12110

မာတိကာသို့

ဒိဋ္ဌိသုံးပါးကွာရေးဒေသနာ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ် ဆရာတော်ဘုရားကြီး

အမရပူရမြို့ဓမ္မာရုံ၌ ဟောကြားတော်မူအပ်သော

(ဒိဋ္ဌိသုံးပါးကွာရေးဒေသနာ)နေ့အလုပ်ပေးတရားတော်

(၁၂-၁၀-၆၁)

ဝေဒနာရှုပြီး နိဗ္ဗာန်ဝင်ပုံ

သိကြားမင်းကြီးကို မြတ်စွာဘုရား သခင်ကိုယ်တော်မြတ်ကြီးက ဝေဒနာရှုပြီး သကာလ နိဗ္ဗာန်ဝင်ပုံကို စူဠတဏှာသင်္ခယသုတ်ဆိုပြီး သကာလ ဟောခဲ့တယ် (မှန်ပါ့)။

သူ့ဝတ္ထုကတော့ အရှည်ကြီးပေါ့ဗျာ (မှန်ပါ့) ရှည်ပင် ရှည်ငြားသော်လဲ အလုပ်စခန်းက ဝေဒနာရှုပြီး သကာလ ဝေဒနာဖြစ်ပျက်မြင်လို့ ဝေဒနာမုန်းလို့ ဝေဒနာဆုံးတဲ့ နိဗ္ဗာန်ရောက်တယ်ဆိုတာဟာ လိုရင်းက ဒါပဲပါတယ် (မှန်ပါ့)။

အဲဒီတော့ ဝေဒနာရှုတဲ့ပုဂ္ဂိုလ်များမှာဖြင့် ဝေဒနာသုံးပါးလှည့်ရှုပြီး သကာလ ဒကာ ဒကာမတွေ ခန္ဓာဉာဏ် လှည့်ပြီး ဝေဒနာပေါ်တိုင်းလိုက်နေလို့ရှိရင် ဝေဒနာ၏ ဖြစ်ပျက်ကို မြင်ပါလိမ့်မယ်နော် (မှန်ပါ့) ဝေဒနာတွေ၏ ဖြစ်ပျက်ကိုလဲ ရှုဖန်များရှုရင် ကိုယ့်ခန္ဓာအသေ ကိုယ်မြင်လို့ မုန်းပါလိမ့်မယ် (မှန်ပါ့ ဘုရား)။

ဝေဒနာသည်ကား လို့ ဆိုလိုရှိရင်ဖြင့် နောက်ဆုံး သုံးဉာဏ်တက်ချင်တော့ ဒုက္ခသစ္စာအစစ်ပါကလားလို့ ဒကာ ဒကာမတွေက ဝေဖန်လိုက်လို့ရှိရင်လဲ ဝေဒနာဆုံးပါလိမ့်မယ် (မှန်ပါ့)။

ဒီကဲ့သို့ ဝေဒနာဆုံးလို့ရှိရင်လဲ “ဝေဒနာနံ ခယာ ဘိက္ခု နိစ္ဆာတော ပရိနိဗ္ဗုတော” ဆိုတဲ့အတိုင်း ခန္ဓာရှိလျက်နဲ့ ကိလေသပရိနိဗ္ဗာန်စံတဲ့အတွက် နိဗ္ဗာန်မြင်ရပါတယ် (မှန်ပါ့)။

တဏှာ အကြီးအကျယ် ကုန်အောင်လုပ်တဲ့ သုတ်

အဲဒါ သိကြားမင်းကို ဟောတဲ့သုတ်လို့ မှန်ထားပါ (မှန်ပါ့) ယနေ့တော့ မဟာတဏှာသင်္ခယသုတ် တဏှာ အကြီးအကျယ် ကုန်အောင်လုပ်တဲ့ သုတ်ဆိုပြီး သကာလ မူလပဏ္ဏာသပါဠိတော်မှာလဲ ဒကာ ဒကာမတွေ ယနေ့ မှတ်ရလိမ့်မယ် (မှန်ပါ့)။

သူ့အဓိပ္ပါယ်ကို မပြောမီ ဒကာ ဒကာမတွေ ရှေ့ပိုင်းက ရှင်းထားဖို့ရာက ဒကာ ဒကာမတွေမှာ တစ်သံသရာလုံး မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ကို မရခဲ့တဲ့လက်သည်ကို ရှာကြစို့ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေမှာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို နိဗ္ဗာန်ကို မရခဲ့တဲ့ လက်သည်ရှာလိုက်တော့ကိုကွာတဲ့၊ ဒိဋ္ဌိ သုံးမျိုး တမျိုးမျိုးကပ်နေလို့ လို့ မှတ်လိုက်တာပေါ့ (မှန်ပါ့)။

ဒိဋ္ဌိသုံးမျိုး (တမျိုးမျိုးကပ်နေလို့ပါ ဘုရား) ဒိဋ္ဌိသုံးမျိုး တမျိုးမျိုးကပ်နေလို့ လို့ မှတ်ပါ (မှန်ပါ့)။

မဟာဏှာသင်္ခယသုတ် ဟောတော့မယ်ဆိုတော့ ဒိဋ္ဌိခွါရမယ်၊ ဒိဋ္ဌိခွါပြီးတော့မှ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်ရ ရမယ်ဆိုတာကို ကိုယ်တော်မြတ်ကြီးက သေသေချာချာ ဟောသည်ဖြစ်လေသောကြောင့် ဒကာ ဒကာမတွေ ဒီသုတ်မစမီ ကိုယ့်ကိုယ်တိုင် ဒိဋ္ဌိသုံးမျိုးကိုဖြင့် မရှိအောင် ရှင်းလင်းထားဖို့ အရေးဟာ အတော်ကြီးတဲ့ အရေးလို့လဲ မှတ်ထားကြပါ (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိသုံးမျိုးက ဘာတုံး

ဒိဋ္ဌိသုံးမျိုးက ဘာတုံးလို့မေးတော့ သက္ကာယဒိဋ္ဌိ-သဿတဒိဋ္ဌိ-ဥစ္ဆေဒဒိဋ္ဌိ (မှန်လှပါ ဘုရား)။

ဒီသုံးမျိုး တခုခုခံနေလို့ရှိရင်ဖြင့် ဝမ်းထဲမှာ ဆရာကလဲ ရှင်းမပေး၊ ဒကာ ဒကာမတွေ ဉာဏ်ထဲမှာလဲ မရှင်းလင်းလို့ရှိရင် ဝိပဿနာအလုပ်ကို ဘယ်လိုပင် အားထုတ်သော်လဲ မဂ်ဖိုလ်မရလို့ မှတ်လိုက် (မှန်ပါ့)။

ဒိဋ္ဌိဘယ်နှစ်မျိုးပါလိမ့် (သုံးမျိုးပါ ဘုရား) ဘာပါ-ဘာပါလိမ့် (သက္ကာယဒိဋ္ဌိ-သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)။

သေသေချာချာ မှတ်ကြပါ၊ သေသေချာချာ မှတ်ကြပါ၊ ဒီဥစ္စာက တသံသရာလုံး ဒို့မှာ မဂ်ဉာဏ် ဖိုလ်ဉာဏ်နဲ့ ဝေးပြီး သကာလ နေခဲ့ပြီး အိုဘေး၊ နာဘေး၊ သေဘေး အပါယ်ဘေးတွေနဲ့သာ အချိန်ကုန်ပြီး သကာလ နေခဲ့ရတာသည် ဘယ်သူတားမြစ်လို့ ဒို့သည် ဘုရားအဆူဆူနဲ့ လွဲပြီး သကာလ ဒီဘေးတွေနဲ့ တွဲနေရပါလိမ့်မလဲလို့ ဒိဋ္ဌိသုံးမျိုးထဲက တမျိုးမျိုး ငြိနေလို့သာ တကာကြွယ်-တကာသစ် မှတ်လိုက်စမ်းပါ (မှန်ပါ ဘုရား)။

ဒိဋ္ဌိသုံးမျိုးထဲက (တမျိုးမျိုးငြိနေလို့ပါ ဘုရား) တမျိုးမျိုးငြိနေလို့ (မှန်ပါ့)။

ဪ ဒါဖြင့် ဒကာ ဒကာမတွေ နိဗ္ဗာန်အကန့်ကွက်ဆုံးဟာ ဘယ်သူပါလိမ့်ဗျာ (ဒိဋ္ဌိပါ ဘုရား) သေသေချာချာ မှတ်ပါ (မှန်ပါ့) နိဗ္ဗာန်အကန့်ကွက်ဆုံးဟာလေ (ဒိဋ္ဌိပါ ဘုရား)။

တကယ့် ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ရောက်မှုကျတော့ ဒီသုံးခုတစ်ခုခုရှိရင် ဒကာ ဒကာမတို့ ဘယ်တော့မှ မရောက်လို့မှတ်ပါ (မှန်ပါ့) မှတ်မိကြပလား (မှတ်မိပါပြီ ဘုရား)။

ဒိဋ္ဌိဘယ်နှစ်မျိုးပါလိမ့် (သုံးမျိုးပါ ဘုရား) ရေစမ်းပါဦး (သက္ကာယဒိဋ္ဌိ သဿတဒိဋ္ဌိ-ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)။

မဂ္ဂန္တရာယ်ဆိုတာ

ဒကာကြွယ် ဒီဒိဋ္ဌိသုံးမျိုးဟာ မဂ္ဂန္တရာယ်လို့ခေါ်တယ်နော် (မှန်ပါ့) မဂ္ဂန္တရာယ်ဆိုတာ မဂ်၏အန္တရာယ် (မှန်ပါ့) မဂ်ကို မရအောင်ထားတဲ့အထဲမှာ သူတို့သုံးခုပဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

နတ်ရွာသုဂတိမတားဘူး (မှန်ပါ့ ဘုရား) ဗြဟ္မာပြည်လဲ (မတားပါ ဘုရား) တကယ့် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်သွားတော့မယ်ဆိုတော့ (တားပါတယ် ဘုရား)။

ဒါဖြင့် ဒီဝမ်းထဲမှာ ဒကာ ဒကာမတွေ၏ ခန္ဓာကိုယ်ထဲမှာ ဒီသုံးမျိုးစလုံး ဆရာလုပ်တဲ့ပုဂ္ဂိုလ်က ရှင်းမပေး (မှန်ပါ့)။

ဒကာ ဒကာမတွေကလဲ ဉာဏ်ထဲမှာရှင်းမထား (မှန်ပါ့) ဆရာကလဲ ရှင်းမပေး၊ ဒကာ ဒကာမတွေကလဲ မရှင်းဘဲထားကြမယ်ဆိုလို့ရှိရင်ဖြင့် နောက် မြတ်စွာဘုရားတွေ ဂင်္ဂါဝါဠုသဲစုနဲ့အမျှ ပွင့်ငြားသော်လဲ ခင်ဗျားတို့ ဒိဋ္ဌိက တားတာနဲ့ မရပါဘူး (မှန်ပါ့) အင်မတန်နစ်နာမယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဦးမာဒင်ရေ- ဒိဋ္ဌိ အရေးကြီးတယ် (အရေးကြီးပါတယ် ဘုရား)။

အဲဒါ မဟာတဏှာသင်္ခါယသုတ်ဟောမယ်လို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး တန်ဆာဆင်လို့ ဘုန်းကြီးများက ရှေ့ပိုင်းကနေပြီး သကာလ ဒိဋ္ဌိအရေးကြီးတဲ့သုတ်ကို ဘုရားက ဟောမှာကြောင့် ဒိဋ္ဌိကိုရှေ့ပိုင်းက ဆရာဘုန်းကြီးက ရှင်းပေးနေတယ် မှတ်ကြရမယ် (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ဆရာဘုန်းကြီးရှင်းတာပဲ ဒကာ ဒကာမတွေ ဉာဏ်ထဲမှာ လင်းသွားအောင် ကိုယ်ကိုယ်တိုင် နားထောင်တာပေါ့ (မှန်ပါ့ ဘုရား)။

ဆာမှပေါ်လာတဲ့စိတ်ပဲ

ဥပမာမယ် စားချင်တဲ့စိတ်ကလေးပေါ်လာတယ် (မှန်ပါ့) စားချင်တဲ့စိတ်ကလေးပေါ်လာတယ် ဝမ်းထဲမှာ ထမင်းဆာလိုက်တာဆိုတော့ ထမင်းစားချင်တဲ့စိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

အင်း ထမင်းစားချင်တဲ့စိတ်ကလေးဟာ အခုမှပေါ်လာတာ (မှန်ပါ့) ဝ နေတုန်းကပေါ်လာတာလား၊ အခု ဆာမှပေါ်လာတာလား (အခုဆာမှပေါ်လာတာပါ) ဪ ဒါဖြင့် နဂိုကမရှိဘူး၊ ဆာမှပေါ်လာတဲ့စိတ်ပဲ (မှန်ပါ့)။

ဘယ်လို ဆာလာတုန်းလို့ မေးတဲ့အခါကျတော့ သူလဲအကြောင်းမရှိဘဲနဲ့ မဆာပါဘူး (မှန်ပါ့ ဘုရား)။

စိတ်ထဲကလဲ မနောထဲကလဲ အင်း ထမင်းစားချိန်ရောက်ပြီဆိုပြီး ထမင်းဘက်လဲ စိတ်ကလေးလှည့်လိုက်ပါ ရော ဆာတဲ့စိတ်ကလေးဟာ တခါတည်း ဖျတ်ခနဲပေါ်လာတယ် (မှန်ပါ့) သတိမရရင်လဲ မပေါ်ဘူး (မပေါ်ပါ ဘုရား)။

ဒါဖြင့် ဒီထမင်းစားချင်တဲ့စိတ်ကလေးဟာ ဒကာ ဒကာမတို့ ထမင်းကြောင့်လဲပေါ်တယ် (မှန်ပါ့) မနော အကြည်ဆိုတဲ့ ကိုယ့်ဝမ်းထဲမှာရှိတဲ့ မှန်ကလဲ ထမင်းဘက်ကို လှည့်လိုက်တယ် (မှန်ပါ့ ဘုရား)။

ဝမ်းထဲမှာရှိတဲ့ မနောအကြည်မှန်က ဘယ်လှည့်လိုက်သလဲ (ထမင်းဘက်လှည့်ပါတယ် ဘုရား)။

ဒါဖြင့် ဝမ်းထဲမှာရှိတဲ့ဘဝင်အကြည်ဆိုတာက တခါတည်း ဒကာ ဒကာမတို့ ထမင်းချက်တဲ့ဘက် အဲဒီ ဟင်းနံ့ နံတဲ့ဘက်ကို သူလဲလှည့်လိုက်ပါရောတဲ့ ဆာလိုက်တာကွာ (မှန်ပါ့) ဒီအနံ့ကလေးရတော့ စားချင်လိုက်တာကွာ (မှန်ပါ့)။

အကြောင်းနှစ်ခုကြောင့် ပေါ်တယ်

ဒီအနံ့ကလေး ခုတော့ စားချင်လိုက်တာဆိုပြီး စားချင်တဲ့စိတ်ကလေးဟာ ဒကာ ဒကာမတို့ အလိုလိုပေါ် သလား၊ အကြောင်းနှစ်ခုကြောင့်ပေါ်သလား (အကြောင်းနှစ်ခုကြောင့် ပေါ်ပါတယ် ဘုရား)။

လူသေကျတော့ ဒီဘဝင်အကြည်က ဝမ်းထဲမှာရှိတဲ့ ဘဝင်အကြည်မှန်က ထမင်းဘက်မလှည့်တော့ဘူး (မလှည့်ပါ ဘုရား) မလှည့်တော့ စားချင်တဲ့စိတ် လာသေးသလား (မလာပါ ဘုရား)။

လူရှင်ကျတော့ အချိန်ကျလာရင် မနောအကြည်က ထမင်းဘက်လှည့်လိုက်တယ် (မှန်ပါ့) ထမင်းဘက် လှည့်လိုက်တော့ ထမင်းနဲ့ မနောအကြည်နဲ့သွားပြီး တိုးမိကြတယ် (မှန်ပါ့ ဘုရား) တိုးမိကြဆိုတာ တည့်တာပါပဲ (မှန်ပါ့)။

အဲဒီကဲ့သို့ တည့်လိုက်သည်နဲ့ တပြိုင်နက်တည်း စားချင်တဲ့စိတ်ကလေးဟာ ဖျတ်ခနဲဆို ဘဝင်အကြည်ပေါ်မှာ လာပေါ်တယ် (မှန်ပါ့) ဝမ်းထဲမှာ လာပေါ်တယ် (မှန်ပါ့)။

ဒါဖြင့် ဒကာသစ်တို့က ဒကာကြွယ်တို့က စဉ်းစားတာပေါ့နော် (မှန်ပါ့) ဒီစိတ်ကလေးဟာ အလိုလိုပေါ်သလား၊ စုပေါင်းပြီးလုပ်လိုက်တာလား (စုပေါင်းပြီး လုပ်လိုက်တာပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ထမင်းစားချင်တဲ့ စိတ်ကလေး မနောထဲမှာပေါ်လာတာ ကျုပ်ဝမ်းထဲမှာဖြင့် ထမင်း စားချင်တဲ့စိတ်ဟာ အရေးအကြီးဆုံးပေါ်နေတယ်လို့ဆိုတာ ဒကာ ဒကာမတွေ သူ မပေါ်ခင်က မနောအကြည်မှန်ကလဲ ထမင်းဘက်လှည့်လိုက်ပါတယ် (မှန်ပါ့ ဘုရား)။

ဟိုကလဲ ထမင်းကလဲ ရှိနေပါတယ် (မှန်ပါ့) ထမင်းနဲ့ မနောအကြည်နဲ့ နှစ်ခုပေါင်းပြီး သကာလ စားချင်တဲ့ စိတ်ကလေးဖြစ်ပါတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် မနောအကြည်နဲ့ ထမင်းနဲ့ နှစ်ခုပေါင်းပြီး သကာလ ပြုလုပ်လိုက်လို့ပေါ်လာတဲ့ ထမင်းဆာတဲ့စိတ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါ သေသေချာချာ နားထောင်ပါတဲ့၊ ဒီစိတ်ကလေးဟာ အလိုလိုပေါ်လာတာလား၊ အကြောင်းနှစ်ခုကြောင့် ပေါ်လာတာလား (အကြောင်းနှစ်ခုကြောင့်ပေါ်လာပါတယ် ဘုရား)။

လက်ခုပ်သံဥပမာပြ

လောကီဥပမာနဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရှင်းအောင် လင်းအောင် ပြောကြပါစို့ဆိုတော့ လက်နှစ်ခုကို ဒကာ ဒကာမတွေက အဝေးကနေပြီး လွှဲတဲ့ပြီးရိုက်လိုက်တဲ့အခါကျတော့ လက်ခုပ်သံဆိုတာ ထွက်လာတယ် (မှန်ပါ့) မထွက်လာဘူးလား (ထွက်လာပါတယ် ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို့ ပထမလက်ထဲမှာပဲ ဒီအသံပါသလား၊ ညာဘက်မှာလဲ ဒီအသံပါသလား၊ ဘယ်ဘက်မှာလဲ ဒီအသံပါသလားလို့မေးတော့ မပါပါဘူး (မှန်ပါ့ ဘုရား) သူတို့နှစ်ခုထိခိုက်မှုကြောင့် အသံဖြစ်ပါ တယ် (မှန်ပါ့)။

နှစ်ခုထိခိုက်မှုကြောင့် (အသံဖြစ်ပါတယ်) ဒီမှာလဲ ခင်ဗျားတို့ စားချင်တဲ့စိတ်ကလေးဆိုတာ အသံနဲ့တူပါ တယ် (မှန်ပါ့) မနောအကြည်နဲ့ ထမင်းအာရုံနဲ့ ထိမိတဲ့အတွက် သူ့ဘက်လှည့်မိတဲ့အတွက် စားချင်တဲ့စိတ်ကလေး ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

ဒါဖြင့် ဒီစိတ်ကလေးဟာ ဒကာ ဒကာမတို့ အခုမှ ပေါ်လာတဲ့စိတ်ဆိုရင်ဖြင့် ဦးမာဒင်တို့ လွဲပါမလား (မလွဲပါ ဘုရား) ဪ အခုမှပေါ်လာတဲ့စိတ်ပဲ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဒီစိတ်ကလေးဟာ ရှေးကပေါ်လာသလားတဲ့ ယခုမှ ထမင်းဘက်လှည့်လိုက်တာနဲ့ ပေါ်လာ တာလား (ယခုမှ ထမင်းဘက်လှည့်လိုက်တာနဲ့ ပေါ်လာတာပါ ဘုရား)။

ထမင်းဘက်လှည့်လိုက်လို့နော် (မှန်ပါ့) ထမင်းဘက်လှည့်လိုက်တာနဲ့ စားချင်တဲ့စိတ်ကလေးပေါ်တယ် (မှန်ပါ့)။

ကဲ အိပ်ရာထဲကနေပြီး သကာလ ဥပမာ ဦးမာဒင်တို့ လူစုတွေက လှည့်လိုက်တာပေါ့ဗျာ ရန်ကုန်လှည့်လှည့်၊ ဟင်္သာတ လှည့်လှည့်နော် (မှန်ပါ့ ဘုရား)။

အိပ်ရာထဲကနေ မနောအကြည်ကလေး လှည့်လိုက်တော့ ဟိုက သားတွေသမီးတွေကို ကြောင့်ကြတဲ့ စိတ် ကလေးကလဲ ဒီလာပေါ်တယ် (မှန်ပါ့ ဘုရား)။

ခင်တဲ့စိတ်ကလေးက (ဒီလာပေါ်ပါတယ်) စိုးရိမ်တဲ့စိတ်ကလေးက (ဒီလာပေါ်ပါတယ် ဪ မနောအကြည် လှည့်လိုက်တော့ ဟိုက ဓမ္မာရုံနဲ့သွားပြီး တိုက်ဆိုင်ကြတယ် (မှန်ပါ့ ဘုရား)။

အကြောင်းဘယ်နှစ်ခုပါလိမ့်

ဒါကြောင့် “မနဉ္စ ပဋိစ္စ ဓမ္မေစ ဥပ္ပဇ္ဇတိ မနောဝိညာဏ” ဆိုပြီး ဒီစိတ်ကလေးဟာ စိုးရိမ်ကြောင့်ကြတဲ့ စိတ်ကလေးလဲ ပေါ်တယ် (ပေါ်ပါတယ်) ဒါဖြင့် သူလဲ အကြောင်းဘယ်နှစ်ခုပါလိမ့် (အကြောင်းနှစ်ခုပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ထမင်းစားချင်တာလဲအကြောင်း နှစ်ခု (မှန်ပါ့) မျက်လုံးနဲ့ ကြည့်လို့ မြင်တဲ့အခါ မှာကော (အကြောင်းနှစ်ခုပါ ဘုရား) နားနဲ့ ထောင်တဲ့အခါမှာကော (အကြောင်းနှစ်ခုပါ ဘုရား)။

အကြောင်းနှစ်ခုကြောင့် စိတ်ပေါ်တယ်လို့ စိတ်ဟူသ၍ အကြောင်းနှစ်ခုကြောင့်ပေါ်တယ်လို့ ခင်ဗျားတို့ သန္တာန် ဘယ်စိတ်ပေါ်ပေါ်မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဘယ်စိတ်ပေါ်ပေါ် (အကြောင်းနှစ်ခုကြောင့် ပေါ်ပါတယ် ဘုရား) အကြောင်းနှစ်ခု တိုက်ဆိုင်လို့ ပေါ်တယ်လို့ ဒကာ ဒကာမတွေ နည်းပေးလိုက်ပါတယ် (မှန်ပါ့)။

အကြောင်းနှစ်ခု တိုက်ဆိုင်လို့ ပေါ်ပြီး သကာလ ဒီစိတ်မလှည့်တော့ဘူး ဒကာသစ်ရေဆိုတော့ အကြောင်း နှစ်ခု တခုခုချို့ရင်လဲ ဒီစိတ်ပျက်သွားတယ် (မှန်ပါ့ ဘုရား)။

ဒီစိတ်ကလေးသည် ဒကာ ဒကာမတို့ အကြောင်းနှစ်ခု တိုက်ဆိုင်လဲပေါ်တယ် (မှန်ပါ့) အကြောင်းနှစ်ခု တိုက်ဆိုင်လဲပေါ်တယ် (မှန်ပါ့) အကြောင်းနှစ်ခု တခုခုချို့သွားရင်လဲ (မပေါ်ပါ ဘုရား) ပျက်စီးသွားတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒီစိတ်ကလေးဟာလဲ ဒကာ ဒကာမတို့ ပေါ်လိုက်ပျောက်လိုက်ပေါ့ (မှန်ပါ့ ဘုရား)။

ထမင်းဆာတဲ့စိတ်ကလေးဟာလဲ (ပေါ်လိုက်-ပျောက်လိုက်ပါ ဘုရား) မြင်တဲ့စိတ်းကလေးဟာလဲ (ပေါ်လိုက်- ပျောက်လိုက်ပါ ဘုရား) ကြားတဲ့စိတ်ကလေး (ပေါ်လိုက်-ပျောက်လိုက်ပါ ဘုရား)။

အကြောင်းနှစ်ခု တိုက်ဆိုင်ရင်ပေါ်တယ် (မှန်ပါ့) မတိုက်ဆိုင်ရင်ပျက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

စိတ်ခြောက်မျိုးရှိတယ်

ဒါဖြင့် ဒကာ ဒကာမတို့သန္တာန်မှာ စိတ်ခြောက်မျိုးရှိတယ် (မှန်ပါ့) မြင့်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ယားယံစိတ်၊ ကြံစည်တွေးတောစိတ်ရယ်လို့ ခြောက်မျိုးရှိတယ် (မှန်ပါ့) အကြောင်းနှစ်ခုတိုက်ဆိုင်လို့ပေါ်တဲ့စိတ်ချည့် မှတ်လိုက်စမ်း (မှန်ပါ့ ဘုရား) ဒီစိတ်ကလေးသည် ဒကာ ဒကာမတို့ အကြောင်းနှစ်ခု တခုခုချို့ပြန်တော့လဲ ပေါ်တဲ့ စိတ်ကလေးဟာ ပျက်သွားတယ် (ပျက်သွားပါတယ် ဘုရား)။

ဒါဖြင့် ဒီစိတ်ကလေးသည် အာဂန္တုသဘောနဲ့ ပေါ်တယ် (မှန်ပါ့) အာဂန္တုသဘောနဲ့ ပျက်တယ် (မှန်ပါ့) ရှင်းပြီးနော် (ရှင်းပါပြီ ဘုရား)။

အာဂန္တုသဘောနဲ့ (ပေါ်ပါတယ် ဘုရား) အာဂန္တုသဘောနဲ့ (ပျက်ပါတယ်) ဒါဖြင့် ဒီစိတ်ကလေးဟာ ဖြစ်ပျက် ပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီလိုသိထားတော့ စိတ်ကလေး ပေါ်လာတာလဲ ဒကာ ဒကာမတွေက သိတယ် (မှန်ပါ့) ပြီးတော့ ပျက်သွားတာ၊ အကြောင်းမတိုက်ဆိုင်တော့လဲ တခုခုချို့သွားရင်လဲ (ပျက်ပါတယ် ဘုရား)။

ဒါဖြင့် ဒီစိတ်ကလေးသည်ကား ဖြစ်မှုပျက်မှု ဓမ္မကလေးပဲ (မှန်ပါ့ ဘုရား)။

ဖြစ်တတ် ပျက်တတ်တဲ့ ဓမ္မကလေးပဲ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ)။

ဒါဖြင့် ဘယ်စိတ်ဖြစ်ဖြစ် ဒကာသစ်တို့က ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ဖြစ်တတ်-ပျက်တတ်တဲ့ ဓမ္မကလေး ပါ ဘုရား) ဖြစ်တတ်ပျက်တတ်တဲ့ ဓမ္မပါပဲ (မှန်ပါ့)။

ဪ ဒါဖြင့် ဖြစ်တတ်ပျက်တတ်တဲ့ ဓမ္မလို့ ဦးဘထွေးတို့ ဦးသန်းမောင်တို့က တခါတည်းယူထားလိုက် (မှန်ပါ့ ဘုရား)။

ဖြစ်လဲဖြစ်တာပဲ ပျက်လဲပျက်တာပဲ

ဖြစ်လဲဖြစ်တာပဲ ပျက်လဲပျက်တာပဲ (မှန်ပါ့) အကြောင်းတိုက်ဆိုင်ရင် ဖြစ်၊ အကြောင်းမတိုက်ဆိုင်ရင် ပျက် (မှန်ပါ့) ဒါဖြင့် ဒီစိတ်ကလေးသည် ဖြစ်မှုပျက်မှု တရားကလေးတစ်ခုပဲ (မှန်ပါ့ ဘုရား)။

ဘယ်လိုဆိုကြမလဲ (ဖြစ်မှု-ပျက်မှုတရားကလေးတစ်ခုပါ) ဝါ အနိစ္စတရားကလေးတစ်ခုပဲလို့ ဆိုလိုက်ပါ (မှန်ပါ့) ဘယ်စိတ်ပေါ်ပေါ် ဒီအကြောင်းနှစ်ခုကြောင့် ပေါ်တဲ့စိတ်သည် အကြောင်းနှစ်ခု ရုပ်သိမ်းရင် ပျက်မြဲဓမ္မတာ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီစိတ်ကလေးသည် ဒကာ ဒကာမတို့ အကြောင်းတိုက်ဆိုင်လို့ ပေါ်ပြီး အကြောင်းမတိုက်ဆိုင်ရင် ပျက်တာပဲ (မှန်ပါ့) ကိုယ်ပိုင်ကိုယ်ဆိုင်ဆိုလို့ ရရဲ့လား (မရပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် စိတ်ကလေး သည်ကားလို့ဆိုရင် ဖြစ်ပြီးပျက်တတ်တဲ့ ဓမ္မကလေးပဲ (မှန်ပါ့) အကြောင်းနှစ်ခု တိုက်ဆိုင် တော့ စိတ်ကလေးပေါ်တယ် (မှန်ပါ့ ဘုရား) မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ထမင်းဆာတဲ့စိတ်၊ လွမ်းတဲ့စိတ်၊ မြင်တဲ့စိတ်၊ ကြားတဲ့စိတ် ဒါ အကြောင်းတိုက်ဆိုင်လို့ ပေါ်တာချည်းပဲ (မှန်ပါ့) နှစ်ခုတိုက်ဆိုင်လို့ ပေါ်တဲ့စိတ်ချည့်ပါပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ပေါ်လာတဲ့ စိတ်ကလေးဟာ စိတ်ပဲလို့ ဒကာ ဒကာမတွေ သိပေးပါ (မှန်ပါ့) သိကြရဲ့လား (သိပါတယ် ဘုရား)။

ပုဂ္ဂိုလ် သတ္တဝါမဟုတ်ပါဘူး

အကြောင်းနှစ်ခုတိုက်ဆိုင်ရင် ပေါ်လာတာကလေးဟာ ဘာခေါ်ကြမယ် (စိတ်ပါ ဘုရား) ဪ ဒါဖြင့် ပုဂ္ဂိုလ် သတ္တဝါမဟုတ်ပါဘူး (မဟုတ်ပါ ဘုရား)။

ပေါ်လာတာကလေးဟာ စိတ်ကလေး ပေါ်လာတာပဲလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက သိနေလို့ရှိရင်ဖြင့် ဦးမာဒင်တို့ ဦးဘထွေးတို့ ဦးသန်းမောင်တို့က ဪ စိတ်ကလေး ပေါ်တာပဲ (မှန်ပါ့)။

ပုဂ္ဂိုလ်သတ္တဝါပေါ်တာ ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား) ဘာပေါ်တာတုံး (စိတ်ကလေးပေါ်တာပါ ဘုရား)။

ဒကာကြွယ် စိတ်ကလေးပေါ်လာတာ (မှန်ပါ့) ဒီစိတ်ပေါ်တိုင်းပေါ်တိုင်း စိတ်ပေါ်တာပဲလို့ သိတယ်နော် (မှန်ပါ့)။

ဒီလိုသိနေကတည်းက ပုဂ္ဂိုလ်သတ္တဝါပေါ်တာ ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား) ယောကျ်ား-မိန်းမ ပေါ်လာတာ (မဟုတ်ပါ ဘုရား) ဘာပေါ်တာတုံး (စိတ်ကလေးပေါ်တာပါ ဘုရား)။

အကြောင်းနှစ်ခုတိုက်ဆိုင်တာနဲ့ စိတ်ကလေးဖျတ်ခနဲ ဖျတ်ခနဲပေါ်တယ် (မှန်ပါ့ ဘုရား)။

ဥပမာမယ် စဉ်းစားကြည့်ပါလား ဒကာ ဒကာမတို့ မီးခြစ်အိမ်မှာလဲ ယမ်းကလေးသုတ်ထားတယ် မီးခြစ်ဆံ ခေါင်းမှာလဲ ယမ်းကလေး သုတ်ထားတယ် (မှန်ပါ့) မီးခြစ် အိမ်ထဲမှာလဲ နဂိုက မီးတောက်မပါ ပါဘူး (မပါ ပါ ဘုရား)။

နှစ်ခုတိုက်ဆိုင်ရင် မီးတောက်ကလေး ပေါ်တယ်

မီးခြစ်ဆံခေါင်းကလေးမှာကော (မပါ ပါ ဘုရား) နှစ်ခုတိုက်ဆိုင်ရင် မီးတောက်ကလေး ပေါ်တယ် (မှန်ပါ့ ဘုရား) ဪ ဒါဖြင့် ဒီမီးတောက်ကလေးဟာ တိုက်ဆိုင်မှ ပေါ်တဲ့ မီးတောက (မှန်ပါ့) မတိုင်ဆိုင်ရင် (မပေါ်ပါ ဘုရား)။

အဲ စိတ်ကလေးဟာလဲ ဒီလိုပဲ နှစ်ခုတိုက်ဆိုင်ရင် အလယ်ကပေါ်တဲ့ မီးတောက်ကလေး (မှန်ပါ့) ဒီစိတ်ကလေး ဟာလဲ တိုက်ဆိုင်မှပေါ်လာတဲ့စိတ်ကလေး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒီစိတ် ပေါ်တိုင်း ပေါ်တိုင်း ဒကာ ဒကာမတွေက ဪ အာဂန္တုကလေး-အာဂန္တုကလေးလို့ အောက်မေ့လိုက်စမ်းပါ (မှန်ပါ့)။

ဘယ်လို အောက်မေ့ရမလဲ (အာဂန္တုကလေး အာဂန္တုကလေးလို့ အောက်မေ့ရပါမယ် ဘုရား)။

အာဂန္တုကလေး အာဂန္တုကလေးလို့ အောက်မေ့နေလို့ရှိရင်ဖြင့် ဪ စိတ်ကလေး အာဂန္တုကလေး ဧည့်သည် ကလေး (မှန်ပါ့ ဘုရား)။

ဒီလို ဒကာကြွယ်တို့က အောက်မေ့ကြမယ်၊ ဦးမာဒင်တို့က အောက်မေ့ကြမယ်ဆိုရင်ဖြင့် ပုဂ္ဂိုလ်သတ္တဝါ မဟုတ်တော့ပါဘူး (မဟုတ်တော့ပါ ဘုရား)။

သက္ကာယဒိဋ္ဌိပြုတ်တာပဲ

ယောကျ်ားမိန်းမ (မဟုတ်တော့ပါ ဘုရား) အဲဒါ သက္ကာယဒိဋ္ဌိပြုတ်တာပဲ (မှန်ပါ့) ငါထင်သူထင်သေးရဲ့လား (မထင်ပါ ဘုရား) ဘာပြုတ်သွားတာလဲ (သက္ကာယ ဒိဋ္ဌိပြုတ်ပါတယ် ဘုရား)။

ဪ ဒါကြောင့် ဆရာဘုန်းကြီးက ဖြစ်ပျက် အားထုတ်ပြီး မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရအောင် အားထုတ်နေတဲ့ ဒကာ ဒကာမတွေ ဒိဋ္ဌိခံနေမှာစိုးလို့ ဒိဋ္ဌိသုံးမျိုးကို ရှေ့ပိုင်းက ဖြုတ်ပေးနေတယ်ဆိုတာ မှတ်ထားပါ (မှန်ပါ့ ဘုရား)။

ဖြုတ်တတ်ကြပလား (ဖြုတ်တတ်ပါပြီ ဘုရား) တိုက်ဆိုင်လို့ ပေါ်လာတာ ဘာကလေးပါလိမ့် (စိတ်ကလေးပါ) အဲဒါ ယောကျ်ားကလေး မိန်းကလေးလား ငါလား သူလားလို့ မေးလိုက်တယ် (မဟုတ်ပါ ဘုရား) ဘာကလေးတုန်း (စိတ်ကလေးပါ ဘုရား)။

ဪ စိတ်ကလေး စိတ်ကလေးလို့ သိသိ သိသိနေလို့ရှိရင်ဖြင့် ငါမဟုတ်၊ သူမဟုတ် စိတ်ကလေးသာ ဟုတ်၏ဆိုတော့ ဦးမာဒင်ရေ-ပုဂ္ဂိုလ်သတ္တဝါ ထင်သေးရဲ့လား (မထင်ပါ ဘုရား) ဘာပြုတ်သွားကြသလဲ (သက္ကာယ ပြုတ်သွားပါတယ် ဘုရား)

ဪ ဒါဖြင့် ဒကာ ဒကာမတို့ မဂ်ဖိုလ်တားမည့် တရားတစ်ခုတော့ ခင်ဗျားတို့ ဝမ်းထဲမရှိတော့ဘူး (မရှိတော့ပါ ဘုရား)။

ဘယ်စိတ်ပေါ်ပေါ် ဒကာ ဒကာမတို့ ဧည့်သည်စိတ် အာဂန္တုစိတ်ကလေးလို့သာ မှတ်လိုက်ကြပါတော့ (မှန်ပါ့) ကျေနပ်ကြပလား (ကျေနပ်ပါပြီ ဘုရား)။

ဒီလို သိသိ-နေလို့ရှိရင် ဘာပြုတ်ပါသလဲ (သက္ကာယဒိဋ္ဌိပြုတ်ပါတယ် ဘုရား)။

တသံသရာလုံးက မဂ်ဖိုလ်တားတာ

သေသေချာချာမှတ်ကြပါ ဒီဥစ္စာ ဖြည်းဖြည်းဆေးဆေးနဲ့ ဒကာ ဒကာမတွေ တသံသရာလုံးက မဂ်ဖိုလ် တားတာလဲ သက္ကာယဒိဋ္ဌိ (မှန်ပါ့ ဘုရား) ဦးသန်းမောင် ကျေနပ်ပြီနော် (ကျေနပ်ပါပြီ ဘုရား)။

ဘယ်စိတ်ပေါ်ပေါ် ပုဂ္ဂိုလ်သတ္တဝါပေါ်တာလား စိတ်ပေါ်တာလား (စိတ်ပေါ်တာပါ ဘုရား) ဒီလိုသိနေတဲ့ ပုဂ္ဂိုလ် ဘာဒိဋ္ဌိပြုတ်ပါလိမ့် (သက္ကာယဒိဋ္ဌိပြုတ်ပါတယ် ဘုရား)။

ဪ ဒါဖြင့် ခင်ဗျားတို့နေရာကျပါပြီ ဦးလှဘူးရဲ့ (မှန်ပါ့) သို့သော်လဲတဲ့ ကျန်တဲ့ဒိဋ္ဌိနှစ်မျိုး ဖြုတ်ပြကြဦးစို့ နော် (မှန်ပါ့)။

ကျန်တဲ့ ဒိဋ္ဌိနှစ်မျိုးဟာ ဒီစိတ်ကလေးဟာ ပေါ်ပြီးတော့ ဒကာသစ်ရေ ကြာရှည်နေသလား ပျက်သွားသလား (ပျက်သွားပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ)။

ပေါ်ပြီးတော့ ဘာဖြစ်သွားသတုံး (ပျက်သွားပါတယ် ဘုရား) ပျက်သွားတာ မြင်လိုက်သဖြင့် ဒီစိတ်ကလေးဟာ ပေါ်လဲပေါ်တယ်၊ ပေါ်ပြီး သကာလ မခိုင်မြဲဘဲနဲ့ ပျက်စီးသွားရရှာတယ်ဆိုတာလဲ ခင်ဗျားတို့ အသိသားပဲ (သိပါတယ် ဘုရား)။

ဒါဖြင့် ခိုင်မြဲတယ်ဆိုတဲ့ သဿတဒိဋ္ဌိတော့ ပျက်တာမြင်တဲ့ပုဂ္ဂိုလ်များ၊ ပျက်တယ်လို့ သိနေတဲ့ပုဂ္ဂိုလ်များ သဿတဒိဋ္ဌိရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဪ နေရာကျပြီနော် (မှန်ပါ့) ပျက်တယ်၊ ခဏကလေးပေါ်ပြီး ပျက်တာပဲ၊ ပျက်သွားတာပဲ ပျက်သွားတာပဲ လို့ဆိုပြီး ဉာဏ်နဲ့ မမြင်နဲ့ဦး၊ စိတ်ဟူသ၍ ဒီလို ပျက်တာချည့်ပဲဟု ဝိပဿနာ မရှုပါနဲ့ဦး (မှန်ပါ့)။

ဪ ပျက်တတ်တဲ့တရားပဲ ပျက်တတ်တဲ့တရားပဲလို့ ပေါ်လာတယ်ဆိုတာလဲ တမျိုးပဲ၊ ငါမဟုတ်တာ ကလေး ပေါ်လာတယ် (မှန်ပါ့)။

သဿတဒိဋ္ဌိ ရှိသေးရဲ့လား

ပျက်သွားပြန်တော့ကော ဪ ပျက်တတ်တဲ့အမျိုးဟာ ပျက်သွားတာပဲလို့ ဆရာဘုန်းကြီးဟောတဲ့အတိုင်း ခင်ဗျားတို့ ခန္ဓာထဲမှာ ဒီလိုပျက်တဲ့တရားကလေးပဲလို့ သိနေပြန်လို့ရှိရင်လဲ ခိုင်တယ်၊ မြဲတယ်လို့ ယူတဲ့ သဿတဒိဋ္ဌိ ရှိသေးရဲ့လား (မရှိပါ ဘုရား) မှတ်ထားပါနော် (မှန်ပါ့)။

ပျက်မှန်းသိရင် (သဿတဒိဋ္ဌိပြုတ်သွားပါတယ် ဘုရား) သဿတဒိဋ္ဌိမရှိတော့ပါဘူး (မရှိပါ ဘုရား) ဒါဖြင့် ဒိဋ္ဌိ ဘယ်နှစ်ခုရှိသွားပလဲ (နှစ်ခုရှိသွားပါပြီ ဘုရား)။

ဥစ္ဆေဒဒိဋ္ဌိဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ ဒီတရားကလေးပျက်သွားတယ်ဆိုပြီး သကာလ ဒီအခုအခါမှာ စားချင်တဲ့ စိတ်ကလေးဟာ ပျက်သွားတယ် (မှန်ပါ့) ပျက်သွားပြီး သကာလ မနက်ကျလာပြန်တော့ စားချင်တဲ့စိတ်ကလေးဟာ ပေါ်ပြန်တာပဲ (ပေါ်ပါတယ် ဘုရား)။

ဒါဖြင့် စားချင်တဲ့စိတ်ကလေးဟာ ပျက်လဲ ပျက်တာပဲ၊ အရင်စိတ်ဟာ ပျက်လဲပျက်တာပဲ (မှန်ပါ့) နောက်စိတ် ကလဲ တဖန် အာရုံတိုက်ဆိုင်ရင် ပေါ်ပြန်တာပဲ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒီတော့ စိတ်ချင်း စိတ်ချင်း အကြောင်းအကျိုးဟာ ပြတ်သွားတယ်ဆိုမလား အကြောင်းအကျိုးဆက်နေ တယ်ဆိုမလား (အကြောင်းအကျိုးဆက်နေပါတယ် ဘုရား)။

မသေသေးသ၍ စားချင်တဲ့စိတ်ဟာ စားချင်တဲ့စိတ်ပဲ လာဦးမှာပဲ (မှန်ပါ့ ဘုရား) စားချင်တဲ့စိတ်တစ်ခုချုပ်ပြီး နောက်စားချင်တဲ့စိတ်လာတယ် (မှန်ပါ့) တခါ လွမ်းဆွတ်တဲ့စိတ်ဖြစ်ပြီး နောက်တခါ လွမ်းဆွတ်တဲ့စိတ်ကော (လာပါတယ် ဘုရား)။

ဒီလိုသိသွားပြန်တော့လဲ စိတ်စဉ်ဟာဖြင့် နိဗ္ဗာန်မရောက်သ၍ မပြတ်ပါလား (မှန်ပါ့)။

နိဗ္ဗာန်မရောက်သ၍ (မပြတ်ပါ ဘုရား) စိတ်စဉ် မပြတ်ဘူးနော် (မှန်ပါ့)။

ဥစ္ဆေဒဒိဋ္ဌိရှိသေးရဲ့လား

အဲဒီလို သိသွားပြန်တော့ ဥစ္ဆေဒဒိဋ္ဌိရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဥစ္ဆေဒဒိဋ္ဌိဆိုတာ စိတ်စဉ်ပြတ်ပြီးတော့ ဘယ်တော့မှ မလာဘူးလို့ယူရင် ဥစ္ဆေဒဒိဋ္ဌိ (မှန်ပါ့ ဘုရား) အခုတော့ ဒီလိုကောယူသေးရဲ့လား (မယူပါ ဘုရား)။

ကဲ ဒါဖြင့် ဒိဋ္ဌိဘယ်နှစ်မျိုးစင်ပလဲ (သုံးမျိုးစင်ပါပြီ) စိတ်ကလေးပေါ်လာတာသိရင် ဘာဒိဋ္ဌိစင်သလဲ (ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ် ဘုရား) ဒီစိတ်ကလေး ပေါ်ပြီးရင် ပျက်မှာပဲလို့ သိနေတဲ့ပုဂ္ဂိုလ်ကျတော့ (သဿတဒိဋ္ဌိစင်ပါတယ် ဘုရား) ပျက်ပေမယ့်လဲ သူ့နောက်စိတ်တစ်ခုတော့ အစားထိုးဦးမှာပဲလို့ သိနေတဲ့ပုဂ္ဂိုလ်ကျတော့ (ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ် ဘုရား)။

ဒီသုံးခုဟာ သေသေချာချာမှတ်ပါ (မှန်ပါ) တသံသရာလုံး ဒီသုံးခုအကြောင်းကို ကောင်းကောင်းနားမလည် ခဲ့တဲ့အတွက်တဲ့ ဒကာ ဒကာမတို့ မဂ်ဖိုလ် ရ ရပါလို၏လို့ ဆုတောင်းလဲမရခဲ့ဘူး (မရခဲ့ပါ ဘုရား) မတောင်းဘဲနဲ့နေလဲ (မရခဲ့ပါ ဘုရား)။

ဘာရမတုန်း တောင်းလဲမရဘူး၊ မတောင်းလဲမရဘူး (မှန်ပါ့ ဘုရား) ဘာကြောင့် မရသတုန်းဆိုတော့ ဒီဒိဋ္ဌိသုံးခုက လှည့်ပြီးကန့်ကွက်နေတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီဒိဋ္ဌိသုံးခုက ဘာတဲ့တုန်း (လှည့်ပြီး ကန့်ကွက်နေပါတယ် ဘုရား) ဦးမာဒင်တို့ ကျေနပ်ပြီ (ကျေနပ်ပါပြီ ဘုရား) ဦးဘထွေးတို့၊ ဦးသန်းမောင်တို့ရော (ကျေနပ်ပါပြီ ဘုရား)။

ဒီဒိဋ္ဌိသုံးခုဟာ ဒကာ ဒကာမတို့ သူတို့ရှိလျက်နဲ့ ဆုတောင်းတောင်းလဲ မရပါဘူး (မှန်ပါ့) မတောင်းဘဲနေလဲ (မရပါ ဘုရား)။

နိဗ္ဗာန်မရပါဘူး၊ တောင်းချည်တလှည့် မနတောင်းတလှည့်နေလဲ (မရပါ ဘုရား) ဘယ်နည်းနဲ့မှ မရဘူး (မှန်ပါ့) ဘာခံနေတုန်း (ဒိဋ္ဌိခံနေပါတယ် ဘုရား) ဒိဋ္ဌိခံနေတယ်ဆိုတာ ဒကာ ဒကာမတွေ သေသေချာချာမှတ်ပါ (မှန်ပါ့)။

ပြန်မေးဦးမယ် ဒကာ ဒကာမတို့ ပြန်မေးဦးမယ် ခင်ဗျားတို့ ဉာဏ်ထဲမှာ ကျန်ရစ်နေဖို့ ဟောတာကိုး (မှန်ပါ့)။

ဘယ်စိတ်ဖြစ်ဖြစ် အကြောင်းနှစ်ခုတိုက်ဆိုင်ရင် ပေါ်တယ်

ဘယ်စိတ်ဖြစ်ဖြစ် အကြောင်းနှစ်ခုတိုက်ဆိုင်ရင် ပေါ်တယ် (မှန်ပါ့ ဘုရား) မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

အဲဒါပေါ်လာတာ စိတ်ကလေးပဲလို့ သိနေတယ်၊ ပုဂ္ဂိုလ်သတ္တဝါမဟုတ်ဘူးလို့ သိနေရင် ဘာပါလိမ့် (သက္ကာယ ဒိဋ္ဌိပြုတ်ပါတယ် ဘုရား)။

ဒီပေါ်တဲ့တရားကလေးဟာလဲ ဒကာ ဒကာမတို့ ခဏပေါ်ပြီး ခဏပျောက်သွားတာပဲလို့သိရင် (သဿတ ဒိဋ္ဌိပြုတ်ပါတယ် ဘုရား)။

သူပျောက်သွားငြားသော်လဲ သူ့နေရာမှာ တစိတ်စိတ် ထပ်ပေါ်ဖို့တော့ အစားထိုးပစ်ခဲ့တာပဲ (မှန်ပါ့)။

ဒီလိုသိပြန်တော့ကော (ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ် ဘုရား) သူ အစားထိုးမပစ်ခဲ့လို့ရှိရင် ကျုပ်တို့သေရုံပဲရှိတယ် (မှန်ပါ့ ဘုရား)။

ပထမချုပ်သွားတဲ့စိတ်က နောက်စိတ်တစ်ခု အစားထိုးပစ်ခဲ့တယ် (မှန်ပါ့) အဲဒီနောက် စိတ်မရှိရင်လဲ ကျုပ်တို့ ပထမစိတ်ပေါ်ပြီး သေဖို့ပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ကျုပ်တို့မသေဘဲနဲ့ ဆက်ဆက် ဆက်ဆက်ပြီးနေတာလဲ သိပြီ (မှန်ပါ့) စိတ်အစားထိုးသွားတယ် (မှန်ပါ့)။

နောက်စိတ် နဲ့ အသက်ရှင်နေရတယ်

ချုပ်တဲ့စိတ်က ဘယ့်နှယ်တုံး (အစားထိုးသွားပါတယ်) အစားထိုးသွားသောကြောင့် ကျုပ်တို့မှာ နောက်စိတ် နဲ့ အသက်ရှင်နေရတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါကြောင့် ကျုပ်တို့ အသက်တမ်းသည် စိတ်တစ်ခုပဲရှိတယ် (မှန်ပါ့) အခုမှန်ပါဘုရားဆိုတဲ့စိတ်ကလေး လျှောက်တဲ့ စိတ်ကလေးနောက်က နောက်စိတ်မလာဘူးဆိုရင် ဒီတရားတပွဲလုံး အကုန်အသုဘဖြစ်မယ် (ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် မှန်ပါ့ဘုရားဆိုတဲ့စိတ်က နောက်တခါလျှောက်ထားဖို့ စိတ်ကလေးအစားထိုးတယ် (မှန်ပါ့) အစား ထိုးတော့ နောက်စိတ်နဲ့ အသက်ရှင်တယ် (မှန်ပါ့ ဘုရား)။

ဘာနဲ့အသက်ရှင်သလဲ (နောက်စိတ်နဲ့ အသက်ရှင်ပါတယ်) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဪ ဒကာ ဒကာမတို့ တရားနာစက ဒကာ ဒကာမတွေရှိသေးရဲ့လားမေးရင် ဘယ့်နှယ်ပြောမလဲ (မရှိပါ) အခု ဒကာ ဒကာမတွေ ဘယ်ကဟာတွေတုန်းမေးရင်ရော (နောက်စိတ် အစားထိုးထား တာတွေပါ ဘုရား)။

နောက်ထပ် အစားထိုးတဲ့ညာဏ် နောက်ထပ်အစားထိုးတဲ့စိတ်နဲ့ အသက်ရှင်နေကြတယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

အသိနဲ့ ကွာတယ်

ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိသုံးမျိုး ကွာပလား (ကွာပါပြီ ဘုရား) ဒကာကြွယ် ကွာပလား (ကွာပါပြီ) အသိနဲ့ ကွာတယ် (မှန်ပါ့) အသိနဲ့ ကွာပြီး သကာလ မှ နောက်မှအလုပ်နဲ့ခွါရမယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အသိနဲ့ ခွဲခွါပြီးသည့်နောက် (အလုပ်နဲ့ခွါရမှာပါ) အလုပ်နဲ့ ခွါရမယ်၊ ခွါတာသည် ဦးမာဒင် မှတ်လိုက် ဉာတပရိညာ (မှန်ပါ့ ဘုရား)။

အလုပ်နဲ့ခွါတာသည် တီရဏပရိညာ (မှန်ပါ့) မဂ်နဲ့ ပါယ်ချတာသည် ပဟာနပရိညာ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ) ဒါနဲ့ တက်ရမှာပဲဆိုတာကိုလဲ မှတ်ထားကြပါ (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာသစ်ရေ ဒိဋ္ဌိသုံးမျိုးကွာပြီနော် (ကွာပါပြီ) ကိုယ့်ဟာကိုယ်လဲ ဟိုကျတော့တွေးကြ၊ ဟာဒီစိတ်ကလေး ပေါ်လာတာ စိတ်ကလေးပေါ်လာပြီလို့သိနေရင် ဪ ငါ သက္ကာယဒိဋ္ဌိပြုတ်ပြီ (မှန်ပါ) သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဒီစိတ်ကလေးပျက်သွားပြီလို့ သိရင် (သဿတဒိဋ္ဌိပြုတ်ပါတယ်) အခု နောက်စိတ်နဲ့ အသက်ရှင်နေတယ်လို့ သိရင် (ဥစ္ဆေဒဒိဋ္ဌိပြုတ်သွားပါတယ် ဘုရား)။

ဥစ္ဆေဒဒိဋ္ဌိပြုတ်တယ်၊ အရင်စိတ်က အစားထိုးခဲ့တာကိုး (မှန်ပါ့) ပြတ်မှ မပြတ်ဘဲကိုး (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အပါယ်တော့ ဒို့ မကျဘူးဟေ့

ဪ ဒိဋ္ဌိသုံးမျိုး နားလည်လိုက်ရတာ ခင်ဗျားတို့ အပါယ်ကျစေတတ်တဲ့ သုံးမျိုး၊ ဒကာ ဒကာမတို့ မဂ်ဖိုလ် တားမြစ်တဲ့သုံးမျိုး (မှန်ပါ့) နိဗ္ဗာန်ကန့်ကွက်တဲ့သုံးမျိုး (မှန်ပါ့) အပါယ်ကျစေတတ်တဲ့သုံးမျိုး (မှန်ပါ့) အခု နာရီဝက် ရှိသွားပြီတဲ့၊ အပါယ်တော့ ဒို့ မကျဘူးဟေ့ (မှန်ပါ့ ဘုရား)။

မဂ်ဖိုလ်လဲ ဒို့ လုပ်ရင်တော့ရတော့မှာပဲ ကန့်ကွက်တဲ့တရားတွေကို ဒို့ အကုန်သိပြီဟေ့၊ အရင်တော့ မသိမှုနဲ့ ကန့်ကွက်ထားတာ (မှန်ပါ့ ဘုရား)။

အခုတော့ ကန့်ကွက်မည့်တရား မရှိတော့ဘူးလေ၊ ဒို့ပွားများယူလိုက်ရင် ရတော့မှာပဲဟေ့ဆိုပြီး နိဗ္ဗာန်တံခါးလဲ ပွင့်သွားတယ် (မှန်ပါ့) အပါယ်တံခါးလဲပိတ်တယ် (မှန်ပါ့ ဘုရား)။

နာရီဝက်ပဲရှိသေးတယ် (မှန်ပါ့) အပါယ်တံခါးကော (ပိတ်ပါတယ်) နိဗ္ဗာန်တံခါးရော (ပွင့်ပါတယ်) ပွင့်သွား ပြီတဲ့ အလုပ်နဲ့လုပ်ပြီး ဦးမာဒင်တို့ ဦးဘထွေးတို့၊ ဦးသန်းမောင်တို့ ဖွင့်ယူသွားပါ (မှန်ပါ့) လုပ်သာ လုပ်သွားပါ ရပါတယ် (မှန်ပါ့ ဘုရား)။

အရင်တော့ဖြင့် ဒီသုံးခုကို အသိဉာဏ်နဲ့ မဖြုတ်ရသေးတဲ့အတွက် အာပေါက်အောင်လုပ်ပါ (မှန်ပါ့) အရိုး ကျေကျေ အရေခြောက်ခြောက်လုပ်ပါ (မှန်ပါ့ ဘုရား)။

ဒါတွေ ဉာဏ်ထဲကမရှင်းသ၍ ကာလပတ်လုံးဖြင့် ဒကာကြွယ် လှည့်ပြီးကန့်ကွက်တယ် (မှန်ပါ့) ဘယ်နည်းနဲ့မှ မရဘူး (မှန်ပါ့ ဘုရား) သဘောပါကြပလား (ပါ ပါပြီ ဘုရား)။

ဪ ဒါဖြင့် အခု နာရီဝက်ထဲမှာ ဆရာသမား ဒိဋ္ဌိသုံးမျိုး ရှင်းလင်းပြီးပေးနေခြင်းသည် အပါယ်တံခါးပိတ်၍ နိဗ္ဗာန်တံခါးပွင့်တဲ့အလုပ်ကို လုပ်နေတာပါကလားလို့ဆိုတာ တရားတပွဲလုံး မှတ်ဖို့ (မှန်ပါ့ ဘုရား)။

ဉာဏ်က ဖွင့်ပေးပါတယ်

ဒကာ ဒကာမတွေ ဒါ လှူလို့ တန်းလို့ ပေးလို့ ကမ်းလို့ နိဗ္ဗာန်ပွင့်တာ မဟုတ်ပါဘူး (မှန်ပါ့) ဉာဏ်ပွင့်သွား တယ် (မှန်ပါ့) အပါယ်တံခါးပိတ်လိုက်တာလဲ ဉာဏ်က ပိတ်လိုက်တာ (မှန်ပါ့) နိဗ္ဗာန်ဖွင့်ပေးလိုက်တာလဲ (ဉာဏ်က ဖွင့်ပေးပါတယ် ဘုရား)။

ဒါ့ကြောင့် ဒကာ ဒကာမတို့ “ပညာဟိ သေဋ္ဌော လောကသ္မိံ “ ဆိုတဲ့အတိုင်း လောကသ္မိံ = ငါဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောရမည့် လောကကြီးထဲ၌၊ ပညာဟိ ပညာဧဝ = ပညာသည်သာလျှင်၊ သေဋ္ဌော = အပါယ်တံခါး ပိတ်၍ နိဗ္ဗာန်တံခါးဖွင့်တတ်သော တရားဖြစ်သောကြောင့် မြတ်၏ (မှန်ပါ့) သူအရေးကြီးဆုံးကွတဲ့ (မှန်ပါ့) ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့က အပါယ်တံခါးပိတ်တာလဲ ဘယ်သူပါလိမ့် (ပညာပါ) ဉာဏ်ပဲ၊ ဉာဏ်ပညာ (မှန်ပါ့) အင်း ဒိဋ္ဌိခွါနိုင်တဲ့ ဉာဏ်ပညာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

နိဗ္ဗာန်တံခါးဖွင့်တာလဲ (ဉာဏ်ပညာပါ ဘုရား) ဒိဋ္ဌိသတ်နိုင်တဲ့ ဉာဏ်ပဲ၊ ဉာဏ်နဲ့ကို သတ်ပစ်လိုက်တယ် (မှန်ပါ့) အရင်အမူအရာတွေ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အရင်ကတော့ ငါ့စိတ်မစမ်းနဲ့ (မှန်ပါ့) ငါ့စိတ်မစမ်းနဲ့ဆိုတာ ပြောလဲပြောတယ် ထင်လဲထင်တယ် (မှန်ပါ့) တကယ်ငါစိတ်ပဲ (မှန်ပါ့ ဘုရား)။

အခုတော့ ငါ့စိတ်လားတဲ့ နှစ်ခုတိုက်ဆိုင်လို့ ပေါ်လာတဲ့ စိတ်လား (နှစ်ခုတိုက်ဆိုင်လို့ ပေါ်လာတဲ့စိတ်ပါ) ဒီတော့ ငါ့စိတ်မပျောက်သေးဘူးလား (ပျောက်ပါပြီ) နှစ်ခုကလုပ်ထားတာဆိုတာ သေချာပလား (သေချာပါပြီ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါ ခင်ဗျားတို့ချင်း ယောကျ်ားက မိန်းမ၊ မိန်းမက ယောကျ်ားကို၊ ဟေ့ ငါက အင်မတန်စိတ်ကြီးတယ်၊ ငါ့စိတ်စမ်းနဲ့ (မှန်ပါ့)။

အယ်မယ်လေး သူ့စိတ်ကလဲ အကြီးကြီးတဲ့ (မှန်ပါ့) ပြီးတော့လဲ ငါ့စိတ်တဲ့၊ ဒီစိတ်ကို သူပိုင်တယ်တဲ့၊ ငါ့ လာမစမ်းနဲ့တဲ့ (မှန်ပါ့) အယ်မယ်လေး စိတ်ကလဲ အကြီးကြီးလို့ ပြောလိုက်သေးတယ် (ပြောပါတယ် ဘုရား) ဘယ့်နှယ် များ ပြောကြပါလိမ့်။

စိတ်ကလဲ အကြီးကြီးလို့ ပြောလိုက်သေးတယ်။ ငါပိုင်တယ်လို့လဲ (ပြောလိုက်ပါတယ် ဘုရား)။

ဝါးလက်ခုပ်ဥပမာ

ဒါဖြင့် ခင်ဗျားတို့ ဝါးလက်ခုပ် မတီးဘဲနဲ့ ဒကာ ဒကာမတို့ တဖက်ဝါးထဲမှာရော အသံပါရဲ့လား (မပါပါ ဘုရား) တဖက်ဝါးထဲမှာရော (မပါပါ ဘုရား) နှစ်ခု ရိုက်လိုက်တဲ့အခါကျတော့ (အသံထွက်ပါတယ် ဘုရား)။

ဒီအသံသည် ဒကာ ဒကာမတို့ ဝါးထဲမှာပါတဲ့ အသံဖြင့် ဝါးပိုင်တယ်ထင်မလား၊ မပါဘူး ပထမဝါးထဲလဲ မပါဘူး၊ ဒုတိယဝါးထဲလဲ (မပါ ပါ ဘုရား) ဘယ်ညာထဲမှာရော (မပါ ပါ ဘုရား) နှစ်ခုတိုက်ဆိုင်လို့ ဖြစ်ပေါ်တဲ့အသံ (မှန်ပါ့ ဘုရား)။

ဒီမှာလဲ ခင်ဗျားတို့မြင်တဲ့စိတ်ဟာလဲ အာရုံနဲ့ ဒွါရနဲ့ တိုက်ဆိုင်တယ် (မှန်ပါ့) ကြားတဲ့စိတ်ဟာလဲ (အာရုံနဲ့ ဒွါရနဲ့ တိုက်ဆိုင်ပါတယ်) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါ သူတို့ နှစ်ခုလုပ်ထားတဲ့ စိတ် ဖြစ်သောကြောင့် ဒကာ ဒကာမတို့ ငါ စိတ်ကြီးတယ်လို့ မဆိုပါနဲ့တော့ (မှန်ပါ့)။ ပြောနေကျတော့ ပြောတာပေါ့ဗျာ (မှန်ပါ့) ပြောနေကျတော့ ပြောတာပေါ့၊ သို့သော် တကယ်တော့ မထင်လိုက် ပါနဲ့ (မှန်ပါ့ ဘုရား) အရွယ်တောင် ပြလို့ မရပါဘူးတဲ့ (မှန်လှပါ့ ဘုရား)။

ဒီပေါ်လာတဲ့ စိတ်ကလေး၏ အရွယ် ဘယ်လောက်တုန်းလို့မေးလို့ရှိရင် ငါ ဘုရား ပမာဏ မပြနိုင်ဘူးတဲ့ (မှန်ပါ့ ဘုရား) ခင်ဗျားတို့ကသာ ကြီးချင်လဲကြီးနေ မတတ်နိုင်ဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သူလဲဒိဋ္ဌိပဲ ကိုယ်လဲဒိဋ္ဌိပဲ

တယ်စိတ်ကြီးတဲ့ လူကိုးလို့ ဘေးကနေပြီး သကာလ ဒကာကြွယ်တို့က ပြောချင်လဲပြောဦးမှာ (မှန်ပါ့ ဘုရား) ကျုပ်တို့စိတ်က ဒါလောက်မကြီးဘူးတဲ့ (မှန်ပါ့) အင်း သူလဲ ဒိဋ္ဌိပဲ ကိုယ်လဲ ဒိဋ္ဌိပဲ ရှုပ်မနေနဲ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် စိတ်ဟာ ပမာဏပြလို့ ရရဲ့လား (မရပါ ဘုရား) အဲဒီလိုသိထားတဲ့အခါကျတော့ ဦးလှဘူးရေ ဪ စိတ်ကြီးတယ် ဆိုတာလဲ အပိုပဲ (မှန်ပါ့) မသိလို့ ပြောတာ (မှန်ပါ့ ဘုရား)။

ကျုပ်စိတ်ဟာ တခါတည်းမှတ်ထားပါ ခင်ဗျား ပြောမိရင် မပျက်တော့ဘူးတဲ့ (မှန်ပါ့ ဘုရား) အယ်မယ်လေး ကြောက်စရာကြီးပါလား သူ့ဟာက (မှန်ပါ့ ဘုရား)။

ပြောမိရင် မပျက်တော့ဘူးတဲ့ (မှန်ပါ့) ဒီစိတ်ဟာ တခါတည်းခိုင်နေတာပဲ (မှန်ပါ့) ဘာဒိဋ္ဌိဖြစ်နေသတုံး (သဿတဒိဋ္ဌိဖြစ်နေပါတယ် ဘုရား) သဿတဒိဋ္ဌိဖြစ်နေတယ် သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ပြောတဲ့အတိုင်းလဲ နဂိုကထင်တယ် (မှန်ပါ့) အခုတော့ မထင်ပါနဲ့တော့၊ စိတ်ဟာဖြစ်ပြီး ချက်ခြင်းပျက်တာပဲ (မှန်ပါ့ ဘုရား)။

အရွယ်ကလဲမပါဘူး (မပါ ပါ ဘုရား) ပျက်စရာရှိရင် ပျောက်သွားတာပဲ၊ လျှာကလေး အရိုးကလေး နေရာ ကလေး ဆေးစက်အစရှိသည် ကျန်ရစ်သေးရဲ့လား (မကျန်ရစ်ပါ ဘုရား)။

ဒါဖြင့် အင်မတန် အရွယ်မပြနိုင်တဲ့ သဘောပဲ (မှန်ပါ့) ရှိတော့ရှိတယ် (မှန်ပါ့) အရွယ်တော့ (မပြနိုင်ပါ ဘုရား)။

ကြည့်လေ ဝါးလုံးနှစ်ခုရိုက်လိုက်တဲ့အခါ အသံတော့ ခင်ဗျားတို့ရှိမှန်းသိသားပဲ (သိပါတယ် ဘုရား) အဲဒါ အရွယ် ဘယ်လောက်ရှိသတုံးဆိုရင် (မပြနိုင်ပါ ဘုရား)။

မပြနိုင်ပါဘူးဗျ ဟုတ်လား (မှန်ပါ့) ဒီအတိုင်းပါပဲ ဒီစိတ်ကလေးဟာလဲ အာရုံဒွါရတိုက်တဲ့အခါ ပေါ်လာတာပဲ (မှန်ပါ့) ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

ကြောက်စရာ အာရုံနဲ့တွေ့ရင် ကြောက်စိတ်ပေါ်တယ် (မှန်ပါ့) ပြုံးစရာ အာရုံနဲ့တွေ့ရင် (ပြုံးပါတယ်) မက်စရာအာရုံနဲ့တွေ့ရင် (မက်ပါတယ် ဘုရား) ဟာ အရွယ်ဘယ်လောက်ရှိသတုံးမေးရင် (မပြနိုင်ပါ ဘုရား)။

ဒါကလေးဟာလဲ ဖြစ်ပြီးတော့ ဘာဖြစ်ရသတုန်း (ပျက်သွားပါတယ်) အဲ ပေါ်လာတာသိရင် သက္ကာယဒိဋ္ဌိ စင်ပါတယ် (မှန်ပါ့) ပျက်သွားတာသိရင် (သဿတဒိဋ္ဌိစင်ပါတယ် ဘုရား)။

နောက်စိတ်နဲ့ အသက်ရှင်နေတယ်

သို့သော် ဒီစိတ်ကလေး ပျက်သွားငြားသော်လဲ နောက်စိတ်နဲ့ အသက်ရှင်နေတယ်လို့ ကျုပ်တို့ သိရမယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ) စိတ်မရှိ သေတာကိုးဗျ (မှန်ပါ့ ဘုရား)။

အခု ဒကာ ဒကာမတွေ ဘာနဲ့ အသက်ရှင်နေသတုန်း (နောက်စိတ်နဲ့ အသက်ရှင်နေပါတယ် ဘုရား) အင်း ဒါသိလိုက်ပြန်တော့လဲ ဒကာသစ်က ဘယ့်နှယ်ဆိုပါ့မလဲ (ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ် ဘုရား)။

ဪ အရင်စိတ်နဲ့ နောက်စိတ်သည် ပြတ်သွားတာမဟုတ်ဘူး အမွေထားခဲ့တယ် (မှန်ပါ့) ဒါကို အနန္တရပစ္စယော လို့ ဆိုလိုက်ပါတယ် (မှန်ပါ့ ဘုရား)။

အနန္တရပစ္စယော အခြားမရှိမူ၍ ကျေးဇူးပြုပါတယ် (မှန်ပါ့) အရင်စိတ်လဲ ချုပ်ပါရော နောက်စိတ်တနေရာ ပေါ်လာတာပဲ (ပေါ်လာပါတယ် ဘုရား) မျက်လုံးစိတ်က ချုပ်သွားပေမယ့် ဝမ်းထဲက ရှူစိတ် ရှိုက်စိတ်ကပေါ်လာ တယ် (ပေါ်လာပါတယ် ဘုရား)။

မျက်လုံးစိတ်က ချုပ်သွားပေမယ့် ဝမ်းထဲက ရှူစိတ်၊ ရှိုက်စိတ်က ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) ရှူစိတ် ရှိုက်စိတ်က ချုပ်သွားမယ်၊ နားထဲက ကြားစိတ်က ပေါ်လာရင် ကြားစိတ်နဲ့ ရှင်နေတာပဲ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ)။

ဒါဖြင့် အစားထိုးတာသိရင် ဘယ်ဒိဋ္ဌိစင်သတုန်း (ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ်) ပျက်သွားတာသိရင် (သဿတဒိဋ္ဌိ စင်ပါတယ်) စိတ်ကလေး အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတာ သိရင် (သက္ကာယဒိဋ္ဌိစင်ပါတယ် ဘုရား)။

ခင်ဗျားတို့ သေပျော်ပြီ (မှန်ပါ့) သေပျော်ပြီ ဒကာ ဒကာမတို့ (မှန်ပါ့) သေပျော်ပြီလို့ဆိုတာ ဘုန်းကြီးက ချီးမြှောက်ပြောတာမဟုတ်ဘူး၊ ပြောတာက နည်းသေးတယ် (မှန်ပါ့ ဘုရား)။

ရှင်အဿဇိ ဟောတဲ့တရား

ခင်ဗျားတို့ ဒါလောက် ဒိဋ္ဌိသုံးမျိုး ဉာဏ်ထဲမှာ ရှင်းနေတဲ့သဘောမျိုးနဲ့ နေမယ်ဆိုရင်ဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတော်မူသည့်အတိုင်း ရှင်အဿဇိက –

ယေ ဓမ္မာ ဟေတုပ္ပဘဝါ၊

တေသံ ဟေတုံ တထာဂတော အာဟ။

တေသဉ္စ ယောနိရောဓေါ၊

ဧဝံ ဝါဒီ မဟာသမဏော။

လို့ အကြောင်းဖြစ်ရင် အကျိုးဖြစ်တယ် (မှန်ပါ့) အကြောင်းချုပ်ရင် အကျိုးချုပ်တယ် (မှန်ပါ့) နှစ်လုံးတည်း ဟောလိုက်တာ ရှင်သာရိပုတ္တရာ သောတာပန်တည်တယ် (မှန်ပါ့ ဘုရား)။

ကဲ ဒကာကြွယ် ဘယ်လောက်မြန်သတုန်း (မြန်ပါတယ် ဘုရား) ကြည့်လေ ဟောလိုက်တာက ရှင်အဿဇိက ဟောတယ် (မှန်ပါ့ ဘုရား)။

အကြောင်းဖြစ်ရင် (အကျိုးဖြစ်ပါတယ် ဘုရား) သက္ကာယဒိဋ္ဌိကွာတယ် (မှန်ပါ့)။

အကြောင်းချုပ်ရင် (အကျိုးချုပ်ပါတယ် ဘုရား) ဥစ္ဆေဒဒိဋ္ဌိ ခွါပစ်လိုက်တယ် (မှန်ပါ့ ဘုရား)။

အဲဒီ ဒိဋ္ဌိနှစ်ခုလဲ ခွါလိုက်တော့ ဪ အကြောင်းဖြစ်ရင် အကျိုးဖြစ်တယ်၊ အကြောင်းချုပ်ရင် အကျိုးချုပ် တာပဲ၊ ဖြစ်ပျက် ရှုတာပဲဆိုပြီး သကာလ ဖြစ်ပျက်ခွါပြီး ဒိဋ္ဌိဖြုတ် ရှုလိုက်တာ ဒါ ကြားတာနဲ့ ခန္ဓာဉာဏ်လှည့်လိုက် တာ တခါတည်း သောတာပန်တည်တယ် (မှန်ပါ့ ဘုရား) မမြန်ဘူးလားဗျာ (မြန်ပါတယ် ဘုရား)။

ခင်ဗျားတို့က ရေမှော်တွေက ထူလွန်းလို့သာ ဒါလောက်ဟောနေတာ သောတာပန်မတည်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ရေမှော်တွေက ဘယ့်နှယ်တုန်း (ထူလွန်းလို့ပါ ဘုရား) ထူတာကိုလဲ ခင်ဗျားတို့က ရေကြည်သောက်ချင်တဲ့ ပုဂ္ဂိုလ်က လက်ကလေးနဲ့ ရေအိုးကလေးနဲ့ လှည့်ပြီး သကာလ မှော်ဝေးအောင်လုပ်တာမဟုတ်ဘူး (မှန်ပါ့)၊ မှော်ကြား ထဲ ချိုးရတာ ဝမ်းသာနေသလိုလို (မှန်ပါ့ ဘုရား) အယ်မယ်လေး ဒုက္ခကြီး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒကာကြွယ် ဒီဥစ္စာကို ဝေးအောင်လုပ်ရတယ် (မှန်ပါ့) အဝိဇ္ဇာမှော်တွေ၊ ကိလေသာမှော်တွေ ဝေးအောင် လုပ်ရတယ် (မှန်ပါ့ ဘုရား) မပြတ်ရှုနေတော့ ဝေးသွားတယ် (မှန်ပါ့ ဘုရား)။

ရေအိုးကလေး ဖင်နဲ့ ရေကန်ထဲမှာ ဦးသန်းမောင် လှည့်စမ်းပါ၊ တာရှည်လှည့်ရင် မှော်တွေအဝေးကြီး သွားတယ် (မှန်ပါ့)၊ မသွားဘူးလား (သွားပါတယ် ဘုရား)။

အခုတော့ လှည့်လိုက်၊ ရပ်ထားလိုက်၊ နွားပြန်ကြည့်လိုက်၊ ပြန်ပြီး လှည့်လိုက် (မှန်ပါ့ ဘုရား)၊ မအားပါဘူး ခင်ဗျားတို့ (မအားပါ ဘုရား) မအားရုံပဲ အမြတ်ထွက်တယ်၊ ရေကြည်ကောင်းကောင်း မရလိုက်ဘူး (မရပါ ဘုရား)။

အဲဒီလို ဖြစ်နေတာ ဒကာ ဒကာမတို့ အလုပ်မပျင်းကြပါနဲ့ဆိုတာ ပြောတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိစ္စက အပါယ် သွားမည့်ကိစ္စကိုး

ဘုန်းကြီးက ပြောတော့ အလွယ်ကလေး၊ လူဆိုတာ ကိစ္စက သိပ်များတာတဲ့၊ ဟာ ခင်ဗျားတို့ ကိစ္စက အပါယ် သွားမည့်ကိစ္စကိုး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ခင်ဗျားတို့ ကိစ္စဟူသ၍က များသောအားဖြင့် အပါယ်သွားတာ (မှန်ပါ့) တကယ် ဆွမ်းကလေး ကျွေးစရာ ရှိတဲ့ကိစ္စ၊ ကွမ်းကလေး ကျွေးစရာရှိတဲ့ကိစ္စ ဆိုပါဦးတော့၊ ဒီကိစ္စကလဲ ခင်ဗျားတို့ စဉ်းစားကြည့်ပါ သုဂတိသွားမည့် ကိစ္စ (မှန်ပါ့) ဒါကလဲ ဒုက္ခသစ္စာ ရဦးမှာပဲ (ရမှာပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ကိစ္စတွေနဲ့ ဆင်ခြေမလဲပါနဲ့၊ ဆင်ခြေလဲတဲ့ကိစ္စဟူသ၍ဟာလဲ ဦးမာဒင် အဖိုးမတန် ပါဘူး (မတန်ပါ) ဒါဖြင့် ကိစ္စဟူသ၍သည် ဒကာ ဒကာမတို့ မဂ်တာ ဖိုလ်တာလို့ မှတ် (မှန်ပါ့)။

ကိစ္စဟူသ၍ (မဂ်တာ-ဖိုလ်တာပါ ဘုရား) ဒကာကြွယ် ယုံပလား (ယုံပါပြီ ဘုရား)။

သို့သော်လဲ ခင်ဗျားတို့ကိစ္စတွေနဲ့ ဆင်ခြေမလဲပါနဲ့၊ ဆင်ခြေလဲတဲ့ကိစ္စတွေကို အယဉ်နဲ့သုံးတယ် (သုံးပါတယ် ဘုရား)။

ဦးမာဒင်တို့ ဘယ့်နှယ်သုံးသလဲ (အယဉ်သုံးပါတယ် ဘုရား) အယဉ်သုံးတယ်၊ မလွှဲသာတဲ့ကိစ္စတွေတဲ့ (မှန်ပါ့) အယ်မယ်လေး သိပ်ယဉ်တာ (မှန်ပါ့)။

မလွှဲသာတဲ့ ဘာတဲ့တုန်း (ကိစ္စပါ ဘုရား) ကိစ္စပြီးတော့ ကလေးထည့်လိုက်သေးတယ် (မှန်ပါ့)၊ ကြီးကြီး ကျယ်ကျယ် မဟုတ်ဘူးပြောတာ (မှန်ပါ့ ဘုရား) မလွှဲသာတဲ့ကိစ္စကလေး (မှန်ပါ့) ဒကာကြွယ် မြို့သုံးက ဘယ့်နှယ်တုန်း (မလွှဲသာတဲ့ ကိစ္စကလေးပါ ဘုရား)။

မလွှဲသာတဲ့ ကိစ္စကလေးဆိုတော့ ဘေးကပုဂ္ဂိုလ်ကြားလဲ ကောင်းအောင်လို့ မလွှဲသာ (မှန်ပါ့) ကိုယ့်မှာတော့ ဘာမှမသိတော့ ကိစ္စကလေး (မှန်ပါ့)။

ဟိုဖြင့် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို မရအောင်တားပြီး ခင်ဗျားတို့မှာ ကလေးလုပ်တုန်းရှိသေး (မှန်ပါ့) ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

မဂ်ဉာဏ်-ဖိုလ်ဉာဏ် တားပါတယ်

ခင်ဗျားတို့က ကိစ္စကလေးလို့ လုပ်တုန်းရှိသေးတယ် (မှန်ပါ့ ဘုရား) အင်း ဒီကိစ္စက ဒကာကြွယ် ဘာလုပ် ပါလိမ့် (မဂ်ဉာဏ်-ဖိုလ်ဉာဏ် တားပါတယ် ဘုရား) သဘောပါပလား (ပါပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ မြင်သ၍သည် ကိုယ့်နစ်နာဖို့ပဲ (မှန်ပါ့ ဘုရား) မလွှဲသာဘူးဆိုတာကလဲ ကျုပ်မှာ တဏှာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

မလွှဲသာဘူးဆိုတာက (တဏှာပါ ဘုရား) မလွှဲသာဘူးဆိုတာ ခင်တယ်ပြောတာ၊ မကင်းဘူးပြောတာ (မှန်ပါ့ ဘုရား) မကင်းတာ ဘာခေါ်မယ် (တဏှာပါ ဘုရား)။

အင်း ခင်ဗျားတို့ဟာကလဲ ဇာတ်ထုပ်ဖော်လေ ကျက်သရေ မရှိလေ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဇာတ်ထုပ်ဖော်ရင် (ကျက်သရေမရှိပါ ဘုရား) သို့သော် ဒကာကြွယ်တို့က ဒီဟာ နှုတ်တက်နေတယ် (မှန်ပါ့) မတက်ဘူးလား (တက်ပါတယ် ဘုရား) မလွှဲသာလို့ဆိုတာ ဘာတုန်းဗျ (တဏှာပါ ဘုရား) တဏှာပဲတဲ့၊ မလွှဲသာဘူး ဆိုကတည်းက ဒီတဏှာသည် သေးသေးလား ခပ်ကြီးကြီးလား (ခပ်ကြီးကြီးပါ ဘုရား)ဟာ အရုပ်ဆိုးလိုက်တာ၊ မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

ကိစ္စကလေးလားဆိုတော့ နိဗ္ဗာန်-မဂ်-ဖိုလ်တောင် တားနိုင်တဲ့ အလုပ်ဖြစ်တယ် (မှန်ပါ့) ကိစ္စကလေးလား ကိစ္စကြီးလား (အကြီးပါ ဘုရား)။

ကိုင်း ဒကာကြွယ် ခင်ဗျားတို့ ဖြစ်ထွေကဖြင့် ဆိုးပါပြီ (ဆိုးပါတယ် ဘုရား) မဆိုးဘူးလားတဲ့ (ဆိုးပါတယ် ဘုရား)။

ကဲ မလွှဲသာတယ်ဆိုတာ ဘယ်သူက ပြောတာတုန်း (တဏှာက ပြောတာပါ ဘုရား) ကိစ္စကလေးဆိုတာလဲ တဏှာက ခင်ဗျားတို့ မသွားဖြစ်အောင် တွန်းတာ (မှန်ပါ့) စင်စစ်တော့ဖြင့် မဂ်ဖိုလ်တော့ တားလိုက်ပြီ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မလွှဲသာတဲ့ကိစ္စကလေးဟာ ဘယ်လိုကျုပ်တို့ ခင်ဗျားတို့ကို နစ်နာစေသလဲ မေးလို့ရှိရင် ဖြေတတ်ပလား (ဖြေတတ်ပါပြီ ဘုရား) မဂ်ဖိုလ်ကို တားပါတယ် (မှန်ပါ့) နိဗ္ဗာန်ကို (တားပါတယ် ဘုရား)။

ယဉ်ကျေးသလောက် အကျည်းတန်တယ်

ဒကာကြွယ် နောက်ကို တယ်မသုံးနဲ့ သူ့ကို (မှန်ပါ့ ဘုရား) ဟုတ်လား (မသုံးတော့ပါ ဘုရား)။

အေး ဒီဥစ္စာကို အလကားနှုတ်တတ်ပြီး အပြစ် သိပ်ကြီးပါလား (မှန်ပါ့) နှုတ်တတ်နေတာကတော့ဖြင့် မြို့ သုံးတော့ ကျပါတယ် (မှန်ပါ့) ပြည်ကြီးသူ-မြို့ကြီးသူ အသုံးဆိုတာပေါ့ဗျာ (မှန်ပါ့) ပြည်ကြီးသူအသုံး၊ ယဉ်တော့ ယဉ်ကျေးပါတယ် (မှန်ပါ့) ယဉ်ကျေးသလောက် အကျည်းတန်တယ် (မှန်ပါ့ ဘုရား)။

ယဉ်ကျေးသလောက် (အကျည်းတန်ပါတယ် ဘုရား) မလွှဲသာဆိုတာ ဘယ်သူ့အသံတုန်း (တဏှာ့အသံပါ ဘုရား)။

ဒီ့ပြင်နေရာတော့ လွှဲသာတယ်ဆိုတာတော့ ငွေကလေး ထည့်လိုက် ပြီးပါတယ် (မှန်ပါ့)၊ ဒီဟာကတော့ လူကိုယ်တိုင်ကို သွားရမှာဘုရာ့ (မှန်ပါ့) မကောင်းကိုမကောင်းဘူး တဲ့ (မှန်ပါ့ ဘုရား)၊ သူတို့ကျေးဇူးကလဲရှိ၊ ကိုယ်ကလဲ သူတို့အပေါ် သမုဒယက ကြီးတယ်ဘုရာ့၊ နောက်ဆုံးပိတ် အဖြေထွက်လာတော့ ဒီရောက်လာတယ် (မှန်ပါ့ ဘုရား)၊ မရောက်ဘူးလား ရောက်သလား (ရောက်ပါတယ် ဘုရား)။

ဒါဖြင့် ကိစ္စကလေးလား၊ ကိစ္စကြီးလား (ကိစ္စကြီးပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တဏှာကလေးလား၊ တဏှာကြီးလား (တဏှာကြီးပါ ဘုရား) တားမှ တားပါ့မလား (တားပါတယ် ဘုရား) ပေါ်ပလား (ပေါ်ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ခင်ဗျားတို့ နှုတ်ဆက်ဖို့တောင် ခက်နေပြီ ဒကာကြွယ် (မှန်ပါ့ ဘုရား) မခက်ဘူးလား (ခက်ပါတယ် ဘုရား)။

ခက်ကာမှ ခက်ကရော့ အကျိုးပေးကဖြင့် မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား) ဒကာသစ် နေရာကျပလား (ကျပါပြီ ဘုရား)။

ဒုက္ခပင်လယ်ဝေနေရင် တဏှာကကြိုက်တယ်

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ တဏှာ့ကိစ္စသည်ကားလို့ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ကို တခါတည်းတဲ့ အပါယ် လေးပါးက မထွက်ဘဲနဲ့ ဒုက္ခပင်လယ်ဝေနေရင် တဏှာက ကြိုက်တယ် (မှန်ပါ့)။

တဏှာက တဏှာက (မှန်ပါ့) ခင်ဗျားတို့ကို အပါယ်လေးပါးကလဲ မထွက်စေချင်ဘူး (မှန်ပါ့) ဒုက္ခပင်လယ်ဝေ နေရင်လဲ (ကြိုက်ပါတယ် ဘုရား)။

အဲ့ဒီစကားကို ခင်ဗျားတို့က ထိပ်သံမှိုနဲ့ နှက်သလိုနားထောင်နေတာလဲ ဦးသန်းမောင်တို့ ဆိုးပြီနော် (ဆိုးပါတယ်) ဦးသန်းမောင်တို့ ဆိုးတယ်၊ မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

ထမင်းပိုလဲ စားလိုက်သေးတယ်ဗျာ (မှန်ပါ့) အပါယ်လဲ ပို့လိုက်သေးတယ်ဗျာ (မှန်ပါ့) ဒီလူပြောတဲ့စကား ကျုပ်တို့ နားထောင်ရမှာလား တော်လှန်ရမှာလား (တော်လှန်ရမှာပါ ဘုရား)။

တော်လှန်ရမှာကိုပင် ဒကာကြွယ်တို့ လူစုတွေက ဒကာသစ်တို့လူစုတွေက ကျွန်မျိုးပီတော့ လိုက်နာနေတယ် (မှန်ပါ့) သူ့နောက်လိုက်နာလေလေ ကျုပ်တို့မှာ နစ်နာချက်သန်လေပဲ (မှန်ပါ့ ဘုရား)။

သူကတော့ပြောတာ မင်း မပါ မပြီးဘူးတဲ့ (မှန်ပါ့) ဘယ်လိုပြောလေ့ရှိသတုန်း (မင်းမပါ မပြီးဘူးလို့ ပြောလေ့ ရှိပါတယ် ဘုရား)။

ဪ မင်းမပါရင် မပြီးဘူးတဲ့ (မှန်ပါ့) ဒကာကြွယ် ဘယ်သူကပြောတာတုန်း (တဏှာကပြောတာပါ) ကျွန်တော် သေသွားတော့ ဘယ့်နှယ်လုပ်မှာတုန်းလို့များ ပြန်ပြောဘူးရဲ့လား (မပြောဘူးပါ) ဖြစ်မှ ဖြစ်ရပလေ ခင်ဗျားတို့ဥစ္စာက ပြန်ပြောရတယ် (မှန်ပါ့ ဘုရား)။

တဏှာကတော့ နိုင်နေကျဖြစ်နေတော့

တဏှာကတော့ ရှေးဦးစွာ သူက နိုင်နေကျဖြစ်နေတော့ မင်း သွားလိုက်၊ မင်းမပါ မပြီးဘူး၊ သူကတော့ အိမ်က တွန်းထုတ်တာပဲ (မှန်ပါ့)။

ဒကာကြွယ် တခါပြန်ပြောပါဦး ဟုတ်လား၊ ဒကာကြွယ် တခါပြန်ပြောပါဦး ကျုပ်သေတော့ ခင်ဗျား တွန်းစရာ များ ရှိသေးသလားလို့ မေးဘူးရဲ့လား (မမေးဘူးပါ ဘုရား)။

ဪ ခက်ပါဘိတော့တယ် ခင်ဗျားဥစ္စာကလဲ တွန်းပေးတာကို ဟုတ်ပါ့၊ မှန်ပါ့ချည့် လိုက်ပြီး ပြေးချည့်နေ တာကိုး (မှန်ပါ့) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ်) မဂ်တား၊ ဖိုလ်တားသမားကို တော်လှန်မှသာလျှင် နေရာကျမယ် (မှန်ပါ့ ဘုရား)။

ဘုရားသခင်ကိုယ်တော်မြတ်ကြီးက တဏှာယောကျ်ားလက်သမား မင့်ကို ငါနိုင်ပြီ ကြိမ်းဝါးတယ် (မှန်ပါ့) မကြိမ်းဝါးပေးဘူးလား (ကြိမ်းဝါးပါတယ် ဘုရား)။

အဲ ဘုရားဖြစ်လာတော့ တဏှာယောကျ်ားလက်သမားနောက် ခန္ဓာအိမ်တွေ မင်းဆောက်ရလိမ့်မယ်လို့ မအောက်မေ့နဲ့ (မှန်ပါ့)။

ငါ့ကို ခိုင်းရလိမ့်မယ်၊ စေရလိမ့်မယ် မအောက်မေ့နဲ့ မင့်ကို ငါနိုင်ပြီဆိုပြီး ကြိမ်းဝါးတော်မူတယ် (မှန်ပါ့) မကြိမ်းဝါးဘူးလား (ကြိမ်းဝါးပါတယ် ဘုရား)။

ခင်ဗျားတို့က ပြုံးပြီးထွက်တယ် (မှန်ပါ့) ဖီးလိမ်းပြီး ပြုံးတဲ့ပြီးတော့ (ထွက်ပါတယ်) အယ်မယ်လေး ဖြစ်မှ ဖြစ်ရပလေ ကျွန်ပီသလိုက်တာ (မှန်ပါ့)။

တဏှာခိုင်းတာကို တခါတည်း သူက အပြေးသွားဆိုရင် (အပြေးသွားပါတယ်) ဒကာကြွယ် သူက ဒီကိစ္စ မသေးဘူး။ ခပ်သုတ်သုတ်ကလေးဆိုရင် ဘယ့်နှယ်တုံး (ခပ်သုတ်သုတ်သွားပါတယ် ဘုရား)။

ဘယ့်နှယ်တုန်း ဒကာကြွယ်ရေ ဘာဖြစ်နေတာတုန်း၊ မသွားဘူးကွလို့များ လုပ်ဘူးရဲ့လား (မလုပ်ဘူးပါ)၊ ဘယ့်နှယ်ဖြစ်နေတာတုန်း၊ အတော်ဆိုးနေတယ်နော် (မှန်ပါ့)။

အပေါင်းတော့လွဲပေါ့

အတော်ဆိုးနေတယ်။ သူက မဂ်လဲတားတယ်၊ အပါယ်လဲ ပျော်ချင်တာ (မှန်ပါ့)၊ သူက ဆရာလုပ်နေတာ ကျုပ်တို့က နားထောင်ပြီး သကာလ နေမယ်ဆိုတော့ ဒကာကြွယ် အပေါင်းတော့လွဲပေါ့ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ဆိုကြမလဲ (အပေါင်းလွဲပါတယ်) အပေါင်းလွဲတာကို ခင်ဗျားတို့က ဒီလိုမထင်ဘူး၊ ဪ ရတုန်းရကာ ကပျာကယာ သွားလိုက်တာနဲ့ တော်တော်သေးရဲ့ (မှန်ပါ့) အယ်မယ်လေး သွားပြီပေါ့ (မှန်ပါ့)။

တော်တော် ဆိုးမသွားသေးဘူးလား (ဆိုးပါတယ်) အဲဒါ ဉာဏ်နားနဲ့ထောင်မှနော် နို့မဟုတ်ရင် ခင်ဗျားတို့က ဉာဏ်နားနဲပ မထောင်လို့ရှိရင်လဲ အခုဟာက ဉာဏ်က တဖက်ကတွန်းထုတ်ပေးတယ်၊ တဏှာကို ဖီဆန်နေတာ (မှန်ပါ့) အဲဒါကိုပြောပြောနေတာ (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ဘာနဲ့ ဘာ စစ်ထိုးခိုင်းနေတာတုန်း (ဉာဏ်နဲ့ တဏှာပါ) ဉာဏ်နဲ့ တဏှာ စစ်ထိုးခိုင်းနေတာ၊ ဘယ်တော့မှ ဉာဏ်က စစ်မထိုးဘူးပါဘူးလို့ ဆိုသဖြင့် ဪ ဒါ့ကြောင့် နိဗ္ဗာန်မရတာပဲ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘာကြောင့် နိဗ္ဗာန်မရတာတုန်း

ဘာကြောင့် နိဗ္ဗာန်မရတာတုန်း (ဉာဏ်နဲ့ တဏှာနဲ့ စစ်မထိုးဖူးလို့ပါ) စစ်မထိုးဖူးဘူးနော် (မှန်ပါ့)။

ကဲ ဒီကရှေ့ ဒကာကြွယ် ဒီ့ပြင်ဟာနဲ့ စစ်မထိုးဘဲနဲ့ သူနဲ့ချည်းစစ်ထိုး (မှန်ပါ့) သူက ဒီအဝတ်ကလေး ဆောင်းထည်ကလေး ဝယ်ပေးစမ်းပါဦးလို့ တဏှာက တောင်းလိမ့်မယ် ခန္ဓာပြပြီးတော့ (မှန်ပါ့) မဝယ်ဘူးကွ လုပ်ရဲ ပါ့မလား (လုပ်ရဲပါတယ် ဘုရား)။

ဘာမလုပ်ရဲစရာရှိသတုန်း ဦးလှဘူးရေ (မှန်ပါ့) အရင်နှစ်တွေက ဝယ်ထားတဲ့ပစ္စည်းရှိ တော်ရောပေါ့ကွ (မှန်ပါ့) ဒီလိုလုပ်ရမှာဗျ (မှန်ပါ့)။

ခင်ဗျားတို့က ဟုတ်ပါကလားနဲ့ ကပျာကယာပြေးတာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) အတော်ဆိုး နေတယ်တဲ့ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတိုု့ သူ့စကားနားထောင်ရင် ဒုက္ခပင်လယ်ဝေ၍ နိဗ္ဗာန်မရောက်ဘူး (မှန်ပါ့)။

ဘယ့်နှယ်ဆိုကြမလဲ (ဒုက္ခပင်လယ်ဝေ၍ နိဗ္ဗာန်မရောက်ပါ ဘုရား) ဘယ်သူ့စကား နားထောင်ရင်လဲ (တဏှာ့ စကားနားထောင်ရင်ပါ ဘုရား)။

ဟာ ဒါဖြင့် ကလေးတွေဆိုတော့ တဏှာကနိုင်လို့ မသိရှာလို့ ဒကာကြွယ် ဪ ဒီမှာခိုင်းတယ် လုပ်ရှာကြ တယ်၊ ပြေးကြတယ်၊ လွှားကြတယ် ဟုတ်လား၊ ငိုကြ၊ ရယ်ကြနဲ့ တဏှာက စီမံသလို လိုက်နာနေတယ် (မှန်ပါ့)၊ ဒို့ အရွယ်ကြီးတွေတော့ ရှက်စရာကြီး (မှန်ပါ့)။

ဒို့အရွယ်ကြီးတွေတော့ ဘယ့်နှယ်ဆိုမလဲ (ရှက်စရာကြီးတွေပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီကျမှ နည်းနည်းကလေး ရှက်တတ်တယ် (မှန်ပါ့) နို့မဟုတ်ရင် (မရှက်တတ်ပါ ဘုရား)။

အဲ တဏှာနဲ့ စစ်ထိုးတတ်မှ ဟိရိဩတ္တပ္ပ ကပ်လာတယ် (မှန်ပါ့)၊ တဏှာနဲ့ စစ်မထိုးတတ်ရင် (ဟိရိဩတ္တပ္ပ မကပ်ပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ တဏှာနဲ့ စစ်မထိုးသ၍ ခင်ဗျားတို့မှာ အရှက်အကြောက်မရှိသေးဘူး (မှန်ပါ့) အရှက်က ဘာတုန်း တဏှာခိုင်းတာလုပ်နေတာ အရှက်မရှိဘူး (မှန်ပါ့)။

တဏှာခိုင်းတာလုပ်ရင် အပါယ်ကျရမယ်

အကြောက်က ဘာတုန်းမေးရင် တဏှာခိုင်းတာလုပ်ရင် အပါယ်ကျရမယ်ဆိုတာ အဲဒီကိုလဲ မကြောက်ဘူး (မှန်ပါ့ ဘုရား)။

ဒါဖြင့် အရှက်အကြောက်မရှိလို့ ခင်ဗျားတို့ တဏှာခိုင်းတာ လျှောက်လုပ်နေတယ် (မှန်ပါ့ ဘုရား) ရိပ်မိပလား ရိပ်မိပါပြီ ဘုရား)။

ဦးမာဒင် ဘယ်လိုများ ဆင်ခြေလဲချင်သေးသတုန်း (မလဲချင်ပါ ဘုရား) ဦးသန်းမောင်ရော လဲချင်သေးသလား (မလဲချင်ပါ ဘုရား)။

မလဲနဲ့တဲ့၊ သူခိုင်းတာကို ခင်ဗျားတို့သည် တဏှာက ခိုင်းလို့သွားရတဲ့ လမ်းဟူသ၍သည် သူယုတ်မာက ခိုင်းတာ (မှန်ပါ့) ရှက်စရာကြီးမဟုတ်ဘူးလား (မှန်ပါ့ ရှက်စရာကြီးပါ ဘုရား)။

ကိုယ့်အုပ်ချုပ်တဲ့ အရှင်သခင်က သူတော်ကောင်းလား၊ သူယုတ်မာလား (သူယုတ်မာပါ) သူယုတ်မာခိုင်းတာကို သွားနေရတော့ ရှက်စရာကြီး (မှန်ပါ့)။

သူယုတ်မာသည်ကားလို့ဆိုရင် ခိုင်းလဲခိုင်းတယ်၊ ဒီစိတ်နဲ့ သေရင်လဲ အပါယ်ရောက်ရမယ်ဆိုတော့ ကြောက် စရာကြီးပဲ (ကြောက်စရာကြီးပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒါကြောင့်တဲ့ အဝိဇ္ဇာနဲ့ တဏှာ ကိန်းလာရင်ကွာ ဟိရိဩတ္တပ္ပမရှိဘူးလို့ ငါ ဘုရားဟောတယ်တဲ့ (မှန်ပါ့ ဘုရား) သေသေချာချာဟောတာပဲ (မှန်ပါ့)။

ဟိရိဩတ္တပ္ပရှိလာရင် တဏှာကို ရန်သူမှန်းသိပြီ

ကဲ ဒကာကြွယ် ယနေ့ကစပြီး ဘာလုပ်မလဲ (တဏှာခိုင်းတာ မလုပ်ရပါ ဘုရား) အဲ ဟိရိဩတ္တပ္ပရှိရမယ် (မှန်ပါ့) ဟိရိဩတ္တပ္ပရှိလာရင် တဏှာကို ရန်သူမှန်းသိပြီ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

နို့မဟုတ်ရင် ခေါင်းဖြူစွယ်ကျိုးကြီးတွေများ ခိုင်းပြီး သကာလ ထားလိုက်တာတောင် ဝှေးထောက်ခိုင်းလို့ ခိုင်း (မှန်ပါ့) မျက်မှန်ကြီးတပ်ပြီးတော့ (ခိုင်းပါတယ်) ခိုင်းလို့ခိုင်းတဲ့၊ ကားကလေးနဲ့ မသွားနိုင် သွားနိုင်နဲ့ ပွေ့တင် ရအောင်တောင် ကျုပ်ပါမှ ပြီးတာ သွားဦးမှ တော်မယ် (မှန်ပါ့)၊ ဒီလိုကော မရှိဘူးလား (ရှိပါတယ်) အဲဒါ ဘယ်သူက ခိုင်းတာတုန်း (တဏှာက ခိုင်းတာပါ ဘုရား)။

အဲဒါ အရှက်မရှိတော့ လူပုံထဲ ဝင်ပြီး သကာလ ခင်ဗျားလာပြန်ပလား မမာလျက်နဲ့၊ အို ခင်ဗျားပြောတာတော့ ဟုတ်တယ် ကျုပ်မပါ မပြီးလို့ (မှန်ပါ့) ဆိုပြီး တဏှာခိုင်းတာကို ကျွန်ပီပီလိုက်လာတယ် (မှန်ပါ့)။

ဒါတွေဟာ ဒကာ ဒကာမတို့ ဟိရိဩတ္တပ္ပမရှိလို့ လို့ ဘုရားဟောလိုက်တယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လောဘနဲ့ ဒိဋ္ဌိဟာ တွဲတွဲလာတယ်

ကောင်းပြီ ဒါဖြင့် တဏှာပါလာလို့ရှိရင်ဖြင့် ဒိဋ္ဌိက “လောဘသဟဂတံ ဒိဋ္ဌိဂတသမ္ပယုတ္တ” ကိုး (မှန်ပါ့) လောဘနဲ့ ဒိဋ္ဌိဟာ တွဲတွဲလာတယ် (မှန်ပါ့) ကျုပ်မပါ မပြီးလို့ဆိုတော့ ဒိဋ္ဌိက ဝင်လာတယ် (မှန်ပါ့)။

ဒကာကြွယ် ကျုပ်မပါ မပြီးရင် (ဒိဋ္ဌိဝင်လာပါတယ်) ကျုပ်ဆိုတာက ကိုယ့်ထက်ကြီးတဲ့လူကို ပြောတာကိုးဗျ (မှန်ပါ့)။

ကိုယ့်ထက်ငယ်တဲ့လူကို ပြောတော့ ငါမပါရင် မင်းတို့ ဘာပြီးမလဲတဲ့ (မှန်ပါ့) အဲဒီတော့ ဒိဋ္ဌိက ဝင်မနေဘူး လား (ဝင်ပါတယ် ဘုရား)။

အဲဒီတော့ တဏှာနဲ့ ဒိဋ္ဌိက တွဲလျက်ပဲ (မှန်ပါ့) ဦးလှဘူး ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို့ ယနေ့ကစပြီးတော့ စိတ်ထဲကနေပြီး သူက ဒီအကြံပေးလိုက်တယ် မသွားဘူး ကွာ (မှန်ပါ့ ဘုရား)။

သူက ဒီက ညွှန်ပြတယ် ဦးမာဒင် ဘယ့်နှယ်တုန်း (မသွားပါ ဘုရား) ဒီဟာကလေး ရှာပေးပါဦး ဆိုရင်တော့ (မရှာပါ ဘုရား)။

အဲဒါကို ခင်ဗျားတို့ နောက်ကနေ သူက လာလိုက်၊ ကိုယ်က တံတောင်နဲ့ တွက်နေရမှာ (မှန်ပါ့) အားမှာမဟုတ် ဘူး (မှန်ပ့ါ) အားပါဦးမလား (မအားပါ ဘုရား)။

အင်း သူများမသိတဲ့ ပုဂ္ဂိုလ်ကတော့ အရူးများ ထနေသလား အောက်မေ့နေမှာ (မှန်ပါ့) စင်စစ်တော့မဟုတ်ဘူး၊ တဏှာနဲ့ စစ်ထိုးနေရတာ၊ လာရင်း တံတောင်နဲ့ တွက်ရရင်း ဖြစ်နေတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သက္ကာယဒိဋ္ဌိကွာပါတယ်

ကဲ ဒါဖြင့် ဒီနေ့သည် ဒကာ ဒကာမတို့ စိတ်ကလေးဖြစ်လာတာ သိလာလို့ ဪ ဒီစိတ်ကလေး ဖြစ်လာပြီ ဆိုရင် ဘာဒိဋ္ဌိကွာသတုန်း (သက္ကာယဒိဋ္ဌိကွာပါတယ် ဘုရား)။

ဒီစိတ်ကလေးသည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ အကြောင်းချုပ်တော့ အကျိုးချုပ်သွားတယ် (မှန်ပါ့) ပျက်သွားတာပဲ (မှန်ပါ့) အဲဒီ့အပျက်ကလေးကို ကျုပ်တို့ ဉာဏ်ထဲမှာ ပျက်တတ်တဲ့တရားလို့ သိရင် ဘာတုန်း (သဿတဒိဋ္ဌိကွာပါတယ် ဘုရား)။

ပျက်ပင်ပျက်ငြားသော်လဲ ခန္ဓာကိုယ်က ဗိုင်းဗိုင်းမလဲတော့ နောက်စိတ်နဲ့ အသက်ရှင်တယ် (မှန်ပါ့) နောက်စိတ် ကို ဘယ်သူက အခွင့်ပေးထားသတုန်း (ရှေ့စိတ်က ပေးပါတယ် ဘုရား) ချုပ်သွားတဲ့စိတ်က ပေးပစ်ခဲ့တာ (မှန်ပါ့)။

ချုပ်သွားတဲ့စိတ်က အခွင့်ပေးခဲ့လို့ နောက်စိတ်တစ်ခု မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) နောက်စိတ် ကလဲ အာရုံနဲ့ ဒွါရတိုက်ရင် ပေါ်တာပါပဲ (မှန်ပါ့)။

အဲဒီ စိတ်ပေါ်လာတာ နောက်စိတ်ပေါ်လာတာ မြင်သဖြင့် ဘာစင်သတုန်း (ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ် ဘုရား) ဪ ဥစ္ဆေဒဒိဋ္ဌိစင်တယ်၊ စိတ်စဉ်မပြတ်ဘူး (မှန်ပါ့) အရင်စိတ်သာ ချုပ်သွားတယ်၊ နောက်စိတ်ပေါ်တာပဲ (မှန်ပါ့)။

ရှေ့စိတ်ချုပ် နောက်စိတ်ဖြစ်နဲ့

အဲဒီလို သွားလိုက်တာ ဦးမာဒင်တို့ ဦးဘထွေးတို့ မှတ်လိုက်စမ်းပါ တသံသရာလုံးပဲ (မှန်ပါ့) ရှေ့စိတ်ချုပ် နောက်စိတ်ဖြစ်၊ ရှေ့စိတ်ချုပ် နောက်စိတ်ဖြစ်နဲ့ တသံသရာလုံး မပြတ်ဘူး (မှန်ပါ့) ရှေ့စိတ်ချုပ် နောက်စိတ်ဖြစ် ရှေ့စိတ်ချုပ် နောက်စိတ်ဖြစ်နဲ့ တသံသရာလုံး မပြတ်ဘူး (မှန်ပါ့)။

စဉ်းစားကြည့်ပါ ဒကာ ဒကာမတို့၊ အခု စုတိစိတ်ပြီး ပဋိသန္ဓေစိတ်လာတယ် (မှန်ပါ့) စိတ်စဉ်ပြတ်သေးရဲ့ လား (မပြတ်ပါ ဘုရား) ပဋိသန္ဓေစိတ်ပြီး နောက် ဘဝင်စိတ်တွေ မလာဘူးလား (လာပါတယ် ဘုရား) စိတ်စဉ်ပြတ်သေး ရဲ့လား (မပြတ်ပါ ဘုရား)။

အဲ စိတ်စဉ်တွေ အကုန်ပြတ်မှသာလျှင် ဒကာ ဒကာမတို့ နိဗ္ဗာန်ရတယ် (မှန်ပါ့ ဘုရား) စိတ်စဉ်တွေ အကုန် မပြတ်ရင် (မရပါ ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ယနေ့သည် ဒကာ ဒကာမတို့ ဒီစိတ်ကို ဘုန်းကြီး အကြီးအကျယ် ပြောနေတာ အခြားကြောင့် မဟုတ်ပါဘူး၊ ခင်ဗျားတို့မှာ မှားနေတာရှိတယ် (မှန်ပါ့) ခင်ဗျားတို့မှာ ဗုဒ္ဓဘာသာဆိုပြီး သဿတဒိဋ္ဌိရှိနေတယ် (မှန်ပါ့)။

ဗုဒ္ဓဘာသာဆိုပြီး သဿတဒိဋ္ဌိက ရှိတာက ဘာတုန်း ဆိုလို့ရှိရင် ကျုပ်စိတ်ဟာ အိမ်မှာကတည်းက ပေါ်လိုက် တာဗျာ၊ ခင်ဗျားတို့ဆီရောက်လဲ ကျုပ်ဟာ ဒီစိတ်ပါပဲ (မှန်ပါ့) အယ်မယ် ဒီလိုများ ပြောလိုက်သေးတယ် (မှန်ပါ့ ဘုရား) မပြောဘူးလား (ပြောပါတယ် ဘုရား)။

အဲဒီတော့ ဒီက သွားလိုက်တဲ့စိတ်ဟာ ရန်ကုန်ရောက်တယ်၊ ရန်ကုန်မှာလဲ ဒီစိတ်ပဲလို့ ထင်လိုက်တယ် (မှန်ပါ့) ဘာဒိဋ္ဌိလဲ (သဿတဒိဋ္ဌိပါ ဘုရား)။

ဘယ်လို အားထုတ် အားထုတ် နိဗ္ဗာန် မရဘူး (မှန်ပါ့) သဿတဒိဋ္ဌိခံနေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ကျုပ်တို့က ဖြစ်လွယ်၊ ပျက်လွယ်ပဲ အစရှိသည်နဲ့ ပြောကြတယ် (မှန်ပါ့)။

ဒါဖြင့် စိတ်ကို တာရှည်ကြီး ခိုင်တယ်၊ မြဲတယ်ထင်ရင် ဘာဒိဋ္ဌိလဲ (သဿတဒိဋ္ဌိပါ) သဿတဒိဋ္ဌိပေါ့ ခိုင်တယ်၊ မြဲတယ်လို့ထင်ရင် (မှန်ပါ့)။

စိတ်ဟာ ဖြစ်ပြီးပျက်တာပဲ (မှန်ပါ့) အခုဖြစ် အခုပျက်ပဲ တာရှည်မဆွဲပါနဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဖြစ်ပြီးပျက်တာသိရင် (သဿတဒိဋ္ဌိစင်ပါတယ်) ပေါ်လာတာ သိရင် (ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီစိတ်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတို့ သက္ကာယလဲစင်ပြီ၊ သဿတလဲ စင်ပြီနော် (မှန်ပါ့) သို့သော် ဗုဒ္ဓဘာသာမှာ သဿတရှိတာကလေး ဒကာသစ် နားထောင်ပါဦး (မှန်ပါ့)။

အသက်ထွက်သွားပြီတဲ့ (မှန်ပါ့) တယ်ကြောက်စရာကောင်းတဲ့စကားပါကလား (မှန်ပါ့)။

အသက်ထွက်သွားပါပြီတဲ့

ဦးမာဒင် ဘာတဲ့ (အသက်ထွက်သွားပါပြီတဲ့) မသုံးကြဘူးလား (သုံးကြပါတယ်) အသက်ဆိုတာ ဒီစိတ်ကလေး ကိုဆိုတာ (မှန်ပါ့)။

ဒီစိတ်ကလေးဟာတဲ့ ဒကာ ဒကာမတို့ နတ်ရွာ ရောက်ကရော့မယ် အခုလောက်ရှိရင် (မှန်ပါ့) အင်း လူ့ပြည်က သွားတာ (မှန်ပါ့) ဒီစိတ်ဆိုတဲ့ အသက်ကလေးဟာ (မှန်ပါ့) ဒီလိုကော မယူကြဘူးလား (ယူပါတယ် ဘုရား)။

အဲဒါ ဒီစိတ်ကလေးဟာ ဒီနေရာဖြစ်ပြီး ဒီနေရာပျက်ရမှာ မပျက်ဘဲနဲ့ သူက ဒီခန္ဓာအိမ်မကောင်းတာနဲ့ ဟိုခန္ဓာအိမ်ပြောင်းတဲ့အဓိပ္ပါယ်ယူတယ် (မှန်ပါ့) ဘာဒိဋ္ဌိတုန်း (သဿတဒိဋ္ဌိပါ) အဲဒါ ဗုဒ္ဓဘာသာမှာ ရှိတယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဘယ်သူ့မှာရှိသတုန်း (ဗုဒ္ဓဘာသာမှာ ရှိပါတယ် ဘုရား)။

အသက်ထွက်တယ်လို့ အယူရှိတဲ့ပုဂ္ဂိုလ်အပေါင်းဟာ ဘယ်တော့မှ နိဗ္ဗာန်အားထုတ်လို့မရဘူး (မှန်ပါ့) ဘာကြောင့်တုန်း (သဿတဒိဋ္ဌိခံနေလို့ပါ) သဿတဒိဋ္ဌိ အပင်းခံနေလို့ မှတ်စမ်းပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အင်း ဘယ်မှာများ ဒီအသက်ကလေးဝင်စားပါလိမ့်မတုန်းတဲ့ (မှန်ပါ့) ဘာဒိဋ္ဌိပါလိမ့် (သဿဒိဋ္ဌိပါ ဘုရား) ဒါလဲ နိဗ္ဗာန်မရနိုင်ဘူး (မှန်ပါ့)။

ဒီအယူမဖြုတ်ရင် နိဗ္ဗာန်မရပါ

ဒီအယူမဖြုတ်ရင် (နိဗ္ဗာန်မရပါ ဘုရား) နိဗ္ဗာန် မရနိုင်ဘူးလို့ သေသေချာချာမှတ်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဘယ်နိဗ္ဗာန် ရတော့မတုန်း ဒကာ ဒကာမတို့ ဝိပဿနာက ဖြစ်ပျက်ကို မြင်မှဆိုတော့ သူ့မှာ ဒီစိတ်အပေါ်မှာ ဖြစ်ပျက်မရှိတော့ဘူး (မှန်ပါ့) ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် အသက်ထွက်ပြီလို့ ယူတဲ့အယူသည် ဘာဒိဋ္ဌိတုန်း (သဿတဒိဋ္ဌိပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီဝမ်းခေါင်းမကောင်းလို့ ဟိုဝမ်းခေါင်းပြောင်းတယ်လို့ ယူရင်ရော (သဿဒိဋ္ဌိပါ ဘုရား) သဿတဒိဋ္ဌိဘဲဆိုတာ ဒကာသစ် သေချာပလား (သေချာပါပြီ ဘုရား)။

အဲဒီ သဿဒိဋ္ဌိဟာ ဒကာ ဒကာမတို့ သိပ်ကြောက်စရာကောင်းတယ်နော် (မှန်ပါ့)။

ဪ ငှက်များ ဒီအကိုင်းမနားချင်လို့ ဒီအပင် လှဲလိုက်တာနဲ့ ဟိုအပင်ရွှေ့နားတဲ့အဓိပ္ပါယ် မရောက်ဘူး လား (ရောက်ပါတယ် ဘုရား) ဒါဖြင့် ဒီငှက်ဟာ အသေရွှေ့သလား အရှင်ရွှေ့သလား (အရှင်ရွှေ့ပါတယ် ဘုရား)။

အဲ စိတ်ဘယ်တော့မှ မသေဘူးလို့ ယူတဲ့အယူ ယူထားတယ် (မှန်ပါ့ ဘုရား) ဒါကြောင့် ဒီအယူရှိရင် ဘာဒိဋ္ဌိတုန်း (သဿတဒိဋ္ဌိပါ ဘုရား)။

သဿတဒိဋ္ဌိဟာ

အဲဒီ သဿတဒိဋ္ဌိဟာ ဆရာဘုန်းကြီးပြောသလို အပျက်ကို မြင်လိုက်မှသာလျှင် စိတ်ဟူသ၍ အပျက်ချည့်ပဲ လို့ သိမှသာလျှင် သဿတဒိဋ္ဌိက ကွာတယ် (မှန်ပါ့)။

အဲဒါကို အခုပြောတာကို ဉာဏ်ထဲက နားလည်ပြီးထားလို့ရှိရင် သဿတဒိဋ္ဌိကွာတယ် အောက်မေ့ (မှန်ပါ့)။

ဒီလိုမသိဘဲနဲ့ ဒကာ ဒကာမတွေသည်ကားလို့ ဆိုရင်ဖြင့် ဒီစိတ်ကလေးဟာဖြင့် အခုအခါ ဘယ်ဝမ်းခေါင်းထဲ ရောက်နေသတုန်း အစရှိသည်နဲ့ ဒီက ထွက်တော့သွားပြီ (မှန်ပါ့) ဒီလိုယူရင် ဘာဒိဋ္ဌိတုန်း (သဿတဒိဋ္ဌိပါ ဘုရား)။

အဲဒီအယူမပျောက်သ၍ ကာလပတ်လုံး ဘယ်လိုပင်ချွတ်ချွတ် မရဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) နိဗ္ဗာန် ဘယ်တော့မှမရလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။

ဘာလှူလို့ ဘာတန်းနေ ဦးမာဒင် (နိဗ္ဗာန်မရပါ ဘုရား) ဘာခံနေသတုန်း (သဿတဒိဋ္ဌိခံနေပါတယ် ဘုရား)။

ဒါဖြင့် ဒိဋ္ဌိသုံးမျိုး တမျိုးမျိုးခံခဲ့သော် ဒကာကြွယ် ဘယ်တော့မှ နိဗ္ဗာန်မရ (မရပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဗုဒ္ဓဘာသာမှာ ဦးသန်းမောင်တို့ ဘာဒိဋ္ဌိ ရှိတတ်သတုံး (သဿဒိဋ္ဌိရှိတတ်ပါတယ် ဘုရား) အသက်ထွက် တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

အသက်ထွက်တယ်လို့ယူတော့ စိတ်ကလေးဟာ အသက်ပဲ (မှန်ပါ့) အဲဒီ့စိတ်ကလေးထွက်သွားတယ် ယူတယ် (မှန်ပါ့ ဘုရား)။

ဒီမှာ မနေချင်လို့ အင်း တနေရာရာ ပြောင်းပေါ့ဆိုတော့ ဒကာ ဒကာမတို့ ဘာဒိဋ္ဌိပါလိမ့် (သဿတဒိဋ္ဌိပါ ဘုရား)။

အဲ ဒီဒိဋ္ဌိရှိနေရင် ဒကာသစ်က ဘယ့်နှယ်ဆုံးဖြတ်ချက် ချမလဲ (ဘယ်တော့မှ နိဗ္ဗာန်မရပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်တော့မှ နိဗ္ဗာန်မရဘူး၊ ဒီအယူကို ဝမ်းထဲက မဖျောက်နိုင်သေးသ၍ ကာလပတ်လုံး ဘယ်နည်းနဲ့မှ နိဗ္ဗာန်မရဘူးဆိုတာ တထစ်ချ ဆုံးဖြတ်ချက်ချ၊ နက်ဖြန် ဝတ္ထုထုတ်လိမ့်မယ် (မှန်ပါ့ ဘုရား) သဘောပါသလား (ပါ ပါပြီ ဘုရား)။

ဒီနေရာတွင် ချုပ်တယ်

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ဒီဒိဋ္ဌိ အခုပြုတ်ပါပလား (ပြုတ်ပါပြီ ဘုရား)။

ဒီစိတ်ဟာ ဝမ်းထဲမှာ ရှူတဲ့စိတ်ဟာ ဒီနေရာတွင် ရှူပြီး ဒီနေရာတွင် ချုပ်တယ် (မှန်ပါ့) ရှိုက်တဲ့စိတ်ကလေး ဟာရော (ဒီနေရာတွင်ဖြစ် ဒီနေရာတွင် ချုပ်ပါတယ် ဘုရား) လျှာပေါ်မှာ ပေါ်တဲ့စိတ်ကလေးဟာရော (လျှာပေါ်မှာ ချုပ်ပါတယ် ဘုရား) လျှာပေါ်မှာပေါ်ပြီး လျှာပေါ်မှာ ပျက်တယ် (မှန်ပါ့) နားထဲပေါ်တဲ့စိတ်ဟာ (နားထဲပေါ်ပြီး နားထဲပျက်ပါတယ် ဘုရား)။

ဒါဖြင့် ဒါဟာ ဝိညာဏ်ခေါ်တယ် (မှန်ပါ့) အဲဒီ့ ဝိညာဏ်ဟာ ဘယ်တော့မှ တနေရာမှ တနေရာသို့ မပြောင်း ဘူး (မှန်ပါ့) နားထဲပေါ်တဲ့ ဝိညာဏ်သည် နှာခေါင်းထဲ မပေါ်နိုင် (မှန်ပါ့) နှာခေါင်းထဲပေါ်တဲ့ဝိညာဏ်သည် လျှာ ပေါ်မှာ (မပေါ်နိုင်ပါ ဘုရား)။

ဒါ့ကြောင့် “သောတဝိညာဏံ ဃာနဝိညာဏံ ဇိဝှါဝိညာဏံ” နဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက နေရာ များစွာမှာ သူ့နေရာနဲ့သူဟောတယ် (မှန်ပါ့) ပြောင်းလို့ မရလို့ ဟောတာ (မှန်ပါ့) ပြောင်းလို့ရရင် ဝိညာဏ်တစ်ခု တည်း ဟောမှာပေါ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ်နေရာမှာပေါ်တဲ့ စိတ်ဝိညာဏ်ဖြစ်ဖြစ် ပေါ်တဲ့နေရာပျက် (မှန်ပါ့) ဥပမာမယ် ဒူးပေါ်မှာယားတဲ့ ကာယဝိညာဏ်ပေါ်တယ် (မှန်ပါ့ ဘုရား) ပေါင်မှာ ရွှေ့ယားသလား ဒူးပေါ်တွင် ပျောက်သလား (ဒူးပေါ်တွင် ပျောက်ပါတယ်ဘုရား။)

ဒီနေရာယား ဒီနေရာပျောက်၊ ဒီနေရာ နာရင်ရော (ဒီနေရာပျောက်ပါတယ် ဘုရား)။

အဲဒီကဲ့သို့ ဪ ဒီနေရာဖြစ် ဒီနေရာပျက်၊ ဘယ်မှမပြောင်းဘူး၊ ဒီနေရာမှာပဲ ဖြစ်ပေါ်ပြီး ဒီနေရမှာပဲ ပျက်တာပဲလို့ ယူလိုက်ရင် ပေါ်တာသိရင် သက္ကာယဒိဋ္ဌိစင်ပါတယ် (မှန်ပါ့) ဒီနေရာမှာပဲ ပျောက်သွားတယ်လို့ သိသွား လို့ရှိရင်ဖြင့် သဿတဒိဋ္ဌိစင်ပါတယ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

အသက်ထွက်တယ်၊ ဘဝပြောင်းတယ်

အဲဒီတော့ ရှေးမူတွေက ဒကာ ဒကာမတို့ သိတဲ့အတိုင်း အသက်ထွက်တယ်၊ ဘဝပြောင်းတယ် (မှန်ပါ့) ဒီလိုမယူဘူးလား (ယူပါတယ် ဘုရား)။

ဒီဘဝမကောင်းလို့ ဘာတုန်း (ဟိုဘဝပြောင်းပါတယ် ဘုရား)။ ပြောင်းတယ်ဆိုတဲ့ဥစ္စာသည် အထုပ်ထမ်း ပြောင်းသလို ပြောင်းတာ (မှန်ပါ့) ဘာဒိဋ္ဌိထဲရောက်နေသတုန်း (သဿဒိဋ္ဌိထဲ ရောက်ပါတယ် ဘုရား)။

အဲဒါ့ကြောင့် ဘဝပြောင်းတာလဲ မရှိဘူး၊ စုတိ ပဋိသန္ဓေဖြစ်တာပဲရှိတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

အဲဒါတွေ ဘဝပြောင်းလို့မရဘူး (မှန်ပါ့) ဒီမှာ အခု လူ့ဘဝဆိုငြားသော်လဲတဲ့ လူ့ဘဝဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ စိတ်ကလေးတွေ ဖြစ်နေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဟိုမှာ အစားထိုးလိုက်တယ်

ဒီစိတ်ကလေးဟာ ဘယ်ရွှေ့ပြောင်းသတုန်း (မပြောင်းပါ ဘုရား)။

ဒါဖြင့် ဟိုမှာ အခု ဝိညာဏ်မပေါ်ဘူးလား၊ ပေါ်ပါတယ် (မှန်ပါ့) “အနန္တရပစ္စယော” တဲ့ အရင်ချုပ်တဲ့စိတ်က ဟိုစိတ်ကို အစားထိုးပစ်လိုက်တယ် (မှန်ပါ့) ပေါ်တော့လဲ ပေါ်တယ်၊ ဒီက ပြောင်းတာတော့ မဟုတ်ဘူး (မှန်ပါ့) ဒီကနေပြီး ဟိုမှာ အစားထိုးလိုက်တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) သဘောပါသလား (ပါပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။