12201

မာတိကာသို့

သဿတဒိဋ္ဌိအပြစ်ကြီးပုံ

သာတိဝတ္ထုအဆက်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့ မင်္ဂလာတိုက်၌ ဟောကြားတော်မူအပ်သော

သဿတဒိဋ္ဌိအပြစ်ကြီးပုံ

သာတိဝတ္ထုအဆက်

(၁၆-၁၀-၆၁)

သာသနာတွင်းတရား

ဝိပဿနာဟာ သာသနာတွင်းမှာသာ ဖြစ်တယ်ဆိုတာလဲ ဒကာကြွယ်တို့ သိထားပြီး၊ သာသနာတွင်း တရားနော် (မှန်ပါ့ ဘုရား)။

ဝိပဿနာဆိုတာ ဘယ်တရားပါလိမ့် (သာသနာတွင်းတရားပါ ဘုရား) သာသနာတွင်းတရားလို့ဆိုတာ သိထားပြီ (မှန်ပါ့)။

သာသနာတွင်းပေမဲ့လဲ ကလျာဏမိတ္တဆိုတဲ့ သူတော်ကောင်းဆရာကောင်းနဲ့ပေါင်းမှလဲ တခါတွေ့နိုင်ပြန်တယ် (မှန်ပါ့) သူ့ဟာသူ သာသနာတွင်း ဖြစ်နေငြားသော်လဲ တဲ့ မတွေ့နိုင်ပါဘူး (မှန်ပါ့)။

အဲဒီတော့ ဝိပဿနာပေါ်လာတာလဲ ဒကာ ဒကာမတွေ သာသနာတွင်းမို့ဆိုတာလဲ သိပြီ၊ ဟောကြားညွန်ပြ ဆုံးမတဲ့ပုဂ္ဂိုလ်တွေနဲ့ တွေ့ပြီ (မှန်ပါ့) တွေ့တော့ကို အကြောင်းဖြင့်ညီညွတ်နေပြီဆိုတဲ့ဥစ္စာ ပေါ်လာတယ် (မှန်လှပါ) ညီညွတ်ပင်ညီညွတ်ငြားသော်လဲ တခါ ဆရာသမားအတွက်က လိုပြန်တယ် (မှန်ပါ့)။

ဆရာသမားအတွက်က ဘာလိုသတုံး ဆိုလို့ရှိရင် ဒီဋီကာဆရာတွေက ဘယ့်နှယ်ဆိုသတုံး ဆိုလို့ရှိရင် ဒိဋ္ဌိမကွာတဲ့ဝိပဿနာဟာ အားနည်းတဲ့ဝိပဿနာ မဂ်ဉာဏ်-ဖိုလ်ဉာဏ် မရနိုင်ဘူူး (မှန်ပါ့)။

ဒိဋ္ဌိမကွာတဲ့ဝိပဿနာဟာ (မဂ်ဉာဏ်-ဖိုလ်ဉာဏ်မရနိုင်ပါ ဘုရား) မဂ်ဉာဏ်-ဖိုလ်ဉာဏ် မရနိုင်ပြန်ဘူး တဲ့ (မှန်ပါ့ ဘုရား)။

ဝိပဿနာရှုတော့ ရှုကြတာဘဲ ခန္ဓာထဲမှာ၊ ရှိတာတွေရှုငြားသော်လဲ ဒိဋ္ဌိမကွာလို့ရှိရင်ဖြင့် တဲ့ မဂ်ဉာဏ်-ဖိုလ်ဉာဏ် မရနိုင် (မှန်ပါ့) ဒိဋ္ဌိမကွာရင် (မဂ်ဉာဏ်-ဖိုလ်ဉာဏ် မရနိုင်ပါနိုင်ပါ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့သိတဲ့အတိုင်း အခု ဆရာဘုန်းကြီးပြောလို့ ရှင်းပါပြီဆိုတော့ ရှေးကလို အနိစ္စ, ဒုက္ခ, အနတ္တတွေ ပုတီးတွေစိပ်၊ အနိစ္စ, ဒုက္ခ, အနတ္တထက် ကောင်းတာ ဘာရှိသေးသတုံးလို့ ဦးမာဒင်တို့-ဦးသန်းမောင်တို့လဲ ကြားဘူးနားဝရှိကြမှာပါဘဲ (ကြားဘူးပါတယ် ဘုရား) အနိစ္စ, ဒုက္ခ, အနတ္တ စိပ်ကွာ၊ ဒါ နိဗ္ဗာန်ရောက်ကြောင်းဘဲဆိုတော့ မမှန်ဘူးလားဆိုတော မှန်ပါတယ်၊ လိုသေးသလားဆိုတော့လဲ လိုသေးတယ်လို့ ဒကာသစ်တို့က ဆုံးဖြတ်ချက်ချ (မှန်လှပါ) ရှေ့နောက်လွဲနေတယ်ဆိုတာ မှတ်ရလိမ့်မယ် (မှန်ပါ့)။

ဒိဋ္ဌိခွါမှုကိုရှေ့ထား၊ ရှုမှုကိုနောက်ထား

ဘယ်လို ရှေ့နောက်လွဲပါလိမ့်၊ ဒိဋ္ဌိခွါမှုကိုရှေ့ထား၊ ရှုမှုကိုနောက်ထား (မှန်ပါ့) ဒိဋ္ဌိခွါမှုကို (ရှေ့ထားရပါမယ် ဘုရား) ရှုမှုကို (နောက်ထားရပါမယ် ဘုရား)။

အဲဒါကလေး ကွာနေပြန်တော့ ဒကာ ဒကာမတို့ မဂ်တား-ဖိုလ်တားဆိုတဲ့ ဒိဋ္ဌိတရားက ဒကာ ဒကာမတို့ အားထုတ်ငြားသော်လဲ ခရီးမပေါက်ဘူး (မှန်ပါ့)။

အားထုတ်ငြားသော်လဲ (ခရီးမပေါက်ပါ ဘုရား) ခရီးမပေါက်ဘူးလို့ သေသေချာချာမှတ်ပါ (မှန်ပါ့)။

ဪ ဒါဖြင့် ဦးမာဒင်တို့-ဦးသန်းမောင်တို့ ဪ အရေးကြီးတာဘဲ၊ အစီအစဉ်မတည့်ရင် ဘယ်ဟာမှ မဟုတ်ပါဘူးလေ (မှန်ပါ့) အစီအစဉ်မတည့်ရင် (ဘယ်ဟာမှ မဟုတ်ပါ ဘုရား)။

အဲဒီတော့ ဒိဋ္ဌိမခွါတဲ့ ဝိပဿနာသည် ဒကာ ဒကာမတို့ မဂ်ဉာဏ်-ဖိုလ်ဉာဏ် မရနိုင်ပါ (မှန်ပါ့)။

ဒိဋ္ဌိမခွါတဲ့ ဝိပဿနာဟာ (မဂ်ဉာဏ်-ဖိုလ်ဉာဏ် မရနိုင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါကို သိပါစေတော့ဆိုပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မဂ်ဉာဏ်-ဖိုလ်ဉာဏ်ရတဲ့ ပုဂ္ဂိုလ်များမှာ သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသဆိုတဲ့ ဒိဋ္ဌိနှစ်မျိုး ဝိစိကိစ္ဆာ တမျိုးကို ကွာမှ သောတာပန်လို့ ဆိုသဖြင့် အဲဒီ့ ပရိတ်ကြီးပါဋ္ဌိတော် သုတ္တနိပါတ်ပါဋ္ဌိတော်ကလဲ သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသဉ္စ၊ ဒါ မကွာရင် မရပါဘူးကွာ တဲ့ (မှန်လှပါ ဘုရား) ပရိတ်သတ်ကြီးကကို သက်သေခံနေတယ် (မှန်ပါ့)။

ဒိဋ္ဌိဝိစိကိစ္ဆာမကွာလို့ရှိရင်

ဒကာ ဒကာမတို့ “သဟာဝဿဒဿနသမ္ပဒါယ၊ တယဿုဓမ္မာ ဇဟိတာ ဘဝန္တိ” ဆိုတဲ့အတိုင်း ဒိဋ္ဌိဝိစိကိစ္ဆာမကွာလို့ရှိရင်ဖြင့် မင်းတို့သည်ကား သောတာပတ္တိမဂ် မရနိုင်ဘူးဆိုတော့ အောက်ဆုံးမဂ်တောင် မရနိုင်တော့ အထက်မဂ် ဝေးသွားပြီ (ဝေးသွားပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဘယ်သူ့ကို အရင်လုပ်ရမယ်ဆိုတာဖြင့် ဒီပရိတ်သတ်ကြီး ကိုယ်ငယ်ငယ်က သင်ထားတာနဲ့ဘဲ ထောက်ကြည့်လိုက်လို့ရှိရင်ဖြင့် ဪ သူကွာမှ ရမှာကိုး (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

”သဟာဝဿဒဿနသမ္ပဒါယ၊ တယဿုဓမ္မာ ဇဟိတာ ဘဝန္တိ” တဲ့ (မှန်ပါ့) တယဿုဓမ္မာ-တယော အဿုဓမ္မာ၊ တယောက သုံးခု (မှန်ပါ့) ဇဟိတာဘဝန္တိ = သူတို့ကို စွန့်ရမယ်ကွ တဲ့၊ ဘယ်သူတွေတုံးဆိုတော့ သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသ (မှန်ပါ့)။

သက္ကာယဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာနဲ့ သီလဗ္ဗတပရာမာသ ဆိုတာလဲ ဒိဋ္ဌိပါဘဲ (မှန်ပါ့ ဘုရား)ဒီ ဒိဋ္ဌိဝိစိကိစ္ဆာကို ရှေးဦးစွာ ဆရာကခွါမပေးခဲ့လို့ရှိရင် ဘယ်လိုပင် မဂ်ဉာဏ်, ဖိုလ်ဉာဏ် ရောက်ချင်တဲ့စိတ် ပြင်းပြပြီး သကာလ အားထုတ်ငြားသော်လဲ ဒကာ ဒကာမတို့က မှတ်လိုက်၊ အန္တရာယ်က ဝင်တားတယ် (မှန်ပါ့) မှတ်မိပြီနော် (မှတ်မိပါပြီ ဘုရား)။

ဘယ်သူက ဝင်တားပါလိမ့် (အန္တရာယ်က ဝင်တားပါတယ် ဘုရား) အန္တရာယ်က ဝင်တားတယ်ဆိုတော့ ဒကာကြွယ်တို့က ထူးထူးလည်လည်မှတ်ရမယ်နော် (မှန်ပါ့)။

ဒိဋ္ဌိဟာတဲ့ ဘာတုံး

ဒိဋ္ဌိဟာတဲ့ ဘာတုံး လို့ မေးတဲ့အခါကျလို့ ရှိရင်ဖြင့် ကိလေသာ (မှန်လှပါ ဘုရား) သူက ဝမ်းထဲမှာရှိနေတော့ ကိလေသာရှိလျက်နဲ့ မဂ်ဆိုက်, ဖိုလ်ဆိုက်ဖြစ်ဖို့ ဦးမာဒင်ဘဲ စဉ်းစားကြည့်ပါ ရပါ့မလား (မရပါ ဘုရား)။

ဒါကြောင့် ဒိဋ္ဌိကို အရင်ခွါ၊ ဒိဋ္ဌိတည်းဟူသော ကိလေသာအန္တရာယ်- ကမ္မန္တရာယ်၊ ဝိပါကန္တရာယ် ကိလေသာ အန္တရာယ်စတဲ့ အန္တရာယ်ငါးမျိုး (ကမ္မန္တရာယ်၊ ကိလေသာ အန္တရာယ်၊ ဝိပါကန္တရာယ်၊ အရိယူပဝါဒန္တရာယ်၊ အာဏာဝီတိက္ကမန္တရာယ်) ရှိတဲ့အနက်က ကိလေသာအန္တရာယ်က ကျုပ်တို့ကို တားမြစ်နေတယ် (မှန်ပါ့)။ ဦးဘထွေးတို့ ဦးသန်းမောင်တို့ ဘယ်သူက တားမြစ်နေသလဲ (ကိလေသာအန္တရာယ်က တားမြစ်နေပါတယ် ဘုရား)။

ဒါဖြင့် သူ့ကိုကျူပ်တို့သည်ကားလို့ ဆိုရင်ဖြင့် မခွါမရှင်းဘဲနဲ့ အသိဉာဏ်နဲ့ ရှင်းပေးမည့် ဆရာသမားကလဲ ရှင်းမပေးဘဲနဲ့ဟာ ရောက်လာရင် အားထုတ်ကွာဆိုတဲ့ အသွားမျိုးနဲ့ဖြင့်ဝေးပါသေးတယ် (ဝေးပါသေးတယ် ဘုရား) သဘောပါပလား (ပါ-ပါပြီ ဘုရား) တော်တော်အရေးကြီးတယ်ဆိုတာလဲ ဒကာကြွယ် ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) မပေါ်ဘူးလား (ပေါ်လာပါတယ် ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကံကောင်းအကြောင်းသင့်လေရဲ့ဆိုတာ ကိုယ့််အတွက်ဝမ်းသာ (မှန်ပါ့)။

ပဋိစ္စသမုပ္ပါဒ်ပြပေးရတယ်

အားမထုတ်ပါနဲ့ဦး တဲ့၊ ရောက်လာလို့ရှိရင် ဘုန်းကြီးများက ဒိဋ္ဌိခွါပါရစေပါဦး (မှန်ပါ့) အားမထုတ်ပါနဲ့ဦး၊ ဒိဋ္ဌိအရင်ခွါပါဦးဆိုပြီး သကာလ ပဋိစ္စသမုပ္ပါဒ်ပြပေးရတယ် (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်ပြပေးလို့ ဪ ဒီအကြောင်းကြောင့် ဒီအကျိုးဖြစ်တာကိုး၊ ဒီအကြောင်းချုပ်ရင် ဒီအကျိုးချုပ်တာဘဲ (မှန်ပါ့ ဘုရား)။

ဥပမာ စဉ်းစားကြည့်ပါဒကာ ဒကာမတို့ ဖယောင်းကလေးရှိတုန်း မီးတောက်တယ် (မှန်ပါ့) ဪ ဖယောင်းကလေးကြောင့် မီးတောက်တယ် (မှန်ပါ့) ဖယောင်းကလေးကုန်သွားတော့ကော မီးငြိမ်းတယ် (မှန်ပါ့ ဘုရား) ဪ ဒါဖြင့်အကြောင်းချုပ်လို့ အကျိုးချုပ်တာ (မှန်ပါ့ ဘုရား)။

အကြောင်းချုပ်ရင် အကျိုးချုပ်တယ် ဆိုတော့ ပုဂ္ဂိုလ် သတ္တဝါ ရှိသေးရဲ့လား (မရှိပါ ဘုရား) အကြောင်းအကျိုးမျှဘဲရှိတယ် (မှန်လှပါ ဘုရား) ဒီလိုဆိုတော့ ဒိဋ္ဌိက ကွာသွားတယ် (ကွာပါတယ် ဘုရား)။

တခါ အကြောင်းကြောင့် ဖြစ်သလား၊ ဒကာ ဒကာမတို့ အလိုလိုဖြစ်သလား၊ ဒီမီးကလေးဟာဆိုတော့ ဖယောင်းကြောင့် ဖြစ်တာပါ (မှန်ပါ့) ဖယောင်းမီးပေါ့ဗျာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အကြောင်းကြောင့် ဖြစ်တယ်ဆိုတော့ အကြောင်းမရှိရင် ဒီမီးကလေးဟာ ဖြစ်ကိုဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါဘူး ဘုရား) ထိုကဲ့သို့ မဖြစ်နိုင်တာသိပြန်တော့လဲ ဘုန်းကြီးတို့ဒကာ ဒကာမတွေမှာ ဝိစိကိစ္ဆာ သေပြန်တယ် (မှန်ပါ့ ဘုရား) ဘယ့်နှယ်ကြောင့် ဒီမီးတောက်ပါလိမ့်မတုံးဆိုတဲ့ ဝိစိကိစ္ဆာရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

ထိုကဲ့သို့ မရှိတဲ့အတွက်တဲ့ ဒိဋ္ဌိဝိစိကိစ္ဆာသေအောင် ရှေ့ပိုင်းက နေပြီး ရှင်းပေးရတယ် (မှန်ပါ့ ဘုရား) ရှင်းပေးတော့မှ ခန္ဓာကိုယ်ထဲမှာ စိတ်တွေရှုချင်တဲ့ ပုဂ္ဂိုလ်လဲစိတ်လဲ အကြောင်းမကင်းဘူးဟေ့ (မှန်ပါ့) ခိုင်တာမြဲတာလို့ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဘယ့်နှယ်ကြောင့် ဖြစ်ပါလိမ့်မတုံး

အလိုလိုဖြစ်တာလဲ ပါသေးလား (မပါ-ပါ ဘုရား) ဪ ဒါဖြင့် အကြောင်းဖြစ်၍ အကျိုးဖြစ်တယ်၊ အကြောင်းချုပ်၍ အကျိုးချုပ်တယ်ဆိုတာ အားလုံး ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ရှင်းပြီးသားဖြစ်သွားတော့ ဘယ့်နှယ်ကြောင့် ဖြစ်ပါလိမ့်မတုံး၊ ဘယ့်နှယ်ကြောင့် ချုပ်သွားပါလိမ့်မတုံး ဘယ့်နှယ်ကြောင့်ဆိုတဲ့ ဝိစိကိစ္ဆာရှိသေးရဲ့လား (မရှိပါ ဘုရား)။

အကြောင်းဖြစ်လို့ (အကျိုးဖြစ်ပါတယ်) အကြောင်းချုပ်လို့ (အကျိုးချုပ်ပါတယ် ဘုရား) ဒီလိုသိပြီး သကာလ ထားပြန်တော့ အားလုံး ဒကာ ဒကာမတွေ မှတ်ထားပါတဲ့ ဒိဋ္ဌိရော ဝိစိကိစ္ဆာရော စင်သွားတယ် (မှန်ပါ့ ဘုရား)။

အဲဒီ့ စင်ပြီးသည့်နောက်မှ အားထုတ်လိုက်တဲ့ အခါကျတော့ အားထုတ်ရင်းမတ္တနဲ့ သူတို့က ဒကာသစ် အခုအခံအဖြစ်နဲ့ လာသေးသလား (မလာပါ ဘုရား) ဘယ့်နှယ်ကြောင့် ပျက်သွားပါလိမ့်မတုံး ဆိုတာကော လာသေးသလား (မလာပါ ဘုရား) ဘယ့်နှယ်ကြောင့် အစားထိုးလာ ပါလိမ့်မလဲလို့ကော (မလာပါ) မလာတော့ဘူးနော် (မှန်ပါ့ ဘုရား)။

ဒါကိလေသာအန္တရာယ်

နို့မဟုတ်လို့ရှိရင် ဒါကိလေသာအန္တရာယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒီမဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို တားမြစ်တဲ့ ဒိဋ္ဌိဝိစိကိစ္ဆာသည် ဒကာ ဒကာမတို့ ကိလေသာအန္တရာယ်ဘဲ (မှန်ပါ့ ဘုရား)။

ဘယ်လိုမှတ်ကြမယ် (ကိလေသာ အန္တရာယ်ပါ ဘုရား) ကိလေသာ အန္တရာယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရှင်းရှင်းလင်းလင်း မှတ်ထားကြပါ (မှန်ပါ့ ဘုရား)။

ကမ္မန္တရာယ်ဆိုတာ ကံကကိုတားမြစ်ထားလို့ မရတာ၊ ပဉ္စာနန္တရိယကံ လုပ်ထားတဲ့ပုဂ္ဂိုလ်များ ဦးမာဒင်၊ ဦးသန်းမောင်တို့ ဘယ်လိုပင်အားထုတ် မရဘူး (မှန်ပါ့) ကံကတားလိုက်တယ် (မှန်ပါ့)။

ဝိပါကန္တရာယ်တဲ့၊ ကိုယ့် အကျိုးပေးကိုက ဒွိဟိတ်တွေ, အဟိတ်တွေ, တိရစ္ဆာန်တွေ ဖြစ်နေမယ်ဆိုရင် တတ်နိုင်လို့ ဘယ်လိုဘဲ ဆရာကောင်းပြီး အားထုတ်ခိုင်းလို့ ဖြစ်စေကာမူ ဝိပါက=ပဋိသန္ဓေအကျိုးပေး ဝိပါက်က ကန့်ကွက်ထားတာနဲ့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်မရဘူး (မှန်ပါ့ ဘုရား)။

တခါ ဒိဋ္ဌိကိုမခွါဘဲနဲ့ ဒကာ ဒကာမတွေက ဖြစ်ပျက် ဝိပဿနာ ဖြစ်ပျက် အနိစ္စတွေ ကြိုးစားပြန်လဲ ကိလေသာအန္တရာယ်က တားပြန်လို့ဘယ်တော့မှမရဘူး (မှန်ပါ့ ဘုရား)။

အန္တရာယ်ငါးပါးလွတ်မှ ရနိုင်တယ်

ဒီလိုဆိုတော့ ဘုရားက အန္တရာယ်ငါးပါးလွတ်မှ ရနိုင်တယ်လို့ ဆိုသဖြင့် ဒိဋ္ဌိမခွါတဲ့ဝိပဿနာသည် ဒကာကြွယ် မဂ်ဖိုလ်ကို မရနိုင်တဲ့ ဝိပဿနာ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒိဋ္ဌိမခွါတဲ့ဝိပဿနာသည် (မဂ်ဖိုလ်မရနိုင်တဲ့ ဝိပဿနာပါ ဘုရား) မဂ်ဖိုလ်မရနိုင်တဲ့ ဝိပဿနာလို့ ဦးဗထွေးတို့သေသေချာချာ မှတ်စမ်းပါ (မှန်ပါ့) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

ဒါဖြင့် ဒီတိုင်းအားထုတ်ပြီကွာ ကုသိုလ်လဲ ဖြစ်အောင် အနိစ္စ, ဒုက္ခ, အနတ္တ ကလေးတော့ ပုတီးစိပ်ရမှာဘဲကွ၊ ပုတီးစိပ်ရင်ကုသိုလ်ဖြစ်သဟေ့ (မှန်ပါ့) ဘုန်းကြီးတို့က ဒါဘဲအားပေးနိုင်တယ် (မှန်ပါ့) နိဗ္ဗာန်တော့ မရဘူးဟေ့ (မှန်ပါ့) ဘယ့်နှယ်ကြောင့်ပါလိမ့်မတုံး (ဒိဋ္ဌိမခွါလို့ မရတာပါ ဘုရား) ဒိဋ္ဌိမခွါဘဲနဲ့ ရမ်းလုပ်နေလို့ (မှန်ပါ့)။

ဒိဋ္ဌိမခွါဘဲနဲ့ ရမ်းလုပ်ပြီး သကာလ နေတော့ ဒကာ ဒကာမတို့ မဂ်ဖိုလ် နိဗ္ဗာန်ကိုကျေးဇူူူးပြုမည့် ဝိပဿနာကမဟုတ်ဘူး၊ ဒိဋ္ဌိကတားတဲ့ ဝိပဿနာဖြစ်နေတော့ ဒီဉာဏ်သည် မဂ်ဖိုလ်မသွားနိုင် (မှန်လှပါ ဘုရား)။

ဒိဋ္ဌိတားမြစ်ချက်ကို သူကျော်လွန်ပြီး သကာလ သွားနိုင်တဲ့ စွမ်းရည်သတ္တိမရှိဘူး (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဝိပဿနာမလုပ်မီ ဦးမာဒင်တို့၊ ဦးဗထွေးတို့၊ ဦးသန်းမောင်တို့ ဘာလုပ်ကြမယ် (ဒိဋ္ဌိအရင်ခွါရပါမယ်) ဒိဋ္ဌိခွါမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲ ဒိဋ္ဌိခွါပြီးမှ ကိုင်း ဒကာ ဒကာမတို့ ဘုန်းကြီးက စိတ်ကြိုက်ရင် စိတ်ရှုဟေ့၊ ဝေဒနာကြိုက်ရင် ဝေဒနာရှုဟေ့ ဆိုရင်ဖြင့် ဒကာသစ် ဧကန် အတားအမြစ်မရှိဘူး (မှန်ပါ့) ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အစီအစဉ် မတည့်ပြန်လို့ရှိရင်

ဒါကြောင့် ဝိပဿနာပွားပြီး သကာလ နေငြားသော်လဲ အစီအစဉ် မတည့်ပြန်လို့ရှိရင်လဲ ကိုယ့်မှာ အချိန်ဖြုန်းပြီး သကာလ အသက်ကြီးတာသည် အလကားကြီးတဲ့ အသက်မျိုးဖြစ်သွားမှာလဲ ဒကာကြွယ် စိုးရိမ်ရတယ် (စိုးရိမ်ရပါတယ်) မစိုးရိမ်ရဘူးလား (စိုးရိမ်ရပါတယ် ဘုရား)။

အေး ဒါကလေးတွေကိုလဲ ဆရာရင်းတွေ ဒကာရင်းတွေမို့ သတိပေးထားတယ်ဆိုတာလဲ ဦးမာဒင်တို့ မှတ်ရလိမ့်မယ် (မှန်ပါ့) မမှတ်ထိုက်ဘူးလား (မှတ်ထိုက်ပါတယ် ဘုရား)။

အခု ပရိတ်သတ်ကြီးကလဲ တာဝန်မခံဘူးလား (ခံပါတယ်) ပရိတ်သတ်ကြီးကလဲ တာဝန်ခံတယ်၊ ဒီပြင့် အဋ္ဌကထာတွေကလဲ အကုန်တာဝန်ခံတယ် (မှန်ပါ့) ဒိဋ္ဌိမခွါဘဲနဲ့ ဝိပဿနာအားထုတ်လို့ရှိရင် မရနိုင်ဘူးဟေ့တဲ့ (မှန်ပါ့) ပေါ်ကြပါပြီ (ပေါ်ပါပြီ ဘုရား)။

ဒါက နာကောင်းအောင် ဟောတဲ့ တရားမဟုတ်တဲ့ ဒကာ ဒကာမတို့နော် (မှန်ပါ့) မိမိလိုချင်တဲ့ ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန်ကြီးကို အရောက်သွားချင်လို့ ရှိရင်ဖြင့် လမ်းစဉ်မှန် လမ်းစဉ်ဖြောင့်ကို ပြနေတာဆိုတာမှတ်ရမယ် (မှန်ပါ့ ဘုရား)။

လမ်းစဉ်မှန်နဲ့ လမ်းစဉ်ဖြောင့်ကဖြင့် ဒိဋ္ဌိခွါပြီးမှ လုပ်ကြ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘာခွါမှပြီးမှတုံး (ဒိဋ္ဌိခွါပြီးမှပါ) ဒိဋ္ဌိခွါပြီးမှ လုပ်ကြပါ ဆိုတော့ ဒိဋ္ဌိခွါချင်တော့လဲ ပဋိစ္စသမုပ္ပါဒ် ပြရပါလိမ့်မယ် (မှန်ပါ့) ပြီးတော့ သစ္စာကို ပြရလိမ့်မယ် (မှန်လှပါ ဘုရား)။

အဲ သူတို့နှစ်ခုရှေ့ထား မပြပြန်လို့ရှိရင်လဲ ဒိဋ္ဌိကမကွာဘူး (မှန်ပါ့) မကွာဘဲနဲ့ အားထုတ်ပြန်တော့လဲ (မရပါဘူး ဘုရား)။

ဒိဋ္ဌိခွါချင်ရင်

ဒါဖြင့် ဒိဋ္ဌိခွါချင်ရင် (ပဋိစ္စသမုပ္ပါဒ်နဲ့ သစ္စာနားလည်ရပါမယ် ဘုရား)။

အဲဒီ ဥစ္စာကို ဆရာသမားကလဲ အားကြိုးမာန်တက်နဲ့ တခါတည်း သူတို့အထဲမှာ ရှင်းသည်ထက် ရှင်းအောင် ပဋိစ္စသမုပ္ပါဒ်ကို အကြောင်းအကျိုးဆက်ပုံ အကြောင်းချုပ်လို့ အကျိုးချုပ်ပုံတွေ ဒါတွေ သေသေချာချာ ပြောတော့မှ ဪ ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုး အတိုင်းဖြစ်ပြီး၊ အကြောင်း အကျိုး အတိုင်း ချုပ်နေတဲ့ ဒုက္ခသစ္စာထဲမှာ ငါဝင်မရှုပ်တော့ဘူး (မှန်ပါ့ ဘုရား)။

ရှုပ်သေးရဲ့လား (မရှုပ်ပါ)။ မရှုပ်ရင် အဲဒီကထွက်ပြေးပြီး ဒိဋ္ဌိက ထွက်ပြေးပြီး (မှန်ပါ့)။ သဿတ, ဥစ္ဆေဒ အကုန်ထွက်ပြေးပြီ (မှန်ပါ့ ဘုရား)။

အဲဒီလို ထွက်ပြေးပြီး ပဋိစ္စသမုပ္ပါဒ်ကို နားလည်တဲ့ ပုဂ္ဂိုလ်များမှာဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိ သုံးမျိုးစလုံး ထွက်ပြေးတယ် (မှန်ပါ့ ဘုရား) သက္ကာယဒိဋ္ဌိ၊ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ အကုန်ပြေးတယ် (မှန်ပါ့ ဘုရား) အဲဒီပြေးပြီးမှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက အားထုတ်လိုက် (မှန်ပါ့ ဘုရား) မကြာတော့ဘူး ဒီကျတော့ (မှန်ပါ့ ဘုရား) သဘောပါပြီ (ပါ-ပါပြီ ဘုရား)။

ဝိပဿနာ မလုပ်မီ ဘာအရင်လုပ်ရမလဲ

ဒါဖြင့် ဒကာ ဒကာမတို့ ဒါကလေးဟာတော့ အရေးကြီးတဲ့ စကား(၁)နံပါတ် အရေးကြီးတဲ့စကားမို့ ထပ်ပြီး သကာလ ပြောရပါတယ် (မှန်ပါ့) ဝိပဿနာ မလုပ်မီ ဘာအရင်လုပ်ရမလဲ (ဒိဋ္ဌိ အရင်ခွါရပါမယ်) ဒိဋ္ဌိ ခွါချင်ရင် ရှေ့ပိုင်းက ဘာနားလည်ရမတုံး (ပဋိစ္စသမုပ္ပါဒ်နဲ့ သစ္စာနားလည်ရပါမယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ်နဲ့ သစ္စာနားလည်ရမယ် (မှန်ပါ့) အဲဒီအစီအစဉ် အဆက်အတိုင်း မပြဘဲ ဆရာကလဲနေမယ်၊ ခင်ဗျားတို့ကလဲ နားမလည်ဘဲနဲ့ ဝိပဿနာအလုပ်ကြီးကို အနိစ္စတွေ ရှုနေကြမယ်ဆိုရင် ကုသိုလ်ဖြစ်ပါရဲ့ နိဗ္ဗာန်မရဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကုသိုလ်တော့ဖြင့် (ဖြစ်ပါတယ်) နိဗ္ဗာန်တော့ (မရပါ ဘုရား)။

ဪ ဒီလိုလဲ ရှိသေးသကိုးဆိုတဲ့ဥစ္စာ ဦးဗထွေးတို့ ဦးသန်းမောင်တို့ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

ဪ ဝိပဿနာဆိုရင် ရှူဟယ်-ရှိုက်ဟယ် ခိုင်းချင်ခိုင်း (ခိုင်းပါတယ်) ဟာ သွားတာသိ-နေတာသိ၊ ထိုင်တာသိလုပ်နေကွာ (မှန်ပါ့) ဒါတွေတော့ ခွါမပေးဘူးဆိုရင် ဦးမာဒင်သွားပြီ (မှန်ပါ့) မဂ်မရပါဘူး စိတ်သာချ (မှန်ပါ့) မရဘူးဆိုတာ ဒကာကြွယ် သေသေချာချာ မှတ်ပါ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဝတ္တုသက်သေ သာဓက ထုတ်၍ပြစို့ (မှန်ပါ့) ဝတ္တု သက်သေ သာဓက ထုတ်၍ပြစို့ ဆိုတော့ ဒကာ ဒကာမတို့ သာတိဝတ္တု မဆုံးသေးဘူး (မှန်ပါ့ ဘုရား)။

စိတ်ကမသေဘူးလို့ယူတယ်

သာတိဟာ အားလုံးသိထားတာက ဒကာ ဒကာမတွေ သုံးလေးရက်ပြောနေတော့ ခန္ဓာငါးပါးရှိတယ်လို့ သူသိတယ် (မှန်ပါ့) ခန္ဓာငါးပါးရှိတာ သူသိတယ်။ ရူပက္ခန္ဓာ, ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ လေးပါး (မှန်ပါ့) အဲဒီလေးပါးကတော့ဖြင့် ဒီဘဝမှာ သေတယ်ဆိုရင် ဒီလေးပါး သေတယ်တဲ့ (မှန်ပါ့) ဝိညာဏက္ခန္ဓာ တပါးကတော့ဖြင့်မသေဘူး (မှန်ပါ့) စိတ်ကတော့ (မသေပါဘူး ဘုရား) စိတ်ကမသေဘူးလို့ယူတယ် (မှန်ပါ့ ဘုရား)။

ဒါ သေသေချာချာမှတ်ပါ သာတိရဲ့အယူ (မှန်ပါ့) ရုပ် ဝေဒနာ သညာ သင်္ခါရကတော့ ဘာတဲ့တုံး (သေပါတယ် ဘုရား) ဝိညာဏက္ခန္ဓာဆိုတဲ့ စိတ်ကတော့ (မသေပါ) ကဲ ဒကာ ဒကာမတို့ ဒါ သာတိအယူဘဲ (မှန်ပါ့ ဘုရား)။

အဲဒီ ဝိညာဏက္ခန္ဓာကတော့ ဘယ်လိုတုံးလို့ မေးတော့ ဒီခန္ဓာထဲမှာ သူနေခွင့်မရတော့ဘူး။ ဒီခန္ဓာကြီးက အသုံးမကျဘူး အိုဘေး နာဘေး သေဘေးသင့်တာနဲ့ သူထွက်သွားတယ် (မှန်ပါ့) ထွက်သွားပြီး နတ်ပြည်ရင်လဲနေမယ်၊ အပါယ်ရင်လဲ နေမယ်၊ ငရဲရင်လဲနေမယ် (မှန်ပါ့) သူကတော့ဖြင့် အသေမခံနိုင်ဘူး (မှန်ပါ့ ဘုရား) သူက အထွက်သမား သက်သက်ဘဲ (မှန်ပါ့) ဟိုဘုံမကောင်းလို့ရှိရင်လဲ တခြားသောဘုံပြောင်းမယ်ဆိုတော့ ကျန်ခန္ဓာလေးပါးမှာ ဒကာ ဒကာမတို့ အပြစ်မရှိပါဘူး။ ဝိညာဏက္ခန္ဓာမှာကျတော့သဿတဒိဋ္ဌိ အပြစ်သင့်ပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိညာဏက္ခန္ဓာမှာတော့ (သဿတ ဒိဋ္ဌိ အပြစ်သင့်ပါတယ် ဘုရား) ပျက်စီးတယ်လို့ကို ပါသေးသလား (မပါ-ပါ ဘုရား)။

ဪ ဝိညာဏက္ခန္ဓာတော့ဖြင့် စိတ်ကလေး ဟာတော့ဖြင့် ဟိုဘုံ-ဒီဘုံ လှည့်သွားနေတယ်လို့ ဦးမာဒင် ဒီလိုယူပါတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာလဲ အလွန်အရေးကြီးပြီး ဒီဥစ္စာဟေ့ အသက်ထွက်ပြီ ဆိုတာများ မယူကြပါနဲ့ (မှန်ပါ့ ဘုရား) ဝိညာဏ်ချုပ်တယ်လို့ ပြောကြပါဟ (မှန်ပါ့) အသက်ထွက်သွားပြီလို့ မပြောပါနဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အသက်ထွက်ပြီလို့ (မပြောပါနဲ့) ရှိကိုမရှိလို့ မထွက်နိုင်ပါဘူး (မှန်ပါ့ ဘုရား)။

အဲဒါကို အသက်ထွက်တယ်လို့ ခင်ဗျားတို့ ဆရာကောင်းတပည့်ပီပီဘဲ အသက်ထွက်တယ်လို့ မပြောကြပါနဲ့ (မှန်ပါ့) ပြောချင်ရင် ဘယ်လိုပြောရမလဲ (ဝိညာဏ်ချုပ်တယ်လို့ပြောရပါမယ်) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အသက်ထွက်တယ်လို့ ပြောလို့ရှိရင် ဒီအထဲ ဒကာ ဒကာမတွေဟာ သဿတဒိဋ္ဌိဘဲ (မှန်ပါ့ ဘုရား)။

အသက်ထွက်တယ်လို့ယူရင်

အသက်ထွက်တယ်လို့ယူရင် (သဿတဒိဋ္ဌပါ ဘုရား) ဪ ဒီ ခန္ဓာမကောင်းလို့ ဟို ခန္ဓာဘဝတပါး ပြောင်းသွားပြီဆိုတဲ့ အဓိပ္ပါယ်ကျတယ် (ကျပါတယ်) မကျဘူးလား (ကျပါတယ် ဘုရား) ဘာဒိဋ္ဌိလဲ (သဿတဒိဋ္ဌပါ ဘုရား)။

အဲဒီ့ အယူ မစွန့်သ၍ ကာလပတ်လုံး ဝိပဿနာအလုပ်ကို အာပေါက်အောင် အားထုတ်ငြားသော်လဲ မဂ်ဉာဏ်ဖိုလ်ဉာဏ်မရလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား)။

မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို (မရနိုင်ပါ ဘုရား) မရနိုင်ဘူးလို့ ဆုံးဖြတ်ချက် ချပါ (မှန်ပါ့ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ခင်ဗျားတို့ ပြင်ပေးနေရတာလွယ်တာမဟုတ်ဘူး လွယ်ပါ့မလား (မလွယ်ပါ ဘုရား)။

ဘယ့်နှယ်ကြောင့် မလွယ်ကူသတုံး မေးတော့မှတပည့်တော်တို့ဘုရား သက်ကြီးစကား သက်ငယ်ကြားနဲ့ အရိုးစွဲလာခဲ့တာ (မှန်ပါ့) ဒကာကြွယ် ဒီအတိုင်းဖြေနော် (ဖြေပါ့မယ် ဘုရား)။

အဲဒီတော့ သက်ကြီးစကား သက်ငယ် ကြားနဲ့ လာခဲ့တာတော့ လာခဲ့တာပေါ့၊ အခုပြောပေးတဲ့ ဆရာသမားနဲ့တွေ့ပြန်တော့ နဂိုကကောက်နေတာလဲ ဖြောင့်ယူ လိုက်တာပေ့ါ (မှန်ပါ့) သဘောပါလား (ပါ-ပါပြီ ဘုရား)။

ဒါကြောင့် ဒကာကြွယ် သေသေချာချာ အခု ဝိညာဏ်သည် ဒီနေရာဖြစ်၍ ဒီနေရာချုပ်တယ် ဆိုတာတော့ သဘောကျပလား (ကျပါပြီ ဘုရား)။

နားထဲမှာ ကြားတတ်တဲ့ အခု ဘုန်းကြီးဟောနေတဲ့ တရားကလေးကို ကြားတတ်တဲ့ ဝိညာဏ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) ဒီက အသံရပ်လိုက်တော့ရှိသေးသလား (မရှိပါ ဘုရား) ဘယ်များ ပြောင်းသေးသတုံး (မပြောင်းပါ ဘုရား) ဝိညာဏ်ဒီနားထဲမှာ ပေါ်ပြီး ဒီနားထဲမှာ ပျောက်သွားတယ် (မှန်ပါ့) ဝိညာဏ်ပြောင်းသေးသလား (မပြောင်းပါ ဘုရား)။

ခင်ဗျားတို့ ဒီလိုတရားကို ဝိပဿနာဉာဏ်တရားကို မနာရတော့ ဝိညာဏ် ပြောင်းတယ်တဲ့ (မှန်ပါ့) ဒီလို မယူဘူးလား (ယူပါတယ် ဘုရား)။

ဘယ်ဝိညာဏ် ပြောင်းတာပြောသတုံး

အဲဒီတော့ သာတိကို သာတိ မင်းသည် ကားလို့ ဆိုရင်လဲ ဘယ်ဝိညာဏ် ပြောင်းတာပြောသတုံး။ ဘယ်ဝိညာဏ်တုံးလို့မေးတဲ့ အခါကျတော့ကို ကတမံ သာတိဝိညာဏ။ သာတိ=သာတိ။ ကတမ =အဘယ်တရားကို။ ဝိညာဏ =ဝိညာဏ်ဟူ၍။ ဝုစ္စတိ = မင်းကဆိုနေသလဲ (မှန်ပါ့)။

အရှင်ဘုရားတဲ့ ဝိညာဏ်ကလေးဟာက ပြောင်းတယ် ဆိုတာ တခြားမဟုတ်ပါဘူး။ ဒီဝမ်းထဲမှာရှိတဲ့ ဝိညာဏ်ကလေးဟာ လူသေတယ်ဆို ထွက်သွားတာဘဲ။ ထွက်သွားပြီး သကာလ ထိုရောက်တဲ့အခါမှာ ကောင်းတာ မကောင်းတာ ဒီကလုပ်ထားတဲ့ ကောင်းကျိုး မကောင်းကျိုးကို သူက သွားပြီး သကာလ ခံစားတယ်တဲ့ (မှန်ပါ့ ဘုရား)။

ဒီကလုပ်ထားတဲ့ ကောင်းကျိုး မကောင်းကျိုးကို (သွားပြီး ခံစားပါတယ် ဘုရား) သူ-ဒီကနေသွားပြီး သကာလ ငါလုပ်ထားတာဘဲ၊ ငါဘဲ သွားခံစားမယ်ဆိုပြီး ဝိညာဏ်ကလေးကသွားပြီး ခံစားပါသတဲ့ (မှန်ပါ့) သူဖြေပုံ-သူဖြေပုံ (မှန်ပါ့) ဒကာကြွယ် ဝိညာဏ်သေသေးလား (မသေပါဘူး ဘုရား) သာဘိဖြေတဲ့ အဖြေဟာ မသေပါဘူူး (မှန်ပါ့)။

အဲဒါ မူလပဏ္ဏာသပါဋ္ဌိတော်မှာ ဒီအတိုင်း ဘုရား ဟောပါတယ် (မှန်ပါ့) ဘုရားကမေးလို့ သာတိက ဖြေတာပါ (မှန်ပါ့) ကောင်းကျိုး-မကောင်းကျိုးကိုဖြင့် ဝိညာဏ်က ခံစားပါတယ် တဲ့ (မှန်ပါ့)။

ပြောဆိုတာလဲ သူဘဲ၊ စကားပြောတာလဲ သူဘဲ၊ ခံစားတာလဲ သူဘဲတဲ့ (မှန်ပါ့) ဒီဝိညာဏ်ကလေးဟာ ဘယ်တော့မှ မသေဘူးတဲ့ (မှန်ပါ့)။

မဂ်ဖိုလ်မှ အချည်းနှီးဖြစ်ပြီ

ဒါနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ရဟန်းတွေကလဲ နောက်က ရှိနေတော့ ဟေ့ သာတိ မင်းသည်ကားလို့ဆိုရင် ဝိညာဏ်သည် ဥသ္မီကတောလို့ ပြောလိုက်တယ် ပါဠိလို (မှန်ပါ့) ဥသ္မီကတော ဆိုတာက မင်းသည် ဝိညာဏ်ဆိုတဲ့ အငွေ့ ဒိဋ္ဌိကလေးရှိနေတဲ့အတွက် တဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်တည်း ဟူသော သမ္မာဒိဋ္ဌိ အလုပ်ကိုဖြင့် ဝိညာဏ်ကိုမြဲတယ်လို့ ယူထားတဲ့ မိစ္ဆာဒိဋ္ဌိရှိနေတဲ့အတွက် သမ္မာဒိဋ္ဌိ မဖြစ်နိုင်သောကြောင့် မင်းသည်ကားလို့ဆိုရင် မဂ်ဖိုလ်မှ အချည်းနှီးဖြစ်ပြီ၊ မရတော့ဘူးလို့ ဆုံးဖြတ်ချက် ချလိုက် (မှန်ပါ့) ရဟန်းတွေရှေ့မှာဘဲ ပြောလိုက်တယ် (မှန်ပါ့)။

ကဲ ဒကာ ဒကာမတို့ အသက်ထွက်တယ်များ ပြောချင်ကြသေးလား (မပြောချင်ပါ ဘုရား) ဖျောက်ပါတော့ဗျာ (မှန်ပါ့) ဖျောက်ကြပါတော့ (မှန်ပါ့)။

အသက်ဘဲ ရှိလဲရှိတာမှ မဟုတ်ဘဲ ဒကာ ဒကာမတို့ရဲ့ ဝိညာဏ်ကလေး ဒီနေရာဖြစ်ပြီး ဒီနေရာချုပ်တာဘဲဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အဲဒီတွင် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဦးမာဒင်တို့ ဦးသန်းမောင်တို့ ပြောလိုက်တာ မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား) မင်းမှာ ဝိညာဏ်ဆိုတဲ့ အငွေ့ဒိဋ္ဌိကလေးရှိနေတဲ့အတွက် မဂ်ဉာဏ် ဖိုလ်ဉာဏ်တည်းဟူသော သမ္မာဒိဋ္ဌိကိုဖြင့် မင်းသည် မောဃပုရိသ=မဂ်ဖိုလ်မှ အချည်းနှီးဖြစ်ပြီကွာ မရတော့ဘူး တဲ့ (မှန်ပါ့) ဒိဋ္ဌိရှိလို့မရတာ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘာရှိလို့လဲ (ဒိဋ္ဌိရှိလို့ မရတာပါ ဘုရား) ဒိဋ္ဌိရှိလို့ မဂ်မရတော့ဘူးလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

ဪ ဒကာ ဒကာမတို့ ကြောက်စရာကြီးပါလား (ကြောက်စရာကြီးပါ ဘုရား)။

ဒါဖြင့် ဘုန်းကြီး အစကပြောခဲ့တယ်၊ တရားထိုင်စက ပြောခဲ့တာ ဦးမာဒင်တို့ ကျေနပ်ဖို့ တယ်ကောင်းတယ် (မှန်ပါ့) ဒိဋ္ဌိမခွါတဲ့ ဝိပဿနာဟာ မဂ်ဉာဏ် ဖိုလ်ဉာဏ်မရဘူး (မှန်ပါ့) ကုသိုလ်တော့ ရတယ် (မှန်ပါ့) မဂ်ဉာဏ်- ဖိုလ်ဉာဏ်တော့ (မရပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့အလိုက ကုသိုလ်ရရံုံလုပ်တာလား မဂ်ဉာဏ် ဖိုလ်ဉာဏ်ရချင်လို့ ဝိပဿနာ အားထုတ်တာလား (မဂ်ဉာဏ် ဖိုလ်ဉာဏ်ရချင်လို့ ဝိပဿနာ အားထုတ်တာပါ ဘုရား) ဒကာကြွယ် ပေါ်ပြီဗျ (ပေါ်ပါပြီ ဘုရား)။

ဒိဋ္ဌိမခွါတဲ့ ဝိပဿနာသည်

ဒါဖြင့် ဒိဋ္ဌိမခွါတဲ့ ဝိပဿနာသည် ကုသိုလ်သာရ၍ နိဗ္ဗာန်မရ (မှန်ပါ့)။

ကုသိုလ်သာရ၍ (နိဗ္ဗာန်မရပါ ဘုရား) ဪ ကြောက်စရာကြီးပါလား ဒကာ ဒကာမတို့ (မှန်ပါ့)။

မသိတဲ့နေရာမှာ ကုသိုလ်ဖြစ်ရုံလုပ်နေတဲ့ပုဂ္ဂိုလ်တွေ အတွက်တော့ အထူး မဆိုလိုပါဘူး (မှန်ပါ့) နိဗ္ဗာန်ရောက်ချင်လို့လုပ်နေတဲ့ ပုဂ္ဂိုလ်တွေအတွက်မှာဖြင့် ဒါ အကြီးအကျယ်ဘဲ ခမ်းခမ်းနားနားဘဲ ပြောပေးရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ခုနင်က စကားကလေးပြန်ကောက်လိုက်၊ သာတိအကြောင်းသိတော့ ဒကာသစ် ပြန်ရှင်းလိုက်နော် (မှန်ပါ့) ဝိပဿနာအားထုတ်လို့ရှိရင် ကုသိုလ်သာရ၍ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်မရ (မှန်ပါ့) ဆိုတော့ ဦးသန်းမောင်တို့ အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။

ဒီဟာကို အင်မတန် တပည့်တော်တို့ ခန္ဓာဝန် ဒုက္ခဝဋ်ကြီးမှ ကျွတ်ချင်လို့ပါဘုရား ဆိုပြီး ဆရာကောင်း-သမားကောင်းတွေရှာကြ ဖွေကြပြီး သကာလ အမျိုးမျိုး စရိတ်စကတွေ အကုန်ခံ လာကြငြားသော်လဲ တဲ့ အမှန်မဆိုက်ဘဲနဲ့ ကုသိုလ်ဖြစ်ကလေးလောက်နဲ့ဆိုရင်တော့ ဒကာကြွယ် မတော်သေးဘူး (မှန်ပါ့) တော်ပါ့မလား (မတော်ပါ ဘုရား)။

မတော်ပါသေးဘူး တဲ့၊ မတော်ပါသေးဘူး၊ ဒီကုသိုလ်ကလဲ ကုသိုလ်ဆိုတာမျိုးဟာ ဒကာ ဒကာမတွေ ညံ့ဖျင်းတဲ့ကုသိုလ်တမျိုး၊ ထက်မြက်တဲ့ ကုသိုလ်တမျိုး၊ ကုသိုလ်နှစ်မျိုးရှိတယ် (မှန်ပါ့) ထက်မြက်တဲ့ကုသိုလ်က မဂ်ကုသိုလ် (မှန်ပါ့) မထက်မြက်တဲ့ကုသိုလ်က ဒါနကုသိုလ် သီလကုသိုလ် သမထကုသိုလ် (မှန်ပါ့) ဒါတွေရှိပြီး သကာလ နေတော့ ဪ ဒို့ ထက်မြက်တဲ့ကုသိုလ်ရချင်ပါတယ်လို့ ခန္ဓာဇာတ်သိမ်း ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကြီးကို ရချင်ပါတယ်ဆိုလို့ရှိရင်ဖြင့် ဒိဋ္ဌိခွါတဲ့ ဝိပဿနာအလုပ်လုပ်ပါ (မှန်ပါ့) ဒိဋ္ဌိခွါပြီးမှ (ဝိပဿနာ ရှုရပါမယ် ဘုရား)။

ငါ့ဟာငါ ခွါမယ်ဆိုလို့ရှိရင် မရဘူး

ဒိဋ္ဌိခွါချင်ပါတယ်ဆိုလို့ရှိရင် ငါ့ဟာငါ ခွါမယ်ဆိုလို့ရှိရင် မရဘူး (မရပါဘူး ဘုရား) ခန္ဓာ၏ပဋိစ္စသမုပ္ပါဒ် သိပါဦးမှ (မှန်ပါ့) ခန္ဓာဒုက္ခသစ္စာကို (သိပါဦးမှပါ ဘုရား) အဲ ပဋိစ္စသမုပ္ပါဒ်ခန္ဓာနဲ့ ပဋိစ္စသမုပ္ပါဒ် ဒုက္ခသစ္စာ ဒီခန္ဓာ ဒုက္ခသစ္စာကိုဖြင့် နားလည်မှု ရှိပြီး ဉာတပရိညာနဲ့ နားလည်မှု ရှိပြီးတော့မှ တီရဏပရိညာနဲ့ ပွါးပါ (မှန်ပါ့) ပေါ်ကြပါပြီ (ပေါ်ပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒီသာတိကို တခါတည်း ဘုရားက သာတိ ဘယ်ဝိညာဏ်သည်ကားလို့ဆိုရင် မသေသတုံးမေးတော့ ဒါဆိုတာပါ တဲ့၊ ဟိုဘုံ ဒီဘုံ လှည့်သွားနေပြီး သကာလ နေတဲ့ ကောင်းတာမကောင်းတာတွေ သူက ရောက်ရာမှာ ခံစားနေတဲ့ ဝိညာဏ်ကို ဆိုပါတယ် တဲ့ (မှန်ပါ့) သာတိက-သာတိက-နော် (မှန်ပါ့)။

ဒီဘုံကနေပြီး သကာလ ဟိုဘုံသွားပြီး သကာလ သူပြောလဲ ပြောပါတယ် တဲ့ (မှန်ပါ့) ခံလဲ ခံစားတာဘဲ တဲ့ (မှန်ပါ့) ဒီကလုပ်ထားတဲ့ ကောင်းကျိုး မကောင်းကျိုးတွေကို သူကခံစားတာဘဲ တဲ့ (မှန်ပါ့) ဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာလဲ ရှိတယ် (မှန်ပါ့)။

ဟာက ကိုယ့်အထင်နဲ့ကို ကိုယ်ပြောနေတာလား မေးတော့ ခင်ဗျားတို့ ကိုယ့်အထင်နဲ့ ကိုယ်ပြောနေတာ (မှန်ပါ့) ကိုယ့်အထင်ဆိုတာ ကိုယ့်အယူ (မှန်ပါ့) ကိုယ့်အယူ ဘာအယူဖြစ်နေတယ်ဆိုတာဖြင့် သေသေချာချာ စဉ်းစားကြည့်တော့မှ ဪ ငါ သဿတဒိဋ္ဌိဖြစ်နေပါပေါ့လား (မှန်ပါ့ ဘုရား)။

ဘာဒိဋ္ဌိဖြစ်နေသတုံး (သဿတဒိဋ္ဌိ ဖြစ်နေပါတယ် ဘုရား) ဒါ ဖော်ပြတဲ့ပုဂ္ဂိုလ် တဦးတယောက်က ဦးမာဒင် သေသေချာချာ ရှင်းပေလို့နော် (မှန်ပါ့) မရှင်းရင် ဒီအယူနဲ့လူလားမြောက်ပြီး ဒီအယူ ယူပြီး သေတော့မယ် (မှန်ပါ့) နတ်ရွာသုဂတိတော့ ရောက်သွားတာဘဲ (မှန်ပါ့) ပြီးတော့ ဒိဋ္ဌိကအပါယ်ဆွဲချလိုက်တယ် (မှန်ပါ့) ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

ဒီဒုက္ခဝဋ်မှကျွတ်ချင်လို့ လုပ်ပါတယ်

အဲဒါ့ကြောင့် ခင်ဗျားတို့ ပြောရတယ်၊ ဟာ ဖြုန်းခနဲများအလှူအတန်းမလုပ်လိုက်နဲ့၊ သက္ကာယဒိဋ္ဌိ ဖြုတ်ပါဦး၊ သစ္စာမြင်အောင်လုပ်ပါဦး၊ အဲဒါ မြင်ပြီးတော့မှ လုပ်လို့ရှိရင်ဖြင့် ဪ ဒီဒုက္ခဝဋ်မှကျွတ်ချင်လို့ လုပ်ပါတယ်ဆိုတော့ ကမ္မဿကတ မဟုတ်တော့ဘူး (မှန်ပါ့) သစ္စာနုလောမိကဉာဏ်နဲ့ လုပ်လိုက်တယ် (မှန်ပါ့) အဲဒီကျတော့ဖြင့် နိဗ္ဗာန်ရောက် အကျိုးပေးချလိုက်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အခု မူလပဏ္ဏာသပါဠိတော် တံငါသည်ရဲ့သား သာတိရဟန်း၏အယူဟာ ဝိညာဏ်ကလေးဟာ လူသေရင် ထွက်သွားတယ် (မှန်ပါ့) ရောက်ရာဘဝမှာ ဒီဘဝကလုပ်ထားတဲ့ ကုသိုလ်- အကုသိုလ် ကောင်းကျိုး- မကောင်းကျိုးတွေကို သူက စကားလဲပြောတယ်၊ ခံလဲခံစားတယ်ဆိုတော့ ဝိညာဏ်ဟာ သံသရာပတ်တယ်အဓိပ္ပာယ်ယူတယ် (မှန်ပါ့) ဟိုခန္ဓာ ဒီခန္ဓာ ပြောင်းတယ်လို့ကော (ယူပါတယ် ဘုရား)။

ခင်ဗျားတို့ ယောင်ဝါးဝါး မလုပ်နဲ့၊ တချို့ အံမာလေး လူဝင်စားကလေးနဲ့များ ဒိဋ္ဌိဖြစ်နေတာ တပုံကြီးရှိသေးတယ် (မှန်ပါ့) တော်တော်ရှိတယ်၊ အမာရွတ်ကလေးပါလာသလို (မှန်ပါ့) အင်း သူ့အဝတ်ကလေး ထုတ်ပြရင် သိသလိုလို (မှန်ပါ့) အတော်ရှုပ်တယ် ခင်ဗျားတို့က သဿတဒိဋ္ဌိက (မှန်ပါ့) အတော်ရှုပ်တယ်၊ အတော်ရှုပ်တယ် (မှန်ပါ့)။

ကဲ ဒါဖြင့် ဒီသဿတဒိဋ္ဌိရှိနေသ၍ ကာလပတ်လုံးလဲ ဘာလုပ်တဲ့ကုသိုလ်ဖြစ်ဖြစ် နတ်ရွာသုဂတိရောက်တဲ့ ကုသိုလ်သာဖြစ်ပါ၏၊ နိဗ္ဗာန်ရောက်နိုင်တဲ့ ကုသိုလ်မဖြစ်နိုင် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒီအယူကို မင်းယူသလားဆိုတော့ တပည့်တော်အယူ ဒီအတိုင်းပါဘဲဘုရား တဲ့။

ဒိဋ္ဌိကလေးအန္တရာယ်ကြောင့်

ကွာ တဲ့ မင်းဟောဒီ ကိလေသာအန္တရာယ်ဆိုတဲ့ ဒိဋ္ဌိကလေးအန္တရာယ်ကြောင့် မင်းသည် ဒီအယူမစွန့်သ၍ ကာလပတ်လုံး မဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုတဲ့ ဥစ္စာဖြင့် မဂ်ဖိုလ်မှ အချည်းနှီးဖြစ်တဲ့သာတိလို့ မင်းကိုယ်မင်း မှတ်တော့တဲ့ (မှန်ပါ့) တခါတည်း အမိန့်ချလိုက်တယ် (မှန်ပါ့ ဘုရား)။

ကဲ သဿတဒိဋ္ဌိ ဘယ်လောက် ကြောက်စရာကောင်းသတုံး (ကောင်းပါတယ် ဘုရား) သာမညကလေးပြော သာမညကလေးဆိုနေတော့ ဟုတ်တယ်လို့ ထင်နေကြတာပေါ့လေ (မှန်ပါ့) တကယ်တမ်းကျတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး အမိန့်တော်မြတ် မှတ်တာကတော့ဖြင့် မင်း-ငါဘုရားကဲ့သို့မဟုတ်ဘူး၊ မင့်အယူနဲ့မင်း သဿတဒိဋ္ဌိ ယူနေတဲ့အတွက် ကိလေသာ အန္တရာယ်တည်း ဟူသော မီးဖွားကလေးကြောင့် မင်းသည် မဂ်ဖိုလ်တော့ဖြင့် မရဘူးလို့ဆိုတော့ တခါတည်း မှိုင်ကျသွားတာဘဲ (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ဘုရားပြောတာတော့ မြင်ပြီးပြောတာ (မှန်ပါ့) မရတော့ဘူး ပြောလိုက်တယ် မဂ်ဖိုလ်ကို (မှန်ပါ့) မရတော့ဘူးလို့ ပြောလိုက်တယ် မဂ်ဖိုလ်ကို (မှန်ပါ့) အဲ ဦးသန်းမောင်တို့ ဘယ်လောက်ကြောက်စရာ ကောင်းသလဲ (ကြောက်စရာကောင်းပါတယ် ဘုရား)။

ဒါကြောင့် သူ့ကို အရင်ရှင်းမှ ဒိဋ္ဌိကို အရင်ရှင်း၊ ရှင်းပြီးမှ တရားအားထုတ်ပါ (မှန်ပါ့) မရှင်းဘဲနဲ့ အားထုတ်ရင် မောတာဘဲ၊ သာမည ကုသိုလ်နဲ့ အချိန်ကုန်သွားမှာစိုးလို့ ပြောနေတာ (မှန်ပါ့ ဘုရား) သဘောပါကြသလား (ပါ-ပါပြီ ဘုရား)။

ကဲ ဒါဖြင့် ရှေ့နောက်ကိုခွဲတတ်ကြပလား (ခွဲတတ်ပါပြီ ဘုရား) ခွဲတတ်ပြီ၊ ရှေ့နောက်ခွဲတတ်ပြီ ဒကာကြွယ် (မှန်ပါ့ ဘုရား)။

ဒါနဲ့ ဒီသာတိကို ဘုရားသခင်ကိုယ်တော်မြတ်ကြီး အမိန့်မြတ်မှန်လိုက်တာ ဘယ်ဒိဋ္ဌိအတွက်ပါလိမ့် (သဿဘဒိဋ္ဌိအတွက်ပါ ဘုရား) ဒကာသစ်သိပ်ဆိုးပါကလား (ဆိုးပါတယ် ဘုရား)။

မင်းတို့ကော ဒီအယူကို ယူသလားတဲ့

ဒါဖြင့် သာတိနဲ့ အတူတကွ တရားနာနေတဲ့ ရဟန်းတွေကိုဘုရားက လှမ်းမေးလိုက်တယ်၊ မင်းတို့ကော ဝိညာဏ်ကိုတယောက်သော ပုဂ္ဂိုလ်သေလို့ရှိရင် ဒီဝိညာဏ်က ထွက်သွားပြီး သကာလ ဟိုဘဝမှာ ကောင်းတာခံစားနေတယ်လို့ မင်းတို့ကော ဒီအယူကို ယူသလားတဲ့ (မှန်ပါ့ ဘုရား) နောက်ကရဟန်းတွေကို မေးတယ် (မှန်ပါ့ ဘုရား)။

နောက်က ရဟန်းတွေကိုမေးတော့ တပည့်တော်မျာက မယူပါဘူးဘုရားတဲ့ (မှန်ပါ့) ဘယ့်နှယ်ကြောင့် မယူသတုံးဆိုတော့ “စက္ခုံစ ပဋိစ္စရူပေစ စက္ခုဝိညာဏံ” ဪ ရူပါရုံနဲ့ စက္ခုနဲ့ ပေါင်းမိတဲ့အခါမှာ မြင်တဲ့ဝိညာဏ်ပေါ်တယ် (မှန်ပါ့) မပေါင်းချင်ရင် ချုပ်တာဘဲ (မှန်ပါ့ ဘုရား) ဝိညာဏ်ဟာ မျက်လုံးထဲပေါ်ရင် မျက်လုံးထဲချုပ်ပါတယ်ဘုရား၊ တပည့်တော်တို့ ဒီလိုယူပါတယ် (မှန်ပါ့ ဘုရား)။

ထို့အတူ မနောဝိညာဏ်ဟာလဲ “မနဉ္စ ပဋိစ္စ ဓမ္မေစ ဥပ္ပဇ္ဇတိ မနောဝိညာဏံ” ဆိုတော့ အကြောင်း ညီညွတ်တုန်း မနောဝိညာဏ်ဖြစ်ပါတယ် (မှန်ပါ့) ဒီနဂိုအကြောင်း မတိုက်ဆိုင်တဲ့အခါ ချုပ်ပါတယ်တဲ့ (မှန်ပါ့ ဘုရား)။

အေး ငါလဲဒီလိုဟောတယ်၊ မင်းတို့လဲဒီလိုမှတ် (မှန်ပါ့) ဝိညာဏ်ဟာ ဖြစ်ပျက်လို့မှတ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်မှမရွေ့နိုင်၊ ပြောင်းမရွေ့နိုင်၊ ဝိညာဏ်ဟာ ဖြစ်ပြီးပျက်တဲ့ အနိစ္စတရားလို့ ငါလဲ ဒီလိုဟောတယ်၊ မင်းတို့လဲ ဒီအတိုင်းယူတဲ့ (မှန်ပါ့) ဘုရားကိုက ဝေဖန်ပြောနေပြီ (မှန်ပါ့) ဦးမာဒင်တို့ ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။

ငါလဲ ဒီလိုဟောတယ်၊ မင်းတို့လဲဒီလိုယူတဲ့ (မှန်ပါ့) သာတိဖြစ်သွားမယ်တဲ့ (မှန်ပါ့ ဘုရား)။

တခါတည်း မှိုင်ကျသွားတာဘဲ

အဲဒီမှာ သာတိကတခါတည်း မှိုင်ပြီး သကာလ ငါတော့ဖြင့် ဒီဘဝ မဂ်ဖိုလ်မရတော့ဘူး၊ ဘယ်နည်းမှ မရတော့ဘူးဆိုပြီး ဘုရားက နှစ်ခွန်းမှမပြောဘဲ (မှန်ပါ့) တခွန်းနဲ့ အမှန်ပြောလိုက်တာဘဲ (မှန်ပါ့) အဲဒီတွင် တခါတည်း မှိုင်ကျသွားတာဘဲ (မှန်ပါ့) ဒါ ဘယ်ဒိဋ္ဌိကြောင့် ဒကာသစ် မှိုင်ကျသွားတာတုံး (သဿတဒိဋ္ဌိကြောင့်ပါ) သဿတဒိဋ္ဌိမစွန့်လိုက်ဘူး (မှန်ပါ့) စွန့်လိုက်ရင်ပြီးတာပါဘဲ (မှန်ပါ့ ဘုရား)။

စွန့်လိုက်ရင် ပြီးတာပါဘဲ၊ ခင်ဗျားတို့လဲ ငယ်ငယ်တုန်းကသဿတဒိဋ္ဌိ ရှိချင်မှရှိမယ်၊ ဘုန်းကြီးနဲ့ တွေ့လို့သာ ဒီအထဲမပါတာ (မပါ-ပါ ဘုရား) မပါပါဘူးတဲ့၊ အသက်ထွက်တယ်တော့

လူတိုင်းပြောနေတာဘဲ (ပြောနေပါတယ် ဘုရား) ဒီအသက်ကလေးဟာ အိမ်နားများ ခုနစ်ပတ်တောင် လှည့်နေ သေးသတဲ့ (မှန်ပါ့ ဘုရား)။

ဝိညာဏ်ကလေး လှည့်နေသတဲ့၊ နောက်ခုနစ်ရက် စေ့မှ တွယ်တာရာရသတဲ့ (မှန်ပါ့) အံမာလေး ကြောက်စရာကြီးပါလား (မှန်ပါ့) ဘာဒိဋ္ဌိတုံး (သဿတဒိဋ္ဌိပါ ဘုရား)။

ကဲ တခါ စွန့်လိုက်ပါတော့ (မှန်ပါ့) ဟဒယထဲမှာ ရှိတဲ့ ဝိညာဏ်ကလေးဟာ ဓမ္မာရုံနဲ့ ဘဝင်အကြည်နဲ့ တိုက်ပြီး ဖြစ်ပါတယ်။ ဓမ္မာရုံချုပ်သွားတော့ ဘဝင်အကြည်ပေါ်မှာ သူလဲချုပ်ရပါတယ်ဆိုတော့ ဒကာ ဒကာမတို့ ရိပ်မိပါပြီ (ရိပ်မိပါပြီ ဘုရား)။

သူ့နေရာမှာ ပေါ်၊ သူ့နေရာမှာ ချုပ် (မှန်ပါ့) မျက်လုံးဝိညာဏ်ဟာ မျက်လုံးထဲမှာ ပေါ်ရင် (မျက်လုံးထဲမှာ ချုပ်ရပါတယ် ဘုရား) နားဝိညာဏ် နားထဲမှာ ပေါ်ရင် (နားထဲမှာချုပ်ရပါတယ် ဘုရား) နားထဲမှာပေါ်ရင် နားထဲမှာ ချုပ်၊ ‘အဒဿနတော အာယန္တိ’ တဲ့ (မှန်ပါ့) မမြင်ရာ အရပ်ကနေပြီး ဖျက်ကနဲ ပေါ်တာဘဲတဲ့ (မှန်ပါ့) ချုပ်သွားတဲ့အခါ မမြင်ရာ အရပ်ဘဲ ချုပ်သွားတာပဲ (မှန်ပါ့)။

သဗ္ဗေသင်္ခါရာ အနိစ္စာ

ဒါဖြင့် ဒီနေရာမှာ မမြင်ရာ အရပ်က ဖျတ်ကနဲ ပေါ်လာတယ် (မှန်ပါ့) ဖျတ်ကနဲ ချုပ်သွားတယ် (မှန်ပါ့) ဒီလိုသာယူရမယ်တဲ့၊ ဒါမှသာလျှင် “သဗ္ဗေသင်္ခါရာ အနိစ္စာ” နဲ့ကိုက်မှာကိုး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

သဗ္ဗေသင်္ခါရာ (အနိစ္စပါ ဘုရား) ဪ “သဗ္ဗေသင်္ခါရာ အနိစ္စာ” ဆိုတော့ ဘယ်တရားမဆို မင်းတို့သန္တာန်မှာပဋိစ္စသမုပ္ပါဒ် အစွမ်းကြောင့် ပေါ်လာတဲ့ အကျိုးဟူသ၍ အနိစ္စချည့်ဘဲဟေ့ (မှန်ပါ့) အနိစ္စချည့်ဘဲဟေ့လို့ ဒကာသစ် ရှင်းရှင်းပဲ ဘုရားဟောတယ် (မှန်ပါ့)။

အဲဒီတွင်မှ ရဟန်းတွေ မင်းတို့က ဒီလိုအယူ-ယူကြသလားကွ၊ မယူပါဘူးဘုရား တဲ့၊ ဝိညာဏ်ဆိုတာ မျက်လုံးဝိညာဏ်သည် နားထဲတောင် ပြောင်းပြီး မဖြစ်ပါဘူးတဲ့ (မှန်ပါ့ ဘုရား)။

မျက်လုံးဝိညာဏ် မျက်လုံးထဲမှာ ချုပ်ပါတယ် (မှန်ပါ့) ကိုယ်ပေါ်မှာရှိတဲ့ဝိညာဏ်သည် ဝမ်းထဲမှာ မဖြစ်ပါဘူူး (မှန်ပါ့) ကိုယ်ပေါ်မှာဘဲပေါ်ပြီး ကိုယ်ပေါ်မှာ ချုပ်ပါတယ် (မှန်ပါ့) မယုံရင် ခင်ဗျားတို့ လက်ဖမိုးကို တဖက်လက်ဖမိုးကို တဖက်လက်သည်းကလေးနဲ့ ခြစ်ကြည့်၊ ကာယဝိညာဏ်ပေါ်စေ့မယ် (မှန်ပါ့) ဒီနေရာတွင် ချုပ်စေလိမ့်မယ် (မှန်ပါ့) မယုံရင် ခြစ်ကြည့်ပါ ခင်ဗျားတို့ (မှန်ပါ့)။

ကိုယ့်ခန္ဓာ ကိုယ်ဆိတ်ကြည့်တော့ ကာယဝိညာဏ်က နာတဲ့စိတ်ဆိုတော့ “ဒုက္ခသဟတံ ကာယဝိညာဏံ” ဆိုတဲ့ ဝိညာဏ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ်) ဘယ်နေရာရွှေ့သေးသလဲ (မရွှေ့ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီဝိညာဏ် ပြောင်းသေးသလား

ဒါဖြင့် ဒီဝိညာဏ် ပြောင်းသေးသလား (မပြောင်းပါ) မပြောင်းဘူးဆိုတာ ခင်ဗျားတို့ ကိုယ်တိုင်ဘဲ ရှင်းရှင်းလင်းလင်း ဉာဏ်ထဲမှာ ရှိကြပါစေ (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

ထိုကဲ့သို့ ဝိညာဏ်သည် ဘယ်မှ မပြောင်းမရွှေ့ဘူး၊ ဒီနေရာဖြစ် ဒီနေရာပျက် (မှန်ပါ့) အကြောင်းတိုက်ဆိုင်လို့ ပေါ်လာလိုက်၊ အကြောင်းချုပ်သွားလို့ ချုပ်တယ် (မှန်ပါ့)။

အကြောင်းတိုက်ဆိုင်လို့ (ပေါ်လာပါတယ် ဘုရား) အကြောင်းတခု ချုပ်သွားလို့ (ချုပ်သွားပါတယ်) ဒီလိုဆိုမှသာလျှင် ဖြစ်ပျက်အနိစ္စနဲ့ သွားတွေ့တယ် (မှန်ပါ့) ဒါမှ ‘နိစ္စာ ဝတ သင်္ခါရာ’ နဲ့ သွားကိုက်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သင်္ခါရာ =ယခုမှ ပေါ်လာတဲ့ ဝိညာဏ်သည်၊ ဝတဧကဓန္တန = စင်စစ်အားဖြင့်၊ အနိစ္စာ=ဖြစ်ပြီး မရှိမှာဘဲကွ တဲ့ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဪ ဒီနေရာပေါ် ဒီနေရာပျက်၊ ဒီနေရာပေါ် ဒီနေရာပျက်လို့ ဉာဏ်က လိုက်ရှုနေ (မှန်လှပါ ဘုရား)။

ဉာဏ်က လိုက်ရှုတော့ ဒကာ ဒကာမတို့ ဝိညာဏ်ကလေးဟာ ဒီနေမှာမှာပေါ်တယ်၊ မျက်လုံးထဲပေါ် မျက်လုံးထဲ ပျက်တယ်၊ ကိုယ်ပေါ်မှာပေါ် ကိုယ်ပေါ်ပျက်တယ်၊ ဟဒယဝတ္တုပေါ်မှာဘဲ ပျက်တယ်လို့ ကျုပ်တို့ ဒကာ ဒကာမတွေ တခါတည်း ဉာဏ်နဲ့ လိုက်ပေး (မှန်ပါ့)။

ဉာဏ်က လိုက်တော့ ဝိညာဏံ အနိစ္စံ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ဝိညာဏံ=ဝိညာဏ်သည်၊ အနိစ္စံ=အနိစ္စဘဲဆိုတော့ ဉာဏ်ကလေးက မမြင်ရဘူးလား (မြင်ရပါတယ် ဘုရား)။

ဝိညာဏ်က အနိစ္စ၊ မြင်တာက မဂ္ဂ

မြင်လိုက်တဲ့အခါကျတော့ကိုတဲ့ ဒကာ ဒကာမတို့ ဝိညာဏ်က အနိစ္စ၊ မြင်တာက မဂ္ဂ (မှန်ပါ့)။

အဲဒီတော့ ဒကာ ဒကာမတွေ စဉ်းစားကြည့် သူ အနိစ္စမြန်မြန်ရောက်တာဘဲ (မှန်ပါ့) ငါမြင်တယ်ဆိုတဲ့ ဒိဋ္ဌိက နောက်ကနေပြီး သကာလ ဒိဋ္ဌိသေသွားတယ် (မှန်ပါ့ ဘုရား)။

အနိစ္စလို့လဲ ဝိပဿနာမဂ်ဉာဏ်နဲ့ မြင်လိုက်ပါရော ရှေးကလို ငါမြင်တယ်ဆိုတာကလေးဟာ လာသေးရဲ့လား (မလာပါ) ငါဆိုတဲ့ ဒိဋ္ဌိမှ မလာဘဲနဲ့ စွဲစွဲလမ်းလမ်း ဒိဋ္ဌုပါဒါန် လာပါဦးမလား (မလာပါ) ဒိဋ္ဌုပါဒါန်မှ မလာဘဲနဲ့ ‘ဥပါဒါနပစ္စယာ ကမ္မဘဝေါ’ ဆိုတဲ့ ကံကော (မလာပါ) အပါယ်သက်ရှည်တဲ့ ကံလာပါဦးမလား (မလာပါ) ကံမှ မလာဘဲနဲ့ ကမ္မဘဝပစ္စယာဇာတိ (မလာပါ) လာနိုင်ပါ့မလား (မလာနိုင်ပါ ဘုရား)။

မလာနိုင်ဘူးဆိုတာ သိတော့မှ ဪ ဒါကလေးလဲ ဒီနေရာပေါ်၍ ဒီနေရာပျောက်တာ ဝိပဿနာ ပဋိစ္စသမုပ္ပါဒ် ဘာဖြစ်သွားသလဲ (ပြတ်သွားပါတယ် ဘုရား)။

အပါယ်လေးပါး တံခါးပိတ်တာ

ဒါဖြင့် ဒိဋ္ဌိ ပဋိစ္စသမုပ္ပါဒ်အကြောင်း ပြတ်သွားသောကြောင့် အကျိုးအပါယ်လေးပါးဆိုတဲ့ ခန္ဓာတွေ လာဦးမလား (မလာပါ ဘုရား) အင်း ဒါကြောင့် အပါယ်လေးပါး တံခါးပိတ်တာ (မှန်ပါ့) ဖြစ်ပျက် မြင်တဲ့ဥစ္စာ ဒိဋ္ဌိသတ်လိုက်တယ် (မှန်ပါ့)။

ဒိဋ္ဌိသတ်လိုက်တော့ ဒိဋ္ဌိအုပ်ချုပ်တဲ့ကံတွေ ဘာတွေ ဘာမှမလာဘဲနဲ့ တခါတည်း အပါယ်ပဋိစ္စသမုပ္ပါဒ် ဦးမာဒင် (ပြတ်သွားပါတယ် ဘုရား)။

အဲဒါ ဘယ့်နှယ်ကြောင့် ပြတ်ပါလိမ့်မလဲလို့ အကဲခတ်ကြည့်တော့မှ ဒကာ ဒကာမတွေ ဪ ဒီနေရာဖြစ်ပြီး ဒီနေရာပျက်တဲ့ဓမ္မအစစ် ဘယ်မှ မပြောင်းရွှေ့ဘူး (မှန်ပါ့) ဆိုတော့ ခိုင်တယ် မြဲတယ်ထင်တဲ့ သဿတဒိဋ္ဌိကော (လွတ်သွားပါပြီ ဘုရား) သဘောကျပြီ (ကျသွားပါပြီ ဘုရား)။

ပြောင်းရွှေ့တယ်လို့ယူတဲ့ သဿတဒိဋ္ဌိလဲ မရှိပါဘူး (မရှိပါ ဘုရား) ခိုင်တယ် မြဲတယ်ယူတဲ့ သဿတဒိဋ္ဌိကော (မရှိပါ ဘုရား)။

ငါမဟုတ်ဘူးဆိုတာလဲ ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတယ်၊ ဒီနေရာမှာ ပျက်သွားတာကို မြင်လိုက်သဖြင့်လဲ ဒါကလေးဟာ ငါလို့ ဆိုလို့ရသေးရဲ့လား (မရပါဘူူး ဘုရား) တခါတည်း ဒကာ ဒကာမတို့ ဒိဋ္ဌိသုံးမျိုး ပြုတ်သွားတယ် (မှန်ပါ့)။

ဒိဋ္ဌိသုံးမျိုး ပြုတ်သွားတယ်

ဒါကြောင့် အဲဒီ့သုံးမျိုး ဒီနေရာမှာဖြစ်တာ ဒီနေရာမှာပျက်တာ ဉာဏ်ကလေးနဲ့ တည့်ပြီး သကာလ ရှုမြင်လို့ရတော့ ဒိဋ္ဌိသုံးမျိုးဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကြီးဟာတဲ့ ဒကာ ဒကာမတို့အကုန်ချုပ်သွားတယ် (မှန်ပါ့)။

ကိုင်း ရှင်းကြပလား ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား) ဒိဋ္ဌိဘယ်နှစ်မျိုး ပြုတ်ထွက်သွားသလဲ (သုံးမျိုးပြုတ်ထွက်သွားပါတယ် ဘုရား)။

ဖြစ်ပျက်တချက်တည်း မြင်လိုက်တာနဲ့ ခိုင်တယ် မြဲတယ် ဆိုတဲ့ သဿတလဲပြုတ်တယ် (ပြုတ်ပါတယ် ဘုရား) ဒီနေရာမှာဖြစ်ပြီး ဒီနေရာမှာပျက်တော့ ဘယ်မှ မသွားနိုင်ဘူး ဆိုတာ သိသဖြင့်လဲ သဿတဒိဋ္ဌိပြုတ်ပါတယ် (မှန်ပါ့) ငါကောဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) ငါမဟုတ်ဘူးလို့ သိသဖြင့်လဲ သက္ကာယဒိဋ္ဌိက (ပြုတ်ပါတယ် ဘုရား)။

ဒီဝိညာဏ် ဘယ်မှ မပြောင်းနိုင်ဘူးဆိုသဖြင့်လဲ သဿတဒိဋ္ဌိပြုတ်ပါတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတာဘဲ၊ ရူပါရုံနဲ့ စက္ခုပသာဒ နှစ်ခုပေါင်းပြီး ပြုပြင်လိုက်တာဘဲ လို့ သိသဖြင့်လဲ ဥစ္ဆေဒဒိဋ္ဌိမရှိပါဘူး (မှန်ပါ့)။

ဒါကြောင့် ခင်ဗျားတို့ ရှုတိုင်း ရှုတိုင်း ဒီနေရာမှာ ဖြစ်ပြီးဒီနေရာမှာ ပျက်တယ်လို့ ဉာဏ်ကလေးရတာ အပါယ်လေးပါး တံခါးပိတ်တယ် (မှန်ပါ့)။

ဉာဏ်ကလေးရတာ (အပါယ်လေးပါးတံခါးပိတ်ပါတယ် ဘုရား) မြင်ရင် ဘာဖြစ်ကြသလဲ (အပါယ်လေးပါး တံခါးပိတ်ပါတယ် ဘုရား)။

အပါယ်ပို့မည့်တရား မဖြစ်လို့

ဟာ ဘာဖြစ်လို့ အပါယ်လေးပါးတံခါးက ကျုပ်တို့အတွက် ပိတ်ရပါလိမ့်မတုံးဆိုတော့ အပါယ်ပို့မည့်တရား မဖြစ်လို့ (မှန်ပါ့) ရိပ်မိမလား (ရိပ်မိပါပြီ ဘုရား)။

အပါယ်သွားမည့်တရားက ဘယ်သူပါလိမ့် (ဒိဋ္ဌိသုံးပါးပါ ဘုရား) ဒိဋ္ဌိသုံးပါး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါကလေးဟာ ဖြစ်ပျက်မြင်တဲ့ ဒကာ ဒကာမတွေမှာ ဒါကလေးက လာသေးရဲ့လား (မလာပါ ဘုရား) စိတ်ထဲမှာကို လာသေးရဲ့လား (မလာပါ ဘုရား) ဘယ့်နှယ်ကြောင့် ဖြစ်ပါလိမ့်ဆိုတဲ့ ဝိစိကိစ္ဆာကော လာသေးရဲ့လား (မလာပါ ဘုရား) မခိုင်မမြဲဘူးဆိုတာလဲ ဧကန်သိပြီး သကာလ နေတော့ ငါ လို့ကော ဆိုစရာရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် ဒိဋ္ဌိဝိစိကိစ္ဆာသေတော့ ခုနင်က “သဟာဝဿ ဒဿန သမ္ပဒါယ၊ တယဿုဓမ္မာ ဇဟိတာ ဘဝန္တိ” (မှန်ပါ့) ဒကာ ဒကာမတွေ ဒီလို အမြင်မှန်ရလို့ရှိရင်ဖြင့် သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသတွေ စင်လာတယ် (မှန်ပါ့)။

ဒါကြောင့် “စတူဟာ ပါယေဟိစ ဝိပ္ပမုတ္တော” (မှန်ပါ့) ဪ မင်းတို့ အပါယ်လေးပါးမှ လွတ်တာ သူမလာတာဟေ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အပါယ်လေးပါးမှမလွတ်တာ ဘာပါလိမ့်

အပါယ်လေးပါးမှမလွတ်တာ ဘာပါလိမ့် (ဒိဋ္ဌိသုံးပါး လာတာပါ ဘုရား) ဒိဋ္ဌိသုံးပါးလာတာ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဪ အပါယ်တံခါးပိတ်တာဖြင့် သူဘဲ (မှန်ပါ့) အပါယ်တံခါးပိတ်တာဖြင့် ဝိပဿနာဉာဏ် မဂ်ဉာဏ် (မှန်ပါ့) အပါယ်လေးပါး တံခါးဖွင့်တာက ဒိဋ္ဌိ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

တံခါးဖွင့်ပေးတာက (ဒိဋ္ဌိပါ ဘုရား) ဒိဋ္ဌိဘယ်နှစ်မျိုးပါလိမ့် (သုံးမျိုးပါ ဘုရား) ဒိဋ္ဌိသုံးမျိုးဆိုတာ သေချာကြပြီ (သေချာပါပြီ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ရောက်ချင်လို့ရှိရင်ဖြင့် နိဗ္ဗာန်မြင်တဲ့ဉာဏ်ကအပါယ်လေးပါး တံခါးပိတ်တယ် (မှန်ပါ့) အပါယ်လေးပါး တံခါးပွင့်အောင်လုပ်နေတာကဒိဋ္ဌိ (မှန်ပါ့) သဘောကျပလား (သဘောကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာဉာဏ် မဂ်ဉာဏ်မှဘဲ ဒီဒိဋ္ဌိကို နိုင်တယ် (မှန်ပါ့)။

ဒါကြောင့် ဝိပဿနာဉာဏ် မဂ်ဉာဏ်ရလို့ရှိရင် ဒကာ ဒကာမတို့ အပါယ်လေးပါး တံခါးပိတ်တယ်ဆိုတဲ့ဥစ္စာ သေချာသွားပြီ (သေချာသွားပါပြီ ဘုရား) မသေချာသေးဘူးလား (သေချာပါပြီ ဘုရား)။

ဒီ့ပြင်ဟာကတော့ဖြင့် ခဏဘဲပိတ်မယ် အသေမပိတ်ဘူး (မှန်ပ့ါ) သူကတော့ဖြင့် တခါတည်း ဒုက္ခဆုံးရာကိုသာ ဦးမာဒင် မြင်မိရင် သေသေချာချာ ပိတ်ပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒုက္ခအဆုံးဖြစ်တဲ့နိဗ္ဗာန်ကို မြင်ပါပြီဆိုရင်

ဟာ ဒုက္ခကိုမြင်နေသေးတယ်ဘုရားဆိုရင် တဘဝ နှစ်ဘဝပိတ်တယ် (မှန်ပါ့) ဒုက္ခအဆုံးဖြစ်တဲ့နိဗ္ဗာန်ကို မြင်ပါပြီဆိုရင်ဖြင့် ဘယ်အခါမဆို အကုန်ပိတ်ပြီးသားမှတ် (မှန်ပါ့)။

ဒုက္ခမြင်နေရင် (တဘဝ-နှစ်ဘဝပိတ်ပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဟာ ဒါဖြင့် ဒုက္ခကို ကြည့်လိုက်တယ်ဘုရား၊ ဖြစ်ပျက် ဒုက္ခ သစ္စာကို ခန္ဓာထဲမမြင်တော့ပါဘူးလို့ ဆိုလို့ရှိရင် လုံးလုံးပိတ်တာဘဲမှတ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သောတာပန်တည်ချင်ရင် တခြားဘာမှလုပ်ဖို့မလိုဘူး၊ ဒိဋ္ဌိသတ်ဖို့ဘဲ လိုတယ် (မှန်ပါ့)။

သောတာပန်တည်ချင်ရင် (ဒိဋ္ဌိသတ်ဖို့ဘဲ လိုပါတယ်) ဒိဋ္ဌိသတ်ချင်လို့ရှိရင် ဘာနားလည်ရမလဲ (ပဋိစ္စသမုပ္ပါဒ်နဲ့ သစ္စာ နားလည်ရမယ် (မှန်ပါ့ ဘုရား)။

ခန္ဓာပဋိစ္စသမုပ္ပါဒ်နဲ့ (သစ္စာ နားလည်ရပါမယ်) အဲဒါနားလည်ရင် ဒိဋ္ဌိသေတာဘဲ (မှန်ပါ့) ဦးလှဘူး ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။

တော်တော်အရေးကြီးတဲ့ အချက်အလက်တွေကို ဝတ္ထုသက်သေ သာဓက သာတိဝတ္ထု နောက်ခံထားပြီး သကာလ ဒါတွေရှင်းပေးနေတယ်ဆိုတာ ဦးမာဒင် ကောင်းကောင်းရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား) သဘောပါပြီနော် (ပါ-ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် သာတိ မင်း ဒီအယူကို ငါလဲ မဟောဘဲနဲ့ မင်းဟာမင်း ယူတဲ့အယူဖြစ်ပြီး သဿတဒိဋ္ဌိ အယူ ဖြစ်သောကြောင့် မင်းသည်ကားလို့ဆိုရင် မဂ်ဖိုလ်မှ အချည်းနှီးဖြစ်ပြီး၊ မင်း မဂ်ဖိုလ် မရတော့ဘူးတဲ့ (မှန်ပါ့)။

မင်းတို့လဲ သာတိအယူကို ယူသလား

အခုပြောတဲ့ ရဟန်းတွေလဲ မင်းတို့လဲ သာတိအယူကို ယူသလား၊ မျက်လုံးဝိညာဏ်ဟာ မျက်လုံးထဲမှာပေါ် မျက်လုံးထဲမှာ ပျက်ရတယ် (မှန်ပါ့)။

နားဝိညာဏ်ဟာ နားထဲမှာပေါ် နားထဲမှာ ပျက်ရတယ် (မှန်ပါ့) မင်းတို့ ဒီလိုများ ယူသလားဆိုတော့ တပည့်တော်များတော့ သာတိယူသလို မယူပါဘူး၊ ဝိညာဏ်ဆိုတဲ့ ခြောက်မျိုးရှိသည့်အနက်က မျက်လုံးဝိညာဏ်က နားထဲမှာတောင် လာပြီး မဖြစ်ပါဘူး၊ မပျက်ပါဘူူး (မှန်ပါ့) ဒီနေရာဖြစ်ပြီး ဒီနေရာပျက်ပါတယ်ဆိုတော့ ငါလဲ ဒီလိုဟောတယ်၊ မင်းတို့လဲ ဒီလိုယူကြတဲ့ (မှန်ပါ့)။

ငါလဲ ဒီလိုဟောတယ်၊ မင်းတို့လဲ ဒီလိုယူကြ၊ ဒီလိုမယူဘဲနဲ့ တဝိညာဏ်က တဝိညာဏ်ပြောင်းတယ်လို့ ယူလိုက်လို့ ရှိရင်ဖြင့် မင်းတို့သည်ကားလို့ ဆိုရင်ဖြင့် မင်းတို့သည်ကားလို့ ဆိုရင်ဖြင့် သဿတဒိဋ္ဌိ ဖြစ်လေသောကြောင့် ငါဘုရား မကယ်နိုင်ဘူးတဲ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် အားလုံးဒကာ ဒကာမတွေ တော်တော်အရေးကြီးတာဖြင့် ဘာမှ သံသယရှိဖို့ မလိုဘူး၊ ဒိဋ္ဌိဖြင့် သတ်ဖြစ်အောင်သတ်ပါ (မှန်ပါ့)။

ပဋိစ္စသမုပ္ပါဒ်နားလည်မှ သတ်လို့ဖြစ်တယ်

ဒိဋ္ဌိဖြင့် (သတ်ဖြစ်အောင် သတ်ပါ) ကဲ ဘယ့်နှယ်သတ်ကြမလဲ (ပဋိစ္စသမုပ္ပါဒ်နဲ့ သစ္စာနားလည် ရပါမယ်) အေး ပဋိစ္စသမုပ္ပါဒ်နားလည်မှ သတ်လို့ဖြစ်တယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ် နားလည်တော့ ဒုက္ခန္ဓဿဆိုတာကြီးဟာ ပျောက်ဆုံးလို့ မရဘူး (မှန်ပါ့) အဲဒါ မင်းတို့ ပဋိစ္စသမုပ္ပါဒ် တခုလုံးဟာ ဒုက္ခသစ္စာဟေ့ဆိုတော့ ဪ ပဋိစ္စသမုပ္ပါဒ်က ရှေ့ပိုင်းက ဆက်လာတာတွေက အကြောင်း အကျိုး (မှန်ပါ့) နောက်ဆုံးပိတ်ကျတော့ ဒီအကြောင်းရော ဒီအကျိုးရော ဒုက္ခ သစ္စာကြီးဘဲဟေ့ (မှန်ပါ့) မဟောဘူးလား (ဟောပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီပဋိစ္စသမုပ္ပါဒ်နဲ့ ဒီသစ္စာနားလည်မှု ကိစ္စပြီးနိုင်တယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။