12111

မာတိကာသို့

ဗုဒ္ဓဘာသာဝင်တွေမှာပင် ရှိနေတတ်သည့် ဒိဋ္ဌိကိုဖြုတ်နည်း

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ဓမ္မာရုံ၌ ဟောကြားဆုံးမတော်မူသော

(ဗုဒ္ဓဘာသာဝင်တွေမှာပင် ရှိနေတတ်သည့် ဒိဋ္ဌိကိုဖြုတ်နည်း)နေ့အလုပ်ပေး-တရားတော်

(၁၃-၁၀-၆၁)

နိဗ္ဗာန်ကန့်ကွက်တဲ့တရားဆိုပြီး မနေ့က ဒိဋ္ဌိကိုဟောခဲ့တယ် (မှန်ပါ့) ဒုက္ခချုပ်ရာသွားမည့်ပုဂ္ဂိုလ်မှာ သက္ကာယဒိဋ္ဌိရှိတဲ့ဟာလဲ မရောက်နိုင်ဘူး (မှန်ပါ) သဿတဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်လဲမရောက်နိုင်ဘူး (မှန်ပါ) ဥစ္ဆေဒဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်လဲ (မရောက်နိုင်ပါ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ကိုကန့်ကွက်တဲ့ ဒိဋ္ဌိသုံးမျိုးကို မနေ့ကရှင်းပြခဲ့ပြီ (မှန်ပါ့) ရှင်းပြတော့ ဒကာ ဒကာမတွေ ဒီဒိဋ္ဌိသုံးမျိုး ရှင်းပါပြီ (မှန်ပါ ဘုရား)။

ခန္ဓာဉာဏ်လှည့်လိုက်တော့

ကောင်းပြီတဲ့ ဒါဖြင့် ဒိဋ္ဌိသုံးမျိုး ရှင်းပြီး သကာလ နေတော့ မိမိတို့ အလုပ်လုပ်တော့မယ်လို့ဆိုတော့ ခန္ဓာဉာဏ် လှည့်ပါနော် (မှန်ပါ့) ခန္ဓာဉာဏ်လှည့်လိုက်တော့ ခန္ဓာက ကျုပ်ဟာအနိစ္စပါဘဲလို့ ပြောလိမ့်မယ် (မှန်ပါ့)။

ကျုပ်ဟာ အနိစ္စပါဘဲလို့ ခန္ဓာကပြောပါတယ် (မှန်ပါ) ကျုပ်ဟာ ဒုက္ခပါဘဲလို့ ဘယ်သူကပြောသတုံး (ခန္ဓာကပြောပါတယ်) ကျုပ်ဟာ အနတ္တပါဘဲလို့ (ခန္ဓာကပြောပါတယ်) ကျုပ်ဟာ ဒုက္ခသစ္စာပါဘဲလို့ (ခန္ဓာကပြောပါတယ် ဘုရား)။

အဲ့ဒီခန္ဓာကပြောတာကို ဉာဏ်ကခေါင်းညိတ်လိုက်ပါ (မှန်ပါ) ဉာဏ် ခေါင်းညိတ်လိုက်လို့ရှိရင်ဖြင့် ဒိဋ္ဌိသုံးမျိုး ကန့်ကွက်မှုဟာ မကန့်ကွက်နိုင်တော့ဘူး (မှန်ပါ့)။

ဒိဋ္ဌိသုံးမျိုးက သူများပြောသံကြားနဲ့ ငါထင်နေတာ (မှန်ပါ) ဉာဏ်မျက်စိမပါလို့ မကြည့်မိလို့ခိုင်တယ်၊ မြဲတယ်ထင်တာ (မှန်ပါ့ ဘုရား) ဉာဏ်မျက်စိ တစ်ပိုင်းတစ်စကလေး ပါတာနဲ့ဘဲ အင်း ဒီတစ်ခုပျက်စီးရင် ပြတ်ထွက်သွားတာဘဲ၊ ဒီဘဝသေပြီးရင် နောက်ဘာမှဖြစ်စရာမရှိတော့ဘူး (မှန်ပါ့) ဒီလိုဖြစ်သွားတာလဲ ဥစ္ဆေဒဒိဋ္ဌိဘဲ (မှန်ပါ့ ဘုရား)။

ဘဝသံသရာက မရှင်းခဲ့လို့

အဲဒါတွေသိတော့မှ ဒကာကြွယ်တို့က ဪ ဒီဒိဋ္ဌိသုံးပါးဟာ ဘဝသံသရာက မရှင်းခဲ့လို့ သံသရာရှည်ပြီး သကာလ နေခဲ့တယ်ဆိုတာလဲ ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ ဘုရားလက်ထက်က သာတိဆိုတဲ့ ရဟန်းက ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါသည် ဝိဓူရ အမတ်လဲ ဖြစ်ခဲ့တယ်ကွ မဟော်သဓာလဲ ဖြစ်ခဲ့တယ်ကွ၊ နောက် ဝေဿန္တရာမင်းလဲ ဖြစ်ခဲ့တယ်ကွ (မှန်ပါ့)။

နောက်ကျတော့ တုသီတာဘုံရောက်ခဲ့တယ်ကွာ၊ အဲဒီကနေဆင်းမှ သိဒ္ဓတ္ထမင်းသား ဖြစ်တယ်ကွာလို့ဆိုတော့ သူ့စိတ်ထဲမှာ တရားနာရင်းမတ္တနဲ့ ဪ ခန္ဓာငါးပါးရှိတဲ့အနက်က ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ ဆိုတဲ့ လေးပါးကတော့ဖြင့် ရောက်ရာဘဝမှာ ချုပ်ပျောက်နေရစ်တာဘဲ (မှန်ပါ့) ဝိညာဏ်ဆိုတဲ့ ဝိညာဏက္ခန္ဓာကတော့ကို ဒီဘဝက ဟိုဘဝရွေ့တယ် ပြောင်းတယ်လို့ယူတယ် (မှန်ပါ့ ဘုရား)။

ဘယ်လိုယူပါလိမ့် (ဝိညာဏ်က ပြောင်းတယ်လို့ယူပါတယ် ဘုရား)။

ဝိညာဏ်က ပြောင်းတယ်လို့ယူလိုက်တော့ ဒကာသစ်တို့က ဆုံးဖြတ်ချက်ချ ဦးမာဒင်တို့က ဆုံးဖြတ်ချက်ချ ဘာဒိဋ္ဌိပါလိမ့် (သဿတဒိဋ္ဌိပါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဪ ဒါဖြင့် ခုနင်က ဆရာဘုန်းကြီးပြောခဲ့တယ် ဒိဋ္ဌိသုံးပါး တစ်ပါးပါးရှိခဲ့သော် မဂ်ဉာဏ်၊ဖိုလ်ဉာဏ် ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား)။

သာတိဆိုတဲ့ရဟန်းက

တံငါသည်၏သား သာတိဆိုတဲ့ရဟန်းက ဘုရားက ဇာတ်တော်တွေလျှောက်ဟောတော့ “သူ့စိတ်ထဲ အယူဖေါက်ပြီး သကာလ ဝိညာဏ်ကတော့ဖြင့် ဘဝတွေထဲလှည့်ပြောင်းပြီးသွားတာဘဲ၊ ကျန်တဲ့ ရူပက္ခန္ဓာတို့ ဝေဒနာက္ခန္ဓာတို့ သညာက္ခန္ဓာတို့ သင်္ခါရက္ခန္ဓာတို့ကတော့ဖြင့် ချုပ်ပျောက်နေရစ်တယ်တဲ့ (မှန်ပါ) ဝိညာဏ်ကတော့ဖြင့် တစ်ဘဝမကောင်းတစ်ဘဝပြောင်းသွားတယ်” (မှန်ပါ) ဘာဒိဋ္ဌိပါလိမ့် (သဿတဒိဋ္ဌိပါ ဘုရား)။

စဉ်းစားပါ ဒကာ ဒကာမတို့ ဒါ သဿတဒိဋ္ဌိယူထားတယ် (မှန်ပါ) ဘုရားရှေ့မှာဘဲ သူဒီအယူကို တစ်ခါတည်း ယူတော့တာဘဲ (မှန်ပါ)။

ဒီအယူ ယူပြီး သကာလ သူ့စိတ်ထဲမှာတော့ သူ့ဟာနဲ့သူကျေနပ်ပြီး သဿတဒိဋ္ဌိနဲ့ ကျေနပ်ပြီး သကာလ နေတော့ တရားပွဲကလဲပြန်ပါရော ရဟန်းတွေကိုသူကပြောတယ် (မှန်ပါ့ ဘုရား)။

ရဟန်းတွေကို သူကလိုက်ပြောတယ်၊ ဘုရားဟောတော်မူတာ သူသိပါတယ်၊ ဘယ်လိုသိသတုံးဆိုလို့ရှိရင်ဖြင့်တဲ့ “ဝိညာဏ်သည် ဒီဘဝမကောင်း ဟိုဘဝပြောင်းပြီး သကာလ ဒီခန္ဓာမကောင်း ထွက်သွား ဟိုခန္ဓာထဲပြောင်း၊ ဟိုခန္ဓာမကောင်းလို့ထွက်သွား၊ ဟိုဘက်ခန္ဓာပြောင်း၊ သူဘဲပြောင်းနေတာဘဲ၊ ဒီ့ပြင်ဟာတွေ အကုန်သေတယ်၊ သူမသေဘူး” လို့ ယူထားတယ် (မှန်ပါ့) ဘာဒိဋ္ဌိပါလိမ့် (သဿတဒိဋ္ဌိပါ ဘုရား)။

ဒကာ ဒကာမတို့ ဒီသဿဒိဋ္ဌိဟာ ဗုဒ္ဓဘာသာမှာလဲ ရှိနေလို့ ငါတို့သန္တာန် သဿတဒိဋ္ဌိရှိနေလို့ရှိရင် ငါတို့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ဘယ်တော့မှ မရနိုင်တော့ဘူး၊ ဒုက္ခသာပင်လယ်ဝေစရာရှိတယ်လို့ ဆုံးဖြတ်ချက်ချ (မှန်ပါ)။

ဦးမာဒင် စဉ်းစားကြည့်၊ ဦးသန်းမောင်တို့ စဉ်းစားကြည့်၊ ဦးဘထွေးတို့ စဉ်းစားကြည့်၊ သဿတဒိဋ္ဌိ သိပ် ကြောက်စရာကောင်းတယ် (ကောင်းပါတယ်) သဿတဒိဋ္ဌိဟာ သိပ်ကြောက်စရာကောင်းတယ်လို့ ဒကာ ဒကာမတွေ သေသေချာချာမှတ်ပါ (မှန်ပါ့)။

ဗုဒ္ဓဘာသာတွေမှာ

ကျုပ်တို့ ဗုဒ္ဓဘာသာတွေမှာ မနေ့ကလဲ ပြောခဲ့တယ်နော် (မှန်ပါ့) အသက်ကလေးထွက်သွားပြီ၊ ဝိညာဏ်ကလေး ထွက်သွားပြီတဲ့၊ အသက်ဆိုတာ သူတို့က ဝိညာဏ်ဘဲ (မှန်ပါ့) ဝိညာဏ်ကလေးထွက်သွားပြီတဲ့ ဘယ်များ သွားရှာပါလိမ့်တဲ့ (မှန်ပါ) ဒကာကြွယ် ဘာဒိဋ္ဌိတုံး (သဿတဒိဋ္ဌိပါ ဘုရား)။

အဲဒီလိုအယူဟာ ကိုယ့်အယူကိုလဲ ကိုယ်ဟုတ်တယ်ထင်တယ်၊ တကယ်လဲ ကိုယ့်သန္တာန်မှာဖြင့် ဒီအတိုင်းဘဲ ဝိညာဏ်ကလေးကတော့ မချုပ်ဘူး၊ ကျန်တာတွေသာ စုတေစိတ်ကျတယ်၊ ဝိညာဏ်မချုပ်ဘူးလို့ ယူရင်ဖြင့် ဦးမာဒင် ဘာဒိဋ္ဌိတုံး (သဿတဒိဋ္ဌိပါ) ရှင်းကြပြီနော် (ရှင်းပါပြီ ဘုရား)။

ဒီဒိဋ္ဌိရှိနေလို့ရှိရင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ သေသေချာချာပြောပါတယ်တဲ့ ဒီဒိဋ္ဌိရှိနေလို့ ရှိရင်ကွာတဲ့ သစ္စာနုလောမိကဉာဏ်တောင် မရပါဘူးတဲ့ (မှန်ပါ)။

သစ္စာသိတဲ့ဉာဏ်တောင်မှ (မရပါ ဘုရား) မရလို့ရှိရင်သောတာပတ္တိမဂ်ကော (မရပါ ဘုရား) အထက်မဂ်-အထက်ဖိုလ်တွေ (မရပါ ဘုရား) နိဗ္ဗာန်ကော (မရပါ ဘုရား) အင်း ဘယ်သူကကန့်ကွက်ပါလိမ့် (သဿတ ဒိဋ္ဌိကပါ ဘုရား)။

ဒါအားလုံး ဒကာ ဒကာမတွေ ငယ်သော၊ ကြီးသော၊ မရွေးပါဘူး၊ ဒီဒိဋ္ဌိရှိရင် ဘုန်းကြီးပြောတဲ့အတိုင်းသာ မှတ်ပြီး သကာလ သူဟာရွေ့မဖြစ်ဘူး၊ ပြောင်းမဖြစ်ဘူး၊ အကြောင်းဖြစ်ရင် ဖြစ်လာတယ်၊ အကြောင်းချုပ်ရင် ချုပ်တယ်ဆိုတာကလေး တစ်လုံးကိုဖြင့် မြဲမြဲစွဲစွဲမှတ်ကြပါ (မှန်လှပါ ဘုရား)။

ဒီအယူကလေးတစ်ခုကို ဉာဏ်ထဲကမစွန့်နိုင်လို့ရှိရင်

တတ်နိုင်လို့ဘာဘဲ အားထုတ်နေနေ ခင်ဗျားတို့ ဒီအယူကလေးတစ်ခုကို ဉာဏ်ထဲကမစွန့်နိုင်လို့ရှိရင် ဦးမာဒင်တို့ မဂ်ဖိုလ်ကို ဒီဘဝမဟုတ်ဘူး၊ နောက်ဘဝလဲမရဘူး (မှန်ပါ့)။

ဒိဋ္ဌိကဒါလောက်ပြင်းထန်တယ် (မှန်ပါ့ ဘုရား) ဘာဒိဋ္ဌိပါလိမ့် ဒီနေ့ဟောမှာ (သဿတဒိဋ္ဌိပါ ဘုရား)။

ဒါနဲ့ရဟန်းတွေကို ဘုရားဟောတော်မူတာ သူသိပါတယ်တဲ့ ဝိညာဏ်ဟာ ဟိုဘဝဒီဘဝပြောင်းတယ် (မှန်ပါ့) ပြောင်းပြီ ဟိုဘဝကျလဲ သူရောက်ရာမှာစကားပြောတယ် ကောင်းတာဆိုးတာတွေလဲ သူခံစားတာလဲ (မှန်လှပါ)။

ဝိညာဏ်ဟာ ပြောင်းလဲပြောင်းတယ်နော် (မှန်ပါ့) ရောက်ရာဘဝမှာ သူပြောလဲပြောဆိုတယ် စကားလဲ ပြောတယ် (မှန်ပါ့ ဘုရား)။

ကောင်းတာဆိုးတာလဲခံစားတယ် (မှန်ပါ) ဒီလိုယူပစ်လိုက်တယ်တဲ့ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဝိညာဏ်သေသေးရဲ့လား (မသေပါ ဘုရား) ကောင်းတာဆိုးတာလဲ သူဘာတဲ့တုံး (ခံစားပါတယ်) ပြောဆိုနေတာလဲသူဘဲတဲ့ (မှန်ပါ့) ဘာဒိဋ္ဌိပါလိမ့် (သဿတဒိဋ္ဌိပါ ဘုရား)။

သဿတဒိဋ္ဌိဖြစ်ပြီး သကာလ ဘုရားဟောတော်မူတာ သူသိပါတယ်တဲ့ ဝိညာဏ်ဟာ ဟိုပြောင်းဒီပြောင်းပြီး ကောင်းတာဆိုးတာ သူခံစားတယ်တဲ့ဆိုပြီး သကာလ ဇာတ်ကြီးဆယ်ဘွဲ့ဟောလိုက်တာနဲ့ ဒကာကြီးဦးမာဒင်ရေ ဗွေဖေါက် တယ် (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ဘာဖြစ်လာသတုံး (ဗွေဖေါက်လာပါတယ် ဘုရား)။

အင်း သူသည်ကားလို့ ဆိုရင် တစ်ဘဝ တစ်ဘဝ ပြောင်းပြောင်းသွားတာဘဲတဲ့ (မှန်ပါ့ ဘုရား)။

အဲဒါ ဘုန်းကြီးတို့ ဒကာ ဒကာမတွေလဲ ခပ်ရှင်းရှင်းပြောပါရစေ ဒီအယူကိုဖြုတ်ကြပါနော် (မှန်ပါ့ ဘုရား)။

ဒီအယူဖြုတ်ကြပါတဲ့ ဝိညာဏ်အသက်ထွက်သွားပြီလို့ ပြောတာ ဒကာသစ် ဘာထွက်သွားပြီလို့ ပြောတာတုံး (ဝိညာဏ်ထွက်သွားပြီလို့ ပြောတာပါ) ဝိညာဏ်မသေဘူး ပြောတာ (မှန်ပါ့ ဘုရား) ဝိညာဏ်မသေဘူးတဲ့၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အသက်ထွက်သွားပြီဆိုတာ

ဝိညာဏ်ထွက်သွားပြီ အသက်ထွက်သွားပြီဆိုတာ ဝိညာဏ်ထွက်သွားပြီ ပြောတာဘဲ (မှန်ပါ့ ဘုရား)။

အခုအခါ ဘယ်များတွယ်နေပါလိမ့်မလဲ တစ်ဝမ်း ခေါင်းထဲများရောက်လို့ ဘယ်ရောက်ရှာလိမ့်မလဲသွားတော့ သွားရှာပြီ (မှန်ပါ့ ဘုရား) ဆိုတော့ ဒီတွင်ချုပ်တဲ့ သဘောလား၊ သွားနေတဲ့သဘောလား (သွားနေတဲ့သဘောပါ ဘုရား)။

တစ်ချို့က ဒီလိုတောင်ယူလိုက်သေးတယ်၊ ခုနှစ်ရက်တိတိ ဝမ်းခေါင်းရှာမတွေ့သေးလို့ ဟိုတလည်လည်-ဒီတလည်လည်နဲ့တောင် နေသေးတယ်လို့ ယူလိုက်သေးတယ် (မှန်ပါ့ ဘုရား) ဒါ ဘာဒိဋ္ဌိတုံး (သဿတဒိဋ္ဌိပါ ဘုရား)။

ဒကာ ဒကာမတွေ သက်ကြီးစကား သက်ငယ်ကြားနဲ့ အမှားကြီးမှားပြီး သကာလ ဒကာကြွယ် ကြောက်စရာ သိပ်ကောင်းပါလား (ကောင်းပါတယ် ဘုရား)။

အခုဘုန်းကြီးတို့လက်ထက်မှာ ဒကာ ဒကာမတွေ ပြင်ဖြစ်အောင်ပြင်ပါ (မှန်ပါ့) ပြင်ဖြစ်အောင်ပြင်ပါတဲ့ စာတွေရေးတိုင်းလဲ လောကမှာဘုရားဟောမဟုတ်တဲ့ စာတွေကလဲရှိပါသေးတယ် (မှန်ပါ့ ဘုရား) ‘လောက်လန်းသဖွယ် ဝိညာဏ်’တွယ်ဆိုတာတွေလဲရှိတယ် (မှန်ပါ့ ဘုရား)။

ဒီခန္ဓာထဲကနေပြီး ဟိုခန္ဓာတွယ်စရာမရှိသေးလို့ ရှိရင်ဒီကမဖြုတ်သေးဘူးတဲ့ (မှန်ပါ့) ဟိုမှာ တွယ်စရာရှိတော့မှ တစ်ခါတည်းဖြုတ်လိုက်တော့လဲ ဒီဘက်ကဖြုတ်ပြီး ဟိုဘက်သွားတယ်ဆိုတော့ ကြားထဲမှာ အတန်းကြီးဖြစ်နေတယ် (ဖြစ်ပါတယ် ဘုရား)။

အတန်းကြီးဖြစ်နေတော့ ဒကာသစ်က စဉ်းစားတာပေါ့ သဿတဒိဋ္ဌိ-ခိုင်တယ်မြဲတယ်လို့ယူတာ ဘယ်တော့မှ ဒီဝိညာဏ်မသေဘူးဆိုတဲ့ အဓိပ္ပါယ်ယူရာ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) ဒါ ဘာဒိဋ္ဌိခေါ်သလဲ (သဿတဒိဋ္ဌိ ပါ ဘုရား)။

ဒါတွေ ဗုဒ္ဓဘာသာတွေမှာ ဒကာကြွယ်ရှိမရှိဗျာ (ရှိနေပါတယ် ဘုရား)။

ဪ ဗုဒ္ဓဘာသာတွေမှာ ဒါတွေရှိနေတယ်ဆိုတော့ ဗုဒ္ဓကဘုရား ဘာသာကဆိုဆုံးမတာ (မှန်ပါ့) ဘုရားဆို ဆုံးမတာက ဒီလိုမဟုတ်ဘဲနဲ့ ကိုယ့်အယူကဒီလိုဖြစ်နေတော့ ဦးဘထွေးတို့ ဦးသန်းမောင်တို့ စဉ်းစားပါ သူဗုဒ္ဓဘာသာ ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။

ဘုရားက ဒီလိုလဲ မဟောဘူး (မှန်ပါ) ဒီလိုလဲ မဟောဘူး၊ ဒီလိုဖြစ်တယ်လို့လဲ အယူမရှိရဘူး (မှန်ပါ) ဒီအယူကို ဘုရားက ပယ်မြစ်တော်မူတယ် (မှန်ပါ့ ဘုရား)။

ဗုဒ္ဓဘာသာလို့ ဆိုင်းဘုတ်သာ ဆွဲထားပါတယ်

ဒီအယူကို (ဘုရားက ပယ်ပါတယ် ဘုရား) ဘုရားက ပယ်ပါလျက်သားနဲ့ ကိုယ်က ဗုဒ္ဓဘာသာလို့ ဆိုင်းဘုတ်သာ ဆွဲထားပါတယ်အယူကတော့ မိစ္ဆာဒိဋ္ဌိ (မှန်ပါ့ ဘုရား)။

အယူက ဘာပါလိမ့် (မိစ္ဆာဒိဋ္ဌိပါ ဘုရား) သိပ်ကြောက်စရာကောင်းပါလား (ကောင်းပါတယ် ဘုရား)။

ဒါ ယခုစဉ်းစားကြည့်ပါတဲ့ ပညာရှိတစ်ယောက် ကောင်းကောင်း မထွန်းပေါက်လို့ရှိရင် ဦးမာဒင် သွားပြီ (မှန်ပါ့ ဘုရား) မသွားသေးဘူးလား (သွားပါပြီ ဘုရား) တစ်ပြုံကြီးသွားမယ် (မှန်ပါ့ ဘုရား)။

ဒီဒိဋ္ဌိရှိနေရင် နတ်ရွာသုဂတိမရောက်ဘူးလား ဆိုတော့ ရောက်ပါတယ်၊ သဿတဒိဋ္ဌိက နတ်ရွာသုဂတိတော့ မကန့်ကွက်ဘူးဗျ (မှန်ပါ့ ဘုရား)။

နတ်ရွာသုဂတိတော့ မကန့်ကွက်ပါဘူးတဲ့ နိဗ္ဗာန်ကျတာ့ သွားခွင့်ကိုမပေးဘူး (မှန်ပါ့)။

ဘယ့်နှယ်ကြောင့် နိဗ္ဗာန်ရောက်ခွင့် မပေးပါလိမ့်မတုံးဆိုတော့ ဒကာ ဒကာမတို့ ဒီခန္ဓာကြီးကို သူကခိုင်တယ် မြဲတယ်လို့ ယူထားတော့ ဒုက္ခသစ္စာကိုလဲ သူဒုက္ခသစ္စာလို့ သိသေးရဲ့လား (မသိပါ ဘုရား)။

ဪ ဒါကြောင့် သစ္စာကန့်ကွက်လိုက်တော့ မဂ်ဉာဏ်ဖိုလ်ဉာဏ် ကန့်ကွက်ပြီးသား ဖြစ်သွားတယ်လို့ မှတ်လိုက်ကြပါ (မှန်ပါ့) သိပ်ကြောက်စရာကောင်းပါလား (ကောင်းပါတယ် ဘုရား)။

ဒကာ ဒကာမတို့ အခုပြောနေတာ ဒကာသစသ အင်မတန်ကရုဏာကြီးနဲ့ ပြောနေတယ် (မှန်ပါ့) ခင်ဗျားတို့ ဒီအယူကိုမစွန့်နိုင်လို့ရှိရင်ဖြင့် တစ်ခါတည်း နောက်ဘုရားပွင့်လဲ ခင်ဗျားတို့အပါယ်လေးပါးနဲ့သုံးဆယ့်တစ်ဘုံ အိုဘေး၊ နာဘေး၊ သေဘေးထဲလှည့်နေရုံဘဲ (မှန်ပါ့) သူကတော့ဖြင့် အမြဲတားမှာဘဲ (တားမှာပါ ဘုရား)။

ဒါကြောင့် တရားအားထုတ်မယ်ကြံလို့ရှိရင် ဒီဒိဋ္ဌိတွေရှိလျက်နဲ့ အားထုတ်နေရင် ဒကာသစ်တို့ ဘယ်တော့မှမရဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒိဋ္ဌိရှိလျက်နဲ့အားထုတ်နေရင်

ဒိဋ္ဌိရှိလျက်နဲ့အားထုတ်နေရင် (ဘယ်တော့မှမရပါ) ဘယ်လိုဘဲ ဖြစ်ပျက်မြင်မြင်မရဘူး (မှန်ပါ့) ဒိဋ္ဌိကကန့်ကွက် နေတယ်ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီပါ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒိသာတိဆိုတဲ့ ရဟန်းဟာ ဒကာသစ်ရေ ဘာဒိဋ္ဌိတုံး (သဿတဒိဋ္ဌိပါ ဘုရား) သိပ်ကြောက်စရာ ကောင်းတယ်နော် (ကောင်းပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့်ဒကာ ဒကာမတွေ သာတိရဟန်းမှာ ဒီဋ္ဌိရှိနေတော့ သူကရဟန်းတွေကို လှည့်ပြောတယ် ဘုရားဟောတော်မူတာ သူသိပါတယ်တဲ့ တစ်ပါးသော တရားတွေခန္ဓာငါးပါးတွင် လေးပါးသောတရားကတော့ အနိစ္စ၊ တစ်ပါးကနိစ္စပါတဲ့ (မှန်ပါ့ ဘုရား)။

ဝိညာဏက္ခန္ဓာကတော့ (နိစ္စပါ ဘုရား) ကျန်တဲ့ ခန္ဓာလေးပါးကတော့ (အနိစ္စပါ ဘုရား)။

ကျန်တဲ့ခန္ဓာကတော့ အနိစ္စတဲ့၊ ဝိညာဏက္ခန္ဓာဆိုတဲ့ စိတ်ဝိညာဏ်ကလေးကတော့ ဟိုပြောင်း ဒီပြောင်းနေတာ ဘယ်တော့မှ သူမပျက်စီးဘူးနိစ္စတဲ့ (မှန်ပါ့ ဘုရား)။

ဒီတော့ခန္ဓာငါးပါးရှိတဲ့အနက်က လေးပါးအနိစ္စယူပြီးတစ်ပါးတော့ နိစ္စခိုင်မြဲတယ်လို့ ယူလိုက်တာ ဦးမာဒင် သိပ်လွဲသွားတယ် (လွဲပါတယ် ဘုရား) မလွဲဘူးလား (လွဲပါတယ် ဘုရား)။

လောက်လန်းသဖွယ်၊ ဝိညာဏ်တွယ်

အဲဒီလွဲတဲ့အတိုင်း ကျုပ်တို့ဗုဒ္ဓဘာသာတွေကလဲ စာတွေမှာ တစ်ချို့စာတွေက တော်အောင် ရေးပြီး သကာလ ထားတာ ဒကာကြွယ်ရေ “လောက်လန်းသဖွယ်၊ ဝိညာဏ်တွယ်”လို့လာတာတွေကလဲ သဿတဒိဋ္ဌိ အားကိုးတယ် (မှန်ပါ)။

ဘာအားကိုးသတုံး (သဿတဒိဋ္ဌိအားကိုးပါတယ် ဘုရား) ဒီဝမ်းမကောင်းလို့ ဟိုဝမ်းပြောင်းတာတောင်မှ အသက်မထွက်နိုင်သေးဘူးတဲ့ ပါးစပ်ထဲကူးတို့ခကလေး ထည့်လိုက်မှ အသက်ထွက်သွားသတဲ့ (မှန်လှပါ)။

ဗုဒ္ဓဘာသာတွေမှာ ဒီအယူရှိမရှိ (ရှိနေပါတယ် ဘုရား) ဘာဒိဋ္ဌိတုံး (သဿတဒိဋ္ဌိပါ ဘုရား)။

ဒီအသက်ကလေးက အံမာ သားကလေး စောင့်နေသတဲ့၊ သမီးကလေးစောင့်နေသတဲ့၊ မထွက်နိုင်သေးဘူးတဲ့ (မှန်လှပါ ဘုရား)။

ဒီလိုကော ရှိကြမရှိကြ (ရှိကြပါတယ် ဘုရား) အတော်ဆိုးနေပြီ (မှန်ပါ) ဘာဒိဋ္ဌိတုံး (သဿတဒိဋ္ဌိပါ ဘုရား) သဿတဒိဋ္ဌိဆိုတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဦးမာဒင်တို့ ဒကာကြွယ်တို့ အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေ ဪ ဒီအမှားဟာ တော်တော်ကြီးကျယ်နေပါပေါ့လားလို့ဆိုတာ ခင်ဗျားတို့ရိပ်မိဖို့ကောင်းပြီ (ရိပ်မိပါပြီ) ဒီအမှားဝါဒကြီးဟာက တော်တော့ကို ပျံ့နှံ့နေတယ် (မှန်ပါ့ ဘုရား)။

သဗ္ဗေသင်္ခါရာ အနိစ္စာ

ဘုရားဟောတာလဲ ခင်ဗျားတို့ ရွတ်ကြည့်ကြပါ “သဗ္ဗေသင်္ခါရာ အနိစ္စာ”ဆိုတော့ ခန္ဓာငါးပါးစလုံး ဘာတဲ့တုံး (အနိစ္စပါ ဘုရား) “သဗ္ဗေ သင်္ခါရာ ဒုက္ခာ”ဆိုတော့ (ခန္ဓာငါးပါးစလုံးပါ ဘုရား) “သဗ္ဗေ ဓမ္မာ အနတ္တာ” ဆိုတော့ (ခန္ဓာငါးပါးစလုံးပါ ဘုရား)။

ဘယ်မှာတုံး ဒကာ ဒကာမတို့ ခဏခဏဖြစ်၊ ခဏခဏပျက်တယ်ချည့်ဟောနေတာ (မှန်ပါ)။

ခင်ဗျားတို့ကတော့ မပျက်တဲ့ဘက်က ယူထားတယ်တဲ့၊ ဒီဝိညာဏ်ကလေးဟာတော့ဖြင့် အိမ်များတောင်မှ လှည့်နေသေးတယ် တဲ့ (မှန်ပါ့)။

ဟိုမှာ ဝမ်းခေါင်း ရှာမတွေ့သေးလို့ အိမ်နားက ၇-ရက် အတွင်းထွက်ပြီး သွားကိုမသွားသေးဘူးတဲ့ (မှန်ပါ့) ဒီကဆွမ်းသွတ် ကွမ်းသွတ်တဲ့ အခါကျတော့မှဘဲ သူ့မှာ ပြေးရသလိုလို၊ သွားရသလိုလိုဆိုတော့ ဒကာကြွယ် ဘာဒိဋ္ဌိ ယူသတုံး (သဿတဒိဋ္ဌိယူပါတယ် ဘုရား)။

အဲ့ဒါ ဘယ်သူ့မှာရှိတာတုံး-တစ်ပါးသော ဘာသာဝင်တွေမှာသာ ရှိတာလား၊ ဗုဒ္ဓဘာသာဝင်တွေမှာလဲ ရှိနေတာလား (ဗုဒ္ဓဘာသာဝင်တွေမှာလဲ ရှိနေတာပါ ဘုရား) အဲဒါ ဗုဒ္ဓဘာသာအယူ့ကိုမဟုတ်ဘူး (မှန်ပါ့)။

ဗုဒ္ဓဘာသာဆိုရာမှာ ‘ဗုဒ္ဓ’ဆိုတာ သစ္စာလေးပါးသိတာ ဗုဒ္ဓ၊ ‘ဘာသာ’ဆိုတာက သူပြောဆိုတာကို စကားကို ‘ဘာသာ’ခေါ်တယ် (မှန်ပါ့) သစ္စာလေးပါးသိတဲ့ ပုဂ္ဂိုလ်ကပြောဆိုတဲ့ အယူဝါဒကို ယူတဲ့ပုဂ္ဂိုလ်ဟာ ဗုဒ္ဓဘာသာဘဲ (မှန်ပါ့)။

အခုတော့ ခင်ဗျားတို့ ဒုက္ခသစ္စာဆိုတဲ့ ဝိညာဏက္ခန္ဓာကို ဝိညာဏ်ဟာ ဒုက္ခသစ္စာလို့ ယူသေးရဲ့လား (မယူပါ ဘုရား) တစ်ခါတည်း ဝိညာဏ်ကတော့ဖြင့် ပိဠိနဋ္ဌ ခဏချင်းဖြစ်ဒုက္ခ၊ ပျက်ဒုက္ခဖြစ်ပျက်လို့ ဒီလိုယူသေးရဲ့လား (မယူပါ ဘုရား) မယူတော့ ဝိညာဏ်က လှည့်ပြေးနေပြီး သကာလ နေတော့တယ်လို့ ယူလိုက်သဖြင့် ဦးမာဒင် သဿတဒိဋ္ဌိဖြစ်ပြီ (မှန်ပါ့)။

ဦးသန်းမောင်တို့ ဖျောက်ရလိမ့်မယ် (ဖျောက်ရပါမယ် ဘုရား) ဦးဘထွေးတို့ကော (ဖျောက်ရမှာပါ ဘုရား) ဟုတ်မှမဟုတ်ဘဲ (မှန်လှပါ) မဟုတ်တာတော့ ပယ်ရမယ် (မှန်ပါ့ ဘုရား)။

မဟုတ်တာတော့ဖြင့် ဒကာ ဒကာမတွေ ခင်ဗျားတို့ ပယ်မှဘဲ ချမ်းသာခွင့်ရမယ် (မှန်ပါ့) မပယ်လို့ရှိရင် (ချမ်းသာခွင့်မရပါ ဘုရား) ဘယ်နည်းနဲ့မှ နိဗ္ဗာန်မရနိုင်ဘူး (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဤအယူကို ယူလိုက်လို့ရှိရင် သာတိရဟန်းအယူလို့ မှတ်လိုက် (မှန်ပါ့)။

သာတိရဟန်းအယူ

သာတိရဟန်းအယူကလဲ ခပ်ရှင်းရှင်း ပြောပါ့မယ်၊ ခန္ဓာငါးပါးရှိတဲ့အနက်က လေးပါးသာ အနိစ္စ (မှန်ပါ့ ဘုရား) ဝိညာဏက္ခန္ဓာတစ်ပါးကတော့ (နိစ္စပါ ဘုရား) နိစ္စာဆိုတဲ့ သဿတဒိဋ္ဌိသွားဖြစ်တယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)

ဪ ဒကာ ဒကာမတို့ ဆရာကောင်းသမားကောင်းနဲ့မတွေ့ ပြောသံကြားတာနဲ့မှတ်ထား၊ ဒကာကြွယ် ဒီလိုဆိုရင်သွားပြီ (မှန်ပါ့)။

ဆရာကောင်းသမားကောင်းနဲ့လဲမတွေ့ “သက်ကြီးစကား သက်ငယ်ကြား” နဲ့သာ အမှန်တွေကြားရတာ မဟုတ်ဘဲနဲ့အလွဲကြားထားတော့ ဦးမာဒင်ရေ သိပ်နစ်နာတယ် (နစ်နာပါတယ် ဘုရား)။

ဒါကြောင့် နိဗ္ဗာန်မရတာ ဘာကြောင့်ပါလိမ့်မတုံးလို့ မေးတော့မှ ဒီအယူမှားကြောင့်လို့မှတ်ထားလိုက်ပါ (မှန်ပါ့ ဘုရား)။

ခိုင်တယ် တဲ့၊ ခန္ဓာငါးပါးမှာ တစ်ပါးမှ ခိုင်တဲ့ဥစ္စာမရှိဘူး (မရှိပါ ဘုရား) ဖြစ်ပြီးပျက်ဖို့ချည်းဘဲ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒိသာတိရဟန်းက ဘုရားဟောတော်မူတာ သူသိပါတယ်တဲ့ (မှန်ပါ့) ကျန်တဲ့ခန္ဓာလေးပါးကတော့ ပျက်စီး၍ ဝိညာဏ်ကတော့ ဟိုဘဝဒီဘဝလှည့်သွားနေတယ်တဲ့ (မှန်လှပါ ဘုရား)။

ဒါနဲ့ရဟန်းတွေသူပြောတော့ ရဟန်းတွေက ဘုရား ဒီလိုမဟောပါဘူး ငါ့ရှင်၊ မင်းဒီအယူကို မယူပါနဲ့လို့ အမျိုးမျိုးဘုရားစီမရောက်အောင်လို့ တောင်းပန်ကြငြားသော်လဲ ဘုရားဒီလိုဟောတယ်လို့ သူကတစ်ခါတည်း စွပ်စွဲတော့တာဘဲ (မှန်ပါ့)။

မင်း ဘုရားလဲ စွပ်စွဲတာမကောင်းပါဘူး ဒီလိုလဲမဟောပါဘူး၊ မင်းနဲ့ငါတို့နဲ့ အတူတူနာနေကြတာဘဲလို့ အမျိုးမျိုးအဖုံဖုံဖျောင်းဖျ ပြောငြားသော်လဲ ဒကာကြွယ် ဒီအယူကိုစွန့်ရဲလား (မစွန့်ပါ ဘုရား) အသက်ထွက်တယ်ဆိုတဲ့ အယူဟာ (မစွန့်ပါ ဘုရား) တယ်လဲကြောက်စရာကောင်းပါလား (ကောင်းပါတယ် ဘုရား)။

အသက်မထွက်သေးဘူး

ဒကာ ဒကာမတွေ လူမမာသွားမေးတဲ့အခါ ဦးမာဒင် ဒီအတိုင်းယူတယ် (မှန်ပါ့) အသက်မထွက်သေးဘူး၊ ငင်နေတုန်းရှိသေးတယ်တဲ့ (မှန်ပါ့) ကြောက်စရာကောင်းလိုက်တာ မထွက်နိုင်သေးဘူး တဲ့ (မှန်လှပါ)။

ထွက်မည့်ထွက်ပြန်တော့လဲ အင်း ပါးစပ်ထဲ တစ်ခုခုထည့်လိုက်မှဘဲ ထွက်သွားသတဲ့ (မှန်ပါ့) ဖြစ်မှဖြစ်ရပလေ ဗျာ၊ ဖြစ်မှ ဖြစ်ရလေလို့ ဘုန်းကြီးများ အကြီးအကျယ် ညည်းတာသည် ဒကာ ဒကာမတို့ ဘယ့်နှယ်ကြောင့် ညည်းရသတုံး ဆိုတော့ ဒီဒိဋ္ဌိရှိနေလို့ရှိရင် နိဗ္ဗာမရနိုင်လို့ (မှန်ပါ့)။

ကြီးကျယ်တဲ့အပြစ်ထဲမှာဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိအယူဟာ အမိသတ်တာထက်ကြီးတယ် (မှန်ပါ့) ဦးမာဒင် ဘာတဲ့တုံး (အမိသက်တာထက် ကြီးပါတယ် ဘုရား)။

နက်ဖြန်ကမ္ဘာပျက်မယ် ယနေ့အမိသတ်တယ်ဆိုလို့ရှိရင် အမိသတ်တဲ့လူတွေ ယနေ့လဲ သေပါဦးမှ ဟိုမှာ ငရဲမှာ တစ်ရက်ခံရတယ် (မှန်ပါ့) ပြီးတော့ လွတ်သွားတယ် (မှန်ပါ့ ဘုရား) ကမ္ဘာပျက်နဲ့သွားကြုံတယ် (မှန်ပါ့)။

မိစ္ဆာဒိဋ္ဌိက ဒီအယူမစွန့်ဘဲနဲ့ သေသွားလို့ရှိရင် အဝိစိလဲကျတယ် (မှန်ပါ့) ကမ္ဘာပျက်တော့လဲ ဒီကမ္ဘာမှာ ငရဲအိုးမရှိတော့ ဟိုဘက်ကမ္ဘာတွေပြောင်းပြီးခံရတယ် (မှန်ပါ) ကဲ ဘယ်သူကအပြစ်ကြီးတယ်ဆိုတာလဲ သိရောပေါ့ဗျာ (သိပါပြီ ဘုရား)။

** မိစ္ဆာဒိဋ္ဌိက ဒကာ ဒကာမတို့ ပဉ္စနန္တရိယကံ ထက်အပြစ်ကြီးတယ် (မှန်ပါ့)။

ဒါကြောင့် ဘုန်းကြီးတို့ ရှင်းရှင်းလင်းလင်းပြောနေပါတယ်၊ ဒီအယူဖြင့် တရားတပွဲလုံး ရှင်းအောင်လဲ ဟောပါမယ်၊ ဖျောက်လဲဖျောက်ကြပါ (မှန်ပါ့) ရှင်းအောင်ဟောလို့ရှိရင်ဖြင့် ရှင်းအောင်ဟောတဲ့တရားကို ကြပ်ကြပ်ဂရုစိုက်၍နာပြီး ယုံယုံကြည်ကြည်နဲ့ သူ့အကြောင်းနဲ့ သူ့အကျိုးနဲ့ဟောတာကိုလဲ မှတ်သားပြီး ဒီအယူကို ယနေ့ဖျောက်ပစ်ပါ (မှန်ပါ့ ဘုရား)။

ဒီအယူရှိလျက်နဲ့ဆိုရင် နတ်ပြည်၊ ဗြဟ္မာ့ပြည်တော့ မရောက်ဘူးလို့ မဆိုနိုင်ဘူး၊ နိဗ္ဗာန်တော့မရောက်ဘူး (မှန်ပါ့) ဒီအယူကို စွဲစွဲမြဲမြဲယူလိုက်ပြန်လို့ရှိရင် သေသည်၏အခြားမဲ့၌ အဝီစိဘဲ (မှန်ပါ့) ဘယ်လောက်ကြောက်စရာကောင်းသလဲ (ကောင်းပါတယ် ဘုရား)။

ဒီအယူကိုစွန့်ရအောင်ဖြင့်

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီအယူကိုစွန့်ရအောင်ဖြင့် ဘုန်းကြီးတို့အကျိုးအကြောင်းတွေရော၊ ဘုရားဟောတာတွေရော၊ ခန္ဓာ့ဖြစ်စဉ်ရော ရှင်းအောင်လင်းအောင်တော့ ပြောရတော့မယ် (မှန်ပါ့) မပြောရင် မဖြစ်ကို မဖြစ်ဘူး (မဖြစ်ပါ ဘုရား)။

တရားဟောတယ်ဆိုတာ အားလုံး ဒကာ ဒကာမတို့ သိတဲ့အတိုင်း အားလုံးကို သနားလို့ဟောတာ (မှန်ပါ့) သနားတော့ကို သူတို့သန္တာန်မှာ စူးနေတဲ့ငြောင့်၊ ဒိဋ္ဌိငြောင့်ကို နုတ်မပေးလို့ရှိရင်လဲ ငြောင့်စူးလျက်နဲ့ သေရလိမ့်မယ် (မှန်ပါ့ ဘုရား) ဦးသန်းမောင် ကြောက်စရာမကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

ဒါကြောင့် အားလုံး ဒကာ ဒကာမတွေ မလှူတာ၊ မပေးတာ မကမ်းတာဟာ ခင်ဗျားတို့ကိစ္စမရှိပါဘူး (မှန်ပါ့) သံသရာထဲမှာ ဆင်းရဲရုံ၊ ပင်ပန်းရုံမျှသွားမှာဘဲ၊ ငရဲတော့မကျဘူး (မှန်ပါ့)။

သူကတော့ ဒီအယူဟာ ဟုတ်တယ်လို့ ယူလိုက်သည်နဲ့ တစ်ပြိုင်နက်တည်း အဝိစိရောက်မယ် (မှန်ပါ့) ဘယ်လောက်ကြောက်စရာကောင်းသလဲ (ကောင်းပါတယ် ဘုရား)။

ဒကာကြွယ် ဒါဖြင့် ပဉ္စာနန္တရိယကံနဲ့ မိစ္ဆာဒိဋ္ဌိနဲ့ ဘယ်သူကအပြစ်ကြီးသလဲ (မိစ္ဆာဒိဋ္ဌိက အပြစ်ကြီးပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ပဉ္စာနန္တရိယကံ ကြီးလှပြီအောက်မေ့နေတာ မိစ္ဆာဒိဋ္ဌိနဲ့စာလိုက်တော့ ဦးမာဒင် ဘယ်သူက သာသတုံး (မိစ္ဆာဒိဋ္ဌိကသာပါတယ် ဘုရား)။

သံသရာသစ်ငုတ်ဟေ့တဲ့

ငါ ဘုရားသခင်ကိုယ်တော်မြတ်ကြီး အမြင်ကျယ်ကျယ်နဲ့ မင်းတို့ကို ဟောရလို့ရှိရင် သံသရာ သစ်ငုတ်ဟေ့တဲ့၊ ဘယ်ဘုရားပွင့်ပွင့် မကျွတ်ဘူးတဲ့ (မှန်ပါ့)။

ဘယ်လောက်ကြောက်စရာကောင်းသလဲ (ကောင်းပါတယ် ဘုရား)။

ဒါကို ဒကာကြွယ်တို့က ဪ ဘာဖြစ်လောက်သတုံးလို့ ဒီအထဲမသွင်းလိုက်ပါနဲ့ (မှန်ပါ့) အလွန်ကြီးကျယ်တယ် ဆိုတာ မှတ်ရလိမ့်မယ် (မှန်ပါ့ ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီသာတိက ပြောတော့ ဘုရားဒီလိုမဟောပါဘူးကွာ ဝိညာဏ်ကလေးလည်နေတယ်လို့ မင်းက ဝိညာဏ်ဘဲ ဟိုဘဝ၊ဒီဘဝ ပြောင်းနေတယ်လို့ မင်းယူထားတဲ့ အယူဟာ သဿတဒိဋ္ဌိအယူဖြစ်ပါတယ်၊ ဘုရားမဟောပါဘူးကွ၊ ဘုရားလဲ ဒီလိုမဟောပါဘူး၊ ဘုရားကိုလဲမစွပ်စွဲပါနဲ့၊ မင်းတစ်ယောက်အတွက်နဲ့ ဘေးကသံဃာတွေလဲ အကုန်မင့်အယူတွေ ကူးစက်ကုန်ရင်အပျက်ကြီး ပျက်ကုန်တော့မယ်ဆိုပြီး ရဟန်းတွေက တောင်းပန်ကြတယ် ဒကာသစ်ရေ (မှန်ပါ့)။

မရဘူး ဒီအယူကိုမစွန့်ဘူး (မှန်ပါ့) ဝိညာဏ်ကလေးက သွားနေတာဘဲတဲ့ (မှန်ပါ့) ဒီဝမ်းခေါင်းမပျော်ဘူး ဒီဝမ်းခေါင်းက သေတယ်ဆို ဟိုဝမ်းခေါင်းပြောင်းမယ် (မှန်ပါ့ ဘုရား)။

တစ်ခါတည်း သူ့သဿတဒိဋ္ဌိအယူကို ဦးလှဘူး စွန့်သေးရဲ့လား (မစွန့်ပါ) သာတိရဟန်းဗျာ (မှန်ပါ့) ဘယ်သူပါလိမ့် (သာတိရဟန်းပါ ဘုရား) မစွန့်နိုင်ဘူးတဲ့ (မှန်ပါ့ ဘုရား)။

ဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဆီကို ရဟန်းတွေက ဒီအမှုတွဲသွားတင်တာပေါ့ဗျာ (မှန်ပါ့) တင်တဲ့အခါကျတော့ သူတို့ပြောလို့ဆိုလို့ဆုံးမလို့ မရလိုပ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ခေါ်ချေကွာ ငါ့အမိန့်နဲ့ ငါ့သာသနာတွင်း သူပုန်ထနေပါပေါ့လား ခေါ်ချေဟေ့တဲ့ (မှန်ပါ့)။

သာတိ ပြောစမ်းပါဦးတဲ့

ဒီလိုခေါ်တော့ လာရှာတယ် သာတိရဟန်းက (မှန်ပါ့) သာတိ ပြောစမ်းပါဦးတဲ့ (မှန်ပါ့)။

ခန္ဓာငါးပါးရှိပါတယ်ဘုရား၊ ငါးပါးရှိတော့လေးပါးသာ ပျက်စီးပါတယ်၊ တစ်ပါးကတော့ဖြင့် ဟိုဝမ်းခေါင်းပြောင်း ဒီဝမ်းခေါင်းပြောင်းပြီး ဒီမှာသေတယ်ဆို သူကထွက်သွား (မှန်ပါ့) ထွက်သွားပြီး ဟိုဘက်ဝမ်းခေါင်းသွားပြီး တွယ်တာ တာဘဲ (မှန်ပါ့)။

ဟိုဘက်ဝမ်းခေါင်းက သက်တမ်းစေ့လို့ သေပြန်လို့ရှိရင် သူကတော့မသေဘူး ပြောင်းပြန်တာဘဲ (မှန်ပါ့)။

ဒါ တပည့်တော်ရဲ့ အယူပါဘဲဘုရားဆိုတော့ ဟေ့ သာတိ မင်းငါလဲမဟောဘဲနဲ့ မင်း ငါ့ကိုစွပ်စွဲတယ် (မှန်ပါ့)။

မင်းဟာ အင်မတန်ဆိုးပါပေါ့လား၊ မင်းမှာမိစ္ဆာဒိဋ္ဌိမီးပွားကလေးရှိနေတဲ့အတွက် မဂ်တည်းဟူသော အရောင်အလင်းကြီးကို မင်းမရတော့ဘူးလို့ ဆုံးဖြတ်ချက်ချလိုက် (မှန်ပါ့) မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်မရတော့ဘူး (မှန်ပါ့)။

ဒကာကြွယ် ကဲ ဘယ်လောက်ကြောက်စရာကောင်းသတုံး (ကောင်းပါတယ် ဘုရား)။

နိဗ္ဗာန်ကို ဘာတဲ့လဲ (ဘယ်တော့မှမရပါ) မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်မရဘူးတဲ့ (မှန်ပါ့)ဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒါကို ဘုန်းကြီးက အရေးတစ်ကြီး ပြောထိုက်မပြောထိုက် (ပြောထိုက်ပါတယ် ဘုရား)။

သေသေချာချာ နားထောင်ကြည့်မှ ဒကာသစ်ရေ သာမညအရေးမဟုတ်ပါဘူး၊ အလွန်အရေးကြီးကျယ်တဲ့ အရေး (မှန်ပ့ါ ဘုရား)။

သစ္စာတွေမသိရအောင် ဖုံးလွှမ်းတဲ့အရေး

သစ္စာတွေမသိရအောင် ဖုံးလွှမ်းတဲ့အရေး (မှန်ပါ့) ဒုက္ခခပ်သိမ်း ငြိမ်းတဲ့နိဗ္ဗာန်ကို မရောက်ရအောင်လို့ ကန့်ကွက်တဲ့အရေး (မှန်ပါ့) မကြီးဘူးလား (ကြီးပါတယ် ဘုရား) အမေသတ်တာထက် ကြီးပါတယ် (မှန်ပါ့) အဖေသတ်တာထက် (ကြီးပါတယ် ဘုရား)။

ကဲ ဒကာ ဒကာမတို့ ဘယ်လောက်ကြောက်စရာကောင်းတယ် လန့်စရာကောင်းတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) အယူမှားကိုး (မှန်ပါ့)။

ဒကာကြွယ် ဘာတဲ့ (အယူမှားပါ) ကဲ ဦးသန်းမောင်တို့ ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။

ဘုရားကိုက ဆုံးဖြတ်ချက်ချလိုက်ပြီတဲ့ သဿတဒိဋ္ဌိမီးပွားကလေး မင်းမှာရှိနေတဲ့အတွက် မဂ်တည်းဟူသော အရောင်အလင်းတော့ဖြင့် မင်းဒီဘဝ မရတော့ဘူး (မှန်ပါ့) ဘယ်လောက်ကြောက်စရာကောင်းတယ်ဆိုတာ ဒကာ ဒကာမတွေပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ ဘဝတစ်ပါးပြောင်းသွားတယ်ဆိုတာလဲ ပြောကြတယ် (မှန်ပါ့) ဘဝတစ်ပါး ပြောင်းတယ်ဆိုတော့ ပြောင်းတယ်ဆိုတဲ့သဘောသည် အထုပ်ထမ်းပြောင်းတာဘဲ (မှန်ပါ့)။

ပြောင်းတယ်ဆိုတဲ့သဘောဟာ (အထုပ်ထမ်းပြောင်းတာပါ ဘုရား) ဒါဖြင့်သေတဲ့သဘောလား၊ မသေတဲ့သဘောလား (မသေတဲ့သဘောပါ ဘုရား)။

အဲဒါကစပြီး ဒကာ ဒကာမတွေ တော်တော်အရေးကြီးတယ် (မှန်ပ့ါ) မကြီးဘူးလား (ကြီးပါတယ်) ဘာဒိဋ္ဌိထဲ သက်ဝင်သလဲ (သဿတဒိဋ္ဌိထဲ သက်ဝင်ပါတယ် ဘုရား)။

ဪ သဿတဒိဋ္ဌိထဲသက်ဝင်တော့ သာတိ အယူဟာ ဒကာသစ် ဘာအယူပါလိမ့် (သဿတဒိဋ္ဌိ အယူပါ ဘုရား)။

သဿတဒိဋ္ဌိ မီးပွားကလေးကြောင့် မင်းမရဘူးတဲ့

ဘုရားက မင်းသည် ဥသ္မီကတော့တဲ့ မင်းသည် မိစ္ဆာဒိဋ္ဌိ မီးပွားကလေး မင်းသန္တာန်မှာရှိနေတဲ့အတွက် မဂ်တည်းဟူသော အအေးဓာတ်၊ အလင်းဓာတ်၊ ကိလေသာခပ်သိမ်း ငြိမ်းစေတတ်တဲ့နိဗ္ဗာန်ကိုတော့ ဟောဒီ သဿတဒိဋ္ဌိ မီးပွားကလေးကြောင့် မင်းမရဘူးတဲ့ (မှန်ပါ့) ဒီတော့ ဒကာကြွယ် ဒီပြင့်ဟာထက် ကြောက်စရာကောင်းတယ် (ကောင်းပါတယ် ဘုရား)။

သီလမလုံခြုံလို့ မဂ်ဖိုလ်မရဘူးဆိုရင် နောက်တစ်ခါပြန်ပြီး လုံခြုံအောင်လုပ်ရင်ရတယ် (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့ ဘုရား) သမာဓိအခံမကောင်းလို့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်မတက်နိုင်ဘူး။ ဟော နက်ဖြန် ဒီ့ထက်ဂရုစိုက်ပြီး သမာဓိတည်အောင်လုပ်လိုက်၊ ပြီးတော့မှ ပညာတတ်အောင် လုပ်လိုက်မယ် ဆိုရင်လဲ ဦးမာဒင် ရပါတယ် (မှန်ပါ့ ဘုရား)။

ဒီ့ပြင်ဟာက ပြင်လို့ရတယ် (မှန်ပါ့) သူကတော့ ပြင်လို့ကိုမရဘူး (မှန်ပါ့ ဘုရား) သူယူတာဒီအယူကို မစွန့်လိုက်လို့ရှိရင် မဂ်ဉာဏ်၊ဖိုလ်ဉာဏ်ကို မရတော့ပါဘူး (မရပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိညာဏ်ချုပ်တယ်လို့ ယူရမယ်

ကဲ ဒကာကြွယ်တို့ အလွန်အရေးကြီးတဲ့ တရားဘဲဆိုတာဖြင့် ပေါ်လာပြီ (ပေါ်လာပြီပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အသက်ထွက်တယ်လို့ယူမလား၊ ဝိညာဏ်ချုပ်တယ်လို့ ယူမလား (ဝိညာဏ်ချုပ်တယ်လို့ ယူရပါမယ် ဘုရား) နောက်ကိုဒီလိုချည့်ပြောပါ (မှန်ပါ့ ဘုရား)။

ပြောလဲပြော စိတ်ထဲကလဲ ဒီအတိုင်းမှတ်ပါ (မှန်ပါ့) ဒီအသက်ထွက်ဆိုတာကိုဖြုတ်ပစ်ပါ (မှန်ပါ့) ဝိညာဏ် ချုပ်သွားပြီ (မှန်ပါ့) ပေါ်ပြီ ဒကာသစ်ဒါလောက်ဆိုရင်နော် (မှန်ပါ့ ဘုရား)။

အခုအခါ ဘယ်များရောက်နေပါ့လိမ့်မလဲဆိုတာ ဒီလိုမသုံးနဲ့ (မှန်ပါ့) ဘယ်များသူ့အကျိုးပေး ဆိုက်နေပါလိမ့် မလဲ (မှန်ပါ့ ဘုရား) ဒီက ကံက ဟိုသွားပြီး အကျိုးပေးရတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ကံက အကျိုးပေးတာကို ဒီကံသည်ဘယ်များသွားပြီး အကျိုးပေးပါလိမ့်မလဲဆိုလို့ရှိရင်မှန်တယ် (မှန်ပါ့) ဘယ်များသွားပြီး ဖြစ်နေပါလိမ့်မလဲလို့ လုပ်မနေနဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သူ့ကံအတိုင်း ဘယ်များအကျိုးပေးပါလိမ့်မလဲ (မှန်ပါ့) ဒါဟာအမှန်ဘဲ (မှန်ပ့ါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အသက်ထွယ်တယ်ဆိုမလား၊ ဝိညာဏ်ချုပ်တယ်ဆိုမလား (ဝိညာဏ်ချုပ်တယ် ဆိုရပါ့မယ် ဘုရား)။

”သက်ကြီးစကား သက်ငယ်ကြား” နဲ့ နှုတ်တက်နေတာကြီး လူပုံအလယ်ထုတ်ပြောရင် ဘုန်းကြီးပါ ဒုက္ခရောက်မယ် (မှန်ပါ့) ခင်ဗျားတို့ပြောတာနဲ့ ဘုန်းကြီးပါ ဒုက္ခရောက်မယ် (မှန်ပါ့ ဘုရား)။

ဒါ နားလည်တဲ့ ဆရာသမားတွေနဲ့ တွေ့ရင် သေသေချာချာဒုက္ခရောက်တယ် (မှန်ပါ့) ဪ သူ့ ဒကာ ဒကာမ တွေအခုထက်ထိ သဿဒိဋ္ဌိ ရှိပါသေးသလား ဆရာကတော့မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်ရောက်ကြောင်းတွေ ဟောနေတယ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တားတဲ့ ဒိဋ္ဌိက သူ့ဒကာ ဒကာမတွေထဲမှာ ရှိနေသားဘဲ ဪ သူတို့ဆရာ ပြင်မပေးလို့ဆိုတော့ ဆရာထိခိုက်တယ် (မှန်ပါ့ ဘုရား) မထိခိုက်ပေဘူးလား (ထိခိုက်ပါတယ် ဘုရား)။

ဒကာကြွယ် နောက်ကို ဘယ့်နှယ်သုံးမလဲ (ဝိညာဏ်ချုပ်တယ်လို့ သုံးပါမယ် ဘုရား)။

ဝိညာဏ်ချုပ်သွားပြီဟုတ်လား (မှန်ပါ့) နိဗ္ဗာန်မရသေးလို့ရှိရင် ကံပစ်ချရာ အကျိုးပေးမှာဘဲ (မှန်ပါ့) ဘယ်သွားတွယ်မတုံးလို့ သွားပြီး မလုပ်နဲ့ဦး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကံကအကျိုးပေးရာ ပဋိသန္ဓေပေါ်ရပါတယ်

ဘယ်သွားတွယ်နေပါလိမ့်မတုံးလို့ မလုပ်လိုက်ပါနဲ့၊ တွယ်နေတယ်လို့ဆိုလို့ရှိရင် ဒီကထွက်သွားတာက သွားတွယ်တာ (မှန်ပါ့) ဘယ်ကိုမှသွားတွယ်တာမဟုတ်ဘူး ကံပစ်ချရာ၊ ဒီကကံက အကျိုးပေးရာ ဒကာ ဒကာမတို့ ပဋိသန္ဓေ ပေါ်ရပါတယ် (မှန်ပါ့ ဘုရား)။

”ကမ္မံ ဝိပါကဿ”ကိုး (မှန်ပါ့) ကမ္မံ ကံသည်၊ ဝိပါကဿ အကျိုးပေးအားဆိုတော့ ဒီက ပြုလုပ်ထားတဲ့ ကံအတိုင်း ဟိုမှာအကျိုးပေးရမယ် (မှန်ပါ့ ဘုရား)။

သွားတာတော့ ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီကမလိုက်ဘူးဆိုတာကလေး ဘုန်းကြီးရှင်းပြတော့မယ် ဒကာကြွယ်နော် (မှန်ပါ့ ဘုရား)။

ဒီကမလိုက်ဘူးဆိုတာကလေး ရှင်းပြမယ်၊ ဒီက သတ္တိလဲမကင်းဘူး (မှန်ပါ့) ဥပမာ ဒကာကြွယ်က ဖယောင်းတိုင် တစ်တိုင် သီတင်းကျွတ်က ထွန်းထားတာပေါ့ဗျာနော် (မှန်ပါ့ ဘုရား)။

ဟိုဘက်အိမ်က မီးခြစ်မရှိဘူး၊ မီးခတ်မရှိဘူး၊ ဒီ မီးတိုင်ကလေး လာညှိကြတယ်၊ လာညှိပြီး သူတို့အိမ်မှာ ထွန်းကြတယ် (မှန်ပါ့) ဦးသန်းမောင်တို့က ထွန်းကြတယ် ဆိုပါတော့ (မှန်ပါ့) ဒီက မီးလိုက်သွားသလား မေးရင် ဘယ့်နှယ်ပြောမလဲ (မလိုက်ပါ ဘုရား)။

ဒီကမီးရဲ့ သတ္တိကင်းပြီး ဟိုမှာလင်းနေသလား မေးရင်ကော (သတ္တိမကင်းပါ ဘုရား)။

အဲဒီလိုမှတ်ရမယ် (မှန်ပါ့) ဒီကအကြောင်းလဲမကင်းဘူး (မှန်ပါ့)။

ဒီကလဲမလိုက်ဘူး (မှန်ပါ့) ဒီက မီးလိုက်ရင်လဲ ငြိမ်းရမယ် (မှန်ပါ့) ဒီကမီးငြိမ်းသွားရမယ် (မှန်ပါ့ ဘုရား)။

မီးကကောလိုက်တဲ့လား

အခုတော့ ဒီက မီးကကောလိုက်တဲ့လား (မလိုက်ပါ ဘုရား) ဒီက မီး သတ္တိကင်း၍ကော ဟိုမှာ မီးတိုင်ကလေး လင်းနေရဲ့လား (မလင်းပါ ဘုရား) ဒီက မီးကိုယူသွားတာ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီကမီးမလိုက်တာလဲ ခင်ဗျားတို့ အထင်အရှား (မှန်ပါ့ ဘုရား)။

ဟိုမီးလင်းတာလဲ (အထင်အရှားပါ ဘုရား) ဒါဖြင့်ဒီကသတ္တိဟာ ဟိုတော့ပါသွားတယ် ဒီကမလိုက်ဘူး (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဖယောင်းတိုင် ထွန်းပြရဦးမလိုကျနေပြီ (မှန်ပ့ါ) ဒကာသစ် ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒီက မီးသတ္တိကော မပါဘူးလား (ပါ-ပါတယ်) ဒီက မီးကကောလိုက်ရဲ့လား (မလိုက်ပါ ဘုရား)။

လိုက်ရင် ဒီက မီးငြိမ်းရမယ် (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်မရသေးတဲ့ ပုဂ္ဂိုလ်တွေအတွက်မှာဖြင့် ဒီကနေပြီး သကာလ သေတော့ သေသွားတာဘဲ (မှန်ပါ့) သေပင်သေငြားသော်လဲ ဟိုမှာခန္ဓာတစ်ခုခုပေါ်လိမ့်မယ် (မှန်ပါ့) မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။

အဲဒီတာ့ကိုဘဲ ဒီကပြုလုပ်တဲ့ကံက လိုက်သွားတာတော့မဟုတ်ဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဒီကကံကပြုတုန်းဘဲ (မှန်ပါ့) ဟိုမှာဒီကံရဲ့သတ္တိ သွားပေါ်တယ် (မှန်ပါ့ ဘုရား) သူ့အကြောင်းကြောင့် အကျိုးသွားပေါ် တယ် ရှင်ပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မီးတိုင်ညှိသလို ဒကာ ဒကာမတွေက ရှင်းထားလို့ရှိရင်ဖြင့် ဒီကသတ္တိလဲမကင်းဘူး (မှန်ပါ့) ဒီကသတ္တိလဲ မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီကအထည်မလိုက် ဟိုမှာသတ္တိနဲ့ ကျေးဇူးတော့ဖြင့် ပြုပါရဲ့ (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ပဲ့တင်သံဆိုတာ

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ပဲ့တင်သံဆိုတာလဲ ခင်ဗျားတို့ ကြားဘူးမှာဘဲ (ကြားဘူးပါတယ် ဘုရား) ပဲ့တင်သံဆိုတာ ပြန်လာတဲ့အသံပေါ့ဗျာ၊ ကိုယ်က ဒီက အော်လိုက်လို့ ဟိုကပြန်လာတဲ့အသံပေ့ါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲ့ဒီတော့ ပဲ့တင်သံဆိုတာ ဒီကအသံလားတဲ့ သူကအသံတစ်မျိုးလားလို့ မေးလို့ရှိရင် ဘယ့်နှယ်ဖြေကြမလဲ (အသံတစ်မျိုးပါ ဘုရား) အသံတစ်မျိုးဘဲ သို့သော် ဒီကအသံနဲ့ ကင်းသလား (မကင်းပါ ဘုရား)။

အဲ့ဒီကအသံလဲ သတ္တိမကင်းဘူး၊ ဒီကအသံလဲ မဟုတ်ဘူး၊ သူဟာပဲ့တင်သံတစ်မျိုး (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပြီတစ်ခါ တံဆိပ်ရေးဥပမာနဲ့ ပြလိုက်လဲရှင်းပါတယ်နော် (မှန်လှပါ ဘုရား) စာတိုက်တံဆိပ်ကို မင်မပါဘဲနဲ့ ၁၃၀၀ ဘယ်နှစ်ခု ဘယ်နေ့က ဘယ်နာရီ ဆိုပြီးတော့ တံဆိပ်ရိုက် (မှန်ပါ့ ဘုရား) မင်မပါဘဲနဲ့ရိုက်လိုက် စာအိတ်ပေါ်မှာ (မှန်ပါ့ ဘုရား)။

ဒီစာအိတ် ဟိုရောက်ဒီရောက်နဲ့ ရောက်မှာဘဲ (ရောက်ပါတယ် ဘုရား) တံဆိပ်တုံးပါသွားတယ်လို့ မဆိုရပါဘူး (မဆိုရပါဘူး ဘုရား)။

သို့သော် တံဆိပ်ကတော့ ဒီစာရွက်မှာ ကျန်ရစ်တယ် (မှန်ပါ့) ဘာတွေ ပါသွားသတုံးဆိုတော့ သတ္တိပါသွားတယ် (မှန်ပါ့) တံဆိပ်တုံးတော့ (မပါ ပါ ဘုရား)။

ဒီတံဆိပ်တုံးက ဒီရုံးမှာ သုံးနိုင်တာ၊ ဟိုရုံးမှာ မသုံးနိုင်တာကြီး (မှန်ပါ့) ဒီစာတိုက်မှာသာ သုံးနိုင်တယ်၊ ဟိုစာတိုက်မှာ (မသုံးနိုင်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သို့သော် ဒီစာတိုက်သတ္တိတော့ (ပါ-ပါတယ်) တံဆိပ်တုံးပါသွားသလား (မပါ-ပါ ဘုရား)။

ထို့အတူဘဲ တဲ့၊ ဒီကကံသတ္တိတော့ဖြင့် ဒကာ ဒကာမတို့ ရောက်ရာဘဝမှာ ကံအကျိုးပေးအတိုင်း ပေါ်တော့ ပေါ်တာဘဲ (မှန်ပါ့) ဒီက ကံ ဝိညာဏ်လိုက်သွားသလားမေးရင် (မလိုက်ပါ ဘုရား) ဘာမှမလိုက်ဘူးဆိုလို့ ဆိုသဖြင့်လဲတဲ့ သဿတဒိဋ္ဌိလွတ်ပါပြီ (မှန်ပါ့) ခိုင်မြဲရင် ဟိုလိုက်သွားတော့မယ် (မှန်ပါ့)။

ဒီက သတ္တိဒကာ ဒကာမတို့ လုံးဝမလိုက်ဘူးဆိုရင်လဲ ဥစ္ဆေဒဒိဋ္ဌိဖြစ်သွားပြီ (မှန်ပါ့)။

အဲဒီတော့ ဟိုမှာမီးလင်းနေတာ မြင်သဖြင့် ဒီကသတ္တိကော ကင်းရဲ့လား (မကင်းပါ ဘုရား) ဒီကညှိထွန်းသွား တာကိုး (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ဒီကမီးတိုင်လိုက်သလားမေးရင် (မလိုက်ပါ) သတ္တိကင်းသလားလို့မေးရင် (မကင်းပါ ဘုရား) အဲ့ဒါနှစ်ခုကို ရှင်းအောင်ပြောရမယ် (မှန်ပါ့)။

သဿတ, ဥစ္ဆေဒတခုခုငြိနေမယ်

ဒီဟာနှစ်ခု ရှင်းအောင်မယူတတ်လို့ရှိရင် သဿတ, ဥစ္ဆေဒတခုခုငြိနေမယ် (မှန်ပါ့ ဘုရား) ငြိခဲ့လို့ရှိရင်ဖြင့် ခင်ဗျားတို့ အာပေါက်အောင် ဝိပဿနာ အားထုတ် ဦးသန်းမောင်တို့ မဂ်ဖိုလ်မရဘူး (မှန်ပါ့) ဦးဘထွေး ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဒကာကြွယ်ကော (ရိပ်မိပါပြီ ဘုရား) အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။

မဂ်,ဖိုလ်တားတဲ့တရားဆိုကတည်းက ကျုပ်တို့က ဆွမ်းကလေးလှူလဲ မဂ်,ဖိုလ်ရ,ရပါလို၏-တဲ့ (မှန်လှပါ ဘုရား) ဆွမ်းကလေးလှူလဲ မဂ်ဖိုလ်ရ ရပါလို၏ ဖယောင်းတိုင်ကလေးထွန်းလဲ (မဂ်ဖိုလ်ရ ရပါလို၏) သူသာခံနေရင် ဘယ်နည်းနဲ့မှမရဘူး (မှန်ပါ့) မရပါဘူးဆိုတာ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် အခုဖယောင်းတိုင်ဥပမာကို တရားတစ်ပွဲလုံး သဘောကျပလား (ကျပါပြီ)။

မီးကလေးတစ်တိုင်ညှိထားပါ၊ ပထမကတည်းက ညှိထား၊ လင်းနေပြီနော် (မှန်ပါ့) ဟိုဘက်အိမ်က မီးခြစ်ခြစ်စရာ မရှိလို့ ဒီမီးတိုင်လာညှိတယ် (မှန်ပါ ဘုရား) သူ့အိမ်မှာလဲ မီးထွန်းထားတော့ ဒီအိမ်က ညှိပြီးထွန်းတော့ ဟိုအိမ်မှာလဲ လင်းတာဘဲ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဒီကမီးလိုက်သလား (မလိုက်ပါ ဘုရား) မလိုက်ဘူးလို့သိသဖြင့် ဒီကမီးကဒီတွင်ဘဲ ကုန်ရမယ် (မှန်ပါ့) ဒီမှာတွင်ဘဲ တောက်ရမယ် ဒီမှာတွင်ဘဲ ငြိမ်းရမယ် (မှန်ပါ့) ဟိုဘက်မလိုက်နိုင်ဘူး (မလိုက်နိုင်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား) ဒီလိုသိရင် သဿတဒိဋ္ဌိလွတ်ပါပြီ (မှန်ပါ့ ဘုရား)။

အကြောင်းအကျိုးတော့ ဆက်နေတယ်

သို့သော် ဟိုမှာလင်းနေတာမြင်သဖြင့်လဲ ဒီကသတ္တိကင်းရဲ့လား (မကင်းပါ ဘုရား) အကြောင်းအကျိုးတော့ ဆက်နေတယ် (မှန်ပ့ါ) မဆက်ဘူးလား (ဆက်ပါတယ် ဘုရား)။

အဲဒီ ဆက်တာသိလိုက်သဖြင့်လဲ ဥစ္ဆေဒဒိဋ္ဌိ လွတ်ပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် သာတိရဟန်းမှာတော့ တစ်ခါတည်း ဒီဝိညာဏ်ကလေးက ဟိုလိုက်သွားလိုက်၊ ဒီဝမ်းခေါင်းမကောင်း ဟိုဝမ်းခေါင်းပြောင်းလိုက်၊ အင်း ဒကာ ဒကာမတို့ သဿတဒိဋ္ဌိ (မှန်ပါ့)။

သူကဒီကကို ပြောင်းသွားသတဲ့ (မှန်ပါ့) သူကသေကိုမသေဘဲနဲ့ ပြောင်းတာ (မှန်ပါ့) ဘာဒိဋ္ဌိတုံး (သဿတဒိဋ္ဌိ ပါ ဘုရား) မှတ်မိပြီ (မှတ်မိပါပြီ ဘုရား)။

အဲဒါနဲ့ဘုရားသခင်ကိုယ်တော်မြတ်ကြီးဆီ ဒီအမှုတွဲရောက်ပြီး သကာလ သွားတော့ သာတိ မင်းယူတဲ့အယူ ပြောစမ်းပါဦးကွာ၊ ဘယ်ဟာတုံးကွ ဘုံဘဝသွားပြီး လည်နေတယ်ဆိုတာဆိုတော့ “ကတမံ တံ သာတိ ဝိညာဏံ” ဘယ်ဝိညာဏ်လည်တုံးကွ သာတိရ ပြောစမ်းပါဦးဆိုတော့ (မှန်ပါ့)။

”ယွာယံ ဘန္တေ ဝဒေါ ဝေဒေယျော၊ တတြတတြ ကလျာဏ ပါပကာနံ ကမ္မာနံ ဝိပါကံ ပဋိသံဝေဒေတိ” သူကဒီလို ဖြေလိုက်တယ် (မှန်လှပါ ဘုရား)။

အရှင်ဘုရားတဲ့ ဒီတစ်ခုသော စိတ်ဝိညာဏ်ကလေးဟာ ဟိုဘဝဒီဘဝပြောင်းပါတယ်၊ ရောက်ရာဘဝမှာလဲ စကားလဲပြောပါတယ်၊ ကောင်းတာဆိုးတာလဲ သူဘဲခံစားပါတယ် အဲဒီ့ဝိညာဏ်ဆိုတာပါ-တဲ့ (မှန်ပါ့)။

ဒါနဲ့ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သူ့ကိုမပြောဘဲနဲ့ဟေ့ ရဟန်းတို့ မင်းတို့ကော ဝိညာဏ်မြဲတယ် ခိုင်တယ် ဟိုဘဝ ဒီဘဝ ကူးတယ်လို့ ယူကြသလားတဲ့၊ မယူပါဘူးဘုရား တဲ့ (မှန်ပါ့)။

သာတိကတော့ ဒီလိုယူနေတယ်ကွာ တဲ့၊ သာတိအကြောင်း ငါပြောမယ်၊ သာတိသည်ကားလို့ဆိုရင် သဿတဒိဋ္ဌိ ဖြစ်နေပြီ (မှန်ပါ့) “သဗ္ဗေ သင်္ခါရာ အနိစ္စာ” ကို ငါဘုရား ဖြိုင်ဖြိုင်ကြီး ဟောပါတယ် (မှန်ပါ့)။

ဒီနေရာဖြစ် ဒီနေရာပျက်ပါတယ်လို့ ဟောပါလျက်သားနဲ့

ငါမြင်တဲ့အတိုင်း အမှန်ကိုလဲပြောပါတယ် (မှန်ပါ့ ဘုရား) “သဗ္ဗေ သင်္ခါရာ ဒုက္ခာ၊ သဗ္ဗေဓမ္မာ အနတ္တာ” လို့ ငါအမျိုးမျိုးအဖုံဖုံ ဒီနေရာဖြစ် ဒီနေရာပျက်ပါတယ်လို့ ဟောပါလျက်သားနဲ့ ဒီဝိညာဏ်ကလေးဟာ မသေဘဲနဲ့ ဟိုသွား ဒီသွား သွားတယ် ဆိုတဲ့ဥစ္စာဖြင့် သာတိ၏ ဒိဋ္ဌိမီးပွါးကလေးဟာဖြင့် ဟေ တဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ် ဒီဘဝမရတော့ဘူး တဲ့ (မှန်ပါ့) ဒိဋ္ဌိမီးဖွါးကလေး (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘယ်လောက်ကြောက်စရာကောင်းသတုံး (ကောင်းပါတယ် ဘုရား)။

အဲ့ဒါကြောင့် ခင်ဗျားတို့ကိုပြောတာ အသက်ထွက်သွားပြီဆို မဟုတ်ဘူးနော် (မှန်ပါ့) မဆုံးမထိုက်ဘူးလား (ဆုံးမထိုက်ပါတယ် ဘုရား)။

ဒါဟာ ဦးမာဒင် မဆုံးမရင် မတော်ဘူးနော် (မတော်ပါ ဘုရား) အင်မတန်ကြီးကျယ်တဲ့ အပြစ်ကြီးမို့ အမိသတ်သလို ကြီးပါတယ်လို့ ပြောတာပေါ့ ဦးလှဘူး တန်းကုန်ရောပေါ့ (မှန်ပါ့ ဘုရား) အမိသတ်သလိုကြီးတယ် (မှန်ပါ့ ဘုရား) ဘုရားသွေးစိမ်းတည်အောင်လုပ်သလို အပြစ်ကြီးတယ် (မှန်ပါ့ ဘုရား)။

ဒကာကြွယ်တဲ့ ဒိဋ္ဌိသေးသေးလား ကြီးကြီးလား (ကြီးကြီးပါ ဘုရား)။

သဿတဒိဋ္ဌိဆိုတာက ဒကာသစ်ရေ ခိုင်တယ် မြဲတယ်လို့ ယူလိုက်တယ် (မှန်ပါ့)။

အနိစ္စာဝတ သင်္ခါရာ တွေ့လို့ကော ယူသေးရဲ့လား (မယူပါ ဘုရား) ဒါဖြင့်ခိုင်တယ် မြဲတဲ့အထဲ ရောက်နေတယ် (မှန်ပါ့ ဘုရား)။

ထိုကဲ့သို့ရောက်ပြီး သကာလ နေတော့ သဿတဒိဋ္ဌိဖြစ်နေတော့ ဒုက္ခသစ္စာဆိုတဲ့ဥစ္စာလဲ ဖြစ်ပျက်ကို ဒုက္ခသစ္စာဆိုတော့ သစ္စာကို မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

ဒါဖြင့် ဒုက္ခသစ္စာမမြင်လို့ရှိရင် ဒုက္ခသစ္စာချုပ်မှ နိရောဓသစ္စာဆိုတဲ့ဥစ္စာ ရောက်မည့်ဥစ္စာ ဒုက္ခသစ္စာတောင် မတွေ့တော့ဘူး ဦးမာဒင်ရေ (မှန်ပါ့) နိရောဓသစ္စာတွေ့ဖို့ဟာ ဝေးပေါ့ (ဝေးပါတယ် ဘုရား)။

ဒုက္ခသစ္စာချုပ်မှ နိရောဓသစ္စာကို အားထုတ်တဲ့လူက တွေ့မှာကိုးဗျ (မှန်ပါ့) အခုတော့ ဒုက္ခသစ္စာကို သူ့မှာတွေ့သေးရဲ့လား (မတွေ့ပါ ဘုရား)။

ဒုက္ခသစ္စာကို မတွေ့တဲ့အတွက်

ဒုက္ခသစ္စာကို မတွေ့တဲ့အတွက် နိရောဓသစ္စာ မျက်မှောက်ပြုဖို့ ဘယ်လိုပင်ဆုတောင်း ဘယ်လိုပင်လှူလှူ ဘယ်လိုပင်တန်းတန်း မရပါဘူး (မရပါ ဘုရား)။

ဒီ-ဒိဋ္ဌိရှိတာ ဒါလောက်ကြောက်စရာ ကောင်းပါတယ် (ကောင်းပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒီဒိဋ္ဌိကို အရေးတကြီးပြောနေတာ ဒကာသစ်ရေ ပြောသင့်လို့ပြောနေတယ်လို့သာ မှတ်ပေတော့ (မှန်ပါ့ ဘုရား)။

အခုသာတိဟာ ဘာဒိဋ္ဌိပါလိမ့် (သဿတဒိဋ္ဌိပါ ဘုရား) ဘုရားက ဒိဋ္ဌိတည်းဟူသော မီးဖွါးကလေးဖြင့် သာတိမှာရှိနေတဲ့အတွက် ဒီ-မီးဖွါးကလေးနဲ့ ပတ်သက်ပြီး သကာလ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တည်းဟူသော အလင်းရောင် ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ဖြင့်ကွာတဲ့ ဒီအယူ-ယူလို့ရှိရင် မရတော့ဘူးတဲ့ (မှန်ပါ့ ဘုရား)။

မင်း-မဂ်ဖိုလ်မှ အချည်းနှီးဖြစ်ပြီတဲ့ (မှန်ပါ့) ဘုရားကဆုံးဖြတ်ချက်ချလိုက်တယ် (မှန်ပါ့ ဘုရား)။

ဘယ်လိုဆုံးဖြတ်ချက်ချသလဲ (မဂ်ဖိုလ်မှ အချည်းနှီးဖြစ်ပါပြီ ဘုရား) နိဗ္ဗာန်မရတော့ဘူးတဲ့ (မှန်ပါ့)။

ကဲ ဒကာ ဒကာမတို့ မဂ်ဖိုလ်မှ အချည်းနှီးဖြစ်ပြီလို့ ဘုရားက ဆုံးဖြတ်ချက်ချလိုက်တယ် (မှန်ပါ့ ဘုရား)။

ဒကာသစ်ဘာတဲ့ (မဂ်ဖိုလ်မှ အချည်းနှီးဖြစ်ပြီလို့ ဆုံးဖြတ်ချက်ချပါတယ် ဘုရား)။

မဂ်ဉာဏ်၊ဖိုလ်ဉာဏ်ကို မရတော့ဘူးတဲ့ (မှန်ပါ့) မဂ်ဉာဏ်ဖိုလ်ဉာဏ် မရကတည်းက နိဗ္ဗာန် မြင်သေးရဲ့လား (မမြင်ပါ ဘုရား) ဒါဖြင့် နိဗ္ဗာန်မရဘူးလို့ဟောလိုက်တာ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ အပြစ်သေးသလား အပြစ်ကြီးသလား အကဲခတ်စမ်း (အပြစ်ကြီးပါတယ် ဘုရား) အင်မတန်ကြီးတဲ့ အပြစ်ကိုလဲ ဘုရားကိုယ်တိုင်က ဖွင့်ချလိုက်ပြီ (မှန်ပါ့ ဘုရား)။

ဒါနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ကွာတဲ့၊ ဒီလိုယူမှ တည့်တယ်ဆိုတဲ့ဥစ္စာကလေး သူတည့်ပေးတယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ အခုတည့်ပေးမည့်ဥစ္စာကလေးကို ဒကာ ဒကာမတွေက အင်း ဘုရားသခင်ကိုယ်တော်မြတ်ကြီး ပါးစပ်က တိုက်ရိုက်ဟောတာလဲတစ်ကြောင်း၊ ကိုယ့်ခန္ဓာဖြစ်စဉ်က ဒီအတိုင်းပါလားလို့ ကိုယ်ဆုံးဖြတ်ချက် ချမှာကလဲ တစ်ကြောင်း (မှန်ပါ့ ဘုရား)။

ဘုရားဟောနဲ့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ နှစ်ချက်ကိုက်လို့ရှိရင်

ဘုရားဟောနဲ့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ နှစ်ချက်ကိုက်လို့ရှိရင် ဒီ ဒိဋ္ဌိမရှိတော့ဘူး (မှန်ပါ့ ဘုရား)။

ဒါဖြင့်ဒီဥစ္စာ သေသေချာချာကြည့်ပြီး သေသေချာချာ နားထောင်ရမည့်အလုပ် ဖြစ်လာပြီဆိုပြီး အထူးဂရုစိုက်၍ နားထောင်ရလိမ့်မယ် (နားထောင်ပါတယ် ဘုရား)။

ဒကာကြွယ်-သာမညဆိုလို့ရှိရင် ဘုန်းကြီးများလဲ ခပ်တွင်တွင်ပြောသွားဖို့ဘဲ (မှန်ပါ့) အခုဟာက ဦးလှဘူးရဲ့ ခပ်တွင်တွင်ပြောလို့မှမရဘဲ (မရပါ ဘုရား)။

ကဲ ဒကာ ဒကာမတို့ သန္တာန်မှာ ဝိညာဏ်ခြောက်မျိုးရှိတယ်မှတ်လိုက်ပါ (မှန်ပါ) မျက်လုံးဝိညာဏ်ဆိုတာ မြင်တတ်တဲ့ဝိညာဏ် (မှန်ပါ) နားဝိညာဏ်ဆိုတော့ ကြားတတ်တဲ့ဝိညာဏ် (မှန်ပါ့) နှာခေါင်းဝိညာဏ်ဆိုတာက မွှေးတာ၊ ကြိုင်တာ-ရှူတတ်၊ရှိုက်တတ်တဲ့ဝိညာဏ် (မှန်ပါ့ ဘုရား)။

လျှာဝိညာဏ်ဆိုတာက လျှာပေါ်မှာစားတတ်တဲ့ ဝိညာဏ် (မှန်ပါ) ကိုယ်ဝိညာဏ်ဆိုတာက ကိုယ်ပေါ်မှာ ယားတာ၊ နာတာ၊ ဟုတ်လား ဒုက္ခ၊ သုခတွေဟာလေ (မှန်ပါ့ ဘုရား)။

ဒုက္ခဖြစ်တာလဲ ကိုယ်ပေါ်မှာ ဒုက္ခဖြစ်လို့ ဒီနေရာကနာတယ်ဆို ဒီနေရာကိုယ်ဝိညာဏ်ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ဒီနေရာကလေး ဥပမာပေးလိုက်လို့ ကောင်းမြတ်တယ်ဆို ကိုယ်ဝိညာဏ်ပေါ့ဗျာ (မှန်ပါ့) သုခသဟဂုတ် ကာယဝိညာဏ် ဒုက္ခသဟဂုတ် ကာယဝိညာဏ်လို့ ဘုရားက ဟောတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ပဉ္စဝိညာဏ်ပေါ့ဗျာ၊ ပဉ္စ က ငါး၊ ဝိညာဏက ဝိညာဏ်၊ ဝိညာဏ်ဆိုတာ သိတာ (မှန်ပါ့ ဘုရား)။

ဒါဖြင့် မျက်လုံးထဲကအဆင်းသိတာလဲ ဝိညာဏ် (မှန်ပါ့) နားထဲကအသံသိတာလဲ (ဝိညာဏ်ပါ ဘုရား) နှာခေါင်းက အနံ့သိတာကော (ဝိညာဏ်ပါ ဘုရား) လျှာကချိုတယ် ချဉ်တယ် ငန်တယ် ဖန်တယ် အရသာသိတာကော (ဝိညာဏ်ပါ ဘုရား) ကိုယ်ပေါ်ကထူတယ် ပါးတယ် ပူတယ် အေးတယ် သိတာကော (ဝိညာဏ်ပါ ဘုရား) ကိုယ်ဝိညာဏ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီငါးခုကို ပဉ္စဝိညာဏ်လို့ ခေါ်တယ် (မှန်ပါ့) ပဉ္စဝိညာဏ သဘောကျပလား (ကျပါပြီ ဘုရား)။

မနောဝိညာဏ်ဆိုတာက ဒကာ ဒကာမတို့ ဒီကနေရန်ကုန်ကြံလိုက်၊ ဟင်္သာတကြံလိုက်ကြံပြီးပျောက်လိုက် (မှန်ပါ့ ဘုရား)။

သူကတော့လဲ ဟိုကဓမ္မာရုံနဲ့တွေ့လို့ ပေါ်လာတဲ့ဝိညာဏ်ကိုးဗျ (မှန်ပ့ါ) သူကဝမ်းထဲမှာပေါ်တဲ့ ဝိညာဏ်ဖြစ်လေသောကြောာင့် မနောဝိညာဏ် (မှန်ပါ့ ဘုရား)။

ဝိညာဏဓါတ်ခြောက်ပါး

ဒါဖြင့်စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ်၊ မနောဝိညာဏ် (မှန်ပါ့) ဝိညာဏဓါတ်ခြောက်ပါး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိညာဏ်ဘယ့်နှစ်ပါး ရှိသတုံး (ခြောက်ပါးပါ ဘုရား) မျက်လုံးထဲမြင်တာ မျက်စိဝိညာဏ် (မှန်ပါ့) မြန်မာလို ပြောရင်တော်ပြီ (မှန်ပါ့ ဘုရား)။

နားထဲကြားတော့ ကြားတတ်တဲ့နားဝိညာဏ် (ကြားတဲ့ဝိညာဏ်) သဘောကျပလား (ကျပါပြီ) နှာခေါင်းထဲက ရှုတဲ့ရှိုက်တဲ့အခါကျတော့ ရှူရှိုက်တတ်တဲ့ နှာခေါင်းဝိညာဏ် (မှန်ပါ့ ဘုရား)။

လျှာပေါ်ပေါ်တဲ့စိတ်တော့ လျှာဝိညာဏ် (မှန်ပါ့) ကိုယ်ပေါ်မှာပေါ်တဲ့စိတ်ကျတော့ (ကိုယ်ဝိညာဏ်ပါ ဘုရား) ဝမ်းထဲမှာပေါ်တဲ့စိတ်တော့ (မနောဝိညာဏ်ပါ ဘုရား)။

ဒါဖြင့်ဝိညာဏ်ဟာ ဘယ်နှစ်ပါးရှိသလဲ (ခြောက်ပါးပါ ဘုရား)။

ဒကာ ဒကာမတို့ ဝိညာဏဓါတ် ခြောက်ပါးဆိုတာ ဒါဘဲ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒီဝိညာဏ်ဟာက ဒကာ ဒကာမတို့ စဉ်းစားကြည့်စမ်းပါတဲ့ မျက်လုံးထဲမြင်နေတဲ့ ဝိညာဏ်ဖြစ်နေလို့ရှိရင် မနောထဲက ကြံစည်တဲ့ဝိညာဏ်မလာဘူး (မှန်ပါ့ ဘုရား)။

နားထဲကကြားနေတဲ့အခါ နားဝိညာဏ်ကလေးတစ်ခုဘဲရှိတယ် ကျန်တဲ့ ဝိညာဏ်ငါးပါးက (မရှိပါ ဘုရား) မရှိဘူးဆိုတာပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့်ဝိညာဏ်သည် ခန္ဓာကိုယ်ထဲမှာ ခြောက်ခုရယ်လို့ ရှိကောင်းတာသာပြောတာ ဖြစ်တော့ တဝိညာဏ်ဘဲ ဖြစ်တယ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဝိညာဏ်ဘယ်နှစ်ပါးရှိသလဲ (ခြောက်ပါးရှိပါတယ်) ဝိညာဏ်ခြောက်ပါးရှိတယ်ဆိုတာ ဝိညာဏ ဓါတ်ခြောက်ပါးဆိုတာပါဘဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီဝိညာဏ် အမြဲရှိမရှိ စဉ်းစားစမ်း၊ ဒါမှ သဿတပြုတ်မယ် (မှန်ပါ့) ရှိကောင်းတာကတော့ ဝိညာဏ်ခြောက်မျိုး (မှန်ပါ့) အမြဲရှိ-မရှိ အကဲခတ်ကြပါ (မရှိပါ ဘုရား)။

သူ့အကြောင်းပြမှ လုံလောက်မယ်

အမြဲရှိ-မရှိ အကဲခတ်တဲ့အခါကျတော့ ဒကာ ဒကာမတွေ သူ့အကြောင်းပြမှ လုံလောက်မယ် (မှန်ပါ့) အကြောင်းမပြရင် (မလုံလောက်ပါ ဘုရား)။

မလုံလောက်ပါဘူးတဲ့၊ သူ့ဟာသူ ဒီအတိုင်းမရှိဘူးဆိုလို့လဲ မဖြစ်ဘူး (မှန်ပါ့)။

ဒကာ ဒကာမတို့ ဒီအထဲကလူရှင်မှာတော့ မြင်တတ်တဲ့မျက်လုံးမှာ သူငယ်အိမ်အကြည်ရုပ်ကလေးရှိတယ် (မှန်ပါ့) အဲဒီအကြည်ရုပ်ကလေးက ဒါက မျက်လုံးအကြည်ရုပ်ကလေးထား (မှန်ပါ့)။

ဒီဘက်က ဖြူ-နီ-ကြောင်ကြားဆိုတဲ့ အဆင်းထား (မှန်ပါ့) ဒီကအကြည်နဲ့ ဟိုက ဖြူနီကြောင်ကြားနဲ့ ဒကာ ဒကာမတို့ တည့်တဲ့အခါမှာ မျက်လုံးဝိညာဏ်ပေါ်တယ် (မှန်ပါ့)။

ဒါကြောင့်ဘုရားက “စက္ခုံ စ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခု ဝိညာဏ”ဆိုပြီး ဒါကလေးပေါ်တယ်လို့ ဟောတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် မျက်လုံးအကြည့်နဲ့ ဟိုကအဆင်းတစ်ခုခုနဲ့တည့်မှ မြင်ဝိညာဏ်ပေါ်တယ် (မှန်ပါ့ ဘုရား)။

ကောင်းပြီ ဒီလိုမတည့်လို့ရှိရင် ဘယ့်နှယ်ဆိုကြမလဲ (မပေါ်ပါ) မတည့်လို့ရှိရင် ပေါ်ကိုမပေါ်ဘူး (မှန်ပါ့) တည့်ရင် ပေါ်ပြန်တယ် (မှန်ပါ့)။

ပေါ်ပြီးတော့လဲ ဒီနေရာမှာ ပေါ်ပြီး သကာလ ဒီနေရာမှာဘဲ သူ ၁ မှာပေါ်တယ်၊ ၂ မှာပျက်သွားတယ် (မှန်ပါ့) ဒါဖြင့် ဒီ ဝိညာဏ်မြဲရဲ့လား (မမြဲပါ ဘုရား)။

ဒီအကြောင်းနှစ်ခုကြောင့်ပေါ်တာကိုး (မှန်ပါ့) အကြောင်းနှစ်ခု တစ်ခုခုချုပ်ရင် သူချုပ်ရမယ် (မှန်ပါ့) ဒါဖြင့် ဒီဝိညာဏ်မြဲမမြဲ (မမြဲပါ ဘုရား)။

ဒကာကြွယ် ဒါဖြင့် ဒီဝိညာဏ်မမြဲလို့ရှိရင် ဒီ့ပြင်ဝိညာဏ်တွေကော (မမြဲပါ) ဒီလိုအကြောင်းနှစ်ခုကြောင့် ပေါ်ကြမယ် (မှန်ပါ့)။

ဒါဖြင့် အကြောင်းနှစ်ခု ညီညွတ်ရင် ဝိညာဏ်ဖြစ်တယ် (မှန်ပါ့ ဘုရား) အကြောင်းနှစ်ခုတစ်ခုခုချို့တဲ့ရင် (မဖြစ်ပါ ဘုရား)။

ဝိညာဏ်မဖြစ်ဘူးဆိုတော့ ဒကာ ဒကာမတို့ ဒီကတည်းက အကဲခတ်လိုက် မြဲတဲ့တရားလား ၊ မမြဲတဲ့တရားလား (မမြဲတရားပါ) မမြဲတရားဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် ဒီဝိညာဏ်က ဘယ့်နှယ်လုပ်ပြီးခင်ဗျားတို့ ဟိုဝမ်းခေါင်း၊ ဒီဝမ်းခေါင်း ပြောင်းသလဲ (မပြောင်းပါ ဘုရား)။

စက္ခုဝိညာဏ်ကလဲ မပြောင်းဘူး (မှန်ပါ့) သောတဝိညာဏ်ကကော (မပြောင်းပါ) နှာခေါင်းထဲမှာဖြစ်တဲ့ ဝိညာဏ်ကကော (မပြောင်းပါ) လျှာပေါ်မှာပေါ်တဲ့ ဝိညာဏ်ကကော (မပြောင်းပါ) ကိုယ်ပေါ်မှာပေါ်တဲ့ဝိညာဏ် (မပြောင်းပါ) မနောထဲမှာရှိတဲ့ဝိညာဏ် (မပြောင်းပါ) ဒီနေရာမှာပေါ်ပြီး ဒီနေရာပျောက်တာဘဲ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

အကြောင်းတိုက်ဆိုင်ရင်ပေါ်တယ် (မှန်ပါ့) အကြောင်းချို့တဲ့ရင် (မပေါ်ပါ) မပေါ်ဘူး၊ ပျက်စီးသွားတယ် (မှန်ပါ့)။

ဖြစ်တတ်ပျက်တတ်တဲ့ ဓမ္မ

ဒါဖြင့် ပေါ်လိုက်ပျောက်လိုက်ဖြစ်တဲ့ ဓမ္မဆိုတော့ ဖြစ်တတ်ပျက်တတ်တဲ့ ဓမ္မ (မှန်ပါ့)။

ဝိညာဏ်ခြောက်ပါးလုံး ဘယ်လိုယူကြမလဲ (ဖြစ်တတ် ပျက်တတ်တဲ့ ဓမ္မပါ) ဖြစ်တတ် ပျက်တတ်တဲ့ ဓမ္မဘဲဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

တစ်ခါစဉ်းစားဦး၊ မျက်လုံးမှာပေါ်တဲ့ ဝိညာဏ်ဟာ နားထဲများ ပေါ်နိုင်သေးရဲ့လား (မပေါ်နိုင်ပါ) ပြောင်းတောင်မပြောင်းနိုင်ပါဘူး (မှန်ပါ့) ဒီနေရာတွင်ပေါ် ဒီနေရာတွင်ပျက်တယ် (မှန်ပါ့)။

နားထဲပေါ်တဲ့ ဝိညာဏ်ကလေးဟာ မျက်လုံးများ ပြောင်းနိုင်သေးရဲ့လား (မပြောင်းနိုင်ပါ) နို့မဟုတ်ရင် ကြားလဲကြား မြင်လဲမြင်ဖြစ်နေမှာပေါ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ စဉ်းစားကြည့်ပါတဲ့ ဝိညာဏ်ဟာ ဒီနေရာပေါ် ဒီနေရာပျောက်တာဘဲ (မှန်ပါ့) မျက်လုံးရုပ်ပေါ် ပေါ်တဲ့ဝိညာဏ်ဟာ (မျက်လုံးရုပ်ပေါ်မှာဘဲ ပျောက်ပါတယ် ဘုရား)။

မျက်လုံးရုပ်ပေါ်မှာပေါ်တဲ့ ဝိညာဏ်ဟာ မျက်လုံးရုပ်ပေါ်မှာဘဲ ပျောက်တယ် (မှန်ပါ့) နားရုပ်ပေါ် ပေါ်တဲ့ ကြားတဲ့ဝိညာဏ်ဟာ (နားရုပ်ပေါ်မှာဘဲ ပျောက်ပါတယ် ဘုရား)။

ကဲ ဒကာ ဒကာမတို့ ဘယ်များ ဝိညာဏ်ကလေးဟာ သွားတွယ်နေပါလိမ့်မတုံးလို့ မေးစရာလိုသေးသလား (မလိုပါ ဘုရား)။

ဪ ဒါဖြင့် ဒီတရားကလေးဟာ အကြောင်းတိုက်ဆိုင်ရင် ဖြစ်တာဘဲ (မှန်ပါ့) အကြောင်းချုပ်ရင် (ချုပ်ပါတယ် ဘုရား)။

သူများသဘောနဲ့ ဖြစ်ရတဲ့ဝိညာဏ်

ဒါဖြင့် သူ့ဟာက သူ့သဘောရှိရဲ့လား (မရှိပါ) သူများသဘောနဲ့ ဖြစ်ရတဲ့ဝိညာဏ် (မှန်ပါ့) ဒီအကြောင်းနှစ်ခု တိုက်ဆိုင်လို့ဖြစ်တယ် (မှန်ပါ့) မတိုက်ဆိုင်ရင် ချုပ်ပြန်တယ် (မှန်ပ့ါ)။

သောတဝိညာဏ်ကလဲ အကြောင်းနှစ်ခုတိုက်ဆိုင်ရင် (ဖြစ်ပါတယ်) ဒီက နားအကြည်ရုပ်ရယ် ဒီက အသံကလေးရယ် လေလှိုင်းက ယူဆောင်လာရင် ဟာ ကြားတယ်ဆိုတာဖြစ်လာတာ (မှန်ပါ့)။

ကြားတဲ့ ဝိညာဏ်ဖြစ်ပါတယ်၊ ဒါကလေးဟာလဲ ဖြစ်ပေါ်တဲ့နေရာမှာ ဖြစ်ပြီး ဒီနေရာမှာဘဲ ပျောက်ရတယ် (မှန်ပါ့) ရွေ့နိုင်သေးရဲ့လား (မရွေ့နိုင်ပါ ဘုရား)။

နှာခေါင်း ဝိညာဏ်ကလဲ နှာခေါင်းအကြည်ရုပ်နဲ့ ဟိုကအနံ့နဲ့ပေါင်းမိမှ မွှေးတယ်၊ ကြိုင်တယ်ဆိုတဲ့ ဝိညာဏ်ကလေးဖြစ်တယ် (မှန်ပါ့) သူလျှာပေါ်မှာ သွားပေါ်နိုင်သေးရဲ့လား (မပေါ်နိုင်ပါ ဘုရား)။

ဪ ဒါဖြင့် ဒီနေရာဖြစ် ဒီနေရာပျက်ဘဲဆိုတာ ပေါ်လာကြပြီ (ပေါ်လာပါပြီ) ဘဝပြောင်းသေးသလား (မပြောင်းပါ ဘုရား)။

ဝိညာဏ်ကလေးကို ဒါအသက်ခေါ်နေကြတာဘဲ (မှန်ပါ့) ဒါကလေးဟာ ဟေ့ ဘဝပြောင်းသွားပြီလို့ ပြောင်းနိုင်သေးရဲ့လား (မပြောင်းနိုင်ပါ) ဒီနေရာဖြစ် ဒီနေရာပျက်ဘဲ (မှန်ပါ့ ဘုရား)။

ဦးမာဒင်တို့ ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား) ဦးသန်းမောင်တို့ ရိပ်မိပြီ (ရိပ်မိပါပြီ) ဦးဘထွေးကော (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒီနေရာဖြစ် ဒီနေရာပျက်ဘဲ၊ ဒါကြောင့်နားထဲမှာဖြစ်တယ်၊ နားထဲမှာဖြစ်ပျက်ရှုဟေ့ (မှန်ပါ့) နှာခေါင်းထဲ မှာ စိတ်ကလေးဖြစ်ရင် (နှာခေါင်းထဲမှာ ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဒီနေရာဖြစ်လို့ ဒီနေရာပျက်တာဘဲ (မှန်ပါ့)။

ဝမ်းထဲမှာ ကြံစိတ်ကလေး ဒီကနေပြီး မနောအကြည်နဲ့ ဟိုကရန်ကုန်မှာရှိတဲ့ အာရုံတွေ သွားပြီးတွေးလိုက်တယ် (မှန်ပါ့) တွေးလိုက်တဲ့အခါ သိတဲ့စိတ်ကလေး ပေါ်လာတယ် ဟိုမှာ ဘယ်နေရာ ဘာထားခဲ့တယ်ဆိုတာ သိတဲ့စိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ်) ပေါ်ပြီး ဒီနေရာ ဝမ်းထဲမှာပေါ်ပြီး၊ ဝမ်းထဲမှာပျက်တာဘဲ (မှန်ပါ) သူသာမပျက်ဘူး ဒီအတိုင်းခံနေမယ်ဆိုလို့ရှိရင် ဒီ့ပြင်ဟာကိုကြံလို့မရတော့ဘူး (မှန်ပါ့) ရနိုင်စရာရှိသေးရဲ့လား (မရှိပါ ဘုရား)။

သူ့နေရာနဲ့သူပေါ်၍ သူ့နေရာမှာသူပျက်တယ်

ဒါဖြင့် ဒီဝိညာဏ်ခြောက်ပါးသည် ဒကာ ဒကာမတို့ သူ့နေရာနဲ့သူပေါ်၍ သူ့နေရာမှာသူပျက်တယ် (မှန်ပါ့) သူ့နေရာသူပေါ် (သူ့နေရာသူပျက်ပါတယ်) ဘယ်ကိုရွှေ့သလဲ (ဘယ်မှမရွှေ့ပါ) ဘယ်မှမရွှေ့ဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဟာ ခင်ဗျားတို့ကို ဆောင်နေတဲ့အသက်ပါဘဲ၊ ဘယ်မှမရွှေ့နိုင်ဘူး (မှန်ပါ့) ဒီနေရာ အနိစ္စရောက်တယ်ဆိုရင် ဒီနေရာဘဲ ပြီးသွားတာဘဲ (မှန်ပါ့ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် အသက်ထွက်တယ်ဆိုတာလွှဲပြီ (လွှဲပါတယ် ဘုရား) ဦးမာဒင် အသက်ထွက်သေးသလား (မထွက်ပါ ဘုရား) အသက်ကော ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား) ဝိညာဏ်စိတ်ပါ (မှန်ပါ့ ဘုရား) စိတ်မရှိရင် သေတယ် ခေါ်တာကိုး (မှန်ပါ့ ဘုရား)။

ဒီစိတ်ကလေးဟာလဲ ဒကာ ဒကာမတို့ ဒီနေရာဖြစ်ပြီး ဒီနေရာမှာ ချုပ်သွားတယ်၊ ဥပမာမယ် ဘုန်းကြီး ရှင်းပြစရာဘဲ ဒကာ ဒကာမတို့ (မှန်ပါ့)။

လေကလေးထုတ်တဲ့စိတ်ကလေးဟာ ဝမ်းထဲမှာပေါ်တော့ လေကလေးက ပြင်ဘက်ထွက်လာတယ် (မှန်ပါ့) အတွင်းဘက်ပြန်ပြီး ရှိုက်စိတ်ကလေး မလာတော့ဘူး ဆိုလို့ရှိရင်သေပြီ (မှန်ပါ့)။

အင်း ဘာမလာလို့သေတာပါလိမ့် (ရှိုက်စိတ်မလာလို့ သေတာပါ ဘုရား) ရှိုက်စိတ်မပေါ်လို့ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ)။

အရင်စိတ်ကလေးဟာ ထုတ်တဲ့စိတ်ကလေးဟာ ထုတ်ပြီး သူချုပ်သွားတာဘဲ (မှန်ပါ့) နောက်ရှိုက်တဲ့ဝိညာဏ် မလာတော့ ဒကာ ဒကာမတို့သေပြီ (မှန်ပါ့) ကဲ ဝိညာဏ်ထွက်သေးသလား (မထွက်ပါ ဘုရား)။

ဟိုသွားဒီသွား လည်နေသေးသလား

ဒါဖြင့် ဝိညာဏ်ကလေးဟာ ဟိုသွားဒီသွား လည်နေသေးသလား (မလည်ပါ ဘုရား) ဒီနေရာမှာဖြစ်ပြီး ဒီနေရာမှာပျက် (မှန်ပ့ါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ်လိုမှတ်ကြမယ် (ဒီနေရာမှာဖြစ်ပြီး ဒီနေရာမှာ ပျက်ပါတယ် ဘုရား)။

အဲဒီတော့ ဒီနေရာမှာဖြစ် ဒီနေရာမှာပျက်တယ်ဆိုတော့ ဪ အနိစ္စတရားဘဲ (မှန်ပါ့ ဘုရား) ဪ ဒုက္ခတရားဘဲ (မှန်ပါ့ ဘုရား) ဪ အနတ္တတရား, ဪ ဒုက္ခသစ္စာတရား (မှန်လှပါ ဘုရား) ဒီလိုဆိုတော့ ဝိပဿနာ ဉာဏ်ကဝင်လို့ရတယ် (မှန်ပါ့ ဘုရား)။

မဂ်ဉာဏ်ဝင်လို့ရတယ် (မှန်ပါ့ ဘုရား) ဟိုပြေး ဒီပြေးနိုင်တယ်လို့ ယူထားတော့ မဂ်ဉာဏ်ဝင်လို့ ရရဲ့လား (မရပါ ဘုရား)။

ဒါကြောင့် သာတိ မင်းသည်ကားလို့ဆိုရင်ဖြင့် ဝိညာဏ်ကလေး ဟိုရွေ့ဒီရွေ့ ရွေ့တယ်ဆိုတဲ့ ဒီအယူကြောင့် မောဃပုရိသမဂ်ဉာဏ်,ဖိုလ်ဉာဏ်မှ အချည်းနှီးဖြစ်သွားပြီ (မှန်ပါ)။

မင်း – မဂ်ဉာဏ်,ဖိုလ်ဉာဏ်မရတော့ဘူးလို့ ဆုံးဖြတ်ချက်ချ(မှန်ပါ့) ဝိညာဏ်ကို သဿတယူလိုက်တဲ့အတွက် ဆိုတာ ရိပ်မိကြပြီ (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ အသက်ထွက်တယ်ဆိုတာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) ဘဝပြောင်းတယ် ဆိုတာကော (မဟုတ်ပါ ဘုရား) ပြောင်းကော ပြောင်းလို့ရရဲ့လား (မရပါ ဘုရား) မရပါဘူး၊ ဒီတွင် ချုပ်နေတဲ့ ဥစ္စာကြီး ဦးမာဒင် ဘယ်သွားပြောင်းမှာတုံး (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ နှုတ်တက်နေလို့ပြောနေတဲ့ စကားတွေဟာလဲ တစ်ချို့ ဒီအတိုင်းထင်ပါရဲ့လို့ဆိုတော့ သဿတဒိဋ္ဌိ ဘက် တစ်ခါတည်း နောက်လူတွေ ဝင်သွားတယ် (မှန်ပါ့)။

ဒကာကြွယ် သိပ်ကြောက်စရာကောင်းပါလား (ကောင်းပါတယ် ဘုရား) ဒါဖြင့် မဂ်ဖိုလ်တား မတား (တားပါတယ်) ဘာဒိဋ္ဌိမို့တားသတုံး (သဿတဒိဋ္ဌိမို့ တားပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီဒိဋ္ဌိပြုတ်ပလား

ဒါဖြင့် ဒကာ ဒကာမတွေ ဒီဒိဋ္ဌိပြုတ်ပလား (ပြုတ်ပါပြီ ဘုရား) မျက်လုံးဝိညာဏ်ဟာလဲ ဘယ်မှာပေါ်သတုံး ဘယ်မှာပျက်သတုံး (မျက်လုံးရုပ်ပေါ်မှာပေါ်ပြီး မျက်လုံးရုပ်ပေါ်မှာဘဲ ပျက်ပါတယ် ဘုရား)။

မနောဝိညာဏ်ဟာလဲ ဘယ်မှာပေါ်သတုံး ဘယ်မှာပျက်သတုံး (ဝမ်းထဲမှာပေါ်ပြီး ဝမ်းထဲမှာ ပျက်ပါတယ် ဘုရား) အဲ ဝမ်းထဲမှာဘဲပေါ်ပြီး ဝမ်းထဲမှာဘဲပျက်တယ် (မှန်ပါ့) ဘယ်များ ရွှေ့သေးသတုံး (ဘယ်မှ မရွှေ့ပါ ဘုရား) သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် သူတို့သည် ဖြစ်ပျက်တရား (မှန်ပါ့) အနိစ္စာဝတသင်္ခါရတရား (မှန်ပါ့ ဘုရား) သေချာပလား (သေချာပါပြီ ဘုရား)။

ကိုယ့်အသေကိုယ်မြင်တယ်ကွ

အဲ့ဒါကြောင့် ဒီဝိညာဏ်ပေါ်ရာကို ခင်ဗျားတို့ ဖြစ်ပျက်ရှုလိုက်ပါ (မှန်ပါ့) ရှုလိုက်လို့ရှိရင် ဖြစ်ပျက်ရှုတာက မဂ် (မှန်ပ့ါ ဘုရား) ဖြစ်ပျက်ရှုတာက မဂ်ဆိုတော့ ကိုယ့်အသေကိုယ်မြင်တယ်ကွလို့ ဆရာဘုန်းကြီး ခဏခဏပြောတာ ဒါဘဲ (မှန်ပါ့)။

ဒကာ ဒကာမတို့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဝိပဿနာရှုတယ်ဆိုတာ ဘာကိုအရှုခိုင်းတာပါလိမ့် (ကိုယ့်အသေ ကိုယ်ရှုခိုင်းတာပါ ဘုရား)။

အဲ ကိုယ့်အသေကိုယ်ရှုလို့ မြင်ပြီဆိုရင် ဪ ခဏခဏသေနေရပါကလားလို့ မုန်းတယ် (မှန်ပါ့) အသေ ဒုက္ခကြီးနဲ့ဖြင့်နေဘဲ မနေချင်တော့ပါဘူးလို့ ဆိုလို့ရှိရင်ဖြင့် ဝိညာဏ်တွေ အကုန်ချုပ်ပြီး နိဗ္ဗာန်ပေါ်လာမှာဘဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။