12104

မာတိကာသို့

အိမ်တွင်းပဋိစ္စပမုပ္ပါဒ်ပြတ်စဉ်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ဓမ္မာရုံ၌ ဟောကြား ဆုံးမတော်မူသော

(အိမ်တွင်းပဋိစ္စပမုပ္ပါဒ်ပြတ်စဉ်)နေ့အလုပ်ပေး-တရားတော်

(၆-၁၀-၆၁)

အဆိပ်ကိုမှားသောက်ရင် သေတယ်

အကုသိုလ်ဖြစ်နေတာကိုလဲ အကုသိုလ်ဖြစ်မှန်းမသိလို့ အပြစ်မရှိတော့ဘူးလို့ ဒကာကြွယ် တို့က မယူနဲ့နော် (မှန်ပါ့) အဆိပ်ကို မှားသောက်လဲ သေတာပဲ (မှန်ပါ့ ဘုရား)

အဆိပ်ကိုမှားသောက်ရင် (သေပါတယ်) ဒီမှာလဲ အကုသိုလ်ကို အကုသိုလ်မှန်းမသိဘူးလို့ ဆိုငြားသော်လည်း အပယ်ရောက်တာပဲ (မှန်ပါ့ ဘုရား)

ဒါကြောင့်ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မသိတာဖော်ပြောပြီး သကာလ ဘုရားကနေတာကိုပင်လျှင် ဪ မသိလို့ သူခမျာများမှာ အဆိပ်သောက်နေတာ သေမှာမသိရှာဘူး ဆိုဘိသကဲ့သို့မသိပဲနဲ့ ဖြစ်နေတဲ့ အိမ်တွင်းပဋိစ္စ သမုပ္ပါဒ်ကြီးဟာ ဒို့ဖြင့်ဘာမှကိစ္စမရှိဘူးလို့ ဆိုငြားသော်လည်း သေသည်၏အခြားမဲ့၌ အပယ်လေးပါးသွားရတယ် (မှန်ပါ့)

အဲဒီတော့ မသိတာကိုမသိသလိုနေလို့ တော်ပါ့မလားလို့ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေမေးလို့ရှိရင် မတော်ဘူး အကုန်ဖြေရမှာပဲ (ဖြေရမှာပါ ဘုရား)

မသိလို့အဆိပ်သောက်တော့ ဘာဖြစ်သတဲ့တုန်း (သေပါတယ် ဘုရား) မသိလို့အကုသိုလ်လုပ်တော့ အပါယ်ကျ မှုလွတ်ပမလား (မလွတ်ပါ ဘုရား)

ဒကာကြွယ် မလွတ်ဘူး (မှန်ပါ့) ဦးမာဒင်တို့၊ ဦးသန်းမောင်တို့လွတ်ပမလား (မလွတ်ပါ ဘုရား)။

မလွတ်တော့ဪ ဒို့ဆရာရင်းသမားရင်းက ဒါအမှန်ပြောထားပြီ၊ သူချည်းသက်သက်ပြောတာလဲမဟုတ်ဘူး သူဆရာက အမှန်မြင်တဲ့ ကိုယ်တော်မြတ်ကြီးက ဘုရားသခင်ကိုယ်တော်မြတ်ကြီးကဟောလို့ ဒို့ကိုတစ်ဆင့်ဆုံးမတာပဲ ဒို့ကတော့ဖြင့် ဒီဟာအဆိပ်ရယ်လို့မထင်ဘူး သောက်တော့သောက်နေကြတာပဲဆိုတဲ့ ဥစ္စာကိုသိတော့ အဆိပ်ပျောက် ဆေးကို ဒို့ရှာဖို့ အရေးဟာလဲရှိသေးတယ်ဆိုတာကို ဒကာ ဒကာမတွေကိုယ့်အရေးလိုသေးတယ် (လိုပါတယ် ဘုရား)။

အဆိပ်ဖြေဆေးကို ယခုဖြေလိုက်လဲရပါတယ်

နို့ မရှာတဲ့ပုဂ္ဂိုလ်တွေကျတော့ဘယ်နဲ့ဆိုမတုန်း အိုမရှာတဲ့ပုဂ္ဂိုလ်ဟာ အဆိပ်မှန်းမသိလို့သောက်ပေမယ့် သေချင်းဆိုးသေတာပေါ့ (မှန်ပါ့) ဒါပဲ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား) ဒီဒကာ၊ ဒကာမတွေလဲ ဘုန်းကြီးများက ပါရမီဖြည့်တာဖြစ်ဖြစ် သယ်ယူပို့ဆောင်ရမည့်ပုဂ္ဂိုလ်တွေ သုဂတိကနေနိဗ္ဗာန်ကူးဖို့ အတွက်ကို လုပ်ပေးရမယ့် ပုဂ္ဂိုလ် တွေဖြစ်နေတော့ ခင်ဗျားတို့ကလဲ အဆိပ်မှန်းမသိလို့ သောက်ထားကြတာပဲ သောက်ပင်သောက်ငြားသော်လဲ ဒီအဆိပ်ဖြေဆေးကို ယခုဖြေလိုက်လဲရပါတယ် (မှန်ပါ့ ဘုရား)။

ဟိုမသိတဲ့ပုဂ္ဂိုလ်ကတော့ ဖြေဆေးကိုမပါဘူး၊ တစ်ခါတည်း ဒုက္ခရောက်ရေးသာ သူဟာသူသွားတာပဲ (မှန်ပါ့)။

ဒါကြောင့်အားလုံး ဒကာ ဒကာမတွေ ဪ ဒို့ကတော့ဖြင့် လူထဲမှာမွေးလူထဲမှာကြီးလာရတော့ ဘုရား သာသနာတွင်းမှာမွေးတယ်ဆိုငြားသော်လည်း အဆုံးအမ ဒို့သန္တာန်မရောက်သေးပါကလား (မှန်ပါ့) အဆုံးအမရောက်မှ သာသနာတည်တာကိုးဗျ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘုရား၏အဆုံးအမဉာဏ်ထဲရောက်ပါမှ ဒကာ၊ ဒကာမတို့ သာသနာတည်တာနော် (မှန်ပါ့)။

သာသနာဝါဝါဝင်းပြီး ဘုရားတွေပေါ ကျောင်းကန်ပေါ အလှူအတန်းတွေပေါငြားသော်လဲ အဆုံးအမဝမ်းထဲ မရောက်သေးလို့ရှိရင်ဖြင့် အပယ်ဘေးမလွတ်သေးပါဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့်အဆုံးအမဝမ်းထဲရောက်ရေးဟာ ဦးမာဒင်အရေးကြီးတယ် (အရေးကြီးပါတယ် ဘုရား)။

ဒကာကြွယ် ဘာပါလိမ့် (အဆုံးအမဝမ်းထဲရောက်ရေးဟာ အရေးကြီးပါတယ်) အဆုံးအမဝမ်းထဲရောက်ရေးဟာ အရေးအကြီးဆုံးပါ (မှန်ပါ့ ဘုရား)။

အဆုံးအမဘုရားစာအုပ်ထဲမှာ ပြည့်လို့ ဆိုငြားသော်လည်း ကိုယ့်ဝမ်းထဲမရောက်သေးလို့ရှိရင်ဖြင့် ဝမ်းထဲမှာရှိ တဲ့ ပဋိစ္စသမုပ္ပါဒ်ကို ဆရာသမားပေးတဲ့ဉာဏ်နဲ့ ဦးမာဒင်တို့ ဆုံးဖြတ်ချက်ချရပါမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အရှင်အာနန္ဒာ

ကောင်းပြီ ဒါဖြင့်ဒီပဋိစ္စသမုပ္ပါဒ်ဟာဖြင့် ရှင်အာနန္ဒာကကိုယ်တော်မြတ်ကြီးကို မနေ့ကပြောသလိုပဲ လွယ်ပါတယ်ဘုရား၊ တပည့်တော်သေက္ခဉာဏ်သောတာပန်ဉာဏ်နဲ့တွေးကြည့်လိုက်တာ ပဋိစ္စသမုပ္ပါဒ်ဆိုတဲ့ ဥစ္စာပေါ် တယ်ဘုရား။

ဟ ညီတော်အာနန္ဒာ မင်းကသာဝကဆိုတဲ့ ဉာဏ်ကလေးနဲ့ပေါ်လွင်တယ်၊ ထင်ရှားတယ်ဆိုတာ မင်းအင်မတန် လွဲသကွာတဲ့ (မှန်ပါ့) မင်းကိုယ်တိုင်သံသရာထဲမှာလည်ပြီး သကာလ လာတာဟာ ဒါမသိလို့ကွ (မှန်ပါ့ ဘုရား)။

မင်းကပေါ်လွင်ထင်ရှားတယ်လို့ဆိုတာ အကုန်ပေါ်တာ မဟုတ်ဘူး၊ အစိတ်အပိုင်းကလေး ဆယ်ပုံပုံတစ်ပုံ ကိုးပုံပုံတစ်ပုံ ပေါ်တာကွ (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့်ကွာ ငါမင်းတို့ဝမ်းထဲမှာ အခုဖြစ်နေတဲ့ အိမ်တွင်းတွင်ဖြစ်နေတာ ငါပြောပြမယ် မင်းသေသေချာချာ နားထောင်လို့ဆိုတော့ ဒကာ ဒကာမတွေ ဒါဘုန်းကြီးတို့အတွက်ဟောတာ (မှန်ပါ့ ဘုရား)။

ညီတော်အာနန္ဒာတော့ ဘုရားကသိပြီးသားပဲ ငါပရိနိဗ္ဗာန်စံပြီးရင်သူရဟန္တာဖြစ်မယ်ဆိုတာ ရဟန္တာဖြစ်တယ်ဆို ကတည်းက ဒကာကြွယ် ကစဉ်းစား၊ ဦးလှဘူးကစဉ်းစား ဪ သူ့ကိစ္စမလိုတော့ပါလား (မှန်ပါ့) လိုသေးသလား (မလိုပါ ဘုရား) ဒါဖြင့်ကျုပ်တို့အတွက်ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

အေး ဒါကြောင့်ယနေ့တော့ဖြင့် တရားထူးတရားမြတ်ကို ငါတို့သည်ကားလို့ဆိုရင် အိမ်တွင်းမှာဖြစ်နေတဲ့ အဆိပ်သောက်နေတဲ့ ဥစ္စာကို အဆိပ်ပျောက်ဆေးဖြင့် ဧကန်တကယ်ရတော့မှာပဲ ဆိုတာ ဦးမာဒင်တို့ ဦးသန်းမောင်တို့ ဒကာကြွယ် တို့ ဦးလှဘူးတို့ ကြပ်ကြပ်ဂရုစိုက်နားထောင်ပါ (မှန်ပါ့ ဘုရား)။

အခုဖြတ်လမ်းပြနေတယ်

အခုဖြတ်လမ်းပြနေတယ် (မှန်ပါ့) ဒီကနေဖြတ်လိုက်လို့ရှိရင် ဘယ်လောက်ပဲ ခင်ဗျားတို့ လူသတ်မှုပေါင်း တစ်သိန်းပဲ ဖြစ်ဖြစ် အပါယ်ကျစေတတ်တဲ့ လူသတ်မှုပေါင်းသိန်းပေါင်း တစ်ရာဖြစ်ဖြစ် မဂ်တစ်ချက်ဝင်လိုက်ရင် ဦးမာဒင် အဟောသိကံဖြစ်ရတယ် (မှန်ပါ့ ဘုရား)။

မဂ်တစ်ချက်ဝင်လိုက်ရင် (အဟောသိကံဖြစ်ပါတယ် ဘုရား) ဘယ်သူမှမထောက်နဲ့ ခင်ဗျားတို့ ကြားဘူးနားဝရှိ တဲ့ အင်္ဂုလိမာလာခိုးသူကြီးသာထောက်ပါ (မှန်ပါ့) ဒီဘဝတွင်သတ်လိုက်တဲ့လူပေါင်းဟာလဲ လက်ညှိုးပေါင်းတစ်ထောင် ပြည့်ဖို့ရာ တော်တော်နေရင်းလက်ညှိုးတွေ ကျီးချီရင်းတစ်ချီနဲ့ပျောက်ရင်း တစ်ထောင်မပြည့်ရင်းသတ်ရရင်းဆိုတော့ ဦးသန်းမောင်တစ်ထောင်ကျော်လိမ့်မယ် (ကျော်သွားပါတယ် ဘုရား)။

အဲဒီကျော်တဲ့ဥစ္စာတွေဟာ သူ့အကုသိုလ်တွေဟာဖြင့် နည်းသလားဗျာ (မနည်းပါ) အဲဒါမဂ်တစ်ချက်ဝင်လိုက် တော့ အလုံးစုံအပါယ်မသွားဘူး (မှန်ပါ့) တစ်ခါတည်းရဟန္တာဖြစ်သွားတယ် (မှန်ပါ့) အဲဒီတော့ ဪ ဆေးရှိပါသလား ဆိုတာပေါ်လာတယ် (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ဘာပေါ်လာသတုန်း (ဆေးရှိပါသေးသလားဆိုတာ ပေါ်လာပါတယ် ဘုရား)။

အဲ့ဒီတော့ ခင်ဗျားတို့မှာ အဆိပ်သောက်ငြားသော်လည်း အိမ်တွင်းမှာသောက်ထားကြငြားသော်လည်း ဦးမာဒင် တို့ပျောက်ဆေးရှိသေးတော့ ဒါသောက်လိုက်ရင်ပြီးသွားတာပဲ (မှန်ပါ့ ဘုရား)။

ဒီအသောက်တော့ဖြင့် အဆိပ်သောက်ပြီးသားလူဟာ ဖြေဆေးသောက်တာတော့ ပျင်းဖို့မလိုဘူးထင်တယ်လို့ ဘုန်းကြီးလည်းဆုံးဖြတ်ချက်ချတယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့အဆိပ်သောက်ပြီးသား ပုဂ္ဂိုလ်ဟာ ဖြေဆေးသောက်ဖို့ဘယ်လိုစဉ်းစားကြမလဲ (ပျင်းဖို့မလိုပါ ဘုရား)။

နှေးလို့မရပါဘူး

နှေးနှေးမှသောက်ရင်ကောတော်ပါမလား (မတော်ပါ) မတော်ဘူးတဲ့အသေစောသွားမယ် (မှန်ပါ့ ဘုရား)။

နှေးနှေးမှသောက်ရင်(အသေစောပါမယ် ဘုရား) ဒါဘုန်းကြီးက အရေးကြီးစေချင်လို့ တရားဓမ္မတွေလုပ်စေချင် တဲ့ ဂရုဏာတွေများလွန်းလို့ ဒီအသုံးသုံးတာလားလို့မေးတော့ မဟုတ်ပါဘူးတဲ့ အဆိပ်ကသောက်ပြီးသားဖြစ်နေကြတယ် (မှန်ပါ့) နှေးလို့မရပါဘူး (မရပါ) ရိပ်မိကြရဲ့လား (ရိပ်မိပါတယ် ဘုရား)။

အဆိပ်သောက်ပြီးသားဖြစ်နေတော့ (နှေးလို့မရပါ) အဲဒီတော့ ဘုန်းကြီးကသောကစေချင်တာလား ခင်ဗျားတို့ ကလဲ ပြင်းပြင်းထန်ထန်အမြန်လုပ်ရမှာလား ဆိုတာအကဲခတ်ပါ (တပည့်တော်တို့က ပြင်းပြင်းထန်ထန် အမြန်လုပ်ရ မှာပါ ဘုရား)။

တကယ်လို့အကြောင်းမသင့်လို့ သေသွားလို့ရှိရင် အဆိပ်လက်နက်နဲ့သေတဲ့ဥစ္စာ အပါယ်လေးပါးမှာ ခန္ဓာကိုယ်နဲ့ ဆပ်ရမှာမှတစ်ပါး ဒီပြင်နည်းမရှိဘူး (မရှိပါ) သဘောကျကြပါသလား (ကျပါပြီ ဘုရား)။

အဲ့ဒါကြောင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေမှာ ဒီဝိပဿနာအလုပ် တပည့်တော်တို့ ဘယ်နေ့ဘယ်ရက် လုပ်ရမှာ တုန်းဘုရားလို့မဆိုပါနဲ့ အဆိပ်ကကြာလေ ခင်ဗျားတို့အသက်အန္တရာယ်ရှာလေပဲ (မှန်ပါ့ ဘုရား)။

အဆိပ်ကမဖြည်းပါ

အဲဒီကြာလေကြာလေ အသက်အန္တရာယ်ရှာလေ ဖြစ်နေတော့ဒီဥစ္စာ ကိုယ်က ဖြည်းလို့လဲအဆိပ်ကဖြည်းမှာ မဟုတ်ဘူး (မှန်ပါ့)။

ဦးမာဒင် ကိုယ်ကဖြည်းလို့လဲ (အဆိပ်ကမဖြည်းပါ ဘုရား) အဆိပ်ကမဖြည်းဘူး (မှန်ပါ့) ကိလေသာအဆိပ်တွေက တစ်ခါတည်းတက်ပြီး သကာလ ဒကာ၊ ဒကာမတွေအပါယ်လေးပါးမရောက်ရောက်အောင် သူကတော့ဖြင့်မသေသေ အောင် သေခြင်းဆိုးမသေသေအောင်လဲသူလုပ်မယ် (မှန်ပါ့) အပါယ်လေးပါးမရောက်ရောက်အောင်လည်း သူပို့မယ် ဆိုတဲ့ ဥစ္စာဒကာကြွယ် ငြင်းဖို့လိုသေးသလား (မလိုပါဘူး ဘုရား)။

ဒီအထဲမှာ ဒကာ ဒကာမတွေ အဆိပ်ကသောက်ပြီးသားနော် (သောက်ပြီးသားပါ) လောဘတွေကဝမ်းထဲမှာ သောက်ပြီးသားဖြစ်နေတယ် (မှန်ပါ့) ဖြေဆေးနှေးရင်တော်ပါ့မလား ဆိုတာကိုယ့်ဟာကိုယ်ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား)။

ကဲ ဦးသန်းမောင်တို့ ဒကာကြွယ် တို့ အခုပြောတာကဘုန်းကြီးက တရားအားထုတ်စေချင်လို့ ဒကာ ဒကာမတွေကို သနားလွန်းလို့ ပြောတာလို့ ဒီအပြောကိုမယူနဲ့ (မှန်ပါ့) ဒီအပြောကိုကနဂိုကရှိပြီးသား (မှန်ပါ့) သနားတာကနဂိုရှိပြိးသား (မှန်ပါ့) သို့သော်လဲကိုယ့်ရောဂါက လွန်သွားမှာစိုးရတယ် (မှန်ပါ့ ဘုရား)။

ကိုယ့်ရောဂါကလွန်သွားမှာစိုးရတယ်

ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ကိုယ့်ရောဂါကလွန်သွားမှာ စိုးရပါတယ် ဘုရား)။

ဒကာကြွယ် ဒီဥစ္စာ ကိုယ့်ရောဂါလွန်သွားမှာစိုးလို့ပြောတဲ့အရေးကို ဘုန်းကြီးက တရားအားထုတ်စေချင်လို့ ခင်ဗျားတို့ကို ဒီလိုမလွှဲလိုက်ပါနဲ့ (မှန်ပါ့ ဘုရား)။

ကိုယ့်ရောဂါလွန်သွားလို့ရှိရင်ဖြင့် ဆည်မရ ကယ်မရဖြစ်တော့မှာပဲဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား) ဦးမာဒင် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့်ဒီအထဲမှာဒကာ ဒကာမတွေ တဏှာဒိဋ္ဌိဆိုတဲ့အဆိပ်တွေကသောက်ပြီးသား ပုဂ္ဂိုလ်တွေချည်းပဲဆိုရင်ဖြင့် ငြင်းဖို့လိုသေးလား (မလိုပါ ဘုရား)။

တဏှာဒိဋ္ဌိအဆိပ်တွေကဖြင့် (သောက်ပြီးသားချည်ပါ ဘုရား)။

ဖြေဆေးကျတော့ခင်ဗျားတို့လဲမသိလို့ မရှာဘူူး (မရှာပါ ဘုရား) ရှာလို့တွေ့ပြန်တော့လည်း ဖြည်းဖြည်းမှသောက် မယ် ဆိုတော့ အသေကသာစော၍အပါယ်လေးပါး အရောက်သာစောစရာရှိတယ် (မှန်ပါ့ ဘုရား)။

အဲဒါကြောင့်ခင်ဗျားတို့ပြောနေသည့်အဓိပ္ပာယ်သည် ဆင်ခြေလဲစရာတစ်ကွက်မရှိဘူး (မရှိပါ) ဆင်ခြေလဲရင် အဆိပ်ကလွန်သွားလိမ့်မယ် (မှန်ပါ့) လွန်သွားလေလေကုချက်ဝေးလေလေ (မှန်ပါ့) ကုချက်ဝေးလေလေနစ်နာချက် များလေလေ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့်ဒကာကြွယ် ရေ ဒီနေ့ပြောတဲ့တရားစကားမှာဖြင့် ဪ ဘုန်းကြီးကတော့ ပြောနေတယ် အရေးကကိုယ်က ကြီးရမှာကိုး (မှန်ပါ့)။

ဘုန်းကြီးကတော့ အပြော အရေးက (ကိုယ်ကကြီးရမှာပါ ဘုရား) ကိုယ်ကကြီးရမယ်ဆိုတာ ဦးသန်းမောင်တို့ သေသေချာချာမှတ်ပါ (မှန်ပါ့)။

မကြီးလို့ရှိရင်ဘုန်းကြီးတို့လို ပိဋကတ်ချောက်ချားပြီးဘုရားသခင်ကိုယ်တော်မြတ်ကြီး တရားတော်တွေသိနေတဲ့ ပုဂ္ဂိုလ်က ဟေဒကာကြွယ် တို့ ဦးသန်းမောင်တို့ ခပ်ဖြည်းဖြည်းပေါ့ဗျာ ကိစ္စမရှိပါဘူးခင်ဗျားတို့က အပြစ်မှမရှိပဲ (မှန်ပါ့) ခန္ဓာကိုယ်ကြီးကလဲ အတ္တပဲခိုင်ပါတယ်လို့ဟောမှာပဲ (မှန်ပါ့)။

အခုတော့ ခန္ဓာကိုယ်ကလည်း အနတ္တ (မှန်ပါ့) အဆိပ်ကလဲသောက်ပြီးသား (မှန်ပါ့)။

အဆိပ်ကတဏှာအဆိပ် ဒိဋ္ဌိအဆိပ်တွေကသောက်ပြီးသားဖြစ်နေတယ် ခန္ဓာကိုယ်ကအဆိုးမရ ကိုယ်က တားမရတော့ခန္ဓာကိုယ်ကအသေစော၊ အဆိပ်တွေက ဒကာ ဒကာမတွေကြီးထွားပြီး သကာလ ပဋိစ္စသမုပ္ပါဒ်သဘောနဲ့ တဏှာ၊ ဥပါဒါန်၊ ကံ၊ အပါယ်ဇာတိ လုပ်ပစ်လိုက်တယ် (မှန်ပါ့)။

ခင်ဗျားတို့ညံ့ဖျင်းတဲ့အတွက် ဆရာကောင်း၊ သမားကောင်းတွေ့လျက်သားနဲ့အချိန်မမှီလိုက်တာ အနာဆုံးပဲ (မှန်ပါ့ ဘုရား)။

ဆရာကောင်း၊ သမားကောင်းတွေ့လျက်သားနဲ့ (အချိန်မမှီလိုက်တာအနာဆုံးပါ ဘုရား)။

ခင်ဗျားတို့ သေသေချာချာ ဦးမာဒင်တို့ ဦးသန်းမောင်တို့ဒကာကြွယ် တို့ ဦးလှဘူးတို့စဉ်းစားပါနော်(မှန်ပါ့)။

ရသေ့ကြီးကငိုရှာတယ်

ဒေဝီလရသေ့ကြီးဆိုတာ သုဒ္ဓေါဒန၊ မယ်တော်မာယာတို့အပေါ်မှာ တရားဆုံးမနေတဲ့ ပညာရှိကြီး တစ်ယောက်ပါ ပဲ (မှန်လှပါ)။

သိဒ္ဓတ္ထမင်းသားမွေးလာတော့ ကန်တော့ခိုင်းတော့မကန်တော့ဘူး (မှန်ပါ့) သူကန်တော့စရာလူက လူပြည်မှာ မရှိဘူး၊ နတ်ပြည်မှာမရှိဘူး (မှန်လှပါ)။

ဒါနဲ့ခလေးကလေးပြတဲ့အခါ ရသေ့ကြီးကငိုရှာတယ် (မှန်ပါ့) ဘာဖြစ်လို့ငိုပါသတုန်း၊ နောက်တစ်ခါရယ်ပြန် တယ်၊ ဘာဖြစ်လို့ရယ်သတုန်း (မှန်ပါ့)။

ငိုတာက တခြားမဟုတ်ဘူးကွာ တဲ့၊ ငါ့မှာအဆိပ်တွေသောက်ထားပြီး သကာလ ဆေးပေးမည့်လူကဘုရားက ဖြစ်ဖို့ရာက နှစ်ပေါင်းသုံးဆယ်ကျော်လိုသေးတယ် (မှန်ပါ့)။

ငါ့အဆိပ်တွေကအခုသူဘုရားမဖြစ်ခင် သေရာမှာကြောင့်ငါငိုတယ် (မှန်လှပါ) အဆိပ်ကလွန်သွားပြီ (မှန်လှပါ ဘုရား)။

ကဲ ဒကာကြွယ် သဘောကျပလား (ကျပါပြီ ဘုရား) ဒေဝီလရသေ့ကြီးငိုတာသည် ငိုချင်လို့ငိုတာလား၊ အဆိပ် တွေကသောက်ပြီးသားဖြစ်လို့ ဆေးမမှီလို့ငိုတာလား (အဆိပ်တွေကသောက်ပြီးသားဖြစ်လို့ ဆေးမမှီလို့ငိုတာပါ ဘုရား)။

ယုတ္ထိဆောင်ပြောတာလား အမှန်လား

ကဲ ယုတ္ထိဆောင်ပြောတာလား အမှန်ပဲလား (အမှန်ပါ ဘုရား) ဦးသန်းမောင်ဘယ်နှယ်တုန်း ယုတ္ထိဆောင်ပြော တာလားအမှန်လား (အမှန်ပါ ဘုရား)။

ဓာတ်ရှင်လိုစိတ်ကူးနဲ့ ရိုက်တဲ့တရားမဟုတ်ပါဘူး (မှန်ပါ့) ဓာတ်ရှင်လိုစိတ်ကူးနဲ့ သူကဘာလုပ် သူကဘာလုပ်ဆို လို့ဟန်ပန်လုပ်တဲ့သဘောမျိုး အသွင်တူအောင်လုပ်တဲ့သဘောမျိုးကိုဟောနေတဲ့တရားလို့ ဦးမာဒင် မယူနဲ့ (မှန်ပါ့) မယူကြနဲ့နော် (မယူပါ ဘုရား)။

အခုဒေဝီလရသေ့ကြီးဟာ ဘုရားအလောင်းနဲ့ကိုသေသေချာချာတွေ့တယ် (မှန်ပါ့ ဘုရား) သို့သော် ဘုရားဖြစ် မှာက နှစ်ပေါင်းသုံးဆယ်လောက်လိုသေးတယ် (မှန်ပါ့)။

သူကသေမှာက ဦးသန်းမောင် မကြာတော့ဘူး ဆိုတော့အဆိပ်တွေက သောက်ပြီးသားဖြစ်နေတော့ ဦးမာဒင် ငိုရှာတယ် (မှန်ပါ့)။

အရှင်ဘုရားဘာဖြစ်လို့ငိုသတုန်း လို့ သုဒ္ဓေါဒနတို့ကမေးတဲ့အခါကျတော့ ဒကာကြီးတဲ့ အဆိပ်တွေက သောက် ထားပြီ ဆေးပေးမည့်သူက ဆေးကို မဖော်နိုင်သေးတဲ့အခြေအနေ ရောက်နေတယ် (မှန်ပါ့)။

အဲဒီတော့ ကျုပ်ဝေဒနာနဲ့ကျုပ်ဟာ ဝိညာဏ်သာချုပ်ပြီး ကမ္ဘာများစွာ ဒုက္ခရောက်ဖို့သာရှိတယ် ဆေးမမှီ တော့ဘူး (မှန်လှပါ ဘုရား) ဒါကြောင့်ကျုပ်ငိုတယ် တဲ့ (မှန်လှပါ ဘုရား)။

ကိုင်း ဒီလောက်ပညာရှိကြီးတွေ ငိုရတာသည် ခုနင်ကပြောတဲ့မဂ်ဆေးကို သူမမှီတော့ဘူး တဲ့၊ သောက်ချိန်မမှီ တော့ဘူးတဲ့ (မှန်လှပါ ဘုရား) မနာဘူးလား (နာပါတယ် ဘုရား)။

အဲဒါကြောင့်အားလုံး တရားနာကြတဲ့ ဒကာ၊ ဒကာမတွေလဲ စိတ်ဓာတ်ကိုဆွဲနေတယ်လို့ ဒီလိုလဲမယူနဲ့ (မှန် ပါ့ ဘုရား) ကိုယ်တောင်မှအခုယနေ့လုပ်မှ ယနေ့ရမှာ၊ နက်ဖြန်ကိုယ့်ကိုဆိုတဲ့ အနတ္ထကမဆိုနိုင်ဘူး (မှန်ပါ့)။

မြန်မြန်သောက်လေလေ အပါယ်ရောဂါမြန်မြန်ပျောက်လေလေ ဖြစ်မယ်ဆိုတာသေသေချာချာ မှတ်ပါ (မှန်ပါ့)။

မြန်မြန်သောက်လေလေ (အပါယ်ရောဂါမြန်မြန်ပျောက်လေလေပါ ဘုရား)။

ရက်ရွေ့နေလို့ရှိရင်ဖြင့်

အဲဒီတော့ ခင်ဗျားတို့ ရက်ရွေ့နေလို့ရှိရင်ဖြင့် နာရီရွေ့နေမယ်၊ ရက်ရွေ့နေမယ်၊ နှစ်ရွေ့နေမယ် ဆိုလို့ရှိရင် ဖြင့် ဪ ဒီအဖြစ်နဲ့ဒီရောဂါနဲ့ အပါယ်ရောဂါနဲ့အပါယ်ရောက်စေတတ်တဲ့ အခုသောက်ထားတဲ့ဒိဋ္ဌိအဆိပ် တဏှာ အဆိပ်တွေနဲ့ အပါယ်တည်းဟူသော ဒုက္ခရောက်တဲ့နေရာကို ရောက်စေတော့ဆိုပြီးတဏှာက ဝင်ပြီးတော့ ဆင်ခြေလဲ နေတယ်လို့မှတ်လိုက် (မှန်ပါ့)။

နက်ဖြန်မှလုပ်တာပေါ့ သဘက်မှလုပ်တာပေါ့ ဟိုနှစ်မှလုပ်တာပေါ့ ဒီနှစ်မှလုပ်တာပေါ့လို့ဆိုတာ အပြော ကောင်းသလောက် အသံကောင်းသလောက် ခန္ဓာကိုယ်ကိုမသနားတဲ့တဏှာကဝင်ပြီး နှောက်ယှက်တယ် (မှန်လှပါ) သဘောပါကြပလား (ပါပါပြီး ဘုရား)။

ဘယ်သူကဝင်နှောက်ယှက်ပါလိမ့် (တဏှာကဝင်နှောက်ယှက်ပါတယ် ဘုရား)။

နို့ ခင်ဗျားတို့ကလည်း ဒီဥစ္စာ ဒကာကြွယ် တို့ကလဲ အောက်မေ့လိမ့်မယ် ဦးသန်းမောင်တို့ကလဲအောက်မေ့ လိမ့်မယ် ဪ စိတ်ထားတော့မညံ့ဘူးတဲ့ (မှန်လှပါ)။

ဘယ်နှယ်ညံ့လိုက်တဲ့စိတ်ထား (မှန်ပါ့) ကိုယ့်ခန္ဓာအစိုးရတဲ့အဖြစ်နဲ့ပြောနေတာ ညံ့တဲ့စိတ်ထားလားမညံ့တဲ့ စိတ်ထားလား (ညံ့တဲ့စိတ်ထားပါ ဘုရား)။

သို့သော် ဘေးကမသိတဲ့ ဒကာ၊ ဒကာမတွေကတော့ ဪ စိတ်ထားမညံ့ဘူးပဲကို ဒီလူတွေ ဇွဲနဲ့မဲနဲ့ လာတာပဲ ကိုးလို့ ထင်ချင်လဲထင်ကြမယ် (မှန်ပါ့)။

ရက်ရွေ့၊ နာရီရွေ့၊ နှစ်ရွေ့နေတဲ့ ပုဂ္ဂိုလ်များအတွက်မှာဖြင့်ဉာဏ်ကရွေ့တာလား၊ ကိလေသာက ရွေ့တာလား (ကိလေသာကရွေ့နေတာပါ ဘုရား)။

ဪ ဒါဖြင့်ကိလေသာက ခင်ဗျားတို့အဆိပ်သောက်ပြီးသေခြင်းဆိုးသေ၍ အပါယ်ရောက်တာသဘောကျလို့ အရွေ့ခိုင်းနေတာ (မှန်ပါ့) ဦးမာဒင် ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ဒကာကြွယ် ကောသဘောကျပလား (ကျပါပြီ ဘုရား)။

ခန္ဓာကိုယ်ဟာ အနတ္တ ခန္ဓာကိုယ်ကြီးကိုပဲတစ်ခါတည်း ကိလေသာက ဝင်ပြီး သကာလ ဟိုနှစ်၊ ဟိုရက်၊ ဟိုလ တွေနဲ့ ရွေ့လုံးကြီးများနဲ့ ရွေ့နေလိုက်တာ ဘေးကတော့ကြားလို့ ကောင်းပါရဲ့တဲ့၊ ရွေ့နေတာကတော့ ကိလေသာရန်သူက နေပြီးချော့မော့ပြီးဝင်လာပြီး သကာလ ခင်ဗျားတို့အပါယ်တွန်းချနေတာ (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဉာဏ်နားနဲ့ထောင်မှနော်

ဉာဏ်နားနဲ့ထောင်မှနော် (မှန်ပါ့) ဒကာကြွယ် ဒါဉာဏ်နားနဲ့ထောင်တော့ ဟုတ်ပါပေတယ် လိုက်ရမယ် (လိုက်ရမှာပါ ဘုရား)။

ဉာဏ်နားနဲ့မထောင်တဲ့ ပုဂ္ဂိုလ်ကျတော့ ဘယ်အခြေအနေဆိုက်သွားသတုန်းဆို ဒီအပြော၊ ဒီအဆို၊ ဒီအသံတွေ ကြားလိုက်တဲ့အခါကျတော့ သူတော်ကောင်းစိတ်ရှိပေတယ် (မှန်ပါ့)။

အံမာ ဉာဏ်နားနဲ့မထောင်တဲ့ပုဂ္ဂိုလ်ကတော့ (သူတော်ကောင်းစိတ်ရှိပါသတဲ့) သူတော်ကောင်းစိတ် ရှိတယ်တဲ့ သူအချိန်နာရီတွေနဲ့ ရွေ့ဝင်သွားငြား သော်လည်း သူဟာကရည်ရွယ်ချက်ကောင်းတဲ့ (မှန်ပါ့ ဘုရား)။

ဘေးကကိလေသာအကြောင်း နားမလည်တဲ့ပုဂ္ဂိုလ်က ဒီအတိုင်းတောင်ချီးမွမ်းထောပနာပြုလိုက်သေးတယ် (မှန်ပါ့) ကိလေသာအကြောင်းနားမလည်ဘူး (မှန်ပါ့) သူကွေ့ကောက်နေတယ်ဆိုတာကောရိပ်မိရဲ့လား (ရိပ်မိပါတယ် ဘုရား)။

ဦးမာဒင်ဘယ်သူကကွေ့ကောက်နေတာလဲ (ကိလေသာအကြောင်းနားမလည်တဲ့သူက ကွေ့ကောက်နေပါတယ် ဘုရား)။

သို့သော် ခင်ဗျားတို့ကဘေးက ပုဂ္ဂိုလ်တွေကမရိပ်မိပါဘူး ဒါကိလေသာကကွေ့ကောက်ပြီး သကာလ အပါယ် တွန်းချနေတာကိုမရိပ်မိဘူး (မရိပ်မိပါ ဘုရား)။

စင်စစ်တော့ကိလေသာက ကွေ့ကောက်ပြီး သကာလ မင်းရှေ့နှစ်တော့အထမြောက်အောင် လုပ်တာပေါ့ ဒီလ အထမြောက်အောင်လုပ်တာပေါ့ နောက်သုံးလလောက်နေအထမြောက်အောင်လုပ်တာပေါ့ အခုတော့ခပ် ဖြည်းဖြည်းပေါ့ဆိုပြီး သကာလ ဒီဥစ္စာဉာဏ်ကဝင်ပြီး နှောက်ယှက်နေတာလား၊ ကိလေသာကပဲ နှောင့်ယှက်နေတာလား (ကိလေသာနှောက်ယှက်နေတာပါ ဘုရား)။

ခင်ဗျားတို့အင်မတန်တူပါတယ် ဘုန်းကြီးများက အပြစ်တင်လိုက်တယ် (မှန်ပါ့ ဘုရား) ကိလေသာကို ဉာဏ်ထင် ပြီးများနားများ ထောင်နေလိုက်သေးတယ် (မှန်ပါ့)။

ကိလေသာကို (ဉာဏ်ထင်ပြီးနားထောင်နေပါတယ်) လူကြီးတွေကို ဒေါင်ချာစိုင်းသွားတာပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်သူဒေါင်ချာစိုင်းသွားသလဲ (လူကြီးတွေကို ဒေါင်းချာစိုင်းသွားပါတယ်) တော်တော်ပညာရှိတဲ့လူတွေကို ဒေါင်ချာစိုင်းသွားတယ် (မှန်ပါ့ စိုင်းပါတယ်) သူကန့်ကွက်လိုက်တာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အမလေး ဒကာကြွယ် ကိလေသာပါးလို့ မလွယ်ဘူးနော် (မလွယ်ပါ ဘုရား)။

ကိလေသာ၏အသံ

မင်းကွာ အခုအရောင်းအဝယ်နဲ့ တိုင်းရေးပြည်ရေးနဲ့မင်းစိတ်ထားဟာ မပြောင်းပါဘူး ဘယ်နေ့ဘယ်ရက်ကျ တော့မဂ်ဆိုက်အောင် လုပ်လိုက်တာပေါ့လို့ဆိုလိုက်တော့ ဦးမာဒင်အသုံးတယ်ကောင်းပါလား (ကောင်းပါတယ်) သို့သော် ဘယ်သူ၏အသံတုန်း (ကိလေသာ၏အသံပါ ဘုရား)။

ဪ နင်ကဘုရားဖြစ်ခါနီးကို မာရ်နတ်မင်းကြီးက မြင်းဆွဲပြီးတားလိုက်ပြီး သကာလ ခုနှစ်ရက်လည်ရင် စကြာရတနာရောက်မယ် ဒီစကြာရတနာဟာလောကမှာ အင်မတန်ထွဋ်မြတ်တာပဲဆိုပြီး သကာလ စကြာနဲ့လှည့်လိုက်သ လို ကျနေတယ် (မှန်ပါ့ ဘုရား)။

ပြန်သာဆုတ်လိုက်လို့ရှိရင်ဖြင့် ပဋိသန္ဓေနေဘေး၊ အိုဘေး၊ နာဘေး၊ သေဘေးသိဒ္ဓတ္ထမင်းသားမှာ လွတ်စရာ မမြင်ဘူး (မှန်ပါ့ ဘုရား) ဒါတွေကို ကျင်ကြီးကျင်ငယ်လောက်ငါအောက်မေ့တယ် ဆိုပြီးဇွတ်တိုးထွက်လို့သာလျှင် ခန္ဓာ ဇာတ်သိမ်း ငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်ကြီးကို ရောက်တယ် (မှန်ပါ့ ဘုရား)။

ဒီမှာလဲ ခင်ဗျားတို့ကိလေသာလှည့်တာသာ နားထောင်နေမယ်ဆိုရင်မြင်းပြန်ဆွဲရ ပုံရနေတယ် (မှန်ပါ့ ဘုရား)။

ခဏ္ဍိကမြင်းကိုတဲ့ တစ်ခါတည်းကပိလဝတ်ပြည်သို့ ပြန်ရပုံရနေတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့်ခင်ဗျားတို့သူလှည့်တာကိုနားထောင်မလား ဘုန်းကြီးပြောတာကိုလိုက်နာမလား (ဘုန်းကြီးပြောတာ ကိုလိုက်နာပါမယ် ဘုရား)။

ဒါအိမ်မရောက်ခင်ပြောတာနော်၊ သိပ်ကြောက်စရာကောင်းတယ်၊ သိပ်ကြောက်စရာကောင်းတယ် ခင်ဗျားတို့ ကိုတော့ဖြင့် ကိလေသာတဏှာကကျုပ် ရှင်းရှင်းလင်းလင်းကလေး ဒီနေ့ဒကာ၊ ဒကာမတွေ အိမ်တွင်းပဋိစ္စသမုပ္ပါဒ် မပြောခင်ခင်ဗျားတို့ကို ဆုံးမလုံးပြောပါမယ် (မှန်ပါ)။

ကိလေသာကခင်ဗျားတို့ကို ကလေးမှတ်လောက်တယ် (မှန်ပါ့ ဘုရား) ကလေးလောက်မှတ်တာ ဒကာကြွယ် (မှန်ပါ့)။

ကိလေသာကခင်ဗျားတို့လိုပုဂ္ဂိုလ်ကို ကလေးမှတ်တယ် (မှန်ပါ့) လောဘကိလေသာကလဲ ခင်ဗျားတို့ကိုဘယ်လို မှတ်ထားသလဲ (ကလေးမှတ်ထားပါတယ် ဘုရား)။

ရက်ကန်းစင်ကလေးနဲ့ချော့တယ်

တချို့ပုဂ္ဂိုလ်ကျတော့ ရက်ကန်းစင်ကလေးနဲ့ချော့တယ် (မှန်ပါ့ ဘုရား) တချို့ပုဂ္ဂိုလ်ကျတော့လည်း ကိုယ့် အရောင်းအဝယ်ကလေးနဲ့ (ချော့ပါတယ် ဘုရား) တချို့ကျတော့လည်း သားသမီးကလေးတွေလူလားမြောက်အောင် စောင့်ပါအုံးလားဆိုတာနဲ့ (ချော့ပါတယ် ဘုရား)။

ဒါဖြင့်ခင်ဗျားတို့ကို အိုးပုတ်များ၊ အရုပ်ကလေးများနဲ့ချော့ထားတယ် တဏှာက တဏှာက (မှန်ပါ့ ဘုရား)။

ဘာနဲ့ချော့သလဲ (အိုးပုတ်များ၊ အရုပ်ကလေးများနဲ့ချော့ထားပါတယ်) အဲ့တာကို ဒကာကြွယ် တို့ ဦးသန်းမောင် တို့ကပြုံးများနေလိုက်သေးတယ် (ပြုံးလိုက်ပါတယ် ဘုရား) ဘယ်သူကချော့ထားတာတုန်း (တဏှာကချော့ထားတာပါ ဘုရား)။

ခင်ဗျားတို့ကိုလူကြီးများအမှတ်နဲ့ချော့တာလား၊ အိုးပုတ်များ၊ အရုပ်များဖြစ်တဲ့အခု အလုပ်အကိုင်ကလေးများနဲ့ ချော့တာလား (အိုးပုတ်များ၊ အရုပ်များဖြစ်တဲ့အလုပ်အကိုင်ကလေးများနဲ့ ချော့တာပါ ဘုရား)။

ဒါခင်ဗျားတို့က ကိုယ့်ဟာကလေးနဲ့ကိုယ်များ ပြုံးပြီး သကာလ နေလိုက်သေးတယ် (မှန်ပါ့) ဟိုတကယ်အလိုရှိတဲ့ နိဗ္ဗာန်ကြီးမရောက်အောင်လို့ တိုက်ကလေးနဲ့ချော့ထားတာကလေးနဲ့ချော့ထား အလုပ်ကလေးနဲ့ချော့ထား စက်ရုံကလေး နဲ့ချော့ထား (မှန်ပါ့)။

ဒါကိုဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဈေးဆိုင်ကလေးနဲ့ချော့ထား၊ သူကအရုပ်ဝယ်ပေးပြီး သကာလ အိုးပုတ် ဝယ်ပေးထားတာ ခင်ဗျားတို့ကဒီအထဲပျော်အောင်နေနိုင်တာ ရူးလို့ကလေးမို့အလို့ပြောတာ (မှန်ပါ့ ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အမလေး ဒကာ ဒကာမတို့ ခင်ဗျားတို့ကမရိပ်မိလို့တကယ်ဖော်ပြောနေရတာ (မှန်ပါ့)။

တစ်ချို့မြေရှိတဲ့ ပုဂ္ဂိုလ်တွေကျတော့ မြေကလေးတစ်နှစ်တစ်ခါထွန်လိုက် အမြတ်အစွန်းလေးထွက်လိုက် ရှုံးတဲ့ အခါလဲရှုံးတာပဲ ရှုံးလဲမြတ်လိမ့်မယ်ထင်ပြီးချော့လိုက် (မှန်ပါ့ ဘုရား)။

ဒီလိုချော့နိုင်တာ သက်ဆိုးရှည်ကြီးများနဲ့ခေါင်းဖြူစွယ်ကျိုးနဲ့ ခေါင်းထဲဝင်သွားတာတွေ ဦးမာဒင်မြင်ဘူးသနော် (မြင်ဘူးပါတယ် ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ) ဘယ်သူကချော့ထားတာတုန်း (တဏှာက ချော့ထားတာပါ ဘုရား)။

တဏှာကချော့တာ

တဏှာကချော့တာ(မှန်ပါ့) မြေကွက်ကလေးနဲ့ချော့ထား နွားကလေးဝယ်ပြီးချော့ထား (မှန်ပါ့) သူ့အတန်းနဲ့ သူချော့ထားလိုက်တာ သုံးဆယ့်တစ်ဘုံကို ငလုံးကဂျင်နိုင်သလိုနိုင်တယ် (မှန်ပါ့) ခင်ဗျားတို့ကမရိပ်မိဘူး (မရိပ်မိပါ) အခုနည်းနည်းရိပ်မိပလား (အခုတော့နားလည်ပါပြီ ဘုရား)။

နည်းနည်းရှိသေးတယ်နော် (မှန်ပါ့) နည်းနည်းရှိသေးတယ် ဒကာကြွယ် (မှန်ပါ့) ရက်ကန်းစင်ကလေးနဲ့ချော့ ထားလိုက်တာအခုမှ ဆရာဘုန်းကြီးနဲ့တွေ့တာမကြာသေးဘူး (မှန်ပါ့) ဘာနဲ့ချော့ထားတာတုန်း (ရက်ကန်းစင်နဲ့ချော့ ထားတာပါ ဘုရား)။

ရက်ကန်းစင်တစ်စင်တိုးတစ်စင်တိုးနဲ့ ချော့ထားလိုက်တာ (မှန်ပါ့) ဒီအထဲဒေါင်ချာစိုင်းအောင်ပြေးနေရသေး တယ် (ပြေးရပါတယ်) ဒီရက်ကန်းစင်ကပြတ်လိုက်ဟိုရက်ကန်းစင်က အထည်မရှိလိုက်၊ ဒါတွေဖို့ရှာလိုက် ဖွေလိုက်ပြီး သကာလ အမောဆိုက်အောင်ပြေးနေရတယ် (မှန်ပါ့ ဘုရား)။

ဒါကိုပင်လျှင် ဒကာကြွယ် ကအကျိုးပေးနေတာ (မှန်ပါ့) အင်းတဏှာကချော့ထားတယ်လို့မသိဘူး (မသိပါ ဘုရား) သုံးဆယ့်တစ်ဘုံထဲက အပါယ်လေးပါးကမထွက်ရအောင်လို့ချော့ထားတယ်လို့ ဒကာကြွယ် ကမရိပ်မိဘူးလား (မရိပ်မိပါ ဘုရား)။

နောက်ခေါင်းကလေးကဖြူ သွားကလေးကကျိုးတော့မှ အင်းဘာပါလိမ့်မလဲလို့တွေးတယ် (မှန်ပါ့ ဘုရား) သူ သေခါနီးမှ ဒီရောက်လာတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အမလေး ဒကာ ဒကာမတို့ လောကကြီးမှာဘယ်သူအုပ်ချုပ်နေတယ်ဆိုတာ ခင်ဗျားတို့မသိလို့တဏှာတစ်လုံး တည်းအုပ်ချုပ်တာ ဟိုအိမ်မှာလဲအလုပ်မပြတ်ရဘူး (မှန်ပါ့) ဒီဘက်အိမ်မှာကော (အလုပ်မပြတ်ရပါ) ဘယ်အိမ်မှာ အမောမဆိုက်တဲ့အိမ်ရှိသလဲ (မရှိပါ) ဘယ်သူတုန်း အုပ်ချုပ်ရေးသမား (တဏှာပါ ဘုရား)။

မဂ်ဖိုလ်လမ်းတွေ အကုန်ပိတ်ပေးမယ်

ကဲ မဂ်ဖိုလ်လမ်းတွေ အကုန်ပိတ်ပေးမယ် (ပိတ်ပေးပါတယ် ဘုရား) လူကြီးကောလူလတ်ရော ခင်ဗျားတို့ ပြောတဲ့လူကြီးလူကောင်းလူပညာရှိဆိုတာတွေ အို ငါ့လက်အောက်ကပါတဲ့ (မှန်ပါ့) ဘယ်သူကပါလိမ့် (တဏှာကပါ) ကိုင်း ဒကာကြွယ် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားကလဲ အင်း အလုပ်ကလေးကအချိန်ရောက်လာပြန်ပြီ ဘယ်လိုညာလိုအစရှိသည်နဲ့ ဒါ ဘယ်သူက ပြောတာတုန်းဆိုရင် ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်သူပြောသတုန်း (တဏှာပြောပါတယ်) ဘာနဲ့ချော့နေသလဲ အိုးပုတ်၊ အရုပ်များနဲ့ချော့နေတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာနဲ့ချော့သလဲ (အိုးပုတ် အရုပ်ကလေးများနဲ့ချော့ပါတယ်) ဒါတောင်ခင်ဗျားတို့ကအိုးပုတ်ကြီးငယ်နဲ့ချော့ထား တယ်လို့သိကိုမသိဘူး (မသိပါ ဘုရား)။

မသိဘူးတဲ့ဘေးကလူကခင်ဗျားတို့ချင်းကလဲ ကလေးချင်းဖြစ်နေတော့ခင်ဗျားတို့ချင်းကလဲ ကလေးချင်း (မှန်ပါ့)။

ခင်ဗျားတို့ကလည်းကလေးချင်းဖြစ်နေတော့ ဪ ခင်ဗျားအကျိုးပေးတာ ခင်ဗျား၏လုံလဝီရိယကျေးဇူးနဲ့ဖြင့် ဝမ်းသာမိပါရဲ့ (မှန်ပါ့) ဟိုမှာဖြင့်အပါယ်လဲသွားရအုံးမယ် ဒီမှာလဲမောလိုက်တာ ရှာထွက်နေပြီ (မှန်ပါ့ ဘုရား)။

အပါယ်လည်းသွားရအုံးမယ် (မှန်ပါ့) ဟာတစ်ယောက်ကလည်းကလေးကလေးချင်း မြှောက်နေပြန်ပြီ (မှန်ပါ့) ဒကာကြွယ် ဒီလိုများမြှောက်ဘူးသလား (မြောက်ဘူးပါတယ်) ဖြစ်မှဖြစ်ရပလေ ကိုယ်လဲကလေးကိုဗျ (မှန်ပါ့) ရိပ်မိသလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါလူတိုင်းလူတိုင်းပါ (မှန်ပါ့) ဒကာ ဒကာမတို့ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့်ဒီတဏှာလောက်ကြောက်စရာကောင်းတာများ ခင်ဗျားတို့ရှိရဲ့လား (မရှိပါ ဘုရား)။

ဒကာကြွယ် တို့လက်သည်ပေါ်ပြီလား (ပေါ်ပါပြီ)ဘယ်သူပါလိမ့်ဗျာ ခင်ဗျားတို့ကိုကလေးလုပ်တာ (တဏှာပါ) ဘာနဲ့များချော့ထားပါလိမ့် (အိုးပုတ်၊အရုပ်များနဲ့ချော့ထားပါတယ် ဘုရား)။

သားရုပ်ကလေးတွေနဲ့ချော့ထား၊ သမီးရုပ်ကလေးတွေနဲ့ချော့ထား (မှန်ပါ့) အရုပ်ကလေးတွေဝယ်ပေးထားတယ် (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ဒါကလေးတွေ လူလားမြောက်ဖို့၊ ဒီအရုပ်ကလေးတွေကြီးပွားဖို့ ဒီအရုပ်ကလေးတွေ လှဖို့ပဖို့နဲ့ (မှန်ပါ့) သားရုပ် သမီးရုပ်ကလေးတွေနဲ့ ချော့ထားတယ် (ချော့ထားပါတယ် ဘုရား)။

အရုပ်နဲ့ချော့လိုက် အိမ်နဲ့ချော့လိုက်

ဒါမင်းမရှိရင် ဘယ်နှယ့်လုပ်မလဲ ဒါတွေအကုန်ဟာလာဟင်းလင်းကြီးဖြစ်ကုန်မှာပေါ့ (မှန်ပါ့) ဒီဟာကလေး တွေလဲကစင့်ကရဲဖြစ်ကုန်မှာပေါ့ဆိုတော့ အရုပ်နဲ့ချော့လိုက်အိမ်ကလေးနဲ့ချော့လိုက် ရက်ကန်းစင်နဲ့ချော့လိုက် စက်ရုံနဲ့ ချော့လိုက်နဲ့ အမလေး ဒီအထဲမှာပဲနောက်ဆုံးပိတ် သေပွဲဝင်သွားရှာတယ် (မှန်ပါ့) သေပွဲဝင်တော့ အပါယ်သွားရတယ် (မှန်ပါ့ ဘုရား)။

အဲဒီလူကိုခင်ဗျားတို့က မိတ်ဆွေကြီးလုပ်ပြီးကျေးဇူးတော်ရှင်ကြီးများလုပ်ပြီး ပေါင်းနေလို့ခက်နေတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါလောက်ပြောလို့ရှိရင်တော့ ဒကာကြွယ် စိတ်နာဖို့ကောင်းပါပြီ (နာပါတယ်)နာရဲ့လား (မှန်ပါ့နာပါတယ် ဘုရား) အတော်ဆိုးနေတာဗျ (မှန်ပါ့ ဘုရား)။

အတော်ဆိုးအတော်ဆိုး၊ အိုး ဒို့ငယ်ငယ်တုန်းက ဟာတွေသွားကျိုးဆံဖြူနဲ့ ငယ်မူတွေတောင်ပျောက်ကုန်ပြီ အခုထက်ထိတဏှာချော့တဲ့အထဲ အိုးပုတ်နဲ့အရုပ်နဲ့ပျော်တုန်းပါလားဆိုတဲ့ ဥစ္စာ ဒကာကြွယ် အိုးပုတ်နဲ့အရုပ်နဲ့ ပျော်တဲ့ လူတွေလဲ တစ်ပုံကြီးပဲနော် (တစ်ပုံကြီးပါ ဘုရား)။

အခုတစ်နေရာကတစ်နေရာရွေ့ပြီး တရားနာလွှတ်လိုက်တယ် ဒကာကြွယ် တို့အိမ်ကလာကြတယ် အားလုံးပဲ ဒကာ ဒကာမတွေလာကြတယ်ဆိုငြားသော်လည်း အို မင့်ဆရာပြောနိုင်လှကွာတစ်နာရီပေါ့ (မှန်လှပါ ဘုရား)။

တဏှာကကြိမ်းတာ

ငါအိမ်ကျရင်ကျွန်သပေါက်ဖြစ်အောင်ခိုင်းမယ် (မှန်ပါ့) အမယ် ကြိမ်းတယ်ဟိုက (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါ ပြီး ဘုရား)။

ဘယ်သူကကြိမ်းတာတုံး (တဏှာကကြိမ်းတာပါ) ပြန်သွားတော့ကော အားကြသေးရဲ့လား (မအားပါ) သွားပါ ရောဗျာ တကယ်ကြောက်စရာကောင်းပါလားဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

ဒီကျတော့ ဘာနဲ့ချော့ထားသတုန်း (အိုးပုတ်နဲ့အရုပ်နဲ့ချော့ထားတယ်) ဒီဟာကလေးက မင်းစောင့်ရှောက် ရမှာ (မှန်ပါ့) ဟောဒီကလေးက နေမကောင်းဘူး (မှန်ပါ့) ဟောဒီဥစ္စာသည်ကားလို့ဆိုရင် နက်ဖြန်သူ့အတွက်က ပြင်စရာဆင်စရာရှိတယ် သူလူထဲဝင်ရမှာ (မှန်ပါ့) အမယ် ဟိုအရုပ်ပြဒီအရုပ်ပြနဲ့ကို ဒေါင်ချာစိုင်းနေတာပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကဲ မင်းတို့ဟာ မင်းတို့ကွာမတတ်နိုင်တော့ဘူးလို့လာရဲ့လား (မလာပါ) အိုလူကြီးဝတ္တရားဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ ဝိပါကဝဋ်ကိုဆိုတယ် (မှန်ပါ့ ဘုရား)။

လူကြီးလဲဖြစ်ပါတယ် ဝိပါကဝဋ်ကလည်းမကျွတ်သေးပါဘူးတဲ့ (မှန်ပါ့) သူ့ဟာသူဗျာဒိတ်ပေးပြီးကုန်းရုန်းသွား တယ် (မှန်ပါ့) အမယ်လေး ကြောက်စရာကြီးပါလား (မှန်ပါ့ ဘုရား) ကောင်းသေးရဲ့လားဗျာ (မကောင်းပါ ဘုရား) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒကာ၊ ဒကာမတို့ ဘာတဲ့တုန်း ခင်ဗျားတို့ဟာက (လူကြီးပြီးဝဋ်မကျွတ်သေးပါ ဘုရား)။

အဓိပ္ပာယ်ကမြန်မာလိုပြန်လိုက်တော့ ဝဋ်မကျွတ်သေးတဲ့လူကြီး (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဘာဝဋ်တုန်းမေးတော့ ကိလေသဝဋ်ကခင်မှု (မှန်ပါ့ ဘုရား) ကိလေသဝဋ်ခင်မှုကြောင့် တပည့်တော်တို့မှာ အခုဝိပါကဝဋ်ဆိုတဲ့ မရုန်းနိုင်မကန်နိုင်သူတို့ ဝဋ်ပြုနေရတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ကိလေသဝဋ်ကြောင့် ကာယကံ၊ ဝစီကံနဲ့ကမ္မဝဋ်ပေါ့ဗျာ (မှန်ပါ့) ကုန်းရုန်းနေတာက (ဝိပါကဝဋ်ပါ ဘုရား)။

ဪ ဒါကြောင့်လူကြီး ဝဋ်မကျွတ်သေးဘူးဆိုတာကိုး (မှန်ပါ့) ခင်ဗျားတို့ကတော့ ဂုဏ်တောင် ရှိသေးတယ်ထင် တယ် (မှန်ပါ့) လူကြီးဝတ္တရားတဲ့ အမယ် မြို့သုံးတောင်ဖြစ်နေတယ် (မှန်ပါ့) နာလိုက်တာက စက်ရှင်ကျတာထက် နာသေး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

လူကြီးဝတ္တရားမပျက်စေနဲ့

စက်ရှင်ဒီဂရီကျပြီးသားထက် နာသေးတယ် (နာပါတယ် ဘုရား) သို့သော်လဲ ဒကာကြွယ် တို့ကဒီဥစ္စာကို ဟိုအိမ်သွားပြန် လူကြီးဝတ္တရားမပျက်စေနဲ့နော် (မှန်ပါ့) အမယ်လေး ကြောက်စရာကြီးပါလား (မှန်ပါ့)။

ဒကာ၊ ဒကာမတို့ ဘာတဲ့တုန်း ဟိုအိမ်ဒီအိမ် ဆုံးမတော့ (လူကြီးဝတ္တရားမပျက်စေနဲ့တဲ့ ဘုရား)။

အဲဒီတော့သူရှိလို့ သူထုတ်ပြောနေတာ (မှန်ပါ့ ဘုရား) ဒို့တော့မပျက်ခဲ့ဘူးကွ (မှန်လှပါ)။

အဲ့ ဒကာကြွယ် ဘယ်နှယ်များ တာဝန်ခံပါလိမ့် (ဒို့တော့ မပျက်ခဲ့ဘူးလို့ တာဝန်ခံပါတယ် ဘုရား)။

လူကြီးနော် (မှန်ပါ့) ဝတ္တရားဆိုတာက ဒီကဝဋ်ကျွတ်ပြီးပြောတာလား မကျွတ်သေးဘူးလား (မကျွတ်သေးပါ ဘုရား)။

အို ကြားလို့ကိုမကောင်းဘူး (မှန်လှပါ ဘုရား) သေသေချာချာစဉ်းစားလို့ရှိရင် ခင်ဗျားတို့မြို့သုံးသာဖြစ်တယ် ကြားလို့မကောင်းဘူး (မှန်ပါ့)။

ဒကာကြွယ် မြို့သုံးတော့မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား) မန္တလေးဆိုတာ အယဉ်အကျေးသုံးတာကိုဗျ (သုံးပါတယ် ဘုရား)။

ဪ လူကြီးမှာလဲ ဝတ္တရားကလေးကရှိသေးတယ် (မှန်ပါ့ ဘုရား) ဝတ္တရားမှာလဲအကြီးမပြောဘူး သူက (မှန်ပါ့ ဘုရား) ခပ်သေးသေးပြောတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သူကသာ စကားသာဆိုလို့ ဟိုနေရာကလေးရှိသေးတယ်ဆိုတယ် ဒီမှာလျှာထွက်နေပြီ ခိုင်းကြလွန်းလို့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒကာ၊ ဒကာမတွေ ခင်ဗျားတို့က ကိလေသာနဲ့ခန္ဓာနဲ့ခင်ဗျားတို့ အသိဉာဏ်နဲ့ရန်တိုက်ပေးနေတာ မှတ်ပါ (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ သမုဒယဒဏ်ချက်မလွတ်သ၍ ကာလပတ်လုံး ဒုက္ခစက်ကမထွက်နိုင်ဘူး (မှန်ပါ့) ထွက်နိုင်ပါ့မလား (မထွက်နိုင်ပါ ဘုရား)။

ကဲဒါဖြင့် လူကြီးဝတ္တရားတွေကော ဦးမာဒင်ဘယ်နှယ့်တုန်း သိမ်းချိန်ရောက်ပလား သိမ်းချိန်မရောက်သေးဘူး လား (သိမ်းချိန်ရောက်ပါပြီ ဘုရား)။

ဟာ ဘယ်တော့သိမ်းမတုန်း ခေါင်းနားရောက်နေပြီ ဒကာကြွယ် ဒီလိုကျမနေဘူးလား (ကျနေပါတယ် ဘုရား)။

ဘာဖြစ်လို့တုန်းဆိုတော့ ကိုယ်က မလုပ်နိုင်တောင်ကိုယ်၏ စောင်မခြင်း စိတ်၏စောင်မခြင်းအနားက ထိုင်နေ တော့တော်သေးတာပေါ့ (မှန်ပါ့)။

ဒရဝမ်အလုပ်က လုပ်ချင်သေးတယ်

ဒါတောင်ဒရဝမ်အလုပ်က လုပ်ချင်သေးတယ် (မှန်ပါ့) ဘာလုပ်ချင်တာတုန်း (ဒရဝမ်လုပ်ချင်ပါတယ် ဘုရား) ဒရဝမ်ဝဋ်မကျွတ်သေးဘူး (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာဝဋ်မကျွတ်သေးတာတုန်း (ဒရဝမ်ဝဋ်မကျွတ်သေးတာပါ ဘုရား)။

ကိုယ်၏စောင်မခြင်းလေဗျာ ဒကာကြွယ် ရ ခင်ဗျားတို့ပြောနေတာပါ (မှန်ပါ့) စိတ်၏စောင်မခြင်းကော (ပြောပါ တယ် ဘုရား) အင်းဘယ်နားကနေ စောင်မနေသတုန်း (ဒရဝမ်နေရာပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

လူဝင်လူထွက်အကဲခတ်တာပေါ့လေဗျာ (မှန်ပါ့ ဘုရား) ရိပ်မိပြီ (ရိပ်မိပါပြီ)။

အဲဒါ ကိလေသာအကြောင်းကို မသိသေးသ၍ ကာလပတ်လုံး ဒကာ၊ ဒကာမတွေနိဗ္ဗာန် ဘယ်တော့မှမရဘူး (မှန်ပါ့) မှတ်မိပလား (မှတ်မိပါပြီ ဘုရား)။

ကိလေသာအကြောင်းမသိသေးရင် (နိဗ္ဗာန်ဘယ်တော့မှမရပါ ဘုရား)။

ဪ ဒါကကိလေသာ တဏှာကအိုးပုတ်အရုပ်နဲ့ ငါ့ကိုချော့နေပါကလား၊ ဒီဝဋ်ကျွတ်အောင်ထွက်မှပဲ ဒီအ ထွက်လဲ ငါပြောနေလို့မဖြစ်ဘူး (မှန်ပါ့) ဒီလို့ကိုလာရမယ် (မှန်ပါ့) လာဘူးကြရဲ့လား (မလာဘူးပါဘူး ဘုရား)။

မလာဘူးတဲ့ အပြင်တိုက်ကလေးတစ်လုံးက နှစ်လုံးဖြစ်လာရင်သူသည် ခုနင်ကကလေးများ ကစားသလို ပေါ့ဗျာ (မှန်ပါ့ ဘုရား) တစ်လုံးက နှစ်လုံးဖြစ်လာတော့ ဟိုမြေကလေး ခြစ်ပြီး ဒုတ်ကလေး ထောင်ပြီး တည်တဲ့တိုက်တွေလိုပါ (မှန်ပါ့)။

အဲဒါကိုပင်လျှင် ကလေးက သူ့တိုက်ကလေးသူကြည့်ပြီး သကာလ ဘယ်နှယ်နေသတုန်း (ပျော်တာပါ ဘုရား) ပျော်နေတယ် (မှန်ပါ့)။

အဲ့ဒီကလေးကိုဘုန်းကြီးကျေးဇူးတင်တယ် (မှန်ပါ့) ဘာဖြစ်လို့တုန်းဆိုတော့ သူပျင်းတဲ့အခါကျတော့ ခြေနဲ့နင်း ချေပြီးပြေးတာပဲ (မှန်ပါ့) ခင်ဗျားတို့ကတော့ ဘယ်တော့မှမပြေးဘူး (မပြေးပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကလေးစိတ်ရှိရင် မင်းတို့တော်သေးတယ်

ဒါ ဘုန်းကြီးကပြောတာမဟုတ်ဘူး သံယုတ်ပါဠိတော်မှာ ဒီအတိုင်းလာပါတယ် (မှန်ပါ့ ဘုရား) ကလေးစိတ်ရှိရင် မင်းတို့တော်သေးတယ်နော် (မှန်ပါ့)။

ကလေးဟာ အရုပ်ကလေးတစ်ခုဝယ်ပေးမရရင် ငိုမယ်ဆိုပြီးငိုငြားသော်လည်း တော်တော်ကြာဆုတ်ဖဲ့ ပစ်လိုက် တာပဲ (မှန်လှပါ ဘုရား) ခင်ဗျားတို့က ဆုတ်ဖဲ့ပစ်တာပါရဲ့လား (မပါပါ ဘုရား)။

အမယ်လေး ကြောက်စရာကြီးပါလား (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီဘုရား ) ဆုတ်ဖဲ့ပစ်တာပါသလား (မပါပါ) အမယ်လေးသေရာတောင် ယူသွားအုံးမယ်ထင်တယ် (မှန်ပါ့) ဒါဖြင့်အင်မတန်ဆိုးဝါးနေတယ်ဆိုတာ ပေါ်ကြပြီ (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့ ကိလေသာအကြောင်းကောင်းကောင်းသိရအောင် ဒကာ၊ ဒကာမတို့ဘုရား သခင်ကိုယ်တော်မြတ်ကြီးဟောတဲ့အတိုင်း အိမ်တွင်းပဋိစ္စသမုပ္ပါဒ်ဖြတ်လို့ ဘာကြောင့်တုန်းဆိုတော့ ငယ်ငယ်တုန်းက တည်းကလုပ်သားဝလားလို့ (မှန်ပါ့)။

ဘယ်နှယ်ကြောင့်ပါလိမ့် (ငယ်ငယ်တုန်းကတည်းက လုပ်သားဝလာလို့ပါ ဘုရား)။

ငယ်ငယ်ကတည်းက ဒီဥစ္စာတပည့်တော်တို့ မနည်းလေ့ကျင့်လာခဲ့ရတာဘုရား ဒီနေ့ငယ်ပေါင်းဖြတ်ရတော့မယ် ဆိုတော့မျက်ရည်များ ကျလာမှာလား ဒကာကြွယ် ရေ။

ကဲဒါဖြင့်ပြောကြစို့တဲ့ (မှန်လှပါ) သေသေချာချာမှတ်ကြပါဘုရားသခင်ကိုယ်တော်မြတ်ကြီး လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း အသားလှူအသွေးလှူအရိုးလှူလို့ရတဲ့ ဉာဏ်တွေနဲ့ဟောတာ (မှန်ပါ့ ဘုရား)။

သာမညဉာဏ်နဲ့ပြောတာလား အင်မတန်ကြီးကျယ်တဲ့ပါရမီဖြည့် ဆည်းပူးလို့ ထူးထူးလည်လည်ရတဲ့ဉာဏ်နဲ့ ပြောတာလား ဒကာကြွယ် (ထူးထူးလည်လည်ရတဲ့ဉာဏ်နဲ့ပြောတာပါ ဘုရား)။

ခင်ဗျားတို့က ဪ ဒီဉာဏ်တယ်ကြီးပါလား ဒီမဂ်ဉာဏ်ကိုမှ ဒို့မရလို့ရှိရင်ဖြင့် ဒီကမတတ်နိုင်ဘူး (မှန်ပါ့)ဆိုပြီး သကာလ ဒီဉာဏ်ကိုခင်ဗျားတို့က ဖြတ်နည်းကိုပြတဲ့အခါမှာ ဪ ဖြစ်ပုံလဲပြခဲ့ပြီ မနေ့က (မှန်ပါ့) ဖြတ်နည်းလဲပြမယ် လို့ ဆရာဘုန်းကြီးကလဲ တာဝန်ခံတဲ့ဥစ္စာဘုရားက ဟောတဲ့နည်းကိုပြတာ (မှန်ပါ့)။

ပဋိစ္စသမုပ္ပါဒ်ဖြတ်တတ်တယ်

အဲ့ဒီတော့ ဒီဥစ္စာကိုလွယ်လွယ်နဲ့ ကိုယ်တော်မြတ်ကြီး သိတာလားလို့ မေးလို့ရှိရင်ဖြင့် ဦးသန်းမောင်တို့ ဦးမာဒင် တို့လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း အသားလှူအသွေးလှူအရိုးလှူပြီးတော့ ဒီဉာဏ်တော်ကြီး ရအောင် လုပ်ရတယ် (မှန်ပါ့) အဲ့ဒီဉာဏ်တော်နဲ့မှ အိမ်တွင်းပဋိစ္စသမုပ္ပါဒ်လာသိတယ် အဲ့ဒီဉာဏ်တော်နဲ့မှ အိမ်တွင်း ပဋိစ္စသမုပ္ပါဒ် ဖြတ်တတ် တယ် (မှန်ပါ့)။

ခင်ဗျားတို့ဖြစ်သာနေကြတယ် သိလဲမသိဘူး ဖြတ်ဆိုတာအသာထားပါအုံး (မှန်ပါ့) ဖြစ်တာမှမသိတော့ ဖြတ်ဖို့ ရာဆိုတာ (ခဲယဉ်းပါတယ် ဘုရား)။

ကဲ ဒကာကြွယ် ဒါဖြင့် ဘုန်းကြီးသည်မြတ်စွာဘုရားတရားတော်ကို အဖိုးတန်အောင် ပြောနေတယ်လို့ဒီလိုမယူပါ နဲ့ (မှန်ပါ့)။

တန်လွန်းလို့ တန်ဖိုးကိုပြောတာဘုန်းကြီးပြောတာ နည်းတယ်လို့အောက်မေ့ပါ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီဒါဖြင့် ဒကာ၊ ဒကာမတို့ဟောဒီ ခန္ဓာငါးပါး (မှန်ပါ့) ဒါဟာဒကာ၊ ဒကာမတွေ၏တရားနာနေတဲ့ ခန္ဓာငါးပါးအိမ်မှာနေတဲ့ ခန္ဓာငါးပါး (မှန်ပါ့)။

ဒီခန္ဓာကြီးကိုတဲ့ ဒကာ၊ ဒကာမတွေသည်ကားလို့ ဆိုလို့ရှိရင်ခလုတ်မထိဆူးမငြိဖို့ အင်မတန်အရေးကြီးတယ် (ကြီးပါတယ် ဘုရား) သူကျန်းမာဖို့ချမ်းသာဖို့ကော (အရေးကြီးပါတယ် ဘုရား)။

ဒါဖြင့်ဒီခန္ဓာအကြောင်းရင်းခံပြီး သကာလ ဒကာ၊ ဒကာမတို့ဒီခန္ဓာထဲမှာလဲ သူကျန်းမာဖို့ (မှန်ပါ့)။

သူကျန်းမာဖို့ဆိုတာလဲ သူ့အထဲသုခဝေဒနာပေါ်ဖို့ (မှန်ပါ့) သူချမ်းသာဖို့ဆိုတာလဲ သူအထဲသူ့အထဲသုခ ဝေဒနာပေါ်ဖို့ (မှန်ပါ့)။

သူမဆင်းရဲဖို့ဆိုတာ သူ့အထဲမှာရှိတဲ့ ဒုက္ခဝေဒနာဟာဘယ်တော့မှ မဖြစ်ဖို့ပဲ (မှန်ပါ့) ဒါဖြင့် ဒီခန္ဓာကြီးဟာ ဝေဒနာက္ခန္ဓာ (မှန်ပါ့ ဘုရား) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒီခန္ဓာကြီးဟာ (ဝေဒနာက္ခန္ဓာပါ) အဲ့တာကြောင့်ဒီခန္ဓာကြီးကို ခလုတ်မထိဆူးမငြိအောင် ကောင်းတာကျွေးပြီး သကာလ ကောင်းတာဝတ်ပြီး သကာလ ကောင်းတာကိုသူ့ကိုကျွေးစေချင်တယ် သူ့ကိုနည်းနည်းမှဆင်းရဲတာမကြိုက်ကြ ဘူး ဒုက္ခဝေဒနာမကြိုက်သုခဝေဒနာကြီးပွားရေး အလိုရှိတာနဲ့တဲ့ ဒကာ၊ ဒကာမတို့ သူ့ခင်မှုတဏှာပေါ်လာတယ် (ပေါ်လာတယ်) ဒါဖြင့် ဝေဒနံပဋိစ္စတဏှာ ပေါ်လာတယ် (ပေါ်လာတယ် ဘုရား)။

ဒီတဏှာဘယ်ကလာတာပါလိမ့် (ဝေဒနာကလာပါတယ် ဘုရား)။

အဲ့ဝေဒနာကလာတယ်ဆိုရင် ရှင်းပါပြီ တိုတိုပြောတော့ ဝေဒနာဟာသူချည်နေတာမဟုတ်တော့ ခန္ဓာကလာ တယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ခန္ဓာကိုယ်ပြုချင်စုချင်တဲ့တဏှာ

ဝေဒနံပဋိစ္စ (တဏှာပါ) ဪ ဒကာကြွယ် တို့တဏှာဟာ ဒီခန္ဓာကိုယ်ဘုရားတစ်ဆူ ဂူတစ်လုံး ဖြစ်ပြီး သကာလ ပြုချင်စုချင်တဲ့တဏှာပဲ (မှန်ပါ့)။

ဘာလုပ်တာပါလိမ့် (ခန္ဓာကိုပြုချင်ရချင်ပါတယ်) ခန္ဓာကိုယ်ပြုချင်စုချင်တဲ့တဏှာ (မှန်ပါ့)။

ခင်ဗျားတို့အိမ်မှာ ဆိုဖာအမျိုးမျိုးထားတာလဲ ဘယ်သူအတွက်လဲ (ခန္ဓာအတွက်ပါ) ကုဋိအိမ်သာကအစ အမျိုးမျိုးအဖုံဖုံ သပ်သပ်ရပ်ရပ်ရှိအောင် အလွယ်တကူနဲ့အနံအစော်မရှိအောင် ပစ္စည်းတွေဘာတွေထားပြီး လုပ်ကြတာ လဲ ဘယ်သူဆင်းရဲမှာစိုးလို့တုန်း (ခန္ဓာဆင်းရဲမှာစိုးလို့ပါ) ခန္ဓာကိုဘယ်လောက်ခင်တယ်ဆိုတာ (ပေါ်လာပါပြီ ဘုရား)။

ဒါကြောင့်ဘုန်းကြီးတို့ရှင်းရှင်းပဲပြောပါတယ် ဘုရားကြတော့ခင်ဗျားတို့ဘယ်သူကမှ ရေသပ္ပာယ်တာမဟုတ်ဘူး ခင်ဗျားတို့ခန္ဓာကိုယ်များဘယ်နေ့များ ရေမသပ္ပာယ်တဲ့နေ့ရှိသတုန်း (မရှိပါ) ရိပ်မိပလား (ရိပ်မိပါပြီ) ဘယ်သူထက်ကြည် ညိုသတုန်း (ဘုရားထက်ကြည်ညိုပါတယ် ဘုရား)။

ဒကာကြွယ် ရိပ်မိနေပြီ (မှန်ပါ့ ဘုရား) အမယ်လေး ဘုရားကျတော့ဘယ်လမှတဲ့တုန်း (တန်ခူးလမှသပ္ပာယ်ပါ တယ် ဘုရား) တန်ခူးလတောင်မှသုံးရက်စလုံး သပ္ပာယ်လား (တစ်ရက်ပါ) တစ်ရက်တည်းသပ္ပာယ်ပါတယ် ဒါတောင် လျော့လိုက်ချင်သေးတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကဲ ဒါဖြင့်ဘုရားထက်ကြည်ညိုသေးတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ) အဲ့ဒါ ဘုရားကတော့ ကြည်ညိုတာ ခန္ဓာကတော့အခင်လွန်တာ (မှန်ပါ့ ဘုရား)။

ဒါဖြင့်ဝေဒနံပဋိစ္စတဏှာ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘာတဲ့တုန်း (ဝေဒနံပဋိစ္စတဏှာပါ) နေရာကျပြီ ဒီတဏှာဘယ်ကလာပါလိမ့် ခန္ဓာကလာတာဆိုတာဖြင့် ဒကာကြွယ် မငြင်းပါနဲ့တော့ (မငြင်းပါ) ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား)။

ဒါဖြင့်ဝေဒနံပဋိစ္စတဏှာသူကိုခင်တဲ့ တဏှာကြောင့် ဒကာ၊ ဒကာမတွေမှာမအားမလပ်ရအောင် ရှာရတဲ့ ပရိယေသနာ (မှန်ပါ့ ဘုရား)။

တစ်ခါတစ်ခါကျတော့ ဒကာကြွယ် တို့လဲ ညည်းပါတယ် ဦးမာဒင်တို့ဦးသန်းမောင်တို့လဲ ညည်းတာပဲ ပရိယေသ န ကိစ္စတယ်ကြီးပါကလား (မှန်ပါ့ ဘုရား)။

ဘာတုန်းလုပ်ရင်းပြောနေတာ (ပြောပါတယ်) အလုပ်လျော့တာလား ကြီးတဲ့အကြောင်းသာပြောတာလား (ကြီးတဲ့အကြောင်းပြောတာပါ) ဒီထက်ငွေများများနဲ့ရင်းလို့ရှိရင်လဲ တော်ပါသေးရဲ့လို့ဆိုချင်သေးသလား (မဆိုချင်ပါ) သဘောပါပလား (ပါပါပြီ) အတော်ကိုဆိုးဝါးနေတာဗျ (မှန်ပါ့ ဘုရား)။

ရှာတာလဲတဏှာပဲ

တဏှံ ပဋိစ္စပရိယေသနာ (မှန်ပါ့ ပရိယေသနာပါ) ကဲဒါဖြင့်ရှာကြစို့နော် (မှန်ပါ့ ဘုရား)။

ဒါဖြင့် တဏှာကလဲ တဏှာ၊ ရှာတာလဲတဏှာပဲ နာမည်သာပြောင်းလိုက်တယ် (မှန်ပါ့) နာမည်ပြောင်းလိုက် တယ် ပရိယေသနဆိုတာဘာပါလိမ့် (တဏှာပါ ဘုရား)။

”တဏှံ ပဋိစ္စပရိယေသနာ၊ ပရိယေသနံ ပဋိစ္စလာဘော”တဲ့ ဪ အရှာကောင်းတော့လဲ ထိုက်တန်သလောက် ရတယ် (မှန်ပါ့) ရတော့ရတဲ့တဏှာဖြစ်တာပဲ (မှန်ပါ့ ဘုရား)။

ရတော့ဘာဖြစ်သွားသလဲ (ရတဲ့တဏှာဖြစ်ပါတယ်) အားလုံး ဒကာ၊ ဒကာမတွေ ဒီဥစ္စာမမေ့ပါနဲ့ (မှန်ပါ့) မမေ့ပါနဲ့ ရသည်နဲ့တပြိုင်နက်တည်းတဲ့ ဒကာကြွယ် ရေဝိနိစ္ဆယတဲ့ ဆုံးဖြတ်ချက်ချတယ် (မှန်ပါ့ ဘုရား)။

ရတဲ့ပစ္စည်းဆုံးဖြတ်ချက်ချတယ် ဟောဒါသားဖို့ ဟောဒါကသမီးဖို့ ဟောဒါကငါ့ဖို့ (မှန်ပါ့) ဟောဒါကတော့ အိုစာမင်းစာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သံသရာကထွက်ဖို့ပါရဲ့လား (မပါပါ) မပါဘူးမပါဘူး စိတ်သာချ သံသရာထွက်ရပ်လမ်းလုပ်ဖို့လို့မပါဘူး (မှန်ပါ့) ပါကြရဲ့လား (မပါပါ) စာရင်းထဲမှာလေ (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့အိမ်မှာရှေးကစာရင်းတွေရှိတယ်သံသရာကထွက်ဖို့လို့ တစ်လုံးမှမပါဘူး (မပါပါ) ပါပါ့မလား (မပါပါ) မပါဘူးဆိုတာသေချာပြီ (သေချာပါပြီ ဘုရား) ကိုယ့်ကိုယ်သနားတဲ့ကိစ္စကမပါဘူး (မပါပါ ဘုရား)။

ဒကာကြွယ် ဘာတဲ့တုန်း (ကိုယ့်ကိုယ်သနားတဲ့ကိစ္စမပါပါ ဘုရား) ကြည့်လေ ဒါကသားတို့ဒါကသမီးဖို့ ဒါကကိုယ့်ဖို့ ဆိုတော့ ကိုယ့်ဒီခန္ဓာကြီးကို ပြုဖို့ပါတယ် ဒီခန္ဓာကြီးထွက်ရပ်လမ်းရောက်ဖို့လို့ (မပါပါ ဘုရား)။

ဒါကလေးများ ဒကာကြွယ် တို့ ဦးမာဒင်တို့ ဦးသန်းမောင်တို့ထည့်ရေးစမ်းပါ နောက်ကို ဒါက ခန္ဓာထွက်ရပ်လမ်း ရောက်ဖို့ ဒါလောက်ကလေးများထည့်လိုက်ရင် ခင်ဗျားတို့လူသာဓုခေါ် နတ်သာဓုခေါ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဝိနိစ္ဆယဆိုတာက ဝိတက်နဲ့ ကြံပြီးဆုံးဖြတ်ချက်ချတာ

ထည့်ကို မထည့်မိဘူးဘုရား မပြောပါနဲ့တော့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတို့ ဝိနိစ္ဆယဆိုတာက ဝိတက်နဲ့ ကြံပြီးဆုံးဖြတ်ချက်ချတာ (မှန်ပါ့) သဘောကျပြီနော် (ကျပါပြီ ဘုရား)။

ဒါဖြင့်တဏှံပဋိစ္စ (ပရိယေသနာပါ) ပရိယေသနံပဋိစ္စ (လာဘောပါ) လာဘံပဋိစ္စ (ဝိနိစ္ဆယောပါ) ဟောအခု ဝိနိစ္ဆယရောက်ပြီတဲ့ ဆုံးဖြတ်ချက်ချပြီ ဆုံးဖြတ်ချက်ချတော့အပုံတွေပုံလိုက်တယ် ဒါကအိမ်ဆောက်ဖို့ ဒါကတိုက်တည်ဖို့ ဒါကကားဝယ်ဖို့ ဒါကသားသမီးများစိန်၊ရွှေ၊မြတွဲလောင်းဖြစ်ဖို့ အင်းဝိနိစ္ဆယချပြီ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

”ဝိနိစ္ဆယံ ပဋိစ္စ ဆန္ဒရာဂေါတဲ့ (မှန်ပါ့) ဆန္ဒရာဂဆိုတာ ဒကာ၊ ဒကာမတို့ တခြားမဟုတ်ပါဘူးတဲ့ ဒီဥစ္စာတဏှာ ကလေးနုနုလာတယ် (မှန်ပါ့) တဏှာနုနုလာတယ် တဏှာနုနုကတခြားမဟုတ်ဘူးတဲ့ ဒီအခြေအနေဆိုလို့ရှိရင်ဖြင့် မဆိုးလှဘူး။ အိုစာမင်းစာကလေးတွေ အပုံပုံနိုင်တယ် သားကလေးတွေသမီးကလေးတွေလဲ လူချင်းတူတူ အိမ်ရာတိုက် တာကလေးတွေလဲ လူချင်းတူတူရှိသွားပြီ ဆိုပြီး သကာလ ရှိတာ ကလေးသာယာနေတဲ့ တဏှာ (မှန်ပါ့) ဆုံးဖြတ်ချက်ချပြီး မှသာယာတဲ့ တဏှာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့်”ဝိနိစ္ဆယံ ပဋိစ္စ ဆန္ဒရာဂေါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဆန္ဒရာဂံ ပဋိစ္စအဇ္ဈောသာနံ (မှန်ပါ့) အဇ္ဈောသာနံဆိုတာက တခြားမဟုတ်ဘူး သူကသူထက်ကြီးတဲ့လောဘ (မှန်ပါ့ ဘုရား)။

သူထက်ကြီးတဲ့လောဘဟာဘာတုန်း အို ဒို့ကလူကြီးတွေကွ သူတို့ကသားတွေသမီးတွေက တော်တော်ကြာကြုံ ရာဆုံရာနဲ့ သွားကြမှာ (မှန်ပါ့ ဘုရား) ဒို့ဟာတော့ဒါကိုသားလဲ မပြနဲ့ သမီးလဲမပြနဲ့ ဒီဟာကသက်သက်ဒို့ဖို့လုပ်မှပဲဟေ့ ဒို့ဖို့အပေါ်မှာသိပ်စွဲသွားတယ် (မှန်ပါ့) မစွဲဘူးလား (စွဲပါတယ် ဘုရား)။

သမီးကအချိုးမကျပြန်လဲ ခိုးထွက်သွားမှာ သားကအချိုးမကျပြန်လဲ (ခိုးထွက်သွားမှာပါ) ရှိကောမရှိဘူးလား (ရှိပါတယ်) ရှိတာပဲဆိုတော့ဒီအပုံတော့ဖြင့် သူတို့ဟာတော့သူတို့ယူသွား ကိစ္စမရှိဘူး (မှန်ပါ့ ဘုရား)။

ဒို့ဖို့ပုံထားတာတော့ဖြင့် အဲ့ဒါတော့ သားလဲမသိစေနဲ့သမီးလဲမသိစေနဲ့ မင်းနဲ့ငါနဲ့ပဲသိပစေ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

အမယ်လေး တော်တော်လောဘကြီးပါလား (ကြီးပါတယ်) ဒကာကြွယ် ဒီလိုကောရှိသေးသလား (ရှိပါတယ် ဘုရား) အဲ့ရှိရတယ် ရှိရတယ် မရှိရင်ခက်ကုန်မှာပေါ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ရန်တိုက်တဲ့တရားလို့လဲအောက်မေ့မနေနဲ့

ဒါသားတွေသမီးတွေနဲ့ ရန်တိုက်တဲ့တရားလို့လဲအောက်မေ့မနေနဲ့အုံး (မှန်ပါ့) မဟုတ်ပါဘူး ဒီဥစ္စာကခင်ဗျားတို့ စိတ်ထဲမှာက ဒီဟာတွေလာတတ်တာကိုပြောပါတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။

ဆန္ဒရာဂံ ပဋိစ္စအဇ္ဈောသာနံ၊ အဇ္ဈောသာနံ ပဋိစ္စပရိဂ္ဂဟောတဲ့ ဒါကို ဒို့နာမည်နဲ့ထား (မှန်ပါ့) ကလေးတွေ နာမည်မပါစေနဲ့ (မှန်ပါ့)။

တော်တော်ကြာ အမွေဆိုင်အဖြစ်နဲ့မသေခင်က တောင်းရင်ခက်တယ် (မှန်ပါ့)။ ရိပ်မိပလား (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

ကဲဒါဖြင့် တဲ့ ဒကာ၊ ဒကာမတို့ အဇ္ဈောသာနံဆိုတာက ဒီဟာတော့ဖြင့်ဟေ့ ဘယ်အရောင်းအဝယ်ထဲ နည်းနည်းမှ မထည့်နဲ့ (မှန်လှပါ) သဘောကျပလား (ကျပါပြီ ဘုရား) ဒီလိုမလာဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတို့ မေ့လဲသွားကြမှာစိုးရတယ်နော် (မှန်ပါ့ ဘုရား)။

”တဏှံ ပဋိစ္စပရိယေသနာ၊ ပရိယေသနံ ပဋိစ္စ” (လာဘောပါ) လာဘောဆိုတာ လာဘ်ရတယ် (မှန်ပါ့) ရှာ လို့ရတယ် (မှန်ပါ ဘုရား)။

လာဘံ ပဋိစ္စ ဝိနိစ္ဆယော (မှန်ပါ့) ဝိနိစ္ဆယကဆုံးဖြတ်ချက်ချတယ် (မှန်ပါ့) ဆုံးဖြတ်ချက်ချပြီးမှ ဝိနိစ္ဆယံ ပဋိစ္စ ဆန္ဒ ရာဂေါ ဪ တော်တော်ကလေးသာယာတယ် (မှန်ပါ့ ဘုရား)။

ဆန္ဒရာဂံ ပဋိစ္စ အဇ္ဈောသာနံ၊ အဇ္ဈောသာနံ ပဋိစ္စ ပရိဂ္ဂဟောတဲ့ ဒါကအိုစာမင်းစာ သိမ်းဆည်းတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ပရိဂ္ဂဟံ ပဋိစ္စ မစ္ဆရိယောတဲ့ ဟေ့ ဒါတော့ဖြင့် သားလဲစိတ်မချရဘူး၊ သမီးလဲစိတ်မချရဘူး၊ ဆွေမျိုးလည်း စိတ်မချရဘူး မစ္ဆရိယဝင်လာတယ် (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။

ဒကာ၊ ဒကာမတို့ ဒါသူများဖြစ်စဉ်လား ကိုယ့်အိမ်ထဲကဖြစ်စဉ်လား (ကိုယ့်အိမ်ထဲကဖြစ်စဉ်ပါ) သဘောကျပြီ နော် (ကျပါပြီ ဘုရား)။

မစ္ဆရိယံ ပဋိစ္စတဲ့ ကဲ ကွာတဲ့ ဒီအခန်းတော့ဒီအိမ်တော့လုံအောင် လုပ်မှပဲဆိုပြီး သကာလ ဒကာ၊ ဒကာမတွေ သံတံခါးတွေတပ်၊ သစ်သားတံခါးတွေတပ်မလာကြဘူးလား (လာပါတယ် ဘုရား)။

ဟာ ဘာဖြစ်လို့တုန်းဆိုတော့ လုံခြုံအောင်လုပ်တာဘုရား (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) မစ္ဆရိယံ ပဋိစ္စ အာရက္ခောတဲ့ တစ်ခါတည်းစောင့်ရှောက်တော့တာဘဲ (မှန်ပါ့)။

တစ်နေ့တစ်နေ့သွား သွားကြည့်တယ် ဒီနေရာကလေးလက်ရာခြေရာပျက် မပျက် (မှန်ပါ့) မစောင့်ရှောက်ရဘူး လား (စောင့်ရှောက်ရပါတယ် ဘုရား)။

စောင့်ရှောက်ရတယ် ဒီဥစ္စာဘုရားရှိခိုးတာထက် အကြိမ်မှန်သေးတယ်နော် (မှန်ပါ့) ဘုရားကိုဖြည်းဖြည်းမှ ရှိခိုးမယ်ကွာ ဒီဥစ္စာစောစောသွားကြည့်အုံးမယ် (မှန်ပါ့) ရိပ်မိပမလား (ရိပ်မိပါပြီ ဘုရား) အင်မတန်မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။

တဏှာကနေစလိုက်တာ ၉ခုပြည့်သွားပြီ

ကိုင်း ဒကာ၊ ဒကာမတို့တ ံခါးလုံအောင်လုပ် အဲဒီလိုလုပ်ပြီးတော့မှ ဒကာ၊ ဒကာမတို့သန္တာန်၌ ဘာတွေလာသ တုန်းလို့ မေးတဲ့အခါကျတော့ကို အခု၉ခုပြည့်သွားပါပြီ (မှန်ပါ့) တဏှာကနေစလိုက်တာ ၉ခုပြည့်သွားပြီ (မှန်ပါ့) ဘုရားက ၉ခုပြည့်အောင်ဟောမယ်ကိုး (မှန်ပါ့)။

ဒကာ၊ ဒကာမတို့ တဏှံ ပဋိစ္စ (ပရိယေသနာပါ) ပရိယေသနံ ပဋိစ္စ (လာဘောပါ ဘုရား) လာဘံ ပဋိစ္စ ဝိနိ စ္ဆယော (မှန်ပါ့)။

ခဏနားပါအုံး ကိုင်း တရားနှလုံးသွင်းကြ ဒကာ၊ ဒကာမတို့ မစ္ဆရိယလာပါပြီ (မှန်ပါ့) မစ္ဆရိယလာတဲ့အတွက် ပိုမိုပြီး သကာလ တံခါးတွေဘာတွေ လုံခြုံဖို့တစ်ခါတည်း အစောင့်အရှောက်တွေ တုတ်၊ဓား လက်နက် အစရှိသည်တို့အလုံးစုံ အကုန် ဦးမာဒင်တို့ ဦးသန်းမောင်တို့ လိုင်စင်ယူတော့တာဘဲ (မှန်ပါ့)။

ဘယ်နှယ်ကြောင့် တုတ်၊ဓား လက်နက်တွေလိုင်စင်တွေ ဘာတွေယူပြီး သကာလ အစိုးရထံဒါတွေလုပ်ပါလိမ့် မတုန်းလို့မေးတဲ့အခါကျတော့ စောင့်ရှောက်ဖို့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဘယ်နှယ်ကြောင့် ခင်ဗျားတို့က ဒါလောက်စောင့်ရှောက်ရတာတုန်းဆိုတော့ မစ္ဆရိယရှိလို့ (မှန်ပါ့)။

ပြောင်းပြန်-ပြန်လှည့် ဘယ်နှယ်ကြောင့်စောင့်ရှောက်ကြသတုန်း (မစ္ဆရိယရှိလို့ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဪ မစ္ဆရိယကြောင့် စောင့်ရှောက်တယ် (မှန်ပါ့) သူများမြင်မှာစိုးလို့ သူများရသွားမှာစိုးတယ် (မှန်ပါ့) ဒါဖြင့်မစ္ဆရိယကြောင့်ပေါ့ဗျာ (မှန်ပါ့)။

ဒီမစ္ဆရိယက ဘယ်ကလာသတုန်းလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား) အဲ့ဒီ့်မစ္ဆရိယက ဒီဘက်ကလာတာပဲ (မှန်ပါ့)။

ဒါဖြင့်”တဏှံ ပဋိစ္စ ပရိယေသနာ၊ ပရိယေသနံ ပဋိစ္စလာဘော၊ လာဘံ ပဋိစ္စ ဝိနိစ္ဆယော၊ ဝိနိစ္ဆယံ ပဋိစ္စဆန္ဒရာဂေါ၊ ဆန္ဒရာဂံ ပဋိစ္စ အဇ္ဈောသာနံ၊ အဇ္ဈောသာနံ ပဋိစ္စ ပရိဂ္ဂဟော” တဲ့ (မှန်ပါ့)။

သူမြှုပ်ထားတဲ့အိမ်မှာ မီးခံသေတ္တာထဲထည့်ထားတဲ့သိမ်းဆည်းမှုကြောင့် မစ္ဆရိယလာတယ် (မှန်လှပါ)။

သိမ်းဆည်းမှုကြောင့် (မစ္ဆရိယလာပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ)။

ကောင်းပြီ ဒီဘက်က တုတ်၊ဓားတွေဆောင်တာ ဘယ်နှယ်ကြောင့်တုန်းဆိုတော့ စောင့်ရှောက်ဖို့ (မှန်ပါ့) ဘယ်နှယ်ကြောင့်စောင့်ရှောက်ချင်သတုန်းဆိုတော့ လူများမြင်မှာစိုးလို့သူများရမှာစိုးတဲ့ မစ္ဆရိယကြောင့် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒီမစ္ဆရိယကဘယ်ကလာသတုန်း

ဒီမစ္ဆရိယကဘယ်ကလာသတုန်းလို့ မေးတဲ့အခါကျတော့သိမ်းဆည်းတဲ့ ပစ္စည်းကြောင့် (မှန်လှပါ) အကျိုး အကြောင်းဆက်ကဲ့လား (ဆက်ပါတယ် ဘုရား)။

သိမ်းဆည်းထားတဲ့ပစ္စည်းကြောင့်နော် (မှန်လှပါ ဘုရား) ဒီသိမ်းဆည်းထားတဲ့ပစ္စည်းသည် ဒကာ၊ ဒကာမတို့ သိမ်းဆည်းမှု တဏှာ၊ဒိဋ္ဌိကြောင့် သိမ်းဆည်းမှုတဏှာဒိဋ္ဌိဟာအလိုလိုလာတာလားလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား) ဟောဒီဘက်ကကြောင့်လာတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဒါကပဋိလောမပြန်လာတာ (မှန်ပါ့)။

ဒါဆိုတော့ “တဏှံ ပဋိစ္စ ပရိယေသနာ၊ ပရိယေသနံ ပဋိစ္စလာဘော၊ လာဘံ ပဋိစ္စ ဝိနိစ္ဆယော၊ ဝိနိစ္ဆယံ ပဋိစ္စ ဆန္ဒရာဂေါ၊ ဆန္ဒရာဂံ ပဋိစ္စ အဇ္ဈောသာနံ” အလွန်နှစ်သက်တယ် (မှန်ပါ့) အလွန်နှစ်သက်လို့ ဒကာ၊ ဒကာမ တို့ ဖြစ်ရပါတယ် (မှန်ပါ့)။

ဒီအလွန်နှစ်သက်တာ ဘယ်ကလာတုန်းဆိုတော့ သာမညနှစ်သက်မှုကကြီးလာလို့ (မှန်ပါ့)။

ဒါဖြင့် အလွန်နှစ်သက်တဲ့စိတ်သည် ဘယ်ကလာသတုန်း (သာမညနှစ်သက်မှုက ကြီးလာလို့ပါ ဘုရား) သာမည နှစ်သက်မှုကြောင့် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဘယ်နှယ်ကြောင့် ဒီသာမည နှစ်သက်မှုလောဘတဏှာလာပါလိမ့်မတုန်းလို့ မေးတဲ့အခါကျလို့ရှိရင် ဘယ်နှယ် ဖြေကြမတုန်း ဒီဟာကြောင့်ဆိုရမယ် (မှန်ပါ့)။

အဲ့ဒီတော့ တဏှံ ပဋိစ္စ ပရိယေသနာ၊ ပရိယေသနံ ပဋိစ္စလာဘော၊ လာဘံ ပဋိစ္စ ဝိနိစ္ဆယော၊ ဝိနိစ္ဆယချပေးလို့ ဘုရား (မှန်ပါ့) သူ့ဟာ ကိုယ့်ဟာခွဲပြီးတော့ လာရပါတယ်ဆိုတာ သဘောကျပလား (ကျပါပြီ)။

ကောင်းပြီ ဒါ ပဋိလောမလာတာနော် ဒါမနေ့ကဟာနဲ့မတူဘူးလို့မှတ်ပါ (မှန်ပါ့)။

ကဲ ဒါဖြင့် ဒီဥစ္စာသည် ဒီဝိနိစ္ဆယက ဘယ်ကလာတာတုန်းဆိုတာ့ရလို့ (မှန်ပါ့) ရတဲ့တဏှာကလာတယ် (မှန်ပါ့) ရတာဘယ်နှယ်ကြောင့် ရရသတုန်းလို့ မေးတဲ့အခါရှာလို့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ်နှယ့်ကြောင့် ဒီရှာတဲ့တဏှာဒိဋ္ဌိပေါ်လာပါလိမ့်မတုန်း မေးတော့မှ ဒကာ၊ ဒကာမတို့ လောဘ တဏှာကြောင့် (မှန်ပါ့)။

ဒီတဏှာဘယ်ကလာပါလိမ့် (ဝေဒနာကြောင့်ပါ ဘုရား) ဒီကျတော့ဒီကနေ ပြန်ထောက်ကြည့်လို့ရှိရင် ဒီဝေဒနာ ပေါ်ပြန်ရောက်တယ် (မှန်ပါ့) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) ဒါဖြင့် ဝေဒနာက္ခန္ဓာကြောင့်ဖြစ်ရတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

အိမ်တွင်းပဋိစ္စသမုပ္ပါဒ်တွေဟာဘယ်ကလာတာတုန်း

ဒါဖြင့် ဒီဘက်က အိမ်တွင်းပဋိစ္စသမုပ္ပါဒ်တွေဟာ ဒကာ၊ ဒကာမတို့ ဦးမာဒင်တို့ ဦးသန်းမောင်တို့ ဒကာကြွယ် တို့ ဘယ်ကလာတာတုန်းတဲ့ တုတ်၊ဓား ကိုင်သည်တိုင်အောင်လမ်းဆုံးသွားတဲ့ ဥစ္စာဘယ်ကလာတာတုန်းဆိုတော့ ဒီခန္ဓာပဲ ပြရမယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ) ဘယ်သူတွေပါလိမ့် (ခန္ဓာတွေ့ပါတယ် ဘုရား)။

လက်သည်အဆင့်ဆင့် ရှာလိုက်တဲ့အခါကျတော့ ဘယ်မှာလမ်းဆုံးသလဲ (ခန္ဓာမှာလမ်းဆုံးပါတယ် ဘုရား) ကျုပ်တို့နွယ်ပင်ကို အဖျားကမြှောက်လိုက်တဲ့အခါ အရင်းသွားတွေ့တယ် (မှန်ပါ့ ဘုရား) မတွေ့သေးဘူးလား (တွေ့ပါ တယ် ဘုရား)။

ကဲ ဒါဖြင့်လက်သည်ရှာလိုက်ရင် တုတ်၊ဓား ဆောင်တာလဲဒီခန္ဓာကြောင့် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) စောင့်ရှောက်ရတာလဲ (ဒီခန္ဓာကြောင့်ပါ ဘုရား)။

ဪ သူမှာ အိုစာမင်းစာမရှိရင် ခက်ချေရဲ့ (မှန်ပါ့) ဒီလိုလဲစောင့်ရှောက်လာတယ် (မှန်ပါ့) စောင့်ရှောက်တာ ဘယ်နှယ်ကြောင့်စောင့်ရှောက်သတုန်း မစ္ဆရိယဘယ်ကလာသတုန်းဆိုတော့ ခန္ဓာက (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ကောင်းပြီ ဒါဖြင့် အလွန်နှစ်သက်တာလဲ ဘယ်သူကြောင့်လဲ ခန္ဓာကြောင့် (မှန်ပါ့) သာမညနှစ်သက်တာကော (ခန္ဓာကြောင့်ပါ ဘုရား) ဆုံးဖြတ်ချက်ချတာတွေကော (ခန္ဓာကြောင့်ပါ) သူအတွက်ချည်ကျတယ် (မှန်ပါ့ ဘုရား) သူ့အတွက်ချည့်မကျဘူးလား (ကျပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ရတာလဲ ဘယ်သူ့အတွက်ပါလိမ့် (ခန္ဓာအတွက်ပါ) ရှာတာလဲ (ခန္ဓာအတွက်ပါ) ဒီ တဏှာလည်းဘယ်ကလာသတုန်း (ခန္ဓာကလာပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာပစ္စယာ တဏှာ (မှန်ပါ့) ဒီမှာလာပြီးလက်သည်တွေ့တယ် (မှန်ပါ့) ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီဝေဒနာကိုခန္ဓာဝေဒနာခွဲလိုက် (မှန်ပါ့) ခန္ဓာဝေဒနာခွဲလိုက်ပါ ဒကာကြွယ် ခန္ဓာမှာ ဝေဒနာဘယ်နှစ်ပါးရှိသတုန်းမေးရင် (သုံးပါးရှိပါတယ်) သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာ (မှန်ပါ့) သဘော ကျပလား (ကျပါပြီ)။

သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာ ဆိုတာတော့သေသေချာချာမှတ်ပါ (မှန်ပါ့) ချမ်းသာတာက (သုခဝေဒနာ (မှန်ပါ့) ကိုယ်၏ဆင်းရဲခြင်း စိတ်၏ဆင်းရဲခြင်းက (ဒုက္ခဝေဒနာပါ ဘုရား) အလတ်စားက (ဥပေက္ခာ ဝေဒနာပါ ဘုရား)။

ဘယ်ဝေဒနာပေါ်လာလာ ဘာလုပ်ရမလဲ

အဲ့ဒီဝေဒနာသုံးပါးကို ခင်ဗျားတို့ဘယ်ဝေဒနာပေါ်လာလာ ဒကာ ဒကာမတွေကဖြစ်ပျက်ရှုပေး (မှန်လှပါ့)။

ဘယ်ဝေဒနာပေါ်လာလာ ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဖြစ်ပျက်ရှုပေးလိုက်တော့ ဝေဒနာက္ခန္ဓာ ကဖြစ်ပျက်ရှုတာကမဂ် (မှန်ပါ့)။

ပေါ်တဲ့ဝေဒနာကဖြစ်ပျက်၊ ရှုတာက (မဂ်ပါ ဘုရား) ရှုတာကမဂ်ဆိုတော့ မဂ်သည်တဏှာကိုဖြတ်တယ်ဆိုတော့ ပေါ်ခွင့်ရသေးရဲ့လား (မရပါ ဘုရား)။

ဒါဖြင့်တဏှာမှမရှိပဲနဲ့ ပရိယေသနကိစ္စကော (မရှိပါ ဘုရား) ရတဲ့ကိစ္စတွေကော (မရှိပါ ဘုရား) ခုနင်ကမစ္ဆရိယ တို့ တုတ်၊ဓားတွေဆောင်ရတဲ့ ကိစ္စတွေကော (မရှိပါ ဘုရား)။

အင်း ဒါဖြင့် ဒကာ ဒကာမတို့လက်သည်ရှာတော့ ခန္ဓာကပဲတွေ့တယ် (မှန်ပါ့)။

လက်သည်ရှာတော့ (ခန္ဓာကပဲ တွေ့ပါတယ် ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဪ ဒါဖြင့် ဒီခန္ဓာသည် ဒကာ ဒကာမတို့ ဒီဘက်ဒုက္ခတွေပေးလိုက်တာ အပါယ်ရောက်သည့်တိုင်အောင် တုတ်၊ ဓားဆောင်ပြီးနောက် တုတ်၊ ဓားတွေနဲ့ကိုင်မိတွယ်မိ ရာဇဝတ်မှုတွေဖြစ် အပါယ်ရောက် အမျိုးမျိုး သွားတော့မှာပေါ့ဗျာ (မှန်ပါ့) မသွားပေဘူးလား (သွားပါတယ် ဘုရား) ဘယ်သူ့အတွက်ပါလိမ့် (ခန္ဓာအတွက်ပါ ဘုရား)။

ဒါဖြင့် ခန္ဓာကလဲ ဘယ်ခန္ဓာအတွက်တုန်း မေးတော့ (ဝေဒနာက္ခန္ဓာအတွက်ပါ ဘုရား)။

မှတ်ထား မှတ်ထား ဒကာကြွယ်တို့ ဦးမာဒင်တို့ ဦးသန်းမောင်တို့ ဝေဒနာက္ခန္ဓာအတွက် (မှန်ပါ့) ချမ်းသာချင်လို့ (မှန်ပါ့) ချမ်းသာချင်တဲ့သုခဝေဒနာအတွက် (မှန်ပါ့ ဘုရား) ဆင်းရဲမှာစိုးလို့ ဒုက္ခဝေဒနာ အတွက်ဟုတ်လား မျက်စိက ကောင်းကောင်းကြည့်ချင်တယ်ဘုရား၊ နားကလည်းကောင်းကောင်းနားထောင်ချင်တယ်ဘုရား၊ ဥပက္ခာဝေဒနာအတွက် (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့်ဘယ်သူအတွက်တွေ ခင်ဗျားတို့ ဒီကအကုသိုလ်တစ်တန်းကြီးဖြစ်ရသလဲ (ခန္ဓာအတွက်ပါ ဘုရား) ဝေဒနာ က္ခန္ဓာအတွက် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဝေဒနာဘယ်နှစ်မျိုးရှိပါလိမ့် (သုံးမျိုးပါ ဘုရား) သုံးမျိုးပေါ်တိုင်းဘုန်းကြီးတို့ ဒကာ ဒကာမတွေက ခန္ဓာကိုဖြစ်ပျက်ရှုပါ (မှန်ပါ့)။

ဝေဒနာက္ခန္ဓာကဖြစ်ပျက် ရှုတာကမဂ်

ခန္ဓာဖြစ်ပျက်ရှုလိုက်တော့ ဝေဒနာက္ခန္ဓာကဖြစ်ပျက် ရှုတာက (မဂ်ပါ ဘုရား) သေတာကဟောဒီသမုဒယသစ္စာ သေတယ် (မှန်ပါ့) ဒီဘက်ဒုက္ခတွေတွေ့စရာရှိသေးသလား (မရှိပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒါဝေဒနာက္ခန္ဓာကလာတာ ဖြစ်လေသောကြောင့် ဝေဒနာနုပဿနာလည်း ဒီပဋိစ္စ သမုပ္ပါဒ်အပါယ်မရောက်အောင် ပြတ်စေနိုင်တယ်ဆိုတာလဲ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် သုခဝေဒနာလာလဲ ဘာလုပ်မယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဒုက္ခဝေဒနာလာရင်ကော (ဖြစ်ပျက်ရှုရ ပါမယ် ဘုရား)။

ခန္ဓာထဲ ချမ်းသာတာကလေးလားလည်း ဇိမ်ခံမနေနဲ့ဖြစ်ပျက်ရှုပေး (မှန်ပါ့) ဆင်းရဲတာကလေးပေါ်လာရင် (ဖြစ်ပျက်ရှုရပါမယ် ဘုရား) အလတ်စားဝေဒနာကလေးပေါ်လာရင် (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ပေါ်တဲ့ဝေဒနာဖြစ်ပျက် ရှုပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပေါ်တဲ့ဝေဒနာကဖြစ်ပျက် ရှုတာကမဂ် (မှန်ပါ့) သေတာက သမုဒယ (မှန်ပါ့) ဒီဒုက္ခတွေ အကုန်သိမ်းတာ က (နိရောဓသစ္စာပါ ဘုရား) နိရောဓသစ္စာဆိုတာ ဦးမာဒင်တို့ ဦးသန်းမောင်တို့ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား)။

ဒါ ကိုယ်တော်မြတ်ကြီးသည် အစဉ်အတိုင်းပဲဟောပါတယ် (မှန်ပါ့) ပြောင်းပြန် ပြန်ပြီး သကာလ ဖြတ်နည်းကိုလဲ ဟောပါတယ် (မှန်ပါ့) ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အစဉ်အတိုင်းက အဖြစ်ကိုပြတာ (မှန်ပါ့) ပြောင်းပြန်ပြန်ဟောတာက ဒီနေရာမဂ်ဝင်လိုက်ရင် ပြီးတာပဲကွ မင်းတို့ဘာမှ အပါယ်မကြောက်နေနဲ့ (မှန်ပါ့)။

ဒီမဂ်မဝင်မှာတော့ ကြောက်ပါ

ဒီဟာတွေ တစ်နေ့ဘယ်နှကြိမ်ဖြစ်မှန်းတော့ မသိဘူးတဲ့ (မှန်ပါ့) သို့သော် ဘာမှမကြောက်နဲ့၊ ဒီမဂ်မဝင်မှာတော့ ကြောက်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီမဂ်က ဘယ်လိုမှ ပေါ်မတုန်း ဆိုတော့ သုခဝေဒနာဖြစ်ပျက်တွေ့ရင်လည်း ရှုတတ်တဲ့မဂ်ဝင်ပါစေ (မှန်ပါ့)။

ဒုက္ခဝေဒနာဖြစ်ပျက်တွေ့ရင်လည်း (ရှုတတ်တဲ့မဂ်ဝင်ပါစေ) ဥပေက္ခာဝေဒနာဖြစ်ပျက်တွေ့ရင်လည်း (ရှုတတ် တဲ့ မဂ်ဝင်ပါစေ ဘုရား)။

ဒါဖြင့်ဖြစ်ပျက်က ဘာသစ္စာ (ဒုက္ခသစ္စာပါ) ရှုတာက (မဂ္ဂသစ္စာပါ) ဒီဘက်ကသေတာတွေက (သမုဒယ သစ္စာပါ) နောက်ခန္ဓာမလာတာက (နိရောဓသစ္စာပါ) သစ္စာလေးပါးဟောလိုက်တာ (မှန်ပါ့ ဘုရား) ရိပ်မိကြမလား (ရိပ်မိပါပြီ ဘုရား)။

ကိုင်း ယနေ့ဒီတွင်တော်ကြအုံးစို့။

သာဓု သာဓု သာဓု။