အမြဲနေအိမ်နှင့် ယာယီနေအိမ်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ် ဆရာတော်ဘုရားကြီး
အမရပူမြို့ဓမ္မာရုံ၌ ဟောကြားဆုံးမတော်မူသော
(၄-၁၀-၆၁)
အမြဲနေတဲ့အိမ်က အပါယ်လေးပါး
ဒကာ ဒကာမတွေ အမြဲနေတဲ့အိမ်၊ ယာယီနေတဲ့အိမ်ဆိုတာကတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး အမြင်ကျယ်ကျယ်နဲ့ဟောထားတော့ အမြဲနေတဲ့အိမ်က အပါယ်လေးပါး (မှန်ပါ့) လူ့ပြည်,နတ်ပြည် ခဏလာကြတာက ယာယီအိမ်လို့မှတ်ထားပါ (မှန်ပါ့) အမြဲနေတာက အပါယ်လေးပါးလို့ မှတ်ထားကြပါ၊ ယာယီနေရတာက လူ့ပြည်,နတ်ပြည် (မှန်ပါ့ ဘုရား)။
အဲဒီတော့ အားလုံး ဒကာ ဒကာမတွေ ဒါ ဘုရားက အင်မတန် အမြင်ကျယ်ကျယ်နဲ့ပြောတော့ ကိုယ့်ဟာကလေးနဲ့ကိုယ် တင်းတိမ်မနေကြတဲ့ဆိုတာ သတိပေးလိုက်တယ် (မှန်ပါ့ ဘုရား)။
အချို့ကတော့လဲ ကိုယ့်အကျိုးပေးကလေးနဲ့ကိုယ် တော်လောက်ပါပြီလို့ ဒကာကြွယ် ထင်ချင်ထင်တတ်တယ်(မှန်ပါ့) ဘာမှမဟုတ်သေးဘူးလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။
ဘာမှမဟုတ်သေးဘူးလို့ ဆုံးဖြတ်ချက်ချ၊ ဘယ့်နှယ်ကြောင့် ဆရာဘုန်းကြီးက ဒီဆုံးဖြတ်ချက်ကို ချခိုင်းရပါလိမ့်မလဲမေးတော့ အို လူ့ပြည်,နတ်ပြည်ဆိုတာ ယာယီအိမ်မှာလာပြီး တည်းခိုကြတာ (မှန်ပါ့) ကိုယ်အမြဲနေတာက အပါယ်လေးပါးမှာ နေကြတယ် (မှန်ပါ့)ငရဲ,ပြိတ္တာ,တိရစ္ဆာန်,အသူရကာယ် ဆိုတဲ့ အပါယ်လေးပါးမှာ နေကြတယ် (မှန်ပါ့ ဘုရား)။
မတင်းတိမ်ကောင်းတာနဲ့ တင်းတိမ်နေ
အဲဒီတော့ အခု ရောက်ရာဘဝထဲမှာ ကိုယ့်ဟာနဲ့ကိုယ် မတင်းတိမ်ကောင်းတာနဲ့ တင်းတိမ်နေကြမယ်၊ ကိုယ့်စီးပွားရေးကလေး၊ ကိုယ့်သားသမီးကလေး၊ ကိုယ့်စက်ကလေး၊ ကိုယ့်အလုပ်အကိုင်ကလေး အစရှိသည်နဲ့ တင်းတိမ်နေကြမယ်ဆိုလို့ရှိရင်ဖြင့် ကလေးမုန့်ဝယ်ပေးတာနဲ့ တင်းတိမ်နေသလို ကလေးစိတ်မပျောက်လို့လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
ကလေးစိတ်မပျောက်လို့ ကလေးငိုပါများတော့ မုန့်ကျွေးလိုက်တဲ့အခါ ငြိမ်းအေးသွားတယ်ဆိုတာ ဒကာကြွယ် အသိသားဘဲ (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ကြောင့် ဒီကလေးအဖိုးမတန်တာနဲ့ အငိုတိတ်သွားရပါလိမ့်မတုံး မေးတဲ့အခါကျလို့ ရှိရင်ဖြင့် မသိတော့ ဒါနဲ့သာကျေနပ်လို့ (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ဆိုကြမလဲ (ဒါနဲ့သာ ကျေနပ်လို့ပါ)ဒါနဲ့သာကျေနပ်တယ်၊ဒီမှာလဲ လူ့ပြည်မှာ ဒကာ ဒကာမတွေက ကိုယ့်စီးပွားရေးကလေးနဲ့၊ ကိုယ့်သားသမီးကလေးနဲ့၊ ကိုယ့်တိုက်ကိုယ့်တာ၊ ကိုယ့်ကားကလေးနဲ့၊ ကိုယ့်စိန်, ကိုယ့်ရွှေ, ကိုယ့်ငွေကလေးနဲ့ အင်း၊ တော်သေးရဲ့ဆိုတော့ ကလေးမုန့်ပေးပြီး တင်းတိမ်တာနဲ့ တူတူဘဲ (မှန်ပါ့ ဘုရား)။
ဒီကသွားတော့ အပါယ်သွားရမှာ (မှန်ပါ့) ခဏအလည်လာတာ ခဏကလေးနဲ့ တင်းတိမ်ပြီးသကာလ မတင်းတိမ်ကောင်းတာနဲ့ တင်းတိမ်နေကြလို့ရှိရင်ဖြင့် ကလေးစိတ်မပျောက်သေးတဲ့ ဒကာ ဒကာမတွေဘဲလို့ ဦးမာဒင် ဆုံးဖြတ်ချက်ချရမယ် (မှန်ပါ့) ဒကာကြွယ် သဘောကျပလား (ကျပါပြီ ဘုရား)။
”စတ္တာရော အပါယာ သကဂေဟသဒိသာ” စတ္တရော=လေးပါးကုန်သော၊ အပါယာ=အပါယ်ဘုံတို့သည်၊ သကဂေဟသဒိသာ=အမြဲနေရာ မိမိအိမ်ဂေဟာကြီးဖြစ်ပါပေ၏ (မှန်ပါ့ ဘုရား)။
ဘုရားက ဉာဏ်နဲ့ချိန်လိုက်တယ်
ဪ အပါယ်လေးပါးဟာ အမြဲနေရာ (မှန်ပါ့ ဘုရား) ငါဘုရားဉာဏ်နဲ့ ချိန်ပြောမယ်ဟေ့တဲ့ (မှန်ပါ့) ဘုရားက ဉာဏ်နဲ့ချိန်လိုက်တယ် (မှန်ပါ့ ဘုရား)။
ဘယ်လိုချိန်လိုက်သတုံးဆိုတော့ ဒကာ ဒကာမတို့ ကောင်းကင်၌ ခဲလေးတစ်ခု၊ ဒုတ်ကလေးတစ်ခုကို ဒကာသစ်က မြှောက်လိုက်တာပေါ့(မှန်ပါ့) မြှောက်လိုက်တော့ မြေကြီးထဲကဒုတ်ကို ကောက်တဲ့ပြီး မြှောက်လိုက်ပါတယ်၊ အရှိန်ရှိတုန်း တက်ပြီးသွားတယ်၊ တက်တဲ့အချိန်ကလဲ မကြာလှပါဘူး (မကြာပါ ဘုရား)။
အပေါ်မှာ ခဏကလေး အရှိန်သတ်တာပေါ့ (မှန်ပါ့) တက်ရှိန်သတ်ပြီး ကျချိန်ကလေးနဲ့ဆိုတော့ ဖြစ်လောက်ရဲ့လား (မဖြစ်လောက်ပါ) နောက်ကျတော့ မြေပေါ်ဘဲပြန်ကျတယ် (မှန်ပါ့)မကျဘူးလား (ကျပါတယ် ဘုရား)။
ဪ ဒါ မြေပေါ်နေတဲ့အချိန်နဲ့ ကောင်းကင်မှာအရှိန်သတ်တဲ့အချိန်နဲ့ ပြောပလောက်ရဲ့လား (မပြောပလောက်ပါ ဘုရား) သဘောကျပြီနော် (ကျပါပြီ ဘုရား)။
ထို့အတူဘဲတဲ့ ဘုန်းကြီးတို့ဒကာ ဒကာမတွေ လူ့ပြည်မှာလာကြတာ ငရဲမှာနေခဲ့တာနဲ့ ဆိုလို့ရှိရင်ဖြင့် ငရဲအပါယ်လေးပါးမှာ နေခဲ့ရတာက ဒို့အမြဲနေမဲ့ နေရာနဲ့အတူဘဲ (မှန်ပါ့ ဘုရား)။
လူ့ပြည်လာပြီးကိုယ့်ဟာကလေးနဲ့ကိုယ်တင်းတိမ်နေကြတာက ကောင်းကင် အရှိန်သတ်သလောက်ရှိသကွာ (မှန်ပါ့ ဘုရား) ဆိုတော့ ဒကာ ဒကာမတွေ အရမ်းများ တင်းတိမ်နေမှာစိုးလို့ပြောပါတယ် (မှန်ပါ့ ဘုရား)။
ကိုယ့်ဟာကလေးနဲ့ကိုယ် အရမ်းတင်းတိမ်ပြီး ဒကာကြွယ်တို့က ပြုံးကာ ရွှင်ကာနဲ့ ဒီလိုနေလိုက်မှာ၊ ဒီအမှားကြီးသွားမှာကို ဦးမာဒင်တို့ စိုးရိမ်လို့ပြောပါတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) အမှားကြီးသွားမှာ စိုးရိမ်လို့ပြောပါတယ် (မှန်ပါ့ ဘုရား)။
ဦးလှဘူး ဘယ့်နှယ်ကြောင့် ပြောပါလိမ့် (အမှားကြီးမှာစိုးလို့ပြောပါတယ် ဘုရား)။
အကုသိုလ်ဗွက်ပေါက်နေတာတော့ ထည့်မပြောဘူး
ဘာဖြစ်လို့တုံးဆိုတော့ ခင်ဗျားတို့က ကလေးမုန့်ပေးပြီး ကျေနပ်တဲ့အမျိုးနဲ့ မသိဘဲနဲ့ကျေနပ်နေတော့ အင်း၊ ကလေးစိတ်မပျောက်သေးလို့ ကျေနပ်တာဘဲလို့ ဦးမာဒင် ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။
အဲဒါလောက် ကျေနပ်နေတော့ ငါတို့ဒါနကလေး လုပ်ရတယ်၊ သီလကလေးလဲ ထိုက်တန်သလောက် ဆောက်တည်ရတယ်၊ ပေးတာ, ကမ်းတာလဲကွာ မနည်းလှပါဘူးဆိုပြီးသကာလ ခင်ဗျားတို့က ဒါလောက်ကလေးနဲ့ တနေ့လုံးအကုသိုလ်ဗွက်ပေါက်နေတာတော့ ထည့်မပြောဘူး (မှန်ပါ့) ထည့်ပြောရဲ့လား (မပြောပါ ဘုရား)။
ထမင်းစားတာလဲ အကုသိုလ်နဲ့ဘဲ၊ ရေချိုးတာလဲ အကုသိုလ်နဲ့ဘဲ (မှန်ပါ့) ဒကာသစ်ရောင်းဝယ်နေတော့ကော (အကုသိုလ်နဲ့ပါ ဘုရား) အကုသိုလ်တွေနဲ့ဘဲ လှည့်ပတ်နေတယ် (မှန်ပါ့)။
ဒီအတိုင်းဆိုတော့ ခုနကသူတို့တွက်ထားတဲ့အတွက်ကလေးဟာကောတဲ့ ပြောပလောက်ပါရဲ့လား (မပြောပလောက်ပါ ဘုရား)။
အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတေ သေသေချာချာမှတ်ပါ၊ ဝမ်းထဲမှာ ငရဲမျိုးစေ့ ခဏကလေး အညွှန့်အညှောက်မပေါက်သေးတာကလေး လူ့ပြည်မှာ ရောက်တာပါ (မှန်ပါ့) ငရဲမျိုးစေ့က အညွန့်အညှောင့်ပေါက်လာရင် အခုစုတေ အခုအပါယ်လေးပါးရောက်ပါလိမ့်မယ် (မှန်လှပါ)။
ငရဲမျိုးစေ့ဖြစ်တဲ့ ဒိဋ္ဌိဝိစိကိစ္ဆာ
အဲဒါကြောင့် ငရဲမျိုးစေ့ဖြစ်တဲ့ ဒိဋ္ဌိဝိစိကိစ္ဆာတို့ကို ဒကာ ဒကာမတို့ ဒီနေရာမှ သတ်နိုင်တယ်နော် (မှန်ပါ့) အခြားနေရာနတ်ပြည်မှာသတ်ဖို့ အတော်ခဲယဉ်းပါတယ် (ခဲယဉ်းပါတယ် ဘုရား) ဗြဟ္မာ့ပြည်မှာသတ်ဖို့ဆိုတာကော (ခဲယဉ်းပါတယ် ဘုရား)။
လူ့ပြည်မှာသာလျှင် ဒီတရားတွေကရှိတယ်၊ ဒါပေမဲ့ သစ္စာတရားတွေ, ပဋိစ္စသမုပ္ပါဒ်တရားတွေက အင်မတန်ရှားပါပြီ (မှန်ပါ့)။
အဲဒါကလေးကြုံတုန်းကို ဒီဉာဏ်တွေနဲ့ ဪ ဒါ ပဋိစ္စသမုပ္ပါဒ် ဒုက္ခသစ္စာပါကလား၊ အင်း ဒီခန္ဓာကြီးက ဒုက္ခသစ္စာပါကလားလို့ မှန်မှန်ကန်ကန် ခန္ဓာအရှိနဲ့ ဉာဏ်အသိ ကိုက်အောင်ဖြင့် လုပ်ဖြစ်အောင်လုပ်ပါ (မှန်ပါ့)။
ခန္ဓာအရှိနဲ့ဉာဏ်အသိကိုက်အောင် (လုပ်ဖြစ်အောင်လုပ်ရပါမယ်) လုပ်ဖြစ်အောင်လုပ်ပါလို့ သတိပေးလိုက်တယ်နော် (မှန်ပါ့)။
ဒါကလေး မလုပ်ဖြစ်တော့ဘူးဆိုတော့ ခန္ဓာအရှိနဲ့ ဉာဏ်အသိနဲ့ မကိုက်လို့ရှိရင်ဖြင့် ဒိဋ္ဌိသိနဲ့ ဦးမာဒင် နေလိမ့်မယ်(မှန်ပါ့)။
ဒိဋ္ဌိသိနဲ့နေတော့ ဒိဋ္ဌိဆိုပြီးသကာလ ဒိဋ္ဌုပါဒါန်ဆိုပြီး ပဋိစ္စသမုပ္ပါဒ်က မတန်းပေဘူးလား (တန်းပါတယ် ဘုရား) ဒိဋ္ဌိအုပ်ချုပ်တဲ့ကံ ဆိုပြီးတော့ကော (တန်းပါတယ်) ကမ္မဘဝပစ္စယာ အပါယ်ဇာတိဆိုပြီး မလာပေဘူးလား (လာပါတယ် ဘုရား) ဒါဖြင့် ဆယ်လို့, ကယ်လို့ ရသေးရဲ့လား (မရပါ ဘုရား)။
အဲဒါကြောင့် ဒီဒိဋ္ဌိမပြုတ်သ၍ သူက ပဋိစ္စသမုပ္ပါဒ်တန်းပြီး ဒီခန္ဓာအစဉ်ကြီးကို အပါယ်ရောက်အောင် ပို့ပစ်မှာစိုးတဲ့အတွက်ခင်ဗျားတို့ အခုနေတဲ့အဝတ်အစား, တိုက်တာ, ရွှေ, ငွေ, ကျောက်, သံ, ပတ္တမြားနဲ့တင်းတိမ်ပြီး မနေလိုက်ပါနဲ့ (မှန်ပါ့)။
မလ္လိကာမိဖုရားကြီး
ခင်ဗျားတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အရင်းတွေမို့ဘဲ ဆုံးမရတယ် (မှန်ပါ့) မလ္လိကာမိဖုရားကြီးဟာဖြင့် ဦးမာဒင် ဘုရားတစ်ဆူ တစ်ဆူမှ သူ့ကိုမပြိုင်နိုင်တဲ့ မဟာအသဒိသဒါနအလှူကြီးကို မလှူဘူးလား (လှူပါတယ် ဘုရား) ဒိဋ္ဌိက မပြုတ်တော့ အပါယ်ကျတယ် (မှန်ပါ့) ဘယ်လောက်ကြောက်စရာကောင်းသတုံး (ကောင်းပါတယ် ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ လှူဒါန်းပေးကမ်းထားတာကလေးတွေက ဘာပြောပလောက်သလဲလို့မေးတော့ (မပြောပလောက်ပါ ဘုရား) ဟိုမှာ တိုင်းပြည်ပါ လှူနိုင်တဲ့စွမ်းရည်သတ္တိရှိတယ် (မှန်လှပါ) ရဟန္တာတွေချည့်လှူတာ (မှန်ပါ့)။
ဒီအထဲကတောင် ဒိဋ္ဌိမပြုတ်တော့ ဦးမာဒင်အပါယ်ရောက်တယ် (ရောက်ပါတယ် ဘုရား) ကြောက်စရာမကောင်းပါလား (ကောင်းပါတယ် ဘုရား)။
(သေခါနီးအခါ၌ နှလုံးသွင်းမှားသွားခြင်းကြောင့် ၇-ရက် အပါယ်၌ ခံရသည်။)
ဒါကြောင့် ခုနက ပြောလိုက်ပါတယ်၊ အပါယ်လေးဘုံဟာ မိမိတို့အမြဲနေတဲ့ဘုံပါ၊ ကောင်းကင်မြှောက်တဲ့ဒုတ် အရှိန်သတ်သလောက် လူ့ပြည်လာကြတာပါ (မှန်ပါ့)။
ဒီအချိန်ကလေးမှာ အခု ဆရာကောင်း, သမားကောင်းနဲ့တွေ့တုန်း ငရဲမျိုးစေ့နောက်မကျရအောင် ကိုယ့်ဝမ်းထဲရှိတဲ့မျိုးစေ့ ဒီကနေ ထုတ်လိုက်လို့ရှိရင် အပါယ်ပင် ပေါက်စရာရှိသေးရဲ့လား (မရှိပါ ဘုရား) မြန်မြန်လုပ်ပါဆိုတာ သတိပေးလိုက်တယ် (မှန်ပါ့)။
သေမည့်ဘက်ချည့် သွားနေလို့ပြောတာ
ဦးမာဒင် မြန်မြန်လုပ်လို့ သတိပေးတာကော ရိပ်မိရဲ့လား (ရိပ်မိပါတယ် ဘုရား) ခန္ဓာကိုယ်က သေမည့်ဘက်ချည့် သွားနေလို့ပြောတာ (မှန်ပါ့)။
ခန္ဓာကိုယ်က ဘယ်အသွားမှန်သတုံး (သေမည့်ဘက်ချည့်သွားပါတယ် ဘုရား) သေမည့်ဘက်ဘဲ အသွားမှန်တယ် (မှန်ပါ့) ရှင်မည့်ဘက်ကိုပြန်သေးသလား (မပြန်ပါ ဘုရား) တနေ့ထက်တနေ့သာ ငါသုသာန်အရောက်သွားမည်ဆိုပြီး ရည်ရွယ်ချက်ကြီးနဲ့ လာတဲ့ခန္ဓာကိုယ်ပါ (မှန်ပါ့)။
ဒီခန္ဓာကိုယ်ကြီးက တရှူနဲ့ တရှိုက်၊ ဒီတခါ ရှူတာနဲ့နောက်တခါ ရှိုက်တာနဲ့၊ ဒီတခါရှူတာနဲ့ နောက်တခါ ရှိုက်တာနဲ့ ဘယ်သူက သုသာန်နီးသတုံးမေးကြည့်ပါ၊ နောက်တခါရှူတာရှိုက်တာက နီးတယ်ဆိုတာ မည်သူမှ မငြင်းနိုင်ဘူး (မငြင်းနိုင်ပါ ဘုရား)။
အဲဒီတော့ ခန္ဓာကိုယ်လမ်းစဉ်က မင်းတို့ ဘာလုပ်နေနေ ငါသုသာန်သွားမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
မင်းတို့ ဘာလုပ်နေနေ (သုသာန်သွားမှာပါ ဘုရား)ဒါဖြင့် ဒီခန္ဓာကြီးရသ၍ သုသာန်သွားတဲ့အလုပ် အမြဲတမ်းလုပ်မှာ ဖြစ်နေသောကြောင့် ဒကာကြွယ်, ဦးမာဒင်တို့ ဒီခန္ဓာ၏အကြောင်းကောင်းကောင်းသိပါတော့ (သိပါပြီ ဘုရား)။
သူ့အလုပ်က ဘယ်သွားတဲ့အလုပ်လဲ (သုသာန်သွားတဲ့အလုပ်ပါ) သေမည်,သေမည်ချည့်ဆိုပြီး သွားနေတဲ့အလုပ်(မှန်ပါ့) နောက်ဆုံးပိတ်ကျတော့လဲ တားမရအောင်ဘဲ သေလိုက်တာဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ခန္ဓာကိုယ်လမ်းစဉ်အလုပ်မှန်
အဲဒီတော့ ခန္ဓာကိုယ်လမ်းစဉ်အလုပ်မှန်ကိုဖြင့် ဒကာကြွယ်သိပြီနော် (သိပါပြီ ဘုရား) သူ့ကိုဆုတောင်းမိတဲ့လူဟာ ဒီခန္ဓာရတာဘဲ (မှန်လှပါ) ရလို့ရှိရင်ဖြင့် ဆုတောင်းတဲ့ပုဂ္ဂိုလ် အလိုလိုက်သလား၊ သူသွားချင်တဲ့လမ်း အရောက်သွားသလား (သူသွားချင်တဲ့လမ်း အရောက်သွားပါတယ် ဘုရား)။
အဲဒါစဉ်းစားရမယ် ဦးမာဒင် (မှန်ပါ့) တောင်းတုန်းက ကျုပ်တို့က သူ ကောင်းစားမလားလို့တောင်းတာ (မှန်ပါ့) ခန္ဓာကိုယ်ကြီးကိုလေ လူဖြစ်ရပါလို၏, နတ်ဖြစ်ရပါလို၏ လို့ ကျုပ်တို့က တောင်းလိုက်တယ်နော် (မှန်ပါ့) တောင်းတဲ့ပုဂ္ဂိုလ်ကတော့ အကောင်းရယ်လို့ တောင်းလိုက်တာ (မှန်ပါ့)။
သူ့လမ်းစဉ်က မင်းတောင်းတဲ့ဆု ပြည့်မပြည့် ငါ ဂရုမစိုက်နိုင်ဘူး၊ ငါ သွားနေကျလမ်းသွားမယ်ဆိုပြီး သူက သုသာန်ဘဲသွားတယ် (မှန်ပါ့) တောင်းတဲ့ပုဂ္ဂိုလ်များ ငဲ့သေးသလား (မငဲ့ပါ ဘုရား)။
အခု လက်ရှိခန္ဓာကြီးဟာ ဘယ်သွားနေကြသလဲ (သုသာန်ဘက် သွားနေပါတယ် ဘုရား)။
ခင်ဗျားတို့က လူ့ပြည်လာပြိးသကာလ လူဖြစ်အောင်တောင်းတာ၊ သူက အမြဲတမ်း ဆုတောင်းတဲ့ပုဂ္ဂိုလ်ကို မငဲ့မူ၍ သုသာန်သွားတဲ့အလုပ်ကို အမြဲလုပ်တယ် (လုပ်ပါတယ် ဘုရား) နောက်များ တောင်းချင်စရာ ဒကာကြွယ် ရှိသေးရဲ့လား (မရှိပါ) ဉာဏ်နားနဲ့ထောင်ကြည့်ပါ၊ ဉာဏ်နားနဲ့ ထောင်ကြည့်ပါ၊ သူ့အသွားက ဒါဘဲ ရှိတယ် (မှန်ပါ့)။
သူ့အသွားက ဘယ်သွားပါလိမ့် (သုသာန်သွားပါတယ် ဘုရား) ခင်ဗျားတို့ကတော့ဖြင့် တဏှာက မြှောက်တာနဲ့ ဦးမာဒင်တို့, ဒကာသစ်တို့, ဒကာကြွယ်တို့က လူဖြစ်ရပါလို၏၊ လူချမ်းသာဖြစ်ရပါလို၏ အစရှိသည်နဲ့ ဘုရားရှေ့ဆုတောင်းကြတယ်၊ ဆွမ်းကလေး, ကွမ်းကလေး လှူဒါန်းပေးကမ်းပြီး ဆုတောင်းကြတယ် (မှန်ပါ့) တောင်းတဲ့အတိုင်းဘဲ ကုသိုလ်က ပို့လိုက်တယ် ထားပါတော့ (မှန်ပါ့ ဘုရား)။
ကုသိုလ်နဲ့ တဏှာနဲ့ တွဲလုပ်လိုက်တယ်
တဏှာခြံရံတဲ့ ကုသိုလ်ကိုးဗျ (မှန်ပါ့) တဏှာခြံရံတယ်ဆိုတော့ ဖြုန်းကနဲ မသိပေဘူးနော် (မှန်ပါ့) ကုသိုလ်တော့ ကုသိုလ်ဘဲတဲ့ လူဖြစ်ချင်တာက တဏှာ (မှန်ပါ့) ကုသိုလ်နဲ့ တဏှာနဲ့ တွဲလုပ်လိုက်တယ် (တွဲလုပ်ပါတယ် ဘုရား)။
တွဲလုပ်လိုက်လို့ ဒီခန္ဓာကြီးပေါ်လာတော့ သမုဒယသစ္စာက လုပ်လိုက်တဲ့ခန္ဓာဖြစ်တော့ ဒုက္ခသစ္စာလမ်းကို သူပြေးမြဲတိုင်း ပြေးတာဘဲ (မှန်ပါ့) မပြေးဘူးလား (ပြေးပါတယ် ဘုရား)။
ဒါဖြင့် လူ့ဘဝဆုတောင်း လူဖြစ်ရပါလို၏ ဆိုလို့ရှိရင် နောင်ကိုဖြင့် ဒကာ ဒကာမတွေ တဏှာနဲ့ တောင်းမည်ကြံလို့ရှိရင်ဖြင့် လူဖြစ်ပြီး သုသာန်ပြေးရပါလို၏ ထည့်လိုက်စမ်းပါ (မှန်ပါ့)ဒီလိုဆိုရင် မတောင်းဖြစ်တော့ဘူး (မတောင်းဖြစ်ပါ) ဦးမာဒင် တောင်းဖြစ်ပါ့မလား (မတောင်းဖြစ်ပါ ဘုရား) ဘာဖြစ်လို့တုံးဗျ (သုသာန်ပြေးရမှာစိုးလို့ပါ ဘုရား)။
လူလဲဖြစ်ရပါလို၏၊ ရောက် ရောက်ခြင်းလဲ သုသာန်ပြေးရပါလို၏ဆိုရင် ဒကာ ဒကာမတို့ ဘယ်သူများတောင်းဦးမလဲ (မတောင်းပါ ဘုရား)။
မတောင်းသာ မတောင်းတယ်၊ လူဖြစ်ရပါလို၏ ဆိုသဖြင့် ဝမ်းထဲကထွက်တဲ့နေ့ကစပြီး ဒီကလေးဘယ်သွားသတုံး ဆိုလို့ရှိရင် သုသာန်ဘဲသွားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဒီကလေးဘယ်သွားသတုံးမေးရင် (သုသာန်သွားပါတယ်) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဪ ဒကာ ဒကာမတွေ ဆုတစ်ဝက်ဖြတ်တောင်းပြီ အပြည့်အစုံတောင်းလို့ရှိရင်လဲ မတောင်းဖြစ်ပါဘူး(မှန်ပါ့) အခုတော့ ကွက်ပြီးသကာလ ဦးမာဒင် တောင်းထားလို့ ဒုက္ခရောက်နေတာ (မှန်ပါ့ ဘုရား)။
ဒကာကြွယ်က ဘယ်လိုများတောင်းလို့လဲ (ကွက်ပြီးတောင်းပါတယ်) ဖြစ်မှဖြစ်ရပလေဗျာ၊ ငှက်ပျောပင် တစ်ပင်လုံးဥစ္စာဘဲတဲ့ ဒကာ ဒကာမတို့ အမြစ်ကလေးတွင် ဖြစ်ရပါလို၏ဆိုလို့ရှိရင်ဖြင့် အပင်က မပါဘဲတော့ နေမှာမဟုတ်ပါဘူး (မနေပါ) သဘောပါပလား (ပါ ပါပြီ ဘုရား)။
သုသာန်ပြေးရပါလို၏
အဲဒါကြောင့် အားလုံး ဒကာ ဒကာမတွေ ခင်ဗျားတို့နောက်ကို လူကောင်း,နတ်ကောင်း ဖြစ်ရပါလို၏လို့ တောင်းပြီးရင် ဘယ်အခါကာလမှ ခင်ဗျားတို့သည် အဖြည့်အစွက်ကို မထည့်ဘဲ မထားပါနဲ့ (မှန်ပါ့) လူကောင်း,နတ်ကောင်းလဲ ဖြစ်ရပါလို၏၊ ဖြစ်တဲ့နေ့ကစပြီးလဲ သုသာန်ပြေးရပါလို၏ (မှန်ပါ့ ဘုရား)။
ဒကာကြွယ် တောင်းရဲပါ့မလား (မတောင်းရဲပါ ဘုရား) ဟာ ဘာဖြစ်လို့ မတောင်းရတာတုံး၊ ဒီကျတော့ (သုသာန်ပြေးရမှာစိုးလို့ပါ) သုသာန်သွားရမှာတော့ ကြောက်တယ် (ကြောက်ပါတယ်)ရှင်းပလား (ရှင်းပါပြီ) နို့ မသွားဘဲကော နေသလား (မနေပါ ဘုရား)။
သူငယ်နာနဲ့သေတာကော တွေ့ဖူးရဲ့လား (တွေ့ဖူးပါတယ် ဘုရား)သူမပြေးဘဲနဲ့ ရောက်ပါ့မလား (မရောက်ပါ) သူငယ်နာနဲ့သေတာကော တွေ့ဖူးရဲ့လား (တွေ့ဖူးပါတယ်) သူသွားလို့ရောက်တာလား၊ မသွားဘဲနဲ့ ရောက်တာလား (မသွားဘဲနဲ့ ရောက်တာပါ ဘုရား)။
လူရွယ် လူလတ် မသာကလေးတွေလဲရှိတယ်၊ ဒကာ ဒကာမတို့ အဲဒါကော သူသွားလို့ရောက်တာလား၊ မသွားဘဲနဲ့ရောက်တာလား (မသွားဘဲနဲ့ရောက်တာပါ) သွားလို့ သုသာန်ရောက်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒါတွေ ဦးမာဒင်တို့ ထောက်ကြည့်တော့မှ ဪ လူဖြစ်ရပါလို၏ဆိုရင် ဖြစ်တဲ့နေ့ကစပြီး သုသာန်သွားရပါလို၏လို့ သစ္စာထည့်လိုက်ဦး (မှန်ပါ့) မရဏမ္ပိ ဒုက္ခသစ္စံ ထည့်လိုက်ဦး တောင်းဖြစ်ပါ့မလား (မတောင်းဖြစ်ပါ ဘုရား)။
သစ္စာမသိလို့တောင်းတာ
ဒါဖြင့် သစ္စာမသိလို့တောင်းတာ(မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အင်း ဘာမသိလို့ပါလိမ့် (သစ္စာမသိလို့ပါ) ဪ ခင်ဗျားတို့ပါးစပ်နှယ် ရှက်စရာကောင်းလိုက်တာ (မှန်ပါ့)။
ဒကာကြွယ် ရှက်စရာကြီးပါလား (ရှက်စရာကြီးပါ ဘုရား) သစ္စာမသိတာက ဦးမာဒင် အဝိဇ္ဇာ (မှန်ပါ့ ဘုရား)။
သစ္စာမသိတာက (အဝိဇ္ဇာပါ) ဒါဖြင့် လူဖြစ်ရပါလို၏၊ နတ်ဖြစ်ရပါလို၏ဆိုတာ ဘာနဲ့တောင်းတာတုံး (အဝိဇ္ဇာနဲ့တောင်းတာပါ)ဪ မသိတဲ့လူ တောင်းတာကိုး (မှန်ပါ့ ဘုရား)။
ဒါကြောင့် မသိသလိုဖြစ်ရရှာကြတယ် (မှန်ပါ့) မသိသလိုသုသာန်ပြေးတဲ့ကိစ္စကြီး ဖြစ်ရရှာကြတယ် (မှန်ပါ့) ဘယ့်နှယ်ကြောင့် ဖြစ်ပါလိမ့်မတုံး (အဝိဇ္ဇာကြောင့်ပါ) မသိသလိုလုပ်လို့ပေါ့ဗျာ (မှန်ပါ့) မသိတာက ဘယ်သူပါလိမ့် (အဝိဇ္ဇာပါ ဘုရား)။
ဒါ နားကြီးကြီးနဲ့ နားထောင်ပြီး သစ္စာဆိုက်တော့မှ ဒကာကြွယ်တို့၊ ဦးမာဒင်တို့ ဪ ဟုတ်ပါလား ပေါ်လာတယ် (မှန်ပါ့ ဘုရား)။
မသိတာကဘာပါလိမ့် (အဝိဇ္ဇာပါ)လူ့ခန္ဓာသေရာသွားပါတယ်လို့မသိတာက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)အဝိဇ္ဇာ (မှန်ပါ့) အဝိဇ္ဇာက ဘာမသိတာတုံး (ဒုက္ခသစ္စာလို့မသိပါ ဘုရား)။
လူခန္ဓာဟာ ဒုက္ခသစ္စာ (မှန်ပါ့) သေရာပြေးတတ်တဲ့ ဒုက္ခသစ္စာ (မှန်ပါ့) အဲဒါ မသိလိုက်တာနဲ့ ခင်ဗျားတို့ ဆွမ်းကုန်ကွမ်းကုန်ခံပြီးသကာလ တခါတည်း နိဗ္ဗာနပစ္စယော မလုပ်ဘဲနဲ့ လူဖြစ်ရပါလို၏၊ နတ်ဖြစ်ရပါလို၏၊ အကြိမ်ကြိမ်ဖြစ်ရပါလို၏ ဆိုတော့ (မှန်ပါ့) ဦးမာဒင် ပါ မပါစဉ်းစား (ပါ ပါတယ်) ပါသွားတယ်၊ မနာဘူးလားဗျာ (နာပါတယ်) တောင်းရင်းရှက်စရာကြီး (မှန်ပါ့ ဘုရား)။
တောင်းရင်း ဒကာကြွယ်ဘယ့်နှယ်တုံး (ရှက်စရာကြီးပါ) အခုတော့ရှက်တယ် (မှန်ပါ့ အခုမှရှက်တာပါ) အခုတော့ ရှက်လာပြီ၊ တော်ပြီ ခင်ဗျားတို့ အဝတ်ကလေးဝတ်တတ်လာပြီ (မှန်ပါ့) နဂိုက မဝတ်တတ်ဘူး၊ အရှက်ကိုမရှိဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘုရားရှေ့မှာသွားလုပ်တယ်
အဲဒါ ဘယ်အချိန်မှာတောင်းလို့ ဘယ်နေရာ သွားတောင်းသတုံး မေးတဲ့အခါကျတော့မှ အရှက်မရှိတဲ့အလုပ် ဘုရားရှေ့မှာသွားလုပ်တယ် (မှန်ပါ့ ဘုရား)။
ဦးလှဘူး မှန်၊မမှန်အကဲခတ်စမ်း (မှန်ပါ့) ဒကာကြွယ် တယ်ဆိုးပါကလား (ဆိုးပါတယ်) အဝတ်မပါတဲ့ အဓိပ္ပာယ်မရောက်ဘူးလား (ရောက်ပါတယ်)ဘယ်ရှေ့မှာတုံး (ဘုရားရှေ့မှာပါ ဘုရား)။
ဟာ ဘုရားရှေ့ ခွေးကျင်ငယ်စွန့်တာတော့ တယ်မိုက်တဲ့ခွေးလို့ဆိုချင်ဆိုတာ ခင်ဗျားတို့က (ဆိုပါတယ် ဘုရား) ကိုယ်ကိုယ်တိုင်ကတော့ ဘုရားရှေ့ အဝိဇ္ဇာနဲ့ဆု တောင်းနေတာ ဦးမာဒင်တော်တော်ဆိုးတယ် (ဆိုးပါတယ်) ဦးလှဘူး ဘယ့်နှယ်ဆိုကြမလဲ (တော်တော်ဆိုးပါတယ် ဘုရား)။
ဒကာ ဒကာမတွေ သစ္စာသိတဲ့ဉာဏ်နဲ့ ကြည့်လိုက်တော့မှ ဪ ဒို့ဆိုးချက်လဲ မသေးပါကလား (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ဆိုကြမလဲ (ဆိုးချက်မသေးပါ)အတော်ကြီးတယ်နော် (ကြီးပါတယ်) ဘယ်ရှေ့သွားဆိုးတာတုံး (ဘုရားရှေ့သွားဆိုးတာပါ)ဟာ လွန်ကုန်ပြီ (မှန်ပါ့ ဘုရား)။
ဒကာကြွယ် ဘယ့်နှယ်ဆိုမတုံး (လွန်ကုန်ပါပြီ) လွန်ကုန်ပြီကွာ၊ ဖဲထီးအိုးမဲသုတ်သလို ဖြစ်ကုန်ပြီဟေ့ (မှန်ပါ့) မကျသေးဘူးလား (ကျပါတယ် ဘုရား)။
ဖဲထီးမှာ နဂိုကမဲမဲ၊ အိုးမဲထပ်သုတ်တော့ ဘယ်ကောင်းနိုင်စရာရှိသေးရဲ့လား (မကောင်းနိုင်ပါ ဘုရား)။
အဲဒီတော့ ဘုရားက သစ္စာများသိအောင်လုပ်ပါကွာ၊ မင်းတို့မသိသည်နဲ့တပြိုင်နက်တည်း သေရာပြေးတဲ့ ကိစ္စကို မရ အရများ မင်းတို့ဆုတောင်းပြည့်အောင် လုပ်နေလို့ရှိရင် မင်းတို့ထက် မိုက်တာတော့ မရှိဘူးဟေ့ (မှန်ပါ့) မသေရာရှိလျက်သားနဲ့ သေရာပြေးတဲ့ဥစ္စာတောင်းတဲ့ဥစ္စာ မင်းသစ္စာမသိလို့ (မှန်ပါ့)။
မသိမှုနဲ့ တောင်းချလိုက်တာ
သေရာမသိတာက ဒုက္ခသစ္စာမသိတာ (မှန်ပါ့) မသေရာမသိတာက နိရောဓသစ္စာမသိတာ (မှန်ပါ့)အဲဒါကြောင့် မသိမှုနဲ့ တောင်းချလိုက်တာ တခါတည်း အခုတော့ဖြင့် ကိုယ်တွေ့ပါဘဲ (မှန်ပါ့)။
ဦးမာဒင် ဘာတဲ့တုံး (ကိုယ်တွေ့ပါ) အင်း၊ နေ့လား ညလားဟေ့ (မှန်ပါ့) အင်း၊ ကိုယ့်ဟာကိုယ်သိပြီ (သိပါပြီ ဘုရား) ခေါင်းလေးကိုက်လာလဲ နေ့လား ညလားဟေ့ (မှန်ပါ့) လေကလေးထိုးလာရင်ကော (နေ့လား ညလားပါ ဘုရား)။
ဟာ နဂိုက ဒီလိုသိရင် ခင်ဗျားတို့ နေ့လား ညလားသိရင် ဒီလူ့ပြည်ရောက်ရပါလို၏ လုပ်မှာမဟုတ်ပါဘူး (မလုပ်ပါ ဘုရား)။
ဗျာဓိပိ ဒုက္ခသစ္စံ သိလိုက်တာကိုးဗျ (မှန်ပါ့) အဲဒီ့ သစ္စာကလေးတစ်လုံးသိလိုက်ရင်ဘဲ တောင်းဖြစ်ပါဦးမလား
(မတောင်းဖြစ်ပါ ဘုရား)ဪ ခင်ဗျားတို့ အရမ်းလုပ်လာတဲ့လူတွေကိုး (မှန်ပါ့ ဘုရား)။
ဒကာသစ် ဘယ့်နှယ်ဆိုမလဲ(အရမ်းလုပ်တဲ့လူတွေပါ) တော်တော်ရမ်းတာလား၊ သေးသေးသွယ်သွယ် ရမ်းတာလား၊ ကြီးကြီးကျယ်ကျယ်ရမ်းတာလား (ကြီးကြီးကျယ်ကျယ်ရမ်းတာပါ) ဒကာကြွယ် ရှေ့ရမ်းချင်သေးသလား (မရမ်းချင်တော့ပါ ဘုရား)။
မရမ်းချင်တော့ဘူး၊ အမလေး ဦးမာဒင် တော်,တော်သေးတယ်၊ အသက်ခြောက်ဆယ်ကျော်မှ မရမ်းချင်တဲ့စိတ် ပေါ်လာလို့ (မှန်ပါ့ ဘုရား)။
နေရာကျပြီနော် (ကျပါပြီ)ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ တနည်းကလေး ဥပမာပြောပါ့မယ်၊ ဒီရမ်းချင်တဲ့စိတ်ဟာ တခြားကြောင့် ပေါ်တာမဟုတ်ပါဘူး (မှန်ပါ့) ရမ်းချင်တဲ့စိတ်ဟာ တခြားကြောင့် ပေါ်တာမဟုတ်ဘူးဆိုတာ ဦးမာဒင်လည်သည်မှတ်လိုက်စမ်း နှလုံးသွင်းမှားလို့ (မှန်ပါ့)။
ဒကာ ဒကာမတို့ ဒီနေ့တရားတမျိုး မှတ်ထားလိုက်စမ်းပါ (မှန်ပါ့) ဒီရမ်းပြီးသကာလ ဒုက္ခသစ္စာကြီး ဆုတောင်းယူတာ ဘယ့်နှယ်ကြောင့်တုံးဆိုရင် (နှလုံးသွင်းမှားလို့ပါ ဘုရား)။
နှလုံးသွင်းမှား၊မမှား အကဲခတ်စမ်း
ဪ မှားတာဘဲ၊ လူ့ခန္ဓာကို သုခသစ္စာလို့ထင်လိုက်တယ် (မှန်ပါ့) ဒုက္ခသစ္စာရှိနေတာကို သုခသစ္စာ လို့ နှလုံးသွင်းမှားလိုက်တာ ဦးမာဒင် လူဖြစ်ရပါလို၏ ဆုတောင်းတယ် (မှန်ပါ့) နှလုံးသွင်းမှား၊မမှား အကဲခတ်စမ်း (မှားပါတယ်) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
တော်တော်သေးတယ်၊ တော်သေးတယ်၊ ဒီတရားအားထုတ်တဲ့ ဒကာ ဒကာမတွေ, တရားနာတဲ့ ဒကာ ဒကာမတွေ ဪ ပင်ရင်းသိရပေသေးတယ် (မှန်ပါ့)။
ဦးမာဒင် ဘာသိရသတုံး (ပင်ရင်းသိရပါတယ်) ပင်ရင်းသိရပေသေးတယ်၊ တော်သေးတယ် (မှန်ပါ့) ပြင်ချိန်ကလေးမှီလိုက်သေးတယ် (မှီပါသေးတယ် ဘုရား)။
ပြင်ချိန်ကလေးဘာတုံး (မှီလိုက်ပါသေးတယ်) မှီရုံကလေးရှိတယ် (မှန်ပါ့) အသေစောတဲ့ပုဂ္ဂိလ်တွေ သွားကုန်ပြီ၊ မှီကို မမှီလိုက်တော့ဘူး (မှန်ပါ့)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ နှလုံးသွင်းမှားလို့တဲ့ ဒကာ ဒကာမတို့နော် (မှန်ပါ့)။
လူခန္ဓာဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) ဘုရားအဆူဆူက ဘာသစ္စာလို့ ဟောသတုံး (ဒုက္ခသစ္စာလို့ဟောပါတယ်) ခင်ဗျားတို့က လူဖြစ်ရပါလို၏ဆိုတော့ နှလုံးသွင်းမှား မမှားကြည့်တော့ (မှားပါတယ် ဘုရား)။
ဦးမာဒင် အကဲခတ်စမ်း ကိုယ့်ဟာကိုယ် (မှားပါတယ်) ဘာမှားတာတုံး (နှလုံးသွင်းမှားတာပါ)ဒါဖြင့် အယောနိသော မနသိကာရပေါ့ (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဘာဆိုကြမလဲ (အယောနိသော မနသိကာရပါ ဘုရား) မြန်မာလိုပြန်လိုက်တော့ နှလုံးသွင်းမှား (မှန်ပါ့)။
ဒကာသစ်ရေ ဒါ အတော်ပြင်ရတယ်နော် (မှန်ပါ့) ဦးမာဒင် အတော်ပြင်ရတယ် (ပြင်ရပါတယ် ဘုရား) မပြင်ရင် တော်ပါ့မလား (မတော်ပါ ဘုရား)။
မပြင်ရင် ခင်ဗျားတို့ ဂျွမ်းထိုးမှောက်ခုံနဲ့ အလောင်းချင်းထပ်တဲ့အလုပ် လုပ်ဦးမှာဘဲ (မှန်ပါ့)။
အလောင်းချင်းထပ်တဲ့ အလုပ်ကို (လုပ်ရမှာပါ ဘုရား) လုပ်ရဦးမှာ သိပ်ကြောက်စရာကောင်းတယ် (မှန်ပါ့)ဒကာသစ်ရေ သဘောကျပလား (ကျပါပြီ ဘုရား)။
နှလုံးသွင်းမှားတာသည် မြေနဲ့တူတယ်
ကောင်းပြီ၊ ဒါဖြင့် နှလုံးသွင်းမှားမှုကြောင့် ဒကာ ဒကာမတို့ ဒါ့ကြောင့် နှလုံးသွင်းမှားတာသည် မြေနဲ့တူတယ် (မှန်လှပါ ဘုရား) အဝိဇ္ဇာက ဒီအပေါ်မှာပေါက်တဲ့ မျိုးစေ့နဲ့ တူတယ် (မှန်ပါ့)။
နှလုံးသွင်းမှားက ဘာနဲ့ တူသလဲ (မြေနဲ့တူပါတယ်) အဝိဇ္ဇာက ဘာနဲ့တူသလဲ (မျိုးစေ့နဲ့တူပါတယ်) မျိုးစေ့နဲ့ တူတယ် (မှန်ပါ့)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ မြေကလဲ မြေကြမ်း (မှန်ပါ့)မျိုးစေ့ကလဲ အဆိပ် (မှန်ပါ့)။
မြေကလဲ (မြေကြမ်းပါ ဘုရား) မျိုးစေ့ကလဲ (အဆိပ်ပါ ဘုရား)။
အင်း၊ ခင်ဗျားတို့ကလဲ ခက်လိုက်တဲ့လူတွေက မပြောပါနဲ့တော့၊ဒီအထဲမှာ တဏှာဆိုတဲ့ ခင်မှု, ကြင်မှု, ကြင်နာမှုကလဲ ခင်ဗျားတို့ကရှိကြတယ် (ရှိပါတယ်) ဒီတဏှာရေကို ဒီအဝိဇ္ဇာမျိုးစေ့လောင်းပြန်တယ် (မှန်ပါ့)။
အင်း၊ ဒီအပင်ကြီးတော့ဖြင့် ပေါက်ဦးတော့မှာဘဲ (ပေါက်မှာပါ ဘုရား)။
မြေကလဲ ဘာမြေတဲ့ဗျာ (မြေကြမ်းပါ)အယောနိသော မနသိကာရမြေ ဆိုကတည်းက ဘူမိနက်သန် မမှန်တဲ့မြေ (မှန်လှပါ ဘုရား)ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘူမိနက်သန် (မမှန်တဲ့ မြေပါ ဘုရား) ကြက်သရေမင်္ဂလာမရှိတဲ့မြေ (မှန်ပါ့)။
အဲဒီ့ မြေပေါ်မှာ မသိအဝိဇ္ဇာမျိုးစေ့စိုက်ပြန်တယ် ဦးမာဒင်ရ (မှန်ပါ့)။
ပြီးတော့မှ ခင်ဗျားတို့က တဏှာတည်းဟာသော ရေတွေကို လောင်းကြပြန်တယ် (လောင်းပါတယ် ဘုရား)။
သားခင်မှု,သမီးခင်မှုတွေက မသိလို့ ခင်တာကိုးဗျ (မှန်ပါ့) မသိတဲ့အပေါ်ခင်မှုတွေ ထပ်မနေဘူးလား (ထပ်နေပါတယ် ဘုရား)။
ဒါဖြင့် ဒီမျိုးစေ့ပြန်လောင်းရာ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)ဘယ့်နှယ်ကြောင့် မသိသတုံးဆိုတော့ နှလုံးသွင်းမှားလို့ဆိုတော့ သူက မြေဖြစ်နေတယ် (မှန်ပါ့)။
ကြပ်ကြပ်စဉ်းစားပါ ဒကာ ဒကာမတို့၊ ဒီနေ့တရားဟာ တော်တော်နက်တယ်လို့လဲ အောက်မေ့ပါ (အောက်မေ့ပါတယ် ဘုရား) ဒကာကြွယ် တစ်ခါမှ မကြားဖူးသေးဘူး (မကြားဖူးပါ ဘုရား) ဦးမာဒင်ကော တစ်ခါမှ မကြားဖူးသေးဘူး (မကြားဖူးပါ ဘုရား)။
နှလုံးသွင်းမှားတည်းဟူသော မြေပေါ်၌မသိအဝိဇ္ဇာမျိုးစေ့စိုက်ခဲ့ကြတယ် (မှန်ပါ့) သားခင်,သမီးခင်,ဆွေခင်,မျိုးခင် ဆိုတဲ့ တဏှာရေတွေကိုမသိလို့ လောင်းခဲ့ကြတယ် (လောင်းပါတယ် ဘုရား)။
လောင်းပြန်တော့ ခန္ဓာပင် ဒုက္ခသစ္စာကြီး ပေါက်လာတယ် (ပေါက်လာပါတယ် ဘုရား) ခန္ဓာပင် ဒုက္ခသစ္စာကြီး မပေါက်ဘူးလား (ပေါက်ပါတယ် ဘုရား) ဒါ့ကြောင့် အဝိဇ္ဇာတဏှာကြောင့် သတ္တဝါရေသောက်မြစ်ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။
အဝိဇ္ဇာမျိုးစေ့စိုက်ပြီး တဏှာရေလောင်း
ဒကာကြွယ် ဒါဖြင့် နှလုံးသွင်းမှားတဲ့မြေပေါ်မှာ အဝိဇ္ဇာမျိုးစေ့စိုက်ပြီး တဏှာရေလောင်းလို့ ဒုက္ခသစ္စာ ခန္ဓာပင်ပေါက်ပါတယ် (မှန်ပါ့) ဒီအပင်ကြီးကနေပေါက်ပြီးသကာလ ဒီခန္ဓာကြီးကနေပြီးသကာလ သားရေး, သမီးရေး, စီးပွားရေးဆိုတဲ့ အလုပ်တွေလုပ်ပြန်တော့လဲ ခုနကပြောခဲ့တဲ့ နှလုံးသွင်းမှားတဲ့အသီးတွေဘဲ ပြန်သီးတယ် (မှန်လှပါ) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား) နှလုံးသွင်းမှားတဲ့ အသီးအပွင့်တွေဘဲ မလာဘူးလား (လာပါတယ် ဘုရား)။
ဒါတွေက ပြန်ပြီးသကာလ နှလုံးသွင်းမှားတဲ့မြေပေါ် ပြန်ကျပြန်တော့ အဝိဇ္ဇာမျိုးစေ့ကျပြန်တယ် (မှန်ပါ့) တဏှာရေက (လောင်းပြန်ပါတယ် ဘုရား) အဆိပ်ပင်ကြီးက ပေါက်ပြန်တယ် (ပေါက်ပါတယ် ဘုရား)။
သီးပြန်ပွင့်ပြန်ပြီး ဆက်ပေါက်နေမယ်ဆိုရင်ဖြင့် ဒီခန္ဓာကြီးဟာ ဒုက္ခစက်လည်နေတဲ့ပဋိစ္စသမုပ္ပါဒ်မှတ်လိုက် (မှန်ပါ့) ကြောက်စရာကြီးပါလား (ကြောက်စရာကြီးပါ ဘုရား)။
ဒကာကြွယ် ဉာဏ်နားနဲ့ထောင်ကြည့်မှ ဒီဥစ္စာ အရေးတကြီးကြောက်စရာဖြစ်တယ် (မှန်လှပါ) ရှင်းကြရဲ့လာား (ရှင်းပါတယ် ဘုရား)။
အိမ်ရောက်ရင် ခင်ဗျားတို့ ဒီမြေကို ပြင်ကြတော့မယ် (မှန်ပါ့) ကဲ၊ တရားပွဲက ပြန်လို့ရှိရင်ဖြင့် ငါ့သားကလေးဘဲ,ငါ့သမီးကလေးဘဲ ဆိုကတည်းက ဒကာသစ်ရေ သွားပြီ (သွားပါပြီ ဘုရား) နှလုံးသွင်းမှားနဲ့မြေကို တည်လိုက်ပြန်ပြီ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) သိလို့လား၊မသိလို့လားလို့ မေးပြန်တော့ (မသိလို့ပါ ဘုရား) မသိတော့ အဲဒီမြေပေါ်မှာ အဝိဇ္ဇာမျိုးစေ့က ကျပြန်တယ် (မှန်ပါ့)။
ဒါဖြင့် ဒီသား,သမီးကလေးတွေ ခင်ကြရဲ့လား မင်ကြရဲ့လားလို့ မေးပြန်တော့ (ခင်ပါတယ် ဘုရား) ဟာ တဏှာရေက လောင်းပြန်ပြီ အဝိဇ္ဇာမျိုးစေ့ကို (မှန်ပါ့) ဒါဖြင့် နောက်ခန္ဓာပေါက်မှ ပေါက်ပါ့မလား (ပေါက်ပါတယ် ဘုရား)။
ဒုက္ခသစ္စာအဆိပ်ပင်ကြီးပေါက်မှာ
အဲဒါဘာပင်တုံးလို့မေးကြည့်ရင် ဒုက္ခသစ္စာအဆိပ်ပင်ကြီးပေါက်မှာဘဲ (မှန်ပါ့) တခြားဘာပေါက်စရာရှိသေးသတုံး (မရှိပါ ဘုရား) ဦးမာဒင် ရိပ်မိပလား (ရိပ်မိပါပြီ) တော်တော် အရေးမကြီးဘူးလား (အရေးကြီးပါတယ် ဘုရား)။
ကိုင်း၊ ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် နှလုံးသွင်းမှန်ဖို့ရာ ဒကာကြွယ် သိပ်အရေးကြီးပါလား (ကြီးပါတယ် ဘုရား) အဝိဇ္ဇာမျိုးစေ့က ဝိဇ္ဇာဖြစ်ဖို့ရာလဲ သိပ်အရေးကြီးတယ် (ကြီးပါတယ် ဘုရား) တဏှာရေကို မလောင်းမိအောင်လဲ အလွန်ဘဲ ရှောင်ရလိမ့်မယ် (ရှောင်ရပါမယ် ဘုရား)။
ဒါမှာသာလျှင် ဒီအဆိပ်ပင်ကြီးဟာ မပေါက်ဘဲ ရပ်သွားမယ် (မှန်ပါ့) နို့မဟုတ်ရင် ခန္ဓာအဆိပ်ပင်ကြီးသည် ဆက်ပေါက်နေမှာဘဲ (ပေါက်မှာပါ ဘုရား) ဦးမာဒင် မပေါက်ပေဘူးလား (ပေါက်ပါတယ် ဘုရား) သိပ်ကြောက်စရာကောင်းပါလား (ကောင်းပါတယ် ဘုရား)။
ဉာဏ်ကြီးကြီးနဲ့ နားထောင်တော့မှ ဪ တော်တော်အရေးကြီးနေပါပေါ့လားဆိုတာ ပေါ်လာကြတယ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဘာနဲ့ နားထောင်ရမယ် (ဉာဏ်နားကြီးကြီးနဲ့ ထောင်ရပါမယ် ဘုရား) သစ္စဉာဏ်နားနဲ့ ထောင်ကြ (မှန်ပါ့)။
ဘာနားနဲ့ထောင်ရမယ် (သစ္စဉာဏ်နားနဲ့ ထောင်ရပါမယ် ဘုရား) သစ္စဉာဏ်နားနဲ့ထောင်တော့မှ ဪ ဒီ သမုဒယပင်ရှိရင် ဒီဒုက္ခပင် ပေါက်မှာဘဲ (မှန်ပါ့)။
ဒီအယောနိသောမနသိကာရဆိုတဲ့နှလုံးသွင်းမှားမှု ဒီအဝိဇ္ဇာတည်းဟူသော မျိုးစေ့စိုက်၊ ဒီတဏှာ ရေလောင်းဆိုတော့ ဒီသမုဒယတွေကြောင့်ခန္ဓာဒုက္ခပင်ကြီးတော့ပေါက်ဦးတော့မှာဘဲ (မှန်ပါ့) အိုမှု,နာမှု,သေမှုအပြည့်ရှိတဲ့ ခန္ဓာကြီး မပေါက်ပေဘူးလား (ပေါက်ပါတယ် ဘုရား)။
သူက တစ်ခါ လောကီရေးရာတွေ လုပ်ပြန်,ကိုင်ပြန်တော့ အသီးအပွင့်တွေ လာမလား၊မလာဘူးလား (လာမှာပါ ဘုရား) လာရင် မျိုးစေ့တွေ ဆက်ကျပြီး ဒကာကြွယ် ဒီအပင် စခန်းသတ်ပါ့မလား (မသတ်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဒါဖြင့် တသံတရာလုံးနေခဲ့တာ ဦးမာဒင် ဒီအတိုင်းဘဲ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။
နှလုံးသွင်းမှန်ဖို့အရေး
ကောင်းပြီ၊ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီအရေးဟာဖြင့် နှလုံးသွင်းမှန်ဖို့အရေးဟာ အရေးကြီးသွားပြီ (ကြီးသွားပါပြီ ဘုရား) သဘောကျပြီနော် (ကျပါပြီ)။
ကောင်းပြီ၊ ဒါဖြင့် ဒီခန္ဓာကြီး ဇာတ်မသိမ်းသ၍ကာလပတ်လုံးဖြင့် အဆိပ်မျိုးစေ့တွေကျပြီး အဆိပ်ပင်တွေ ပေါက်ပြီးသကာလ သေပွဲချည့်ဝင်ရဦးမှာဘဲ (ဝင်ရဦးမှာပါ ဘုရား) မဝင်ကြရပေဘူးလား (ဝင်ကြရမှာပါ ဘုရား)။
အဲဒါတွေ ဉာဏ်နဲ့ သေသေချာချာစဉ်းစားကြည့်တော့မှ ဪ ငါတို့ မူတည်ကဖြင့် လွဲခဲ့ပြီ (မှန်ပါ့ ဘုရား) မြေကလဲ မကောင်း, မျိုးစေ့ကလဲ မကောင်း, ရေလောင်းကလဲ မှား(မှန်ပါ့)။
ပေါက်တဲ့အပင်ကြီးကလဲ ခန္ဓာပင်ကြီးကိုး (မှန်လှပါ) ခန္ဓာပင်ကြီးကလဲ အိုဘေး,နာဘေး,သေဘေးအပြည့်နဲ့ (မှန်ပါ့) ဒကာကြွယ် ကောင်းသေးရဲ့ဟား (မကောင်းပါ ဘုရား)။
အဲဒါတွေ အခု ဦးမာဒင်တို့ ဉာဏ်ရောက်ကြည့်တော့မှ ဪ ဒို့ဖြစ်တဲ့ဟာ အဖြစ်ဆိုးကြီးပါကလား (မှန်ပါ့)။
ဒါ့ကြောင့် ကိုယ့်ဟာကလေးနဲ့ကိုယ် တင်းမတိမ်နဲ့ လို့ ပဌမကပြောခဲ့တာ ဒကာသစ် ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။
ဒီတရားမျိုးကို မနာရပြီဆိုမှဖြင့် သူပြောလူပြောနဲ့ ခင်ဗျားတို့ပြုံးနေလိမ့်မယ် (မှန်ပါ့) သူပြောလူပြောနဲ့ ဦးမာဒင်တို့က ပြုံးလိမ့်မယ် (ပြုံးပါတယ် ဘုရား)။
ဪ ခင်ဗျားတို့ဘဝက တယ်အကြောင်းကောင်းတယ်၊ နေနိုင်,ထိုင်နိုင်,အသင့်အတင့် စားနိုင်,သောက်နိုင်နဲ့ မကြောင့်မကြ မတောင့်မတနဲ့ တော်သေးတယ်၊ တော်သေးတယ်၊ တော်သေးတယ်ဆိုတာကို ကိုယ်က ရောများပြုံးလိုက်ချင်သေးတယ် (မှန်ပါ့) မြေက ဘာမြေတုံး (မြေညံ့ပါ) မျိုးစေ့ကကော (အဆိပ်မျိုးစေ့ပါ ဘုရား) အဆိပ်မျိုးစေ့ဘဲ (မှန်ပါ့) ရေကလဲ အဆိပ်ရေဘဲလောင်းတယ် (မှန်ပါ့)။
ပေါက်တဲ့ ခန္ဓာပင်ကြီးကလဲ ခဏခဏ သူ့အဆိပ်နဲ့သူသေတာဘဲ (မှန်ပါ့) သူ့ပထဝီနဲ့ဘဲ သူ့သတ်,သူသေပြန်တာဘဲ (သေပါတယ် ဘုရား) သူ့အာပေါဓာတ်က သူ့သတ်ပြန်လဲ (သေပါတယ် ဘုရား)။
သူ့အဆိပ်နဲ့သူသေရတဲ့အဖြစ်
ကိုင်း၊ အဆိပ်ပင်ကြီးပေါက်လို့ သူ့အဆိပ်နဲ့သူသေရတဲ့အဖြစ်မျိုးဟာ တော်သေးရဲ့လို့ပြောတဲ့ပုဂ္ဂိုလ်များဟာ ဒကာကြွယ်တို့က ယောင်ချင်သေးသလား (မယောင်ချင်ပါ ဘုရား) မသိပြောပြောရှာတယ် (မှန်ပါ့)။
ဒကာသစ် ဘာတုံး (မသိပြောပြောပါတယ် ဘုရား) မသိပြောပြောတာကို ခင်ဗျားတို့က ပြုံးများနေလိုက်မယ်ဆိုရင်ဖြင့် ပြောတဲ့လူထက်ဆိုးတယ် (ဆိုးပါတယ်) ပြောတဲ့လူထက် (ဆိုးပါတယ် ဘုရား) ရိပ်မိကြရဲ့လား (ရိပ်မိပါတယ် ဘုရား)။
နောက်မပြုံးကြပါနဲ့ဦးဗျ၊ ပြုံးချိန်ရောက်တော့ ဘုန်းကြီးကပြောပါမယ် (မှန်ပါ့)။
ပြုံးချိန်ရောက်တော့ ဟော၊ အပါယ်တံခါးပိတ်ပြီ၊ ဒိဋ္ဌိဝိစိကိစ္ဆာသေပြီ၊ ဟာ၊ ဒကာသစ် ပြုံးစမ်းဗျာ စိတ်ချရပြီဆိုတော့ ဒကာကြွယ်ပြုံးရုံမက ရယ်ဘဲနေနေပေါ့ဗျာ (မှန်ပါ့ ဘုရား)။
အခုအချိန်ကတော့ အင်း၊ ငါသေ အပါယ်သွားရမှာဆိုတဲ့မျိုးစေ့က ဝမ်းထဲမှာ ရှိနေသေးတော့ မပြုံးနဲ့ဦးလို့ ဦးမာဒင်တို့ရော အားလုံး ဒကာ ဒကာမတွေရော မှာရတယ် (မှာရပါတယ် ဘုရား)ပြုံးရင် အရူးပြုံးဖြစ်သွားမယ် (မှန်ပါ့) ကြိုးပေးခါနီး ပြုံးတဲ့အပြုံးဟာ အလကားအပြုံး (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့)။
မသိပြုံးဖြင့် မပြုံးလိုက်ပါနဲ့
အဲဒီလိုဖြစ်မှာစိုးလို့ မသိပြုံးဖြင့် မပြုံးလိုက်ပါနဲ့ဆိုတာ ဒကာကြွယ်သတိပေးရတယ် (မှန်ပါ့) ပေးထိုက် မပေးထိုက် (ပေးထိုက်ပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ)။
ကိုင်း၊ ဒါဖြင့် ဝိပဿနာအလုပ်,မလုပ်ရသေးလို့ ဒုက္ခချုပ်တဲ့နိဗ္ဗာန်ကြီး မမြင်ရသေးလို့ရှိရင် ဒကာကြွယ် မပြုံးနဲ့ဦး (မှန်လှပါ) ဦးမာဒင် ဘာတဲ့တုံး (မပြုံးနဲ့ဦး)။
ဘာဖြစ်လို့ ဘုန်းကြီးဒါလောက်မှာပါလိမ့်မတုံး၊အို-ဝမ်းထဲမှာ ငရဲမျိုးစေ့က ရှိတယ်ဗျ (မှန်ပါ့) ဖျတ်ဆို စုတေမနေ သေလွန်ရင် ဟိုမှာ ငရဲကောင်အပင် ပေါက်ရမှာ (မှန်ပါ့) ကဲ၊ ပြုံးသင့် မပြုံးသင့် (မပြုံးသင့်ပါ ဘုရား)။
အဲဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝိပဿနာလုပ်ပါ (မှန်ပါ့)လုပ်ရုံကလေး လုပ်မနေဘဲ အဆုံးလဲလိုက်လိုက်ပါ (မှန်ပါ့)ကဲ၊ ဒကာသစ် တိုက်တွန်းထိုက်၊မတိုက်တွန်းထိုက် (တိုက်တွန်းထိုက်ပါတယ်)ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အေး၊ ဒါ့ကြောင့် အားလုံး ဒကာ ဒကာမတွေ အရေးကြီးတဲ့တရားကို ဟောနေလို့ရှိရင် အရေးအကြီးဆုံး စိတ်ထဲကထားပြီး နာရလိမ့်မယ် (မှန်ပါ့ ဘုရား)။
ဦးမာဒင် နို့မဟုတ် တော်ပါ့မလား (မတော်ပါ ဘုရား) မတော်ဘူးတဲ့၊ ကိုယ့်ဟာကိုယ် မသိပြုံးပြုံးပြီးသကာလ အရပ်ထဲမှာ မသိတဲ့လူမြှောက်ပြီး မလိမ်မာတဲ့လူက တွေးတဲ့သဘောဟာဖြင့် ဒါ အလကားလူတွေ စုပြီးသကာလနေလို့ အဝိဇ္ဇာနယ်ထဲကလူချင်း စကားပြောနေတာကို ကျုပ်တို့က ဘုရားသခင်ကိုယ်တော်မြတ်ကြီးဉာဏ်နဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးမျက်လုံးနဲ့ ကြည့်တော့ကို ဦးမာဒင်ရေ အရူးတွေ တစ်ယောက်နဲ့တစ်ယောက် မြှောက်နေတာဘဲ (မှန်ပါ့) ဆိုထိုက်၊ မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။
အဲဒီကျအောင် ဒီက ဒကာ ဒကာမတွေ စိတ်ထားပြင်းပြကြပါဆိုတာ သတိပေးလိုက်တယ် (မှန်ပါ့) မသိပြုံး ပြုံးပြီးသကာလ မသိနေနေတဲ့ ပုဂ္ဂိုလ်နဲ့ ဘာမှခင်ဗျားတို့ မယှဉ်ပြိုင်ပါနဲ့ (မှန်ပါ့) သစ္စာမသိရှာကြဘူး (မှန်ပါ့ ဘုရား)။
သုသာန်သွားရင်း ပြုံးနေတာ
သုသာန်သွားရင်း ပြုံးနေတာကိုပင်လျှင် သူက အဖိုးတန်တယ်လို့ ဦးမာဒင် ထင်ချင်ထင်မယ် (မှန်ပါ့) လမ်းသွားရင်းပြုံးတော့ သူလမ်းသွားတာ တလှမ်းနဲ့တလှမ်း သုသာန်ဘယ်ဟာကနီးသတုံး (နောက်ခြေလှမ်းက နီးပါတယ် ဘုရား) ပဌမအလှမ်းထက် ဒုတိယအလှမ်းက (နီးပါတယ်)ဒုတိယထက် တတိယအလှမ်းက (နီးပါတယ်) ပိုပြီးနီးတယ် (မှန်ပါ့ ဘုရား)။
အဲဒီအချိန်ပြုံးလိုက်တော့ ဒကာသစ်က ဘယ့်နှယ်တုံး၊ ဘယ်သွားရင်း ပြုံးတာပါလိမ့် (သုသာန်သွားရင်းပြုံးတာပါ ဘုရား)။
ဒါဖြင့် ဒါလောက်မသိတဲ့လူတွေက ခင်ဗျားတို့ကို ပြောလို့ ခင်ဗျားတို့ကလဲ ပြုံးမိမယ်ဆိုရင် ငရဲမျိုးစေ့ကလဲ ဝမ်းထဲရှိတုန်း (မှန်ပါ့) ကိုယ်ကလဲ ပြုံးမိမယ်ဆိုရင်ဖြင့် ဟိုမြှောက်တဲ့လူထက် ပြုံးတဲ့လူက ပိုမိုက်တယ် (မှန်ပါ့)ဆိုထိုက်၊မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။
အေး၊ ဒါ့ကြောင့် ကြပ်ကြပ်စဉ်းစားပြီး ဒီတရားကိုလိုတာတွေဖြည့်နေပါလား (မှန်ပါ့) အရေးကြီးတဲ့အချက်တွေကို ပယ်ထုတ်နေပါကလား (မှန်ပါ့) မသိတဲ့လူနဲ့ ရောလို့ဖြင့် အလကားပါဘဲဆိုတဲ့ အဓိပ္ပါယ်တွေဟာ ရှင်းသွားပါပြီ (ရှင်းသွားပါပြီ) သဘောပါပလား (ပါ ပါပြီ ဘုရား)။
ကိုင်း၊ ဒါဖြင့် ဒကာသစ်ရေ နှလုံးသွင်းမှန်အောင်လုပ်ကြစို့ (မှန်ပါ့ ဘုရား)။
နှလုံးသွင်း မှန်အောင် (လုပ်ရမယ်) နှလုံးသွင်းသာမှန်သွားလို့ရှိရင်ဖြင့် ဒီမြေပေါ်မှာ အဝိဇ္ဇာမျိုးစေ့ စိုက်သေးရဲ့လား (မစိုက်ပါ ဘုရား) တဏှာရေကော လောင်းသေးရဲ့လား (မလောင်းပါ)ခန္ဓာပင် အဆိပ်ပင်ကြီးကော ပေါက်ဦးမှာလား (မပေါက်ပါ) သန်စရာ, ထွားစရာရှိသေးရဲ့လား (မရှိပါ ဘုရား)။
အဝိဇ္ဇာမျိုးစေ့က ခန္ဓာကြီးတည်ထောင်လိုက်လို့ တဏှာရေလဲ မလောင်းတော့ပါဘူးဆိုလို့ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတို့ နှလုံးသွင်းမှန်တဲ့ မြေပေါ်မှာ ဝိဇ္ဇာမျိုးစေ့စိုက်ပြီး သဒ္ဓါရေလောင်းရလိမ့်မယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဒါမှ ဒုက္ခသိမ်းတဲ့အဆိပ်ပင်ပျောက်မယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဒကာကြွယ်ရေ တော်တော် အရေးကြီးပေါ့ဆိုတာ သေချာသွားပြီ (သေချာသွားပါပြီ) မသေချာဘူးလား (သေချာပါတယ် ဘုရား)။
အဲဒီတော့ကို အခုပြောနေတဲ့ တရားသည် ဦးမာဒင်တို့သေသေချာချာမှတ်ပါ၊ ဪ ဒို့နဂိုသိထားတဲ့အသိနဲ့ အခု ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောကြား ညွှန်ပြမည့်အသိနဲ့ဟာ အများကြီးခြားနားနေပါကလား၊ ဒို့ဟာကလေးစိတ်နဲ့ ကလေးပျော်ပျော်နေတဲ့အဓိပ္ပါယ်ဘဲ ရှိပါသေးကလားဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ်) မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
ခင်ဗျား အလှူ့တကာကြီးဘဲ၊ ကျောင်းတကာကြီးဘဲ၊ ဘုရားတကာကြီးဘဲဆိုရင်ဖြင့် ဒကာကြွယ်က ပြုံးချင်လဲပြုံးပစ်လိုက်မယ် (ပြုံးပါတယ်)အင်း၊ ဒိဋ္ဌိက မပြုတ်သေးတော့ ပြုံးလို့ဖြစ်ရဲ့လား (မဖြစ်ပါ ဘုရား)။
ဒိဋ္ဌိကမပြုတ်သေးတော့
ဒိဋ္ဌိကမပြုတ်သေးတော့ နတ်ရွာသုဂတိတက်သွားလဲ ခဏပေါ့ဗျ (မှန်ပါ့) ဒိဋ္ဌိကဆွဲမချပေဘူးလား (ချပါတယ်) ဒါဖြင့် ဦးမာဒင်က အကဲခတ်တော့ အလကားပြုံးတာပါကွာ (မှန်ပါ့) ယာယီပြုံးတာ၊ ခေတ္တနားတာဘဲ၊ ဒုတ်ကလေးအထက်မြှောက်တော့အရှိန်သက်သလောက်ပါ(မှန်ပါ့) နောက်ဆုံးပိတ် အပါယ်ရောက်မှာပါဘဲ (မှန်ပါ့)အလကား သူကျောင်းတကာဆိုပြီး ပြုံးနေတာ (မှန်ပါ့)ဆိုတော့ ဒီအပြုံးဟာ တော်ပါ့မလား (မတော်ပါ ဘုရား)။
အဲဒါကြောင့် ပြုံးချိန်ရောက်တော့ ဆရာဘုန်းကြီးကပြောပါ့မယ်လို့ပြောတာ (မှန်ပါ့)ဖြစ်ပျက်တွေ ရှုကြည့်ပါဦး၊ ဖြစ်ပျက်ဆုံးတဲ့ နိဗ္ဗာန်ကြီးမြင်ရတဲ့အခါကျတော့ ဦးမာဒင် ပြုံးပေတော့ (မှန်ပါ့)သဘောကျပလား (ကျပါပြီ ဘုရား)။
အခုအချိန်မှာဖြင့် ငရဲမျိုးစေ့ ဝမ်းထဲမှာ ရှိလျက်သားနဲ့အဆိပ်သောက်ထားတဲ့ ပုဂ္ဂိုလ်က ပြုံးလို့ရှိရင်ဖြင့် သေကာနီးပြုံးဖြစ်ပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ၊ ဒါဖြင့် အိမ်တွင်းပဋိစ္စသမုပ္ပါဒ်ကို ပြန်လှည့်ကြစို့ နှလုံးသွင်းမှန်ရအောင်နော် (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ်ဟာ ဘယ်မှာရှိသတုံးလို့ ဒကာ ဒကာမတွေကို မေးလို့ရှိရင် စာထဲမှာရှိတယ်တဲ့ (မှန်ပါ့) မဟုတ်ပါဘူး၊ ခန္ဓာမှာရှိတာကို မှတ်တမ်းလုပ်တာ (မှန်ပါ့ ဘုရား)။
ခန္ဓာမှာရှိတာကို (စာကမှတ်တမ်းလုပ်တာပါ)စာက မှတ်တမ်းလုပ်တော့ အရှိက ဘယ်မှာတုံး (ခန္ဓာမှာပါ) ခန္ဓာကြီးရေးထားတဲ့ စက်ဝိုင်းကြီးလို့မှတ်ထားလိုက်စမ်းပါ (မှန်ပါ့)။
ဘယ်သူ့ရေးထားတာတုံး (ခန္ဓာကြီး ရေးထားတာပါ) ခန္ဓာရေးထားတဲ့ စက်ဝိုင်းလိုဘဲ၊ ခန္ဓာဒီလိုဝိုင်းတယ်လို့ပြတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီစက်ဝိုင်းကြီးကြည့်လိုက်တော့ ခန္ဓာကိုလုပ်တဲ့ လက်သည်ရယ်၊ ခန္ဓာရယ်၊ ခန္ဓာကပေါက်ပွားတာတွေရယ် အကုန်ရှင်းတယ် (မှန်ပါ့)သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါ့ကြောင့် ဒကာ ဒကာမတို့ အဲဒီပဋိစ္စသမုပ္ပါဒ် အသာထားပြီး ကိုယ်နေ့တိုင်း အိမ်ထဲတွင်လှည့်တဲ့ ပဋိစ္စသမုပ္ပါဒ်ပြောမယ် (မှန်ပါ့ ဘုရား)။
အိမ်ထဲတွင်လှည့်တဲ့ ပဋိစ္စသမုပ္ပါဒ်
ဘယ်လှည့်တဲ့ ပဋိစ္စသမုပ္ပါဒ်တုံး (အိမ်ထဲတွင်လှည့်တဲ့ ပဋိစ္စသမုပ္ပါဒ်ပါ)အံမာ သံသရာကြီးကို ကျုပ်တို့ မလှည့်ဘူး၊ အိမ်ထဲက စပြီး လှည့်စမ်းလိုက်ဦးမယ် (မှန်ပါ့ ဘုရား)။
ဒကာကြွယ်ရေ သံသရာက သေမှလှည့်ရမှာ (မှန်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ်)အခု ဘယ်တွင်လှည့်စမ်းသလဲ (အိမ်တွင်လှည့်စမ်းပါတယ်) အမလေး၊ တယ်ရဲတဲ့လူတွေပါကလား (မှန်ပါ့) ကြောက်စရာပါကလား ဒကာသစ် (မှန်ပါ့ ဘုရား)။
သို့သော်တဲ့ ဒီဥစ္စာ သုတ်မဟာဝါပါဠိတော် မဟာနိဒါနသုတ်မှာ ကိုယ်တော်တိုင်ဟောတာ (မှန်ပါ့) ဘုန်းကြီးက နာမည်ပေးတော့ ခင်ဗျားတို့ကို အိမ်တွင်းပဋိစ္စသမုပ္ပါဒ်လို့ ပေးရခြင်းဖြစ်ပါတယ်၊ အိမ်ထဲတွင် မသာဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်ဖြစ်နေလို့ (မှန်ပါ့)အိမ်ထဲတွင်ဖြစ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်ကို အိမ်တွင်းပဋိစ္စသမုပ္ပါဒ်လို့ နာမည်ပေးရတယ် (မှန်ပါ့ ဘုရား)။
ဒီအကြောင်းက ဘာတုံးမေးတော့ ရှင်အာနန္ဒာက သောတာပန်(မှန်ပါ့)ဘုရားသခင်ကိုယ်တော်မြတ်ကြီး ပဋိစ္စသမုပ္ပါဒ်ကို သူကတွေးကြည့်လိုက်တယ်၊ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ဝိညာဏံ” တွေလျှောက်ပြီးတွေးတော့ သူ့စိတ်ထဲက အကုန်တော့မပေါ်ဘူး (မှန်ပါ့) ပေါ်တန်သလောက်တော့ ပေါ်တယ် (မှန်ပါ့ ဘုရား)။
ပေါ်တန်သလောက်ပေါ်ပြီး ဪ၊ ခန္ဓာကြီးဟာ ဒီလိုအကြောင်းအကျိုးတွေဆက်ပြီးတော့ နေပါကလား၊ ဒီလိုဒုက္ခဆုံးပါကလား (မှန်ပါ့) နှလုံးသွင်းကြည့်လိုက်တော့ သူ့စိတ်ထဲ ဝမ်းမြောက်နေတယ် (မှန်ပါ့ ဘုရား)။
ဒါနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးဆီ သူသွားတယ် (မှန်ပါ့ ဘုရား) သွားပြီးတော့ အရှင်ဘုရား၊ ပဋိစ္စသမုပ္ပါဒ်ကို မြတ်စွာဘုရားက ခက်တယ်လို့ ဟောပါတယ်၊ တပည့်တော်တွေးကြည့်တော့လဲ ပေါ်သယောင်ယောင် ရှိသားဘဲတဲ့ (မှန်လှပါ ဘုရား)။
ဪ အာနန္ဒာ မင်းတယ်ဖျင်းတာကိုး၊ မင်းဉာဏ်က လက်နှစ်သစ်လောက်ရှိတယ်၊ မင့်အမြင်ကလေးက ဒါဘဲ မြင်တယ်၊ မင်းဟာမင်း ကလေးဟုတ် ဟုတ်နေတာ (မှန်ပါ့)။
ပဋိစ္စသမုပ္ပါဒ် နားမလည်လို့ပေါ့ကွ
ဒီ ပဋိစ္စသမုပ္ပါဒ် နားမလည်လို့ပေါ့ကွ၊ သံသရာထဲက မထွက်ဘဲနဲ့ လူ့ပြည်,နတ်ပြည်အလည်လာလိုက်၊ အပါယ်ရောက်လိုက်၊ လူ့ပြည်,နတ်ပြည် ခဏ ဒုတ်ကလေး အရှိန်သတ်သလောက်နေလိုက်၊ အပါယ်ရောက်လိုက်ဆိုတာ ဒါနားမလည်လို့ဖြစ်နေတာကွ(မှန်ပါ့)ဒါ ဘုရားက ရှင်အာနန္ဒာကိုပြောလိုက်တယ် (မှန်ပါ့)။
ဒါဖြင့် ဘုရား ကောင်းကောင်းသိပါရစေ၊ ပဋိစ္စသမုပ္ပါဒ်ရှင်းရှင်းဘဲ သိပါရစေတော့၊ တပည့်တော်သိတာ မဖြစ်လောက်ကြောင်းလဲ ဟုတ်ပါပြီ (မှန်ပါ့)။
မင့်ကို သံသရာပဋိစ္စသမုပ္ပါဒ် ငါမပြောသေးဘူး၊ အိမ်တွင်းပဋိစ္စသမုပ္ပါဒ် ငါပြောဦးမယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘာပဋိစ္စသမုပ္ပါဒ်တဲ့ (အိမ်တွင်းပဋိစ္စသမုပ္ပါဒ်ပါ ဘုရား) အိမ်တွင်းပဋိစ္စသမုပ္ပါဒ်ဆိုတာသည် ဒကာ ဒကာမတို့ အိမ်ထဲကနေပြီးသကာလ အပါယ်သွားမယ်ပြောတာ (မှန်ပါ့)။
ကျောင်းပေါ်ကနေပြီး (အပါယ်သွားမယ်ပြောတာပါ) အဲ ဒီထဲကနေပြီး သွားမယ်ပြောတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ပဋိစ္စသမုပ္ပါဒ်ထုတ်ပြတော့ “ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” ဒုက္ခအစုကြီး ဖြစ်လိမ့်မယ်လို့ မဆိုဘူးလား (ဆိုပါတယ် ဘုရား)ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကိုင်း၊ ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ခန္ဓာကြီးဟာက ဝေဒနာက္ခန္ဓာကိုးဗျ (မှန်ပါ့)။
ဒကာ ဒကာမတွေ ခန္ဓာက ဘာတဲ့ (ဝေဒနာက္ခန္ဓာပါ ဘုရား)ဝေဒနာက္ခန္ဓာနော် (မှန်ပါ့)။
အခု နေကောင်းကြရဲ့လားလို့ မေးတော့ ဘယ့်နှယ်ဖြေကြမလဲ (ကောင်းပါတယ် ဘုရား) နေကောင်းကြတယ်လို့ ဖြေကြတော့ ဪ နေကောင်းတာ သုခဝေဒနာဘဲ (မှန်ပါ့ ဘုရား)။
ဒါ့ကြောင့် ခင်ဗျားတို့ အခုနေကောင်းလို့ လာနိုင်ကြတာ (မှန်ပါ့)နေမကောင်းရင် (မလာနိုင်ပါ ဘုရား)။
ဒါဖြင့် နေကောင်းလို့ လာနိုင်ကြတော့ အခုနေကောင်းတဲ့ ဝေဒနာနဲ့ ခင်ဗျားတို့ အသက်ရှင်နေတယ် (မှန်ပါ့) ဒါဖြင့် အခု တရားနာနေကြတာ ဘာတွေတုံး (သုခဝေဒနာပါ) သုခဝေဒနာဆိုတဲ့ ဝေဒနာက္ခန္ဓာ (မှန်ပါ့)။
တရားနာနေတာ ဘယ်သူတွေပါလိမ့် (သုခဝေဒနာဆိုတဲ့ဝေဒနာက္ခန္ဓာတွေပါ ဘုရား)။
ဪ ဝေဒနာက္ခန္ဓာဆိုတာ တခြားလားအောက်မေ့တယ် စာထဲမှာလား အောက်မေ့နေတယ်၊ ဒို့ တရားနာနေတာ နေကောင်းလို့ နာနိုင်တာဘဲဆိုတော့ နေကောင်းတဲ့ သဘောကလေးကို ဝေဒနာက္ခန္ဓာဆိုတာဘဲ (မှန်ပါ့)ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာဆိုပါလိမ့် (နေကောင်းတဲ့ သဘောကလေးကို ဝေဒနာက္ခန္ဓာဆိုပါတယ် ဘုရား) ဒကာကြွယ် ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။
ဪ ဝေဒနက္ခန္ဓာဆိုတာ ဒါတွေဘဲ (မှန်ပါ့ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒီဘက်က ဒကာကြီး ကြည့်လိုက်ပြန်တော့ နည်းနည်းကလေး ချောင်းဆိုးလို့ဗျာ၊ ဪ သူလဲ ဝေနာက္ခန္ဓာနဲ့ တရားနာနေတာဘဲ ဒုက္ခဝေဒနာနဲ့ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ဒါဖြင့် ဝေဒနာက္ခန္ဓာချည်းဘဲ ဒီနေရာမှာ (မှန်ပါ့)။
တရားနာနေတာ အကုန် ဝေဒနာက္ခန္ဓာ
တချို့ တရားနာရင်းမတ္တနဲ့ ညောင်းကြ, နာကြ, ကိုက်ကြ, ခဲကြ၊ အင်း ဒါလဲ ဒီအတိုင်း နာနေတော့ ဒုက္ခဝေဒနာက္ခန္ဓာနဲ့ နာနေတယ် (မှန်ပါ့)ဒုက္ခဝေဒနာဆိုတဲ့ ဝေဒနာက္ခန္ဓာနဲ့ နာနေတယ် (မှန်ပါ့)။
ဒီထဲမှာ ဒကာ ဒကာမတို့ တရားနာနေတာ ဘယ်သူတွေတုံး (ဝေဒနာက္ခန္ဓာတွေပါ ဘုရား)။
ပေါ်ပါပြီ (မှန်ပါ့)ဪ တရားနာနေတာ အကုန် ဝေဒနာက္ခန္ဓာချည့်ဘဲနော် (မှန်ပါ့)။
တချို့လဲ နေကောင်းလို့ နာကြတယ်၊တချို့လဲ နေမကောင်းဘဲနဲ့ နာနေတယ် (မှန်ပါ့ ဘုရား)။
နေမကောင်းဘဲနဲ့နာနေလဲ ဒုက္ခဝေဒနာဖြစ်တဲ့ ဝေဒနာက္ခန္ဓာ (မှန်ပါ့)နေကောင်းလျက်နဲ့ နာလဲ သုခဝေဒနာဆိုတဲ့ (ဝေဒနာက္ခန္ဓာပါ ဘုရား)။
ဟာ မြို့သုံး သုံးကြပါဦးစို့၊ တစ်နေ့ရွှေ၊ တစ်နေ့ငွေဘဲ (မှန်လှပါ)အခုရွှေ၊ အခုငွေဘဲ (မှန်ပါ့)အသက်အရွယ်ကလေးကြီးလာရင် မဟန်ဘူးဗျ (မှန်ပါ့)။
အင်း၊ သူ့ကျပြန်တော့လဲ ရွှေတလှည့်, ငွေတလှည့်ဆိုတော့ သုခတလှည့်, ဒုက္ခတလှည့်နဲ့ဘဲ တရားနာနေတာ (မှန်ပါ့ ဘုရား) ဝေဒနာက္ခန္ဓာဘဲ ပြန်ရောက်တာဘဲ (ရောက်ပါတယ် ဘုရား)။
ဘယ်ပြန်ရောက်သလဲ (ဝေဒနာက္ခနာဘဲပြန်ရောက်ပါတယ်) ဒါဖြင့် အခု တရားနာနေကြတာ ဘယ်သူတွေတုံး (ဝေဒနာက္ခန္ဓာတွေပါ ဘုရား) ဝေဒနာက္ခန္ဓာတွေနော် (မှန်ပါ့)။
ဦးမာဒင် ဘယ်သူပါလိမ့် (ဝေဒနာက္ခန္ဓာတွေပါ) အင်း၊ ဝေဒနာက္ခန္ဓာဆိုတာ အဝေးကြီးလားအောက်မေ့တယ် မိမိကိုယ်ကို ဆိုနေတာကိုး (မှန်ပါ့)။
ဝေဒနာက္ခန္ဓာဆိုတာ တခြားဆိုတာလား၊မိမိကိုယ်ကို ဆိုတာလား (မိမိကိုယ်ကိုဆိုတာပါ)ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
နားကကော ဘုန်းကြီးပြောတာ ကြားကြရဲ့လား (ကြားပါပြီ ဘုရား)။
အင်း ဝေဒနာက္ခန္ဓာနဲ့ကြားတယ် (မှန်ပါ့) ဥပေက္ခာဝေဒနာက္ခန္ဓာနဲ့ကြားနေတယ် (မှန်ပါ့)။
ဒါဖြင့် နားကြားတာလဲ ဝေဒနာက္ခန္ဓာ (မှန်ပါ့) ထိုင်လို့ကောင်းတာဘဲ (ဝေဒနာက္ခန္ဓာပါ ဘုရား) ထိုင်လို့ မကောင်းတာလဲ (ဝေဒနာက္ခန္ဓာပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘုန်းကြီးထိုင်နေတာလဲ မြင်ကြရဲ့လား (မြင်ပါတယ်)ဘာနဲ့မြင်သလဲ (ဝေဒနာက္ခန္ဓာနဲ့မြင်ပါတယ် ဘုရား) ဪ ဒါဖြင့် အားလုံး ဝေဒနာက္ခန္ဓာချည့်ပါလားဆိုတဲ့ဥစ္စာ ဒကာသစ် ငြင်းဖို့မလိုဘူး (မလိုပါ ဘုရား)။
ခန္ဓာဉာဏ်ရောက်ပြောနေတယ်
ဒကာ ဒကာမတို့ ဒါ ချက်ချင်း ခန္ဓာဉာဏ်ရောက်ပြောနေတယ်ဆိုတာ ဦးမာဒင် ရိပ်မိပြီ (ရိပ်မိပါပြီ) အဝေးသွားရသေးသလား (မသွားရပါ ဘုရား) ဉာဏ်က ကိုယ့်ခန္ဓာ ကိုယ်လှည့်လိုက်တာနဲ့ အင်း၊နေကောင်းတာက ဝေဒနာက္ခန္ဓာ၊ မကောင်းလို့ နှာကလေး, ဘာကလေး စီးလာပြန်လဲ ဒါလဲ ဝေဒနာက္ခန္ဓာဘဲ၊ ဒုက္ထဝေဒနာက္ခန္ဓာ (မှန်ပါ့)ကောင်းတလှည့်၊မကောင်းတလှည့် နေပြန်တော့ သုခနဲ့ဒုက္ခနဲ့ လှည့်နေရတာဘဲ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
သို့သော်လဲ နားကလေးက ကြားပါသေးတယ် ဘုရား ဆိုတော့ ဝေဒနာက္ခန္ဓာနဲ့ကြားတာ (မှန်ပါ့)မျက်လုံးကလေးက မြင်ပါသေးတယ်ဆိုရင်ကော (ဝေဒနာက္ခန္ဓာနဲ့မြင်တာပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ တရားတစ်ပွဲလုံး ဘယ်သူတွေတုံးမေးရင် ဘယ့်နှယ်ဖြေကြမလဲ (ဝေဒနာက္ခန္ဓာတွေပါ ဘုရား) အခုမှ ရှင်းပေတော့တယ် (မှန်ပါ့) ဒကာကြွယ်တို့ အခုမှ ရှင်းပေတော့တယ် (မှန်ပါ့) အင်း၊ ဘယ်သူတွေ တရားနာနေသလဲ (ဝေဒနာက္ခန္ဓာတွေ တရားနာနေပါတယ် ဘုရား)။
ကိုယ့်ဟာကိုယ်ကော ဉာဏ်စိုက်မိကြရဲ့လား (စိုက်မိပါတယ် ဘုရား) ဘာနဲ့တရားနာနေသလဲ (ဝေဒနာခန္ဓာနဲ့တရားနာနေပါတယ် ဘုရား) ဒကာသစ်ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား)။
မလိုပါဘူး တဲ့၊ အခုပြန်ဖြေနိုင်တာလဲ ကြားလို့ ဖြေနိုင်တာ (မှန်ပါ့) ဝေဒနာက္ခန္ဓာက ဖြေနေတာ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ) ဒကာကြွယ် နေရာကျပလား (ကျပါပြီ)။
အဲဒီတော့ ဘုရားလက်ထက်က တရားနာကြတာက ဦးမာဒင် ဒီလိုမေးပြီး ဒီလို ခန္ဓာဉာဏ်လှည့်တော့ ချက်ခြင်းသောတပန်တည်ကြတယ် (မှန်ပါ့)။
ခင်ဗျားတို့က တရားချည့်နာနေတာဘဲ၊ တရားဟာ ဘုန်းကြီးဆီမှာ ရှိတယ်ချည့်မှတ်နေရင် ခက်တယ် (မှန်လှပါ) တရားဟာ ဘယ်မှာရှိသလဲ (ခန္ဓာမှာရှိပါတယ် ဘုရား) အခုဘယ်သူနဲ့ တရားနာနေသလဲ (ဝေဒနာက္ခန္ဓာနဲ့တရားနာနေပါတယ် ဘုရား) ဒါဖြင့် ဝေဒနာက္ခန္ဓာတရား ဘယ်မှာရှိသတုံး (ခန္ဓာမှာရှိပါတယ် ဘုရား)။
ဝေဒနာက္ခန္ဓာပျက်တော့ ဒီနေရာတွင်ဘဲလား တခြားမှာလား (ဒီနေရာတွင်ပါ ဘုရား) ဒီနေရာတွင်အနိစ္စပေါ့ဗျ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် ဘုန်းကြီးဆီမှာ တရားရှိသလား၊ ခင်ဗျားတို့ဆီမှာ တရားရှိသလား (တပည့်တော်တို့ဆီမှာ တရားရှိပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘုန်းကြီးဆီမှာ တရားမရှိပါဘူး ဒကာ ဒကာမတို့၊ တရားအစစ်မရှိပါဘူး၊ တရားမှတ်တမ်းတွေ လျှောက်ပြောနေတာ (မှန်ပါ့) တရားအစစ်က ခင်ဗျားတို့ဆီမှာရှိတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
နားကနာပါ၊ ဉာဏ်ကခန္ဓာလှည့်ကြည့်ပါ
ဒါ့ကြောင့် ခင်ဗျားတို့တရားကို နားကနာပါ၊ ဉာဏ်ကခန္ဓာလှည့်ကြည့်ပါဆိုတာ ဒကာသစ် ပြောထိုက်၊မပြောထိုက် (ပြောထိုက်ပါတယ် ဘုရား) တရားရှိတာက ခင်ဗျားတို့ဆီမှာ ရှိတယ် (မှန်ပါ့) သဘောပါပလား (ပါ ပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတွေ၏ ခန္ဓာမှာ အခု ဝေဒနာက္ခန္ဓာကြီးဆိုတာရှိတယ်နော် (မှန်ပါ့ ဘုရား) ဪ ဒါဖြင့် ဒီဝေဒနာက္ခန္ဓာကြီး နေကောင်းပြန်လဲ စားဖို့ သောက်ဖို့လိုသေးတယ် (မှန်ပါ့) နေမကောင်းပြန်တော့လဲ ဆေးဖိုးဝါးဖိုးလိုသေးတယ် (လိုပါတယ် ဘုရား) မလိုဘူးလား (လိုပါတယ် ဘုရား)။
နေကောင်းပြန်တော့လဲ စားဖို့သောက်ဖို့လိုတယ် (မှန်ပါ့) နေမကောင်းပြန်တော့လဲ ဆေးဖိုးဝါးခ (လိုပါတယ် ဘုရား) မလိုဘူးလား (လိုပါတယ် ဘုရား)။
ဒါဖြင့် ဝေဒနံ ပဋိစ္စ တဏှာ လိုတဲ့ တဏှာပေါ်လာတယ် (မှန်ပါ့) ဒီဝေဒနာတွေ အကြောင်းရင်းခံပြီး ဘာလာပေါ်သတုံး (တဏှာလာပေါ်ပါတယ်) ရှင်းပြီ (ရှင်းပါပြီ ဘုရား) ရှင်းပြီ ရှင်းပြီ၊ ဒကာ ဒကာမတို့ ဒါ ပဋိစ္စသမုပ္ပါဒ် အလယ်ကဖောက်တာ (မှန်ပါ့ ဘုရား) ဝေဒနံ ပဋိစ္စ (တဏှာပါ ဘုရား)။
ဒကာသစ် ရှင်းရဲ့လား (ရှင်းပါတယ် ဘုရား) ဒီခန္ဓာကြီး အကြောင်းရင်းခံပြီး ဒီခန္ဓာချမ်းသာပြန်တော့လဲ ကျန်းမာချမ်းသာလို့ရှာရတယ်ဟေ့ ဆိုတဲ့ တဏှာလာတယ် (မှန်ပါ့) ဒါဖြင့် ဝေဒနာအကြောင်းရင်းခံပြီးတော့ တဏှာလာတယ် (မှန်ပါ့)။
တစ်ခါ ဒကာကြွယ်က နေမကောင်း,ထိုင်မသာရှိနေပြန်တော့လဲ ဪ ဆေးဖိုးဝါးခဆိုတာ ကိုယ့်ရှိမှ ကိုယ်ပေးနိုင်တာဘဲဆိုပြီး အိုစာရှာတယ် (မှန်ပါ့) နာစာကော (ရှာပါတယ် ဘုရား)။
အဲဒါလဲ ဝေဒနာတည်းဟူသော နာတဲ့အတွက် ဝေဒနာက္ခန္ဓာက ဒုက္ခဝေဒနာဖြစ်လာတဲ့အတွက် ရှာတဲ့တဏှာ လာတယ် (လာပါတယ် ဘုရား)။
ဒါဖြင့် ဦးမာဒင်တို့ ရှာနေတာ အို,နာစာကိုးဗျ (မှန်ပါ) အို,နာစာဆိုတော့ အိုတာကလဲ ဒကာ ဒကာမတို့ ဝေဒနာကြောင့်ဘဲ (မှန်ပါ့) နာတာလဲ (ဝေဒနာကြောင့်ပါ) ဒါ့ကြောင့် ဘာလုပ်ကြသတုံး၊ အိုနာစာ ရှာတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် အိုနာစာကြောင့် အရှာထွက်လာတယ် (မှန်ပါ့) အိုနာဆိုတာက ဝေဒနာက္ခန္ဓာ (မှန်ပါ့) ရှာ ဆိုတာက တဏှာ (မှန်ပါ့) ခင်ဗျားတို့က မရိပ်မိဘူး၊ ကိုယ့်အထဲကို ကိုယ်လည်တာ (မှန်ပါ့) သူများအထဲလည်တာလား (ကိုယ့်အထဲလည်တာပါ ဘုရား)။
ခန္ဓာထဲမှာ ဖြစ်နေတာမသိဘူး
ကိုယ့်ခန္ဓာထဲမှာ အိုနာစာရှာတတ်တဲ့ (မှန်ပါ့) အိုနာဆိုတာက ဘာခန္ဓာတုံး (ဝေဒနာက္ခန္ဓာပါ) ရှာရတာက (တဏှာပါ)ဒါဖြင့် ဝေဒနာပစ္စယာ (တဏှာပါ ဘုရား) ဟာ၊ ခင်ဗျားတို့ခန္ဓာထဲမှာ ဖြစ်နေတာမသိဘူး (မှန်ပါ့) ခန္ဓာထဲမှာ ဖြစ်နေတာမသိဘူး ဒကာကြွယ်တို့က (မှန်ပါ့)ပေါ်ပလား (ပေါ်ပါပြီဘုရား။
ဘာရှာကြတာတုံး ခင်ဗျားတို့ (အိုနာစာပါ) အိုနာစာပေါ့ဘုရား ဟုတ်လား (မှန်ပါ့) အိုတာကလဲ ဒကာ ဒကာမတို့ ဝေဒနာက္ခန္ဓာ အိုလာတယ် (မှန်ပါ့) နာတာကလဲ ဝေဒနာပေါ်တာဘဲ (မှန်ပါ့) တနည်းအားဖြင့် သေစာ,ရှင်စာပေါ့ (မှန်ပါ့)ဒါ တဏှာခေါ်တယ် (မှန်ပါ့)ဘယ်လိိုုဆိုကြမလဲ (သေစာ,ရှင်စာပါ ဘုရား)။
ရှင်တဲ့အခါကျတော့လဲ ဝေဒနာနဲ့ရှင်နေတာဘဲ (မှန်ပါ့) ရှင်စာရှာတာက တဏှာဘဲ (မှန်ပါ့) ဟုတ်လား၊ သေစာရှင်စာ ရှာရတယ်၊ သေစာဆိုတော့လဲ ဒီခန္ဓာကြီးက မရဏမ္ပိဒုက္ခံ ဆိုတော့ ဒုက္ခဝေဒနာဘဲ (မှန်ပါ့) ဒုက္ခဝေဒနာသတ်လို့ သေတာဘဲ (မှန်ပါ့ ဘုရား)။
အဲဒီ့ သေစာကလေးရှာပြန်တော့ ဒုက္ခဝေဒနာကြောင့်လဲ တဏှာဖြစ်တတ်တာဘဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) ဪ၊ ကိုယ်ပြောနေတဲ့အထဲက ဘာမှန်းမသိလို့ ပြောနေရတာနဲ့ တယ်တူတယ် (မှန်ပါ့)ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒကာကြွယ်တို့ကလဲ ခက်လိုက်တာ ကောင်းကင်က ငှက်က ဇီးကွက် ဇီးကွက်မြည်နေတာ ဘုန်းကြီးကို ဘာငှက်တုံးမေးရင်တော့ ခက်ပြီ (မှန်ပါ့)အခုလဲ အိမ်ထဲတွင်လှည့်နေတာမသိဘူး(မသိပါ ဘုရား)။
အိမ်ထဲတွင် လှည့်နေတာ ဘယ့်နှယ်နေကြသတုံး (မသိပါ ဘုရား) အိုနာစာရှာကြတယ်ဆိုတာ ပဋိစ္စသမုပ္ပါဒ်လုပ်နေတာ (မှန်ပါ့ ဘုရား)။
အိုနာစာရှာကြတာဟာ (ပဋိစ္စသမုပ္ပါဒ်လုပ်နေကြတာပါ) သေစာရှင်စာရှာကြတာ (ပဋိစ္စသမုပ္ပါဒ် လုပ်နေတာပါ ဘုရား)။
မသိပါဘူး ဒီဥစ္စာ၊ပဋိစ္စသမုပ္ပါဒ်ဟိုဘက် အဝိုင်းကြီးရှာတယ် (မှန်ပါ့) အမလေး ဒီမှာဝိုင်းတာ ဝိုင်းတာက (မှန်ပါ့ ဘုရား) ခန္ဓာထဲမှာ ဝိုင်းနေတာ (မှန်ပါ့)။
ခန္ဓာထဲမှာ ဝိုင်းနေတယ်
ဘယ်မှာဝိုင်းပါလိမ့် (ခန္ဓာထဲမှာ ဝိုင်းနေပါတယ်)ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် အိုနာစာရှာဆိုတာ အိုနာက ဘာခန္ဓာတုံး (ဝေဒနာက္ခန္ဓာပါ)ရှာတာက (တဏှာပါ) ဒါဖြင့် ဝေဒနာပစ္စယာ (တဏှာပါ ဘုရား)။
သေစာရှာတယ်,ရှင်စာရှာတယ်ဆိုတော့ ရှင်တာက ဘာခန္ဓာတုံး (ဝေဒနာက္ခန္ဓာပါ)ရှာတာက တဏှာ (မှန်ပါ့) ဝေဒနာပစ္စာ (တဏှာပါ)သဘောကျပလား (ကျပါပြီ ဘုရား)။
ကောင်းပြီတဲ့၊ သေစာရှာပြန်တယ်ဆိုတော့ သေတာကလဲ ဒုက္ခဝေဒနာနဲ့ သေရတယ် (မှန်ပါ့) ရှာတာက တဏှာ (မှန်ပါ့)ဝေဒနာပစ္စယာ (တဏှာပါ ဘုရား)။
ဪ ခင်ဗျားတို့ရှာနေကြတာ ဘာပါလိမ့်မတုံး အောက်မေ့ကြတယ်၊ ဝေဒနာပစ္စယာ တဏှာလုပ်နေတာကိုး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒကာကြွယ် ဝေဒနာပစ္စယာ (တဏှာပါ) အိုစာရှာလဲ ဝေဒနာပစ္စယာ တဏှာဘဲ (မှန်ပါ့) ရှင်စာကကော (ဝေဒနာပစ္စယာ တဏှာပါ)နာစာရှာကော (ဝေဒနာပစ္စယာ တဏှာပါ ဘုရား)။
ဒါဟာ ဒုက္ခက္ခန္ဓဿဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကြီး ဖြစ်မှာပါကလားလို့ ဦးမာဒင် လာဘူးရဲ့လား (မလာဘူးပါ ဘုရား) ဪ ခက်လိုက်တဲ့ဖြစ်ခြင်း လုပ်ပြီးမသိရှာဘူး (မသိရှာပါ ဘုရား)။
လုပ်တော့ ကိုယ်တိုင်လုပ်တာနော် (မှန်ပါ့)မသိတာလဲ ကိုယ်တိုင်မသိတာ (မှန်ပါ့)ဪ မသိသလိုလုပ်နေတာကိုး (မှန်ပါ့ ဘုရား)။
မသိသလိုလုပ်နေတာ
မသိသလိုလုပ်နေတာတော့ လမ်းမှန်အတိုင်းမရောက်ပါဘူး (မရောက်ပါ) ရောက်စရာကော မြင်သေးရဲ့လား (မမြင်ပါ) ဟာ ဒကာသစ် သိပ်ဆိုးနေပါပေါ့လား(ဆိုးပါတယ် ဘုရား)။ ကိုင်း၊ ဒါဖြင့် ဒကာ ဒကာမတို့ ပစ္စည်းရှာတာသည် ဘယ်အတွက်တုံးမေးလိုက်ပါတယ်၊ ဘယ်အတွက်ပါလိမ့် အိုနာစာလေဗျာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒကာကြွယ် ရိပ်မိပြီ (ရိပ်မိပါပြီ) ဒါဖြင့် ဝေဒနာပစ္စယာ (တဏှာပါ)အဲ ခန္ဓာကိုယ်က ဝေဒနာ၊ ရှာတာက တဏှာ (မှန်ပါ့) ဒါဖြင့် ဝေဒနံပဋိစ္စ တဏှာဘဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဝေဒနာကြောင့် တဏှာပေါ်လာတယ် (မှန်ပါ့) မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
တဏှာပေါ်လာတဲ့အခါကျတော့ ဪ ဒီခန္ဓာကြီး အိုဘေးကလဲ ရှိသေး,နေရေးကလဲ ရှိသေးတယ် (မှန်ပါ့) နေရေးကလဲ ရှိသေးတယ် ဒီခန္ဓာကြီးအတွက်ကဆိုတော့ ဒီခန္ဓာကြီးကိုလဲ အခင်ပိုလာတယ် (မှန်ပါ့)ခင်တော့ ဝေဒနာပစ္စယာတဏှာက မလာဘူးလား (လာပါတယ် ဘုရား)။
တဏှာလာတဲ့အခါကျတော့ တဏှံပဋိစ္စ ဒီအတိုင်းနေလို့တော့ ငွေတွေ,ရွှေတွေဟာ အိမ်ပေါ်တက်လာမယ်မဟုတ်ဘူး (မှန်ပါ့) ဟုတ်လား (မှန်ပါ့) ကိုယ့်ခန္ဓာ ကိုယ်ကျွေးဖို့, မွေးဖို့ဆိုတော့ ကိုယ်ရှာရလိမ့်မယ်၊ မလာဘူးလား (လာပါတယ် ဘုရား)။
ဒါဖြင့် ဝေဒနက္ခကြောင့် တဏှာဖြစ်တယ် (မှန်ပါ့) တဏှာဖြစ်လို့ ရှာမှီးမှုလာတယ် (မှန်ပါ့) တဏှံ ပဋိစ္စ ပရိယေသနာ (မှန်ပါ့)။
တဏှာအကြောင်း ရင်းခံပြီးတော့
တဏှာအကြောင်း ရင်းခံပြီးတော့ (ရှာမှီးမှုလာပါတယ်) ပရိယေသနတဏှာလာပြန်ပြီ ဒကာ ဒကာမတို့ ရိပ်မိပလား (ရိပ်မိပါပြီ) ဒီဥစ္စာ တခြားမှာဖြစ်တာလား၊ အိမ်တွင်းတွင်ဘဲလား (အိမ်တွင်းမှာပါ ဘုရား)။
ဒါဖြင့် ဝေဒနံ ပဋိစ္စ တဏှာ၊ တဏှံ ပဋိစ္စ (ပရိယေသနာပါ ဘုရား)။
အားလုံး ဒကာ ဒကာမတွေ သေသေချာချာမှတ်စမ်းပါ (မှန်ပါ့) ခန္ဓာကိုယ်ကြီးဟာ ဝေဒနာက္ခန္ဓာ (မှန်ပါ့) နေကောင်းလဲ ဝေဒနာက္ခန္ဓာဘဲ (မှန်ပါ့)။
နေကောင်းလဲ နေကောင်းလို့ဘဲ ဒီ ခန္ဓာကိုယ်ကြီးကို ခင်တာဘဲ (မှန်ပါ့) နေမကောင်းပြန်လို့ရှိရင် နေမကောင်းလို့ဘဲ ဒီခန္ဓာကိုယ်ကြီးကို ကောင်းစေချင်တဲ့သဘောနဲ့ ခင်နေတာဘဲ (မှန်ပါ့) ဒါ့ကြောင့် ဝေဒနံပဋိစ္စ (တဏှာပါ) တဏှံပဋိစ္စ (ပရိယေသနာပါ ဘုရား)။
ဟယ် နေကောင်းတယ်၊ နေကောင်းလို့ရှိရင် ဒကာသစ်ဆိုင်သွားပေတော့ (မှန်ပါ့)။
နေကောင်းလို့ရှိရင် ဘယ့်နှယ်တုံး (ဆိုင်သွားရပါမယ်) ဆိုင်သွားရမယ်ဆိုတော့ ဘာလုပ်သွားတာတုံးမေးတော့ ပရိယေသနဘုရာ့ (မှန်ပါ့)။
ဦးမာဒင် ဘာတဲ့တုံး (ပရိယေသနပါ)ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဝေဒနံပဋိစ္စ (တဏှာပါ) တဏှံ ပဋိစ္စ (ပရိယေသနာပါ ဘုရား)။
ခန္ဓာက မူတည်လိုက်တယ်
ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ) အင်း၊ ဒီခန္ဓာကြီးကို ခန္ဓာက မူတည်လိုက်တယ်နော် (မှန်ပါ့) ဝေဒနာက္ခန္ဓာကြောင့် တဏှာဖြစ်တယ် (မှန်ပါ့) တဏှာကြောင့် (ပရိယေသနဖြစ်ပါတယ်) ပရိယေသနကိစ္စတွေ ပေါ်လာတယ် (ပေါ်လာပါတယ်) မပေါ်လာကြဘူးလား (ပေါ်လာပါတယ် ဘုရား)။
ဒကာ ဒကာမတို့ တောင်ကလူကမြောက်၊ မြောက်ကလူကတောင်၊ ကိုယ့်ကုန်နဲ့ပတ်သက်တာတွေ ဝယ်လိုက်,ခြမ်းလိုက်၊ရောင်းလိုက်,ဝယ်လိုက် ဒါ ပရိယေသနကိစ္စတွေဘဲ (မှန်ပါ့ ဘုရား)။
ဘယ်သူ့ကြောင့် လုပ်ဖြစ်တာပါလိမ့် ဒီပရိယေသနကိစ္စ (တဏှာကြောင့်လုပ်ဖြစ်တာပါ ဘုရား)။
ဒီတဏှာကလဲ ဒကာ ဒကာမတို့ အလိုလိုလာတာလားလို့ မေးတော့ ခန္ဓာတည်းဟူသော ဝေဒနာက္ခန္ဓာကြီးအတွက်ဘုရာ့ (မှန်ပါ့)။
ချမ်းသာသည်ထက်ချမ်းသာချင်တဲ့ တဏှာကြောင့် လုပ်ဖြစ်ရတယ် (မှန်ပါ့) ဆင်းရဲလို့လဲ ဆင်းရဲတဲ့ခန္ဓာကြီး ခင်လို့လဲ ရှာရတာဘဲ (မှန်ပါ့) ချမ်းသာတဲ့ ခန္ဓာကိုယ်လဲ ချမ်းသာသည်ထက် ချမ်းသာစေချင်တဲ့ ခင်မှုရှိသောကြောင့် ဘာလုပ်ရသလဲ (ရှာရပါတယ် ဘုရား)။
ဒါဖြင့် ဝေဒနံပဋိစ္စ (တဏှာပါ)တဏှံ ပဋိစ္စ (ပရိယေသနာပါ) ဟော ရှာမှုကိစ္စတွေလာရတယ် (မှန်ပါ့)ဦးမာဒင် ရပ်လို့ရသေးရဲ့လား (မရပါ) ဒကာကြွယ်ကော ရပ်လို့ရရဲ့လား (မရပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒါ အိမ်တွင်းမှာဖြစ်တာလား၊ဒီမြို့ထဲမှာ ဖြစ်တာလား၊ ခန္ဓာထဲမှာဖြစ်နေတာလား (ခန္ဓာထဲမှာဖြစ်နေတာပါ ဘုရား)။
ဝေဒနက္ခန္ဓာကလဲ ခန္ဓာထဲမှာ (မှန်ပါ့) တဏှာကလဲ ခန္ဓာထဲမှာ (မှန်ပါ့) ရှာမှီးနေတဲ့တဏှာကကော (ခန္ဓာထဲမှာပါ) ဒါ့ကြောင့် အိမ်တွင်းပဋိစ္စသမုပ္ပါဒ်လို့ ဟောတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။