အသေရှိရာက အသေလွတ်ရာရှာပုံ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
ဟောကြားတော်မူသော
အသေရှိရာက အသေလွတ်ရာရှာပုံ
ညအလုပ်ပေးတရားတော်
(၁၈-၁၀-၆၁)
အကြိမ်များစွာ ဆုံးမတယ်
ဘုရားသခင်ကိုယ်တော်မြတ်ကြီး အကြီးအကျယ် အရေးကြီးဆုံး ဆုံးမတာက ခန္ဓာထဲမှာ “သတော ဘိက္ခဝေ ဘိက္ခု ဝိဟရေယျ သမ္ပဇာနော၊ အယံ ဝေါ အမှာကံ အနုဿသနီ” ဆိုပြီးတော့ အကြိမ်များစွာ ဆုံးမတယ် (မှန်လှပါ) ခန္ဓာကြည့်ပါဆိုတဲ့ အကြောင်းဘဲ (မှန်ပါ့)။
ဘိက္ခဝေ=ငါ၏ချစ်သား တပည့်များတို့၊ ဘိက္ခု=သံသရာဘေးကို ကြောက်တတ်တဲ့ ပုဂ္ဂိုလ်ဖြစ်လို့ရှိရင်၊ သတော=သတိရှိသည်ဖြစ်၍၊ သမ္ပဇာနော=ပညာအဆင်အခြင်နဲ့ ပြည့်စုံသည် ဖြစ်၍၊ ဝိဟရေယျ=ငါမရှိသော်လဲ နေရစ်ပါ (မှန်ပါ့)။
ငါမရှိသော်လဲ သတိ, ပညာနဲ့ နေရစ်ကြကွာတဲ့ (မှန်ပါ့) ငါရှိလဲ သတိ,ပညာ အားကိုးပြီးသကာလ မင်းတို့ သတိ, မင်းတို့ပညာနဲ့ မင်းတို့ ဒုက္ခဇာတ် မင်းတို့ သိမ်းရတာဘဲ (မှန်ပါ့ ဘုရား)။
ငါမရှိတဲ့ အချိန်ကျတော့ ဒီသတိ, ဒီပညာသည်ပင်လျှင် မင်းတို့ကို ကယ်တင်မည့် တရားနှစ်ခုလို့ ဆိုပြီး ဘယ်အခါကာလမှ မမေ့ရစ်ကြနဲ့ ဆိုပြီး အကြီးအကျယ်မှာတယ်လို့ ဒကာကြွယ်မှတ်ရမယ် (မှန်ပါ့)။
ဒါဖြင့် တရားဟာ ဘယ်နှစ်ပါးပါလိမ့် (နှစ်ပါးပါ ဘုရား) သတိနှင့် ပညာ (မှန်ပါ့) သတိကလဲ ခန္ဓာကိုယ်ထဲမှာဘဲ သတိထားရမယ် (မှန်ပါ့) သတိထားနေရာကို ပညာက နေပြီးကာလလိုက်ပြီးသကာလ စီစစ်ရမယ် (မှန်ပါ့)။
ခန္ဓာ့ဖြစ်စဉ် အကုန်မြင်ပါလိမ့်မယ်
သတိထားတဲ့ နေရာမှာ ပညာက စိစစ်လိုက်လို့ရှိရင်ဖြင့် ခန္ဓာ့ဖြစ်စဉ် အကုန်မြင်ပါလိမ့်မယ် (မှန်ပါ့)။
ကြိုးစားကြစမ်းပါ ဒကာ ဒကာမတို့၊ သတိထားတဲ့ နေရာကို ပညာက စိစစ်ပါ (မှန်ပါ့)။
သတိထားတဲ့ နေရာကို (ပညာက စိစစ်ရပါမယ် ဘုရား) ပညာက စိစစ်လိုက်လို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ သည်ကားလို့ ဆိုလို့ရှိရင် “အယံ ဝေါ အမှာကံ အနုဿသနီ” ဆိုတဲ့ အတိုင်း သတိထားတဲ့နေရာ ပညာက စိစစ်လိုက်လို့ရှိရင်ဖြင့် ခန္ဓာက အမှန်ပြောတာကို ဉာဏ်ထဲမှာ ထင်ပါလိမ့်မယ် (မှန်လှပါ ဘုရား)။
ခန္ဓာက အမှန်ပြောတာကို (ဉာဏ်ထဲမှာထင်ပါမယ် ဘုရား) ဉာဏ်ထဲမှာ ထင်ပါလိမ့်မယ်ဆိုတော့ ဪ ဘုရားသခင်ကိုယ်တော်မြတ်ကြီး “သတော ဘိက္ခဝေ ဘိက္ခု ဝိဟ ရေယျ သမ္ပဇာနော၊ အယံ ဝေါ အမှာကံ အနုဿသနီ” လို့ သံယုတ်ပါဠိတော်ကြီးထဲမှာ အကြိမ်များစွာ မှာတော်မူတယ် (မှန်ပ့ါ ဘုရား)။
အဲဒီ အကြိမ်များစွာမှာတာက ငါမရှိလဲ သတိပညာနဲ့နေရစ်ကြလို့ ရှိရင်ဖြင့် ဒုက္ခခပ်သိမ်းငြိမ်းမှာဘဲ (မှန်ပါ့) ငါရှိနေတုန်းလဲ သတိပညာအလုပ်ကိုဘဲ အားပေးရမှာဘဲ ဆိုတဲ့ဥစ္စာကိုလဲ ကိုယ်တော်မြတ်ကြီး သေသေချာချာဟောတယ် (မှန်ပါ့ ဘုရား)။
ငါ၏ကြီးစွာသောအပြစ်သင့်မှုဘဲ
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘုရားမမှီလိုက်လို့ ဘုရားမတွေ့လိုက်လို့ ဘာမှ စိတ်သောကဗျာပါရ မဖြစ်ဘဲနဲ့ သတိပညာလွတ်မှာ တခုသာလျှင် ငါ၏ကြီးစွာသောအပြစ်သင့်မှု ဘဲလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
သတိ ပညာ လွတ်တာသည်သာလျှင် (ကြီးစွာသော အပြစ်သင့်မှုပါ ဘုရား) ကိုယ့်အတွက်ကြီးစွာ အပြစ်သင့်တာလို့ မှတ်လိုက်စမ်းပါ (မှန်ပ့ါ ဘုရား)။
ကိုယ့်သန္တာန်မှာ ယနေ့ သတိထားပြီး ပညာနဲ့ ကြည့်ရမည့်အလုပ်ကြီးတခုကို သတိပညာသည် ယနေ့ဖြင့် ခန္ဓာပေါ်မှာလွတ်သွားတယ် ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ကြီးစွာသော အပြစ်သင့်တာ (မှန်ပါ့ ဘုရား)။
ဘာဖြစ်တာတုံး (ကြီးစွာသော အပြစ်သင့်တာပါ ဘုရား) ကြီးစွာသော အပြစ်သင့်တယ်လို့ ဆိုတာကို ဒကာ ဒကာမတွေ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ကြောင့် ကြီးစွာသောအပြစ်သင့်ရပါလိမ့်မလဲလို့ သေသေချာချာ မေးလို့ရှိရင်ဖြင့် ဒီခန္ဓာကြီးနဲ့ အတူနေပြီး ဒီခန္ဓာပေါ်မှာသတိမထားမိဘူး (မှန်ပါ့) သတိမထားမိတော့ ခန္ဓာ၏ဖြစ်စဉ်ကိုပညာကမှ မြင်မှာဖြစ်နေတော့ ပညာကလဲ သတိမထားမိတော့ ပညာက မမြင်လာတော့ဘူး (မှန်ပါ့)။
မမြင်လာတဲ့အခါကျတော့ ဒကာ ဒကာမတွေ သိတဲ့အတိုင်း ကိုယ့်မှာ ဘာနဲ့ ကြီးနေသတုံးဆိုတော့ အဝိဇ္ဇာဆိုတဲ့ မသိမှုနဲ့ ကြီးနေတယ် (မှန်ပါ့)။
အဝိဇ္ဇာဆိုတဲ့ မသိမှုနဲ့
ဘာနဲ့ကြီးပါလိမ့် (အဝိဇ္ဇာဆိုတဲ့ မသိမှုနဲ့ ကြီးနေပါတယ် ဘုရား)။
အို ဒကာ ဒကာမတွေ သိပ်ကြောက်စရာကောင်းပါကလား (မှန်ပါ့) ဒီကောင်ကလေးဟာ တောထဲကြီးလာတာ ဘာမှ မသိဘူးဆိုသလို ဒီကောင်ကလေးဟာ တောကြီးထဲလာတာ ဒကာကြွယ် ဘာမှ မသိဘူး (မှန်ပ့ါ)။
မြို့ပေါ်ခေါ်ပြီး ခိုင်းကြစေကြတဲ့အခါကျတော့ ဒကာကြွယ်တို့က အပြစ်တင်ကြတယ်၊ ဒီကောင်ကလေးဟာ တောထဲကြီးလာတာ ဘာမှ မသိရှာဘူး (မှန်ပ့ါ)။
အဲဒီလို အပြစ်တင်ခံရသလို ခင်ဗျားတို့လဲ သတိထားပြီး ပညာဉာဏ်နဲ့ ခန္ဓာကိုယ် မစိစစ်လို့ရှိရင်ဖြင့် အဝိဇ္ဇာထဲ ကြီးလာတယ် (မှန်ပါ့)။
ဘာထဲကြီးလာသလဲ (အဝိဇ္ဇာထဲ ကြီးလာပါတယ် ဘုရား)။ အို ကြောက်စရာကြီးပါလား (ကြောက်စရာ ကြီးပါ ဘုရား)။
ဒကာကြွယ် စဉ်းစားပါ-စဉ်းစားပါ၊ ဒကာသစ်တို့ စဉ်းစားပါ၊ ဘယ်အထဲကြီးပွားလာတယ်ဆိုတဲ့ဥစ္စာ အဝိဇ္ဇာဆိုတာမသိတာ (မှန်ပါ့ ဘုရား) မသိကြီး-ကြီးလာတာဘဲ (မှန်ပ့ါ ဘုရား)။
မသိကြီး-ကြီးလာတာ
ဘယ့်နှယ်ဆိုကြမလဲ (မသိကြီး-ကြီးလာတာပါ ဘုရား) မသိကြီး-ကြီးလာတဲ့အဖြစ်ဟာ အဆိုးဆုံးပါလား (မှန်ပ့ါ ဘုရား)။
ခင်ဗျားအသက် ဘယ်လောက်ကြီးပြီလဲ၊ ကျွန်တော် ခြောက်ဆယ်ကျော်ပါပြီဗျာ (မှန်ပါ့)။
ဪ သတိထား ပညာနဲ့ကြည့်တော့ ခန္ဓာထဲမှာများ အနိစ္စကလေးများ တွေ့ပါရဲ့လားလို့ဆိုတော့ ကျွန်တော်မတွေ့ဘူး-ဘူး (မှန်လှပါ ဘုရား) ခန္ဓာကို မသိကြီး-ကြီးလာတာဘဲ (မှန်ပ့ါ)။
ဘယ်လိုဆိုကြပါ့မလဲ (မသိကြီး-ကြီးလာတာပါ ဘုရား) မသိကြီး-ကြီးလာတယ် (မှန်ပ့ါ) ဒကာ ဒကာမတို့က ကြောက်စရာကောင်းတယ် (ကောင်းပါတယ် ဘုရား)။
ဘယ်လိုကြီးပွားလာသတုံး (မသိကြီး-ကြီးပွားလာပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ နွားကလေးကြီးလာတာ အသားတိုးတော့ ခိုင်းဖို့သာ ဖြစ်လာတယ်၊ ဒကာ ဒကာမတွေ သူ့လွတ်လပ်ရေးမဖြစ်လာဘူး (မဖြစ်လာပါ ဘုရား) တဏှာခိုင်းလို့သာ ဖြစ်လာပြီးသကာလ ဉာဏ်နဲ့လွတ်လပ်ရေး မရှာနိုင်ဘူး (မှန်ပါ့) ဘယ့်နှယ်ကြောင့်ပါလိမ့်မတုံး (မသိကြီး-ကြီးလာလို့ပါ ဘုရား)။
ဘယ့်နှယ်ဆိုကြမလဲ (မသိကြီး-ကြီးလာလို့ပါ ဘုရား) ကြောက်စရာ၊ ခင်ဗျားတို့ကတော့ သားနဲ့ သမီးနဲ့ အိမ်ထောင်ကျပြီးသကာလ အင်း လူလားတော့ဖြင့် မြောက်လာပြီ၊ လူပုံအလယ်တော့ဖြင့် ဝင်လာပြီလို့ ကိုယ့်ဟာကိုယ်တော့ ထင်ကြမှာဘဲ (မှန်ပါ့ ဘုရား)။
တဏှာအရှင်သခင်က ခိုင်းဖို့
သို့သော်လဲ သတိထား ပညာနဲ့ကြည့်လိုက်တော့ ကိုယ်အတူနေတဲ့ ခန္ဓာကြီး ကိုယ်ဘာမှမသိတော့ မသိကြီး-ကြီးလာတာ၊ သူ့ဟာသူ လူလားမြောက်တယ်လို့ သူထင်လာတဲ့ဥစ္စာ သူလူလားမြောက်တာ နွားခိုင်းဖို့လိုဖြစ်နေတယ် (မှန်ပါ့) တဏှာအရှင်သခင်က ခိုင်းဖို့ကြီးလာတာ (မှန်ပ့ါ) နွား၏ လွတ်လပ်ရေးမပါမလို (မှန်ပ့ါ)။
ဒီမှာလဲ ခင်ဗျားတို့ မသိကြီး-ကြီးလာတဲ့ အတွက်ကဖြင့် ဦးမာဒင်တို့ ဆိုးဝါးတယ် (ဆိုးဝါးပါတယ် ဘုရား)။
ဦးသန်းမောင်တို့ ဘယ့်နှယ်ဆိုကြမလဲ (ဆိုးဝါးပါတယ် ဘုရား) မသိကြီး-ကြီးလာတယ် (မှန်ပါ့)။
ခန္ဓာကိုယ်ထဲ ဘာရှိမှန်းမသိဘူး (မသိပါ ဘုရား) အဲဒီမသိဘဲနဲ့ဘဲ အသက်တေဘာတွေကြီးပြီးသကာလ လာကြတော့ကိုတဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက “ဝဋ္ဋမူလံ အဝိဇ္ဇာ၊ ဝိဝဋ္ဋမူလံ ဗုဒ္ဓုပ္ပါဒေါ” ဝဋ္ဋမူလံ=ဝဋ်တို့၏ ရေသော်မြစ်သည်၊ အဝိဇ္ဇာ=အဝိဇ္ဇာဘဲကွ (မှန်ပါ့) ဝိဝဋ္ဋမူလံ=ဝဋ်မှ ထွက်မြောက်ကြောင်းသည်ကားလို့ဆိုလို့ရှိရင်၊ ဗုဒ္ဓုပ္ပါဒေါ=ဘုရားပွင့်မှကွ တဲ့ (မှန်ပါ့)။ ခင်ဗျားတို့ အဝိဇ္ဇာနဲ့ကြီးလာတာ ဘုရားကိုမပွင့်လိုက်ဘူး (မှန်ပါ့) ကြောက်စရာကောင်းလိုက်တာ (ကောင်းပါတယ် ဘုရား)။
ဉာဏ်ထဲမှာ လာပြီး မပွင့်လာပါဘူး
အိမ်မှာတော့ ဘုရားတော့ရှိပါရဲ့၊ ခင်ဗျားတို့ဉာဏ်ထဲ မပွင့်လာဘူး (မှန်ပ့ါ ဘုရား) ဘုရားက ညောင်ရေအိုးစင်ပေါ်မှာ သူ့ဟာသူနေတာ (မှန်ပ့ါ) ခင်ဗျားတို့ဉာဏ်ထဲမှာ လာပြီး မပွင့်လာပါဘူး (မှန်ပါ့)။
ထိုကဲ့သို့ မပွင့်လာတဲ့အတွက်တဲ့၊ “ဝဋ္ဋမူလံ အဝိဇ္ဇာ၊ ဝိဝဋ္ဋမူလံ ဗုဒ္ဓုပ္ပါဒေါ” ဝဋ္ဋမူလံ=ဝဋ်တို့၏ ရေသောက် မြစ်သည်၊ အဝိဇ္ဇာ=အဝိဇ္ဇာဘဲ၊ ဝိဝဋ္ဋမူလံ=ဝဋ်ကျွတ်ခြင်းတို့၏ မူလသည်ကားလို့ဆိုရင်၊ ဗုဒ္ဓုပ္ပါဒေါ=ဘုရားပွင့်မှဘဲလို့ သံယုတ်အဋ္ဌကထာကြီးများ ဖွင့်ထားပြန်တော့ အင်း ဒကာသစ်တို့ မသိကြီး-ကြီးလာတာကဖြင့် ဘုရားမပွင့် ဘဲနဲ့ကြီးလာတာ (မှန်ပ့ါ ဘုရား)။
ဘယ်လိုဆိုကြမလဲ (ဘုရားမပွင့်ဘဲနဲ့ ကြီးလာတာပါ ဘုရား) ဘုရားမပွင့်ဘဲနဲ့ ကြီးလာတယ် (မှန်ပါ့) ဘုရားမပွင့်ဘူးဆိုတော့ တရားကလဲ မပွင့်လာတော့ဘူး (မှန်ပ့ါ)။
ခန္ဓာထဲမှာ ဘုရားပွင့်အောင်
အဲဒါ့ကြောင့် အားလုံး ဒကာ ဒကာမတွေ အခုအချိန်မှာ ခန္ဓာထဲမှာ ဘုရားပွင့်အောင် အဝိဇ္ဇာချုပ်အောင် လုပ်ရမယ် (မှန်ပါ့ ဘုရား) ခန္ဓာထဲ ဘုရားပွင့်မှသာလျှင် အဝိဇ္ဇာချုပ်မယ်၊ အဝိဇ္ဇာချုပ်မှ သင်္ခါရချုပ်လို့ ဇာတိ, ဇရာ, ဒုက္ခက္ခန္ဓဿဆိုတာကြီးဟာ ချုပ်သွားမယ် (မှန်လှပါ ဘုရား) နို့မဟုတ်ရင် ချုပ်စရာမြင်ရဲ့လား (မမြင်ပါ ဘုရား)။
အေး ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ တရားကြိုးစားနာ ကြိုးစားအားထုတ်မှသာလျှင် ဒကာ ဒကာမတို့သည် မသိကြီးအဖြစ်မှ ပျောက်ပြီးသကာလ သိပြီးသကာလကြီးတဲ့အဖြစ် ဒီကြီးတဲ့အဖြစ်ကို သိလာလို့ရှိလာလို့ရှိရင် အသက်ကြီးသလောက် အဖိုးတန်ပြီးသကာလ ဉာဏ်တွေသုံးလို့ရှိရင်ဖြင့် ကိုယ့်ဝဋ် ကိုယ်ချွတ်တာပါဘဲ (မှန်ပါ့)။
ဘယ်လိုဆိုကြမလဲ (ကိုယ့်ဝဋ် ကိုယ်ချွတ်တာပါ ဘုရား)။
ဒကာကြွယ် ကိုယ့်ဝဋ် ကိုယ်ချွတ်တတ်တဲ့ လူကလဲ အတော်များတယ် (များပါတယ် ဘုရား)။
စဉ်းစားပါ၊ စဉ်းစားပါ တဲ့၊ ဦးဗထွေးတို့, ဦးမောင်ကလေးတို့ ကိုယ့်ဝဋ်ကိုယ်ချွတ်တတ်တဲ့လူ ရှားတယ် (ရှားပါတယ် ဘုရား)။
ကိုယ့်ဝဋ်ကိုယ်ချွတ်တတ်တဲ့လူ
ဘာပြောပါလိမ့် ဒကာကြွယ် (ကိုယ့်ဝဋ်ကိုယ်ချွတ်တတ်တဲ့လူ ရှားပါတယ် ဘုရား) အံမာ ကြောက်စရာကြီးပါလား ဒကာ ဒကာမတို့ (မှန်ပါ့)။
ကိုယ်ကလဲ ဝဋ်ထဲမှာ ကိလေသာဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်ထဲ ရောက်နေတယ် (မှန်ပ့ါ) ဒီဟာကြီးကိုလဲ ကျွတ်ရေး-လွတ်ရေးကိုလဲ မရှာတတ်တဲ့အပြင် ဒီဝဋ်ကိုဘဲ ထပ်ပြီးသကာလ ပတ်ပြန်တယ် (မှန်ပ့ါ ဘုရား) သဘောကျပလား (ကျသွားပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒါကလေး ရှေ့ပိုင်းမှာ ဒကာ ဒကာမတွေ နည်းနည်း နားထောင်လိုက်လို့ရှိရင် ကိုယ့်ဝဋ် ကိုယ်မချွတ်တဲ့ အပြင် ကိုယ့်ဝဋ်နဲ့ကိုယ်ပင်လျှင် မကျွတ်ချင်လို့ ဒီဝဋ်တွေဘဲ ထပ်ပြီး ကာဆီးပြန်တယ်ဆိုလို့ရှိရင်လဲ ဒကာကြွယ် မလွဲဘူးဗျ (မလွဲပါ ဘုရား)။
ဒကာ ဒကာမတွေ ကိုယ့်ဟာနဲ့ကိုယ် တင်းတိမ်နေတာကို ဘုန်းကြီးတို့က မဟုတ်ပါဘူးလို့ ပြောနေတာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
ဥပမာမယ် နောက်ဘဝက ကိလေသာဝဋ်ဆိုတဲ့ဥစ္စာ နောက်ဘဝက ဘုံဘဝလိုချင်တာက ကိလေသာဝဋ်ကိုးဗျ (မှန်ပါ့)။
နောက်ဘဝက ဘုံဘဝတွေ လူပြည်လိုချင်တယ်၊ နတ်ပြည်လိုချင်တယ်ဆိုတော့ လိုချင်တာက ကိလေသာ (မှန်ပ့ါ)။
ကဲသူ့ကိုဘယ့်နှယ်ဆိုကြမလဲ (ကိလေသာဝဋ်ပါ ဘုရား) အဲဒီ့ကိလေသာဝဋ်တွေကြောင့် ခင်ဗျားတို့က ဝဋ္ဋကုသိုလ်တွေလုပ်ပြီး သကာလ လူကောင်း,နတ်ကောင်း ဖြစ်ရပါလို၏ဆိုတဲ့ စေတနာတွေနဲ့ လုပ်လိုက်ပြီး သကာလ ဒီကမ္မဝဋ်ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
လူ့ဘဝလိုချင်တာက ကိလေသဝဋ်
အင်း နောက်ဘဝက လူ့ဘဝလိုချင်တာက ကိလေသဝဋ် (မှန်ပါ့) ဒါန,သီလတွေ ဆောက်တည်ခဲ့တာကလဲ နောက်ဘဝက ဘုံဘဝလိုချင်ပြန်လို့ဆိုတော့ ကမ္မဝဋ်ဖြစ်တယ် (မှန်ပါ့)။
လူ့ဘဝလိုချင်တာက (ကိလေသဝဋ်ပါ) ကာယကံ, ဝစီကံတွေနဲ့ အားထုတ်တာက (ကမ္မဝဋ်ပါ ဘုရား) ကမ္မဝဋ်လို့မှတ်ပါ၊ ဒီကာယကံ, ဝစီကံအားထုတ်တာ ကမ္မဝဋ်ဘဲ (မှန်ပါ့) အခု ဒကာ ဒကာမတွေ ရထားတဲ့ခန္ဓာ ငါးပါးကြီးဟာ ဝိပါကဝဋ်(မှန်ပါ့)။
ဒီခန္ဓာငါးပါးကြီးဟာ ဘာတဲ့ (ဝိပါကဝဋ်ပါ) ဪ ဝဋ်ကျွတ်ကြပလားလို့ မေးလို့ရှိရင် ဒီခန္ဓာကြီးနဲ့နေရတာဖြင့် ဝဋ်မကျွတ်သေးပါဘူး (မှန်ပါ့)။
ဦးသန်းမောင်တို့ ဘာတဲ့တုံး (ဝဋ်မကျွတ်သေးပါ ဘုရား) ဝဋ်မကျွတ်သေးဘူးတဲ့ ဒကာ ဒကာမတို့ (မှန်ပါ့)။
အင်း ဒါက ကိလေသာဝဋ် (မှန်ပ့ါ) ဒီဘက်က ကာယကံ, ဝစီကံတွေက (ကမ္မဝဋ်ပါ) အခု ရထားတဲ့ ခန္ဓာကြီးက (ဝိပါကဝဋ်ပါ) ရိပ်မိပြီ (မှန်ပ့ါ ဘုရား)။
အခု ရထားတဲ့ခန္ဓာကြီးက (ဝိပါကဝဋ်ပါ) ဒီခန္ဓာကြီးက ဇာတ်သိမ်းငြိမ်းပလား၊ ခန္ဓာဒုက္ခကြီး သယ်ရပိုးရ၊ ဒကာ ဒကာမတွေ ဒီခန္ဓာဒုက္ခ သယ်ရပိုးရတာကြီး ငြိမ်းချမ်းကြပလား ခန္ဓာ၏ ဝန်ကြီးကို ထမ်းရတုန်း ဘဲလားလို့ မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ခန္ဓာဝန်ထမ်းရတုန်းပါ ဘုရား)။
ဝဋ်ကျွတ်ပလား မကျွတ်သေးဘူးလား
ဒါဖြင့် ဒကာသစ်က ဆုံးဖြတ်ချက်ချ ဝဋ်ကျွတ်ပလား မကျွတ်သေးဘူးလား (မကျွတ်သေးပါ ဘုရား)။
ဝဋ်မကျွတ်သေးဘူး (မှန်ပါ့) အင်း ဒကာ ဒကာမတို့ ကိုယ့်အဖြစ်တွေ့ပါပြီ (မှန်ပါ့)။
ဟောဒီ အတိတ်ဘဝက ဒါက ကိလေသာ၊ ဒီအတိတ်ဘဝက ပြုကြတဲ့ကံတွေက ကမ္မဝဋ် (မှန်ပ့ါ) ဒါက ယခုရထားတဲ့ခန္ဓာဖြစ်သောကြောင့် ပစ္စုပ္ပန်ဘဝမှာ ယခု ခန္ဓာငါးပါးကြီးက ဝိပါကဝဋ် (မှန်ပါ့ ဘုရား)။
အခု ဘယ်ထဲရောက်နေကြပါလိမ့် (ဝိပါကဝဋ်ထဲရောက်နေကြပါတယ် ဘုရား) ဪ ဒကာကြွယ် ဝဋ်မကျွတ်သေးပါကလား (မှန်ပ့ါ) ခန္ဓာဝန်ကြီး ထမ်းရတုန်းဘဲ မဟုတ်လား (ထမ်းရတုန်းပါ ဘုရား)။
အိုဘေး,နာဘေး,သေဘေး အပြည့်အစုံရှိတဲ့ ခန္ဓာကြီးကို ကျုပ်တို့သည် ပွေ့ပိုက်ထားရတုန်းဘဲ (မှန်ပါ့) သူ့အတွက်နဲ့ စိုးရိမ်ကြောင့်ကြ ဗျာပါဒတွေလဲ ရှိတုန်းဘဲ (ရှိတုန်းပါ ဘုရား) သူကဘဲ အိုလိုက်, နာလိုက်နဲ့ တခါတည်း အမျိုးမျိုးနှိပ်စက်တုန်းဘဲ (နှိပ်စက်တုန်းပါ ဘုရား)။
ဒါဖြင့် ဒီခန္ဓာကြီး ဒုက္ခသစ္စာကြီး ကျုပ်တို့ရတယ်၊ ဝိပါကဝဋ်ဟာ ဒုက္ခသစ္စာကြီး ကျုပ်တို့က ဖြိုင်ဖြိုင်ကြီးရ ထားပြန်တော့ ဒကာ ဒကာမတွေ ကိုယ့်အတွက် ဝဋ်ထဲမှာ နေရတုန်းဘဲလား၊ ဝဋ်ကျွတ်ပလားလို့ မေးလိုက်ပါတယ် (ဝဋ်ထဲမှာနေရတုန်းပါ ဘုရား)။
ဪ ဦးမာဒင် ဘာထဲရောက်နေသတုံး (ဝဋ်ထဲရောက်နေပါတယ်) ဝဋ်ထဲရောက်နေတော့ ဝဋ်ကျွတ်တဲ့အလုပ် လုပ်ပါပလားလို့မေးတော့ ဒကာ ဒကာမတွေ မေးလိုက်ပြန်တော့ ဪ ဝိပါကဝဋ်ထဲဖြင့် သူအကြီးအကျယ်ရောက်နေပြီ (မှန်ပါ့ ဘုရား)။
ဝဋ်ကျွတ်တဲ့အလုပ်-လုပ်ပါရဲ့လားလို့ မေးတဲ့အခါကျတော့ ဒီခန္ဓာကြီးကို တခါတည်း ငါထင်နေတဲ့ ဒိဋ္ဌိတဏှာကလာပြန်တယ် (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။
အင်း ဒီခန္ဓာကြီး ယခုဘဝဖြင့် ရထားပြီ၊ ဒါ ငါ့ခန္ဓာဆိုတဲ့ ဒိဋ္ဌိတဏှာက မလာဘူးလား (လာပါတယ်)နောက်က ကောင်းစားရေးလုပ်ဦးမှဘဲဆိုတော့ ဒကာ ဒကာမတို့ ကာယကံ, ဝစီကံ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
ကိလေသဝဋ်ကြောင့် (ကမ္မဝဋ်ပေါ်ပါတယ်) ကမ္မဝဋ်ပေါ်တယ် (မှန်ပါ့ ဘုရား)။
ဪ ဒကာ ဒကာမတို့ ဝဋ်လဲမကျွတ်ဘဲနဲ့ဝဋ်ဖြစ်ကြောင်းတွေ ကြိုးစားတယ် (မှန်ပ့ါ ဘုရား)။
ဝဋ်ဖြစ်ကြောင်းတွေလုပ်တယ်
ဉာဏ်နဲ့ကြည့်ကြပါ (မှန်ပါ့) ဝဋ်ကကျွတ်ပလား (မကျွတ်သေးပါ ဘုရား) မကျွတ်ခင်က ဘာတွေများလုပ်သလဲ (ဝဋ်ဖြစ်ကြောင်းတွေလုပ်ပါတယ် ဘုရား)။
ဪ ဒီဝဋ်ပြီး ဟိုဝဋ်ကို၊ ဒီထောင်ပြီး ဟိုထောင်ပြောင်းဖို့ စိတ်ကူးထားတယ် (စိတ်ကူးထားပါတယ် ဘုရား)။
ဒီထောင်ပြီးတော့ (ဟိုထောင်ပြောင်းဖို့ စိတ်ကူးထားပါတယ် ဘုရား)။
ဖြစ်မှ ဖြစ်ရလေ၊ ဒကာ ဒကာမတို့ ကျွတ်ရေးလွတ်ရေးတော့ မရှာဘဲနဲ့၊ ထောင်ပြောင်းဖို့ စိတ်ကူးတယ် (မှန်ပါ့ ဘုရား)။
ဒီဝဋ်ကနေပြီးသကာလ ဒီဝဋ်ကျွတ်လို့ရှိရင် နတ်ခန္ဓာဝဋ်ကို ရရပါလို၏ (မှန်ပါ့) ဆိုတော့ ဒကာ ဒကာမတို့ မဂ်ဉာဏ်, ဖိုလ်ဉာဏ် အလုပ်ကို မလုပ်သ၍ ကာလပတ်လုံး ခင်ဗျားတို့ တနေ့လုံး အမောဆိုက်အောင် လုပ်နေတဲ့ အလုပ်ဟူသ၍သည် ထောင်ပြောင်းဖို့ရှာတဲ့ အလုပ်ချည့်ဘဲ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
ဘယ်လိုမှတ်ကြမယ် (ထောင်ပြောင်းဖို့ အလုပ်ချည့်ပါ ဘုရား) ထောင်ပြောင်းဖို့ရှာတဲ့ အလုပ်ချည့်ဘဲဆိုတာ ဒကာကြွယ်က ငြင်းဖို့လိုသေးလား (မလိုပါ ဘုရား)။
ဒါက ကိလေသာ (မှန်ပါ့) ဒီက ကာယကံ, ဝစီကံတွေ၊ ကာယကံ, ဝစီကံက အကောင်းလဲရှိတယ်၊ အဆိုး လဲရှိတယ် (မှန်ပါ့ ဘုရား) မကောင်းပြန်လဲ ထောင်ပြောင်းဖို့ဘဲ (မှန်ပ့ါ) ကောင်းပြန်လဲ ဒီကိလေသာကြောင့်ဖြစ်တဲ့ ကံကတော့ဖြင့် ဦးမာဒင် ထောင်ပြောင်းဖို့ဘဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ဪ ဒါဖြင့် ဒကာ ဒကာမတွေ ယခု ဝိပါကဝဋ်ကြီးဟာ အတိတ်ဘဝက ကိလေသဝဋ်, ကမ္မဝဋ်ကြောင့် ဖြစ်ခဲ့ပါတယ် (မှန်ပါ့ ဘုရား) ကိလေသဝဋ်, ကမ္မဝဋ်ကြောင့် အခုခန္ဓာငါးပါး ကြီးရတယ် (မှန်ပါ့ ဘုရား)။
ဘာတွေများ ပေါက်ပွားလာပါလိမ့်မတုံး
ဒီခန္ဓာငါးပါးကြီးထဲ ဘာတွေများ ပေါက်ပွားလာပါလိမ့်မတုံး၊ သူ့ကျွတ်ရေး လွတ်ရေးတွေများ ပေါက်ပွားသီး ပွင့်လာရော့လားလို့ မေးတဲ့အခါကျတော့မှ နောက်ခန္ဓာဖြစ်ဖို့ရာ ပေါက်ပွားလာတယ် (မှန်ပါ့)။
တဏှာဟာ ဒကာ ဒကာမတို့ သိတဲ့အတိုင်း ကိုယ့်ခန္ဓာခင်တဲ့တဏှာ (မှန်ပါ့) ကိုယ့်ခန္ဓာ နောက်ကောင်းစားရေး လုပ်ချင်တဲ့ကံ (မှန်ပါ့) ဒါဖြင့် ကိလေသာဝဋ်နဲ့ ကမ္မဝဋ်ဘဲပြန်လှည့်တယ် (မှန်ပါ့ ဘုရား)။
ဘာတွေလုပ်နေသလဲ (ကိလေသဝဋ်နဲ့ ကမ္မဝဋ်ဘဲပြန်လှည့်ပါတယ် ဘုရား)။
ကျွတ်ပြီးသားလူက လုပ်တာလားတဲ့၊ မကျွတ်သေးခင်က ထောင်ဆောင်ထားတာလား မေးရင် (မကျွတ် သေးခင်က ထောင်ဆောင်ထားတာပါ ဘုရား)။
အို ခင်ဗျားတို့ပါးစပ်က ထွက်တာကို မကောင်းတော့ဘူး (မကောင်းပါ ဘုရား)။
ပါးစပ်က ထွက်တာကို မကောင်းတော့ဘူး၊ ဒီထောင်က မထွက်သေးခင် ဟိုထောင်ကျဖို့ တပည့်တော်တို့ အလုပ်လုပ်ထားတယ်ဆိုတော့ ဒကာကြွယ် ပါးစပ်ကထွက်လို့ (မကောင်းတော့ပါ ဘုရား)။
ဒါကို မသိကြဘူး (မှန်ပါ့) မသိကြတော့ ဦးလှဘူးရ အခုလဲ ဝိပဿနာလုပ်ရင်လုပ်၊ မလုပ်ရင် ထောင်ပြောင်း အလုပ်ဘဲ (မှန်ပါ့)။
ဝိပဿနာလုပ်ရင်လုပ်ပါ (မလုပ်ရင် ထောင်ပြောင်း အလုပ်ပါ ဘုရား) မလုပ်လို့ရှိရင်ဖြင့် ထောင်ပြောင်းဖို့ အလုပ်ဘဲ အဆင်သင့် လုပ်နေနှင့်တယ်ဆိုလို့ရှိရင်ဖြင့် ဒကာသစ် မလွဲပါဘူး (မလွဲပါ ဘုရား) လွဲပါ့မလား (မလွဲပါ ဘုရား)။
ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ မရှိတာထက်၊ မသိတာခက်တယ် (မှန်ပါ့)။
ဘယ့်နှယ်ဆိုကြမလဲ (မရှိတာထက် မသိတာက ခက်ပါတယ် ဘုရား) မရှိတာထက်၊ မသိတာခက်တယ်၊ ကိုယ့်မှာ ဝဋ်ကြီးနဲ့ နေရတယ် (မှန်ပါ့)။
ဒီဝဋ်ကျွတ်အောင် လုပ်ပါသော်ကောလို့လဲ မသာဘဲနဲ့ ဒီဝဋ်မျိုး နောက်ထပ် တွေ့ချင်ပါတယ်ဆိုတဲ့ အလုပ်မျိုး လုပ်နေတော့ ဪ ဒီခလေးသူငယ် လူမမယ်ကလေးသည် သူကျင်ကြီးကစားနေတာကို ဆေးတော့ကိုလဲ အမေမိဘက နင်ဒါတွေ မကစားပါနဲ့ဆိုပြီး လက်တွေ ခြေတွေ ဘာတွေဆေးပေးတော့ ငိုသလိုလဲ ဖြစ်တတ်တယ် (ဖြစ်တတ်ပါတယ်) ခင်ဗျားတို့ ဖြစ်စဉ်က (မှန်ပါ့)။
ဝိပဿနာလုပ်ပါဆိုတော့
အခု ဝိပဿနာလုပ်ပါဆိုတော့ ဘုရား အရှင်ဘုရားတို့ပြောတော့ လွယ်တယ်၊ တပည့်တော်တို့ မလုပ်နိုင်ဘူး ဘုရာ့ တာရှည်ကြီး (မှန်ပါ့) သားနဲ့ မယားနဲ့ မြို့ရေး ရွာရေး မင်းရေး စိုးရေးနဲ့ နေကြရတယ် (မှန်ပါ့)။
ဪ ဘုန်းကြီးများက ဝိပဿနာဉာဏ်နဲ့ လက်ဆေးပေးတယ်၊ ဒီခလေးဟာ ဝဋ်ကျင်ကြီးထဲမှာ ရောက်နေလို့ (မှန်ပါ့) သူတို့က ဆင်ခြေလဲတယ် (လဲပါတယ် ဘုရား)။
ဆင်ခြေလဲတယ်တဲ့၊ ခလေးလက်ဆေးပေးတော့ကို ခလေးဟာ ငိုတယ် (ငိုပါတယ်) ဘာဖြစ်လို့ ငိုပါလိမ့် မတုံးမေးတဲ့ အခါ ကျင်ကြီးမှန်း မသိဘူး၊ ကျင်ကြီးထဲ ပျော်နေလို့ (မှန်လှပါ) ကျင်ကြီးလက်ဆေးရင်ဘဲ ငိုရှာတယ် (မှန်ပါ့)။
ဘယ့်နှယ်ကြောင့် ငိုပါလိမ့် ဦးမာဒင် အကဲခတ်စမ်းပါ ဒီကလေးဟာ (ကျင်ကြီးမှန်း မသိလို့ပါ) ကျင်ကြီးမှန်း မသိရုံဘဲလား၊ ပျော်သေးသလား ထည့်ပါဦး (ပျော်ပါတယ်) ဒါကလေးလဲ ထည့်ပါဦး (မှန်ပါ့)။
ကျင်ကြီးမှန်းလဲ မသိ၊ ပျော်တာကလဲ ဒီကျင်ကြီးထဲမှာ အင်မတန်နေရာကျနေတော့ အမေမိဘဖြစ်တဲ့ သိကြား လိမ်မာတဲ့ ပုဂ္ဂိုလ်က လက်ဆေးတဲ့အခါကျလို့ရှိရင်ဖြင့် အဲဒီခလေးကလေးဟာ ငိုရှာတယ် (ငိုပါတယ် ဘုရား)။
ခင်ဗျားတို့ကလဲ ဒီအလုပ်ကလေးပြီးအောင် လုပ်သွား၊ လက်ဆေးသွား စင်စင်ကြယ်ကြယ်ဆိုလို့ရှိရင် ဘယ့်နှယ်ဆိုကြမလဲ (ငိုတာပါဘဲ ဘုရား) မဖြစ်ဘူးထင်တယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဦးသန်းမောင် ဘာတဲ့တုံး (မဖြစ်ဘူး ထင်ပါတယ်) မဖြစ်ဘူး ထင်တယ် (မှန်ပါ့) ဒါ ဘာလုပ်တာတုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတွေ ဆရာသမားက လက်ဆေးပေးတယ် (မှန်ပ့ါ)။
ခင်ဗျားတို့က အဆေးခံတဲ့ သဘောဘက်ကလား၊ ပြေးတော့မယ်ဆိုတဲ့ သဘောဘက်ကလား (ပြေးတော့ မယ်ဆိုတဲ့ သဘောဘက်ကပါ ဘုရား)။
ကြောက်စရာကြီးပါလား ဒကာကြွယ်ရ (မှန်ပါ့) ဘာဖြစ်လို့တုံးဆိုတော့ ခလေးစိတ်ပေ့ါဘုရား (မှန်ပါ့) ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။
ဘာဖြစ်လို့တုံးဆိုတော့ ခလေးစိတ်ပေ့ါ
ဘာဖြစ်လို့ အဆေးမခံတာပါလိမ့် (ခလေးစိတ်မို့ပါ ဘုရား)။
ခလေးစိတ်မို့ အဆေးမခံနိုင်ဘူးဆိုတဲ့ဥစ္စာသည် ဒါအဓိပ္ပာယ်ရောက်လို့ ပြောတာလားတဲ့၊ ဖြစ်စဉ်ကိုက်လို့ ပြောတာလား (ဖြစ်စဉ်ကိုက်လို့ ပြောတာပါ ဘုရား)။
ဒကာကြွယ် ကြောက်စရာဗျ (ကြောက်စရာပါ ဘုရား) ဒကာသစ် သေသေချာချာ စဉ်းစားမှနော် (မှန်ပ့ါ) သူ ဆင်ခြေလဲတာသာ ကြည့်ပါ (မှန်ပါ့) သူ ဆင်ခြေလဲပါတယ်၊ ဒီလို တခါတည်းလုပ်လို့ ပြီးသွားမယ်ဆိုလို့ရှိရင်လဲ ဒီကျင်ကြီးပြောင်သွားလို့ရှိရင် ကိုယ့်လက်ဟာ အနံအစော် သက်သာတာဘဲ (မှန်ပါ့) နေပေစေဦး၊ နောက်မှ ဖြေးဖြေးပေါ့ (မှန်ပါ့ ဘုရား)။
အံမာလေး ဘယ့်နှယ်တုံး အနံအစော်ကိုပင်လျှင် လက်သတ်မွေးဦးမည့်ပုံ (မှန်ပါ့) ဘာဖြစ်လို့တုံး (ခလေးစိတ် မကုန်သေးလို့ပါ ဘုရား)။
ဒါဘဲဆိုတာဖြင့် ဒကာ ဒကာမတို့ ကိုယ့်အတွက် သေသေချာချာစဉ်းစားမှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ခလေးကျင်ကြီးကစားတယ်ဆိုတဲ့ဥစ္စာ သံယုတ်ပါဠိတော်မှာလဲ ဟောပါတယ် (မှန်ပါ့ ဘုရား) သဘောကျကြပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဝဋ်မကျွတ်ခင်က ဝဋ်တန်ဆာဆင်တာသည် မအားမှု အလုပ်ဘဲ (မှန်ပါ့)။
ဝဋ်မကျွတ်ခင်က (ဝဋ်တန်ဆာဆင်တာသည် မအားမှု အလုပ်ပါ ဘုရား) ကဲ ဒကာသစ် ပေါ်ပါပြီဗျာ (ပေါ်ပါပြီ ဘုရား)။
ဝဋ်မကျွတ်ခင်က ဝဋ်ဖြစ်ကြောင်းကို ကြိုးစားပါရစေဦးဆိုလို့ရှိရင် ဒကာကြွယ် ဘယ်အဓိပ္ပာယ်ရောက်သတုံး (ဝဋ်မကျွတ်ပါ) ဝဋ်ကျွတ်ခြင်းကို သူသည် အလိုရှိသေးရဲ့လား (မရှိပါ ဘုရား)။
ခလေးကျင်ကြီး လက်ဆေးပေးရင် ငိုသိလို
ဘယ့်နှယ်ကြောင့်တုံးဆိုတော့ ခလေးကျင်ကြီး လက်ဆေးပေးရင် ငိုသိလိုဖြစ်နေတယ် (မှန်ပါ့) ဒီအတိုင်း အဓိပ္ပာယ် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
ဉာဏ်ကော ဒကာကြွယ် ပေါ်ရဲ့လား (ပေါ်ပါတယ်) ခင်ဗျားတို့လဲ ဆေးပေးတာကြိုက်တာလား၊ ဖြေးဖြေး မှဆေးပါစေထဲကလား (ဖြေးဖြေးမှ ဆေးပါရစေထဲက ဘုရား)။
ဖြေးဖြေးမှ ဆေးပါရစေ (မှန်ပါ့) နည်းနည်းတော့ရှူပါ ရှိုက်ပါရစေဦးမယ်လား၊ အတော်ဆိုးတယ်တဲ့ အဓိပ္ပာယ်ဟာဖြင့် ဒကာ ဒကာမတို့ စကားတတ်လို့ ပြောတာလား၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ကိုယ်တိုင်ကပြောလို့ ခင်ဗျားတို့ ဖြစ်စဉ်နဲ့ ကိုက်လို့ ဒါ အမှန်ပါဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒါကြောင့် လိုသေးတယ် လိုသေးတယ်ဆိုတဲ့ အဓိပ္ပာယ် ဒကာ ဒကာမတို့ သဘောပါလား (ပါ-ပါပြီ ဘုရား)။
ခန္ဓာကိုယ်ကြီးသည်ကားလို့ ဆိုရင် ဝဋ်ကျွတ်ပလား (မကျွတ်သေးပါ ဘုရား) ဝဋ်ကျွတ်တဲ့ အလုပ်ဟာ ဒီခန္ဓာကြီးပြန် ကြည့်ပြီးသကာလ ဒီနောက်ကနေပြီး ဝဋ်ဖြစ်ကြောင်းမထည့်ဘဲနဲ့ မဂ္ဂင်နောက်ကလိုက်ရတယ် (မှန်ပါ့ ဘုရား)။
မဂ္ဂင်နောက်က လိုက်လို့ရှိရင်ဖြင့် ကိလေသာတွေ လာသေးရဲ့လား (မလာပါ ဘုရား) ဒီဝဋ်ကျွတ်သွားပြီးနောက် ဝဋ်ဆက်စရာရှိသေးရဲ့လား (မရှိပါ ဘုရား)။
သို့သော်လဲတဲ့ ဒကာ ဒကာမတွေ ဖြစ်စဉ်က မကင်းတရားတွေ မကင်းကြောင်းတွေ ကိုယ်က အလွဲကြီး လွဲလာတာကို ဂုဏ်လုပ်ပြီးပြောလိုပြော (မှန်ပ့ါ ဘုရား)။
အချို့က ဒါနဲ့ ဧည့်ခံတာရှိသေးတယ် (မှန်ပါ့ ဘုရား) အို ဘုန်းကြီးတို့လို ငယ်ငယ်ကနေပြီးသကာ ဒီလိုလာခဲ့ရင်တော့ တပည့်တော်တို့ ဘယ်မှာ ဒီလိုဖြစ်မတုံးဘုရား(မှန်ပါ့) အခုတော့ဖြင့် လွန်ပြီး ကျွံပြီးသား ဖြစ်နေတော့ တစတစ ဆေးရမှာပေါ့ တဲ့ (မှန်ပါ့ ဘုရား)။
မြန်မြန်ဆေးရင် ကောင်းတဲ့အလုပ်
ဘာဆေးမှာတုံး ခင်ဗျားဟာ ပြောပါဦး၊ ကျင်ကြီး (မှန်ပါ့) မဟုတ်ဘူး မြန်မြန်ဆေးရင် ကောင်းတဲ့အလုပ် (မှန်ပါ့) ဘယ့်နှယ်ကြောင့် တစတစ ခင်ဗျားဘာသုံးနေတာတုံး မေးရင် ဘယ့်နှယ်ဖြေမတုံး (နံချင်သေးလို့ပါ ဘုရား) ဒကာကြွယ် အတော်ဆိုးနေတယ် (ဆိုးပါတယ် ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ပါရမီ တစတစဆိုတဲ့ ပုဂ္ဂိုလ်မျိုးဟာ ဒီအခုပြောခဲ့တဲ့ သံယုတ်ပါဠိတော်မှာ လာတာတွေကို ဦးမာဒင်တို့ သဘောမကျလို့ပြောနေတာ (မှန်ပါ့) မြန်မြန်လုပ်ရင်သာဝကပါရမီဉာဏ်မှာ ညနေ အားမထုတ်ရင် မနက်ရတယ် (မှန်ပါ့) သစ္စာတရားနာရ၍ သစ္စာနှလုံးသွင်းတည့်ရင် ပြီးတာပါဘဲ (မှန်ပါ့) ဘာမှ နှစ်တွေ, လတွေ, ပါရမီတွေ မလိုပါဘူး (မလိုပါဘူး)။
ဘာတဲ့တုံး ဒကာကြွယ် (နှစ်တွေ, လတွေ, ပါရမီတွေ မလိုပါ ဘုရား) ပြီးတာပဲ သစ္စာတရားနာထားရပြီ (မှန်ပါ့) နာထားတဲ့အတိုင်း ဉာဏ်ကနေ နှလုံးသွင်းလိုက်တဲ့ အခါကျတော့ ခန္ဓာကိုယ်ထဲမှာ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာအစစ်ဘဲလို့ ဆုံးဖြတ်ချက်လဲချ၊ မဂ်ပေါ်တာဘဲ (မှန်ပါ့) မလွယ်ဘူးလား (လွယ်ပါတယ် ဘုရား)။
အဲဒီလို လွယ်ပင် လွယ်ငြားသော်လဲ တရားက လွယ်ပါရဲ့၊ တပည့်တော်တို့က မလွယ်တာ (မှန်ပါ့)။
ဘယ်သူက မလွယ်တာတုံး (တပည့်တော်တို့က မလွယ်တာပါ ဘုရား) အံမာ တပည့်တော်တို့က မလွယ်တာလဲ ငယ်တဲ့လူတွေလဲ မဟုတ်ဘူးနော် (မှန်ပါ့ ဘုရား) ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
လူကြီးပေတေတာနဲ့ ခလေးပေသေတာ ဒကာကြွယ် ဘယ်ဟာ ခက်သတုံး (လူကြီးပေတေတာ ခက်ပါတယ် ဘုရား)။
ဟာ ခင်ဗျားတို့ဟာ ခင်ဗျားတို့ ထုတ်ပြောတာကိုး (မှန်ပါ့) အတော်ဆိုးနေတယ်ဆိုတာ ဦးသန်းမောင် ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒီလိုလုပ်ပေတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ပြောလိုက်တယ် (မှန်ပ့ါ)။
ဒုတ်ချောင်းကလေးတွေ့လဲ ပါးစပ်ထဲထည့်တယ်
ကွာ တဲ့၊ ငါ ဘုရားသခင်ကိုယ်တော်မြတ်ကြီး တပည့်သားများကို ဟောနေတာကတော့ အဓိပ္ပာယ်တမျိုးပါတဲ့ (မှန်ပါ့) ခလေးကလေးတယောက်က လေးဘက်သွားခလေးရှိတယ် (မှန်ပါ့ ဘုရား) ခလေးကလေးတယောက်က လေးဘက်သွား ခလေးကလေးရှိတော့ ဒုတ်ချောင်းကလေးတွေ့လဲ ပါးစပ်ထဲထည့်တယ် (မှန်လှပါ) မသိရှာဘူး၊ မန်ကျည်းစေ့ကလေး တွေ့ပြန်တော့ကော (ပါးစပ်ထဲထည့်ပါတယ် ဘုရား)။
ဒါကို သိ, ကြား, လိမ်မာတဲ့ပုဂ္ဂိုလ်က ဒုတ်ချောင်းကလေး ထည့်လိုက်တယ်၊ မန်ကျည်းစေ့ကလေး ထည့်လိုက်တာ၊ ခလေးမသိလို့ဆိုပြီးသကာလ တခါတည်း ခလေးကလေး ဘယ်ဘက်နဲ့ ပွေ့လိုက် (မှန်ပါ့) ညာဘက်လက်ညှိုးနဲ့ လက်မနဲ့ ကောက်ထားရမယ်, ကွေးထားရမယ် (မှန်လှပါ) သူ့ပါးစပ်ကလေးထဲနှိုက်ရမှာကိုး (မှန်လှပါ ဘုရား)။
နှိုက်တော့ ခလေးက သူကြိုက်တာမျိုထားတဲ့အတွက် ခလေးကတော့ ငိုမှာဘဲ (ငိုပါတယ် ဘုရား) သွေးလဲ ထွက်မှာဘဲ (ထွက်ပါတယ် ဘုရား) ဒုတ်ချောင်းတွေက ဟိုငြိ-ဒီငြိပေါ့ဗျာ (မှန်ပါ့)။
သို့သော် မနုတ်ဘဲ ထားကြမှာလား၊ ဒကာ ဒကာမတို့ နုတ်ရမှာလား (နုတ်ရမှာပါ ဘုရား) ဘာကြောင့်တုံး ခလေးသနားလို့ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘာဖြစ်လို့ပါလိမ့် (ခလေးသနားလို့ပါ ဘုရား) သူက မသိလို့ မျိုထားငြားသော်လဲ သနားတဲ့ပုဂ္ဂိုလ်ကတော့ ဒုတ်ချောင်း, မန်ကျည်းစေ့ကို လက်ညှိုးနဲ့လက်မနဲ့ ကောက်တဲ့ပြီးသကာလ ငိုတာ ပဓာနမထားနဲ့ သေမှာစိုးရိမ်လို့ အတင်းဆွဲထုတ်တယ် (ထုတ်ရမှာပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘုန်းကြီးများ တရားဟောနေတာ ဒီစိတ်ပါတယ် (ပါ-ပါတယ် ဘုရား) ခင်ဗျားတို့ငိုတာတော့ မစောင့်နိုင်ဘူး (မှန်လှပါ) သဘောကျပလား (ကျပါပြီ)။
ခင်ဗျားတို့ငိုတာတော့ဖြင့်မစောင့်နိုင်ပါ
ခင်ဗျားတို့ငိုတာတော့ဖြင့် (မစောင့်နိုင်ပါ ဘုရား) မစောင့်နိုင်ဘူး၊ ခင်ဗျားတို့ငိုတာက မသိငိုကြီး၊ ကိုယ်ကြိုက် ထားတာက ထွက်သက်, ဝင်သက်ပိတ်ပြီး သေမှာကို ကြိုက်ထားတာ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဒီဆရာလုပ်တဲ့ပုဂ္ဂိုလ်က ဒီလူတွေ ဘာဘဲဖြစ်ဖြစ် ဟေ့ သစ္စာမြင်အောင်လုပ်၊ မင်း လျှော့မနေနဲ့၊ သူမကြိုက် ကြိုက်,ကြိုက်ဆွဲထုတ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
သူ့အိမ်ထဲက ဆွဲခေါ်၊ သူ့အိမ်ထဲကနေပြီးသကာလ ဒီမဂ်မရောက်-ရောက်အောင်လုပ် (မှန်လှပါ ဘုရား) ဘာဖြစ်လို့တုံးဆိုတော့ သေခြင်းဆိုး သေမှာစိုးလို့ (မှန်လှပါ ဘုရား)။
ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (သေခြင်းဆိုးသေမှာစိုးလို့ပါ ဘုရား)။
ဒီအထဲက သေခြင်းဆိုးသေမှာစိုးလို့ ဆွဲထုတ်ထားပြန်ပါတောလဲ သေခြင်းဆိုးခြင်းလမ်း သွားချင်သွားတာပဲ ပါသေးတယ် (ပါ-ပါတယ် ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဟာ ဦးဗထွေးတို့ ခင်ဗျားတို့ အသွားဟာ အတော်ဆိုးပါကလား (ဆိုးပါတယ် ဘုရား)။
အခု တရားဟောနေတယ် တရားတွေ အားထုတ်ခိုင်းထားတယ်ဆိုတာ ဆွဲထုတ်နေတာ (မှန်ပါ့ ဘုရား) မဟုတ်ဘူးလား (မှန်ပါ့)။
ဆွဲထုတ်လို့ အခု မန်ကျည်းစေ့ရော ဒုတ်ချောင်းရော မရှိဘူး (မှန်ပါ့) မရှိလို့ဘဲရှူလို့ ရှိုက်လို့ကောင်းပြီ (မှန်ပါ့) တရားဓမ္မလဲ ကြိုးစားလို့ကောင်းပြီ (မှန်လှပါ ဘုရား)။
မန်ကျည်းစေ့မျိုတဲ့ဆီသွားဦးမလား၊ ဒုတ်ချောင်းမျိုတဲ့ဆီသွားဦးမလားလို့မေးတော့ တပည့်တော်တို့က မကင်းတဲ့ဘုရား (မှန်ပါ့)။
ဘာနဲ့ မကင်းတရာရှိတာတုံး (သေလမ်းနဲ့ မကင်းတရားရှိနေတာပါ ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ တရားကို ကြိုးစားနာ၊ ဆရာဘုန်းကြီးပြောတာ ကြိုးစားမှတ်၊ သူက အမေမိဘလိုဘဲ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောတော်မူတဲ့အတိုင်း အတင်းဆွဲထုတ်နေတာဘဲ၊ ဒို့က မသိလို့မျိုနေတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် သူပြောတာအမှန် ဒို့အထင် အကုန်လွဲထား (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဆရာသမားပြောတာက အမှန်ပါ
ဘယ်လိုထားရမှာတုန်းဗျ (အရှင်ဘုရားပြောတာ အမှန်ပါ ဘုရား) အေး ဆရာသမားပြောတာက (အမှန်ပါ ဘုရား) ကိုယ့်အထင်ဟူသ၍ (အလွဲပါ ဘုရား) အကုန်လွဲထား (မှန်ပါ့)။
ဆရာသမားပြောတာတော့ (မှန်ပါ့ ဘုရား) တရားအားထုတ်လို့ခိုင်းတာလေ (မှန်ပ့ါ) အမှန်ထား၊ ကိုယ့်အထင် ဟူသ၍ကတော့ (အမှားချည့်ပါ ဘုရား)။
ကိုယ့်အထင်က ဘယ်ဟာမှမပြီးသေး၊ ဘယ်ဟာက မပြတ်သေး၊ ဒီဟာက မပြတ်သေး၊ ဒီဟာက ဘယ်လို, ညာလိုနဲ့၊ အို ကိုယ့်အထင်တွေ အကုန်လျှော် (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘုန်းကြီး ဇွတ်ကျလိုက်တာလို့ ဆိုချင်သေးသလား (မဆိုပါ ဘုရား) ဇွတ်မကျဘူးဗျ၊ ခင်ဗျားတို့က မျိုထားတာက သေမင်းမျိုထားတာ (မှန်ပါ့) ဇွတ်လား ဒီဥစ္စာ (မဟုတ်ပါ ဘုရား) ဇွတ်မှ ဆွဲမထုတ်လို့ရှိရင် ခင်ဗျားတို့ သေခြင်းဆိုးသေမယ် (မှန်ပ့ါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ခလေးလိုလဲ အောက်မေ့ပြီး မနေကြပါနဲ့တော့ ဆွဲတင်တဲ့ဥစ္စာကို ကဲ ဒို့သေပေါက်သေဝက ဆွဲတင်တဲ့ဥစ္စာဘဲဆိုပြီးသကာလ ထပ်မျိုမှုနဲ့ ထပ်စားမှုကို ဒကာသစ်ရေ ရှောင်ရမယ် (ရှောင်ရပါမယ် ဘုရား) ရှောင်နိုင်သလောက် ရှောင်ရမှာလား ၊ လုံးလုံးရှောင်ရမှာလား (လုံးလုံးရှောင်ရမှာပါ ဘုရား) မရှောင်ရင် ထပ်မျို သေဦးမှာဘဲကိုး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ခင်ဗျားတို့အထင်နဲ့ ဘုရားအမြင်နဲ့
အဲဒီတော့ ခင်ဗျားတို့အထင်နဲ့ ဘုရားအမြင်နဲ့ကဖြင့် ဦးမာဒင် သိပ်ကွာနေပြီ (ကွာပါတယ် ဘုရား)။
အဲဒီတော့ ခင်ဗျားတို့က တော်တော်ခက်တဲ့လူတွေ ဒကာကြွယ်တို့ လူစုက (မှန်ပါ့) ဪ ဘုန်းကြီးများက ပြောရှာသားဘဲ လာပြီ လျှော့ပေါက်က (မှန်ပါ့) ဒီလျှာပါရင် ဘုန်းကြီးက သိပ်ကြောက်တယ် (မှန်ပါ့ ဘုရား) ဒီလျှာပါရင် သိပ်ကြောက်တယ် ဦးသန်းမောင် (မှန်ပါ့) ပြောရှာသားဘဲဆိုတော့ သူဘုန်းကြီးအပေါ်လဲ ခင်လျက် မင်လျက်ဘဲ (မှန်ပါ့ ဘုရား) ကိုယ်က ဟန်မရလို့ (မှန်ပ့ါ ဘုရား) အံမာ သူက ဒါကလေး ရှော်သွားတယ် (မှန်ပါ့)။
ဘုန်းကြီးက ပြောရှာသားဘဲ၊ ကိုယ်က ဟန်မရတာနဲ့လဲ ဒါလွတ်သွားတယ် ဆရာသမားကျေးဇူးတော့ မမေ့ပါဘူး၊ ကိုယ်တော့ အသေခံပါတော့မယ် (မှန်ပါ့) ဒီရောက်သေးတယ်၊ မမေ့တယ်လဲ မဟုတ်သေးဘူး (မှန်ပါ့) ကိုယ်တော့ အသေခံတယ်ဆိုတဲ့အဓိပ္ပာယ်က ဒကာကြွယ် ရောက်, မရောက် (ရောက်ပါတယ် ဘုရား).
သိပ်ဆိုးတယ်ဆိုတဲ့စကားကော ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒါတွေ အခုဆုံးမတဲ့ အလုံးတွေဟာ ဘုန်းကြီးကိုယ်တိုင် ကြံဖန် ဆုံးမတယ်လို့ ဒကာကြွယ်က မယူနဲ့၊ ပါဠိတော်မှာ လာတာတွေ ပြောနေတာ (မှန်ပါ့) ဘုရား ဒီအတိုင်း ဆုံးမတယ်ဆိုတာပြောနေတာ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အလုပ်သဘော သွားကြစို့နော် (မှန်ပါ့) အလုပ်သဘောဆိုတာသည် ခင်ဗျားတို့ မျိုထားတာကို ဆွဲထုတ်တာ (မှန်ပါ့)။
ဉာဏ်နဲ့ ဆွဲထုတ်တာ
ခင်ဗျားတို့ မသိလို့ တခါတည်း ဒုတ်ချောင်းတို့ မန်ကျည်းစေ့တို့ မျိုထားတာကို ဉာဏ်နဲ့ ဆွဲထုတ်တာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
မျိုတော့ မျိုပြီးသားတွေချည့်ဘဲ ဒီဒကာ ဒကာမတွေမှာ (မှန်ပါ့) ဉာဏ်နဲ့ ဆွဲထုတ်ရမယ် (မှန်ပါ့ ဘုရား)။
ဉာဏ်နဲ့ဘာတုံး (ဆွဲထုတ်ရပါမယ်) ဒကာသစ်ရေမဆွဲရင်တော်ပါ့မလား (မတော်ပါ ဘုရား) သွေးထွက်ထွက်ဗျာ (မှန်ပါ့) ငိုလို့တက်ဘဲသွားသွား (မှန်ပါ့) ဘာလုပ်ရမလဲ (ဆွဲထုတ်ရပါမယ်)။
ခင်ဗျားတို့ကိုယ်တိုင် အမေမိဘလုပ်ကြည့်ပါ (မှန်ပါ့) ဒီခလေးဟာ ဒီလည်မျိုနားရောက်နေပြီ ဦးသန်းမောင်လေး ဘက်သွားခလေးကလေး ဒုတ်မျိုထားလို့ (မှန်ပ့ါ)။
ဒုတ်ချောင်းကလေး၊ သစ်ချောင်းကလေးပေါ့ဗျာ (မှန်ပါ့) ကဲ ဦးသန်းမောင်ကိုယ်တိုင် ဘယ့်နှယ်လုပ်ရမတုံး (ဆွဲထုတ်ရပါမယ် ဘုရား) ငိုတယ် ခလေးက ဘယ့်နှယ်လုပ်ရမလဲ (ဆွဲထုတ်ရပါမယ် ဘုရား) ငိုတယ် ခလေးက ဘယ့်နှယ်လုပ်မလဲ (ဆွဲထုတ်ရပါမယ်) သွေးထွက်လာပြီဗျာ (ဆွဲထုတ်ရပါမယ်) သွေးထွက်-ထွက်၊ မထွက်ထွက် ဘာလုပ်ရမတုံး (ထုတ်ရမှာပါ ဘုရား) ထုတ်ရမှာဘဲ။
ဒါဖြင့် ခလေးငိုတာလဲ မစောင့်နဲ့ သွေးထွက်မှာလဲ စောင့်နေလို့မဖြစ်ဘူး (မှန်ပါ့) သေမှာအဓိကထားပြီး သသက၆မသေအောင် လုပ်တာကိုသကနာ ကျုပ်တို့ အရေးထားပြီး ပိုင်ပိုင်လုပ်ရမယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
တဏှာခိုင်းတဲ့ အလုပ်ဟူသ၍ဟာ အသေရှာအလုပ်
ဒါဖြင့် ဒီအလုပ်ကို အဓိကထားလုပ် (မှန်ပါ့) ဒီအလုပ်ဟာ အသေလွတ်ကိုးဗျ (မှန်ပါ့) ခင်ဗျားတို့ တဏှာခိုင်းတဲ့ အလုပ်ဟူသ၍ဟာ အသေရှာအလုပ် (မှန်ပ့ါ) တဏှာ,ဥပါဒါန်,ကံ,ဇာတိ,ဇရာ,မရဏဘဲ (မှန်ပါ့)။
တဏှာ,ဥပါဒါန်,ကံ (ဇာတိ,ဇရာ,မရဏပါ) ဒါဘဲ၊ ကဲ တဏှာနဲ့လုပ်တဲ့ အလုပ်ဟူသ၍ အသေရှာတာချည့်ဘဲ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
တဏှာနဲ့လုပ်တဲ့ အလုပ်ဟူသ၍ (အသေရှာတာချည့်ပါ ဘုရား)။
ငွေများများရချင်တယ်၊ ကြီးကြီးပွားပွားကြီး ဖြစ်ချင်တယ်၊ ဒကာသစ် ဒါဘာရှာတာတုံး (အသေရှာတာပါ) ဒါ တဏှာနဲ့ ရှာတော့ ဥပါဒါန်မလာပေဘူးလား (လာပါတယ် ဘုရား)။
ကံမလာပေဘူးလား (လာပါတယ်) ကံလာရင် ဇာတိ,ဇရာ,မရဏကကော (လာပါတယ်) ဒါဖြင့် မရဏဆိုတာ အသေဘဲ မဟုတ်လား (မှန်ပါ့ ဘုရား)။
ဒါဖြင့် တဏှာနဲ့ ရှာတာဟူသ၍ (အသေရှာတာပါ ဘုရား) ဒါကဘုန်းကြီးကပြောတာလား၊ ပဋိစ္စသမုပ္ပါဒ်ဖြစ်စဉ် အကိုက်လား (ဖြစ်စဉ်အကိုက်ပါ ဘုရား) တဏှာ,ဥပါဒါန်,ကံလေဗျာ (မှန်ပါ့) ပြီးတော့ ဘာလာသတုံး (ဇာတိ,ဇရာ,မရဏလာပါတယ် ဘုရား) အသေမှပါရဲ့လား (ပါ-ပါတယ် ဘုရား)။
အင်း ဒါဖြင့် တဏှာခိုင်းတာလုပ်တဲ့ ပုဂ္ဂိုလ်များ အသေရှာတာ (မှန်ပါ့ အသေရှာတာပါ ဘုရား)။
ဘယ်လိုဆိုကြမလဲ (တဏှာ,ဥပါဒါန်,ကံလုပ်တဲ့ ပုဂ္ဂိုလ်များအသေရှာတာပါ) ဒကာကြွယ် ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။
အသေမရှိလို့ ရှာတာလား
ဒါဖြင့် ဒကာ ဒကာမတို့ အသေမရှိလို့ ရှာတာလား၊ ရှိလျက်နဲ့ရှာတာလား (ရှိလျက်နဲ့ ရှာတာပါ) ဟော အခုရှိတဲ့ခန္ဓာကြီးဟာ သေကို မသေရသေးဘူး၊ ခင်ဗျားတို့ကသာ စောစောစီးစီး ရှာထားတာ (မှန်ပါ့ ဘုရား)။
အခုခန္ဓာက (သေကို မသေရသေးပါ) ဒါဖြင့် မသေခင်က ဘာရှာတာတုံး (အသေရှာပါတယ်) ဪ အသေတော့ရဲပါပေဗျာ (မှန်ပါ့) သိုးမျိုးတွေများ ဖြစ်နေကြရော့လား (မှန်ပါ့) သိုးများ တကောင်သာ စဉ်းနီတုံးပေါ်မှာ သတ်လို့ရှိရင် နောက်တကောင်က တိုးဝင်တာဘဲ (မှန်ပါ့) တိုးဝင်လာပြီး အသတ်ခံတာဘဲ (အသတ်ခံပါတယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့လဲ ဒီအခုဝဋ်မကျွတ်ခင်က အသေခန္ဓာရှိလျက်နဲ့ နောက်အသေခန္ဓာအလုပ်ကို တဏှာခိုင်းတာ လုပ်နေတာဟာ ဘာမျိုးမို့ဒါလောက်တောင် အသေရဲပါလိမ့်မလဲ (သိုးနဲ့တူနေပါတယ် ဘုရား)။
သိုးနဲ့မခြားနားဖြစ်နေတယ် (မှန်ပါ့) သူက လေးဘက်သွားတယ် (မှန်ပါ့) ကိုယ်က နှစ်ချောင်းသွားတယ် (မှန်ပါ့) ဒါဘဲ အမြင့်နဲ့အနိမ့်ဘဲကွာတယ် (မှန်ပါ့) ရှာပုံချင်းကတော့ (တူနေပါတယ်) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပြောင်းကြပါဦးဗျာ (မှန်ပါ့) ဒကာသစ် ဘယ်လိုစဉ်းစားမိသလဲ (ပြောင်းရမှာပါ) ပြောင်းရမှာဘဲဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကဲ ပြောင်းကြပါစို့ဗျာ၊ သဘောတူကြရဲ့လား (တူပါတယ် ဘုရား) ဟုတ်မှဟုတ်ရဲ့လား (မှန်ပါ့) ခင်ဗျားတို့ လေးချောင်းက နှစ်ချောင်းပြောင်းရမှာနော်။
လေးချောင်းက နှစ်ချောင်းပြောင်းရမှာ ဒကာ ဒကာမတို့ အရေးတကြီးပြောင်းမှ ရမယ်နော် (မှန်ပါ့) အရေးတကြီး မပြောင်းရင် (မရပါ ဘုရား)။
မရဘူးဆိုတော့ ဒါဖြင့် ဒီခန္ဓာကို ဒကာ ဒကာမတို့ ဒီခန္ဓာငါးပါး ကျုပ်တို့ဝိပဿနာ လုပ်ရလိမ့်မယ် (မှန်ပ့ါ)။
ဝိပဿနာလုပ်ရမယ်
ဒီခန္ဓာငါးပါး ဘာလုပ်ရမလဲ (ဝိပဿနာလုပ်ရမှာပါ) ဒီခန္ဓာငါးပါးကို ဒကာ ဒကာမတွေက ဝိပဿနာ ရှုလိုက်တဲ့ အခါကျတော့ ဒကာ ဒကာမတို့သန္တာန်၌ တဏှာ,ဥပါဒါန်တွေ ဒကာသစ် လာမလာ (မလာပါ ဘုရား)။
ဪ ဒါဖြင့် အသေရှာတဲ့ တရားကိုသတ်လိုက်တဲ့အတွက် အသေလွတ်သွားတယ် (မှန်ပါ့)။
အသေရှာတဲ့တရားကို သတ်လိုက်တဲ့အတွက် (အသေလွတ်သွားပါတယ်) ဒါဖြင့် ဒကာကြွယ် ကယ်မည့်လူ ယူမည့်လူဟာမဂ္ဂင်ဘဲ (မှန်ပါ့)။
ဘယ့်နှယ်ဆုံးဖြတ်ချက်ချမလဲ (ကယ်မည့်လူ,ယူမည့်လူဟာ မဂ္ဂင်ပါ) ကယ်မည့် ယူမည့်တရားဟာ မဂ္ဂင်ဘဲ (မှန်ပါ့)။
ဒါဖြင့် ခင်ဗျားတို့ ကျုပ်တို့မှာ သေတော့ သေတတ်တယ်၊ အသေလွတ်တော့ မရှာတတ်ဘူးလို့ဆိုမှာလဲ အတော်စိုးရိမ်ရတယ် (မှန်ပါ့ ဘုရား)။
အခုတော့ဖြင့် မစိုးရိမ်ပါနဲ့တော့၊ ဆရာဘုန်းကြီးက ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောသည့်အတိုင်း ပြနေသည်ဆိုသဖြင့် တဲ့၊ အသေရှိလျက်နဲ့ အသေရှာတာသည် လူမိုက်ကွ (မှန်ပါ့) အသေရှိလျက်နဲ့ အသေလွတ်ရာ ရှာတဲ့ပုဂ္ဂိုလ်မှလူလိမ်မာကွ (မှန်ပါ့) ဆိုတော့ မဂ္ဂင်လုပ်လိုက် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မဂ္ဂင်လုပ်လိုက်တော့ တဏှာတွေပါရဲ့လား (မပါ-ပါ) ဥပဒါန်ပါသေးရဲ့လား (မပါ-ပါ) ကံကော (မပါ-ပါ) ဇာတိ,ဇရာ,မရဏကော (မပါ-ပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ တဏှာခိုင်းတဲ့အလုပ် မလုပ်လို့ရှိရင်ဖြင့် အသေရှာတဲ့ အလုပ် မဟုတ်ဘူး (မဟုတ်ပါ ဘုရား)။
ဉာဏ်ခိုင်းတဲ့ အလုပ်-လုပ်ပါ
ဉာဏ်ခိုင်းတဲ့ အလုပ်-လုပ်ပါဆိုတော့ ဒါကြောင့် ဘုရားက “သတော ဘိက္ခဝေ ဘိက္ခု ဝိဟရေယျ သမ္ပဇာနော၊ အယံဝေါ အမှာကံ အနုဿသနီ” (မှန်ပါ့) ဘိက္ခဝေ=ငါ၏ ချစ်သား တပည့်များတို့၊ သတော=မင်းတို့ ခန္ဓာပေါ်၌ သတိရှိသည်ဖြစ်၍၊ သမ္ပဇာနော=ပညာနဲ့ ဖြစ်ပျက်တွေ မြင်သည်ဖြစ်၍၊ ဝိဟရေယျ=ငါ မရှိပေမဲ့ နေရစ်ကြ (မှန်ပါ့)။
သတိထား ပညာနဲ့ကြည့်ပြီး နေရစ်ပါတဲ့ (မှန်ပါ့) အဲဒါအသေရှာတဲ့ အလုပ်မဟုတ်ဘူးဟေ့ အသေလွတ်တဲ့ နိဗ္ဗာန်သွားတဲ့ အလုပ်တဲ့ (မှန်ပါ့) ဆိုတော့ ဒကာ ဒကာမတို့ ဒီအလုပ်ဟာ ဆေးဆရာ ပိုက်ဆံပေးရဲလို့ရှိရင် ဒီအလုပ်-လုပ်ထိုက်တယ် (မှန်ပါ့)။
ဆေးသမား ပိုက်ဆံပေးရဲရင် (ဒီအလုပ်-လုပ်ထိုက်ပါတယ် ဘုရား)။
ဆေးသမား ဘယ့်နှယ်ကြောင့် ပိုက်ဆံပေးရဲသလဲ သေမှာစိုးလို့ (မှန်ပါ့)။
ဆေးသမားပိုက်ဆံပေးတာကတော့ ခင်ဗျားတို့ ကြည်ညိုလို့ပေးတာ ရှားပါတယ် (မှန်ပါ့)။
ဘယ်လိုကြောင့် ပေးတာပါလိမ့် (သေမှာစိုးလို့ပါ ဘုရား)။
သေမှာစိုးလို့ ပေးနေတာ၊ ဆရာကြည့်လုပ်နော်၊ ငွေတော့ခင်ဗျားအရေးမကြီးဘူး (မှန်ပါ့) ဘယ့်နှယ်ကြောင့် ဒါလောက် ရက်ရက်ရောရောလာပါလိမ့် (သေမှာစိုးလို့ပါ ဘုရား)။
ဒါဖြင့် ဆေးသမားပိုက်ဆံပေးတာသည် သေမှာစိုးလို့ ဆိုသလိုဘဲတဲ့ ဒကာ ဒကာမတို့ ဒီမှာလဲ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သတိထား ပညာနဲ့ ကြည့်ဆိုတာ ခင်ဗျားတို့ကို ဆေးကုပေးတာဘဲ (မှန်ပါ့)။
ကိုယ်တော်မြတ်ကြီးပေးတဲ့ ဆေးက ထာဝရ မသေရဘူး (မှန်ပ့ါ) ဒီ ယခုလောကမှာရှိတဲ့ ကောင်းပေ့ဆိုတဲ့ ဆေးတွေက တခါ ကလေးသာ တားရတယ်၊ သေသေချာချာ အစအဆုံးတော့ တားမရဘူး (မရပါ ဘုရား) ရပါ့မလား (မရပါ ဘုရား)။
ဆေးသမားအစစ်ဟာ ဘုရားဘဲ
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဆေးသမားအစစ်ဟာ ဘုရားဘဲ ဆိုပြီးသကာလ ဒကာ ဒကာမတို့ သတ္ထာဒေဝ မနုဿာနံ (မှန်ပါ့) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဘာတဲ့တုံး (သတ္ထာဒေဝမနုဿာနံပါ) သတ္ထာက လူနတ်တို့၏ ဆရာ ဆေးဆရာကြီး (မှန်ပ့ါ) ဒေဝမနုဿာနံ= နတ်လူတို့၏ သတ္ထာ= ဆေးသမားသဖွယ် ဆရာကြီး ဖြစ်ပါပေ၏တဲ့ (မှန်ပါ့)။
မသေရာကို ပေးတတ်တာ သူဘဲ ရှိတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မသေရာကိုပေးတတ်တာ (သူဘဲ ရှိပါတယ်) ဒီဆရာဘဲ ရှိတယ်၊ ဒီဆရာက ဘာဆေးပေးပါလိမ့်မတုံး၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဘာဆေးတွေ စပ်ပြီး ဘယ်လိုများ ပေးပါလိမ့်မတုံး ဆိုလို့ရှိရင်ဖြင့်တဲ့ ခင်ဗျားတို့ကို အနိစ္စ,ဒုက္ခ,အနတ္တဆိုတဲ့ဆေး သုံးခုကို ဖျော်တိုက်တာဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အနိစ္စ,ဒုက္ခ,အနတ္တဆိုတဲ့ ဆေးသုံးခွက်ကို (ဖျော်တိုက်ပါတယ် ဘုရား)။
အဲဒီ့ဆေးသာ ခင်ဗျားတို့ ကျကျနန သောက်မိမယ်ဆိုလို့ရှိရင်ဖြင့် အန်လဲ မထုတ်ပါနဲ့ (မှန်ပါ့) ဘယ်တော့မှ မသေတဲ့ဥစ္စာ ဖြစ်ပါတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘုရားပရိနိဗ္ဗာန်စံသွားငြားသော်လဲ ဆေးဆရာကြီးက ဆေးတွေ ထားပစ်ခဲ့တယ် (မှန်ပါ့)။
ဒီ ဆေးတွေကို ဘယ်လိုသောက်ရမတုံးလို့ မေးတဲ့အခါ အနိစ္စ,ဒုက္ခ,အနတ္တရှုနိုင်တဲ့ ပုဂ္ဂိုလ်ဟာ ဒါ ဆေးသောက်နေတာဘဲ (မှန်ပါ့)။
ဖြစ်ပျက်တွေ ရှုတဲ့ပုဂ္ဂိုလ်ဟာ (ဆေးသောက်နေတာပါ ဘုရား)။
ဆေးသောက်နေတာ၊ ဘာဆေးသောက်တာတုံး ပြောစမ်းပါဦး၊ လေနိုင်ရုံဘဲလား၊ ဓါတ်သက်ရုံဘဲလားလို့ ဆိုတော့ မဟုတ်ဘူး၊ ဒါမသေဆေး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဒါမသေဆေး
ဘာဆေးပါလိမ့် (မသေဆေးပါ ဘုရား) မသေဆေးသောက်ပုံကလဲ ဒကာကြွယ် နှစ်နှစ်ချိုက်ချိုက် သောက်နော် (မှန်ပါ့ ဘုရား) ဆေးလေးသောက်လိုက်၊ အင်း နံတယ်ဆိုပြီး ချထားလိုက်၊ ဒီလိုတော့ မလုပ်နဲ့ (မှန်ပါ့) ဒီလိုတော့ မလုပ်နဲ့၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
နံတယ်ဆိုပြီး ချထားလို့ရှိရင် မသေဆေးပါ ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေက ဖြေးဖြေးသောက်လဲ မကောင်းဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အင်း ခဏကလေး သောက်လိုက်၊ ဖြတ်ထားလိုက်ရင်လဲ (မကောင်းပါဘူး) ဖြတ်ထားရင် နင် သေချင်လို့လား လို့ မေးပါလား (မှန်ပါ့) မမေးသင့်ဘူးလား (မေးသင့်ပါတယ် ဘုရား)။
အဲဒီလို ကိုယ့်ဟာကိုယ်လဲ ဉာဏ်ကလေးထုတ်ပြီး ဒကာကြွယ်ရ သောက်စမ်းပါဦး (မှန်ပါ့)။
ခင်ဗျားက ဆေးသောက်ခါရှိသေးတယ် တော်တော်ကြာကိစ္စရှိတော့ ထွက်ပြေးပြန်ပြီ (မှန်ပါ့)။
ဟ ဘာလုပ်တာတုံး၊ ဆေးသောက်ပြီး ချထားပြန်တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဆေးက ဘာဆေးလဲ (မသေဆေးပါ ဘုရား) ဟ မသေဆေးကို ဘယ့်နှယ်ကြောင့် အစအဆုံးထိအောင် မသောက်ပါလိမ့် (သေချင်သေးလို့ပါ ဘုရား) အို သေပွဲကို နည်းနည်းကလေးလွမ်းသေးလို့ဘုရား (မှန်ပါ့) ဒီအဓိပ္ပာယ်ကော မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
အဲဒါကြောင့် ဦးသန်းမောင်တို့၊ ဦးဗထွေးတို့ ဆုံးမနေတာ (မှန်ပါ့) ဪ ခင်ဗျားတို့ဟာ လူကြီးစိတ် မရှိဘူးနော် (မှန်ပါ့) ပြောထိုက် မပြောထိုက် (ပြောထိုက်ပါတယ် ဘုရား)။
လူကြီးစိတ် မရှိဘူးဆိုတဲ့ဥစ္စာ ခင်ဗျားတို့မနာပါနဲ့ (မနာပါ ဘုရား)။
အင်မတန်မှ ခင်ဗျားတို့သည်ကားလို့ ဆိုရင်ဖြင့် မသေဆေးသုံးခွက်ကို ဘုရားသခင် ကိုယ်တော်မြတ်ကြီး ထားခဲ့ပါလျက်သားနဲ့ ဖြေးဖြေးမှသောက်မယ်၊ အခု ငယ်သေးတယ်၊ ကြီးမှသောက်မယ်၊ ဝေဒနာရောက်မှ သောက်မယ် ဆိုတော့ ဦးမာဒင် ဆေးများများသောက်ရတာနဲ့ နည်းနည်းသောက်ပျောက်တာနဲ့ ဘယ်ဟာကောင်းသတုံး (နည်းနည်း သောက်ပျောက်တာကောင်းပါတယ် ဘုရား)။
နည်းနည်းနဲ့ပျောက် ကောင်းတာဘဲ ဆိုတော့ ဒကာ ဒကာမတို့ ဉာဏ်ထက်တုန်း၊ ကံထက်တုန်းသောက်လိုက်ပါ (မှန်ပါ့ ဘုရား)။
တကယ့်သွားကျိုး၊ ဆံဖြူ၊ ငယ်မှုတွေပျောက်မှ ဝိပဿနာ အလုပ်-လုပ်ရဦးမယ်ဆိုတော့ ရောဂါကကျွမ်းနေပြီ (မှန်ပါ့ ဘုရား)။
ရောဂါက ကျွမ်းသွားပြီ
ရောဂါက ကျွမ်းသွားပြီ၊ ရောဂါက ကျွမ်းသွားတော့မှ ဆေးသောက်တော့ တချို့ကျတော့ ဆေးက မမှီလိုက်ဘူး (မှန်ပါ့) သောက်တော့ သောက်ပါရဲ့၊ သောက်ပင်သောက်ငြားသော်လဲ ဆေးက သူ့သတ္တိကုန်အောင် မသောက်လိုက်ရတော့ ရက်ပတ်စဉ် မသောက်လိုက်ရတော့ ဒကာကြွယ် အသေကစောတယ် (စောပါတယ် ဘုရား) ကြောက်စရာမကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။
အဲဒါ့ကြောင့် ခင်ဗျားတို့ အပြီးသောက်ပါ ဆိုတာကိုလဲ တိုက်တွန်းတယ် (မှန်လှပါ ဘုရား)။
အပြီးသောက်ဆိုတာ တခြားမဟုတ်ပါဘူး၊ ဒကာ ဒကာမတို့ ဒီခန္ဓာကြီးထဲမှာ ကြည့်ပါ၊ ခန္ဓာကိုယ်ကြီးထဲမှာ ဒကာ ဒကာမတွေ စိတ်ကို ရှုရမယ်ဆိုတာကို သတိပေးတယ် (မှန်လှပါ ဘုရား) မြင်စိတ် သိပြီနော် (မှန်ပ့ါ) ကြားစိတ် (သိပါပြီ ဘုရား) စားစိတ် (သိပါပြီ ဘုရား)။
ဒကာ ဒကာမတို့ မြင်စိတ်,ကြားစိတ်,သွားစိတ်ဆိုတာ သိပြီနော် (သိပါပြီ ဘုရား) ရှူစိတ်,ရှိုက်စိတ်ကော (ရှိပါတယ် ဘုရား) ရှိတာဘဲတဲ့ နှာခေါင်းစိတ်ကလဲ (မှန်ပါ့)။
ကဲ ဒကာ ဒကာမတို့၊ နှာခေါင်းစိတ်ပြီးတော့ လျှာစိတ်ကော မရှိဘူးလား (ရှိပါတယ် ဘုရား) ကိုယ်စိတ်ကော (ရှိပါတယ် ဘုရား)။
ကိုယ်စိတ်ဆိုတာ ဒကာ ဒကာမတို့ ဘာမှ သံသယမရှိနဲ့၊ ကိုယ်ပေါ်မှာ ပေါ်နေတာတွေဟာ ကိုယ်စိတ်ပါ (မှန်ပ့ါ)။
ကိုယ်ပေါ်မှာ ပေါ်ချင်တဲ့နေရာကပေါ်၊ ယားတယ်၊ ဘယ်ကယားသတုံး၊ အဲဒီ့ယားတဲ့နေရာ ကိုယ်စိတ်ပေါ်တာဘဲ (မှန်ပါ့) နာရင်ကော (နာတဲ့နေရာ ကိုယ်စိတ်ပေါ်ပါတယ် ဘုရား)။
ကိုယ်ပေါ်မှာ ဟိုနေရာကလေကလေးထိ၊ ဒီနေရာက မီးကလေးထိလို့ ကြိုက်တဲ့သဘောကလေး ပေါ်ရင်ကော (ကိုယ်စိတ်ပါ ဘုရား)။
ဒါဖြင့် ကိုယ်စိတ်ဆိုတာ ဒကာ ဒကာမတို့ မှတ်ထား ဆံဖျားမှာ မပေါ်ဘူး (မှန်ပါ့) အရေခြောက်ပေါ်မှာ မပေါ်ဘူး (မှန်ပါ့ ဘုရား) ခြေသီဖျား, လက်သီးဖျားမှာမပေါ်ဘူး၊ ကျန်တဲ့နေရာ အကုန်ပေါ်တယ် (မှန်ပါ့) ဆံဖျား,ခြေဖျား,လက်သီးဖျား, အရေခြောက်ကိုချန်လှပ်၊ ကျန်တဲ့နေရာ ကိုယ်စိတ်ပေါ်တာချည့်လို့မှတ် (မှန်ပါ့)။
ဘယ်နေရာပေါ်ပေါ်လိုက်ပြီး ဖြစ်ပျက်ရှု
အဲဒီတော့ ပေါ်နိုင်တဲ့နေရာ ပြသဖြင့် ဘယ်နေရာပေါ်ပေါ်လိုက်ပြီး ဖြစ်ပျက်ရှု (မှန်ပါ့)။
ဘယ်နေရာပေါ်ပေါ် (လိုက်ပြီး ဖြစ်ပျက်ရှုရမှာပါ ဘုရား) ဖြစ်ပျက်ရှုရမှာဘဲ၊ ဒါ စိတ္တာနုပဿနာကိုးဗျ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် မြင်စိတ်ပေါ်ရင် မျက်လုံးထဲရှု (မှန်ပ့ါ) ကြားစိတ်ပေါ်ရင် (နားထဲရှုရပါမယ် ဘုရား) နံစိတ်ပေါ်ရင် (နှာခေါင်းထဲရှုရပါမယ်) စားစိတ်ပေါ်ရင် (လျှာပေါ်ရှုရပါမယ် ဘုရား) လျှာအလယ်မှာရှု (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ကဲ ယားစိတ်,ယံစိတ်ကတော့ တကိုယ်လုံးမှာ ပေါ်နိုင်တဲ့အတွက် ယားတဲ့နေရာ၊ နာတဲ့နေရာဘဲ ကွက်ရှု (မှန်ပါ့ ဘုရား) သဘောပါပလား (ပါ-ပါပြီ ဘုရား)။
ကိုယ်ပေါ်မှာတော့ သုခ,ဒုက္ခ (မှန်ပါ့) တခါတလေ တကိုယ်လုံးမှာဘဲ နေကောင်းပြီး ချမ်းသာပြီးသကာလ နေလိုက်တာ လေကလေးကတိုက်, နေပူစာကလေးလှုံ (မှန်ပါ့)။
အဲဒီလိုပေါ်တော့လဲ ကိုယ်ပေါ်မှာ ဖျတ်ဖျတ်-ဖျတ်ဖျတ်နဲ့ တခါတည်း ဒကာ ဒကာမတွေ သဘောကျတဲ့ကိုယ် စိတ်ကလေးတွေ ပေါ်နေတယ် (ပေါ်နေပါတယ် ဘုရား) အဲဒါ ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဒါလဲ ဖြစ်ပျက်ရှုရမှာဘဲ ဆိုတာ သေချာပလား (သေချာပါပြီ) ဒါဖြင့် ကိုယ်ပေါ်မှာကျတော့ သုခ,ဒုက္ခလို့မှတ်လိုက် (မှန်ပါ့)။
ဘာရှုရမှန်းမသိဘူး ပြောမနေနဲ့ဦး
ဝမ်းထဲမှာကျတော့ ဒကာ ဒကာမတွေ ဒါ အလုပ်သင်နေတယ်၊ တော်တော်ကြာ ဘာရှုရမှန်းမသိဘူး ပြောမနေနဲ့ဦး (မှန်ပါ့)။
ဝမ်းထဲကျတဲ့အခါကျတော့ တခါတလေကျတော့ ဒကာ ဒကာမတွေက လောဘစိတ်ကလေး ပေါ်တယ် (မှန်ပါ့) ဘာလုပ်ကြမတုံး (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ပေါ်တဲ့လောဘ ဖြစ်ပျက်ရှု (မှန်ပါ့) ပေါ်တဲ့လောဘဆိုတာ ဝမ်းထဲမှာ နှလုံးသွင်းပေါ်မှာနေတယ် (မှန်ပါ့) အဲဒီပေါ်တဲ့နေရာကို နောက်က ဘာလိုက်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဖြစ်ပျက်ရှုတဲ့ဉာဏ်လိုက်ပါ (မှန်ပါ့)။
တခါ ဒေါသစိတ်ကလေးကလဲ ဒကာ ဒကာမတွေ သန္တာန်ပေါ်လာပြန်တယ်၊ ဟဒယဝတ္ထုပေါ်မှာဘဲ ပေါ်တယ် (မှန်ပါ့ ဘုရား) သူ့ဘယ့်နှယ်လုပ်မလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား) သူ့လဲ အနိစ္စဘဲရှု (မှန်ပါ့ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
တခါ သံသယဝိစိကိစ္ဆာကလေး ပေါ်လာပြန်တယ်၊ ထားမိခဲ့သလား၊ မထားမိခဲ့ဘူးလား၊ တံခါးပိတ်မိရဲ့လား၊ မပိတ်မိဘူးလား (မှန်ပါ့)။
ဒါကလေးလဲ ဘယ့်နှယ်လုပ်ကြမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဝိစိကိစ္ဆာလဲ ဖြစ်ပျက်ရှု (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
သံသယလာလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဖြစ်ပျက် ရှုရမယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် လောဘ, ဒေါသ, မောဟ လာချင်တာလာ ရှု (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတွေ သေသေချာချာကြည့်ပါ၊ ဒါ အလုပ်ပေးနေတာ မှတ်လိုက်ပါ (မှန်ပါ့)။
ဒကာ ဒကာမတွေ တခါတလေကျတော့ ပေးချင်, ကမ်းချင်, လှူချင်, တမ်းချင်တဲ့ စိတ်ကလေးလဲ ပေါ်သေးတယ် (ပေါ်ပါတယ် ဘုရား) သူ့လဲ အလကားမထားပါနဲ့ (မှန်ပါ့) ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ဖြစ်ပျက်ရှု ဪ သူလဲ ဖြစ်ပြီးပျက်တဲ့ ဓမ္မဘဲလို့သာရှုပေး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
တခါတလေကျတော့ သူတပါး သနားမေတ္တာရှိတဲ့ စိတ်ကလေးလဲ ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား) သူ့လဲ ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား) အဲ ဖြစ်ပျက်ရှု၊ သဘောကျပလား (သဘောကျပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ အပြင်ဘက်ဧည့်သည်တွေက ခြောက်၊ အတွင်းဧည့်သည်က ငါး ဆိုတာလဲ မှတ်မိပါပြီ (မှတ်မိပါပြီ ဘုရား)။
ပြင်ဘက်ဧည့်သည်က (ခြောက်ပါ ဘုရား) အတွင်းဧည့်သည်က (ငါးပါ ဘုရား)။
အိမ်သည်နှစ်ခုကို ထည့်ပါဦး
တခါ အိမ်သည်နှစ်ခုကို ထည့်ပါဦးလို့ ဘုန်းကြီးက သတိပေးတယ် (မှန်ပါ့) အိမ်သည်နှစ်ခုဆိုတာ လေထုတ်တဲ့စိတ်, လေပြန်ရှိုက်တဲ့စိတ် (မှန်လှပါ ဘုရား)။
သူကတော့ အိမ်သည်ပေ့ါဗျာ (မှန်ပါ့) သူများထက် အကြိမ်များများဖြစ်တယ် (မှန်ပါ့) အဲ့ဒီအိမ်သည်နှစ်ခုကိုလဲ ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
အဲ ဖြစ်ပျက်ရှုတာသည် အမောဟ၊ ခုနင်က အလောဘ, အဒေါသ နှစ်ခုသာပြခဲ့တယ် (မှန်ပါ့ ဘုရား) ကုသိုလ်စိတ်ရယ်၊ မေတ္တာစိတ်ရယ်က အလောဘနဲ့ အဒေါသကိုး (မှန်ပါ့ ဘုရား) အမောဟက ဝိပဿနာရှုတဲ့ဘက်က ထား (မှန်ပါ့) အမောဟက ဝိပဿနာရှုတဲ့ မဂ္ဂင်ဘက်က ထား (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ ရှုစရာက အပြင်ဧည့်သည်က ဘယ်လောက်တုံး (ခြောက်ယောက်ပါ ဘုရား) အိမ်သည်က (နှစ်ယောက်ပါ ဘုရား)။
အဲဒါကို ခင်ဗျားတို့ အမောဟဆိုတဲ့ မဂ္ဂင်ငါးပါးနဲ့ ရှုလိုက်ပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အမောဟဆိုတဲ့ (မဂ္ဂင်ငါးပါးနဲ့ ရှုရမှာပါ ဘုရား) ဒီတရားကို သေသေချာချာနာပါ ဒကာ ဒကာမတို့ (မှန်ပါ့) ဘယ့်နှယ်ကြောင့်တုံး၊ ဘာအလုပ်လုပ်ရမှာတုံး မေးမှာ သိပ်စိုးတယ် (မှန်ပါ့)။
ဘာအလုပ်လုပ်ရမှာတုံး ဘုရား၊ အလုပ်ပေးစမ်းပါဦးလို့ တော်တော်ကြာ် လာမနေနဲ့ (မှန်ပါ့) ဒါ အလုပ်ဟုသာမှတ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ပုထုဇန်မှာ ဒီဆယ့်သုံးဘဲပေါ်တယ်
ကောင်းပြီ ဒါဖြင့် ဒီလိုရှုတော့ ဒကာ ဒကာမတို့ အခုအပြင်ဧည့်သည်ခြောက်, အတွင်းဧည့်သည်ငါး ပေါင်းတဲ့အခါ ဆယ့်တစ်မနေလား (မှန်ပါ့) အိမ်သည်နှစ်ခုနဲ့ ပေါင်းလိုက်တဲ့အခါ (ဆယ့်သုံးပါ ဘုရား) ပုထုဇန်မှာ ဒီဆယ့်သုံးဘဲပေါ်တယ် (မှန်ပါ့)။
ဒီဆယ့်သုံးပေါ်တာကို ဆယ့်သုံးစလုံးထဲက ဒကာ ဒကာမတို့ တခုပေါ်နေရင် ကျန်တဲ့ဆယ့်နှစ်ခုမပေါ်ဘူး (မှန်ပါ့)။
တခုပေါ်နေရင် (ဆယ့်နှစ်ခု မပေါ်ပါ) တခုပေါ်ရင် ဆယ့်နှစ်ခုမပေါ်၊ တခုပေါ်နေရင် ဆယ့်နှစ်ခု မပေါ်ဆိုတော့ အဲဒီပေါ်တဲ့တခုကို ကျုပ်တို့က ဖြစ်ပျက်မိအောင်ရှုရမယ် (မှန်ပါ့) ပေါ်တဲ့တခုကို မရှိဘူးလို့သိအောင် ရှုရမယ် (မှန်ပါ့) အဖြစ်မိချင်မှမိမယ် (မှန်ပါ့) ပေါ်တဲ့တခုကို မရှိဘူးသိအောင်ရှု (မှန်ပါ့)။
ပေါ်တာကလေး မရှိဘူး မရှိဘူး မရှိဘူးလို့ သိနေလို့ရှိရင်ဖြင့် မရှိတာကအနိစ္စ၊ သိတာကမဂ္ဂ (မှန်ပါ့ ဘုရား)။
မရှိတာက (အနိစ္စပါ) ၊ သိတာက (မဂ္ဂပါ) ဪ ဒါဖြင့် ဒီလိုဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ စိတ္တာနုပဿနာ ဖြစ်ပြီ (မှန်ပါ့ ဘုရား)။
မရှိတာကစိတ်၊ ရှုတာကအနုပဿနာ၊ စိတ်မရှိတာကရှုတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
စိတ်မရှိတာကို (ရှုတာပါ ဘုရား) အဲ စိတ်မရှိတာရှုမှ၊ စိတ်ရှိနေတုန်းလဲ ရှုတဲ့စိတ်က မပေါ်နိုင်ဘူး (မှန်ပါ့)။
ဒါကြောင့် မရှိတာက (အနိစ္စပါ) ရှုတာက (မဂ္ဂပါ ဘုရား)။
ကဲ ဒါဖြင့် ဒီမဂ္ဂသည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ ဆေးသုံးခွက်တောင်မှ ဦးသန်းမောင် တခွက်တည်း တိုက်တယ် (မှန်ပါ့) ဖြစ်ပျက်ဆိုတဲ့ သဘောသည် အနိစ္စလဲဖြစ်ပျက် (မှန်ပါ့) ဒုက္ခကော (ဖြစ်ပျက်ပါ) အနတ္တကော (ဖြစ်ပျက်ပါ ဘုရား)။
တခွက်နဲ့ ပျောက်တဲ့ဆေး ထွင်လိုက်ပါမယ်
ဪ ဒါဖြင့်ဗျာ ဆေးသုံးခွက်ရှိပေမဲ့လဲ တခွက်နဲ့ ပျောက်တဲ့ဆေး ထွင်လိုက်ပါမယ်ဆိုပြီး တခွက်နဲ့ပျောက်တဲ့ ဆေးထွင်တာဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတခွက်နဲ့ ပျောက်တဲ့ဆေးသည် ဒကာ ဒကာမတို့ သိတဲ့အတိုင်းတဲ့၊ ဒါမှ မသောက်လို့ ရှိရင်တော့ဖြင့် ခင်ဗျားတို့ ဒီ့ထက်ကိုယ်ကျိုးနည်း ရှာမတွေ့ဘူး (မတွေ့ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
သုံးခွက်မှ တခွက်ထဲပေါင်းထားပြီ (မှန်ပါ့) ပေါင်းထားတော့ ဆေးပိုလာသလားလို့မေးတော့ ဆေးလဲမပိုပါဘူး (မှန်ပါ့ ဘုရား) ဆေးပိုရင်လဲ ပန်းကန်ပြည့်ရင်လဲသောက်မှာမဟုတ်ဘူး၊ များလိုက်တာဆိုမယ် (မှန်ပါ့)။
ဒါလောက်လဲ မများပါဘူး၊ ဒကာ ဒကာမတွေ ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်ရင်ပြီးတာပါဘဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲ ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်လို့ရှိရင် ခင်ဗျားတို့သည် ဥပမာ တနာရီကိုက်သွားတယ် (မှန်ပါ့) ဖြစ်ပျက်နဲ့ မဂ်နဲ့ တနာရီကိုက်သွားတယ် (မှန်ပါ့ ဘုရား)။
ကိလေသာဖြင့် ကြားမထိုးဘူးဘုရား (မှန်ပါ့) ဘယ်ဝိတက်တွေမှလဲ မလာပါဘူး (မှန်ပါ့) ခင်ဗျားတို့အပြော ဝိတက်၊ စင်စစ်ကိလေသာ (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ အပြောတော့ဝိတက်
ခင်ဗျားတို့ အပြောတော့ (ဝိတက်ပါ) စင်စစ်တော့ (ကိလေသာပါ ဘုရား)။
အဲ့ဒီကိလေသာဝင်လဲ ကဲ မင်းတို့က အနှောက်အယှက်တွေဘဲ၊ မိတ်ဆွေဖွဲ့ယူမယ်ဆိုပြီး ဝင်တဲ့ကိလေသာကိုလဲ ဖြစ်ပျက် ရှုလိုက် (မှန်ပါ့) ဒီဆယ့်သုံးခုထဲကမလွတ်ဘူး (မှန်ပ့ါ ဘုရား)။
ဝင်တဲ့ကိလေသာလဲ ဖြစ်ပျက်ရှု၊ ဒီဆယ့်သုံးခုထဲက လွတ်မယ်ထင်သလား (မလွတ်ပါ) လောဘလာရင်ဘဲ ဒီအထဲကဘဲ (မှန်ပ့ါ) ဒေါသလာရင်လဲ (ဒီအထဲကပါ) ဪ ဒါဘဲပြန်ပေါ်တာကိုးဆိုပြီး ပြန်ရှု (မှန်ပါ့) သဘောကျရဲ့လား (ကျပါတယ် ဘုရား)။
အို တချို့ဒကာ ဒကာမတွေက မသိတော့ တပည့်တော်တို့ကဘုရား ပါရမီကလဲသေးတော့ အဖျက်ကတယ် များသတဲ့ (မှန်ပါ့) ဘယ်အဖျက် ဟုတ်ရမလဲ ဒီအထဲက ပြန်ပေါ်တာ (မှန်ပါ့)။
အဖျက်လား ဒီအထဲကပြန်ပေါ်တာလား (ဒီအထဲကပြန်ပေါ်တာပါ ဘုရား)။
စဉ်းစားပါ စဉ်းစားပါ၊ ဒီနေ့ပြောနေတဲ့စကားကို (မှန်ပါ့) ဒကာသစ် စဉ်းစား ဒီအထဲကပေါ်တာလား (ဒီအထဲကပေါ်တာပါ ဘုရား)။
ဒီအထဲကပေါ်တာကို သူမရှုမိတာ
ဒါဖြင့် ဖျက်တာမှမဟုတ်ဘဲ၊ ဒီအထဲကပေါ်တာကို သူမရှုမိတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီဆယ့်သုံးခုထဲက ပေါ်တာကို သူမရှုမိတာကို တပည့်တော်တို့ကဘုရား ဘာဖြစ်တယ်မသိဘူး၊ အစားမှားလို့လား၊ အနေကနေရာမကျလို့လား၊ အဖျက်ကတယ်များတယ် (မှန်ပါ့) ကြံကြံဖန်ဖန် ဒီအထဲကပေါ်တာ အဖျက်မဟုတ်ပါဘူး၊ ဒါရှုပါခိုင်းတာ (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ဆိုကြမလဲ (ဒါရှုပါခိုင်းတာပါ) ပေါ်တာရှုပါလို့ ခိုင်းတာပါဘဲ (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ ရှုရမှာ ဘယ်နှစ်ပါးပါလိမ့် (ဆယ့်သုံးပါးပါ) ဆယ့်သုံးပါးနော် (မှန်ပါ့) အဲဒီ့ဆယ့်သုံးပါးဟာ ဆယ့်သုံးခု တပြိုင်နက်ပေါ်မလား၊ တခုတည်းလား (တခုတည်းပေါ်ပါတယ် ဘုရား)။
တခုပေါ်ရင်ပေါ်တဲ့တခုကို မဂ်နဲ့ရှု (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် တခုတခုသာပေါ်၍ တခုတခုကို ဉာဏ်နဲ့လိုက်ရုံဘဲ (မှန်ပါ့) ရှေ့ကဖြစ်ပျက်၊ နောက်ကမဂ် ဒါကိုမှတ်ထား (မှန်ပ့ါ ဘုရား)။
ရှေ့ကပေါ်တာ (ဖြစ်ပျက်ပါ ဘုရား) နောက်ကပေါ်တာ (မဂ်ပါ ဘုရား) အဲဒါ စည်းဝါးမလိုက်မိမှာတော့ဖြင့် ဒကာကြွယ် စိုးရိမ်တယ် (မှန်ပါ့ ဘုရား)။
စည်းဝါးမလိုက်မိမှာ သိပ်စိုးရိမ်တယ် (မှန်ပါ့) ဖြစ်ပျက်နောက်က မဂ်မလိုက်မိမှာ (စိုးရိမ်ပါတယ် ဘုရား)။
ဘာတုံးဆိုလို့ရှိရင် “သရာဂံဝါ စိတ္တံ သရာဂံ စိတ္တန္တိ၊ ပဇာနာတိ” (မှန်ပါ့) ဘုရားက ဒီစိတ်ကို ပဇာနာတိလုပ်တဲ့ (မှန်ပ့ါ) ဒီစိတ်ကိုကော (ပဇာနာတိလုပ်ရပါမယ်) ဒီစိတ်ကိုကော (ပဇာနာတိလုပ်ရပါမယ် ဘုရား)။
အဲဒီတော့ ဘုရားက ဖြစ်ပျက်နဲ့ မဂ်နဲ့ကိုက်အောင်လုပ်ကွ၊ ဒီပဇာနာတိနဲ့ ရှေ့ကစိတ်ဖြစ်ပျက်နဲ့ နောက်က ပဇာနာတိဆိုတဲ့ မဂ်နဲ့ကိုက်အောင် လုပ်လို့ဆိုတော့ ဒကာသစ် ကျေနပ်ဖို့ ကောင်းပါပြီ (ကောင်းပါပြီ ဘုရား)။
အဲဒီကဲ့သို့ ဒကာ ဒကာမတွေက ဒီဟာကိုက်ပြီဘုရား၊ တပည့်တော်တို့ ဘယ်မှ မရွှေ့တော့ဘူး အပျက်နဲ့မဂ်နဲ့ ကိုက်ကိုက်နေတယ်ဆိုရင် ညနေအားထုတ်ရင်မနက်ရပါတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဆင်ခြေကော ထိုးဦးမလား
နောက်ကို ခင်ဗျားတို့ ဆင်ခြေကော ထိုးဦးမလား၊ ဝိတက်က များလွန်းလို့ ဘုရား လို့ (မထိုးပါဘူး)။
ဟာ ဝိတက်မများဘူး၊ ဒီအထဲက ရှုစရာတမျိုးပေါ်တာ (မှန်ပါ့)။
ဝိတက်များတာလား၊ ရှုစရာတမျိုးပေါ်တာလား (ရှုစရာတမျိုး ပေါ်တာပါ ဘုရား)။
ရှုစရာဆိုတာ ဒကာသစ် မှတ်ထား၊ အစဉ်အတိုင်း ဘယ်တော့မှ မပေါ်ဘူး (မပေါ်ပါ) သူပေါ်ချင်တာ (ပေါ်ပါတယ် ဘုရား)။
အဲဒါ ကျုပ်တို့က ဘာလုပ်ရမှာတုံး (ဖြစ်ပျက် ရှုရမှာပါ ဘုရား)။
အဲဒီတော့ ရှုစရာများတယ်ဆိုမလား၊ ရှုစရာပေါ်တာကို အဖျက်ထင်နေတာလား (ရှုစရာများတာကို အဖျက်ထင်နေတာပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
အမေက ဟင်းပေးလာတာ သမီးက လန့်သလိုဖြစ်နေတယ် (မှန်ပါ့) အမေက သူ့သမီးချစ်လို့ ဟင်းကလေး ထမင်းကလေး ည လာပေးတယ်၊ သမီးက သူရဲသဘက်ထင်နေလို့ရှရင် ဒါလွဲတယ် (မှန်ပ့ါ)။
ဒီမှာလဲ သူတို့က ခင်ဗျားတို့ ဖြစ်ပျက်ရှုဖို့ လာတာ (မှန်လှပါ) ခင်ဗျားတို့က အဖျက်ထင်နေရင်တော့ (လွဲပါတယ်) လွဲကုန်ပြီ (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ အဖျက်ဆိုတာက ဒီအထဲကမှတပါး၊ တခြားသော တရားက ဖျက်ရင်တော့ အဖျက် (မှန်လှပါ ဘုရား)။
အခု ဒီအထဲမှ တပါး ဒီ့ပြင်စိတ်ကော ပေါ်စရာရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဒါဖြင့် အားလုံး တရားတပွဲလုံး ဆုံးဖြတ်ချက်ချ၊ အဖျက်လား၊ ကိုယ်ရှုနေကျ တရားက အရှုခံလာတာလား (အရှုခံလာတာပါ ဘုရား) ဘယ်မှာ အဖျက်ဟုတ်ရမလဲ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အဖျက်က ဆယ်ခုလောက် လာတယ်
ကံမကောင်း, အကြောင်းမသင့်, ပါရမီက သေးသိမ်တော့ ဘုရားတရားကလေး အားထုတ်တာ တနာရီမှမရှိဘူး၊ အဖျက်က ဆယ်ခုလောက် လာတယ် (မှန်ပါ့)။
ဖြစ်မှဖြစ်ရလေ၊ ဘယ်ဆယ်ခု လာရမတုံး ဒကာ ဒကာမတို့၊ ဆယ်ခု ပိုရှုကြ ပြောတာ (မှန်ပါ့)။
ကဲ ဒါဖြင့် ဒကာ ဒကာမတွေ ပါရမီကော ချစရာရှိသေးရဲ့လား (မရှိပါ) ကံများခေလို့ အဖျက်ကများ လာသေးသလား (မလာပါ) မလာတော့ဘူး၊ ကိုယ် မရှုတတ်လို့ ဖြစ်နေတာ (မှန်ပါ့) အမေကို သူရဲသဘက်ထင်နေတာ (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ဆိုကြမလဲ (အမေကို သူရဲသဘက်ထင်နေတာပါ ဘုရား)။
ဟိုက အရှုခံလာတာ၊ ဧဟိပဿိကော=လာရှုပါ၊ ကျုပ်လာပြီး ရှုစမ်း (မှန်ပါ့) ခင်ဗျားတို့က သန္ဒိဋ္ဌိကောမှ မလိုက်ဘဲ (မှန်ပါ့)။
ဧဟိပဿိကော လာတိုင်း (သန္ဒိဋ္ဌိကောနဲ့လိုက်ရပါမယ်) သန္ဒိဋ္ဌိကောနဲ့ ရှုပေး (မှန်ပါ့)။
ဒါဖြင့် အဖျက်လားဗျာ (မဟုတ်ပါ ဘုရား) သူကလာတဲ့ ဓမ္မက ဧဟိ=လာခဲ့ပါ၊ ပဿ=ကျုပ်ကိုရှာပါ (မှန်ပါ့) ခင်ဗျားတို့က ဘာနဲ့ လိုက်ရမလဲ (သန္ဒိဋ္ဌိကောနဲ့ လိုက်ရပါမယ် ဘုရား) သန္ဒိဋ္ဌိကော သာမံပဿိတဗ္ဗော=ကိုယ်တိုင် မြင်အောင်ကြည့်လိုက် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
သူက အရှုခံလာတာ
အဲဒီတော့ သူက အရှုခံလာတာ၊ ကိုယ်က အရှုဉာဏ်နဲ့ ဦးတည့်လိုက်ရင် အဖျက် ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။
ဘယ်တော့မှ တရားမှာ အဖျတ်မဟုတ်ဘူး၊ ခင်ဗျားတို့ မယူတတ်လို့ အဖျက်ဖြစ်ရတာ (မှန်ပ့ါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။