12113

မာတိကာသို့

ဝိညာဏ်ပေါ်၌ သဿတဒိဋ္ဌိဖြုတ်ရန် သာတိဝတ္ထု

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရား​​ကြီး

အမရပူရမြို့-ဓမ္မာရုံ၌ ဟောကြားဆုံးမတော်မူသော

(ဝိညာဏ်ပေါ်၌ သဿတဒိဋ္ဌိဖြုတ်ရန် သာတိဝတ္ထု)နေ့အလုပ်ပေး-တရားတော်

(၁၅-၁၀-၆၁)

ဝိပဿနာဉာဏ်ပြီးရင် မဂ်ဉာဏ်လာတယ်

အားလုံး ဒကာ ဒကာမတွေ ဝိပဿနာဉာဏ်ပြီးရင် မဂ်ဉာဏ်လာတယ်လို့ မှတ်ပါ (မှန်ပါ့ ဘုရား)။

ဝိပဿနာဉာဏ်လာပြီးရင် (မဂ်ဉာဏ်လာပါတယ် ဘုရား) ဪ ဒါဖြင့် တို့ဝိပဿနာဉာဏ် ရှေးဦးစွာ တွေ့ဖို့ရာသာလျှင် အရေးကြီးတာဘဲ၊ ဝိပဿနာဉာဏ်ဆိုတာ အစဉ်အတိုင်းပေါ်လာတာဘဲဆိုတာ အားလုံးမှတ်ထားကြ ပါ (မှန်ပါ့ ဘုရား)။

ကိုယ်တိုင်လုပ်ကြည့်ပါ ဒကာ ဒကာမတို့ (မှန်ပါ့) ကိုယ်တိုင်လုပ်ကြည့်ပါတဲ့ ကိုယ်တိုင်လုပ်ကြည့်ကြပါ၊ ကိုယ်တိုင် လုပ်ကြည့်တဲ့အခါကျတော့ ကိုယ့်ကိုယ်ထဲမှာက အနိစ္စကလေးတွေက စိတ်ကလေးတွေကလဲပေါ်လိုက် ပျောက်လိုက် (မှန်ပါ့ ဘုရား)။

စိတ်ကလေးတွေက ပေါ်လိုက်၊ ပျောက်လိုက် – ပေါ်လိုက်၊ ပျောက်လိုက်နဲ့ ဒါကလေးတွေမြင်နေတာ ဝိပဿဉာဏ်လို့သာ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)။

ပေါ်လိုက် ပျောက်လိုက် ဒါကလေးတွေ တွေ့ပါလိမ့်မယ်

စိတ်ကလေးတွေဟာ ကြည့်လိုက်တဲ့အခါကျတော့ (၁)နံပါတ်စိတ်ကို (၂)နံပါတ်ဉာဏ်နဲ့ ကြည့်လိုက်ပြီဆိုမှဖြင့် ပေါ်လိုက် ပျောက်လိုက်-ပေါ်လိုက် ပျောက်လိုက် ဒါကလေးတွေ တွေ့ပါလိမ့်မယ် (မှန်ပါ့ ဘုရား) ဒီဉာဏ်ကိုဘာဉာဏ် ခေါ်ကြမယ် (ဝိပဿဉာဏ်ပါ ဘုရား)။

ဪ ဝိပဿနာဉာဏ်ဆိုတာက ပေါ်လိုက်-ပျောက်လိုက် ပေါ်လိုက်-ပျောက်လိုက်မြင်တဲ့ ဉာဏ်ဟာ ဝိပဿနာ ဉာဏ်လို့ (မှန်ပ့ါ ဘုရား)။

ဝိပဿနာဉာဏ်ပြီးရင် ခုနင်ကပြောခဲ့တဲ့ မဂ်ဉာဏ်လာမယ် (မှန်ပါ့ ဘုရား)။

မဂ်ဉာဏ်လာမယ်ဆိုတော့ ဪ ဒကာ ဒကာမတွေ ဝိပဿနာဉာဏ်ပြီးရင် မဂ်ဉာဏ်လာမယ်ဆိုတော့ ကိုယ့် အလုပ်က ဝိပဿနာဉာဏ်လာဖို့အလုပ်ဟာ ကိုယ်ဂရုစိုက်ရမည့် အလုပ်ပေါ့ (မှန်လှပါ ဘုရား)။

မဂ်ဉာဏ်ကတော့ ဝိပဿနာဉာဏ်ပြီးတယ်ဆိုလို့ရှိရင် ပေါ်လာတာဘဲ (မှန်ပါ့ ဘုရား)။

ပေါ်လာတော့ကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဟာမဂ်ဆိုတာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဆုတောင်းယူရတာ မဟုတ်ဘူးဟေ့၊ ဝိပဿနာဉာဏ်ဆိုတဲ့ ပေါ်လိုက်-ပျောက်လိုက်စိတ်ကလေးကို မြင်တဲ့ဉာဏ်ဟာ ဝိပဿနာဉာဏ်၊ ဒီဉာဏ်ပြီးရင် ဖျတ်ဆိုနိဗ္ဗာမြင်တဲ့မဂ်ဉာဏ်ပေါ်တာဘဲ (မှန်ပါ့ ဘုရား)။

ဒီဉာဏ်ပြီးရင် (နိဗ္ဗာန်မြင်တဲ့ မဂ်ဉာဏ်ပေါ်ပါတယ် ဘုရား) နိဗ္ဗာန်မြင်တဲ့ မဂ်ဉာဏ်ပေါ်တာဘဲလို့ မှတ်လိုက် စမ်းပါ (မှန်ပါ့ ဘုရား)။

အားလုံး ဒကာ ဒကာမတွေ စကားနှစ်လုံးတည်း ပြောနေပါတယ် (မှန်ပါ့) ရှေးဦးစွာ ဘာဉာဏ်ပေါ်ရမလဲ (ဝိပဿနာဉာဏ်ပေါ်ရပါမယ်) ဝိပဿနာဉာဏ်ပေါ်ပြီးသည်၏ အခြားမဲ့၌ ဒကာ ဒကာမတွေက တောင့်တ ရသလား၊ ဝိပဿနာဉာဏ်ကဘဲ အနန္တရပစ္စယော=အခြားမရှိမူ၍ ကျေးဇူးပြုတယ် (မှန်ပါ့ ဘုရား)။

အနန္တရပစ္စယော=အခြားမရှိမူ၍ ကျေးဇူးပြုတယ်ဆိုတော့ ဝိပဿနာဉာဏ်လဲ ချုပ်သွားရော မဂ်ဉာဏ်ပေါ် လာတယ် (မှန်ပါ့ ဘုရား)။

ဝိပဿနာဉာဏ်ရဖို့ အရေးကြီးတယ်

ဒါဖြင့် ဒကာ ဒကာမတို့ အလုပ်က ဘယ်အလုပ်ပါလိမ့်မတုံး၊ တို့အပါယ်တံခါးပိတ်ဖို့အလုပ် အိုဘေး၊ နာဘေး၊ သေဘေး ရုပ်သိမ်းဖို့အလုပ်ဟာ ဘယ်အလုပ်ကို တို့လက်ကိုင်ထားရမှာပါလိမ့်မလဲလို့ ဦးလှဘူးတို့ကမေးတယ် ဦးမာဒင် တို့က မေးမယ် (မှန်ပ့ါ ဘုရား) ဘာမှအထူးအတွေ မကြံစည်ပါနဲ့ ဝိပဿနာဉာဏ်ရပြီးတာဘဲ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာရဖို့အရေးကြီးသလဲ (ဝိပဿနာဉာဏ်ရဖို့ အရေးကြီးပါတယ် ဘုရား)။

အဲဒီတော့ ဝိပဿနာဉာဏ်ရမှ မဂ်ဉာဏ်က အလိုလိုပေါ်မယ် (မှန်ပါ့ ဘုရား)။

ဝိပဿနာဉာဏ်ရရင် (မဂ်ဉာဏ်က အလိုလိုပေါ်ပါတယ်) မဂ်ဉာဏ်က အလိုလိုပေါ်လာတော့မယ်ဆိုတော့ ဪ မဂ်ဉာဏ်ရတယ်ဆိုတာလဲ ခင်ဗျားတို့က တစ်ခြားမှတ်မနေနဲ့၊ မဂ်ဉာဏ်ရတယ်ဆိုတာ နိဗ္ဗာန်ရောက်တာ (မှန်ပါ့ ဘုရား)။

မဂ်ဉာဏ်ရတယ်ဆိုတာ (နိဗ္ဗာန်ရောက်တာပါ) နိဗ္ဗာန်ရောက်တာဘဲဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အရေးတကြီးထားရမည့်ဉာဏ်က ဘယ်ဉာဏ်ပါလိမ့် (ဝိပဿနာဉာဏ်ပါ) ဝိပဿနာ ဉာဏ်ဘဲလို့ သေသေချာချာ မှတ်ကြပါနော် (မှန်ပါ့ ဘုရား)။

ဝိပဿနာဉာဏ်ရပြီးလို့ရှိရင် မဂ်ဉာဏ်လာပါစေတော့၊ နိဗ္ဗာန်လာပါစေတော့ ကိုယ်က ပယောဂမစိုက်ရပါဘူး (မှန်ပါ) ဝိဿနာဉာဏ်က ကျေးဇူးပြုတယ်ဆိုတာ ကျုပ် ချုပ်တော့မယ် ခင်ဗျား မဂ်ဉာဏ်ပေါ်တော့ (မှန်ပါ့) သူကနေရာ ပေးသွားတယ် (မှန်ပ့ါ)။

ပွဲကြည့်တဲ့အခါကျလို့ရှိရင် ရှေ့လူက မကြည့်ချင်လို့ရှိရင်ဖြင့် ရှေ့လူက အိမ်ပြန်သွားတယ်ဆိုရင် နောက်လူက ဒကာသစ်ရေ ကျုပ်နေပါရစေ ပြောရသေးလား ကိုယ့်သဘောအတိုင်း ဖြစ်မသွားဘူးလား (ကိုယ့်သဘောအတိုင်း ဖြစ်သွားပါတယ် ဘုရား) ဟိုကနေရာပေးသွားတဲ့သဘော မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ငါတို့အလုပ်က ဝိပဿနာဉာဏ်အလုပ်

ဒီမှာလဲ ဦးမာဒင်တို့ ဦးသန်းမောင်တို့ ဦးဘထွေးတို့ မှတ်စရာက ငါတို့အလုပ်က ဝိပဿနာဉာဏ်အလုပ် (မှန်ပါ့) မဂ်ဉာဏ်ပေါ်ဖို့အလုပ်က ဒီဝိပဿနာဉာဏ် ရင့်ကျက်ရင် သူ့ဟာသူပေါ်တာဘဲ (မှန်ပါ့)ဆိုတော့ တို့အလုပ်ကို တို့မှတ်ထားဖို့ဘဲ မဂ်-လာပါစေ၊ နိဗ္ဗာန်မြင်ရပါစေလို့ ဘယ်တော့မှ ဆုလဲမတောင်းနဲ့လုပ်နေရင်းလဲ မမျှော်လင့်နဲ့ (မှန်ပါ့) မျှော်လင့်ရင် နိကန္တိဖြစ်တယ် (မှန်ပါ့)။

မျှော်လင့်ရင် (နိကန္တိဖြစ်ပါတယ် ဘုရား) မျှော်လင့်ရင်နိကန္တိဖြစ်တော့ ဘယ်နည်းနဲ့မှ ဒီရှေ့က ဝိပဿနာဉာဏ်က မဆုံးဘူး (မှန်ပါ့) တဏှာကြားခိုသွားတယ် (မှန်ပါ့ ဘုရား) ဝိပဿနာဉာဏ်နဲ့ မဂ်ဉာဏ်ကြားမှာ တဏှာကြားခိုသွားလို့ရှိရင်ဖြင့် မဂ်ဉာဏ်မပေါ်လို့ နိဗ္ဗာန်မမြင်ရ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့အလုပ်က ဘယ်အလုပ်ပါလိမ့် (ဝိပဿနာဉာဏ်အလုပ်ပါ ဘုရား)။

ဝိပဿနာဉာဏ်အလုပ်၊ သူ့ကိုသာကျုပ်တို့က ပေါ်လာလဲ အင်း ဒါကလေးဟာဖြင့် အပျက်ကလေးဘဲ၊ ဒါကလေးဟာဖြင့် အပျက်ကလေးဘဲ၊ အဖြစ်ထည့်ချင်လဲထည့်တာပေါ့၊ ဪ ဖြစ်ပြီးမှ ပျက်ရတာကိုး (မှန်ပါ့) ဒီလိုသာ အားလုံးဘုန်းကြီးတို့ ဒကာ ဒကာမတွေက လိုက်နေဖို့ဘဲ (မှန်လှပါ ဘုရား)။

လိုက်နေတဲ့အခါကျလို့ရှိရင်ဖြင့် ဘာဖြစ်လို့ ဒါလောက်ဘုန်းကြီး အလိုက်ခိုင်းပါလိမ့်မတုံးမေးတော့ အို-ဒီလိုလိုက်နေတာက ဖြစ်ပျက် မဂ်၊ ဖြစ်ပျက် မဂ် ဖြစ်ပျက် မဂ်ဆိုပြီး ဦးမာဒင်တို့ လိုက်ပါ (မှန်ပ့ါ) ဦးဘထွေးတို့လဲ ဒီအတိုင်းဘဲနော် (မှန်ပ့ါ)။

ဖြစ်ပျက်မဂ်ဆိုပြီး လိုက်နေ

ဖြစ်ပျက်မဂ် ဖြစ်ပျက်မဂ်ဆိုပြီးတော့ ဒကာကြွယ်တို့ ဦးဘထွေးတို့လိုက်နေ (မှန်ပါ့) လိုက်နေတာက ဘာကျေးဇူးရှိသတုံးဘုရာ့လို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား) လိုက်နေတာက အဝိဇ္ဇာပါးတယ်၊ ဒိဋ္ဌိပျောက်တယ်၊ တဏှာသေတယ်လို့ နေ့လည်ကပြောခဲ့တယ် (မှန်ပါ့) အဝိဇ္ဇာချုပ်တယ်၊ တဏှာချုပ်တယ်၊ ဒိဋ္ဌိချုပ်တယ် (မှန်ပါ့)။

ဒါ ဘာဖြစ်လို့ ချုပ်တာပါလိမ့် (ဝိပဿနာလိုက်နေလို့ပါ ဘုရား) ဝိပဿနာမဂ်ဉာဏ်က ဒီဒိဋ္ဌိတွေကို နှင်ထုတ် တယ် (မှန်လှပါ ဘုရား) အဝိဇ္ဇာတွေပါးအောင်လုပ်တယ် (မှန်လှပါ ဘုရား) တဏှာတွေကိုလဲ ပါးအောင်လုပ်တယ် (မှန်ပါ့)။

ဒါကြောင့် ဝိပဿနာအလုပ်ကတော့ ဘယ်နှစ်ကြိမ်လုပ်ရမှာတုံးလို့ ဘုန်းကြီးများကို ဒကာ ဒကာမတွေက မမေးပါနဲ့နော် (မှန်လှပါ) ခင်ဗျားတို့ ကိလေသာထူသလောက် ပါးအောင်လုပ်တာက ဝိပဿနာဉာဏ်အလုပ် (မှန်ပါ့)။

ကိလေသာဝမ်းထဲမှာ ထူထဲသလောက် ပါးအောင်လုပ်ရတာဘယ်သူပါလိမ့် (ဝိပဿနာဉာဏ်ပါ ဘုရား) ဝိပဿနာဉာဏ်အလုပ် (မှန်ပါ့)။

ဪ ဒါဖြင့် ဝိပဿနာဉာဏ် ဒကာသစ်ကလဲ ယခုတရားကြိုးစားနေတယ် (မှန်ပ့ါ) ဟိုဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဦးမာဒင်တို့ ဒကာကြွယ်တို့ကလဲ ကြိုးစားနေတယ် (မှန်ပါ့ ဘုရား)။

တပည့်တော် ဝိပဿနာဉာဏ် အရှင်ဘုရား ဘယ်လောက်ကြာကြာလုပ်ရမှာတုံးဘုရား၊ တပည့်တော်တို့မှာလဲ သားရေး၊သမီးရေး၊စီးပွားရေး အစရှိသည်နဲ့ ဆင်ခြေတစ်ခု ပေါ်လာချင်လဲ ပေါ်လာမယ် (ပေါ်လာပါမယ် ဘုရား)။

ခင်ဗျားတို့ သားရေး၊သမီးရေး၊စီးပွားရေး အသာထားစမ်းပါ၊ ဝိပဿနာဉာဏ်က ခင်ဗျားတို့သန္တာန်မှာ တစ်သံသရာလုံးက မိုက်တာကို သူကနေပြီး ဖြေရှင်းချက်ထုတ်နေရတာ (မှန်ပါ့)။

အဲ့ဒီအမိုက်ကုန်မှ မိုက်ဉာဏ်ပေါ်မှာ (မှန်ပါ့) ဆိုတော့ဘယ်တော့ ပြီးမှာတုံး ဘုန်းကြီးကိုမေးဖို့မလိုဘူး (မလိုပါ ဘုရား) လိုသေးသလား (မလိုပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဘယ်လောက်ကြာကြာ ရှုရမှာတုံး

ဝိပဿနာဉာဏ် ဘယ်လောက်ကြာကြာ ရှုရမှာတုံး ဘုရားဆိုတော့ အို ဒကာ ဒကာမတွေသန္တာန်ရှိတဲ့ ကိလေသာကို ပါးသည်ထက်ပါးအောင် ဒီဉာဏ်က အားထုတ်လေလေ ဒိဋ္ဌိကိလေသာ၊ အဝိဇ္ဇာကိလေသာ၊ တဏှာကိလေသာ ဒကာသစ်ထူထဲတဲ့ပုဂ္ဂိုလ် နည်းနည်းကြာတယ် (မှန်ပ့ါ)။

ထူထဲတဲ့ပုဂ္ဂိုလ်မှာ (နည်းနည်းကြာတယ် ဘုရား) နည်းနည်းကြာတယ်လို့ မှတ်ထားလိုက်စမ်းပါ (မှန်ပါ့)။

ကဲ နည်းနည်းကြာတော့ တပည့်တော်တို့ ဘယ်တော့ပြီးမှာတုံးလို့ မေးရတာက ဆရာ့အပေါ်မေးဖို့လား တဲ့၊ ကိုယ့်ကိလေသာထူမှုကို ကိုယ့်ဉာဏ်နဲ့ ဆေးကြောနေရတာလား (ကိုယ့်ကိလေသာထူမှုကို ကိုယ့်ဉာဏ်နဲ့ ဆေးကြောနေရ တာပါ ဘုရား) ပေါ်ပါပြီ ဒါလောက်ဆိုရင် (မှန်ပါ) မပေါ်ကြသေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ပေါ်ပြီတဲ့ ဒါ ဝိပဿနာဉာဏ် ဘယ်လောက်အားထုတ်ရမှာတုံးလို့ မေးတဲ့အခါကျလို့ရှိရင် အဖြေ ထွက်သွားပြီ (ထွက်ပါပြီ ဘုရား)။

ဒကာ ဒကာမတို့ အဖြေထွက်ပလား (ထွက်ပါပြီ ဘုရား) ဘယ်လိုထွက်ပါလိမ့် (ကိုယ့်ကိလေသာ ထူသလောက် ကိုယ့်ဉာဏ်နဲ့ ဆေးကြောနေရတာပါ ဘုရား)။

အဲ ထုကြီးရင် နည်းနည်းကြာလိမ့်ဦးမယ် ဒကာ ဒကာမတို့ (မှန်ပါ့) ထုသေးရင် (မြန်ပါတယ် ဘုရား)။

ထုသေးရင် မြန်လိမ့်မယ်ဆိုတော့ ပါရမီတွေဘာတွေ ဘာမှချမနေပါနဲ့လို့ ဘုန်းကြီးတို့က သတိပေးလိုက်တယ် (မှန်ပါ့ ဘုရား)။

ပါရမီတွေဘာတွေ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဘာမှချမနေနဲ့၊ ငါ့မှာပါရမီမရှိလို့ ကြာထင်ပါရဲ့၊ ပါရမီမရှိလို့ မဂ်ဉာဏ်ပေါ်ခဲထင်ပါရဲ့၊ ဒါတွေဆင်ခြေမလဲပါနဲ့၊ ဒီဘက်ကိုအထင်ကိုလဲ မစူးစိုက်လိုက်ပါနဲ့ (မှန်ပါ့) ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ကိုယ့်ထုကြီးလို့ ကိုယ်ရှင်းနေရတာ

ကြာပြီ ငါအားထုတ်နေတာ ဘယ့်နှယ်ကြောင့်ပါလိမ့်။ ဘယ့်နှယ်ကြောင့်မှ မဟုတ်ဘူး ကိုယ့်ထုကြီးလို့ ကိုယ်ရှင်းနေရတာ (မှန်ပါ့) ဘယ်လိုဆိုကြမလဲ (ကိုယ့်ထုကြီးလို့ ကိုယ်ရှင်းနေရတာပါ ဘုရား)။

အဲဒီတော့ ငါ့ပါရမီမရှိလို့လား၊ ဘာမို့လားဆိုတာကို ဘုန်းကြီးတို့က ဒကာ ဒကာမတွေက အဖြေတွေ ဘာတွေ ရှာပြီးမနေဘဲနဲ့ ဪ ဝိပဿနာဉာဏ်အဆုံးမှာ မဂ်ဉာဏ်လာမှာဘဲလို့ ဘုရားကလဲ ဟောထားတယ်၊ ဆရာဘုန်းကြီးကလဲ ထပ်ပြန်ပြီး သတိပေးထားတယ် (မှန်ပါ့)။

သူဘယ့်နှယ်ကြောင့် မလာပါလိမ့်မတုံး (ကိလေသာထုကြီးလို့ပါ ဘုရား) ထု-မကုန်သေးလို့ (မှန်ပါ့ ဘုရား) ပါးသင့်သလောက် မပါးသေးလို့ မလာသေးတာလို့ ဦးမာဒင်တို့၊ ဦးသန်းမောင်တို့မှတ်ရမယ် (မှန်ပါ့)။

မဂ်ဉာဏ်လာဖို့ အတော်ကောင်းနေပြီ၊ ကြိုးစားနေတာလဲ အတော်ကြိုးစားသားဘဲ၊ ဘာများဖြစ်နေသတုံး၊ ပါရမီကြောင့်ဘဲလား၊ ရောဂါဥပဒ်အန္တရာယ်ထူလို့ဘဲလား၊ လုပ်နေတာလဲအမှန်သားဘဲ၊ ဘာများ ဖြစ်နေပါလိမ့်မတုံး လို့ သံသယမလာနဲ့ ဒကာကြွယ်ရ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ)။

ကိုယ့်ဟာကိုယ်သာ ဆုံးဖြတ်ချက်ချ (မှန်ပ့ါ) ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ကိလေသာ မပါးသေးလို့ပါ) မဂ်ဉာဏ်လာလောက်အောင် ကိလေသာမပါးသေးလို့ မလာသေးတာ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ) မဂ်ဉာဏ်လာ လောက်အောင် (ကိလေသာမပါးသေးလို့ပါ ဘုရား)။

ဒီတစ်လုံးဟာ သေသေချာချာမှတ်စမ်းပါ (မှန်ပါ့) ဒီတစ်လုံးဟာကတဲ့ ဒီအထဲမှာ ဘုန်းကြီးတို့က ဒါကိုဆုံးမ သွန်သင်ပြီး သကာလ ဦးဘထွေးတို့ ဦးသန်းမောင်တို့မထားလို့ရှိရင် ဘယ့်နှယ်တုံး ကိုယ်ဒီဘဝရထိုက်တဲ့ ပုဂ္ဂိုလ်မဟုတ်လို့ ထင်ပါရဲ့ အံမာလေး ဒီဆင်ခြေက လာချင်လာပစ်လိုက်တာ (လာမှာပါ ဘုရား)။

ဖြစ်ပျက်မြင်ရင် ပါရမီပြည့်စုံပြီးသား

ကိုယ့်ကိုယ်ကဘဲ ပါရမီကသေးသိမ်လို့ထင်ပါရဲ့ (မှန်ပါ့) ဒီလိုမယူကြပါနဲ့တဲ့၊ ဖြစ်ပျက်မြင်ရင် ပါရမီပြည့်စုံပြီး သား (မှန်ပ့ါ)။

ထုကြီးရင် နည်းနည်းကြာမယ် (မှန်ပါ့) ထုသေးရင် မြန်မြန်ပေါ်မယ် (မှန်ပါ့) ဒါသာဆုံးဖြတ်ချက်ချပါ (မှန်ပ့ါ) ကျေနပ်ကြပလား (ကျေနပ်ပါပြီ ဘုရား)။

ကျေနပ်ကြစမ်းပါတဲ့၊ ဒါဟာ သံယုတ်အဋ္ဌကထာမှာလဲ ဦးမှာဒင် ဒီအတိုင်းလာတယ် (မှန်ပါ့)။

ဝိပဿနာသမ္မာဒိဋ္ဌိဆိုတာ ဘာတုံးလို့ မေးတဲ့အခါကျလို့ရှိရင် “ဝိပဿနာဉာဏံ အနိစ္စဒိဝသေန ခန္ဓာဒီသု ဝိသောဓိတေသု” ဝိပဿနာဉာဏ်ကကွာတဲ့ အနိစ္စဆိုတာ သူမြင်အောင်ကြည့်နေရတယ်တဲ့ (မှန်ပါ့) ဖြစ်ပျက်မြင်အောင် ကြည့်နေရတယ် (မှန်ပါ့) အနိစ္စဆိုတာ ဖြစ်ပျက် (မှန်ပ့ါ)။

အဲဒီတော့ သူက ဒါတွေသုတ်သင်နေရတာဘဲတဲ့၊ ဒါတွေဖြစ်ပျက်မြင်အောင်လုပ်နေရတာဘဲတဲ့၊ ဖြစ်ပျက် မြင်အောင်လုပ်ပြီး သကာလ နေတော့မှ “ဝိပဿနာဉာဏံ အနိစ္စာဒိဝသေန ခန္ဓာဒီသု ဝိသောဓိတေသု” ခန္ဓာဒီသု=ခန္ဓာအစရှိသည်တို့ကို၊ ဝိသောဓိတေသု=သုတ်သင်ပြီးသည်ရှိသော် (မှန်ပါ့)။

သူကတစ်ခါတည်း ခန္ဓာအနိစ္စာတွေကို ရှင်းရှင်းနေအောင် သုတ်သင်ရတယ် (မှန်ပါ့)။

ဝိပဿနာဉာဏ်က (ခန္ဓာအနိစ္စတွေကို ရှင်းရှင်းနေအောင် သုတ်သင်ရပါတယ်) ခန္ဓာကို အနိစ္စရှင်းအောင် သုတ်သင်နေတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဝိပဿနာဉာဏ်က ဘာလုပ်နေပါလိမ့်

ဝိပဿနာဉာဏ်က ဘာလုပ်နေပါလိမ့် (ခန္ဓာကို အနိစ္စရှင်းအောင် သုတ်သင်နေပါတယ် ဘုရား)။

ခန္ဓာကို အနိစ္စအစရှိသည် ရှင်းသည်ထက်ရှင်းအောင်၊ ရှင်းသည်ထက်ရှင်းအောင် အစစ်ပါလားဆိုတာကို ဆုံးဖြတ်ချက်ချနိုင်လောက်အောင် သူကရှင်းနေပါတယ် (မှန်ပါ့)။

ပြီးတော့မှ ပစ္ဆာ=နောက်ကာလမှ၊ ဘူမိလဒ္ဓံ = ဉာဏ်၏တည်နေရာကိုရ၍ ဪ ဒီကျမှ အနိစ္စအစစ် ဖြစ်ပြီဟေ့ ဆိုတဲ့ ဉာဏ်က သေချာသွားပြီ (မှန်ပါ့)။

အနိစ္စအစစ် ဖြစ်ပြီလို့ သူရှုဖန်များတော့ အနိစ္စအစစ်ဘဲ၊ ဒါဘာမှမရောတော့ဘူးဆိုပြီး သကာလ ဒကာကြွယ်ရေ ကိလေသာပါးလို့ သေသေချာချာ ထင်လာတယ် (မှန်ပါ့)။

ကိလေသာပါးတာနဲ့ (သေသေချာချာထင်လာပါတယ်) သေသေချာချာထင်လာပါပြီတဲ့ (မှန်ပါ့)။

အဲဒီကဲ့သို့ သေသေချာချာထင်လာတော့မှ ဘူမိလဒ္ဓံ= ဘုံအားဖြင့်ရထိုက် ဉာဏ်၏တည်ရာကိုရသော၊ ဝဋံ= ဖြစ်ပျက်ဆိုတဲ့ခန္ဓာဇာတ်ကြီးသည်၊ ခန္ဓာက ဖြစ်ပျက် ဖြစ်ပျက်နဲ့ပြနေတဲ့ သဘောကြီးဟာလေ (မှန်ပါ့) ပရိစ္စဇမာနာ= စွန့်ပစ်လိုက်တယ် (မှန်ပါ့) အံမာ ဝိပဿနာဉာဏ်က ဒီအဖြစ်ပျက်ကြီးကို မမြင်တော့ဘူး (မှန်ပါ့)။

ဝိပဿနာဉာဏ်အဆုံးဆိုတာ

ဒကာ ဒကာမတို့ ဝိပဿနာဉာဏ်က (ဖြစ်ပျက်ကြီးကို မမြင်တော့ပါ ဘုရား)။

ဪ ကြည့်စမ်း အနိစ္စလဲ သူရှင်းရှင်းလင်းလင်းမြင်ပြီး တစ်ခါတည်း ဝိပဿနာဉာဏ် ဦးမာဒင် ဖြစ်ပျက်ကို စွန့်ပစ်လိုက်တယ် (မှန်ပါ့) မြင်ကိုမမြင်တော့ဘူး (မှန်ပါ့)။

ဒကာ ဒကာမတို့ ဝိပဿနာဉာဏ်အဆုံးဆိုတာလဲ ပေါ်လာပြီ (ပေါ်လာပါပြီ) ဖြစ်ပျက်တွေမြင်နေတာ ဝိပဿဉာဏ် (မှန်ပါ့) ဖြစ်ပျက်တွေ မမြင်တော့ဘူးတဲ့၊ ဝိပဿနာဉာဏ်က စွန့်ပစ်လိုက်ပြီတဲ့ (မှန်ပါ့) ဝိပဿနာဉာဏ်က စွန့်ပစ်လိုက်တော့ ခန္ဓာထဲမှာ အနိစ္စဖြစ်ပျက်တွေ မမြင်တော့ဘူး (မှန်ပါ့)။

ပရိစ္စဇမာနာ=သူကဖြစ်ပျက်တွေစွန့် မမြင်တဲ့ အခြေအနေရောက်သည်ရှိသော်၊ မဂ္ဂသမာဒိဋ္ဌိ=နိဗ္ဗာန်မြင်တဲ့ မဂ်ဉာဏ်သည်၊ ဥပ္ပဇ္ဇတိ=ဖြစ်ပေါ်လာ၏ တဲ့ (မှန်ပါ့)။

ဪ ဝိပဿနာဉာဏ်က ဖြစ်ပျက်တွေမြင်ပြီး သူမမြင်တဲ့အဆုံးမှ မဂ်ဉာဏ်က ဖျတ်ကနဲပေါ်လာတာ (မှန်ပါ့)။

ဒီပြောတဲ့အရေးကလေးဟာ ဒကာ ဒကာမတို့ သာမညအရေးလို့ မမှတ်လိုက်ပါနဲ့ဒကာကြွယ် (မှန်ပါ့) ခင်ဗျားတို့ အလုပ်လုပ်နေတာကို ဆုံးဖြတ်ချက်ချပေးနေတာ (မှန်လှပါ ဘုရား)။

ဦးမာဒင်ဒီအရေးသေးသလား (မသေးပါ ဘုရား) မသေးပါဘူးတဲ့ ဒကာ ဒကာမတို့ အင်မတန်ကိုဘဲ ခင်ဗျားတို့ လှိုက်လှိုက်လှဲလှဲနဲ့ ဟောဒီအမြင်ပြီးရင် ဒီအမြင်လာလိမ့်မယ်လို့ သေသေချာချာဟောနေတာ (မှန်ပါ့)။

ဖြစ်ပျက်တွေမြင်နေတဲ့ ဝိပဿနာဉာဏ် လာလိမ့်မယ်နော် (မှန်ပါ့) အဲ့ဒီဝိပဿနာဉာဏ် ဘယ်လောက် ကြာမတုံးလို့မေးတော့ ဒကာသစ်က ခုနင်ကဖြေလိုက်တယ်၊ ကိလေသာထုကြီးရင်တော့ ကြာလိမ့်မယ်ဘုရား၊ နဂိုရ်ကပါတဲ့ ကိလေသာထုသေးရင်တော့ဖြင့် (မကြာပါ ဘုရား)အင်း ဖြစ်ပျက်တွေ သူစွန့်တာမြန်ပါစေ့မယ် (မှန်ပါ့)။

ကိလေသာထုကြီးနေရင် ဖြစ်ပျက်ဘဲမြင်နေမယ် (မှန်ပါ့) အနိစ္စတွေဘဲ မြင်နေမယ် (မှန်ပါ့)။

ခန္ဓာကိုယ်စိုက်ကြည့်လိုက်ရင် ဘာတွေဘဲမြင်မလဲ (အနိစ္စတွေဘဲ မြင်ပါမယ် ဘုရား)။

ဒီလိုမြင်နေသေးလို့ရှိရင်ဖြင့် နောက်ကမဂ်ဉာဏ်က မပေါ်နိုင်ဘူး (မှန်ပါ ဘုရား)။

နောက်က နိဗ္ဗာန်မြင်တဲ့မဂ်ဉာဏ်က (မပေါ်နိုင်သေးပါ ဘုရား)။

ကိလေသာထုက မဂ်ဉာဏ်ပေါ်ခွင့်မပေးဘူး

ဟာ ဒကာသစ်တို့ ဦးမာဒင်တို့ ဘယ့်နှယ်ကြောင့် မပေါ်ပါလိမ့်မတုံး၊ တပည့်တော် ဖြစ်ပျက်တွေ မြင်လျင်သားနဲ့ ဘယ့်နှယ်ကြောင့် မပေါ်ပါလိမ့်မတုံး (ကိလေသာထုကြီးနေလို့ပါ ဘုရား) ပေါ်ပြီ၊ ခင်ဗျားတို့အဖြေနဲ့ခင်ဗျားတို့ဖြေ (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ခင်ဗျားတို့က ဘယ့်နှယ်ဖြေလိုက်သလဲ (ကိလေသာထုကြီးလို့ပါ ဘုရား) ကိလေသာထုက ဒကာ ဒကာမတို့ မဂ်ဉာဏ်ပေါ်ခွင့်မပေးဘူး (မှန်ပါ့)။

ကိလေသာထုက (မဂ်ဉာဏ်ပေါ်ခွင့်မပေးပါ ဘုရား) မဂ်ဉာဏ်ပေါ်ခွင့်မပေးဘူး (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကိလေသာထုက (မဂ်ဉာဏ်ပေါ်ခွင့်မပေးပါ) မပေးသေးသ၍ ကာလပတ်လုံး ဒကာကြွယ်တို့ ဦးမာဒင်တို့ ဦးဘထွေးတို့က မှတ်လိုက်တာပေါ့ ဪ ဖြစ်ပျက်နဲ့ဘဲ နေရဦးမှာဘဲ (နေရမှာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက်နဲ့နေပြီး သကာလ နေရဦးမှာဘဲ (မှန်ပါ့ ဘုရား) နောက် သူကိလေသာထု ပါသွားတဲ့အခါကျတော့ ဝိပဿနာဉာဏ်က ဖြစ်ပျက်စွန့်မယ် (မှန်ပါ့)။

ဖြစ်ပျက်စွန့်ပစ်လိုက်တယ်၊ မမြင်တော့ဘူး (မှန်ပါ့) မမြင်တော့သူက အနန္တရပစ္စည်းဆိုတဲ့အတိုင်း သူကဝိပဿနာဉာဏ်က ချုပ်သွားတယ် (မှန်ပါ့) ချုပ်သွားပြီးတော့ ဒီနေရာ မဂ်ဉာဏ်ပေါ်လာတယ် (မှန်ပါ့)။

နိဗ္ဗာန်မြင်တဲ့ မဂ်ဉာဏ်ပေါ်လာတယ်

ဝမ်းထဲမှာ ဝိပဿနာဉာဏ်ချုပ်ပြီး ဦးမာဒင် ဘာပေါ်လာသတုံး (မဂ်ဉာဏ်ပေါ်လာပါတယ် ဘုရား)။

အဲဒီမှာ နိဗ္ဗာန်မြင်တဲ့ မဂ်ဉာဏ်ပေါ်လာတယ် (မှန်ပါ့) ချုပ်ဆုံးရာတဲ့ မဂ်ဉာဏ်ပေါ်လာတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘယ်သူပေါ်လာသတုံး (နိဗ္ဗာန်မြင်တဲ့ မဂ်ဉာဏ်ပေါ်လာပါတယ် ဘုရား)။

ချုပ်ဆုံးရာမြင်တဲ့ မဂ်ဉာဏ်ပေါ်လာတာက ဘယ့်နှယ်ကြောင့် သူပေါ်ပါလိမ့်မတုံးဆိုတော့ ဝိပဿနာဉာဏ်က ကိလေသာတွေ အကုန်ရှင်းပေးလို့ (မှန်ပါ့ ဘုရား)။

မဂ်ဉာဏ်က သူပေါ်ခွင့်ရပြီဆိုပြီး ပေါ်လိုက်တော့ သောတာပန်တည်ပါတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် သောတာပန်တည်တို့မှာ ဒီသံယုတ် အဋ္ဌကထာအလိုမှာ ဘုရားဟောတော်မူတဲ့အတိုင်း ပြောရလို့ရှိရင် ဒကာ ဒကာမတို့ နှစ်ဉာဏ်နဲ့ကိစ္စပြီးတယ် (မှန်ပါ့) ဝိပဿနာဉာဏ်ပြီးရင် မဂ်ဉာဏ်လာတယ် (မှန်ပါ့ ဘုရား)။

ဘာတဲ့တုံး (ဝိပဿနာဉာဏ်ပြီးရင် မဂ်ဉာဏ်လာပါတယ် ဘုရား) ဝိပဿနာဉာဏ်ပြီးရင် မဂ်ဉာဏ်လာတော့ တာဘဲ၊ဦးမာဒင်သေချာပြီ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ခန္ဓာကိုယ်ထဲမှာ ကြည့်လိုက်တော့ မရှိတာကလေးတွေချည့် တွေ့နေလို့ ရှိရင်ဖြင့် ဒါ ဝိပဿနာဉာဏ် ငါရပြီသာ ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား)။

ခန္ဓာထဲပေါ်တဲ့ စိတ်ကလေးတွေကြည့်လိုက် (ဝိပဿနာဉာဏ်ရပါပြီ ဘုရား) ကြည့်လိုက်တဲ့အခါကျတော့ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

မရှိတာသိတဲ့ဉာဏ် ဘာဉာဏ်ပါလိမ့်

မရှိတာသိတဲ့ဉာဏ် ဘာဉာဏ်ပါလိမ့် (ဝိပဿနာဉာဏ်ပါ ဘုရား) အို-ဒါမပူနဲ့တော့ ဝိပဿနာဉာဏ်ရပြီ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဘာရသတုံး (ဝိပဿနာဉာဏ်ရပါတယ် ဘုရား) နို့ ဘုရားက ဝိပဿနာဉာဏ်ပြီး ဘာဉာဏ်လာရမတဲ့ (မဂ်ဉာဏ်လာရပါမယ်) ဪ ဦးမာဒင် သေချာပြီ (သေချာပါပြီ ဘုရား)။

ဝိပဿနာဉာဏ်ပြီးရင် (မဂ်ဉာဏ် လာရပါမယ် ဘုရား) ဒကာကြွယ် နေရာကျပြီ (ကျပါပြီ ဘုရား)။

ဒါဖြင့် ကျုပ်တို့ဖြစ်ပျက်မြင်နေတဲ့ ဉာဏ်ဟာ ဘာဉာဏ်ခေါ်ကြမယ် (ဝိပဿနာဉာဏ်ပါ ဘုရား) သူဟာ တာရှည်မြင်နေရတာ ဘယ့်နှယ်ကြောင့်ပါလိမ့်မတုံးဆိုတော့ ရှေ့ကိလေသာထု ရှင်းနေရလို့ (မှန်ပါ့ ဘုရား)။

ဘယ်လိုမှတ်ကြမယ် (ကိလေသာထု ရှင်းနေရလို့ပါ) ကိလေသာထုကို ရှင်းနေရတာနဲ့ပဲ ဖြစ်ပျက်တစ်ခါမြင်ရင် ဉာဏ်က ကိလေသာတစ်ခါရှင်းတာဘဲ (မှန်ပ့ါ ဘုရား) တစ်ခါမြင်ရင် (တစ်ခါရှင်းပါတယ် ဘုရား) ကိလေသာ တစ်ခါ ရှင်းပြန်တာဘဲ (မှန်ပါ့) နောက်တစ်ခါမြင်ပြန်ရင် (ကိလေသာတစ်ခါရှင်းပါတယ် ဘုရား)။

ဪ ဝိပဿနာဉာဏ်က သူကမြင်လဲ မြင်တယ်၊ ဖြစ်ပျက်တွေလဲမြင်တယ်၊ ဒီဉာဏ်က ကိလေသာကိုလဲ ပါးသည်ထက်ပါးအောင် ရှင်းရှင်းပေးနေတယ်ဆိုတော့ ဪ ကိုယ့်အရေးလုပ်နေတာ ဝိပဿနာဉာဏ်ပါကလား (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုယ့်အရေး ရွက်ဆောင်နေတာ (ဝိပဿနာဉာဏ်ပါ ဘုရား) ဒါဖြင့် ဝိပဿနာဉာဏ်သည် ဒကာ ဒကာမတို့ ဒီဉာဏ်ကလေးကို ဒီနေရာမှာယားနေတယ်၊ ကြည့်လိုက် မရှိပါဘူး၊ ဖြစ်ပြီးပျက်သွားတာဘဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီနေရာမှာ ဝမ်းသာတဲ့စိတ်ကလေး ပေါ်လာလဲပြန်ကြည့် (မတွေ့ပါ ဘုရား) မရှိပါဘူး မရှိတာချည့်မြင်နေတဲ့ ဉာဏ်ကို ဘာခေါ်မလဲ (ဝိပဿနာဉာဏ်ပါ ဘုရား)။

ဝိပဿနာဉာဏ်ပြီးရင် ဘယ်ဉာဏ်လာမှာတုံး

ဝိပဿနာဉာဏ်ပြီးရင် ဘယ်ဉာဏ်လာမှာတုံး (မဂ်ဉာဏ်ပါ ဘုရား) ဒါဖြင့် ကျုပ်တို့ အားလျှော့စရာ မရှိပါဘူး (မှန်ပါ့ ဘုရား)။

ဦးသန်းမောင် အားလျှော့စရာရှိရဲ့လား (မရှိပါ ဘုရား) ကိုယ်ရှေးဦးစွာ အရေးအကြီးဆုံးက ဝိပဿနာဉာဏ် ရဖို့ဘဲအရေးကြီးတယ် (မှန်ပါ့ ဘုရား)။

ဝိပဿနာဉာဏ်ရပြီးသာ ပုဂ္ဂိုလ်ကဖြင့် ဦးမာဒင်နောက်က ဘာလိုက်လာမလဲ (မဂ်ဉာဏ်လိုက်လာပါမယ်) အခြားရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒကာ ဒကာမတို့ အခြားမရှိဘူး (မှန်ပါ့) အခြားမရှိပေမယ့်လို့ ဘုန်းကြီး အနန္တရပစ္စည်းကို သဘောကျ သွားအောင် ပြောလိုက်ပါမယ့် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ လူ့ပြည်မှာ သေတဲ့စိတ်ကလေးလဲ ပေါ်ရောမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်မရသေးတဲ့ပုဂ္ဂိုလ်မှာ နတ်ပြည်၌ တစ်ခါပဋိသန္ဓေစိတ်သွားပေါ်တယ် (မှန်ပါ့) ဘယ်သူခြားသေးသတုံး (မခြားပါ ဘုရား) လူ့ပြည်မှာ စုတိစိတ်ကလေးလဲ ချုပ်ကရော (မှန်ပါ့ ဘုရား)။

နတ်ပြည်မှာ ပဋိသန္ဓေစိတ်သွားပေါ်တယ် (မှန်ပါ့) ငရဲမှာ ပဋိသန္ဓေစိတ်သွားပေါ်တယ် (မှန်ပါ့) ကဲ ဦးဘထွေးတို့ ဦးသန်းမောင်တို့က ဘာခြားသေးသတုံး (မခြားပါ ဘုရား) ဒီကဒေါက်ဆိုရင် ဟိုမှာဖြစ်တာဘဲ (မှန်ပါ့ ဘုရား)။

ဒေါက်ဆိုရင် နားထဲမှာကြားတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဒီကစုတိ စိတ်ချုပ်ပြီးတယ်ဆိုရင် ဟိုမှာပဋိသန္ဓေစိတ်က ပေါ်တော့တာဘဲ (မှန်ပါ့ ဘုရား)။

အခြားရှိသေးရဲ့လား (မရှိပါ ဘုရား) အဲ့ဒါ အနန္တရပစ္စယော (မှန်ပါ့ ဘုရား)။

ဒါလဲ ဝိပဿနာဉာဏ်လဲ ဒကာ ဒကာမတွေက ကြည့်လို့ကိလေသာပါးတဲ့ အဆုံးကျတော့ ဖျတ်ဆို ဝိပဿနာဉာဏ်ချုပ်သွားတယ် (မှန်ပါ့ ဘုရား) ဒီနေရာမှာ ဘယ်သူအစားထိုးလာသလဲ (မဂ်ဉာဏ်အစားထိုးလာပါတယ် ဘုရား)။

မဂ်ဉာဏ်အစားထိုးလာတော့ ဖြစ်ပျက်မမြင်တော့ဘူး (မှန်ပ့ါ) ဖြစ်ပျက်တွေ မရှိတဲ့နိဗ္ဗာန်ဘဲ မြင်နေတယ် (မှန်ပ့ါ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာဉာဏ်မရဘဲနဲ့ မဂ်ဉာဏ်ရပါ့မလား (မရပါ ဘုရား) ဒကာကြွယ် ရှင်းရော ပေါ့ (ရှင်းပါပြီ ဘုရား) ကဲ ဦးမာဒင်တို့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာဉာဏ်ရဖို့အရေးဟာ ကိုယ့်အရေး

ဒါဖြင့် ခင်ဗျားတို့ အရေးဘာအရေးပါလိမ့်မတုံးလို့ ဒကာ ဒကာမတွေ မေးလို့ရှိရင် ဝိပဿနာဉာဏ်ရဖို့အရေး ဟာ ကိုယ့်အရေး (မှန်ပ့ါ ဘုရား) မဂ်ဉာဏ်သည် ခင်ဗျားတို့ဝိပဿနာဉာဏ် ရင့်ရင်လာရမယ် (လာရမှာပါ ဘုရား)။

မဂ်ဉာဏ်သည် (ဝိပဿနာဉာဏ်ရင့်ရင် လာရမှာပါ) ဒါခင်ဗျားတို့ဆုတောင်းလို့ ပေါ်လာတာလား၊ ရင့်လို့ပေါ်လာတာလား (ရင့်လို့ပေါ်လာတာပါ)။

ဒါကြောင့် မဂ်ဉာဏ်ဆိုတဲ့သဘောသည် ဒကာ ဒကာမတို့ ရှင်းရှင်းလင်းလင်း မှတ်လိုက်ပါ၊ ဆုတောင်းကြောင့် ရတာမဟုတ်ဘူး၊ ဝိပဿနာဉာဏ်က ကိလေသာတွေရှင်းပေးလို့ ပေါ်ခွင့်ရတာ (မှန်ပါ့)။

ဝိပဿနာဉာဏ်က (ကိလေသာတွေ ရှင်းပေးလို့ ပေါ်ခွင့်ရတာပါ ဘုရား)။

ဒါဖြင့် ဝိပဿနာဉာဏ်ပြီးရင် ဘယ်ဉာဏ်လာသတုံး (မဂ်ဉာဏ်လာပါတယ် ဘုရား)။

ဒါဖြင့် ကျုပ်တို့ဒကာ ဒကာမတွေ ဒီနေ့ဟောတဲ့ တရားမှာသာတိကို မဟောခင် ဒကာ ဒကာမတွေကို ဒီနေ့ အလုပ်စဉ်ကလေးပြတာ (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ဘာပြတာတုံး (အလုပ်စဉ်ကလေး ပြတာပါ ဘုရား)။

အလုပ်စဉ်ပြတယ် (မှန်ပါ့) အလုပ်စဉ်ပြရသော်ကောတဲ့ ဒီဉာဏ်ကလေးနဲ့ ဝိပဿနာဉာဏ်နဲ့ သေသွားမှာလဲ ဘုန်းကြီးကစိုးရိမ်တယ် (မှန်ပါ့) ဝိပဿနာဉာဏ်နဲ့ သေသွားတော့ တစ်ဘဝပဋိသန္ဓေနေရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာဉာဏ်နဲ့ သေသွားရင် (တစ်ဘဝပဋိသန္ဓေနေရပါမယ် ဘုရား) အဲဒီနေတဲ့ဘဝကျမှ မဂ်ဉာဏ်ရမယ် (မှန်ပါ့ ဘုရား) ဆိုတော့ တစ်ဘဝပဋိသန္ဓေနေရတဲ့ အဖြစ်ကိုဘုရားက သဘောမကျပါဘူး (မှန်ပါ့)။

တစ်ဘဝပဋိသန္ဓေနေတဲ့အဖြစ်ကို (ဘုရားက သဘောမကျပါ ဘုရား) ဘုရားက သဘောမကျဘူးတဲ့၊ တစ်ဘဝ ပဋိသန္ဓေနေရတယ်ဆိုတာ ပဋိသန္ဓေဆိုတာ ဇာတိကွ (မှန်ပါ့) ဇာတိဆိုတာ ဒုက္ခသစ္စာကွ (မှန်ပါ့) ဒီတော့ဘုရား ကြိုက်နိုင်ပါ့မလား (မကြိုက်နိုင်ပါ ဘုရား)။

ဘုရားမကြိုက်နိုင်တဲ့ဥစ္စာ ခင်ဗျားတို့က စုန်ချည်၊ဆန်ချည်များ ထည့်မနေစမ်းပါနဲ့ (မှန်လှပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

တဏှာက အတောင်းခိုင်းတာ

ခင်ဗျားတို့က ဒီလောကွတ်က တယ်များတယ် (များပါတယ် ဘုရား) တဏှာလောကွတ် (မှန်ပါ့) တဏှာက တစ်ခါတည်း မီးခိုးမဆုံး မိုးမဆုံးများ ခင်ဗျားတို့ နိဗ္ဗာန်သွားမှာစိုးလို့ တဲ့ စုန်ချည်၊ဆန်ချည်တောင်းလိုက်တယ် (မှန်ပါ့) စုန်ချည်ဆန်ချည်တောင်းလိုက်တော့ လူ့ပြည်၊နတ်ပြည်ကြိမ်ဖန်များစွာ ခံစား၍လို့တောင်းခဲ့တယ် (တောင်းခဲ့ပါတယ် ဘုရား) ဘယ်သူကအတောင်းခိုင်းတာတုံး (တဏှာက အတောင်းခိုင်းတာပါ ဘုရား)။

ခင်ဗျားတို့ကလဲ နိဗ္ဗာန်ပိတ်တဲ့လူကို ရှေ့နေငှားမိလျက်ကြုံနေတယ် (မှန်ပါ့) ကိုယ့်ထောင်ချမည့်လူကို ရှေ့နေငှားတယ် (မှန်ပါ့)။

ဦးမာဒင် ဘယ်သူ့ငှားမိလျက် ကြုံနေသလဲ (ကိုယ့်ထောင်ချမည့်လူကို ရှေ့နေငှားမိလျက် ကြုံနေပါတယ် ဘုရား) အံမာလေး ခင်ဗျားတို့ရှေ့နေက ကိုယ့်ထိုးချတာ (မှန်ပါ)။

ကိုယ့်ကိုကယ်တင်မလားလို့ သောင်းကိုးထောင် ပေးငှားပြီးတော့မှ ဒကာ ဒကာမတို့ ကိုယ့်ထောင်ချတာ (မှန်ပါ့) သံသရာထောင်ထဲချတာ (မှန်ပါ့) အဲဒါဒကာ ဒကာမတွေ မရိပ်မိလိုက်ဘူး (မရိပ်မိပါ ဘုရား) ဘုရားရှေ့မှာသွားပြီး ထောင်ချပေးတော်မူပါ သွားတောင်းတယ် (တောင်းပါတယ် ဘုရား)။

ဘယ်လိုတောင်းပါလိမ့် (ဘုရားရှေ့မှာ ထောင်ချပေးပါသွားတောင်းပါတယ် ဘုရား)။

အခုမှဘဲ ကြားဖူးတယ်လို့ ခင်ဗျားလဲထင်မှာပါဘဲ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

ဦးဘထွေးတို့ ဘုရားပွဲတွေ ဘာတွေလုပ်ရင် ကိုယ့်ကိုထောင်တော့ ရှေ့နေချတာမခံနဲ့ (မှန်ပါ့) ကိုယ့်ရှေ့နေက ကိုယ့်ကို ကယ်တင်မလားအောက်မေ့တယ် စုန်ချည်ဆန်ချည်ဘက် ပို့လိုက်တာဘဲ (ပို့ပါတယ် ဘုရား) စုန်ချည်ဆန်ချည် ဆိုကတည်းက ဘဝပေါင်းပဋိသန္ဓေပေါင်း ဘယ်လောက်တုံး (မရေတွက်နိုင်ပါ ဘုရား)။

မရေတွက်နိုင်အောင် ဇာတိဒုက္ခ ဇရာဒုက္ခ ဗျာဓိဒုက္ခ မရဏဒုက္ခတွေနဲ့ တွေ့ရပါလို၏ လို့ဆိုတာ ဒါကသစ္စာသံ ဖြစ်နေလို့သာ ခင်ဗျားတို့ မတောင်းရဲတာ (မတောင်းရဲပါ ဘုရား)။ စုန်ချည်ဆန်ချည် လူနတ်ချမ်းသာ ဖြစ်ရပါလို၏ ဆိုတော့ နှုတ်ကပြောင်းပြီး တောင်းလိုက်တာနဲ့ တစ်ခါတည်း သစ္စာကွယ်ပြီး သကာလ ပုဂ္ဂိုလ်အထည်ပေါ်လာပြီး တောင်းချလိုက်တယ် (မှန်ပါ့)။

သစ္စာကတော့ (ကွယ်ပါတယ် ဘုရား) ပုဂ္ဂိုလ်အထည်ကတော့ (ပေါ်ပါတယ် ဘုရား)။

တဏှာက ပုဂ္ဂိုလ်သာမြင်တာ

အဲ ဒါကြောင့် တဏှာက ပုဂ္ဂိုလ်သာမြင်တာ၊ သစ္စာကိုမမြင်ဘူး (မှန်လှပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

တဏှာကဘာတဲ့ (ပုဂ္ဂိုလ်သာမြင်ပါတယ် ဘုရား) ဒါဖြင့်ခင်ဗျားတို့ ဆုတောင်းခိုင်းတာသည် ဒကာ ဒကာမတို့ ဘယ်သူက အတောင်းခိုင်းတာတုံး (တဏှာက အတောင်းခိုင်းတာပါ ဘုရား)။

တဏှာက နဂိုရ်ကလာတာလား အခုဘုရားရှေ့ကျမှ ငါကခေါင်းဆောင်လုပ်မယ်လို့လာတာလား (ဘုရားရှေ့ ကျမှ ခေါင်းဆောင်လုပ်မယ်လို့ လာတာပါ ဘုရား) အဲ တရားခွင်ကျမှ သူကဝင်လာတာ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

တရားခွင်ကျမှ ဝင်လာပြီး သကာလ စုန်ချည်၊ဆန်ချည် တောင်းချလိုက်တာ တဏှာကနေပြီး ခင်ဗျားတို့ တောင်းချလိုက်တဲ့ဥစ္စာ ခုနင်က သစ္စာတွေအကုန်ဖုံး (ဖုံးပါတယ် ဘုရား) သုခယောင်ပြီး အကုန်ဖော်ချလိုက်တယ် (မှန်ပါ့ ဘုရား)။

အဲဒီတွင် ဒကာ ဒကာမတွေက ပြုံးပြီး တစ်ခါတည်းတောင်းတော့တယ် (မှန်ပါ့ ဘုရား) ကုန်ချင်သလောက် ကုန်ပါစေကွ၊ ဒီဆုတောင်းပြည့်ရင်ကြိုက်တယ် (မှန်လှပါ) ကုန်ချင်သလောက်ကုန်ပါစေကွ၊ ထောင်မျိုးစုံကျကြိုက်တယ် (မှန်ပ့ါ) ဒီရောက်သွားတယ် အဓိပ္ပါယ်က (ရောက်ပါတယ် ဘုရား) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ကုန်ချင်သလောက် ကုန်ပါစေ၊ ထောင်မျိုးစုံ ကျရင် (ကြိုက်ပါတယ် ဘုရား) ဘာတုံးဒကာကြွယ် (တဏှာခိုင်းတာ တောင်းရတာပါ ဘုရား) ဖြစ်မှဖြစ်ရပလေ ငွေကုန်ခံထောင်ချခံတာ ခင်ဗျားတို့ဘဲ (မှန်ပါ့) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။

ငွေလဲကုန်ရပါတယ်၊ လှူတာ၊ တန်းတာ၊ ပေးတာ၊ ကမ်းတာ (မှန်ပါ့) ငွေကုန်ရင် ထောင်လွတ်ရမယ် (မှန်ပါ)။

အခုတော့ ဘယ့်နှယ်ဖြစ်နေသလဲ (ငွေကုန်ပြီး ထောင်မလွတ်ပါ ဘုရား) ငွေကုန်ပြီး သကာလ ထောင်မျိုးစုံ ကျရတယ် (မှန်ပါ့)။

တဏှာရှေ့နေ လိုက်တာ

ငွေကုန်ပြီး သကာလ (ထောင်မျိုးစုံကျပါတယ် ဘုရား) ကဲ ဒါကိုဘယ်သူက ရှေ့နေလိုက်တာတုံး (တဏှာရှေ့နေ လိုက်တာပါ ဘုရား)။

အင်း ဒီပွဲမှာဖြင့် ဘယ်ရှေ့နေငှားမိပါလိမ့်မတုံးဆိုတာ အကဲခတ် အလှူပွဲကြီးတွေမှာ (တဏှာရှေ့နေပါ ဘုရား) သွားပြီကော (မှန်ပါ) သွားပြီကောဗျ ခင်ဗျားတို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် နောက်ကို ဒီအလုပ်-မလုပ်ပါနဲ့ (မလုပ်ပါ ဘုရား) ငွေကုန်ရင် ထောင်လွတ်ပါတယ် (မှန်ပါ့)။

ငွေကုန်ရင် (ထောင်လွတ်ပါတယ် ဘုရား) အဲ အခုတပည့်တော် သိန်းကိုးသောင်း ကုန်ပါတယ်ဘုရား။ သိန်းကိုးသောင်းကုန်သောကြောင့် နောင်ကိုဖြင့် ဇာတိဒုက္ခ-ဇရာဒုက္ခ-ဗျာဓိဒုက္ခ-မရဏဒုက္ခတွေ ရွံလွန်း မုန်းလွန်း ကြောက်လွန်းလို့ ဒါတွေမှ လွတ်ရာကို တပည့်တော်တို့အား ပို့ဆောင်ပါဆိုတော့ ဒါတွေမြင်တဲ့ဉာဏ်နဲ့ ဆုတောင်းလိုက်တော့ သစ္စာမြင်တဲ့ဉာဏ်နဲ့ ဆုတောင်းလိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ ငွေကုန်ခြင်းကြောင့် ထောင်လွတ်သွားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါကတော့ ဆုံးမတဲ့စကားလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ်ပါ (မှန်ပါ့)။

ဘယ်လိုမှတ်ကြမလဲ (ဆုံးမတဲ့စကားပါ ဘုရား) အများကြီးလွဲနေလို့ ပြင်တယ်လို့လဲ မှတ်လိုက်ပါ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ မဂ်ဉာဏ်သည် ခုနင်ကတောင်းထားတဲ့ဆုတွေဟူသ၍ကိုလဲ တဏှာရှေ့နေလိုက် ထားတာလဲ ဖြစ်ပျက်မြင်တိုင်းပါးတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ခင်ဗျားတို့ သန္တာန်ထဲ စိတ်ထဲရှုတဲ့ပုဂ္ဂိုလ် စိတ်ကလေးတွေ မရှိဘူး-မရှိဘူး သိနေတဲ့အတိုင်း ခင်ဗျားတို့ တဏှာနဲ့ တောင်းထားတဲ့ဆုတွေလဲ အကုန်ပယ်ချတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဪ နဂိုရ်ကမှားပေမယ့် ပြင်ပေးမည့်သူ ပါသေးတယ် (မှန်ပါ့) မကောင်းတဲ့ရှေ့နေငှါးမိလို့ အခုထောင်ထဲ ကျမည့်အချက်တွေ သေချာပြီးသား (မှန်ပါ့)။

အဲဒါကိုဆရာကောင်းသမားကောင်းနဲ့တွေ့ပြီး ဒီလိုက်ပြင်လိုက်ရင်ကွာ ဒါပျက်ပါသေးတယ် ဆိုသဖြင့် ဝိပဿနာအားထုတ်လိုက်ရင် သူကပါးပါး-ပါးပါးသွားပြီး အထုတွေပါ အကုန်ပျောက်တယ် (မှန်ပ့ါ)။

ပါးပါး-ပါးပါးသွားပြီး ဘာတုံး (အထုတွေပါအကုန်ပျောက်ပါတယ်) ရှင်းပလား (ရှင်းပါပြီ)။

ထုတွေပါအကုန်ပျက်သွားတယ်ဆိုတော့ ပျက်ရမှာဘဲတဲ့၊ ဝိပဿနာလုပ်တော့ တဏှာပါးတယ် (မှန်ပါ့) တောင်းထားတာက ဘာနဲ့တောင်းသလဲ (တဏှာနဲ့တောင်းပါတယ်) ဪ ကယ်မည့်သူရှိသေးတယ် (မှန်ပါ့) ပေါ်လာပြီ (မှန်ပ့ါ)။

ကယ်မည့်သူရှိသေးတယ်ဆိုတာ

ဘယ့်နှယ်ပေါ်လာကြသလဲ (ကယ်မည့်သူ ရှိပါသေးတယ် ဘုရား) ကယ်မည့်သူရှိသေးတယ်ဆိုတာ ဒကာ ဒကာမတွေ ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား)။

ဪ ခင်ဗျားတို့ မျက်စိကန်း တစ္ဆေမကြောက်သွားထားတဲ့ဥစ္စာကို ကယ်မည့်လူကလေး တစ်ယောက်ပေါ်လာ တဲ့ဥစ္စာကို ခင်ဗျားတို့က လေးလေးစားစားနဲ့ ကိုယ့်ကိုယ်ကယ်တင်တဲ့အလုပ်ကိုဘဲ ရေနစ်နေတဲ့လူက ကိုယ့်ကိုယ်ကယ်တင် တဲ့ဥစ္စာအားလျှော့ကူးရင် မြုပ်မှာပေါ့ဗျ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ရေနစ်နေတဲ့ပုဂ္ဂိုလ်ဟာ ကိုယ်ကသံသရာထဲနစ်နေတယ် (မှန်ပ့ါ) အေး မတတ်နိုင်ဘူး အားလျှော့ကူးရမှာဘဲ ဆိုတော့ဘယ့်နှယ်တုံး (နစ်မှာပါ ဘုရား) သေချင်လို့သာ မှတ်ပါ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒီအလုပ်ဟာ ကိုယ်ရေနစ်ပြီးသားဆိုတော့ သံသရာရေထဲမှာ ကိုယ်ကိုယ်တိုင်ကူး၊ နိဗ္ဗာန်ကုန်းပေါ် မတက်နိုင်သေးပါဘူး (မတက်နိုင်ပါ ဘုရား)။

ဒါအားလျှော့ကူးမယ်ဆိုရင်တော့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အံမာဝေး ကြောက်စရာကောင်းလိုက်တာ (မှန်ပါ့) ခင်ဗျားတို့ ဒီ့ပြင်နေရာသာ ပါးတာနော်၊ ဒီနေရာမှာ မပါးဘူး (မှန်ပါ့ ဘုရား)။

ဒီနေရာကျလို့ရှိရင် ဖြေးဖြေးတစ်စတစ်စတဲ့ အားလျှော့ကူးမည့်ပုံက တယ်လာတယ် (လာပါတယ် ဘုရား) ဖြေးဖြေးတစ်စတစ်စလုပ်ရမှာဘဲ၊ ဘုန်းကြီးကလဲ မသေသေးပါဘူး၊ တို့လဲမသေသေးပါဘူးတဲ့ (မှန်ပါ) ဒီလိုဖြစ်နေကြတာဗျ (မှန်ပါ့ ဘုရား)။

ဒီလိုဖြစ်နေတာ ခင်ဗျားတို့သည်ကားလို့ဆိုရင် အားလျှော့ကူးတဲ့အဓိပ္ပါယ်ရောက်-မရောက် (ရောက်ပါတယ် ဘုရား) ဘယ်အထဲအားလျှော့တာတုံး (ရေနစ်တဲ့အထဲ အားလျှော့တာပါ) သွားပါလိမ့်မယ် ရိပ်မိပလား (ရိပ်မိပါပြီ)။

မြုပ်ပါလိမ့်မယ် ခင်ဗျားတို့ သေခြင်းဆိုး သေပါလိမ့်ဆိုရင် ဒကာကြွယ် လွဲမလား (မလွဲပါ ဘုရား)။

အဲ့ဒါကြောင့် ဘုန်းကြီးများက တိုက်တွန်းတာလား၊ ကိုယ့်အဖြစ်ဆိုးကို ဖော်ပြတာလား (ကိုယ့်အဖြစ်ဆိုးကို ဖော်ပြတာပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မလျှော့ကောင်းတဲ့ နေရာလျှော့နေတဲ့လူမိုက်

ကိုယ့်အဖြစ်ဆိုးကဖြင့် တကယ်ရေနစ်နေတဲ့ပုဂ္ဂိုလ်က ခပ်လျှော့လျှော့ကူးချင်တယ်ဆိုတော့ ဒကာသစ် ကိုယ့်ကိုယ်လဲ သနားနေတဲ့လူမဟုတ်ဘူး (မဟုတ်ပါဘူး) မလျှော့ကောင်းတဲ့ နေရာလျှော့နေတဲ့လူမိုက်လို့ ဆိုရင်လဲ (မလွဲပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့သည် ဒီနေရာမှာ အားကုန်ထုတ်ပြီး သကာလ ကမ်းနဲ့လဲနီးနေပြီ နိဗ္ဗာန်ကမ်းနဲ့ (မှန်ပါ့) သံသရာရေထဲကူးနေတာ အားကုန်ကူးလိုက်ပါလား (မှန်ပါ့ ဘုရား)။

ဝိပဿနာဉာဏ်ပြီးတော့ (သောင်ပေါ်ရောက်ပါပြီ) မဂ်ဉာဏ်ဆိုတာ သောင်ပေါ်တင်တာ (မှန်ပါ့ ဘုရား)။

အဲဒီတော့ဒီနေရာမှာ အားသွန်ပြီး သကာလ ကူးလိုက်မယ်ဆိုရင်ဖြင့် မြုပ်မျောရှိသေးရဲ့လား (မရှိပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒကာကြွယ် မြုပ်မျော ခင်ဗျားမကြောက်ဘူးလား (ကြောက်ပါတယ် ဘုရား) တစ်သံသရာလုံးဗျာ တဏှာကနေ များ မျှောချလိုက်တာ (မှန်ပါ့) ဘယ့်နှယ်လူ့ပြည်နဲ့ငရဲ အဝေးကြီး (မှန်ပါ့ ဘုရား)။

သူမျှောချလိုက်တာ တစ်စက္ကန့်တောင် မကြာဘူးရောက်လာတယ် (မှန်ပါ့) ကဲ သူမျှောချလိုက်တာ သဘောကျပလား (ကျပါပြီ ဘုရား)။

လောဟ ကုမ္ဘီငရဲဆိုတာ ဒကာ ဒကာမတို့ အနှစ်များစွာကြာမှ တစ်ခါတစ်ခါပေါ်နိုင်တဲ့ဥစ္စာ အောက်များမြုပ် သွားလိုက်တဲ့ဥစ္စာ သူမြှုပ်တာ (မှန်ပါ့) ငရဲက မြှုပ်တာလား၊ တဏှာ အကုသိုလ်က မြှုပ်ပေးလိုက်တာပါ ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ကိုပြောတာ ဒီနေရာ အားကုန်သွန်ပြီး သကာလ ဝိပဿနာဉာဏ်ကနေပြီး မဂ်ဉာဏ်ကူးအောင် အားကုန်သွန်ပြီး ကူးရမည့်ဥစ္စာကို တစ်ခါတည်းဇွဲနဲ့မဲနဲ့လုပ်လိုက်လို့ရှိရင် ဒကာကြွယ် ကြာစရာရှိရဲ့ လား (မရှိပါ ဘုရား) မရှိဘူးဆိုတာသေချာပလား (သေချာပါပြီ ဘုရား)။

ခင်ဗျားတို့လဲ ဘယ်တော့မှ မကြားဖူးဘူး၊ ဪ ဝိပဿနာဉာဏ်ပြီး မဂ်ဉာဏ်ဘဲဆိုတာကို ဒါကြားဖူးဖို့ လွယ်ပါ့မလား (မလွယ်ပါ ဘုရား)။

ဘုရားဟောတာ ယုံကြမှာပေါ့

ခင်ဗျားတို့ ကြားဖူးတာက နိဗ္ဗာန်ဆိုတာ အဝေးကြီး (မှန်ပါ့) တစ်စတစ်စမှရတယ် (မှန်ပါ့) အခု အဋ္ဌကထာ ဆရာက ပါဠိတော်က ဟ မဟုတ်ဘူး၊ သူများပြောတာမယုံနဲ့၊ မင်းဖြစ်ပျက်မြင်တဲ့ ဝိပဿနာဉာဏ်ပြီးရင် မဂ်ဉာဏ်ဘဲ (မှန်ပါ့)ဆိုတော့ ဘုရားဟောတာ ယုံကြမှာပေါ့ (မှန်ပါ့ ဘုရား)။

ရှေးလူကြီးတွေပြောတိုင်း ယုံရမှာလား (မယုံရပါ ဘုရား) မယုံပါနဲ့၊ မင်းတို့က သားနဲ့သမီးနဲ့ဆွေနဲ့မျိုးနဲ့ဆိုတာ ကွာ တစ်စတစ်စလုပ်ရတာ (မှန်ပါ့ ဘုရား)။

ဒီတစ်စတစ်စလုပ်တာနဲ့ဘဲ ဒကာ ဒကာမတွေ အညွန့်တုံးသွားတယ် (မှန်ပါ့) မတုံးဘူးလား (တုံးပါတယ် ဘုရား)။

အဲဒီတော့ ဘယ်အချိန်ဘယ်အရွယ်လို့မဆိုနဲ့ ဝိပဿနာဉာဏ်ရရင် မဂ်ဉာဏ်ရမယ်လို့သာမှတ်လိုက် (မှန်ပါ့)။

ဝိပဿနာဉာဏ်ရရင် (မဂ်ဉာဏ်ရမှာပါ ဘုရား) ဖြစ်ပျက်မြင်တာ ဘာဉာဏ်တုံး (ဝိပဿနာဉာဏ်ပါ ဘုရား) ဖြစ်ပျက်မမြင်တော့ပါဘူး ရှုရင်းမတ္တနဲ့ (မဂ်ဉာဏ်ပါ ဘုရား) ဒါဘဲရှိတာဘဲ (မှန်ပါ့)။

ဒါရှိတာဘဲဆိုတော့ ဦးသန်းမောင်တို့ ဦးဘထွေးတို့ ဝေးသလားဗျာ (မဝေးပါ ဘုရား) သဘောကျပလား (ကျပါပြီ) မဝေးလို့ တပည့်တော်က သွားချင်တဲ့နေ့သွားမယ်လို့ ဆင်ခြေများလဲဦးမှာလား (မလဲပါ ဘုရား) ကြောက်စရာ လူတွေများဖြစ်နေသလားလို့ သတိပေးရတယ် (မှန်ပါ့)။

လူတွေဟာ အတော်ဆင်ခြေများတာ ဒကာကြွယ်ရ (မှန်ပါ့) မများဘူးလား (များပါတယ် ဘုရား)။

အခု ဘုရားသခင်ကိုယ်တော်မြတ်ကြီးကတော့ကွာတဲ့ တစ်ဘဝပဋိသန္ဓေ နေရတယ်ဆိုလို့ရှိရင် ကြီးစွာအပြစ် သင့်ပါတယ် (မှန်ပါ့)။

ဝိပဿနာဉာဏ်ဆုံးအောင်သာလိုက်ပါ

ဒီဘဝကစုတေပြီး တစ်ဘဝ ပဋိသန္ဓေနေရရင် ဘာတဲ့တုံး (ကြီးစွာသော အပြစ်သင့်ပါတယ်) အဲ့ဒါကိုဖြင့် မင်းတို့စိတ်မကူးပါနဲ့၊ ကြီးစွာအပြစ်သင့်မှာ ငါစိုးရိမ်လွန်းလို့ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာဉာဏ်ဆုံးအောင်သာလိုက်ပါ (မှန်ပါ့ ဘုရား) ဘာရမလဲ (မဂ်ဉာဏ်ရပါမယ် ဘုရား)။

မဆုံးသေးရင် ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ကိလေသာထုကြီးနေသေးလို့ပါ ဘုရား) ကိလေသာထုကြီးတယ် (မှန်ပါ့ ဘုရား)။

ဟင် ဒါကတော့ ငါ့အပြစ် (မှန်ပါ့) ကိုယ့်ဟာကိုယ်မလျှော့လိုက်နဲ့ (မှန်ပါ့) ဆုံးခဲလိုက်တာကွာ ဖြစ်ပျက်တွေလဲ ဆုံးခဲလိုက်တာ (မှန်ပါ့) ဒါကဘယ်သူ့အပြစ်ဆိုကြမလဲ (ကိုယ့်အပြစ်ပါ ဘုရား)။

ကိုယ့်အပြစ်မို့ ကိုယ့်ရှိတဲ့အညစ်အကြေး ကိုယ်ဆေးမှရမယ်၊ မဆုံး-ဆုံးအောင်လုပ်နေ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

မဆုံး-ဆုံးအောင်လုပ်မယ်ဆိုတာ ကိုယ့်အပြစ်မှန်းသိလို့ ကိုယ်ရေဆေးနေတာ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီအတိုင်းသာ ခင်ဗျားတို့ ဝိပဿနာဉာဏ်အားထုတ်လို့ရှိရင်ဖြင့် သူဆုံးရင် မဂ်ဉာဏ်လာမယ်လို့ သံယုတ်အဋ္ဌကထာကလဲ သေသေချာချာဖွင့်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဝိပဿနာသမ္မာဒိဋ္ဌိဟာကွာတဲ့

”ဝိပဿနာသမ္မာဒိဋ္ဌိ အနိစ္စာဒိဝသေန တေဘူမကသင်္ခါရေ ပဋိဝသောဓယမာနာ”။

ဝိပဿနာသမ္မာဒိဋ္ဌိဟာကွာတဲ့ တေဘူမကသင်္ခါရတွေကို ဖြစ်ပျက်မြင်နေတာဘဲတဲ့ (မှန်ပါ့)။

ဝိပဿနာသမ္မာဒိဋ္ဌိဟာကွာ ဖြစ်ပျက်တွေအကုန်မြင်နေပါတယ် (မှန်ပါ့) သဘောကျပြီ (ကျပါပြီ ဘုရား)။

ဖြစ်ပျက်တွေ အကုန်မြင်နေရင် ဘာဉာဏ်လို့ဆိုကြမယ် (ဝိပဿနာဉာဏ်ပါ ဘုရား)။

အဲသူက ဝိပဿနာဉာဏ်က ဖြစ်ပျက်တွေ ဘယ့်နှယ်ကြောင့် တာရှည်မြင်နေရသတုံး၊ အို ကိလေသာတွေ သုတ်သင်နေရတာကြာလို့ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် ဝိပဿနာဉာဏ် ကြာနေပါလိမ့် (ကိလေသာတွေ သုတ်သင်ရတာ ကြာနေလို့ပါ ဘုရား)။

ဪ ဝိပဿနာဉာဏ်က ဒကာ ဒကာမတို့ ရှေးကရှင်းစရာရှိတာ အကုန်ရှင်းရတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ရှင်ဘုရင် ထွက်မယ်ကြံတော့ ဦးမာဒင် လကျ်ာတောင်တွေက ရှင်းစရာရှိတာ အကုန်မရှင်းဘူးလား (ရှင်းပါ တယ်) ပြီးတော့ ရှင်ဘုရင်ထွက်မလာဘူးလား (ထွက်လာပါတယ်) မရှင်းဘဲနဲ့ထွက်ရင် ရန်သူနဲ့တွေ့မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီမှာလဲ ဝိပဿသမ္မာဒိဋ္ဌိက လကျ်ာတောင်လုပ်ပြီး ကိလေသာတွေ အကုန်ရှင်းနေရတယ် (မှန်ပါ့) များရင် ကြာတာဘဲ (မှန်ပါ့) များရင် (ကြာပါတယ်) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ်ဝိတက်ကလေးလာလာ ကိလေသာမှတ်

ကိလေသာဆိုတာလဲ တစ်ခြားအောက်မေ့မနေပါနဲ့ ဒကာ ဒကာမတွေက ဘယ်ဝိတက်ကလေးလာလာ ကိလေသာမှတ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဘယ်ကိစ္စကလေးဝင်လာလာ (ကိလေသာပါ ဘုရား)။

ကိလေသာမှတ်လို့ဆိုတော့ ဪ ကြာတာတစ်ခြားမဟုတ်ဘူးဟေ့၊ ဒကာကြွယ်ဆုံးဖြတ်ချက်ချ (မှန်ပါ့) တို့က ကြားထိုးတွေက တယ်များပါကလား (မှန်ပါ့)ဆိုတော့ တယ်ရောက်ခဲတယ်လို့ အပြစ်တင်မလားတဲ့၊ တို့ ကိလေသာကြားထိုး ကို တို့မနိုင်လို့ ကြာတာကိုးလို့ ဆိုကြမလား (ကိလေသာကြားထိုးကို မနိုင်လို့ပါ ဘုရား)။

ကိုယ့်အပေါ်ချည့်ချ (မှန်ပါ့) ကိုယ့်အပေါ်ချည့်ချရင်တော်ပြီ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘယ်လိုချမယ် (ကိုယ့်အပေါ်ချည့်ချရပါမယ်) ကိုယ့်အပေါ်ချည့်ချရင်တည့်ပြီ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဝိပဿနာဉာဏ်က ကိုယ့်ကိလေသာကိုယ်ရှင်းရတာကိုးဗျ (မှန်ပါ့) သူများကိလေသာကို ဒီဝိပဿနာဉာဏ်က သွားရှင်းလို့မရပါဘူး (မှန်ပါ့ ဘုရား) ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ကဲ ဒကာသစ်နေရာကျပလား (ကျပါပြီ) နေရာကျတော့ကို သာတိရဟန်းကို ပြန်ဆက်ကြစို့ (မှန်ပါ့) သာတိရဟန်းသည် ဒကာ ဒကာမတို့ ဘာဒိဋ္ဌိတဲ့တုံး (သဿတဒိဋ္ဌိပါ ဘုရား)။

ဒကာ ဒကာမတွေဘုန်းကြီး ဆုံးမထားတာက သာတိရဟန်းက ဝိညာဏ်ဟာမသေဘူးတဲ့ (မှန်ပါ့)။

စိတ်ဝိညာဏ် (မသေပါ ဘုရား) ဒါဘယ်သူ့အယူပါလိမ့် (သာတိရဟန်း၏အယူပါ ဘုရား)။

ဒီအထဲမှာ ဒကာ ဒကာမတွေ သာတိတော့မဖြစ်စေနဲ့နော် (မှန်ပါ့) သာတိဖြစ်တဲ့လူတွေ ဒီအထဲမှာရှိနေတယ် (မှန်ပါ့) ဖျောက်ပစ်ပါ (မှန်ပါ့) သာတိတွေအများကြီးပါတယ် (ပါပါတယ် ဘုရား)။

သာတိတွေအများကြီးဆိုတော့ အသက်ကလေးထွက်သွားပြီ ဘယ်များထွက်ရှာပါလိမ့် (မှန်ပါ့) ဒါဘာတုံး သာတိအယူ (မှန်ပ့ါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သာတိအမျိုးထဲကလား

ဒကာကြွယ်ကော သာတိအမျိုးထဲကလား (အရင်တုန်းကဟုတ်ပါတယ်) အခုတော့ ဖြုတ်တော့ (မှန်ပါ့) အခုတော့ အကုန်ဖြုတ်ပါ၊ သာတိအမျိုးတွေက နည်းတာတွေမဟုတ်ဘူး (မနည်းပါ ဘုရား)။

ဒကာ ဒကာမတို့ အသက်ကလေးထွက်သွားပြီ ဘယ်များသွားပြီး တွယ်ရှာပါလိမ့်မတုံးတဲ့၊ ဘယ်သူ့အမျိုးတွေပါ လိမ့် (သာတိအမျိုးတွေပါ ဘုရား)။

အဲ သာတိအမျိုးဆိုကတည်းက သဿတဒိဋ္ဌိမျိုးပြောတာ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ)။

အဲဒီတော့ ဘုန်းကြီးပြလိုက်ပါမယ်၊ ဝိညာဏ်ဘယ်တော့မှမပြောင်းဘူး (မှန်ပါ့ ဘုရား) ဝိညာဏ်ခြောက်မျိုး ရှိတယ် (မှန်ပါ့)။

စိတ်ဝိညာဏ် ဘယ်နှစ်မျိုးရှိသလဲ (ခြောက်မျိုးပါ ဘုရား) မျက်လုံးမှာရှိတဲ့ ဝိညာဏ်နားမှာမပြောင်း (မှန်ပါ့) နားမှာရှိတဲ့ ဝိညာဏ် နှာခေါင်းမပြောင်းဘူး (မှန်ပါ့ ဘုရား) ဒီနေရာပေါ်ပြီး ဒီနေရာပျောက် (မှန်ပ့ါ)။

နှာခေါင်းမှာပေါ်တဲ့ နှာခေါင်းဝိညာဏ်ကလဲ ဦးမာဒင်-နှာခေါင်းမှာပေါ်ပြီးတော့ (နှာခေါင်းမှာ ပျောက်ပါတယ် ဘုရား)။

ဒီပြင် ဒွါရပြောင်းသေးသလား (မပြောင်းပါ ဘုရား) ဒါသေသေချာချာမှတ်ပါ (မှန်ပါ့)။

လျှာပေါ်မှာစားတဲ့ ဝိညာဏ်ကလေးပေါ်တယ်၊ ချိုတာ၊ဖန်တာ၊ငန်တာကလေး သိတဲ့ စားတဲ့ ဝိညာဏ်စိတ် ကလေး ပေါ်တယ် (မှန်ပါ့)။

သူက အချို၊ အချဉ်၊ အဖန်၊ အငန်သာသိ၍ ဒကာသစ်ရေ မြင်တာ၊ ကြားတာ လုပ်တတ်တဲ့လား (မလုပ်တတ်ပါ) ဒါဖြင့်မပြောင်းဘူးပေါ့ (မှန်ပါ့ ဘုရား)။

ဒီနေရာမှာ လျှာပေါ်မှာပေါ်တယ် (မှန်ပါ့) လျှာပေါ်မှာဘဲ သေတယ် (မှန်ပါ့)ဆိုတော့ လျှာပေါ်မှာပျောက်တယ် ဆိုတော့ ဝိညာဏ်ပြောင်းသေးရဲ့လား (မပြောင်းပါ) အဲ ဇိဝှါဝိညာဏ်လဲ မပြောင်းပါဘူး (မှန်ပါ့)။

ပြောင်းနိုင်ရဲ့ လား

ကာယဝိညာဏ်တဲ့ ဒကာ ဒကာမတို့ ကိုယ်ပေါ်မှာ ယားတယ် (မှန်ပါ့) ဒုက္ခသဟဂုတ်ကာယဝိညာဏ် (မှန်ပ့ါ) ကိုယ်ပေါ်မှာကောာင်းတယ် သုခသဟဂုတ်ကာယဝိညာဏ် (မှန်ပါ့) ကောင်းတဲ့ နေရာကလေးဟာလဲ မကောင်းတဲ့နေရာ များ ပြောင်းသေးသလား (မပြောင်းပါ ဘုရား) ဒါဖြင့် ဝိညာဏ်မပြောင်းဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒကာ ဒကာမတို့ ဝိညာဏ် ခြောက်မျိုးရှိတဲ့ အနက်က မျက်လုံးမှာပေါ်တဲ့ ဝိညာဏ်က ကိုယ်ထဲမှာပြောင်းနိုင်ရဲ့ လား (မပြောင်းနိုင်ပါ) ကိုယ်ထဲမှာ သိတဲ့စိတ်ကလေးကလဲ မျက်လုံးမှာပြောင်းနိုင်ရဲ့လား (မပြောင်းနိုင်ပါ) ဘယ်ပြောင်း နိုင်ပါ့မတုံး သိတဲ့စိတ်ကမြင်တဲ့စိတ် မဖြစ်နိုင်ဘူး (မှန်ပါ့) မြင်တဲ့စိတ်ကလဲ သိတဲ့စိတ် (မဖြစ်နိုင် ဘုရား)။

သိတဲ့စိတ်က သူသည်ကားလို့ဆိုရင်ဖြင့် ဒကာ ဒကာမတို့ ချိုတယ်၊ချဉ်တယ်၊ဖန်တယ်၊ငန်တယ် ဝမ်းထဲကသိတယ် (မှန်ပါ့)။

လျှာစိတ်ကတော့ ဒကာ ဒကာမတို့ စားကာမတ္တဘဲ (မှန်ပါ့) လျှာစိတ်က ချိုတယ်၊ချဉ်တယ်၊ဖန်တယ်၊ငန်တယ်လို့ လျှာပေါ်မှာပေါ်တဲ့စိတ်က မပြောနိုင်ဘူး (မှန်ပါ့) ဝမ်းထဲကစိတ်ကသာ ဪ ဒါချဉ်မှန်းသိတယ် (မှန်ပါ့)။

ချိုမှန်းသိတယ် (မှန်ပါ့) ခင်ဗျားတို့ကတော့ စိတ်က မြန်လွန်းတော့ လျှာကသိတယ်ပြောတယ် (မှန်ပါ့)။

လျှာကမသိဘူး (မှန်ပါ့) ဘယ့်နှယ်ကြောင့် မသိသတုံးမေးတဲ့အခါကျတော့ ဒကာကြွယ်မှတ်လိုက်စမ်း “ဥပေက္ခာသဟဂတံ ဇိဝှါဝိညာဏံ” ဆိုတော့ ဥပေက္ခာဝေဒနာ ဖြစ်နေတယ် (မှန်ပါ့ ဘုရား) ဥပက္ခာဆိုတာ လျှာပေါ်မှာ ကျတာ ဖြစ်ကာမျှမတ္တကလေးဘဲ၊ ဒါဘဲ (မှန်ပါ) ဖြစ်ကာမျှမတ္တ စိတ်ကလေးပေါ်လိုက်တာဘဲ (မှန်ပါ့)ချိုတာ၊ ဖန်တာ၊ ငန်တာ မင်းသိသလားဆိုတော့ ကျွန်တော်မသိဘူးတဲ့ (မှန်ပ့ါ) ဘယ်သူက သိသတုံးဆိုတော့ ဝမ်းထဲက သိတယ် (မှန်ပါ့) မနောဝိညာဏ်ကမှ သိတယ် (မှန်ပါ့)။

ဒါကြောင့် မနောဝိညာဏ်ကမှသိတော့ ခင်ဗျားတို့စဉ်းစားကြည့်ပါ၊ မတည့်တာစားမိလို့ အော်ဂလီဆန်ပြီဆိုတော့ ပါးစပ်ကဆန်တာလား၊ ဝမ်းထဲကဆန်တာလား (ဝမ်းထဲက ဆန်တာပါ ဘုရား)။

ဒါဖြင့် ဝမ်းထဲကသိလို့ ဝမ်းထဲကဆန်တာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) ဝမ်းထဲကသိတာ ဒကာကြွယ်ရ (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

ဒါဖြင့် လျှာကတည်းက သိရင် လျှာကတည်းက ထွေးပစ်တယ် (မှန်ပါ့) အခုတော့ ဝမ်းထဲကမှသိတော့မှ လျှာကစားတဲ့ အစာကထွက်ပေါက်မရှိလို့ လျှာပေါ်ကျော်ထွက်ရတယ် (မှန်ပ့ါ) စင်စစ်လျှာက သိတာမဟုတ်ဘူး (မှန်ပါ့) ဝမ်းထဲကသိတာ (မှန်ပ့ါ)။

ဝမ်းထဲက သိပါတယ်

ဒါဖြင့် ဒကာ ဒကာမတို့ စားတဲ့စိတ်က စားကာမျှမတ္တ (မှန်ပါ့) ချိုတယ်၊ ချဉ်တယ်၊ ဖန်တယ်၊ ငန်တယ်၊ တည့်တယ်-မတည့်ဘူးသိတာက ဘယ်ကသိသတုံး (ဝမ်းထဲက သိပါတယ် ဘုရား)။

ဒါဖြင့် သူ့နေရာနဲ့သူပေါ့ (မှန်ပါ့) သိတဲ့စိတ်က လျှာပေါ်ဖြစ်သလား မေးပြန်တယ် (မဟုတ်ပါ ဘုရား) သဘော ကျပလား (ကျပါပြီ ဘုရား)။

မဖြစ်ပါဘူး၊ ချိုတယ် ချဉ်တယ် ဖန်တယ် ငန်တယ် သိတဲ့စိတ်က ဝမ်းထဲကဖြစ်တာ (မှန်ပါ့) စားတဲ့စိတ်ကတော့ လျှာပေါ်ကဖြစ်တယ် (မှန်ပါ့) သိတဲ့စိတ်က (ဝမ်းထဲကဖြစ်ပါတယ် ဘုရား)။

ဟာ သူ့နေရာနဲ့သူပါလား (မှန်ပါ့) ဒါဖြင့် ဝိညာဏ်ပြောင်းသေးသလား (မပြောင်းပါ ဘုရား)။

လျှာပေါ်မှာဖြစ်တဲ့ လျှာဝိညာဏ်ကလဲ လျှာပေါ်မှာချုပ်တယ် (မှန်ပါ့) ဝမ်းထဲမှာဖြစ်တဲ့ ဝိညာဏ်ကကော (ဝမ်းထဲမှာချုပ်ပါတယ် ဘုရား)။

ဒါဖြင့် ဝိညာဏ်ကလေး ထွက်သွားပါတယ် ဆိုတာများ ဒကာ ဒကာမတို့ တစ်ကိုယ်တည်းမှာတောင်မှ ဟိုနေရာ ဒီနေရာမပြောင်းနိုင်ရတဲ့အထဲမှာ တစ်ဘဝနဲ့တစ်ဘဝ ကူးပြောင်းတယ်လို့ယူတာဟာ အတော်လွဲတယ် (လွဲပါတယ်) သဘောပါကြပလား (ပါ-ပါပြီ) ပြောင်းနိုင်ကြရဲ့လား (မပြောင်းနိုင်ပါ ဘုရား)။

မယုံလို့ရှိရင် ခင်ဗျားတို့နားထဲမှာ ထန်းလျက်ရည်ထည့်၊ နားကချိုတယ်ပြောရဲ့လား (မပြောပါ ဘုရား)။

နားက ကျုပ်အလုပ်က ကြားဖို့အလုပ်ဗျ (မှန်ပါ့) ခင်ဗျားချိုတာ ချဉ်တာ သိဖို့အလုပ်မဟုတ်ဘူး (မှန်ပါ့)။

ဒါဖြင့် သူ့အလုပ်သူလုပ်တယ်ဆိုကတည်းက သူ့နေရာမှာ သူ့ဝိညာဏ်ပေါ်ပြီး သကာလ ဒကာ ဒကာမတို့ ဒီ့ပြင် ဝိညာဏ်က ဒီအထဲ နည်နည်းမှ မနှောင့်ယှက်ဘူးဆိုတာကော ရောသေးသလား (မရောပါ ဘုရား) ဒါဖြင့် ဒီနေရာပေါ် ဒီနေရာချုပ်တယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဝိညာဏ်သည် ဒွါရပြောင်းသေးသလား

ဝိညာဏ်သည် ဒွါရပြောင်းသေးသလား (မပြောင်းပါ) ဒါဖြင့် သူ့ဒွါရမှာပေါ်ပြီး သူ့ဒွါရမှာချုပ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဝိညာဏ်ဟာ သူ့ဒွါရမှာပေါ် သူ့ဒွါရမှာချုပ်၊ ဒီလိုသိပြီး သကာလ နေတော့ ဒါဖြစ်ပျက်သိတာဘဲ (မှန်ပါ့ ဘုရား)။

ဒီကဲ့သို့သိတဲ့ ပုဂ္ဂိုလ်သည်ကားလို့ဆိုရင် ဝိညာဏ်တည်းဟူသော အသက်သည် တစ်ဘဝမှတစ်ဘဝ ကူးပြောင်း သေးတယ်ဆိုတဲ့ အယူရှိသေးရဲ့လား (မရှိပါ) မရှိရင်ဒိဋ္ဌိစင်ပြီ ခင်ဗျားတို့ (မှန်ပါ့) မရှိရင် သဿတဒိဋ္ဌိစင်သွားပြီ(မှန်ပါ့)။

ဒကာကြွယ် ဘာစင်သတုံး (သဿတဒိဋ္ဌိစင်သွားပါတယ်) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

သဿတဒိဋ္ဌိစင်သွားလို့ရှိရင် အပါယ်မကျဘူး (မှန်ပါ့) စိတ်သာချ၊ ဘယ်နည်းနဲ့မှ မကျဘူး (မှန်ပါ့) ဒါကို သံသယရှိနေရင် ဝိစိကိစ္ဆာရှိလိမ့်မယ် (မှန်ပ့ါ) ဒါကို သံသယရှိနေရင် ဝိစိကိစ္ဆာရှိလိမ့်မယ် (မှန်ပါ့) ဝိစိကိစ္ဆာရှိရင် အပါယ်ကျလိမ့်မယ် (မှန်ပါ့)။

အခုတော့ မျက်လုံးမှာ ပေါ်တဲ့စိတ်သည် နားထဲမှာပေါ်နိုင်ရဲ့လား (မပေါ်နိုင်ပါ ဘုရား) လျှာပေါ်ပေါ်တဲ့ စိတ်သည် နှာခေါင်းထဲပေါ်နိုင်ရဲ့လား (မပေါ်နိုင်ပါ ဘုရား)။

ကိုယ်ပေါ်-ပေါ်တဲ့ နာတဲ့-ကျင်တဲ့စိတ်ကလဲ ဒကာ ဒကာမတို့ မွှေးတဲ့ကြိုင်တဲ့စိတ် ဖြစ်နိုင်ရဲ့လား (မဖြစ်နိုင်ပါ ဘုရား)။

ဒါဖြင့် ဝိညာဏ်ပြောင်းသေးသလား (မပြောင်းပါ ဘုရား) ဝိညာဏ်မပြောင်းတာသိလို့ရှိရင်ဖြင့် တစ်ဘဝမှ တစ်ဘဝ ဝိညာဏ်ကူးသေးသလား (မကူးပါ ဘုရား)။

အဲ သာတိရဟန်းကတော့ ကူးတယ်လို့ယူတယ် (မှန်ပါ့) ဒီဝိညာဏ်ကလေးဟာ လည်နေတယ်လို့ ယူလိုက်တယ် (မှန်ပါ့ ဘုရား)။

အဲဒီတွင် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဝိညာဏ်ဟာကွာတဲ့ ငါ-သေသေချာချာ ဟောပါတယ် “စက္ခုံ စ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏ”ဆိုတော့ သူ့ဒွါရနဲ့ သူဟောပါတယ်တဲ့ (မှန်ပ့ါ) မပြောင်းကြောင်း သေချာပါတယ် (မှန်ပ့ါ ဘုရား)။

”သောတဉ္စ ပဋိစ္စ သဒ္ဒေစ ဥပ္ပဇ္ဇတိ သောတဝိညာဏံ” ဆိုတော့ နားထဲသွားတဲ့ဝိညာဏ်ဟာ တစ်ခြားပြောင်း သေးသလား၊ (မပြောင်းပါ ဘုရား)။

”မနဉ္စ ပဋိစ္စ ဥပ္ပဇ္ဇတိ မနောဝိညာဏံ” ဒကာကြွယ် ဝမ်းထဲမှာပေါ်တဲ့ သိတတ်တဲ့ ဝိညာဏ်ကလေးဟာ ပြောင်းသေးရဲ့လား (မပြောင်းပါ) ဒီနေရာပေါ် (ဒီနေရာပျောက်ပါတယ် ဘုရား)။

“ဝိညာဏံ အနိစ္စံ”ရှု

ဒါဖြင့် ဒကာ ဒကာမတို့ “ဝိညာဏံ အနိစ္စံ”ရှု (မှန်ပါ့) မျက်လုံးပေါ်-ပေါ်တဲ့ မြင်စိတ်ကလေးလဲ မြင်ပြီးပျက်တယ်လို့ ရှု (မှန်ပါ့) ကြားစိတ်ကလေးကော (ကြားပြီးပျက်ပါတယ် ဘုရား) နံစိတ်ကလေးကော (နံပြီး ပျက်ပါတယ် ဘုရား) စားစိတ်ကလေးကော (စားပြီးပျက်ပါတယ် ဘုရား) ဉာဏ်က လျှာပေါ်တည့်လိုက်တာပေါ့ (မှန်ပါ့ ဘုရား) ယားစိတ်ကလေးလဲ ယားတဲ့နေရာတည့်လိုက် (မှန်ပါ့)။

ကောင်းတဲ့စိတ်ကလေးပေါ်ရင်ကော (ကောင်းတဲ့နေရာ တည့်ရပါမယ် ဘုရား) ကိုယ်ပေါ်မှာ ချမ်းသာတဲ့စိတ် ကလေးပေါ့ဗျာ (မှန်ပါ့) အဲ့ဒီနေရာတည့်ပေး၊ ဒီနေရာပေါ်ပြီး ဒီနေရာပျက်တာဘဲလို့ ခင်ဗျားတို့ကရှု (မှန်ပါ့)။

ဝမ်းထဲမှာလဲ ဘာစိတ်ပေါ်ပေါ်၊ ဝမ်းထဲမှာပေါ်ပြီး ဝမ်းထဲမှာ ပျက်တယ် (မှန်ပါ့)။

ဒီလိုချည့် ရှုနေမယ်ဆိုရင်တော့ ဒကာ ဒကာမတို့ “ဝိညာဏံ အနိစ္စံ” ဖြစ်သွားတယ် (မှန်ပါ့ ဘုရား) ဒါ ဝိပဿနာ ဉာဏ်ဖြစ်နေပြီ (မှန်ပါ့)။

ဒါ ဘာဉာဏ်ပါလိမ့် (ဝိပဿနာဉာဏ်ပါ ဘုရား) ဒါဖြင့် မြင်စိတ်ကိုရှု၊ ကြားစိတ်ကိုရှု နံစိတ်ကိုရှုနော် (မှန်ပါ့ ဘုရား) ယားစိတ်ယံစိတ်ကော (ရှုရမှာပါ ဘုရား) ဝမ်းထဲ လောဘစိတ်ပေါ်ရင် (ရှုရမှာပါ ဘုရား) ဒေါသကလေး ပေါ်လာရင် (ရှုရမှာပါ) မောဟကလေးပေါ်လာရင် (ရှုရမှာပါ ဘုရား) လှူချင် တန်းချင်တဲ့ကုသိုလ်စိတ်ကလေး ပေါ်လာရင် (ရှုရမှာပါ) မေတ္တာပို့ချင်တဲ့ ကုသိုလ်စိတ်ကလေးပေါ်လဲ (ရှုရမှာပါ ဘုရား) ရှုသာရှုပေး (မှန်ပ့ါ)။

ရှူစိတ်ကလေးပေါ်လာရင် (ရှုရမှာပါ ဘုရား) ရှိုက်စိတ်ကလေးပေါ်လာရင် (ရှုရမှာပါ ဘုရား) ဒါဖြင့် ဒါ ဘာဉာဏ်တုံး (ဝိပဿနာဉာဏ်ပါ ဘုရား)။

ဟာ ဒါသာလိုက်ပေး ဒကာ ဒကာမတို့ ဒီဉာဏ်ပေါ်ပြီး ဘယ်ဉာဏ်လာမတုံး (မဂ်ဉာဏ်ပါ ဘုရား)။

မဂ်ဉာဏ် လာမယ်ဆိုတော့ ဦးမာဒင်တို့ ဦးသန်းမောင်တို့ ဦးဘထွေးတို့ ဝေးသလားဗျာ (မဝေးပါ ဘုရား)။

ဪ ဒီဉာဏ်ရရင် ခင်ဗျားတို့ကို ဘုန်းကြီးက ဘုရားပေးတဲ့ ဥပမာ ပြောပါမယ်နော် (မှန်ပါ့) နံနက် ၄နာရီ ၅နာရီလောက် ခင်ဗျားတို့ ထ-ပါ (မှန်ပါ့) ထ-ပြီး အရှေ့တည့်တည့်ကြည့်ပါ (မှန်ပါ့) အရှေ့တည့်တည့်ကြည့်လိုက် တဲ့အခါကျတော့ အာရုဏ်တွေ နီလာတာ မြင်လိမ့်မယ် (မှန်ပါ ဘုရား) နံနက်စောစော ထ-ကြည့် မမြင်ပေဘူးလား (မြင်ပါတယ် ဘုရား)။

ဘာဖြစ်လို့ အာရုဏ်တက်ပါလိမ့်

ဟာ ဒကာကြွယ် ဘာဖြစ်လို့ အာရုဏ်တက်ပါလိမ့်မတုံးလို့ မေးဖို့မလိုဘူးလား (လိုပါတယ်) ဒကာကြွယ်က သိပြီးသား ပုဂ္ဂိုလ်ဖြစ်နေလို့ အို နေထွက်မလို့ဘုရား (မှန်ပါ)။

ဘယ့်နှယ်ကြောင့် အာရုဏ်တက်ပါလိမ့် (နေထွက်မလို့ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီမှာလဲ ဘယ့်နှယ်ကြောင့် ဖြစ်ပျက်မြင်ပါလိမ့်မတုံး မဂ်ပေါ်မလို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် ဖြစ်ပျက်မြင်ပါလိမ့် (မဂ်ပေါ်မလို့ပါ ဘုရား) အဲ ဖြစ်ပျက်မြင်တာဟာ အာရုဏ်တက်တာ (မှန်ပါ့) ဒီအာရုဏ်တက်ပြီးရင် ကြာတော့မလားတဲ့ နေထွက်ဖို့ရာ (မကြာတော့ပါ ဘုရား)။

ဒီမှာလဲ ဖြစ်ပျက်မြင်ပြီးတော့ မဂ်တည်းဟူသော ကျုပ်တို့ “စက္ခုံ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ” ဆိုတဲ့ အလင်းကြီးထွက်လာလိမ့်မယ် (ထွက်လာပါလိမ့်မယ် ဘုရား) အလင်းဉာဏ် ပေါ်လာပါလိမ့်မယ် (မှန်ပါ့) ဒီလိုဆိုတော့ ဒကာသစ် အားငယ်စရာရှိရဲ့လား (မရှိပါ ဘုရား)။

မနက်မိုးလင်းရင် ကြည့်သာကြည့်၊ ဪ အာရုဏ်တက်တာ ဘာဖြစ်ချင်ပါလိမ့် (နေထွက်ချင်လို့ပါ ဘုရား) မထွက်ဘဲနေဦးမှာလား (မနေပါ ဘုရား)။

ဒကာသစ် နောက်ကလိုက်လာမယ်၊ မလိုက်ပေဘူးလား (လိုက်လာပါမယ် ဘုရား) အာရုဏ်နောက်က နေလုံးကြီး မလိုက်လာပေဘူးလား (လိုက်လာပါတယ် ဘုရား)။

ဒီမှာလဲ ဖြစ်ပျက်တွေမြင်တဲ့ဉာဏ်နောက်က ဘယ်ဉာဏ်လိုက်လာမလဲ (မဂ်ဉာဏ်လိုက်လာပါမယ် ဘုရား) ကိုင်း ဒါသေချာတယ်ကွတဲ့ ဘုရားက (မှန်ပ့ါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အာရုဏ်တက်ရင် နေထွက်မလို့ကွ

အဲဒါလဲ ခန္ဓဝဂ္ဂသံယုတ်မှာ ဦးမာဒင် သေသေချာချာဟောတယ် (ဟောပါတယ် ဘုရား) အာရုဏ်တက်ရင် နေထွက်မလို့ကွ၊ ထို့အတူဘဲ ဝိပဿနာမဂ်မြင်ပြီးလို့ရှိရင် လောကုတ္တရာမဂ်၊ နိဗ္ဗာန်မြင်တဲ့မဂ် သေသေချာချာ လာတော့မယ်ကွ (မှန်ပါ့) ဆိုတာ ဒကာ ဒကာမတွေ သံသယရှိဖို့လိုသေးသလား (မလိုပါ ဘုရား)။

အဲ့ဒါကြောင့်ခင်ဗျားတို့ မိုက်ချင်သလောက်မိုက်ထား၊ မူးချင်သလောက်မူး၊ ရူးချင်သလောက်ရူး၊ ဒီမဂ်ရရင် သေချာပြီ (မှန်ပါ့) အကုန် ‘အဟောသိကံ’ ဖြစ်ရတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ အခုမလိမ်မာလို့ မသိလို့ မိုက်ကြမူးကြရူးကြ အပါယ်သွားလိမ့်တယ်တဲ့၊ သွားရမှာလဲ ဧကန်ဘဲ (မှန်ပါ့) ကယ်မည့်တရားမလာရင်တော့ (သွားရမှာဧကန်ပါ ဘုရား)။

အဲဒီတော့ ကိုယ်ကငယ်တယ်၊ ငယ်စဉ်အခါတုန်းက အပေါင်းလွဲလို့ အသင်းလွဲလို့ မူးကြရူးကြတယ် (မှန်ပါ့) ပြောမိပြောရာ ဆိုမိရာဆိုကြတယ်၊ ဘယ်သူဖြစ်ဖြစ် မှားတာချည့်ဘဲ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

ဘာဖြစ်လို့တုံး ရဟန္တာကလေးမွေးလာတယ်လို့ ဘယ်မှာကြားဖူးကြသလဲ (မကြားဖူးပါ) ရဟန္တာကလေးမွေး လာလို့ရှိရင်တော့ မိုက်စရာမပါဘူးပေါ့ဗျာ (မှန်ပ့ါ ဘုရား)။

ဒီလိုကလဲ မွေးကောင်းတဲ့ သဘောမရှိတော့ မူးကြ၊ ရူးကြ၊ မိုက်ကြ ရှိကြတာဘဲ (မှန်ပါ့) သို့သော် အမိုက်ကို ကိုယ်ကိုယ်တိုင် အပါယ်သွားရမည့် အလုပ်ကို ကိုယ့်ကိုယ် ဒီဝိပဿနာဉာဏ်နဲ့ ပြင်လိုက်ရင် ပြီးသွားတာဘဲ (မှန်ပါ့) ကြောက်စရာမရှိပါဘူး (မရှိပါ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။

သို့သော်လဲတဲ့ အနာတွေ ပေါက်နေငြားသော်လဲ ဆေးမသိတော့ ဒီအနာနဲ့ သေသွားတာဘဲ (မှန်ပါ့) နာရှာတာ ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

အနာပေါက်နေတဲ့ဥစ္စာ

အနာပေါက်နေတဲ့ဥစ္စာ ဆေးမသိတာနဲ့ ဦးသန်းမောင် ဘာဖြစ်ရသလဲ (သေရပါတယ်) ဪ ဒီအနာနဲ့ဘဲ ဆုံးရှုံးရရှာတယ် (မှန်ပ့ါ ဘုရား)။

ဒီမှာတော့ အနာတွေကတော့ ကိုယ့်မှာဝမ်းထဲမျာ အပါယ်သွားဖို့ အနားတွေပြည့်နေတယ် (မှန်ပါ့) ဒီဝိပဿနာ ဉာဏ်နဲ့ ခန္ဓာကို ဖြစ်ပျက်ရှုပြီး သကာလ မဂ်ပေါ်လာလို့ရှိရင် ဟိုဟာတွေ အဟောသိကံဖြစ်တယ် (မှန်ပါ့ ဘုရား)။

ဘယ်လောက်ကယ်တင်တယ်ဆိုတာ ဒကာကြွယ်ပြောဖို့လိုသေးသလား (မလိုပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝိညာဏ်ပေါ်တိုင်း ရှုနေရင်သဿတဒိဋ္ဌိလာဦးမလား (မလာပါ ဘုရား) ဝိညာဏ်ပေါ် တိုင်း ရှုရင် (သဿတဒိဋ္ဌိမလာပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ နေ့လည်က သင်ပေးတဲ့အထဲမှာ မြင်စိတ်ကိုလဲ ဖြစ်ပျက်ကိုရှု၊ ကြားစိတ်ကိုလဲ ဖြစ်ပျက်ကိုရှု၊ ကြံစိတ်စည်စိတ်တွေ ဖြစ်ပျက်ရှု၊ လောဘ၊ဒေါသ၊မောဟစိတ်တွေ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ယုတ်စွအဆုံးဗျာ လှူချင်၊ပေးချင်၊ကမ်းချင်တဲ့စိတ်တောင် (ဖြစ်ပျက်ရှုရပါမယ်) သူများမေတ္တာပို့နေတဲ့ စိတ်စေတနာကလေး ပေါ်လာတာတောင် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဖြစ်ပျက်ရှုပါဆိုတဲ့ဥစ္စာ ပြောရတာက ဝိညာဏ်အရှုခိုင်းတာ (မှန်ပါ့) ဝိညာဏ်အပေါ်၌ ဒိဋ္ဌိခွါနေတာ (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဟိုမှာပြောခဲ့တယ်၊ ဖြစ်ပျက်မြင်ရင် ဖြစ်ပျက်ဘက်က ဒိဋ္ဌိကွာတယ် (မှန်ပါ့) မြင်တဲ့ဘက်ကအဝိဇ္ဇာ ချုပ်တယ် (မှန်ပ့ါ ဘုရား) နောက်က ဒီကိုယ့်အသေ ကိုယ်မလိုချင်လို့တဏှာသေတယ် (မှန်ပါ့) သုံးချက်မပြခဲ့ဘူးလား (ပြခဲ့ပါတယ် ဘုရား)။

ဝိပဿနာဉာဏ်နဲ့ မဂ်ဉာဏ် ဘယ်လောက်ဝေးသတုံး

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ တရားကသိမ်းရတော့မယ် အချိန်ကကပ်နေပြီ (မှန်ပါ့) ဝိပဿနာဉာဏ်နဲ့ မဂ်ဉာဏ် ဘယ်လောက်ဝေးသတုံး (မဝေးပါ ဘုရား)။

မဝေးဘဲနဲ့ ဘယ့်နှယ်ကြောင့် ဒီဒကာ ဒကာမတွေ မဂ်ဉာဏ်ပေါ်ခဲနေပါလိမ့်မလဲ (ကိလေသာထုကြီးလို့ပါ) ကိလေသာထုထူလို့ (မှန်ပါ့ ဘုရား)။

ကိလေသာထုကို ဘယ်သူက ဖြေရှင်းပေးနေရပါလိမ့်မယ် (ဝိပဿနာဉာဏ် ဖြေရှင်းပေးနေရပါတယ်) ဝိပဿ နာဉာဏ်က ကိလေသာ ဖြေရှင်းနေတယ် (မှန်ပ့ါ) ဝိပဿနာဉာဏ်က အတူတူဘဲ (မှန်ပါ့ ဘုရား)။

ဝိပဿနာဉာဏ် ဝိပဿနာမဂ်က ကိလေသာတွေ ဖြေရှင်းနေရလို့ကြာတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ကဲ ကြာလို့ သူ့ကိစ္စပြီးတော့ ဘာလာမယ်ထင်သလဲ (မဂ် လာပါမယ် ဘုရား)။

သူ့ကိစ္စပြီးကြောင်း မပြီးကြောင်း ခင်ဗျားတို့ဘာနဲ့ဆုံးဖြတ်ချက်ချမတုံဆိုတဲ့ တစ်လုံးကို သေသေချာချာမှတ်ပါ (မှန်ပါ့) ဝိပဿနာဉာဏ်သည် ဖြစ်ပျက်မမြင်တော့မှ ဝိပဿနာဉာဏ်ကိစ္စပြီးတယ် (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်မမြင်တော့ဘူးဆိုရင် (ဝိပဿနာဉာဏ်ကိစ္စ ပြီးပါတယ် ဘုရား) ဝိပဿနာဉာဏ် ကိစ္စပြီးသွားတဲ့ အတွက် မဂ်ဉာဏ်တစ်ခါတည်း ထိုးပြီး သကာလ သူကမဂ်ဉာဏ်ပေါ်သည်နဲ့ တစ်ပြိုင်နက်တည်း နိဗ္ဗာန်မြင်တာဘဲ (မှန်ပါ့) ဒုက္ခချုပ်တာမြင်တာဘဲ (မှန်ပါ့) နေ-ကြီးလို၊ လ-ကြီးလို ဝင်းဝင်းကြီး၊ ဝါဝါကြီး ဒီလိုတော့မမြင်ဘူး (မှန်ပါ့) ဒုက္ခချုပ်ပေါ့လို့ သိတဲ့ဉာဏ်ဝင်လာတယ် (မှန်ပါ့ ဘုရား)။

ဒုက္ခချုပ်တာ နိဗ္ဗာန်ကိုး (မှန်ပ့ါ) မြင်တာက (မဂ်ဉာဏ်ပါ ဘုရား)။

ဝိပဿနာဉာဏ်အဆုံးဟာ ဘယ်တော့ဆုံးမှာတုံး

ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာဉာဏ်အဆုံးဟာ ဘယ်တော့ဆုံးမှာတုံးဆိုတော့ ဖြစ်ပျက်ရှိလျက်နဲ့ မမြင်တော့ဘူးဆိုရင်ဖြင့် ဝိပဿနာဉာဏ်ဆုံးပြီ (မှန်ပါ့) ဆုံးသည်နဲ့ တစ်ပြိုင်နက်တည်း ဘယ်ဉာဏ်အစားထိုးမလဲ (မဂ်ဉာဏ်အစားထိုးပါမယ် ဘုရား) မဂ်ဉာဏ်အစားထိုးသည်နဲ့ တစ်ပြိုင်နက်တည်း နိဗ္ဗာန်မြင်တာဘဲ (မှန်ပါ့ ဘုရား)။

ဟာ ဒါဖြင့် ဝိပဿနာဉာဏ်က အနန္တရပစ္စည်း၏ပစ္စယုပ္ပန် (မှန်ပါ့) ဝိပဿနာဉာဏ် အကြောင်းမရှိဘဲနဲ့ မဂ်ဉာဏ်ဆိုတဲ့ သောတာပန်မတည်နိုင်ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ယနေ့ ဘယ်ဟာရှုစေချင်လို့ ဒါလောက်သန်သန်ပြောနေပါလိမ့် (ဝိပဿနာဉာဏ် ရှုစေချင်လို့ပါ ဘုရား)။

ရှုရမည့် ဝိပဿနာဉာဏ်ကလဲ ဝေဒနာလား၊ စိတ်လား (စိတ်ပါ ဘုရား) အဲ စိတ်ဝိညာဏ်လို့ မှတ်လိုက် (မှန်ပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ) လုပ်ကောလုပ်တတ်ပလား (လုပ်တတ်ပါပြီ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။