယ်ဆိုလို့ရှိရင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သာဓုမခေါ်ဘူး (မှန်ပါ့)။

ဘယ့်နှယ်ကြောင့် မခေါ်သတုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ သူ၏လုံ့လ သူ၏ ဝီရိယကို ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည်ကား လို့ဆိုရင် မြင်ပြီးသားဖြစ်ပြီ သကာလ နေသောကြောင့် ဒကာကြွယ် သာဓု မခေါ်ဘူး (မှန်ပါ့) မခေါ်တာလဲ မခေါ်စရာ အကြောင်းရှိလို့ပေါ့ (မှန်ပါ့) ဦးဗထွေး ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကိုယ့်ကိုယ်ကိုပါ သာဓုခေါ်နိုင်အောင်

အဲ့ဒါကြောင့် ဘုရား သာဓုခေါ်နိုင်အောင်၊ ကိုယ့်ကိုယ်ကိုပါ သာဓုခေါ်နိုင်အောင် (မှန်ပါ့) ဦးလှဘူးတို့ အားလုံး ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သီတင်းကျွတ်တာ သေခါနီးကျွတ် မဖြစ်ဘဲနဲ့ အသေလွတ်ကျွတ်တာဟေ့ ဆိုတဲ့ တလုံးကို တခါတည်း ဉာဏ်ထဲမှာ ပိုင်ပိုင်နိုင်နိုင်ရှိသွားအောင် ကြိုးစားလိုက်စမ်းပါ ဆိုတာကို ဒီရက်အတွင်း ရနိုင်ပါတယ် ဆိုတဲ့ဥစ္စာကိုလဲ တိုက်တွန်းရပြန်တယ် (မှန်ပါ့) မရနိုင်ဘူးလား (ရနိုင်ပါတယ် ဘုရား)။

ရနိုင်တယ်ဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီခန္ဓာကိုယ်ထဲမှာ အနိစ္စအချက်ဆိုတာကလေးတွေရှိတယ် (မှန်ပ့ါ) ဒါကလေးတွေကို ပွားသာပွား၊ ရပါတယ် (မှန်ပါ့) ပွားသာပွားလို့ရှိရင် အနိစ္စမြင်လာတာဘဲ (မှန်ပါ့) တော်တော်ကြာ ဒီအနိစ္စကို ဉာဏ်ကမုန်းလာတယ် (မှန်ပါ့) တော်တော်ကြာ ဒီအနိစ္စဆုံးသွားရင် နိစ္စနိဗ္ဗာန်ကိုမြင်လာတယ် (မှန်ပါ့)။

ဒါကြောင့် အနိစ္စမြင်တာ-၁၊ အနိစ္စမုန်းတာ-၂၊ အနိစ္စဆုံးတာ-၃ (မှန်ပါ့)။

ဒါဖြင့် လှေကားသုံးထစ်ဘဲရှိပြီး သကာလ နေတာကို ဒကာ ဒကာမတွေက တဲ့ သိပ်ပြီးတော့ စမ်းရလိမ့်မယ်လို့ ထင်နေဖို့ ခါးတောင်းတွေဘာတွေ ကြိုက်နေဖို့ မလိုပါဘူး (မလိုပါ ဘုရား)။

ဒီသုံးချက်ဖြင့်ကွာ ပွားများပြီးတက်လိုက်လို့ရှိရင် ရောက်ပါတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချပြီး သကာလ ဒကာ ဒကာမတွေ သေသေချာချာ ရောက်နိုင်ပါတယ်ဆိုတာ မှတ်ပါ (မှန်ပါ့ ဘုရား)။

အသေလွတ်ပျော်ဖြစ်ရအောင် ကြိုးစား

ဒါဖြင့် သေခါနီးပျော်လို့ မဖြစ်ရဘဲနဲ့ အသေလွတ်ပျော်ဖြစ်ရအောင် ကြိုးစားလိုက်စမ်းပါ (မှန်ပါ့)။

ဒီအတိုင်းပျော်တာကတော့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်မရဘဲနဲ့ ပျော်တာတာကတော့ ဘာပျော်တဲ့ဗျာ (သေခါနီးပျော်ပါ ဘုရား)။

ဒကာကြွယ် နားထောင်လို့မကောင်းပါဘူး (မှန်ပါ့) ကောင်းကြရဲ့လား (မကောင်းပါ ဘုရား)။

ဘယ့်နှယ်ကြောင့် မကောင်းပါလိမ့် (သေခါနီးပျော်မို့ပါ ဘုရား) သေခါနီးပျော်ဆိုတဲ့ဥစ္စာ ကိုယ့် သားသမီးကသာ ကိုယ့်အမေ,အဖေ ပြောမယ်ဆိုလို့ရှိရင်ဖြင့် ဒေါသကို ထောင်းကနဲထမှာဘဲ (မှန်ပါ့)။

အရမ်းပျော်, ပျော်နေတယ်လို့ သေခါနီးပျော်, ပျော်နေတယ်လို့ မေးငေ့ါကာ စောင်းကာနဲ့ ပြောလိုက်မယ်ဆိုရင် ဒကာကြွယ် စိတ်မဆိုးပေဘူးလား (ဆိုးပါတယ် ဘုရား)။

ဘာဖြစ်လို့တုံး (သေခါနီးပျော်ဆိုလို့ပါ ဘုရား) သေခါနီးပျော်ဆိုတော့ အရွယ်ကြီးပြီး အသုံးမကျဘဲနဲ့ ပျော်နေတယ်ဆိုတာ (မှန်ပါ့)။

ဒီလို အဆိုခံရတော့မှာလားလို့ အားကြီး ဒေါသတွေ ဖြစ်မယ်ဆို ဖြစ်စရာပေါ့ဗျာ (မှန်ပါ့) သို့သော် တရားကတော့ မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။

အေး ဒါကြောင့် သေခါနီးပျော်မဖြစ်ဘဲနဲ့ အသေလွတ်ပျော် ဖြစ်အောင်ကြိုးစားပါလို့ ဆိုတာကို ဒကာသစ် တိုက်တွန်းရတယ် (မှန်ပ့ါ)။

ဒါ အရေးကြုံလို့ ပြောတယ် အောက်မေ့ပါ (မှန်လှပါ ဘုရား)။

ဦးမာဒင် ဘယ်လိုအောက်မေ့မလဲ (အရေးကြုံလို့ ပြောတာပါ ဘုရား) အရေးကြုံလို့ပြောတာ၊ ဘုရားလက်ထက်က ပဝါရဏာပွဲ ကြွလာတယ်ဆိုရင် တခါတည်း အကုန်မေးတော့တာဘဲ (မှန်ပါ့)။

ဘယ့်နှယ်တုံးဟေ့ မင်းအတွက်၊ တပည့်တော်ဖြင့် ပဋိသန္ဓေနေမှုကုန်ပါပြီဘုရား လုပ်စရာ မဂ်ကိစ္စ တစ်ဆယ့် ခြောက်ချက်ဆိုတဲ့ ဝိပဿနာအလုပ်တွေလဲ တပည့်တော်ဖြင့် နောက်လုပ်စရာ မရှိပါဘုရား။

အို ဘုရားက ရွှင်လိုက်,ပြလိုက် သာဓုအနုမောဒနာ ခေါ်လိုက်နဲ့ မင်းသည်ကား လို့ ဆိုရင်ဖြင့် အသေလွတ်ပြီဆိုပြီး သကာလ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ရွှင်ပြတော်မူတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အင်း ဘုရားသခင်ကတော့ သူ့အတွက်က ကိစ္စပြီးပြီသားပါ၊ တပည့်သားမြေးတွေ လိုရာခရီးပို့လိုက်တဲ့ဥစ္စာ ရောက်သွားလို့ ဝမ်းသာတာ (မှန်ပ့ါ)။

သာမညသာဓုမဟုတ်ပါဘူး

ဒီမှာလဲ ဘုန်းကြီးတို့လဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို လိုရာခရီးပို့နေတာဘဲ (မှန်ပါ့) မရောက်သေးရင် သာဓုမခေါ်သေးဘူး (မှန်ပါ့) ရောက်လို့ရှိရင်ဖြင့် (သာဓုခေါ်ပါတယ် ဘုရား)။

ဒီသာဓုကလဲ ဒကာ ဒကာမတွေက စဉ်းစား သာမညသာဓုမဟုတ်ပါဘူး (မဟုတ်ပါ ဘုရား)။

သာမညသာဓုမဟုတ်ဘူး တဲ့၊ တသံသရာလုံးအသေတောထဲ အပူတောထဲမှ မင်းလွတ်ပြီဟေ့ ဒါကြောင့် ဝမ်းသာတယ်ဆိုတဲ့ အဓိပ္ပာယ်ပါဘဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီအရေးဟာဖြင့် သေခါနီးပျော်ဆိုတဲ့ အပျော်မျိုးကိုဖျောက်ပြီး သကာလ တဲ့ အသေလွတ်လို့ပျော်တဲ့ အပျော်မျိုးရောက်အောင် ရက်ရှိသေးလို့ ကြိုးစားပါဦး (မှန်ပါ့ ဘုရား)။

ရက်ရှိသေးလို့ (ကြိုးစားပါဦး) ရှိကော မရှိဘူးလား (ရှိပါတယ် ဘုရား) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

အဲ ဒါဖြင့် ယနေ့တော့ဖြင့် ကြိုးစားနည်းကလေးဘဲ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောတာ ပြောကြပါစို့ (မှန်ပါ့) ကြိုးစားနည်းကလေး ကျန်ပါသေးတယ် ဒကာ ဒကာမတို့ အလွန်ဂရုစိုက်ပြီး သကာလ ဪ ကြိုးစားနည်းကို ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောတော်မူတယ်၊ အင်္ဂုတ္တိုရ် ပါဠိတော်မှာလဲ ဟောတယ် (မှန်ပါ့) သံယုတ်ပါဠိတော်မှာလဲ ဟောတယ် (မှန်ပါ့) ကြိုးစားနည်းကို သေသေချာချာဟောတယ် (မှန်ပါ့ ဘုရား)။

ရှုလို့မြင်တဲ့ပုဂ္ဂိုလ်များ

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ “ဇာနတော ဟံ ဘိက္ခဝေ ပဿတော အာသဝါနံ ခယံ ဝဒါမိ” စသည်ဖြင့်

ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဇာနတော=ရှုသောပုဂ္ဂိုလ်အား၊ ပဿတော=မြင်သောပုဂ္ဂိုလ်အား၊ ရှုလို့မြင်တယ် (မှန်ပါ့) အာသဝါနံ=အာသဝေါတရားတို့၏၊ ခယံ=ကုန်၏ဟူ၍ အဟံ=ငါဘုရားသည်၊ ဝဒါမိ=ဟော၏တဲ့ (မှန်ပါ့ ဘုရား)။

ရှုလို့မြင်တဲ့ပုဂ္ဂိုလ်များကွာတဲ့ အာသဝေါတရား ကုန်ပါလိမ့်မယ်ဆိုတဲ့ဥစ္စာ သီတင်းမကျွတ်ခင် ကဲ ငါဟောပါတယ် ဆိုတဲ့ အဓိပ္ပာယ်မျိုးပေါလေ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ရှုလို့ မြင်ကြလို့ရှိရင်ဖြင့် အာသဝေါကုန်ပါလိမ့်မယ်တဲ့ (မှန်ပါ့ ဘုရား)။

ရှုလို့ မြင်ကြလို့ရှိရင် (အာသဝေါကုန်ပါလိမ့်မယ် ဘုရား) ဪ အာသဝေါဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ အာသဝဆိုတာ ဒကာ ဒကာမတွေ သုံးဆယ့်တစ်ဘုံထဲမှာ ဥပမာမယ် တိုတိုပြောကြပါစို့ဆိုတော့ ဝဲကြီးတခုရှိတယ် (မှန်ပါ့) ဝဲကြီးတခုရှိတော့ အဲ့ဒီအထဲ သစ်ရွက်ကလေးချလိုက်တဲ့ အခါကျတော့ လည်နေတယ် (မှန်ပါ့ ဘုရား)။

လည်နေတာဘဲတဲ့၊ ဪ သစ်ရွက်က လည်ချင်လို့လား၊ ဝဲသဘောလိုက်သွားရတာလား (ဝဲသဘော လိုက်သွားရတာပါ ဘုရား)။

ဒီမှာလဲ ဒကာ ဒကာမတို့ ကာမာသဝကလဲ လည်တတ်တာဘဲ (မှန်ပါ့) ဘဝါသဝကလဲ (လည်တတ်ပါတယ်) ဒိဋ္ဌာသဝကကော (လည်တတ်ပါတယ်) အဝိဇ္ဇာသဝကကော (လည်တတ်ပါတယ် ဘုရား)။

ဪ အဲဒီ့အထဲမှာ ဒကာ ဒကာမတွေ တည်းဟူသော သစ်ရွက်တွေကျသွားရင် လည်လိမ့်မယ် (မှန်ပါ့) မလည်ရပေးဘူးလား (လည်ရမှာပါ ဘုရား)။

ဒီဝဲနဲ့တူတဲ့ အာသဝ

လည်လိုက်လို့ရှိရင်လည်တဲ့အဆုံးမြုပ်တယ် (မှန်ပါ့) လည်တဲ့အဆုံးမှာမြုပ်သွားလိမ့်မယ် (မှန်ပါ့) ပြီးတော့မှ ပရမ်းပတာဝဲထဲကနေ အပြင်ထွက်သွားမယ် (မှန်ပါ့ ဘုရား)။

တခါ နောက်ဝဲနဲ့တွေ့ပြန်တော့ လည်ပြန်တာဘဲ (မှန်ပါ့) လည်ပြန်ပြီး ဘာလုပ်ပြန်သလဲ (မြုပ်ပါတယ်) မြုပ်ပြီး ဒီဝဲအဆုံးကနေ ပြန်ထွက်သွားတာဘဲ (မှန်ပါ့) ပြန်ထွက်ရင် နောက်ဝဲနဲ့တွေ့ပြန်တာဘဲ (မှန်ပါ့) လည်ပြီးဘာဖြစ်ပြန်သတုံး (မြုပ်ပါတယ် ဘုရား) ကဲ သူ့လွတ်နိုင်စရာရှိရဲ့လား (မရှိပါ ဘုရား)။

ဪ ဒါဖြင့် အဲဒီဝဲနဲ့တူတဲ့ အာသဝကိုကွာ တဲ့၊ မင်းတို့ ခန္ဓာထဲရှိတဲ့ ဝေဒနာကလေးဖြစ်ဖြစ် စိတ်ကလေးဖြစ်ဖြစ် ရုပ်ကလေးဖြစ်ဖြစ် ကြည့်လိုက်လို့ အဖြစ်အပျက် မြင်လို့ရှိရင်ဖြင့်ကွာ တဲ့ မင်းတို့ခန္ဓာသစ်ရွက်နဲ့တူတဲ့ ပုဂ္ဂိုလ်တယောက်သည် လည်စရာလဲမရှိဘူး၊ မြုပ်စရာလဲမရှိဘူး၊ ပရမ်းပတာ အပြင်ထွက်စရာလဲမရှိပါဘူးတဲ့ (မှန်ပါ့ ဘုရား)။

ဒါကြောင့် မင်းတို့အတွက်ကဖြင့် ငါဘုရားသခင်ကိုယ်တော်မြတ်ကြီး အလွန်အရေးကြီးပြီး သကာလ အလွန်မြင်တဲ့ သဗ္ဗညုတဉာဏ်နဲ့ကြည့်လိုက်တော့ မင်းတို့ပြုံးငြားသော်လဲ ငါမပြုံးရဲဘူး (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေက သီတင်းကျွတ်လို့ ပြုံးငြားသော်လဲ (မပြုံးရဲပါ) ဘုရားက မပြုံးရဲဘူးတဲ့ (မှန်ပါ့) ဘာကြောင့်တုံး ဆိုတော့ ခုနင်က လိုရာကိစ္စကလေး မပြီးသေးလို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မပြုံးဘူး (မှန်ပါ့) မပြုံးတော့ သာဓုမခေါ်နိုင်ဘူးပေါ့ဗျာ (မှန်ပါ့ ဘုရား)။

အဲဒါ့ကြောင့် ဒကာ ဒကာမတို့ တခုသောတရားကိုမြင်မယ်၊ ဖြစ်ပျက်မြင်မယ်၊ ဖြစ်ပျက်ကို သိမြင်မယ် ဆိုလို့ ရှိရင်ဖြင့် အာသဝေါကုန်ပါတယ်ကွာတဲ့ (မှန်ပါ့ ဘုရား)။

အာသဝေါ ကုန်လို့ရှိရင်

အာသဝေါ ကုန်လို့ရှိရင် အာသဝဆိုတာ လည်တာပါကွာတဲ့ (မှန်ပါ့) အဲဒီလည်တဲ့အထဲ မင်းတို့ခန္ဓာတည်းဟူသော သစ်ရွက် မဖြစ်ရပါဘူးတဲ့ (မှန်ပါ့) မြုပ်လဲ မမြုပ်ရပါဘူးတဲ့ (မှန်ပါ့) ကန်ထုတ်တဲ့ဆီလဲ မသွားရပါဘူးတဲ့ (မှန်ပါ့) ဝဲကအောက်ကျတဲ့အခါကျတော့ ကန်ထုတ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီလိုဖြစ်မှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သူ့ရှေ့မှောက်မှာဖြင့် ဒကာကြွယ် အလွန်စိုးရိမ်တယ် (စိုးရိမ်ပါတယ် ဘုရား)။

အဲဒါတွေ သိတော့မှ ဪ ဒို့သည်ကားလို့ ဆိုရင်ဖြင့် သိပြီး သကာလ ရှုရလို့ရှိရင်ဖြင့် သံသရာဝဲကြီးထဲမှာ လည်စရာလဲမရှိဘူး၊ မြုပ်စရာလဲမရှိ၊ ကန်ထုတ်စရာလဲမရှိ၊ နောက်ဝဲကိုလဲ ဆက်ပြီးလှည့်စရာမလို (မလိုပါ ဘုရား)။

ငါတို့အလိုအတိုင်းသာလျှင် ငြိမ်းချမ်းတဲ့ နိဗ္ဗာန်ကြီးတခုကို လက်ကိုင်ရနေတဲ့အတွက် ငါတို့မှာလည်စရာမရှိ မြုပ်စရာမရှိ ကန်ထုတ်စရာမရှိဆိုတဲ့အဓိပ္ပါယ် ငါတို့အတွက် အန္တရာယ်ရှင်းလို့ ဘေးကင်းပေါ့ (မှန်ပါ့) ဆိုပြီး အဲဒီလို ကိုယ့်ကိုယ်-ကိုယ်ဝမ်းသာနိုင်လောက်အောင် ဦးဗထွေးတို့ လုပ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

သူများဝမ်းသာတာ ကတော့ကို ကိုယ့်ဝမ်းထဲမှာ ဘာဖြစ်နေတယ် မသိပါဘူး၊ အရမ်းပါ (မှန်ပါ့) ကိုယ့်ဟာကိုယ် ဝမ်းသာရတာကတော့ဖြင့် ကိုယ့်အတွက် ခင်ဗျားတို့ဒုက္ခချုပ်တဲ့နိဗ္ဗာန်လဲ ဖျတ်ကနဲလဲမြင်လိုက်ပါရော ဪ အသေလွတ်ဆိုတာ ဒါဘဲလို့လဲ ဆုံးဖြတ်ချက်ချနိုင်ပါရော ဒကာသစ်ရေ ခုနင်က ဝဲတွေလွတ်သွားပြီ (လွတ်သွားပါပြီ) မျောစရာ မြုပ်စရာ လည်စရာ (မရှိပါ ဘုရား)။

ဪ ဒါဖြင့် သူများကတော့ မသိဘူး (မသိပါ ဘုရား) ကိုယ်ကတော့ ဒီဒုက္ခချုပ်တဲ့ဆီ မြင်လိုက်တဲ့အတွက် ဪ အသေလွတ်ပါပေ့ါလား (မှန်ပါ့)။

အသေလွတ်ဆိုကတည်းက ပဋိသန္ဓေအနေလဲ လွတ်ပါပေ့ါလား (မှန်ပါ့) ဆိုပြီး ကိုယ့်ဟာကိုယ် ဝမ်းသာရတဲ့ အခြေအနေရောက်အောင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကြိုးစားလုပ် (မှန်ပါ့)။

သူများဝမ်းသာရတာကတော့ဖြင့် ကိုယ့်ဝမ်းထဲမှာ ဘာဖြစ်တယ်လို့ မသိပါဘူး၊ မဟုတ်ဘူးလား (မှန်ပါ့) သီတင်းကျွတ်တာသည် ဘယ့်နှယ်ကြောင့်ပါလိမ့်မလဲ၊ သေခါနီးကျွတ်-ကျွတ်နေကြလို့ရှိရင်လဲ သေဖို့ဘက်နီးနေတဲ့ အဖြစ်ကြီးဖြစ်နေတယ်၊ အသေလွတ်ဉာဏ်မရဘဲနဲ့ ကျွတ်သွားတယ် ဆိုတော့ သူများက သီတင်းကျွတ်ပေမဲ့ ခင်ဗျား ကျန်းကျန်းမာမာရှိလို့ ကျုပ်တို့ ဝမ်းသာသဗျာ (မှန်ပါ့) ဘယ်ဟုတ်မလဲ သူ့မှာသေခါကနီးနေပြီ (မှန်ပါ့ ဘုရား)။

အသေလွတ်တရားက ဉာဏ်ထဲက ဝမ်းထဲမရောက်သေးဘူး (မှန်ပါ့) မရောက်သေးတော့ သူများ ဝမ်းသာအောင်တော့ ကိုယ်မဲ့ရတဲ့ဘက်ကနေရတယ် (နေရပါတယ် ဘုရား)။

ကိုယ့်ကိုယ်ဝမ်းသာအောင် လုပ်လိုက်စမ်းပါ

ဒါကြောင့် ဒကာ ဒကာမတို့ကို သတိပေးလိုက်ပါတယ်၊ ကိုယ့်ကိုယ်ဝမ်းသာအောင် လုပ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဘယ်လိုအဓိပ္ပာယ်ပါလိမ့် (ကိုယ့်ကိုယ်ဝမ်းသာအောင် လုပ်လိုက်စမ်းပါ ဘုရား)။

သူများလက်ခုပ်တီးလို့ ကျုပ်တို့ ဝမ်းသာဖို့ အချက်အလက်ဟာ မရှိပါဘူး (မှန်ပါ့) ကိုယ့်ဟာကိုယ်ဝမ်းသာနိုင်တဲ့ အခြေအနေရောက်မှ ဦးမာဒင်တို့၊ ဦးသန်းမောင်တို့၊ ဦးမောင်ကလေးတို့ဟင် (မှန်ပါ့) အရေးကြီးတယ် (ကြီးပါတယ် ဘုရား)။

ကိုယ့်ကိုယ်ကိုယ်ဝမ်းသာနိုင်တဲ့အခြေအနေသည် ကိုယ်အသိဆုံးအရေးပါ (မှန်ပါ့) သူများပါးစပ်လက်ခုပ် တီးတာသည် ကိုယ့်အရေးပြီး-မပြီးဟာ မပြီးတာကများပါတယ် (များပါတယ် ဘုရား)။

ဒကာကြွယ် ဒါဖြင့် ဘယ့်နှယ်လုပ်မလဲ (ကိုယ့်ကိုယ်ကိုယ်ဝမ်းသာအောင် လုပ်လိုက်ရပါမယ်) ဒကာသစ် ဘယ့်နှယ်လုပ်မယ် (ကိုယ့်ကိုယ် ကိုယ်ဝမ်းသာအောင် လုပ်ရပါမယ်) ကိုယ့်ကိုယ်ကိုယ် ဝမ်းသာအောင်လုပ် (မှန်ပါ့)။

နောက်က ဒကာ ဒကာမတွေ ဘယ်လိုလုပ်ကြမလဲ (ကိုယ့်ကိုယ် ကိုယ်ဝမ်းသာအောင် လုပ်ရပါမယ် ဘုရား)။

ကိုယ့်ကိုယ် ကိုယ်ဝမ်းသာအောင် လုပ်ရမယ် (မှန်ပါ့) ဝမ်းသာတာသည် ဘယ်လိုဝမ်းသာမလဲ၊ ဝမ်းမသာ တတ်လို့ ရှိရင်လဲ ဘုန်းကြီးက ပြောရမည့် ဝမ်းသာလုံးမျိုးလို့ ဒီလို မအောက်မေ့နဲ့ (မှန်ပါ့)။

အလုပ်ကိုက ရင်ထဲမှာ တခါတည်း ချမ်းသာ ကျန်းမာပြီး သကာလ ဪ ငါသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် တသံသရာလုံး ဒုက္ခပင်လယ်ဝေပြီး ဒုက္ခစက်ကြီးသာ လည်လာခဲ့တယ်၊ ယခုဖြင့် ဒုက္ခစက်ပြတ်သွားပါပေါ့လားလို့ ကိုယ့်ဟာ ကိုယ်သိတယ် (မှန်ပါ့)။

အဟုတ် အားထုတ်လိုက်တော့လေ (မှန်ပါ့) ဒုက္ခပြတ်သွားတယ် (မှန်ပါ့)။

ဒုက္ခစက်ကြီး လည်နေတယ်

ဖြစ်ပျက်တွေဟာ တော်တော်နေရင်း ဒီနေရာဖြစ်ပျက် ဝေဒနာကဖြစ်ပျက်လာလိုက်၊ တော်တော်ကြာ ဒုတိယ ဝေဒနာက ဖြစ်ပျက်လာလိုက်၊ တတိယ ဝေဒနာက ဖြစ်ပျက် လာလိုက်၊ ဒကာသစ်ရေ ဒုက္ခစက်ကြီး လည်နေတယ် (မှန်ပါ့ ဘုရား)။

အားထုတ်ပါများလာတဲ့ အခါကျတော့ ပွားများပါများလာတဲ့ အခါကျတော့ ဒုက္ခစက်ကြီးက ဖျတ်ဆို ရပ်သွားတယ် (မှန်လှပါ) ရပ်ဆိုတာလဲ ဦးမာဒင် မှတ်လိုက်စမ်း ပျောက်ကွယ်သွားတယ် (မှန်ပ့ါ) ရပ်ဆိုတာဘာပါလိမ့် (ပျောက်ကွယ် သွားပါတယ် ဘုရား)။

ဪ ပျောက်ကွယ်သွားတော့ ဒါ ဘာပါလိမ့်မတုံးလို့ စဉ်းစားမနေနဲ့၊ တသံသရာလုံး လည်တဲ့ စက်သည် အလည်ရပ်ပြီး သကာလ အလည်ပျောက်သွားပြီလို့ဆိုတဲ့ဥစ္စာ ဓမ္မက ပြောတယ် (မှန်ပါ့)။

ဓမ္မက ပြောလိုက်တဲ့အခါကျတော့မှ ဪ ဒါ ဒုက္ခစက်ရပ်တာသည်ကားလို့ဆိုရင် တခြားမဟုတ်ဘူး၊ ခန္ဓာ့စက် ရပ်တာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီကျတော့ တသံသရာလုံး ဘယ်အခါမှ မရပ်ခဲ့တဲ့စက်ကြီးဟာ ယခု ရှေ့မျက်မှောက်မှာဘဲ ဉာဏ်အောက်မှာ ရပ်သွားတယ် (မှန်ပါ့) ဒုက္ခစက်ရပ်တာ နိဗ္ဗာန်ဘဲ (မှန်ပါ့)။

ဒုက္ခစက်ရပ်သွားတာ (နိဗ္ဗာန်ပါ) ရှာလို့ကော တွေ့သေးရဲ့လား (မတွေ့ပါ ဘုရား)။

အဲဒီ မတွေ့တဲ့ဆီ ရောက်အောင် ဉာဏ်ကလေးက နှလုံးသွင်းလိုက်တော့မှ ဪ သီတင်းကလဲ အကျွတ်, အသေကလဲအလွတ်နဲ့ ဒီထက် ဝမ်းသာစရာဖြင့် မရှိဘူးဟ ဆိုတဲ့ဥစ္စာ အသေလွတ်လို့ ဝမ်းသာစေချင်တယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘယ်လို ဝမ်းသာစေချင်ပါလိမ့် (အသေလွတ်လို့ ဝမ်းသာစေချင်ပါတယ် ဘုရား)။

နို့မဟုတ်လို့ရှိရင်ဖြင့် မီးပွဲ ဟိုလျှောက်ကြည့် ဟိုက လာကန်တော့, ဒီက လာကန်တော့၊ ကိုယ်က ဆုတွေက ပေး၊ ကိုယ်ကဖြင့် သေခါနီးက – နီးနေပြီ (မှန်ပါ့ ဘုရား)။

သားတွေ, သမီးတွေ, မြေးတွေ, မြစ်တွေ, ဆွေမျိုးဉာတကာတွေ, မိတ်ဆွေသင်္ဂဟတွေနဲ့ ဆုံရ, ကြုံရလို့ ဝမ်းသာတယ်လို့သာ ဆိုရတယ် အသေက တော်သလင်းလထက် နီးနေပြီ (နီးပါတယ် ဘုရား) ပျော်ရမှာလား ခင်ဗျားတို့ သံဝေဂရ-ရမှာလား (သံဝေဂရ-ရမှာပါ ဘုရား)။

အသေလွတ်က အပိုင်မရ

အဲဒီတော့ သံဝေဂရပြီး သကာလ စိတ်ထဲမှာ ဝမ်းနည်းစရာသာ ပေါ်လာတယ် (မှန်ပ့ါ) အသေလွတ်က အပိုင်မရ၊ အသေကြီးကနီး (မှန်ပါ့)။

အသေလွတ်က (အပိုင်မရပါ ဘုရား) အသေကြီးက (နီးပါတယ် ဘုရား)။

ဟာ ဒါဖြင့် သူများကန်တော့တာလဲ ဘာနဲ့ ကန်တော့ ကန်တော့ ကိုယ့်မှာ ပြုံးစရာကို မပါဘူး (မပါ-ပါ) သဘောပါကြရဲ့လား (ပါ-ပါတယ် ဘုရား)။

အဲဒီတော့ ပြုံးချင်ရင်လဲ ခုနင်က အပြစ်ရောက်မှာဘဲ (မှန်ပါ့) သေခါနီး ပြုံး (မှန်ပါ့) ပြုံးရင် (သေခါနီးပြုံးပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘုန်းကြီးဆီ တရားနာရတာ ပြုံးမှ မပြုံးရဲအောင် ဖြစ်နေတယ်လို့ ဒီလိုလဲ မအောက်မေ့နဲ့၊ အပြုံးမှားမှာစိုးလို့ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဦးသန်းမောင် ဘယ့်နှယ်ကြောင့် ဒါလောက်ဟောနေပါလိမ့် (အပြုံးမှားမှာ စိုးလို့ပါ ဘုရား)။

ခန္ဓာနဲ့ ဉာဏ်ဟာ စီးရိုးတောင် မခြားဘူး (မှန်ပါ့) ခန္ဓာနဲ့ ဉာဏ်က (စည်းရိုးတောင်မခြားပါဘူး) မြင်ရမယ် မဟုတ်လား (မှန်ပါ့)။

သို့သော်လဲတဲ့ ခန္ဓာနဲ့ ဉာဏ်နဲ့ စည်းရိုးမခြားဘူးလို့ ဓမ္မဖြစ်စဉ်က ကိုက်ငြားသော်လဲ ခင်ဗျားတို့ အဝဇ္ဇာတို့ ခုနင်က ပြောခဲ့တဲ့ ဒိဋ္ဌိတို့ စည်းရိုးကလဲ ခန္ဓာနဲ့ ဉာဏ်နဲ့ ကြားထဲမှာ တော်တော်ထုကြီးတယ် (မှန်ပါ့ ဘုရား) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

ခန္ဓာနဲ့ ဉာဏ်နဲ့တော့ တခန္ဓာတည်းပါပဲ (မှန်ပါ့) ခန္ဓာနဲ့ ဉာဏ်နဲ့တော့ တခုတည်းပါဘဲ ဒကာ ဒကာမတို့ (မှန်ပါ့)။

သို့သော် ခင်ဗျားတို့အတွက်က ဘဝများစွာ သံသရာ အတွက်က ဒိဋ္ဌိတံတိုင်းကြီး, အဝိဇ္ဇာ တံတိုင်းကြီး တွေက တော်တော်မြင့်မောက်နေတယ် (မှန်ပ့ါ) အဲဒါကို တော်တော်ဖြေမှသာလျှင် ဒကာကြွယ် ခရီးပေါက်မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဆရာကလဲ နည်းပေးကောင်းမှ (မှန်ပါ့) ခင်ဗျားတို့ကလဲ လုံ့လဝီရိယနဲ့ အတင်းဖြိုလိုက်လို့ရှိရင် ခန္ဓာနဲ့ဉာဏ်ဟာ တွေ့ပြီ (မှန်ပါ့) ခန္ဓာနဲ့ဉာဏ်နဲ့ တွေ့လို့ရှိရင်ဖြင့် ဒီခန္ဓာဆုံးအောင် လိုက်လိုက်လို့ရှိရင် ခန္ဓာအဆုံး နိဗ္ဗာန် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် တံတိုင်းဖေါက်ပြီး သကာလ ခန္ဓာဉာဏ်ရောက်ရမယ် (မှန်ပါ့ ဘုရား)။

တံတိုင်းဖောက်ပြီး (ခန္ဓာဉာဏ်ရောက်ရပါမယ် ဘုရား) ခန္ဓာဉာဏ်ရောက်ပြီး ခန္ဓာဆုံးအောင်လိုက် (မှန်ပါ့) ခန္ဓာဆုံးအောင်လိုက်တဲ့ အခါကျတော့ နိဗ္ဗာန်သို့ရောက်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကြက်မကြီးတကောင်ရှိတယ်

အခု သေသေချာချာပြောပါတော့မယ်၊ သေသေချာချာ ရှုနည်းမှတ်ပုံနဲ့တကွ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီလိုလုပ်ကွာ တဲ့၊ ငါ-ဥပမာကလေး အရင်ပြောမဟေ့ ဆိုပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒကာကြွယ် ဟောလိုက်တယ်နော် (မှန်ပါ့)။

ကြက်မကြီး တကောင် ရှိတယ်ကွာတဲ့၊ ကြက်မကြီးတကောင်က ဆယ်လုံး, ဆယ့်နှစ်လုံး ဥကလေးဥထားတယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ ကြက်မကြီးက ဆယ်လုံး, ဆယ့်နှစ်လုံး ဥကလေးတွေ ဥထားတယ်နော် (မှန်ပါ့)။

ဥထားပြီး သကာလ ကြက်မကြီးက ဒါကလေးတွေ ဆယ်လုံး, ဆယ့်နှစ်လုံးရှိတယ်၊ နောက် ဥစရာလဲ သူ့မှာ ကုန်တဲ့အခါကျတော့ တခါတလေ လာဝပ်လိုက် ကြက်မကြီးကပေါ့ဗျာ (မှန်ပါ့) ဥကလေးတွေပေါ် တခါတလေ လာဝပ်ပြီးတော့ နေလိုက် (မှန်ပါ့) တခြားကြောင့် နေတာမဟုတ်ပါဘူး ဒကာ ဒကာမတို့ ဥကလေး လေလုံသွားအောင်လို့ (မှန်ပါ့) ပြင်ဘက်က လေထိရင် ကြက်ကလေးတွေ ပုပ်သွားမှာစိုးလို့ (မှန်ပါ့ ဘုရား)။

တခါ လေလုံပြီဆိုပြီး သကာလ သူလဲ အစာရှာထွက်တယ်၊ နောက်တခါ လာဝပ်ပြန်တာဘဲ (မှန်ပါ့)။

ကြက်မကြီးက အတောင်ကလေးဖြန့်ပြီး လာဝပ်ပြန်တာဘဲ၊ ဘာတုံးလို့မေးလို့ရှိရင် ကြက်တို့၏ သူ့ရင်ငွေ့ကလေး ပေးတယ်၊ ကြက်ကလေးတွေ ရင့်အောင့်လို့ (မှန်ပ့ါ)။

ရင်ငွေ့ကလေး ပေးလိုက်တော့ ကြက်ဥကလေးတွေက ပူမသွားဘူးလား (ပူသွားပါတယ် ဘုရား) ပူသွားတော့ အထဲမှာ ရှိတဲ့ အစေးကလေးတွေက ခန်းခြောက်တယ် (မှန်ပါ့) ကြက်ကောင်ကလေးတွေ ဖြစ်လာအောင် (မှန်ပါ့)။

တခါ သွားပြန်တာဘဲ၊ အစာရှာထွက်သွားတယ် (မှန်ပါ့) နောက်တခါ လာပြီးဝပ်ပြန်တော့လဲ ဒကာသစ် ကြက်နံ့ကလေးတွေပေးတယ် (မှန်ပ့ါ) သူ့ရင်မှာပါတဲ့ ကြက်တို့၏ အနံ့ကလေး ပေးလိုက်တယ် (မှန်ပါ့)။

ဒါဖြင့် ကြက်မကြီးဟာ သုံးခုပေါ် အလုပ်,လုပ်တယ် (မှန်ပါ့) ဥကလေးတွေ မပုပ်ဖို့လဲ လုပ်တယ် (မှန်ပါ့ ဘုရား) ဥကလေးတွေကို နွေးပြီး ပူနေဖို့ကော (လုပ်ပါတယ် ဘုရား) ကြက်မျိုးမို့ ကြက်အနံ့ကလေးတွေလဲ မပေးရလား (ပေးရပါတယ် ဘုရား)။

ဒီသုံးလုပ်-လုပ်ရပါတယ်

ဪ ဒီသုံးလုပ်-လုပ်ရပါတယ်ဆိုတာ ဒါ ကြက်တို့၏ ထုံးတမ်းလို့မှတ်လိုက်ပါ (မှန်ပါ့)။

အထဲကြက်ကောင်ကလေးတွေ ဖြစ်ရာမှာ ဒကာ ဒကာမတို့ ကြက်မကြီးက ဒီအလုပ်ကို သုံးလုပ်-လုပ်မှသာလျှင် ကြက်ကောင်ကလေးတွေ ဖြစ်မှာကိုးဗျ (မှန်ပါ့)။

ဘယ်နှစ်လုပ်-လုပ်ရသလဲ (သုံးလုပ်-လုပ်ရပါတယ် ဘုရား) သုံးလုပ်-လုပ်ရတယ်ဆိုတာ ဒကာ ဒကာမတွေက မှတ်ထားပါ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အဲဒါ တနေ့ကို နှစ်ခါ, သုံးခါ, လေးခါ, ငါးခါ ဒီလိုဘဲ ထွက်လိုက်၊ သူလဲ အစာရှာရသေးတာကိုး (မှန်ပါ့) အစာရှာလိုက် အတောင်ကလေးဖြန့်ဖြန့်ပြီး လာလိုက်၊ နောက်တခါ အနံ့ကလေး ပေးဖို့လာလိုက်၊ နောက်တခါ အပူကလေးပေးဖို့ (မှန်ပါ့)။

လာလိုက်တဲ့အခါကျတော့ သူ-ဥထားတဲ့ ကြက်ဥကလေးတွေဟာ ဒကာ ဒကာမတို့ မပုပ်တာကလဲ အတောင်ဖြန့် အုပ်လို့ (မှန်ပါ့) အပူဓါတ်ပေးတဲ့အတွက် ကြက်ဥက နဂိုက ဥစမှာ အရည်ချည့်ဟာလဲ ခန်းခြောက်သွားတယ် (မှန်ပါ့) ကြက်နံ့ကလေးတွေ ပေးလိုက်တဲ့အခါကျလို့ရှိရင်လဲ အတွင်းမှာ ကြက်ကောင်ကလေးတွေဟာ ဖြစ်တယ် (မှန်ပါ့)။

အင်း ဒီ-သုံးလုပ်-လုပ်လိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ များများမလုပ်ရပါဘူး၊ ခဏဘဲ လုပ်လိုက်တာနဲ့ဘဲ အတွင်းမှာ အရည်တွေနဲ့ အစေးတွေဟာ ခန်းခြောက်တယ် (မှန်ပါ့ ဘုရား)။

ခန်းခြောက်ပြီး သကာလ ဒကာ ဒကာမတွေ ကြက်ကောင်ကလေးတွေဟာ အတောင်ကလေးတွေစုံ၊ ပြင်ဘက်က တခါတည်း အလင်းတွေကို ချက်ခြင်းမြင်တယ် (မှန်ပါ့) အရည်တွေခြောက်တော့ အခွံကပါးသွားတယ် (ပါး-ပါတယ် ဘုရား)။

ပါးတော့ ကြက်ကလေးမျက်လုံးက ကြည့်လိုက်တော့ ပြင်ဘက် အလင်းတွေဆိုပြီး သကာလ သူ့ခြေထောက်နဲ့ သူ ထိုးကန်လိုက်တယ် (မှန်ပါ့) ထိုးကန်လိုက်တဲ့အခါ ကြက်ဥခွံကလေးကပါးတော့ ဦးသန်းမောင် ‘ဖျတ်’ ကနဲ ကွဲတယ် (ကွဲပါတယ်) ကွဲသွားမှ ကလန်-ကလန်နဲ့ သူထွက်လာတယ် (မှန်ပ့ါ)။

ဘယ့်နှယ်ကြောင့် ဒီကြက်ကလေးသည် ကလန် ကလန်နဲ့ ကြက်ကောင်ကလေးဖြစ်၍ ထွက်လာပါလိမ့်မတုံး မေးတဲ့အခါ ကျတော့ အမေလုပ်တဲ့ပုဂ္ဂိုလ်က အတောင်ဖြန့်ပြီး သကာလ ကာကွယ်ပေးသောကြောင့်လဲ ကြက်ဥပုပ်မဖြစ်ဘူး (မှန်ပါ့) အစေးတွေ ခန်းခြောက်အောင် လုပ်ပေးသောကြောင့်လဲ ပြင်ဘက်က အလင်းမြင်လာတယ် (မှန်ပ့ါ) သဘောကျပလား (ကျသွားပါပြီ ဘုရား)။

ကြက်တို့၏ အနံ့ကိုပေးသောကြောင့်လဲတဲ့ ဒကာ ဒကာမတို့ ဘဲကောင်ကလေးမဖြစ်ဘဲနဲ့ ကြက်ကောင်ကလေး လာဖြစ်တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ကြက်မကြီးသည် ဘယ်နှစ်ခုလုပ်တာနဲ့ သူူကြက်ကလေးတွေသည်ကားလို့ ဆိုလို့ရှိရင် သူ့သားသမီးအဖြစ်နဲ့ ပြင်ဘက် ကျက်စားနိုင်ပါလိမ့်မလဲမေးရင် ဘယ့်နှယ်ဖြေကြမလဲ (သူ အလုပ်သုံးလုပ်-လုပ်လို့ပါ ဘုရား) ကြက်ကောင်ကလေး ဖြစ်လာတယ် (မှန်ပါ့) သဘောကျပလား (ကျသွားပါပြီ ဘုရား)။

ကိုယ့်ခန္ဓာဉာဏ်ကိုလဲ သုံးလုပ်-လုပ်လိုက်ရင်

ထို့အတူဘဲ တဲ့ ဒကာ ဒကာမတွေလဲ ဒီအတိုင်းဘဲ ကိုယ့်ခန္ဓာဉာဏ်ကိုလဲ သုံးလုပ်-လုပ်လိုက်ရင် ရပါတယ် (မှန်ပါ့) ခန္ဓာထဲမှာ ဒကာ ဒကာမတွေ အနိစ္စနဲ့မပြတ် ရှုပေးလိုက် (မှန်ပါ့) မပြတ်တောင် မဟုတ်ပါဘူး ရှုပြီး သကာလ ဒကာ ဒကာမတွေက ခန္ဓာထဲမှာ ဖြစ်တာ ပျက်တာ ဒါဘဲ ဖြစ်တာ ပျက်တာ ဒါဘဲဆိုပြီး အနိစ္စနဲ့ ရှုပေးလိုက် (မှန်ပါ့)။

ဪ ဒီဖြစ်ပျက်ဟာ တခြားလဲ မဟုတ်ဘူး ဒုက္ခဘဲ (မှန်ပါ့) ဒီဖြစ်ပျက်ဟာ တခြားလဲ မဟုတ်ဘူး အနတ္တဘဲ (မှန်ပါ့ ဘုရား) ဆိုတော့ ရှုတဲ့ဉာဏ်ကလေးဟာ အနိစ္စဆိုတာလဲ ဖြစ်ပျက် ဒုက္ခသစ္စာဆိုတာလဲ ဖြစ်ပျက် (မှန်ပါ့ ဘုရား) အနတ္တ ဆိုတာလဲ (ဖြစ်ပျက်ပါ ဘုရား)။

ဖြစ်ပျက်ဆိုတော့ ဉာဏ်ကလေးက ဒကာ ဒကာမတို့ အနိစ္စဉာဏ်,ဒုက္ခဉာဏ်, အနတ္တဉာဏ်က တက်ပြီးတော့ လာတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် တံတိုင်းဖေါက်ပြီး သကာလ ခန္ဓာဉာဏ်ရောက်ရမယ် (မှန်ပါ့ ဘုရား)။

တံတိုင်းဖေါက်ပြီးတော့ (ခန္ဓာဉာဏ်ရောက်ရပါမယ်) ခန္ဓာဉာဏ်ရောက်ပြီး ခန္ဓာဆုံးအောင်လိုက် (မှန်ပ့ါ) ခန္ဓာဆုံး အောင်လိုက်တဲ့ အခါကျတော့ နိဗ္ဗာန်သို့ရောက် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီတော့ မအိုမသေအမြဲနေတာကြီးသူမတွေ့သေးဘူး (မှန်ပါ့) မတွေ့သေးတော့ ထပ်ပြီး သကာလ ခုနင်က အနိစ္စပြန်လုပ်ပေါ့ဗျာ (မှန်ပ့ါ) ခန္ဓာပြန်လုပ်ပေါ့ဗျာ (မှန်ပါ့) အနတ္တပြန်လုပ်ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ထိုကဲ့သို့ လုပ်လိုက်တဲ့အခါ ကျလို့ရှိရင်ဖြင့် ကိုယ့်ကိလေသာ ဝမ်းထဲမှာရှိတဲ့ ကိလေသာအစေးတွေက ခန်းခြောက်တယ် (မှန်ပါ့ ဘုရား)။

ကိလေသာအစေးတွေက ခန်းခြောက်တယ်

အင်း အနိစ္စဉာဏ်, ဒုက္ခဉာဏ်, အနတ္တဉာဏ် လုပ်လိုက်တာနဲ့ ဝမ်းထဲမှာ ကိလေသာအစေးတွေက ဘယ့်နှယ် ဖြစ်ပါလိမ့် (ခန်းခြောက်ပါတယ် ဘုရား)။

အင်း ကိလေသာအစေးတွေက ခန်းခြောက်တော့ ဒကာ ဒကာမတို့ ဉာဏ်က အနိစ္စထိုးထွင်းပြီး ခုနင်က ကာကွယ်နေတဲ့ သဘောကလေးဟာ ပါးသွားတယ် (မှန်ပါ့) အဝိဇ္ဇာကလဲပါးသွားတယ် (ပါးပါတယ်) တဏှာအစေး တွေကကော (ပါးပါတယ် ဘုရား)။

အင်း ပါးပါး ပါးပါးလာပြီ ဒကာ ဒကာမတို့၊ အရင်မြင်နေတဲ့ အနိစ္စနဲ့ နောက်မြင်နေတဲ့ အနိစ္စ ဒကာသစ် ထူးခြားသွားတယ် (မှန်ပါ့) ဘာဖြစ်လို့တုံး ပါးပါးကနေကြည့်ရလို့ (မှန်ပါ့ ဘုရား)။

အရင်တုန်းကတော့ အဝိဇ္ဇာတဏှာက ရှေ့ပိုင်းကနေပြီးဉာဏ်က နောက်ကနေထိုးထွင်းနေရတော့ ဟိုဘက်မှာရေးရေးတဲ့ အနိစ္စမြင်ရတယ် (မှန်ပါ့) ရေးရေးဘဲ အနတ္တမြင်ရတယ် (မှန်ပါ့ ဘုရား)။

အဲဒီလို ဖြစ်ရတာသည် ကိလေသာက ဒကာ ဒကာမတွေက ကြက်မကြီးလိုဘဲ ဝပ်လိုက်, အနံ့ပေးလိုက်၊ ဒကာ ဒကာမတို့ အပူဓာတ်ပေးလိုက်ဆိုတော့ သူ သုံးလုပ်မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား)။

အင်း ဒီကလဲ တခါလုပ်ရုံနဲ့ မပြီးသေးတာနဲ့ ဒကာ ဒကာမတို့ ဒီအတိုင်းဘဲ နောက်တခါပြန်ပြီး သကာလ လုပ်ပြန်တော့ အပူဓာတ်ကလေးတွေ ပေးလိုက် အပူတပြင်းကလေး လုပ်လိုက်ဆိုတာပေါ့ဗျာ (မှန်ပါ့) ဝီရီယကလေးများ ပိုစိုက်ပေးလိုက် (မှန်ပါ့ ဘုရား)။

အဲဒီ ဝီရိယကလေး ပိုစိုက်ပေးလိုက်တဲ့အခါကျတော့ ခုနင်က ဒိဋ္ဌိကိလေသာကလဲ ပါးသွားတယ် အပူဓါတ်လာလို့ အရည်ခန်းလို့ (မှန်ပါ့ ဘုရား)။

အပူဓာတ်လာတော့ (အရေပါးသွားပါတယ်) ဥကလေးက အရည်ခန်းသလိုပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ကိလေသာ အရည်ခန်းခြောက်တယ်

ဒီမှာလဲ အပူတပြင်း ဝီရိယစိုက်ပြီးပေးလိုက်တဲ့ အခါကျတော့ ဒကာ ဒကာမတို့ သိတဲ့အတိုင်းတဲ့ ကိလေသာ အရည်တွေက အဝိဇ္ဇာအရည်တွေရော တဏှာတည်းဟူသော အရည်တွေရော ဒကာ ဒကာမတို့ ပါးပါး ခန်းခြောက်တယ် (မှန်ပါ့ ဘုရား)။

ခန်းခြောက်သွားတဲ့ အခါကျတော့ ခုနင်က ကြက်ကောင်ကလေးက ပြင်ဘက် အလင်းမမြင်ရဘူးလား (မြင်ရပါတယ် ဘုရား)။

ဟာ ဒို့ ဥထဲမှာကွေးကွေးကောက်ကောက်နဲ့ နေခဲ့ရတာကြာလှပြီ၊ ဘယ်တော့မှ အလင်းမမြင်ရဘူး (မှန်ပါ့)ဆိုပြီး သကာလ အမေကဝပ်ပေးတဲ့ သဘောမျိုးနဲ့ လုပ်လိုက်တော့ နှုတ်သီးကလေးက ထက် ခြေသည်း, လက်သည်း ကလေးက ဦးသန်းမောင် ထက်တယ် (မှန်ပါ့ ဘုရား)။

အဲဒီမှာ ခြေသည်း လက်သည်းကလေးနဲ့ ကန်တာကိုးဗျ (မှန်ပါ့) နှုတ်သီးကလေးနဲ့လဲ ပြင်ဘက်က ပါးပါးကလေး သူဖောက်လိုက်တယ် (မှန်ပ့ါ) ပြီးတော့ လည်ကလေးဆန့်လိုက်တယ် (မှန်ပ့ါ) လည်ကလေးဆန့်လိုက်တော့မှ ဖြန်းကနဲကွဲသွားတယ် (မှန်ပါ့ ဘုရား)။

အဲဒီ ဖြန်းကနဲ ကွဲသွားတော့မှ သံသရာ ထောင်ထဲကထွက်သလို သူ့စိတ်ထဲမှာ ဝမ်းမသာဘူးလား (သာပါတယ် ဘုရား)။

ဒီမှာလဲ ခင်ဗျားတို့ ဖြစ်ပျက်တွေရှုလို့ တခါတည်း ဒကာ ဒကာမတို့က နှစ်ခါရှုလိုက် သုံးခါရှုလိုက် ထပ်ရှု (မှန်ပါ့) ရှုဖန်များလာတော့ ခုနင်က အဝိဇ္ဇာဥခွံ, တဏှာအစေးတွေက ခန်းခြောက်တယ် (မှန်ပါ့) ခန်းခြောက်လာတော့ ဒကာ ဒကာမတို့ အနိစ္စအချက်, ဒုက္ခအချက်တွေ မမြင်ဘူးလား (မြင်ပါတယ် ဘုရား)။

မြင်တော့ ကဲ အနိစ္စအချက်, ဒုက္ခအချက်တွေ မြင်လာပြီ ဆိုပြီး သကာလ ခုနင်က အရင်မြင်ပုံနဲ့ နောက်မြင်ပုံနဲ့ကော မထူးခြားဘူးလား (ထူးခြားပါတယ် ဘုရား)။

အရင်မြင်ပုံက မရှင်းတရှင်း

အရင်မြင်ပုံနဲ့ နောက်မြင်ပုံ အရင်မြင်ပုံက မရှင်းတရှင်း (မှန်ပါ့) နောက်မြင်ပုံက ရှင်းရှင်းလင်းလင်း (မှန်ပါ့ ဘုရား)။

အဲဒီလို မြင်မြင် မြင်မြင်ပြီး သကာလ ကြာတော့ ခုနင်က ဒိဋ္ဌိဆိုတဲ့တရား၊ အဝိဇ္ဇာဆိုတဲ့ တရား၊ ဝိစိကိစ္ဆာတရား ဒါတွေက အကုန် ပျောက်ထွက်သွားတဲ့ အခါကျတော့ ဒကာ ဒကာမတို့ ရှင်းရှင်းလင်းလင်းကြီး ပြင်ဘက်ကို ခင်ဗျားတို့ဉာဏ်က ထိုးကန်ပစ်လိုက်တယ် (မှန်ပါ့ ဘုရား)။

ကဲ ဝိစိကိစ္ဆာ အဝိဇ္ဇာလဲ မင်းသွားတော့ (မှန်ပါ့) ကြက်ဥခွဲသလိုခွဲလိုက်တယ် (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိတည်းဟူသော မင်းသည်ကားလို့ဆိုလို့ရှိရင်လဲ ဥခွံထဲကွဲပေတော့ (မှန်ပါ့) ဆိုပြီး ဉာဏ်က ထိုးဖောက်လိုက်တော့ ဒကာ ဒကာမတို့ ဝိစိကိစ္ဆာနဲ့ ဒိဋ္ဌိဟာကွဲထွက်သွားတယ် (မှန်ပါ့) ဥခွံနှစ်ခုကွဲထွက်သွားတယ် (မှန်ပါ ဘုရား)။

အဲဒီတော့ ကြက်ကောင်ကလေးဟာ ဥခွံနှစ်ခုကွဲကတည်းကထွက်ပါပြီ (မှန်ပါ့) ဒကာ ဒကာမတို့ ထွက်ပါပြီ သွားပါပြီ ဆိုတဲ့ဥစ္စာ ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား)။

ထို့ အတူဘဲတဲ့ ခင်ဗျားတို့ဉာဏ်သည် အဲ့ဒီအချိန်ကျမှ ပြင်ဘက်က ထုတွေဟူသ၍ အတွင်းဟာတွေ အကုန်အစေးတွေ ခန်းခြောက် အခွံတွေကွာပြီး သကာလ နိဗ္ဗာန်သွားမြင်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကြက်မကြီးလုပ်တဲ့ သုံးလုပ်လုပ်ရမယ်

ဒါဖြင့်ဒကာ ဒကာမတို့ ခင်ဗျားတို့လုပ်ဖို့ရာက ကြက်မကြီးလုပ်တဲ့ သုံးလုပ်လုပ်ရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကြက်မကြီးသည်အတောင်ဖြန့်ဝပ်မှုလဲ ကြက်မကြီး၏ဝတ္တရား (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

ကြက်ဥကလေး အစေးခန်းခြောက်အောင် အပူဓာတ်ပေးမှုဟာလဲ (ကြက်မကြီး၏ဝတ္တရားပါ ဘုရား)။

၎င်းကြက်မကြီးသည် ကြက်ကောင်ကလေးတွေကို အသက်ဝိဉာဏ်ဆိုတဲ့ သဘောမျိုး သူသည်ကားလို့ဆိုရင် အားပေးမှု အကူအညီ အထောက်အပံ့အဖြစ်ဖြင့် ကြက်နံံ့ပေးတာကလဲ သူ၏ဝတ္တရား (မှန်ပါ့) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

ကြက်မကြီး ဘယ်နှစ်ခု အလုပ်-လုပ်ရပါလိမ့် (သုံးလုပ် လုပ်ရပါတယ် ဘုရား)။

သုံးခုတည်းအလုပ်-လုပ်တော့ အထဲထဲမှာ ကြက်ကောင်တွေဖြစ်တယ် (ဖြစ်ပါတယ် ဘုရား)။

အစေးခန်းခြောက် ဥခွံပါးပြီး ဖြန်းကနဲဘဲ ကိုယ့်နှုတ်သီးဖျား, ခြေသီးဖျားနဲ့ ခွဲချလိုက်တယ် (မှန်ပါ့)။

ထို့အတူဘဲ ခင်ဗျားတို့ ဉာဏ်ခြေသီးဖျား, နှုတ်သီးဖျားနဲ့ ခုနင်က ဥခွံသာ ခွဲလိုက်ပါ (မှန်ပ့ါ) ခွဲလိုက်လို့ရှိရင် ပြင်ဘက် လွတ်လပ်ရေးကြီး မရဘူးလား (ရပါတယ် ဘုရား)။

အရင်လို ခေါင်းကြီးကုတ်ပြီး သကာလ ကိုယ့်ရင်ပတ်နားမှာ ကိုယ့်ခေါင်းကလေးနဲ့ ကွေးပြီး သကာလ ခြေကလေး၊ လက်ကလေးနဲ့လဲ ကပ်ပြီး သကာလ ဥခွံကလေး သေးသေးထဲမှာ မလှုပ်သာ မလှည့်သာ နေရတာ ဟုတ်သေးရဲ့လား (မဟုတ်ပါ) ဥခွံကွဲသွားတော့လေ (မှန်ပါ့)။

အဲဒါ့ကြောင့် လုပ်ပါများလို့ရှိရင်ဖြင့် အဝိဇ္ဇာဥခွံနဲ့ တဏှာစေးခန်းခြောက်ပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပွားများပါများရင် ဘယ့်နှယ်တုံး (အဝိဇ္ဇာဥခွံနဲ့ တဏှာစေးခန်းခြောက်ပါတယ် ဘုရား)။

အဝိဇ္ဇာဥခွံကပါးမယ်ဗျာ (မှန်ပါ့) တဏှာအစေးက (ခန်းခြောက်ပါတယ် ဘုရား)။

တဏှာအစေးက ခန်းခြောက်ရင် ပြင်ဘက်က အလင်းမမြင်ရပေဘူးလား (မြင်ရပါတယ် ဘုရား)။

အေး ဒါ့ကြောင့် ပြင်ဘက် အလင်းသည် နိဗ္ဗာန်ဘဲ (မှန်ပါ့)။

တဏှာအစေးနဲ့ အဝိဇ္ဇာသည်ကားလို့ ဆိုရင်ဖြင့် ကြက်ကောင်ကလေးအပေါ်၌ ဖုံးအုပ်ထားတဲ့ တရားပါဘဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ကျုပ်တို့က ကြက်မကြီးဖြစ်တော့ ကိုယ့်ဉာဏ်တည်းဟူသော ကြက်ကလေးကို၊ ကိုယ့်ဉာဏ်နဲ့ ကြက်နဲ့ တူပါတယ် (မှန်ပါ့)။

အဲ ကိုယ့်ဉာဏ်တည်းဟူသော ကြက်ကလေးကို ဒကာ ဒကာမတို့ ထိုးထွင်းမြင်လို့ရှိရင် ကိုယ့်အမေနဲ့တူတဲ့ ယောဂီပုဂ္ဂိုလ်က သုံးလုပ်-လုပ်ပါ (မှန်ပါ့)။

အမေနဲ့တူတဲ့ ယောဂီပုဂ္ဂိုလ်က (သုံးလုပ်-လုပ်ရပါမယ်) ဝိပဿနာသုံးချက်ပေါ့ဗျာ (မှန်ပါ့) အနိစ္စလို့ ရှုချင်ရှုလိုက်၊ ဟာ ဒါ ဒုက္ခလို့ ရှုချင်ရှုလိုက် (မှန်ပါ့) အနတ္တလို့ကော (ရှုရမှာပါဘဲ) ရှုချင်ရှုလိုက်ပါ၊ ဒါ အတည့် ချည့်ပါဘဲဆိုတာ သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

ဆုတောင်းဖို့ လိုသေးသလား

အဲဒိကဲ့သို့ ဒကာသစ်တို့က ဦးမာဒင်တို့လူစု အားလုံးပေါ့လေ အခု တရားအားထုတ်နေကြတာဟာ ကိုယ့်အလုပ်က ဒီသုံးလုပ်-လုပ်ပေးလို့ရှိရင်ဖြင့် ကြက်ကလေးတွေ ပေါက်ပါစေသားလို့ ဆုတောင်းဖို့ လိုသေးသလား (မလိုပါ ဘုရား)။

အဲဒီတွင် ဘုရားက ဟောရှာတယ် (မှန်ပါ့) ဘုရားက သေသေချာချာ ဟောတယ်ကွာ တဲ့ မင်းတို့ ဆုတောင်းနေတာတွေဟာ ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ်နိဗ္ဗာန် မျက်မှောက်ပြုရပါလို၏ (မှန်ပါ့) ဪ ကြက်မကြီးနဲ့ တူလိုက်တာကွာ တဲ့ (မှန်ပါ့ ဘုရား)။

သူလုပ်သင့်တဲ့ အတောင်ဖြန့်အုပ်တဲ့ အလုပ်တော့ မလုပ်ဘူး တဲ့ (မှန်ပါ့) ကြက်ဥပေါ်၌ အပူပေးတဲ့အလုပ် သူ မလုပ်ဘူးတဲ့ (မှန်ပါ့)။

ကြက်ဥပေါ်၌ သူ ဝပ်ပြီး သကာလ ကြက်နံ့ပေးတဲ့အလုပ် မလုပ်ဘဲနဲ့ ပြင်ဘက်ကနေ ကတော်-ကတော်နဲ့ အော်ပြီး သကာလ ကြက်ကလေးတွေ ပေါက်ပါစေဆိုတာနဲ့ မပေါက်နိုင်ဘူးဟေ့ တဲ့ (မှန်ပါ့) သေသေချာချာ ကန့်ကွက်ချတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

မကန့်ကွက်ထိုက်ဘူးလား (ကန့်ကွက်ထိုက်ပါတယ်) သေသေချာချာ ကန့်ကွက်ထိုက်တယ်ဆိုတာ ဒကာ ဒကာမတွေ ပေါ်လောက်ပါပြီ (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဆုတောင်းနဲ့ မရ (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ) အလုပ်နဲ့မှ (ရပါမယ်) ဘယ်သူက ဟောသတုံး (ဘုရားက ဟောပါတယ် ဘုရား)။

ငါ ကြက်မကြီး ဥပမာ ပြပြီတဲ့

ငါ ကြက်မကြီး ဥပမာ ပြပြီတဲ့ (မှန်ပါ့) ကြက်ကလေးတွေ ဥထားတယ်တဲ့၊ အပြင်ဘက်ကနေ ပေါက်ပါစေသား၊ ပေါက်ပါစေသား၊ ပေါက်ပါစေသား၊ ပြင်ဘက်ကနေ ကြက်သံပေးတယ် (မှန်ပါ့)။

သူ လုပ်ထိုက်တဲ့ ကြက်ကောင်ကလေးတည်းဟူသော ဉာဏ်တွေ ထက်မှု၊ နှုတ်သီးဖျားထက်မှု ခြေသီးဖျားထက်မှု ဆိုတဲ့ ဉာဏ်ထက်မှုကို မလုပ်ဘူးတဲ့ (မှန်ပါ့)။

ဝပ်တဲ့အလုပ်လဲ မလုပ်ဘူးပေါ့ဗျာ (မှန်ပါ့) အပူပေးတဲ့အလုပ်ကော (မလုပ်ပါ ဘုရား) အနံ့ပေးတဲ့အလုပ်ကော (မလုပ်ပါ) အဲဒါ ပုပ်သာသွားပြီတဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကြက်ကောင်ကလေးတွေ ဖြစ်သေးရဲ့လား (မဖြစ်ပါ) အင်း ဘယ့်နှယ်ကြောင့် မဖြစ်ပါလိမ့်မတုံးဆိုတော့ အသံသာပေး၍ ဒကာ ဒကာမတို့ အလုပ် မလုပ်လို့ (မှန်ပါ့)။

ဒီမှာလဲ ခင်ဗျားတို့ ဘုရားရှေ့မှာသွားပြီး တရားရှေ့မှာ, သံဃာရှေ့မှာ, ဘုန်းကြီးတို့ဆီမှာ ကန်တော့ကြတဲ့အခါ မြန်မြန်ဘုရား ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ်ဖြင့် အရကြီး ရပါရစေ (မှန်လှပါ) အပြင်ဘက်က ကတော် ကတော်နဲ့ အော်ပြန်ပြီ (မှန်ပါ့) မရဘူး စိတ်ချ (မှန်ပါ့) မရဘူး မရဘူး (မှန်ပါ့) ကြက်မကြီး လုပ်ထိုက်တဲ့အလုပ် လုပ်ပါရဲ့လား (မလုပ်ပါ ဘုရား)။

မလုပ်တော့ အပူဓါတ် မလာလို့ရှိရင်လဲ အစေးမခြောက်ပါဘူး (မှန်ပါ့) အစေးမခြောက်လို့ရှိရင်လဲ အခွံမပါးပါဘူး (မှန်ပါ့) မပါးရင်လဲ ပြင်ဘက်ကဟာကို မမြင်ရပါဘူး (မမြင်ရပါ) မမြင်ရလို့ရှိရင် ဘယ်မှာ တိုးထွက်နိုင်ပါ့မတုံး (မထွက်နိုင်ပါ ဘုရား)။

ဒီမှာလဲ အဝိဇ္ဇာ တဏှာဆိုတဲ့ ဥခွံကြီးကို ဒကာ ဒကာမတို့ ခင်ဗျားတို့က ပွားများမှုအလုပ် မလုပ်ဘဲနဲ့တော့ သူက ပါးလိမ့်မယ်၊ အရည်ခန်းလိမ့်မယ်လို့ဆိုတာ ဘယ်နည်းနဲ့မှ မတွက်နဲ့ (မှန်ပါ့) ရပ့ါမလား (မရပါ ဘုရား)။

ခင်ဗျားတို့ အလုပ်က ဘာပါလိမ့်မတုံး

ဒါဖြင့် ခင်ဗျားတို့ အလုပ်က ဘာပါလိမ့်မတုံး (ကြက်မကြီး ဝပ်သလို လုပ်ရပါမယ် ဘုရား)။

ကြက်မကြီး သုံးခုသော အလုပ်ကို မှန်မှန်လုပ်သလို ခင်ဗျား တို့က လုပ်နေလို့ရှိရင်ဖြင့် ကြက်မကြီးလိုဘဲ ဒကာ ဒကာမတို့ ဒီလိုကျတော့ ပြင်ဘက်ကနေပြီး ကတော်-ကတော်နဲ့ ငါ့သားလေးတွေ ပေါက်ပါစေ ကြက်ကောင် ကလေးတွေ ဖြစ်ပါစေ အစရှိသည်နဲ့ မဆိုရပါဘူးတဲ့၊ မဆိုဘဲနဲ့ သုံးလုပ်သာလုပ် သူ့ဟာသူပေါက်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ တပည့်တော်တို့ဘုရား နိဗ္ဗာန်ရောက်ကြောင်းကိုဖြင့် ဘုရားတိုင်း တွေ့တိုင်း ဆုတောင်းပါတယ် (မှန်ပါ့) မရပါဘူးဗျာ၊ စိတ်သာချ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာကြောင့်တုံး လုပ်သင့်လုပ်ထိုက်တဲ့အလုပ်က (မလုပ်ရလို့ပါ ဘုရား)။

လုပ်သင့်လုပ်ထိုက်တာက ဒကာ ဒကာမတို့ အနိစ္စတည်းဟူသော အတောင်ဖြန့်ဝပ်မှု (မှန်ပါ့) ဒုက္ခတည်းဟူသော အပူဓာတ်ပေးမှု (မှန်ပါ့ ဘုရား) အနတ္တတည်းဟူသော အနံ့ပေးမှု (မှန်ပါ့) ဒီအလုပ်-လုပ်ရမှာ (မှန်ပါ့)။

အစေးခြောက် အခွံပါးပြီး အလင်းမြင်တယ်

ဒီအလုပ် လုပ်ရတော့မှ ခင်ဗျားတို့ဉာဏ်တည်းဟူသော ကြက်ကောင်ကလေးက အစေးခြောက် အခွံပါးပြီး အလင်းမြင်တယ် (မှန်ပါ့)။

အစေးခြောက် (အခွံပါးပြီး အလင်းမြင်ပါတယ် ဘုရား) အစေးခြောက်ဆိုတာ တဏှာခန်းခြောက်တာ (မှန်ပ့ါ) အခွံပါးတယ်ဆိုတာက အဝိဇ္ဇာပါးသွားပြီ (မှန်ပါ့) ပြင်ဘက်က အလင်းဆိုတာက ဒကာသစ် မှတ်လိုက် နိဗ္ဗာန် (မှန်ပါ့)။

အဲဒီမှာ ဒို့သည် သံသရာထောင်ထဲမှာ နေရတာကြာလှပြီဆိုပြီး ကြက်ကောင်ကလေးတွေ ဥခွံထဲမှာ နေရတာကြာလှပြီ ဆိုပြီး သကာလ လည်ကလေး ဆန့်လိုက်၊ နှုတ်သီးကလေးနဲ့ အပါးကလေးပေါက်လိုက် (မှန်ပါ့)။

ခြေထောက်ကလေးနဲ့ ကန်ထုတ်လိုက်တော့ ‘ဖြန်းကနဲ’ ကွဲသွားတယ် (မှန်ပါ့) ဖြန်းကနဲ ကွဲသွားတော့ အလင်းရောက်တဲ့ အခါကျတော့ မပျော်ပေဘူးလား (ပျော်ပါတယ် ဘုရား) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

ဒီမှာလဲ ဒကာ ဒကာမတွေ ဒီအတိုင်းသာ ဒီသုံးလုပ်သာ ဖြစ်ပျက်သာရှုနေ (မှန်ပါ့) ဖြစ်ပျက်သာရှုနေပါ၊ ဪ ဖြစ်ပျက်ဟာ ဒုက္ခဘဲဆိုပြီး ရှုချင်လဲရှု (မှန်ပါ့) ဖြစ်ပျက်ဟာ အနိစ္စဘဲလို့ ရှုချင်လဲရှု (ရှုပါ့မယ် ဘုရား) ဖြစ်ပျက်ဟာ အနိစ္စဘဲလို့ ရှုချင်လဲရှုပါ (မှန်ပါ့) ဖြစ်ပျက်ဟာ အနတ္တဘဲလို့ကော (ရှုရပါမယ် ဘုရား)။

ဒီသုံးလုပ်တော့ လုပ်ရလိမ့်မယ် (မှန်ပါ့) လုပ်ပြီး သကာလ နေတဲ့အချိန်ကျတော့ ဒကာသစ်ရေ ခုနင်က ဝမ်းထဲရှိတဲ့ ဘဝများစွာ သံသရာက ပါလာတဲ့ ကိလေသာအစေးတွေကလဲ ဘာဖြစ်သွားသတုံး (ခန်းခြောက်သွားပါတယ် ဘုရား) မမြင်ရအောင် ဖုံးထားတဲ့ အဝိဇ္ဇာကြီးကလဲ (ပါးသွားပါတယ် ဘုရား)။

ပါးသွားတယ် (မှန်ပါ့) အဲဒီတွင် ပါးသွားတဲ့ အခါကျတော့မှ ဒကာ ဒကာမတို့ သူတို့ပါးတဲ့ အခါကျတော့ အနိစ္စတွေပေါ်မှာ ထိုးဖောက်ပြီး သကာလ ဟိုဘက်က နိစ္စနိဗ္ဗာန်သွားမြင်တယ် (မှန်ပါ့) နိစ္စနိဗ္ဗာန် အလင်းကြီး သွားမြင်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အသေလွတ်ပျော်

နိစ္စနိဗ္ဗာန်ကြီး သွားမြင်တဲ့အခါကျတော့မှ ဪ ဒါဖြင့် သေခါနီးပျော် မဟုတ်တော့ဘူးဟေ့၊ အသေလွတ်ပျော်ဖြင့် အောင်ပြီဟ လို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။

သေခါနီးပျော် ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) ဘာတုံး (အသေလွတ်ပျော်ပါ ဘုရား) အသေလွတ်ပျော်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ် (မှန်ပါ့)။

ဒါဟာ ဒကာ ဒကာမတွေ အခု ဒီတရားသည် ဦးမာဒင်အလွန်အရေးကြီးတယ် (ကြီးပါတယ် ဘုရား) ဦးမောင်ကလေး အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။

ခင်ဗျားတို့က ပျော်မည့်လူတွေ (မှန်ပါ့) အင်း သီတင်းကျွတ်ပေါ့ ဆိုပြီး ဟိုက ကန်တော့လာပြန်လို့ရှိရင် ကောင်းကောင်းမွန်မွန်တွေ့ရတာ ဝမ်းသာတယ်ဆိုတာလဲ ခင်ဗျားတို့ပါးစပ်က နှုတ်ကိုတက်နေတာဘဲ (မှန်ပါ့) ဘယ်လိုများပြောကြတယ်ဆိုတာဖြင့် ဒကာ ဒကာမတွေ ပျော်လို့ပြောတဲ့စကားတွေ အများကြီးလာလိမ့်မယ်နော် (လာပါမယ် ဘုရား)။

ဒကာကြွယ် ဒီအပျော်ဟာ ဘာအပျော်တုံး (သေခါနီး ပျော်ပါ ဘုရား) ဟာ နားထောင်လို့ မကောင်းဘူး (မှန်ပါ့ ဘုရား)။

နားထောင်လို့ မကောင်းဘူး၊ ဦးဗထွေး နားထောင်လို့ ဘယ့်နှယ်သတုံး (မကောင်းပါ ဘုရား)။

သေခါနီးပျော် ပျော်နေပြန်ပြီ၊ သူဟာ မသိဘဲနဲ့ နက်ဖြန် ဝိညာဏ်ချုပ်မှာ ယနေ့ ပျော်ပွဲလုပ်နေတယ် ဆိုလို့ရှိရင်ဘဲ ဪ မသိဆိုးဝါးလိုက်တာလို့ ဘေးက ပညာရှိကတော့ ကဲ့ရဲ့လိုက်တယ် (မှန်ပါ့) မကဲ့ရဲ့ထိုက်ဘူးလား (ကဲ့ရဲ့ထိုက်ပါတယ် ဘုရား)။

ဒါဖြင့် အသေလွတ်ပျော်သည် ဒကာကြွယ် အရေးကြီးသလား (ကြီးပါတယ် ဘုရား)။

ဘာအရေးကြီးပါလိမ့် (အသေလွတ်ပျော် အရေးကြီးပါတယ် ဘုရား) အသေလွတ်ပျော် အရေးကြီးတယ်ဆိုတာ ဒကာ ဒကာမတွေ သေသေချာချာမှတ်ပါ (မှန်ပါ့)။

ဒီဥစ္စာက သူများက ပျော်စေလို့ ပျော်ရတာလား ကိုယ့်ဟာကိုယ်ဘဲ သိပြီး ပျော်ရတာလား (ကိုယ့်ဟာကိုယ်သိပြီး ပျော်ရတာပါ ဘုရား)။

အဲဒါ့ကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဆုတောင်းလွှတ်ပြီး အလုပ်ဘဲပေးလိုက်၊ မင်းပျော်ရလိမ့်မယ်တဲ့ (မှန်ပါ့ ဘုရား)။

အလုပ်ဘဲပေးလိုက်ပါ

ဆုတောင်းလွှတ်ပြီးတော့ (အလုပ်ဘဲပေးရပါမယ် ဘုရား) အလုပ်ဘဲပေးလိုက်ပါ (မှန်ပါ့)။

သီတင်းကျွတ်ဖို့ ဒကာသစ် ရက် ဘယ်လောက်လိုသေးသတုံး (သုံးရက်ပါ ဘုရား) သုံးရက်လိုတော့တယ် (မှန်ပါ့) ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။

သုံးရက်ဆိုငြားသော်လဲ ဒကာ ဒကာမတို့ ကိုယ်က အလုပ်က အခုမှ စလုပ်တာမဟုတ်ဘူး (မှန်ပါ့) မြင်ပြီးတဲ့ အနိစ္စအချက်, ဒုက္ခအချက်,အနတ္တအချက်တွေကိုသာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဖြစ်ပျက်ပေါ်မှသာ ရှုလိုက်လို့ရှိရင်ဖြင့် ရှေ့က ကာနေတဲ့ တဏှာအစေး ခြောက်ပါလိမ့်မယ် (မှန်ပါ့) အဝိဇ္ဇာဥခွံ (ပါးမှာပါ ဘုရား)။

ပါးပြီး သကာလ ကဲ မင်းဒုက္ခသစ္စာတွေလို့ အမှန်သိလိုက်သည်နဲ့ တပြိုင်နက်တည်း ဖြစ်ပျက်တွေက ရှေ့က ခုခံမှု မရှိတော့ဘူး (မှန်ပါ့)။

အဲဒါ ဉာဏ်နဲ့ထိုးဖောက်ပြီး ဟိုဘက်က နိရောဓကို သေသေချာချာသွားတာဘဲ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီဥစ္စာ ဉာဏ်စခန်းဆိုတာသည် ဒကာ ဒကာမတို့ ကြာတာမဟုတ်ပါဘူး (မှန်ပါ့) စခန်းက ကြာတယ် (မှန်ပါ့ ဘုရား) ဉာဏ်စခန်းကတော့ (မကြာပါ ဘုရား)။

များများလုပ် တဏှာအစေးခြောက် အဝိဇ္ဇာထုတွေ ပါးလာလို့ရှိရင် ဒကာ ဒကာမတို့ မြန်မြန် ခရီးပေါက်ပါတယ် (မှန်ပါ့)။

အလုပ်အပေါ်မှီနေတယ်

ဒါဖြင့် ဒါ ဆုတောင်းအပေါ်မှာ မှီနေသလား အလုပ်အပေါ်မှီနေသလား (အလုပ်အပေါ်မှီနေပါတယ် ဘုရား)။

ဒါဖြင့် ဒကာသစ်ရေ သုံးလေးရက် ကျန်သေးတယ် ဆိုတော့ ဒီဥစ္စာ တနာရီအတွင်းလဲ ဖြစ်နိုင်တယ် (မှန်ပါ့ ဘုရား) ငါးမိနစ်-ဆယ်မိနစ် အတွင်းကော (ဖြစ်နိုင်ပါတယ် ဘုရား) အို ဒါလောက်ဆိုရင် တပည့်တော်တို့ မလျှော့ဘူးဘုရာ့ (မှန်ပါ့)။

ဒကာကြွယ် ဘယ့်နှယ်တုံး (မလျှော့ပါ ဘုရား) မလျှော့တာတော့ တရားတပွဲလုံး မလျှော့နဲ့ ဒကာ ဒကာမတို့၊ သီတင်းကျွတ် ရိုးရိုးမကျွတ်နိုင်ဘူး (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကျုပ်တို့ သူများလို မီးတွေထွန်းပြီး မကျွတ်ချင်ဘူး၊ ကျုပ်တို့က ဉာဏ်အလင်းနဲ့ ကျွတ်ချင်တယ် (မှန်ပါ့)။

မီးလင်းတဲ့အလင်းနဲ့ မကျွတ်ချင်ဘူး (မှန်ပါ့) ဉာဏ်အလင်းရပြီးတော့ (ကျွတ်ချင်ပါတယ် ဘုရား)။

အံမာလေး ဘုန်းကြီးက အတော်ပြောတဲ့ ဘုန်းကြီးလို့လဲ ဒကာကြွယ်က အောက်မေ့နေမှာလဲ စိုးရသေးတယ်နော် (မှန်ပါ့)။

စင်စစ်က ဒါက အဖိုးတန်တာ (မှန်ပါ့) ဉာဏ်အလင်းနဲ့ ကျွတ်ရမှ ဒကာ ဒကာမတို့ အဖိုးတန်မယ် (မှန်ပါ့) အိုကံပေးလို့ သူများက ဖယောင်းတိုင် လာကန်တော့လို့ လင်းတဲ့ကံ အလင်းနဲ့တော့ မကျွတ်ချင်ပါနဲ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဆုံးဖြတ်ချက်ချကြ၊ ဘယ်အလင်းနဲ့ ကျွတ်ကြမလဲ (ဉာဏ်အလင်းနဲ့ ကျွတ်ပါမယ် ဘုရား)။

ဉာဏ်အလင်းနဲ့ ကျွတ်ပါမယ်

ကံအလင်းဆိုတာက ကိုယ့်ပိုက်ဆံရှိလို့ ကိုယ်ဝယ်ထွန်းတာလဲ ကံက လင်းတာ (မှန်ပါ့) သူများက သက်ကြီး-ဝါကြီး ဂုဏ်ရှိ-သိရ်ရှိမို့ ဖယောင်းတိုင်တွေ ဘာတွေ လာကန်တော့လို့ လင်းရတာကော ဦးသန်းမောင် ဘာအလင်းတုံး (ကံအလင်းပါ ဘုရား)။

ကံအလင်းနဲ့ ကျုပ် သီတင်းမကျွတ်ချင်ဘူး (မှန်ပါ့) ဒီနေ့ ပြောင်းလိုက်စမ်းပါ (မှန်ပါ့)။

ဘယ်လို ပြောင်းကြမလဲ (ဉာဏ်အလင်းနဲ့ ကျွတ်ချင်ပါတယ် ဘုရား)။

ဟ ဉာဏ်အလင်းနဲ့မှ ကျွတ်စေ့မယ်၊ ကံအလင်းနဲ့ဖြင့် မကျွတ်စေဘူးဆိုပြီး သကာလ ကြက်မကြီး လုပ်သင့်လုပ်ထိုက်တဲ့ ဝတ်သုံးခုကို ဒကာ ဒကာမတွေ မပျက်အောင်လုပ်လို့ရှိရင်ဖြင့် ဉာဏ်အလင်းနဲ့ သီတင်းကျွတ်ပြီး သကာလ အသေလွတ်ပျော် ပျော်လိုက်စမ်းပါ (မှန်ပါ့) ကံအလင်းနဲ့ သီတင်းကျွတ်တာတော့ သေခါနီးပျော်လို့ မှတ်လိုက်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။