12106

မာတိကာသို့

ဝေဒနာနုပဿနာတရားသိကြားအမေး-ဘုရားအဖြေ

တဏှာသင်္ခယသုတ်-၂

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ဓမ္မာရုံ၌ ဟောကြား ဆုံးမတော်မူသော

(ဝေဒနာနုပဿနာတရားသိကြားအမေး-ဘုရားအဖြေ တဏှာသင်္ခယသုတ်-၂)နေ့အလုပ်ပေး-တရားတော်

(၈-၁၀-၆၁)

ဒုက္ခခပ်သိမ်းကင်းငြိမ်းဖို့ တရားနာတယ်

အားလုံး ဒကာ ဒကာမတို့ အခုတရားနာကြတယ်ဆိုတဲ့ ဥစ္စာဘယ်အကျိုးငှာတရားနာကြသတုန်းလို့ မေးလို့ရှိရင် ဖြင့် ဒုက္ခခပ်သိမ်းကင်းငြိမ်းဖို့ တရားနာတယ်လို့ စိတ်ထဲကမှတ်ရမယ် (မှန်ပါ့)။

တရားနာကြတာ ဘယ်အကျိုးငှာပါလိမ့် (ဒုက္ခခပ်သိမ်းကင်းငြိမ်းဖို့ပါ ဘုရား)။

ဒုက္ခခပ်သိမ်းကင်းငြိမ်းဖို့ နာကြတယ်ဆိုလို့ရှိရင်ဖြင့် တဲ့ ဝိဝဋကုသိုလ်ဖြစ်ပါတယ် (မှန်ပါ့)။

အဲဒီတော့ ဒီဒုက္ခခပ်သိမ်းကင်းငြိမ်းဖို့နာကြတယ်ဆိုတာသိတော့ တစ်ခါပြန်တွေး ဪ ဒီဒုက္ခသည်ကား လို့ဆိုလို့ရှိရင်ဖြင့် ဘယ်ကများ လာပါလိမ့်မလဲလို့ပြန်တွေးတဲ့ အခါကျတော့ ဒုက္ခသစ္စာ၊ အကျိုးသစ္စာ ဖြစ်နေတော့ ဪ ဒို့သည်ကားလို့ ဆိုလို့ရှိရင် ဘုံဘဝလိုချင်ခန္ဓာလိုချင်တဲ့ တဏှာက လာတာကိုးလို့ ဆိုတာလည်းတွေးလုံးထုတ် လိုက်ပါ (မှန်ပါ့)။

ဒုက္ခသစ္စာဘယ်ကလာပါလိမ့်

ဒုက္ခသစ္စာဘယ်ကလာပါလိမ့် (ဘုံဘဝလိုချင်တဲ့ တဏှာကလာပါတယ် ဘုရား) ဘုံဘဝနဲ့ခန္ဓာလိုချင်တဲ့ တဏှာက လာတယ် (မှန်ပါ့) ဒကာကြွယ်ရှင်းပလား (ရှင်းပါပြီ)။

အဲ့ဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဪ တရားနာရတာသည်ကား ဒုက္ခငြိမ်းချင်လို့ ဒုက္ခငြိမ်းချင်လို့ ရှိရင်ဒီဒုက္ခ ဘယ်ကလာသတုန်းလို့ ဆက်တွေးပြန်တော့ တဏှာဥပါဒါန်တွေက လာပြီး သကာလ နေကြတယ်ဆိုတာလဲ သိကြပြီ (မှန်ပါ့)။

ဒါဖြင့် ဒီတဏှာတွေကို သတ်ဖို့ရာအရေး ဒကာ ဒကာမတို့နည်းယူတာသည် တရားနာတာအစစ်လို့မှတ်ပါ (မှန်ပါ့) ဒီတဏှာသတ်ဖို့ နည်းယူပြီး သကာလ မှတ်သားနေကြတာသည်တဲ့ တရားနာဘာအစစ်လို့မှတ်ပါ (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ဒုက္ခပေးလေသမျှ တဏှာလောဘကဆိုတာ သိပြီ (မှန်ပါ့)။

တဏှာလောဘကလည်း ယခုအခါမှာသူသည် ဘယ်မှာနေပါလိမ့်မလဲလို့ ဒကာ ဒကာမတွေက အမြစ်အရင်း ရှာလိုက်ပါ (မှန်ပါ့)။

တဏှာလောဘအမြစ်အရင်း ရှာလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် မိမိခန္ဓာမှာနေတယ်လို့မှတ်ပါ (မှန်ပါ့)။

တဏှာလောဘသည် ဘယ်မှာနေပါလိမ့် (မိမိခန္ဓာမှာနေပါတယ် ဘုရား) မိမိခန္ဓာမှာတွယ်တာနေတယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေကမှတ်ထားပါ (မှန်ပါ့)။

မိမိခန္ဓာမှာလဲတဲ့ အတွယ်တာဆုံး ဘယ်ဟာတုန်း လို့ တစ်ခါဝေဖန်အုံး (မှန်ပါ့) မိမိခန္ဓာမှာလဲ အတွယ်တာဆုံး ဘယ်ဟာတုန်းလို့ ဝေဖန်လိုက်တဲ့အခါကျတော့ ခန္ဓာကောင်းစားချင်တယ် (မှန်ပါ့)။

ခန္ဓာဆင်းရဲတာကို ခန္ဓာထဲမှာရှိတဲ့ မစားရမည့်မသောက်ရမည့် ဆင်းရဲတွေကိုးဒါတွေကြောင့် ဆင်းရဲတဲ့ဒုက္ခ ဝေဒနာကြောင့် ဒီတဏှာဖြစ်တာ (မှန်ပါ့)။

ချမ်းသာခြင်းထက် ချမ်းသာခြင်း အလိုရှိသောကြောင့်လည်း ဒီတဏှာဖြစ်တယ် (မှန်ပါ့) သဘောကျပလား (ကျလာပြီ ဘုရား)။

လူတန်းစေ့နေချင်သောကြောင့်လဲတဲ့ ဒီတဏှာဖြစ်တယ် (မှန်ပါ့) ဒါဖြင့် ဒကာ ဒကာမတို့ သန္တာန်မှာ ဝေဒနာ သုံးပါးကြောင့်ဖြစ်တယ် (မှန်ပါ့)။

တဏှာဟာဘယ်သူကြောင့် ဖြစ်ပါလိမ့်

ဒကာ ဒကာမတို့ တဏှာဟာဘယ်သူကြောင့် ဖြစ်ပါလိမ့် (ဝေဒနာသုံးပါးကြောင့်ဖြစ်ပါတယ် ဘုရား)။

ဝေဒနာသုံးပါးကြောင့်ဖြစ်တယ်လို့ မှတ်ထားလိုက်တော့မှ ဪ ဒါဖြင့် ဝေဒနာသတ်ရင် တဏှာပြတ်မှာပဲ (မှန်ပါ့ ဘုရား)။

ဝေဒနာသတ်ရင် (တဏှာပြတ်ပါတယ် ဘုရား) တဏှာပြတ်မယ်ဆိုတာ ဒကာကြွယ်တို့ ဒကာသစ်တို့ ဦးမာဒင်တို့ ဦးသန်းမောင်တို့သိရောပေါ့ဗျာ (သိပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့က ဒကာ ဒကာမတွေတရားနာတာ ဒုက္ခသစ္စာချုပ်ချင်လို့ ဒုက္ခသစ္စာကသမုဒယကြောင့် ဖြစ်တယ် သမုဒယသစ္စာသည် ဘယ်ကလာသတုန်း ဝေဒနာကလာတယ်ဆိုတော့ လက်သည်အကြောင်းတွေ့ပါပြီ (တွေ့ပါပြီ ဘုရား)။

ဒုက္ခသစ္စာဘယ်ကလာသတုန်း (သမုဒယသစ္စာကလာပါတယ် ဘုရား) တဏှာသမုဒယကလာတယ် (မှန်ပါ့) တဏှာသမုဒယသည် ဘယ်ကလာသတုန်းမေးရင် (ဝေဒနာကလာပါတယ် ဘုရား) ခန္ဓာငါးပါးရှိရာတွင် ဘယ်ခန္ဓာကလာ သတုန်းမေးရင်တော့ (ဝေဒနာက္ခန္ဓာကလာပါတယ် ဘုရား)။

ဒါကလေးဟာ အင်မတန်အရေးကြီးတဲ့အချက်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်ထားပါ (မှန်ပါ့)။

ပြန်မေးပါအုံးမယ် ဒကာ ဒကာမတို့နော် (မှန်ပါ့) ခန္ဓာကိုယ်ကြီးဘဝတိုင်း အိုဘေး နာဘေး သေဘေးတွေ သင့်တယ် ဘယ်နှယ်ကြောင့် ဒီခန္ဓာကိုယ်ကြီးဟာဘဝတိုင်း အိုဘေး နာဘေး သေဘေးတွေ သင့်ရပါလိမ့်မလဲလို့ မေး လို့ရှိရင်ဖြင့် တပည့်တော်တို့ ဘုံဘဝခင်တွယ်တဲ့တဏှာကြောင့်ဘဲ (မှန်ပါ့)။ ဆိုနိုင်ကြရဲ့လား (ဆိုနိုင်ပါတယ် ဘုရား)။

ယခုဘယ်မှာနေပါလိမ့်မလဲ

ဒီတဏှာသည် ယခုဘယ်မှာနေပါလိမ့်မလဲ လို့မေးတော့လက်ရှိခန္ဓာမှာနေတယ် (မှန်ပါ့ ဘုရား) ဘယ်မှာနေပါ လိမ့် (လက်ရှိခန္ဓာမှာနေပါတယ် ဘုရား)။

လက်ရှိခန္ဓာငါးပါးမှာလဲ သူအများဆုံးဘယ်နေရာမှာ သူသည်ကားလို့ဆိုလို့ရှိရင် တွယ်တာနှစ်သက်ပြီး သကာလ နေပါလိမ့်မလဲလို့ တစ်ခါတွေးအုံး (မှန်ပါ့) ဝေဒနာက္ခန္ဓာမှာနေတယ် (မှန်ပါ့) သဘောကျကြပလား (ကျပါပြီ ဘုရား)။

ဘယ်မှာနေပါလိမ့် (ဝေဒနာက္ခန္ဓာမှာနေပါတယ်) ဦးမာဒင်တို့ဦးသန်းမောင်တို့ မှတ်ပါနော် (မှန်ပါ့) ဦးဘထွေး တို့မှတ်သေသေချာချာ (မှန်ပါ့)။

ဪ ဒါနဲ့ ခန္ဓာထဲမှာဝေဒနာရှိတယ် (မှန်ပါ့) ခန္ဓာထဲမှာစိတ်ချမ်းသာလက်ချမ်းသာ နေချင်တယ်ဆိုတယ် ဘုရားဆိုတာ သုခဝေဒနာသူသဘောကျတာ (မှန်ပါ့)။

မကျန်းမမာ မချမ်းမသာနဲ့ဖြင့် မနေချင်ပါဘူးဘုရားဆိုတာ ဒုက္ခဝေဒနာသူကြောက်တယ် (မှန်ပါ့) တပည့်တော် တို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် မျက်စိ နား နှာခေါင်းအင်္ဂါကြီးငယ်တွေ ရှိကြပါတယ်ဘုရား ဒါတွေကလဲမြင်ချင် ကြားချင်ကြတယ်ဘုရား စားချင်ကြတယ်ဘုရားဆိုလို့ရှိရင်လဲ ဥပေက္ခာဝေဒနာကြောင့်ဘဲ (မှန်ပါ့)။

ဝေဒနာကလာတယ်

ဒါဖြင့် ဒကာသစ်ရေ ဒီတဏှာဘယ်ကလာပါလိမ့်မလဲ (ဝေဒနာကပါ) ဝေဒနာကလာတယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ ဒီတဏှာဘယ်ကလာပါလိမ့် (ဝေဒနာကလာပါတယ် ဘုရား) ဒီတဏှာသည် ကျုပ်တို့ခင်ဗျား တို့ကသာလက်ခံမှုကြီး ရှိနေကြမယ်ဆိုလို့ရှိရင်ဖြင့် တဏှာသမုဒယသစ္စာ ဖြစ်သောကြောင့် ဒုက္ခသစ္စာနဲ့ပဲခင်ဗျားတို့ အချိန်ကုန်ရလိမ့်မယ် (မှန်ပါ့)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သေသေချာချာဪ တဏှာသတ်ချင်ရင် တဏှာကိုမသတ်နဲ့ (မှန်ပါ့) ဝေဒနာကိုသတ်ပါ (မှန်ပါ့) တဏှာသေချင်ရင် ဝေဒနာကိုရှုပါ (မှန်ပါ့)။

တဏှာသေချင်ရင် (ဝေဒနာရှုပါ ဘုရား) တော်တော်အရေးကြီးတယ်နော် (မှန်ပါ့)။

ဦးမာဒင် တဏှာသေချင်ရင် တဏှာရှုရမှာလား တဏှာရေသောက်မြစ်ဖြတ်ရမှာလား (တဏှာရေသောက်မြစ် ဖြတ်ရမှာပါ ဘုရား) အင်း ဘာတွေ့ကြပါလိမ့် (ဝေဒနာတွေ့ပါတယ် ဘုရား)။

မှတ်ကြပါ မှတ်ကြပါ ဒကာ ဒကာမတို့ တဏှာ၏ရေသောက်မြစ်ဟာ ဝေဒနာကပါလားဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

ဘယ်နှယ်များ ဟောသတုန်း (ဝေဒနာပစ္စယာတဏှာပါ) ဝေဒနာပစ္စယာ ဝေဒနာတည်းဟူသော အကြောင်းကြောင့် တဏှာ တဏှာသည် ဥပ္ပဇ္ဇတိဖြစ်၏ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဪ ဒီတဏှာသည်ကားလို့ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ဝေဒနာကြောင့်ဖြစ်တာပဲ (မှန်ပါ့)။

ဒါကြောင့် တဏှာသေရင် နိဗ္ဗာန်ရောက်ပါတယ်ဆိုသဖြင့် တဏှာရေသောက်မြစ် မဖြတ်လို့ရှိရင် တဏှာပြတ်ပါ့ မလား (မပြတ်ပါ ဘုရား)။

အဲဒါကြောင့် ဦးမာဒင် သေသေချာချာ မှတ်စမ်းပါ ဝေဒနာရှုလိုက်ရင်တဏှာပြတ်တယ် (မှန်ပါ့)။

ဝေဒနာဖြစ်ပျက်မြင်လို့ရှိရင်

ဝေဒနာဖြစ်ပျက်မြင်လို့ရှိရင် (တဏှာပြတ်သွားပါတယ် ဘုရား) တဏှာပြတ်တယ်လို့ဆိုတာမှတ်တော့မှ ဒါကြောင့် ဒကာ ဒကာမတွေ ဝေဒနာကိုဖြစ်ပျက်မြင်မှ (ဝါ) အနိစ္စမြင်မှ (ဝါ) ခယဝယမြင်မှ (မှန်ပါ့) ကုန်တာ ပျောက်တာမြင်မှ (မှန်ပါ့)။

ဪ မြင်ဖို့ဉာဏ်ကလေး ဝင်လာမှတဏှာသေတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဝေဒနာတို့၏ ကုန်တာပျောက်တာကို မြင်တဲ့ဉာဏ်ဝင်လာမှ တဏှာသေတယ် (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒါဘာကို ဟောချင်လို့လဲလို့ မေးတဲ့အခါကျတော့မှ ဒကာကြွယ်သတိထားနားထောင်ပါ (မှန်ပါ့) သိကြာမင်းကြီး က တာဝတိ ံသာနတ်ပြည်မှာ ဥယျာဉ်ပျော်ပါးမယ်လို့ ဧရာဝဏ်ဆင်ကြီးစီးပြီး သကာလ နတ်သမီးတွေနဲ့နန္ဒဝန်ဥယျာဉ် ထွက်လာတယ် (မှန်ပါ) ဥယျာဉ်ဝရောက်ခါရှိသေးတယ် သူ့စိတ်ထဲအတွေးတစ်ခုပေါ်လာတယ် (မှန်ပါ့)။

ဘာအတွေးတစ်ခု ပေါ်သတုန်းလို့ မေးတဲ့အခါကျတော့ လောကကြီးအခုဆင်းရဲပေးနေတာ တဏှာကပဲ (မှန်ပါ့) လောကကြီးအခုဆင်းရဲပေးနေတဲ့ လက်သည်ရှာလို့ရှိရင် တဏှာကပေးတာချည့်မှတ်ပါ (မှန်ပါ့)။

လောကကြီး ဘယ်သူဆင်းရဲနေသတဲ့ဆိုလို့ရှိရင် ဘယ်နှယ့်ပြောကြမလဲ (တဏှာကပေးတာပါ ဘုရား) ဪ တဏှာကပေးတဲ့ဆင်းရဲပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

မယုံရင်စဉ်းစားကြည့်ပါ ဒကာ ဒကာမတို့ သူများထက်ချမ်းသာချင်ရင် သူများထက်ပိုဆင်းရဲခံရလိမ့်မယ် (မှန်ပါ့) သူများထက်ချမ်းသာချင်တာက တဏှာ (မှန်ပါ့) သူများထက်ပိုဆင်းရဲတာကဒုက္ခ (မှန်ပါ့)။

အဲဒီသူများထက် ပိုဆင်းရဲရတဲ့ ဒုက္ခဘယ်သူပေးတာတုန်း (တဏှာကပေးတာပါ) သူများထက် ပိုချမ်းသာချင်တဲ့ တဏှာကပေးလိုက်တာ (မှန်ပါ့)။

သူများထက် သာချင်တယ်

အင်း ဒကာ ဒကာမတွေက ချမ်းသာချင်တာကလည်း သူများထက် သာချင်တယ် (မှန်ပါ့) သူများထက်သာပြီး ချမ်းသာချင်လို့ရှိရင် သူများထက်ဒကာ ဒကာမတို့ တဏှာပိုသော်လည်းပိုလိုက် (မှန်ပါ့) တဏှာပိုလို့ရှိရင်သူများထက် ဆင်းရဲခံရမယ် ဆိုတာလဲဧကန်ဘဲ (မှန်ပါ့) ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သူများထက်ပိုပြီး သကာလ ချမ်းသာချင်ခြင်းကို အလိုရှိတဲ့ပုဂ္ဂိုလ်သည် သူများထက်ပိုမိုပြီး သကာလ အရင်းအနှီး များရမယ် အလုပ်အကိုင်ပိုရမယ် အများကြီးလုပ်ရမယ် မိတ်ဆွေအများကြီးဖွဲ့ရမယ် ဒကာ ဒကာမတို့ ဟိုပို့ဒီပို့ အများကြီး ပို့ရမယ် (မှန်ပါ့)။

ဒါသူများထက် ချမ်းသာခြင်းကို အလိုရှိလို့တဏှာများလို့ ဆင်းရဲခြင်းများတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) ဦးမာဒင် ရိပ်မိပလား (ရိပ်မိပါပြီ) ဦးသန်းမောင်ကော (ရိပ်မိပါပြီ ဘုရား)။

ဆင်းရဲခြင်းများတာသည် ကိုယ့်တဏှာများလို့ ဆင်းရဲခြင်းများတာ (မှန်ပါ့) သို့သော် ခင်ဗျားတို့ ဒကာ ဒကာမ တွေကတော့ ဘယ်သူဟာဖြင့် တော်လိုက်တာတဲ့ (မှန်ပါ့) ဆင်းရဲခြင်းများတာတော့ သွားမကြည့်ဘူး (မှန်ပါ့)။

သူများထက်ချမ်းသာချင်တဲ့ တဏှာကြောင့်

ဆင်းရဲခြင်းများတာတော့ (သွားမကြည့်ပါ) သူကဘယ်နှယ့်ကြောင့်ဆင်းရဲခြင်းများရပါလိမ့်မတုန်း ဆိုပြန်တော့ လည်း သူများထက်ချမ်းသာချင်တဲ့ တဏှာကြောင့် (မှန်ပါ့) သူမှာဆင်းရဲခြင်းတွေ ဘယ်နှယ်ဖြစ်ရသလဲ (များပါတယ် ဘုရား)။

အဲ့ဒီဆင်းရဲမှုများတာကိုပင်လျှင် ဒကာကြွယ်တို့လူစုတွေကလည်း အားကျနေကြတယ် (ကျပါတယ်) ဘယ်လို အားကျသတုန်းလို့ မေးတော့ ဒီအခြေအနေမျိုးဘယ်တော့ ရောက်ပါ့မလဲ (မှန်ပါ့)။

ဪ ဒကာ ဒကာမတွေ ဒီအခြေအနေမျိုး ဘယ်တော့ရောက်ပါ့မလဲဆိုတာ ဒီဆင်းရဲကြီးဘယ်တော့ရပါ့မလဲ (မှန်ပါ့ ဘုရား) ဒါဉာဏ်နဲ့တွေး (မှန်ပါ့)။

ဉာဏ်နဲ့တွေးလိုက်တော့ ဘယ်နှယ့်ဖြစ်လာသတုန်း (ဒီဆင်းရဲခြင်းဘယ်တော့ရပါ့မလဲ) ဒီဆင်းရဲခြင်းဘယ်တော့ ရပါ့မလဲ (မှန်ပါ့)။

ဒါ ရှိတဲ့လူကိုမရှိတဲ့လူက တွေးလုံးကဖြင့် ဒကာသစ်ဒါမျိုးချည့်ဘဲ (မှန်ပါ့)။

ဪ သူတို့အခြေအနေမျိုး ဘယ်တော့ရောက်ပါ့မတုန်းဆိုတဲ့ ဥစ္စာဆင်းရဲကြီးသမားကို သွားပြီးတော့ ဒကာကြွယ်အားကျတာ (မှန်ပါ့)။

ဆင်းရဲကြီးသမားကို (သွားပြီးအားကျပါတယ် ဘုရား) သူ့လိုအခြေအနေမျိုး ဘယ်တော့ရောက်ပါ့မတုန်း ကျုပ်တို့ ဖြင့်ဒီဘဝ ရောက်မှရောက်နိုင်ပါ့မလား အမယ်ဒီလိုများတွေးလိုက်သေးတယ် (တွေးပါတယ် ဘုရား)။

သူ့ဆင်းရဲကြီးကျုပ်ဖြင့်ဝေမှခံရပါ့မလား (မှန်ပါ့) ဘာဖြစ်ကြတာတုန်း (အားကျတာပါ) ဦးမာဒင်တို့ ဘာတုန်းဗျ ပြောကြစမ်းပါအုံး သူဆင်းရဲကြီးဝေမှခံရပါ့မလား လို့ သေသေချာချာအဓိပ္ပာယ်ကတော့ ဒကာကြွယ်ဒီရောက်တယ် (မှန်ပါ့) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

အရူးသုံးချက်က အုပ်ချုပ်နေလို့

သို့သော် မသိတဲ့ပုဂ္ဂိုလ်တွေကတော့ဖြင့် ဒါချမ်းသာထင်နေလို့ ဪ သူတို့မှာဖြင့် သညာဝိပ္ပလ္လာသ ဒိဋ္ဌိဝိပ္ပလ္လာသ စိတ္တဝိပ္ပလ္လာသဆိုတဲ့ အရူးသုံးချက်က အုပ်ချုပ်နေလို့ ဒီဆင်းရဲကြီးမျိုးဘယ်တော့ရပါ့မလဲ ပြောတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီဆင်းရဲကြီးမျိုးဘယ်တော့ရပါ့မလဲဆိုတဲ့ ပုဂ္ဂိုလ်ဟာရူးလို့မှတ်ပါ (မှန်ပါ့) ဘယ်လိုမှတ်ကြမယ် (ရူးလို့မှတ်ရပါ မယ် ဘုရား)။

ဒကာကြွယ်တို့ နဂိုရ်ကတော်တော် ရူးခဲ့တယ်နော် (ရူးခဲ့ပါတယ် ဘုရား) တော်တော်ရူးလို့ ဦးမာဒင်တို့ အရူးကြီး တွေဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သူများလို တိုက်တွေတာတွေနဲ့ နိုင်ငံခြားသွားချင်တာ တစ်စက္ကန့်ဝင်ငွေ ဘယ်လောက်ဆိုတာ ကြားရတော့ အင်းဒီအခြေအနေများဘယ်တော့ ရောက်ပါ့မတုန်း ရောက်နိုင်တဲ့ကံမရှိဘူး ဝမ်းများနည်းလိုက်သေးတယ် (မှန်ပါ့)။

ဒီဒုက္ခကြီးကိုယ့်ဆီမရောက်မှာစိုးလို့ ဝမ်းများတောင်နည်းလိုက်သေးတယ် (မှန်ပါ့) ဒီလောက်ထိတောင် ဖောက်ပြန်တာဆိုတဲ့ ဥစ္စာကိုလဲဦးလှဘူးရိပ်မိလောက်ပါပြီ (ရိပ်မိပါပြီ ဘုရား)။

ကိုင်း ဒါဖြင့်ဒီဥစ္စာ ဒကာ ဒကာမတို့ လူပြည်မှာဆင်းရဲ သေတော့ငရဲကျ (မှန်ပါ့) အင်း ဦးမာဒင်အမြတ်ပြောစမ်း (မရှိပါ ဘုရား) ဦးသန်းမောင်အမြတ်ပြောစမ်းပါ (အမြတ်မရှိပါ ဘုရား) အမြတ်မရှိဘူးနော် (မှန်ပါ့)။

လူပြည်မှာဆင်းရဲတယ် သေတော့ငရဲသွားရတယ်ဆိုတော့ ဒါဘဲ ခင်ဗျားတို့ ဒုက္ခရောက်ဖို့ရာတွေကို ကြိုးစားနေ ကြတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီး ဘုရား)။

အဲဒါတွေ အားလုံးသော ဒကာ ဒကာမတွေကို ဘုန်းကြီးများကဖွင့်ပြီး သကာလ အကျယ်တဝင့်မပြောဘူး ပဋိစ္စသမုပ္ပါဒ်အကြောင်းအကျိုး ဆက်မပြဘူးဆိုယင် အလွန်အားကျတဲ့အလုပ်ပါလား (မှန်ပါ့ ဘုရား) အလွန်အားကျတဲ့ အလုပ်ဆိုရင်လွဲပါ့မလား (မလွဲပါဘူး ဘုရား) တယ်လဲဆိုးပါကလား (ဆိုးပါတယ် ဘုရား)။

ဆင်းရဲခြင်း တောင်းတမည့် ပုဂ္ဂိုလ်

ဒါဖြင့် ဘုရားလဲမပွင့်လို့ ဘုန်းကြီးတို့လို့ ဘုရားသာသနာနဲ့ကြုံလို့ ဘုရားတပည့်တွေ ဟောတတ် ပြောတတ်တဲ့ ပုဂ္ဂိုလ်နဲ့မကြုံလို့ရှိရင်ဖြင့် ကဲ တရားတစ်ပွဲလုံးပဲ ပြောကြပါတော့ဆင်းရဲခြင်း တောင်းတမည့် ပုဂ္ဂိုလ်ချည့်ပဲလို့ ဆုံးဖြတ်ချက် ချ (မှန်ပါ့)။

ဘာတောင်းတ ကြမတုန်း (ဆင်းရဲခြင်းတောင့်တာကြမှာပါ ဘုရား) ဒကာကြွယ်ယုံရဲ့လားဗျာ (ယုံပါတယ် ဘုရား)။

ဘုရားကလည်းမရှိပါဘူး ဘုန်းကြီးတို့လိုဘုရားတပည့်သားတွေကလည်း မရှိကြတော့ဘူး ကျန်တဲ့ပုဂ္ဂိုလ်တွေ ဘာတွေများ တောင့်တပြီး သကာလ သူတို့စိတ်ထဲမှာနေကြရလိမ့်မလဲလို့ တရားတစ်ပွဲလုံးတွေးရင် ဘာကိုတောင့်တနေကြ မယ်ထင်မတုန်း (ဆင်းရဲခြင်းကိုတောင့်တနေကြမှာပါ ဘုရား) ပေါ်ပြီ (ပေါ်ပါပြီ) ဘာတွေတောင့်တနေကြမတုန်း (ဆင်းရဲခြင်းတောင့်တနေကြမှာပါ ဘုရား) ဒကာကြွယ်ဟုတ်ပလား (ဟုတ်ပါတယ် ဘုရား)။

သူတို့မှာ ဒီအမှတ်မှားဆိုတဲ့ သညာဝိပ္ပလ္လာသဟုတ်လား (မှန်ပါ့) အသိမှားဆိုတဲ့ စိတ္တဝိပ္ပလ္လာသ (မှန်ပါ့) အယူကိုက မှားနေလို့ဆိုတဲ့ ဒိဋ္ဌိဝိပ္ပလ္လာသ (မှန်ပါ့)။

ဒီဝေဒနာကိုမြင်လဲ မမြင်ဘူး

ဒါကြောင့် ဒီဝေဒနာကို ဒကာ ဒကာမတွေမြင်လဲ မမြင်ဘူး ရှုလည်းမရှုတတ်ဘူးဆိုရင်ဖြင့် ဒီတဏှာဟာ ဦးမာဒင်တို့ ဦးသန်းမောင်တို့ သေပါ့မလား (မသေပါ ဘုရား) မသေရင်သူဒုက္ခပေးတော့မယ် (မှန်ပါ့) သူမသေသ၍ ဒုက္ခပေးတော့မယ် (မှန်ပါ့) မပေးပေဘူးလား (ပေးပါတယ် ဘုရား)။

ဆင်းရဲဘယ်ကလာ တဏှာကလာ (မှန်ပါ့ ဘုရား) တဏှာဘယ်ကလာဝေဒနာကလာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဆင်းရဲဘယ်ကလာပါလိမ့် (တဏှာကလာပါတယ် ဘုရား) တဏှာဘယ်ကလာပါလိမ့် (ဝေဒနာကလာပါတယ် ဘုရား)။

ဒါဖြင့် ဝေဒနာနဲ့တဏှာကြားကို ကျုပ်တို့ မဂ်ဝင်ကြပါစို့ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

အလုပ်ပေးတော့မယ် ဒကာ ဒကာမတို့ ဘယ်ကြားမဂ်ဝင်ရမလဲ (ဝေဒနာနဲ့တဏှာကြား မဂ်ဝင်ရပါမယ် ဘုရား) ဦးမာဒင်ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။

ဝေဒနာနဲ့တဏှာကြားမှာ မဂ်ဝင်ရမယ်

ဒကာကြွယ်ကော (ရိပ်မိပါပြီ ဘုရား) ဘယ်ကြားမှာမဂ်ဝင်ရမလဲ (ဝေဒနာနဲ့တဏှာကြားမှာ မဂ်ဝင်ရပါမယ် ဘုရား)။

ဪ ဒါဖြင့်ဘုန်းကြီးကကြီးကြီးကျယ်ကျယ် ပြောတယ်လို့ ဦးသန်းမောင်တို့ ဦးဘထွေးတို့ကမဆိုနဲ့ပေါ့ဗျာ (မှန်ပါ့)။

ဘုရားဖြစ်တဲ့နေရာဟာ ဗောဓိပင်နဲ့ရွှေပလ္လင်မှာ မဟုတ်ပါဘူး ဝေဒနာနဲ့တဏှာကြားမှာ သဗ္ဗညုတဉာဏ် ရပါတယ် (မှန်ပါ့)။

တကယ်အတွင်းကျကျ ပြောကြပါစို့ဆိုတော့ ဝေဒနာနဲ့ တဏှာကြားမှာ မဂ်ဝင်လို့ဒီနေရာမှာ သဗ္ဗညုတဉာဏ် ရပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့်ဘုရားဖြစ်တာ ဘယ်နေရာပါလိမ့် (ဝေဒနာနဲ့တဏှာကြားမှာပါ ဘုရား) အဲ့ဒီမှာမှ ဗောဓိပင်နဲ့ရွှေပလ္လင် ရှိတယ် (မှန်ပါ့) ဝေဒနာနဲ့တဏှာကြားမှာမှ ဘုရားဖြစ်တာကိုး (မှန်ပါ့)။

ဒါ ခင်ဗျားတို့က အိန္ဒိယသွားပြီး ဘုရားဖြစ်တဲ့နေရာလည်း သွားရအုံးမယ် (မှန်ပါ့) အင်းခက်တဲ့လူတွေပဲ (မှန်ပါ့ ဘုရား)။

မသွားရဘူးလို့ ဘုန်းကြီးတို့ကမဆိုပါဘူး ဘုရားဖြစ်တာက ဟိုမှာသဏ္ဍာန်တော်ဘုရားပါ (မှန်ပါ့) တကယ့် ပဋိစ္စသမုပ္ပါဒ် ခန္ဓာပဋိစ္စသမုပ္ပါဒ်ဖြတ်တဲ့ ပရမတ်ဘုရား စစ်စစ်ကတော့ ဝေဒနာနဲ့တဏှာကြားမှာ သဗ္ဗညုတဉာဏ် ဝင်လာ တယ် (မှန်ပါ့)။

ဘုရားဖြစ်တဲ့နေရာ အစစ်သိပလား

ဘုရားဖြစ်တဲ့နေရာ အစစ်က သိပလား (သိပါပြီ ဘုရား) ဝေဒနာနဲ့တဏှာကြားမှာ သဗ္ဗညုတဉာဏ် ပေါ်တာကို ဆိုတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဘုရား ဘယ်နေရာမှာ ဖြစ်ပါလိမ့် (ဝေဒနာနဲ့တဏှာကြားမှာ ဖြစ်ပါတယ် ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ဘယ်နေရာမှာဖြစ်ပါလိမ့်မတုန်းလို့ အင်းဒီအိန္ဒိယမှာပဲလား ဒီပြင်နေရာမှာပဲလားလို့ မေးစရာလည်း အမျိုးမျိုးရှိနေလိမ့်မယ် (မှန်ပါ့)။

အခုဟာတော့ မေးစရာမလိုတော့ဘူး ဘယ်ဘုရားမဆို ဝေဒနာနဲ့တဏှာကြားမှာ ဖြစ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဘယ်ဘုရားမဆို (ဝေဒနာနဲ့တဏှာကြားမှာဘုရား ဖြစ်ပါတယ် ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ခင်ဗျားတို့အားလုံး တရားတစ်ပွဲလုံး ဒကာ ဒကာမတွေလဲ သောတာပန်ဖြစ်ချင်လည်း ဝေဒနာနဲ့တဏှာကြားမှာ ဖြစ်ရမယ် (မှန်ပါ့) သကဒါဂါမ်ဖြစ်ချင်လဲ (ဝေဒနာနဲ့တဏှာကြားပါ) သဘောကျပလား (ကျပါပြီ) ဒကာကြွယ်ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် အားလုံးဒကာ ဒကာမတွေ ဒီနေ့ဟောမည့်တရားသည် ဒို့သောတာပန်ဖြစ်ရမည့်နေရာ ဒို့ ဒီနေရာမှတစ်ပါး တခြားသောနေရာ၌သောတပန် ဖြစ်စရာမရှိဘူး (မှန်ပါ့) ဒီကြားမှာ ဒို့မဂ်စစ် ဝင်လိုက် ရလို့ရှိရင် ဖြင့် ဒီနေရာမှာ ဒို့သောတပန်လည်း တရားဟောနေတုန်းပဲ ဝေဒနာနဲ့ တဏှာကြားမှာ ဝေဒနာဖြစ်ပျက်မြင်လို့ တဏှာချုပ် သွားလို့ရှိရင်လည်း သောတပန်တည်မှာဘဲ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဂင်္ဂါဝါဠုသဲစုမက ဘုရားတွေဘယ်နေရာမှာ ဘုရားဖြစ်သွားကြပါလိမ့် (ဝေဒနာနဲ့တဏှာကြားမှာ ဘုရား) အဲဒါသေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။

ဒီ ဒကာ ဒကာမတွေလည်း သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဖြစ်ချင်ကြလို့ရှိရင် ဒီပြင်နေရာမဖြစ်ပါ ဘူး (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်တွေ ရှုချလိုက်တော့

ဖျတ်ကနဲဖြစ်ပျက်တွေ ရှုချလိုက်တော့ နောက်ကတဏှာကလုံးဝသေသွားတဲ့ အခါကျလို့ရှိရင်ဖြင့်တဲ့ ဪ ဝေဒနာနောက်ကနေပြီး သကာလ တဏှာမဖြစ်ခင် သောတာပန်တည်တယ် သကဒါဂါမ်တည်တယ် အနာဂါမ်တည် တယ် ရဟန္တာဖြစ်တယ်ဆိုတာ ဒီတစ်နေရာတည်းရှိတယ် (မှန်ပါ့)။

ဒါကြောင့် ခင်ဗျားတို့ ဘာမှမပူကြပါနဲ့ ဒကာ ဒကာမတို့ ဝေဒနာ့နောက်ကနေပြီး မဂ်သာလိုက်နိုင်အောင် လုပ်စမ်းပါ (မှန်ပါ့)။

အဲဒီတော့ဒီပြင်တရားနာထားတဲ့ ဟိုတိုက်ထဲမှာ နေ့လည်ကပြောထားတဲ့စိတ်ရှုပါ ဒီထဲမှာလဲ ဝေဒနာပါလျက် ချည့်မှတ်လိုက် (မှန်ပါ့)။

ဒီထဲမှာလည်း ဝေဒနာပါလျက်ချည့်ပဲ (မှန်လှပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဘာမှမပူနဲ့ စိတ်ရှုတဲ့ပုဂ္ဂိုလ်လဲဝေဒနာပါလို့ စိတ်နောက်က တဏှာမလာဘဲ (မှန်ပါ့) ဝေဒနာနောက်က လည်း (တဏှာမလာဘဲနေမှာပါ) တဏှာမလာဘဲနေမှာဘဲ ရှုတဲ့မဂ်သာနေပစေ (မှန်ပါ့)။

ဒါကြောင့်စိတ္တာနုပဿနာ ရှုတဲ့နိဗ္ဗာန်ရောက်တယ်ဆိုတာ ဝေဒနာပါနေလို့ (မှန်ပါ့) ဝေဒနာနုပဿနာ ရှုလဲ သောတာပန် သကဒါဂါမ် အနာဂါမ်တည်ပြီး နိဗ္ဗာန်ရောက်နိုင်တယ်ဆိုတဲ့ ဥစ္စာဟာလဲ ဝေဒနာပါနေတယ် စိတ်ထဲမှာ စိတ်နဲ့ ဝေဒနာဟာ သမ္ပယုတ္တဓမ္မ (မှန်ပါ့ ဘုရား)။

ဝေဒနာနဲ့စိတ်နဲ့ဟာ တစ်ပြိုင်နက် ဖြစ်တယ်

သမ္ပ ယုတ္တ ဓမ္မ ဆိုတာ ဒကာ ဒကာမတို့ မသိပဲ နေမှာစိုးရတယ် မီးနဲ့အလင်းဟာ ဒကာ ဒကာမတို့ မီးနည်းနည်း ကလေးထည့်လိုက်တယ် မီးနည်းနည်းကလေးထည့်တဲ့ မီးဟာနည်းနည်းကလေး လင်းတာဘဲ (မှန်ပါ့)။

များများမီးခဲကြီးရင် (များများလင်းပါတယ် ဘုရား) ဒီထက်ပိုမိုကြီးရင် (ဒီထက်ပိုလင်းပါတယ် ဘုရား) ဒါဖြင့်မီးနဲ့ အလင်း ဒကာသစ် ဘယ်သူအရင်ဖြစ်သတုန်း မေးရင်ဘယ်နှယ့်ဖြေပါ့မလဲ (တစ်ပြိုင်တည်းပါ ဘုရား) ဦးမာဒင်ဘယ်နှယ့် ဖြေမလဲ (တစ်ပြိုင်တည်းပါ ဘုရား) ဦးသန်းမောင်တို့ တစ်ပြိုင်နက် (မှန်ပါ့)။

ဦးဘထွေးဘာတဲ့ ဘယ်လိုပါလိမ့် (တစ်ပြိုင်တည်းပါ ဘုရား) အဲ့ဝေဒနာနဲ့စိတ်နဲ့ဟာ တစ်ပြိုင်နက် ဖြစ်တယ် (မှန်ပါ့) ပျောက်တာကိုကြည့် (မှန်ပါ့)။

ပျောက်တာကြည့် တပည့်တော်က ဝေဒနာအမြင်များတယ် ဘုရားဆိုရင်ဝေဒနာရှု (မှန်ပါ့) တပည့်တော်က တော့ ဘုန်းကြီးပေးထားတဲ့ စိတ်ပဲကျေနပ်တယ်ဘုရား ကိုယ့်စိတ်ကိုယ်ရှုနေရတာ ကျေနပ်တယ်ဆိုလည်းအတူတူဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီအရေးဟာဖြင့်ကြိုက်ရာရှု ဝေဒနာကင်းတာလဲမပါဘူး စိတ်ကင်းတာလဲ မပါဘူး (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဒါကြောင့် နည်းမရလည်းမရှိပါစေနဲ့ဆိုတာ သတိပေးလိုက်ပါတယ် (မှန်ပါ့)။

နည်းမရလည်းမရှိကြပါစေနဲ့ စိတ်ရှုလည်း ဝေဒနာပါတာဘဲ ဝေဒနာရှုလည်းစိတ်ပါတာဘဲ (မှန်ပါ့) ကြိုက်တာရှု ပါ (မှန်လှပါ) ရှင်းပြီနော် (ရှင်းပါပြီ)။

ကိုင်း ဒါဖြင့် သိကြားမင်းကြီးအကြောင်းပဲ ဆက်ကြပါစို့ (မှန်ပါ့) သိကြားမင်းကြီးက ဥယျာဉ်ဝလည်းရောက်ပါ ရော တဏှာအမြန်ကုန်တဲ့နည်းဟာ ဘယ်နည်းပါလိမ့်မလဲ တဏှာမကုန်သ၍ ဒုက္ခမကုန်ဘူး (မှန်ပါ့)။

တဏှာကုန်တဲ့နည်း ဘယ်နည်းပါလိမ့်မတုန်းလို့ ဥယျာဉ်ထဲဆင်စီးရင် ပျော်မယ်ပါးမယ်လို့ ကြံစည်ရင်းမတ္တနဲ့ ဒီအတွေးတစ်ခု ဒကာကြွယ်ပေါ်လာတယ် (မှန်လှပါ ဘုရား)။

တဏှာအမြန်ကုန်တဲ့နည်း

တဏှာအမြန်ကုန်တဲ့နည်း ဘယ်နည်းပါလိမ့်မတုန်း (မှန်ပါ့) ဒီတဏှာကြောင့် တစ်သံသရာလုံးလူတိုင်းစေ့ ဒုက္ခဖြစ်နေတယ် (မှန်ပါ့)။

ဒီတွေးလုံးသည်ကားလို့ဆိုရင် တော်တော်ကြာမှ ပျော်ပါးလိုက်ငါးပါးအာရုံကာမဂုဏ်ထဲ ရောက်သွားလို့ရှိရင် ကိစ္စတွေကများသွားရင် ဒီအကြံအစည်ကလေးတောင်ပျောက်သွားလိမ့်မယ် (မှန်ပါ့)။

မြန်မြန်ကြီးကို ရှင်းမှပဲဆိုပြီး သကာလ သာဝတ္တိပြည်ပုဗ္ဗာရုံ ကျောင်းကိုကပျာကယာပြေးတယ် (မှန်ပါ့) ဟိုမှာ နတ်သမီးနတ်သားတွေနဲ့ ဆင်ကြီးရပ်ထားပစ်ခဲ့တယ် (မှန်ပါ့ ဘုရား)။

ကွေးသည့်လက်ဆန့်သလောက်နဲ့ ပုဗ္ဗာရုံကျောင်းရောက်လာတယ်လို့ မှတ်လိုက်တာပေါ့ ဦးမာဒင်ရယ် (မှန်ပါ့ ဘုရား)။

ဒီတွင်မှဘုရားသခင်ကိုယ်တော်မြတ်ကြီးကို အတင်းအဓမ္မလျှောက်တယ် (မှန်ပါ့) တဏှာအမြန်ကုန်တဲ့နည်း အရှင်ဘုရားတပည့်တော် သိပ်အရေးကြီးပြီး အလွန်အလိုရှိပါတယ် ဘုရားတဲ့ ဒကာ ဒကာမတို့အင်မတန် အရေးတကြီး အလိုရှိုတယ် (မှန်ပါ့ ဘုရား)။

” ကိတ္တာဝတာ နုခေါ ဘန္တေ ဘိက္ခု တဏှာသင်္ခယ ဝိမုတ္တော ဟောတိ”။

အရှင်ဘုရား တဏှာအမြန်ကုန်အောင် ဘယ်နှယ်လုပ်ရပါ့မတုန်း အဲဒီနည်းကလေးပေးသနားတော်မူပါတဲ့ (မှန်ပါ့) မြန်မြန်ပေးပါဘုရားဆိုတဲ့ ဥစ္စာလဲသူလျှောက်တယ် (မှန်ပါ့ ဘုရား)။

ဘယ်နှယ်ကြောင့်လျှောက်ရပါလိမ့် ဟိုမှာဥယျာဉ်မှာပျော်ပါးမလို့ ပြင်ဆင်ပြီးသား (မှန်ပါ့) ဆင်ခဏရပ်ထားပြီး ဆင်ပေါ်ကဆင်းခဲ့ရတယ် (မှန်ပါ့) ဥယျာဉ်ပေါက်ဝရောက်ပြီးသား (မှန်ပါ့)။

တဏှာနဲ့ဉာဏ်နဲ့ စစ်ထိုးနေရတယ် (မှန်ပါ့) ဉာဏ်လဲလိုချင်တယ် တဏှာဘက်ကိုလဲပြန်ပြီး သွားချင်တယ် (မှန်ပါ့ ဘုရား) ဒါကြောင့်အရှင်ဘုရားမြန်မြန်ပဲ တပည့်တော်ကိုဟောပါဆိုတော့”ယံကိဉ္စိ ဝေဒနံ ဝေဒေတိ” ဒကာကြီး ဝေဒနာခံစားတာရှိတယ်တဲ့ (မှန်ပါ့) ဒကာ ဒကာမတို့ ဝေဒနာခံစားတာ သုံးမျိုးပဲနော် (မှန်ပါ့)။

”သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ”တဲ့ ဝေဒနာသုံးစားရှိတယ်တဲ့ အဲဒီတော့စာကို ပြောနေလို့ရှိရင် ဒကာ ဒကာမ တို့ခန္ဓာထဲ ဝေဒနာပေါ်တာ သိမှာမဟုတ်ဘူး (မှန်ပါ့ ဘုရား)။

ဒီလိုကြည့်လိုက်ပါ ဒကာ ဒကာမတို့ သန္တာန်၌ကိုယ်၏ ချမ်းသာခြင်းစိတ်၏ ချမ်းသာခြင်းဆိုတာ သုခဝေဒနာ (မှန်ပါ့)။

သုခဝေဒနာဘဲ

စိတ်ထဲမှာ ချမ်းသာရင်လည်း ဪ သုခဝေဒနာဘဲ (မှန်ပါ့) ကိုယ်ပေါ်မှာချမ်းသာရင်လဲ (သုခဝေဒနာပါ ဘုရား)။

ဒီနှစ်ခုတော့ဖြင့် ဦးမာဒင်တို့ ဦးသန်းမောင်တို့ ခွဲနိုင်လောက်ပါတယ် (ခွဲနိုင်ပါတယ် ဘုရား)။

ကိုယ်၏ချမ်းသာခြင်းကော ရှိတဲ့အခါမလာဘူးလား (လာပါတယ် ဘုရား) စိတ်၏ချမ်းသာခြင်းကော (လာပါ တယ်) အဲဒါဘာဝေဒနာခေါ်ကြမယ် (သုခဝေဒနာပါ)။

မှတ်ထား မှတ်ထား ဒီဥစ္စာ ဒကာ ဒကာမတွေ ဒီဥစ္စာသိကြားမင်းကို ဘုရားကဟောနေတယ် (မှန်ပါ့) ကိုယ်၏ ချမ်းသာခြင်း စိတ်၏ချမ်းသာခြင်းတွေဟာ ဘာဝေဒနာလည်း (သုခဝေဒနာပါ ဘုရား)။

သဘောပါပလား (ပါပါပြီ) ဪ ဒါဖြင့် သုခဝေဒနာနှစ်မျိုးလို့ မှတ်လိုက်တာပေါ့ (မှန်ပါ့) ကိုယ်၏ချမ်းသာခြင်း လည်း (သုခဝေဒနာပါ ဘုရား) စိတ်၏ချမ်းသာခြင်းလည်း (သုခဝေဒနာပါ ဘုရား)။

ကဲ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား) ဦိးဘထွေးတို့သေသေချာချာမှတ် အခုမှတွေ့တဲ့ လူတွေမို့ ဒါသင်ပေးနေ တယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) ကိုယ်၏ချမ်းသာခြင်းဟာ (သုခဝေဒနာပါ) စိတ်၏ချမ်းသာခြင်းဟာ (သုခဝေဒနာ ပါ ဘုရား)။

ပေါ်တဲ့နေရာ မသိသေးဘူး

ဒါက ခင်ဗျားတို့ ဪ သုခဝေဒနာလို့သာ သိသေးတယ် ပေါ်တဲ့နေရာ မသိသေးဘူး (မသိသေးပါ) ကိုယ်၏ ချမ်းသာခြင်းဆိုတာ ကိုယ်ပေါ်မှာဥပမာ ဦးလှဘူးရာ ကျောကအိုက်နေတယ် ဟုတ်လား (မှန်ပါ့)။

အင်း ကျောမှာပဲ လေကလေး ဘာကလေး တိုက်ပေးလိုက်တဲ့အခါကျတော့ ကျောပေါ်မှာဘဲ ချမ်းသာတယ်ဆို တာ မလာဘူးလား (လာပါတယ်) အဲဒါကိုယ်၏ချမ်းသာခြင်း (မှန်ပါ့)။

ဘယ်လိုပင်အိုက်တဲ့အထဲမှာ ဒကာ ဒကာမတို့ အလုံပိတ်ပြီး သကာလ ကိုယ်မြတ်စွန်းတာတွေကို ငွေတွေများ ရေတွက်နေရတဲ့အခါ အမြတ်ချည့်ရေတွက်နေရတဲ့အခါ လူသိမှာစိုးလို့တံခါးတွေပိတ်ပြီး သကာလ ဘယ်လိုပဲအိုက်အိုက် စိတ်ထဲကချမ်းသာတယ် (ချမ်းသာပါတယ် ဘုရား)။

အဲဒါကျတော့ သုခဝေဒနာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) စိတ်၏ချမ်းသာခြင်းဆိုတဲ့ သုခဝေဒနာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုယ်၏ချမ်းသာခြင်းက ကိုယ်ပေါ်မှာပေါ်သနော် (မှန်ပါ့) စိတ်၏ချမ်းသာခြင်းက (စိတ်မှာပေါ်ပါတယ်) ဝမ်းထဲမှာပေါ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ခုနင်ကတံခါးပိတ်ပြီး အမြတ်တွေ ရေတွက်နေတဲ့အခါကျလို့ ရှိရင်ဖြင့်ဝမ်းထဲက မပြုံးဘူးလား (ပြုံးပါတယ်) အဲဒါစိတ်၏ချမ်းသာခြင်း (မှန်ပါ့)။

ခုနင်က အင်မတန်အိုက်နေတာ အလွန်ပူနေတာဘဲ ဒီအထဲမှာမှောင်တဲအထဲ ချောင်ကျနေတဲ့အထဲမှာပဲ လူသိမှာလဲစိုးလို့ ကိုယ့်အကြင်လင်မယားနှစ်ယောက်တည်း ကိုယ့်သားသမီးနဲ့ အတွင်းကျကျလူနဲ့များ စာရင်းအင်းတွေချုပ်ပြီး သကာလ ငွေနဲ့စာရင်းနဲ့ကိုက်လို့ အမြတ်တွေများ တွက်နေတဲ့အချိန်များ ကျတော့ အိုက်မှန်းလဲမသိဘူး ပူမှန်းလဲမသိဘူး စိတ်ချမ်းသာနေတယ် (မှန်ပါ့) အဲဒါစိတ်၏ချမ်းသာခြင်း (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ကိုယ်၏ချမ်းသာခြင်း စိတ်၏ချမ်းသာခြင်း (သုခဝေဒနာပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ရှုလျက်နဲ့မသိ လို့ပြောနေရပါတယ်

ကိုယ်၏ချမ်းသာခြင်း စိတ်၏ချမ်းသာခြင်း (သုခဝေဒနာပါ ဘုရား) မှတ်ထားပါ မှတ်ထားပါ ရှုလျက်နဲ့မသိ လို့ပြောနေရပါတယ် (မှန်ပါ့)။

ဘယ်နှယ်ကြောင့် ပြောနေရသလဲ (ရှုလျက်နဲ့မသိလို့ပြောနေရပါတယ် ဘုရား)။

ကဲ ဒကာသစ် ရှေ့သွားကြပါအုံးစို့ နော် (မှန်ပါ့) အိုက်လိုက်ပူလိုက်တာလဲ ပြင်ဘက်မှာနေပူထဲမှာပဲ မပြောနဲ့တော့ အိုက်လိုက်တာ ဟိုနေရာသွားလဲအိုက် ဒီနေရာသွားလဲအိုက်နဲ့ တစ်ကိုယ်လုံးကိုအိုက်နေတယ် (မှန်ပါ့) အဲဒါကိုယ်၏ ချမ်းသာခြင်း (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

တစ်ခါ ကိုယ့်အိမ်ကြည့်လိုက်ပြန်လည်း အပေါ်ကမျက်နှာကျက်ကလဲမပါ အမိုးကလဲပူလိုက်တာ ပြတင်းပေါက် တွေကြည့်လိုက်ပြန်တော့လည်း ထို့အတူဘဲ လုံလိုက်ခြုံလိုက်တာနဲ့ လေမှမဝင်သာ ကိုယ်တတ်နိုင်သလောက် ပစ္စည်း ကလေးနဲ့ ကိုယ်တတ်နိုင်သလောက် ဆောက်ထားရတာကိုး (မှန်ပါ့) အဲဒီကျတော့ စိတ်၏ဆင်းရဲခြင်းကလာတယ် (မှန်ပါ့)။

ဒါဖြင့် နေပူလေပူတွေ့တဲ့အခါ ကိုယ်ဆင်းရဲတာက ကိုယ်၏ဆင်းရဲခြင်း (မှန်ပါ့) ကိုယ့်အိမ်ကိုယ်ယာ ပြန်ကြည့် တော့ အလိုမကျတာတွေ တွေ့ရတာက စိတ်၏ဆင်းရဲခြင်း (မှန်ပါ့) သဘောကျပလား (ကျပါပြီ) အဲဒါကဒုက္ခဝေဒနာ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုယ်၏ဆင်းရဲခြင်း စိတ်၏ဆင်းရဲခြင်း (ဒုက္ခဝေဒနာပါ) နှစ်ခုစလုံးဒုက္ခချည့်ဘဲ (မှန်ပါ့) ပြိုင်တော့မပေါ်ပါဘူး (မှန်ပါ့)။

ပြိုင်တော့မပေါ်ဘူး သို့သော်ရှင်းအောင်လို့ ဒီနေရာမှာလဲပေါ်တယ် ဝမ်းထဲမှာလည်း ပေါ်တယ်ဆိုတာ သိ အောင်လို့ ပြောရပါတယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဥပေက္ခာဝေဒနာဘဲ

ဒါဖြင့် ကိုယ်၏ချမ်းသာကင်းမှု စိတ်၏ဆင်းရဲချမ်းသာကင်းမှု ဒါဥပေက္ခာဝေဒနာဘဲ (မှန်ပါ့)။

ကိုယ်၏ဆင်းရဲချမ်းသာကင်းမှု (ဥပေက္ခာဝေဒနာပါ) စိတ်၏ဆင်းရဲချမ်းသာကင်းမှု (ဥပေက္ခာဝေဒနာပါ) အဲ ဥပေက္ခာဝေဒနာလည်း နှစ်မျိုးဘဲ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် မျက်စိကမြင်တာမတ္တ နားကကြားကာ မတ္တနှာခေါင်းကနံကာမတ္တ လျှာပေါ်မှာစားတာလေး မတ္တကျတော့ ဥပေက္ခာဝေဒနာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဝမ်းထဲမှာတစ်ခါတည်း ကဲကွာ အလုံးစုံ ကံသာလျှင်အမိ ကံသာလျှင်အဖပဲကွ ဆိုပြီး ကမ္မဿကာသူတို့ လျစ်လျူရှုထားတဲ့ စိတ်ကလေးပေါ်လာတဲ့အခါလည်း ရှိသေးတယ် (မှန်ပါ့)။

သားတွေ သမီးတွေရော ပစ္စည်းတွေရော ကမ္မဿကာပဲ ဆိုပြီး လျစ်လျူရှုထားတယ် (ရှုထားပါတယ်) အဲဒီ လျစ်လျူရှုတဲ့စိတ်ကလေးဟာလည်းတဲ့ ဝမ်းထဲမှာပေါ်တဲ့ ဥပေက္ခာပါဘဲ (မှန်ပါ့)။

ဒါဖြင့် မျက်စိ နား နှာခေါင်း လျှာမှာလည်း ဥပေက္ခာ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ) ဝမ်းထဲမှာလည်း (ဥပေက္ခာပါ) လျစ်လျူရှုတဲ့အခါ ဥပေက္ခာဘဲ (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာသုံးမျိုးပြီးသွာပြီ (ပြီးသွားပါပြီ) ကိုယ်၏ချမ်းသာခြင်း စိတ်၏ချမ်းသာခြင်း သုခဝေဒနာ (မှန်ပါ့) ကိုယ်၏ဆင်းရဲခြင်း စိတ်၏ဆင်းရဲခြင်း (ဒုက္ခဝေဒနာပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ကဲ တစ်ခါ ဒီကိုယ်ပေါ်မှာပဲတဲ့ မျက်စိ နား နှာခေါင်း လျှာ မြင်ကာမတ္တ စားတာမတ္တဘာဆိုကြမယ် (ဥပေက္ခာ ဝေဒနာပါ) ဝမ်းထဲမှာပစ္စည်းလေးနဲ့တကွ ခန္ဓာတွေ ကမ္မဿကာထားတဲ့ အချိန်ကလေးပါသေးတယ် (မှန်ပါ့)။

အဲဒီကမ္မဿကာထားတဲ့ ဝေဒနာကလေးကျတော့ကော (ဥပေက္ခာဝေဒနာပါ) ဪ ဒါဖြင့် ဝေဒနာဟာ သိသွားပြီ (မှန်ပါ့)။

အဲဒီတော့ သိကြားမင်းက ဘုရားလျှောက်တယ် မြန်မြန်တဏှာကုန်တဲ့ တရားတပည့်တော်ဟောပါဘုရား ဆိုတော့အေး သိကြားမင်း ယံ ကိဉ္စ ဝေဒနံ ဝေဒေဟိ အကြင်ဝေဒနာကို ခံစား၏ ဘယ်ဝေဒနာတုန်း ဆိုတော့ သုခ ဒုက္ခ ဥပေက္ခာဟေ့ (မှန်ပါ့ ဘုရား)။

အနိစ္စလို့ရှုပါ

အဲဒါတွေကို မင်းသည်ကားလို့ဆိုရင် အနိစ္စလို့ရှုပါ (မှန်ပါ့) ရာဂကင်းအောင်နေပါ (မှန်ပါ့) ချုပ်အောင်ရှုပါ (မှန်ပါ့) တဖန်ချုပ်အောင်ရှုပါ (မှန်ပါ့ ဘုရား)။

ထိုကဲ့သို့ ရှုလိုက်လို့ရှိရင်ကွာတဲ့ အနိစ္စတွေရှု ရာဂကင်းအောင်သာ ရှုမယ်ဆိုလို့ရှိရင်ဖြင့် မင်းသည်ကားလို့ ဆိုရင်ဖြင့် တောင့်တမှု ကြောင့်ကြမှု တဏှာအကုန်သေပါတယ် (မှန်ပါ့ ဘုရား)။

ဘာသေသတုန်း (တောင့်တမှုကြောင့် တဏှာအကုန်သေပါတယ်) အဲ့ တောင်းတတာတွေ ကြောင့်ကြတာတွေ အကုန်သေပါတယ် (မှန်ပါ့)။

အဲ သေတဲ့အခါကျလို့ရှိရင် တဏှာသေတယ်ဆိုတော့ ဥပါဒါန်သေတယ်ကွ မှန်ပါ့ ဘုရား) ဥပါဒါန်သေလို့ရှိရင် ကွာ’နစ ကိဉ္စိ လောကေ ဥပါဒိယတိ’ ဘယ်လောဘမှမင်းမဖြစ်တော့ဘူးကွ (မှန်ပါ့) လူ့ပြည်လောက နတ်ပြည်လောက ဗြဟ္မာပြည်လောက ပျက်စီးတတ်တဲ့လောကထဲမှာ မင်းမဖြစ်တော့ဘူးကွ ဒါကြိုးစားကွ (မှန်ပါ့)။

အဲဒါသည် တဲ့ အင်မတန်ကောင်းတဲ့ တရားပဲကွ လို့ သိကြားမင်းကိုဘုရားက သတိပေးလိုက်ပါတယ် (မှန်ပါ့) လုပ်နည်းကို ပေးလိုက်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒကာ ဒကာမတို့ သိကြားမင်းကို ဘုရားက ဘာပေးလိုက်ပါလိမ့် (လုပ်နည်းပေးလိုက်ပါ ဘုရား)။

ဘယ်အနုပဿနာကိုပေးလိုက်ပါလိမ့်မလဲလို့ မေးတော့မှ ဝေဒနာနုဿနာပေးလိုက်တယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဝေဒနာနုဿနာပေးလိုက်တယ်

ဘယ်အနုပဿနာပေးလိုက်ပါလိမ့် (ဝေဒနာနုဿနာပေးလိုက်ပါတယ် ဘုရား) ဝေဒနာနုဿနာပေးလိုက်တယ် ဆိုတာ ဒကာသစ်ရှင်းပါပြီ (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ အမြန်ဆုံးတဏှာကုန်အောင် ဝေဒနာနုဿနာပေးသဖြင့် တဏှာ၏ရေသောက်မြစ် ဝေဒနာနုဿနာပဲ ဆိုတာမှတ်လိုက် (မှန်ပါ့)။

တဏှာ၏ရေသောက်မြစ် (ဝေဒနာပါ ဘုရား) ဒါကြောင့်ဝေဒနာရှုရင် တဏှာချုပ်တယ် (မှန်ပါ့) တဏှာချုပ်ရင် ဒုက္ခမျိုးစုံကင်းတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဝေဒနာရှုရင် (တဏှာချုပ်ပါတယ်) တဏှာချုပ်ရင် (ဒုက္ခမျိုးစုံကင်းပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့မှာ အခုတွေ့စရာဒုက္ခတွေက မနည်းလှဘူးနော် (မှန်ပါ့ ဘုရား) ခန္ဓာကိုယ်ကြီး ကလည်း တစ်နေ့မှရပ်ထားလို့မရဘူး အိုတဲ့ဆီချည့်ပြေးတယ် (ပြေးပါတယ် ဘုရား)။

ရပ်ထားလို့များရကြရဲ့လား (မရပါ ဘုရား) မေတ္တာပို့ပြီးရပ်ကြလေဗျာ (မရပါ ဘုရား)။

အဟံ အဝေရော ဟောမိ ငါတော့ဖြင့် အိုတဲ့ဆီမပြေးရပါလို၏လို့ မေတ္တာပို့ကြည့် (မရပါ ဘုရား) အိုတဲ့ဆီကိုပဲ ပြေးပါတယ် (မှန်ပါ့)။

ဟာ မင်းအပြေးသန်လှချည့်လားလို့ မမေးပါနဲ့ (မှန်လှပါ ဘုရား) ကျုပ်ထုံးစံဒါဘဲလို့ ဖြေပါလိမ့်မယ် (မှန်ပါ့ ဘုရား) ခန္ဓာကိုယ်ကြီးက သူ့ထုံးစံဒါဘဲလို့ ဖြေလိမ့်မယ် (မှန်ပါ့ ဘုရား)။

ကျုပ်ဒီနေရာတွင် မရပ်သေးပါဘူး (မှန်ပါ့) အိုတဲ့ဆီတွင်ပြေးမှာမဟုတ်ပါဘူး ကျုပ်ဝတ္တရားက ရှိသေးတယ်ဆိုပြီး နာတဲ့ဆီပြေးအုံးမယ် (မှန်ပါ့) အိုရာကထပြီး နာရပြေးမယ် (ပြေးမှာပါ ဘုရား) ဘယ်သူ့ဝတ္တရားပါလိမ့် (တပည့်တော်တို့ ဝတ္တရားပါ ဘုရား) ခန္ဓာ့ဝတ္တရား (မှန်ပါ့)။

အဲဒါ ဒကာ ဒကာမတွေ တရားနာရင်းလဲ ဒီခန္ဓာကြီးကပြေးလျက်လွှားလျက်ပဲ (ပြေးလျက်လွှားလျက်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

သချိုင်းကျအောင် ပြေးရအုံးမှာ

အင်း ကျုပ်ဝတ္တရားမကုန်သေးဘူး တဲ့ (မှန်ပါ့) သချိုင်းကျအောင် ပြေးရအုံးမှာ တဲ့ (မှန်ပါ့)။

ခန္ဓာကြီးက သူဝတ္တရားမကုန်သေးဘူး တဲ့ (မှန်ပါ့ ဘုရား) ဘယ်ကျအောင်ပြေးရမလဲ (သချိုင်းကျအောင်ပြေးရ မယ် ဘုရား)။

အင်း သေရာဌာနရောက်အောင် ပြေးရအုံးမယ် (မှန်ပါ့) ဘယ်သူ့ဝတ္တရားပါလိမ့် (ခန္ဓာ့ဝတ္တရားပါ ဘုရား)။

ဟာ ဦးမာဒင်တို့ ဦးသန်းမောင်တို့ ဦးဘထွေးတို့ ဒကာကြွယ်တို့ ခန္ဓာကြီးဆုတောင်းထားတာဖြင့် ခင်ဗျားတို့က ဒီအတွေးလုံးကလေး အိုရာကနာရာပြေးရပါလို၏။ နာရာကသေရာပြေးရပါလို၏ လို့ခင်ဗျားတို့ တောင်းထားတဲ့ဆုကဖြင့် ဒီဘဝဘုရားလည်း မတတ်နိုင်ဘူး (မှန်ပါ့)။

ဘုန်းကြီးတို့လို အညံ့စားအသာထားပါ ဘုရားကိုမတက်နိုင်ဘူး (မှန်ပါ့)။

အိုရာကနာရာ ပျိုရာကအိုရာပြေးရပါလို၏ ဆိုတာဘယ်သူတတ်နိုင်သတုန်း (မတတ်နိုင်ပါ ဘုရား)။

ပျိုရာကအိုရာပြေးရပါလို၏ (မတတ်နိုင်ပါ ဘုရား) အိုရာကနာရာပြေးရပါလို၏ (မတတ်နိုင်ပါ ဘုရား)။

ဟာ ဒီလေးခုခင်ဗျားတို့ အလိုလိုရတာလား တဲ့ ခင်ဗျားတို့တဏှာနဲ့ဆုတောင်းထားလို့ ရတာလား (တဏှာနဲ့ ဆုတောင်းထားလို့ ရတာပါ ဘုရား)။

အမယ်လေး ဒကာ ဒကာမတွေ တဏှာနဲ့ဆုတောင်းတယ် ပျိုရာကအိုရာပြေးရတယ် အိုရာကနာရပြေးရပါလို၏ နာရာကသေရာပြေးရပါလို၏ (မှန်ပါ့) ဘယ်နှယ့်တုန်း ဒကာ ဒကာမတို့ ဒီဆုတောင်းမိကြသလား (တောင်းမိပါတယ် ဘုရား)။

ဟာ ဦးမာဒင် ဒါလောက်တောင်ပဲ ဆိုးဝါးမယ်မထင်ဘူး ခင်ဗျားတို့အခြေအနေဟာ (ဆိုးပါတယ် ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား) လူဖြစ်ရပါလို၏ဆိုတဲ့ အထဲမှာဒါတွေ အတွင်းဝင်သွားတယ် (မှန်ပါ့)။

လူဖြစ်ရပါလို၏ဆိုတဲ့အထဲမှာ (ဒါတွေအတွင်းဝင်သွားပါတယ် ဘုရား) ပျိုရာကအိုရာပြေးရပါလို၏ (မှန်ပါ့)။

ဒကာကြွယ် ဘယ်အထဲအတွင်းဝင်သလဲ (လူဖြစ်ရပါလို၏ထဲ အတွင်းဝင်ပါတယ် ဘုရား)။

ဦးမာဒင် တောင်းမိသလားဗျ (တောင်းမိပါတယ် ဘုရား) ဒကာကြွယ်ကော တောင်းမိလို့ ရသလား (မှန်ပါ့) ခန္ဓာကသက်သေခံသွားပါပြီ (မှန်ပါ့) ခန္ဓာကသက်သေမခံဘူးလား (ခံပါတယ် ဘုရား)။

အင်း ဒါဖြင့် ပျိုရာကအိုတာလဲ ဒုက္ခသစ္စာ (မှန်ပါ့) အိုရာကနာရရောက်ပြန်လည်း (ဒုက္ခသစ္စာပါ ဘုရား) နာရာကသေရာရောက်ပြန်လည်း (ဒုက္ခသစ္စာပါ ဘုရား)။

ကိုယ့်ကိုကိုနှိပ်စက်တာ

ဪ ခင်ဗျားတို့ ဒုက္ခသစ္စာ မသိတာနဲ့ တပည့်တော်တို့လူဖြစ်ပြီး ဤသုံးလမ်းကိုဖြင့် မလွဲတမ်း လှမ်းပါရစေ (မှန်ပါ့) တော်တော်ရူးတယ်နော် (မှန်ပါ့)။

ဦးဘထွေး ဘယ်နှယ်တုန်း (မှန်ပါ့ ရူးပါတယ် ဘုရား) တော်တော်မရူးဘူးလား (ရူးပါတယ် ဘုရား)။

ဒီရူးချက်ကသူများနှိပ်စက်တာလားတဲ့ ကိုယ့်ကိုကိုနှိပ်စက်တာလား (ကိုယ့်ကိုယ်ကိုနှိပ်စက်တာပါ ဘုရား) ဒီရူးချက်ကလေ (မှန်ပါ့ ဘုရား) တယ်ကြောက်စရာကောင်းပါလား (ကောင်းပါတယ် ဘုရား)။

လင်နဲ့မယား ရန်ဖြစ်တဲ့အခါကျရင် မယားက ယောကျာ်းလုပ်တဲ့ ပုဂ္ဂိုလ်ကိုလည်း ကိုယ်က ဘာမှမစွမ်းနိုင်တော့ ကိုယ့်ကိုကိုထုသလိုဖြစ်နေတယ် (မှန်ပါ့ ဘုရား) ဘယ်သူ့နှိပ်စက်ပါလိမ့် (ကိုယ့်ကိုယ်ကိုနှိပ်စက်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ လူဖြစ်ရပါလို၏ဘုရားဆိုတဲ့ဆုဟာ ဘာပါလိမ့် (ကိုယ့်ကိုယ်ကိုနှိပ်စက်ပါတယ် ဘုရား) အင်း ကိုယ့်ရင်ဘတ်ကိုယ်ထုတဲ့ဆု (မှန်ပါ့) နတ်ဖြစ်ရပါလို၏ ဆိုတာကော (ကိုယ့်ရင်ကိုထုတာပါ ဘုရား) ဗြဟ္မာဖြစ်ရပါလို၏ (ကိုယ့်ရင်ကိုထုတာပါ ဘုရား)။

ဟာခင်ဗျားတို့ဟာအတော်ခက်နေပြီ မဂိုလူမျိုးလဲမဟုတ်ပါဘူး ရင်ထုတဲ့လူလည်းမဟုတ်ပါဘူး (မှန်ပါ့) အတော် ဆိုးပါလား (မှန်ပါ့)။

မသိတော့ (မှန်ပါ့) ဪ ဘာမသိရှာပါလိမ့်မတုန်းလို့မေးတဲ့အခါကျတော့မှ အိုတာဒုက္ခသစ္စာ (မှန်ပါ့) ဇရာပိ ဒုက္ခာကို သူမသိဘူး (မှန်ပါ့)။

ဗျာဓိပိ ဒုက္ခာကော (မသိပါ ဘုရား) မရဏမ္ပိ ဒုက္ခံကော (မသိပါ ဘုရား) ဇာတိပိ ဒုက္ခာကော (မသိပါ ဘုရား) ဪ သစ္စာမသိလို့ တောင်းရှာပါတယ် (မှန်ပါ့ ဘုရား)။

သစ္စာမသိလို့ (တောင်းရှာတာပါဘုရား)(ဒုက္ခသစ္စာမသိလို့တောင်းရှာတာ (မှန်ပါ့)။

မသိတာ ဘယ်သူပါလိမ့်

ဒုက္ခသစ္စာမသိလို့ တောင်းကြတယ်ဆိုတော့ ဪ မသိတာ ဘယ်သူပါလိမ့်မတုန်းလို့မေးရင် ဘယ်နှယ်ဖြေ မတုန်း (အဝိဇ္ဇာပါ ဘုရား) မသိလို့တောင်းနေတာက (တဏှာပါ ဘုရား)။

ဪ ခင်ဗျားတို့ ဘုရားရှေ့သွားပြီး သကာလ တစ်ခါတည်းမသိတဲ့ အဝိဇ္ဇာနဲ့ တောင်းတတ်တဲ့တဏှာနဲ့ တောင်းတာကို (မှန်ပါ့)။

မသိတာအဝိဇ္ဇာပဲ (မှန်ပါ့) သစ္စာမသိတဲ့ အဝိဇ္ဇာနဲ့အရမ်းလိုချင်နေတဲ့တဏှာနဲ့တွဲပြီး ခင်ဗျားတို့ အရှင်ဘုရား လူပြည်နတ်ပြည်အကြိမ်ကြိမ် ခံစားရပါလို၏ (မှန်လှပါ ဘုရား)။

ဘယ်သူနဲ့တောင်းလိုက်တာပါလိမ့် (တဏှာနဲ့ပါ ဘုရား) ဟာထည့်အုံးထည့်အုံး (အဝိဇ္ဇာနဲ့တဏှာပါ ဘုရား) မသိတဲ့အဝိဇ္ဇာနဲ့တောင်းတတ်တဲ့ တဏှာနဲ့ရောပစ်လိုက်တယ် (မှန်ပါ့ ဘုရား)။

မသိတဲ့အဝိဇ္ဇာနဲ့ (တောင်းတတ်တဲ့တဏှာနဲ့ ရောပစ်လိုက်ပါတယ်) အဲဒါဘယ်ရှေ့တောင်းကြသလဲ (ဘုရားရှေ့ တောင်းပါတယ် ဘုရား) ထည့်ပါအုံး သံဃာတွေရှေ့ကော (တောင်းပါတယ် ဘုရား)။

မတောင်းဘူးလား (တောင်းပါတယ် ဘုရား) မပြည့်မှာကောစိုးရိမ်သေးသလား (စိုးရိမ်ပါတယ် ဘုရား) ဟာ သွားပြီဟေ့ (မှန်ပါ့) သွားပြီပေါ့ သွားပြီပေ့ါ ဒကာ ဒကာမတို့ (မှန်ပါ့)။

အကြိမ်ကြိမ်ထည့်တယ်

သွားပြီ ခင်ဗျားတို့ဟာ တော်တော့ကိုနာပြီ (မှန်ပါ့) ဒီအထဲနည်းနည်းနာမှာစိုးလို့ အကြိမ်ကြိမ် ထည့်လိုက်သေး တယ် (မှန်ပါ့) ဘာဖြစ်လို့ပါလိမ့် (နည်းနည်းနာမှာစိုးလို့ပါ ဘုရား)။

နည်းနည်းနာမှာစိုးလို့ ဘာများထည့်လိုက်သေးသတုန်း (အကြိမ်ကြိမ်ထည့်ပါတယ် ဘုရား) အမယ်လေး ကြိမ်လုံး နဲ့တစ်ခါရိုက်တာကိုဆယ်ခါလောက် ရိုက်ပါလို့ထည့်ပြီးတောင်းသလိုကျနေပြီ (မှန်ပါ့ ဘုရား) အတော်ဆိုးပါလား (ဆိုးပါ တယ် ဘုရား)။

ဒါဘုန်းကြီးတို့ အခုပြောဆိုတဲ့သစ္စာတရားကိုမနာသေးတဲ့ လူအပေါင်းဒကာကြွယ် ဦးမာဒင်တို့ ဦးသန်းမောင် ဦးဘထွေးတို့ အကုန်ဒီအတိုင်းဘဲ (ဒီအတိုင်းပါ ဘုရား) ဒီအတိုင်းသွားတာဘဲ (သွားပါတယ် ဘုရား)။

မသိတာကဘာပါလိမ့် (အဝိဇ္ဇာပါ ဘုရား) တောင်းတာက (တဏှာပါ ဘုရား) ရတော့ကိုဒုက္ခသစ္စာလေးချက် ရတယ် (မှန်ပါ့)။

ဇာတိပိ ဒုက္ခသစ္စာရတယ် (မှန်ပါ့) ဇရာပိ (ဒုက္ခသစ္စာရပါတယ်) ဗျာဓိပိ (ဒုက္ခသစ္စာရပါတယ်) မရဏမ္ပိ (ဒုက္ခသစ္စာရပါတယ်)။

ကဲ ခင်ဗျားတို့ ဆုတောင်းပြည့်တာ ဒီလေးချက်ပဲ (မှန်ပါ့) ဇာတိ ဇရာ ဗျာဓိ မရဏ ရပါတယ်တဲ့ (မှန်ပါ့)။

ဘယ်နှယ်ကြောင့် ရရပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့မှ ဒကာကြွယ်မသိတာက ဘာတုန်း (အဝိဇ္ဇာပါ ဘုရား) အရမ်းလိုချင်တာက (တဏှာပါ ဘုရား)။

ဪ မသိတဲ့လူ အရမ်းလိုချင်လို့ ရတဲ့ပစ္စည်း ဒုက္ခလေးချက် (မှန်ပါ့ ဘုရား) ရတဲ့ပစ္စည်းက (ဒုက္ခလေးချက်ပါ ဘုရား)။

သစ္စာတွေမြင်လာတော့မှ

အဲဒါကြောင့် ဘာလှူလှူဘာတန်းတန်း ဘုန်းကြီးတို့ကအလှူမခံဘူး (မှန်ပါ့) အလှူမခံတာက ဘာဖြစ်လို့ မခံတာတုန်း အရှင်ဘုရားဒကာ ဒကာမတွေ ကုသိုလ်မဖြစ်ရအောင်လို့လားလို့ မေးလိမ့်မယ် (မှန်ပါ့)။

မဟုတ်ဘူးတဲ့ ဒီသစ္စာသိပြီးလို့ရှိရင် ဝိပဿနာတွေရူလို့ သစ္စာတွေမြင်လာတော့မှ ဘာလုပ်ချင်လို့ဆိုတော့ အလှူခံပါတယ် (မှန်ပါ့)။

ဟာ ဒီဟာတွေ ပြန်ရချင်တယ်ဆိုရင်တော့ အလှူမခံဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါကြောင့်ခင်ဗျားတို့ကလည်း ဘယ်ဘုရားကို ဘာလုပ်လုပ်ဘယ်ကျောင်း ဘာသွားဆောက်ဆောက် သစ္စာမသိ ခင် လုပ်လိုက်လို့ရှိရင် မသိတာက အဝိဇ္ဇာတောင်းကြတာက (တဏှာပါ) ရတာက ဒုက္ခသစ္စာ (မှန်ပါ့)။

ကဲ အမြတ်ပါသေးရဲ့လား (မပါပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါကြောင့် မသိတဲ့လူလုပ်တဲ့ ပစ္စည်းဟာ ဒကာ ဒကာမတို့ အအိုရှိလျက်နဲ့အအိုရှာတာကွတဲ့ ဘုရားက (မှန်ပါ့) အနာရှိလျက်နဲ့ (အနာရှာတာပါ ဘုရား) မသိတဲ့ပုဂ္ဂိုလ်လှူတာပေးတာ ကမ်းတာဟာ ဒါပြန်ရတယ် (မှန်ပါ့ ဘုရား) ဆိုတော့ ဦးမာဒင်တို့ ဦးသန်းမောင်တို့ အရေးမကြီးဘူးလား (အရေးကြီးပါတယ် ဘုရား)။

ဒါဆရာသမားက ပြင်မပေးလို့ရှိရင် ဒီအတိုင်းသွားတော့မယ် (သွားမှာပါ ဘုရား)။

ကိုယ့်ကိုဆရာသမားလည်းတင်ထားသေးတယ် ကဲမင်းတောင်းတဲ့ဆုအတိုင်း ပြည့်စေကွာဆိုတော့ ဒုက္ခလေးချက် နဲ့ အသက်ထွက်စေဟေ့ (မှန်ပါ့ ဘုရား) ဒါပဲကျတယ် (ကျပါတယ် ဘုရား)။

ဒုက္ခလေးချက်နဲ့ (အသက်ထွက်စေဟေ့ ကျပါတယ် ဘုရား) ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား) ဒုက္ခ လေးချက်နဲ့ ဂျွမ်းထိုးမှောက်ခုန်ဖြစ်စေဟေ့ ဆိုတာနဲ့ကော (အတူတူပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဆရာသမားရွေးကြပေတော့

ပေါ်ပြီတဲ့ ဒါကြောင့် ဆရာသမားရွေးကြပေတော့ ဆိုတာ ဦးမာဒင်ပြောစရာမလိုတော့ပါဘူး (မလိုပါ ဘုရား) လမ်းပြကောင်း အလွန်အရေးကြီးတယ်ဆိုတာဖြင့် ဒကာကြွယ်သေချာပလား (သေချာပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားကိုလျှောက်လို့ အမြန်ဆုံးတဏှာကုန်တာကို တပည့်တော်လိုချင်ပါတယ် ဘုရား ဒါခပ်သုတ်သုတ်ဟောတော်မူပါလို့ လျှောက်တယ် (မှန်ပါ့)။

ခုနင်ကပြောပြီးပါပြီ ဒကာ ဒကာမတို့ မင်းသည်ကားလို့ဆိုရင် ရှုပါကွာ (မှန်ပါ့) ဘယ်လိုရှုရမှာတုန်း မေးတဲ့အခါ ကျတော့ အနိစ္စနုပဿနာလုပ်ပါ (မှန်ပါ့) အနိစ္စလို့ုရှုပါတဲ့ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘယ်လိုရှုခိုင်းတာပါလိမ့် (အနိစ္စလို့အရှုခိုင်းတာပါ ဘုရား) အနိစ္စလို့ရှုစမ်းပါကွာတဲ့ (မှန်ပါ့) ဘုရားကိုက ရှုနည်းသင်တာနော် (မှန်ပါ့)။

ဝေဒနာကိုအနိစ္စလို့ ရှုပါ

ဝေဒနာသုံးပါးတစ်ပါးပါးကို ပေါ်ရာဝေဒနာကိုအနိစ္စလို့ ရှုပါတဲ့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အနိစ္စလို့ရှုပါဆိုတော့ ဝေဒနာမပေါ်ခင် ရှုရမှာလား ဝေဒနာပေါ်တုန်း ရှုရမှာလားလို့ မေးလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဝေဒနာပေါ်တုန်းပဲရှုပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အင်းဘယ်အချိန်ရှုရမှာတုန်း (ဝေဒနာပေါ်တုန်းရှုရမှာပါ ဘုရား)။

ပေါ်တုန်းလို့ ဆိုပြန်ငြားသော်လည်း ပေါ်ဆဲမှာရှုတဲ့ဉာဏ်က မပေါ်နိုင်လို့ သူပေါ်ပြီးမှရှုပါ (မှန်ပါ့) မှတ်မိပလား (မှတ်မိပါပြီ ဘုရား)။

သူပေါ်ပြီးမှ (ရှုရမှာပါ) ဘာကြောင့်တုန်းဆိုတော့ နှစ်ခုပြိုင်ပေါ်နေရာမှာလည်း ဝတ္တရားမဟုတ်ဘူး (မှန်ပါ့) ဉာဏ်နဲ့ဝေဒနာနဲ့ ဦးမာဒင်ပြိုင်ပေါ်နိုင်ပါ့မလား (မပေါ်နိုင်ပါ ဘုရား) မပေါ်နိုင်တော့ တစ်ခုပေါ်လို့ ချုပ်ပျောက်ပြီးမှ ဉာဏ်ကနောက်ကပေါ်ရမယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဝေဒနာကရှေ့ကပေါ်တယ် ဉာဏ်နောက်မှပေါ်ပါစေ (မှန်ပါ့)။

ဒါဖြင့် ဝေဒနာဖြစ်ပျက်ပြီးသည့် အခြားမဲ့မှဉာဏ်ပေါ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ဝေဒနာဖြစ်ပျက်ပြီးသည့် အခြားမဲ့မှာ (ဉာဏ်ပေါ်ပါတယ် ဘုရား) ဉာဏ်ပေါ်တယ်ဆိုတာ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ခရီးတစ်ဝက်ပေါက်တာ

အဲဒီတော့ကို ဒကာ ဒကာမတို့ ဒီမှာဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဝေဒနာသုံးပါး ဖြစ်ပျက် မြင်လို့ရှိရင် ခရီးတစ်ဝက်ပေါက်ပြီ ဒါဖြင့်ခရီးတစ်ဝက်ပေါက်တာ (တစ်မျိုးပါ ဘုရား) ခရီးအဆုံးပေါက်ရောက်သွားတာ (တစ်မျိုးပါ) နှစ်မျိုး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ခင်ဗျားတို့ရှုတဲ့အခါ သတိထားပါ (မှန်ပါ့) ဒကာ ဒကာမတွေ ဪ ဒါဟာ ငါနိဗ္ဗာန် ရောက်ပြီ (မှန်ပါ့) ကိုယ့်ဟာကိုယ်ပဲ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။

သေသေချာချာ ဒကာ ဒကာမတွေ ယခုပြောတဲ့အချက်ဟာဖြင့် အရေးအကြီးဆုံးဘဲဆိုတာ သတိထားပါ (မှန်ပါ့)။

ခန္ဓာကိုယ်ကြီးထဲမှာ ဒုက္ခဝေဒနာပေါ်လည်း ဒကာကြွယ်တို့က ဖြစ်ပျက်ပဲရှုပါ (မှန်ပါ့)။

ဒုက္ခဝေဒနာပေါ်လဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဖြစ်ပြီးပျက်တဲ့တရားကိုးလို့ရှုတာဘဲ (မှန်ပါ့)။

ဥပေက္ခာဝေဒနာပေါ်ကော (ဖြစ်ပျက်ပဲရှုရပါမယ်) ဖြစ်ပြီးပျက်တဲ့တရားပဲလို့ ရှုတော့ ဒီနောက်က တဏှာ ဥပါဒါန်က ခါတိုင်းတော့ ဝေဒနာပစ္စယာ တဏှာဥပါဒါန် (မှန်ပါ့)။

မဂ်ကလေးက ကြားဝင်လိုက်တယ်

အခုတော့ မဂ်ကလေးက ကြားဝင်လိုက်တယ် (မှန်ပါ့) မဂ်ကလေးကြားဝင်လိုက်တော့ တဏှာဥပါဒါန်ကံတွေ က သူ့ထုံးစံအတိုင်း မရှုပဲနဲ့နေရင်တော့ ဒီသုံးခုလာရမယ် (မှန်ပါ့ ဘုရား)။

မရှုပဲနေရင် (ဒီသုံးခုလာရမှာပါ) မရှုပဲနေတော့ ဒီလိုလာတော ဪ ဘုန်းကြီးက ဒီဒကာ ဒကာမတွေ မအေ မိဘ ညီကိုမောင်နှမတွေ ဆွေမျိုးဉာတာတွေ ဖြစ်နေလို့အရှုခိုင်းတာ (မှန်ပါ့) အရှုခိုင်းတော့ဖျတ်ဆို ဒါလဲဝေဒနာ မဟုတ်တော့ဘူး အင်းသူလည်း အနိစ္စတရားပါကလား (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီတရားက ဝေဒနာမြင်သလား အနိစ္စမြင်သလား (အနိစ္စမြင်ပါတယ် ဘုရား) ဖြစ်ပြီးမရှိတာပဲ သူသိလိုက်တယ် (မှန်ပါ့) ဝေဒနာရယ်လို့ သူမတွေ့တော့ဘူး (မတွေ့တော့ပါ ဘုရား)။

ဖြစ်ပြီ (ပျက်သွားပါတယ် ဘုရား) အဲ ဖြစ်ပြီးပျက်သွားတာ ဖြစ်ပြီးမရှိတာဒါပဲ သူတွေ့လိုက်တော့ ဝေဒနာက္ခန္ဓာ ကို သူစွန့်ပြီးသားဖြစ်ပါတယ် (မှန်ပါ့)။

ဟောဒီနောက်က တဏှာတွေကို လာခွင့်မပေးသောကြောင့် ဒကာ ဒကာမတို့ တဏှာလဲစွန့်တယ် (မှန်ပါ့)။

ဒါဖြင့်မဂ္ဂင်ငါးပါးနဲ့ ရှုနေလို့ရှိရင် ရှေ့ကဖြစ်ပျက်ကိုမြင်တိုင်း နောက်ကတဏှာဥပါဒါန်ချုပ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေဝေဒနာရှုရှု စိတ်ရှုရှုဖြစ်ပျက်မြင်တဲ့ မဂ်ဝင်လာလို့ရှိရင်ဖြစ်ပျက်မြင်တဲ့ ဉာဏ်ကလေး သာ ခင်ဗျားတို့ရလို့ရရှိရင်ဖြင့် ရှေ့ကခန္ဓာလဲစွန့်ပါတယ် (မှန်ပါ့) ဝေဒနာက္ခန္ဓာလာသေးရဲ့လား (မလာပါ) ဖြစ်ပျက်တွေတော့တာကိုး (မှန်ပါ့ ဘုရား)။ ဝေဒနာတွေ့သေးရဲ့လား (မတွေ့တော့ပါ ဘုရား)။

ခန္ဓာစွန့်တယ်ဆိုတာဖြစ်ပျက်တွေ့တာ

ဒါကြောင့် ဦးမာဒင်တို့ မှတ်လိုက်စမ်းပါ ဪ ခန္ဓာစွန့်တယ်ဆိုတာဖြစ်ပျက်တွေ့တာကိုး (မှန်ပါ့) ဒီဘက်က တဏှာစွန့်တယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဝိပဿနာဉာဏ်သည် ဟုတ်လား အလယ်ကဟာဝိပဿနာဉာဏ်ဘဲ (မှန်ပါ့) ခန္ဓာစွန့်တဏှာစွန့်တယ် လို့မှတ်လိုက် (မှန်ပါ့)။

ဝိပဿနာလုပ်နေလို့ရှိရင် ဘာစွန့်သလဲ (ခန္ဓာစွန့် တဏှာစွန့်ပါတယ် ဘုရား) ဒါသေသေချာချာ တရားတစ်ပွဲလုံးကို အရေးတကြီးမှတ်စမ်းပါ (မှန်ပါ့)။

ဒို့ ဝိပဿနာလုပ်နေတာ ဘာကျေးဇူးရှိပါလိမ့်မတုန်းဆိုတော့ (ခန္ဓာစွန့်တဏှာစွန့်ပါတယ်) ရှေ့ကခန္ဓာစွန့်တယ် နောက်ကတဏှာစွန့်တယ် (မှန်ပါ့)။

ရှေ့က (ခန္ဓာစွန့်ပါတယ်) နောက်က (တဏှာစွန့်ပါတယ် ဘုရား) အဲဒါဝိပဿနာဉာဏ်လို့မှတ်လိုက် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဝိပဿနာလုပ်နေတဲ့ ပုဂ္ဂိုလ်များမှာ ဝိပဿနာဉာဏ်သည် ဒကာ ဒကာမတို့အတွက် ဘာကိုရွက်ဆောင်ပါလိမ့် မတုန်းဆိုတော့ ရှေ့ကခန္ဓာစွန့်တယ် (မှန်ပါ့) နောက်က (တဏှာစွန့်ပါတယ် ဘုရား) နောက်ကတဏှာစွန့်တယ် (မှန်ပါ့) ရှင်းပြီနော် (မှန်ပါ့ ဘုရား)။

နောက်ကတဏှာစွန့်တယ်

နောက်ကတဏှာစွန့်တယ်ဆိုကတည်းကိုက ဒကာ ဒကာမတွေကဪ နောက်ကတဏှာပေါ်ခွင့်မပေးပဲကိုး (မှန်ပါ့ ဘုရား)။

ဝေဒနာပစ္စယာ တဏှာလာသေးရဲ့လား (မလာပါ) ရှေ့ကလဲ ဝေဒနာရယ်လို့ကော နာမည်ရှိသေးရဲ့လား (မရှိပါ) အနိစ္စပဲရှိတယ် (မှန်ပါ့) အနိစ္စသာဖြစ်သွားသောကြောင့် ဝေဒနာက္ခန္ဓာကမရှိတော့ဘူး (မရှိတော့ပါ ဘုရား)။

ဒါဖြင့် ဖြစ်ပျက်မြင်တဲ့ပုဂ္ဂိုလ်များ ဝေဒနာက္ခန္ဓာလဲစွန့် နောက်ပိုင်းတဏှာလဲစွန့်တယ် (စွန့်ပါတယ် ဘုရား)။

ဒါဖြင့် ဝိပဿနာဉာဏ်သည် ဒကာ ဒကာမတို့ ခန္ဓာစွန့် တဏှာစွန့် (မှန်ပါ့)။

ဝိပဿနာဉာဏ်သည် (ခန္ဓာစွန့် တဏှာစွန့်ပါ) ဒကာကြွယ်ဒါကို သေသေချာချာမှတ်ပါ (မှန်ပါ့) ဝိပဿနာဉာဏ် ရတဲ့ ပုဂ္ဂိုလ်များဘယ်ဟာကို စွန့်လေ့ရှိပါလိမ့် (ခန္ဓာစွန့် တဏှာစွန့်ကိုစွန့်ပါတယ် ဘုရား) ခန္ဓာရော တဏှာစွန့်တယ် တပြိုင်နက်တည်းစွန့်တယ် (မှန်ပါ့)။

ခန္ဓာစွန့်လိုက်တဲ့ အတွက်လည်းတဲ့ ဒကာ ဒကာမတို့ ဒုက္ခသိမ်းတာဘဲ (မှန်ပါ့) တဏှာစွန့်လိုက်တဲ့ အတွက်လည်း ဒုက္ခဖြစ်ကြောင်း သိမ်းတာဘဲ (မှန်ပါ့ ဘုရား) ဒါဖြင့် ဒုက္ခနဲ့ဒုက္ခဖြစ်ကြောင်းကို ဝိပဿနာဉာဏ်ကသိမ်းတယ် (မှန်ပါ့)။

ဒုက္ခနဲ့ဒုက္ခဖြစ်ကြောင်း သိမ်းပါတယ်

ဝိပဿနာဉာဏ်သည် ဘာကိုများကျုပ်တို့ကို ကယ်ယူပို့ဆောင်ပါလိမ့် (ဒုက္ခနဲ့ဒုက္ခဖြစ်ကြောင်း သိမ်းပါတယ်)။

ဒုက္ခဖြစ်ကြောင်းနဲ့ ဒုက္ခကိုဖြင့် (မပေးတော့ဘူးလို့ တာဝန်ခံပါတယ် ဘုရား) မပေးတော့ဘူးလို့ တာဝန်ခံပါတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဦးမာဒင်တို့ ဒကာကြွယ်တို့ကစဉ်းစား (မှန်ပါ့) ဪ ဝိပဿနာဟာတယ် ကျေးဇူးများပါကလား (များပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ဝိပဿနာဟာဘယ်နှယ့်တဲ့ (ကျေးဇူးများပါတယ် ဘုရား)။

ကျေးဇူးများတယ် ဒါကြောင့် ဘယ်နေရာရောက် ရောက်ခင်ဗျားတို့ ဪ ကိုယ့်ကယ်တင်တာက ခန္ဓာဒုကဈ္ခ လည်း မင်းတို့မပေးတော့ဘူး (မှန်ပါ့)။

သဘောကျပလား (ကျပါပြီ) ဘယ်သူကတာဝန်ခံသတုန်း (ဝိပဿနာကတာဝန်ခံပါတယ်) ဒီဝိပဿနာက တာဝန်ခံတယ် (မှန်ပါ့)။

ခန္ဓာဒုက္ခကိုလဲ မင်းတို့ရှုတဲ့ပုဂ္ဂိုလ်မှာ ခန္ဓာဒုက္ခလည်းနောက်မပေးဘူးလို့ တာဝန်ခံတယ် (မှန်ပါ့)။

တဏှာပေးမယ့် ဒုက္ခကိုလည်းမပေးစေတော့ဘူး လို့ (တာဝန်ခံပါတယ် ဘုရား) ဘယ်သူကတာဝန်ခံပါလိမ့် (ဝိပဿနာကတာဝန်ခံပါတယ် ဘုရား) ဝိပဿနာဉာဏ်ကတာဝန်ခံတယ် (မှန်ပါ့)။

ဒကာကြွယ်လွန်နေပြီ သိပ်ကောင်းပါကလား (ကောင်းပါတယ် ဘုရား) ဦးသန်းမောင်တို့ ဦးဘထွေးတို့လုပ်ထိုက် တယ်နော် (မှန်ပါ့)။

နောက်ခန္ဓာဒုက္ခကို မင်းတို့မပေးတော့ဘူး တဲ့ (မှန်ပါ့) နောက်တဏှာဆက်မည့် ပဋိစ္စသမုပ္ပါဒ် ဒုက္ခတွေကော (မပေးတော့ပါ ဘုရား)။

ဦးမာဒင် ဘယ်သူက တာဝန်ခံပါလိမ့် (ဝိပဿနာကတာဝန်ခံပါတယ် ဘုရား) ဪ သူကတာဝန်ခံတယ် (မှန်ပါ့) သူပေါ်အောင် အားထုတ်တဲ့အတွက် သူကကျုပ်တို့ကိုရွတ်ဆောင်သွားတယ် (မှန်ပါ့)။

ဓာရေတီတိ ဓမ္မော ဓာရေတိ ဆောင်တဲ့ပုဂ္ဂိုလ်ကို ငါကရွက်ဆောင်မယ် (မှန်ပါ့ ဘုရား) ငါ့ကိုမင်းတို့ခင်လို့ရှိရင် ငါက မင်းတို့ကိုရွက်ဆောင်မယ် (မှန်ပါ့)။

ဒကာ ဒကာမတွေက ဝိပဿနာဉာဏ်ဝမ်းထဲ ရောက်အောင် အားထုတ်လို့ရှိရင် ဝိပဿနာဉာဏ်က ဒုက္ခနှစ်ခု ကို ကယ်တင်တယ် (မှန်ပါ့)။

ဒုက္ခဖြစ်ကြောင်းနဲ့ ဒုက္ခကို (ကယ်တင်မှာပါ ဘုရား) မလုပ်ထိုက်ဘူးလား (လုပ်ထိုက်ပါတယ် ဘုရား)။

ဝိပဿနာတန်ခိုး

ဒကာ ဒကာမတို့ လုပ်ထိုက်တယ်လို့ သေသေချာချာမှတ်ပါ (မှန်ပါ့) ဝိပဿနာတန်ခိုး ဘယ်လောက် ကြီးတယ် ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကျုပ်ဖြင့် နိဗ္ဗာန်မျက်မှောက်မပြုနိုင်ဘူး ဝိပဿနာဉာဏ်ပဲရှိသေးတယ်လို့ ညည်းလုံးမထုတ်လိုက်ပါနဲ့ (မှန်ပါ့) ဖြစ်ပျက်မြင်ရင်ကို ခင်ဗျားတို့ ကိစ္စနှစ်ခုပြီးပါပြီ (မှန်ပါ့)။

ဖြစ်ပျက်မြင်ရင် (ကိစ္စနှစ်ခုပြီးပါပြီ ဘုရား) ခန္ဓာလည်းစွန့် တဏှာလည်းစွန့်ပါတယ်ကွ တဲ့ ဝိပဿနာဉာဏ်က (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ခန္ဓာလည်းစွန့် တဏှာလည်းစွန့်

ဝိပဿနာဉာဏ်ကဘာတဲ့ (ခန္ဓာလည်းစွန့် တဏှာလည်းစွန့်ပါတယ် ဘုရား) ဒကာကြွယ် သိပ်အဖိုးတန် ပါလား (တန်ပါတယ် ဘုရား)။

ခန္ဓာက ဒုက္ခသစ္စာ (မှန်ပါ့) တဏှာက သမုဒယသစ္စာ (မှန်ပါ့) ဒီသစ္စာနှစ်ပါးကို မင်းတို့မရစေပါဘူး တဲ့ ရှေ့ကို (မှန်ပါ့)။

ဒါဖြင့် ဒုက္ခဖြစ်ကြောင်းနဲ့ ဒုက္ခကိုဖြင့် ဝိပဿနာဉာဏ်ကမင်းတို့ကို မပေးတော့ပါဘူးတဲ့ ဝိပဿနာသာလုပ်ပါ (မှန်ပါ့ ဘုရား)။

တကယ် တာဝန်ခံရဲတယ် (ရဲပါတယ် ဘုရား) မရဲဘူးလား (ရဲပါတယ် ဘုရား) ဘယ်ဉာဏ်ပါလိမ့် (ဝိပဿနာ ဉာဏ်ပါ ဘုရား) ဝိပဿနာဉာဏ်တယ်အဖိုးတန်ပါတလား (တန်ပါတယ် ဘုရား)။

အဲဒါလောက်ကျအောင် မသိတော့ ဒကာ ဒကာမတွေက ဝိပဿနာမလုပ်ဖြစ်ကြတော့ဘူး (မှန်ပါ့)။

အခုတော့ဖြင့် တဏှာသင်္ခယသုတ်ဆိုပြီး သကာလ မူလပဏ္ဏာသပါဠိတော်မှာ သိကြားမင်းကြီးကို ဘုရားက ဟောတဲ့နေရာမှာ ဒီဟာပါလာတယ် (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဪ ဒါဖြင့် ဒို့သည်ကာလို့ဆိုရင် တစ်သံသရာလုံး ဒါမလုပ်မိပါကလား (မှန်ပါ့ ဘုရား) ဒါကြောင့် ခန္ဓာကြီး အိုဘေး နာဘေး သေဘေး ခန္ဓာကြီးနဲ့နေရတယ် (မှန်ပါ့)။

ဒီတဏှာခိုင်းလိုက်တာ ကျွန်သပေါက်အဖြစ်နဲ့ ဒို့လူလားမမြောက်နိုင်ပဲ အမျိုးမျိုးအဖုံဖုံ ဒုက္ခရောက်ကုန်ပြီ (မှန်ပါ့ ဘုရား)။

ဝိပဿနာမလုပ်မိလို့ ခန္ဓာဒုက္ခလည်းခံနေရတယ် (မှန်ပါ့) တဏှာခိုင်းစေတဲ့ ဒုက္ခကော (ခံနေရပါတယ် ဘုရား)။

ဝိပဿနာက တာဝန်ခံတယ်

အင်းဒို့သည် နောက်တုန်းက ဒီတရားမျိုးနဲ့ ဒီအလုပ်မျိုးလုပ်ဘူးပုံမရဘူး (မရပါ ဘုရား) ပေါ်လာတယ် (ပေါ် လာပါတယ် ဘုရား) မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ဒါဝိပဿနာဉာဏ် သတ္တိရှိသေးတယ် (မှန်ပါ့) ဝိပဿနာဉာဏ်သည် ခင်ဗျားတို့ကို ဘယ်ဟာ ကယ်တင်သတုန်း (ခန္ဓာဒုက္ခနဲ့တဏှာခိုင်းစေမှုပါ ဘုရား)။

ခန္ဓာဒုက္ခနဲ့ တဏှာဒုက္ခတွေကို တစ်ခါတည်းသူကကယ်ယူ ပို့ဆောင်တယ် (မှန်ပါ့)။

ဟောဒီ တဏှာကြောင့် ရောက်မည့်အပါယ်ကိုလဲ မရောက်စေဘူးကွ (မှန်ပါ့) ဟောဒီဒုက္ခသစ္စာကိုလဲ နောက်မင်းတို့ကို မပေးဘူးကွ (မှန်ပါ့)။

ဘယ်သူက တာဝန်ခံသတုန်း (ဝိပဿနာက တာဝန်ခံပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

ကဲ ယနေ့ဒီတွင်တော်ကြအုံးစို့။

သာဓု သာဓု သာဓု။