ပညတ်နှင့် ပရမတ်ကွဲမှ နိဗ္ဗာန်သဘောကျပုံ ယမကဝတ္ထု
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မန္တလေးမြို့ ဦးချစ်ဆွေဓမ္မာရုံ၌
ဟောကြားတော်မူသော
ပညတ်နှင့် ပရမတ်ကွဲမှ နိဗ္ဗာန်သဘောကျပုံ ယမကဝတ္ထု
ညအလုပ်ပေးတရားတော်
(၁၇-၁၀-၆၁)
ဒုက္ခခပ်သိမ်းငြိမ်းတာနိဗ္ဗာန်
ဒကာ ဒကာမတွေ ဒုက္ခခပ်သိမ်း ငြိမ်းတာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ခေါ်ပါတယ် ဘုရား) နိဗ္ဗာန် ခေါ်တယ်နော်။ ခန္ဓာငါးပါး ကိလေသာတို့ သိမ်းရာကော (နိဗ္ဗာန်ပါဘဲ ဘုရား) နိဗ္ဗာန်ဘဲဆိုတာ သိနေပြီ (မှန်ပါ့)။
ဒါဖြင့် ဒုက္ခခပ်ငြိမ်းရာ နိဗ္ဗာန်၊ ခန္ဓာငါးပါး ကိလေသာတို့၏ သိမ်းရာ ငြိမ်းရာလဲ နိဗ္ဗာန်ဘဲဆိုတော့ ခန္ဓာဥပဓိတို့၏ မရှိရာလဲ နိဗ္ဗာန်ဘဲလို့ မှတ်ထားပါ (မှန်ပါ့) ခန္ဓာငါးပါးဥပဓိတို့၏မရှိရာလဲ နိဗ္ဗာန်ဘဲ လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ်ထားကြပါ (မှန်ပါ့)။
ခန္ဓာငါးပါး ဥပဓိတရားမရှိတာ (နိဗ္ဗာန်ပါ ဘုရား) နိဗ္ဗာန်လို့ဘဲ ဒကာ ဒကာမတွေက မှတ်ထားပါနော် (မှန်ပါ့)။
ကောင်းပြီ နိဗ္ဗာန်သည် ပဌမနိဗ္ဗာန် ဒုတိယနိဗ္ဗာန် တတိယနိဗ္ဗာန် စတုတ္ထနိဗ္ဗာန်လို့ ဆိုပြီး သကာလ နိဗ္ဗာန်လေးမျိုး ရှိတယ် (မှန်ပါ့)။
သောတာပန်တည်လို့ မြင်ရတဲ့ နိဗ္ဗာန်
ပဌမနိဗ္ဗာန်သည် ဒကာ ဒကာမတို့က မှတ်ထားပါ၊ သောတာပန်တည်လို့ မြင်ရတဲ့ နိဗ္ဗာန်ဟာ ပဌမနိဗ္ဗာန် (မှန်ပါ့) သကဒါဂါမ်တည်လို့ မြင်ရတဲ့ နိဗ္ဗာန်ဟာ ဒုတိယနိဗ္ဗာန်လို့မှတ်ထားပါ (မှန်ပါ့) အနာဂါမ် တည်လို့ မြင်ရတဲ့နိဗ္ဗာန်လဲ တတိယနိဗ္ဗာန်လို့ မှတ်ပါ (မှန်ပါ့) ရဟန္တာဖြစ်လို့ မြင်ရတဲ့ နိဗ္ဗာန်ကိုလဲ စတုတ္ထနိဗ္ဗာန်လို့ မှတ်လိုက်ပါ (မှန်ပါ့) နောက် ခန္ဓာဇာတ်သိမ်း ငြိမ်းပြီး သကာလ ငြိမ်းအေးမှုကလေး တခုနဲ့ နေရတာသည်ကားလို့ဆိုရင် ပဉ္စမနိဗ္ဗာန်လို့ မှတ်လိုက်ပါ (မှန်ပါ့)။
ကဲ ဒါဖြင့် နိဗ္ဗာန်သည်ကားလို့ဆိုရင် **ငါးမျိုးရှိတယ်လို့ ဒကာ ဒကာမတွေက မှတ်ထားလိုက်ပါ (မှန်ပါ့)။
** နားလည်အောင်ဆောင်၍ဟောခြင်းဖြစ်သည်။
နိဗ္ဗာန် ဘယ်နှစ်မျိုးရှိပါလိမ့် (ငါးမျိုးရှိပါတယ် ဘုရား) မှတ်ထားလိုက်ပါတဲ့ သို့သော် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပိုမိုပြီး သကာလ သိစေချင်တာက ပဌမနိဗ္ဗာန်ကို ရောက်ပြီးလို့ရှိရင် ဒကာ ဒကာမတွေ စိတ်အေးအေးနေကြ (မှန်ပါ့) ဒုတိယနိဗ္ဗာန် တတိယနိဗ္ဗာန် စတုတ္ထနိဗ္ဗာန် ပဉ္စမနိဗ္ဗာန်ဆိုတဲ့ ချမ်းသာတွေ ကတော့ကို ပဌမနိဗ္ဗာန်ရပြီးသား ပုဂ္ဂိုလ်က ဒကာဒကာတွေ ဉာဏ်အရှိန်ရပြီးသား ဖြစ်လေသောကြောင့် အားမထုတ်ဘဲလဲ မနေနိုင်တာနဲ့ မည်သူ့တရားကို မနာရသည်ဖြစ်စေ၊ သူ့ဟာသူ ဆွဲဆောင်ပြီး အဆုံးနိဗ္ဗာန်ကို ပို့တယ်လို့မှတ်လိုက် (မှန်ပါ့ ဘုရား)။
သူ့ဟာသူ ဆွဲဆောင်ပြီးတော့ (အဆုံးနိဗ္ဗာန်ကို ပို့ပါတယ် ဘုရား) အဆုံးနိဗ္ဗာန်သို့ ပို့တယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက သေသေချာချာ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)။
ကဲ ဒါဖြင့် ဒို့အတွက်မှာဖြင့် ပဌမနိဗ္ဗာန်ရမှု အရေးကြီးပါကလားဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
ပဌမနိဗ္ဗာန်ရမှု အရေးကြီးပါကလား
ဘာအရေးကြီးပါလိမ့် (ပဌမနိဗ္ဗာန်ရမှု အရေးကြီးပါတယ် ဘုရား) ပဌမနိဗ္ဗာန်ရမှု အရေးကြီးတယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက သေသေချာချာ မှတ်ပါ (မှန်ပါ့)။
အဲဒီ ပဌမနိဗ္ဗာန်ရပြန်တော့ အထက်နိဗ္ဗာန်ကို သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့က ဝိပဿနာဉာဏ်တွေက ဆွဲဆောင်သွားလို့ အထက်နိဗ္ဗာန်ကြီး အားထုတ်စရာလဲ အထူးမရှိပါဘူး၊ ဥဒယဗ္ဗယ ပြန်ကောက်လိုက် ပြီးတာပါဘဲ (မှန်ပါ့) ပဌမနိဗ္ဗာန်ရမှုသာလျှင် ဒကာကြွယ်တို့၊ ဒကာသစ်တို့၊ ဦးမာဒင်တို့ အရေးကြီးပါတယ် (မှန်ပါ့ ဘုရား)။
ဘာအရေးကြီးပါလိမ့် (ပဌမနိဗ္ဗာန်ရမှုသာ အရေးကြီးပါတယ် ဘုရား)။
ကောင်းပြီ၊ တပည့်တော်တို့ဘုရား ကြာလဲ ကြာလှပါပြီ၊ သံသရာနဲ့ကြည့်မယ်ဆို ဒီမြေတွေဟာ တပည့်တော်တို့ အသားအရိုးတွေကဖြစ်တဲ့ မြေတွေပါ (မှန်ပါ့) တပည့်တော်တို့ အခုနေတာ ကိုယ့်မြေပေါ်မှာ ကိုယ်အိမ်ဆောက်ပြီး ကိုယ့်အသားတွေ အရိုးတွေကဖြစ်တဲ့ မြေတွေပေါ်မှာ အိမ်ဆောက်ပြီး နေကြတယ် (မှန်ပါ့) ကိုယ့်အသား အသွေးတွေကဖြစ်တဲ့ မြေပေါ်မှာ ယာခင်း လယ်ခင်းလုပ်စားကြတယ် (မှန်ပါ့) သံသရာဘယ်လောက် ရှည်ခဲ့တယ်ဆိုတာတော့ ပြောဖို့မလိုပါဘူး (မလိုပါ ဘုရား)။
အဲဒါလောက် ရှည်တဲ့အထဲမှာ တပည့်တော်တို့ ပဌမနိဗ္ဗာန်မရမှုဟာဖြင့် ဘယ်အတွက်ကြောင့်ပါလိမ့်မတုံး ဆိုတာ မေးဖို့လိုလာတယ် (လိုလာပါတယ် ဘုရား)။
ဒကာ ဒကာမတွေ ကိုယ်မသိတာ ပဌမနိဗ္ဗာန်ကို နီးလျက်နဲ့ အဝေးကြီးဖြစ်နေတယ် ဆိုတာလဲ မှတ်လိုက်ပါဦး (မှန်ပါ့)။
မသိတော့ အနီးကလေးကို (အဝေးကြီး ဖြစ်နေပါတယ် ဘုရား)။
ဪ မသိတော့ ဒကာ ဒကာမတို့ အနီးကလေး အဝေးကြီးဖြစ်ပြီး သကာလ နေသလို ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာလဲ လုပ်ရိုးလုပ်စဉ်ဖြစ်တဲ့ ရှေ့ထားလုပ်ရမှာကို ရှေ့ထားပြီးမလုပ်တဲ့အတွက် ငါတို့ဖြင့် အနီးကလေးဟာ အဝေးကြီးဖြစ်ရတယ်လို့ဆိုတာ မှတ်ထားလိုက်ရင် ရှင်းသွားတယ် (မှန်ပါ့ ဘုရား)။
ပဌမနိဗ္ဗာန်ရချင်လို့ရှိရင်
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ပဌမနိဗ္ဗာန်ရချင်လို့ရှိရင် ဒိဋ္ဌိသုံးမျိုးခွါလိုက် (မှန်ပါ့)။
ပဌမနိဗ္ဗာန်ရချင်ရင် (ဒိဋ္ဌိသုံးမျိုး ခွါရပါမယ်) ဒိဋ္ဌိသုံးမျိုးခွါကြပါဆိုတာဖြင့် ရှင်းလင်းပေးရမှာဘဲ (မှန်ပါ့ ဘုရား)။
ပဌမနိဗ္ဗာန်ရချင်ရင် (ဒိဋ္ဌိသုံးမျိုး ခွါရပါမယ် ဘုရား) ဒကာကြွယ် အရေးကြီးတာရဖို့ အရေးကြီးတယ် (မှန်ပါ့) အားလုံး တရားတပွဲလုံး ဒကာ ဒကာမတွေ လမ်းမသိလို့ ဝေးနေလို့ မရောက်ခဲ့ကြဘဲနဲ့ အသားအရိုးတွေပေါ်မှ အိမ်ဆောက်နေရတယ်ဆိုတာလဲ အင်မတန်နစ်နာတဲ့ အလုပ်ကြီးတခုဘဲဆိုတာပေါ်လာတယ် (မှန်ပါ့) မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ ယခုလို ခေတ်ကာလအကြောင်းညီညွတ်နေတုန်း ဆရာသမားနဲ့ အကြောင်းညီညွတ်နေတုန်း ကိုယ်ကလဲ လိုလိုချင်ချင်ရှိတုန်း သာသနာကလဲ ထွန်းကားတုန်း ဒီအချိန်မှာ ဆရာကောင်းနဲ့လဲကြုံတုန်း အားလုံးဒကာ ဒကာမတွေ မှတ်ထားပါ ပဌမနိဗ္ဗာန်ကို ကာကွယ်နေတာ ဒိဋ္ဌိသုံးခု (မှန်ပ့ါ) ပဌမနိဗ္ဗာန် ဖုံးအုပ်နေတာ (ဒိဋ္ဌိသုံးခုပါ) ဒိဋ္ဌိသုံးခုလို့ မှတ်ထားလိုက်ကြစမ်းပါ (မှန်ပါ့)။
ပဌမနိဗ္ဗာန် ဖုံးအုပ်နေတာက (ဒိဋ္ဌိသုံးခုပါ ဘုရား)။
ကောင်းပြီ ဒီဒိဋ္ဌိသုံးခုကို ဘုန်းကြီးက ရှင်းပေးလို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပဌမနိဗ္ဗာန်ကိုရှင်းပေးပြီး ဒကာ ဒကာမတွေကလဲ ဉာဏ်ထဲမှာ လင်းသွားမယ် ဆိုလို့ရှိရင်ဖြင့် မရ မရှိပါဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ပဌမနိဗ္ဗာန်ကွယ်ကာနေတာ ဘာပါလိမ့်
ဪ ပဌမနိဗ္ဗာန်ကွယ်ကာနေတာ ဘာပါလိမ့် (ဒိဋ္ဌိသုံးမျိုးပါ ဘုရား) ေဩာ ဒါဖြင့် “ဒိဋ္ဌိနိရောဓော နိဗ္ဗာန်” (မှန်ပါ့) ပဌမနိဗ္ဗာန်ကို ဆိုပါတယ် (မှန်ပါ့) ဒိဋ္ဌိချုပ်လို့ရှိရင် ပဌမနိဗ္ဗာန်ရပါတယ်လို့ မှတ်လိုက်တာပေါ့ (မှန်ပါ့ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပဌမနိဗ္ဗာန်ဖုံးထားတာကို ဘုန်းကြီးတို့က ဖွင့်ဟပြီး သကာလ ရှင်းလင်းပြီး ပေးလိုက်လို့ရှိရင်ဖြင့် ဦးမာဒင်တို့၊ ဦးသန်းမောင်တို့ ဪ ငါတို့သည် အနီးကလေးနဲ့ အဝေးကြီးဖြစ်နေတာ မဖွင့်တတ်-မခွါတတ်-မရှင်းတတ်လို့သာ ဝေးရတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြင့် ပေါ်သွားပြီ (ပေါ်သွားပါပြီ) သဘောကျနေပြီနော် (ကျပါပြီ ဘုရား)။
ကိုင်း အားလုံး ဒကာ ဒကာမတွေ ဂရုစိုက်ပြီး သကာလ ဪ ပဌမနိဗ္ဗာန်ကို ဖွင့်ပေးနေတယ်၊ ပဌမနိဗ္ဗာန်ကို ဒို့မြင်ရတော့မှာဘဲ၊ ပဌမနိဗ္ဗာန်ကို ဖွင့်တာကိုသာ ဒို့ဉာဏ်ထဲကလဲ ဆရာဘုန်းကြီးပြောတဲ့အတိုင် ဖွင့်နိုင်အောင် ဒို့ကလဲ ကြိုးစားပြီး သကာလ ပဌမနိဗ္ဗာန်ကွယ်တာတဲ ဒိဋ္ဌိကို ဒို့ဖွင့်ရမယ်ဆိုလို့ရှိရင်ဖြင့် ဆရာကလဲနည်းပေး၊ ဒို့ကလဲ အတင်းအဓမ္မဇွဲနဲ့ ဖွင့်လိုက်မယ်ဆိုရင်ဖြင့် နောင်အိုစရာ, နာစရာ, သေစရာမြေကြီး ကြီးပွားရေးအလုပ်တော့ဖြင့် မရှိတော့ဘူးလို့ မှတ်လိုက်တာပေါ့ (မှန်ပါ့) ကြောက်စရာကောင်းလွန်းလို့နော် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတွေ မြေကြီး- ကြီးပွားရေးဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ) ခင်ဗျားတို့ ခန္ဓာကိုယ်သေတော့ ရေထဲ သေလဲ မြေထဲရောက်တာပဲ (မှန်ပါ့) သစ်ပင်ပေါ်သေလဲ နောက်ဆုံးပိတ် မြေထဲရောက်တာဘဲ (မှန်ပါ့) ရိုးရိုးတန်းတန်းနဲ့ သေကြ ကြေကြပြန်လဲ လိုက်ပြီး သကာလ မြေထဲမြုပ်ကြတာဘဲ (မှန်ပါ့ ဘုရား)။
ဘယ်ဘဝမှ ဆုမတောင်းနဲ့
အဲဒီတော့ ဒကာ ဒကာမတွေ ဘုန်းကြီးသတိပေးချင်တာက ဘယ်ဘဝမှ ဆုမတောင်းနဲ့ တောင်းလို့ရှိရင် မြေကြီးသာ ကြီးပွား၍ ကိုယ်ဒုက္ခရောက်တယ် (မှန်ပါ့ ဘုရား)။
ဘယ်ဘဝမှ ဆုမတောင်းပါနဲ့ (မှန်ပါ့) တောင်းရင် (မြေကြီးသာကြီးပွား၍ ကိုယ်ဒုက္ခရောက်ပါတယ်) မြေကြီးသာ ကြီးပွား၍ ကိုယ်ဒုက္ခရောက်တယ် (မှန်ပါ့ ဘုရား)။
ဒီစကားတလုံးဟာ သေးသေးသိမ်သိမ်လို့ မမှတ်ပါနဲ့ (မှန်ပါ့ ဘုရား) ဒီစကားတလုံးကို ဒကာကြွယ်တို့၊ ဒကာသစ်တို့ ဦးမာဒင်တို့၊ ဦးသန်းမောင်တို့ သေးသေးသိမ်သိမ်လို့ မမှတ်ပါနဲ့ (မှန်ပါ့ ဘုရား)။
ဘုံဘဝတွေ ဆုတောင်းလိုက်လို့ ရှိရင်ဖြင့် မြေကြီးသာကြီးပွား၍ လူဒုက္ခရောက်တယ် (မှန်ပါ့ ဘုရား)။
မြေကြီးသာ (ကြီးပွား၍ လူဒုက္ခရောက်ပါတယ် ဘုရား) တောင်းတဲ့ပုဂ္ဂိုလ် ဒုက္ခရောက်တယ် (မှန်ပါ့ ဘုရား)။
မြေကြီးကတော့ (ကြီးပွားပါတယ် ဘုရား) တောင်းတဲ့ပုဂ္ဂိုလ်ကတော့ (ဒုက္ခရောက်ပါတယ်) ဪ ဦးမာဒင် ဒီအကြောင်းပြောလိုက်တာနဲ့ဘဲ နိဗ္ဗာန်လဲ ကဲ သွားသေးသလား (မသွားပါ ဘုရား) မြေကြီးလဲ ကြီးပွားတယ် (မှန်ပါ့) မိမိကလဲ ဒုက္ခရောက်တယ် (မှန်ပါ့) ဒကာ ဒကာမတို့ မှားချက်မသန်လားဗျာ (သန်ပါတယ် ဘုရား)။
စဉ်းစားပါ စဉ်းစားပါ ဒကာ ဒကာမတို့ မှားချက် သိပ်သန်နေတာကို ဆရာဘုန်းကြီး ပြင်ပေးနေတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
မှားချက် ခင်ဗျားတို့ဟာကဖြင့် လူ့ပြည်, နတ်ပြည် အကြိမ်ကြိမ် ခံစားပြီး၍ဆိုတာ ခင်ဗျားတို့ကသာ ခံစားနေတယ်ထင်တာ (မှန်ပါ့) ဒုက္ခရောက်တာ (မှန်ပါ့)။
ခင်ဗျားတို့ခံစားနေတယ်ဆိုတာ ဝေဒနာက္ခန္ဓာ (မှန်ပါ့) ဝေဒနာက္ခန္ဓာကို သစ္စာဖွဲ့ရင် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
ခံစားတာက ဘာသစ္စာတုံး
ဪ ခင်ဗျားတို့ခံစားချင်တယ်လဲဆိုရဲ့ ခံစားတာက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဟာ ဦးမာဒင် ရိပ်မိသွားပြီ (ရိပ်မိပါပြီ ဘုရား) ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ခံစားတာက ဝေဒနာက္ခန္ဓာ (မှန်ပါ့) သစ္စာဖွဲ့လိုက်တော့ (ဒုက္ခသစ္စာပါ ဘုရား)။
ရော ခင်ဗျားတို့ဟာကလဲ လူ့ပြည်, နတ်ပြည် အကြိမ်ကြိမ်ခံစား၍ဆိုတော့ အပေါ်ယံကလေး လုပ်နေတာကိုး (မှန်လှပါ ဘုရား) စင်စစ်ကတော့ လူ့ပြည်, နတ်ပြည် အကြိမ်ကြိမ် အဖန်ဖန် ဒုက္ခရောက်၍ မြေကြီး ကြီးပွားရေးဖြစ်ရပါလို၏ (မှန်ပါ့) နစ်နာလိုက်တာ (နစ်နာပါတယ် ဘုရား) ဦးဗထွေး သေသေချာချာ စဉ်းစားပါ (မှန်ပါ့)။
နောက်က ဒကာ ဒကာမတွေ ခင်ဗျားတို့ လူ့ပြည်, နတ်ပြည် အကြိမ်ကြိမ်ခံစား၍ဆိုတော့ ခံစားတာ ဘာခေါ်ကြမယ် (ဝေဒနာက္ခန္ဓာပါ) ခံစားတာ ဝေဒနာ (မှန်ပါ့) ဝေဒနာကို သစ္စာဖွဲ့ (ဒုက္ခသစ္စာပါ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ကတော့ ခံစားတာကလေးတွင် အဖျားဆွတ်ယူထားတယ် (မှန်ပါ့) သစ္စာထဲ သွင်းလိုက်တော့ ဘာသစ္စာတုံး (ဒုက္ခသစ္စာ) အို လူ့ပြည်, နတ်ပြည် အကြိမ်ကြိမ် ဒုက္ခရောက်၍ မြေကြီး ကြီးပွားရေး ဖြစ်ရပါလို၏ (မှန်ပါ့) ဒီရောက်သွားပါတယ် (ဝေဒနာက္ခန္ဓာပါ)ရောက်ပါတယ် ဘုရား)။
ဖြစ်စဉ်ကိုက်ဖြစ်သွားတာ
စကားပြောကြီးတာလား ဒကာ ဒကာမတို့ သစ္စာဖွဲ့လိုက်တော့ ဖြစ်စဉ်ကိုက်ဖြစ်သွားတာလားဆိုတာ အကဲခတ်ပါ (ဖြစ်စဉ်ကိုက်ဖြစ်သွားတာပါ) ဒကာကြွယ် ခင်ဗျားတို့ပါးစပ်ကထွက်တာ ထွက်မှ ထွက်ရဲပါပေ့ဗျာ၊ တယ်နာပါကလား (နာပါတယ်) နောက်က ဒကာ ဒကာမတွေ ဒီအသံကို ယနေ့ကစပြီးဖျောက်ပါနော် (မှန်ပါ့ ဘုရား) ဒီအသံကို ယနေ့ကစပြီးဖျောက်ကြပါ၊ မပေကြပါနဲ့၊ မမိုက်ကြပါနဲ့ဆိုတာကိုလဲ သတိပေးချင်တယ် (မှန်ပါ့ ဘုရား)။
လူ့ပြည်, နတ်ပြည် အကြိမ်ကြိမ်ခံစားပြီး၍ ဆိုတော့ ခံစားချင်တာဝေဒနာက္ခန္ဓာ (မှန်ပါ့) ဝေဒနာက္ခန္ဓာ ကြည့်လိုက်တော့ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဒါဖြင့် သစ္စာကမှ မှန်တယ် (မှန်ပါ့ ဘုရား) ခံစားတာက မမှန်ဘူး (မမှန်ပါ ဘုရား) ခံစားတာက (မမှန်ပါ ဘုရား) သစ္စာကတော့ (မှန်ပါတယ် ဘုရား)။
ဟာ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘုရားရှေ့မှာဖြစ်စေ သံဃာတော်တွေရှေ့မှာဖြစ်စေ ဆုတောင်းပြီး သကာလ တပည့်တော်တို့ ဒီဘဝ ဆင်းရဲလွန်းလို့ဘုရား နောက်ဘဝဒီထက်ကြီးတဲ့ဆင်းရဲကြီး ရရပါလို၏ဆိုတာနဲ့ အတူတူဘဲ (မှန်ပါ့ ဘုရား)။
ဒီဘဝ ဆင်းရဲလွန်းလို့ (နောက်ဘဝ ဒီထက်ကြီးတဲ့ဆင်းရဲ ရ,ရပါလို၏) နောက်ဘဝ ဒီ့ထက်ကြီးတဲ့ ဆင်းရဲရှည်ကြီး ရ,ရပါလို၏ (မှန်လှပါ ဘုရား) တယ်နာပါကလား (နာပါတယ် ဘုရား)။
ဉာဏ်နဲ့စဉ်းစားပြီး နားထောင်မှ
ဉာဏ်နဲ့စဉ်းစားပြီး နားထောင်မှ ဒီအဓိပ္ပာယ်ကလဲ ရှင်းမယ် (မှန်ပါ့) ဉာဏ်ပါကြရဲ့လား (ပါ ပါတယ် ဘုရား) တော် တော် အရေးကြီးတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
တော်တော် အရေးကြီးတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) အခု သေသေချာချာ ထိုးထွင်းဉာဏ်နဲ့ ခင်ဗျားတို့ယောင်နေတာကို မှားနေတာကို ဦးမာဒင် ပြင်ပေးနေတယ် (မှန်ပါ့)။
ဒကာကြွယ် လူ့ပြည်, နတ်ပြည် အကြိမ်ကြိမ်ခံစား၍ ဆိုတော့ ခံစားတာက ဘာခန္ဓာတုံး (ဝေဒနာက္ခန္ဓာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ခံစားတာက (ဝေဒနာက္ခန္ဓာပါ ဘုရား)။
ဒီခံစားတဲ့ဝေဒနာက္ခန္ဓာတွေကို ခန္ဓာဟူသ၍ကိုလဲ သစ္စာဖွဲ့ရတယ် (မှန်ပါ့) ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
ကိုင်း ဦးမာဒင် ဘုန်းကြီးက ပလ္လင်ပေါ်ရောက် ဒကာ ဒကာမတွေ ထင်ရာပြောနေတာလား၊ သို့တည်းမဟုတ် ခင်ဗျားတို့ ဒုက္ခသစ္စာ ဆုတောင်းယူနေတာလားဆိုတာ မေးလိုက်ပါတယ် (တပည့်တော်တို့ ဒုက္ခသစ္စာ ဆုတောင်းယူနေတာပါ ဘုရား) ပေါ်ပြီ ပေါ်ပြီ ဒကာကြွယ်ရ (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
နောက်က ဒကာ ဒကာမတွေ ဘာတွေ ဆုတောင်းယူကြသလဲ (ဒုက္ခသစ္စာတွေ ဆုတောင်းပါတယ် ဘုရား)။
ဪ ဒါကြောင့် ခင်ဗျားတို့က သစ္စာသံကလေး ပါးစပ်ထဲ ထည့်လိုက်ရရင် မတောင်းဘူးနော် (မှန်ပါ့) ဒုက္ခသစ္စာလို့ ပိုင်ပိုင်နိုင်နိုင်ကလေးများ သိပေးလိုက်မယ်၊ ကြားဘူးနားဝနဲ့ဘဲ သိပေးလိုက်မယ်ဆိုဦးတော့ ဒီဒကာ ဒကာမတွေ ဒါလောက် မိုက်စရာမရှိဘူး (မှန်ပါ့) ဒကာသစ် အခု သဘောပါပလား (ပါ-ပါပြီ ဘုရား)။
အားလုံး ဘုန်းကြီးတို့ ရင်းရင်းနှီးနှီး ဒကာ ဒကာမတွေမို့ ခင်ဗျားတို့ အလွဲတော်ပုံကြီးကို အခု သေသေချာချာ ရှင်းပြမယ် (မှန်ပါ့)။
လူ့ပြည်, နတ်ပြည် အကြိမ်ကြိမ်ခံစား၍ တဲ့၊ သဘောကျပလား (ကျပါပြီ) ခံစားတာက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ခံစားတာ ဝေဒနာက္ခန္ဓာ (မှန်ပါ့) ဝေဒနာက္ခန္ဓာမို့ သူ့ကို သစ္စာဖွဲ့လိုက် (ဒုက္ခသစ္စာပါ ဘုရား)။
ကိုင်း ဒကာသစ် ယုံကြည်ပလား (ယုံကြည်ပါပြီ ဘုရား) ဦးမာဒင် သေသေချာချာ ယုံနော် (ယုံပါတယ် ဘုရား)။
ပြင်ပေးမည့်လူလဲ တော်တော်ရှားတယ်
စဉ်းစားပါ စဉ်းစားပါ ဒကာ ဒကာမတို့၊ ဒီဟာကို ပြင်ပေးမည့်လူလဲ တော်တော်ရှားတယ် (ရှားပါတယ် ဘုရား) အခု သေသေချာချာ ခင်ဗျားတို့ သစ္စာဖွဲ့ပြီး ပြောလိုက်တော့မှ ဒကာ ဒကာမတို့ ဘာသစ္စာတုံးမေးတော့မှ ခံစားတာက ဒုက္ခသစ္စာ (မှန်ပါ့) ခံစားတာက (ဒုက္ခသစ္စာပါ ဘုရား) ကျေနပ်လား (ကျေနပ်ပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ဟာ အစ,သာကောင်းပြီး အဆုံး သစ္စာမမြင်တဲ့အတွက် ဪ ခင်ဗျားတို့မှာ မျက်လုံးတဖက်မြင် ဖြစ်နေပါကလား (မှန်ပါ့) ဝေဒနာသာမြင်၍ သစ္စာကို မမြင် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဝေဒနာကိုသာမြင်၍ (သစ္စာကိုမမြင်ပါ ဘုရား)။
ခံစားတဲ့ဝေဒနာကိုတော့ ခင်ဗျားတို့က စာအုပ်တွေ ကြည့်ကြည့် လူကြီး,သူကြီး ပြောသံကြားကြား နင်လုပ် နင်ခံစားရမှာပေါ့ (မှန်ပါ့)။
အင်း သူတို့ပြောတာလဲ မမှားဘူး (မှန်ပါ့) တဝက်မှန်တယ် (မှန်ပါ့) တဝက်တော့ မှန်တယ် အဆုံးထိအောင် မမှန်ဘူး (မှန်ပါ့) အဆုံးထိအောင် တွေးလိုက်တော့ ခံစားတာဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
ဒါဖြင့် ဒကာကြွယ်ကြီးကဘဲ ဖြစ်စေ၊ ဦးမာဒင်, ဦးသန်းမောင်တို့က ဖြစ်စေ၊ ဦးဗထွေးတို့ကဖြစ်စေ ရောက်ရာမှာ တပည့်တော်တို့ဖြင့်ဘုရား ခံစားချင်သေးတယ်ဘုရာ့၊ အင်း ခင်ဗျားတို့က ပြောကြပြီဆိုကြပါစို့ (မှန်လှပါ ဘုရား)။
ခံစားချင်သေးတယ်ဘုရာ့ လို့ ပြောကြသည်နဲ့ တပြိုင်နက်တည်း ခံစားတာကို တခါတည်း သစ္စာဖွဲ့လိုက် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ တောင်းတဲ့ဆု ရောက်ရာမှာ ဒုက္ခသစ္စာဖြစ်ရပါလို၏ (မှန်ပါ့)။
ဘယ်လိုပါလိမ့် (ရောက်ရာမှာ ဒုက္ခသစ္စာဖြစ်ရပါလို၏) ကြောက်စရာကြီးပါလား (မှန်ပါ့) ဦးလှဘူး ဘယ့်နှယ်တုံး (ကြောက်စရာကြီးပါ ဘုရား)။
ဒီဥစ္စာ မပြောဘူးသေးပါဘူး (မှန်ပါ့) တွေးပြီး သကာလ ဒကာ ဒကာမတွေ စကားကို ဪ သစ္စာမသိရှာလို့ ခံစားတာ ဘာမှန်းမသိရှာလို့ တောင်းမိတောင်းရာ ယောင်မယောင်ရာ ယောင်ပြီး တဏှာ ကြိုးဆွဲတိုင်း က,နေပါလား ဆိုတာကလေး ယနေ့ စောစောပြင်ပေးပါမယ် (မှန်ပါ့)။
ဘယ်သူကြိုးဆွဲတာ က,နေသတုံး (တဏှာကြိုးဆွဲတာ က,နေပါတယ် ဘုရား) တဏှာက ဆုတောင်းခိုင်းတယ် (မှန်ပါ့) ဘဝတဏှာကိုး (မှန်ပါ့)။
တဏှာက ဆုတောင်းခိုင်းတော့
တဏှာက ဆုတောင်းခိုင်းတော့ လူ့ပြည်, နတ်ပြည်, ဗြဟ္မာပြည် အကြိမ်ကြိမ်ခံစား၍ဆိုတော့ အကြိမ်ကြိမ် သုခဝေဒနာတွေ ခံစား၍ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အဲဒီ သုခဝေဒနာတွေကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေက တွေးလိုက်တာပေါ့ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
ဒါဖြင့် ဦးမာဒင် ပြင်တော့ (မှန်ပါ့) ဒိုတော့ကွာ ဆုကိုအစ,အဆုံး တောင်းတော့မယ်ကွာ အကြိမ်ကြိမ်ခံစားပြီး ဒုက္ခဖြစ်ရပါလို၏ (မှန်ပါ့) လုပ်ရဲပါ့မလား (မလုပ်ရဲပါ ဘုရား) ဘယ်သူ့ကျေးဇူးလဲ (သစ္စာကျေးဇူးပါ ဘုရား)။
အံမာလေး ဒကာ ဒကာမတို့ အမှန်သိရတာနဲ့ မလုပ်ရဲဘူး (မှန်ပါ့) သစ္စာတည်းဟူသော အမှန်တရားကို သိရပြန်တော့ နှုတ်က မထွက်ရဲဘူး တဲ့ (မှန်ပါ့)။
ကြပ်ကြပ်သတိထားပါ၊ ရှေ့ပိုင်းမှာ ဘုန်းကြီးတို့ ညီအကို မောင်နှမတွေလဲ ပါကြတယ်၊ သီလရင်တွေလဲ ပါကြတယ်၊ လူကြီး လူကောင်းတွေလဲ ပါကြတယ်၊ အမျိုးစုံ ညီအကို မောင်နှမတွေလဲ ပါကြတယ်၊ မမှားပါနဲ့ ဆိုတဲ့ဥစ္စာ ရှေ့ပိုင်းမှာ ကောင်းကောင်း သတိပေးနေတယ် (မှန်ပါ့) ဦးသန်းမောင် ပေးထိုက်, မပေးထိုက် (ပေးထိုက်ပါတယ် ဘုရား)။
လူ့ပြည်ခံစားချင်တာ ဘာခန္ဓာ (ဝေဒနာက္ခန္ဓာပါ ဘုရား) နတ်ပြည်ခံစားချင်တာ (ဝေဒနာက္ခန္ဓာပါ ဘုရား) ဝေဒနာမှ သုခဝေဒနာနဲ့ သူ့ကိုကြိုက်တယ် (မှန်ပါ့) သုခဝေဒနာဘဲ “သုခဝေဒနာ ဋ္ဌီတိသုခါ၊ ဝိပရိဏာမံ ဒုက္ခံ” (မှန်ပါ့ ဘုရား) ဋ္ဌီကာလ၌ချမ်းသာပေမဲ့ ပျက်စီးတော့ ဆင်းရဲထဲ ဝင်တာဘဲ တဲ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) ဒါဖြင့် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
ဘယ်ဒုက္ခသစ္စာမှမကြိုက်ပါ
ဒကာ ဒကာမတို့ နတ်ဒုက္ခသစ္စာ ကြိုက်သလား ဗြဟ္မာ ဒုက္ခသစ္စာကြိုက်သလား၊ အသက်ပေါင်း တသိန်းရှည်တဲ့ လူ့ဘဝနဲ့ကြီး အသက်တမ်းရှည်ရှည်ကြီး ဒုက္ခသစ္စာကြိုက်သလားလို့ မေးရင် ဒီတရားပွဲ ဘယ်လိုဖြေရပါ့မလဲ (ဘယ်ဒုက္ခသစ္စာမှမကြိုက်ပါ ဘုရား)။
ဒီအသံကလေးဟာ ခင်ဗျားတို့ မြတ်စွာဘုရား ရှေးဦးစွာ ပွင့်လာလို့ ပဉ္စဝဂ္ဂီတွေထွက်တဲ့ အသံမျိုး (မှန်ပါ့) ဒီအသံဟာ နည်းတဲ့အသံမဟုတ်ဘူး (မှန်ပါ့) ဒီအသံဟာ သိပ်အဖိုးတန်ပါတယ်ဆိုတာ ဘုန်းကြီးများဖြင့် ဝမ်းမြောက်လို့ မဆုံးပါဘူး (မှန်ပါ့) ဝမ်းမြောက်လို့ မဆုံးဘူး ဒကာ ဒကာမတို့ (မှန်ပါ့)။
ဘယ့်နှယ်ကြောင့်တုံးလို့ မေးတဲ့အခါကျတော့ တဏှာ့နယ်လွန်သွားလို့ ဉာဏ်နယ်ဝင်သွားလို့ ဒီအသံထွက်လာတာ (မှန်ပါ့) တဏှာ့နယ်ကို လွန်မြောက်ပြီးတော့ ဉာဏ်နယ်ဝင်သွားလို့ (မှန်ပါ့ ဘုရား)။
ကဲ ဒကာကြွယ်တို့၊ ဦးမာဒင်တို့၊ ဦးသန်းမောင်တို့၊ ဦးဘထွေးတို့ ဘယ်လောက် အဖိုးတန်သွားသတုံး (အဖိုးတန်ပါတယ် ဘုရား)။
မသိသေးလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ခံစားချင်တာ ဝေဒနာလာပဟ (မှန်ပါ့) ဝေဒနာကို သစ္စာသာဖွဲ့လိုက်၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
ဒါဖြင့် ဝေဒနာသည် ဒုက္ခသစ္စာဆိုတော့ အချိန်ပိုင်းနဲ့ဘဲ ဦးမာဒင်တို့ မေးပါ့မယ်၊ အင်း နတ်ဝေဒနာ ကလေးဟာ သုခဝေဒနာကလေးဟာ ပေါ်လာတဲ့ဥစ္စာ သုခဝေဒနာ (မှန်ပါ့) ပေါ်ပြီး ပျက်တာဘဲ (မှန်ပ့ါ) ပျက်တော့ ဘာသစ္စာဖြစ်သတုံး (ဒုက္ခသစ္စာပါ) ဒါဖြင့် ဒုက္ခရောက်မလို့ ပေါ်တာရယ်၊ ဒုက္ခရောက်တာရယ် နှစ်ခုဘဲရှိတယ် (မှန်ပါ့ ဘုရား)။
ဒုက္ခရောက်မလို့ ပေါ်လာတာရယ်
ဒုက္ခရောက်မလို့ ပေါ်လာတာရယ်၊ ဒုက္ခရောက်သွားတာရယ် (မှန်ပါ့) ဒါဖြင့် သူ့ကို ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) ဒါဖြင့် ဒကာ ဒကာမတို့ ခံစားတဲ့ ဝေဒနာဟာ ဒုက္ခသစ္စာ (မှန်ပါ့)။
ဒါဖြင့် နောက်ကို ဒကာ ဒကာမတွေက လူ့ပြည်, နတ်ပြည်, ဗြဟ္မာပြည်ကို ဤဆွမ်း ဤကွမ်းကြောင့် အကြိမ်ကြိမ်ခံစား၍ လို့ ဆိုရဲသေးရဲ့လား (မဆိုရဲပါ ဘုရား) ဟာ ဘယ့်နှယ်ကြောင့် မဆိုရဲပါလိမ့် (သစ္စာသိလို့ပါ) သစ္စာသိလို့ (မှန်ပါ့ ဘုရား) သစ္စာသိသွားလို့၊ ဒကာကြွယ် နည်းတဲ့သတ္တိလား (မှန်လှပါ ဘုရား)။
ဒကာ ဒကာမတို့ နည်းတဲ့သတ္တိ မဟုတ်ပါဘူး (မဟုတ်ပါ ဘုရား) ခင်ဗျားတို့ ဒီတရားပွဲမှာ အခု နာရီဝက်နီးပါပြီ တရားသိမ်းပြန်ဦး အင်မတန်ကျေးဇူးရှိတယ် (မှန်ပါ့ ဘုရား)။
တရားပွဲသိမ်းလို့ ပြန်ပါဦးတဲ့ ကျေးဇူးရှိပါတယ် (မှန်ပါ့) တရားပွဲသိမ်းလို့ ပြန်ပါဦးတဲ့ အင်မတန်ကျေးဇူးရှိတယ်၊ နာရီဝက်နာပြီးလို့ ကိုယ့်မှာလဲ အင်္ဂါကြီးငယ် ဒုက္ခဝေဒနာသည်းမခံနိုင်လို့ ပြန်သွား ကိစ္စမရှိဘူး၊ အတော်ကျေးဇူးများပြီ (မှန်ပါ့ ဘုရား)။
သစ္စာသိပဟေ့၊ “အညာသိ ကောဏ္ဍညော” ကောဏ္ဍညော=သစ္စာသိပဟေ့ တဲ့၊ ဘုရားကိုက ခေါ်ယူရတယ် ဘယ်လောက် အရေးကြီးတဲ့ စကားလဲဆိုတာ (မှန်ပါ့ ဘုရား)။
ကဲ ဒကာသစ် ဘယ်လောက် အဖိုးတန်သလဲ (တန်ပါတယ် ဘုရား) မပေါ်ကြသေးဘူးလား (ပေါ်ပါပြီ) ဘုန်းကြီး အခု လှိုက်လှိုက်လှဲလှဲနဲ့ ဒကာ ဒကာမတွေကို အကြီးဆုံးသော စေတနာနဲ့ ပြောနေတယ်လို့ အောက်မေ့ပါ (မှန်ပါ့)။
မှားလိုက်တာ ဗွက်ပေါက်နေတယ်
မှားလိုက်တာ ဗွက်ပေါက်နေတယ် (မှန်ပါ့) မှားလိုက်တာ နည်းနည်းနောနော ဗွက်ပေါက်နေတာ မဟုတ်ဘူး (မှန်ပါ့) ရှင်းရဲ့မဟုတ်လား (ရှင်းပါတယ် ဘုရား)။
လူ့ပြည်, နတ်ပြည်, အကြိမ်ကြိမ်ခံစားချင်တာ ဘာခန္ဓာ (ဝေဒနာက္ခန္ဓာပါ) သစ္စာဖွဲ့လိုက် (ဒုက္ခသစ္စာပါ ဘုရား)။
ကိုင်း ဒါဆိုတော့ ဦးမာဒင် သူများပေးနိုင်စရာလဲ မရှိတော့ပါဘူး (မှန်ပ့ါ) ခင်ဗျား ခံစားချင်တာ ဘာတုံးလို့ မေးဖို့ဘဲလိုတော့တယ် (မှန်ပါ့) ကိုယ့်ထက်ကြီးတဲ့ လူနဲ့ပြောရင် ဘကြီး ခင်ဗျားတို့က လူ့ပြည်, နတ်ပြည် ခံစားချင်တယ်ဆိုတာ ဘာတုံး (မှန်ပါ့ ဘုရား)။
ခံစားချင်တာပေါ့ကွ၊ ခံစားချင်တယ်ဆိုတာ ခံစားတာ ဝေဒနာပေါ့ကွ (မှန်ပါ့) ဒီ့ပြင်လဲ ပြောင်းပြီးမပြောနိုင်ဘူး (မှန်ပ့ါ) ပြောလိုက်ပြန်လဲ ဒီခံစားတာက ဝေဒနာဆိုရင်ဖြင့် ဝေဒနာ ဘာသစ္စာတုံး ဘကြီးအမိန့်ရှိပါဦးဆိုရင် ဒါဘဲပြောရမယ် (မှန်ပါ့) ဘာသစ္စာပြောမလဲ (ဒုက္ခသစ္စာပြောပါမယ် ဘုရား)။
ဒါဖြင့် ဘကြီးစကားသည်ကား ဆိုလို့ရှိရင် အကြိမ်ကြိမ် ဒုက္ခရောက်ရပါလို၏လို့ ဆိုတဲ့အဓိပ္ပါယ် ရောက်ပါတယ်ဆိုတော့ ဖြေတတ်ပြီ (မှန်ပါ့) မဖြေတတ်သေးဘူးလား (ဖြေတတ်ပါပြီ ဘုရား)။
ဦးလှဘူး ဒါနည်းနည်းနောနော အရေးကြီးတာ မဟုတ်ဘူးနော် (မှန်ပါ့ ဘုရား)။
နောက်က ဒကာ ဒကာမတွေသေသေချာချာနာပါ၊ စကားမများသေးပါဘူး၊ ခင်ဗျားတို့ အမှားကလေးကို ရှေးပိုင်းက ပြင်ပေးတာဘဲ ရှိပါသေးတယ် (မှန်ပ့ါ) ဒီဆုတောင်းကြီးခံနေလို့ရှိရင် နိဗ္ဗာန်ပိတ်နေလို့ (မှန်ပါ့)။
ဒီဆုတောင်းကြီး ခံနေရင်
ဒီဆုတောင်းကြီး ခံနေရင် (နိဗ္ဗာန်ပိတ်နေလို့ပါ ဘုရား)။
ဒုက္ခခပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်ကြီး ကွယ်ကာ ဖုံးနေတဲ့ဥစ္စာ ဒီတဏှာဒိဋ္ဌိဆုတောင်းကြီးက ကွယ်ကာနေလို့ ဆုံးဖြတ်ချက်ချလိုက်စမ်းပါ (မှန်ပါ့) ဘယ်လောက်ဆိုးဝါးသလဲ (ဆိုးဝါးပါတယ် ဘုရား)။
ဪ ဒါဖြင့် ဒကာသစ်တို့၊ ဦးမာဒင်တို့ မရှိတာထက် မသိတာခက် (မှန်ပါ့) ဘာတဲ့တုံး (မရှိတာထက် မသိတာခက်ပါတယ် ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
မရှိတာဟာ အရေးမကြီးပါဘူး (မှန်ပါ့) ဒီဒုက္ခသစ္စာ မသိလို့ တခါတည်း သံသရာထဲမှာ ကိုယ့်အသား အရိုးတွေက ဖြစ်တဲ့မြေပေါ်မှာ ကိုယ်အိမ်ဆောက်ပြီး သကာလ ဒီအပေါ်မှာ ခဏနေလိုက် ဒီအထဲ မြှုပ်လိုက် (မှန်ပါ့) ဒီအပေါ်မှာ ခဏနေလိုက် ဒီအပေါ်မှာမြှုပ်လိုက်၊ အဲဒါ သံသရာလည်တာ ခေါ်တယ် (မှန်ပါ့ ဘုရား)။
ဒီအပေါ်နေလိုက် ဒီအပေါ်မြှုပ်လိုက်၊ ဒီအပေါ်နေလိုက်၊ ဒီအပေါ်မြှုပ်လိုက်၊ ဒါဘယ့်နှယ်ခေါ်ကြမလဲ (သံသရာခေါ်ပါတယ်) သံသရာလည်တာပေ့ါ ဒကာ ဒကာမတွေရ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ခံစားချင်တာဘာတဲ့
ကိုင်း ဒါဖြင့် ဒကာကြွယ်လဲ ဒါလောက်ရှိရင်ဖြင့်ကျေနပ်လောက်ပါပြီ (ကျေနပ်ပါပြီ) လူ့ပြည်, နတ်ပြည်, ဗြဟ္မာ့ပြည်မှာ ခံစားချင်တာဘာတဲ့ (သုခဝေဒနာပါ) ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)။
ဒါဖြင့် ဦးမာဒင်ရေ ခံစားချင်တဲ့လူကို မေးလိုက်လို့ရှိရင်ဖြင့် ဒုက္ခရောက်ချင်လို့လားကွလို့ တင်းတင်း ပြောမယ်ဆိုရင် မပြောနိုင်သေးဘူးလား (ပြောနိုင်ပါတယ် ဘုရား)။
တပည့်တော်တို့ နောက်ဘဝ ဒီ့ထက်ပေါချင်တယ် ဒီ့ထက်များချင်တယ် ဒီ့ထက် သားသမီး အခြွေအရံလဲ များချင်တယ်။ များချင်များ မများချင်နေ၊ များရင် ဒုက္ခများတာဘဲ (မှန်ပါ့)။
များရင်ဘာတုံး (ဒုက္ခများတာပါ) ပစ္စည်းဒီ့ထက်များရင်လဲ (ဒုက္ခများတာပါ) ခန္ဓာဒီ့ထက်ကြီးရင်လဲ (ဒုက္ခများတာပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ နတ်ပြည်မှာရှိတဲ့ ခန္ဓာကြီးသည် သုံးဂါဝုတ်ရှိတယ် (မှန်ပ့ါ ဘုရား)။
လေးဂါဝုန်ဆိုတော့ တယူဇနာကိုးဗျ၊ အဲသုံးဂါဝုတ်ဆိုတော့ ဆယ့်သုံးမိုင်၏ ၃/၄ ပါဘဲ (မှန်ပါ့) ဆယ့်သုံးမိုင်၏ ၃/၄ ခန္ဓာကြီးဆိုတော့ ဒုက္ခသစ္စာရုပ်မှုန့်ပေါင်း ဘယ်လောက်ရှိမယ်ထင်ကြသလဲ (မရေတွက်နိုင်ပါ ဘုရား) မရေတွက်နိုင်ဘူးလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား) အဲဒီ ကြီးကြီးဒုက္ခကြီး ဖြစ်ရပါလို၏ (မှန်ပါ့ ဘုရား)။
ဘာတဲ့တုံး (ကြီးကြီးဒုက္ခကြီး ဖြစ်ရပါလို၏) အံမာလေး ဒကာ ဒကာမတို့ နောက်တော့ ပါးစပ်ထဲ မထည့်ပါနဲ့နော် (မှန်ပ့ါ)။
ဒါကြောက်အောင် ဟောတာလား၊ လန့်အောင် ဟောတာလား၊ ဖြစ်စဉ်ကိုက် ဟောတာလား (ဖြစ်စဉ်ကိုက် ဟောတာပါ) ဖြစ်စဉ်ကိုက်နော် (မှန်ပါ့)။
နိဗ္ဗာန်ကြီးကို ဒုက္ခကွယ်နေလို့
ကိုင်း ဒါဖြင့် ဒကာကြွယ်ရေ ဒါ သိလောက်ပြီနော် (မှန်ပ့ါ) သိတော့ ဒီဆုတောင်းကြီး ဘယ့်နှယ်ကြောင့် ဆရာဘုန်းကြီးက ရှေ့ပိုင်းမှာထားပြီး ဟောရပါလိမ့်မလဲလို့ မေးတော့ ဒကာ ဒကာမတို့ ဒုက္ခငြိမ်းတဲ့ နိဗ္ဗာန်ကြီးကို ဒုက္ခကွယ်နေလို့ဗျ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒုက္ခငြိမ်းရာ နိဗ္ဗာန်ကြီးကို ဒုက္ခကွယ်နေလို့ (မှန်ပါ့) ဒုက္ခငြိမ်းရာ နိဗ္ဗာန်ကြီးကို (ဒုက္ခကွယ်နေပါတယ်) ဒါဖြင့် ဒုက္ခကွယ်နေတယ်ဆိုတော့ ခန္ဓာဒုက္ခသစ္စာကြီး ကွယ်နေတယ် (မှန်ပ့ါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာဒုက္ခကြီးက နိဗ္ဗာန်သုခကွယ်နေတယ် (မှန်ပါ့)
ခင်ဗျားတို့ ဆုတောင်းရတဲ့ ခန္ဓာကြီးက နိဗ္ဗာန်ကွယ်နေတယ် (မှန်ပ့ါ) ဒီခန္ဓာကြီးကို ငါထင် သူထင်နေတဲ့ သက္ကာယဒိဋ္ဌိ (မှန်ပါ့) သူက ဝင်ကွယ်နေတယ် (မှန်ပ့ါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဖိုးတန်လိုက်တာ ဒကာကြွယ် ဒီခန္ဓာကြီး ကွယ်နေတယ်ဆိုတာ ပြောရတာကို ဘုန်းကြီးများဖြင့် အကျေနပ်ကြီး ကျေနပ်ပါတယ် (မှန်ပါ့) နိဗ္ဗာန်ကို ခန္ဓာကြီး ကွယ်နေတယ် (မှန်ပါ့)။
ဘယ့်နှယ်ကြောင့် ကွယ်ပါလိမ့်မတုံးဆိုတော့ ငါ့ကိုယ် ငါ့ဟာလို့ သိမ်းပိုက်ထားတာကြီးက ကိုယ့်ဟာကြီး ကိုယ် အင်မတန် ကျေနပ်နေတယ် (မှန်ပါ့) ကျေနပ်နေတော့ ဒါကြီးနဲ့ဘဲ ဒီ ဟိုဘက်ကို ဉာဏ်က မဖောက်နိုင်ဘူး (မှန်ပါ့)။
ဒါကြီးစားဖို့၊ ဒါကြီးလှဖို့၊ ဒါကြီးရဖို့၊ ဒါကြီးအန္တရာယ်ကင်းဖို့ဆိုတဲ့ အန္တရာယ်မကင်းနိုင်တဲ့ ဒုက္ခသစ္စာကြီးကို အန္တရာယ်ကင်းမှု ရှေ့ရှုပြီး သကာလ ကျွေးမွေးလုပ်ကိုင် သုတ်သင်နေရတာနဲ့ဘဲ နိဗ္ဗာန်ဟာ ဖုံးနေတယ် (မှန်ပ့ါ) သူ့ဘဲ ခန္ဓာ့ကျွန်ခံနေရတာနဲ့ ဒကာသစ်-ရေ နိဗ္ဗာန်ကွယ်သွားတယ် (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်အဖုံးဟာ ခန္ဓာ
တောင်းလို့ ရထားတဲ့ ခန္ဓာကြီးလေဗျာ (မှန်ပ့ါ) အဲဒီခန္ဓာကြီးဟာ ဒုက္ခသစ္စာကြီးဟာ ဘာတွေများ ကွယ်ဖုံးနေပါလိမ့်မတုံး မေးတဲ့အခါကျတော့မှ နိဗ္ဗာန်ဆိုတဲ့ ဒုက္ခချုပ်ရာကြီး ကွယ်ဖုံးနေတယ် (မှန်ပါ့) ဒါဖြင့် နိဗ္ဗာန်အဖုံးဟာ ခန္ဓာ (မှန်ပါ့)။
နိဗ္ဗာန်အဖုံးသည် (ခန္ဓာပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
နိဗ္ဗာန်ဖုံးနေတဲ့ဥစ္စာ ဒီခန္ဓာကြီးကို တခါ ဒကာ ဒကာမတွေက ငါ့ကိုယ်, ငါ့ဟာ လုပ်ပြန်တယ် (မှန်ပါ့) အင်း ဒိဋ္ဌိက စွဲလိုက်ပြန်တယ် (မှန်ပါ့)။
ဒီခန္ဓာကြီး ဘယ်လိုယူကြပါလိမ့် (ငါ့ကိုယ်, ငါ့ဟာလို့ ယူပါတယ် ဘုရား) ငါ့ကိုယ်, ငါ့ဟာလို့ ဒကာသစ် စွဲပြန်တယ် (မှန်ပါ့) မစွဲဘူးလား (စွဲပါတယ် ဘုရား)။
အဲဒီ အစွဲဆိုတဲ့ စွဲလိုက်တဲ့ သက္ကာယဒိဋ္ဌိကြီးကလဲ တခါထပ်ပြီး ဖုံးလိုက်ပြန်တော့ ဆုတောင်းက ဖုံးတာတမျိုး၊ ရောက်ရာဘဝမှာ သက္ကာယဒိဋ္ဌိက စွဲထားလို့ ဖုံးတာက တမျိုးဆိုတော့ ဪ ငါတို့ ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကြီး မရောက်တာ ခန္ဓာနဲ့ခန္ဓာကို (နိဗ္ဗာန်ကို ခန္ဓာဖုံးသည်၊ ခန္ဓာကို ဒိဋ္ဌိဖုံးသည်ကိုဆိုလိုသည်) အထင်မှားတဲ့ သက္ကာယဒိဋ္ဌိကြောင့်ဘဲ (မှန်ပါ့) ပေါ်လာပြီ (ပေါ်လာပါပြီ ဘုရား) ဒကာကြွယ် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
သက္ကာယဒိဋ္ဌိကြောင့်ဘဲ
ခန္ဓာနဲ့ ခန္ဓာအထင်မှားနေတဲ့ သက္ကာယဒိဋ္ဌိကြောင့်ဘဲ၊ ငါတို့ နိဗ္ဗာန်မရောက်တာဆိုတာကိုဖြင့် ယနေ့ အကွက်ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား) ဒကာ ဒကာမတို့ သေသေချာချာ ရှင်းပါတယ် (ရှင်းပါတယ် ဘုရား)။
နိဗ္ဗာန်ဟာ ဘယ်သူကွယ်နေပါလိမ့် (ခန္ဓာအဖုံး ကွယ်နေပါတယ် ဘုရား)။
ဒီခန္ဓာပေါ်မှာလဲ တခါ ငါ့ကိုယ်, ငါ့ဟာထင်တဲ့ သက္ကာယဒိဋ္ဌိကလဲ စွဲနေပြန်တော့ ဦးမာဒင်ရေ ဒိဋ္ဌိရော ခန္ဓာရော တွဲပြီး ကာကွယ်ပေးလိုက်တဲ့ ဖြစ်ခြင်းဟာ တခါတည်း နိဗ္ဗာန်ကို အစမပေါ်လာတော့ဘူး (မှန်ပ့ါ) ဒုက္ခခပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်ကြီး အစပေါ်လာသေးရဲ့လား (မပေါ်လာပါ) ကြောက်စရာကြီးပါလား (မှန်ပါ့)။
ကြောက်စရာကြီးပါလား၊ ဒကာ ဒကာမတွေကလဲ ဒီ ခန္ဓာကြီးကို မထိုးဖောက်နိုင်၊ မထိုးဖောက်နိုင်တော့ သက္ကာယ ဒိဋ္ဌိကလဲ ခင်ဗျားတို့က ငါ့ကိုယ် ငါ့ဟာဘဲဆိုတဲ့ အစွဲကြီးကလဲ ဒိဋ္ဌိ-ဒိဋ္ဌုပါဒါန်ကလဲ ရှိနေပြန်တော့ ဒကာ ဒကာမတွေ နိဗ္ဗာန်ဖြင့် ရောက်ဖို့ရာ မမြင်ပါဘူး (မှန်ပါ့) ဖုံးထားတယ် (မှန်ပါ့) အဖုံးမှ မဖွင့်နိုင်တော့ဘဲ (မှန်ပ့ါ) ဒကာကြွယ် သိပ် ကြောက်စရာကောင်းပါလား (ကြောက်စရာ ကောင်းပါတယ် ဘုရား)။
နိဗ္ဗာန်ဖွင့်ပေးမည့် တရား
အားလုံး ဒကာ ဒကာမတွေ သည်းခံပြီးနာပါ၊ ဒါ နိဗ္ဗာန်ဖွင့်ပေးမယ် (မှန်ပါ့) နိဗ္ဗာန်ဖွင့်ပေးမည့် တရားလို့ သေသေချာချာ မှတ်ပါ (မှန်ပါ့)။
သို့သော် ဖုံးထားမှန်း မသိတဲ့ ပုဂ္ဂိုလ် တဦးတယောက်မှာ ရီကော်တာသေတ္တာတခု နိုင်ငံခြားက ရောက်လာတယ်၊ အဖုံးမပါပေမဲ့ ကျုပ်တို့ ခလုပ်တွေ ဘာတွေ မကိုင်တတ်တော့ ဘယ်လိုမှ မဖွင့်တတ်တော့ ဒီ ရီကော်တာ ဘယ်ကနေ နှိပ်ပြီး ဘယ်ကနေ အသံသွင်းတယ်ဆိုတာ ဒကာသစ် သိပါ့မလား အဖုံးမှ မဖွင့်တတ်ရင် (မှန်လှပါ ဘုရား)။
ထို့အတူပါဘဲတဲ့၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာလဲ ခန္ဓာအဖုံး သက္ကာယဒိဋ္ဌိ ဖုံးနေတာကြီး မဖွင့်နိုင်တော့ နိဗ္ဗာန်ဆိုတဲ့ ချမ်းသာစစ် ချမ်းသာမှန်ကြီး မရ-မရောက်၊ ဉာဏ်အောက်သို့ မရောက်လာ ကိုယ့်အလိုတိုင်း မပေါ်ပေါက် လာတာသည် အဖုံးမဖွင့်တတ်လို့ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာ မဖွင့်တတ်လို့တုံး (အဖုံးမဖွင့်တတ်လို့ပါ ဘုရား) ခန္ဓာကိုခင်တဲ့ သက္ကာယဒိဋ္ဌိ ဖုံးနေတယ် (မှန်ပ့ါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်သူဖုံးနေပါလိမ့် (သက္ကာယဒိဋ္ဌိဖုံးနေပါတယ် ဘုရား)။
ဒကာ ဒကာမတွေ ခင်ဗျားတို့ ပြောရတာ ဘုန်းကြီးဟာ ဝမ်းလဲသာပါတယ်၊ ဝမ်းသာတာက အင်မတန် ခက်တဲ့ အဓိပ္ပါယ်ကြီး အင်မတန်ဖုံးနေတာကြီးကို ဖွင့်ပေးရမှာမို့ အင်မတန်ဘဲ ဝမ်းသာတယ် (မှန်ပ့ါ) စိုးရိမ်တာက ဪ နားမလည်မှာကိုလဲ တော်တော် စိုးရိမ်တယ် (မှန်ပါ့)။
နားမလည်မှာကိုလဲ စိုးရိမ်တယ်
နားမလည်လို့ရှိရင်လဲ ခင်ဗျားတို့ ဒုက္ခပင်လယ်ဝေပြီးတော့ မြေကြီး, ကြီးပွားရေးသာ ဖြည့်တော့မယ် (မှန်ပ့ါ) သိပ်စိုးရိမ်စရာကောင်းတယ် (ကောင်းပါတယ် ဘုရား) စိုးရိမ်စရာ သိပ်မကောင်းပေဘူးလား (ကောင်းပါတယ် ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အထူးဂရုစိုက်ပြီး ဪ ငါဘက်ကအပြစ်ဟာ ဒါပါကလား (မှန်ပါ့) ငါတို့ ရှေ့လာဦးမည့် ဒုက္ခတွေကလဲ တပုံကြီးပေါ့ဗျာ (မှန်ပါ့)။
ဒါတွေ ယနေ့ ဒီတရားနားလည်ပြီး ဒီတရား အားထုတ်လိုက်လို့ရှိရင် ဒုက္ခဇာတ် ပြတ်တော့မယ် (မှန်ပါ့) မပြတ်ပေဘူးလား (ပြတ်ပါတယ် ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ ပေပြီး သကာလ နားမလည်,လည်အောင်ထောင်၊ နားလည်အောင်တော့ဖြင့် အတော်ပြောတတ်တဲ့ ဘုန်းကြီးဘဲ (မှန်ပါ့)။
သို့သော် ခင်ဗျားတို့က သိပ်ထူလွန်းမကထူရင်တော့ မတတ်နိုင်ဘူးပေါ့ဗျာ (မှန်ပါ့) နားလည်အောင် တော့ဖြင့် အတော်ပြောတာဘဲ (မှန်ပါ့) ပါဠိဆိုရင် မပါသလောက်ဘဲ (မှန်ပါ့) သို့သော် ဒီပါဠိတော် ကိုဘဲ ဘုန်းကြီးဂရုစိုက်ပြီး ထားတယ် (မှန်ပါ့)။
တဏှာ ဒိဋ္ဌိနှစ်ခု၏ လက်ချက်
ကိုင်း ဒါဖြင့် ပြောကြပါစို့ နိဗ္ဗာန်ဖုံးနေတာ ခန္ဓာကိုယ် ငါထင်တဲ့ သက္ကာယဒိဋ္ဌိ, င့ါဥစ္စာထင်တဲ့တဏှာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဒီနှစ်ခုဖုံးပြီး သကာလ နေလိုက်တာ ဒကာ ဒကာမတို့ နိဗ္ဗာန် မတတ်သာလို့သာ ထည့်လိုက်တယ်၊ လူ့ပြည်, နတ်ပြည်, ဗြဟ္မာပြည် အကြိမ်ကြိမ်ခံစား၍ဆိုတော့ သူတို့နှစ်ခု လက်ချက်ဘဲ (မှန်ပါ့) တဏှာ ဒိဋ္ဌိနှစ်ခု၏ လက်ချက်နဲ့တောင်းချလိုက်တယ် (မှန်ပါ့ ဘုရား)။
အခုကွယ်တာ နည်းနည်း၊ နောက်များများကြီး အကြိမ်ကြိမ် ကွယ်ရပါလို၏ ဆိုတာကော (ပါ-ပါတယ် ဘုရား) အံမာလေး ကြောက်စရာကြီး ဒကာသစ်ရဲ့ (မှန်ပါ့)။
သေသေချာချာ စစ်စစ်မြစ်မြစ် ပြောတတ်တဲ့ ဆရာနဲ့ တွေ့လာတော့မှ ဦးမာဒင်ရေ ငါတောင်းချက်သည်ကားလို့ ဆိုရင် ငါနဲ့ နိဗ္ဗာန်နဲ့ ဘယ်တော့မှမတွေ့ရစေသတည်း (မှန်ပါ့) ဒီရောက်တယ် (ရောက်ပါတယ်) သိပ်ကြီးကျယ်ပါလား (မှန်ပ့ါ) သိပ်ကြီးကျယ်တယ် ဆိုတာဖြင့် ဒါလောက်ရှိသိလောက်ပါပြီဗျာ (သိလောက်ပါပြီ ဘုရား)။
အကြိမ်ကြိမ်ကွယ်၍
အကြိမ်ကြိမ်ကွယ်၍ (မှန်ပါ့ ဘုရား) ခန္ဓာပေါ်မှာထင်တဲ့သက္ကာယ ရောက်ရာမှာလဲ ခန္ဓာပေါ်မှာဘဲ၊ ပေါ်ရာကိုလဲ ငါထင်မှာဘဲဆိုတော့ သက္ကာယဒိဋ္ဌိကလဲ ပဌမနိဗ္ဗာန်ကွယ်ထားမယ် (မှန်ပါ့)။
အဲဒီ့ကွယ်တဲ့တရားနဲ့ ဒီခန္ဓာကြီးနဲ့ အကြိမ်ကြိမ်ဖြစ် ရပါလို၏ (မှန်ပါ့) အကြိမ်ကြိမ်ဖြစ်ရပါလို၏ဆိုတော့ နိဗ္ဗာန် ဘယ်အခါကာလမှ မမြင်ရတဲ့ကိုယ်ဖြစ်ရပါလို၏ (မှန်ပါ့)။
ဒကာကြွယ် တယ်နာပါကလား (နာပါတယ် ဘုရား) သေသေချာချာတွေးမှနော် (မှန်ပါ့) ခင်ဗျားတို့ သာမညဉာဏ်နဲ့ နားထောင်မယ်ဆိုပြီး တရားပွဲပြန်သွားလို့မရဘူး (မှန်ပါ့ ဘုရား) ဉာဏ်ကြီးရှင်မှ ရတယ် (မှန်ပါ့) ဒါဖြင့် ပေါ်ကြပါပြီ (ပေါ်ပါပြီ ဘုရား)။
ကဲ ဒါဖြင့် ပဌမနိဗ္ဗာန်ကွယ်တာ ခန္ဓာကိုယ် ငါ ငါ့ဥစ္စာထင်တဲ့ သက္ကာယဒိဋ္ဌိ (မှန်လှပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီသက္ကာယဒိဋ္ဌိဖြုတ်လိုက်ရလို့ရှိရင်
ဒါဖြင့် ဒီသက္ကာယဒိဋ္ဌိဖြုတ်လိုက်ရလို့ရှိရင် ပဌမနိဗ္ဗာန်ရောက်မယ် (မှန်ပါ့) ပဌမနိဗ္ဗာန်ရောက်လို့ရှိရင် ဒုတိယကို ပဌမနိဗ္ဗာန်ရောက်တဲ့ဉာဏ်က ဆက်လက်ပြီး တွန်းပို့သွားရမှာဘဲ (မှန်ပါ့) ဘုန်းကြီးတို့ ကူဖို့မလိုတော့ပါဘူး (မလိုပါဘူး ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ရှင်းကြပါစို့၊ ဒီနေ့ပြောရမှာက ဒကာ ဒကာမတို့ သာဝတ္တိပြည် ဇေတဝန်ကျောင်းမှာ ရှင်သာရိပုတ္တရာ ကြီး သီတင်းသုံးနေတယ် (မှန်ပါ့) ရှင်သာရိပုတ္တရာ ကြီး သီတင်းသုံးပြီး သကာလ နေတော့ ‘ယမက’ ဆိုတဲ့ ရဟန်းရှိတယ် (မှန်ပါ့ ဘုရား)။
‘ယမက’ ဆိုတဲ့ ရဟန်း
ယမကဆိုတဲ့ရဟန်းက ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရဟန္တာဆိုတာဟာကွာ ရဟန္တာဆိုတာဟေ့ နောက်ပဋိသန္ဓေမနေတာဘဲကွ၊ အဲဒါ ရဟန္တာခေါ်တာဘဲ (မှန်ပါ့)။
နောက် ပဋိသန္ဓေမနေတာ ရဟန္တာခေါ်တာဘဲလို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက နောက်ပဋိသန္ဓေဆိုတာ ဒုက္ခသစ္စာကိုးဗျ (မှန်ပါ့) အဲဒါ ဒုက္ခသစ္စာမလာတာဟာ နိဗ္ဗာန်ဘဲကိုး (မှန်ပါ့)။
အဲဒီလို ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အကျယ်တဝင့်ဟောပြီး သကာလ နေတုန်း ယမကဆိုတဲ့ ရဟန်းတပါးက ဪ ရဟန္တာများသေရင် ဘာမှ မဖြစ်ဘဲကိုး လို့ ယူလိုက်ပါတယ် (မှန်ပါ့)။
ရဟန္တာသေရင် (ဘာမှမဖြစ်ပါဘူးလို့ ယူလိုက်ပါတယ် ဘုရား) ဒါဖြင့် ဥစ္ဆေဒဒိဋ္ဌိဘက် ကူးသွားပါတယ် (မှန်ပါ့)။
ဘာမှမဖြစ်ဘူးဆိုတော့ ဘယ်ဘက်ကူးသွားသလဲ (ဥစ္ဆေဒဒိဋ္ဌိဘက် ကူးသွားပါတယ် ဘုရား) ဥစ္ဆေဒဒိဋ္ဌိဘက် ကူးသွားပါတယ် (မှန်ပါ့)။
ဥစ္ဆေဒဒိဋ္ဌိဘက်ကူးသွားပြီး တရားပွဲက ပြန်လာတော့ သူကရဟန်းတွေ အစည်းအဝေး ဝင်တဲ့ပြီး အရှင်ဘုရား ဘုရားဟောတော်မူတာ တပည့်တော် အကုန်သိတယ် (မှန်ပါ့)။
ဥစ္ဆေဒဒိဋ္ဌိ
ရဟန္တာသေရင် ဘာမှ မဖြစ်တော့ဘူးဆိုတော့ ဒကာ ဒကာမတွေ ဉာဏ်ကြီးကြီးနဲ့ နားထောင် လိုက်တော့မှ ဪ နိဗ္ဗာန်ဆိုတာ ဘာမှမရှိဘူး ယူလိုက်တယ် (မှန်ပ့ါ) ဘယ်ရောက်သွားသလဲ (ဥစ္ဆေဒဒိဋ္ဌိဖြစ်သွားပါတယ် ဘုရား) ဒကာကြွယ် ဘယ်အဓိပ္ပါယ်ရောက်သလဲ (ဥစ္ဆေဒဒိဋ္ဌိဖြစ်သွားပါတယ် ဘုရား) ဒိဋ္ဌိက ဥစ္ဆေဒဒိဋ္ဌိ (မှန်ပါ့)။
သူက ရဟန္တာသေရင် ဘာမှ မဖြစ်တော့ဘူး ဆိုတော့ ရဟန္တာသေလို့ရှိရင် နိဗ္ဗာန်ကို ရောက်တာဘဲ၊ ဒါကြောင့် နိဗ္ဗာန်မရှိဘူး ယူလိုက်တာနဲ့ကော ထူးသေးရဲ့လား (မထူးပါ ဘုရား) တယ်လဲ ဆိုးပါကလား (ဆိုးပါတယ် ဘုရား) ဒါဖြင့် ဘာဒိဋ္ဌိခေါ်ကြမယ် (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)။
ဥစ္ဆေဒဒိဋ္ဌိဖြစ်ပြီး သကာလ သွားတော့ ဒကာကြွယ်ရေ မလျှော့တော့ဘူး သူ့ဥစ္ဆေဒဒိဋ္ဌိ၊ ဒိဋ္ဌိဆိုတာ ဒိဋ္ဌုပါဒါန်ကိုးဗျ (မှန်ပါ့) ဥပါဒါန်အခြေအနေရောက်ပြီဆိုမှဖြင့် ဦးသန်းမောင်တို့ တွဲတော့တာဘဲ မရဘူး (မှန်ပါ) ရသေးရဲ့လား (မရပါ ဘုရား)။
ဒီမှာကော ဦးသန်းမောင်တို့ အိမ်ကလဲ ကျကျ၊ သားနဲ့ သမီးနဲ့ဖြစ်နေကြပြီဆိုမှဖြင့် အင်း ကိုယ်ကဆိုးလဲ မိန်းမက အို ဟိုငဲ့ ဒီငဲ့နဲ့ မပစ်နိုင်ဘူး (မှန်ပါ့)။
ရဟန္တာသေရင် ဘာမှမဖြစ်တော့ဘူးလို့
မိန်းမကဆိုးပြန်လဲ သားသမီးတွေ တောင်ငဲ့ မြောက်ငဲ့နဲ့ စီးပွာရေးလက်မှတ် ထိုးထားတာတွေ အတူတူနဲ့ အမျိုးမျိုး အဖုံဖုံလက်ထက်ပွားတွေ စီးပွားရေးတွေနဲ့ ဟာ မတတ်သာဘူး ဒီအတိုင်းနေရဦးမယ် (မှန်ပါ့) ဒိဋ္ဌုပါဒါန်လေဗျာ (မှန်ပ့ါ) တွဲမိပြီဆိုမှဖြင့် ခင်ဗျားတို့ ဖြုတ်လို့ ရသေးရဲ့လား (မရပါ ဘုရား)။
မရတော့ဘူးဆိုသလိုဘဲ အဲဒီ ယမကမှာလဲ သူ့မှာ တရားတခါနာလိုက်တာနဲ့ ရဟန္တာသေရင်ကွာ ပဋိသန္ဓေမနေပါဘူး ဆိုတာ ကြားလိုက်တာနဲ့ ရဟန္တာသေရင် ဘာမှမဖြစ်တော့ဘူးလို့ သူက အယူ,ယူလိုက်တယ် (မှန်ပါ့)။
ဒါဖြင့် ရဟန္တာသေရင် ဒကာ ဒကာမတို့ နိဗ္ဗာန်ရောက်တယ်လို့ ဆိုရုံပါဘဲ (မှန်ပါ့ ဘုရား)။
သို့သော် သူက ဘာမှမဖြစ်တော့ဘူးဆိုသဖြင့် နိဗ္ဗာန်မရှိဘူးလို့ ယူလိုက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ဘာတဲ့တုံး (နိဗ္ဗာန်မရှိဘူးလို့ယူလိုက်ပါတယ် ဘုရား) ဒါဖြင့် ဘာဒိဋ္ဌိ ဖြစ်သွားသတုံး (ဥစ္ဆေဒဒိဋ္ဌိ ဖြစ်သွားပါတယ် ဘုရား)။
ဥစ္ဆေဒဒိဋ္ဌိဖြစ်သွားတယ် (မှန်ပါ့) ဒကာကြွယ် နာလိုက်တာဗျာ (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘာဒိဋ္ဌိလဲ (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား) ဒီအယူရှိရင်လဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နိဗ္ဗာန်မရနိုင်ဘူး (မှန်ပါ့ ဘုရား)။
ဒီအယူကိုလဲ ဖြေဖျောက်ပေးရမည့်ဆရာသမား လိုလာတယ်
ဒါဖြင့် ဒီအယူကိုလဲ ဖြေဖျောက်ပေးရမည့် ဆရာသမား လိုလာတယ် (မှန်ပါ့) မလိုဘူးလား (လိုပါတယ် ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ ကိုယ်သိတာကလေးလောက်နဲ့ တော်လောက်ပြီဆိုပြီး ဘုန်းကြီးတို့ ဒကာ ဒကာမတွေ တင်းတိမ်မနေလိုက်ပါနဲ့ (မှန်ပါ့) တင်းတိမ်နေလိုက်ရင် တင်းတိမ်မှားလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
တင်းတိမ်ရင် (တင်းတိမ်မှားပါ ဘုရား) အေး တင်းတိမ်လို့ရှိရင် တင်းတိမ်မှားလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) အခု ဘာဒိဋ္ဌိဖြစ်နေသတုံး (ဥစ္ဆေဒဒိဋ္ဌိဖြစ်နေပါတယ် ဘုရား) သူက ဘာမှမရှိဘူးလို့ ယူလိုက်တာတုံးဆိုလို့ရှိရင် (နိဗ္ဗာန် မရှိဘူးလို့ယူလိုက်ပါတယ် ဘုရား)။
အံမာ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလဲ နိဗ္ဗာန်သည် ဓုဝနိဗ္ဗာန်ဟေ့ သုခနိဗ္ဗာန်ဟေ့လို့ ဟောလိုက်တာလဲ မနည်းဘူး (မှန်ပ့ါ) အမြဲရှိတဲ့နိဗ္ဗာန်, အမြဲချမ်းသာတဲ့နိဗ္ဗာန်လို့ ဘုရားက ဟောတယ် (မှန်ပါ့)။
အင်း ဘုရားက ဟောလိုက်တာလဲ ဓုဝတို့, သုခတို့များ ဟောလိုက်တယ် နိဗ္ဗာန်ဟာ ရှိလဲရှိတယ်ကွ ‘အတ္ထိ ဘိက္ခဝေ နိဗ္ဗာနံ’ လို့လဲဥဒါန်းပါဠိတော်တို့မှာ သေသေချာချာလာတယ် (မှန်ပါ့) သူကိုယ်တိုင် ဟောတာတွေဘဲ နိဗ္ဗာန်ရှိပါတယ်လို့ (မှန်ပါ့) ယမက, က ဘယ်လိုယူလိုက်ပါလိမ့် (နိဗ္ဗာန်မရှိပါ ဘုရား)။
နိဗ္ဗာန်မရှိတော့ဘူး၊ ရဟန္တာသေလို့ရှိရင် ပျောက်တာဘဲဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ လူတယောက် တံခါးကနေပြီး ဟေ့ နိဗ္ဗာန် ဆိုတာဟာ ကောင်းတာလဲ ခံစားနိုင်တာမဟုတ်ဘူး၊ မကောင်းတာလဲ ခံစားနိုင်တာမဟုတ်ဘူး၊ ဆေးငွေ့လို ပျောက်သွားတာ (မှန်ပ့ါ) ဒီလိုယူတဲ့လူတွေလဲ ရှိသေးတယ် (မှန်ပါ့) နိဗ္ဗာန်ကို တခါတည်း ဘာမှမရှိဘူးလို့ ယူချလိုက်တယ် (မှန်ပါ့)။
ဥစ္ဆေဒဒိဋ္ဌိက နိဗ္ဗာန်တားနေတာ
ဒါဖြင့် အဲဒီ့ပုဂ္ဂိုလ်တွေလဲ ဘာဒိဋ္ဌိဆိုကြမယ် (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား) အံမာ ဒကာသစ်တို့, ဦးမာဒင်တို့ ရှိသနော် (မှန်လှပါ) ရှိတယ် (မှန်ပါ့-ရှိပါတယ် ဘုရား)။
သဿတဒိဋ္ဌိတင်ရှိတာမဟုတ်ဘူး၊ မနေ့က ဟိုမှာဟောခဲ့တာက သဿတဒိဋ္ဌိ (မှန်ပါ့) ဒီနေ့ ဒီမှာဟောတာက ဥစ္ဆေဒဒိဋ္ဌိက နိဗ္ဗာန်တားနေတာ ဟောတာ (မှန်ပါ့)။
ကဲ ဒါဖြင့် အားလုံးဒကာ ဒကာမတွေ ဒါကလေးကို ဂရုစိုက်နားထောင်ပါ၊ သောတာပန် တည်နိုငအောင် ဟောလိမ့်မယ် (မှန်ပါ့)။
ဒါနဲ့ ရှင်သာရိပုတ္တရာကြီးဆီသွားပြီး သကာလ ရဟန်းတွေက ပြောကြတာပေါ့လေ ယမကဆိုတဲ့ ရဟန်းတပါးဖြင့် ဘုရားဟောတာ သူသိပါတယ်တဲ့၊ ရဟန္တာသေလို့ရှိရင် ဘာမှမဖြစ်တော့ပါဘူး ဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိအယူကြီး ယူနေပြီဘုရာ့၊ အရှင်ဘုရား ကယ်ဦးမှဘဲ၊ အရှင်ဘုရားကိုယ်တိုင်ကို ကြွမှကောင်းမှာဘုရာ့၊ ဒီလူက အပြောရခက်ကြီးဆိုလို့ ရှင်သာရိပုတ္တရာကြီးက ညနေကျတော့ ယမကနေတဲ့ကျောင်း သွားပြီး ယမက,ရေ မင်း ဒီလိုအယူများ ယူသလားကွ ဥစ္ဆေဒဒိဋ္ဌိ အယူကြီးပါ (မှန်လှပါ ဘုရား)။
ယူပါတယ်ဘုရား၊ ရဟန္တာသေရင် ဘာမှမဖြစ်ဘူးဆိုတာ ဘုရားဟောတော်မူတာ ဒီအတိုင်းပါဘဲ (မှန်ပါ့ ဘုရား)။
ငါ့ရှင် သိပ်ဆိုးပါကလား
ဟာ ငါ့ရှင် သိပ်ဆိုးပါကလား၊ ဥစ္ဆေဒဒိဋ္ဌိ ဘုရားဘယ်တော့မှ မဟောဘဲနဲ့ ဘုရားကိုတောင် မင်းက ဥစ္ဆေဒဒိဋ္ဌိ လုပ်နေပြီ၊ ငါ့ရှင် ဒီလိုမပြောနဲ့၊ မင်းသည် မဂ်ဖိုလ်မှအချည်းနှီးဖြစ်ရတော့မယ် (မှန်ပါ့)။
ဒီလိုဆုံးမတယ်၊ ဆုံးမတဲ့ အဖြစ်နဲ့ဘဲ အမျိုးမျိုးဆုံးမပြီး သကာလ နေငြားသော်လဲ မရဘူး၊ မရတာနဲ့ ရှင်သာရိပုတ္တရာကမေးတယ်၊ ငါ့ရှင် သေသေချာချာ စဉ်းစားပါဦး၊ ရဟန္တာဆိုတာကော နဂိုကရှိရဲ့လား ရုပ်ကို ရဟန္တာခေါ်မလား မေးလိုက်တယ် (မှန်ပါ့)။
ဒကာ ဒကာမတွေ ရုပ်ကို ရဟန္တာ ခေါ်နိုင်ပါ့မလား (မခေါ်နိုင်ပါ ဘုရား)။
ခန္ဓာငါးပါးရှိတယ်နော် (မှန်ပ့ါ) ကောင်းတာ ဆိုးတာ ခံစားတဲ့ ဝေဒနာကလေး ရဟန္တာခေါ်ကြမလား (မခေါ်နိုင်ပါ ဘုရား) ဟိုဟာ ဒီဟာမှတ်နေတဲ့ သညာကလေး ရဟန္တာခေါ်ကြမလား (မခေါ်နိုင်ပါ) စေ့ဆော်တိုက်တွန်းနေတဲ့ စေတနာကလေးကော ရဟန္တာခေါ်မလား (မခေါ်ပါ) စိတ်ကလေးတွေကော ရဟန္တာခေါ်ကြမလား (မခေါ်ပါ ဘုရား)။
ဟာ ဒါဖြင့် ဒကာ ဒကာမတို့ နဂိုကမှမရှိတာ သူကရဟန္တာသေရင် ဘာမှ မဖြစ်တော့ဘူးဆိုတာ သူ့စကားက ပြင်ဘက်စကားဖြစ်သွားပြီ (မှန်ပါ့) နဂိုကမှ ရဟန္တာမှ (မရှိပါ ဘုရား) သဘောကျကြပလား (ကျပါပြီ)။
နဂိုကကိုက ရဟန္တာမရှိဘူး (မှန်ပါ့) ဒကာ ဒကာမတွေ နဂိုက ရဟန္တာရှိရဲ့လား (မရှိပါ ဘုရား) ကျုပ်တို့ဟာ ကျုပ်တို့ သမုတ်လို့ ရဟန္တာဖြစ်ရတာ (မှန်ပါ့)။
ဪ ဒီကိုယ်တော်ကြီးဟာ ကောင်းကင်ပျံတယ်၊ မြေလျှိုးရှာတယ် (မှန်ပ့ါ) မြေလျှိုး ကောင်းကင်ပျံတဲ့ အလုပ် မလုပ်ဘူး သုက္ခဝိပဿက ပုဂ္ဂိုလ်ကျတော့ ရဟန္တာဘဲ၊ ဘုရားက အာသဝေါကုန်သတဲ့ ဆိုတော့ ရဟန္တာဆိုတာ ပညတ် (မှန်ပ့ါ) တကယ်ပရမတ်တော့ ရဟန္တာရှိပါရဲ့လား (မရှိပါ) ခန္ဓာငါးပါးဘဲရှိတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်ဟာ ရဟန္တာဆိုမတုံးတဲ့
ငါ့ရှင် ယမက မင်းသည်ကားလို့ ဆိုရင်ဖြင့် ခန္ဓာငါးပါးကို ဘယ်ဟာ ရဟန္တာဆိုမတုံးတဲ့ (မှန်ပါ့) မေးလိုက်တော့ မဆိုပါဘူးဘုရားတဲ့ (မှန်ပါ့) အင်း တော်တော်ပြေပြီ (မှန်ပါ့) မပြေသေးဘူးလား (ပြေပါတယ် ဘုရား)။
ဒကာ ဒကာမတို့ တော်တော်ပြေသွားပြီ (မှန်ပ့ါ) သူက ရဟန္တာ နဂိုကမှ မရှိဘဲနဲ့ဥစ္စာဘဲ (မှန်ပါ့) နဂိုကမှ မရှိတဲ့ ဥစ္စာ သူက ရဟန္တာသေရင် ဘာမှမဖြစ်ဘူးဆိုတော့ ပုဂ္ဂိုလ် သတ္တဝါလုပ်ထားတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ အရှင်သာရိပုတ္တရာက မေးတယ်၊ ရုပ်ကို ရဟန္တာခေါ်မလား ဆိုတော့ ဘယ့်နှယ်ဖြေကြသလဲ (မခေါ်ပါ ဘုရား) ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့ကို ရဟန္တာခေါ်ကြမလား (မခေါ်ပါ ဘုရား)။
မခေါ်နိုင်ဘူး ဟုတ်မှမဟုတ်ဘဲ (မှန်ပါ့) ဒါဖြင့် ခန္ဓာဟာ ခန္ဓာပေါ့ ဒကာ ဒကာမတို့ (မှန်ပါ့) ရဟန္တာ ဟုတ်ကဲလား (မဟုတ်ပါ ဘုရား)။
ရဟန္တာဆိုတာကတော့ ခင်ဗျားတို့လဲ ဟိုတောင်ခေါင်းကြီးထဲသွားကြည့်ပြီး ဒါက ဘယ်ရဟန္တာဆိုတာ ဆိုင်းဘုတ်ကလေးကြည့်ပြီး ဟောဒါက ကျောက်ထုချင်း အတူတူဘဲ၊ ဒါရဟန္တာဘဲလို့ လုပ်ချင်လုပ်ရမယ် (မှန်ပ့ါ) သဘောကျပလား (ကျပါပြီ) ရဟန္တာက သမုတိသစ္စာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ရဟန္တာအစစ်ကို သိချင်လို့ရှိရင်
စင်စစ် ရဟန္တာအစစ်ကို ခင်ဗျားတို့ သိချင်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ကိလေသာဖြတ်တတ်တဲ့ ဉာဏ်ကို ဆိုတာ (မှန်ပါ့) အရဟန္တကိုး (မှန်ပါ့) အရဟန္တ၊ အရာ-က = ရန်သူ၊ ဟန္တ က သတ်တာ၊ ရန်သူကိုသတ်ပြီးသား (မှန်ပါ့) ဒါကိုဆိုတာ (မှန်ပ့ါ)။
ရန်သူကိုသတ်ပြီးသားပုဂ္ဂိုလ်၊ ရန်သူကိုသတ်ပြီးသား တရားဆိုတာ (မှန်ပ့ါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် သူက ရန်သူသတ်ပြီးသားဆိုတော့ ကျုပ်တို့က ပုထုဇန် (မှန်ပါ့) သူ့ကို ရန်သူသတ်ပြီးသားဆိုတော့ ကျုပ်တို့ဘက်လှည့်ပြောဦးမှဖြစ်မှာ (မှန်ပ့ါ) မရဘူး စကားက ဒကာကြွယ် သွားရတော့မယ် (မှန်ပ့ါ) သူက ရန်သူသတ်ပြီးသားဆိုတော့ ကျုပ်တို့က မသတ်ရသေးတဲ့ပုဂ္ဂိုလ် (မှန်ပါ့)။
သူက ဘာတွေသတ်ထားသတုံးဆိုတော့ ကိလေသာရန်သူသတ်လို့ အရဟန္တာဖြစ်တယ် (မှန်ပါ့) ကျုပ်တို့မှာတော့ ကိလေသာရန်သူ ထူပြောသောကြောင့် ပုထုဇ္ဇနဖြစ်တယ် (မှန်ပါ့) သဘောကျပလား (ကျသွားပါပြီ ဘုရား)။
ကျုပ်တို့က ပုထုဇန်လို့
ကျုပ်တို့က ပုထုဇန်လို့ မပြောကြဘူးလား (ပြောကြပါတယ် ဘုရား) အင်း ဘယ်နှယ့်ကြောင့် ပုထုဇန်လို့ ပြောကြပါလိမ့် (ကိလေသာရန်သူ ထူပြောသောကြောင့်ပါ) ကိလေသာထူပြောလို့ (မှန်ပါ့)။
ခင်ဗျားတို့က ကျုပ်တို့တော့ မှားတာ မှန်တာတော့ ဗွေမယူနဲ့နော်လို့ ဒကာကြွယ်တို့က လေပြေထိုးတယ် (မှန်ပါ့) ပုထုဇန်ဆိုတာ ဒီလိုဘဲတဲ့ (မှန်ပါ့) အံမာ သူက ကိလေသာ ပေါတဲ့လူလို့ ကြွားလိုက်သေးတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘာနဲ့ကြွားပါလိမ့် (ကိလေသာပေါတဲ့လူလို့ ကြွားပါတယ်) ကျုပ်တော့ ဗွေမယူပါနဲ့ဗျာ ပုထုဇန်ဘဲတဲ့ (မှန်ပါ့) အသုံးကမြို့သုံး (မှန်ပါ့) ကြားရတာတော့ နားထဲမှာသိပ်ဆိုးဝါးတယ် (မှန်ပါ့)။
ကျုပ်ပုထုဇန်ပါတဲ့၊ မှားတာ မှန်တာတွေတော့သိပ်ပြီး သကာလ မယူနဲ့၊ကျုပ်အတွေ့နဲ့ ကျုပ်တော့ဖြင့် မှန်တယ်ထင်ပြီး ပြောတော့ ပြောရတာဘဲ၊ သို့သော် ပုထုဇန်သဘောဖြစ်နေတော့ မှားတာလဲ ရှိလိမ့်မပေ့ါဗျာတဲ့ (မှန်ပါ့)။
ဘယ့်နှယ်ကြောင့် ဒါကလေး ဖုံးပါလိမ့်မတုံး ဒကာကြွယ် ပါးစပ်ကတောင် မဖွင့်ရဲဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ပါးစပ်ကတောင် မဖွင့်ရဲပါဘူးတဲ့ (မှန်ပါ့) ဘယ့်နှယ်ကြောင့် မဖွင့်ရဲပါလိမ့်မတုံး မေးတဲ့အခါကျတော့မှ ဒကာ ဒကာမတို့ အဓိပ္ပာယ်မသိဘဲ ပြောနေတဲ့စကား (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
အဓိပ္ပာယ်မသိဘဲနဲ့ ပြောနေတဲ့ စကားဖြစ်တော့ကျုပ်ဟာ အင်မတန် ကိလေသာထူပြောပါတယ် ဗွေမယူပါနဲ့တဲ့ (မှန်ပါ့) ကောင်းသေးရဲ့လားဗျာ (မကောင်းပါ ဘုရား)။
ကျုပ်က ကိလေသာတွေ ထုတက်နေတဲ့ ပုဂ္ဂိုလ်ပါ၊ ဒါ့ကြောင့် ဗွေမယူပါနဲ့ (မှန်ပါ့) ကောင်းသေးရဲ့လား
ကိလေသာချေးတွေ ထူလှချည့်လား
ပြောရမှာက (မဲ့ပြောရမှာပါ) ဪ ငါ့မှာ ကိလေသာချေးတွေ ထူလှချည့်လား၊ ဒီဟာနဲ့ ဝန်ခံတော့တာဘဲ၊ ကျုပ်ဖြင့်ဗျာ လူမိုက်ကြီးတယောက်ပါဘဲ၊ ကိလေသာတွေပေါလွန်းလို့ သည်းခံပါ (မှန်ပ့ါ)။
ဒီလိုမဲ့ပြောရမှာ (မှန်ပ့ါ) မဟုတ်ဘူး သူတို့ကပြုံးများပြောနေလိုက်သေးတယ် (မှန်ပါ့) အံမာလေး ဒုက္ခကြီး (မှန်ပါ့)။
နောက်ကို ဘယ်လိုပြောကြရမယ် (မဲ့ပြောရမှာပါ) မဲ့ပြောရမှာ (မှန်ပါ့) မဲ့ပြောမှသာ နေရာကျမှာကိုး (မှန်ပ့ါ) ရှင်းပလား (ရှင်းပါပြီ)။
ကိုင်း ဒကာကြွယ် နောက်ကို လေပြေထိုးချင် ဘယ့်နှယ်လုပ်မလဲ (မဲ့ပြောရပါမယ်) မဲ့ပြီးပြောမှဗျ၊ အခုဥစ္စာအချိုးမှ မကျဘဲ (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒါတွေက အမှားတွေပြင်ပေးနေတဲ့ အဓိပ္ပာယ်ဘဲမှတ်တာပေါ့နော် (မှန်ပါ့)။
(ကိုင်း ယမက ပြန်ကောက်ကြဦးစို့)
ဒါဖြင့် ယမက မင်းသည် ရုပ်တရားကို ရဟန္တာဆိုမလား၊ ဝေဒနာ သညာ သင်္ခါရကို ရဟန္တာဆိုရမလားတဲ့၊ မဆိုပါဘူးဘုရား (မှန်ပါ့) ဒါဖြင့် မဆိုပါဘူးဆိုကတည်းက ဒကာကြွယ် ရဟန္တာပျောက်ပြီ (မှန်ပ့ါ) မပျောက်သေးဘူးလား (ပျောက်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ရဟန္တာဟာ သမုတိသစ္စာလား ပရမတ္ထသစ္စာလား (သမုတိသစ္စာပါ) သမုတိသစ္စာ ဆိုတဲ့ဥစ္စာ ကျေနပ်ကြပလား (ကျေနပ်ပါပြီ ဘုရား)။
ဒီကိုယ်တော်ကြီး ရည်မှန်းပြီး
ဒါကြောင့် ခင်ဗျားတို့ ဘုရားရှိခိုးတော့လဲ ဒီအတိုင်းပါဘဲတဲ့၊ ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူတာ နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်ပါပြီး (မှန်ပ့ါ) ခင်ဗျားတို့ကိုယ်တော်ကြီးရည်မှန်း၍ ရှိခိုးပါ၏ (မှန်ပ့ါ)။
သမုတိဘုရားရှိခိုးရမယ် (မှန်ပါ့) သူနဲ့ဆက်ပြီး ဟိုကိုဉာဏ်ရောက်သွားအောင်လို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီလိုရှိခိုးကြပါတဲ့၊ ဒီကိုယ်တော်ကြီး ရည်မှန်းပြီး သကာလ တပည့်တော်တို့သည် ဥဒ္ဓိဿစေတီ ရည်မှန်းပြီး သကာလ သက်တော်ထင်ရှား ဘုရားရောက်အောင်ဘဲ ရှိခိုးပါတယ် (မှန်ပါ့) ဒီလို သွားရမှာဗျ (မှန်ပါ့)။
အခုတော့ ဒီကိုယ်တော်ကြီးကိုဘဲ သူက အင်း ဘေးတကာ ရန်တကာ နိုင်အောင် ဆိုတောင်းပြည့် ဘုရားကြီး လုပ်ချင်လုပ်ဦးမှာ (မှန်ပ့ါ) အတော်ခက်နေတာဗျ (မှန်ပါ့) တကာကြွယ် မခက်ဘူးလား (ခက်ပါတယ် ဘုရား)။
အင်း တော်တော်ကြာ ရွှေကြက်ယက်သွား ရှင်ဘုရင်တောင်မှားလို့၊ သားတော်, သမီးတော်တွေသွား ဒူးဖြတ်တယ် (မှန်ပါ့) ရှင်ဘုရင်တောင် မှားနေတာ (မှန်ပါ့) ရွှေကြက်ယက် သွားတာနဲ့ ဒူးဖြတ်နဲ့ ဘာဆိုင်သတုံးဗျ (မှန်ပါ့) ဟိုက ဥဒ္ဓိဿစေတီကြီး ဘုရားစစ်လဲ ဟုတ်ပါရဲ့လား (မဟုတ်ပါ) မဟုတ်ပါဘူးတဲ့ သူ့ရည်မှန်းပြီး ဟိုဘုရားကို ရှိခိုးကြရတာ (မှန်ပါ့)။
ဒီကိုယ်တော် ရည်မှန်းပြီး ဟိုဘုရားရှိခိုးပါ၏ဆိုပြီး သကာလ သွားရတာ၊ ဒီဘုရားသွားရတာနဲ့ ဒူးဖြတ်ခံရတာ နာသဗျာ (မှန်ပါ့)။
ရှင်ဘုရင်ရှိရင်လဲ ဘုန်းကြီးလဲ မဟောရဲပါဘူး
မနာဘူးလား (နာပါတယ်) ရှင်ဘုရင်ရှိရင်လဲ ဘုန်းကြီးလဲ မဟောရဲပါဘူး၊ အခုတော့ သူမှမရှိလို့ (မှန်ပ့ါ)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ရဟန္တာရှာတွေ့ကြရဲ့လား (မတွေ့ပါဘူး)။
ရဟန္တာ မရှာပါနဲ့ ဒကာ ဒကာမတို့၊ ဥပမာ ဒကာသစ်ဆိုတာကို ဒီနားမှာ ရှာစမ်းပါ၊ တွေ့ကြရဲ့လား (မတွေ့ပါ ဘုရား)။
သေသေချာချာရှာတော့ ဒကာသစ် မရှိဘူး (မှန်ပါ့) ဒကာကြွယ်ကော (မရှိပါ ဘုရား) ဘာတွေတွေ့ကြသတုံး (ခန္ဓာငါးပါးဘဲ တွေ့ပါတယ် ဘုရား)။
အေး ဒါကြောင့် ရဟန္တာသေရင် ဘာမှမဖြစ်ပါဘူး ဆိုလို့ ရှင်သာရိပုတ္တရာက မင်းဟာ ခန္ဓာငါးပါးကို ဘယ်ဟာ ရဟန္တာခေါ်မလဲလို့ မေးလိုက်တယ် (မှန်ပါ့) မေးလိုက်တော့ ဘယ်ဟာမှ ရဟန္တာမခေါ်ပါဘူးတဲ့ (မှန်ပါ့)။
ခန္ဓာငါးပါးကို ခန္ဓာငါးပါး ဆိုရုံပါဘဲဘုရား
ဒါဖြင့်ကွာ မင်းသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒီခန္ဓာငါးပါးကို ရဟန္တာမဟုတ်ဘူးဆိုလို့ရှိရင်ဖြင့် ဘာဆိုမတုံးတဲ့ (မှန်လှပါ) ခန္ဓာငါးပါးကို ခန္ဓာငါးပါး ဆိုရုံပါဘဲဘုရား တဲ့ (မှန်ပါ့ ဘုရား)။
နို့ ဒါကို ဘာသစ္စာဖွဲ့မတုံးကွ မင်း (မှန်ပါ့) ဟာ ခန္ဓာငါးပါးဖြင့်ဘုရား ဒုက္ခသစ္စာပေါ့ (မှန်ပ့ါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့်ကွာ ဒီတရားဟာ အနိစ္စလား ဒုက္ခလား ငါ မေးပြီကွာ ဖြေစမ်းပါကွာ ဆိုတော့ ဒုက္ခသစ္စာ အရှုခိုင်းတယ် (မှန်ပ့ါ) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
အဲဒီတော့ ဒါဖြင့် ဒုက္ခသစ္စာဖြစ်ပြီ၊ ရုပ်ကြည့်စမ်းဟေ့ ရဟန္တာလား၊ ဒုက္ခသစ္စာလား (ဒုက္ခသစ္စာပါ ဘုရား)။
အေး အဲဒီလိုကြည့်ကွာ၊ တက်ပေးလိုက်ပြီ (မှန်ပ့ါ) ဝေဒနာကလေးကြည့်ဟေ့၊ ဝေဒနာလား၊ ရဟန္တာလားဟေ့ (ဝေဒနာပါ ဘုရား) ဝေဒနာ ဘာသစ္စာတုံးဟေ့ (ဒုက္ခသစ္စာပါ) အဲ ဒုက္ခသစ္စာဖြင့် ရှုကွ ဝေဒနာပေါ်တိုင်း-ပေါ်တိုင်း (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သညာပေါ်တိုင်းပေါ်တိုင်း ရဟန္တာလား၊ ဒုက္ခသစ္စာလား (ဒုက္ခသစ္စာပါ ဘုရား) ဒါဖြင့် ပေါ်လာရင် ဘာလုပ်ကြမယ် (ဒုက္ခသစ္စာလို့ရှုရပါမယ်) ဒုက္ခသစ္စာလို့ ရှုပေး (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ စိတ် ပေါ်တိုင်းပေါ်တိုင်းလဲ ရဟန္တာလား (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာဘဲ၊ ဒါဖြင့် ပေါ်တိုင်းပေါ်တိုင်း ရှုလိုက်တော့ ဖြစ်ပျက် မတွေ့ပေဘူးလား (တွေ့ပါတယ်) ဖြစ်ပြီး ပျက်တာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) သေချာပလား (သေချာပါပြီ ဘုရား)။
အဲဒီလို အရှုခိုင်းလိုက်တော့ တခါတည်း ဒီ ဒုက္ခသစ္စာမှန်းသိတော့ အဲဒါကို မင်းသည်ကားလို့ဆိုရင် ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာတော ဆိုနိုင်သေးရဲ့လား မေးပြန်တာဘဲ (မှန်ပါ့) ဆိုနိုင်ကြရဲ့လား (မဆိုနိုင်ပါ ဘုရား)။
ဘာဆိုနိုင်မလဲ ဒကာ ဒကာမတွေရဲ့ ဒုက္ခသစ္စာဘဲ၊ ငါ့ကိုယ်လဲ မဟုတ်ဘူး၊ ငါ့ဟာ မဟုတ်ဘူး၊ ငါ့ဥစ္စာကော (မဟုတ်ပါ ဘုရား)။
ဝိပဿနာအရှုခိုင်းလိုက်တယ်
အဲဒီလို တခါတည်း ဝိပဿနာအရှုခိုင်းလိုက်တယ် (မှန်ပါ့) ဟောရင်း အရှုခိုင်းလိုက်တော့ (သောတာ ပန်တည်ပါတယ် ဘုရား) သောတာပန်တည်တော့ ပဌမနိဗ္ဗာန်မြင်သွားတယ် (မှန်ပါ့ ဘုရား) ဖြစ်ပျက်တွေမြင် ဖြစ်ပျက်တွေမုန်း, ဖြစ်ပျက်တွေဆုံးပေါ့ဗျာ (မှန်ပါ့)။
အဲဒီတွင် သောတာပန်တည်သွားတယ် (မှန်ပ့ါ) သောတာပန်တည်သွားတော့ လျှောက်ပြီး ဆက်မေးလိုက်တယ်၊ သောတာပန်တည်မှန်းလဲ သိပြီ ရှင်သာရိပုတ္တရာက (မှန်ပါ့)။
ဒါကြောင့် ခင်ဗျားတို့သည် ခန္ဓာငါးပါးထဲက တပါးပါးကိုဖြင့် ဖြစ်ပျက်ရှုကြပါ (မှန်ပါ့) သောတာပန်တည်တဲ့ တရားပါဘဲ (မှန်ပ့ါ) ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ မဟုတ်ဘူးကျအောင်သာ ရှု (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီကဲ့သို့ ဖြစ်ပျက်မြင်အောင်, ဖြစ်ပျက်မုန်းအောင်, ဖြစ်ပျက်ဆုံးအောင် စာအုပ်ထဲမှာလဲ ပါ-ပါတယ် (မှန်ပ့ါ) အဲဒီလို ရှုလိုက်လို့ရှိရင် သောတာပန်တည်တာပါဘဲ (မှန်ပါ့)။
ခုနင်က ပညတ်ခွါလိုက်ပြီး ပရမတ်ပေါ်လာတယ် (မှန်ပါ့) ပရမတ်ကို ဝိပဿနာရှုချလိုက်တော့ ဉာဏ်စဉ်အတိုင်း တက်သွားတယ် (မှန်ပ့ါ) မတက်ဘူးလား (တက်ပါတယ် ဘုရား)။
အဲဒီလို ဖြစ်သွားတော့ သောတာပန်တည်တော့ ရှင်သာရိပုတ္တရာက သိပြီ၊ ငါ့လူတော့ နေရာကျပြီ (မှန်ပ့ါ)။
ကဲ ယမက လာဦးကွ၊ မင်းသည်ကားလို့ဆိုရင် ရုပ်ကို ရဟန္တာ ခေါ်မလား တဲ့၊ မခေါ်တော့ပါဘူးဘုရား (မှန်ပါ့) ရုပ်မှတပါး မင်း ရဟန္တာခေါ်မလားလို့ မေးပြန်တယ် (မှန်ပါ့) အဲဒီကျတော့ ဘယ့်နှယ်ဖြေပြန်သတုံး (မခေါ်ပါ) မခေါ်နိုင်ဘူး၊ ရုပ်မှတပါးလဲ ဘာမှမရှိဘူး (မှန်ပါ့)။
ခန္ဓာငါးပါး ရဟန္တာခေါ်မလား
ဒါဖြင့်ကွာ ခန္ဓာငါးပါး ရဟန္တာခေါ်မလားလို့ မေးပြန်တယ် (မခေါ်ပါ) ဒါဖြင့်ကွာ တဲ့ ခန္ဓာငါးပါး မဟုတ်တာ ရဟန္တာခေါ်မလားတဲ့ (မခေါ်ပါ ဘုရား)။
ဪ သာဓု သာဓုကွာ နေရာကျလိုက်တာ (မှန်ပါ့) သောတာပန်တည်သွားပြီပြောတာ (မှန်ပါ့) ဘယ့်နှယ် ဖြစ်ပျက်မြင်လို့ ဖြစ်ပျက်မှတပါး ဒုက္ခသစ္စာမှတပါး ဘာမှ မရှိဘူးလို့ သူ သိသွားပြီ (မှန်ပါ့)။
အဲဒီတွင်မှ ကဲကွာ တဲ့ မင်း နဂိုတုန်းကတော့ကို ရဟန္တာ သေရင် ဘာမှမဖြစ်ဘူးလို့ မင်းက ဥစ္ဆေဒဒိဋ္ဌိအယူ ယူထားတယ်၊ ဘုရားလဲ စွပ်စွဲသေးတယ် (မှန်ပါ့)။
အခုတော့ဖြင့် မင်းသည်ကားလို့ ဆိုရင်ဖြင့် ရဟန္တာလဲ ရှာမတွေ့ဘူး၊ ဘယ်ဟာမှ ရဟန္တာမရှိဘူးလို့ မင်းပြောလို့ ငါကျေနပ်ပါပြီ တဲ့၊ နဂိုတုန်းက မင်းဘယ့်နှယ်ကြောင့်ပြောတာတုံး၊ ဪ အရှင်ဘုရားတို့လို ပညတ်ဖယ်ပြီး သကာလ ပရမတ်တွေ့အောင် ဟောနိုင်တဲ့ဆရာနဲ့ မတွေ့လို့ တပည့်တော် ဥစ္ဆေဒဒိဋ္ဌိဖြစ်ရပါတယ် (မှန်လှပါ ဘုရား)။
ပညတ်ဖယ်ပြီး ပရမတ်ဖေါ်ပေးတဲ့ ဆရာနဲ့ မတွေ့လို့ (ဥစ္ဆေဒဒိဋ္ဌိဖြစ်ရပါတယ် ဘုရား) ဥစ္ဆေဒဒိဋ္ဌိဖြစ်ရတယ်၊ ပညတ်တွင် လမ်းဆုံးနေတယ် (မှန်ပါ့)။
ရဟန္တာဆိုတော့ ပညတ် (မှန်ပါ့) ရဟန္တာသေသွားရင် ဘာမှမဖြစ်တော့ဘူးဆိုတော့ ပညတ်ဘဲ (မှန်ပ့ါ) ဟိုဘက်လဲ အဘာဝ ပညတ် (မှန်ပါ့ ဘုရား) ဒီဘက်က ခေါ်ထားတာလဲ ရဟန္တာဆိုတာက ရှိတဲ့ပညတ်ပေါ့ဗျာ (မှန်ပ့ါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ပညတ်ဖုံးနေလို့ ပရမတ်ကငုပ်တာ
အဲဒီ ပညတ်ဖုံးနေလို့ ဦးမာဒင်ရေ ပရမတ်က ငုပ်တာ (မှန်ပ့ါ ဘုရား) ရှင်သာရိပုတ္တရာကြီးက ပရမတ်ဖေါ်ပြီးတော့မှ လက္ခဏာရေးသုံးပါးပြတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပရမတ်ဖေါ်ပြီး ဘာပြလိုက်တာလဲ (လက္ခဏာရေးသုံးပါးပြပါတယ် ဘုရား) အဲဒီတော့ သောတာပန် တည်သွားတယ် (မှန်ပါ့)။
ကွာ တဲ့၊ မင်း နေရာကျပါပြီ တဲ့၊ ဒါဖြင့်ကွာတဲ့၊ နောင်လာ နောက်သားတွေ နိဗ္ဗာန်အပေါ်မှာ အကုန် ဥစ္ဆေဒဒိဋ္ဌိ ဖြစ်နေကြလိမ့်မယ် တဲ့ (မှန်ပါ့ ဘုရား) အဲဒါကြောင့် မင်းကို ငါမေးစမ်းပါရစေတဲ့ဆိုတော့ ယခုပြောမည့်စကားဟာ နိဂုံး သိမ်းချုပ်မည့်စကားဖြစ်လို့ ဒကာ ဒကာမတွေ လေးစားစွာနဲ့ နားထောင်စမ်း (မှန်ပ့ါ ဘုရား) လေးစားစွာနဲ့ နားထောင်စမ်းပါ။
သူ သောတပန်တည်ပြီးပြီနော် ဦးမာဒင် (မှန်ပါ့ ဘုရား) ဦးသန်းမောင် တည်ပြီးပြီ (မှန်ပ့ါ) လက္ခဏာရေးသုံးပါးနဲ့ သောတာပန်တည်ကြောင်း ရှင်သာရိပုတ္တရာက သိပြီ (မှန်ပါ့) သူ-သောတာပန်တည်သွားတာကိုလဲ သူ့ဟာသူလဲ သိပြီ (မှန်ပ့ါ)။
ကိုင်းကွာ တဲ့၊ မင်း နဂိုတုန်းကတော့ ရဟန္တာသေလို့ရှိရင် ဘာမှ မဖြစ်တော့ဘူးလို့ ရဟန်းတွေလဲပြော, ငါ့ဆီလဲပြော (မှန်ပ့ါ)။
အခုတော့ မင်းကို ငါကတော့ မမေးပါဘူးတဲ့၊ တပါးသော မင့်မိတ်ဆွေတွေက အရင်မေးတဲ့ပုဂ္ဂိုလ်တွေက ရဟန္တာသေလို့ ရှိရင် ဘယ်ကြွသွားလို့ ဘာဖြစ်သတုံး ဘာမှမဖြစ်ဘူးဆိုတာလား၊ ဘယ်ကြွသွားသတုံးလို့ ဒီလို အမျိုးမျိုးမေး လိမ့်မယ်၊ သူမေးချင်တာ မေးလိမ့်မယ်၊ မင်း-ဘယ့်နှယ်လုပ် ဖြေမတုံး တဲ့ (မှန်ပါ့)။
ရဟန္တာသေလို့ရှိရင် ဘာဖြစ်သတုံးဆိုတာလဲ မေးလိမ့်မယ် (မှန်ပ့ါ) ဟာ ဘယ်ကြွသွားသတုံးဆိုတာကော (မေးမှာပါ ဘုရား) သူမေးချင်တာ မေးလိမ့်မယ်၊ မင်း-ဘယ့်နှယ်လုပ် ဖြေမတုံး တဲ့ (မှန်ပါ့)။
ဖွတ်မြီးနဲ့ ဖွတ်ချည်တယ်
တခါတည်း ဒကာ ဒကာမတို့ ဖွတ်မြီးနဲ့ ဖွတ်ချည်တယ် (မှန်ပ့ါ) ဖွတ်မြီးနဲ့ ဖွတ်ချည်တယ်ဆိုတာ တခြားမဟုတ်ပါဘူး၊ သူနဂိုက မှားထားတာတွေ သူကဘဲ အမှန်ပြောရမယ် (မှန်ပ့ါ)။
သူ နဂိုက ဘယ့်နှယ်တုံး (မှားထားပါတယ် ဘုရား) ဥစ္ဆေဒဒိဋ္ဌိနဲ့ မှားထားတယ် (မှန်ပါ့) အဲဒါကိုပင်လျှင် ဒကာ ဒကာမတို့ ဒီအမှန်နဲ့ သူ့ဟာသူ ဖြေပါလိမ့်မယ် (မှန်ပ့ါ ဘုရား)။
အဲဒီတော့ ဪ ယခုဖြေမည့်အဖြေသည် သာမည အဖြေမဟုတ်ပါလား၊ ဒီနေရာမှာ သောတာပန်တည်ပြီး ဒီနေရာမှာ နိဗ္ဗာန်မြင်တဲ့အဖြေကို ဖြေပါလိမ့်မယ် (မှန်လှပါ) အင်မတန်အဖိုးတန်တယ် (တန်ပါတယ် ဘုရား)။
ဒကာကြွယ် ဘာတုံး (အင်မတန်အဖိုးတန်ပါတယ် ဘုရား) အင်မတန် အဖိုးတန်လိမ့်မယ်ဆိုတာဖြင့် ဒကာ ဒကာမတွေ ရိပ်မိလောက်ပါပြီ (ရိပ်မိပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ယမက တဲ့ မင်းကလဲ နဂိုက ရဟန္တာသေရင် ဘာမှမဖြစ်တော့ဘူး ဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိယူပြီး သကာလ ထားတာ မင်း-အခု ငါ့ဆီက သွားသည်နဲ့ တပြိုင်နက်တည်း မင့်ကို ဟိုပုဂ္ဂိုလ်တွေက မေးကြလိမ့်မယ် (မှန်ပါ့) မေးလို့ရှိရင် ရဟန္တာသေရင် ဘယ်သွားသတုံး လို့ မေးရင် မင်းမဂ်ဉာဏ်, ဖိုလ်ဉာဏ်ရပြီးမှ ဖြေတဲ့အဖြေကို ပြောစမ်းပါတဲ့ (မှန်ပ့ါ)။
အရှင်ဘုရားတည်းဟူသော ဆရာထူး, သမားထူးက ပညတ်ဖယ်ပေးပြီး သကာလ ပရမတ်ဖေါ်ပြီး ဝိပဿနာ အရှုခိုင်းတဲ့ အတွက် တပည့်တော်မှာ ရှေးတုန်းက ပြောမိ ပြောရာဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိအယူကြီး ယူမပါတယ်ဘုရား (မှန်ပါ့)။
ယခုတော့ဖြင့် တပည့်တော် ဒီအယူကို အရှင်ဘုရားတည်းဟူသော ကိုးစားရာ မှီခိုရာရတဲ့အတွက် ဒီအယူ မရှိတော့ပါဘူးတဲ့ (မှန်ပါ့) ဆိုတော့ ဒိဋ္ဌိပယ်ပြီးပြီပြောတာ (မှန်ပါ့ ဘုရား) ဘာဒိဋ္ဌိပယ်လိုက်ပါလိမ့် (ဥစ္ဆေဒဒိဋ္ဌိ ပယ်ပါတယ် ဘုရား)။
ဥစ္ဆေဒဒိဋ္ဌိ ပယ်လိုက်ပါတယ်
အဲ ဥစ္ဆေဒဒိဋ္ဌိ ပယ်လိုက်ပါတယ် (မှန်ပ့ါ) ဒါဖြင့်ဥစ္ဆေဒဒိဋ္ဌိ ပယ်ရင် နိဗ္ဗာန်ပေါ်ရမယ် (မှန်ပ့ါ)။
သေရင် ဘာမှမဖြစ်တော့ဘူးဆိုတာ ဥစ္ဆေဒဒိဋ္ဌိ (မှန်ပါ့) ဖြစ်သေးတယ်ဆိုရင်တော့ဖြင့် ဒကာ ဒကာမတို့ တမျိုးမျိုး ဖြစ်သေးတယ်ဆိုရင်တော့ဖြင့် တော်သေးတာပေါ့ဗျာ (မှန်ပါ့ ဘုရား)။
အခုတော့ နိဗ္ဗာန်တောင်မှ သူ့ဟာက မရှိတော့ဘူးဆိုတဲ့အဓိပ္ပါယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
နိဗ္ဗာန်တောင် (မရှိတော့ဘူးဆိုတဲ့အဓိပ္ပါယ်ပါ ဘုရား) ရဟန္တာသေရင် ဘာမှမဖြစ်တော့ဘူးဆိုတော့ တခါတည်း ပြတ်သွားတယ် (မှန်ပါ့) ဘာရှိသေးသတုံး နောက်ထပ် (ဘာမှမရှိတော့ပါဘူး) ဒါဖြင့် သူ့အယူ, ဘာအယူပါလိမ့် (ဥစ္ဆေဒဒိဋ္ဌိအယူပါ ဘုရား) ဥစ္ဆေဒဒိဋ္ဌိအယူဖြစ်တယ် (မှန်ပါ့ ဘုရား)။
အဲဒါကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အရင်းအချာတွေက ဪ အခုဖြေမည့် အဖြေကလေးဟာဖြင့် နိဗ္ဗာန်ဖြေမည့်အဖြေဘဲဆိုတာ သေသေချာချာမှတ်လိုက် (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်ရောက်ရပါလို၏
အခုဖြေမည့်အဖြေဟာ (နိဗ္ဗာန်ဖြေမည့်အဖြေပါ ဘုရား) နိဗ္ဗာန်ဖြေမည့်အဖြေဟာ ခင်ဗျားတို့ ဘာကလေး လှူလှူ နိဗ္ဗာန်ရောက်ရပါလို၏ နိဗ္ဗာန်ရောက်ရပါလို၏နဲ့ ကိုယ်လဲ ဘာမှန်းမသိဘူး (မှန်ပါ့ ဘုရား) သူများက တောင်းဆိုတာက နိဗ္ဗာန်မပါရင်တော့ မကောင်းဘူးဟနော် (မှန်ပါ့) ဒါကြောင့်သာ တောင်းဆိုတာကိုး (မှန်ပ့ါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
နိဗ္ဗာန်မပါရင် (မကောင်းပါ ဘုရား) ဗုဒ္ဓဘာသာလဲဆိုရဲ့ နိဗ္ဗာန်မပါဘူးဆိုတာများ မကောင်းဘူးဆိုတော့ ဒါဖြင့် ကျုပ်ထည့်ပါတယ်ဆိုပြီး သံဃာပင့်သလိုဖြစ်နေတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ကိုယ်သိလို့ထည့်တာလား တဲ့၊ မကောင်းလို့ ထည့်တာလား (မကောင်းလို့ထည့်တာပါ ဘုရား) အဓိပ္ပါယ်က ဒီရောက်နေတယ် (မှန်ပါ့) မကောင်းလို့ထည့်တဲ့ နိဗ္ဗာန်ဖြစ်နေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သိသလားလို့မေးတော့ ဘယ့်နှယ်လဲ (မသိပါ ဘုရား) မသိဘူးဆိုတော့ သိလောက်အောင် ပြောပေးမဲ့လူကလဲမရှိ၊ ကိုယ့်အတွက်က အခက်ကြီးခက်နေတယ် (မှန်ပါ့) မခက်ဘူးလား (ခက်ပါတယ် ဘုရား)။
ကိုယ်ကလဲ ထမင်းအိုးချောင်နဲ့ ရှေ့ပိုင်းထွက်လိုက်ပြန်တော့ အရောင်းအဝယ်ကလေးနဲ့ ဒါနဲ့ဘဲ သက်ဆိုးရှည်, ရှည်လာတယ် (မှန်ပါ့)။
သက်ဆိုးရှည်, ရှည်လာတယ်
ဘာနဲ့ရှည်လာတာလဲ (သက်ဆိုးရှည်, ရှည်ပါတယ် ဘုရား) ထမင်းချက်နိုင်တဲ့အရွယ် ရောက်ပြန်တော့ အမေမိဘက သမီးများမို့ ကဲ နင်တို့လဲ မိန်းမဆိုတာ မိန်းမ ဝတ္တရားရှိတယ် နောက်ဖေးချောင်ဝင်ဟဲ့ (မှန်ပါ့)။
နောက်ကျတော့လဲ အိမ်ထောင်ရက်သားတွေ ကျလာပြန်တော့လဲ ကိုယ်က အရောင်းအဝယ်ကလေးနဲ့ နေပြန်တော့ ရှေ့ပိုင်းထွက်လာပြန်တော့လဲ အရောင်းအဝယ်ဘဲ နားလည်တယ် (မှန်ပါ့) နောက်ပိုင်းထွက်ပြန်တော့ ထမင်းအိုးချောင်ဘဲနားလည်တယ် (မှန်ပါ့) နိဗ္ဗာန်ကို မပါဘူး (မပါ-ပါ ဘုရား) ပါသေးရဲ့လား (မပါ-ပါ ဘုရား)။
အဲဒီလိုဖြစ်နေတယ် ယောကျာ်းတွေ ဘက်ကလဲ ဦးမာဒင် ဒီအတိုင်းပါဘဲ (မှန်ပါ့) ထူးသေးရဲ့လား (မထူးပါ ဘုရား)။
ကဲ ဒီလိုဖြစ်နေတော့ ဒီအထဲကနေပြီး ခင်ဗျားတို့က ဆိုတောင်းလိုက်ပြီဆိုမှဖြင့် နိဗ္ဗာန်ပါတာချည့်ဘဲ (ပါ-ပါတယ်) ဟ- ဘယ်နှယ့်ကြောင့်တုံး၊ အို ဗုဒ္ဓဘာသာဘုရားမပါရင်တော်ပါ့မလား (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဗုဒ္ဓဘာသာဘဲ မပါရင် တော်ပါ့မလားဆိုတော့ မကောင်းလို့ပင့်ရတဲ့သံဃာလိုဖြစ်နေတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
မကောင်းလို့ထည့်ရတာ
ဥပမာ ဦးမာဒင် အလှူပေးတဲ့အခါကျတော့ အလှူကြီးပေးဦးမယ်ဆိုတော့ ဟင် ငါ့မှာဆရာသမား တောင်မြို့မှာ တပါးရှိသေးတယ်(မှန်ပါ့) ဒါတော့ ချန်လို့မတော်ဘူး (မှန်ပါ့)။ မကောင်းလို့ထည့်ရတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီလို ခင်ဗျားတို့ ထည့်နေတာ၊ ဒါဟာသိလို့ကိုမဟုတ်ဘူး (မှန်ပါ့) ဒါ အကုန်တာဝန်ခံရမည့်အသွားပါ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဘယ့်နှယ်ဆိုကြမလဲ (အကုန်တာဝန်ခံရမည့်အသွားပါ ဘုရား)။
ဒီခလေးကလေးလဲ အမေမိဘက ဪ မင့်ဟာ ဘုရားရှေ့ဆုတောင်းရတယ်၊ နိဗ္ဗာန်ဆိုတာ ဒို့ဗုဒ္ဓဘာသာမှာ အထွဋ်အမြတ်ထားတာ၊ နိဗ္ဗာန်ရအောင်တောင်း (မှန်ပါ့ ဘုရား)။
အမေက အတောင်းခိုင်းတော့ သားကလေးကကော (တောင်းပါတယ် ဘုရား) ဒီသားကလေးက လူလားမြောက်လာပြီး သူက မွေးတာကလေးကျပြန်တော့လဲ (အတောင်းခိုင်းပါတယ် ဘုရား) ဪ ရိုးရာတောင်းပေါ့ ဒါဖြင့် (မှန်ပါ့) တကယ်သိတာမဟုတ်ပါဘူး ဒါကလဲ (မှန်ပါ့)။
ရိုးရာတောင်းရယ်၊ မကင်းလို့တောင်းရတာရယ် (မှန်ပါ့) ဗုဒ္ဓဘာသာမို့ ငဲ့လိုက်ရတာရယ်၊ ယနေ့တော့ဖြင့် သိရတော့မယ် (မှန်ပါ့ သိရပါတော့မယ် ဘုရား)။
မင်းဘယ်နှယ့်ဖြေမတုံးတဲ့
ဒကာ ဒကာမတို့ သောတာပန်တည်တဲ့ ယမက သူ့ရှေ့တွင်တည်တဲ့ ယမကကို ဟေ့ ယမက မင်းသည်ကားလို့ ဆိုရင် ရှေးကရဟန္တာသေရင် ဘာမှမဖြစ်ဘူးဆိုပြီး ပုဂ္ဂိုလ်, သတ္တဝါ, ပညတ်အဖြစ်နဲ့ မင်းလပ်နေတယ်၊ အခုတော့ဖြင့် မင်းသည်ကား တော်တော်ခရီးပေါက်ပြီကွာ။ မင့်မိတ်ဆွေသင်္ဂဟတွေက မေးခဲ့သော် ရဟန္တာသေရင် ဘယ်သွားသတုံးလို့ မေးလို့ရှိရင် မင်းဘယ်နှယ့်ဖြေမတုံးတဲ့ (မှန်ပါ့) တခါတည်းမေးတော့တာဘဲ (မှန်ပါ့ ဘုရား)။
အရှင်ဘုရားတဲ့ ခန္ဓာငါးပါး အနိစ္စတရား (မှန်ပါ့) စချီကတည်းက သူကဒီက စချီတယ် (မှန်ပါ့) ရဟန္တာကိုပါးစပ်ထဲ မထည့်တော့ဘူး (မှန်ပါ့) ပါသေးရဲ့လား (မပါ ပါ ဘုရား)။
ခန္ဓာငါးပါးဟာ ဘာတဲ့တုံး (အနိစ္စတရားပါ) အဲဒီအနစ္စတရားဟာဘုရား တဲ့၊ ဒုက္ခဖြစ်ပါတယ်တဲ့ (မှန်ပါ့) ဒုက္ခသစ္စာပါ (မှန်ပါ့) အဲဒီ ဒုက္ခသစ္စာတွေကုန်ဆုံးသွားတာ နိဗ္ဗာန်ပါဘဲတဲ့ (မှန်ပါ့ ဘုရား)။
ဒုက္ခသစ္စာ ကုန်ဆုံးသွားတာ ဘာတုံး (နိဗ္ဗာန်ပါ) အဲ နိဗ္ဗာန်ဆိုတာ ဒကာ ဒကာမတို့ မြို့နဲ့ ပြနဲ့ ပြည်နဲ့ မဟုတ်ဘူး (မှန်ပါ့) ဘာမှလဲ မဖြစ်တာမဟုတ်ဘူး၊ ဒီဒုက္ခတွေမရှိတဲ့နေရာ တခုလို့မှတ်ရမယ် (မှန်ပ့ါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်လိုမှတ်ရမလဲ (ဒီဒုက္ခတွေမရှိတဲ့ နေရာတခုပါ ဘုရား) ဒုက္ခတွေမရှိတဲ့ နေရာတခုရှိတယ် (မှန်ပါ့) ရှိလဲရှိရမယ် (မှန်ပါ့) ဒုက္ခတော့ နည်းနည်းလေးမှမပါဘူး (မှန်ပါ့)။
ကြည့်စမ်းပါလား ယမကက ဖြေတာ၊ အရှင်ဘုရားတဲ့ ခန္ဓာငါးပါးဟာ အနိစ္စတရားပါ၊ အနစ္စတရားဟာ ဒုက္ခဖြစ်ပါတယ်၊ အဲဒီဒုက္ခတရားတွေ ကုန်ဆုံးသွားတယ်လို့ တပည့်တော်ဆိုပါ့မယ်တဲ့ (မှန်ပါ့) ရဟန္တာသေရင် ဘယ်သွားတယ်လို့ဖြေသေးရဲ့လား (မဖြေပါ ဘုရား)။
ဒုက္ခကုန်ဆုံးသွားတယ်လို့
ဒုက္ခကုန်ဆုံးသွားတယ်လို့ တပည့်တော် ဖြေပါ့မယ်ဆိုတော့ နိဗ္ဗာန်ဆိုတာ ဒကာ ဒကာမတို့ ယခုကျုပ်တို့နေရတာ ဒုက္ခတွေနဲ့နေရတယ် (မှန်ပါ့) နိဗ္ဗာန်ဆိုတာ ဒီဟာတွေအကုန်မရှိဘဲနဲ့ သုခသက်သက်နဲ့နေတာ နိဗ္ဗာန်လို့မှတ်လိုက်ပါ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘာနဲ့နေတာတုံး (သုခသက်သက်နဲ့ နေတာပါ) သုခနဲ့နေတာ နိဗ္ဗာန်ဘဲ (မှန်ပ့ါ)။
ဒါဖြင့် ကျုပ်တို့ ဒုက္ခသစ္စာကွယ်ဖုံးနေလို့ နိဗ္ဗာန်ကိုမမြင်ရတာ (မှန်ပါ့) အဲဒီ့ ဒုက္ခသစ္စာကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဖြစ်ပျက်-ဖြစ်ပျက်နဲ့ရှုပေး (မှန်ပါ့ ဘုရား) ရှုလိုက်တော့ ဖြစ်ပျက်ဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
အဲဒီ့ဒုက္ခသစ္စာတွေ ခင်ဗျားတို့ရှုတဲ့ဉာဏ်ကပြင်းထန်လာပြီး၊ ရင့်ကျက်လာပြီး မလိုချင်တော့ပါဘူး ဆိုတော့ ဒုက္ခတွေက ကုန်သွားရင် ဒုက္ခချုပ်တဲ့ နေရာပေါ်လာတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒုက္ခဖုံးနေတော့ နိရောဓသစ္စာ ကွယ်နေတယ် (မှန်ပါ့) နိဗ္ဗာန်ကွယ်နေတယ်၊ အဲဒါမလိုချင်တဲ့ဉာဏ်နဲ့ ကဲ မင်းဒုက္ခတွေမလိုချင်တော့ဘူးဆိုတော့ ရှေ့ပိုင်းကချုပ်သွားတယ် (မှန်ပါ့) ချုပ်သွားတော့ နိဗ္ဗာန်က ပေါ်လာတယ် (မှန်ပါ့) ဪ ဒုက္ခမရှိတဲ့နေရာ ဒါပါကလားဆိုတာ ပေါ်လာတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီ ဒုက္ခသစ္စာတရားကို ဒကာ ဒကာမတွေက ဪ ဒုက္ခလို့ သေသေချာချာ ပိုင်ပိုင်နိုင်နိုင်သိရင် ဖျတ်ဆိုဒုက္ခသစ္စာတွေ အကုန်ချုပ်တယ် (မှန်ပါ့) ခန္ဓာပါချုပ်တယ် (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်ကြီးဟာ သူ့နောက်က ကပ်ပြီးပေါ်နေတယ်
ဒုက္ခသစ္စာ ခန္ဓာတွေ ဘယ့်နှယ့်တုံး (ချုပ်ပါတယ် ဘုရား) အဲဒါတွေအကုန်ပျောက်ပြီး သကာလ ဒုက္ခတွေ ပျောက်ပြီး သကာလ နိဗ္ဗာန်ကြီးဟာ သူ့နောက်က ကပ်ပြီးပေါ်နေတယ် (မှန်ပ့ါ ဘုရား)။
သို့သော် နဂိုက ရှိနှင့်တာလားလို့ သွားမမေးနဲ့ (မှန်ပါ့) ရှိနှင့်ရင် ယူရင် ရမယ် (မှန်ပ့ါ) ဒီလိုလဲ ရတာမဟုတ်ဘူး ကိုယ့်ဒုက္ခ ကိုယ်ဖွင့်နိုင်တဲ့ပုဂ္ဂိုလ်ရတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်လိုရသလဲ (ကိုယ့်ဒုက္ခ ကိုယ်ဖွင့်နိုင်တဲ့ပုဂ္ဂိုလ် ရပါတယ် ဘုရား)။
အဲဒါကြောင့် နိဗ္ဗာန်ရောက်ကြောင်း မဂ်ဉာဏ်သည် ကိုယ့်ဟာ ကိုယ်ဖွင့်ယူရတာ ဖြစ်သောကြောင့် လင်နဲ့မယား ချစ်ခင်ငြားသော်လဲ အမျှပေးလို့ မရဘူး (မရပါ ဘုရား) မင်း ယူဦးကွာ တပိုင်းကိုလို့ပေးလို့ရပါ့မလား (မရပါ) ကိုယ့်ဒုက္ခ ကိုယ်ဖွင့်နိုင်မှ ရပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါကြောင့် “အတ္တာဟိ အတ္တနော နာထော” ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ဆိုတာ ဘာတုံးဆိုတော့ အကြင်ခန္ဓာငါးပါးသည် အနိစ္စတရား (မှန်ပါ့)။
ထိုအနိစ္စတရားကို သေသေချာချာ ကြည့်ပြန်တော့ ဒုက္ခတရား (မှန်ပါ့) အဲဒီဒုက္ခတရားတွေ ဆုံးတယ်, ကုန်တယ်, မရှိတာ (နိဗ္ဗာန်ပါ ဘုရား)။
နိဗ္ဗာန် ဘယ်သူဖုံးသတုံး
ဒါဖြင့် နိဗ္ဗာန် ဘယ်သူဖုံးသတုံး (ခန္ဓာဖုံးပါတယ်) ဒုက္ခသစ္စာခန္ဓာကြီး ဖုံးနေတယ် (မှန်ပါ့)။
ဒုက္ခသစ္စာခန္ဓာကြီးက ဖုံးချင်လို့ ဖုံးရတာလားတဲ့၊ ဒိဋ္ဌိက င့ါကိုယ် င့ါဟာ လုပ်ထားလို့ ဖုံးနေရတာလား (ဒိဋ္ဌိက င့ါကိုယ် င့ါဟာ လုပ်ထားလို့ ဖုံးနေရတာပါ ဘုရား)။
ဒါဖြင့် ဒိဋ္ဌိက င့ါကိုယ် င့ါဟာ မလုပ်တော့ပါဘူး၊ ဒါတွေဟာ အနိစ္စတွေဘဲ၊ ဒုက္ခတွေဘဲလို့ သမ္မာဒိဋ္ဌိဝင်လို့ ဒိဋ္ဌိပြေးလို့ရှိရင်ဖြင့် ခန္ဓာအဖုံးရော ပွင့်သွားတာဘဲ (မှန်ပ့ါ)။
ခန္ဓာအဖုံး ပွင့်သွားလို့ရှိရင် ဒုက္ခသစ္စာအဖုံး ပွင့်သွားလို့ နိဗ္ဗာန်ကြီးဟာ နေဝန်း လဝန်းကဲ့သို့ ပေါ်လာတယ် (မှန်ပါ့) ဝိုင်းဝိုင်းကြီးတော့ သွားမယူပါနဲ့ဦး (မှန်ပါ့) ဒုက္ခတွေ မရှိတာကြီး ပေါ်လာတယ် မှတ်လိုက်ပါ (မှန်ပါ့)။
ဘယ်လိုမှတ်ကြမယ် (ဒုက္ခတွေ မရှိတာကြီး ပေါ်လာပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ရဟန္တာဖြစ်အောင် ဟောဦးမှာ ဒကာ ဒကာမတို့နော် (မှန်ပါ့)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။